ငရဲမှာ သစ်ငုတ်ဖြစ်နေရှာလေမည့်…

ဆိုရှယ်လစ်ခေတ်က တစ်ပြည်လုံးကို ကောင်းစွာ ဖျက်ဆီးခဲ့တယ်။ အဲဒီ့အပျက်ကို ပြင်ဖို့လည်း ဘယ်သူကမှ အားထုတ်ရကောင်းမှန်း မသိဘူး။

ဆိုရှယ်လစ်ခေတ်မှာ အစစ အရာရာ ရှားပါးခဲ့ပါတယ်။ ဆန်၊ ဆီ၊ ဆပ်ပြာ၊ အဝတ်အထည် စတဲ့ လူသုံးကုန် ပစ္စည်းတွေကို ရှားပါးခဲ့တာ။ အားလုံးဟာ ခွဲတမ်းစနစ်နဲ့။ အဲတော့ “မှောင်ခို”ခေတ်၊ “တန်းစီတိုးစားခေတ်” ဖြစ်ခဲ့တယ်။

ထုတ်ဈေးနဲ့ ပြင်ပပေါက်ဈေးဟာ အမြဲတစေ ကွာဟနေခဲ့တယ်။ ထုတ်ခွင့်ရသူတွေက အခွင့်ထူးခံတွေလို ဖြစ်လာတယ်။ ဆန်၊ ဆီမှသည်၊ ရုပ်ရှင်လက်မှတ် အလယ်၊ အိမ်မှာ တပ်ဆင်တဲ့ ကြိုးဖုန်းတွေ၊ မော်တော်ကားတွေ အဆုံးပါပဲ။

၁၉၇၃ မှာ အမေ့နာမည်နဲ့ မာဇဒါ လေးဘီး လိုက်(ထ်)ဗှယ်(န်)တစ်စီး ဝယ်ယူခွင့် မဲပေါက်တယ်။ ထုတ်ဈေးက ကျပ် နှစ်သောင်း။ ပေါက်ပြီဆိုကတည်းက ငါးထောင် အမြတ်ပေးမယ့်သူ အဆင်သင့်ပါ။ ကားက ဘယ်ဆီနေမှန်း မသိဘူး။

တစ်နှစ်ကျော်ကြာမှ ကားထုတ်ရတယ်။ အဲတော့ တစ်သိန်းပေးမယ့်သူက အဆင်သင့်ရှိနေခဲ့တယ်။ အဲလိုမျိုး။

ျွန်တော့် သူငယ်ချင်း ဗိုလ်ကြီးဟောင်းတစ်ယောက်။ ခမျာ ဘိုင်ကျတော့ ရန်ကုန်မြို့လယ်က ယနေ့ထက်တိုင်ရှိနေဆဲ ဆေးခန်းကြီးတစ်ခန်းကို သူ့ကြိုးဖုန်း ရောင်းတယ်။ သူ့ထုတ်ဈေးက ကျပ် ၅၀၀။ ပြန်ရောင်းတော့ သိန်းချီရတယ်။ ကြိုးဖုန်းတောင် အဲတုန်းက ရှားပါးပစ္စည်းကို။ ၁၉၈၀ ဝန်းကျင်မှာပါ။

ကြိုးဖုန်းရောင်းနည်းကကျတစ်မျိုး။ ဇယားရှုပ်တယ်။ သူငယ်ချင်းခမျာ သူ့မိသားစု အိမ်ကနေ ပုံစံ (၁၀)နဲ့ ထွက်ရတယ်၊ ပြီးတော့ ဟိုဆေးခန်းလိပ်စာမှာ အိမ်ထောင်စု စာရင်း ပြန်ဝင်ရတယ်။ ပြီးမှ ဖုန်းပြောင်း လျှောက်ရတယ်။ လနဲ့ချီ ကြာခဲ့တာ။

သာမန်လူတန်းစားကတော့ ပပကဆိုတဲ့ ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်း၊ ပြည်သူ့ဆိုင်၊ နောက်တော့ သမဆိုင် စတာတွေက ရောင်းတဲ့ ပိတ်စ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ထီး အစရှိတာတွေ တိုးဝယ်၊ မှောင်ခို ပြန်သွင်း။

အရက် ဘီယာတောင် အစိုးရဆိုင်က ရောင်းတာ။ ဘာတဲ့ “ပြည်တွင်းဖြစ် နိုင်ငံခြား အရက်ဆိုင်”ဆိုတဲ့ အူကြောင်ကျားနာမည်နဲ့။ (အဲဒါ ကျွန်တော့် ဒဂုံဂျစ်အကြောင်း ရေးတော့ ပြည်တွင်းဖြစ် နိုင်ငံခြားကားဆိုပြီး ထည့်ရေးတာ စာပေစိစစ်ရေးက ဖြုတ်ခိုင်းလို့ ဖြုတ်ပေးခဲ့ရဖူးသေးတယ်။) အဲ… အဲဒီ့ အစိုးရ အရက်ဆိုင်မှာ ပြည်တွင်းထုတ် ရမ်၊ အိုးဘရန်ဒီ၊ မော့(လ်)(ထ်) ဝစ္စကီဆိုတာတွေကို ရောင်းတယ်။ ခွဲတမ်းနဲ့ပဲ။ ဘယ်ခွဲတမ်းနဲ့ ဘယ်လို ရောင်းမှန်းတော့ မသိဘူး။ တကယ် သောက်သုံးလိုသူက ဝယ်လို့ရဖို့ ခက်တယ်။ မှောင်ခိုဆီမှာတော့ အောတိုက်လို့။ ရမ်တစ်ပုလင်း ၃၀၊ အပြင်မှာဝယ် ၃၅ ကျပ်။ အေးဆေးပဲ။ ဘီယာဆိုတာ တော်တော် ရှားတာ။ ဒါ့ကြောင့်လဲ အဲဒီ့ခေတ်က အောက်ကလိအာကြတာပ… ဘီယာကို ထန်းရည်နဲ့ လဲနိုင်ပေါင်ဆိုတာမျိုး။

ဆေးနဲ့ ဆေးပစ္စည်းလည်း အတူတူ။ အိမ်ဆောက်ပစ္စည်းလည်း အတူတူ။ ပုံနှိပ်မင်တွေ၊ စက္ကူတွေ၊ စောရေးကိရိယာတွေလည်း အတူတူ။

အဲဒီ့တစ်ခေတ်လုံးဟာ တန်းစီတိုးစားနဲ့ မှောင်ခိုတွေရဲ့ ကာလ။ ဘာမဆို အစိုးရက ချုပ်ကိုင်ထားတော့ တကယ်လိုသူတွေ မရ၊ မလိုသူတွေက ရပြီး ဈေးတင်ရောင်း၊ အဲဒီ့အမြတ်နဲ့ ရပ်တည်နေထိုင်ခဲ့ကြတဲ့ ဘ၀တွေပေါ့။

ဘယ်သူမှ သိပ်မသိတဲ့ အမြတ်ရနည်း တစ်ခုတောင် ကျွန်တော် လုပ်ဖူးသေးတယ်။ ဗမာနိုင်ငံသုံး ခြင်္သေ့ရုပ်နဲ့ ဆယ်ပြားစေ့ အလေးစေ့၊ အရင် ပါလီမန်ခေတ်က ထုတ်ခဲ့တဲ့ ဆယ်ပြားစေ့၊ အဲဒီ့ဆယ်ပြားစေ့ ကိုးစေ့ (ပြား ၉၀)ကို တကျပ်နဲ့ ရောင်းတာ၊ နောက်ပိုင်း ရှစ်စေ့။ ခုနစ်စေ့၊ ခြောက်စေ့စသဖြင့် ရှားသလောက် ပိုရခဲ့ဖူးတယ်။ ဝယ်တာက ထိုင်းက ဝယ်တာ။ ကျိုင်းတုံက မမတွေက ကောက်တယ်။ အဲဒါလည်း ရောင်းစားဖူးတယ်။ အခု ထိုင်းက အကြွေစေ့တွေဟာ အဲဒီ့ ဆယ်ပြားစေ့တွေ ပုံပြောင်းကုန်တာလားတော့ မသိဘူး။

လောင်စာဆီ မှောင်ခိုဖြစ်လာတာ အဲဒီ့ ၁၉၈၀ ဝန်းကျင်ပါပဲ။ ကျွန်တော်တောင် အဲဒါနဲ့ လုပ်ကိုင် စားသောက်ခဲ့ဖူးပါသေးသဗျား။ တစ်နေ့ကို ကျပ် ၆၀ လောက် မြတ်ရင် သားအမိနှစ်ယောက် အူစိုတာပေါ့။ ဘာမှလည်း မပင်ပန်းဘူး။ ဓာတ်ဆီဆိုင်မှာ ကားလေးသွားထိုး၊ ဆီဖြည့်။ ပြီးရင် ပုံးလေးနဲ့ ခံ၊ ကီလီလမ်း (အခု ဝါးတမ်းလမ်း) ကမ်းနားက မိန်းမကြီးဆီ သွားရောင်း။ တိန်တိန့်ကို မြည်လို့။

အဲဒါကြီးက ဘယ်အထိ ပါလာသလဲဆိုရင် မကြာသေးခင် နှစ်များအထိပဲ။ ကျွန်တော် ထင်တယ်။ ကျွန်တော့် ဒဂုံဂျစ်နဲ့ ဒီဇယ် ထုတ်စားခဲ့တာများ ကားဖိုး တစ်ဝက်မဟုတ်တောင် သုံးပုံတစ်ပုံလောက် ကျေခဲ့မှာခင်ဗျ။

သံရုံးမှာ အလုပ်လုပ်နေတုန်းက ဒေါ်လာစားမို့ ဆီထုတ်ရောင်းတဲ့ အလုပ်ကို မလုပ်ခဲ့ဘူး။ မလုပ်တော့ ကျွန်တော့်ကို လူမိုက်လို့ ဝိုင်းပြောကြသူတွေက တစ်ရာမှာ ၉၉ ယောက်။ ကျွန်တော်က ခပ်တည်တည်ပဲ၊ မလုပ်ဘူး။ ဦးမှန်ကြီးပေါ့။

အဟဲ… အလုပ်လည်း ပြုတ်လာ၊ ဝင်ငွေလေးလည်း ကျပ်တည်းလာတော့ ဦးမှန်ကြီးလည်း ဘာခံနိုင်မလဲဗျာ။ လုပ်တော့တာပေါ့။ လုပ်တော့လည်း ငါ့နှယ် နောက်ကျလေခြင်းပေါ့။ ဘယ့်နှယ့်ဗျာ၊ တစ်ပတ် တစ်ပတ်ကို လေး၊ ငါးသောင်း မြတ်နေတာကိုး။

ပျက်စီးခြင်းက ငါးပါးမက သံဃာစင်ပါ မှောက်တော့တာပါ။

ဗမာပြည်မှာ GSM ပထမဆုံး အလုံးတစ်ထောင် မပြည့်ခင် အသုတ်မှာ ကျွန်တော် ကံထူးစွာ တစ်လုံးရတယ်။ ကျွန်တော့်နံပါတ်ဆို အလုံး ၇၀၀ တောင် မပြည့်သေးဘူး။ ငါးသိန်းသွင်းရတယ်။ အဲဒါကို နောက် နှစ်နှစ်လောက်အကြာမှာ ဘိုင်ကျလို့ ထုတ်ရောင်းလိုက်တော့ ၄၄ သိန်း ရဖူးတယ်။

အဲဒီ့နောက် ၁၅ သိန်း ဖုန်းတစ်လုံး ကျွန်တော့် အိမ်သူနာမည်နဲ့ ကျလာပြန်တယ်။ အဲတုန်းက ကျွန်တော်တို့မှာ ၁၅ သိန်း ဝေးစွ၊ တစ်သိန်းခွဲတောင် အနိုင်နိုင်ရယ်။ ဒါနဲ့ ဖုန်းလိုချင်တဲ့ သူငယ်ချင်းတစ်ယောက်က ဆယ်သိန်း အမြတ်ပေးပြီး ယူသွားလေရဲ့။

အကျင့်တွေ တန်ကုန်ကြပုံကို စီကာပတ်ကုံး ရေးပြတာပါ။

ကနေ့ခေတ် ၂၀ တန်းတွေရဲ့ မိခင် ဖခင်တွေဟာ အဲဒီ့ ဆိုရှယ်လစ် လူသားတွေပါ။

အဲတော့ နိုင်ငံခြား ဖုန်းကုမ္ပဏီက သန်းနဲ့ ချီပြီး ချရောင်းပေးနေတဲ့ ဖုန်းကတ်တွေကို ကျိတ်ကျိတ်တိုး ဝယ်၊ ငါးထောင် တစ်သောင်း ဈေးခေါ်ပြီး ပြန်ရောင်းနေကြတာ မြင်သိနေရတဲ့အခါ အဲဒီ့လူတွေကို အပြစ်မတင်ရက်ဘူး။ စကားတင်းလည်း မဆိုရက်ဘူး။

အကျင့်တန်တဲ့ မိဘ ပတ်ဝန်းကျင်မှာ လူလားမြောက်ခဲ့ရ၊ ကြီးပြင်းခဲ့ရသူတွေချည်းကိုး။

တော်တော်တော့ ခက်တယ်ဗျ။

ကျွန်တော်တို့မှာ ကလေးတွေကို သွန်သင်ဖို့ သိပ်ခက်နေတယ်။ အဖေ့ကို နမူနာယူလို့ ပြောရင် အဖေက အေးဓားပြ ဖြစ်နေတယ်။ အမေ့ကို နမူနာယူလို့ ပြောရင်လည်း အမေက သူခိုး။ ဒါဖြင့် ဦးလေးကို ကြည့်ကွာ ဆိုရအောင်လည်း ဦးလေးက အလစ်သုတ်တဲ့သူ ဖြစ်နေပြန်တယ်။ အဒေါ်ကလည်း ကလိန်ကကျစ်။

အဲသလို ပတ်ဝန်းကျင်မျိုးက ကျွန်တော်တို့ ပတ်လည်မှာ ဝန်းရံထားတယ်။

လေဆိုတာတော့ ပစ်လို့ သိပ်လွယ်ပါသဗျာ။ အကျင့်ပျက်မှုတို့၊ စာရိတ္တတို့ဆိုတာ သိပ်ပြောလို့ ကောင်းတဲ့ ဝေါဟာရတွေ။

ငါးပါးသီလဆိုတာလည်း တယ်ပြောလို့ ကောင်းတာပဲ။ ဒါပေမယ့် “လွယ်ရင် သူကြွယ်တောင် မနေဘူး”ဆိုတဲ့ စကားကလည်း အထင်အရှားဆိုတော့ကာ စာရိတ္တဆိုတာ ပတ်ဝန်းကျင်ကလည်း ဖေးမနေမှ ဖြစ်တဲ့ အရာလေ။

တော်ပါတယ်ဗျာ… သွားလေသူကြီး တော်လွန်းပါတယ်။

တစ်ပြည်လုံးကို အမြစ်ကလှန်ပြီး ဖျက်ဆီးသွားတဲ့နေရာမှာ သူက ဧတဒဂ်ပဲ။

သို့ပေတည့် သူ့တပည့်သားမြေးများကတော့ သူ့အကြောင်းဆို တစ်လုံးမှ လေသံ မသလပ်ဘူးခင်ဗျ။ သူတို့အတွက်ကျတော့လည်း ဧရာမကျေးဇူးရှင်ကြီးပေကိုး။

အားလုံး တရားပါတယ်လေ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၀၁၀၈၁၄)

Advertisements

မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်

🔹 မျိုးချစ်ဝါဒ (patriotism) ရယ်၊ ရွှေတွေက အမျိုးသားရေးဝါဒလို့ တလျှောက်လုံး သုံးလာတဲ့ nationalism (နိုင်ငံချစ်ဝါဒ)တို့ရယ်ဟာ တူသလိုလိုနဲ့ ကွဲပါတယ်။

🔹 မျိုးချစ်တယောက်ဟာ ကိုယ့်နိုင်ငံရဲ့ ဆောင်ရွက်ချက်တွေအတွက် ဂုဏ်ယူတတ်တဲ့သူပါ။ အခု အမေရိကန် နိုင်ငံသား ဖြစ်နေတဲ့ အောင်လဟာ ဗမာပြည်ပေါက်ပါဆိုပြီး ဂုဏ်ယူတာမျိုးဟာ မျိုးချစ်တာပါပဲ။

🔹 နိုင်ငံချစ်သူကတော့ ကိုယ့်နိုင်ငံက ဘာကြီးလုပ်နေနေ အဲဒီ့အတွက် ဂုဏ်ယူတတ်တဲ့သူပါ။ ကိုယ့်နိုင်ငံက သူများနိုင်ငံကို မတော်မတရား သွားကျူးကျော်နေရင်ပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံက မသမာတဲ့ နည်းလမ်းတွေ၊ လူတွေကို အညွန့်တုံးစေမယ့် နည်းလမ်းတွေနဲ့ စီးပွားဖြစ်နေရင်ပဲဖြစ်ဖြစ် တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ဂုဏ်ယူတဲ့ စိတ်က နိုင်ငံချစ်စိတ်၊ နိုင်ငံချစ်ဝါဒပါပဲ။

🔹 မျိုးချစ်ဝါဒက တာဝန်ယူစိတ်လေး ရှိတယ်။

🔹 နိုင်ငံချစ်ဝါဒ (အမျိုးသားရေးဝါဒ)က အသားလွတ် စိတ်ကြီးဝင်တာဖြစ်ပြီး စစ်ပွဲတွေဆီကို ဦးတည်သွားတတ်ပါတယ်။

🔹 ပူးတွဲဖော်ပြထားတဲ့ ပုံလေးက အဲဒီ့နှစ်ခုကို အခုလို ခွဲခြားပြပါတယ်။

Image may contain: text

🔹 မျိုးချစ်ဝါဒက အတိတ်သမိုင်းက သင်ခန်းစာယူပါတယ်။ ငါတို့ဘက်က ဘာတွေမှားခဲ့လို့ ပြည်တွင်းစစ် ဖြစ်ရတာလဲ။ နောက်မဖြစ်အောင် အတိတ်က လုပ်ခဲ့မိတဲ့အထဲက ဘာတွေ ရှောင်မလဲလို့ ဆင်ခြင်တတ်တာ မျိုးချစ်ဝါဒပါ။

🔹 နိုင်ငံချစ်ဝါဒကတော့ သမိုင်းကို အသစ်ပြန်တီထွင်တာပါပဲ။ ပုံထဲမှာတော့ လူတွေဟာ ကျွန်ဖြစ်ရတာကို ကြိုက်တယ်ဆိုပြီး ခုခေတ်ကြီးမယ် ထ တွေးတာမျိုးဟာ သမိုင်းကို အသစ်ပြန်တီထွင်တာပါ။

🔹 🔹 🔹 အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုသြဇာအာဏာနဲ့ တသွေးတသံတမိန့် အစွန်းရောက် အလွန်အကျွံ နိုင်ငံချစ်ဝါဒ ဖြစ်သွားသလို အတိုက်အခံကို အင်အားသုံး ဖိနှိပ်မယ်၊ လူ့ဘောင်ကိုရော၊ စီးပွားရေးကိုရော လိုသလို ပုံစံသွင်းလာမယ်ဆိုရင်တော့ အဲဒါ ဖက်ဆစ်ဝါဒဖြစ်သွားပါပြီ။ 🔹 🔹 🔹

🔹 အလွန်အကျွံ နိုင်ငံချစ်ဝါဒ (ultranationalism) ဆိုတာဟာ တခြားနိုင်ငံ တခြားလူမျိုးတွေ ဘာဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံမှ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုးရဲ့ အကျိုးတခုတည်းကိုသာ ကြည့်တတ်တဲ့ အမြင်ပါ။

💙 မျိုးချစ်စိတ်ဟူသည်ကား ကလိမ်ကကျစ်တို့၏ နောက်ဆုံး (ကြံရာမရတဲ့အဆုံး) ခိုကိုးရာ ဖြစ်သတည်း။ 💙 

ဆိုတဲ့ စကားကို ဆယ်မြူယယ်(လ်) ဂျော်(န်)ဆင်(န်)က ၁၇၇၅ ခုနှစ် ဧပြီလ ၇ ရက် ညနေခင်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ သည်မတိုင်ခင် တနှစ် ၁၇၇၄ ခုနှစ်မှာ ထိုမျိုးချစ်ဆိုတဲ့ အမည်နဲ့ သူ့စာအုပ် ထွက်ခဲ့ပါတယ်။

🔹 သူ့စကားမှာ မျိုးချစ်စိတ်လို့ သုံးနှုန်းထားပေမယ့် တကယ်တမ်းမှာ ယေဘုယျ မျိုးချစ်စိတ်၊ အခုစာရဲ့ ဒုတိယပိုဒ်ပါ မျိုးချစ်စိတ်မျိုးကို ဆိုလိုတာ မဟုတ်ကြောင်း အဲဒီ့ကတည်းက ယနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားကြပါတယ်။ သူပြောတဲ့ မျိုးချစ်စိတ်ဆိုတာက မျိုးချစ်စိတ်အတု၊ မျိုးချစ်စိတ် အလွဲကိုသာ ဆိုလိုရင်း ဖြစ်ပါတယ်။

🔹 သူ့ခေတ် ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရေးသမား Pitt of Chatham ဆိုသူက ထစ်ခနဲရှိ မျိုးချစ်စိတ်၊ မျိုးချစ်စိတ်ဆိုတဲ့ ဆင်ခြေနဲ့ ထင်ရာထထလုပ်တတ်ခဲ့ပါတယ်။ တနည်းပြောရင် ထင်ရာစိုင်းဖို့အတွက် အကာအကွယ်ယူတဲ့ မျိုးချစ်စိတ် အတုအယောင်ကို သူက ရည်ရွယ်ခဲ့ပါတယ်။

🔹 သေချာတာကတော့ ကိုယ့်ကိုယ်ကိုယ် မျိုးချစ်ပါလို့ ကြွေးကြော်သေူတွေဟာ အတုတွေပါပဲ။

🔹 တကယ်တရားရနေသူ၊ တရားဓမ္မမှာ မွေ့လျော်နေသူတွေက သူတို့ကိုယ်သူတို့ တရားသမားပါလို့ မပြောတတ်ကြသလိုပဲ မျိုးချစ်စိတ်တကယ်ရှိသူတွေကလည်း ကျုပ်ကဖြင့် မျိုးချစ်လှပါချေရဲ့လို့ အော်မနေတတ်တာလောက်တော့ သတိချပ်သင့်ကြမယ်လို့ မြင်မိပါကြောင်း။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၀၈၀၃၁၉)

ဆန္ဒပြသူ ဒို့ရန်သူလား

ကျောင်းသားအပါအ၀င် ဆန္ဒပြသူများအပေါ် အစိုးရရဲ့ သဘောထား ပြောင်းဖို့ အပူတပြင်း လိုအပ်နေပါတယ်။ အကျင့်ဆိုးဆိုတာ ပြင်ရ အင်မတန် ခက်တော့ ပြောမယ့်သာ ပြောရတယ်၊ အားက သိပ်မရှိဘူး။

လက်ပံတန်းနဲ့ ရန်ကုန်မှာ တစ်နေ့တည်း ဖြစ်ခဲ့တဲ့ အစိုးရရဲ့ အကြမ်းဖက်မှုတွေကို ကြည့်ရင် ဆန္ဒပြသူဟာ ရန်သူဆိုတဲ့ အစွဲ၊ နှိပ်ကွပ်ရမယ်ဆိုတဲ့ အစွဲ၊ ဆန္ဒပြတယ်ဆိုတာ လက်မခံထိုက်ဘူးဆိုတဲ့ အစွဲတွေက ထင်းထင်းကြီး ပေါ်လွင်နေပါတယ်။

Image result for letpadan 2015

Photo Credit: Associated Press

လွှတ်တော်လမ်းကြောင်းတွေ၊ ဘာလမ်းကြောင်းတွေ၊ ညာလမ်းကြောင်းတွေ ရှိလျက်နဲ့ ဆန္ဒပြရသလားဆိုတဲ့ စကားကို ထပြောထားတာတွေ တွေ့လိုက်ရသေးတယ်။ သူတို့အလုပ်သူတို့ လုပ်တာမို့ မဥပါဒ်မိပေမယ့် အငြင်းပွားစရာတွေ အများကြီးပါ။ မြန်မာပြည်က လွှတ်တော်၊ အစိုးရနဲ့ တရားစီရင်ရေးတို့ရဲ့ သက်တမ်းက ငါးနှစ်တောင် ကောင်းကောင်း မပြည့်အောင် နုသေးတဲ့အချိန်မှာ သည်စကားတွေပြောတာ ပေါချာချာနိုင်လှတယ်ဆိုတာလောက်တော့ သဘောပေါက်ဖို့ ကောင်းတယ်ဆိုတာလောက်ပဲ ပြန်ပြောချင်ပါတယ်။

အခုဖြစ်ရပ်တွေကြောင့် နဂိုကမှ သံသယနဲ့ ကြည့်နေရတဲ့ အစိုးရအပေါ် လူထုအများစုကရော နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ ယုံကြည်မှု ကင်းမဲ့သွားပြီဆိုတာ ထင်ရှားပါတယ်။ (အမှန်တော့ သူတို့ပြောတဲ့အတိုင်း လွှတ်တော်ကသာ တကယ် အလုပ်ဖြစ်နေတဲ့ လွှတ်တော်ဆိုရင် သည်လိုဖြစ်ရပ်မျိုး ဖြစ်ပွားသွားတဲ့အခါ အစိုးရကို အယုံအကြည်မရှိ အဆို တင်သွင်းမှာပါ၊ အနည်းဆုံးတော့ ပြည်ထဲရေး ၀န်ကြီးကို လွှတ်တော်က ခေါ်ယူ မေးမြန်းမှာပါ။ အခု ဒါတွေ မကြားရပါဘူး။ လွှတ်တော်ကြီးက လတ်တလော ကျင်းပနေဆဲပါနော်။)

ထားပါတော့။

ရှေ့ဆက်ဖို့ လုပ်ငန်းစဉ်ကို ကျွန်တော် ဆွေးနွေးကြည့်ချင်ပါတယ်။

တစ်ခုတော့ ရှိပါတယ်။ တကယ်နိုင်ငံအပေါ် စေတနာ ထားတယ်ဆိုရင်ပေါ့။ နောက် နှစ် ၃-၄၀ အကြာမှာ ငါတို့ ရှိတော့မှာ မဟုတ်ဘူး၊ ဒါပေမယ့် သည်နိုင်ငံကြီးကတော့ ရှိနေဦးမှာ။ ဒါ့ကြောင့် ငါတို့ ကောင်းမြတ်တဲ့ စံများကို တတ်နိုင်သမျှ ချထားပေးခဲ့မယ်ဆိုတဲ့ စိတ်နှလုံးကောင်းလေးလောက် မွေးနိုင်မယ်ဆိုရင်ပေါ့။

မမွေးနိုင်ဘူး။ လတ်တလော ငါတို့ အကျိုးစီးပွား အထိခိုက်မခံရေးသာ အဓိကဆိုရင်လည်း ကိုယ်တော်တို့ရဲ့ သဘောထားကို လေးစားပါတယ်။ ကျွန်တော့်စာကို ဆက်ဖတ်စရာ မလိုပါဘူး။

လုပ်ငန်းစဉ်

(၁) ဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းတိုင်း ပေးဖို့ လိုပါတယ်။ ဘာအကြောင်းပြချက်နဲ့မှ မငြင်းပယ်သင့်ပါဘူး။ ဒါမှ ခွင့်ပြုချက်ပေးတဲ့ အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှု ရှိလာမှာ ဖြစ်ပြီး ဘယ်တော့ပဲဖြစ်ဖြစ် အသိပေးလာ၊ ခွင့်ပြုချက် တောင်းလာကြမှာ ဖြစ်ပါတယ်။

တစ်နည်းပြောရရင် အာဏာပိုင် အဖွဲ့အစည်းတွေကိုယ်တိုင်က ဆန္ဒပြသူတွေ အဆင်ပြေအောင် ကူညီပေးမယ်ဆိုတဲ့ ဆန္ဒ ပြင်းပြင်းပြပြရှိနေဖို့ လိုပါတယ်။

(၂) ပြီးရင် ဆန္ဒပြပွဲကို ဦးဆောင်မယ့် ခေါင်းဆောင်တွေနဲ့ ရဲနဲ့ ညှိနှိုင်းရပါမယ်။ ဆန္ဒပြမယ့် အချိန်၊ နေရာ၊ ဦးတည်ချက်၊ လူအင်အား၊ ဘယ်လောက်ကြာကြာ ဆန္ဒပြမယ်၊ ဘယ်လမ်း ဘယ်လမ်းက သွားမယ်ဆိုတာတွေကို ညှိကြရပါမယ်။

ဥပမာ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြမယ်။ အချိန်က ရုံးဆင်းချိန် ဖြစ်နေမယ်ဆိုရင် ဆန္ဒပြသူတွေကြောင့် တခြားသူတွေ၊ ယာဉ်တွေ အနှောင့်အယှက် မဖြစ်အောင် အာဏာပိုင်တွေဘက်က ဘယ်လို ကူညီပေးမယ်၊ ဆန္ဒပြသူတွေဘက်က ဘယ်လို ထိန်းထိန်းသိမ်းသိမ်း လုပ်သွားမယ်ဆိုတာကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်အောင် ညှိကြဖို့ လိုပါတယ်။

တစ်ဆက်တည်းမှာပဲ ဆန္ဒပြပွဲကနေ မလိုလားအပ်တဲ့ အနှောင့်အယှက်တွေ၊ အကြမ်းဖက်တာတွေ၊ ဖျက်ဆီးတာတွေ မပေါ်ပေါက်လာအောင် နှစ်ဦးနှစ်ဖက် ဘယ်လို စီမံကြမယ်ဆိုတာကိုလည်း စီးဝါး ရိုက်ထားကြရပါမယ်။

ဒါက ဆန္ဒပြပွဲ မတိုင်ခင် ကြိုတင် ပြင်ဆင်မှု အပိုင်းပါ။

(၃) ဆန္ဒတကယ်ပြပြီဆိုတဲ့အခါ အာဏာပိုင်တွေဘက်က သည်ဆန္ဒပြပွဲ အေးအေးချမ်းချမ်း ပြီးဆုံးသွားဖို့ ကူညီရေးကို ဇောင်းပေးစဉ်းစားရပါမယ်။ ဆန္ဒပြသူတွေဟာ သူတို့နည်းတူ ပြည်သူတွေပါ။ ရန်သူတွေ မဟုတ်ပါဘူး။ အဲတော့ သည်ဆန္ဒပြသူတွေရဲ့ လုံခြုံဘေးကင်းရေးကို ဦးစားပေး ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဘက်ကလည်း သတိကြီးကြီးနဲ့ ကိုယ့်အဖွဲ့ကိုယ် စည်းကမ်းရှိနေ၊ စနစ်တကျ ရှိနေအောင် ထိန်းချုပ် ကွပ်ကဲနိုင်ရပါမယ်။

တကယ်လို့ ကိုယ့်ထဲကပဲဖြစ်ဖြစ်၊ တခြားကဖြစ်ဖြစ် ဆန္ဒပြပွဲကနေ အကြမ်းဖက်ပွဲ၊ ဖျက်ဆီးပွဲအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားသူကို တွေ့လာတာနဲ့ တစ်ပြိုင်နက် အနီးအနားမှာ အသင့်ရှိနေတဲ့ အာဏာပိုင်ကို အကြောင်းကြားပြီး အဲဒီ့လူ(တွေ)၊ ငါးခုံးမတွေကို ဖယ်ရှားကြရမှာပဲ ဖြစ်ပါတယ်။

(၄) အရေးကြီးဆုံးအချက်

တကယ်လို့ ဆန္ဒပြသူတွေထဲမှာ အဲလို အကြမ်းဖက်သူ၊ ဖျက်လိုဖျက်ဆီးလုပ်သူ တစ်ဦးတစ်ယောက်ကို ဖြစ်စေ၊ တစ်စုတစ်ဖွဲ့ကို ဖြစ်စေ တွေ့ပြီဆိုတာနဲ့ အာဏာပိုင်တွေက အရေးယူရပါမယ်။ လိုအပ်ရင် ဆီ လျော် မျှ တ တဲ့ အင် အား သုံး ပြီး ထိန်းချုပ်နိုင်အောင် ကြိုးစားကြရပါမယ်။

အဲဒါဟာ အဲဒီ့ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကိုသာ ရည်ရွယ်ရမှာ ဖြစ်ပြီး ဆန္ဒပြသူ အကုန်လုံးကို သိမ်းကြုံး ဆော်ပလော်တီးရမှာ မဟုတ်ပါဘူး။

(၅) ဆန္ဒပြပွဲပြီးဆုံးသွားတဲ့အခါ ဆန္ဒပြသူ ခေါင်းဆောင်တွေနဲ့ အာဏာပိုင်တွေနဲ့ စားပွဲမှာ ထိုင်ပြီး ဆွေးနွေးသင့်ပါတယ်။ သည်ပွဲမှာဖြင့် ဘာတွေ အဆင်ပြေသွားခဲ့တယ်၊ ဘာ့ကြောင့် အဲလို အဆင်ပြေခဲ့တာ၊ နောက်တစ်ပွဲသာဆိုရင် ဘယ်လို ပိုကောင်းအောင် လုပ်နိုင်မယ်၊ သည်တစ်ပွဲမှာ ဘာတွေ ချော်သွားခဲ့တယ်၊ ဘယ်လို အခက်အခဲတွေ ရှိခဲ့တယ်၊ နောက်တစ်ပွဲကျရင် ဘယ်လို ပြုပြင်ကျော်လွှားမယ် စတာများကို ဆွေးနွေးဖော်ထုတ်ကြရပါမယ်။

အဲဒီ့ ဆွေးနွေးချက်တွေကို စာနဲ့ ပေနဲ့ မှတ်တမ်းတင်ထားပြီး တခြားဒေသက၊ တခြားနယ်မြေက အာဏာပိုင်တွေ၊ ဆန္ဒပြလိုသူတွေအတွက် သင်ခန်းစာယူစရာ လမ်းညွှန်အတွေ့အကြုံများအဖြစ် ဝေမျှ သွားနိုင်ပါသေးတယ်။

ဒီမိုကရေစီဆိုတာ အင်အားသုံးပြီး ဖြေရှင်းရတဲ့ အရာမဟုတ်ပါဘူး။ လေ့ကျင့်ပျိုးထောင်ယူရတဲ့ အမူအကျင့်ပါ။

ကျွန်တော်ပြောတဲ့အထဲမှာ အကြောင်းအရာပိုင်း လုံးဝ မပါပါဘူး။ အကြောင်းအရာက မှန်ချင် မှန်မယ်၊ မှားချင် မှားမယ်၊ ဒါပေမယ့် လုပ်ထုံးလုပ်နည်းသာ မှန်မယ်ဆိုရင် မြန်မာပြည်ကြီးလည်း ကျက်သရေရှိ၊ လူသာဓုခေါ်၊ နတ်သာဓုခေါ်နိုင်တဲ့ အေးချမ်းတဲ့ လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်မယ်ဆိုတာကို ဆွေးနွေးလိုက်တာပါ။

လက်ခံချင်ရင် လက်ခံပါ။ လက်မခံချင်လည်း ရပါတယ်။

ကျွန်တော် ဆင်ခြင်မိသလောက် လက်ဆင့်ကမ်းပေးလိုက်တာ ဖြစ်ပါတယ်။

အဓိကကတော့ စေတနာမှန်ရင် လုပ်ရပ်လည်း မှန်လာပါလိမ့်မယ်။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၂၀၃၁၅)

 

Facebook မှာ ကျနော် ရေးဖြစ်ခဲ့တာလေးတွေကို တစုတစည်းတည်းရှိနေအောင် ပြန်ရှာပြီး တင်ထားတာ ဖြစ်ပါတယ်။

လူထုရဲ့ သိပိုင်ခွင့်ကို ဖြည့်ဆည်းခြင်း

ℹ️ℹ️ℹ️ℹ️ℹ️ℹ️ℹ️ℹ️ℹ️ℹ️ℹ️ℹ️

အခုလတ်တလော လူပြောသူပြောများနေတဲ့ အများပြည်သူအခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေးများနဲ့ စပ်လျဉ်းတဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR)ကိစ္စထဲမှာ မနေနိုင် မထိုင်နိုင် ဝင်ပါချင်လာမိလို့ နည်းနည်း ပါပါရစေ။ ဝင်ပါချင်သွားရခြင်း အကြောင်းရင်းက အချက်အလက်တချို့ကို ထိန်ချန်ပြီး တချို့တွေ ပြောပြောနေတာလေးတွေ တွေ့မိနေရလို့ပါ။

အဲဒီ့စာချုပ်ထဲမှာ ပါတဲ့ အဓိက အခွင့်အရေး အကျဉ်းချုပ်

  • ပထမဆုံးက ကိုယ်ကာယသိက္ခာအခွင့်အရေးပါ။ အသက်ရှင်ခွင့်၊ နှိပ်စက်မှု၊ ကျွန်ပြုမှုမှ ကင်းလွတ်ခွင့် (အပိုဒ် ၆၊ ၇၊ ၈)။

 

  • လူတယောက်ရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှု။ ဖမ်းချင်တိုင်း ဖမ်း၊ ချုပ်ချင်တိုင်း ချုပ်ခွင့် မပေးတော့ပါဘူး။ ဒါ့အပြင် လက်တင်ဘာသာနဲ့ ဟေးဘီးယပ်(စ်) ကောပပ်(စ်)လို့ ခေါ်တဲ့ အချုပ်ခံရသူကို တရားသူကြီး၊ ဒါမှမဟုတ် တရားရုံးတော်ရဲ့ ရှေ့မှောက်ကို ခေါ်လာပြီး သူ့ကို ဘာကြောင့် ချုပ်နှောင်ထားသင့်ကြောင်း ဥပဒေနဲ့ညီညွတ်တဲ့ အကြောင်းခြင်းရာများကို ခိုင်လုံထင်ရှား မပြသနိုင်ရင် ပြန်လွှတ်ပေးရမယ်ဆိုတဲ့ အခွင့်အရေးကို တောင်းဆိုပိုင်ခွင့်လည်း ပါပါတယ်။ (အပိုဒ် ၉ မှ ၁၁)

 

  • ဥပဒေအရ လုပ်ထုံးလုပ်နည်းပိုင်းမှာ မျှတမှု။ ထိုက်သင့်တဲ့ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးစီရင်ခံပိုင်ခွင့်၊ မျှတပြီး ဘက်မလိုက်တဲ့ တရားခွင်၊ (ပြစ်မှုထင်ရှားကြောင်း မစီရင်သေးသမျှ) အပြစ်မရှိဘူးလို့ ယူဆချက်၊ ဥပဒေရှေ့မှောက်မှာ လူသားတဦးအဖြစ်သာ အသိအမှတ်ပြုတာတို့ ပါဝင်ပါတယ်။ (အပိုဒ် ၁၄ မှ ၁၆)

 

  • လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်၊ တွေးမြင်ခွင့်၊ ယုံကြည်ခွင့်၊ ကိုးကွယ်ခွင့်၊ ပြောခွင့်၊ သင်းဖွဲ့ခွင့်၊ စုဝေးခွင့်၊ မိသားစုအခွင့်အရေး၊ နိုင်ငံသားဖြစ်ခွင့်၊ ကိုယ်ရေးကိုယ်တာပိုင်း သိုသိပ်ခွင့် (အပိုဒ် ၁၂၊ ၁၃၊ ၁၇ မှ ၂၄)

 

  • စစ်မက်အတွက် ဝါဒဖြန့်တာကို တားဆီးပိတ်ပင်တာ၊ ခွဲခြားဆက်ဆံမှု (နှိမ်တာပေါ့ဗျာ)၊ ရန်လိုတဲ့ ဥပဒေ၊ အကြမ်းဖက်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းကျင့်သုံးတာများကို နှိုးဆော်တဲ့ အမျိုးသားရေးအမုန်းတရား၊ ဘာသာရေး အမုန်းတရားများဘက်က ရှေ့နေလိုက် ပြောဆိုဆော်သြတာကို တားဆီးပိတ်ပင်တာလည်း ပါပါတယ်။ (အပိုဒ် ၂၀)

 

  • မဲပေးခွင့်အပါအဝင် နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့် (အပိုဒ် ၂၅)

 

  • ခွဲခြားဆက်ဆံမှု မရှိခြင်း၊ လူနည်းစု အခွင့်အရေး၊ တရားဥပဒေရှေ့မှောက်မှာ အားလုံး သာတူညီမျှမှု (အပိုဒ် ၂၆၊ ၂၇)

ဘယ်နိုင်ငံမှာ မှီတင်းနေထိုင်သူပဲဖြစ်ဖြစ်၊ လူအများအနေနဲ့ အထက်ပါ အခွင့်အရေးတွေ ရသင့် မရသင့် မိမိတို့ရဲ့ ကိုယ်ပိုင်ဉာဏ်များနဲ့သာ ဆုံးဖြတ်တော်မူကြပါ။

ကနေ့အထိ သည်စာချုပ်ကို ဘယ်သူတွေ ဘာလုပ်ထားကြသလဲ

  • ကနေ့ကမ္ဘာမှာ နိုင်ငံပေါင်း ၁၉၅ နိုင်ငံ ရှိပါတယ်။

 

  • ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံက ၁၉၃ နိုင်ငံပါ။

 

  • အဲဒီ့ ၁၉၃ နိုင်ငံမှာ ၁၇၃ နိုင်ငံက သည်စာချုပ်ကို တရားဝင်လက်ခံသဘောတူကြောင်း အတည်ပြု လက်မှတ်ရေးထိုးထားပါတယ်။ (၈၉.၆၄ %) [ကုလသမဂ္ဂရဲ့ နိုင်ငံတကာ သဘောတူစာချုပ်တွေအနက်မှာ သည်စာချုပ်က အများသဘောတူမှု အများဆုံးလို့ အဆိုရှိပါတယ်။ ၉၀ ရာနှုန်းနီးပါးမို့ အပြတ်အသတ် သဘောတူကြတဲ့ စာချုပ်လို့ ဆိုနိုင်ပါတယ်။]

 

  • ၆ နိုင်ငံက လက်မှတ်ပဲ ထိုးရုံထိုးထားပါတယ်။ (၃.၁၁ %) အဲဒီ့ထဲမှာ တရုတ်နဲ့ ကျူးဘား ပါပါတယ်။

 

  • မီးသီးခြင်ထောင်ထောင်နေဆဲနိုင်ငံက ၁၈ နိုင်ငံပါ။ (၉.၃၃ %) အဲဒီ့ထဲမှာ မြန်မာပါတယ်။ ဘရူနိုင်း၊ မလေးရှား၊ စင်္ကာပူ၊ အာရပ် စော်ဘွားများနိုင်ငံ၊ တောင်ဆူဒန်တို့ ပါဝင်ပါတယ်။

(မြေပုံကို ရှု။ မြေပုံမှာ အပြာရင့်ရောင်က သဘောတူလက်မှတ် ရေးထိုးပြီး နိုင်ငံတွေပါ။ အပြာနုက လက်မှတ်သာ ထိုးရုံထိုးထားတဲ့ နိုင်ငံတွေ ဖြစ်ပြီး လိမ္မော်ရောင်က ဘာမှ မလုပ်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ မြေပုံနဲ့တင် သည်စာချုပ်ဟာ ကမ္ဘာ့နိုင်ငံအများဆုံးက လက်ခံသဘောတူထားတဲ့ စာချုပ်ဖြစ်ကြောင်း ထင်ရှားနေပါလိမ့်မယ်။)

No photo description available.

လက်မှတ်ထိုးတာ၊ သဘောတူ လက်မှတ်ထိုးတာ

အဲသလို နိုင်ငံတကာ သဘောတူစာချုပ်တွေမှာ လက်မှတ်ထိုးတာ (sign) နဲ့ သဘောတူ လက်မှတ်ထိုးတာ (ratify) အတော် ကွာခြားပါတယ်။

လက်မှတ်ထိုးတာ

ပါဝင်နေတဲ့ နိုင်ငံတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ညီလာခံမှာဖြစ်ဖြစ်၊ အစည်းအဝေးမှာဖြစ်ဖြစ် စာချုပ်မတိုင်ခင် တွေ့ကြ ညှိနှိုင်းကြတယ်။ လက်မှတ်ထိုးတဲ့ နိုင်ငံ (signatory) တွေ လိုက်နာရမယ့် သတ်မှတ်ချက်တွေကို သဘောတူကြတယ်။ အဲသလို သဘောတူပြီဆိုရင် စာချုပ်ကို လက်မှတ်ရေးထိုးပါတယ်။ အများအားဖြင့် သက်ဆိုင်ရာ ဝန်ကြီးတွေကပဲ လက်မှတ်ထိုးကြတာပါ။

အဲလို လက်မှတ်ထိုးခြင်းဟာ သည်စာချုပ်ကိုဖြင့်ရင် နိုင်ငံတော်က လိုက်နာလိုတဲ့ ဆန္ဒရှိကြောင်း ဖော်ပြလိုက်တာသာ ဖြစ်ပါတယ်။

အရေးကြီးလှတာက ဆန္ဒရှိတယ်လို့သာ ပြောတာ၊ တကယ်လိုက်နာမယ် မလိုက်နာဘူးလို့ ကတိကဝတ်ပြုတာ မဟုတ်ပါဘူး။ စာချုပ်ရဲ့ စည်းနှောင်အားလည်း မရှိပါဘူး။ ဆိုလိုတာက စာချုပ်အတိုင်း မဖြစ်မနေ လိုက်နာစရာ တစက်ကမှ မလိုပါဘူး။ လိုက်နာချင်စိတ်တော့ ရှိပါတယ်၊ ဒါပေမယ့်… ဆိုတဲ့ အနေအထားပေါ့။

သဘောတူ လက်မှတ်ထိုးတာ

စာချုပ်ကို လက်မှတ်ထိုးပြီးသွားတဲ့အခါ လက်မှတ်ထိုးတဲ့နိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကိုင်တွယ်ပါလိမ့်မယ်။ စာချုပ်ပါ အချက်အလက်များအရ လိုအပ်တဲ့၊ ကိုက်ညီတဲ့ ပြည်တွင်း ဥပဒေတွေကို ပြဋ္ဌာန်း ဖြည့်ဆည်းရပါတော့မယ်။ အဲဒီ့နောက် တခြား သဘောတူလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ (state parties) တွေကို စာချုပ်အတိုင်း မလွဲမသွေ လိုက်နာတော့မယ်ဆိုတဲ့ သဘောထားကို ထုတ်ပြန် အသိပေးရပါတယ်။ ဒါကို သဘောတူ လက်မှတ်ထိုးတာ (ratification) လို့ ခေါ်ပါတယ်။ အဲလိုဆိုရင်တော့ စာချုပ်ဟာ နိုင်ငံအပေါ်မှာ တရားဝင် စည်းနှောင် ခိုင်မာ သွားပါပြီ။ စာချုပ်အတိုင်း မဖြစ်မနေ လိုက်နာပါတော့မယ်။ ဘာ ဒါပေမှ မမယ့်တော့ပါဘူးဆိုတဲ့ သဘောပါ။

(သို့တိုင်အောင် RUD နဲ့သာ သဘောတူလက်မှတ်ထိုးနိုင်ကြောင်းကို အောက်ဆုံးက စာကြွင်းမှာ ထပ်မံဖြည့်စွက်ထားပါတယ်။)

သဘောပါတယ်နော် ပရိသတ်

သာမန်လက်မှတ်ထိုးတာနဲ့ သဘောတူ လက်မှတ်ထိုးတာကြားက ကွာခြားချက်ကို သဘောပေါက်ပြီဆိုရင် လက်မှတ်ပဲ ထိုးရုံ ထိုးထားတဲ့ ၆ နိုင်ငံက ဘာသဘောလဲဆိုတာကိုပါ သဘောပေါက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပေါက်ဖော်ကြီးတွေဆိုရင် သည်စာချုပ်ကို လက်မှတ်ထိုးရုံသာ ထိုးထားတာ လာမယ့် အောက်တိုဘာ ၅ ရက်နေ့မှာ ၂၁ နှစ် တင်းတင်း ပြည့်ပါလိမ့်မယ်။

နှုတ်ခမ်းနာနဲ့မှ တည့်ပါ့မလား

အဲ… သည်လိုအချိန်မှာ တောင်တောင်အီအီတွေ လျှောက်ပြောနေတာဟာ နှုတ်ခမ်းနာနဲ့မှ တည့်ပါ့မလားလို့ မေးရမလိုတောင် ဖြစ်နေပါတယ်။ လက်မှတ်ထိုးတာဟာ မုန့်ဆီကြော် စားချင်တယ်လို့သာ ပြောတာပါ။ ပေါက်ဖော်ကြီးတွေဆို ဝလည်း စားချင်လယ်၊ အားကီး အားကီး စားချင်လယ်လို့ပဲ ပြောနေတာ နှစ်ပေါင်း ၂၀ ကျော်ပြီလေနော်။ သူ့နိုင်ငံသားတွေ အဲဒီ့စာချုပ်ထဲက အခွင့်အရေးတွေကို တကယ် ခံစားနေရခြင်း ရှိမရှိက အားလုံး အသိပါပဲ။

လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့

ကုလသမဂ္ဂ နိုင်ငံတကာ သဘောတူစာချုပ် ၁၈ စောင်နဲ့ နိုင်ငံတချို့

အသေးစိတ် သိချင်ရင် ရှာဖတ်ကြည့်ကြပါနော်။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ သဘောတူစာချုပ် စုစုပေါင်း ၁၈ စောင် ရှိပါတယ်။

ကျနော်တို့ နိုင်ငံက သဘောတူ အတည်ပြုထားတာ ၅ စောင်ပဲ ရှိပါတယ်။ လက်မှတ်ထိုးရုံသာ ထိုးထားတာက တစောင်သာ ရှိပါတယ်။ ICCPR အပါအဝင် ဘာမှ မလုပ်ဘဲ ထားထားသေးတဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်က ၁၂ စောင် ကျန်ပါတယ်။

စင်္ကာပူနဲ့ မလေးရှားက သဘောတူအတည်ပြုထားတာ ၅ စောင်ပဲ ရှိပါတယ်။ မီးသီးခြင်ထောင်ထောင်တာ ၁၃ စောင်ပါ။ ကျနော်တို့က စင်္ကာပူ၊ မလေးထက် သာပါတယ်။ ဒါပေသည့် စင်္ကာပူနဲ့ မလေး သဘောတူအတည်ပြုထားတဲ့ တစောင်ကို ကျနော်တို့က လက်မှတ် ထိုးရုံပဲ ထိုးထားရပါသေးတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံက သဘောတူအတည်ပြုထားတာ ICCPR အပါအဝင် ၁၂ စောင် ရှိပါတယ်။ လက်မှတ် ထိုးရုံထိုးထားတာ တစောင် ရှိပါတယ်။ မီးသီးခြင်ထောင်ထောင်တာ ၅ စောင်ပဲ ရှိတော့တာပေါ့။

ဗီယက်နမ်က ICCPR အပါအဝင် ၉ စောင်ကို သဘောတူ အတည်ပြုထားပါတယ်။ မီးသီးခြင်ထောင်ထောင်ထားတာ ၉ စောင် ရှိပါတယ်။

အင်ဒိုနီးရှားက ICCPR အပါအဝင် ၁၀ စောင်ကို သဘောတူ အတည်ပြုထားပါတယ်။ လက်မှတ် ထိုးရုံထိုးထားတာ ၂ စောင်မို့ ကျန်နေတာ ၆ စောင်ပါ။

နောက်ထပ်အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့(ရှ်)ကလည်း ICCPR အပါအဝင် ၁၂ စောင်ကို သဘောတူ အတည်ပြုထားပါတယ်။ အိမ်နီးချင်းတွေထဲမှာ သူနဲ့ ထိုင်းက စံချိန်တင်ပါတယ်။ (အိန္ဒိယတောင်မှ ICCPR အပါအဝင် သဘောတူ အတည်ပြုထားတာ ၈ စောင်ပဲ ရှိပါတယ်။ လက်မှတ်ထိုးရုံ ထိုးထားတာ ၂ စောင်ပါ။)

ပေါက်ဖော်ကြီးတွေက ၈ စောင်ကို သဘောတူ အတည်ပြုထားပါတယ်။ ICCPR ကို လက်မှတ်ပဲ ထိုးထားတာ အထက်မှာ ပြောခဲ့ပြီးပါပြီ။ သည်တော့ သူတို့ မီးသီးခြင်ထောင်ထောင်နေတာ ၉ စောင်ကျန်နေသေးတယ်လို့ ပြောလို့ရပါလိမ့်မယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၄၀၉၁၉)

(အချက်အလက်တွေကို သည်က ယူပါတယ်။ http://indicators.ohchr.org/ )

စာကြွင်း – ICCPR နဲ့ အမေရိကန်အကြောင်းတော့ ထည့်မရေးဖြစ်ခဲ့ပါဘူး။ မလိုလို့ပါ။ သို့သော် တချို့က ထင်ရာ လျှောက်ပြောနေလို့ ထပ်ဖြည့်လိုက်ပါရစေ။

၁၉၉၂ ကတည်းက လက်မှတ်ရေးထိုးအတည်ပြုခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမယ် ICCPR က အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ နိုင်ငံရဲ့ အခေါင်အချုပ် ဥပဒေ (Supreme Law of the Land) ဖြစ်လာခဲ့ပါတယ်။

သို့ပေတည့် ခြွင်းချက်တွေ၊ နားလည်မှုတွေ၊ ကြေညာချက်တွေ တသီကြီးနဲ့ သဘောတူ အတည်ပြုခဲ့တာဖြစ်ပါတယ်။ အလွယ်ပြောရင် ICCPR ကို မူအရ လက်ခံတယ်၊ သဘောတူတယ်၊ ဒါပေမယ့် ဘာတွေကိုတော့ မလိုက်နာဘူး၊ ဘာတွေကိုတော့ အရေးပေါ်အခြေအနေမှာဆို ကျင့်သုံးမယ်ဆိုတာမျိုးပေါ့။ (အကိုးအကား – 1. https://bit.ly/2kJnQV9 , 2. https://bit.ly/2GQRBxh )

အတည်ပြုလက်မှတ်ရေးထိုးတဲ့ နိုင်ငံတိုင်းက RUD (Reservations, Understandings and Declarations) လို့ ခေါ်တဲ့ ခြွင်းချက်တွေ၊ နားလည်မှုတွေ၊ ကြေညာချက်တွေနဲ့ ကန့်သတ် လိုက်နာလို့ ရပါတယ်။ စာချုပ်ထဲမှာ ပါတဲ့အတိုင်း ၏သည်မလွဲ၊ တသေဝမတိမ်း လိုက်နာဖို့ မလိုပါဘူး။ ဒါလည်း သဘောတူအတည်ပြုလက်မှတ်ထိုးပြီးမှပါနော်။

အလုပ်နဲ့ သက်သေပြချက်တရပ်

ဒီမိုကရေစီနဲ့ ရွေးကော်

“သွယ်ဝိုက်ဒီမိုကရေစီ”လို့ ဆိုတဲ့ လူထုက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကို ဖွဲ့စည်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တရားဥပဒေပြုရေးအတွက် အာဏာအပ်နှင်းကြတဲ့ စနစ်မှာ ရှေးဦးအကျဆုံးနဲ့ အခရာ အကျဆုံးက “ရွေးကောက်ပွဲ”တွေပါပဲ။ ရွေးကောက်ပွဲတွေ လွတ်လပ်မယ်၊ မျှတမယ်ဆိုရင် လူထုလိုချင်တဲ့သူ အစစ်အမှန်တွေကို ရွေးဖြစ်မှာပေါ့။ မလွတ်လပ်၊ မမျှတရင် လူထု မလိုချင်တဲ့သူတွေ စင်ပေါ် ရောက်လာမှာပေါ့။ ဒါ အရှင်းကြီးပါပဲ။

သည်အခါမှာ “ရွေးကောက်ပွဲ ကော်မရှင်” (“ရွေးကော်”လို့ ဆက်သုံးသွားပါမယ်။)ရဲ့ အခန်းကဏ္ဍက အရမ်း စကားပြော လာပါပြီ။ ရွေးကော်တွေကိုယ်တိုင်က မှီခိုမှု၊ ကြောက်ရမှု၊ ဘက်လိုက်မှု ကင်းရှင်း လွတ်လပ်ပါမှ၊ တနည်းပြောရင် ရွေးကော်တွေ ကိုယ်တိုင်က သမာသမတ် ရှိပါမှ လွတ်လပ်၊ မျှတတဲ့ ရွေးကောက်ပွဲတွေ ပေါ်ထွန်းလာမှာ မြေကြီးလက်ခတ် မလွဲပါဘူး။

Image may contain: 5 people, people smiling, eyeglasses, selfie and closeup

မနှစ်က ရွေးကောက်ပွဲနဲ့ စွဲချက်တွေ

၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့မှာ ကျင်းပခဲ့တဲ့ မလေးရှားနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲမှာတော့ မလေးရှားနိုင်ငံရဲ့ ရွေးကော်ဟာ မဲလိမ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေ အုတ်အော်သောင်းသဲ ပေါ်ထွက်လာခဲ့ပါတယ်။

မလေးမှာက ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ကတည်းက တရားဝင် ဖွဲ့စည်းထားတဲ့ ဘာဆီ (Bersih) ဆိုတဲ့ မဟာမိတ်အဖွဲ့က အခိုင်အမာရှိနေတယ်။ အဲဒီ့မဟာမိတ်အဖွဲ့ရဲ့ နာမည်အပြည့်အစုံက သန့်ရှင်း မျှတတဲ့ ရွေးကောက်ပွဲများအတွက် မဟာမိတ်အဖွဲ့ (Coalition for Clean and Fair Elections) [မလေးလို Gabungan Pilihanraya Bersih dan Adil] ပေါ့။

ရွေးကောက်ပွဲ မကျင်းပခင် ၃ ရက်အလိုဖြစ်တဲ့ ၂၀၁၈ မေ ၆ ရက်မှာကတည်းက ဘာဆီက ရွေးကော်ဟာ မသမာမှုတွေ ကျူးလွန်နေတယ်ဆိုပြီး စွဲချက် ၁၀ ချက်နဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီး ၂၀၁၈ သြဂုတ်မှာ ဘာဆီက ဝန်ကြီးချုပ် မဟာသီယာဆီကို တိုင်စာပို့ပါတော့တယ်။ မဲဆန္ဒနယ် နယ်နိမိတ်သတ်မှတ်ရာမှာ ပညာပြခဲ့တဲ့နည်းနဲ့ တပါတီက မဲပိုရသယောင် ဖန်တီးခဲ့တာ၊ မဲရေတွက်တာ ကြာလွန်းမက ကြာတာ၊ မဲပေးရမယ့်နေ့ကို ကြားရက်ကို ရွေးလိုက်ခြင်းအားဖြင့် မဲပေးသူ နည်းအောင် လုပ်ခဲ့တာ၊ နိုင်ငံပြင်ပရောက်နေသူတွေ စာတိုက်ကနေ မဲပေးရ ခက်အောင် မဲပြားတွေကို နောက်ကျမှ နိုင်ငံခြားတိုင်းပြည်တွေကို ပို့ခဲ့တာဆိုတဲ့ စွဲချက်များနဲ့ ရွေးကော်ဟာ မသမာမှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

ခုံရုံးဖွဲ့၊ ရှောင်ထွက်

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ သည်အမှုကို စုံစမ်းစစ်ဆေးဖို့ ပြည်ထောင်စုတရားသူကြီးဟောင်း ၅ ဦးပါတဲ့ ခုံရုံးကို ဖွဲ့စည်းမယ်လို့ အစိုးရက စီစဉ်ပါတော့တယ်။

အဟဲ… ရွေးကော်ကလည်း ဘယ်ရမလဲနော်။ နောက်တရက်မှာပဲ ရွေးကော်အဖွဲ့ဝင် ၅ ယောက်က ရွေးကော်ကနေ နုတ်ထွက်သွားပါတော့တယ်။ ကျန်တဲ့တယောက်ကလည်း နိုဝင်ဘာ ၂၇ ရက်မှာ နုတ်ထွက်ပါတယ်။ ရွေးကော်အဖွဲ့ဝင် ၆ ယောက်စလုံး တာ့တာပြသွားတော့ ခုံရုံးက တိုးလို့တန်းလန်း။ ဆက်စစ်ရမှာလား၊ မစစ်ရဘူးလား။

သို့ပေတည့် လုပ်ထုံးလုပ်နည်းအရ နုတ်ထွက်တာ တရားဝင်မှာက ၂၀၁၉ ဇန္နဝါရီ ၁ ရက်နေ့မှ တရားဝင်မှာ။ ဒါနဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှာ ခုံရုံးကို ဖွဲ့လိုက်တယ်။

ခုံရုံးရဲ့ ဆုံးဖြတ်ချက်

ပြဿနာက နုတ်ထွက်တာဖြစ်တဲ့အတွက် အဲဒီ့ ရွေးကော်ဆရာကြီးတွေဟာ အငြိမ်းစားလစာ ခံစားခွင့် ရှိနေတယ်။ အထုတ်ခံရတယ်ဆိုရင် ခံစားခွင့်မရှိဘူး။ ဘာဆီက ခုံရုံးက စစ်ဆေး၊ အပြစ်မရှိရင် အငြိမ်းစား လစာ ခံစားစေ၊ ရှိရင် မခံစားစေနဲ့၊ အဲလို ပြတ်ပြတ်သားသား ဖြစ်စေချင်တယ်။ ရှေ့နေချုပ်ကလည်း ဘဝင်မကျဘူး။ သည်လို ထွက်တာဟာ သူတို့ရဲ့ မသမာမှုကို စုံစမ်းစစ်ဆေးမယ့် ခုံရုံးကို သက်သက်မဲ့ မှောင့်လိုက်တာပဲလို့ ပြောတယ်။

ခုံရုံးက စွဲချက်တင်သင့် မတင်သင့် မဲခွဲတော့ ၃ မဲ ၂ မဲနဲ့ စွဲချက်မတင်သင့်ဘူးဖြစ်သွားတယ်။ စုံစမ်းစစ်ဆေးမှု မလုပ်တော့ဘူးပေါ့။

ဘာဆီလည်း မကျေနပ်ဘူး။ တာဝန်ရှိသူတွေဟာ နုတ်ထွက်လိုက်ရင် ဘာပဲ ကျူးလွန်ခဲ့ ကျူးလွန်ခဲ့ ရှောင်ထွက်လို့ ရတယ်ဆိုတဲ့ သတင်းစကားကို ခုံရုံးက ပါးလိုက်တာပဲလို့ ဆိုတယ်။

ရှေ့နေချုပ်ကတော့ ပြောတယ်။ ခုံရုံးက အကြံပြုချက်ကိုသာ ပေးတာ၊ ဥပဒေကြောင်းအရ စည်းနှောင်မှု မရှိဘူး။ ဒါ့ကြောင့် သည်အမှုအတွက် တခြားလမ်းတွေ ရှိသေးတယ်လို့ ဆိုပါတယ်။ အကြံပြုချက် ၅ ရပ်ကို ဘုရင့်ဆီ သူတင်မယ်လို့ ဆိုတယ်။

ရွေးကော် ဥက္ကဌသစ်

ရွေးကော်အတွက် အလွတ်တန်း ရှေ့နေ အာ့(ထ်) ဟာရွန်ကို ဥက္ကဌသစ်အဖြစ် ၂၀၁၈ စက်တင်ဘာ ၂၁ ရက်မှာ ဘုရင်က ဖွဲ့အုပ်ဥနဲ့အညီ ခန့်အပ်လိုက်ပါတယ်။ အသက် ၅၆ နှစ်အရွယ်သာ ရှိသေးတဲ့ ဟာရွန်က မလေးတက္ကသိုလ်နဲ့ လန်ဒန်က ဘုရင့်ကောလိပ်တို့က ဥပဒေ ဘွဲ့များ ရယူခဲ့သူ ဖြစ်ပြီး ၁၉၈၇ ခုနှစ်ကစပြီး ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့တဲ့သူပါ။ ရွေးကောက်ပွဲ ဥပဒေတွေကို ကျွမ်းကျင်ပိုင်နိုင်သူလို့ ဆိုပါတယ်။

ရွေးကော်ကို ခန့်ထားသူ ဦးလူလည်

သည်နှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာတော့ နောက်ထပ် ရွေးကော်အဖွဲ့ဝင် ၅ ယောက်ကို ဖွဲ့အုပ်ဥနဲ့အညီ ဘုရင်က ခန့်လိုက်ပြန်ပါတယ်။ သည်နေရာမှာ ဖွဲ့အုပ်ဥ (ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ) ကို ထည့်သာ ပြောရတယ်။ မလေး ဖွဲ့အုပ်ဥမှာ ရွေးကော်ကို ဘုရင်က ခန့်ရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် အဲလို ခန့်တဲ့အခါ ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းသူကို ခံရမယ်လို့ ဖွဲ့အုပ်ဥပမှာပဲ ဆိုထားပြန်တာမို့ လက်တွေ့မှာ ဝန်ကြီးချုပ်သဘောကျသူတွေကို ခန့်ရတာပေါ့။

သို့သော် သည်တခါ ခန့်ပုံက သင်းတယ်။ ဒါမှ မဟုတ် စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ်။ တနည်းပြောရင် ဝန်ကြီးချုပ် “လျင်တာ”၊ လူရည်လည်တာ၊ လူဝါးဝတာကို ပြလိုက်တယ်လို့တောင် ကျနော်ဖြင့် ထင်မိပါတယ်။

လန်ထွက်နေတဲ့ ဒုဥက္ကဌ

ပထမဆုံးက ဒုဥက္ကဌအဖြစ် ခန့်ထားခံရတဲ့ အာဇမီ ရှရွမ်ပါ။ မလေးတက္ကသိုလ်၊ ဥပဒေဌာနက တွဲဖက်ပါမောက္ခ။ အင်ထနက်မှာ နောက်လိုက်နောက်ပါ အလွန်များသူ၊ ရော့(ခ်)ကြယ်ပွင့်လို့တောင် တင်စားခံရတဲ့ ဂျင်းဘောင်းဘီနဲ့ တီရှပ်သာ တစိုက်မတ်မတ် ဝတ်ဆင်သူ၊ ဆံပင်ရှည်ကို နောက်မှာ စုပြီး စည်းထားသူ “လန်ထွက်နေတဲ့” ပါမောက္ခပါ။ ဗြိတိန်နိုင်ငံက ဥပဒေ ဘွဲ့ရခဲ့တဲ့သူ ဖြစ်ပြီး မလေးတက္ကသိုလ်မှာ ၂၉ နှစ်တာ စာသင်ပေးခဲ့သူ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ သူ့ကို ကုလားဖြူအင်္ဂလိပ်တို့ ချန်ရစ်ခဲ့တဲ့ ဥပဒေ ဖြစ်တဲ့ “နိုင်ငံတော် အကြည်ညို ပျက်စေမှု” ပုဒ်မတပ်ပြီး ဖမ်းဆီးခဲ့ပေမယ့် စွဲချက်ကို နောက်ပိုင်းမှာ ပယ်ဖျက်ခဲ့ဖူးပါတယ်။ အကြည်ညိုပျက်တယ်လို့သာ စွပ်စွဲတယ်၊ တကယ်တမ်းမှာသူက ဖွဲ့အုပ်ဥနဲ့ မညီတာကို ထောက်ပြခဲ့တာသာ ဖြစ်ပါတယ်။ (မလေး နိုင်ငံရေးက ရှုပ်ထွေးလွန်းပါတယ်။ အဲဒါကို အသေးစိတ်ရှင်းရင် ကျနော်လည်း အီ၊ ပရိသတ်လည်း စိမ့်သွားပါလိမ့်မယ်။ ဝါသနာပါရင် ကိုယ့်ဘာသာသာ ရှာရှက်ဖတ်ကြပါတော့ဗျာ။)

အဲလိုလူက ဒု ဥက္ကဌဖြစ်လာတာပါ။ သူ့အသက်ကို ရှာမတွေ့ပေမယ့် ၅၀ ဝန်းကျင်ပဲ ဖြစ်လောက်ပါတယ်။ ၅၅ တောင် ကျော်သေးပုံ မရပါဘူး။

တက်ကြွလှုပ်ရှားသူ မတ်မတ်လေးလည်း ပါသဗျ

နောက်တယောက်က ဘာဆီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဖြစ်ပြီး ခန့်အပ်ခံရချိန်မှာ ဘာဆီရဲ့ ရင်းမြစ်အရာရှိအဖြစ် တာဝန်ယူထားတဲ့ အမျိုးသမီး ဇိုး ရန်ဒါဝါပါ။ အသက်က ၃၀ ကျော်လေးပဲ ရှိပါသေးတယ်။

သူကလည်း လန်ထွက်နေတဲ့ ပါမောက္ခလို ခေသူမဟုတ်ပါပဲ။ ၂၀၁၇ ခုနှစ် မေလမှာ သူနဲ့ ဘာဆီက တခြားတက်ကြွ လှုပ်ရှားသူတွေကို ပုလိပ်က ခေါ်စစ်တာ ခံခဲ့ဖူးသူပါ။ အမှုကတော့ စုဝေးခွင့်အက်ဥပဒေကို ဖောက်ဖျက်လို့ ဆိုပဲ။

လန်ဒန် စီးပွားရေး ကျောင်း (LSE) က ပါရဂူဘွဲ့ရ၊ ပထမတန်း ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ပါရဂူဘွဲ့မှ တဘွဲ့မဟုတ် နှစ်ဘွဲ့ရသူပါ။ ကျနော်ထင်တယ်၊ တကမ္ဘာလုံးမှာ မဟုတ်ဘူးဆိုရင်တောင် အာရှက ရွေးကော်တွေထဲမှာ သူဟာ အသက်အငယ်ဆုံး ရွေးကော်အဖွဲ့ဝင် ဖြစ်ပါတယ်။ (သူ့ပုံ သီးခြားထည့်ထားပါတယ်။)

ကျန် ၃ ယောက်

ကျန်တဲ့ ၃ ယောက်မှာ တယောက်က နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန်ချုပ်ဟောင်းရယ်၊ လူသားရင်းမြစ် ဝန်ကြီးဌာန ညွန်ချုပ်ဟောင်း အမျိုးသမီးရယ်၊ မလေးရှား ကီဘန်ဆာ(န်) တက္ကသိုလ်က အကြီးတန်းသုတေသီရယ်တို့ပဲ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ သမိုင်းမှာ သည်ရွေးကော်ဟာ အသက်အငယ်ဆုံး အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာပါပဲ။

မုဒိတာ ပွားချင်စရာ

သည်ရွေးကော်ကို ဖေဖော်ဝါရီလကမှ ဖွဲ့စည်းလိုက်တာမို့ သူ့သက်တမ်းက အခုမှ ၆ လသာသာပဲ ရှိပါသေးတယ်။ သူတို့ ဘယ်လောက်စွမ်းပြီလဲဆိုတာကို မပြနိုင်သေးဘူးပေါ့။

သို့သော် လူငယ်တွေနဲ့ သွေးသစ်လောင်းလိုက်တာ၊ အမျိုးသမီးနှစ်ဦး ပါဝင်တာ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ စွပ်စွဲခံရဖူးသူ၊ တက်ကြွလှုပ်ရှားသူတွေ ထည့်ထားတာများဟာဖြင့်ရင် အလွန်အင်မတန် မုဒိတာပွားချင်စရာပါပဲ။ ပိုမုဒိတာ ပွားထိုက်တာက တကယ့်ပညာတတ်တွေ ဦးဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်နေတာပါ။

အလုပ်နဲ့ ပြတဲ့ သက်သေ

အသက် ၉၃ နှစ်အရွယ် လက်ရှိ မလေးဝန်ကြီးချုပ် (ဆရာဝန်ဘွဲ့ရ) ဒေါက်တာ မဟာသီယာ မိုဟာမက်ရဲ့ အမြော်အမြင်က မအိုသေးဘူးဆိုတာ လက်တွေ့ ပြလိုက်တာလို့ မြင်မိပါတယ်။ ဒါမှမဟုတ် အထက်မှာ ကျနော်ရေးခဲ့သလို သူ လူရည်လည်လွန်းတာပါ။

ပြုပြင်ပြောင်းလဲရေးဆိုတာ ပါးစပ်က အမြှုပ်ထွက်အောင် ဘယ်လောက်ပြောပြော၊ လက်တွေ့ ဘာမှ ဖြစ်မလာရင် အလကားပါပဲ။ မဟာသီယာကြီးကတော့ ရွေးကော်ကို အထက်ပါအတိုင်း ပြုပြင်ဖွဲ့စည်းလိုက်ခြင်းအားဖြင့် အလုပ်နဲ့ သက်သေပြလိုက်တယ်လို့ ကျနော်ဖြင့် ရှုမြင်သုံးသပ်နေမိရပါတော့တယ်။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၃၀၀၈၁၉)

ကျမ်းကိုး စာရင်း
https://bit.ly/2zwMBYp
https://bit.ly/2ZINSuo
https://bit.ly/2ZEXw0K
https://bit.ly/2UewY1r
https://bit.ly/34eTIDc
https://bit.ly/2Zyvu3b
https://bit.ly/2HwmRQb
https://bit.ly/2Lad6K1

ချစ်နည်းလေးတွေ မှန်စေ့ချင်မိ…

💊💊💊💊💊💊💊💊💊

မနေ့က စကားစုသစ်တစု မျက်လုံးထဲကို တိုးဝင်လာတယ်။ Patriotic Journalism တဲ့။ မျိုးချစ် စာနယ်ဇင်း (ပညာ) လို့ ဘာသာပြန်ရမလား မသိ။

မြတ်စွာဘုရား…

ဘာကြီးတုံး…

ဒါနဲ့ အိမ်စာ နည်းနည်း လုပ်ကြည့်မိရပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ စတုတ္ထမြောက် သမ္မတ ဂျေးခါ့(ဘ်) ဇူးမား စတဲ့ ဇာတ်လမ်းလို့ တနေရာမှာ တွေ့တာနဲ့ ဖတ်ကြည့်ပြီး သဘောကျလို့ အဲဒီ့ဆောင်းပါးလေးထဲက နည်းနည်း ဘာသာပြန်ပေးပါရစေ။ ခေါင်းစဉ်ခွဲတွေက မူရင်းမှာ မပါပါဘူး။ စာဖတ်ရတာ သွက်အောင် ကျနော်ထည့်ထားတဲ့ ခေါင်းစဉ်လေးတွေပါ။

တချို့အကြောင်းအရာ၊ ဥပမာ၊ ဒေါက်တာ ဂျော်(န်)ဆင်(န်) ဖွင့်ဆိုချက် ပြောခဲ့တဲ့ ရက်စွဲ၊ လန်ဒန်ဖျော်ဖြေပွဲမှာ အဆိုတော် ပြောခဲ့တဲ့စကားစတာတို့ဟာ မူရင်းမှာ မပါပါဘူး။ ကျနော့်ဘာသာ အိမ်စာလုပ်ရင်း တွေ့တာလေးတွေကို ဖြည့်ထည့်ထားတာလည်းပဲ ဖြစ်ပါတယ်။

(ဘာသာပြန်အစ)

တောင်အာဖရိကနိုင်ငံရဲ့ စတုတ္ထမြောက် သမ္မတ အယူတိမ်းသွားပုံ

သူက မက္ကဆီကို စာနယ်ဇင်းဟာ မျိုးချစ်စိတ်ရှိတယ်။ မက္ကဆီကိုမှာ ရာဇဝတ်မှု ထူပြောပေမယ့် သူရောက်ခဲ့တုန်းကဆို မက္ကဆီကို စာနယ်ဇင်းက ဒါတွေကို မဖော်ပြဘူး။ ကိုယ့်တိုင်းပြည်အကြောင်း မကောင်းတဲ့ သတင်းတွေ ပေးမိရင် ရင်းနှီးမြှုပ်နှံသူတွေ၊ ခရီးသွားဧည့်သည်တွေကို မလာအောင် တားသလို ဖြစ်မှာစိုးလို့ မထည့်ကြတာပဲလို့ သူက သုံးသပ်ခဲ့ပါတယ်။

ဒါ့ကြောင့် တောင်အာဖရိက စာနယ်ဇင်းဆရာများသည်လည်း မျိုးချစ်စိတ် ရှိသင့်တယ်။ ရာဇဝတ်မှုခင်းသတင်းကိုသာ အသားပေး မဖော်ပြထိုက်ဘူး ဘာညာ၊ သူက လုပ်ခဲ့ပါတယ်။

ဇူးမားက စာတအုပ်တည်းသမား၊ ဒါမှမဟုတ် သူဖတ်ချင်တဲ့ သတင်းစာ တစောင်တည်းသာ ကွက်ဖတ်ပြီး ကောက်ချက်ချတာပါ။

သူမသိတာက မက္ကဆီကို ပရင်းဆား ရိုခဟား (prensa roja) လို့ ခေါ်တဲ့ အနီရောင်စာနယ်ဇင်း (ဝါ) အန္တရာယ် များတဲ့ စာနယ်ဇင်းအတွက် ရာဇဝတ်မှု သတင်းတွေကသာ အသက်သွေးကြောပမာ ဖြစ်နေတာ၊ ထောင်ထဲ ရောက်နေတဲ့ မူးယစ်ရာဇာတွေပင်လျှင် သြဇာအရှိန်အဝါကြီးနေတဲ့ မူးယစ်ဆေး စစ်ပွဲတွေအကြောင်းကို လူပြိန်းကြိုက် သတင်းစာတချို့ကတောင် အားပါးတရ ဖော်ပြနေတာကိုပါပဲ။

မျိုးချစ်စိတ်ရဲ့ အကောင်းဆုံး အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်

သည်နေရာမှာ မျိုးချစ်စိတ်ဆိုတာကို ဘယ်လို အနက်ဖွင့်မလဲ။

သဘောကျမိတဲ့ ဖွင့်ဆိုချက်ကတော့ ၁၈ ရာစု အင်္ဂလိပ် စာရေးဆရာ ဒေါက်တာ ဆယ်မြူယယ်(လ်) ဂျော်(န်)ဆင်(န်)ရဲ့ ဖွင့်ဆိုချက်ပါပဲ။

Patriotism is the last refuge of a scoundrel. တဲ့။Image result for last refuge of a scoundrel

မျိုးချစ်စိတ် (မျိုးချစ်ဝါဒ)ဟူသည်ကား ကလိမ်ကကျစ်တို့၏ ကြံရာမရသည့်အဆုံး ခိုလှုံရာထွက်ပေါက်သာ ဖြစ်တော့သတည်းလို့ ဘာသာပြန်ရမယ် ထင်ပါတယ်။

သည်စကားကို ဂျော်(န်)ဆင်(န်) (၁၇၀၉-၁၇၈၄) က ၁၇၇၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ ညနေခင်းမှာ ပြောခဲ့တာပါတဲ့။

ဟုတ်ကဲ့… သူ သည်စကားပြောခဲ့တာ ၂၄၄ နှစ်တောင် ကျော်ခဲ့ပါပြီ။ ဆင်ခြင်ဉာဏ်သာ အမှန်ရှိမယ်ဆိုရင် အဲဒီ့စကားဟာ သည်လောက်ကြာတဲ့တိုင် မှန်နေဆဲဆိုတာတော့ မြင်နိုင်ကြမယ် ထင်ပါတယ်။

အကောင်းအဆိုး နမူနာ

ကျင့်ဝတ်ပိုင်းဆိုင်ရာ အကန့်အသတ်တွေနဲ့သာဆိုရင်တော့ မျိုးချစ်စိတ်ဆိုဟာ လူထုအတွက် တကိုယ်ရေ သရုပ်လက္ခဏာ၊ နေရာတနေရာကို ရလာစေနိုင်ပြီး ဘုံကောင်းကျိုးကို ဖြစ်ထွန်းလာစေနိုင်ပါတယ်။

ဒါပေသည့် ကျင့်ဝတ်မထိန်းဘူးဆိုရင်တော့ နိုင်ငံထဲက လူတချို့ကို ဖိနှိပ်ဖို့၊ ပထုတ်ဖို့အတွက်ရော၊ ဝေဖန်တာတွေကို ပါးစပ်ပိတ်သွားစေဖို့အတွက်ပါ အုပ်ချုပ်သူ အခွင့်ထူးခံတွေက အဲဒီ့မျိုးချစ်စိတ်ဆိုတာကြီးကို အလွဲသုံးစား လုပ်နိုင်ပါတယ်။

မျိုးချစ်စိတ် ပြင်းထန်သူများရဲ့နိုင်ငံအဖြစ် အလွန်ထင်ရှားတဲ့ အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ မိန်းကလေး တီးဝိုင်းအဖွဲ့ Dixie Chicks ရဲ့ ဖြစ်ရပ်က မျိုးချစ်စိတ်ရဲ့ အဆိပ်ပြင်းပုံအတွက် နမူနာကောင်းတခုပါပဲ။Image result for dixie chicks

အဲဒီ့ ကျေးလက်ဂီတ တီးဝိုင်းအဖွဲ့ထဲက မိန်းကလေးတွေဟာ အမေရိကန်ပြည်ထောင်စု ထက္ခဆက်(စ်) ပြည်နယ်သူတွေပါ။

၂၀၀၃ ခုနှစ် မတ်လ ၁၀ ရက်နေ့ ညခင်းမယ် အဖွဲ့က လန်ဒန်က ဇာတ်ရုံ တရုံမှာ သီဆို ဖျော်ဖြေပါတယ်။ အဲဒီ့အချိန်မှာ အမေရိကန်နိုင်ငံဟာ အီရတ်နိုင်ငံကို ကျူးကျော် ဝင်ရောက်ဖို့ ပြင်နေတဲ့အချိန်ဖြစ်ပါတယ်။ ၁၉ ရက်နေ့မှာ တကယ် ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ သမ္မတ ဂျော့(ခ်ျ)ဘွတ်(ရှ်)ရဲ့ ဆုံးဖြတ်ချက်ပါ။

သူတို့ရဲ့ သီချင်းသစ်ဖြစ်တဲ့ ‘ခရီးသွားနေတဲ့ စစ်သား’ဆိုတဲ့ သီချင်းကို မသီဆိုခင်မှာ အဆိုတော်ထဲက Natalie Maines က သီချင်းကို မိတ်ဆက်ရင်း ပြောလိုက်တဲ့ စကားကတော့ “အားလုံး သိတော်မူတဲ့အတိုင်းပါပဲ။ ကျမတို့သည် သည်က ပရိသတ်ကြီးအားလုံးနဲ့အတူ ကောင်းတဲ့ဘက်မှာပဲ ရပ်နေပါတယ်။ သည်စစ်ပွဲ၊ သည် အကြမ်းဖက်မှုကို ကျမတို့ မလိုလားပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဟာ တက္ခဆက်(စ်) ပြည်နယ်က ဖြစ်နေတဲ့ အတွက် ကျမတို့ ရှက်မိပါတယ်”တဲ့။

သူတို့စိတ်ထဲရှိတဲ့အတိုင်း အဲသလို ပြောချလိုက်တာက ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက တခြားနိုင်ငံကို ရောက်နေချိန်မှာ ပြောချလိုက်တာမို့ပါပဲ။

နိုင်ငံရေးသမားက နိုင်ငံရေးသမား၊ နိုင်ငံတော်က နိုင်ငံတော်

သူတို့ ဝေဖန်လိုက်တာက နိုင်ငံ(တော်)ကို မဟုတ်ဘူး။ နိုင်ငံ(တော်)ရဲ့ အကျိုးစီးပွားကို ဆန့်ကျင်ပြီး မလိုအပ်တဲ့ စစ်ပွဲကို ဖန်တီးလိုက်ခြင်းအားဖြင့် နိုင်ငံတော်ကို သစ္စာဖောက်ရာရောက်တယ်လို့ သူတို့ ခံစားရတဲ့ နိုင်ငံရေးသမား တယောက်ကို ဝေဖန်တာသာ ဖြစ်ပါတယ်။ သို့ပေမယ့် ပြည်ပမှာ သည်စကား ပြောတာမို့ သည်အဆိုတော်တွေဟာ ဖြင့်ရင် မျိုးချစ်စိတ်ကင်းမဲ့တယ်လို့ ယူဆကြပါတော့တယ်။

ဘူ(လ်)ဒိုဇာနဲ့တောင် ထိုးတာနော်… ဒါပေမယ့်…

သည်မှာတင် သူတို့ကို အရေးယူကြပါတော့တယ်။ အစိုးရကတော့ မဟုတ်ပါဘူး။ သူတို့နဲ့ တပြည်နယ်တည်းသားတွေက အရေးယူတာပါ။ “သစ္စာဖောက်”တွေကို သပိတ်မှောက်ကြတော့တာပေါ့။

သူတို့ ပရိသတ်တွေက သူတို့ သီချင်းတွေကို မဝယ်တော့ဘူး။ အသံလွှင့်ရုံတွေကလည်း သူတို့သီချင်းတွေကို မလွှင့်တော့ဘူး။ ဒါတင် ဘယ်ကဦးမလဲ။ လူထု ပန်းခြံထဲမယ် အဲဒီ့ တီးဝိုင်းရဲ့ သီချင်း ဓာတ်ပြား (စီဒီ) တွေကို ဘူ(လ်)ဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီးတာတွေအထိ လုပ်ခဲ့ကြပါတော့တယ်။

မျိုးချစ်စိတ်နဲ့ ဆွလိုက်ရင် ဘယ်လောက်အထိ ပါသွားနိုင်လဲဆိုတာကို သည်ဖြစ်ရပ်က သက်သေထူနေပါတယ်။

ကနေ့အခါမှာတော့ အီရတ်စစ်ပွဲဟာ မလိုအပ်သလို အမှားကြီး မှားသွားခဲ့ပြီဆိုတာ အမေရိကန်အများစုက လက်ခံနိုင်နေကြပါပြီ။ ဒါပေမယ့် ဟို တီးဝိုင်းအဖွဲ့ကတော့ အီနေအောင် ခံခဲ့ရဖူးတာလည်း အမှန်ပါပဲ။

ကိုယ့်ကိုယ်ကိုယ်ဖော်၊ တခြားသူတွေကို ဆော်တဲ့ ဂျင်ဂိုအစ်ဇင်(မ်)

နိုင်ငံတော် သစ္စာ စောင့်သိရိုသေခြင်းကနေ တခြားနိုင်ငံက လူတွေအပေါ် ရန်လိုတာ၊ အပြင်းအထန် ဆန့်ကျင်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ မျိုးချစ်တယောက်အနေနဲ့ ကိုယ့်နိုင်ငံကို မြှင့်တင်ရင်း တခြားနိုင်ငံတွေကို နှိမ်ဖြစ်နေပါတော့မယ်။ ကိုယ့်နိုင်ငံရဲ့ သုခချမ်းသာကို လူသားတွေရဲ့ သုခချမ်းသာထက် ပိုပြီး ဦးစားပေးဖြစ်ပါတော့မယ်။

ဒါဟာ ကျင့်ဝတ်ပိုင်း အကန့်အသတ်ကင်းမဲ့တဲ့ မျိုးချစ်စိတ်ရဲ့ သဘာဝပါပဲ။ အဲဒီ့မှာတင် မျိုးချစ်စိတ် patriotism နံရံပါးပါးလေးတချပ်သာ ခြားတဲ့ jingoism ဖြစ်လာတော့တာပဲ။ မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန်မှာတော့ jingoism ကို တက်ကြွရိုင်းစိုင်းသော မျိုးချစ်စိတ်၊ စစ်သွေးကြွ ဇာတိမာန်လို့ ဖွင့်ဆိုပေးထားပါတယ်။

အဲဒီ့ စစ်သွေးကြွဇာတိမာန်ဟာ ဖျက်လိုဖျက်ဆီးနိုင်လှတဲ့ မျိုးချစ်စိတ်ပါပဲ။ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ၊ လူမျိုးကြီးဝါဒတို့ရဲ့ မူလဘူတလို့လည်း ဆိုနိုင်ပါတယ်။

သူစိမ်းကြောက်ရောဂါ၊ တခြားနိုင်ငံသားတွေကို ကြောက်တဲ့ ရောဂါကို အရှိန်ပိုတက်စေတတ်သလို စစ်မီးလျှံတွေကို ယပ်ခတ်ပေးတာလည်း အဲဒီ့ ဂျင်ဂိုအစ်ဇင်(မ်)ဆိုတဲ့ စစ်သွေးကြွဇာတိမာန်ပါပဲ။

အမေရိကန်မျိုးချစ်စိတ်၊ အမေရိကန် စစ်သွေးကြွ

မျိုးချစ်စိတ်က စစ်နဲ့ အနီးကပ် ဆက်စပ်နေပါတယ်။ ဂျင်ဂိုအစ်ဇင်(မ်)ကတော့ ပိုတောင်ဆိုးပါတယ်။ စစ်သွေးကြွ ဇာတိမာန် တက်ကြွနေသူရဲ့ အမြင်မှာ ကိုယ့်အလိုလည်းမပါဘဲ မတော်တဆ မွေးလာတဲ့ နယ်မြေချင်းမတူ ဖြစ်နေတဲ့ တခြားသူတွေကို ရန်သူ၊ ကိုယ်နဲ့ ဘဝတူ လူသားမဟုတ်ဘူးအထိ မြင်နေကြစမြဲပါ။ ဂျင်ဂိုအစ်ဇင်(မ်)ဟာ တဖက်သားကို နှိမ်လိုတဲ့၊ တဖက်သားရဲ့ လူ့သိက္ခာကို ချိုးဖဲ့လိုတဲ့ စိတ်ဓာတ်ပါပဲ။ မှားမှား မှန်မှန်၊ ဒါ ငါ့နိုင်ငံဆိုတဲ့ အမြင်နဲ့ အဲဒီ့ ဝါဒကို ထောက်မထားပါတယ်။

အဆိုးဆုံးကတော့ ဘုရားသခင်က ရွေးချယ်ထားတဲ့ လူထုဆိုတဲ့ ယုံတမ်းကို ဂျင်ဂိုအစ်ဇင်(မ်)က အားဖြည့်ပေးပါတယ်။ ဘုရားသခင်က ရွေးထားတဲ့လူထုဆိုတာက ကိုယ်မွေးလာတဲ့ အခြမ်းဘက်မှာသာ ဘုရား ရှိတယ်ဆိုတဲ့ အမြင်ပါပဲ။ ဒါ့ကြောင့် ကိုယ့်နိုင်ငံက တခြားနိုင်ငံက မိန်းမတွေ၊ ကလေးတွေ၊ မိသားစုတွေ၊ မင်္ဂလာဆောင်တွေ စိစိညက်ညက်ကြေအောင် လူမပါတဲ့ ဒရုန်းတွေနဲ့ သွားဗုံးကျဲဦးတောင်မှ ကိုယ့်နိုင်ငံကသာ တရားနည်းလမ်းကျတယ်လို့ မြင်နေတာပါ။ (အမေရိကန်တွေမှာ အဲဒီ့ စိတ်အလွန်ပြင်းတာ သမိုင်းက သက်သေခံခဲ့ပြီးပါပြီ။ ဒါ ဘာသာပြန်သူ့ စကားချပ်ပါ။)

နိုင်ငံရေးသမားတွေရဲ့ ပါးစပ်ထဲက မျိုးချစ်စိတ်

နိုင်ငံရေးသမားတွေ ပြောတဲ့ မျိုးချစ်စိတ်ဆိုတာ အဆိပ်ပြင်း၊ အန္တရာယ်များတဲ့ မူကို ဆိုလိုပါတယ်။ တနည်းပြောရင် သူတို့အနေနဲ့ နိုင်ငံသားတွေကို ယဉ်ပါးအောင် ကျုံးသွင်းဖို့အတွက် လိုသလို ချယ်လှယ်နိုင်တဲ့ စိတ်ဓာတ်သာ ဖြစ်ပါတယ်။ လူထုအကျိုးစီးပွားထက် အုပ်ချုပ်သူအခွင့်ထူးခံတွေရဲ့ အကျိုးစီးပွားကို ပိုဇောင်းပေးတဲ့ ဥပဒေတွေ၊ ဓလေ့ထုံးတမ်းတွေ၊ အမူအကျင့်တွေကို လိုက်နာအောင် မျိုးချစ်စိတ်ကို နိုင်ငံရေးသမားတွေက ခုတုံးလုပ်တတ်ကြပါတယ်။

ကိုယ့်နိုင်ငံက မှားနေနေ၊ မှန်နေနေ၊ နိုင်ငံတော်က ကမကထပြုတဲ့ မျိုးချစ်စိတ်ရဲ့ သီးခြား ဓလေ့စရိုက်၊ သွင်ပြင် လက္ခဏာကတော့ အာဏာရနေတဲ့ နိုင်ငံခေါင်းဆောင်တွေ စိတ်တိုင်းကျ ဖွင့်ဆိုထားတဲ့ နိုင်ငံတော်၊ အစိုးရ၊ ယဉ်ကျေးမှု၊ တန်ဖိုးထားမှုတွေကို ချစ်မြတ်နိုးရမယ်ဆိုတာပါပဲ။

အဲဒီ့ မျိုးချစ်စိတ်ကနေ စည်းလုံးညီညွတ်ရေးတို့၊ နိုင်ငံတော် တည်ဆောက်ရေးတို့နဲ့ ပတ်သက်တဲ့ ကြွေးကြော်သံတွေ ပေါက်ဖွားလာခဲ့တာပါ။ အဲဒီ့ကြွေးကြော်သံမျိုးတွေကို တောင်အာဖရိကနိုင်ငံမှာ ရှင်းရှင်းလင်းလင်း ကြားခဲ့ကြသလို လွတ်လပ်စွာ ထုတ်ဖော်လှစ်ဟခွင့်ကိုလည်း ပျက်စီးသွားစေခဲ့ပါတယ်။

စည်းလုံးညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေးဟာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုပြီး စီရင်ဆုံးဖြတ်ပေးသူတွေဟာ နိုင်ငံရေးသမားတွေ၊ နိုင်ငံတော် ဝန်ထမ်းတွေ ဖြစ်လာပြီဆိုရင်ဖြင့် ပင်ကိုအားဖြင့် အကောင်းဘက်ဆောင်တဲ့ သည်ရိုးရိုးသားသား သဘောတရားတွေဟာ အန္တရာယ်ကြီးလာပါတော့မယ်။ သည်လိုနဲ့ အမျိုးသမီးချင်း ပွေ့ဖက်ထားတဲ့ ပုံ၊ တမူထူးခြားတဲ့ မျက်နှာ၊ ကိုယ်ခန္ဓာတွေကို မြင်သာအောင် ပြတဲ့ တခြားပုံတွေကို ရိုက်ကူး ခင်းကျင်းပြသတဲ့ နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ပုံဆရာရဲ့ ပုံတွေကို နိုင်ငံရေးသမားတို့၊ အနုပညာနဲ့ ယဉ်ကျေးမှု ဝန်ကြီးတို့က ရှုံ့ချပြတာတွေ မြင်လာရတော့တာပါပဲ။

အနုပညာမှာလည်း ဝင်ရှုပ်တာ နိုင်ငံရေးသမားပါ

လိင်တူချင်းတပ်မက်သူ အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်း ဖြစ်လေတဲ့ ဓာတ်ပုံဆရာ ဇန္နဲ(လ်) မူဟိုလီရဲ့ ဓာတ်ပုံတွေကို ကမ္ဘာ့ မြို့ကြီး အများအပြားမှာ ပြသခဲ့ပြီး ချီးကျူးကြတဲ့သူတွေကလည်း အုတ်အော်သောင်းသဲပါ။ Image result for muholi zaneleအနုပညာ နက်ရှိုင်းမှုနဲ့ အလှကြောင့် ပညာရှင်တွေတောင် ရင်သပ်ရှုမောခဲ့ရတဲ့ လက်ရာတွေပါပဲ။

ဒါပေမယ့် လွတ်လပ်သွားပြီလို့ဆိုတဲ့ တောင်အာဖရိကနိုင်မှာတော့ မျက်နှာပြောင်တိုက်သူ (နိုင်ငံရေးသမား အမျိုးသမီး) နိုင်ငံရေးသမ လူလူး ဇင်ဂွာဟာကတော့ အဲဒီ့အချိန်က အနုပညာနဲ့ ယဉ်ကျေးမှု ဝန်ကြီးဖြစ်နေခဲ့ပြီး ဇန္နဲ(လ်)ရဲ့ ဓာတ်ပုံတွေဟာ စည်းလုံးညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေး တန်ဖိုးထားမှုတွေနဲ့ ဆန့်ကျင်နေပါတယ်လို့ အမိန့်တော်မြတ် ချမှတ်ခဲ့ပါတယ်။

သည်ဝန်ကြီးက စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသူရဲ့ အခန်းကဏ္ဍကို ယူခဲ့သလို သူ့တကိုယ်ရေ တန်ဖိုးထားမှုတွေကို ထင်ဟပ်နေတဲ့ ထုတ်ပြန်ကြေညာချက်တွေကို ချမှတ်ခဲ့ပါတယ်။ လိင်တူချင်း ချစ်တာကို ခွင့်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (ဖွဲ့အုပ်ဥ)ထဲမှာ အမြတ်တနိုး ထည့်သွင်းထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တန်ဖိုးထားမှုတွေနဲ့ ဆန့်ကျင်နေလင့်ကစား သည်ဝန်ကြီးမ ပါးစပ်ကထွက်တဲ့ သူ့တကိုယ်ရေ တန်ဖိုးထားမှုတွေက အလိုလိုနေရင်း နိုင်ငံလုံးဆိုင်ရာ တန်ဖိုးထားမှုတွေ ဖြစ်ကုန်တယ်။

Image result for muholi zaneleမျိုးချစ်စိတ်ဆိုတဲ့ အကြောင်းပြချက်အောက်မှာ သက်ဆိုင်ရာ အနုပညာအသီးသီးသည်လည်း နိုင်ငံလုံးဆိုင်ရာ စည်းလုံးညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေးကို ပံ့ပိုးပေးရမယ်လို့ နိုင်ငံတော်ကလည်း အမိန့်တော် မှတ်ချ လိုက်ပါတော့တယ်။ သည်စိတ်ဓာတ်အတိုင်း မရှိတဲ့ အနုပညာသည်တွေ၊ ဒါမှမဟုတ်လည်း စည်းလုံးညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေးရဲ့ အနက်အဓိပ္ပာယ်၊ လက်တွေ့အသုံးချပုံတို့ကို တခြားနည်းနဲ့ နားလည်ထားတဲ့ အနုပညာသည်တွေကိုဆိုရင်တော့ မျိုးချစ်စိတ်မရှိဘူးလို့ ယူဆကြပါတော့တယ်။

ဒါဟာဖြင့် အဂတိလိုက်စားသူ (အဂတိလေးပါးစလုံးထဲက တပါးပါးကို ဆိုလိုပါတယ်။ လာဘ်စားတာ တခုတည်း မဟုတ်ပါ။) နိုင်ငံရေးသမားများအတွက် အားကိုးရာ ဖြစ်လာတဲ့ မျိုးချစ်စိတ်အမျိုးအစားပါပဲ။

အဲဒါတွေထက် သာလွန် မြင့်မြတ်တဲ့ မျိုးချစ်စိတ်

ဒါပေမယ့်လည်း တဖက်မှာ ကိုယ့်နိုင်ငံကို နှိုင်းနှိုင်းချင့်ချင့် ချစ်တဲ့စိတ်ကို မွေးမြူသလို ဘာကြီးပဲဖြစ်ဖြစ် သစ္စာရှိမImage result for james william fulbrightယ် ဆိုတဲ့ သဘောထားကိုလည်း ဆန့်ကျင်တဲ့ မျိုးချစ်စိတ်သဘောတရား နောက်တခုလည်း ရှိပြန်ပါသေးတယ်။ အဲဒါကိုတော့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျိမ်း(မ်)(ဇ်) ဝစ်လျံ(မ်) ဖှူး(လ်)ဘရိုက်(ထ်) (၁၉၀၅-၁၉၉၅) က ရေးပြခဲ့ပါတယ်။

“မိမိနိုင်ငံအား ဝေဖန်ခြင်းသည် နိုင်ငံကို အလုပ်အကျွေးပြုခြင်းဖြစ်သလို နိုင်ငံကို ချီးကျူးဂုဏ်ပြုခြင်းလည်း မည်ပါသည်။ နိုင်ငံအား လက်ရှိလုပ်ဆောင်နေသည်ထက် ပိုကောင်းအောင် လုပ်ဆောင်ရန် နှိုးဆော်ရာ ရောက်သဖြင့် အလုပ်အကျွေးပြုခြင်းဟု ဆိုရခြင်းဖြစ်ပေသည်။ … တိုတို ပြောရလျှင် ဝေဖန်ခြင်းသည် အခွင့်အရေး တရပ်သာမကဘဲ မျိုးချစ်စိတ်၏ အပြုအမူသာ ဖြစ်ပေသည်။ ဤနေရာတွင် မျိုးချစ်စိတ်ဟူသည်မှာ ရင်းနှီးပြီးသား ဓလေ့ထုံးစံများ၊ ကိုယ့်နိုင်ငံကိုယ် လွန်လွန်ကဲကဲ မြှောက်စားခြင်းများထက် သာလွန်မြင့်မြတ်သော မျိုးချစ်စိတ်ပုံစံဟု ကျနော် ယူဆပါသည်”ဟူလို။

(ဘာသာပြန်အဆုံး)

ရည်ညွန်း စာနှစ်ပုဒ်

မူရင်း ဆောင်းပါးက အရှည်ကြီးပါ။ မဆုံးသေးပါဘူး။ ဒါက ပထမပိုင်းထဲက ကျနော် တတ်နိုင်သလောက် ကောက်နုတ် ပြန်ဆိုထားတာသာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ကျန်ပါသေးတယ်။

မူရင်းကို သည်မှာ ဖတ်နိုင်ပါတယ်။ https://city-press.news24.com/…/Do-we-need-patriotic-journa…

အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ ဇင်ဘာဘွေမှာလည်းပဲ မျိုးချစ် စာနယ်ဇင်းဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း အော့(ခ်)(စ်)ဖှာ့(ဒ်) တက္ကသိုလ် ပါမောက္ခတယောက်ရဲ့ ပညာရပ်ဆိုင်ရာ စာတမ်းတစောင် တွေ့မိပါတယ်။ “ဇင်ဘာဘွေနိုင်ငံတွင် မျိုးချစ်စာနယ်ဇင်းပေါ်ပေါက်လာခြင်းနှင့်တကွ ယင်း၏ အကျိုးဆက် အလားအလာများ”တဲ့။ ဝါသနာပါပြီး အင်္ဂလိပ်လို ဖတ်နိုင်ရင် https://bit.ly/2YFsscE ကနေ ရယူဖတ်ရှုနိုင်ကြပါလိမ့်မယ်။

သုံးသပ်မိတာလေး

အာဖရိကတိုက်မှာက နိုင်ငံအတော်များများက အာဏာရှင်နိုင်ငံတွေ ဖြစ်ကြတာ အားလုံး အသိလို့ ထင်ပါတယ်။ နောက်တခုက သူတို့ရဲ့ လူမျိုးစရိုက်။ လက်နက်အားကိုးနဲ့ ဗိုလ်ကျချယ်လှယ်တတ်ကြတဲ့ (လူရိုင်း) စရိုက်က သူတို့ သွေးသားထဲမှာ စွဲနေပါတယ်။ အဲတော့ နိုင်ငံရေးသမားတွေ ဖြစ်လာတဲ့အခါမှာလည်း ထုံးစံအတိုင်း အာဏာကို မက်လာတယ်။

အာဏာကို ဖက်တွယ်ထားနိုင်ရေးမှာ စကားလုံးလှလှတွေ ရှာလိုက်တဲ့အခါ နောက်ဆုံး အားကိုးရာအဖြစ် မျိုးချစ်စိတ်ဆိုတာကြီးကို သွားတွေ့ကြတယ်။ သည်မှာတင် “မျိုးချစ်စာနယ်ဇင်း”ဆိုတာကိုပါ သူတို့အကျိုးစီးပွားအတွက် ချသုံးလာကြတယ်။ အဲလိုပဲ သုံးသပ်မိပါတယ်။

ဘာကို ရွေးကြပါမလဲ

အဆုံးပိုင်းက အမေရိကန် အထက်လွှတ်တော်အမတ် ပြောသွားတဲ့ သာလွန်မြင့်မြတ်တဲ့ မျိုးချစ်စိတ်ကို ကျနော်ဖြင့် နှစ်သက် မဆုံးဘူး။

အမေရိကန်တွေ မျိုးချစ်စိတ်လွန်ကဲနေတာ အထက်မှာ ဖြစ်ရပ်ဥပမာနဲ့ အထင်အရှား ပြခဲ့ပြီးပါပြီ။ သို့ပေတည့် လွှတ်တော်အမတ်ရဲ့ အတွေးအမြင်မျိုးကတော့ တွေ့ရခဲလှလို့ ထင်မိပါတယ်။

ကျနော်လည်း မျိုးချစ်ပါတယ်။ နိုင်ငံချစ်ပါတယ်။ ဒါပေမယ့် ကျနော်ချစ်တာက သူပြောသလိုပါ။ နိုင်ငံကို အလုပ်အကျွေးပြုလိုတဲ့ စေတနာနဲ့ ချစ်တာပါ။ တခြားသူတွေ၊ ကိုယ်နဲ့မတူသူတွေကို မုန်းတီး ရန်လိုတဲ့ စိတ်မျိုးနဲ့ ချစ်မိတာ မဟုတ်ပါဘူး။

စာဖတ်သူ လူကြီးမင်းကရော… ဘယ်လို စိတ်မျိုးနဲ့ ချစ်ချင်တာပါလဲ။

စာဖတ်သူ လူကြီးမင်းရဲ့ သားသမီး မြေးမြစ်တွေကိုရော ဘယ်လို စိတ်မျိုးနဲ့ မျိုးချစ်တတ်အောင် သွန်သင်ခဲ့ချင်ပါသလဲ။

ဘာကိုပဲ ဆုံးဖြတ်ဆုံးဖြတ် စာဖတ်သူ လူကြီးမင်းကို လေးစားပါတယ်။

တခုပါပဲ။ ကျနော့်စာလေးကို ဖတ်ပြီး အလေးအနက် တချက်လောက် စဉ်းစားကြည့်ပေးရင်ပဲ ဒါတွေကို ကျနော် ရေးရကျိုးနပ်ပြီလို့ အောက်မေ့လိုက်ပါရစေတော့ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…

အတ္တကျော်

(၀၃၀၈၁၉)

ရည်ရွယ်ချက်နဲ့ စေတနာသည်သာ…

မပြောတော့ဘူးလို့ နေနေတာပါပဲ။ ဒါပေမယ့် မျက်စိထဲ ဒါတွေပဲ နင်းကန်တိုးဝင်နေတော့လည်း မနေနိုင်တော့ပြန်ဘူး။ ပြောမိရပေဦးတော့မယ်။

အခြေခံအချက်လက်တွေImage may contain: text

(၁) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (ဖွဲ့အုပ်ဥ) ဆိုတာ ကမ္ဘာဦးကျမ်းလည်း မဟုတ်၊ ဘုရားဟောလည်း မဟုတ်ပါဘူး။ ပြင်ချင် ပြင်လို့ရတာချည်းပါပဲ။

(၂) ကမ္ဘာပေါ်မယ် သက်တမ်းအရင့်ဆုံး ဖွဲ့အုပ်ဥနဲ့ နိုင်ငံတွေ ရှိတယ်။ စရေးကတည်းက အမြော်အမြင်နဲ့ ရေးခဲ့တာမို့ အသစ်ရေးစရာ မလိုတော့တဲ့ နိုင်ငံတွေလည်း အများကြီးပါပဲ။ ဖွဲ့အုပ်ဥတကာရဲ့ ဘိုးအေ အမေရိကန်နိုင်ငံရဲ့ ဖွဲ့အုပ်ဥ သက်တမ်းဆို ၂၃၁ နှစ်တောင် ကျော်ခဲ့ပါပြီ။

(၃) အမေရိကန်လောက် သက်တမ်းမရင့်တဲ့အပြင် သက်တမ်းနုတယ်လို့ ပြောမယ်ဆို ပြောနိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့အုပ်ဥက ကမ္ဘာ့ အရှည်လျားဆုံး ဖွဲ့အုပ်ဥလို့ အဆိုရှိပါတယ်။ ဒါပေမယ့် ပြောင်းလွယ်ပြင်လွယ်နိုင်မှုမှာ အိန္ဒိယ ဖွဲ့အုပ်ဥက သိပ်ကို အမြော်အမြင်ကြီးခဲ့တယ်လို့ မြင်မိရပါတယ်။

• အိန္ဒိယရဲ့ အငြိမ်းစားတရားသူကြီးချုပ် ဟန့်(ဇ်) ရာ့(ဂ်ျ) ခန္နာက သူ့ရဲ့ “အိန္ဒိယ ဖွဲ့အုပ်ဥ ရေးဆွဲခြင်း”ဆိုတဲ့ စာအုပ်ရဲ့ အဆုံးမှာ အခုလို ရေးခဲ့ပါတယ်။

“အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကျွန်ုပ်တို့နိုင်ငံအား ထူထောင်ခဲ့သည့် ဖခင်ကြီးများက ကျွန်ုပ်တို့ နောင်လာနောက်သားများအတွက် ထားရစ်ခဲ့သည့် အမွေဖြစ်သည်ဆိုပါလျှင် ကျွန်ုပ်တို့ အိန္ဒိယလူထုသည် အဆိုပါ ဖွဲ့အုပ်ဥပါ ပြဌာန်းချက်များအတွင်း သက်ဝင်လှုပ်ရှားလျက်ရှိသည့် တန်ဖိုးထားမှုများကို ယုံမှတ်အပ်နှံခံရသူများ၊ ထိန်းသိမ်းစောင့်ရှောက်သူများသာ ဖြစ်ကြပါသည်။ ဖွဲ့အုပ်ဥဆိုသည်မှာ ကမ္ပည်းတင်ထားသော စက္ကူပုရပိုက်မည်ကာမတ္တ မဟုတ်ပါ။ ဘဝနေနေနည်း ဖြစ်သလို ကျင့်သုံးနေထိုင်သွားရမည့် လမ်းကြောင်းသာဖြစ်ပါသည်။ အဆုံးအစ မရှိ နိုးကြား သတိရှိခြင်းသည် လွတ်လပ်ရေး၏ တန်ဖိုးဖြစ်သလို ထိုသို့နိုးကြားနေအောင် ထိန်းသိမ်းရမည့်သူများမှာလည်း လူထုသာ ဖြစ်ပါသည်။”

• အိန္ဒိယ ဖွဲ့အုပ်ဥရဲ့ သက်တမ်းဟာ အခုနှစ် နိုဝင်ဘာမှာ နှစ်ပေါင်း ၇၀ တင်းတင်းပြည့်ပါမယ်။

• အခုနှစ် နှစ်ဦး ဇန္နဝါရီ ၁၂ ရက်နေ့မှာ ၁၀၃ ကြိမ်မြောက် ပြင်ဆင်ခဲ့ပါသေးတယ်။ ဆိုတော့ကာ သက်တမ်း ၇၀ အတွင်းမှာ အိန္ဒိယ ဖွဲ့အုပ်ဥကို အကြိမ် တရာကျော် ပြင်ခဲ့ပြီးပြီဆိုတာ ထင်ရှားပါတယ်။

(၄) တရုတ်နိုင်ငံရဲ့ ဖွဲ့အုပ်ဥကို ၁၉၈၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ကာ ၅ ကြိမ် ပြင်ဆင်ပြီးပါပြီ။

(၅) ဘင်္ဂလားဒေ့(ရှ်) နိုင်ငံရဲ့ ဖွဲ့အုပ်ဥကို ၁၉၇၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ၁၇ ကြိမ် ပြင်ပြီးပါပြီ။

(၆) စင်္ကာပူနိုင်ငံရဲ့ ဖွဲ့အုပ်ဥကို ၁၉၆၅ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ၄၆ ကြိမ် ပြင်ပြီးပါပြီ။

(၇) ထူးခြားတာကတော့ ထိုင်းပါပဲ။ ၁၉၃၂ ခုနှစ်မှသည် ယနေ့ထက်တိုင် ၈၇ နှစ်တာအတွင်းမှာ ဖွဲ့အုပ်ဥ စုစုပေါင်း ၂၀ ရှိခဲ့ပါတယ်။ သူကတော့ အပင်ပန်းခံပြီး ပြင်ကို မနေဘူး။ အသစ်ချည်း လှိမ့်ရေးတာ အကြိမ်ပေါင်း ၂၀။ နည်းမှတ်လို့။

စဉ်းစားစရာ

ပြောခဲ့တဲ့ နမူနာတွေမှာ အမေရိက၊ အိန္ဒိယ၊ တရုတ်တို့လို လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ ဧရာမနိုင်ငံကြီးတွေ ပါပါတယ်။ ဘင်္ဂလားဒေ့(ရှ်)လို လူမျိုးတမျိုးတည်း အဓိက နေထိုင်တဲ့ နိုင်ငံလည်း ပါတယ်။ စင်္ကာပူလို မြို့နိုင်ငံ ပိစိညှောက်တောက်လေးလည်း ပါတယ်။ ထိုင်းလို ကိုယ်တွေနဲ့ ရေမြေချင်းမကွာ၊ လူပေါင်းစုံ ဖွဲ့စည်းနေထိုင်တာချင်းလည်း မကွာလှတဲ့ နိုင်ငံလည်း ပါပါတယ်။

ဘယ်နိုင်ငံတွေ တိုးတက်နေလဲ။ ဘယ်နိုင်ငံတွေ ခရီးပေါက်နေသလဲ။ ဖွဲ့အုပ်ဥနဲ့ နိုင်ငံဖွံ့ဖြိုးမှု အဆက်အစပ်ကို စဉ်းစားရင် ထိုင်းတွေက ဟားတိုက် ရယ်နေလေမလား။ စဉ်းစားစရာတွေ အများကြီးပါ။

အဲဒါ ဒို့ဗမာ

လွတ်လပ်ရေးရပြီး အချုပ်အချာအာဏာပိုင် မြန်မာနိုင်ငံမှာ ဖွဲ့အုပ်ဥ သုံးခု ရှိခဲ့ပြီ။ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈။

တခုချင်း ပြန်ကြည့်ရင်… ၁၉၄၇ ခုနှစ် ဖွဲ့အုပ်ဥသည် ဖုတ်ပူမီးတိုက် ဖွဲ့အုပ်ဥလို့ မြင်မိပါတယ်။ အမြန်ဆုံး လွတ်လပ်ရေး ရဖို့ဆိုတာကို ပန်းတိုင်ထားပြီး အသည်းအသန် အလျင်အမြန် ရေးခဲ့တာပါ။ ဒါ့ကြောင့် လစ်ဟာမှုတွေ ရှိခဲ့တယ်။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းစစ်မီးကို အဲဒီ့ ဖွဲ့အုပ်ဥက မကာကွယ်နိုင်ခဲ့ဘူး။ ဖွဲ့စည်းပုံ မမှန်တော့ ရန်များတဲ့ သဘော…

ဗိုလ်နေဝင်းရဲ့ ၁၉၇၄ ဖွဲ့အုပ်ဥနဲ့ ၂၀၀၈ ဖွဲ့အုပ်ဥကတော့ ရှင်းပါတယ်။ တိုင်းပြည်အတွက်၊ လူထုအတွက် ရည်ရွယ် ရေးဆွဲထားတဲ့ ဖွဲ့အုပ်ဥ မဟုတ်ပါဘူး။ အာဏာအတွက် အဓိကထားပြီး ရေးဆွဲထားတဲ့ ဖွဲ့အုပ်ဥတွေပါ။ ထိုင်းနိုင်ငံရဲ့ ဖွဲ့အုပ်ဥ ၂၀ နဲ့ သိပ်မကွာလှဘူးလို့တောင် ပြောလို့ ရမယ် ထင်ပါတယ်။ အာဏာလက်ရှိတွေ အာဏာ မစွန့်လွှတ်ရရေး အတွက် ကျားကုပ်ကျားခဲ ရေးဆွဲထားတဲ့ ဖွဲ့အုပ်ဥတွေပဲဖြစ်နေပါတယ်။

ကျနော့်အမြင်ကတော့ အကြိမ်တသောင်း ပြင်ဦးတောင် ရှိရင်းစွဲ ဖွဲ့အုပ်ဥရဲ့ မူလ ရည်ရွယ်ချက်ကိုက “အာဏာ”ကိုသာ ဦးတည်နေတဲ့အတွက် နိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံသားတွေရဲ့ တာဝန်နဲ့ အခွင့်အရေးတွေကို အာမခံချက် ပေးနိုင်စွမ်း ရှိလာမယ်လို့ မယုံကြည်မိပါဘူး။

ဖွဲ့အုပ်ဥ အသားပေးသင့်တာ ဘာလဲ

ကျနော်တို့ လုပ်ရမှာက ဖွဲ့အုပ်ဥ ပြင်ဖို့ မဟုတ်ပါဘူး။ တိုင်းပြည်ရယ်၊ နိုင်ငံသားတွေရယ်အတွက် တကယ်စေတနာပါတဲ့ ဖွဲ့အုပ်ဥတရပ်ကို ရေးဆွဲရေးသာ ဖြစ်ပါတယ်။ အဲဒါကို ရေးဆွဲတဲ့အခါ လွှတ်တော်ကို တာဝန်မပေးသင့်ဘူးလို့လည်း မြင်ပါတယ်။ လွှတ်တော်ဆိုတာနဲ့ နိုင်ငံရေးသမားတွေ ပါလာပါတော့မယ်။ နိုင်ငံရေးသမားတွေ ပါလာတာနဲ့ “အာဏာ” ဆိုတာကြီးကလည်း အပမှီသလို ကပ်ပါလာပါတော့မယ်။ “အာဏာ”ကို ဖက်တွယ်လိုတဲ့ ဘယ်အဖွဲ့အစည်းမှ ဖွဲ့အုပ်ဥကို ရေးရာမှာ ဝင်မပါဘဲ ဘေးထွက်ပေးမှသာ တိုင်းပြည်ရဲ့အနာဂတ်ဟာ လှပနိုင်မှာပါ။

အိန္ဒိယနိုင်ငံရဲ့ ဖွဲ့အုပ်ဥကို ရေးခဲ့တဲ့၊ (“တိုင်းပြုပြည်ပြု လွှတ်တော်”လို့ ဘာသာပြန်ထားနှင့်ပြီး ရှိနေတဲ့) Constituent Assembly မှာ ပါဝင်ခဲ့သူတဦးဖြစ်သူ ဂျဝါဟာလာ နေရူးရဲ့ စကားက သိပ်မှတ်သားစရာ ကောင်းလှပါတယ်။ (အဲဒီ့ တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုတာဟာ ပါလီမန်လို့ ခေါ်ကြတဲ့ လွှတ်တော်ရဲ့ အထက်က အခေါင်အချုပ်ဖြစ်ပါတယ်။ ဖွဲ့အုပ်ဥ ရေးဖို့အတွက် လူထုလူတန်းစားအသီးသီးက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လွှတ်တော်ဖြစ်ပါတယ်။ “အာဏာ”နဲ့ မပတ်သက်ပါဘူး။)

“သည်တိုင်းပြုပြပြည်ပြု လွှတ်တော်ရဲ့ ပထမဆုံး လုပ်ငန်းကတော့ ဖွဲ့အုပ်ဥအသစ်ကတဆင့် အိန္ဒိယနိုင်ငံကို လွတ်လပ်သွားအောင် လုပ်ဖို့၊ ငတ်နေတဲ့ လူထုကို ကျွေးမွေးနိုင်ဖို့၊ အဝတ်မဲ့နေတဲ့ လူထုအများအပြားကို အဝတ် ဆင်ပေးနိုင်ဖို့၊ ကိုယ့်အစွမ်းရှိသလောက် ကိုယ့်ကိုယ်ကိုယ်တိုးတက်လာအောင် လုပ်နိုင်တဲ့ အပြည့်ဝဆုံး အခွင့်အလမ်းကို အိန္ဒိယနိုင်ငံသားတိုင်း ရရှိလာစေဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို ကြီးမြတ်လှတဲ့ လုပ်ငန်းပါ။

“ကနေ့ အိန္ဒိယကို ကြည့်လိုက်ပါ။ ကျနော်တို့က သည်မှာ ထိုင်နေကြတယ်။ နေရာအများအပြားမှာတော့ အတိဒုက္ခတွေနဲ့။ မြို့တွေ အများအပြားမှာလည်း မငြိမ်သက်မှုတွေနဲ့။ ဒါ့အပြင် ဘာသာရေး ပဋိပက္ခတွေလို့ ခေါ်တဲ့ အငြင်းပွားမှုတွေ၊ ရန်စတွေက အခြေအနေကို ပိုဆိုးအောင် ပံ့ပိုးနေတယ်။ တခါတလေကျတော့လည်း ဒါတွေကို ရှောင်လွှဲလို့ မရတာလည်း အမှန်ပါပဲ။

“ဒါပေသည့် လတ်တလောမှာ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး၊ အရေးအပါဆုံး မေးခွန်းကတော့ ဆင်းရဲတဲ့သူတွေ၊ ငတ်နေတဲ့သူတွေရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာပါပဲ။ ကျနော်တို့ ဘယ်ဘက်ကိုပဲ လှည့်လိုက် လှည့်လိုက်၊ သည်ပြဿနာကိုပဲ ရင်ဆိုင်နေရတာပါပဲ။ သည်ပြဿနာကို အချိန်မီ မဖြေရှင်းနိုင်ရင် ကျနော်တို့ရဲ့ စာရွက်ပေါ်က ဖွဲ့အုပ်ဥတွေအားလုံးဟာ ဘာမှ အသုံးကျမှာ မဟုတ်သလို ရည်ရွယ်ချက်လည်း ကင်းမဲ့နေပါလိမ့်မယ်”တဲ့။

အမြော်အမြင်

ကျနော်တို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ ကပ်လျက်တည်ရှိနေတဲ့ အိမ်နီးချင်း နှစ်နိုင်ငံ၊ ထိုင်းနဲ့ အိန္ဒိယ။ ဘယ်နိုင်ငံရဲ့ ဖွဲ့အုပ်ဥက ခိုင်သလဲ။ ဘယ်နိုင်ငံမှာတော့ သည်ဖွဲ့အုပ်ဥနဲ့တင် ဗျာများလို့ ကောင်းနေဆဲ ဖြစ်သလဲ။

ဘာကြောင့် အဲလိုတွေ ဖြစ်နေတာလဲ။ လေ့လာသင့်ပါတယ်။ စူးစမ်းသင့်ပါတယ်။ အားလုံး ဝိုင်းဝန်းဆင်ခြင်ပြီး အနာဂတ်အတွက် အဖြေထုတ်သင့်ပါတယ်။

နောက် နှစ် ၃၀ ကြာတဲ့အခါ အခု အနီတွေ၊ အစိမ်းတွေ၊ အပြာတွေ၊ အဝါတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ကျနော်လည်း ရှိတော့မှာ မဟုတ်ပါဘူး။ အဲဒီ့အခါကျရင် သည်ရွှေနိုင်ငံကြီးကို ဘယ်လိုထားခဲ့ချင်ကြပါသလဲ။ ဖရိုဖရဲ ပရမ်းပတာနဲ့ မဆုံးနိုင်တဲ့ အာဏာလုပွဲတွေ ကြားမှာ ဖွတ်ကျောပြာစု ခရုဆံကျွတ် ထားခဲ့ချင်လည်း ကိုယ်တော်မြတ်များအားလုံးရဲ့ သဘောပါပဲ။

အမြော်အမြင်ဆိုတာ ကျနော်တို့ ရွှေမြန်မာတွေရဲ့ အဘိဓာန်ထဲက ပျောက်ဆုံးသွားခဲ့တာ နှစ်ပေါင်း ၅၀ မကပြီ ဆိုတော့လည်း ကျနော်ကတော့ ဘာကိုမှ သိပ်မမျှော်လင့်ချင်တော့ပါဘူးလေ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
atk
(၂၂၀၇၁၉)