လူထုရဲ့ သိပိုင်ခွင့်ကို ဖြည့်ဆည်းခြင်း

ℹ️ℹ️ℹ️ℹ️ℹ️ℹ️ℹ️ℹ️ℹ️ℹ️ℹ️ℹ️

အခုလတ်တလော လူပြောသူပြောများနေတဲ့ အများပြည်သူအခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေးများနဲ့ စပ်လျဉ်းတဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR)ကိစ္စထဲမှာ မနေနိုင် မထိုင်နိုင် ဝင်ပါချင်လာမိလို့ နည်းနည်း ပါပါရစေ။ ဝင်ပါချင်သွားရခြင်း အကြောင်းရင်းက အချက်အလက်တချို့ကို ထိန်ချန်ပြီး တချို့တွေ ပြောပြောနေတာလေးတွေ တွေ့မိနေရလို့ပါ။

အဲဒီ့စာချုပ်ထဲမှာ ပါတဲ့ အဓိက အခွင့်အရေး အကျဉ်းချုပ်

  • ပထမဆုံးက ကိုယ်ကာယသိက္ခာအခွင့်အရေးပါ။ အသက်ရှင်ခွင့်၊ နှိပ်စက်မှု၊ ကျွန်ပြုမှုမှ ကင်းလွတ်ခွင့် (အပိုဒ် ၆၊ ၇၊ ၈)။

  • လူတယောက်ရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှု။ ဖမ်းချင်တိုင်း ဖမ်း၊ ချုပ်ချင်တိုင်း ချုပ်ခွင့် မပေးတော့ပါဘူး။ ဒါ့အပြင် လက်တင်ဘာသာနဲ့ ဟေးဘီးယပ်(စ်) ကောပပ်(စ်)လို့ ခေါ်တဲ့ အချုပ်ခံရသူကို တရားသူကြီး၊ ဒါမှမဟုတ် တရားရုံးတော်ရဲ့ ရှေ့မှောက်ကို ခေါ်လာပြီး သူ့ကို ဘာကြောင့် ချုပ်နှောင်ထားသင့်ကြောင်း ဥပဒေနဲ့ညီညွတ်တဲ့ အကြောင်းခြင်းရာများကို ခိုင်လုံထင်ရှား မပြသနိုင်ရင် ပြန်လွှတ်ပေးရမယ်ဆိုတဲ့ အခွင့်အရေးကို တောင်းဆိုပိုင်ခွင့်လည်း ပါပါတယ်။ (အပိုဒ် ၉ မှ ၁၁)

  • ဥပဒေအရ လုပ်ထုံးလုပ်နည်းပိုင်းမှာ မျှတမှု။ ထိုက်သင့်တဲ့ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးစီရင်ခံပိုင်ခွင့်၊ မျှတပြီး ဘက်မလိုက်တဲ့ တရားခွင်၊ (ပြစ်မှုထင်ရှားကြောင်း မစီရင်သေးသမျှ) အပြစ်မရှိဘူးလို့ ယူဆချက်၊ ဥပဒေရှေ့မှောက်မှာ လူသားတဦးအဖြစ်သာ အသိအမှတ်ပြုတာတို့ ပါဝင်ပါတယ်။ (အပိုဒ် ၁၄ မှ ၁၆)

  • လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်၊ တွေးမြင်ခွင့်၊ ယုံကြည်ခွင့်၊ ကိုးကွယ်ခွင့်၊ ပြောခွင့်၊ သင်းဖွဲ့ခွင့်၊ စုဝေးခွင့်၊ မိသားစုအခွင့်အရေး၊ နိုင်ငံသားဖြစ်ခွင့်၊ ကိုယ်ရေးကိုယ်တာပိုင်း သိုသိပ်ခွင့် (အပိုဒ် ၁၂၊ ၁၃၊ ၁၇ မှ ၂၄)

  • စစ်မက်အတွက် ဝါဒဖြန့်တာကို တားဆီးပိတ်ပင်တာ၊ ခွဲခြားဆက်ဆံမှု (နှိမ်တာပေါ့ဗျာ)၊ ရန်လိုတဲ့ ဥပဒေ၊ အကြမ်းဖက်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းကျင့်သုံးတာများကို နှိုးဆော်တဲ့ အမျိုးသားရေးအမုန်းတရား၊ ဘာသာရေး အမုန်းတရားများဘက်က ရှေ့နေလိုက် ပြောဆိုဆော်သြတာကို တားဆီးပိတ်ပင်တာလည်း ပါပါတယ်။ (အပိုဒ် ၂၀)

  • မဲပေးခွင့်အပါအဝင် နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့် (အပိုဒ် ၂၅)

  • ခွဲခြားဆက်ဆံမှု မရှိခြင်း၊ လူနည်းစု အခွင့်အရေး၊ တရားဥပဒေရှေ့မှောက်မှာ အားလုံး သာတူညီမျှမှု (အပိုဒ် ၂၆၊ ၂၇)

ဘယ်နိုင်ငံမှာ မှီတင်းနေထိုင်သူပဲဖြစ်ဖြစ်၊ လူအများအနေနဲ့ အထက်ပါ အခွင့်အရေးတွေ ရသင့် မရသင့် မိမိတို့ရဲ့ ကိုယ်ပိုင်ဉာဏ်များနဲ့သာ ဆုံးဖြတ်တော်မူကြပါ။

ကနေ့အထိ သည်စာချုပ်ကို ဘယ်သူတွေ ဘာလုပ်ထားကြသလဲ

  • ကနေ့ကမ္ဘာမှာ နိုင်ငံပေါင်း ၁၉၅ နိုင်ငံ ရှိပါတယ်။

  • ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံက ၁၉၃ နိုင်ငံပါ။

  • အဲဒီ့ ၁၉၃ နိုင်ငံမှာ ၁၇၃ နိုင်ငံက သည်စာချုပ်ကို တရားဝင်လက်ခံသဘောတူကြောင်း အတည်ပြု လက်မှတ်ရေးထိုးထားပါတယ်။ (၈၉.၆၄ %) [ကုလသမဂ္ဂရဲ့ နိုင်ငံတကာ သဘောတူစာချုပ်တွေအနက်မှာ သည်စာချုပ်က အများသဘောတူမှု အများဆုံးလို့ အဆိုရှိပါတယ်။ ၉၀ ရာနှုန်းနီးပါးမို့ အပြတ်အသတ် သဘောတူကြတဲ့ စာချုပ်လို့ ဆိုနိုင်ပါတယ်။]

  • ၆ နိုင်ငံက လက်မှတ်ပဲ ထိုးရုံထိုးထားပါတယ်။ (၃.၁၁ %) အဲဒီ့ထဲမှာ တရုတ်နဲ့ ကျူးဘား ပါပါတယ်။

  • မီးသီးခြင်ထောင်ထောင်နေဆဲနိုင်ငံက ၁၈ နိုင်ငံပါ။ (၉.၃၃ %) အဲဒီ့ထဲမှာ မြန်မာပါတယ်။ ဘရူနိုင်း၊ မလေးရှား၊ စင်္ကာပူ၊ အာရပ် စော်ဘွားများနိုင်ငံ၊ တောင်ဆူဒန်တို့ ပါဝင်ပါတယ်။

(မြေပုံကို ရှု။ မြေပုံမှာ အပြာရင့်ရောင်က သဘောတူလက်မှတ် ရေးထိုးပြီး နိုင်ငံတွေပါ။ အပြာနုက လက်မှတ်သာ ထိုးရုံထိုးထားတဲ့ နိုင်ငံတွေ ဖြစ်ပြီး လိမ္မော်ရောင်က ဘာမှ မလုပ်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ မြေပုံနဲ့တင် သည်စာချုပ်ဟာ ကမ္ဘာ့နိုင်ငံအများဆုံးက လက်ခံသဘောတူထားတဲ့ စာချုပ်ဖြစ်ကြောင်း ထင်ရှားနေပါလိမ့်မယ်။)

No photo description available.

လက်မှတ်ထိုးတာ၊ သဘောတူ လက်မှတ်ထိုးတာ

အဲသလို နိုင်ငံတကာ သဘောတူစာချုပ်တွေမှာ လက်မှတ်ထိုးတာ (sign) နဲ့ သဘောတူ လက်မှတ်ထိုးတာ (ratify) အတော် ကွာခြားပါတယ်။

လက်မှတ်ထိုးတာ

ပါဝင်နေတဲ့ နိုင်ငံတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ညီလာခံမှာဖြစ်ဖြစ်၊ အစည်းအဝေးမှာဖြစ်ဖြစ် စာချုပ်မတိုင်ခင် တွေ့ကြ ညှိနှိုင်းကြတယ်။ လက်မှတ်ထိုးတဲ့ နိုင်ငံ (signatory) တွေ လိုက်နာရမယ့် သတ်မှတ်ချက်တွေကို သဘောတူကြတယ်။ အဲသလို သဘောတူပြီဆိုရင် စာချုပ်ကို လက်မှတ်ရေးထိုးပါတယ်။ အများအားဖြင့် သက်ဆိုင်ရာ ဝန်ကြီးတွေကပဲ လက်မှတ်ထိုးကြတာပါ။

အဲလို လက်မှတ်ထိုးခြင်းဟာ သည်စာချုပ်ကိုဖြင့်ရင် နိုင်ငံတော်က လိုက်နာလိုတဲ့ ဆန္ဒရှိကြောင်း ဖော်ပြလိုက်တာသာ ဖြစ်ပါတယ်။

အရေးကြီးလှတာက ဆန္ဒရှိတယ်လို့သာ ပြောတာ၊ တကယ်လိုက်နာမယ် မလိုက်နာဘူးလို့ ကတိကဝတ်ပြုတာ မဟုတ်ပါဘူး။ စာချုပ်ရဲ့ စည်းနှောင်အားလည်း မရှိပါဘူး။ ဆိုလိုတာက စာချုပ်အတိုင်း မဖြစ်မနေ လိုက်နာစရာ တစက်ကမှ မလိုပါဘူး။ လိုက်နာချင်စိတ်တော့ ရှိပါတယ်၊ ဒါပေမယ့်… ဆိုတဲ့ အနေအထားပေါ့။

သဘောတူ လက်မှတ်ထိုးတာ

စာချုပ်ကို လက်မှတ်ထိုးပြီးသွားတဲ့အခါ လက်မှတ်ထိုးတဲ့နိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကိုင်တွယ်ပါလိမ့်မယ်။ စာချုပ်ပါ အချက်အလက်များအရ လိုအပ်တဲ့၊ ကိုက်ညီတဲ့ ပြည်တွင်း ဥပဒေတွေကို ပြဋ္ဌာန်း ဖြည့်ဆည်းရပါတော့မယ်။ အဲဒီ့နောက် တခြား သဘောတူလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ (state parties) တွေကို စာချုပ်အတိုင်း မလွဲမသွေ လိုက်နာတော့မယ်ဆိုတဲ့ သဘောထားကို ထုတ်ပြန် အသိပေးရပါတယ်။ ဒါကို သဘောတူ လက်မှတ်ထိုးတာ (ratification) လို့ ခေါ်ပါတယ်။ အဲလိုဆိုရင်တော့ စာချုပ်ဟာ နိုင်ငံအပေါ်မှာ တရားဝင် စည်းနှောင် ခိုင်မာ သွားပါပြီ။ စာချုပ်အတိုင်း မဖြစ်မနေ လိုက်နာပါတော့မယ်။ ဘာ ဒါပေမှ မမယ့်တော့ပါဘူးဆိုတဲ့ သဘောပါ။

(သို့တိုင်အောင် RUD နဲ့သာ သဘောတူလက်မှတ်ထိုးနိုင်ကြောင်းကို အောက်ဆုံးက စာကြွင်းမှာ ထပ်မံဖြည့်စွက်ထားပါတယ်။)

သဘောပါတယ်နော် ပရိသတ်

သာမန်လက်မှတ်ထိုးတာနဲ့ သဘောတူ လက်မှတ်ထိုးတာကြားက ကွာခြားချက်ကို သဘောပေါက်ပြီဆိုရင် လက်မှတ်ပဲ ထိုးရုံ ထိုးထားတဲ့ ၆ နိုင်ငံက ဘာသဘောလဲဆိုတာကိုပါ သဘောပေါက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပေါက်ဖော်ကြီးတွေဆိုရင် သည်စာချုပ်ကို လက်မှတ်ထိုးရုံသာ ထိုးထားတာ လာမယ့် အောက်တိုဘာ ၅ ရက်နေ့မှာ ၂၁ နှစ် တင်းတင်း ပြည့်ပါလိမ့်မယ်။

နှုတ်ခမ်းနာနဲ့မှ တည့်ပါ့မလား

အဲ… သည်လိုအချိန်မှာ တောင်တောင်အီအီတွေ လျှောက်ပြောနေတာဟာ နှုတ်ခမ်းနာနဲ့မှ တည့်ပါ့မလားလို့ မေးရမလိုတောင် ဖြစ်နေပါတယ်။ လက်မှတ်ထိုးတာဟာ မုန့်ဆီကြော် စားချင်တယ်လို့သာ ပြောတာပါ။ ပေါက်ဖော်ကြီးတွေဆို ဝလည်း စားချင်လယ်၊ အားကီး အားကီး စားချင်လယ်လို့ပဲ ပြောနေတာ နှစ်ပေါင်း ၂၀ ကျော်ပြီလေနော်။ သူ့နိုင်ငံသားတွေ အဲဒီ့စာချုပ်ထဲက အခွင့်အရေးတွေကို တကယ် ခံစားနေရခြင်း ရှိမရှိက အားလုံး အသိပါပဲ။

လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့

ကုလသမဂ္ဂ နိုင်ငံတကာ သဘောတူစာချုပ် ၁၈ စောင်နဲ့ နိုင်ငံတချို့

အသေးစိတ် သိချင်ရင် ရှာဖတ်ကြည့်ကြပါနော်။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ သဘောတူစာချုပ် စုစုပေါင်း ၁၈ စောင် ရှိပါတယ်။

ကျနော်တို့ နိုင်ငံက သဘောတူ အတည်ပြုထားတာ ၅ စောင်ပဲ ရှိပါတယ်။ လက်မှတ်ထိုးရုံသာ ထိုးထားတာက တစောင်သာ ရှိပါတယ်။ ICCPR အပါအဝင် ဘာမှ မလုပ်ဘဲ ထားထားသေးတဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်က ၁၂ စောင် ကျန်ပါတယ်။

စင်္ကာပူနဲ့ မလေးရှားက သဘောတူအတည်ပြုထားတာ ၅ စောင်ပဲ ရှိပါတယ်။ မီးသီးခြင်ထောင်ထောင်တာ ၁၃ စောင်ပါ။ ကျနော်တို့က စင်္ကာပူ၊ မလေးထက် သာပါတယ်။ ဒါပေသည့် စင်္ကာပူနဲ့ မလေး သဘောတူအတည်ပြုထားတဲ့ တစောင်ကို ကျနော်တို့က လက်မှတ် ထိုးရုံပဲ ထိုးထားရပါသေးတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံက သဘောတူအတည်ပြုထားတာ ICCPR အပါအဝင် ၁၂ စောင် ရှိပါတယ်။ လက်မှတ် ထိုးရုံထိုးထားတာ တစောင် ရှိပါတယ်။ မီးသီးခြင်ထောင်ထောင်တာ ၅ စောင်ပဲ ရှိတော့တာပေါ့။

ဗီယက်နမ်က ICCPR အပါအဝင် ၉ စောင်ကို သဘောတူ အတည်ပြုထားပါတယ်။ မီးသီးခြင်ထောင်ထောင်ထားတာ ၉ စောင် ရှိပါတယ်။

အင်ဒိုနီးရှားက ICCPR အပါအဝင် ၁၀ စောင်ကို သဘောတူ အတည်ပြုထားပါတယ်။ လက်မှတ် ထိုးရုံထိုးထားတာ ၂ စောင်မို့ ကျန်နေတာ ၆ စောင်ပါ။

နောက်ထပ်အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့(ရှ်)ကလည်း ICCPR အပါအဝင် ၁၂ စောင်ကို သဘောတူ အတည်ပြုထားပါတယ်။ အိမ်နီးချင်းတွေထဲမှာ သူနဲ့ ထိုင်းက စံချိန်တင်ပါတယ်။ (အိန္ဒိယတောင်မှ ICCPR အပါအဝင် သဘောတူ အတည်ပြုထားတာ ၈ စောင်ပဲ ရှိပါတယ်။ လက်မှတ်ထိုးရုံ ထိုးထားတာ ၂ စောင်ပါ။)

ပေါက်ဖော်ကြီးတွေက ၈ စောင်ကို သဘောတူ အတည်ပြုထားပါတယ်။ ICCPR ကို လက်မှတ်ပဲ ထိုးထားတာ အထက်မှာ ပြောခဲ့ပြီးပါပြီ။ သည်တော့ သူတို့ မီးသီးခြင်ထောင်ထောင်နေတာ ၉ စောင်ကျန်နေသေးတယ်လို့ ပြောလို့ရပါလိမ့်မယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၄၀၉၁၉)

(အချက်အလက်တွေကို သည်က ယူပါတယ်။ http://indicators.ohchr.org/ )

စာကြွင်း – ICCPR နဲ့ အမေရိကန်အကြောင်းတော့ ထည့်မရေးဖြစ်ခဲ့ပါဘူး။ မလိုလို့ပါ။ သို့သော် တချို့က ထင်ရာ လျှောက်ပြောနေလို့ ထပ်ဖြည့်လိုက်ပါရစေ။

၁၉၉၂ ကတည်းက လက်မှတ်ရေးထိုးအတည်ပြုခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမယ် ICCPR က အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ နိုင်ငံရဲ့ အခေါင်အချုပ် ဥပဒေ (Supreme Law of the Land) ဖြစ်လာခဲ့ပါတယ်။

သို့ပေတည့် ခြွင်းချက်တွေ၊ နားလည်မှုတွေ၊ ကြေညာချက်တွေ တသီကြီးနဲ့ သဘောတူ အတည်ပြုခဲ့တာဖြစ်ပါတယ်။ အလွယ်ပြောရင် ICCPR ကို မူအရ လက်ခံတယ်၊ သဘောတူတယ်၊ ဒါပေမယ့် ဘာတွေကိုတော့ မလိုက်နာဘူး၊ ဘာတွေကိုတော့ အရေးပေါ်အခြေအနေမှာဆို ကျင့်သုံးမယ်ဆိုတာမျိုးပေါ့။ (အကိုးအကား – 1. https://bit.ly/2kJnQV9 , 2. https://bit.ly/2GQRBxh )

အတည်ပြုလက်မှတ်ရေးထိုးတဲ့ နိုင်ငံတိုင်းက RUD (Reservations, Understandings and Declarations) လို့ ခေါ်တဲ့ ခြွင်းချက်တွေ၊ နားလည်မှုတွေ၊ ကြေညာချက်တွေနဲ့ ကန့်သတ် လိုက်နာလို့ ရပါတယ်။ စာချုပ်ထဲမှာ ပါတဲ့အတိုင်း ၏သည်မလွဲ၊ တသေဝမတိမ်း လိုက်နာဖို့ မလိုပါဘူး။ ဒါလည်း သဘောတူအတည်ပြုလက်မှတ်ထိုးပြီးမှပါနော်။

ဖြည့်စွက်ချက် -အထက်က စာကို ရေးတုန်းက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ သဘောတူစာချုပ် ၁၈ စောင်မှာ ကျနော်တို့ နိုင်ငံက ၅ စောင်ကို သဘောတူလက်မှတ်ရေးထိုး (ratify) ထားပြီး တစောင်ကိုတော့ လက်မှတ် ထိုးရုံပဲ ထိုး (sign) ထားကြောင်း ရေးခဲ့ပါတယ်။

၁၆ ရက်အကြာ စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဲဒီ့ လက်မှတ်ထိုးရုံ ထိုးထားတဲ့ တစောင်ကို မြန်မာနိုင်ငံက သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ကြားသိရပါတယ်။

Optional Protocol to the Convention on the Rights of the Child on the involvement of children in armed conflict :2002 ဆိုတဲ့ ၂၀၀၂ ခုနှစ် လက်နက်ကိုင် ပဋိပက္ခတွင် ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်းသည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်အတွက် သဘောဆန္ဒအလျောက် လိုက်နာစောင့်ထိန်းအိပ်သည့် ကျင့်ဝတ်လို့ ဘာသာပြန်ရင် သင့်မယ်လို့ ယူဆရတဲ့ စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။

ကြိုဆိုအပ်တဲ့ ဆောင်ရွက်ချက်ပါပဲ။