ကလေးကိုမှ ရာဂကြွတတ်တဲ့ စိတ်ဝေဒနာရှင်တွေကချည်း ကျူးလွန်တာလား

Facebook ရဲ့ ထုံးစံအတိုင်း အမှုတခု ပေါ်လာတဲ့အခါ မိမိထင်မြင်ယူဆတဲ့အပိုင်းကနေ တံဆိပ်ကပ်လာကြတာတွေ တွေ့လာရပါတယ်။ အခု သက်ငယ်မုဒိန်းကိစ္စမှာလည်း Pedophile (ကလေးကိုမှ ရာဂကြွတဲ့ စိတ်စံလွဲသူ)ရယ်လို့ တချို့က တံဆိပ်ကပ်ပေးနေတာ တွေ့ရတာမို့ အားလုံးကို ဝါးလုံးရှည်နဲ့ သိမ်းမရမ်းဖြစ်ကြလေအောင် အမြွက်မျှ ဆွေးနွေးတင်ပြပါရစေ။

👼👼👼👼👼👼👼👼👼👼👼👼Image result for pedophilia

ကလေးကို ရုတ်တရက် ဗလက္ကာရလုပ်ဖြစ်စေတဲ့ အကြောင်းက ဘာလဲ။ ဒါကို စဉ်းစားဖို့ လိုပါတယ်။

ယေဘုယျအားဖြင့် အဲလို လုပ်ဖြစ်စေတဲ့ အကြောင်း လေးရပ်ထဲက တခုမဟုတ် တခုကြောင့်ပါပဲ။

(၁) ကျူးလွန်သူကိုယ်တိုင်ဟာ လိင်မှုကိစ္စကို စူးစမ်းလို၊ စမ်းသပ်လိုတဲ့ ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ ဖြစ်နေလို့ပါ။

(၂) ကုသဖို့လိုအပ်နေတဲ့ အသိဉာဏ်ချို့ယွင်းမှုရောဂါ၊ စိတ်ရောဂါ ရှိနေလို့ပါ။

(၃) တခြားသူတွေကို ထောက်ထားငဲ့ညှာတတ်တဲ့စိတ်ကင်းမဲ့တဲ့၊ လူမှုရေးခေါင်းပါးတဲ့ ကိုယ်ရည်ကိုယ်သွေး စံလွဲမှု (antisocial personality disorder) ဖြစ်နေတဲ့ အခွင့်အရေးသမားတွေ ဖြစ်နေလို့ပါ။

(၄) ကလေးတွေကိုပဲ လိင်ဆက်ဆံလိုစိတ် မပြတ်မလပ် ရှိနေလို့ပါ။

တခုချင်း ပြန်ကြည့်ရအောင်ပါ။

(၁) ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေဟာ လိင်မှုကိစ္စကို စူးစမ်းလိုကြပါတယ်။ စူးစမ်း (စပ်စု)လိုစိတ်ဟာ လူ့စိတ်ပါပဲ။ သူတို့ထက်အများကြီး ငယ်တဲ့ ကလေးတွေကို အဝတ်ချွတ်ပြအောင် ဖျားယောင်းလို့ လွယ်တာမို့ တချို့ ဆယ်ကျော်သက်တွေဟာ လိင်ကိစ္စအကြောင်း သိရဖို့အတွက် သိပ်ငယ်တဲ့ ကလေးတွေကို အသုံးချတတ်ကြပါတယ်။ အဲသလို ဆယ်ကျော်သက်အများစုဟာ အသက်ရလာတဲ့အခါ ကလေးတွေနဲ့ လိင်ပိုင်းအရ တုံ့လှယ်ဆက်ဆံမှုမှန်သမျှကို ရပ်တံ့လိုက်ကြစမြဲပါပဲ။

(၂) လိင်ပိုင်း မဖွယ်မရာ လုပ်သူ အနည်းအပါး၊ အနည်းအပါးမှ မဆိုစလောက် အနည်းအပါးဟာ အသိဉာဏ်ပိုင်းအရ အကြီးအကျယ်ကို ချို့ယွင်းနေလို့၊ ဦးနှောက်မူမမှန်လို့၊ စိတ်ဝေဒနာ အပြင်းအထန် ခံစားနေရလို့ ကလေးငယ်တွေကို လိင်ပိုင်းအရ ထိတာ ကိုင်တာတွေ လုပ်တတ်ကြပါတယ်။ ဒါကိုတော့ အနီးကပ်ကြီးကြပ်မှု၊ လိုအပ်လာရင် စိတ်စံလွဲမှုကို ကုသတဲ့ ဆေးဝါးတွေနဲ့ ထိန်းချုပ်မှုများနဲ့ ကလေးတွေအပေါ် ဗလက္ကာရလုပ်တတ်သူများအဖြစ်က ရပ်တံ့သွားအောင် လုပ်ဆောင်နိုင်ပါတယ်။

(၃) တချို့တွေကကျတော့ “လူမှုရေးခေါင်းပါးတဲ့ ကိုယ်ရည်ကိုယ်သွေး စံလွဲမှု” (APD) ဖြစ်နေလို့ ကလေးတွေကို လိင်ပိုင်းအရ ထိတတ်ကိုင်တတ်ကြတယ်။ လူမှုရေးခေါင်းပါးတယ်ဆိုတာ လူတော မတိုးတာ မဟုတ်ပါဘူး။ လူတွေကြားမှာ အရောတဝင်နေတတ်တဲ့အပြင် တချို့ဆို ရွှန်းရွှန်းတွေတောင် ဝေနေတတ်ပါသေးတယ်။

လူမှုရေးခေါင်းပါးတယ် (antisocial) ဆိုတာက လူ့ဘောင်စည်းကမ်းတွေနဲ့ သူတို့နဲ့ မဆိုင်ဘူးလို့ ယုံကြည်ထားတာပါ။ သူတို့က လူ့ဘောင် စည်းကမ်းတွေကို ဖောက်တတ်ကြတယ်။ အတိအကျပြောရင် လူမှုရေးခေါင်းပါးသူတွေဟာ တဖက်သားရဲ့ ခံစားချက်ကို ထည့်ကို စဉ်းစားလေးမရှိဘူး။

သူတို့စိတ်ထဲမှာ ကလေးတွေအပါအဝင် လူအားလုံးသည် အသုံးချခံဖို့သက်သက်သာ ဖြစ်တည်နေကြတယ်လို့ မြင်ကြပါတယ်။ သည်အမျိုးအစားထဲမှာ ပါဝင်တဲ့ ကလေးတွေအပေါ် ဗလက္ကာရ လုပ်ကြသူများဟာ သတင်းတွေထဲမှာ တွေ့နေရတဲ့ စက်ဆုပ်စရာ အမှုတွေကို ကျူးလွန်တတ်ကြသူတွေပါပဲ။

(၄) ကလေးတွေကိုပဲ လိင်ဆက်ဆံလိုစိတ် မပြတ်မလပ် ရှိနေလို့ ဗလက္ကာရပြုတတ်တဲ့ အသက် ၁၆ နှစ်နဲ့ အထက်ကိုတော့ Pædophilia (Pedophilia) လို့ခေါ်တဲ့ ကလေးကိုမှ ရာဂကြွတတ်တဲ့ စိတ်စံလွဲရောဂါရှိနေသူလို့ ယူဆကြပါတယ်။

သည်နေရာမှာ အသက် ၁၆ နှစ်နဲ့ အထက်ဆိုတာကို သတိထားဖို့ လိုပါတယ်။ မဖွယ်မရာလုပ်တဲ့ ၁၆ နှစ်အောက် ဆယ်ကျော်သက်တွေဟာ ကလေးကိုမှ ရာဂကြွတတ်တဲ့ စိတ်ဝေဒနာရှင်တွေ မဟုတ်ပါဘူး။

ကလေးတွေကိုပဲ လိင်ဆက်ဆံလိုစိတ် မပြတ်မလပ် ရှိနေမနေကိုလည်း သာမန်လူက ဆုံးဖြတ်လို့ မရပါဘူး။ လိင်မှုကိစ္စ အထူးပြု ဆရာဝန်ကဖြစ်ဖြစ်၊ ကုခန်းစိတ်ပညာရှင်ကဖြစ်ဖြစ် စူးစမ်းဖော်ထုတ်ပြီး လိင်ပိုင်းဆိုင်ရာ အထူးပြု ကုထုံးတွေ၊ လိုအပ်ရင် ဆေးဝါးတွေနဲ့ အောင်အောင်မြင်မြင် ထိန်းချုပ်ကုသပေးနိုင်ပါတယ်။ အဲသလို ကုသပေးတာ ၈၇ % အထိ အောင်မြင်မှု ရှိတယ်လို့ သုတေသနတွေက ဆိုပါတယ်။

လေ့လာချက်တွေအရ ပထမ သုံးမျိုးကြောင့် ကလေးတွေကို ဗလက္ကာရ လုပ်တဲ့ နှုန်းထားက ငါးရာခိုင်နှုန်းမျှသာ ရှိပြီး ကလေးကိုမှ ရာဂကြွတတ်သူတွေကြောင့် ဖြစ်ပွားတာကတော့ ၉၅ % ရှိပါသတဲ့။

ကလေးသူငယ် မုဒိန်းမှုဆိုတာ ဘာကြောင့်ကျူးလွန်တာပဲဖြစ်ဖြစ် မလိုလားအပ်တဲ့ ကိစ္စဆိုတာ သာမန်လူပြိန်းတယောက် အနေနဲ့တောင် အလွယ်တကူ လက်ခံနိုင်ပါတယ်။

ဒါပေမယ့် ဘာကြောင့် ကျူးလွန်ကြတာလဲဆိုတဲ့ အဓိက အကြောင်းရင်းခံတွေကို သိထားမယ်ဆိုရင်တော့ ကြိုတင် ကာကွယ်ရေးမှာ တဖက်တလမ်းက အကျိုးထူးနိုင်မလားဆိုတဲ့ အတွေးနဲ့ တတ်နိုင်သလောက် ဆွေးနွေးကြည့်လိုက်တာ ဖြစ်ပါတယ်။

ကျနော်တို့ဆီမှာ အထူးတလည် လိုအပ်နေတာက လိင်မှုကိစ္စ အထူးပြု ဆရာဝန်တွေ၊ ကုခန်းစိတ်ပညာရှင်တွေလို့ မြင်မိရပါတယ်။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၀၅၀၇၁၉

Advertisements

နှုတ်ခမ်းလေးနဲ့ လူသတ်နေ

စကားလုံးတွေက အမာရွတ်ထင်စေတယ်
ကောလာဟလတွေက ပျက်စီးစေတယ်
အမနာပဝိုင်းပြော အနိုင်ကျင့်တာတွေက သေစေပါတယ်

🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱

သူများပါးစပ်ထဲမှာ အသက်ပေးခဲ့ဖူးသူတဦးရဲ့ ဇာတ်လမ်း

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ အခုပုံမှာ ပါတဲ့ ၁၅ နှစ်အရွယ် မိန်းကလေးဟာ Cyberbullying လို့ခေါ်တဲ့ အင်ထနက် လူမှုမီဒီယာက တဆင့် မတရားသဖြင့် အနိုင်ကျင့်တဲ့ ဒဏ်ကို မခံနိုင်တော့တဲ့ အဆုံးမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ဖူးပါတယ်။Image may contain: text

နိုင်ငံတကာ မီဒီယာတွေမှာ အုတ်အော်သောင်းသဲဖြစ်ခဲ့ပြီး ကနေဒေါ အစိုးရကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကလေးမလေးက မလိမ်မိုး မလိမ္မာနဲ့ သူငယ်ချင်းချင်းကြားမှာ သူ့ရင်သားကို လှစ်ပြခဲ့မိဖူးတယ်။ အဲဒီ့ဓာတ်ပုံ ရှိပါတယ်။

ကလေးမလေးကို တကိုယ်လုံး ချွတ်ပြခိုင်းသူတယောက် ပေါ်လာတယ်။ မပြရင် သူ့ရင်သားပုံကို လူမှုမီဒီယာမှာ ဖြန့်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ မပြတော့ တကယ် ဖြန့်ထည့်လိုက်တယ်။ ကလေးမလေးရဲ့ သူငယ်ချင်းတွေ၊ အတန်းဖော်တွေကို tag လုပ်တယ်။

ထုံးစံအတိုင်း ကလေးမလေးကို ဝိုင်းတွယ်ကြပြီပေါ့။ ကြဉ်လည်း ကြဉ်ကြတယ်။ ကလေးမလေး တကျောင်းပြီး တကျောင်း ပြောင်းတယ်။ ခဏပဲ။ နောက်ကျောင်းတွေမှာလည်း ဆက်ခံရတယ်။

ဘူးလေးရာ ဖရုံဆင့်

သည်ကြားထဲ ကလေးမလေးကို ချစ်ချင်ယောင်ဆောင်တဲ့ ကောင်လေးတကောင် ပေါ်လာတယ်။ ကလေးမလေးက ယုံလိုက်မိတယ်။ ဟိုကောင်က ကျောရရုံ ကြံတာ။ ဟိုကောင်လေးရဲ့ ကောင်မလေးက ကလေးမလေးကို ကလေးမလေးရဲ့ ကျောင်း လူပုံအလယ်မှာ လာပြဿနာရှာတယ်။ ဟိုကောင်လေးကလည်း သူလိုချင်တာ ရပြီးပြီဆိုတော့ သူ့ကောင်မလေးကို ပါးသာပိတ်ချလိုက်စမ်းပါလို့ ပြောလိုက်တယ်။ ဟိုကလည်း ချတယ်။ ကလေးမလေး လဲကျန်ရစ်တယ်။

အဖြစ်အပျက်က ဓာတ်ပုံ ဗှီဒီယိုမှတ်တမ်းနဲ့ ဆိုရှယ်မီဒီယာမှာ ပြန့်ပြန်တယ်။ ကလေးမလေး စိတ်ဓာတ်ပျက်ယွင်းလာတယ်။

ကျောင်းပြောင်း၊ မြို့ပြောင်း… စိတ်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးတာတွေ လုပ်နေရင်းတန်းလန်းကနေ အစွန်းချွတ်ဆေးတွေသောက်ပြီး သူ့ကိုယ်သူ သေကြောင်းကြံတယ်။ ဆေးရုံရောက်သွားတယ်။ မအောင်မြင်ဘူး။

လူတွေမှ ဟုတ်ပါလေစလို့ တွေးချင်စရာ လူအစစ်တွေ

သည်မှာတင် အနိုင်ကျင့်ချင်သူတွေအတွက် အကွက်ပေါ်တယ်။ နင် သေသွားသင့်တာ၊ နင်သောက်တဲ့ အစွန်းချွတ်ဆေးက ပျော့တယ်။ ဒါသောက် ဆိုတာတွေတောင် သူ့ဆီမှာ လာရေးကြတယ်။

အဖြစ်အပျက်တွေကို ကလေးမလေးက စာတရွက်စီနဲ့ ရေးပြီး YouTube မှာ တင်ခဲ့ပါတယ်။

အဲဒီ့ ဗှီဒီယိုတင်ပြီး တလအကြာမှာ ကလေးမလေး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတော့တယ်။

အရေးယူတဲ့အပိုင်း

ကနေဒါအစိုးရနဲ့အတူ ဒတ်(ခ်ျ) အစိုးရကလည်း စုံစမ်းစစ်ဆေးတဲ့အခါ နယ်သာလန်နိုင်ငံက အသက် ၃၅ နှစ်အရွယ် ဒတ်(ခ်ျ)နိုင်ငံသားနဲ့ တူရကီ နိုင်ငံသား၊ နိုင်ငံသားလက်မှတ် ၂ မျိုးကိုင်ဆောင်သူကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူက ကလေးမလေးအပါအဝင် ကမ္ဘာအရပ်ရပ်က ကလေးမလေးတွေရဲ့ ကွန်ပျူတာတွေထဲကို ဖောက်ဝင်ပြီး ဒုက္ခလည်ပေးနေတဲ့သူပါ။ ဒတ်(ခ်ျ)တရားရုံးက ကလေးမလေးအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ်နဲ့ ၈ လ ချမှတ်ခဲ့ပါတယ်။

ကလေးမလေး သူ့ကိုယ်သူ အဆုံး မစီရင်မီ သူ့ဇာတ်လမ်းကို စာတွေနဲ့ ရေးပြီး ပြသွားတဲ့ ဗှီဒီယိုကို သည်မှာ ကြည့်နိုင်ကြပါလိမ့်မယ်။

https://www.youtube.com/watch?v=FS95zvN5MiI

(Google မှာ Amanda Todd ဆိုတဲ့ ကလေးမလေး နာမည်ရိုက်ထည့်ပြီး ရှာလိုက်ရင် ကျနော်ပြောတာထက် အများကြီး ပိုပြည့်ပြည့်စုံစုံ သိရနိုင်ပါသေးတယ်။)

လူတွေ ဘာလို့ အဲသလို လုပ်

အင်ထနက် ဆိုရှယ် မီဒီယာမှာ လူတချို့ဟာ အဲလို ဘာကြောင့် လုပ်နေတာလဲ။

(၁) သာယာနေကြတာပါ။ သူတို့ တခုခု ကြမ်းကြမ်းတမ်းတမ်း ရေးလိုက်လို့၊ တင်လိုက်လို့ လူတွေက သူတို့ကို တုံ့ပြန်ကြတာကို သာယာနေကြတာပဲ ဖြစ်ပါတယ်။ like တွေ အများကြီးရတာလည်း သာယာသလို အဆဲလှိမ့် ခံရတာကိုလည်း သာယာနေတတ်ကြပါတယ်။ လူအများ အာရုံစိုက်ခံချင်တဲ့ ရောဂါဆန်းတမျိုးပေါ့။

(အဲဒီ့ ရောဂါကို မြင်လာတဲ့အတွက် ကျနော် Facebook သိပ်မသုံးတော့တာပါ။ ကျနော့်မှာလည်း အဲဒီ့ ရောဂါ ရှိနေသလားလို့ သံသယ ဝင်လာလို့ပါပဲ။ ဘာလုပ်မလဲဗျာ။ အိုကြီးအိုမကျတော့မှ အကျိုး မရှိတာတွေနဲ့ အချိန်ကုန် မခံချင်တော့ပါဘူးပေါ့။ ဒါတောင် ခုတလော ပြန်ရေးဖြစ်နေသေးတယ်။ အများအတွက် အကျိုးရှိမယ်ဆိုတဲ့ “ဆင်ခြေ ဆင်လက် ဆင့်နားရွက်ကြီး ဧရာမ”နဲ့ပေါ့ဗျာ။ တကယ်က ကျနော့်အတ္တကို ကျနော် ပြောင်လက်အောင် ပွတ်တိုက်နေတာသက်သက်ပါပဲ။ ကျနော် သေအောင် ရေးနေလည်း မြစ်ရေစီးကို ကျနော့်လက်ဝါးနဲ့ကာလို့ ရမှာမှ မဟုတ်တာလေ။ နော်…)

(၂) အင်ထနက်ပေါ်မှာ ပြောလိုက်ဆိုလိုက်တဲ့အတွက် ဘာမှ ခံရမှာ မဟုတ်ဘူးလို့ လူတွေက သိထားကြပါတယ်။ အဲလို ရေးလိုက်သားလိုက်လို့ သူတို့အတွက် ဘာဆိုးကျိုးမှ မဖြစ်နိုင်ဘူးပေါ့။ အကောင့်ပုန်း၊ အကောင့်တုတွေနဲ့ဆို သာတောင် မဖြစ်နိုင်သေးပေါ့။

အလုပ်ရှင်ရဲ့ အရေးယူမှု

ဟိုကလေးမလေး သေသွားပြီးတဲ့နောက်တောင် သူ့ကို နှိပ်ကွပ်တဲ့ အရေးအသားတွေက ပေါ်ထွက်နေခဲ့ပါသေးတယ်။

ကနေဒါနိုင်ငံကလူတယောက်ကတော့ “ခွေးမ… နင် သေသင့်တာ ကြာပြီ”လို့ ရေးတာကို သူ့အလုပ်ရှင်က သိသွားတဲ့အတွက် အလုပ်ထုတ်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာရဲ့ အားထုတ်မှု

အင်ထနက်ဆိုရှယ်မီဒီယာက ဝိုင်းအနိုင်ကျင့်တာဟာ နိုင်ငံတိုင်းမှာ ဖြစ်နေတာပါ။ အထက်က ကလေးမလေးရဲ့ ဖြစ်ရပ်ကြောင့် အခုတော့ နိုင်ငံ အတော်များများမှာ အဲဒါကို ကိုင်တွယ်နိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလာခဲ့ကြပြီ ဖြစ်သလို Instagram တို့၊ Twitter တို့မှာလည်း Comment ကို ကိုယ်သဘောတူမှ အတည်ပြုနိုင်အောင် ဖန်တီးလာကြပါပြီ။ FB ကတော့ ခုထိ မလုပ်သေးပါဘူး။ ဘာလို့လဲတော့ မသိဘူး။

ဘာလုပ်ကြမလဲ

🔹 “ကလေးတွေ ဆယ်ကျော်သက်တွေအနေနဲ့ သူတို့ကို အဲလို အနိုင်ကျင့်တာခံနေရပြီဆိုတာနဲ့ လူကြီးမိဘတွေကို ပြောပြသင့်ပါတယ်။ ဒါမှသူတို့က တခုခု လုပ်ပေးနိုင်မှာပါ”

🔹 “ပြောလာရင်လည်း ကလေးတွေကို လူကြီးမိဘတွေက မဆူပါနဲ့။ အပြစ်မတင်ကြပါနဲ့။ နားထောင်ပေးပါ။ ကလေးတွေ ငယ်ကတည်းက ဘာမဆို မိဘကို ပွင့်ပွင့်လင်းလင်း ပြောတတ်အောင် လေ့ကျင့်ပေးစေချင်ပါတယ်။ ဒါမှလည်း ကလေးတွေ ဘာဖြစ်နေမှန်း မပြတ်သိနေနိုင်မှာပါ”

🔹 “ပြောစရာ လူကြီးမိဘ မရှိရင် ကျနော့်ကို ပြောနိုင်ကြပါလိမ့်မယ်။ ကျနော့် သည် account ကို message လှမ်းပို့နိုင်ကြပါတယ်။ ကျနော် တတ်အားသရွေ့ ကူညီပေးပါ့မယ်”

ခံနေရသူတွေကို ပြောပြဖို့

🔹 “အရင်းစစ်လိုက်ရင်တော့ ကိုယ်ဘယ်သူလဲ၊ ကိုယ်ဘာလုပ်လဲဆိုတာက ကိုယ့်အပေါ်မှာသာ တည်ပါတယ်။ တခြားလူတွေအပေါ်မှာ မတည်ပါဘူး။”

🔹 “လူတိုင်း အမနာပ အပြောခံရပါတယ်။ ဘုရားတွေတောင် ဘယ်ဘုရားမှ အကဲ့ရဲ့ မလွတ်ခဲ့ပါဘူး။ အဲတော့ ကိုယ်တယောက်တည်း ခံနေရတယ်လို့ ထင်ရင် အမှားကြီး မှားသွားပါမယ်။”

🔹 “ဒါက ကိုယ့်ဘဝရဲ့ မဆိုစလောက် ကာလလေးပါ။ ပြောတဲ့သူတွေ မောရင် ရပ်သွားမှာပါ။ ကိုယ့်မှာ အသက်ရှင်ရပ်တည်ပြီး လုပ်စရာတွေ တပုံကြီး ရှိပါတယ်”

🔹 “ကိုယ့်ကိုယ်ကိုယ် သတ်သေတာ အဖြေမဟုတ်ပါဘူး။ ဆက်နေလည်း မထူးဘူးလို့ ခံစားနေရမှာကို စာနာပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဆက်နေနေရင် တခုခု ထူးလာမှာကတော့ သေချာပါတယ်”

🔹 “သူများ ပါးစပ်လှုပ်တိုင်းသာ ကိုယ်က လိုက်လှုပ်နေမယ်ဆိုရင် ကိုယ့်ဘဝဟာ သူများပါးစပ်ထဲမှာ နစ်မွမ်းသွားလိမ့်မယ်။ (ပျဉ်းမနား မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက)”

ကိုယ်တွေ့ – ကျနော့်ကို အပြာစာအုပ်တွေ ရေးတဲ့သူလို့ ကျနော့်အဲဒီ့စာအုပ်တွေ ရောင်းပြီး အမြတ်ယူခဲ့ဖူးတဲ့ ဆိုင်ရှင် တယောက်အပါအဝင် လူတချို့က အမနာပ ပြောတတ်ကြပါတယ်။ ကျနော် ရယ်ပဲ နေပါတယ်။ ကျနော် ဘာရေးတယ်၊ မရေးဘူးဆိုတာ ကျနော့်ကိုယ် ကျနော် အသိဆုံးကိုး။

သူတို့ ဉာဏ်မရှိတာကို သူတို့ဘာသာ ပြနေတာ ခမျာများ မသိရှာကြဘူး။ သူတို့ပြောတဲ့ ကျနော့်စာအုပ်တွေက စစ်အစိုးရ လက်ထက် စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ခဲ့တဲ့ စာအုပ်တွေ။ အပြာစာအုပ် ထုတ်ခွင့်ရဖို့ ဝေးစွ၊ အဆဲစကားလုံး တလုံးပါရင်တောင် ဖြုတ်ပေးခဲ့ရတဲ့ အခြေအနေဆိုတာ သူတို့ မေ့နေရှာကြတယ်။ ရယ်တာပေါ့ဗျာ။ ကျနော့်ကို ဖာခေါင်း ပြောပြော၊ တဏှာရူးပြောပြော၊ ဂျီပုန်း ပြောပြော၊ ပြောချင်တာပြော၊ ကျနော်ဘာကောင်ဆိုတာ ကျနော့်အပေါ်မှာသာ တည်ပါတယ်။ (အမှန်က ကျနော် တဏှာရူးပါဗျာ။ ဆေးလိပ်၊ အရက်၊ မိန်းမ၊ ဘိန်း၊ ဆေးခြောက် ကြိုက်တာကိုးခင်ဗျ။ စိတ်ကြွဆေး၊ ဆေးပြားမူ လုံးဝ မကြိုက်ချေ။ ဤကား စကားညှပ်။ 😂😂😂)

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၂၅၀၆၁၉

ကိုယ့်ကိုယ်ကိုယ် သေကြောင်း မကြံဖြစ်ကြရလေအောင်

ကျန်းမာရေး ပြဿနာ

မိမိကိုယ်ကို သေကြောင်းကြံခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံတတ်တဲ့ အမူအကျင့်တို့ဟာ အဓိက ကျလှတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရင် နှစ်စဉ် လူပေါင်း တသန်းလောက်ဟာ မိမိကိုယ်ကို သေကြောင်းကြံရာက သေဆုံးနေပါတယ်။Image result for suicidal behavior

လူငယ်တွေနဲ့ ဆိုင်သလား

လူငယ်လူရွယ်လေးတွေမို့ မကြံစည်လောက်ဘူးလို့ မတွေးစေချင်ပါဘူး။ သုတေသနကောင်းတဲ့ အမေရိကန် နိုင်ငံအနေနဲ့ ပြောရင် အသက် ၁၀ နှစ်က ၂၄ နှစ်အတွင်း လူငယ်လူရွယ်လေးတွေ သေဆုံးမှုရဲ့ ၂၀ % ဟာ မိမိကိုယ်ကို သေကြောင်းကြံရာက ပေါ်ပေါက်လာတာပါ။
သူတို့နိုင်ငံရဲ့ ကိန်းဂဏန်းတွေအရ အထက်တန်းကျောင်းသား
  • ၁၅.၈ % ဟာ မိမိကိုယ်ကို သေကြောင်းကြံဖို့ အသည်းအသန် စဉ်းစားဖူးပါတယ်။
  • ၁၂.၈ % က မိမိကိုယ်ကို ဘယ်နည်းဘယ်ပုံနဲ့ သေကြောင်းကြံမယ်ဆိုတာကို အစီအစဉ်ချဖူးပါတယ်။
  • ၇.၈ % ကတော့ တကြိမ်ဖြစ်စေ၊ တကြိမ်ကဖြစ်စေ အမှန်တကယ် မိမိကိုယ်ကို သေကြောင်းကြံဖူးပါတယ်။
  • ၂.၄ % ကတော့ အဲလို မိမိကိုယ်ကို သေကြောင်းကြံရာကနေ အနာတရဖြစ်တာ၊ ဆေးလွန်တာတွေကြောင်း ဆေးရုံရောက်ဖူးပါတယ်။
ကျနော်တို့ဆီမှာ ဒါနဲ့ ပတ်သက်လို့ တနိုင်ငံလုံးအတိုင်းအတာ ဝေးစွ၊ ရန်ကုန်၊ မန္တလေးလောက်အတွက်တောင် စစ်တမ်းတွေ၊ သုတေသနတွေ မရှိတာ အလွန် ဝမ်းနည်းစရာကောင်းလှပါတယ်။ (သုတေသနတွေ တိမ်ကောသွားခဲ့တာ မြန်မာ့စောက်ရှက်လက်(စ်) လမ်းစဉ် ပညာရေးမဟာကြီးရဲ့ ကျေးဇူးတော်ပါပဲလေ။)
သို့သော်… ကျနော်ကိုယ်တိုင် ကြားဖူးတာကိုက နှစ်ပေါင်း ၄၀ ကျော် အတောအတွင်းမှာ ဆယ်ဂဏန်းနဲ့ ရှိပါတယ်။ အကုန်လုံး လူငယ်လေးတွေချည်းပါ။

ပထမဆုံးအကြိမ် စိတ်ထဲမှာ စွဲသွားခဲ့တာ

ပထမဆုံးအကြိမ်ကို မှတ်မိနေပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကို ကောင်းကောင်း ကျော်ခဲ့တဲ့အချိန်ကပါ။ အမှတ်မမှားရင် ၁၉၇၄ လောက်မှာ ဖြစ်မယ်ထင်ပါတယ်။ ကျနော်တောင်မှ ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းဆဲပါ။ ကျနော့်ထက် ၂ နှစ်လောက် ငယ်ရွယ်တဲ့ လူငယ်လေး တိမ်းပါးသွားတဲ့ သတင်းပါပဲ။ ဆယ်ကျော်သက်အရွယ် ရောက်ခါစ၊ လူပျိုဖော်ဝင်ခါစ အရွယ်လေးပေါ့။Image result for suicidal behavior
အဲဒီ့လူငယ်လေးကို ကျနော် ကောင်းကောင်း သိတယ်။ ၂ ကြိမ်၊ ၃ ကြိမ် ဆုံဖူး၊ စကားပြောဖူးခဲ့ပါတယ်။ ချစ်စရာ လူရည်သန့်လေးပါ။ မိကောင်းဖခင်က ပေါက်ဖွားတာလည်း ဖြစ်ပါတယ်။ နေတာကလည်း ရန်ကုန်မြို့ရဲ့ လူကုန်ထံရပ်ကွက်မှာပါ။ အဲဒီ့ခေတ်ကတည်းကိုက သူတို့နေတဲ့ တိုက်ကြီးက ဟီးလို့ပါ။ သူတို့ စီးနေတဲ့ကားတွေကလည်း အပျံစားပါ။ ခမျာမယ် ဘာများ စိတ်ညစ်စရာများ ရှိရှာပါလိမ့်မယ်လို့ တွေးလို့ ကောင်းနေခိုက်မယ် ထပ်သိလိုက်ရပါတယ်။ ၄ ကြိမ်မြောက် ကြံစည်တဲ့အခါမှာမှ သူ တိမ်းပါးသွားခဲ့တာတဲ့။
အဲဒီ့အချိန်မှာ ကျနော်က ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့စာအုပ်အတော်များများကို ဖတ်ထားနှင့်ပြီး ဖြစ်တာမို့ ဒါဟာ စိတ်ရောဂါပဲလို့ အတတ်စွဲမိနေခဲ့ပါတယ်။
တကယ့်တကယ်မှာတော့ ပညာရှင်တွေကိုယ်တိုင် မိမိကိုယ်ကို သေကြောင်းကြံစည်တတ်တဲ့အမူအကျင့်ရဲ့ အဓိက ရင်းမြစ်အကြောင်းခံတွေကို ကောင်းကောင်း နားမလည်နိုင်သေးဘူးလို့ ဆိုရင်မှားမယ် မထင်ပါဘူး။ အခု ကျနော်ဆက်လက်တင်ပြသွားမှာက ပညာရပ်ပိုင်းဆိုင်ရာ မဟုတ်ဘဲ အများနားလည်နိုင်ဖို့ကို ပိုရည်ရွယ်ပါတယ်။

ယေဘုယျအကြောင်းခံများ

ကိုယ့်စိတ်နဲ့ကိုယ် နပန်းလုံးနေရတဲ့ အကြောင်းခံတွေ

  • မကြာသေးခင်ကဖြစ်စေ၊ အသည်းအသန်ဖြစ်စေ ဆုံးရှုံးမှုတစုံတရာ
  • စိတ်ကျန်းမာရေး ယိုယွင်းမှု (အထူးသဖြင့် စိတ်ကြွ၊ စိတ်ကျ အပြောင်းအလဲမြန်နေသလို စိတ်ပိုင်း ယိုယွင်းမှုတစုံတရာ)
  • မျှော်လင့်ချက်ကင်းမဲ့နေတာ၊ ကူရာကယ်ရာမဲ့နေတာ၊ အပြစ်မကင်းသလို ခံစားရတာ၊ လောကမှာ ကိုယ်ဟာ ဘာမှ အသုံးမဝင်ပါဘူးလို့ ခံစားရတာ
  • အရင်က မိမိကိုယ်ကို သေကြောင်းကြံဖူးတာ
  • အရက်သေစာနဲ့ တခြား မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်တဲ့ ဆေးဝါးတွေ သုံးစွဲလို့ ပေါ်လာတဲ့ စိတ်ကျန်းမာရေး ယိုယွင်းမှုတစုံတရာ
  • စည်းကမ်းထိန်းသိမ်းရေး ပြဿနာတွေ
  • ကိုယ့်ကိုယ်ကိုယ် ဘာလိင်စိတ်ရှိလို့ ရှိနေမှန်း မသိတော့ဘဲ စိတ်ရှုပ်နေတာ။ ဆိုလိုတာက ကိုယ်ဟာ လိင်တူချင်း တပ်မက်သူလိုလို၊ လိင်ကွဲကိုမှ တပ်မက်သူလိုလို၊ ဘာလိုလို ညာလိုလို ဝေဝါးနေတာ

လူမှုရေးအကြောင်းခံတွေ

  • ချစ်ခင်သူတဦးဦး ကွယ်လွန်သွားတာ၊ မိဘနှစ်ပါး ကွာရှင်းလိုက်တာ၊ မိဘနှစ်ပါး အတူမနေတော့တာ၊ ရည်းစားနဲ့ ကွဲတာ၊ မိမိကိုယ်ကို တန်ဖိုးမထားတော့တာ၊ သူငယ်ချင်းအပေါင်းအသင်းတွေ၊ ဝါသနာတွေ၊ အရင်က သဘောကျခဲ့တဲ့ အားကစား၊ အနုပညာစတာတွေမှာ စိတ်မဝင်စားတော့တာမျိုးတွေလို မကြာသေးခင်ကဖြစ်စေ၊ အသည်းအသန်ဖြစ်စေ ဆုံးရှုံးမှု တစုံတရာ။
  • မိသားစုထဲမယ် မိမိကိုယ်ကို သေကြောင်းကြံဖူးတဲ့ ရာဇဝင် ရှိနေတာ
  • မိသားစုတွင်း အကြမ်းဖက်မှုကို မျက်ဝါးထင်ထင် ကြုံတွေ့ဖူးရတာတွေ
  • ကလေးသူငယ်ဘဝမှာ မတော်တရော်အလုပ်ခံရဖူးတာ၊ အနှိပ်စက်ခံရဖူးတာ၊ ပေယျာလကံအထားခံရဖူးတာ တခုခု
  • လူမှုရေးအရ ဖေးဖေးမမ မရှိတဲ့ ပတ်ဝန်းကျင်ထဲမှာ ရောက်နေတာ
  • အထီးကျန်သလို ခံစားနေရတာ
  • ဗိုလ်ကျအနိုင်ကျင့်ခံရသူ ဖြစ်နေတာ၊ ဒါမှမဟုတ်လည်း ကိုယ်တိုင်က ဗိုလ်ကျအနိုင်ကျင့်တတ်သူ ဖြစ်နေတာ

ယဉ်ကျေးမှု / ပတ်ဝန်းကျင် အကြောင်းခံတွေ

  • ဓား၊ မုတ်ဆိတ်ရိတ်ဓား၊ ပိုးသတ်ဆေး၊ အိပ်ဆေးစတဲ့ သေစေတတ်တဲ့အရာတွေ အနားမှာ လွယ်လွယ် ရနိုင်နေတာ
  • အကူအညီ မရနိုင်တာ (ဒါကတော့ ကျနော်တို့ တိုင်းပြည်မှာ လုံးလုံးကို မရှိသလောက်ပဲလို့ ဆိုနိုင်ပါတယ်။ ကုခန်း စိတ်ပညာရှင်နဲ့ အချိန်ယူ ပြောဆို အဖြေရှာတဲ့ အကူအညီကို ဆိုလိုပါတယ်။)
  • ယဉ်ကျေးမှု၊ ဘာသာရေး ယုံကြည်ချက်တွေ၊ ဆိုလိုတာက ကျဉ်းထဲကျပ်ထဲရောက်သွားတဲ့အခါ မိမိကိုယ်ကို သေကြောင်းကြံလိုက်ခြင်းနည်းနဲ့ ကိုယ်လွတ်ရုန်းတာ ကောင်းတယ်ဆိုတဲ့ ယုံကြည်ချက်တွေ ပေါ်ပေါက်လာစေတဲ့ အခြေအနေပါ။ ခုခေတ်မှာ ပိုဆိုးပါတယ်။ အင်ထနက်ထဲမှာတောင် မိမိကိုယ်ကို သေကြောင်းကြံတာကို အားပေးတဲ့ စာမျက်နှာတွေ ရှိနေပါတယ်။

ကာကွယ်စောင့်ရှောက်နည်းတွေ

  • ပြဿနာဖြေရှင်းတတ်၊ ပဋိပက္ခဖြေရှင်းတတ်တဲ့ စွမ်းရည်တွေ၊ အကြမ်းပတမ်းမဟုတ်တဲ့နည်းနဲ့ ပြဿနာတွေကို ကိုင်တွယ်နိုင်စွမ်းတွေ ရှိလာအောင် ကူညီပေးတာ
  • မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေ၊ အရပ်ထဲက နီးစပ်ရာတွေနဲ့ ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံမှု (ခုကာလမှ အဲဒါ ပိုအရေးကြီးလာပါတယ်။ အတုအယောင် ဆက်ဆံရေးဖြစ်တဲ့ အင်ထနက်က တဆင့် ဆက်ဆံရေးတွေက လူနဲ့လူချင်း ရင်းနှီးမှုအတွက် အထောက်အကူ မဖြစ်လှတာကို အားလုံး သတိချပ်သင့်မယ် ထင်ပါတယ်။)
  • သေစေနိုင်တဲ့ အရာတွေကို လက်လှမ်းမမီနိုင်အောင် ဆောင်ရွက်ထားတာ
  • အဖန်ငါးရာ ငါးကမ္ဘာ ခံရမယ်ဆိုတာမျိုးလို မိမိကိုယ်ကို သေကြောင်းကြံတာ မလုပ်ဖြစ်စေဘဲ ကိုယ့်အသက်ကို တန်ဖိုးထားမယ့် ယဉ်ကျေးမှု၊ ဘာသာရေး အတွေးအခေါ်တွေ ရလာစေတာ
  • မြန်မာပြည်မှာ ရနိုင်ခက်ခဲတဲ့ ကုခန်းစိတ်ပညာရှင်များရဲ့ အကူအညီ ရယူတာ

စိတ်ပူစရာကောင်းတဲ့ လက္ခဏာတွေ

အဲဒီ့လက္ခဏာတွေ တွေ့တာနဲ့တော့ အဲဒီ့ ကလေး/လူကြီးဟာ မိမိကိုယ်ကို သေကြောင်းကြံတော့မယ်လို့ အလိုလို သတ်မှတ်လို့ မရတာလည်း အသေအချာပါ။ သို့သော် အဲဒီ့လက္ခဏာတွေ မြင်လာရင် အသည်းအသန် လေးလေးနက်နက် ဆင်ခြင်ပြီး ကိုင်တွယ် ဆောင်ရွက်သင့်ပါတယ်။
အရေးကြီးတာက ကာယကံရှင်ဟာ သူ့ကို အလေးထားလာ၊ ဂရုစိုက်လာအောင် တမင်လုပ်နေတာကြီးပဲဆိုတဲ့ အတွေးနဲ့ လက္ခဏာတွေ ပြလာတာကို မသိကျိုးကျွံ မလုပ်ဖို့ပါပဲ။

အရေးကြီးတဲ့ လက္ခဏာတွေ

  • သေစကား ပြောတာ – သေဖို့ပဲဖြစ်ဖြစ်၊ မနေချင်တော့ဘူးလို့ပဲဖြစ်ဖြစ်၊ လောကကြီးက ထွက်သွားချင်တယ်လို့ဖြစ်ဖြစ်၊ တိုက်ပေါ်က ခုန်ချမယ်၊ ကြိုးဆွဲချမယ်စသဖြင့် ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်မယ့် စကားမျိုးတွေ ပြောလာတာ
  • ကိုယ်ရည်ကိုယ်သွေး ပြောင်းလာတာ – ဝမ်းနည်းတာ၊ ရှောင်ဖယ်ရှောင်ဖယ်လုပ်တာ၊ ဆတ်ဆတ်ထိ မခံနိုင် ဖြစ်နေတတ်တာ၊ စိတ်စောနေတာ၊ နွမ်းနယ်နေတာ၊ မပြတ်သားတာ၊ ဘာကိုမှ စိတ်မပါလက်မပါ ဖြစ်နေတာ တခုခု
  • အမူအကျင့် ပြောင်းလာတာ – ကျောင်းစာ၊ အလုပ်၊ ပုံမှန်လုပ်နေကျတွေကို အာရုံစိုက်ဖို့ ခက်နေတာ
  • အိပ်ပုံ ပြောင်းလာတာ – အိပ်မပျော်တာ၊ အစောကြီးနိုးနေတာ၊ တရားလွန်အိပ်တာ၊ အိပ်မက်ဆိုးတွေ မက်တာ
  • စားပုံပြောင်းလာတာ – အစားအသောက်ပျက်ပြီး ပိန်လာတာ၊ ဒါမှမဟုတ် တရားလွန်စားလာတာ
  • မထိန်းနိုင်မှာ ကြောက်တာ – အလွဲတွေ လုပ်နေတာ၊ ကိုယ့်ကိုယ်ကိုယ်ဖြစ်စေ၊ တခြားသူတွေကိုဖြစ်စေ အနာတရဖြစ်အောင် လုပ်လာတာ

ကိုယ့်ကလေးမှာ အဲဒီ့လက္ခဏာတွေ ပြလာရင်

  • တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးလည်း ရှိ၊ အပြစ်တင်တဲ့ လေသံ၊ စွပ်စွဲတဲ့ လေသံတွေလည်း မပါစေဘဲ ပြောနိုင်ဆိုနိုင်ရပါမယ်။
  • ကိုယ်သူ့ကို ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း သိလာအောင် လုပ်ပေးရပါမယ်။
  • ကိုယ့်အတွက် သူက ဘယ်လောက် အရေးပါကြောင်း၊ တန်ဖိုးရှိကြောင်း သိလာအောင် လုပ်ပေးရပါမယ်။
  • သူ့ဘဝ သာယာဖြောင့်ဖြူးရေးအတွက် ကြောင့်ကြစိုက်တဲ့အပေါ်မှာ အလေးထားသင့်ပါတယ်။
  • သူ့မှာ ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို ကိုယ်နားလည်တဲ့အကြောင်း ပြောပေးရပါမယ်။
  • (မြန်မာပြည်မှာ ခက်ပြန်ပါတယ်။) ကျွမ်းကျင်တဲ့ ကုခန်းစိတ်ပညာရှင် (စိတ်ကျန်းမာရေး ဆရာဝန်လို့ တလျှောက်လုံး မသုံးခဲ့တာကို သတိချပ်စေချင်လှပါတယ်။)ရဲ့ အကူအညီကို ရယူခိုင်းသင့်ပါတယ်။ (ရန်ကုန်မြို့မှာတော့ အနောက်တိုင်းက ကုခန်းစိတ်ပညာရှင်တွေရဲ့ ကုခန်းတခန်း ရှိပေမယ့် ဈေးက အတော်ကြီးလှပါတယ်။ တကြိမ်တည်းနဲ့လည်း ပြီးမှာ မဟုတ်သလို တခါတရံ နှစ်ပေါက်အောင် အပတ်စဉ် တွေ့ဆုံ စကားပြောရတာမျိုးမို့ ဈေးကြီးတဲ့အခါ ပြဿနာ ရှိနေနိုင်ပါတယ်။)
  • အဲလို အကူအညီရမယ်ဆိုရင်တော့ အဲဒီ့ခံစားချက်တွေ တချိန်မှာ ပျောက်သွားမှာ ဖြစ်ကြောင်း ကလေးကို အားပေးနိုင်ပါတယ်။ (ကလေးဆိုရာမှာ အထက်ကဆိုတဲ့အတိုင်း ၁၀ နှစ်မှ ၂၄ နှစ်ပါနော်။)

ကလေးတွေ မိမိကိုယ် မိမိ သေကြောင်းကြံချင်စိတ်မပေါက်အောင် ကာကွယ်နည်းတွေ

  • ကိုယ့်သားသမီးတွေ၊ တပည့်တွေနဲ့ စကားပြောတဲ့အခါ ကောင်းကောင်းပြောသင့်ပါတယ်။ ဆူပူမောင်းမဲတာ၊ အပြစ်တင်တာ၊ (ခွေးဖြစ်မယ့်ကောင်၊ လူတောမတိုးတဲ့ဟာမ စတာမျိုး) တံဆိပ်ကပ်တာမျိုးတွေ မပါဘဲ အပြုသဘောဆောင်တဲ့နည်းနဲ့ အပြန်အလှန် ပြောဆိုဆွေးနွေးနိုင်ရေးကို ဦးစားပေးသင့်ပါတယ်။
  • သူတို့လေးတွေ ဘေးကင်းစေရေးကို ဦးတည်ပြီး သူတို့ ဘယ်တွေ ရောက်နေတယ်၊ (ဖုန်းက စာရိုက်ပြီးဖြစ်ဖြစ်၊ Facebook/Twitter ကဖြစ်ဖြစ်) ဘယ်သူတွေနဲ့ ဆက်သွယ် ပြောဆိုနေတယ်ဆိုတာက သင့်တင့် လျော်ကန်စွာ စောင့်ကြည့်ကြပ်မတ်သင့်ပါတယ်။
  • သူတို့လေးတွေရဲ့ အပေါင်းအသင်းတွေနဲ့ ရောနှောဆက်ဆံနေရမှာ ဖြစ်သလို သူတို့ ဘယ်သူတွေနဲ့ ပေါင်းနေတယ်ဆိုတာလည်း သိထားရပါမယ်။
  • အရပ်ထဲ၊ ကိုယ့်အသိုင်းအဝိုင်းထဲက တခြား မိဘတွေနဲ့လည်း မှန်မှန်ကြီး တွေ့ဖြစ်၊ ပြောဖြစ်နေဖို့ လိုပါတယ်။
  • ဓားတွေ၊ အရက်သေစာ၊ သောက်ဆေး၊ ပိုးသတ်ဆေး၊ တရားမဝင်မူးယစ်ဆေးတွေကို သူတို့လေးတွေ လက်လှမ်းမမီနိုင်အောင် ကန့်သတ်ရပါမယ်။
  • (မြန်မာပြည်အတွက် ခက်ပြန်ပါပြီ။) သူတို့နေတဲ့ ကျောင်း၊ ဆရာ၊ ဆရာမတွေနဲ့ တွေ့ပြီး ကျောင်းမှာ ကိုယ့်ကလေးတွေ ဘေးအကင်းဆုံးဖြစ်နေအောင် ပြောဆို ညှိနှိုင်းသင့်ကြပါတယ်။
ပြောမယ်ဆိုရင်တော့ ပြောစရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် သည်ခေတ်က စာရှည်ရင် မဖတ်ကြတော့တာမို့ သည်လောက်နဲ့ပဲ ရပ်ထားလိုက်ပါတယ်။
အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

ဦးနှောက်ထဲက အပိုင်းနှစ်ပိုင်း

လူ့ဦးနှောက်မှာ အပိုင်းနှစ်ပိုင်းရှိတယ်။ ခံစားတဲ့ အပိုင်းနဲ့ ဆင်ခြင်တဲ့အပိုင်း။

ခံစားတဲ့အပိုင်းက ကိုယ်မှာ ဖြစ်နေတဲ့ အာရုံငါးပါးကို ထက်ခနဲ သိတယ်၊ ခံစားလိုက်တယ်။

ဆာတယ်၊ အစာစားတော့လို့ လူကို အမိန့်ပေးတာ ခံစားတဲ့ အပိုင်းပါ။ တိရစ္ဆာန်ဆိုရင်တော့ ဆာတယ်၊ အစာစားတော့လို့ ခံစားတဲ့အပိုင်းကပဲ ခိုင်းတာပဲ ဦးဆောင်တော့ နွားဆို မြက်ရှာစားမယ်၊ သူများ ပိုင်နက်တွေ ဘာတွေ မသိဘူး။ ခွေးဆို တခြားခွေးတွေနဲ့ အပြိုင် လုယက်စားမယ်။ သူတပါးကို ငဲ့ရကောင်းမှန်း မသိဘူး။ ကျားဆို သားကောင် ရှာမယ်၊ ကိုက်သတ်မယ်၊ စားမယ်၊ ပါဏာတိပါတာတွေ ဘာတွေ နားမလည်ဘူး။

လူမှာကျတော့ ဆင်ခြင်တဲ့အပိုင်းက ခံစားတဲ့အပိုင်းကို အပေါ်က အုပ်ထားတယ်။ ကွပ်ထားတယ်။ ဆာတယ်၊ ဒါပေမယ့် သူတပါး အစာကို လုမစားရဘူး၊ မောင်နှမချင်းဆို မျှတစားရမယ်၊ ဆာလို့ တွေ့ကရာ သတ်မစားဘူး။ အဲဒါ ဆင်ခြင်တဲ့အပိုင်းက ထိန်းချုပ်တာ။screenshot_011

ခံစားချက်ကို ရှေ့တန်းတင်လိုက်တဲ့အခါ သူတပါး နားဝင် မဝင် မသိဘူး။ ဒေါသတကြီးနဲ့ အယုတ္တအနတ္တတွေ ပြောဖြစ်ကုန်တတ်တယ်။ ဒါတောင် ပြောလို့ ရတဲ့သူမို့ ပြောတာ။ ကိုယ့်ထက်အကြီး၊ ဒါမှမဟုတ် လူပုံအလယ်မှာဆိုရင် ကိုယ့်ကိုယ်ကိုယ် တတ်နိုင်သမျှ ထိန်းတတ်ကြတယ်။ ဆင်ခြင်တဲ့ ဦးနှောက်က တားနေလို့။

ခံစားချက်ကြောင့် ထွက်ပြေးတဲ့သူနောက် ပြေးလိုက်တယ်။ အဲဒီ့လူကို စိတ်ဆိုးဆိုးနဲ့ ကိုယ်က ထိုးတော့မလို့ဟာ… သူက ထွက်ပြေးတယ်။ သင်းတော့ နေနှင့်ဦး… မိမှ ကောင်းကောင်း လုပ်ပလိုက်မယ်ဆိုပြီး ခံစားချက် ရှေ့တန်းပို့လိုက်တယ်။ ဆင်ခြင်တဲ့ ဦးနှောက်က အလုပ်မလုပ်တော့ ပြေးတဲ့လူနောက် လိုက်တဲ့အခါ ကားတွေ ဥဒဟို မောင်းနေတာကို သတိလစ်သွားတယ်။ ဟိုလူ့ကို ဘာမှ မလုပ်လိုက်ရဘဲ ကားတိုက်ခံရတယ်၊ ပွဲချင်း ပြီးချင် ပြီးမယ်။ ဒါမှမဟုတ် အကြီးအကျယ် ဒဏ်ရာရချင်ရမယ်။

အဲတော့… ဦးနှောက်ရဲ့ အပိုင်းနှစ်ပိုင်းမှာ ဘယ်အပိုင်းက လူကို ဦးဆောင်နေဖို့ လိုသလဲဆိုတာ လူတိုင်း ဆင်ခြင်နိုင်မယ် ထင်ပါတယ်။

သို့ပေတည့်… ဘာထရန်(ဒ်) ရပ်ဆယ်(လ်)ဆိုတဲ့ ဒဿနာဆရာ၊ ယုတ္တိဗေဒ ပညာရှင်၊ သင်္ချာပညာရှင်၊ သမိုင်းပညာရှင်၊ စာရေးဆရာ၊ လူမှုဗေဒ ဝေဖန်ရေးဆရာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူရဲ့ အောက်ပါ စကားလေးကို ပြန်ပြောင်း သတိရမိတဲ့အခါ ရွှေပြည်ကြီးမှာသာ မဟုတ်၊ တကမ္ဘာလုံးမှာ ဆင်ခြင်ဉာဏ်ကင်းမဲ့သူတွေက အားသာ များပြားလှတာကို သံဝေဂ ယူမိလိုက်ရပြန်ပါတယ်။

“အရူးအမူး စွဲလမ်းစိတ်နဲ့ ဖက်တွယ်ဆုပ်ကိုင်ထားတဲ့ သဘောထား ခံယူချက်တွေဟာ ဘယ်တော့မဆို အခြေအမြစ် မရှိတာတွေသာဖြစ်ပါတယ်။ ဖက်တွယ်ဆုပ်ကိုင်ထားသူများဟာ ဆင်ခြင်ဉာဏ် ကင်းမဲ့တာကို အရူးအမူး စွဲလမ်းစိတ်က ပြနေတာလည်း အမှန်ပါပဲ။ နိုင်ငံရေးနဲ့ ဘာသာရေး သဘောထားခံယူချက်တွေကို အရူးအမူး စွဲလမ်းစိတ်နဲ့သာ ဖက်တွယ်ဆုပ်ကိုင်ထားကြတာ ဘယ်တော့မဆို ခပ်များများပါ”တဲ့။

(မူရင်း)
“The opinions that are held with passion are always those for which no good ground exists; indeed the passion is the measure of the holders lack of rational conviction. Opinions in politics and religion are almost always held passionately.”
― Bertrand Russel (1872-1970), British philosopher, logician, mathematician, historian, writer, social critic and political activist.

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၁၃၀၃၁၈)

(ပုံက အင်ထနက်ထဲက ရှာထားတာပါ။)

Subconscious of those raising their heads high

ခေါင်းမော့သူများရဲ့ အဇ္ဇျတ္တ


နေ့တိုင်းလည်း မြင်တွေ့နေ၊ မွေးကတည်းက ကိုယ်ကိုယ်တိုင်လည်း လုပ်နေမိခဲ့ပေမယ့် တကယ်တမ်း စ သတိထားမိသွားတာက ၁၉၉၉ ခုနှစ် နှစ်ကုန်မှာ စီမံရေးရာသင်တန်းနဲ့ ပထမဆုံးအကြိမ် ကြုံလိုက်ရတော့မှပါ။ အဲတော့မှ ဪ… ဒါတွေက တကယ်အရေးကြီးပါလားလို့ စတင် သတိထားမိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း စာတွေ ဖတ်ရင်းနဲ့ ဒါတွေရဲ့ အရေးပါပုံကို ပိုလို့ ပိုလို့ ဆင်ခြင်မိလာရပါတယ်။

အဲ… “ဒါတွေ”ဆိုတာက “ဝေါဟာရမဲ့ စကား”တွေပါ။ ဝေါဟာရမဲ့လို့ ဆိုတဲ့အတွက် အဲဒီ့စကားတွေဟာ ဝေါဟာရ စကားလုံးအနေနဲ့ မဟုတ်ပေမယ့် အနက် အဓိပ္ပာယ်တော့ ကောက်ယူလို့ ရ၊ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ် အသိပေးလို့ ရနေတဲ့ စကားတွေ ဖြစ်ပါတယ်။ ဆိုကြပါစို့… “ဟင့်” “အင့်” “ရှူး” စတာမျိုးလို၊ တက်ခေါက်သံ၊ စုပ်သတ် သံလိုဟာမျိုးတွေဟာ ဝေါဟာရမဲ့ စကားတွေထဲမှာ ပါဝင်ပါတယ်။

ဒါတွေတင်လားဆိုတော့ မဟုတ်သေးဘူး။ အသံနေ အသံထားဟာလည်း ပြောလိုက်တဲ့ စကားရဲ့ အနက်ကို တန်ဆာဆင်ပေးပါတယ်။ “လှလိုက်တာ”ဆိုတဲ့စကားကိုပဲ တည်တည်တံ့တံ့ လေသံ၊ လှောင်သံ၊ ခနဲ့သံ၊ စိတ်မပါလက်မပါသံ အစရှိသဖြင့် လေယူလေသိမ်းအမျိုးမျိုးနဲ့ ပြောနိုင်ပြန်တယ်။

ခေါင်းညိတ်ခေါင်းခါတာ၊ မဲ့တာ၊ ရွဲ့တာ၊ ပြုံးတာ၊ လျှာထုတ်တာ၊ မေးငေါ့တာ အစရှိတဲ့ မျက်နှာအမူအရာအမျိုးမျိုးနဲ့လည်း တစ်ယောက်နဲ့ တစ်ယောက် ကိုယ်သိစေချင်တာကို ဖော်ကျူးလို့ ရပြန်ပါတယ်။ လက်ဟန် ခြေဟန်များလည်း အတူတူ ဖြစ်သလို လမ်းလျှောက်ပုံ၊ ခေါင်းထားပုံ၊ ရပ်ပုံ၊ နေပုံ အစရှိတဲ့ တစ်ကိုယ်လုံးမှာ ရှိရှိသမျှ ကိုယ်လက် ဟန်ပန် အမူအရာများ အားလုံးကလည်း ကိုယ်ပြောလိုတဲ့ စကားတွေကို ဝါကျမပါ၊ ဝေါဟာရမပါဘဲ ပြောသွားနိုင်တာ၊ ကိုယ်ပြောနေတဲ့ စကားအနက် အဓိပ္ပာယ်တွေကို ပိုမိုလေးနက်စေ၊ ပေါ့ပျက်သွားစေနိုင်တာမျိုးကို ဖြစ်စေတတ်ပါတယ်။ ယုတ်စွအဆုံး၊ လူတစ်ယောက်ရဲ့ ပုခုံး၊ လက်မောင်းကို ကိုင်ပုံ၊ ဆုပ်ပုံ၊ အနောက်တိုင်း ယဉ်ကျေးမှုအရ လက်ဆွဲနှုတ်ဆက်ရာမှာ တစ်ဖက်သားရဲ့ လက်ကို ကိုင်ပုံ၊ ဆုပ်ပုံများကလည်း စကားတွေ အများကြီးကို ပြောလိုက်နိုင်ပါတယ်။

အဲဒါတွေအားလုံးကို “ဝေါဟာရမဲ့စကား”ရယ်လို့ ခြုံငုံပြီး ပြောလိုက်တာဖြစ်ပါတယ်။ တချို့က အဲဒါကို “ကိုယ်အမူအရာ”ပဲလို့ ခြုံလိုက်တတ်ပါတယ်။ ဒါပေမယ့် ကိုယ်အမူအရာသာမကပဲ နှုတ်က ထွက်တဲ့ အင်း၊ ဟင့်အင်း၊ တောက်၊ အွန်၊ ဟာ၊ ကျွတ်ကျွတ်ကျွတ်ဆိုတဲ့ အသံတွေ၊ သံနေ သံထား၊ လေယူလေသိမ်းတွေလည်း ပါတဲ့အတွက် အားလုံးခြုံမယ်ဆိုရင် “ဝေါဟာရမဲ့စကား”သာ ဖြစ်သွားတော့တာပါ။

ထားပါတော့ ခင်ဗျာ။ သည်ဘာသာရပ်ကို ပြောမယ်ဆိုရင်တော့ အတော်အကျယ်ချဲ့ပြောမှ ပြည့်စုံမှာပါ။ အခု ကျွန်တော် အလေးအနက် တင်ပြချင်တာက အဲဒီ့ ဝေါဟာရမဲ့စကားတွေထဲ ခေါင်းအထားအသိုရယ်၊ အဲဒါတွေနဲ့ လူတစ်ယောက်ရဲ့ အတွင်းစိတ်အခြေအနေတို့ ဆက်စပ်မှုရယ် ကိုပဲဖြစ်ပါတယ်။

ခေါင်းအထားအသိုကို ဦးဆုံး ပြောမယ်ဆိုရင် ခေါင်းအထားအသိုမှာ ယေဘုယျအားဖြင့် သုံးမျိုး ရှိပါတယ်။ ခေါင်းငုံ့တာ၊ ခေါင်းကို တည့်တည့် ထားတာနဲ့ မော့တာတို့ပါပဲ။ ခေါင်းငုံ့တာဟာ စိတ်ဓာတ်ကျနေတဲ့သဘော၊ အရှုံးပေးတဲ့သဘော၊ အညံ့ခံတဲ့သဘော၊ နာခံတဲ့သဘောကို ဆောင်တယ်ဆိုရင် စာဖတ်သူ လူကြီးမင်းများ လက်ခံနိုင်ကြလိမ့်မယ် ထင်ပါတယ်။ တစ်နည်းပြောရရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့ကျစေ၊ လျော့ကျနေတဲ့ ကိုယ်အမူအရာပါပဲ။

သူနဲ့ ဆန့်ကျင်ဘက်က ခေါင်းမော့တာပါ။ အဲဒါကတော့ စိတ်ဓာတ် တက်နေတာ၊ မာန်ဝင့်နေတာ၊ အနိုင်ယူလိုစိတ်၊ သူများထက် ခေါင်းတစ်လုံး သာတယ်၊ အနိုင်ယူမယ်၊ ဘယ်သူ့မှ ထီမထင်ဘူးဆိုတဲ့သဘောကို  ပြဆိုနေတာ ဖြစ်ပါတယ်။ ခေါင်းငုံ့တာရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့အတွက်ကြောင့် ခေါင်းမော့နေသူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတာလို့ ပြောလိုက် ရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။

တကယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူရဲ့ ခေါင်းဟာ ပုံမှန်အတိုင်းသာ ရှိပါတယ်။ ငုံ့လည်း တစ်လက္မမှ မငုံ့သလို တစ်ဆံချည်စာမျှလည်း မော့မနေပါဘူး။ ပုံမှန်အတိုင်း ခေါင်းကို တည့်တည့်ထားတတ်ကြပါတယ်။  အဲဒါကို သတိထားကြည့်ရင် မြင်လာကြပါလိမ့်မယ်။ ကြည့်တယ်ဆိုတဲ့ နေရာမှာ ကိုယ်ကိုယ်တိုင် ခေါင်းထားပုံနဲ့ ကိုယ့်စိတ်အခြေအနေကို နှိုင်းယှဉ်ကြည့်နိုင်သလို ကိုယ့်ပတ်ဝန်းကျင်က လူအများရဲ့ ခေါင်းအထားအသိုများနဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်။

ကျွန်တော်တို့က နည်းနည်းလေး ကံကောင်းတယ်။ ဆိုရှယ်လစ်ပညာရေး စနစ် မတိုင်မီ တကယ့်ပညာရေးစနစ်က ပေါက်ဖွား လာခဲ့တဲ့ တကယ့် အရည်အသွေးမီ ပညာတတ် ဆရာဆရာမများနဲ့ သူငယ်တန်းမှသည် တက္ကသိုလ်ဘွဲ့လွန်တန်းများအထိ ကြုံဆုံခွင့်ရလို့ ကံကောင်းတယ်လို့ ပြောလိုက်ရတာပါ။

[သည်နေရာမှာ ဆိုရှယ်လစ်ပညာရေးစနစ်က ပေါက်ဖွားခဲ့တဲ့ ပညာတတ် ဆရာဆရာမများက တကယ့်ပညာတတ်တွေ မဟုတ်ဘူးလားလို့ မေးစရာ ပေါ်လာပါတယ်။ ဟုတ်ကဲ့ခင်ဗျာ… အားနာနာနဲ့ ဖြေရရင် မဟုတ်ပါဘူးလို့ပဲ ဖြေရမှာပါ။ ကျွန်တော်လည်း ဆိုရှယ်လစ်ပညာရေးက ထုတ်လုပ်လိုက်တဲ့ ပညာတတ်မို့ အဲဒီ့အထဲမှာ ပါနေတာ အမှန်ပါ။ သည် စကားကို ရှင်းမှ သင့်မယ်ထင်တဲ့အတွက် ရှင်းပြပါရစေခင်ဗျ။

၁၉၆၄ ခုနှစ်က စတင်ခဲ့တဲ့ ဆိုရှယ်လစ်ပညာရေးမှာ (၁) သိပ္ပံကို ဦးစားပေးခဲ့ကြပါတယ်။ (၂)  တက္ကသိုလ်ရွေးချယ်ခွင့်က ဆယ်တန်း ရမှတ် အပေါ်မှာသာ တည်ပါတယ်။ အဲဒီ့ နှစ်ချက်ဟာ ဆိုရှယ်လစ်ပညာရေးရဲ့ အကြီးမားဆုံး ချို့ယွင်းချက်နှစ်ရပ်ပါပဲ။

အချုပ်အချာအာဏာပိုင် လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အဓိက မဏ္ဍိုင်သုံးရပ်ဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ တရားဥပဒေပြုရေးတို့ ဖြစ်ပါတယ်။ အဲဒီ့ သုံးခုစလုံးဟာ သိပ္ပံပညာတွေ မဟုတ်ကြပါဘူး။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်သွေးကြောဖြစ်တဲ့ စီးပွားရေး (ဝါ) ဘောဂဗေဒပညာဟာလည်းပဲ သိပ္ပံမဟုတ်တာ အင်မတန် သေချာပါတယ်။ အိုင်းစတိုင်းတို့လို ပညာရှင် ဧတဒဂ် မဟုတ်တဲ့ သာမန် သိပ္ပံပညာတတ်ကျွမ်းသူဟာ သူများ ခိုင်းတာ လုပ်ရတဲ့သူများသာ ဖြစ်လာတတ်ပါတယ်။ သူများကို ခိုင်းနိုင်သူများ ဖြစ်လာလေ့ မရှိကြပါဘူး။ ဝိဇ္ဇာ ပညာကို တတ်ကျွမ်းထားသူများကတော့ စီမံခန့်ခွဲရေး နေရာကို ရောက်ရှိကြပြီး သူများကို ခိုင်းနိုင်သူများ ဖြစ်လာပါတယ်။

ခက်တာက ဆိုရှယ်လစ်ပညာရေးမှာကျတော့ တက္ကသိုလ်ရွေးချယ်ခွင့် ကို ဆယ်တန်း ရမှတ်နဲ့ ပိုင်းဖြတ်တဲ့ စနစ်ဖြစ်လာတဲ့အခါ တကယ့် လူတော်တွေနဲ့ သူတို့ရဲ့ မိဘတွေဟာ လူအများကြိုက်တဲ့ သိပ္ပံလိုင်းကိုသာ ရွေးချယ်ကြပါတော့တယ်။ အများကြိုက်ဆိုရာမှာလည်း အသက်မွေးမှုအတွက် ဆူလွယ်နပ်လွယ် ပညာကိုသာ စဉ်းစားကြပြီး ရေရှည်မှာ အကျိုးများမယ့် ဝိဇ္ဇာပညာကို ပစ်ပယ်လိုက်ကြတော့တာဟာ ဆိုရှယ်လစ်ပညာရေး စတင်လိုက်တဲ့ ၁၉၆၄ ခုနှစ်ကတည်းက ယနေ့ထက်တိုင် ဖြစ်သွားပါတော့တယ်။

အဲတော့ ဝိဇ္ဇာဘာသာရပ်တွေမှာက ဆယ်တန်းမှာ ရမှတ် အလွန် နည်းသူတွေ စုဝေးရာ ဖြစ်သွားပါတော့တယ်။ တစ်နည်းပြောရရင် ထူးချွန် ထက်မြက်သူတွေဟာ ဝိဇ္ဇာပညာကို လိုက်စားတဲ့ အလေ့က ဆိတ်သုဉ်းသွားပါတော့တယ်။ သည်အခါ ကျွန်တော်တို့ နိုင်ငံမှာ အုပ်ချုပ်ရေး စွမ်း ရည်၊ တရားစီရင်ရေး စွမ်းရည်၊ ဥပဒေပြုရေး စွမ်းရည်၊ စီးပွားရေး စွမ်းရည် မြင့်မားသူများ ပါးရှားလာတာရဲ့ အကျိုးဆက်ကို ကျွန်တော်တို့ အလူးအလဲ ခံစားနေကြရပါတော့တယ်။

နောက်ပြီး ဆယ်တန်းရမှတ်က သိပ်ကို ပဓာနကျလာတဲ့အတွက် စာသင်သားတွေဟာ စာတကယ်တတ်ဖို့ထက် အမှတ်များဖို့ကို ပိုပြီး ဦးစားပေးလာခဲ့ကြပါတော့တယ်။ သည်အခါမှာ ကျူရှင်တွေ စတင်ထွန်းကား လာတော့တာပါ။ ၁၉၆၄ မှာ ဆိုရှယ်လစ် ပညာရေး စတင်ပြီး မရှေး မနှောင်းမှာပဲ ကျူရှင်တွေရဲ့ အခန်းကဏ္ဍက မြန်မာ့ပညာရေးမှာ တွင်ကျယ်လာလိုက်တော့တာများ၊ အခုအခါမှာတော့ တက္ကသိုလ် စာသင်သားတွေတောင် ကျူရှင်နဲ့ မကင်းတော့တဲ့ ဘဝကို ရောက်သွားခြင်းဟာ အမှတ်ရဲ့ အရေးပါမှု အစွဲဆိုးကြီးနဲ့တကွ ဘာသာရပ်တစ်ခုခုကို တတ်ပွန် ကျွမ်းကျင်မှုထက် အမှတ်နဲ့ အောင်လက်မှတ်/ဘွဲ့လက်မှတ်အပေါ် တန်ဖိုး ထားမှု လွန်ကုန်ကြတာကို ရှင်းရှင်းကြီး ပြဆိုနေတာပဲ ဖြစ်ပါတယ်။ သည်အခါမှာ တကယ့်ပညာတတ်ကလည်း ပါးရှားလာတာ အမှန်ပါ။ မတတ်ဘူးလားဆိုတော့ တတ်တယ်။ ၁ + ၁ = ၂ ဆိုတာပဲ တတ်တဲ့ အတတ်မျိုးပါ။ ဒါပေမယ့် ၃၈၄၉ – ၃၈၄၇ = ၂ ဆိုတဲ့အထိ တွေးဖြစ်တာမျိုးက ပါးရှားလာတာကို ဆိုလိုပါတယ်။ ကြက်တူရွေးတတ် တတ်လာကြတယ်လို့ပဲ ပြောရမှာဖြစ်ပြီး ဆင်ခြင်တုံတရားပိုင်းမှာ ချို့ယွင်းလာတာကို ပြောလိုရင်း ဖြစ်ပါတယ်။]

အဲဒီ့ တကယ့်ပညာရေးစနစ်က မူလတန်းဆရာများမှသည် တက္ကသိုလ် ဆရာဆရာမကြီးများဟာ တကယ့်ပညာတတ်များပီပီ သူတို့ ကိုယ်သူတို့ ယုံကြည်မှု အပြည့်အဝ ရှိပါတယ်။ မာန်မာနလည်း အင်မတန် နည်းပါတယ်။ ဘယ်လောက်အထိများလဲဆိုရင် ကျွန်တော်တို့ အမေ အရွယ်၊ အဖေအရွယ် တက္ကသိုလ်ဆရာ၊ ဆရာမကြီးများဟာ ကျွန်တော်တို့ ကို “ရှင်၊ ကျွန်မ၊ ခင်ဗျား၊ ကျွန်တော်”ဆိုတဲ့ အသုံးအနှုန်းများနဲ့ ခေါ်ပြော ဆက်ဆံခဲ့ကြပါတယ်။ တစ်နည်းပြောရရင် တက္ကသိုလ်ရောက်စ မြောက်ကြွကြွ ကျွန်တော်တို့ လူငယ်လေးတွေကို လူလူသူသူ နေရာပေးပြီး နွေးနွေးထွေးထွေး ဆက်ဆံခဲ့ကြတာပါ။

အဲဒီ့ ဆရာဆရာမကြီးတွေရဲ့ ခေါင်းက မော့မနေပါဘူး။ ငုံ့လည်း မနေပါဘူး။ ပုံမှန်အတိုင်း ရေပြင်ညီအတိုင်း တည့်တည့်သာ ဖြစ်ပါတယ်။  (သူ့အတွေးနဲ့သူ ငိုက်စိုက် ငိုက်စိုက် လျှောက်နေတဲ့အခါမျိုးတော့ ထည့် မပြောကြေးပေါ့ဗျာ။) မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာများ ဆိုရင်လည်း ကျွန်တော်တို့ကို ရင်ဝယ်သားလို ကြင်ကြင်နာနာ ဆက်ဆံခဲ့ကြတာက များပါတယ်။ သူတို့တွေရဲ့ ခေါင်းတွေကလည်း မော့မနေပါဘူး။ ပုံမှန်ပါပဲ။

အဲ… ကျွန်တော်တို့ အထက်တန်းရောက်ချိန်မှာ ဆိုရှယ်လစ်ပညာရေးရဲ့ ဆိုးမွေဖြစ်တဲ့ ကျူရှင်ဆိုတာကြီးက မင်းမူစပြုနေပါပြီ။ သည်အခါမှာတော့ ခေါင်းတွေ စွတ်မော့ထားတဲ့ ကျူရှင်ဆရာ တချို့နဲ့ ရင်ဆိုင်ရပါတော့တယ်။ အဲတုန်းကတော့ သူတို့ ဘာလို့ ခေါင်းမော့နေတာလည်းဆိုတာ သဘောမပေါက်တတ်ခဲ့ဘူး။ ကိုယ်က အထက်တန်းကျောင်းသား ငမျောက် ငခြောက်ဆိုတော့လည်း ဘယ်သဘောပေါက်တတ်ခဲ့ပါ့မလဲလေ။

သည်လိုနဲ့ ဘဝကို ဖြတ်သန်းလာခဲ့တာများ အခုဆို “သေခါနီးကြီး”လို့ အပြောခံရမယ့် အရွယ်ကိုတောင် ရောက်လာခဲ့ပါပြီ။ သည်အခါကျတော့မှ အစမှာ ဆိုခဲ့သလို သင်တန်းအစုစု၊ ဖတ်ရှုမှုအထွေထွေကတစ်ဆင့် ခေါင်းမော့နေသူများရဲ့ စိတ်ဓာတ်အခံ အရင်းအမှန်ကို အဖန်ဖန် ဆင်ခြင်လာမိရပါတော့တယ်။

ဟုတ်ကဲ့ခင်ဗျာ…ခေါင်းမော့တာဟာ “မာန်ဝင့်တာ”လို့ ရှေ့မှာ မိတ်ဆက်ပေးခဲ့ပြီးပါပြီ။ ဒါကို စာဖတ်သူ လူကြီးမင်းများလည်း အလွယ်တကူ လက်ခံနိုင်ပါလိမ့်မယ်။ ဘာပြုလို့ မာန်ဝင့်တာလဲဆိုတာကို ဆက်စဉ်းစားလိုက်တဲ့အခါ အလွန်စိတ်ဝင်စားဖို့ ကောင်းသွားပါတယ်။ တကယ် ပြည့်ဝသူများဟာ မာန်မတက်ပါဘူး၊ မာန်မဝင့်ပါဘူး၊ သူတို့ကိုယ်သူတို့ ယုံကြည်မှု အပြည့်နဲ့ပေမယ့် တစ်ဖက်သားကိုလည်း လေးစားရကောင်းမှန်း သိတဲ့အပြင် နှိမ့်ချဖို့လည်း တစ်စက်မှ ဝန်မလေးပါဘူး။ “ပြည့်တဲ့အိုးများ ဘောင်ဘင်မခတ်ဘူး”ဆိုတဲ့ မြန်မာစကားလည်း အထင်အရှားမဟုတ်လား။

စိတ်သရုပ်ခွဲပညာမှာတော့ လူတွေမှာ “ခုခံမှုယန္တယား”တွေ ရှိတယ် ဆိုတာကို လက်ခံထားကြပါတယ်။ “ခုခံမှု ယန္တယား”ဆိုတာက ပညာရပ် ဆန်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာကို မသိစိတ်က သူ့အလိုလို တစ်နည်းနည်းနဲ့ ဖြေဖျောက်ယူတာပါပဲ။ ဆိုကြပါစို့ဗျာ၊ ကိုယ့် အထက်အရာရှိကို မကျေနပ်ဘူး။ ဒါပေမယ့် အထက်အရာရှိဖြစ်နေတဲ့အတွက် ပြန်လည်း မပြောရဲဘူး၊ ဘာမှလည်း ပြန်လုပ်လို့ မရဘူး။ သို့သော် အဲဒီ့ အထက်အရာရှိ အပေါ်မှာ ဒေါသက တအားထွက်နေတယ်။ သည်အခါမှာ အဲဒီ့ ဒေါသတွေကို မျိုသိပ်ထားတယ်။ အိမ်ပြန်ရောက်တော့မှ ကိုယ့်ကြောင် ကိုယ်ဆောင့်ကန်မိတာမျိုး ဟာလည်း လူ့မသိစိတ်ရဲ့ “ခုခံမှု ယန္တယား” ပုံစံများစွာအနက်က မြင်သာလှတဲ့ ဥပမာ တစ်ခုဖြစ်ပါတယ်။

အဲဒီ့ ခုခံမှု ယန္တယားတွေကိုပဲ ခွဲထုတ်လိုက်ရင် ကိုးမျိုးလောက် ထွက်လာပါတယ်။ အမေက ငါ့နိုင်၊ ငါက ကြက်မကြီးကို နိုင်ဆိုတဲ့ အထက်က ကိုယ့်ကို ပြန်မလုပ်နိုင်တဲ့၊ ကိုယ်မွေးထားတဲ့ ကြောင်ကို ဆောင့်ကန်မိတာ မျိုးဟာ “တခြားမှာ ရွှေ့ပြီး အထုပ်ဖြည်တဲ့နည်း”ဆိုတဲ့ ခုခံမှု ယန္တယားထဲက ပုံစံတစ်ခု ဖြစ်ပါတယ်။ အခု ခေါင်းမော့တာနဲ့ ပတ်သက်တဲ့ ခုခံမှု ယန္တယား ပုံစံကတော့ တစ်ဖက်က ခံစားမှုတွေ ပေါ်ထွက်လာမှာ စိုးတာနဲ့ပဲ မသိစိတ် က အဲဒီ့ခံစားချက်တွေကို ဖိထားရင်း အဲဒါနဲ့ ဆန့်ကျင်ဘက် အပြုအမူ တစ်ခုကို တရားလွန်ဖြစ်လာစေတဲ့ “တုံ့ပြန်ပုံ ကျင့်ယူထားနည်း” ဖြစ်ပါ တယ်။

သည်ပုံစံအတွက်အကောင်းဆုံးနမူနာကတော့ ဘဝမှာ ရင်နာစရာ၊ နာကျည်းစရာတွေကို ရင်နဲ့မဆံ့အောင် ခံစားထားရသူ တစ်ယောက်ဟာ ပျော်ပျော်ပါးပါးနဲ့ ဟေးလားဝါးလား၊ ရွှတ်ရွှတ်နောက်နောက်ဖြစ်နေ၊ ဟာသတွေ ပြောနေ၊ လုပ်နေ၊ အမြဲတမ်း ရယ်မောပျော်ရွှင်နေတာမျိုးပါပဲ။ ဒါမှမဟုတ်လည်း ကိုယ့်ဘာသာဆိုရင်တောင် သတိ မထားမိတဲ့ ရန်လိုမှုတွေ၊ ဒေါသတွေကို မသိစိတ်က အတင်းချိုးနှိမ်ထားပြီး လူတကာအပေါ် သဘောတွေ စွတ်ကောင်း၊ ဆက်ဆံရေးမှလည်း တရားလွန် သိမ်မွေ့ နူးညံ့ ချောမွေ့နေတတ်တာမျိုးပါ။

သည်လောက်ဆိုရင် သည်ခုခံမှု ယန္တယားရဲ့ သဘာဝကို စာဖတ်သူ လူကြီးမင်းများ အမြွက်သဘောလောက် မြင်နိုင်ကြမယ် ထင်ပါတယ်။ သည်အခါမှာ မိမိရဲ့ သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ၊ မိမိရဲ့ မပြည့်ဝမှုတွေ၊ ညံ့ဖျင်းအားနည်းချက်တွေကို ကိုယ့်ဘာသာလည်း သတိမထားမိဘဲ လူ့အတွင်းစိတ်ထဲက ခုခံမှု ယန္တယားက ပြုပြင်ပြောင်းလဲပြီး ဆန့်ကျင်ဘက်နည်းနဲ့ ထိုးတင်လိုက်တဲ့အခါ သိမ်ငယ်မှု၊ အားငယ်မှု၊ မပြည့်ဝမှု၊ ညံ့ဖျင်းအားနည်းမှုတွေရဲ့ ပြောင်းပြန်ဖြစ်တဲ့ ဝင့်ဝါမှုကြီးက လိုသည်ထက် ပိုပြီး ငေါငေါကြီး ပေါ်ထွက်လာပါတော့တယ်။

ကိုယ့်ရဲ့ သိမ်ငယ်စိတ်၊ ကိုယ့်ရဲ့ အားနည်းချက်တွေက အတော့်ကို ဆိုးရွားမှန်း ကိုယ်က မသိပေမယ့် မသိစိတ်က အရမ်းသိနေတယ်။ ဆိုကြပါစို့၊ ကိုယ့်ဖခင်က ကိုယ် လူမှန်း မသိခင်ကတည်းက ကွယ်လွန်သွားတယ်။ ကိုယ်က ဖတစ်ဆိုးအဖြစ် ကြီးပြင်းလာခဲ့ရတယ်။ မိစုံဘစုံ ရွယ်တူတွေ ကြားမှာ သူများတွေက သူတို့ဖအေအကြောင်း ပြောကြတဲ့အခါ ကိုယ့်မှာ လက်ညှိုးထိုးပြစရာ ဖအေ မရှိတော့တဲ့အတွက် ကလေးငယ်လေးဘဝမှာ သိပ်ကို သိမ်ငယ်ခဲ့ရတယ်၊ ရင်ထဲမှာ နာနာကျင်ကျင် ထိထိခိုက်ခိုက် ခံစားခဲ့ရဖူးတယ် ဆိုပါစို့။

အဲဒီ့ကလေး အရွယ်ရောက် လူလားမြောက်လာတဲ့အခါကျတော့ သူက သည်အဖြစ်ကို လက်ခံနိုင်သွားပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖခင် တိမ်းပါးသွားလို့ ဖတစ်ဆိုး ဖြစ်ရသူဟာ သူတစ်ယောက်တည်း မဟုတ်ဘူး၊ တခြားသူတွေလည်း ရှိသေးတယ်ဆိုတာကို သဘောပေါက်လာတဲ့အတွက် ငယ်ငယ်တုန်းကလို နာကျင်ထိခိုက်တာတွေ မရှိတော့ဘူးလို့ သူ့ကိုယ်သူ ယုံကြည်နားလည်ထားတယ်။ ဒါပေမယ့် မသိစိတ်ကကျတော့ ငယ်တုန်းက ထိခိုက်နာကျင်မှုကြီးက ဒဏ်ဖြစ်နေတယ်။ သည်အတွက် သူ့ရဲ့ ခုခံမှု ယန္တယားက ကျောင်းစာမှာ ထူးချွန်လာအောင် လုပ်ပေးလိုက်တယ်။ ကျောင်းစာ ထူးချွန်လာတဲ့အခါ သူက တအား မာန်တက်လာတယ်။ ငယ်တုန်းက သိမ်ငယ်စိတ်ကို ဖုံးဖိဖို့အတွက် ကျောင်းစာကို ရမယ်ရှာတယ်၊ ကျောင်းစာမှာ ချွန်လာတဲ့အခါ အဲဒီ့အပေါ်မှာ မာန်တက်လာတယ်၊ ဟိုသိမ်ငယ်မှုကို ဖျောက်တဲ့အနေနဲ့ သည်ထူးချွန်မှုနဲ့အတူ ဝင့်ဝါလာပါတော့တယ်။ ကျောင်းစာနဲ့ ပတ်သက်လာရင် ဘယ်သူ့ကိုမှ တူတယ်၊ တန်တယ် မထင်တော့ဘူး။ အဲဒီ့ကမှ အလုပ်ခွင်ထဲ ရောက်တဲ့အခါမှာလည်း သူသာ အတော်ဆုံး၊ အတတ်ဆုံးဆိုတဲ့ ဂိုက်နဲ့ ခေါင်းက အလိုလို မော့နေပါတော့တယ်။

ဒါဆိုရင် ခေါင်းမော့နေတဲ့သူတွေက မာန်ဝင့်နေတာဆိုတဲ့ စကားကို ပြောင်းပြန်အနက်ကောက်လိုက်မယ်ဆိုရင် “မပြည့်တဲ့အိုးပီပီ ဘောင်ဘင်ခတ်”နေတယ်ဆိုတာ ထင်ရှားလာပါတယ်။ မှန်ပါတယ်။ တကယ်လည်း တကယ်ပါ။ မာန်ဝင့်တယ်ဆိုကတည်းက တကယ် မပြည့်သေးလို့သာ ဝင့် လို့ ကောင်းနေတာပါ။ တကယ် ဉာဏ်ပညာ အမြော်အမြင်နဲ့ ပြည့်စုံသွားသူများဟာ အလကားနေရင်း မာန်မဝင့်တော့တာ တိပိဋကဆရာတော်ကြီး အရှင် ဦးဝိစိတ္တသာရာဘိဝံသလို ပုဂ္ဂိုလ်မျိုးကို စံထားလို့ ရပါတယ်။

ဘုန်းကြီးရဟန်းကို နမူနာပြမိတော့ ငါတို့က ပုထုဇဉ်ပဲ ရှိသေးတာ၊ ဝင့်ချင်လည်း ဝင့်မှာပေါ့လို့ ပြောချင်သူတွေ ရှိလာနိုင်ပါတယ်။ အဲလိုဆို လည်း ဝင့်ပါခင်ဗျာ၊ ကန့်ကွက်ရန် မရှိကြောင်းပါလို့သာ ပြန်ပြောမိမယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်သည်စာလေးကို ဖတ်မိလိုက်သူတွေက လည်း အဲသလို ဝင့်နေတဲ့သူတွေကိုကြည့်ပြီး သူတို့ရင်ထဲမှာ သူတို့ကိုယ်တိုင်တောင်မှ သတိမထားမိတဲ့ “သိမ်ငယ်စိတ် အရင့်စားကြီး”ကို သဘော ပေါက်နေကြတော့မှာပါ။

ကျွန်တော်လည်း နုစဉ်အခါတုန်းကတော့ မာန်အပြည့်နဲ့ပေါ့ခင်ဗျာ။ ငါ့လောက် တော်သူတတ်သူမရှိဆိုတဲ့ “ငါ့ပြင်မရှိ”ရောဂါ အရင့်စားကြီးနဲ့ လူလုပ်ခဲ့သူပါ ခင်ဗျား။ ကျွန်တော့်မှာလည်း သိမ်ငယ်စိတ် အပြင်းစားကြီး ရှိနေခဲ့တာကိုး။

အခုကျတော့ အဲဒါတွေကို ရှက်ရကောင်းမှန်း သိလာပါတယ်။ ပိုဆိုးတာက သည်“ဝေါဟာရမဲ့စကားတွေ”အကြောင်းကို တဖြည်းဖြည်း ပို နားလည်လာသလို အဲဒီ့ ကိုယ်နှုတ်အမူအရာတွေနဲ့ လူ့စရိုက်၊ လူ့စိတ်ရင်း အဇ္ဇျတ္တတို့ရဲ့ အဆက်အစပ်ကို နားလည်လာတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် သတိထားဆင်ခြင်မိလာပါတော့တယ်။

အဲဒါကြောင့် နုစဉ်အခါက မော့တော့မော့တော့နဲ့ ဝင့်ဝါနေတဲ့ ကျွန်တော့်ခေါင်းလည်း တဖြည်းဖြည်း အောက်ကို စိုက်လာတာ၊ အခုတော့ ရေပြင်ညီအတိုင်း ဖြစ်လာခဲ့ပြီ ထင်ပါတယ်။

ဟုတ်မဟုတ်တော့ ကျွန်တော်နဲ့ လူချင်းဆုံမိတဲ့အခါကျတော့မှ သတိလေး ထားပြီး အကဲခတ်တော်မူကြပါတော့ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

(ရန်ကုန် - ဝ၃၀၅၁၂)


(၂၀၁၂ ခုနှစ် ဇွန်လထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ စာမူဖြစ်ပါတယ်။)

On Suicidal Tendencies

မိမိကိုယ်ကို အဆုံးစီရင်ခြင်းနှင့် စပ်လျဉ်း၍

နိဒါန်း

အင်တာနက်လို့ ခေါ်တဲ့ နိုင်ငံတကာဆက်သွယ်ရေး ကွန်ရက်ပေါ်မှာ တစ်လောဆီက ရင်နင့်စရာ သတင်းတစ်ပုဒ် ဖတ်ရပါတယ်။ တိုင်းတစ်ပါးမှာ မိမိကိုယ်မိမိ အဆုံးစီရင်သွားသူ လူငယ်လေးတစ်ဦးရဲ့ သတင်းပါ။ အဲဒီ့သတင်းက မြန်မာ လူငယ်အများစု အသုံးပြုနေကြတဲ့ အင်တာနက်ပေါ်က လူမှုရေး ကွန်ရက်မှာ ပလူပျံနေသလို ပေးကြတဲ့ မှတ်ချက်တွေက အမျိုးမျိုးဖြစ်နေတဲ့အပြင် တကယ့် အချစ်သူရဲကောင်းတစ်ဦးပမာ တချို့က ရေးသားကြတာတွေလည်း ဖတ်ရတယ်။

သည်မတိုင်ခင် တစ်နှစ် နှစ်နှစ်လောက်တုန်းကလည်း အဲဒီ့ အင်တာနက်ကြီးထဲမှာပဲ၊ နယ်မှာ နေထိုင်သူ လူငယ်လေးတစ်ယောက်ဟာ အချစ်ရေးကိစ္စနဲ့ပဲ မိမိကိုယ်ကို အဆုံးစီရင်တဲ့သတင်းကို ဓာတ်ပုံနဲ့တကွ တွေ့ခဲ့ရဖူးပါသေးတယ်။ အဲတုန်းကလည်း လူမှုရေးကွန်ရက်စာမျက်နှာပေါ်မှာ ဝိုင်းရေးကြတဲ့ မှတ်ချက် အထွေထွေထဲမှာ အားကျစရာ အချစ်သူရဲကောင်းကြီးသဖွယ် ရေးထားကြတာလေးတွေလည်း ဖတ်လိုက်ရပါတယ်။

အဲဒါတွေကို ဖတ်ရတဲ့အခါ စိတ်ထဲ မကောင်းဖြစ်မိရသလို ဒါနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ရေးပြဖို့ လိုအပ်နေပြီဆိုတာလည်း သတိထားမိခဲ့ပါတယ်။ ပထမလူငယ်လေးရဲ့ သတင်းကို ဖတ်ရချိန်ကတည်းက ရေးချင်ခဲ့တာဟာ အခုကျတော့မှ အကောင်အထည်ပေါ်ပါတော့တယ်။

သတိထားသင့်တဲ့ အချက်

တကယ်တော့ မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းဟာ ယာယီ ပြဿနာကို ဘယ်တော့မှ ပြင်လို့ မရနိုင်တဲ့ နည်းနဲ့ ဖြေရှင်းလိုက်တာပါပဲ။

လောကဓံကို လူသားတိုင်း ရင်ဆိုင် ကြုံတွေ့ရစမြဲပါ။ ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ အခြွေအရံများခြင်း၊ နည်းခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်း၊  ပိုက်ဆံရှိခြင်း၊ မရှိခြင်း၊ အလိုပြည့်ခြင်း၊ မပြည့်ခြင်း… အားလုံးသော အရာတိုင်းဟာ တကယ်တော့ လောကဓံတွေပါပဲ။ အလားတူပါပဲ၊ ချစ်သူနဲ့ ကွေကွင်းရခြင်း ဒုက္ခကိုလည်း လူငယ် လူရွယ်အတော်များများ ခံစားရတတ်ပါတယ်။

တစ်နည်းပြောရရင် “သေချင်စော်နံအောင်” စိတ်ညစ်စရာ ကောင်းလှတဲ့ ကာလတွေကို လူသားတိုင်း ရင်ဆိုင်ကြုံတွေ့ကြရစမြဲပါပဲ။ ကလေးတုန်းကလည်း ကလေးအလျောက် အလိုမကျစရာတွေနဲ့ ရင်ဆိုင်ရသလို လူငယ်ဘဝကျတော့လည်း လူငယ်အလျောက် စိတ်သောက ရောက်စရာတွေ တွေ့ကြရတတ်မြဲဖြစ်ကာ အသက်ကြီးလာတော့လည်း ကြီးလာတဲ့အလျောက် စိတ်ဒုက္ခ ခံစားရတတ်တာလည်း ရှောင်လွှဲလို့ မရတဲ့ လူ့ဘဝရဲ့ ဒုက္ခ၊ သုက္ခတွေပဲဆိုတာ စာဖတ်သူ လူကြီးမင်းများ လက်ခံနိုင်ကြမလား မသိဘူးခင်ဗျ။

ဆင်ခြင်တုံတရားလေး ရှေ့ထားပြီး သေချာ ပြန်စဉ်းစားကြည့်မယ် ဆိုရင်တော့ အဲဒါတွေဟာ ယာယီပါ။ အခိုက်အတန့်မျှသာ ဖြစ်ပါတယ်။ တချို့က စောဒက တက်ချင်ကြပါလိမ့်မယ်။ မဟုတ်ဘူး၊ ကျုပ်မှာဖြင့် တစ်ဘဝလုံး စိတ်ဆင်းရဲခဲ့ရတာ၊ တစ်ဘဝလုံး ဒုက္ခနဲ့ ရင်ဆိုင်ခဲ့ရတာ၊ အဆင်ပြေတယ်၊ ပျော်ရွှင်တယ်ဆိုတာ တစ်ခါဆို တစ်ခါဖူးမျှ မကြုံခဲ့ရဖူးပါဘူးလို့ ပြောကောင်းလည်း ပြောချင်ကြပါလိမ့်မယ်။ ဟုတ်ကဲ့ခင်ဗျာ၊ အဲလို ပြောနေပြီဆိုရင် ကိုယ်ဟာ အခု လောလောဆယ်မှာကို စိတ်ဆင်းရဲနေလို့သာ ဖြစ်ပါတယ်။ သည်ဘဝ၊ သည်အရွယ်၊ သည်စာကို ဖတ်နိုင်တဲ့အထိ နေလာခဲ့ပြီဆိုမှတော့ နာကျင်ခါးသီးစရာတွေနဲ့ချည်း တည်ဆောက်ထားတဲ့ ဘဝမျိုး မဟုတ်လို့သာပါ။

ဘယ်ဟာမှ မတည်မြဲတဲ့ အနိစ္စသဘောနဲ့ တည်ဆောက်ထားတဲ့ သည်လူ့လောကထဲမှာ အပျော်သည်လည်း မတည်မြဲ၊ အလွမ်းသည်လည်း မတည်မြဲ၊ အကောင်းသည်လည်း မတည်မြဲ၊ အဆိုးသည်လည်း မတည်မြဲတတ်တဲ့ သဘာဝနဲ့ချည်းသာမို့ အားလုံးဟာ ယာယီသာဖြစ်ပါတယ်။ အချိန်တန်တော့လည်း ကောင်းတာကိုပဲဖြစ်ဖြစ်၊ ဆိုးတာကိုပဲဖြစ်ဖြစ် ကျော်လွှား လွန်မြောက်သွားနိုင်ခဲ့ကြသူချည်းပါပဲ။

မိမိကိုယ်ကို အဆုံးစီရင်တယ်ဆိုတာကကျတော့ ရှေ့ဆက်လျှောက်နိုင်၊ ကျော်လွှားနိုင်သေးတဲ့ ဘဝခရီးကို မိမိသဘောနဲ့ မိမိ အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ အသက်ဝိဉာဉ် ကင်းမဲ့သွားတဲ့ဘဝကို ရောက်သွားပြီဆိုမှတော့ ရင်ဆိုင်နေရတဲ့ ပြဿနာကို ကျော်လွှားနိုင်ခြင်းလည်း မရှိတော့သလို ကိုယ် မရခဲ့တာ၊ ကိုယ် မဖြစ်နိုင်ခဲ့တာများထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ရယူ ဖန်တီးနိုင်ခွင့်များလည်း ဆုံးရှုံးသွားပါပြီ။ ဘယ်လိုမှ ပြန်လည်ပြုပြင်လို့ မရတတ်နိုင်တော့တဲ့ နည်းနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ ယာယီပြဿနာကို စိတ်လိုက်မာန်ပါ ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။

မိမိကိုယ်ကို အဆုံးစီရင်လိုခြင်းဟာ စိတ်ကျန်းမာရေး ပြဿနာ

လူတိုင်းလိုလိုဟာ “သေပဲ သေလိုက်ချင်တော့တယ်”ဆိုတဲ့ စကားမျိုး ပြောဖြစ်တတ်ကြသလို စိတ်ထဲမှာလည်း ခဏတဖြုတ်လောက် သေချင်စိတ် ဖြစ်တတ်ကြပေမယ့် တကယ့်လက်တွေ့မှာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားတဲ့အထိကကျတော့ စိတ်ကျရောဂါဝေဒနာကိုဖြစ်စေ၊ အစွန်းနှစ်ဖက် စံလွဲမှုလို့ ခေါ်တဲ့ စိတ်ကြွ၊ စိတ်ကျ ရောဂါဝေဒနာကို ဖြစ်စေ ခံစားနေရသူများသာ ဖြစ်တတ်ပါတယ်။ အတိအလင်း ပြောရရင်တော့ သည်လို အမှန်တကယ် လုပ်ဖြစ်သွားခြင်းဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေလို့သာ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေး ချို့ယွင်းတာကို “ရူးတာ”လို့ ရှေးက အနက်ဖွင့်ခဲ့ကြပေမယ့် အခုအခါမှာတော့ စိတ်ကျန်းမာရေး ပြဿနာလို့သာ အနက်ဖွင့်ပါတယ်။ စိတ်ကျရောဂါနဲ့ အစွန်းနှစ်ဖက် စံလွဲမှုတို့ကကျတော့ အများသူငါလိုပဲ စားစား သောက်သောက် သွားသွား လာလာနဲ့ နေထိုင်နေပေမယ့် စိတ်က အလကားနေရင်းကို ညှိုးခြုံးနေ၊ အားငယ်နေ၊ စိတ်ဓာတ်ကျနေတာလည်း အမှန်ပါပဲ။

အဲတော့ ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်သိတဲ့ ကိုယ့်မိဘမောင်ဖား၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေရင်းချာ၊ သူငယ်ချင်းများမှာဖြစ်စေ အဲသလို စိတ်ကျရောဂါ တစ်စုံတစ်ရာ ခံစားနေရတယ်ဆိုရင် ဝမ်းနည်းကြေကွဲနေတဲ့ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းကင်းမဲ့ပြီး လမ်းပျောက်နေသလို ခံစားချက်တွေ ပေါ်ပေါက်နေ၊ ပြသနေတတ်ပါတယ်။ အဲလို ခံစားနေရချိန်မှာ ကိုယ့်ကိုယ်ကိုယ် အနာတရ ဖြစ်အောင် လုပ်ချင်စိတ်တွေ၊ မိမိကိုယ်ကို အဆုံးစီရင်ချင်တဲ့ အတွေးတွေ ပေါ်လာတတ်ပါတယ်။ အဲဒါကို အင်နဲ့ အားနဲ့၊ သတ္တိရှိရှိနဲ့ ရင်ဆိုင် တုန့်ပြန်ပေးနိုင်မယ်ဆိုရင်တော့ အဲဒီ့ ယာယီ ပြဿနာကို ကောင်းမွန်စွာ ဖြေရှင်း ကျော်လွှားသွားနိုင်ပြီး ဘဝကို ဆက်လက်လျှောက်လှမ်းသွားနိုင်မှာလည်း အမှန်ပါပဲ။

သည်နေရာမှာ သတိထားသင့်တဲ့ အရေးအကြီးဆုံးအချက်ကတော့ မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်များဟာဖြင့်ရင် ကိုယ်ခန္ဓာနဲ့ ဦးနှောက်ထဲက ဓာတ် အပြောင်းအလဲများကြောင့် စိတ်မှာပါ မတည်မငြိမ် ပြောင်းလဲနေတာများနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတစ်ရပ်ရဲ့ လက္ခဏာများသာဖြစ်ပြီး အဲဒီ့ ရောဂါ ဝေဒနာကို ကုသနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီ့လက္ခဏာတွေဟာ စရိုက် ပျက်ယွင်းတာ၊ ဒါမှမဟုတ် လူတစ်ယောက်ရဲ့ အားနည်းချက်တွေ မဟုတ်ပါဘူး။ ဒါ့အပြင် အဲလို ရောဂါဝေဒနာကို ခံစားနေရသူတစ်ဦးဟာ ကုသမှု မခံယူဘဲနဲ့ ဘယ်လိုနည်းနဲ့မှ သူ့အလိုလို ပျောက်ကင်းသွားမယ့် ရောဂါမျိုးလည်း မဟုတ်ပါဘူး။

စိတ်ကျရောဂါ လက္ခဏာများ

စိတ်ကျရောဂါ၊ ဒါမှမဟုတ် အစွန်းနှစ်ဖက် စံလွဲမှုရဲ့ စိတ်ကျမှု အဆင့်မှာ အောက်ဖော်ပြပါ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

  • အလွန်အကျွံ စိတ်ထိခိုက်ခြင်း
  • မျှော်လင့်ချက်ကင်းမဲ့ခြင်း
  • လေးလံထိုင်းမှိုင်းပြီး ဘာကိုမှ စိတ်မဝင်စားနိုင်တော့ခြင်း
  • အစားအသောက် ပျက်ခြင်း (ခံတွင်းပျက်ခြင်း)
  • ကောင်းကောင်း အိပ်မရတော့ခြင်း
  • လုပ်နေကျ အလုပ်တွေကို လုပ်နိုင်စွမ်း နည်းလာခြင်း
  • တစ်ချိန်က ပျော်ရွှင်ခဲ့တဲ့ အလုပ်တွေကို စိတ်မဝင်စားတော့ခြင်း (ဆိုလိုတာက အရင်က ရုပ်ရှင်ကြည့်တာ၊ စာဖတ်တာ၊ အားကစားလုပ်တာ စတာမျိုးတွေ လုပ်ရတာ စိတ်ချမ်းသာပေမယ့် အခုကျတော့ အဲဒါတွေကို ဘယ်လိုမှ စိတ်မဝင်စားတော့တာမျိုးပါ။)

ဒါတွေ အားလုံး စုပြီးဖြစ်နေပြီဆိုရင် သည်လက္ခဏာတွေဟာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ စဉ်းစားတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။ သို့ပေမယ့်လည်း စနစ်တကျ ကုသမှု ခံယူမယ်ဆိုရင်တော့ အဲသလို ဝေဒနာ ခံစားနေရသူအများစုဟာ  သည်ဝေဒနာကို ခံစားရတာ သက်သာလာပြီး ဘဝအတွက် အနာဂတ် မျှော်လင့်ချက်တွေနဲ့လည်း ပြန်လည် ပြည့်ဝလာတတ်ပါတယ်။ သက်သာပျောက်ကင်းသွားဖို့လည်း ဖြစ်နိုင်ပါတယ်။

ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားနေရချိန်မှာ ခံစားမှုကို ထိန်းချုပ်စီမံနေတဲ့ အာရုံကြောစနစ်တွေ ပျက်ယွင်းနေပါတယ်။ ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားနေရသူတစ်ယောက်ဟာ သူ့ဘဝမှာ ကြုံခဲ့ရလေသမျှ အဆိုးတွေကိုသာ အဖန်ဖန် ပြန်တွေးဖြစ်နေသလို ဝမ်းနည်း ကြေကွဲနေ၊ စိတ်ထိခိုက်နေတတ်ပါတယ်။ သည်လိုတွေးတာဟာ စိတ်ဝေဒနာရဲ့ လက္ခဏာသာဖြစ်ပြီး အဲဒီ့လူရဲ့ ပင်ကိုသဘာဝ မဟုတ်ပါဘူး။ စနစ်တကျ ကုသမယ်ဆိုရင်တော့ အဲဒီ့လူဟာ သူ့ဘဝမှာ ကြုံခဲ့ရတဲ့ အကောင်းတွေကို ပြန်လည် သတိရလာနိုင်ပြီး ဘဝအမြင်လည်း ကြည်လင်လာပါလိမ့်မယ်။

မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်ဟာ ကုသလို့ရတဲ့ စိတ်ဝေဒနာ

မိမိကိုယ်ကို အဆုံးစီရင်ဖို့ စတင် စဉ်းစားမိပြီဆိုတာနဲ့ တစ်ပြိုင်နက် သတိထားမိဖို့ အချက်တစ်ချက်ကတော့ သည်စိတ်တွေ၊ သည်အတွေးတွေဟာ ကုသလို့ ရတဲ့ ကျန်းမာရေး ချို့ယွင်းမှုကြောင့်သာ ဖြစ်နေတယ်ဆိုတာပါပဲ။ ကုသပေးမယ့် ဆရာဝန်၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အပြန်အလှန်ပြောဆို အသိပေးခြင်းဟာ သည်အချိန်မှာ အင်မတန် အရေးကြီးလှပါတယ်။ ကိုယ့်အဖြစ်၊ ကိုယ့်ခံစားချက်တွေကို ပြောပြလိုက်ရင် ကိုယ့်ကိုများ အထင်သေးသွားမလား၊ ကိုယ့်ကိုများ ရှောင်ဖယ်သွားမလားဆိုတဲ့ အတွေးတွေနဲ့ ရှက်နေ ရွံ့နေလို့ လုံးလုံး မဖြစ်ပါဘူး။ ဒါ့ကြောင့် အဲသလို စိတ်ခံစားမှု စဖြစ်ပြီဆိုတာနဲ့ တစ်ယောက်ယောက်နဲ့ စကားပြောဖို့ လိုအပ်ပါတယ်။ မဆိုင်းမတွ လုပ်ရမယ့် အလုပ်ပါ။

မိမိကိုယ်ကို အဆုံးစီရင်ခြင်း၊ စိတ်ကျရောဂါဝေဒနာများနဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေကို နားမလည်သူ၊ သဘောမပေါက်သူများနဲ့ ပြောမိဆိုမိမယ်ဆိုရင်တော့ စကားဆက်ပြောလို့ မရတတ်နိုင်တော့သလို သည်လို ဝေဒနာ ခံစားနေရသူအတွက်လည်း အခြေအနေက ပိုဆိုးလာနိုင်ပါတယ်။ ဒါ့ကြောင့် သည်လိုအချိန်မျိုးမှာ ကိုးစား ယုံကြည်နိုင်ပြီး ကိုယ့်ရင်ထဲမှာ ရှိသမျှ မခြွင်းမချန် ဖြောင့်ဖြောင့်မှန်မှန် ပြောပြနိုင်သူတစ်ယောက်ကို ရှာဖွေနိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူများကတော့ သည်နေရာမှာ အကောင်းဆုံး အကူအညီပေးနိုင်ကြသူများပါပဲ။

မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်များကို ဘယ်လို ကုစားမလဲ

ကိုယ့်စိတ်၊ ကိုယ့်အတွေးတွေကို နေ့စဉ်မှတ်တမ်းမှာဖြစ်ဖြစ်၊ ဗလာစာအုပ် တစ်အုပ်မှာဖြစ်ဖြစ် ချရေးထားသင့်ပါတယ်။ ကိုယ့်ရဲ့ အနာဂတ် မျှော်လင့်ချက်တွေ၊ ကိုယ့်ဘဝမှာ တန်ဖိုးထားရသူတွေကို နေ့စဉ်ရေးသားသွားရပါလိမ့်မယ်။ ကိုယ် ဘာ့ကြောင့် အသက်ရှင် ရပ်တည်နေတယ်၊ ကိုယ့်ဘဝက ဘာ့ကြောင့် အရေးကြီးတယ်ဆိုတာ အဲဒါတွေကို ပြန်ဖတ်ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနိုင်ပါတယ်။

မိသားစုတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ သွားသွားလာလာ နေထိုင်ဖို့လည်း လိုတယ်။ ကျန်းမာ ရွှင်လန်းနေချိန်မှာ မိသားစုတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းရတာကို ကျွန်တော်တို့တွေ သာယာကြ၊ ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျနေ၊ စိတ်ဆင်းရဲနေချိန်မှာတော့ အဲသလို နေချင်စိတ်က အလိုလို ပျောက်နေတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဆွေမျိုးသားချင်းတွေနဲ့ နေတာဟာ သည်လို စိတ်ဓာတ်ကျနေချိန်မျိုးမှာ အလွန် အရေးကြီးပါတယ်။ ကိုယ့်ကို ဂရုစိုက်သူ၊ နားလည်ပေးတတ်သူ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေဆီ သွားတာ၊ သူတို့က ကိုယ့်ဆီ လာလည်တာများဟာ ကိုယ့်စိတ်ကို သက်သာလာစေနိုင်ပါတယ်။

သည်လိုအချိန်မျိုးမှာ မူးယစ်ဆေးဝါးများနဲ့ အရက်သေစာကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ မိမိကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးရမှု အများစုဟာ ရုတ်တရက် ပေါ်ပေါက်လာပြီး ဘယ်လိုမှ ထိန်းလို့ မရနိုင်တော့တဲ့ စိတ်ရိုင်းဝင်ပြီး ထလုပ်လိုက်လို့ ဖြစ်ကုန်ရတာပါ။ အဲသလို ထိန်းလို့မရတဲ့ စိတ်ကို မူးယစ်ဆေးများနဲ့ အရက်သေစာတို့က ပေါ်ပေါက်စေနိုင်တာမို့ စိတ်ဓာတ်ကျနေချိန်မှာ ဒါတွေကို ရှောင်ကြဉ်ဖို့က အသက်တမျှ အရေးကြီးလှပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ စိတ်ကျရောဂါအတွက် ကုသမှု ခံယူနေပြီး ဆေးသောက်နေတယ်ဆိုရင်လည်း အရက်သေစာနဲ့ မူးယစ်ဆေးဝါးက အဲဒီ့ဆေးများရဲ့ အာနိသင်ကို ပျက်ယွင်းသွားစေနိုင်ပါသေးတယ်။

မိမိကိုယ်ကို အဆုံးစီရင်မယ့် အချက်ပေးလက္ခဏာတွေ

တစ်ခါတလေကျရင် ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ ကျွမ်းကျင်သူများတာင်မှ လူတစ်ယောက်ဟာ သူ့ကိုယ်သူ အဆုံးစီရင်လိုစိတ် ဘယ်လောက်အထိ ပြင်းပြနေပြီလဲဆိုတာ အသိရ ခက်နေတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးသားချင်းတစ်ယောက်သာဆိုရင်လည်းပဲ သည်အချက်ကို လွယ်လွယ်နဲ့ မသိရနိုင်ပါဘူး။ တကယ်လို့ ကိုယ့်မိတ်ဆွေ၊ ကိုယ်ချစ်တဲ့ ခင်တဲ့သူမှာ ပြဿနာ ရှိနေတယ်၊ သူ့ကိုယ်သူ အဆုံးစီရင်မယ့် အလားအလာမျိုး ရှိနေတယ်လို့ သံသယ ရှိလာတဲ့အခါ သူ့ကို ပွင့်ပွင့်လင်းလင်း မေးသင့်သလို ကိုယ့်စိတ်ထဲမှာ ကြောင့်ကြနေတဲ့ သူ့အပြုအမူတွေကိုလည်း တိတိပပ ထောက်ပြသင့်ပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့အတွက် ကိုယ် စိုးရိမ်မကင်းဖြစ်ရတာ၊ သူ့ကို ကိုယ် ချစ်တာ၊ ခင်တာကိုလည်း သူ ပြန်သတိထားမိလာအောင် ပြောပြပေးဖို့ လိုပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့အကြောင်း ပြောဆိုဆွေးနွေးရုံနဲ့တော့ တစ်ဖက်သားရဲ့ စိတ်ထဲမှာ အဆုံးစီရင်လိုစိတ် ဖြစ်သွားမှာ မဟုတ်ပါဘူး။ လိုအပ်ရင်တော့ ဆရာဝန်နဲ့ ပြသဖို့ အကြံပေးနိုင်သလို သူ့ဘာသာသူ တစ်ယောက်တည်း သွားဖို့ အခက်တွေ့နေတယ်ဆိုရင်လည်း အဖော်လိုက်ပေးပါ့မယ်ဆိုတဲ့ စကားမျိုး ပြောပြနိုင်ပါတယ်။ သူဟာဖြင့်ရင် သူ့ကိုယ်သူ တစ်ခုခု လုပ်တော့မယ်လို့ ကိုယ့်စိတ်ထဲမှာ တအား ယုံကြည်နေပြီဆိုရင်တော့ သူ့ကို လုံးလုံး တစ်ယောက်တည်း မထားခဲ့တော့ဘဲ ဆရာဝန်တစ်ဦးဦးဆီကို ဖြစ်စေ၊ အရေးပေါ်ကိုဖြစ်စေ မဆိုင်းမတွ ခေါ်သွားဖို့ လိုပါလိမ့်မယ်။

တခြားသူဆီမှာ တွေ့ရနိုင်တဲ့ အချက်ပေး လက္ခဏာတွေကတော့ အောက်ပါတို့အတိုင်းပါပဲ။

  • တစ်ချိန်လုံး စိတ်ပျက်လက်ပျက်ဖြစ်နေတာ၊ မျှော်လင့်ချက် ကင်းမဲ့နေတာ။ (စိတ်ကျရောဂါကို မကုသဘဲ ထားခြင်းဟာ မိမိကိုယ်မိမိ အဆုံးစီရင်ဖြစ်သွားစေတဲ့ အဓိက အကြောင်းတစ်ရပ်ပါ။)
  • မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ရောရောနှောနှော မနေတော့ဘဲ ရှောင်ဖယ်ရှောင်ဖယ်လုပ်လာတာ။
  • ကူမယ့်သူ ဝေးနေတယ်၊ ကယ်မယ့်သူ မရှိဘူးလို့ ခံစားနေရတာ။
  • တရားလွန် ဒေါသတွေ ကြီးနေတာ၊ ပေါက်ကွဲနေတာ။
  • ချောင်ပိတ်မိသလို ခံစားနေရတာ၊ မွန်းကျပ်နေတာ။ သည်အခြေအနေကနေ ဘယ်လိုမှ လွတ်လမ်း မရှိတော့သလို ခံစားနေရတာ။
  • ခံစားမှုက အခု တစ်မျိုး တော်ကြာ တစ်မျိုး သိသိသာသာနဲ့ လှုပ်လှုပ်ခတ်ခတ် ပြောင်းလဲနေတာ။ ဆိုလိုတာက ဝမ်းနည်းရင်လည်း မျက်ရည်တွေ တအားကျ၊ ရယ်ရင်လည်း ခွက်ထိုးခွက်လှန်၊ ဒေါသဖြစ်ရင်လည်း ထိန်းမရတော့တဲ့အထိ အားတိုင်း ဖြစ်နေတာ။
  • စရိုက်ပြောင်းလာတာ။ အရင်က ခပ်အေးအေးနေသူက အခုကျတော့ စွာလောင် စွာလောင်ဖြစ်လာတာမျိုး၊ အရင်က စကားဖောင်တတ်သူက အခုကျတော့မှ ငြိမ်နေတတ်တာမျိုးပါ။
  • စိတ်လိုက်မာန်ပါ ကောက်ကာငင်ကာ ထလုပ်တတ်လာတာ။
  • အလုပ်အကိုင်မှာဖြစ်စေ၊ ကျောင်းစာမှာဖြစ်စေ အရင်ကလို မဟုတ်တော့ဘဲ လုပ်ရည်ကိုင်ရည် ကျဆင်းလာတာ။
  • အမြတ်တနိုး တန်ဖိုးထားတဲ့ ပစ္စည်းတွေကို သူများကို ပေးပစ်တာ။
  • သေတမ်းစာ ရေးလာတာ။
  • ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ တရားလွန် ခံစားနေတာ၊ ဒါမှမဟုတ် တရားလွန် ရှက်နေတာ။
  • ဘာကိုမှ သိပ်မဆင်ခြင်တော့တာ။
  • စိတ်ကျနေသူများဟာ သူတို့နဲ့ အရင်းနှီးဆုံး၊ သူတို့ အယုံကြည်ဆုံးတွေကို သူတို့ရဲ့ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ခံစားချက် အပြင်းစားတွေ၊ စိတ်ပျက်လက်ပျက် ဖြစ်နေတာတွေ၊ ကိုယ့်ကိုယ်ကိုယ် မယုံမရဲ ဖြစ်နေတာတွေကို ဖွင့်အန် ပြောပြတတ်ကြပါတယ်။ အဲဒီ့ခံစားချက်တွေ ပြင်းထန်လွန်းလေလေ၊ “မခံစားနိုင်တော့ဘူး”ဆိုတဲ့ စကားလုံးကိုလည်း သူတို့တွေ ပိုသုံးတတ်ကြလေဖြစ်သလို အဲသလို ပြင်းထန်နေလေလေ မိမိကိုယ်ကို အဆုံးစီရင်ပစ်လိုက်လိုစိတ်များကလည်း သူတို့ရဲ့ အတွေးထဲမှာ လွှမ်းမိုးနေလေလေ ဖြစ်တတ်ပါတယ်။
  • ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လက်စသတ်တာ။ သူ မရှိတော့တဲ့အခါ သူ့မိသားစု အဆင်ပြေရေးအတွက် လုပ်စရာရှိတာတွေကို လုပ်ပေးဖို့ ပြင်ဆင်နေပြီဆိုရင် အဲဒီ့လူဟာ မိမိကိုယ်မိမိ အဆုံးစီရင်ဖို့ ပြင်ဆင်နေတဲ့ အလားအလာက အတော်များနေပြီလို့ ဆိုနိုင်ပါလိမ့်မယ်။
  • မိမိကိုယ်ကို အဆုံးစီရင်နိုင်မယ့် နည်းလမ်းတွေကို အလေးအနက် အသည်းအသန် ပြောဆို ဆွေးနွေးနေပြီဆိုရင်လည်းပဲ အဲလိုလုပ်ဖို့ အလားအလာက အတော်များနေပြီလို့ တွက်ဆနိုင်ပါတယ်။ အဲလို မိမိကိုယ်ကို အဆုံးစီရင်ချင်တဲ့စိတ်က ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတဲ့တိုင် အဲလို ကြိုတင် ပြင်ဆင်ထားတဲ့အတွက် ရုတ်တရက် မိမိကိုယ် မိမိ အဆုံးစီရင်ရာမှာ လွယ်ကူသွားစေနိုင်ပါတယ်။
  • စိတ်ကျရောဂါ ပြင်းထန်လာတဲ့သူတစ်ယောက်ဟာ မူးယစ်ဆေးကိုဖြစ်စေ၊ အရက်သေစာကိုဖြစ်စေ အလွန်အကျွံ သုံးစွဲလာတတ်ပါတယ်။ ဒါလည်း သတိထားရမယ့် လက္ခဏာတစ်ရပ်ပါပဲ။
  • စိတ်ကျရောဂါ ခံစားနေရသူတစ်ယောက်ဟာ ရုတ်တရက်ကြီး ပြန်ကောင်းသွားပြီး ပုံမှန်အတိုင်းလို ဖြစ်သွားချိန်ဟာလည်း စိုးရိမ်ရချိန်ပါပဲ။ အမှန်တော့ ပြန်ကောင်းတာမဟုတ်ဘူး။ သူ့ကိုယ်သူ အဆုံး စီရင်တော့မယ်လို့ ပိုင်းဖြတ်ပြီးသွားချိန်မှာ အားလုံးကို စိတ်လျှော့လိုက်ပြီး ဟန်ဆောင်လိုက်တာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ကျ ရောဂါဝေဒနာ ခံစားနေရသူတစ်ယောက် ရုတ်ချည်း ပြန်ကောင်းသွားသလို ဖြစ်သွားချိန်မှာလည်း အထူး သတိထားသင့်ပါတယ်။

စိတ်ကျရောဂါဝေဒနာကနေ အလျင်အမြန် ပြန်ကောင်းလာခြင်းဟာ မိမိကိုယ်မိမိ အဆုံးစီရင်မယ့် အလားအလာနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ စိတ်ကျရောဂါ သက်သာသွားပြီဆိုတာနဲ့ အားအင်တွေ ပြန်လည် ပြည့်ဖြိုးလာသလို ကြိုတင်အကွက်ချ စီစဉ်နိုင်တဲ့ စွမ်းအားတွေလည်း ပြန်လည် ခိုင်မာလာပါတော့တယ်။ သည်မှာတင် မိမိကိုယ်ကို အဆုံးစီရင်ဖို့ ပြန်လည် ကြိုးစားတတ်ကြတော့တာပါ။ သုတေသနများအရဆိုရင် စိတ်ကျရောဂါကို ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူပြီးတဲ့နောက် ခြောက်လကနေ ၁၂ လတာအတွင်းမှာ အဲဒီ့လူနာတွေဟာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ စဉ်းစားဖြစ်စေနိုင်တဲ့ အလားအလာရှိပါသတဲ့။

နိဂုံး

တချို့သူတွေကျတော့လည်း အဲဒီ့ အချက်ပေး လက္ခဏာတွေ တစ်ခုဆို တစ်ခုမှ မပြဘဲ သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားတတ်တာမျိုးလည်း ရှိပါတယ်။ သို့ပေမယ့် ၇၅ ရာခိုင်နှုန်းကတော့ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်ပေး လက္ခဏာ တချို့ကို ပြခဲ့ကြတာချည်းပါပဲ။ ဒါ့ကြောင့် သည်လက္ခဏာတွေကို လူတိုင်း သိထားသင့်တယ်လို့ ယူဆပါတယ်။ သိထားမှလည်း ကိုယ်ကိုယ်တိုင်မှာဖြစ်ဖြစ်၊ တခြားသူတစ်ယောက်မှာဖြစ်ဖြစ် မိမိကိုယ်ကို အဆုံးစီရင်မယ့် အလားအလာ ရှိနေပြီဆိုရင် ဖျတ်ခနဲ တန်းသိနိုင်မှာပါ။

လူ့အသက်တစ်ချောင်းဆိုတာ ကယ်ကောင်းပါတယ်။ မိမိကိုယ်ကို အဆုံး စီရင်လိုစိတ်ပေါက်နေသူတစ်ဦးကို အပြစ်တင်ရတာ၊ ကဲ့ရဲ့ရတာ၊ ရှုံ့ချရတာက အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် သူဟာ စိတ်ကျန်းမာရေး ချို့ယွင်းတဲ့ ရောဂါ ဝေဒနာတစ်ခုကို ခံစားနေရသူပါလားဆိုတာ နားလည် သဘောပေါက်ပေးနိုင်မယ် ဆိုရင်တော့ သူ့ကို အပြစ်တင်၊ ကဲ့ရဲ့၊ ရှုံ့ချ၊ ဝေဖန်ဖို့ထက် သူ့ရောဂါဝေဒနာ သက်သာအောင် ကိုယ့်ဘက်က တတ်စွမ်းသမျှ ကူညီပံ့ပိုးပေးနိုင်ဖို့ စဉ်းစားမိကြမယ်လို့ မျှော်လင့် ယုံကြည်နေမိပါတယ်။

တချို့တွေက မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းရဲ့ အခြေခံ သဘောကို သတိ မထားမိကြတဲ့အတွက် ဝေဖန်ချက် အမျိုးမျိုး ပြောမိ၊ ပြုမိနေမိကြတာပါ။ သည် စိတ်ဝေဒနာရဲ့ သဘာဝကို သတိထားမိကြပြီဆိုရင်ဖြင့် ကိုယ့်ပတ်ဝန်းကျင်ကို တစ်နည်းတစ်ဖုံ အထောက်အကူပြုသွားနိုင်ကြလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရေးသား တင်ဆက်လိုက်ပါတယ်။

သည်စာမှာ အဓိက အချက်နှစ်ချက်ပါပါတယ်။ အဲဒါလေးက သည်စာရဲ့ အနှစ်ချုပ်မို့ နိဂုံးမှာ ပြန်ကောက်ပြပါရစေ။

(၁)    မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းဟာ ယာယီ ပြဿနာကို ဘယ်တော့မှ ပြင်လို့ မရနိုင်တဲ့ နည်းနဲ့ ဖြေရှင်းတာပါ။

(၂)    မိမိကိုယ်မိမိ အဆုံး စီရင်လိုစိတ်များဟာ စိတ်ကျန်းမာရေး ချို့ယွင်းမှုများကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

ရန်ကုန် – ၁၀၁၂၁၁

အကိုးအကား –

  1. http://www.sucide.org/
  2. http://www.medicinenet.com/suicide/article.htm
  3. http://helpguide.org/mental/suicide_prevention.htm

(၂၀၁၂ ခုနှစ် ဇန်န၀ါရီလထုတ် “သရဖူ” မဂ္ဂဇင်းမှာ ဖော်ပြထားတာကို ပြန်လည် တင်ဆကိလိုက်တာပါ။ ကူးယူဖော်ပြထားတဲ့ သရဖူ သရုပ်ဖော်ပုံများကို ဆရာ“ဇော်မောင်” ရေးဆွဲတာဖြစ်ပါတယ်။)