အစုတ်ထုတ်ရဲ့ ကြားဖြတ်အစီရင်ခံစာ (နိဂုံးပိုင်း)

အန်ကယ်ဦးကြည်မောင် အမှတ်တရ

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့တဲ့ ဦးကြည်မောင် ရာပြည့်ပွဲ အထိမ်းအမှတ်ကို မမျှော်လင့်ဘဲ တက်ရောက်ခွင့်ရခဲ့ရာက အဟောင်းတွေ အစုတ်ဖြစ်လာတဲ့အခါ စိတ်ဆာလွန်းလို့ သည်စာစုကို ရေးဖြစ်ခဲ့တာမှန်ပေမယ့် အခုအချိန်အထိ အန်ကယ်ဦးကြည်မောင်နဲ့ ပတ်သက်လို့ သည်စာထဲမှာ တိတိပပ ဘာမှ မရေးရသေးပါဘူး။

တကယ်တော့ အန်ကယ်ဦးကြည်မောင်နဲ့ ကျနော်နဲ့ ခင်မင်ရင်းနှီးလာတာက အန်ကယ်ဦးကြည်မောင် ဒီချုပ်က ထွက်လာတဲ့ ၁၉၉၇ ခုနှစ် နောက်ပိုင်းမှာပဲ ဖြစ်ပါတယ်။ အဲဒီ့ရှေ့ပိုင်းတုန်းက အန်ကယ်နဲ့ ကျနော်က တယောက်ကို တယောက် မြင်ဖူးသိကျွမ်းနေရုံသာပါ။ အန်ကယ် ထွက်လာတဲ့နောက်ပိုင်းမှာတော့ အန်ကယ့် အိမ်ကို ကျနော် မကြာခဏ ရောက်ဖြစ်ရာက ခင်မင်လာခဲ့ရတာပါပဲ။

ap9606160498သည်နေရာမှာ အန်ကယ် ဘာ့ကြောင့်ထွက်ဆိုတာနဲ့ ပတ်သက်တဲ့ ပဟေဠိကို အနီးကပ်နေကြသူတွေ အားလုံးက အပြည့်အဝ မသိတောင် တဆင့်ကြားနဲ့ ရိပ်မိနေကြပေမယ့် အကြောင်းကြောင်းကို ထောက်ထားပြီး ဘယ်သူကမှ ယနေ့ထက်တိုင် တခွန်းမဟပါဘူး။ ဦးကြည်မောင်၊ သို့မဟုတ် အရိုးပုံပေါ်မှာ ဗိမာန် မဆောက်လိုသူ စာအုပ်ထဲမှာလည်း အဲဒါကို ဘယ်သူကမှ ဖွင့်ဟမထားကြဘူး။ ကျနော်လည်း အားလုံး နည်းတူ ရေငုံနေလိုက်ချင်ပေမယ့် ပြောလို့ရတဲ့ အတိုင်းအတာတခုအထိတော့ ပြောကြည့်လိုက်ပါ့မယ်။

အတွင်းသတင်းအရ အန်ကယ်က ပြောသင့်လွန်းလာချိန်မို့ ပြောသင့်တဲ့ စကားတခွန်းကို ပြောခဲ့ပါတယ်။ အဲဒါကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခံလိုက်ရတဲ့အခါမှာတော့ အန်ကယ့်မှာ စေတနာက ဝေဒနာ ဖြစ်သွားခဲ့ရပုံပါပဲ။

တကယ်တော့ အန်ကယ်ဟာ အာဏာရနေရုံမက အာဏာစက်ပါ ပြင်းလွန်းလှတဲ့ ဗိုလ်နေဝင်းကိုတောင် ဂရုမစိုက်ခဲ့၊ ဗိုလ်နေဝင်းက သံအမတ်ရာထူးပေးပြီး ပြည်နှင်တာတောင် သူ့ကိုယ်ကျိုးစီးပွားဖြစ်နေပါလျက်ကနဲ့ လက်မခံခဲ့တဲ့အပြင် အဲဒီ့အချိန်က ရာထူးမှ အနားယူသည့်တိုင် တပ်ကား ၃ လ ဆက်သုံးခွင့်ကိုတောင် လုံးဝ မယူခဲ့တဲ့သူမျိုးပါ။

ဗိုလ်အောင်ကြီး ဒီချုပ်ကို ခွာသွားတုန်းကလည်း သူယုံကြည်တဲ့ ဘက်မှာ ခိုင်ခိုင်မာမာ ရပ်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲတော့ကာ သူ့စေတနာ အရာမထင်တော့ချိန်မှာ နောက်ကြောင်းကို လှည့်မကြည့်တော့တာ မဆန်းဘူးလို့ ဆိုနိုင်ပါလိမ့်မယ်။

သည့်ထက် ဖရုံဆင့်တာက အန်ကယ် ထွက်ချလာပြီးတဲ့ နောက်ပိုင်း ၂ နှစ်နီးပါးအကြာမယ် နာရေးကိစ္စကြောင့် လူမှုဝတ္တရားအရ သွားတဲ့အခါမှာတောင် တနာရီ နီးပါး အသားလွတ် စောင့်ခိုင်းထားပြီး လူချင်းတွေ့ရချိန် မှာလည်း ဖုတ်လေသည့် ငါးပိ၊ ရှိတယ်လို့ မအောက်မေ့တော့ဘဲ လှည့်တောင် မကြည့်ခဲ့ဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ အဲဒီ့မှာ အန်ကယ် တော်တော် အသည်းပေါက်သွားခဲ့လောက် မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

သို့သော် အဲဒီ့ပွဲမှာ ကျနော်ပြောခဲ့တဲ့အတိုင်း အန်ကယ်ဟာ ဆရာကြီး ရွှေဥဒေါင်းစကားနဲ့ဆိုရင် gentleman ပါ။ လူကြီးလူကောင်းပေါ့။ ကျနော့်စကားနဲ့ဆိုရင် မိကောင်းဖခင် သားသမီးပေါ့ဗျာ။ အဲဒါကြောင့် သည်ကိစ္စတွေနဲ့ ပတ်သက်လို့ သေလွန်သည်အထိ အန်ကယ့်နှုတ်က တလုံးတပါဒမျှ ထုတ်ဟ ဖွင့်ပြောသွားခြင်း မရှိပါဘူး။

အဲ… သို့သော် ကျနော်နဲ့ ရင်းနှီးလာတဲ့ နောက်ပိုင်း တချီသားမှာတော့ အန်ကယ်က ကျနော့်ကို မေးဖူးပါတယ်။ “ခင်ဗျား ဘယ်တုန်းက စိတ်ကုန်သွားတာလဲဗျ”တဲ့။ ကျနော်က ၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျနော်နဲ့ တည့်တည့် ရင်ဆိုင်ခဲ့ရချိန်က ကျနော်ခံစားခဲ့ရပုံကို ကျကျနန ပြန်ပြောလိုက်တော့ အန်ကယ် ရယ်လိုက်တာများ တဟားဟားနဲ့။ ပြီးတော့ ပြောပါတယ်။ “ခင်ဗျား အတော် လျင်တဲ့ လူပဲဗျာ”တဲ့။

ဆက်လက် ဖော်ပြထားတာကတော့ အန်ကယ့် ရာပြည့်ပွဲတုန်းက ပြောမယ်လို့ ကြံရွယ်ထားခဲ့ပေမယ့် အချိန်ကို ငဲ့ပြီး မပြောဖြစ်ခဲ့တဲ့ ကျနော့်ရင်ထဲက စကားတွေကို အခုမှ အားတက်သရော ပြည့်ပြည့်ဝဝ ပြောလိုက်တာ ဖြစ်ပါတယ်ခင်ဗျား။ 

မိကောင်းဖခင်သားသမီး အန်ကယ်

အစပိုင်းမှာ အန်ကယ်က ကျနော့်ကို သတိလေးနဲ့ ဆက်ဆံခဲ့ပါတယ်။ တနည်းအားဖြင့် သူ ကောင်းကောင်း မသိတဲ့ ကျနော့်ကို အကဲခတ်နေခဲ့ပုံပါပဲ။ နောက်ပိုင်းမှာ ကျနော်သည်လည်း အလွန်စာဖတ်တဲ့သူ၊ ပြီးတော့ အစွဲအလန်းကြီးကြီးနဲ့ ကိုယ်ချစ်တဲ့သူမို့ သာစေ၊ ကိုယ်မုန်းတဲ့သူမို့ နာစေ စိတ်သဘောထားရှိသူမျိုး မဟုတ်မှန်း ရိပ်စားမိလာချိန်မှာတော့ အန်ကယ်က ကျနော့်အပေါ် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ရှိလာတယ်လို့ ထင်ပါတယ်။

ကျနော်က ဘာသာစကားကို အလွန်စိတ်ဝင်စားတဲ့သူ။ အထူးသဖြင့် အင်္ဂလိပ်စာပေါ့။ အဲတော့ ကျနော့်ဆီမှာ အင်္ဂလိပ်ဘာသာစကားနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေ အတော်များများ ရှိပါတယ်။ အဲဒီ့အချိန်က အန်ကယ်သည်လည်း လူငယ်တွေကို အင်္ဂလိပ်စာ သင်ပေးနေတဲ့ အချိန်မို့ ကျနော့်ဆီက စာအုပ်တွေကို အန်ကယ်က ငှားတတ်ပါတယ်။

အိမ်ချင်းကလည်း သိပ်မဝေးတာမို့ အန်ကယ်က မနက်လမ်းလျှောက်ထွက်ရင်း ကျနော့် အိမ်ကို ဝင်ဝင်လာတတ်ပါတယ်။ သို့ပေတည့် ကျနော်က မနက်ကို ဖိအိပ်တဲ့ ညသမားဆိုတော့ အန်ကယ် လာတိုင်း ကျနော့် နှိုးနှိုးပေးကြရတာကို သူတပါးအတွက် အလွန်ထည့်တွက်ပေးတတ်တဲ့ အန်ကယ့်ခမျာ အားနာရှာပါတယ်။ ဖွင့်လည်း တောင်းပန်ပါတယ်။ ကျနော်က ရပါတယ် အန်ကယ်ရဲ့လို့ အကြိမ်ကြိမ် ပြောသေးပေမယ့် နောက်ပိုင်း သိပ်မလာတော့ဘူး။

အန်ကယ်နဲ့ တရင်းတနှီးနေခွင့်ရခဲ့တဲ့ ကာလတိုလေးမှာ သတိမထားဘဲ မနေနိုင်တာကတော့ စောစောက ပြောခဲ့တဲ့အတိုင်း အန်ကယ်က သိပ်ကို လူကြီးလူကောင်းဆန်လှတာကိုပါပဲ။ လူတိုင်းအပေါ် ကြီးကြီးငယ်ငယ် ထောက်ထား စာနာတတ်တာကို မမြင်ချင်လည်း မြင်နေရပါတယ်။

စကားပြောရင်လည်း သိမ်သိမ်မွေ့မွေ့ ချေချေငံငံချည်းပဲ။ အန်ကယ့်နှုတ်က ကြမ်းတမ်းတဲ့ စကား၊ သိမ်ဖျင်းတဲ့ စကား၊ သဟောက်သဟစကားတွေ တခါမှ မကြားခဲ့ဖူးပါဘူး။

အစ်မနဲ့အတူ ခြံရှေ့မှာ ဟောခဲ့ကြတုန်းကရော၊ ၁၉၉၀ ပြည့် ဂန္ဓီညီလာခံမှာ ပရိသတ်ကို ပြောချိန်၊ တခြား လူငယ်တွေနဲ့ ပြောဆိုနေချိန်တွေမှာပါ အန်ကယ့်စကားတွေကို ပရိသတ်တယောက်အနေနဲ့ ကြိမ်ဖန်များစွာ နားထောင်ခဲ့ရဖူးပါတယ်။ ကျနော်နဲ့လည်း အချိန်တော်တော် ကြာကြာ စကားတွေ ပြောခဲ့ဖူးပါတယ်။ ဘယ်တုန်းကမှ ဆိုးဆိုးရွားရွား၊ နင့်နင့်သီးသီး ပြောတာ မကြားခဲ့ဖူးပါဘူး။ လေပြည်လေအေးနဲ့ ရှင်းပြ ပြောပြတာချည်းပါပဲ။ သူနဲ့ သဘောထားချင်း မတူတာကို ပြန်ပြောရင်တောင်မှ လေအေးနဲ့သာ ပြောတတ်ခဲ့ပါတယ်။

လူကြီးလူကောင်းဆန်တယ်ဆိုတဲ့နေရာမှာ လူတွေကို နေရာပေးတာလည်း ပါပါတယ်။ အဲဒါလည်း အန်ကယ့်မှာ တွေ့ရပါတယ်။ ငါက လူကြီးပဲ၊ ငါက သူတို့ထက် စာဖတ်နာတာပဲ၊ ငါပိုသိ၊ ငါပိုတတ်ပဲဆိုပြီး အန်ကယ်က ဘယ်သူ့ရှေ့ကမှ မနေပါဘူး။ အားလုံးကို လေးလေးစားစားနဲ့ နေရာပေးတတ်တဲ့ အန်ကယ့်ရဲ့ ကြည်ညိုစရာ အကျင့်စရိုက်ကို အမှတ်ထင်ထင် ရှိခဲ့ရပါတယ်။

စာဖတ်သူ အန်ကယ်

အဲဒါနဲ့ တဆက်တစပ်တည်းကတော့ အန်ကယ့်ရဲ့ စာဖတ်ခြင်းကို ခုံမင်မှုပါ။ အန်ကယ်က အချိန်အားရှိတာနဲ့ စာအုပ်နဲ့ မျက်နှာ မခွာတမ်းဖတ်တဲ့သူမှန်းလည်း ရိပ်စားမိခဲ့ပါတယ်။ အမှန်တော့ အန်ကယ့်လို အင်္ဂလိပ် လက်ထက်မှာ တက္ကသိုလ်နောက်ဆုံးနှစ်အထိ တက်ခဲ့ဖူးသူအနေနဲ့ အင်္ဂလိပ်စာအား ဘယ်လောက် ကောင်းမယ်ဆိုတာ ခန့်မှန်းနိုင်ကြပါလိမ့်မယ်။ ကျနော်တို့ရဲ့ အင်္ဂလိပ်စာ တတ်မြောက်မှု ပါချီပါချက်နဲ့ဆို ဘယ်လိုမှ မယှဉ်သာပါဘူး။

ဒါတောင်မှ ကျနော့်ဆီက အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ် စာအုပ်တွေ ငှားရမ်းဖတ်ရှုခဲ့တဲ့အချက် တချက်တည်းနဲ့တင် အန်ကယ်ဟာ တသက်လုံးသင်ယူလိုစိတ်အပြည့်နဲ့ဆိုတာ ထင်ရှားလွန်လှပါတယ်။

အကြိမ်ကြိမ်ရေးဖူးခဲ့တယ် ထင်ပါတယ်၊ ဘုရားရဟန္တာ မဖြစ်သေးသမျှ ကာလပတ်လုံး လူသားတယောက်အနေနဲ့ အကုန်သိ၊ အကုန်တတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘာသာရပ်တခုထဲမှာတောင် သင်လို့ မဆုံးအောင်၊ လေ့လာလို့ မဆုံးအောင် ရှိပါတယ်။ အန်ကယ်က ဒါကို နားလည်သဘောပေါက်တယ်။ ဒါ့ကြောင့် သူက သေသည်အထိ မပြတ် ဖတ်မှတ်လေ့လာသွားခဲ့ပါတယ်။ ဒါလည်း အင်မတန် ကြည်ညိုစရာ ကောင်းလှတဲ့ အန်ကယ့် ဂုဏ်ရည်တခုပါပဲ။

နားထောင်တတ်သူ အန်ကယ်

အဲလို တသက်လုံး လေ့လာသင်ယူလိုသူတယောက်ဖြစ်တာမို့ အန်ကယ်ဟာ ကြီးငယ်မဟူ၊ သူ့နားက လူမှန်သမျှရဲ့ စကားကို တလေးတစား နားထောင်တတ်ပါတယ်။

လူတွေမှာ ရှုထောင့်အထွေထွေ ရှိပါတယ်။ ဖန်တရာ တေနေတဲ့ စကားကို သုံးရရင် မျက်မမြင်ပုဏ္ဏားတွေလိုပေါ့ဗျာ။ စမ်းမိတဲ့ ကိုယ့်အကွက်တခုတည်းကနေ အမှန်ထင်ပြီး နံရံလို့ ပြောလည်း မမှားဘူး၊ ကြိုးလို့ ပြောလည်း မလွဲဘူး ဖြစ်နေနိုင်ပေမယ့် ဘက်စုံ ထောင့်စုံက ချဉ်းကပ်ပြီး သုံးသပ်နိုင်ဖို့ကျတော့ တခြားသူတွေရဲ့ စကားကို လေးလေးစားစား နားစိုက်ဖို့ လိုအပ်ပါတယ်။

ကိုယ်သဘောတူတာ၊ မတူတာ၊ ကိုယ်နဲ့ အမြင်တူတာ မတူတာ အပထား၊ သူ့သဘောထား ဘယ်လို ရှိတယ်၊ သူဘယ်လို မြင်တယ်ဆိုတာကို နားလည်သဘောပေါက်ခြင်းဟာ ကိုယ့်အတွက် ဘယ်လိုမှ အကျိုး မယုတ်နိုင်တဲ့အပြင် အမြတ်တောင်ထွက်နိုင်တာမျိုးပါ။ အဲဒါကို ပြည့်ဝသူ၊ ဉာဏ်ကြီးသူမှ နားလည်နိုင်ပါတယ်။ တဖက်သားကို အထင်အမြင်သေးတတ်၊ တဖက်သားရဲ့ စကားကို ကန်တော့ပါရဲ့ဗျာ… ဟိုသင်းကြားတောင် မညှပ်တတ်သူဟာ တကယ်တော့ ဘဝင်လေဟပ်နေတဲ့ မပြည့်ဝသူ၊ ဉာဏ်နည်းသူ လူ့ဗာလသာ ဖြစ်ပါတယ်။ အန်ကယ်နဲ့ ထိစပ် ပတ်သက် ရင်းနှီးခင်မင်ခဲ့ရတဲ့ ကာလတာတိုလေးအတွင်းမှာ အမှတ်ထင်ထင် ရှိခဲ့ရတာက အဲဒီ့ တဖက်သား စကားကို တလေးတစား နားစိုက်ထောင်ပေးနိုင်စွမ်းပါပဲ။

မျိုးဆက်သစ်တွေကို ချစ်ရကောင်းမှန်း အလွန်သိတဲ့ အန်ကယ်

နောက်တချက်က မျိုးဆက်သစ်တွေကို တန်ဖိုးထားတာပါ။ ဒီချုပ်က ထွက်လာပြီးတဲ့ နောက်ပိုင်းကနေ အန်ကယ် တိမ်းပါးချိန်အထိ လူငယ်တွေကို အန်ကယ်က အင်္ဂလိပ်စာ သင်ပေးသွားပါတယ်။ အခမဲ့ ဖြစ်တဲ့ အပြင် မုန့်ကျွေး၊ ကာဖီတိုက်ပြီးတောင် သင်ပေးသွားခဲ့တာပါ။

ဦးကြည်မောင်၊ သို့မဟုတ် အရိုးပုံပေါ်မှာ ဗိမာန် မဆောက်လိုသူ စာအုပ်ထဲမှာ အန်ကယ့်တပည့်တွေရေးထားတဲ့ စာတွေလည်း ပါပါတယ်။ အဲဒီ့ စာအရ အန်ကယ်က အင်္ဂလိပ်စာကိုသာ သင်ပေးရုံမက ကိုယ်ကျင့်တည်ကြည်မှု၊ လူ့သိက္ခာ၊ အကျင့်စရိုက်၊ အနေအထိုင်တွေကိုပါ သူကိုယ်တိုင် ရှေ့က စံပြနေထိုင်ပြောဆို ပြုမူပြရင်း မသိမသာ သင်ကြားပေးသွားခဲ့တာ အလွန်ထင်ရှားလို့ နေပါတယ်။

မှန်ပါတယ်။ ကျနော်တို့အားလုံးဟာ အို၊ နာ၊ သေကို ရှောင်လွှဲလို့ မရပါဘူး။ အနာဂတ်ကို နောက်မျိုးဆက် အဆက်ဆက် လက်ထဲမှာ ထားခဲ့ရမှာပါ။ အဲတော့ နောက်မျိုးဆက်ကို ဘက်စုံက နိုင်သမျှ ပျိုးထောင်ပေးဖို့က အိုလာသူတိုင်းရဲ့ တာဝန်သာ ဖြစ်ပါတယ်။ စကားလုံးကို သတိထားတော်မူပေးကြစေလိုပါတယ်။ “ပျိုးထောင်” လို့သာ သုံးလိုက်ပါတယ်။ “သွန်သင်”တို့၊ “ဆုံးမ”တို့ကို ကျနော် မသုံးပါဘူး။

ကျနော်တို့မှာ ခေါက်ရိုးကျိုးနေတာက မိဘ၊ ဆရာ၊ လူကြီးသူမ ဖြစ်သွားပြီဆိုတာနဲ့ လူငယ်တွေကို “သွန်သင် ဆုံးမရမယ်”လို့သာ အရိုးစွဲနေပါတယ်။ “ပျိုးထောင်”ဖို့ကို စိတ်ကို မကူးမိကြပါဘူး။ “ပျိုးထောင်”ဆိုတာမှာ လေနဲ့ သွန်သင်တာတွေ၊ လေနဲ့ ဆုံးမတာတွေ မပါဝင်ပါဘူး။ ဘေးကနေ အသာလေး သိုင်းဝိုင်းပေးတဲ့ သဘောပါ။

သစ်ပင်မှာ ပျိုးတယ်ဆိုတာ ရေလောင်းပေးတယ်၊ ပေါင်းသင်ပေးတယ်၊ နေရောင်အောက်ကို ထုတ်ပေးပါတယ်။ လူကို ပျိုးထောင်တဲ့အခါမှာလည်း လေနဲ့ သွန်သင်ဆုံးမတာက လွယ်ပါတယ်။ ဘာမှလည်း အရာ မရောက်လှပါဘူး။

ပျိုးထောင်တယ်ဆိုတဲ့အခါကျတော့ ဝါယမစိုက်ရပါပြီ၊ အချိန်ပေးရပါပြီ။ လူငယ်တွေရဲ့အမြင်၊ လူငယ်တွေရဲ့ သဘောထားတွေကို နားထောင်ပေးတာလည်း ပါတယ်၊ ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှားဆိုတာကို လေနဲ့ ပြောပြတာ မဟုတ်ဘဲ လူငယ်တွေဘာသာ သိမြင်လာအောင် ကိုယ်တိုင် ရှေ့က စံပြ လုပ်ပြတာ၊ ဒါမှမဟုတ် စံနမူနာ ယူထိုက်သူတယောက်ယောက်ရဲ့ အကြောင်းကို သရုပ်ဖော်ထားတဲ့ စာကို ဖြစ်ဖြစ် အတူဖတ်တာမျိုးပါ။

လေနဲ့က လွယ်၊ လုပ်ဖို့ ခက်

ရေးရင်းနဲ့ ပျဉ်းမနားမဟာမြိုင်တောရဆရာတော် ဦးဇောတိက အမှတ်မထင် မိန့်ဖူးတဲ့ စကားလေး သွားသတိရမိပါတယ်။ အများသိတော်မူတဲ့အတိုင်း ဆရာတော် ငယ်ဘဝက ဘာသာခြားပါ။ ဆရာတော်ဟာလည်း စူးစမ်းသင်ယူလိုစိတ်အပြည့်နဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဂီတလေးကလည်း ဝါသနာပါတယ်။ သည်အခါ အရပ်ထဲက ဆံသဆရာ ဂီတသမားဆီ အမြဲ ရောက်ရောက်နေတယ်။ အဲဒီ့ ဆံသဆရာက တရားလည်း ထိုင်တယ်။ သို့ပေတည့် ဆရာတော် လောင်းလျာကို “တရားထိုင်ပါ”လို့ မခိုင်းပါဘူးတဲ့။ “လာ… တရားလေး ထိုင်လိုက်ကြဦးစို့ကွာ…”လို့သာ ဆိုပါသတဲ့။

သိပ်တန်ဖိုးရှိတဲ့ စကားပါပဲ။ ကျနော်တို့က သူများကို ဘာလုပ်၊ ညာလုပ်လို့ “သွန်သင်ဖို့” အထုံပါနေကြတယ်။ ကိုယ်ကိုယ်တိုင်ကရော လုပ်ဖြစ်ရဲ့လားဆိုတာ အင်မတန် ကြီးတဲ့ မေးခွန်းပါ။ သူများကို ဘာလုပ်၊ ညာလုပ် ပြောမယ့်အစား “လာ… တူတူ လုပ်လိုက်ရအောင်”ဆိုတာက ဘယ့်ကလောက်အထိ ပိုတာသွားမယ်ဆိုတာ စဉ်းစားဆင်ခြင်ကြည့်သင့်ကြလိမ့်မယ် ထင်ပါတယ်။ အန်ကယ်ဦးကြည်မောင်ဟာလည်း အဲလို လူစားလို့ ကျနော် မြင်မိရပါတယ်။

ကိုယ်ကျင့်တည်ကြည်သူ အန်ကယ်

နောက်တချက်ကတော့ အန်ကယ်က အဲဒီ့နေ့မှာ ကျနော့်ရှေ့က ပြောသွားတဲ့ ဆရာမုံရွာအောင်ရှင့် စကားနဲ့ ပြောရရင် “အမှန်တရားနဲ့ နေထိုင်သွားသူ” ပေါ့။ ကျနော်ကတော့ “ကိုယ်ကျင့်တည်ကြည်သူ” (man of principle) လို့ မြင်မိပါတယ်။ အဲဒါကလည်း အန်ကယ့်ရဲ့ စာဖတ်အား၊ အသိပညာ၊ ဆင်ခြင်တုံတရားတွေရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါလိမ့်မယ်။

ထင်ရှားတဲ့ ကိုယ်ကျင့်တည်ကြည်မှုကတော့ အာဏာရ ဗိုလ်နေဝင်းကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့တာ၊ ဗိုလ်အောင်ကြီး မှားတယ်လို့ ယုံကြည်တဲ့အတွက် နှစ်ပေါင်း ၄၀ လောက် ခင်မင်ခဲ့တဲ့ မျက်နှာကို မထောက်ဘဲ အောင်-စု-တင် အကွဲအပြဲမှာ ဒီချုပ်နဲ့ ကျန်နေရစ်ခဲ့တာ၊ ၁၉၉၇ ခုနှစ်မှာ ဒီချုပ်က ထွက်လာခဲ့တာတွေပါပဲ။

“ကိုယ်ကျင့်တည်ကြည်သူ”ဆိုတာ လူတိုင်း လုပ်နိုင်ဖို့ ခက်တဲ့ ကိစ္စပါ။ အဲသလို နေနိုင်ဖို့အတွက် စတေးရတာတွေကတော့ အနမတဂ္ဂပါပဲ။ ပထမဆုံး စတေးရတာကတော့ ကိုယ်ကျိုးကိုယ့်စီးပွားကို စတေးရတာ သေချာလှပါတယ်။

ဆိုကြပါစို့၊ ဗိုလ်နေဝင်းကို ဘောင်းတော်ညိတ် စိတ်တော်သိခဲ့မယ်ဆို အန်ကယ်တယောက် လျှမ်းလျှမ်းတောက်ခဲ့မှာ မလွဲဘူးလေ။ ဒါမှမဟုတ်လည်း တော်လှန်ရေးကောင်စီက ထွက်လာခဲ့ပြီးတဲ့အချိန်မယ် တပ်ထဲမှာ သူ့မိတ်ဆွေရင်းတွေရော၊ ရဲဘော်ရဲဘက်တွေရော၊ လက်အောက်ငယ်သားတွေပါ ရှိပါတယ်။ အန်ကယ့်ကို ကူညီချင်တဲ့သူတွေ မနည်းပါဘူး။ ဆိုရှယ်လစ်ခေတ် အားလုံး ပါးရှားနေချိန်မှာ အန်ကယ်ဟာ အရင်အရှိန်နဲ့ အခွင့်ထူးခံမယ်ဆို ခံနိုင်ခဲ့ပါတယ်။ စီးပွားကောင်းကောင်းဖြစ်နိုင်ပါတယ်။ ဒါလည်း မလုပ်ခဲ့ပါဘူး။

အန်ကယ် ဒုတိယ စတေးရတာကတော့ လွတ်လပ်မှုပါပဲ။ သူ့ရဲ့ ကိုယ်ကျင့်တည်ကြည်မှုက ဗိုလ်နေဝင်းရဲ့ ပရမ်းပတာ စရိုက်နဲ့ ထိပ်တိုက်တွေ့တဲ့အခါ ထစ်ခနဲရှိ အဖမ်းခံရ၊ အကျဉ်းချခံခဲ့ရတော့တာပါပဲ။

၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရကတည်းက ယနေ့ထက်တိုင် နိုင်ငံ့ထိပ်မှာ တက်နေကြသူအားလုံးဟာ သက်ဦးဆံပိုင် ဘုရင်စိတ် အတော်ပေါက်နေကြသူချည်းပဲ ထင်ပါတယ်။ သူတို့နဲ့ သဘောကွဲတာနဲ့ အဲဒီ့လူတွေကို ဖမ်းဆီးဖို့၊ နှိပ်စက်ဖို့၊ ထောင်ထဲထည့်ဖို့ လက်မရွံ့ကြပါဘူး။ ကိုယ့်နိုင်ငံသားတွေကို ရင်ဝယ်သားလို သဘောထားပြီး ငဲ့ညှာထောက်ထားတာမျိုး လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ၇၁ နှစ်သမိုင်းမှာ တွေ့နိုင်ခက်ခဲလွန်းလှပါ တယ်။

အဲတော့ ကိုယ်ကျင့်တည်ကြည်သူအတွက် သည်တိုင်းပြည်မယ် နေစရာ ပါးရှားတယ်လို့ ဆိုရပါလိမ့်မယ်။ အန်ကယ်က အဲဒီ့ ပါးရှားသူထဲမှာ ပါနေလေတော့ကာ သူ့လွတ်လပ်ခွင့်ကို မကြာခဏ စတေးခဲ့ရပြန်တာပေါ့ဗျာ။

နောက်တခုက ဗိုလ်အောင်ကြီး၊ ဒီချုပ်တို့နဲ့ ကွဲခဲ့ပေမယ့် ဗိုလ်အောင်ကြီးအကြောင်း၊ ဒီချုပ်အကြောင်း၊ ဒီချုပ် အဖွဲ့ဝင်တွေအကြောင်း ဘာတခုမှ မပြောဘဲ ရေငုံနေနိုင်ခဲ့တာဟာလည်း အန်ကယ့် ကိုယ်ကျင့်တည်ကြည်မှုကို တိတိပပ ပြဆိုနေတယ်လို့ ခံစားရပါတယ်။

လင်မယား ကွဲရင်တောင် အတော်များများက ကိုယ်နဲ့ ပေါင်းခဲ့သူ မကောင်းတာတွေကိုပဲ ပါးစပ်နဲ့ တလုံး ပြောတတ်ပါတယ်။ ကျနော်တောင် အဲဒါမျိုး ရှောင်နိုင်မယ် မထင်ပါဘူး။ သည်လို တိုင်းသိပြည်သိတွေနဲ့ ကွဲတဲ့အခါမှာတော့ ပိုတောင် ပြောဖြစ်စရာ အကြောင်းများပါတယ်။ ဒါပေမယ့် အဲဒါကို အန်ကယ်က သေသည်အထိ လုပ်မသွားခဲ့ပါဘူး။ ဒါ့ကြောင့် အန်ကယ့်ရဲ့ ကိုယ်ကျင့်တည်ကြည်စွာ နေထိုင်သွားမှုကို မရိုသေဘဲ မနေနိုင်တော့ပါဘူးခင်ဗျာ။

EQ သိပ်မြင့်တဲ့ အန်ကယ်

အခုခေတ်မယ် သိပ်ခေတ်စားလာတာက အဲဒီ့ EQ ဆိုတဲ့ Emotional Quotient ပါ။ “မျိုသိပ်နိုင်စွမ်း အတိုင်းအဆ (မျိုဆ)”လို့ ဘာသာပြန်ရင် သင့်မလား မသိဘူး။ ဉာဏ်ရည် ဘယ်လောက်မြင့်မြင့် အဲဒီ့ “မျိုဆ” အားနည်းရင် အောင်မြင်မှုနဲ့ အလှမ်းဝေးနေတတ်တယ်လို့တောင် ပညာရှင်တွေက ဆိုနေကြပါပြီ။

စကားစပ်လို့ ကိုယ့်အကြောင်း ကိုယ်ပြောရရင် ကျနော်ဟာ အဲဒီ့ “မျိုဆ”အရာမှာ အတော့်ကို အားနည်းသူပါ။ အဲဒါကို ၅ မှတ်ပေးမယ်ဆိုရင် အလွန်ဆုံးမှ ၁ မှတ်လောက်ပဲ ရလေမလား၊ ဒါမှမဟုတ် သုညအောက် အနုတ်ပဲ ပြလေမလားတောင် မသိပါဘူး။ ကျနော်က စိတ်မြန်လက်မြန်၊ ခံစားပေါက်ကွဲလွယ်တဲ့ သဘာဝနဲ့ပေကိုး။ ကိုယ့်ကိုယ်ကိုယ် မကောင်းမှန်းလည်း သိပါတယ်။ ပြင်ဖို့လည်း ကြိုးစားပါတယ်။ ဒါပေသည့် အရေးဆို အကျင့်ဆိုးက ထိုးထိုးထောင်ထောင်ရယ်။

ဘုရားဟော မဟုတ်ဘဲ အဋ္ဌကထာဆရာတွေက ဘုရားရဲ့ အာဝေဏိက ဂုဏ်တော် ၁၈ ပါးကို ဂုဏ်ပြု ပူဇော်ထားတဲ့ “ဒါရန” ပရိတ် (အမှန်တော့ ပရိတ်ကို မဟုတ်)မှာ ပါတဲ့ ကြည်ညိုဖွယ် ဘုရား ဂုဏ်တော် တပါး (ဒါမှမဟုတ် ၃ ပါး)ကတော့ ဘုရားရှင်တို့ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးစလုံးရဲ့ ရှေ့မှာ ဉာဏ်တော်ကသာ အစဉ်အမြဲ ရှေ့က သွားတယ်ဆိုတဲ့ ဂုဏ်ပါပဲ။

ဆိုလိုတာက ခန္ဓာကိုယ် တနေရာရာမှာ ယားယံတယ်၊ သာမန်လူအနေနဲ့ ယားတယ်၊ ကုတ်တယ်ပေါ့။ ဘုရားရှင်တွေအနေနဲ့ကျရင်တော့ ယားတာကို သိတယ်၊ ပြီးတော့ ကုတ်သင့်မကုတ်သင့် ဆင်ခြင်မယ်။ အနာမှာ အသားနုတက်နေလို့ ယားနေတာကို ဆင်ခြင်မိတဲ့အခါ မကုတ်သင့်ဘူးလို့ ဉာဏ်က ပြနေတယ်။ သည်အခါမှာ မကုတ်ဖြစ်တော့ဘူး။ ဒါ ကာယကံရဲ့ ရှေ့မှာ ဉာဏ်နဲ့ ဆင်ခြင်နိုင်စွမ်းပါ။

ကျနော်လူ့အန္ဓ၊ လူ့ဗာလ သိပ်လုပ်တတ်တာတခုက စိတ်တိုင်းမကျရင် တစ်တစ်ခွခွ ဆဲမိတတ်တာပါပဲ။ လူကိုတောင် မဟုတ်ဘူးနော်။ တယ်လီဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်တောင် ကျနော်လိုသလို ချက်ချင်း မဖြစ်ရင် အဲဒါကို ဆဲမိပြီ။ ဘယ်လောက် လွဲသလဲ။ ဝစီစရိုက် မကောင်းပုံပြောပါတယ်။ ဘုရားရှင်တွေဆိုရင် တော့ နှုတ်က တခုခု မထွက်ခင် ဉာဏ်နဲ့ အရင်ဆင်ခြင်ပါတယ်။ ပြောသင့် မပြောသင့်၊ ပြောရင် အကျိုး ရှိမရှိ စသဖြင့်ပေါ့။

သည့်ထက် ခက်တာကတော့ မနောကံပါပဲ။ စိတ်တခုယုတ် ၉၀ လို့ဆိုတဲ့အတိုင်း စိတ်ဆိုတာက လက်ဖျစ်တတီး အတွင်းမှာ အမျိုးမျိုးဖြစ်နေတာ။ အန်ကယ် ဦးကြည်မောင်အကြောင်း ပြောနေရင်း စိတ်က တည်ထားတဲ့ ထမင်းအိုးဆီလည်း လှစ်ခနဲ ရောက်ချင် ရောက်သွားမယ်၊ မန္တလေးက သေသွားတဲ့ ကြီးတော်ကြီးဆီလည်း လှစ်ခနဲ ရောက်ချင် ရောက်သွားမယ်။ သိပ်မြန်တာ။

စိတ်ဝင်စားရင် လုပ်ကြည့်ကြစေချင်ပါတယ်။ တွေးချင်ရာ တွေးနေရင်းက ရောက်နေတဲ့ အတွေးကို ခဏရပ်ပြီး အဲဒီ့အတွေး ဘယ်က စပါလိမ့်လို့ ခြေရာခံကြည့်ရင် အတော့်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာမှ မဆိုင်တာက စမိသွားတာက အတော်များတာကိုလည်း တွေ့ရပါလိမ့်မယ်။

အတွေးတခုကို မတွေးခင်ကတည်းက တွေးသင့်မတွေးသင့် ဉာဏ်နဲ့ ဆင်ခြင်ပြီးမှ တွေးဖို့ဆိုတာကျတော့ အင်မတန် ခက်သွားပါပြီ။ ဘုရားရှင်တွေမှသာ အဲလို လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

အန်ကယ့်ကို ဘုရားနဲ့ နှိုင်းတာတော့ မဟုတ်ပါဘူး။ အန်ကယ့် ဝစီကံနဲ့ ကာယကံမှာတော့ ဉာဏ်နဲ့ အရင် ဆင်ခြင်ထိန်းချုပ်ထားတာ ထင်ရှားလှပါတယ်။ ပြောချင်တိုင်း မပြောဘူး၊ လုပ်ချင်တိုင်း မလုပ်ဘူး။ အန်ကယ့်မှာ “စိတ်လိုက်မာန်ပါ”ဆိုတာ မရှိဘူးလို့ ထင်ပါတယ်။ အဲဒါဟာ ကျနော်ပြောနေတဲ့ “မျိုဆ”စွမ်းအားမြင့်မားတာပါပဲ။

အန်ကယ့်စိတ်ထဲ ဘယ်သူမှ ဝင်ကြည့်လို့ မရတာမို့ တွေးရာမှာတော့ အဲလို ဉာဏ်နဲ့ ဆင်ခြင်ပြီးမှ တွေးဖြစ် မတွေးဖြစ် အန်ကယ်မှတပါး ဘယ်သူမှ မသိနိုင်တာ အမှန်ပါ။ သို့ပေတည့် အန်ကယ်ဟာ တချိန်လုံး သတိနဲ့ နေသူအဖြစ် သူ့အကြောင်း ရေးထားတဲ့ စာအုပ်တွေမှာ အထင်အရှား တွေ့ရပါတယ်။

“သတိ”တဲ့။ အပြောလွယ်သလောက် အင်မတန် အလုပ်ခက်လှပါတယ်။ ဆရာတော်ဦးဇောတိကကလည်း “သတိဆိုတဲ့ နေအိမ်”ဆိုတဲ့ တရားနဲ့ ကျနော်တို့ကို သတိပေးခဲ့ဖူးပါတယ်။ သတိမရှိတဲ့ စိတ်ဟာ ကလေကချေ စိတ်၊ ခြေသလုံးအိမ်တိုင် စိတ်ပါ။ “သတိ”ဆိုတဲ့ အိမ်ကလေးရှိနေပါမှ စိတ်က အတည်တကျ ဖြစ်တော့မှာပါ။ ဆရာတော့် တရားကို နာခဲ့တာများ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ။ ကျနော့်မှာတော့ အခုချိန်ထိ ကလေကဝစိတ်နဲ့ သာ လူလုပ်နေရင်း သင်္ချိုင်းကုန်းဆီ ချီတက်နေပါပြီ။

အန်ကယ်ကတော့ သတိကြီးတဲ့သူမို့ ကောင်းရာသုဂတိမှာ ရှိနေမှာလည်း မလွဲပါဘူးဗျာ။

ခိုးခိုးခစ်ခစ်ရယ်တတ်သူ အန်ကယ်

အန်ကယ်နဲ့ ရင်းနှီးခွင့်ရခဲ့တဲ့ သက်တမ်းတလျှောက်မှာ အမှတ်ရစရာတွေထဲက နောက်ဆုံးတခုကတော့ အန်ကယ့် ရယ်သံပါပဲ။ အန်ကယ်က ဇဝနဉာဏ်အလွန်ကောင်းသူပါ။ ပြီးတော့ နာကျင်စရာတွေ၊ ရင်နင့်စရာတွေကို သောပစ်လိုက်ရင်း ရယ်ပွဲဖွဲ့တတ်သူလည်းပဲ ဖြစ်ပါတယ်။

နမူနာအနေနဲ့ နာမည်တော့ ထုတ်မပြောချင်တော့ပါဘူး။ အန်ကယ်နဲ့ ရင်းလွန်းမက ရင်းနှီးပြီး အတွင်းသိ အစင်းသိဖြစ်နေတဲ့ အန်ကယ့် ရဲဘော်ရဲဘက်တယောက် ဟိတ်တလုံး ဟန်တလုံးနဲ့ ဟန်ရေးပြနေတဲ့အကြောင်း ကျနော်က ပြောတော့ အန်ကယ်က “ဟိတ်ထုတ်မှာပေါ့ဗျာ၊ သူ့တသက်လုံး ဘယ်စာတအုပ်ကိုမှ အစမှ အဆုံးတိုင် ပြည့်ပြည့်ဝဝမှ မဖတ်ဖူးရှာတာကိုး…”လို့ ပြောပြီး တခစ်ခစ် ရယ်နေခဲ့ပါတယ်။

အဲဒီ့ရယ်သံလေးတွေနဲ့ ပြောတဲ့စကားမှာ တဖက်သားကို နားလည်ပေးတဲ့ သဘောလည်း ပါနေတယ်၊ တဖက်သားရဲ့ နောက်ခံကို သူသိထားသလို ပွင့်ပွင့်လင်း ပြောလိုက်တာလည်း ပါနေတယ်။ ရယ်သံမှာကတော့ သူလည်း အဲဒီ့လူကို သဘောမတွေ့လှဘူး၊ သို့သော် ရယ်ပစ်လိုက်ခြင်းနဲ့ မကျတဲ့ဘဝင်ကို ရွှင်လာအောင် ဖန်တီးလိုက်တာလို့ ကျနော် ခံစားမိပါတယ်။

အဲလို ရယ်သံလေးတွေကို အမြဲမဟုတ်တောင် မကြာခဏ အန်ကယ့်ဆီက ကြားခဲ့ရဖူးတယ်။ သြော်… အန်ကယ့်နှယ်၊ ထားတတ်လိုက်တဲ့ စိတ်၊ ချမ်းသာလိုက်မယ့် စိတ်ဆိုတာ အဲဒီ့ ရယ်သံတွေ ကြားတိုင်း တွေးဖြစ်ခဲ့သလို အန်ကယ့်စိတ်မျိုး ထားနိုင်အောင် ကျနော့်ကိုယ်ကျနော်လည်း ဆုံးမခဲ့ရပါတယ်။

ဓာတ်မသိသူက စိန်ခေါ်တာခံရတဲ့ အန်ကယ်

ရယ်စရာကောင်းတာက အာရှအပတ်စဉ်စာစောင်ထဲက ဦးကြည်မောင်ရဲ့ စကားကို အယူအကောက် လွဲပြီး ထောက်လှမ်းရေးဂိုဏ်းချုပ်ကြီးက လူမှား စိန်ခေါ်ခဲ့တဲ့အမှုပါပဲ။ မသိမမီလိုက်သူတွေအတွက်၊ နျူရင်ဘာ့(ဂ်) ခုံရုံးကို ဦးကြည်မောင် ညွှန်းခဲ့လို့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ အာဏာမလွှဲခဲ့တာဆိုတဲ့ စာမဖတ်ဘဲ လေသံကြားနဲ့ ဖမ်းတရားနာကာ ပြောနေကြတာကို အဟုတ်မှတ်နေသူတွေအတွက် အဲဒီ့သတင်းစာဆရာ (Dominic Faulder) ရဲ့ အမေးနဲ့ ဦးကြည်မောင်ရဲ့ အဖြေတို့ကို (အဲဒီ့အပိုင်းလေးပဲ) ဘာသာပြန်ပေး လိုက်ပါတယ်။ အဲဒီ့ အမေးအဖြေပါတဲ့ အာရှအပတ်စဉ် စာစောင်ရဲ့ မူရင်းစာမျက်နှာကိုပါ တလက်စတည်း တင်လိုက်ပါတယ်။

မေး – စစ်အစိုးရဟာ လူထုက လက်စားချေမှာကို စိုးရိမ်ပူပန်နေပါသလား။

ဖြေ – ကျနော်တို့ မဖြစ်မနေ ကိုင်တွယ်ရမယ့် ပြဿနာတွေက တအားကို များလွန်းလှပါတယ်။ ပြောကြစတမ်းဆို နျူရင်ဘာ့(ဂ်)မှာ တရားစွဲဆိုခံရတဲ့ ဂျာမန်ဆိုလို့ ဘယ်လောက်များ ရှိလို့တုန်းဗျာ။

မေး – ရန်ကုန်မှာ နျူရင်ဘာ့(ဂ်)ရှိလာမယ်လို့ ခင်ဗျား ပြောလိုက်တာလား။

ဖြေ – မပြောဘူး။ လုံးဝ မပြောဘူး။ တော်ရုံ မြန်မာလူမျိုးတွေဟာ စစ်သားတွေကို တိုက်ခိုက်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ ဒါဟာ အကြီးအကျယ် ချဲ့ကားထားတဲ့ ပြဿနာပါ။ ဘာမှ မဟုတ်ပါဘူး။ ခင်ညွန့်လို လူမျိုးတွေအနေနဲ့ကတော့ သူတို့ကိုယ်သူတို့ တယ်မလုံခြုံလှဘူးလို့ သူတို့အကြောင်းနဲ့သူတို့ ခံစားရကောင်း ခံစားနေရနိုင်တာတော့ အမှန်ပါပဲ။

asiaweek 1990ကဲ… အဲဒီ့စာ မူရင်းအတိုင်း လုံးစေ့ပတ်စေ့ ဘာသာပြန်ပေးလိုက်တာပါ။ အဲဒီ့ အမေးအဖြေထဲမှာ နျူရင်ဘာ့(ဂ်)ဆိုတာ ပါတယ်၊ ခင်ညွန့်ဆိုတာ ပါတယ်။ ဒါနဲ့ပဲ ခင်ညွန့်ကို စစ်ခုံရုံးတင်မယ် ဖြစ်ရောတဲ့လား။

ဗမာစကားကို မနေနိုင် မထိုင်နိုင် အနက်ဖွင့်လိုက်ဦးမဗျာ။ အန်ကယ် ပြောတဲ့ စကားက ရှင်းတယ်။ လက်စားချေဖို့ထက် တိုင်းပြည်မှာ ဖြေရှင်းရမယ့် ပြဿနာတွေက မတန်တဆ များနေတယ်။ တကယ့် တကယ်မှာ နျူရင်ဘာ့(ဂ်)ကို ရောက်တဲ့ ဂျာမန်ဘယ်နှယောက် ရှိခဲ့လို့လဲ။ (အမှန်တကယ် ကျူးလွန်ခဲ့သူထဲက အနည်းငယ်မျှသာ ရောက်တယ်လို့ ဆိုလိုတာပါ။)

အဲဒါကို သတင်းစာဆရာက ချောင်ပိတ်ကြည့်သေးတယ်။ ဒါဆို နျူရင်ဘာ့(ဂ်) ရှိလာမယ်လို့ ဆိုလိုချင်တာ လားပေါ့။ အန်ကယ် ချက်ချင်း ငြင်းတယ်။ မဆိုလိုဘူး၊ လုံးဝ မဆိုလိုဘူး။ သာမန် မြန်မာတွေက စစ်တပ်ကို တိုက်မယ်လို့ သူမထင်ဘူး။ ဒါ သက်သက်မဲ့ ချဲ့နေကြတာ။ ခင်ညွန့်လို လူမျိုးကတော့ သူ့ဟာနဲ့သူ မလုံမခြုံ ခံစားနေရချင် နေရလိမ့်မယ်။ အဲလိုပဲ ပြောလိုက်တာပါ။

ဒါကို တိုင်းသိပြည်သိ ဆွေ့ဆွေ့ခုန်ပြလိုက်တော့ အခွက်ရှဲတာများ ဗျန်းဗျန်း ဗျန်းဗျန်းနဲ့ နေပါရောလား။ ပြောလို့တော့ မရဘူးပေါ့လေ။ ဦးဝင်းတင်၊ ဦးထွန်းတင်တို့ လမ်းကြောင်းဖော်ပေးလိုက်တဲ့ “မတရားတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”ဆိုတာတောင် “အာဏာဖီဆန်ရေး လမ်းစဉ်”လို့ လိုရာဆွဲ တဖက်သတ် ကောက်ယူ ဝါဒဖြန့် တပ်လှန့်တတ်တဲ့ ဉာဏ်ကြီးရှင်တွေဆိုတော့ စာကို လိပ်ပတ်လည်အောင် မဖတ်ဘဲ အဲဒီ့ နှစ်လုံးကို ဆက်စပ်ပြီး ခင်ညွန့်ကို နျူရင်ဘာ့(ဂ်)ပို့မယ်လို့ ကောက်ယူကာ တဖက်သတ် ယုံမှတ်ပြီး ဒေါသူပုန်တွေရော၊ ဒေါသောင်းကျန်းသူတွေရော၊ ဒေါအကြမ်းဖက်သမားတွေပါ ထကုန်တော့တာပေါ့ဗျာ။

ထတာလည်း ရိုးရိုးမထဘူး၊ ဗိုလ်မှူးကြီး (ဟောင်း) ကြည်မောင်ဆိုတာနဲ့ တခြား နာမည်တူ ဗိုလ်မှူးကြီး ကြည်မောင်နဲ့မှားပြီး ကိုယ်ကျင့်တရားချင်း ယှဉ်ရဲတယ်တွေ ဘာတွေ စိန်ခေါ်လိုက်တာက သာဆိုးတယ်။ အဲဒီ့ စိန်ခေါ်သံ သတင်းစာ ရှင်းလင်းပွဲမဟာကြီးအကြောင်း ပြန်ပြောင်း ပြောမိတော့ အန်ကယ်က သူ့ထုံးစံအတိုင်း တခစ်ခစ်ပဲ ရယ်နေခဲ့တာ မှတ်မိနေသေးတော့တယ်။

ကျနော့်ရွှေခေတ်

အန်ကယ်ဦးကြည်မောင်ရဲ့ ရာပြည့်ပွဲကနေ တရေးရေး ပြန်ပေါ်လာတဲ့ အဟောင်းထဲက အစုတ်တွေကို တင်ဆက်ခဲ့တာပါ။ ကျန်နေသေးတာတွေ တပုံတမ ရှိသေးသလို ခေါင်းထဲမှာ လောလောဆယ် ပေါ်မလာသေး တာတွေ၊ အရေးမကြီးလှလို့ ချန်ရစ်ခဲ့တာတွေလည်း မနည်းပါဘူး။ ကျနော့်အာရုံမှာ ပေါ်လာသမျှထဲက အတတ်နိုင်ဆုံး ကျစ်ကျစ်လစ်လစ်ဖြစ်အောင် စစ်စစ်စိစိ ရေးလိုက်တာပါပဲ။

ပြောမယ်ဆိုရင်တော့ အဲဒီ့သံရုံးမှာ အမှုထမ်းခဲ့တဲ့ ၁၉၉၁ ကနေ ၂၀၀၃ ဆိုတဲ့ ၁၂ နှစ်နီးပါး ကာလတာဟာ ကျနော့်အစွမ်း အပြနိုင်ဆုံး ရွှေခေတ်လို့ ဆိုနိုင်ပါလိမ့်မယ်။ သည်တပိုင်းမှာတော့ ကိုယ်ရည်သွေးတယ်လို့ ထင်ချင်လည်း ထင်ကြပါတော့ဗျာ။ နိုင်ငံရေးသတင်းဆိုရင် ကျနော့်ရုံးက သတင်းကမှ ခိုင်လုံစိတ်ချရတယ် ဆိုတာကတော့ အဲဒီ့အချိန်က သံတမန်လောက၊ သတင်းလောကမှာ နာမည်တလုံး ရှိခဲ့ဖူးတာတော့ အမှန်ပါ။ စာနဲ့ ပေနဲ့ အထောက်အထားတောင် ရှိခဲ့ဖူးပါတယ်။ သိပ်ကိုယ်ရည်သွေးရာကျမှာ စိုးလို့သာ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းက ထုတ်တဲ့ ဘယ်စာစောင်ထဲမှာ ဘယ်လိုပါခဲ့တယ်ဆိုတာကို ပြောမနေတော့တာပါ။ အဲတုန်းက ကျနော့်အကြောင်း၊ ကျနော်လုပ်ခဲ့ကိုင်ခဲ့ပုံလေးတွေကို ရေးထားပါတယ်။ ဆက်လက် ဖတ်ရှုတော်မူကြပါဦး။

၁၉၉၇ ခုနှစ် ဇူလိုင်လမှာ တာဝန်ပြီးဆုံးလို့ မြန်မာပြည်က ပြန်ရတော့မယ့် သံရုံးရဲ့ ဒုတိယ ခေါင်းဆောင်၊ ပထမအတွင်းဝန်က မပြန်ခင်မှာ ကျနော့်အတွက် ထောက်ခံစာတစောင် ရေးပေးခဲ့ပါတယ်။ (အမှန်တော့ သူအပါအဝင် ကျနော့်ကို တိုက်ရိုက်ကြီးကြပ်တဲ့ ဒုတိယခေါင်းဆောင်တိုင်းဆီက ထောက်ခံစာပေါင်းစုံကို အမြဲတစေ ရယူထားခဲ့တာချည်းပါပဲ။ နောက်အလုပ်တခု ပြောင်းလျှောက်ရင် အဲဒီ့ထောက်ခံစာတွေက ဘွဲ့လက်မှတ် အယ်စတုံတွေထက် နိုင်ငံခြား အလုပ်အကိုင် လျှောက်ထားရာမှ အဆများစွာ တာသွား ပေတာကိုး။) အဲဒီ့စာရဲ့ ထိပ်ဆုံး စာပိုဒ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

“၁၉၉၇ ခုနှစ်မှာ ကျနော်တို့ မိခင်(ဝန်ကြီး)ဌာနရဲ့ သံရုံးအကဲဖြတ်အစီရင်ခံစာမှာ ရန်ကုန်က နိုင်ငံရေး သတင်းပို့ချက်တွေက “အကောင်းဆုံး”လို့ ဖော်ပြထားပြီး အားလုံးခြုံလိုက်ရင် “ထိပ်တန်း” လို့ အဆင့် သတ်မှတ်ခဲ့ပါတယ်။ အဲဒီ့ စွမ်းဆောင်ရည်အများအပြားက အောင်သိန်းကျော်ကြောင့်ပါပဲ”လို့ ပြန်ဆိုနိုင်ပါလိမ့်မယ်။

အဆုံးပိုင်းမှာ ရေးထားတဲ့ စာသားတခုကလည်း ကျနော် ဘယ်လိုလူဆိုတာကို ဖော်ပြနေတယ်လို့ ယူဆမိရလို့ ဖော်ပြပါရစေဦး။ အဲဒါကိုတော့ အင်္ဂလိပ်လို အရင်ဖော်ပြပြီးမှ ဘာသာပြန်ပေးပါ့မယ်။

… in his reporting, Aung Thein Kyaw has demonstrated strong analytical ability and a rare dispassionate perspective on political developments.

“သတင်းပို့ရာမှာ အောင်သိန်းကျော်ဟာ ထက်မြက်တဲ့ သုံးသပ်မှု စွမ်းရည်သာမက နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ရင် ရှားပါးလှတဲ့ ဘက်မလိုက်သော အမြင်ကို ပြသခဲ့ပါတယ်”လို့ ဆိုထားတာပါ။ Dispassionate ကို “ဘက်မလိုက်သော”လို့ ဘာသာပြန်ထားပေမယ့် passionate ဆိုတာက “အရူးအမူး (စွဲလန်းဖက်တွယ်ထား) ဖြစ်သော”လို့ အနက်ရပါတယ်။ ဆိုလိုတာက တဖက်ပိတ်သဘော၊ မျက်ကန်းသဘောကို ဆောင်ပါတယ်။ ဖြစ်ရပ်တွေကို သုံးသပ်တဲ့အခါတွေမှာ ပုဂ္ဂိုလ်ခင်လို့ တရားမင်ပြီး ကိုယ့်လူကိုယ်မို့ သာသာထိုးထိုး၊ ကိုယ် အမြင်မကြည်သူမို့ နှိပ်နှိပ်ဖိဖိ မလုပ်ဘဲ ဓမ္မဓိဋ္ဌာန်ကျကျ ပိုင်းခြားသုံးသပ်တဲ့အခါမျိုးမှာ dispassionate ကို သုံးပါတယ်။ အဲဒါကို ရှားရှားပါးပါး (rare) နဲ့ တွဲထားတယ်။

အဲဒီ့ထောက်ခံစာတခုလုံးမှာ ကျနော် သဘောအကျဆုံး၊ ဂုဏ်အယူဆုံး စကားစုက အဲဒီ့စုပါပဲ။ ရေးပေးခဲ့သူဟာ ကျနော့်ကို တိုက်ရိုက်ကွပ်ကဲရသူ ဖြစ်တာမို့ သူဟာ ကျနော့်အကြောင်းကို မသိချင့်အဆုံးပါပဲ။ ကျနော် ဘယ်လို လူစားဆိုတာ တနေ့ကို အဖျင်းဆုံး ၈ နာရီနှုန်းနဲ့ ၃ နှစ်လောက်အတွင်း နေ့စဉ်မပြတ် သူမျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာကိုး။

img_1769

ကျနော်နဲ့ပတ်သက်တဲ့ ထောက်ခံစာ တချို့

တခါတလေများဆို လူချင်းသာ မတွေ့တယ်၊ ဖုန်းနဲ့ အချိန်မတော် ဆက်သွယ်နေတုန်း။ ဒါမှမဟုတ်လည်း စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာပေမယ့် သူ့အိမ်သွားပြီး ပြောဆိုဆွေးနွေး တင်ပြခဲ့တာတွေလည်း မနည်းပါဘူး။ ဒါ့အပြင် သူက လူငယ်လည်း လူငယ်၊ အဲတုန်းက ၃၀ ကျော်လေးရယ်။ အင်မတန်လည်း ထက်မြက်တယ်။ သူကိုယ်တိုင်ကလည်း ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်တတ်တဲ့ အထုံကလေးနဲ့ဆိုတော့ ကျနော့်ကို အဲလို သတ်မှတ်ခဲ့ ပေတာပေါ့။

အဲဒီ့ a rare dispassionate perspective ကြောင့်ပဲ ကျနော့်ရဲ့ သဘောထားအမြင်က အများစုနဲ့ ဆန့်ကျင် ကွဲလွဲပြီး ကျနော်ဟာ လူ့ခွစာ အလိုလိုဖြစ်လာရတော့တာပါပဲ။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ သဟဇာတ ဖြစ်ချင်တာ သတ္တဝါတိုင်းရဲ့ အငုံ့စိတ်ပါ။ အဲလိုစိတ်နဲ့ လူတွေဟာ ပုတ်သင်ညိုတွေ ဖြစ်ကုန်ကြပါတယ်။ ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်ပြောင်းကြတာပေါ့။ တဆက်တည်းမှာ ပုတ်သင်ညိုကျင့်တွေ စွဲပြီး ခေါင်းပဲ ညိတ်တတ်လာကြပါတော့တယ်။

ကျနော် ပုတ်သင်ညို မဖြစ်ချင်ပါဘူး။ ကျနော့်မူ၊ ကျနော့်ဟန်၊ ကျနော့်ကိုယ်ပိုင်ဉာဏ်နဲ့သာ လူလုပ်ချင်ခဲ့သလို အဲဒီ့အတိုင်းသာ လူလုပ်နေခဲ့ပြီး သေတဲ့အထိလည်း အဲလိုပဲ နေသွားမှာပါ။ မိုးခါးရေဆိုတာ ကျနော် ဘယ်တော့မှ သောက်မယ့် အရာမဟုတ်ဘူး။ ဒါ့ကြောင့် ကျနော် ငွေကြေး မချမ်းသာပါဘူး။ ချမ်းသာချင်ရင် ဘာလုပ်ရမယ်ဆိုတာ ကျနော် သိခဲ့ပါတယ်။ ငတုံးမှ မဟုတ်တာလေ။

သူ့ထောက်ခံစာထဲမှာ ၁၉၉၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က (ခဏ) လွတ်လာပြီးတဲ့ နောက်ပိုင်း စနေတနင်္ဂနွေ လူထုဆွေးနွေးပွဲတွေကို ၁၅ လတိုင်တိုင် ကျနော် မပျက်မကွက်သွားခဲ့တာလည်း ထည့်ရေးထားတယ်။ အလုပ်နဲ့ပတ်သက်ရင် ကျနော် ဇောကပ်တတ်ပုံကို ပြောတာပါ။

သတင်းလိုက်တဲ့အခါမှာ ရဲတင်းပေမယ့် မိုက်ရူးရဲ မလုပ်တတ်တဲ့အကြောင်း (brave but not foolhardy လို့ သုံးထားပါတယ်)လည်း ပါတယ်။ နမူနာ ပေးထားတာက ကိုယ့်ကိုယ်ကိုယ်လည်း ဘေးမဖြစ်၊ သံရုံးရဲ့ ရပ်တည်မှုကိုလည်း အထင်မှား အမြင်မှား မဖြစ်ရလေအောင် ဆန္ဒပြပွဲတွေမှာ ဘယ်အချိန် ဆုတ်ခွာရမယ်ဆိုတာ ကျနော့်ချင့်ချိန်မှုနဲ့ ကျနော် လုပ်ခဲ့ပုံတွေကို ပြထားပါတယ်။

အဲတုန်းက အတွေ့အကြုံတချို့

အဲဒါလေး ပြန်ဖတ်မိတော့ အဲတုန်းက အရိပ်တွေလည်း စိတ်မျက်စိ ပိတ်ကားပေါ် တဖန် ပြန်ပေါ်လာရပြန် ပါတယ်။ ဟုတ်ပါရဲ့။ အဲဒီ့တုန်းက ရင်ဖိုခဲ့ရတာတွေလည်း ရှိတာပေါ့။

ဒေါ်အောင်ဆန်းစုကြည် မီးရထားနဲ့ ခရီးသွားမယ် ပြင်တဲ့အခါ ရန်ကုန် ဘူတာကြီးမှာ တားဆီးခံနေရတာများ အချိန်က အကြာကြီး။ လုံထိန်းတပ်ဖွဲ့တွေတောင် ချလို့ရယ်။ ညဦးပိုင်း တပိုင်းလုံး အချိန်ကုန်ခဲ့ရတယ်။ ကျနော်ရယ်၊ ကျနော့်ဇနီးရယ်က နံပါတ်ဖြူ သံရုံးကားနဲ့။

ကိုယ်ပိုင်ကားကို သုံးရင် လုံခြုံရေးအရ အချိန်မရွေး ကျနော် ခံရနိုင်ပါတယ်။ သံရုံးကားနဲ့ဆိုတော့ ဂျနီဗှာ နိုင်ငံတကာ သဘောတူစာချုပ်အရ ကားထဲက ကျနော့်ကို ရန်ပြုလို့ မရနိုင်တော့ပါဘူး။ ဒါ့ကြောင့် ရုံးကားကို သုံးနေတာပါ။ ဖြစ်စဉ်တွေက ရုံးချိန်ပြင်ပမှာလည်း ဖြစ်နေတတ်တော့ တခါတလေ အိမ်ကို ရုံးကားယူထား ရပါတယ်။

နောက်တခုက ပါလေရာဖုန်းပါ။ အဲဒီ့အချိန်က ပါလေရာဖုန်းဟာ အများသိတော်မူတဲ့အတိုင်း အလွန်အင်မတန် ဈေးကြီးလှပါတယ်။ သံရုံးကို ရောင်းပေးတာ၊ ယုံချင်ယုံ မယုံချင်နေ၊ တလုံးကို ဒေါ်လာ ၄ ထောင်ပေးရပါတယ်။ အဲတော့ ရုံးကလည်း အာဏာကုန် ၂ လုံးသာ ဝယ်နိုင်ပါတယ်။ တလုံးကို ကျနော် ကိုင်ရပါတယ်။ ကျန်တလုံးကို ၂၄ နာရီ တာဝန်ထမ်းဆောင်ရတဲ့ ပြုပြင်ထိန်းသိမ်းရေးတာဝန်ခံကို ပေးထားပါတယ်။ သံအမတ်တောင် ပါလေရာဖုန်း မကိုင်ပါဘူး။

အဲဒီ့နေ့ည သန်းခေါင်ကျော်တဲ့အချိန်ကျမှ အစ်မတို့ အဖွဲ့လည်း ရထားနဲ့ ခရီးသွားမယ့်အစီအစဉ်ကို လက်လျှော့ပြီး ပြန်ကြပါတယ်။ ကျနော်တို့ လင်မယားလည်း သူတို့ယာဉ်တန်းနဲ့အတူ နောက်က ထက်ချပ် လိုက်ပါတယ်။ ကျနော်လည်း အဲဒီ့ဘက်မှာပဲ နေတာမို့ အဲဒီ့လမ်းအတိုင်းသာ ပြန်ရမှာက တကြောင်း၊ နောက်ထပ် ဘာဆက်ဖြစ်သေးလဲ သိချင်တာကြောင့်တကြောင်း လိုက်သွားတာပါ။ လုံထိန်းကားတွေလည်း ၃ စီးလောက် ဆက်တိုက်လိုက်လာတာပေါ့။

ဘယ်သူ့အမိန့်နဲ့လဲတော့ မသိဘူးခင်ဗျ။ ရွှေဂုံတိုင် အချက်ပြမီးတိုင်ကနေ ကုက္ကိုင်းဘက်ထောင်အတက်၊ ဓမ္မစေတီ (ဘောင်ဒရီ) လမ်း ကျော်ခါစမှာ လုံထိန်းကားတစီးက အတင်းကျော်တက်ပြီး ကျနော့်ကားခေါင်းကို ဖင်နဲ့ ရိုက်ပါသေးတယ်။ အေးဆေးပါ။ ကျနော့် ယာဉ်မောင်းသက်က အဲဒီ့အချိန်မှာကို နှစ် ၂၀ လောက်ရှိနေပြီမို့ ဘာမှ ထိမိခိုက်မိတာ မရှိပါဘူး။ ဟန်မပျက် ရှောင်လိုက်နိုင်ပါတယ်။ ကိုယ့်ဆရာတွေများ အဲသလို။ သံရုံးကားသော၊ နံပါတ်ဖြူသော၊ ဘာသော နားကို မလည်ရှာကြပုံပြောပါတယ်။

ကြို့ကုန်းစက်မှုတက္ကသိုလ်ရှေ့ဝယ်…

အဲဒါက ရင်ဖိုစရာ မဟုတ်ပါဘူး။ ရင်ဖိုရတာက ကြို့ကုန်း ရန်ကုန်စက်မှုတက္ကသိုလ်မှာ ၁၉၉၅ ခုနှစ် နှစ်ကုန်ခါနီးမှာ ဖြစ်ခဲ့တာပါ။ စက်မှုတက္ကသိုလ်ကျောင်းသားတွေ စုဝေးဆန္ဒပြကြတယ်။ ကျနော်က ရုံးကားနဲ့ပဲ ရောက်သွားပါတယ်။ ကားကို စက်မှုတက္ကသိုလ်နဲ့ မလှမ်းမကမ်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းငယ် ရှိရာ လမ်းသွယ်လေးထဲမှာ ရပ်ထားခဲ့ပါတယ်။ ပြီးတော့ လမ်း ဆင်းလျှောက်သွားပြီး စက်မှုတက္ကသိုလ်နဲ့ မျက်နှာချင်းဆိုင် ဘီပီအိုင် (ဆေးဝါးစက်ရုံ) လမ်းထဲကနေ အခြေအနေကို စောင့်ကြည့်နေခဲ့ကြပါတယ်။

ကျနော်နဲ့အတူ နိုင်ငံခြား သတင်းစာဆရာအသင်းက တချို့လည်း ရှိနေတယ်။ နေဝင်ရီတရောမှာတော့ လုံထိန်းတွေက ဆန္ဒပြပွဲကို အကြမ်းဖက် ဖြိုခွင်းပါတော့တယ်။ ပွဲကြည့်ပရိသတ် ရှိရာကိုပါ မရှောင်တော့တာမို့ ကျနော်တို့မှာ ပြေးလိုက်ရတာ။ ကျနော်နဲ့အတူ ပါလာတာက လူငယ်နိုင်ငံခြားသတင်းစာဆရာလေး တယောက်။ အကော်ဒီယံအုန်းကျော်သီချင်းထဲကလို တကယ့်ကို ဖဝါးနဲ့ တင်ပါး တသားတည်း ပြေးရတယ်ပေါ့ဗျာ။

ကျနော့်မှာက ပြဿနာ တက်နေတယ်။ လူက လွတ်လာပြီး ကားကြီးက ငေါငေါကြီး ကျန်ခဲ့တာလေ။ ရုံးကားမို့ သိပ်ဂရုစိုက်စရာမလိုပေမယ့် ကျနော့်စိတ်ဓာတ်က ခွင့်မပြုဘူး။ နောက်တရက်မှ ရုံးက ယာဉ်မောင်း တယောက်ကို လွှတ်ပြီး ကားပြန်ယူခိုင်းမယ်ဆိုလည်း ဖြစ်ပါတယ်။ သို့သော် ကျနော် ထုတ်လာတဲ့ကား၊ ကျနော် စီးနေတဲ့ကားဖြစ်တာမို့ ထိန်းသိမ်းရမယ့် တာဝန်က ကျနော့်ပခုံးပေါ်မှာပဲဆိုတာ ဘယ်သူကမှ မပြဋ္ဌာန်းဘဲ ကျနော့်ဘာသာ ပြဋ္ဌာန်းထားပါတယ်။

အဲဒါနဲ့ ညမှောင်တဲ့အခါကျတော့မှ ဗဟိုလမ်းအတိုင်း ပြန်လာ၊ ဦးရေခဲလမ်းက ဖြတ်ထွက်ပါတယ်။ အင်းစိန် လမ်းကြီးတခုလုံးက တစပြင်လို တိတ်ဆိတ်လို့ရယ်။ အင်းစိန်လမ်းကို အခြေအနေကြည့်ပြီး ဖြတ်ကူး၊ ကားရှိရာကိုသွား၊ ကားကို ပြန်မောင်းထုတ်လာခဲ့ပါတယ်။ ကျနော်ကသာ သဲထိတ်ရင်ဖို ဖြစ်နေတာ၊ လမ်းမကြီးတခုလုံးက တိတ်လို့ ဆိတ်လို့၊ ငြိမ်သက်လို့ရယ်။ ဘာဆိုဘာမှလဲ မရှိ။ ယာဉ်သွားယာဉ်လာလည်း မရှိ။ သည်လိုနဲ့ လူရော ကားပါ ဘေးကင်းခဲ့ပါတယ်။

ဦးထောင်ဘိုလမ်းမှာ ပိတ်ရိုက်တဲ့ ည

သိပ်မကြာပါဘူး၊ အတိအကျ ပြောရင် ၁၉၉၆ ခုနှစ် ဒီဖင်ဘာ ၂ ရက်နေ့မှာပါ။ လှည်းတန်းလမ်းဆုံမှာ ကျောင်းသားတွေ စုဝေးပြီး ညဘက်ကျတော့ မြို့ထဲကို ချီတက်ကြပါရောလား။ လှည်းတန်းလမ်းဆုံကနေ လှည်းတန်းဈေးဘက်ကို ထွက်ကြတဲ့အခါ ကျနော် အဲဒီ့ စီတန်းလှည့်လည်သူတွေနဲ့ မလိုက်တော့ဘူး။ ကျနော့်ကားနဲ့ နာနတ်တော လမ်းက ပတ်ပြီး ဆင်မလိုက်ထိပ်မှာ သွားကြို စောင့်နေခဲ့ပါတယ်။ ကျောင်းသားအုပ် ဘေးကင်း ရန်ကင်း ရောက်လာပြီး ကြည့်မြင်တိုင်ကမ်းနားလမ်းအတိုင်း ဆက်ချီတော့ ကျနော်က အောက်ကြည့်မြင်တိုင် လမ်းအတိုင်း သူတို့ ရောက်လာမယ့်နေရာတွေကို ကြိုကြိုစောင့်ရင်း အကဲခတ်တယ်။ အားလုံး ရှင်းလင်းနေတယ်။

အဲလိုနဲ့ မြို့ထဲအထိ ရောက်လာပါတော့တယ်။ မြို့ထဲရောက်တော့ ကုန်သည်လမ်းက အမေရိကန်သံရုံးရှေ့ အထိလည်း ကျနော်က ကြိုကြည့်ပဲ။ အဲဒီ့ကနေ ဆူးလေဘုရား၊ ဆူးလေဘုရားလမ်းအတိုင်း ထောင်တက်သွားကြ၊ အလံပြဘုရားလမ်းအတိုင်း ဆက်သွား။ ကျနော်က လူတန်းနဲ့ မပါဘူး။ ကားနဲ့ဆိုတော့ ကြိုကြို စောင့်ကြည့်နေတာ။ အလံပြဘုရားလမ်းကနေ တိရစ္ဆာန်ရုံဘေးကနေ မြောက်ဘက်ကို တက်ကြတဲ့ အခါကျတော့ ကျနော်က အထက်ပန်းဆိုးတန်းအတိုင်း မြောက်ဘက်ကိုတက်၊ ကန်တော်ကြီး ပတ်လမ်းကနေ ဦးထောင်ဘို အဝိုင်းကို ရောက်၊ ဦးထောင်ဘို အဝိုင်းထိပ်က နန်းတော်ပုံစံ အုတ်တံတိုင်းနဲ့ ဘုန်းကြီးကျောင်း ရှေ့နားလေးမှာ ကားထိုးပြီး စတင် မြင်နေရပြီဖြစ်တဲ့ ကျောင်းသားထု တပ်ဦးကို ကြည့်လို့ ကောင်းနေဆဲမှာ ကျနော့်ကားရှေ့ကို စစ်ကားကြီး ရောက်လာတယ်။ ကားပေါ်က စစ်သားတွေ ကသုတ်ကရက် ဆင်းလာကြတယ်။ ကျနော့်ကို ဖုတ်လေသည့် ငါးပိ ရှိတယ်လို့တောင် မမှတ်ကြပါဘူး။

ဒါပေမယ့် ကျနော် တွက်လိုက်မိတယ်။ ကျောင်းသားတွေဟာ ဦးထောင်ဘိုအတိုင်း အနောက်ဘက်ကို ပြန်ထောင်တက်ပြီး ရွှေတိဂုံဘုရားမှာ စတည်းချကြတော့မယ်ပေါ့။ သူတို့ ဦးထောင်ဘိုထဲကို စဝင်နေချိန်မှာ ကျနော်လည်း ကားကို နောက်ကြောင်းပြန်လှည့်။ ကြားတောရလမ်းထဲက ဖောက်၊ အာဇာနည်ကုန်းကနေ ရွှေတိဂုံဘုရား ခြေရင်းက ပတ်လမ်းအတိုင်း အပြင်းမောင်းသွားလိုက်တယ်။

ဟဲ… ဟဲ… ဘာရမလဲ။ ရွှေတိဂုံ အရှေ့မုခ်၊ ဗဟန်းစောင်းတန်း မရောက်ခင်မှာပဲ ကျနော့ရှေ့က သွားနေတဲ့ စစ်ကားကြီး သုံးစီးကို မားမားကြီး တွေ့လိုက်ပါပြီ။ သိလိုက်ပြီ။ ကျောင်းသားတွေကို ဦးထောင်ဘိုလမ်း အထက်အောက် ညှပ်ပြီး သမတော့မယ်ဆိုတာ။ နို့… ဆရာဗန်းမော်တင်အောင် ပြောသလို ကျနော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်းပေါ့ခင်ဗျာ။ ကျနော်လည်း ရူးကြောင်မူးကြောင်နဲ့ပဲ ဗဟန်း ၃ လမ်းဘက် ပြန်လာ။

ရုန်းရင်းဆန်ခတ်၊ အပြေးအလွှားတွေကို ဦးထောင်ဘိုအဝိုင်းနားမှာ မြင်ရပြီ။ ရိုက်ကုန်ပြီဆိုတာလည်း သိလိုက်ရပါတယ်။ ဇာတ်ပေါင်းတော့ အဲဒီ့ညက ကျောင်းသားတွေသာ မကဘူး၊ နိုင်ငံခြားသတင်းစာဆရာ အသင်းဝင် သတင်းထောက်တယောက်တောင် ပယ်ပယ်နယ်နယ် အရိုက်ခံလိုက်ရပါသေးသကော။

လှည်းတန်းလမ်းဆုံက ဆုတ်ခွာပုံ

အဲဒါက တမှု။ နောက်ဆုံးတမှု အမှတ်ရနေတာကတော့ အထိတ်တလန့်ထက် ရယ်စရာ ပိုကောင်းပါတယ်။ အဲဒါက ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ဖြစ်ခဲ့တာ။ အဲဒါလည်း လှည်းတန်း လမ်းဆုံမှာ ကျောင်းသားတွေ ထိုင်သပိတ်မှောက်ကြတာ။ ညပိုင်းပဲ။

b8b49861861d73c68aee3d8f16bff652_thumbnail_1

ပုံက ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၉ ရက် လှည်းတန်းလမ်းဆုံက ပုံပါ။ အင်ထနက်ထဲက ရပါတယ်။ အေပီသတင်းဌာနရဲ့ ဗီဒီယိုမှတ်တမ်းထဲက ထွက်လာတဲ့ ပုံလည်းပဲ ဖြစ်ပါတယ်။ ဒါက ထိုင်သပိတ်အစအဦးပုံပါပဲ။

ကျောင်းသားတွေနဲ့ အနီးဆုံးမှာ သတင်းထောက်တွေနဲ့ သံရုံး ဝန်ထမ်းတွေ ရှိနေပါတယ်။ သံရုံးဝန်ထမ်းတွေ ထဲမှာ ဒေသခန့် ဗမာဝန်ထမ်းကတော့ ကျနော်တယောက်ပဲ ပါတယ်။ ကျန်တာက နိုင်ငံခြားသားတွေပါ။ ညဥ့်နက်သထက် နက်လာတဲ့အခါ ပွဲကြည့်ပရိသတ်က စဲလာပါတယ်။ သတင်းထောက်တွေထဲက အေပီ သတင်းဌာနက တယောက်ပဲ ကျန်တော့တယ်။ သံရုံးကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ သံရုံးက သံမှူးပဲ ကျန်တယ်။ ကျနော်လည်း ကျန်တယ်။

အာဆီယံနိုင်ငံတနိုင်ငံရဲ့ သံမှူးဆီ “မင်းတို့ကို ဝိုင်းလိုက်ပြီနော်။ အမြန်ဆုံး ထွက်ခဲ့ကြတော့”ဆိုတဲ့ သတင်းကို ပါလေရာဖုန်းနဲ့ လှမ်းပေးသူက အပြင်စည်းကနေ အခြေအနေကြည့်နေတဲ့ တခြားအာရှနိုင်ငံတနိုင်ငံက သံမှူး။ ကျနော်တို့ သုံးယောက် ခေါင်းချင်း ရိုက်ကြတယ်။ ကျနော့်ကားနဲ့ အာဆီယံနိုင်ငံ သံမှူးကားက ဝိုင်းခံထားရတဲ့ စည်းအတွင်းမှာ ရှိနေတယ်။ အေပီသတင်းထောက်က ကားကို အင်းလျားလမ်းမှာ ထားခဲ့တာမို့ စည်းအပြင်မှာ။ သို့သော် သူလည်း စည်းထဲက ထွက်မှ ဖြစ်တော့မယ်။

အာဆီယံနိုင်ငံ သံမှူးက ကျနော့ကို ရှေ့ကမောင်းခိုင်းတယ်။ ကျနော်က နံပါတ်ဖြူနဲ့ပေမယ့် ဗမာဖြစ်နေတော့ တခုခုဆို သူစောင့်ရှောက်နိုင်၊ သတင်းပို့နိုင်အောင် သူက နောက်က လိုက်မယ်တဲ့။ အေပီသတင်းထောက်ကိုလည်း သူ့ကားနဲ့ လိုက်ပါတဲ့။ အိုခေပေါ့။

ကျနော်တို့ ကားနှစ်စီး တန်းစီပြီး ထွက်လာတယ်။ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း။ တက္ကသိုလ် ဆရာဆောင်လောက်မှာ သံဆူးကြိုးတွေ တားထားပါပြီ။ အဲဒီ့ကို အရောက်မှာ စစ်ဗိုလ်တယောက်က ကျနော့်ကားကို တားတာနဲ့ ကျနော်လည်း ရပ်ပေးပြီး မှန်ချပေးလိုက်ပါတယ်။ ကျနော်စီးလာတာက နံပါတ်ဖြူ တိုယိုတာ သရဖူ အမှတ်တံဆိပ်နဲ့ အလွန်ငြိမ့်တဲ့ ကားကြီးပါ။

သူက ဘယ်သံရုံးကလဲလို့ ကျနော့်ကို ဘိုလို မေးပါတယ်။ ကျနော်လည်း သြစထြေးလျသံရုံးလို့ ဘိုလိုပဲ တုံးတိတိ ပြန်ဖြေလိုက်ပါတယ်။ သူက အဲဒီ့အခါကျတော့ ကျနော့်ကို နိုင်ငံကူးလက်မှတ်ပြဖို့ ဘိုလို ပြောပြန်တယ်။ ရယ်ချင်စိတ်ကို အနိုင်နိုင်ထိန်းရင်း “ကျနော် ဗမာပါ ဦးလေးရယ်။ အင့်… ဟောသမှာ ကျနော့် ယာဉ်မောင်း လိုင်စင်”လို့ ဗမာလို ပြောလိုက်တယ်။

အနှီစစ်ဗိုလ်ကြီး စတွန့်သွားတယ်။ မှောင်ကြီးမည်းကြီးထဲမှာပေမယ့် သူမျက်နှာပျက်သွားတာ သိသိသာသာကြီးဗျ။ ကျနော့် ယာဉ်မောင်းလိုင်စင်ကို ဝတ်ကျေတန်းကျေကြည့်ပြီး ကျနော့လက်ထဲ ပြန်ပေးကာ “သွားဗျာ၊ သွား… သွား…”တဲ့။ ကျနော်လည်း ရယ်ချင်ပက်ကျိ မျက်နှာပိုးကို အနိုင်နိုင်သတ်ရင်း မောင်းထွက်လာလိုက်ရပါတော့တယ်။

ဒေသခန့်ဝန်ထမ်းဖြစ်လင့်ကစား

တကယ်တော့ သံရုံးက အဲဒီ့ အလုပ်မှာ လုပ်နေစဉ်က ကျနော့်မယ် ပြောရေးဆိုခွင့် အတော် ရှိခဲ့ပါတယ်။ ကျနော့် အထက်အရာရှိတွေကလည်း ကျနော့်အမြင် ကျနော့်အယူအဆတွေကို တလေးတစား နားထောင်ပေးတယ်။ ကျနော့် အစီရင်ခံစာတွေကိုလည်း ဂရုတစိုက် ရှိခဲ့ကြပါတယ်။

၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင် ဖြစ်လာတဲ့အခါ ကျနော့်အထက်အရာရှိက ကျနော့်ကို မေးပါတယ်။ ဘယ်လို မြင်သလဲပေါ့။ ကျနော့်အဖြေက ကောင်းပါတယ်ပေါ့။ ဘာလို့ ကောင်းတာလဲလို့ မေးတဲ့အခါ ကျနော့်အမြင်ကို လိပ်ပတ်လည်အောင် ရှင်းပြခဲ့ပါတယ်။

နဝတ/နအဖက ပုဂ္ဂိုလ်တွေဟာ တဖက်သတ်သာ ပြောတတ်နေတယ်။ ကျန်တဲ့ တဖက်ရဲ့စကားကို နားထောင်ရကောင်းမှန်း တစက်မှ မသိတတ်ကြတော့ဘူး။ အခုလို အာဆီယံအဖွဲ့ကြီးထဲ ဝင်သွားပြီဆိုရင်တော့ သူတို့ချည်း ပြောနေလို့ မရတော့ဘူး၊ သူများ ပြောတာကိုလည်း နားထောင်အပ်တယ်ဆိုတဲ့ အသိနဲ့ နားထောင်တတ်တဲ့ အလေ့အကျင့်လေးတော့ အနည်းနဲ့ အများ ရလာမှာမို့ ကောင်းတယ်လို့ ပြောတာလို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒါ ကျနော်ပါပဲ။ အဲဒီ့အချိန် နိုင်ငံရေးအခြေအနေအရ မြန်မာ အာဆီယံအဖွဲ့ဝင်ဖြစ်သွားတာကို ပြင်းပြင်း ထန်ထန် သဘောကွဲခဲ့ကြတဲ့ မြန်မာအများစုကြားမှာ ကျနော့်ရဲ့ ရွာပြင်က အမြင်က အဲသလို ရှိခဲ့ပါတယ်။

စီးပွားရေး ပိတ်ဆို့ အရေးယူမှုနဲ့ ကျနော့်သဘောထား

အနောက်နိုင်ငံတွေရဲ့ (စီးပွားရေး) အရေးယူပိတ်ဆို့မှုတွေကိုလည်း ကျနော် အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ ကျနော့်အမြင်က ရှင်းရှင်းလေး၊ အဲသလို အရေးယူပိတ်ဆို့တာတွေသာ အလုပ်ဖြစ်ရိုးမှန်ရင် ကျူးဘားက ကတ်စထြို ပြုတ်ကျသွားတာ အဲဒီ့အချိန်မယ် နှစ်ပေါင်း ၃၀ လောက် ရှိနေတော့မှာပေါ့။ မြောက်ကိုရီးယားလည်း စနစ်ကြီး ပြောင်းသွားမှာပေါ့။ အလုပ်မှ မဖြစ်တာ။

အဲဒီ့ စီးပွားရေး ပိတ်ဆို့မှုဒဏ်ကို ခံရမှာက ထိပ်ပိုင်းက ရေပေါ်ဆီတွေ မဟုတ်ဘူး၊ လူထု။ လူထုမှာမှ သာပေါင်းညာစား မလုပ်တတ်တဲ့ သာမန် လက်လုပ်လက်စားတွေက ပိုထိမှာ မလွဲဘူး။ ကျနော့်အမြင်မှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုဆိုတာဟာ အသံကောင်းဟစ်တာ၊ သူတော်ကောင်း လုပ်တာ သက်သက်လို့ပဲ။

ကမ္ဘာ့ပုလိပ်ကြီးနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တယောက်နဲ့ ၁၉၉၀ လောက်က ဧည့်ခံပွဲတခုမှာ ဆုံတော့ ကျနော် မေးခဲ့ဖူးတယ်။ “ခင်ဗျားတို့ နိုင်ငံတွေက ဘယ်လိုတုန်းဗျ။ ကျနော်တို့ဆီမှာ လက်နက်မဲ့ အရပ်သားတွေ ထောင်နဲ့ ချီပြီး တပ်က ပစ်သတ်တာ ၁၉၈၈ မယ်။ ပေါက်ဖော်ကြီးတို့ တိုင်းပြည်မယ် နောက်တနှစ်မပြည့်ခင် အဲလိုပဲ လက်နက်မဲ့ အရပ်သားတွေ ထောင်နဲ့ချီပြီး တပ်က ပစ်သတ်တာ ကျနော်တို့ဆီမယ် ဖြစ်ပြီး တနှစ်တောင် ကောင်းကောင်းမပြည့်ခင်ပဲလေ။ ကျနော်တို့ကိုကျတော့ ပိတ်ဆို့အရေးယူ၊ ဟိုဟာပြော၊ သည်ဟာပြော၊ ပေါက်ဖော်ကြီးတွေနဲ့ကျတော့ ရေငုံနေတယ်။ အဲဒါ ဘာသဘောလဲဗျာ”လို့ပေါ့။

သူက ကျနော့်ကို တိုးတိုးပြန်ဖြေပါတယ်။ “ကျနော် ပြောတယ်လို့လည်း မပြောနဲ့။ တရားဝင်ပြောတယ်လို့လည်း မမှတ်နဲ့ဗျ။ ရှင်းရှင်းလေးပါ။ စီးပွားရေးပေါ့။ သူတို့ လူဦးရေက သန်းတထောင် ရှိတယ်။ ခင်ဗျားတို့က သန်း ၅၀။ အပ်ပဲ ရောင်းရင်တောင် သူတို့ဆီမှာ အဆ ၂၀ လောက် ပိုရောင်းရမှာဆိုတော့ ရေငုံနေတာပေါ့ဗျာ။ ဒါပေမယ့် အဲလို ရေငုံနေပြန်ရင် သိက္ခာကျမှာစိုးတော့ ခင်ဗျားတို့ နိုင်ငံလို ကိုယ်ကျိုး၊ ကိုယ့်စီးပွား သိပ်မရှိတဲ့ နိုင်ငံလေးတွေအပေါ်ကျတော့ ပြောဆို အရေးယူပေးရတာပေါ့”တဲ့။

img_1770

ဒါက ၁၉၉၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်သွားခဲ့တဲ့ ဒုတိယခေါင်းဆောင်ရေးပေးခဲ့တဲ့ ထောက်ခံစာ အရှည်ကြီးရဲ့ အဆုံးပိုင်းလေးကို ဓာတ်ပုံရိုက်ပြထားတာပါ။ (ကြွားတယ်လို့ မှတ်ချင်မှတ်လက်ကြညော်… တကယ်လည်း ကြွားတာပါ။ သေခါနီးပြီမို့ ရှိတာလေးဒေ ထုတ်ပြသွားရှာဒယ်ဆိုပြီး ခွေးလွှတ်မယ်ဆိုလည်း လွှတ်ကြပေါ့ဂျာ…)

ဒါတွေကို သိမြင်ထားတဲ့အတွက် ကျနော်က ပိတ်ဆို့အရေးယူမှုကို အကြောက်အကန် ကန့်ကွက်ခဲ့ပါတယ်။ အဲဒီ့အချိန်က သြစတြေးလျ အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေးမူဝါဒဟာ သြစတြေးလျနိုင်ငံက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ဖို့ “တားလည်း မတား၊ တိုက်လည်း မတိုက်တွန်း” (neither encourage nor discourage) ဆိုတဲ့ မူဝါဒကိုသာ ကျင့်သုံးခဲ့ပါတယ်။ ကျနော့် ကန့်ကွက်မှုကြောင့်လို့တော့ မပြောရဲပါဘူး။ သို့သော် ကျနော် အကြောက်အကန် ကန့်ကွက်ခဲ့တာလည်း အမှန်၊ အဲဒီ့မူဝါဒနဲ့ ရှိခဲ့တာလည်း အမှန်ပါပဲ။

အဓမ္မခိုင်းစေမှုတဲ့လား

နောက်တခုကတော့ “အဓမ္မစေခိုင်းမှု”ကိစ္စပါပဲ။ ၁၉၉၄ ခုနှစ်မှာ ရတနာ ကမ်းလွန်ရေနံတွင်းရဲ့ အလားအလာကြောင့် ထိုင်းနိုင်ငံဆီ သဘာဝဓာတ်ငွေ့ပို့တဲ့ ပိုက်လိုင်းဆောက်ဖို့ တော စ ရှင်းပါတယ်။ အဲဒီ့မှာ အဓမ္မစေခိုင်းမှု ရှိတယ်ဆိုတဲ့ သတင်းတွေ ပလူပျံအောင် တက်လာတယ်။ ဒါနဲ့ ကျနော် ထားဝယ်ကို သွားပါတယ်။ ကျနော့် အိမ်သူကိုပါ ခေါ်သွားတာပါ။ ပြီးတော့ ကားတစီးငှားပြီး ကလိန်အောင်အထိ သွားကြည့်ခဲ့ပါတယ်။

အဲတုန်းက လမ်းက မသာသေးဘူး။ ထားဝယ်မှာ ကားငှားရတာလည်း ခက်ပါတယ်။ နံပါတ်နက် တိုယိုတာ ပဗ္ဗလစ်ကာလေး တစီး ရတာနဲ့ ကားဆရာကို နောက်ခန်းမှာ ထိုင်ခိုင်း၊ ကျနော်က မောင်း၊ ကျနော့်အိမ်သူက ကျနော့်ဘေးက ထိုင်ပြီး တခါမှ မသွားဖူး၊ မမောင်းဖူးတဲ့ တောင်တက်တောင်ဆင်း လမ်းတွေကို မောင်းသွားခဲ့တာပါ။

old photos tavoy 01တွေ့တာပေါ့။ ပိုက်လိုင်းချဖို့ တောရှင်းနေတဲ့ စခန်းတွေ။ ကျနော့်ကင်မရာလေးနဲ့ ဓာတ်ပုံတွေ ရိုက်ယူခဲ့ပါတယ်။ ကျနော့ဇနီးကို ဆိုင်းဘုတ်အနီကြီး ရှေ့မှာ ထားပြီး ရိုက်ထားတဲ့ ပုံတပုံရဲ့ ဆိုင်းဘုတ်မှာ ရေးထားတာကတော့ “လုပ်အားဖြင့် ဒါနပြုနေသည်”ဆိုတဲ့ စာတန်းကြီးပါပဲ။

အဲလိုနဲ့ ကျနော် ပြန်ရောက်လာတော့ ကျနော့်အစီရင်ခံစာမှာ ပါသွားတာက အနောက်တိုင်းသားတွေ ပြောတော့မှ ကျနော်တောင် အဓမ္မစေခိုင်းခံခဲ့ရဖူးမှန်း သိလာရပါတယ်လို့ပါပဲ။ ဟုတ်တယ်လေ… ကျနော်တို့ မြို့ထဲမှာ နေတုန်းက တခါတလေ တနင်္ဂနွေနေ့ဆိုရင် လမ်းသန့်ရှင်းရေး လုပ်ရမှာမို့ တအိမ်တယောက် လာကြပါလို့ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး (အဲတုန်းက ရပ်ကွက်ကောင်စီပေါ့) က ပြောရင် ပျော်ပျော်ပါးပါး လုပ်ခဲ့ကြတာပဲလေ။ ဘယ်သူကမှ အဲဒါကို အဓမ္မစေခိုင်းတယ်လို့ မမှတ်ကြပါဘူး။ တချို့တွေဆို ပိုက်ဆံ တပြားမှ မရ

old photos tavoy 940606_2

ကျနော့်အိမ်သူက သ့ပုံမထည့်နဲ့ဆိုဒါနက် နောက်ခံကိုပဲ ယူလိုက်ရတာလည်း ဖြစ်၊ အပေါစား ကင်မလာအစုတ်ကလေးနဲ့ ကမန်းကတန်း ရိုက်တာလည်း ဖြစ်တော့ ဝါးနေပါတယ်။
ရေးထားတဲ့ စာက… 
ဤစခန်း၏ ရည်ရွယ်ချက်(၁) လုပ်ငန်းတိုးတက်အောင်မြင်ရမည်။
(၂) ကိုယ်စိတ်ကျန်းမာပျော်ရွှင်ရမည်။
(၃) စည်းကမ်းရှိရမည်။

တဲ့ အဲဒီ့ အလုပ်အတွက်ပဲ အိမ်က ကောက်ညှင်းပေါင်းလေးတောင် ပေါင်းပြီး အချင်းချင်း ဒါနပြုကြသေး… ဟေး… ဟေး…

 

ကျနော်တို့ ယဉ်ကျေးမှု အစဉ်အဆက်မှာက အဲလို လုပ်တာ ဒါနရယ်လို့သာ နားလည်ထားကြပါတယ်။ အခု ပိုက်လိုင်းအတွက် တောရှင်းတော့လည်း လူအများစုက ဒါက ရပ်ကွက်၊ မြို့နယ် အာဏာပိုင်တွေက ခိုင်းတာပဲ၊ လုပ်ပေးရမှာပေါ့ဆိုတဲ့ အသိသာ ရှိကြပါတယ်။ ပိုက်ဆံ ရရမယ် ဘာညာဆိုတဲ့ အသိမရှိဘူး။ အဲတော့ကာ အဓမ္မစေခိုင်းတယ်၊ ဘာတယ်၊ ညာတယ်ဆိုတဲ့ တံဆိပ်တွေ မကပ်ခင်၊ လူထုအနေနဲ့ သူတို့အခွင့်အရေးက ဘယ်လိုရှိတယ်ဆိုတာကို သိအောင် လုပ်ဖို့က အရေးကြီးတယ်ဆိုတဲ့ သုံးသပ်ချက်နဲ့အတူ ကျနော့် အစီရင်ခံစာ တက်သွားပါတယ်။

အဲဒီ့နောက်ပိုင်း လူ့အခွင့်အရေး သင်တန်း ဘာညာသာရကာတွေကို ကျနော့်ကို လုပ်ခလစာပေးထားတဲ့ နိုင်ငံက စတင် လုပ်ဆောင်လာခဲ့ပါတော့တယ်။

ကံထူးသူ ကျနော်

သည်စာစုအစမှာ ရေးခဲ့သလိုပါပဲ။ အင်မတန်ကံထူးလွန်းလို့ အန်ကယ် ဦးကြည်မောင်လို ပုဂ္ဂိုလ်မျိုးနဲ့ ရင်းနှီးခင်မင်ခွင့် ရခဲ့တာပါ။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းချိန်က ကျနော့်အသက်မှ ငါးနှစ် မပြည့်တတ်သေးပါဘူး။

အဲဒီ့အချိန်က ကျနော့်အဖေနဲ့ အမေဟာ သူတို့သားလေးကို မိဘတို့ရဲ့ မေတ္တာစေတနာနဲ့ ထိပ်ဆုံးကို ရောက်ခဲ့စေချင်ကြမှာ ယုံမှားသံသယဖြစ်စရာ မရှိပေမယ့် တနေ့မှာ သူတို့သားဟာ အဲဒီ့ တော်လှန်ရေး ကောင်စီဆိုတဲ့ အာဏာသိမ်းအဖွဲ့ထဲမှာ (သူမသိလိုက်ဘဲ) နာမည်စာရင်းပါခဲ့တဲ့ ဗိုလ်မှူးကြီးတယောက်နဲ့ သိကျွမ်းခင်မင်ခွင့်ရလာလိမ့်မယ်လို့တော့ တွေးမိခဲ့ကြမယ် မထင်ပါဘူး။ အဖေတို့ အခြေအနေနဲ့ ယှဉ်ရင် ဦးကြည်မောင်ဆိုတာ မိုးနဲ့ မြေကြီးလေ။

အလားတူပဲ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ယနေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သိကျွမ်းခွင့်၊ စကားပြောခွင့်တွေရခဲ့မယ်လို့လည်း ကျနော့်မိဘတွေ အိပ်မက်တောင် မက်ခဲ့ဖူးကြမှာ မဟုတ်သလို ကျနော် ကိုယ်တိုင်လည်း အသက် ၃၀ အရွယ်အထိ စဉ်းတောင် မစဉ်းစားမိခဲ့ပါဘူး။ ဒါပေသည့် ကံထူးတဲ့အတွက် အဲလို ပုဂ္ဂိုလ်မျိုးနဲ့လည်း ကြုံဆုံထိတွေ့ခွင့် ရခဲ့ပါတယ်။

သို့ပေတည့် သေသွားရင်တော့လည်း အဲဒါတွေ အားလုံး ထားခဲ့ရမှာပါ။ ဘယ်သူနဲ့ သိခဲ့၊ ရင်းခဲ့သည်ဖြစ်စေ သေမင်းကတော့ ရွေးနေမှာမှ မဟုတ်တာလေ။ ဒါတွေကို ချရေးဖြစ်ခဲ့တာဟာ ကျနော်မသေခင် ကျနော် သိမီသလောက် မှတ်တမ်းမှတ်ရာလေးတခု ကျန်စေချင်တာက အဓိကပါပဲ။

သို့သော် မလွဲမသွေ ပါရှိနေမှာကတော့ ကျနော့်ရဲ့ အတ္တနောမတိပါပဲ။ ပြီးတော့လည်း ဘယ်သူ့ကိုဖြင့် သာစေ၊ ဘယ်သူ့ကိုဖြင့် နာစေဆိုတဲ့ စေတနာဆိုး အလျဉ်းမရှိသည့်တိုင် ကျနော့်အမြင်၊ ကျနော့်သုံးသပ်ချက်များကြောင့် တဦးဦးမှာ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုပါရင် ခွင့်လွှတ်တော်မူကြပါမယ့်အကြောင်းလည်း တလက်စတည်း ဝန်ချတောင်းပန်ထားချင်ပါတယ်။

ဆိုခဲ့တဲ့အတိုင်း သည်ဖြစ်စဉ်ကြီးတခုလုံးမှာ ကျနော်က ပွဲကြည့်ပရိသတ်သက်သက်ပါ။ သို့သော် သာမန်ပွဲကြည့် ပရိသတ်မဟုတ်ဘဲ အလုပ်တာဝန်ရဲ့ စေစားမှုကြောင့် အတော်ထဲထဲဝင်ဝင် မြင်ခွင့် သိခွင့် ကြားနာခွင့်တွေ အပြင် မျက်တောင်မခတ် မပြတ်ကြည့်မြင်ခွင့် ရခဲ့တာမို့ “အထူးတန်း ပွဲကြည့်စင်ပေါ်က ပရိသတ်”လို့ ကျနော့်ကိုယ်ကျနော် သညာပေးခဲ့တာလည်းပဲ ဖြစ်ပါတယ်။ ပွဲကြည့်ပရိသတ်ဖြစ်နေသလို တဖက်ကလည်း နိုင်ငံသားတယောက်၊ စာရေးလိုစိတ်က သွေးထဲသားထဲမှာ အပြည့်နဲ့ လူသားတယောက် ဖြစ်နေတာမို့ ကျနော့်မှာ ကိုယ်ပိုင်အယူအဆတွေ၊ အမြင်တွေလည်း မလွဲမသွေ ရှိနေခဲ့ပါတယ်။

အခုလို မှတ်မိသမျှ ပြန်လည် မှတ်တမ်းတင်ရာမှာလည်း အဲဒီ့ အတ္တနောမတိတွေ မလွဲမသွေ ပါရှိနေခဲ့မှာ ဖြစ်လင့်ကစား တချိန်က ကျနော့်အထက်အရာရှိ ကျနော့်ကို ပြောခဲ့သလို “ရှားပါးလှတဲ့ ဘက်မလိုက်သော အမြင်”နဲ့ တင်ပြနိုင်ခဲ့တယ်လို့ ထင်မြင်မိပါတယ်။ အဲလိုမှ မဟုတ်ဘဲ သည်စာကို ဖတ်ခဲ့ကြရာမှာ လူပုဂ္ဂိုလ် တဦးဦး၊ အဖွဲ့အစည်းတခုခုအပေါ် ဘက်လိုက်ခဲ့တယ်၊ ပင်းခဲ့တယ်၊ ချနင်းခဲ့တယ်လို့ စာဖတ်သူ လူကြီးမင်း ခံစားရတယ်ဆိုပါရင် အဲဒါဟာ ကျနော့်ရဲ့ အရေးအသား မလိမ္မာမှု၊ စကားပြော ရမ်းကားမှုကြောင့်သာ ဖြစ်နေလိမ့်မယ်လို့ မမှိတ်မသုန် ယုံကြည်ပါတယ်။

ပြောခဲ့တဲ့အတိုင်း ကျနော်က ပွဲကြည့်ပရိသတ်သာ ဖြစ်ခဲ့ပါတယ်။ ဝင်ကန်နေတဲ့ အားကစားသမား မဟုတ်ပါဘူး။ ကိုယ့်မြို့ ကိုယ့်နယ် အသင်းကိုပဲ စွတ်အားပေးမယ်ဆိုတဲ့ စိတ်နဲ့ မကြည့်ဖြစ်ခဲ့တာ ကျနော့်ကိုယ် ကျနော် အသိဆုံးပါ။

ဘယ်သူ နိုင်နိုင်၊ ရှုံးရှုံး ကျနော့် အပူမဟုတ်ပါဘူး။ ဘောလုံးဝါသနာရှင်တယောက်အနေနဲ့ ဘယ်သူကဖြင့် ခြေစွမ်းပြနိုင်တယ်၊ ဘယ်သူကဖြင့် ညစ်တယ်၊ ဘယ်သူက လူကျွံတယ်၊ ဒိုင်က ဘယ်ဘက်က ပင်းနေတယ်ဆိုတာမျိုးတွေကို အသင်းစွဲ မပါဘဲ မြင်သမျှ ချရေးလိုက်တဲ့ ပွဲကြည့်ရဲ့ မှတ်ချက် (commentary) သဘောမျိုးပါပဲ။

သည်ထဲကမှ နောက်ထပ် ကစားမယ့်အသင်းတွေအနေနဲ့ ယူစရာရှိတဲ့ ကောင်းတာလေးတွေ၊ ပယ်စရာ ရှိမယ့် ဆိုးတာလေးတွေကို မိမိတို့ ကိုယ်ပိုင်ဉာဏ်များနဲ့ ဆင်ခြင်ကောက်ယူသွားနိုင်စရာ တစုံတရာ ရလာကြမယ် ဆိုရင်ဖြင့် ကျနော် သည်စာကို ရေးရကျိုးနပ်နေမှာပါ။

ကျနော့်အတွက်ကတော့ ဆိုခဲ့တဲ့အတိုင်းပါပဲ၊ မနေနိုင် မထိုင်နိုင် ချရေးလိုက်ပါတယ်။ ကျနော် ချစ်ခင် လေးစား အားထားရတဲ့ ပရိသတ်ရှေ့မှောက်ကိုလည်း ချပြလိုက်ပါတယ်။ ပရိသတ်ကပဲ အဆုံးအဖြတ် ပေးတော်မူကြပါတော့ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၀၇၀၁၁၉၊ ၁၈၂၁)

 

 

Advertisements

အစုတ်ထုပ်ရဲ့ ကြားဖြတ်အစီရင်ခံစာ (အပိုင်း ၂)

first public appearance88

အစ်မနဲ့ ကျနော်

အစ်မကို ပရိသတ်အနေနဲ့က ဆိုခဲ့တဲ့အတိုင်း ၁၉၈၈ ခုနှစ် ဒီရေမြင့်ချိန် ရွှေတိဂုံအနောက်မုခ် လူထုစည်းဝေးပွဲကတည်းက စတင် မြင်ဖူးခဲ့ပါတယ်။ နောက်ပိုင်း သတင်းစာရှင်းလင်းပွဲတွေမှာ ဆုံရင်း မျက်မှန်းတန်းမိလာပါတယ်။ ကျနော်လည်း မေးခွန်းတွေ မေးချင် ထမေးတတ်တာကိုး။

ပရိသတ်ဗိုလ်ပုံအလယ်မှာ မဟုတ်ဘဲ နှစ်ယောက်ချင်း သေချာ တွေ့တာကတော့ ၁၉၉၇ ခုနှစ်မှာပါ။ ကျနော်က အစ်မကို နှစ်ယောက်တည်းသာ တွေ့ပါရစေဆိုပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးကတဆင့် ခွင့်တောင်းခဲ့ပါတယ်။ အစ်မကလည်း ခွင့်ပေးခဲ့ပါတယ်။

ကျနော်တွေ့ခွင့်တောင်းတာက အကြောင်း ရှိပါတယ်။ အတိအကျ ပြောရင် ၁၉၉၇ ခုနှစ် ဧပြီလ ၆ ရက် တနင်္ဂနွေနေ့ညမှာ အဲဒီ့အချိန်က နအဖ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးရဲ့ အိမ်မှာ လက်ဆောင်ထုပ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး သူ့သမီး အကြီးဆုံး ဒေါ်ချိုလဲ့ဦး ကွယ်လွန် တိမ်းပါးသွားခဲ့ပါတယ်။ သည်သတင်းကို ကြားကြားချင်းမှာ အစ်မကို ကျနော် တွေ့ချင်သွားရပါတယ်။ ဒါ့ကြောင့် ခွင့်တောင်းခဲ့တာပါ။

အဲဒီ့အချိန်က စစ်အစိုးရနဲ့ NLD ရဲ့ ဆက်ဆံရေးက အလွန်တင်းမာနေချိန်ပါ။ NLD ဘက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးမူကို ကိုင်စွဲပြီး လက်ကမ်းနေပေမယ့် စစ်အစိုးရဘက်ကတော့ ခပ်တင်းတင်း ငြင်းပယ်နေချိန် ဖြစ်ပါတယ်။ သည်လိုအချိန်မှာ သည်အဖြစ်အပျက်ဟာ နိုင်ငံရေးအရ နှစ်ခါ ပြန်မရနိုင်တဲ့ အခွင့်ကောင်းပါပဲ။

အစ်မအနေနဲ့ ဗိုလ်ချုပ်တင်ဦးအိမ်ကို သွားသင့်တယ်၊ ဝင်ခွင့်ပြုခြင်း မပြုခြင်းက သူတို့ ပြဿနာ။ မပြုရင် ရေဒီယိုတွေကတဆင့် ကြေညာလို့ ရပါတယ်။ ကျမကတော့ မိဘချင်း ကိုယ်ချင်းစာစိတ်နဲ့ ဝမ်းနည်းစကား၊ အားပေးစကား ပြောဖို့ သူ့အိမ်သွားပါတယ်၊ သူတို့က တံခါးဖွင့်မပေးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျမကတော့ တကယ် စိတ်မကောင်းဖြစ်မိပါတယ်။ ဘယ်သူကပဲ လုပ်လုပ်၊ သည်လုပ်ရပ်ဟာ အကြမ်းဖက်တဲ့ လုပ်ရပ်မို့လို့ ကျမ ဆန့်ကျင် ရှုံ့ချပါတယ်။ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းလည်း တပါတည်း ကြေညာလိုက်ပါတယ် စသဖြင့် ပြောလိုက်မယ်ဆိုရင် အစ်မ ဦးတည်နေတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမှာ တဆင့်တော့ တိုးသွားနိုင်မယ့် အခွင့်အရေးပဲလို့ ကျနော် မြင်မိရပါတယ်။ ဒါ့ကြောင့် အဲဒီ့စကားကို ပြောချင်လွန်းလို့ အစ်မနဲ့ တွေ့ခွင့်တောင်းခဲ့တာပါ။

အစ်မက လက်ခံတွေ့ခဲ့ပါတယ်။ ကျနော်လည်း အထက်က ပြောတဲ့အတိုင်း ကရားရေလွှတ် ပြောပါတော့တယ်။ အမက သေချာနားထောင်ပြီးတော့ ကျနော်ပြောတာ ကောင်းပါတယ်၊ သူစဉ်းစားမယ်လို့ ဆိုခဲ့ပါတယ်။

အမှတ်တရလေးတခု

၂၀၀၃ ခုနှစ် မတ်လ ကျနော် အဲဒီ့အလုပ်က မနားခင်အထိ အစ်မနဲ့ ကျနော်နဲ့က ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ရှိခဲ့ပါတယ်။ ၂၀၁၁ နောက်ပိုင်းမှာ အစ်မနဲ့ ၃-၄ကြိမ် ပြန်ဆုံပါသေးတယ်။ သူ ကျနော့်ကို မှတ်မိပါတယ်။ လူပုံအလယ်က အမှတ်တရကတော့ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့ညနေမှာပဲဖြစ်ပါတယ်။ အမှတ်သညာ သိပ်မကောင်းလှတဲ့ ကျနော် နေ့စွဲနဲ့တကွ မှတ်မိနေတာက အဲဒီ့နေ့ဟာ လက်ပံတန်းမြို့မှာ ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းတဲ့ နေ့ဖြစ်ခဲ့တာမို့ပါပဲ။

အဲဒီ့နေ့ ညနေခင်းမှာ ဘာသာပြန်ပေးဖို့ ဥရောပသမဂ္ဂက ကမကထပြုပေးထားတဲ့ အဖွဲ့အစည်းတခုက ကျနော့်ကို ငှားပါတယ်။ နေပြည်တော်က ဟိုတယ်တခုမှာ အဲဒီ့အဖွဲ့အစည်းက ထုတ်ဝေတဲ့ စာအုပ် မိတ်ဆက်ပွဲမယ် ဘာသာပြန်ပေးရမှာပါပဲ။ ပထမဆုံးက ဥရောပသမဂ္ဂ သံအမတ်ကြီးရဲ့ အဖွင့်အမှာစကားပေါ့။ ကျနော်လည်း ပြန်ဆိုပေးလိုက်ပါတယ်။ သံအမတ်ကြီးက ၃-၄ ၀ါကျလောက် အင်္ဂလိပ်လို ပြောလိုက်၊ ကျနော်က ပြောသလောက်ကို မြန်မာလို ပြန်ပြောပေးလိုက်ပေါ့။

နောက်တယောက်စင်ပေါ် တက်တာက အစ်မပါ။ ကျနော်က စင်မြင့်နဲ့ အနီးဆုံးနေရာမှာ ရှိနေတော့ အစ်မ အတက်မှာ လှမ်းပြောလိုက်ပါတယ်။ နှစ်ဝါကျဆို တခါနားပေးနော် အစ်မလို့။ သူက ချက်ချင်း ပြန်ပြောပါတယ်။ သုံးဝါကျမှ နားမယ်တဲ့။ ကျနော်လည်း ချက်ချင်းပဲ ပြန်ပြောလိုက်ပါတယ်။ ဒါဆို မပြန်ဘူးဗျာလို့။ အမှန်တော့ ကျနော်က အစ်မကို ကိုယ့်အစ်မတယောက်လိုပဲ ရင်းရင်းနှီးနှီးခင်ခင်မင်မင် ကျီစယ်လိုက်တာပါ။

အစ်မက ကျနော့်ကို ဘာမှပြန်မပြောတော့ဘဲ စင်ပေါ်တက်သွားပါတယ်။ စဖွင့်ဖွင့်ချင်းမှာ ခပ်ပြုံးပြုံးမျက်နှာထားနဲ့ စပြောလိုက်တာက ဘာသာပြန်က သူ့ကို နှစ်ဝါကျ တခါနားပါလို့ ပြောပါတယ်။ သူက သုံးဝါကျမှ နားမယ်ဆိုတော့ ဘာသာပြန်က ဒါဆို မပြန်ဘူးလို့ ပြန်ပြောပါတယ်။ အဲဒါကြောင့် သူမနားဘဲ တောက်လျှောက်ပဲ ပြောပါတော့မယ်တဲ့ဗျား။

တကယ်လည်း မနားတမ်း တောက်လျှောက်ပြောပါတော့တယ်။ အင်္ဂလိပ်လိုပါ။ ကျနော် ပြုံးနေပါတယ်။ အစ်မတော့ ငါ့ကို ပညာပေးပြီပေါ့။

သူပြောပြီးတော့ အခမ်းအနားကို အစားအသောက်ကျွေးမွေးရင်း ခဏနားပါတယ်။ အမှန်တော့ အစ်မ အမှာစကားပြောပြီး ပြန်ဖို့ တမင် ဟပေးလိုက်ကြတာဖြစ်ပါတယ်။ အစ်မက အေးအေးဆေးဆေးပဲ ပြန်ထွက်သွားပါတယ်။ အစ်မကို လိုက်ပို့ပေးပြီးတော့ သံအမတ်ကြီး မျက်စိပျက် မျက်နှာပျက်နဲ့ ကျနော့်ဆီ ရောက်လာပါတယ်။

အဲ့လိုတော့ လုပ်လို့ မဖြစ်ဘူးလေ။ မြန်မာ ပရိသတ်အတွက် သူပြောသွားတာ အကျဉ်းချုပ်လေးတော့ ပြန်ပြောပေးပါလို့ ပြောလာပါတယ်။ ကျနော် ရယ်မိတယ်။ အကျဉ်းချုပ်မဟုတ်ပါဘူး။ အစ်မ ပြောသွားတာ အကုန်လုံး ကျနော် မှတ်မိပါတယ်။ အစအဆုံး ပြန်ပြောပေးပါ့မယ်လို့ ပြောလိုက်ပါတယ်။ အခမ်းအနား ပြန်စတော့ အစ်မပြောခဲ့တာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုပြီး ပရိသတ်ကို ဗမာလို ဝေဝေဆာဆာ ပြန်ပြောပေးခဲ့ပါတယ်။ ပွဲပြီးတော့ အဲဒီ့အဖွဲ့က မြန်မာဝန်ထမ်းလေးက ကျနော့်ကို လာပြောပါတယ်။ အန်ကယ်မို့လို့ဗျာတဲ့၊ အမေစု ပြောသွားတာ အကုန်လုံး အစအဆုံး ပြန်ပြောနိုင်တယ်၊ ကျနော်သာဆို ချွေးပျံနေတော့မှာ သေချာတယ်ခင်ဗျတဲ့။

ကျနော့ရဲ့ ရေတိုမှတ်ဉာဏ်က အတော်လေး ကောင်းပါတယ်။ ရေရှည်သာ မမှတ်မိတာပါ။ အလုပ်သဘာဝ ကြောင့်ပဲလား၊ ကျနော့်ရဲ့ ပင်ကိုဗီဇလားတော့ မသိဘူး။ ကျနော် အာရုံအပြည့်စိုက်နိုင်ပါတယ်။ အဲလို အာရုံစိုက်ထားတာမို့ ကိန်းဂဏန်းတွေ မပါတဲ့ စကားတွေဆို အကုန်လုံးနီးပါး မှတ်မိတတ်တယ်။ ဒါပေမယ့် ခဏပဲ။ ပြီးတာနဲ့ ခေါင်းထဲက အလိုလို ထုတ်ပြီးသားပါ။

ကွန်ပျူတာရဲ့ ယာယီမှတ်ဉာဏ် (RAM) နဲ့ ဆင်တယ်လို့ပဲ ပြောရမလား မသိဘူးခင်ဗျ။ ကွန်ပျူတာ ပိတ်လိုက်တဲ့အခါ အဲဒီ့ထဲက မှတ်ထားတာတွေ အားလုံး အရှင်းဖြစ်သွားသလိုမျိုးလေ။ ကွန်ပျူတာရဲ့ ဓာတ်ပြားမာ (Hard Disk) ကတော့ အားလုံးကို မှတ်ထားတတ်တယ်။ သုံးသူက ဖျက်တောင် အပျက်ပြပေမယ့် တကယ်တမ်းမှာ လွယ်လွယ်နဲ့ ပျက်မသွားတတ်ဘူး။ သို့သော် ကာလကြာလာတဲ့အခါ အဲဒီ့ ဓာတ်ပြားမာမှာ သုံးမရတဲ့ အကန့် (bad sector) တွေ ရှိလာတတ်ပါတယ်။ ရေတိုမှတ်ဉာဏ်ကောင်းသလောက် ကျနော့် ရေရှည်မှတ်ဉာဏ်မှာတော့ အဲသလို သုံးမရတဲ့ အကန့်တွေ အတော်များနေပုံပါပဲ။ အခု အသက်အရွယ် ရောက်တော့ ကိုယ်ပြောပြီးသား စကားတောင် ၃-၄ ရက်နေတော့ ပြောခဲ့ပြီးသားမှန်း မမှတ်မိဘဲ ထပ်ပြောမိတဲ့ အထိ အမေ့မေ့အလျော့လျော့ ဖြစ်နေတတ်ပါတယ်။

အစ်မနဲ့ကျတော့ ဆိုခဲ့တဲ့အတိုင်း ရွှေတိဂုံအနောက်မုခ်က အစ်မရဲ့ ပထမဆုံးအကြိမ် လူထုအစည်းအဝေးပွဲမှ သည် နောက်ပိုင်း အစ်မခြံရှေ့မှာ တနင်္ဂနွေနေ့ခင်းတိုင်း အစ်မရယ်၊ ဦးတင်ဦးရယ်၊ ဦးကြည်မောင်ရယ်တို့ လူထုကို စကားပြောတာတွေကို တပတ်မှ မပျက်ကွက်ဘဲ တနှစ်ကျော် သွားနားထောင်ခဲ့၊ အသံဖမ်းခဲ့၊ ပြီးရင် အစ်မတို့ ပြောသမျှကို အကျယ် ဘာသာပြန်ဖို့ လိုရင် ပြန်၊ အတိုချုပ် ပြန်ဖို့ လိုရင် ပြန်ပေးခဲ့ရဖူးပါတယ်။ အဲတော့ကာ အစ်မရဲ့ စကားအသွားအလာ၊ သုံးတဲ့ ဝေါဟာရစတာတွေကို အလွတ်နီးနီး ရနေခဲ့တာလည်း ပါပါတယ်။

သို့သော်…

အဲသလို ခင်မင်ရင်းနှီးခဲ့ပေမယ့် အစ်မ လွှတ်တော်ထဲ ရောက်သွားတဲ့အခါ စောစောကလို မလွှဲသာတဲ့ အခါမျိုးတွေကလွဲရင် ကျနော့်ကို မမြင်အောင် ခပ်ရှောင်ရှောင် နေပါတော့တယ်။ ဒါကတော့ ကျနော့်အငုံ့စိတ်ပါပဲ။ သူ့နားကပ်ရင် အခွင့်အရေး လိုချင်သူလို့ သူကိုယ်တိုင်ကဖြစ်စေ၊ သူ့ဝန်းကျင်က လူတွေကဖြစ်စေ မြင်သွားမှာ ကျနော် မလိုလားပါဘူး။

ကျနော်ဟာ ကပ်ပါးပင် မဟုတ်ဘူး၊ ကိုယ့်ဘာသာ ကောင်းစွာ ရပ်တည်နိုင်စွမ်းရှိတဲ့ ပျဉ်းကတိုးပင်လို လူမျိုးလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားမိရလို့ပါပဲ။ ကြီးကျယ်တယ် ထင်လည်း မတတ်နိုင်ဘူးဗျာ။ အဲဒါဟာ ကျနော့်မာန်၊ ကျနော့်ဗီဇ၊ ကျနော့် စရိုက်ပါပဲ။ အစ်မလို ပုဂ္ဂိုလ်မပြောနဲ့၊ သူငယ်ချင်းအရင်းအချာအပါအဝင် အသိမိတ်ဆွေတွေထဲကတောင် ရာထူးရှိလာ၊ ငွေကြေးချမ်းသာလာ၊ နာမည်ကျော်ကြားလာပြီဆိုတာနဲ့ ကျနော်က ခပ်ရှောင်ရှောင်နေပစ်တတ်ပါတယ်။

အနုပညာရှင်အစစ်၊ စာရေးသူအစစ်ဆိုတာ…

သည့်ထက် အရေးကြီးတာတချက် ကျန်ပါသေးတယ်။ အဲဒါကတော့ စာရေးသူရဲ့ စိတ်အခံပါပဲ။ ဘယ်က ရတယ်မှန်းတော့ မသိဘူးခင်ဗျ။ ကျနော် နားလည်ထားတာက စာရေးသူအစစ်ဟာ ဟိုစစ်တပ်က ဘဲတွေ ပြောနေတဲ့ အမျိုးသားနိုင်ငံရေးသမား အစစ်တွေပဲ။ သူတို့ထက် အမျိုးသားနိုင်ငံရေး ပိုစစ်တာ စာရေးသူ အစစ်သာ ဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသားနိုင်ငံရေး၊ တနည်းပြောရင် တမျိုးသားလုံးအတွက် အားထုတ်တဲ့ နိုင်ငံရေးမှာ စာရေးသူဟာ အာဏာ မျှော်လင့်ချက် လုံးဝ မရှိဘူး။ အာဏာရဖို့ စိတ်လည်း ဘယ်တော့မှ မကူးဘူး။ အာဏာ ပါဝင်ပတ်သက်နေသမျှ ပါတီပဲဖြစ်ဖြစ်၊ တပ်ပဲဖြစ်ဖြစ် အမျိုးသား နိုင်ငံရေး လုပ်တယ်လို့ ကျနော်ကတော့ ဘယ်လိုနည်းနဲ့မှ မမြင်နိုင်တာ အမှန်ပါပဲ။

စစ်သည်တော်၊ ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ စီးပွားရေးပညာရှင်၊ အနုပညာရှင်၊ ဈေးသည်၊ ရဟန်းသံဃာ စသူများလည်း အလားတူပါပဲ။ သူတို့လည်း တမျိုးသားလုံးအတွက် မဟုတ်ဘူးဆိုရင်တောင် မိမိပတ်ဝန်းကျင်က လူအများအတွက် လုပ်ကိုင် ဆောင်ရွက်နေကြသူများပါပဲ။ စေတနာကလေးထည့်ပြီး အသက်မွေးနေကြသမျှ၊ ဘယ်မျက်နှာမှ မထောက်သမျှ၊ ဘာအဂတိမှ မလိုက်စားသမျှ၊ အာဏာရရေးကို မစဉ်းစားသမျှ သူတို့ဟာ အမျိုးသားနိုင်ငံရေးကို မိမိတတ်စွမ်းတဲ့ နည်းနဲ့ အားထုတ်ကြိုးပမ်းနေကြသူများသာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ကောင်းတဲ့ ဂုဏ်သတင်း အရှိန်အဝါကြောင့် သြဇာ ရှိလာသည့်တိုင် အာဏာရဖို့ မကြိုးပမ်းရင်၊ ဒါမှမဟုတ် ဝန်ကြီး၊ ဒုဝန်၊ မြို့တော်ဝန်စသဖြင့် နိုင်ငံရေး ရာထူး တနေရာရာကို မက်မနေရင် အဲဒီ့လူကို အမျိုးသား နိုင်ငံရေးသမားလို့ပဲ ကျနော်မြင်ပါတယ်။

သည်ထဲမှာမှ အနုပညာရှင်စစ်စစ်သာဆိုရင် သာတောင်ဆိုးသေးတယ်။ စာရေးဆရာဆိုတဲ့ ဝေါဟာရ နောက်မှာက အလွဲတွေ ရှိနေနိုင်တာကိုး။ ဝါဒဖြန့်စာရေးတဲ့သူ၊ တိုင်းရင်းဆေးနည်းတွေ၊ ဆေးမြီးတိုတွေ အကြောင်း ရေးတဲ့သူ၊ တက်ကျမ်းရေးတဲ့သူ၊ ဘာသာပြန်တဲ့သူတွေလည်း စာရေးဆရာလို့ ခပ်တည်တည် နာမည်ခံတတ်ကြတာ မဟုတ်လား။ ကျနော်ကတော့ ကျနော့်ကိုယ်ကျနော် စာရေးဆရာရယ်လို့ ငယ်တုန်းက နိုင်ငံသားလက်မှတ် လုပ်တုန်းက တခါပဲ ပြောခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ အဲဒီ့ အုတ်အရောရော ကျောက်အရောရောထဲ မပါချင်လို့ ကျနော့်ကိုယ်ကျနော် စာရေးဆရာလို့ ဘယ်တော့မှ မညွန်းတော့ဘူး။ အလွန်ဆုံးမှ စာရေးသူ၊ စာရေးသမားလောက်ပဲ သုံးဖြစ်နေတာ ကြာပါပြီ။

ငယ်ငယ်ကတည်းက “စာပေသည် ပြည်သူ့အတွက်”တို့၊ “ဆိုရှယ်လစ် သရုပ်မှန်စာပေ”တို့ကို ရွံတတ်ခဲ့ပါတယ်။ စာ ဘာလို့ ရေးလဲ။ ယားလို့ ရေးတာပဲ။ မရေးရ မနေနိုင်လို့ ရေးတာပဲ။ ဘာပြည်သူတွေ၊ ဘာဆိုရှယ်လစ်တွေ၊ ဘာသရုပ်မှန်တွေမှ မပါဘူး။ စာရေးသူဟာ အနည်းဆုံးတော့ ဝါကျ ကောင်းကောင်း ဖွဲ့တတ်တယ်။ သည့်ထက် တဆင့်တက်ရင် အလင်္ကာတွေ၊ ဥပစာတွေ၊ ဂုဏ်တွေ မြောက်အောင် ရေးတတ်တယ်။ ဒါဟာ စာရေးကောင်းသူတို့ တတ်အပ်တဲ့ အဋ္ဌာရသတွေပဲ။

စာရေးသူအစစ်ဟာ စိတ်ဆာမှ စာရေးတယ်။ သူ့နာမည်ကြီးဖို့လည်း မဟုတ်ဘူး၊ ပိုက်ဆံရဖို့လည်း မဟုတ်ဘူး၊ ရေးချင်လို့ကို ရေးနေတာပါ။ (သို့ပေမယ့် နာမည်လေး ရလာတဲ့အခါ စာမူခက နှိမ်လွန်းတယ်လို့ ယူဆပြီး စာမူခကို တခုတ်တရ ပြောခဲ့ဖူးတာလည်း ကျနော်ပါ။ ဒါကတော့ ကျန်တဲ့ အနုပညာရှင် ပန်းချီ၊ ဂီတဆရာတွေလည်း အတူတူပါပဲ။ သူတို့ အနုပညာကြေးကို စို့စို့ပို့ပို့ တောင်းဆိုတတ်အောင် ဈေးကွက်တင်သူတွေက သင်ပေးခဲ့ကြပေတာကိုး။)

အခုပဲ ကြည့်ပါခင်ဗျာ။ “အဟောင်းထဲက အစုတ်တွေ”ဆိုပြီး ကျနော့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိပဲ ခေါ်ခေါ်၊ မှတ်တမ်းပဲခေါ်ခေါ်၊ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ပဲ ခေါ်ခေါ်ကို ရေးနေရင်း တန်းလန်းမှာ ဦးကြည်မောင် ရာပြည့်ပွဲကို ရောက်ခဲ့ရာက အဲဒီ့အကြောင်းတွေကို ရေးချင်စိတ်က တားမနိုင် ဆီးမရ ဖြစ်လာတာနဲ့ ဒါကို “ကြားဖြတ်အစီရင်ခံစာ”အဖြစ် ဖောက်ရေးဖြစ်သွားတာနဲ့တင် ရှင်းပါတယ်။ ဘယ်သူ ဖတ်ဖတ်၊ မဖတ်ဖတ်၊ ဘယ်သူသဘောကျကျ၊ မကျကျ၊ ပိုက်ဆံရရ၊ မရရ ကျနော်ကိုယ်တိုင်က “ယားလို့” ကောက်ရေး ဖြစ်တာပါပဲ။

သည်အကြောင်းကို ပန်းပုဆရာ (အကို) ဆန်နီငြိမ်းနဲ့ ပြောဖြစ်တော့ သူက ဝေါဟာရနှစ်ခုကို ပြောပါတယ်။ အနုပညာရှင်မှာက simplicity နဲ့ beauty ပဲ ရှိတယ်တဲ့။ သူက သည် “ကြားဖြတ်အစီရင်ခံစာ”ကို ဖတ်နေရင်း သူ့အတွက်လည်း အဟောင်းတွေ အစုတ်ဖြစ်လာတာမို့ ကျနော့်ဆီ ဖုန်းလှမ်းဆက်တာနဲ့ စကား ဖောင်ဖွဲ့ရင်း ပြောသွားတာပါ။ ဗမာလိုဆိုရင်တော့ “ရိုးဂုဏ်”နဲ့ “အလှ”လို့ ပြောရင် နီးစပ်မလား မသိဘူး။

အဲဒီ့ “ရိုးဂုဏ်”နဲ့ “အလှ”ကို ဦးထိပ်ထား ကိုးကွယ်ထားတဲ့ အနုပညာရှင်နဲ့ အာဏာနိုင်ငံရေးနဲ့က ဘယ်လိုမှ မအပ်စပ်ဘူးဗျ။ နိုင်ငံရေးဆိုတာက ကြမ်းပိုးကို လိပ်ဖြစ်အောင်လည်း လုပ်ချင် လုပ်ပြရတယ်၊ လိပ်ကို ကြမ်းပိုး ဖြစ်အောင်လည်း လုပ်တန် လုပ်ပြရတယ်။ ဘယ်မလဲ “ရိုးဂုဏ်”၊ ဘယ်မလဲ “အလှ”။

တကယ့်တကယ်က အာဏာ နိုင်ငံရေးဆိုတာ ရှေ့နေတွေနဲ့ ပိုကိုက်တယ်။ ရှေ့နေအတတ်ဆိုတာက ကိုယ့်အမှုသည်ဘက်က လိုက်ပါပေးဖို့ပဲ။ ကိုယ့်အမှုသည်က အမှန်တကယ် ပြစ်မှုကျူးလွန်ထားမှန်း သိနေသည့်တိုင် အမှုက ကွင်းလုံးကျွတ် မလွတ်တောင် အသက်သာဆုံး ပြစ်ဒဏ်ချမှတ်ခံရအောင် သူတို့ရဲ့ ပညာနဲ့ လိုက်ပါ ဆောင်ရွက်ပေးရသူမျိုး။ အလားတူပဲ၊ တရားခံဟာ ပြစ်မှု ကျူးလွန်တာ မသေချာလှသည့်တိုင် တရားလို ရှေ့နေဖြစ်နေတာနဲ့ အဲဒီ့ တရားခံကို ပြစ်ဒဏ်ချမှတ်ရေး၊ အမြင့်ဆုံးပြစ်ဒဏ် ဖြစ်စေရေးအတွက် သူတို့ ပညာနဲ့ပဲ ဆွဲချကြရပါတယ်။ သည်လို ပြောတော့ ရှေ့နေတချို့ ကျေနပ်ကြမယ်မထင်ဘူး။ ဒါပေမယ့် မိမိ ယုံကြည်ချက်ထက် မိမိလိုက်ပါ ဆောင်ရွက်တဲ့ ဘက်က အနိုင်ရရေးကို မဲတင်းရတဲ့ သဘာဝကိုတော့ ဘယ် ရှေ့နေကမှ ငြင်းဆန်နိုင်မယ် မထင်ပါဘူး။ တရားမျှတမှုလို့သာ အော်နေကြရတယ်၊ ကိုယ်လိုက်ပါတဲ့ ဘက်က အနိုင်ရအောင် လုပ်ကြရတာ ရှေ့နေတို့ရဲ့ အသက်မွေးမှု ဓမ္မတာပါပဲ။

အာဏာနိုင်ငံရေးမှာလည်းပဲ အဲသလိုပါပဲ။ ကိုယ်ကိုယ်စားပြုရာ ဘက် အနိုင်ရရေးအတွက် ကိုယ့်ယုံကြည်ချက်၊ ရပ်တည်ချက်ကို စတေးကြရစမြဲပါ။ အဲလို အလုပ်နဲ့ အနုပညာရှင်အစစ်၊ စာရေးသူအစစ်ရဲ့ “ရိုးဂုဏ်”နဲ့ “အလှ”ကို ကိုးကွယ်မှုက ပြဒါးတလမ်း သံတလမ်းပါ။ ဘယ်လိုမှ အံမဝင်နိုင်ပါဘူး။ တဖက်ဖက်ကို ပင်းမိပြီ၊ နိုင်ငံရေး အာဏာတရပ်ရပ်ကို ကိုင်စွဲမိပြီဆိုတာနဲ့ အဲဒီ့ အနုပညာရှင်၊ ဒါမှမဟုတ် စာရေးသူဟာ သူ့လည်ပင်းသူ ကြိုးကွင်းစွပ်လိုက်တာပါပဲ။ သူ့ရဲ့ အနုပညာသည်ဘဝကို သူ့ဘာသာ အသေသတ်လိုက်တာ ဖြစ်သွားပါပြီ။

ကျနော့်ရဲ့ အဲဒီ့စိတ်အခံကြောင့် အာဏာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေးနဲ့ အဝေးဆုံးမှာ ကျနော်နေခဲ့တာ ဖြစ်သလို အစ်မတယောက် လွှတ်တော်ထဲ ရောက်သွားချိန်မှာလည်း အစ်မနား သွားပြီး လူလုံးပြဖို့ အိပ်မက်တောင် ယောင်လို့ မမက်တော့တာပါပဲ။

ဦးဟံသာမြင့်နဲ့ ကျနော်

အန်ကယ်ဦးကြည်မောင် ရာပြည့်ပွဲကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်လည်း တက်ရောက်လာခဲ့ပါသေးတယ်။ သူတင်ထားတဲ့ သတင်းဓာတ်ပုံထဲမှာ ကျနော်က ကန့်လန့်ကြီးပါနေတယ်။ တကယ့်ကို ကန့်လန့်ကြီးပါ။ သုံးယောက်တွဲ ထိုင်နေတဲ့ ပုံမှာ ဘယ်အစွန်က သူ၊ အလယ်က NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်၊ သူတို့နှစ်ယောက် က ပင်နီတိုက်ပုံ NLD ဝတ်စုံတွေကိုယ်စီနဲ့။ ညာအစွန်မှာ ဘောင်းဘီအဖြူနဲ့ ကန့်လန့်ငေါငေါကြီး ထိုင်နေတာက ကျနော်။ အဲသလို ဖြစ်နေတယ်။

48428316_10218740350963744_7713234193819369472_sအမှန်က ဝန်ကြီးချုပ်က နောက်မှ ရောက်လာတာ။ အရင်ဆုံး ရောက်နှင့်နေတာက ဦးဟံသာမြင့်။ ကျနော်က သူ့တွေ့တော့ သွားနှုတ်ဆက်ရင်း စကားလည်း တက်ပြောရမယ့်အတူတူ သူ့ဘေးဝင်ထိုင်လိုက်ပါတယ်။ ဦးဟံသာမြင့် (ကိုဟင်္သာ)နဲ့ ကျနော်နဲ့က ၁၉၈၇ ခုနှစ် နှစ်ကုန်ခါနီးမှာ စတင်သိကျွမ်းခဲ့တာပါ။ အဲတုန်းက သူက ဆက်သွယ်ရေးက အင်ဂျင်နီယာ ကြီးကြီးမာစတာ။ အဲဒီ့အချိန်က ပြင်သစ်ယဉ်ကျေးမှုဌာနက အခုဖွင့်ထားတဲ့ ပြည်လမ်းမပေါ်ကို မရောက်သေးဘူး။ ဟယ်လပင် (ပြည်ထောင်စုရိပ်သာ) လမ်းက ပြင်သစ်သံရုံးထဲမှာပဲ ရှိသေးတယ်။ အဲဒီ့မှာ ပြင်သစ်စာ ဒီပလိုမာတန်း တက်ရင်းနဲ့ ဆုံပြီး သိကျွမ်းခဲ့တာဖြစ်ပါတယ်။

သိန်းဖေမြင့်ရဲ့ ဗမာစာ

ဦးဟံသာမြင့်ရဲ့ ဖခင်က စာရေးဆရာ၊ နိုင်ငံရေးသမား ပဂေးကြီး ဦးသိန်းဖေမြင့်။ “အရှေ့က နေဝန်း ထွက်သည့်ပမာ”ဆိုတဲ့ စာအုပ်က ဆရာသိန်းဖေမြင့်ရဲ့ များပြားလှစွာသော စာပေမှတ်တိုင်တွေအနက်က ထင်ရှားတဲ့ တအုပ်ပါ။ အဲဒီ့စာအုပ်မှ မဖတ်ဖူးရင် ဗမာစာဖတ်ဖူးတယ်လို့တောင် ပြောနိုင်တာမျိုး မဟုတ်ဘူးလို့ အလွန်အကျူး အထူးဆိုအပ်လောက်အောင် ဇာတ်လမ်းဇာတ်အိမ်ရော၊ သမိုင်းနောက်ခံရော၊ အရေးအသားပါ အပိုအလိုမရှိ ပကတြိေ

books 546 tpm

အင်ထနက်ထဲက ရတဲ့ စာအုပ်မျက်နှာဖုံးပုံပါ။ ပန်းချီ စံတိုးရဲ့ လက်ရာလည်း ဖြစ်ပါတယ်။

ပာင်မြောက်လှပါတယ်။

 

အမေတို့ကတော့ ဦးသိန်းဖေမြင့်ဆို အကောင်း မပြောကြဘူး။ အထူးသဖြင့် သူ့နိုင်ငံရေး ရပ်တည်ချက်ကို မကြိုက်ကြတာပါ။ ကျနော်လည်း အမေတို့စကား နားယောင်ပြီး မကြိုက်သလိုလို ရှိခဲ့သေးပေမယ့် အဲဒီ့ အရှေ့က နေဝန်းကို အသက် ၁၈ နှစ်လောက်မှာ ဖတ်ဖူးသွားပြီးတဲ့နောက် သူ့စာတွေကို လက်လှမ်းမီ သလောက် ရှာဖွေ ဖတ်ရှုခဲ့ပါတယ်။ ဗမာစာကို အပြစ်ဆိုစရာ မရှိ၊ ပကတိ ချောမွေ့အောင် ရေးနိုင်တဲ့ စာရေးဆရာကြီးပါပဲ။

စကားကြုံလို့ ပြောပါရစေ။ ဗမာစာမှာ ကျနော့်အတွက် အကြီးဆုံး မြင်ဆရာက ဝင်းဦးပါ။ ဒုတိယက သော်တာဆွေပါ။ တတိယက တက္ကသိုလ် ဘုန်းနိုင်။ စတုတ္ထက မစန္ဒာ။ ပဉ္စမက ငြိမ်းကျော်။ ဆရာကြီး ရွှေဥဒေါင်းရဲ့ စာတွေကို စွဲစွဲလန်းလန်းဖတ်ပေမယ့် ဆရာကြီးရဲ့ လေကို စွဲမနေပါဘူး။ ဦးသိန်းဖေမြင့်ကိုလည်း ကြိုက်ပေမယ့် သူ့လေကိုလည်း မစွဲဘူး။ ကျနော် စွဲနေတဲ့ လေက အဲဒီ့ ငါးဦးရဲ့ လေပါပဲ။

အဲဒီ့ ငါးဦးထဲမှာ ဝင်းဦးနဲ့ သော်တာဆွေက ဗမာစာကို ထင်သလို ရေးပါတယ်။ အထားအသိုတွေ မှားနေတတ်တယ်။ ဆရာသော်တာဆွေဆိုရင် စာလို ပြောနေရာက စကားလို ဖောက်ပြောတာတွေတောင် ပါသေးတယ်။ ဒါပေမယ့် သူတော်တာက စာဖတ်ပရိသတ်က အဲလို သူရေးပုံ ပြောင်းသွားတာကို သတိမထား ဖြစ်လောက်အောင် အရေးအသားကျွမ်းကျင်တာပါ။

ဆရာသိန်းဖေမြင့်မှာ အဲလို အမှားမျိုး မရှိဘူး။ ဆရာကြီးရွှေဥဒေါင်းနဲ့ ရေးဟန်ချင်း မတူလင့်ကစား ဗမာစာကို နိုင်နိုင်နင်းနင်းနဲ့ မှန်မှန်ကန်ကန် ရေးသားနိုင်ကြရာမှာတော့ တူပါတယ်။ ဆရာကြီးရွှေဥဒေါင်းက ဝါကျရှည်ကြီးတွေကို နိုင်နင်းတယ်။ ဆရာသိန်းဖေမြင့်က ဝါကျတိုတွေ အသုံးများပါတယ်။ သည်တော့ သူသည်လည်း ကျနော့ မြင်ဆရာပေပဲပေါ့။

အသက် ၅၀ နား ကပ်လာချိန်မှာတော့ ဆရာသိန်းဖေမြင့်ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို မြင်လာပါတယ်။ သူလည်း ငါလိုပါပဲလား၊ ခေတ်တခေတ် စောပြီး ကြိုမြင်တာနဲ့ သူ့ကို နိုင်ငံရေး ခွစာအဖြစ် သူနဲ့ခေတ်ပြိုင်တွေက သတ်မှတ်ခဲ့ကြပေတာပဲဆိုတဲ့ အမြင်တခု ရလာပါတယ်။

ထားပါတော့ဗျာ။ ကိုဟင်္သာဆီ ပြန်သွားရရင်တော့ သူက ဦးသိန်းဖေမြင့်ရဲ့ သားကြီး သြရသပါ။ သူတို့ ညီအစ်ကို သုံးယောက်မှာ ကျနော်နဲ့ နောက်ဆုံး သိရသူ ဖြစ်ပါတယ်။ ပထမဆုံးသိရသူက သူ့ညီအငယ်ဆုံး ကိုခွန်သာပါ။ သူက ပိသုကာဖြစ်ပါတယ်။ ရှေ့မှာရေးခဲ့တဲ့ အင်္ဂလိပ်လက်ထက် ပညာရေးဝန်ကြီးတပါးရဲ့ မြေး ဖြစ်သူ ငယ်သူငယ်ချင်းကို အကြောင်းပြုပြီး သိကျွမ်းခဲ့တာလည်း ဖြစ်ပါတယ်။ ကိုခွန်သာကိုတင်မက အဲဒီ့အချိန်က သူနဲ့ သွားလေရာ တတွဲတွဲ အမြဲပါတတ်တဲ့ သူ့ဇနီး မသီတာနဲ့ပါ မောင်နှမရင်းချာပမာ ခင်မင်ခွင့် ရခဲ့ပါတယ်။

အကွက်ကျကျ ဇာတ်ညွှန်းထဲက နေ့တနေ့

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်တော့မယ် ဆိုတာ သေချာပြီး ၅၄ ရှေ့မှာ လူတွေ စုဝေးနေချိန်မှာ ကျနော့်ဇနီးက ကြည့်ချင်တယ်ဆိုတာနဲ့ နှစ်ယောက်သား အဲဒီ့ရှေ့မှာ ဝေလေလေ သွားလုပ်ကြပါတယ်။ သံရုံးအမှုထမ်း၊ သတင်းလိုက်သူဘဝက လွတ်ခဲ့ကတည်းက ကျနော်

30356eb7-50b5-4951-aa88-7162d080c797_w1023_s

ဒါလည်း အင်ထနက်ထဲက ရတဲ့ ပုံပါပဲ။ ဒေါ်စု လွတ်လာပြီး ခြံပြင်က ပရိသတ်နဲ့တွေ့ဖို့ အိမ်ထဲက ထွက်လာပုံပါ။ နောက်ဆုံးက တယောက်ကို မြင်ဖူးနေပေမယ့် သေချာ မသိပါဘူး။ သူ့ရှေ့တန်း၊ အစ်မနောက်က ဝဲမှယာကတော့ ဒေါက်တာ ပြုံးမိုအိ (ဒေါက်တာတင်မျိုးဝင်းရဲ့ ဇနီး)၊ ဦးဉာဏ်ဝင်း၊ ဒေါက်တာ တင်မျိုးဝင်း၊ ဦးဟံသာမြင့်နဲ့ ဦးထင်ကျော်တို့ပါပဲ။ Photo: AFP/Getty Images

ဟာ နိုင်ငံရေးလောကနဲ့ အဝေးကြီးမှာ နေပါတယ်။ အထက်မှာ ပြောခဲ့တဲ့အတိုင်း အာဏာနိုင်ငံရေးကို ကျနော်မှ စိတ်မဝင်စားတာကိုး။ အရင်ကလို အစ်မ အကျယ်ချုပ်က လွတ်တော့ ဘာတွေပြောတယ် ဘာညာ သတင်းပို့စရာလည်း မလိုတော့တာမို့ ကျနော့်အတွက် အစ်မလွတ်လာတာဟာ အိုဘားမားကို သမ္မတအဖြစ် ရွေးလိုက်တယ်ဆိုတဲ့ သတင်းမျိုးလောက်ပဲ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာမှ အထူးတလည် ဝမ်းသာတာတွေ၊ ကျေနပ်အားရတာတွေ မဖြစ်မိပါဘူး။

 

အဲသလို ရေးလိုက်တော့ ကျနော်ဟာ မုဒိတာမပွားနိုင်သူလို့ တချို့က မြင်ကောင်းမြင်ပါလိမ့်မယ်။ အချုပ်အနှောင်က လွတ်မြောက်တယ်ဆိုတာ လူမပြောပါနဲ့၊ ကြက်ကလေး ငှက်ကလေးတွေအတွက်တောင် ဝမ်းမြောက်စရာပါ။ သို့သော် အစ်မ လွတ်တယ်ဆိုတာကျတော့ အာဏာရှင်တွေက သူတို့ စိတ်ကြိုက် ကစားပြီး လွှတ်လိုက်တာလို့ မြင်နေပါတယ်။ အစ်မနဲ့ အဲဒီ့ အာဏာရှင်တွေနဲ့က လက်ရည်မတူပါဘူး။ အာဏာရှင်တွေက သူတို့စကားနဲ့ ပြောရင် “စစ်ရေးအမြင် ရှိသူ”တွေ။ အစ်မကကျတော့ “စစ်”နဲ့ အဝေးကြီး။

စစ်ဗိုလ်ဆိုတာက အုပ်ချုပ်မှု၊ ကွပ်ကဲမှုကို မပြတ်သင်အံ လေ့ကျင့်နေရသူတွေ။ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ကို နောဧကနော ကျေညက်နေသူတွေ။ ၁၉၉၀ ရွေးကောက်ပွဲအပြီး အာဏာလွှဲပေးရမယ့်အစား ၁/၉၀ နဲ့ ချုပ်လိုက်ပြီဆိုကတည်းက ညစ်ပြီဆိုတာ တပြည်လုံး အသိပါပဲ။ အဲဒီ့နောက်ပိုင်းမှာ စစ်ဘက်က တဆင့်ချင်း ပြင်ဆင်တယ်။ သူတို့ စိတ်တိုင်းကျ ဖွဲ့အုပ်ဥ (ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ)ကို ရေးဆွဲဖို့ စွယ်ရောင်ပြတယ်။ တဖက်ကလည်း သူတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး အခြေခံတွေကို မဟာဗျူဟာမြောက်မြောက် ထူထောင်ယူခဲ့တယ်။

အားလုံး ပိုင်ပြီ၊ သေချာပြီဆိုတော့မှ ဖွဲ့အုပ်ဥ (ခြေဥလို့ ကျနော် မသုံးတာကို နောက်ပိုင်းမှာ ရှင်းပါ့မယ်။) ကို အတည်ပြုချလိုက်တယ်။ ရွေးကောက်ပွဲတွေ ကျင်းပတယ်။ အစ်မကို လွှတ်ပေးတယ်။ အားလုံးဟာ သူတို့ စိတ်တိုင်းကျ၊ စနစ်တကျ အကွက်ချ စီစဉ်ထားတဲ့ ဇာတ်ညွှန်းအတိုင်း ကပြအသုံးတော်ခံနေကြရတာပဲဆိုတာ ကျနော့်အမြင်မှာ ရှင်းနေတယ်။

မြင်မိခဲ့တဲ့ အကွက်တွေ

ဒါဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်သွားတာ မဟုတ်ဘူး။ အာဏာရှင်ရဲ့ စမ်းသပ်ဖြေလျှော့ကြည့်မှုသက်သက်လို့ မဆွကတည်းက ကျနော် မြင်နေခဲ့ပါတယ်။ ဘယ့်လောက် မဆွကတည်းကလဲဆိုရင် ၂၀၀၀ ပြည့်နှစ် ဝန်းကျင်ကတည်းကပါ။ အဲဒါကို ကျနော် အန်ကယ်ဦးတင်ဦးကိုတောင် ပြောခဲ့ဖူးပါသေးတယ်။ “အန်ကယ်တို့၊ အစ်မတို့၊ NLD တို့ကို တပ်က မွေးထားတာဖြစ်နေပြီနော်”လို့။ ကျနော့်စကားကြောင့် အန်ကယ် ဆတ်ခနဲ ဖြစ်သွားခဲ့ပါတယ်။ “ခင်ဗျား ဘာစကား ပြောတာလဲ”ဆိုပြီး နည်းနည်းတောင် စိတ်တိုသွားပါတယ်။

“စိတ်မဆိုးပါနဲ့ အန်ကယ်။ အန်ကယ်က ကာကွယ်ရေး ဦးစီးချုပ် လုပ်လာတဲ့သူပါ။ ဗကပကို အန်ကယ့် လက်ထက်မှာကတည်းက အပြုတ်တိုက်လို့ မရနိုင်ခဲ့ဘူးလား ခင်ဗျ”

“သိပ်ရတာပေါ့ဗျ…”

“ဘာလို့ မတိုက်ခဲ့ကြတာလဲ…”

အန်ကယ် တွေခနဲဖြစ်သွားပါတယ်။ ခဏ ငြိမ်နေတယ်။ ပြီးတော့ ခပ်လေးလေး ပြန်ဖြေပါတယ်။

“အေးဗျ… အဲလိုမျိုး တခါမှ မစဉ်းစားမိခဲ့ဘူး”

“အခုက စဉ်းစားရုံသာမကဘူး၊ အခြေအနေမှန်ကို လက်ခံပြီး ဗျူဟာချမှတ်ဖို့ အချိန်တောင် အတော် နှောင်းနေပါပြီ အန်ကယ်…”

ကျနော်နဲ့ ပြောခဲ့ဆိုခဲ့တာတွေကို အဲဒီ့အချိန်က အကျယ်ချုပ်နဲ့ နေနေရသူ အစ်မဆီ ဝင်ထွက်ခွင့် ရထားတဲ့ အန်ကယ်က ပြန်ပြောမပြောတော့ ကျနော် မသိခဲ့ပါဘူး။ သို့သော်… ကျနော်ဟာ ခပ်စောစောကတည်းက အခြေအနေမှန်ကို သုံးသပ်နေဖြစ်ခဲ့ပါတယ်။

အဲလို သုံးသပ်မိတာကြောင့် အစ်မ သေချာပေါက် လွတ်တော့မယ် ဆိုတာ သိရတော့လည်း ထူးပြီး စိတ်မလှုပ်ရှားမိဘူး။ သူတို့ စိတ်ကြိုက်ကုလားဖန်ထိုးထားတဲ့ ဖဲ၊ သူ့လူကပဲ ချိုး၊ သူပဲ စိတ်ကြိုက်ဝေနေပြီး နောက်ဆုံးကျ သူတို့ပဲ စားသွားမှာ သေချာနေတာကြီးကို ရင်ခုန်နေရင် ဉာဏ်နည်းတာလို့ပဲ ကျနော်ဖြင့် မြင်နေမိခဲ့ပါတယ်။

ကျနော့်အတွက်တော့ အဖြေသိနေတဲ့ ကစားပွဲကြီးမှာ ပွဲကြည့် ပရိသတ် လုပ်ရတာလောက် ပျင်းစရာ ကောင်းတာ မရှိပါဘူး။ ကိုယ့်ဘာသာ ဘေးထွက်ထိုင်နေပြီး ဂစ်ထာလေး တီးလိုက်၊ သီချင်းလေး ညည်းလိုက် လုပ်နေရင်တောင် အဲဒီ့ အဖြေကြိုသိ ပွဲကြီးကို ငုတ်တုတ် ကြည့်နေရတာထက်တော့ သာသာယာယာ ရှိနေဦးမှာပါ။

အလားတူ ရှိခဲ့ဖူးပါ၏

သို့သော် ဆိုခဲ့တဲ့အတိုင်း ဇနီးသည်ကလည်း သွားကြည့်ချင်၊ ကျနော်လည်း အားနေ၊ သွားရမှာကလည်း အိမ်ကနေ လမ်းလျှောက်သွားတောင် ၁၀ မိနစ်မပြည့်ခင် ရောက်နိုင်တဲ့ အကွာအဝေးမှာမို့ အဲဒီ့ညနေက လူအုပ်ကြားမှာ နှစ်ယောက်သား သွားယောင်ဝါးကြပါတယ်။

မျက်နှာသိတွေ အများအပြားတွေ့သပေါ့ဗျာ။ မှတ်မိနေတာက ကိုနေမျိုးဆေးတို့ လင်မယားကို တွေ့လိုက်တာပါပဲ။ တခြားလည်း တခါက တဘဝတုန်းက မျက်နှာသိတွေ၊ မိတ်ဆွေတွေ၊ ခပ်တန်းတန်းနေသူတွေ… ပြီးတော့ ကိုခွန်သာ။ တကမ္ဘာလုံးကို သူ့ပခုံးပေါ်မှာ ထမ်းပိုးထားရသလို အင်မတန် လေးနက်တဲ့ မျက်နှာနဲ့။ ဒါကတော့ ကိုခွန်သာ့ ပုံမှန် ဂိုက်ပါ။ ကျနော့်ကို အသိအမှတ် ပြုတယ်ဆိုရုံ ခေါင်းကလေး တချက်ဆတ်ပြပြီး လူအုပ်ကြားထဲ တိုးဝင် ကွယ်ပျောက်သွားပါတော့တယ်။

aung-san-suu-kyi-11-13-2010

အင်ထနက်ထဲက ရတဲ့ ပုံပါပဲ။ ၂၀၁၀ နိုဝင်ဘာမှာ အစ်မ လွတ်လာလာချင်း လူထုနဲ့ တွေ့ချိန်က ပုံဖြစ်ပါတယ်။ အစ်မရဲ့ ညာဘက်က နောင်အခါ သမ္မတဖြစ်လာတဲ့ ဦးထင်ကျော်၊ အစ်မရဲ့ ဘယ်ဘက်က ကိုခွန်သာပါ။

အဟဲ… နောက် မိနစ်ပိုင်းအကြာ အစ်မ ခြံဝထွက်လာချိန်မှာတော့ အစ်မရဲ့ လက်ဝဲရံအဖြစ် ကိုခွန်သာ့ကို မားမားကြီး တွေ့လိုက်ရတဲ့အခါ ပြုံးမိရပါတယ်။ ပြုံးမိရခြင်း အကြောင်းရင်းက ကျနော် အမှတ်မမှားဘူးဆိုရင် ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ အစ်မ အကျယ်ချုပ်က ခဏ လွတ်လာချိန်တုန်းကလည်း ကိုခွန်သာ့လို လူတယောက်ကို အစ်မဘေးမှာ အခုလိုပဲ တွေ့ခဲ့ရဖူးတာမို့ပါ။

 

အဲဒီ့ပုဂ္ဂိုလ်ကတော့ သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ အပြည့်အဝ ခံယူထားသူပါ။ လွတ်လပ်ရေးရပြီးစ အရပ်သား စစ်စစ်တို့ရဲ့ ပါလီမန် ဒီမိုကရေစီ အစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးနုက ၁၉၈၈ ခုနှစ်ကုန်မှာ ဖွဲ့စည်းလိုက်တဲ့ ဒီ/ငြိမ်း (ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အဖွဲ့ချုပ်) မှာ ပါခဲ့ဖူးပါတယ်။ ဝတ်ပုံစားပုံနဲ့ မျက်နှာကျကလည်း ဦးနုလိုလို ဘာလိုလိုပါပဲ။ ဦးနုရဲ့ ဥပဓိရုပ်နဲ့ အလုံးအဖန်ကတော့ ပိုကောင်းတယ်ပေါ့လေ။ သူ ရွေးကောက်ပွဲ ဝင်ဖူးသလား၊ မဝင်ဖူးသလားတော့ ကျနော် သတိမထားမိခဲ့ဖူးပါဘူး။

သို့သော် အစ်မ အဲတုန်းက ခဏလွတ်လာချိန်မှာ သူကလည်း ကိုခွန်သာ့နည်းတူ၊ တခေတ်ဆီက သိုင်းစာအုပ်ထဲက ဝါကျနဲ့ ပြောရရင် “မည်ကဲ့သို့ လုပ်လိုက်လေသည် မသိ”၊ အစ်မ လွတ်လွတ်ချင်း လူထုကို ပထမဆုံး ထွက်တွေ့ချိန်မှာ အစ်မရဲ့ လက်ဝဲရံအဖြစ် ရှိနေခဲ့ပါတယ်။ ခက်တာက အဲဒီ့အချိန်မှာ သူဟာ အနောက်နိုင်ငံ သံရုံးကြီးတရုံးရဲ့ အမှုထမ်း ဖြစ်နေတာပါပဲ။

ခဏနေတော့ သူလည်း ဘယ်ချောင်ကပ်သွားလေသည် မသိ၊ စုပ်စမြုပ်စ ပျောက်သွားတာက ကျနော့် မျက်စိအောက်တင်မို့ အခုလို အဲဒီ့ ပုဂ္ဂိုလ်နဲ့ တထပ်တည်း တူတဲ့ အခင်းအကျင်းနဲ့ ကိုခွန်သာ့ကို မြင်လိုက်ရချိန်မှာလည်း ကျနော့်အူထဲမယ် ရယ်ချင်ပက်ကျိ အလိုလို ဖြစ်သွားခဲ့ရတာပါပဲ။ ဟုတ်တယ်လေ၊ ဟိုလူကြီးတုန်းကလည်း NLD နဲ့ အစပိုင်းမှာ ဘယ်လိုမှ မပတ်သက်ခဲ့ရာက အစ်မ လွတ်ချိန်မှာ ရုတ်တရက် ပေါ်လာခဲ့တာပါ။

ကိုဟင်္သာက ၁၉၈၈ ခုနှစ် အရေးအခင်းမှာ ပါဝင်ခဲ့တာကြောင့် ဆက်သွယ်ရေးလုပ်ငန်းက သူ့ကို ထုတ်ပယ် (တာလား၊ အငြိမ်းစားပေးတာလား ကျနော် မသိ) လိုက်ပါတယ်။ အဲဒီ့နောက် NLD စတင် ဖွဲ့စည်းချိန်ကတည်းက အစ်မရဲ့ “တတ်သိ ပညာရှင် အစုအဖွဲ့”မှာ ပါဝင်ခဲ့တဲ့သူပါ။

NLD စတင် ဖွဲ့စည်းတဲ့ ၁၉၈၈ ခုနှစ်မှသည် အဲဒီ့နေ့က အစ်မ လွတ်လာတဲ့ ၂၀၁၀ ပြည့်နှစ်အထိ ၁၂ နှစ်တာအတွင်းမှာ ကိုခွန်သာဟာ အစ်မကို ကြည်ညို လေးစားတဲ့ စကားတွေ ပြောလေ့ရှိခဲ့ပေမယ့် NLD နဲ့တော့ ဘယ်လိုမှကို တိုက်ရိုက်မပတ်သက်ခဲ့ဖူးဘူးလို့ မြင်မိပါတယ်။ ကျနော် NLD ကို ဥဒဟို ဝင်ထွက်နေချိန်မှာ သူ့ကို တခါဆို တခါဖူးလေးတောင်မှ မမြင်ခဲ့ဖူးတာလေ။

၂၀၁၀ နိုဝင်ဘာကျတော့မှ အစ်မဘေးမှာ ရုတ်တရက်ကြီး ပေါ်လာပြီးနောက် တကယ်လည်း သိပ်မကြာလိုက်ပါဘူး၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြီးတဲ့နောက် တနှစ်မပြည့်ခင်ကတည်းက ကိုခွန်သာ့ကို အဲဒီ့စည်းဝိုင်းထဲမှာ မတွေ့ရတော့ပါဘူး။ အဲလို ဖြစ်လာမယ်ဆိုတာကိုတော့ ကျနော်က သူ့ကို အစ်မဘေးမယ် စမြင်ချိန်ကတည်းက တွေးမိနေခဲ့ပါတယ်။

ဦးသိန်းဖေမြင့်ရဲ့ သားအလတ်

သူတို့ညီအစ်ကိုတွေထဲက အလတ်တယောက်က ကိုအာသာပါ။ သူက ရန်ကုန်တက္ကသိုလ် သတ္တဗေလား၊ ရုက္ခဗေဒလားတော့ မသိဘူး၊ အဲလို ဌာနတခုခုက ဆရာပါ။ ကိုအာသာနဲ့ကျတော့ ကျနော်နဲ့က Scrabble ကစားဖက်ပါ။ ကျနော်ဟာ အဲဒီ့ ၁၉၈၀ ပြည့်လွန်နှစ်များမှာ အဲဒီ့ကစားနည်းကို စွဲစွဲလန်းလန်း ကစားခဲ့ပါတယ်။ လူက အားပြီး လေလို့ ကောင်းနေတာကိုး။ ဘိုနီရယ်လို့ အဖန်ဖန်ညွှန်းခဲ့တဲ့ ငယ်သူငယ်ချင်းနဲ့ကတော့ ၈ တန်းလောက်ကတည်းက မှန်မှန်ကစားခဲ့တာပါ။ ၁၉၈၀ ပြည့်လွန် ကာလတွေမှာတော့ သူကတဆင့် တခြား ကစားဖက်တွေ ထပ်တိုးလာရာမှာ ကိုအာသာ ပါလာတော့တာပါပဲ။

ကိုအာသာက Scrabble မှာ တကယ့် ဆရာကြီးဖြစ်ပါတယ်။ ဘယ့်လောက် ဆရာကြီးလဲဆိုရင် အင်္ဂလိပ်ကနေ အင်္ဂလိပ်လိုပဲ ပြန်ဖွင့်ဆိုပေးတဲ့ အဘိဓာန် ၃-၄ မျိုးကို အလွတ်နီးပါးရတာ တအံ့တသြ တွေ့ခဲ့ရပါတယ်။ သူ ထည့်လိုက်တဲ့ ရှာရှာဖွေဖွေ စကားလုံးကို ကျနော်တို့က မကျေနပ်လို့ သူ့ကို စိန်ခေါ်ရင် သူက ခပ်တည်တည်ပါပဲ။ ဘယ်အဘိဓာန် သုံးမှာလဲ ပြန်မေးပါတယ်။ ကျနော်တို့ အများဆုံး အားကိုးတာကတော့ Oxford Advanced Learner’s ပါပဲ။ အဲဒါဆိုရင် ဘယ်တည်ပုဒ်၊ ဘယ်ပုံရဲ့ ဘယ်နားလေးမှာ သူထည့်တဲ့ စာလုံး ရှိတယ်လို့ တန်းပြောနိုင်တဲ့သူပါ။ တခါ နှစ်ခါလောက်ဆိုရင်တော့ သူဖြီးတာပေါ့။ အခေါက်တိုင်းဆိုတော့ သူ့ရဲ့မှတ်ဉာဏ် စွမ်းပကားဟာ ရင်သပ်ရှုမော အံ့သြဖွယ်ပါပဲ။

ကိုအာသာက လူပျိုကြီး။ ပြီးတော့ အလွန် အရက်ကြိုက်သူ။ အဲတော့လည်း အသက်မရှည်ရှာပါဘူး။ အရွယ်ကောင်းမှာ တိမ်းပါးသွားခဲ့ပါပြီ။

ရကတ ဝကခနဲ့ ဦးခြောက်ခါ

ဦးကြည်မောင် ရာပြည့်ပွဲကို အကြောင်းပြုပြီး သည်“ကြားဖြတ်အစီရင်ခံစာ”ကို ရေးဖြစ်ခဲ့တာမို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ အဲဒီ့ပွဲခင်းထဲက ဓာတ်ပုံမှာ ကျနော်နဲ့ ဘေးချင်းကပ် ထိုင်နေတဲ့ ဦးဟံသာမြင့်က အစချီလို့ သူတို့ညီအစ်ကိုတတွေနဲ့ သိကျွမ်းပတ်သက်ခဲ့ပုံကို ပြန်နှူးတာပါ။

ကိုဟင်္သာနဲ့က ဆိုခဲ့တဲ့အတိုင်း ၁၉၈၇ ခုနှစ်က ပြင်သစ်စာ သင်တန်းမှာ ဆုံဖြစ်ခဲ့၊ ၁၉၈၈ ခုနှစ်၊ အရေးအခင်း မဖြစ်ခင် ဥရောပသမဂ္ဂမှာ ကျနော် အလုပ်ဝင်စ အချိန်က ဗြိတိသျှ သံရုံးရှေ့မှာ တခါဆုံ၊ နောက်ပိုင်းလည်း ဟိုနားဆုံ၊ သည်နားဆုံ၊ NLD ထဲ ကျနော် ဝင်ထွက်နေချိန်က ခဏခဏ ဆုံဖြစ်ခဲ့ပါတယ်။

ကိုဟင်္သာကတော့ အကိုအကြီးဆုံးပီပီ အလွန် လူကြီးဆန်ပါတယ်။ သိမ်မွေ့အေးဆေးပါတယ်။ မလိုအပ်ဘဲ စကား သိပ်ပြောတတ်သူမျိုး မဟုတ်ဘူးလို့ မြင်မိရပါတယ်။

ဦးကြည်မောင် ရာပြည့်ပွဲမှာ သူနဲ့ဆုံတော့ သွားနှုတ်ဆက်တော့ သူကလည်း အေးအေးဆေးဆေး၊ ဖော်ဖော်ရွေရွေပါပဲ။ သူနဲ့အတူ ထိုင်နေရင်းက ဝကခ လာမယ်ဆိုတာ သိလိုက်ရတာ့ သူ့ကိုတောင် မေးမိပါသေးတယ်။ ကျနော်က လျှောက်လမ်းထိပ် ထောင့်ခုံ၊ ကိုဟင်္သာရဲ့ ဘယ်ဘက်မှာ ထိုင်နေမိတာမို့ပါ။ ဝကခအတွက် နေရာ ဖယ်ထားပေးပြီး သူ့ညာဘက်ကို ရွှေ့ထိုင်ရင် ကောင်းမလားလို့ပေါ့။ “ရပါတယ်၊ အဲဒီ့မှာပဲ ထိုင်ပါဗျ၊ သူလာတော့ သည်ဘက်မှာ ထိုင်လိမ့်မပေါ့”လို့ ကိုဟင်္သာက ပြောတာနဲ့ ကျနော်လည်း မထတော့ပါဘူး။

ဝကခ ရောက်လာတော့လည်း မေးပါသေးတယ်။ ကျနော့်နေရာမယ် ထိုင်မလားပေါ့။ သူက ရပါတယ်၊ သည်မှာပဲ ထိုင်လိုက်ပါ့မယ်ဆိုတာနဲ့ ကျနော်လည်း ဆက်ထိုင်နေခဲ့တာပါပဲ။

ဝကခ ဦးဖြိုးမင်းသိန်းဆိုတာက ကျနော်တို့နဲ့ ယှဉ်ရင် ငယ်ပါတယ်။ အဲဒီ့နေ့က ဦးကြည်မောင်ပွဲမှာ အမှတ်တရ စကား ပြောရင်း သူထည့်ပြောသွားတာက ၁၉၉၀ မှာ သူ့အသက်က ၁၉ လောက်ပဲ ရှိသေတဲ့။ NLD လူငယ် အဖွဲ့ဝင်တဲ့။ ကျနော်က ၁၉၉၀ မှာ ၃၃ နှစ်ရှိပါပြီ။ ဒါ့ကြောင့် သူ့ကို မြင်ဖူးတယ်လောက်ပဲ သိနေပြီး ဘယ်သူ ဘယ်ဝါမှန်း မမှတ်မိတာ ဖြစ်ပါတယ်။

NLD လူငယ်မဟုတ်ဘဲ အစ်မ လုံခြုံရေးကို စေတနာ့ဝန်ထမ်း တာဝန်ယူထားတဲ့ သုံးရောင်ခြယ်ထဲက တချို့နဲ့ ကျနော်နဲ့ ခင်မင်ရင်းနှီးပေမယ့် လူငယ်အဖွဲ့ထဲကတော့ မြင်ဖူး၊ ပြုံးပြ၊ နှုတ်ဆက်ဖူးသူတွေပဲ ရှိခဲ့မယ် (ထင်ပါတယ်)။

NLD မှာ ကျနော်နဲ့ ခင်မင်သူတွေထဲက အရေးကြီးပုဂ္ဂိုလ်တယောက် ကျန်သွားပါတယ်။ သူကတော့ နာမည်ကျော် ဦးဝင်းထိန်ပါ။ သူက အောင်-စု-တင်ရယ်လို့ NLD ကို စတင်ဖွဲ့စည်းချိန်မှာ တင်ဆိုတဲ့ ဦးတင်ဦးရဲ့ အစုထဲက ပါလာသူပါ။ ဦးတင်ဦး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦးဘဝတုန်းက သူက ကိုယ်ရေးအရာရှိ လုပ်ခဲ့ဖူးတယ်လို့ တင်ပါတယ်။ သေချာတာကတော့ ဗိုလ်ချုပ်မောင်အေးနဲ့ တပတ်စဉ်ထဲ ဆင်းတဲ့ ဒေါ်စိန်အေး ကျောင်းထွက်ပါ။ အထူးချွန်ဆုံး ဒေါ်စိန်အေးကျောင်းသားဆုတောင် ဆွတ်ခူးခဲ့ဖူးသူပါပဲ။

Myanmar Opposition, Yangon, Myn

ဒါလည်း အင်ထနက်ထဲက ဦးဝင်းထိန် ပုံပါပဲ။ Photo: Shutterstock

ဦးဝင်းထိန်ဆိုလည်း သူနဲ့သာမက သူ့ဇနီးနဲ့ပါ ခင်မင်ခဲ့ဖူးပါတယ်။ သူ ပထမ တခေါက် လွတ်လာတုန်းက အင်းစိန်က သူ့အိမ်ဆီအထိ ကျနော် မကြာခဏ သွားခဲ့ဖူးတာကိုး။ ၂၀၁၀ မှာ အစ်မ လွတ်တဲ့နေ့ကလည်း သူ့ကို ခြံရှေ့မယ် တွေ့လိုက်၊ နှုတ်ဆက်လိုက်ပါသေးတယ်။ ၂၀၁၂ ကြားဖြတ်မှာ အနိုင်ရပြီး လွှတ်တော်ထဲ သူရောက်သွားပြီးနောက်ပိုင်း ၂၀၁၃ လား၊ ၂၀၁၄ လားတော့ အတိအကျ မမှတ်မိတော့ဘူး၊ နေပြည်တော်၊ ဟစ်(လ်)ထယ်(န်) ဟိုတယ်မှာ ကျင်းပတဲ့ ဗြိတိန်ဘုရင်မကြီး မွေးနေ့မှာ သူ့ကို တွေ့လိုက်တာ နောက်ဆုံးပါပဲ။ အဲတုန်းကလည်း ကျနော် သွားနှုတ်ဆက်လိုက်ပါသေးတယ်။

ကျနော်နဲ့ ဆက်ဆံခဲ့ဖူးချိန် လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် အထက်ကာရီတုန်းက အလွန် သိမ်မွေ့ပြီး အပြောအဆို ချိုသာခဲ့တဲ့ ဦးဝင်းထိန်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းကာလတွေနဲ့ မီဒီယာတွေနဲ့ ပြောဆိုတဲ့အခါ ပြတ်ပြတ်ဘွင်းဘွင်းဖြစ်လာတာတွေ ကြားရ ဖတ်ရတဲ့အခါကျတော့ သြော်… သူ့စစ်သားဗီဇ ပြန်ပြတာပါပဲလို့ မြင်မိပါတယ်။

စစ်သားဆိုရင် အဲလိုချည်းပဲလို့ ဝါးလုံးရှည်နဲ့ ရမ်းရာတော့ ကျပါမယ်။ အန်ကယ် ဦးကြည်မောင်လို၊ သည်ဘက်ခေတ်မယ် ထင်ရှားတဲ့သူတွေထဲကဆိုရင် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်လို လူကြီးလူကောင်းဆန်၊ ချေငံဖွယ်ရာတဲ့ လက်ရှိရော၊ အငြိမ်းစားပါ အရာရှိတွေ အတော်များများ ဆက်ဆံဖူးပါတယ်။ လူဆိုတာကတော့ ညက်တဲ့သူ ရှိသလို ရှိသလို မညက်တဲ့သူလည်း ရှိမှာပေါ့။ ကျနော်ကိုယ်တိုင်လည်း ညက်ရင် သိပ်ညက်၊ ရိုင်းရင် စွတ်ရိုင်းတတ်တဲ့ အစွန်းနှစ်ဖက်လွန် စရိုက်မျိုးနဲ့မို့ ဘယ်သူ့ကိုမှ အပြစ်မတင်ဝံ့ပါဘူး။

အိမ်တော်ဝန် ကိုနီ

ဆိုခဲ့တဲ့အတိုင်း ကျနော်ဟာ NLD စတင်ဖွဲ့စည်းချိန် ၁၉၈၈ ခုနှစ်၊ နှစ်ကုန်ပိုင်းမှသည် ကျနော် သံရုံးက အလုပ်နဲ့ မပတ်သက်တော့တဲ့ ၂၀၀၃ ခုနှစ် နှစ်ဦးအထိ ၁၅ နှစ်နီးပါးကာလအတွင်း NLD နဲ့ တရင်းတနှီး ရှိခဲ့ပါတယ်။ အစ်မ အကျယ်ချုပ်နဲ့ နေနေရချိန်မှာ အစ်မအတွက် ဈေးဝယ်တာက အစ၊ အစ်မရဲ့ ဝေယျာဝစ္စမှန်သမျှ ဆောင်ရွက်ပေးခဲ့တဲ့ (လုပ်ကြံသတ်ဖြတ်ခံရသူ ရှေ့နေကြီး ဦးကိုနီ မဟုတ်ဘဲ သခင်အုန်းမြင့်ရဲ့ သားဖြစ်သူ) ကိုနီ့ကိုဆိုလည်း ဘိုနီ့ကို အကြောင်းပြုပြီး ခြံထဲကို သူမရောက်ခင် ပဝေသဏီကတည်းက ခင်မင်ရင်းနှီးခဲ့တာပါ။ အခုတော့ သူလည်း ကွယ်လွန်ရှာပါပြီ။

သူကွယ်တော့ ကိုသူရ (ဇာဂနာ) က သူ့ကို “အိမ်တော်ဝန်”လို့တောင် ညွှန်းခဲပါသေးတယ်။ အတိအကျ ပြောရင်တော့ သူကွယ်လွန်တာ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့မှာပါ။ ဇူလိုင် ၂၄ ရက်မှာ ကျနော် သူနဲ့ ပတ်သက်လို့ စာတိုလေးတစ ရေးဖြစ်ခဲ့ပါတယ်။ အဲဒီ့စာလေးက သူ့အပေါ် ကျနော့်သုံးသပ်ချက်ကို ထင်ရှားစေမယ်လို့ ယူဆတဲ့အတွက် အနည်းငယ် တည်းဖြတ်ပြီး ပြန်တင်ဆက်လိုက်ပါရစေ။

သူသေပြီးနောက် ၂ ရက်အကြာမှာ ရေးဖြစ်ခဲ့တာ

မနက်ဖြန် (Tomorrow) ဂျာနယ်ထဲက ဇာဂနာရဲ့ “ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျနော်” အခန်းဆက် ဆောင်းပါး အမှတ်စဉ် ၁၇ (နိဂုံး)မှာ အိမ်တော်ဝန်အကြောင်း ပြောတာ ကြားလိုက်ရကတည်းက ဒါလေးကို တို့ထားတာပါ။

သူ့စာထဲပါသူ အိမ်တော်ဝန်ဟာ တကယ်တော့ အင်မတန် သနားစရာ ကောင်းတယ်။ ကျွန်တော်နဲ့ အဲဒီ့ အိမ်တော်ဝန်နဲ့ သိကျွမ်းခဲ့တာ ၁၉၈၀ လောက်ကတည်းကဗျ။ အစ်မရယ်လို့ ပေါ်မလာခင် ရှစ်နှစ်လောက် စောတယ်ပေါ့ဗျာ။

သည်နှစ် ဇန္န၀ါရီ ၂၄ ရက်နေ့က ကွယ်လွန်သွားတဲ့ ငယ်သူငယ်ချင်းနဲ့ ပတ်သက်ပြီး သိခဲ့တာပ။ အဲဒီ့သူငယ်ချင်း အိမ်ထောင်ကျစက သူ့အိမ်ရှေ့မှာ ဆိုင်တန်းလေး တတန်း ဆောက်ပြီး ငှားစားတယ်။ နှစ်ခန်းမှာကျတော့ ကုန်စုံဆိုင်ဖွင့်တယ်။ အဲဒီ့ကုန်စုံဆိုင်မှာ အိမ်တော်ဝန်က ဆိုင်တာဝန်ခံလိုလို၊ ဆိုင်ထိုင်လိုလို နေခဲ့တာလည်း ရှိပါတယ်။ တကယ်တော့ သူက ကျနော်တို့ထက် ကြီးပါတယ်။ အနည်းဆုံး ၇ နှစ်၊ ၈ နှစ်တော့ ကြီးမှာပါ။

အဲဒီ့ကတည်းက ကျွန်တော် ရိပ်စားမိခဲ့ပါတယ်။ သူ့အတွက် နေရာတနေရာကို ဖွေရှာနေတယ်ဆိုတာပါ။ ခက်တာက သူက လူတေလူရွတ်ဆိုတော့ ကျောင်းစာဘက်လည်း မဖြစ်မြောက်ခဲ့၊ အရက်ကလေးကလည်း ကြိုက်တော့ အလုပ်အကိုင်လည်း အတည်တကျ ဖြစ်မလာ။ သို့သော် ရွယ်တူတန်းတူတွေ အလုပ်နဲ့ အကိုင်နဲ့၊ သားနဲ့ မယားနဲ့ ဖြစ်လာတာကို မြင်ရတဲ့အခါ သူ့ရင်ထဲ ဘယ်ချိပါ့မလဲ။ အဲတော့ သူ့အတွက် လူ့လောကမှာ တနေရာက အင်မတန် အရေးကြီးတာပေါ့။

သူငယ်ချင်းရဲ့ဆိုင်မှာ သူ့ကို ထိုင်စရာ နေရာ ပေးထားတော့ သူလည်း အလုပ်ဖြစ်နေတာမို့ အဲဒီ့မှာ အမြဲလို တွေ့ရတာပါ။ ဒါပေမယ့် အဲဒီ့ဆိုင်လည်း သိပ်တာရှည် မခံလိုက်သလို သူလည်း ဘုံပျောက်သွားခဲ့လေရဲ့။

အဲလို ရေးပြီးမှ တည်းဖြတ်နေရင်းနဲ့ နည်းနည်း ဇဝေဇ၀ါ ဖြစ်သွားတာက သူက အရင် အဲဒီ့ဆိုင်က ပျောက်သွားတာလား၊ အဲဒီ့ဆိုင် မရှိတော့တာက အရင်လားဆိုတာပါပဲ။ မေးရအောင် သူငယ်ချင်းကလည်း မရှိတော့ဘူး။

သူငယ်ချင်းရဲ့ဆိုင်မှာ သူ အဲလို ထိုင်နေတုန်း သူ့အစ်ကိုရင်းတယောက်နဲ့လည်း တခြား တနေရာမှာ အမှတ်မထင် ဆုံဖြစ်သွားရာက၊ ပေါင်းဖြစ်၊ သောက်ဖြစ်ခဲ့သေးတယ်။ အဲဒီ့မှာ သတိထားမိတာကတော့ သူတို့ ညီအစ်ကိုတတွေရဲ့ စရိုက်တွေက နည်းနည်း ဆန်းတယ်၊ ဒါမှမဟုတ် ထူးခြားတယ်လို့ပေါ့။

အဲလိုကနေ ကာလရွေ့လျောသွားတဲ့အခါ အစ်မ ပေါ်လာတယ်။ အိမ်တော်ဝန့် ခမည်းတော်ကြီးက ခေတ်ဟောင်း နိုင်ငံရေးသမား သခင်ကြီး။ အဲဒီ့ သခင်ကြီးကလည်း အဆန်း။ အသက် ၈၀ ကျော်တဲ့အထိ ပုဆိုးမ၀တ်ဘဲ ဂျင်းဘောင်းဘီ ၀တ်တဲ့သူ ခင်ဗျ။ အစ်မ ပေါ်လာချိန်မှာ အဲဒီ့ ခမည်းတော်ကြီးအပါအ၀င် တက်ကြွသူ ၈၀ % ဟာ အစ်မကို ထောက်ခံ ပံ့ပိုးသူတွေ ဖြစ်ကုန်ကြတယ်။ ဒါနဲ့ ခမည်းတော်ကြီးက သူ့သား အပေအတေကို အစ်မရဲ့ အိမ်မှာ လိုအပ်နေတဲ့ လက်တိုလက်တောင်း တာဝန်ကို အပ်နှင်းလိုက်ပုံပါပဲ။

အိမ်တော်ဝန်အတွက် ရေငတ်တုန်း ရေတွင်းထဲ ကျသွားတာပေါ့ဗျာ။ သူ့အတွက် တစ်နေရာ ရပြီလေ။

ကျွန်တော်က ၁၉၈၈ ကနေ ၂၀၀၃ အထိ ခြံအမှတ် ၅၄ ကို ဥဒဟို ၀င်ထွက်သွားလာနေခဲ့ဖူးပါတယ်။ အလုပ်တာဝန် အရပါပဲ။ အဲလို ၀င်ထွက်နေတဲ့အခါ မိတ်ဆွေဟောင်းကြီးကို တွေ့သပေါ့။ ကျွန်တော့်ကို အဝေးက လှမ်းပြုံးပြ။ တစ်ခါတစ်လေ သူနဲ့ ဆုံရင် ကျွန်တော့်ထုံးစံအတိုင်း သူ့ကို ဖက်လှဲတကင်း နှုတ်ဆက်၊ နောက်ပြောင် ပြောဆို။ သူက ပြုံးတဲ့အခါ ပြုံး၊ ရယ်တဲ့အခါ ရယ်။ လူထူရင်တော့ သူ လှစ်ခနဲ ပျောက်သွားပြီ။

အဲဒီ့မှာ သူ့ခမည်းတော်ကြီးကိုပါ ရင်းနှီးခွင့် စကားပြောခွင့် ရလာတယ်။ သည်အခါ သူတို့ ညီအစ်ကိုတင် ဆန်းတာ၊ ထူးခြားတာ မဟုတ်ဘူး။ သူ့ခမည်းတော်ကြီးပါ ဆန်းတယ်၊ ထူးခြားတယ်လို့ ကျွန်တော့် စိတ်ထဲ ခံစားခဲ့ရသဗျို့။

အစ်မ အကျယ်ချုပ်ကျခံနေရချိန်မှာ သူက အစ်မရဲ့ စားရေးသောက်ရေးအတွက် ၀ယ်ခြမ်း ချက်ပြုတ်တဲ့ တာဝန်ကို ဦးလည်မသုံ ထမ်းရွက်ခဲ့တာကတော့ မှတ်တမ်းတင်စရာပေါ့ဗျာ။ သည်လောက် နှစ်တွေ အကြာကြီးမှာ မညည်းမညူ လုပ်ပေးခဲ့တာပါ။ သံဆူးကြိုးတွေ ကာထားလို့ ကားမဖြတ်နိုင်တဲ့ လမ်းပေါ် အိမ်တော်ဝန်တယောက် အိတ်ကလေးတွေ ဆွဲပြီး ငိုက်စိုက်ငိုက်စိုက်နဲ့ သွားလာနေတာ ခုပြော ခုပြန်မြင်ပါသေးတယ်။ တွေ့လို့ နှုတ်ဆက်လည်း သူက ပြုံးပေါ့။

ကာလတွေကို ခြုံ့လိုက်ကြရအောင်ဗျာ။ ၂၀၀၃ ခုနှစ်နောက်ပိုင်းမှာ ကျွန်တော်နဲ့ အဲဒီ့လောကနဲ့ ဘာဆို ဘာမှ မပတ်သက်တော့ဘူး။ သတင်းဖွေရှာသူလည်း မဟုတ်တော့တာမို့ ရာဇ၀င်ထဲမှာ ၅၄ ကို ထားခဲ့ပါတယ်။

koni

ရှားရှားပါးပါး၊ အိမ်တော်ဝန်ကိုနီပါတဲ့ ပုံလေးတပုံ အင်ထနက်ထဲက ရပြန်ပါတယ်။ ၂၀၁၀ နိုဝင်ဘာ ၁၀ ရက် အစ်မ လွတ်တဲ့နေ့က ပုံပါပဲ။ အစ်မရဲ့ ဘယ်ဘက်က ကိုခွန်သာ၊ ဦးဉာဏ်ဝင်းတို့အပြီး  ဆံပင်ဖြူနဲ့ မျက်နှာတခြမ်းလှည့်ထားတဲ့သူဟာ အိမ်တော်ဝန် ကိုနီပါပဲ။ Photo: AP

ဒါပေမယ့် ကမ္ဘာကြီးက ကျဉ်းလေတော့ အဲဒီ့ခြံထဲ အမှတ်မထင် ပြန်ရောက်သွားရသေးတယ်။ ပထမအကြိမ်က ကမ္ဘာကျော်မမကြီး လာလည်တုန်းကပေါ့။ အဲတုန်းကတော့ အဲဒီ့ ခြံထဲမှာ ဘာမှ မဖြစ်ပါဘူး။ မဖြစ်ဆို ကျွန်တော်က ကမ္ဘာကျော် မမကြီးရဲ့ အထူးယာဉ်တန်းနဲ့ အမြိုင့်သား ပါသွားတာကိုး။

 

ဖြစ်တာက အိမ်ထဲမှာ။ အိမ်တော်ဝန်နဲ့တော့ မဟုတ်ဘူး။ ကျွန်တော်နဲ့လည်း မဟုတ်ဘူး။ ကမ္ဘာကျော် မမကြီးတို့ဘက်က တာဝန်ရှိသူတစ်ဦးနဲ့ အမည်မဖော်လိုတဲ့ အဲဒီ့ဘက်က တာဝန်ရှိသူတွေနဲ့ကြားမှာ အချေအတင်တွေ ပြောကြရတာ။ ကျွန်တော်က အနေသာကြီး။ အနေသာကြီးသာဆိုတယ် ဖြစ်တာက အစည်းအဝေးခန်းထဲ ကျွန်တော့်ကို အ၀င်မခံတဲ့ ကိစ္စ။ ဟိုဘက်ကလည်း ကျွန်တော် ၀င်ကို ၀င်မှ ရမယ်၊ သည်ဘက်ကလည်း အ၀င်ကို မခံဘူး။

အစ်မတယောက်တည်းနဲ့ဆိုရင်တော့ ဟုတ်ပါတယ်။ အစ်မက အင်္ဂလိပ်စကားကို မွှတ်နေအောင် ပြောနိုင်တာ ကမ္ဘာသိပဲလေ။ ဒါပေသည့် အစ်မနဲ့အတူ ဦးတင်ဦးအပါအဝင် တခြား “ဘောင်းဘီချွတ်” (ဒါကို နောက်ပိုင်းမှာ ရှင်းပြထားပါတယ်) ဘိုးတော်တချို့လည်း ရှိနေပါတယ်။ သူတို့ပါ ပါနေတာမို့ ဟိုဘက်က ကျနော်ပါ ဝင်ရောက်ရေးကို အကြောက်အကန် ပြောနေတာပါ။ သည်ဘက်ကကျတော့ အစ်မက အင်္ဂလိပ်လို တတ်တယ်။ အစ်မပဲ ဘာသာပြန်မယ်ပေါ့။ ကျနော် တလုံးမှ ဝင်မပြောပါဘူး။ သူတို့ပြဿနာ သူတို့ဘာသာ ရှင်းကြပါစေ။ ကျနော်က အနေသာကြီးပါ။

ကျွန်တော် နေသာတာက ရှင်းတယ်။ ၀င်ရရင် ကျွန်တော် အလုပ်လုပ်ရမယ်၊ မ၀င်ရရင် အလုပ်လုပ်စရာ မလိုဘူး၊ ငုတ်တုတ် ထိုင်နေရုံ၊ အေးဆေးပဲ။ အလုပ်လုပ်ရတာကိုလည်း ကြိုက်တယ်၊ မလုပ်ရဘဲ ထိုင်နေရင်း ပိုက်ဆံရတာတော့ ပိုကြိုက်သပေါ့ဗျာ။ ဟဲ… ဟဲ…

ဒါပေမယ့် လုပ်ထုံးအရ နှစ်ဘက်စလုံးမှာ စကားပြန် ရှိရတယ်။ တစ်ဖက်တည်းရဲ့ စကားပြန်ကို ထားရှိခြင်းကြောင့် ရေရာခိုင်လုံမှုကို ကျန်တစ်ဖက်က ဘယ်လိုနည်းနဲ့မှ ပြန်အတည် မပြုနိုင်တော့ဘူး။ စကားပြန် မရှိတဲ့ဘက်မှာ နစ်နာတယ်။ ဒါကို နားလည်ပြီး တစ်ကမ္ဘာလုံးမှာ သည်တိုင်းသာ ကျင့်သုံးလာခဲတဲ့ ကမ္ဘာကျော် မမကြီးတို့ဘက်က တာဝန်ရှိသူဟာ သည်ကိစ္စကို အစာမကျေဘူး။ ဒါ့ကြောင့် အချေအတင် ပြောတာပါ။

ဘာသာပြန် သဘာဝ စကားချပ်

စကားပြန်လို့သာ ပြောရတယ်။ စကားပြန်အမျိုးမျိုး ရှိပါတယ်။ တချို့ စကားပြန်တွေက တဖက်နားမှာ ခါးမယ့် စကားတွေကိုဆိုရင် ကျော်သွားတာတို့၊ စကားလုံး ပြောင်းတာတို့ လုပ်တတ်ကြတယ်။ ဥပမာဗျာ၊ အာဏာရှင်အစိုးရလို့ အင်္ဂလိပ်လို ပြောလိုက်တာကို တပ်မတော်အစိုးရလို့ ပြောင်းလိုက်တာမျိုးပေါ့။

တချို့စကားပြန်၊ အထူးသဖြင့် ခုကာလ ငယ်ရွယ်သူ စကားပြန်တွေကတော့ အင်္ဂလိပ်စကားလုံးတွေ တင်းကြမ်းညှပ်ပြီး ပြန်တာပါ။ ဘာသာပြန်တာကို မဟုတ်တော့ဘူး။ အင်္ဂလိပ်စာလုံးတွေနဲ့ ဗမာဝါကျ တည်ဆောက်နေကြတာပါ။ မြန်မာလိုကနေ အင်္ဂလိပ်လို ပြန်ပြောတဲ့အခါကျရင်လည်း ကပေါက်တိ ကပေါက်ချာတွေ လုပ်တတ်ကြပါတယ်။

တချို့ကကျတော့ ထင်ရာပြောတာ။ အဲဒါ ကိုယ်တွေ့ ကြုံဖူးပါတယ်။ ထိပ်သီးတွေ့ဆုံပွဲတခုမှာ မြန်မာဘက်က သူပဲ ပြန်မယ်လို့ အင်မတန် ဂိုက်ဆိုက်ကောင်းတဲ့ ပုဂ္ဂိုလ်က ပြောပါတယ်။ သူက ကျနော့်ကို သူနဲ့ အဖက်မတန်သလို ဆက်ဆံတတ်တဲ့သူ။ ပြန်ပေါ့။ ကိုယ်တောင် သက်သာသေးဆိုပြီး လွှတ်ပေးထားလိုက်တယ်။

ကျနော်က ထုံးစံအတိုင်း မှတ်စုစာအုပ် ကိုင်ခဲတယ်။ အာရုံစိုက် နားထောင်ပြီးသာ ပြန်ပြောတာ။ ဟိုကိုယ်တော်က မှတ်စုစာအုပ်နဲ့။ ကျနော်နဲ့ ဘေးချင်းကပ်ထိုင်နေတာဆိုတော့ သူ့မှတ်စု စာအုပ်မှာ ဘာတွေ ရေးနေလဲလို့ မသိမသာ ကြည့်လိုက်တော့ လား… လား… အရုပ်တွေ လျှောက်ဆွဲနေတာ ခင်ဗျ။ အဲ… မြန်မာလိုကနေ အင်္ဂလိပ်လို ဘာသာလည်း ပြန်ရော၊ မူရင်းပြောတာက တခြား၊ သူပြန်ဆိုတာက တလွဲဖြစ်နေတာနဲ့ ကျနော်လည်း မနေနိုင်တော့ဘူး၊ ကိုယ့်ကို ငှားလာသူ ဆက်ဆွေးနွေးနိုင်အောင် တဖက်က ဘာပြောတယ်ဆိုတာ အမှန်အတိုင်း ပြန်တည့်ပေးခဲ့ရဖူးပါတယ်။ မစ္စတာ ဂိုက်ပေးကြမ်းကိုလည်း အားနာမနေအားတော့ပါဘူး။

ဒါ့ကြောင့် နှစ်ဖက် တွေ့ရင် ဘာသာပြန်နှစ်ယောက်လိုတာပါ။

ကိုနီ့အကြောင်း ရေးခဲ့ဖူးတဲ့ လက်စ ပြန်ဆက်ရင်…

မရပါဘူး။ နောက်ဆုံးတော့ ကမ္ဘာကျော် မမကြီးတို့ဘက်ကပဲ လျှော့ပေးလိုက်ရပါတယ်။ ကျွန်တော်ကတော့ ဖိုးကျိုင်းတုတ်ပေါ့။

နောက်တခါကျတော့လည်း အဲသလိုပဲ၊ ကမ္ဘာကျော်မမကြီးတို့နဲ့ မဟာမိတ်တွေထဲက ပုဂ္ဂိုလ်ကြီးတယောက် အတွက် ကျွန်တော် လိုက်ပါပေးရမှာ။ ကျွန်တော့်ကို ငှားပြန်တယ်။ ဒါပေမယ့် သည်တစ်ခါတော့ ယာဉ်တန်းနဲ့ မဟုတ်ဘူး၊ သူတို့နဲ့ ကျွန်တော်နဲ့က အဲဒီ့ ၅၄ ၀င်းထဲမှာ သွားဆုံရမှာ။

အဲဒီ့မှာ ငြိတော့တာပဲ။ အိမ်တော်ဝန်က အဲဒီ့အချိန်မှာ တံခါးမှူး ဖြစ်နေတယ်။ သူက ကျွန်တော့်ကို တခါမှ မသိခဲ့ဖူးတဲ့ ပကတိ သူစိမ်းပြင်ပြင်လို ဆက်ဆံတယ်။ မျက်နှာကျောတင်းနေတယ်။ ကျွန်တော်က သက်ဆိုင်ရာ တာဝန်ကို ပြောလိုက်တော့ ခြံထဲတော့ ၀င်ခွင့်ရတယ်။ ဒါပေသည့် မည်ကဲ့သို့ လုပ်လိုက်လေသည် မသိပေါ့ ခင်ဗျာ။

သူတို့ဘက်က စစ်ဆေးရေးတွေ ရောက်လာတယ်။ ကျွန်တော့်ကို ပုလိပ်စစ် စစ်တယ်။ ခက်တာက လာစစ်တဲ့သူတွေကလည်း တချိန်က ကျွန်တော်နဲ့ သိနေ၊ စကားပြောနေ၊ ခင်မင်ရင်းနှီးခဲ့ဖူးသူတွေ။ ခုကျတော့ ပကတိ သူစိမ်းများပမာ။ အဲဒီ့ထဲက တစ်ယောက်ဆို သောက်ဖော် သောက်ဖက်။ စောစောက ပြောတဲ့ သူငယ်ချင်းရဲ့ အိမ်နဲ့ ဆိုင်တန်းကို ပုံစံချ၊ ရေးဆွဲ၊ တည်ဆောက်ပေးခဲ့တဲ့ သူ။ သူကကျတော့ လူရည် အလွန်လည်တယ်။ ကျွန်တော့်ကို အဝေးက နှုတ်ဆက်ပြီး ရှောင်ထွက်သွားတယ်။ အိမ်တော်ဝန်ကလည်း တံခါးဝမှာ မျက်နှာထားတင်းတင်းပဲ။ အဲဒီ့နေ့က သင်္ကြန်အကြိုနေ့ကြီး။ ဇယားတွေ ရှုပ်နေကြတယ်။ ကာလက ကြားဖြတ်ပြီးတဲ့အချိန်။ ကြက်တူရွေး ဖြစ်သွားတဲ့အချိန်လို့ ဆိုကြပါစို့ရဲ့ဗျာ။ အဲတော့ မယ်ဘော်တွေကလည်း တအားမော့နေတာ မြင်လာရတယ်လို့ပဲ တိုတို ဆိုကြပါစို့ရဲ့။

12191082_10208465093688734_5269069022650432757_n

ဓာတ်ပုံက ကျနော့်လက်နဲ့ ရိုက်ခဲ့တဲ့ ပုံပါ။ အမြင့်မှာ ထိုင်နေတာက ဝတ်လုံ ဦးထွန်းတင်နဲ့ ဦးကြည်မောင်ရဲ့ ဇနီး၊ မဆလ ဒုဝန်ကြီးချုပ် ဦးလွင်ရဲ့ နှမအရင်း၊ ဒေါ်စုစုလွင်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ရဲ့ အရီးလေး အန်တီကြည်တို့ ဖြစ်ပါတယ်။ အန်တီကြည့် ဒူးပေါ်မှီနေသူက အစ်မရဲ့ ပထမဆုံး ကိုယ်ရေးအရာရှိအဖြစ် ၁၉၈၈ ခုနှစ်မှသည် ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်အထိမ်းသိမ်းမခံရခင်အထိ ဆောင်ရွက်ခဲ့သူ ပန်းချီဆရာမ၊ စာရေးဆရာမ မသိင်္ဂီဖြစ်ပြီး သူ့ဘေးက သခင်အုန်းမြင့် ဖြစ်ပါတယ်။ ရှေ့ဆုံးက ပြုံးနေသူက သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ကို ပုံစံချ ရေးဆွဲခဲ့တဲ့ ပိသုကာ ဦးကျော်မင်းပါ။ ပုံထဲက ငါးယောက်မှာ မသိင်္ဂီတယောက်က လွဲရင် ကျန်သူတွေ လူ့ပြည်မှာ မရှိတော့ပါဘူး။ သည်ပုံထဲမှာ တတ်သိ ၃ ယောက်ပါတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဦးထွန်းတင်၊ သခင်အုန်းမြင့်နဲ့ ဦးကျော်မင်းတို့ပါပဲ။

သည်လူနဲ့ သည်လူတွေ မသိကြတာလည်း မဟုတ်၊ မခင်ကြတာလည်း မဟုတ်။ ခုကျတော့ လုပ်ပေါက်တွေကို တော်တော် စက်ဆုပ်လာတယ်။ တော်တော် အချေအတင် ပြောယူလိုက်တော့မှ နောက်ဆုံးမှာ ကျွန်တော့်ကို သစ်ပင်ရိပ် တရိပ်မှာ စောင့်ခွင့် ပေးလိုက်ကြတယ်။ အဓိကကတော့ ကျွန်တော်က နံပါတ်နက် အငှားယာဉ် တစီးနဲ့ သွားမိတာပါပဲ။ နံပါတ်ဖြူကားနဲ့တုန်းက ကြိုက်သလို ၀င်ထွက်နိုင်ခဲ့ဖူးပေမယ့် နံပါတ်နက်နဲ့ကျတော့ အသားအရောင် ခွဲခြားခံရတဲ့ လူမည်းလို ဖြစ်နေတာ တွေးမိပြီး ပြုံးမိရသေးတယ်။

 

နောက်တော့လည်း ကျွန်တော့်ကို မှာထားတဲ့ အဖွဲ့တွေ ရောက်လာ။ ထုံးစံအတိုင်း ကျွန်တော့်ကို ဆွေးနွေးပွဲထဲ အ၀င်မခံ၊ ကျွန်တော် ငုတ်တုတ်ထိုင်။ သို့သော် အဲဒီ့အဖွဲ့နဲ့အတူဖြစ်သွားချိန်မှာ စောစောက ကျွန်တော့်ကို မောက်မာခဲ့သူတွေရဲ့ မျက်နှာတွေက မျက်နှာသေတွေဖြစ်ကုန်ပြီ။ စောစောက အာဏာပါဝါတွေ ပြခဲ့တာ သူတို့ပဲ မဟုတ်တဲ့အတိုင်း။

ကျွန်တော်က နောက်တနေရာ ဆက်လိုက်ရဦးမှာမို့ စီးလာတဲ့ အငှားယာဉ်ကို ပြန်လွှတ်ပြီး သူတို့တွေရဲ့ ကားနဲ့ ပြန်လိုက်တယ်။ ထွက်တော့ တံခါးမှူး အိမ်တော်ဝန်ကို အပေါက်မှာ တွေ့တယ်။ မျက်နှာထားကတော့ တင်းတင်း၊ မေးကလည်း ခပ်မော့မော့။ ကျွန်တော့်ကို မျက်လုံးလွှဲထားတယ်။

အဲဒါ သူနဲ့ ကျွန်တော် နောက်ဆုံး တွေ့တာပါပဲ။

ဒီချုပ်ရဲ့ မူလဘူတ

အခု NLD ရယ်လို့ အားလုံးသိနေတဲ့ အဖွဲ့ကြီးကို တချိန်က “ဒီချုပ်”လို့ ခေါ်ခဲ့ကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အတိုကောက် ခေါ်ကြတာပါ။ အခုကာလ ၃၀ တန်း လူငယ်လူရွယ်တွေအနေနဲ့က ဒီချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ခွဲလို့ မရတာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့၊ ဒေါ်စုရဲ့ ပါတီလို့ပဲ သိထားကြမှာပါ။

တကယ်တော့ ဒီချုပ်ရဲ့ အမြုတေဟာ ၁၉၈၈ ခုနှစ် အရေးအခင်းအတွင်းမှာ ပေါ်ပေါက်လာတဲ့ အင်အားစု သုံးခု ဖြစ်တဲ့ အောင်-စု-တင် သုံးဖွဲ့ပေါင်းပြီး ၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တာပါ။

အောင်စုတင်ဆိုတာက ဗိုလ်ချုပ်အောင်ကြီး အဖွဲ့၊ ဒေါ်စုအဖွဲ့၊ ဗိုလ်ချုပ်တင်ဦး အဖွဲ့သုံးဖွဲ့ပေါ့။ ဗိုလ်ချုပ် အောင်ကြီးအဖွဲ့မှာက ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရရယ်လို့ ဖြစ်မလာခင် ဗိုလ်နေဝင်းရဲ့ တော်လှန်ရေး ကောင်စီလက်ထက်မှာ တပ်က ထွက်သွားခဲ့ကြရတဲ့ တပ်မှူးတွေ၊ စစ်ဗိုလ်တွေ ပါဝင်ပါတယ်။ အခု သည်ကြားဖြတ်အစီရင်ခံစာကို မနေနိုင်မထိုင်နိုင် ထရေးဖြစ်စေတဲ့ ရာပြည့်ပွဲကို ရည်စူး ကျင်းပသူ ဦးကြည်မောင်ဟာ တော်လှန်ရေးကောင်စီက အဦးဆုံး ထွက်သွားတဲ့ ဗိုလ်မှူးကြီးဖြစ်သလို အောင်-စု-တင်မှာ အောင်ဆိုတဲ့ ဗိုလ်အောင်ကြီး ဂိုဏ်းကပါပဲ။

ဒေါ်စုအဖွဲ့မှာတော့ “တတ်သိပညာရှင်”ဆိုတဲ့ တပ်က မဟုတ်သူ အရပ်သားများ ပါဝင်ပါတယ်။ ဟံသာဝတီ ဦးဝင်းတင်၊ ဝတ်လုံတော်ရ ဦးထွန်းတင်၊ စာရေးဆရာတွေထဲက မောင်သော်က၊ မောင်ဝံသ၊ မောင်မိုးသူ၊ အထက်မှာ ကျနော်ပြောခဲ့တဲ့ ပိသုကာ ဦးကျော်မင်း၊ ဦးခင်မောင်ဆွေ၊ ဓာတ်ရှင်မင်းသား အောင်လွင်၊ ဦးဟံသာမြင့်စတဲ့သူတွေဟာ ဒေါ်စုရဲ့ “တတ်သိအဖွဲ့”ထဲက ပုဂ္ဂိုလ်တွေပါ။

ဦးတင်ဦးအဖွဲ့မှာတော့ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ်အစိုးရ လက်ထက်မှာ တပ်ကထွက်ရတဲ့ တပ်မှူးတွေ၊ စစ်ဗိုလ်တွေ ပါဝင်ပါတယ်။ ဦးအောင်ရွှေ၊ ဦးလွန်းတင် စသူများဟာ တော်လှန်ရေးကောင်စီလက်ထက် ကတည်းက တပ်ထဲမှာ ရှိခဲ့ကြပေမယ့် တပ်ကထွက်တာ၊ ဒါမှမဟုတ် ဗိုလ်နေဝင်းနဲ့ ခွာပြဲတာကျတော့ ၁၉၇၄ နောက်ပိုင်းမှပါ။ သူတို့ကိုတော့ တချို့က “ဘောင်းဘီချွတ်တွေ”လို့ ခေါ်ခဲ့ကြပါတယ်။

1988-burmese-opposition-l-014

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေး ဆွေးနွေးပွဲက ပုံဖြစ်ပါတယ်။ ရှေ့ဆုံးတန်းက ဦးနု၊ ဒေါ်စုနဲ့ သူရဦးတင်ဦးတို့ပါပဲ (အဲဒီ့အချိန်က ဦးတင်ဦးဆီက သူရဘွဲ့ကို စစ်တပ်က ပြန်မသိမ်းသေးပါဘူး။)

အဲဒီ့အချိန်က နောက်ထပ် အင်အားစုတခု ကျန်ပါသေးတယ်။ အဲဒါကတော့ ဦးနုရဲ့ အဖွဲ့ပါပဲ။ မူလတုန်းက ဦးတင်ဦးရဲ့ ဘောင်းဘီချွတ်အုပ်စုဟာ ဦးနုနဲ့ တဖွဲ့တည်း ဖြစ်ခဲ့ပေမယ့် ဘာဖြစ်တယ်တော့ မသိဘူး။ ဒီချုပ် ဖွဲ့ချိန်မှာ ဦးတင်ဦးအစုဟာ အောင်-စုနဲ့ ပူးပေါင်းလိုက်ပါတယ်။ ၈၈ အရေးအခင်း အရှိန်တက်နေချိန် အတွင်းမှာ ဦးနုရဲ့ “ကမ္ဘာဆုံးတိုင် ဝန်ကြီးချုပ်”ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ စင်ပြိုင်အစိုးရ သဘောမျိုး ကြေညာလာတာကို တွေ့ရပြီးတဲ့နောက် ဦးနုအဖွဲ့ဟာ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှူးအောင်နဲ့အတူ ထီးတည်း ကျန်ရစ်ခဲ့ပါတယ်။

 

နှမျောစရာ့ ၁၉၈၈

၈၈ အရေးအခင်းကို ပြန်ငဲ့စောင်းကြည့်တဲ့အခါ အင်မတန် ရင်နာစရာ ကောင်းလှပါတယ်။ ရင်နာစရာ ကောင်းဆို မြန်မာ့သမိုင်းမှာ တခါဖူးမှ မရှိခဲ့ဖူး၊ နောင်လည်း ဘယ်တော့မှ ရှိလာစရာ အကြောင်းမရှိနိုင်တော့တဲ့ တပြည်လုံးက လူထုလူတန်းစားပေါင်းစုံ ပါဝင်ခဲ့ရာ အရေးတော်ပုံကြီးမို့ပါ။ လူထုက မဆလရဲ့ ဒဏ်ကို ဘယ်လိုမှ မခံနိုင်တော့တဲ့အဆုံး တညီတညွတ်တည်း ဆန့်ကျင်ခဲ့ကြတဲ့ ပွဲပါပဲ။ အမှန်တော့ သည်အရေးတော်ပုံဟာ တပါတီ အာဏာရှင်စနစ်ကိုသာမက စစ်အာဏာရှင်စနစ်ကိုပါ အပြီးတိုင် ဖြိုလှဲနိုင်ရမယ့် အုံကြွမှုမျိုးဖြစ်ပါတယ်။

အဟဲ… (မချိလို့ ရယ်သံအဖြစ် မှတ်ယူတော်မူကြပါကုန်။) ဒါပေမယ့် သိတယ် မဟုတ်လား။ ရွှေမြန်မာတွေလေ၊ ဗိုလ်လုပ်ချင်တဲ့သူတွေနဲ့သာ ပြည့်နှက်နေတာပါ။ ဝေးဝေးမပြောပါနဲ့။ အဲဒီ့အချိန်က ကျနော်နေထိုင်တဲ့ အမေ့အိမ် ရှိရာ ရန်ကုန်မြို့လယ် ၃၉ လမ်း အထက်လမ်းဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ အနော်ရထာလမ်း ကြားက လမ်းတိုလေးမှာတင် အဖွဲ့က ၄ ဖွဲ့ ကွဲနေခဲ့ပါတယ်။ ဗိုလ်ချုပ်လမ်းထိပ်ဖက်မှာ တဖွဲ့၊ အနော်ရထာ ထိပ်ဖက်က တဖွဲ့၊ အလယ်မှာက နှစ်ဖွဲ့ ခင်ဗျ။

အဲဒီ့လမ်းကလေးမှာတောင် အဲလိုတွေ ဖြစ်နေရင် တပြည်လုံးအတိုင်းအတာနဲ့သာဆို တွေးသာ ကြည့်ကြပါတော့။

သည်ကြားထဲ ခေါင်းဆောင်တွေကလည်း တယောက်မကဘူး။ အခု ကျနော် ရေးပြခဲ့တာပဲ ကြည့်ပါဦး။ အထင်ကရ လေးဦးကို ဝါစဉ်အတိုင်း ရေးပြရရင် ဦးနု၊ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဦး၊ ဒေါ်စုဆိုပြီး ခေါင်းဆောင် ၄ ယောက် ဖြစ်နေပါတယ်။ အဲသလိုပဲ နောက်လိုက် နောက်ပါကလည်း ၄ စု ကွဲနေတော့တာပေါ့။

စုစည်း ညီညွတ်တဲ့ အင်အားနဲ့ အာဏာရှင်စနစ်ကို အမြစ်က လှန်ပြီး ဖြိုချဖို့ထက် ဗိုလ်လုပ်ဖို့ဘက်ကို အားလုံးက ပိုအားသန်နေခဲ့ကြတယ်လို့သာ ကျနော် မြင်မိရပါတယ်။ နယ်ချဲ့ကို တွန်းလှန်ခဲ့ပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ အဲဒီ့ ၄ ယောက်ထဲက ဝါအရင့်ဆုံး ဦးနုပင်လျှင် နိုင်ငံရေးဝါး (အသံထွက်က နိုင်ငံရေးပါး) မဝတာပဲလား၊ အတွက်အချက်မှားတာပဲလားတော့ မသိဘူး၊ အဲဒီ့အချိန်မှာ ညီညွတ်သော အင်အားကို တည်ဆောက်ဖို့ စိတ်ကူး ရှိခဲ့ပုံမရဘူး။

အဓိကကတော့ သည်ခေါင်းဆောင် ၄ ဦးအပြစ်ထက် သူတို့ကို မြှောက်ထိုးပင့်ကော်လုပ်ကြတဲ့ နောက်လိုက် ဗိုလ်ပါ နိုင်ငံရေးသမားများက ပိုတာဝန်ရှိမယ် ထင်ပါတယ်။ ပြောပါပကော… ကျနော်နေထိုင်ရာ ဘာမဟုတ်တဲ့ လမ်းတိုလေးထဲမှာတောင် ၄ ဖွဲ့ ကွဲနေခဲ့ကြသေးတာ၊ အတော် အညှိရခက်ခဲ့တာဆိုတော့ သည် ၄ ဦးရဲ့ နောက်လိုက်နောက်ပါတွေကလည်း ကွဲချင်တိုင်း ကွဲနေလောက်တာကို မှန်းဆနိုင်ကြမယ် ထင်ပါတယ်။

ဒါကတော့ လူမျိုးစရိုက်များလားလို့တောင် တွေးမိပါတယ်။ ဗိုလ်နေဝင်း ထွက်ခါနီး နောက်ဆုံး မိန့်ခွန်းမှာ ပြောခဲ့သလို သူ့လက်အောက်က လူတွေက သူ့ကို အချက်အလက်မှားတွေ ပေးခဲ့ကြလို့ မဆလ ကျဆုံးရတာ ဆိုသလိုပါပဲ။ ခေါင်းဆောင်တွေကလည်း အောက်ခြေရဲ့ အခြေအနေကို တဆင့်ကြားနဲ့သာ အမှန်မှတ်ကြတဲ့ အခါမှာတော့ ငါမှ ငါဆိုတဲ့ အတွေးတွေ ဝင်ကုန်ကြပြီး တခြားသူဆို ဗိုလ်မထားချင်တဲ့ စိတ်တွေ ဖြစ်ကုန်ကြတယ်လို့ မြင်မိရပါတယ်။ ကျနော်လည်း သူတို့နေရာမှာ သူတို့လိုပဲ ကိုယ့်ကို သတင်းပို့သူတွေရဲ့ စကားလောက်ကိုသာ အကောင်းမှတ်နေမယ်ဆိုရင် အဲဒီ့စိတ်မျိုးနဲ့ ဖြစ်သွားမှာ မလွဲပါဘူး။

အခါတော် ပေးတာက…

အဲဒီ့ကာလမှာတော့ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဆိုသလိုပါပဲ။ သည်လို မညီမညွတ်တွေ များလေလေ၊ ဗိုလ်နေဝင်း အကြိုက်ကျလေလေပေါ့။ နောက်တချက်က ဗိုလ်နေဝင်းနားမှာ စာတတ်ကြီးတယောက်ကလည်း ကောင်းကောင်းကြီး အခါပေးခဲ့တယ်လို့ ကျနော်တော့ ထင်ပါတယ်။

1-2677d901b0သူကတော့ တလ သမ္မတ ဒေါက်တာ မောင်မောင်ပါပဲ။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၉ ရက်ကနေ စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းချိန်အထိ သမ္မတ လုပ်သွားလို့ သူ့ကို “တလ သမ္မတ”လို့ ရေးလိုက်တာပါ။ သူက “ရန်ကုန်မြို့ရဲ့ သားသတ်သမား”ဆိုတဲ့ ဂုဏ်ထူးဆိုးနဲ့ အဲဒီ့အချိန်က ကျော်ကြားခဲ့တဲ့ “၁၇ ရက် သမ္မတ” ဗိုလ်စိန်လွင်ကို ဆက်ခံတဲ့ မြန်မာပြည်ရဲ့ သတ္တမမြောက် သမ္မတလည်းပဲဖြစ်ပါတယ်။

ဒေါက်တာမောင်မောင်က BA, BL, LLD နဲ့ JSD ဆိုတဲ့ ဘွဲ့ ၄ ဘွဲ့ရှင်ပါ။ ဒုတိယနောက်ဆုံး ပါရဂူဘွဲ့ကို နယ်သာလန်နိုင်ငံရဲ့ နှစ်ပေါင်း ၅၀၀ နီးပါးသက်တမ်းရှိပြီဖြစ်တဲ့ ယူထရက်(ခ်)(ထ်) တက္ကသိုလ်၊ နောက်ဆုံးပါရဂူဘွဲ့ကို အမေရိကန်နိုင်ငံရဲ့ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိပြီဖြစ်တဲ့ နာမည်ကျော် ယေး(လ်)တက္ကသိုလ်က ရရှိခဲ့တာမို့ နှယ်နှယ်တော့ မဟုတ်ပါဘူး။ အဟဲ… ကျနော်တို့ မန္တလေးသားတွေ ဂုဏ်ဝင့်ချင် ဝင့်လို့ရအောင် ဖြည့်စွက်ပြောရရင် သူကလည်း မန္တလေးသားပါပဲ ခင်ဗျ။

သူဟာ ပါရဂူဘွဲ့ နှစ်ထပ်ကွမ်း ရခဲ့တဲ့သူဆိုတော့ သူ့စာဖတ်အားကို တွက်ဆနိုင်ပါလိမ့်မယ်။ (သူရတဲ့ ပါရဂူဘွဲ့ ၂ ဘွဲ့က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေ မဟုတ်ပါဘူး။) အဲဒီ့ခေတ်တင် မဟုတ်ပါဘူး၊ ခုခေတ်အထိပါ တကယ့် ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးတွေက ပေးတဲ့ ပါရဂူ ဘွဲ့ရှင်တွေဟာ စာအုပ်ကို ဘီရိုလိုက် ဖတ်ကြ၊ မှတ်ကြ၊ လေ့လာကြရသူတွေပါ။ ပြည်တွင်းဖြစ် ဗုံးပေါလအော ပါရဂူဘွဲ့ရှင် အများစုလို စာဖတ်ဝါသနာ နည်းကြသူတွေ မဟုတ်ပါဘူး။ သူကိုယ်တိုင်လည်း အင်္ဂလိပ်ဘာသာနဲ့ စာအုပ် ၁၀ အုပ်နီးပါးရေးသွားခဲ့တဲ့အပြင် ဗိုလ်ချုပ်နေဝင်းနှင့် မြန်မာ့နိုင်ငံရေးဆိုတဲ့ စာအုပ်နဲ့ အမျိုးသား စာပေဆုတောင် ထိုက်ထိုက်တန်တန် (ရွဲ့သံဖြင့် ဖတ်ပါရန်) ရခဲ့တဲ့သူခင်ဗျ။

အဲလို စာဖတ်နာသူမို့ သူ့သမ္မတသက်တမ်းတိုလေးအတွင်း တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းမှာ ၁၉ ရာစု စာရေးဆရာ Lord Acton ရဲ့ စကားကို ကိုးကားပြီး “အာဏာဟာ လူကိုပျက်စီးစေတတ်တယ်၊ အကြွင်းမဲ့ အာဏာဟာ အကြွင်းမဲ့ ပျက်စီးစေတတ်တယ်”တွေ ဘာတွေ လုပ်ချသွားတာပေါ့။

သည်နေရာမှာ ကျနော့်ကို ကိုယ်ရည်သွေးခွင့် ပြုကြစေလိုပါတယ်။ ၁၉၈၈ ခုနှစ် သူ အဲဒီ့မိန့်ခွန်းခြွေချိန်မှာ ကျနော် ၃၁ နှစ် မပြည့်သေးပါဘူး။ သို့သော် သူ အဲဒီ့စကား ပြောလိုက်ချိန်မှာ ဒါဟာ ကျနော် ကောင်းကောင်း ဖတ်ဖူးထားတဲ့ စာသားမှန်း ချက်ချင်း တန်းသိခဲ့ပါတယ်။

အဲတုန်းက ကွန်ပျူတာတွေ မပေါ်သေးတာမို့ ကျနော့်ဆီမှာ ရှိနေတဲ့ အကိုးအကား စာအုပ်ကို လှပ်ကြည့်တာနဲ့ Lord Acton (1834-1902) ရဲ့ Power tends to corrupt, and absolute power corrupts absolutely. ဆိုတဲ့ မူရင်းကို တန်းတွေ့ခဲ့ပါတယ်။ မူရင်းက နှစ်ဝါကျ ကျန်ပါသေးတယ်။ အခု ဖြော်ပခဲ့တဲ့ ဝါကျအဆုံးမှာ Great men are almost always bad man. (လူတော်တွေဟာ လူဆိုးတွေ အမြဲလို ဖြစ်နေတတ်တယ်) ဆိုတာအထိကိုတော့ ကျနော် အဲဒီ့ကတည်းက အလွတ်ရနေခဲ့ပါတယ်။ ဘယ်သူ ပြောတယ်ဆိုတာသာ ပြန်ကြည့်ဖို့ပဲ လိုခဲ့တာပါ။

အဲသလို ကျနော်ဖတ်ဖူးတဲ့ အင်္ဂလိပ်စာသားမှန်း တန်းသိလိုက်ခြင်းနဲ့ အတူ ကျနော်တို့အတွက် အခြေအနေ မကောင်းလှဘူးဆိုတာကိုလည်း တွက်ဆမိခဲ့ရတယ်။ အဲလို စာဖတ်နာသူတွေဟာ သာမန်လူများစုထက် အသိပညာ (knowledge) အရာမှာ သာပါတယ်။ အဲဒီ့အသိပညာကို အသုံးချပြီး အခြေအနေကို သူတို့ လိုသလို ပြောင်းယူ၊ ကိုင်တွယ်သွားလို့ ရလောက်တယ်ဆိုတာ အဲဒီ့မိန့်ခွန်းကို ကြားလိုက်ချိန်မှာ ကျနော် သတိထားမိလိုက်ပါတယ်။

ဒါပေမယ့် ကျနော်က ဘာကောင်မှ မဟုတ်ပါဘူး။ သာမန် လူထုထဲက လူတယောက်အနေနဲ့ တပြည်လုံးကို ဘယ်လိုလုပ် တပ်လှန့်နိုင်ပါ့မလဲလေ။

အဲဒီကနေ ဆန္ဒပြ ချီတက်လမ်းလျှောက်သူတွေရဲ့ ရေထဲကို အဆိပ်ခတ်တယ်ဆိုတဲ့ သတင်းတွေ ကြားရချိန်မှာ ကျနော်တွေးတဲ့အတိုင်းတော့ စလာပြီဆိုတာ ရိပ်စားမိပါတယ်။ ခေါင်းဖြတ်ပွဲတွေ လုပ်ပြီဆိုတာကို ကြားရချိန်မှာတော့ သေချာသွားပါပြီ။ ကျနော့်အတွေး မှန်တယ်ဆိုတာနဲ့ အတူ အခုအချိန်အထိ ဘယ်သူ ပြောမှန်း မမှတ်မိတော့သလို ဘယ်မှာ ဖတ်ဖူးမှန်းလည်း မမှတ်မိတော့တဲ့အပြင် ပြန်ရှာလို့လည်း မရတော့တဲ့ အနောက်တိုင်း ဒဿနပညာရှင်ရဲ့ အဆိုအမိန့်အတိုင်း စာတတ်ကြီးကတော့ လမ်းပြပေးလိုက်ပြန်ပြီလို့ ထင်မြင်ယူဆခဲ့မိရပါတော့တယ်။

အဲဒီ့အဆိုအမိန့် အတိအကျ မဟုတ်ဘဲ ကျနော်မှတ်မိနေတဲ့ သဘောသွားကတော့ “တိုင်းပြည်မှာ မငြိမ်မသက်နဲ့ ထိန်းမနိုင် သိမ်းမရဖြစ်နေပြီဆိုရင် ပိုလို့ ဆိုးလာအောင်သာ ဖန်တီးလိုက်ပါ။ အဲဒါဆိုရင် လူထုဟာ တရားဥပဒေစိုးမိုးမှုကို ပြန်လည်တောင့်တလာတော့မှာ ဖြစ်တာမို့ ထိန်းချုပ်ဖို့ လွယ်သွားမှာ”လို့ပဲ ဖြစ်ပါတယ်။ ကျနော်အမှတ်မမှားရင် ပလေတိုလား၊ အရစ္စတိုတယ်လားမသိ၊ သူတို့ နှစ်ယောက်ထဲက တယောက် ပြောခဲ့တာ ဖြစ်ပါလိမ့်မယ်။

ဗိုလ်နေဝင်းတယောက်တည်းနဲ့တော့ သည်အကြံ လွယ်လွယ်ပေါ်လာမယ် မထင်ဘူး။ အခါပေးသူ ရှိရမှာပေါ့။ သည်မှာတင် ယနေ့ထက်တိုင် ခေတ်စားနေဆဲ “ဒေါသဖြစ်နေသော လူအုပ်ကြီး”ဆိုတဲ့ ဇာတ်လမ်းကို အဲတုန်းက စစ်တပ်ထောက်လှမ်းရေးက လေးပစ်သူ ဘုရာ့ကျနော်မျိုးများအဖြစ် စခဲ့ကြတယ်လို့ ထင်ပါတယ်။ အစွယ်လိုသူက စာတတ်ပုဂ္ဂိုလ်ကြီးပေါ့ဗျာ၊ အသွားစေသူက ဗိုလ်နေဝင်းပေကိုး။ ရေထဲ အဆိပ်ခတ်သူတွေလည်း သူတို့လူ၊ အဆိပ်ခတ်ကြောင်း ဖွသူတွေလည်း သူတို့လူ၊ ခေါင်းဖြတ်အောင် လှုံ့ဆော်သူ၊ ဒါမှမဟုတ် လက်ရဲဇက်ရဲ ခေါင်းဖြတ်သူတွေလည်း သူတို့လူတွေပဲဆိုတာ သေချာလှပါတယ်။

အခါပေးကိစ္စကတော့ မြန်မာလူထု သန်း ၅၀ ထဲက သာမန်လူတယောက်သာ ဖြစ်လေတဲ့ ကျနော့်ရဲ့အတွေး သက်သက်သာမို့ မှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ ထည့်ရေးလိုက်တာက အဲတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်တွေ၊ အာဏာသိမ်းရခြင်း အကြောင်းရင်းက အဲသလို “မင်းမဲ့စရိုက်”တွေကြောင့်ပါလို့ စစ်တပ်က အာပေါင်အာရင်းသန်သန် ဝါဒဖြန့်တာတွေပေါ် အခြေခံ၊ ကျနော်ဖတ်ထားတဲ့ စာတွေ၊ စာတတ်ကြီး ပြောခဲ့တဲ့ စကားတွေ၊ အဲဒီ့ နောက်ပိုင်းကနေ အခုအချိန်အထိ ကြားသိနေရတဲ့ ပရမ်းပတာ အဖြစ်အပျက်အထွေထွေစတာတို့နဲ့ ချိန်ဆပြီး ဖြစ်တန်ရာ၏ဆိုတဲ့ မှန်းဆချက်သာ ဖြစ်ပါတယ်။

ကာယကံရှင်တွေ အားလုံးလည်း မရှိကြတော့ပြီမို့ မှန်မမှန်ကို ဘုရားမှသာ သိနိုင်တော့မယ် ထင်ပါတယ်။ ယနေ့ထက်တိုင် သက်ရှိထင်ရှား ရှိနေဆဲ လေးပစ်သူတို့ အဖွဲ့ရဲ့ ခေါင်ချုပ်ကြီးအဆင့်နဲ့ကတော့ သည်လောက်ထိ အသေးစိတ် သိစရာ မရှိပါဘူး။ သူက အဲဒီ့အချိန်မှာ “စေတဲ့ကျွန်၊ ထွန်တဲ့ နွား”အဆင့်မှာသာ ရှိခဲ့တာမို့ အလွန်ဆုံးမှ “အထက်အမိန့်နဲ့ လုပ်ခဲ့တာပါ”လောက်ပဲ ပြောနိုင်ပါလိမ့်မယ်။

အကယ်၍သာ…

ရွှေတွေအတွက် ဘယ် ဘယ်သောအခါမှ ဖြစ်မလာနိုင်တဲ့ အကယ်၍သာကို အားအားယားယား အာအညောင်း… အဲလေ… လက်အညောင်းခံပြီး လျှာရှည်လိုက်ချင်ပါသေးတယ်။ တကယ်လို့သာ အဲဒီ့အချိန်က ဦးနုဖြစ်ဖြစ်၊ ဦးအောင်ကြီးဖြစ်ဖြစ်၊ ဦးတင်ဦးဖြစ်ဖြစ်၊ ဒေါ်စုဖြစ်ဖြစ် တယောက်တည်းရဲ့ အင်အားစုအဖြစ် စုစုစည်းစည်း ပိုင်ပိုင်နိုင်နိုင် ရပ်တည်ပြီး ကြားဖြတ်အစိုးရဖွဲ့စည်းခဲ့ကြမယ်ဆိုရင် လူထုလည်း သွေးမြေကျစရာ အကြောင်း မရှိသလို မြန်မာ့သမိုင်းရဲ့ မကြုံစဖူး ထူးကဲလှတဲ့ အရေးတော်ပုံကြီးလည်း ရေစုံမျောသွားမှာ မဟုတ်ပါဘူး။

သို့သော်… ကျနော် ပြောခဲ့တဲ့အတိုင်း ညီညွတ်မှုတန်ဖိုးကို အားမကိုးတတ်တဲ့ လူမျိုးစရိုက်က တကြောင်း၊ ဗိုလ်နေဝင်း ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ ၂၄ နှစ်တာ စုတ်စုတ်ပဲ့ပဲ့ ပညာရေးကြောင့်တကြောင်း ကျနော်တို့တွေဟာ ဉာဏ်နည်းခဲ့ကြပါတယ်။ ဉာဏ်ရှိသူ၊ ဆင်ခြင်တုံတရားရှိသူတွေရဲ့ အခန်းကဏ္ဍကလည်း ကွယ်ပျောက်နေတာ ကြာတောင့်ကြာခဲ့တာများ ကနေ့ထက်တိုင်ပါ။

အခုဆို ပိုဆိုးလာတယ်တောင် ထင်တယ်။ စုတ်ပဲ့ပညာရေးဒဏ်က အခုဆို ၅၄ နှစ်ကျော် ၅၅ နှစ်အတွင်း ချင်းနင်းဝင်ရောက်ခဲ့ပြီကိုးဗျာ။ ဉာဏ်ရှိသူတွေက ဘယ်လောက် ကောင်းတာပြောပြော ဆဲမယ်ဆိုတဲ့ လူအများစုနဲ့ တွေ့နေရသလိုပါပဲ။ ပြီးတော့ ကျွေးနေတဲ့ စားစရာထက် ထည့်ထားတဲ့ အိုးခွက်ပန်းကန်ကို ပိုကြည့်နေတတ်ကြတယ်။ ရွှေခွက်နဲ့ ထည့်ကျွေးတာမို့ စားဖို့ပဲ မဲနေကြတယ်၊ မှိုတက် ပုပ်အဲ့နေတာ ဘာညာကို ဂရုမစိုက်ကြတော့ဘူး။ နတ်သုဒ္ဓါပေမယ့် ဖက်နဲ့ ကျွေးတာမို့ တွင်တွင်ငြင်းပြီး ဆဲနေတဲ့သူတွေလည်း အပုံ။ အဲဒီ့ထဲမှာ နိုင်ငံခြားက ဘွဲ့ရတွေ၊ စာရေးဆရာဆိုတဲ့သူတွေတောင် ပါနေတာ တွေ့ရတော့ ရွှေပြည်ကြီးရဲ့ အနာဂတ်က ရှုမငြီးအောင် တင့်တယ်လှပနေပေတော့တာပေါ့။

အကယ်၍သာ အဲဒီ့ ၁၉၈၈ တုန်းကတည်းက ဆင်ခြင်တုံတရားအပြည့်၊ ဉာဏ်အတိနဲ့ တဦးတယောက်တည်းရဲ့ ဦးဆောင်မှုအောက်မှာ တစုတဖွဲ့တည်း ညီညီညွတ်ညွတ် တောင့်တောင့်တင်းတင်း ရှိခဲ့ကြမယ်ဆိုရင် တိုင်းပြည်ရဲ့ အခြေအနေက တမျိုးတဖုံဖြစ်ခဲ့နိုင်ပါတယ်။ ဒါ့အပြင် အခါပေးဆရာကြီးရဲ့ ကျေးဇူးတော်ကြောင့် ပေါ်ပေါက်လာတယ်လို့ ကျနော် ယူဆထားပြီး အမှန်တကယ်လည်း ဖြစ်ခဲ့တဲ့ “တန်ပြန် အဖျက်အမှောင့် လုပ်ရပ်တွေ”နောက်ကို ကောက်ကောက်ပါအောင် လိုက်ပြီး သူတို့ စွပ်စွဲ၊ အသားယူ၊ ဝါဒဖြန့်ခဲ့တဲ့ “မင်းမဲ့စရိုက်”ဆိုတာကြီးလည်း ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။

ခုတော့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို ပန်းတိုင် မရောက်ခင် တက်တွေ စွတ်ရွတ်ထောင်ခဲ့ကြတဲ့ အကျိုးဆက်ကို ရင်ဆီးခံနေကြရတာပါပဲ။ ကျနော်ဖြင့် အဲဒီ့ပွဲကြီး ရေစုံမျောတော့မယ်ဆိုတာကို အဲဒီ့အချိန်ကတည်းက ကြိုမြင်နေမိရင်းက ဘာမှလည်း မတတ်နိုင်ဘဲ လက်မှိုင်ချပြီး ငုတ်တုတ်ကြည့်နေခဲ့ရပါတယ်။

ရှေ့မှာ ပြောခဲ့သလိုပါပဲ။ စစ်ဗိုလ်တွေဆိုတာကတော့ အုပ်ချုပ်မှု၊ ထိန်းချုပ်မှု၊ ကွပ်ကဲမှုတွေကို မပြတ်သင်အံ လေ့ကျင့်ထားသူတွေ။ မဟာဗျူဟာ၊ နည်းဗျူဟာတွေလည်း တဖက်ကမ်းခတ် တတ်ပွန်သူတွေ။ ရန်သူ့အနေ အထားကို မှန်မှန်ကန်ကန် မဟုတ်တောင် အနီးစပ်ဆုံး တွက်ဆတတ်သူတွေပါ။

အဲဒီ့အချိန်က ဗိုလ်နေဝင်းနဲ့ အပေါင်းပါတို့ရဲ့ ရန်သူဟာ “လူထု”ပါပဲ။ အဲဒီ့ လူထုကို ကြည့်လိုက်တော့ တကွဲတပြား။ သွေးကြွနေသူတွေလည်း အများအပြား။ ဟား… ဒါအကွက်ပဲပေါ့။ ဘယ်လို ကိုင်ရင် ထိရောက်မယ်ဆိုတာ သူတို့ ကောင်းကောင်း သိနေမှာ မလွဲပါဘူး။ (စစ်ရေးအမြင်မရှိတဲ့ ကလချာ ကျနော်တောင် အဲဒီ့ကတည်းက သိနေသေးတာ။)

ကျနော်တို့ လူထုဘက်ကတော့ ပြောရတာ အားနာပါရဲ့… နလပိန်းတုံးတွေက များတယ်။ ရန်သူကို လျှော့တွက်တယ်။ သင်းတို့တော့ ဘေးကျပ်နံကျပ်ဖြစ်နေပြီ။ မကြာခင် ပြုတ်ကျတော့မယ်။ ငါတို့ အောင်ပွဲခံရတော့မယ်ပဲ အများစုက ထင်မှတ်နေခဲ့ကြပါတယ်။ သာမန်အခြေအနေနဲ့ ကြည့်ရင် သည်လို မြင်တာလည်း မှားတယ်လို့တော့ မဆိုနိုင်ဘူး။ ဒါပေသည့် အားလုံး မျက်စိလျှမ်းနေကြတာက သည်ပွဲမယ် တပ်က အုံနဲ့ ကျင်းနဲ့ ပါမလာသေးတာကိုပဲ။

coup88ရန်ကုန်လောက်၊ မန္တလေးလောက်၊ စစ်ကိုင်းလောက်၊ ပဲခူးလောက်နဲ့ ဟုတ်လှပြီ ထင်နေခဲ့ကြတယ်။ တောင်ပေါ်ဒေသတွေ၊ မငြိမ်းချမ်းသေးတဲ့ နယ်မြေတွေမှာ တပ်အင်အားက အပြည့်ရှိနေဆဲပဲ။ အဲဒီ့တပ်က စစ်သည်တွေခမျာ မြို့ပေါ်မှာ ဘာတွေ ဖြစ်နေလို့ ဖြစ်နေမှန်း မသိဘူး။ မြို့ပေါ်မှာ သူပုန်ထနေပြီ၊ ပစ်၊ ပစ်၊ ပစ်ဆို မဲမဲမြင်တာနဲ့ အကုန်ပစ်မယ့်သူချည်းပဲ။ ဒါကို မမြင်ခဲ့ကြဘူး။

တပ်မှူးတွေဆိုလည်း သူတို့လိုသလို ရိုက်သွင်းထားတဲ့ အတွေးအမြင်တွေနဲ့သာ ဖြစ်နေတာပါ။ ပညာရေးက မတွေးတတ်အောင် သင်ခဲ့၊ တပ်ထဲရောက်တော့ လိုသလို တဖက်သတ် ရိုက်သွင်းတဲ့ ဝါဒဖြန့်လှိုင်းတံပိုးအောက်မှာ ပြားပြား ဝပ်ခဲ့ကြရ။ အဲတော့ တပ်က လူ ၉၉ % မှာ နားတဖက်က အလိုလို ပင်းနေပါတော့တယ်။ သည်အခါ လူထုနဲ့ တပ်နဲ့က တသားတည်း မဟုတ်နိုင်တော့ဘူး။ လူထုကို ရန်သူဆိုတဲ့အမြင် မြင်အောင် အောင်အောင်မြင်မြင် ဖန်တီးထားနိုင်ခဲ့တာမို့ တပ်ဘက်က သည်ပွဲမှာ အားပါးတရ ပါမလာသေးဘူး။ တပ်ဘက်က အနည်းဆုံး ၃ ပုံ ၁ ပုံလောက်မှ ပါမလာရင် လူထုမှာ အောင်ပွဲခံဖို့ထက် အသေခံရဖို့က ပိုများတယ်ဆိုတာ မမြင်တတ်ခဲ့ကြဘူး။

တကယ့်ကို ရင်နာစရာ ကောင်းလှတဲ့ ကျနော်တို့လူထုဘက်က ဉာဏ်နည်းမှု၊ ဆင်ခြင်တုံတရား ကင်းမဲ့မှုပါပဲ။

ကြီး ၄ ကြီးထဲက ၃ ကြီး ပေါင်းလိုက်သော်…

ပြောလက်စ ပြန်ကောက်ရင် ဦးနုကလည်း ရန်ကုန်မြို့ပေါ် ထိုင်နေပြီး ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တာကို မမေ့နိုင်ရှာဘဲ “ကျွန်ုပ်သည်သာ ကမ္ဘာဆုံးတိုင် ဝန်ကြီးချုပ်”တွေ ဘာတွေ ထလုပ်ပြီး စင်ပြိုင်အစိုးရ ဖွဲ့ပါတော့တယ်။ သူသာ တခုတည်းသော အင်အားစုကို ဦးဆောင်နိုင်မယ် ထင်ခဲ့ပုံပါပဲ။ ပြီးတော့ ရန်သူကိုလည်း လျှော့တွက်ခဲ့ပုံ ရပါတယ်။ သူ့ရန်သူတော်ကြီး ဗိုလ်နေဝင်း ကျိတ်ရယ်နေမှာကို သူမတွေးမိဘူးလည်း ထင်ပါတယ်။

burma1988b_450

အင်ထနက်က ရတဲ့ ဦးနုပုံ

၂၆ နှစ်ကြာသွားခဲ့ပြီ။ မျိုးဆက်တဆက် နီးပါး ပြတ်သွားခဲ့ပါပြီ။ ၁၉၆၅ လောက်မှာ ၈၈ အရေးအခင်းမျိုးဖြစ်လို့ အဲလို သူ ထလုပ်တယ်ဆိုရင် နီးစပ်ဦးမှာ။ ခုတော့ သူ့အရည်အချင်းကို အဲဒီ့အချိန်က ၃၀ အရွယ် ကျနော်တောင် မသိဘူး။ ဗိုလ်နေဝင်း သူ့လက်ထဲက အာဏာသိမ်းလိုက်တော့ ကျနော်မှ ငါးနှစ် မပြည့်သေးတာလေ။

 

နောက်တခုက သူ့နာမည်ကလည်း သိပ်ကောင်းလှတာ မဟုတ်ဘူး။ ဗိုလ်နေဝင်းတက်လာတော့ နိုင်ငံရေး အသွေးအရောင် အထင်အရှား မရှိတဲ့ ဆရာ သော်တာဆွေလို ပုဂ္ဂိုလ်မျိုးကတောင် ဗိုလ်ချုပ်ကြီးနေဝင်းကို ကြိုဆိုပါ၏တွေ ဘာတွေ ရေးခဲ့ရလောက်အောင် ဦးနုကို လူထုက စိတ်ပျက်ခဲ့တာ။ အဲဒါလည်း ဖဆပလ နှစ်ခြမ်းကွဲခြင်း၊ တနည်းပြောရင် ရွှေပီပီ မညီညွတ်ခဲ့ကြခြင်း၊ အာဏာနိုင်ငံရေးကို ဇန်းတင်ခဲ့ကြခြင်းများရဲ့ အကျိုးဆက်ပဲ ထင်ပါတယ်။ (အဲဒီ့သင်ခန်းစာကို ၂၀၁၀ အာဏာရ ဖွတ်ကြံ့ကလည်း မယူခဲ့ဘူး။ နောက်ရွေးကောက်ပွဲနားနီးမှ သိန်းစိန်-ရွှေမန်း အကွဲအပြဲကို လူသိရှင်ကြားတွေ ထလုပ်ခဲ့တော့ ခုထိ နလံမထူနိုင်တော့တာပဲ ကြည့်ကြပါလေ။)

သည်မှာတင် အရေးအခင်းကို သွေးချောင်းစီး နှိမ်နင်းလိုက်ကာ တပ်က အာဏာသိမ်းလိုက်ပြီး ပါတီစုံ လမ်းကြောင်းကို သွားမယ်လို့ ကြေညာလိုက်တဲ့အခါကျတော့ အဲဒီ့ “ကြီး ၄ ကြီး”ထဲက ကျန်တဲ့ ၃ ကြီးက သူ့ထက် နှာတဖျားသာ သွားပြီး အင်အားစု ၃ ခုကို ပူးပေါင်းလိုက်တာမို့ လူထုမယ် အတော်အားရစရာ ကောင်းခဲ့ပါတယ်။ ကျနော်တောင် ယောင်တောင်ပေါင်တောင်နဲ့ တယ်ဟုတ်ပါလား၊ အရှုံးထဲက အမြတ် ထွက်လာလေမလားလို့ တွေးမိခဲ့ရသေးတယ်။ သို့တိုင်အောင် မယုံမရဲတော့ ရှိခဲ့ပါသေးတယ်။ အဲဒီ့ နောက်ပိုင်း အနောက်တိုင်းက သုံးကြတဲ့ cautious optimism ဟူသော သတိကြီးကြီးနဲ့ အကောင်းမြင်လိုက်တာပေါ့။ မယုံမရဲဆိုတာက ရွှေတို့ရဲ့ ကွဲလွယ်တဲ့ သဘာဝကို မမေ့လျော့လို့ပါပဲ။

ရွှေပီသ ပြခဲ့သူကြီးနဲ့ ကန်ရာတွေ

အဟဲ… ကျနော်မမေ့လျော့တဲ့ အကွဲအပြဲက သိပ်တောင် မစောင့်လိုက်ရဘူး။ နှစ်နဲ့တောင် မချီဘူးခင်ဗျ။ လပိုင်းလေးပဲ။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ အောင်-စု-တင် သုံးဂိုဏ်းပေါင်းပြီး ဒီချုပ်ကို စဖွဲ့တယ်။ နိုဝင်ဘာလကုန်ခါနီးမယ် ဗိုလ်ချုပ်အောင်ကြီးအဖွဲ့က ဒေါ်စုအဖွဲ့မှာ ကွန်မြူနစ်တွေ ကြီးစိုးနေတယ်လို့ ပြောပြီး အဲဒီ့လူတွေကို ထုတ်ခိုင်းတယ်။ အဲဒီ့လူတွေ မထွက်ရင် သူထွက်မယ်လို့ ပြောတယ်။

သူ့အဖွဲ့ထဲက ဉာဏ်ရှိသူ ဦးကြည်မောင်က မဲခွဲဆုံးဖြတ်ခိုင်းတယ်။ (အဲဒါတွေ အသေးစိတ်က “ဦးကြည်မောင်၊ သို့မဟုတ် အရိုးပုံပေါ်မှာ ဗိမာန်မဆောက်လိုသူ”စာအုပ်ထဲမှာ ပါပါတယ်။) ဦးအောင်ကြီး ရှုံးတယ်။ ဒါနဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဒီချုပ်က တရားဝင်ထွက်သွားပါတယ်။ နှစ်ပတ်အကြာ ဒီဇင်ဘာ ၁၆ ရက်မှာ သူ့ပါတီကို မှတ်ပုံတင်ပြီး တစင် ထောင်ပါတယ်။ ဗိုလ်နေဝင်းက ပြုံးရုံတင်မကဘူး၊ ဟက်ဟက်ပက်ပက်ကြီး ရယ်နေလောက်ပါတယ်။

တဖက်ကလည်း ဦးအောင်ကြီး ပြောမယ်ဆိုလည်း ပြောစရာပါပဲ၊ ဒေါ်စုအဖွဲ့က တတ်သိပညာရှင် အများစုက ကွန်မြူနစ်ဟောင်းတွေပါ။ ထိပ်ဆုံးမှာက ကွန်မြူနစ်ပဂေးကြီးတွေလို့ ခံယူထားကြသူများ ဖြစ်တဲ့ ဦးချမ်းအေး (စာရေးဆရာ မောင်စူးစမ်း)တို့၊ သခင်တင်မြ (ဘုံဘဝမှာဖြင့်)တို့ ရှိကြတယ်။ အလယ်မှာက ကွန်မြူနစ်များအဖြစ် နာမည်ကြီးတဲ့ ဝတ်လုံ ဦးထွန်းတင်၊ ဝတ်လုံ ဦးကိုယု၊ ဝတ်လုံ ဒေါ်မြင့်မြင့်ခင်နဲ့ ဟံသာဝတီ ဦးဝင်းတင်တို့ ရှိတယ်။ သူတို့နဲ့ ကပ်လျက်က စာရေးဆရာ မောင်မိုးသူတို့၊ မောင်ဝံသတို့ ရှိသပေါ့။

ခြင်ကိုက်မှာ ကြောက်တဲ့ နစ်တွေ

လွတ်လပ်ရေးကြိုးပမ်းမှုကာလ အနှောင်းပိုင်းမှာ ကွန်မြူနစ်စာအုပ်တွေ ဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကအစ ကွန်မြူနစ်ဝါဒကို လက်ခံခဲ့ဖူးတာ သမိုင်းမှာ ထင်ရှားပါတယ်။ အဲတော့ အဲဒီ့ကွန်မြူနစ်ဝါဒက အင်မတန် တွင်ကျယ်နေခဲ့တာ ကျနော်တို့ တက္ကသိုလ်တက်ချိန် ၁၉၇၀ ပြည့်လွန် နှစ်တွေအထိပါပဲ။ ကွန်မြူနစ်မှ မယုံရင် ကိုယ်ကပဲ သစ္စာဖောက်လိုလိုလို ဘာလိုလို ဖြစ်နေမှာ ကြောက်ရတာနဲ့ပဲ မနစ်ချင်ဘဲ နစ်နေရသူတွေလည်း ရှိနိုင်ပါတယ်။ ကျနော်တောင် တက္ကသိုလ်ရောက်စက အဲလို အူကြောင်နစ်ထဲ နည်းနည်း ပါခဲ့သေးတယ်။

တချို့ကျတော့လည်း အစ်ကိုကြီး မောင်ဝဏ္ဏ (စာရေးဆရာ၊ ဒါရိုက်တာ) က သူနဲ့ ခေတ်ပြိုင် တက္ကသိုလ် တက်ဖက် နာမည်ကျော် သတင်းစာဆရာ၊ စာရေးဆရာကို သောသလိုမျိုးလည်း ဖြစ်နိုင်ပြန်သေးတယ်။ “သူက တောခိုဖို့ ကြံသေးတာဗျ၊ ခြင်ကိုက်မှာ ကြောက်တာနဲ့ပဲ မခိုဖြစ်တော့တာ”လို့ အစ်ကို မောင်ဝဏ္ဏက အဲဒီ့ဆရာကို လှောင်တာပါ။ အင်္ဂလိပ် အမေရိကန် ပစ္စည်းတွေ မက်မက်စက်စက်ကြိုက်ပေမယ့် ပစ္စည်းမဲ့ လူတန်းစားတို့၊ ပညာတတ်လူတန်းစားဉာဉ်တို့၊ ဓနရှင်ပေါက်စတို့လို ဝေါဟာရတွေကို ပါးစပ်က အမြှုပ်ထွက်အောင် ပြောတတ်သူမျိုးတွေပေါ့ဗျာ။

ရှိသေးတယ်၊ တခါ ကွန်မြူနစ်ဖြစ်ဖူးရင် တသက်လုံး ကွန်မြူနစ်ပဲဆိုတဲ့ စကား။ သို့သော် ပဂေးကြီး တယောက်ကတော့ ခပ်တည်တည်ပဲ။ တချိန်က Karl Marx ရဲ့ အရင်းကျမ်းကို နေ့စဉ် တနေ့ ၃၆ ကြိမ်လောက် ထိုင်ရှိခိုးခဲ့ဖူးတာကို နှောင်းလူတွေ သတိမထားမိလောက်တော့တဲ့အချိန်ကျမှ Adam Smith ရဲ့ “နိုင်ငံတွေရဲ့ ဓနအင်အား” စာအုပ်ကိုမှ သူက ယုံကြည်ကိုးကွယ်တာလို့ ခပ်တည်တည်နဲ့ သွေးရူးသွေးတမ်း ထရေးတာလည်း ဖတ်ဖူးပါတယ်။ ကျနော့်လိုသာဆိုရင်ဖြင့် မလိမ်မိုး မလိမ္မာအရွယ်တုန်းက သူများ ယောင်လို့ လိုက်ယောင်ပြီး သည်ဝါဒကို ယုံကြည်ချင်ယောင် ဆောင်ခဲ့ဖူးပါတယ်ခင်ဗျာ။ ခုတော့ အဲဒါတွေ မယုံတော့ပါဘူး။ အဒမ်(မ်) စမစ်(သ်)ကိုသာ ဘုရားမှတ်ပါတော့တယ်လို့ ပြောမိပါလိမ့်မယ်။

ထားပါတော့လေ… ပြောရင်းနဲ့ ထုံးစံအတိုင်း ဘေးနည်းနည်းချော်သွားတယ်။ လိုရင်း ပြန်ကောက်ရရင် ဦးအောင်ကြီး ပြောခဲ့တာလည်း မလွန်ပါဘူး။ တတ်သိတွေထဲမယ် ကွန်မြူနစ် (အစစ်မဟုတ်တော့ရင်တောင် အိယောင်ဝါး အဟောင်းတွေ) ရှိနေခဲ့တာလည်း အမှန်ပါပဲ။ (သည်လို ရေးလိုက်လို့ သက်ရှိထင်ရှားကျန်နေဆဲ ဘိုးတော်တွေ ကျနော့်ကို စိတ်ဆိုးချင်လည်း ဆိုးကြဗျာ။ ATK ဟာ ATK ပဲ၊ အဲသလို စိတ်ထဲရှိတဲ့အတိုင်း ရှေ့ နောက်မဆင်ခြင်ဘဲ စွတ်စက်ပြောတတ်တာ သင်းရွှေကျင့်ပဲဆိုပြီး ခွင့်သာ လွှတ်လိုက်ကြပါတော့နော်…) သို့သော် အဲဒီ့တုန်းက မိုးထဲရေထဲမယ် ဒါမျိုး ထ လုပ်တာကတော့ ဆိုးတယ်။ ပန်းတိုင် မရောက်ခင် တက်ထောင်တဲ့ အုပ်စုထဲမှာ ဦးအောင်ကြီးက ဂိုဏ်းချုပ် နာယကကြီးလို့တောင် အနွတ္ထသညာပြုရလောက်အောင်ပါပဲ။

ဒါမှမဟုတ် သိပ်မဖြစ်နိုင်လှတဲ့ ဖြစ်နိုင်ချေ နောက်တခုကတော့ ဗိုလ်နေဝင်းရဲ့ အလံရှူးအဖြစ် အောင်-စု-တင်ကို တမင် သပ်လျှို သွေးခွဲလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဗိုလ်အောင်ကြီးဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာတော့ နာမည်ကောင်း ရနိုင်ခက်ခဲစေတဲ့ လုပ်ရပ်တွေ ရှိနေခဲ့တာတော့ အမှန်ပဲ ထင်ပါတယ်။

ရယ်ရတယ် ဗြဲ…

အဲဒီ့ မဲခွဲ နှုတ်ထွက်ပွဲမှာ သူရဲကောင်းအဖြစ် ကျန်ရစ်ခဲ့တာကတော့ ဦးကြည်မောင်ပါပဲ။ အန်ကယ် ဦးကြည်မောင်က ဗိုလ်အောင်ကြီး ဂိုဏ်းဝင်အဖြစ် အောင်-စု-တင်ရဲ့ မူလလက်ဟောင်း ဒီချုပ်ထဲကို ရောက်လာခဲ့ပေမယ့် အောင်ဂိုဏ်းပဲ့ထွက်သွားပြီး စု-တင်ပဲ ကျန်ချိန်မှာ ဒီချုပ်ဘက်က ခိုင်ခိုင်မြဲမြဲ ရပ်တည်ခဲ့ပါတယ်။ အန်ကယ်က ဘယ်သူ့မျက်နှာမှမထောက်၊ ဘယ်သူ့ကိုမှ မကြောက်ဘဲ သူယုံကြည်တာကိုပဲ တသက်လုံး လုပ်ခဲ့တဲ့သူကြီးကိုးဗျာ။

တတ်သိအဖွဲ့မှာ ဒီချုပ်အတွက် အခရာ ပုဂ္ဂိုလ်နှစ်ဦး ရှိတယ်။ ဦးထွန်းတင်နဲ့ ဦးဝင်းတင်ပဲ။ သူတို့က အဲဒီ့အချိန်က ဗဟိုကော်မတီမှာ သြဇာရှိသူတွေ ဖြစ်တဲ့အပြင် မဟာဗျူဟာတွေကို ရေးဆွဲခဲ့ကြသူတွေ ဖြစ်တယ်။ Henry David Thoreau ရဲ့ နာမည်ကျော် Civil Disobedience ကို ဒီချုပ်ထဲ ဆွဲသွင်းလာတာ သူတို့ နှစ်ယောက်။ အစ်မပါးစပ်ထဲကို “မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ”ဆိုတဲ့ စကား ထည့်ပေးခဲ့ကြတာလည်း သူတို့ နှစ်ယောက်ထဲက တယောက်ပါ။

စကားစပ်လို့ ပြောရရင် အဲဒီ့စကားကို စကြားချိန်မှာ အဲဒီ့အချိန်က UPI သတင်းဌာနရဲ့ သတင်းစာဆရာကြီး ဦးချစ်ထွန်းရဲ့ ကြည့်မြင်တိုင် ကလဂါလမ်း (ကန့်လန့်ကာ ဟုတ်ပုံမရပါဘူး။ ကုလားနာမည် ဖြစ်တန်ရာလို့ အဲလို စာလုံးပေါင်းလိုက်တာပါ) က အိမ်ကို ရောက်သွားပါတယ်။ အန်ကယ်ဦးချစ်ထွန်းက သူ့အလုပ်ခန်းဖြစ်တဲ့ အပေါ်ထပ်ကို ခေါ်သွားပါတယ်။ အပေါ်ထပ် တထပ်လုံး စာအုပ်တွေ နေရာတကာမှာ ပြန့်ကျဲ ပြည့်နှက်လို့။ အဲဒီ့ ဦးချစ်ထွန်းဆိုတာက အင်မတန် ကိန်းကြီးခန်းကြီးနိုင်လှတဲ့ ဗြိတိသျှတို့ရဲ့ Financial Times သတင်းစာမှာ MCT ဆိုတဲ့ ကလောင်နဲ့ သတင်းဆောင်းပါး ရေးတဲ့သူ။ အင်္ဂလိပ်ခေတ် ကိုးတန်းပဲ အောင်ပေမယ့် သူ့ရဲ့ အင်္ဂလိပ်စာအရည်အသွေးက အံ့မခန်းပါ။ (ကျွန်ပညာရေး ကျေးဇူးပေါ့ဗျာ။ သခင် ပညာရေးမဟာကတော့ အဟတ်… အားလုံးသိတော်မူတဲ့အတိုင်း…)

အဲဒါနဲ့ ထွေရာလေးပါး ပြောနေကြရင်း “မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ”ဆိုတဲ့ စကားအကြောင်း ကျနော်က စမိတော့ အန်ကယ်ဦးချစ်ထွန်းက ထိုင်ရာက ထတဲ့ပြီး သူ့စာအုပ်ပုံထဲ မွှေကာ ကျနော့်ကို စာအုပ်တအုပ် ပစ်ပေးပါတယ်။ ယူလိုက်တော့ Thoreau ရဲ့ Civil Disobedience စာအုပ်ဖြစ်နေပါတယ်။ အဲဒီ့ထဲက စကားကို သုံးထားတာလို့လည်း ပြောတယ်။ ဒါကို ဦးထွန်းတင်၊ ဒါမှမဟုတ် ဦးဝင်းတင်က ဖတ်ပြီး အစ်မ ပါးစပ်ထဲ ထည့်ပေးတာဖြစ်မယ်လို့လည်း အန်ကယ်ကပဲ အတတ်ဟောပါတော့တယ်။ (အန်ကယ် ဦးချစ်ထွန်းရဲ့ အဲဒီ့စာအုပ်လေးဟာ ယနေ့ထက်တိုင် ကျနော့်လက်ဝယ်မှာ ရှိနေဆဲပါ။)

luther king quoteအင်ထနက်ခေတ်မှာ ပြန်ရှာတော့ Thoreau က သူ့စာထဲမှာ အကျယ်တဝင့်ထည့်ရေးခဲ့တာကို အမေရိကန် နိုင်ငံရဲ့ တတိယသမ္မတ ထောမာ့(စ်) ဂျက်ဖှဆင်(န်)က If a law is unjust, a man is not only right to disobey it, he is obligated to do so. လို့ ရေးခဲ့ဖူးတယ်လို့ တွေ့ရသလို ထင်ရှားတဲ့ လူမည်းခေါင်းဆောင် မာထင်(န်) လူသာ ခင်း(ဂ်)ကလည်းပဲ One has a moral responsibility to disobey unjust laws. လို့ ပြောခဲ့၊ ရေးခဲ့ဖူးတာ တွေ့ရပါတယ်။ စာဖတ်နာတဲ့ ဆရာကြီးများဖြစ်တဲ့ ဦးထွန်းတင်တို့၊ ဦးဝင်းတင်တို့က ဒါကို နှုတ်တိုက်ရနေကြမယ် ထင်ပါတယ်။

ရယ်စရာကောင်းတာက အစ်မကို “အာဏာဖီဆန်ရေးလမ်းကြောင်း”ပေါ် သွားနေတယ်လို့ အဲဒီ့အချိန်မှာ အာဏာယူထားတဲ့ စစ်အစိုးရက တဖက်စောင်းနင်း ပြောတော့တာပါပဲ။ “ငါ့စကား နွားရ လိုရာဆွဲ”ပြောတယ် ဆိုတာ အဲဒါပါပဲ။ အင်္ဂလိပ်လိုတော့ out of context လို့ ခေါ်ပါတယ်။ “စကားစပ်ဖျက်ပြီး လိုချင်တာလေးပဲ ကွက်ယူတာ” ဖြစ်ပါတယ်။

အစ်မပြောခဲ့တဲ့ မူရင်းစကားမှာ “မတရားတဲ့”ဆိုတဲ့ စကားလုံးက အရေးကြီးပါတယ်။ အမိန့်အာဏာဟူသမျှကို ဖီဆန်ဖို့ မဟုတ်ဘူး။ မတရားတဲ့ အမိန့်အာဏာကိုမှ ဖီဆန်ရမှာ။ မာထင်(န်) လူသာ ခင်း(ဂ်)ရဲ့ အင်္ဂလိပ်စကားမှာ ပိုလို့တောင် ကောင်းသေးတယ်။ Moral responsibility တဲ့။ တာဝန်မှ ရိုးရိုး တာဝန်တောင် မဟုတ်ဘူး။ လူ့ကျင့်ဝတ်အရ ထမ်းရမယ့် တာဝန်ဖြစ်နေတယ်။ လူမှန်ရင် လုပ်သင့်တဲ့ အလုပ် ဆိုတဲ့ သဘောလေး ပါနေတယ်။ ဘာသာပြန်ရာမှာ အဲဒါ ကျကျန်ရစ်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ငါ့စကားနွားရ တဖက်စောင်းနင်း ပြောခဲ့တာကတော့ သမိုင်းသက်သေပါပဲ။ ဘာနဲ့ တူသလဲဆိုတော့ “သည်ကောင့် အမေက အပျိုတုန်းကဆို တော်တော်ချောမှာ…”လို့ သူငယ်ချင်းတယောက်က ပြောလိုက်တာကို ကြားက ကတုံးကတိုက် လုပ်တတ်တဲ့ သူငယ်ချင်းက ကာယကံရှင်သားဖြစ်သူဆီ သွားပြီး “ဟေ့ကောင်… ဟိုကောင်က မင့်အမေ တော်တော်ချောတယ်လို့ ပြောနေတယ်”ဆိုတဲ့ အပေါက်ပါ။ တော်တော် သိက္ခာမဲ့တဲ့ လုပ်ရပ်ပါပဲ။ အာဏာမွှန်သွားရင် တဏှာမွှန်သလိုမျိုးမို့ အရှက်တို့၊ သိက္ခာတို့ ကင်းမဲ့သွားတတ်တဲ့ သာဓကလို့ ယူသော် ရ၏ပေါ့ခင်ဗျာ။

ဇူလိုင် ၁၉ အဖြစ်ဆိုး

အများသိတော်မူတဲ့အတိုင်း ၁၉ ဇူလိုင်ဆိုတာက ဗိုလ်ချုပ်တို့ ကျဆုံးတဲ့ အာဇာနည်နေ့။ အာဇာနည်နေ့ပေါင်း များစွာထဲမှာ ၁၉၈၉ ခုနှစ်ရဲ့ အာဇာနည်နေ့ဟာလည်း မမေ့နိုင်စရာပါ။

အဲဒီ့နေ့မှာ အားလုံး အာဇာနည်ကုန်းကို ချီတက်ကြမယ်လို့ ဆုံးဖြတ်ထားကြပါတယ်။ အဲဒီ့ ဒီချုပ်ဗဟိုရဲ့ ဆုံးဖြတ်ချက်က ဇူလိုင် ၁၈ ရက်နေ့ နေကုန်သည်အထိ အတည်ဖြစ်ပါတယ်။ ဇူလိုင် ၁၉ ရက်မနေ့မှာ အစ်မအိမ်နဲ့ ကပ်လျက် ခြံအမှတ် ၅၆ မှာဖွင့်ထားတဲ့ ဌာနချုပ်ရုံး (အဲဒီ့အချိန်က ရွှေဂုံတိုင်လမ်းက ဌာနချုပ်ရုံး မရှိသေး)မှာ အရုဏ်ဆွမ်းကပ်ကြပါတယ်။ မနက်မလင်းခင်ကတည်းက စစ်တပ်က ပိတ်ဆို့ တားဆီးတာတွေ၊ တပ်အင်အား အကြီးအကျယ် ချထားတာတွေကို အရုဏ်ဆွမ်းအတွက် ကူညီလုပ်ကိုင်ပေးဖို့ လာကြရသူတွေ မျက်ဝါးထင်ထင် မြင်ခဲ့ကြရတယ်။

အစ်မရောက်လာတဲ့အခါ သူတို့တွေက အစ်မကို ဝိုင်းပြောကြတယ်။ အာဇာနည်ကုန်းဆီ ချီတက်မယ့် အစီအစဉ်ကို ဖျက်လိုက်ဖို့ပါပဲ။ အဲဒါကို အစ်မက လက်ခံပြီး ရုံးမှာတင် ချီတက်မယ့်အစီအစဉ် ဖျက်သိမ်းကြောင်း ကြေညာချက်ကို ဖယောင်းစက္ကူပေါ်မှာ လက်နှိပ်စက်နဲ့ ရိုက်ခိုင်း၊ အစ်မက ဖယောင်းစက္ကူပေါ်မှာပဲ လက်မှတ် ရေးထိုးပြီး ကြေညာချက်ကို စာကူးစက်နဲ့ ပုံနှိပ်လိုက်ပါတယ်။ (စာကူးစက်အကြောင်း ကျနော့် အစုတ်ထုပ်ထဲမှာ ရေးပြီးပါပြီ။)

ပြီးတော့ အဲဒါကို ဖြန့်ကြတယ်။ ဖြန့်ဖို့ ကြိုးစားသူတွေထဲက တချို့တွေလည်း ချက်ချင်း အဖမ်းခံလိုက်ရပါတော့တယ်။

အချိန်ကို ပြန်ကြည့်ဖို့ လိုပါလိမ့်မယ်။ ၁၉၈၉ ပါ။ မြန်မာပြည်မှာ ဂြိုဟ်တုစလောင်းတွေတောင် မရှိသေးတဲ့ အချိန်။ ကြိုးတပ် တယ်လီဖုန်းလည်း အလွန့်ကို ရှားပါးဆဲ။ ပါလေရာဖုန်းဆိုတာ လေသံတောင် မကြားဖူးသေးဘူး။ အင်ထနက်၊ လူမှုမီဒီယံဆိုတာတော့ အိပ်မက်ထဲတောင် ယောင်ပေါင်ပြီး ထည့်မက်ဖို့ ဝေးစွ။ ကွန်ပျူတာဆိုတာတောင်မှ ၈၀၂၈၆ ဆိုတဲ့ ပထမဦးဆုံး Intel processor နဲ့ စခန်းသွားနေဆဲဖြစ်ပါတယ်။ ၈၀၃၈၆ တောင် ကမ္ဘာမှာ ပေါ်နေပေမယ့် မြန်မာပြည် ကောင်းကောင်း ရောက်မလာတတ်ချင်သေးပါဘူး။

မြန်မာ ၉၉ % မှာ စားပွဲတင် ကွန်ပျူတာ မရှိသေးဘူး။ သံရုံးမှာ အလုပ်လုပ်နေတဲ့ ကျနော်တောင်မှ ဝင်စတန် ချာချီ လေးဘက်သွားတုန်းက ကွန်ပျူတာမှာ အင်္ဂလိပ်ဘာသာနဲ့ စာစီစာရိုက်လောက်ပဲ သုံးနိုင်သေးတယ်။ ရောင်စုံတွေ ဘာတွေ မဟုတ်ဘူးနော်။ ဖန်သားပြင်အနက်ကြီးမှာ လိမ္မော်ရောင် စာလုံးတွေပဲ ပေါ်သေးတာ။ ကျနော့်စားပွဲပေါ်မယ် ဖန်သားပြင်နဲ့ ခလုတ်ခုံပဲ ရှိတယ်။ စီပီယူလို့ ခေါ်တဲ့ ပင်မ အလုပ်လုပ်တဲ့ ကွန်ပျူတာက တရုံးလုံးအတွက်မှ တလုံးပဲ ရှိပြီး အဲဒီ့က ဝေမျှသုံးနေရချိန်ပေါ့။ မြန်မာစာလုံး မပေါ်သေးဘူး။ သူများတွေက Wordperfect တို့၊ Lotus တို့ ပြောရင် ကိုယ်နားမလည်တဲ့ တိုင်းတပါး ဘာသာ စကားကို ကြားနေခဲ့ရသလို။ (အဲဒါကြောင့်လည်း ၁၉၉၁ ခုနှစ်မှာ အလုပ်ပြောင်းဖြစ်တာ ပါသေးသဗျ။ အော်စီ သံရုံးမှာက ခေတ်နဲ့ တပြေးညီ ကွန်ပျူတာစနစ်ကို သုံးစွဲပေတာကိုး။)

ဓာတ်ပုံမိတ္တူကူးစက်တွေလည်း မပေါသေးဘူး။ ဖယောင်းစက္ကူပေါ် အရင် လက်နှိပ်စက်နဲ့ရိုက်၊ ဒါမှမဟုတ် လက်နဲ့ရေးပြီး ဂက်စတက်နာလို့ လူသိများတဲ့ လက်လှည့် (မော်တာနဲ့လည်း လှည့်ပါတယ်) ပုံနှိပ်စက်လေးနဲ့ ရိုက်ထုတ်မှ မိတ္တူများများ ပွားနိုင်တဲ့အချိန်ပါ။

ပြောချင်တာက ၁၉၈၉ ဇူလိုင်လမယ် ကျနော်တို့တွေ တယောက်နဲ့ တယောက်၊ တနေရာနဲ့ တနေရာ ဆက်သွယ်ရေးက ခုကာလလို ခရီးမတွင်နိုင်သေးတာပါ။ ကျနော်လည်း ဥရောပသမဂ္ဂမှာ အလုပ်လုပ်နေတာ တနှစ်ကျော်ပြီမို့ ဇူလိုင် ၁၈ ရက်နေ့ ရုံးဆင်းချိန်၊ ညနေ ၄ နာရီခွဲအထိ အဲဒီ့ ဆုံးဖြတ်ချက်က အတည်လို့ပဲ နားလည်ထားပါတယ်။

အစီအစဉ် ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်က ဇူလိုင် ၁၉ ရက် မနက် အရုဏ်ကျင်းပြီးမှ ချတဲ့ ဆုံးဖြတ်ချက်၊ အစောဆုံး မနက် ၆ နာရီကျော်မှ ပုံနှိပ်ပြီးစီးတဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒါကို ဖြန့်ဖို့ဆိုတာလည်း တယ်မလွယ်တော့တဲ့ အချိန်လည်း ဖြစ်ပါတယ်။ အစ်မရဲ့ အိမ်ဖြစ်တဲ့ ခြံအမှတ် ၅၄ မှာ ကျန်ရစ်ခဲ့ကြတဲ့ အဖွဲ့သားတွေတောင် ချီတက်မယ့်အစီအစဉ် ဖျက်လိုက်ကြောင်းကို အရုဏ်ဆွမ်းကပ်ပြီးတဲ့ အစ်မ အိမ်ပြန်ရောက်လာချိန် ၇ နာရီခွဲလောက်မှ သိကြရတဲ့ အခြေအနေပါ။

အဲတော့ လမ်းမတွေပေါ်မှာ ငေါငေါကြီး ကျန်ရစ်ခဲ့တာက ဒီချုပ်အဖွဲ့သားတွေ၊ ထောက်ခံသူတွေ၊ တက်ကြွသူတွေ။ ဘာရမလဲ၊ လူထုကို ရန်သူသတ်မှတ်ထားတဲ့ အစိုးရပဲ။ ညှာညှာတာတာလေး ကိုင်ပြီပေါ့။ လုံထိန်းတွေက လှိမ့်ရိုက်ပြီး ကားကြီးတွေပေါ် တင်သွားကြပါတယ်။ မှတ်မှတ်ရရ၊ အခုလက်ရှိ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းဆိုတာ အဲတုန်းက တက္ကသိုလ်ကျောင်းသူ “ရွှီး”ပါ။ သူက အဲဒီ့နေ့က အရိုက်ခံရတဲ့အထဲမှာ ထိပ်ဆုံးက ပါခဲ့ပါတယ်။ သူ့ချိုစောင်းတဖက် နိမ့်ကို ဝင်သွားတဲ့အထိ ခံလိုက်ရတာပါ။

သရဏဂုံ အရင်တင်ပြီးမှ လမ်းပေါ်ထွက်ခဲ့ကြရှာတဲ့ ကလေးတွေ

အဲလို လှိမ့်ရိုက်တဲ့ သတင်းကို မခံမရပ်နိုင်ဖြစ်ရှာကြတဲ့ လူငယ်တွေက အစ်မအိမ်ကို သွားပြီး သတင်းပို့ကြပါတယ်။ အစ်မက ချက်ချင်း ပြန်ပြောတယ်။ “ဘာလို့ ထွက်ပြေးကြတာလဲ။ တကယ်ဆို မပြေးဘဲ ရိုက်သမျှ တင်းခံခဲ့ကြရမှာ…”တဲ့။ အဲဒီ့စကား ပြောပြီးတာနဲ့ အစ်မက ချက်ချင်းပဲ သတင်းပို့နေတဲ့ လူငယ်တွေကို ထားခဲ့ပြီး သူ့ရုံးခန်းထဲ ဝင်သွားခဲ့ပါတော့တယ်လို့ သည်စာရေးချိန်ကျမှ သိရပါတယ်။ သတင်းပို့ခဲ့သူနဲ့ အတူပါသူက အဲဒီ့နေ့က ဖြစ်ရပ်ကို တနုံ့နုံ့ ခံစားနေရတာမို့ ကျနော့်ဆီ အကျိုးအကြောင်း လှမ်းပြောပြလို့သာ သိရတာပါ။

ကြည့်ရတာ အစ်မဟာ မဟတ္တမ ဂန္ဓီရဲ့ အိန္ဒိယက ၁၉၃၀ ပြည့်နှစ် ဆားတိုက်ပွဲ ဖြစ်စဉ်ကို သဘောကျခဲ့ပုံပါပဲ။ အဲဒီ့တုန်းက ဆန္ဒပြသူတွေဟာ ငါးယောက်တတွဲ တန်းစီပြီး တက်လာသမျှကို ဗြိတိသျှ ပုလိပ်တွေ ရိုက်လေသမျှု ရဲရဲတောက် ခံခဲ့ကြဖူးပါတယ်။ ထိပ်ဆုံးက ဗွေဆော်ဦး အရိုက်ခံတဲ့ အတွဲမှာတော့ ဂန္ဓီကိုယ်တိုင် ပါခဲ့ပါတယ်။

အစ်မကိုယ်တိုင်လည်း အဲဒီ့နေ့ မတိုင်ခင် ၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်းမယ် ဓနုဖြူမှာ တပ်နဲ့ ရင်ဆိုင်တွေ့တုန်းက ဂန္ဓီ့နည်းတူ ရှေ့တန်းက ချီတက်သွားခဲ့ဖူးသလို တပ်နဲ့ ရင်ဆိုင်တွေ့တိုင်း သူ့ရဲ့ အာဂ သတ္တိကို တကြိမ်မက ပြခဲ့ဖူးသူ ဖြစ်တာလည်း အမှန်ပါပဲ။

10659311_10205218816853842_3201868813220493057_n

၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်မှာ ရွှီးနဲ့ ကျနော် ရိုက်ဖြစ်ခဲ့တဲ့ပုံပါ။ သူ့ကို တက္ကသိုလ် ကျောင်းသူအဖြစ် ၁၉၉၃ လောက်မှာ စတင် သိကျွမ်းခဲ့ပါတယ်။ သည်ပုံမှာတော့ သူက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါ။ ခုတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းပေါ့။

တခုပါပဲ၊ အစ်မ အဲဒီ့အချိန်မှာ သတိမထားလိုက်တာက အဲဒီ့နေ့က အရိုက်ခံခဲ့ရတဲ့ ရွှီးအပါအဝင် လူငယ်အတော်များများဟာ သူတို့ကိုယ် သူတို့ အဲဒီ့နေ့ မတိုင်ခင် တပတ်လောက်ကတည်းက သင်္ကန်းစည်း၊ ခေါင်းတုံးတုံး၊ ဘုန်းကြီးကျောင်း၊ သီလရင်ကျောင်းတွေမှာ ၃ ရက်လောက် သီတင်းသုံး၊ သရဏဂုံတင်ပြီးမှ ထွက်လာကြတယ်ဆိုတာပါပဲ။ လူငယ်တွေဟာ စစ်တပ်က ပစ်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ပစ်ပြီး မလှုပ်နိုင်တော့ရင်ဖြစ်ဖြစ်၊ သေသွားရင်ဖြစ်ဖြစ် ကားတွေပေါ်ကို ပစ်တင်ကြမယ်။ ပြီးရင် အကုန်လုံးကို မီးရှို့ပစ်တော့မယ်လို့ တွေးထားကြတယ်။ သူတို့ အဲလို တွေးတာ မလွန်ပါဘူး။ ၁၉၈၈ ခုနှစ် အာဏာသိမ်းစဉ်တုန်းက အဲလို လုပ်ဖူးတဲ့ အစဉ်အလာက ဝေးမှ မဝေးသေးတာ။

 

အဲတော့ သူတို့မိဘတွေအနေနဲ့ သူတို့ အလောင်းကို ပြန်ရဖို့ အလားအလာက မရှိတဲ့အတူတူ ကြိုတင် သရဏဂုံတင်ပြီးမှ ဇူလိုင် ၁၉ မနက်မှာ ထွက်ချလာကြတာပါ။ ခေါင်းတုံးနဲ့ဆိုတော့ အရိုက်ခံရတဲ့အခါ ပိုထိတာပေါ့။ ရွှီးတယောက် အင်းစိန်ကို ရောက်လာချိန်မှာ သူ့ခေါင်းက ဘုကြီးက အာလူးအရွယ် ခပ်ကြီးကြီးလောက်ကို ရှိတယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။

နောက်တနေ့၊ ဇူလိုင် ၂၀ ရက်နေ့မှာ အစ်မနဲ့ ဦးတင်ဦးအပါအဝင် အများအပြားကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတော့တယ်။ အစ်မကတော့ အကျယ်ချုပ်၊ ကျန်တဲ့ ထောင်နဲ့ချီတာကတော့ အကျဉ်းစံတွေ ဖြစ်ကုန်ကြတာပေါ့။ ဦးဝင်းတင်၊ ဦးထွန်းတင်လည်း မကျန်ဘူး။ တတ်သိတွေ အတော်များများ ပါကုန်တယ်။ ဟိုနေ့က ဓာတ်ပုံထဲမှာ ပါတဲ့ အစ်မရဲ့ ပထမဆုံး ကိုယ်ရေးအရာရှိ ပန်းချီဆရာမ၊ စာရေးဆရာမ မသိင်္ဂီဆိုလည်း ၅၄ မှာ အဖမ်းခံလိုက်ရတာပေမယ့် အင်းစိန်အပို့ခံလိုက်ရပါတယ်။

မသိင်္ဂီအကြောင်း တို့တို့တိတိ

NIBAC-coverမသိင်္ဂီက သူ့ထောင်တွင်းအတွေ့အကြုံတွေကို အင်္ဂလိပ်လို ရေးသားထုတ်ဝေထားတာ ရှိပါတယ်။ ထောင်တွင်းအတွေ့အကြုံဆိုပေမယ့် သာမန် ထောင်ကျတွေရဲ့ ဘဝကို ပီပီပြင်ပြင် ကျစ်ကျစ်လစ်လစ် ချယ်မှုန်းထားတာပါ။ စာအုပ်နာမည်က Nor Iron Bars a Cage တဲ့။ စိတ်ဝင်စားသူတွေ ဖတ်ချင်ရင် ဖတ်နိုင်အောင် တလက်စတည်း ညွှန်းလိုက်ပါတယ်။ ခုခေတ်မယ် မသိင်္ဂီဆိုတာကို ဘာမှန်း မသိသူတွေက လူမှုမီဒီယမ်ဖြစ်တဲ့ စာအုပ်မျက်နှာစာမှာ အသားလွတ် သွားသွားစော်ကားနေတာ တွေ့မိရတော့ သနားမိရသလို ရယ်လည်း ရယ်မိရပါတယ်။ ဆန်းတော့လည်း မဆန်းပါဘူး၊ ရွှေတွေ တနေ့တခြား တုံးသထက် တုံးလာအောင် အခြေအနေအရပ်ရပ်က “အရောက်ပို့”နေတာပဲလေ။

အဲ… မသိင်္ဂီကို စာရေးဆရာမလို့ ရေးလိုက်တော့ မြန်မာပရိသတ်က သိမှာ မဟုတ်ဘူး။ မသိဆို သူမှ မြန်မာလို ရေးသားထုတ်ဝေထားတာ မရှိတာကိုး။ သူရေးသားထုတ်ဝေထားတာ အားလုံးက အင်္ဂလိပ်လိုတွေချည်း ခင်ဗျ။ ကနေ့ခေတ်၊ စောင်ခြမ်းခေတ်မယ် ပြည်တွင်းမှာသာ အစဉ်တစိုက်နေထိုင်ပြီး ပြည်တွင်းကသာ ဘွဲ့ရခဲ့လင့်ကစား အင်္ဂလိပ်စာကို မိခင်ဘာသာစကားလို ပိုင်ပိုင်နိုင်နိုင် ရေးပြီး ထုတ်ဝေနိုင်တာ သူတယောက်ပဲ ရှိတော့တယ်လို့ ထင်ပါတယ်။ ဘယ်လောက်များလဲဆိုရင် ဂျာနmanlikehim_largeယ်ကျော်မမလေးရဲ့ နာမည်ကျော် “သူလိုလူ” စာအုပ်ကြီးကို အစမှ အဆုံးတိုင် အင်္ဂလိပ်လို ပြန်ဆိုကာ Cornell University ဆိုတဲ့ သက်တမ်း နှစ်ပေါင်း ၁၅၀ ကျော်ပြီဖြစ်သော အမေရိကန်နိုင်ငံ တက္ကသိုလ်ကနေ ထုတ်ဝေထားပါတယ်။

အဲဒီ့ မသိင်္ဂီကလည်း လွန်စွာထူးခြားသော မြန်မာအမျိုးသမီးတဦးပါပဲ။ သူ့အကြောင်းကလည်း ရေးမယ်ဆိုရင် ရေးစရာလေးတွေ ရှိသဗျ။ သို့သော် ကျနော် မရေးရဲဘူး။ သူက စိတ်မြန်လက်မြန်ရယ်။ စိတ်မထင်ရင် ကျနော့် လည်ပင်း လာညှစ်ချင်ညှစ်မယ့် အစ်မကြီးမျိုးဆိုတော့ သည်လောက်နဲ့ ရပ်လိုက်တာ တော်ပါလိမ့်မယ်။ သူ မရှိတော့တဲ့နောက် ကျနော် ရှင်နေဦးမယ်ဆိုရင်တော့ တိုးတိုးတိတ်တိတ် လူသိရှင်ကြား ရေးမှာပေါ့နော်… ခွိ… ခွိ… (သရဲအနေနဲ့ ကျနော့်လာခြောက်မှာတော့ ကြောက်ပေါင်ဗျာ။ ကျနော်မှ သရဲမကြောက်တတ်တာလေ… ငှဲ… ငှဲ…)

အတိုချုပ်ပြောရရင်တော့ ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်မှာ တတ်သိတွေ အားလုံးကို ထောင်ထဲပို့လိုက်ပါတယ်။ ဦးတင်ဦးအဖွဲ့တွေထဲက ဘယ်တုန်းကမှ သိပ်ရှေ့မထွက်တဲ့ ဗိုလ်အောင်ရွှေ ဦးဆောင်သော စစ်ဗိုလ်ဟောင်း (ဘောင်းဘီချွတ်)တွေပဲ ကျန်ရစ်ခဲ့တယ်။

၁၉၉၂ ခုနှစ်နောက်ပိုင်းကာလများ သံခိပ်

၁၉၉၂ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားလိုက်ပြီး ဗိုလ်ချုပ်ကြီးသန်းရွှေ (အဲဒီ့အချိန်က ရာထူးကို ရေးထားတာပါ။) တက်လာတဲ့အချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးလာတာမို့ ဗိုလ်စောမောင် လက်ထက်က ထိန်းသိမ်းထားသူ အတော်များများ လွတ်လာကြတယ်။ တတ်သိတွေ တော်တော်များများလည်း လွတ်လာပါတယ်။ သည်အထဲမှာ ဦးဝင်းတင် မပါခဲ့ပေမယ့် ဦးထွန်းတင် ပါလာတယ်။ ဦးဝင်းတင်ကိုတော့ ဒီချုပ်ရဲ့ “နောက်ကွယ်က လက်မဲကြီး”လို့ ယူဆပြီး ငြိုးထားကြပုံပါပဲ။ တော်တော်နဲ့ မလွှတ်တော့ဘူး။

အဲဒါတွေလည်း မှတ်မိနေပါသေးတော့တယ်။ လွတ်လာကြပြီး ရက်ပိုင်းအကြာမှာ ကျနော်နဲ့ ခင်နေတဲ့ မူလ လက်ဟောင်း တတ်သိအစုထဲက ဗဟိုကော်မတီဝင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီ – စီအီးစီ မဟုတ်တဲ့ စီစီ) စာရေးဆရာ/သတင်းစာဆရာကြီးနှစ်ဦးက ခြံထဲကို သွားချင်တယ်ဆိုတာနဲ့ အဲတုန်းက ကျနော့် ကိုယ်ပိုင်ကားနဲ့ (သံရုံးကား မဟုတ်တာကို ပြောလိုရင်းဖြစ်ပါတယ်နော်) ခေါ်သွားပါတယ်။ သင်္ကြန်မတိုင်ခင် ကာလလေးမှာပါ။ ဘာ့ကြောင့် သင်္ကြန်မတိုင်ခင်လို့ မှတ်မိနေလဲဆိုတော့ ကားထဲမယ် သင်္ကြန်သီချင်းတွေ ဖွင့်ထားပြီး ကျနော်က လိုက်ဆိုနေခဲ့တာကိုး။ အဲသလို ဆိုနေတော့ ဆရာတပါးက အတော် အံ့သြသွားပါတယ်။ “ATK က မြန်မာမှုတွေလည်း ရတာပဲနော်”လို့ ဆိုပါတယ်။ သံရုံးမှာ အလုပ် လုပ်နေပြီး အင်္ဂလိပ်လို တရွှတ်ရွှတ် ပြောနေတဲ့ ကျနော်ဟာ ဗမာစိတ် ပျောက်နေတယ်လို့ ထင်နေသလား မသိပေါင်ဗျာ။

သူအဲလိုပြောခဲ့လို့ ကာလကို မှတ်မိနေတာပါ။ ခြံထဲကို ရောက်တော့ သူတို့ခမျာ ဝေလေလေ။ သိဟောင်း ကျွမ်းဟောင်းတွေလည်း သိပ်မရှိ၊ ရှိတဲ့သူတွေကလည်း ခပ်တန်းတန်း။ အိမ်ထဲလည်း ဝင်ခွင့်မရ။ ကျနော်လည်း အသာကြည့်နေခဲ့ပါတယ်။ ကျနော်နဲ့ပဲ သူတို့ နောက်တခေါက် ထပ်သွားပါသေးတယ်။ သို့သော် ပထမ တခေါက်တုန်းကလိုပဲ သူတို့ကို ဧည့်ထောက်ခံ၊ နေရာပေးမယ့်သူ နတ္ထိဆိုတော့ သူတို့လည်း “ပေါက်”သွားတယ်နဲ့ တူပါတယ်။ နောက်ပိုင်း သူတို့ကို စာပေနယ်မှတပါး အခြားမှာ မတွေ့ရတော့ဘူး။ အဲဒီ့ နှစ်ယောက်ထဲက တယောက်ကတော့ ကွယ်လွန်ရှာပါပြီ။ ကျန်တယောက်ကတော့ သက်ရှိထင်ရှားဆဲပါ။

49612800_775808806105462_8060844026141605888_n

ဓာတ်ပုံက မနေ့က မင်းသားကြီး အောင်လွင် [ဒါရိုက်တာ စံရွှေမောင်] ဆီက ရလိုက်တဲ့ ပုံပါ။ သူက ဒီချုပ်ရဲ့ မူလ လက်ဟောင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ ရွှေတိဂုံ အနောက်မုခ်က ဒေါ်စုရဲ့ ပထမဆုံးအကြိမ် လူထုစည်းဝေးပွဲမှာ ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။ ဝဲမှယာ – အမည်မသိ [သိရင် ဖော်ပေးကြပါ]၊ ရှေ့နေကြီး ဦးကိုယု [စာရေးဆရာ မောင်ကိုယု/မောင်သစ်]၊ စာရေးဆရာ မောင်သော်က [ရေတပ်ဗိုလ်မှူးဟောင်း ဘသော်]၊ ဟံသာဝတီ ဦးဝင်းတင်၊ မင်းသားကြီး ထွန်းဝေ၊ စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ) (ဓာတ်ပုံ – ထိန်ဝင်း)

နောက်ထပ်အမှတ်တရကတော့ အန်ကယ်ဦးတင်ဦးရဲ့ အိမ်က အလှူမှာပါ။ ၁၉၉၅ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့မယ် အစ်မလည်း အကျယ်ချုပ်က ယာယီ ပြန်လွတ်လာခါစ အချိန်မှာ ဖြစ်ပါတယ်။ ကျနော့်ကိုလည်း အန်ကယ်က ဖိတ်တာမို့ ကျနော်ရောက်နေချိန်မှာ အစ်မလည်း ရောက်လာပါတယ်။ အစ်မ ထိုင်တဲ့ စားပွဲနဲ့ ကျနော့်စားပွဲက ကပ်လျက်ပါ။ အစ်မက ကျနော့်ကို နှုတ်ဆက်ပြီး အလ္လာပ သလ္လာပတွေ ပြောကြပါတယ်။ အဲဒီ့အချိန်မှာ ထောင်က ထွက်ကတည်းက အစ်မနဲ့ မဆုံရသေးတဲ့ အန်ကယ် ဦးထွန်းတင်ကလည်း အစ်မကို နှုတ်ဆက်ဖို့ ကျနော်တို့ နားကို တိုးလာခဲ့ပါတယ်။

 

ဦးထွန်းတင်နဲ့ မရင်းနှီးပေမယ့် ဒီချုပ်ထဲ ဥဒဟို သွားလာနေချိန်မို့ တယောက်နဲ့ တယောက်က မျက်မှန်းတန်းမိ နေကြပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း ရှေ့နေအဖြစ် ကာလတို လုပ်ခဲ့ဖူးသေးတာမို့ ဦးထွန်းတင်တို့၊ ဒေါ်မြင့်မြင့်ခင်တို့၊ ဦးကိုယုတို့လို ဝတ်လုံကြီးတွေကို ကြည်ညိုရင်းစွဲက ရှိပြီးသားပါ။ အန်ကယ်ဦးထွန်းတင်ကို ကွန်မြူနစ်ရယ်လို့ နားလည်ထားပေမယ့် ဥပဒေ ဂုရုတယောက်၊ စာဖတ်နာသူတယောက်အဖြစ် သတိထားမိ နေခဲ့တာ ကြာပြီဖြစ်သလို တည်ငြိမ် အေးချမ်း ပြည့်ဝတဲ့ သူ့မျက်နှာထား၊ ရိုးစင်းကျစ်လစ်တဲ့ သူ့အနေအထိုင် တို့ကြောင့် လေးလည်း လေးစားပါတယ်။

အစ်မက ကျနော့်ကို စကားတွေ တောက်လျှောက်ပြောနေပါတယ်။ ကျနော်က အန်ကယ်ဦးထွန်းတင်ကို အရမ်း အားနာလှပြီ။ သူ့ခမျာ အစ်မကို နှုတ်ဆက်ချင်နေတာပါ။ အစ်မက သူ့ဘက်မလှည့်တော့ ခွကျနေပါတယ်။ ဒါနဲ့ ကျနော်လည်း အန်ကယ်ဦးထွန်းတင်ဘက် အသာလှည့်လိုက်ပါတယ်။ စကားလုံးမဲ့ ဘာသာစကားနဲ့ ဦးထွန်းတင်ရောက်နေကြောင်း အစ်မကို အသိပေးလိုက်တာပါ။

အဲတော့လည်း အစ်မက ဦးထွန်းတင်ဘက်ကို လှည့်လိုက်ပါတယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ “အန်ကယ် နေကောင်းလား”လို့ မေးပါတယ်။ ပြီးတဲ့နောက် ကျနော့်ဘက်ကို ပြန်လှည့်ပြီး ပြောလက်စကို ပြန်ဆက်နေပါတော့တယ်။ အဲဒါ အန်ကယ်ဦးထွန်းတင်ကို ကျနော်နောက်ဆုံး ဆုံလိုက်တာပါပဲ။ ဦးထွန်းတင် ကွယ်လွန်ကြောင်း ကြားသိရတော့ ကျနော် စိတ်မကောင်းဖြစ်မိခဲ့ရပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ကိုတော့ စစ်အစိုးရက ဒီချုပ်ရဲ့ ဉာဏ်ကြီးရှင် အခါပေးပုဂ္ဂိုလ်အဖြစ် မြင်ထားပုံပါပဲ။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်ကတည်းက ဖမ်းထည့်ထားလိုက်တာ၊ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်ကျမှ ပြန်လွှတ်ပေးပါတော့တယ်။ ထောင်ထဲမှာ၊ အချိန်အတော်များများက ခွေးတိုက်ထဲမှာ ၁၉ နှစ်နဲ့ ၂ လ နေခဲ့ရသူမို့ ၂၁ နှစ်တာ ကာလအတွင်းမှာ အကျယ်ချုပ်နဲ့ အားလုံး စုစုပေါင်း ၁၅ နှစ်နေခဲ့ရတဲ့ အစ်မထက်တောင် တာရှည်ခဲ့ ပါတယ်။ စတင်ဖမ်းဆီးခံရချိန်မှာ ၅၉ နှစ်၊ ပြန်လွတ်လာချိန်မှာ ၇၈ နှစ်။ တတိယအရွယ်၊ အကျရွယ်မှာ လူ့အခွင့် အရေးအခြေအနေ ဆိုးရွားလွန်းလှတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာအကျဉ်းထောင်မှာ နေခဲ့ရပေမယ့် ပြန်ထွက်လာတဲ့အထိ ဦးဝင်းတင်ရဲ့ မာန်ကတော့ တစက်ကမှ ကျမသွားခဲ့ပါဘူး။

သူပြန်ထွက်လာတဲ့အချိန်မှာ ကျနော်လည်း သည်လောကနဲ့ ကင်းကွာနေခဲ့ပြီမို့ တော်တော်နဲ့ မဆုံဖြစ်ခဲ့ဘူး။ အရင်ကလည်း တခါမှ မဆုံဖူးပါဘူး။ သူ့နာမည်သာ ကြားဖူး၊ သူ့စာတချို့သာ ဖတ်ဖူးခဲ့တာဖြစ်ပါတယ်။ သူ ကွယ်လွန်ခါနီး တနှစ်လောက် အလိုမှာမှ ဘာပွဲလဲ မမှတ်မိတော့တဲ့ ပွဲတပွဲမှာ အမှတ်မထင် ဆုံပါတယ်။ ကျနော် သွား ဂါရဝပြုတော့ အေးချမ်းတဲ့ အပြုံးနဲ့ တုံ့ပြန်ပါတယ်။

သည်လောကနဲ့ ကင်းကွာနေပေမယ့် ကျနော့်ရဲ့ ဆိုးရွားတဲ့ ကံ (လို့ပဲ ဆိုကြပါစို့ရဲ့) ကြောင့် အတွင်းသတင်းတွေ ကြားနေရတတ်ပါတယ်။ အဲဒါကြောင့် ဆရာဦးဝင်းတင် ကွယ်လွန်တယ်လို့ ကြားသိလိုက်ရချိန်မှာလည်း ရင်နင့်ခဲ့ရပြန်ပါတော့တယ်။

၁၉၈၈ အရေးတော်ပုံကြီးရဲ့ နောက်ပိုင်း အခုကာလအထိ နှစ်ပေါင်း ၃၀ အတွင်းမှာ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ၊ ဘဝတွေ၊ လူလိုနေခွင့်တွေ၊ လွတ်လပ်မှုတွေကို စတေးခဲ့ကြသူ ကျောင်းသား၊ ရဟန်းရှင်လူတွေ ထောင်နဲ့ ချီပြီး ရှိခဲ့ပါတယ်။ သူတို့နောက်ကွယ်က ဘဝတွေ နာခဲ့ကြရတဲ့ မိသားစုဝင်တွေပါ ထည့်တွက်ရင် မနည်းလှပါဘူး။ သူတို့တွေ စတေးခဲ့တာ၊ ပေးဆပ်ခဲ့ကြရတာတွေအတွက် တန်သင့်တဲ့ ဘဝပုံစံတခု၊ စနစ်တခု၊ လုံခြုံမှုတခုကို လူထု ရခဲ့ပြီလား။

ရေးရင်းနဲ့ ကျနော်မျက်ရည်လည်နေတာ အမှန်ပါပဲခင်ဗျာ။

အစုတ်ထုပ်ရဲ့ ကြားဖြတ်အစီရင်ခံစာ (အပိုင်း ၁)

ကြားဖြတ်အစီရင်ခံစာ

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ဦးကြည်မောင် ရာပြည့်ပွဲက ကျနော့်အတွက် အဟောင်းတွေ အစုတ်ဖြစ်ရပြန်ပါတယ်။ ကျနော့်ကို မဖိတ်ခဲ့ကြရင်တော့ သည်လိုပဲ သြော်… အန်ကယ်သာ ရှိနေဦးမယ်ဆိုရင် ဒီနေ့ အသက် ၁၀၀ ပြည့်မှာပါလားလောက်နဲ့ ပြီးသွားမှာပါ။

ခုတော့ ကြံကြံဖန်ဖန်လို့ပဲ ဆိုရမလား မသိဘူး၊ အဲဒီ့ ပွဲကို တက်ဖို့၊ အမှတ်တရစကား ပြောပေးဖို့ ကျနော့်ကို ဖိတ်ကြားခဲ့ကြပါတယ်။ ၁၉၈၈ နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းကို အထူးတန်း ပွဲကြည့်စင်ပေါ်က တရံမလပ် မျက်တောင်မခတ် ကြည့်ခွင့်ရခဲ့သူ ဘေးလူပွဲကြည့်ဖြစ်လေတဲ့ ကျနော့်ကို အသိအမှတ်ပြု နေရာပေးခဲ့တဲ့ စီစဉ်သူများကို ဂါရဝတရားနဲ့ ကျေးဇူးစကား ထပ်ဆိုပါရစေ။ ပွဲခင်းထဲ ရောက်၊ တခါက တဘဝမှာ ခင်မင်ရင်းနှီးခဲ့ဖူးသူများနဲ့ တွေ့၊ ဦးကြည်မောင်ရဲ့ ဘဝသမိုင်း ရုပ်ရှင်တိုလေးကို ကြည့်ဖြစ်သွား၊ အဲဒီ့ပွဲမှာ လက်ဆောင်ပေးတဲ့ စာအုပ်ကို ဖတ်ဖြစ်တဲ့အခါမှာတော့ အတိတ်ပန်းချီဟာ အရိပ်မပီ ဝိုးတဝါးနဲ့ တဖွားဖွား ပြန်ပေါ်လာပါတော့တယ်။

ကံကောင်းသူ ကျနော်

ကျနော့်ကိုယ် ကျနော် ကံထူးသူအဖြစ် သတ်မှတ်သင့်မယ် ထင်ပါတယ်။ လက်နှိပ်စက် စာရေးလေးနဲ့ အလယ်တန်းပြ ဆရာမဟောင်းလေးရဲ့ သား၊ သာမန် အနုဉာတ မထင်မရှားနဲ့ ဘဝကို စခဲ့ပေမယ့် နိုင်ငံရဲ့ ထိတ်ထိတ်ကျဲတွေနဲ့ တွေ့ဆုံ၊ သိကျွမ်း၊ ရင်းနှီး၊ ခင်မင်ခွင့် တပုံတပင် ရခဲ့တာမို့ပါ။

ပထမဆုံးက လွတ်လပ်တဲ့ အချုပ်အချာ အာဏာပိုင် မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတကြီး ဖြစ်ခဲ့သူ ဒေါက်တာ ဘဦးရဲ့ မြေးနဲ့ အတန်းဖော်ဖြစ်ခဲ့တာပေါ့။ ဒါကတော့ ကံထူးတယ်လို့ မဆိုနိုင်သေးပါဘူး။ ကံကောင်း ထောက်မစွာ ကျောင်းချင်းတူ၊ တတန်းတည်းဖြစ်ခဲ့တာပေါ့။

အဲသလို ကျောင်းတက်ရင်း ကံကောင်း ထောက်မစွာ ကြုံဆုံခင်မင်ခဲ့ရပြန်တာက ဘိန်းဘုရင်အဖြစ် တခေတ်က ထင်ရှားခဲ့ဖူးတဲ့ (ဦး)လော်စစ်ဟန်ရဲ့ သားတယောက်နဲ့ ကိုးတန်းမှာ တခုံတည်း ဘေးချင်းကပ် ထိုင်ခဲ့ရပြန်တာပါပဲ။ တနှစ်လုံး သူ့ကို လော်စစ်ဟန် သားမှန်း မသိခဲ့ပါဘူး။ တောင်ကြီးသား၊ အနေအေးသူ၊ ရှမ်းကြီးလို့ပဲ သိထားခဲ့ပါတယ်။

နွေရာသီကျောင်းပိတ်ရက်အတွင်း လော်စစ်ဟန်ကို ထိုင်းမှာ ဖမ်းမိ၊ ထိုင်းက မြန်မာဘက်ကို လွှဲပေးတဲ့အခါ လေဆိပ်မှာ သားနှစ်ယောက်က သွားကြိုနေပုံ သတင်းစာမျက်နှာဖုံးမှာ ပါလာတော့မှ ဟာခနဲဖြစ်သွားခဲ့ရတာပါ။ ငါ့ဘေးနားမှာ တနှစ်လုံး ထိုင်လာခဲ့သူက ဘိန်းဘုရင်ကြီးရဲ့ သားပါတကားလို့ ရင်သပ်ရှုမော တအံ့တသြပေါ့။

အတန်းဖော်တွေ ဖြစ်တဲ့ ဒေါက်တာဘဦးမြေးရော၊ ဦးလော်စစ်ဟန်ရဲ့ အဲဒီ့သားပါ လူ့ပြည်မှာ မရှိရှာကြတော့ပါဘူး။

ပညာကို ဆုံးခန်းတိုင်အောင် သင်ခွင့်မရခဲ့ဘဲ အင်္ဂလိပ်ခေတ် ခုနစ်တန်းလောက်နဲ့ ဘဝကို ရုန်းကန်ခဲ့ရသူ အဖေရော၊ ပညာကို လိုလားပါလျက်ကနဲ့ မိန်းကလေးမို့လို့ အင်္ဂလိပ်ခေတ် ဆယ်တန်း တခါကျနဲ့ ကျောင်းထွက်ခဲ့ရသူ အမေကပါ သူတို့ရဲ့ တဦးတည်းသော သားကလေး ကျနော့်ကို သိပ် ပညာတတ်စေချင်ခဲ့ကြပါတယ်။

ဒါ့ကြောင့်လည်း လက်နှိပ်စက်စာရေးလေးရဲ့ သားသာ ဖြစ်လင့်ကစား ကျနော့်ကို အဲဒီ့ခေတ်က အကောင်းဆုံးလို့ ယူဆနိုင်တဲ့ ကျောင်းတွေမှာ ထားခဲ့ပါတယ်။ သူငယ်တန်းကို အမေ ကျောင်းနေခဲ့၊ အလုပ် လုပ်ခဲ့ရာ မန္တလေး စိန့်ဂျိုးဇက်(ဖှ်) ခန်(န်)ဗှယ့်(န်)ထ်နဲ့ လွိုင်ကော် စိန့်ဂျိုးဇက်(ဖှ်)၊ လေးတန်းကို အထက ၃ တဖြစ်လဲ စိန့်အဲ(န်)(ဇ်)၊ ငါးတန်းကို အထက ၉ တဖြစ်လဲ မန္တလေး စိန်ဖီထား(ဇ်)၊ ၆ တန်းက စပြီး အထက ၆ ဗိုလ်တထောင်တဖြစ်လဲ စိန့်ဖော(လ်)တို့မှာ ထားခဲ့တာပါ။

ထိတ်ထိတ်ကျဲ ကျောင်းကြီးတွေ ဖြစ်တာမို့ ထိတ်ထိတ်ကျဲတွေရဲ့ သားတွေနဲ့ အတန်းဖော်ဖြစ်ခဲ့ရတယ်လို့ပဲ လွယ်လွယ်ဆိုကြပါစို့ရဲ့။ သည်ကမှ ၈ တန်းမှာ ကျူရှင်တက်ရင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ပညာရေး ဝန်ကြီးဖြစ်ခဲ့ဖူးသူရဲ့ မြေးနဲ့လည်း ကိုယ်ရင့်တတူ သူငယ်ချင်းဖြစ်ခဲ့ပြန်ပါတယ်။ (သူလည်း ကွယ်လွန်ရှာပါပြီ။) သူနဲ့ ဆက်စပ်ပြီး လူကုန်ထံ အသိုင်းအဝိုင်းထဲက တချို့တွေနဲ့လည်း သိကျွမ်းခဲ့ရတာတွေ ရှိပါတယ်။

ရုန်းခါစ ဘဝမယ်

ကျနော့် စီးပွားရေး ဘဝအစက အငှားယာဉ်မောင်း။ ၁၉ နှစ်သား၊ တက္ကသိုလ် ပထမနှစ် ကျောင်းသားဘဝမှာ ကံပစ်ချတာမို့ နေ့ချင်းညချင်း အငှားယာဉ်မောင်း ဖြစ်သွားခဲ့ရပါတယ်။ အဲဒီ့မှာလည်း ကျနော့်ကား ငှားစီးဖူးသူ တွေထဲမယ် ထိတ်ထိတ်ကျဲ စာရင်းကိုင်ကြီး ဦးလှထွန်း (ကွယ်လွန်)၊ ရှေ့နေကျော် ဦးသန်းတင် (ကွယ်လွန်)တို့ ပါဝင်ခဲ့ကြဖူးပါတယ်။ စာရေးဆရာ၊ သတင်းစာဆရာကြီး ဖိုးသောကြာကိုဆိုရင် တမိသားစုလုံးနဲ့ ရင်းနှီးခင်မင်ခွင့်အထိ ရခဲ့တာပါ။ ဒါ့အပြင် လွတ်လပ်ရေးအကြို ဖဆပလ ခေတ်မှာ ဗစိန်၊ ထွန်းအုပ်ဂိုဏ်းဆိုပြီး ထင်ရှားခဲ့တဲ့ သခင်အောင်ဆန်းနဲ့အပြိုင် အကွဲအပြဲဂိုဏ်းထဲက သခင်ဗစိန်ရဲ့ သမီးတယောက်ကိုလည်းပဲ ကျနော့ ကားငှားစီးရင်း အရက်သောက်ဖက်ဖြစ်လာသူ လူတေကြီးရဲ့ ဇနီးအဖြစ် သိကျွမ်းခင်မင်ခဲ့ရပြန်တယ်။

စာရေးဆရာ မောင်သာရ၊ ဆရာအောင်သင်းတို့ကိုလည်း အဲဒီ့ အငှားယာဉ်မောင်းတပိုင်း၊ ကျောင်းသားတပိုင်း ဘဝမှာ စတင် သိကျွမ်းခင်မင်ခဲ့ရတာပါပဲ။

မြန်မာ့စောက်ရှက်လက်(စ်) လမ်းစဉ် ဖာထီခေတ်မှာ ပညာရေးအခွင့်အလမ်းက နည်းပါးလှတယ်။ အစိုးရက ဖွင့်တဲ့ သင်တန်းတွေပဲ တက်နိုင်တာ။ အဲဒီ့မှာ မှတ်ပုံတင် ရှေ့နေသင်တန်းတက်ရင်း အဲဒီ့ခေတ် ပြန်ကြားရေး ဒုတိယ ဝန်ကြီးတပါး (ဆင်ဖြူကျွန်းသား ပေါက်ဖော်ကြီး)နဲ့ အတန်းဖော် ဖြစ်လိုက်ရသေးသဗျ။ နိုင်ငံခြား ဘာသာသိပ္ပံမှာ သင်တန်းတက်ရင်း မဆလ ဗဟိုကော်မတီ အတွင်းရေးမှူးဟောင်းတယောက်ရဲ့ သမီးတော်တပါးနဲ့လည်း ရည်းစားအဖြစ် တွဲလိုက်ရသေး… ဟေး… ဟေး…။ ကျနော့ ကံထူးချက်က စလာပါပြီနော်…

နောက်တော့ ပြင်သစ်သံရုံး ယဉ်ကျေးမှုဌာနက ဖွင့်လှစ်တဲ့ ပြင်သစ်စာ သင်တန်းတက်ရင်း မင်းသမီး ဆွေဇင်ထိုက်၊ မေဝင်းမောင်တို့နဲ့ သိရ ကျွမ်းရ ပြန်တယ်။ ဒေါ်ဆွေဇင်ထိုက်နဲ့ဆို ယနေ့ထက်တိုင် ခင်မင်နေဆဲ။ ကျနော့်ဘဝ ကျွမ်းထိုးမှောက်ခုံဖြစ်နေချိန်မှာ ကူညီပေးခဲ့ဖူးတဲ့ သူ့ကျေးဇူးတွေ ကျနော့်အပေါ် တင်နေဆဲ။

သံတမန်လောက

ဇာတ်ပိုးလေးကြောင့် သံတမန်အသိုင်းအဝိုင်းက ကမကထ လုပ်တဲ့ ရန်ကုန် ပြဇာတ်အသင်းထဲ ကံအားလျော်စွာ ရောက်သွား။ အဲလိုနဲ့ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ ကျနော်ဟာ မြန်မာနိုင်ငံ ဥရောပသမဂ္ဂရဲ့ ပထမဆုံး ဘာသာပြန်ရာထူးကို ရလာခဲ့ပါတယ်။ (အသေးစိတ်ကို နောက်ပိုင်းမှာ ရေးသွားပါ့မယ်။)

Marantz အသံဖမ်းစက် အကောင်းစားပုံပါ။ အင်ထနက်ထဲက ယူပါတယ်။

အဲဒီ့ကာလကို သိမီသူ အားလုံး သိတော်မူတဲ့အတိုင်း အဲဒီ့အချိန်ဟာ မြန်မာ့နိုင်ငံရေး လှိုင်းတံပိုး ထန်နေချိန်ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေတိဂုံအနောက်မုခ်က ပထမဆုံး လူထုစည်းဝေးပွဲကြီးကို နောက်ဆုံးအချိန်ကျမှ ရောက်သွားပြီး ရှေ့ဆုံးတန်းက နေခွင့်ရအောင် အသံဖမ်းဖို့ ငှားသွားတဲ့ ရုံးထဲက ဘီဘီစီသတင်းဌာနခွဲရဲ့ ခရီးဆောင် Marantz အကောင်းစား ထိပ်တန်း အသံဖမ်းစက် (ပုံကို ရှု) ရယ်၊ ဗြိတိသျှ သံရုံးက နှုတ်ခမ်းမွှေးစစနဲ့ လူပုံချော တတိယအတွင်းဝန်ရယ်တို့က ပံ့ပိုးပေးခဲ့ကြပါတယ်။ ကျနော်က ဘီဘီစီ ကပ်ခွာရဲရဲကြီး ပြူးနေအောင် ကပ်ထားတဲ့ ကက်ဆက်ကို လွယ်ထား၊ ဟိုလူ့ကို ခရစ္စထဖှာ ဂန်းနက်(စ်)လို့ ပြောလိုက်တာနဲ့ ပရိသတ်က အုတ်အော်သောင်းသဲ လက်ခုပ်တွေတီးပြီး လမ်းဖယ်ပေးခဲ့ကြတာကိုးဗျာ။

လွန်ခဲ့တဲ့ နှစ် ၃၀ က အခုလို ဆိုရှယ်မီဒီယာဆိုတာ အိပ်မက်တောင် မမက်နိုင်သေးပါဘူး။ ဂြိုဟ်တုစလောင်း ဆိုတာလည်း မပေါ်သေးဘူး။ နိုင်ငံပိုင် သတင်းစာတွေဆိုတာကလည်း လူထုကို သတင်းပေးဖို့ထက် သူတို့ကောင်းကြောင်း၊ တော်ကြောင်း၊ တတ်ကြောင်းသာ (အခုအတိုင်းပဲ တစိုက်မတ်မတ်) ဖော်ပြတာကြောင့် (အခုအတိုင်းပဲ) လူထုက နာရေးကြော်ငြာဖတ်ဖို့လောက်သာ သုံးနေရတဲ့ အခြေအနေမှာဖြစ်တာမို့ တကယ့်သတင်းအစစ်တွေ သိချင်ရင် လူထုမှာ နိုင်ငံခြား အသံလွှင့်ဌာနတွေ ဖြစ်တဲ့ VOA, BBC, AIR တို့ကိုသာ အားထားနေခဲ့ကြရပါတယ်။ ခုခေတ်လူငယ်တွေ VOA, BBC ကို သိကြဦးမှာဖြစ်ပေမယ့် AIR (All India Radio) ကို သိတော့မယ် မထင်ဘူး။

အဲဒီ့သတင်းဌာနတွေအနက်မှာမှ လူထု အားအရဆုံးနဲ့ အကြိုက်ဆုံးက ဘီဘီစီ။ ဘီဘီစီရဲ့ မင်းသားက ခရစ်(စ်) ဂန်းနက်(စ်)။ သူက ဗမာပြည် အရေးအခင်းသတင်းတွေကို အချိန်နဲ့ တပြေးညီ ပေးပို့နိုင်သူလေ။ အဲတော့ ဟုတ် ဟုတ် မဟုတ်ဟုတ်၊ သူလို့ နာမည်တပ်လိုက်တာနဲ့ လူထုက ချစ်ပြီးသားပေါ့။၁၉၈၈ မှာ RFA တို့၊ DVB တို့လည်း မပေါ်သေးပါဘူး။

ကျနော်က ဥရောပသမဂ္ဂရဲ့ ဘာသာပြန်သာဆိုတယ်၊ အဲဒီ့အချိန်က ဥရောပသမဂ္ဂမှာ သီးခြားရုံး မရှိသေးတာမို့ ကျနော့အတွက် ရုံးကို မြို့ထဲက ဗြိတိသျှ သံရုံးမှာ ထားပေးထားပါတယ်။ အဲတော့လည်း ဗြိတိသျှသံရုံး တရုံးလုံးက ကျနော့်အဖွဲ့တွေ ဖြစ်နေသလို ကျနော့်အတွက် မိခင်တပ်ရင်းလိုလည်း ဖြစ်နေခဲ့ပါတယ်။ အဲဒီ့မှာ အလုပ်လုပ်ခဲ့တဲ့ ၃ နှစ်ခွဲနီးပါးအတွင်းမှာ ကျနော်နဲ့ ထိတွေ့ဆက်ဆံခဲ့ရရုံမက ကျနော့ကို ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် နေ့လယ်စာပါ တခမ်းတနား ဖိတ်ကျွေးခဲ့ဖူးတဲ့ တခြားဥရောပနိုင်ငံက သံအမတ်ဆိုလို့ ဂျာမဏီ သံအမတ်ကြီးသာ ဖြစ်ပါတယ်။ ကျန်တဲ့ သံအမတ်တွေကိုတော့ မျက်နှာတောင် မမြင်ခဲ့ဖူးဘူးခင်ဗျ။ အဲသလို။

ကျနော်နဲ့ အရေးအခင်း

ဗြိတိသျှသံရုံးမှာ ပြန်ကြာရေးအရာရှိက မနီတာလို့ ကျနော်တို့က ခေါ်ကြတဲ့ ဒေါ်ယဉ်ယဉ်မေ။ တကယ်တော့ ပြန်ကြားရေးဆိုတာထက် နိုင်ငံရေးသတင်းတွေကို လိုက်ရတဲ့ အလုပ်ပေါ့။ ဗြိတိသျှနဲ့ ပတ်သက်တဲ့ ပြန်ကြားရေး အလုပ်က သူ့လက်ထက်မှာ အာကတံ ပါကတံလို ဖြစ်နေခဲ့ပါတယ်။

၁၉၈၉ ခုနှစ် ခရစ္စမတ်ကာလ ဗြိတိသျှသံအမတ်ကြီး Mr. Martin Morland နဲ့ ဇနီးရဲ့ ရုံးတွင်းဧည့်ခံပွဲမှာ မနီတာကို လက်ဆောင်ပေးနေတဲ့ ပုံပါ။

သူကလည်း သည်လှိုင်းတံပိုးထဲမှာ လူးလိမ့်မျောပါနေသူပီပီ မြန်မာ့နိုင်ငံရေးအခြေအနေကို အားမရဘူး ထင်ပါရဲ့။ နိုင်ငံရေး သတင်းလိုက်တဲ့အလုပ်ကို အင်တိုက် အားတိုက်လုပ်ပါတယ်။ သူတင်မဟုတ်ပါဘူး၊ အဲဒီ့အချိန်က ရုံးထဲက လုံခြုံရေးတာဝန်ကျတွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေပါမကျန် အားလုံးက မြန်မာ့နိုင်ငံရေး သတင်းတွေကို စိတ်ဝင်တစားရှိကြသလို ရုံးကိုလည်း ပြန်ပြောပေးကြပါတယ်။ ဘယ်မှာတော့ ပစ်ခတ်ကုန်ပြီ၊ ဘာစာရွက်တွေ ရလာပြီ၊ ဘယ်သူတွေတော့ အဖမ်းခံလိုက်ရပြီဆိုတာမျိုးလေးတွေပေါ့ခင်ဗျာ။ ကျနော်လည်း အဲဒီ့ အင်တိုက်အားတိုက်ထဲမှာ မလွတ်ပါဘူး။ မဆလရဲ့ ဒဏ်ကို ၂၆ နှစ်တာ အလူးအလဲ ခံထားရသူတွေချည်းပေကိုး။

ကျနော်က အဲဒီ့အချိန်မှာ လက်ထပ်ပြီးစ ပူပူနွေးနွေး။ အမေ့ရဲ့ ၃၉ လမ်းက တိုက်ခန်းမှာ လင်မယားနှစ်ယောက် ကပ်နေဆဲပါ။ ရုံးက ၃၉ လမ်း ကမ်းနားထိပ်၊ အိမ်က ၃၉ လမ်း၊ အနော်ရထာလမ်းနဲ့ မလှမ်းမကမ်း။ နေ့ခင်း ထမင်းစားချိန် တနာရီ ရတာကို အိမ်ပြန်ပြီး ထမင်းစားနိုင်တဲ့ အကွာအဝေးပေါ့။

အရေးအခင်း အရှိန်တက်နေချိန် တညနေ ရုံးအပြန် ကျနော်တို့ အနော်ရထာ ထိပ်က စင်မြင့်က တရားပွဲကို ဝင်မော့ရင်း မနေနိုင်တော့တာနဲ့ အဲဒီ့ စင်ကို ကွပ်ကဲသူတွေကို ချဉ်းကပ်ပြီး ကျနော်ရော ပြောလို့ရမလားလို့ မေးမိတယ်။ ကျနော်ကသာ မသိတာ၊ အမေ့အိမ်မှာ ကျူရှင်ဖွင့်ခဲ့သူ ကျနော့်ကို သူတို့က သိနေတယ်။ “ဟာ… ဆရာ ပြောမယ်ဆို အချိန်မရွေးပါ”ဆိုတာနဲ့ ကျနော်လည်း တရားတွေ ဟောပါရောလား။ အဲလိုနဲ့ ကျောက်တံတားမြို့နယ်မှာ ကျနော့်ကို အဟောကောင်းသူအဖြစ် လူနည်းနည်း သိလာတယ်။ ဟိုက ဖိတ်၊ သွားဟော၊ သည်က ဖိတ်၊ သွားပြောပေါ့။

စက်တင်ဘာလ ၁၈ ရက်နေ့ ညနေခင်း အာဏာသိမ်းချိန်မှာ ကျနော်ဟာ အဲဒီ့ အနော်ရထာလမ်း၊ လမ်း ၄၀ နဲ့ ၃၉ လမ်း ကြားက ဂျိုတီရုံ (သီဟရုပ်ရှင်ရုံ) ရှေ့မှာ ဟောလို့ ကောင်းနေဆဲပေါ့ခင်ဗျာ။

ထားပါတော့…

ကျနော့်ရဲ့ လှေကားထစ်

တရုံးတည်း လုပ်နေတော့ မနီတာကို ထောက်လှမ်းရေးက ခေါ်ခေါ်သွားတဲ့ သတင်းကို အရင်ဆုံး ကြားနေရသူတွေထဲ ပါခဲ့တာပေါ့။ ခေါ်သွားလိုက်၊ နောက်တရက် နှစ်ရက်နေတော့ ရုံးမှာ ပြန်တွေ့လိုက်ရ။ သူကတော့ ရယ်ရယ်မောမောပါပဲ။ ထောက်လှမ်းရေးက နှိပ်စက်တယ်ဆိုတာမျိုးလည်း သူ့ဆီက တခါမှ မကြားခဲ့ဖူးပါဘူး။

၁၉၉၀ နှစ်ကုန်ခါနီးမှာတော့ သူ့ကို ခေါ်သွားရုံမက တဖက်သတ် စစ်ဆေးစီရင်ပြီး ထောင်ချလိုက်ပါတော့တယ်။ ဘာမှုနဲ့လဲဆိုတာ နှစ်ပေါင်း ၃၀ နီးပါး ကြာချိန် ခုကျမှ ဖတ်ပြီး သိရပါတယ်။ အန်ကယ် ဦးကြည်မောင်နဲ့ အမှုတွဲမှန်းလည်း ခုမှသိရတာပါ။ ဦးကြည်မောင် ရာပြည့်ပွဲက မေတ္တာလက်ဆောင်ပေးလိုက်တဲ့ “ဦးကြည်မောင် (သို့မဟုတ်) အရိုးပုံပေါ်မှာ ဗိမ္မာန်မဆောက်လိုသူ”စာအုပ်ထဲမှာ သူ့ကို စစ်မေးခဲ့သူ ထောက်လှမ်းရေး အရာရှိရဲ့ လက်ရာရော၊ သူကိုယ်တိုင် ရေးထားတာကိုရော ဖတ်ရမှ သိတာပါ။

ရုံးမှာ သူမရှိတော့ချိန်မယ် ဘယ်သူကမှ တာဝန်မပေးဘဲ ကျနော့သဘောနဲ့ ကျနော် သူ့အလုပ်တွေကို လုပ်ပါတော့တယ်။ ကျနော့်အကြံနဲ့ ကျနော်ပါ။

ကျနော်က ဘဝကို ကိုယ့်ဒူးကိုယ်ချွန် ရုန်းကန် ကြိုးစားပြီး နေရာတနေရာ ရလာအောင် အားထုတ်နေတဲ့သူ ဖြစ်ပါတယ်။ ကျနော့်မှာ ဘာကျောထောက်နောက်ခံမှ မရှိဘူး။ မုဆိုးမ အမေတယောက်ပဲ ရှိတာ။ ရန်ကုန်မှာ ကျနော့်အမျိုးအဆွေ တကောင်တမြီးမှ မရှိဘူး။ အဲတော့ ကျနော့်အတွက် နေရာကို ကျနော့်ဘာသာ ဖန်တီးယူရမယ်ဆိုတဲ့ ဘဝပေးအသိက စွဲမြဲနေပါတယ်။

အငှားယာဉ်မောင်း ဘဝကနေ ဘာသာပြန်(အရာရှိ) ဖြစ်လာခဲ့ပါပြီ။ ဒါပေသည့် အဲဒါက ကျနော့်ဘဝ လမ်းဆုံး မဟုတ်ဘူး။ လှေကားထစ်သာ ဖြစ်တယ်လို့ ကျနော် နားလည်ထားပါတယ်။ ရုံးမှာဆိုရင် အရာရှိချင်းအတူတူ၊ ကျနော်က မနီတာထက် ရာထူးတဆင့် နိမ့်ပါတယ်။ လခလည်း သူ့ထက်နည်းပါတယ်။ သူက ဒေသခန့် ဝန်ထမ်းထဲမှာ အမြင့်ဆုံး၊ ကျနော်က ဒုတိယအမြင့်ဆုံးမှာသာ ရှိနေခဲ့တယ်။

ကျနော်နဲ့ အလုပ်တူ လုပ်နေသူ တခြား အနောက်နိုင်ငံ သံရုံးတရုံးကနေ အလုပ်ကြောင့် ခင်မင်လာသူ တယောက်ကဆို ကျနော့်ကို အတိအလင်း ပြောဖူးပါတယ်။ သူက ကျနော့်ထက် ၁၀ နှစ်လောက် အသက် ကြီးမယ် ထင်တယ်။ သံရုံးမှာ အလုပ်မဝင်ခင်က မဆလ စာနယ်ဇင်းမှာ လုပ်ခဲ့ဖူးတဲ့သူ။

“ဗမာပြည်မှာ အိုးမကွာ အိမ်မကွာ ဒေါ်လာစားနေရတဲ့သူဆိုတာ လက်တဆုပ်စာသာ ရှိပါတယ်။ အဲဒီ့ထဲကမှ အရာရှိအဆင့်နဲ့ အမြင့်ဆုံး ဒေါ်လာစားနေသူဆိုတာ လက်ချိုးရေလို့တောင် ရတယ်။ အဲဒီ့ထဲမှာ ပါနေမှပဲဟာ ဘာလုပ်ဖို့ နင်းကန် အလုပ်တွေ လုပ်နေရတာလဲ”တဲ့။ “အန္တရာယ်များပါတယ်”တဲ့။ သူက ကျနော့်ကို ညီတယောက်လို ချစ်ခင်တဲ့ စေတနာနဲ့ ပြောခဲ့ရှာတာပါ။

သူ့အတွက်တော့ ဟုတ်ပါလိမ့်မယ်။ ကျနော့်အတွက်တော့ သည်အလုပ်ဟာ အခုမှ အစ။ ကျနော့ရှေ့မှာ တက်စရာ လမ်းတွေ ကျန်နေသေးတယ်။ အဲတော့ ကျနော့နေရာကို ဖန်တီးယူနိုင်အောင် ကျနော် အစွမ်းပြဖို့ လိုပါတယ်။ ဒါ့ကြောင့် ဘယ်သူမှ မခိုင်းဘဲ၊ ဘယ်သူကမှ လွှဲမပေးဘဲ မနီတာ လုပ်ခဲ့တဲ့ အလုပ်တွေကို ကျနော် လုပ်ပါတော့တယ်။

ထောက်လှမ်းရေးနဲ့ ဝဋ်

တဖက်ကလည်း စစ်တပ် ထောက်လှမ်းရေးရဲ့ ဇကို သိတာမို့ အိမ်မှာ ဂျာကင်အင်္ကျီတထည် အသင့် ပြင်ထားပါတယ်။ စိတ်ပုတီး တကုံး၊ ပရိတ်ကြီး စာအုပ်တအုပ်၊ ငွေသား အနည်းငယ် ထည့်ထားပြီးပေါ့။ သင်းတို့ အချိန်မရွေး လာခေါ်နိုင်မှန်း သိနေပြီကိုး။

တကယ်လည်း မနီတာ ဝင်သွားပြီး ၂ လကျော်အကြာမှာ ကျနော့်ကို လာခေါ်ကြပါတယ်။ အဲတုန်းက သမီးက အခါလယ်၊ သားသားကိုယ်ဝန်က ၂ လကျော် ၃ လတွင်း ရှိနေပြီ။ ဧည့်စာရင်း စစ်မလို့ဆိုပြီး ည ၁၀ နာရီလောက်မှာ ရောက်လာကြတယ်။ ကျနော်လည်း ဂျာကင်လေးဆွဲပြီး အသာတကြည်ပဲ လိုက်သွားခဲ့ပါတယ်။ ဥပဒေနဲ့အညီ ဖမ်းဝရမ်းပါလားတို့၊ ဘာမှုနဲ့လဲတို့ မေးလို့ရတဲ့ နိုင်ငံမှာမှ မဟုတ်တာလေ။ “အစိုးရ လုပ်သမျှ အကုန်မှန်၊ လူထုဆိုတာ အစိုးရရဲ့ အသုံးတော်ခံ”ဖြစ်နေလေတဲ့ နိုင်ငံမှာ လူဖြစ်ရတဲ့ ကိုယ့်ကြမ္မာကိုသာ ရိုးမယ်ဖွဲ့ရုံ ရှိတာပေါ့။

အိမ်အောက်မှာတော့ မာဇဒါ အီးတူးသောင်ဇင် ကားတစီး စောင့်နေတယ်။ ကားပေါ် ရောက်တာနဲ့ ကျနော့် ခေါင်းပေါ် အိတ်အနက် တလုံး စွပ်ချလိုက်တယ်။ ပြီးတော့ ကမ္ဘာပတ်မောင်းပါတယ်။ နောက်ဆုံးမှာ သူတို့ စစ်ကြောရေးစခန်းကို ရောက်သွားပါတယ်။

ရင်ဆိုင်ရတဲ့ အရာရှိက ခပ်ရွယ်ရွယ်ပါ။ အရပ်ပြတ်ပြတ်၊ အသားဖြူဖြူ၊ မျက်လုံးပြူးပြူး။ လူပုံက ကြည့်လို့ ကောင်းပါတယ်။ မျက်ခွက်ကတော့ တကယ့် လက်မရွံ့ပါးကွက်သား မျက်ခွက်မျိုးနဲ့ ခင်ဗျ။ (နောင်အခါ ထောက်လှမ်းရေးတဖွဲ့လုံး အပြီးတိုင် ချုပ်ငြိမ်းမသွားခင် တနှစ်သာသာလောက် အလိုမှာ အဲဒီ့မောင်ဟာ ထောက်လှမ်းရေးကနေ ပြည်ထဲရေး လက်အောက်က တပ်ဖွဲ့တဖွဲ့ကို ရောက်သွားတယ်။ မကြာဘူး၊ သူ့မိန်းမနဲ့ ကလေးတွေ ဥပစ္ဆေဒကံနဲ့ တပြိုင်တည်း တိမ်းပါးကုန်ရှာကြတယ်။ ဝဋ်ဆိုတာ သိပ်ကြောက်စရာ ကောင်းမှန်း နားနဲ့ ဆတ်ဆတ် ကြားသိလိုက်ရတာပါပဲ။ အဲဒီ့နောက် မကြာခင်မှာ သူလဲ အဲဒီ့ဝန်ထမ်းဘဝက နုတ်ထွက်သွားတာ နောက်ဆုံး သိလိုက်ရပါတယ်။ ဘုန်းကြီးပဲ ဝတ်သွားသလိုလို ဘာလိုလိုလည်း ကြားရပါတယ်။ တကယ်ပဲ တရားကို တွေ့သွားမယ်ဆိုရင်တော့ သာဓု သုံးကြိမ် လှိုက်လှိုက်လှဲလှဲ ခေါ်ရမှာပေါ့ဗျာ။)

ထောက်လှမ်းရေး စခန်းမှာ ဝတ္ထုရေးသေးတဲ့ ကျနော်

သူတို့ မေးတာတွေ ကျနော် မှန်မှန်ကန်ကန်ပဲ ဖြေပေးပါတယ်။ ကျနော့အဆင့်နဲ့က သံရုံးအတွင်းသတင်းတွေ ဘာတခုမှ မသိပါဘူး။ ငိုအားထက် ရယ်အားသန်ကတော့ အဲဒီ့အချိန်က လူတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ စစ်တပ် ထောက်လှမ်းရေးခမျာမယ် ကျနော် ပြောပြတော့မှပဲ ကျနော်ဟာ ဗြိတိသျှသံရုံးရဲ့ ဝန်ထမ်းမဟုတ်ဘဲ ဥရောပသမဂ္ဂရဲ့ ဝန်ထမ်းဖြစ်ကြောင်း တအံ့တသြ သိသွားရှာကြတာပါပဲ။

အတော် တော်တဲ့လူတွေနော်။ ဗြိတိသျှ သံရုံး ပရဝုဏ်ထဲကို ရုံးဆင်း ရုံးတက် လုပ်နေတာနဲ့ ဘာမှ မစူးစမ်းတော့ဘဲ ဗြိတိသျှသံရုံး ဝန်ထမ်းလို့ တထစ်ချ မှတ်ယူထားကြတော်မူပါပေထသော အရည်အချင်းပြည့် ထောက်လှမ်းရေး စဆရကတွေပေါ့ ခင်ဗျာ။

ပထမတော့ ဘာမှန်း မသိဘူး။ ရုံးက အလုပ်တာဝန်တွေ မေးတယ်။ ဘာသာပြန်ဆိုတော့ တွေ့သမျှ စာရွက် အကုန် ဘာသာပြန်ပေးရတာပေါ့။ ဘယ်အဖွဲ့အစည်းက ထုတ်ထုတ် ပြန်ပေးရတယ်ဆိုတာပဲ ဖြေလိုက်ပါတယ်။ အဲဒါကို သူတို့ အငြင်းမပွားပါဘူး။

တော်ကြာနေတော့ ထွက်သွားကြ။ ကျနော်လည်း အိပ်တာပေါ့။ အိပ်လို့ ကောင်းနေတုန်း လာနှိုး၊ ငုတ်တုတ် ထထိုင်၊ တောင်မေး မြောက်မေး၊ အရေမရ အဖတ်မရတွေ မေးပြန်။ ကျနော့်ကိုယ်ရေးရာဇဝင် ရေးခိုင်းတော့ လိုက်ရေးဖို့ ပြောတယ်။ ကျနော် စာမရေးတတ်တော့ဘူး။ လက်နှိပ်စက်နဲ့ဆို ရေးပေးမယ်။ လက်နဲ့ဆို ကျနော့်နာမည်က လွဲလို့ သိပ်မရေးတတ်တော့ဘူးလို့ ပြောလိုက်တယ်။ အဲဒီ့မှာ နည်းနည်း အချေအတင် ဖြစ်လိုက်သေးတယ်။ နောက်ဆုံးတော့ အာဏာမဲ့၊ လက်နက်မဲ့၊ မတရားမှုကို ရင်ဆီးခံနေကျ ကျနော်ကပဲ လျှော့ရတာပေါ့လေ။

စာရွက်တထပ်နဲ့ မင်တံ တချောင်းရလာတော့ အကြိုက်ပေါ့ဗျာ။ ကိုယ်ရေးရာဇဝင်ကို တိုတိုကျဉ်းကျဉ်း ရေးပေးလိုက်ပြီး ဝတ္ထုထိုင်ရေးနေလိုက်တယ်။ “၉၁ နှစ်ဦး ကြမ္မာငင် ၄၈ နာရီ အမှတ်တရ”ဆိုတဲ့ ခေါင်းစဉ်နဲ့ မဟေသီ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဝတ္ထုတိုပါ။ ကျနော့်ရဲ့ တအုပ်တည်းသော ဝတ္ထုတို ပေါင်းချုပ်စာအုပ်မှာလည်း ထည့်ထားပါတယ်။

ကိုဇာဂနာနဲ့ ပထမဆုံး စတင်သိကျွမ်းစဉ်မှာ သူက “မြတ်”က ဘယ်သူလဲလို့ မေးခဲ့ဖူးပါတယ်။ အဲဒီ့ဝတ္ထုထဲမှာ ပါတဲ့ ဇာတ်ကောင်ပါ။ ကိုမင်းကိုနိုင်နဲ့ ပထမဆုံး စဆုံတော့လည်း အဲဒီ့ဝတ္ထုအကြောင်း မှတ်မှတ်ရရ ပြန်ပြောခဲ့ဖူးပါသေးတယ်။ အထဲမှာ သူတို့တွေ ဖတ်ဖြစ်ခဲ့တဲ့ ဝတ္ထုလေး၊ သူတို့ စိတ်ထဲ တင်နေတဲ့ ဝတ္ထုလေးပေါ့။

တော်တော်ကြာတော့ ကျေးဇူးရှင် ပြန်ဝင်လာတယ်။ ကျနော်က ရေးလို့ ကောင်းဆဲပါ။ ကိုယ်ရေးရာဇဝင်ရောဆိုတော့ ပြီးပြီလို့ ပြောလိုက်တယ်။ ဒါဆို ခု ဘာတွေ ရေးနေတာလဲတဲ့။ ဝတ္ထုပါဆိုတော့ သည်မှာ ကြုံတာတွေ ရေးနေတာလားတဲ့။ ဟုတ်ဘူး၊ အချစ်ဝတ္ထုဗျလို့ ဆိုတော့ သူတို့ လေသွားပြန်တယ်။ ရေးလို့ မရဘူးလို့ ဆိုတော့ နို့… သိမှ သိပဲ။ ရေးလို့တောင် ပြီးသလောက် ရှိနေပြီဆိုတော့ သူတို့က စာရွက်တွေ မင်တံတွေ သိမ်းတယ်။ ကျနော် အထွန့်တက်တယ်။ ကျနော့်ကို ပြန်လွှတ်တဲ့အခါကျရင်တော့ အဲဒီ့ စာရွက်တွေ ပြန်ပေးနော်လို့ ပြောလိုက်ပါတယ်။ ထောင်ချလိုက်မယ်ဆိုရင်တော့လည်း ကျနော့်မိသားစုကို ပေးပေးပါပေါ့။

နာနာဘာဝရဲ့ ကျေးဇူးတော်

ဗမာပြည်ရဲ့ ပထမဆုံးလည်း ဖြစ်၊ ယနေ့ထက်တိုင်လည်း ဘယ်သူမှ ထပ်မလုပ်ဖူးသေးတဲ့ အင်္ဂလိပ်လို ကတဲ့ အငြိမ့်ပွဲ ဓာတ်ပုံဖြစ်ပါတယ်။ နောက်မှာ ထိုင်နေသူ မင်းသမီးလေးကတော့ ကွယ်လွန်သွားခဲ့ရှာပြီ ဖြစ်လေတဲ့ ဗြိတိသျှနိုင်ငံသူ စန္ဒြာဖြစ်ပါတယ်။ ဘယ်ဘက်က လူရွှင်တော်က လှည်းတန်း ဦးဝင်းနိုင်၊ ညာဘက်က ကျနော်ပါ။ ၁၉၈၈ ခုနှစ် မတ်လအတွင်းက ဗြိတိသျှ သံရုံးရဲ့ ခန်းမအတွင်းမှာ ကခဲ့တာဖြစ်ပါတယ်။

တညလုံး နည်းနည်း အိပ်လိုက်၊ အနှိုးခံလိုက်၊ မေးတာ ဖြေလိုက် လုပ်နေရတယ်။ အဲတော့မှ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတယ်။ သူတို့ သိချင်တာက ကျနော် တင်ဆက်ခဲ့တဲ့ အငြိမ့်အကြောင်း။

“အဟောင်းထဲက အစုတ်တွေ”ရဲ့ အစ၊ ဟိုး ရှေ့ရှေ့မှာ ရေးခဲ့တဲ့အတိုင်း ၁၉၈၄ ခုနှစ်လောက်ကတည်းက ကျနော်ဟာ နိုင်ငံခြားသံတမန်တွေ၊ ကုလသမဂ္ဂက နိုင်ငံခြားသားတွေ ပါဝင်တဲ့ ရန်ကုန်အပျော်တမ်းပြဇာတ်အသင်းကိုဝင်ခဲ့ပါတယ်။ နိုင်ငံခြားသားတွေ တင်ဆက်တဲ့ ပြဇာတ်တွေမှာ မထင်မရှား အခန်းတွေက ဝင်သရုပ်ဆောင်ခဲ့ဖူးတယ်။ ကျရာ ဇာတ်စင်တာဝန်တွေ ယူခဲ့ဖူးပါတယ်။ ကြာတော့ သူတို့ဟာတွေချည်း ကြည့်နေ၊ ကနေရတာကို ဘဝင်မကျတော့တာနဲ့ ဗမာအငြိမ့်ကို တင်ဆက် ထုတ်လုပ်ဖို့ အားထုတ်ခဲ့ပါတယ်။

နိုင်ငံခြားသား ပရိသတ်နားလည်အောင် အငြိမ့်ကို အစမှ အဆုံးတိုင် အင်္ဂလိပ်လို ကပြဖို့ စီစဉ်တော့တာပါပဲ။ အဲဒီ့အချိန်က အဓိက ပံ့ပိုးပေးသူက ဒေါ်မေခင်ချော (ကွယ်လွန်) ဖြစ်ပါတယ်။ သူ့မောင်ဖြစ်သူ ဦးဝင်းနိုင် (လှည်းတန်း ဇေယျာသီရိလမ်းက အင်္ဂလိပ်စာ ဆရာကျော်) လည်း ကျနော်နဲ့ တွဲဖက်မယ့် လူရွှင်တော် အဖြစ် ပါလာပါတော့တယ်။ ခွန်းထောက်သဖြန်တွေ၊ မင်းသမီးခေါ် ဆိုင်းဆင့်တွေကအစ အင်္ဂလိပ်လို ဖြစ်အောင် ကျနော် ရေးပါတယ်။

သီချင်းက လေဘာတီ မမြရင်ရဲ့ ဦးသဝန်ကြောင် သီချင်းကို အင်္ဂလိပ်လို ဘာသာပြန်ဆိုလိုက်တာပါ။ မင်းသမီးက ဗြိတိသျှနိုင်ငံသူ လူဖြူအမျိုးသမီးလေး စန္ဒြာ။ ကျနော်တို့နဲ့ ဇာတ်တိုက်နေချိန်ကတည်းက သွေးကင်ဆာ ဝေဒနာရှင်ဖြစ်နေပါပြီ။ ကျနော့်အငြိမ့်မှာ ကပြပြီးနောက် တနှစ်လောက်အကြာမှာ ကွယ်လွန် တိမ်းပါးသွားခဲ့ရှာပြီလို့ သိရပါတယ်။ သူ့ကို မြန်မာသီချင်းသွားကို ဆိုတတ်အောင် ဝိုင်းဝန်း လေ့ကျင့်သင်ကြားပေးခဲ့ကြပါတယ်။ အကကိုတော့ ဂရိတ်ဦးဖိုးစိန်ရဲ့ သမီး ဒေါ်မြင့်မြင့်စိန်တို့က သူ့ကို သင်ပေးခဲ့တာပါ။ ပြက်လုံးတွေ၊ သံချပ်တွေလည်း အင်္ဂလိပ်လိုပါပဲ။

အားလုံး စိတ်တိုင်းကျပြီဆိုတော့ ၁၉၈၈ ခုနှစ် မတ်လအတွင်းမှာ အဲဒီ့ အငြိမ့်ကို ပရိသတ်ကြား ချပြခဲ့ပါတယ်။ အဲဒီ့အချိန်မှာ ကျနော် ဥရောပသမဂ္ဂမှာ အလုပ်မရသေးပါဘူး။ သို့သော် ပရိသတ်က အဲဒီ့အငြိမ့်ကို သဘောကျသွားခဲ့ပါတယ်။ သဘောကျသူတွေထဲမှာ အဲဒီ့အချိန်က ဗြိတိသျှ သံအမတ်ကြီးလည်း ပါတယ်။ သူ့ရဲ့ ဝန်ထမ်းများအတွက် ကျင်းပပေးတဲ့ နာတာလူး ခရစ္စမတ် ဧည့်ခံပွဲမှာ နောက်တချီ ကပေးဖို့ သူက မေတ္တာရပ်ခံလာပါတယ်။

ဟား… ဖိုးဆိုချင်၊ ဖိုးကချင်တွေပဲဟာ၊ ပွဲငှားသူ ရှိလာလို့ကတော့ အကြိုက်ပေါ့။ ဦးဝင်းနိုင်ကို ပြောတော့ ဦးဝင်းနိုင်ကလည်း အိုခေတဲ့။ မင်းသမီး စန္ဒြာကတော့ အဲတုန်းက မကွယ်လွန်သေးပေမယ့် သူ့တိုင်းပြည် သူပြန်သွားပြီ။ ဒါတော့ မခက်ပါဘူး။ သံရုံးက ဒေသခန့် ဝန်ထမ်း၊ စာရင်းကိုင် မမကို အကူအညီတောင်းလိုက်တယ်။ သူကလည်း လိုလိုချင်ချင်ဆိုတော့ ၁၉၈၈ ခုနှစ် ဒီဇင်ဘာမှာ အဲဒီ့ အငြိမ့်ကို နောက်တချီ ကဖြစ်သွားတယ်ပဲ တိုတို ဆိုကြပါစို့ရဲ့။

အဟဲ… ကျေးဇူးရှင် ထောက်လှမ်းရေးများက အဲဒီ့ အငြိမ့်ကို ဘယ်သူ ဇာတ်ညွှန်းရေးတာလဲ သိချင်တာ။ ကျနော်က ဘယ်သူမှ မဟုတ်ဘူး၊ ကျနော်ပဲ ရေးပါတယ်ပေါ့။ မရဘူး။ ဇွတ်ပဲ၊ တခြားသူတယောက်ယောက် ရေးပေးတာ ဖြစ်ရမယ် လုပ်နေကြတယ်။ ကျနော်ရေးတာဆို ကျနော့ကို ဇာတ်ညွှန်း ပြန်ရေးခိုင်းတယ်။ ဟာ… အဲ့လိုတော့ ဘယ်ရမလဲ။ ကခဲ့တာက ၁၉၈၈ ဒီဇင်ဘာ၊ သူတို့ စစ်တော့ ၁၉၉၁ ဇန္နဝါရီ။ နှစ်နှစ်ကြာခဲ့ပြီ။ ဘယ် မှတ်မိတော့မတုံး။

ကျနော့်ကို ဦးဝင်းနိုင် လိပ်စာမေးတယ်။ ဘာလို့ ဖြေရမှာလဲ။ ဟိုခမျာ သူ့ဘာသာသူ အေးအေး နေရှာတာကို။ ကျနော်လည်း ဝေ့လည်ကြောင်ပတ်တွေ လျှောက်ဖြေတယ်။ လှည်းတန်းမှာနေတာ၊ အိမ်ပဲ သိတယ်။ ဦးထွန်းလင်း ခြံလမ်းလား၊ ဘာလမ်းလားတော့ မမှတ်မိဘူး။ အဲဒီ့နားလေးပဲ သိတယ်လို့ ဖြေတာပေါ့။

ဇာတ်ညွှန်း မသိဘူးဆိုတော့ ကျနော့်ကို ဗှီဒီယိုပြတယ်။ အဲဒီ့မှာ အဖြေပေါ်သွားတယ်။ အဲဒီ့ ဗှီဒီယိုက ကျနော့် တယောက်တည်းမှာသာ ရှိတဲ့ ဗှီဒီယို။ ကျနော် ငှားခဲ့ဖူးသူကလည်း တယောက်တည်း။ အဲဒီ့မောင်က အခုတော့ သူ့ ဒုတိယ မိန်းမကျေးဇူးနဲ့ အမေရိကန်ပြည်ကြီးမှာ စမတ်တွေ ဂွမ်နေပါပြီ။ သူ့နာမည်က နာနာဘာဝ။ အာရပ်နွယ်ဖွား အကိုကုလား။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို မြန်မာ့ရုပ်မြင်သံကြားကတဆင့် မဲဆွယ်စကား ပြောကြတာတွေ ကြည့်ဖူးလိုက်သူတွေ မှတ်မိကြဦးမှာပါ။ စကားမပီတဲ့ အဲဒီ့ အကိုကုလားက သူသာ အာဏာရရရင် တရားမဝင် ကြေညာထားတဲ့ ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၂၅ ကျပ်တန်တွေ အကုန် ပြန်အမ်းပေးမယ်လို့ အာဘောင် အာရင်းသန်ခဲ့တဲ့သူ။

သူ့နာမည်က Nana Bawa ပါ။ လီဆယ်တာမဟုတ်ဘူး၊ တကယ့် နာမည်မှန်။ နေတာက ရွှေတိဂုံ ဘုရားလမ်းမှာ။ သူ့ ဒုတိယ မိန်းမက ကုလားမ ချောချောလေး။ မိန်းမ ပြပြပြီး သင်းက သံရုံး အသိုင်းအဝိုင်းကို ချဉ်းကပ်နေတာ။ အဲဒီ့မောင်က ကျနော့်ကို လာလာ ပေါင်းနေတာ။ ကျနော်ကလည်း လူတကာကို အဆင်ပြေအောင် ပေါင်းတတ်သူဆိုတော့ သူ့လည်း လက်ခံနေခဲ့တာပ။

သူက အဲဒီ့ခွေ ငှားချင်တယ် ဆိုတော့လည်း အလွယ်တကူ ငှားချလိုက်တာပ။ ကျောချတော့မှ သင်းက အဲဒီ့ခွေကို ပွားယူပြီး ထောက်လှမ်းရေး လက်ထဲ ထည့်လိုက်မှန်း သိတော့တယ်။

အပြစ်တော့ မတင်ရက်ပါဘူး။ သူလည်းလေ လောကီသားပေမို့ ကြောက်ရွံ့လှပေလိမ့်မယ်လို့သာ တွေးခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ကို သတိထားပြီး ခပ်ခွာခွာတော့ ထားခဲ့ရပေသပေါ့။ တလောဆီက စာအုပ်မျက်နှာစာ လူမှုမီဒီယမ်က တဆင့် သူ ကျနော့်ကို မိတ်ဆွေလာဖွဲ့ပါတယ်။ ကျနော် လက်မခံတော့ပါဘူး။ အကျိတ်အခဲ ရှိလို့တော့ မဟုတ်ပါဘူး။ ပြီးတာတွေက ပြီးခဲ့ပြီပဲလေ။ သို့သော် ကျနော့်ရဲ့ စာအုပ်မျက်နှာစာထဲက မိတ်ဆွေစာရင်းကို အတတ်နိုင်ဆုံး ချုံ့ထားချင်တဲ့ စိတ်နဲ့ပါပဲ။ သူနဲ့ ဆက်လက် မိတ်ဆွေ ဖြစ်နေရလောက်အောင် ခင်မင်ကြတာမျိုးမှ မဟုတ်ဘဲလေ။

ဆွမ်းခံဖော်မှားလို့ ငှက်သင့်ရှာလေတဲ့ ကိုယ်တော် ဦးဝင်းနိုင်

ပြောလက်စ ပြန်ဆက်ရရင်တော့ ထောက်လှမ်းရေးက အခွေကြီးဖွင့်ပေးထားပြီး ကျနော့ကို လုံးကောက် လိုက်ခိုင်းပါတယ်။ အဲဒီ့ခေတ်က ခပ်ညံ့ညံ့ကင်မရာနဲ့ ရိုက်ထားတဲ့အပြင် အထပ်ထပ် ကူးထားတဲ့ ခွေမို့ အရုပ်အရည်အသွေး၊ အသံအရည်အသွေးတွေက သိပ် မကောင်းလှပါဘူး။ ကျနော် ရိပ်မိလိုက်တယ်။ ကျနော်တို့ လူရွှင်တော်တွေ ပြက်နေတဲ့ အင်္ဂလိပ်လို ပြက်လုံးတွေကို သူတို့ နားမရှင်း၊ လိပ်ပတ်မလည်မှန်း။

ဘာသာစကားနဲ့ လုပ်စားနေတဲ့ ကျနော့်ကို အဲလို လုံးကောက် လိုက်ခိုင်းလို့ကတော့ လှပြီပေါ့။ သံတူ ကြောင်းကွဲတွေနဲ့ ဖော့ပစ်လိုက်တာပေါ့ဗျာ။ အမှန်တော့ သံရုံး ပရဝုဏ်အတွင်းမှာ ကတဲ့ အငြိမ့်မို့ အစိုးရကို ကလော်ထားတဲ့ ပြက်လုံးတွေ ပါတာပေါ့။ တော်တော့်ကို ပြင်းတာတွေတောင် ပါသေးတယ်။ ဒါ့ကြောင့်လည်း လူကြိုက်များခဲ့တာပ။

ကျနော့်ကို ဗှီဒီယိုခွေ ထိုးပေးပြီး ပြောတဲ့စကားတွေကို ပြန်ရေးခိုင်းချိန်မှာတော့ ၅၀ % မက ပေါ့သွားပါပြီ။ ဘာသာစကားနဲ့ပတ်သက်ရင် ကျနော်က ဉာဏ်နီဉာဏ်နက်သာမက ဉာဏ်သက်တံရောင် ခုနစ်စဉ်နဲ့ လူပဲဟာ။ အေးဆေးပေါ့။

မအေးဆေးတာက ထောက်လှမ်းရေးတွေ။ နောက်တရက် မိုးလင်းတော့ ကျနော့်ကို ခေါ်ထုတ်တယ်။ ခေါင်းကို အိတ်စွပ်တယ်။ နေဦးဗျ… အဲဒီ့ညကလည်း တပိုတပါး သွားချင်တဲ့အခါတိုင်း ရေအိမ်ဆီအသွားမှာ ခေါင်းကို အိတ်စွပ်ပြီးမှ သွားရတာလည်း ထည့်ပြောမှ ပြည့်စုံမယ်။ အဲ… နောက်တရက်မနက်လည်း ခေါင်းကို အိတ်စွပ်၊ ကျနော့်ကို ကားပေါ်တင် ခေါ်သွားပြန်တယ်။ ဘာမှန်း မသိဘူး။ ပြန်များ လွှတ်တာလားတောင် အောက်မေ့သေးတယ်။

ဘယ်ဟုတ်မတုံး။ အိတ်ဖွင့်လိုက်တော့ လှည်းတန်းနား ရောက်နေပြီ။ ဦးဝင်းနိုင် အိမ်ကို လိုက်ပြခိုင်းပေတော့တာကိုး။ ဟိုရောက်တော့ ဦးဝင်းနိုင်ကို တန်းတွေ့ပါတယ်။ စိတ်မကောင်းခြင်း ကြီးစွာနဲ့ပဲ သူ့ကို ကျေးဇူးရှင်တွေ လာပင့်တဲ့အကြောင်း ပြောပြရတယ်။ သူလည်း အီလည်လည်နဲ့ ပါလာတော့တာပေါ့။

အဲဒီ့ဖြစ်ရပ်ကြောင့် နောင်အခါမှာ ဦးဝင်းနိုင်ဟာ ကျနော် သူ့ဆီ သွားတိုင်း ကသိကအောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာ အရင့်အမာ ရသွားတယ်လို့ သူနဲ့ တလမ်းတည်းနေသူ ဆရာမျိုးမြတ်သူ (ခေါ်) ကမျိုးသန့်က ကျနော့်ကို ပြောပါတယ်။ တဆင့်ကြား စကားမို့ ဟုတ်မဟုတ် မသေချာပေမယ့် ကျနော့်ကြောင့် တဖက်သား အနှောင့်အယှက် မဖြစ်စေချင်တဲ့ စိတ်ကြောင့် ဦးဝင်းနိုင်ကို ကျနော်ချစ်သည့်တိုင်၊ အဲဒီ့နား ရောက်ဦးတောင်မှ သူ့ ကျောင်းဆီ လုံးဝ ခြေဦးမလှည့်ဖြစ်ခဲ့တော့ပါဘူး။

ဟိုကျတော့ ကျနော့်ကို နေ့ခင်းကြောင်တောင်မှာတောင် မှောင်မည်းနေတဲ့ အခန်းလေးတခန်းထဲ ပိတ်လှောင် ထားလိုက်ကြပါတော့တယ်။ ဖျာစုတ်လေးခင်းထားတဲ့ ကွပ်ပျစ်လေး တချပ်ရှိတယ်။ ပြတင်းတံခါး မရှိဘူး။ လေယာဉ်သံတွေတော့ ကြားနေရပါတယ်။ လေယာဉ်ကွင်းနဲ့ အလွန်နီးတဲ့ နေရာလို့ ခန့်မှန်းမိရတယ်ပေါ့။

ထောက်လှမ်းရေး ကျေးဇူးတော်

ထမင်းကျွေးရင် တံခါးအောက်ကနေ ဟင်းပုံထားတဲ့ ထမင်းပါ သံပန်းကန်ပြားကို ထိုးထည့်ပေးပါတယ်။ ယဉ်ယဉ်ကျေးကျေးလေးပေါ့ဗျာ။ စားချင်သောက်ချင်စိတ် မရှိပေမယ့် သည်ခန္ဓာအတ္တဘောကြီး ရှင်သန်ရေး အတွက်ဆိုတဲ့ အသိနဲ့ ဖျစ်ညှစ်စားပါတယ်။ အသားဟင်းလေးတော့ ပါတယ်။ ဆန်က ကျနော့အတွက်တော့ ကြမ်းနေတယ်ပေါ့။ ဒါပေမယ့် ဆန်ဖြူပါ။

တယောက်တည်းအချုပ်မခံဖူးသူ ကျနော့်အတွက်တော့ နေ့မှန်း ညမှန်း မသိရတဲ့ အခန်းကျဉ်းလေးထဲမှာ နေနေရခြင်းဟာ တော်တော်တော့ မနိပ်ပါဘူး။ တောင်တွေး မြောက်တွေးနဲ့ စိတ်တွေ လေးလံနေပါတယ်။ ကြောက်သလိုလို ရွံ့သလိုလိုလည်း ဖြစ်လို့နေတယ်။

မနီတာဆိုတဲ့ ဟိုမိန်းမကြီး ဒါတွေကို ဘယ်လိုများ အပြုံးမပျက် တခွီးခွီးနဲ့ ရယ်မော ရင်ဆိုင်သွားပါလိမ့်လို့လည်း တွေးမိရတယ်။ တကယ့်တကယ်ဆို ကျနော့်ကိုယ်ကျနော် သူ့ထက် နိုင်ငံရေး ခံယူချက် ပြင်းပြသူလို့ ထင်မှတ်ထားခဲ့တာပါ။ ပြီးတော့ ကျနော်က အတောင် ၂၀ ဝတ်ကြီးလေ။ ဘာလို့ တုန်လှုပ်နေရတာတုံးလို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် ဒေါသဖြစ်လာတယ်။

အတွေးက ဆက်သွားတယ်။ သူ အပြုံးမပျက်တာ၊ ကျနော် တုန်လှုပ်နေတာ အားလုံး သူ့ဘဝနဲ့သူ တရားတယ်လို့ တွေးမိရပြန်တယ်။ သူက မိန်းမသား၊ အပြင်မှာ ကျန်ရစ်ခဲ့တာက ယောက်ျားသားကြီးရယ်၊ အရွယ်ရောက်နေတဲ့ သားနှစ်ယောက်ရယ်။ ကျနော် အပြင်မှာ ထားခဲ့တာက ကိုယ်ဝန်နဲ့ ဇနီးသည်၊ အမေ မုဆိုးမ၊ အခါလယ်ကျော်စ သမီးငယ်။ သူက အပြင်ကို သိပ်ပူစရာ မလိုဘူး။ ကျနော်က အပြင်မှာ ကျန်ရစ်သူတွေအတွက် တွေးတောပူပင်ပြီး တုန်လှုပ်နေတာပေကပဲ။ ကျနော်လည်း တရားတယ်၊ သူလည်း တရားပါတယ်။ (အဲဒီ့အချိန်က မနီတာ အထဲဝင်ချိန်မှာ ကိုယ်ဝန်ပါသွားမှန်း ကျနော်မသိသေးပါဘူး။)

ဆက်တွေးဖြစ်တဲ့အခါ စိတ်က တအားကို ပေါ့ပါးလွတ်လပ်သွားပါတော့တယ်။ ကျနော်တွေးတာက အရှင်းလေးပါ။ ကျနော့ကံကြမ္မာကို ကျနော် မသိသေးဘူး။ သည်မောင်တွေ ကျနော့်ကို အမှုဆင်နေပြီ ဆိုတာတော့ ကောင်းကောင်း သတိထားမိတယ်။ ထောင်ကျချင်လည်း ကျမယ်။ ဘာ

သည်ပုံတွေက ၁၉၈၈ ခုနှစ် ဧပြီလထုတ် ရုပ်မြင်သံလွှင့် မဂ္ဂဇင်းမှာ ကျနော်နဲ့ တွဲဖက် လူရွှင်တော် ကိုဝစ္စကီ (ဦးဝင်းနိုင်) က ဘသားချော ကလောင်အမည်နဲ့ ရေးထားတဲ့ အငြိမ့်အကြောင်း ဆောင်းပါးပါ။)

အရေးလဲ။ သည်မောင်တွေ့ လက်ချက်နဲ့ ထောက်လှမ်းရေးအချုပ်ထဲမှာတင်ပဲ လူမသိသူမသိ သေကျေသွားခဲ့ရသူတွေတောင် ရှိသေးတာ။

(မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် သူရဲကောင်းတဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ဗထူးရဲ့ သားအရင်း၊ သူတို့လူရင်းဖြစ်တဲ့ ဗိုလ်ကြီးမြင့်ထူးတောင်မှ ထောက်လှမ်းရေးစခန်းမှာ အနှိပ်စက်ခံရင်း လူမသိ သူမသိ အသက်ပေးသွားခဲ့ရဖူးတာကို နောက်ပိုင်းမှ သိရပါတယ်။ ရင်ထဲမှာ နင့်နေတာပဲ။ ထားဝယ်ကနေ မောင်းမကန်ဘက်ကူးတဲ့အခါ ဗိုလ်မှူးကြီးဗထူးရဲ့ ရုပ်တုကြီးက မားမားကြီး ကြိုနေတယ်။ သူ့ဘေးမှာ ဗိုလ်ကြီးမြင့်ထူးရဲ့ ရုပ်တုကို ဘယ်တော့များမှ မြင်ရပါ့မလဲ… မြင်ရစရာ အခြေအနေမျိုးကရော သည်နိုင်ငံမှာ ဖြစ်လာစရာ အကြောင်း ရှိပါသေးရဲ့လား…)

ကျနော့်ကြမ္မာကိုလည်း ကျနော် မသိနိုင်ဘူး။ သူတို့သတ်လိုက်လည်း သေသွားမှာပဲ။ နှိပ်စက်လည်း ခံရမှာပဲ။ ဘာမှ မတတ်နိုင်တဲ့ ကိုယ့်အခြေအနေကိုယ် သိလာတယ်။ ရှင်နေလို့သာ ပူနေတာ၊ သေသွား၊ ပူနိုင်တော့မှာ မဟုတ်ဘူး။ ကျနော်သေသွားလို့ ကျနော့်ကို သိပ်ချစ်ပါတယ်ဆိုတဲ့ မေမေ၊ ဇနီး၊ သမီးတို့လည်း ကျနော့်နောက် လိုက်သေကြမှာ မဟုတ်ဘူး။ သတ္တဝါတို့ရဲ့ အငုံ့စိတ်နဲ့ ဆက်လက် ရှင်သန်နေထိုင်သွားကြမှာ မြေကြီးလက်ခတ် မလွဲဘူး။ အဲတော့ ဘာဖြစ်လို့ သူတို့အတွက် ပူနေမှာလဲ။ ပူနေရင် ကျနော် ရူးတာသက်သက်။

အဲဒီ့အတွေးနဲ့ ကျနော် နေရထိုင်ရတာ လွတ်လပ်ပေါ့ပါးသွားတယ်။ ဘာမဆို ရင်ဆိုင်ဖို့လည်း အသင့်ဖြစ်သွားပါတော့တယ်။ အဲဒီ့နေ့ အဲဒီ့ရက်ကစပြီး ကျနော်ဟာ ဘာကိုမှ သိပ်မပူပင်မိတော့တာ ကနေ့အထိပါပဲ။ သည်အတွက် ဗိုလ်ခင်ညွန့်နဲ့ အပေါင်းပါ အဲဒီ့ခေတ် ထောက်လှမ်းရေးက တာဝန်ရှိသူအပေါင်းကို ကျေးဇူးတင်ရပါလိမ့်မယ်။ သူတို့ ကျေးဇူးနဲ့ ရသင့်တဲ့ တရားအမြင်တခု ရခဲ့တာကို။ သာဓုပါ ကိုယ်တော်ကြီးများ။

အဲဒီ့ညမှာ ကျနော့်ကို စစ်ပြန်တယ်။ ဦးဝင်းနိုင်က ဇာတ်ညွှန်းကို သူရေးတာလို့ ပြောနေပြီတဲ့။ ကျနော်ကလည်း မဟုတ်ဘူး၊ ကျနော်ရေးတာပါပေါ့။ ဘယ်လိုမေးမေး သည်တိုင်းသာ ကျနော် ဖြေပါတယ်။ ဒါနဲ့ပဲ အဲဒီ့တညလည်း ပြီးသွားပြန်တယ်။

ခံနေရရှာတဲ့ ဦးဝင်းနိုင်

နောက်တရက်မနက်ကျတော့ ကျနော့်ကို အခန်းတခန်းထဲ ခေါ်သွားပါတယ်။ သူတို့ တပ်မှူးလို့ ယူဆရသူ လူရည်သန့်တယောက်က လက်ချာပေးပါတယ်။ စကားလုံးတွေက ဆဲဆိုတာ မပါပေမယ့် ရိုင်းပြတယ်။ မျက်နှာဖြူ သခင်ကြီးတွေအလိုကျ ကပြနေတယ်ဆိုတဲ့ အသုံးမျိုးအထိ ပါပါတယ်။ ပြောပေါ့ကွာ။ မင်းတို့က နိုင်နေတဲ့ ကောင်တွေပဲ။ လူကြီးလူကောင်းရဲ့ အမူအကျင့်၊ အပြောအဆိုနဲ့ မင်းတို့နဲ့က ပြဒါးတလမ်း သံတလမ်းပဲလေ။

ဒါပေသည့် ကျနော် ပြောဖြစ်အောင် ပြောခဲ့တာတော့ ရှိတယ်။ သူတို့အပေါ် အာဃာတ မရှိတဲ့အကြောင်း။ ကျနော်လည်း ကျနော့်အလုပ် ကျနော်လုပ်နေတာဖြစ်ပြီး သူတို့လည်း သူတို့အလုပ်သူတို့ လုပ်နေတာလို့သာ နားလည်ကြောင်း၊ ကျနော်က ကျနော့်အတွက် လုပ်ခ လစာပေးထားသူတွေအပေါ်မှာ သစ္စာရှိစွာ အမှုထမ်းရမှာ ဖြစ်သလို သူတို့လည်း အလားတူဖြစ်တယ်လို့ပဲ နားလည်ကြောင်း၊ လူလူချင်း ပုဂ္ဂိုလ်ရေးအာဃာတ တစတမျှင်မှ မရှိကြောင်း ပြောလိုက်တာပါ။

ပြီးတော့ ကျနော့်ခေါင်းကို အိတ်ကြီးစွပ်ကာ အလာတုန်းက နည်းတူ အိမ်ပြန်ပို့ပေးကြပါတော့တယ်။ လမ်းမှာ ခေါင်းစွပ်ဖြုတ်ပေးတော့ ဦးဝင်းနိုင်ကို မချိပြုံးနဲ့ တွေ့ရပါတယ်။ တယောက်နဲ့ တယောက် ခေါင်းညိတ် နှုတ်ဆက်ပေါ့။ လှည်းတန်းမှာနေတဲ့ ဦးဝင်းနိုင်ကို အရင်ပို့၊ ပြီးမှ ကျနော့်ကို ပို့ပေါ့။ ကျနော့်ရဲ့ အဆုံးသတ်ခါနီး ဝတ္ထုတို စာရွက်တွေလည်း မပျက်မကွက် ပြန်ပေးကြပါတယ်။

နောက်ပိုင်း ဦးဝင်းနိုင်နဲ့တွေ့တော့မှ လှတယ်။ သူ့ကို စစ်တော့ သူကလည်း ဇာတ်ညွှန်း သူရေးတာပါလို့ ပြောသတဲ့။ ကျနော်ကလည်း ကျနော်ရေးတာပါပေါ့။ နှစ်ယောက်စလုံးက ခေါင်းခံနေကြတာပါ။ ဒါကို သူတို့က မပေါ်ပေါ်အောင် မစစ်ပါဘူး။

အမှန်တော့ သူတို့က အဲတုန်းက ဦးဝင်းနိုင်တယောက် “ဘသားချော” ကလောင်အမည်နဲ့ အဲဒီ့အငြိမ့်အကြောင်း ရေးထားတဲ့ ရုပ်မြင်သံလွှင့် မဂ္ဂဇင်းကို မဖတ်ဖူးလို့ပါ။ အဲဒီ့ထဲမှာ ဦးဝင်းနိုင်က “နောက်ဆုံး အစီအစဉ်အဖြစ် စန္ဒြာ အငြိမ့်ကို စီစဉ်တင်ဆက်သည်။ စန္ဒြာအငြိမ့်တွင် လူရွှင်တော် ဘီယာအဖြစ် အောင်သိန်းကျော်၊ ဝီစကီအဖြစ် ဝင်းနိုင်တို့ ပါဝင်ပြီး အောင်သိန်းကျော်ကပင် စီစဉ်ညွန်ကြားသူအဖြစ် ဆောင်ရွက်သည်”လို့ ရေးထားပါတယ်။ သူတို့က အဲဒါကို မသိဘဲ စစ်တော့ ကျနော်တို့ နှစ်ယောက်စလုံးက ကျနော်ပါ၊ ကျနော်ပါ လုပ်လို့ ကောင်းသွားခဲ့တာပေါ့ဗျာ။

အားလုံး သတ္တုချတော့ ကျနော့်ကို ခြိမ်းခြောက်သတိပေးလိုက်တာပဲလို့ နားလည်လိုက်မိရပါတော့တယ်။ အဲဒီ့ နောက် တနှစ်လောက်အကြာ၊ ကျနော် ဗြိတိသျှ သံရုံးမှာ ထိုင်ရတဲ့ အလုပ်က ထွက်ပြီး လမ်းတဖက်သာ ခြားတဲ့ သြစတြေးလျ သံရုံးဆီ မပြောင်းရွှေ့ခင်လေးမှာ အပျော်တမ်း ပြဇာတ်အသင်းက တင်တဲ့ ပွဲ၊ ကျနော်ပဲ စီစဉ် ထုတ်လုပ်တဲ့ ဂီတဖျော်ဖြေပွဲ (စိုင်းထီးဆိုင်နဲ့ စိုးသူတို့ လာရောက် ကူညီ သီဆိုပေးခဲ့ကြပါတယ်) မှာ အဲဒီ့ ထောက်လှမ်းရေးက လူနှစ်ယောက် ရောက်လာကြတာ တွေ့ရတယ်။ ကျနော် စီစဉ်တဲ့ ပွဲမို့ သူတို့ ဝင်လာတဲ့ လက်မှတ်ကို တိုက်ဆိုင် စစ်ဆေးလိုက်တော့ ဦးဝင်းနိုင်နာမည်နဲ့ ဝယ်ထားတဲ့ လက်မှတ်တွေ ဖြစ်နေပါတယ်။

ကျနော် သိလိုက်ပါပြီ။ သူတို့ ဦးဝင်းနိုင်ကို အသုံးချနေပြီဆိုတာ။ ကျနော့်ကြောင့် ကြားချောင်က အခြောက်တိုက် ခံနေရသူ ဦးဝင်းနိုင်ကို ကျနော် သိပ်အားနာသွားပါတယ်။ သူက အေးအေး နေချင်တဲ့သူ ဖြစ်တဲ့အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါတွေနဲ့မှန်း ကျနော် သိထားတယ်။ အဲသလိုလူကို သွားဖိအားပေးနေတာက ကျနော့်ကြောင့်။ အဲဒါကြီးကတော့ တယ်မဟုတ်လှဘူး။ ဒါနဲ့ ကျနော် ဦးဝင်းနိုင်ဆီကို သွားပါတယ်။ နောက်တခါ ဦးဝင်းနိုင်ဆီ လာရင် ကျနော့်ဆီသာ လွှတ်လိုက်ပါ။ သူတို့ ကျနော်နဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်လို့ ပြောပေးပါလို့ ပြောလိုက်ပါတယ်။

သူတို့ချည်းပဲ စိမ့်ဝင်ထိုးဖောက်နေကြေးလား

ရေငတ်နေတဲ့ ကိုယ့်လူတွေ ရေတွင်းထဲကို ပျော်ပျော်ပါးပါး ကျလာပါတော့တယ်။ ကျနော်နဲ့ ပုံမှန် လာတွေ့ကြတယ်။ ကျနော့်ဆီက သတင်းနှိုက်ကြတယ်။

ကျနော့်လိပ်ပြာက သန့်ပါတယ်။ (၁) ရှေ့မှာ ရေးခဲ့သလို ကျနော့်အဆင့်လောက်နဲ့ ဘာအတွင်းသတင်း၊ လျှို့ဝှက်သတင်းမှ မရနိုင်ပါဘူး။ အလွန်ဆုံးမှ ရုံးကို ဘယ်သူလာသွားတယ်လောက်ပဲ ပြောနိုင်မှာပါ။ အဲဒါကတော့ ရုံးပတ်ဝန်းကျင်မှာ မပြတ်ရှိနေတဲ့ သူတို့ လူတွေဆီက အလွယ်တကူ သိနိုင်နေတဲ့ အကြောင်းအရာမျိုးပါ။ အထဲကျ ဘယ်သူနဲ့ တွေ့တယ်ဆိုတာတော့ ကျနော် သိတဲ့အခါလည်း ရှိ၊ မသိတာအခါလည်း ရှိတာပေါ့။ ဘာတွေ ပြောတယ်ဆိုတာတော့ ကျနော် ဘယ်သိနိုင်ပါ့မလဲ။ ကျနော်နဲ့တွေ့တဲ့သူတွေလည်း ရှိတာပဲ။ ခက်တာက ကျနော့်မှာ ဧည့်က ပြတ်တယ်မှ မရှိတာ။ လူပေါင်းစုံနဲ့ တွေ့နေတာ။ ဘာတွေ ပြောလဲဆိုတာကျတော့ ကျနော် ပြောချင်မှ ဖြစ်တာလေ။ (၂) ကျနော့်ကြောင့် ဘယ်သူ့ကိုမှ ပြဿနာဖြစ်အောင် မလုပ်ခဲ့ပါဘူး။ တနည်းပြောရင် ကျနော် ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဖူးဘူး။ (၃) ကျနော့် ရုံးက ကျနော့်ကို တိုက်ရိုက်ကြီးကြပ်တဲ့ အထက်အရာရှိ (ဒုတိယ အကြီးအကဲ)ကို ကျနော့်ဆီ သည်မောင်တွေ ပုံမှန် လာတတ်ကြောင်း အသိပေးထားပါတယ်။ သူတို့ကတော့ နားလည်တယ်။ သည်မောင်တွေနဲ့ မိတ်ဆွေဖြစ်နေခြင်းက ရဖို့ခက်တဲ့ အဲဒီ့ဘက်က သတင်းအချက်အလက်တွေ ရနိုင်တာကိုး။

သတင်းအချက်အလက်ဆိုလို့လည်း သိပ်အကြီးကြီးတော့ မဟုတ်ဘူး။ အခုကာလ လူမှုမီဒီယာမှာ လူတကာ သိနိုင်တဲ့ သတင်းမျိုးတွေပါ။ အဲဒီ့ကာလက သတင်းမှောင်ချထားတာမို့ ဌာနတခုမှာ အသစ်ခန့်လိုက်တဲ့ ဝန်ကြီး၊ ဒုဝန်ကြီးစတာတွေရဲ့ နောက်ကြောင်းရာဇဝင်၊ ထမ်းဆောင်ခဲ့ဖူးတဲ့ တာဝန်စတာမျိုးတွေ၊ ဘယ်သူ့ကို ဘာမှုနဲ့ အရေးယူထားတယ်ဆိုတာမျိုးတွေတောင် တော်တော်တန်တန် မသိရနိုင်ဘူး။ အဲဒါမျိုး အချက်အလက်တွေကျ သူတို့ဆီက ရဖို့ လွယ်တယ်လေ။

ကျနော့ရဲ့ ပြင်းထန်တဲ့ အမြင်တခုလည်း ရှိသေးတယ်။ ထောက်လှမ်းရေးကသာ လူထု လူတန်းစား အလွှာ အသီးသီးထဲမှာ ဝင်ရောက်ထိုးဖောက် မွှေနှောက်နေတာ။ အတိုက်အခံဘက်မှာလည်း သူတို့လူတွေ မနည်းဘူး။ ကျနော်တို့ဘက်ကကျတော့ သူတို့နဲ့ ပတ်သက်ရမှာကို သေမလောက် ကြောက်ကြတယ်။ သူတို့ကို ရွံကြတယ်၊ ရွံ့ကြတယ်။ သည်အတွက် ကစားကွက်နဲ့ တွက်ရင် ကျနော်တို့က အမြဲတမ်း တပန်းရှုံးနေတယ်။ ကျနော်တို့ကလည်း သူတို့ဘက်ကို ထိုးဖောက်နိုင်ရမယ်၊ သူတို့ စိတ်တွေကို ရသလောက် စည်းရုံးနိုင်ရမယ်။ ဒါမှ လက်ရည်တူမှာ။ အဲလို ကျနော်က ခံယူတယ်။

သည်လိုနဲ့ ဦးဝင်းနိုင်အပေါ် ဖိစီးနေတဲ့ ဝန်ကို ကျနော့်သဘောနဲ့ ကျနော်လွှဲပြောင်းယူခဲ့ပါတယ်။ အဲဒီ့အတွက် ကျနော် လုပ်သင့်တာကို လုပ်တယ်လို့ပဲ ယနေ့အထိ မမှိတ်မသုန် ယုံကြည်ပါတယ်။ မထင်မှတ်ဘဲ ထွက်လာတဲ့ အမြတ်ကတော့ သူတို့နဲ့ မိတ်ဆွေတွေ ဖြစ်လာတဲ့အတွက် နိုင်ငံရေး သတင်းလိုက်ရာမှာ သိပ်ကြောက်စရာ မလိုတော့ဘူး။ လိုင်စင်ရသလို ဖြစ်သွားတယ်။

သတင်းသမားရဲ့ သဘာဝ

သတင်းလောကရဲ့ သဘောကတော့ ကွန်ရက်ကျယ်ကျယ်ဖြန့်နိုင်လေ၊ သတင်းဦးလေ၊ ကပ်ကပ်သတ်သတ်၊ ရှာရှာဖွေဖွေ ခဲခဲယဉ်းယဉ်း သတင်းတွေ ရနိုင်လေပါပဲ။ သတင်းသမားဆိုတာ ကြက်ရေသောက်သလို ကိုယ့်ဘက်က အယူချည်း လုပ်နေလို့ မရဘူး။ ကိုယ်ကလည်း ပြန်ပြန်ပေးရတာပေါ့။ ကျနော် ပြန်ပေးတာတော့ သူတို့တင် မဟုတ်ပါဘူး၊ တခြား အလုပ်တူ လုပ်နေသူတွေကိုပါ ပေးတာပါ။ ကျနော် ပေးသမျှ သတင်းကိုသာ အမြိုင့်သား ထိုင်ယူနေပြီး ကျနော့်အတွက် ဘာမှ ပြန်မပေးတဲ့သူတွေကိုတော့ တခါက နှစ်ခါ၊ နှစ်ခါက သုံးခါ အထိပဲ သည်းခံပါတယ်။ နောက်ပိုင်းကျ ဘာမှ မပေးတော့ဘူး။ လူချင်းမတွေ့အောင်တောင် ရှောင်လိုက်ပါတော့တယ်။

တခါမှာတော့ ကျနော့်ရဲ့ အထက်အရာရှိက ပြောလာပါတယ်။ သံရုံးကြီးတရုံးက သူ့ကို ပြောသတဲ့။ ကျနော်က သူတို့လူတွေကို ဘာသတင်းမှ မျှမပေးတော့ဘူးဆို… တဲ့။ မလုပ်ပါနဲ့၊ ပေးလိုက်ပါလို့လည်း ပြောပါတယ်။ ကျနော်လည်း ရယ်ပြီး ပြန်ပြောလိုက်တယ်။ လူဆိုတာ အသွားအပြန် ရှိရတယ်၊ သူတို့ဆီက ဘာမဟုတ်တဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းလေး တောင်းတာတောင် လွယ်လွယ်ကူကူ ပြန်မပေးတဲ့သူတွေမို့ သူတို့ကို အဆက်ကို ဖြတ်ထားတာ၊ ခင်ဗျားပေးချင် ခင်ဗျားဘာသာပေး၊ ကျုပ်ကတော့ မပေးနိုင်ဘူးလို့ပေါ့။ အဲတော့မှ သူရယ်တယ်။ အဲလိုကျတော့လည်း ဟုတ်သားပဲတဲ့။

သည်လို လုပ်ရတယ်ဆိုတာကို ရှေးသတင်းစာဆရာကြီးတွေဆီကနေ အတုမြင်အတတ်သင်လိုက်တာပါ။ အဲဒီ့ဆရာကြီးတွေမှာက ဘက်မရှိဘူး။ သူတို့ သတင်းရဖို့အတွက် လူထုလူတန်းစား အလွှာအသီးသီးနဲ့ ပလဲနံပသင့်အောင် နေကြတယ်။ သူဖုန်းစားမှသည် ဗိုလ်ချုပ်အထိ သူတို့နဲ့ ခင်မင် ရင်းနှီးအောင် ပေါင်းထားကြတယ်။ ကိုယ်ချည်းပဲ ယူနေတယ် မဖြစ်အောင် ကိုယ့်ဘက်က ပေးနိုင်သလောက် ပြန်ပေးကြတယ်။

ကျနော်ကတော့ သတင်းအတွက်သာ မကဘဲ အထက်က ဆိုခဲ့တဲ့အတိုင်း သူတို့ကို စည်းရုံးဖို့အတွက်ပါ ပါတယ်။ ကျနော့်ဆီ ရောက်လာတဲ့သူတွေကို တလုံးသွင်း၊ နှစ်လုံးသွင်းနဲ့ သူတို့ ရိုက်အသွင်းခံထားရတဲ့ စိတ်နှလုံးတွေကို မသိမသာ လျှော်ဖွပ်ကြည့်တာပေါ့။ တခြားမဟုတ်ပါဘူး၊ ကျနော် အလုပ်လုပ်တဲ့ ဝန်းကျင်မှာ အထက် အရာရှိကိုပေမယ့် ထောက်ပြနိုင်ခဲ့တဲ့ ဖြစ်ရပ်မျိုး၊ အထက်အရာရှိကပေမယ့် အမှားကို ဝန်ခံတာမျိုး၊ အင်္ဂလိပ်ကိုသာ ကိုလိုနီ နယ်ချဲ့လို့ ပြောမဆုံးဖြစ်နေကြတာ၊ ဗမာဘုရင်တွေ လက်ထက်က အရှေ့တောင်အာရှမှာ ဗမာက အကြီးဆုံး နယ်ချဲ့ဖြစ်ခဲ့တယ်ဆိုတာမျိုး၊ လူမှန်ရင် အဝေဖန်ခံရခြင်းက ဘယ်လိုနည်းနဲ့မှ ရှောင်လွှဲလို့ မရနိုင်ဘူးဆိုတာမျိုးတွေပေါ့။

ကျနော် အမွှေစိန်

တချီသားမှာတော့ သူတို့က ကျနော့်ကို သတိပေးယူရပါတယ်။ သူတို့ကျေးဇူးနဲ့ ကျနော့်မယ် ပြဿနာ အကြီးအကျယ် မတက်တာလို့လည်း ဆိုနိုင်ပါတယ်။ မဟုတ်ရင် ကျနော့်လုပ်ပေါက်က အဖျင်းဆုံး အချုပ်ထဲတော့ ရောက်သွားနိုင်ပါတယ်။

၅၄ ရှေ့က ၁၉၉၆ ခုနှစ် လူထုဟောပြောပွဲ ပုံတပုံပါ။ အင်ထနက်ထဲက ယူထားပါတယ်။

၁၉၉၆ ခုနှစ် စက်တင်ဘာလထဲမှာ ခြံအမှတ် ၅၄ ရှေ့က အပတ်စဉ် လူထု ဟောပြောပွဲတွေကို ပိတ်ဆို့လိုက်ပါတယ်။ အထူးတလည် အမိန့်ပေး တားမြစ်နေစရာ မလိုပါဘူး။ တက္ကသိုလ် ရိပ်သာလမ်း ၅၄ ကို ဝင်နိုင်တဲ့ လမ်းကြောင်း နှစ်ကြောင်းကို ပိတ်ချလိုက်ရုံနဲ့ ကိစ္စပြတ်ပါတယ်။ ကုက္ကိုင်း ဘက်ကဆိုရင် ပထမဆုံး တွေ့ရတဲ့ ရွှေတောင်ကြား လမ်းသွယ်လောက်၊ လှည်းတန်းဘက်ကဆိုရင် ဓာတ်ဆီဆိုင်လောက်မှာ သံဆူးကြိုးတွေ ချထားလိုက်တာပေါ့။ အဲတော့ကာ အပတ်စဉ်ဟောနေကျ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးကြည်မောင်တို့ဟာ နိုဝင်ဘာလ ၉ ရက်နေ့မှာ လူထုရှိရာ ရပ်ကွက်ထဲ ဆင်းဖို့ ပြင်ပါတယ်။

သူတို့ထွက်မယ့် သတင်း ကျနော်ရတယ်။ ဒါနဲ့ ကျနော်လည်း သူတို့ လမ်းကြောင်းမှာ စောင့်တယ်။ သို့သော် အဲဒီ့ လမ်းကြောင်းကို အာဏာပိုင်တွေက ပိတ်ဆို့ဖို့ အားထုတ်နေပါတယ်။ အဲဒီ့ ပိတ်ဆို့မှုတွေကို ကျနော်က အရင်ရောက်လို့ ကြိုသိ၊ သိတာနဲ့ NLD ဘက်ကို ဖုန်းနဲ့ ချက်ချင်း လှမ်းပြောတွေ လုပ်ခဲ့ပါတယ်။

အဲဒီ့နေ့မှာ “ဒေါသထွက်နေတဲ့ လူအုပ်ကြီး”လို့ သူတို့ခေါ်တဲ့ လူအင်အား ၂၀၀ လောက်က အဲဒီ့ကားတန်းကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတယ်။ ချိန်းကြိုးတွေ၊ သံတုတ်တွေ၊ ခဲတွေနဲ့ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကား နောက်ဘက် လေကာမှန် ကွဲသွားပါတယ်။ အန်ကယ်ကြီးနှစ်ယောက်ရဲ့ ကားတွေကတော့ နောက်မှန်ကြီးတွေ အပြင် နောက်ခန်းပြတင်းမှန်တွေပါ ကွဲကုန်ခဲ့တဲ့ ဖြစ်ရပ်ပါ။

အဲလိုတွေ မဖြစ်ခင် လမ်းကြောင်းအခြေအနေကို NLD ဘက်က တယောက်ဆီ ဖုန်းတလုံးနဲ့ ကျနော် ဆက်တိုက် ပြောပြပေးနေခြင်းဟာ သူတို့ရန်သူဘက်ကို ပင်းရာ ရောက်နေတာမို့ သူတို့က ကျနော့်ကို သတိပေးတာပါ။ ပြင်းပြင်းထန်ထန်တော့လည်း မဟုတ်ပါဘူး။ အဲလိုတော့ မလုပ်သင့်ဘူး၊ နောက်ဆို သတိထား ဆင်ခြင်ပါဗျာ ဆိုတာလောက်ပါပဲ။

ကျနော်ဆိုတာက အဲလို ကောင်ပါ။ ရှေ့တွေ နောက်တွေ၊ သူ့ဘက်တွေ ကိုယ့်ဘက်တွေ သိပ်စဉ်းစားတာ မဟုတ်ဘူး။ မတရားဘူး ထင်ရင်၊ မှန်တယ်ထင်ရင်၊ လုပ်သင့်တယ်ထင်ရင် ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် လုပ်ဖို့ ဝန်မလေးတဲ့သူပါ။

ရယ်ရတယ်… ဗြဲ

အဟဲ… အဲလိုသာ ကျနော်က ကျနော့်အတွေးနဲ့ ကျနော် ရှိနေတာ။ မော်ဒန်စာရေးဆရာတယောက်က ကျနော့်ကို ပြန်ဖောက်သည်ချတဲ့ စကားတခွန်းက ရယ်ရတယ်။ စစ်ဗိုလ် စာရေးဆရာတယောက်က ကျနော့်ကွယ်ရာမှာ ပြောတဲ့စကားကို ပြန်ပြောပြတာပါ။ အဲဒီ့လူအလိုအရ ကျနော်က Fifth Column ဆိုပဲ။ ဗမာလိုဆို ပဉ္စမံတပ်သားပေါ့။ အဓိပ္ပာယ်က ရန်သူ့ဘက်သား ဒလံဆိုပဲ။ ကျနော့်မယ် ရယ်လိုက်ရတာ ဖတ်ဖတ်မော၊ ရင်ဘတ်နောက်က ကျော။

သူက စစ်ဗိုလ်။ ပြီးတော့ ကျနော့်ကို ရန်သူ့ဘက်တော်သားလို့ သူပဲ ပြောရှာတယ်။ တကယ် ဟုတ်တဲ့လူ။ စာမတတ် ပေမတတ်ဆိုလည်း ထားတော့။ စာကြီးပေကြီးတွေတောင် ဘာသာပြန်ပြီး ထုတ်ထားသေးဆိုတော့ ဘိုစာလည်း အထိုက်အလျောက်တော့ တတ်ရှာမှာပဲ။ အဲလို ပုဂ္ဂိုလ်က ကျနော့်ကွယ်ရာမှာ ကျနော့်အကြောင်း ပြောတော့ သြော်… သည်လူ့နှယ်… (ကန်တော့ပါရဲ့…) ငါ့ဖင်ကို ထိုင် ဦးချနေရှာပါလားလို့ တွေးမိပြီး သနားသွားရပါတယ်။

အမှန်တော့ ခမျာမယ် သူ့စိတ်နဲ့ နှိုင်းလို့ မရိုင်းရှာတာပါ။ ကျနော်က လိပ်ပြာသန့်ပါတယ်။ ကျနော့်အလုပ်ကို တွင်ကျယ်အောင် လုပ်နိုင်ရေးသည် အဓိကပဲ။ ကျနော့်မှာ သတင်းနောက်ကို လိုက်ချင်တဲ့ ဇောက ပြဋ္ဌာန်းထားတယ်။ ငဖြူဆီက ရရ၊ ငမည်းဆီက ရရ၊ သတင်းသည် ကျနော့်အလုပ်အတွက် တန်ဖိုးပဲ။

ကျနော် ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့တဲ့အကြောင်း၊ ကျနော် သူတို့နဲ့ အဆက်အသွယ် ရှိတာကို ကျနော့်အထက်အရာရှိကို အသိပေးထားကြောင်း ရှေ့မှာ ပြောခဲ့ပြီးပါပြီ။ ဒါ့အပြင် ကျနော် လုပ်ချင်တာ စွတ်ရွတ်လုပ်နိုင်တဲ့ အခွင့်အရေး တခုကလွဲရင် သူတို့ကလည်း ကျနော့်ကို တခြားဘာတခုမှ မကမ်းလှမ်းခဲ့၊ ကျနော်ကလည်း တခြား ဘာအခွင့်ထူးမှ တခါဖူးမျှ မမျှော်ကိုးခဲ့သလို ဘာမှလည်း မရခဲ့ပါဘူး။ ဒါ့ကြောင့် ကျနော့်လိပ်ပြာက သန့်ပါတယ်။

စာရေးနေသူချင်း ခပ်ဆင်ဆင်ဖြစ်တာကလွဲလို့ သူနဲ့ ကျနော်နဲ့လည်း လိုင်းချင်းမတူ၊ စီးပွားဖက်လည်း မဟုတ်သလို (အနည်းဆုံး ကျနော့်ဘက်ကဖြစ်ဖြစ်) ပြိုင်ဖက်လည်း မဟုတ်တာကို ကွယ်ရာကနေ အဲလို ပြောတယ်ဆိုတော့ အင်း… ကျနော့်နောက်ကွယ်ကနေ ကျနော့ဖင်ကို ထိုင်ဦးချနေတယ်လို့ပဲ တွေးမိသွားတာ ကျနော် မလွန်ပါဘူးနော် ပရိသတ်… အဟတ်… ဟတ်… ဟတ်…

ATK မာနကြီးသတဲ့လား

အခွင့်ထူးဆိုလို့ တော်တော် ချမ်းသာတဲ့ မိတ်ဆွေတယောက်ကဆို ကျနော့်ကို ပြောဖူးတာ သတိရမိပါသေးတော့တယ်။ အဲဒီ့အချိန်က ကျနော့်မယ် ချွတ်ခြုံကျနေချိန်ပါ။ အဲဒီ့မိတ်ဆွေက ကျနော့်ကို တတွတ်တွတ် ကမ်းလှမ်းပါတယ်။ ကျနော် လိုတာ ပြောပါ၊ ငွေလည်း လိုသလောက် ပြောပါ။ အတန်တန် ပြောပါတယ်။ ကျနော့်အဖြေက ဟုတ်ကဲ့… လိုရင် ပြောပါ့မယ်ပေါ့။

သူတင် မဟုတ်ပါဘူး၊ တခြား အကြောင်းသိ မိတ်ဆွေတွေကလည်း အလားတူ ပြောကြပါတယ်။ ဒါပေမယ့် ဘယ်သူ့အကူအညီမှ ကျနော် မယူဘဲ အဲဒီ့ကာလကို မဖြစ်ဖြစ်အောင် ကျော်လွှားခဲ့ပါတယ်။ ရှေ့မှာ ရေးခဲ့တဲ့ ဒေါ်ဆွေဇင်ထိုက်လည်း အဲလိုပဲ လိုသလို ကူညီပေးမယ့် စကား ပြောခဲ့ဖူးပါတယ်။ ကျနော်က ဘာမှ အကူအညီ မတောင်းတော့ မင်းသမီးကြီးက ကျနော့်အတွက် ချီကောက် အလုပ်ကလေးတွေ ရှာဖွေပေးခဲ့ပါတယ်။ ဘာသာပြန်ဖို့၊ စာသင်ဖို့ အလုပ်ကလေးတွေပေါ့။ သူ့ရဲ့ အဲဒီ့ကျေးဇူးကိုလည်း ကျနော် မမေ့ပါဘူး။

အဲဒီ့ အတန်တန် ပြောတဲ့ မိတ်ဆွေက နောက်ဆုံးမှာ ကျနော့်ကို ပြောပါတယ်။ “ခင်ဗျားကို ကျုပ် ဆွဲတောင် ထိုးချင်လာပြီဗျာ။ ခင်ဗျား တော်တော် မာနကြီးတဲ့သူပဲ။ ခင်ဗျားမှာ အဆင်မပြေဖြစ်နေတာကိုလည်း မျက်မြင်။ ကျုပ်ကလည်း လိုသလောက် ပြောပါလို့ ပြောထားပါရက်ကနဲ ခင်ဗျား တခွန်းမှ မဟဘူးနော်။ ဘာအကူအညီမှလဲ ကျုပ်ဆီက မတောင်းဘူး။ ခင်ဗျား မာနကြီးက ကြောက်စရာ ကောင်းလိုက်တာ”တဲ့။

အဲဒါ ကျနော်ပါပဲ။ အဲဒီ့ကာလကို မျက်ဝါးထင်ထင် မြင်ခဲ့ဖူးတဲ့ ကျနော့်မိတ်ဆွေရင်းတွေ သိကြပါတယ်။ တကယ် အတိဒုက္ခနဲ့ ရင်ဆိုင်နေချိန်မှာတောင် ကျနော် သူတပါးဆီက လက်ဖြန့်ဖို့ စိတ်ကူးမရှိပါဘူး။ မာနဆိုလည်း မာနပေါ့။ ကျနော်ကတော့ မာနလို့ မထင်ဘူး။ လိပ်ပြာလို့ပဲ ထင်ပါတယ်။ ကျနော့်လိပ်ပြာက သူတပါးကို အကူအညီ တောင်းဖို့ ခွင့်မပြုပါဘူး။ လက်ဖြန့်ခံဖို့ဆိုတာကတော့ ဝေလာဝေးပါ။ ဒါ့ကြောင့် အလွန် အာဏာပါဝါ ကြီးခဲ့ဖူးတဲ့ ဟိုမောင်တွေနဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့လင့်ကစား ဘာအခွင့်ထူးမှ မရခဲ့၊ မယူခဲ့ပါဘူး။

နောက်တခုက သည်မောင်တွေနဲ့ မိတ်ဆွေတွေအဖြစ် ဆက်လက်တည်မြဲနေတာပါ။ သူတို့အဖွဲ့ကြီး အပြီးတိုင် ဇာတ်သိမ်းသွားခဲ့ပေမယ့်လည်း ကျနော်နဲ့ မိတ်ဆွေဆက်ဖြစ်နေတာ ယနေ့ထက်တိုင်ပါ။ သူတို့ထဲက တချို့ရဲ့ မိသားစု ဝင်တွေနဲ့တောင် ခင်မင်နေပါသေးတယ်။ ပိုကောင်းသွားတာက သူတို့နောက်က အဖွဲ့အစည်းကြီးလည်း မရှိတော့သလို ကျနော်ကလည်း အဲဒီ့လောကမှ မနေတော့ပြီမို့ နှစ်ဦးနှစ်ဖက် တကယ့်မိတ်ရင်းဆွေချာတွေလို ဆက်ဆံနိုင်သွားတာပါပဲ။

ခြံမခုန်ဘဲ လမ်းခုန်လိုက်တာ

အမှန်မှာတော့ စကားတွေ ကျော်ပြောသလို ဖြစ်သွားပါတယ်။ ထောက်လှမ်းရေးနဲ့ ဆက်စပ်နေတာမို့ အဲဒီ့ အပိုင်းကို ကျော်မိသွားတာပါ။ အစဉ်အတိုင်း ဆိုရင်တော့ သူတို့ဆီက ပြန်ထွက်လာချိန်မှာ ကျနော် အတော်ကြီးကို သွေးပျက်နေပါတယ်။ အကာအကွယ်မဲ့၊ လုံခြုံမှုမဲ့၊ တရားမျှတမှုမဲ့၊ နိုင်ငံသားအခွင့်အရေးမဲ့ နိုင်ငံမှာ (ကန်တော့ပါရဲ့ဗျာ) လူပုံအလယ် ဖင်တုံးလုံးနဲ့ နေနေရသူလို ဘယ်ဘက်ကမှ မလုံခြုံမှုကို နဖူးတွေ့ ဒူးတွေ့ ဖြစ်သွားတာပါပဲ။

ဘုရားမှတပါး ကိုးကွယ်ရာမရှိပေါ့။ ဒါနဲ့ မဟာစည်မှာ တလတိတိ သတ်သတ်လွတ်စား ရဟန်းခံလိုက်ပါသေးတယ်။ ဘာကုသိုလ်၊ ဘာတရား၊ ဘာဉာဏ်စဉ်မှ မရဘဲ ကဗျာတွေ ပေါက်ကရ လျှောက်စပ်တာပဲ အဖတ်တင်ခဲ့ပါတယ်။ နောက် ဘယ်တော့မှ တရားမထိုင်တော့ဘူးတွေ ဘာတွေအထိ ဖြစ်ကုန်အောင် မဟာစည်နည်းနဲ့ ကျနော်နဲ့ အစပ်မတည့်ခဲ့ပါဘူး။

အဲဒီ့နောက်မှာတော့ ကျနော် အလုပ်ပြောင်းဖို့ အားထုတ်ပါတော့တယ်။ အချိန်တိုအတွင်း သည်နယ်ပယ်မှာ ကျနော့်နာမည်လေး တလုံးလည်း ရလာပါပြီ။ အဲဒီ့အချိန်မှာ နေရာလပ်နှစ်ခုကလည်း တပြိုင်တည်း ပေါ်လာပါတယ်။ နှစ်နေရာစလုံးက ဒုတိယအကြီးအကဲတွေဆီ ကျနော် ဖုန်းဆက်ပါတယ်။ ကျနော် ဘယ်သူဘယ်ဝါဆိုတာ ပြောပြပါတယ်။ ပြီးတော့ တွေ့ခွင့်တောင်းပါတယ်။ သူတို့ နေရာလပ်တွေမှာ ကျနော် စိတ်ဝင်စားတယ်၊ ခန့်မှာ သေချာရင် လျှောက်မယ်၊ မသေချာရင်တော့ မလျှောက်ဘူး။ သည်ဘက်မှာ မျက်နှာမပျက်ချင်ဘူးလို့ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါတယ်။

နှစ်နေရာစလုံးက ခန့်ပါ့မယ်၊ လျှောက်ပါလို့ ပြောတဲ့အချိန်မှာတော့ မြန်မာပြည်ဆီ မြန်မာလို ထုတ်လွှင့်နေသော အသံလွှင့်ဌာန မရှိတဲ့ သြစတြေးလျနိုင်ငံသံရုံးကို ကျနော် ရွေးချယ်လိုက်ပါတော့တယ်။ နောက်တနေရာကကျတော့ အဲလို အသံလွှင့်ဌာန ရှိနေတယ်လေ။

ဇာတ်ပေါင်းသော် ၁၉၉၁ ခုနှစ် ဇန္နဝါရီမှာ စစ်တပ်ထောက်လှမ်းရေးက ကျနော့်ကို ခေါ်ဒုက္ခပေး၊ ခြိမ်းခြောက်ခဲ့တယ်၊ ၁၉၉၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဥရောပသမဂ္ဂ ဘာသာပြန်အလုပ်က ထွက်လိုက်ပြီး ဒီဇင်ဘာ ၂ ရက်နေ့မှာ သြစတြေးလျသံရုံးရဲ့ ပြန်ကြားရေးတာဝန်ခံဘဝကို ကူးပြောင်းလိုက်ပါတော့တယ်။ ၃၉ လမ်း တလမ်းပဲ ခြားတဲ့ ရုံးကို ပြောင်းလိုက်တာပါ။

NLD နဲ့ ကျနော်

အလုပ်တာဝန်အရ မနီတာ တဖက်ရုံးမှာ လုပ်ခဲ့တဲ့ အလုပ်မျိုးပဲ။ အဲဒီ့မှာတင် ကျနော်ဟာ ခြံအမှတ် ၅၄ ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်နိုင်သွားပါတော့တယ်။ သံရုံးကားနဲ့ သွားတာပေါ့ဗျာ။ အဲဒီ့ခေတ် NLD ရဲ့ ပွဲတိုင်းကို ကျနော် ရောက်တယ်။ တချို့ကဆို ကျနော့်ကို NLD အတွင်းစည်းကလို့ ယူဆကြတဲ့ အထိပါပဲ။ ဘယ်လောက် များလဲဆိုရင် ကျနော်အဲလို NLD နဲ့ ၅၄ ကို သွားချင်တိုင်း သွား၊ လာချင်တိုင်း လာနေတာကို ကြည့်မရတဲ့ သတင်းတပ်ဖွဲ့က ရဲအရာရှိငယ်တဦး ရှိလေမှန်း ကျနော် အဲဒီ့ အလုပ်တွေ မလုပ်တော့တာ ၄ နှစ်လောက် ကြာတော့မှ သိရတဲ့အထိပါပဲ။

၂၀၀၃ ခုနှစ် နှစ်ဦးမှာ သြစတြေးလျ သံရုံးက အလုပ်ကို ကျနော် မလုပ်တော့ပါဘူး။ (ဒါလည်း အလျဉ်းသင့်တဲ့ နောက်ပိုင်းမှာ အသေးစိတ် ပြန်ရေးသွားပါမယ်။ လောလောဆယ် မသင့်သေးလို့ ခဏ နှပ်ထားလိုက်ပါတယ်။ သည်ကြားထဲ ကျနော်များ မတော်တဆ သေပြုသွားရင် အဲဒီ့ ဇာတ်လမ်းကိုအစအဆုံး သိသလို ကျနော်နဲ့ တွဲပြီး အဆော်ခံခဲ့ရဖူးတဲ့ ဆရာမြတ်ခိုင် ရေးပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။) သို့သော် ၂၀၀၇ ခုနှစ်မယ် ကျနော်တို့ တမိသားစုလုံး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အခါမှာတော့ ကျနော် တယောက်တည်း ကွက်ကျန်ခဲ့ပြီး သက်တမ်းတိုးလို့ မရဖြစ်နေပါတယ်။

သက်တမ်းတိုး လျှောက်လွှာသွားတင် ကတည်းက ကျနော် ရိပ်မိလိုက်တယ်။ ဟိုတချိန်က အဲဒီ့ ၅၄ မှာ တာဝန်ကျခဲ့ဖူးတဲ့ သတင်းတပ်ဖွဲ့က ရဲအရာရှိဟာ နိုင်ငံကူးလက်မှတ်ရုံးကို ရောက်နေပြီး ကျနော့်ကို မှတ်မိနေတာကိုပါ။ သူက ကျနော် လျှောက်လွှာ တင်ချိန်ကတည်းက ပညာနည်းနည်း ပြနေပြီကိုး။

နိုင်ငံကူးလက်မှတ် အသစ်ကို ပြန်ထုတ်ရတဲ့အချိန်ကျတော့ ကျနော့အတွက် ထွက်မလာဘူး။ ကျန် မိသားစု ၃ ယောက်အတွက်တော့ ထွက်လာပါတယ်။ သိလိုက်တယ်၊ ဟိုမောင် မွှေထားပြီလို့။ ကိစ္စတော့ တယ်မရှိပါဘူး။ သည်တိုင်းပြည်မှာကလည်း လိုအပ်တဲ့ ခလုတ်တွေ နှိပ်လိုက်ရင် အဆင်ပြေတတ်တာပဲ မဟုတ်ပါလား။ အဲတော့လည်း အချိန်တန်တော့ နွားပိန်ကန်တာပေါ့ဗျာ။ အေးဆေးပါ။

ပြောလက်စ ပြန်ကောက်ရင်တော့ ကျနော် သြစတြေးလျသံရုံးမှာ အမှုထမ်းနေတဲ့ ၁၉၉၁ ကနေ ၂၀၀၃ ခုနှစ်အတွင်းမှာ ကျနော်ဟာ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်တို့လို ထိပ်ပိုင်း ခေါင်းဆောင်များ အပါအဝင် NLD ထိပ်တန်း ပုဂ္ဂိုလ်အတော်များများနဲ့ သိကျွမ်းခင်မင်ခွင့် ရခဲ့ပါတယ်။ သည်မတိုင်ခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါက်တာသန်းငြိမ်း၊ သခင်ကိုယ်တောင်မှိုင်းရဲ့ ဂူဗိမာန် ပုံစံကို ရေးဆွဲခဲ့သူ ပိသုကာ ဦးကျော်မင်း၊ ဦးခင်မောင်ဆွေ၊ သခင်အုန်းမြင့်၊ ဆရာမောင်မိုးသူ၊ ဆရာမောင်ဝံသ၊ ဓာတ်ရှင်မင်းသား၊ ဒါရိုက်တာ (ဦး)အောင်လွင် (စံရွှေမောင်) စသူတွေနဲ့လည်း ခင်မင်ရင်းနှီးခဲ့တာပါပဲ။

၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သော်လည်း လွှတ်တော် တက်ခွင့် လုံးဝမရလိုက်ရှာလေတဲ့ လွှတ်တော် ကိုယ်စားလှယ်အတော်များများထဲမှာလည်း ကျနော်နဲ့ သိကျွမ်းခင်မင်သူတွေ အတော်များခဲ့ပါသေးတယ်။ ကျနော် ဘယ်လိုမှ ချဉ်းကပ်လို့ မရခဲ့သူကတော့ ဦးအောင်ရွှေပါပဲ။ သူကတော့ ဘယ်လို ကြိုးစားကြိုးစား၊ အတွေ့ကို မခံတာပါ။ ရုံးမှာ တွေ့ရင်လည်း ဘာမေးမေး မဖြေဘဲ ရှောင်ထွက်သွားတတ်သူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နဲ့ နေရစဉ်အတောအတွင်းတွေမှာဆိုရင် ကျနော်က အန်ကယ်ဦးတင်ဦးဆီကို အဖျင်းဆုံး တပတ်တခါတော့ ရောက်တတ်ပါတယ်။ ကျနော့်အိမ်က ကုက္ကိုင်းဘက်မှာ၊ ကျနော့်ရုံးက မြို့လယ် ကမ်းနားလမ်းမှာ၊ အန်ကယ်ဦးတင်ဦးအိမ်က သံလွင်လမ်းမှာဆိုတော့ ရုံးသွား ရုံးပြန် လမ်းကြုံနေတတ်ပါတယ်။ ဒါ့ကြောင့် အမြဲလို ဝင်ထွက်ခဲ့တာပါ။ ဒါ့ကြောင့် အဲဒီ့အချိန်က အန်ကယ်ဦးတင်ဦး အိမ်က အလှူတွေ ဘာတွေတောင်မှ ကျနော့်ကို ဖိတ်တတ်ခဲ့ပါတယ်။

10710687_10204296940836688_6981670541744688603_n

၂၀၁၄ ခုနှစ် နိုဝင်ဘာက ပွဲတပွဲမယ် အန်ကယ် ဦးတင်ဦးနဲ့ ကျနော် ပြန်ဆုံတော့ ရိုက်ထားတဲ့ ကျနော့်အတွက် ရှားရှားပါးပါး ဓာတ်ပုံပါ။ ဆရာကြီး ဒေါက်တာစံဘော်နဲ့ ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင်တို့ရဲ့သား ဥပဒေပညာရှင် ဒေါက်တာမြင့်ဇံက အလယ်က တိုက်ပုံအဖြူနဲ့ ဖြစ်ပါတယ်။

အန်ကယ်ဦးတင်ဦးကို ကျနော်မြင်တာကတော့ စစ်သား လူရိုးကြီးလို့ပါပဲ။ ပြောစရာရှိလည်း ဘွင်းဘွင်းရှင်းရှင်း၊ ဘာပရိယာယ်ဝေဝုစ်မှ မပါပါဘူး။ တကယ့်ကို ဦးလေးသားချင်းလို ခင်မင်နှစ်လိုစရာ လူကြီးသူမတယောက်မို့ ခင်မင်လို့ကို ရောက်ရောက်နေတာလည်း ပါပါတယ်။

အန်ကယ်ဦးကြည်မောင်ကိုကျတော့ ကျနော်က ကြည်ညိုတယ်။ သိပ်လူကြီးပီသသူ၊ စိတ်နှလုံး အေးချမ်းသူ၊ အင်္ဂလိပ်စာကိုလည်း ဒိုးလိုမွှေ ရေလိုနှောက်နိုင်တဲ့အတွက် စာပေါင်းစုံ အလွန်ဖတ်ပြီး ဆင်ခြင်တုံတရား အလွန်ပြည့်ဝသူရယ်လို့ မြင်မိရလို့ပါ။ ခါးသီးမှုတွေကို ဟာသနဲ့ သောပစ်နိုင်တဲ့ အန်ကယ့်ရဲ့ အမူအကျင့်လေးကိုလည်း သိပ်သဘောကျပါတယ်။

နှစ်ယောက်စလုံးနဲ့ နိုင်ငံရေးစကားတွေ ပြောဖြစ်ခဲ့ဖူးပါတယ်။ တချီသားမှာတော့ အန်ကယ် ဦးတင်ဦးက ကျနော့်ကို နိုင်ငံရေးလောကထဲ ဝင်ခိုင်းပါတယ်။ ခင်ဗျားလိုလူ နိုင်ငံရေး လုပ်သင့်တယ်ဆိုလားပဲ။ ကျနော်က နိုင်ငံရေးကို မယုံကြည်တဲ့အကြောင်း၊ နိုင်ငံရေး လုပ်ပြီး ထောင်ထဲမှာ တနာရီလောက်လေးပဲ သွားနေရမယ့် အချိန်အတွင်းမှာ ကလေးတွေ (လူငယ်လေးတွေလို့ မပြောခဲ့မိတာ ကျနော့်အမှားပါ)ကို အင်္ဂလိပ်စာ တလုံးလောက် သင်ပေးနိုင်ရင်တောင် သည်တိုင်းပြည်အတွက် အကျိုးရှိမယ်လို့သာ မြင်မိကြောင်းပါ။

အဲဒါကို အန်ကယ်က ဘယ်လို ကြားသွားသလဲ မသိဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပွဲတပွဲမှာ ဆုံတဲ့အခါ အစ်မ (ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်ကတည်းက အစ်မလို့သာ ကျနော်ခေါ်ခဲ့ပါတယ်) က ကလေးတွေကို စာသင်ပေးရဦးမှာမို့ နိုင်ငံရေး မလုပ်ဘူးလို့ ပြောတယ်ဆို… လို့ ကျနော့်ကို ပြောသွားပါတယ်။ ကျနော်တောင် ကြောင်သွားတယ်၊ နောက်မှ အန်ကယ်ဦးတင်ဦးကို ပြောမိတဲ့ စကား၊ အန်ကယ် နားကြားလွဲပြီး ပြန်ပြောလိုက်ပုံ ရတယ်ဆိုတာကို တွေးမိရပြီး ကိုယ့်နဖူး ကိုယ်ထုရပါတော့တယ်။ အစ်မကိုတော့ တကူးတက ရှင်းမနေတော့ပါဘူး။

 

 

အကြံ့ခိုင်ဆုံးတွေသာ တင်ကျန်ရစ်မြဲ

ဇာတ်ကြောင်းပြန်

အကိုမောင်ဝဏ္ဏ ပြောဖူးတာလေး သတိရတယ်။

သူတို့ဓာတ်ရှင်ခေတ်က ခုခေတ်လို ဒစ်ဂျစ်ထယ်(လ်)တွေ ဘာတွေ မဟုတ်သေးဘူး။ မြန်မာပြည်မယ် ရုပ်မြင်သံကြားဆိုတာတောင် မပေါ်သေးတဲ့ခေတ်။ ဇာတ်ကားအများစုကိုလည်း အဖြူ-အမည်းသာ ရိုက်နေကြရတာ။ ဆိုရှယ်လစ်ခေတ်ဆိုတော့ အစစအရာရာ ရှားပါးပေါ့။

27545373_10213783461993788_8290857415665580126_nဓာတ်ရှင်ကိုလည်း ဖလင်နဲ့ ရိုက်ကြရတာ။ ဖလင်ကို ပထမဆုံးက နဂ္ဂတစ်(ဖှ်) ကူးရတယ်၊ အဲဒါကိုမှ ပေါ့ဇတစ်(ဖှ်) ပြန်ကူးယူပြီး ရုံတင်ပြသရတယ်လို့ပဲ အလွယ်ပြောကြပါစို့ရဲ့။ အဲဒီ့ negative တွေ၊ positive တွေရဲ့ သဘောကို ခုခေတ်လူငယ်တွေ နားလည်နိုင်မယ် မထင်တော့ဘူး။ ရှင်းပြနေရင် လိုရင်း မရောက်မှာ စိုးလို့ အလွယ်ထပ်ပြောရရင် နဂ္ဂတစ်(ဖှ်)က ပုံပေါ်ပေမယ့် တကယ့်ပုံအတိုင်း မမြင်ရဘူး။ အမဲကို အဖြူ၊ အဖြူကို အမည်း ပြောင်းပြန် မြင်ရတယ်ပေါ့။ ပေါ့ဇတစ်(ဖှ်)ကျတော့မှ မူရင်းပုံအတိုင်း မြင်ရတာ။

တည်းဖြတ်တဲ့အခါကျတော့ ပေါ့ဇတစ်(ဖှ်)နဲ့ တည်းဖြတ်တာက များပါတယ်။ သည်တော့ကာ ရိုက်နေတုန်း တန်းလန်းမှာ ဒါရိုက်တာက ကိုယ့်ဖလင် ကိုယ်ပြန်ကြည့်ချင်ရင် နဂ္ဂတစ်(ဖှ်)ပဲ အရင်ကူးဆေး ကြည့်နိုင်တယ်။ ပေါ့ဇတစ်(ဖှ်)ပါ ကူးမယ်ဆိုရင် စရိတ်က ပိုတက်မှာမို့ ချွေတာကြရတယ်။ ဒါမှမဟုတ် နဂ္ဂတစ်(ဖှ်)နဲ့ပဲ တည်းဖြတ်မယ်ဆိုရင်တော့ ပိုလို့တောင် စရိတ် သက်သာတယ်။ အားလုံး စိတ်တိုင်းကျမှ ပေါ့ဇတစ်(ဖှ်) ကူးနိုင်တာကိုး။

အဲဒီ့ နဂ္ဂတစ်(ဖှ်)ကို ပေါ့ဇတစ်(ဖှ်)လို မြင်ရအောင် ကြည့်လို့ရ၊ တည်းဖြတ်လို့ ရတဲ့ စက်က မြန်မာပြည်မှာ နှစ်လုံးပဲ ရှိတယ်။ အစိုးရပိုင် ရုပ်ရှင်မြှင့်တင်ရေးမှာရယ်၊ မင်းသားကြီး ဝင်းဦးဆီမှာရယ်ပဲ။

တခါမှာတော့ ဒါရိုက်တာ ပေါက်စ မောင်ဝဏ္ဏဟာ နဂ္ဂတစ်နဲ့ တည်းဖြတ်ချင်နေတယ်။ ရုပ်ရှင်မြှင့်တင်ရေးက စက်ကလည်း တန်းစီနေရတယ်။ ဒါနဲ့ မင်းသားကြီး ဝင်းဦးဆီ လှမ်း အကူအညီတောင်းတယ်။ မင်းသားကြီးက ကြည်ကြည်ဖြူဖြူပဲ၊ လာလုပ်ပါ၊ သူကိုယ်တိုင် ကူပါမယ်လို့ ပြောပါတယ်။

ဒါပေသည့် မင်းသားကြီးက အလုပ်များတော့ သည်းခံစောင့်လိုက်ရသေးဆိုပဲ။ အစကတော့ ဘာလို့များ ပြန်ပြန်ချိန်းနေတာပါလိမ့်ဆိုပြီး သို့လော သို့လောပေါ့။

ဝင်းဦးနဲ့ မောင်ဝဏ္ဏ

ချိန်းတဲ့ရက်ရောက်တော့ မင်းသားကြီးကိုယ်တိုင်က စောင့်ပြီး သူ့စက်ကို သူကိုယ်တိုင်ကိုင်ကာ အကိုမောင်ဝဏ္ဏလိုချင်သလို တည်းဖြတ်ပေးပါတော့သတဲ့။

တရက်နဲ့ မပြီးဘူးပေါ့လေ။ အဲဒါလည်း မင်းသားကြီးက စိတ်ရှည်လက်ရှည်ပဲ၊ ကိုယ်တိုင်ထိုင်ပြီး လုပ်ပေးတာများ၊ အကိုမောင်ဝဏ္ဏတောင် သူ့ကို အားနာလာတယ်တဲ့။ ဓာတ်ရှင်သမ္ဘာမှာ မောင်ဝဏ္ဏက ဝင်းဦးထက် ဆယ်နှစ်လောက် နောက်ကျတာ ဖြစ်သလို ဝင်းဦးဆိုတာကလည်း အဲဒီ့အချိန်မှာ မြန်မာပြည်ရဲ့ လျှမ်းလျှမ်းတောက် မင်းသားကြီးကိုး။

အဲ… ၄-၅ ခါလောက်လည်း သူကိုယ်တိုင် လုပ်ပေးပြီးတဲ့နောက် နောက်ပိုင်း ဆက်လက်တည်းဖြတ်တဲ့အခါကျတော့ မင်းသားကြီး ပေါ်မလာတော့ပါဘူး။ သူ့တပည့်နဲ့ပဲ လွှဲထားလိုက်ပါတော့သတဲ့။

အကိုမောင်ဝဏ္ဏ သည်အကြောင်းကို ပြန်ပြောပြတာက ဝင်းဦးရဲ့ ပါးနပ်ပုံ၊ သင်ယူတတ်ပုံပါ။

အစက သူကိုယ်တိုင် ကူခဲ့ပြီး နောက်မှ သူ့တပည့်နဲ့ ဘာ့ကြောင့်လွှဲခဲ့သလဲဆိုတာ အတော်ကြာမှ အကိုမောင်ဝဏ္ဏ သဘောပေါက်ပါသတဲ့။

မောင်ဝဏ္ဏဆိုတာလည်း ပွဲဦးထွက်ကားနဲ့ ဒါရိုက်တာ ဆုရတဲ့သူ။ ဒါရိုက်တာကျော် သာဓုရဲ့သား။ ဖလင်ပုံကြား ကြီးလာတဲ့သူ၊ ဓာတ်ရှင်ကို အောက်ခြေသိမ်း တတ်သိတဲ့သူ။ စာလည်း အလွန်ဖတ်တဲ့သူ။ အင်္ဂလိပ် မြန်မာ နှစ်ဘာသာစလုံး ဖတ်နိုင်သူ။ ဒါ့ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ထွန်းပေါက်အောင်မြင်နေတာ။

အဲတော့ မောင်ဝဏ္ဏရဲ့ တည်းဖြတ်ပညာကလည်း ခေမှာ မဟုတ်ဘူးဆိုတာကို မင်းသားကြီးက ရိပ်စားမိတယ်။ မောင်ဝဏ္ဏရဲ့ ပညာကို သူသိချင်တယ်။ ဒါ့ကြောင့် အခွင့်သာခိုက်မှာ မောင်ဝဏ္ဏကို သူ့စက်နဲ့ ကူညီပံ့ပိုးရင်း မောင်ဝဏ္ဏရဲ့ တည်းဖြတ်ပညာကို လေ့လာဆည်းပူးလိုက်တယ်။ သဘောပေါက်သွားချိန်မှာ အသာ နောက်ဆုတ်လိုက်တယ်။ အဲသလို…

လူသစ်တွေ သာတာကို အသိအမှတ်ပြု

လူသစ်တွေ အောင်မြင်လာတဲ့အခါ လူဟောင်းက လူသစ်ဆီက သင်ယူစရာတွေ ရလာစမြဲပါ။ အဲဒါကို လူဟောင်းတွေက ပါးပါးနပ်နပ် သိနေဖို့ လိုပါတယ်။

အခုခေတ်က ပိုတောင် သိသာသေးတယ်။ ကျွန်တော်တို့ဆို သားအရွယ် မြေးအရွယ်တွေဆီက ဖုန်းသုံးနည်း၊ ကွန်ပျူတာ သုံးနည်းတွေကို သင်နေကြရပြီ။ ဒါ အထင်ရှားဆုံးပါ။ မနေ့ကပဲ ကျွန်တော့်သားအရင်းက Siri ဆိုတာ သုံးနည်း ပြပေးသွားပါတယ်။ ဟာ… တယ်နိပ်ပါလားပေါ့။ ပါးစပ်ကလေးတလုံးနဲ့ ဖုန်းကို ခိုင်းစားနိုင်တာ ကိုယ့်ဖုန်းထဲ ရှိနေမှန်း မသိခဲ့ပါလားပေါ့။

ဆက်လက်ရှင်သန် ရပ်တည်နေချင်သေးရင်

လူသစ်တွေ ထွန်းပေါက်လာတာကို လက်ကမ်းကြိုဆိုနိုင်ရမယ်၊ ဒါက မုဒိတာ ကိစ္စ။

ဒုတိယက လူသစ်တွေဆီက သင်ယူလေ့လာဆည်းပူးလိုစိတ်ကလည်း အမြဲ အသင့်ရှိနေရမယ်။ ဒါက ရပ်တည်ရှင်သန်နိုင်ရေးအတွက်။ ဟုတ်တယ်လေ… ပြောင်းလဲနေတဲ့ ခေတ်၊ ပြောင်းလဲနေတဲ့ နည်းပညာ၊ ပြောင်းလဲနေတဲ့ အနုပညာ၊ အတတ်ပညာ၊ လူမှု၊ စီးပွားရေး၊ အယူအဆတွေကို မျက်ခြေမပြတ်နိုင်မှ ခေတ်ဆွေး အဘိုးကြီး အမယ်ကြီးတွေအဖြစ် ပရိသတ်ရဲ့ ပထုတ်ခြင်းကို ကျော်လွှားနိုင်မှာပါ။

သေရင်တော့ အားလုံး ထားခဲ့ရမှာပါပဲ။

ဒါပေမယ့် မသေခင် စပ်ကြား လောကအလယ်မှာ လူတန်းစေ့ ရပ်တည် ရှင်သန်နေချင်သေးတယ်ဆိုရင်တော့ ဘယ်နယ်ပယ်က လူသားဖြစ်ဖြစ် စဉ်ဆက်မပြတ် သင်ယူချင်စိတ် အပြည့်ရှိနေဖို့ လိုတယ်လို့ ကျွန်တော်ကဖြင့် တွေးနေမိရပါတယ်။

သွားလေသူ (ဦး)ဝင်းဦးနဲ့ ပတ်သက်လို့ သွားလေသူ အကို မောင်ဝဏ္ဏ ပြောပြခဲ့တာလေးကလည်း နမူနာ ယူချင်စရာ ကောင်းလို့ နေပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၀၄၀၂၁၈)

စာကြွင်း – ဝင်းဦးက သူ့ဆီမှာ ကိုယ်ပိုင် အဲဒီ့စက်ရှိတော့ သူ့ကားထဲက သူ့အရုပ်တွေ (ထွက်လာတဲ့ သူ့ပုံတွေ) မကြိုက်ရင် အဲဒီ့ကတ်လေးကိုပဲ သတ်သတ်ခတ်ခတ် ပြန်ရိုက်ပြီး ညှပ်ထည့်ပါသတဲ့။ ဓာတ်ရှင်စကားနဲ့တော့ အရုပ်ဖောက်လဲတယ်လို့ ပြောကြပါတယ်။ အဲလို အရုပ်ဖောက်လဲလေ့ရှိတာ မြန်မာပြည်မှာ ဝင်းဦးတယောက်တည်းသာ ရှိတယ်လို့ မင်းသားကြီး အောင်လွင် (ဒါရိုက်တာ စံရွှေမောင်) က ပြောပြဖူးခဲ့တယ် မှတ်ပါတယ်။

ဓာတ်ပုံ – အင်တာနက်က ယူထားတာပါ။ ဒါက 16 mm Negative တည်းဖြတ်စက်သာ ဖြစ်ပါတယ်။ ရုပ်ရှင်က 35 mm ပါ။ ပုံ အလွယ်ရှာမတွေ့လို့ ဒါလေးပဲ ပြလိုက်ရပါတယ်။

ဘဝတကွေ့ တညတွေ့လိုက်ဖူးသူတဦး

ကြားဖူးသူ

ဆရာ မင်းသစ် ကွယ်လွန်တိမ်းပါးသွားကြောင်း သတင်းတွေ တက်လာသည်။ စာအုပ်မျက်နှာစာကို မခွာနိုင်သည့်အကြောင်းတွေထဲမှာ သည်လို သတင်းပလင်းတွေ သိရခြင်းလည်း ပါနေပါတော့သည်။

ဆရာမင်းသစ်ကို ဘိုင်အိုမင်းသစ်အဖြစ် စတင် ကြားဖူးခဲ့ခြင်းဖြစ်ပါသည်။ ခုနှစ်တွေတော့ မမှတ်မိတော့ပါ။ ကျွန်တော် ဘွဲ့ရပြီးချိန် လွန်ခဲ့သော နှစ် ၄၀ နီးပါးက ဖြစ်မလား မသိ။ ခေတ်ပေါ်သီချင်းတွေထဲမှာ ဇီဝဗေဒ သင်ခန်းစာတွေကို စာသားအဖြစ် ထည့်သွင်းပြီး အခွေထုတ်ခဲ့ဖူးသည်ကိုကား မှတ်မိနေပါသည်။

နောက် သူ့ဝတ္ထုတိုလေးတွေကို မဂ္ဂဇင်းစာမျက်နှာလေးတွေပေါ်မှာ ရံဖန်ရံခါ တွေ့ရသည်။ စာရေးကောင်းသူ၊ ဝတ္တုတို အရေးကောင်းသူအဖြစ် သတိထားမိခဲ့ပါသည်။ သည်လောက်ပါပဲ။

နှုတ်ဆက်သူ

လွန်ခဲ့သော ဆယ်နှစ်ကျော် ကျွန်တော့်သမီးနှင့်သားတို့ မေမြို့မှာ ကျောင်းအိပ်ကျောင်းစားနေစဉ်က ရန်ကုန်မှ အစ်မကြီးတဦးက ဆရာမင်းသစ်၏ အမျိုးသမီးထံ သူ့စာအုပ်လက်ဆောင် လူကြုံပါးလိုက်တော့ ဆရာမင်းသစ်၏ မေမြို့မှ နေအိမ်ကို သွားခဲ့ဖူးသည်။ စာအုပ်ကို ဆင်းပေးသူက ကျွန်တော့်အိမ်သူဖြစ်သဖြင့် ဆရာမင်းသစ်တို့ ဇနီးမောင်နှံနှင့် ပြုံးပြနှုတ်ဆက်ရုံဖြင့် ပြီးသည်။ ဆရာတို့က အိမ်ထဲသို့ ဝင်ရန် ဖိတ်သော်လည်း မဝင်ဖြစ်ခဲ့ပါ။ ဆရာတို့ အိမ်ထဲမှာ တခြားဧည့်သည်တွေကိုလည်း မြင်လိုက်မိသောကြောင့်ဖြစ်ပါသည်။

ထိုအစ်မကြီးကပင် နောက်တကြိမ် လူကြုံပါးပြန်သဖြင့် နောက်တနှစ်မှာ နောက်တခေါက် ရောက်သွားပြန်သည်။ သည်တကြိမ်တွင် သူ့အိမ်သို့ မဟုတ်ဘဲ သူ့ကျောင်းအိပ်ကျောင်းစား စာသင်ကျောင်းသို့ ဖြစ်သည်။ သူလည်း မရှိ၊ သူ့ဇနီးလည်း မရှိ။ ကျောင်းမှာပဲ ပေးစရာ ရှိတာ ပေးထားခဲ့ရပါသည်။

ဆုံရသူ

လူချင်း တေ့တေ့တင်တင် ဆုံဖြစ်သည်မှာ ၂၀၁၆ ဇန်နဝါရီမှ ဖြစ်သည်။ နိုဘယ်မြန်မာ စာပေပွဲတော်တွင် ဖြစ်သည်။ ဆရာမြတ်ခိုင်၏ ကျေးဇူးဟုပင် ဆိုရပါမည်။ ရှင်းပါမည်။

သာမန်အားဖြင့် ကျွန်တော်သည် အိမ်တွင်းပုန်းဖြစ်ပါသည်။ အကြောင်းကိစ္စမရှိဘဲ အပြင်ထွက်ခဲလှသည်။ ပြီးတော့ ကျွန်တော့်မှာ ခရီးယာယီကလည်း အတန်များသည်။ တနှစ်၏ သုံးပုံတပုံလောက်က အိမ်မှာ မရှိဘဲ တခြား မြို့ရွာများသို့ ရောက်နေတတ်ပါသည်။

နောက်တချက်မှာ ငယ်စဉ်ကတည်းက ယနေ့ထက်တိုင် လက်ဖက်ရည်ဆိုင်၊ သိပ်မထိုင်တတ်ခြင်းပင်တည်း။ ယခင် လခစားဘဝတုန်းကတော့ ရုံးထဲမှာ ဧည့်ခံလို့ မကောင်းသဖြင့် ရုံးဘေးက လက်ဖက်ရည်ဆိုင်မှာ ထိုင်တတ်ခဲ့ဖူးသလို အလုပ်သဘောအရ ဟိုလူနှင့်သောက်၊ သည်လူနှင့်မူး လုပ်ခဲ့ရဖူးသော်လည်း လခစား ဘဝက ကျွတ်သောအခါ ထိုအလေ့မှာလည်း အလိုလို ပျောက်သွားခဲ့ပါတော့သည်။

သည်တော့  ဘယ်သူနှင့်မှ မတွေ့ဖြစ်တော့ချေ။ ငယ်ဘဝက ရိုက်ခတ်ထားလေသော ပင်ကိုစရိုက်ကလည်း တယောက်တည်းပင် နေတတ်နှင့်ပြီးဖြစ်လေရာ ကိုယ့်သီးခြားကမ္ဘာလေးထဲမှာ ကိုယ့်ဘာသာ သာယာနေမြဲလည်း ဖြစ်လေသည်။

နိုဘယ်စာပေပွဲတော်အတွက် ဖျော်ဖြေရေးကို တာဝန်ယူထားသော ဆရာမြတ်ခိုင်က လှမ်းဆက်သွယ်သော အခါတွင်မူ ကျွန်တော် လိုလိုလားလားပင် ပါဝင်ဝိုင်းဝန်းဖြစ်ခဲ့ပါသည်။ ဒါလည်း ကျွန်တော့် ပင်ကို စရိုက်ဟုပင် ဆိုရမည်ထင်သည်။ ဘယ်သူခေါ်ခေါ် မငြင်းတတ်သော စရိုက်ကို ဆိုလိုပါသည်။

ဆရာမြတ်ခိုင်၏ အစီအစဉ်များက ပျော်စရာ ကောင်းသည်။ စာရေးဆရာ၊ ဆရာမတွေ၏ တေးသရုပ်ဖော် အစီအစဉ်တွေက အဓိကဖြစ်သည်။ တေးသရုပ်ဖော်ဖြစ်သဖြင့် သီချင်းကို ကြိုသွင်းပြီး သီချင်းဖွင့် သရုပ်ဖော်ကြသည် မှန်သော်လည်း စာရေးဆရာ၊ ဆရာမများ ကိုယ်တိုင် သီဆို အသံသွင်းထားသည်များကို ဖွင့်ခြင်းသာ ဖြစ်ပါသည်။

ဆရာမင်းသစ်က တွံတေးသိန်းတန်၏ နာမည်ကျော် အသီးတရာ၊ အညှာတခု သီချင်း အဖွင့်ကို ဟဲသည်။ အဖွင့် စကားပြောလေးလည်းပါသည်။ တွံတေးသိန်းတန်ကို လွမ်းရလောက်အောင် ဆရာမင်းသစ်၏ ဟန်ပန် မင်မောင်းက ညက်ညောလှပေသည်။ သီချင်းကို စဆိုလိုက်ချိန်တွင် ဟာ… ကောင်းလှချေလား ဖြစ်သွားခဲ့ရပါသည်။

ထိုပွဲကို အကြောင်းပြုပြီး ဆရာမင်းသစ်နှင့် လူချင်း စ စကားပြောဖူးသွားပါသည်။ ဆရာက ကျွန်တော့် စာတပုဒ်ကို အမှတ်ထင်ထင် ပြောသည်။ (ဘယ်စာမှန်း မမှတ်မိတော့ပါ။) နောက်တကြိမ်မှာ ဆရာက သူ့စာအုပ်တအုပ်ကို ပေးသည်။ သူ့ဖုန်းနံပါတ်ကိုလည်း ပေးပါသည်။ ကျွန်တော်လည်း ဆရာနှင့် တရက် ဆုံမည်ဟု ပြန်ပြောဖြစ်ခဲ့ပါသည်။

ဆရာပေးလိုက်သော စာအုပ်ကို ဖတ်အပြီးမှာ ဆရာ့ ဖြတ်သန်းမှုတွေကို သိရသည်။ ထိုစာအုပ်ထဲမှ ပထမဆုံး အပုဒ်မှာ ဆရာနှင့် တွံတေးသိန်းတန်တို့ တညသောအခါ အင်းလျားကန်စောင်း မှောင်ကြီး မည်းကြီးထဲမှာ အရက်သောက်ရင်း မေတ္တာမီးအိမ်သီချင်းအား တွံတေးသိန်းတန် ရေးဖွဲ့ခဲ့ပုံလေး ဖြစ်ပါသည်။

တညတာ

ထို စာပေပွဲတော်ဲအပြီး မရှေးမနှောင်းတွင် ဆရာနှင့် အမှန်တကယ် ဆုံဖြစ်ခဲ့ပါသည်။ အင်းလျားလမ်းက ဟက်ပီး စားသောက်ဆိုင်တွင်ဖြစ်သည်။ ကျွန်တော်က ပုလင်းတလုံး သယ်သွားသည်။ အမှတ်မမှားလျှင် စိမ်သူ့ အမှတ်အသား အမည်ရ အမေရိကန် ဘာဘန်ဝစ္စကီဖြစ်ပါလိမ့်မည်။ နှစ်ယောက်သား စကားတပြောပြော လေပေါရင်း သောက်ကြသည်မှာ တလုံးလုံး ပြောင်သွားသည်။ ဆရာ့ဖြတ်သန်းမှုတွေကိုလည်း ပိုသိခွင့်ရခဲ့ပါသည်။

ကျွန်တော်တို့ အရှိန်တော်တော်ရချိန်မှာ ဘေးဝိုင်းမှာ လာထိုင်ကြသော လူလတ်ပိုင်း နှစ်ယောက်နှင့် အဖွဲ့ကျသွားပြီး ဆက်သောက်ရင်း ရေချိန်ကို ကျော်လာသည်။ ဆိုင်ပိတ်ချိန်ရောက်သောအခါ ထိုလူလတ် နှစ်ယောက်၏ ကာရာအိုကေဆိုင်သို့ ကျွန်တော်တို့ နှစ်ယောက် တန်းလန်း တန်းလန်း ပါသွားခဲ့သေးသည်။ ဆရာမင်းသစ်က တွံတေးသိန်းတန်၏ သီချင်းများကို ဟဲပြန်ပါသေးသည်။

ညဥ့်တော်တော်နက်မှ ဆရာနေထိုင်ရာ ကမာရွတ်သို့ ကျွန်တော် ပြန်ပို့ပေးခဲ့ပါသည်။

နောက်တခါ ထပ်ဆုံဦးမည်ဟု စိတ်ထဲတွင် တေးထားမိသော်လည်း လက်တွေ့တွင် အထမမြောက်ခဲ့ပါ။ အပြင်ထွက်ရန် အလွန်ပျင်းသော ကျွန်တော့်ဥာဉ်၊ ရန်ကုန်တွင် အနေနည်းသော ကျွန်တော့် အလုပ်သဘာဝတို့ကို အတာချရပါမည်။

ရေးရပြန်သူ

တလောဆီက ဆရာ ဆေးရုံတက်ရသေးသည်ဟုလား၊ နေမကောင်းဟုလား စာအုပ်မျက်နှာစာမှာ သတင်း တက်လာတာကို တွေ့လိုက်မိသေးဟု ထင်ပါသည်။ သွားတွေ့ဦးမည်ဟု စိတ်က ဖြစ်လိုက်သေးသည်။ သို့သော် ထုံးစံအတိုင်း အထက မမြောက်ပြန်။

အခုမနက် ဝေလီဝေလင်းမှာတော့ ဆရာ တိမ်းပါးသွားကြောင်း သတင်းတွေ တွေ့လိုက်ရသည်။ စိတ်ထဲ မကောင်း။

ကျွန်တော့်မှာ ဆရာမင်းသစ်နှင့် ပတ်သက်ပြီး မည်မည်ရရ ပြောစရာ မရှိပါ။ ရှိလောက်အောင်လည်း ရင်းနှီး ကျွမ်းဝင်ခဲ့ခြင်း မရှိ။ တညနေခင်း အတူသောက်ခဲ့ဖူးခြင်း တကြိမ်သာ ရှိပါသည်။

စဉ်းစားကြည့်တော့ ကျွန်တော်နှင့် အတူသောက်ခဲ့ဖူးသူတွေ တိမ်းပါးကုန်တာ မနည်းတော့။ ဆရာ မင်းသစ်လို ကျွန်တော့်ထက် ကြီးသူတွေထဲကရော၊ ကျောင်းနေဖက် သူငယ်ချင်းတွေလို ရွယ်တူတွေထဲက အပြင် ကျွန်တော့်ထက် ငယ်သူတွေထဲက တချို့လည်း မရှိကြတော့ပါ။

သွားလေသူ နောက်တဦးအတွက် အလွမ်းစာကို ကျွန်တော် အခု ချရေးမိနေပါပြီ။

ကျွန်တော့်အတွက် အလွမ်းစာကိုရော ဘယ်သူက ဘယ်အချိန်မှာ ရေးမလဲ မသိ။

တဖြည်းဖြည်း နီးသထက် နီးလာသည်ကား အမှန်ပင်…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ဘန်ကောက် ၀၉၁၁၁၇)

အုန်းဆံကြိုးထုံးရှင်

၁။
၁၉၇၄ ဖြစ်မယ် ထင်တယ်။ ကျွန်တော် ဆယ်တန်းကျောင်းသားဘဝ။

တညသောအခါမှာ ရန်ကုန်တက္ကသိုလ် ဝင်းထဲကို အိမ်အောက်ထပ်က ဂစ်တာသမား အကိုကြီးတယောက်နဲ့ အတူ ပါသွားတယ်။ ပုဂံလမ်းနဲ့ အဓိပတိလမ်းထောင့်၊ ပုဂံလမ်းပေါ်မှာ။ ကျွန်တော်အပါအဝင် လူငယ် ၇ ယောက်၊ ၈ ယောက်။ လမ်းဘေးက မြက်ခင်းပြင်မှာ ဝိုင်းဖွဲ့ ထိုင်နေကြတယ်။

အကိုကြီးတွေ အလုပ်ရှုပ်နေတယ်။ ၈ လက္မလောက် ကြံဆစ်တဆစ်၊ တဖက်စွန်းမှာ လက်တလုံးခွဲလောက် အတွင်းသားတွေ ချန်ပြီး ကျန်တဲ့ အသား အကုန် နွှင်ထားတဲ့ ကြံဆစ်။ ညာဘက်လက်မ လက်သည်းရှည်နဲ့ အကိုကြီးတယောက်က အဲတုန်းက ကွမ်းယာဆိုင်တွေမှာ ဆေးလိပ်မီးညှိလိုသူတွေ အဆင်ပြေအောင် မီးညှိပြီး တွဲလောင်းချထားတတ်တဲ့ အုန်းဆံကြိုးစ တစကို စိတ်ရှည်လက်ရှည် ထုံးဖွဲ့နေတယ်။ နောက်တယောက်က ကြံဆစ်ထဲကို မုန့်တွေ သိပ်တယ်။

ပြင်ဆင်ချိန်ကိုက နာရီဝက်မက ကြာတယ်။ ဟိုအကိုကြီး ထုံးထားတဲ့ အုန်းဆံကြိုး ဝိုင်းဝိုင်းပြားပြားလေးဟာ ခွတ်ခီးမုန့်တုံးလေးလိုဖြစ်သွားတယ်။ လှလိုက်တာ၊ လက်ရာမြောက်လိုက်တာ၊ သပ်ရပ်လိုက်တာ။

အဲဒါလေးကို မီးမြှိုက်တော့ အဲဒီ့လက်ရာလေးကို ကျွန်တော် နှမျောနေမိတယ်။ မကြာခင်မှာ အုန်းဆံကြိုးထုံး လှလှလေးက ရဲနေတဲ့ မီးကျီးခဲ ဖြစ်သွားပါတယ်။ ကြံဆစ်ထိပ်က မုန့်တွေပေါ် မီးကျီးခဲလေး တင်လိုက်တယ်။ ကြံသားအကျန်ဖက်မှာ ရေရွှဲရွှဲဆွတ်ထားတဲ့ အဝတ်စုတ်လေး ပိတ်လိုက်တယ်။ ပြီးတော့ အဲဒီ့ဘက်ကနေ လက်ကို စနစ်တကျ ထားကိုင်ပြီး ပါးစပ်နဲ့တေ့ကာ ရှိုက်တယ်။ အငွေ့တွေ ထောင်းထောင်းထ၊ မွှေးမွှေးသင်းသင်း။002

ကြံဆစ်လေးက တယောက်က တယောက်ဆီ တရွေ့ရွေ့ ပြောင်းတယ်။ ကျွန်တော့်အလှည့်ရောက်လာတယ်၊ ဆွဲတယ်။

မကြာခင် အာရုံတွေ နိုးလာတယ်။ နေလို့ ကောင်းလာတယ်။ ကောင်းလာတယ်ပေါ့။

ကြံဆစ်လေး တပတ်ပြီး တပတ် လှည့်တယ်။ ကောင်းသထက် ကောင်းလာတယ်။

ကြံဆစ်ထဲမှာ အဆာကုန်သွားတော့ ထလိုက်ကြတယ်။ အုန်းဆံကြိုးကို လက်ရာမြောက်စွာ ထုံးဖွဲ့သူ ဗလ တောင့်တောင့်၊ အရပ်ပြတ်ပြတ် အကိုကြီးက သူ့ဘေးမှာ ချထားတဲ့ ဂစ်ထာကို ကောက်ယူလိုက်တယ်။ ကျွန်တော်တို့တွေ အပန်းဖြေ ရိပ်သာဘက်ကို ကူးခဲ့ကြတယ်။

အပန်းဖြေရိပ်သာ မြောက်ဘက်ဘေးကနေ ဝိဇ္ဇာခန်းမ နောက်ဘက် အမှောင်ထဲကို တိုးဝင်ပြီး မာလာဆောင်ရဲ့ ကျောဘက် စည်းရိုးနားမှာ ချထားတဲ့ ကျောင်းခန်းထဲက ထိုင်ခုံတန်းတွေရဲ့ စားပွဲတွေပေါ် တက်ထိုင်လိုက်ကြတယ်။

နေရာကျတော့ အုန်းဆံကြိုးထုံး အကိုကြီးက ဂစ်တာကို စတီးတယ်။ သူ့ရဲ့ ရစ်သစ်(မ်)ခတ်သံက ဝေစီသာယာလွန်းလှတယ်။ မုန့်တန်ခိုးကြောင့် နိုးကြားထက်မြက်တဲ့ အာရုံနဲ့ ဟပ်နေတယ်။ စိုင်းထီးဆိုင်ရဲ့ နာမည်ကျော် သီချင်းတပုဒ်ကို သူ ဆိုလိုက်ပါတယ်။

အို… ကောင်းလိုက်တာ… ဆိုတတ်လိုက်တာ… စိုင်းထီးဆိုင်ထက်တောင် ပိုကောင်းနေသလိုပဲ။ ခံစားချက် အပြည့်နဲ့၊ ညာသံကို မြှင့်ဆိုတဲ့ အပိုဒ်မှာ သူ့အသံက ဖွယ်မသွားဘူး၊ စေးစေးပိုင်ပိုင်နဲ့ လွင်နေတယ်။

မြို့ထဲကို ပြန်လာကြတော့ အိမ်အောက်ထပ်က အကိုကြီးက သီချင်းဆို သိပ်ကောင်းတဲ့ အကိုကြီးရဲ့ နာမည်ကို ပြောပြတယ်။

“ခိုင်ထူး”တဲ့။

၂။
အဲဒီ့က ၅ နှစ်အကြာ ၁၉၇၉ ခုနှစ်…

ဘဝကံအလှည့်အပြောင်းကြောင့် မြို့ထဲကနေ ကန်တော်လေး လမ်း ၉၀ ထိပ်၊ ဘန်ဒါကုန်း ၃ လမ်းနဲ့ လူအိုရုံလမ်း ထောင့်က မြေညီထပ် တိုက်ခန်းကျဉ်းလေးမှာ ကျွန်တော်တို့ သားအမိ နေကြတယ်။ အောက်ခန်းလေးမို့ စာအုပ်အငှားဆိုင် ဖွင့်တယ်။ (နောင်အခါမှာ ကျိကျိတက်အောင် အောင်မြင်တဲ့ စားသောက်ဆိုင်များရှင် ဖြစ်လာလေမယ့်၊ ကနေ့ မရှိရှာတော့တဲ့) သူငယ်ချင်းက ကက်ဆက်ခွေ အငှားဆိုင်ပါ တွဲဖွင့်တယ်။

ကက်ဆက်ခွေ အငှားဆိုင်ဆိုတော့ သီချင်းတွေကို အော်ကြီးဟစ်ကျယ် ဖွင့်တာပေါ့။ သူငယ်ချင်းက တရက်မှာ အဲဒီ့နေ့ကမှ ထွက်တဲ့ အခွေသစ်တခွေ ဝယ်လာတယ်။ “ခိုင်ထူးနဲ့ ရီဇော်”တို့ရဲ့ အခွေ။ ခိုင်ထူးရဲ့ ပထမဆုံး အခွေ။ ကျွန်တော့်မျက်လုံးထဲမှာ အုန်းဆံကြိုးထုံး လှလှလေး ပေါ်လာတယ်။

သူငယ်ချင်းက အဲဒီ့အခွေကို သိပ်ကြိုက်ပြီး အားတိုင်းဖွင့်တော့ အဲဒီ့ထဲက သီချင်းတွေကို အလိုလို အလွတ် ရလာတယ်။ “တရံတခါဆီ”သီချင်းရဲ့ ပထမပိုင်း အနှေးဆိုထားတဲ့ “ရင်ခုန်သံတွေ တိုးတိတ်သွားပြီပဲ”ကနေ “လမ်းခွဲဖို့ ရထားရှိုက်သံဆွဲ”အထိက အဲဒီ့ ပထမဆုံး အခွေထဲက “တဗွေထဲ”သီချင်းပါ။ အဲတုန်းက အဲဒါကို ရီဇော်ဆိုခဲ့တာပါ။Phoenix Cover

အဲဒီ့အခွေထဲမှာ ကျွန်တော် အစွဲလမ်းဆုံးနဲ့ လူခြေတိတ်ချိန်မှာ မျက်နှာချင်းဆိုင်အိမ်က ပေါက်ဖော်မလေးကို ကြူရင်း အဆိုဖြစ်ဆုံး သီချင်းကတော့ “နောက်ဆုံး တွေ့ဆုံခြင်း”ပါပဲ။ ငိုသံပါကြီးနဲ့ အသံကုန် ဟစ်ဆိုရတာ ဘယ်လို အရသာရှိမှန်းကို မသိဘူး။

၃။
ဒါတော့ ခုနှစ် မမှတ်မိတော့ဘူး။ နေရာလည်း မသိတော့ဘူး။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ဖြစ်မယ် ထင်တယ်။ ဆိုင်တဆိုင်မှာ ဖြစ်မယ်ထင်တယ်။ မှတ်မိတာကတော့ ညပိုင်းပဲ။ သူ သီချင်းလာဆိုတယ်။ အဲဒီ့အချိန်မှာ သူ လျှမ်းလျှမ်းမတောက်တော့ဘူး။ လျှမ်းလျှမ်းတောက်ဖူးသူ အဖြစ်သာ သူ့ကို သိကြတော့တဲ့ အချိန်။ သူ အဆိုကောင်းပါသေးတယ်။ ဒါပေမယ့် ၁၉၇၄ တုန်းကလိုတော့ အသံမြင့်တွေ ဆိုရာမှာ သူ့လည်ချောင်းက သိပ်မလိုက်နိုင်တော့ဘူး။

သူ့အလှည့်ပြီးလို့ စင်ပေါ်က ဆင်းလာတော့ ဘယ်လိုက ဘယ်လိုဖြစ်တယ် မသိဘူး၊ သူနဲ့ ကျွန်တော် စကားပြောဖြစ်သွားတယ်။ သူ ကျွန်တော့်ကို မသိပါဘူး။ သို့သော် အောင်မြင်တဲ့ အနုပညာရှင်ပီပီ ပရိသတ်ကို ချေချငံငံ လှိုက်လှိုက်လှဲလှဲပဲ သူ ပြန်ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ညတညကို ကျွန်တော် ပြန်အစဖော်တယ်။ သူ့လက်ရာ အုန်းဆံကြိုးလေး မီးမြှိုက်လိုက်ရတာ နှမျောတဲ့အကြောင်း ပြန်ပြောပြတော့ သူရယ်တယ်။ ပြီးတော့ “တခေါက်လောက် ဆုံပြီး မုန့်စားကြရအောင်လေ…”လို့ သူ ပြောပါတယ်။

အဲဒါ သူနဲ့ “နောက်ဆုံး တွေ့ဆုံခြင်း”ပါပဲ။

ဝ။
ပြန်မယ် မကြာခင်… အခါ ကုန်လွန်ရင်… သာယာခဲ့တဲ့ ဒို့အသံလေး… ကျန်နေရင်ကွယ်… ရင်နာနေမှာ စိုးရိမ်ရတယ်…

စီးဆင်းရင်းနဲ့ ခမ်းခြောက်ခဲ့ရတယ်… အနောက်စူးစူးက ထွက်ရှိခဲ့တဲ့ လရဲ့ အရိပ်အောက်ဝယ်… နေရာ နေရင်း သွားဖို့တော်ပြီ… မှီတွယ်အရိပ်ကလေး မှေးစက် ကျန်ကာနေ…

နောက် ဆုံး တွေ့ ဆုံ ခြင်း…

(ကိုးကား သီချင်း နားဆင်လိုပါရင်…)
https://soundcloud.com/derricmaw/jslemxu7yod4

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…

အတ္တကျော်
ရန်ကုန် – ၀၈၀၈၁၇ (၀၈း၀၀)

In Loving Memory of Maung Thara

ဘ၀တကွေ့ ခဏတွေ့လိုက်သူ (…)

(၁)

ဆရာ မောင်သာရလို့ စဉ်းစားလိုက်တာနဲ့ ခေါင်းထဲကို အရင်ဆုံးပေါ်လာတာက သူ့ကို ကျွန်တော့်ကားပေါ် တင်ပြီး တညလုံး ရန်ကုန်မြို့လယ် အနှံ့ ပတ်မောင်းနေခဲ့ရတဲ့ အဖြစ်ပါပဲ။

အဲတုန်းက ဘာဖြစ်လို့ အဲလို ဖြစ်မှန်းတော့ သေချာ မမှတ်မိတော့ဘူးခင်ဗျ။ မှတ်မိတာ အဲတုန်းက ရွှေတိဂုံ တပေါင်းပွဲတော် ကျင်းပနေချိန် ဖြစ်နေခဲ့တာပါပဲ။

IMG_5151ဆရာ မောင်သာရက ကျွန်တော့် ကားဂိတ်ကို ရောက်လာတာပဲ ထင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ခေါ်တယ်။ ပြီးတော့ သူ့မှာ သည်နေ့ည အိပ်စရာ နေရာ မရှိတဲ့အကြောင်း ပြောပါတယ်။ အဲတော့ ကျွန်တော်က ကျွန်တော့်အိမ်ကို ခေါ်သွားတယ်။ ကျွန်တော်ဆိုတဲ့ ကောင်က အဲသလို မသိသားဆိုးရွားတဲ့ ကောင်။ အိမ်ရောက်လို့ အမေ့ကို အကျိုးအကြောင်း ပြောပြတော့ အမေက ဘယ်ဖြစ်မတုံးတဲ့။ သူနဲ့ ငါနဲ့က အရွယ်ချင်း မတိမ်းမယိမ်းဟာကို သူ့ကို အိမ်မှာ ခေါ်သိပ်လို့ ဖြစ်မလားလို့ ဆိုပါလေရောလား။

အဲတော့မှ ကျွန်တော်လည်း ကျွန်တော့်ရဲ့ မဆင်ခြင်တတ်ပုံကို ပြန်မြင်မိရင်း ဆရာ့ကို အသာ လက်ကုပ်ပြီး ပြန်ခေါ်၊ ကားပေါ်တင်၊ တညလုံး ဟိုနား မောင်းလိုက် သည်နားမောင်းလိုက်နဲ့ ပတ်မောင်းနေခဲ့ရတာပေါ့ဗျာ။ တော်သေးတယ်၊ အဲတုန်းက ဓာတ်ဆီတဂါလံမှ မြန်မာငွေ ၃ ကျပ်ခွဲနဲ့ ကြိုက်တဲ့ဆိုင် ၀င်ထည့်လို့ ရနေသေးတဲ့ ကာလမို့လို့သာပေါ့။ မနက်လင်းတော့မှ သူ့ကို တနေရာမှာ ထားခဲ့၊ ကျွန်တော် အိမ်ပြန်၊ ရေမိုးချိုး၊ ကားမောင်းသမားဘ၀ တနေ့တာ ပြန်စရတာပေါ့။

အချိန်က ၁၉၇၀ ပြည့်လွန် အနှောင်းပိုင်းကာလတွေပါပဲ။

(၂)

ဆရာ့ကို စ တွေ့ဖူးတာ ၁၉၇၆ ခုနှစ် မိုးကုန်ခါနီးမှာ ဖြစ်ပါလိမ့်မယ်။ အဲတုန်းက ကျွန်တော် ပထမနှစ် ကျောင်းသားပါ။ စာပေဝါသနာရှင်ပေါ့။ သို့ပေတည့် သာမန် ဝါသနာရှင်တော့ မဟုတ်တော့ဘူး။ စာရေးဆရာ ဖြစ်ချင်တဲ့ ရောဂါ တော်တော့်ကို အရင့်အမာနဲ့ ၀ါသနာရှင်ပါ။

အဲဒီ့အချိန်မှာ ဆရာမောင်သာရက ရေးသူ ဖတ်သူ ဆွေးနွေးပွဲတွေကို ကြီးမှူး ကျင်းပနေပါတယ်။ ကျွန်တော် တက္ကသိုလ်မရောက်ခင် ဆယ်တန်း ကျောင်းသား ဘဝလောက်တုန်းက သိမ်ဖြူလမ်းနဲ့ ဒါလဟိုဇီ (မဟာဗန္ဓုလ) လမ်းထောင့်က ၀ိုင်အမ်စီအေမှာ လုပ်တာ။ အဖေကိုလည်း ကြောက်ရ၊ လူကလည်း တက္ကသိုလ် မရောက်သေးတော့ သွားချင်ပေမယ့် မသွားသာခဲ့ဘူး။

၁၉၇၆ ခုနှစ် စက်တင်ဘာမှာတော့ အဖေ ပျောက်သွားတယ်။ ကျွန်တော့်ဘဝထဲကပါ ရာသက်ပန် အဆုံးတိုင် ပျောက်သွားတာပါ။ ကျွန်တော်လည်း တက္ကစီ ဒရိုင်ဘာ နေ့ချင်းညချင်း ဖြစ်သွားတယ်။ ဒါလည်း ကိုယ့်ကိုယ်ကိုယ် အငှားယာဉ်မောင်းသမားအဖြစ် သိပ်မမြင်မိပါဘူး။ မမြင်ဆို အမေ့ကားကို မောင်းနေတာကိုး။

အဲဒီ့အချိန်က အခုလို ကားတွေ မပေါသေးဘူး။ ကားနံပါတ် အက္ခရာ တစ်ခု တက်ဖို့ နှစ်နဲ့ ချီပြီး စောင့်ရတဲ့ တံခါးပိတ်ထားသော ဆိုရှယ်လစ်ခေတ်။ သင်္ဘောသား ကားဆိုတာတွေတောင် မပေါ်သေးဘူး။ နံပါတ်မှ ဈ နံပါတ်တောင် မပေါ်သေးဘူးမှတ်တယ်။ အဲဒီ့အချိန်မှာ အမေ့ကားက ဇ/၈၀၇၉။ အဖေ ကောင်းကောင်း ထိန်းသိမ်း မွမ်းမံထားတာမို့ ပြောင်ပြောင်လက်လက်၊ မှန်လုံ လေးဘီးကား။ ပစ်ကပ်မဟုတ်ဘူး။ ဗှယ်(န်)။

အဲတော့ ပထမနှစ် တက္ကသိုလ်ကျောင်းသား ကျွန်တော်ဟာ ကိုယ့်ကား ကိုယ်မောင်းပြီး ကျောင်းတက်တဲ့သူ ဖြစ်နေတော့တာပေါ့။ အဲဒီ့ခေတ်က ဆိုခဲ့တဲ့အတိုင်း ကားမပေါသေးချိန်ဆိုတော့ ကျောင်းကို ကားယူလာတဲ့သူ ဆိုတာ တစ်ကျောင်းလုံး လက်ချိုးရေလို့ ရတဲ့အချိန်ပါ။ အဲတော့ တကယ်တမ်းမှာ အငှားယာဉ်သမား ကျွန်တော်ဟာ ကားတစ်စီးနဲ့ ဖလန်း ဖလန်းထလို့ ကောင်းနေတော့တာပေါ့။

ကြောက်ရမယ့် အဖေကလည်း မရှိတော့၊ အမေဆိုတာက ကျွန်တော် ဘာလုပ်လုပ်၊ ရည်စားထားတာကလွဲရင် အကောင်းထင်တတ်တဲ့သူ၊ ကျွန်တော်ကလည်း အမေ့ဆို တစ်စက်မှ မကြောက်ဆိုတော့ ဖြစ်ချင်တိုင်း ဖြစ်မှုရဲ့ အစလို့ပဲ ဆိုကြပါစို့ရဲ့။

အဲဒီ့အချိန်မှာ ဆရာမောင်သာရက သူကြီးမှူး ကျင်းပတဲ့ ရေးသူ ဖတ်သူဆွေးနွေးပွဲကို ကန်တော်ကြီးစောင်းက ဆရာဝန်များ အသင်းတိုက်မှာ ကျင်းပပြန်ပါတယ်။ အဲတော့ ကျွန်တော်လည်း သွားတော့တာပေါ့ဗျာ။ ဝင်ကြေးက သုံးကျပ်လား မသိဘူး ပေးရတယ်။ အဲတုန်းက ကျွန်တော်နဲ့အတူ အတန်းဖော် မိန်းကလေး တယောက်ပါလာပါသေးတယ်။ အခုတော့ အဲဒီ့ အတန်းဖော်မလည်း သေရှာပါပြီ။ ၃-၄ နှစ်တောင် ရှိပြီ ထင်ပါရဲ့။

ပထမဆုံးနေ့ကို မှတ်မိနေပါသေးတယ်။ ဆရာဒေါင်းနွယ်ဆွေ ပြောတဲ့နေ့ပေါ့။ ဆရာဒေါင်းကို ကျွန်တော် ချာတိတ်၊ အသက် ၂၀ မပြည့်သေးတဲ့သူက တောင်တောင်အီအီတွေ လျှောက်ချဲတယ်။ ဘာတွေလဲတော့ မမှတ်မိဘူး။ အဲတော့ ဆရာဒေါင်းက ပစ်ကွင်းထဲ ဝင်လာလို့တော့ နှံပြီစုတ်လည်း ပစ်ရမှာပဲလို့ အစချီပြီး ကျွန်တော့်ကို ပြန်နှိပ်ပါတယ်။ ပျော်စရာကြီးပါ။ (ဆရာဦးအောင်သင်းအကြောင်း ရေးတုန်းက ဒါ ပါပြီးပါပြီ။)

အဲ… ဆရာဒေါင်းဟောနေတုန်းမှာ မိုးတွေ သဲကြီးမဲကြီး ရွာချပါတယ်။ ကျွန်တော်ကားရပ်ခဲ့တဲ့ နေရာက လွဲနေပုံပဲ။ အဲတော့ ဟောပြောပွဲ တန်းလန်းမှာ တိုက်ပုံအကျီ ဝတ်ထားတဲ့ လူထွားထွားကြီး တယောက်က ကျွန်တော့်ကို လာပြောတယ်။ ကားခေါင် တည့်တည့်ကို မိုးတွေ အလုံးအရင်းနဲ့ ကျနေတယ်။ နေရာရွှေ့လိုက် ပါလားတဲ့။ ကျွန်တော်လည်း ထတဲ့ပြီး ကားသွားရွှေ့ပါတယ်။

ကျွန်တော့် စိတ်ထဲမယ် အဲလို လာပြောတဲ့သူကို အရာရှိ ကြီးကြီးမာစတာ တယောက်၊ ဒါမှမဟုတ် ဆရာဝန် အသင်းတိုက်က တာဝန်ရှိသူတယောက်လို့ အောက်မေ့လိုက်မိပါတယ်။

နောက်ပွဲတွေကျမှ သိလိုက်တာက အဲဒါ ဆရာ မောင်သာရတဲ့ ခင်ဗျ။

(၃)

ဆရာ့ဝတ္ထုတွေနဲ့ကတော့ အစောကြီးကတည်းက ရင်းနှီးပြီးသားပါ။ ပြောင်မြောက်တဲ့ အရေးအသား၊ ထူးခြားတဲ့ ခေါင်းစဉ်တွေကြောင့် ဆရာ့စာတွေက ကျွန်တော်တို့ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ပြီးတော့ သူက သရုပ်မှန် ဝတ္ထုတွေ ရေးတဲ့သူ။

ဆရာ့ စာတကာအနက် ကျွန်တော် အစွဲဆုံး စာတစ်ပုဒ်ကို ပြပါဆိုရင်တော့ ပရိသတ်တောင် များများစားစား မဖတ်ဖူးမယ့် စာတိုလေး တပုဒ်ကို ထုတ်ပြချင်ပါတယ်။

အဲဒါက ဗိုလ်ချုပ်ဈေး ပန်းချီပန်းပုဆိုင်မှာ လုပ်တဲ့ ကာတွန်းပြပွဲ တပွဲမှာ ဆရာရေးသွားတဲ့ ဧည့်သည်တော် မှတ်တမ်းထဲက စာလေးပါပဲ။

ပြန်ပြောမယ်နော်… အဲဒီ့ခေတ်က ၁၉၇၀ ပြည့်လွန်အနှောင်းပိုင်း၊ မြန်မာ့ ဆောက်ရှက်လက်(စ်) လမ်းဇင် ဖာထီ (နေးထစ်[ဗှ်]ဆဖီခါသှံ) တန်ခိုးထွားစ အချိန်ပါ။

ဆရာက သည်လို ရေးသွားပါတယ်။

လမ်းကျဉ်းလေးမှာ ကလေးတွေ ဘောလုံးကစားနေတာ မြင်ရတော့ သနားမိပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြီး သနားနေရသေးတယ်လေ… ပါတဲ့ ခင်ဗျား။

(၄)

စနေနေ့တိုင်းမှာ ဆရာ ကြီးမှူး ကျင်းပတဲ့ ရေးသူ ဖတ်သူ ဆွေးနွေးပွဲတွေကို အပတ်စဉ် မပျက်မကွက် သွားရောက်ခဲ့တာမို့ နောက်ပိုင်းမှာ ဆရာနဲ့ ရင်းနှီးလာခဲ့ပါတယ်။

ဆရာကလည်း ကျွန်တော့်ကို တက္ကသိုလ်ကျောင်းသား ငမျောက်ငချောက်၊ အငှားယာဉ်သမားတပိုင်း၊ စာပေ ဝါသနာအိုးမှန်း သိသွားပါတယ်။

အဲတော့လည်း ပရိုက်ဗှိတ်တက္ခဆီ အင်မတန် သုံးတတ်တဲ့ ဆရာက ကျွန်တော့်ကားကို ခဏ ခဏ ငှားသုံးတော့တာပေါ့ခင်ဗျာ။

သည်မှာ ထူးခြားချက်ကတော့ ဆရာဟာ စာရေးဆရာတန်မဲ့နဲ့ လုံးဝ အရက်မသောက်တတ်သူပါပဲ။ ဆေးပြင်းလိပ်ကိုတော့ တချိန်လုံး ခဲထားတတ်ပါတယ်။ ဆရာသောက်တာက နဂါးနီတံဆိပ် ဆေးပြင်းလိပ် ညိုညို တုတ်တုတ်ကြီး ခင်ဗျ။

အဲ… အရက်သာ မသောက်တယ်၊ အစားကောင်း အသောက်ကောင်းတော့ အင်မတန် သိပါပဲ။ ကျွန်တော့်ကို သူ စိတ်ကူးပေါက်ရင် ဆိုင်ကောင်းကောင်းကို ခေါ်သွားပြီး ကျွေးတတ်ပါတယ်။ သူကတော့ သိပ်မစားဘူးခင်ဗျ။ သိပ်မစားတာတောင် မဟုတ်ဘူး။ လုံးလုံး မစားတာပါ။ သူ့ရဲ့ သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိတာတွေကို ငဲ့ကွက်ပြီး အစားအသောက် ဆင်ခြင်တယ်လို့ ပြောပါတယ်။

မှတ်မှတ်ရရ မြေပဒေသာကျွန်း ထိပ်နားဆီက ကီးတော်ကျန် (ကန်တော်ကြီး) စားသောက်ဆိုင်ကို ဆရာ ခေါ်သွားလို့ ကျွန်တော် စ ရောက်ဖူးတာပါ။ အဲဒီ့ဆိုင်လေးက ဟင်းတွေ ကောင်းတယ်ဆိုပြီး ဆရာက သူမစားဘဲ ကျွန်တော် တစ်ယောက်တည်းကိုပဲ အကျအန မှာကျွေးခဲ့ဖူးပါတယ်။

ပြီးတော့ တောင်ရောက် မြောက်ရောက် စကားတွေပြောပေါ့။

စကားတွေ ပြောဆိုလို့လည်း သိပ်အကောင်းမမှတ်စေချင်ပါဘူး။ ဆရာနဲ့ ပတ်သက်လို့ စိတ်ပျက်စရာ အကောင်းဆုံးက သူ့စကား နားထောင်ရတဲ့ ဒုက္ခပါ။ တော်တော်ဆိုးပါတယ်။ စကားတခွန်းနဲ့ တခွန်းကြား တရေး ကောင်းကောင်း အိပ်လို့ရတဲ့အထိ ခြားနေတတ်တာကိုး ခင်ဗျ။ စကားတခွန်းကို သူက အစချီလိုက်တယ်။ နားထောင်တဲ့ ကျွန်တော်က စိတ်ဝင်တစားနဲ့ စောင့်နေတယ်။ စကားဆက်က ထွက်မလာဘူး။ သူ့မျက်နှာလှမ်းကြည့်တော့ ဆေးပြင်းလိပ်ကြီးခဲလို့ မခိုးမခန့် ပြုံးချင်ပြုံးနေတတ်ပြန်တယ်။ အဲလိုမျိုး။

(၅)

ဆရာနဲ့ ပတ်သက်လို့ နောက်ထပ် အမှတ်တရတခုက သူ့အိမ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာပါပဲ။ ကမ္ဘာအေး ဘုရားလမ်း၊ မြို့ထဲဘက်က သွားရင် ရွှေတောင်ကြားလမ်း (ကမ္ဘောဇလမ်း) အကျော်မှာ ပလီတလုံး ရှိပါတယ်။ အဲဒီ့ ပလီအဆောက်အအုံ ဘေးက လမ်းကြားထဲက အိမ်ပါ။

အိမ်က နှစ်ထပ်အိမ် အယ်စတုံကြီးဗျ။ အဲဒီ့အိမ်ကြီးကို စ ရောက်ဖူးပါတယ်။ အိမ်က အိမ်နဲ့ သိပ်မတူပါဘူး။ မတူဆို အိမ်ကြီးက ကြီးသလောက် အိမ်ထဲမှာ ပရိဘောဂ များများစားစား မရှိပါဘူး။  မရှိဆို ဆရာက နှစ်ချုပ်နဲ့ ယာယီ ငှားနေတဲ့ အိမ်ပေကိုး ခင်ဗျာ။

အဲဒီ့အိမ်မှာ ဆရာ့ ဒုတိယ ဇနီး မအိကိုလည်း စ တွေ့ဖူးပါတယ်။ အဲတုန်းက မအိက တကယ့် ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးပါပဲ။ အကိုပုရိသတိုင်း သွားရည်တမြားမြားနဲ့ နှစ်ခါမက အခါခါ ပြန်လှည့်ကြည့်ရမယ့် အသား အရေနဲ့ အဆက်အပေါက်ပါ။

ဆရာက ခပ်တည်တည်ပါပဲ။ ဒါ ငါ့မိန်းမဆိုပြီး တုံးတိတိ မိတ်ဆက်ပေးပါတယ်။

(၆)

ဆရာ့အိမ် နောက်တနေရာက ကန်တော်လေးမှာပါ။ လမ်းကို ခုထိ မျက်လုံးထဲ မြင်နေသေးပေမယ့် ဘယ်လမ်းမှန်း မမှတ်မိတော့ဘူး။ လမ်း ၁၀၀ ကျော်ထဲမှာပါ။

အဲတုန်းက မအိနဲ့ မွေးတဲ့ ကလေးလေးက ၄-၅ နှစ်သားပဲ ရှိပါသေးတယ်။ တခါတခါ ဆရာနဲ့ ပါလာတတ်ပါတယ်။

မောင်သိန်းလွင်၏ မစန်းစန်းဝင့်ကိုလည်း ဆရာ့ကို အကြောင်းပြုလို့ တခါတော့ ဆုံဖူးတယ်။ ရိုးရိုးအေးအေး ခပ်ပိန်ပိန် အမျိုးသမီးကြီးပါ။

၁၉၇၉ ခုနှစ်မှာ ကျွန်တော်ဟာ ကားသမားဘဝက စုတေသွားပါတယ်။ အဲတော့လည်း ဆရာနဲ့ မဆုံဖြစ်တော့ပေဘူးပေါ့။

(၇)

၁၉၈၉ ခုနှစ် သင်္ကြန်ကာလမှာ ဆရာ့ကို မန္တလေး လူထုတိုက်မှာ ဆုံပါတယ်။ အဲဒီ့အချိန်က ကျွန်တော်ဟာ မဟေသီ မဂ္ဂဇင်းမှာ ကလောင်အမည် ပေါင်းစုံနဲ့ တမိုးလုံး ဖျောက်ဆိပ် လုပ်ခါစ အချိန်ပေါ့။

ဆရာက ကျွန်တော့်ကို မင်း မြတ်ခိုင်လိုလို၊ ဝင်းငြိမ်းလိုလို လုပ်နေပါလားလို့ ပြောလိုက်တော့ ကျွန်တော် အီသွားပါတယ်။

အဲ… ရေးရင်းနဲ့မှ သတိရလာတယ်။ ဆရာ ကျွန်တော့်ကားကို ခေါ်ခေါ် စီးနေတုန်းက ဆရာနဲ့အတူ မဂ္ဂဇင်းတိုက်တွေကို ရောက်ဖူးခဲ့တာကိုပါ။ အဓိကက အမှတ် ၁ ဆင်းဒဝစ်လမ်း (နဝဒေးလမ်း မှတ်တာပဲ) က ရှုမဝတိုက်ကို နှစ်ကြိမ်၊ သုံးကြိမ် ရောက်ခဲ့ဖူးပါတယ်။

တကြိမ်မှာတော့ စာတည်းချုပ် ဆရာမောင်ဆွေတင့်ရဲ့ စားပွဲရှေ့မှာ ထိုင်နေတဲ့ ဖြူဖြူချောချော၊ လူရည်သန့်၊ ရည်ရည်မွန်မွန်တယောက်နဲ့ ဆုံတာလည်း အမှတ်တရပါပဲ။ နောက်မှ သိရတာက အဲဒါ ဆရာ မောင်လွန်းကြင်ဆိုတာပါတဲ့။ ဆရာမောင်လွန်းကြင်က အလွန်လည်း စာရေးကောင်းတဲ့သူပါ။ သူ ချောတာကလည်း ဝင်းဦးလိုကို ဂိုက်ဆိုက်ကောင်းကောင်းနဲ့ ချောတာပါပဲ။

အဲ… တချီသားမှာ မဂ္ဂဇင်းတိုက်က အပြန် လမ်းမှာ ဆရာ မောင်သာရက ကျွန်တော့်ကို သြဝါဒ ချွေပါတယ်။

မဂ္ဂဇင်းအယ်ဒီတာတွေနဲ့ ပေါင်းထားကွ။ သူတို့ဆီ ဝင်ထွက်။ ကြုံတဲ့အခါ လက်ဖက်ရည်လေး ဘာလေး တိုက်ထား။ ပြီးတော့မှ စာမူပေးပေါ့ကွ။ သည်တိုင်း ပို့နေလို့ကတော့ မင့်စာမူ သူတို့ မျက်စိအောက် ရောက်လာမှာ မဟုတ်ဘူးတဲ့။

ကျွန်တော့် ပင်ကိုစိတ်နဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ သြဝါဒပါပဲ။   

(၇)

အဲဒီ့နောက်မှာ ဆရာနဲ့ နောက်ဆုံးတွေ့ခဲ့တာက သိမ်ဖြူလမ်းက သာရမဂ္ဂဇင်းတိုက်မှာပါ။ စာမူ သွားပို့ရင်း တွေ့တာပါ။ ဆရာက တထိုင်တည်း ဖတ်ကြည့်ပြီး မရွေးဘူးလို့ ပြောပါတယ်။ အဲဒီ့အချိန်က သူက သာရဆုဆိုပြီး ဝတ္ထုတိုဆု ပေးမယ့် အစီအစဉ်ကို စတင်လိုက်ချိန်ပါ။ ကျွန်တော် ရေးတာက သာရ သာရသာ ရလျှင်ဆိုပြီး ရေးလိုက်တာပါ။ သူလို ဝတ္ထုတို ဧတဒဂ်ကို ကျော်ပြီး ရေးနိုင်မယ့်သူက ရှားတယ်။ အဲတော့ သည်ဆုကို သူပဲ ရမှာပါဆိုပြီး နောက်တောက်တောက် ရေးလိုက်တဲ့ စာမူဖြစ်ပါတယ်။

စာရေးတာ ကောင်းပါတယ်ကွ။ ဒါပေမယ့် ငါ့ ချီးကျူးထားတဲ့စာမူကို ငါ့မဂ္ဂဇင်းထဲ ငါက ပြန်ထည့်လို့ ဘယ်ဖြစ်မတုံး။ ဒါ့ကြောင့် မရွေးတာလို့လည်း ပြောပါတယ်။

(၈)

အဲဒီ့နောက်မှာတော့ ဆရာနဲ့ လုံးလုံး မတွေ့ဖြစ်တော့တာ ဆရာ ကွယ်လွန်သွားတဲ့ အထိပါပဲ။

သည်ကြားထဲမှာ ဆရာ့သတင်း၊ အတင်းပေါင်းစုံတော့ စွတ်ကယ်၊ စွတ်ကယ် ကြားရတတ်ပါတယ်။ ဆရာ တဖက်နိုင်ငံကို ကူးသွားတာ၊ အမေရိကန်နိုင်ငံကို ရောက်သွားတာသာ မက အမေရိကန်နိုင်ငံမှာတောင် ဆရာ့ ဝသီအတိုင်း ကျင့်ကြံနေထိုင်ပုံများကို ဟိုက သည်က ကြားရတယ်။

ကျွန်တော်နဲ့ ဆရာနဲ့ ကြားမှာတော့ အတော် ရှင်းပါတယ်။ အထူးသဖြင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆရာ့ရဲ့ ငွေရေး ကြေးရေး အရှုပ်အထွေးတွေနဲ့ ကျွန်တော် လွတ်ကင်းပါတယ်။ ဒါတောင် ကျွန်တော့်ဆီမှာ ဆရာ့ လက်ရေးနဲ့ စာတစောင်ရှိနေပါသေးတယ်။ ဘယ်နားထားမိမှန်းတော့ မသိတော့ဘူး။ တနေရာရာမှာတော့ မလွဲမသွ ရှိနေဦးမှာပါ။ (အလားတူပါပဲ၊ ရွှေဘုန်းလို့ ခေါ်တဲ့ တာရာမင်းဝေရဲ့ ဂန္ထဝင် စာတစ်စောင်လည်း သူ လက်ဆောင်ပေးထားတဲ့ စာအုပ်မှာ ချုပ်စက်နဲ့ တွဲချုပ် သိမ်းထားပါတယ်။)

(၉)

မတွေ့တဲ့ကြားက ဆရာ့ နောက်ဆုံးအမှတ်တရကတော့ ဆရာ ရေးလိုက်တဲ့စာကို ဆရာဝင်းငြိမ်း ချက်နဲ့ လက်နဲ့ ပြန်ချဲထားတဲ့ အကြောင်းပါပဲ။

ဆရာက တဖက်နိုင်ငံကို ထွက်သွားတာဟာ အဲတုန်းက အစိုးရကပဲ သူ့ကို ဒုက္ခပေးလို့ တိမ်းရှောင်သွားရသလိုလို ရေးလိုက်တာပါပဲ။ အဲဒါမဟုတ်မှန်း စာပေနယ် တနယ်လုံး အသိပါ။ အဲလို ရေးလိုက်တော့ ဆရာဝင်းငြိမ်းက ငြိမ်မနေတော့ပါဘူး။ ဆရာ့ကို အိတ်ဖွင့်ပေးစာသဘောမျိုး ရေးပြီး ချဲတော့တာပါ။

ဆရာ့မှာက အဲလိုဟာလေးတွေ ရှိပါတယ်။

(၁၀)

အဲ… တခုကျန်သေးတယ်ဗျ။ ဆရာနဲ့ ပတ်သက်လို့ အမှတ်ရစရာနောက်တခုက ယာဉ်မောင်းလိုင်စင်အနီ (အငှားယာဉ် မောင်းနှင်ခွင့်လိုင်စင်) ဘယ်တော့မှ မလုပ်ဖို့ သွန်သင်ခဲ့တာပါပဲ။

ဆရာက သူ အမျိုးသားစာပေဆု ရခဲ့တဲ့ မတ်တတ်ရပ်လို့ လမ်းမှာငို ဝတ္ထုကို ရေးဖို့အတွက် အဲတုန်းက ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ (ကလသဖ) ရဲ့ အငှားယာဉ်တွေကို ဝင်မောင်းခဲ့ပါတယ်။ အဲလို မောင်းနိုင်ဖို့ အတွက် သူ့ယာဉ်မောင်းလိုင်စင်ကို အနီ ပြောင်းခဲ့ပါသတဲ့။

အဲဒါက နောက်ပိုင်းမှာ အားနည်းချက်ဖြစ်ပြီး ယာဉ်ထိန်းရဲက လိုင်စင်တောင်းလို့ ထုတ်ပေးတဲ့အခါ အလွန် အနိုင်ကျင့်ခံရတဲ့ လိုင်စင်ဖြစ်နေကြောင်း ဆရာက ပြောပြဖူးပါတယ်။

ကျွန်တော်က အငှားယာဉ်မောင်းသမား ဘဝကို မလွှဲသာလို့သာ ရောက်ခဲ့တာပါ။ အင်မတန် ကြီးကျယ်တဲ့ ကျွန်တော့်စိတ်နဲ့ တစက်ကလေးမှ မကိုက်တာမို့ တသက်လုံး မလုပ်ဘူးလို့ စကတည်းက ဆုံးဖြတ်ထားပြီးသားပါ။ ဒါ့ကြောင့် လိုင်စင်အနီ လုပ်ဖို့လည်း တခါဖူးမှ စိတ်မကူးဖူးပါဘူး။ ဆရာ မပြောလည်း လုပ်ဖြစ်မယ့် အထဲမှာ မပါပါဘူး။

ဆရာက သည်ခေတ်အထိ မြန်မာပြည်မှာ မနေတော့လို့ သည်စကား ပြောတာလည်းပဲ ဖြစ်ပါတယ်။ တကယ်တော့ ဘက်ပေါင်းစုံက ယိုယွင်းပျက်စီးနေတဲ့ ကျွန်ုပ်တို့၏ ရွှေနိုင်ငံကြီးမှာ ငွေ ၄-၅-၆ သောင်းလောက်ပဲ အကုန်ခံစရာ လိုပါတယ်။ နှစ်သက်ရာ ယာဉ်မောင်းလိုင်စင်တခု လက်ထဲကို ရောက်လာနိုင်တာ ဆရာ မသိနိုင်တော့ပါဘူး။ ဟိုနေ့ကပဲ နိုင်ငံခြားသား အာရှသားတစ်ယောက်က ကုန်လမ်းညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပေးထားတဲ့ သူ့ယာဉ်မောင်းလိုင်စင်ကို မဲ့ကာ ရွဲ့ကာနဲ့ ထုတ်ပြပါတယ်။ ကျပ် ခြောက်သောင်းလေးပဲ ပေးရတာပါတဲ့။ တရားဝင်လိုင်စင်တွေကို အခုလို လွယ်လွယ်ကူကူ ဝယ်လို့ရနေမှတော့ စည်းမဲ့ ယာဉ်မောင်းတွေ လမ်းပေါ်မှာ အောတိုက်နေတာလည်း မဆန်းပါဘူးလို့ သူက ပြောသွားပါတယ်။

(၁၁)

ဆရာမောင်သာရနဲ့ ပတ်သက်ရင် ကျွန်တော်ကတော့ နှစ်ပိုင်း မြင်ပါတယ်။

လူမောင်သာရနဲ့ စာရေးဆရာ မောင်သာရပါပဲ။ ဒါ စာရေးဆရာတိုင်းလားတော့ မသိဘူးခင်ဗျ။ သို့သော် ကျွန်တော် ပေါင်းခဲ့ဖူးတဲ့ အကိုကြီး မောင်ဝဏ္ဏကတော့ လူမောင်ဝဏ္ဏနဲ့ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏတို့ ကြားမှာ သိပ်အဟပ်မကွာလှပါဘူး။ ဆရာငြိမ်းကျော်၊ ဆရာအောင်သင်း၊ ဆရာဇော်ဇော်အောင်တို့ကတော့ လူနဲ့ စာရေးဆရာကြားမှာ တမျိုးမဟုတ် တမျိုး ကွာကြပါတယ်။ ဆရာမာန်မြင့်၊ ဆရာကံချွန်တို့ကျတော့ လူနဲ့ စာနဲ့ တယ် ကွာလှတယ်လို့ မခံစားခဲ့ရပါဘူး။ ကျွန်တော်လည်း စာနဲ့ လူနဲ့ သိပ်ကွာလှမယ် မထင်ဘူးဗျ။

စာရေးဆရာ မောင်သာရကတော့ တကယ့်ကို လက်ဖျားခါစရာ ကောင်းလောက်အောင်ကို စာအရေးအသား ကောင်းလွန်းသူပါ။ မြန်မာစာ နှံ့ချက်ကလည်း ကမ်းကို ကုန်လို့ပါ။ ဆရာ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ အသေးစား ဖြစ်တဲ့ မောင်သိန်းလွင်၏ မစန်းစန်းဝင့်ပါအတိုင်းဆိုရင် ဆရာဟာ ငယ်ဘဝတုန်းက ဆရာဝင်းဦးလိုပဲ တကုပ်ကုပ်နဲ့ စာချည်း နင်းကန် ဖတ်နေခဲ့ပုံပါပဲ။ စာဖတ်အား တအားကောင်းခဲ့တဲ့အပြင် စကားတတ်တဲ့ မန္တလေးဝန်းကျင်မှာ ကြီးပြင်းတဲ့ မန္တလေးသားလည်း ဖြစ်တာမို့ ဆရာ့မြန်မာစာ ပြောင်မြောက်တာလည်း ဖြစ်ပါလိမ့်မယ်။

လူမောင်သာရကတော့ လူပီပီ ဆိုးတာတွေ၊ ကောင်းတာတွေ၊ လွဲတာတွေ၊ တည့်တာတွေ မလွဲမသွေ ရှိနေမှာပါ။ ကျွန်တော်က ဆရာနဲ့ နှစ်ကလေး မဆိုစလောက်သာ အနီးကပ်နေခဲ့ဖူးတာမို့ ဆရာ့ စိတ်ရင်းကို အကဲခတ်မိတယ်ဆိုရင်တောင်မှ မပြောပလောက်တဲ့ ရိပ်မိခြင်းမျိုးသာ ရှိနေပါလိမ့်မယ်။ ဆရာ့တဘ၀လုံးကို ကျွန်တော် မသိပါဘူး။ ဆရာ့ ငယ်ဘဝ နောက်ခံတွေ၊ စိတ်အနာတရတွေလည်း ကျွန်တော် မသိပါဘူး။

(၁၂)

တခုတော့ ရှိပါတယ်။

ဆရာသော်တာဆွေကို ကျွန်တော့်တဘဝလုံးမှာ တကြိမ်သာ ဆုံဖူးပါတယ်။ ဆရာ မဆုံးခင် နှစ်နှစ်လောက် အလိုမှာ ဖြစ်မယ် ထင်ပါတယ်။ အစအစလို့ ခေါ်တဲ့ အင်းစိန် အုပ်စုက လုပ်တဲ့ ပွဲတပွဲမှာပါ။ ထုံးစံအတိုင်း ဘာပွဲမှန်း ကျွန်တော်မမှတ်မိပါဘူး။

အဲဒီ့ပွဲမှာ ဆရာသော်တာဆွေ့ကို ပထမဆုံးအကြိမ် လူချင်း တွေ့ဖူးပါတယ်။ ဆရာ့ကို မြင်လိုက်တာနဲ့ ကိုယ့် ဦးလေးသားချင်းလို ချစ်ခင်တဲ့ စိတ်က ရင်ထဲမှာ အလိုလို ပေါ်လာခဲ့ပါတယ်။ တကယ့် ထူးခြားချက်ပါပဲ။

အဲဒါ ဆရာသော်တာဆွေ့ရဲ့ စာတွေကြောင့်လို့ ထင်ပါတယ်။

အဲလို စိတ်မျိုးက ဆရာဇော်ဇော်အောင်၊ ဆရာ မာန်မြင့်၊ ဆရာ ကံချွန်၊ ဆရာ မောင်ဝဏ္ဏ၊ ဆရာ မင်းလူတို့နဲ့လည်း ဖြစ်ခဲ့ဖူးပါတယ်။ အသက်ရှင်နေသေးသူများထဲကဆိုရင် ဆရာမကြီး ဒေါ်ခင်ဆွေဦးနဲ့ ဆရာမ မစန္ဒာတို့ အပေါ်မှာလည်း အဲလို စမြင်ချိန်ကတည်းက ကိုယ့်အဒေါ်အမ သားချင်းလို ချစ်ခင်တဲ့ စိတ်များ ဖြစ်ရပါတယ်။ ကျန်တဲ့ တချို့ ဆရာ၊ ဆရာမတွေနဲ့ကျ အဲလို မဖြစ်ဖူးတာဟာလည်း အမှတ်ထင်ထင်ပါ။

ဆရာမောင်သာရအပေါ်မှာရော…

သေချာပြန်စဉ်းစားကြည့်တော့ ဆရာ့ကိုလည်း ကျွန်တော်ချစ်ပါတယ်။ ကျွန်တော်နဲ့ ဆရာ ထိတွေ့ ဆက်ဆံခဲ့တဲ့ သက်တမ်းတိုလေးအတွင်းမှာ ဆရာက ကျွန်တော့်ကို သူ့ တူသားတယောက်လို ချစ်ချစ်ခင်ခင် ဆက်ဆံခဲ့တာကြောင့်ပဲ ထင်ပါတယ်။

ဆရာ့စာတွေထဲမှာ ဆရာက စွာပါတယ်၊ လက်ပေါက်လည်း ကတ်ပါတယ်၊ ခွလည်း ကျပါတယ်။ အပြင်က လူ မောင်သာရဆီမှာ ကျွန်တော် မြင်ခဲ့ရသလောက်က အဲဒီ့စရိုက်တွေ အတိအကျ ရှိနေပါတယ်။

ကျွန်တော် သေချာ ဂန မသိတဲ့ တခြားသူတွေရဲ့ ဆရာနဲ့ပတ်သက်တဲ့ စကားများကိုတော့ ကျွန်တော် သိပ် စိတ်မဝင်စားပါဘူး။ သက်သေခံဥပဒေမှာ အတိအလင်းဆိုထားတာပဲလေ။ တဆင့်ကြားစကားဟာ သက်သေခံ မ၀င်ပါဘူး။ အရပ်သုံးစကားနဲ့ ပြောရင်တော့ သူများ ပြောတဲ့ စကားဆိုတာ ရာနှုန်းပြည့် ယုံထိုက်တာမျိုးမှ မဟုတ်တာ။

အဲတော့လည်း ကျွန်တော် မြင်ဖူးတဲ့ ဆရာမောင်သာရကို ချစ်ခင်တဲ့စိတ်နဲ့ပဲ သည်စာကို ချရေးလိုက်ပါတယ်။

နှမျောတယ်လို့တော့ မဆိုချင်တော့ပါဘူး။ ဘာလို့ဆို ဆရာမှ စာ မရေးတော့တာ ကြာခဲ့ပြီ ဖြစ်သလို ၈၅ နှစ်ဆိုတဲ့ အသက်ကလည်း ကိုယ်တောင် နေနိုင်မယ်လို့ အိပ်မက်ထဲမှတောင် မမက်ရဲနိုင်တဲ့ မီးစာ  ကုန်ချိန် ဖြစ်နေတာကိုး။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် ၀၂၀၃၁၆)