Regretfully

နောင်တအတိနဲ့ ရေးတဲ့စာ

သူက ကျွန်တော့်ထက် လေးနှစ်နီးပါးကြီးပါတယ်။ အဲတော့ သူက တက္ကသိုလ်ကို ကျွန်တော့်ထက် လေးနှစ် စောရောက်တာပေါ့။ ကျွန်တော် တက္ကသိုလ်တက်ချိန်မှာ သူ ကျောင်းက ထွက်သွားပြီ ထင်တယ်။ ဒါပေမယ့် သူ့ကဗျာတွေက ကျွန်တော်တို့ တက္ကသိုလ်ရောက်ချိန်အထိ ကျန်ရစ်နေတုန်းပါ။ ကျွန်တော့်ထက်ကြီးပြီး တက္ကသိုလ်မှာ ကျောင်းဆွေးဆွေး လူဆွေးဆွေး နေတဲ့ ကဗျာဆရာ ရာမ(ဘူမိဗေဒ)ရဲ့ ကျေးဇူးနဲ့ သူ့ကဗျာတွေ ဖတ်ရတယ်လို့ ပြောရမယ် ထင်တယ်။

ကိုရာမက ကျွန်တော် တက္ကသိုလ်မရောက်ခင် ဆယ်တန်း ကျောင်းသားဘဝမှာကတည်းက လူချင်းလည်း မတွေ့ဖူးဘဲ ကျွန်တော့် ကဗျာတွေကို သူတို့ တက္ကသိုလ်ကျောင်းတော်သားတွေ စုထုတ်တဲ့ စာကူးစက် လက်လှည့် ကဗျာစာအုပ်ထဲမှာ ယူသုံးခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော်တက္ကသိုလ်ရောက်တော့ သူ့ကို သွားတွေ့ခဲ့တယ်။ သူနဲ့ နှစ်ကြိမ်လားပဲ ဆုံလိုက်ရတယ်။ သခင်ကိုယ်တော်မှိုင်း အရေးတော်ပုံက ကျွန်တော် ပထမနှစ် ကျောင်းသားဘဝမှာ ပေါ်ပေါက်လာခဲ့တာမို့ သူအဖမ်းခံ လိုက်ရပြီး ထောင်ကျသွားပါတော့တယ်။ သူနဲ့ ဆုံတုန်းမှာ သူက “တောကျောင်းဘုန်းကြီး”ရဲ့ ကဗျာတွေ ကောင်းကြောင်း ညွှန်းတာနဲ့ ကျွန်တော်လည်း ဖတ်ကြည့်ခဲ့ဖူးပါတယ်။

ကျွန်တော် မကြိုက်ပါဘူး။ အလင်္ကာတွေ ဖောင်းဖောင်းပွပွ သုံးထားတာကလွဲရင် အနှစ်အသား မရှိလှဘူးလို့ မြင်မိရတယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ အဲဒီ့ဆရာရဲ့ ကဗျာတွေကို မဖတ်ဖြစ်တော့ဘူး။

အဲ… အဲဒီ့ “တောကျောင်းဘုန်းကြီး”ဆိုတာ ဆရာသာဓုရဲ့ သားထွေး၊ ဒါရိုက်တာ မောင်ဝဏ္ဏနဲ့ မင်းသား သုမောင်တို့ရဲ့ ညီ ဆိုတာရယ်၊ “မင်းလူ”နာမည်နဲ့ စာတွေ ရေးစပြုနေပြီဆိုတာရယ်ကိုလည်း ကိုရာမဆီက တစ်ဆင့် သိထားရပါတယ်။

ခက်တော့လည်း ခက်သားလားဗျ။ ပထမဆုံးမြင်လိုက်တဲ့ အမြင်က လူတယောက်မှာ ကာလတောင်တာ ရှည်ကြာတဲ့အထိ စွဲမြဲသွားတတ်တဲ့ သဘာဝက ရှိပေတာကိုး။ သူ နုစဉ်အခါက ရေးခဲ့တဲ့ ကဗျာတွေအပေါ်မှာ မသာယာမိခဲ့တဲ့အတွက် သူ့ လုံးချင်းတွေ ထွက်လာတော့လည်း ဖတ်ကို မဖတ်ဖြစ်ခဲ့ဘူး။

သူ တအားအောင်မြင်ပါတယ်။ သူ့ဝတ္ထုတွေလည်း ရုပ်ရှင်တွေ ရိုက်၊ အကယ်ဒမီတွေရတဲ့အထိ အောင်မြင်တယ်။ ဒါပေမဲ့ ကျွန်တော် တအုပ်မှ မဖတ်ဖြစ်ခဲ့ဘူး။ ပထမဆုံး အမြင်ရဲ့ ချယ်လှယ်ပုံက အဲလိုသင်းတာ။ ပိုဆိုးတာက သူ့ဝတ္ထုကို ရုပ်ရှင် ရိုက်သူက သူ့အစ်ကိုကြီး ဖြစ်နေတာလည်း ပါပါလိမ့်မယ်။ သူတော်တာ မဟုတ်ဘူး၊ သူ့အစ်ကိုကြီး တော်တာဆိုတဲ့ အစွဲလည်း ဝင်သွား ထင်ပါရဲ့။

ကျွန်တော့် ပထမဆုံး စာမူ ပြင်ပ စာနယ်ဇင်းမှာ စတင်ပုံနှိပ်ဖော်ပြခံရချိန်က ၁၉၈၀ ဖြစ်ပေမယ့် တကယ့်တကယ် စာပေနယ်ကို ထဲထဲဝင်ဝင် စ ရောက်ချိန်က ၁၉၈၈ ခုနှစ်မှပါ။ အများသိတော်မူတဲ့အတိုင်း အဲဒီ့အချိန်မှာ သူ့ရဲ့ “ဘာတွေ ဖြစ်ကုန်ကြပြီလဲ”ဆိုတဲ့ ကဗျာက လူထုကြားမှာ ပျံ့နှံ့သွားချိန်ပေါ့။ ဘယ်သူရေးမှန်း အဲတုန်းက မသိကြပါဘူး။ ကျွန်တော်ကတော့ ဒါ သူ့လက်ရာ ဖြစ်လောက်တယ်ဆိုတာ မှန်းမိခဲ့တယ်။

အဲဒီ့အချိန်က ကျွန်တော် ဗြိတိသျှ သံရုံး ပရဝုဏ်အောက်မှာ အမှုထမ်းနေချိန်၊ ဥရောပ သမဂ္ဂရဲ့ ဘာသာပြန်။ အဲတော့ အဲဒီ့ကဗျာကို တာဝန်အရ ကျွန်တော် အကြမ်းဘာသာပြန်ပြီး တင်ပြခဲ့ရပါတယ်။ ကျွန်တော့်ဘာသာပြန်ကို အဲဒီ့အချိန်က တတိယ အတွင်းဝန်အဖြစ် အမှုထမ်းနေတဲ့ ဗြိတိသျှအမျိုးသမီး၊ နောက် ၁၅ နှစ်ကျော်အကြာမှာ ဗြိတိသျှ သံအမတ်ကြီး အဖြစ်နဲ့ တကျော့ပြန် ရောက်လာသူက သဘောကျသွားပြီး ကျွန်တော်နဲ့ ပြန်လည်ညှိနှိုင်းကာ အချောသတ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကပေါက်တိ ကပေါက်ချာ အင်္ဂလိပ်လို ဘာသာပြန်ချက်ကို သူက တကယ့် အင်္ဂလိပ်လို ဖြစ်သွားအောင် ချောပေးခဲ့တာလို့ ဆိုနိုင်ပါလိမ့်မယ်။

နောက်တော့ သူအဖမ်းခံရ၊ သူ အဲဒီ့ကဗျာကို ရေးတာမှန်း တပြည်လုံး သိကြရပေါ့။

သူ့အစ်ကိုကြီးနဲ့ ကျွန်တော်နဲ့ သိကျွမ်းခင်မင်တယ်။ သူ့ဒုတိယအစ်ကို ဆရာသုမောင်က ကျွန်တော့်ရဲ့ အလင်းတန်း ဂျာနယ်ပါ “ကျောက်ခဲကြီးများ” ဘာသာပြန်စာမူကို သဘောကျလို့ အလင်းတန်း ဂျာနယ်မှာပဲ “အတ္တကျော် ချီးမွမ်းခန်း” ဆိုတဲ့ စာတပုဒ်ရေးလိုက်တဲ့အတွက် ကျွန်တော် သွားကန်တော့ရင်း ခင်မင်လာခဲ့တယ်။ သို့တိုင်အောင် သူနဲ့ကျတော့ လူချင်း မသိခဲ့ပါဘူး။ အမှန်အတိုင်း ဝန်ခံရရင် သူ့ရဲ့ အောင်မြင်တဲ့ ဝတ္ထုတွေလည်း တပုဒ်ဆို တပုဒ်မှ မဖတ်ဖူးဘူး။

သည်လိုနဲ့ ကျွန်တော်လည်း စာပေနယ်မှာ နေရာလေးတနေရာ ရလာပါတယ်။ ကျွန်တော့် လုံးချင်းတွေလည်း သူ့ဟာနဲ့သူ အောင်မြင်လာပါတယ်။ အဲလို အချိန်ကျတော့မှ သူနဲ့ စတွေ့ရပါတယ်။ ခုနှစ်တော့ မမှတ်မိဘူး။ ၂၀၀၃ ခုနှစ် ဝန်းကျင် ဖြစ်ပါလိမ့်မယ်။ နေရာတော့ မှတ်မိတယ်။ ဗိုလ်ချုပ်လမ်းနဲ့ လွစ္စလမ်း (ဆိပ်ကမ်းသာလမ်း)ထောင့်က အာရှ ပလာဇာမှာ ဖြစ်ပါတယ်။

အဲတုန်းက Forever က ရုပ်သံလိုင်း မရောက်သေးဘဲ ebook ထုတ်နေချိန်ပါ။ ကျွန်တော့် စာအုပ်တွေကိုလည်း Forever က ebook အဖြစ် ယူထုတ်ခဲ့ပါတယ်။ (ကနေ့ အင်တာနက်ပေါ်မှာ ရှိနေတဲ့ ကျွန်တော့် စာအုပ် ebook တွေ အားလုံးဟာ Forever ရဲ့ ကျေးဇူးပါပဲ။)

အဲဒါ ဘယ်နှနှစ်မြောက်တော့ မမှတ်မိဘူး။ အိုလံပစ် ပလာဇာမှာ Forever က ebook မိတ်ဆက်ပွဲ လုပ်တယ်။ အဲဒီ့ပွဲကို ဖိတ်တော့ ကျွန်တော်လည်း ရောက်သွားပါတယ်။ ပွဲအပြီးမှာ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ ဘယ်သူတွေ ပါလဲဆိုတာ လည်း ကျွန်တော် မမှတ်မိပြန်ဘူး။

သို့ပေမယ့် ကဗျာဆရာအောင်ဝေးက တချီသားမှာ ကျွန်တော့်ကို ပြောပါတယ်။

“ခင်ဗျား ရသရေးလည်း ကောင်းရဲ့သားနဲ့ဗျာ၊ ရသတွေ ရေးစမ်းပါဗျ”တဲ့။

ကျွန်တော် ဘာပြန်ပြောရမှန်း မသိလို့ ရယ်ကျဲကျဲ လုပ်နေတုန်းမှာ ဝိုင်းထဲမှာ ထိုင်နေတဲ့ တိုက်ပုံနဲ့ အသားညိုညို၊ အကောင်သေးသေး ဆရာတယောက်က ဝင်ပြောပါတယ်။

“သူ အခု ရေးနေတာတွေလဲ ရသတွေပဲလေ”တဲ့။

အဲဒီ့ဆရာကို ကျွန်တော် မသိပါဘူး။ လူစုကွဲတော့မှ အဲဒါ ဘယ်သူလဲလို့ အနားကတယောက်ကို ကပ်မေးလိုက်မိပါတယ်။

“ဆရာ မင်းလူလေဗျာ… ခင်ဗျား မသိဘူးလား”

သေဟဲ့ နန္ဒိယပေါ့။ ကျွန်တော်တို့များ ထူမလိုလိုနဲ့ အတော် န ပုံ ပြောပါတယ်။

အဲဒီ့နောက်မှာတော့ သင်္ဃန်းကျွန်း သာဓုခြံကို ရောက်တိုင်း သူတို့ ညီအစ်ကို လေးယောက်နဲ့ တွေ့ရပါတယ်။

အစ်ကိုကြီး မောင်ဝဏ္ဏနဲ့က ကျွန်တော် ဥရောပ သမဂ္ဂမှာ လုပ်နေစဉ် ဥရောပ ရုပ်ရှင်ပွဲတော်အတွက် သွားဖိတ်ကြားရင်း သိကျွမ်းခဲ့တာ။ ဆရာသုမောင်နဲ့က အထက်မှာ ပြောခဲ့တဲ့အတိုင်း။ ကိုရူပကျတော့ တမျိုး။ ကိုရူပက “ဒေါ်လေးဝေ”ရယ်လို့ ချစ်စနိုးခေါ်တဲ့ ကိုရူပရဲ့ ဇနီးက ကျွန်တော်နဲ့ တက္ကသိုလ်တုန်းက တတန်းတည်း။ သူ့အိမ်က အဲဒီ့အချိန်က ကျွန်တော့်ကား ဘော်ဒီဆိုင်နဲ့ ကပ်လျက်မှာမို့ ကားဘော်ဒီဆိုင် ရောက်ရင် သူတို့အိမ် ဝင်လည်၊ ထိုင် လေပန်းရင်း နေခဲ့တာမို့ ပြောမနာ ဆိုမနာ ရင်းနှီးတဲ့ အတန်းဖော်သူငယ်ချင်းပေါ့။ ဘယ်လောက်ရင်းနှီးလဲဆိုရင် သူ့နာမည် ဝေဝေသက်ကို ကျွန်တော်က “ဝေသက်… ဝက်သေ”လို့ ခေါ်တဲ့အထိပါပဲ။

 အဲဒီ့အချိန်မှာ အစ်ကိုကြီး ကိုဝဏ္ဏက စိတ်ကျတဲ့ ဝေဒနာ ခံစားနေရပြီး ဆေးကုနေချိန်ဖြစ်နေပါတယ်။ ကျွန်တော် သတိထားမိလိုက်တာက ဆေးတင် မဟုတ်ဘဲ စကားပြောဖို့ပါ လိုတယ်လို့ သိလိုက်ပါတယ်။ ဒါနဲ့ တာဝန်တခုလို ကိုယ့်ဘာသာ သတ်မှတ်ကာ အစ်ကိုကြီးဆီကို နေ့စဉ် ပုံမှန် သွားပြီး စကားတွေ ထိုင်ပြောခဲ့ပါတယ်။ အစ်ကိုကြီးကလည်း ကျွန်တော်နဲ့ စကားပြောရတာ ခံတွင်းတွေ့ပုံပါပဲ။

 သူတို့ ညီအစ်ကို လေးယောက်က တအိမ်နဲ့ တအိမ် မဝေးလှပေမယ့် အကိုကြီးဆီ အခါ ၂၀ လောက်ရောက်မှ ကိုရူပတို့ ရွှေကြေးစည် လက်ဖက်ရည်ဆိုင်ကို တခေါက်လောက် ရောက်ပါတယ်။ ကိုရူပနဲ့ ဆရာမင်းလူနဲ့က အပေါ်ထပ် အောက်ထပ်နေကြတာမို့ ဆရာမင်းလူနဲ့လည်း ရံဖန်ရံခါ ဆုံပါတယ်။

 ခက်တာက သူက အချိန်ဇယားနဲ့ နေတဲ့သူ။ တညလုံး လုံးဝမအိပ်၊ မိုးလင်းတော့မှ အိပ်ပြီး မွန်းလွဲမှ ထ၊ ညနေ ငါးနာရီလောက်မှ လက်ဖက်ရည်ဆိုင် ထိုင်။ အဲသလိုဆိုတော့ သူနဲ့ သိပ်မဆုံဖြစ်ဘူး။ ကျွန်တော့် စာအုပ်သစ် ထွက်တဲ့အခါ လက်ဆောင်ပေးချင်တော့မှ တခုတ်တရ စောင့်ပြီး သူ့ကိုပေးရတာ။

 သူကလည်း သူ့စာအုပ်တွေ လက်ဆောင် ပြန်ပြန်ပေးပါတယ်။ ဒါပေသည့် ကျွန်တော် ငမိုက်သားက မဖတ်ဘူးဗျ။

 ၅

အစ်ကို မောင်ဝဏ္ဏကိုတော့ တကယ့် အစ်ကိုရင်း တယောက်လိုကို ကျွန်တော်က အတော်ချစ်ပါတယ်။ လေးလည်း လေးစားတယ်။

အစ်ကိုနဲ့က ခရီးလည်း မှတ်မှတ်ရရ သုံးခါ အတူသွားဖူးတယ်။ နှစ်ခါက စာပေ ဟောပြောပွဲတွေ။ ပထမ တစ်ခေါက်က သူရယ်၊ တွတ်ပီဆရာ ဆွေမင်း (ဓနုဖြူ)ရယ်နဲ့ ဓနုဖြူကို သွားကြတာပါ။ နောက်တစ်ပွဲက နတ္တလင်းမှာ၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)နဲ့ ဆရာ မြတ်သစ်တို့လည်း ပါလာခဲ့ပါတယ်။

အဲဒီ့နှစ်ပွဲ ကြားထဲမှာ ကျွန်တော့်သမီး မေမြို့မှာ ကျောင်းအိပ်ကျောင်းစားနေနေတာကို သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ပြန်ခေါ်လာပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံက သမီးကို ပြန်ပို့မယ်ဆိုတော့ အစ်ကိုက သူလည်း လိုက်လို့ရရင် လိုက်ချင်တယ်ဆိုတာနဲ့ အစ်ကိုပါ ပါတဲ့ ခရီးစဉ်ပါပဲ။ တကယ့် အမှတ်တရပါပဲ။ (ကျွန်တော်နဲ့ အကယ်ဒမီများဆိုပြီး အလျဉ်းသင့်ရင် ရေးပါဦးမယ်။ ခက်တာက ခပ်တည်တည်နဲ့သာ ရေးမှာ၊ ကျွန်တော်နဲ့ သိတဲ့ အကယ်ဒမီရှင်တွေက အစ်ကိုရယ်၊ သူ့ညီ ဆရာ သုမောင်ရယ်၊ ဒေါ်ချိုပြုံးရယ်၊ ဒေါ်ဆွေဇင်ထိုက်ရယ်၊ ဦးအောင်လွင်ရယ်တို့ပဲ ရှိတာပါ။)

ဒါ့ကြောင့် သူတို့ ညီအစ်ကို လေးယောက်အနက်မှာ အစ်ကိုကြီးနဲ့ ကျွန်တော်နဲ့က အရင်းဆုံးလို့ ပြောလို့ ရပါတယ်။ အစ်ကိုကြီးရဲ့ ဘဝတာ နောက်ဆုံး ရှစ်နှစ်မှာ ကျွန်တော်ဟာ အစ်ကို့နံဘေးမှာ တချိန်လုံး ရှိနေခဲ့တယ်။ အဲဒါကို ဆရာမင်းလူက သတိထားမိဟန် တူပါရဲ့။

ကျွန်တော့်ကို သူက တော်တော် ချစ်ချစ်ခင်ခင် ရှိတာကို ခံစားရတယ်။ သူ့စာကို ကျွန်တော်မှတ်မှတ်ရရ စဖတ်ဖူးတာကတော့ “စာပေ ကယ်ရီကေးချား”ပါပဲ။ စာပေနယ်က သူ ချစ်ခင်တဲ့ စာရေးဆရာ၊ ဆရာမတွေကို သူက ကျီစယ်ထားတဲ့ စာတွေပေါ့။ ကျွန်တော်တို့ ဇနီးမောင်နှံကိုပါ ထည့် ကျီစယ်ထားတာမို့ ကြည်နူးရပါတယ်။

ကျွန်တော့်ရဲ့ “တောသားလည်း ဟုတ်နိုင်ပေါင် ခင်ရယ်”စာအုပ်အတွက် သူ့ကို အမှာစာရေးပေးဖို့ ပြောတဲ့အခါ သူက အလွယ်တကူ ရေးပေးခဲ့သလို ရသစာပေအတွက် သူ ကျွန်တော့်လက်ကို အားထားတဲ့ စကားတွေလည်း ပါလာတာမို့ ဝမ်းနည်းမိရပြန်တယ်။ သူကသာ အားထားနေတာ၊ ကျွန်တော်က စာချောအောင် ရေးတတ်တာကလွဲလို့ ရသဘက်မှာ အဖြစ် မရှိမှန်း ကိုယ့်ကိုယ်ကိုယ် အသိဆုံးမို့ပါ။ အဓိကကတော့ ကျွန်တော် အပျင်းထူတာပါ။ ရသက အားစိုက်ရတယ်။ ကျွန်တော် ရေးချင်သလို လျှောက်ရေးနေတဲ့ စာတွေက အားစိုက်စရာ မလိုဘူး။ အဲတော့ အပျင်းထူပြီး အလွယ်လမ်း လိုက်နေတဲ့ ကျွန်တော်ပါ။ အဲလိုလူကိုမှ သူက ရသအတွက် အားထားတယ်ဆိုတော့ ငိုချင်တာပေါ့ဗျာ။

အစ်ကိုကြီး မရှိတဲ့နောက် သူနဲ့ ကျွန်တော်နဲ့ မလွှဲသာမှပဲ ဆုံဖြစ်တယ်။ ကျန်တဲ့အပိုင်းတွေ ထားပြီး ကျွန်တော် သည်စာကို ရေးဖြစ်တဲ့အကြောင်း အထိ ကျော်လွှားလိုက်ကြပါစို့ရဲ့။

သူ တိမ်းပါးသွားခဲ့တာ ၃ နှစ်ရှိပါပြီ။ သူမရှိတော့မှပဲ သူ့စာတွေ ဖတ်ဖြစ်တယ်။ ဒါလည်း စိတ်ကူးပေါက်မှ ဖတ်ဖြစ်တာပါ။ ကျွန်တော့်အလုပ်နဲ့ ကျွန်တော် ဂျင်ချေလည်နေတာမို့ သူ့စာအပါအဝင် ရသ စာတွေ သိပ်မဖတ်ဖြစ်တော့တာ ကြာပါပေါ့။

အလုပ်များတဲ့ နိုင်ငံခြားသား တစ်ယောက်နဲ့ စကားစပ်မိတော့ အဲဒီ့မောင်က ကျွန်တော့်ကို မေးတယ်။ တနှစ် တနှစ်ကို အဲလို ရသစာအုပ် ဘယ်နှအုပ်လောက် ဖတ်ဖြစ်လဲတဲ့။ ကျွန်တော်က ဆယ်အုပ်လောက်တော့ ဖတ်ဖြစ်သေးတယ်လို့ ပြောတဲ့အခါ သူက ကျွန်တော့်ကို အားကျလိုက်တာတဲ့။ သူ့မှာ တနှစ်ကို နှစ်အုပ်၊ သုံးအုပ်တောင်မှ အနိုင်နိုင်တဲ့။

သူ့စကားကို ကိုယ်ချင်းစာပါတယ်။ ကျွန်တော်တို့ ခေတ်မီကမ္ဘာကြီးက လိုချင်တပ်မက်စရာတွေ များပြား၊ ငွေနောက်ကို ဟပ်ထိုး ဟပ်ထိုးလိုက်ရင်း ကိုယ့်စိတ်ကိုယ် အစာကျွေးဖို့ ခက်ခဲနေတဲ့ ဘဝတွေကို ဖန်တီးထားတဲ့ ကမ္ဘာကြီးဖြစ်နေပြီလေ။ အမှန်တော့ ရသ ဖတ်တယ်ဆိုတာ စိတ်ကို အစာကျွေးတာပါ။

ကျွန်တော့်ဘဝက သူများထက် နည်းနည်း ပိုနိပ်တာက အချိန်အားလေးတွေ ရှိနေတတ်တာပါပဲ။ အပျင်းသာ မကြီးရင် စာရေး စာဖတ် တော်တော် လုပ်နိုင်မယ့် ဘဝမျိုးမှာ အေးအေးချမ်းချမ်း နေနေရပါတယ်။ ဒါပေသည့် ကျွန်တော်က အပျင်း အင်မတန်ကြီးတော့ တခါတလေ တနေသာ ကုန်သွားတယ်၊ ဘာမှ မည်မည်ရရ မလုပ်ဖြစ်၊ မဖတ်ဖြစ်၊ မရေးဖြစ် နေ့တွေကလည်း အများကြီးပဲ။ အလကားနေရင်း ကွန်ပျူတာရှေ့ ထိုင်ပြီး ဟိုဖတ်သည်ဖတ်၊ တောင်ရေး မြောက်ရေး လုပ်တာတွေတော့ ရှိသပေါ့။

ထားပါတော့ဗျာ။ စကားက လိုရင်းကို မရောက်တော့ဘူး။

မနေ့ကတော့ သူ့စာတအုပ်ကို မျက်စိနဲ့ ခလုတ်တိုက်မိတယ်။ သူ့ကို လွမ်းလွမ်းရှိတာနဲ့ အဲဒီ့ စာအုပ်ကလေးကို ကောက်ကိုင်မိသွားတယ်။

အားပါး…ကောင်းလိုက်တာ။ ကျွန်တော့်ရင်ထဲမှာ လှိုက်ခနဲဖြစ်သွားရတဲ့ စာအုပ်။ သူ့စာအုပ်တွေ ကျွန်တော် အကုန် မဖတ်ဖူးပါဘူး။ အလွန်ဆုံးမှ ငါးအုပ်၊ ခြောက်အုပ်ပဲ ရှိပါလိမ့်မယ်။ အကုန်လုံး ဖတ်ပြီးမှ ပြောရင်တော့ ပိုကောင်းမှာပေါ့။ အကုန်မဖတ်ဘဲ ပြောရင် ဒေါသများ သင့်နေမလား မသိဘူး။

ဒါပေမယ့် ပြောချင်တယ်ဗျာ။ အဲဒီ့ စာအုပ်ဟာ မင်းလူရဲ့ မာစထာဖိ(စ်)၊ အကောင်းဆုံး လက်ရာပါလို့။

ဘာစာအုပ်လဲဆိုတော့ “ငှက်ကလေး”တဲ့။Bird

ကျွန်တော့်စိတ်ထဲမှာ သူ့အပေါ် ပထမဆုံး အမြင် မကောင်းခဲ့တာ ပြောခဲ့ပြီးပါပြီ။ ဒါပေသည့် “စာပေ ကယ်ရီကေးချား”ကို ဖတ်ပြီးတဲ့အခါ သူ့ရဲ့ အာဝဇ္ဇာန်းနဲ့ ဟာသအမြင်ကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

သူကွယ်လွန်ပြီးမှ ထွက်လာတဲ့ “တစ်ကိုယ်တော် မဂ္ဂဇင်း”မှာတော့ သူ့ကို အလေးမပြုဘဲ မနေနိုင်အောင် ဖြစ်ရတယ်။ သူမှ “စာရေးဆရာ”ဘွဲ့ကို ခံထိုက်သူလို့ မြင်တဲ့အတွက် “သို့… ဒေဝတာမြို့တော်”ဆိုတဲ့ သူ့ကို လွမ်းတဲ့ စာအုပ်ထဲမှာ အဲဒီ့အတိုင်း ရေးပြီး သူ့ကို လွမ်းခဲ့ဖူးပါတယ်။

နောက်ပိုင်း သူ့စာအုပ် နှစ်အုပ်ကို ဆက်ဖတ်ဖြစ်တယ်။ အချစ်ဝတ္ထု ရိုးရိုးလေးတွေကို ဟာသလေးနှောပြီး လွမ်းအောင် ရေးသွားတာလေးတွေမို့ စွဲစွဲမက်မက် မဖြစ်ခဲ့ဘူး။ သူ စာရေးကောင်းတာကိုတော့ ဘယ်လိုမှ အသိအမှတ် မပြုဘဲ မနေနိုင်ဘူးပေါ့။

 သူ့ဝတ္ထုတိုတွေကတော့ ပြောစရာ မလိုပါဘူး။ ပြောရမယ်ဆိုရင် သူ့ကို ဝတ္ထုရှည်ထက် ဝတ္ထုတိုရေးတာ ပိုကောင်းတယ်လို့တောင် အောက်မေ့နေခဲ့မိတဲ့အထိပါပဲ။

 ၉

“ငှက်ကလေး”နဲ့ တွေ့တော့မှ တကယ် ဖျားတော့တာ။

 ဇာတ်လိုက်က “ကိုယ်”၊ “ခိုင်”က မင်းသမီးလိုလိုနဲ့ ဇာတ်ပို့။ တကယ့် ဇာတ်လိုက်က အဖေနဲ့အမေ။

 မဖတ်ရသေးသူတွေ ဖတ်ရတာ အရသာမပျက်အောင် ဇာတ်ကြောင်းကို ကျွန်တော် မပြောတော့ပါဘူး။ စတုတ္ထအကြိမ်ထုတ် အဲဒီ့ စာအုပ် ကျောဖုံးက ကောက်စာတွေကိုပဲ ကူးပြပါရစေ။

ကိုယ်နှင့် မေမေ စကားပြောသည်။ ကိုယ်နှင့် ဖေဖေ စကားပြောသည်။ ဖေဖေနှင့် မေမေ စကားမပြောကြပါ။ ကိုယ်ရယ်၊ မေမေရယ်၊ ဖေဖေရယ် သုံးယောက်ဆုံပြီးတော့လည်း စကားမပြောကြပါ။ တစ်အိမ်ထဲမှာနေသော လူနှစ်ယောက်တို့ စကားမပြောကြခြင်းသည် ထူးဆန်းသည်ဟု ကိုယ်ထင်သည်။ ဖေဖေနှင့် မေမေတို့သည် ကိုယ့်ကို ဧည့်သည်လိုပါပဲ၊ တစ်ယောက် တစ်လှည့်စီ ဧည့်ခံသလို ဖြစ်နေသည်။ သို့သော်လည်း ကိုယ်သည် ဧည့်သည်တစ်ယောက် မဟုတ်ပြန်ပါ။ စဉ်းစားရ ခက်ပဲ ခက်လိုက်လှပါတော့သည်။

အဲဒီ့စာအုပ်ကို စာဖတ်သူ လူကြီးမင်း မဖတ်ရသေးရင် သည်ကောက်စာတွေကြောင့် စိတ်ဝင်စားသွားလောက်ပြီလို့ ထင်မိပါတယ် ခင်ဗျား။

၁၀

စာအုပ်ဖတ်အပြီးမှာ ပုံနှိပ်ရာဇဝင်ကို ပြန်ကြည့်ပြီး ကျွန်တော့်မှာ ထခုန်မိမတတ် ဖြစ်သွားခဲ့ရပါတယ်။

ကျွန်တော် ဖတ်နေတဲ့စာအုပ်က ဆိုခဲ့တဲ့အတိုင်း စတုတ္ထအကြိမ်၊ ၂၀၁၁ စက်တင်ဘာလထုတ်။

ပထမအကြိမ်က ၁၉၈၁ ခုနှစ် အောက်တိုဘာလတဲ့။

သူ့အသက်နဲ့ ချိန်ထိုးကြည့်မိတော့ သည်စာကို သူ ၁၉၈၁ ခုနှစ်က ရေးတာဆိုရင် သူ့အသက် ၂၇ နှစ်မှာ ရေးခဲ့တာပေါ့။ ဘုရား… ဘုရား…

သည်လူ ဘယ်လိုလူလဲ။ တတ်လှချေလား။

ကျွန်တော် တကယ်ကို ဖျားသွားပါတယ်။ သည်ဝတ္ထုဟာ ခါတိုင်း မင်းလူရေးနေကျလို့ ကျွန်တော်သိထားတဲ့ စာအုပ်မျိုး မဟုတ်ဘူး။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင်”လို၊ မစန္ဒာရဲ့ “အရိပ်”လို ဝတ္ထုမျိုး ဖြစ်နေပါတယ်။

သည်ဝတ္ထုဖတ်ပြီး ကျွန်တော့်ရင်ထဲမှာ ဝေဒနာဖြစ် ကျန်ရစ်တယ်။

၁၁

အဲဒီ့ ဝေဒနာပေါ်မှာ နောက်တဝေဒနာ ထပ်ဆင့်ပြန်တယ်။

အဲဒါက နောင်တ။

၁၉၈၁ ခုနှစ်ဆိုတာ ကျွန်တော် စာအုပ်တွေ နင်းကန် ဖတ်လို့ ကောင်းနေတဲ့ ကာလ။ ဒါပေမယ့် သူ့ဝတ္ထုတွေကို ကျွန်တော် မဖတ်ဖြစ်ခဲ့။ အဲဒါကြီးကို နောင်တရနေမိပြန်တယ်။

ကျွန်တော်သာ သည်ဎတ္ထုကို စောစောစီးစီးက ဖတ်ဖြစ်ထားခဲ့ရင် သူ့ကို ကျွန်တော် မေးဖြစ်ခဲ့မှာတွေ အများကြီး ရှိနေပါတယ်။

ပထမဆုံး မေးခွန်းကတော့ သူ ဘာလို့ သည်ဝတ္ထုကို ရေးတာလဲဆိုတာ ဖြစ်ပါလိမ့်မယ်။ နောက်တခုကတော့ ဘယ်လို စေတနာမျိုးက နှိုးဆွလို့ ရေးတာလဲ ဖြစ်မှာပါ။

သူဖြေမယ့် အဖြေတွေကို ကျွန်တော့်အထင်တွေနဲ့ တိုက်ကြည့်လို့ ရချင်လည်း ရသွားမှာပေါ့။ ဒါမှမဟုတ် သူကလည်း သူ့ထုံးစံအတိုင်း သိုသိုသိပ်သိပ် ကွယ်ကွယ်ဖုံးဖုံးနဲ့ ကျွန်တော့်မေးခွန်းတွေကို လုံးလုံး ရှောင်ချင်လည်း ရှောင်သွားမှာပေါ့။ အဲဒီ့အခါကျတော့လည်း ကျွန်တော်က ရှေ့နေတို့ရဲ့ ပြန်လှန်စစ်မေးတဲ့ ပုံစံနဲ့ သူ့အဖြေတွေကို ညှစ်ထုတ်ရမယ်ဆိုလည်း တော်တော်တော့ ပျော်စရာ ကောင်းမှာပေါ့။

ကျွန်တော်အကြီးအကျယ် နောင်တရနေမိပါတယ်။ ကျွန်တော့်မှာ မေးခွန်းတွေ အများကြီး ကျန်နေသေးတယ်။ အဖြေပေးမယ့် သူကဖြင့် သည်လောကကြီးက ထွက်ခွာသွားတာတောင် သုံးနှစ်ရှိသွားပြီ။

ကျွန်တော် ရင်ခံနေတယ်။ အီလည်လည် ဖြစ်နေတယ်။ ကိုယ့်ပါးကိုယ်တောင် ရိုက်ချင်မိတဲ့အထိပါပဲ။

၁၂

နောက်ဆုံး အရေးကြီးတဲ့ မေးခွန်းတစ်ခုကို မေးရင်လည်း သူကတော့ ဖြေမှာ မဟုတ်ပါဘူး။ သူ့ထုံးစံအတိုင်း ပြုံးစေ့စေ့နဲ့ မထုံတက်သေး လုပ်၊ ဒူးကလေး လှုပ်ရင်း “ကိုယ့်ဘာသာ ကြိုက်သလို စဉ်းစားပေါ့ဗျာ”လို့ ဖြေမှာလည်း သေချာပါတယ်။

အဲတော့လည်း မေးခွန်းကြီးသာ အဖတ်တင်ကျန်နေတော့မှာပါ။ ဒါပေမယ့်လည်း မမေးရ မနေနိုင်တဲ့ ကျွန်တော်က မေးဖြစ်အောင် မေးမိသွားဦးမှာလည်း သေချာပါတယ်။

သြော်… သည်စာကို ဖတ်နေတဲ့ စာဖတ်သူ လူကြီးမင်းများထဲမှာလည်း အဲဒီ့စာအုပ်ကို ဖတ်ထားပြီးတဲ့သူရှိရင် သူ့ကိုယ်စား ဝင်ဖြေပေး၊ ဝင်ဆွေးနွေးပေးပါလို့ တောင်းပန်ပါရစေလားခင်ဗျာ။

မဖတ်ရသေးသူများလည်း အဲဒီ့စာအုပ်ကို ဖတ်ကြည့်ပြီးတဲ့နောက် ကျွန်တော့် နောက်ဆုံး မေးခွန်းကို လာဖြေပေးကြမယ်ဆိုရင်လည်း ကျွန်တော်က အရမ်းကို ကျေးဇူးတင်မိမှာပါ။

ဟုတ်ကဲ့…

နောက်ဆုံးမေးခွန်းက ရိုးရိုးလေးပါ။

သည်ဝတ္ထုကို ဘာ့ကြောင့် “ငှက်ကလေး”ဆိုတဲ့ ခေါင်းစဉ် ပေးခဲ့တာပါလဲ။

အတ္တကျော်

(ရန်ကုန် – ၂၁၀၂၁၆)

စာကြွင်း

စာအုပ်ကို ဖတ်နေတုန်းက စိတ်ထဲမှာ မှတ်မှတ်ထင်ထင် ရှိလိုက်ပေမယ့် ရေးချင်ဇောနဲ့ အထက်က စာတွေကို ချရေးပြီးတဲ့နောက် ကျန်ရစ်ခဲ့တာလေး ဖြည့်ပြောချင်ပါသေးတယ်။

အဲဒါကတော့ စာရေးလိုသူများအတွက် တနည်းတဖုံ အသုံးတည့်မယ်လို့ ထင်တဲ့ အချက်ကလေးပါ။

“ငှက်ကလေး”ကို ရေးသွားရာမှာ ဆရာမင်းလူရဲ့ ဝါကျဖွဲ့ပုံနဲ့ အရေးအသားပါ။ အဲဒီ့ အရေးအသားက ဇာတ်လမ်းကို လုံးဝ အထောက်အကူဖြစ်နေတဲ့အချက်၊ တစ်နည်းပြောရင် ဇာတ်လမ်းကို ပို့ပေးနေတဲ့ အချက်ပါပဲ။ ဇာတ်လမ်းကို ပြန်ပြောပြသူက အလယ်တန်းကျောင်းသားလေး “ကိုယ်”ပါ။ ဇာတ်လမ်းပြောသူရဲ့ ပညာရေးအခြေအနေက အလယ်တန်းသာ ရှိပါသေးတယ်။ သည်အတွက် ဇာတ်ကို ပြန်ပြောပြသွားရာမှာ သုံးသွားတဲ့ ဝါကျနဲ့ စကားပြေက ရိုးရိုးစင်းစင်း၊ လွယ်လွယ်ကူကူ၊ ရှင်းရှင်းလင်းလင်းလေး ဖြစ်နေတာကိုလည်း သတိမထားမိဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ တနည်းပြောရရင် အလယ်တန်းအဆင့် မြန်မာစာကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်သူ ကျောင်းသားလေးတယောက်ရဲ့ ရေးဖွဲ့နိုင်မှု ဘောင်ကို ကျော်မသွားပါဘူး။ (အထက်မှာ ကိုးကား ဖော်ပြခဲ့တဲ့ စာအုပ်နောက်ကျောဖုံးက ကောက်စာလေးကိုပဲ ဖတ်ကြည့်ရင်တောင် အဲဒီ့ အရေးအသားကို ကိုယ်တိုင် ခံစားကြည့်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။)

ဇာတ်လမ်းထဲမှာလည်း အဲဒီ့ ကျောင်းသားလေးက အတန်းပိုင် မြန်မာစာ ဆရာမ “တီချာမေ”ကို ချစ်ခင်လေးစားသလို ဆရာမ စာသင်တာ၊ စာစီစာကုံးလေ့ကျင့်ပြီး ရေးခိုင်းတတ်တာများကို ထည့်သွင်းထားတာမို့ အားလုံးက သူ့ယုတ္တိနဲ့သူ အတော် ဟုတ်နေခဲ့ပါတယ်။

ရသရေးတဲ့အခါ ပုံသဏ္ဌာန် (form) နဲ့ အကြောင်းအရာ (content) နှစ်ခုပါပါတယ်။ အကြောင်းအရာ ဘယ်လောက် ကောင်းနေနေ ပုံသဏ္ဌာန်လွဲနေရင် ရသမမြောက်နိုင်တော့ပါဘူး။

၁၉၉၀ ဝန်းကျင်က (ကိုကျော်ဇင်နဲ့ ကိုကျော်သန်းတို့ ဦးစီး စီစဉ်ပြီး ဆရာမောင်မြင့်မြတ် စာတည်းချုပ် လုပ်ခဲ့တဲ့) “သရဖူ”မဂ္ဂဇင်းမှာ အဲဒီ့ အကြောင်း ကျွန်တော် ရေးခဲ့ဖူးပါတယ်။ အဲတုန်းက ကွန်ပျူတာတွေ မတွင်ကျယ်သေး၊ ကျွန်တော်လည်း ကွန်ပျူတာ မသုံးနိုင်သေးတာမို့ စာမူမူရင်းက ကျွန်တော့်ဆီမှာ မရှိတော့သလို စာအုပ်လည်း ပျောက်နေပါပြီ။ အဲတုန်းက ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်ရယ်၊ ဆရာမ မစန္ဒာရဲ့ အရိပ်ရယ်၊ ဆရာငြိမ်းကျော်ရဲ့ သမုဒယမော်ကွန်း တွင်ရစ်စေသတည်းရယ် ဝတ္ထုရှည်ကြီး သုံးအုပ်က ကလေးသဘာဝ အဖွဲ့တွေကို ကောက်နုတ် ထုတ်ပြကာ အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ အရေးအသား (ပုံသဏ္ဌာန်) ကို ပရိသတ် မြင်သာအောင် ရေးပြခဲ့တာပါ။

ဆရာဘုန်းနိုင်နဲ့ ဆရာမ မစန္ဒာတို့ရဲ့ စကားပြေ ရေးဟန်က ပုံသေမဟုတ်ဘူး။ အကြောင်းအရာနဲ့ လိုက်ဖက်အောင် သွားနေတာ အဲဒီ့စာအုပ်တွေမှာ မြင်ရတယ်။ ဆရာငြိမ်းကျော်ရဲ့ ရေးဟန်က သူ့ဟန်ရယ်လို့ အသေသတ်မှတ်နိုင်လောက်အောင် ငြိမ်တယ်။ အဲဒီ့ အရေးအသား အငြိမ်နဲ့ကျတော့ ကလေးသဘာဝကို ဖတ်ရတာ ကလေးမဆန်တော့ဘဲ ဖတ်သူမှာ လေးလေးပင်ပင်ဖြစ်နေတာကို နှိုင်းယှဉ်ပြခဲ့ဖူးတာပါ။

တကယ်လို့သာ ၁၉၈၁ ခုနှစ် ပထမအကြိမ် ထုတ်ကတည်းက “ငှက်ကလေး” ကိုသာ ကျွန်တော် ဖတ်ခဲ့ဖူးမယ်ဆိုရင် ဆရာမင်းလူရဲ့ ရေးဟန်ကိုလည်း အဲဒီ့ စာမူထဲမှာ ကိုးကား ချီးပဖြစ်သွားမှာလည်း သေချာပါတယ်။

ဒါလည်း နောက်ထပ် နှောင်းနောင်တ တရပ်အဖြစ် ကျွန်တော့်ရင်မှာ ဖြစ်ကျန်ရစ်ခဲ့ပါသေးတယ် ခင်ဗျား။

Advertisements

ဘ၀တစ်ကွေ့ ခဏတွေ့လိုက်တဲ့ ဆရာဇော်

zaw-zaw-aungဆရာငြိမ်းကျော်ဆီ မကြာခဏ ရောက်ဖြစ်နေခဲ့တာ ၁၉၉၀ ပြည့်လွန်စ နှစ်များမှာ ဖြစ်ပါတယ်။ အဲတုန်းက ကျွန်တော် ဆူဒိုနင် ဖြစ်စပြုနေပါပြီ။ အတ္တကျော် ဖြစ်လာဖို့တော့ ဆယ်နှစ်လောက် လိုပါသေးတယ်။ ဆရာငြိမ်းကျော်ရဲ့ ဝတ္ထုတွေကို စွဲလန်း နှစ်သက်ခဲ့ရာက ဆရာ့ဆီ ရောက်သွား၊ ဆရာ့နားမှာနေ၊ ဆရာပြောတာတွေ နာယူမှတ်သားပေါ့။

စကားစပ်လို့ ပြောရရင် ဆရာငြိမ်းကျော်က လက်ရေးလက်သား အင်မတန် သပ်ရပ်လှပသူပါ။ မင်အနက်နဲ့ အမြဲရေးပါတယ်။ မင်နက်သုံးသူဟာ စာရေးတာ မသပ်ရပ်ရင် အတော့်ကို အကြည့်ရဆိုးလှပါတယ်။ စကားစပ်လို့ပဲ ဆက်ပြောရရင် အဲလို မင်အနက်နဲ့ မသပ်မရပ်အနိုင်ဆုံး ဆရာကတော့ ဆရာ မောင်ဝဏ္ဏပါပဲ။

တစ်ရက်မှာ ဆရာငြိမ်းကျော်နဲ့ ကျွန်တော် ဘာကြောင့်မှန်း မသိ၊ အပြင်ထွက်ဖြစ်ကြပါတယ်။ သေချာတာကတော့ ၁၉၉၄ ခုနှစ် မတိုင်ခင် တစ်ချိန်မှာ ဖြစ်ပါတယ်။ ပြီးတော့ သောက်ဖြစ်တာက အရင်လား၊ နောက်မှ သောက်ဖြစ်တာလား မသိဘူးခင်ဗျ။ ဆရာ ဇော်ဇော်အောင့်ရဲ့ ကျိုက်ဝိုင်းဘုရားလမ်းနေအိမ် မြေနေရာလွတ်မှာ ဖွင့်ထားတဲ့ ဆိုင်ကလေးကို ရောက်သွားပါတယ်။ ဆရာဇော်နဲ့ ပထမဆုံး စတင် တွေ့ဆုံဖူးခြင်းပါပဲ။

ဆရာငြိမ်းကျော်နဲ့ ဆရာဇော်ဇော်အောင်တို့က အလွန်ရင်းနှီးကြသူတွေပါ။ ဟုတ် မဟုတ်တော့ မသိဘူး၊ ကြားဖူးတာကတော့ သူတို့ နှစ်ယောက်ဟာ အဲဒီ့ခေတ် အပစ်အခတ် အညှစ်အသတ် ၀တ္ထုတွေ၊ အချစ်အလွမ်း ၀တ္ထုတွေကို အားမရကြဘူး။ ဇာတ်အိမ်ရော၊ အရေးအသားကိုပါ အားမရတဲ့အတွက် နှစ်ယောက်သား တိုင်ပင်ပြီး တစ်ယောက်က အချစ်ရေးမယ်၊ တစ်ယောက်က စုံထောက်ရေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စာပေနယ်ထဲကို ၀င်ချလာကြတယ်ဆိုတာပါပဲ။ နှစ်ယောက်စလုံးနဲ့ သိကျွမ်းခင်မင်ခဲ့ပါလျက်နဲ့ အဲလို ကြားဖူးခဲ့တာ မှန်မမှန် ပြန်မမေးခဲ့မိတာကို အခု သည်စာရေးတော့မှ နောင်တက ရနေမိရသေးတယ်။

သေချာတာကတော့ နှစ်ယောက်စလုံးရဲ့ စာအုပ်တွေ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်ချင်းက တစ်ထပ်တည်း နီးပါး တူနေခဲ့တာပါပဲ။

အဲ… ဆရာဇော့်ကို တွေ့ဖူးတော့ မြင်မြင်ချင်း ခင်မင်လေးစားသွားခဲ့ပါတယ်။ အသားညိုညို အရပ်ပြတ်ပြတ်နဲ့ ဆေးပေါ့လိပ် ခဲထားတဲ့ ဆရာ့ရဲ့အသွင်အပြင်က ပကတိ အညာသား ရိုးရိုးဘွင်းဘွင်းကြီးပါပဲ။ ဆရာက မုံရွာနယ်က ဆိုတာနဲ့ ကျွန်တော်လည်း ဆွေမျိုးစပ်ပါတယ်။ ကျွန်တော့်အိမ်သူက မုံရွာသူဖြစ်တဲ့အပြင် သူ့ဆွေမျိုးတွေက မြို့မှာ လူသိများတာမို့ ပြောလိုက်တာနဲ့ ဆရာက တန်းသိပါတယ်။ ကျွန်တော်အိမ်ထောင် မကျခင်ကတည်းက ကွယ်လွန်နှင့်ခဲ့သူ ကျွန်တော့် ယောက္ခထီးက ဆရာနဲ့ ခင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အဲဒီ့နှစ်များမှာ ဆရာ့အိမ်ကို ကျွန်တော့်အိမ်သူနဲ့အတူလည်း တစ်ခေါက် နှစ်ခေါက် ရောက်ဖြစ်ခဲ့သေးတယ် ထင်ပါတယ်။ (သိပ်မမှတ်မိတော့ဘူးဗျ။ ကျွန်တော့် ဟာ့ဒစ်[စ်][ခ်]က ဘက်[ဒ်]ဆက္ခထာတွေနဲ့လေ။)

အဲဒီ့နောက်တော့လည်း ဆရာနဲ့ မဆုံဖြစ်တော့ပြန်ပါဘူး။ နှစ်တွေ အတော်ကြာတော့မှ ပြန်ဆုံတော့လည်း ဆရာက တန်း မှတ်မိပါတယ်။ ဆရာကိုတာနဲ့အတူ ဆရာ့ဆီ ရောက်ဖြစ်ခဲ့စဉ်က ဖြစ်ပါတယ်။ အချိန်ကာလတော့ မမှန်းဆတတ်တော့ဘူး။

zaw_zaw_aungမှတ်မှတ်ရရ ဆရာမောင်ဝဏ္ဏ မကွယ်လွန်ခင် ၈ နှစ်-၉ နှစ်လောက်မှာ ဆရာ မောင်ဝဏ္ဏက အိမ်တွင်းမှာ နှစ်ရှည်လများ အောင်းနေခဲ့ရာက အပြင်ထွက်ချင်လာတဲ့အခါ ဆရာဇော့်ဆီ သွားရအောင်လို့ ပြောတာနဲ့ ကျွန်တော်နဲ့ နှစ်ယောက်သား ဆရာဇော့်ဆီ ရောက်သွားခဲ့ကြပါသေးတယ်။ ဆရာဇော့်ကို ခေါ်ထုတ်ပြီး ဆရာ့အိမ်နဲ့ မလှမ်းမကမ်းက လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြပြီး သူတို့ နှစ်ယောက် လေပစ်ကြတာကို ထိုင်မော့ပါတယ်။ အဲတုန်းကလည်း ဆရာမမာဘူးလို့ ကြားခဲ့ကြလို့ သွားဖြစ်တာပါ။ ဒါပေမယ့် ကျွန်တော်တို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နိုင်တဲ့အထိ ပြန်ပြီး ထူထူထောင်ထောင်ဖြစ်နေပါပြီ။

အဲဒါ ဆရာဇော်နဲ့ နောက်ဆုံး အတူထိုင်ခဲ့ဖူးခြင်းပါပဲ။ နောက်ပိုင်း ဆရာ မမာဘူးလို့ ကြားလိုက်ရပြန်သေးတယ်။ နောက်ကျတော့ ဆရာသုမောင်ရဲ့ ရက်လည်ဆွမ်းကျွေးမှာလား မသိ၊ ဆရာ့ကို ဆုံလိုက်ပါသေးတယ်။ အဲတော့ ဆရာက တုတ်ကောက်နဲ့ လူငယ်တွေက ဆရာ့ကို တွဲလို့။ ဆရာ့ကို နှုတ်ဆက်တော့ ဆရာက ကျွန်တော့်အိမ်သူ နေကောင်းလားလို့တောင် ပြန်မေးသွားသေးတယ်။ အဲဒါ ဆရာဇော့်ကို နောက်ဆုံးတွေ့လိုက်ခြင်းပါပဲ။

ဘာပဲပြောပြော ဆရာဇော်က ဆရာမောင်ဝဏ္ဏ၊ ဆရာသုမောင်၊ ဆရာငြိမ်းကျော်တို့ထက် လူ့ဘ၀မှာ ပိုပြီး ကြာကြာနေသွားလိုက်ရတာလည်း အမှန်ပါပဲ။ အဲဒါကို ဆရာမောင်ဝဏ္ဏသာ ရှိနေ၊ သိနေဦးမယ်ဆိုရင်တော့ သူက မိန်းမစကား နားထောင်တာကိုးဗျလို့ တဟားဟားနဲ့ ရယ်ပြီး ပြောလေမလားပဲ။

သည်ဆရာတွေနဲ့ သိခွင့်၊ စကားပြောခွင့်၊ ခင်မင်ရင်းနှီးခွင့်  ရခဲ့တာလေးတွေက ကြည်နူးစရာ အမှတ်တရလေးတွေပါ။ သို့သော် ဆရာ မောင်ဝဏ္ဏနဲ့ ဆရာမင်းလူ ညီအစ်ကို နှစ်ယောက်ကလွဲရင် ကျန်တဲ့ ဆရာတွေ မမာချိန်၊ သူတို့ရဲ့ နောက်ဆုံး အချိန်တွေမှာ အနားမှာ ရှိခွင့် မကြုံခဲ့ပါဘူး။

ခုတော့လည်း အားလုံးက လွမ်းစရာတွေ ဖြစ်ကုန်ပြီပေါ့ဗျာ။

ဆရာက အလံနီ ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူလို့ သူများတွေ ပြောသံ ကြားဖူးပါတယ်။ အဲဒါကို ကျွန်တော် စိတ်မ၀င်စားခဲ့ဖူးပါဘူး။ ဆရာ့ကို မြန်မာစာနှံ့စပ်တဲ့ တက္ကသိုလ်ဆရာတစ်ယောက်၊ စာရေးဆရာကြီး တစ်ယောက်အနေနဲ့သာ မြင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဖြတ်သန်းတဲ့ခေတ်က အဲဒီ့အရောင်တွေက နည်းနည်း စကားပြောချင်တယ်။ ကျွန်တော့်ကိုတောင် တချို့က အလံနီတွေနဲ့ ပေါင်းနေတယ်လို့ အစွပ်စွဲခံခဲ့ရဖူးတယ်။ ကျွန်တော်ကိုယ်တိုင်က သိပ်နားမလည်ပါဘူး။ ဘာတွေ လာပြောနေမှန်းလည်း မသိဘူး။

ကျွန်တော်သိတာက ပုံနှိပ်စာလုံးတွေကို ဖန်တီးထုတ်လုပ်ထားတဲ့ ကျွန်တော် လေးစား၊ အားကျ၊ အထင်ကြီးရတဲ့ စာရေးဆရာတွေပဲလေ။

ဗမာတွေကတော့ ဗမာပီသစွာ ဂိုဏ်းဂနစိတ် ခပ်ကျဉ်းကျဉ်းနဲ့ စာပေနယ်မှာလည်း အုပ်စုဖွဲ့ချင်တတ်ကြတယ်လို့ပဲ အောက်မေ့ မိရပါတယ်။ အဲဒီ့ခေတ်က အလံနီက တစ်အုပ်စု၊ ဗကပက တစ်အုပ်စုပေါ့။ ကျွန်တော်ကတော့ ဘယ်သူ ဘာမှန်း သိပ်သိတဲ့ကောင် မဟုတ်ဘူး။ ကျွန်တော် ဖတ်လို့ရတဲ့ စာရေးဆရာ၊ ဖတ်လို့ မရတဲ့ စာရေးဆရာပဲ ရှိပါတယ်။

စာပေဝေဖန်ရေး ခေါင်းစဉ်တပ်ပြီး အားအားရှိ ကွန်မြူနစ်ပေတံကြီးဖြစ်တဲ့ ပြည်သူဆိုတာကြီးနဲ့ ထုတ်ထုတ်တိုင်းတဲ့ အကျော်အမော် ဝေဖန်ရေးဆရာကြီးရဲ့ စာတွေဆိုရင် မသတီဘူး။ တစ်ခါ နှစ်ခါ ဖတ်ပြီး မဖတ်ဖြစ်တော့ဘူး။ အပျော်ဖတ်ဝတ္ထုတောင်မှ ပြည်သူ့ဘက်က မရပ်တာတွေ၊ ပြည်သူကို အကျိုးမပြုတာတွေ လျှောက်ပြောတတ်တဲ့ သူ့ဝစီစရိုက်ကို ကျွန်တော်မှ မခံစားတတ်တာလေ။

ဆရာဇော့်စာတွေကိုတော့ ကြိုက်တယ်။ အထူးသဖြင့် သူ့ရဲ့ စိတ်အလျဉ်ရေးနည်းနဲ့ လွှတ်ရေးသွားတဲ့ ၀တ္ထုပုံစံတွေက ဆန်းသစ်နေတော့ အတော်လေး ကြိုက်မိပါတယ်။

သို့သော် ဆရာကြီးရွှေဥဒေါင်း၊ ဆရာ သော်တာဆွေ၊ ဆရာ ၀င်းဦး၊ ဆရာ တက္ကသိုလ်ဘုန်းနိုင်၊ ဆရာငြိမ်းကျော်တို့လိုတော့ ကျွန်တော့်အပေါ်မှာ ဆရာ့ အရေးအသားတွေက သြဇာ သက်ရောက်မှု မရှိခဲ့တာလည်း အမှန်ပါပဲ။ မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းရရင် ဆရာ့စာတွေကို ကြိုက်ခဲ့တာက သူနဲ့ ခေတ်ပြိုင် ဆရာအောင်သင်းရဲ့ စာတွေကို ကြိုက်တာမျိုးနဲ့ တယ်မကွာပါဘူး။

ခုတော့ သည်ဆရာကြီး နှစ်ပါးလုံး လူ့ပြည်မှာ မရှိရှာကြတော့ဘူး။ ဘုံတစ်ဘုံဘုံ၊ ဘ၀တစ်ဘ၀ဘ၀မှာ သည်ဆရာကြီးနှစ်ယောက် ပခုံးချင်းဖက်ပြီး တဟားဟား ရယ်ပဲနေကြလေမလား၊ ဒါမှမဟုတ် ရန်ပဲ ထ ဖြစ်နေကြလေမလား ဘယ်သူမှ မသိနိုင်ပါဘူး။

ဒါပေမယ့် အားလုံးကတော့ သံသရာခရီးကို ဆက်နှင်နေကြဆဲပါလေ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

( နေပြည်တော် -၂၈၀၁၁၆)

အဟောင်းထဲက အစုတ်တွေ – ၁၁

မေလ ၃၀ ရက် ၂၀၁၅ ခုနှစ်

အစုတ်ထုပ်အဆက်။ ၀ါသနာပါသူများ ဂလုနိုင်ကြစေရန် အလို့ငှာ 😛

အပေါက်ဆိုး ဒိန်ချဉ်

အမေက အဖေ့ကို လူပျိုကြီးနဲ့ ပေးစားပြီး ရန်တွေဖြစ်ကြတဲ့ အကြောင်းကို ပြောခဲ့ပြီးပါပြီ။

ပေးလည်း ပေးစားချင်စရာပဲဗျ။ လူပျိုကြီးက နည်းနည်း နွဲ့တယ်။ စကားပြောရင်လည်း အိညှက်အိညှက်နဲ့။ ၀တ်တာ စားတာလည်း သပ်သပ်ရပ်ရပ်။ အဖေကလည်း အဲဒီ့လူကြီးကို အတော်ခင်ပုံရတယ်။ အဲဒီ့လူကြီးက သူ့အစ်မတွေနဲ့ နေတာပါ။ ဖေဖေ့ထက် ၄-၅-၁၀ နှစ်လောက်တော့ ငယ်မယ် ထင်ပါတယ်။

သူတို့အိမ်လည်း မကြာခဏ ရောက်ဖူးပါတယ်။ လူပျိုကြီးရဲ့ ယောက်ဖက ရှေးဇာတ်မင်းသားကြီးလို ဆံပင်ကို နောက်လှန်ဖြီးထားတဲ့ ပုဂ္ဂိုလ်ကြီးပါ။ လူပျိုကြီးရဲ့ အစ်မကတော့ ခပ်ချောချောပေါ့။ သူတို့မှာ တစ်ဦးတည်းသော သမီးတစ်ယောက်လည်း ရှိတယ်။ ကျွန်တော့်ထက်တော့ ဆယ်နှစ်မက ကြီးမယ် ထင်ပါတယ်။ အဲဒီ့အစ်မကြီးကလည်း ဖြူဖြူချောချောပါ။

သူတို့က စမ်းချောင်းဘက်မယ် နေကြတယ်။ အဲဒါကြောင့်ပဲလားတော့ မသိဘူး၊ စမ်းချောင်း မကြီးကြီးလမ်းက ဒိန်ချဉ်ကို စွဲစွဲမက်မက် သွားသောက်ခဲ့ရတာကိုလည်း မှတ်မိလို့ နေပါတယ်။ မကြီးကြီးလမ်းလို့သာ ပြောတာပါ။ တကယ်တော့ ပြည်လမ်းနဲ့ ကျွန်းတောလမ်းကြား (ကျွန်တော် သဘောကျခဲ့ဖူးတဲ့၊ မမေ့နိုင်တဲ့ နှုတ်ခမ်းရှင်) နေထိုင်ရာ မကြီးကြီးလမ်း မဟုတ်ဘဲ ကျွန်းတောလမ်းနဲ့ ရှမ်းလမ်း (အခု ဗဟိုလမ်းခေါ်သလား မသိဘူး) ကြားက ဒိန်ချဉ်ဆိုင်ပါ။

ဒိန်ချဉ်ကတော့ တကယ်ကောင်းပါတယ်။ ဒါပေမယ့် ဒိန်ချဉ်ပြင်ဆင်ရောင်းချပေးတဲ့ အဘိုးကြီးရော၊ သူ့သမီး နှစ်ယောက် (ထင်တယ်)ပါ အတော် မျက်နှာထား ဆိုးပါတယ်။ သူတို့ ဒိန်ချဉ် အလကား တိုက်နေရတာ ကျနေတာပဲ။ အဲဒီ့မျက်ခွက်မျိုးတွေနဲ့ဆို ပိုက်ဆံ မယူသင့်ဘူး ထင်တာပဲလေ။

ဆိုင်ကလေးက စုတ်စုတ်လေးပါ။ တစ်ခါတလေ ဆိုင်ထဲမှာ ထိုင်စရာ နေရာ မရလို့ ကားပေါ်တင် သောက်တဲ့အခါ သောက်ရပါတယ်။ ဆိုင်က စုတ်ပေမယ့် သူတို့ လုပ်တာ ကိုင်တာ အတော် သန့်ပါတယ်။ (ဗမာစံနဲ့ သန့်တယ်လို့ ပြောတာနော်… နိုင်ငံတကာ စံနဲ့တော့ ဟုတ်လောက်ဘူးဗျ။)

နောက်တစ်ခုက ညဘက် သွားသွားစားရတဲ့ ကုန်ဈေးတန်း ရေခဲမုန့်။ အဲဒါလည်း အဲဒီ့ခေတ်က အဆန်းပဲ။ ကားသွားရပ်လိုက်ရင် ဘာရေခဲမုန့် စားမလဲလို့ လာမေးတဲ့ လူငယ်လေးတွေ ရှိတယ်။ စားချင်တာ မှာလိုက်တယ်။ သူတို့က အပေါ်ထပ် (ဘယ်နှထပ်လဲတော့ မသိဘူး)က အခန်းကို သွားမှာတယ်။ ပြီးတော့ ယူလာပေးတယ်။ စားတယ်။

အဲဒီ့ ရေခဲမုန့်ကို အကောင်းလုပ်စားခဲ့ရတဲ့ ဘ၀တွေကို ပြန်သတိရပါတယ်။

ရေခဲမုန့်ဆိုလို့ ကလေးအရွယ် ပြည်သူပိုင် မသိမ်းခင်က မန္တလေး ရှားမီး မုန့်တိုက်က ရေခဲမုန့်နဲ့ ရေခဲချောင်း စားခဲ့ဖူးတာလည်း ရေးတေးတေးမှတ်မိတယ်။ ၈၃ လမ်းပေါ်မှာ မှတ်တယ်။ ၂၄ လမ်းထောင့်လား၊ ၂၅ လမ်းထောင့်လားတော့ သေချာ မမှတ်မိတော့ဘူး။ အဲဒီ့မှာ ရှားမီး မုန့်တိုက် ရှိတာကို မန္တလေးမှာ ကျောင်းတက်နေစဉ်က ဖြတ်သွားဖြတ်လာ တွေ့တွေ့နေခဲ့ဖူးပေမယ့် ရေခဲမုန့်၊ ရေခဲချောင်းတော့ တစ်ခါမှ မစားဖြစ်တော့ပါဘူး။

ကျွန်တော်က ရေခဲမုန့်တွေ ရေခဲချောင်းတွေ ကြိုက်လှတယ်လည်း မဟုတ်ဘူး၊ မကြိုက်ဘူးလည်း မဟုတ်ဘူး။ တွေ့တဲ့အခါ ကြုံတဲ့အခါ စားလိုက်တာပါ။ တစ်ခါတလေလည်း မစားချင်တော့ မစားဘူးပေါ့။ အဲဒါ ကလေးကတည်းကပါ။

ဒူးရင်းသီးရယ်၊ ကျွန်တော်ရယ်

နောက်တစ်ခုက ဒူးရင်းသီး။ ဒူးရင်းသီးအကြောင်းပြောတော့ အခု ရောက်နေတဲ့ ဆယ်တန်းကနေ တော်တော် နောက်ပြန်လှည့်ရတော့မယ်။ စိတ်ထင် ကျွန်တော် ငါးတန်းလောက်မှာ ဖြစ်မယ်။ အမေရယ်၊ အခုထက်ထိ မန္တလေးမှာ သက်ရှိ ထင်ရှားရှိနေဆဲ အမေ့အစ်မ တစ်ဝမ်းကွဲ ကြီးကြီးရီရယ်က ကျွန်တော့်ကို ရွှေစက်တော်ကို ခေါ်သွားခဲ့ကြပါတယ်။

တစ်ဘ၀လုံးမှာ အဲဒီ့တစ်ခါပဲ ရွှေစက်တော်ကို ရောက်ဖူးတာပါ။ ငါးတန်းလောက်လို့ ပြောရတာက အဲဒီ့တုန်းက ဓာတ်ပုံတွေကို စိတ်ထဲ မြင်ကြည့်လိုက်တဲ့အခါ ပုဆိုးနဲ့ ကလေးလေး ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မြင်လာလို့ပါ။ ဘောင်းဘီတိုနဲ့ မဟုတ်တော့ဘူးကိုး။ အဲဒီ့ ဓာတ်ပုံတွေကိုလည်း စိတ်ထဲသာ ပြန်မြင်လို့ ရပါတော့တယ်။ အမေ ကျွန်တော့်ကို စိတ်နာနေတဲ့ အမေမဆုံးခင် ၁၇ နှစ်လောက် ကာလအတွင်းမှာ ရှိရှိသမျှ ဓာတ်ပုံတွေကို ဖျောက်ဖျက်ပစ်လိုက်လို့ ဘာအစအနမှ မကျန်တော့ပါဘူး။

ခြေတော်ရာကို ဖူးခဲ့ရတာ၊ တောင်တက်ရတာ၊ ကြည်နေတဲ့ ရေထဲမှာ စိမ်ခဲ့တာတွေကို ရေးတေးတေး မှတ်မိတယ်။ ဘတ်(စ်)ကား အိုကြီးနဲ့ တမောကြီး သွားခဲ့ရတာကိုလည်း မှတ်မိတယ်။ အဲတုန်းက ကျွန်တော့်ကို ချစ်ခဲ့၊ အရေးပေးခဲ့တဲ့ မန္တလေးသူ အစ်မကြီးတစ်ယောက်ကိုလည်း မှတ်မိတယ်။ ဘယ်သူမှန်းတော့ မသိတော့ဘူးဗျ။ ဒါပေမယ့် ကျွန်တော့်ကို ကြင်ကြင်နာနာ နွေးနွေးထွေးထွေး ဆက်ဆံခဲ့တဲ့၊ ကျွန်တော့်ထက် ၁၅ နှစ်၊ နှစ် ၂၀ လောက်ကြီးတဲ့ အစ်မကြီးပါ။

အဲဒီ့ခေတ်က ခရီးသွားရတာ အတော်ကရိကထ များပါတယ်။ အိပ်ယာတွေ၊ စားစရာတွေပါ သယ်သွားကြရတာကိုး။ ထမင်း ဘာနဲ့ စားသလဲ မမှတ်မိတော့ပေမယ့် ဒူးရင်းသီးဆိုတာကို အဲဒီ့ ရွှေစက်တော်မှာ အလုံးလိုက် စမြင်ဖူးတာပါ။ အမေက အလွန်ကြိုက်သလို ကြီးကြီးရီကလည်း အလွန်ကြိုက်ပါတယ်။ သူတို့က ကောင်းလွန်းလို့ စားပါဆိုတာကို ကျွန်တော်က ခါးခါးသီးသီး ငြင်းပါတယ်။

ဘာဖြစ်လို့လဲ မသိဘူး။ အဲဒီ့ အနံ့ပြင်းပြင်းကို ကျွန်တော် မခံနိုင်ဘူး။ သည်မတိုင်ခင် ဒူးရင်းသီးမမြင်ဖူးခင်က ဒူးရင်းယိုကို အခါအားလျော်စွာ စားခဲ့၊ ကြိုက်ခဲ့ဖူးပေမယ့် ဒူးရင်းသီးနဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့တော့ ကျွန်တော် ခါးခါးသီးသီး ငြင်းတဲ့အပြင် အနံ့မခံနိုင်လို့ သူတို့နားမှာတောင် မနေမိတော့ပါဘူး။ အဲလောက်ကို ဆိုးတာပါ။ ကြီးကြီးရီကတော့ “သည်ကောင် ဘယ်လို ကောင်လဲ မသိဘူး”လို့ ထောမနာပြုပါတယ်။

လွမ်းရတဲ့ စားစရာတွေ

ငယ်ငယ်က ကျွန်တော် အတော် ဂျီး(ကြေး)များပါတယ်။ ကလေးမို့ ငရုတ်သီး မစားနိုင်တာတော့ ထားပါတော့။ ဟင်းသီးဟင်းရွက်တွေလည်း စားလေ့ စားထ မရှိဘူး။ နံနံပင်လည်း အနံ့မခံနိုင်တဲ့ အထဲမှာ ပါတယ်။ ကျွန်တော် ငယ်ငယ်လေးကတည်းက တအားကြိုက်တာက ပူစီနံ (သတ်ပုံမှန် – ပူဒီနာ)။ လွန်ခဲ့တဲ့ သုံးလလောက်မှာ မန္တလေးက ဆိုင်တစ်ဆိုင်မှာ ကျွန်တော် ပူဒီနာ စားပုံကြည့်ပြီး ဘေးမှာ ရှိနေတဲ့ မိတ်ဆွေကြီးက အံ့သြမဆုံးလို့ အိမ်ကျတော့ သူ့ဇနီးကို ပြောပြ၊ သူ့ဇနီးကတောင် ကျွန်တော့် စာအုပ်မျက်နှာစာ တစ်နေရာမှာ ကျွန်တော် ပူဒီနာ စားပုံကို မှတ်ချက် လာရေးသွားခဲ့ဖူးပါပေါ့လား။

မုန်ညင်း၊ ဆလတ်ရွက်လိုဟာမျိုးတွေလည်း မခံစားနိုင်ခဲ့ဘူး။ ကန်စွန်းရွက်ကြော်ဆိုလည်း ငယ်ငယ်တုန်းက သိပ်စားဖူးတာ မဟုတ်ဘူး။ ကန်စွန်းရွက်ချဉ်ရည်ပဲ စားဖူးတာ။ ကန်စွန်းရွက်ချဉ်ရည်မှ အမေချက်တဲ့ လက်ပံခေါင်းတို့၊ ဆီးသီးခြောက်တို့ ထည့်ချက်ထားတဲ့ ကန်စွန်းရွက်ချဉ်ရည်ဆို လွှတ်ကြိုက်ပဲ။

ပြောတော့မှ လွမ်းတောင် သွားတယ်။ လက်ပံခေါင်းနဲ့ ဆီးသီးခြောက်ထည့်ချက်ထားတဲ့ ကန်စွန်းရွက်ချဉ်ရည် မစားရတာ နှစ်ပေါင်း ၄၀ မကတော့ဘူး ထင်တယ်။

အဲ… ဒူးရင်းသီးနံ့သာ မခံနိုင်တာဗျ။ တညင်းသီးကျတော့ ဘယ်လို ကြိုက်မှန်း မသိဘူး။ အမေကလည်း တညင်းသီး တအားစားတဲ့သူဆိုတော့ တညင်းသီးပြုတ်များဆိုရင် ဆီလေး ဆားလေးနဲ့ သွားရည်စာ စားသလို အားတိုင်း စားတတ်သဗျ။ ကြိုက်လည်း ကြိုက်သဗျ။ တညင်းသီး ဆားရည်စိမ်၊ တညင်းသီးနု မီးဖုတ်တွေလည်း တွယ်တာပဲ။ ငယ်ငယ်က ကျွန်တော် မစားတတ်တာ တညင်းဝက်။ အမေကတော့ စားတာပဲ။ ကျွန်တော် အသက် တော်တော် ရတဲ့အထိ တညင်းဝက်ကို မစားတတ်ခဲ့ဘူး။

ပြင်သစ်စာသင်တန်းကို ပြင်သစ်သံရုံး ယဉ်ကျေးမှု ဌာနမှာ သွားတက်တဲ့အချိန် အသက်က ၂၀ ကို ကောင်းကောင်း ကျော်တော့မှ အတန်းထဲက တစ်ယောက်က တညင်းဝက်ကို ဆီပူလေးထိုးပြီး ကြော်စားရင် ကောင်းတယ်လို့ ပြောတာနဲ့ စမ်းပြီး ကျော်စားမိတော့မှ လျှာလည်သွားတာဗျား။

အမေ့ရဲ့ ဓနရှင်ပေါက်စဉာဉ်

ရယ်စရာ ပြောရဦးမယ်။ ကန်စွန်းရွက် ချဉ်ရည် စားရပေမယ့် ကန်စွန်းရွက်ကြော်၊ ပဲပင်ပေါက်ကြော် စတာတွေ မစားဖြစ်ခဲ့ရတဲ့အကြောင်းပေါ့။ အဲဒါတင် မကဘူးခင်ဗျ။ ကျွန်တော် ငယ်ငယ်က ဘဲဥ၊ ကြက်ဥဟင်းလည်း တစ်ခါမှ ကောင်းကောင်း ကန်းကန်း မစားဖူးခဲ့ပါဘူး။ အမေကမှ အဲဒါတွေ မကြော် မချက်တာကိုးခင်ဗျ။ ဘာလို့ မချက်သလဲဆိုတော့ အဲဒါတွေက ဆင်းရဲသားတွေ စားတာမို့လို့တဲ့ဗျား။

ကြက်ဥဆိုရင် မကျက်တကျက်ကြော်ပဲ စားခဲ့ရဖူးတယ်။ ဟင်းအနေနဲ့ သော်လည်းကောင်း၊ မွှေကြော်အဖြစ် သော်လည်းကောင်း အင်မတန်မှ စားရခဲလှပါတယ်။ အဲ… နောက်ပိုင်း ရန်ကုန်ရောက်ပြီး အိမ်မှာ သီးစုံ ပဲကုလားဟင်းချက်တဲ့အခါကျမှသာလျှင် အဲဒီ့ထဲမှာ ကြက်ဥ၊ ဘဲဥ အနည်းအပါး တွေ့ရပါတယ်။ ကြက်ဥ၊ ဘဲဥကို ဒုံးချက်ထားတဲ့ အမေ့လက်ရာတော့ ကျွန်တော် မှတ်မိသလောက် စားကို မစားခဲ့ဖူးဘူး။

မိသားစုက သုံးယောက်တည်း ရှိတာမို့ အဖေ ရုံးလုပ်တုန်းကလည်း လခ သိပ်မများပေမယ့် သားအမိ သားအဖ သုံးယောက် သားငါး မပြတ်စားနိုင်ခဲ့ပါတယ်။ လောပိတလို နေရာမျိုးမှာတောင် သိပ် အစားမဆင်းရဲခဲ့ရပါဘူး။ အဲတော့လည်း အမေက ကြီးကျယ်တာပေါ့ဗျာ။ သူကြီးကျယ်တော့ ကျွန်တော့်မှာ ကန်စွန်းရွက်ကြော်၊ ကြက်ဥဟင်း ကောင်းမှန်း မသိခဲ့ရတဲ့ ဘ၀ပေါ့။

အဖေကတော့ သူ ငယ်ငယ်တုန်းက ငါးပိဖုတ်ကလေးတစ်မျိုးတည်းနဲ့ ဖြစ်စေ၊ ထန်းလျက်နဲ့ ဖြစ်စေ ထမင်းစားခဲ့ရဖူးတဲ့ အကြောင်းတွေ မကြာခဏ ပြောပြခဲ့ဖူးပါတယ်။ အဖေက ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နေခဲ့ရလေတာကိုး။

အမေ့ဆီကတော့ အဲဒါမျိုးတွေ မကြားဖူးဘူး။ လက်ဖက်သုပ်နဲ့ ထမင်းစားတယ်ဆိုတာလည်း မရှိသလောက်ပဲ။ အဲ… တစ်ခုတော့ ရှိတယ်။ အဲဒါက တစ်ခါတစ်လေ ညလယ်စာ အိမ်မှာ ဟင်းမကျန်တော့ရင် အဖေသင်ပေးတဲ့ ထမင်းစားနည်း။ အဲဒါကတော့ နို့ဆီလေးကို ဖျော်ပြီး ထမင်းပေါ် ဆမ်းစားတာဗျ။ အမယ်… အဲလိုကျတော့လည်း ၀င်တော့ သွားသားဗျ။

နောက်တစ်ခုက ထမင်းကို လက်ဖက်နဲ့ စားတဲ့ အကြော်စုံထည့်၊ ပုစွန်ခြောက်ထည့်၊ ဆီဆမ်း၊ ဆားဖြူး နယ်ပြီး ကြက်သွန်နီလေး တဂျွမ်းဂျွမ်းကိုက်စားတဲ့နည်း။ အဲဒါကျတော့ အဖေ့ဆီက ရတာလား၊ အမေ့ဆီက ရတာလား မသိတော့ဘူး။

ပြောတော့မှ သတိရလာလို့ လောပိတအထိ နောက်ကြောင်း နည်းနည်း ပြန်လှည့်လိုက်ဦးမယ်။ လောပိတမှာ နေတုန်းက သွားရည်စာက ပါးရှားတာမို့ အိမ်မှာ စိုက်တာလား၊ ပေါက်နေတာလား မသိတဲ့ ခရမ်းချဉ်သီး မှည့်မှည့် ထွားထွားကြီးတွေကိုလည်း သွားရည်စာအဖြစ် သကြားနဲ့ တို့တို့စားခဲ့ရတာလေးလည်း မှတ်မိလို့ နေပါသေးတယ်။ လောပိတ်ကို ခွာခဲ့တဲ့ နောက်ပိုင်းတော့ အဲလို တစ်ခါမှ ပြန်မစားဖြစ်တော့ပါဘူး။ စားချင်စိတ်လည်း မရှိတော့ဘူး။

မမေ့နိုင်တဲ့ ဒူးရင်းသီးနှစ်လုံး

ဒူးရင်းသီးကို ဘယ်တုန်းက စပြီး စားနိုင်သွားသလဲဆိုတာတော့ မမှတ်မိလှတော့ဘူး။ သေချာတာကတော့ အသက် တော်တော်ကြီးမှပါ။ စားလို့ဖြစ်တယ်၊ စားတယ်၊ သည်လောက်ပဲ အကြိုက်ကြီး မဟုတ်ဘူး။ မြင်ရင်၊ အနံ့ရရင် မနေနိုင်တဲ့အထဲမှာ တစ်ခါမှ မပါခဲ့ဖူးဘူး။

အဲ… ဒူးရင်းသီးနဲ့ ပတ်သက်လို့ မမေ့နိုင်တဲ့ ဖြစ်ရပ်တစ်ခုတော့ ရှိတယ်။ အဲဒါက ချစ်သူ့ရင်ခွင် ရှာပုံတော်ထဲမှာ ထည့်မရေးဖြစ်ခဲ့တဲ့အကြောင်းပါ။ လူကတော့ ချစ်သူ့ရင်ခွင် ရှာပုံတော်ထဲမှာ ပါပါတယ်။ “အသုဘမှာ တွေ့တဲ့ အချစ်”ပေါ့ခင်ဗျာ။ အဲ… အဲဒီ့အချစ်က တစ်ခါသားမှာ ဒူးရင်းသီး စားချင်ရှာပါတယ်။ အဲဒါနဲ့ နှစ်လုံးလားမသိ၊ ၀ယ်တဲ့ပြီး နှစ်ယောက်သား ထိုင်စားခဲ့တာပါ။

စားတဲ့နေရာကြောင့် မမေ့နိုင်တဲ့ အဖြစ် ဖြစ်သွားတာပါ။

မမေ့နိုင်လောက်အောင် ဘယ်နားမှာ သွားစားကြတယ် မှတ်တုံး။

အဲတုန်းက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အဖြစ် ထားထားတဲ့ ရန်ကုန်ဆေးရုံကြီး ၀င်းထဲက အဆောက်အအုံဘေး လှေကားထစ်မှာ နှစ်ယောက်သား ထိုင်စားခဲ့ကြတာ ခင်ဗျ။ သူ့အိမ် သယ်သွားပြီး စားလို့က နှစ်လုံးလောက်နဲ့က မလောက်ဘူးလေ။ သူ့အိမ်မှာက ဘောလုံးသင်း တစ်သင်းစာလောက် မိသားစုဝင်တွေ ရှိနေကြတာ၊ ကျွန်တော့်အိမ်ကျတော့လည်း သူ့ကို ခေါ်သွားလို့ မရဘူး။ အမေကမှ သူ့ကို မလိုလားဘဲကိုး။ အဲဒါနဲ့ လမ်းပေါ်တင် ကိစ္စပြီးလိုက်ကြရတာကလား။

အင်း… ပြန်ပြောရင် လွမ်းသေးတဲ့ သံယောဇဉ်နွမ်းကလေးပေါ့ ခညာ… 🙂 

အဲ… အဲလိုသာ စားခဲ့တာ တကယ်က ကျွန်တော်က ဒူးရင်းသီးကို မက်မက်စက်စက် မရှိလှဘူး။ တွေ့တဲ့အခါ၊ ကြုံတဲ့အခါ စားချင်ရင် စားတယ်၊ မစားတာက များသဗျ။ အဲဒါ မနှစ်ကအထိပဲ။ ကျွန်တော့် အိမ်သူကလည်း ဒူးရင်းသီးကြိုက်တယ်၊ သူ့သား (ကျွန်တော်နဲ့ မွေးတာပါလေ 😛  ) ကလည်း ကြိုက်တော့ နှစ်တိုင်းလို စားတတ်ကြပါတယ်။ ကျွန်တော်ကတော့ အင်တင်ပါတင်၊ အလွန်ဆုံးမှ တစ်စိတ်လောက်ရယ်။ တစ်ခါတလေ လှည့်တောင် မကြည့်မိဘူး။

သည်နှစ်ကျမှ ဘာဖြစ်တယ် မသိဘူး။ ဒူးရင်းသီးကို စားချင်နေတယ်။ ကျွန်တော့်လိုပဲ ဒူးရင်းသီးကို အနံ့တောင် မခံနိုင်တဲ့ သမော်ဒီးကလည်း သည်နှစ်ကျမှ ဘာစိတ်ကူးပေါက်တယ် မသိဘူး၊ မင်းသမီး နန္ဒာလှိုင့်အမေ ရောင်းတဲ့ ဒူးရင်းသီးတွေ သုံးလေးလုံး မကြာမကြာ ၀ယ်ဝယ်လာတယ်။ ကျွန်တော် မက်မက်စက်စက် ဖြစ်လာတယ်ဗျ။ အသက်ကြီးလာလို့ သွေးတောင်းလာတာပဲလား၊ သေခါနီးမို့လို့ မတည့်တာကို သွေးတောင်းတာပဲလား၊ ဘုရားမှ သိတော့မယ် ထင်ပါတယ်။

မွေးသမိခင်ရဲ့ သဘောထားအမှန်

ကျွန်တော် မကြိုက်တာတွေ ကျန်သေးတယ်။ ပထမဆုံးက ဒန်ပေါက်။ ဒန်ပေါက်လည်း ကျွန်တော် မကြိုက်လှဘူး။ မကြိုက်ဆို ကြက်သားမှ ကျွန်တော် မကြိုက်တာကိုး။ နောက်တစ်ခုက ခေါက်ဆွဲကြော်။ အဲဒါကျ ၀က်သားနဲ့ ကြော်ကြော်၊ ကြက်သားနဲ့ ကြော်ကြော် မကြိုက်ဘူး။ ခေါက်ဆွဲရဲ့ အရသာကို မကြိုက်ခဲ့တာ။

ထောပတ်ထမင်း၊ အုန်းထမင်းကျတော့ ကြိုက်ပြန်သဗျ။ အုန်းထမင်းလေးနဲ့ ဆိတ်ပုဆိုးကြမ်း အရည်သောက် ဟင်းလေးနဲ့များဆို တယ်ကြိုက်။ သရက်သီးသနပ်ကလေး၊ ပူဒီနာ နိုင်းချင်းလေးနဲ့များ လွေးရလို့ကတော့ လာစမ်းဆိုတဲ့ အထဲက။ အရင် မန္တလေး ဈေးချိုအဟောင်းရှိတုန်းက နာရီစင်ထောင့် ဈေးချို မြောက်ဘက်တန်းမှာဆို မနက်ပိုင်း အုန်းထမင်းနဲ့ ငှက်ပျောသီးကြော်၊ အုန်းထမင်းနဲ့ ဆိတ်ပုဆိုးကြမ်း ရောင်းတဲ့ ဆိုင်ရှိခဲ့ဖူးတယ်။ အခုတော့ ဈေးချိုကြီး ပျက်စီးသွားတာနဲ့အတူ အဲဒီ့ဆိုင်တွေလည်း ဘယ်လိုက်ရှာရမှန်း မသိတော့ဘူး။

အဲဒီ့ ဆိတ်ပုဆိုးကြမ်းဟင်းဆိုလည်း မစားရတာ နှစ်ပေါင်း သုံးဆယ်လောက် ရှိပြီ။ အမေက အရင်က ချက်တတ်တယ်။ နောက်ပိုင်း ကျွန်တော်အိမ်ထောင်ကျတော့ အမေ့ကို ချက်ပေးပါလို့ တောင်းဆိုတော့ အလွဲ ချက်ပေးတယ်။ ဒါတင် မကသေးဘူး၊ ၀က်သားကို ပဲကြာဆံနဲ့ အလုံးလေးတွေ လုံးပြီး ချက်တဲ့ ၀က်သားလုံး အရည်သောက်ဟင်းဆိုလည်း အမေချက်တာက သိပ်စားကောင်းတယ်။ အဲဒါလည်း အိမ်ထောင်ကျပြီးမှ အမေ့ကို နှစ်ခါ၊ သုံးခါ ချက်ခိုင်းမိပြန်တော့ အလွဲ ချက်ပေးပြန်တယ်။

ကျွန်တော် သဘောပေါက်သွားပါတယ်။ အမေ့စိတ်ကို သိတာပါ။ သူ့နည်းကို သူတစ်ယောက်တည်း သေရာ ညောင်စောင်းအထိ ယူသွားမယ်၊ သူ့ချွေးမ ကျွန်တော့်ဇနီး မရလိုက်စေရဘူးလို့ ဘုရားမှာတောင် သစ္စာဆိုသွားလေသလားပဲ။

ကျွန်တော်ကလည်း စားပဲ စားတတ်တာ၊ မချက်တတ်တဲ့ကောင်ဆိုတော့ ခံပေါ့ဗျာ။ အခုတော့ ပဲကြာဆံနဲ့ ၀က်သားစင်းကောနဲ့ကို အလုံးအလုံးလေးတွေ ဖြစ်အောင် လုံးပြီး အရည်သောက်ကလေး ချက်တာကို ကျွန်တာ့်ဇနီး နည်းနည်း ကြိုးစားချက်တာ အမေ့လက်ရာကို မမီသည့်တိုင် အာသာတော့ အနည်းငယ် ပြေလာပါပြီ။

အဓိကက ဆီသတ်ပုံမှာ ကွာခြားတယ် ထင်တာပါပဲ။ ကျွန်တော့်ဇနီးက ဗမာဆီသတ်နည်းနဲ့ သတ်တာ။ အမေ့ဟင်းက တလုပ်မဆလာနဲ့ ဆီမပါသလောက် ရေပေါလောနဲ့ ချက်ထားတာ။ သည်စာကို ဖတ်မိသူတွေထဲက အဲဒါမျိုးကို စားလည်း စားဖူး၊ နည်းလည်း သိတယ်ဆိုရင် ရေးပြကြစမ်းပါဗျာ။

အဲဒီ့ဟင်းက ထမင်းနဲ့ စားရုံသာမကဘူး၊ သည်တိုင်းစားရင်လည်း ကောင်းသဗျ။ မန္တလေးကြာဆံချက် စားသလို ကြက်သွန်နီ ပါးပါးလှီးထည့်၊ ငန်ပြာရည်၊ ငရုတ်သီးအလှော်မှုန့် ထည့်၊ သံပရာရည် ညှစ်ထည့်ပြီ စားရင်လည်း လွှတ်ကောင်းပဲခင်ဗျ။

ကချလာမဟုတ်သော မော်လမြိုင်သား ရှာပုံတော်

ဆိတ်ပုဆိုးကြမ်းဟင်းကလည်း အရည်သောက်ပါပဲ။ အနီးစပ်ဆုံးကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မော်လမြိုင် ရောက်တုန်း မော်လမြိုင်ဈေးကြီးထဲမှာ စားခဲ့ရတဲ့ အမဲအူပြုတ်နဲ့ ခပ်ဆင်ဆင်ဗျ။ ကျွန်တော် ရန်ကုန်မှာ စားနေကျ ပေါက်ဖော်ကြီးရဲ့ အမဲအူပြုတ်က အဖြူထည်။ မော်လမြိုင်မှာ စားခဲ့ရတဲ့ အမဲအူပြုတ်က ငရုတ်ဆီရောင်လေးနဲ့၊ ဆီပြန်ဟင်းရောင်ဆိုပါတော့။ သို့ပေမယ့် ဆီက ပါလေကာပဲ။ အရည်သောက်။ အဲဒါကိုလည်း ကြက်သွန်နီ၊ ငန်ပြာရည်၊ ငရုတ်သီးအလှော်မှုန့်၊ သံပရာရည်ထည့်ပြီး စားရတာဗျား။ ကောင်းချက်ကတော့ ကမ်းကုန်ပဲ။

နောက်ပိုင်း မော်လမြိုင်ကို ကြိမ်ဖန်များစွာ ရောက်ပေမယ့် အဲဒါ ဘယ်နား လိုက်ရှာပြီး စားရမယ် မသိဘူး။ မော်လမြိုင်သား မိတ်ဆွေ အနည်းအပါးကို မေးမိတော့လည်း အဲဒီ့မောင်တွေက ကချလာတွေ၊ ဘာမှ ကောင်းကောင်းကန်းကန်း မသိကြဘူး။ ဘာတုံး၊ မော်လမြိုင်က အစားဆိုတာ။ မော်လမြိုင်မှာ ဆိုင်ကောင်းကောင်း သိချင်ရင် မော်လမြိုင်သားကို မေးတာထက် တခြားတစ်မြို့တစ်ရွာက ကားသမားကို မေးတာကမှ ပိုသိနိုင်ပေဦးမယ်။ ကျွန်တော် မေးမိသမျှ မော်လမြိုင်သားတွေကတော့ ဘာဆို ဘာမှ မသိတဲ့ သူတွေချည်း ဖြစ်နေတယ်။

ရှိသေးတယ်။ မော်လမြိုင်သားတွေကို မေးလို့ မရတဲ့ လက်ဖက်ရည်။ အဲဒါက “အစိမ်းဖောက် လက်ဖက်ရည်”ဆိုတာ၊ အဲဒါလည်း မော်လမြိုင်မှာပဲ လွန်ခဲ့တဲ့ ၄-၅-၆ နှစ်လောက်က သောက်ခဲ့ရဖူးတယ်။ အဲတုန်းက သံဖြူဇရပ်က ပြန်လာရင်း လမ်းမှာ ကြုံတဲ့ဆိုင်ကို ကားသမားနဲ့ ၀င်သောက်တာ။ မော်လမြိုင်ရဲ့ လူစည်ကားရာ နေရာလို့ပဲ မှတ်မိတယ်။ ဘယ်မှာလဲ မမှတ်မိတော့ဘူး။ အားပါး… ဆွေမျိုးမေ့အောင် ကောင်းသဗျ။

အစိမ်းဖောက်ဆိုတာက ဆိုင်မှာ ကြိုနှပ်ထားတဲ့ လက်ဖက်ရည် မဟုတ်ဘူး။ ၀ယ်သူက သောက်မယ်ဆိုတော့မှ လတ်လတ်ဆတ်ဆတ် နှပ်ပေးတဲ့ လက်ဖက်ရည်ဗျာ။ နည်းနည်းတော့ စောင့်ရတယ်။ သို့ပေမယ့် မကောင်း ခံနိုင်ရိုးလားဗျာ။ အဲဒါလည်း နောက်ပိုင်း မော်လမြိုင် ရောက်တော့ ရှာမိပါတယ်။ ရှာရုံမက ကချလာ မော်လမြိုင်သားတွေကိုလည်း မေးမိပါတယ်။ မသိကြဘူးဗျ။

သည်စာကို ဖတ်မိတဲ့ “ကချလာ မဟုတ်သော” မော်လမြိုင်သားများ ရှိတယ်ဆိုပါရင် မော်လမြိုင်က အမဲအူပြုတ် ဆိုင်ကောင်းကောင်းနဲ့ အစိမ်းဖောက် လက်ဖက်ရည်ဆိုင်ကောင်းကောင်းကို နတ်လမ်းလေး ညွှန်ပေးကြပါဦး ခင်ဗျား။

ဈေးချို မြောက်ဘက်တန်းမှာ ရတဲ့ ဆိတ်ပုဆိုးကြမ်းဟင်း၊ ချွေးမတော် နည်းမသိစေရဘူးလို့ သစ္စာဆိုသွားသော နည်းနဲ့ ကျွန်တော် လူပျိုဘ၀တုန်းက အမေ စိတ်လိုလက်ရ ချက်ချက်ကျွေးသွားတဲ့ ဆိတ်ပုဆိုးကြမ်း ဟင်းဟာလည်း အဲဒီ့ မော်လမြိုင် အမဲအူပြုတ်လိုပဲ ဆီလည်၊ ရေလည် အရည်သောက် ဟင်းကောင်းလေး တစ်ခွက်ပါပဲ။ မော်လမြိုင် အမဲအူပြုတ်စားသလိုပဲ ကြက်သွန်နီ၊ ငရုတ်သီးမှုန့်၊ သံပရာရည်များနဲ့ အလွန် စားလို့ကောင်းပေါ့ခင်ဗျာ။ ရှောက်ရွက်ကလေးများပါ နိုင်နိုင်ဖြူးလိုက်မယ်ဆိုရင်ဖြင့်….

အင်း… သည်တစ်ပိုင်းကလည်း အရသာရှိသော စာကို ရေးမိပြန်ပြီ ထင်ပါရဲ့။ မပြီးသေးဘူးနော်။ ကျွန်တော် မကြိုက်တဲ့ စားစရာတွေ ကျန်သေးတယ်။ ဒန်ပေါက်နဲ့ ခေါက်ဆွဲကြော်အကြောင်း ပြောရင်း တန်းလန်းကနေ ဆိတ်ပုဆိုးကြမ်းနဲ့ ၀က်သားကြာဆံလုံးဟင်းဘက် ရောက်သွားတာ။

နောက်တစ်ပိုင်းကျတော့မှ မကြိုက်တာလေးတွေကို စကားလက်စသတ်ရင်း အခန်းကူးနိုင်အောင် အားထုတ်ပါတော့မယ်။

သည်တစ်ပိုင်းမှာ ပြောကြတာ

Win Pa Pa Ko ဖတ်ရင်းနဲ့ ဟိုဟာစားချင်သလိုလို ဒီဟာစားချင်သလိုလို ဖြစ်လာပြီ ဆရာရေ 🙂

Nge Thar မကြီးကြီးလမ်း (ကျွန်းတောလမ်း နဲ့ ရှမ်းလမ်းကြား) ပါဆရာ စမ်းချောင်းလမ်း ဟုတ်ဘူးခင်ဗျ စမ်းချောင်းလမ်းက ဗားကရာလမ်းနဲ့ အပြိုင် ပဒုမ္မာကွင်း တစ်ဖက်ခြမ်းက လမ်းခင်ဗျ ရှမ်းလမ်းကို အခု ဗဟိုလမ်းလို့ခေါ်နေပါတယ်

ATK သန်းဦး… သန်းဦး… ကျွန်တော်က ရှမ်းလမ်းကို မေ့နေတာ။ စမ်းချောင်းသူဆိုလို့ တစ်ဘ၀လုံး တစ်ယောက်ပဲ ကြိုက်ဖူးတော့ အဲဒီ့ဘက်တေ ကျွမ်းဖူးဂျ 😛 ပြင်လိုက်ပါပြီခည

Nge Thar တိန်

Nge Thar ဝက်သားလုံး ကြာဇံချက်က လွယ်ပါတယ် ရေကို ကြက်သွန်ဖြူရယ် ကြက်သွန်နီရယ် ဂျင်းအတက်လိုက် အရွယ်အနေတော်ကို ဆားနဲနဲနဲ့ ရေပွက်ပွက်ဆူအောင်တည် ပွက်ပွက်ဆူမှ ဝက်သားစင်းကော (ငရုပ်ကောင်း၊ ဆား ၊ ပဲငံပြာရည် စတာနဲ့ နယ်ပြီးသား) ကို လုံးပြီးထည့် အချိုရည် ကျလောက်ရင် ပဲကြာဇံ ရေစိမ်ထားတာထည့် ပဲကြာဇံ ကျက်ရင် ငရုပ်ကောင်းနဲ့ ကြက်သွန်ဖြူအစိမ်း၎-၅တက်လောက် ရောထောင်းထားတာကို ခပ် ကြိုက်တတ်ရင် တရုပ်နံနံပင် ခပ် ပြီးပြီ စားလို့ရပြီ (ကျွန်တော်တို့ စားနေကျနည်းပြောပြတာနော် တူလောက်မယ် ထင်လို့ )

ATK တူဝူးဂျ။ အမေချက်တာက ၀က်တားကို လုံးကတည်းက ပဲကြာဇံတွေပါ ထည့်လုံးတာ။ မရိုတေ့စကား ပြောရရင် ကျွန်တော်တို့ တားအမိက အဲဒီ့ဟင်းကို ဂွေးကျိဟင်းလို့ ခေါ်ပါတယ်။ ဂွေးကျိမှာ အမွှေးတွေ ငုတ်စိ ပတ်လည် ထွက်နေသလိုမျိုးမို့ပါ။ ပဲကြာဇံနဲ့ ၀က်သားလုံးကို ရောချက်တာ မဟုတ်ဘူး။ ၀က်သားလုံးမှာကိုက ပဲကြာဇံတွေ ထည့်လုံးတာ 😛

Nge Thar ဟင်းရည်ကရော အဖြူထည်ပဲလား

ATK အဖြူထည်မှုတ်ဖူး၊ ညိုညိုလေး။ ၀က်သားလုံးလေးကလည်း ညိုညိုရဲရဲ၊ ဟင်းရည်ကလည်း အဲဒီ့ ခါလာပဲ

Nge Thar အခြား ဘာအရွက်တွေ ပါသေးလဲဆရာ

ကျွန်တော်တို့ ချက်တဲ့ ဝက်သားလုံး နောက်တစ်မျိုးရှိတယ် သူက အရည်နဲ့ ဝက်သားလုံးပဲ ကျန်တာဘာမှ မပါဘူး ဝက်သားလုံးကိုတော့ တရုပ်မြက် ကျို့ချိုင် ကိုစဉ်းထားတာနဲ့ ရောနယ်ပါတယ်

ATK ဘာအရွက်မှ မပါဘူးဗျ။

Sanda Hlaing စားစရာကို အော့အော့တွေဖြစ်အောင် ပြောနိုင်တာ အဲ့အူးးးးအူးးးပဲ ရှိမယ်… 🙂

ATK ပညတ်တွေပါလေ… ပရမတ်က ပါးစပ်ထဲ ထည့်ပြီး ချားဒါဗျဲဟာ 😛

Sanda Hlaing ငှင်င်င်… ကြက်မောက်သီးလောက်လုပ် ရသားနဲ့ ဥပမာပေးစာရှားလို့… 😦

Nge Thar ဟီး အဲလောက်ဆို ချက်တတ်ပြီ ထင်တယ် ဟုတ်တယ်ဆရာ ဘာဆိုဘာမှ မထည့်ဘူး အသားလုံးကို ရေနည်းနည်း ဆီနည်းနည်း နဲ့ ပြုပ်ပြီး ရေခန်းမှ မီးအေးအေးနဲ့ ဆီလေးနဲ့ အရောင်ရအောင် ကြော်ပြီး အရည်သောက်လို့ရအောင် ရေပြန်ထည့်တာ ကျွန်တော်တို့ မုံရွာ ဝက်အူချောင်း အလုံးကို ပြုပ်ကြော် လုပ်သလိုမျိုး

Yamin Nyi Nyi ဗိုက်စာလာပြီ 😀

ATK အန်တီလေးးးး ဆလိမ်နဲ့ ဆာပါဗျ။ စလုံးနဲ့ မစာပါနဲ့။ ဆာတာကို တစာစာ ဟစ်ကြွေးနေမယ့်အစား အစာလေးကို အဆာပြေ စားလိုက်မယ်ဆိုရင် ဆာတာလည်း ပြေ၊ အစာလည်း ကျေပါလိမ့်မဗျားးးး 😀

Yamin Nyi Nyi ဗိုက်ဆာလာပြီ 😀 😉

Saw Zar Li ဒါမှ ရသစာပေစစ်စစ် ရှလွတ် 😛

စု စုအေး မကြီးကြီးလမ်းဒိန်ချဉ်ကို သောက်ဖူးတယ်ဆရာ အခုတော့ရှိသေးလားမသိဘူး ကျမ သောက်တုန်းကတော့ ဆိုင်ကတော်တော်ကျယ်တယ် စားပွဲ လေးငါးလုံး ချလို့ရတယ် ဒိန်ချဉ်ဆရာကြီး မျက်နှာထားဆိုးတာလဲမှတ်မိတယ် ဒါပေမဲ့ ဆရာ့တုန်းက လူကြီးတော့မဟုတ်ဘူးထင်ပါ့ တ်ခမ်းမွှေးထူထူကြီးပါတာမှတ်မိနေတယ်

ATK နောင် ချမ်းသာသွားလို့ ဆိုင်ချဲ့တာလား မသိဘူး။ နှုတ်ခမ်းမွေးကြီးတော့ ခုမှ မြင်လာတယ်။

စု စုအေး သူ့ဆိုင်က အရမ်းရောင်းကောင်းတာတော့မှတ်မိတယ် ဘယ်လောက်လူများများ အရမ်းကြီးကြာအောင်မစောင့်ရတာလဲမှတ်မိတယ် ဒိန်ချဉ်ကို ကလေးသောက်တဲ့ ခွက်သေးက ကိုင်းမပါလို့ မကျေနပ်တာလဲမှတ်မိတယ် ဟီးဟီး

Sanda Thant ဖတ်ရ တယ်မြိန်တာပဲဆြာ

ဇွန်လ ၁ ရက် ၂၀၁၅ ခုနှစ်

ညနေစောင်းရင် ခရီးရှည်ထွက်ပါဦးမယ်။ ကျွန်တော့် အစုတ်ထုပ်လည်း အဲဒီ့အခါကျ ခဏနားရမယ့် သဘောရှိပါတယ်။ (ဒါပေမယ့် မပူပါနဲ့၊ ပိတ်သတ်ကြီးကို ဒါ့ပုံတွေနဲ့ ဆက်လက် နှိပ်စက်သွားမှာပါ။)

အခုတော့ ပြီးသလောက် တစ်ပိုင်း ဆက်တင်လိုက်ပါတယ်။

ကူ(လ်)ဖှီ

ရေခဲမုန့်အကြောင်း ပြောတုန်းက ကျန်သွားတာ တစ်ခုရှိတယ်။ အဲဒါက ကူ(လ်)ဖှီဆိုတာပဲ။

ရန်ကုန်ရောက်မှ ကြားဖူး၊ စားဖူးသွားတာ။ အတော်ကောင်းပဲ။ (ဗမာနာမည်… အဲ… မွန်နာမည် ဖြစ်လျက်နဲ့ ဗိုလ်ဆွန်ပက်လမ်းလို့ မျိုးချစ်စိတ် တလွဲရှင်သန်ပြီး အခြောက်တိုက် နာမည်အပြောင်းခံလိုက်ရတဲ့) မောင်ထော်လေးလမ်းနဲ့ ဖရေဇာထောင့်က ဆိုင်မှာ စ စားဖူးခဲ့တာ ကောင်းကောင်း မှတ်မိနေတယ်။ လမ်းတစ်ဖက်ခြမ်း (အနောက်ဘက်ခြမ်း)မှာက ဟိုထဲ(လ်) ဒ, ဆစ်ထီး ဆိုတာ ရှိခဲ့ဖူးတယ်။ အခုတော့ အဲဒီ့ နေရာတွေ ဘာတွေ ဖြစ်ကုန်မှန်းတောင် မသိတော့ပါဘူး။

ရန်ကုန်ရောက်စ ၁၉၆၇ ၀န်းကျင်လောက်မှာပဲ စားဖူးခဲ့ပြီး အဲဒီ့ ကူ(လ်)ဖှီနဲ့ အဝေးကြီး ဝေးသွားခဲ့တာ အတော်ကြာတယ်။ အဲတော့လည်း မေ့တာပေါ့။ အဲဒီ့ဆိုင်က ၇၀ ပြည့်လွန်နှစ်တွေအထိ ရှိနေခဲ့သေးပေမယ့် မစားဖြစ်တော့ဘူး။ ဘာကြောင့်မှန်းလည်း စဉ်းစားလို့တောင် ပေါ်မလာတော့ပါဘူး။ သည်လိုပဲ သူ့အလိုလို မစားဖြစ်တော့တာ ဖြစ်ပါလိမ့်မယ်။

နှစ်ပေါင်းများစွာကြာပြီး ကျွန်တော့်မှာ သားတွေ သမီးတွေတောင် ရလာတော့မှ ကျွန်တော်တို့နေတဲ့ ရပ်ကွက်ထဲမှာ ကုလားကြီးတစ်ယောက်က လာအော် ရောင်းနေတော့မှ ကူ(လ်)ဖီကို ပြန်စားဖြစ်တယ်။ အဲတော့လည်း ငယ်ချစ်နဲ့ တွေ့ရသလိုပါပဲ။ မလိုင် ပျစ်ပျစ်နှစ်နှစ်နဲ့ အတော် စားလို့ ကောင်းပေတာပဲ။

သည်အကြောင်း ကျန်ခဲ့တယ်ဆိုပြီး ရေးမယ်လုပ်တော့ တိုက်တိုက်ဆိုင်ဆိုင် သမီးက ကူ(လ်)ဖီ ၀ယ်လာပြန်တယ်။ “လမ်းသင့်တဲ့ ခဖှေး”လို့ ဘာသာပြန်ရင် ရနိုင်မယ့် ဆိုင်က ၀ယ်လာတာပါ။ နို့မလိုင် ကူ(လ်)ဖီက နှစ်ခု၊ ချောခလက်(ထ်) ကူ(လ်)ဖီက နှစ်ခု။ ချောခလက်(ထ်)တော့ သားစားတဲ့အထဲက မြည်းကြည့်တာ ခံတွင်း မတွေ့လိုက်ဘူး။

ရန်ကုန်မှာ စားလို့ မကောင်းတာတွေ

ကူ(လ်)ဖီပြီးရင် တစ်ဆက်တည်း ပြောရမှာက ဖှာလူဒါ ဖြစ်ပါလိမ့်မယ်။ အဲဒါတော့ ငယ်ငယ်တုန်းက စားရတဲ့ အထဲမှာ ကောင်းကောင်း မပါခဲ့သလိုပဲ။ ကျွန်တော့်စိတ်ထဲမှာ သိပ်အမှတ်ထင်ထင် ရှိမနေဘူး။ မန္တလေးမှာ နေတုန်းက ဆယ်ခါ့ရံ တစ်ခါလောက် စားခဲ့ရတာ ဖြစ်ပါလိမ့်မယ်။ အုန်းသီးကို ခြစ်ပြီး ထည့်ပေးတာ မှတ်မိနေတယ်။

ဖှာလူဒါရယ်လို့ မှတ်မှတ်ထင်ထင် ဖြစ်လာတာက တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့ ဆရာကြီး ဗိုလ်ချုပ် အောင်ကြီး ရန်ကုန်မှာ ရွှေလမင်း လက်ဖက်ရည်ဆိုင် စဖွင့်တဲ့ ၁၉၇၀ ပြည့်လွန်ကျတော့မှပါ။ သူက “အညာ ဖွာလူဒါ”ဆိုပြီး ကြော်ငြာရောင်းချခဲ့တာကိုး။ ဒါပေသည့် အဲဒါလည်း တစ်ခါလား၊ နှစ်ခါလားပဲ စားဖူးတယ်။ သိပ် ခံတွင်း မတွေ့ဘူး။ အဲဒီ့အချိန်မှာ သူ့ဆိုင်မှာ မက်မက်ခြိုက်ခြိုက် စားဖြစ်ခဲ့တာက ပဲပလာတာ။

ပြောရမယ်ဆိုရင် ရန်ကုန်မှာ စားရသမျှ အဆင်မပြေဆုံးက အဲဒီ့ ပလာတာတွေ၊ ထပ်တစ်ရာတွေပါပဲ။ ဘာကွာတာလဲ မသိဘူး။ ဂျုံနယ်တာပဲ ကွာတာလား၊ ဘာလားတော့ မသိဘူး။ မန္တလေးက လမ်းဘေး လက်ဖက်ရည်ဆိုင် ခပ်စုတ်စုတ်က ကြော်တဲ့ ထပ်တစ်ရာလောက်တောင် အရသာ မရှိဘူး။ နောက်တစ်ခုက ပဲနဲ့ စားတဲ့အခါ အဲဒီ့ပဲတွေရဲ့ အရသာကလည်း ရန်ကုန်ပဲကိုက လွဲနေတာလားတော့ မသိဘူး။ မန္တလေးအပါအ၀င် အထက်ဗမာပြည်မှာ စားရတာမျိုးလောက် စေးစေးပိုင်ပိုင် ဆိမ့်ဆိမ့်အိမ့်အိမ့် မရှိလှဘူးဗျ။

မန္တလေးနဲ့ ပတ်သက်လို့ ကလေးဘ၀ မမေ့နိုင်စရာက ရေခဲပလုတ်တုတ်ပါ။ မန္တလေးမှာတော့ ရေခဲပလုတ်တုတ်ပဲ ခေါ်ကြပါတယ်။ ရန်ကုန်မှာတော့ ရေခဲခြစ်ပေါ့။ မန္တလေး ရေခဲ ပလုတ်တုတ်ကလည်း အကျဗျ။ အုန်းသီးကို အမျှင်အမျှင်ဖြစ်အောင်လုပ်ပြီး ရေခဲတွေကြား ညှပ်ထည့်ပေးထားတယ်။ ကလေးကြိုက် သကြားရေကို အနီ၊ အစိမ်း၊ အ၀ါအဖြစ် ဆမ်းပေးတယ်၊ နို့ဆီလည်း ဆမ်းပေးလိုက်ပါတယ်။

ခုခေတ်လိုဆိုရင်ဖြင့် ကျန်းမာရေးနဲ့ တစ်စက်မှ မညီညွတ်တဲ့၊ ကလေးတွေ မစားအပ်တဲ့ စားစရာပေါ့ဗျာ။ မန္တလေးဆိုတာက ဖုန်ကလည်း ထူထူ၊ သကြားရည်ကို ဆေးဆိုးထားတာကလည်းပါ၊ နို့ဆီကိုလည်း အရင်းအတိုင်း ထည့်ပေးထားလေတော့ကာ ဘယ်လိုလုပ် ကလေးနဲ့ သင့်မှာတုံးနော်။ ကျွန်တော်တို့တုန်းကတော့ တွယ်တာပါပဲ။ ဘာမှလည်း ထူးထူးထွေထွေတွေ မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ ခေတ်က ကူးစက်စေတဲ့ ရောဂါဘယပဲ နည်းတာလား၊ ရှိနေတဲ့ ရောဂါဘယတွေကို မရှာတတ်သေးလို့လားတော့ မသိဘူး။

မအေတွေ့ ပါးစပ် လွှမ်းမိုးပုံ

တကယ့်တကယ်ကျတော့ ကျွန်တော်က အဲလို အချိုတွေထက် အချဉ်တွေကို ပိုကြိုက်တာ။ အချဉ်ထုပ်များတော့ ကြိုက်သလောက်လာ၊ စားမယ်ဆိုတဲ့အထဲက။ မန္တလေး အချဉ်ပေါင်းသည်များဆီက အချဉ်ပေါင်းစုံဆိုလည်း ကျွန်တော့် အသည်းစွဲ ဖြစ်ခဲ့ဖူးတာကလား။ တော်တော်လည်း စားနိုင်ခဲ့ဖူးပါတယ်။ ဆီးသီး၊ မရမ်းသီး၊ သရက်သီး၊ သင်္ဘောဆီးဖြူသီး၊ ကယားပြည်နဲ့ တောင်ကြီးမှာ နေတုန်းကဆို ပင်စိမ်းသီး၊ ရန်ကုန်ရောက်တော့ အချဉ်ထုပ်တွေထဲမှာ ရှောက်သီး၊ သံပရာသီးတောင် ပါလာတယ်။ ဘာလာလာ ကျွန်တော် တွယ်တာပဲ။ အဲလောက် အချဉ်ပေါင်းကို ကြိုက်တာ။

ဆီးဖြူသီးဆိုလည်း စားတာပါပဲ။ တန်ဆောင်မုန်းလဆိုရင် အမေက ဆီးဖြူသီးထောင်းကို ဟင်းတစ်မည်အဖြစ် ထည့်တတ်သလို ဆီးဖြူသီးပြုတ်နဲ့ ငါးပိကြော်ကိုလည်း သွားရည်စာအဖြစ် ကျွေးတတ်ပြန်သေးတယ်။ စားတာပဲ။

အမေနဲ့ ပတ်သက်လို့ ပြောရရင် မန္တလေးသူ အမေ့ရဲ့ အိမ်မှာ လက်ဖက်ကလည်း ဘယ်တော့မှ မပြတ်ဘူး။ အမေကလည်း နေ့စဉ်နီးပါး စားပါတယ်။ အမေစားတော့ ကျွန်တော်လည်း စားရပါတယ်။ ဧည့်သည်လာလည်း လက်ဖက်တစ်ပွဲကတော့ ရှေ့ရောက်လာတာပါပဲ။ အဲဒါကတော့ ချစ်စရာ မြန်မာဓလေ့လို့ ပြောရမယ် ထင်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် အထက်ကာရီက ရွှေဘိုနယ်ထဲက အတော်ခေါင်တဲ့ ရွာတစ်ရွာကို ရောက်သွားပါတယ်။ ကျွန်တော်တို့ စီးသွားတဲ့ ကားက ပျက်လို့လား၊ ဘာလားတော့ မမှတ်မိတော့ဘူး။ လမ်းဘေးက အိမ်တစ်အိမ်မှာ ခဏ ၀င်နားရပါတယ်။ အဲဒီ့မှာ ချက်ချင်းရောက်လာတာက လက်ဖက်ပွဲနဲ့ ရေနွေးကြမ်းပါပဲ။

အထက်အညာမှာတော့ ဧည့်သည် စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ဧည့်သည်လာပြီဆိုတာနဲ့ လက်ဖက်ပွဲက အမြဲ အသင့်ဖြစ်နေတတ်တယ်။ ရေနွေးကြမ်းလည်း အလားတူ။

လက်ဖက်နဲ့ ရေနွေးကြမ်း တည်ခင်းတဲ့ ဓလေ့ဟာ ချစ်စရာ မြန်မာ့ဓလေ့ကလေးပါ။ သို့ပေမယ့် အဲဒီ့ ဓလေ့က ကျွန်တော့်အိမ်မှာတော့ မရှိဘူးဗျ။ အတော် အံ့အားသင့်စရာ ကောင်းလှတယ်။

မရှိဆို ကျွန်တော့်အိမ်သူကမှ မေမေ့လို လက်ဖက်ကို မက်မက်စက်စက် မစားတတ်ရှာပဲကိုး။ သူ မစားတတ်ရှာဆို သူ့အမေကြီးကလည်း မက်မက်စက်စက်မှ မရှိရှာတာကိုး။ အဲတော့ သူ့အစ်မတွေရဲ့ အိမ်တွေမှာလည်း လက်ဖက်က အရံသင့် ရှိမနေတတ်ဘူး။ တော်တော်တော့ ဆန်းတယ်ဗျ။

အမေတွေရဲ့ အစားအသောက်ပုံစံက သားသမီးတွေကို လွှမ်းမိုးထားပုံ ရတယ်လို့တောင် ကောက်ချက်ချရမလို ဖြစ်ပါတယ်။ ကျွန်တော် အချဉ်ထုပ်တွေ၊ အချဉ်ပေါင်းတွေ စားတတ်တာက မေမေ့ဆီက ရတာပါ။ ကျွန်တော့် ယောက္ခမကြီးကတော့ အလွန် အချဉ်ကြောက်ပါတယ်။ မချစ်စု သရက်သီးက ကျွန်တော်တို့ လျှာမှာ ချိုချဉ်လေးပါ။ အဲဒါမျိုးဆိုရင် ကျွန်တော့် ယောက္ခမကြီးအတွက်က အလွန်ချဉ်နေပါပြီ။ အဲတော့ သူ အချဉ်ထုပ်တွေ၊ အချဉ်ပေါင်းတွေကို မမက်တာ သိပ်သေချာပါတယ်။ အဲတော့ ကျွန်တော့်အိမ်သူလည်း အချဉ်ထုပ်၊ အချဉ်ပေါင်းကို စားလေ့စားထ မရှိဘူးဗျ။ လက်ဖက်လည်း အဲလိုပဲ နေမှာပေါ့လေ။

ကျွန်တော်နဲ့ သူနဲ့ မညားခင် သူတို့ရဲ့ အလှူတစ်ခုမှာတော့ ထုံးစံမပျက်အောင် လက်ဖက်ပွဲ ပါလာပါတယ်။ အဲဒီ့ လက်ဖက်ပွဲထဲမှာ ပါမလာတာက ပုစွန်ခြောက်ခင်ဗျ။ ကျွန်တော်တို့ အိမ်က လက်ဖက်ပွဲပြင်ရင် ပုစွန်ခြောက်က ဇာတ်လိုက်ကျော်ဆိုတော့ လွမ်းစရာလေးတွေ ဖြစ်ကုန်တာပေါ့ခင်ဗျာ။

စကားစပ်လို့ ပြောရရင်တော့ လက်ဖက်ကလေးကို ငါးကျည်းခြောက်ကလေးနဲ့ စားရင်လည်း အလွန်ကောင်းကြောင်းပါခင်ဗျား။

ကျွန်တော်ကတော့ မေမေ့သားပီပီ လက်ဖက်ကို ဘယ်လောက် ကြိုက်သလဲဆိုတော့ လွန်ခဲ့တဲ့ ခြောက်လကျော် သြစတြေးလျကအပြန် ဘန်ကောက်လေဆိပ်ရောက်တော့ ကျွန်တော့်အိမ်သူကို လှမ်းဖုန်းဆက်ပြီး အိမ်ပြန်ရောက်တာနဲ့ လက်ဖက်သုပ်စားချင်တဲ့အကြောင်း ကြိုမှာထားမိခဲ့တဲ့ အထိပါပဲ။

အစားအသောက်တွေအကြောင်း သည်နားမှာ တစ်ခန်းရပ်လို့ ကျွန်တော့် ဆယ်တန်း ပထမနှစ်ဆီ ပြန်သွားလိုက်ကြပါဦးစို့။

တစ်မတ် ငါးမူး တစ်မူး တစ်ပဲ

အဲဒီ့အချိန်က ကျွန်တော်ဟာ စာအုပ်ဖတ်တာနဲ့ ရုပ်ရှင်ကြည့်တာကို အသားကုန် လုပ်ပါတယ်။ စာအုပ်က စာအုပ်အငှားဆိုင်က ဖတ်တာပေါ့။ ရုပ်ရှင်ကတော့ ရုံမှာ သွားကြည့်ရတာပါ။ အိမ်က ပေးတဲ့ မုန့်ဖိုးနဲ့ ကျွန်တော် ကြည့်ချင်တဲ့ ရုပ်ရှင်ကား အရေအတွက်နဲ့က မမျှတော့ ကျွန်တော့်မှာ (အဲဒီ့အချိန်က) အနိမ့်ဆုံး အတန်းဖြစ်တဲ့ သုံးမတ်တန်း (၇၅ ပြားတန်း)က ကြည့်ရပါတယ်။

အခုခေတ် လူငယ်တွေက အကြွေ မကိုင်ဖူးရှာတော့ တစ်မတ်တွေ၊ ငါးမူးတွေ၊ သုံးမတ်တွေ မသိကြတော့ဘူး။ မကြာသေးခင်ကမှ ကျွန်တော့်သားရဲ့ သူငယ်ချင်းလေးက မေးလာတော့မှ သူတို့် သည်အသုံးအနှုန်းတွေနဲ့ မယဉ်ပါးမှန်း သတိထားမိပါတယ်။

တစ်မတ်ဆိုတာ တစ်ကျပ်ရဲ့ လေးပုံတစ်ပုံကို ခေါ်တာပါ။ ငါးမူးဆိုတာက တစ်ကျပ်ရဲ့ တစ်ဝက်၊ သုံးမတ်ဆိုတာက တစ်ကျပ်ရဲ့ လေးပုံ သုံးပုံပေါ့။

အဲဒီ့မှာ ပြဿနာရှိတာက တစ်ကျပ်ဟာ ဘယ်နှပြားရှိဆိုတာပါပဲ။ ကျွန်တော်တို့ လူဖြစ်တဲ့ ခေတ်မှာတော့ တစ်ကျပ်မှာ ပြား ၁၀၀ ရှိသွားပါပြီ။ အဲတော့ တစ်မတ်ဟာ ၂၅ ပြား၊ ငါးမူးဟာ ပြား ၅၀၊ သုံးမတ်က ၇၅ ပြားပေါ့။

ကျွန်တော်တို့ရှေ့က မျိုးဆက်ဖြစ်တဲ့ အဖေတို့ မျိုးဆက်မှာတော့ အင်္ဂလိပ်ခေတ်က ငွေကြေးကို သုံးစွဲခဲ့ရတယ်။ အဲဒီ့ ငွေ (အမှန်တော့ ရူပီး) တစ်ကျပ်က ဒဿမ စနစ်ကို မပြေင်းခင်မှာ ၆၄ ပြားရှိခဲ့ပါတယ်။ အဲတော့ တစ်မတ်က ၁၆ ပြား၊ ငါးမူးက ၃၂ ပြား၊ သုံးမှတ် ၄၈ ပြားပေါ့။ အဲဒီ့မှာ ဇာတ်လမ်းတစ်ခု ပိုလာတယ်။ အဲဒါက တစ်မူးဆိုတာပါ။ ပိုက်ဆံတစ်မူးဆိုတာ တစ်မတ်ရဲ့ တစ်ဝက်ဖြစ်တဲ့ ရှစ်ပြားကို ပြောတာဖြစ်သွားပါတယ်။ နှစ်မူးဆိုရင် တစ်မတ်ပေါ့ဗျာ။ ငါးမူးဆိုရင် ပြား ၄၀ မဟုတ်တော့ဘဲ တစ်ကျပ်ရဲ့ ထက်ဝက် ၃၂ ပြား (၀ါ) လေးမူးပဲ ရှိနေတာတော့ ကျွန်တော်မျိုးလည်း မလျှောက်တတ်တော့ဘူး။

သည်နေရာမှာ အမေ့ လက်သုံး ဥပမာတစ်ခုကိုလည်း မမေ့မလျော့ ထည့်ပြော လိုက်ချင်ပါသေးတယ်။ “အတူတူနဲ့ အနူနူပဲ”၊ “တစ်ခုနဲ့ တစ်ခု ဘာမှ မကွာဘူး”လို့ ပြောတဲ့အခါမျိုးမှာ မန္တလေးသူ ကျွန်တော့်အမ ပြောတတ်တဲ့ ဥပမာက “တစ်မူးနဲ့ ရှစ်ပြား၊ ဘာမှ မကွာဘူး”ဆိုတာပါပဲ။ ရှစ်ပြားကိုလည်း တစ်မူး ခေါ်တာမို့ တစ်မူးနဲ့ ရှစ်ပြားဟာ တန်ဖိုးချင်း တူပါတယ်၊ ဘယ်သူ့ ဘယ်သူမှ မသာပါဘူး။ “သူမသာ ကိုယ်မသာ”ဆိုတာမျိုးကို ပြောတဲ့အခါ အမေက အဲလို ပြောလေ့ ရှိပါတယ်။

အဲဒီ့မှာ ယနေ့ထက်တိုင် ကျွန်တော်တို့ဆီမှာ ဇာတ်ရှုပ်တာက ရွှေအလေးချိန်တွက်ရာမှာလည်း ပဲတွေ၊ မူးတွေ ပါလာပြန်တာပါပဲ။ အဲဒါကျတော့ တစ်ကျပ်မှာ ၁၆ ပဲ ရှိပြန်သဗျ။ နှစ်ပဲကို တစ်မူး၊ ၂ မူးကို တစ်မတ်၊ ၂ မတ်ကို ငါးမူး၊ နှစ်မူးကို တစ်ကျပ်ဆိုပြီး ရှိတာမို့ တစ်မူးက ၂ ပဲ၊ တစ်မတ်က ၄ ပဲ၊ ငါးမူးက ၈ ပဲ၊ တစ်ကျပ်က ၈ ပဲ ရှိပြန်သပေါ့။ ရွှေမှာက ထပ်ဇာတ်ရှုပ်ပြန်တာက တစ်ပဲမှာ ရှစ်ရွေးဆိုတဲ့ အချိန်အတွယ်တွေပါ ပါလာပြန်တာပဲ။ ဆိုတော့ ရွေးနဲ့ ပြောမယ်ဆိုရင် တစ်ကျပ်ဟာ ၁၂၈ ရှိသွားတော့တာပေါ့။ အသေးစိတ်သိချင်ရင်တော့ ရွှေသမားတွေသာ မေးကြည့်ပါတော့ဗျာ။

အဲဒီ့ အတိုင်းအတာ တွက်ချက်ပုံက လက်သမားတွေရဲ့ တစ်လက္မ ၁၆ စိပ်နဲ့ အမျိုးတော်သလားတောင် မသိဘူး။ တချို့ပေတံတွေမှာ ၁၆ စိပ်နဲ့ 16th ဆိုပြီး ပါတာ သတိထားမိကြလား မသိဘူး။ မြန်မာလက်သမား အများစု သုံးတဲ့ ပေတံမှာလည်း အဲဒီ့ အတိုင်းအတာတွေ ပါသလို တစ်မတ်၊ တစ်မူးဆိုတဲ့ စကားတွေလည်း ကြားရမှာပါ။ သူ့ကျတော့ ငါးမူးက ရှစ်စိပ်၊ တစ်မတ်က လေးစိပ်ရှိနေပြီး တစ်မူးကျတော့ တစ်မတ်ရဲ့ တစ်ဝက် နှစ်စိပ်ရှိပါတယ်။ တစ်စိပ်ကို တစ်ပဲလို့ ခေါ်တယ် ထင်တယ်။ သေချာချင်ရင် ဒါလည်း လက်သမားတွေကိုသာ မေးကြည့်ပါခင်ဗျား။

'တစ်လက်မှာ ၁၆ စိပ်။ နှစ်စိပ်က တစ်မူး၊ ၄ စိပ် (နှစ်မူး) က တစ်မတ်။ ၈ စိပ် (၄ မူး/နှစ်မတ်)က ငါးမူး။ ၁၂ စိပ် (၆ မူး) က သုံးမတ်။ လက်သမားတွေကတော့ အဲလို ခေါ်ကြတာပဲ။ သူတို့က တစ်စိပ်လို့တောင် မသုံးဘူး မှတ်တယ်။ တစ်စိပ်ကို တစ်ပဲလို့ ပြောသလားပဲ။ (သိသူများ ပြင်ပေးကြပါ။)'အချင်အတွယ် အတိုင်းအတာတွေက တော်တော်လည်း ဇာတ်ရှုပ်ပေတာပဲ။ ဂါလံရယ် လီတာရယ်၊ ဗြိတိသျှ စနစ်ရယ်၊ မက်ထရစ်စနစ်ရယ်၊ ဖာရင်ဟိုက်ရယ်၊ ဆယ်ဆစ်ယပ်(စ်)ရယ် အတော့်ကို ဇယားရှုပ်တာကလား။ အဲဒီ့ထဲမှာက မြန်မာက မြန်မာစနစ်နဲ့ တွက်ချက်တာတွေ၊ ရှေးထုံးအတိုင်း တွက်ချက်ဆဲတွေပါလာတဲ့အခါ တစ်ခါတစ်ခါ အတော် အူချာလည်နေရတယ်။

အမှန်တော့ သုံးမတ်တန်းက ရုပ်ရှင်ကြည့်ခဲ့ဖူးတဲ့အကြောင်း ပြောရင်းနဲ့ သုံးမတ်ကို ရှင်းပြတာပါ။

ပြာတွေတောင် လွင့်တော့မယ့် အခြေအနေ

လွမ်းတော့ လွမ်းစရာ ကောင်းသားဗျ။ ကျွန်တော်တို့ခေတ်က အကြွေကို တွင်တွင် သုံးနိုင်ခဲ့သေးတာကို။ တစ်ပြား၊ နှစ်ပြားကို သုံးလို့ မရခဲ့ပေမယ့် ငါးပြားပေးရင် ဘတ်(စ်)ကား နှစ်မှတ်တိုင်စာလောက် စီးလို့ရတဲ့ ခေတ်ကို ကျွန်တော်တောင် ကောင်းကောင်းမီ လိုက်ပါသေးတယ်။ အလားတူပဲ၊ ပြား ၆၀ ပိုက်ဆံအကြွေ၊ ပေးလိုက်စမ်းပါ သားတို့အမေဆိုတဲ့ သီချင်းထဲကလို သုံးဘီးကားစီးရင်လည်း မီတာချိုးတဲ့ စနစ်ရဲ့ အဖျား အနားလေးလည်း မီလိုက်သေးတယ်။

ပြောရတာတော့ မကောင်းဘူး။ ဦးစံလင်းဆိုတဲ့ လူကြီးရဲ့ လက်မှတ်နဲ့ “လဲလှယ်ခွင့်ရှိကြောင်း အာမခံသည်”ဆိုတဲ့ စာတန်းပါ မြန်မာ ငွေစက္ကူများရဲ့ လက်ထက်က မြန်မာ ကျပ်ငွေကို ကမ္ဘာအရပ်ရပ်က ဘယ်နိုင်ငံမှာမဆို ပေါက်ဈေးအတိုင်း လဲလို့ ရခဲ့ဖူးပါတယ်။ အဲတုန်းက မြန်မာကျပ်က စတာလင် ငွေကြေး နယ်ပယ်မှာ ရှိခဲ့ပေတာကိုး။

အသေးစိတ်တော့ မပြောတတ်ဘူး။ ကျွန်တော် သိသလောက်ကတော့ မြန်မာပြည်မှာ လည်ပတ်နေတဲ့ ငွေကြေး ပမာဏနဲ့ ညီမျှတဲ့ ရွှေတွေကို အင်္ဂလန်က ဘဏ်မှာ အပ်နှံထားရတယ်ပေါ့။ အဲတော့ ငွေစက္ကူတွေကို ရိုက်ချင်တိုင်း ရိုက်လို့ မရဘူး။ ပြည်တွင်းမှာလည်ပတ်နေတဲ့ ငွေပမာဏထက် တိုးရိုက်ချင်ရင် နောက်ထပ် ရွှေသား အပေါင်ထားရတဲ့ စနစ်လို့ ပြောရမလားပဲ။ အဲတော့ တိုင်းပြည်တစ်ပြည်အတွင်းက ငွေကြေး ဖောင်းပွမှု နည်းပါးအောင် ထိန်းချုပ်ထားနိုင်ပါတယ်။

အဟဲ… ကိုနေ၀င်း လက်ထက်ကျတော့ ထင်ရာ အကုန်လုပ်ပစ်တယ်။ ဆိုရှယ်လစ်စီးပွားရေး ဘာညာ၊ အကြီးကြီးတွေ အော်ဟစ်ပြီး စတာလင် ငွေကြေးနယ်ပယ်က ခုန်ထွက်လိုက်တယ်။ အင်္ဂလန်မှာ အပေါင်ထား ထားတဲ့ ရွှေတုံးကြီးတွေကိုလည်း ပြန်ယူလိုက်တယ်။ အဲဒီ့ ရွှေတွေ ဘယ်ရောက်သွားသလဲဆိုတာလည်း ပွင့်လင်း မြင်သာမှု အင်မတန်ရှိတာဆိုတော့ ဘယ်သူမှ မသိတော့ဘူး။ အကုန်လုံး စုပ်စ၊ မြုပ်စပျောက်။

တိုင်းပြည် စီးပွားရေးအခြေအနေနဲ့ ငွေကြေးဖောင်းပွမှုကတော့ အများသိတော်မူတဲ့အတိုင်းပဲ။ ကျွန်တော် ထူးပြီး ရေးပြစရာ မလိုတော့ပါဘူး။

အကျိုးဆက်အနေနဲ့တော့ မြန်မာပြည်မှာ ငွေအကြွေစေ့ဆိုတာ ပျောက်ကွယ်သွားတော့တာပါပဲ။ တစ်ပြား၊ နှစ်ပြား ဝေးစွ၊ ငါးမူးစေ့၊ တစ်မတ်စေ့သာမက ကျပ် ၅၀၊ ကျပ် ၁၀၀ အကြွေစေ့အထိ ထွက်ဖူးတာ ကျွန်တော်တို့ တစ်နိုင်ငံပဲတောင် ရှိမလား မသိဘူး။ အခုဆို အဲဒီ့ ၅၀၊ ၁၀၀ အစေ့တွေတောင် ပြတိုက်မှာ လိုက်ရှာရမလို ဖြစ်နေပြီ။

ဘာလို့လဲ။

အဲဒီ့ ငွေအကြွေစေ့တစ်စေ့ ထွက်လာအောင် သွန်းလုပ်ယူရတဲ့ စရိတ်စကနဲ့ အဲဒီ့ ငွေကြေးတစ်စေ့မှာ ပါနေတဲ့ သတ္တုရဲ့ တန်ဖိုးက အဲဒီ့ အကြွေစေ့ပေါ်မှာ ရေးထွင်းထားတဲ့ တန်ဖိုးထက် မြင့်မားနေတာကိုး။ အလွယ်ပြောရင်ဗျာ၊ ကျပ်တစ်ရာတန် အကြွေစေ့ တစ်စေ့မှာ ပါတဲ့ သတ္တုဖိုးက ကျပ် ၈၀ လောက် ရှိနေပြီး သွန်းလုပ်ရတဲ့ စရိတ်စကက ကျပ် ၄၀ လောက် ကုန်ကျနေရင်ကို တစ်စေ့မှာ ကျပ် ၂၀ အရှုံးပေါ်နေပြီ မဟုတ်ပါလား။

အဲတော့လည်း ငွေအကြွေဆိုတာ သည်ခေတ် မြန်မာပြည်တွင်းက ဘယ်မှ မခွာဖူးတဲ့ လူငယ်များအတွက် ကိုင်ဖူး မြင်ဖူးဖို့ အင်မတန် ခက်ကုန်တော့တာပေါ့။

ငွေစက္ကူကတော့ ဘာပူစရာ လိုသလဲဗျာ။ လိုရင် ထပ်ရိုက်လိုက်ကြတာပေါ့။ စက်ရုံကြီး တစ်ရုံလုံး ရှိနေတာပဲဟာ။ အဲသလိုနဲ့ ကိုနေ၀င်း လက်ထက်မှာ လိုတိုင်း ထပ်ရိုက်လာလိုက်ကြတာများ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၄၅ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ကိုးဆယ်တန် အစရှိသဖြင့် အူကြောင်ကျား ငွေစက္ကူတွေ ဗုံးပေါလအော ထွက်လာခဲ့တော့တာပါပဲ။

တစ်ပြည်လုံးကို ဖျက်ချင်တိုင်း ဖျက်၊ သွက်သွက်လည်း ခါရော၊ ငါလုပ်တာ မင်းတို့ မကြိုက်ရင် ငါဖယ်ပေးမယ်၊ မင်းတို့ ဘာသာ ဆက်လုပ်ကြပေတော့ဆိုပြီး ဖုတ်ဖက်ခါ ထွက်ချသွားပါရောလား။ သူ့ဆီက လက်ပြောင်းယူလိုက်ရသူများ ခမျာမလည်း သူလေ့ကျင့်ပေးခဲ့တဲ့ လူကောင်းလူတော်မူ၊ တစ်နည်းအားဖြင့် တော်သူ၊ တန်သူကို နေရာမပေးရေး၊ ဘောင်းတော်ညိတ်၊ စိတ်တော်သိတတ်သူများကိုသာ နေရာပေးရေးမူ အတိုင်း ဆက်လက် လိုက်နာကျင့်သုံးတာကိုပဲ အမှန်မှတ်နေရှာတော့ တိုင်းပြည်ကြီးလည်း ဆီပူအိုးထဲကနေ မီးထဲ ကျ၊ ပြာဖြစ်လု နီးနီး အခြေအနေကို ရောက်နေကြတာပါ။

အဟဲ… ကောင်းတာတစ်ခုက ပြာပုံထဲကနေ ကြွေးကြော်သံ ပေါင်းစုံနဲ့ ဇာတိမာန်တွေ ထက်သန်ပြလိုက်ရင် တစ်ပြည်လုံးက အူကြောင်ကျားနဲ့ ဇာတိမာန်တွေ လိုက်ထက်သန်ရင်း အဲဒီ့ ဇာတိမာန် လေမုန်တိုင်းကြောင့် နောက်ဆုံးမှာ ပြာတွေတောင် လွင့်စင်ကုန်ပြီး ဖုန်းဆိုးမြေကြီးပဲ ကျန်ရစ်တော့မယ့် အခြေအနေပါ။

ရေးမယ့်သာ ရေးရတယ်၊ တကယ့်တကယ်ကျတော့ ဆရာ ဗန်းမော်တင်အောင် ပြောသလို၊ ကျွန်တော်ကရော ဘာများ တတ်နိုင်ပါဦးမည်နည်းပဲပေါ့။

ကိုယ်တွေ့ ခေတ်ပျက်ချိန် အစအဦး

အစုတ်ထုပ်ဖက် ပြန်သွားရရင်တော့ ကျွန်တော်တို့တုန်းက စတာလင် ငွေကြေးနယ်ပယ်က ထွက်ခါစ ပထမ ဆယ်နှစ်အတွင်းမှာမို့ အခုလောက်ကြီး ရုပ်ပျက် ဆင်းပျက် မဖြစ်သေးဘူး။ အကြွေတွေ ဘာတွေ ကိုင်သုံးလို့ ရသေးတယ်။ အိတ်ကပ်ထဲမှာ ငွေတစ်ဆယ်လောက် ရှိရင်ကို တလုပ်စားသောက်ဆိုင် ကောင်းကောင်းမှာ တက်ပြီး ဟင်းသုံးလေးပွဲ လွေးနိုင်ပါသေးတယ်။

အမှန်က ကျွန်တော်တို့ သတိမထားမိလို့။ အပျက်ကို ဦးတည်နေတာ အဲဒီ့ကတည်းကပါ။ ၁၉၇၃-၇၄ လောက်မှာ ကျွန်တော်တို့ အိမ်နဲ့ တအား ရင်းနှီးနေပြီး မိသားစုဝင်တွေလို ဖြစ်လာကြတဲ့ ကျိုင်းတုံသူ မမများက ဆယ်ပြားစေ့ အလေးစေ့တွေကို ၀ယ်ကြပါတယ်။

ဆယ်ပြားစေ့က နှစ်မျိုး ရှိခဲ့ဖူးတယ်။ တစ်ခုက ကြေးနဲ့ လုပ်ထားတာ။ လေးတယ်။ ကျောဘက်မှာ (ခေါင်းဘက်) ခြင်္သေ့တံဆိပ်နဲ့။ မျက်နှာစာ (ပန်းဘက်) မှာက ကနုတ်ပန်းနဲ့ ၁၀ါး (ဆယ်ပြား)လို့ ရေးထားတဲ့ စာတန်းနဲ့။

အပေါ့စေ့က ဒန်နဲ့ လုပ်ထားတာ။ ခေါင်းက ဗိုလ်ချုပ်အောင်ဆန်းခေါင်း၊ ပန်းက ကနုတ်ပန်းပဲ။ ၁၀ ပြားဆိုတဲ့ စာတန်းပါတယ်။ (ကံအားလျော်စွာ အင်တာနက်ထဲမှာ အကြွေစေ့ ပုံတွေ တွေ့လို့ ကူးတင်ပေးလိုက်ပါတယ်။)

'၁၉၇၀ ပြည့်လွန်စမှာ ထိုင်းတွေ သိမ်းကြုံးဝယ်သွားခဲ့တဲ့ မူလလက်ဟောင်း လွတ်လပ်ရေးခေတ် ဗမာအကြွေစေ့။ (ဆယ်ပြားစေ့ အလေးစေ့)'ခေါင်းပန်းလှန်တယ်ဆိုတဲ့ အသုံးတောင် အကြွေစေ့တွေ ကွယ်ပျောက်သွားတာနဲ့ မရှိတော့ဘူး။ အကြွေစေ့ကို ထောင်လိုက် ထောင်ပြီး မွှတ်နေအောင် မွှေ့လိုက်ကာ လက်ဝါးနဲ့ ဗျတ်ဆို ရိုက်ချလိုက်ပြီး ခေါင်းလား၊ ပန်းလားလို့ တစ်ဖက်လူကို မေးပြီး လောင်းကစား လုပ်ကြတဲ့ နည်းပေါ့။

အဲဒီ့ အပေါ့စေ့၊ ဒန်စေ့ကတော့ ဘာမှ အသုံးမ၀င်ဘူး။ ဒါပေမယ့် စခါစတုန်းက အလေးစေ့ ကိုးစေ့၊ ပြားကိုးဆယ်ဆိုရင် ကျိုင်းတုံက မမတွေက တစ်ကျပ်ပေးပြီး ၀ယ်တယ်။ ဆယ်ပြား မြတ်တော့ အဟုတ်မှတ်တာကိုး။ ဆယ်ပြားဆိုတာ နည်းမှတ်လို့လေ။ ကျွန်တော့်အတွက်ဆို ဒူးယားစီးကရက်တစ်လိပ် ၀ယ်လို့ ရတယ်၊ ဒါမှမဟုတ် ဆေးပေါ့လိပ်ဆိုရင် သုံးလိပ်လောက် ကောင်းကောင်းရတယ်။ ကျောင်းမှာ ဖျော်ရည်တစ်ခွက် သောက်လို့ရတယ်။ ၀က်သားတုတ်ထိုး တစ်ချောင်းလောက် စားလို့ ရတယ်။ မဆိုးဘူးပေါ့။

အဲဒီ့ကနေ ရှစ်စေ့ (ပြား ၈၀) ကို တစ်ကျပ်ပေးပြီး ၀ယ်လာတော့ ပြားနှစ်ဆယ်ကြီးများတောင် မြတ်လာပါရောလား။ နိပ်သပေါ့။ ကျွန်တော်ထင်တယ်၊ ပြား သုံးဆယ် အမြတ်အထိတောင် ရခဲ့ဖူးတယ် ထင်ပါတယ်။

အမှန်က အဲဒီ့ အကြွေစေ့တွေရဲ့ ကြေးသား တန်ဖိုးတွေက တက်လာတာပါ။ အဲဒီ့ အလေးချိန်လောက်ရှိတဲ့ ကြေးရဲ့ တန်ဖိုးက ဆယ်ပြားမကတော့လို့သာ အဲလို ပေးဝယ်တာပေါ့။ ပြီးတော့ တစ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းမှာ ပြန်ရောင်းတာပေါ့။ ထိုင်းက အလေးချိန်အလိုက် ပြန်ဝယ်ပြီး သူတို့အတွက် အသုံးတည့်တဲ့ တစ်နေရာရာမှာ ပြန်သုံးမှာပေါ့။

ဒါ့ကြောင့် ထိုင်းကို ရောက်လို့ တစ်ဘတ်၊ ငါးဘတ်၊ ဆယ်ဘတ်စတဲ့ အကြွေစေ့တွေကို ကိုင်သုံးတဲ့အခါ အဲဒီ့ အကြွေစေ့တွေထဲမှာ ကျွန်တော် ရောင်းလိုက်တဲ့ ဆယ်ပြားစေ့တွေက ကြေးသားတွေလည်း ပါနေနိုင်လောက်တာကို တွေးမိပြီး မချိပြုံးလေး ပြုံးမိရပါတယ်။

ဒန်ကျတော့ သူတို့က အဖက်မလုပ်ဘူး။ အဲဒီ့အချိန်မှာ ဒန်သားက တန်ဖိုး သိပ်မရှိသေးလို့နေမှာပေါ့။

'နောက်နှစ် ၂၀ လောက်အကြာမှာ ဗမာပြည်စီးပွားရေး ချွတ်ခြုံကျတော့မှာ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲ ၀င်တော့မှာကို ပထမဆုံး စပြလိုက်တဲ့ နိမိတ်လက္ခဏာတွေ။ သူတို့ စကားနဲ့ ပြောရင် တိုင်းပြည်ကြီး ချောက်ထဲကျဖို့ တစ်လံလောက် အလိုပေါ့။'ခေတ်ပျက်ခြင်းရဲ့ အစ၊ ငွေကြေးဖောင်းပွမှုရဲ့ အစကို ကျွန်တော်တို့ မသိသားဆိုးရွားစွာ ဖြတ်သန်းခဲ့ပုံကို ပြောလိုရင်းပါ။ ကိုနေ၀င်းရဲ့ ကျေးဇူးပေါင်းစုံကတော့ ရေးလို့တောင် ကုန်နိုင်မယ် မထင်ပါဘူး။ တိုင်းပြည်ကို ဖျက်တဲ့နေရာမှတော့ သူဟာ ဧတဒဂ်ဘွဲ့တောင် ပေးထိုက်သူပဲ ထင်ပါတယ်။

ပြီးတော့မှ သူလုပ်တာ မဟုတ်ပါဘူး၊ သူ့အောက်က လူတွေ အသုံးမကျလို့ ဖြစ်တာလိုလို ပြောပြီး ဆုတ်ခွာ သွားပုံလေးကလည်း သင်းလှတယ်။

ရွှေလက်ညှိုးဟေ့ ဒို့ဗမာ

တယ်လည်း ဗမာပီသပေတာပဲလို့ ချီးကျူးရမလိုတောင် ဖြစ်သွားတယ်။ ဗမာမှန်ရင် ကိုယ့်အမှားကို ဘယ်တော့မှ ၀န်မခံဘူး၊ မတောင်းပန်ဘူး၊ အထက်စီးကနေ သူတစ်ပါးကိုသာ လက်ညှိုးထိုး၊ အပြစ်ဖို့တတ်ရမယ်လေ။ မဟုတ်ဘူးလားဗျာ။ 🙂

သူ့လေ့ကျင့်ပေါက်ဖွားမှုနဲ့ ပေါက်ဖွားလာတဲ့ သူ့သားမြေးညီနောင်များသည်လည်း အဲဒီ့ ဗမာချိုးပဲ ချိုးနေကြတာပဲ။ ၀န်ခံတယ်၊ တောင်းပန်တယ်ဆိုတာ ဘယ်နားလေးမှာ ကြားဖူးကြလို့တုန်း။ ကျွန်တော်တို့ လွဲသွားပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ မှားခဲ့ပါတယ်ခင်ဗျာလေးသာ ပြောကြည့်ကြပါလား၊ ရလိုက်မယ့် လူထု မေတ္တာတွေ။ အခုတော့ ဟုတ်ပေါင်ဗျာ၊ ထစ်ခနဲရှိ ကွန်မြူနစ်၊ ထစ်ခနဲရှိ အကြမ်းဖက်ဆူပူသူ။ လူငယ် ကျောင်းသားဆိုတာ ပခုံးပြောင်းတာဝန် ယူသွားမယ့် ကလျာဏမိတ္တတွေ မဟုတ်ဘူး။ ရန်သူတွေ၊ သူတို့ကို မှောင့်နေ၊ ဒုက္ခပေးနေသူတွေ။ သူတို့ကတော့ အမြဲတစေ ခြောက်ပစ်ကင်း သဲလဲစင်။ တော်တော်လည်း တရားကျဖို့ ကောင်းတဲ့ မောင်တွေဗျ။

အေးလေ… သည်မောင်တွေက ကိုနေ၀င်းရဲ့ လက်ရင်းတပည့်တွေဆိုတော့လည်း အပြစ်မဆိုသာပါဘူးလေ။

၁၉၇၄ မှာ မဆလအစိုးရအဖြစ် တော်လှန်ရေး ကောင်စီက လူဝတ်လဲပြီး ပေါ်ပေါက်လာတယ်။ ကိုနေ၀င်း စိတ်တိုင်းကျ၊ သူ့တပည့်ကျော် ပညာတတ် ရေလိုက်လွဲကြီးတွေနဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်လိုက်သေးတယ်။

အဲတုန်းက ကျွန်တော်က မဲရုံ လုပ်အားပေးအဖြစ်နဲ့ လုပ်ခဲ့ပုံ မှတ်မိသလောက်ကိုတော့ နောက်တစ်ပိုင်းမှ ရေးပြပါတော့မယ်။

(ဆက်ရန်)

သည်အပိုင်းမှာ ပြောကြတာ…
Soe Myat Myo Shweထပ်တစ်ရာ မဟုတ်လားဆရာ
Soe Myat Myo Shwe's photo.
Soe Myat Myo Shwe Or is ထပ်ထစ်ရာ correct ? I just honestly don’t know ပါ
ATK ညည်းမှန်ပါတယ်အေ။ စာလုံးပေါင်း မှားသွားတာ။ ပြင်လိုက်ပြီ။
Khin Myo ဆရာရေ …ဖတ်ပြီးတော့စားချင်တာစာရင်းလုပ်ကြည့်တာ အတော်များသွားတယ်…အဓိက မန်းလေးမှာပဲရတဲ့ အချဉ်ပေါင်း …ရေးရင်း သွားရည်ယိုလာပီ ရှလွတ်
Freddy Lynn နေ၀င်း.ပလာတာ.လက်ဖက်သုတ် အကြွေပေးလို့မရတော့ပါ..လို့များခေါင်းစဉ်တပ်ရမလားမသိ…လဖေ့ရည်သောက်ရင်းဖတ်လိုက်တာ ဗိုက်တာပြည့်သွားဒယ်.. 🙂
Alex Moe လဖက်သုပ် ကို ပုစွန်ခြောက်မပါမစားတတ် ဘူးဆရာရေ. ငယ်ငယ်ကတော့အကြွေတွေသုံးခဲ့ရသေး. ငါးမူးမခေါ်တတ်လို့ နှစ်မတ်ပေးလို့  တောင်းတာ. ဘိုးတော်ကြီးမျိုးဆက်တွေကတော့. အဖေကြီးလုပ်တာမှနိတယ်ကြီး ပြောနေတုန်းပဲ
ATK အွင်… ပုစွန်ခြောက်က ခတ္ထနာ လုပ်မထားဘူးလေ။ စားတာပဲလား 🙂 😀 😛
Alex Moe ကြိုက်ထှာကိုး. ဟီးးး တွင်းပိုးလည်းစားကြည့်ဖူးတယ်. ဖျာပုံပုဇွန်ခြောက်လောက်ကြိုက်ဘူး
ATK ငါးကျည်းခြောက်နဲ့ စားလည်း ကောင်းတယ်။ ငါးနှပ်ခြောက် (အာပြဲခြောက်) လတ်လတ်ဆတ်ဆတ် မီးဖုတ်ကလေးနဲ့ဆိုလည်း လက်ဖက်က ထူးရှယ်ပဲ ခည။
Vol Tin Share ပါရစေ အူးလေး။
Vol Tin ကလေးထဲကလက်ဖက်သုတ်ကြိုက်တာ။ လက်ဆကောင်းတဲ့ အဒေါ်အပျိုကြီးတွေကို ဆံပင်ဖြူနှုတ်ပေး နင်းနှိပ်ပေးနဲ့ သုပ်ကျွေးခိုင်းရတာ။ 
ပါးပါးလေးပုတ်သွားတဲ့ ပြာတွေတောင်လွင့်တော့မယ် အခြေအနေ၊ ကိုယ်တွေ့ခေတ်ပျက်ချိန်အစအဦး၊ ရွှေလက်ညှိုးဟေ့ ဒို့ဗမာ၊
လက်ဖက်သုပ်ကောင်းကောင်းစားလိုက်ရသလိုပဲ။

၂၀၁၅ ခုနှစ် ဇူလိုင် ၁၁ ရက်

ဗမာလော၊ မြန်မာလော

နောက်ဆုံး အစုတ်ထုပ်ကို ဇွန်လ ၁ ရက်နေ့က ရေးခဲ့တာပါ။ အခု ပြန်ဆက်မယ်လုပ်တော့ ဘယ်နားက စရမှန်း မသိဘူးတောင် ဖြစ်သွားတယ်။ အချိန်က တစ်လနဲ့ ဆယ်ရက်တောင် ကြာသွားခဲ့ပြီကိုး။

ဒါနဲ့ အဟောင်း ပြန်ဖတ်တော့မှ ရေးရေးပေါ်လာတယ်။ “ရွှေလက်ညှိုးဟေ့ ဒို့ဗမာ”ဆိုတာနဲ့ အဆုံးသတ်ထားတာ တွေ့ရပါတယ်။

သည်နေရာမှာ စကားစပ်လို့ ပြောလိုက်ဦးမယ်။ ကျွန်တော် “ဗမာ”လို့ သုံးသုံးနေတဲ့ ကိစ္စ။ အငြင်းပွားစရာ ဖြစ်နေပေမယ့် သည်နေရာမှာ ရှင်းဖို့ လိုလိမ့်မယ်။

“ဗမာ-မြန်မာ”ပြဿနာက ပညာမဲ့တွေ ထိပ်ရောက်လာသော ပဲခူးရေကြီးတဲ့ ခေတ်ကြီးမှာ ပေါ်ပေါက်လာတာပါ။ တစ်နည်းအားဖြင့် ပညာမဲ့တွေရဲ့ နိုင်ငံရေး အရောင်ဆိုးခံလိုက်ရတဲ့ ဗမာဝေါဟာရပါ။

အတိအကျပြောရင် ဗမာကို မြန်မာလုပ်တာ ၁၉၈၉ ခုနှစ်၊ ဗိုလ်စောမောင် လက်ထက်မှာပါ။ ဗိုလ်စောမောင်ကိုသာ သမိုင်းက မရကုပ်ကပ် ဖျောက်ဖျက်ပစ်ခဲ့ကြပေမယ့် သူမွှေခဲ့တဲ့ ဗမာကို မြန်မာပြောင်းတာကိုကျတော့ အခိုင်အမာ ဆက်လက် ကျင့်သုံးနေကြတာလည်း အတော့်ကို ဟာသမြောက်တယ်လို့ ဆိုရမယ် ထင်ပါတယ်။

အဲဒါကို ပြန်ဆန်းစစ်ရအောင်။ ဗမာစကားရဲ့ အဓိက မူက “ရေးတာ့အမှန် ဖတ်တော့အသံ”ဆိုတဲ့ မူပါပဲ။ ကြက်သီးထတယ်လို့ ရေးပေမယ့် အသံထွက်ရင် ကြက်သိန်းထပါတယ်။ ခြေထောက်လို့ ရေးပေမယ့် ခြီဒေါက်ကမှ အသံထွက်မှန်ပါ။ ဒါလောက်တော့ လက်ခံနိုင်မယ် ထင်ပါတယ်။

တစ်ဆင့် ဆက်တက်ရင် ပဲခူးလို့ ရေးပေမယ့် ဗဂိုးလို့ ဖတ်ပါတယ်။ နေပြည်တော်လို့ ရေးပေမယ့် နေပြီဒေါ်လို့ အသံထွက်ပါတယ်။ ပြည်မြို့လို့ ရေးပေမယ့် ပြေမြို့လို့ ပြောပါတယ်။ ယုတ်စွအဆုံး၊ ရန်ကုန်တောင်မှ ရံဂုံလို့ အသံထွက်ပါတယ်။ မြိတ်ကိုလည်း ဗိတ်လို့ အသံထွက်တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အဲတော့ မြန်မာဆိုတာဟာ အရေးစကားပါ။ အသံထွက်ကျတော့ ဗမာပါပဲ။ ဒါ အရှင်းကြီးပါ။

ဒါနဲ့ ပတ်သက်လို့ တော်တော် လွတ်လပ်ပွင့်လင်းတဲ့ အမြင်ရှိသူတစ်ယောက်ကတောင်မှ ကျွန်တော့်ကို လာပြောတာ ရှိသေးတယ်။ မြန်မာဆိုတာ တိုင်းရင်းသား တစ်ရပ်လုံးကို ကိုယ်စားပြုတယ်၊ ဗမာဆိုတာ ဗမာလူမျိုး ကွက်ကွက်ကလေးကိုပဲ ပြောတာ၊ ဒါ့ကြောင့် မြန်မာလို့ ရေးမှ မှန်မယ်၊ ဘာညာ…

သွားစမ်းပါ။ သမိုင်းသင်တာ မအအောင်လို့ဆိုတဲ့ ဆရာကြီး ဒေါက်တာ သန်းထွန်းစကားကို ငှားသုံးရရင် သမိုင်းသာ ပြန်ဖတ်ဗျာလို့ ပြောလိုက်ချင်သား။ လွတ်လပ်ရေးခေတ်နဲ့ လွတ်လပ်ရေးရပြီးစမှာ အဲဒါကို ပြောင်းပြန်ပြောခဲ့တာ။ မြန်မာဆိုတာ မြန်မာလူမျိုး ကွက်ကွက်ကလေးကို ပြောတာ၊ ဗမာဆိုတာကမှ တိုင်းရင်းသားတစ်ရပ်လုံးကို ကိုယ်စားပြုတယ်ဆိုတဲ့ အယူအဆက လွတ်လပ်ရေးလှုပ်ရှားမှုကာလနဲ့ လွတ်လပ်ရေးပြီးစ ဗိုလ်နေ၀င်းမတိုင်ခင် ခေတ်တစ်ခေတ်မှာ ပြောခဲ့ပြန်တယ်။

ဒါဆို ဘယ်ဟာ အမှန်လဲ။ တုတ်ထမ်း ငြင်းနေကြမှာလား။ အဲဒါက အဲလောက် အရေးကြီးလို့လား။

ပြောရတာတော့ မကောင်းဘူးဗျ။ မဟုတ်တာကို အဟုတ်လုပ်၊ စာဖွဲ့၊ ဇာချဲ့ရမယ်ဆိုရင် ကျွန်တော်တို့ ရွှေဗမာတွေဟာ အထုံဝါသနာ တယ်ကြီးကြပေတာပဲ။

တကယ် အားစိုက်သင့်တာ

ဗမာမှန်တယ်၊ မြန်မာမှ မှန်တယ်ကိစ္စကို တစ်အိတ်လုပ်နေကြမယ့်အစား တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဘယ်လို တည်ဆောက်မလဲဆိုတာ မစဉ်းစားဘူး။ လွတ်လပ်ရေးရခဲ့တာ ၆၇ နှစ်ကျော်လို့ ၆၈ နှစ်ထဲ ချင်းနင်း ၀င်ရောက်လာခဲ့ပြီ။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားမှုကြီးကဖြင့် ခုထက်ထိ အတောကို မသတ်နိုင်သေးဘူး။

တိုင်းရင်းသားတွေက ဖှက်ဒရယ်မူကို ကိုင်စွဲထားတယ်။ မြန်မာ့တပ်မတော်ဘက်မှာ တစ်ချိန်လုံး ရိုက်သွင်းခံထားရတဲ့ အမြင်က ဖှက်ဒရယ်ဆိုတာ ခွဲထွက်ရေး၊ တိုင်းပြည်ပြိုကွဲရေး လမ်းစပဲ ဖြစ်နေတယ်။ ပေါင်းစပ်စုစည်းရေး သဘောကို သူတို့ကို ဘယ်သူကမှ လမ်းမပြခဲ့ဘဲ တကယ့်အန္တရာယ်ကြီးလို သွန်သင်ခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့ ကျေးဇူးတော်တွေပဲ။

ဒါပေမယ့် အဲဒီ့ အမြင်ဟာ မှားသလားဆိုတော့လည်း မမှားပါဘူး။ မှန်သင့်သလောက် မှန်ပါတယ်။ အပြည့်မမှန်တာ တစ်ခုပါပဲ။ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး မရှိရင် ဖှက်ဒရယ်ဟာ ခွဲထွက်ရေး ဘက်ကို ယိုင်သွားမှာပါ။ သူတစ်လူ ငါတစ်မင်းတွေ ဖြစ်ကုန်မှာပါ။ အရှေ့ဥရောပက ဖြစ်ရပ်တွေက ဒါကို သက်သေခံနေပါတယ်။

ဒါပေသည့် တစ်ဖက်ကလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့က အဲသလို ပြည်ထောင်စုတွေ အစိတ်စိတ် အမြွာမြွာပြိုကွဲသွားတာကို အားမပေးကြဘူး။ နိုင်ငံတကာ ဆက်ဆံရေးမှာ သက်ရောက်မှုတွေ သိပ်များလို့ အားမပေးကြတာ။

စိတ်ဝင်စားစရာ ကောင်းတာက ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံ ဥပဒေပဲ။ (သည်နေရာမှာလည်း “အုပ်ချုပ်ပုံ” တစ်လုံး တမင်ထည့်ရေးလိုက်ပါတယ်။ ဘာ့ကြောင့်ဆိုတာ နောက်ပိုင်းမှာ ရှင်းပါ့မယ်။) အဲဒီ့ ၂၀၀၈ “ဖွဲ့အုပ်ဥ”မှာ ဖှက်ဒရယ်ဆိုတဲ့ ဝေါဟာရကို တစ်လုံးမှ သုံးပင် သုံးမထားပေမယ့် နိုင်ငံတော် ဖွဲ့စည်းပုံ၊ ဒါမှမဟုတ် ပြည်ထောင်စု ဖွဲ့စည်းပုံဟာ ဖှက်ဒရယ် အတော်ဆန်တာကို တွေ့ရပါတယ်။ ပြည်ထောင်စု ဖွဲ့စည်းပုံ မှန်ပင် မှန်နေငြားသော်လည်း အာဏာခွဲဝေမှုပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်။ အထူးသဖြင့် ဘဏ္ဍာရေး အာဏာကိစ္စမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက တရားဥပဒေစိုးမိုးရေး ယိုယွင်းပျက်စီးနေတာ လူတိုင်းအသိပါ။ အဲဒါကို အချိန်မီ ပြန်လည် တည်ဆောက်ရမှာပါ။ တရားဥပဒေရှေ့မှောက်မှာ အားလုံး အညီအမျှသာ ဖြစ်မယ်ဆိုရင် တိုင်းရင်းသားတွေ မကျေနပ်စရာ ဘာအကြောင်းမှ ရှိတော့မှာ မဟုတ်ပါဘူး။

အဓိက လုပ်ရမယ့်ကိစ္စတွေကို နားလည်တတ်ကျွမ်းသူ ပြည်ပ ပညာရှင်တွေရဲ့ အကူအညီနဲ့ တိုင်ပင်ပြီး သေချာ ပြင်ဆင် ညှိနှိုင်းရေးဆွဲ၊ ပြတ်ပြတ်သားသား အကောင်အထည်ဖော်သွားမယ်ဆိုရင် လာမယ့် နှစ် ၂၀ မှာ ဗမာပြည်ပဲခေါ်ခေါ်၊ မြန်မာပြည်ပဲခေါ်ခေါ်၊ လူ့ဘုံတိုင်းပြည်ပဲခေါ်ခေါ်၊ ခေါ်ချင်တာခေါ်၊ တိုင်းရင်းသား အားလုံး ကျေကျေလည်လည် စုစုစည်းစည်းနဲ့ အားလုံး စိတ်ချမ်းချမ်းသာသာ နေနိုင်သွားမှာလည်းပဲ ဖြစ်ပါတယ်။

ပြောချင်တာက ဗမာ၊ မြန်မာဆိုတဲ့ ပညတ်တွေက အရေးမကြီးပါဘူး။ အဲဒါကို တုတ်ထမ်းငြင်းနေကြမယ့်အစား အနှစ်သာရရှိတဲ့၊ တကယ်လုပ်ရမယ့် အလုပ်တွေက ပိုအရေးကြီးကြောင်း မီးမောင်းထိုးပြချင်တာပါဗျာ။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ

ဗမာမင်းများ အုပ်ချုပ်ပုံ စာတမ်းဆိုလား (အိမ်မှာ ရှိတယ်၊ ဘယ်နားမှာ ထားမိမှန်း မသိတော့ဘူး။ ထရှာရမှာ ပျင်းလို့ ရမ်းရေးလိုက်သဗျ။ အမှန်သိတဲ့သူတွေ ပြင်ပေးကြပါ) ရှိဖူးတယ်။ Constitution နဲ့ ပတ်သက်လို့ ဗမာမှာ အဲဒါ အနီးစပ်ဆုံးပဲ။

အင်္ဂလိပ်လိုတော့ ခန်းစထစ်ကျုရှင်း(န်)ပေါ့။ အဲဒါကို အင်္ဂလိပ်တို့ရဲ့ Cambridge Advanced Learner’s အဘိဓာန်မှာ အောက်ပါအတိုင်း အနက်ဖွင့်ပေးထားပါတယ်။
(a written document which forms) the set of political principles by which a state or organization is governed, especially in relation to the rights of the people it governs

Merriam-Webster အဘိဓာန်မှာတော့… the system of beliefs and laws by which a country, state, or organization is governed; : a document that describes this system လို့ ဆိုထားတယ်။

Macmillan အဘိဓာန်မှာလည်း a set of basic laws or principles for a country that describe the rights and duties of its citizensand the way in which it is governed လို့ ဖော်ပြထားပြန်တယ်။

Oxford အဘိဓာန်ကျတော့ A body of fundamental principles or established precedents according to which a state or other organization is acknowledged to be governed လို့ ဆိုပြန်တယ်။

အဲဒီ့ အဘိဓာန်တွေအားလုံးရဲ့ ဖွင့်ဆိုချက်ထဲမှာ တညီတညွတ်တည်း ပါနေတာက govern ဆိုတဲ့ ဝေါဟာရပဲ။ ဒါ့ကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေ”လို့ “အုပ်ချုပ်ပုံ”ကို ချန်လှပ်ပြီး ပြောရင် ခန်းစထစ်ကျုရှင်း(န်)ရဲ့ အနက်က မပြည့်စုံဘူးလို့ မြင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ရေးတဲ့အခါ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ”လို့ ရေးတာပါ။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် “ဖွဲ့အုပ်ဥ”ကိုလည်း မြန်မာလို “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ”လို့ပဲ သုံးစွဲခဲ့တာပါ။

“အုပ်ချုပ်ပုံ”ရယ်လို့ သတ်သတ်မှတ်မှတ်၊ စနစ်တကျ၊ စည်းကမ်းရှိရှိ လုပ်ချင်ပုံမရတဲ့ ဗိုလ်နေ၀င်း လက်ထက်ကျတော့မှပဲ ခန်းစထစ်ကျုရှင်း(န်)ရဲ့ မြန်မာဘာသာပြန်ခမျာ “အုပ်ချုပ်ပုံ”ဆိုတဲ့ မရှိမဖြစ် ဝေါဟာရ တစ်လုံး ချန်လှပ်ပြီး “ဖွဲ့စည်းအုပ်ပုံအခြေခံဥပဒေ”ရယ်လို့ ဖြစ်လာတော့တာပါ။

ဗမာပြည်ကြီးအတွက် ဇမ္ဗူဒီပါလက်ျာတောင်တောင်ကျွန်း သြဘာနိမိတ်ထွန်းတော့တာပေါ့။ “အုပ်ချုပ်ပုံ”ဆိုတဲ့ “ပုံစံ” “စနစ်”ဆိုတာ မရှိတော့ဘူး၊ အာဏာရှင်က ထင်တိုင်း ရမ်းကားတော့မယ့် နိမိတ်ဆိုတာ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဘယ်သူမှ မရိပ်စားမိခဲ့ပါဘူး။

ဗိုလ်နေ၀င်းရဲ့ အရိုက်အရာကို ဆက်ခံကြသူများကျပြန်တော့လည်း ဗိုလ်နေ၀င်းလုပ်ခဲတဲ့ အလုပ်၊ သုံးခဲ့တဲ့ စကားတွေမှ ဘုရားကျင့်၊ ဘုရားဟောမှတ်ပြီး ဆက်လက်ကျင့်သုံးနေကြပါတော့တယ်။ ဗိုလ်အောင်ဆန်းနဲ့ လွတ်လပ်ရေးရပြီးစ ခေတ်ကာလဟာ ဘာမှ ပြန်ကိုးကားစရာကို မဟုတ်တော့ဘူး။ အဲဒါတွေ အကုန် အလွဲချည်းပဲလို့ ဗိုလ်နေ၀င်း ရိုက်သွင်းခဲ့တဲ့အတိုင်းသာ မှတ်ထင်နေကြပါတော့တယ်။ သည်လိုနဲ့ ၂၀၀၈ “ဖွဲ့အုပ်ဥ”အတွက် ဗမာ ဘာသာပြန် ဝေါဟာရမှာလည်း “အုပ်ချုပ်ပုံ”က ပါမလာတော့ဘူး။

မှတ်မိသမျှ ပထမဆုံး ဆန္ဒခံယူပွဲ

၁၉၇၀ ပြည့်လွန်တွေတုန်းကတော့ ကျွန်တော်လည်း ဒါတွေ ဘာသိဦးမှာလဲဗျာ။ ဆယ်တန်းပဲရှိသေးတား။ အဲဒီ့ “ဖွဲ့စည်းပုံအခြေခံဥပဒေ”မဟာအတွက် ဆန္ဒခံယူပွဲလုပ်တော့ ကျွန်တော်မှ ၁၆ နှစ် ပြည့်ပြီးစ ရှိသေးတယ်။ ပြည့်ပြီးစဆိုတာတောင် အတိအကျ ပြောရင် ၁၆ နှစ်ပြည့်ပြီးတာ တစ်လမပြည့်သေးချိန်မှာ ၇၃ ဆန္ဒခံယူပွဲ ကျင်းပါတာပါ။

အဲဒီ့ ဆန္ဒခံယူပွဲမှာ ကျွန်တော်က မဲရုံလုပ်အားပေးပေါ့။ အမှန်တော့ မဲရုံမှာ လက်တို လက်တောင်း လုပ်ပေးရတဲ့ တောက်တိုမည်ရပါ။ ကျွန်တော်ကလည်း အိမ်ထဲ မနေရပြီးရော၊ သွားလုပ်တာပေါ့။

မဲပေးတဲ့သူတွေ လာကြ၊ ကန့်လန့်ကာ ကာထားတဲ့ အခန်းလေးထဲ ၀င်သွားကြ၊ ကျွန်တော်တို့တွေက ဟိုနား ယောင်ပေယောင်ပေ၊ သည်နား မိုးတိုးမတ်တတ်။

မှတ်မိတာကတော့ အဲဒီ့မဲပုံးတွေ ထမ်းပြီး ရန်ကုန်ဗဟိုစာတိုက်ကြီးကို သွားရတာပဲ။ အဲတုန်းက ကျွန်တော်တို့က လမ်း ၄၀ မှာ နေနေတာ။ စပါ့(ခ်)(စ်)လမ်းနဲ့ ကမ်းနားထောင့်က စာတိုက်ကြီးဆိုတာ ဘာမှ မဝေးဘူး။ သည်တိုင်း ခြေလျင် ထမ်းသွားရတာပေါ့။

ဟိုရောက်တော့ မဲပုံးထဲက မဲတွေ သွန်ချ၊ အဖြူပုံးထဲဟာတွေက တစ်ပုံ၊ အမည်းပုံးထဲက ဟာတွေက တစ်ပုံ၊ သတ်သတ်စီ ခွဲထည့်တာပေါ့။ သိတယ်။ အမေနဲ့ အဖေကတော့ ကန့်ကွက်မဲပဲ။ သို့ပေတည့် သွန်လိုက်ကတည်းက မြင်သာနေတာက အဖြူပုံးထဲက ထွက်တဲ့ မဲက ပိုများတယ်။ အမည်းပုံးထဲမှာက သိပ်မများလှဘူး။

ဇာတ်ပေါင်းတော့ အဲဒီ့ အုပ်ချုပ်ပုံစနစ် ပရမ်းပတာနဲ့ ခန်းစထစ်ကျုရှင်း(န်)မဟာဟာ လူထု ထောက်ခံမှု ၉၄.၄၅ ရာခိုင်နှုန်းနဲ့ အတည်ဖြစ်သွားပါရောလား။ ရာခိုင်နှုန်းကိစ္စကတော့ သံသယနည်းနည်း ရှိချင်စရာ ကောင်းပါတယ်။ ကျွန်တော့် မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတဲ့ အပုံကြီးတွေနဲ့ဆိုရင် ၉၅ အချိုး ၅ တော့ မကဘူးဗျ။ သွန်လိုက်ကတည်းက မြင်ရတဲ့ အမြင်အရ ပြောမယ်ဆိုရင် ကျွန်တော်တို့ မဲရုံမှာကို မရှိဘူးဆို ၇၀ အချိုး ၃၀ လောက်တော့ ရှိတာလည်း အမှန်ပဲ။

မဲတွေ ရေတော့လည်း ကျွန်တော်ပါ ၀င်ရေခဲ့ပါတယ်။ ကန့်ကွက်မဲက ဘယ်လောက်၊ ထောက်ခံမဲက ဘယ်လောက်ပေါ့ဗျာ။ မဲရုံမှူးတွေက အဲဒီ့ဂဏန်းတွေကို သူတို့ပုံစံမှာ ဖြည့်ကြရတာပ။ နှစ်တွေလည်း မနည်းမနော ကြာခဲ့ပြီဖြစ်တဲ့အပြင် အာရုံကလည်း အဲဒီ့ကတည်းက မရှိခဲ့တော့ ကိန်းဂဏန်းတွေလည်း မမှတ်မိတော့ဘူးပေါ့ဗျာ။ ဒါပေမယ့် သေချာတာကတော့ ၉၀ ရာခိုင်းနှုန်းတောင် ထောက်ခံတယ်ဆိုတာကတော့ ဟုတ်ကို မဟုတ်တာလည်း အမှန်ပဲ။ အနည်းဆုံး ကျွန်တော်တို့ မဲရုံနဲ့ ကျွန်တော်တို့ မြို့နယ်မှာပေါ့။

မည်သို့ပင်ဆိုစေကာမူ၊ သိတယ် မဟုတ်လား၊ ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ်လက်နဲ့ ကိုယ်ဝေတဲ့အပြင် သတင်းမီဒီယာ အားလုံးကလည်း ကိုယ်ပဲ ကိုင်ထားတာဆိုတော့ အားလုံးဟာ ဖြစ်စေသတည်းပေါ့။

ကြီးကြီးမေရဲ့ ခရမ်းချဉ်သီး

အဲဒီ့ကာလတွေက ရိုးစင်းလွန်းပါတယ်။ တံခါးပိတ်ဝါဒ စတင်နေပြီမို့ အစစအရာရာက ပါးရှား ပြတ်လပ်တယ်။

ကိုယ်တိုက် ဆပ်ပြာဆိုရင် ကာဘော်လစ် (Carbolic) ဆပ်ပြာကို သုံးရတာဗျ။ သွားတိုက်ဆိုးရင်လည်း ပက်ဆိုးဒင့်လို့ လူတကာ ခေါ်တဲ့ ပြည်တွင်းဖြစ် Pepsodent ပဲ။ ဒါတောင်မှ တော်လှန်ရေး ကောင်စီခေတ်မှာ ပြည်သူ့ဆိုင်လို့ ခေါ်ပြီး ဆိုရှယ်လစ်ခေတ်မှာ သမ၀ါယမဆိုင်လို့ ပြောင်းခေါ်တဲ့ အစိုးရဆိုင်တွေက ခွဲတမ်းနဲ့ ၀ယ်ရတာ။ မှောင်ခိုမှာတော့ လိုသလောက် ၀ယ်လို့ ရသပေါ့။

အဲဒီ့မတိုင်ခင် ကျွန်တော် မမီလိုက်တဲ့ အဲဒီ့ရှေ့နားလေး အချိန်တစ်ချိန်မှာ ဘီအီးဒီစီ ဆိုတာလည်း ရှိသေးတယ်။ ဗမာ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းပေါ့။ အဲဒါက စိတ်နဲ့တောင် မပြစ်မှားနဲ့လို့ သံကုန်ဟစ်ခဲ့လေသူ ဗိုလ်အောင်ကြီး လက်ရာလို့ ကြားဖူးပါတယ်။ သူကလည်း မခေပုံများ ဘီအီးဒီစီသာ မရှိတော့တယ်၊ အရက်ဖြူကို ဘီအီးလို့ ခေါ်တဲ့အထိ စွဲကျန်ရစ်ပါတယ်။ အဲဒီ့ ကော်ပိုရေးရှင်းက ထုတ်တဲ့ အရက်ဖြူ၊ အစိုးရဆိုင်မှာ ခွဲတမ်းနဲ့ ၀ယ်ရတဲ့ အရက်ဖြူကို ဘီအီးလို့ ခေါ်ခဲ့ပေတာကိုး။

သမဆိုင်ခေတ်မှာတော့ ကျွန်တော်လည်း အိမ်က ခိုင်းရင် သမဆိုင်ကို သွားရတယ်။ ဘာမှ လွမ်းစရာ မရှိပါဘူး။ ဗလာကျင်းနေတဲ့ မှန်ဘီရိုတွေ။ ခုခေတ် ၀င်းသူဇာဆိုင်က မှန်ဘီရိုတွေကမှ ပစ္စည်းလေး၊ ဘာလေး မြင်ရသေးတယ်။ အဲဒီ့ခေတ် သမဆိုင်က မှန်ဘီရိုတွေက ဟောင်းလောင်း။ ဆိုင်ထိုင် စာရေးတွေ၊ စာရေးမတွေကလည်း မျက်ခွက်တွေက အစ အချိုးမပြေ။

ဆန်လည်း အဲဒီ့ကပဲ ၀ယ်ခဲ့ရ မှတ်တယ်။ တော်တော် ချို့ငဲ့ခဲ့တာပေါ့။

ဆန်ဆိုလို့ လောပိတမှာ နေတုန်းက ဆန်ရှားတာကို ပြေးသတိရမိသေးတယ်။ တစ်ဘ၀လုံးမှာ အဲဒီ့ တစ်ခါပဲ စားဖူးတဲ့ ဆန်လုံးညိုတွေ စားခဲ့ဖူးတာကိုပါ။ ဒါပေမယ့် အဲတုန်းက ကလေးလည်း ကလေး၊ အမေကလည်း ထမင်းပူပူ၊ ဟင်းပူပူပဲ ကျွေးတာမို့ တောင်ယာဆန်၊ ဆန်လုံးညိုတွေက ကျွန်တော့်အတွက် စားလို့ ကောင်းတဲ့ ထမင်းပါပဲ။

ဆန်နဲ့ ပတ်သက်ရင် ကိုယ့်သားသမီးလေးတွေ စားစေချင်လို့ နယ်ကနေ ဆန်လေး လေး-ငါးပြီလောက် သယ်လာပေးတဲ့ မိခင်၊ ဘခင်တွေ ထောင်ကျကုန်တာလည်း အဲဒီ့ခေတ်ပဲပေါ့ခင်ဗျာ။

ကျွန်တော် စိတ်ပျက်တာက ကာဘော်လစ် ဆပ်ပြာပဲ။ အနံ့ကြီးက ဆေးရုံနန့်ကြီး ရသလိုပဲ။ ဒါပေမယ့် ဒါပဲ တိုက်စရာရှိတော့ ဒါနဲ့ပဲ တိုက်ပေါ့။

ကာဘော်လစ်ဆပ်ပြာအကြောင်း မန္တလေးက ကြီးကြီးမေတောင် သွားသတိရသေးတယ်။ သူတို့အကြောင်း ပြောတုန်းက ပြောခဲ့ပြီးပါပြီ။ သူတို့က တိုက်တန်းလျားလေးတစ်ခုမှာ နေကြတဲ့အကြောင်း။ အဲဒီ့ တိုက်တန်းလျား ဆိုတာက ဆယ်ပေ၊ ဆယ့်ငါးပေလောက်ရှိတဲ့ အခန်းလေးတွေကို မျက်နှာချင်းဆိုင် တန်းစီပြီး အလယ်မှာ လူသွားလမ်း ရှစ်ပေလောက် ထားထားတာ။ တိုက်မျက်နှာစာ အနောက်ဘက်ကို သူတို့က အိပ်ခန်း လုပ်ထားတယ်။ အရှေ့ဘက်၊ တိုက်နောက်ဖေးဘက်အခန်းတွေကျတော့ မီးဖိုချောင်ပေါ့။ ထမင်းစားခန်းနဲ့ ဧည့်ခန်းကတော့ အလယ်က လူသွားလမ်းပေါ့။

အဲဒါ တစ်ရက်မှာ မန်ကျည်းရွက်ချဉ်ရေ ချက်ပါရောလား။ ချဉ်ရေအိုး ဘေးမလှမ်းမကမ်းမှာက သုံးလက်စ ကာဘော်လစ်ဆပ်ပြာ နီနီရဲရဲ ပျော့ပျော့ပြဲပြဲလေးက ရှိနေတယ်။ သိပ်တော့ အတုံးမကြီးတော့ဘူးပေါ့။ ကြီးကြီးမေကလည်း အဲဒီ့အချိန်မှာ ငါးဆယ်ကို ကောင်းကောင်းကျော်ပြီဆိုတော့ မျက်လုံးကလည်း သိပ်မကောင်းတော့ဘူး။ သူ့မျက်လုံးထဲမယ် အဲဒါကို ကာဘော်လစ်လို့ မထင်ဘူး။ ခရမ်းချဉ်သီးလို့ ထင်လိုက်တာ။ သူ့ညီမတွေကတော့ နမော်နမဲ့နဲ့ ချဉ်ရည်ထဲ ထည့်မယ့် ခရမ်းချဉ်သီးကို ထည့်မသွားဘူးလို့ တွေးပြီး ဇိုးဇတ်နဲ့ အဲဒီ့ အတုံးလေး ချဉ်ရည်အိုးထဲ ပစ်ထည့်လိုက်ပါသတဲ့။

ညစာလည်း စားကြရော တစ်အိမ်လုံးက သည်မန်ကျည်းရွက်ချဉ်ရည်ကလည်း ဘာဖြစ်တယ် မသိဘူး၊ ကာဘော်လစ်စော် နံလိုက်တာလို့ ပြောကြပါသတဲ့။ ကြီးကြီးမေကလည်း သူ့ဝိုင်းဆူမှာစိုးလို့ မသိချင်ယောင်ဆောင်ပြီး အသာနေလိုက်ပါတယ်။ နောက်ကျတော့မှ သူပဲ အားလုံးကို ပြန်ဖွင့်ပြောပြတာပါ။ အဲတော့လည်း ရယ်ရယ်မောမောပေါ့။

ဖြစ်ရပ်တွေဟာ အဲလိုပါပဲ။ ဖြစ်နေတုန်း ခဏမှာတော့ စိတ်တိုချင်စရာပေမယ့် ကြာလာတော့လည်း ရယ်မောလို့ ရသွားတာပေါ့လေ။

ဆိုရှယ်လစ်ခေတ်ရဲ့ ယမ်းမီးခြစ်

အဲဒီ့ခေတ်မှာ ပါးရှားတာ နောက်တစ်မျိုးက ရေမွှေးပဲ။ အစိုးရ ထုတ်တဲ့ မဉ္ဇူရေမွှေးပဲ ရှိတယ်။

တစ်ရက်က စာအုပ်မျက်နှာစာမယ် ကျွန်တော်တင်ထားတဲ့ စာတိုတစ်ပုဒ်အောက်မှာ တစ်ယောက်က လာမေးသွားတယ်။ ပြန်တောင် မဖြေရသေးဘူး။

ဆိုရှယ်လစ်ခေတ်ဆိုတာ ဘာလဲလို့ ရှင်းပြပေးပါတဲ့။ ဟုတ်ကဲ့… အစစ အစိုးရက ဗဟိုဦးစီးစနစ်နဲ့ ချုပ်ကိုင်ထား၊ ယမ်းမီးခြစ်မှသည် မော်တော်ကားအထိ ရှိရှိသမျှ လုပ်ငန်းကိုလည်း အစိုးရကပဲ လက်ဝါးကြီးအုပ် လုပ်ကိုင် ဆောင်ရွက်၊ နိုင်နင်းသလားဆိုတော့ မနိုင်နင်း၊ အလုပ်ဖြစ်သလားဆိုတော့ မဖြစ်၊ လူထုမှာတော့ စံမမီ အရည်အသွေး ညံ့တဲ့ ပစ္စည်းတွေ သုံးနေကြရတဲ့ ခေတ်ကို ဆိုရှယ်လစ်ခေတ်ဟု ခေါ်သည်ဟု ဖြေရမယ် ထင်ပါတယ်။

အဟုတ်ဗျ။

တခြားဟာ မပြောနဲ့၊ ယမ်းမီးခြစ်တောင် အပေါက်တည့်အောင် မထုတ်နိုင်တာ အဲဒီ့ဆိုရှယ်လစ်ခေတ်ပါဗျား။ အဲဒီ့မတိုင်ခင်က နတ်သမီး မီးခြစ်ဆိုတာ ရှိတယ်။ ဥတုသုံးပါး ခံသည်လို့ ရေးထားတယ်။ တကယ်လည်း နွေနွေ မိုးမိုး ဆောင်းဆောင်း အဲဒီ့ မီးခြစ်ဆံတွေက တစ်ချောင်းခြစ် တစ်ခြောင်းတောက်ပဲ။

ဆိုရှယ်လစ်ခေတ်ကျတော့ အဲဒီ့ မီးခြစ်စက်ရုံလည်း ပြည်သူပိုင် သိမ်းခံရတဲ့အထဲ ပါသွားတယ်။ ဥတုသုံးပါးတော့ ခံမြဲပါပဲ။ ခံပုံသာ မတူတော့တာ။ နွေနွေ မိုးမိုး ဆောင်းဆောင်း အဲဒီ့ထဲက မီးခြစ်ဆံတွေက မှိုတက်နေတယ်။ ယမ်းကလည်း အခြောင်းတိုင်း ပါချင်မှ ပါတာ။ တစ်ခါတလေ ဘူးထဲက မီးခြစ်ဆံ၊ ကံမကောင်းရင် တစ်ဘူးလုံး ကုန်မှ တစ်ခြောင်းလောက် ထတောက်တာမျိုး။ ဒါလည်း ခြစ်တတ်ဦးမှ။ အဲဒါ ဆိုရှယ်လစ်ခေတ်ရဲ့ အကောင်းဆုံး နိမိတ်ပုံပဲခင်ဗျ။

အမယ်… အထင်တော့ မသေးနဲ့။ အခုထက်ထိတောင် အဲဒီ့မီးခြစ်တွေ ထွက်နေသေးတယ်။ တစ်လောက နေပြည်တော်က ဟိုတယ်တစ်လုံးကို ရောက်တော့ အဲဒီ့ဟိုတယ် အိပ်ခန်းထဲမှာ ချပေးထားတယ်။ ကျွန်တော်လည်း အစဉ်အလာ မပျက် ယူခြစ်ကြည့်တယ်။ အဲဒီ့ နိုင်ငံတော် မီးခြစ်ကလည်း အစဉ်အလာ မပျက် မှိုတက်မြဲ၊ အစဉ်အလာမပျက် အချောင်း အစိတ်လောက်မှ တစ်ချောင်းတောက်မြဲ။

အဲဒါကို ခုထိ ဆက်ထုတ်နေသေးတယ်ဆိုတော့ ကျွန်တော်တို့ တိုင်းပြည် ခုထိ ဆင်းရဲနေတာလည်း ပြောစရာကို မလိုတော့ပါဘူးဗျာ။

အဲ… အဲဒီ့ဟိုတယ်ကလည်း နှယ်နှယ်တော့ မဟုတ်ဘူးနော။ ခယ်(မ်)ဖင်းစခီးတို့၊ ဟစ်(လ်)ထန်တို့၊ ဖာ့(ခ်) ရွိုင်ယယ်(လ်)တို့၊ လိပ်(ခ်)ဂါးဒင်းတို့လို နိုင်ငံတကာ ဟိုတယ်ကြီးတွေ နေပြည်တော်မှာ ပေါ်မလာခင်တုန်းက နေပြည်တော်က အကောင်းဆုံးဟိုတယ်တွေထဲမှာ ပါတဲ့ ဟိုတယ်ခင်ဗျ။ ဒါပေသည့် ချပေးထားတာကတော့ အဲဒီ့ ယမ်းမီးခြစ်ဘူး။

သည်အပိုင်းမှာ ပြောကြတာ…

Ei Yupar Winဖတ်ပြီး။ အဘွားပြောတဲ့ ဆိုရှယ်လစ်ခေတ်၊ အသိမ်းခံခဲ့ရတဲ့ စက်ရုံတွေ၊ လမ်းထိပ်က သမဝါယမနဲ့ အုန်းပင်မီးခြစ်ကို သတိရ။ ဗမာနဲ့ မြန်မာသဘောမှာ အခုခေတ်သုံးတဲ့ မြန်မာကိုပဲ လက်ခံလိုက်မိပြီဖြစ်ကြောင်းသတိပြုမိ။ အများညီတော့ ကျွဲဖြစ်သွားသလိုပေါ့။

အုပ်ချုပ်ရေးပိုင်းနဲ့ သမိုင်းကို ပြန်နွှေးဖြစ်။ ဒါပေမယ့် မဆွေးနွေးအားသေး။ နောင်မှ သမိုင်းထပ်ရှာဖတ်ရန်တေးထား။ အခုတော့ သက်ကြီးစကား သက်ငယ်ကြားနဲ့ ရောင့်ရဲနေ။ ^,^ အချိန်မရှိတာလည်းပါ။

Yuri Gallerကျွန်တော် ကတော့ မျက်နာသစ်ဖို့ ကာဘောလစ်ကို အကြိုက်ဆုံး ။ မရှိတော့မှ အခြားဆပ်ပြာသုံးတယ်။

ATKအနမ်းမခံချင်တဲ့ သဘောပေါ့ညော် 🙂

Alex Moeနတ်သမီးမီးခြစ် အနီလေးတွေ ငယ်ငယ်တုန်းကအမှတ်တရ. နောက်ပိုင်း ဆင်တံဆိပ် မီးခြစ် တရုတ်ကသွင်းတာလားမသိ. ဂက်စ်မီးခြစ်ကတော့ ဟုန်ပန်း က စက်ရုံထောင်ထုတ်တော့မှ သေချာကိုင်ဖူးတယ်မှတ်တာပဲ

ATKအွင်… နတ်သမီးမီးခြစ် မီလိုက်တယ်ဆို ဘာဘူ Moe အသက် မငယ်တော့ဘူးပဲ။ အနည်းဆုံး ၄၅။ သည်အချိန်အထိ မိန်းမမယူသေးတာ ချီးကျူးသဗျာ 😀

Alex Moeငင်. အဲ့လောက်မရှိသေးပါဘူး ဆြာရယ်. ငယ့်ငယ်လေးတုန်းကပါဆို.

ATKဆောတီး… နှစ်နှစ် သုံးနှစ် ပိုလိုက်မိတွားဒယ် 🙂

Alex Moeရနိကုန်လာရင် ဆြာကြိုက်တာလေးဝယ်ခဲ့မယ်

Alex Moe's photo.

ATKအွင်… အဲဒါ ရန်ကုန်က ထုတ်တာလေ။ ဆိတ်သားခြောက်၊ အမဲခြောက်ဆို ဟုတ်တုတ်တုတ်။ 🙂

Alex Moeဟုတ်လား. မန်းလေးကထုတ်တာမှတ်နေတာ. ဒါဆိုလည်း. ဆိတ်သားခြောက်ပေါ့ဆြာရယ်. ယူလာခဲ့မယ်

ATKမျှော်လင့်လျက်ပါ မြသီတာ 😀

Maung Thuraအူတူတူနဲ့သုံးပတ်ခံနတ်သမီး မီးခြစ်ကိုမေမြို့ခေါ်ပြင်ဦးလွင်က ဆောင်းသဇင်မှာလည်းပေးတယ်အကိုရ

Shwe Gyiဟုတ်တယ်ဗျ၊၊ ငယ်ငယ်တုန်းက ကျွန်တော့်အမေလည်း အဲ့ လိုပြောဖူးတယ်၊၊ (အနာပျောက်တဲ့ ပိုးသတ်ဆေးလိုမျိုးပါတယ်ဆိုလား)၊၊ဒါကိုပဲ တမင်တိုက်စေချင်လို့ ပဲလာ၊၊ သူလည်းတဆင့်စကား တဆင့်ကားတာလား၊၊ တကယ်လားတော့ ခုထိမသိသေးဘူး၊၊

ATKCarbolic ဆိုတာ cabolic acid နဲ့ ထုတ်ထားတာမို့ germicide ထဲမှာ ပါပါတယ်။ ပိုးသတ်ပေါ့ဗျာ။ သို့သော် virus တော့ သတ်နိုင်မှာ မဟုတ်ဘူးနော်။ သတိပေးတာ။ ခများက လူပျိုဂျီးဆိုတော့ ပိုးသတ်တယ်ဆိုပြီး ထင်ရာ လျှောက်လုပ်ရင် အကျိုးနည်းကုန်မစိုးလို့(စ်) 😛

Shwe Gyiကတောက်… အဲ့ချက်တော့ နာထှာဘဲ၊၊ ဂုတော့ မျှော်လင့်ထားသမျှတွေ သဲထဲ သေးပေါက် သလိုဖစ်ကုန်ဘီဘော့ ဆြာရယ် 😛

‘Song Thiri’ခုမှ ဖတ်လို့ ပီးသွားကြောင်းနဲ့ ချာက ဆယ်တန်းကျောင်းသားဖစ်နေချိန်မှာ သာမီးကတော့ ဘယ်ငရဲဘုံမှာ ရှိနေသေးသတုန်း မသိ 😀

သို့ပေမယ့် ချာပြောတဲ့ ခေတ်ကိုတော့ အဖွားတို့ အမေတို့ ပြောလို့တော့ နားရည်ဝနေတာ ချာပြောတာတွေ မျက်လုံးထဲ မြင်ယောင်လာမိတယ်။ အဖိုးတို့ အဖွားတို့လက်ထက်က ပြည်သူပိုင် သိမ်းခံလိုက်ရတဲ့ အကြောင်းတွေရောပေါ့ 😀

K Yamone Aungအိမ်ထောင်စု စာအုပ်နဲ့ ဆန်ထုတ် (ဝယ်)ရတယ်  လူဦးရေနဲ့ အချိုးကျ ပေးတယ် တစ်ယောက် တစ်လ ၄ ပြည် ထင်တာဘဲ

Sandar Tinတခေတ်ကကိုယ်တိုင်ကြုံခဲ့ဘူးတာ အမှတ်ရမိပါတယ်ဆရာ။

Thor Zinကျေးဇူးပဲဆရာ၊ ဖတ်ရတာ အတော်တန်ဖိုးရှိပါဘိ။

၂၀၁၅ ဇူလိုင် ၂၈ ရက်

ဆိုရှယ်လစ်ခေတ်မှာ ဖျစ်ဖျစ်မြည်အောင် ကောင်းခဲ့တာ

ဆိုရှယ်လစ်ခေတ်မှာ အရည်အသွေးကောင်းတာ တစ်ခုကို မမေ့မလျော့ ထည့်မှ တရားမှာပေါ့။ အဲဒါကတော့ မန္တလေး အရက်ချက်စက်ရုံက ထုတ်တဲ့ အရက်တွေနဲ့ စောစောက ပြောတဲ့ ဘီအီး(ဒီစီ)အရက်ဖြူတို့ရဲ့ အရည်အသွေးကတော့ ထိပ်တန်းခင်ဗျ။ အဲဒါတော့ တကယ်ကို ကောင်းခဲ့တာပါ။

ကျွန်တော်နဲ့ အရက်နဲ့က ဘယ်လို ရေစက်လဲတော့ မသိဘူး။ ကျွန်တော့်အဖေက အရက်မသောက်ဘူး။ ဦးကြီးကိုကိုကတော့ သောက်တယ်။ ဒါပေသည့် သူသောက်တယ်ဆိုတာလည်း နေ့နေ့ညည သောက်နေတာ မဟုတ်ဘူး။ နာမည်ပျက်ကတော့ တကယ်ရှိအောင် သောက်တာ။ သူသောက်တာက ဆယ်ခါ့ရံ တစ်ခါ ဖြစ်လောက်ပါတယ်။ ဒါပေမယ့် သောက်ပြီဆိုရင် အကွဲသောက်တော့တာပဲ။ ပြီးတော့ လူမှန်း သူမှန်း မသိ။ ကျွန်တော့် ရှင်ပြုတုန်းက ငှားထားတဲ့ ကား တက်မောင်းလို့ တိုက်လာတာမျိုးအထိ ဖြစ်တယ်။ ပြီးရင် အိပ်ရာပေါ် လဲပါရောလား။ လဲပြှီဆိုရင် မသောက်တော့ပြန်ဘူး။ တမေ့တဆွေး နေပြန်ရော။ ပြန်သောက်ရင် အဲလိုပဲ ပြန်ဖြစ်ပေါ့။

အဲတော့ ဦးကြီးကိုကို အရက်သောက်ပုံက ကျွန်တော့်အတွက် အားကျစရာ၊ အတုခိုးစရာတော့ မဟုတ်တာ အမှန်ပဲ။ စိတ်ပျက်စရာကြီးရယ်။

ကျွန်တော် ကလေးဘ၀တုန်းက မန္တလေးမှာ ထန်းရည်တစ်ခါ မူးဖူးတယ်လို့တော့ ပြောကြတာပဲ။ ကျွန်တော်ကတော့ မှတ်ကို မမှတ်မိတော့ဘူး။

ကျွန်တော် ဖတ်တဲ့ ၀တ္ထုတွေ၊ ကြည့်တဲ့ ဓာတ်ရှင်တွေထဲမှာတော့ ဇာတ်လိုက်တွေ သောက်ကြတယ်။ ကျွန်တော် အရူးအမူး စွဲလန်းတဲ့ ၀င်းဦးကလည်း အရက်သောက်တဲ့အပြင် သူ့ဇာတ်ကားတွေမှာလည်း သူက သောက်ပြတယ်။ ဆရာသော်တာဆွေဆိုလည်း အရက်အကြောင်း တယ်ရေးပဲ။ အဲဒါတွေကြောင့်လားတော့ မသိဘူး၊ ကျွန်တော့် မသိစိတ် တစ်ထောင့်တစ်နေရာမှာ အရက်က ရှိနေတယ်။

ဒါပေမယ့် ဆယ်တန်းပထမနှစ်ရောက်တဲ့အထိ အရက် မသောက်ဖြစ်ခဲ့ပါဘူး။ အဲ… တစ်ခါတော့ သောက်မိတယ် ထင်တယ်။ အဲဒါ အဖေသိသွားတော့ ဘယ်နေမလဲဗျာ။ ဆော်ပလော်တီးတာပေါ့။ ဒါလည်း ကောင်းကောင်း မမှတ်မိတော့ဘူး။

ဆယ်တန်း ဒုတိယနှစ် တစ်နှစ်လုံးလည်း မသောက်ဖြစ်ခဲ့ပါဘူး။ အဲဒီ့နှစ် ဆယ်တန်းဖြေပြီး အိမ်ပေါ်က ဆင်းနေရချိန်မှာ မှတ်မှတ်ရရ ဘီယာတစ်လုံး ၀ယ်သောက်ဖူးတယ်။ မသောက်ဖူးလို့ မြည်းကြည့်တာ။ နိုင်ငံခြားဖြစ် ဘီယာ။ ကျွန်တော်ထင်တယ်၊ ဆင်းဂါးဆိုတဲ့ ထိုင်းဘီယာလားတောင် မသိဘူး။ ဘားလမ်းနဲ့ ဖရေဇာထောင့်က လမ်းဘေးဆိုင်မှာ တွေ့လို့ ၀ယ်သောက်တာ။

ကောင်းကောင်းကန်းကန်းမှ မသောက်တတ်သေးတာဗျာ။ ဘီယာကလည်း တစ်ဘူးတည်းဆိုတော့ ဘာဖြစ်မှာလဲ၊ အလတ်ကြီးပေါ့။

ငယ်နုတဲ့ စာဖတ်သူတွေက တွေးနေလိမ့်မယ်။ အစစအရာရာ ပါးရှားတယ်လို့လည်း ဆိုသေးရဲ့၊ အခုကျတော့ နိုင်ငံခြားဖြစ် ဘီယာက ဘယ်က ရောက်လာပြန်တာတုံးလို့။

အဲဒီ့ခေတ်မှာ မှောင်ခိုဆိုတာ ရှိပါတယ်။ နယ်စပ်ကနေ ပစ္စည်းတွေ ခိုးသွင်းတာပေါ့။ အဲဒီ့ ခိုးသွင်းတဲ့ ပစ္စည်းတွေကို ရန်ကုန်မှာ ဈေးတင်ပြီး ပြန်ရောင်းတာပေါ့။

အဲဒီ့ တစ်ခေတ်က မော်လမြိုင်မြို့ဟာ မှောင်ခိုဈေးကွက်ကြီးနဲ့ အရမ်းကို စည်ပင်ပါတယ်။ လေဟာပြင်ဈေး၊ နောက်ပိုင်း ပေါ်လာတဲ့ စိန်ဂျွန်းဈေးတို့ဟာ အဲဒီ့ မှောင်ခိုပစ္စည်းတွေ ရောင်းချတဲ့ ဈေးတွေပါ။

လေဟာပြင်ဈေးဆိုတာက အခု ဗိုလ်ချုပ်လမ်းနဲ့ အနော်ရထာလမ်းကြား၊ ရွှေတိဂုံဘုရားလမ်းပေါ်မှာ ရှိတဲ့ ဈေးကြီးပါ။ စိန်ဂျွန်းဈေးဆိုတာက ပြည်လမ်းမရဲ့အစ၊ ဂျပန်ဆေးရုံလို့ ခေါ်တဲ့ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးရဲ့ ကျောဘက် မြေကွက်လပ်ကြီးမှာ ရှိနေခဲ့ဖူးတဲ့ ဈေးပါ။

အဲဒီ့ဈေးတွေမှာ တစ်ဖက်နိုင်ငံက ၀င်လာတဲ့ လူသုံးကုန် ပစ္စည်းပေါင်းစုံ ရှိပါတယ်။ အများဆုံးကတော့ အထည်အလိပ်ပါပဲ။ စားသောက်ကုန်လည်း ပါပါတယ်။ ဒါပေမယ့် ဘာတွေလဲဆိုတာ သိပ်မမှတ်မိတော့ဘူး။ တစ်ဖက်နိုင်ငံက သွင်းလာတဲ့ စားသောက်ကုန်ရယ်လို့ လောက်လောက်လားလား မှတ်မှတ်ရရ ဘာမှ မစားခဲ့ရဘူး ထင်တယ်။ လက်ပတ်နာရီတွေ ရှိတယ်ဗျာ၊ ခဆက်(ထ်)ဖွင့်စက်တွေ ရှိတယ်ဗျာ၊ အဲလောက်ပဲ မှတ်မိတယ်။

ကျွန်တော် ၀ယ်သောက်ခဲ့တဲ့ ဘီယာကတော့ ဘယ်က ဘယ်လို ၀င်တာလဲ မသိဘူး။ ကျွန်တော်က ငယ်ငယ်ကတည်းက အဲဒီ့ ရောဂါ ရှိတယ်။ နိုင်ငံခြားဖြစ် စီးကရက်နဲ့ အရက်ကို စိတ်ဝင်စားတဲ့ ရောဂါကို ပြောပါတယ်။

စီးကရက်ဆိုရင် အခု ရှန်ဂရီလာ တစ်ဖြစ်လဲ ကုန်သည်ကြီးများ ဟိုတယ်ရှိရာ တိုက်ခန်းဝများနဲ့ တိုက်လှေကားထစ်များ တစ်ကြောမှာ ဆိုင်လေးတွေ ရှိတယ်။ နိုင်ငံခြားဖြစ် ဒိုင်ယာရီတို့၊ မီးခြစ်တို့ ရောင်းကြတယ်။ စီးကရက်ဆိုင်လေးတွေလည်း ရှိတယ်။

မှတ်မှတ်ရရ ကျွန်တော် စ၀ယ်သောက်ဖူးတာ Rothmans ပဲ။ ဘူးလိုက် ၀ယ်မသောက်နိုင်ပါဘူးဗျာ။ အလိပ် ၂၀ ၀င် ဒူးယားတစ်ဘူးကို ၁ ကျပ် ပြား ၈၀ ပေးရတဲ့ခေတ်မှာ Rothmans တစ်ဘူးက ခုနစ်ကျပ်ရှိတာကို။ ဒါပေမယ့် သောက်ကြည့်ချင်တာပေါ့။ မနေနိုင်တော့ အလိပ်လိုက် ရောင်းတာကို ၀ယ်သောက်တာပါ။ တစ်လိပ်ကို ပြား ၄၀ လား ပေးရတယ်။

အဲလို သောက်သောက်ကြည့်ရင်းနဲ့ ကြိုက်လာတာ Kent ပဲ။ အဲတုန်းက Kent က အခုလို အပေါ့တွေချည်း ထုတ်တာ မဟုတ်သေးဘူး။ အပြင်းစားလည်း ရှိတယ်။ ကျွန်တော်က ဒူးယားနဲ့ စခဲ့လို့လားတော့ မသိဘူး။ ဆေးလိပ် ပေါ့ရင် သောက်လို့ မရဘူး။ ဒူးယားက ပရုတ်အေး ထုတ်သေးပေမယ့် အဲဒါလည်း ခံတွင်း မတွေ့ဘူး။ ပူရှိန်း ပူရှိန်း အရသာကို မကြိုက်တာ။

အရက်က အဖေလည်း မရှိ၊ ကားသမားဘ၀လည်း ရောက်တော့မှ တကယ်သောက်ဖြစ်တော့တာဗျ။ အဲဒါတော့ အဲဒီ့အပိုင်းကျတော့မှ ရေးပါတော့မယ်။

အဲဒီ့ဆိုရှယ်လစ်ခေတ်ကြီးမှာ ဖျစ်ဖျစ်မြည်အောင် ကောင်းခဲ့တာထဲမှာ ဒူးယားစီးကရက်လည်း ပါတယ်။ နောက်ပိုင်း ၁၉၈၀ ပြည့်လွန် နှစ်လယ်လောက် ရောက်တော့မှ ဒူးယားတွေလည်း ဘ၀ပျက်တော့တာ။ အစီခံ ကျွတ်ထွက်လို ကျွတ်ထွက်၊ အလိပ်ပြေတွေ ရောင်းလိုရောင်းနဲ့ ဖြစ်ချင်တိုင်း ဖြစ်ကုန်ပါတော့တယ်။ သို့ပေမယ့် ရမ်(မ်)နဲ့ အာမီရမ်(မ်)၊ တင်လဲဖြူ၊ အရက်ဖြူများကတော့ စံချိန်မီဆဲပါပဲ။

မန္တလေးမှာ ပျော်လိုက်တာ

ကျွန်တော် ဆယ်တန်း ပထမနှစ် ဖြေနေဆဲလား၊ ဖြေပြီးစမှာလား မသိဘူး၊ ဦးကြီးကိုကို လာလည်တယ်။ သူ့နှမ သူလွမ်းလို့ပဲလားတော့ မသိဘူး။ အဖေနဲ့ နေရတာဆိုတော့ မန္တလေးနဲ့က အဆက်ဖြတ်ထားသလို ဖြစ်နေတာလေ။ အဖေက အမေ့ကို အမျိုးတွေနဲ့ ပတ်သက်စေချင်တာမှ မဟုတ်တာကိုး။ ဒါပေမယ့် ဦးကြီးကိုကို ရောက်လာတော့လည်း ဘာမှ မဖြစ်ပါဘူး။

ဒါမှမဟုတ် ဖြစ်ကြသလားတော့ မသိဘူး။ အဲဒီ့မှာ အဖေနဲ့ အမေနဲ့ ကွဲကြကွာကြမယ် ဖြစ်ပါရောလား။ နောက်ဆုံးမှာတော့ အမေက ကားယူပြီး မန္တလေး ပြန်မယ် ဖြစ်ပါရော။ ဦးကြီးကိုကိုကလည်း အဖေ့ကို သိပ် ကြည့်ရပုံမပေါ်ဘူး။ အဲတော့လည်း ယာဉ်မောင်းတစ်ယောက်ရှာပြီး ကျွန်တော်တို့ တူဝရီး သားအမိ သုံးယောက်သား မန္တလေးကို သွားကြသည်ပေါ့။

ကျွန်တော်လား။ ပျော်တာပေါ့ဗျာ။ အဖေနဲ့မှ မနေချင်တာ။ အဖေနဲ့ နေနေရတဲ့ ဘ၀ကို စိတ်ညစ်တာက ဘာနဲ့မှ မတူဘူး။ အခုဆို အိုခေပြီပေါ့။

အိုက်လိုနဲ့ မန္တလေးကို ရောက်သွားတယ်။ မန္တလေးရောက်တော့ အမေက ဂစ်ထာတစ်လုံး ၀ယ်ပေးတယ်။ ပျော်စရာက ပိုကောင်းသွားပြီ။ ၈၁ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြားက ဂစ်တာဆိုင်လေးမှာ ဦးကြီးကိုကို လိုက်ဝယ်ပေးတာပါ။ ကျပ် ၆၀ လား ပေးရပါတယ်။ ကျွန်တော့်ဘာသာ စမ်းစက်တီးကြည့်ပြီး ၀ယ်လာတာပေါ့။ ဂစ်ထာခေါ့(ဒ်)တွေ ပါတဲ့ စာအုပ်ကလေး တစ်အုပ်လည်း တစ်ခါတည်း ၀ယ်လာတယ်။ တီးပါပြီ တဗျန်းဗျန်း။

တကယ်တော့ ကျွန်တော်က ဂစ်ထာတီးဖို့ထက် သီချင်းဆိုဖို့ကို ပိုအားသန်တာ။ သည်တိုင်း အလွတ် အော်နေလို့က တယ်ဟန်မကျဘူး။ ဂစ်ထာလေးနဲ့ကျတော့ တင့်တယ်တာပေါ့လေ။

လားရှိုးသိန်းအောင် သီချင်းတွေက ကျွန်တော့် အသည်းစွဲတွေပဲ။ ပန်းဘုရင်မလေး၊ စပယ်ည၊ လယ်သူမလေး မောင့်ချစ်သူ၊ လွမ်းဘွယ်။ စိန်လွင့် သီချင်းတွေ ဖြစ်တဲ့ နွေကျောင်းပိတ်ရက် မလိုချင်ပါ၊ ရှမ်းစကား မတတ်တော့ ခက်တယ်၊ တက္ကသိုလ်အေးမောင်ရဲ့ မူယာမာယာ မိရွှေညာ၊ ကားပြာလေးကို မျှော်ရတယ်၊ အသက်မက ချစ်ရသူလေးရယ် အစချီ သီချင်းတွေလည်း တကြော်ကြော်ပေါ့။ ကျွန်တော့် အသံလုံးနဲ့ သိပ်မကွာတဲ့ အဆိုတော်တွေရဲ့ သီချင်းတွေ ဆိုဖြစ်တာပါ။

မန္တလေးမှာ ဦးကြီးကိုကိုက ကျွန်တော့်ကို ကားမောင်း သင်ပေးပါတယ်။ တကယ်တော့ မခက်လှပါဘူး။ ကျွန်တော့်အကျင့်က ကျွန်တော်စိတ်ပါပြီဆိုရင် ဘာကိုမဆို တစေ့တစောင်း အကဲခတ်ကြည့်နေတတ်တယ်။ အဲတော့လည်း ကားမောင်းတာကို အမြင်နဲ့ တော်တော် တတ်ပြီးသား ဖြစ်နေတယ်။ တကယ် တက်မောင်းတဲ့ အခါကျတော့ နှစ်ရက် သုံးရက်နဲ့ တတ်သွားပါတော့တယ်။

မန်းရာပြည့်ကွင်းထဲမှာ သွားသွားသင်ခဲ့ရတာကို မှတ်မိနေပါသေးတယ်။ အဲတုန်းက သင်ပေးတာ ကိုဘိုဘို ဆိုတဲ့ ဦးကြီးကိုကိုရဲ့ မိတ်ဆွေလေးလားတော့ မသိဘူး။ ကိုဘိုဘိုက အဲတုန်းက ဈေးချိုက နဂါးဆေးလိပ် အရောင်းဆိုင်မှာ ဆိုင်တာဝန်ခံ လုပ်နေတယ်နဲ့ တူတယ်။

မန္တလေးအိမ်မှာက ကားထားစရာ နေရာက သီးသီးသန့်သန့် မရှိဘူး။ လူဝင် လူထွက်၊ စက်ဘီးလောက်ပဲ သွင်းနိုင်တဲ့ မြောင်းကူး တံတားလေးပဲ ရှိတယ်။ ကားထားမယ်ဆိုရင် ၀င်ပေါက်ကို ပြင်ရဆင်ရမယ်။ ပြီးတော့ အိမ်ဘေး မြေကွက်လပ်မှာ ထားရမှာ။ အမိုးအကာလည်း မရှိဘူး။

ဒါနဲ့ ဆိုင်းတန်းရပ်က ကိုနိုင် အရင်နေခဲ့တဲ့အိမ်မှာ ထားရတယ်။

ဘ၀တစ်ကွေ့ ခဏတွေ့ခဲ့၊ ခင်ခဲ့ရဖူးသူ

ကိုနိုင်ဆိုတာက အမှတ် ၉ မှာ နေတုန်းက ကျွန်တော့်ကို ညီအရင်းလို ချစ်ပြီး သူ့အိမ် ခေါ်ခေါ်သွား၊ အမဲသားဟင်းနဲ့ ထမင်းတွေ ကျွေးတတ်တဲ့ အစ်ကိုကြီး ကိုနိုင်ထူးအောင်။

ချော်တော နည်းနည်း ငေါ့လိုက်ဦးမယ်။

အဲဒီ့ ကိုနိုင်က မိဘ (ကျွန်တော်ထင်တယ် အဖေ) ရှိသေးတယ်။ ဒါပေမယ့် အဒေါ်က သူ့ကို မွေးစားထားတာ။ သူ့အဒေါ်က လည်လည်ပတ်ပတ် ရှိတယ်။ အစတုန်းကတော့ ဆိုင်းတန်းရပ်ထဲမှာပဲ နေတာပေါ့။ ကျွန်တော် မန္တလေးနဲ့ ပြတ်သွားချိန်မှာ သူ့အဒေါ်ရဲ့ စီးပွားရေးက ဒီရေအလား တစ်ဟုန်ထိုး တိုးတက်လာတယ်။ မြို့လယ် မျက်နှာကြီးတွေ နေရာ အရပ်မှာ တိုက်ဝယ်လိုက်တယ်။ ကိုနိုင်လည်း အဲဒီ့ကို ပါသွားတာပေါ့။

ကိုနိုင်က တကယ်က စစ်ဗိုလ်လုပ်ချင်တဲ့သူ။ တစ်ဖက်ကလည်း သူက ကျောင်းစာမှာ ချွန်ချင်တယ်။ ဒါ့ကြောင့် ဆယ်တန်းမှာ သူ့စိတ်ကြိုက်အမှတ် မရနိုင်ရင် အအောင်မဖြေဘဲ ခြစ်ခြစ်ချခဲ့တာ ဘယ်နှနှစ်လဲ မသိဘူး။ ကျွန်တော့် စိတ်ထင် အနည်းဆုံး ၄ နှစ်လောက် ဖြစ်မယ် ထင်တယ်။ နောက်ဆုံး သူ စိတ်တိုင်းကျတဲ့ နှစ်မှ ဖြေတော့ တကယ်လည်း အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့ပါတယ်။ ဗိုလ်သင်တန်းတက်ဖို့က အသက်က ကောင်းကောင်း လွန်သွားပြီ။ အဲဒီ့မှာတင် သူက ရန်ကုန် စက်မှု တက္ကသိုလ်ကို တက်ပါတော့တယ်။

ကျွန်တော် ကိုးတန်း၊ ဆယ်တန်းမှာ သူ ရန်ကုန် စက်မှုကို ရောက်လာတော့ ကျွန်တော့်ဆီ လာရှာပါတယ်။ ခက်တာက အဖေက သူ့ကို သိပ်ကြည့်မရပြန်ဘူး။ အဖေကတော့ အဲလိုပါပဲ၊ ကျွန်တော့် သူငယ်ချင်းတွေထဲက ဘိုနီ့ကိုလည်း ကြည့်မရဘူး။ သူ ကြည့်ရတဲ့ သူငယ်ချင်းဆိုလို့ ကျွန်တော်တို့လမ်းထဲက သူ့သူလျှို ပေါက်ဖော် တစ်ကောင်ပဲ ရှိမယ် မှတ်တယ်။

အဲဒီ့ကောင် ပေါက်ဖော်က ကျွန်တော်တို့နဲ့ တစ်လမ်းတည်း နေတာ။ ကျွန်တော့်ကို ခင်မင်သယောင်နဲ့ စွတ်ပေါင်း။ အတင်းကပ်၊ အတင်း မြှောက်ပေး၊ ပြီးတော့မှ ကျွန်တော် လုပ်သမျှ၊ ပြောသမျှ အဖေ့ဆီ အကုန် သံတော်ဦးတင်တဲ့ နွား။

ထားပါတော့။ ကိုနိုင့်ခမျာ အဖေ မကြည်မှန်း ရိပ်မိရှာတော့ အိမ်ပေါ်မှာ ဘယ်တော့မှ မထိုင်ဘူး။ သူလာရင် ကျွန်တော့်ကို အကြောင်းကြားပြီး လမ်းထိပ်က စောင့်တယ်။ ကျွန်တော်က သွားတွေ့၊ လက်ဖက်ရည်ဆိုင်လေး ဘာလေးထိုင်၊ လေပန်းပေါ့။ အဲတုန်းက အဖေ့လက်အောက်မှာ ပြားဝပ်နေတဲ့ ကျွန်တော့်ဘ၀ကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေပုံရတဲ့ ကိုနိုင့်မျက်နှာကို အခုမှ တရေးရေး ပြန်မြင်လာတယ်။ သူက ဘာမှတော့ မပြောရှာပါဘူး။

မန္တလေးကို အဲဒီ့အချိန်က ရောက်တော့ ကျွန်တော်က ကိုနိုင့်အိမ်မှာ အနေများတယ်။ များဆို သူ့အိမ်မှာက ရေလောင်းအိမ်သာနဲ့မို့ဗျ။ ရန်ကုန်မှာ အသားကျနေတော့ အိမ်က တွင်းအိမ်သာကြီးကို ကျွန်တော် မခံစားနိုင်တော့ဘူး။ ဒါနဲ့ ကျွန်တော်လည်း ကိုနိုင့်အိမ်မှာ အနေများတော့တာပါ။

ကိုနိုင့်အပေါင်းအသင်းတွေ တစ်ပုံကြီးကြားမှာ ဟေးလားဝါးလားနဲ့ တအားပျော်ပေါ့။ အဲဒီ့အချိန်က တကယ် ပျော်ခဲ့တာပါ။ မိုးမမြင် လေမမြင်လို့တောင် ပြောလို့ရတယ်။

ကိုနိုင့်ဘ၀ ကံအထဆုံး အချိန်လို့လည်း ဆိုနိုင်မယ်။ စက်မှုတက္ကသိုလ်ကျောင်းသား၊ အဒေါ်ကလည်း သိပ် စီးပွားတက်နေတဲ့ အချိန်ဆိုတော့ မန္တလေးမြို့မှာ ဂျစ်ကား တ၀ီဝီနဲ့ ကိုနိုင်တို့ တကယ်လျှမ်းနေချိန်ပေါ့ခင်ဗျာ။ တစ်အိမ်လုံးကလည်း သူပြောသမျှ အဟောဝတပဲ။ မြကို စိန်ရံထားတဲ့ လက်စွပ် တ၀င်းဝင်းနဲ့။ မန္တလေးက သမီးရှင်တွေ မျက်စိကျတဲ့ သူဌေးတူ စက်မှုတက္ကသိုလ် ကျောင်းတော်သားကြီးပေါ့။

လူကလည်း အဆိုကောင်း၊ အပြောကောင်း။ တကယ့် မန္တလေးသား စတိုင်ပဲ။ ဟန်ပန်ကို မှန်းကြည့်ချင်ရင် ကွယ်လွန်သူ မင်းသားကြီး ဇော်ဝမ်းရဲ့ အမူအရာနဲ့ တိုင်းထွာကြည့်လို့ ရလောက်ပါတယ်။

ဒါပေမယ့် ဘ၀ဟာ သိပ်အံ့သြစရာ ကောင်းတယ်။ ဒါမှမဟုတ် အမျိုးသမီးတွေရဲ့ စိတ်ဟာ အံ့သြစရာ ကောင်းလှတယ်လို့ပဲ ဆိုရမလား မသိဘူး။

ကိုနိုင့်ကို အသားကုန် မြှောက်စားတုန်းက အိမ်ရှေ့မင်းသားတစ်ပါးအလား မြှောက်စားခဲ့တဲ့ သူ့အဒေါ်ဟာ ကိုနိုင်လည်း သူကြိုက်တဲ့ မိန်းမ သူ့ဘာသာ ရွေးချယ်ပြီး ယူလိုက်ရော သူ သဘောမတူနိုင်တာလေး တစ်ချက်နဲ့ ပစ်ထားလိုက်တော့တာများ တစ်ချိန်က သူဌေးရပ်ကွက်မှာ လျှမ်းခဲ့တဲ့ ကိုနိုင့်ခမျာ ဆိုင်းတန်းရပ်က ဖြစ်ကတတ်ဆန်း အိမ်လေးပေါ်မှာ ချို့ချို့ငဲ့ငဲ့၊ စိတ်လက်မချမ်းမသာနဲ့ ဘ၀ဇာတ်သိမ်းသွားခဲ့ရရှာပါတယ်။

ဖြစ်ကတတ်ဆန်း အိမ်လေးလို့ ပြောရတာက ကျွန်တော် မန္တလေးမှာ ကျောင်းတက်တုန်းက သူတို့ နေခဲ့တဲ့ ပျဉ်ထောင်အိမ်ကြီးက မန္တလေးရဲ့ အကျော်ဇေယျ မီးထဲပါသွားတဲ့နောက် သူ့အဒေါ်က မြေနေရာ မပျောက်အောင်သာ စတိ ပြန်ဆောက်ထားတဲ့ အိမ်ဖြစ်နေလို့ပါပဲ။

နောက်တစ်ချက်က သူ့အဒေါ်က ဘယ်ကဲ့သို့ မြှောက်စားလိုက်သလဲတော့ မသိဘူး။ စက်မှု ပညာနဲ့ စက်မှုဘွဲ့ကို ပိုင်ပိုင်နိုင်နိုင် ရယူထားတဲ့ ကိုနိုင်ဟာ သူ့အဒေါ်ကလည်း သူ့ကို ခါထုတ်လိုက်ရော၊ စိတ်ဓာတ်တွေသာ အကျကြီး ကျရင်း ဘာအလုပ်မှ မလုပ်တော့ဘဲ ဖြစ်သလို နေသွားရင်းက ဘ၀ကို အရှုံးပေးသွားတယ်လို့တောင် ဆိုနိုင်ပါတယ်။

တော်တော့်ကို သံဝေဂ ယူထိုက်တဲ့ ဖြစ်ရပ်ပါပဲ။

ကျွန်တော့်ခမျာ မန်းရွှေမြို့မှာ မအားနိုင်ရှာ

ကျွန်တော်တို့ သားအမိ မန္တလေးကို ပြေးခဲ့ကြတဲ့ အခေါက်မှာတော့ ကိုနိုင် ခေါင်းချသွားတဲ့ အဲဒီ့အိမ်နေရာမှာ အမေ့ကားကို ထားခဲ့ရပါတယ်။ ထားဆို အဲဒီ့မှာ ဂိုဒေါင်လေးတစ်ခုက အသင့်ရှိနေလို့ပါ။ အဲဒီ့အချိန်က အဲဒီ့ အိမ်မှာ နေနေသူတွေကတော့ ကိုနိုင့် အစ်မပဲလား သေချာ မမှတ်မိဘူး

လစ်ပြီဆိုတာနဲ့ ကျွန်တော်က အဲဒီ့ကားကို အမေတို့၊ ဦးကြီးကိုကိုတို့ မသိအောင် ထုတ်မောင်းပါတယ်။

မှတ်မိသေးတော့တယ်။ ကိုနိုင့် သူငယ်ချင်းတွေ တစ်အုပ်တစ်မနဲ့ ကျွန်တော်တို့တွေ စစ်ကိုင်းသွားကြတော့ ကျွန်တော်က အပျော်လွန်ပြီး ကားဘောနက်ပေါ် တက်ထိုင်ပြီး ဟေးလားဝါးလား လုပ်ပါတယ်။ ကိုနိုင်က မောင်းတယ် ထင်ပါရဲ့။ ကောင်းကောင်း မမှတ်မိတော့ဘူး။

မှတ်မိတာကတော့ မြစ်ဆိပ်အဆင်း လမ်းတစ်နေရာမှာ ကျွန်တော်တို့ ကားအလာကို လမ်းဘေး ကပ်ပြီး ရှောင်ပေးတဲ့ အမယ်ကြီးတစ်ယောက်က ကျွန်တော့်ကို ကြည့်ပြီး ရေရွတ်လိုက်တဲ့ စကားပါပဲ။ ကျွန်တော့်နားနဲ့ကို ဆတ်ဆတ်ကြားလိုက်ရတာ ဖြစ်တဲ့အပြင် ကားပေါ်ပါတဲ့ ကိုနိုင်တို့ တစ်ဖွဲ့လုံးလည်း ကြားလိုက်ရပါတယ်။

အဲဒီ့ အမယ်ကြီး ကျွန်တော့်ကို မြင်ပြီး ရွတ်လိုက်တဲ့ စကားကတော့ခင်ဗျာ… ဟုတ်ကဲ့… “သြော်… သေတယ်ဆိုတာ ဒါမျိုးနေမှာ…”ပါတဲ့ ခင်ဗျား။

ကျွန်တော်တို့ ဇက အဲသလို။ အရပ်က သြဘာပေးရလောက်အောင် ကဲချက်ကတော့ ကမ်းကုန်ပါပဲ။

အဲဒီ့အချိန်က မန္တလေးမှာ ကျွန်တော် ပျော်တဲ့အထဲ ကိုနိုင်သာ မကပါဘူး။ ချစ်သူ့ရင်ခွင် ရှာပုံတော်ထဲက “မမ (မန္တလေး)”ကို သွားသွား ညှော်ရတာလည်း သိပ်ပျော်စရာ ကောင်းခဲ့ပါတယ်။

ချစ်သူ့ရင်ခွင်ထဲမှာ ရေးပြီးသားပေမယ့် မဖတ်ရသေးတဲ့သူတွေအတွက် အတိုချုပ် ပြန်နှူးရရင် အဲဒီ့မမရဲ့ဆိုင်က မမသန်းတို့ ဆိုင်နဲ့ မလှမ်းမကမ်းမှာ ရိပါတယ်။ မမသန်းရဲ့ မောင်လေးအနေနဲ့ ကျွန်တော့်ကို အလိုက်အထိုက် ဆက်ဆံနေတာ၊ ဘယ်ရမတုံး၊ မိန်းမမြင်ရင် မနေနိုင်တဲ့ ရောဂါအရင့်အမာနဲ့ ကျွန်တော်ဟာ သူ့ဆီ သွားသွား ကြောင်တော့တာပေါ့ဗျာ။

ဆိုင်တင် သွားကြောင်တာ မဟုတ်ဘူး။ အိမ်အထိပါ လိုက်ကြောင်သေးတာ။ ကျွန်တော် မျက်နှာရူးပဲ၊ ဘယ်နေပါ့မလဲနော်။

သူကလည်း မန်းသူပီပီ ၀င်းဦးဆို အသည်းစွဲ။ အဲတော့ သူ့ဆီမှာ ၀င်းဦးရဲ့ စန္ဒာမဂ္ဂဇင်း အတွဲ ၁ အမှတ် ၁ ကနေ နောက်ဆုံးထုတ်အထိ အပြည့်အစုံ ရှိတယ်။ အဲဒါ သွားသွားငှားဖတ်ရင်း သူ့ဆီ ရောက်နေတာ။ အိမ်မှာက အဲဒီ့အချိန်မှာ ဦးကြီးကိုကိုရဲ့ စက်ဘီးကလည်း ရှိနေပြန်တော့ အဲဒီ့ စက်ဘီးကလေးနဲ့ မမ နေထိုင်ရာ ရွှေပြည်ရပ်ကို နှင်ရတာပေါ့ ခင်ဗျာ။

စာကလည်း တအားဖတ်နေချိန်ဆိုတော့ စန္ဒာမဂ္ဂဇင်းသာ မကပါဘူး၊ ၈၁ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားလား၊ ၂၃ လမ်းနဲ့ ၂၄ လမ်းကြားလား၊ သေချာမမှတ်မိတော့တဲ့ စာအုပ်အငှားဆိုင် တစ်ဆိုင်က စာအုပ်တွေလည်း ၀ါးစားသလိုကို ဖတ်နေခဲ့တာပါ။ ၀တ္ထုတွေပေါ့။ တက္ကသိုလ်တင်မြင့်ဆို သိပ်ကြိုက်ပဲ။ သူ့ပင်တိုင် ဇာတ်ကောင် လေးလေးမြင့်ဆို ကျွန်တော့်မျက်စိထဲမှာ အတော့်ကို လှတာ။ အောင်ကျော်ကျော်တို့၊ လူအောင်တို့လို စာရေးဆရာတွေပါ မကျန် ဖတ်နေတဲ့အခိုက်ပေါ့။ မောင်မောင်မြင့်လွင်ရဲ့ အဖွဲ့အနွဲ့တွေလည်း လွှတ်သဘောကျ။

ကျွန်တော့်မှာ တစ်နေ့တစ်နေ့ အားကို မအားရဘူး။ ကိုနိုင်၊ ဈေးချို၊ စာအုပ်တွေ၊ ဂစ်ထာ၊ သီချင်း။ ၀တ္ထုတွေလည်း ရေးဖြစ်နေတယ်။ တစ်ပုဒ်မှတော့ အဆုံးမသတ်နိုင်ပါဘူး။ ဒါပေမယ့် ရေးတာကတော့ ရေးဖြစ်တာပေါ့။ ကဗျာတွေလည်း တစ်နေ့တစ်ပုဒ် မဟုတ်တောင် သုံးရက် တစ်ပုဒ်လောက် ရေးဖြစ်တယ်။ အချစ်အလွမ်းတွေပေါ့ဗျာ။

အဖေနဲ့များ ကွာပါ့

အဲဒီ့အခိုက်အတံ့မှာ ဖြစ်တာ တစ်ခုရှိသေးတယ်။

ကျွန်တော်က ဆေးလိပ်ကို အဲဒီ့အချိန်မှာ အတော်စွဲနေပြီ။ မသောက်ရ မနေနိုင်သလောက် ဖြစ်နေပြီ။ အိမ်မှာကျတော့ ခံတွင်းက တအားချဉ်တတ်နေပြီ။ အဲတော့ ညအိပ်ရာ ၀င်ချိန်၊ အကုန်လုံး မီးပိတ် အိပ်ကုန်ပြီဆိုရင် ခိုးသောက်တော့တာ။

တစ်ညသားမှာ ကျွန်တော် ဆေးလိပ်သောက်လို့ ကောင်းနေတုန်း အခန်းမီးက ဖျတ်ခနဲ လင်းလာတယ်။ ဦးကြီးကိုကိုက စောင့်ဖမ်းတာပါ။

ကျွန်တော့်ဖြင့် ပျာသွားတာပဲ။ အဖေ့လိုသာဆို ဘယ်ပြောကောင်းမလဲ၊ အသေ အဆော်ခံရတော့မှာလေ။

ဒါပေမယ့် ဦးကြီးကိုကိုက အေးဆေးပါ။

“မင်းလည်း ထိုက်သင့်တဲ့ အရွယ် ရောက်တန်သလောက် ရောက်နေပြီပဲ၊ ခိုးမသောက်ပါနဲ့ကွ။ မီးမီးထင်းထင်း စိတ်ပူရတယ်။ ဗြောင်ပဲ သောက်ပါမောင်ရာ…”တဲ့။

မေမေ့ရှေ့မှာဆိုတော့ တရားဝင် ပါမစ်ကျသွားတော့တာပေါ့။

အဲတော့လည်း မန္တလေးမှာ နေနေရတဲ့ အဲဒီ့အချိန်က ကျွန်တော့်ဘ၀ဟာ တကယ့်ကို မိုးမမြင် လေမမြင် ပျော်စရာ ကောင်းနေတော့တာပေါ့။

သည်အပိုင်းမှာ ပြောကြတာ

  • Oakker Seithu ဘီအီးဒီစီက သိပ်ကောင်းတယ်လို့ တစ်နေ့က မန္တလေး FM မှာ ဆရာမျိုးမြတ်သူနဲ့ ဆရာကြွက်(ဘယ်သူလည်းမသိဘူး) တို့ ပြောနေတာ ကြာလိုက်ရတယ်။ ယမကာ စကားဝိုင်းဆိုပြီး ပြောလိုက်ကြတာ။ 😀 ဆရာမောင်သော်ကတွေရော ချစ်ဒုက္ခ ဦးဘညွန့်တွေရော စုံလို့ပဲ။

    ခုခေတ်မှာတော့ အဲလိုမရှိတော့ဘူးလို့ ပြောတယ်။ 🙂

    ATK ကြွက်ဆိုတာ သိမ်းတင်သားဆိုတဲ့ နာမည်နဲ့ စာရေးတဲ့ ကိုကြွက်နီ။ ထူးအိမ်သင်ရဲ့ ဘော်ဒါ အရင်းခေါက်ခေါက်။ အပေအတေ။ ချစ်စရာလည်း အင်မတန် ကောင်းတဲ့သူ။
    Oakker Seithu ဟိုးအရင်တုန်းက ပစ္စည်းတွေက သိပ်ကောင်းခဲ့တယ်ထင်တယ်ဆရာ။ နောက် ဆရာပြောဖူးးတဲ့ ရေခဲသေတ္တာဆိုတာလည်း မြန်မာပြည်လုပ်ပဲထင်တယ်။ National တံဆိပ်လို့ ထင်တယ်ဗျ။

    ခုခေတ်ကတော့ မြန်မာလုပ်ဆို အိမ်ခင်းတဲ့ ကြွေပြားတောင်မကောင်းဘူး 😀

    Baby Shwe Piguet ချဲ့မနေပါနဲ့ ရှင့်ဆေးလိပ်ဋီကာ၊ လူကြုံနဲ့ထဲ့ပေးပါ့မယ်။ 🙂
    ATK ကျေးဇူးဘာ မမဂျီး။ ပါရီက ဘယ်လိုမှ ၀ယ်သွားလို့ မရတာနဲ့ မဒရစ်ကျမှ စပိန် ဆေးလိပ်ဝယ်ရတယ်။ သူလည်း ကောင်းတာပဲခည 🙂
    Mai Xinh Dep ဆရာ့စာထဲမှာ ဖတ်ရလို့ ဆေးပြင်းလိပ်တွေ ဟိုတလောက ကြည့်တာ တစ်လိပ်ကို ဒေါ်လာငါးရာလောက်ရှိတယ်နော်။ အံ့ရော။ ဈေးကြီးထှာ။
    ATK သြော်…. တမီးဂလေးဂ ဒယ့်ဂို ၀ယ်လာပေးမို့ရားးးး အားနာဇာဂျီး(စ်) 🙂
    Mai Xinh Dep ၀ယ်ပေးချင်ထှာ။ တကယ်။ ဒါပေမဲ့ ငါးရာတောင်။
    ATK အိုက်လိုလေး ပြန်ရေးဖော်ရတာနဲ့ကို ကျေးဇူးဒေ လှိမ့်တင်နေဘာဘီအေ
    Mai Xinh Dep ဒယ် ဈေးတော်တာလေး ပြောင်းကြိုက်ပါလား 😛 ချိစ်ဆိုလဲ ဈေးကြီး အပြာရောင် လေဘယ်ကလဲ ဈေးကြီး
    ATK အယ်… အပြာရောင် မမက်ပါဝူးအေ။ စွေရောင်လောက်ဆို ချိုးပု(စ်) 😀  လဂါး ပြောဒါနော်။ ဘာဆိုဘာမှ ခေါင်းထဲမထည့်ပါနဲ့။ ဒယ့်ဘ၀က ပြည့်ဇုံဘာဒယ်။ အခု တောင်ဂျီးက ဆန်အရက် တောက်နေဒါ။ ပန်းသီးလေးနဲ့ ချိ(စ်)လေးနဲ့။ 😀
    Mai Xinh Dep noted ဒယ်။ ဒယ် ၀က်ဆီဖတ်ကြိုက်လား။ ဗျက်နမ်မှာတွေ့ရင် ၀ယ်လာခဲ့မယ်။ ငရုတ်သီးနဲ့ကြော်ထားတာ ကျွတ်နေတာပဲ။ Mai Xinh Dep ရွှေရောင်ကိုတော့ ဈေးကြည့်လိုက်ဦးမယ်။ ဈေးမကြီးရင် ၀ယ်လာမယ်။ 😀
    ATK အဲ… ၀က်ဆီဖတ်လည်း ကြိုက်လှသလေ။ အလကားပြောတာနော်။ စွေရောင်ကို မစဉ်းစားနဲ့။ သိပ်ဝယ်ချင်ရင် အနက်နှစ်ထပ်ကွမ်းလောက်ဆို အိုစခေ။
    Mai Xinh Dep noted 
    Thet Mar တက္ကသိုလ် မောင်အောင်ဆွေ ဆိုတာ ကောမှတ်မိလား စုစုလှိုင် ဆယ့်ခြောက်နှစ် ရေးတာ လေ ရှိသေး ရေးသေးလား ငယ်ငယ်ကသိတ် ကြိုက်ခဲ့တာ
    ATK မှတ်မိတယ်။ အသံမကြားမိတော့တာလည်း ကြာပြီ။

 

အဟောင်းထဲက အစုတ်တွေ – ၁၀

၂၀၁၇ ခုနှစ် မေလ ၂၇ ရက်

မျောက်လောင်းလည်ပြန်

ကိုင်း… ဆယ်တန်း ပထမနှစ်ဆီ ပြန်သွားလိုက်ကြပါဦးစို့။

အဲဒီ့ ဆယ်တန်းပထမနှစ်မှာ မှတ်မိနေတာက တစ်ခုတည်း ရှိတယ်။ အဲဒါကတော့ ရွှေတိဂုံဘုရားလမ်းမှာနေတဲ့ အတန်းဖော် သူငယ်ချင်းတစ်ယောက်နဲ့အတူ မြေနီကုန်းက နာမည်ကျော်ဆရာရဲ့ သင်္ချာကျူရှင်ကို သွားတက်ကြတာပဲ။

အဲဒီ့သူငယ်ချင်းရဲ့ အဖေက ပေါက်ဖော်ကြီး။ ပေါက်ဖော်ကြီးမှ အိမ်မှာနေရင် ဘောင်းဘီတိုနဲ့ စွပ်ကျယ်လက်ပြတ်နဲ့ နေတဲ့ ပေါက်ဖော်ကြီးပါ။ သူ့အမေကလည်း ပေါက်ဖော်သွေး တစ်ဝက်မက ပါတဲ့ ပေါက်ဖော်မကြီးပါပဲ။ အဲတော့ သူငယ်ချင်းကလည်း ပေါက်ဖော်သွေး အပြည့်နဲ့ပေါ့။ အသားက ဖြူရုံတောင် မကဘူး၊ နီစပ်စပ်တောင် ဖြစ်နေတယ်။ မျက်နှာကျကလည်း တကယ့် ပကတိ ပေါက်ဖော်မျက်နှာကျ။

သည်ကောင်က အမြဲတမ်း သပ်သပ်ရပ်ရပ် နေတယ်။ ဆယ်တန်းကတည်းက သူက သပ်သပ်ရပ်ရပ်။ အဲဒီ့ခေတ်က မော်လမြိုင်မှောင်ခိုက ၀င်တာလား၊ ဒါမှမဟုတ် အိန္ဒိယမှောင်ခိုက ၀င်တာလား မသိဘူး။ အင်မတန်ပူတဲ့ အသားနဲ့ လုပ်ထားတဲ့ ပုဆိုးတွေ ၀င်တယ်။ ဘာသားခေါ်လဲ မမှတ်မိတော့ဘူး။
သေချာတာကတော့ တော်တော့်ကို ပူပြီး အနံကြီး ကွင်းကျယ်တွေ လာတာ။ ပလေကတ် ပုဆိုးကွင်းတွေက အပြာရောင်တွေများသလောက် အဲဒီ့ပုဆိုးတွေကတော့ အညိုတွေဗျ။ ၀တ်ရတာ လေးလည်းလေး၊ ပူလည်းပူမို့ ကျွန်တော် ဘယ်တော့မှ မ၀တ်ဘူး။

သူငယ်ချင်းက အဲလိုပုဆိုးကို ကျကျနန သပ်သပ်ရပ်ရပ်ဝတ်တယ်။ သူ့ဆံပင်ပျော့ပျော့ကလည်း ပုံကျကျ သပ်သပ်ရပ်ရပ်။ လူကလည်း အင်မတန် အနေအေးတယ်။ ကျွန်တော်နဲ့တော့ တအားကို ခင်ပါတယ်။

ကျူရှင်ချိန်ရောက်ရင် ကျွန်တော်က သူ့အိမ်ကို ခြေလျင်လျှောက်သွား၊ သူ့ကို ၀င်ခေါ်ပြီး အမှတ် ၈ ကားကြီးစီး၊ ပြီးတော့ ကျူရှင်သွားကြပေါ့။ တစ်ခါတလေ စောနေရင် သူ့အိမ်ရှေ့ လူသွားစင်္ကြမှာ ထိုင်ပြီး လေပစ်ကြပေါ့။

ကျွန်တော့် ဗလွတ်ရွှတ်တ

တစ်ရက်ကျတော့ ကျွန်တော်တို့ ကျူရှင်က အပြန်မှာ ဘတ်(စ်)ကားပေါ်ကို ရှာဖွေရေးတွေ တက်လာကြတယ်။ အရပ်ဝတ်တွေနဲ့။

အဲဒီ့ခေတ်က ဘာမှန်း မသိဘူး။ အခုထက်ထိလည်း အဲဒီ့အကျင့်က သိပ်ပျောက်ချင်သေးတာ မဟုတ်ဘူး။ လူတွေကို တမင်သက်သက် ကျီးလန့်စာစား မဖြစ်ဖြစ်အောင် လုပ်ကြံဖန်တီးနေသလိုသာ ခံစားရတယ်။ ကားတွေကို ရပ်ပြီး တောင်စစ် မြောက်စစ် လုပ်တာ ပြောပါတယ်။ တစ်ခါမှလည်း သူတို့ ပြောတဲ့ ဖောက်ခွဲရေး ပစ္စည်းတို့ ဘာတို့ မိတယ်ဖြင့် မကြားဖူးပါဘူး။ ပုံမှန် သွားလာနေတဲ့သူတွေကို အခြောက်တိုက် အနှောင့်အယှက် ပေးတယ်လို့သာ ခံစားရပါတယ်။

တကယ်ဆို ထောက်လှမ်းရေးတွေအနေနဲ့က သတင်းအနံ့တွေ သေချာ ရထားကြမှာပါ။ ဘယ်လိုကားမျိုးကို ရှာရမယ်ဆိုတာကို သိနေလောက်ပါတယ်။ မသိရင်လည်း ထောက်လှမ်းရေးတွေ ညံ့သပေါ့။ ကျွန်တော် သိသလောက်တော့ မြန်မာ ထောက်လှမ်းရေးတွေ အဲသလောက် မညံ့ကြပါဘူး။

ထားပါတော့ဗျာ…

အဲလိုနဲ့ ရှာဖွေရေးတွေ တက်လာပြီး ဟိုရှာသည်ရှာ လုပ်သပေါ့။ သူတို့ရှာတာကလည်း လွယ်အိတ်တွေ ဘာတွေ ဖွင့်ဖွက်ပြီး ရှာတာမျိုးလည်း မဟုတ်ဘူးဗျ။ လွယ်အိတ်ပေါ်ကနေ စမ်းတာပါ။

အဲဒီ့အချိန်က မိုးတွင်းဆိုတော့ ကျွန်တော့် လွယ်အိတ်ထဲမှာ ခေါက်ထီးတစ်လက် ထည့်ထားတာပေါ့ဗျာ။ အဲဒါကို မောင်မင်းကြီးသားများက စမ်းမိပြီး မေးတော်မူတယ်။

“ဒါကြီးက ဘာကြီးတုန်း”တဲ့။

သိချင် လွယ်အိတ်ထဲ နှိုက်ကြည့်လိုက်ပေါ့။ အလွယ်လေးဟာကို။ အဲဒါကိုမှ မေးနေတော့ ဧည့်ထောက်ခံပြီး တယ်မပြောချင်လှဘူး။ စိတ်ထဲမှာလည်း ချဉ်တင်တင်ဖြစ်သွားတယ်။ ဒါနဲ့ ပြန်ဖြေလိုက်တယ်။

“ခြောက်လုံးပြူးဗျ…”

အဲဒီ့မှာတင် ကိုယ်တော်တွေ ပြူးပြူးပျာပျာနဲ့ ကျွန်တော့်နား ၀ိုင်းလာတယ်။ ရှာနေတဲ့ တစ်ယောက်က လွယ်အိတ်ကို ခုမှ ဖွင့်တဲ့ပြီး အလောသုံးဆယ် ဆွဲထုတ်တယ်။ စမ်းမိတာနဲ့ ခေါက်ထီးမှန်း သူသိသွားမှာပါ။

“ဟာ… မင်း လူကြီးတွေကို နောက်စရာလား၊ ဘာမှတ်တုံး၊ ၀တ္တရား နှောင့်ယှက်မှုနဲ့ ဖမ်းနိုင်တယ်ကွ…”

ဘာညာသာရကာ အာဏာ ပါဝါတွေ ပြပြီး ခြိမ်းခြောက်တော့တာပေါ့။ အမှန်တော့ ရှက်ရမ်းရမ်းတာပါ။

ကျွန်တော်က မျက်နှာပိုး သေသေနဲ့ပဲ ပြန်ပြောလိုက်ပါတယ်။ အူထဲမှာတော့ ရယ်ချင်နေတာက အလိပ်လိုက်၊ အခွေလိုက်ရယ်။

“ဦးလေးတို့ကလည်းဗျာ… ဘယ်သူက ခြောက်လုံးပြူးကြီးတော့ လွယ်အိတ်ထဲ သည်တိုင်းကြီး ထည့် သယ်လာမှာလဲဗျာ။ ဦးလေးလည်း ဖွင့်ကြည့်လို့ရလျက်သားနဲ့ ကျွန်တော့်ကို မေးတော့ ကျွန်တော်လည်း ဦးလေးကို ကြည့်ပြီး ချစ်သွားလို့ စလိုက်တာပါ။ စိတ်မဆိုးပါနဲ့ ဦးလေးရာ…”

ကလေးနဲ့ လူကြီး ဖြစ်နေတော့ အဲဒီ့မောင်တွေလည်း အောင့်သက်သက်နဲ့ မြည်တွန်တောက်တီးပြီး ကားပေါ်က ဆင်းသွား။ ကားကြီးလည်း ပြန်ထွက်၊ ကားပေါ်က လူတွေလည်း တအုံးအုံး ရယ်လို့ မဆုံး။ အတူပါ ပေါက်ဖော် သူငယ်ချင်းလည်း တခွိခွိရယ်ရင်း “အတော် ပြဿနာရှာတဲ့ကောင်”လို့ ကျွန်တော့်ကို သြဘာပေးမဆုံးပေါ့။

ပေါက်ဖော် ဗိုလ်ကြီး

အဲ… အဲဒီ့ ပေါက်ဖော်သူငယ်ချင်းက နှစ်ခြင်းပေါက် အောင်သွားတယ်ခင်ဗျ။ ပြီးတော့ ဘာလုပ်တယ် မှတ်တုံး။ စစ်တက္ကသိုလ်တက်တော်မူတယ်ဗျာ။ အပတ်စဉ် ၂၀ ပေါ့။

ကျွန်တော် တားသေးတယ်။

“ဟေ့ကောင်… မင့် ပေါက်ဖော် မျက်ခွက်ကြီးနဲ့ စစ်တပ်နဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူးကွာ”

သည်ကောင် ရယ်ကျဲကျဲပဲ လုပ်နေတယ်။ အဲဒီ့ကောင်က အဲလိုပဲ၊ အမြဲတမ်း မြုံစိမြုံစိ။

“မင်း သေမှာ မကြောက်ဘူးလား”

“လူပဲ သေမှာပေါ့ကွ။ ငါက စစ်တိုက်ရတာ သိပ်ဝါသနာပါတယ်ကွ…”

တားမရခဲ့ပါဘူး။ သင်း စစ်တက္ကသိုလ်တက်သွားတော့ ကျွန်တော်နဲ့ ဝေးသွားခဲ့ပါတယ်။

နောက် လေး-ငါး-ရှစ်နှစ်လောက်အကြာမှာတော့ ပြန်ဆုံတယ်။ စစ်တိုက်ရတာ ၀ါသနာပါတယ်ဆိုတဲ့ သတ္တ၀ါက ဆေးအဆင့်ကို မကျကျအောင် ချပြီး ရန်ကုန်မှာ ကုပ်ကတ်နေတယ်။ အဆင့်က ဗိုလ်ကြီး။

တကယ်က သူ့ခြေထောက်ကို နည်းနည်းပါးပါး လျှပ်ပြီး ကျည်ဆံလား၊ ဗုံးဆံလား မသိ မှန်ခဲ့တာ။ လူတစ်ကိုယ်လုံး အကောင်းဗျ။ အဲဒါနဲ့ ကျွန်တော်က ပြောမိပြန်ရော။

“ရှေ့တန်း ပြန်သွားလေကွာ… ရန်ကုန်မှာ ဘာလုပ်နေတာတုံး… မင့်တက်လမ်းက ရှိသေးတယ်လေ…”

အဟဲ… ဆယ်တန်းအောင်ပြီး သူ စစ်တက္ကသိုလ်တက်မယ် လုပ်လို့ ကျွန်တော်တားတုန်းက စစ်တိုက်ရတာ သိပ်ဝါသနာပါတယ် ဆိုတဲ့ ကောင်ရဲ့ ပါးစပ်က ထွက်လာတဲ့ စကားက လှတယ်။ ဟောသလို….

“သေနတ်မှန်တယ်ဆိုတာ ပုရွက်ဆိတ်ကိုက်တာ မဟုတ်ဘူး၊ နာတယ်ကွ။ မသွားတော့ဘူး”တဲ့ဗျား။

သူ ရန်ကုန်မှာ ရှိနေတော့ ကျွန်တော်တို့နှစ်ယောက် ပုလင်းတူ ဘူးဆို့ပေါ့။ နေ့တိုင်းလောက်နီးနီး တွေ့ဖြစ်၊ သောက်ဖြစ်တာများ အတော်တောင် ကြာသွားတယ်။ အဲဒီ့အချိန်က ဘိုနီလည်း သောက်နေသေးတော့ တစ်ခါတစ်လေ ကျွန်တော်တို့ နှစ်ယောက်သား ဘိုနီနဲ့လည်း သောက်ဖြစ်တယ်။

အများအားဖြင့်ကတော့ သူနဲ့ အင်မတန်ခင်တဲ့ သူ့လိုပဲ သေနတ်မှန်လာတဲ့ ဗိုလ်ကြီးတစ်ယောက်နဲ့ သောက်ဖြစ်တာက များပါတယ်။ အဲဒီ့ ဗိုလ်ကြီးကကျတော့ တကယ် တိုက်ချင် ခိုက်ချင်သေးတာ။ ဒါပေသည့် သူ့ဆေးအဆင့်က ဘယ်လိုမှ မရတော့ဘူး။ မိုင်းနင်းမိထားလို့ ခြေထောက်တစ်ဖက်လုံး ပါမသွားပေမယ့် ခြေချောင်း နှစ်ချောင်းလား၊ သုံးချောင်းလားမသိ မရှိတော့တာမို့ ဆေးအဆင့် မမီရှာတော့တာပါ။

ကံဆိုးလို့ မသေ ဉာဏ်တိုးတို့ အဖေ

သူက ကျွန်တော်တို့ထက် တစ်နှစ်၊ နှစ်နှစ်လောက် ကြီးမယ်။ အဲဒီ့မောင်က ချစ်ဖို့ကောင်းတယ်။ သူ့နာမည်ကို ဗိုလ်ပိန်လို့ပဲ ထားလိုက်ပါတော့။ ဗိုလ်ပိန်က သဘောကောင်းတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ကျွန်တော်တို့ နှစ်ယောက် ဒဏ်ကို အတော်ခံရှာတယ်။

တစ်ခါသားမှာ ကျွန်တော်နဲ့ ပေါက်ဖော်မင်းသားနဲ့ နှစ်ယောက်သား ကျွန်တော့်မော်တော်ဆိုင်ကယ်နဲ့ ဘိုနီ့အိမ်ဘက်သွားကြတယ်။ မူးတာကတော့ နှစ်ယောက်စလုံး မူးနေကြပြီ။ ကျွန်တော်က မောင်း၊ သူက နောက်ကထိုင်ပေါ့။ စကားလေး တပြောပြောနဲ့ လာလိုက်ကြတာ။ ကမ္ဘာအေးဘုရားလမ်းအတိုင်း ရွှေဂုံတိုင်ကနေ မြောက်ဘက် တက်လာတဲ့အထိ အဖြောင့်။ အချိန်က ည ၈ နာရီ ကောင်းကောင်းကျော်နေပြီ။

ဘိုးဘွားရိပ်သာ အကျော်လေးမှာ သူ့ဆီက အော်သံကြားလိုက်တယ်။

“ဟေ့ကောင်… ရှေ့မှာ…”

သူ့စကားမဆုံးသေးဘူး။ ဘာဖြစ်သွားမှန်း မသိဘူး။ တစ်စုံတစ်ခုကို တိုက်လိုက်တာကို သိတယ်။

သိလိုက်ချိန်မှာ ကျွန်တော်က လမ်းဘေး ချောက်ထဲ ရောက်နေပြီ။ ငုတ်တုတ်ကလေး။ မှောင်မည်းလို့ရယ်။

ပေါက်ဖော်ဆီက အသံကြားရတယ်။

“အောင်သိန်းကျော်…”

“အေး… ငါ ဒီမှာ။ မင်း ဘာဖြစ်သွားသေးလဲ”

“ဘာမှ မဖြစ်ဘူး ထင်တယ်ကွ… မင်းရော…”

“အေး… ငါလည်း ဘာမှ မဖြစ်ဘူး။ အကုန် ကောင်းနေတယ် မှတ်တာပဲ…”

သူက ကျွန်တော့် အောက်တစ်ဆင့်အထိ ကျသွားတာ။ ကျွန်တော်က အလယ်မှာ။ ကျွန်တော့်အထက် တစ်ဆင့်မှာက ဆိုင်ကယ်။

ကျွန်တော်တို့လဲ လူးလဲ ထလိုက်ကြတယ်။ လက်စသတ်တော့ လမ်းဘေးက ချောက်ကို ကာပြီး အမှတ်အသား ပြထားတဲ့ အဖြူအနီကျား အုတ်တိုင်လေး နှစ်ပေသာသာလောက်ကို တိုက်ချလိုက်တာပါ။ ကျွန်တော်က တစ်ဖက်သားကို စကားပြောတဲ့အခါ မျက်နှာကြည့်ပြီး ပြောမှ အားရတတ်တယ်လေ။ အဲတော့လည်း မူးမူးနဲ့ နောက်က ကောင်ကို လည်ပြန်လှည့်ပြီး လေပေါရင်း ဆိုင်ကယ်စီးလေတော့ကာ ဖြစ်ပြီပေါ့။

ပွန်းတာ ပဲ့တာ စပ်ဖျင်းဖျင်းလောက်တော့ ရှိပေမယ့် နာတာ ကျင်တာ မရှိတော့ အရိုးတွေ ဘာတွေ ကျိုးကျက် မသွားတာ သေချာတယ်။ နာတာတော့ နည်းနည်းပါးပါး နာနေတာပေါ့။ သို့သော်လည်း အရက်ရှိန်လေးနဲ့ တစ်ကြောင်း၊ သွေးပူနေတာကတစ်ကြောင်း၊ နှစ်ယောက်စလုံး အေးအေးဆေးဆေး၊ ထော့နဲ့ ထော့နဲ့ပေါ့။ ဆိုင်ကယ်ကိုတော့ ပြန်ဆွဲတင်နိုင်လောက်အောင် အားက မရှိကြသေးဘူး။

အဲဒါနဲ့ နီးရာ အိမ်တစ်အိမ်ကို အကူအညီတောင်းပြီး ဖုန်းဆက်ရတယ်။ အဲဒီ့ခေတ်က ပါလေရာဖုန်းဆိုတာ ကြားတောင် မကြားဖူးသေးတဲ့ခေတ်။ ၁၉၈၀ ပြည့်လွန်စပေါ့။

ဗိုလ်ပိန့်ဆီ သူက လှမ်းဆက်တာပါ။ မကြာဘူး၊ ဗိုလ်ပိန်တို့ ညီအစ်ကိုနှစ်ယောက် ကားတစ်စီးနဲ့ ရောက်ချလာတယ်။

ဆိုင်ကယ်ကို ၀ိုင်းပြီး ဆွဲတင်လိုက်ကြတယ်။ ဆိုင်ကယ်က မောင်းမရတော့ဘူး။ ဒါနဲ့ ကားတစ်စီးငှားပြီး တင်ကြ၊ ဆိုင်ပို့ကြပေါ့။

ကိစ္စ၀ိစ္စလည်း ပြီးရော ဗိုလ်ပိန်က အားပါးတရ ထောမနာပြုပါတော့တယ်။

“မင်းတို့ နှစ်ကောင်… ကံဆိုးလို့ မသေတာကွ… ကံကောင်းရင် သေကို သေရမှာ…”တဲ့။

လွမ်းတယ် ဗိုလ်ပိန်

သူ ပြောမယ့်သာ ပြောတာပါ။ ကျွန်တော့် မော်တော်ဆိုင်ကယ် ပြန်ကောင်းပြီးတဲ့နောက် အတော်လေး ကြာသွားပြီး တစ်နေ့သောအခါမှာ သူ ဘယ်သွားချင်လို့ဆိုလား မသိဘူး၊ ကျွန်တော့်ကို အကူအညီတောင်းတာနဲ့ သူ့ကို ကျွန်တော့်ဆိုင်ကယ်နဲ့ လိုက်ပို့ပါတယ်။

သူ့အိမ်က သံလွင်လမ်းမှာမို့ အပြန်မှာ ကျွန်တော်က တက္ကသိုလ်ရိပ်သာလမ်းအတိုင်း အရှေ့ဘက်ကနေ အနောက်ဘက်ကို မောင်းလာပြီး သံလွင်လမ်းထဲ ကွေ့အ၀င်မှာ အရှိန်နဲ့မို့ ဘယ်ဘက်ကို စောင်းလိုက်ပါတယ်။ နောက်မှာ ထိုင်လိုက်လာတဲ့ ဗိုလ်ပိန်က ဆိုင်ကယ် ဘယ်ဘက် စောင်းအသွားမှာ ကြောက်အားလန့်အားနဲ့ သူ့ကိုယ်ကို ညာဘက် အတင်း ပြန်မတ်လိုက်ပါရောလား။

အဲဒီ့မှာတင် ဟန်ချက်ပျက်ပြီး လဲပါလေရော။ သည်တစ်ခါကျတော့ ကျွန်တော်က အောက်က၊ ကျွန်တော့်အပေါ်မှာ ဆိုင်ကယ်၊ ဆိုင်ကယ်ပေါ်မှာ ဗိုလ်ပိန်က ခွလျက်သား။

အောင်မယ်မင်းတဲ့မှ မင်း။

သည်တစ်ခါကျတော့ အရက်က တစ်စက်မှ မသောက်ထားဘူး။ နေ့ခင်း ကြောင်တောင်ကြီးရယ်။ အလွန်ဆုံးမှ နာရီပြန် နှစ်ချက်လောက် ရှိဦးမယ်။

အီသွားတာ ကျွန်တော်ပဲ။ ဘယ်လိုက ဘယ်လို ဖြစ်တယ် မသိဘူး။ လဲနေရာက ပြန်အထလိုက်မှာ စကားပြောတော့ အသံတောင် မထွက်လာတော့ဘူး။ လန့်တောင် သွားတယ်။ ကျွန်တော့် အသံလောက် နှမျောစရာ ကောင်းတာ ဘယ်ရှိပါ့မလဲနော်။ 🙂 

ငါးမိနစ်လောက်နေမှ အသံပြန်ထွက်လာတယ်။ တော်ပါသေးရဲ့။ ကျိုးတာပြုတာတော့ မဖြစ်ပြန်ပါဘူး။ ဆိုင်ကယ်လည်း သည်တစ်ခါကျတော့ သိပ်အထိနာ မသွားဘူး။

ဗိုလ်ပိန်လည်း သည်တစ်ခါတော့ “တို့နှစ်ယောက် ကံဆိုးလို့ မသေတာ”လို့ မပြောတော့ပါဘူး။

အခုတော့ အဲဒီ့ ဗိုလ်ပိန်က အစိုးရ လုပ်ငန်းကြီးတစ်ခုမှာ ညွှန်မှူးလား ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တော့ သူ့ရုံးနား ရောက်လို့ တစ်ခါ ၀င်နှုတ်ဆက်လိုက်သေးတယ်။ ဖော်ဖော်ရွေရွေပါပဲ။

အဲဒီ့နောက်မှာတော့ တစ်မြို့တည်းနေပေမယ့် မတွေ့ဖြစ်ကြတော့ဘူး။ သူလည်း သူ့ဘ၀နဲ့သူ၊ အဘိုးကြီးအိုကြီး ဖြစ်နေရောပေါ့။ ကျွန်တော့်လိုတော့ ဘယ်နုနေပါတော့မလဲနော်။ 🙂 

ပေါက်ဖော်မင်းသား ဘ၀ ထွေလာ

ဟိုပေါက်ဖော်ဘက် ပြန်သွားရရင်တော့ အဲဒီ့ကောင် ကျွန်တော်နဲ့ အဲသလို တွဲနေရင်းက ရန်ကုန်မှာ နေနေတာ အတော်ကြာသွားပါတယ်။ နောက်ကျတော့ တပ်ကနေ အထုတ်ခံလိုက်ရတယ်ဆိုတာ ကြားလိုက်ရတယ်။

အဲဒီ့အချိန်မှာ သူနဲ့ ကျွန်တော်နဲ့က နည်းနည်း ဝေးနေတဲ့အချိန်။ ကျွန်တော်က ကျွန်တော့်ဇယားနဲ့ ကျွန်တော် ရှုပ်လို့ ကောင်းနေချိန်ပေါ့။

သည်ကောင်က မြုံစေ့မြုံစေ့နဲ့မို့လား မသိဘူး။ အတော်တော့ စွံသဗျ။ သူတွဲလိုက်တဲ့ မိန်းကလေးတွေထဲက နှစ်ယောက် သုံးယောက်လောက်နဲ့တောင် ခင်လိုက်သေးတယ်။ ကျွန်တော်က အဲဒီ့အချိန်က ဂေါ်မစွံ။

အဲလို အစွံကောင်းရာက မောင်မင်းကြီးသား တပ်မှူးတစ်ဦးရဲ့ သမီးဆိုလား၊ တူမဆိုလားနဲ့ ဇာတ်လမ်းတွေ ရှုပ်၊ ပြီးတော့ အတိုင်အတော ခံရ။ တပ်မှာက မိန်းမမှုဆို သည်းမခံဘူးဆိုတော့ သင်းကို အရေးယူလိုက်ပြီး တပ်က ထုတ်လိုက်တယ်လို့ တိုးတိုးသဲ့သဲ့ ကြားလိုက်ရတာပဲ။ သူ့မေးလို့ကတော့ ထုံးစံအတိုင်း မပွင့်တပွင့်ပြုံးပြီး မြုံစေ့ မြုံစေ့ လုပ်နေဦးမှာမို့ မေးမနေတော့ဘူး။

နောက် စင်္ကာပူဆိုလား ထွက်သွားသေးတယ်။ ပြန်လာတော့ ကျွန်တော့်တောင် အင်္ကျီတစ်ထည် လက်ဆောင်ပေးသေးရဲ့။ အဲဒါလည်း ဆယ်နှစ်တန်း ရောက်ပြီ ထင်ပါတယ်။ အဲဒီ့နောက်တော့ သူနဲ့ မဆုံဖြစ်တော့ဘူး။

တစ်ရက်မှာတော့ ကျွန်တော့်အိမ်သူက ပြန်ပြောပြတယ်။ ပေါက်ဖော်မင်းသားကို ရွှေတိဂုံဘုရားမှာ တွေ့ခဲ့တဲ့ အကြောင်း။ အမယ်… ကိုယ်တော်က ဘုရားနဲ့ တရားနဲ့ ဖြစ်နေပုံပဲဆိုပြီး သာဓုတောင် ခေါ်မိသေး။ အရက်သောက်ဖက် တစ်ယောက်လျော့ပြန်ပြီဆိုပြီး နည်းနည်းလည်း ကြေကွဲသွားရသေး… ဟေး… ဟေး…

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ထင်တယ်။ ရန်ကုန်လေဆိပ်မှာ ဆုံပြန်တယ်။ သူက သိုသိုသိပ်သိပ် ကွယ်ကွယ်ဝှက်ဝှက်ဆိုတော့လည်း ဘာလုပ်နေတယ်၊ ဘာကိုင်နေတယ်ဆိုတာ မေးမနေတော့ပါဘူး။ နှုတ်ဆက် နောက်ပြောင်၊ အဲဒါလောက်နဲ့ပဲ ပြီးသွားခဲ့တာပေါ့။

အင်း… ဆယ်တန်းပထမနှစ်တုန်းက သူငယ်ချင်းတစ်ယောက်အကြောင်း သည်မှာ တစ်ခန်းရပ်ပါမယ်။

သည်အပိုင်းမှာ ပြောကြတာ

Aung Myint Than ဆရာတို့ဆယ်တန်း ပထမနှစ်မှာ ဝတ်ကြတာ ဝက်ဝံပုဆိုးဖြစ်မယ်။ ဘက်ထရီလုပ်တဲ့သူတွေ အများဆုံး ဝတ်ကြတယ်။ အက်ဆစ်နဲ့ ထိလည်း တော်ရုံနဲ့ မပေါက်ဘူး။ ထူတာရယ် ပူတာရယ် လေးတာရယ် …. မီးပူတိုက်စရာမလိုဘူး။ မီးပူအရမ်းပူရင် ကပ်ပြီး ပေါက်တတ်တယ်။ အဲဒါမျိုးလား …

ATK ဟုတ်မယ် ထင်တယ်ခင်ဗျ။ Tetrex လို အထူစားကြီး။

Aung Myint Than's photo.Aung Myint Than သည်လို အဆင်မျိုးတွေလား … အဖေ့ဗီရိုထဲက သွားရှာလာတာ … တက်ထရက်ပုဆိုးလို့လည်း ခေါ်ကြတယ်။

ATK ဟုတ်ပါ့ဗျား

Baby Shwe Piguet ရှင့်အစုတ်ထုပ်ကိုဖတ်ပြီး တစ်ဆယ့်ခြောက်နှစ်သမီးအလား ခိုခိုးခွစ်ခွစ်ရယ်မိတယ်၊ ဒီလူဟာလေ အတော်ကိုပုံပြောတတ်တယ်။ 😀

Win Min Oo Comet ဆက်ပါဦးဆရာ စုပြီးစာအုပ်ထုတ်လို့ရအောင်ဆိုပြီး ဆင်ဆာတွေ မရေးပဲမနေနဲ့နော်. 😀

၂၀၁၅ ခုနှစ် မေလ ၂၉ ရက်

ရှမ်းမလေးတွေ အချောရယ် ပေါတယ်

ဆယ်တန်း ပထမနှစ်ကနေ နောက်တစ်နှစ် ထပ်ဆုတ်ရင် ကိုးတန်း ပထမနှစ်၊ အဲလေ… ကိုးတန်းက တစ်နှစ်တည်းနဲ့ အောင်ခဲ့တာပါ။ အဲ… အဲတော့ ကိုးတန်းနှစ်ဆီ နည်းနည်း ပြန်သွားဖို့ လိုလိမ့်မယ်။

အဲဒီ့ ကိုးတန်းနှစ် ကျောင်းအားရက်တစ်ရက်မှာ အဖေက သူ့ကားပေါ် ကျွန်တော့်ကို ခေါ်သွားတယ်။ ကျွန်တော်လည်း လိုက်ပေါ့။ အဲလို သားအဖနှစ်ယောက် ကားဘီးတည့်ရာ လျှောက်မောင်းနေရင်းကနေ ဦးဝိစာရလမ်း၊ ဟံသာဝတီ အ၀ိုင်းဘက်ကနေ မြေနီကုန်းဘက် မောင်းအလာ လမ်းမှာ မိန်းကလေး တစ်သိုက်နဲ့ တွေ့သဗျ။

အဖေက အဲဒီ့မိန်းကလေးတွေကို ဘယ်သွားမလို့လဲလို့ မေးတော့ မိန်းကလေးတွေက မြို့ထဲလို့ ဖြေတယ် မှတ်တယ်။ အဲလိုနဲ့ တိုတိုပြောရင် အဲဒီ့ မိန်းကလေး ငါးယောက်လောက်က ကားပေါ် ရောက်လာတော့တာပါပဲ။

တကယ်တော့ သူတို့က မရမ်းခြံကျောင်း (ကမာရွတ် အထက ၂ ထင်တယ်) မှာ ကျောင်းအိပ်ကျောင်းစား နေနေတဲ့ ကျောင်းသူတွေ။ နယ်က လာကြတဲ့ မိန်းကလေးတွေပေါ့။ အဖေကလည်း ကျွန်တော့်အတိုင်းပဲ 🙂  မိန်းကလေးတွေနဲ့များဆို ဖြူးလို့။ အဲတော့ခဏချင်းမှာတင် ရင်းနှီးသွားကြတော့တာပေါ့။

သို့သော် ကျွန်တော့်အတိုင်း မဟုတ်တာက အဖေက သမီးအရွယ်လေးတွေကို သမီးလို သဘောထားတယ် မှတ်တယ်။ (အွင်… အဲလို ရေးလိုက်တော့ ကျွန်တော်က သမီးအရွယ်လေးတွေကို သမီးလို သဘောမထားဘူးလို ဖြစ်သွားတယ်နော်။ အဲဒါကျတော့ ဘယ်လို ပြောရမလဲ… ဟိုလေ… ဗမာလို ပြောရင်တော့ပေါ့လေ… ကျွန်တော်က ၁၆ နှစ်မှသည် ၆၀ ကျော်အထိ ကြည့်လို့သာ ကောင်း၊ အမျိုးသမီးကို အမျိုးသမီးလိုပဲ အရင်းအတိုင်း မြင်တတ်တဲ့ သဘာဝလေး ရှိတယ်ပေါ့ ခင်ဗျာ။ ကိုယ့်သမီး၊ ကိုယ့်နှမ၊ ကိုယ့်တူမ၊ ကိုယ့်အစ်မလို မမြင်တတ်ဘဲ အမှန်အတိုင်း မြင်တတ်တာလေးတစ်ခုပါဗျာ။ တစ်မျိုး မထင်ကြပါနဲ့နော်… 😀 )

အဲ… သမီးလို သဘောထားပြီး အဲဒီ့ မြို့ထဲသွားမယ်ဆိုတဲ့ မမတွေကို အိမ်အထိ ခေါ်လာလိုက်ပါရောလား ခင်ဗျာ။ မိန်းကလေးတွေကလည်း ရှမ်းပြည်နယ်၊ အထူးသဖြင့် ကျိုင်းတုံက လာတဲ့သူတွေက အများစု။ ကျွန်တော်တို့ကလည်း ကယားပြည်နယ်က လာကြတာဖြစ်တဲ့အပြင် အဖေနဲ့ အမေကလည်း သားသမီးချင်း စာနာစိတ်နဲ့ ရှိတာ ချကျွေးကြ၊ စားကြ သောက်ကြနဲ့ အဲဒီ့ အချိန်တိုလေးအတွင်းမှာတင် ရင်းနှီး ကုန်ကြပါရောလား။

သူတို့က ကျွန်တော့်ထက် တစ်တန်းကြီးတဲ့ ဆယ်တန်းကျောင်းသူတွေ။ အဲဒီ့ထဲက အဖွဲ့ခေါင်းဆောင်က တော်တော့်ကို လှတယ်။ ညိုညိုချောချော။ မျက်နှာ၊ ကိုယ်လုံးကိုယ်ပေါက်၊ အရပ်အမောင်း အကုန်လှတဲ့ တစ်ယောက်ပေါ့။ (ချစ်သူ့ရင်ခွင် ရှာပုံတော်မှာ သူ့ကို မမနမ်းခမ်းလင်းလို့ ထည့်ရေးခဲ့ပါတယ်။) အဲဒီ့ တစ်ယောက်က လွဲရင် ကျန်တဲ့သူတွေက ကျွန်တော့်မျက်စိထဲမှာ ပါမလုံ၊ ပုံမလာဘူး။

မည်သို့ပင်ဆိုစေကာမူ အဲဒီ့ကစပြီး အဲဒီ့ ကျောင်းသူများအဖွဲ့ဟာ ကျွန်တော်တို့ အိမ်ကို ရွှေလမ်း ငွေလမ်း ပေါက်သွားကြပါတော့တယ်။

မိန်းကလေးတွေနဲ့ ယဉ်ပါးရေးအတွက် အားထုတ်ပေးတဲ့ အဖေ

ကျွန်တော် ဆယ်တန်းရောက်တော့လည်း အဲဒီ့အဖွဲ့က အတော်များများ ဆယ်တန်းမှာပဲ ဒုတိယတစ်နှစ် ပြန်နေကြရပြန်တာမို့ အိမ်ကို ၀င်ဆဲ ထွက်ဆဲပါပဲ။ ရင်းနှီးမှုတွေလည်း ပိုလာသလို တစ်ခါတစ်လေ သူတို့တွေက အိမ်မှာ ညအိပ်ညနေပါ နေချင်လည်း နေကြတယ်။ ၁၂ ပေခွဲ ပေ ၅၀ တိုက်ခန်းလေးဆိုတော့လည်း အိမ်ရှေ့က ပြောတဲ့စကား အိမ်နောက်က အတိုင်းသား ကြားနေရတာမို့ ပွင့်လင်းမြင်သာနေတာပေါ့။ အဲတော့လည်း မဟုတ် တရုတ်တွေ ဘာတွေ ဖြစ်စရာ မရှိဘဲ သူတို့လည်း လုံလုံခြုံခြုံနေနိုင်တာပေါ့။

အဖေက ကျွန်တော့်အကဲကို သိပုံရတယ်။ ကျွန်တော် အဲဒီ့ဟာမတွေကို စိတ်မ၀င်စားတာကို ပြောပါတယ်။ ကျွန်တော်စိတ်ဝင်စားတဲ့ မမနမ်းခမ်းလင်းကကျတော့လည်း လူကြီး ဆန်တယ်၊ အနေတည်တယ်၊ ကျွန်တော့်ကို မောင်လေးလို့ ခေါ်ပြီး ခပ်တည်တည်နဲ့ ဆုံးမချင် ဆုံးမနေတတ်တာမို့ သူ့ကိုကျတော့ ကျွန်တော်က ကြိုက်ပေမယ့် မစရဲဘူး။ အဲတော့ အဖေက အဲဒါတွေနဲ့ ကျွန်တော် လုံးထွေးနေတာကို ပူပုံမရဘူး။

ကျွန်တော်က အဲဒီ့အချိန်မှာ ကျူရှင်မှာ မြင်လေသမျှ ဖြူနီပြာဝါ၊ ရန်ကုန်သူ ဆေးဆိုးပန်းရိုက်တွေကို သွားမွှန်လို့ ကောင်းနေတာလေ။ သည် တောပန်းတွေက မျက်စိထဲ ဘယ်ဝင်လာပါတော့မလဲနော်။

အဲဒီ့ ဆယ်တန်းပထမနှစ်မှာတော့ သူတို့က လွဲရင် မြင်သမျှ မိန်းကလေး နည်းနည်းလောက် ကြည့်ကောင်းရင်းကို ကြိုက်နေမိတာပါပဲ။

အခုမှ ပြန်စဉ်းစားကြည့်တော့ အဲဒီ့အုပ်စုထဲမှာ ကျွန်တော် ဆွတ်ရင် ညွတ်လာလောက်တဲ့သူ တစ်ယောက်စ နှစ်ယောက်စ ရှိတာကို သတိထားမိတယ်။ ဆယ်တန်းကျောင်းသား၊ လူပျိုပေါက်စမှာတော့ စိတ်က သန့်ရှင်းနေတယ်။ ကိုယ်မကြိုက်လည်း ချော်လဲ ရောထိုင်မလုပ်ဘူး၊ အလကားရ နည်းလားဆိုတဲ့ အောက်တန်းကျကျ စုတ်စုတ်ပဲ့ပဲ့ အတွေးမျိုးလည်း ခေါင်းထဲ ၀င်မလာသေးဘူး။

ဖြူစင်ခဲ့တဲ့ လူပျိုပေါက်

ပြောရင်းနဲ့ ကိုးတန်းနှစ်မှာ ဖြစ်ခဲ့တာတစ်ခုတောင် ပြန်သတိရသွားတယ်။ အဲတုန်းက အဖေက လူပျိုကြီး တစ်ယောက်နဲ့ အတော်တွဲနေတာ။ အဲဒီ့လူပျိုကြီးက တည်တည်တံ့တံ့၊ နူးနူးညံ့ညံ့ပါ။ အမေကတော့ ပေးစားစရာ မရှိ၊ အဖေနဲ့ အဲဒီ့လူပျိုကြီးကိုပါ ပေးစားပြီး ပြဿနာရှာတာမို့ အဖေတို့ အမေတို့ရဲ့ မစဲနိုင်သော ရန်ပွဲတွေထဲက ခေါင်းစဉ်တစ်ခုပေါ့။

အဲဒီ့ ကိုးတန်းနှစ် သီတင်းကျွတ်ကာလလား ဘာလားတော့ မသိဘူး။ အဲဒီ့လူပျိုကြီးက ပုဂံ ခရီးစဉ်တစ်ခု စီစဉ်တယ်ဗျ။ အဲတုန်းက ကုန်းလမ်းသယ်ယူပို့ဆောင်ရေးက ၂၄ ယောက်စီး၊ မှန်လုံ ခရီးသည်တင် ကားသစ်လေးတွေ (မာဇဒါပဲ ထင်တယ်)ကို စတင်မိတ်ဆက် ငှားရမ်းပေးတယ်။ အဲဒါကို ငှားပြီး သွားကြဖို့ စီစဉ်တာ။

အဖေက သူ့မိတ်ဆွေလူပျိုကြီးနဲ့ဆိုတော့ စိတ်ချတယ်။ အဲတော့ ကျွန်တော် တစ်ယောက်တည်းကို ထည့်ပေးလိုက်ပါရောလား။

အဲဒီ့ ကားထဲမှာ ပါတဲ့ အမျိုးသမီးတစ်ယောက်က ကျွန်တော့်ထက် အသက် ၃-၄ နှစ်ကြီးမယ်။ အသားညိုညို၊ ထောင်ထောင်မောင်းမောင်း၊ ကိုယ်လုံးကိုယ်ထည် ထွားထွားစို့စို့ပေါ့။ ရုပ်ကတော့ ရွက်ကြမ်းရေကျိုပါပဲ။ အဲဒီ့ မမက ခရီးစဉ်တစ်လျှောက်မှာ ကျွန်တော့်ကို သိသိသာသာ ကပ်တယ်၊ အခွင့်အရေးတွေ ပေးတယ်၊ မြှူဆွယ်ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော် ကိုးတန်းကျောင်းသားက သစ္စာရှင်၊ မေတ္တာရှင်လေ။ တစ်သက်မှာ တစ်ယောက်၊ တစ်ယောက်မှာ တစ်ချစ်တွေနဲ့ အူတူတူ လုပ်လို့ ကောင်းနေတဲ့အခိုက်ပေါ့။ အဲတော့ သူ ဘယ်လို မြှူမြှူ၊ ဘယ်လို အခွင့်အရေး ပေးပေး၊ ကျွန်တော့်ဘက်က တစ်လက္မမှ မကျူးကျော်ခဲ့ဘူး။ ကျွန်တော် သူ့ကို သွေးသားအရ စိတ်လှုပ်ရှားမိသည့်တိုင် ဘယ်လိုမှ ချစ်လို့ မရတာမို့ ရှောင်နိုင်ခဲ့ပါတယ်။

အဲတုန်းက သန့်စင်ခဲ့ပုံ ပြောပါတယ်။ ငယ်နုတဲ့အရွယ်ဟာ တကယ်သန့်စင်ခဲ့မှန်း အခုကျတော့ ပြန်တွေးမိတယ်။ အခုကျတော့ ကျွန်တော့်မှာ အောက်တန်းကျတဲ့၊ စုတ်ပဲ့တဲ့ စိတ်ဓာတ်အပြည့်နဲ့ ဖြစ်နေတာကိုလည်း ဘွားခနဲ တွေ့မိသွားတယ်။

စကားစပ်လို့ ပြောလိုက်ဦးမယ်။ မိတ်ဆွေ မိန်းကလေးတစ်ယောက်က မနေ့တစ်နေ့က စာအုပ်မျက်နှာစာမှာ ရေးတင်ထားတာလေး တွေ့လိုက်ရတယ်။

ယောက်ျားတွေဟာ မိန်းမတွေကို လိင်မှုရေးရာအသုံးချခံအဖြစ်သာ မြင်နေကြတာကို သူ စက်ဆုပ်တဲ့ အကြောင်း။

သူနဲ့ ခင်နေတဲ့ အမျိုးသားတစ်ယောက်က မှတ်ချက်ရေးသွားတာ တစ်ခုလည်း ဖတ်ရတယ်။ “လှလို့ ကြည့်တာပဲလေ”တဲ့။

အမှန်တော့ ရေးသူ မိန်းကလေးအပါအ၀င် အမျိုးသမီး အတော်များများဟာ ကျားသဘာဝကို နားကို မလည်လို့ အဲလို ရေးတာပါ။

မတူတာ မတူတာပဲဗျ

နည်းနည်း အကျယ်ချဲ့ရမယ်ဆိုရင် လူဖြူတွေ၊ လူမည်းတွေ၊ လူဝါတွေ၊ လူညိုတွေ အမျိုးမျိုး ကွဲပြားနေပါတယ်။ ကွဲပြားသည့်တိုင် အားလုံးဟာ လူတွေပါပဲဆိုတဲ့ အတွေးအမြင်၊ မခွဲခြားရေး၊ အသားအရောင်၊ ကိုးကွယ်မှု၊ ကိုယ်လက်အင်္ဂါချို့ယွင်းမှု၊ လိင်စိတ် ကိုင်းညွတ်မှုစတာတွေကို အခြေခံပြီး မနှိမ်ရေးဆိုတဲ့ အတွေးအမြင်က သတ်သတ်ပါ။

သို့ပေတည့် အဲဒီ့ ကွဲပြားမှုကြောင့် ရှိနေတဲ့ စရိုက်လက္ခဏာက သီးခြားတစ်ခုဖြစ်ပါတယ်။ ဥပမာ ပြောရရင် မွေးကတည်းက မျက်စိအမြင်အာရုံ မရှိသူ၊ မျက်စိကွယ်နေသူဟာ တခြား အကြားအာရုံ၊ အနံ့အာရုံ၊ အထိအတွေ့ အာရုံများမှာ တခြားသူတွေထက် ပိုထက်မြက်နေမှာ မလွဲပါဘူး။ အဲဒါဟာ သူ့ရဲ့ ပင်ကို အားသာချက်ဖြစ်ပါတယ်။ အားနည်းချက်ကတော့ အရောင်တွေ၊ အကွက်တွေကို မသိဖူး၊ မမြင်ဖူးတာပါပဲ။

တစ်နေ့ကပဲ မိတ်ဆွေ စာရေးဆရာကြီး တစ်ယောက်နဲ့ အချေအတင် စကားပြောရင်းက တစ်ချက်ကို ထောက်ပြခဲ့မိသေးတယ်။

သူက တစ်ပြည်လုံးက ကြည်ညို ဦးခိုက်ရတဲ့ ဆရာတော်ကြီးတစ်ပါးကတောင် နိုင်ငံရေးအရ ထင်ပေါ်သူ တစ်ဦးကို မျက်စိမှိတ်ထောက်ခံတဲ့အတွက် အဲဒီ့ ထင်ပေါ်သူဟာ အင်မတန် တော်ကြောင်း ပြောလိုက်တာပါ။

ဟား… ထောက်ခံပေးသူရဲ့ အရည်အချင်းနဲ့ ထောက်ခံပေးခြင်းခံရသူကို တိုင်းတာလိုက်တာမို့ ကျွန်တော် ဘ၀င်မကျ ဖြစ်သွားပါတယ်။

အဲတော့ ပြန်ပြောလိုက်တယ်။ ကိုယ့်ဆရာရဲ့ ဘုန်းကြီးက သာသနာ့နယ်မှာ လူချွန်လူမွန်တစ်ပါး ဖြစ်တာကို ငြင်းစရာ အကြောင်း မရှိပါဘူးလို့။ သို့ပေတည့် အဲဒီ့ ဘုန်းကြီးဟာ ဖိုမကိစ္စကိုတော့ နကန်းတစ်လုံး မသိတဲ့ ငယ်ဖြူသာ ဖြစ်ပါတယ်လို့ ပြောလိုက်တာပါပဲ။

ပြောချင်တာက တစ်နေရာမှာ တအားတော်တိုင်း ဘာသာရပ်အားလုံးကို တတ်ပွန်နှံ့စပ်လှပြီလို့ မအောက်မေ့စကောင်းတာကို ထောက်ပြလိုရင်းဖြစ်ပါတယ်။ ကျွန်တော့်ဥပမာက တော်တော်ကြမ်းပါတယ်။ သို့ပေမယ့် သည်အချက် မှားပါတယ်လို့လည်း ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။

ပြောလက်စ ပြန်ကောက်ရင် လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ သည်အတွက် လူလူချင်း မခွဲခြားသင့်ဘူး၊ မနှိမ်သင့်ဘူးဆိုတဲ့ မူက သတ်သတ်ခတ်ခတ်ရှိပါတယ်။ ဒါပေမယ့် အဲဒီ့ မတူတာတွေကြားမှာ သီးခြား စရိုက်လက္ခဏာတွေက သတ်သတ်စီ ရှိနေတာတွေလည်း အများကြီးပါပဲ။

ပုံသေကားကျ မဟုတ်ပေမယ့် ဘုံထုတ်လို့ ရတဲ့ စရိုက်အထွေထွေ

သည်အထဲမှာမှ ပုံသေကားကျလို သတ်မှတ်လို့ ရတဲ့ အချက်တွေ ရှိပါသေးတယ်။ “တရုတ်လို ရှာ၊ ကုလားလို စု၊ ဗမာလို မဖြုန်းနဲ့”ဆိုတဲ့ ဆိုရိုးဟာ ပုံသေကားကျ သတ်မှတ်ထားတာပါ။ တရုတ်လည်း လူ၊ ကုလားလည်း လူ၊ ဗမာလည်း လူ၊ လူချင်းတူပေမယ့် လူမျိုးစရိုက်ကတော့ သီးခြားစီကို ရှိနေတာပါ။ ကနေ့ ကမ္ဘာအရပ်ရပ်၊ မူစလင် နိုင်ငံများပါ မကျန်မှာ တရုတ်တွေ ရှိနေသလို အဲဒီ့တရုတ်တွေကပဲ သူတို့ကျင်လည်ရာ အရပ်ဒေသရဲ့ စီးပွားရေးမှာ ဦးဆောင်သူတွေ ဖြစ်နေကြတာ အထင်အရှားပါ။ အဲဒါဟာ တရုတ်တို့ရဲ့ အရှာအဖွေ တော်လှတဲ့ စရိုက်ကို ထင်ဟပ်နေပါတယ်။ တရုတ်ဘိန်းစားတွေ၊ တရုတ်ငတုံးတွေလည်း ရှိပေမယ့် အဲဒါက အနည်းစုသာ ဖြစ်ပြီး အများစုကတော့ ထူးချွန်ထက်မြက်သူတွေ၊ စီးပွားရေး လာဘ်မြင်သူတွေ၊ လက်ရဲဇက်ရဲ ရှာတတ်ဖွေတတ်သူတွေပါပဲ။ ဒါဟာ လူမျိုးစရိုက်ပါ။

ကုလားတွေက အစုအဆောင်း သန်ကြပါတယ်။ အခုခေတ် ဗမာပြည်မှာ ကုလား လူဦးရေ နည်းသွားပြီမို့ တချို့က သတိထားချင်မှ ထားမိပါလိမ့်မယ်။

ကျွန်တော် ရှစ်တန်းမှသည် တက္ကသိုလ်ရောက်ချိန်အထိ စက်ကျတတ်တဲ့ တစ်နေရာ ရှိပါသေးတယ်။ အဲဒါကတော့ ကျွန်တော်တို့ လမ်း ၄၀ အိမ်အောက်ထပ်က တလုပ်တွေ ဖွင့်ထားတဲ့ အမျိုးသားဝတ် စက်ချုပ်ဆိုင် ဖြစ်ပါတယ်။ ရန်ကုန်မြို့ ဖရေဇာ (အနော်ရထာ)လမ်းနဲ့ ၃၄ လမ်းထောင့်၊ ဖရေဇာလမ်းပေါ်မှာ ရှိပါတယ်။ အခု အဲဒီ့နေရာက Casio အရောင်းဆိုင် ဖြစ်နေတယ် မှတ်တယ်။ အရှေ့မြောက်ဘက် ထောင့်မှာ စပယ်ဦး တေးသံသွင်း ရှိခဲ့ဖူးတယ်။ အနောက်မြောက်ဘက်ထောင့်မှာက အဲဒီ့စက်ချုပ်ဆိုင်ပါ။

အဲဒီ့စက်ချုပ်ဆိုင်အ၀င်မှာ မှန်သေတ္တာလေးနဲ့ ရှေးဟောင်းပစ္စည်းအတိုအစတွေ ရောင်းဝယ်တဲ့ တမီ(လ်) ကုလားကြီးတစ်ယောက်ရှိတယ်။ အဲဒီ့ဆိုင်ကို ၀င်ထွက်နေတော့ အဲဒီ့ကုလားကြီးနဲ့လည်း ခင်နေတာပေါ့။ ကျွန်တော့်ရဲ့ ပင်ကိုစရိုက်ကိုက တွေ့တဲ့လူနဲ့ ရယ်မောသောရွှင် ပေါင်းသင်းတတ်တဲ့အခါ အဲဒီ့ ကုလားကြီးနဲ့ဆို ပြောမနာ ဆိုမနာ ခင်နေပါတော့တယ်။

အဲဒီ့ ကုလားကြီးရဲ့ နေ့စဉ် ထမင်းချိုင့်ကိုလည်း ကျွန်တော် မြင်နေရတယ်။ ထမင်းချိုင့်က လေးဆင့်ချိုင့်ကြီး ခင်ဗျ။ သုံးဆင့်မှာ ထမင်းအပြည့်ပါတယ်။ ကျန်တစ်ဆင့်မှာက ပဲဟင်းအပြည့်။ အဲဒါပဲ နေ့စဉ်။ ငရုတ်သီး အတောင့်ကြော်နဲ့ ဆားနဲ့က ပုလင်းနဲ့ သတ်သတ်ပါတယ်။ အဲဒါ သူတို့ နေ့စဉ် မညည်းမညူစားတဲ့ ထမင်းပါပဲ။ ကုလားကြီးရဲ့ သား၊ ကျွန်တော်နဲ့ မတိမ်းမယိမ်းဟာလည်း ဆိုင်မှာ မထိုင်ပေမယ့် ထမင်းစားချိန်ကျရင် သူ့အဖေဆီ ရောက်လာပြီး သားအဖနှစ်ယောက် ထမင်းကို ပဲဟင်း ရွှဲရွှဲဆမ်း၊ ငရုတ်သီးအတောင့်ကြော်နဲ့ ဆားနဲ့ လွေးကြတော့တာပါပဲ။

အဲဒါ တရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်၊ နေ့တိုင်းပါ။

ကုလားကြီးရဲ့ အရောင်းအ၀ယ်လည်း ကျွန်တော်တို့ မြင်နေရတာပါပဲ။ ကျိတ်ကျိတ်တိုး မဟုတ်ပေမယ့် သူ ခွင်တစ်ခါ မိလိုက်ရင် အမြတ်အစွန်း ဘယ်လောက်များတယ်ဆိုတာ ကျွန်တော်တို့ မှန်းလို့ ရနေပါတယ်။ သို့ပေမယ့် ကုလားကြီးဟာ ပပလွှားလွှား မနေဘဲ၊ မစားဘဲ ခြစ်ခြစ်ကုပ်ကုပ်ရှိလှတာကို သတိထားမိခဲ့ပါတယ်။

ဒါဟာ လူမျိုးအလိုက် စရိုက်အထွေထွေပါ။ မှားတာတွေ၊ မှန်တာတွေ၊ ကောင်းတာတွေ၊ ဆိုးတာတွေ မရှိပါဘူး။ ထူးခြားတဲ့ စရိုက်များကို ပြောလိုရင်းဖြစ်ပါတယ်။ လှေနံဓားထစ်၊ ပုံသေကားကျ တစ်သမတ်တည်း သတ်မှတ်လို့ မရသည့်တိုင် အများစုမှာ အဲဒီ့လို စရိုက်မျိုးတွေ ရှိနေတာကြောင့် လူမျိုးအလိုက် ဖြစ်နိုင်ချေများတဲ့ စရိုက်လို့ ပြောမယ်ဆိုလည်း ပြောလို့ ရပါလိမ့်မယ်။

တရုတ်ကုလားတွေသာ မဟုတ်ပါဘူး၊ ဥရောပသားတွေမှာလည်း စရိုက်တွေ ရှိကြတယ်လို့ ဥရောပသားတွေက လက်ခံထားကြပါတယ်။ အိုင်းရစ်(ရှ်) လူမျိုးတွေ ကပ်စေးနည်းတယ်၊ ရဟူဒီတွေ ထက်မြက်တယ်၊ အင်္ဂလိပ်တွေ လက်ပေါက်ကတ်တယ် စသဖြင့်ပေါ့ဗျာ။

ဒါက လူမျိုး/အသားအရောင် အလိုက်နော်။ ကျွန်တော်တို့ အာရှမှာတောင်မှ ထိုင်းတွေက ထုံတယ်၊ ပျင်းတယ်၊ ဖျင်းတယ်။ ဗမာတွေက ထက်တယ်၊ ရန်လိုတယ်။ လာအိုတွေက ထိုင်းတွေထက်တောင် ထုံသေး၊ ဖျင်းသေးတယ် စသဖြင့် ယေဘုယျပြောလို့ ရပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်မှာ စိုးလို့ ပြည်တွင်းက တိုင်းရင်းသားတွေကိုပါ ထည့်ပြောချင်ပေမယ့် မပြောတော့ပါဘူးနော်။ ကျွန်တော့် ဗိုက်ထဲမှာပဲ တိတ်တိတ်ကလေး သိမ်းထားလိုက်ပါတော့မယ်။ 🙂 

စိတ်ထဲ ဖြစ်ဖြစ်သွားတာ ခင်ဗျားတို့ ၀င်ကြည့်နိုင်လို့လား

အဲသလိုပဲ ကျား-မ တန်းတူ အခွင့်အရေးဆိုတာ မူအရ သတ်သတ်ခတ်ခတ် ရှိနေတာပါ။ သို့သော် ကျားနဲ့ မနဲ့ ဘယ်လိုမှ မတူတာလည်း ရှောင်လို့ မရတဲ့ အချက်ပါ။ ယောက်ျားတွေ ကိုယ်ဝန်မဆောင်နိုင်၊ မီးမဖွားနိုင်၊ ရင်သွေးကို နို့ချို မတိုက်ကျွေးနိုင်တာကိုက ရှင်းနေတဲ့အချက်ပါ။ အခုခေတ်မှာ သိပ္ပံနည်းနဲ့ ဇွတ်အတင်း ပြောင်းယူလို့ ရတာများ ရှိလာသည့်တိုင် မပြောင်းနိုင်သေးတာတွေလည်း အများအပြား ကျန်ပါသေးတယ်။

အဲတော့ကာ ယောက်ျားတို့ရဲ့ သဘာဝကိုက လိင်စိတ်အရာမှာ မိန်းမတွေ ဘယ်လိုမှ နားလည်မပေးနိုင်၊ မသိတတ်နိုင်တဲ့ ပွေလီမှုတွေ၊ ပြင်းထန်မှုတွေ ရှိနေပါတယ်။ လူမျိုးစရိုက်ကို ပြောခဲ့တုန်းကလို ယောက်ျား အားလုံး သိမ်းကြုံးပြီး လှေနံ ဓားထစ်လို့ မရစကောင်းပေမယ့် ယောက်ျားအများစုရဲ့ လိင်စိတ်ကတော့ သိပ်မကွာပါဘူး။ ၀န်ခံသူနဲ့ ၀န်မခံသူသာ ကွာလိမ့်မယ် ထင်ပါတယ်။

မိန်းမတစ်ယောက်ရဲ့ ရင်သား၊ တင်ပါး၊ ခြေသလုံး၊ ချိုင်းသား စတာတွေကို မြင်ပြီး ယောက်ျားတစ်ယောက်မှာ လိင်စိတ်နိုးကြားသွားတာကို ယောက်ျားချင်းမှသာ နားလည် စာနာနိုင်ပါတယ်။ မိန်းမတွေအနေနဲ့က ဘယ်လိုမှ နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး။

မိန်းမတွေက ဟောဟို့လူ ရင်အုပ်ကားကား ကြွက်သားအဖုဖု ထုထုပြီး ခရာချင်စရာငယ်လို့သာ ဆိုကောင်း ဆိုမယ်၊ အဲဒါ လိင်စိတ်ကြောင့် ဖြစ်သူက အင်မတန်မှ နည်းပါလိမ့်မယ်။ မရှိဘူးလို့ မဆိုလိုပါ။ အသားချင်းထိရုံနဲ့၊ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ရဲ့ နှုတ်ခမ်းလောက်ကို မြင်ရုံနဲ့ လိင်စိတ်နိုးကြားသူ မိန်းမသားတွေလည်း တွေ့ဖူး၊ ကြားဖူးပါတယ်။ ဒါပေမယ့် အဲဒါက မဆိုစလောက် အနည်းစုပါ။ အများစုက ယောက်ျားလေးတွေ ချောတာ၊ အသားညိုတာ၊ အရပ်အမောင်း ကောင်းတာကို မျက်စိပသာဒသဘောအရ မက်မော နှစ်သက်ကြမှာပေမယ့် စိတ်ထဲကနေတော့ အတူခဏ အိပ်မကြည့်မိကြပါဘူး။ ဟုတ်ကဲ့လား မသိဘူး။

ယောက်ျားကတော့ မရဘူးခင်ဗျ။ ရင်သားတွေ၊ တင်ပါးတွေလို မြင်သာတာတွေကြောင့် လိင်စိတ်က နိုးသွားတာများ တစ်ခါတည်း မဟုတ်တမ်းတရား ပြစ်မှားဖူးတဲ့အထိ ဖြစ်ကုန်တတ်ပြန်ပါတယ်။ အထပ်ထပ် ပြောခဲ့တဲ့အတိုင်း ယောက်ျားတိုင်း အဲလို ဟုတ်ချင်မှ ဟုတ်မှာ ဖြစ်ပေမယ့်၊ ၀န်ခံသူနဲ့ ၀န်မခံသူ ကွာကောင်းမှ ကွာမှာ ဖြစ်ပေမယ့် အများစုကတော့ အဲဒီ့အတိုင်းပါဗျား။

ချဉ်သီးကို မြင်တဲ့အခါ သွားရည်တွေ ကျလာသလို သူ့အလိုလို ဖြစ်လာတဲ့ စိတ်ကို ကျင့်ဝတ်များအရသာ ထိန်းနေကြပေမယ့် ဖြစ်သွားတဲ့ စိတ်ကတော့ တားဆီး ထိန်းကွပ်လို့ မရပါဘူး။ အဲတော့ကာ ယောက်ျားတွေ အတွက် မိန်းမတွေဟာ လိင်မှုရေးရာ အသုံးခံပစ္စည်းလို မြင်နေတဲ့ အမြင်ကလည်း ကမ္ဘာကြီး ပျက်တဲ့အထိ ရှိနေမှာပါ။ အသိ၊ သတိ၊ ဉာဏ်စတာတွေနဲ့ ထိန်းကွပ်ထားကြလို့သာ တချို့တွေက ဣနြေ္ဒအတိနဲ့ သမာဓိ ထိန်းနေကြမှာ ဖြစ်ပေမယ့် သူတို့ စိတ်တွေထဲတော့ ဘယ်သူမှ ၀င်ကြည့်လို့ မရတတ်နိုင်တာမျိုးမို့ မဖောက်ပြန်ဘူးလို့တော့ မပြောနိုင်ပါဘူး။

ဘုရားဟော ဇာတ်တော်ထဲက မုဒုလက္ခဏရှင်ရသေ့တောင် ဈာန်လျှောခဲ့ဖူးတာကို သတိရမယ်ဆိုရင် ယောက်ျားတို့ရဲ့ အဲဒီ့ စိတ်ဟာ တမင်ဖန်တီးယူတာ မဟုတ်ဘဲ သွေးထဲ သားထဲမှာ အလိုလိုရှိနေတဲ့ သဘာဝ တစ်ရပ်အဖြစ် နားလည် လာပါလိမ့်မယ်။ အဲလို နားလည်လာတဲ့အခါ ခွဲခြားဆက်ဆံမှု၊ နှိမ်ချမှုတွေ မရှိသင့်ဘူးလို့ ခံယူပြီး တန်းတူ နေရာပေးရဲတာ၊ ပေးတတ်တာ၊ ပေးနိုင်တာက သတ်သတ်၊ ယောက်ျားတို့ရဲ့ လိင်စိတ်က သတ်သတ်လို့ မြင်နိုင်သွားကြမယ် ထင်ပါတယ်။

အမလေး… မောတာဗျာ။

ကျွန်တော် တစ်စက်ကလေးမှ မကောင်းခဲ့ပါဘူးဗျာ

အမောဖြေပြီး ကျွန်တော့် အစုတ်ထုပ်ဘက် ပြန်ဆက်ရရင်တော့ အဲတုန်းက သန့်စင်ခဲ့ပေမယ့် အသက် ၃၀ ကျော်၊ အိမ်ထောင်ကျပြီးချိန်မှာ အဲလို အခွင့်အရေးမျိုးတွေ ရလာတဲ့အခါ ကျွန်တော်တစ်ကောင် တွေ့မရှောင်တွေ ဖြစ်ခဲ့တာကို ပြန်တွေ့လာရပါတယ်။

ကျွန်တော်ကတော့ ခြွင်းချက် အနည်းစု ယောက်ျားသားထဲမှာ ပါလိမ့်မယ် ထင်တယ်။ အဲဒီ့စိတ်က သူတကာထက် ပိုများ ပြင်းထန် သန်မာနေသလားတော့ မပြောတတ်ပါဘူး။

ကံကောင်းသွားတာတစ်ခုက… အထူးသဖြင့် ကျွန်တော်နဲ့ တွဲခဲ့ဖူးတဲ့ အမျိုးကောင်းသမီးတွေ ကံကောင်း သွားတာတစ်ခုက ကျွန်တော်ဟာ ကျွန်တော်နဲ့ တွဲသူတွေကို ဆိတ်ကွယ်ရာများဆီ ကြိမ်ဖန်များစွာ ခေါ်သွားဖူး၊ အတွင်းကျကျ ပတ်သက်ခဲ့ဖူးလင့်ကစား သူတို့ရဲ့ အပျိုရည်ကိုတော့ တစိုက်မတ်မတ် ထိန်းသိမ်းခဲ့တာပါပဲ။ အလွယ်တကူ မကျူးကျော်ခဲ့ပါဘူး။

အဲဒါကြောင့်လည်း ကျွန်တော့်ဘက်က သူတို့ကို စဖြတ်ရတဲ့အခါမျိုးတွေမှာ ကျွန်တော့် လိပ်ပြာက သန့်နေခဲ့ပါတယ်။

အဲဒါတစ်ခုကတော့ အတော်လေး ကောင်းသွားတယ်လို့ ဆိုရမယ်။ အဲဒါက အိမ်ထောင်မကျခင်က အဖြစ်တွေပေါ့။

အိမ်ထောင်ကျပြီး အဖြစ်တွေမှာကျတော့ ပြောခဲ့တဲ့အတိုင်း တွေ့မရှောင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ဘယ်သူ့ကိုမှ မလိမ်ခဲ့ဘူး။ အိမ်ထောင်ရှိလျက်နဲ့ လူပျိုယောင် မဆောင်ခဲ့ဘူးလို့ ဆိုလိုရင်း ဖြစ်ပါတယ်။ နောက်တစ်ခုက အတည်တကျ ပေါင်းသင်းပါ့မယ်၊ လက်ထပ်ပါမယ်လို့လည်း တစ်ခါဆို တစ်ခါဖူးမျှ ကတိက၀တ် ပေးပြီး ကျူးကျော်ခဲ့တာတွေ မဟုတ်ပါဘူး။ တချို့ကိုဆို ကြိုတောင် သတိပေးပါသေးတယ်။ သိပ်မကပ်နဲ့နော်၊ ကပ်လာလို့ ကျုပ်ဘက်က စိတ်မထိန်းနိုင်ရင် ကျုပ်အပြစ် မဟုတ်ဘူးလို့ ကြိုကန်ပစ်လိုက်တာပါ။ အဲဒီ့ကြားထဲကမှ သူတို့က ဇွတ်အတင်းကပ်လာတော့လည်း… အဲ… ကျွန်တော်က အားနာတတ်တယ်လေဗျာ 🙂

အစုတ်ထုတ် သည်တစ်ပိုင်းကတော့ တွေးစရာတွေပဲ ပါသွားသလား၊ ဆဲစရာတွေပဲ များနေသလားတော့ ကျွန်တော်မျိုးလည်း မလျှောက်တတ်တော့ဘူး။ မည်သို့ပင်ဆိုစေ၊ ဆယ်တန်း ပထမနှစ်ကို ပြန်သွားရာက မေ့နေတဲ့ အကွက်ကလေးတချို့ အစို့ ပြန်ပေါက်လာသလို အဲဒီ့ထဲကမှာ ဖိုသဘာဝတစ်စိတ်တစ်ဒေသကိုတော့ ဆွေးနွေးတင်ပြနိုင်သွားခဲ့တယ်လို့ ယူဆမိပါတယ်။

သည်အပိုင်းမှာ ပြောကြတာ…

‘Song Thiri’ ဟိုအရင်ကလို အချိန်တိုင်း ဒီမျက်နှာစာအုပ်ကြီးပေါ် မရောက်ဖြစ်တာနဲ့ ဆြာ့ အစုပ်ထုတ်နဲ့တော့ နည်းနည်း အဆက်ပြတ်နေတယ်။ (ဝန်ခံပါတယ်) ဇာတ်လမ်းဆုံးသွားရင်တော့ အစအဆုံး ပြန်ရှာ ဖတ်ရမယ့်ကိန်း မြင်တယ်။ ဘယ်နပိုင်းလောက် လွတ်သွားလဲ မသိ။ အဆက်တွေလဲ မမှတ်မိတော့ပါ။ 😀

စကားမစပ်…. ဆြာက ကိုယ်ရေသိပ်သွေးတာနော်… (မွှန်ကြောင်း သိပ်ကြွားတာကို ပြောတာပါ) 😛 သာမီးကတော့ ယောကျာ်းတွေက အကုန်အတူတူပဲလို့ မြင်ပါတယ်။ 😛 (အပုန်းတို့ အပွင့်တို့တော့ ပါဝူးပေါ့ 😛 )

May Thandar Win 😀 ဘယ်သူ့ကိုပြောသလဲ သိတယ်နော့ ဆရာ။ အပြင်ကျမှ ကော်ဖီသောက်ရင်း ငြင်းရမယ်။

ATK အွင်… ဂလောက် ဖုံးဖုံးဖိဖိ ရေးထားတာ ဘိုက ဘလို တိတွားရဗျန်ဒါဒုံး… ရှက်လိုက်ထှာအေ 😛

May Thandar Win ဖုံးဖုံးဖိဖိအရေးအသား လိုသေးလို့ ဖြစ်မယ် 😛

Win Min Oo Comet ဆရာနဲ့ကျွန်တော့ညီနဲ့တူတာတွေရှိတယ်ဗျ

ATK ဟုတ်ကဲ့ပါ အစ်ကို 🙂

Win Min Oo Comet မဟုတ်ပါဘူးဗျာ ကျွန်တော့ညီက ရောက်လေရာအရပ်မှာ တွေ့တဲ့ ကောင်မလေးတွေနဲ့ အဆင်ပြေပြီး သိပ်မကြာဘူး ကြိုက်ကုန်ကြတာကြီးပဲ.. 

ခုအိမ်ထောင်ကျပြီးတော့တောင် အတော်ပြောနေရတယ်.

ATK အဲလို ပြောလို့ ဆုံးမလို့ ရတာမျိုး မဟုတ်ဘူးဗျ။

အကောင်းဆုံး အကြံပေးမယ်။ အစ်ကိုက သူ့နှစ်ဆ အစွမ်းပြလိုက်။ ကလေးအဖေ အစ်ကို လုပ်ပြတာကို ကြည့်ပြီး သူ သင်ခန်းစာယူမယ်။ ပြီးရင် သူ့အလိုလို ပြင်သွားမှာ သေချာတယ်ဗျ။

မယုံဘူးလား။ လက်တွေ့စမ်းကြည့်လိုက်ပါ မောင်မင်း 🙂 😀 😛

Win Min Oo Comet ဖျားဖျား

Wei Phyo Maung ဆရာအိမ်ထောင်ကျပြီးမှတွေ့မရှောင်ဖြစ်ခဲ့တာပတ်ဝန်းကျင်ကြောင့်လားဗီဇကြောင့်လား

ATK ကျွန်တော့် အဖြေ မရေးခင် မေးခွန်း တစ်ခု အရင်ပြန်မေးပါရစေ။ ဘာကြောင့်လို့ ထင်ပါသလဲလို့။

စိတ်ပညာမှာတော့ ဗီဇနဲ့ ပတ်ဝန်းကျင် Nature နဲ့ Nurture က တုတ်ထမ်း ငြင်းနေကြဆဲပါခင်ဗျား။

တခြားဟာတွေကို သိပ်မပြောချင်ပေမယ့် လိင်စိတ် (sexuality) ကတော့ ဗီဇကြောင့်ပဲလို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။ အထူးသဖြင့် လိင်တူချင်းတပ်မက်မှု (homosexuality) ကို သေချာ အနီးကပ် လေ့လာကြည့်တဲ့အခါမှာ အဲဒါကို သွားတွေ့ရပါတယ်။

သူက preference (သန်ရာ) လေ။ ဘာနဲ့ တူသလဲဆိုတော့ ဘယ်သန်နဲ့ ညာသန်လိုပေါ့။ ဇွတ်အတင်း ကျင့်ယူရင် ဘယ်သန်သမားဟာ ညာလက်ကို သုံးတတ်လာမှာပေမယ့် အရေးကျ ဘယ်လက်ပဲ ဖတ်ခနဲ ထွက်လာမှာပါ။ ကျင့်ယူတာက ပတ်ဝန်းကျင်၊ အရေးကျ ငေါငေါကြီး ပေါ်လာတာက ဗီဇပေါ့ခင်ဗျာ။

အဲဒါ ကျွန်တော့်အဖြေပါ။

Wei Phyo Maung ကျေးဇူးပါဆရာ။

ATK အွင်… ဘာ့ကြောင့် ထင်သလဲဆိုတဲ့ အမေးကျတော့ ပြန်လည်း ဖြေမတွားဝူး 😦

Wei Phyo Maung ကျွန်တော်တကယ်မသိလို့ပါဆရာ။

ATK ဆောရီးပါဗျာ။ ကျွန်တော် ဆေးထိုးတာ မအောင်မြင်ဘူးပေါ့နော် grin emoticon

Wei Phyo Maung ဗီဇကြောင့်ဆို တို့ဆရာက အဘိုးနဲ့တူလို့ဖြစ်လိမ့်မယ် 😛

Nann Kham Nway စကားစပ်လို့ ဘယ်သန်နဲ့ ညာသန်အကြောင်းကို ကျေးဇူးပြု၍ နည်းနည်းလောက် ရှင်းပြပေးပါလားဆရာ။ သမီးက ကလေးတစ်ယောက်ကို ညာသန်ဖြစ်အောင် သင်ပေး ကျင့်ပေးရမယ်လို့ ထင်ထားပါတယ်ဆရာ။ သည်နေ့ စကားတစ်ခွန်းကြားမိတာက လူကြီးက ကလေးကို မသင်စေဘဲနဲ့ ကလေးက သူ့ဘာသာသူ သန်ရာကို ယူပလေ့စေတဲ့။ အဲ့ဒါ ဆရာကရော ဘယ်လို သဘောရသလဲဆိုတာ နည်းနည်းလောက် ပြောပြပေးပါလားဆရာ။

ATK ဆောရီးပါ Daw Nann Kham Nway, မေးခွန်းနဲ့ မန့်ကို အခုမှ တွေ့ပါတယ်။

ညာသန်ဖြစ်အောင် သင်ပေး လေ့ကျင့်ပေးရမယ်လို့ (၁) ဘယ်သူက ညွှန်ကြား ထားပါသလဲ (၂) ဘာအတွက် အဲလို သင်ပေး လေ့ကျင့်ပေးမှာပါလဲ (၃) ကလေးက ဘယ်မသုံးတော့ဘဲ ညာသုံးလိုက်တဲ့အတွက် ဘာတွေ တိုးတက် ကောင်းမွန်လာမှာပါလဲ/ဘာတွေ ဆုတ်ယုတ်သွားနိုင်ပါသလဲ။

အဲဒီ့ မေးခွန်းတွေကို အရင်ဆုံး ဖြေကြည့်စေချင်ပါတယ်။

အများနဲ့ လိုက်လျောညီထွေ ဖြစ်မှ၊ အများ လုပ်နေတဲ့ အတိုင်း လုပ်နေမှ လူဖြစ်တာ မဟုတ်ဘူးဆိုတာလောက်ကလေးကို ဆင်ခြင်ကြည့်ပေးနိုင်မယ်ဆိုရင်…

Nann Kham Nway ဟုတ်ကဲ့ဆရာ.. သမီးလည်း ဆရာပြောသလိုပဲ ထပ်တူတွေးမိပါတယ်။ သမီး စာအရေးမှားသွားတယ်ထင်တယ် ဆရာ။ သမီးမေးချင်တာနဲ့ ရေးထားတာနဲ့ နည်းနည်းလွဲနေတယ်။ သမီးလည်း အရေးသိပ်မတတ်တော့ ပြောချင်တဲ့ အကြောင်းအရာ မရနိုင်ဘူးဖြစ်နေတယ် ဆရာ။ နောက်များ ဆရာကို လာတွေ့တဲ့ အခါကျမှပဲ တွေးမိတဲ့ အတွေးလေးတွေကို ပြန်မေးပါတော့မယ်ဆရာ။ 🙂

Nann Kham Nway တိုက်တိုက်ဆိုင်ဆိုင် ဒီရက်ပိုင်း သမီးလည်း လူနည်းစု လူများစုဆိုပြီး ဖြစ်နိုင်တဲ့ လူမျိုး စရိုက်တွေ အကြောင်း တွေးမိနေတာ။ အခု ဆရာ ပြောပြလိုက်တော့ ပိုရှင်းသွားတယ်။ ဗဟုသုတလည်းအများကြီးရတာမို့ သည်တစ်ခါ အစုတ်ထုပ်ကိုတော့ ပိုကြိုက်တယ် ဆရာ။ 🙂

ဟုတ်တယ်ဆရာ.. ကုလားတွေက ပဲဟင်းနဲ့ ငရုတ်သီးကို နေ့တိုင်းစားတာ(လူများစုပါ)။ ပဲဟင်းတစ်မျိုးတည်းကို ကောင်းကောင်းချက်ပြီးစားတာ။ ဘာကြောင့်လဲတော့ မသိဘူး၊ သူတို့ချက်တဲ့ လက်ရာကိုလည်း ဘယ်လက်ရာကမှ မမီဘူးလို့ ထင်ရတယ်။ သိပ်စားကောင်းတာ။

တရုတ်နဲ့ ကုလား စားတယ်ဆိုတဲ့ နေရာကတော့ စကားတောင်ပြောကြသေးတာ။ ဘာတဲ့.. ကုလားတွေက ဆိတ်တစ်ကောင်သတ်ရင် တစ်မျိုးလုံး တစ်ဆွေလုံး ဝိုင်းလို့ ဝေမျှစားကြပြီး တရုတ်တွေ ဝက်တစ်ကောင်ပေါ်ရင်တော့ အိမ်နှစ်အိမ်ပဲ မျှစားလိုက်တာတဲ့။ 😀

Shwe Gyi ဒါဆို စိတ်မှတ်မဲ့တုန့် ပြန်မှူ့ တွေက ဗီဇကြောင့်ပေါ့နော်၊၊ သတိနဲ့ ပြန်ထိန်းတာက ပတ်ဝန်းကျင်ကြောင့်ပေါ့၊၊

ATK အဲလိုတော့ အပြတ်ပြောလို့ မရပြန်ဘူး Ka Shwe. အတုမြင် အတတ်သင်ထားတဲ့ စိတ်မှတ်မဲ့ တုံ့ပြန်မှုတွေ ရှိသေးတယ်။ ဥပမာ… တစ်ခုခု မမျှော်လင့်တာ ဖြစ်တဲ့အခါ ယောင်ရမ်း မြည်တမ်းပုံပေါ့။ ဟဲ့… ပလုပ်တုတ်ဆိုတာ မအေ့ဆီက ကူးလာတဲ့ စိတ်မှတ်မဲ့ တုံ့ပြန်မှုမျိုးက အလွယ်ဆုံး ဥပမာပါ။ တခြား အကျင့်စရိုက်တွေကလည်း အတူနေ မိဘ အုပ်ထိန်းသူတွေဆီမှာ နေ့စဉ်နဲ့အမျှ မြင်နေရင်းက တမင် ကူးချတာ မဟုတ်ဘဲ အလိုလို ကိုယ်ထဲ စွဲနေတဲ့ တုံ့ပြန်မှုတွေ ဖြစ်နေတတ်ပြန်တယ်ဗျ။

Shwe Gyi ဆရာ့ရဲ့ တွေ့ မရှောင်ကိစ္စက ပတ်ဝန်းကျင်ကြောင့်လို့ ရော မဆိုနိုင်ပေဘူးလား၊၊ ဘာလို့ ဆို ဆရာ အိမ်ထောင်ကျပြီးနောက်ပိုင်းမှ ဆိုတဲ့ အချက်က နည်းနည်းများသက်ဆိုင်နေမလားထင်မိတယ်၊၊ ဆိုလိုချင်တာက အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာ လိင်ကိစ္စကိုပိုရင်းနှီးလာပြီး(လူပျိုတုန်းကလို လက်လီမဟုတ်တော့ဘူး) ပိုပြီးခြေသွက်၊လက်သွက်ဖြစ်လာတာကရော အကြောင်းတခုမဖြစ်နိုင်ဘူးလားဆရာ၊၊ တွေးကြည့်တာပါ ဆြာ၊၊ 🙂

ATK ချစ်သူ့ရင်ခွင် ရှာပုံတော် မဖတ်ရသေးဘူး ထင်တယ်။ လူပျိုတုန်းကလည်း တွေ့မရှောင်ပါဘူး။ နောက်ဆုံးအဆင့်တစ်ခုကိုပဲ ကြောက်ကြောက်နဲ့ ဆင်ခြင်နေခဲ့တာလေ။ 🙂

Shwe Gyi ဖတ်ပြီးပါပြီဆရာ၊၊ ကျွန်တော်လဲ အဲ့နောက်ဆုံးအဆင့်တခုကိုပဲ ပြောတာပါ၊၊ ခုတော့သိပါပြီ ကြောက်လို့ ဆိုတာ၊၊ ဟီးးးး

ATK ခေတ်ချင်းက ကွာတာကိုးဗျာ။ ကျွန်တော်တို့ လူပျိုပေါက်စ ခေတ်တုန်းက အခုလို Ecee2 တွေ၊ အဖော်တွေ အလျှံပယ် မရှိခဲ့ဘူး မဟုတ်လား။ ရှိများ ရှိရင်တော့လည်း တစ်မျိုး ဖြစ်မှာပေါ့။

ကံကောင်းတာ တစ်ခုက ကျွန်တော်တို့ လူပျိုအရွယ်မှာ HIV မပေါ်သေးတာပဲဗျ။ မဟုတ်ရင် ခုလောက်ရှိ အရိုးဆွေးနေလောက်ပြီ။ 😀

အဟောင်းထဲက အစုပ်တွေ – ၉

၂၀၁၅ ခုနှစ် ဧပြီလ ၁၈ ရက် (ဇင်းမယ်)

မေမေ့ကိုတောင် ပညာပေးတဲ့ကောင်

ကျွန်တော်က ငယ်ပေါင်းဆိုတော့ အကြောင်း သိတယ်။ စကားပြောရင်တောင် သူက နိုင်ချင်တယ်။ သူကသာ ချယ်လှယ်ထားချင်တယ်။ အဲဒါကြောင့် ကျွန်တော် သူ့ကို ဘယ်တော့မှ စကားနိုင်မလုခဲ့ဘူး။ တစ်သက်လုံး အလျှော့ပေးပြီး ပေါင်းခဲ့ပါတယ်။

နောက်ပြီးတော့ လူတွေကိုလည်း သူက ချယ်လှယ်တတ်ပြန်တယ်။ ဘယ်သူနဲ့ ဘယ်သူနဲ့က ပေါင်းလို့ ရမယ်၊ ဘယ်သူနဲ့ ဘယ်သူကဖြင့် အစပ်တည့်မှာ မဟုတ်ဘူး ဆိုပြီး သူက ကြားချောင်က ၀င် ဆုံးဖြတ်တယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ပေါင်းလို့အဆင်ပြေမယ့်သူလို့ သူယူဆသူကိုဆို သူကပဲ မိတ်ဆက်ပေးတယ်။ အဆင် မပြေမယ့်သူတွေလို့ ယူဆရင် အဲဒီ့နှစ်ယောက် မဆုံဖြစ်အောင်တောင် သူက စီမံတယ်။ အဲလိုပါ။

ကျွန်တော့်ကို ချယ်လှယ်တာများဆို ရည်းစားကိစ္စအထိ ပါတယ်။ ကိုယ်ထိလက်ရောက် တကယ်စတွဲဖူးတဲ့ တက္ကသိုလ်ပထမနှစ်တုန်းက ကျွန်တော့်ရည်းစားဟာ တကယ်တော့ သူကုလားဖန်ထိုးလိုက်တာပါ။ သူနဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ အတန်းဖော် မိန်းကလေးကို သူက ကျွန်တော့်နာမည်နဲ့ စာရေး၊ သူကပဲ စာပေးခဲ့ရာက ကျွန်တော်တို့နှစ်ယောက် အဆင်ပြေသွားခဲ့တာပေါ့။ (အသေးစိတ်သိချင်ရင်တော့ ချစ်သူ့ရင်ခွင် ရှာပုံတော်ကိုသာ ပြန်လည်ကိုးကားတော်မူကြပါတော့ဗျာ။)

ကျောင်းပြီးမှလည်း ကျွန်တော့် ရည်းစားကိစ္စကို ချယ်လှယ်လိုက်ပြန်ပါသေးတယ်။ အဲဒီ့အချိန်က ကျွန်တော် ဘွဲ့လွန် သင်တန်းတစ်ခု တက်နေချိန်ပါ။ ကျွန်တော့်မှာ ရည်းစား ရှိပါတယ်။ (ဒါလည် အသုဘမှာ တွေ့တဲ့ အချစ် ခေါင်းစဉ်နဲ့ ချစ်သူ့ရင်ခွင် ရှာပုံတော်မှာ ဖော်ပြပြီး ဖြစ်ပါတယ်ခင်ဗျ။) အဲဒီ့ ရည်းစားကို မေမေက တစ်စက်မှ သဘောမကျပါဘူး။ သားသမီးကို ဆင်စီး မြင်းရံစေချင်တဲ့ မိဘစေတနာလို့ပဲ လွယ်လွယ် ဆိုကြပါစို့ရဲ့ဗျာ။

ကျွန်တော့်ကို ပြောလို့ မရတော့ ကျွန်တော်နဲ့ ပတ်သက်လို့ မြင်သမျှလူကို မေမေက နတ်သံနှောတော့တာပေါ့။ မြင်သမျှလူဆိုတာ တကယ့်ကို တွေ့သမျှလူကို ပြောတာပါ။ ကျွန်တော်နဲ့ နည်းနည်းလေးပဲ သိတဲ့သူ ဖြစ်ဦး၊ ကျွန်တော် သူ့စကား နားမထောင်တဲ့ အကြောင်း၊ ဘယ်လိုမှ သုံးမရတဲ့ မိန်းမနဲ့ တွဲနေကြောင်း ဟုတ်တာ နည်းနည်း၊ မဟုတ်တာ ခပ်များများလေးနဲ့ပေါ့။ လူတစ်ယောက်ကို တစ်ကြိမ်တွေ့လို့ တစ်ခါ ပြောပြီးရုံနဲ့လည်း မပြီးဘူး။ ဆယ်ခါ ဆုံရင် ဆယ်ကြိမ် ထပ်ပြောတာမျိုး။

အဲတော့ သည်ဒဏ်ကို အခံရဆုံးက ကိုရွှေဘိုနီဖြစ်နေတယ်။ သူ ကျွန်တော့်ဆီ ဖုန်းဆက်လို့ မေမေနဲ့ တိုးတဲ့အခါမှာလည်း မေမေက သူ့ကို သည်ကိစ္စပဲ အမြဲ ပြောတတ်ပါတယ်။ အဲတော့ အဲဒီ့ကောင် အခံရဆုံးပေါ့။

သည်မှာတင် သူက ကုလားဖန်ထိုးပြန်ပါတယ်။ ကျွန်တော် တက်နေတဲ့ ဘွဲ့လွန် သင်တန်းမှာ အချိန်ပိုင်း ဆရာမ ၀င်လုပ်နေသူတစ်ယောက်နဲ့ ကျွန်တော့်ကို သူက အောင်သွယ်လိုက်ပြန်တာပါ။

အချိန်က အချိန်ကောင်း ဖြစ်သွားတယ်။ မေမေ့ရဲ့ တိုက်စစ်တွေကြောင့် ကျွန်တော် အတော် စိတ်ညစ်နေချိန်။ မူလကတည်းက မိန်းကလေးတွေနဲ့ ပတ်သက်လာရင် ဘယ်သူ့ကိုမဆို အလွယ်တကူ စိတ်ပါတတ်တဲ့ ကျွန်တော့်ဉာဉ်လေးကိုလည်း သူက သိထားတာ ဖြစ်နေတော့ နှစ်ခါတောင် သူ မကြိုးစားလိုက်ရပါဘူး။ ဟိုကလည်း ဆက်ရက် တောင်ပံကျိုးဖြစ်နေတော့ အဲဒီ့မှာတင် လက်ရှိတွဲနေတဲ့ ရည်းစားကို ဖြတ်ပြီး သူအောင်သွယ်တဲ့ နောက်တစ်ယောက်နဲ့ တွဲဖြစ်သွားပါရောလား။ (ဒါလည်း အသေးစိတ်ကို ချစ်သူ့ရင်ခွင် ရှာပုံတော်မှာသာ ဖတ်ရှုတော်မူကြပါတော့။)

မေမေတော့ အချီကြီး ထိတဲ့ ပွဲပါပဲ။ (ဒါကတော့ ချစ်သူ့ရင်ခွင်ရှာပုံတော်မှာ မပါခဲ့တဲ့ အကြောင်းပါ။) ကိုရွှေဘိုနီ မေမေ့ကို ပညာပေးလိုက်တဲ့ ပွဲလို့တောင် ဆိုရမလား မသိဘူး။

ဖြစ်ပုံက သည်လို။ ကျွန်တော်တွဲနေတဲ့ တစ်ယောက်ကို မေမေ သဘောမကျတာက ဆင်းရဲလို့ရယ်၊ ဆယ်တန်း မအောင်၊ ဘွဲ့မရလို့ရယ်ပါ။

ကျောင်းထုတ်ခံရတဲ့ သူ

သည်နေရာမှာ ဘိုနီ တစ်ယောက် ဆယ်တန်းအောင်လျက်ကနဲ့၊ သူ့တစ်ဘ၀လုံး ကျွန်တော့်ကို အကြိမ်ကြိမ် ပြောခဲ့သလို အောင်တော့လည်း အမှတ်ပေါင်းမှာ ကျွန်တော့်ထက် လေးမှတ် အသာနဲ့ အောင်ခဲ့ပါလျက်ကနဲ့ ဘွဲ့မရခဲ့တဲ့ အကြောင်းကို ထည့်ပြောဖို့ လိုပါလိမ့်မယ်။ အရာရာမှ အရှုံးမပေးချင်သူကြီး ကိုရွှေဘိုနီ့အတွက် အဲဒီ့အချက်က သူ့ရင်ထဲမှာ တငွေ့ငွေ့နဲ့ မခံချိ မခံသာ ဖြစ်ချင်စရာ ကောင်းနေခဲ့ပုံပါပဲ။

အမှန်တော့ သူက နဂိုကတည်းက ကျောင်းစာကို စိတ်ပါလှသူတစ်ယောက်တော့ မဟုတ်တာ အမှန်ပဲ။ ကျွန်တော့်လိုပဲ ၀တ္တရားရှိလို့ ကျောင်းနေခဲ့တဲ့ သဘောမျိုးလောက်သာ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ ပထမနှစ် တက်နေခိုက်မှာ သူက မူးယစ်ဆေး သုံးပါတယ်။ သုံးတာမှ အကြောထဲကို ဆေးထိုးပြီး သုံးတဲ့အဆင့်ပါ။

ကျွန်တော်တို့ခေတ်က မူးယစ်ဆေးကို ရန်ကုန်မြို့လယ်က လေဟာပြင်ဈေးမှာတင် အလွယ်တကူ ၀ယ်လို့ ရတဲ့ခေတ်ခင်ဗျ။ မူးယစ်ဆေးဆိုရင် ဘိန်းနဲ့ ဘိန်းဖြူလောက်သာ အဓိက ထားတဲ့ခေတ်ပါ။ မြန်မာ့ ဆေးဝါး လုပ်ငန်းလို့ ခေါ်တဲ့ နိုင်ငံပိုင် ဆေးဝါး လုပ်ငန်းက ထုတ်တဲ့ ခိုမက်သာဇင် ချောင်းဆိုးပျောက်ဆေးနဲ့ ပက်သဒီး(န်) ထိုးဆေးတို့ကိုတော့ မူးယစ်ဆေးဝါး စာရင်းထဲ မသွင်းသေးတဲ့အပြင် အစိုးရ ဆေးဆိုင်တွေကတစ်ဆင့် ၀ယ်လို့ ရနိုင်ပါသေးတယ်။

အစိုးရဆေးဆိုင်တွေက ၀ယ်လို့ရတယ်လို့ ဆိုတဲ့အတွက် လူတိုင်း အလွယ်တကူ ၀ယ်လို့ ရတယ်လို့တော့ မအောက်မေ့ပါနဲ့။ ဆိုရှယ်လစ်ခေတ်ကြီး ဖြစ်တာမို့ ချောင်းဆိုး ပျောက်ဆေးတောင်မှ ခွဲတမ်းနဲ့ ရောင်းတာပါ။ ပက်သဒီး(န်)လိုဟာမျိုးကျတော့ ထောက်ခံစာတွေ၊ ဘာတွေ၊ ညာတွေ လိုခဲ့မှာပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ပိုင်ရာ ပိုင်ကြောင်းနဲ့တော့ ၀ယ်မယ်ဆို ၀ယ်လို့ရတဲ့ သဘောတော့ ရှိသဗျ။

အစိုးရဆိုင်မှာသာ လူတိုင်း အလွယ်တကူ လိုသလောက် ၀ယ်မရ ရှိရမယ်၊ မှောင်ခိုဈေးလို့ ခေါ်တဲ့ လေဟာပြင်မှာတော့ ၀ယ်လို့ လွယ်ပါတယ်။ အဲဒီ့ ပက်သဒီး(န်)ကို ကိုရွှေဘိုနီတို့ အုပ်စုက သုံးစွဲကြတာပါ။

ကံကောင်းချင်တော့ ကျွန်တော်က ပထမနှစ်မှာ စာအုပ်ကြီးသမား၊ ဆရာဝင်းဦး စကားနဲ့ ပြောရင် “စာတစ်အုပ်တည်းသမား”လုပ်လို့ ကောင်းနေချိန်ပေါ့။ ကိုယ်ကျင့်တရားတွေ၊ စံတွေနဲ့ ကိုင်ပေါက်ချင်တဲ့ ဉာဉ်နဲ့ ဖြစ်ပါတယ်။ နောက်တစ်ခု ကံကောင်းတာက သူတို့ မူးယစ်ဆေး စသုံးချိန်မှာ ကျွန်တော်က “ဘ၀သမား”လည်း ဖြစ်နေပြန်တော့တာပါပဲ။ အဖေ မရှိတော့တဲ့အတွက် ပထမနှစ် ကျောင်းသားဘ၀မှာတင် အရှင်လတ်လတ် လမ်းပေါ် ရောက်သွားပြီး အငှားယာဉ်မောင်းကာ ကျွန်တော်တို့သားအမိနှစ်ယောက်ရဲ့ စားဝတ်နေရေးအတွက် နေ့စဉ် ၀င်ငွေ ရှာနေသူ ဖြစ်နေပါပြီ။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် “ဧရာမ တာဝန်ရှိသူကြီး”လို့ ထင်မှတ်မှားနေတဲ့ အချိန်ပါ။

နောက်ထပ် ကံကောင်းတာက အကွက်သိပ်မြင်တဲ့ ကိုရွှေဘိုနီဟာ ဒါမျိုးကို ကျွန်တော် ခါးသီးမယ်ဆိုတာ မြင်ထားပြီးသားမို့ ကျွန်တော့်ကို အဖော်မစပ်တဲ့အပြင် ကျွန်တော့်ရှေ့မှာလည်း တစ်ခါဆို တစ်ခါဖူးမှ မူးယစ်ဆေး မသုံးခဲ့ဖူးပါဘူး။

သူကတော့ တအားကို သုံးနေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သူနဲ့ ကျွန်တော်နဲ့ရဲ့ ဘ၀တစ်သက်တာ ခင်မင်ခဲ့ကြတဲ့ သက်တမ်းတစ်လျှောက်မှာ ထိုးမလို ကြိတ်မလိုအထိ တစ်ကြိမ်တစ်ခါ ဖြစ်ဖူးခဲ့ပါတယ်။ ချယ်လှယ်ထိန်းချုပ်ချင်သူကြီးကို မူးယစ်ဆေး မလုပ်ဖို့ တားရာမှာ ကျွန်တော့်ဘက်က ပညာသား မပါဘဲ တုတ်ထိုး အိုးပေါက် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ကန့်ကွက် တားမြစ်ဖို့ အားထုတ်ခဲ့မိတဲ့အတွက် မောင်မင်းကြီးသား ဒေါသူပုန်ထပါတော့တယ်။ ကျွန်တော်နဲ့ ထိုးမလို ကြိတ်မလို ဖြစ်ကုန်ပါတော့တယ်။

ကျွန်တော်ကလည်း စေတနာနဲ့ ပြောတာကို ဖြစ်ရကောင်းလားဆိုပြီး ဒေါပွသွားပါတယ်။ ဒါနဲ့တင် ဖြစ်ကုန်ကြပါရောလား။ အနားမှာ ရှိတဲ့ အတန်းဖော်တွေ ၀ိုင်းဆွဲထားကြလို့သာ တကယ် ထိုးတဲ့အဆင့်အထိ ရောက်မကုန်တာပါ။

သူ မူးယစ်ဆေး သုံးနေချိန်မှာ ကျွန်တော် သူ့ကို ခပ်ရှောင်ရှောင် နေလိုက်ပါတယ်။ ဖြစ်ချင်တော့ ပထမနှစ် စာမေးပွဲ ဖြေချိန်မှာ မောင်မင်းကြီးသားက မူးမူးရူးရူးနဲ့ စာမေးပွဲ လာဖြေပါတယ်။ အခုခေတ်စကားနဲ့ ပြောရင်တော့ “စွတ်ကောင်းနေပြီး” လာဖြေတာပါ။ လက်တွေ့ ဖြေရတဲ့ နေ့ပါ။

အကောင်းလွန်နေတော့ သူ့ကိုယ်သူ ဘာလုပ်လို့ လုပ်မိမှန်း မသိတာပဲလား၊ ဒါမှမဟုတ် အရာရာကို စီမံ အကွက်ချ လုပ်ကိုင်တတ်သူကြီး သတိလစ်သွားတာပဲလားတော့ မသိဘူး။ ခိုးချဖို့ ယူလာတဲ့ တစ်နှစ်စာ လက်တွေ့ သင်ရိုးတစ်ထပ်ကို သူ့ဆီက စာမေးပွဲခန်း စောင့်သူက မိသွားပါတော့တယ်။ သာမန်အားဖြင့် ဘိုနီက ရည်မွန်ပါတယ်။ ချေငံပါတယ်။ ဒါပေမယ့် ကောင်းနေတဲ့ မူးယစ်ဆေးရှိန်က ဘယ်လောက်များနေလို့ ဘယ်လို လွဲကုန်သလဲတော့ မသိဘူး၊ စာမေးပွဲခန်းစောင့်တဲ့ ဆရာ/ဆရာမနဲ့ ပြေလည်အောင် ပြောလိုက်ဆိုလိုက်ရင် ပြီးနိုင်လျက်ကနဲ့ စာမေးပွဲခန်းထဲက အထုတ်ခံလိုက်ရတဲ့အပြင် ကျောင်းတက်ခွင့်လည်း နှစ်အကန့်အသတ်နဲ့ (သုံးနှစ်လား မသိ) အပိတ်ခံလိုက်ရပါတော့တယ်။

သူနဲ့ တစ်တန်းတည်းမို့ သူ အထုတ်ခံရချိန်မှာ ကျွန်တော် သူ့ကို တွေ့လိုက်ပါတယ်။ အဲဒီ့အချိန်က သူ့မျက်နှာက ထီမထင်တဲ့ မျက်နှာပါ။ အခုတောင် ပြန်မြင်ယောင်မိသေးတယ်။ “ကောင်း”နေ၊ အကြီးအကျယ် “ကွဲ”နေတာလည်း သေချာတဲ့ မျက်နှာပါ။ “စာတစ်အုပ်တည်းသမား”ကျွန်တော်က စိတ်ပျက်လက်ပျက်နဲ့သာ အသာကြည့်နေလိုက်ပါတယ်။

သူ့ပါမစ်နဲ့ ရေးတာနော်

အဟဲ… သူ သိပ်အောင်မြင်ထင်ရှားလာတဲ့အခါ သူ့အကြောင်းကို မေးမြန်းပြီး စာအုပ် ထုတ်ရာမှာတော့ ဒါတွေ ပါမလာပါဘူး။ ဒါ့အပြင် သူ့မျိုးရိုးစဉ်ဆက် တအားချမ်းသာခဲ့တဲ့ အကြောင်းကိုလည်း ထိန်ချန်ထားခဲ့ပါတယ်။ ကျွန်တော် အဲဒီ့စာကို ဖတ်မိပြီး သူ့ကို တွေ့ဆုံမေးမြန်းခဲ့တဲ့ စာရေးသူကို ပြောတော့ အဲဒီ့ စာရေးသူက ညည်းပါတယ်။

“အောင်မလေးဗျာ… သည်စာအုပ်လေးထဲပါတဲ့ သူ့အကြောင်း စာမျက်နှာလေး ၂၀ လောက်တောင် အကြိမ်ကြိမ် ပြန်ပြင်ပေးထားရတာဗျ။ သူ့အတွင်းရေးမှူးဆိုတဲ့ သူတွေနဲ့ အကြိမ်ပေါင်းများစွာ သွားတွေ့ရ၊ ဟိုနား ပြင်ပေးပါဦးဆို ပြင်ရ၊ သည်နား ပြင်ပေးပါဦးဆို ပြင်ရနဲ့… ခင်ဗျားပြောသလို စေ့စေ့ပေါက်ပေါက် မေးဖို့တော့ စိတ်တောင် မကူးရဲဘူးဗျာရေ့”တဲ့။

ဟုတ်လောက်ပါတယ်။ ကျွန်တော် သူနဲ့ ပတ်သက်လို့ အတိုတစ်ပုဒ်ရေးတော့တောင် သူတို့ကို “သူကြွယ်”လို့ ရေးလိုက်တဲ့အတွက် လင်ရော မယားကပါ ကန့်ကွက်ကြတာ ခံရဖူးပါသေးတယ်။ သူဌေးလောက်ရေးရင် တော်ရောပေါ့ဆိုပဲ။ 😀 

သူ့အောင်မြင်မှုနဲ့ ပတ်သက်လို့ တွေ့ဆုံမေးမြန်းခန်း စာအုပ်ထဲမှာ ပါလာတဲ့ အကြောင်းအရာကို ဖတ်ပြီးတော့ ကျွန်တော် သူ့ကို ပြောခဲ့သေးတယ်။ သူ မူးယစ်ဆေးစွဲခဲ့တာ၊ မူးယစ်ဆေးကြောင့် တက္ကသိုလ်ပထမနှစ်နဲ့ ကျောင်းထုတ်ခံခဲ့ရပေမယ့် ဘ၀ပျက်မသွားဘဲ မယိမ်းမယိုင် ထူထောင် အောင်မြင်လာခဲ့တယ်ဆိုတဲ့ အချက်ဟာ လူငယ်တွေအတွက် အင်မတန် အဖိုးတန်တဲ့ အတွေ့အကြုံတွေ ဖြစ်တာမို့ ထိန်ချန်ဖို့ မသင့်ဘူးလို့။ သူက ရယ်ပဲ နေပါတယ်။ ဒါနဲ့ ကျွန်တော်လည်း “အေး… မင်း ထုတ်မပြောခဲ့ပေမယ့် ငါ မင်းအကြောင်း ရေးတဲ့အခါကျရင်တော့ အဲဒါတွေ ထည့်ရေးမှာနော”လို့ ပြောလိုက်ပါတယ်။

ကျွန်တော့်အကြောင်းကို ကျွန်တော့်ထက်တောင် ပိုသိတဲ့ ကျေးဇူးရှင်ကလည်း ပြန်ပြောပါတယ်။

“ရေးပေါ့ကွာ။ ငါ တားလည်း မင်းက ရေးမယ့်ကောင်ဆိုတော့ မတားပါဘူး။ မင်းရေးချင်သလို ရေးပေါ့”တဲ့။

အခု ကျွန်တော် ရေးတာဖတ်ပြီး သူ့ဘက်က ကျလိကျလိ ဖြစ်နေသူတွေများ ရှိနေမယ်ဆိုပါရင် သူ့ပါမစ်နဲ့ ကျွန်တော်ရေးတာမှန်း သိကြစေချင်ပါတယ်ခင်ဗျ။ 😀 

သူ့အငုပ်စိတ်ကိုမှ သွားဆွရက်လေခြင်း

ကျောင်းထုတ်ခံရပြီးတဲ့နောက် ကျောင်းပြန်တက်နိုင်တဲ့ သက်တမ်းစေ့တော့ သူ စာပေးစာယူ တက်ဖို့ လျှောက်လွှာတွေ ဘာတွေ တင်၊ ကျောင်းဝင်ခွင့်တွေ ဘာတွေ ရလိုက်ပါသေးတယ်။ ဒါပေမယ့် အဲဒီ့အချိန်မှာ သူက ဘ၀အတွက် စတင် ရုန်းကန် အားထုတ်နေပြီမို့ တစ်ကြောင်း၊ အလေလိုက်လို့ ကောင်းနေတာမို့ တစ်ကြောင်းတို့ကြောင့် ကျောင်းဝင်ခွင့်ရတဲ့ အဆင့်မှာပဲ ရပ်သွားခဲ့ပါတယ်။

ပြိုင်ချင်ဆိုင်ချင် နိုင်ချင်စိတ် ကြီးမားလှသူ သူ့အတွက်က လူတကာ ဘွဲ့ရနေတဲ့ ခေတ်မှာ သူ ဘွဲ့မရနိုင်ခဲ့တာ အတွက် သူ့အသည်းထောင့် တစ်နေရာမှာ ဆူးစူးနေခဲ့မှာလည်း သေချာပါတယ်။ ပိုဆိုးတာက သူ့ဇနီးက မဟာဘွဲ့အထိ တက်ယူလိုက်ပြန်တာပါပဲ။ သူ့ဇနီးကလည်း အသွင်တူလို့ အိမ်သူ ဖြစ်လာသူပီပီ အနိုင်ယူတတ်ပါတယ်။ တခြား ဘာနဲ့မှ မနိုင်ရတောင် စကားနဲ့တော့ သူ့ကို အနိုင်ယူလေ့ ရှိပါတယ်။ အဲတော့ သင်း ရင်ထဲမှာ အဲဒီ့ ဘွဲ့ကိစ္စက အစိုင်အခဲ တစ်ခု ဖြစ်နေလောက်တယ်။

သည်အချိန်မှာ ကျွန်တော့်အမေက ဆယ်တန်းမအောင်၊ ဘွဲ့မရတဲ့ ပြစ်မှုနဲ့ ကျွန်တော် တွဲနေသူကို “အသေဖဲ့”တာတွေ နားမဆံ့အောင် ကြားနေရတဲ့အခါ ကိုရွှေဘိုနီရဲ့ အနာကို ဆွသလို ဖြစ်မှာလည်း အသေအချာပါ။ သည်မှာတင် သူက ကျွန်တော့် အချစ်ရေးကို ကုလားဖန် ထိုးထည့်လိုက်ပါတယ်။

ကျွန်တော့် ဘွဲ့လွန်သင်တန်းမှာ အချိန်ပိုင်း ဆရာမ လုပ်နေသူဆိုကတည်းက အဲဒီ့ အမျိုးသမီးက နှစ်ဘွဲ့ရပါ။ ပြီးတော့ အဲဒီ့အမျိုးသမီးရဲ့ ဖခင်ကလည်း မဆလ aခတ်ဦးတုန်းက ရာထူးတာဝန်အကြီးကြီး ရယူခဲ့ဖူးသူပါ။ ဆိတ်ငြိမ်ရပ်ကွက်မှာ အိမ်ကြီးရခိုင်နဲ့ နေတဲ့သူပေါ့။

အဟဲ… အမေ ပက်လက်လန်တာက အဲဒီ့အမျိုးသမီးက တစ်စက်ကလေးမှ မလှရှာတာပါပဲ။ ဒါပေမယ့် သူလိုချင်တဲ့ အောက်ပါ အရည်အချင်းအပြည့်နဲ့ဆိုတော့ အမေ့ခမျာ မပြောသာတော့ပါဘူး။ မပြောသာတဲ့ ကြားက ပြောဖြစ်အောင်တော့ ပြောပါသေးတယ်။ “ခမျာ တော်တော် မလှရှာဘူးပဲကိုးကွယ်”တဲ့။ 🙂

တကယ်တော့ အဲဒီ့အမျိုးသမီးရဲ့ လှတဲ့အပိုင်းလေးတွေက အမေ အလွယ်တကူ မြင်နိုင်တဲ့ နေရာမှာမှ ရှိမနေတာကိုးလေ။ 😀

မြင်ယောင်နေဆဲ ငှဲ ငှဲ

ညစ်ပတ်တာတွေ လျှောက်မစဉ်းစားကြနဲ့ဗျာ။ အဲ… ဒါပေမယ့် နည်းနည်းတော့ ညစ်ပတ်မလား မသိဘူး။

အဲဒီ့အမျိုးသမီး တစ်ကိုယ်လုံးမှာ အလှဆုံးက ချိုချိုပါ။ တကယ်ပါဗျာ၊ ခုပြော ခုပြန်မြင်သေးတယ်။ ကျွန်တော့်တစ်သက်မှာ ချိုချိုပေါင်းများစွာကို အပြင်မှာ အရင်းအတိုင်း မြင်ဖူးပါတယ်။ (ကြွားတယ်လို့ ထင်ချင်လည်း ထင်ပါ။ မတတ်နိုင်ဘူး။)

သို့သော် အဲဒီ့အမျိုးသမီးလောက် လှတာတော့ သည်တစ်သက်မှာ သည်တစ်ခါပဲ တွေ့ဖူးပါသဗျာ။ အဲဒါကို ပြောလိုက်တာပါ။ အခုဆိုရင်တော့ သူလည်း ၆၀ လောက် ရှိနေပြီမို့ အရင်လို ဘယ်လှပါတော့မလဲနော်။ အဲ့တုန်းက ဒစ်ဂျစ်ထယ်(လ်) ခယ်မရာတွေ မပေါ်သေးတာ နာသဗျာ။ မဟုတ်ရင် ဓာတ်ပုံရိုက်ယူထားလိုက်ခဲ့မိမှာ အသေအချာပဲဗျ။ စာဖတ်သူ မိတ်ဆွေတွေလည်း ကျွန်တော်ပြောတာ လွန်မလွန် အကဲဖြတ်နိုင်မှာပေါ့။ ခုတော့… ခုတော့… 😛 

အဲဒါက နောက် သူနဲ့ အဆင်ပြေသွားမှ မြင်ရတဲ့ အလှပေါ့ဗျာ။ မျက်မြင်မှာ ဘယ်လိုမှ မလှတာကို ကျွန်တော်က ဘာ့ကြောင့်ကြိုက်သလဲလို့ မေးစရာ ရှိပါတယ်။

ပြောခဲ့တဲ့အတိုင်း အမေ့ရဲ့ နေ့စဉ် တိုက်ကွက်ကြားမှာ အလူးအလိမ့်ခံနေရတဲ့အတွက် ကျွန်တော် ယိမ်းယိုင်နေတာလည်း ပါတယ်။ ကိုယ့်ဆရာမ ကိုယ် ပြန် ရည်စားထားရမှာမို့ စိတ်လှုပ်ရှားစရာ ကောင်းနေတာလည်း ပါတယ်။ သူ့ရဲ့ အောက်ပါအရည်အချင်းတွေနဲ့ ကိုင်ပေါက်ပြီး မေမေ့ကို ရွဲ့ချင်တဲ့စိတ်လည်း ပါတယ်။

ချဉ်းကပ်လိုက်တဲ့အခါ ကိုရွှေဘိုနီ အောင်သွယ်ထားတဲ့အတွက် ဘာမှ အခက်အခဲ မရှိတော့ဘဲ ရက်ပိုင်းလေးနဲ့တင် အဆင်ပြေသွားပါတော့တယ်။

ကိုရွှေဘိုနီတစ်ယောက် လူရိပ်လူကဲကို ကောင်းကောင်း နားလည်ပြီး လိုသလို ချယ်လှယ်သွားတတ်ပုံလေးတွေရဲ့ အကောင်းဆုံး နမူနာ ဖြစ်လိမ့်မယ် ထင်ပါတယ်။

ကျေးဇူးရှင် ရာမ(ဘူမိဗေဒ)

သည်လိုပြောတဲ့အခါ ကျွန်တော့် သူငယ်ချင်းတွေထဲမှာ သူ လုံးလုံး ကြည့်လို့မရသူ တစ်ယောက်လည်း ပါပြန်သေးတယ်။ အဲဒီ့လူနဲ့ ကျွန်တော် ခင်မင် ရင်းနှီး ပေါင်းသင်းနေတာကိုလည်း သူတစ်စက်မှ မကြိုက်ပါဘူး။ ကျွန်တော့်ကို နှုတ်ကကို ဖွင့်ပြောပါတယ်။ “ငါ အဲဒီ့လူကို မကြိုက်ဘူး”တဲ့။

အသားလွတ်ကြီး မကြိုက်တာလို့ပဲ ကျွန်တော်ခံယူပါတယ်။

သူမကြိုက်သူကိုတော့ နာမည်မှန်နဲ့ ထုတ်ရေးပါ့မယ်။ သူလည်း ကျွန်တော့် ကျေးဇူးရှင်ထဲမှာ ပါပါတယ်။

သူငယ်ချင်းလို့သာ ပြောရတယ်၊ တကယ်က သူက ကျွန်တော့်ထက် အသက် ငါးနှစ်မက ကြီးပါတယ်။ ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀မှာ သူက တက္ကသိုလ် တတိယနှစ်လားတောင် ရောက်နေပါပြီ။

ကျွန်တော်က ဆရာဦးထွန်းဦးကျော်နဲ့ တအားရင်းနှီးပါတယ်။ ဆရာဦးထွန်းဦးကျော်ရဲ့ တစ်ဦးတည်းသော နှမက ဘူမိဗေဒ တက်နေချိန်မှာ ကျွန်တော့် ကဗျာတွေ ရေးထားတဲ့ စာအုပ်ကို အဲဒီ့အစ်မကြီးကို ပေးထားပါတယ်။ ကိုယ့်ကဗျာ ဖတ်မယ့်သူ မရှိတော့ ဖတ်မယ့်သူကို ပေးလိုက်တာပါ။ အဲဒီ့ ကဗျာစာအုပ်က ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ ဌာနမှာ ကျောင်းတက်နေတဲ့ အစ်မကြီးရဲ့ အတန်းဖော် ကဗျာဝါသနာရှင်တွေ့ လက်ထဲ ရောက်သွားရာကနေ အဲဒီ့ အစ်ကိုကြီးက ကျွန်တော့် ကဗျာတွေကို သူတို့ စုထုတ်တဲ့ “နေနန်းသိရ်လော ကန်မှာသော်ဝ်”ဆိုတဲ့ စာကူးစက်လက်လှည့်စာအုပ်ထဲမှာ ယူသုံးလိုက်ကြပါတော့တယ်။

လူကသာ ဆယ်တန်းရှိသေးတာ၊ ကျွန်တော့်ကဗျာတွေကတော့ တက္ကသိုလ်တောင် ရောက်သွားပါရောလား။

အဲဒီ့ ကဗျာစာအုပ်ကို စီစဉ်ထုတ်ဝေသူက ရာမ (ဘူမိဗေဒ)ဆိုတဲ့ အစ်ကိုကြီးပါ။ သူနဲ့ လူချင်း မဆုံဖူးပါဘူး။ ဆရာ့နှမကတစ်ဆင့် ကျွန်တော့်ကဗျာတွေ စာအုပ်ထဲ ထည့်ချင်တယ်လို့ ပြောပါတယ်။ ထည့်ပေါ့။ ဘ၀င်တောင် လေဟပ်သွားသေးတယ်။ တယ်တော်တဲ့ ငါပါလားလို့တောင် သွေးနားထင် ရောက်သွားသေး။ ဟေး ဟေး…

အဲလိုနဲ့ ကျွန်တော် တက္ကသိုလ်ရောက်တော့ သူ့ကို သွားရှာတယ်။ ကျွန်တော်တို့ တက်ရတာက အခု ရန်ကုန်တက္ကသိုလ် ဗိုလ်တထောင်နယ်မြေလို့ ခေါ်တဲ့ ကျောင်းမှာ။

သည်အပိုင်းမှာ ပြောကြတာလေးတွေ…

၂၀၁၅ ခုနှစ် ဧပြီလ ၁၉ ရက် (ဇင်းမယ်)

ယဉ်ကျေးမှုအဆင့်၊ စိတ်ဓာတ်အဆင့် မြင့်သူများနဲ့ နေရခြင်းသည်လည်း

ကျောင်းသားတွေကို ရန်သူလို့ သတ်မှတ်ထားတဲ့ ဗိုလ်နေ၀င်းနဲ့ အပေါင်းပါများဟာ စစ်တပ်က လူတွေ ဖြစ်တာနဲ့ အညီ ကျောင်းသားတွေကို တစ်စုတစ်စည်းတည်း မထားရေးဆိုတဲ့ မဟာဗျူဟာမြောက် စီမံကိန်းကို သဘာဝ သမိုင်းတက္ကသိုလ် (အခု ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေထင်တယ်)မှာ ပထမနှစ်တွေ ထားခြင်းနဲ့ စတင်ပါတယ်။

ကျွန်တော်တို့ ဆယ်တန်းအောင်တဲ့ နှစ်ကျတော့ ဒုတိယဆင့်အဖြစ် သမိုင်းမှာတင် မဟုတ်တော့ဘဲ ဗိုလ်တထောင်က လုပ်သားကောလိပ်နေရာကို တချို့တစ်ဝက် ခွဲပို့လိုက်ပါတော့တယ်။ ဗိုလ်နေ၀င်းရဲ့ သားမြေး အစဉ်အဆက်တွေ အဲဒီ့ ဗျူဟာကို ဆက်လက် အကောင်အထည်ဖော်သွားပုံကတော့ ကနေ့ တစ်ပြည်လုံးမှာ တက္ကသိုလ်တွေ ဆယ်ဂဏန်းနဲ့ ပွထကုန်တော့သာ ကြည့်ပါတော့ဗျာ။

ကျွန်တော် ပထမနှစ် ရောက်စမှာ ပထမဆုံး လုပ်တဲ့အလုပ်က အဲဒီ့ ကိုရာမကို သွားရှာတာပါ။ သူတို့ ဘူမိဗေဒ ကျောင်းသားတွေက သမိုင်းကောလိပ်မှာ တက်ရတာမို့ သမိုင်းကျောင်းဝင်းထဲ ရောက်သွားပါတယ်။

မှတ်မိနေပါသေးတယ်။ ဘူမိဗေဒဆောင်တွေရဲ့ လှေကားထောင့်ချိုးတစ်နေရာမှာ တိုက်ပုံအမည်းကို ကော်လာပါ အပြာနုရောင် အရိပ်ပန်းအင်္ကျီနဲ့ တွဲဖက် ၀တ်ဆင်ထားပြီး ကော်ကိုင်း မျက်မှန်၊ မှန်သား အပြာနုရောင်ကို တပ်ထားတဲ့ အသက်ခပ်ကြီးကြီး၊ အရပ်အမောင်း ကောင်းကောင်း၊ အသားညိုညို ကျောင်းသားကြီး တစ်ယောက်ဟာ ပြည်လှဖေရဲ့ နတ်ရှင်နောင် သီချင်းကို အကျဟဲနေပါတယ်။ သူ့ဘေးမှာတော့ ၀က်ခြံ ထူလဗျစ်နဲ့၊ သူနဲ့ မတိမ်းမယိမ်း ကျောင်းသား တစ်ယောက်လည်း ရှိနေပါတယ်။

ကျွန်တော် မေးစမ်းကြည့်တဲ့အခါ သီချင်းဆိုနေသူဟာ အဲဒီ့ ရာမ (ဘူမိဗေဒ) ကိုယ်တော်တိုင် ဖြစ်နေပါတော့တယ်။ တကယ့်ကို အပ်ကျ မတ်ကျပါခင်ဗျ။

သူနဲ့ အဲဒီ့တစ်ခေါက်ပဲ ဆုံလိုက်ရပါတယ်။ ကျွန်တော်နဲ့ ဆုံပြီး များမကြာခင်မှာ သူက ထောင်ထဲကို ရောက်သွားလို့ပါ။ ကျွန်တော်တို့ ပထမနှစ် တက်ခါစမှာပဲ မှိုင်းအရေးတော်ပုံ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ကျောင်းသားတွေကို ဖမ်းပါတယ်။ ထောင်ထဲပို့ပါတယ်။ ဒါဟာ ဗိုလ်နေ၀င်းရဲ့ သားမြေးအစဉ်အဆက်များ နိုင်ငံရေးကို ကိုင်တွယ်ဖြေရှင်းပုံပါပဲ။ သိပ်ကို ယဉ်ကျေးတဲ့သူများ၊ စိတ်ဓာတ်အဆင့်အတန်း မြင့်မားလှကြသူများပေကိုးခင်ဗျာ။

အဖုံးနဲ့ အတွင်းသား ၀ိရောဓိ

ကိုရာမ ထောင်ကထွက်လာတော့ ကျွန်တော်နဲ့ အတော်တွဲဖြစ်ပါတယ်။ သူ့ကို ကျွန်တော် ခင်ပါတယ်။ သူက ကျွန်တော့်ကို ညီငယ်တစ်ယောက်လို ဖေးမ ဆက်ဆံပါတယ်။ တကယ့် ပကတိ အစ်ကိုကြီးပါပဲ။ ကျွန်တော် ကြိုက်တဲ့အချက်က ကိုရာမဟာ အင်မတန် ရိုးသားဖြောင့်မတ်ပါတယ်။ တိုက်ပုံဝတ်တာ အလွန်ဝါသနာပါ၊ မျက်မှန်ပြာကြီးကို တပ်ပြီး ဟိတ်ထုတ်ပေမယ့် သူ့အပြောအဆိုနဲ့ စိတ်ရင်းက ပွင့်လင်းရိုးသားလှပါတယ်။

အဲဒါကို ဘာကြောင့်မှန်း မသိဘူး၊ ကိုရွှေဘိုနီက ကြည့်မရဘူးခင်ဗျ။ သူနဲ့ စကားလည်း ငါးခွန်း ပြည့်အောင် မပြောဖူးခဲ့၊ ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံဖို့ဆိုတာ ဝေလာဝေးပါ။

ကိုရာမကတော့ ဘိုနီနဲ့ ပတ်သက်လို့ သူသေသွားတဲ့အထိ ဘာဆို ဘာမှ မပြောဖူးခဲ့ပါဘူး။ ဘိုနီကတော့ ကျွန်တော် ကိုရာမနဲ့ ပေါင်းတာကို မကြိုက်တဲ့အကြောင်း ကျွန်တော့်ကိုသာမက အမေ့ကိုပါ ပြောခဲ့ဖူးပါတယ်။ ခက်တာက အမေကိုယ်တိုင်ကလည်း ကိုရာမကို ခင်တာပါပဲ။ အေးရောပေါ့…

ပြောချင်တာက ဘိုနီ့မှာ ဖွင့်ထားတဲ့ စိတ် မရှိဘူးလို့ ယူဆစရာ အချက်ကလေး တစ်ချက်ပါ။ လူတစ်ယောက်ကို အခြောက်တိုက် မြင်မြင်ချင်း ကြည့်မရဘူးဆိုတာတော့ လူတိုင်း ဖြစ်ဖူးမယ် ထင်ပါတယ်။ ကျွန်တော်လည်း ဖြစ်ဖူးပါတယ်။ ကျွန်တော့်မှာကျတော့ ထူးဆန်းတာက တချို့ ကျွန်တော် မြင်မြင်ချင်း ကြည့်မရခဲ့သူတွေဟာ တကယ်ပေါင်းကြည့်တော့မှ အင်မတန် နှစ်လို ခင်မင်စရာ ကောင်းနေတတ်သလို အမြင်မှာ သိပ်ချစ်ဖို့ ကောင်းတဲ့သူတွေဟာ တကယ်ပေါင်းကြည့်တဲ့အခါကျတော့မှ ကိုယ်နဲ့ အစပ်မတည့်သူတွေ ဖြစ်နေတတ်တာပါပဲ။

သိုးဆောင်းစကားမှာတော့ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ရုံနဲ့တင် ဆုံးဖြတ်လို့ မရဘူးလို့ ပြောလေ့ရှိပါတယ်။ အပွေးမြင် အပင်သိဆိုတဲ့ မြန်မာစကားလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒါက လူတွေနဲ့ ပတ်သက်ရင် အခါခပ်သိမ်း မမှန်နိုင်ဘူးလို့ ထင်မိတယ်။

ကျွန်တော်ကသာ မမှန်နိုင်ဘူး ထင်နေတာ၊ ကျွန်တော့် ချစ်သူငယ်ချင်းကတော့ သူ့ကိုယ်သူ အပိုင်တွက်ထားပါတယ်။ သူ မြင်တာ မှန်ရမယ်ပေါ့။

သူ့လိုသာ ပြောကြကြေးဆိုရင် ကျွန်တော် မြင်မြင်ချင်း ကြည့်မရတဲ့သူက သူ့ဇနီးပါ။ ဘယ်လိုမှကို မျက်စိထဲ အချိုးမပြေပါဘူး။ သူ့ဇနီးက သူနဲ့ ပထမနှစ်ကျောင်းသားဘ၀ (သူ ကျောင်းထုတ်မခံရခင်) ကတည်းက တွဲခဲ့တဲ့သူပါ။ သူ့ဇနီး ကျောင်းတက်နေတဲ့ လေးနှစ်တာလုံးလုံးမှာလည်း သူက လာလာနေတာမို့ အမြဲ တွေ့နေပါတယ်။ ကျွန်တော် အဲဒီ့ လေးနှစ်လုံးလုံး အဲဒီ့မိန်းမကို နည်းနည်းမှ ကြည့်မရခဲ့ပါဘူး။

အဲ… သူနဲ့ ညားတော့ အဲဒီ့မိန်းမလည်း ကျွန်တော့်သူငယ်ချင်း ဖြစ်လာပါရောလားဗျာ။ အဲတော့ကျတော့မှ အဲဒီ့မိန်းမဟာ အလွန်ရိုးမှန်း အမှန်း သိသွားပြီး အရမ်းခင်ဖို့ကောင်းမှန်း သိသွားပါတယ်။ ဘယ်လို လုပ်မတုံး။

လူဆိုတာတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ မတူနိုင်တဲ့အတွက် ကျွန်တော်မှန်တယ်၊ သူမှားတယ်လို့ ဆိုလိုက်တာမျိုး မဟုတ်ပါဘူး။ လူ့စရိုက်သဘာဝကို ပုံဖော်ဖွဲ့ဆိုတာ သက်သက်ပါပဲ။ အထူးသဖြင့် ဘိုနီဆိုတဲ့ ကျွန်တော့် သူငယ်ချင်းရဲ့ ပင်ကိုသဘာဝကို ထင်ရှားအောင် ဖွင့်ဆိုတာ ဖြစ်ပါတယ်။

သူက သူ့ကိုယ်သူတော့ အတော်သိတဲ့သူ၊ တတ်တဲ့သူလို့ ထင်ခဲ့ပါတယ်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် အဲလို တစ်ခါတစ်လေ ထင်မိယောင်မှားခဲ့ဖူးတာမို့ ကိုယ်ချင်းစာစိတ်နဲ့ နားလည်ပါတယ်။

ဒါပေသည့် ဆိုခဲ့တဲ့အတိုင်း ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး အင်မတန် သန်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်တုန်းကမှ မညှာတတ်တာမို့ ကိုယ့်အားနည်းချက်ကိုလည်း ကိုယ့်ဘာသာ သိလာမိတတ်ပါတယ်။ သည်အခါမှာ ငါသိ ငါတတ်ဆိုတဲ့ စိတ်ကလေးက ဘယ်လောက်ကလေး ဖေးဖေး ထမိသွားသွား၊ ကိုယ့်ကိုယ်ကိုယ် ဘွားခနဲ ပြန်ပြန်မြင်မိနေတတ်တယ်။

နောက်တစ်ချက်က ကျွန်တော်က အနိုင်လိုချင်သူလည်း မဟုတ်ဘူး။ ပြိုင်ဖို့လည်း သိပ်စိတ်ဝင်စားတာမျိုး မဟုတ်ဘူး။ အဲတော့ ဘယ်သူ့ကိုမှ ချယ်လှယ်ဖို့ အားမထုတ်ဘူး။ ဘိုနီ့ကိုဆို ရှေ့မှာ ပြောခဲ့တဲ့အတိုင်း အမြဲတစေ အကျောပေးထားခဲ့တာ။

အဲသလို အကျောပေးထားလျက်ကနဲ့ ဘယ်အရာမှာဖြစ်ဖြစ် သူက အနိုင်လိုချင်ပါတယ်။ ယုတ်စွအဆုံး နိုင်ငံရေး အယူအဆတွေမှာတောင်မှ သူပြောတာမှ အမှန် လုပ်တတ်ချင်တယ်။

ကျွန်တော်က သူနဲ့ဆို ဖက်ကို မပြောပါဘူး။ သူသာအမှန်၊ ကျန်တဲ့သူအမှားဆိုတဲ့ သူ့အယူဝါဒကို တစ်စွန်းတစ်စမှ မထိပါးမိအောင် အသာလေး ငြိမ်နေလိုက်ပါတယ်။ အေးတာပေါ့။ မောင်မင်းကြီးသားလည်း ကျေနပ်၊ ကျွန်တော်လည်း စိတ်ထဲက ကျိတ်ပြုံး။ ဘယ်လောက် နိပ်သလဲ။

ဘွဲ့နှင်းသဘင်

သူနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်ရတာ တစ်ချက်လည်း ရှိဖူးတယ်။ အဲဒါကတော့ ကျွန်တော် ဘွဲ့ယူတဲ့ အချိန်မှာပါ။

ကျွန်တော် ဘွဲ့ယူတာကို လိုက်ခဲ့ပါရစေလို့ သူက အလေးအနက် တောင်းဆိုခဲ့တဲ့ အဖြစ်ပါပဲ။ သူ့အစ်မကြီးက ဆရာဝန်ပါ။ သူ့အစ်မ ဘွဲ့ယူတုန်းကလည်း သူ လိုက်ခွင့် မရခဲ့ဘူးတဲ့။ သူ့အစ်ကိုကတော့ ဘွဲ့မရပါဘူး။ သူ့အစ်မလေးကလည်း သိပ္ပံဘွဲ့ရပါပဲ။ မမလေး ဘွဲ့ယူတော့လည်း သူ လိုက်ခွင့် မရခဲ့ဘူး။ အဲတော့ ကျွန်တော် ဘွဲ့ယူတဲ့အခါ သူလိုက်ခဲ့ချင်တယ်၊ ဘွဲ့နှင်းသဘင် ခန်းမထဲ ရောက်ဖူးချင်တယ်လို့ သူပြောခဲ့တာပါ။

လိုက်ပေါ့။ ကျွန်တော် ဘွဲ့နှင်းသဘင်တက်တော့ လိုက်ပါသူက မေမေနဲ့ အဲဒီ့ကောင်ပါ။ အဲတုန်းက ရိုက်ခဲ့တဲ့ သူနဲ့ ကျွန်တော်နဲ့ နှစ်ယောက်တွဲ ပုံလေးကို သူမဆုံးခင် တစ်နှစ်လောက် အလိုမှာ လူမှု ကွန်ရက်မှာ ပြန်တင်ပေးလိုက်တော့ မောင်မင်းကြီးသား ကျွန်တော့်ကို ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

ကျွန်တော်က ဆိုခဲ့တဲ့အတိုင်း ကိုယ့်အကြောင်း ကိုယ်သိသူပါ။ အဲဒီ့ဘွဲ့ဟာ အလကားဘွဲ့မှန်း ကျွန်တော် အသိဆုံးပေါ့။ ကျွန်တော် တစ်လုံးမှ မတတ်တဲ့ ဘာသာရပ်အတွက် အသားလွတ်ကြီး ရလာတဲ့ ဘွဲ့ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းရဲ့ ပညာတတ်များ ဗုံးပေါလအောဖြစ်ရေးမူ၊ ဗိုလ်နေ၀င်းရဲ့ ပညာတတ်နာ ရောဂါကို အထုပ်ဖြည်တဲ့ မူအရ တကယ့်ပညာတတ်တွေ နေရာမရရေးမှာ အုတ်အရောရော ကျောက်အရောရောတွေ ထည့်ပေးတဲ့နည်းကို သုံးခဲ့တာပါ။

ဗိုလ်နေ၀င်းနဲ့ ခေတ်ပြိုင် နိုင်ငံရေးသမား အားလုံးက ပညာတတ်ကြီးတွေပါ။ အဲဒါကို ဗိုလ်နေ၀င်းက ကျွန်တော့် သူငယ်ချင်း ဘိုနီရဲ့ ဘွဲ့ရများအပေါ် မျက်မုန်းကျိုးနည်းကားနဲ့ အတော်မျက်မုန်းကျိုးပါတယ်။ သူ အာဏာ ရလာတဲ့အခါမှာတော့ ပညာတတ်တွေကို မြောင်းထဲအရောက်ပို့နည်းအဖြစ် ဆယ်တန်းကို ဗုံးပေါလအော အအောင်ပေး၊ တက္ကသိုလ်မှာလည်း ဗုံးပေါလအော ဘွဲ့ပေးတဲ့ စနစ်ကို ကျင့်သုံးလိုက်ပါတော့တယ်။ ဘွဲ့ယူစာတမ်း မရေးဘဲ၊ ဘာစီမံချက်မှ ကိုယ်တိုင်ဖန်တီး ရေးဆွဲမပြ၊ ဘာ ဘာသာရပ်စာအုပ်မှ မဖတ်ရဘဲ မူလတန်း ကျောင်းသားတွေလို အမေး-အဖြေလေးတွေ ကျက်ဖြေရုံနဲ့ ဘွဲ့ရခဲ့တဲ့သူ ဘာတန်ဖိုး ရှိမှာလဲဗျာ။

အဲတော့ ဘွဲ့နှင်းသဘင် သွားတက်တယ်ဆိုတာ ဂုဏ်ယူချင်လှတဲ့ အမေ ကျေနပ်အောင်ရယ်၊ မတွေ့တာ ကြာပြီဖြစ်တဲ့ အတန်းဖော်တွေနဲ့ ဟေးလား ၀ါးလားလုပ်ရအောင်ရယ် သွားတက်တာပါ။ ဂုဏ်ယူခြင်း အလျဉ်း မရှိတော့ပါဘူး။ တကယ် ဘွဲ့ယူပြီး ထွက်လာတော့ ဘွဲ့ဝတ်စုံကြီး ချွတ်၊ ကားပေါ်ပစ်ထည့်ပြီး ကျွန်တော် အင်မတန် သဘောကျတဲ့ အနောက်တိုင်း ၀တ်စုံနဲ့သာ ဓာတ်ပုံတွေ လှိုင်ပေါလယ်အောင် ရိုက်ခဲ့ပါတယ်။

ဘွဲ့ဝတ်စုံ မဆင်မြန်းနိုင်တဲ့ ဘိုနီ့အတွက်လည်း ဘွဲ့နှင်းသဘင်ခန်းမထဲက ထွက်ပြီး မကြာခင်မှာ ဘွဲ့ဝတ်စုံကြီး ချွတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ သူ့စိတ်ထဲမှာ ကျွန်တော့်ကို ဘွဲ့ဝတ်ရုံနဲ့ မြင်ရပြီး မချိတင်ကဲ ဖြစ်နေမှာ စိုးလို့ပါ။

ကျွန်တော်က ဘယ်သူ့ကိုမှ ဂရုမစိုက်သလို၊ လူမထင်တတ်သလို ဆောင့်ကြွားကြွား အတော်နိုင်မေယ့် တကယ်တမ်းမှာ အဲသလို လူစားမျိုးပါ။ အထူးသဖြင့် ကိုယ့်ထက် နိမ့်တယ်လို့ ယူဆထားမိတဲ့အခါမှာ စာနာ ညှာတာပြီး အမြင့်ကို တင်ပေးတတ်ပါတယ်။

ဘိုနီက တော်ပါတယ်။ နေရာတိုင်းတော့ မဟုတ်ဘူးပေါ့ဗျာ။ သူလည်း ဘုရား ရဟန္တာမှ မဟုတ်တာလေ။ သို့ပေမယ့် သူ့ကို ကျွန်တော်က ကျွန်တော့်ထက် နိမ့်တဲ့သူအဖြစ် မြင်ထားပါတယ်။ အနီးကပ်ပေါင်းနေတဲ့ သူငယ်ချင်းဆိုတော့ သူ့အားနည်းချက်တွေကို ကျွန်တော် သိနေတယ်။ အဓိကကတော့ သူ့ရဲ့ အတွေးအခေါ်ပိုင်းကို နိမ့်တယ်လို့ မြင်ပါတယ်။ ကွန်မြူနစ်စကားနဲ့ ပြောရင်တော့ သူ့မှာ ဓနရှင်လူတန်းစား ဉာဉ် အပြည့်နဲ့ပေါ့။

သူ့ဘ၀မှာ တစ်ခါမှ မငတ်ဖူးဘူး။ စားရမဲ့ သောက်ရမဲ့ မနေခဲ့ရဖူးဘူး။ လမ်းဘေးမှာလည်း သူ မအိပ်ဖူးပါဘူး။ သူများအိမ်လည်း ကပ်မနေဖူးဘူး။ တစ်ဘ၀လုံး ကိုယ့်အိမ်ကိုယ့်ရာနဲ့၊ စားစရာ သောက်စရာ ဖူဖူလုံလုံနဲ့ နေသွားခဲ့သူပါ။

အဲတော့ ဘ၀အမြင်ချင်းယှဉ်ရင် သူ့ကို ကျွန်တော်က နိမ့်တယ်လို့ အမြဲယူဆပါတယ်။ အဲဒါ ငယ်ငယ်ကတည်းကပါ။ ဒါ့ကြောင့်လည်း ကျွန်တော့်အပေါ်မှာ အမြဲအနိုင်ယူချင်တတ်တဲ့ သူ့ကို ကျွန်တော် ဘာမှ မပြောဘဲ အစစ အရာရာမှာ အလျှော့ပေးခဲ့တာလည်းပဲ ဖြစ်ပါတယ်။ သူ ကျွန်တော့်ကို ချယ်လှယ်ချင်တိုင်း ချယ်လှယ်နေသမျှကိုလည်း မသိချင်ယောင်ဆောင်ပြီး လိုက်လျောနေခဲ့တာဖြစ်ပါတယ်။ ရည်းစားနှစ်ယောက်ကိစ္စကတော့ သူအဲသလို ချယ်လှယ်တာက နှစ်ယောက်စာတည်းဆိုတော့ နည်းတောင် နည်းသေးတယ် မှတ်သဗျ။ 🙂 😀 

ဘာဝနာ

သူချယ်လှယ်တတ်ပုံကတော့ သူ့စီပိုးကိုတောင် သူချယ်လှယ်နိုင်ခဲ့ပါသေးတယ်။ နှစ်ပေါင်း ၂၀ လောက် စီပိုးနဲ့ နေသွားတယ်ဆိုတာ နှယ်နှယ် မှတ်လို့ပါ။ သူအင်မတန်ကြိုက်တဲ့ ဆေးလိပ်နဲ့ အရက်ကို တိခနဲ ဖြတ်ချလိုက်ပြီး သူ့အသက်ကို ပိုးမွေးသလို မွေးယူခဲ့တာ အင်မတန် ချီးကျူးစရာ ကောင်းလှပါတယ်။ သူ့ရောဂါကို အကောင်းဆုံး ဆေးဝါးတွေနဲ့ လစဉ် ငွေ သိန်းပေါင်းများစွာ အကုန်ခံပြီး အံတုခဲ့ပါတယ်။ နောက်ဆုံးမှာ အသဲအစားထိုး ကုသမှုအထိ ခံယူခဲ့တယ်။ သည်မှာလည်း သူ့ရောဂါကို သူ နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကိုကိုဆုံးသွားချိန်မှာ ကျွန်တော် သိလိုက်တယ်။ (သူ့အစ်ကိုကို သူခေါ်သလို ကျွန်တော်ကလည်း ကိုကိုလို့ပဲ တစ်သက်လုံး ခေါ်ခဲ့ပါတယ်။ သူ့အစ်မတွေကိုလည်း သူခေါ်သလိုပဲ မမကြီးနဲ့ မမလေးလို့ ခေါ်ခဲ့တဲ့အထိ သူနဲ့ ကျွန်တော်နဲ့က ရင်းခဲ့ဖူးတာပါ။) သည်ကောင် သွားတော့မယ်ဆိုတာပါ။

ကျွန်တော့်အတွက်တောင် ကိုကိုဟာ စံနမူနာ ယူခဲ့ရတဲ့သူ ဖြစ်တာမို့ သူ့အတွက်ဆို ပြောစရာ မရှိပါဘူး။ သူက သူ့အစ်ကိုကို သိပ်ချစ်ပါတယ်။ သူ့အစ်ကိုကလည်း အူလမ်းကြောင်း ကင်ဆာကို အံတုပြီး နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်သွားခဲ့သူပါ။ အစာဟောင်းစွန့်တဲ့ အူအပိုင်းကို ဖြတ်တောက် ထုတ်ပယ်လိုက်ပြီး လူကောင်းတစ်ယောက်လို နှစ်ပေါင်း ၃၀ လောက်အထိ နေသွားခဲ့တာပါ။

အဲဒီ့ကိုကို တိမ်းပါးသွားချိန်မှာ သူ့ ထိခိုက်မှုကို ကျွန်တော် ဖျတ်ခနဲ သတိထားလိုက်မိတယ်။ အရာရာကို ချယ်လှယ် လွှမ်းမိုး ပိုင်စိုးချင်တဲ့၊ အနိုင်ရချင်တဲ့ ကျွန်တော့် ချစ်သူငယ်ချင်းဟာ ဗျာဓိနဲ့ မရဏရဲ့ သဘောကို ပထမဆုံးအကြိမ်အဖြစ် စောကြောမိသွားခဲ့တယ်လို့ ထင်ပါတယ်။

အဲဒီ့နောက်မှာတော့ သူ့ကျန်းမာရေးက ယိုင်လဲ ပြိုဆင်းလာတယ်။ ကျွန်တော် ကြားနေခဲ့ရတယ်။ တစ်ချီမှာ ကျွန်တော်တွေ့လိုက်တော့ သူမျက်ရည်ကျတာကို မြင်လိုက်ရပါတယ်။ အဲဒီ့အချိန်မှာ သူနဲ့ ကျွန်တော်နဲ့ ပေါင်းလာခဲ့တာ နှစ် ၄၀ ကျော်လို့ ၄၅ နှစ်ထဲကိုတောင် ရောက်နေပါပြီ။ အဲဒီ့ ၄၅ နှစ်တာ ကာလအတွင်းမှာ သည်ကောင် မျက်ရည်ကျတာကို ကျွန်တော် ပထမဆုံးအကြိမ် မြင်ဖူးလိုက်တာပါပဲ။

အင်မတန် မာန်ကြီးသူတစ်ယောက် မာန်ချလိုက်ပြီဆိုတာကို သတိထားလိုက်မိခြင်းနဲ့အတူ သူလည်း သွားတော့မယ်ဆိုတာကိုပါ ရိပ်စားမိခဲ့ပါတယ်။ မကြာပါဘူး။ သူမျက်ရည်ကျတာ မြင်လိုက်ရပြီး တစ်နှစ်ကျော် အကြာမှာ တကယ်သွားတော့တာပါပဲ။

အရာရာမှာ အကွက်ချ တွက်ဆ စီမံ ချယ်လှယ်ချင်ပြီး အင်မတန် မာန်ကြီးလှတဲ့ ချစ်သူငယ်ချင်းဟာ အနိစ္စရဲ့ သဘောကိုတော့ မြင်သွားတန်လောက်မယ် ထင်ပါတယ်လေ။

ယူတတ်မယ်ဆိုရင်တော့ ဘာဝနာပါ။ ကျွန်တော်တို့ လက်တစ်ကမ်းမှာ ရှိတဲ့ သေခြင်းတရားကို ကျွန်တော်တို့ ချယ်လှယ်နိုင်စွမ်း လုံးဝ မရှိပါဘူး။ သည်လောက် ငွေကုန်ကြေးကျခံ၊ သည်လောက် ဂရုစိုက်တဲ့ကြားက တစ်ချက်ကလေး လစ်ဟာသွားတာနဲ့တင် ကျောက်ကပ်မှာ ဖြစ်တဲ့ ကင်ဆာကို နှောင်းမှ သိလိုက်ရာက အသက်ပေးလိုက်ရတာ ဖြစ်ပါတယ်။ သူ စိုးရိမ်တကြီးနဲ့ သတိထားဆင်ခြင်နေထိုင်ခဲ့ရုံမက အစားထိုး လဲလှယ် ထားတဲ့ အသည်းကိုတော့ သူအနိုင်ရလိုက်ပါတယ်။ ဒါပေမယ့် တခြားတစ်နေရာက ထဖောက်တာကိုတော့ သူ ဘယ်လိုမှ အံမတုနိုင်ရှာခဲ့တော့ပါဘူး။

ကျွန်တော့်မှာသာ သူ့လို စီပိုးရှိမယ်ဆိုရင် သူ့အရင် ကြွတာ ကြာလှပါပြီ။ အဓိကကတော့ သူ့လို ပိုက်ဆံ မတတ်နိုင်လို့ပါ။ အဲလိုကျတော့လည်း ပိုက်ဆံဆိုတာ အတော်ကောင်းသားလို့ တစ်ဖက်က တွေးမိပေမယ့် သက်တမ်းရှည်ရှည် နေရခြင်းကရော ကောင်းရဲ့လားလို့ စဉ်းစားမိသွားပြန်ပါတယ်။ အထူးသဖြင့် မြန်မာပြည်လို ဘာအာမခံချက်မှ မရှိတဲ့ နိုင်ငံမှာ အသက်ရှည်ခြင်းဟာ ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုသာ ဖြစ်နေမှာပဲလို့ တွေးနေမိပါတယ်။

ပွဲထဲက လူပြက်တွေ ပြောသလို စောစောသေတော့ စောစောအိပ်ရတာပေါ့လို့သာ အောက်မေ့ရမယ့် အခြေအနေပေါ့ဗျာ။

သည်အပိုင်းမှာ ပြောကြတာ…

ဘာဆိုဘာမှ မရှိပါ

၂၀၁၅ ခုနှစ် ဧပြီလ ၂၀ ရက် (ဇင်းမယ်)

ဆယ်တန်းပထမနှစ်

ဆယ်တန်းကို နှစ်နှစ်နေရတဲ့ အကြောင်းလေး ရေးမလို့ တန်းလန်းကနေ ဘိုနီ့ဆီ ချော်တောငေါ့သွားတာနဲ့ အဲဒီ့ဘက် ပြန်လှည့်လိုက်ပါရစေ။

ဆယ်တန်းတက်တော့ ကျွန်တော်နဲ့ ဘိုနီနဲ့က တအားလုံးနေပါပြီ။ မလုံးလည်း ခံနိုင်ရိုးလားဗျာ၊ ကျူရှင်သုံးခုမှာ ကျွန်တော်နဲ့ သူနဲ့က တစ်တန်းတည်း တစ်ချိန်တည်း တက်ကြတာဆိုတော့ တစ်ပတ်မှာ ခုနစ်ရက်လောက် တွေ့နေကြတာကိုး။

အဲတော့ အလွန်တွဲဖြစ်တာပေါ့။ စာမေးပွဲနားနီးလာတော့ သူက ချစ်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ အဲဒါကို ကုစားဖို့အတွက် သူက သူငယ်ချင်းတွေ စာစုကျက်ကြမယ်ဆိုတဲ့ အကြံကို ကြံစည်ပါတယ်။ ကျွန်တော်လည်း ပျော်တာပေါ့။

အဲတုန်းက အတွင်းစွဲ၊ အပြင်စွဲဆိုတဲ့ လူ့စရိုက်သဘာဝတွေအကြောင်း ကျွန်တော် ဘယ်သိဦးမလဲဗျာ။ လူမှ ဆယ်တန်းတောင် မအောင်သေးတာ။ အဖော်ကောင်းရင် ငရဲအထိ လိုက်ဖို့ ၀န်မလေးတဲ့ အချိန်မျိုးပေါ့။ (အမှန်က ကျွန်တော်က အတွင်းစွဲသမား။ တစ်ယောက်တည်း အေးအေးဆေးဆေးဆိုရင် ပိုအလုပ်ဖြစ်တယ်။ အများတကာနဲ့ဆိုရင် ဘယ်တော့မှ အလုပ် မဖြစ်တတ်တဲ့လူစားမျိုးပါ။)

အဲတော့လည်း စာစုကျက်မယ်ဆိုတဲ့ အစီအမံထဲ ကျွန်တော် ပါသွားပါတယ်။ ကျွန်တော်တို့ စုတဲ့အိမ်က သူ့ဘိုးဘွားပိုင် အိမ်များစွာအနက်က ရွှေတောင်ကြားမှာ ရှိပြီး လူမနေဘဲ ပစ်ထားတာ နှစ်များစွာ ကြာပြီ ဖြစ်တဲ့ အိမ်ကြီးတစ်လုံးမှာပါ။

အိမ်ကြီးက ဓာတ်ရှင်တွေထဲက သရဲခြောက်တဲ့ အိမ်အိုကြီးလို တကယ့်ရှေးအိမ်ကြီးပါ။ ဘိုနီတို့ မိသားစု နေခဲ့တဲ့ ကိုယ်ပိုင်လမ်းသွယ်တစ်ခုထဲက တစ်လုံးတည်းသော အိမ်ဟာလည်းပဲ အဲသလို အိမ်မျိုးကြီးပါပဲ။ ဘိုနီတို့ မိသားစု နေတဲ့အိမ်ကတော့ လူနေနေတာမို့ သိပ်ချောက်ချားစရာ မကောင်းလှပေမယ့် ကျွန်တော်တို့ စုပြီး စာသွားကျက်ကြတဲ့ အိမ်ကြီးကတော့ ဖုံအလူးလူး၊ ပရိဘောဂရယ်လို့ တစ်ခုမှ မရှိတဲ့ အိမ်ကြီးမို့ အမြင်နဲ့တင် အတော်ချောက်ချားစရာကြီးပါပဲ။

အဖော်အပေါင်းအစုံအလင်နဲ့ဆိုတော့ ဘယ်ချောက်ချားတော့မလဲလေ။ အပေါ်ထပ်က အခန်းကျယ် တစ်ခန်းကို ယူလိုက်ကြပြီး သန့်ရှင်းရေးလေး ဘာလေး တတ်နိုင်သမျှ လုပ်ကာ စုနေလိုက်ကြတယ်ပေါ့။

အဖေက အဲဒီ့အိမ်ကို လိုက်ပို့ပါတယ်။ ပြန်ကြိုပေးပါတယ်။ သူ့သား စာကျက်နေတယ် မှတ်ရှာတာကိုး။ ကျွန်တော်တို့က စာကျက်တာကို အကြောင်းပြပြီး ဟေးလားဝါးလား လုပ်နေကြ၊ ဂီတာတီးကြ၊ လေပစ်ကြနဲ့ ပျော်နေကြတာပါ။

တော်တော်မွှေတဲ့ အဖေ

လိုက်ပို့ပြီး ပထမနေ့မှာတင် အဖေက အဲဒီ့အိမ်ကြီးရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံကို တစ်သဝေမတိမ်း ပြောပါတော့တယ်။ တကယ်က အဖေက အိမ်ထဲကို ၀င်ခဲ့တာ မဟုတ်ဘူး။ ခြံအကျယ်ကြီးရဲ့ အ၀မှာတင် ထားရစ်ခဲ့၊ လာကြိုပေးခဲ့တာပါ။ အဲဒါကို အိမ်ရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံကို အတိအကျ ပြောနေတာ့ ကျွန်တော်လည်း တော်တော် အံ့အားသင့်သွားတယ်။ ကျွန်တော့်အဖေက သူပဲ အကြားအမြင်ရနေသလိုလို ဘာလိုလိုနဲ့။ ပြောပေါက်ကို ပြောပါတယ်။ ဘယ်လိုလုပ်သိတာလဲလို့ အကျိုးအကြောင်း မေးတော့လည်း ဘာမှ ရေရေရာရာ မပြောဘူး။ သူ့မျက်စိထဲမှာ မြင်ကြည့်တာတဲ့ဗျား။

အတော်မအီမလည်နိုင်တဲ့ ဇာတ်လမ်းပါပဲ။ ကျွန်တော်လည်း ဘိုနီ့ကို ပြောပြတာပေါ့။ ဘိုနီလည်း ကျွန်တော့်လိုပဲ အတော် အတွေးရကျပ်သွားတယ်။ ဘယ့်နှယ်က ဘယ့်နှယ်၊ ကျွန်တော့်အဖေက လူမနေတဲ့ အိမ်ကြီးရဲ့ အတွင်းပိုင်းကို သိနေရတာလဲပေါ့။ အဖေနဲ့ သူတို့နဲ့ဆိုတာလည်း ဘာအဆက်အစပ်မှ မရှိ။ သူတို့က သူကြွယ်တွေ။ ကျွန်တော့်အဖေက အငှားယာဉ်မောင်း။ ဘာမှ မဆိုင်ဘူး။

အဖေဟာ (ကျွန်တော့်အဖေပီပီလို့ ပြောရမလား မသိဘူး) တော်တော့်ကို မနေတတ် မထိုင်တတ် ရှိတာပါ။ သူ မပြောဘဲနေလို့လည်း ဘာမှ ဖြစ်မှာ မဟုတ်တာကို သက်သက်မဲ့ အဲဒီ့စကားကို ပြောခဲ့ပါတယ်။ ခိုင်လုံတဲ့ အကြောင်းပြချက်ကိုလည်း မပေးနိုင်ခဲ့ဘူး။ ကျွန်တော်တို့က ဆယ်တန်းကြီးများတောင် ရောက်နေကြပြီ။ ကလေးမှ မဟုတ်တော့တာ။ သူပြောသမျှ ယုံကြမယ့် အရွယ်တွေ မဟုတ်တော့ဘူးလေ။

ဘိုနီလည်း သည်ကိစ္စကို အတော် မခံချိ မခံသာဖြစ်နေမှာပါပဲ။ ကျွန်တော်တောင် ဖြစ်သေးတာလေ။ ဘယ့်နှယ်က ဘယ့်နှယ် နံရံပေါ်မှာ ဘာရှိတယ်၊ လှေကားက တက်သွားရင် ဘယ်နေရာမှာ ဘယ်အခန်းရဲ့ တံခါးပေါက်က ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုတာကြီးက ဟုတ်ကို မဟုတ်ဘူး။

မကြာပါဘူးဗျာ။ တစ်ပတ်လောက်နေတော့ ကိုရွှေဘိုနီ အဖြေတွေ့လာပါတယ်။ သူ့အဖေအပါအ၀င် လူကြီးတွေ စုပြီး အဲဒီ့အိမ်မှာ အပြာကား ကြည့်ခဲ့ကြဖူးပါသတဲ့ဗျား။ အဲဒီ့တုန်းက လူစုထဲမှာ အဖေပါသွားတာ ဖြစ်ပါတယ်။ သည်လောက်ကို ရိုးစင်းပါသဗျား။

အတန်းထဲက စာကြမ်းပိုးတွေရဲ့ အဖြစ်

အဲဒီ့ခေတ်က အပြာကားကြည့်ဖို့ဆိုတာ မလွယ်ဘူး ခင်ဗျ။ ဗှီဒီယို ဝေးစွ၊ မြန်မာပြည်မှာ ရုပ်မြင်သံကြား ဆိုတာတောင် ရောက်မလာသေးတဲ့အချိန်ပါ။ အဖေဆို သေသာသွားတယ်၊ ရုပ်မြင်သံကြားဆိုတာကို မြင်ဖူးမသွားရှာဘူး။

ကျွန်တော်တို့ အဲဒီ့နှစ်က ဆယ်တန်းအောင်စာရင်း ထွက်တဲ့အခါကျတော့လည်း အပြာကား ကြည့်ခဲ့ကြဖူးပါသေးတယ်။ အဲတုန်းက ကြည့်ခဲ့ရပုံကို ပြန်ဖောက်သည်ချချင်တဲ့အတွက် အဲဒီ့ကို ခုန်ပျံ ကျော်လွှားလိုက်ရပြန်တာပါ။

ကျွန်တော်တို့ အဲဒီ့အိမ်မှ စာစုကျက်တဲ့ တစ်ဖွဲ့လုံးကတော့ အောင်စာရင်း ထွက်တဲ့အချိန်မှာ တစ်ယောက်ဆို တစ်ယောက်မှ မအောင်ကြပါဘူး။ အောင်တဲ့ကောင်တွေက ကျွန်တော်တို့ အတန်းထဲကပါ။ ဘိုနီနဲ့ ကျွန်တော်နဲ့က ကျောင်းမတူတော့ သူ့အတန်းထဲက အောင်တဲ့သူတွေလည်း အောင်ကြပါလမ့်မယ်။

ကျွန်တော်တို့ ကျောင်းက အောင်တဲ့ ကျွန်တော့် အတန်းဖော်တွေက ပညာထူးချွန်ကြသူတွေပါ။ တစ်နိုင်ငံလုံး ပထမ ရတဲ့ ကောင်တွေ၊ ငါးဘာသာ၊ အနည်းဆုံး လေးဘာသာ ဂုဏ်ထူးရှင်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခေတ်က အခုခေတ်လို ဂုဏ်ထူးတွေ ဗုံးပေါလအော မပေးသေးပါဘူး။ ခြောက်ဘာသာ ဂုဏ်ထူးထွက်တဲ့သူ ဆုလို့ တစ်ပြည်လုံးမှ နှစ်ယောက်လား၊ သုံးယောက်လားပဲ ရှိခဲ့ပါတယ်။

အဲဒီ့ ပညာထူးချွန်တဲ့ မောင်တွေက ဆယ်တန်းစာမေးပွဲဆိုတာကြီးကိုလည်း အောင်မြင်စွာ ကျော်ဖြတ်ပြီးပြီ ဆိုတာနဲ့ သူတို့ရင်ထဲမှာ ဘယ်ကတည်းကမှန်း မသိ အောင်းထားခဲ့တဲ့ အပြာကား ကြည့်လိုခြင်း ဆန္ဒကို အကောင်အထည်ဖော်တော်မူကြပါတော့တယ်။ ကျွန်တော်က ဘယ်လိုကနေ ဘယ်လို သူတို့ကြားထဲ ပါသွားခဲ့တယ်ဆိုတာ မမှတ်မိတော့ဘူး။

အဲတုန်းက ဘယ်သူတွေ ပါခဲ့တယ်ဆိုတာလည်း အကုန်အစင်မမှတ်မိတော့ဘူး။ တစ်အုပ်ကြီးတော့ တစ်အုပ်ကြီးပဲ။

သွားကြည့်ရတဲ့ နေရာက အတန်းထဲက စာတော်သူ လူအေးတစ်ယောက်ရဲ့ အိမ်မှာပါ။ သူ့အဘိုးက ၀န်ကြီး ဖြစ်ဖူးပါတယ်။ တကယ့် ပညာတတ်အသိုင်းအ၀ိုင်းဖြစ်သလို လူကုံထံရပ်ကွက်မှာ နေကြပါတယ်။ ပြောရရင် ဦးနေ၀င်းအိမ်နဲ့ သိပ်မဝေးလှတဲ့ နေရာလို့ပဲ ဆိုကြပါစို့ရဲ့။ ခြံကလည်း တော်တော်တော့ ကျယ်ပါတယ်။ အိမ်မကြီးပေါ်ကိုတော့ ကျွန်တော်တို့ မရောက်ခဲ့ဖူးပါဘူး။ ခြံဝင်းထဲက ကားဂိုဒေါင်လို ဟာမျိုးမှာ ကျွန်တော်တို့ အုပ်စု စုကြရတာပါ။ ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်ထားသူရဲ့ မိဘများဆိုတော့လည်း သည်ကောင်တွေ မဟုတ်တာ လုပ်ကြမယ်မှန်း သိသိနဲ့ လွှတ်ပေးထားတာလားတော့ မပြောတတ်ဘူး။

လူက နည်းနည်း မဟုတ်ဘူးဗျ။ မရှိဘူးဆို ဆယ်ယောက်၊ ဆယ့်ငါးယောက်တော့ ရှိမယ်။

ဗှီဒီယိုခေတ်မဟုတ်တော့ ရုပ်ရှင်ပေါ့ဗျာ။ ရုပ်ရှင်ဆိုလို့လည်း ရုံမှာ ကြည့်ရတဲ့ ရုပ်ရှင်မျိုးလို တခမ်းတနား မဟုတ်ပြန်ဘူး။ ၈ မီလီမီတာ ပြစက်အသေးလေးနဲ့ ပြရတာ။ ပိတ်ကားပေါ်မှာ ပေါ်လာတဲ့အခါ အလွန်ဆုံးမှ လက်မ ၂၀ ရုပ်မြင်သံကြား ဖန်သားပြင်လောက်ကလေး ပေါ်တာပါ။

ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်

စက်ကို ငှားရသလို စက်ဆရာကလည်း တစ်ခါတည်း တွဲပြီး ပါလာပါတယ်။ စက်ဆရာက ကုလား တစ်ယောက်ပါ။ သူနဲ့အတူ သူ့တပည့်တစ်ယောက်တောင် ပါလာသေး မှတ်တယ်။ အဲဒါကိုလည်း ဘယ်သူ့ အစွမ်းအစနဲ့ ငှားလာသလဲတော့ မသိဘူး။ တစ်ယောက် တစ်ကျပ် နှစ်ကျပ် စုထည့်ကြပြီး ငှားကြရတာပါ။ ကျွန်တော်ထင်တယ်၊ သည်ကိစ္စကို ဦးဆောင်သူက နောက်နှစ်နှစ်ကျော် သုံးနှစ်အကြာ ကျွန်တော် အငှားယာဉ်မောင်းဘ၀ ရောက်တဲ့အခါ ကျွန်တော့်ကို ပြည့်တန်ဆာ ရှာပေးဖို့ လာပြောရာမှာ (ရှေ့မှာ ပြောခဲ့ပြီးပါပြီ) ဦးဆောင်လာသူ ကိုယ်တော်မြတ်ပဲ ဖြစ်လောက်ပါတယ်။

ကျွန်တော်တို့လိုပဲ နောက်ဖေးပေါက်ကနေ ၀င်လာတဲ့ စက်ဆရာလည်း ရောက်ပြီ။ လူလည်း စုံပြီ။ ခက်တာက နေ့ခင်း ကြောင်တောင်ကြီး။ နေရာကလည်း သွပ်မိုး ပျဉ်ထောင် ကားဂိုဒေါင်။ ပူလိုက်အိုက်လိုက်တာ မပြောပါနဲ့တော့ဗျာ။

ရုပ်ရှင်ဆိုတာက မှောင်ထဲမှာ ပြမှ မြင်ရတာမျိုး။ အလင်းရောင်နည်းနည်း ၀င်ရင်ကို ကြည်ကြည်လင်လင် မြင်ရဖို့ အင်မတန် ခက်လှတယ်။ အဲတော့ ဂိုဒေါင်တံခါးတွေ အကုန်ပိတ်ပေါ့။ ဒါလည်း မလုံဘူး။ ခေါင်မိုးအောက်နား နံရံက သံဆန်ကာကွက်နေရာတွေကနေ အလင်းရောင် စူးစူးက ထိုးဝင်နေပါရောလား။

ဂိုဒေါင်ထဲမှာ ရှိသမျှ ကတ်ထူပြားတွေ၊ ကတ်ထူပုံးတွေကို ကတ်ထူးပြားဖြစ်အောင် လုပ်ထားတာတွေနဲ့ တက်ကာကြ။ ဒါလည်း မလုံလောက်။ အဲတော့ ပုဆိုးဝတ်လာတဲ့ကောင်တွေ ပုဆိုးတွေ ချွတ်ကြ။ ပေး… မင်းတို့ ပုဆိုးတွေဆိုတာနဲ့ ကျွန်တော့်ပုဆိုးလည်း ပေးလိုက်ရသေးတယ်။

သူငယ်ချင်းတစ်ယောက်က မူစလင်။ သူ့အဖေက အကောက်ခွန်မှာ လုပ်တယ် ထင်တယ်။ မြို့ထဲက သူ့အိမ်ကိုလည်း ရောက်ဖူးတယ်။ သူ့အိမ်မှာ ရေဒီယိုဂရမ်ဆိုတဲ့ ရေဒီယိုနဲ့ ဓာတ်ပြား တွဲဖွင့်လို့ရတဲ့ စက်ကြီး ရှိပြီး အဲဒီ့အိမ်မှာ ၀င်းဦးရဲ့ လော(န်)(ဂ်)ပလေး ဓာတ်ပြားကို စနားထောင်ဖူးတာလည်း မှတ်မိနေတယ်။ (အဲဒီ့ ရေဒီယို ဂရမ်နဲ့ ဓာတ်ပြားကိစ္စ ပြီးမှ ရှင်းပြပါမယ်။)

အဲဒီ့သူငယ်ချင်းကလည်း လူအေး။ ပြုံးပြုံး ပြုံးပြုံးနဲ့ အင်မတန် ချစ်စရာ ကောင်းတဲ့သူ။ သူစကားပြောပုံက ချစ်စရာလေး။ ဘယ်လိုလေးမှန်း မသိဘူး။ မပွင့်တပွင့်နဲ့ဗျ။ ပြောရင်းနဲ့ အဲဒီ့ သူငယ်ချင်းတောင် မျက်စိထဲ ပြန်မြင်လာတယ်။ ဆရာဝန် ဖြစ်သွားတာ သိလိုက်တယ်။ တနင်္သာရီတိုင်းမှာ ဂျီပီထိုင်နေတယ်ဆိုလား ကြားလိုက်သေးတယ်။ အဲဒီ့နောက် သူအပါအ၀င် ဘယ်သူနဲ့မှ အဆက်အသွယ် မရတော့တာ ယနေ့ထက်တိုင်ပါပဲ။

(အဲဒီ့ အတန်းထဲက သူငယ်ချင်းတွေထဲမှာ ရှားရှားပါးပါး တစ်ယောက်ကိုပဲ Facebook မှာ ပြန်တွေ့ရတယ်။ စင်္ကာပူ နိုင်ငံသား ဧရာမ ဆရာဝန်ကြီး ဖြစ်နေသူပေါ့။ သူကတစ်ဆင့် တခြား သူငယ်ချင်း တစ်ယောက်စ နှစ်ယောက်စလည်း Facebook မှာ ရှိနေမှန်း သိပေမယ့် သူတို့က ကျွန်တော့်ကို သိပ်အဖက်လုပ်ချင်ပုံ မရတာနဲ့ ကျွန်တော်လည်း အသာငြိမ်နေလိုက်ပါတယ်။)

ပြောလက်စ ပြန်ကောက်ရင်တော့ အဲဒီ့ မူစလင် သူငယ်ချင်းလည်း ပုဆိုးချွတ်ပေးရတဲ့အထဲမှာ ပါသဗျ။ ကျွန်တော်တို့ အားလုံး အတွင်းခံ ဘောင်းဘီတွေ ကိုယ်စီနဲ့မို့ အလွယ်တကူ ချွတ်ပေးခဲ့ကြတာပါဗျာ။ အဲဒီ့ သူငယ်ချင်းလည်း အတွင်းခံဘောင်းဘီနဲ့ပဲဗျ။ အခုခေတ် Boxer လို့ ခေါ်ကြတဲ့ လက်ဝှေ့ထိုးသူများ လက်ဝှေ့ကြိုးဝိုင်းမှာ ၀တ်ကြတဲ့ ဘောင်းဘီလို ဘောင်းဘီတို တိုတိုပွပွပါ။ ရေးရင်းနဲ့ ရှက်နေတဲ့ သူ့မျက်ခွက်ကြီးတောင် ပြန်မြင်လာသလို သူ့အပြင်အဆင်ပါ ပြန်မြင်လာတယ်။

သူက ဆံပင်လှိုင်းတွန့်နဲ့ ခေါင်းကို အမြဲတမ်း သပ်သပ်ရပ်ရပ်ဖြီးထားတယ်။ သူ့ဆံပင်ကလည်း ကျွန်တော့် ဆံပင်လို လေတိုက်တာနဲ့ ဖွာလံကျဲသွားတတ်တဲ့ ဆံပင်အပျော့မျိုး မဟုတ်ဘူး။ ပြာပြားကပ်ကပ် သပ်သပ်ရပ်ရပ်ကလေး။

အိုက်စပ်လာတာမို့ ကျွန်တော်တို့ ကိုယ်ပေါ်က ရှပ်အင်္ကျီတွေကို ချွတ်ထားနှင့်ကြပြီးပြီ။ အဲဒီ့အချိန်က ယောက်ျားကြီးငယ်တွေမှာ စွပ်ကျယ်ချိုင်းပြတ်ကို အတွင်းက ခံဝတ်တဲ့ အလေ့အထက တွင်ကျယ်ခဲ့ဖူးတယ်။ ကျွန်တော်တို့ အားလုံးက စွပ်ကျယ်ချိုင်းပြတ်လေးတွေနဲ့။ မူစလင် သူငယ်ချင်းကလည်း စွပ်ကျယ် ချိုင်းပြတ်အဖြူလေးနဲ့။ သူကလည်း ကျွန်တော့်လိုပဲ အကောင်သေးသေး၊ လူဗလံလေး။ (ကျွန်တော်က အခုကျတော့မှသာ လေးလုံးခြောက်ဖက်ကြီး ဖြစ်လာတာ။ အသက် ၃၀ ကျော်အထိက ဗလံလေးရယ်။)

အဲဒီ့သူငယ်ချင်းရဲ့ အတွင်းခံဘောင်းဘီကလည်း အဖြူခင်ဗျ။ သူ့အသားက နည်းနည်းညိုတယ်။ ဘောင်းဘီဖြူ၊ စွပ်ကျယ်ဖြူနဲ့ ရှက်နေတဲ့ သူ့မျက်ခွက်ဟာ အဲဒီ့ ကျွန်ုပ်တို့၏ ဘလူးပစ်ချာကြည့်ပွဲ စွန့်စားခန်း မဟာကြီးရဲ့ ဇာတ်ဝင်ခန်းအဖြစ် ကျွန်တော့် မျက်စိထဲမှာ ထင်းထင်းကြီး ကျန်နေသေးသဗျာ။ ကျန်တဲ့ကောင်တွေကို ကောင်းကောင်းမမှတ်မိဘူး။

အိမ်ရှင်ကောင်က မျက်မှန်နဲ့။ သူကလည်း ပိုးဟပ်ဖြူလေးလို ဗလံလေးပဲ။ သူလည်း စကား အင်မတန် နည်းတယ်။ လူပုံက ဖြူဖြူနွဲ့နွဲ့ရယ်။ အဲဒီ့ကောင်လည်း စွပ်ကျယ်လေးနဲ့ ရမ်းတမ်း ရမ်းတမ်း လှုပ်ရှားနေတဲ့ ပုံလည်း ပြန်မြင်ယောင်မိတယ်။ ဘယ်သူတွေ ပါမှန်းတော့ မှတ်ကို မမှတ်မိတော့ဘူး။

ကျွန်တော်တို့ ပုဆိုးတွေ ကုန်ပြီဆိုတော့မှ ကားဂိုဒေါင်လည်း ရုပ်ရှင်ကြည့်နိုင်လောက်တဲ့ အမှောင်ကို ရပါတော့တယ်။

အံမယ်မင်း… မလွယ်ပါလား။

တုန်ခြင်း မှုန်ခြင်း သည်းခံပါဆိုတဲ့ အတိုင်းပါပဲ။ ဖလင်က ဘယ်နှခုနှစ်ကတည်းက ဖလင်၊ ဘယ်နှကြိမ် ပြထားပြီးသားမှန်း မသိဘူ။ တုန်တုန်ချိချိနဲ့ ကြည့်ရပါတယ်။ ဘာသံမှလည်း မထွက်ပါဘူး။ အသံတိတ်ကားပေါ့ ခင်ဗျာ။ ကြားရတဲ့ အသံကတော့ ဓာတ်ရှင်ပြစက်လည်သံ တဂျောက်ဂျောက်ပါပဲ။

ချွေးတလုံးလုံးနဲ့ အဲသလို တုန်တုန်မှုန်မှုန်ကိုပဲ ပြူးဖြဲပြီး ကြည့်ခဲ့ရတာ ကျွန်တော်တို့ရဲ့ မဟာ စွန့်စားခန်းကြီးပါ။ ဘ၀မှာ ပထမဆုံး ကြည့်ဖူးတဲ့ အပြာကားပါပဲ။ ဘာတွေ မြင်လိုက်ရလဲ ဆိုတာလည်း မမှတ်မိတော့ပါဘူး။ သြော်… ကြည့်ခဲ့ဖူးပါ၏ဆိုတာလောက်ပါပဲ။ အရောင်ကလည်း မကောင်း၊ အရည်အသွေးကလည်း မကောင်းတာပဲ မှတ်မိပါတယ်။ အမှတ်မိဆုံးကတော့ ဟိုဗလံနှစ်ကောင်ပေါ့။ 🙂 

အပြာကားကို အဲလို ကြည့်ကြရတာဆိုတော့ အဖေတို့မှာလည်း အဲလိုပဲ ကြည့်ခဲ့ရမယ်ဆိုတာ စာဖတ် ပရိသတ်မှန်းဆနိုင်မှာပါ။

လူကြီးတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့လို ပုဆိုးတွေ ချွတ်ကာရတဲ့အခြေအနေအထိ ရောက်ခဲ့ရဖို့ အကြောင်းနည်းပါတယ်။ နောက်တစ်ချက်က ဘိုနီ့အဖေက သူကြွယ်မို့ သူ့ဆီမှာ အဲလို အိမ်သုံး ၈ မီလီမီတာ ရုပ်ရှင်ပြစက်သာမက ၈ မီလီမီတာ ဖလင်နဲ့ ရိုက်တဲ့ ရုပ်ရှင် ခယ်မရာပါ ရှိမှန်း နောက်ကျတော့ ကျွန်တော် သိလာပါတယ်။ အဲတော့ သူ့စက်ကို သုံးခဲ့ကြတာ ဖြစ်လိမ့်မယ်။ ဒါဆိုရင် အငှားလိုက်တဲ့ စက်ထက်တော့ အရည်အသွေး ပိုကောင်းမှာပါ။ ဖလင်ကတော့ ဖန်တစ်ရာတေ ကြေမွနေတဲ့ ဖလင်ပဲဆိုရင်တော့ သူတို့သည်လည်း ကျွန်တော်တို့လိုပဲ နှမ်းထွက် ကိုက်ချင်မှာ ကိုက်တော့မှာပါ။

ဘိုနီ့ဆီက အဲဒီ့ အဖြေထွက်လာတော့ ကျွန်တော်လည်း ဘ၀င်ကျသွားပါတယ်။ ကျွန်တော် မသိလိုက်ဘဲ ကျွန်တော့်အဖေ အကြားအမြင်ရသွား၊ ထွက်ရပ်ပေါက်သွားတာ မဟုတ်ဘူးဆိုတာလည်း သဘောပေါက်လာရပါတယ်။

ဖအေတိုင်း သည်လိုပဲလားတော့ မပြောတတ်

အဖေဟာ အဲလိုလူမျိုးပါ။ သူ မပြောဘဲ ထားလည်း ရလျက်နဲ့ သက်သက်မဲ့ (ကိုယ့်အဖေ ကိုယ်ပြောတာမို့ ကန်တော့ပါရဲ့ဗျာ) လျှာရှည်လိုက်တာပါ။ အကျိုးဆက်ကတော့ အဖေ့အပေါ်မှာ ကျွန်တော် အယုံအကြည် ပိုနည်းသွားတာပါပဲ။ အဖေဟာ အမှန်ကို မပြောတတ်သူ၊ လိမ်စရာမရှိ ကိုယ့်ပေါင်ကိုယ်လှန်ပြီး လိမ်တတ်သူလို့ နားလည်သိမှတ်သွားအောင် အဖေနဲ့ အတူနေခဲ့ရတဲ့ ၁၈ နှစ်ကျော် ၁၉ နှစ်နီးပါး သက်တမ်းတစ်လျှောက်မှာ အဖေ လုပ်လုပ်သွားတာတွေက အတော် များပါတယ်။

မိဘတွေအတွက် ဆင်ခြင်စရာလို့ မြင်မိပါတယ်။

အဖေ့နေရာမှာ ကျွန်တော်သာဆိုရင်တော့ ဗြောင်ပြောမိမယ် ထင်ပါတယ်။ ဒါမှမဟုတ် ကျွန်တော့်နေရာမှာ ကျွန်တော့်သားသာဆိုရင်လည်း အမှန်ကို သိလာတဲ့အခါ “အဖေဗျာ… ကျွန်တော့်ဖြင့် အဟုတ်မှတ်လို့။ အဖေတို့ အဲဒီ့အိမ်မှာ ဘလူးပစ်(ခ်)ချာ သွားကြည့်ခဲ့ကြလို့ အဲဒီ့အိမ်ထဲကို အဖေ ရောက်ဖူးသွားတာကိုများဗျာ” လို့ ပြန်ပြောလာမှာ ကြားယောင်မိပါတယ်။

ကျွန်တော်တို့ သားအဖ ဆက်ဆံရေးကတော့ အဲလို မဟုတ်ရှာဘူးခင်ဗျ။ အဲတော့ ကျွန်တော်လည်း အဖေ့ကို ဘာမှ ပြန်မပြောခဲ့။ အဖေကလည်း ကျွန်တော် ဘာမှ မသိရှာဘူးအမှတ်နဲ့ ကျေနပ်သွားခဲ့မယ် ထင်ပါတယ်။

ဘယ်မိဘမှ သားသမီးက လိမ်ရင် မကြိုက်ပါဘူး။ ကျွန်တော့်အဖေလည်း မကြိုက်ပါဘူး။ ဒါပေမယ့် ကိုယ်တိုင်က အဲလို အမှန်အတိုင်း မပြောတာတွေ များတဲ့အခါ သားသမီးကို မလိမ်နဲ့လို့ တွင်တွင် သွန်သင်နေရင်းက အလိမ်သင်သလို ဖြစ်တတ်တာကိုတော့ မိဘအတော်များများ သတိ မထားမိကြဘူး ထင်ပါတယ်။

တခြားသူတွေရဲ့ အဖေတွေလည်း အဲသလိုပဲလားတော့ ကျွန်တော် မပြောတတ်ဘူး။ ကျွန်တော် ကိုယ်တိုင် ဖအေ တစ်ယောက်ဖြစ်လာချိန်မှာတော့ အဲဒါကို အမြစ်ပြတ် ဖယ်ရှားလိုက်ပါပြီ။ “ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့”ဆိုတဲ့ တလွဲမူကြီးကို မကျင့်သုံးတော့ပါဘူး။ “ငါ ရှေ့က လမ်းပြနေတယ်။ ငါလုပ်တဲ့အတိုင်းသာ လုပ်ကြကွ”ဆိုတဲ့ မူကို ကျင့်သုံးပါတယ်။

ပျဉ်းမနား မဟာမြိုင်တောရ ဆရာတော် ဦးဇောတိကရဲ့ မိန့်မှာချက်ကလည်း ကျွန်တော့် နားထဲမှာ အမြဲစွဲနေတယ်။ “သူတစ်ပါးကို ပြင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင်ပြင်ပါ”တဲ့။

ဟုတ်ကဲ့… ကျွန်တော်က ကိုယ့်သားသမီးလေးတွေကို အကျင့်ကောင်းစေချင်ရင် ကျွန်တော် ကိုယ်တိုင် အကျင့်ကောင်းမှ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်က အကျင့်တန်နေပြီးတော့မှ သားသမီးတွေကို ကောင်းစေချင်နေတယ်ဆိုရင် ကျွန်တော် အလကားကောင်ပဲဖြစ်နေတော့မှာပါ။

သည်အပိုင်းမှာ ပြောကြတာ

Soe Myat Myo Shwe ဗျတ်ကနဲ ရပ်ပစ်လိုက်တာလေးတွေ နည်းနည်း လျှော့လို့မရဘူးလာဆရာရဲ့။ သံပုရာသီးစား လက်ဖက်ရည်သောက် နောက်တစ်ခါ လိမ္မော်ရည်သောက် ဆက်စပ်လို့ မရတဲ့ အရသာတွေတို့တိ တို့တိနဲ့ ပြီးတော့ ဝုန်းဆို ထမင်းစားပွဲကြီး ပျောက်သွားတဲ့ ခံစားချက်မျိုးနဲ့ ဆင်ဆင်လာတယ် ဆရာ့စာ ဖတ်ရင်း ဖတ်ရင်းက

Aung Thein Kyaw အဲ… ကျေးဇူးပါ။ အခုက ဗျတ်ခနဲ ရပ်တယ်ရယ်လို့တော့ မဟုတ်ဘူး။ စာမျက်နှာ အရေအတွက်နဲ့ ရပ်နေတာ။ တစ်နေ့ကို သည်ပမာဏလောက်ပဲ တင်မယ်လို့ ရည်ရွယ်သတ်မှတ်ထားပြီး Word မှာ ၇ မျက်နှာ ရောက်တဲ့ နေရာမှာ ရပ်လိုက်တာ ဖြစ်နေတယ်။

အချိတ်အဆက်လေးနဲ့ တစ်ခုခုမှာ ဆုံးသွားအောင် ရပ်သင့်ကြောင်း အကြံပေးတာနားလည်ပါတယ်။ ဒါဆိုရင်တော့ အခု သည်နေရာမှာ ရပ်တာက အမှန်အကန်ပါ။ နောက်ဆက်လာမှာက အကြောင်းအရာ နောက်တစ်ခုမို့ပေါ့။

Freddy Lynn အသစ်ဖြစ်သွားအောင် ငါလုပ်သလိုမလုပ်နဲ့၊ သမီးတို့ လုပ်သလို ဖေလိုက်လုပ်မယ် ဆိုရင်ရောချာ 😛 😛

Thor Zin ကျနော့်အတွက်တော့ ဒီတစ်ပိုင်းက အဆုံးသတ်ကျမှ ဖတ်ရတာ အရသာရှိတာ

Aung Thein Kyaw သက်ဆိုင်သူဆီ အဲဒီ့အပိုင်းလေး ကူးပြီး ပို့ပေးလိုက်ပါလား Ka Thor Zin 🙂 😀 😛

Thor Zin ဆရာ့နာမည် ခွက်ဒစ် ပေးပါ့မယ် ဆရာ 😀

ပြသနာပိုကြီးသွားရင် ဆရာနဲ့ရှင်း 😛 😛

Alex Moe အပြာကားလေးကြည့်ရဖို့ အရေးပင်ပန်းလိုက်ထှာ. ငယ်ငယ်တုန်းကတော့ဗီဒီယိုရုံတွေမှာ. မေတ္တာဘွဲ့ အချစ်ဇာတ်လမ်းဆိုရင်. သေချာပေါက်ပဲ. ပန်ကာလေးနဲ့  တစ်ရုံလုံးတိတ်ဆိတ်လို့  ဟီးးး

‘Song Thiri’ ဒီရက်ပိုင်း ဖွဘုတ် မတက်ဖြစ်တာများလို့…. တက်ဖြစ်လဲ… ခဏတဖြုတ် ပုံတင်တာလောက်ပဲဆိုတော့.. လွတ်သွားတဲ့ အစုတ်ထုပ်တွေရှိသလို.. အမြန်ဖတ်ပြီး လိုက်ခ် လုပ်တာတွေလဲရှိတော့ ကွန်မန့်တ် တွေမပေးနိုင်တာ ခွင့်(စ်) လွှတ်ပါ ချာ (စ်) 😀

Aung Thein Kyaw သည်တိုင်းထားလိုက်ရင်လည်း ပြတ်သနာက ပိုသေးသွားမယ်လို့များ ယုံကြည်မိနေသေးလို့လား Ka Thor Zin 😀

Ko Thar Ngel အပြာကား လာကြည့် သွားတယ် ! အဲ့လေ … လာဖတ်သွားတယ် … ဆက်ရေးပါဆြာ ! လာဖတ်ပြီး ကွန်မန့် မချဖြစ်တာတော့ ရှိတာပေါ့

Aung Thein Kyaw ချောက်တွန်းတယ်လာ့… အဲလေ… အားပေးတယ်လာ့ 🙂

Ko Thar Ngel အမြဲလာဖတ်တယ် အလုပ်ထဲရောက်မှ ကွန်မန့် မချ လိုက်ခ် လုပ်တာပဲရှိတာ ))) အိမ်ရောက်မှ သေခြာဖတ်မယ် စိတ်ကူးနဲ့ပေါ့ အိမ်ရောက်တော့ ကွန်မန့်ချဖို့ မေ့သွားရော

Nyunt Thaw ငယ်ကျိုးငယ်နာတွေ ဖေါ်နေတာလား သူငယ်ချင်းရယ် 

အို ရှက်စရာ

Aung Thein Kyaw အို… ဧရာမ ဆြာဝံဂျိးအကြောင်းပါဘူးလေ 🙂 😛

Nyunt Thaw ဧရာမလည်း မဟုတ်ရပါ  အညတရ ရယ်ပါ ဟို ပုဆိုးချွတ်ပေးလိုက်ရတဲ့ မုန်ဆလိန် ဆရာဝန်လေးက ကော့သောင်းမှာနော် ဆရာရေ

Aung Thein Kyaw ဟုတ်ပါပြီဗျာ။ ကော့သောင်းကို အခုထက်ထိ တစ်ခေါက်မှ မရောက်ဖူးသေးဘူး။ ရောက်လည်း ရောက်ချင်သလို တူ့ဂိုလည်း တွေ့ချင်မိရသေးတယ်။

Nyunt Thaw သွားလည်သင့်ပါတယ် အခုတော့ အရင်လို မစည်ကားတော့ဘူးလို့ ကြားတယ် မြိတ် ထားဝယ် စီးပွားရေး ပိုပွင့်သွားပြီ

 ၂၀၁၅ ဧပြီလ ၂၅ ရက်

ထားပါတော့ဗျာ…

ရေဒီယိုဂရမ်၊ လော(န်)(ဂ်)ပလေးနဲ့ အဲဒီ့ ၈ မီလီမီတာ ဓာတ်ရှင်ပြစက်များနဲ့ သက်ဆိုင်တာများဘက်ကို နည်းနည်း ပြန်လှည့်လိုက်ပါရစေဦး။

ရေဒီယိုဂရမ်

ရေဒီယိုဂရမ် (Radiogram) ဟာ ရေဒီယိုနဲ့ Gramophone လို့ ခေါ်တဲ့ ဓာတ်စက် (ဓာတ်ပြားဖွင့်စက်)တို့ကို တွဲထားတာပါ။ Google ထဲက ရှာလို့ တွေ့တဲ့ ပုံတစ်ပုံကို တင်ပေးထားပါတယ်။

Aung Thein Kyaw's photo.လူကုံထံတို့ရဲ့ အိမ်တွေမှာ ထားရှိကြတဲ့ ဧည့်ခန်းအဆောင်အယောင် တစ်ခုပါပဲ။ အခုခေတ် ရုပ်မြင်သံကြားတွေ ထားကြသလိုမျိုးပေါ့။ သို့ပေမယ့် ရိုးရိုး ရုပ်/သံစက်လိုတော့ မဟုတ်ဘူးပေါ့ဗျာ။ အကြီးစား ပိတ်ကားကြီးတွေနဲ့ ဟာမျိုး ထားကြသလိုပါ။ ရိုးရိုး လက်မ နှစ်ဆယ်လောက်က ရေဒီယိုလောက် သာမာန်အိမ်တွေမှာ ရှိတာမျိုးပေါ့။ ရေဒီယိုဂရယ်(မ်)ကတော့ ခုခေတ် Home Theatre အိမ်တွင်း ဓာတ်ရှင်ရုံလေးလိုမျိုးပေါ့။

ကိုရွှေဘိုနီတို့ အိမ်မှာလည်း ရှိပါတယ်။ သူ့အဖေက သူကြွယ်ဆိုတော့ အဲဒါတင်မက Akai ထိတ်(ပ်)ရခေါ့ဒါ အကောင်းစားကြီးက အစ ရှိပါတယ်။ ဒါပေမယ့် သူ့အိမ်မှာ မမြင်ဖူးခင် ဟို အပြာကားကြည့်တုန်းက ရှက်နေခဲ့တဲ့ မူစလင် အတန်းဖော်ရဲ့ အိမ်မှာ အရင် အလုံးလိုက် မြင်ဖူးတာပါ။

ဓာတ်စက်ရိုးရိုးကိုတော့ မြင်ဖူးပါတယ်။ လောပိတကတည်းက မြင်ဖူးခဲ့တယ်တောင် ထင်တယ်။ ဟုတ်တယ်။ ညွန့်ဝင်းရဲ့ သိင်္ဂီသီချင်းကို ဓာတ်စက်က ဖွင့်တာ ကြားဖူးခဲ့တာ။ အိမ်ကို ဘယ်ကနေ ဘယ်လို ဓာတ်စက် ရောက်လာတယ်တော့ မသိဘူး။ နောက်တစ်ပုဒ်က မာမာအေးရဲ့ နှစ်ကံပြိုင် ဖူးစာ သီချင်း ဖြစ်လိမ့်မယ်။ တင်တင်မြရဲ့ မင်္ဂလာမောင်မယ်သီချင်း (ဆရာမြို့မငြိမ်း) ကိုလည်း အဲတုန်းကပဲ နားထောင်ခဲ့ရတာပါ။ (တဖြည်းဖြည်း ပြန်မှတ်မိလာတာခင်ဗျ။)

တစ်ပုဒ်တစ်ချပ်

အဲဒီ့ဓာတ်ပြားတွေကကျတော့ ဆင်ဂယ်(လ်)လို့ ခေါ်ရမယ် ထင်တယ်။

ဓာတ်ပြားတစ်ချပ်လုံးမှာ သီချင်းတစ်ပုဒ် ပါတာဗျ။ သီချင်းက သီချင်းအလယ်မှာ အကျအန ရပ်သွားတယ်။ တိုးလို့တန်းလန်း ရပ်သွားတာ မဟုတ်ဘူး။ သီချင်းကို အကျအန် ချပြီး ရပ်သွားတာဖြစ်ပါတယ်။ နောက်တစ်ဖက်ကို လှန်လိုက်ရင် အဲဒီ့ သီချင်းအဆက်က အတောနဲ့ ဘာနဲ့ အကျအန ပြန် ပေါ်လာပါတယ်။ နမူနာ နားထောင်ချင်သူများ ထောင်ကြည့်လို့ ရအောင် မာမာအေးရဲ့ နှစ်ကံပြိုင် ဖူးစာ သီချင်း လင့်(ခ်)ကို တစ်ပါတည်း ပေးလိုက်ပါတယ်။ သီချင်းကိုတော့ ကိုဘိုခင် (အရင်က မန္တလေးမြို့မ အဖွဲ့ထဲကပါ နောက်တော့ မိုးကေသီ တီးဝိုင်း သတ်သတ် ဖွဲ့ခဲ့တယ်) ရေးတာပါ။

https://soundcloud.com/khinthidakhin/hnakanpyaing-phuuzar-mar-mar

အဲဒီ့ နှစ်ကံပြိုင် ဖူးစာ သီချင်းရဲ့ နှစ်မိနစ် ၅၄ စက္ကန့်လောက်အရောက်မှာ ချစ်တာ ချစ်တာ ပဓာနလို့ ၀သုန်ဤမြေ သိကြားသက်သေတိုင်ဆိုပြီး သီချင်းကို ပိပိရိရိလေး ချလိုက်ချိန်မှာ ဓာတ်ပြားတစ်ခြမ်း ဆုံးသွားပါတယ်။ (အခု ဒွိကိန်းစနစ်နဲ့ အသံကို မျက်စိနဲ့ မြင်နိုင်တဲ့ ခေတ်မှာတော့ တစ်ဆက်တည်းလိုလို ခပ်ကပ်ကပ်လေး နားထောင်နိုင်ပြီပေါ့။)

ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ကျော်ကတော့ သီချင်းက အဲလို ဆုံးသွားရင် လူက ငုတ်တုတ် ဆက်ထိုင်နေလို့ မရတော့ဘူး။ ထတဲ့ပြီး ဓာတ်ပြားက အပ်မောင်းတံကို နေရာတကျ ပြန်ထား။ ပြီးရင် ဓာတ်ပြားကို တယုတယလေး ဖြုတ်ယူလိုက်ပြီး တစ်ဖက်ကို လှန်။ နေရာတကျ ထည့်။ မောင်းတံကို ပြန်မလိုက်တာနဲ့ အောက်က ဓာတ်ပြားက လည်လာမယ်။ အဲဒါကိုမှ ဓာတ်ပြားရဲ့ အ၀န်းစပ်မှာ အပ်ကို ထိပေးလိုက်။ ရှဲရှဲ အသံများက စလာမယ်။ ပြီးရင် သီချင်း ဒုတိယပိုင်းအတွက် အတောလေးနဲ့ အချစ်စစ်အချစ်မှန် ခိုင်ခိုင် အသက်နဲ့ ထပ်တူပိုင်ပိုင်ဆိုပြီး မာမာအေး ဆက်ဆိုတာ နားထောင်ပေရော့ပဲ။

တော်တော် ဇိမ်မရှိတာနော်။ ဒါပေသည့် အဲလိုလေး နားထောင်ရတာကိုပဲ အဲဒီ့ခေတ်ကတော့ အတော် ဟုတ်နေတာ။

အရေအတွက်နဲ့ အရည်အချင်းတို့ရဲ့ သဘော

ကျွန်တော် စဉ်းစားကြည့်မိတယ်။ ဟိုခေတ်က အဆိုတော်တွေရဲ့ အောင်မြင်မှု သက်တမ်းက တာရှည်သလောက် အခုခေတ် အဆိုတော်တွေကျတော့ သက်တမ်း သိပ်မရှည်ရှာကြဘူး။ ဟိုခေတ်က နှစ် ၂၀ လောက် အောင်မြင်ကြပေမယ့် သည်ခေတ်ကျတော့ အဆိုတော် တစ်ယောက်ရဲ့ ပျမ်းမျှ သက်တမ်းက ငါးနှစ် ၀န်းကျင်ပဲ ရှိရှာကြတော့တယ်။

အဲဒါဟာ အရေအတွက်ကြောင့် ဖြစ်လိမ့်မယ် ထင်ပါတယ်။ မာမာအေးတို့၊ တင်တင်မြတို့၊ တွံတေးသိန်းတန်တို့ ခေတ်က သီချင်းသစ်တစ်ပုဒ်၊ ဓာတ်ပြားသစ်တစ်ချပ် ထွက်ဖို့အရေး အတော် စောင့်ရတယ်။ ထွက်လာလည်း ဓာတ်ပြားတစ်ချပ်၊ သီချင်းက တစ်ပုဒ်တည်းရယ်။

ကဆက်ခွေ ခေတ်ကစပြီး အဆိုတော်တွေဟာ တစ်ခွေကို ၁၄-၅ ပုဒ် ဆိုကုန်ကြရပါတော့တယ်။ တစ်ဝကြီး နားထောင်ရတာတော့ မှန်တယ်။ ဒါပေမယ့် ငါးခွေ၊ ဆယ်ခွေ လောက်ဆို ပုဒ်ရေ ၁၀၀ ကျော် နားထောင်ပြီးသွားသလို ဖြစ်နေပြီ။ အဲတော့ ညည်းငွေ့လာတယ် ထင်ပါတယ်။ ကျွန်တော်တို့ဆီမယ်ကလည်း မိုးရွာတုန်း ရေခံဆိုသလို အောင်မြင်တုန်းလေး နင်းကန် ထုတ်ကြပေတာကိုး။ အဲတော့ ခဏနဲ့ ရိုးအီကုန်ကြတယ် ထင်ပါရဲ့ဗျာ။

ထားပါတော့လေ။ အဲဒီ့ ဓာတ်ပြားတွေရဲ့ အချင်းက အမျိုးမျိုး ရှိပါတယ်။ ၁၂ လက္မ၊ ၁၀ လက္မ၊ ၇ လက္မ ဆိုပြီးတော့ သုံးမျိုးပေါ့။ ဓာတ်ပြားလည်တဲ့နှုန်း (Revolutions per minute—rpm)ကလည်း အမျိုးမျိုး ရှိပါတယ်။ ဓာတ်ပြားလည်တဲ့ နှုန်းက မြန်တဲ့အခါ ဓာတ်ပြားတစ်ချပ်မှ သီချင်းက တစ်ဝက်ပဲ ဆန့်တော့တာပေါ့။

ဒါက မူလလက်ဟောင်း ဓာတ်ပြားတွေ။ နောက်ပိုင်းကျတော့ အဲဒါကို ကျော်လွှားဖို့အတွက် ဓာတ်ပြား လည်နှုန်းကို လျှော့ချလိုက်ကြရင်းက တစ်ချပ်မှာ နှစ်ပုဒ်ဆန့်တွေ ဖြစ်လာတယ်။ အဲဒီ့ကမှ အချင်းငယ်တဲ့ ၇ လက္မ ဓာတ်ပြားလိုဟာမျိုးတောင် တစ်ချပ် နှစ်ပုဒ်ဆန့်လာတဲ့အထိပါပဲ။

အယ်(လ်)ဖီ လောင်းပလေး

အဲဒီ့ဓာတ်ပြားမှာမှ လော(န်)(ဂ်)ဖလေးဆိုတဲ့ ဓာတ်ပြားက သတ်သတ် ထပ်ပေါ်လာတယ်။ အဲဒါကျတော့ ဓာတ်ပြားကို လှန်စရာ မလိုတော့ဘဲ သီချင်းတစ်ပုဒ်ကို အစအဆုံး တောက်လျှောက် နားထောင်နိုင်တဲ့အပြင် ဓာတ်ပြားတစ်ချပ်ကို ဟိုဘက် သည်ဘက်ဖွင့်ရင် ၄၅ မိနစ်စာအထိ အသံသွင်းထားနိုင်လာတာမို့ သီချင်းပုဒ်ရေလည်း အများအပြား ပိုဆန့်လာပါတယ်။ တစ်ချပ်မှ ၁၂ ပုဒ်ကနေ ၁၆ ပုဒ်လောက်အထိလို့ ပျမ်းမျှ ပြောနိုင်ပါလိမ့်မယ်။ လည်တဲ့နှုန်း အနှေးစားနဲ့ ဖွင့်ရတဲ့ ဓာတ်ပြားပေါ့။

Aung Thein Kyaw's photo.ဗမာသီချင်းတွေထဲမှာတော့ အဲသလို Long Play (LP) ထုတ်ထားတာ အင်မတန် ရှားပါတယ်။ ၀င်းဦး တစ်ယောက်ပဲ LP နှစ်ချပ် ထုတ်သွားတယ်လို့ ထင်ပါတယ်။ နှစ်ချပ်စလုံး မြို့မသီချင်းတွေချည်းပဲလို့တောင် ထင်တယ်။ သိပ်တော့ မသေချာဘူး။

အရင်က ကျွန်တော့်ဆီမှာ အဲဒီ့ထဲက တစ်ချပ် ရှိခဲ့ပေမယ့် အခုတော့ ဘယ်ချောင် ဘယ်ကြား ကပ်သွားတယ် မသိတော့ဘူး။ ကျွန်တော့်ဆီ ရှိဖူးတဲ့ အချပ်ထဲမှာဆိုရင်တော့ မပြီးသေးသော ပန်းချီကားတို့၊ သစ္စာတို့၊ ယဉ်ယဉ်ကျေးကျေးတို့လို မြို့မငြိမ်း သီချင်းတွေ ပါခဲ့ပါတယ်။ အဲဒီ့ဓာတ်ပြားအပါအ၀င် ဓာတ်ပြားတွေအားလုံးကို အိမ်ရှုပ်လို့ ပစ်လိုက်ပါပြီ။

အဲ(လ်)ဗှစ်(စ်)ဆိုရင် သူ့ဂီတသက် ၁၉၅၆ မှ ၁၉၇၇ ခုနှစ် (၂၁ နှစ်) အတွင်း LP ပေါင်း ၇၀ ကျော် ထုတ်သွားခဲ့တဲ့သူပါ။ သူ့ဓာတ်ပြားလည်း ကျွန်တော့်ဆီမှာ သုံးချပ် ရှိဖူးပါတယ်။ အဲဒီ့ဓာတ်ပြားတွေက ကျွန်တော် အသက် ၃၀ မပြည့်ခင်လေးတင်ကျတော့မှ ဓာတ်စက်တစ်လုံးဝယ်ပြီး လျှောက်စုရင်းက ရှိလာခဲ့ဖူးတာတွေဖြစ်ပါတယ်။

အပ်ကြောင်းနဲ့ ပတ်သက်တဲ့ မြန်မာ၊ အင်္ဂလိပ် ဥပစာများ

“ဓာတ်ပြားဟောင်း အပ်ကြောင်းထပ်”တို့၊ “အပ်ကြောင်းထပ်”တို့ဆိုတဲ့ ဥပစာ အသုံးအနှုန်းက အဲဒီ့က လာတာပါ။ အင်္ဂလိပ်လိုတော့ groove လို့ ခေါ်တယ်။ ဗမာလိုတော့ “အပ်ကြောင်း”ပေါ့ဗျာ။ ဓာတ်ပြားပေါ်က အစင်းလေးတွေကို ပြောတာပါ။ (ပုံမှာ ရှု။) အဲဒီ့အပ်ကြောင်းတွေက သူ့အကြောလေးနဲ့သူ ဓာတ်ပြားရဲ့ အနားက စပြီး အလယ်မှာ ဆုံးသွားပါတယ်။ အပ်တပ်ထားတဲ့ မောင်းတံက အဲဒီ့အပ်ကြောင်းအတိုင်း လိုက်သွားပြီး သီချင်း၊ အသံသွင်းချက်ကို ဖတ်သွားပါတယ်။

Aung Thein Kyaw's photo.ခဏခဏ ဖွင့်ဖန်များရင်ပဲ ဖြစ်ဖြစ်၊ အကိုင်ကြမ်းရင်ပဲ ဖြစ်ဖြစ် အဲဒီ့ အပ်ကြောင်း (အပ်ချည်လောက်သာ ရှိတဲ့ မြောင်းပါးပါးလေး) က ပွန်းမိသွားပြီး တစ်နေရာတည်းမှာပဲ အပြန်ပြန် သွားနေပါတော့တယ်။ စောစောက နမူနာ ပေးထားခဲ့တဲ့ နှစ်ကံပြိုင်ဖူးစာရဲ့ တစ်နေရာမှာပဲ အပ်ကြောင်းက ထပ်နေပြီဆိုရင် မာမာအေးအသံနဲ့ “မောင်မယ် နှစ်ကံပြိုင်၊ မောင်မယ် နှစ်ကံပြိုင်၊ မောင်မယ် နှစ်ကံပြိုင်”ဆိုတာကို လူက ထပြီး မောင်းတံကို မရွှေ့မချင်း အီနေအောင် ကြားနေရတော့မှာလည်း ဖြစ်ပါတယ်။ အဲဒါကို အပ်ကြောင်းထပ်တယ်လို့ ပြောပါတယ်။

စကားတစ်ခွန်းကိုလည်း ခဏခဏ ပြောပြောနေတဲ့အခါ ဗမာတွေက အပ်ကြောင်းထပ်တယ်လို့ ပြောကြပါတယ်။ အင်္ဂလိပ်လိုတော့ stuck in a groove လို့ သုံးကြပါတယ်။ အဓိပ္ပာယ်တော့ ဗမာလို အထပ်ထပ် ပြောတာ၊ ခဏခဏ ပြောတာမျိုးနဲ့ သုံးတာ မဟုတ်တော့ပါဘူး။ တစ်နေ့ တစ်နေ့ ဒါပြီး ဒါ၊ ဒါပြီး ဒါပဲ လုပ်နေရတာကို ပြောချင်တဲ့အခါမှာ သုံးပါတယ်။ After 5 years in this company, I don’t find anything exciting but I seem to be stuck in a groove. (သည်လုပ်ငန်းမှာ ငါးနှစ်လောက်လုပ်ပြီးသွားတော့ ဘာမှ စိတ်လှုပ်ရှားစရာ မကောင်းတော့ဘူး။ တစ်နေ့ တစ်နေ့ ဒါ ဒါပဲ လုပ်နေရသလိုကြီး။) ဆိုတာမျိုးပေါ့။

A needle stuck in a groove ဆိုရင်တော့ မေးခွန်းတစ်ခုကိုပဲ အထပ်ထပ် မေးနေတတ်တာကို ပြောတဲ့အခါမှာ သုံးပါတယ်။ My girlfriend is such a needle stuck in a groove. (ကျုပ်ရည်းစားကတော့ တစ်မျိုးတည်းကိုပဲ အထပ်ထပ် မေးတတ်တဲ့ မိန်းမစားမျိုးဗျို့) တစ်နည်းအားဖြင့် ခပ်ထူထူ ခပ်နနကို ပြောတဲ့အခါမှာ needle stuck in a groove လို့ ပြောတာပါပဲ။ ဗမာတို့ရဲ့ အပ်ကြောင်းထပ်နဲ့ တခြားစီပါ။

မူစလင် အတန်းဖော်ရဲ့ အိမ်မှာတုန်းကလည်း ၀င်းဦးရဲ့ LP ဓာတ်ပြားကို နားထောင်ခဲ့ရဖူးတာကို ကောင်းကောင်း မှတ်မိနေပါတယ်။

ရန်ကုန်မြို့က ကလေးတို့ရဲ့ ဓာတ်ရှင်ရုံ

ဓာတ်ပြားအကြောင်းပြီးတော့ ၈ မီလီမီတာ ဓာတ်ရှင်ပြစက်လေးနဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်လေးတွေ ပြောပါရစေဦး။

အဲဒါလည်း ငယ်ဘ၀အကြောင်း ရေးစဉ်က ကျန်သွားခဲ့တာပါ။

ရန်ကုန်မြို့လယ်ကို ပြောင်းလာတော့ ၁၉၆၉ ခုနှစ် ဇွန်လမှာပါ။ လမ်း ၄၀၊ အိမ်အမှတ် ၂၃၉၊ ပထမထပ်၊ ညာဘက်အခန်းမှာ နေခဲ့တဲ့အကြောင်း ပြောပြီးပါပြီ။

အဲဒီ့နောက် မကြာခင်မှာပဲ ရန်ကုန်မြို့လယ်မှာ တွင်ကျယ်နေတာတစ်ခုကို ရင်ဆိုင် တွေ့ရပါတယ်။ အဲဒါကတော့ ရွေ့လျား ဓာတ်ရှင်ရုံလို့ ခေါ်ရမယ် ထင်ပါတယ်။ ဓာတ်ပုံတွေ ဘာတွေကတော့ ရှာလို့ ရနိုင်တော့မယ် မထင်ဘူးဗျ။

ရေးရင်းနဲ့ ရှာကြည့်လိုက်တော့ တခြားနိုင်ငံတွေမှာလည်း အဲသလို နယ်လှည့်ရုပ်ရှင်ရုံတွေ ရှိခဲ့တာ တွေ့ရပါတယ်။ သူတို့ကတော့ ကားတွေနဲ့ပေါ့ဗျာ။

ကျွန်တော်တို့ ကလေးတုန်းက ကြုံခဲ့ရတာကတော့ ဘီးတပ် လှည်းကြီးခင်ဗျ။ အလုံပိတ်လှည်းကြီးပါ။ ပေါင်မုန့် ပုံသဏ္ဍာန်ရှိပါတယ်။ အရွယ်အစားက အခုခေတ် Toyota Ipsum တို့ Wish တို့လောက် ရှိပါလိမ့်မယ်။ သစ်သားနဲ့ သွပ်ပြားနဲ့ လုပ်ထားတဲ့ အလုံပိတ်လှည်းကြီးဖြစ်ပါတယ်။ အဲဒီ့လှည်းကြီးကို တစ်လမ်းဝင် တစ်လမ်းထွက် တွန်းသွားတယ်။ ပြီးတော့ တစ်နေရာရာမှာ ရပ်ထားတယ်။ ဟိုခေတ်က ရန်ကုန်မှာ အခုလို ကားတွေ မပေါသေးတော့ကာ ဘယ်လမ်းမှာဖြစ်ဖြစ် လမ်းဘေးမှာ ကပ်ရပ်စရာ နေရာက ခပ်ပေါပေါရယ်။

အဲဒီ့လှည်းကြီးက မူလက အဖြူရောင် ဖြစ်ချင်ဖြစ်မှာပေမယ့် ကျွန်တော် မြင်ဖူးတဲ့အချိန်မှာတော့ တော်တော် ညစ်ထေးနေတဲ့ အဖြူရောင်ပါ။

လှည်းမှာ အပေါက်နှစ်ပေါက်ပါတယ်။ လှည်းရဲ့ နောက်ပိုင်း ခေါ်မလား မသိဘူး၊ အဲဒီ့အပိုင်းမှာ ဘေးပေါက်တစ်ပေါက် ရှိတယ်။ အဲဒီ့မှာ ပြစက်ဆရာ၊ တစ်နည်းပြောရင် လှည်းကို တွန်းပြီး သည်အလုပ်နဲ့ ငွေရှာသူက ထိုင်ပါတယ်။ ကလေးပရိသတ်က လှည်းရဲ့ ဦးပိုင်းထိပ်က တံခါးမကြီးက လှည်းထဲကို ၀င်ရပါတယ်။ အဲဒီ့ တံခါးမကြီးကို ပိတ်လိုက်ရင် ပိတ်ကားဖြစ်သွားပါပြီ။ အဖြူရောင်သုတ်ထားတဲ့ ပျဉ်ပြားပေါ့။

အထဲက ထိုင်ခုံတွေကတော့ မြန်မာတို့ ထုံးစံအတိုင်း လှည်းအိမ် ဘေးနံရံမှာ ကပ်ရိုက်ထားတဲ့ ခုံတန်းရှည်ပါ။ မြန်မာ့ မြင်းလှည်းလည်း ထို့အတူ ဖြစ်သလို၊ ကုန်တင်ကားကို ခရီးသည်တင်ကား ပုံစံ လုပ်လိုက်တဲ့အခါလည်း အဲသလို ဘေးတန်းတွေ ရိုက်ထည့်လိုက်ခြင်းအားဖြင့် ထိုင်ခုံဖြစ်လာစေတာမျိုးမို့ မြန်မာတို့ ထုံးစံလို့ ရေးလိုက်တာပါ။

ကျွန်တော်တို့က တစ်မတ်လား၊ ဆယ်ပြားလား မမှတ်မိတော့တဲ့ ရုံဝင်ခကို ပေးပြီး အဲဒီ့ထဲ ၀င်လိုက်ရပါတယ်။ လူပြည့်တဲ့အခါ တံခါးကြီးပိတ်ပြီ။ တစ်ရုံလုံးလည်း မှောင်ကျသွားပါပြီ။ အဲဒါဆို ပြပါပြီဗျာ။ တောင်စဉ်ရေမရ အဆက်အစပ်မရှိ အင်္ဂလိပ်ဇာတ်ကားတိုတွေ၊ ဟိုတစ်ပိုင်း သည်တစ်ပိုင်း။ ပြစက်သံ တဂျောက်ဂျောက် ကြားမှာ ပြစက်ဆရာကြီး ပါးစပ်က ထွင်ပြီးပြောတဲ့ ကပေါက်တိ ကပေါက်ချာ ဇာတ်လမ်းကို နားဆင်ရင်း ကြည့်ပေတော့ပေါ့။

စုစုပေါင်းမှ သုံးမိနစ်လောက်ပဲ ကြာမယ် ထင်တယ်။ ဒါတောင် ချွေးတလုံးလုံး။ အလုံပိတ်ထားတော့ လူစော်ကလည်း နံသေးတယ်။ ကစားရာက ထလာကြတဲ့ ကောင်တွေချည်းပဲဆိုတော့ အကုန်လုံးက နဂိုကမှ ချွေးသံအပြည့်နဲ့ဟာ။

ကျွန်တော် တစ်ခါဆို တစ်ခါပဲ အဲဒီ့ထဲ ၀င်ထိုင်ကြည့်ခဲ့ဖူးတယ်။ တစ်ခါတည်းနဲ့ကို မှတ်သွားတာပဲ။ ချွေးနံ့ မခံနိုင်တာ၊ အိုက်စပ်တာက တစ်ကြောင်း၊ အဆက်အစပ်မရှိ၊ အဓိပ္ပာယ်မဲ့ အရုပ် တုံတုံချိချိတွေကြည့်ဖူးဖို့ အတွက် ပိုက်ဆံပေးလိုက်ရတာ တန်တယ် မထင်မိဘူး။ ဒါနဲ့ နောက် ဘယ်တော့မှ အဲဒါကို မကြည့်ဖြစ်တော့ဘူး။

ကြည့်ဖြစ်တဲ့အချိန်မှာလည်း ကျွန်တော်က ခြောက်တန်းတောင် ရောက်နေမှကိုး။ အပြာစာအုပ်တောင် ဖတ်ဖူးထားလေတဲ့ ကလေးကြီးအရွယ် ရောက်နေပြီဆိုတော့ ကျိုးကြောင်း ဆင်ခြင်မိနေတာ ဖြစ်ကောင်းပါတယ်။

အဲ… တစ်ခါသားမှာတော့ အဲဒီ့လို ရုံလေးထဲမှာ လူကြီးတွေ အပြာကားကြည့်လို့ဆိုပြီး သတင်းစာထဲ အမှုတစ်မှု ပါလာတယ်။ အဲဒါကတော့ ပြစက်ဆရာအတွက် ကလေးတွေကို လည်ပြီး ပြနေတာထက် ပိုတွက်ချေကိုက်မယ် ထင်တယ်။ ကြည့်တဲ့ လူကြီးတွေဆိုတာကလည်း သာမန် လက်လုပ်လက်စားတွေပဲလားတော့ မသိဘူး။ ဘယ့်နှယ်က ဘယ့်နှယ် ကြည့်ကြတယ်တော့ မသိဘူး။ အဲဒီ့ထဲ လူကြီးတွေ ၀င်ပြီဆိုတာနဲ့ ပတ်ဝန်းကျင်က သည်လူတွေ ဘာကြည့်လောက်တယ်ဆိုတာ သိကုန်တော့မှာလေ။

အဲဒီ့ ရုပ်ရှင်အကြောင်းရေးရင်းနဲ့ ကလေးဘ၀တုန်းက ကျွန်တော့်ကို အဖေ ၀ယ်ပေးခဲ့တဲ့ အဖိုးတန် ကစားစရာ အကြောင်းကို ပြောပြဖို့ သတိရလာပြန်တယ်။

ဗျူးမာစထာ

Aung Thein Kyaw's photo.အဲဒါကတော့ Viewmaster ဆိုတာပါ။ လောပိတမှာကတည်းက ကျွန်တော့်ဆီမှာ ရှိနေခဲ့တာမို့ တော်တော် ငယ်ငယ်ကတည်းက ၀ယ်ပေးခဲ့တာ ဖြစ်ပါလိမ့်မယ်။ အင်တာနက်ထဲ မွှေကြည့်လိုက်တော့ ကျွန်တော့်ဆီမှာ ရှိခဲ့ဖူးတဲ့ Viewmaster နဲ့ တစ်ထပ်တည်း၊ ဘူးကအစ တူတဲ့ ပုံတစ်ပုံတွေ့လို့ တင်ပေးလိုက်ပါတယ်။ အဲဒီ့ မည်းမည်းလေးမှာ မြင်နေရတဲ့ လေးထောင့်ကွက်လေးထဲက မျက်စိပေါက်အတွက် ၀ိုင်းဝိုင်းလေး လုပ်ထားတဲ့ မှန်ဘီလူးနေရာက ကြည့်ရတာပါ။ ဆန့်ကျင်ဘက်မှာတော့ လေးထောင့်ကွက်ကြီး နှစ်ကွက် ရှိပါတယ်။ အပြင်က အလင်းကို ယူနိုင်အောင် အဲဒီ့မှာကျတော့ မှန်ဘီလူး မဟုတ်ဘဲ ကော်ပြား ဖြူဖြူလေးတွေ တပ်ထားပါတယ်။

အပေါ်က V ခပ်ပြဲပြဲ ပုံစံနေရာမှာ ဖလင်ချပ်ထည့်ရတဲ့ အံကလေးပါပါတယ်။ နောက်တစ်ပုံမှာ ပြထားတာကတော့ အဲဒီ့ထဲ ထည့်တဲ့ ဖလင်ချပ်အ၀ိုင်းလေးပါ။ အဲဒီ့မှာ ရောင်စုံ ပေါ့ဇတစ်(ဖှ်) ဖလင် လက်သည်းခွံလောက်လေးတွေ ပါပါတယ်။ ပုံမှာ ကြည့်ရင် ဘယ်နဲ့ ညာက ပုံချင်းဟာ အတူတူပါ။ စုစုပေါင်း ၁၄ ကွက်ပါပြီး အရုပ် ခုနစ်ခု မြင်ရပါတယ်။ Viewmaster မှန်ဘီလူး သေတ္တာ မည်းမည်းလေးရဲ့ ညာဘက်မှာ (ပုံမှာတော့ မမြင်ရပါ) မောင်းတံ အဖြူလေး ပါပါတယ်။ အဲဒီ့ မောင်းကလေးကို ဖိချလိုက်ရင် အမည်းရောင် ပေါ်လာပါတယ်။ ပြန်လွှတ်လိုက်ရင် နောက်တစ်ကွက် ကူးသွားပါတယ်။ ဘယ်လို လုပ်ထားသလဲတော့ မသိဘူး။ သုံးဘက်မြင် 3D လို့ ခေါ်တဲ့ ရုပ်လုံးကြွ မြင်ရတာပါ။ ရုပ်သေ ရောင်စုံ ဓာတ်ပုံတွေပါပဲ။ ဒါပေမယ့် ဆေးသားက တအားကောင်းတော့ တော်တော် ကြည့်လို့ ကောင်းပါတယ်။

Aung Thein Kyaw's photo.ကျွန်တော့် Viewmaster နဲ့အတူ ပါလာတာက အချပ်ကလေး လေးချပ်သာ ဖြစ်ပါတယ်။ တစ်ချပ်က Tom & Jerry, နောက်တစ်ချပ်က Gulliver’s Travel, နောက်တစ်ချပ်က ရှုခင်းပုံတွေဖြစ်ပြီး ကျန်တစ်ချပ်ကိုတော့ မမှတ်မိတော့ပါဘူး။ Tom & Jerry တို့၊ Gulliver’s Travel တို့က ဇာတ်ဝင်ခန်း ဓာတ်ပုံတွေပါ။ ဇာတ်လမ်းတစ်ပုဒ်လုံးတော့ ဘယ်ဆန့်မလဲဗျာ။ စုစုပေါင်းမှ အပြားလေးတစ်ချပ်မှာ ခုနစ်ကွက်စာလေးပဲ မြင်ရတာကို။ သို့သော် ပါလာတဲ့ ဓာတ်ပုံတွေက စိုပြီး ရုပ်လုံးက ကြွနေတာမို့ ကြည့်လို့ တော်တော် ကောင်းပါတယ်။

ဒါပေမယ့်ဗျာ… အဲဒီ့ လေးချပ်ကိုပဲ တစ်နေ့ တစ်နေ့ ထိုင်ကြည့်နေလို့ကတော့ ပျင်းလာတာပေါ့။ လောပိတမှာ နေလို့ ၀ယ်လို့ မရတော့လို့ပဲလား၊ ဒါမှမဟုတ် ပြည်သူပိုင် သိမ်းလိုက်တဲ့အတွက် ပစ္စည်းတွေ မရှိတော့လို့ပဲလား၊ ဒါမှမဟုတ်ရင်လည်း မတတ်နိုင်လို့ပဲလားတော့ မသိဘူး။ အဲဒီ့ Viewmaster အတွက် နောက်ထပ် ဓာတ်ပုံချပ်လေးတွေ ထပ်မရတော့ပါဘူး။

အဖေ ဘယ်လောက် ဈေးကြီး ပေးဝယ်လာရသလဲတော့ မသိဘူး။ ကျွန်တော့်မှာတော့ အဲဒီ့ လေးချပ်နဲ့ပဲ စခန်းသွားခဲ့ရတာမို့ နောက်ပိုင်းကျတော့ အဲဒါလေးနဲ့ ဆော့တောင် မဆော့ဖြစ်ပါဘူး။ သို့ပေတည့် ရန်ကုန် ပြောင်းလာတဲ့အထိ၊ ကျွန်တော် အသက် တော်တော်ကြီးတဲ့အထိ အဲဒါလေးကို အိမ်မှာ တွေ့တွေ့ နေခဲ့မိပါသေးတယ်။

ချောကလက်နဲ့ ချိ(စ်)ငါးပိချက်

အဲဒါနဲ့အတူ လောပိတတုန်းက မှတ်မိနေတာ တစ်ခုက အဲဒီ့ ကလေးဘ၀ တစ်လျှောက်လုံး လောပိတမှာ နေစဉ် တစ်ခါသာ စားဖူးခဲ့တဲ့ ချောကလက်ပါ။ အဲဒါက လွိုင်ကော်မှာ အဖေတို့နဲ့ ရုပ်ရှင်ကြည့်ဖို့ ပါသွားရင်း အမေကလား၊ အဖေကလား မသိ၊ ၀ယ်ကျွေးတာပါ။ လက်မလောက် အတောင့်ကလေးဖြစ်ပါတယ်။ ထိပ်ကလေး နှစ်ဖက်မှာ ချောကလက်ပြားနဲ့ အရွယ်တူ ထင်းရှူးပြားအ၀ိုင်းလေးနဲ့ပိတ်ပြီး လိပ်ထားတဲ့ စက္ကူတောင့်လေး။ အဲဒါ ကျွန်တော့် ကလေးဘ၀ လောပိတမှာ တစ်ကြိမ်သာ စားဖူးတဲ့ ချောကလက်ပါ။

နောက် အဖေ ထီပေါက်လို့ ဆုငွေသွားထုတ်တော့ အဖေ သွားလည်တဲ့ ဗိုလ်မှူးကြီးနဲ့ ကထိကကြီးအိမ်မှာ ဗိုလ်မှူးကြီးက ထုတ်ကျွေးခဲ့တဲ့ ခက်(ဒ်)ဘာရီ ချောကလက်က ဒုတိယအကြိမ်ပါ။ အဲဒါပြီးတဲ့နောက် ကျွန်တော် အိမ်ထောင်ကျတဲ့အထိ ချောကလက်နဲ့ ရေစက်မဆုံတော့ပါဘူး။ ပါးရှားတဲ့ ခေတ်ပေပဲကိုး။

အဲဒီ့အရင် မန္တလေးကလေးဘ၀တုန်းကတော့ အဘိုးက ၀ယ်ဝယ်ကျွေးလို့ သုံး-လေးကြိမ် စားဖူးတယ်လို့ မှတ်ပါတယ်။

မန္တလေးကလေးဘ၀မှာ မှတ်မိနေသေးတဲ့ စားစရာတွေ ကျန်သေးတယ် ခင်ဗျ။ ပထမဆုံးကတော့ ဒိန်ခဲ (Cheese) ငါးပိချက်ပါ။ အမှန်ကတော့ ငါးပိမပါပါဘူး။ ငါးပိချက်လို ချက်ထားတာမို့သာ ငါးပိချက်လို့ အနွတ္ထ သညာပြုလိုက်တာ ဖြစ်ပါတယ်။

အဲဒီ့ ပြည်သူပိုင် မသိမ်းခင်၊ နေ၀င်းအစိုးရ မတက်ခင်လေးလောက်က အစစ အရာရာက ပေါပုံရပါတယ်။ အဲတော့ ဒိန်ခဲတွေလည်း ပေါပေသပေါ့ဗျာ။ မြန်မာတို့အတွက်ကတော့ Kraft Cheese က အလျှံပယ်ပေါ့။ အပြာရောင် သံဘူးအ၀ိုင်းနဲ့ လာတဲ့ Kraft Cheese အမာက အတော်ပေါသလို ဖန်ပုလင်းနဲ့ လာတဲ့ ပေါင်မုံ့သုတ် ဒိန်ခဲ (spread cheese) လည်း ကလေးဘ၀က အတော်များများ မြင်ဖူးပါတယ်။

အဲဒီ့ထဲက ဘယ်ဒိန်ခဲကိုလည်းတော့ မသိဘူးဗျ၊ ခရမ်းချဉ်သီးနဲ့ ချက်တာ၊ လွှတ် စားကောင်းပဲဗျို့။ အဲဒါ မစားရတာ နှစ်ပေါင်း ၅၀ တောင် ကောင်းကောင်းကျော်သွားပြီ။ အိမ်မှာ ချက်စားကြည့်ရပေဦးမယ်။

မြောက်ပိုင်းမှာ တိုဖူးချဉ်လို့ ခေါ်ကြတဲ့ ဆီတိုဖူးကိုလည်း ခရမ်းချဉ်သီးနိုင်းချင်းနဲ့ ချက်စားရင် အလွန်ကောင်းတာကို စားဖူးသူတွေ သိကြမှာပါ။ အလားတူပဲ၊ အညာက နွားနို့ခဲချက်ဆိုတာလည်း အသားဟင်းတောင် မလိုစေတော့တဲ့အထိ ထမင်း မြိန်စေပါတယ်။ အဲဒီ့နေရာတွေမှာ ချိ(စ်) ဒိန်ခဲနဲ့ ဖက်ပြီး စဉ်းစားကြည့်ဗျာ။ တကယ် ကောင်းမှာ သေချာတယ်ဗျ။

အရသာရှိသော စာကိုတော့ ရေးမိသွားပြန်ပြီ။ ကိုယ်တိုင် ချက်စားကြည့်ကြပြီး အကျိုးအကြောင်းလေးလည်း ပြန်ပြောကြဦးနော… 😀

သည်အပိုင်းမှာ ပြောကြတာ…

Lutha Kyaw ငယ်ငယ်တုန်းက ဝမ်းကွဲတစ်ယောက်ဆီမှာ ကြည့်ဖူးတယ်။ ကျနော်တို့က 3D လို့ခေါ်တယ်။ စနိုးဝှိုက် ကြည့်ဖူးတာ မှတ်မိတယ်။ အဲသည် အလုံပိတ်ရုံလည်းကြည့်ဖူးတယ်။ တခါတည်းနဲ့ လက်လန်တယ်။

Win Maung ဖတ်ရသေးဘူး… ကြိုပြီးlike ထားတာပါ

Aung Thein Kyaw အားပေးဂျက်က ကြမ်းလွန်းပါတယ် အဘရယ် 🙂

Alex Moe View master လို မျိုးလည်းငယ်ငယ်ကကြည့်ဖူးတယ်. ဓာတ်ပြားဖွင့်စက်တွေမရှိတော့ပေမဲ့ အဘိုးအိမ်မှာ ဓာတ်ပြားကြီးတွေ တွေ့ ဖူးတယ်. အခုတော့ဘယ်ပျောက်ကုန်ပြီမသိတော့ပါဘူး

Nge Thar View master တော့ အိမ်မှာရှိတယ် ခွေလဲ တော်တော်များတယ် တော်တော်ကြီးတဲ့အထိ ကြည့်ရတယ် ရေဒီယိုဂရမ်တော့ ရှိဘူးဗျ ရိုးရိုးရေဒီယို အကြီးကြီးတော့ ဗီဒိုနဲ့ထည့် ထားတာရှိတယ်

Kyaw Thura Htunအလုံပိတ်တွန်းလှည်းကြီးလားမသိ ဝင်ကြည့်ဖူးပါတယ်ခင်ဗျ။ ကလေးတွေမို့ ပြတဲ့လူကြီးကလည်း ပြီးပြီးရော ဘာတွေပြမှန်းမသိ မြင်းတွေပြေးနေတာ ပြလိုက်၊ ကျားကြီးတွေ ခြင်္သေ့ကြီးတွေပြလိုက်နဲ့ အကုန်ဝါးတားတားချည်းပဲခင်ဗျ။ မှောင်ရတဲ့အထဲ လူများရင် လှည်းကြီးက ဒယိမ်းဒယိုင်နဲ့။ မန္တလေး အနောက်ပြင်ဖက်မှာပါ။ တစ်ခါဆိုမှ တစ်ခါတည်းပါ။

Kyi Kyi Khin Viewmaster အချပ်တွေ အများကြီး ကြည့်ဖူးတယ်။ ငယ်ငယ်က မောင်နှမဝမ်းကွဲတွေ များတော့ ဘယ်အိမ်က ဝယ်တယ်တော့ မသိဘူး။ မေ့တောင်နေတာ ခု ဖတ်ရမှ သတိပြန်ရတယ်။

Baby Shwe Piguet ပြောလိုက်မှစားချင်လာပြီ၊ ဒီမှာရှိတဲ့ နံနံစော်စော် Cheese ကိုခရမ်းချဉ်သီးနဲ့ချက်စားကြည့်ဦးမှ၊ ဒီလူကြီးစာတွေဖတ်ပြီး လူလည်း ဝစရာအကြောင်းတွေ ကြံဖန်ရှာနေမိပြန်ပြီ။

အဟောင်းထဲက အစုတ်တွေ – ၈

၂၀၀၁၅ ခုနှစ် ဧပြီလ ၂ ရက်

ဟုတ်တယ်။ အမေ စာဖတ်နေတာသာ တစ်သက်လုံး မြင်ခဲ့ဖူးပေမယ့် အဖေ ဖတ်နေတာတော့ ကျွန်တော့် မျက်လုံးထဲ မှတ်မှတ်ရရ တစ်ခါဆို တစ်ခါမှ မရှိဖူးဘူး။

အဖေ့ ဖတ်သူ့အနှစ်တွေကို ဟိုလှန် သည်လှန် လှန်တတ်သူက ကျွန်တော်ပဲ ဖြစ်ပါတယ်။ အဲဒါလည်း ပုံတွေ လိုက်ကြည့်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အင်္ဂလိပ်လို ရေးထားတာတွေကိုတော့ အပင်ပန်းခံပြီး မဖတ်မိခဲ့သေးဘူး။

ရယ်စရာ အတိုအထွာလေးတွေ လျှောက်ဖတ်ကြည့်တယ်။ ရယ်တတ်အောင် နားမလည်သေးတော့ နောက်ပိုင်း သိပ် မဖတ်မိတော့ဘူး။ ပုံတွေ လှန်ကြည့်တဲ့အဆင့်မှာ တော်တော်ကြာခဲ့တယ်။

ဗမာစာတွေကိုသာ ဇောင်းပေးဖတ်နေမိခဲ့တာ။

ဗမာစာဆိုလို့ ဂျာနေဂျိုအကြောင်း ပြောတုန်းက ကျန်ခဲ့တာလေး ပြောရဦးမဗျ။ အခုခေတ် လူငယ်တွေသာ ဂျာနေဂျိုကို အသိနည်းသွားတော့တာ။ ဟိုးတစ်ခေတ်ဆီကတော့ အဲဒီ့ ဂျာနေဂျိုဟာ ကျွန်တော်တို့ ဗမာတွေရဲ့ နေ့စဉ် ဘ၀ထဲမှာ ရှိနေခဲ့ပုံပဲ။

ဆရာသော်တာဆွေပေါ့။ သူက ဂျာနယ်ကျော် မမလေးကို နောက်တဲ့အခါ အစ်မကြီး ဂျာနေဂျိုဆိုပြီး အမြဲ ရေးတတ်ပါတယ်။ အဲဒါလေးကို ပြောဖို့ မေ့ကျန်ခဲ့တာပါ။

စာဖတ်ခြင်းအစ အပျော်ဖတ်က

ဗမာစာတွေ ဇောင်းပေးဖတ်ဆို အဲဒီ့အရွယ်မှာ ကျွန်တော် စွဲစွဲလမ်းလမ်း ဖတ်ခဲ့တာက တက္ကသိုလ် တင်မြင့်ပဲ။ သူ့ရဲ့ လေးလေးမြင့်ဆိုတဲ့ ပင်တိုင် ဇာတ်ကောင်ကို သဘောကျတယ်။ ပြီးတော့ သူ့ ဇာတ်လိုက် အသံဝါ၀ါနဲ့ လူညိုထွားကြီးဆိုတဲ့ နေရာမှာလည်း ကိုယ့်ဘာသာ ကိုယ်ဝင်ယူပြီး ကျေနပ်တယ်။ တကယ်က ကျွန်တော်က ဗလံလေးရယ်။ 😀 

တော်တော် စိတ်ကူးယဉ်လို့ ကောင်းတဲ့ အပျော်ဖတ် ဇာတ်လမ်းတွေပဲပေါ့။ နောက်တစ်အုပ် မှတ်မိနေတာ ရှိသေးတယ်။ ယုဝတီခင်စိန်လှိုင်ရဲ့ မောင့်မမ မြကေသီဆိုလား မသိဘူး။ အဲဒီ့ ၀တ္ထုကိုလည်း တော်တော် သဘောကျခဲ့တာ။ စိတ်ထင် နှစ်ခေါက်တောင် ပြန်ဖတ်မိခဲ့ မှတ်တယ်။ မမတွေကို စိတ်ကစားတဲ့ အရွယ်နဲ့ သူ့ဝတ္ထုနဲ့က ဂွပ်ခနဲ အံကျနေလို့ ဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်ခါစတုန်းက ယုဝတီခင်စိန်လှိုင့် ၀တ္ထုတွေလည်း အတော် ဖတ်ဖြစ်ခဲ့တာပဲ။

မေမေက ခင်နှင်းယု အသည်းစွဲဆိုတော့ ခင်နှင်းယုစာအုပ် တော်တော်များများက အိမ်မှာ ရှိတယ်။ ဒါပေမယ့် တစ်အုပ်လောက် ဖတ်ကြည့်ပြီး ဘယ်လိုမှ ခံစားလို့ မရတတ်ခဲ့ဘူး။ ငယ်သေးတော့ အဲလို အတွေးပါတဲ့ စာတွေမှ နားမလည်သေးတာကိုး။ အပျော်ဖတ်တွေကိုပဲ စွဲစွဲလန်းလန်း ဖတ်ခဲ့တာကလား။

နောက်ပိုင်းကျတော့ မောင်သိန်းဆိုင်၊ နတ်နွယ်တို့ရဲ့ လျှို့ဝှက်သည်းဖို၊ စုံထောက် ၀တ္ထုတွေကို ဖတ်လာပါတယ်။ ဒါလည်း အတော်သဘောကျပဲ။ နုရာက ရင့်လာတဲ့သဘောလားတော့ မသိဘူး။ မောင်သိန်းဆိုင်၊ နတ်နွယ်တို့ရဲ့ အဲလို အပျော်ဖတ်တွေကို ဖတ်ဖြစ်လာတဲ့အခါ ယုဝတီခင်စိန်လှိုင့် စာအုပ်တွေက ကျွန်တော့်ကို မတိုးတော့ပြန်ဘူး။ ပေါ့တယ်လို့ ထင်လာရပြန်တယ်။

အဲတုန်းက စာပေဗိမာန် စာကြည့်တိုက်မှာ နှစ်စဉ်ကြေး သုံးကျပ်ပေးပြီး အသင်းဝင်ထားရင် နှစ်ပတ်ကို စာအုပ် လေးအုပ် အိမ်ကို ငှားလို့ရတယ်။ ကျွန်တော် မှန်မှန် သွားငှားတာပေါ့။ မောင်သိန်းဆိုင်၊ နတ်နွယ်တို့နဲ့ ခေတ်ပြိုင် ဆရာတွေရဲ့ စာအုပ်တွေလည်း ဖတ်ဖြစ်တယ်။ မှတ်မှတ်ရရ လူအောင်ဆိုတဲ့ ဆရာတစ်ယောက်ကိုလည်း မှတ်မိနေတယ်။ သူက မောင်သိန်းဆိုင်တို့လို အများကြီး မရေးခဲ့ပေမယ့် သူ့ လျှို့ဝှက်သည်းဖိုတွေလည်း ဖတ်လို့ ကောင်းခဲ့တာကို မှတ်မိနေတာပါ။ နောက် မောင်မောင်မြင့်လွင်ရဲ့ ၀တ္ထုတွေ ဖတ်ပြန်တယ်။ အရေးအသားကို သဘောကျပေမယ့် ဇာတ်လမ်းတွေက ကျွန်တော့်ကို မတိုးပြန်ဘူး။

စာကို ၀ါးစားသလို ဖတ်နေတာမို့ ခေါင်းထဲကို ဘာမှတော့ သိပ်မ၀င်ဘူး။ နဂိုကမှ အဲသလို အမှတ်သညာမျိုးက သိပ်မကောင်းတာဆိုတော့ စာကြောင်းလိုက် ဝေးစွ၊ ဇာတ်လမ်းတောင် မှတ်မိနေတဲ့ ၀တ္ထုက ခပ်ရှားရှားရယ်။ နှစ်ပတ်ကို လေးအုပ် ငှားလို့ရပေမယ့် ကျွန်တော်က သုံး-လေးရက်နဲ့ လေးအုပ်လုံး ဖတ်ပြီးသွား၊ ပြန်အပ်၊ ပြီးတော့ နောက်ထပ် လေးအုပ်ငှား လုပ်ခဲ့တာဆိုတော့ စာဖတ်နှုန်းက သိပ်မြန်တယ်လို့ ဆိုရမှာ။ အဲတော့လည်း ခေါင်းထဲမှာ အကုန်ရောထွေးပြီး ဘယ်ဟာမှ မမှတ်မိတော့ဘူးပေါ့။

မဂ္ဂဇင်းတွေက အဲတုန်းက သိပ်မများလှဘူး။ ရှုမ၀၊ သွေးသောက်၊ မြ၀တီ၊ ငွေတာရီ၊ စန္ဒာလောက်ပဲ ရှိတာ။ မြ၀တီနဲ့ ငွေတာရီကို မြင်ဖူးပေမယ့် မေမေက အဲဒါတွေ မဖတ်တော့ သိပ်များများ မဖတ်ဖူးဘူး။ ရှုမ၀နဲ့ စန္ဒာကိုတော့ မေမေက ဖတ်တာမို့ ပိုရင်းနှီးတယ်။ အဲဒီ့အချိန်က ၀င်းဦးရဲ့ စန္ဒာမဂ္ဂဇင်းက လျှမ်းလျှမ်းတောက်ပေါ့။ မင်ကျ မင်န ကောင်းကောင်း၊ အပြင်အဆင် ကောင်းကောင်းနဲ့ ဖြစ်သလို စာရေးဆရာကောင်းတွေရဲ့ စာတွေလည်း ပါတာကိုး။

မဂ္ဂဇင်းသာ ဟိုလှန် သည်လှန် လုပ်နေတာ၊ တကယ့်တကယ် အဲဒီ့အရွယ်က ၀တ္ထုတိုကို အရသာ မခံတတ်သေးဘူး။ တောင်ဖတ် မြောက်ဖတ်၊ နားမလည်လိုက်၊ ချထားလိုက်ပဲ ရှိပါသေးတယ်။ ရှစ်တန်းကျောင်းသားအရွယ်လောက်အထိကို ပြောပါတယ်။

ပထမဆုံး ရေးဖြစ်ခဲ့တဲ့ သီချင်း

အဲဒီ့အရွယ်မှာ ကဗျာတွေ၊ ၀တ္ထုတွေ အတော်ရေးနေပြီ။ နွေရာသီကျောင်းပိတ်ရက်မှာဆိုရင်တော့ အဲဒီ့ခေတ်က ဆိုရှယ်လစ်ခေတ်ပီပီ လုပ်အားပေးဆိုတာကြီး ရှိတယ်။ ကျွန်တော်တို့ ကျောင်းမှာပဲ စုဝေးကြတာပေါ့။ အဲဒီ့အခါကျရင်တော့ ကျောင်းမှာ တခြားကျောင်းက မိန်းကလေးတွေပါ ရောက်လာကြတယ်။ အဲဒီ့ထဲက တစ်ယောက်ကို မျက်စိကျလို့ ရည်းစားစကားပြောခဲ့၊ သူ့ဘက်က ခေါင်းညိတ်ခဲ့ဖူးတာ ချစ်သူ့ရင်ခွင် ရှာပုံတော်ထဲမှာ ပါခဲ့ပြီးပြီ ထင်တယ်။ ထားလိုက်ပါ။ ဘာမှလည်း မဘာလိုက်ရတဲ့ ရှစ်တန်းဖြေထားချိန်က ဇာတ်လမ်းပါ။

နောင်နှစ်များစွာအကြာ ရန်ကုန်မြို့ရဲ့ ဈေးကြီးတစ်ဈေးမှာ သူ့ကို ဈေးသည်အဖြစ် ပြန်တွေ့ရတယ်။ တော်တော် အောင်မြင်နေပုံရတဲ့ ဆိုင်ကြီးတစ်ဆိုင်မှာ ဆိုင်ရှင်အဖြစ် မိန့်မိန့်ကြီးပါ။ ရှစ်တန်းတုန်းကလိုပဲ သူ့မျက်နှာက ညိုညိုလေးနဲ့ ချောနေတုန်းပါပဲ။

အဟဲ… ကိုယ်လုံးကတော့ အလျားလိုက် တော်တော် ဖွံ့ဖြိုးနေပြီ ဖြစ်သလို ဈေးသည်ပီပီ အာကျယ်ပါကျယ်နဲ့ သူ့ အလုပ်သမားတွေကို အော်ဟစ်နေတာ ကြားပြီး လန့်သွားတာနဲ့ပဲ အစတောင် ပြန်မဖော်ဖြစ်တော့ဘူး။ 😀 

ပြောချင်တာက အဲဒီ့နွေရာသီ လုပ်အားပေး စခန်းသိမ်းပွဲမှာ ကျွန်တော် သီချင်းရေးခဲ့သေးတဲ့ အကြောင်းပါ။ chorous စာသားလေးတောင် မှတ်မိနေသေးတယ်။ ကျန်တာတော့ မမှတ်မိတော့ဘူး။

“လုပ်အားပေး စခန်းကြီး သိမ်းပါပြီ… နောင်နှစ်မှ တွေ့ဖို့ ရွယ်ရည်… မငိုကြနဲ့ နှမတို့ရေ ရီ (ရယ်)… မငိုကြနဲ့ အစ်မတို့ရေ ရီ…” ဘာညာပေါ့ဗျာ။

အဲဒီ့သီချင်းကို အဖွဲ့လိုက်ဆိုကြတော့ အကော်ဒီယံတီးပေးတာက မန္တလေး စိန်ပီတာတုန်းက သူ စန္ဒယား လာလာတီးရင် သွားသွား မော့ခဲ့ရတဲ့ အစ်ကိုကြီး။ ကျွန်တော် ရန်ကုန်ရောက်တော့ သူလည်း ရန်ကုန်ကို ရောက်လာပြီ။ ကျောင်းထဲကိုလည်း ၀င်ထွက်နေပါတယ်။ သူက ကျွန်တော့်ထက် အတန်းကြီးတော့ ကျွန်တော်တို့ ကျောင်းကပဲလား၊ ကျောင်းက မဟုတ်ဘူးလားတော့ ကျွန်တော် မသိဘူး။ သည်လိုပဲ တွေ့နေကြတာပဲ။

လုပ်အားပေးစခန်းကိုလည်း သူက ဘာလို့မှန်း မသိဘူး၊ လာလာနေတယ်။ ကျွန်တော်တို့ လုပ်အားပေးရတာက ကမ်းနားလမ်းက သစ်စက်တွေမှာပါ။ ဘာမှလည်း မည်မည်ရရ လုပ်ရတာ မဟုတ်ပါဘူး။ သည်လိုပဲ အိယောင်ဝါး၊ ဝေလေလေပေါ့။ ဟို အကော်ဒီယံ အစ်ကိုကြီးက အဲဒီ့ သစ်စက်တွေအထိတော့ ပါမလာပေမယ့် ကျောင်းမှာဆိုရင်တော့ တွေ့တွေ့နေတယ်။

ဒါနဲ့ စခန်းသိမ်းပွဲ လုပ်ကြမယ်ဆိုတဲ့အခါ ကျွန်တော်က သီချင်းကောက်ရေး၊ ပလွေကလေးနဲ့ အသံရှာ၊ ဂီတ သင်္ကေတ ရေးထား၊ (သင်္ကေတဆိုလို့ ပဲပင်ပေါက် သင်္ကေတ မမှတ်နဲ့ဦး၊ ဒို-ရေ-မီ-ဖှာကို ၁၊ ၂၊ ၃၊ ၄ နဲ့ ရေးတဲ့ သင်္ကေတကို ပြောတာပါ။) ပြီးတော့ အစ်ကိုကြီးကို ဆိုပြ၊ အသံပြ၊ ကျွန်တော် ကပေါက်တိ ကပေါက်ချာ ရေးထားတဲ့ သင်္ကေတကို ကြည့်ပြီး သူက အကော်ဒီယံနဲ့ လိုက်ကောက်၊ ပြီးတော့ အဖွဲ့လိုက် သီချင်းတိုက်ကြ။ စခန်းသိမ်းပွဲကျ ဆိုကြ တီးကြပေါ့ဗျာ။

ပြောချင်တာက ရှစ်တန်းလောက်ကတည်းက ကျွန်တော့် အနုပညာပိုးတွေ ရွပိုးထနေပြီ ဖြစ်တဲ့အကြောင်းပါ။ စာတွေ၊ ကဗျာတွေတင်မက သီချင်းတွေတောင် ရေးနေပြီပေါ့လေ။ ကိုယ့်ကိုယ်ကိုယ်တော့ ဧရာမ အနုပညာသည်ကြီး အောက်မေ့လာတော့တာပေါ့။

မှတ်မိနေဆဲ သူငယ်ချင်းနှစ်ယောက်

ရှစ်တန်းမှာ ရန်ကုန်မြို့လယ်ပိုင်းကို အတော်ကျွမ်းနေပြီ။ ဘယ်ကျူရှင်မှာလဲတော့ မမှတ်မိဘူး။ ကျူရှင်တစ်ခုကနေ သူငယ်ချင်း နှစ်ယောက် ရတာ။ ထူးထူးခြားခြား အဲဒီ့ သူငယ်ချင်းနှစ်ယောက်က တရုတ်နဲ့ ကုလား အတွဲခင်ဗျ။ ချူးချိုင်နဲ့ ရှမီးတဲ့။ ချူးချိုင်က ၃၅ လမ်း အထက်လမ်းမှာ နေတယ်။ ဂစ်တာတီးတယ်။ သူ့အိမ်က သားရေ ခါးပတ်လုပ်ငန်း လုပ်တယ်။

ရှမီးကကျတော့ ၃၆ လမ်း လမ်းတိုမှာ နေတာ။ ၃၆ လမ်း လမ်းတိုဆိုတာက ကုန်သည်လမ်းနဲ့ မဟာဗန္ဓုလ လမ်းကြားက ၃၆ လမ်းကို ပြောတာပါ။ အဲဒီ့ ၃၅ လမ်းနဲ့ ၃၆ လမ်းက တရားရုံးချုပ်အဆောက်အအုံကြီး ခံနေတဲ့အတွက် မဟာဗန္ဓုလ လမ်းအထိ မပေါက်တော့ဘဲ။ တရားရုံးချုပ်ဝင်းမှာတင် ဆုံးသွားတဲ့ တစ်ဖက်ပိတ် လမ်းကလေး နှစ်လမ်းပါ။ အဲဒါကို ၃၅ လမ်း လမ်းတို၊ ၃၆ လမ်း လမ်းတို စသဖြင့် ခေါ်ကြပါတယ်။

ရှမီးက ကုလားဆိုပေမယ့် အာရပ်ကုလားအနွယ်ဆိုတော့ အသားဖြူဖြူ၊ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ အင်မတန် လူရည်လည်ပါတယ်။ ခင်ဖို့ ကောင်းပါတယ်။ သူ့မှာ အဖေ မရှိတော့ဘူးထင်တယ်။ အမေရယ်၊ အစ်ကိုရယ်နဲ့ နေတယ်။ ချူးချိုင်လည်း ခင်ဖို့ ကောင်းတယ်။ သူကလည်း သဘောကောင်း မနောကောင်းပဲ။

ကျွန်တော်နဲ့ ခင်မင်ပြီး တစ်နှစ်လောက်အကြာမှာ ရှမီးတို့မိသားစုက မြန်မာပြည်ကနေ အပြီးအပိုင် ထွက်သွားကြတော့တာမို့ မတွေ့ရတော့ဘူး။ သုံးယောက်တွဲနေရာက တစ်ယောက်ပဲ့သွားပြီး ချူးချိုင်နဲ့လည်း မတွေ့ဖြစ်တော့တာ ယနေ့ထက်တိုင်ပါပဲ။

ဒါပေမယ့် ငယ်ငယ်က ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းများအဖြစ် သူတို့နှစ်ယောက်ကလည်း ဘာလို့လဲ မသိဘူး၊ စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်မှတ်ထင်ထင် ကျန်ရစ်ပါတယ်။

ကျူရှင်ခေတ်ဦးမှာ

ကိုးတန်းရောက်တော့ လူရည်က ပိုလည်လာပြီ။ ကျူရှင်တကာလည်း စုံအောင်တက်နေပါပြီ။ အဲတုန်းက ကျူရှင်လခက ဘယ်ဘာသာ သွားတက်တက် တစ်လ ကျပ်တစ်ဆယ် ကြမ်းခင်းဈေးပဲ။ ဆရာဦးထွန်းဦးကျော် ဆီမှာ ရူပဗေဒ။ ဆရာမြတ်ထိန်လင်းက ဓာတု၊ ဦးမြမော်က ဇီဝ၊ အင်္ဂလိပ်စာကတော့ ထုံးစံအတိုင်း ဦးသာနိုး၊ သင်္ချာက ဦးအောင်သောင်း၊ မြန်မာစာတစ်ခုပဲ မတက်တာ။

အမှန်က အဲဒီ့အချိန်မှာ ကျောင်းက ဆရာတွေ စာသင်တာက လုံလောက်ပါတယ်။ ကျွန်တော်ကိုက နန့်ပြီး ကျူရှင်တကာ လည်တက်တာပါ။ အဓိကက ကောင်မလေးတွေနဲ့ တွေ့ရလို့ပေါ့။ ကျွန်တော်တို့ စိန်ပေါကျောင်းမှာက တစ်နေ့တစ်နေ့ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ပဲ နေရတော့ နေလို မီးလို ပူတယ်။ ကျူရှင်ကျမှ ရင်အေးတာလေ။ 🙂 

ကောင်မလေးတွေကတော့ မြင်သမျှ နည်းနည်း ကြည့်ပျော်တာနဲ့ အကုန်ကြိုက်ပဲ။ ခက်တာက ကိုယ့်ပြန်ကြိုက်မယ့်သူက တစ်ယောက်မှ မရှိ။ အီစီကလီလေးတောင် မရှိခဲ့တဲ့ဘ၀။ အဲဒါတွေက ချစ်သူ့ရင်ခွင် ရှာပုံတော်မှာ ရေးခဲ့ပြီးသားမို့ အထူး ဖွဲ့သီ မနေတော့ပါဘူး။

ကျူရှင်တွေ စတင် စည်ပင်လာတဲ့ ခေတ်လို့ပဲ ဆိုကြပါစို့ရဲ့။

ပညာရေးစနစ်ရဲ့ အပြောင်းအလဲတစ်ခု သိသိသာသာ ပေါ်ထွန်းလာချိန်လို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။ တစ်နည်းအားဖြင့် ပညာရေးစနစ် ဗုံးဗုံးလဲ ပြိုကျတော့မယ့် အတိတ်နိမိတ်တွေ စပြတဲ့ ကာလလို့ ပြောရင်လည်း မှားမယ် မထင်ဘူး။

အဲဒီ့အချိန်က ဆယ်တန်း စာမေးပွဲကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ဖို့က ခက်ဆဲပေမယ့် နည်းသိသူတွေက သိကုန်ကြပြီ။

ပညာရေးစနစ်ကြီး ပြိုလဲတော့မယ့် အရိပ်အရောင်

အမှန်ကတော့ စာမေးပွဲဆိုတာ သင်ယူထားတဲ့ ဘာသာရပ်တစ်ခုကို စာသင်သား ဘယ်လောက် တတ်သလဲဆိုတာကို စစ်မေးရတာမျိုးပါ။ ဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် ဘယ်လောက် ရှိသလဲဆိုတာ သိဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် အင်္ဂလိပ်စာ၊ မြန်မာစာ မေးခွန်းတွေမှာ စာစီစာကုံး ရေးခိုင်းတာတို့၊ သံခိပ်ရေးခိုင်းတာတို့၊ အကျဉ်းချုပ်ခိုင်းတာတို့ဟာ ဘာသာစကားကို ဘယ်လောက် ကျွမ်းကျင်ပိုင်နိုင်သလဲဆိုတာကို စစ်ဖို့အတွက် ထည့်ထားမြဲ မေးခွန်းတွေပါ။ ထိုနည်းလည်းကောင်း အင်္ဂလိပ်စာမှာဆို ဖတ်ပြီး နားလည်နိုင်စွမ်း စစ်ဆေးတဲ့ မေးခွန်းဟာလည်း အဲဒါမျိုးပါပဲ။

သင်္ချာမှာဆိုရင်လည်း တစ်ခေတ်ဆီကဆို တော်ရုံဆရာတွေတောင် မစဉ်းစားမိတဲ့ တွက်နည်းမျိုးနဲ့ အဖြေမှန် ထုတ်ပြနိုင်သူတွေကို စာစစ်သူတွေက အမှတ်ကောင်းကောင်း ပေးတတ်ကြပါတယ်။ (ခုခေတ်တော့ဗျာ… answer key ဆိုပြီး အဖြေတစ်ခုမှာ ပါရှိသင့်တဲ့ အဓိကအချက်တွေကို အဖြေ answer လို့ အသေယူဆပြီး သည် ၏ မလွဲမှ အမှတ်ပေးတဲ့ ခေတ်ဆိုတော့ ပညာရေးသည်လည်း စောက်ထိုးမိုးမျှော်ပေါ့။)

ဒါပေသည့် ကျွန်တော်တို့ ကိုးတန်း၊ ဆယ်တန်းရောက်ချိန်မှာ အဲဒီ့အနေအထားက တဖြည်းဖြည်း ယိုယွင်းလာတယ်။ စာမေးပွဲ မေးခွန်း အဆင်အကွက် (ခွင်)တစ်ခု ပေါ်လာတယ်။ ချဲတွက်တဲ့အခါ ခယ်လင်ဒါကျ တွက်တာမျိုး တွက်လို့ ရလာတယ်။

ဆယ်တန်းစာမေးပွဲ ဖြေမယ့်သူအတွက် ငါးနှစ်စာ၊ ဆယ်နှစ်စာမေးခွန်းကို သေချာကြည့်ပြီး လေ့လာထားရင် မှန်းလို့ ရနေတယ်။

အသေးစိတ်တော့ မမှတ်မိဘူး။ ဇီဝဗေဒရဲ့ လက်ခွဲဖြစ်တဲ့ သတ္တဗေဒအတွက်ဆိုရင်တော့ ကျွန်တော်တို့ တွက်ခဲ့ပုံကို ပြောပြပါမယ်။ ဇီဝဗေဒမှာ မေးခွန်း လေးပုဒ်မေးတယ်။ အဲဒီ့ထဲက နှစ်သက်ရာ နှစ်ပုဒ်ကို ဖြေရတယ်။ အဲဒီ့အခါ (နှစ်တွေ ကြာပြီဆိုတော့ ဘာခေါ်လဲ မမှတ်မိတော့ဘူးဗျာ) အကောင် အသေးအမွှားလေးတွေထဲက တစ်ပုဒ်၊ ဖားက တစ်ပုဒ်၊ ယုန်က တစ်ပုဒ်၊ ပိုးဟပ်က တစ်ပုဒ်လား မသိဘူး၊ ခွဲမေးတယ်။ အဲဒါဆိုရင် ယုန်က ကျက်စရာ မှတ်စရာ သိပ်များနေတယ်။ အကောင်မွှားလေးတွေနဲ့ ဖားက နည်းတယ်။ အဲဒါတွေကို အပိုင် ကြည့်ထားလိုက်ရင် နှစ်ပုဒ်က ကွက်တိရတော့မှာ။ ယုန်ဆို ကျွန်တော် သိကို မသိတော့ဘူး။ စိတ်လည်း မ၀င်စားတော့ဘူး။ စာများလို့ အဲဒါကို ခေါင်းထဲကို မထည့်တော့တာ။

တခြားဘာသာရပ်တွေမှာလည်း အတူတူပဲ။ ရူပဗေဒမှာဆိုလည်း ကိုးတန်းစာနဲ့ ဆယ်တန်းစာကို မျှမေးတယ်။ ရှစ်ပုဒ်မှာ ခြောက်ပုဒ် ဖြေရမယ်။ ဘယ်အခန်း ဘယ်အခန်းတွေက မေးမယ်ဆိုတာကို သိနေတဲ့အတွက် ကိုယ်နှစ်သက်တဲ့၊ ကိုယ်နဲ့ အစပ်တည့်တဲ့ အပိုင်းကိုပဲ အပိုင်ကြည့်ထားပြီး ကျန်တာတွေကို လွှတ်ထားလိုက်ရင် ကောင်းကောင်း ဖြေနိုင်တဲ့အပြင် ဟုတ်ကဲ့… ကျွန်တော် ဂုဏ်ထူးတောင် ရခဲ့ပါသေးတယ်။

မည်သို့ပင်ဆိုစေကာမူ အဲတုန်းက အခြေအနေက အခုလောက်တော့ မဆိုးသေးတာလည်း အမှန်ပဲ။ တကယ် စာကို ကျေညက်မှ ဖြေနိုင်တဲ့ အနေအထား။ မေးခွန်းပေါက်ကြားတာတို့၊ မေးခွန်းအရောင်းအ၀ယ်တို့၊ စာစစ်သူကို စုံစမ်းပြီး လာဘ်ထိုးတာတို့လို အခုကာလမှာ ခေတ်စားတဲ့ မသမာမှု ပေါင်းစုံ မပေါ်သေးချိန်ပေါ့။

ကျူရှင်ဆရာတွေကတော့ သည်အထာကို နားလည်ကြတယ်။ ကျောင်းက ဆရာတွေကတော့ မူအရ သင်ရိုးကုန် သင်တယ်။ ကျူရှင်ဆရာတွေလည်း မသင်ဘူးလားဆိုတော့ သင်ပါတယ်။ သို့သော် သူတို့က မေးခွန်းရဲ့ တွက်နည်းနဲ့ အမှတ်ရအောင် ယူနည်းတွေပါ သင်ပေးတဲ့သဘော ဖြစ်သွားတယ်။ သည်အခါ ကျွန်တော်တို့လို လူပျင်းတွေကလည်း အပိုင်တွေ တွက်ပြီး ထင်သလို လုပ်လို့ ကောင်းသွားတော့တာပေါ့။

အမှန်တော့ ကျူရှင်ဆရာတွေရော၊ ကျွန်တော်တို့တွေပါ အဲဒီ့ပျက်စီးသွားတဲ့ စနစ်ရဲ့ သားကောင်တွေပါ။

စံပြပုဂ္ဂိုလ်များရဲ့ အရေးပါတဲ့ ကဏ္ဍ

အဲတုန်းကတော့ လေးလေးနက်နက်လည်း မစဉ်းစားတတ်သေးဘူး။ ကျောင်းနေနေရတာ၊ အရွယ်ရောက်အောင် ထိုင်စောင့်နေရတာကိုက ဒုက္ခကြီးတစ်ခုလိုပဲ။ အရွယ်ရောက်ချင်လှပြီ။ ကျောင်းနေရတဲ့ အလုပ်ကြီးကိုလည်း စိတ်ပျက်နေပါပြီ။ သင်ယူမှုရဲ့ တန်ဖိုးကို ကျွန်တော်တို့ နားလည်သဘောပေါက်အောင် မိဘတွေကလည်း မပြောပြနိုင်၊ ကျောင်းတွေဆိုတာကတော့ ဝေလာဝေးပေါ့။

ဟုတ်တယ်။ ကျောင်းနေရတာကြီးက ၀တ္တရားကြီးတစ်ခုလို ခံစားနေရတယ်။ ကျွန်တော့်မှာ ဆရာဝန်ဖြစ်ဖို့၊ အင်ဂျင်နီယာဖြစ်ဖို့၊ စစ်သားဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက် ကြီးကြီးမားမား မရှိဘူး။ ကျွန်တော်ဖြစ်ချင်တာက ဇာတ်လိုက်မင်းသား၊ အဆိုကျော်၊ စာရေးဆရာ။ အဲဒါအတွက် သည်အခြေခံပညာကို သင်နေရပါလားဆိုတာကို သိပ်သဘောမပေါက်ဘူး။

အဖေကတော့ ပြောရှာပါတယ်။ ၀င်းဦးတို့၊ ကောလိပ်ဂျင်နေ၀င်းတို့ကို နမူနာ ပြတယ်။ ခေတ်ပညာတတ်ပွန်ပြီးမှ ဓာတ်ရှင်နယ်ထဲ ၀င်ရောက် အောင်မြင်သွားသူတွေ။ အမေကဆိုလည်း မန္တလေးသား မင်းသားကြီး ဗိုလ်ဗကိုကို နမူနာပြတယ်။ အမေရိကန်နိုင်ငံ ယေး(လ်) တက္ကသိုလ်ကနေ မဟာဘွဲ့ရခဲ့သူ။ ရုပ်ရှင်နယ်မှာ အောင်မြင် အခြေကျနေသည့်တိုင် ဒဿနိကဗေဒ ဌာနမှာ ပြင်ပ စာစစ်သူအဖြစ် ဆောင်ရွက်ပေးနေဆဲဖြစ်ကြောင်း။

အဲဒီ့နမူနာ (စံပြပုဂ္ဂိုလ်) တွေက ဘာပဲ ပြောပြော ကျွန်တော့်အတွက် အများကြီး တာသွားခဲ့ပါတယ်။ နောက်တစ်ခုက ဆရာနိုးဆီမှာ အင်္ဂလိပ်စာ သင်ယူရင်း အင်္ဂလိပ်စာရဲ့ သဘောကို ရေးတေးတေးလေး သဘောပေါက်လာတယ်။ အင်္ဂလိပ်စာဟာ စာမေးပွဲ ဖြေဖို့ သက်သက် “ဘာသာရပ်” (subject) တစ်ခုသာ မကဘဲ လက်တွေ့ဘ၀မှာ အသုံးချနိုင်တဲ့ “ဘာသာစကား” (language) တစ်ခုမှန်း သိလာတာပါ။

သည်အပိုင်းမှာ ပြောကြတာ…

Sanda Hlaing *စာဖတ်ခြင်းအစ အပျော်ဖတ်က* အပိုဒ် အောက်တစ်ကြောင်း… စွဲလမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး 😦

ATK အားကိုးဘာရယ်ချိုမှ… တူဂလည်း မဲ့ပြနေဒေးလယ်

Sanda Hlaing တစ်ခါပြော ရဘာာာာပြီ… ငယ်တုန်းက ဆရာမတွေလိုဆိုရင် ခေါင်းသုံးချက်လောက်ခေါက်ပြီး စွဲလမ်းးး စွဲလမ်း မှတ်ထားဟဲ့ဆိုပြီး ပြောမလား မသိ…

ATK နေပူဒေါ်ရဲ့ ကြယ်နားပွင့်ဟိုတယ် ကိုးနတ်ရှင်ကလည်း ကနေ့တော့ ရှယ် ချာတူးလန်နေဘာရယ်။ ဒါ့ကြောင့် နှခိရှာတွားဒါဘာဂျာ…

Sanda Hlaing ဒမှာလည်း အတူတူပါပဲ… လိုင်းတွေကျနေတာရယ်… အဲ့စာပေါ်ဖို့ မနည်းစောင့်ရတာဘာာာာကွယ်…

Nge Thar အယ် 5comments ဆိုလို့ လာဖတ်တာ ကလူ၏သို့ မြှူ၏သို့ နဲ့ လာတိုးနေတယ် ခင်ည ဟိ

ATK မီနောက်ပါလဲ့ အူးလေးရယ်

Nge Thar ဟီး အနေဝေးတော့လဲ လွမ်းရှာမယ်ပေါ့လေ ဟိ

ATK ကိုယ်ဂျင်းစာ နာခဲ့ရဘီလေ

Kyaw Kyaw Myo ဆရာခင်ဗျား မဖတ်လိုက်ရသေးတဲ့ အပိုင်းတွေ လာရှာဖတ်ရင်း စာလည်း ဖတ်ကောင်းသလို comments တွေ ဖတ်ရင်း အားကျရပါတယ်

Sandar Tin ကျွန်မလည်းတက္ကသိုလ်တင်မြင့်၊ ယုဝတီခင်စိန်လှိုင်၊ မောင်သိန်းဆိုင်တို့ရဲ့စာတွေကိုကြိုက်တယ်။

၂၀၁၅ ခုနှစ် ဧပြီလ ၇ ရက်

အင်္ဂလိပ်စာနဲ့ ပတ်သက်တာ

ဆရာနိုးကျေးဇူးသာ မကပါဘူး၊ တစ်အိမ်လုံး အင်္ဂလိပ်လိုတွေ ပြောနေကြတဲ့ ဘိုနီတို့ မိသားစုတွေ၊ လမ်းဘေးက ပြောင်းဖူးပြုတ်သည် အဒေါ်ကြီးရဲ့ မွှတ်နေအောင် ပြောနေတဲ့ အင်္ဂလိပ်စကားသံများကပါ သည်အချက်ကို ခိုင်လုံစေပါတယ်။

အင်္ဂလိပ်ကားတွေ ကြည့်ဖြစ်တာလည်း အနည်းအပါး ပါတယ်။ ဒါပေမဲ့ တစ်လုံးမှ နားမလည်ပါဘူး။ နားကလည်း နားမလည်တော့ အလိုလို ပိတ်သွားပါတယ်။ အရုပ်ကြည့်တဲ့ အဆင့်ပေါ့။

အင်္ဂလိပ်သီချင်းတွေလည်း နားမလည် ပါးမလည်နဲ့ ဆိုနေရာကနေ အရသာ နည်းနည်း ခံတတ်လာတယ်။ Bee Gees ရဲ့ Don’t Forget to Remember တို့၊ Sweetheart တို့၊ Elvis ရဲ့ the Wonder of You တို့၊ Englebert Humperdinck ရဲ့ Quando Quando တို့ဆိုရင် စာသားကို ကောင်းကောင်း နားလည်ပြီး ခံစားချက် အပြည့်နဲ့ လိုက်ဆိုတတ်နေပြီ။

အဖေကလည်း ကျွန်တော့်ကို အင်္ဂလိပ်စာ သိပ်တတ်စေချင်တယ်။ ဒါ့ကြောင့် အင်္ဂလိပ်သတင်းစာ The Guardian ကို ၀ယ်ပေးပြီး တစ်နေ့ တစ်မျက်နှာ မဖြစ်မနေ ဖတ်ခိုင်းပါတယ်။ အဲဒါကျတော့ မနိပ်တော့ဘူး။ အမိန့်အာဏာနဲ့ ဖြစ်လာပြီလေ။ နဂိုကမှ အဖေ့ကို ဆန့်ကျင်ချင်တဲ့ အငုပ်စိတ်လေးက ရှိနေတော့ သူခိုင်းတာကို ကြောက်လို့သာ လုပ်နေရတယ်။ စိတ်က မရွှင်ချင်တော့ဘူး။

တစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော်က ငယ်ငယ်ကတည်းက မြင်သမျှစာတန်း အကုန် လိုက်ဖတ်တတ်တဲ့ အကျင့်ရှိတယ်။ ကျွန်တော်တို့ ဖြတ်သန်းရတဲ့ ခေတ်က ဆိုင်တွေရဲ့ ဆိုင်းဘုတ်တွေဆိုတာကလည်း အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ဆိုတော့ ငယ်ငယ်တုန်းက မြင်သမျှ အော်ဖတ်တာပဲ။ မှားနေရင် အမေတို့၊ အဖေတို့က ပြင်ပေးကြတာပေါ့။ အဲတော့ ဝေါဟာရတွေက ကျွန်တော့်ခေါင်းထဲမှာ အလိုလို ရှိနေတယ်။ ဥပမာဗျာ၊ အိမ်တို့ မြေတို့ ငှားရန်လို့ အင်္ဂလိပ်လို ရေးရင် To Let လို့ ရေးတာမျိုးပေါ့။ အဲဒါဆိုရင် သုံးတန်း၊ လေးတန်းလောက် ကတည်းက ကျွန်တော် သိနေခဲ့တဲ့ စကားစုဖြစ်နေတော့တာပေါ့။

တကယ်တော့ to let ဟာ ဗြိတိသျှ အင်္ဂလိပ်စာ အသုံးအနှုန်းပါ။ ကျွန်တော်တို့နိုင်ငံက ဗြိတိသျှတို့ နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်သွားတာမို့ ကျွန်တော် လူဖြစ်တဲ့ အချိန်မှာ ဗြိတိသျှအငွေ့အသက်အပြည့်နဲ့သာ ရှိနေဆဲ ဖြစ်ပါတယ်။ ဗြိတိသျှက ငှားတာကို let လို့ သုံးပါတယ်။ We have let our house to newly-weds. ဆိုရင် ညားခါစ လင်မယားကို ကျုပ်တို့အိမ် ငှားထားတယ်လို့ ပြောတာပါ။

Rent က အမေရိကန်တို့ရဲ့ အသုံးပါ။ ငှားရန်ကို ဗြိတိသျှက To Let လို့ သုံးပေမယ့် အမေရိကန်တွေကကျတော့ For Rent လို့ သုံးပါတယ်။

ထားပါတော့ဗျာ။ အဲသလို မြင်သမျှ လိုက်ဖတ်မိတဲ့ အကျိုးကျေးဇူးလေးကို ပြောပြချင်တာပါ။

ဖြတ်သန်းရတဲ့ ခေတ်

အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ ကျွန်တော် ကျောင်းစနေချိန်က ကျောင်းတွေကို ပြည်သူပိုင် မသိမ်းသေးဘူး။ အဲတော့ သာသနာပြုကျောင်းတွေမှာ နေခဲ့ရတဲ့ သူငယ်တန်းကျောင်းသားဘ၀မှာ အင်္ဂလိပ်စာ အခြေခံ အနည်းအပါး ရခဲ့ပါတယ်။

ကံဆိုးချင်တော့ ကျွန်တော်တို့ ဒုတိယတန်းတက်ချိန်မှာ ပညာရေးစနစ်သစ်ဆိုတာကြီး စပေါ်လာပါပြီ။ အင်္ဂလိပ်စာကို ငါးတန်းမှ စသင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း ပေါ်ပေါက်လာခဲ့ပါပြီ။ ဒါတောင် အဲဒီ့ခေတ်က ပညာရေး ကိစ္စတွေကို အကြံပေးနေတဲ့သူတွေက ဗြိတိသျှတို့ရဲ့ ခေတ်ကောင်းမှာ ကျောင်းနေ ပညာတတ်ခဲ့တဲ့ သူတွေနော်။

သည်လူတွေက စာသာ တတ်တယ်၊ ဦးနှောက်က မပါဘူး။ ဘာသာစကားတစ်ခုကို သင်တယ်ဆိုတာ ငယ်နုချိန်မှာ သင်တာက အရိုးရင့်မှ သင်တာထက် ပိုတတ်လွယ်မှန်း သင်းတို့ သိလျက်နဲ့ တမင်သက်သက် မြန်မာတွေ နလပိန်းတုံးဖြစ်ရေးကို ဦးတည်ခဲ့ကြတာလား၊ ဒါမှမဟုတ်လည်း မသိသားဆိုးရွားကြတာပဲလားဆိုတာတော့ သင်းတို့ ကိုယ်တိုင်မှပဲ သိပါလိမ့်မယ်။

ကျွန်တော့် အင်္ဂလိပ်စာ အခြေခံက ပထမတန်းအထိတော့ ရခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ့မှာ ရပ်သွားတယ်။ အဖေတို့၊ အမေတို့က အဲသလို လုံးဝတော့ အရပ်မခံဘူး။ နွေရာသီ ကျောင်းပိတ်ရက်မှာ မန္တလေး မစီမာအိမ်ရဲ့ တောင်ဘက် ကပ်လျက်က သြစတြေးလျ အမျိုးသမီးကြီးဆီမှာ အင်္ဂလိပ်စာ သွားသင်ရတဲ့အကြောင်း ရေးပြခဲ့ပြီးပါပြီ။

ပညာရေး စနစ်ကသာ ပြောင်းသွားတာ၊ ဆိုခဲ့သလို ကိုလိုနီခေတ်ရဲ့ အငွေ့အသက်တွေ ကျန်နေဆဲမို့ အင်္ဂလိပ် ဘာသာစကားက ကိုလိုနီခေတ်တုန်းကလိုသာ မတွင်ကျယ်တော့တာ၊ သူ့အရှိန်လေးနဲ့သူတော့ ကောင်းတဲ့ အရှိန်လေးတွေ ကျန်နေတုန်းပဲ။ နမူနာ ပြရရင် အဲဒီ့တုန်းက ဂါးဒီးယဲ(န်) သတင်းစာပေါ့။ ဂါးဒီးယဲ(န်) သတင်းစာက အင်္ဂလိပ်စာ အရေးအသားက အဆင့်မြင့်ပါတယ်။ ဒါ့အပြင် သတင်းသာမက ဖတ်စရာ ဆောင်းပါး ကောင်းတွေလည်း ပါတတ်တယ်။

စာဖတ်ခြင်း အရသာသိအောင်

တကယ်လို့များ အဖေသာ အင်္ဂလိပ်စာကို အရသာခံ ဖတ်တတ်ခဲ့မယ်ဆိုရင် ကျွန်တော့် အင်္ဂလိပ်စာက အခုထက် ဆယ်ဆ ပိုကောင်းနေလောက်တယ်။ အခုတော့ အဖေ့ခမျာ၊ ဖတ်ဖို့သာ ကျွန်တော့်ကို အာဏာပြနိုင်ရှာတာ၊ သူကိုယ်တိုင်က ကောင်းကောင်း ကန်းကန်း မဖတ်တတ်တဲ့အပြင် စာဖတ်ဝါသနာကလည်း သိပ်မလေ့တာ့ လမ်းညွှန် မပေးနိုင်ခဲ့ဘူး။

ကျွန်တော့်လက်ထက်ကျတော့ ဖတ်လို့ ကောင်းတာလေး တွေ့ရင် သားသမီးတွေကို ဒါလေး ဖတ်ကြည့်လို့ ပြောလို့ရတယ်။ ဘာအကြောင်း ရေးထားတာ၊ ဘယ်လို စိတ်ဝင်စားဖို့ ကောင်းတယ် စသဖြင့်လည်း ဖတ်ချင်လာအောင် ညွှန်းလို့ ရလာခဲ့ပါတယ်။ ဒါ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာစလုံးကို ပြောတာပါ။

ကျွန်တော်ကိုယ်တိုင်က စာတွေ နင်းကန်ဖတ်၊ ကလေးတွေ မွေးလာတော့ သားသမီး ပျိုးထောင်နည်းတွေပါ ဖတ်၊ ကိုယ့်ကလေးတွေကိုလည်း ဘာသာစကားကို နိုင်နင်းစေချင်တာကြောင့် သူတို့ စကားမတတ်ခင် အရွယ်ကတည်းက စာအုပ်တွေနဲ့ ယဉ်ပါးအောင် အရင်ဆုံး လုပ်ပေးခဲ့ပါတယ်။ လမ်းတောင် ကောင်းကောင်း မလျှောက်တတ်သေးတဲ့ အရွယ်ကတည်းက သူတို့ အမြင်ပသာဒ ဖြစ်စေမယ့် ရောင်စုံ စာအုပ်လေးတွေ ချပေးခဲ့တယ်။ ပုံပြင်တွေ ဖတ်ပြခဲ့တယ်။

တစ်နည်းပြောရင် စာအုပ်သည် နေ့စဉ်ဘ၀ထဲမှာ ရှိနေတဲ့အရာ၊ စာအုပ်သည် အဖော်ဆိုတာကို သူတို့ သညာမှာ စွဲသွားအောင် လူမှန်းသူမှန်း ကောင်းကောင်း မသိခင်ကတည်းက စတင် လေ့ကျင့်ပေးတာပါ။

ကံကောင်းချင်တော့ ကျွန်တော့် တစ်အိမ်လုံးမှာ စာအုပ်တွေ။ သည်တော့ သူတို့အတွက် စာအုပ်ဆိုတာ တကယ့် နေ့စဉ်ဘ၀ ဖြစ်လာခဲ့တယ်။ စာဖတ်ခြင်းကို အရသာ ခံတတ်လာကြတယ်။ သူတို့ လူမှန်း သူမှန်း နည်းနည်း သိစပြုချိန်မှာ အင်းဝ စာအုပ်တိုက်က ပြန်ပေါ်လာတယ်။ ကလေးစာအုပ်တွေ သွင်းလာတယ်။ ဈေးကြီးလှပေမဲ့ ကျွန်တော် တတ်နိုင်သလောက် ၀ယ်ပေးခဲ့တယ်။ သူတို့ ဆယ်တန်းအထိ သူတို့ ကြိုက်တဲ့ အင်္ဂလိပ်၊ မြန်မာ စာအုပ်ကို တတ်နိုင်သမျှ ရှာဖွေပေးခဲ့ပါတယ်။

သမီးဆို သရဲဝတ္ထု အလွန်ဖတ်တာ။ အဲဒါဆိုရင် အင်္ဂလိပ်လို ရေးထားတဲ့ သရဲဝတ္ထုတွေ ပေးခဲ့တယ်။ သားတော်မောင်က လူပျိုဖော်ဝင်စမှာ ဖိုမ ကိစ္စတွေ စိတ်ဝင်စားလာတယ်။ အဲတော့လည်း ကျွန်တော့်အဖေတုန်းက ကျွန်တော့်ကို လုပ်ခဲ့သလို သူ့ကို တားမြစ်တာတွေ၊ ရိုက်နှက်တာတွေ၊ အရွယ်မတိုင်ခင် ဒါတွေ လုပ်ရင် မျိုးကန်းသွားမယ်ဆိုပြီး မဟုတ်တမ်းတရားနဲ့ ခြိမ်းခြောက်တာတွေ မလုပ်ဘဲ သူသိချင်တဲ့ အကြောင်းအရာ၊ အချက်အလက် မှန်မှန်ကန်ကန် ပါတဲ့ စာအုပ်စာတမ်းတွေကို အင်္ဂလိပ်လို ရှာပေးခဲ့ပါတယ်။

စာမှန်သမျှ ဖတ်ကောင်းစွ

ကျွန်တော့်အမြင်က အဆိပ်အတောက်စာပေဆိုတာ မရှိဘူးပဲ။ အဆိပ်အတောက် စာပေဆိုတာ ဉာဏ်မရှိတဲ့သူတွေ ပြောတဲ့စကားလို့ ထင်ပါတယ်။

စာသာ ဖြစ်ပါ၊ ဘယ်စာမဆို တစ်ခုမဟုတ် တစ်ခုတော့ အကျိုးရှိပါတယ်။ အလွယ်ဆုံး နမူနာပဲ ပြောပါ့မယ်ဗျာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို ရှစ်တန်းအထိ သမိုင်းရယ်၊ ပထ၀ီရယ် သင်ရပါတယ်။

ကျွန်တော်ဆို သိပ်စိတ်ညစ်တာပဲ။ ဘာလုပ်ဖို့များ ဒါတွေ သင်နေပါလိမ့်မယ်လို့။ ပျင်းစရာ ကောင်းလှပါဘိသနဲ့။ သင်္ချာတို့၊ မြန်မာစာ၊ အင်္ဂလိပ်စာတို့၊ အထွေထွေ သိပ္ပံတို့က ဘ၀အတွက် အသုံးတည့်မယ့်ဟာတွေ၊ သည် ပထ၀ီတွေ၊ သမိုင်းတွေက ဘာသွားလုပ်ရမှာတုံးလို့ အမြဲတွေးခဲ့ပါတယ်။ စိတ်ထဲလည်း သိပ်ကို မထည့်ခဲ့မိပါဘူး။ ကျက်ဆို ကျက်လိုက်၊ ဖြေဆို ဖြေလိုက်ပေါ့။

အမှန်အတိုင်းဝန်ခံရရင် သမိုင်းနဲ့ ပတ်သက်လို့ ကျွန်တော် သိပ်မသိပါဘူး။ ကလေးတန်းထဲက သမိုင်းတောင် ကျွန်တော့်ခေါင်းထဲ သိပ်မကျန်ပုံကို ပြောပါတယ်။ ပထ၀ီကမှ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မြို့လောက်၊ မြစ်လောက်၊ တောင်တန်းလောက် အနည်းအပါး ကျန်သေးတယ်။ သမိုင်းဆိုရင်တော့ ကျန်စစ်သားတွေ၊ အနော်ရထာတွေ၊ ဘကြီးတော်တွေ၊ အလောင်းမင်းတရားတွေ တယ်သိလှတာ မဟုတ်ဘူး။ သြော်… ဘုရင်တွေ ရှိဖူးတယ်ပေါ့။ အောင်နိုင်တော်မူဖူးတယ်ပေါ့။ သည်လောက်ပဲ။

ဒါပေမဲ့ တက္ကသိုလ်ရောက်တော့ တွေးမိသွားတယ်။ အဲဒီ့ သမိုင်းတွေ၊ ပထ၀ီတွေ ကျက်ခဲ့၊ ပြန်ချရေးခဲ့ရင်းနဲ့လည်း ကျွန်တော်တို့ရဲ့ စာရေးခြင်း စွမ်းရည်ကို ရရှိစေခဲ့ပြန်တယ် ဆိုတာပါ။ အဲဒါတွေကိုသာ အင်္ဂလိပ်လို သင်ရ၊ ရေးရမယ်ဆိုရင် အင်္ဂလိပ်စာ စွမ်းရည်ပါ အလိုလို တိုးတက် ကောင်းမွန်လာတော့မှာလည်း အသေအချာဆိုတာ မြင်လာခဲ့ပါတယ်။

အလားတူပါပဲ။ အပြာစာအုပ်တွေ၊ အညှီအဟောက်စာတွေဆိုတာလည်း စာဖတ်ခြင်း ၀ါသနာကို စတင် ပျိုးထောင်ပေးနိုင်ပါလိမ့်မယ်။ ဘာသာစကားကိုလည်း တိုးတက်စေပါလိမ့်မယ်။

လူကြီးမင်း မယုံဘူးလား။ မယုံမရှိနဲ့ ကိုယ်တွေ့ဗျ။

ဆွာမိကျေးဇူး

ဗမာလို ရေးထားတဲ့ အပြာစာအုပ်ကို စိန့်ပီတာမှာ ကျောင်းအိပ်ကျောင်းစားနေခဲ့တဲ့ ငါးတန်းကျောင်းသားဘ၀မှာ ဖတ်ဖူးခဲ့ကြောင်း ရှေ့မှာတုန်းက ပြောခဲ့ပြီးပါပြီ။

အဟဲ… အင်္ဂလိပ်လို ရေးတဲ့ အပြာစာအုပ်ကိုတော့ တက္ကသိုလ်ရောက်စ ပထမနှစ်မှာ စ ဖတ်ဖူးတာဗျ။

စပါ့(ခ်)(စ်)လမ်း (ဗိုလ်အောင်ကျော်လမ်း) ဒါလဟိုဇီနဲ့ ကုန်သည်လမ်းကြား အရှေ့ဘက်တန်းက ဧရာမ ဆင်ဝင်ကြီးဟာ ယနေ့ထက်တိုင် ရှိနေပါသေးတယ်။ အဲဒီ့ ဆင်ဝင်ကြီးက ပေအစိတ်၊ ပေခြောက်ဆယ် အကျယ်အ၀န်းရှိတဲ့ တိုက်ခန်း လေးခန်းတွဲရဲ့ ဆင်ဝင်ကြီးပါ။ တိုက်ခန်းက လေးခန်းတွဲဖြစ်တာမို့ အတက်အဆင်း လှေခါးက နှစ်ခု ရှိတယ်။ အဲဒီ့ လှေခါးနှစ်ခု၊ တောင်ဘက်က လှေခါးအောက်မှာ ၇ ပေ၊ ၈ ပေ ပတ်လည်လောက် အခန်းလေး တစ်ခန်းဖွဲ့ထားတယ်။ သော့ခတ်ထားတယ်။ အဲဒီ့မှာ ဆွာမိဆိုလား၊ ဆာမိဆိုလား ကုလားတစ်ယောက် ရှိလေရဲ့။

(အခုတော့ ဆွာမိ မရှိရှာတော့ပါဘူး။ အဲဒီ့ အခန်းလေး ရှိသေးလား၊ မရှိတော့ဘူးလား ဆိုတာလည်း မသိတော့ဘူး။ နှစ်တွေ မနည်းကြာခဲ့ပြီကိုး။)

အဲ… အဲဒီ့ ဆွာမိက အင်္ဂလိပ်စာအုပ်တွေ ငှားပါတယ်။ ဒါမှမဟုတ် ရောင်းပါတယ်။ ငှားရင် စပေါ်တင်ခဲ့ရတယ်ပေါ့။ ပြီးရင် ဖတ်ခပေး။ စပေါ် ပြန်ယူလို့ ရတယ်။

ဘယ်သူက ဘယ်လို လမ်းညွှန်လိုက်တာလဲတော့ မမှတ်မိဘူး။ ကျွန်တော် အဲဒီ့ ဆွာမိဆီကနေ အင်္ဂလိပ်လို ရေးထားတဲ့ အပြာစာအုပ်တွေ ဖတ်မိတော့တာပါပဲဗျား။

အမယ်… နိပ်တော့ နိပ်သားဗျ။ စာအုပ်တွေက အဖုံးလေးတွေနဲ့ သပ်သပ်ရပ်ရပ်ဆိုတော့ ဘာစာအုပ်ဖတ်နေမှန်း ဘယ်သူမှ မသိနိုင်ဘူး။ ကြည့်လိုက်ရင် အင်္ဂလိပ်စာ ဖတ်နေတာပဲ။ အေးဆေးပေါ့။ လူရှေ့လည်း ခပ်တည်တည် ဖတ်နေလို့ ဘယ်သူကမှ သည်ကောင်လေး အပြာစာအုပ်ဖတ်နေတယ်လို့ မထင်ဘူး။ အဲတော့ ဖတ်တာပေါ့ဗျာ။

ဒါပေမယ့် အပြာစာအုပ်တို့ရဲ့ ထုံးစံအတိုင်း ကြာလာတော့ ညည်းငွေ့လာတယ်။ ဆယ်အုပ်၊ ဆယ့်ငါးအုပ်လောက် ဖတ်ပြီးသွားရင် မဖတ်ချင်တော့ဘူး။ ဒါ ဒါပဲဆိုတာ သဘောပေါက်လာတယ်။

ဒါပေမယ့် လူ့စိတ်က ကောင်းတယ်ဗျ။

ဘာကောင်းတာလဲဆိုတော့ သူ့ဟာသူ ပြာပြာ၊ နီနီ၊ ငါဖြင့် အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ် ဆယ်အုပ် ဖတ်ပြီးပြီ၊ ဆယ့်ငါးအုပ် ဖတ်ပြီးပြီ စသဖြင့် မာန်တက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် အတော် ဖတ်တတ်လာပြီလို့လည်း ယုံကြည်မှု ရလာတယ်။

ဘာစာတွေ ဖတ်ရမလဲ

အဲဒီ့ကမှ တစ်ဆင့်တက်ပြီး အင်္ဂလိပ်လို ရေးထားတဲ့ ၀တ္ထုစာအုပ်တွေ ဆက်ဖတ်ဖြစ်သွားပါရောလား။ တဖြည်းဖြည်းနဲ့ စာသွားလာတဲ့ သဘောကို ပြောတာပါ။

အဲတော့ ကျွန်တော့် အတွေ့အကြုံအရ စာမှန်သမျှ ကိုယ့်အတွက် အကျိုးရှိတယ်လို့သာ အခိုင်အမာ ပြောလုက်ချင်ပါတယ်။ ဘယ်စာကမှ ကောင်းတယ်၊ ဘယ်စာက မကောင်းဘူးလို့ သတ်မှတ်ရမှာ မဟုတ်ပါဘူး။ ယူတတ်ရင် ဘာဝနာဆိုသလိုပဲ စာဆိုတာကလည်း ဖတ်ရင်းကနေ အကျိုးရှိအောင် လုပ်ယူချင်လည်း ကိုယ့်သဘော၊ အကျိုးမဲ့ချင်လည်း ကိုယ့်ရွေးချယ်မှုသာ ဖြစ်တယ်လို့သာ ခံယူပါတယ်။

ဒါ့ကြောင့် ကျွန်တော့်ကို ဘာစာတွေ ဖတ်ရမလဲလို့ မေးလာရင် တွေ့တာ အကုန်ဖတ်၊ စိတ်ဝင်စားတဲ့ အကြောင်းအရာကို ဖတ်လို့ ပြောမိတာချည်းပါပဲ။ မိန်းကလေးတွေကိုဆိုရင်တော့ အချစ်ကြိုက် အချစ်ဝတ္ထု ဖတ်၊ စုံထောက်ကြိုက် စုံထောက်ဖတ်၊ စွန့်စားခန်းကြိုက် စွန့်စားခန်းဖတ်လို့ ပြောတတ်ပေမယ့် ယောက်ျားလေးတွေကိုတော့ အပြာစာအုပ်လည်း ဖတ်လို့ရတယ်နော်လို့ ဖြည့်ပြောတတ်ပါတယ်။

အဲ… အဖေများ စာဖတ်တတ်ခဲ့ရင် သည့်ထက် ပိုကောင်းမယ့်အကြောင်း ပြောရင်းက လည်ထွက်သွားတယ်။ ပြောလက်စ ဆက်ကောက်ရရင်တော့ အဲဒီ့ခေတ်က ဂါးဒီးယန်း သတင်းစာလိုပဲ အဲဒီ့ခေတ် မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ်ကလည်း အတော် ကောင်းတယ်။ ပြောတဲ့ဆိုတဲ့သူတွေကလည်း ဗြိတိသျှသံ ဋ္ဌာဏ်ကရိုဏ်းကျကျနဲ့။ လွှတ် နားထောင်လို့ ကောင်းတာ။

မြန်မာ့အသံတစ်ခေတ်

မြန်မာလိုတော့ သောတရှင်လိုရာပေါ့။ အင်္ဂလိပ်ပိုင်း အစီအစဉ်မှာတော့ Request Programme ဆိုတာ ရှိတယ်။ အဲဒါဆိုရင် ပရိသတ်က တောင်းတဲ့ သီချင်းတွေကို လွှင့်ပေးတာ။ လွှင်တဲ့အခါ ဘယ်သူက ဘယ်လို နားထောင်ချင်လို့၊ ဘယ်သူ့အတွက်၊ ဘာနှစ်လည်အတွက်၊ ဘယ်သူ့မွေးနေ့အတွက်ဆိုတာတွေကို အစီအစဉ်မှူးတွေက ဝေေ၀ဆာဆာ ပြောပေးတယ်။ အဲဒါတွေကလည်း ကောင်းကောင်းကြီကို နားစွဲနေတယ်။ နားထောင်လို့ကလည်း အလွန်ကောင်းပေါ့။

အခု နာမည်ကြီးကြော်ငြာ ဒါရိုက်တာ အောင်ကိုလတ်ရဲ့ ဇနီး၊ အဆိုတော် တင်မိုးခိုင်က Marie Conway ဆိုတဲ့ နာမည်နဲ့၊ ပလေးဘွိုင်သန်းနိုင်ကတော် အဆိုတော် ပုလဲက Pearl Ba Tu ဆိုတဲ့ နာမည်နဲ့ အစီအစဉ်မှူးတွေ လုပ်ခဲ့ကြဖူးပါတယ်။ အသံတွေက ကောင်းကြသလို လေယူလေသိမ်းတွေကလည်း သိပ်ကောင်းခဲ့တာမို့ သူတို့တွေလည်း ကြားဆရာထဲမှာ ပါခဲ့တာပေါ့ခင်ဗျာ။

ဦးနေ၀င်း သားမက် ဦးအေးဇော်ဝင်းရဲ့ အစ်မ ဒေါ်နီနီနေ၀င်းဆိုတာလည်း အင်္ဂလိပ်ပိုင်း အစီအစဉ်ကပဲ။ Allison Tun Wai ဆိုတဲ့ တစ်ယောက်က ဒေါ်နီနီနေ၀င်းထက် စောမယ် ထင်တယ်။ အမျိုးသားတွေထဲက မှတ်မိနေတာက ဦးလှဘူး၊ ဦးအုန်းခိုင်၊ ဦးဝင်းတင်တို့ပဲ။ ဦးလှဘူးနဲ့ ဦးအုန်းခိုင်ကို ပိုမှတ်မိတယ်။ သူတို့ ပင်ကိုသံတွေကိုက တအား ကောင်းတာကိုး။

နောင်နှစ်ပေါင်းများစွာ ကြာသွားတဲ့နောက် ၁၉၉၀ ပြည့်လွန် အနှောင်းပိုင်း ကာလများမှာတော့ ဦးအုန်းခိုင်နဲ့ လူချင်း ခင်မင်သိကျွမ်းခွင့် ရခဲ့ပါတယ်။ အဲလို သိကျွမ်းခင်မင် ရပြန်တော့လည်း သူ့ဆီက မှတ်သား နာယူ ဆည်းပူးခဲ့ရဆဲပါပဲ။ အခုတော့ သူလည်း မရှိတော့ပါဘူး။

ဦးဝင်းတင်ဆိုတာကတော့ ကျွန်တော်က ဘိုနီလို့ ရည်ညွန်းထားတဲ့ သူငယ်ချင်းရဲ့ အစ်ကို အရင်းခေါက်ခေါက်။ သူငယ်ချင်းက သူ့အစ်ကိုကို ကိုကိုလို့ ခေါ်တာမို့ ကျွန်တော်လည်း တစ်သက်လုံး ကိုကိုလို့ပဲ ခေါ်ခဲ့တဲ့သူပါ။ သူလည်း ကွယ်လွန်ရှာပါပြီ။ အင်းလေ… ဘိုနီတောင်မှ မရှိတော့တာ နှစ်လကျော်ခဲ့ပြီပဲ။

အမှန်တော့ ကျွန်တော် ဖြတ်သန်းရတဲ့ ခေတ်က Burmanisation လို့ ခေါ်တဲ့ ဗမာဇာတ် ဇွတ်အတင်း သွပ်သွင်းနေတဲ့ ကာလပါ။ အာဏာရှင်တွေဟာ သူတို့ အာဏာ တည်မြဲရေးမှာ အမျိုးသားရေးစိတ်ဓာတ်ကို လူထုကြား တအားရိုက်သွင်းတတ်ကြတာပဲလေ။ ဟစ်တလာ့ကိုပဲ ကြည့်ပေါ့။

ကျွန်တော်က ငယ်ငယ်ကတည်းက သူပုန်စိတ်နဲ့မို့လားတော့ မသိဘူး။ အဲသလို ဇွတ်အတင်းတွေကိုဆို အလိုလို အော်ဂလီဆန်လာတယ်။ ရွံရှာ စက်ဆုပ်လာတယ်။ ဒါ့ကြောင့် အဲဒီ့ ဇွတ်ရိုက်သွင်း စိတ်ဓာတ်တွေက ကျွန်တော့် သွေးထဲ သားထဲမှာ တစ်စက် တစ်မှုန်တောင် မရှိဘူး။

နောက်တစ်ခုက တစ်ယောက်တည်း နေရလို့နဲ့ တူတယ်၊ အတွေးတွေနဲ့ နေတတ်တာကလည်း အကျင့် တစ်ခုလို ဖြစ်နေတယ်။ တစ်ခုခုဆို တွေးကြည့်တဲ့ အကျင့် ရနေခဲ့တယ်ပေါ့။ အဲတော့ အဲလို ၀ါဒဖြန့်တာတွေ၊ ဇွတ်ရိုက်သွင်းတာတွေနောက်ကို အလွယ်တကူ ပါမသွားခဲ့ဘူး။

သည်အပိုင်းမှာ ပြောကြတာ...

Saw Zar Li ဆရာ့ သမီးက ဇာလီနဲ့ တူတာပဲ သရဲ ဝထ္ထု ကြိုက်တာ… အင်္ဂလိပ်စာအတွက် ကိုယ်စိတ်ဝင်စားတာ ရွေးဖတ်လို့  အမေက ပြောတော့ သရဲဝတ္ထုတွေရယ် 18+ ဟာသအတိုတွေရယ်ပဲ အမြဲဖတ်ဖြစ်တယ်… အရမ်း မကျွမ်းရင်တောင် အနည်းဆုံးတော့ ဝေါဟာရတိုးတာပေါ့

ATK ဖတ်သာ ဖတ်ပါ။ အင်္ဂလိပ်စာကို မြင်သမျှ ဖတ်စေချင်ပါတယ်။ စိတ်ဝင်စားတာတွေလည်း ရှာဖတ်ပေါ့။ တစ်နေ့ကို စာဖတ်ချိန် အနည်းဆုံး ၃ နာရီလောက် ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Saw Zar Li ဟုတ်ကဲ့ ဆရာ

Mai Xinh Dep ပျင်းလို့သာ ဖတ်ရ။ အင်္ဂလိပ်စာဆိုသိပ်ပျင်းတာ။ ရည်းစားတောင် ဗမာရည်စား ပြောင်းထားရင်ကောင်းမလား စဉ်းစားနေတာ။

Ei Yupar Win ဆရာရေ… ဆရာ့စာကို အကြောင်းပြုလို့ ဆရာ ဦးအုန်းခိုင်ကို သတိရသွားတယ်။ လသာလမ်း အောက်လမ်းမှာ သူ့ကျူရှင်ရှိတယ်။ အိအဖေကလည်း မြန်မာ့အသံပရိသတ်မို့ BBS ဦးလှဘူးတို့ ဦးအုန်းခိုင်တို့ရဲ့ အသံတွေကို သိပ်သဘောကျတာ။ အိကို ဆရာ့ကျူရှင်ရှိတယ်ကြားတော့ သွားတက်ခိုင်းခဲ့တယ်… သုံးလေးလလောက်ပဲ တက်ဖြစ်ခဲ့တယ်ထင်တယ်။ အဲဒီမှာ တက်ရင်းနဲ့ ဆရာ့ကို လူချင်း ရင်းနှီးသွားတာ။ အိကို အင်္ဂလိပ်နာမည်တစ်လုံးပေးတယ်။ Grace တဲ့။ အန်တီ Grace ဆွေဇင်ထိုက်နဲ့လည်း ရင်းနှီးတယ်။ အပြောက ဟောဟောဒိုင်းဒိုင်းပေမယ့် ရင်ဖွင့်တိုင်ပင်လို့ရတဲ့ စိတ်စေတနာကောင်းတဲ့ ဆရာတစ်ဦးပါ။ ဆေးရုံတက်တုန်းက သမီး သွားလိုက်ပါသေးတယ်။ ဆရာဆုံးတော့ ဝမ်းနည်းလိုက်ရတာ။

ATK ဆရာဦးအုန်းခိုင်က စိတ်ရင်းသဘော အတော်ကောင်းတဲ့သူပါ သမီးEi ရေ။ မိသားစုကိုလည်း အင်မတန် ချစ်တယ်။ သူ့ဇနီးကိုလည်း အလွန် သက်ညှာပါတယ်။ လူတွေအပေါ်မှာလည်း အတော် နားလည်ပေးတတ်တယ်။ အထူးသဖြင့် ကျုပ်လို ဘုဂလန့် ဂွစာကိုတောင် သည်းခံပေါင်းခဲ့ရှာပါတယ်။သူနေမကောင်းတော့ တစ်ခေါက် ရောက်ဖြစ်တယ်။ သူဆုံးတော့ ထုံးစံအတိုင်း ခရီးလွန်နေလို့ မပို့ဖြစ်ခဲ့ဘူး။ သူ့ဇနီးကတောင် ဖုန်းဆက်တယ်၊ သည်လောက် ခင်လျက်နဲ့ ဘာလို့ မပို့ခဲ့တာလဲလို့ လှမ်းမေးတာပါ။နောက်တော့ အဆက်အသွယ် ပြတ်သွားတယ်။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ထင်တယ်။ US ကို ရောက်နေတဲ့ သူ့သမီးက Facebook မှာ သူ့အဖေအကြောင်း ရေးထားတာလေး တွေ့လို့ ဆက်သွယ်လာတယ်။ သူ့မေမေပါ ဆုံးသွားပြီတဲ့။ ထူးခြားတာက ဆရာ ဦးအုန်းခိုင်လိုပဲ သူ့ဇနီးက အဆုတ် CA နဲ့ ဆုံးတာ။ ဘ၀တစ်ကွေ့ ခဏတွေ့လိုက်သူများပေါ့။

Thet Chow သည်လိုမျိုးစာတွေ ရေးသူက သူငယ်ချင်းဖြစ်နေတော့လည်း ဝမ်းသာရတာ အလွန်။

Ei Yupar Win ဟုတ်ပါတယ်ဆရာ။ စိတ်ရင်း အင်မတန်ကောင်းပါတယ်။ အဲဒီ ဆေးလိပ်နဲ့ အရက်ကလေးကိုပဲ မလျှော့နိုင်တာ။ ဆိုးကျိုးတွေကို သိရဲ့သားနဲ့လေ။ အကြွေစောပါတယ် ဆရာ။ ဆရာ့အမျိုးသမီး အဆုတ်ကင်ဆာကတော့ second hand smoker ကြောင့်လား တခြားကြောင့်လား မသိဘူးနော်။ ဆေးလိပ်မသောက်တဲ့ တခြားသူတွေမှာလည်း အဆုတ်ကင်ဆာက တွေ့ရတတ်တာမို့ အတတ်တော့ မပြောရဲဘူး။ ဒါပေမယ့် ဆေးလိပ်သောက်ရင်တော့ အဆုတ်ကို ကျိန်းသေထိတာကိုတော့ အတတ်ပြောရဲပါတယ်ဆရာ။ အိကတော့ အသိမိတ်ဆွေတွေမှန်သမျှကို အရက် ဆေးလိပ်သောက်သုံးတာတွေ့ရင် တတ်နိုင်သမျှ ရပ်ဖို့ ပြောဖြစ်ပါတယ်

ရာဦးအုန်းခိုင်ကိုလည်း ပြောခဲ့တာပဲ။ ဆရာက ဒီနှစ်မျိုးတော့ မဖြတ်နိုင်တဲ့။ ဖြစ်နိုင်ရင် ဆရာ့ကိုလည်း လျှော့စေချင်ပါတယ်။ မိသားစု အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း ကျန်းကျန်းမာမာလေး မနေချင်ဘူးလားဆရာ။

ATK နိုးဘာ ဖြစ်လာရလေ တို့တစ်တွေမှာ။ အိုမင်းမစွမ်းဘဝအတွက် ရွှေပြည်ကြီးမယ် ဘာအာမခံချက်များရှိလို့ အသက်က ရှည်ချင်ရမှာတုံးးးး 😦

၂၀၁၅ ခုနှစ် ဧပြီလ ၁၁ ရက်

အင်္ဂလိပ်စာဆန့်ကျင်ရေး ခေတ်

မေမေဆိုတာက အစိုးရကို အင်မတန် ဆဲတဲ့သူ။ အဲဒါလည်း ကျွန်တော် ငယ်ငယ်ကတည်းက သံယောင်မလိုက်ခဲ့ဘူး။ တစ်ခါတလေ ဆဲရင် ပါချင် ပါဦးမှာ။ အမြဲလိုဆဲနေတော့ စိတ်ထဲမှာ အဲဒါကိုလည်း မကြိုက်တော့ပြန်ဘူး။ ဆင်ခြင်ဖို့ လိုလာတယ်လို့ တွေးလာရတယ်။ အဲဒါ ငယ်ကတည်းက ရှိတဲ့ ကျွန်တော့်စိတ်။ တစ်ဖက်စောင်းနင်းဖြစ်လွန်းတယ်လို့ မြင်လာရင် ခံစားလို့ မရတော့ဘူး။

အဲတော့ကာ ဗမာဇာတ် ဇွတ်သွင်းနေတာကြီးကိုလည်း မခံစားနိုင်ဘူး။ ပတ်ဝန်းကျင်မှာကလည်း အားကျချင်စရာ ပညာတတ်တွေ၊ ဘိုနီတို့ မိသားစုလို လူ့မလိုင်တွေရဲ့ နေထိုင်ပြောဆိုပုံတွေက ကျွန်တော့်ကို လွှမ်းထားတယ်။

ကျွန်တော်က ငယ်ငယ်ကတည်းက အင်မတန်ကြီးကျယ်ချင်တဲ့ စိတ် ရှိနေတယ်။ ဘယ်က ရောက်လာတဲ့ စိတ်မှန်းတော့ မသိဘူး။ ကောင်းကောင်း စားချင်တယ်၊ ကောင်းကောင်း နေချင်တယ်။ ကျွန်တော် ပြောတဲ့ ကောင်းကောင်းဆိုတာ တော်ရိလျော်ရိ ကောင်းကောင်း မဟုတ်ဘူး။ အပျံစားမှ။

အရက်ဆိုလည်း အရက်ကြမ်းတွေ မသောက်ချင်ဘူး။ အရက် အကောင်းစား သောက်ချင်တာ။ အစား အသောက်ဆိုလည်း အလားတူပဲ။ ဇွန်း ခက်ရင်းနဲ့၊ ဓားနဲ့၊ စားပွဲခင်း သန့်သန့်နဲ့ ပေါင်ပေါ် လက်သုတ်ပ၀ါ ခင်းပြီး အကျအန စားချင်တာမျိုး။ သူများတွေ အဲလို စားသောက် နေထိုင်တာ မြင်ရင် သွားရည်ယိုတယ်၊ အားကျတယ်။

အဟဲ… လူနေခြုံကြား၊ စိတ်နေဘုံဖျားဆိုတာ ကျွန်တော်လိုကောင်ကို ပြောတာ မှတ်တယ်။

အဲတော့ကာ အင်္ဂလိပ်စာဆန့်ကျင်ရေး ခေတ်ကြီးထဲမှာ မွေးဖွားလာခဲ့ပေမယ့် အင်္ဂလိပ်စာကို ပစ်ပယ်တဲ့အထဲမှာ ကျွန်တော် ဘယ်တုန်းကမှ မပါခဲ့မိဘူး။ အင်္ဂလိပ်လို ပြောတဲ့သူ၊ ရေးတဲ့သူတွေကို နှာခေါင်းရှုံ့တဲ့ ခေတ်ကြီးနော်။

ကနေ့ နာမည်ကျော်စာရေးဆရာ၊ ဘာသာပြန်ဆရာကြီးတစ်ယောက်က အမှတ်မထင် ပြောလိုက်တဲ့ စကားတောင် ပြန်မှတ်မိလာတယ်။

ဥရောပသမဂ္ဂရဲ့ ဘာသာပြန် သုံးယောက်

အဲတုန်းက အမေရိကန် သံရုံး ပြန်ကြားရေးဌာနမှာ စာရေးဆရာတွေကို အင်္ဂလိပ်စာ သင်တန်းပေးနေတဲ့ ကာလပါ။ ကျွန်တော်က အဲတုန်းက သြစတြေးလျ သံရုံးမှာ အလုပ်လုပ်နေတယ်။ စာရေးဆရာတွေ သင်တန်း ဆင်းချိန်ဆိုရင် ကျွန်တော်က အဲဒီ့ကို သွားပြီး သူတို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ လေပစ်တယ်။ ကျွန်တော် သွားရင် ကျွန်တော်နဲ့အတူ အမြဲလို ပါလာတတ်တာက ရုံးချင်းကပ်လျက်က အလုပ်တူ လုပ်ဖက်။

ကျွန်တော်က ဥရောပသမဂ္ဂဘာသာပြန် အလုပ် လုပ်နေရာကနေ သြစတြေးလျသံရုံးမှာ အလုပ်ရတော့ သြစတြေးလျသံရုံးဘက် ပြောင်းခဲ့တယ်။ ကျွန်တော့်နောက် အဲဒီ့နေရာမှာ ဆက်ခံသူက နိုင်ငံခြား အသံလွှင့်ဌာနတစ်ခုမှာ အလုပ်ရပြီး ထွက်သွားတော့ အဲဒီ့နေရာကို ကျွန်တော့် ကြားဆရာတစ်ဦး ရောက်လာပါတယ်။ သူကွယ်လွန်သွားတဲ့နောက်တော့ အဲဒီ့ ရာထူးကို ဆက်မထားတော့ပါဘူး။

၁၉၈၈ ခုနှစ် ဇူလိုင် ၁ ရက်က စတင်ပြီး ၂၀၀၀ ပြည့်လွန်စ နှစ်များအထိ ဥရောပသမဂ္ဂဘာသာပြန် ရာထူးဆိုတာ ရှိခဲ့ပြီး အဲဒီ့ရာထူးမှာ လူသုံးဦး လုပ်ခဲ့ဖူးတယ်လို့ မှတ်တမ်း တင်ရပါလိမ့်မယ်။ အဲတုန်းက ဥရောပသမဂ္ဂရုံးရယ်လို့ သတ်သတ် မရှိသေးတော့ ကမ်းနားလမ်းက ဗြိတိသျှသံရုံးမှာပဲ ရုံးကို ထားတာပေါ့။

အဲတော့ သြစတြေးလျသံရုံးနဲ့က ကပ်လို့ နေတော့တာပေါ့။ သည်အခါ ကျွန်တော် သွားတဲ့နောက်ကို NLD ရုံးက လွဲရင် အဲဒီ့ပုဂ္ဂိုလ် (တတိယ ဥရောပသမဂ္ဂဘာသာပြန်) က အမြဲလိုက်ချင်တတ်တယ်။ ကျွန်တော်ကလည်း ခေါ်ပါတယ်။ NLD ရုံးကိုဖြစ်စေ၊ ဒေါ်စု အိမ်ကို ဖြစ်စေ လိုက်ဖို့ ခေါ်ရင်တော့ သူက အကြောင်းပြပြီး အမြဲငြင်းတတ်တယ်။ အဟဲ… ကျွန်တော် ပြန်လာရင်တော့ ကျွန်တော့်ဆီကနေ သတင်းပလင်းတွေ ပြန်စောင့်ယူပါတယ်။ အဲသလို။

ခွကျတဲ့ ကျွန်တော်၊ မိုက်ရိုင်းတဲ့ ကျွန်တော်

ပထမတော့ ကျွန်တော် သည်းခံနေသေးတယ်။ သူ့အကြောင်းပြတွေက စာနာထောက်ထားချင်စရာ ကောင်းသလို ရှိနေတာကိုး။

ပထမအကြောင်းပြက သူ့ကို သူ့ရုံးက အင်္ဂလန်ကို လွှတ်မှာမို့ အဲဒီ့ ခရီးစဉ်မပျက်စေချင်ဘူး။ အင်္ဂလန်ကိုလည်း တစ်ခါမှ မရောက်ဖူးလို့ သွားချင်တယ်။ ဒါ့ကြောင့် မလိုက်ပါရစေနဲ့ပေါ့။

ကျွန်တော် ကိုယ်ချင်းစာပါတယ်။ ကျွန်တော်တို့အစိုးရက လူတွေကို ငြိုးတတ်တဲ့ အစိုးရ။ မနိုင် နိုင်ရာကိုင်၊ ချက်အောက်ထိုးဖို့ တစ်စက်မှ ၀န်မလေးတဲ့ အစိုးရလေ။ အဲတော့ သူ့ကို ခွေးရေပုရပိုဒ်မှာ မှတ်တမ်း တင်လိုက်ရင် နိုင်ငံကူးလက်မှတ်တောင် ရမှာ မဟုတ်ဘူး။ ဒါကို သဘောပေါက်ပါတယ်။ ကိုယ်ချင်းစာပါတယ်။

အဲတော့ မလိုက်နဲ့ပေါ့။ ကျွန်တော် ရလာသမျှသတင်း သူ့ကို ကြည်ကြည်ဖြူဖြူပေးခဲ့တယ်။

အင်္ဂလန်က သူ ပြန်လာတယ်။ အဲဒီ့အခါကျတော့လည်း NLD သွားတဲ့အခါ ကျွန်တော် ခေါ်တယ်။ အကြောင်းပြ အသစ်ပေါ်လာပြန်တယ်။

သူ့သမီးက အမေရိကန် ပြည်ဝင်ခွင့်ထီ ပေါက်ထားတယ်။ သူ့သမီးလေး လွတ်လွတ်ကျွတ်ကျွတ် သွားနိုင်စေချင်လို့ သူအနေအထိုင် ဆင်ခြင်ပါရစေတဲ့။

ဒါလည်း ကိုယ်ချင်း စာလိုက်မိပြန်တယ်။ ကျွန်တော်လည်း ဖခင်တစ်ယောက်၊ သမီးရှိသူ တစ်ယောက်ပဲလေ။ အဲတော့လည်း ကျွန်တော် သူ့ကို ဘေးမဲ့ပေးခဲ့မိရပြန်တယ်။

သူ့သမီးလည်း အမေရိကားကို ထွက်သွားရော ကျွန်တော် ခေါ်ပြန်တယ်။ မလိုက်ပါရစေနဲ့တဲ့။

အဲဒီ့အခါမှာတော့ ကျွန်တော် ပေါက်ကွဲပါပြီ။ ကျွန်တော့်ကို တစ်လျှောက်လုံး လိမ်လာခဲ့သလို ခံစားရပါတယ်။ လိမ်တာ မဟုတ်တောင် မရိုးသားတာပါ။

အစိုးရကို ကြောက်လို့ မလိုက်ပါရစေနဲ့လို့ အစောကြီးကတည်းက ဖြောင့်ဖြောင့်မှန်မှန် ပြောခဲ့ရင် ကျွန်တော် ဘာမှ သိပ်ဖြစ်မိမယ် မထင်ဘူး။ ဟိုအကြောင်းပြ၊ သည်အကြောင်းပြနဲ့ ကျွန်တော့်ဆီက ပြန်နှိုက်တာကျတော့ လူလူချင်း လူပေါ်လူဇော် လုပ်ရာကျတယ်။ ဒါကြီးကတော့ မနိပ်ဘူး။ ကျွန်တော်က ငတုံးပေါ့။ အချဉ်ပေါ့။

ကျွန်တော် သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားပါတော့တယ်။ ကျွန်တော်လည်း သည်နိုင်ငံထဲမှာ နေနေရတဲ့သူ၊ သည်အစိုးရ ပြုသမျှ နုရမယ့်သူပါ။ ကျွန်တော်ကကျတော့ ကိုယ့်ကိုယ်ကိုယ် စတေးပြီး ကျွန်တော့် အသက်မွေးမှုအတွက် လုပ်ကိုင် လှုပ်ရှားနေရတယ်။ သူကကျတော့ ရုံးမှာ အမြိုင့်သား ထိုင်နေပြီး ကျွန်တော့်ဆီက အညွန့်ထိုင်ခူးနေတယ်။ အဲဒါကြီးကတော့ အတော်မနိပ်တော့ဘူး။

မိတ်ဆွေမဟုတ်တော့ဘူး။ ရဲဘော်ရဲဘက် မဟုတ်တော့ဘူး။ လူဝါးဝတာအဖြစ်သာ ခံစားရပါတော့တယ်။

ကျွန်တော် သူ့ကို လုံးဝ အပြတ်ပြောလိုက်ပါတယ်။ ကျွန်တော့်ဆီက ဘာဆိုဘာမှ မရတော့မယ့်အကြောင်း။

တစ်ခါက တစ်ဘဝ

သူ့ရှေ့မှာလည်း အများကြီး ရှိခဲ့ပြီးပါပြီ။

အဲဒီ့ခေတ်က အခုခေတ်လို ဂျာနယ်တွေ၊ သတင်းတွေ၊ လူမှုကွန်ရက်တွေ တွင်ကျယ်နေတဲ့ ခေတ်မဟုတ်ဘူး။ ကောလာဟလတွေ တင်းကြမ်းနဲ့ မှန်းသမ်းကျိတ်နေကြတာက ခပ်များများ။ ခိုင်လုံတိကျတဲ့ သတင်းရဖို့အတွက် အင်မတန် အားစိုက်ရတယ်။ စွန့်စားရတယ်။ မိတ်ဆွေအပေါင်းအသင်း ကွန်ရက်ကို ချဲ့ထွင်နိုင်သမျှ ချဲ့ရတယ်။

ကျွန်တော် အော်စီသံရုံးမှာ အလုပ်လုပ်နေတဲ့ အချိန်က အဲဒီ့ကွန်ရက်ကို အကျယ်ဆုံး ချဲ့ထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ့ကွန်ရက်မှာ အရေးကြီးတာက ကိုယ့်ကျောကို အကုတ်ခံချင်ရင် သူများကျောကိုလည်း ပြန်ကုတ်ပေးရမယ်ဆိုတဲ့ အခြေခံ သဘောတရားပဲ။

ကိုယ်က သတင်းချည်း ယူနေချင်လို့ မရဘူး။ ကိုယ့်ဘက်ကလည်း တစ်ခုခု ပြန်ပေးဖို့ လိုတယ်။ ဒါမှလည်း လူတွေက ထူးပြီဆိုတာနဲ့ ကျွန်တော့်ကို အရင်သတိရမှာ။ ကျွန်တော့်အိမ်မှာ အရက်ဝိုင်း မပြတ်ဘူး။ သတင်းနဲ့ ပတ်သက်လို့ အရေးကြီးသူတွေကို ကျွန်တော် အမြဲဧည့်ခံတယ်။ လက်ဖက်ရည်ဆိုင်ဆိုလည်း မပြတ်သွားတယ်။ အနံ့ခံတယ်။ အခေါက်တိုင်း မရနိုင်ပေမယ့် ရင်းနှီးမှုကို ထူထောင်ရာ ရောက်တာမို့ အလဟဿတော့ မဖြစ်ဘူးပေါ့။

အဲလိုပဲ သတင်းသမားတွေကိုဆိုလည်း သူတို့ဆီက သတင်းချည်း ကိုယ်က မယူဘူး။ ကိုယ့်ဘက်က ထူးပြီဆိုတာနဲ့လည်း သူတို့ကို လှမ်းမျှထားတယ်။ သတင်းဦး သတင်းထူးနောက်ကို လိုက်ရတဲ့ သတင်းသမားဆိုရင် သတင်းဦးကို အဦးဖျားဆုံး ပေးနိုင်အောင် လုပ်ထားရတယ်။ ဒါမှ သူကလည်း သူ့ဘက်က ထူးတာလေးတွေ ရှိရင် ကိုယ့်ကို ပြန်မျှမှာ။

ကျွန်တော့်အလုပ်က သတင်းသမားဆန်ပေမယ့် သတင်းသမားတွေနဲ့က ပြိုင်ဖက်မဟုတ်ဘူး။ သူတို့က သတင်းဌာန၊ သတင်းစာအတွက် အလုပ်လုပ်နေကြသူတွေ။ ကျွန်တော်က နိုင်ငံခြားအစိုးရရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနအတွက် အလုပ်လုပ်နေရသူတွေ။

အဲဒီ့နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ ပြည်တွင်း သတင်းနဲ့ ဘာဆိုင်သလဲလို့ ထင်စရာ ရှိတယ်။ သိပ်ဆိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒများအတွက် သည်ပြည်တွင်းက နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကို မျက်ခြည်ပြတ်လို့ မရဘူး။

အဲတုန်းက နိုင်ငံရေး စိတ်ဝင်စားသူတွေ သတိထားမိခဲ့ကြမယ် ထင်ပါတယ်။ ကျွန်တော် အော်စီသံရုံးမှာ လုပ်နေတဲ့ ကာလ ဖြစ်တဲ့ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ တစ်ရက်နေ့မှသည် ၂၀၀၃ ခုနှစ် မတ်လ ၁၄ ရက်အတွင်း ဆယ်နှစ်ကျော်ကာလ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မုန်တိုင်းက အတော်ထန်နေခဲ့ပါတယ်။ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ရှိခဲ့တယ်။

ဒါပေမယ့် အဲဒီ့ပိတ်ဆို့အရေးယူမှုတွေထဲမှာ သြစတြေးလျနိုင်ငံ မပါခဲ့ပါဘူး။ မြန်မာအစိုးရနဲ့ အပြုသဘော ဆက်ဆံခဲ့ပါတယ်။ စီးပွားရေးမှာလည်း သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေကို အားလည်း မပေးဘူး၊ တားလည်း မတားဘူးဆိုတဲ့ မူကို ထားရှိခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရ အဖွဲ့အစည်းတွေကို လူ့အခွင့်အရေး သင်တန်းတွေ အဲဒီ့အချိန်က ပေးခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံဟာ သြစတြေးလျနိုင်ငံဖြစ်သလို သြစတြေးလျ ပြည်ထောင်စု ရဲနဲ့ မြန်မာရဲနဲ့ ဆက်ဆံရေး ထူထောင်ခဲ့၊ သင်တန်းတွေ ပေးခဲ့တာလည်း အဲဒီ့ကာလမှာပဲ စတင်ခဲ့တာပါ။

In the Embassy’s 1997 evaluation report, our parent department in Canberra (Foreign Affairs and Trade) described political reporting from Yangon as “excellent,” rating it overall as “superior.” Much of the credit of this performance belongs to Aung Thein Kyaw.

ဒါ ကျွန်တော်နဲ့ ပတ်သက်ပြီး ကျွန်တော့် အထက်အရရှိအဆက်ဆက် ရေးပေးခဲ့တဲ့ စာတွေထဲက ကောက်နုတ်ချက်တစ်ခုပါ။ ၁၉၉၅ ခုနှစ် ဇူလိုင်လမှသည် ၁၉၉၇ ခုနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံးရဲ့ ပထမအတွင်းဝန်နဲ့ ဒုတိယ သံအမတ် အဖြစ် တာဝန်ထမ်းဆောင်သွားခဲ့သူ Simeon Gilding က သည်နိုင်ငံက မပြန်ခင်မှာ ကျွန်တော်နဲ့ ပတ်သက်လို့ ရေးပေးခဲ့တဲ့ စာထဲကပါပဲ။

ဘယ်လောက်များလဲဆိုရင် အဲဒီ့အချိန်က ကုလသမဂ္ဂရဲ့ အရေးပေါ် အခြေအနေအတွက် လက်စွဲစာစောင်မှာ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် အရေးအခင်းတွေ ဘာတွေ ဖြစ်လာခဲ့ရင် ကုလ၀န်ထမ်းတွေ ဘာလုပ်ရမယ် ဆိုတဲ့ ညွှန်ကြားချက်လည်း ပါပါတယ်။ အဲဒီ့ထဲမှာ နိုင်ငံရေး သတင်းဆိုရင် အော်စီသံရုံးက သတင်းကို စိတ်ချနိုင်တယ်လို့အထိ အတိအလင်း ဖော်ပြထားခဲ့ကြပါတယ်။

ကြွားတယ်လို့ပဲ ယူဆပါ

ကျွန်တော့် တစ်ခေတ်ဟာ အဲသလို နာမည်ကောင်းနဲ့ နေခဲ့တာပါ။ သံရုံးတွေမှာ နံပါတ်ဖြူနဲ့ သံရုံးကားကို ဘယ်မြန်မာ အရာထမ်းမှ မောင်းနှင်ခွင့် မရှိပါဘူး။ သူတို့နိုင်ငံသားတွေသာလျှင် အဲဒီ့ ကားတွေကို မောင်းပိုင်ခွင့် ရှိပါတယ်။ မြန်မာထဲက တရားဝင် ခန့်ထားသူ မြန်မာတိုင်းရင်းသား ယာဉ်မောင်းများသာ မောင်းခွင့် ရှိပါတယ်။

ဒါပေမယ့် ကျွန်တော့်လက်ထက်မှာ နံပါတ်ဖြူ သံရုံးကားကို ကျွန်တော် ကြိုက်တဲ့အချိန် ယူမောင်းနိုင်ခဲ့တဲ့အပြင် ကျွန်တော့်အိမ်မှာ ညအိပ်ညနေ ယူထားနိုင်ခဲ့တဲ့ အထိပါ။ ပါလေရာဖုန်းဆိုရင်လည်း အဲဒီ့ခေတ်က တစ်လုံးကို ဒေါ်လာ လေးထောင်ပေးမှ သုံးလို့ရတာမို့ လူတိုင်း မကိုင်နိုင်ပါဘူး။ သံရုံးတောင်မှ နှစ်လုံးပဲ ၀ယ်ထားပါတယ်။ အဲဒီ့ထဲက တစ်လုံးကို ကျွန်တော့်ကို အပိုင်စားပေးထားပါတယ်။ သံအမတ်တောင် မကိုင်ခဲ့ရှာပါဘူး။

အလုပ်နဲ့ ပတ်သက်ရင် ကျွန်တော်က အဲသလို လုပ်တတ်သူပါ။ အဲတော့ ကျွန်တော့်ဆီကဆို အညွန့်ခူးချင်သူတွေ ပေါတာလည်း သဘာဝပါပဲ။

တခြားသံရုံးက အလုပ်တူ လုပ်နေကြသူတွေက ကျွန်တော့်ဆီက သတင်းလာလာနှိုက်တတ်ပါတယ်။ တစ်ခါက နှစ်ခါအထိတော့ ကျွန်တော် မသိချင်ယောင်ဆောင်နေလိုက်တယ်။ ကျွန်တော့်ကိုကျတော့ ဘာမှ ပြန်မပေးတဲ့အခါ နောက်ပိုင်းကျ ကျွန်တော်လည်း ပါးစပ်ပိတ်နေလိုက်ပါတော့တယ်။

တစ်ခါကဆို ကျွန်တော့်အထက်အရာရှိကတောင် ပြောယူတယ်။ ငပွကြီးတို့ရုံးကို ကျွန်တော် ဘာမှ မပေးတော့ဘူးလို့ အဲဒီ့ရုံးက ပြန်ဖောက်သည်ချတယ်၊ ပေးလိုက်ပါတဲ့။ ကျွန်တော်လည်း မပေးနိုင်ဘူး။ မင်း ပေးချင် မင်းဘာသာပေး။ ငါကတော့ မပေးနိုင်ဘူးလို့ အပြတ် ပြန်ပြောလိုက်တယ်။ ဘာမှမဟုတ်တဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းလေး ငါက တောင်းတာတောင် မပေးတဲ့ဟာတွေ ငါမပေးနိုင်ဘူးလို့ ပြတ်ပြတ်ပဲ ပြန်ပြောခဲ့ပါတယ်။ ဟိုမောင်လည်း ပါးစပ်ပိတ်သွားတယ်။

ကျွန်တော် မကောင်းဘူး

နိုင်ငံရေး အကျဉ်းသားစာရင်းလောက် အူလည်လည် နိုင်တာ မရှိဘူး။ သတင်းက ဘယ်သူကမှ ထုတ်ပြန်တာ မဟုတ်ဘူး။ ပြောရရင် ကျွန်တော့်ဆီက နိုင်ငံရေး အကျဉ်းသားစာရင်းက တခြားသံရုံးက စာရင်းတွေနဲ့ယှဉ်ရင် အရေအတွက် အများကြီး ပိုနည်းတယ်။ အကြောင်းက ကျွန်တော်က စာရင်းကို အမြဲတမ်း ပြန်ပြီး စိစစ်နေတာ။

မနေ့ညက ဘယ်နှယောက် ဆွဲသွားပြီလို့ ပြောရင် စာရင်းထဲမှာ လူတိုးလာတယ်။ ဆွဲသွားတဲ့အကြောင်း သတင်းပို့မယ့်သူတွေ ပေါသလောက် ခေါ်မေးရုံ မေးပြီး ပြန်လွှတ်လိုက်ပြီဆိုရင် ဘယ်သူကမှ ကျွန်တော်တို့ကို အဖက်လုပ်ပြီး အကြောင်းမကြားတော့ဘူး။ ကျွန်တော်က အဲဒါမျိုး လက်မခံဘူး။ ဟိုနေ့က ဖမ်းသွားတဲ့သူတွေ အခု ဘာဖြစ်သွားပြီလဲဆိုတာ သိအောင် အမြဲအားထုတ်တယ်။ ပြန်လွှတ်ရင်လည်း ကျွန်တော့်စာရင်းထဲက ဖျက်ပစ်လိုက်တယ်။

နောက်တစ်ခုက လူတစ်ယောက် အဖမ်းခံရတယ်လို့ လူနှစ်ယောက်က သတင်းပေးလာရင်လည်း အဲဒီ့မှာ အလွဲက ရှိနိုင်တယ်။ ပထမတစ်ယောက်က သူသိတဲ့ အိမ်နာမည်နဲ့ ပြောတယ်။ နောက်တစ်ယောက်က အဖမ်းခံရသူကို လူချင်း မသိဘူး။ ဒါပေမဲ့ အဲဒီ့လူရဲ့ မှတ်ပုံတင်ထဲက နာမည်ကို သိတယ်။ ဖမ်းချိန်နဲ့ ရက်စွဲက တူနေတယ်။ အဲဒါဆိုရင် သူတို့ စာရင်းထဲမှာ နှစ်ယောက်ဖြစ်နေပြီး ကျွန်တော့်စာရင်းထဲမှာ တစ်ယောက်ပဲ ဖြစ်နေပါတော့တယ်။

အဲလိုဟာမျိုးကျတော့ အကြိမ်ကြိမ် တိုက်ဆိုင် စစ်ဆေးနေဖို့ လိုတယ်။ ဒါမှ အနီးစပ်ဆုံး ကိန်းဂဏန်းကို ရနိုင်တယ်။ ဒါ့ကြောင့် ကျွန်တော်က သူတို့ဆီက စာရင်းတွေကိုလည်း တောင်းတယ်။ အဲဒါလေးတောင် မပေးချင်ဘဲ ကျွန်တော့်ဆီကချည်း လိုချင်လို့ကတော့ နိမ်းဟေး… ဂျောင်းပေါ့။

ဟိုဆရာရဲ့ လုပ်ပေါက်ကလည်း အဲသလို ဖြစ်လာတဲ့အခါ ကျွန်တော် သူ့ကို လုံးဝ ဖြတ်လိုက်တယ်။ ခါတိုင်း နေ့စဉ် လက်ဖက်ရည်ဆိုင် အတူထိုင်တာတောင် ကျွန်တော် မလုပ်တော့ဘူး။ စိတ်ကို တစ်ခါတည်း အပြတ်ဖြတ်ပြစ်လိုက်တာ။

ကျွန်တော် မှန်တယ်၊ သူမှားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော့်စရိုက်သဘာဝကို အရင်းအတိုင်း ပြောပြလိုက်တာသာ ဖြစ်ပါတယ်။ သံရုံးက ပေးတဲ့ ဒေါ်လာလေး မက်ပြီး အသက်မွေးနေတာပါ။ ကျွန်တော်နဲ့ ကျွန်တော့် မိသားစု ရပ်တည်မှုအတွက် အလုပ် လုပ်နေတာသာဖြစ်ပါတယ်။ အလှူလုပ်နေတာ၊ ကုသိုလ် ကောင်းမှု ပြုတဲ့ အလုပ်မျိုး လုပ်နေတာ မဟုတ်ပါဘူး။

သူတို့လည်း ကျွန်တော့်လိုပဲ သူတို့အသက်မွေးမှုအတွက် လုပ်နေကြသူတွေပါ။ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူချင်လို့တော့ ကျွန်တော်က ဝေသန္တရာစိတ် မမွေးနိုင်ဘူးလေ။ ရှင်းနေတာပဲ။

သို့သော် ဟိုဆရာက ရင့်ကျက်သူပါ။ သည်တော့ ကျွန်တော့်တုံ့ပြန်ပုံကြောင့် သူ့စိတ်ထဲမှာ ဘယ်လိုပဲဖြစ်နေနေ၊ ကျွန်တော့်ကို ဘာမှ ပြန်မပြောခဲ့ပါဘူး။ စိတ်မကောင်းတဲ့ မျက်နှာနဲ့သာ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း သူတစ်ခါတလေ ကျွန်တော့်ကို လက်ဖက်ရည်သောက် လာခေါ်ပါတယ်။ ကျွန်တော့်ဆီက ဘာသတင်းမှ မယူပါဘူး၊ မိတ်ဆွေတွေအနေနဲ့ လက်ဖက်ရည်သောက်ရအောင်ပါဆိုတဲ့ စကားနဲ့ ခေါ်တာပါ။ အဲတော့လည်း အားနာပါးနာ သောက်ဖြစ်တယ်ပေါ့။

ကျွန်တော် အလုပ်ပြုတ်ချိန်မှာ သူပြောတဲ့ စကားတစ်ခွန်းကတော့ မမေ့ဘူးခင်ဗျ။ “The fall of the legend” (အကျော်ဇေယျရဲ့ ကျဆုံးခန်း) လို့ ဖျတ်ခနဲ ပြောလိုက်တာပါ။ နောက်မိနစ်အနည်းငယ်ခြားမှ သူက ဖြည့်ပြောပါတယ်။ “A person like you can be a legend in another field.” (မင်းလိုလူမျိုးက နောက် နယ်ပယ်တစ်ခုမှာလည်း အကျော်ဇေယျ ပြန်ဖြစ်လာမှာပါလေ) ပေါ့။

အခုတော့ သူလည်း မရှိတော့တာ ဆယ်နှစ်လောက်တောင် ရှိပြီ ထင်ပါရဲ့။ ဒါပေမယ့် အဖြစ်တွေကတော့ ကျွန်တော့် ရင်ထဲမှာ မနေ့တစ်နေ့ကလိုပဲ လတ်ဆတ်နေဆဲပါ။

အဲ… ရေးရင်းနဲ့ ထုံးစံအတိုင်း ဗွေဖောက်သွားပြန်တယ်။

သည်အပိုင်းမှာ ပြောကြတာ…

စု စုအေး အော် အဲလိုပြောတာ သူကိုး

Kyi Kyi Khin အဲ့တယောက် သိဘူး။ ဒါပေမယ့် ကျမတို့နဲ့ ခင်ခဲ့တာ အော်စီရုံးမှာ လုပ်နေချိန်။ မေစုခြံရှေ့တွေမှာ ဆုံကြ။ ကိုအောင်သိန်းကျော်အိမ် လိုက်လည်ကြ လိုက်စားကြ အချိန်တွေ။

Freddy Lynn အိုင်ဆေး ကိုနှင်းမောင်… ဒီနေရာမှာ မသင်္ကာသရာတစ်ချို့တွေ့ဒယ်… တံရုံး နာပါတ် ဖြူဂျီး..ယူထားဒယ်လို့လည်းပါတယ်. ဒေါ်လာလေးထောင်… အုတ်ခဲတုံးဂျီးလည်း..ယူထား.ပြီးကာမှ… အလုပ်ပြုတ်တယ်လည်း ပါတော့ကာ…  အိုင်ဆေး.. ကိုနှင်းမောင်..ဒါ… ခင်သန်းနုတို့ လက်ချက်ပဲ ဖြစ်ရမယ်….

Ei Yupar Win အဲဒီတုန်းက BC နဲ့ AC မှာ စာကြည့်တိုက်ထဲသွား သင်တန်းတွေ တက်နေခဲ့တာပေါ့။ စောစောက သိခဲ့ရင် အိတို့တစ်အုပ်လုံး မလိုက်ဘူးလို့ ငြင်းမယ့်သူ တစ်ယောက်မှ မရှိဘူးဆရာ။

၂၀၁၅ ခုနှစ် ဧပြီလ ၁၄ ရက်

ကံ ကတ္တားမကွဲကြသူတွေ

ပြောနေတာက နာမည်ကျော်စာရေးဆရာ၊ ဘာသာပြန်ဆရာကြီးတစ်ယောက်က အမှတ်မထင် ပြောလိုက်တဲ့ စကားအကြောင်း။

အဲသလို စာရေးဆရာတွေ သင်တန်းအဆင်းမှာ ကျွန်တော်နဲ့ ဟိုဆရာနဲ့ နှစ်ယောက်က သွားတွေ့ကြ၊ လက်ဖက်ရည်ဆိုင် ထိုင်နေကြရင်း ကျွန်တော်နဲ့ ဟိုဆရာနဲ့က ပြောနေကျမို့ အမှတ်တမဲ့နဲ့ အကျင့်ပါပြီး အင်္ဂလိပ်လိုတွေ ပြောမိသွားကြတယ်။ အဲဒီ့အချိန်မှာ စောစောက ပြောတဲ့ နာမည်ကျော်စာရေးဆရာ၊ ဘာသာပြန်ဆရာကြီးတစ်ယောက်က အမှတ်မထင် ပြောထည့်လိုက်ပါတယ်။

“ခင်ဗျားတို့ နှစ်ယောက် ဟိုတစ်ခေတ်ကသာ အဲလို ပြောဆိုနေကြမယ်ဆိုရင် ဘူးယိုတွေလို့ အပြောခံရမှာဗျ။ အခုကျတော့လည်း ခင်ဗျားတို့လို ရွှတ်ရှက်ဒွတ်ဒက်တွေက ဒေါ်လာစားတွေ ဖြစ်ကုန်ကြပြီပေါ့နော်”တဲ့။

ချီးမွမ်းတဲ့ စကားလား၊ နှိမ်ချတဲ့ စကားလားတော့ အခုအချိန်အထိ ကျွန်တော် မသဲကွဲသေးပါဘူး။

ပြောချင်တာက ကျွန်တော်တို့ ဖြတ်သန်းရတဲ့ ခေတ်ကိုပါ။

အဲဒီ့ခေတ်က အဲသလို အင်္ဂလိပ်စကားပြောတဲ့သူတွေကိုဆို နှာခေါင်းရှုံ့၊ သရော် လှောင်ပြောင်ကြတဲ့ ခေတ်ပါ။ ဗမာပြည်ကြီး မတိုးတက်တာလည်း မဆန်းပါဘူး။ အာဏာရှင့်အကြိုက် မျိုးချစ်စိတ် မတန်တဆ ဖောင်းပွမှုနောက်ကို တစ်ပြည်လုံးက ကောက်ကောက်ပါအောင် လိုက်ဖို့ ၀န်မှ မလေးကြတာကိုး။

သည်ကြားထဲ ကွန်မြူနစ်၊ ဆိုရှယ်လစ် အတွေးအခေါ်ကလည်း အလွန် အောက်တန်းကျတဲ့ အတွေးအခေါ်။ မြင့်တဲ့သူတွေကို အမီလိုက်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် တင်သွားရမယ့် အတွေးအခေါ်မျိုး မဟုတ်ဘူး။ မြင့်တဲ့သူတွေကို ကိုယ့်တန်းနဲ့ တူအောင် ဆွဲချ၊ ခြေထောက်နဲ့နင်းဖို့ ကြိုးစားတဲ့ အတွေးအခေါ်မျိုး။ အင်မတန် အောက်တန်းကျတယ်။ (မကျေနပ်သူများ ကြိုက်သလို သဘော ကွဲလွဲနိုင်ပါတယ်။ အခြေခံကို ပြန်စစ်ရင် သည်အတိုင်းပဲ ကောက်ချက်ထွက်လာမှာတော့ မလွဲဘူးဗျို့။) 🙂 

အဲဒီ့အတွေးအခေါ်တွေ၊ အယူအဆတွေနဲ့ နိုင်ငံသားတွေဆိုတော့ တိုင်းပြည်ကြီး ချောက်ထဲကျမယ့်အရေးက ကယ်တင်ပေးတယ်ဆိုပြီး ချောက်အောက်နက်တဲ့ အသူတရာထဲ ပို့ပေးလေတဲ့ မောင်မင်းကြီးသားများက ကျေးဇူးရှင်ကြီးတွေ နေရာမှာ အမြိုင့်သားထိုင်ကာ ကိုယ့်လူမျိုးချင်း ဂုပ်သွေးစုပ်လို့ ကောင်းနေကြတော့တာပ။

တန်ရာတန်ရာဆိုတာ အင်မတန် မှန်တယ်။ လူထုဟာ သူတို့နဲ့ ထိုက်တန်တဲ့ အစိုးရကိုသာ ရတယ်။

လူထုရဲ့စိတ်ဓာတ်အဆင့်အတန်းက မြင့်မားရင်၊ လူနေခြုံကြား စိတ်နေဘုံဖျားတွေသာ ဖြစ်နေကြမယ်ဆိုရင် လူထုအပေါ် စေတနာ ထားတဲ့ အစိုးရနဲ့ မလွဲမသွေ ညားမှာ။ လူထုရဲ့ စိတ်ဓာတ်ကိုက အောက်တန်းကျနေလေတော့ အောက်တန်းကျကျ အစိုးရနဲ့ ညားရတာလည်း လောက နိယာမသဘောပဲ။

ဟုတ်တယ်လေ။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အဲဒီ့ အင်္ဂလိပ်စာ ဆန့်ကျင်ရေး ခေတ်ကြီးကိုပဲ ကြည့်။ အင်္ဂလိပ်ကို မုန်းတာနဲ့ အင်္ဂလိပ်စာကိုပါ ဆန့်ကျင်လိုက်ကြတာများ နလပိန်းတို့ တိုင်းပြည်ကြီး ဖြစ်သွားတဲ့ အထိပဲ။

စနစ်ကိုချည်း အပြစ်တင်လို့ မရပါဘူး။ ကျွန်တော်လည်း အဲဒီ့ ခေတ်စနစ်ထဲမှာ လူဖြစ်ခဲ့ရတာပဲ။ ၁၉၆၄ ခုနှစ် ပညာရေးစနစ်သစ်ကြီးနဲ့ တိုးပြီး ငါးတန်းမှ အင်္ဂလိပ်စာ သင်ခဲ့ရတာပဲ။

လူမျိုးခြား မုန်းတီးရေး စိတ်ဆိုး စိတ်ပုပ်

ကျွန်တော့်မှာ အင်္ဂလိပ်ကို မုန်းရအောင် အင်္ဂလိပ်က ကျွန်တော့်အမေကို မဟားဒယား လုပ်သွားခဲ့တာလည်း မဟုတ်။ သူ့ကျွန်ဘ၀လို့သာ ပြောတာ၊ ဗိုလ်အောင်ကျော်ဆိုတဲ့ ကျောင်းသားလေး သေရတာလည်း သေနတ်နဲ့ အပစ်ခံခဲ့ရတာ မဟုတ်။ သူများ တိုင်းပြည်က သယံဇာတတွေ ယူတယ်လို့သာ ပြောတာ၊ တိုင်းပြည်ကို အခွံချည်း ဖြစ်အောင် လုပ်သွားကြတာလည်း မဟုတ်။ စည်းနဲ့ စနစ်နဲ့ နေကြတဲ့လူမျိုး၊ တာဝန်သိတဲ့ လူမျိုး၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမှန်း သိတဲ့ လူမျိုး၊ အမြော်အမြင်ရှိတဲ့ လူမျိုးတွေ။ ဆရာကြီး ရွှေဥဒေါင်း စကားနဲ့ ပြောရင် gentlemen တွေ။ မိမဆုံးမ ဖမဆုံးမတွေ မဟုတ်ဘူး။

ကျွန်တော့်အဖေနဲ့ အမေလည်း ကိုလိုနီခေတ်မှာ လူဖြစ်ရတာပဲ။ သူတို့ဆီကလည်း အင်္ဂလိပ်ဆန့်ကျင်ရေး၊ မုန်းတီးရေး စကားတွေ မကြားဖူးခဲ့ပါဘူး။ ဂျပန်ဖက်ဆစ်တွေ ရမ်းကားတဲ့အကြောင်းသာ အမေတို့၊ အဘွားတို့၊ အဘိုးလေးတို့၊ ကြီးတော်တို့တွေဆီက ကြားခဲ့ရဖူးပါတယ်။ အင်္ဂလိပ်တွေနဲ့ပတ်သက်လို့ ကျွန်တော့် ပတ်ဝန်းကျင်မှာ အကောင်းတွေပဲ ကြားခဲ့ရတယ်။ လူကြီးလူကောင်းဆန်ဆန် ကိုင်တွယ် ဖြေရှင်းပုံတွေပဲ ကြားဖူးတယ်။

အဲတော့ ကျွန်တော်က ခေတ်ရေစီးကြောင်းရဲ့ အုတ်သဲကျောက် အရောအနှော ရောင်းဝယ်ရေးမှာ ဘယ်နေရာကမှ မပါခဲ့ဘူး။ ဒါ ကျွန်တော့် ရွေးချယ်မှုပဲ။ ကျွန်တော့် ရပ်တည်မှုပဲ။

လောကကြီးမှာ ကျွန်တော် အမုန်းဆုံး အရာကို ပြောပါဆိုရင် မျိုးချစ်စိတ်တို့၊ ဇာတိမာန်တို့ပဲ ဖြစ်ပါတယ်။ အဲဒါ ဘယ်က စသလဲဆိုရင် အမေက စတယ်လို့ပဲ ဖြေရမှာပါ။

အမေက မန္တလေးသူဆိုတာကို လွှတ်ဂုဏ်ယူတယ်။ ဘောလုံးပွဲတောင် မန္တလေးအသင်းမှ နိုင်စေချင်တယ်။ ကျန်တဲ့အသင်းကို ဆဲတယ်။ ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်ခဲ့ဘူး။ ကျွန်တော်က မန္တလေးမှာမွေးပြီး လွိုင်ကော်၊ လောပိတ၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန်တို့မှာ ကျောင်းနေ ကြီးပြင်းခဲ့ရသူပါ။ ကျွန်တော် အမေ့ စိတ်ကို နားမလည်ဘူး။

မှန်ပါတယ်။ ခုနေအခါမှာ မန္တလေးသူ အမေ၊ မန္တလေး ပ၀တ္တိ အဘွားတို့ရဲ့ ကျေးဇူးကြောင့် မန္တလေးဇာတိ ကျွန်တော်ဟာ ဗမာစာ ဗမာစကားကို ပျမ်းမျှ အဆင့်ထက် သာလွန်ပြီး မှန်မှန်ကန်ကန် အသံထွက်တတ်၊ စကားကြွယ်တတ်နေပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော့် အားထုတ်မှုမပါဘူး။ ကံပစ်ချလိုက်တဲ့အတိုင်း မန္တလေးသူ အမေ့ဗိုက်ထဲ ၀င်စားလိုက်လို့သာ မန္တလေးမှာ သွားမွေးတာလေ။ ပါခစ္စထန်က မူစလင်မကြီး ဗိုက်ထဲ သွားဝင်စားရင် ကုလားလေးဖြစ်လာပြီး ကုလားစကား ကြွယ်နေမှာပေါ့။ ပေါက်ဖော်မကြီး ဗိုက်ထဲ သွားဝင်စားရင် ပေါက်ဖော်လို ပြောနေမှာပေါ့။ ရှင်းနေတာပဲ။

ကိုယ့်အားထုတ်မှု မပါတဲ့ အရာကြီးကို ဂုဏ်ယူတာလောက် ပေါချာချာနိုင်တာ မရှိဘူး။

ဇာတိမာန်ဟာ ပေါချာချာ

စကားစပ်တုန်း ပြောရဦးမယ်။ ကျွန်တော် လူမှန်းသိတော့ ကျောင်းအတူတက်ဖက် တစ်ယောက်က မူစလင်။ သူ့အဖေက အဖေနဲ့ တစ်ရုံးတည်း၊ စာရင်းဌာနမှာ အလုပ်လုပ်တယ်။ အသားမည်းမည်း၊ မုတ်ဆိတ်ကျင်စွယ် ထူထူ၊ အရပ်ပုပု၊ ထိပ်ပြောင်ပြောင်နဲ့ ကုလားမှန်း သိသာတဲ့ပုံနဲ့။ အဖေတို့က သူ့ကို အပ္ပနားလို့ ကွယ်ရာမှာ ခေါ်ကြတယ်။ အဲဒီ့ အပ္ပနားရဲ့ သားနဲ့ ကျွန်တော်နဲ့က တစ်ကျောင်းတည်း၊ တစ်တန်းတည်း ကစားဖက် ဖြစ်ခဲ့ပါတယ်။ အဲဒါ ကျွန်တော့်ဘ၀မှာ ပထမဆုံး တွေ့ဖူးတဲ့ ဘာသာကွဲ။

မဟုတ်သေးဘူး။ မန္တလေးမှာကတည်းက ဘာသာကွဲတွေနဲ့ ဆုံဖူးတာ။ အမေ့ သူငယ်ချင်းတစ်ယောက်က ဒေါ်မိမိကြီးဆိုတာ။ အမေနဲ့ အင်မတန် ချစ်တယ်။ ၈၁ လမ်းပေါ် ဘုရားနီဘုရားရဲ့ တောင်ဘက်နားလေးဆီက ၀င်းကြီးတစ်ဝင်းမှာ နေကြတာ။ ကုလားသူဌေးတွေပေါ့။ တိုက်ကြီးက အကြီးကြီး။ ကျွန်တော် ကလေးတုန်းက အဲဒီ့ အန်တီ မိမိကြီးရဲ့ အဖေကြီး ရှိသေးတယ်။ ကုလားအဘိုးကြီးပေါ့။ ကျွန်တော်က ဘုမသိ ဘမသိနဲ့ အဲဒီ့ အဘိုးကြီးကို ကြောက်ခဲ့သေးတာ။

အဲဒီ့ အန်တီမိမိကြီးတို့အိမ်ကို အမေက အမြဲဝင်ထွက်နေတော့ ကျွန်တော်လည်း ကန့်လန့် ကန့်လန့် ပါသွားခဲ့တာပေါ့။ သူတို့အိမ်က ကျွေးတဲ့ မုန့်တွေ စားပေါ့။

အန်တီမိမိကြီးရဲ့ ညီမ အန်တီမိမိလေးဆိုတာလည်း ရှိသေးတယ်။ အဲဒီ့ အန်တီမိမိလေးက အိမ်ထောင်ကွဲဆိုတော့ အန်တီမိမိကြီးလောက် မတွေ့ရဘူး။ ဒါပေမယ့် သူ့သမီးနဲ့ ကျွန်တော်နဲ့က ရွယ်တူ၊ ကစားဖက်။ အခုတော့ သင်းက တိရစ္ဆာန်ဆရာဝန်မကြီးပေါ့။ နောက်ဆုံး တွေ့တော့ သူက တိမွေးကုဌာနတစ်ခုမှာ တာဝန်ထမ်းဆောင်နေဆဲ။ ကျွန်တော့်ကို ခင်မင်ရှာဆဲ။

အဲဒါ ကျွန်တော်နဲ့ ပတ်သက်ဖူးသော ဘာသာကွဲများရဲ့ အစပါ။

တောင်ကြီးမှာ ကျောင်းနေတော့ ရှမ်းပြည်နယ်က ရှမ်းတွေနဲ့ ခင်လာခဲ့တယ်။ မန္တလေးမှာ ကျောင်းအိပ် ကျောင်းစားနေတော့ ချင်းပြည်နယ်က ကျောင်းလာတက်သူနဲ့ ခင်မင်လာခဲ့သလို ညဈေးတန်းမှာ ဆိုင်ထွက်တဲ့ သူငယ်ချင်းက မူစလင် ကုလားလေး။ ခင်တာပဲ။

ရန်ကုန်ကျောင်းကျတော့ လူက ပိုစုံတယ်။ ခရစ်ယာန်တွေ၊ မူစလင်တွေ၊ ပေါက်ဖော်တွေ၊ ဟိန္ဒူတွေ၊ မန်ကျည်းသီး ကုလားတွေ စုံတကာ့ကို စေ့နေတာပဲ။

ရှိသေးတယ်။ အမေက ကျွန်တော့်လိုပဲ၊ ဒါမှမဟုတ်၊ ကျွန်တော်က အမေ့လိုပဲ၊ ပါးစပ်က ဗလွတ်ရွှတ်တ အကုန်ထွက်တယ်။ အမေတို့ ဖြတ်သန်းတဲ့ ခေတ်အရ ကုလားစကားတွေလည်း တစ်လုံးစ နှစ်လုံးစ အမေက တတ်တယ်။ ကျွန်တော် စာရေးတဲ့အထဲမှာတောင် ရှေ့နားလေးမှာ နိမ်းဟေး… ဂျောင်းဆိုပြီး ကုလားစကားကို ထည့်သုံးခဲ့တာ စာဖတ်သူ လူကြီးမင်းများ သတိထားမိခဲ့ကြမှာပါ။ အဲဒါ အမေ့ဆီက တတ်လာတာတွေပဲ။

အဲတော့ ကျွန်တော့်မျက်စိထဲမှာ ဘာသာကွဲ၊ လူမျိုးကွဲတွေအပေါ် ထူးခြားတဲ့ အမြင်မျိုး မရှိဘူး။ လူဟာ လူပဲလို့သာ ကလေးကတည်းက မြင်နေခဲ့တယ်။

အဲတော့ မျိုးချစ်စိတ်တွေ၊ ဇာတိမာန်တွေ ပြောလာရင် ဘယ်လို အန်ချင်မှန်းကို မသိဘူး။ ပြောတဲ့သူကို ဦးနှောက်မရှိတဲ့သူ၊ ပေါချာချာ သွပ်တွပ်တွပ်လို့ကို မြင်နေမိတော့တာ။ ဘယ်တတ်နိုင်မလဲနော် 😀 

ခုကျတော့ ပိုဆိုးလာတယ်။

သေချာ စဉ်းစားလာမိလို့။ ဟစ်တလာတို့၊ ဖက်ဆစ်စနစ်တို့မှာလည်း အဲဒီ့ မျိုးချစ်စိတ်တွေ၊ ဇာတိမာန်တွေကိုပဲ လွှတ် ရှေ့တန်းတင်တာကို မြင်လာလို့။

သည်အခါ မျိုးချစ်စိတ်၊ ဇာတိမာန်ဆိုတာ လူယုတ်မာတွေ မွေးတဲ့စိတ်ပဲလို့ နားလည်လာတယ်။ သူတော်ကောင်း တရား ဟုတ်ကို မဟုတ်ဘူး။ ဘုရားက ဇာတိမာန်တွေ မျိုးချစ်စိတ်တွေကို ရှေ့တန်းတင်ပြီး တစ်ခါမှလည်း မဟောဖူးဘူး။

အဲတော့ အင်္ဂလိပ်ကိုလည်း မုန်းစရာလို့ တစ်ခါမှ မမြင်ဖူးသလို အင်္ဂလိပ်စာကိုလည်း ဘာသာစကားတစ်ခုအဖြစ်သာ အစောကြီးကတည်းက နားလည်ထားခဲ့ပါတယ်။ ဘာသာစကားဆိုတာ သော့ တစ်ချောင်းပဲ။ အဲဒီ့ ဘာသာစကားကို တတ်ရင် အဲဒီ့လောကထဲ ဖွင့်ဝင်နိုင်မှာပဲ။ အဲလိုပဲ မြင်ခဲ့မိပါတယ်။

ဒါတွေ ရေးနေတုန်းတန်းလန်းမှာ အဖြစ်တစ်ခု ဖြစ်သွားတာ ရှိသေးသဗျ။

ဒေါက်တာနိုးအိပ်မက်

ကျွန်တော့်ဆရာ ဒေါက်တာနိုး (ဆရာ ဦးသာနိုး) ဆီမှာ စာသင်တဲ့အကြောင်း ထည့်ရေးမိတာဗျာ၊ ဘယ်လိုက ဘယ်လိုဖြစ်တယ် မသိဘူး။ အဲဒီ့ ဧပြီလ ၇ ရက်နေ့ညက ဆရာဦးသာနိုးကို အိပ်မက် မက်ပါရောလား။

ခါတိုင်းဆို အိပ်မက်ကို မှတ်မိလေ့ မရှိဘူး။ အဲဒီ့ညကတော့ လန့်တောင်နိုးတယ်။ အိပ်မက်ကလည်း လတ်လတ်ဆတ်ဆတ်ကြီး jဖစ်နေသလို အိပ်မက်ထဲက ဖြစ်ရပ်ကိုလည်း မှတ်မိနေတယ်။ ဆရာနိုးကိုလည်း သည်တစ်ဘ၀လုံး အဲဒီ့ တစ်ခါပဲ အိပ်မက် မက်ဖူးတယ်ဗျ။

ပွဲတစ်ပွဲမှာ ဆရာနိုးက ပြောနေတယ်။ ကျွန်တော်က ဘာသာပြန်ရတယ်။ ကျွန်တော်က ဆရာနိုးပဲဆိုပြီး နားထောင် မနေလိုက်ဘူး။ ပြီးတော့မှ ကျွန်တော့် ဘာသာပြန်ခိုင်းတော့ ချောက်ပေါက်တိုးတော့တာပေါ့။ ကျွန်တော်မှ အစအဆုံး နားထောင်မနေလိုက်မိတာကိုး။ အလှည့်ကျတော့ မနွဲ့ရဘူးဆိုပြီး ကျွန်တော်လည်း ခပ်တည်တည်နဲ့ ထင်ရာတွေ လျှောက်ပြောတော့တာပေါ့။

သည်မှာတင် ဆရာနိုးက သူ့ထုံးစံအတိုင်း မဲ့လို့ ရွဲ့လို့ ကျွန်တော့်ကို နှိပ်ကွပ်ပါရောလား။ ဘုရား… ဘုရား… အိပ်မက်က အဲသလို မက်တာဗျ။

အိပ်ရာကနိုးတော့ လူတောင် ကယောင်ခြောက်ခြား ဖြစ်သွားရသေးတယ်။ ဆရာ ကျန်းမာရဲ့လား မသိဘူးလို့လည်း တွေးမိသွားရပြန်သေးသလို ဆရာ ကျန်းမာပါစေလို့လည်း ဆုတောင်းလိုက်ရပါတယ်။

ဆရာနိုး စာသင်တာက အဲသလိုဗျ။ မျက်နှာပေး အမျိုးမျိုးနဲ့ စိတ်ပါလက်ပါ အကျသင်တာ။ စာသင်တုန်းတော့ ဆေးလိပ်မသောက်ပါဘူး။ ဒါပေမယ့် ကျောင်းသားတွေကို လေ့ကျင့်ခန်းပေးထားပြီး သူက လေ့ကျင့်ခန်းတွေ ထိုင်စစ်တဲ့အခါမျိုးကျရင်တော့ သောက်ပါပြီဗျာ၊ မနားတမ်း။ တစ်လိပ်ပြီး တစ်လိပ် မီးကူးပြီးကို သောက်တော့တာ။

ကျွန်တော်တို့ ဖြတ်သန်းတဲ့ ခေတ်က အဲသလို။ ဆေးလိပ်သောက်ခြင်းသည် ဘာဖြစ်သည်၊ ညာဖြစ်သည်တို့ ပြောပြီး ဆေးလိပ်သောက်သူတွေကို ခွဲခြား နှိမ်ချဆက်ဆံတဲ့ ခေတ်မဟုတ်ဘူး။ ခေတ်ကောင်းလို့ ဆိုရမှာပေါ့။ လေယာဉ်ပေါ်တောင် ဆေးလိပ်သောက်လို့ ရသေးတဲ့ခေတ်။

ကဲ… လည်ထွက်နေတဲ့ တောရောက် တောင်ရောက်တွေကို လက်စသတ်ပြီး ဘ၀ဇာတ်ဘက် ပြန်လှည့်လိုက်ဦးမယ်။

ခွေးအ လည်ပြန်

ပြန်သာလှည့်ရတာ မေ့တဲ့ဟာတွေက တော်တော် မေ့ကုန်ပြီ။ နှစ်တွေလည်း ကြာခဲ့မှကိုး။ ခုနေ အဲတုန်းက စာနယ်ဇင်းတွေသာ ပြန်လှန်လှောကြည့်ခွင့်ရမယ်ဆိုရင် အတော် ပြန်မြင်ယောင်လာနိုင်စရာတွေ ရှိလာမှာပါ။

ဒါပေမယ့် အစစ ကြွယ်ဝ ပြည့်စုံတဲ့ ရွှေပြည်ကြီးလေ။ အဲဒါမျိုးတွေ လိုက်လှန်ဖို့၊ သုတေသနလုပ်ဖို့ စာကြည့်တိုက်က ဘယ်နား သွားရှာရမှာတဲ့လဲ။ အမျိုးသား စာကြည့်တိုက်ဆိုတာကြီးက နေပူတော်မှာ။ နေပူတော်ကို အားတိုင်း ရောက်နေသည့်တိုင် အဲဒီ့ အမျိုးသားစာကြည့်တိုက်ဆိုတာကြီး ရှေ့ကသာ ဖြတ်သွားဖူးတာ။ အထဲမှာလည်း ၀န်ထမ်းတွေကလွဲလို့ လူနဲ့ တူတာ ဖြူဖြူလေးတောင် မမြင်မိ။ စည်ကားပုံ ပြောပါတယ်။

အမှန်တော့ များများတောင် မဟုတ်ဘူး။ ၁၉၇၀ ပြည့် ၀န်းကျင်ဆီက မဂ္ဂဇင်းတွေနဲ့ သတင်းစာတွေ ဟိုဟိုသည်သည် ပြန်လှန်လိုက်တာနဲ့တင် ပြန်ပေါ်လာနိုင်စရာ အကြောင်းတွေ အများကြီးရယ်။

ခုကျတော့ ကျွန်တော့်ရဲ့ မေ့တတ်တဲ့ သညာကိုပဲ အားပြုနေရပါတယ်။

ကိုးတန်းနှစ်မှာ သိပ်မှတ်မှတ်ရရတွေ မရှိခဲ့ဘူး ထင်တယ်။

အမှတ်ရတာကတော့ အဲဒီ့အချိန်မှာ ဇော်ဝမ်းဆိုတဲ့ မင်းသားတစ်လက် တစ်ဟုန်ထိုး စတင် ကျော်ကြားလာတာပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။ သူက သီချင်းဆိုလည်း ကောင်းလေတော့ သူ့သီချင်းတွေကိုလည်း ကျွန်တော် ကြိုက်ခဲ့၊ ဆိုခဲ့ဖူးတာတွေ ရှိတယ်။ စတီရီယို သီချင်းကတော့ လားရှိုးသိန်းအောင် သီချင်းတွေကို အကြိုက်များသလို အဆိုလည်း များတယ်။ ပလေးဘွိုင် တီးဝိုင်းလည်း ပေါ်နေပြီ။ စိန်လွင့်သီချင်းတွေလည်း ကြိုက်တတ်၊ လိုက်ဆိုတတ်နေပြီ။ စိုင်းထီးဆိုင်လည်း စ ပေါ်နေပြီ ထင်ပါတယ်။ မောင်မနေတတ်ဘူးတို့၊ တို့နှစ်ယောက်ရဲ့ အချစ်တို့ကို တစ်ဖက်အိမ်က ဖွင့်တာတွေ ကြားနေတတ်ခဲ့ပြီ။

ဂစ်တာလည်း တဗျန်းဗျန်းခေါက်နေပြီပေါ့။ ကိုယ်ပိုင် ဂစ်တာ မရှိတော့ သူငယ်ချင်းတွေအိမ် သွားတီးရ၊ ကိုအောငံဂစ်တာ ယူတီးရပေါ့။

သိပ်အမှတ်ရနေမိတာက ဂစ်တာဥယျာဉ် သီချင်းစာအုပ်တွေပါ။ ဂစ်တာ ခေါ့(ဒ်)တွေနဲ့ သပ်သပ်ရပ်ရပ် ထုတ်တဲ့ သီချင်းစာအုပ်တွေပါပဲ။ အဲတုန်းကတော့ မသိဘူးပေါ့။ ဇော်မင်းရဲ့ ဂစ်တာဥယျာဉ် သီချင်းစာအုပ်ဆိုပြီး အတွဲလိုက် ထွက်တာပါ။

နောက်မှ သိလာရတာက ဂီတလောကမှာ ဇော်မင်းနှစ်ယောက်ရှိတာမို့ သူ့ကို ဇော်မင်းကြီးလို့ ခေါ်ကြပြီး သီချင်းဆိုတဲ့ ဇော်မင်းကို ဇော်မင်းလေးလို့ ခေါ်ကြတယ်လို့ပါပဲ။

ဇော်မင်းလေးဆိုလို့ ဇော်မင်းလေးဆိုတဲ့ စတီရီယို သီချင်းတွေကို တစ်ခါမှ မှတ်မှတ်သားသား မကြားဖူးပေမယ့် သူက ရေဒီယို သီချင်းကိုလည်း ဆိုခဲ့သေးတော့ ဆရာရွှေပြည်အေးရေးပြီး သူဆိုတဲ့ သီချင်းတစ်ပုဒ်ကိုတော့ မှတ်မိနေပါသေးတယ်။ အချစ်နဲ့ စလာ ကမ္ဘာကြီးကို… လှစ်ဖွဲ့ကြကာသာ တစ်နည်းဆို… ချစ်ခဲ့ကြရာမှာလည်း ကိုယ့်အသည်း မြင့်မိုရ်လိုဆိုတဲ့ စာသားနဲ့ပါ။ ဆရာရွှေပြည်အေး လက်ရာပီပီ တေးသွားရော စာသားပါ အတော် အဆင်ပြေလှတဲ့ သီချင်းလေးမို့ မှတ်မိနေတာပါ။

ကိုးတန်းနှစ်မှာ အဖေကလည်း အငှားယာဉ်မောင်းနေပြီမို့ အိမ်က စီးပွားရေး အခြေအနေကလည်း အရင် အဖေ ၀န်ထမ်းဘ၀တုန်းကလို သိပ်မချို့တဲ့လှတော့ပါဘူး။ အဲတော့ ကျွန်တော်လည်း ကျူရှင်တွေ ယူနိုင်ခဲ့တယ်ပေါ့။ ကျူပ်ရှင်လခက တစ်လမှ ကျပ်တစ်ဆယ်ပေးရတာပါ။ ဒါပေမယ့် အဲဒီ့ကျပ်တစ်ဆယ်ဟာ အဲဒီ့အချိန်မှာ နှယ်နှယ်တော့ မဟုတ်ပါဘူး။ ထမင်းတစ်ခါစား ၇၅ ပြားနဲ့ အ၀စား ဆိုင်တွေ ရှိနေသေးတဲ့ ခေတ်ပေါ့။ ကျပ် တစ်ဆယ်လောက်ရှိရင် လူသုံးယောက်လောက် တရုတ်ဆိုင် ကောင်းကောင်းမှာ ဟင်း သုံး-လေးပွဲနဲ့ ကောင်းကောင်း စားနိုင်တဲ့ ခေတ်လို့ပဲ ဆိုပါစို့ရဲ့။

သည်အပိုင်းမှာ ပြောကြတာ… 

Thet Chow ၈၁ လမ်းပေါ် ဘုရားနီဘုရား နားက ဒေါ်မိမိကြီးတို့ အိမ်မှာ မန်းလေးရောက်ရင် တည်းခဲ့တာ မိဘချင်းသိတ်ခင်တာ တိရစ္ဆာန်ဆရာဝန်မကြီး ကလဲ သူငယ်ချင်းဘဲ။

ATK အယ်… ခင်မာလွင်နဲ့ ညည်းနဲ့က ငယ်ဂျင်းဒေလား။ ကမ္ဘာကြီးက ကျဉ်းချက်အေ။

Thet Chow ခင်မာလွင်ရော ခင်ဝေလွင်ရော ငယ်ငယ်က စာတွေ ရေးရတာ အမော

Soe Myat Myo Shwe လူမျိုးခြားမုန်းတီးရေး စိတ်ဆိုး စိတ်ပုပ်စာပိုဒ် ဗိုလ်အောင်ကျော် သေနတ်နဲ့ အပစ်ခံရတာပါ။ အပြစ်မဟုတ်ပါ

Aung Thein Kyaw သန်းဦးဘာဗျာ။ ပြင်လိုက်ပါ့မယ်။

Mung Shadan ဆေးလိပ်သောက်တဲ့သူတွေကို ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ခွဲခြားဆက်ဆံတဲ့ ခေတ်မဟုတ်ဘူး။

Win Min Oo Comet ဆက်ပါဦးဗျို့

၂၀၁၅ ခုနှစ် ဧပြီလ ၁၅ ရက် (ဇင်းမယ်မှာ ရေးပါတယ်)

ကျွန်တော်က ဆရာနိုးရဲ့ ကျူရှင်က လွဲရင် ကျန် ကျူရှင်တွေမှာ အလွန်ဗရုတ်ကျတယ်။ ကျွန်တော့်ပါးစပ်က ဗလွတ်ရွှတ်တ အကုန်ထွက်တယ်။ ဆရာများကလည်း သည်းခံကြပါတယ်။ ဆရာဦးထွန်းဦးကျော်ကတော့ ကျွန်တော်တို့ နောက်ပြောင်ရင် သူက ပြန်နောက်ရင်း စာလမ်းကြောင်းပေါ်က ပျောက်မသွားအောင် ထိန်းထားတတ်ပါတယ်။ ဆရာမြတ်ထိန်လင်းကတော့ အင်မတန် ရိုးပါတယ်။ နောက်ရင် ရယ်လို့သာ နေပြီး သူ့စာ သူသင်ပါတယ်။ ဆရာမြတ်ထိန်လင်းက အဲတုန်းက ငယ်ငယ်နုနု၊ လူပျိုလေးပါ။ ဒါလဟိုဇီလမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားက ချက္ကရာဘာတီဆိုတဲ့ အဆောက်အအုံ အပေါ်ထပ်မှာ စာသင်ပေးပါတယ်။

ကျွန်တော်က အပြင်ရောက်တာနဲ့ အိမ်ထဲမှာ ကျဉ်းကျပ်ရသမျှ၊ ကြောက်ရသမျှ အားလုံးကို အထုပ်ဖြည်ပါတော့တယ်။ အဲတော့လည်း ကျွန်တော့် ပါးစပ်က ဗလွတ်ရွှတ်တ။ လူတကာကို စ နောက်၊ အရာရာကို သောနေတော့တာပါပဲ။

ကျူရှင်တက်တာဟာ စာသင်ဖို့ထက် ပျော်ဖို့က ပိုများနေခဲ့ပါတယ်။ ရွယ်တူ ကောင်မလေးတွေကို ငမ်းရတာလည်း အရသာတစ်ခုပေါ့ဗျာ။

ဝါသနာဘာဂီ ဆက်တိုင်းမီ

တစ်ခါလည်း ရေးခဲ့ပြီးပါပြီ။ ယောက်ျားလေးချည်း သီးသန့်ထားတဲ့ကျောင်း၊ မိန်းကလေးချည်း သီးသန့် ထားတဲ့ ကျောင်းမှာ နေခဲ့ရသူတွေဟာ ကြီးကောင်ဝင်စ အရွယ်ကတည်းက ဆန့်ကျင်ဘက်လိင်နဲ့ နီးစပ်ယဉ်ပါးဖူးခြင်း အလျဉ်းမရှိခဲ့တဲ့အတွက် နွားသိုးကြိုးပြတ်တွေ အလွန်ဖြစ်လွယ်တဲ့အကြောင်းပါ။ ကျွန်တော်ကတော့ အဲဒီ့လို ကျောင်းမျိုးမှာ ကိုယ်တိုင်လည်း နေခဲ့ရတာမို့ ဘယ်လိုမှ မနှစ်မျို့ပါဘူး။

အမှန်တော့ ထွေလီကာလီစိတ် မထားတဲ့ ဆန့်ကျင်ဘက်လိင် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဟာ လူ့ဘ၀မှာ အမြဲတစေ ရှိသွားကြတာချည်းပါပဲ။ ဆန့်ကျင်ဘက်လိင် မြင်တိုင်း စိတ်ရိုင်းဝင်တတ်အောင် အဲလို သီးသန့်ကျောင်းတွေက ပျိုးထောင် လေ့ကျင့်ပေးခဲ့သလားတောင် မပြောတတ်ဘူး။

ကမ္ဘာကျော်ကြီး တစ်ယောက်ဆိုရင်လည်း အလားတူပဲ။ ကနေ့အခါမှာ သွေးဆုံးတာ နှစ် ၂၀ လောက် ရှိပြီဖြစ်ပေမယ့် ဆန့်ကျင်ဘက်လိင်နဲ့ တွေ့ရင် ညုချင်တဲ့ ဉာဉ်ကလေးကို ပြလို့ ကောင်းနေတုန်းပါ။ သူဆို အထက်တန်းကျောင်းတင် သီးသန့်ကျောင်းမှာ နေခဲ့ရရှာတာ မဟုတ်ဘူး။ တက္ကသိုလ်တောင်မှ ကျား-မ သီးသန့်ခွဲထားတဲ့ ကျောင်းမှာ နေခဲ့ရရှာတာကိုး။ အဲတော့လည်း သူ့ရာဇ၀င်မှာ သူအကဲမရခဲ့တာပေါင်း အလီလီဟာ တစ်သီကြီး ရှိနေရှာတော့တာပဲ။

သူများသာ ပြောနေတယ်၊ ကျွန်တော် သေခါနီးကြီးလည်း အဲသလို ဖြစ်တုန်းဗျ။ (ဒါ့ကြောင့်လည်း မြွေမြွေချင်း ခြေချောင်းလေးတွေက အစ မြင်နေမိတယ် ထင်ပါ့။) 😀 ဆန့်ကျင်ဘက်လိင်သာ ဖြစ်လို့ကတော့ ကျွန်တော့်ရဲ့ သွေးသား ကလီစာထဲက ညုတတ်တဲ့ ဇက အော်တိုမက်တစ် ပြနေတုန်း။ ကျွန်တော့် အိမ်သူကဆို အမြဲ ပြောတယ်။

“ရှင့်မျက်ခွက်ကို မြင်စရာ မလိုဘူး။ ရှင့်လေသံ နားထောင်တာနဲ့တင် တစ်ဖက်လူက ယောက်ျားလား၊ မိန်းမလားဆိုတာ တန်း ပြောလို့ရတယ်။ ယောက်ျားချင်းကျရင် ရှင့်လေက မာရေကျောရေနဲ့။ မိန်းမသာ ဖြစ်လို့ကတော့ ၁၄ နှစ်ပဲဖြစ်ဖြစ်၊ ၆၀ ကျော်ပဲ ဖြစ်ဖြစ် ရှင့်လေသံကိုက ပြောင်းသွားတာ…”တဲ့ဗျ။

အဲဒါ ကျွန်တော် တယ်လီဖုန်းပြောတဲ့ လေနဲ့ ပတ်သက်လို့ သူပေးတဲ့ မှတ်ချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော့်ကို ပေါင်းလာတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့လည်း အကြောင်းသိဖြစ်နေတာမို့ သူပြောတာ မလွန်ဘူး ထင်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်ကိုး။ 🙂 

ထားပါတော့ဗျာ။ ကိုးတန်းမှာ ကျူရှင်တက်တဲ့အကြောင်းပဲ ပြန်သွားကြရအောင်ပါ။ အဲဒီ့ ကျူရှင်တွေမှာက တစ်တန်း တစ်တန်းကို လူခြောက်ဆယ်၊ တစ်ရာ ရှိလေတော့လည်း ပျော်စရာကြီးပေပဲပေါ့။

ကျေးဇူးရှင် စာအုပ်အငှားဆိုင်

ကိုးတန်းရောက်တော့ လူမှန်း သူမှန်းက တော်တော်သိလာပြီ။ ဆယ်တန်းနားလည်း နီးလာပြီဆိုတော့ မကြာခင် ငါ လူကြီးဖြစ်ရတော့မယ်ဆိုတဲ့ အသိနဲ့ လူကြီးဂိုက်လည်း ပိုထုတ်လာပြီပေါ့။ မိဘတွေကလည်း ဆယ်တန်း အောင်ပြီးရင် ခွင့်ပေးမယ်လို့ ပြောထားတာတွေကလည်း အများသား မဟုတ်လား။ အဲတော့လည်း မျှော်လင့်ချက်များနဲ့ ဝေဆာနေတော့တာပေါ့။

ကိုးတန်းဖြေပြီးတော့ နွေကျောင်းပိတ်ရက်လို့ ထင်ပါတယ်။

ကျွန်တော်တို့ အိမ်နဲ့ မလှမ်းမကမ်းက လွစ္စလမ်းမှာ စာအုပ်အငှားဆိုင်သစ် တစ်ဆိုင် ပေါ်လာတယ်။

နေဦးဗျ။ လွစ္စလမ်းဆိုလို့ အဲဒီ့ လွစ္စလမ်း အလယ်လမ်းမှာ မင်းသားကြီး ၀င်းဦးရဲ့ တိုက်ခန်း တစ်ခန်း ရှိတယ်။ ဘားလမ်း အထက်လမ်းမှာလည်း သူ့တိုက်ခန်းတစ်ခန်း ရှိပြန်တယ်။ ကျွန်တော်က သူ့တိုက်ခန်း လိပ်စာတွေ မှတ်ထားတယ်။ အဲဒီ့ရှေ့က ဖြတ်လျှောက်သွားတဲ့အခါတိုင်း သူ့ကို တွေ့ရနိုးနဲ့ ကြည့်တတ်ပါတယ်။ တစ်ခါမှတော့ မတွေ့ခဲ့ရပါဘူး။

မြို့ထဲမှာ သွားရင်း လာရင်း ကားချင်းတော့ နှစ်ခါ သုံးခါ ဆုံဖူးတယ်။ ငေးကြည့်နေရအောင်ကို ချောတဲ့သူဗျ။ အသားအရေ၊ ဂိုက်ဆိုက် တကယ်ကောင်းတာ။ ကားစတီယာရင် ကိုင်ပုံကအစ သူက အင်မတန် စတိုင်ကျတဲ့သူ။ သူ့ကို လူကြည့်မှန်း သိတယ်ထင်ရဲ့။ မင်းသားကြီးက အလွန် ဂိုက်ပေးကြမ်းပဲ။ ကျွန်တော့်မှာ သူ့မြင်ရင် မကြည့်ဘဲ၊ မငေးဘဲကို မနေနိုင်ခဲ့ဘူး။ အဲလောက် ကြိုက်တာ။

လွစ္စလမ်းဆိုတာနဲ့ ၀င်းဦးဆီ ရောက်သွားတာပဲ ကြည့်တော့။ အမေကဆို ပြောတယ်။ နင်က ၀င်းဦးကို နင့်အဖေထက်တောင် ချစ်သေးဆိုပဲ။ ဟုတ်မှာပါ။ ၀င်းဦးက ကျွန်တော့်ကိုမှ မရိုက်ခဲ့ဖူးတာကိုး။ 😀 

အဲ… အဲဒီ့ လွစ္စလမ်း၊ ဖရေဇာဘက်က ၀င်ရင် ၀င်ဝင်ချင်း ညာဘက်က တိုက် အတွင်းဆုံး အခန်းမှာ စာအုပ် အငှားဆိုင်သစ်တစ်ဆိုင် ပေါ်လာခဲ့တယ်။ “ကျော်ဇင်စာပေ”တဲ့။ ပေါက်ဖော်ရုပ်နဲ့ ပုဂ္ဂိုလ်ကြီး ဖွင့်ထားတဲ့ဆိုင်။ ထူးခြားတာက အဲဒီ့ ပေါက်ဖော်ကြီးရဲ့ ဆိုင်က ဆိုင်ထိုင်က အိန္ဒိယသွေး ပါမှန်း သိသာတဲ့ အမျိုးသမီးဗျ။

အဲဒီ့ဆိုင်ကလည်း ကျွန်တော့်ဖြစ်တည်မှုအတွက် အများကြီး အကျိုးပေးခဲ့ပါတယ်။ တစ်နည်းပြောရရင် ကျွန်တော့် ကျေးဇူးရှင်ထဲမှာ ပါတယ်။

ကျေးဇူးရှင်ထဲ ပါဆို၊ သူ့ဆိုင်မှာ စာအုပ်က အလွန်စုံတယ်။ စာရေးဆရာတွေရဲ့ စာအုပ်တွေ အတော် စုံစုံလင်လင် ရှိတယ်။ မောင်သိန်းဆိုင်၊ နတ်နွယ်၊ မောင်မောင်မြင့်လွင်၊ ၀င်းဦး၊ မောင်သာရအစရှိတဲ့ စာရေးဆရာများရဲ့ စာအုပ်တွေကို တစ်အုပ်မကျန်အောင် အဲဒီ့ဆိုင်က ငှားဖတ်ခဲ့ရတာပါ။ ဒါ့အပြင် အဲဒီ့ ဆိုင်ရှင် ဦးမြင့်ဝေဆိုတဲ့ ပေါက်ဖော်ကြီးကလည်း စာနှံ့ပုံရတယ်။ ကျွန်တော် ငှားနေကျ၊ ဖတ်နေကျ အမျိုးအစားကို ကြည့်ပြီး ဘယ်စာအုပ်လေး ဖတ်သင့်တယ်၊ ဘယ်စာရေးဆရာကိုဖြင့် မြည်းသင့်တယ် စသဖြင့် ညွှန်းညွှန်း ပေးတတ်ပြန်သေးတယ်။

သူ ညွှန်းတာမို့ မဖတ်လိုက်နဲ့ ကောင်းတာချည်းပဲ။ တကယ့်ကို ကျွန်တော့်ရဲ့ စာဖတ်အားအတွက် ကျေးဇူးရှင် ဖြစ်လာခဲ့တဲ့ ဆိုင်ကလေးပါ။

ကျွန်တော် အသုံးမကျတာက စာကို နင်းကန်ဖတ်တာပါပဲ။ အရေအတွက်များများ ဖတ်ဖြစ်တယ်လို့ ဆိုရမှာပါ။ အရည်အသွေးနဲ့ ဖတ်တာ မဟုတ်တော့ဘူးပေါ့။ စာတစ်ကြောင်းချင်း၊ တစ်ပိုဒ်ချင်းရဲ့ အရသာကို ခံဖို့ထက် မြန်မြန်ပြီးအောင် ဖတ်တာမျိုးပဲ ဖြစ်ပါတယ်။ အဲတော့ ခေါင်းထဲ သိပ် တင်မကျန်ဘူးပေါ့။

နောက်တစ်ခုက အငှားဆိုင်က ငှားလာတဲ့ စာအုပ်မို့ အောက်မျဉ်းသားတာတွေ၊ မှတ်စု မှတ်တာတွေလည်း မလုပ်နိုင်ပါဘူး။ အဲတော့လည်း ဘာမှ တင်မကျန်တာ ပါပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ စာကတော့ မနားတမ်း ဖတ်ဖြစ်နေပါတော့တယ်။ အမြန်ပဲဖတ်ဖတ်၊ အနှေးပဲဖတ်ဖတ်၊ အဖတ်သိပ်များလာတဲ့အခါ ဘာသာစကား စွမ်းရည်က အလိုလို တိုးတက်လာပါတော့တယ်။

ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ ကျေးဇူး

ဆယ်တန်းတက်တဲ့အခါကျတော့ မန္တလေးက ဂုဏ်ထူး ဦးသိန်းနိုင်က ရန်ကုန်ကို ကူးလာပြီး ကျူရှင်လာဖွင့်တဲ့ အခိုက်နဲ့ ကြုံပါတယ်။ ကျွန်တော်ကိုးတန်းနှစ်မှာကတည်းက သူက လာဖွင့်တာပါ။ ရန်ကုန်နဲ့ မန္တလေးကို လေယာဉ်နဲ့ ကူးပြီး စာသင်တဲ့ ဆရာဆိုပြီး နာမည်ကြီးပါတယ်။

အဲဒီ့အချိန်က ဆရာဦးသိန်းနိုင်က ရန်ကုန်မှာ အခြေမချသေးပါဘူး။ မန္တလေးမှာပဲ နေနေတာပါ။ အဲတော့ ရန်ကုန်ကို လေယာဉ်နဲ့လာပြီး ကျူရှင်သင်ပါတယ်။

သူ့လက်ထောက်ဆရာက ယနေ့အခါမှာ အကယ်ဒမီတွေ တစ်သီကြီးရတဲ့ ဇာတ်ညွှန်း ဆရာအဖြစ် ထင်ရှားတဲ့ ငြိမ်းမင်းပါ။ အဲတုန်းကတော့ ဆရာဦးမျိုးအောင်ပေါ့။

ကျွန်တော်တို့ခေတ်က မြန်မာစာ ကျူရှင်ယူတယ်ဆိုတာ သိပ် ခေတ်မစားသေးပါဘူး။ မြန်မာစာ ကျူရှင်အစ ဦးသိန်းနိုင်ကလို့တောင် ဆိုရမှာပါ။ ကျောင်းက ကျွန်တော်တို့ အတန်းထဲမှာဆို မြန်မာစာ ကျူရှင်ယူသူဆိုတာ မရှိသလောက် ရှားပါတယ်။ ကျွန်တော်နဲ့ ကျူရှင်တကာမှာ ဆုံတဲ့ ကိုရွှေဘိုနီတောင်မှ မြန်မာစာ ကျူရှင်တော့ မတက်ပါဘူး။

ကျွန်တော်တစ်ယောက်သာ သွားတက်တာပါ။ လိုအပ်လို့ မဟုတ်ပါဘူး။ နာမည်ကျော်ဆိုတော့ စပ်စုချင်စိတ်ရယ်၊ အဟဲ… ကောင်မလေးတွေ ငမ်းချင်စိတ်ရယ်နဲ့ပါ။

ဟား… တက်မိတာ မှန်သွားတယ်ဗျာ။

ဆရာဦးသိန်းနိုင်ဆီမှာ မြန်မာစာ တက်လိုက်ပြီး သိပ်မကြာဘူးခင်ဗျ။ မြန်မာစာကို ချစ်သွားပါတော့တယ်။ အဲဒါ ဆရာ့အစွမ်းပါပဲ။

နောက်တစ်ခု အမြတ်ထွက်တာက တစ်သက်လုံး ရေးလာတဲ့ ရေးထုံးအလွဲတွေကို သိလာတော့တာပါပဲ။ တစ်သက်လုံးက “ကါ”တို့၊ “တါ”တို့၊ “စါ”တို့ဆိုပြီး မောက်ချတွေ သုံးလာရာက “ကာ၊ တာ၊ စာ”ဆိုပြီး အမှန်ရေးတတ်လာတာ ဆရာကျေးဇူးပါပဲ။ အဲဒါတွေက ကျောင်းမှာ မသင်ပါဘူး။ ရကောက် ၀တ်ဆံ ပါမှ မှန်၊ ခုနစ်မှန်သမျှ မပါရ။ ဂငယ်၊ ဂငယ် ၀တ်ဆံပယ်၊ ရှစ်မယ်ဆံခတ် အမြဲမှတ် ဆိုတာမျိုးကလည်း ဆရာ့ဆီက ရလာတာတွေပါ။

နောက်တစ်ခုကတော့ အဲဒီ့သင်တန်းမှာ စာစီစာကုံးကို အပတ်စဉ် ရေးရပါတယ်။ ပြီးတော့ လက်ထောက် ဆရာတွေက စစ်ပေးပါတယ်။ ကျွန်တော်လည်း ရေးတော့တာပေါ့ဗျာ။ လက်ထောက်ဆရာတွေကလည်း မှတ်ချက်လေးတွေ ပြန် ပြန်ရေးပေးတယ်။ ဘယ်နားလေးကို ဘယ်လိုရေး၊ ဘယ်လို အကြောင်းအရာလေးတွေ ထည့်ရေးရင် ပိုဝေဆာမယ် စသဖြင့်ပေါ့။ ကျွန်တော့်အတွက် မှတ်ချက်ကတော့ “စာစီစာကုံးကို ၀တ္ထုလို မရေးပါနှင့်”ဆိုတာပါပဲ။

သေချာတာကတော့ မြန်မာစာကို ချစ်သွားတာ ဆရာဦးသိန်းနိုင် ကျေးဇူးပါပဲ။

ဆရာ့သွန်သင်မှုနဲ့ ကျွန်တော့် နချက်

နောင် ကျွန်တော် အင်္ဂလိပ်စာ သင်တော့ ဆရာဦးသိန်းနိုင်က ကျွန်တော့်ကို ပြောပါတယ်။

“မင်းသင်တဲ့ ဘာသာကို ချစ်သွားအောင် သင်ပါ။ ကြောက်သွားအောင် မသင်ပါနဲ့”တဲ့။

ကျွန်တော် ငတုံးက အဲဒီ့စကားကို သဘောမပေါက်ပါဘူး။ အဲတော့လည်း အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ဘူးပေါ့ခင်ဗျ။

နောင် နှစ်ပေါင်းများစွာ ကြာတော့မှ ဆရာ့စကားကို သဘောပေါက်လာခဲ့ပါတယ်။

ကိုယ်သင်တဲ့ ဘာသာရပ်ကို ကြောက်အောင် သင်ပေးတတ်တော့မှ ချစ်အောင် သင်တယ်ဆိုတာကို သဘောပေါက်လာတာပါ။ ကြောက်အောင် သင်တယ်ဆိုတာက ကိုယ်ကချည်း တတ်ကြောင်းတွေ စွတ်ပြ၊ ဘယ်လိုခက်တာ၊ ဘယ်လို ဂရုစိုက်ရတယ်၊ ဘယ်လို မှားတတ်တယ်ဆိုတာချည်း ပြောပြ သွန်သင်တဲ့ နည်းပါ။ တစ်နည်းပြောရရင် ကိုယ်သင်တဲ့ ဘာသာရပ်ကို ကိုးကွယ်ခိုင်းတဲ့ နည်း၊ ဒါမှမဟုတ်လည်း အပြုသဘော မဆောင်တဲ့ နည်းနဲ့ ကျောင်းသားကို ဖြဲခြောက်တဲ့နည်းလို့ ဆိုနိုင်ပါလိမ့်မယ်။

ချစ်အောင် သင်တယ်ဆိုတာကတော့ ဘာသာရပ်ကို ကိုယ်တိုင်က မြတ်နိုးသလို အဲဒီ့ ဘာသာရပ်ရဲ့ ကောင်းကွက်တွေ၊ အားသာချက်တွေကို စာသင်သားများ မြင်လာအောင် လုပ်ပေးရင်း အဲဒီ့ ဘာသာရပ်မှာ ကြုံရမယ့် အခက်အခဲတွေကိုလည်း ဘယ်လို အလွယ်တကူ ကျော်လွှားနိုင်မယ်ဆိုတာ လမ်းပြသွားတာမျိုး ဖြစ်ပါတယ်။

ကျွန်တော့် ကျူရှင်ဆရာ လုပ်သက် စောစောပိုင်းမှာ အဲဒါမျိုး ကျွန်တော် မလုပ်တတ်ခဲ့ပါဘူး။ ကျောင်းသားတွေကို ဖြဲခြောက်တဲ့ နည်းကိုသာ သုံးဖြစ်ခဲ့ပါတယ်။ ဆရာ့စကားကို သဘောမပေါက်ခဲ့တာပါ။

ဘာသာရပ်ကို ချစ်အောင် သင်တဲ့နေရာမှာ ဆရာဦးထွန်းဦးကျော်တို့၊ ဆရာမြတ်ထိန်လင်းတို့၊ ဆရာဦးမြမော်တို့လည်း ပါပါတယ်။ သင်္ချာဆရာတွေကတော့ အဲသလို ချစ်အောင် မသင်နိုင်ခဲ့ကြဘူး ထင်ပါတယ်။ ဆရာနိုးသင်တာလည်း ဘာသာစကားကို ချစ်အောင် သင်တယ်လို့ ဆိုနိုင်မယ် မထင်ဘူး။ ဆရာကတော့ ချစ်အောင် သင်ကောင်း သင်မှာပါ။ ကျွန်တော်ကိုက ဆရာ့ကို ရွံ့နေလို့လည်း ဖြစ်နိုင်ပါတယ်။

စာသင်တယ်ဆိုတာ လူတစ်ယောက်ရဲ့ ပင်ကို စရိုက်နဲ့လည်း သက်ဆိုင်မယ် ထင်ပါတယ်။ ဆရာ ဦးသိန်းနိုင်က ညင်သာ သိမ်မွေ့တဲ့သူ။ အပြောအဆို ရည်မွန် ယဉ်ကျေးတဲ့သူပါ။ အဲတော့ နားဝင်အောင် ဖျောင့်ဖျ သင်ကြားပေးနိုင်ပါတယ်။ သူ့လက်ထောက် ဆရာဦးမျိုးအောင်ဆိုလည်းပဲ အလားတူပါပဲ။

ကျွန်တော်ကတော့ ပင်ကို စရိုက်ကိုက တုတ်ထိုးအိုးပေါက်။ ဒေါသကလည်း ကြီးသေးတယ်။ သည်လောက် လွယ်တာကိုမှ မတတ်ရကောင်းလားဆိုပြီး ဒေါသတွေ လွှတ်ကြီးချင် ကြီးသွားမိတတ်တော့ ကျွန်တော်သင်တဲ့ ဘာသာရပ်ကို စာသင်သား ချစ်လာအောင် လုပ်ဖို့ဆိုတာ ကျွန်တော်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပေတော့တာပေါ့။

ဆရာ ဦးသိန်းနိုင်ဆီမှာ တစ်ပတ်မှ တစ်ရက်ပဲ တက်ရတာပါ။ ကြာသပတေးနေ့ ညပိုင်း တစ်ချိန်ပဲ တက်ရတာကိ မှတ်မိနေပါသေးတယ်။ တစ်ရက်မှ မပျက်အောင် ကျွန်တော် သွားတက်ခဲ့ပါတယ်။ ပျော်လို့ပါ။ တစ်ခါတလေ ကျွန်တော်က ဗရုတ်ကျ၊ ဆရာနဲ့ တပည့် စင်ပေါ်နဲ့ စင်အောက် အပြန်အလှန် ပွဲထုတ်နေကြတာ တစ်တန်းလုံး တအုံးအုံး ရယ်နေရတတ်ပါတယ်။

ကျွန်တော် ဆယ်တန်းအောင်ပြီးသွားတဲ့နောက် လေး-ငါးနှစ် ကြာတဲ့အထိ အတန်းထဲမှာ ဗရုတ်ကျသူတွေကိုဆို ဆရာဦးသိန်းနိုင်က ကျွန်တော့်ကို နမူနာ ထားထားပြီး ပြောတတ်တယ်လို့ ပြန်ကြားရပါတယ်။ မင်းတို့ ဗရုတ်ကျတယ်ဆိုတာ အောင်သိန်းကျော်ကို မမီဘူးပေါ့။ သို့သော် အောင်သိန်းကျော်က ဗရုတ်သာကျတာ၊ အချိန်တန်တော့ ဆယ်တန်းကို ကောင်းကောင်းမွန်မွန် ဖြေဆို အောင်မြင်ခဲ့တဲ့ အကြောင်းကို ပြောပြလေ့ရှိတယ်လို့ ဆရာ့ဆီမှာ တက်ဖူးသူတွေက ပြန်ပြောပြကြပါတယ်။

နေဦးဗျ။ လွဲကုန်ပြီ။ ဆရာဦးသိန်းနိုင်ဆီမှာ တက်ခဲ့တာ ဆယ်တန်း ဒုတိယနှစ်မှပါ။ ပထမနှစ်က ဆရာဦးသိန်းနိုင်ရဲ့ မြန်မာစာ သင်တန်းကို သွားမတက်သေးပါဘူး။

ဆယ်တန်းပထမနှစ်က အပျော်လွန်သွားတာများ အဲဒီ့နှစ် ဆယ်တန်းကို မအောင်တဲ့အထိပါပဲလို့တောင် ဆိုရမှာပါ။

သူငယ်ချင်းကို လွမ်းပါသည်

ကိုရွှေဘိုနီနဲ့က အဲဒီ့အချိန်မှာ တအား လုံးနေပါပြီ။ နှစ်ကိုယ့်တစ်စိတ် ပေါင်းသင်းနေပြီ ဖြစ်တဲ့အချိန်ပါ။ အားအားရှိ သူ့အိမ် ရောက်နေတတ်ပါတယ်။

သူနဲ့ ကျွန်တော်က Scrabble ဆိုတဲ့ အင်္ဂလိပ်အက္ခရာများကို စာလုံးဖော်တဲ့ ကစားနည်းကိုလည်း အသေအကျေ ကစားခဲ့ကြသူတွေပါ။ သူမဆုံးခင်က တစ်ရက်လောက် ပြန်ကစားရအောင်လို့ ပြောဖြစ်ခဲ့ဖူးပေမယ့် သူသာ သေသွားတယ်၊ ကျွန်တော်တို့ နှစ်ယောက် အသက်တွေကြီးမှ ပြန်မကစား ဖြစ်တော့ပါဘူး။ အခု ရေးပြတော့မှ တော်တော် လွမ်းလာပါတယ်။ ဘက်ညီတဲ့ တစ်ယောက်လောက်နဲ့ ကောင်းကောင်း ကစားလိုက်ချင်မိနေသေးတယ်။

အခုနေ Scrabble ထိုင်ကစားရရင် ကောင်းမယ်။ ကွန်ပျူတာမှာ ကစားလို့ရပေမယ့် လူနဲ့ လူချင်း ကစားရတာမျိုးလိုတော့ အရသာ မတွေ့လှတာလည်း အမှန်ပါပဲ။

သည်အပိုင်းမှာ ပြောကြတာ…

Alex Moe Scrabble ဆော့တာမတွေ့ ဖူးတော့ဘူး. ဂိမ်းပဲဆော့ကြတော့တယ်

ATK ကျွန်တော်တို့ ခေတ်ကတည်းက scrabble ကစားတဲ့သူ တော်တော် ရှားနေပါပြီ။ မြန်မာစာသည် တို့စရာ၊ မြန်မာစကားသည် တို့စားဆိုတဲ့ ဇာတိမာန်တန်ခိုး ထင်ပါရဲ့ဗျာ 

စု စုအေး အမေတို့ ကစားရင် အမှတ်ရေဖူးတယ် ကိုယ်တိုင်မကစားဖူးဘူး ဟိ

ATK ဘိုမဂျီးးးး လုပ်ဖူး ကိုင်ဖူး စားဖူး သောက်ဖူး (when expressing experience) ဖနဲ့ ဖူးတယ်။ မသိဘူး မလုပ်ဘူး ဘူးခံချင်ရင် (to express negative) ဘနဲ့ ဘူးတယ်လို့ မှတ်ကွယ်(စ်)… ဟိ(စ်)

Shin Shin Aung Htun ကလေးကို ကျောင်းထားတော့မယ်ဆို ဆရာ ရေးထားတာကို ထည့်သွင်းစဉ်းစားရတော့မယ် ဟိဟိ

စု စုအေး အော် ဖူးကို နဂ္ဂတစ်ချင်ရင် ဘူးရတယ်လား မှတ်ထားလိုက်ပီ

Kyi Kyi Khin ကမ္ဘာကျော်ကြီး ဖြစ်အင် ခွိခွိ။

Moemakha Hlaing ဆရာဂုဏ်ထူးဦးသိန်းနိုင်နဲ့  သင်ဖူးပါတယ်။ ဆရာဦးမြတ်သင်း သင်္ချာကျူရှင်မှာ အပတ်စဉ် အလကား သင်ရတာပါ။ ဆရာနဲ့က တစ်ခါနှစ်ခါပဲ သင်ဖူးတာပါ။ ဆရာ ဦးတင်ဝင်းသျှင်က ပုံမှန် လာသင်ပေးတာပါ။ ဆရာဦးမျိုးအောင်လည်း တစ်ခါ လာသင်ပေးဖူးတယ်။ မြန်မာစာကို ချစ်တတ်အောင် သင်ပေးခဲ့တဲ့ ဆရာတွေဆိုတာ အမှန်ပါပဲ။

Shwe Gyi ကျွန်တော်လည်း ဆရာ့အထုပ်ထဲက သူအကြောင်းဖတ်မိတိုင်း ကျွန်တော်တို့ ဆုံခဲ့တဲ့ အချိန်လေးကို သတိရမိတယ်ဆရာရေ၊၊ သူ့ ကိုလည်း လွမ်းမိတယ်၊၊ သူ့ ဆီက သိပ်မသင်ခဲ့ရတာ အနာဆုံးပဲ၊၊ 

ATK ဘ၀ဆိုတာ သည်လိုပါပဲ Ka Shwe ရေ့။ ၀င်းဦးစကားနဲ့ ပြောရင်တော့ တွေ့ ကြုံ ဆုံ ကွဲ ဖြစ်မြဲဓမ္မတာပေါ့ဗျာ။ ကျွန်တော့်ဘ၀တစ်လျှောက်မှာ ချစ်သူ ခင်သူ မြတ်နိုးသူတွေနဲ့ တွေ့ခဲ့ ကြုံခဲ့ ဆုံခဲ့ ပေါင်းခဲ့ပြီး ရှင်ကွဲ သေကွဲ ကွဲနည်းအဖြာဖြာနဲ့ ခွဲခဲ့ရတာတွေလည်း များပြီပေါ့။ နေလာခဲ့တဲ့ သက်တမ်းမှ သိပ်မနည်းလှတော့ပြီပဲလေ။

သေသူကို ရှင်သူက တ ကျန်ရစ်ရတာလည်း လောကတံထွာ ဓမ္မတာပါပဲလေ။

အသင့်အတင့် နှလုံးသွင်းရမှာပေါ့။ ရှင်နေသခိုက်ကလေးမှာ စိတ်ဆိုး စိတ်ပုပ်တွေ ပါးနိုင်သမျှ ပါးအောင် အတတ်နိုင်ဆုံး ကြိုးစားရင်း လွမ်းစရာဆိုလည်း လွမ်းလိုက်၊ မေ့သွားတဲ့အခါလည်း မေ့လိုက်နဲ့ပဲ ကျန်တဲ့ရက်တွေကို ဆက်လက်ဖြတ်သန်းကြရမှာပေါ့ဗျာ။

Mung Shadan ဟာဆြာလည်း စကားလုံးဆက်တမ်းကစားခဲ့ဖူးတာကိုး။ ကျနော်လည်းအရမ်းကြိုက်တယ် အခုလည်း အိမ်မှာ ဝယ်ထားပြီး တစ်ယောက်ထဲ တစ်ခါတစ်လေဆော့ဖြစ်သေး

Thet Chow သည်လောက်ကြိုက်တာ ဝင်းဦး ရဲ့ biography ရေးပါလား။ သူ့ကို ကိုယ့် taste မဟုတ်လို့ မကြိုက်ပေမဲ့ သူ့ရဲ့ စွမ်းရည် ဝိရိယ အနုပညာကိုတော့ သိတ်လေးစားပါတယ်။ သူဘာလုပ်လုပ် ကွာလတီကို သိတ် အလေးထားတာကို သဘောအကျဆုံးဘဲ။ တချိန်က ကြူ ရှင်အကျော် အမော် ဆရာကြီးများလည်း စာသင်တာ ဒီလောက်ကောင်းကြ တာ သူတို့ရဲ့ Teaching technique တွေကို Seminar တို့ training တို့ ပေးခွင့်ရလိုက်ရင် ဘယ်လောက်ကောင်းမလဲနော်။

ATK ၀င်းဦး အတ္ထုပ္ပတ္တိကို ရေးချင်ပါတယ်။ သူ ဆုံးခါစက သူနဲ့ ထိစပ် ပတ်သက်ခဲ့ဖူးသူတွေကို တွေ့ဆုံ မေးမြန်းပြီး သူတို့ပြောတဲ့ ၀င်းဦးအကြောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ မဟေသီမဂ္ဂဇင်းမှာ အခန်းဆက် ရေးခဲ့ဖူးတယ်။ ချိုပြုံး၊ အောင်လွင်၊ ခင်ယုမေ၊ ၀င်းဦးရဲ့ မိထွေးတော် ဒေါ်အုန်းခင်၊ သူ့ညီ အောင်မိုးစသဖြင့်ပေါ့။

အခုတော့ အဲဒီ့စာမူတွေ ဘယ်ရောက်ကုန်မှန်းလည်း မသိတော့ဘူး။ မဟေသီအဟောင်းတွေလည်း ဘယ်လိုက်ရှာရမှန်း မသိတော့ဘူး

ပြည့်ပြည့်စုံစုံလည်း မရလိုက်ပါဘူး။ အဲဒီ့တုန်းက သုံးဆယ်ကျော်၊ မာန်ကလေး တစွေးစွေးနဲ့ဆိုတော့ မဟေသီရဲ့ ရပ်တည်ချက်ကို သည်းမခံနိုင်တော့တာနဲ့ ရပ်ချပစ်ခဲ့တာပေါ။ အခုကျတော့ နှမျောနေမိတယ်။

ကျူရှင်ဆရာတွေနဲ့ ပတ်သက်တဲ့ မှတ်ချက်အတွက်ကတော့ ဗမာပြည်ကြီးမှာ …ရင် ဘယ်လောက်ကောင်းမလဲနော်ဆိုတာတွေက တစ်သီကြီးပါ သူငယ်ချင်းရယ်။

Thet Chow သက်ပြင်းချယုံ မှလွဲ ရ်ျ ကျမကကော ဘာများတတ်နိုင်ပါဦးမည်တည်း။

ATK သြော… ဗန်းမော်သက်မာ ဖြစ်သွားရှာသကိုး

Thet Chow ဟိ

Ei Yupar Win အရီးစံရဲ့ စကားလုံးတွေကို အကြိုက်ဆုံးပဲ။ ဆရာ့အကြောင်း အဲဒီလောက်တောင် ပိုင်ပိုင်နိုင်နိုင်သိနေတာ။

၂၀၁၅ ခုနှစ် ဧပြီလ ၁၆ ရက် (ဇင်းမယ်)

ကိုရွှေဘိုနီက ဆိုခဲ့တဲ့အတိုင်း လူကုံထံမိသားစုက ပေါက်ဖွားတာမို့ သူတို့အိမ်မှာ အဲသလို ကစားနည်းများအတွက် ပစ္စည်း စုံစုံလင်လင် ရှိပါတယ်။ ဒါ့အပြင် ကစားနည်း အထောက်အကူပြု စာအုပ်တွေလည်း ရှိတယ်။ အခုထက်ထိ သူ့အဖေ ကျွန်တော့်ကို ပေးထားတဲ့ Scrabble ကစားနည်း စာအုပ်တစ်အုပ်ရယ်၊ နိုင်ငံခြားကလာတဲ့ (အင်္ဂလန်ပြည်ဖြစ်တောင် ထင်တယ်) Scrabble ကစားစရာ ကတ်ပြားနဲ့ စာလုံးအစုံအတွဲရယ်က ကျွန်တော့်ဆီမှာ ရှိနေပါသေးတယ်။

ကိုရွှေဘိုနီက စစ်တုရင်လည်း အလွန် ကျွမ်းပါတယ်။ ကျွန်တော်က စစ်တုရင်ကို အရုပ်တွေ ကောင်းကောင်း ရွှေ့တတ်ပေမယ့် နိုင်အောင် မကစားနိုင်ပါဘူး။ ကျွန်တော်မှ ကွက်ကျော် မမြင်တတ်တာကိုး။ ကိုရွှေဘိုနီက အဲဒီ့အတတ်မှာ တစ်ဖက်ကမ်းခတ်ပါတယ်။ အဲတော့ လေး-ငါးပွဲလောက် ကစားပြီးတဲ့နောက် သူနဲ့ ကျွန်တော် တစ်သက်စာ စစ်တုရင် မထိုးကြတော့ပါဘူး။

Scrabble မှာကျတော့ နှစ်ယောက်စလုံး လက်ညီပါတယ်။ ကစားတဲ့အခါ လူတွေရဲ့ စရိုက်တွေက ပေါ်လာတယ်။ ကျွန်တော်က ညစ်တတ်တယ်။ ညစ်တယ်ဆိုတာက ဘောင်အတွင်းက ညစ်တာပါ။ သည်ကောင်ကလည်း ဘောင်အတွင်းကပဲ ကျွန်တော့်ကို ပြန်ညစ်ပါတယ်။ Scrabble မှာ ပညာသားပါပါနဲ့ ညစ်နည်းကို အဲဒီ့ကောင် ကျွန်တော့်ကို သင်ပေးခဲ့တာလို့ ပြောလို့ရပါလိမ့်မယ်။

သေချာတာကတော့ သူက အလေ့အကျင့်ပိုများတဲ့အတွက် အကွက်တွေကို ကြိုမြင်တယ်။ အကွက်တွေကို အဆင့်ပေါင်းများစွာ ကြိုပြီး တွက်ချက် စဉ်းစားလေ့ရှိတယ်။

နောင်အခါကျတော့ သူက ပြောပြပါတယ်။ သူ့အဖေရဲ့ လေ့ကျင့်ပျိုးထောင်မှုတဲ့။ သူ့အဖေက စာလည်း အင်မတန် ဖတ်သလို အဲဒီ့ ကစားနည်းတွေကိုလည်း အင်မတန် စိတ်ဝင်စားပါတယ်။ စစ်တုရင် ထိုးနည်း၊ စာလုံးဆက် ကစားနည်း၊ ရုပ်ပုံအပိုင်းအစပေါင်းစုံကို ရုပ်ပုံပြန်ဖော်နည်း အစရှိတဲ့ ဉာဏ်သုံးရတဲ့ ကစားနည်းတွေအတွက် သီးသန့်စာအုပ်တွေ အစုံလည်း သူတို့အိမ်မှာ ရှိခဲ့ပါတယ်။ ဘိုနီက အဲဒါတွေကို ဖတ်ရှုမှတ်သား၊ အဖေနဲ့ ကစားရင်း လက်ရည် တက်လာခဲ့တာပါပဲ။

လောကမှာ ဆံရယ်၊ အသံရယ်၊ ကံရယ်၊ ဉာဏ်ရယ်က တစ်ယောက်နဲ့ တစ်ယောက် ယှဉ်လို့ မရဘူးလို့ အဆိုရှိပါတယ်။

သိပ်မှန်တာပေါ့။ ဆံပင်လည်း ပျော့တဲ့သူက ပျော့၊ ကောက်တဲ့သူက ကောက်၊ သန်တဲ့သူက သန်၊ မသန်တဲ့သူက မသန်။ သူ့ဟာနဲ့သူ ဖြစ်နေတာ။ အသံလည်း ထိုနည်းလည်းကောင်း။ အတိတ်ကံလို့ ဗုဒ္ဓဘာသာဝင်တွေ သက်ဝင်ယုံကြည်ကြတဲ့ လူဖြစ်ရတဲ့ ကံချင်းကျတော့လည်း မယှဉ်သာပါဘူး။

ဘိုနီ့ကံနဲ့ ကျွန်တော့်ကံနဲ့က တခြားစီပါ။ မိဘတွေရဲ့ ကြွယ်ဝချမ်းသာမှုကို အသာဖယ်ထားဦး၊ စာဖတ်တဲ့၊ စာကောင်းကောင်းတတ်ပြီး တစ်အိမ်လုံး အင်္ဂလိပ်လို ပြောတဲ့ မိဘများဆီမှာ ပေါက်ဖွားတာကိုက သိပ်ကို အားကျစရာ ကောင်းတဲ့၊ တော်ရုံလူ မယှဉ်နိုင်တဲ့ ကံပါ။

သူ့မိဘဘိုးဘွားအစဉ်အဆက် ကြွယ်ဝပုံကလည်း တကယ့်ကြောက်စရာပါခင်ဗျ။ သူ့အဘိုး၊ သူ့အဖေရဲ့ အဖေက အင်္ဂလိပ်လက်ထက်က ပညာရေးဝန်ကြီးပါ။ စစ်ကိုင်းဦးဘိုးသင်းရဲ့ အတ္ထုပ္ပတ္တိစာအုပ်ထဲမှာလည်း ပါခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရလက်ထက်မှာ ၀န်ကြီးဖြစ်ဖို့က တော်ရိလျော်ရိနဲ့ မဖြစ်နိုင်ပါဘူး။ သူတို့ အင်္ဂလိပ်တွေနဲ့ တန်းတူ စာတတ်ပေတတ်မှ ဖြစ်တာပါ။ အဲသလို စာတတ်ပေတတ်ဖြစ်ဖို့ကလည်း မိဘတွေက ကျောင်းကောင်းမှာ ထားနိုင်အောင် ကြွယ်ဝချမ်းသာနေမှသာ ဖြစ်ပါလိမ့်မယ်။

ကျွန်တော် သေချာတော့ မသိဘူး။ ဘိုနီ့ ဘိုးဘေးများဟာ မြစ်ဝကျွန်းပေါ်ဘက်မှာ ဆန်စက်တွေ ပိုင်ဆိုင်ခဲ့ကြဖူးတယ်လို့ သိထားပါတယ်။

မြေပိုင်ရှင်သူကြွယ်ကြီးများ

ကျွန်တော်သိတာကတော့ ရန်ကုန်မြို့မှာ လက်ညှိုးထိုးမလွဲအောင် မြေကွက်တွေ အများကြီး ပိုင်ဆိုင်တာပါပဲ။

အဲဒီ့မြေကွက်တွေဟာလည်း တကယ့် လူကုံထံ ရပ်ကွက်တွေမှာ ကျယ်ကျယ်ပြောပြောကို ပိုင်ဆိုင်တာပါ။ နမူနာ တစ်ခုပဲ ပြောပါ့မယ်။ ကနေ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာ လမ်းမကြီးပေါ်က နိုင်ငံခြားဘာသာ တက္ကသိုလ် မြေကွက်ကြီးတစ်ခုလုံးဟာ ဘိုနီ့အဖေဆီကနေ အစိုးရက သိမ်းယူသွားခဲ့တဲ့ မြေကွက်ကြီး ဖြစ်ပါတယ်။ ဒါ များစွာသော နမူနာထဲက တစ်ခုပါ။

နောက်နမူနာတစ်ခုကတော့ ကျွန်တော် ရှေ့နေလုပ်နေစဉ် ကျွန်တော့်ကို အပ်တဲ့ အမှုပါ။ အဲဒါလည်း အန်ကယ် ရောင်းစားချင်တိုင်း ရောင်းစားခဲ့လို့ ကျန်တဲ သင်္ဃန်းကျွန်းဘက်က မြေတွေ ဖြစ်ပါတယ်။ ကျွန်တော့်လက်ထဲကို အဲဒီ့အမှု ရောက်လာချိန်မှာ ကျန်တဲ့ မြေကွက်အရေအတွက်က သိပ်မများပါဘူးခင်ဗျာ။ စုစုပေါင်းမှ ၁၄၄ (တစ်ရာနဲ့မှ လေးဆယ့်လေး)ကွက်ကလေးရယ်ပါ။

အဲဒီ့မြေကွက်တွေပေါ်မှာ ရှိနေတဲ့ ကျူးကျော်တွေကို ကျွန်တော် ဘယ်လို ရှင်းတတ်မှာလဲဗျာ။ အဲဒီ့အမှုလည်း ကျွန်တော့်လက်ထဲသာ ရောက်လာပါတယ်။ ဘာခရီးမှ မရောက်ခဲ့ပါဘူး။ အရင် အန်ကယ့်အဖေ လက်ထက်က အဲဒီ့မြေကွက်မှုတွေ ကိုင်ခဲ့တဲ့ ရှေ့နေ အဘိုးကြီး တစ်ယောက်ကို အင်းစိန်မှာ ကျွန်တော် သုံး-လေး-ခေါက် သွားတွေ့ခဲ့ပါသေးတယ်။ ဘိုးတော်စကားအရ အဆုံးထားရမယ့် မြေတွေမှန်း သိလိုက်ပါတယ်။ အဆုံးထားလိုက်လို့လည်း အန်ကယ်တို့မှာ တခြားမြေကွက်ကောင်းတွေက အဲဒီ့အချိန်အထိ အတော်အတန် ကျန်နေပါသေးတယ်။

အဲသလို မြေကွက်ပေါင်းများစွာကို တစ်တိတစ်တိ ချရောင်းပြီး ဘိုနီ့ဖခင်ဟာ တစ်သက်လုံး ဘာအလုပ်ဆို ဘာအလုပ်မှ မလုပ်ဘဲ ဇိမ်ကျကျ စတိုင်အပြည့်နဲ့ နေသွားခဲ့တာ ဖြစ်ပါတယ်။ သူကိုယ်တိုင် အလုပ်မလုပ်တဲ့ အပြင် အလုပ်လုပ်တဲ့သူတွေကို သရော်တတ်ပါသေးသတဲ့။ အဲလို သရော်တဲ့အကြောင်းတော့ ဘိုနီ ပြောပြလို့ သိတာပါ။

ဘိုနီ့ ဖခင်က တစ်ဦးတည်းသော သားပါ။ မိဘ ဘိုးဘွားက အဲသလောက် ကြွယ်ဝချမ်းသာတော့ တကယ်လည်း သူ ဘာအလုပ်မှ လုပ်စရာ မလိုခဲ့ပါဘူး။ ၀ါသနာပါတာတွေ လျှောက်လုပ်နေခဲ့ရင်း ဘ၀ကို အေးချမ်းစွာ၊ ဇိမ်ကျစွာ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

အန်ကယ်က တစ်ဦးတည်းသော သားဖြစ်တာနဲ့အညီ ကျွန်တော့်ကိုလည်း ဘိုနီ့ သူငယ်ချင်းတကာအနက်မှာ ရှားရှားပါးပါး တစ်ဦးတည်းသော သားအဖြစ်နဲ့ မှတ်မှတ်ထင်ထင် ရှိနေခဲ့ပါတယ်။ ကျွန်တော့်ကို ဆယ်ခါဆုံရင် ကိုးခါမှာ သူပြောနေကျ စကားတစ်ခုရှိပါတယ်။ သူပြောတာကတော့ အင်္ဂလိပ်လိုပါ။ အဓိပ္ပာယ်ကတော့ “သားကောင်းတစ်ယောက်ဟာ ဘယ်တော့မှ လင်ကောင်း မဖြစ်နိုင်ဘူး၊ လင်ကောင်းတစ်ယောက်ဟာလည်း ဘယ်တော့မှ သားကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။ အဲဒါ တစ်ဦးတည်းသော သားတွေရဲ့ ဘ၀ပဲကွ”တဲ့။

ဂလိုကိုး

ငယ်တုန်းကတော့ အန်ကယ့်ဆီက အဲဒီ့စကားကို ခဏခဏ ကြားခဲ့ပြီး အဓိပ္ပာယ်ကို နားလည်သလိုလိုနဲ့ နားမလည်ခဲ့ပါဘူး။ အန်ကယ် ဘာ့ကြောင့် တရရ ပြောတတ်တာလဲလို့လည်း မတွေးတတ်ခဲ့ဘူး။

အဟဲ… ကိုယ်တိုင် အရွယ်ရောက်ပြီး အိမ်ထောင်ကျ၊ ကျွန်တော့် အိမ်ထောင်ရေးကို မေမေက ကောင်းကောင်း သမလေတော့မှ အဲဒီ့စကားကို သဘောပေါက်လာခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်တော်ဟာ လင်ကောင်းတစ်ယောက်ဘ၀ကို ရွေးချယ်ခဲ့ပါတော့တယ်။

အဟဲ… ဘိုနီ ကျွန်တော့်ကို သေတဲ့အထိ ပြောမသွားတဲ့ အန်ကယ့်လျှို့ဝှက်ချက်ကိုလည်း တစ်စုံတစ်ဦးဆီက အမှတ်မထင် သိလိုက်ရာကနေ အန်ကယ် ဘာ့ကြောင့် အဲဒီ့စကားကို ပြောခဲ့တယ်ဆိုတာလည်း သဘောပေါက်လာခဲ့ပါတယ်။

အန်ကယ် ချစ်တဲ့သူက တစ်ယောက်၊ အန်ကယ် လက်ထပ်လိုက်ရသူက တစ်ယောက် ဖြစ်နေခဲ့ပေတာကိုး။ အန်ကယ်က သားကောင်းတစ်ယောက် ဘ၀ကို ရွေးချယ်လိုက်ရတဲ့အတွက် ချစ်တဲ့သူနဲ့ ကွေကွင်းခဲ့ရတာ ဖြစ်ပါလိမ့်မယ်။ အဲဒါကို ရည်ရွယ်ပြီး အန်ကယ်က နှောင်းနောင်တနဲ့ ကျွန်တော့်ကို တွေ့တိုင်းနီးပါး သည်စကားကို အထပ်ထပ်ရွတ်ခဲ့တာပါပဲ။

ဘိုနီက သူသေသည်အထိ သူ့အဖေ ဇာတ်လမ်းကို ပြောမသွားခဲ့သော်လည်း မနေ့ နေ့လယ်ကတော့ လာပြောသွားသဗျ။

ဖြစ်ပုံက မနေ့က နေ့ခင်း တစ်ရေး အိပ်တော့ သင်း ကျွန်တော့်အိပ်မက်ထဲ ရောက်လာတာ။

ရောက်လာမှာပေါ့။ သူနဲ့ ပတ်သက်ပြီး စရေးနေပြီကိုး။

နေဦးဗျ။ သည်အစုတ်ထုပ်ကျမှ ဘာဖြစ်တယ် မသိဘူး။ အစုတ်ထုပ်ထဲ ထည့်ရေးမိရင် ကျွန်တော့် အိပ်မက်ထဲကို မဆိုင်းမတွ ရောက်လာတာ သင်းပါနဲ့ဆို နှစ်ယောက်ရှိသွားပြီ။ ပထမ ဆရာနိုး။ အခု သင်း။

များသောအားဖြင့် အိပ်မက်ဆိုတာ နိုးလာရင် ဝေတေ၀ါးတားပေမယ့် သည်အိပ်မက်နှစ်ခုစလုံးက စင်းစင်းကြီးတွေ။ အကုန် မှတ်မိနေတယ်။

အိပ်မက်ထဲက သူငယ်ချင်း

ဘိုနီက သူ့အဖေနဲ့ ဖြစ်ခဲ့တဲ့ အမျိုးသမီးအကြောင်း ကျွန်တော့်ကို ပြန်ပြောပြတာပါ။ အမယ်… နာမည်နဲ့တောင် အတိအကျ ပြောသွားသဗျ။ နာမည်မှ မြန်မာနာမည်နဲ့တောင် မဟုတ်ဘူး၊ အင်္ဂလိပ်နာမည်နဲ့။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။ အိပ်မက်က အိပ်မက်ပေါ့။

မေမေ့အလိုအရဆိုရင်တော့ သွားလေသူဟာ အိပ်မက်ထဲမှာ စကားပြောပြီဆိုရင် သွားလေသူက လူပြန်ဖြစ်နေပြီလို့ ဆိုသဗျို့။ ဒါက မေမေ့ အယူပါ။

ကျွန်တော်ကတော့ အဲသလို မယူဘူး။ စိတ်ပညာသဘောအရ အိပ်မက်ဆိုတာ လက်တွေ့ဘ၀ထဲက ခံစားချက်တွေကို အထုပ်ဖြည်တာ သက်သက်ပါ။ တစ်နည်းပြောရရင် လက်တွေ့ဘ၀အတွက် ဆင်ခြေဆင်လက်၊ ဖြေပြေရာကို အိပ်မက်နဲ့ ဖော်ကျူးပါတယ်။

ဟုတ်လောက်ပါတယ်။ ဘိုနီနဲ့ ပတ်သက်ရင် ကျွန်တော့်မှာ အားနာစရာတွေ ရှိတယ်။ သူ့ရောဂါ၊ သူ့အခြေအနေကို သိနေပါလျက်ကနဲ့ ကျွန်တော် သူ့ကို သွားမတွေ့နိုင်ခဲ့တာက တစ်ချက်၊ သူ့ဈာပနကို ကျွန်တော် မရောက်နိုင်ခဲ့တာက တစ်ချက်၊ ပေါင်း နှစ်ချက်က အဓိက ဖြစ်ပါတယ်။

အမှန်တော့ သူမကွယ်လွန်ခင်မှာ ကျွန်တော် သွားတွေ့ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ငယ်ကတည်းက သူ့အိမ်ကို တံခါးမရှိ၊ ဓားမရှိ ၀င်ထွက် သွားလာနိုင်ခဲ့တဲ့ ကျွန်တော်ဟာ သေခါနီး အရွယ်ကြီးရောက်တော့မှ သူ့အိမ်ထဲကို ၀င်ခွင့် မရတော့ပါဘူး။

ကျွန်တော့်အမှားကတော့ ဖုန်းကြိုမဆက်မိတာပါ။ သူ့အိမ်ကို ရောက်သွားချိန်မှာ ခြံဝမှာတင် မတ်တတ်ရပ်ပြီး သူ့အိမ်ဖော်က အင်တာဗျူး လုပ်တာ ခံရပါတယ်။ သူ့အိမ်ဖော်က အိမ်တွင်းကို ပြန်သတင်းပို့ပါတယ်။ ခဏနေတော့ အန်ကယ် အိပ်နေပါတယ်လို့ လာဖြေပါတယ်။ အန်ကယ့်ဇနီးကို မေးတော့လည်း အိမ်တွင်းကို ပြန်သတင်းပို့ပြန်ပါတယ်။ အန်ကယ့် ဇနီးလည်း အိပ်နေပါတယ်နဲ့ဆက်တိုးပါတယ်။

ဖုန်းကြိုမဆက်မိတဲ့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲရင်း ကျွန်တော် တပ်ခေါက်ပြန်ခဲ့တယ်။ နောက်တစ်ကြိမ်ကျတော့ ကျွန်တော် ဖုန်းဆက်ပါတယ်။ သူ့ဇနီးက သူ့ဖုန်းကို ဖြေပါတယ်။ သူ့ဇနီးဆိုတာကလည်း ကျွန်တော်နဲ့ နင်တစ်လုံး၊ ငါတစ်လုံး ပြောကြတဲ့ သူငယ်ချင်းတွေပါပဲ။

သည်တစ်ခါကျတော့လည်း တွေ့ဖို့က တော်တော် ခက်သွားပြန်ပါတယ်။ သူက ရန်ကုန်က သူ့အိမ်မှာ မနေတော့ဘဲ ရန်ကုန်နဲ့ မိုင် ၃၀ လောက်ဝေးတဲ့ နေရာက သူ့ခြံကြီးထဲမှာ သွားနေနေတယ်လို့ သူ့ဇနီးက ဖြေပါတယ်။ သူ့ဇနီးလည်း အဲဒီ့မှာ ရောက်နေတယ်ပေါ့။

သူ့ခြံကြီးကို သူနဲ့အတူ ကျွန်တော် ငါးကြိမ်လောက် ရောက်ဖူးသည့်တိုင် မသွားတတ်ပါဘူး။ လမ်းမကြီးကနေ ညာဘက်ချိုးရမှန်းတော့ သိတယ်၊ ဘယ်နားကျ ချိုးရမယ်မှန်း မသိဘူး။ စုံစမ်းလိုက်ရင်တော့ အဆင်ပြေနိုင်ပေမယ့် ကျွန်တော့်မှာလည်း အလုပ်က များ၊ ကျွန်တော်ကိုယ်တိုင်ကလည်း အားတိုင်း ခရီးသွားနေရလေတော့ကာ စိတ်ကသာ သွားဦးမယ်လို့ တေးထားရင်း လူကတော့ ရောက်ကို မသွားဖြစ်တော့ဘူး။

၂၀၁၅ ဇန္န၀ါရီ ၂၀ ရက်နေ့မှာ ကျွန်တော် ဘန်ကောက်ကို အလုပ်နဲ့ သွားရပါတယ်။ ကျွန်တော့် အိမ်သူကိုပါ တစ်ပါတည်း ခေါ်သွားလိုက်တယ်။ ရောက်တုန်းမှာ နှစ်ယောက်သား ဆေးကုစရာရှိတာလေးတွေလည်း ကုနိုင်အောင်လို့ပါ။

ဘန်ကောက်ကို ရောက်နေတုန်း ကျွန်တော့်သမီးဆီက သတင်းရပါတယ်။ ဘိုနီ ဆုံးသွားပြီတဲ့။ နောက်ဆုံးအခြေအနေကို ရောက်နေပြီမှန်း သိထားပြီးသားမို့ အတည်ပြုချက်ရတဲ့ သဘောလောက်ပဲ ရှိပါတော့တယ်။ ဈာပနရက်ကို မေးတော့ ကျွန်တော်တို့ ရန်ကုန်ကို ပြန်မရောက်နိုင်သေးတဲ့ ရက်ဖြစ်နေပြန်တယ်။

ကိစ္စတော့လည်း မရှိပါဘူး။ သူက စီးပွားရေးနယ်ပယ်မှာ အရမ်းအောင်မြင်နေတဲ့သူ ဖြစ်လေတော့ကာ သူ့ဈာပန မလွဲမသွေ စည်ကားမယ်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ ကျွန်တော်တစ်ယောက် ရောက်မသွားလို့လည်း ဓာတ်သိတွေလောက်ကသာ သတိထားမိမှာပါ။ ရောက်သွားလည်း ဓာတ်သိတွေလောက်ကသာ ခေါင်းညိတ် ပြုံးပြ လုပ်ကြမှာပါ။ သွားလေသူကလည်း ကျွန်တော်ရောက်ခြင်း မရောက်ခြင်းကို ဥပါဒ်နိုင်အားမယ် မထင်တော့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရင်ထဲမှာတော့ ကျွန်တော့်ပျက်ကွက်မှုအတွက် စိတ်မကောင်းဖြစ်နေတာလည်း အမှန်ပါပဲ။ အဲဒါကို ဖြေလျှော့ဖို့အတွက် သူ့ကို အိပ်မက်မက်ပေးရတာ စိတ်ရဲ့ သဘောပါပဲ။

မေမေ ယူကောက်တတ်သလို သူ လူပြန်ဖြစ်နေပြီဆိုရင်လည်း ၀မ်းသာစရာပေါ့ဗျာ။ သေတာမှ သုံးလတောင် ကောင်းကောင်း မပြည့်တတ်ချင်သေးဘူး၊ လူပြန်ဖြစ်နေပြီဆိုလို့ကတော့ ၀မ်းသာစရာပေါ့နော်။

သူ့သဘာဝ

သူနဲ့ စာလုံးဆက်တမ်း ကစားရင်း သိလာရတဲ့ သူ့စရိုက်ကတော့ သူဟာ အင်မတန် အနိုင်ရချင်တဲ့သူ ဆိုတာပါပဲ။ လူတိုင်းကတော့ သည်လိုပဲ ဖြစ်မယ်ထင်ပါတယ်။ ကစားပြီဆိုမှတော့ နိုင်ချင်ကြသူချည်းပဲ ဖြစ်ပါလိမ့်မယ်။

ကျွန်တော်ကတော့ နေရာတကာမှာ ခပ်ကြောင်ကြောင်သမားဆိုတော့ အဲလို စိတ်မျိုးလည်း သိပ်ပြင်းပြင်းပြပြ မရှိလှဘူးဗျ။ နိုင်လိုသူကို အရှုံးပေး၊ နှလုံးအေးတဲ့ ဆေးဆိုတဲ့ စကားအို စကားဆွေးကြီးကြောင့်တော့ မဟုတ်ဘူး။ ကျွန်တော့် ပင်ကို စိတ်အခံကိုက ကိုယ့်စိတ်ကို သိပ်အထိခိုက် မခံချင်တဲ့ သဘာဝကြောင့် ဖြစ်ပါလိမ့်မယ်။

ပြိုင်တာတွေ၊ နိုင်တာတွေက စိတ်ကို ပင်ပန်းဆင်းရဲစေတယ်။ ကျွန်တော်က ကျွန်တော့်စိတ်ကို ပိုးမွေးသလို မွေးနေတာ။ အထိခိုက် မခံနိုင်ဘူး။ အဲတော့ ပြိုင်တာက ကျွန်တော့်ဝါသနာ မဟုတ်ဘူး။ တစ်ဖက်လူ နိုင်သွားလို့လည်း နည်းနည်းပါးပါးတော့ ခံစားရပေမယ့် စိတ်ထဲ သိပ်ကြာကြာ မထားတတ်ဘူး။ ကိုယ်ညံ့တာ ကိုယ့်ဘာသာ အသိအမှတ်ပြုလိုက်ပြီး ပြီးသွားတာပဲ။

သည်ကောင်ကတော့ အဲသလို မဟုတ်ဘူး။ သူက တနုံ့နုံ့နဲ့ မပြီးတတ်ဘူးဗျ။

သူတနုံ့နုံ့ဖြစ်တတ်ပုံ နမူနာကတော့ သိပ်လှတယ်။ သည်ကောင် ကလိထိုး မခံနိုင်ဘူး။ ကလိထိုးခံလိုက်ရရင် ရယ်တော့တာ။ ရယ်တာကလည်း မဆုံးဘူး။ ကလိထိုးတဲ့သူကသာ ရပ်လိုက်တယ်၊ သူက အရယ်မရပ်တာများ နောက်ထပ် နှစ်မိနစ်၊ သုံးမိနစ်ကြာသဗျ။ သူ့အူထဲမှာကိုက ကလိအထိုးခံလိုက်ရတာကို တွေးတွေးပြီး ရယ်မဆုံး ဖြစ်နေတာတဲ့ဗျား။ မခက်လား။

အဲလိုကောင်ဆိုတော့ အရှုံးကိုလည်း တနုံ့နုံ့နဲ့ ခံစားမဆုံး ဖြစ်နေပါလိမ့်မယ်။

ကျွန်တော်နဲ့ ပတ်သက်လို့လည်း သူ့ခမျာ သေတဲ့အထိ နိုင်ချင်တာ တစ်ခုရှိသေးတယ်။ အဲဒါက ကျောင်းစာမှာပါ။

သေတဲ့အထိလို့ ပြောရတာက သူ့အဖေလိုပဲ သူ ကျွန်တော့်ကို ကြုံတိုင်း အသားယူပြောလေ့ရှိတဲ့ စကားတစ်ခွန်းကြောင့် ဖြစ်ပါတယ်။ သူနဲ့ ကျွန်တော်နဲ့က နောက်ပိုင်းမှာ သိပ်မဆုံဖြစ်တော့ပါဘူး။ သူ့ကို တွေ့ချင်ရင် ကျွန်တော်ကချည်း အားထုတ်ကြိုးစားနေရတဲ့ဘ၀ကို ခါးသီးလာတဲ့အတွက် ကျွန်တော့်ဘက်က ရပ်ချလိုက်တာ သူကွယ်လွန်ချိန်အထိ နှစ် အစိတ်လောက် ကြာသွားခဲ့ပါတယ်။

ကျွန်တော့်သဘာဝ

ငယ်ဘ၀တုန်းက သူလည်း ကိုယ့်ဆီလာ၊ ကိုယ်လည်း သူ့ဆီသွား၊ တဟေးဟေးတဟားဟား နေအားနိုင်ခဲ့ကြပေမယ့် သူအိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်က သွားမှသာ သူ့ကို တွေ့ရတာ ဖြစ်ပြီး သူ့ဘက်က ကျွန်တော့်ဆီ လာတာ မရှိသလောက် ဖြစ်လာပါတယ်။ သူက ကျွန်တော့်အရင် ငါးနှစ်လောက် စောပြီး အိမ်ထောင်ကျတယ်။

သူအိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းလည်း ကျွန်တော့်ဘက်က အ၀င်အထွက် မပျက်သေးပါဘူး။ နောက်ပိုင်း ကျွန်တော် ဥရောပသမဂ္ဂမှာ အလုပ်ဝင်ပြီးတဲ့နောက်မှာတော့ အဆက်က အလိုလို ပြတ်သွားတော့တာပါ။ သူလည်း ကျွန်တော့်ဆီ မလာပါဘူး။ ကျွန်တော်လည်း သူ့ဆီ မသွားတော့ပါဘူး။

နောက်တစ်ချက်က သူ့အသည်းမှာ စီပိုးတွေ့တဲ့အတွက် သူ အရက် မသောက်တော့တာကြောင့်လည်း ပါပါတယ်။ အသောက်သမား မဟုတ်တော့တဲ့အတွက် သီတင်းလွေ့ဖို့ ခက်သွားတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ သူ တအားချမ်းသာ အောင်မြင်နေခြင်းကလည်း ကျွန်တော့်ကို သူ့ဆီ မသွားဖြစ်စေတော့ပါဘူး။ ကျွန်တော့် စရိုက်ကလည်း သည်နေရာမှာ စကားပြောပါတယ်။ အောင်မြင်နေသူတွေကိုဆို သိပ်မပတ်သက်ချင်ပါဘူး။ မနာလိုစိတ်၊ ဘာစိတ်၊ ညာစိတ်ကြောင့် မဟုတ်ပါဘူး။ အောင်မြင်နေသူတွေဆီကို အောင်မြင်နေခိုက်သွားလိုက်ရင် သူတို့ဆီက တစ်ခုခု မျှော်လင့်လို့ လာပေါင်းနေတယ်လို့ အထင်မခံချင်တဲ့ စိတ်ရင်းက အဓိကပါပဲ။

ညီရင်းအစ်ကိုလို အင်မတန်ရင်းနှီးတဲ့ ပြောမနာ ဆိုမနာ ကြီးပေါင်းတစ်ယောက်ကဆို ကျွန်တော့်ကို ပြောဖူးတယ်။ ကျွန်တော်က သိပ်မာနကြီးသတဲ့။ ဆွဲတောင် ထိုးချင်လောက်အောင် မာနကြီးတယ်ဆိုပဲ။

သည်အပိုင်းမှာ ပြောကြတာ…

Kyi Kyi Khin ဟုတ်တယ် ကျမလဲ အရမ်း နာမည်ကြီး အောင်မြင်နေသူဆို ခပ်ဝေးဝေး နေချင်တာ။ ဘယ်လောက်ခင်ခင်။ သူအောင်မြင်လို့ သူ့ဆီက တခုခု မျှော်ကိုးတယ် ထင်မှာ စိုးတာ။

နာမည်ကြီးတွေနဲ့လည်း ဓါတ်ပုံတွဲမရိုက်ချင်ဘူး။ အဲဒါကလဲ ကန့်လန့်အကျင့်ထင်တာပဲ။

ATK ဒါ့ကြောင့် ကျမ ခင်မင်းဇော်ဘာရှန်ဆိုပြီး အောင်မြင်လာကတည်းက ခမျာ့ကိုလည်း ကျွန်တော် ခပ်ရှောင်ရှောင်နေပြီး Ka Minzaw မျက်နှာမွဲလေးကိုပဲ အရက်တွေ ဖိတိုက်မိတာပဲ။ 😀

Kyi Kyi Khin ဟာ အဲဒါအောင်မြင်တာမှ မဟုတ်တာ။ အလုပ်သဘောအရ လူသိတာပါ။

ATKyaw အောင်မြင် ထင်ရှား လူသိများ… တူဒူပေါ့ဂျ

Kyi Kyi Khin ကျမတော့ အပြင်သွားရင် ကျမကို မမှတ်မိအောင် နေတယ်။ မှတ်မိနေရင် နှုတ်မဆက်မိတာ ဘာညာ ဆို မကောင်းဘူးလေ။

Alex Moe ဆြာ့ဘော်ဒါကလည်းချမ်းသာပေမဲ့. စောစောသေသွားရှာတယ်. သနားစရာပဲ.

Win Min Oo Comet ဆရာသော်တာဆွေ ရဲ့ ဦးမြမောင် ဆရာကျော် ရဲ့ ဦးဘိုနီ ပေါ့

၂၀၁၅ ခုနှစ် ဧပြီလ ၁၇ ရက် (ဇင်းမယ်)

မာနမင်းသား

သူ အဲလို ပြောတာကလည်း အကြောင်းရှိပါတယ်။ ၂၀၀၃ ခုနှစ်မှာ ကျွန်တော့်မှာ ခြူးတစ်ပြား မရှိတော့အောင် ချွတ်ခြုံကျသွားခဲ့ပါတယ်။

အကြောင်းသိတွေက ကျွန်တော့်ကို မျိုးစုံ ကမ်းလှမ်းကြတယ်။ ကူညီပေးပါ့မယ်လို့ ပြောကြပါတယ်။ ကျွန်တော် လုံးဝ ထင်မထားသူတွေဆီကတောင် ကူညီချင်တဲ့ စကားတွေ တဖွဖွ ကြားရပါတယ်။ အထူးသဖြင့် ငွေကြေး အကူအညီပေါ့။

စောစောက ပြောတဲ့ ကြီးပေါင်းသူငယ်ချင်းကြီးလည်း အလားတူပါ။ သူ့ဆီက ငွေကြေး အကူအညီ လိုသလောက် ယူပါလို့ ကျွန်တော့်ကို တကယ့်ကို လှိုက်လှိုက်လှဲလှဲနဲ့ တဖွဖွ ပြောပါတယ်။ ကျွန်တော် တစ်ပြားတစ်ချပ်မှ မယူခဲ့သလို အကူအညီတောင်းတဲ့ စကားလည်း လေသံတောင်မှ မသလပ်ခဲ့ပါဘူး။

ကျွန်တော် အတော် ဒုက္ခတွေ့နေတာလည်း မြင်ရတယ်၊ ကူညီပေးပါ့မယ်လို့ တဖွဖွ ပြောနေလျက်သားနဲ့ ကျွန်တော့်ဘက်က ဘာမှ မဟတော့ သူစိတ်တိုလာတယ် ထင်ပါတယ်။ ကျွန်တော် သိပ်မာနကြီးတယ်လို့ တံဆပ်ကပ်ပါတော့တယ်။

လောကမှာ ကျွန်တော် အမုန်းဆုံး အရာက ငွေချေးတာပါပဲ။ ကျွန်တော်လည်း သူများကို မချေးတတ်သလို သူများဆီက ချေးရ ငှားရမှာလည်း အလွန်ဝန်လေးလှပါတယ်။

ငွေကြောင့် စိတ်ဆင်းရဲရတဲ့ဒဏ်တွေကို ဘ၀ရှေ့ပိုင်းမှာ အလူးအလှိမ့်ခံခဲ့ရပြီးပါပြီ။ ဒါ့ကြောင့် ကျွန်တော်က တတ်နိုင်သမျှ ကင်းအောင်နေပါတယ်။ မိတ်လည်း မပျက်ချင်ပါဘူး။ စိုတဲ့လက်တွေလည်း ငွေကို အကြောင်းပြုပြီး ခြောက်မသွားစေချင်ဘူး။ ဒါ ကျွန်တော့်မူပါပဲ။

စီးပွားရေး လုပ်ငန်း လုပ်ကိုင်တဲ့အခါမှာတော့ ချေးငှားတာ မဟုတ်ဘဲ အကြွေးနဲ့ မကင်းကြတာတော့ ဓမ္မတာပါ။ ဒါကိုတော့ ကျွန်တော် နားလည် သည်းခံနိုင်ပါတယ်။ လုပ်ငန်း လည်ပတ်နေသမျှ ကြွေးဟောင်းတွေရှင်း၊ ကြွေးသစ်တွေ တိုးဖြစ်နေစမြဲပါ။ ဒါက တစ်မျိုးပါ။

အကူအညီတောင်းတဲ့အနေနဲ့ ငွေချေးတာမျိုးတော့ ကျွန်တော် ဘ၀င်မကျဘူး။ ဘဏ်ကနေ ချေးတာဆိုရင်လည်း တစ်မျိုးပေါ့လေ။

အဲတော့ကာ ကျွန်တော့်မာနဖြစ်မယ် ထင်ပါတယ်။ အောင်မြင်နေသူတွေနားကို ကျွန်တော် သွားလေ့ မရှိပါဘူး။ စီးပွားရေး နယ်ပယ်မှာသာမက တခြား နယ်ပယ်အသီးသီးမှာ အောင်မြင်နေသူတွေကိုဆို ဘယ်လောက် ရင်းချာနေနေ အဝေးကသာ ခပ်ခွာခွာနေပါတယ်။

အဲဒီ့သူတွေ ကျဆုံးချိန်ဆိုရင်တော့ သူတို့အနားမှာ လူပါးသွားပါပြီ။ အဲလိုအခါမျိုးတွေမှာ ကျွန်တော် သူတို့ကို ဖေးမပေးဖို့ ရှိနေတတ်ပါတယ်။ အဲဒါ ကျွန်တော့်ရဲ့ အူကြောင်ကြောင် စရိုက်တစ်ခုပါပဲ။

အဲဒါကြောင့် သူ သိပ်အောင်မြင်သွားချိန်မှာ ကျွန်တော် သူ့ဆီ အ၀င်အထွက် လုံးဝ မလုပ်တော့ပါဘူး။ ဘယ်လောက်များလဲဆို သူ့အိမ်နဲ့ ကျွန်တော့်အိမ်နဲ့က ခြေလျင် ဖြည်းဖြည်းလျှောက်ရင်တောင် ဆယ်မိနစ်လောက်အတွင်း ရောက်နိုင်တဲ့ အကွာအဝေးပါ။ ကားနဲ့ဆိုရင် နှစ်မိနစ်၊ သုံးမိနစ်နဲ့ ရောက်နိုင်ပါတယ်။ ဒါလည်း ကျွန်တော်က အ၀င်အထွက် မလုပ်ခဲ့ပါဘူး။ ဖုန်းလည်း မဆက်ပါဘူး။ အဲလောက် ကင်းအောင် နေပါတယ်။

သူဆက်သွယ်လာတာမျိုးကျရင်တော့ ကျွန်တော် ပျော်ရွှင်စွာ လက်ခံပါတယ်။ ကျွန်တော့်ဘက်က စ မဆက်သွယ်တာကို ပြောလိုရင်းပါ။

အငုပ်စိတ်တို့ သဘာဝ

သူ ကွယ်လွန်ခါနီး သုံးလေးနှစ် အလိုမှာတော့ သူ့ဘက်က ရံဖန်ရံခါ ဆက်သွယ်လာပါတယ်။ နောက်ပြီး သည်ကြားထဲက သူ့မိခင်ကြီးနဲ့ သူ့အစ်ကိုရဲ့ နာရေးကိုလည်း ကျွန်တော် သွားလိုက်လို့ ဆုံဖြစ်ပါသေးတယ်။ သူ့အစ်ကို ဆုံးပြီး မကြာခင် သူ့ရောဂါ ဖောက်နေတုန်းကလည်း ရောက်လိုက်သေးတယ်။

သူ့ဘက်က ဆက်သွယ်လာလို့ ဆုံတဲ့အခါတိုင်းမှာ သူ မမေ့မလျော့ ပြောတတ်တဲ့ အကြောင်းကတော့ ဆယ်တန်းမှာ သူက ဂုဏ်ထူး မပါခဲ့ပေမယ့် ဂုဏ်ထူး နှစ်ခုပါတဲ့ ကျွန်တော့်ထက် အမှတ်ပေါင်း ၄ မှတ် ပိုများတဲ့ အကြောင်းကို ပြောတတ်တာပါ။

ကျွန်တော့် စိတ်ထဲမှာ အဲဒါတွေအတွက် ဆယ်တန်းအောင်ချိန်ကတည်းက ဘာမှ မရှိပေမယ့်၊ တစ်ဖက်ကလည်း ကျွန်တော်တို့ ကျောင်းတက်စဉ် အချိန်တုန်းက ပြောရင် မထောင်းတာပေမယ့် အသက်တွေ ၅၀ တန်းရောက်လာတဲ့အထိ သည်စကားကို သူပြောတဲ့အခါ သူ့စိတ်ကို လှစ်ခနဲ မြင်လိုက်မိပါတယ်။ စစ်တုရင်သမားတစ်ယောက်ရဲ့ စိတ်လို့ပဲ ဆိုရမယ် ထင်ပါတယ်။

ကျွန်တော့်ဘ၀မှာ ပြိုင်ဖက်ဆိုတာ တစ်ခါဖူးမှ မရှိခဲ့ဖူးပါဘူး။ ဘယ်သူ့ကိုမှလည်း အပင်ပန်းခံပြီး လိုက်ပြိုင်နေလေ့ မရှိဘူး။ ဘိုနီ့ကိုဆို သာဆိုးသေးတယ်။ သူ့ကို ပြိုင်စရာကို မလိုဘူးလို့ ယုံတယ်လေ။ သူက အဘက်ဘက်မှာ ကျွန်တော့်ထက် သာပြီးသားလေ။ အဲတော့ သူ့ကို ကျွန်တော် တစ်ခါမှ ပြိုင်ဖို့ စိတ်မကူးဖူးဘူး။

ကစားကြတဲ့အခါမှာတော့ နိုင်ချင်စိတ် ရှိပါတယ်။ အဲဒါကတော့ ကစားပွဲ တစ်ပွဲစာသာ ဖြစ်ပါတယ်။ ပြီးတော့လည်း ပြီးသွားတာပါပဲ။

သူ့ရဲ့ နိုင်ချင်စိတ်ကတော့ ကြောက်ခမန်းလိလိခင်ဗျ။

ဖြစ်ရပ်တစ်ခု ရှိသေးတယ်။ ဖဲကစားရာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ လေလို့ ကောင်းနေချိန်မှာ ဖဲကို အမျိုးစုံ ကစားကြရင်း နပိုလီယံဆိုတဲ့ ဖဲကစားနည်းတစ်ခုကို ကိုအောငံတို့ဆီက ကျွန်တော် တတ်လာပြီး သူအပါအ၀င် သူငယ်ချင်းတွေကြားမှာ ကျွန်တော် ဖြန့်ခဲ့ရာက ကျွန်တော်တို့တွေ အတော် ကစားဖြစ်ခဲ့ကြပါတယ်။

ဖဲရိုက်နည်းတစ်နည်းအကြောင်း အပြည့်အစုံ

နပိုလီယံကစားနည်းက ဖဲထုပ်တစ်ထုပ် အပြည့်အ၀ သုံးရပါတယ်။ သုံးယောက် အတိအကျ ကစားရပါတယ်။ သုံးယောက်ထက်လည်း ပိုမရ၊ သုံးယောက်ထက်လည်း လျော့လို့ မရပါဘူး။ ဖဲထုပ်ပါ (ဂျိုခါမှတစ်ပါး) ကျန် ဖဲချပ်အားလုံးက ၅၂ ချပ် ရှိတယ်။

အဲဒီ့ ၅၂ ချပ်ကို သုံးယောက် အညီအမျှ ဝေရင် တစ်ယောက်ကို ၁၇ ချပ် ရတယ်။ ၅၁ ချပ်ပေါ့။ ကျန်တဲ့တစ်ချပ်ကို အလယ်မှာ လှန်ချထားရပါတယ်။ အဲဒီ့တစ်ချပ်ကို ဖဲဝေသူက နှစ်သက်ရာ အချိန်မှာ လှန်လိုက်နိုင်တယ်။ စ ဝေေ၀ချင်း လှန်လို့ ရသလို ဝေရင်း တန်းလန်းက စိတ်ကူး ပေါက်ချိန်မှာ လှန်နိုင်တယ်။ ဒါမှမဟုတ်လည်း နောက်ဆုံးကျတော့မှ လှန်လည်း ရတယ်။

အဲဒီ့ အပိုဖဲ၊ လှန်ဖဲက အားလုံးထဲမှာ အကြီးဆုံးဖဲ (ဂျိုခါ) ဖြစ်သွားပါပြီ။ ဆိုကြပါစို့… လှန်ဖဲဟာ ၃ ဖြစ်တယ် ဆိုရင် ကစားသူတွေရဲ့ လက်ထဲမှာ ရောက်နေတဲ့ ကျန် ၃ ဖဲ သုံးချပ်စလုံးဟာ Ace လို့ခေါ်တဲ့ ဖဲထုပ်ထဲမှာ အကြီးဆုံးလို့ သတ်မှတ်ထားသော A (တစ်ပွင့်)ထက်တောင် ပိုကြီးသွားပါပြီ။ ကျန်တဲ့ဖဲတွေကတော့ အစဉ်အတိုင်းပါ။ 2, 3, 4, 5, 6, 7, 8, 9, 10, J, Q, K, A ဆိုပြီး ငယ်စဉ်ကြီးလိုက် ရှိသပေါ့။

ဖဲ ၁၇ ချပ် လက်ထဲရောက်လာတဲ့အခါ ကစားသူတွေက ကိုယ့်လက်ထဲက ဖဲတွေကို စီရပါတော့တယ်။ အပူး (a pair) ဆိုတဲ့ ဂဏန်းတူ နှစ်ချပ်၊ (သုံးနှစ်ချပ်ဆိုလည်း သုံးနှစ်ချပ်တွဲ၊ J နှစ်ချပ်ဆိုလည်း J နှစ်ချပ်တွဲပေါ့)၊ သုံးလုံးပြူး (tri) ဆိုတဲ့ ဂဏန်းတူ သုံးချပ်တွဲ၊ လေးလုံးပြူး (tetra) ဆိုတဲ့ ဂဏန်းတူ လေးချပ်တွဲ၊ ငါးချပ်ပြည့် (Full House) ဆိုတဲ့ ဂဏန်းတူ သုံးချပ်တွဲတစ်တွဲနဲ့ နှစ်ချပ်တွဲ တစ်တွဲ (Q သုံးချပ်တွဲနဲ့ ၅ နှစ်ချပ်တွဲလိုမျိုး) သုံးကြပါတယ်။

Poker လို့ အနောက်တိုင်းသားတွေက ခေါ်ပြီး မြန်မာတို့က ရှိုးလို့ ခေါ်တဲ့ ကစားနည်းမှာ ဖဲတွဲသလိုပါပဲ။ ရှိုး (Poker) မှာတော့ run တို့၊ colour run တို့လည်း ပါပါတယ်။ အစဉ်လိုက်ဖြစ်နေရင် run ပေါ့။ ဥပမာ 10, J, Q, K, A အစီအစဉ်အတိုင်း ရှိနေရင် အပွင့်မတူလည်း Run လို့ ခေါ်ပါတယ်။ အဲဒီ့အစီအစဉ်အတိုင်း အပွင့် (ဖဲမှာ Spade, Heart, Diamond, Club ဆိုပြီး ဖဲပွင့်လေးတွေရဲ့ ပုံစံရှိတယ်။ မြန်မာလိုတော့ စပိတ်၊ ဟတ်၊ ဒိုင်းမွန်း၊ ညှင်းလို့ ခေါ်တယ် ထင်တယ်။) ပါ တူနေရင်တော့ အဲဒါ colour run ပါပဲ။

အဲ… နပိုလီယံမှာတော့ အဲဒီ့ Run တွေ၊ Colour Run တွေ မသုံးသလို ဖဲပွင့်ကိုလည်း မတွက်ပါဘူး။ တစ်ကြိမ်စာ တွက်တဲ့ အနိုင်အရှုံးမှာ အဲဒီ့ အပွင့်အကြီး အသေးနဲ့ မတွက်ဘူး။ (တခြား ဖဲကစားနည်း တချို့မှာတော့ အပွင့်နဲ့လည်း တွက်တယ်။ A ချင်းတူရင် Spade က အကြီးဆုံးဖြစ်ပြီး Club က အသေးဆုံးဖြစ်ပါတယ်။ သိပ်ရှည်မှာစိုးလို့ အသေးစိတ်တွေ မပြောတော့ဘူး။)

နပိုလီယံမှာ ငါးချပ်ပြည့် (Full House) တွဲတာအပြင် ကိုးချပ်ပြည့် တွဲတာတစ်ခုလည်း ပိုသေးတယ်။ လေးလုံးတူ တစ်တွဲ၊ သုံးလုံးတူတစ်တွဲနဲ့ နှစ်လုံးတူ တစ်တွဲ၊ စုစုပေါင်း ဖဲ ကိုးချပ်အတွဲပါ။

ဖဲတွေ လက်ထဲမှာ တွဲပြီးသွားရင် ဝေတဲ့သူက စပြီး ခေါ်ရပါတယ်။ သူ ခေါ်တာမှာ ၁ ချပ်၊ ၂ ချပ်၊ ၃ ချပ်၊ ၄ ချပ်၊ ၅ ချပ်၊ ၉ ချပ်ဆိုပြီး တစ်ခုခုကို နှုတ်က အော်ကာ သူ့လက်ထဲက ဖဲချပ်တွေကို မှောက်လျက် သူ့ရှေ့ကို ချလိုက်ရပါတယ်။

သူခေါ်လိုက်ပြီးတဲ့အခါ ကျန်တဲ့ နှစ်အိမ် (ကစားသူ နှစ်ယောက်က) မလိုက်မနေရ လိုက်ရပါတယ်။

ခေါ်သူက ၂ ချပ်ခေါ်ရင် အတွဲ၊ ၃ချပ်ခေါ်ရင် ၃ လုံးပြူး၊ ၄ ချပ်ခေါ်ရင် ၄ လုံးပြူး (ရှိုးကစားရာမှာ လုပ်ကြသလို နှစ်ချပ်ပြူး အတွဲ နှစ်တွဲ – 2 pairs, or double pair – ခေါ်လို့ မရပါဘူး။ ခေါ်ခွင့်မရှိဘူးပေါ့)၊ ၅ ချပ်ခေါ်ရင် full house, ၉ ချပ်ခေါ်ရင် ၄ လုံးပြူး၊ ၃ လုံးပြူး၊ ၂ လုံးပြူး သုံးစုံအတွဲ ဖြစ်ကို ဖြစ်နေဖို့ လိုပါတယ်။ တစ်ချပ်တည်း ခေါ်တာကတော့ ဘာနဲ့မှ တွဲထားစရာ မလိုတာမို့ တစ်ချပ်က စ မပြောတာပါ။

ခေါ်သူကသာ ခေါ်တဲ့ အချပ်ရေအလိုက် အတွဲတွေ၊ အပူးတွေ ဖြစ်နေဖို့ လိုပေမယ့် လိုက်တဲ့သူတွေကတော့ ဖဲဖြစ်ရင် ပြီးရော ကြိုက်တဲ့ ဖဲနဲ့ လိုက်ရပါတယ်။ ခေါ်သူက ၂ ချပ်ခေါ်တယ်ဆိုပါစို့၊ ကိုယ့်ဆီမှာ ရှိနေပြီး အသုံးလည်း သိပ်မတည့်လှတဲ့ ၂ တစ်ချပ်နဲ့ ၃ တစ်ချပ်ကို ရှင်းထုတ်တဲ့အနေနဲ့ အဲဒီ့ နှစ်ချပ်နဲ့ လိုက်ရပါတယ်။ လိုက်တဲ့အခါမှာလည်း ခေါ်သူလိုပဲ ကိုယ့်ဖဲချပ်ကို မှောက်ထားပြီး ကိုယ့်ရှေ့မှာ ချလိုက်ရုံပါပဲ။

ခေါ်သူက ခေါ်၊ ကျန်တဲ့ နှစ်အိမ်ကလည်း လိုက်ပြီးပြီ ဆိုတာနဲ့ ခေါ်သူက သူ့ရဲ့ မှောက်ထားတဲ့ ဖဲကို လှန်ပြရပါတယ်။ ဆိုကြပါစို့… ခေါ်သူ လှန်ပြလိုက်တဲ့ ဖဲက King Pair (K နှစ်ချပ်) ဖြစ်နေတယ် ဆိုပါစို့။ သူ့လက်အောက်က (သူ့ညာဘက်က လူ) သူလှန်ပြတဲ့ ဖဲကို နိုင်ရင် သူကလည်း လှန်ပြပါတယ်။ မနိုင်ဘူးဆိုရင် အသာလေးပဲ သူ့ဖဲနှစ်ချပ်ကို မှောက်လျက်အတိုင်းလေးပဲ ခေါ်သူ့ဆီကို ထိုးပေးရပါတယ်။

သူ့လက်အောက် (ထိုးပေးလိုက်သူရဲ့ ညာဘက်)၊ ခေါ်သူ့ ဘယ်ဘက် (လက်ထိပ်) အိမ်ကလည်း အလားတူပါပဲ။ သူက Ace Pair (A နှစ်ချပ်)နဲ့မို့ ခေါ်သူ့ဖဲကို နိုင်တယ် ဆိုပါစို့။ အဲဒါဆိုရင် သူက လှန်ပြလိုက်ရပါတယ်။ သည်အခါ မူလ ခေါ်သူဟာ သူ့ရဲ့ K နှစ်ချပ်ရယ်၊ သူ့လက်အောက်ကလူ သူ့ကို ထိုးပေး (အရှုံးပေး) ထားတဲ့ ဘာမှန်း မသိသော မှောက်ဖဲ နှစ်ချပ်ရယ်ကို အနိုင်ရသွားသူဆီကို ထိုးပေးလိုက်ရပါတယ်။

A နှစ်ချပ်သမားရဲ့ ရှေ့မှာ ခုဆို လှန်ထားတဲ့ A နှစ်ချပ်၊ လှန်ထားတဲ့ K နှစ်ချပ်နဲ့ မှောက်ထားတဲ့ ဘာမှန်း မသိသော ဖဲနှစ်ချပ်၊ စုစုပေါင်း ၆ ချပ် ရှိနေပါပြီ။ သည်အခါမှာ ခေါ်လက် (ခေါ်ခွင့်ရတဲ့ အလှည့်က သူ့ဆီကိုလည်း ရောက်လာပါပြီ။) သူက သည်တစ်လှည့်မှာ စားလိုက်ရပေမယ့် သူ့ရှေ့က မှောက်ထားတဲ့ ဖဲနှစ်ချပ်ကို လှန်ကြည့်ခွင့် မရှိပါဘူး။ သည်တိုင်း မှောက်လျက်လေးပဲ ထားရပါတယ်။ အဲဒီ့ ဖဲနှစ်ချပ်က ဘာဖဲလဲ သိနေသူဟာ ကစားနေသူ သုံးဦးအနက်မှာ ချကျွေးလိုက်တဲ့ တစ်ယောက်ပဲ သိပါတယ်။

တကယ်လို့ ခေါ်သူက K နှစ်ချပ်ကို လှန်ပြလိုက်ချိန်မှာ သူ့လက်အောက်ကလူကလည်း K နှစ်ချပ်ပဲ ဖြစ်နေရင် လက်အောက်က လူက ရှုံးပါတယ်။ အပွင့်ကို မကြည့်ရတဲ့အတွက်ပါ။ ကိုယ်မနိုင်မှန်း သိနေမှတော့ ကိုယ့်ဖဲကို ပြမနေတော့ဘဲ ခေါ်သူ့ဆီကို ကိုယ့် K နှစ်ချပ်ကိုလည်း အသာ ထိုးပေးလုက်ရုံပါပဲ။

ဖဲထုပ်တစ်ထုပ်မှာ ဖဲချပ်တန်ဖိုးတစ်ခုစီအတွက် ၄ ချပ်စီပါပါတယ်။ K ဆိုလည်း ၄ ချပ်၊ 10 ဆိုလည်း ၄ ချပ် စသဖြင့်ပေါ့။ အဲတော့က တကယ်လို့ လက်အောက်က လူက သူ့ K နှစ်ချပ်ကို မှောက်လျက် ပေးလိုက်တဲ့အခါ ကျန်တဲ့ နှစ်ယောက်က မသိနိုင်ပါဘူး။ သူတို့ အမြင်မှာ K နှစ်ချပ်ပဲ ထွက်လာပါသေးတယ်။ နှစ်ချပ် ကျန်ဦးမယ်လို့ တွေးနေတော့မှာပါ။ အထူးသဖြင့် K နှစ်ချပ် မရှိတဲ့ တတိယလူကဆိုရင် ကျန်တဲ့ တစ်ယောက်မှာ K နှစ်ချပ် ရှိနေမယ်လို့ အပိုင်တွက်ပြီး အလိုလို ရှိန်နေပါတော့မယ်။

သည်လိုနည်းနဲ့ ခေါ်ခွင့်ရှိသူက ဆက်ခေါ်သွားရင်း လက်ထဲက ဖဲချပ်တွေ ကုန်တဲ့အထိ ကစားရပါတယ်။ ဖဲချပ်တွေ ကုန်သွားရင် တစ်လှည့် ပြီးသွားပါပြီ။ သည်အခါမှ အနိုင်အရှုံးကို ဖဲချပ်အရေအတွက်နဲ့ တွက်ပါတယ်။

ဆိုကြပါစို့… မောင်ဘက ပွဲပြီးချိန်မှာ သူ့လက်ထဲမှာ ၆ ချပ်ရှိတယ်၊ မယ်ခ လက်ထဲမှာက ၂၁ ချပ်ရှိတယ်၊ မယ်န လက်ထဲမှာကျတော့ ၂၄ ချပ် ရှိနေတယ်။ အဲဒါကို မူရင်း ဝေထားတဲ့ ၁၇ ချပ်နဲ့ အပေါင်း၊ အနုတ်လုပ်ပြီး အမှတ် တွက်ရပါတယ်။ မောင်ဘမှ ၆ ချပ်ပဲ ရှိတော့ သူက ၁၇ ချပ်ထက် ၁၁ ချပ်လျော့နေပါတယ်။ ဒါ့ကြောင့် သူ့အမှတ်က အနုတ် ၁၁ ဖြစ်သွားပါတော့တယ်။ မယ်ခကျတော့ ၁၇ ချပ်ထက် လေးချပ် ပိုပါပါတယ်။ ဒါ့ကြောင့် သူ့အမှတ်က အပေါင်း ၄ ဖြစ်သလို မယ်နကလည်း အပေါင်း ၇ ဖြစ်ပါတယ်။

ကောင်းတာက အဲဒီ့အမှတ်တွေက အမြဲတစေ ညီနေတာပါပဲ။ ဆိုလိုတာက အမှတ်ပေါင်းတာ မှားရင် တန်းသိနိုင်ပါတယ်။ မောင်ဘ – ၁၁ ဖြစ်သလို ကျန်တဲ့ နှစ်ယောက်ရဲ့ အမှတ်နှစ်ခုကို ပေါင်းလိုက်တဲ့အခါ + ၁၁ ဖြစ်နေတာကို ဆိုလိုပါတယ်။

သည်ကစားနည်းမှာ ဆိုခဲ့တဲ့အတိုင်း လှန်ဖဲက အကြီးဆုံးလို့ သတ်မှတ်ထားတာမို့ အာရုံမစိုက်ရင် မှားပါသွားတတ်ပါတယ်။ ဥပမာ လှန်ဖဲက ၂ တို့၊ ၃ တို့လို သေးတဲ့ ဂဏန်းလေးတွေ ဖြစ်နေတာမျိုးပါ။ ပုံမှန်အားဖြင့် ကစားသမားတွေဟာ အဲလို ဂဏန်းသေးတွေကို တစ်ချပ်၊ နှစ်ချပ်တွဲလောက် ပါနေရင် တန်ဖိုးမထားတတ်ပါဘူး။ အဲတော့ ကိုယ်အလျှော့ပေးတဲ့ အလှည့်မှာ အသေးပဲလေ၊ အလကားဖဲပဲဆိုပြီး ထိုးကျွေးမိတတ်ကြပါတယ်။ ပေးလိုက်ပြီးတော့မှ လှန်ဖဲမှန်း သတိရချိန်မှာ ဟိုတစ်ယောက်က စားသွားပြီး ဖြစ်သလို အလှည့်ကလည်း ကျော်နေတော့မှ ကိုယ့်နဖူးကိုယ် ထုရမိတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်က ဖဲချင်းတူရင် ခေါ်သူက အနိုင်၊ ဒါမှမဟုတ် လက်ထိပ် (ကိုယ့်ဘယ်ဘက်) က အနိုင်လို့ သတ်မှတ်ပြီးသားမို့လည်း တစ်ချက်တစ်ချက်မှာ စိတ်နာစရာ ကောင်းတတ်ပြန်တယ်။

အဆိုးဆုံးကတော့ ကိုးချပ် အခေါ်ခံလိုက်ရချိန်ပါ။ ကိုးချပ်တွဲဖြစ်ဖို့ဆိုတာ တော်တော် ခက်တာကိုး။ ကိုယ့်မှာလည်း ကိုးချပ်တွဲက မရှိ၊ ရှိတယ်ဆိုလည်း အားလုံးကို ရှုံးနေမယ့် ၂ လိုဟာမျိုး လေးချပ်တွဲနဲ့ဆိုရင် အီပါပြီ။ ကိုယ့်ဖဲ ကိုးချပ်ကို အခြောက်တိုက် ပေးလိုက်ရပါပြီ။ ခေါ်သူဟာ သည်တစ်လက်မှာတင် စုစုပေါင်း ၂၇ ချပ်၊ အမှတ်အားဖြင့် အပေါင်း ၁၀ ရတော့မှာပါ။ ကိုယ်ကတော့ အီနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ကျွန်တော် ဖဲဝါသနာရှင်

ကျွန်တော်က ဖဲကို နည်းမျိုးစုံနဲ့ ကစားတတ်ပါတယ်။ ကိုးမီး၊ တစ်ချပ်မှောက် (Black Jack)၊ ဘူကြီး၊ ရှမ်းကိုးမီး၊ ၁၃ ချပ်ဖဲကစားနည်းအဖြစ် ဗမာအခေါ် ပိုကာဆွဲတာ၊ ပိုကာဒေါင်းတာ၊ ရှိုးလို့ ခေါ်တဲ့ တစ်ချပ်မှောက် (Poker)၊ Hollywood စတာတွေပဲ ဖြစ်ပါတယ်။

ဖဲကစားနည်းတိုင်းလိုလိုဟာ ငွေကြေး အလောင်းအစား မပါရင် ဘယ်လိုမှ ပျော်စရာ မကောင်းပါဘူး။ ငွေကြေး အလောင်းအစား မပါဘဲနဲ့ ပျော်စရာ ကောင်းတာက Hollywood နဲ့ အဲဒီ့ နပိုလီယံတို့ပဲ ဖြစ်ပါတယ်။ နှစ်မျိုးစလုံးက အမှတ်တွက်ရတာ ဖြစ်သလို နှစ်မျိုးစလုံးကလည်း ကစားရင်းနဲ့ အူယားလာစေပါတယ်။ အဲဒါကြောင့်လည်း ငွေကြေး အလောင်းအစား မပါဘဲ ကစားလို့ ကောင်းတာပါ။

သူငယ်ချင်းချင်းတွေ ကစားကြတဲ့အခါ ငွေနဲ့ အလောင်းအစားက အဆင်မပြေပါဘူး။ သူစိမ်းနဲ့ ကစားတာက အလောင်းအစား သဘောသက်သက်မို့ တစ်မျိုးပေါ့။

ပြီးတော့ ကျောင်းသား လူငယ်ဘ၀မှာ ငွေကလည်း မိဘဆီက လက်ဖြန့်ခံသုံးနေရတာမို့ ငွေများများစားစားနဲ့ ဘယ်သူမှ မကစားနိုင်ကြသလို အရှုံးဒဏ်ကိုလည်း မခံနိုင်ကြပါဘူး။ ဒါ့ကြောင့် ငွေကြေးနဲ့ထက် အချင်းချင်း အပျော်ကစားလို့ ပိုကောင်းတဲ့ Hollywood နဲ့ Napolean ကို ကျွန်တော်တို့ ရွေးကြပါတယ်။ Hollywood ကကျတော့ အလွန် အချိန်ကုန်ပါတယ်။ Napolean က မြန်တယ်၊ သွက်တယ်။ ပို အူယားစရာ ကောင်းတယ်။ ဒါ့ကြောင့် ကျွန်တော်တို့တွေ နပိုလီယံကို အသေအကျေ ကစားခဲ့ကြတယ်။

အဲ… ဘိုနီက နပိုလီယံရဲ့ အူယားခြင်းဒဏ်ကို သိပ်ကြာကြာ မခံနိုင်ပါဘူး။ သူက အတွက်အချက်သမား၊ အကွက်တွေ ကြိုတွက်တတ်တဲ့သူ။ နပိုလီယံမှာက ဘယ်လောက်တွက်တွက်၊ အကွက်ချ ကစားလို့ ရတာမျိုး မဟုတ်ဘူး။ တစ်ဖက်လူက ဘာဖဲနဲ့ ခေါ်ပြီး ဘာဖဲကို ထိုးကျွေးမယ်ဆိုတာ ဘယ်လိုမှ မမှန်းဆနိုင်ဘူး။ အထူးသဖြင့် ကိုယ့်ဖဲပေါ်မှာ မူတည်ပြီး ဖိကစားတဲ့ အလှည့်ကျ ဖိကစားသွား၊ မျှောလိုက်တဲ့အခါကျ မျှောလိုက်တတ်သူမျိုးနဲ့ ကစားရင် ပိုပြီး တွက်ရခက်သေးတယ်။ (မယုံရင် ကိုယ်တိုင် ကစားကြည့်ကြပါဗျာ။ ကစားနည်း အသေးစိတ်ကို ရေးပြထားတာမို့ ကစားတတ်သွားမယ် ထင်ပါတယ်။)

၃-၄ နှစ်လောက် အားပါးတရ ကစားလိုက်ကြပြီးတဲ့နောက်မှာတော့ ကိုရွှေဘိုနီ့ဆီက ကြေညာချက် ထွက်လာပါတယ်။ သူ့တစ်သက် နပိုလီယံ မကစားတော့ဘူးဆိုတဲ့ ကြေညာချက်ပါ။ ဘာဖြစ်လို့လဲလို့ မေးတော့ အဲဒီ့ တွက်လို့ မရဘဲ ဖြစ်ချင်သလို ဖြစ်နေတဲ့ ဒဏ်၊ အူယားတဲ့ ဒဏ်ကို မခံနိုင်တော့လို့လို့ ပွင့်ပွင့်လင်းလင်းပဲ ဖြေပါတယ်။

ဘိုနီဆိုတဲ့ မောင်ဟာ အဲလိုလူပါ။ အရာရာဟာ သူ့အစီအစဉ်၊ သူ့အတွက်အချက်၊ သူ့ချယ်လှယ်မှု အောက်မှာပဲ ရှိနေစေချင်တတ်တာမျိုး။ အစီအစဉ်က ဖောက်သွားတာ၊ တွက်လို့ မရတာ၊ ချယ်လှယ် ထိန်းချုပ်လို့ မရတာကို သူ သည်းမခံနိုင်ဘူး။

သည်အပိုင်းမှာ ပြောကြတာ…

Win Min Oo Comet နပိုလီယံကို ကျွန်တော်လဲ မကြိုက်ဖူးဆရာ ကံပေါ်မှာတော်တော်မှီထားသလိုပဲ ပိုကာဒေါင်းသလို ရှိုးရိုက်သလို တွက်တတ် ဟောက်တတ်ရုံနဲ့မရပဲ အတော်လေးစဉ်းစားပြီးတော့ကစားရတဲ့အပြင် ကံကောင်းဖို့လဲလိုတယ်ထင်ပါတယ်

ကျွန်တော်ကိုယ်တိုင်ကပိုက်ဆံ မချေးသလို ကိုယ့်ကိုလာချေးလဲ မကြိုက်တာကတော့ ဆရာ့လိုပါပဲ။

Soe Myat Myo Shwe Is he a Virgo or a Taurus? 

ATK I don’t know. He was born on 4 June.

Soe Myat Myo Shwe A Gemini.

ATK So?

Soe Myat Myo Shwe just taking note of a characteristic that generally belongs to a typical Virgo or a Taurus — the desire to take control, not enjoying surprises, etc. So I wondered if he was either of them.

ATK Does it mean that a Gemini has no such behaviour by any means?

Soe Myat Myo Shwe No it doesn’t mean that way. But it’s not what you will remember a typical Gemini for.

ATK What should I remember then? I might just have missed something about him.

Kyawt Thuzar ဆရာ့သူငယ်ချင်း ဘိုနီနဲ့ မွေးနေ့ တရက်တည်းတူတဲ့ ကျောင်းနေဖက် တယောက်ရှိတယ်။ အကျင့်ချင်း တူတာများးး နေကြာစေ့တောင် ပြိုင်စား တာ နိုင်ချင်ဇောနဲ့ အခွံကိုပါ မခွာဘဲ ဒီအတိုင်း ပါးစပ်ထဲ ပစ်ထည့်ပြီး ငါအရင်ကုန်တယ် လုပ်တဲ့ အမျိုး။ လက်ဖျားခါတယ်။ 

Maung Maung Myint နပိုလီယံနဲ့ hollywood ကို အမြဲကစားဖြစ်တဲ့ သူငယ်ချင်း ၂ ဦးသတိရတယ်။ တယောက်ဆို နိုင်ချင်ဇောကြီးတော့ အမှတ်ရှေ့ကပြေးတာတောင် ကောက်ဖဲတွေနဲ့ ကိုင်ပြီး ဖိထားတာ ကျန်တယောက်က ဂျိုကာပူးတွေနဲ့ ကောက် ဒေါင်းလိုက်တော့ အမှတ်တွေ အများကြီးနှုတ်ခံလိုက်ရတယ်။ စိတ်တွေဆိုးပြီး ဖဲတွေဖြဲလိုက်တာ ဖဲထုပ် ၂ထုပ်ဆုံးပါရော

နပိုလီယံတော့ကြိုက်တယ်။ ကိုယ့်ဖဲအခြေအနေ အခြားသူအနေအထား ပြိုင်ဖက်ရဲ့ စိတ်ကိုတွက်ရတာမို့ပါ။ ငါဒါလုပ်ရင် သူဘာလုပ်မလဲ တွေးပြီးထင်တဲ့အတိုင်းလိုက်လာတာကို အရသာခံတယ်လေ။ ဖဲမကောင်းပေမယ့် အတွေးကောင်းရင် နိုင်တတ်ပါတယ်။

ATK မသုံးလုံးဆရာရေ…. တစ်ရက်လောက် ကစားရအောင်ဗျာ 

Maung Maung Myint ကောင်းပါလေ့ ပဲ ဌာပနာနဲ့ မုန့်ကို အတုံးသေးလေးတုံးထား ရေနွေးကြမ်းတစ်အိုးတည် ၃ ယောက်မှာ အမှတ်အနည်းဆုံးသူက မုန့်တစ်တုံး ဒုတိယသူက ရေနွေးတစ်ခွက်သောက် အမှတ်အများဆုံးက ဘာမှမစားရ ဒိလိုကြေးနဲ့ ကစားတယ်ကြာလာတော့ ပဲမုန့်တစ်တုံး ရေနွေးတခွက်ကနေ ဗိုက်ကြီးတင်း တွေးသာ ကြည့်ပေတော့

နောက်ကစားနည်းတစ်မျိုးက Mastermind အရောင်ဘုလုံးလေးတွေနဲ့ အလံတွေပျောက်ကုန်လို့ အသစ်ဝယ် လို့ရရင်ကောင်းမယ်

ငယ်နိုင်မရှိတဲံ့ နောက်ကစားနည်းကတော့ Stratego ဆုံတဲ့အခါ ကစားချင်ပါသေးတယ်

ATK ဖျား ဖျား ဘာလောင်းကြေးမှ မပါကြေးနော် ဆရာ 

Maung Maung Myint ဆိုပါသကော ပဲမုန့်အတုံးသေးသေးနဲ့ ရေနွေးကြမ်းလေးပါ ပွဲ ၅၀ လောက်ကစားရင် မှတ်လောက်ပါတယ်

ATK Ka Win Min Oo ဘယ်လိုတုံး၊ သုံးအိမ်ပြည့်အောင် ခများပါ ပါမလား 🙂

Nge Thar မြန်မာလို ဖူး ပိန့် ဒေါင့် ညှင်း လို့ မှတ်မိတာပဲ ဆရာ သိပ်တော့ မသေချာဘူး

Win Min Oo Comet ပါတာပေါ့ဆရာရယ်။

Soe Myat Myo Shwe Sayar, sorry I missed your last question in the comment. I don’t know about your Gemini friend, but the Geminis I’ve met so far tend to have multiple personalities. One moment they r fun loving, easy-going and the next, they become very serious (just an example). One day they will just show up with a cake or a flower for no reason, the next day they are not even picking up or returning your calls, again for no reason.

ATK  Right. And thank you very much. He also had that kind of personality. BTW does my writing fit my sco-saggi trait?

Soe Myat Myo Shwe Haha. I think I can relate you better with a saggi than a Scorpion. The saggies that don’t like to live with rules, the saggies that refuse to have money constraints, regardless of how broke or loaded they are. The saggies that love freedom more than anything in the world. Looking at how much freedom you’ve taken in your writing, jumping from one topic to another, and sometimes never even coming back, sure I think you’ve reflected your saggie trait quite well even in your writing.

ATK  Only one refutation: “never-even-coming-back” thing! It will come back, only far later. I remember what I have started, young lady.

အဟောင်းထဲက အစုတ်တွေ – ၇

၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်

cassetteplayy3ကိုထက်ဒီ့ကို မှတ်မိနေတာက ခဆက်(ထ်) ဖလေယာကြောင့်ပဲ။ သူယူလာလို့ ကျွန်တော့်ဘ၀မှာ မြန်မာတွေ ကက်ဆက်လို့ အခေါ်များပြီး တကယ့်အသံထွက် အမှန်က ခဆက်(ထ်)ဖြစ်တဲ့ အသံသွင်းကြိုးခွေ ပေါက်စနလေး ဖွင့်စက်ကို ပထမဆုံး စမြင်ဖူးတာပါ။ သည်မတိုင်ခင်က ဖတ်သူ့အနှစ် (Reader’s Digest) မဂ္ဂဇင်းက ကြော်ငြာမှာတော့ မြင်ဖူးထားပါတယ်။ ပေါ်ဦးပေါ်ဖျားလို့ ဆိုပါစို့ရဲ့။

မှတ်မိသေးတယ်။ သူ့ခဆက်(ထ်)ဖလေယာထဲမှာ ပါလာတဲ့ သီချင်းက အေ၀မ်းတင်တင်လှရဲ့ နေ့စဉ် ပိတောက်ပွင့်ပါစေ။ စန္ဒယားချစ်မောင် ရေးတာ။ တော်တော်နွဲ့ပြီး တော်တော် ကောင်းတဲ့ သီချင်းမို့ ၀င်းဦးတောင် အဲဒီ့သီချင်းကို ဆိုခဲ့သေးတာကလား။

လိမ်လည်မှုမှာ ကြံရာပါ ကျွန်တော်

ကိုထက်ဒီလည်း တရုတ်ပဲ။ ဆံပင်ကောက်ကောက်၊ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးနဲ့ ရယ်စရာ ပြောတတ်တယ်။ သူက ကိုအောငံတို့ အုပ်စုထဲ ဘယ်လို ရောက်လာတယ်တော့ မသိဘူး။ သို့ပေမယ့် သိပ်တော့ အတွဲကြီးလည်း မဟုတ်ဘူး။ စရိုက်ချင်းကမှ သိပ်မတူလှပဲကိုး။ ကိုအောငံက ပဲများတယ်။ ကိုထက်ဒီက ပွင့်လင်းတယ်။ သိပ်ခီးကိုက်ပုံ မရဘူး။

ကိုအောငံက ရေကူးတာမှာရော၊ ဂစ်တာတီးတာမှာပါ ကျွန်တော့်ဆရာလို့ ပြောလို့ရပေမယ့် သူ့ကို ကျွန်တော် သိပ်သဘာမကျဘူး။ ပဲများတာက အဓိကပါပဲ။ ပဲများတယ်ဆိုတာထက် ဟန်များတယ်ဆိုရင် ပိုမှန်မလား မသိဘူး။ ကျွန်တော်က အဲဒီ့ကလေးဘ၀ကတည်းက ရိုးသားပွင့်လင်းမှုကို တန်ဖိုးထားမှန်း ကိုယ့်ဘာသာကိုယ်တော့ သိပ်မသိခဲ့ဘူး။

အမှန်တော့ ကျွန်တော်လည်း ကိုအောငံနဲ့ သိပ်မကွာပါဘူး။ အဲဒီ့အရွယ်က ရိုးသားပွင့်လင်းမှု သိပ်ရှိခဲ့တာတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့နုံချာတဲ့ဘ၀ကို ဖုံးထားချင်တယ်။ မရှိကို အရှိလုပ်ချင်တယ်။ ဟန်များတယ်။

ကိုယ့်အဖေက အထက်တန်းစာရေး (စာရေး)ဆိုတာတောင် လူသိ သိပ်ခံချင်တာ မဟုတ်ဘူး။ ကျောင်းမှာကလည်း မိဘ အလုပ်အကိုင်ကို ပုံစံတွေ ဖြည့်ရတယ်။ အဲဒါဆို ခပ်တည်တည်ပဲ၊ Superintendent လို့ ရေးခဲ့ဖူးသေးတာကလား။ အဲဒါလည်း အဖေက အဲလို ရေးခိုင်းတာပါ။ အမှန်တော့ Clerk, အလွန်ဆုံးမှ UD (Upper Division Clerk) ဒါမှမဟုတ် Typist လို့ ရေးရမှာပါ။

စာရေးဆိုတော့ မျက်နှာငယ်တာပေါ့။ အဲတော့ ကျွန်တော်လည်း မသုံးချင်၊ သူကလည်း မရေးစေချင်ဘူးပေါ့။ အဲတော့လည်း ဟန်ကိုယ့်ဖို့တွေ ဘာတွေ လျှောက်လုပ်ပြီး ကိုယ့်အဖေကို ရာထူးတစ်ဆင့် တင်ပေးလိုက်ကာ ရုံးအုပ် (superintendent) တွေ ဘာတွေ လျှောက်လုပ်တာပေါ့။ ရန်ကုန်မှာကျတော့ လောပိတလို မဟုတ်တော့ဘူးလေ။ မြို့ကြီးက ကြီးတော့ ဘယ်သူမှ အမှန်ကို စုံစမ်းနေမှာမှ မဟုတ်တာ။

ရှေ့ဆောင်နွားလား

အဲဒါတွေကြောင့် အဖေဟာ မယုံကြည်ထိုက်သူဆိုတာ ကျွန်တော့်မသိစိတ်မှာ စွဲနေပါတော့တယ်။ ဒါ့ကြောင့် အဖေ့ အတန်းပညာမှာ အင်္ဂလိပ်-မြန်မာ ကိုးတန်းအထိ တတ်တယ်ဆိုတာ ကျွန်တော် မယုံဘူး။ အလွန်ဆုံးမှ ခုနစ်တန်းလောက်အထိပဲ နေခဲ့ရဖူးတယ်လို့ ထင်ပါတယ်။ အဖေ့ အသက်က အမေ့ထက် တစ်နှစ်ကြီးတယ် ဆိုတာလည်း မယုံပါဘူး။ အမေ့ထက် ငယ်မယ်လို့ ထင်ပါတယ်။

မိဘဆိုတာက သားသမီးကို မလိမ်စေချင်ဘူး၊ အမှန်အတိုင်း ပြောစေချင်တယ်။ မလိမ်ဖို့လည်း သိပ်ကို သွန်သင်တတ်ကြတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ရှေ့က ညာဝါဖြီးဖြန်းပြနေခဲ့တဲ့အခါ သားသမီးက အဲဒီ့ မလိမ်ရေး လမ်းစဉ်ကို ဘယ်လိုလုပ် ယုံကြည်ရဲပါတော့မလဲ။ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ဆိုတာဟာ မိဘနဲ့ သားသမီးကြားက အလွဲဆုံး သွန်သင်မှုပဲ ဖြစ်ပါတယ်။

ကံကောင်းချင်တော့ အမေက အင်မတန် ရိုးသားဖြောင့်မတ်တယ်။ အမှန်အတိုင်း အကုန် ပြောတယ်။ ဘာကိုမှ ခြွင်းချန်မထားတတ်ဘူး။ (အမေ ငယ်ငယ်က လင်နောက်လိုက်ပြေးဖူးတာ အမေသာ မပြောပြရင် ကျွန်တော် ဘယ်လိုမှ မသိနိုင်မှာကို စာဖတ်သူ လူကြီးမင်းလည်း ရိပ်စားမိမိယ် ထင်ပါတယ်။) အမေ့မှာ မပြောသင့်တာ၊ ပြောသင့်တာ ဘာဆို ဘာမှ မရှိဘူး။ ပြောချင်ရင် ပြောထည့် လိုက်တာပဲ။ အမေနဲ့ အနီးကပ်နေခဲ့ရတာမို့ ကျွန်တော်သည်လည်း ရှေ့နောက် သိပ်မဆင်ခြင်ဘဲ ပြောတတ်တယ်။ ပြောစရာရှိရင် ဘယ်မျက်နှာမှ မထောက်ဘဲ ပြောတတ်နေခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ဟန်များတဲ့ အဖေ့ကိုလည်း သိပ်သဘောမတွေ့ခဲ့ပါဘူး။ သဘောသာ မတွေ့ခဲ့တာ ငယ်တုန်းက ကျွန်တော်လည်း အဖေ့ရဲ့ ရာထူးပိုင်းဆိုင်ရာ လိမ်လည်မှုမှာ ပူးပေါင်းပါဝင်ဖြစ်ခဲ့တာလည်း အမှန်ပါပဲ။

ဘ၀မှာ အဖေ့ရဲ့ အလုပ်အကိုင်ဟာ တော်တော်စကားပြောခဲ့သေးတာကိုး။ အထူးသဖြင့် ကိုယ် ဘာကောင်မှ ဖြစ်မလာသေးခင် ကျောင်းသားဘ၀မှာ အဲဒါက တော်တော် စကားပြောတယ်။

ကျွန်တော်တို့အတန်းထဲမှာ လွတ်လပ်ရေးခေတ် သမ္မတကြီးရဲ့မြေးတို့၊ တရားလွှတ်တော် ၀န်ကြီးရဲ့ မြေးတို့ ရှိတယ်ဗျာ။ ရေတပ်၊ လေတပ်၊ ကြည်းတပ်က ဗိုလ်မှူးကြီးတွေရဲ့ သားတွေ ရှိတယ်ဗျာ။ ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေရဲ့ သားတွေ ရှိတယ်ဗျာ။ သာမန် လက်လုပ်လက်စားတွေရဲ့ သားသမီးတွေလည်း မရှိဘူးလားဆိုတော့ ရှိတာပါပဲ။ ဒါပေမယ့် သူတို့ မိဘတွေရဲ့ ရာထူး အလုပ်အကိုင်တော့ ခပ်တည်တည်ပဲ၊ “ကုန်သည်”တဲ့။

အဲဒါလည်း ရွှေဗမာတို့ရဲ့ ဆန်းကျယ်မှုပဲ ထင်ပါရဲ့လေ။ ဘာကုန်သည်မှန်းလည်း ဘယ်သူမှ သိစရာ မလို။ ကွမ်းယာ ရောင်းလည်း ကုန်သည်ပဲ၊ ကျောက်မျက်ရတနာ ရောင်းလည်း ကုန်သည်ပဲ။ အကုန်လုံး လုံးချထားတဲ့ ဝေါဟာရ။ ဗမာမှာပဲ ရှိမယ် ထင်တယ်။

ငယ်ရွယ်နုနယ်သေးတဲ့ ဘ၀မှာတော့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုက အတော်ကြီးကို စကားပြောပါတယ်။ ပင်ကို အစွမ်းအစ ပြခွင့် မရသေးချိန်ဖြစ်တဲ့အခါ မိဘရဲ့ အရှိန်အ၀ါက အတော့်ကို အရေးပါနေခဲ့တယ်။ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပတ်ဝန်းကျင်ဆိုတာကလည်း အရှိန်အ၀ါကြီးသူ မိဘက ပေါက်ဖွားတဲ့ သားသမီးကိုဆို တယ် အရေးပေးချင်တတ်တာကလား။

အဲတော့ ငယ်ရွယ်စဉ်ဘ၀မှာ ကိုယ့်မိဘ ဘာကောင်မှ မဟုတ်တာက အလိုလို သိမ်ငယ်စရာ ဖြစ်နေခဲ့ပါတော့တယ်။

ကျွန်တော်မျိုးကြီး ရှင်သင့်ပါတယ်

ကျွန်တော့်သားသမီးတွေကျတော့ အေးရော… သူတို့က ကျွန်တော့်ကို အဖေတော်ထားတာ လူသိ သိပ်ခံချင်တာ မဟုတ်ဘူး။ Facebook မှာတောင် အဖေနဲ့ အမေကို သိပ် အဖက်မလုပ်ကြဘူး။ သားတော်မောင်ဆို ကျွန်တော့် မိတ်ဆွေ စာရင်းထဲမှာ မရှိသလို သမော်ဒီးဆိုရင်လည်းပဲ လူအများအတွက် ဖွင့်ပေးထားတဲ့ စာရင်းမှာ ငြိမ်ငြိမ်လေးပဲ နေတယ်။ Like လေးတောင် ယောင်တောင်ပေါင်တောင် လာ မလုပ်ဘူး။ လူသိပ်မရှိတဲ့ ကျွန်တော့်ရဲ့ ပုဂ္ဂလိက စာရင်းမှာသာ တစ်ခါတလေ ပေါ်လာတတ်တာ။

သမော်ဒီးအဖြစ်က ပိုဆိုးတယ်။ သူ့ဟာနဲ့သူ အလုပ်တွေလျှောက်၊ သူ့အရည်အချင်းနဲ့သူ အလုပ်ရတာပေမယ့် လူအတော်များများက ကျွန်တော့်ကြောင့် အဲဒီ့ အလုပ်တွေ ရခဲ့တာလို့ ထင်တာကို ခံနေရတယ်။ အဲဒါကို သူက တစ်စက်မှ မကြိုက်ဘူး။ ကျွန်တော်လည်း မကြိုက်ဘူး။

ကလေးတွေ ကျောင်းစနေကတည်းက အဲဒီ့စိတ်ဓာတ်ကို သူတို့ရင်ထဲ ထည့်ပေးခဲ့တာ။ ပင်ကို အရည်အသွေးကသာ အခရာဆိုတာ သိအောင် တစ်ချိန်လုံး ပျိုးထောင်ပေးခဲ့ပါတယ်။ ကိုယ့်အားကိုယ်ကိုးစိတ် ရှိနေမှသာ ဘ၀မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာလို့လည်း ယုံကြည်တယ်။ ဒါ့ကြောင့် သူတို့ကို ကျွန်တော့်ရဲ့ လွှမ်းမိုးမှု ကင်းအောင် အတတ်နိုင်ဆုံး အားထုတ်ခဲ့သလို ကျွန်တော့် အရှိန်အ၀ါကို မသုံးဖြစ်အောင်လည်း အမြဲတစေ အားထုတ်ခဲ့တယ်။

“ငါရှာထားသမျှ ငါပဲ အကုန်သုံးသွားမှာ။ မင်းတို့အတွက် တစ်ပြားတစ်ချပ်မှ ထားခဲ့မှာ မဟုတ်ဘူး။ မင်းတို့အတွက် ထားခဲ့မှာက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ အရည်အချင်းနဲ့ သတ္တိပဲ။ အဲဒါကိုပဲ မင်းတို့ ကိုယ်ထဲ ထည့်ပေးခဲ့မှာ။ အဲဒါကို သိထားကြပါ”လို့ သမီးနဲ့သားကို ငယ်ကတည်းက တစ်ချိန်လုံး ပြောနေခဲ့ဖူးပါတယ်။

အဟဲ… အဲဒီ့စကားကို အပြောရပ်သွားအောင် စောင်မသူကတော့ သားတော်မောင်ပါပဲ။

တစ်ချီသားမှာ ကျွန်တော် အစချီမိပြန်ပါတယ်။

“ငါရှာသာမျှ ငါ အကုန်သုံးသွားမှာ…”

ကျွန်တော့်စကား စလိုက်ရုံပဲ ရှိသေးတယ်။ သားတော်မောင်က ဖြတ်ပြောပါတယ်။

“သိပါတယ်ဗျာ။ အဖေသေတဲ့အချိန်မှာ ပိုနေတာ ရှိသေးလည်း အဖေ့အခေါင်းထဲ ထည့်ပေးလိုက်ပါ့မယ်”တဲ့။

သည်ကောင် ကျွန်တော့် ပို့ချချက်ကို ဘယ်လောက် နားကြားပြင်းကတ်နေလဲဆိုတာ သဘောပေါက်သွားပြီး အဲဒီ့နေ့က စလို့ အဲဒီ့စကား ကျွန်တော် ထပ်မပြောဖြစ်တော့တာ ကနေ့အထိပါပဲ။ အင်း… ဘာလိုလိုနဲ့ ခုနစ်နှစ်လောက်တောင် ရှိသွားပြီ မှတ်တယ်။

အဲ… ကျွန်တော် သူတို့ကို မနေမနား ပြောနေတာက ရိုးသားဖြောင့်မတ်ဖို့၊ သင်ယူတာကို သေတဲ့အထိ လုပ်သွားဖို့ပဲ။ အဲဒါက လွဲရင် ဘာဆို ဘာမှ မဆုံးမတော့ဘူး။ လုပ်ချင်တာလုပ်၊ ကိုယ်ဖြစ် ကိုယ်ခံ။ ကိုယ့်ဘ၀၊ ကိုယ့်ရွေးချယ်မှု၊ ကိုယ့်လမ်းကိုယ်လျှောက်။ မအေမိဘက သူတို့အတွက် မိတ်ဆွေပဲ။ အကူအညီတောင်းရင် ပေးနိုင်တာဆို ပေးမယ်။ မတောင်းရင်၊ မပေးနိုင်ရင် မပေးဘူး။

ခက်တာက ကျွန်တော်က ပေါက်တတ်ကရတွေ လှိမ့်ရေးထားတဲ့သူ။ အဲတော့ စာဖတ်ပရိသတ်က ကျွန်တော့် ဇနီးကိုဆို လွှတ် စိတ်ဝင်စားတာ။ ဘယ်လို မိန်းမကြီးပါလိမ့်ပေါ့။ သည်လို ရွှေတလွဲ လင်ကို နားလည် သည်းခံ ခွင့်လွှတ်ပေးနိုင်နေတဲ့ မိန်းမကြီးက ဘယ်ပုံ ဘယ်ပန်းဆိုတာ သိချင်ကြတယ်။ အလားတူပဲ၊ ကျွန်တော့် သား သမီးတွေကိုဆိုလည်း ပရိသတ်က စိတ်ဝင်စားတယ်။ ကျွန်တော် ရွှေတလွဲကြီးက မွေးထားတာလေးတွေဆိုတော့ သိချင်၊ ခင်ချင်ကြတယ်။

အဲဒီ့မှာတင် ကျွန်တော့်သမီးမှန်း၊ ကျွန်တော့်သားမှန်း သိသွားတာနဲ့ တစ်ပြိုင်နက် သူတို့မှာ အနေတွေ ခက်ကုန်ရော။ ငယ်တုန်းကတော့ သိပ်မထောင်းတာပေမယ့် ကိုးတန်း၊ ဆယ်တန်းလောက် ရောက်လာကတည်းက သူတို့မှာ အနေက အတော်ကြုံ့လာတယ်။ သည်မှာတင် သူတို့အဖေ ဘယ်သူ ဘယ်ဝါဆိုတာ ထုတ်မပြောကြတော့ဘူး။ သူတို့ မိတ်ဆွေသူငယ်ချင်းတွေက သူတို့ဘာသာ သိလာတာကိုတော့ ဘာမှ မဖြစ်ကြပေမယ့် သူတို့ကတော့ သူတို့အဖေ ဘယ်သူဆိုတာ တခုတ်တရ ပြောမနေကြတော့ဘူး။

ကျွန်တော့်တုန်းကတော့ အဲဒီ့ မိဘရဲ့ ရာထူးဌာနန္တရက အတော်စကားပြောခဲ့တယ်။ မျက်နှာငယ်ခဲ့၊ သိမ်ငယ်ခဲ့ရတယ်။ လူတော မတိုးသလို ဖြစ်ခဲ့ရတယ်။

တစ်ဆက်တည်းမှာပဲ ကိုယ်စွမ်းကိုယ်စက သိပ်အရေးကြီးတယ်ဆိုတာကို ဘ၀ပေးအသိအနေနဲ့ တဖြည်းဖြည်း နားလည်လာခဲ့ပါတယ်။ နားလည်ပေမယ့် ကျွန်တော် လိုက်တဲ့ လမ်းက လွဲတယ်။ ကျောင်းစာမှာ အစွမ်းအစ ပြဖို့ တစ်စက်ကလေးမှ စိတ်မ၀င်စားဘူး။ ကျွန်တော်က ဗရုတ်ဗရက်။ အိမ်ထဲမှာ စိတ်ဆင်းရဲသမျှ အပြင် ရောက်တာနဲ့ အဆီးအတားမဲ့ လွတ်ပြီ။

ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်

ဆေးလိပ်ကတော့ ငါးတန်းကျောင်းသား ဘော်ဒါဘ၀ကတည်းက သောက်လာလိုက်တာ ရန်ကုန် ရောက်ပြီးတော့ ခုနစ်တန်း၊ ရှစ်တန်းမှာ တအားသောက်နေပြီ။ ကိုယ့်ကိုယ်ကိုယ်တော့ ဆေးလိပ်စွဲပြီလို့ မထင်ဘူးပေါ့။ အိမ်မှာ နေနေတဲ့အခါကျတော့ မသောက်ဘဲ နာရီပေါင်းများစွာ နေလို့ ရနေတာကိုး။

အဲ… အပြင်ထွက်ပြီဆိုတာနဲ့ လမ်းထိပ်က ကုလား ကွမ်းယာဆိုင်မှာ ၀ယ်ပါပြီ။ သောက်ပါပြီ။ ဆေးလိပ်ကို အလိပ်လိုက် ၀ယ်လို့ ရတာကိုက ကျွန်တော်တို့လို ဆေးလိပ်သောက်စများကို တစ်နည်းတစ်ဖုံ အားပေးနေသလိုပါပဲ။

ပိုက်ဆံလေးရှိရင် စီးကရက်ပေါ့။ ပိုက်ဆံ သိပ်မရှိရင် ဆေးပေါ့လိပ်ပေါ့။ အဲဒီ့ထဲမှာမှ ဘီဒီဆိုတဲ့ ကုလား ဆေးလိပ်ကလေးတွေကလည်း တယ် သောက်ကောင်းပဲ။ အခုတော့ မြန်မာပြည်မှာ ကုလားတွေလည်း မရှိတော့တာနဲ့အတူ အဲဒီ့ ဘီဒီတွေလည်း မတွေ့ရတော့ဘူး။ အတော် လွမ်းသားဗျ။ ဘီဒီသောက်ရဖို့ အရေး အိန္ဒိယအထိ သွားရမယ့် သဘော ရှိတယ်။

beedi_1091825gဘီဒီဆိုတာက မြန်မာဆေးပေါ့လိပ်လို ဖက်နဲ့တော့ လိပ်တာပဲ။ ဒါပေမယ့် မြန်မာဆေးပေါ့လိပ်လို မတုတ်ခဲဘူး။ စီးကရက်လောက်ကလေးတွေ။ အရင်းမှာက ဆေးတံရိုးလိုပဲ ပြားပြားလေးတွေ။ ကတော့ အသေးစားလေးကို လိပ်ထားသလိုမျိုးလေးပေါ့။ ဆေးစပ်ကလည်း ဘယ်လို စပ်သလဲတော့ မသိဘူး၊ မွှေးတယ်။ ပြီးတော့ ဗမာဆေးပေါ့လိပ်လို မီးဖွား မကျဘူး။ အလွန်သောက်လို့ ကောင်းတာကလား။

ဆေးလိပ်တကာအနက်မှာ ဘီဒီက ဈေးအပေါဆုံး။ ဒါ့ကြောင့် သိပ်ဘိုင်ကျတဲ့အခါ ဘီဒီနဲ့ ကိစ္စပြတ်တယ်။ အရသာကတော့ ပြင်းတယ်ပေါ့ဗျာ။ ကျွန်တော်က ဆေးပြင်းကို တယ်ကြိုက်တာကလား။

အခုဆို တော်ရုံ စီးကရက်တောင် ကျွန်တော့်အတွက် အာသာ မပြေချင်ဘူး။ နောက်ပိုင်း ထုတ်လာတဲ့ အပျော့စား စီးကရက်တွေဆို ဘယ်လိုမှကို အရသာ ခံလို့ မရတဲ့အထိပဲ။ ပေါ့ရွှတ်နေတာကြီးကို မခံစားနိုင်တာ။ ပြင်းလို့ကတော့လား၊ လာစမ်း ကြိုက်သလောက်ဆိုတဲ့ အထဲက။ ဆေးပြင်းလိပ်၊ ဆေးတံကတောင် မချန်ဘူး။

ကျွန်တော့်ရဲ့ ကြီးကောင်ဝင်စနဲ့ လူပျိုပေါက်အရွယ်က စိတ်ကစားမှုတွေကိုတော့ ချစ်သူ့ရင်ခွင် ရှာပုံတော်မှာ အသေးစိတ် ရေးပြီးသားမို့ ထပ်ပြောမနေတော့ပါဘူး။ အဲဒီ့ စာအုပ်ထဲမှာ မရေးရသေးတဲ့ အကြောင်းတွေကိုပဲ တတ်နိုင်သမျှ ပြန်စဉ်းစားပြီး အစုတ်ထုပ်ထဲ ထည့်သွားပါ့မယ်။

ရွှေဗမာတို့ရဲ့ ပြောလွယ်ဆိုလွယ်တဲ့ ၀သီ

အဲဒီ့ ၁၉၇၀ ၀န်းကျင်အထိက ရန်ကုန်မြို့မှာ တရုတ်၊ ကုလားက အတော်များသေးတယ်။ တရုတ်ကတော့ အခုအချိန်အထိ များနေဆဲမို့ မသိသာပေမယ့် ကုလားကတော့ လွှတ်ပေါပဲ။ ကုလားလို့သော ပေါင်းခေါ်လိုက်တာ တကယ်က အမျိုးအမယ်စုံ။ ဟိန္ဒူလည်း ကုလားပဲ၊ တမီ(လ်)လည်း ကုလားပဲ၊ ဂေါ်ရင်ဂျီလည်း ကုလားပဲ၊ မဂို၊ ဇေဒဗာရီအစရှိတာတွေလည်း ကုလားပဲ။ မူစလင်မှ ကုလားလို့ ခေါ်တာ မဟုတ်ဘူးလေ။ တစ်နယ်တစ်ကျေးက “ကူးလာ”သူတွေကို ကုလားလို့ အလွယ် ခေါ်လိုက်ကြတာ ဗမာလူမျိုး အစဉ်အဆက်ပါပဲ။

နှိမ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေ တစ်စက်မှ မပါပါဘူး။ ဗမာဆိုတာကလည်း အဲဒါတွေ သိပ်စဉ်းစားအားတဲ့ အမျိုးမှ မဟုတ်တာ။ ကိုယ့်သားသမီးတောင်မှ သူများကလေးရဲ့ မစင်ကျွေးချင်တဲ့ ၀ါသနာ အရင့်အမာနဲ့ပါ။

ဘယ်ကလေးက ဘယ်လိုတော်တာ၊ နင့်ကို သူ့မစင်ကျွေးဖို့ ကောင်းတယ်ဆိုတာမျိုးဟာ သာမန် ဗမာမိဘ အတော်များများရဲ့ နှုတ်ခပတ်ပါပဲ။ ကိုယ့်သားသမီးကို အဲသလို ပြောလိုက်တဲ့အတွက် သားသမီးမှာ ဘယ်လောက်အထိ စိတ်အနာတရ ဖြစ်သွားမယ်ဆိုတာ ဘယ်မိဘမှ မစဉ်းစားပါဘူး။ လွယ်လွယ်ပဲ ပြောထည့်လိုက်ကြတာချည်းပါပဲ။ ပြီးရင် ကိုယ်က တော်စေ၊ တစ်စေချင်၊ ကောင်းစေ့ချင်လို့ဆိုတဲ့ ဆင်ခြေကိုလည်း လွယ်လွယ်ကူကူပဲ ပေးထည့်လိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးနဲ့ ဗမာနဲ့က အဝေးကြီးပါ။

အဲတော့လည်း လူမျိုးကွဲကို ကုလားတို့၊ ကုလားဖြူတို့ ခေါ်ဖို့လည်း အင်မတန် နှုတ်လွယ်နေခဲ့ပါတယ်။ အဲလို ခေါ်တဲ့အတွက် တစ်ဖက်သား ဘယ်လိုခံစားရမယ်ဆိုတာ ဘယ်တော့မှ မစဉ်းစားတတ်တာလည်း ရွှေဗမာတွေပါပဲ။ ပြောပကော၊ ကိုယ်က မွေးထားတဲ့ ကိုယ့်သားသမီး အရင်းခေါက်ခေါက် ဘယ်လိုခံစားရမယ် ဆိုတာတောင် ထည့်စဉ်းစားတတ်တဲ့ အစားထဲက မဟုတ်ပါဘူးဆိုမှလေ။

ကျွန်တော်လည်း အဲဒီ့ ဗမာသွေး အပြည့်နဲ့ဆိုတော့ ခဏ ခဏ ပြဿနာ တက်ရဖူးတယ်။ ပတ်ကညောလို့ ကရင်တိုင်းရင်းသားကို ခေါ်မိတဲ့အခါ တချို့က မကြိုက်ကြသလို ချင်းလူမျိုးကိုလည်း ချယ်လူလင်းလို့ နောက်မိတဲ့အတွက် စိတ်ဆိုးတာလည်း ခံဖူးပါတယ်။ ကိုယ်ကတော့ နှုတ်လွယ်လွယ်နဲ့ မဆင်မခြင် နောက်လိုက်မိတာ၊ တချို့မှာ နင့်နေအောင် ခံစားသွားရတာတွေ ရှိပါရဲ့။ ဒါ့ကြောင့် ခွေးကြီးမှ လက်ပေးသင် ဆိုသလို ကျွန်တော့်မလည်း အသက်ကလေး မြေကြီးထောက်လာမှ ဆင်ခြင်နေရတာတွေ တစ်ပုံကြီးရယ်။

ကလေးတွေကို တခြားကလေးနဲ့ နှိုင်းယှဉ်တာကိုတော့ ကျွန်တော်ကိုယ်တိုင် တစ်သက်လုံး ခံခဲ့ရတာမို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ကျွန်တော်သာ လက်မခံနိုင်တယ်၊ ကျွန်တော့်ရဲ့ မာတာမိခင်ကတော့ မရဘူး၊ နှိုင်းချင်၊ ယှဉ်ချင်တုံးရယ်။

မှတ်မိသေးတယ်။ မေမေ မဆုံးခင် ရက်ပိုင်း အလို တစ်ရက်မှာ သားတော်မောင်ကို သူ့အစ်မလို စာတော်အောင် ကြိုးစားဖို့ မေမေက ဒေသနာ ချွေတော်မူတော့ ကျွန်တော် စိတ်ဆိုး မာန်ဆိုး ၀င်ဟန့်ခဲ့ဖူးတယ်။ ကျွန်တော့်သား သမီးတွေကို ဘယ်သူ့ ဘယ်သူနဲ့မှ ခိုင်းနှိုင်းပြီး မပြောပါနဲ့ မေမေလို့ ပြောလိုက်တော့ မယ်တော်ကြီး တော်တော် မကြည်မလင် ဖြစ်သွားတယ်။ မတတ်နိုင်ဘူး။ အဲဒီ့အကျင့်ကို ကျွန်တော် လွှတ် မုန်းနေမိခဲ့တာကိုး။

ပြောရင်းနဲ့ စကားက ထုံးစံအတိုင်း ဘေးရောက်သွားတယ်။ ပြောနေတုန်းက ဟိုတုန်းက ဗမာပြည်မှာ ကုလား ပေါတာ။ ဘီဒီဆေးလိပ်က စလာပြီး ပြောဖြစ်တာ။

လမ်း ၄၀ ထိပ်က သွားရည်စာများ

အဲတုန်းက လမ်းပေါ်မှာ ဂျာနေဂျိုသည် ကုလားကြီးတွေလည်း ရှိတယ်။ သူတို့ ဂျာနေဂျို ပူပူနွေးနွေး၊ မွှေးမွှေးပျံ့ပျံ့က တယ် စားလို့ ကောင်းပဲ။ ပြီးတော့ ဗန္ဓုလ ပန်းခြံရှေ့မှာဆိုလည်း အဲလို အဖြူဝတ် ကုလားကြီးတွေ ရောင်းတဲ့ ကုလားပဲခြမ်းကြော်၊ မြေပဲ၊ ဖရုံစေ့၊ ပဲလုံးလှော်၊ ပတာနီသည်တွေလည်း ရှိတယ်။ စက္ကူကတော့ ချွန်ချွန်လေးတွေနဲ့ ရောင်းတာ။ ကုလားပဲခြမ်းကြော်ကိုဆိုရင် သံပရာရည်လေး ညှစ်၊ မဆလာလေး ထပ်ဖြူး၊ ကတော့လေးကို လှုပ်ပေးသေးတာ။ အလွန် စားလို့ကောင်းပေါ့။

တိုရှည်သည်ဆိုတာတော့ မမြင်ချင့်အဆုံးပါ။ ကျွန်တော်တို့ လမ်း ၄၀ ထိပ်မှာဆို အဲဒီ့ တိုရှည်သည် ရှိတယ်။ ကျွန်တော်ဖြင့် ငယ်တုန်းက တစ်ခါမှ မစားဖူးပါဘူး။ ကြီးမှ ကြိုက်သွားတာ။

သည်အပိုင်းမှာ ပြောကြတာ…

Naw Naw “ပင်ကို အရည်အသွေးကသာ အခရာ” အရမ်းသဘောကျတယ်ဆရာ။ ကျမ ကိုယ်တိုင်ကလည်း ရှိစုမဲ့စု ပင်ကို အရည်အသွေးနဲ့ပဲ အသက်ဆက်နေရလို့ပါ။ ကျေးဇူးပါ ဆရာ။

Kyi Kyi Khin ကျမကတော့ အဖေ အလုပ်အကိုင်နေရာမှာ ကားမောင်းလို့ပဲရေးတယ်။ ဆရာမက ကားလုပ်ငန်းလို့ ရေးလေ ဆိုရင် ကျမအဖေကိုယ်တိုင် မောင်းတယ်လေလို့လဲ ဖြေခဲ့သေးတာ။

Alex Moe ကျနော့အဖေကတော့ ဘာအမွေမှ မပေးနိုင်ဘူး၊ ပေးစရာလည်းမရှိ ( တကယ်လည်းမရှိတာပါ)။ ပညာတော့ သင်ချင်သလောက်သင်တဲ့။ သူတတ်နိုင်တာ ထောက်ပံ့မယ်လို့ ငယ်ငယ်တည်းကပြောတာ။ အလုပ်လုပ်မှ ဘဝသိမှာဆိုပြီး ရှစ်တန်းနှစ် နွေရာသီတည်းကသူများဆီမှာ ကျောင်းပိတ်တိုင်းအလုပ်လုပ်ရတာ။ နောက်ပိုင်းကျတော့ အလုပ်လုပ်ရင် ပိုက်ဆံရမယ်၊ ပိုက်ဆံရရင် ကိုယ်ထင်သလို သုံးလို့ ရတယ်။ ပိုက်ဆံရှာရတာကို ကြိုက်သွားသလို ရှာတဲ့ပိုက်ဆံကို မိနစ်ပိုငိးအတွင်းလည်း ကုန်အောင်သုံးတတ်သွားပါရောလား ဆရာရေ။ လျှာနည်းနည်း ရှည်မိပြီ။ ဆောတီးပါ ဆြာရေ။

စု စုအေး ဂျာနေဂျို စားချင်

Khin Myo သမီးကတော့ ကလေး မွေးလာရင် ဆရာ့စာအုပ်တွေ လက်ကိုင်ပြု ပြီး သွန်သင်ဆုံးမ မယ်လို့ စဉ်းစားထားတယ်…

Sanda Thant လုပ်ပြီ … ဂျာနေဂျို တိုရှည်နားမှ တစ်ရတယ်လို့…

Mung Shadan ကျနော်တို့ တောင်ပေါ်သားတွေကတော့ တောင်ယာဆို ပြတ်ကရော ဟိ။ ကျနော့်အလုပ်လည်း မပုတင်မှာ တောင်ယာပဲ။ တောင်ယာသာ မခုတ်ဖူးတယ်။

‘Song Thiri’ဂျာနေဂျို ဆိုတာဘာလဲ ဆြာ..။ ဒါလေးတောင် မသိရကောင်းလားလို့ အပြစ်တင်ရင်လည်း ခံရမှာပဲ။ တကယ်ကို မသိလို့ပါ ..

Aung Thein Kyaw's photo.ATKအောင်မြတ်လေး။ အပြစ်မတင်ပါဘူးဗျာ။ မေးတာကို ကျေးဇူးတောင် တင်သွားသေးတယ် ‘Song Siri’ ရယ်။ ဘာပုလို့လဲ သိလား။ မမကို သိအောင် ပြောဖို့အတွက် google မှာ ရှာလိုက်တော့ ဘိုလို စာလုံးပေါင်းတောင် အမှန် သိလိုက်ရသဗျ။ chana jor လို့ Google pictures မှာ ရှာလိုက်ရင် တစ်သီကြီး တွေ့ရပါလိမ့်မဗျား။

အခွံမချွတ်ရသေးတဲ့ ကုလားပဲ (အညို)ကို ပြုတ်၊ ပြားသွားအောင် ထုပြီး မဆလာနဲ့ ပြန်လှော်ထားတာပါ။ သံပရာရည်လေး ညှစ်၊ ငရုတ်သီးမှုန့်လေး ဖြူးပြီး စားလိုက်မယ်ဆိုရင် အမလေးလေး… ဂလု… ဂလု…

ပုံလေးတစ်ပုံလည်း နမူနာ တင်ပေးလိုက်ပါတယ်။

သည်မှာလည်း တစ်ပုံ။ စာက Spicy Black Gram လို့ ဘာသာပြန်ပေးထားသဗျ။

Sanda Thant နက်ဖြန် သွားဝယ်စားဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ…  ဂျီဒီပီ တက်ဖို့ တစ်ထောင့် တစ်နေရာက ပါဝင်ကြောင်း ဂုဏ်ယူလိုက်ပါ။

ATK မေမြို့ လူကြုံရှိရင် မှာလိုက်ဗျ။ Shyam က ဂျာနေဂျိုက အတော် ကောင်းသယ်။ လူကြုံများ ရှိရင်တော့ မှာလက်စနဲ့ မထူးပါဘူး၊ မလိုင်တွေပါ မှာလိုက်နော်၊ အဆိမ့်တွေက ထူးရှယ်ပဲဗျို့၊ မပြောမရှိနဲ့။ 

‘Song Thiri’ အောင်မြတ်လေး ဆြာရဲ့… ဒီစာကို မေမြို့အပြန် ကားပေါ်ကျမှ ဖတ်မိလေခြင်း… Shyam ကနေ မလိုင်တွေတော့ ဝယ်မိပါရဲ့ … chana jor တို့ မသိလို့ မဝယ်လိုက်ရဝူး။ ဒီအစုတ်ထုပ်ကို အရင်ရက်တွေကသာ တင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ…

Nay Myo Saw ဘီဒီ မသောက်ဖူးခဲ့။ မင်းသိင်္ခထဲမတော့ဖတ်ဖူး။

Lutha Kyaw ဒဂုံ ၁ နားက ယုဇနလက်ဖက်ဆိုင်မှာ ဂျာနေဂျို ရပါတယ်။

Harry Hpone Thant ကျွန်တော်တို့ငယ်ငယ်က လမ်းထဲကိုလာပြီး ဂျာနာဂျိုရောင်းတဲ့ ကုလားကြီးတယောက် ရှိတယ်။ကုလားမ ဆာရီကြီးဝတ်၊ လက်တွေ၊ ခြေထောက်တွေမှာ ခြူတွေဆွဲပြီး သူ့ဆီက ဝယ်စားရင် ကုလားလို ကပြတယ်။

၂၀၁၅ မတ်လ ၃၀ ရက်

လမ်း ၄၀ ထိပ်မှာ စွဲစွဲလမ်းလမ်း စားခဲ့ဖူးတာက အုန်းနို့ခေါက်ဆွဲ အထမ်းသည်ပဲ။ မနက်တိုင်း ရှိတယ်။ သူ့ အုန်းနို့ခေါက်ဆွဲက အုန်းနို့ သည်လောက် ပါပုံ မရပါဘူး။ ပဲရည်ပဲ ဖြစ်မှာပါ။ ကြက်ရိုးတွေတော့ ပါတယ်။ ပြီးတော့ ရန်ကုန်ရောက်မှ စားဖူးတဲ့ ဘဲသွေးခဲလည်း ပါတယ်။ ပဲသွေးလို့လည်း ဆိုကြတယ်။ ဘာသွေးပဲဖြစ်ဖြစ်၊ အဲဒါကို လွှတ်ကြိုက်ပဲ။ ပဲကြော်နဲ့ ဘဲသွေးနဲ့မှ ပြား ၃၀ လား ပေးရတာ။

ရတဲ့ မုန့်ဖိုးကို ဆေးလိပ်အတွက် ချိုးခြံနေရသေးတာမို့ နေ့တိုင်းတော့ မစားနိုင်ပါဘူး။ တစ်ခါတစ်ရံ စားတာပေါ့။ အမေ စိတ်လိုလက်ရ ၀ယ်ကျွေးတဲ့အခါလည်း စားတာပေါ့။ မုန့်ဟင်းခါးကတော့ အမေက ကြိုက်ပေမယ့် ကျွန်တော်က သိပ်မကြိုက်ဘူး။ အဲဒီ့အရွယ်က ပြောပါတယ်။ အခုတော့လည်း ကြိုက်တတ်လာတယ်။ အဲဒီ့အရွယ်က မုန့်ဟင်းခါး ကြိုက်တာက ညဘက် စားရတာကို ကြိုက်တာ။

စောစောက ပြောတဲ့ တိုရှည်သည်၊ အုန်းနို့ခေါက်ဆွဲသည်၊ မုန့်ဟင်းခါးသည်တွေက ဖရေဇာထိပ်မှာ ရှိတာ။ မနက်ဆို အဲဒီ့ထိပ်မှာ ကောက်ညှင်းပေါင်းသည်တွေအပါအ၀င် မြန်မာ မုန့်သည်တွေလည်း ရှိတယ်။ မုန့်လိပ်ပြာဆိုတာလည်း ရန်ကုန်ရောက်မှ အဲဒီ့ လမ်းထိပ်ကနေ စ စားဖူးတာ။

မုန့်ဟင်းခါးသည်က ဗိုလ်ချုပ်လမ်းထိပ်မှာ ညဘက်မှ ထွက်တယ်။ အထမ်းသည်ရဲ့ မုန့်ဟင်းခါးဆိုတော့ သိပ်အကောင်းစားကြီး မဟုတ်ဘူး။ အရည်ကျဲကျဲ၊ ငရုတ်ကောင်းများများ။ အဲဒါကျတော့ ခံတွင်းတွေ့တယ်။

အဲ… ရန်ကုန်ရောက်မှ စ စားဖူးတာက ၀က်သားတုတ်ထိုးပဲ။ အဲဒါက ကျောင်းထဲမှာ ရောင်းတယ်။ နေ့လယ် မုန့်စားဆင်းချိန်ဆိုရင် အဲဒီ့ အသည်ဆီမှာ အုံလို့။ ကျွန်တော်အဲတုန်းက တခြား ထွေလီ ကာလီ မစားတတ်သေးဘူး။ အဆုတ်နဲ့ အချင်းတိုင်ကို စားရတာ ကြိုက်ခဲ့တယ်။ အခုတော့ အူချိုတွေ၊ အူပိတ်တွေ ဘာတွေ ကြိုက်တတ်လာတာပေါ့။ နောက်ပြီတော့ ကျောင်းမုန့်ဈေးတန်းမှာ မှတ်မိနေဆဲက ရှာလပတ်ရည်။ တစ်ခွက် ငါးပြားလား၊ ဆယ်ပြားလား ပေးရတာပဲ။ ဆေးသကြားနဲ့ ဖျော်တဲ့ ပေါပေါပဲပဲ ဖျော်ရည်ပေမယ့် ရေခဲတွေ နင်းကန်ထည့်ထားတော့ အေးစိမ့်နေပြီး အတော် သောက်လို့ ကောင်းခဲ့တာကို မှတ်မိနေတယ်။

လမ်း ၄၀ ကိုပြောင်းလိုက်တဲ့အခါ ကျောင်းနဲ့အိမ်နဲ့က သိပ်မဝေးတာမို့ မုန့်ဈေးတန်းကို သိပ်မရောက်ဖြစ်တော့ဘူး။

လမ်းဘေးစာများ

ကျောင်းမုန့်ဈေးတန်းကိုသာ မရောက်ဖြစ်တာ၊ ခုနစ်တန်းလောက်ကတည်းက အပြင်စာတွေကို မက်မက်စက်စက် စားတတ်နေပါပြီ။ ယနေ့ထက်တိုင် အစွဲမက်ဆုံးက အမဲအူပြုတ်ပဲ။ အဲတုန်းက ၃၈ လမ်းထောင့်၊ ဒါလဟိုဇီထိပ်မှာ ရောင်းတာ။

တစ်ခါလည်း တစ်နေရာမှာ ရေးပြီးပါပြီ။ ရောင်းတဲ့ ဘိုးတော်က အင်မတန်သန့်တယ်။ ချည်လုံချည် သန့်သန့်နဲ့ စွပ်ကျယ် လက်တို ဖွေးဖွေးကို ၀တ်၊ စီးကရက်ကို မပြတ်ခဲပြီး တစ်ယောက်တည်း ရောင်းတာဗျာ။ တရုတ်ကြီး။ အဲတုန်းက တစ်ပွဲမှ ငါးမူးပဲ ပေးရတယ်။ ကျွန်တော် မက်မက်စက်စက် ကြိုက်တာပေါ့။

အခုတော့ ဒါလဟိုဇီထိပ်ပေမယ့် ၃၉ လမ်းကို ရောက်သွားပါပြီ။ ဘိုးတော်လည်း မရှိရှာတော့ဘူးလို့ ဟိုတစ်နေ့က သူ့သားတစ်ယောက်နဲ့ စကားစပ်တော့ သိလိုက်ရတယ်။ မရှိတော့တာ ငါးနှစ်မကတော့ဘူးဆိုပဲ။ ဒါပေမယ့် သူတည်ထောင်ခဲ့တဲ့ အမဲအူပြုတ်ကတော့ ခုချိန်ထိ ကြိတ်ကြိတ်တိုးပဲ။ သူ့သားတွေ လက်ထက်မှာ ပိုတောင် အောင်မြင်တယ်လို့ ဆိုရမယ် ထင်တယ်။

ဘိုးတော် ၃၈ လမ်းထိပ်မှာ ရောင်းတုန်းက အမဲအူပြုတ်တစ်မျိုးတည်း သတ်သတ်ခတ်ခတ်လေး ရောင်းတာ။ အခုကျတော့ အသုပ်လည်း ရသလို ထမင်းလည်း ရနေပြီ။ အအေးလည်း ရနေပြီ။ အသုပ်တစ်ပွဲမှာရင် အမဲအူတွေ ပြုတ်ထားတဲ့ ဟင်းရည်ချိုချိုလည်း ရတယ်၊ အဲဒါနဲ့ ထမင်းနဲ့ လွေးလိုက်ရင် ကြိုက်တတ်သူအတွက် ထောင်းသွပ်သလို ၀င်တော့တာပေါ့။ ဒါ့ကြောင့် နေ့လည်စာ စားချိန် ၁၂ နာရီဝန်းကျင်ဆိုရင် အဲဒီ့ဆိုင်မှာ နေရာရဖို့ ခပ်ခက်ခက်ရယ်။

အခုတော့ သည်အမဲအူပြုတ်ကို ကျွန်တော်သာမက ကျွန်တော့် ခွေးကလေး စနုပီပါ မက်မက်စက်စက် စားပါတယ်။ ကျွန်တော် သွားစားရင် သူ့အတွက် တစ်ပွဲအပို ၀ယ်လာခဲ့ရတယ်။ ကိုယ်တော်လေးက တစ်ခါစား တစ်ပွဲ အပြောင် ကျိတ်တာကလား။ နောက်ပိုင်းကျတော့ နှစ်ပွဲ ၀ယ်လာရတယ်။ သူ့အတွက် မနက်စာ၊ ညစာ ကိစ္စပြတ်ရော။

ခက်တာက မြို့ထဲသွားရင် ကားက မတရားကြပ်တာနဲ့ အခုဆို မြို့ထဲ မရောက်တာ ကြာပြီ။ ရောက်ရင်တော့ ကျွန်တော် အမြဲဝင်စားဖြစ်တယ်။ အဲလောက်ကို ကြိုက်တာ။

ကျွန်တော် ၇ တန်း၊ ၁၉၇၀ ပြည့်နှစ်မှာ စားခဲ့တဲ့ အမဲအူပြုတ်ဗျာ။ အခု ၂၀၁၅ ခုနှစ်။ ကြည့်စမ်း၊ နဲနဲနောနော နှစ် မှတ်လို့။ ၄၅ နှစ်တောင် ရှိနေပြီ။ အဲဒီ့တုန်းက အရသာများ၊ ချပေးတဲ့ ငရုတ်ဆီအချဉ်ကအစ လွန်ခဲ့တဲ့ ၄၅ နှစ်က အတိုင်း တစ်ထပ်တည်း ရှိနေသေးတယ်။ အဲဒါ ပေါက်ဖော်တွေနော်။

နောက်တစ်ဆိုင် အဲလို သက်တမ်းရင့်က ၃၇ လမ်းက ဆီချက်ဆိုင်ပဲ။ ၃၇ လမ်းကို ဖရေဇာဘက်က ၀င်ရင် ညာဘက်ခြမ်း အောက်ထပ်က ဆီချက်ခေါက်ဆွဲဆိုင်ပဲ။

အဲဒီ့ဆိုင်ဆိုရင် ကျွန်တော် စရောက်ဖူးတာ ၇ တန်းနှစ်ပဲ ဖြစ်မယ်ထင်တယ်။ စရောက်ဖူးတယ်လို့သာ ရေးတာပါ။ စားဖူးတာလို့ မပြောပါဘူး။ ဘာလို့ဆို စရောက်ဖူးတာက မေမေဘွားဘွား မမာတော့ပဲ အစားအသောက် ပျက်လာချိန်မှာ မေမေဘွားဘွားအတွက် ကြက်ပေါင်းမြူစွမ် သွားဝယ်ခိုင်းလို့ ရောက်ဖူးသွားတာဖြစ်ပါတယ်။

အဲဒီ့ဆိုင်လည်းပဲ လွန်ခဲ့တဲ့ ၄၅ နှစ်က အရသာအတိုင်း ရှိပါသေးတယ်။ ထူးခြားတာက သူ့ခေါက်ဆွဲသားပါ။ ခေါက်ဆွဲက သူတို့ကိုယ်တိုင် လုပ်တဲ့အတွက် ခေါက်ဆွဲအရသာမှာ ဘယ်သူနဲ့မှ မတူပါဘူး။ အင်မတန် နူးညံ့လှပါတယ်။ ပြီးတော့ ဘဲပေါင်း၊ ကြက်ပေါင်းလည်း မပြတ်ရပါတယ်။

အရင်ကတော့ ကြက်သွန်နီ လှီးထားတာကို ပလတ်စတစ် ရေဖလားနဲ့ စားပွဲအလယ်မှာ ချပေးထားပါတယ်။ စားချင်တဲ့သူက ကြိုက်သလောက်ထည့်ပြီး အချဉ်ရေ၊ ငရုတ်သီးစိမ်း ရှလကာရည်စိမ်တို့ စိတ်ကြိုက် ဆမ်းကာ၊ ဖြူးကာ စားနိုင်အောင် စီစဉ်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး အဲလို ချထား မပေးတော့ပါဘူး။ ရွှေဗမာတွေရဲ့ ဗုံးပေါလအော စရိုက်ကို ဆိုင်ရှင်ခံနိုင်ဟန် မတူတော့ဘူး။ ဒါမှမဟုတ် ခံနိုင်တဲ့ ဆိုင်ရှင်ကို မတွေ့ရတော့တာကြောင့် သူ့သားသမီးတွေ လက်ထက်မို့ ပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပါတယ်။ ကြက်သွန်ကို အချဉ်ပန်းကန်လေးနဲ့ ထည့်ပြီးသာ လာချပေးပါတယ်။

ကျန်တဲ့ အရသာတွေကတော့ အရင်အတိုင်းပါပဲ။ ဒါလည်း ၄၅ နှစ်ပေါ့။ ပေါက်ဖော် ဆိုင်ပဲပေါ့။

၃၅ လမ်းက ကြေးအိုးဆိုင်ကိုလည်း အဲသလောက် နီးပါးက စ စားဖူးခဲ့တာပေမယ့်၊ အခုအချိန်ထိလည်း ရှိနေသေးပေမယ့် နောက်ပိုင်း ခံတွင်း မတွေ့တော့တာနဲ့ မစားဖြစ်တော့တာပဲ နှစ်ပေါင်း ၄၀ နီးပါး ကြာသွားပါပြီ။

အဲ… နောက်တစ်ခုက ကုန်သည်လမ်း စာပေဗိမာန် လမ်းထောင့်ထိပ်မှာ ရောင်းတဲ့ ကုလားကြီးရဲ့ ဘယာကြော်သုပ်။ အဲဒါလည်း အဲတုန်းက ခံတွင်းလိုက်စွာ စားခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကအထိ အဲဒီ့ ကုလားကြီးနဲ့ အဲဒီ့ဆိုင်ကို တွေ့နေမိသေးပေမယ့် မစားဖြစ်တော့ပါဘူး။ ကျွန်တော်တို့ စစားတုန်းက တစ်ပွဲမှ တစ်မတ် (၂၅ ပြား)လား၊ ပြား ၃၀ လားပဲ ပေးခဲ့ရတာပါ။

အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်တဲ့ လမ်းဘေးဈေးသည်

၃၈ လမ်းထောင့်က အမဲအူပြုတ်အကြောင်း ပြောတဲ့အခါ သူနဲ့ ဓားလွယ်ခုတ်က ပုစွန်ခွက်ကြော်သုပ် ဆိုင်ကလေး အကြောင်းလည်း မပါမဖြစ် ပါရမယ်။ အဲဒီ့ဆိုင်ကလေးက ပုစွန်ခွက်ကြော်သုပ်နဲ့ ပဲပြား အဆာသွပ်ကြော်သုပ်တို့လည်း အလွန် စားလို့ ကောင်းခဲ့ဖူးတယ်။ ဘာမှ ထူးထူးထွေထွေ မဟုတ်ဘူး။ ပုစွန်ခွက်ကြော်၊ ပဲပြားကြော်ကို ညှပ်၊ လှီးထားတဲ့ သခွားသီးတွေ ပစ်ထည့်ပြီး အချဉ်ရည် ဆမ်းပေးလိုက်တာပဲ။ ဒါပေသည့် အချဉ်ရည်ကိုယ်တိုင်က အစပ်တည့်နေတော့ အတော် စားလို့ကောင်းတာပေါ့။ ကြိုက်တတ်ရင် ငရုတ်သီး အလှော်မှုန့်လေးပါ ထည့်ပေးသေးတယ်။

အဲဒီ့ ၃၈ လမ်းထောင့်ကဆိုင်မှာ အမဲအူပြုတ်ထိုင်စားရင်း ပြောင်းဖူးပြုတ်ရောင်းနေတဲ့ လမ်းဘေးဈေးသည် ကုလားမကြီး အင်္ဂလိပ်လို မွှတ်နေအောင် ပြောနေတာကိုလည်း တအံ့တသြ ငေးမောကြည့်ခဲ့ရဖူးတယ်။ အဲဒီ့ မိန်းမကြီးက ဆံပင်ကို ဒန်းဆိုးထားတဲ့ မူစလင်အမျိုးသမီးကြီးပါ။ အဲဒီ့အချိန်က အသက် ၄၀ လောက် ရှိနေပါပြီ။ ဖြစ်သလို ရပ်တည် လုပ်ကိုင်စားသောက်နေရတဲ့ လမ်းဘေး ဈေးသည်ပီပီ သူ့အသားအရေက ညိုနေပါတယ်။ တကယ်တော့ သူက အာရပ်နွယ် ဖြစ်မှာမို့ တချို့ကုလားတွေလို မမည်းပါဘူး။

ခါတိုင်းလည်း သူ့ကို မြင်တွေ့နေပါတယ်။ ကျွန်တော်က အမဲအူပြုတ်ကို အားတိုင်း စားတတ်တာကိုး။ အဲလို မြင်တွေ့နေရင် သူက ကုလားလို မွှတ်နေအောင် ပြောတတ်တာကိုလည်း ကြားနေခဲ့ဖူးပါတယ်။ အဲဒီ့နေ့ကတော့ သူ့ကို ဥရောပ-မြန်မာ ကပြားမှန်း သိသာတဲ့ အမျိုးသမီးကြီးတစ်ယောက်က ၀င်နှုတ်ဆက်ပါတယ်။ အဲဒီ့မှာ သူတို့နှစ်ယောက် ဘိုလို တော့(ခ်)နေတာကို နားနဲ့ ဆတ်ဆတ်ကြားလိုက်ရတယ်။ ငေးမောနေခဲ့ရတယ်။

ဟား…

လမ်းဘေး ဈေးသည်တစ်ယောက်က အင်္ဂလိပ်လို အထစ်အငေါ့မရှိ မွှတ်နေအောင် ပြောနေတာကို ကြားရတော့ တော်တော် ဖျားသွားပါတယ်။ ဒါပေမယ့် ဒါဟာ အင်္ဂလိပ်ခေတ်ရဲ့ လက်ကျန် လူနည်းစုသာ ဖြစ်မှန်းတော့ ရိပ်စားမိလိုက်ပါတယ်။

လွမ်းစရာ တစ်စက်ကမှ မကောင်းလေတဲ့ ဆိုရှယ်လစ်ခေတ်ကြီး

အခု သည်စာရေးနေတုန်းတန်းလန်းမှာ သားတော်မောင်ကို မှာလိုက်လို့ ၀ယ်လာပေးတဲ့ ဟယ်(မ်)ဘာဂါကို စားလိုက်ရသေးတယ်။ Lotteria ဆိုတဲ့ ဆိုင်ကာ ဘာဂါပါ။ တော်တော်လေး အစပ်တည့်လို့ လောလောဆယ်မှာ မကြာခဏ စားဖြစ်နေပါတယ်။ ခေတ်ပြောင်းသွားပုံကိုလည်း စားရင်းနဲ့ ဆင်ခြင်မိတယ်။

ကျွန်တော်တို့ ငယ်ငယ်ကနဲ့ အတော်ကွာခြားသွားခဲ့ပါပြီ။ ခုခေတ် လူဖြစ်ရတဲ့ ကလေးတွေဟာ အဲဒီ့ဘက်မှာတော့ ကံကောင်းကြတယ်လို့ ဆိုရမယ်။ ကျွန်တော်တို့တုန်းက အစစအရာရာ ပါးရှား၊ ပိတ်ဆို့ထားတဲ့ ခေတ်ကြီးမှာ လူဖြစ်ရတာမို့ အစားဘက်မှာရော၊ အ၀တ်ဘက်မှာပါ အတော်ကြီးကို ချို့တဲ့ခဲ့ကြပါတယ်။ ပိုက်ဆံ ရှိရင်တောင်မှ မစားနိုင်၊ မသောက်နိုင်တဲ့ ဘ၀ပါ။

ဘစ္စခစ်(ထ်) (ဘီစကွတ်)ဆိုရင် ကျိုက္ကဆီ ဘစ္စခစ်(ထ်) အကျိုးအပဲ့တွေကိုတောင်မှ အခါအခွင့် သင့်မှ စားနိုင်တဲ့ အခြေအနေမျိုးရယ်။

ဘယ့်လောက်အထိများ ဆိုးသလဲဆိုရင် ဘိလပ်ရည်တောင် ၀၀လင်လင် မသောက်ခဲ့ရတဲ့ ခေတ်ကို ကျွန်တော်တို့တွေ ဖြတ်သန်းခဲ့ရပါတယ်။ အကုန်လုံးကို ပြည်သူပိုင် သိမ်းလိုက်တဲ့အခါ ဘိလပ်ရည်လိုဟာမျိုးတောင် ရှားပါးကုန်ဖြစ်တဲ့ ဆိုရှယ်လစ်ခေတ်ကြီးပါပဲ။

ကျွန်တော်က ဘိလပ်ရည်ထဲမှာ ခရီ(မ်)ဆိုဒါ စိမ်းစိမ်းကို အလွန်ကြိုက်ပါတယ်။ မန္တလေးမှာ နေစဉ် ကလေးဘ၀၊ ပြည်သူပိုင် မသိမ်းခင် အဖျားအနားလေးကို မီလိုက်ချိန်တုန်းက မန္တလေး တောင်ပံကား ဘိလပ်ရည်စက်က ထုတ်တဲ့ ခရီ(မ်)ဆိုဒါကို အဘိုးအိမ်သွားရင် သောက်ရပါတယ်။

ဘိလပ်ရည်ပုလင်းက အခုခေတ် ပုလင်းတွေလို သံနဲ့ လုပ်ထားတဲ့ အဖုံးနဲ့ မဟုတ်ပါဘူး။ ဘာအဖုံးမှ မပါဘဲ ပုလင်းလည်ပင်းမှာ ဂေါ်လီလေး တစ်လုံးပါပါတယ်။ သစ်သားနဲ့ လုပ်ထားတဲ့ မှိုလိုပုံမျိုး သစ်သားချောင်းနဲ့ ထိပ်မှာ အပြားဝိုင်းလေး တပ်ထားတဲ့ ကိရိယာလေးကို ပုလင်းဝမှာတေ့ပြီး အပေါ်ကနေ ဖောင်းခနဲ ရိုက်ချလိုက်ရင် ဂေါ်လီလေးက ပုလင်းရဲ့ မြောင်းကလေးအတိုင်း လိမ့်ဆင်းသွားပြီး ပုလင်းလည်း ပွင့်သွားပါပြီ။ အဲဒီ့အခါကျမှ ရေခဲထည့်ထားတဲ့ ခွက်ထဲ ငှဲ့ထည့်ပြီး သောက်ရတာပါ။

(အင်တာနက် ခေတ်ကြီးမှာက ရှာရ ဖွေရ လွယ်နေပြီမို့ အဲသလို ဂေါ်လီနဲ့ ပုလင်း နမူနာကိုလည်း ရှာနိုင်နေပါပြီ။ ပုံလေးကိုပါ တင်ပေးလိုက်ပါတယ်။ အဲတော့မှ ဂေါ်လီဆိုတာ ကုလားစကားမှန်းလည်း သိလိုက်ရတယ်။ သူတို့က Goli Bottle လို့ ခေါ်ပေတာကိုး။)3870874026_fe1affb4da_z

သောက်ရတယ်လို့သာ ပြောတာ၊ ဆယ်ခါ့ရံ တစ်ခါမှသာ သောက်ရတာမျိုးမို့ ငယ်ဘ၀ကတည်းက တေးထားတာ တစ်ခုရှိတယ်။ လူကြီးဖြစ်ပြီး ကိုယ့်ပိုက်ဆံ ကိုယ်ကိုင်သုံးနိုင်တဲ့ ဘ၀ ရောက်ရင် ခရီ(မ်)ဆိုဒါ အ၀ သောက်မယ်ပေါ့။

အဲ… အဲလို တေးထားပြီး ကိုယ့်ဘာသာ မေ့နေတယ်ဗျ။ လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်မှ အဲဒါကို သတိရပြီး ၂၄ လုံး တစ်ကတ်ကို နှစ်ခါ၊ သုံးခါ ၀ယ်ပြီး အားရပါးရ သောက်လိုက်တာများဗျာ၊ အရသာရှိလိုက်တာ မပြောပါနဲ့တော့။ နိုင်ငံခြား ရောက်လို့ သူတို့ဆီက ဆိုင်တွေမှာ ကိုယ့်ဘာသာ ထည့်ယူရတဲ့ ခရီ(မ်)ဆိုဒါစက်များ တွေ့ရင်လည်း ကျွန်တော့်ခမျာ မနေနိုင်ရှာဘူး။ မဖြစ်မနေ သောက်ဖြစ်တယ်။ မှတ်မှတ်ရရ၊ ဆစ်ဒနီမှာတုန်းကရယ်၊ ဟောင်ကောင်မှာတုန်းကရယ်ပေါ့။

ဆိုရှယ်လစ်ခေတ်မှာတော့ ခရီ(မ်)ဆိုဒါလည်း မလွယ်ခဲ့ပါဘူး။ အရှားဆုံးက စပတ်ကလင်လို့ မြန်မာတွေ အခေါ်များတဲ့ သံပုရာဆိုဒါပါ။ အဲဒါက တကယ့် ရှားပါးကုန်ပဲ။ နောက်တစ်မျိုး အခုထက်ထိ လွမ်းနေသေးတာက Vimto ဆိုတာပါ။ သူ့နေရာမှာ Fruito ဆိုတာတွေ ပေါ်လာပေမယ့်၊ အခုလည်း တချို့ဆိုင်တွေမှာ ရနိုင်သေးပေမယ့် ငယ်ငယ်က မေ့လောက်မှ တစ်ခါ သောက်ရတဲ့ Vimto အရသာကို မမီဘူးလိုပဲ။

ကျွန်တော်တို့တွေဟာ ဘာဂါလည်း မသိခဲ့ဘူး။ ဘာဘီကျူးလည်း မသိခဲ့ဘူး။ ပေါက်ဖော်ဆိုင်ကဆိုလည်း အစိမ်းကြော်၊ တောက်တောက်ကြော်၊ ချိုချဉ်ကြော်၊ ကုန်းဘောင်ကြီးကြော်လောက်သာ သိခဲ့တာကလား။ ခေါက်ဆွဲကြော်လောက် စားရရင်ကို ကိုယ့်ဘ၀ကိုယ် အဟုတ်ကြီး မှတ်နေခဲ့ကြတာ။

လမ်း ၄၀ နဲ့ တရုတ်တန်းက နည်းနည်းလေး လှမ်းတော့ ရောက်သာ ရောက်ဖူးပေမယ့် တရုတ်တန်းက အစားအစာတွေကို မက်ခံ မစားတတ်ခဲ့သေးဘူး။ ဆာတေးဆိုတာတော့ ၁၉ လမ်းမှာ ရှိမှန်း သိနေပါပြီ။ မက်ခံ စားလောက်အောင် ခံတွင်း မတွေ့ခဲ့ဘူး။

ဆာတေးကို တကယ် သဘောကျသွားတာက အမဲသား ဆာတေးနဲ့ တွေ့တော့မှပဲ။ ၀က် ဆာတေးနဲ့ ဘာမှကို မဆိုင်ဘူး။ လေးလေးပင်ပင်နဲ့ တကယ် အရသာရှိတာမျိုးကလား။ အဲဒါက နောက်ပိုင်း အနောက်တိုင်းသားများနဲ့ ရင်းနှီးလာရာက သူတို့ ပွဲတွေမှာ တည်ခင်းတာကို စားဖူးသွားတာပါ။

ကြက်ဋီကာ

(ကြက်ဋီကာဆိုလို့ ဆရာသော်တာဆွေလို ကြက်တိုက်တာနဲ့ ပတ်သက်တာ မဟုတ်ကြောင်း ဆက်ဖတ်ရင် သိလာပါလိမ့်မယ် ခင်ဗျား။ ဤကား စကားညှပ်။)

ဒန်ပေါက်ကတော့ ကျွန်တော်က ငယ်ငယ်ကတည်းက သိပ်ကြိုက်လှတာ မဟုတ်ဘူး။ အဓိကက ကျွန်တော် ကြက်သား မကြိုက်တာပဲ။ အမေကလည်း အားတိုင်း ကြက်သားချက်တယ်၊ ကျောင်းအိပ် ကျောင်းစား နေခဲ့ရတုန်းကလည်း ထစ်ခနဲရှိ ကြက်သားဟင်းပဲ စားရတယ်။ အဲတော့ ကြက်သားလို့ အသံကြားရုံနဲ့တင် ကျွန်တော့်မှာ စားချင် သောက်ချင်စိတ်က ပျောက်ပြီးသားပဲ။ အဲတော့ ဒန်ပေါက်ဆိုရင် ကြက်သားတုံးကြီး မြင်ပြီးတော့ကို စိတ်က မပါတော့တာ။

အဲ… အလှူအိမ်မှာ ချက်တဲ့ အိုးကြီးချက် ကြက်သားဟင်းမျိုးကျတော့ ကြိုက်မိပြန်သဗျ။ နောက်တစ်ခုက ကျွန်တော်က ကြက်လည်ချောင်းရိုးတို့၊ တောင်ပံရိုးတို့ကျ ကြိုက်ပြန်ရော။ ကြက်သား အသားချည်းမြင်ရင်သာ ဘယ်လိုမုန်းမိမှန်း မသိတာ။

စကားစပ်လို့ ကြက်သား စားပုံ ပြောရဦးမယ်။ မေမေ့ရင်ငွေ့ကို လှုံရင်း ကြီးပြင်းရတော့ ကျွန်တော်လည်း ကြက်သားဆိုရင် ရင်ပုံမှ အကောင်း မှတ်တာ နှစ်ပေါင်းများစွာ ခင်ဗျ။ ကြက်ဆိုရင် ရင်ပုံပဲ စားရမယ် မှတ်ခဲ့တာကလား။

ဘယ်ဟုတ်မတုံး၊ နှစ်ပေါင်း ၃၀ လောက် အဲလို နေခဲ့ရာက အိမ်ထောင်လည်း ကျရော ကျွန်တော့် အိမ်သူက ကြက်ဆိုရင် ပေါင်မှ ရွေးတယ်။ ကျွန်တော်လည်း အစက သဘောမပေါက်ဘူး။ သူစားတော့ ကောင်းမှာပဲလေဆိုပြီး လိုက်စားတော့မှ သဘောပေါက်သွားတာ။

ရင်ပုံသားက လှုပ်ရှားမှု မရှိတဲ့ နေရာက လာတဲ့ အသားမို့ ဖန့်ဖန့် ဖွယ်ဖွယ်ကြီးရယ်။ ပေါင်ကကျတော့ လှုပ်ရှားနေတဲ့ နေရာဆိုတော့ အသားက အမျှင်လိုက်ကို စီးစီးပိုင်ပိုင် ရှိတယ်။ အဲဒါကို ကောင်းကောင်း သဘောပေါက်သွားတယ်။ ဒါ့ကြောင့် အခုဆို ကျွန်တော် ရင်ပုံ မစားတော့ဘူး။ ပေါင်ပဲ။

တကယ်အကြိုက်ဆုံးကတော့ တောင်ပံပဲ။ တောင်ပံရိုးက အသားကလည်း ပေါင်သားလိုပဲ။ ဒါပေမယ့် ပေါင်ထက် နူးညံ့တယ်။ အရိုးကလည်း ကိုက်လို့ ပိုကောင်းတယ်။

အသည်းအမြစ်ကတော့ နဂိုကတည်းက မကြိုက်တာပါ။ မလွှဲသာလို့ စားရမယ်ဆိုတောင် အသည်းထက် အမြစ်ကို ပိုဦးစားပေးမိပေမယ့် တကယ်က တစ်စက်မှ မကြိုက်ဘူး။

ဆီဘူးကတော့ အသက် ၄၀ လောက်အထိ မစားမိဘူးဗျ။ ဘာရယ် မဟုတ်ဘူး၊ ဝေါဟာရနဲ့တင် ရွံ့နေတာ။ ကြက်ဖင်လို့ ဆိုသကိုး။ ဒါပေသည့်ဗျာ အရက်သောက်ရင်းနဲ့ စားမိသွားတော့ လျှာလည် သွားပါရောလား။ အမလေး… သည်လောက် ကောင်းလို့ လူတွေ စားကြတာပါလား၊ ငါ့နှယ် နှစ် ၄၀ လောက် နောက်ကျလေခြင်း ဆိုပြီး ရင်ကွဲပက်လက်တောင် ဖြစ်လို့ရယ်။ 🙂 

ရင်ပုံတို့၊ ပေါင်တို့က ဒန်ပေါက်ဝယ်တဲ့အခါ အရေးကြီးတယ်။ အော်စီသံရုံးမှာ အလုပ်လုပ်တုန်းက တစ်ခါတလေ ရုံးက လူတွေက ဒန်ပေါက် ကျွေးကြတယ်။ ၀ယ်ခါနီးကျရင် သွားဝယ်ပေးမယ့် ရုံးက လူငယ်လေးက မေးနေကျ စကားရှိတယ်။

“နန္ဒာလှိုင်လား၊ ခိုင်သင်းကြည်လား၊ အိန္ဒြာကျော်ဇင်လား”တဲ့။

အစကတော့ ကျွန်တော် သဘောမပေါက်ဘူး။ အဲဒီ့ခေတ် ထင်ရှားတဲ့ မင်းသမီးတွေရဲ့ အမည်နဲ့ ၀ယ်ရမှာနဲ့ကို သူက တွဲထားတာ။ ရင်ပုံရယ်၊ ပေါင်ရယ်၊ သတ်သတ်လွတ်ရယ် အစီအစဉ် အတိုင်းပေါ့ဗျာ။

တစ်ဖက်က စဉ်းစားပြန်တော့လည်း

ပြန်စဉ်းစားကြည့်တော့ အဲသလို အစစ အရရာ ချို့ငဲ့ ပါးရှားတဲ့ဘ၀ကို ဖြတ်သန်းခဲ့စဉ်က ကျွန်တော်တို့တွေရဲ့ ဘ၀တွေဟာ ရိုးစင်းအေးချမ်းခဲ့ပါတယ်။

ပြင်ပလောကကြီးအကြောင်းကို ဘာမှမှ မသိဘဲကိုး။ ကျွန်တော်တင် မသိတာ မဟုတ်ဘူး။ ကျွန်တော့်အမေလည်း မသိဘူး။ အဖေကတော့ မေယုစစ်သင်္ဘောကို စင်္ကာပူမှာ ကြံ့ခိုင်ရေး သွားလုပ်တုန်းက ပါသွားဖူးတာမို့ စင်္ကာပူကို ရောက်ခဲ့ဖူးတယ်။ အဖေ့ဘ၀ရဲ့ တစ်ခုတည်းသော နိုင်ငံခြား ခရီးစဉ်ပေါ့။

ဒါပေမယ့် သူရောက်ဖူးတဲ့ စင်္ကာပူဆိုတာလည်း ၁၉၅၀ ပြည့် ၀န်းကျင်က စင်္ကာပူဆိုတော့ သာမန် ဆိပ်ကမ်းမြို့လေးပဲ ရှိပါသေးတယ်။ အဲတုန်းက ရန်ကုန်ကမှ စင်္ကာပူထက် အဆများစွာ သာနေခဲ့သေးတာကိုး။

အဲတော့လည်း အဖေလည်း ကမ္ဘာကြီးအကြောင်း မသိဘူး။ နိုင်ငံခြား မဂ္ဂဇင်းဆိုလည်း သိပ်တွေ့ဖူးတာ မဟုတ်ဘူး။

အဖေကတော့ ဖတ်သူ့အနှစ်ကို လပေးနဲ့ ၀ယ်ခဲ့ပါတယ်။ တစ်ခါမှတော့ သူ ဖတ်နေတာ မတွေ့ခဲ့ဖူးတာလည်း အမှန်ပဲဗျ။

သည်အပိုင်းမှာ ပြောကြတာ

Minn Thaik မောင်အေး ကဖေးရှေ့ နားလေးက ပလက်ဖေါင်းပေါ်ရောင်းတဲ့ ဒေါ်အမီနာရဲ့ မုန့်တိုဇံကော မကြိုက်ဖူးလားဆရာ၊ ဘရောင်းရှုးဂါးအတု ( မဆလသကြား ) ဖြူးထားတာလေး ပူပူနွေးနွေးဆို လွှတ်ကောင်းသဗျာ

ATK အဲဒါတော့ စိတ်ထဲ စွဲမနေဘူးဗျ။ မုန့်တိုဇံကို သိပ်မကြိုက်မိလို့လည်း ဖြစ်လိမ့်မယ်။ ကျွန်တော် ကြိုက်တာက ပွဲဈေးတန်းမှာ ရောင်းတဲ့ အာပုံ။ 🙂

စု စုအေး ဆိုရှယ်လစ်ခေတ်မှာ လူဖြစ်တဲ့လူဆိုတော့ ကျမလဲ ငတ်ပါတယ်ဆရာ

ဆရာရေးပြတာတွေ ဖတ်ပီး ဂလုဂလု ဖြစ်သွားပါကြောင်း

ATK ဒါမှ အရသာရှိတဲ့ စာ မဟုတ်ရင် ဘယ်လိုစာမျိုးကို အရသာရှိတယ်လို့ ပြောမှာလဲ ဒေါ် စု ရယ်နော်… ဂလု ဂလု ဖြစ်စေတဲ့ ရသစာပေဆိုတာမျိုးက အရှားသား မဟုတ်လား

စု စုအေး ဒါပေါ့ ဒါပေါ့ ရသစာပေ စစ်စစ်

Minn Thaik ခရီ(မ်)ဆိုဒါ က ပြည်သူ့မုန်တိုက်ကရောင်းတဲ့ အီကလဲယားမုန့်ကြီးတွေစားပြီး သောက်မှ မိုက်တာ အဘ ထိုစဉ်က … ပြည်သူ့လွှတ်တော်ထဲကျွေးတဲ့ အီကလဲယားတို့ဆိပ်သားပါ့ဖ်တို့က ပိုကောင်းသတဲ့

Soe Myat Myo Shwe 10 km လောက်ပြေးပြီးပြန်အလာ ဗိုက်ဟောင်းလောင်းနဲ့ ဘတ်စ်ကားပေါ်မှ ဖတ်လိုက်ပါမယ်လေလို့ ဖတ်မိတာ ငါးပါးမှောက်တာပဲ။ ဗိုက်ထဲက ဂလွီဂလွမ်နဲ့ သွားရည်တွေ ခဏခဏမြိုချရ … အရေးထဲ ကားက ပိတ်နေသေးတယ်။ ဪ … ကုသိုလ်များ ရှာရှာကြံကြံ မကောင်းချက်။

Maung Maung Myint မီးခြစ်ကျောက်ခွဲတမ်း ဒူးယားစီးကရက်ကို အိမ်ထောင်စုဇယားအတိုင်း အလိပ်ရေခွဲတမ်းတို့၊ အပျိုကြီးတွေအိမ် စွပ်ကျယ်လက်ပြတ်မဲပေါက်တာတို့၊ လူပျိုကြီးအိမ် အထက်ဆင်မဲပေါက်တာတို့၊ ယိုးဒယားခြင်းဆိုတဲ့ ပလတ်စတစ်ခြင်းကို ယုယုယယ ကိုင်ရတာတို့… သီးသန့် ရေးပါဦး။

ATK အဲဒါတော့ ဆရာပဲ ရေးပါတော့ မသုံးလုံးဆရာ Myint ရေ… ကျွန်တော် ပြန်စဉ်းစားသေးတယ်ဗျ။ အဲဒီ့ခေတ် ပြည်သူ့ဆိုင်၊ သမဆိုင်တွေအကြောင်း၊ မဲနှိုက်တာတွေအကြောင်း၊ ဘာမှ အမှတ်တရ ပေါ်မလာတော့ဘူး ဆရာရေ့။

စု စုအေး ပြည်သူ့ဆိုင်က ဆီတိုင်ကီကြီးတွေ အမြဲ ညစ်ပတ်နေတာ မှတ်မိတယ် ဟီးးး

Saw Zar Li ၂ ပိုဒ်လောက် ဖတ်ပြီးရော ထမင်းအရင်ပြေးစားထားရတယ်…မဟုတ်ရင် ငတ်ကြီးကျ ဝေဒနာတွေ ပိုဆိုးလာမှာစိုးလို့ 

Moemakha Hlaing ခရီမ်ဆိုဒါကို ကျွန်မ မှတ်မိတယ်။ ဂေါ်လီလုံးပိတ်တဲ့ဟာလည်း သောက်ဖူးတယ်။ အရသာ တကယ် ကောင်းတယ်။ အခုထိ စွဲနေတုန်း။ ဗင်တိုကိုတော့ ရန်ကုန်မှာ မသောက်ဖူးဘဲ ၅ တန်းလောက်မှာ သုံးဆယ်ကို သွားလည်ရင်း ပထမဆုံး သောက်ဖူးတာ။ ၉၁-၉၂ ခုနှစ်လောက်က ငပလီက ဘိလပ်ရည်စက်ရုံ ပိတ်ကာနီးလေး ငပလီရောက်ခဲ့တာ။ အဲဒီမှာ ဖရူတိုရော ဗင်တိုရော သောက်ဖူးတယ်။ ပက်ဆီ မရောက်သေးတဲ့ ငပလီကို ရောက်ခဲ့ဖူးစဉ်ကပေါ့။ ကော်ဖီမစ်စ်တွေ ထိုင်းကသွင်းကာစ အချိန်လေးပေါ့။

Kyi Kyi Khin သများလဲ ကြက်ဆို ပေါင်ပဲ ကြိုက်တယ်။ တောင်ပံနဲ့ လက်မောင်းသားလေးလဲ ကြိုက်ပါတယ်။ အဲဒါတွေက ကင်မှ ပိုကြိုက်တာ။

စု စုအေး နန္ဒာလှိုင်ပဲ ပေါင်ဒေ ချလောက်တေ မစားပု ဘုန်းနိမ့်လိမ့်မယ်

Htar Htar Myint အရသာရှိသောစာဆိုတာ သည်စာမျိုးပဲ ဖတ်ရင်းနဲ့ကို သွားရည်ကျလာပြီ

Aung Myint Than ကျိုက္ကဆံဘီစကစ်အကျိုးအကြေတစ်ထုပ်ကို ငါးကျပ်နဲ့ ဝယ်စားရတယ်။ ကြည်ကြည်ဆိတ်နို့ဘီစကစ်ဆို အရသာအလွန်ရှိ။ ကျောက်တိုင်နို့ဆီ လူရည်ချွန်နို့မှုန့် တို့နဲ့ ငယ်ဘဝကို ဖြတ်သန်းလာခဲ့ရပါတယ်။ ဖရူတိုကို အရမ်းကြိုက်တယ်။ သမဆိုင်က လက်ဝါးတံဆိပ်ဖိနပ်ကို စီးခဲ့ရတယ်။ ရှားရှားပါးပါး သမဆိုင်က ဆီကို ဓာတ်ခဲ တိုင်ကပ်နာရီ တစ်လုံး မဲပေါက်ဖူးတယ်။ ခုချိန်ထိ ကောင်းတုန်း …

KayThi Aye တော်တော်ဆိုးတဲ့ စာရေးဆရာ။ ဖတ်ရင်းနဲ့ သွားရည်တွေ မျိုချနေရတယ်။ ရန်ကုန်ရောက်မှ အကုန်လိုက်ကျွေး၊ စားပစ်လိုက်မယ်။

Nilar Tin ငယ်ငယ်တုံးကစားခဲ့တဲ့ လမ်းဘေး သရေစာတွေ ဖတ်ရင်းနဲ့သွားရည်ကျမိပါတယ်။ အခုတော့ မြို့ထဲလည်းမရောက်၊ သရေစာလည်း မစားရ။ ဆရာ့စာဖတ်ပြီး အလွမ်းဘဲဖြေနေရပါတယ်။ ပပဝင်းရုပ်ရှင်ရုံဘေး ရှားမီးကိတ်မုန့်ဆိုင်က အဆော့တကိတ်ကို လည်းကောင်း၊ နန်းသီတာ ဆိပ်ကမ်းကရေခဲမုန့်ကိုလည်းကောင်း ဆင့်ပွား လွမ်းမိပါတော့တယ်ရှင်။