အဟောင်းထဲက အစုတ်တွေ – ၇

၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်

cassetteplayy3ကိုထက်ဒီ့ကို မှတ်မိနေတာက ခဆက်(ထ်) ဖလေယာကြောင့်ပဲ။ သူယူလာလို့ ကျွန်တော့်ဘ၀မှာ မြန်မာတွေ ကက်ဆက်လို့ အခေါ်များပြီး တကယ့်အသံထွက် အမှန်က ခဆက်(ထ်)ဖြစ်တဲ့ အသံသွင်းကြိုးခွေ ပေါက်စနလေး ဖွင့်စက်ကို ပထမဆုံး စမြင်ဖူးတာပါ။ သည်မတိုင်ခင်က ဖတ်သူ့အနှစ် (Reader’s Digest) မဂ္ဂဇင်းက ကြော်ငြာမှာတော့ မြင်ဖူးထားပါတယ်။ ပေါ်ဦးပေါ်ဖျားလို့ ဆိုပါစို့ရဲ့။

မှတ်မိသေးတယ်။ သူ့ခဆက်(ထ်)ဖလေယာထဲမှာ ပါလာတဲ့ သီချင်းက အေ၀မ်းတင်တင်လှရဲ့ နေ့စဉ် ပိတောက်ပွင့်ပါစေ။ စန္ဒယားချစ်မောင် ရေးတာ။ တော်တော်နွဲ့ပြီး တော်တော် ကောင်းတဲ့ သီချင်းမို့ ၀င်းဦးတောင် အဲဒီ့သီချင်းကို ဆိုခဲ့သေးတာကလား။

လိမ်လည်မှုမှာ ကြံရာပါ ကျွန်တော်

ကိုထက်ဒီလည်း တရုတ်ပဲ။ ဆံပင်ကောက်ကောက်၊ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးနဲ့ ရယ်စရာ ပြောတတ်တယ်။ သူက ကိုအောငံတို့ အုပ်စုထဲ ဘယ်လို ရောက်လာတယ်တော့ မသိဘူး။ သို့ပေမယ့် သိပ်တော့ အတွဲကြီးလည်း မဟုတ်ဘူး။ စရိုက်ချင်းကမှ သိပ်မတူလှပဲကိုး။ ကိုအောငံက ပဲများတယ်။ ကိုထက်ဒီက ပွင့်လင်းတယ်။ သိပ်ခီးကိုက်ပုံ မရဘူး။

ကိုအောငံက ရေကူးတာမှာရော၊ ဂစ်တာတီးတာမှာပါ ကျွန်တော့်ဆရာလို့ ပြောလို့ရပေမယ့် သူ့ကို ကျွန်တော် သိပ်သဘာမကျဘူး။ ပဲများတာက အဓိကပါပဲ။ ပဲများတယ်ဆိုတာထက် ဟန်များတယ်ဆိုရင် ပိုမှန်မလား မသိဘူး။ ကျွန်တော်က အဲဒီ့ကလေးဘ၀ကတည်းက ရိုးသားပွင့်လင်းမှုကို တန်ဖိုးထားမှန်း ကိုယ့်ဘာသာကိုယ်တော့ သိပ်မသိခဲ့ဘူး။

အမှန်တော့ ကျွန်တော်လည်း ကိုအောငံနဲ့ သိပ်မကွာပါဘူး။ အဲဒီ့အရွယ်က ရိုးသားပွင့်လင်းမှု သိပ်ရှိခဲ့တာတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့နုံချာတဲ့ဘ၀ကို ဖုံးထားချင်တယ်။ မရှိကို အရှိလုပ်ချင်တယ်။ ဟန်များတယ်။

ကိုယ့်အဖေက အထက်တန်းစာရေး (စာရေး)ဆိုတာတောင် လူသိ သိပ်ခံချင်တာ မဟုတ်ဘူး။ ကျောင်းမှာကလည်း မိဘ အလုပ်အကိုင်ကို ပုံစံတွေ ဖြည့်ရတယ်။ အဲဒါဆို ခပ်တည်တည်ပဲ၊ Superintendent လို့ ရေးခဲ့ဖူးသေးတာကလား။ အဲဒါလည်း အဖေက အဲလို ရေးခိုင်းတာပါ။ အမှန်တော့ Clerk, အလွန်ဆုံးမှ UD (Upper Division Clerk) ဒါမှမဟုတ် Typist လို့ ရေးရမှာပါ။

စာရေးဆိုတော့ မျက်နှာငယ်တာပေါ့။ အဲတော့ ကျွန်တော်လည်း မသုံးချင်၊ သူကလည်း မရေးစေချင်ဘူးပေါ့။ အဲတော့လည်း ဟန်ကိုယ့်ဖို့တွေ ဘာတွေ လျှောက်လုပ်ပြီး ကိုယ့်အဖေကို ရာထူးတစ်ဆင့် တင်ပေးလိုက်ကာ ရုံးအုပ် (superintendent) တွေ ဘာတွေ လျှောက်လုပ်တာပေါ့။ ရန်ကုန်မှာကျတော့ လောပိတလို မဟုတ်တော့ဘူးလေ။ မြို့ကြီးက ကြီးတော့ ဘယ်သူမှ အမှန်ကို စုံစမ်းနေမှာမှ မဟုတ်တာ။

ရှေ့ဆောင်နွားလား

အဲဒါတွေကြောင့် အဖေဟာ မယုံကြည်ထိုက်သူဆိုတာ ကျွန်တော့်မသိစိတ်မှာ စွဲနေပါတော့တယ်။ ဒါ့ကြောင့် အဖေ့ အတန်းပညာမှာ အင်္ဂလိပ်-မြန်မာ ကိုးတန်းအထိ တတ်တယ်ဆိုတာ ကျွန်တော် မယုံဘူး။ အလွန်ဆုံးမှ ခုနစ်တန်းလောက်အထိပဲ နေခဲ့ရဖူးတယ်လို့ ထင်ပါတယ်။ အဖေ့ အသက်က အမေ့ထက် တစ်နှစ်ကြီးတယ် ဆိုတာလည်း မယုံပါဘူး။ အမေ့ထက် ငယ်မယ်လို့ ထင်ပါတယ်။

မိဘဆိုတာက သားသမီးကို မလိမ်စေချင်ဘူး၊ အမှန်အတိုင်း ပြောစေချင်တယ်။ မလိမ်ဖို့လည်း သိပ်ကို သွန်သင်တတ်ကြတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ရှေ့က ညာဝါဖြီးဖြန်းပြနေခဲ့တဲ့အခါ သားသမီးက အဲဒီ့ မလိမ်ရေး လမ်းစဉ်ကို ဘယ်လိုလုပ် ယုံကြည်ရဲပါတော့မလဲ။ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ဆိုတာဟာ မိဘနဲ့ သားသမီးကြားက အလွဲဆုံး သွန်သင်မှုပဲ ဖြစ်ပါတယ်။

ကံကောင်းချင်တော့ အမေက အင်မတန် ရိုးသားဖြောင့်မတ်တယ်။ အမှန်အတိုင်း အကုန် ပြောတယ်။ ဘာကိုမှ ခြွင်းချန်မထားတတ်ဘူး။ (အမေ ငယ်ငယ်က လင်နောက်လိုက်ပြေးဖူးတာ အမေသာ မပြောပြရင် ကျွန်တော် ဘယ်လိုမှ မသိနိုင်မှာကို စာဖတ်သူ လူကြီးမင်းလည်း ရိပ်စားမိမိယ် ထင်ပါတယ်။) အမေ့မှာ မပြောသင့်တာ၊ ပြောသင့်တာ ဘာဆို ဘာမှ မရှိဘူး။ ပြောချင်ရင် ပြောထည့် လိုက်တာပဲ။ အမေနဲ့ အနီးကပ်နေခဲ့ရတာမို့ ကျွန်တော်သည်လည်း ရှေ့နောက် သိပ်မဆင်ခြင်ဘဲ ပြောတတ်တယ်။ ပြောစရာရှိရင် ဘယ်မျက်နှာမှ မထောက်ဘဲ ပြောတတ်နေခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ဟန်များတဲ့ အဖေ့ကိုလည်း သိပ်သဘောမတွေ့ခဲ့ပါဘူး။ သဘောသာ မတွေ့ခဲ့တာ ငယ်တုန်းက ကျွန်တော်လည်း အဖေ့ရဲ့ ရာထူးပိုင်းဆိုင်ရာ လိမ်လည်မှုမှာ ပူးပေါင်းပါဝင်ဖြစ်ခဲ့တာလည်း အမှန်ပါပဲ။

ဘ၀မှာ အဖေ့ရဲ့ အလုပ်အကိုင်ဟာ တော်တော်စကားပြောခဲ့သေးတာကိုး။ အထူးသဖြင့် ကိုယ် ဘာကောင်မှ ဖြစ်မလာသေးခင် ကျောင်းသားဘ၀မှာ အဲဒါက တော်တော် စကားပြောတယ်။

ကျွန်တော်တို့အတန်းထဲမှာ လွတ်လပ်ရေးခေတ် သမ္မတကြီးရဲ့မြေးတို့၊ တရားလွှတ်တော် ၀န်ကြီးရဲ့ မြေးတို့ ရှိတယ်ဗျာ။ ရေတပ်၊ လေတပ်၊ ကြည်းတပ်က ဗိုလ်မှူးကြီးတွေရဲ့ သားတွေ ရှိတယ်ဗျာ။ ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေရဲ့ သားတွေ ရှိတယ်ဗျာ။ သာမန် လက်လုပ်လက်စားတွေရဲ့ သားသမီးတွေလည်း မရှိဘူးလားဆိုတော့ ရှိတာပါပဲ။ ဒါပေမယ့် သူတို့ မိဘတွေရဲ့ ရာထူး အလုပ်အကိုင်တော့ ခပ်တည်တည်ပဲ၊ “ကုန်သည်”တဲ့။

အဲဒါလည်း ရွှေဗမာတို့ရဲ့ ဆန်းကျယ်မှုပဲ ထင်ပါရဲ့လေ။ ဘာကုန်သည်မှန်းလည်း ဘယ်သူမှ သိစရာ မလို။ ကွမ်းယာ ရောင်းလည်း ကုန်သည်ပဲ၊ ကျောက်မျက်ရတနာ ရောင်းလည်း ကုန်သည်ပဲ။ အကုန်လုံး လုံးချထားတဲ့ ဝေါဟာရ။ ဗမာမှာပဲ ရှိမယ် ထင်တယ်။

ငယ်ရွယ်နုနယ်သေးတဲ့ ဘ၀မှာတော့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုက အတော်ကြီးကို စကားပြောပါတယ်။ ပင်ကို အစွမ်းအစ ပြခွင့် မရသေးချိန်ဖြစ်တဲ့အခါ မိဘရဲ့ အရှိန်အ၀ါက အတော့်ကို အရေးပါနေခဲ့တယ်။ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပတ်ဝန်းကျင်ဆိုတာကလည်း အရှိန်အ၀ါကြီးသူ မိဘက ပေါက်ဖွားတဲ့ သားသမီးကိုဆို တယ် အရေးပေးချင်တတ်တာကလား။

အဲတော့ ငယ်ရွယ်စဉ်ဘ၀မှာ ကိုယ့်မိဘ ဘာကောင်မှ မဟုတ်တာက အလိုလို သိမ်ငယ်စရာ ဖြစ်နေခဲ့ပါတော့တယ်။

ကျွန်တော်မျိုးကြီး ရှင်သင့်ပါတယ်

ကျွန်တော့်သားသမီးတွေကျတော့ အေးရော… သူတို့က ကျွန်တော့်ကို အဖေတော်ထားတာ လူသိ သိပ်ခံချင်တာ မဟုတ်ဘူး။ Facebook မှာတောင် အဖေနဲ့ အမေကို သိပ် အဖက်မလုပ်ကြဘူး။ သားတော်မောင်ဆို ကျွန်တော့် မိတ်ဆွေ စာရင်းထဲမှာ မရှိသလို သမော်ဒီးဆိုရင်လည်းပဲ လူအများအတွက် ဖွင့်ပေးထားတဲ့ စာရင်းမှာ ငြိမ်ငြိမ်လေးပဲ နေတယ်။ Like လေးတောင် ယောင်တောင်ပေါင်တောင် လာ မလုပ်ဘူး။ လူသိပ်မရှိတဲ့ ကျွန်တော့်ရဲ့ ပုဂ္ဂလိက စာရင်းမှာသာ တစ်ခါတလေ ပေါ်လာတတ်တာ။

သမော်ဒီးအဖြစ်က ပိုဆိုးတယ်။ သူ့ဟာနဲ့သူ အလုပ်တွေလျှောက်၊ သူ့အရည်အချင်းနဲ့သူ အလုပ်ရတာပေမယ့် လူအတော်များများက ကျွန်တော့်ကြောင့် အဲဒီ့ အလုပ်တွေ ရခဲ့တာလို့ ထင်တာကို ခံနေရတယ်။ အဲဒါကို သူက တစ်စက်မှ မကြိုက်ဘူး။ ကျွန်တော်လည်း မကြိုက်ဘူး။

ကလေးတွေ ကျောင်းစနေကတည်းက အဲဒီ့စိတ်ဓာတ်ကို သူတို့ရင်ထဲ ထည့်ပေးခဲ့တာ။ ပင်ကို အရည်အသွေးကသာ အခရာဆိုတာ သိအောင် တစ်ချိန်လုံး ပျိုးထောင်ပေးခဲ့ပါတယ်။ ကိုယ့်အားကိုယ်ကိုးစိတ် ရှိနေမှသာ ဘ၀မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာလို့လည်း ယုံကြည်တယ်။ ဒါ့ကြောင့် သူတို့ကို ကျွန်တော့်ရဲ့ လွှမ်းမိုးမှု ကင်းအောင် အတတ်နိုင်ဆုံး အားထုတ်ခဲ့သလို ကျွန်တော့် အရှိန်အ၀ါကို မသုံးဖြစ်အောင်လည်း အမြဲတစေ အားထုတ်ခဲ့တယ်။

“ငါရှာထားသမျှ ငါပဲ အကုန်သုံးသွားမှာ။ မင်းတို့အတွက် တစ်ပြားတစ်ချပ်မှ ထားခဲ့မှာ မဟုတ်ဘူး။ မင်းတို့အတွက် ထားခဲ့မှာက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ အရည်အချင်းနဲ့ သတ္တိပဲ။ အဲဒါကိုပဲ မင်းတို့ ကိုယ်ထဲ ထည့်ပေးခဲ့မှာ။ အဲဒါကို သိထားကြပါ”လို့ သမီးနဲ့သားကို ငယ်ကတည်းက တစ်ချိန်လုံး ပြောနေခဲ့ဖူးပါတယ်။

အဟဲ… အဲဒီ့စကားကို အပြောရပ်သွားအောင် စောင်မသူကတော့ သားတော်မောင်ပါပဲ။

တစ်ချီသားမှာ ကျွန်တော် အစချီမိပြန်ပါတယ်။

“ငါရှာသာမျှ ငါ အကုန်သုံးသွားမှာ…”

ကျွန်တော့်စကား စလိုက်ရုံပဲ ရှိသေးတယ်။ သားတော်မောင်က ဖြတ်ပြောပါတယ်။

“သိပါတယ်ဗျာ။ အဖေသေတဲ့အချိန်မှာ ပိုနေတာ ရှိသေးလည်း အဖေ့အခေါင်းထဲ ထည့်ပေးလိုက်ပါ့မယ်”တဲ့။

သည်ကောင် ကျွန်တော့် ပို့ချချက်ကို ဘယ်လောက် နားကြားပြင်းကတ်နေလဲဆိုတာ သဘောပေါက်သွားပြီး အဲဒီ့နေ့က စလို့ အဲဒီ့စကား ကျွန်တော် ထပ်မပြောဖြစ်တော့တာ ကနေ့အထိပါပဲ။ အင်း… ဘာလိုလိုနဲ့ ခုနစ်နှစ်လောက်တောင် ရှိသွားပြီ မှတ်တယ်။

အဲ… ကျွန်တော် သူတို့ကို မနေမနား ပြောနေတာက ရိုးသားဖြောင့်မတ်ဖို့၊ သင်ယူတာကို သေတဲ့အထိ လုပ်သွားဖို့ပဲ။ အဲဒါက လွဲရင် ဘာဆို ဘာမှ မဆုံးမတော့ဘူး။ လုပ်ချင်တာလုပ်၊ ကိုယ်ဖြစ် ကိုယ်ခံ။ ကိုယ့်ဘ၀၊ ကိုယ့်ရွေးချယ်မှု၊ ကိုယ့်လမ်းကိုယ်လျှောက်။ မအေမိဘက သူတို့အတွက် မိတ်ဆွေပဲ။ အကူအညီတောင်းရင် ပေးနိုင်တာဆို ပေးမယ်။ မတောင်းရင်၊ မပေးနိုင်ရင် မပေးဘူး။

ခက်တာက ကျွန်တော်က ပေါက်တတ်ကရတွေ လှိမ့်ရေးထားတဲ့သူ။ အဲတော့ စာဖတ်ပရိသတ်က ကျွန်တော့် ဇနီးကိုဆို လွှတ် စိတ်ဝင်စားတာ။ ဘယ်လို မိန်းမကြီးပါလိမ့်ပေါ့။ သည်လို ရွှေတလွဲ လင်ကို နားလည် သည်းခံ ခွင့်လွှတ်ပေးနိုင်နေတဲ့ မိန်းမကြီးက ဘယ်ပုံ ဘယ်ပန်းဆိုတာ သိချင်ကြတယ်။ အလားတူပဲ၊ ကျွန်တော့် သား သမီးတွေကိုဆိုလည်း ပရိသတ်က စိတ်ဝင်စားတယ်။ ကျွန်တော် ရွှေတလွဲကြီးက မွေးထားတာလေးတွေဆိုတော့ သိချင်၊ ခင်ချင်ကြတယ်။

အဲဒီ့မှာတင် ကျွန်တော့်သမီးမှန်း၊ ကျွန်တော့်သားမှန်း သိသွားတာနဲ့ တစ်ပြိုင်နက် သူတို့မှာ အနေတွေ ခက်ကုန်ရော။ ငယ်တုန်းကတော့ သိပ်မထောင်းတာပေမယ့် ကိုးတန်း၊ ဆယ်တန်းလောက် ရောက်လာကတည်းက သူတို့မှာ အနေက အတော်ကြုံ့လာတယ်။ သည်မှာတင် သူတို့အဖေ ဘယ်သူ ဘယ်ဝါဆိုတာ ထုတ်မပြောကြတော့ဘူး။ သူတို့ မိတ်ဆွေသူငယ်ချင်းတွေက သူတို့ဘာသာ သိလာတာကိုတော့ ဘာမှ မဖြစ်ကြပေမယ့် သူတို့ကတော့ သူတို့အဖေ ဘယ်သူဆိုတာ တခုတ်တရ ပြောမနေကြတော့ဘူး။

ကျွန်တော့်တုန်းကတော့ အဲဒီ့ မိဘရဲ့ ရာထူးဌာနန္တရက အတော်စကားပြောခဲ့တယ်။ မျက်နှာငယ်ခဲ့၊ သိမ်ငယ်ခဲ့ရတယ်။ လူတော မတိုးသလို ဖြစ်ခဲ့ရတယ်။

တစ်ဆက်တည်းမှာပဲ ကိုယ်စွမ်းကိုယ်စက သိပ်အရေးကြီးတယ်ဆိုတာကို ဘ၀ပေးအသိအနေနဲ့ တဖြည်းဖြည်း နားလည်လာခဲ့ပါတယ်။ နားလည်ပေမယ့် ကျွန်တော် လိုက်တဲ့ လမ်းက လွဲတယ်။ ကျောင်းစာမှာ အစွမ်းအစ ပြဖို့ တစ်စက်ကလေးမှ စိတ်မ၀င်စားဘူး။ ကျွန်တော်က ဗရုတ်ဗရက်။ အိမ်ထဲမှာ စိတ်ဆင်းရဲသမျှ အပြင် ရောက်တာနဲ့ အဆီးအတားမဲ့ လွတ်ပြီ။

ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်

ဆေးလိပ်ကတော့ ငါးတန်းကျောင်းသား ဘော်ဒါဘ၀ကတည်းက သောက်လာလိုက်တာ ရန်ကုန် ရောက်ပြီးတော့ ခုနစ်တန်း၊ ရှစ်တန်းမှာ တအားသောက်နေပြီ။ ကိုယ့်ကိုယ်ကိုယ်တော့ ဆေးလိပ်စွဲပြီလို့ မထင်ဘူးပေါ့။ အိမ်မှာ နေနေတဲ့အခါကျတော့ မသောက်ဘဲ နာရီပေါင်းများစွာ နေလို့ ရနေတာကိုး။

အဲ… အပြင်ထွက်ပြီဆိုတာနဲ့ လမ်းထိပ်က ကုလား ကွမ်းယာဆိုင်မှာ ၀ယ်ပါပြီ။ သောက်ပါပြီ။ ဆေးလိပ်ကို အလိပ်လိုက် ၀ယ်လို့ ရတာကိုက ကျွန်တော်တို့လို ဆေးလိပ်သောက်စများကို တစ်နည်းတစ်ဖုံ အားပေးနေသလိုပါပဲ။

ပိုက်ဆံလေးရှိရင် စီးကရက်ပေါ့။ ပိုက်ဆံ သိပ်မရှိရင် ဆေးပေါ့လိပ်ပေါ့။ အဲဒီ့ထဲမှာမှ ဘီဒီဆိုတဲ့ ကုလား ဆေးလိပ်ကလေးတွေကလည်း တယ် သောက်ကောင်းပဲ။ အခုတော့ မြန်မာပြည်မှာ ကုလားတွေလည်း မရှိတော့တာနဲ့အတူ အဲဒီ့ ဘီဒီတွေလည်း မတွေ့ရတော့ဘူး။ အတော် လွမ်းသားဗျ။ ဘီဒီသောက်ရဖို့ အရေး အိန္ဒိယအထိ သွားရမယ့် သဘော ရှိတယ်။

beedi_1091825gဘီဒီဆိုတာက မြန်မာဆေးပေါ့လိပ်လို ဖက်နဲ့တော့ လိပ်တာပဲ။ ဒါပေမယ့် မြန်မာဆေးပေါ့လိပ်လို မတုတ်ခဲဘူး။ စီးကရက်လောက်ကလေးတွေ။ အရင်းမှာက ဆေးတံရိုးလိုပဲ ပြားပြားလေးတွေ။ ကတော့ အသေးစားလေးကို လိပ်ထားသလိုမျိုးလေးပေါ့။ ဆေးစပ်ကလည်း ဘယ်လို စပ်သလဲတော့ မသိဘူး၊ မွှေးတယ်။ ပြီးတော့ ဗမာဆေးပေါ့လိပ်လို မီးဖွား မကျဘူး။ အလွန်သောက်လို့ ကောင်းတာကလား။

ဆေးလိပ်တကာအနက်မှာ ဘီဒီက ဈေးအပေါဆုံး။ ဒါ့ကြောင့် သိပ်ဘိုင်ကျတဲ့အခါ ဘီဒီနဲ့ ကိစ္စပြတ်တယ်။ အရသာကတော့ ပြင်းတယ်ပေါ့ဗျာ။ ကျွန်တော်က ဆေးပြင်းကို တယ်ကြိုက်တာကလား။

အခုဆို တော်ရုံ စီးကရက်တောင် ကျွန်တော့်အတွက် အာသာ မပြေချင်ဘူး။ နောက်ပိုင်း ထုတ်လာတဲ့ အပျော့စား စီးကရက်တွေဆို ဘယ်လိုမှကို အရသာ ခံလို့ မရတဲ့အထိပဲ။ ပေါ့ရွှတ်နေတာကြီးကို မခံစားနိုင်တာ။ ပြင်းလို့ကတော့လား၊ လာစမ်း ကြိုက်သလောက်ဆိုတဲ့ အထဲက။ ဆေးပြင်းလိပ်၊ ဆေးတံကတောင် မချန်ဘူး။

ကျွန်တော့်ရဲ့ ကြီးကောင်ဝင်စနဲ့ လူပျိုပေါက်အရွယ်က စိတ်ကစားမှုတွေကိုတော့ ချစ်သူ့ရင်ခွင် ရှာပုံတော်မှာ အသေးစိတ် ရေးပြီးသားမို့ ထပ်ပြောမနေတော့ပါဘူး။ အဲဒီ့ စာအုပ်ထဲမှာ မရေးရသေးတဲ့ အကြောင်းတွေကိုပဲ တတ်နိုင်သမျှ ပြန်စဉ်းစားပြီး အစုတ်ထုပ်ထဲ ထည့်သွားပါ့မယ်။

ရွှေဗမာတို့ရဲ့ ပြောလွယ်ဆိုလွယ်တဲ့ ၀သီ

အဲဒီ့ ၁၉၇၀ ၀န်းကျင်အထိက ရန်ကုန်မြို့မှာ တရုတ်၊ ကုလားက အတော်များသေးတယ်။ တရုတ်ကတော့ အခုအချိန်အထိ များနေဆဲမို့ မသိသာပေမယ့် ကုလားကတော့ လွှတ်ပေါပဲ။ ကုလားလို့သော ပေါင်းခေါ်လိုက်တာ တကယ်က အမျိုးအမယ်စုံ။ ဟိန္ဒူလည်း ကုလားပဲ၊ တမီ(လ်)လည်း ကုလားပဲ၊ ဂေါ်ရင်ဂျီလည်း ကုလားပဲ၊ မဂို၊ ဇေဒဗာရီအစရှိတာတွေလည်း ကုလားပဲ။ မူစလင်မှ ကုလားလို့ ခေါ်တာ မဟုတ်ဘူးလေ။ တစ်နယ်တစ်ကျေးက “ကူးလာ”သူတွေကို ကုလားလို့ အလွယ် ခေါ်လိုက်ကြတာ ဗမာလူမျိုး အစဉ်အဆက်ပါပဲ။

နှိမ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေ တစ်စက်မှ မပါပါဘူး။ ဗမာဆိုတာကလည်း အဲဒါတွေ သိပ်စဉ်းစားအားတဲ့ အမျိုးမှ မဟုတ်တာ။ ကိုယ့်သားသမီးတောင်မှ သူများကလေးရဲ့ မစင်ကျွေးချင်တဲ့ ၀ါသနာ အရင့်အမာနဲ့ပါ။

ဘယ်ကလေးက ဘယ်လိုတော်တာ၊ နင့်ကို သူ့မစင်ကျွေးဖို့ ကောင်းတယ်ဆိုတာမျိုးဟာ သာမန် ဗမာမိဘ အတော်များများရဲ့ နှုတ်ခပတ်ပါပဲ။ ကိုယ့်သားသမီးကို အဲသလို ပြောလိုက်တဲ့အတွက် သားသမီးမှာ ဘယ်လောက်အထိ စိတ်အနာတရ ဖြစ်သွားမယ်ဆိုတာ ဘယ်မိဘမှ မစဉ်းစားပါဘူး။ လွယ်လွယ်ပဲ ပြောထည့်လိုက်ကြတာချည်းပါပဲ။ ပြီးရင် ကိုယ်က တော်စေ၊ တစ်စေချင်၊ ကောင်းစေ့ချင်လို့ဆိုတဲ့ ဆင်ခြေကိုလည်း လွယ်လွယ်ကူကူပဲ ပေးထည့်လိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးနဲ့ ဗမာနဲ့က အဝေးကြီးပါ။

အဲတော့လည်း လူမျိုးကွဲကို ကုလားတို့၊ ကုလားဖြူတို့ ခေါ်ဖို့လည်း အင်မတန် နှုတ်လွယ်နေခဲ့ပါတယ်။ အဲလို ခေါ်တဲ့အတွက် တစ်ဖက်သား ဘယ်လိုခံစားရမယ်ဆိုတာ ဘယ်တော့မှ မစဉ်းစားတတ်တာလည်း ရွှေဗမာတွေပါပဲ။ ပြောပကော၊ ကိုယ်က မွေးထားတဲ့ ကိုယ့်သားသမီး အရင်းခေါက်ခေါက် ဘယ်လိုခံစားရမယ် ဆိုတာတောင် ထည့်စဉ်းစားတတ်တဲ့ အစားထဲက မဟုတ်ပါဘူးဆိုမှလေ။

ကျွန်တော်လည်း အဲဒီ့ ဗမာသွေး အပြည့်နဲ့ဆိုတော့ ခဏ ခဏ ပြဿနာ တက်ရဖူးတယ်။ ပတ်ကညောလို့ ကရင်တိုင်းရင်းသားကို ခေါ်မိတဲ့အခါ တချို့က မကြိုက်ကြသလို ချင်းလူမျိုးကိုလည်း ချယ်လူလင်းလို့ နောက်မိတဲ့အတွက် စိတ်ဆိုးတာလည်း ခံဖူးပါတယ်။ ကိုယ်ကတော့ နှုတ်လွယ်လွယ်နဲ့ မဆင်မခြင် နောက်လိုက်မိတာ၊ တချို့မှာ နင့်နေအောင် ခံစားသွားရတာတွေ ရှိပါရဲ့။ ဒါ့ကြောင့် ခွေးကြီးမှ လက်ပေးသင် ဆိုသလို ကျွန်တော့်မလည်း အသက်ကလေး မြေကြီးထောက်လာမှ ဆင်ခြင်နေရတာတွေ တစ်ပုံကြီးရယ်။

ကလေးတွေကို တခြားကလေးနဲ့ နှိုင်းယှဉ်တာကိုတော့ ကျွန်တော်ကိုယ်တိုင် တစ်သက်လုံး ခံခဲ့ရတာမို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ကျွန်တော်သာ လက်မခံနိုင်တယ်၊ ကျွန်တော့်ရဲ့ မာတာမိခင်ကတော့ မရဘူး၊ နှိုင်းချင်၊ ယှဉ်ချင်တုံးရယ်။

မှတ်မိသေးတယ်။ မေမေ မဆုံးခင် ရက်ပိုင်း အလို တစ်ရက်မှာ သားတော်မောင်ကို သူ့အစ်မလို စာတော်အောင် ကြိုးစားဖို့ မေမေက ဒေသနာ ချွေတော်မူတော့ ကျွန်တော် စိတ်ဆိုး မာန်ဆိုး ၀င်ဟန့်ခဲ့ဖူးတယ်။ ကျွန်တော့်သား သမီးတွေကို ဘယ်သူ့ ဘယ်သူနဲ့မှ ခိုင်းနှိုင်းပြီး မပြောပါနဲ့ မေမေလို့ ပြောလိုက်တော့ မယ်တော်ကြီး တော်တော် မကြည်မလင် ဖြစ်သွားတယ်။ မတတ်နိုင်ဘူး။ အဲဒီ့အကျင့်ကို ကျွန်တော် လွှတ် မုန်းနေမိခဲ့တာကိုး။

ပြောရင်းနဲ့ စကားက ထုံးစံအတိုင်း ဘေးရောက်သွားတယ်။ ပြောနေတုန်းက ဟိုတုန်းက ဗမာပြည်မှာ ကုလား ပေါတာ။ ဘီဒီဆေးလိပ်က စလာပြီး ပြောဖြစ်တာ။

လမ်း ၄၀ ထိပ်က သွားရည်စာများ

အဲတုန်းက လမ်းပေါ်မှာ ဂျာနေဂျိုသည် ကုလားကြီးတွေလည်း ရှိတယ်။ သူတို့ ဂျာနေဂျို ပူပူနွေးနွေး၊ မွှေးမွှေးပျံ့ပျံ့က တယ် စားလို့ ကောင်းပဲ။ ပြီးတော့ ဗန္ဓုလ ပန်းခြံရှေ့မှာဆိုလည်း အဲလို အဖြူဝတ် ကုလားကြီးတွေ ရောင်းတဲ့ ကုလားပဲခြမ်းကြော်၊ မြေပဲ၊ ဖရုံစေ့၊ ပဲလုံးလှော်၊ ပတာနီသည်တွေလည်း ရှိတယ်။ စက္ကူကတော့ ချွန်ချွန်လေးတွေနဲ့ ရောင်းတာ။ ကုလားပဲခြမ်းကြော်ကိုဆိုရင် သံပရာရည်လေး ညှစ်၊ မဆလာလေး ထပ်ဖြူး၊ ကတော့လေးကို လှုပ်ပေးသေးတာ။ အလွန် စားလို့ကောင်းပေါ့။

တိုရှည်သည်ဆိုတာတော့ မမြင်ချင့်အဆုံးပါ။ ကျွန်တော်တို့ လမ်း ၄၀ ထိပ်မှာဆို အဲဒီ့ တိုရှည်သည် ရှိတယ်။ ကျွန်တော်ဖြင့် ငယ်တုန်းက တစ်ခါမှ မစားဖူးပါဘူး။ ကြီးမှ ကြိုက်သွားတာ။

သည်အပိုင်းမှာ ပြောကြတာ…

Naw Naw “ပင်ကို အရည်အသွေးကသာ အခရာ” အရမ်းသဘောကျတယ်ဆရာ။ ကျမ ကိုယ်တိုင်ကလည်း ရှိစုမဲ့စု ပင်ကို အရည်အသွေးနဲ့ပဲ အသက်ဆက်နေရလို့ပါ။ ကျေးဇူးပါ ဆရာ။

Kyi Kyi Khin ကျမကတော့ အဖေ အလုပ်အကိုင်နေရာမှာ ကားမောင်းလို့ပဲရေးတယ်။ ဆရာမက ကားလုပ်ငန်းလို့ ရေးလေ ဆိုရင် ကျမအဖေကိုယ်တိုင် မောင်းတယ်လေလို့လဲ ဖြေခဲ့သေးတာ။

Alex Moe ကျနော့အဖေကတော့ ဘာအမွေမှ မပေးနိုင်ဘူး၊ ပေးစရာလည်းမရှိ ( တကယ်လည်းမရှိတာပါ)။ ပညာတော့ သင်ချင်သလောက်သင်တဲ့။ သူတတ်နိုင်တာ ထောက်ပံ့မယ်လို့ ငယ်ငယ်တည်းကပြောတာ။ အလုပ်လုပ်မှ ဘဝသိမှာဆိုပြီး ရှစ်တန်းနှစ် နွေရာသီတည်းကသူများဆီမှာ ကျောင်းပိတ်တိုင်းအလုပ်လုပ်ရတာ။ နောက်ပိုင်းကျတော့ အလုပ်လုပ်ရင် ပိုက်ဆံရမယ်၊ ပိုက်ဆံရရင် ကိုယ်ထင်သလို သုံးလို့ ရတယ်။ ပိုက်ဆံရှာရတာကို ကြိုက်သွားသလို ရှာတဲ့ပိုက်ဆံကို မိနစ်ပိုငိးအတွင်းလည်း ကုန်အောင်သုံးတတ်သွားပါရောလား ဆရာရေ။ လျှာနည်းနည်း ရှည်မိပြီ။ ဆောတီးပါ ဆြာရေ။

စု စုအေး ဂျာနေဂျို စားချင်

Khin Myo သမီးကတော့ ကလေး မွေးလာရင် ဆရာ့စာအုပ်တွေ လက်ကိုင်ပြု ပြီး သွန်သင်ဆုံးမ မယ်လို့ စဉ်းစားထားတယ်…

Sanda Thant လုပ်ပြီ … ဂျာနေဂျို တိုရှည်နားမှ တစ်ရတယ်လို့…

Mung Shadan ကျနော်တို့ တောင်ပေါ်သားတွေကတော့ တောင်ယာဆို ပြတ်ကရော ဟိ။ ကျနော့်အလုပ်လည်း မပုတင်မှာ တောင်ယာပဲ။ တောင်ယာသာ မခုတ်ဖူးတယ်။

‘Song Thiri’ဂျာနေဂျို ဆိုတာဘာလဲ ဆြာ..။ ဒါလေးတောင် မသိရကောင်းလားလို့ အပြစ်တင်ရင်လည်း ခံရမှာပဲ။ တကယ်ကို မသိလို့ပါ ..

Aung Thein Kyaw's photo.ATKအောင်မြတ်လေး။ အပြစ်မတင်ပါဘူးဗျာ။ မေးတာကို ကျေးဇူးတောင် တင်သွားသေးတယ် ‘Song Siri’ ရယ်။ ဘာပုလို့လဲ သိလား။ မမကို သိအောင် ပြောဖို့အတွက် google မှာ ရှာလိုက်တော့ ဘိုလို စာလုံးပေါင်းတောင် အမှန် သိလိုက်ရသဗျ။ chana jor လို့ Google pictures မှာ ရှာလိုက်ရင် တစ်သီကြီး တွေ့ရပါလိမ့်မဗျား။

အခွံမချွတ်ရသေးတဲ့ ကုလားပဲ (အညို)ကို ပြုတ်၊ ပြားသွားအောင် ထုပြီး မဆလာနဲ့ ပြန်လှော်ထားတာပါ။ သံပရာရည်လေး ညှစ်၊ ငရုတ်သီးမှုန့်လေး ဖြူးပြီး စားလိုက်မယ်ဆိုရင် အမလေးလေး… ဂလု… ဂလု…

ပုံလေးတစ်ပုံလည်း နမူနာ တင်ပေးလိုက်ပါတယ်။

သည်မှာလည်း တစ်ပုံ။ စာက Spicy Black Gram လို့ ဘာသာပြန်ပေးထားသဗျ။

Sanda Thant နက်ဖြန် သွားဝယ်စားဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ…  ဂျီဒီပီ တက်ဖို့ တစ်ထောင့် တစ်နေရာက ပါဝင်ကြောင်း ဂုဏ်ယူလိုက်ပါ။

ATK မေမြို့ လူကြုံရှိရင် မှာလိုက်ဗျ။ Shyam က ဂျာနေဂျိုက အတော် ကောင်းသယ်။ လူကြုံများ ရှိရင်တော့ မှာလက်စနဲ့ မထူးပါဘူး၊ မလိုင်တွေပါ မှာလိုက်နော်၊ အဆိမ့်တွေက ထူးရှယ်ပဲဗျို့၊ မပြောမရှိနဲ့။ 

‘Song Thiri’ အောင်မြတ်လေး ဆြာရဲ့… ဒီစာကို မေမြို့အပြန် ကားပေါ်ကျမှ ဖတ်မိလေခြင်း… Shyam ကနေ မလိုင်တွေတော့ ဝယ်မိပါရဲ့ … chana jor တို့ မသိလို့ မဝယ်လိုက်ရဝူး။ ဒီအစုတ်ထုပ်ကို အရင်ရက်တွေကသာ တင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ…

Nay Myo Saw ဘီဒီ မသောက်ဖူးခဲ့။ မင်းသိင်္ခထဲမတော့ဖတ်ဖူး။

Lutha Kyaw ဒဂုံ ၁ နားက ယုဇနလက်ဖက်ဆိုင်မှာ ဂျာနေဂျို ရပါတယ်။

Harry Hpone Thant ကျွန်တော်တို့ငယ်ငယ်က လမ်းထဲကိုလာပြီး ဂျာနာဂျိုရောင်းတဲ့ ကုလားကြီးတယောက် ရှိတယ်။ကုလားမ ဆာရီကြီးဝတ်၊ လက်တွေ၊ ခြေထောက်တွေမှာ ခြူတွေဆွဲပြီး သူ့ဆီက ဝယ်စားရင် ကုလားလို ကပြတယ်။

၂၀၁၅ မတ်လ ၃၀ ရက်

လမ်း ၄၀ ထိပ်မှာ စွဲစွဲလမ်းလမ်း စားခဲ့ဖူးတာက အုန်းနို့ခေါက်ဆွဲ အထမ်းသည်ပဲ။ မနက်တိုင်း ရှိတယ်။ သူ့ အုန်းနို့ခေါက်ဆွဲက အုန်းနို့ သည်လောက် ပါပုံ မရပါဘူး။ ပဲရည်ပဲ ဖြစ်မှာပါ။ ကြက်ရိုးတွေတော့ ပါတယ်။ ပြီးတော့ ရန်ကုန်ရောက်မှ စားဖူးတဲ့ ဘဲသွေးခဲလည်း ပါတယ်။ ပဲသွေးလို့လည်း ဆိုကြတယ်။ ဘာသွေးပဲဖြစ်ဖြစ်၊ အဲဒါကို လွှတ်ကြိုက်ပဲ။ ပဲကြော်နဲ့ ဘဲသွေးနဲ့မှ ပြား ၃၀ လား ပေးရတာ။

ရတဲ့ မုန့်ဖိုးကို ဆေးလိပ်အတွက် ချိုးခြံနေရသေးတာမို့ နေ့တိုင်းတော့ မစားနိုင်ပါဘူး။ တစ်ခါတစ်ရံ စားတာပေါ့။ အမေ စိတ်လိုလက်ရ ၀ယ်ကျွေးတဲ့အခါလည်း စားတာပေါ့။ မုန့်ဟင်းခါးကတော့ အမေက ကြိုက်ပေမယ့် ကျွန်တော်က သိပ်မကြိုက်ဘူး။ အဲဒီ့အရွယ်က ပြောပါတယ်။ အခုတော့လည်း ကြိုက်တတ်လာတယ်။ အဲဒီ့အရွယ်က မုန့်ဟင်းခါး ကြိုက်တာက ညဘက် စားရတာကို ကြိုက်တာ။

စောစောက ပြောတဲ့ တိုရှည်သည်၊ အုန်းနို့ခေါက်ဆွဲသည်၊ မုန့်ဟင်းခါးသည်တွေက ဖရေဇာထိပ်မှာ ရှိတာ။ မနက်ဆို အဲဒီ့ထိပ်မှာ ကောက်ညှင်းပေါင်းသည်တွေအပါအ၀င် မြန်မာ မုန့်သည်တွေလည်း ရှိတယ်။ မုန့်လိပ်ပြာဆိုတာလည်း ရန်ကုန်ရောက်မှ အဲဒီ့ လမ်းထိပ်ကနေ စ စားဖူးတာ။

မုန့်ဟင်းခါးသည်က ဗိုလ်ချုပ်လမ်းထိပ်မှာ ညဘက်မှ ထွက်တယ်။ အထမ်းသည်ရဲ့ မုန့်ဟင်းခါးဆိုတော့ သိပ်အကောင်းစားကြီး မဟုတ်ဘူး။ အရည်ကျဲကျဲ၊ ငရုတ်ကောင်းများများ။ အဲဒါကျတော့ ခံတွင်းတွေ့တယ်။

အဲ… ရန်ကုန်ရောက်မှ စ စားဖူးတာက ၀က်သားတုတ်ထိုးပဲ။ အဲဒါက ကျောင်းထဲမှာ ရောင်းတယ်။ နေ့လယ် မုန့်စားဆင်းချိန်ဆိုရင် အဲဒီ့ အသည်ဆီမှာ အုံလို့။ ကျွန်တော်အဲတုန်းက တခြား ထွေလီ ကာလီ မစားတတ်သေးဘူး။ အဆုတ်နဲ့ အချင်းတိုင်ကို စားရတာ ကြိုက်ခဲ့တယ်။ အခုတော့ အူချိုတွေ၊ အူပိတ်တွေ ဘာတွေ ကြိုက်တတ်လာတာပေါ့။ နောက်ပြီတော့ ကျောင်းမုန့်ဈေးတန်းမှာ မှတ်မိနေဆဲက ရှာလပတ်ရည်။ တစ်ခွက် ငါးပြားလား၊ ဆယ်ပြားလား ပေးရတာပဲ။ ဆေးသကြားနဲ့ ဖျော်တဲ့ ပေါပေါပဲပဲ ဖျော်ရည်ပေမယ့် ရေခဲတွေ နင်းကန်ထည့်ထားတော့ အေးစိမ့်နေပြီး အတော် သောက်လို့ ကောင်းခဲ့တာကို မှတ်မိနေတယ်။

လမ်း ၄၀ ကိုပြောင်းလိုက်တဲ့အခါ ကျောင်းနဲ့အိမ်နဲ့က သိပ်မဝေးတာမို့ မုန့်ဈေးတန်းကို သိပ်မရောက်ဖြစ်တော့ဘူး။

လမ်းဘေးစာများ

ကျောင်းမုန့်ဈေးတန်းကိုသာ မရောက်ဖြစ်တာ၊ ခုနစ်တန်းလောက်ကတည်းက အပြင်စာတွေကို မက်မက်စက်စက် စားတတ်နေပါပြီ။ ယနေ့ထက်တိုင် အစွဲမက်ဆုံးက အမဲအူပြုတ်ပဲ။ အဲတုန်းက ၃၈ လမ်းထောင့်၊ ဒါလဟိုဇီထိပ်မှာ ရောင်းတာ။

တစ်ခါလည်း တစ်နေရာမှာ ရေးပြီးပါပြီ။ ရောင်းတဲ့ ဘိုးတော်က အင်မတန်သန့်တယ်။ ချည်လုံချည် သန့်သန့်နဲ့ စွပ်ကျယ် လက်တို ဖွေးဖွေးကို ၀တ်၊ စီးကရက်ကို မပြတ်ခဲပြီး တစ်ယောက်တည်း ရောင်းတာဗျာ။ တရုတ်ကြီး။ အဲတုန်းက တစ်ပွဲမှ ငါးမူးပဲ ပေးရတယ်။ ကျွန်တော် မက်မက်စက်စက် ကြိုက်တာပေါ့။

အခုတော့ ဒါလဟိုဇီထိပ်ပေမယ့် ၃၉ လမ်းကို ရောက်သွားပါပြီ။ ဘိုးတော်လည်း မရှိရှာတော့ဘူးလို့ ဟိုတစ်နေ့က သူ့သားတစ်ယောက်နဲ့ စကားစပ်တော့ သိလိုက်ရတယ်။ မရှိတော့တာ ငါးနှစ်မကတော့ဘူးဆိုပဲ။ ဒါပေမယ့် သူတည်ထောင်ခဲ့တဲ့ အမဲအူပြုတ်ကတော့ ခုချိန်ထိ ကြိတ်ကြိတ်တိုးပဲ။ သူ့သားတွေ လက်ထက်မှာ ပိုတောင် အောင်မြင်တယ်လို့ ဆိုရမယ် ထင်တယ်။

ဘိုးတော် ၃၈ လမ်းထိပ်မှာ ရောင်းတုန်းက အမဲအူပြုတ်တစ်မျိုးတည်း သတ်သတ်ခတ်ခတ်လေး ရောင်းတာ။ အခုကျတော့ အသုပ်လည်း ရသလို ထမင်းလည်း ရနေပြီ။ အအေးလည်း ရနေပြီ။ အသုပ်တစ်ပွဲမှာရင် အမဲအူတွေ ပြုတ်ထားတဲ့ ဟင်းရည်ချိုချိုလည်း ရတယ်၊ အဲဒါနဲ့ ထမင်းနဲ့ လွေးလိုက်ရင် ကြိုက်တတ်သူအတွက် ထောင်းသွပ်သလို ၀င်တော့တာပေါ့။ ဒါ့ကြောင့် နေ့လည်စာ စားချိန် ၁၂ နာရီဝန်းကျင်ဆိုရင် အဲဒီ့ဆိုင်မှာ နေရာရဖို့ ခပ်ခက်ခက်ရယ်။

အခုတော့ သည်အမဲအူပြုတ်ကို ကျွန်တော်သာမက ကျွန်တော့် ခွေးကလေး စနုပီပါ မက်မက်စက်စက် စားပါတယ်။ ကျွန်တော် သွားစားရင် သူ့အတွက် တစ်ပွဲအပို ၀ယ်လာခဲ့ရတယ်။ ကိုယ်တော်လေးက တစ်ခါစား တစ်ပွဲ အပြောင် ကျိတ်တာကလား။ နောက်ပိုင်းကျတော့ နှစ်ပွဲ ၀ယ်လာရတယ်။ သူ့အတွက် မနက်စာ၊ ညစာ ကိစ္စပြတ်ရော။

ခက်တာက မြို့ထဲသွားရင် ကားက မတရားကြပ်တာနဲ့ အခုဆို မြို့ထဲ မရောက်တာ ကြာပြီ။ ရောက်ရင်တော့ ကျွန်တော် အမြဲဝင်စားဖြစ်တယ်။ အဲလောက်ကို ကြိုက်တာ။

ကျွန်တော် ၇ တန်း၊ ၁၉၇၀ ပြည့်နှစ်မှာ စားခဲ့တဲ့ အမဲအူပြုတ်ဗျာ။ အခု ၂၀၁၅ ခုနှစ်။ ကြည့်စမ်း၊ နဲနဲနောနော နှစ် မှတ်လို့။ ၄၅ နှစ်တောင် ရှိနေပြီ။ အဲဒီ့တုန်းက အရသာများ၊ ချပေးတဲ့ ငရုတ်ဆီအချဉ်ကအစ လွန်ခဲ့တဲ့ ၄၅ နှစ်က အတိုင်း တစ်ထပ်တည်း ရှိနေသေးတယ်။ အဲဒါ ပေါက်ဖော်တွေနော်။

နောက်တစ်ဆိုင် အဲလို သက်တမ်းရင့်က ၃၇ လမ်းက ဆီချက်ဆိုင်ပဲ။ ၃၇ လမ်းကို ဖရေဇာဘက်က ၀င်ရင် ညာဘက်ခြမ်း အောက်ထပ်က ဆီချက်ခေါက်ဆွဲဆိုင်ပဲ။

အဲဒီ့ဆိုင်ဆိုရင် ကျွန်တော် စရောက်ဖူးတာ ၇ တန်းနှစ်ပဲ ဖြစ်မယ်ထင်တယ်။ စရောက်ဖူးတယ်လို့သာ ရေးတာပါ။ စားဖူးတာလို့ မပြောပါဘူး။ ဘာလို့ဆို စရောက်ဖူးတာက မေမေဘွားဘွား မမာတော့ပဲ အစားအသောက် ပျက်လာချိန်မှာ မေမေဘွားဘွားအတွက် ကြက်ပေါင်းမြူစွမ် သွားဝယ်ခိုင်းလို့ ရောက်ဖူးသွားတာဖြစ်ပါတယ်။

အဲဒီ့ဆိုင်လည်းပဲ လွန်ခဲ့တဲ့ ၄၅ နှစ်က အရသာအတိုင်း ရှိပါသေးတယ်။ ထူးခြားတာက သူ့ခေါက်ဆွဲသားပါ။ ခေါက်ဆွဲက သူတို့ကိုယ်တိုင် လုပ်တဲ့အတွက် ခေါက်ဆွဲအရသာမှာ ဘယ်သူနဲ့မှ မတူပါဘူး။ အင်မတန် နူးညံ့လှပါတယ်။ ပြီးတော့ ဘဲပေါင်း၊ ကြက်ပေါင်းလည်း မပြတ်ရပါတယ်။

အရင်ကတော့ ကြက်သွန်နီ လှီးထားတာကို ပလတ်စတစ် ရေဖလားနဲ့ စားပွဲအလယ်မှာ ချပေးထားပါတယ်။ စားချင်တဲ့သူက ကြိုက်သလောက်ထည့်ပြီး အချဉ်ရေ၊ ငရုတ်သီးစိမ်း ရှလကာရည်စိမ်တို့ စိတ်ကြိုက် ဆမ်းကာ၊ ဖြူးကာ စားနိုင်အောင် စီစဉ်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး အဲလို ချထား မပေးတော့ပါဘူး။ ရွှေဗမာတွေရဲ့ ဗုံးပေါလအော စရိုက်ကို ဆိုင်ရှင်ခံနိုင်ဟန် မတူတော့ဘူး။ ဒါမှမဟုတ် ခံနိုင်တဲ့ ဆိုင်ရှင်ကို မတွေ့ရတော့တာကြောင့် သူ့သားသမီးတွေ လက်ထက်မို့ ပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပါတယ်။ ကြက်သွန်ကို အချဉ်ပန်းကန်လေးနဲ့ ထည့်ပြီးသာ လာချပေးပါတယ်။

ကျန်တဲ့ အရသာတွေကတော့ အရင်အတိုင်းပါပဲ။ ဒါလည်း ၄၅ နှစ်ပေါ့။ ပေါက်ဖော် ဆိုင်ပဲပေါ့။

၃၅ လမ်းက ကြေးအိုးဆိုင်ကိုလည်း အဲသလောက် နီးပါးက စ စားဖူးခဲ့တာပေမယ့်၊ အခုအချိန်ထိလည်း ရှိနေသေးပေမယ့် နောက်ပိုင်း ခံတွင်း မတွေ့တော့တာနဲ့ မစားဖြစ်တော့တာပဲ နှစ်ပေါင်း ၄၀ နီးပါး ကြာသွားပါပြီ။

အဲ… နောက်တစ်ခုက ကုန်သည်လမ်း စာပေဗိမာန် လမ်းထောင့်ထိပ်မှာ ရောင်းတဲ့ ကုလားကြီးရဲ့ ဘယာကြော်သုပ်။ အဲဒါလည်း အဲတုန်းက ခံတွင်းလိုက်စွာ စားခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကအထိ အဲဒီ့ ကုလားကြီးနဲ့ အဲဒီ့ဆိုင်ကို တွေ့နေမိသေးပေမယ့် မစားဖြစ်တော့ပါဘူး။ ကျွန်တော်တို့ စစားတုန်းက တစ်ပွဲမှ တစ်မတ် (၂၅ ပြား)လား၊ ပြား ၃၀ လားပဲ ပေးခဲ့ရတာပါ။

အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်တဲ့ လမ်းဘေးဈေးသည်

၃၈ လမ်းထောင့်က အမဲအူပြုတ်အကြောင်း ပြောတဲ့အခါ သူနဲ့ ဓားလွယ်ခုတ်က ပုစွန်ခွက်ကြော်သုပ် ဆိုင်ကလေး အကြောင်းလည်း မပါမဖြစ် ပါရမယ်။ အဲဒီ့ဆိုင်ကလေးက ပုစွန်ခွက်ကြော်သုပ်နဲ့ ပဲပြား အဆာသွပ်ကြော်သုပ်တို့လည်း အလွန် စားလို့ ကောင်းခဲ့ဖူးတယ်။ ဘာမှ ထူးထူးထွေထွေ မဟုတ်ဘူး။ ပုစွန်ခွက်ကြော်၊ ပဲပြားကြော်ကို ညှပ်၊ လှီးထားတဲ့ သခွားသီးတွေ ပစ်ထည့်ပြီး အချဉ်ရည် ဆမ်းပေးလိုက်တာပဲ။ ဒါပေသည့် အချဉ်ရည်ကိုယ်တိုင်က အစပ်တည့်နေတော့ အတော် စားလို့ကောင်းတာပေါ့။ ကြိုက်တတ်ရင် ငရုတ်သီး အလှော်မှုန့်လေးပါ ထည့်ပေးသေးတယ်။

အဲဒီ့ ၃၈ လမ်းထောင့်ကဆိုင်မှာ အမဲအူပြုတ်ထိုင်စားရင်း ပြောင်းဖူးပြုတ်ရောင်းနေတဲ့ လမ်းဘေးဈေးသည် ကုလားမကြီး အင်္ဂလိပ်လို မွှတ်နေအောင် ပြောနေတာကိုလည်း တအံ့တသြ ငေးမောကြည့်ခဲ့ရဖူးတယ်။ အဲဒီ့ မိန်းမကြီးက ဆံပင်ကို ဒန်းဆိုးထားတဲ့ မူစလင်အမျိုးသမီးကြီးပါ။ အဲဒီ့အချိန်က အသက် ၄၀ လောက် ရှိနေပါပြီ။ ဖြစ်သလို ရပ်တည် လုပ်ကိုင်စားသောက်နေရတဲ့ လမ်းဘေး ဈေးသည်ပီပီ သူ့အသားအရေက ညိုနေပါတယ်။ တကယ်တော့ သူက အာရပ်နွယ် ဖြစ်မှာမို့ တချို့ကုလားတွေလို မမည်းပါဘူး။

ခါတိုင်းလည်း သူ့ကို မြင်တွေ့နေပါတယ်။ ကျွန်တော်က အမဲအူပြုတ်ကို အားတိုင်း စားတတ်တာကိုး။ အဲလို မြင်တွေ့နေရင် သူက ကုလားလို မွှတ်နေအောင် ပြောတတ်တာကိုလည်း ကြားနေခဲ့ဖူးပါတယ်။ အဲဒီ့နေ့ကတော့ သူ့ကို ဥရောပ-မြန်မာ ကပြားမှန်း သိသာတဲ့ အမျိုးသမီးကြီးတစ်ယောက်က ၀င်နှုတ်ဆက်ပါတယ်။ အဲဒီ့မှာ သူတို့နှစ်ယောက် ဘိုလို တော့(ခ်)နေတာကို နားနဲ့ ဆတ်ဆတ်ကြားလိုက်ရတယ်။ ငေးမောနေခဲ့ရတယ်။

ဟား…

လမ်းဘေး ဈေးသည်တစ်ယောက်က အင်္ဂလိပ်လို အထစ်အငေါ့မရှိ မွှတ်နေအောင် ပြောနေတာကို ကြားရတော့ တော်တော် ဖျားသွားပါတယ်။ ဒါပေမယ့် ဒါဟာ အင်္ဂလိပ်ခေတ်ရဲ့ လက်ကျန် လူနည်းစုသာ ဖြစ်မှန်းတော့ ရိပ်စားမိလိုက်ပါတယ်။

လွမ်းစရာ တစ်စက်ကမှ မကောင်းလေတဲ့ ဆိုရှယ်လစ်ခေတ်ကြီး

အခု သည်စာရေးနေတုန်းတန်းလန်းမှာ သားတော်မောင်ကို မှာလိုက်လို့ ၀ယ်လာပေးတဲ့ ဟယ်(မ်)ဘာဂါကို စားလိုက်ရသေးတယ်။ Lotteria ဆိုတဲ့ ဆိုင်ကာ ဘာဂါပါ။ တော်တော်လေး အစပ်တည့်လို့ လောလောဆယ်မှာ မကြာခဏ စားဖြစ်နေပါတယ်။ ခေတ်ပြောင်းသွားပုံကိုလည်း စားရင်းနဲ့ ဆင်ခြင်မိတယ်။

ကျွန်တော်တို့ ငယ်ငယ်ကနဲ့ အတော်ကွာခြားသွားခဲ့ပါပြီ။ ခုခေတ် လူဖြစ်ရတဲ့ ကလေးတွေဟာ အဲဒီ့ဘက်မှာတော့ ကံကောင်းကြတယ်လို့ ဆိုရမယ်။ ကျွန်တော်တို့တုန်းက အစစအရာရာ ပါးရှား၊ ပိတ်ဆို့ထားတဲ့ ခေတ်ကြီးမှာ လူဖြစ်ရတာမို့ အစားဘက်မှာရော၊ အ၀တ်ဘက်မှာပါ အတော်ကြီးကို ချို့တဲ့ခဲ့ကြပါတယ်။ ပိုက်ဆံ ရှိရင်တောင်မှ မစားနိုင်၊ မသောက်နိုင်တဲ့ ဘ၀ပါ။

ဘစ္စခစ်(ထ်) (ဘီစကွတ်)ဆိုရင် ကျိုက္ကဆီ ဘစ္စခစ်(ထ်) အကျိုးအပဲ့တွေကိုတောင်မှ အခါအခွင့် သင့်မှ စားနိုင်တဲ့ အခြေအနေမျိုးရယ်။

ဘယ့်လောက်အထိများ ဆိုးသလဲဆိုရင် ဘိလပ်ရည်တောင် ၀၀လင်လင် မသောက်ခဲ့ရတဲ့ ခေတ်ကို ကျွန်တော်တို့တွေ ဖြတ်သန်းခဲ့ရပါတယ်။ အကုန်လုံးကို ပြည်သူပိုင် သိမ်းလိုက်တဲ့အခါ ဘိလပ်ရည်လိုဟာမျိုးတောင် ရှားပါးကုန်ဖြစ်တဲ့ ဆိုရှယ်လစ်ခေတ်ကြီးပါပဲ။

ကျွန်တော်က ဘိလပ်ရည်ထဲမှာ ခရီ(မ်)ဆိုဒါ စိမ်းစိမ်းကို အလွန်ကြိုက်ပါတယ်။ မန္တလေးမှာ နေစဉ် ကလေးဘ၀၊ ပြည်သူပိုင် မသိမ်းခင် အဖျားအနားလေးကို မီလိုက်ချိန်တုန်းက မန္တလေး တောင်ပံကား ဘိလပ်ရည်စက်က ထုတ်တဲ့ ခရီ(မ်)ဆိုဒါကို အဘိုးအိမ်သွားရင် သောက်ရပါတယ်။

ဘိလပ်ရည်ပုလင်းက အခုခေတ် ပုလင်းတွေလို သံနဲ့ လုပ်ထားတဲ့ အဖုံးနဲ့ မဟုတ်ပါဘူး။ ဘာအဖုံးမှ မပါဘဲ ပုလင်းလည်ပင်းမှာ ဂေါ်လီလေး တစ်လုံးပါပါတယ်။ သစ်သားနဲ့ လုပ်ထားတဲ့ မှိုလိုပုံမျိုး သစ်သားချောင်းနဲ့ ထိပ်မှာ အပြားဝိုင်းလေး တပ်ထားတဲ့ ကိရိယာလေးကို ပုလင်းဝမှာတေ့ပြီး အပေါ်ကနေ ဖောင်းခနဲ ရိုက်ချလိုက်ရင် ဂေါ်လီလေးက ပုလင်းရဲ့ မြောင်းကလေးအတိုင်း လိမ့်ဆင်းသွားပြီး ပုလင်းလည်း ပွင့်သွားပါပြီ။ အဲဒီ့အခါကျမှ ရေခဲထည့်ထားတဲ့ ခွက်ထဲ ငှဲ့ထည့်ပြီး သောက်ရတာပါ။

(အင်တာနက် ခေတ်ကြီးမှာက ရှာရ ဖွေရ လွယ်နေပြီမို့ အဲသလို ဂေါ်လီနဲ့ ပုလင်း နမူနာကိုလည်း ရှာနိုင်နေပါပြီ။ ပုံလေးကိုပါ တင်ပေးလိုက်ပါတယ်။ အဲတော့မှ ဂေါ်လီဆိုတာ ကုလားစကားမှန်းလည်း သိလိုက်ရတယ်။ သူတို့က Goli Bottle လို့ ခေါ်ပေတာကိုး။)3870874026_fe1affb4da_z

သောက်ရတယ်လို့သာ ပြောတာ၊ ဆယ်ခါ့ရံ တစ်ခါမှသာ သောက်ရတာမျိုးမို့ ငယ်ဘ၀ကတည်းက တေးထားတာ တစ်ခုရှိတယ်။ လူကြီးဖြစ်ပြီး ကိုယ့်ပိုက်ဆံ ကိုယ်ကိုင်သုံးနိုင်တဲ့ ဘ၀ ရောက်ရင် ခရီ(မ်)ဆိုဒါ အ၀ သောက်မယ်ပေါ့။

အဲ… အဲလို တေးထားပြီး ကိုယ့်ဘာသာ မေ့နေတယ်ဗျ။ လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်မှ အဲဒါကို သတိရပြီး ၂၄ လုံး တစ်ကတ်ကို နှစ်ခါ၊ သုံးခါ ၀ယ်ပြီး အားရပါးရ သောက်လိုက်တာများဗျာ၊ အရသာရှိလိုက်တာ မပြောပါနဲ့တော့။ နိုင်ငံခြား ရောက်လို့ သူတို့ဆီက ဆိုင်တွေမှာ ကိုယ့်ဘာသာ ထည့်ယူရတဲ့ ခရီ(မ်)ဆိုဒါစက်များ တွေ့ရင်လည်း ကျွန်တော့်ခမျာ မနေနိုင်ရှာဘူး။ မဖြစ်မနေ သောက်ဖြစ်တယ်။ မှတ်မှတ်ရရ၊ ဆစ်ဒနီမှာတုန်းကရယ်၊ ဟောင်ကောင်မှာတုန်းကရယ်ပေါ့။

ဆိုရှယ်လစ်ခေတ်မှာတော့ ခရီ(မ်)ဆိုဒါလည်း မလွယ်ခဲ့ပါဘူး။ အရှားဆုံးက စပတ်ကလင်လို့ မြန်မာတွေ အခေါ်များတဲ့ သံပုရာဆိုဒါပါ။ အဲဒါက တကယ့် ရှားပါးကုန်ပဲ။ နောက်တစ်မျိုး အခုထက်ထိ လွမ်းနေသေးတာက Vimto ဆိုတာပါ။ သူ့နေရာမှာ Fruito ဆိုတာတွေ ပေါ်လာပေမယ့်၊ အခုလည်း တချို့ဆိုင်တွေမှာ ရနိုင်သေးပေမယ့် ငယ်ငယ်က မေ့လောက်မှ တစ်ခါ သောက်ရတဲ့ Vimto အရသာကို မမီဘူးလိုပဲ။

ကျွန်တော်တို့တွေဟာ ဘာဂါလည်း မသိခဲ့ဘူး။ ဘာဘီကျူးလည်း မသိခဲ့ဘူး။ ပေါက်ဖော်ဆိုင်ကဆိုလည်း အစိမ်းကြော်၊ တောက်တောက်ကြော်၊ ချိုချဉ်ကြော်၊ ကုန်းဘောင်ကြီးကြော်လောက်သာ သိခဲ့တာကလား။ ခေါက်ဆွဲကြော်လောက် စားရရင်ကို ကိုယ့်ဘ၀ကိုယ် အဟုတ်ကြီး မှတ်နေခဲ့ကြတာ။

လမ်း ၄၀ နဲ့ တရုတ်တန်းက နည်းနည်းလေး လှမ်းတော့ ရောက်သာ ရောက်ဖူးပေမယ့် တရုတ်တန်းက အစားအစာတွေကို မက်ခံ မစားတတ်ခဲ့သေးဘူး။ ဆာတေးဆိုတာတော့ ၁၉ လမ်းမှာ ရှိမှန်း သိနေပါပြီ။ မက်ခံ စားလောက်အောင် ခံတွင်း မတွေ့ခဲ့ဘူး။

ဆာတေးကို တကယ် သဘောကျသွားတာက အမဲသား ဆာတေးနဲ့ တွေ့တော့မှပဲ။ ၀က် ဆာတေးနဲ့ ဘာမှကို မဆိုင်ဘူး။ လေးလေးပင်ပင်နဲ့ တကယ် အရသာရှိတာမျိုးကလား။ အဲဒါက နောက်ပိုင်း အနောက်တိုင်းသားများနဲ့ ရင်းနှီးလာရာက သူတို့ ပွဲတွေမှာ တည်ခင်းတာကို စားဖူးသွားတာပါ။

ကြက်ဋီကာ

(ကြက်ဋီကာဆိုလို့ ဆရာသော်တာဆွေလို ကြက်တိုက်တာနဲ့ ပတ်သက်တာ မဟုတ်ကြောင်း ဆက်ဖတ်ရင် သိလာပါလိမ့်မယ် ခင်ဗျား။ ဤကား စကားညှပ်။)

ဒန်ပေါက်ကတော့ ကျွန်တော်က ငယ်ငယ်ကတည်းက သိပ်ကြိုက်လှတာ မဟုတ်ဘူး။ အဓိကက ကျွန်တော် ကြက်သား မကြိုက်တာပဲ။ အမေကလည်း အားတိုင်း ကြက်သားချက်တယ်၊ ကျောင်းအိပ် ကျောင်းစား နေခဲ့ရတုန်းကလည်း ထစ်ခနဲရှိ ကြက်သားဟင်းပဲ စားရတယ်။ အဲတော့ ကြက်သားလို့ အသံကြားရုံနဲ့တင် ကျွန်တော့်မှာ စားချင် သောက်ချင်စိတ်က ပျောက်ပြီးသားပဲ။ အဲတော့ ဒန်ပေါက်ဆိုရင် ကြက်သားတုံးကြီး မြင်ပြီးတော့ကို စိတ်က မပါတော့တာ။

အဲ… အလှူအိမ်မှာ ချက်တဲ့ အိုးကြီးချက် ကြက်သားဟင်းမျိုးကျတော့ ကြိုက်မိပြန်သဗျ။ နောက်တစ်ခုက ကျွန်တော်က ကြက်လည်ချောင်းရိုးတို့၊ တောင်ပံရိုးတို့ကျ ကြိုက်ပြန်ရော။ ကြက်သား အသားချည်းမြင်ရင်သာ ဘယ်လိုမုန်းမိမှန်း မသိတာ။

စကားစပ်လို့ ကြက်သား စားပုံ ပြောရဦးမယ်။ မေမေ့ရင်ငွေ့ကို လှုံရင်း ကြီးပြင်းရတော့ ကျွန်တော်လည်း ကြက်သားဆိုရင် ရင်ပုံမှ အကောင်း မှတ်တာ နှစ်ပေါင်းများစွာ ခင်ဗျ။ ကြက်ဆိုရင် ရင်ပုံပဲ စားရမယ် မှတ်ခဲ့တာကလား။

ဘယ်ဟုတ်မတုံး၊ နှစ်ပေါင်း ၃၀ လောက် အဲလို နေခဲ့ရာက အိမ်ထောင်လည်း ကျရော ကျွန်တော့် အိမ်သူက ကြက်ဆိုရင် ပေါင်မှ ရွေးတယ်။ ကျွန်တော်လည်း အစက သဘောမပေါက်ဘူး။ သူစားတော့ ကောင်းမှာပဲလေဆိုပြီး လိုက်စားတော့မှ သဘောပေါက်သွားတာ။

ရင်ပုံသားက လှုပ်ရှားမှု မရှိတဲ့ နေရာက လာတဲ့ အသားမို့ ဖန့်ဖန့် ဖွယ်ဖွယ်ကြီးရယ်။ ပေါင်ကကျတော့ လှုပ်ရှားနေတဲ့ နေရာဆိုတော့ အသားက အမျှင်လိုက်ကို စီးစီးပိုင်ပိုင် ရှိတယ်။ အဲဒါကို ကောင်းကောင်း သဘောပေါက်သွားတယ်။ ဒါ့ကြောင့် အခုဆို ကျွန်တော် ရင်ပုံ မစားတော့ဘူး။ ပေါင်ပဲ။

တကယ်အကြိုက်ဆုံးကတော့ တောင်ပံပဲ။ တောင်ပံရိုးက အသားကလည်း ပေါင်သားလိုပဲ။ ဒါပေမယ့် ပေါင်ထက် နူးညံ့တယ်။ အရိုးကလည်း ကိုက်လို့ ပိုကောင်းတယ်။

အသည်းအမြစ်ကတော့ နဂိုကတည်းက မကြိုက်တာပါ။ မလွှဲသာလို့ စားရမယ်ဆိုတောင် အသည်းထက် အမြစ်ကို ပိုဦးစားပေးမိပေမယ့် တကယ်က တစ်စက်မှ မကြိုက်ဘူး။

ဆီဘူးကတော့ အသက် ၄၀ လောက်အထိ မစားမိဘူးဗျ။ ဘာရယ် မဟုတ်ဘူး၊ ဝေါဟာရနဲ့တင် ရွံ့နေတာ။ ကြက်ဖင်လို့ ဆိုသကိုး။ ဒါပေသည့်ဗျာ အရက်သောက်ရင်းနဲ့ စားမိသွားတော့ လျှာလည် သွားပါရောလား။ အမလေး… သည်လောက် ကောင်းလို့ လူတွေ စားကြတာပါလား၊ ငါ့နှယ် နှစ် ၄၀ လောက် နောက်ကျလေခြင်း ဆိုပြီး ရင်ကွဲပက်လက်တောင် ဖြစ်လို့ရယ်။ 🙂 

ရင်ပုံတို့၊ ပေါင်တို့က ဒန်ပေါက်ဝယ်တဲ့အခါ အရေးကြီးတယ်။ အော်စီသံရုံးမှာ အလုပ်လုပ်တုန်းက တစ်ခါတလေ ရုံးက လူတွေက ဒန်ပေါက် ကျွေးကြတယ်။ ၀ယ်ခါနီးကျရင် သွားဝယ်ပေးမယ့် ရုံးက လူငယ်လေးက မေးနေကျ စကားရှိတယ်။

“နန္ဒာလှိုင်လား၊ ခိုင်သင်းကြည်လား၊ အိန္ဒြာကျော်ဇင်လား”တဲ့။

အစကတော့ ကျွန်တော် သဘောမပေါက်ဘူး။ အဲဒီ့ခေတ် ထင်ရှားတဲ့ မင်းသမီးတွေရဲ့ အမည်နဲ့ ၀ယ်ရမှာနဲ့ကို သူက တွဲထားတာ။ ရင်ပုံရယ်၊ ပေါင်ရယ်၊ သတ်သတ်လွတ်ရယ် အစီအစဉ် အတိုင်းပေါ့ဗျာ။

တစ်ဖက်က စဉ်းစားပြန်တော့လည်း

ပြန်စဉ်းစားကြည့်တော့ အဲသလို အစစ အရရာ ချို့ငဲ့ ပါးရှားတဲ့ဘ၀ကို ဖြတ်သန်းခဲ့စဉ်က ကျွန်တော်တို့တွေရဲ့ ဘ၀တွေဟာ ရိုးစင်းအေးချမ်းခဲ့ပါတယ်။

ပြင်ပလောကကြီးအကြောင်းကို ဘာမှမှ မသိဘဲကိုး။ ကျွန်တော်တင် မသိတာ မဟုတ်ဘူး။ ကျွန်တော့်အမေလည်း မသိဘူး။ အဖေကတော့ မေယုစစ်သင်္ဘောကို စင်္ကာပူမှာ ကြံ့ခိုင်ရေး သွားလုပ်တုန်းက ပါသွားဖူးတာမို့ စင်္ကာပူကို ရောက်ခဲ့ဖူးတယ်။ အဖေ့ဘ၀ရဲ့ တစ်ခုတည်းသော နိုင်ငံခြား ခရီးစဉ်ပေါ့။

ဒါပေမယ့် သူရောက်ဖူးတဲ့ စင်္ကာပူဆိုတာလည်း ၁၉၅၀ ပြည့် ၀န်းကျင်က စင်္ကာပူဆိုတော့ သာမန် ဆိပ်ကမ်းမြို့လေးပဲ ရှိပါသေးတယ်။ အဲတုန်းက ရန်ကုန်ကမှ စင်္ကာပူထက် အဆများစွာ သာနေခဲ့သေးတာကိုး။

အဲတော့လည်း အဖေလည်း ကမ္ဘာကြီးအကြောင်း မသိဘူး။ နိုင်ငံခြား မဂ္ဂဇင်းဆိုလည်း သိပ်တွေ့ဖူးတာ မဟုတ်ဘူး။

အဖေကတော့ ဖတ်သူ့အနှစ်ကို လပေးနဲ့ ၀ယ်ခဲ့ပါတယ်။ တစ်ခါမှတော့ သူ ဖတ်နေတာ မတွေ့ခဲ့ဖူးတာလည်း အမှန်ပဲဗျ။

သည်အပိုင်းမှာ ပြောကြတာ

Minn Thaik မောင်အေး ကဖေးရှေ့ နားလေးက ပလက်ဖေါင်းပေါ်ရောင်းတဲ့ ဒေါ်အမီနာရဲ့ မုန့်တိုဇံကော မကြိုက်ဖူးလားဆရာ၊ ဘရောင်းရှုးဂါးအတု ( မဆလသကြား ) ဖြူးထားတာလေး ပူပူနွေးနွေးဆို လွှတ်ကောင်းသဗျာ

ATK အဲဒါတော့ စိတ်ထဲ စွဲမနေဘူးဗျ။ မုန့်တိုဇံကို သိပ်မကြိုက်မိလို့လည်း ဖြစ်လိမ့်မယ်။ ကျွန်တော် ကြိုက်တာက ပွဲဈေးတန်းမှာ ရောင်းတဲ့ အာပုံ။ 🙂

စု စုအေး ဆိုရှယ်လစ်ခေတ်မှာ လူဖြစ်တဲ့လူဆိုတော့ ကျမလဲ ငတ်ပါတယ်ဆရာ

ဆရာရေးပြတာတွေ ဖတ်ပီး ဂလုဂလု ဖြစ်သွားပါကြောင်း

ATK ဒါမှ အရသာရှိတဲ့ စာ မဟုတ်ရင် ဘယ်လိုစာမျိုးကို အရသာရှိတယ်လို့ ပြောမှာလဲ ဒေါ် စု ရယ်နော်… ဂလု ဂလု ဖြစ်စေတဲ့ ရသစာပေဆိုတာမျိုးက အရှားသား မဟုတ်လား

စု စုအေး ဒါပေါ့ ဒါပေါ့ ရသစာပေ စစ်စစ်

Minn Thaik ခရီ(မ်)ဆိုဒါ က ပြည်သူ့မုန်တိုက်ကရောင်းတဲ့ အီကလဲယားမုန့်ကြီးတွေစားပြီး သောက်မှ မိုက်တာ အဘ ထိုစဉ်က … ပြည်သူ့လွှတ်တော်ထဲကျွေးတဲ့ အီကလဲယားတို့ဆိပ်သားပါ့ဖ်တို့က ပိုကောင်းသတဲ့

Soe Myat Myo Shwe 10 km လောက်ပြေးပြီးပြန်အလာ ဗိုက်ဟောင်းလောင်းနဲ့ ဘတ်စ်ကားပေါ်မှ ဖတ်လိုက်ပါမယ်လေလို့ ဖတ်မိတာ ငါးပါးမှောက်တာပဲ။ ဗိုက်ထဲက ဂလွီဂလွမ်နဲ့ သွားရည်တွေ ခဏခဏမြိုချရ … အရေးထဲ ကားက ပိတ်နေသေးတယ်။ ဪ … ကုသိုလ်များ ရှာရှာကြံကြံ မကောင်းချက်။

Maung Maung Myint မီးခြစ်ကျောက်ခွဲတမ်း ဒူးယားစီးကရက်ကို အိမ်ထောင်စုဇယားအတိုင်း အလိပ်ရေခွဲတမ်းတို့၊ အပျိုကြီးတွေအိမ် စွပ်ကျယ်လက်ပြတ်မဲပေါက်တာတို့၊ လူပျိုကြီးအိမ် အထက်ဆင်မဲပေါက်တာတို့၊ ယိုးဒယားခြင်းဆိုတဲ့ ပလတ်စတစ်ခြင်းကို ယုယုယယ ကိုင်ရတာတို့… သီးသန့် ရေးပါဦး။

ATK အဲဒါတော့ ဆရာပဲ ရေးပါတော့ မသုံးလုံးဆရာ Myint ရေ… ကျွန်တော် ပြန်စဉ်းစားသေးတယ်ဗျ။ အဲဒီ့ခေတ် ပြည်သူ့ဆိုင်၊ သမဆိုင်တွေအကြောင်း၊ မဲနှိုက်တာတွေအကြောင်း၊ ဘာမှ အမှတ်တရ ပေါ်မလာတော့ဘူး ဆရာရေ့။

စု စုအေး ပြည်သူ့ဆိုင်က ဆီတိုင်ကီကြီးတွေ အမြဲ ညစ်ပတ်နေတာ မှတ်မိတယ် ဟီးးး

Saw Zar Li ၂ ပိုဒ်လောက် ဖတ်ပြီးရော ထမင်းအရင်ပြေးစားထားရတယ်…မဟုတ်ရင် ငတ်ကြီးကျ ဝေဒနာတွေ ပိုဆိုးလာမှာစိုးလို့ 

Moemakha Hlaing ခရီမ်ဆိုဒါကို ကျွန်မ မှတ်မိတယ်။ ဂေါ်လီလုံးပိတ်တဲ့ဟာလည်း သောက်ဖူးတယ်။ အရသာ တကယ် ကောင်းတယ်။ အခုထိ စွဲနေတုန်း။ ဗင်တိုကိုတော့ ရန်ကုန်မှာ မသောက်ဖူးဘဲ ၅ တန်းလောက်မှာ သုံးဆယ်ကို သွားလည်ရင်း ပထမဆုံး သောက်ဖူးတာ။ ၉၁-၉၂ ခုနှစ်လောက်က ငပလီက ဘိလပ်ရည်စက်ရုံ ပိတ်ကာနီးလေး ငပလီရောက်ခဲ့တာ။ အဲဒီမှာ ဖရူတိုရော ဗင်တိုရော သောက်ဖူးတယ်။ ပက်ဆီ မရောက်သေးတဲ့ ငပလီကို ရောက်ခဲ့ဖူးစဉ်ကပေါ့။ ကော်ဖီမစ်စ်တွေ ထိုင်းကသွင်းကာစ အချိန်လေးပေါ့။

Kyi Kyi Khin သများလဲ ကြက်ဆို ပေါင်ပဲ ကြိုက်တယ်။ တောင်ပံနဲ့ လက်မောင်းသားလေးလဲ ကြိုက်ပါတယ်။ အဲဒါတွေက ကင်မှ ပိုကြိုက်တာ။

စု စုအေး နန္ဒာလှိုင်ပဲ ပေါင်ဒေ ချလောက်တေ မစားပု ဘုန်းနိမ့်လိမ့်မယ်

Htar Htar Myint အရသာရှိသောစာဆိုတာ သည်စာမျိုးပဲ ဖတ်ရင်းနဲ့ကို သွားရည်ကျလာပြီ

Aung Myint Than ကျိုက္ကဆံဘီစကစ်အကျိုးအကြေတစ်ထုပ်ကို ငါးကျပ်နဲ့ ဝယ်စားရတယ်။ ကြည်ကြည်ဆိတ်နို့ဘီစကစ်ဆို အရသာအလွန်ရှိ။ ကျောက်တိုင်နို့ဆီ လူရည်ချွန်နို့မှုန့် တို့နဲ့ ငယ်ဘဝကို ဖြတ်သန်းလာခဲ့ရပါတယ်။ ဖရူတိုကို အရမ်းကြိုက်တယ်။ သမဆိုင်က လက်ဝါးတံဆိပ်ဖိနပ်ကို စီးခဲ့ရတယ်။ ရှားရှားပါးပါး သမဆိုင်က ဆီကို ဓာတ်ခဲ တိုင်ကပ်နာရီ တစ်လုံး မဲပေါက်ဖူးတယ်။ ခုချိန်ထိ ကောင်းတုန်း …

KayThi Aye တော်တော်ဆိုးတဲ့ စာရေးဆရာ။ ဖတ်ရင်းနဲ့ သွားရည်တွေ မျိုချနေရတယ်။ ရန်ကုန်ရောက်မှ အကုန်လိုက်ကျွေး၊ စားပစ်လိုက်မယ်။

Nilar Tin ငယ်ငယ်တုံးကစားခဲ့တဲ့ လမ်းဘေး သရေစာတွေ ဖတ်ရင်းနဲ့သွားရည်ကျမိပါတယ်။ အခုတော့ မြို့ထဲလည်းမရောက်၊ သရေစာလည်း မစားရ။ ဆရာ့စာဖတ်ပြီး အလွမ်းဘဲဖြေနေရပါတယ်။ ပပဝင်းရုပ်ရှင်ရုံဘေး ရှားမီးကိတ်မုန့်ဆိုင်က အဆော့တကိတ်ကို လည်းကောင်း၊ နန်းသီတာ ဆိပ်ကမ်းကရေခဲမုန့်ကိုလည်းကောင်း ဆင့်ပွား လွမ်းမိပါတော့တယ်ရှင်။

အဟောင်းထဲက အစုတ်တွေ – ၆

၂၀၁၅ ခုနှစ် မတ်လ ၁၆ ရက်

ကြက်ဥကျွန်တော်

တစ်ရက်ကျတော့ ကျွန်တော် ကျောင်းတက်နေတုန်း တန်းလန်းမှာ အိမ်အောက်ထပ်က ကိုအောငံ ထင်တယ်၊ ဆရာမကို ခွင့်တောင်းပြီး ကျွန်တော့်ကို လာခေါ်သွားတယ်။

မေမေဘွားဘွား ဆုံးသွားလို့ပါ။ အဘွားသေရင် မြေးပျော်တယ်လို့ အဆိုရှိပေမယ့် ကျွန်တော် ပျော်လည်း မပျော်မိသလို သိပ်လည်း ထိထိခိုက်ခိုက် မဖြစ်ခဲ့မိဘူး။ ၀တ္တရားတစ်ခုလိုပါပဲ။

မေမေဘွားဘွားကို နေ့ချင်းပဲလား မသိဘူး၊ ကြံတောမှာ မီးသင်္ဂြိုလ်လိုက်ပါတယ်။ အသုဘရယ်လို့လည်း စည်စည်ကားကား မရှိ၊ ခြောက်တိခြောက်ကပ်။ မန္တလေးက သူ့သားအရင်း ဦးကြီးကိုကိုလည်း မလာဘူး ထင်တယ်။ သေချာမမှတ်မိတော့ဘူး။ မေမေကလည်း လင်ပူမိနေတာနဲ့ပဲ အမေသေတာတောင် သိပ်ဝမ်းနည်းပုံ မရဘူး။ ညတိုင်ကျရင် မေမေဘွားဘွားက အမေရေ၊ အမေရေနဲ့ ညည်းညူနေရှာတာကိုလည်း မေမေက ငြူစူ ဆောင့်အောင့်နေခဲ့တာတွေတော့ ခပ်ရေးရေး မှတ်မိတယ်။

အမှန်က အဲဒီ့ကတည်းက တရားရခဲ့ဖို့ ကောင်းမှာဗျ။ အခုကျမှ ပြန်စဉ်းစားတော့ မေမေဘွားဘွားရဲ့ ဘ၀ကြီးက သနားစရာပါ။ အိမ်ထောင်ရေး ကံ၊ သားသမီးကံ မကောင်းဘူးလို့ အလွယ်ပြောနိုင်မယ် ထင်ပါတယ်။ ဒါမှမဟုတ်လည်း လင်ကုန်ရှုံးတော့ တစ်သက်လုံး မှောက်လို့ပဲ ပြောရမလားတော့ မသိဘူး။ အကောင်း စစ်စစ်ကနေတောင် အကန်းဘ၀နဲ့ အရိုးထုတ်ခဲ့ရတာကိုး။

မေမေဘွားဘွား ရက်လည်တော့ မေမေဘွားဘွား ကွယ်လွန်သွားတဲ့ ကျပ် ၆၀ တန်၊ သုံးထပ်သား ကြမ်းခင်းနဲ့ ခေါက်ခုတင်ကို ကျွန်တော် အပိုင်စားရပါတယ်။ အဲဒီ့ ခုတင်အစုတ်လေးပေါ်မှာ ကျွန်တော် နှစ်ပေါင်းများစွာ အိပ်ခဲ့တာ၊ အိမ်ထောင်ကျတော့မှပဲ ကိစ္စ ပြတ်တော့တယ်။

အဖေ့ဇာတ်လမ်းက ဘာမှန်း ယနေ့ထက်တိုင် သဲသဲကွဲကွဲ မသိပါဘူး။ သို့ပေမယ့် အမေနဲ့တော့ တခြိမ်းခြိမ်း ဖြစ်နေတာပါပဲ။ မေမေဘွားဘွားရက်မလည်ခင် တစ်ညမှာဆို အမေက ဒိန်းဒလိန်းနတ်ပူးပြီး အိမ်ကို မိုးတော်တော်ချုပ်တဲ့အထိ ပြန်မလာဘူး။ တစ်အိမ်လုံး ကျွန်တော် တစ်ယောက်တည်း။

ကလေးအရွယ် လူမမယ်ဘ၀ကတည်းက တစ်ယောက်တည်း နေတာ ကျင့်သားက တရားလွန်ရပြီး ဖြစ်လို့မို့ ကျွန်တော့်အတွက်တော့ မထူးဆန်းပါဘူး။ ကျွန်တော်က သရဲတွေ ဘာတွေ ကြောက်ချင်ယောင် ဆောင်ပြတတ်ပေမယ့် တကယ်တမ်းမှာ ကြောက်လည်း မနေမိတော့ဘူး။

ကျွန်တော့်စိတ်က ဆန်းတာပဲလား၊ လူတိုင်း သည်လိုပဲလားတော့ မသေချာဘူး။ တစ်ခုခုဆို ကျွန်တော်က သိပ်အသည်းအသန် ဖြစ်တတ်တယ်။ စားချင်လည်း တရားလွန်၊ သွားချင်လည်း တရားလွန်၊ ကြောက်ချင်လည်း တရားလွန်ပဲ။ ဒါပေမယ့် ရှောင်လွှဲလို့ မရတော့ဘူးဆိုတဲ့အချိန်မှာ အဲဒီ့ တရားလွန်စိတ်တွေ ဘယ်ပျောက်ကုန်မှန်း မသိတော့ဘဲ သွေးအေးအေးနဲ့ ထီမထင်သူ၊ အလွန်ထုံပေပေနိုင်သူ၊ ရွဲ့တတ်သူ ဖြစ်လာပါတော့တယ်။

လူမုန်လာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်ဆိုပြီး ကျွန်တော် ဘာသာပြန်ပေးခဲ့ဖူးတဲ့ လူသုံးမျိုးသုံးစားထဲက လူကြက်ဥပေါ့။ အစိမ်းဘ၀တုန်းကတော့ အထိမခံဘူး။ ကွဲလွယ် ရှလွယ်တယ်။ လောကဓံဆိုတဲ့ ရေနွေးပွက်ပွက်နဲ့ တွေ့ရင်တော့ တစ်ခါတည်းကို မာတင်းသွားတတ်တာမျိုးလေ။

အဲတုန်းက အမေ့ကို ကျွန်တော် ပြောမိတယ်။ “အမေ့ယောက်ျားကြီးကို ကွာလိုက်ပါဗျာ။ ကျွန်တော် ရရာ အလုပ် လုပ်ပေးပြီး အမေ့ကို ရှာကျွေးပါ့မယ်”လို့။ မသိဘူးလေ၊ မေမေက အရိုးကွဲအောင် အရိုက်ခံထားရလို့ အသည်းစွဲအောင် ချစ်နေတာလားတော့ မသိဘူး။ ပြောလည်း ပြောပြောပဲဗျ။

အဖေ့ကိုတော့ ကျွန်တော် တစ်စက်ကလေးမှကို ချစ်လို့ မရဘူး။ ရွံကြောက်ကြီး ကြောက်နေတာပဲ ရှိခဲ့တယ်။ အဖေကလည်း ပြောပါတယ်။ သူကိုယ်တိုင်က သူ့အဖေကို မချစ်တာမို့ ၀ဋ်လည်တော့မှာပါတဲ့။ ကျွန်တော် အဲဒီ့ကတည်းက လက်မခံခဲ့ဘူး။ ကိုယ်ပြုသမျှကံက ကိုယ့်ဆီ ပြန်လာမှာပဲလို့ တွေးခဲ့ပါတယ်။ အဖေ ကျွန်တော့် အပေါ် ကြင်ကြင်နာနာ နွေးနွေးထွေးထွေးသာ ဆက်ဆံခဲ့မယ်ဆိုရင် ကျွန်တော် အဖေ့ကို မချစ်စရာ ဘာအကြောင်းမှ မရှိပါဘူး။

အခု ကျွန်တော့်ဘ၀က ခွေးကတက်မှာ ကိုယ့်ဘာသာ အေးအေးအိပ်နေတဲ့ ခွေးလို ဖြစ်နေတယ်။ အဖေ တစ်လောကလုံးကို စိတ်တိုင်းမကျတိုင်း အ၀င်တစ်ခါ အထွက် တစ်ခါ ဆောင့်နင်းလို နင်းသွား၊ ကန်လို ကန်သွားနဲ့ စိတ်ရှိတိုင်း အလုပ်ခံနေရတဲ့ ခွေးဘ၀။ သူ့ဒေါသတွေ အထုပ်ဖြည်ရာပဲ။

စိတ်ထဲမှာ အနာကျည်းဆုံးက အသားနာလို့ အော်တာ၊ ငိုတာကိုပဲ အသံမထွက်ရ မငိုရဆိုပြီး ဆင့်ဆင့်ရိုက်ပြီး ပိတ်ပင်တာပဲ။ အဲဒါ လူမဆန်ဆုံးပဲ။ လူစိတ်အကင်းမဲ့ဆုံးပဲ။

အိမ်ထဲမှာ စိတ်ညစ်ရသမျှ အပြင်ရောက်ရင် ကျွန်တော် လွတ်ပြီ။ အလွန်ဗရုတ်ကျ၊ အလွန်ကဲတဲ့သူ ဖြစ်ပါပြီ။ ရယ်စရာတွေကို ကြံဖန်ရှာနေတဲ့သူပေါ့။

ကျွန်တော် အမြဲလို ပြုံးရယ်နေတတ်တာကို သမီးက သူ့ဆယ်တန်း စာစီစာကုံးထဲမှာ ထည့်ရေးဖူးတယ်။ အမှန်တော့ ကျွန်တော့်ရင်ထဲမှာ အနာတွေနဲ့၊ တစ်ချိန်လုံး ငိုရှိုက်နေတာ ဘယ်သူမှ မသိဘူး။

ဖျင်းဖျင်း ဖျင်းဖျင်းနဲ့…

ကျွန်တော် ရှစ်တန်းနှစ်မှာ ကျိုင်းတုံက အစ်ကိုကြီးတစ်ယောက် ရန်ကုန်ကို ဆယ်တန်း လာတက်တယ်။ လောပိတမှာကတည်းက ခင်မင်ရင်းနှီးခဲ့တဲ့ လျှပ်စစ်ဌာနက အဖေ့ မိတ်ဆွေ အင်ဂျင်နီယာရဲ့ အမျိုးသမီးက ကျိုင်းတုံသူ။ သူကတစ်ဆင့် သူ့ဆွေနီးမျိုးစပ် တစ်ယောက်ကို ကျွန်တော်တို့အိမ်မှာ ထမင်းလခ ပေးစားခိုင်း၊ အဆောင်လို သဘောမျိုး အနေခိုင်းတာပါ။ သူ့ကို အထပ်ခိုးလေး အပိုင်စားပေးထားပါတယ်။

အဲဒီ့အစ်ကိုကြီးက သူ့ဟာသူ ဘာသိဘာသာနေတာပါ။ စကားလည်း သိပ်များများ မပြောဘူး။ တစ်ခါတစ်လေ အိမ်ရှေ့ခန်းမှာ တစ်ယောက်တည်း တွေတွေငေးငေး အကြာကြီး နေတတ်တယ်။

မှတ်မိနေတာက ရှစ်တန်း စာမေးပွဲ ဖြေနေဆဲ တန်းလန်းမှာ အဖေနဲ့ အမေနဲ့ အကြီးအကျယ် ရန်ဖြစ်ကြပြန်တာ။ ကျွန်တော် သိပ်စိတ်ညစ်သွားတယ်။ အရပ်ထဲမှာလည်း ရှက်လှပြီ။

စာမေးပွဲကို ကျွန်တော်တို့ ကျောင်းမှာ မဟုတ်ဘဲ ခရိ(ခ်)လမ်း (အခု ဗိုလ်မြတ်ထွန်းလမ်းလို့ ခေါ်တယ် ထင်တာပဲ)ပေါ် ဗိုလ်ချုပ်လမ်းနဲ့ နီးတဲ့ဘက်က အထက်တန်းကျောင်းကြီးမှာ ဖြေနေရတာ။ ကျွန်တော် သိပ်စိတ်ညစ်တာနဲ့ စာမေးပွဲ သွားမဖြေတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

အိမ်မှာနေနေတဲ့ အဲဒီ့အစ်ကိုကြီးက စာမေးပွဲ ဖြေဖို့ ဖျောင့်ဖျတယ်။ ကျွန်တော်လည်း နားညည်းလာတာနဲ့ စိတ်ညစ်ညစ်နဲ့ လွယ်အိတ် ဆွဲပြီး အပြင်ထွက်လာတယ်။ အမှန်ကတော့ ခြေဦးတည့်ရာ လျှောက်သွားဖို့ပဲ။ ဒါပေမယ့် အဲဒီ့အစ်ကိုကြီးက နောက်က ကပ်ပါလာပြီး ကျွန်တော့်ကို အတင်းချုပ်လို့ စာမေးပွဲခန်း အရောက် ပို့ပေးခဲ့ပါတယ်။

တစ်ခါတစ်ခါကျတော့ စဉ်းစားမိတယ်။ အမေနဲ့ ပြဿနာဖြစ်တဲ့အခါလည်း လေးငါးဆယ်ကြိမ်မက အဲဒီ့အတွေးကို နှုတ်က ထုတ်ပြီး ပြောခဲ့မိပါတယ်။

“အမေတို့၊ အဖေတို့ လုပ်ပုံနဲ့ ကျွန်တော် ဘိန်းစား၊ သူခိုး၊ လူဆိုး၊ ကြမ်းပိုး ဖြစ်ရမှာဗျ။ အခုလောက်ရှိ အသက်တောင် ရှိနေဖို့တောင် မကောင်းတော့ဘူး။ ဆိုးမိုက်ရင်း သေသွားဖို့ သိပ်ကောင်းနေပြီ။ ကျွန်တော့်မှာ ရှိနေတဲ့ စိတ်ကောင်းလေးကြောင့် အဲလို ဘ၀မျိုး ရောက်မသွားတာကို နောင်တရလို့ မဆုံးဘူးဗျ”လို့ပါပဲ။

အမှားလုပ်လည်း ရိုက်၊ မမှားလည်း ရိုက်၊ ပန်းကန်လေးတစ်လုံး ခွဲမိလည်း ရိုက်၊ အရိုက်သံသရာမှာ နေရတာ သိပ်များလာတဲ့အပြင် စောစောက ပြောသလို အသားနာတာကိုတောင် ခံစားခွင့်အပိတ်ပင်ခံထားရတဲ့ ဘ၀ကြီးက အတော့်ကို ခါးသီးလှတယ်။

ကျွန်တော့်ဘ၀ကို ကျွန်တော် မကျေနပ်ဘူး။ ခက်တာက ပြေးစရာလည်း မြေမရှိဘူး။ အားကိုးရာ မဲ့နေတယ်။ ထွက်ပြေးပြန်လည်း အမေ့ကို သနားမိတဲ့စိတ်နဲ့ မပြေးရက်ဘူး။ အမှန်တော့ ထွက်ပြေးမိခဲ့ရင် သိပ်ကောင်းမှာလို့ အခုကျတော့ တွေးမိနေရပြန်တယ်။ ဘ၀ကို နာကျည်းတဲ့စိတ်က အခုလို အဟောင်းတွေကို အစုတ် ပြန်လုပ်တော့ ဖျင်းဖျင်း ဖျင်းဖျင်းနဲ့ ပေါ်လာပြန်တယ်။

ဆင်ဆာဆိုတာ အိမ်ထဲမှာ

ကျောင်းစာကိုလည်း ကျွန်တော် သိပ်စိတ်မ၀င်စားတော့ဘူး။ ၀တ်ကျေတန်းကျေသာ ကျောင်းတက်နေတာ၊ ၀တ္တရားရှိလို့ တစ်နှစ် တစ်တန်း မှန်မှန်အောင်အောင် နေနေရတာ။ ရည်မှန်းချက်တွေ ဘာတွေလဲ မရှိဘူး။ ကျွန်တ်ာဖြစ်ချင်တာက ရုပ်ရှင်မင်းသား၊ အဆိုတော်၊ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ။

အဖေက တုတ်ပြပြီး စာကျက်ခိုင်းရင် ကျက်ချင်ယောင်ဆောင်ပေးလိုက်တယ်။ စိတ်က ရောက်ချင်ရာ ရောက်နေတော့တာပါပဲ။ မွန်းကြပ်နေတဲ့ ဘ၀မှာ စိတ်ကူးယဉ်ခြင်းကသာ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ထွက်ပေါက်။

စာတွေ ရေးတယ်၊ ကဗျာတွေ စပ်တယ်၊ နေ့စဉ်မှတ်တမ်းရေးတယ်။ စာအုပ်တွေလည်း တအားဖတ်တယ်။ စာပေဗိမာန်စာကြည့်တိုက်မှာ နှစ်စဉ်ကြေး သုံးကျပ်ပေးထားရင် စာအုပ်လေးအုပ်ကို နှစ်ပတ်ငှားလို့ရတယ်။ ကျွန်တော်က နှစ်ရက်တစ်ခါလောက် ငှားဖတ်တယ်။ ဒါပေမယ့် ကိုယ်ဖတ်ချင်တာ ဖတ်ရတာ မဟုတ်ဘူး။ ကျွန်တော် ငှားလာတဲ့ စာအုပ်ကို အဖေ့ဆီ တင်ပြရသေးတာ။ သူက လှန်လှောကြည့်ပြီး သဘောတူမှ ဖတ်ရတာ။

ကျွန်တော့်ကို လုံးဝ မဖတ်ရလို့ ပိတ်ပင်ထားတဲ့အထဲမှာ စံရွှေမြင့်ကာတွန်းရုပ်ပြပါတယ်။ ရည်းစားထားချင်စိတ် ပေါ်မှာစိုးလို့တဲ့။ စာမဖတ်၊ ပေမဖတ်၊ ပညာအခြေခံ အလွန်နည်းလှတဲ့ အဖေ့ရဲ့ သားသမီး ပျိုးထောင်နည်းတွေပေါ့ဗျာ။

သာယာလွန်းစွ မောင့်ဘဝ

ကျွန်တော့်သားလေး ရှစ်တန်းအောင်သွားတော့ သူ့အတန်းပိုင်ဆရာမကို သွားကန်တော့တဲ့အခါ ကျွန်တော် ပါသွားတယ်။ ဆရာမက ကျွန်တော့်ကို တိုင်တယ်။

“ဆရာ့သားက လိမ္မာပါတယ်။ ဒါပေမယ့် ကျောင်းပိတ်ခါနီးမှ ဘာဖြစ်တယ် မသိဘူး၊ ရည်းစားတွေ ဘာတွေ ထားလို့ ဆရာရယ်…”တဲ့။

ကျွန်တော် သူ့ဆရာမကို ဘယ်လို ပြန်ပြောလိုက်သလဲ သိလား။

“ဟုတ်ကဲ့… အဲဒါ ကျွန်တော် မြှောက်ပေးလိုက်တာပါ ဆရာမ”လို့။

ဟုတ်တယ်။ အဲဒီ့နှစ် သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ သူ့သဘောနဲ့သူ မေမြို့မှာ ကျောင်းအိပ်ကျောင်းစား သွားနေတဲ့ သမီးကြီးကို သွားကြိုဖို့ ကားတစ်စီးနဲ့ သားအဖနှစ်ယောက် ထွက်ခဲ့ကြတယ်။ အဲတုန်းက လမ်းသစ် မပေါ်သေးဘူး။ လမ်းဟောင်းက သွားကြတာ။ ညဘက်ကြီး တစ်ညလုံး မောင်းပေါ့။

သားအဖနှစ်ယောက် စကားတပြောပြောနဲ့။ တစ်ချီမှာ သူ့နှလုံးသား ရေးရာအကြောင်း မေးမိတယ်။ ဖအေဆိုတော့ သိနေတယ်လေ။ ပြီးတော့ ကျွန်တော်က သားသမီးတွေကို ပွင့်ပွင့်လင်းလင်း ပြောဖို့ပဲ တစ်ချိန်လုံး ပျိုးထောင်နေခဲ့တာ။ အမှန်ကို ပြောလို့ ဆူတာတွေ၊ ပူတာတွေတောင် မလုပ်ဘူး။

ကျွန်တော့် သားသမီးတွေအတွက် စည်းကမ်းက တစ်ချက်တည်းရယ်။ မလိမ်ရ၊ မဖုံးရပဲ။ မှားတာတော့ ကြိုက်တာ မှားလာ၊ ခွင့်လွှတ်တယ်။ လိမ်ရင် ဖုံးရင် ခွင့်မလွှတ်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မလိမ်ဘူး။

အဲတော့ သူအသည်းကွဲနေတာ ကျွန်တော် သိနေတာပေါ့။

“မင့်ဟာမလေးနဲ့ အခြေအနေက ဘယ်လိုလဲ၊ အဆင်မပြေသေးဘူးလား”လို့ စမေးလိုက်တယ်။

“ပညာသင်ချိန်မှာ ဒါတွေ မစဉ်းစားသေးဘူးလို့ ပြောတယ်ဗျ”

“နွားမတွေ၊ အဲလိုပဲ။ သူတို့ကြိုက်ရင် ဘာသံမှ မထွက်ဘူး။ သူတို့မကြိုက်ရင် တောင်ပြော မြောက်ပြောနဲ့…”

“အဲဒါဆို ဘယ်လို လုပ်ရမလဲဟင်”

“သားကို ကြိုက်နေတဲ့ ကောင်မလေးတွေ မရှိဘူးလား”

“ရှိတာပေါ့…”

“သူတို့ထဲက တစ်ယောက်နဲ့ ရည်းစားထားကြည့်လိုက်ပေါ့…”

“အာ… သားမှ မကြိုက်တာလေ…”

“ဟကောင်ရေ… မင်းသေချာ စဉ်းစားစမ်း။ ကနေ့ မြန်မာ့ လက်ရွေးစင်အသင်းမှာ ကန်နေတဲ့ ကောင်တွေ စကတည်းက လက်ရွေးစင် တန်းဖြစ်တာလား…”

“အဲလို မဟုတ်ဘူးလေ…”

“အေး… ရည်းစားထားတာလည်း အတူတူပဲ။ တစ်ခါတည်း လက်ရွေးစင် တက်ကန်လို့ မရဘူးမောင်။ မင့်ဟာက ဘောလုံးနဲ့ ခြေထောက်နဲ့တောင် ကောင်းကောင်း မထိဖူးသေးပဲ လက်ရွေးစင် မကန်ရလို့ ကျိတ်ဆွေးသလို ဖြစ်နေတယ်ကွ။ ပထမဆုံး အိမ်မှာ ဘောလုံးနဲ့ ခြေထောက်နဲ့ ထိကြည့်၊ ကန်ကြည့်။ အဆင်ပြေမှ အရပ်ကွင်းမှာ ကန်၊ ပြီးတော့ ရပ်ကွက်သင်း ၀င်၊ အဆင့်ဆင့် တက်သွားရတယ် သားရဲ့…”

“သြော်… အဲလိုလား…”

ဒါနဲ့တင် သီတင်းကျွတ် ကျောင်းလဲ ပြန်ဖွင့်ရော သင်းလည်း ရည်းစားနဲ့ ဘာနဲ့ ဖြစ်သွားပါရောလား။

ပညာသင်ချိန်မှာ ရည်းစားထားရင် ကျောင်းစာ ထိခိုက်မယ်၊ ဘာမယ်ဆိုတဲ့ ပေါချာချာအတွေးအခေါ် ကျွန်တော့်မှာ မရှိဘူး။ လူပဲ၊ အသိဉာဏ်ရှိတာပဲ။ ခုနစ်တန်း၊ ရှစ်တန်းတောင် ရောက်နေမှတော့ သူ့အသိဉာဏ်နဲ့သူ နေနေတာပေါ့။ သည့်ထက် ပိုတာက ကျွန်တော့် သားသမီးတွေကို အသိဉာဏ်ရင့်သန်စေဖို့ စာဖတ်ဝါသနာ အရင့်အမာကို သူတို့ကိုယ်ထဲ ထည့်ပေးပြီးသား။ ဘာမှ ပူစရာ မလိုပါဘူး။

ကျွန်တော်ကသာ အဲလိုတွေးပေမယ့် ကျွန်တော့်ပီတာဖခင်ကြီးကကျတော့ အဲလို မဟုတ်ဘူး။ အသားနာလို့ အော်တာ ငိုတာတောင် တုတ်နဲ့ မရအရ တားမြစ် ပိတ်ပင်သူပီပီ လူတစ်ယောက်ရဲ့ ခံစားချက်တွေ၊ ဖွံ့ဖြိုးမှုတွေကို ဘယ်တုန်းကမှ နားလည်း မလည်၊ နားလည်အောင်လည်း မကြိုးစား၊ ထည့်တွက် ငဲ့ကွက်ဖို့ဆို ဝေလာဝေးတဲ့သူလေ။ အဲတော့လည်း ကျွန်တော့်မှာ ပိတ်ပင်တားမြစ်ခံထားရတာတွေက အများသား။

ယုတ်စွအဆုံး မွေ့ရာနဲ့ အိပ်ခွင့်တောင် ဆုံးရှုံးတယ်။ ကြမ်းအမာပေါ်မှာ ဖျာခင်း အိပ်ရတဲ့ ဘ၀။ မွေ့ရာနဲ့ အိပ်ရင် လူပျိုပေါက်ရဲ့ သွေးသားဆန္ဒကို နိုးကြားစေနိုင်တယ်ဆိုတဲ့ မဟာရွှေဉာဏ်ရှင်ကြီးကို ဖအေတော်ခဲ့ရတဲ့ ကျွန်တော့်ဘ၀ အတော် သာယာတာပဲနော်။ :-/

အနုသမားလေး

အဖေက စာဖတ်ခွင့်ပေးထားတာပဲ ကျေးဇူးတင်ရပေဦးမယ်။ နောက်တစ်ခု ကျေးဇူးတင်ရမှာက လွတ်လပ်စွာ သွားလာခွင့်ပါပဲ။ တစ်ခါတလေ ညကြီး သန်းခေါင်ပေမယ့် ကြေးအိုး ထွက်စားချင်လည်း စားလို့ ရတယ်။ နေ့လည် နေ့ခင်း လမ်းပေါ် လျှောက်နေလည်း ရတယ်။

ကျွန်တော် ငယ်ငယ်က တော်တော်လျှောက်နိုင်တာ။ မြို့လယ်ပိုင်းတော့ နှံ့နေတာပဲ။

တစ်ခါသားမှာတော့ မျက်စိလည် လမ်းပျောက်ဖူးတယ်။ တစ်ခါမှ မရောက်ဖူးသေးတဲ့ ဗိုလ်တထောင် ကမ်းနားကနေ အရှေ့ဘက်ကို ဆင်းသွားတာ ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်း မသိတော့ဘူး။ ကျွန်တော်လူလည်က ဘယ်သူ့မှလည်း မေး စမ်းမနေပါဘူး။ လာရာလမ်းပါ ပျောက်သွားခဲ့ပေမယ့် အနောက်ဘက်ကို ဦးတည်ပြီး ပြန်လျှောက်မယ်ဆိုရင် တစ်ချိန်ချိန်မှာ ကိုယ်သိတဲ့ လမ်းပေါ်တော့ ပြန်ရောက်မှာပဲဆိုတဲ့ အသိနဲ့ ပြန်လျှောက်ရပါတယ်။

တကယ်လည်း ပြန်ရောက်ပါတယ်။ လင်းစဒေါင်း (Lansdowne) လို့ ခေါ်တဲ့ အဲဒီ့အချိန်က နံပါတ် ၈ ဟီးနိုးကားရှည်ကြီး ဂိတ်တွေ ဘာတွေအထိကို ရောက်လို့။ အခုတော့ ဘာခေါ်တယ် မသိတော့ဘူး။

ရန်ကုန်မှာနေပြီး ယနေ့ထက်တိုင် ကျွန်တော် မသွားတတ်၊ မလာတတ်တာက ကျောက်မြောင်းပဲ။ ကျောက်မြောင်းထဲ ရောက်သွားရင် အခုထိ မျက်စိလည်လို့ ကောင်းတုန်း။

အရပ်ထဲက အပေါင်းအသင်းတွေကတော့ နည်းပါတယ်။ ကျွန်တော်က အိမ်ပေါ်က အိမ်အောက် တယ် ဆင်းဆော့တာ မဟုတ်ဘူး။ ဘောလုံးကန်တာတွေ ဘာတွေမှာလည်း အဖြစ် မရှိဘူး။

စိန်ပေါကျောင်းကို ရောက်စက ကျောင်းမှာ တစ်ခါ ၀င်ကန်ဖူးတယ်။ အဲဒါဗျာ၊ ကံက ကောင်းချင်တော့ ဘောလုံးက ကျွန်တော့်ရှေ့ တစ်ပေလောက်အကွာက လိမ့်လာတာ၊ ဘောလုံးနဲ့လည်း နည်းနည်းကလေးမှ မထိလိုက်ဘဲ မှောက်ရက်ကြီး လဲကျန်ရစ်ပါရောလား။

အဲဒီ့မှာတင် ဘောလုံးလောကကြီးကို အကြီးအကျယ် စိတ်နာပြီး ကျောခိုင်းလိုက်တာ ယနေ့ထက်တိုင်ပါပဲ။ 😀 

ကျွန်တော်နဲ့ အားကစားနဲ့က အဲသလို။

ပြောရရင် အဲဒါ မိဘနဲ့များ ဆိုင်မလားတော့ မသိဘူး။ ကျွန်တော့် အဖေလည်း ဟုတ်ဟုတ်ငြားငြား ဘာအားကစားမှ မလုပ်ခဲ့။ အမေသည်လည်း ထို့အတူ။ သူတို့က မွေးလာတဲ့ တစ်ဦးတည်းသော သားလှ ရွှေသွေး လူကလေး ကျွန်တော့်ကိုလည်း ဘာအားကစားအတွက်မှ မတိုက်တွန်း၊ လဲကွဲ၊ ကျိုးကန်းမှာ ပူခဲ့ကြလေတော့ ကျွန်တော်လည်း ဘယ်လိုလုပ် အားကစားဖြစ်တော့မလဲ။

အမေ ကြိမ်ဖန်များစွာ ပြောဖူးတာ ရှိသေး။ ပါးစပ်ရာဇ၀င်ပေါ့။ အမှန်တော့ မဖြစ်နိုင်တာ။ သူတို့ မန္တလေးက ဘောလုံးသမားတစ်ယောက် သေသွားတာများ အဆုတ်မှာတောင် ဘောကန်ဖိနပ်ရာ ထင်းထင်းကြီးနဲ့ဆိုတဲ့ ပုံပြင်။ နာမည် နာမနဲ့ အတိအကျ ပြောပြီး ၀ါဒဖြန့်ခဲ့လေတော့ ကျွန်တော့်မှာ အားကစား စိတ်ဓာတ်က ပြည့်ဝဖို့နေနေသာသာ တစိုးတစိတောင် ဘယ်လိုလုပ် ရှိနိုင်တော့မှာတုံးဗျာ။

နဂိုကမှ ကျွန်တော်က ခပ်ပျင်းပျင်းဆိုတော့ ပင်ပန်းတဲ့ အလုပ်ဆို ဘာမှ မလုပ်ချင်တာလည်း ပါတယ်လေ။

အဲ… ဒါတောင် အဖေက ကျွန်တော့်ကို ရေကူးခိုင်းသေးတာ။ ဦးဝိစာရလမ်းက အမျိုးသား ရေကူးကန်ကို အောက်ထပ်က ကိုအောငံ ဦးစီးပြီး အရပ်ထဲက လူငယ်တွေ သွားကြရင် ကျွန်တော်လည်း ပါသွားတာပေါ့။ အဖေကတော့ အဲဒီ့အချိန်မှာ ခရုသင်းရောဂါ စဖြစ်နေပြီမို့ လူကြားထဲ ကိုယ်လုံးတီးနဲ့ မနေချင်တာကြောင့် လိုက်မလာဘူး။ ရေကူးလည်း သင်မပေးနိုင်ဘူး။ သူက ရေတပ်ကလာတာမို့ ကူးတတ်တယ်လို့တော့ ပြောတာပဲ။ ကျွန်တော်လည်း သူ ရေကူးတာ တစ်ခါမှ မမြင်ဖူးလိုက်ဘူး။

ကျွန်တော့်ကို ကိုအောငံက သင်ပေးပါတယ်။ ဒါပေမယ့် ဆရာလို စနစ်တကျတော့ ဘယ်ဟုတ်မလဲ။ ခြေဖျား ခတ်တာ ဘာညာပေါ့။ ပြီးတော့ လက်ပစ်ကူးရင် အသက်ရှူနည်းပေါ့။

သူပြောတာတော့ ဟုတ်လို့ပဲ။ ဘယ်ဆို ဘယ်တစ်ဖက်တည်း ခေါင်းကို စနစ်တကျ လှည့်ပြီး အသက်ရှူသွင်း၊ ရေထဲ မျက်နှာ ပြန်အမှောက်မှာ ရှူထားတာကို ထုတ်၊ ပြီးရင် ဘယ်ဘက်ကို ခေါင်းဖော်ရှူ၊ ရေထဲ မျက်နှာအပ် ပြန်ထုတ် စသဖြင့်ပေါ့။

တကယ်လုပ်တော့ မဖြစ်လှပေါင်ဗျာ။ အဲတော့လည်း ခေါင်းကြီးဖော်ပြီး ၀ရုန်းသုန်းကားနဲ့ ခွေးကူးတော့ ကူးတတ်လာတာပေါ့။

ကျွန်တော် လုပ်ဖူးတဲ့ အားကစား

အဲ… အားကစားသာ မလုပ်ချင်တာ။ လူကတော့ လှချင်သားဗျ။

ဒါနဲ့ ကြီးကောင်လေး ၀င်လာတော့ အိပ်ထ မတင်တွေ၊ ကြမ်းပေါ်မှောက်ပြီး လက်နဲ့ထောက် ထတာတွေအပါအ၀င် ကိုယ်လက် လှုပ်ရှားတွေလည်း တော်တော် လုပ်လိုက်သေးတယ်။ အရပ်ကလည်း ရှည်ချင်လွန်းလို့ ထပ်ခိုးတန်းကို ဆွဲဆွဲပြီး ဘားတန်းလုပ် ကစားရတာလည်း အမော။

အဲဒီ့ရောဂါက လူပျိုကြီး ဖားဖား ဖြစ်တဲ့အထိ မပျောက်ဘူး။ အဘိုးနဲ့ တွေ့တော့မှ ကိစ္စက ပြတ်သွားတာ။ အားတိုင်း အရပ်ရှည်ဖို့ အားထုတ်ပြီး တွေ့ရာဆွဲနေတဲ့ ကျွန်တော့်ကို မြင်တဲ့အခါ အဘိုးက ပြောတယ်။

“မင့်အဖေနဲ့ အမေ သည်လောက်ပုတဲ့ဟာ… မင်းသည်လောက် မြင့်လာ တော်ရောပေါ့။ သည့်ထက် မြင့်စရာ အကြောင်းမရှိတော့ဘူး ဟကောင်ရ…”တဲ့။

သူပြောတာလည်း ဟုတ်တုတ်တုတ်ရယ်။ အဲဒီ့အချိန်မှာ ကျွန်တော်က အဖေ့ထက်တောင် နှစ်လက္မလောက် ပိုမြင့်နေပြီလေ။

နောင် နှစ်ပေါင်းများစွာအကြာ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ရဲ့ အာဟာရ သင်တန်းကို တက်ခွင့်ရတော့မှ သိသွားတာ။ ကိုယ်ဝန်ရှိစ ပထမ သုံးလမှာ မိခင် အာဟာရဓာတ်ပြည့်ဝအောင် စားထားရင် အဲဒီ့ကလေး လူကြီးဖြစ်လာတဲ့အခါ ဖြစ်လာနိုင်တဲ့ အရပ် အလားအလာကို အထောက်အပံ့ဖြစ်စေတယ်။ ကိုယ်ဝန် သုံးလကျော်မှ စားသမျှကျတော့ ကိုယ်ခန္ဓာဝဖြိုးမှုအတွက် ဖြစ်တယ်ဆိုတဲ့ အချက်ကိုပါပဲ။

ဗမာငပုတွေ ဖြစ်ကုန်တာ မအေတွေ ဗိုက်ကြီးနာ ထတော်မူနေလို့မှန်း သိလာရတယ်။ ကံဆိုးချင်တော့ အဲဒါတွေ မသိခင် မွေးတဲ့ သမီးဦး ကိုယ်ဝန်နဲ့တုန်းက သူ့အမေ ကျွန်တော့်မယား ဗိုက်ကြီးနာ အထကောင်းလိုက်တာ သမီးခမျာလေးမှာ အရပ်မမြင့်ရှာဘူး။

ကံကောင်းချင်တော့ သမီးကို နို့တိုက်လို့ ကောင်းနေဆဲမို့ မဆံ့မပြဲ စားလို့ ကောင်းနေခိုက် သားတော်မောင် ကိုယ်ဝန်ကို ထပ်ရလိုက်တာမို့ မမခမျာ ဗိုက်ကြီးနာ ထဖို့ သတိမရအားဘူး။ သည်မှာတင် သားတော်မောင်က အရပ်မြင့်သွားတယ်။ သည်ကောင်က အလေးတွေ ဘာတွေမပြီး သူ့ကိုယ်ခန္ဓာကိုယ်ကို ဂရုတစိုက် လုပ်လိုက်ပြန်တော့ သားတော်မောင် ရင်အုပ်ကားကား ကြွက်သားအဖုဖုတွေ ဘာတွေနဲ့ ဖြစ်လာပါတော့တယ်။

သည်အပိုင်းမှာ ပြောကြတာ

Saw Zar Li ဇာလီကတော့ ဇာလီ့အထက်က အစ်မကြောင့် စာတွေ ဖတ်ဖြစ်ရင်းနဲ့ ဝါသနာပါခဲ့တာ… အဖေနဲ့ အမေကလည်း ကျောင်းဆရာ ဆရာမတွေဖြစ်တာကြောင့် အပြင်စာ ဘာဖတ်ဖတ် မတားခဲ့ဘူး… ဇာလီက အမေ အသက် ၄၀၊ အဖေ့အသက် ၄၄ မှာ အသက်ကြီးမှ မမျှော်လင့်ဘဲ ရခဲ့တဲ့ ကလေးဖြစ်လို့ အထက်က အစ်မနဲ့ ၁၂ နှစ် ကွာပါတယ်… သူတို့ ကျောင်းတွေ ပိတ်နေချိန် ငှားဖတ်သမျှ အကုန်လိုက်ဖတ်ဖြစ်တာ ၇ တန်း အရွယ်ကပါ… ဆရာပီတိဖြစ်အောင် ပြောရမယ်ဆိုရင် အဲဒီအစ်မက ဆရာရဲ့ ရေမရောတဲ့ အမာခံ ပရိသတ်စစ်စစ်ပါ… သူကနေတစ်ဆင့် ဆရာ့ကို သိခဲ့ရတာပါ… သရဖူမဂ္ဂဇင်းထဲမှာ ပါတဲ့ ဆရာ့ ဆောင်းပါးတွေကို ဇာလီ့ကို ပုံမှန် ဖတ်ခိုင်းပါတယ်… အပျိုပေါက်ဖြစ်တော့ ဆရာစာအုပ်တွေ ဝယ်လာပေးတယ်… အခု သူက သာကေတ အထူးကု ဆေးရုံမှာ တာဝန် ထမ်းဆောင်နေပါတယ်။ ဆရာ့စာတွေကြောင့်လား မသိဘူး… အပျိုကြီးပဲ လုပ်နေလေရဲ့  😛 အစ်မက အင်တာနက် သိပ်မသုံးဖြစ်လို့ ကြားထဲကနေ မိတ်ဆက်ပေးလိုက်တာပါ… 🙂 စကားမစပ် ကြွားလိုက်အုံးမယ် ဇာလီ့ အရပ်က ငါးပေ ခုနစ်လက်မ ရှိတယ်။ 😛

ATK ဖျား ဖျား… လမ်းတွေ့ရင် လုံးဝ နှုတ်မဆက်ပါနဲ့။ အထူးသဖြင့် အနားကို လုံးဝ မလာဘာနဲ့။ သများ လူဇင်မမှီတာကို လူကြားထဲ ပြသလို ဖြစ်ဖြစ်သွားတတ်လွန်းလို့ အရပ်ရှည်ဒဲ့ဒူဒေဂို တိတ်မုန်းဒယ်။ 🙂

Kyawt Thuzar ကိုယ်က တစ် အိမ်လုံးမှာ အပုဆုံးပါ ၅ပေ ၉ လက်မတည်းရယ် 😛

ATK မင်းသားကြီးရွှေဘရဲ့ မြေးများဖြစ်တဲ့ မရှေဘတွေနဲ့ တွေ့နေပါလား။ အကုန် ဘလော့ပစ်ရ မကောင်း ရှိတော့မယ်။

Sanda Thant သူ့ဆူးတွေ မြင်တော့ ကိုယ့်ဆူးတွေ ပြန်စူးလာပါရောလား

Aung Thu Nyeen တရေးနိုးလာတော့ လာနှုတ်ဆက်တယ်။ ခုတော့ ဆရာ့ဇာတ်ကြောင်း ဖတ်မိပါပြီ။ ထူးဆန်းအံ့သြရပါသည်။ ဆက်ရေး ဆက်ဖတ်ပါမည်။

May Thandar Win သက်ထွေးနဲ့ ကိုငြိမ်းမောင်ကို တခါတခါ မျက်လုံးထဲမြင်ယောင်လာတယ်။ အရက်ပုလင်း ရိုက်ခွဲတဲ့အခန်းမှာ သက်ထွေး ပြန်ပြောသလိုရော ပြန်ပြောခဲ့သေးလားဆရာ 🙂  JK ပါ ဆရာ။ အခု ဖတ်ရင်းဖတ်ရင်း ရင်ထဲမောလိုက်တာ ဆရာ။ 😦  ဒါနဲ့ ဆရာ့အဖေနဲ့အမေ ဘာရာသီဖွားလည်း သိချင်မိတယ်။

ATK  အခုမှတွေ့လို့ အခုမှ ဖြေဖြစ်တာ ခွင့်လျွှတ်ပါ သမီး May. အဖေ့ မွေးနေ့ကို မသိပါဘူး။ သိတယ်ဆိုလည်း အမှန်အတိုင်းလို့ ယူဆမိမယ် မထင်ဘူး။ အဖေက အမှန်တွေ သိပ်ပြောမသွားဘူးလို့ ယုံကြည်လို့ပါ။ မေမေကတော့ မတ်လ ၂၈ ရက်မွေးတယ်လို့ သိထားပါတယ်။

၂၀၁၅ ခုနှစ် မတ်လ ၁၉ ရက်

လမ်း ၄၀ က အပေါင်းအသင်းတွေ

လမ်း ၄၀ ရောက်ခါစမှာ အပေါင်းသင်းဖြစ်တာက Terrence ဆိုတဲ့ ကပြားတစ်ယောက်ပါ။ သူက လမ်း ၄၀ ထိပ်က တိုက်ရဲ့ အပေါ်ဆုံးထပ်မှာ နေတယ်။

ကျွန်တော်နဲ သိချိန်မှာ သူ့အဖေက မရှိတော့ဘူး။ သြစတြေးလျံလူမျိုး ဖခင်ပေါ့။ သူ့အမေက ကရင်အမျိုးသမီး ထောင်ထောင် မောင်းမောင်းကြီးပါ။ မျက်နှာဖြူထဲမှာ သြစတြေးလျန်တွေက လှတယ်။ သူတို့ မောင်နှမတွေလည်း လှကြတယ်။ သူ့မှာ မောင်နှမ သုံးယောက်ရှိတယ် ထင်တယ်။ သူက အငယ်ဆုံး။ သူ့အစ်မအကြီးဆုံးကလည်း တော်တော် ချောတာ။ အမေရိကန်သံရုံးမှာလား မသိဘူး၊ အလုပ်လုပ်ပါတယ်။

အဲဒီ့ Terrence ကြောင့် မိုနိုပိုလီဆိုတာကို ဘ၀မှာ ပထမဆုံး စ ကစားဖူးတယ်။ မိုနိုပိုလီ ဗြိတိသျှမူ ထင်တယ်။ တော်တော် သဘောကျသွားတဲ့ ကစားနည်းပဲ။

သူက နှစ်ခြင်း ခရစ်ယာန်လည်း ဖြစ်တယ်။ အဲဒါကြောင့် ဆူးလေဘုရားအနီး ဘားလမ်းထောင့်က ဧမာနွေလ နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းကို စ ရောက်ဖူးခဲ့ပြန်တယ်။ သာသနာပြုကျောင်းတွေမှာ နေခဲ့ဖူးတော့ ခရစ်ယာန်ဘာသာနဲ့ မစိမ်းလှပေမယ့် သာသနာပြု ကျောင်းတွေက ဘုရင်ဂျီ [ရိုမန်ခက်သလစ်(ခ်)] ဂိုဏ်းခွဲမို့ ပုံစံချင်း မတူဘူး။ နှစ်ခြင်းရဲ့ သဘောသဘာဝကို Terrence နဲ့ ခင်တော့မှ တစ်မူကွဲအဖြစ် မြင်ရတာပါ။

သူတို့ ဘုရားကျောင်းမှာ ကြက်တောင်ကွင်းလည်း ရှိတာမို့ အဲဒီ့မှာ ကြက်တောင်လည်း ရိုက်ခဲ့ဖူးပါတယ်။ ကြက်တောင်ရိုက်တာကိုတော့ အတော်သဘောကျသားဗျ။ ခက်တာက အိမ်က ဘက်တံဝေးစွ၊ ကြက်တောင်တောင် ၀ယ်ပေးဖို့ အနိုင်နိုင်ဆိုတော့လည်း သည်လိုပဲ အိယောင်ဝါး ၀င်ရိုက်ခဲ့ဖူးတာလောက်နဲ့ပဲ ကြက်တောင် ကိစ္စ နိဋ္ဌိတံပါတယ်။

အဖေက ထီကလေးလည်း ပေါက်ထားတော့ လောပိတမှာတုန်းက ထဲနစ်(စ်) ရိုက်လိုက်သေးတယ်။ အရာရှိတွေကြားက ထဲနစ်(စ်)ရိုက်သော စာရေးပေါ့။

ရန်ကုန်ရောက်တော့ အဲဒါတွေ သူလည်း ဆက်မလုပ်နိုင်တော့ပါဘူး။

Terrence နဲ့က တစ်ကျောင်းတည်းလည်း ဖြစ်ပေမယ့် တန်းခွဲ မတူဘူး။ သူ့ကို ကျွန်တော် တော်တော် ခင်ပါတယ်။ ဒါပေမယ့် နောက်တော့လည်း အလိုလို အနေဝေးသွားတော့တာပဲ။ ဆယ်တန်းအထိ တွေ့ရင် ပြုံးပြ၊ နှုတ်ဆက်၊ ပြောင်နောက်လောက်နဲ့ပဲ ပြီးသွားတယ်။

တစ်ထည် ဆယ်ပြား လက်ခစား

လမ်း ၄၀ မှာ နေခဲ့တဲ့ဘ၀မှာ အမှတ်ရစရာ တစ်ခုက အပ်ချုပ်ပြီး ပိုက်ဆံရှာခဲ့တာ။

အဲဒါက တရုတ်တွေ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာမို့ အလိုလို ဖြစ်လာတာပါ။ ဘာခေါ်မှန်း မသိဘူးဗျာ။ အမျိုးသမီးတွေရဲ့ အင်္ကျီ ရင်ဘတ်နေရာမှာ လက်မ၀က် မရှိတရှိလောက် ဖောင်းကြွလေးတွေ ပုံဖော်ပြီး ၀တ်ကြတာ။ ပိတ်စကိုပဲ ဖောင်းဖောင်း အိတ်ကလေးတွေလို ဖြစ်နေအောင် လုပ်ထားတာဗျာ။ ပုံနဲ့ ပြချင်ပေမယ့် ဘိုလို ဘယ်လိုခေါ်မှန်း မသိတာမို့ မရှာတတ်ဘူးဖြစ်နေတယ်။

သူက ချုပ်ရတာသာ လက်ဝင်တာ၊ တကယ်က ဘာမှ မခက်ဘူး။ ပိတ်စတွေ ရောက်လာတယ်။ ပြီးတော့ ခဲတံနဲ့ မှတ်သားဖို့ ကတ်ထူပြား တစ်ပြား ပါတယ်။ ကတ်ထူပြားမှာ အပေါက်ကလေးတွေ ဖေက်ထားတယ်။ ပိတ်စကို ပြန့်နေအာင် ဖြန့်ပြီး ကတ်ထူပြားကို အပေါ်က ထပ်၊ ပြီးရင် ခဲတံတစ်ချောင်းနဲ့ ပိတ်စပေါ်မှ အပေါက်အတိုင်း အစက်ကလေးတွေ ချလိုက်။ စုစုပေါင်း အစက် ၁၀၀ လောက် ရှိမယ် ထင်တယ်။

ရပြီဆိုရင် အပ်ချည်နဲ့ အပ်ကို သုံးပြီး အစက်တွေကို တစောင်း(ထင်တယ်) လိုက်ဆက်ပြီး သီလိုက်ရုံပဲ။ အားလုံး ပြီးသွားတဲ့အခါ အပ်ချည်နဲ့ မသီတဲ့ဘက်မှာ အဲဒီ့ဖောင်းဖောင်းလေးတွေ ပုံပေါ်ပါပြီ။

အဲဒါ လုပ်ရင် လုပ်ခက တစ်တည်ကို ဆယ်ပြားရတယ်။ ငါးထည်ပြီးရင် ငါးမူးရတာပေါ့။ ဆယ်ထည်ပြီးရင် တစ်ကျပ်ရတာပေါ့။

ဘယ်သူက စတင်သယ်ဆောင်လာတာလဲတော့ မမှတ်မိဘူး။ အဲဒီ့တစ်လောမှာ ကျွန်တော်တို့ အိမ်နီးချင်း တချို့ အဲဒါတွေ သီကြပါတယ်။ ကျွန်တော်လည်း ပါတာပေါ့။ ငါးမူး၊ ပြား ခြောက်ဆယ်ရတော့လည်း ပျော်ပြီးတော့ လုပ်တာပေါ့။

ဒါပေမယ့် အဲသလို လက်မှုအလုပ်က လက်ဆီခြေဆီ အလွန်သန်တဲ့ ကျွန်တော်နဲ့က သိပ်အံမကျဘူး။ အာရုံ စိုက်လိုက်တာနဲ့ လက်ဆီက အ၀တ်ကို ရေညှစ်လိုက်သလို ပေါက်ပေါက်ကျလာတတ်တာကိုး။

ဒါလည်း တစ်နေရာမှာ ရေးပြီးပါပြီ။ စာမေးပွဲဖြေတော့မယ်ဆိုရင် ဘယ်လောက် အေးတဲ့ ရာသီဖြစ်ဖြစ် လက်ဆီက တရားလွန်ထွက်တာ။ စာရေးမယ်ဆိုရင် ကျွန်တော့် လက်ဖနောင့်အောက်မှာ လက်ကိုင်ပ၀ါ ခံထားရတယ်။ ခြေဆီဆိုလည်း ရွှဲနေအောင် ထွက်တာ။ ဒါ့ကြောင့် အခုနောက်ပိုင်း အပြင်သွားတဲ့အခါ ကျွန်တော် ဘောင်းဘီနဲ့ ခြေနင်းကို မချွတ်တမ်း ၀တ်တော့တာပါပဲ။ မဟုတ်ရင် ကျွန်တော့်ခြေဆီနဲ့ လမ်းပေါ်က ဖုတ်နဲ့ ရောပြီး ခြေထောက်မှာ ရွှံ့တွေလူးထားသလို ဖြစ်ကုန်တတ်တယ်။

အသားနာတာကို မအော်ရ၊ မငိုရဆိုပြီး ဇွတ်နှိပ်ကွပ်ခဲ့တဲ့ ဒဏ်၊ အဖေက အမေ့ကို ကိုယ်ထိလက်ရောက် ရက်ရက်စက်စက် ရိုက်နှက် ညှဉ်းပမ်းနေတာကို အသံမထွက်ဘဲ ကြိတ်ရှိုက်ရင်း တစ်သက်လုံး မြင်တွေ့နေခဲ့ရတဲ့ ဒဏ်တွေပဲဖြစ်မှာပါ။ ကျွန်တော် စိတ် သိပ်လှုပ်ရှားလာပြီဆိုတာနဲ့ အဲဒီ့ လက်ဆီ ခြေဆီက ထွက်လို့ ကောင်းနေဆဲပါပဲ။

စိတ်ရောဂါရဲ့ အဆွယ်အပွားပေါ့။

သူငယ်ချင်းတော့ သူငယ်ချင်း

လမ်း ၄၀ တိုက်ခန်းရဲ့ ဘေးမှာ မြေကွက်လပ်ရှိတဲ့အကြောင်း ပြောခဲ့ပြီးပါပြီ။ အဲဒီ့ မြေကွက်လပ်ရဲ့ တစ်ဖက်နဲ့ မျက်နှာချင်းဆိုင် လေးထပ်က မိသားစုနဲ့လည်း ခင်တယ်။ အဲဒီ့မှာ ကျွန်တော်နဲ့ မတိမ်းမယိမ်း ညီအစ်ကို နှစ်ယောက်လည်း ရှိတယ်။ အကြီးကတော့ ပေါ့ပေါ့ပါးပါး ဘာသိဘာသာပဲ။ အငယ်က ကျွန်တော်နဲ့ အရွယ်ချင်း ပိုနီးတော့ အတူ ကစားဖက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက်လို ဖြစ်ခဲ့ပေမယ့် ကျွန်တော်လုပ်တာ မှန်သမျှ အဖေ့ကို ပြန်သတင်းပို့သူက သူချည်းဖြစ်နေခဲ့တာလည်း အမှတ်တရပါပဲ။ ယုတ်စွအဆုံး အဲဒီ့ မြေကွက်လပ်ဘေးက အခန်းကို လာလာနေတဲ့ မိန်းကလေးနဲ့ ကျွန်တော်နဲ့ ဘာဂလိုတိုတိုဖြစ်ပြီး ပုသိမ်အထိ လိုက်သွားတော့လည်း သူက ပါလာတယ်။ လမ်းမှာ ကျွန်တော် သောက်တာ၊ မူးတာတွေ ဖြစ်တော့ အဖေ့ဆီ ပြန်သတင်းပို့တာလည်း သူပဲ။

ယုံယုံကြည်ကြည်ပေါင်းနေတဲ့သူက နောက်ကျောကို ဓားနဲ့ထိုးတာ အဲဒီ့ကတည်းက ခံခဲ့ရတာလည်း တကယ့် အမှတ်တရပဲ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူနဲ့ လမ်း ၄၀ ထဲမှာပဲ ပြန်တွေ့တယ်။ အဲတုန်းက ကျွန်တော်တို့ နေခဲ့တဲ့ အိမ်နဲ့ မျက်စောင်းထိုးက ပုံနှိပ်တိုက်မှာ ကျွန်တော့် စာအုပ်တွေ ရိုက်နေတာ။ ပုံနှိပ်စက်ကို အသွားမှာ ဆုံတာပါ။

ကျွန်တော်က မျက်မှန် မတပ်တော့ဘဲ မျက်ကပ်မှန် ပြောင်းတပ်တာကြောင့်ရယ်၊ ၀တ်ပုံ မတူတော့တာရယ်ကြောင့် အဲဒီ့တုန်းက အသိတွေက ကျွန်တော့်ကို ချက်ချင်း မမှတ်မိကြဘူး။ သူ့စိတ်ထဲမှာတော့ မှတ်မိတယ် ထင်တယ်။ ကျွန်တော့်ကို ကြည့်ကွက် ကြည့်ကွက်လုပ်နေပေမယ့် ကျွန်တော် သူ့ကို နှုတ်မဆက်မိခဲ့တော့ဘူး။

သူ့ကို မြင်လိုက်တာနဲ့ သူမှန်း သိပါတယ်။ ဒါပေမယ့် မြင်လိုက်တာနဲ့ ရင်ထဲက အနာဟောင်းက ပေါ်လာတယ်။ ဒါ့ကြောင့် နှုတ်မဆက်မိတော့တာပါ။ ခွင့်မလွှတ်တာ မဟုတ်ပါဘူး။ မုန်းလည်း မမုန်း၊ ချစ်လည်း မချစ်တာ သက်သက်။ စိတ်ထဲမှာကို မထားချင်တော့တာပါ။ အတိတ်တွေကို အတိတ်မှာပဲ ထားလိုက်တာ ကောင်းပါတယ်လေ။

လမ်း ၄၀ က သူငယ်ချင်း အပေါင်းအသင်းဆိုတာတော့ အဲဒါလောက်ပါပဲ။

အဲ… ပြောဖို့ ကျန်တာက ကျွန်တော်တို့ လမ်း ၄၀ ကို ပြောင်းလာပြီး တစ်နှစ် နှစ်နှစ်လောက် အထိကတော့ ကျွန်တော် တိတ်တိတ်ကျိတ် ပြစ်မှားဖူးသူ အမှတ် ၂ အန်တီ ခင်ခင်က အိမ်ကို ၀င်ထွက်နေပါသေးတယ်။ နောက်တော့လည်း ဘာကြောင့်မှန်း မသိဘူး၊ သူနဲ့ မေမေနဲ့ အဆက်အသွယ် ပြတ်သွားပြန်တယ်။

အန်တီသီတာ့ကိုသာ ပြန်တွေ့တာ။ အန်တီခင်ခင့်ကိုတော့ အဲလို အဆက်အသွယ်ပြတ်သွားပြီးနောက်ပိုင်း လုံးဝကို ပြန်မဆုံတော့ပါဘူး။ သို့ပေမယ့် ကြီးကောင်ဝင်စ အရွယ် စိတ်ထဲမှာ အမှတ်ထင်ထင် စွဲလန်း တပ်မက်ခဲ့ဖူးသူမို့ မေ့လို့တော့ မသွားဘူပေါ့။

ရင်မှာ တစ်ထောင်မက ချစ်ခဲ့ဖူးပါသည်

သင်္ကြန်ကာလတွေလည်း လမ်း ၄၀ ငယ်ဘ၀မှာ ဖြတ်သန်းဖူးတယ်။ ကျွန်တော်တို့ လမ်းရဲ့ ရေပက်မဏ္ဍာပ်က ဗိုလ်ချုပ်လမ်းထိပ်မှာ ရှိတယ်။ အဲဒီ့ကို သွား၊ ရေပက်တာပေါ့။ အဓိကကတော့ နို့ဆီခွက်တစ်လုံးနဲ့ ခွက်စောင်း ခုတ်တာပါ။ တော်တော် အလုပ်မဟုတ်တာဗျ။ ရေပက်တာ မဟုတ်ဘဲ တစ်ဖက်သားကို အနာတရဖြစ်အောင် လုပ်တာသက်သက်ပဲ။ အားသန်သန်နဲ့ ခွက်စောင်း ခုတ်လိုက်ရင် ခံရသူမှာ ကော့နေအောင် ခံရတာ၊ စပ်တာရော၊ နာတာရောပေါ့။ အဲဒါကို ဘာသဘောကျတယ် မသိဘူး၊ လုပ်ကြတာပဲ။

အိမ်ဘေးအိမ်က အစ်မကြီးကလည်း အဲဒီ့မဏ္ဍာပ်မှာ ရေကစားတော့ သူ့ကို ငမ်းရတာလည်း အရသာတစ်ခုပေါ့။ သူကလည်း သူ့ကိုယ်သူ လှမှန်းသိ၊ လူတကာက ငေးရမှန်း သိတော့ လူလုံးပြလို့ ကောင်းနေခဲ့မှာပေါ့။

ကျွန်တော်သူ့ကို ရည်းစားစာပေးတုန်းက ၁၉၇၀ မှာပါ။ ၁၉၇၅ ခုနှစ်ကျမှ သူ့ဆီက အဖြေတောင်းမယ်လို့တောင် ခပ်တည်တည်နဲ့ ကြေညာချက် ထုတ်ခဲ့ပါသေးတယ်။ သို့သော် ၁၉၇၅ ကျတော့ သူလည်း ကျွန်တော်တို့ အိမ်ဘေးက ပြောင်းသွားပြီ။ ကျွန်တော်လည်း ကြားထဲမှာ နောက်ထပ် ဆယ်ယောက်လောက် ပြောင်းကြိုက်ပြီးနေပြီ။ သူ့ကိုလည်း မေ့သွားပါပြီ။ တော်တယ်နော်။ ကျွန်တော့် အချစ်ဆိုတာ အဲလိုဗျ။ 😀 

ကျူရှင်ခေတ်ဦး

ရှစ်တန်းလောက် ရောက်တော့ ရန်ကုန်ရည်က အတော်လည်နေပြီ။ ကျွန်တော် ရှစ်တန်းနှစ်မှာ အဘွားဆုံးတယ်။ အဲဒီ့နောက် မကြာဘူး၊ အစိုးရက မဲစနစ်နဲ့ ရောင်းပေးတဲ့ မာဇဒါ ဘီ ၆၀၀ လေးဘီးကားကို အဖေတို့ လျှောက်လွှာတင်ပြီး မဲသွားနှိုက်တာ ပေါက်လာတယ်ဗျ။ လိုက်(ထ်)ဗှယ်(န်)ကို ကျပ် နှစ်သောင်း၊ ဗှ်(န်) [ပစ်ခပ်(ပ်)]ကို ကျပ်တစ်သောင်းရှစ်ထောင်နဲ့ ရောင်းပေးတာပါ။ ခက်တာက မဲသာပေါက်တယ်။ ကားက အဆင်သင့် မရှိသေးဘူး။ စောစောပိုင်း မဲပေါက်သူတွေပဲ ရလိုက်ပြီး အဖေတို့က ထိုင်စောင့်ရတယ်။

ကောင်းတော့ ကောင်းသွားတယ်လို့ ဆိုရမယ်။ ပထမပိုင်း ပေါက်သူတွေက ဇကွဲနံပါတ် ငါးထောင်ကျော်တွေ ရတယ်။ သူတို့ရတဲ့ ကားတွေက ညာမောင်းယာဉ်တွေ၊ ပြီးတော့ ဟဲ(န်)(ဒ်)ဂီယာလို့ ခေါ်တဲ့ စတီယာရင်ရဲ့ နောက်နားလေးတွင် ကပ်နေတဲ့ မောင်းတံနဲ့ ဂီယာထိုးရတဲ့ ကားတွေ ဖြစ်နေခဲ့ပါတယ်။

အဖေက ကား ရလာရင် အငှားယာဉ်မောင်းစားမယ်ဆိုတဲ့ အကြံနဲ့ သူ့ရုံးကနေ ဆေးပင်စင်ယူဖို့ စတင် ပြင်ဆင်နေပါပြီ။

အဲဒီ့ ရှစ်တန်းနှစ်မှာ ထူးခြားတာက ဘိုနီရယ်လို့ ကျွန်တော့် ချစ်သူ့ရင်ခွင်ရှာပုံတော်မှာ တစ်လျှောက်လုံး ဖော်ပြခဲ့တဲ့ ဇာတ်လိုက်ကျော်ကြီး ကျွန်တော့်ဘ၀ထဲ ရောက်လာတာပါပဲ။

ကျွန်တော်တို့ ခုနစ်တန်း၊ ရှစ်တန်းမှာ ကျူရှင်ခေတ်အစအဦးပါ။ လူတိုင်း ကျူရှင် မယူကြသေးဘူး။ ယူစရာ မလိုအောင်လည်း ကျောင်းက ဆရာ ဆရာမတွေက အသင်အပြ ကောင်းတယ်၊ စေတနာတွေလည်း ပါကြတယ်။ ကျောင်းက ဆရာ၊ ဆရာမဆီမှာ ကျူရှင် ယူတယ်ဆိုတာ ဘယ်သူမှ မကြားဖူးသေးတဲ့ ခေတ်ပေါ့။

ရန်ကုန်ကျူရှင်လောကရဲ့ ဖခင်ကြီးတွေကတော့ လှည်းတန်းက နာမည်မေ့နေတဲ့ ရူပဗေဒဆရာ တစ်ယောက်ရယ်၊ မြေနီကုန်းက သင်္ချာဆရာ ဦးဦးသာရယ်၊ ရန်ကုန်မြို့လယ်က အင်္ဂလိပ်စာဆရာ ဦးတင်မြင့်လှိုင်ရယ်ပါပဲ။

နာမည်ကျော် ဆရာဦးသာနိုး (စာရေးဆရာ မောင်သာနိုး)လည်း ကျူရှင် ဖွင့်ထားပေမယ့် သူက လွတ်လပ်တယ်။ ကျောင်းလခ ပေးရင် ယူလိုက်တယ်။ မပေးလည်း ဘာမှ မပြောဘူး။ တက်ချင် တက်လို့ ရတယ်။

ဦးသာနိုးက မေမေ့ထက် ငယ်ပေမယ့် မေမေ့ဆရာလည်း ဖြစ်ဖူးတယ်။ မေမေက အင်္ဂလိပ်စာနဲ့ ဆယ်တန်းကျခဲ့တာမို့ ဆရာဦးသာနိုးဆီမှာ တက်ခဲ့ဖူးတယ်ဆိုပဲ။ ရွှေကျီးမြင်ဘုရား စောင်းတန်းထဲမှာဆိုလား၊ ဇရပ်မှာဆိုလားပဲ ဆရာနိုးက အခမဲ့ သင်ပေးတာပါတဲ့။

အဲတော့ မေမေက ဆရာနိုးဆီမှာ တက်မှ ကျွန်တော် အင်္ဂလိပ်စာ တတ်မယ်လို့ ယုံကြည်တယ်။ ဒါ့ကြောင့် ကိုးတန်း၊ ဆယ်တန်းကိုမှ သင်ပေးနေတဲ့ ဆရာနိုးထံပါးမှာ ကျွန်တော့်ကို သွားအပ်တယ်။ ဆရာက တက်ချင်လည်း လာတက်လေဆိုတာနဲ့ပဲ ကိုတန်းသင်တန်းကို ရှစ်တန်းနဲ့ သွားတက်ခဲ့ရပါသော်ကောဗျာ။

ကံထူးလေစွ မောင့်ဘဝ

နောက်ပြီးတော့ နာမည်ကျော်ဆရာရဲ့ သင်တန်းမှာလည်း သွားတက်လိုက်ရသေးတယ်။ လေအေးစက်တပ် စာသင်ခန်းကို အဲတော့မှ ကြုံဖူးတာခင်ဗျ။ အဲတုန်းက အဲဒီ့ဆရာက လျှမ်းလျှမ်းတောက်။ တစ်နေ့ကို အင်္ကျီ ကြိမ်ဖန်များစွာလဲပြီး စာသင်တယ်လို့ အဆိုရှိတယ်။ အသင်အပြလည်း တကယ် ကောင်းတယ်။  ဒါ့ကြောင့် သူ့ကျူရှင်မှာ ကျောင်းသားတွေက အုံးအုံးထနေတယ်။

အဲဒီ့မှာ ဘိုနီနဲ့ ဘေးချင်းကပ် နေရာရရင်းက အဲဒီ့ကောင်နဲ့ ခင်သွားတော့တာပါပဲ။ အမှန်တော့ သူ့ခမျာ ကြမ္မာ ငင်ရှာတာပါ။ ကျွန်တော်လို ခွကျကျ အောက်တန်းစားကို သူလို ရန်ကုန်မြို့ရဲ့ လူ့မလိုင် ရေပေါ်ဆီ အလွှာစစ်စစ်က လာတဲ့သူက ပေါင်းဖြစ်သွားအောင် ခမျာ အတော် ကံနည်းရှာတယ်။ ခုတော့လည်း သေရှာပါပြီ။ နောက် ငါးရက်နေရင် သူ မရှိတော့တာပဲ နှစ်လပြည့်တော့မယ်။

အဲဒီ့ဆရာနဲ့ ပတ်သက်လို့ မှတ်မှတ်ရရ အဖြစ်တစ်ခုရှိတယ်။

အဲဒီ့အချိန်က ဆိုရှယ်လစ်ခေတ်တောင် မရောက်သေးဘူး။ တော်လှန်ရေးကောင်စီလက်ထက်ပဲ ရှိသေးတယ်။ ဆိုရှယ်လစ်ကို ကူးဖို့တော့ တာစူနေပြီပေါ့။ သေချာတာကတော့ တစ်တိုင်းတစ်ပြည်လုံးမှာ အစစ အရာရာ ပါးရှားနေပြီ။ နိုင်ငံခြားဖြစ်ဆိုတာ မူးရင်တောင် ရှူစရာ အင်မတန်မှ နည်းတဲ့ခေတ်။

အဖေ့ဆီမှာက နိုင်ငံခြားက ပြန်လာသူ အင်ဂျင်နီယာမိတ်ဆွေက ပေးထားတဲ့ နိုင်ငံခြားက အသင့်ချုပ် ရှပ်အင်္ကျီ လက်တိုလေး တစ်ထည်ရှိတယ်။ အသားလည်း ကောင်းတယ်၊ အဆင်ကလည်း အဖြူနဲ့ အပြာကွက်။ အကွက် ခပ်ကြီးကြီး။

အဖေက အဲသလို အပွင့်တွေ အခက်တွေ မ၀တ်တတ်တဲ့အပြင် သူ့မှာ ခရုသင်းရောဂါ စနေပြီမို့ လက်တိုလည်း မ၀တ်တော့ဘူး။ အဲတော့ အဲဒီ့ အင်္ကျီကို ဆိုင်မှာ သွားပြင်လိုက်ပြီး ကျွန်တော် ၀တ်တယ်။ ကျွန်တော့်ရဲ့ ရှားရှားပါးပါး နိုင်ငံခြားဖြစ် အင်္ကျီလေးပေါ့။

တစ်ရက်မှာ အဲဒါလေး ၀တ်ပြီး ဟိုဆရာရဲ့ ကျူရှင်ကို သွားတက်မိတယ်ဗျ။ ဆရာက မင်းသားလိုနေတာ။ ကျောင်းသား စုံပြီဆိုမှ သူ့အခန်းထဲက ထွက်ပြီး စင်ပေါ်တက်လာတာ။

ဆရာလည်း ထွက်လာရော ကျွန်တော် ချက်ချင်း သတိထားမိလိုက်တယ်။ ဆရာဝတ်ထားတဲ့ အင်္ကျီနဲ့ ကျွန်တော် ၀တ်ထားတဲ့ အင်္ကျီက တစ်ဆင်တည်း၊ တစ်သားတည်း၊ တစ်မျိုးတစ်စားတည်း ဖြစ်နေတယ် ဆိုတာကိုပါ။ ဆရာကလည်း စာမသင်သေးဘဲ အတန်းကို ဝေ့ကြည့်လိုက်တယ်။ ငါးတန်းမြောက်လောက်မှာ ထိုင်နေတဲ့ ကျွန်တော့်ဆီမှာ ဆရာ့မျက်လုံး ရပ်သွားတယ်။ ပြီးတော့ သူ့လက်ထဲမှာ ကိုင်ထားတဲ့ မိုက်ခရိုဖုန်းကို ပြန်ချလိုက်တယ်။ အခန်းထဲ ပြန်ဝင်သွားတယ်။

ပြန်ထွက်လာတော့ သူ အင်္ကျီလဲလာတာကို တွေ့လိုက်ရပါတယ်။ သြော်… ဆရာရယ်လို့ပဲ စိတ်ထဲမှာ တွေးမိပါတယ်။ ကျွန်တော်ဖြင့် ဆရာနဲ့ အင်္ကျီဆင်တူ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေလို့ ကြည်နူးမလို ရှိလိုက်ရသေးတယ်၊ ဆရာက မကြည်လင်သလိုနဲ့ အင်္ကျီဝင်လဲလိုက်တာကို မြင်ရတော့ စိတ်ထဲ အတော် မကောင်းဖြစ်သွားရသေးတယ်။

အဟဲ… အဲဒီ့ကိစ္စက အဲဒီ့နားမှာတင် မပြတ်ဘူးခင်ဗျ။ နောက်တစ်ကြိမ်ကျတော့ ဘာကြောင့်လဲ မသိဘူး၊ ကျောင်းသူလား၊ စာရေးမလား မသိ၊ တစ်ခုခု စင်ပေါ်မှာ လွဲချော်သွားတာကို တစ်တန်းလုံးက အုံးခနဲ ၀ိုင်းရယ်လိုက်ကြတယ်။ ဆရာက အဲဒီ့အချိန် စင်ပေါ်မှာ ရှိနေတယ်။

အတန်းကို ဂြိုဟ်ကြည့်ကြည့်တယ်။ ပြီးတော့ ကျွန်တော့်ကို လက်ညှိုးထိုးပြီး စိန်ခေါ်ပါရောလား။ ဟောဗျာ… ရယ်တာက တစ်တန်းလုံး။ ကျွန်တော့်ကျမှ မဲလာပေါက်နေတော့ ကျွန်တော်လည်း တော်တော် စိတ်လေသွားတယ်။ ကျွန်တော်လည်း ဘာမှ ပြန်မပြောဘဲ အသာခေါင်းငုံ့ခံနေလိုက်ပါတယ်။

အဲဒီ့နောက်တော့ အဲဒီ့သင်တန်းကို ကျွန်တော် သွားမတက်တော့ဘူး။ ကျွန်တော့်ကုသိုလ်ကံက အဲသလို ထူးတာ။

သည်အပိုင်းမှာ ပြောကြတာ

စု စုအေး အဲဒီ့ဆရာက အဲလိုကြီးလားရော

ATK အဲတုန်းက သူလည်း အတော်ငယ်သေးတာကိုး။ အလွန်ဆုံးမှ ၃၀ လောက်ပဲ ရှိဦးမယ် ထင်တယ်။ အောင်မြင်မှုကလည်း သူမတူတော့ မာန်ကလေး တလူလူနဲ့ နေမှာပေါ။ နောက်တစ်ခုက အခု ရေးပြနေသလို ဘ၀မှာ လူမသိ သူမသိတဲ့ ငယ်ဘ၀ စိတ်ဒဏ်ရာအရင့်အမာတွေက ဘယ်လို ရှိခဲ့မှန်းမှ မသိတာလေ။

Soe Myat Myo Shwe အဒေါ်တစ်ယောက်ရဲ့ သူငယ်ချင်းက အဲဒီ့ဆရာရဲ့ အများထဲက တစ်ယောက်ဆိုပြီး ငယ်ငယ်က သိခဲ့ဖူးတယ်…

Thet Chow အဲဒီလို အင်္ကျီလေးတွေ ဟိုခေတ် ကခေတ်စား ခဲ့တယ် ဗမာပြည်တုံး က Smocking လို့ခေါ်တယ် ပိတ်စဖောင်းဖောင်း လေးတွေ ဂါဝန်အပေါ်ပိုင်း မှာ ချုပ်ခ ဈေးကြီးတယ်။ ဒီ US မှာတော့ Smocking fabrics လို့ မှတ်ရပါတယ်။

Alex Moe ကျူရှင်ဆရာတွေထဲမှာတော့ ဆယ်တန်းတုန်းက အင်္ဂလိပ်စာဆရာကြီး အမှတ်ရတာပဲ။ ဝမ့်အပွန်းအတိုင်းမ်း သဲဝစ်အကင်းခ် ဟီဟက်ဒ် ဂရုန်းအပ်ဒေါ့တာ  အခုထိမှတ်မိသေးတယ် ဆြာရေ…

ATK ကျေးဇူးပါ Thet Mar. ဒါဆို ပုံရပါပြီ။ ဒါမျိုးလေးပေါ့။ သို့သော် သည်လောက်တော့ မလှဘူးပေါ့လေ။ မြန်မာ့နည်း မြန်မာ့ဟန်ကိုး…

Aung Thein Kyaw's photo.Lutha Kyaw ရူပဗေဒဆရာက ဦးအောင်ဖေညွန့်ပါ။ မတက်ဖူးပါ။

 

အဲဒီခတ်က ဆရာတွေက စာသင်ချင်လို့ သင်ရင်း ငွေတွေ ဝင်လာတာပါ။ ငွေရှာဖို့ သင်တာ မဟုတ်ပါ။ ကျူရှင်ခကလည်း လူအများတတ်နိုင်တဲ့ ပမာဏပါ။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်

ကျေးဇူးရှင်နဲ့ တွေ့ဆုံခြင်း

သည်မှာ အရေးကြီးတာက ဘိုနီ ကျွန်တော့်ဘ၀ထဲ စရောက်လာတာပါပဲ။ အဲတုန်းက ဘေးချင်းကပ် ထိုင်ရင်း သိကျွမ်းလာခဲ့ကြတယ်။ သူက ကျွန်တော်တို့နဲ့ ကျောင်းမတူဘူး။ ဒဂုံ ၁ ရယ်လို့ လူသိများတဲ့ မက်သဒစ်(စ်)(ထ်) ကျောင်းက။ ကျောင်းဆင်းရင် သူ့အိမ်က ကားလာကြိုတယ်။ ကောင်ဆယ်(လ်) ကားစိမ်းကြီး။ ကားနံပါတ်တောင် ကျွန်တော် မှတ်မိနေသေးတယ်။ စ/၅၂၀၁။

ကားကို ယာဉ်မောင်းက မောင်းလာတယ်။ ကားနောက်ခန်းမှာ ပါလာတတ်တာက မျက်နှာထား တင်းတင်းနဲ့ ခန့်ခန့်ကြီး ထိုင်နေတတ်တဲ့ သူ့အဘွားက အများဆုံးပဲ။

အဲဒီ့ ရှစ်တန်းနှစ် ကုန်လုနီးမှာ အဖေတို့ ကားလည်း ထုတ်လို့ ရလာပါပြီ။ ဘယ်မောင်း ဘော(လ်)ဂီယာနဲ့ ကားပေါ့။ အဲတော့ အဖေကလည်း တစ်ခါတစ်လေ ကားနဲ့ လာကြိုပေးတယ်။

ကားသစ်ကလေးပေါ့။ ဘ၀မှာ အဲဒီ့တစ်ခါပဲ အသစ်ကျပ်ချွတ်ကားကို စီးဖူးပါတယ်။ အဲတုန်းက အကုန် အပြည့်အစုံပါသေးတယ်ဗျ။ လက်စွဲစာအုပ်၊ ဂွတွေ၊ ပလာယာတွေ၊ ၀က်အူလှည့်တွေ ပါတဲ့ အထုပ်ကလေးက တစ်ထုပ်၊ ကားဘီး ချွတ်ချင် တပ်ချင်ရင် ထောက်လို့ရတဲ့ ၀က်အူနဲ့လှည့်တင်ရတဲ့ ထောက်က တစ်လုံးစသဖြင့်ပေါ့။

အဖေကတော့ သဘောတွေ ကျလို့။ သူ့ကားကို သူ့မယား၊ သူ့သားထက်တောင် တန်ဖိုး ထားသေးလား မသိဘူး။ ပြီးတော့ သူက အငှားယာဉ်လိုက်ပါတော့တယ်။ နံပါတ်နီ တရားဝင်အငှားယာဉ် မဟုတ်ဘဲ နံပါတ်နက်နဲ့ အငှားလိုက်တာပါ။ ဘလက်(ခ်)တက္ကစီခေါ်သပေါ့။

ရုံးအလုပ်ကနေ ကျန်းမာရေးအကြောင်းပြနဲ့ အငြိမ်းစား ယူလိုက်ပြီး အငှားယာဉ်မောင်းတဲ့အတွက် ကျွန်တော်တို့လည်း အတော် ချောင်လည်လာတယ်။ ကားကိုတော့ အောက်ထပ်က ကိုအောငံတို့ အိမ်ခန်းထဲမှာ တစ်လ အစိတ်လား၊ ငါးဆယ်လား ပေးပြီး ညသိပ်တယ်။

အဲလိုနဲ့ ရှစ်တန်း အစိုးရစစ် ဖြေရပါတယ်။ တစ်ရက်မှာ အိမ်မှာ လာနေနေတဲ့ အစ်ကိုကြီးက ကျွန်တော့်ကို စာမေးပွဲခန်းထဲ ချုပ်ပြီး ပို့ပေးခဲ့ကြောင်း ရေးခဲ့ပြီးပါပြီ။

ကျွန်စိတ်သန်ရင် သိပ္ပံသာ ရွေး

အဲဒီ့ခေတ်က ရှစ်တန်းနှစ်မှာ ၀ိဇ္ဇာ၊ သိပံ္ပ ခွဲပါပြီ။

မသိဘူးလေ။ ကျွန်တော် ဘာမှ မသိပါဘူး။ ကျွန်တော်တင် မကဘူး၊ ကျွန်တော့် မိဘတွေလည်း မသိဘူး။ သိပံ္ပမှ မြင့်တယ် ထင်ခဲ့ကြတာလား။ တစ်ပြည်လုံး ခွေးဖြစ်ကုန်အောင် ဖန်တီးပေးတဲ့ ဗိုလ်နေ၀င်းရဲ့ ပညာရေးစနစ်သစ်ကြောင့် တက္ကသိုလ်ကို ဆယ်တန်းအောင်မှတ်နဲ့ ပိုင်းဖြတ်တာကြီးက ပေါ်ပေါက်လာတယ်။

အဲဒါကြီးရဲ့ သက်တမ်းက ကနေ့ဆို နှစ် ၆၀ ကျော်ခဲ့ပြီမို့ အမှားကြီးက တအားကြာနေပြီ။ အဲတော့ ဘုမသိ ဘမသိတွေက အဲဒါမှ အမှန်ထင်ပြီး စိတ်ကြိုက်ရွေးချယ်ခွင့်ပေးရင် တလွဲတွေ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်ကုန်မယ်ဆိုတဲ့ နလပြိန်းတုံး စောဒကတွေ တက်လာကြတယ်။

အမှန်က တက္ကသိုလ်တွေမှာက ၀င်ခွင့် စာမေးပွဲတွေ ထားတတ်ကြတယ်။ သူတို့ လိုချင်တဲ့ အဆင့်မီမှ သူတို့ တက္ကသိုလ်ကို ၀င်ခွင့်ပေးတာ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရထားတဲ့ တက္ကသိုလ်တိုင်းဟာ ကိုယ့်တက္ကသိုလ်ကို နာမည်အပျက်မခံချင်ကြသူချည်းပဲ။

နောက်တစ်ချက်က ဗိုလ်နေ၀င်းရဲ့ ပညာရေးစနစ် မတိုင်ခင်က စနစ်ကို မသိကြ၊ မကြားဖူးကြတာ။

အဲတုန်းက တက္ကသိုလ်ဝင်တန်း အောင်ရင် အင်တာဆိုပြီး Intermediate အဆင့် (တက္ကသိုလ် အကြိုတန်း ခေါ်ရင် ကောင်းမယ်မှတ်တယ်) ကို နှစ်နှစ် တက်ရတယ်။ တက်တဲ့အခါမှာလည်း စိတ်ကြိုက် ဘာသာတွဲတွေ ယူကြရတယ်။ ဆရာဝန်ဖြစ်ချင်သူက ဇီဝဗေဒ ဘာသာတွဲကို ယူထားတယ်။ အင်ဂျင်နီယာ ဖြစ်ချင်သူက ရူပဗေဒတို့၊ ဓာတုဗေဒတို့လို ဘာသာတွဲကို ယူထားတယ်။ ဥပဒေပညာကို သင်ချင်သူတွေက ၀ိဇ္ဇာ ဘာသာတွေထဲက အတွဲတွေကို ယူထားတယ်။

နှစ်နှစ်နေပြီးမှ ဘယ်ကျောင်းဆက်တက်မယ်ဆိုတာ ဆုံးဖြတ်တယ်။ ကောင်းတာက တက္ကသိုလ် သဘောကို နှစ်နှစ်တက်ပြီးရင် နောသွားပြီ။ ဘာသာရပ်တွေရဲ့ အခြေခံကိုလည်း သင်ခဲ့ပြီးပြီ။ အရွယ်ကလည်း တက္ကသိုလ် ၀င်တန်းအောင်ခါစလို ၁၆ နှစ် ၁၇ နှစ် ဘုမသိ ဘမသိအရွယ် မဟုတ်တော့ဘူး။ ၁၈-၁၉ ဆိုတော့ နည်းနည်း ပိုတည်ငြိမ်ရင့်ကျက်လာပြီ။ သည်အခါကျမှ ကိုယ်နဲ့ ကိုက်မယ့် လမ်းကြောင်းကို ဆယ်တန်း အောင်ခါစတုန်းကလို ကမူးရှူးထိုး မဟုတ်ဘဲ ကျကျနန ရွေးချယ်ခြင်းက ပိုကောင်းခဲ့တယ်။

နောက်တစ်ချက်က ဆေးကျောင်းတက်တိုင်းလည်း အောင်တာမှ မဟုတ်တာ။ အင်ဂျင်နီယာ ကျောင်းက လွင့်လာတဲ့သူ၊ ဆေးကျောင်းက လွင့်လာတဲ့သူတွေ အဲဒီ့ခေတ်မှာလည်း ရှိနေခဲ့တာပဲ။

တကယ် အတတ်သင်ပေးတဲ့ ကျောင်းသာ ဖြစ်၊ ဘယ်ကျောင်းမှာမှ အိယောင်ဝါးတွေ၊ တလွဲတွေ ဆုံးခန်းတိုင်အောင် တက်ပြီး ဘွဲ့ရသွားမှာ မဟုတ်ဘူး။

အရေးကြီးဆုံးတစ်ချက်ကတော့ စိတ်ကြိုက်ရွေးခွင့်ရတဲ့အတွက် အတော်ဆုံးသူတွေဟာ ဆေးကျောင်းနဲ့ အင်ဂျင်နီယာကျောင်းတွေမှာတင် သွားစုမနေတော့ဘူး။ ၀ိဇ္ဇာပညာမှာလည်း အတော်ဆုံးတွေ စုနေတယ်။

ပြောရတာ အားနာပါတယ်ဗျာ။ ဒါပေမယ့် အမှန်မို့ ပြောပါရစေ။ ကနေ့ အသက် ၆၀ တန်းအထိ ရှိနေကြတဲ့သူတွေထဲမှာ ၀ိဇ္ဇာဌာနတွေမှာ အဆင့်ဘယ်လောက်မြင့်တဲ့ ဆရာ ရာထူးကိုပဲ ယူထားပါစေ၊ ဆယ်တန်းတုန်းက အမှတ် ၃၀၀ ၀န်းကျင်နဲ့ အောင်တဲ့သူတွေသာ ဖြစ်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် အထက်မြက်ဆုံးတွေက ၀ိဇ္ဇာဘာသာတွဲတွေဆီမှာ ရှိမနေပါဘူး။

တိုင်းပြည် မြောင်းထဲ ရောက်ခြင်းမှာ အဲဒီ့သိပ္ပံကို သိပ်မဲတင်းခဲ့တာလည်း ပါတယ်။

တိုင်းပြည်တစ်ပြည်ရဲ့ အဓိက မဏ္ဍိုင်သုံးရပ်က အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ တရားဥပဒေပြုရေးပဲ။ အဲဒီ့ဟာတွေထဲမှာ ဘယ်မတုံး သိပ္ပံ။ နောက်ပြီးတော့ တိုင်းပြည်တစ်ပြည်ကို ဖွံ့ဖြိုးအောင် မောင်းနှင်ပေးနိုင်တဲ့ လောင်စာက စီးပွားရေး။ စီးပွားရေး ပညာကရော သိပ္ပံလားဗျာ။

အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တရားဥပဒေပြုရေး၊ စီးပွားရေးဆိုတာ ပုံသေကားကျမဟုတ်ဘူး၊ ပုံသေနည်းနဲ့ တွက်ရတာမျိုး မဟုတ်ဘူး။ အသေမဟုတ်ဘူး၊ အရှင်။ တစ်နည်းပြောရင် ဉာဏ်ကို လွှာသုံးရတာ။ ဆင်ခြင်တုံတရားက အရေးကြီးတယ်။ အဲဒီ့ ဆင်ခြင်တုံတရားကို ၀ိဇ္ဇာကမှသာ ပျိုးထောင်ပေးနိုင်တာကလား။ သိပ္ပံကတော့ ဟိုက်ဒြိုဂျင်နှစ်ဆနဲ့ အောက်စီဂျင်တစ်ဆ ပေါင်းရင် ရေဖြစ်တယ်လို့သာ နားလည်မှာပဲ။

ပါရဂူဘွဲ့အထိ ရလာမှ သိပ္ပံက ဆင်ခြင်တုံတရားဘက် ပြန်ကူးလာတာ။ ရိုးရိုးဘွဲ့၊ မဟာဘွဲ့လောက်မှာတော့ သိပ္ပံသမားက အရာရာကို ပုံသေနည်းနဲ့ တွက်ချင်နေမိတုန်းရယ်။

ဝေးဝေးမပြောနဲ့၊ ကျွန်တော်တို့ တက္ကသိုလ်တက်တော့ ရူပဗေဒမှာ သဒ္ဒါမရှိဘူးဆိုတဲ့ ဆိုရိုးကို ပြောနေတာ ကြားရတယ်။ ဘာသာ စကားဆိုတာရဲ့ အခန်းကဏ္ဍကိုတောင်မှ သိပ္ပံသမားဖြစ်သွားတာနဲ့ အခြောက်တိုက် မာန်တက်ပြီး ပစ်ပယ်ချင်သွားကြတော့တာကလား။

အကျိုးဆက်က ဘာတုံး၊ နိုင်ငံခြား တက္ကသိုလ်တွေမှာတောင် ဆရာလုပ်နေတဲ့ သိပ္ပံသမားတချို့ဟာ သူတို့နဲ့ မဆိုင်တဲ့ အကြောင်းအရာတွေကို အင်္ဂလိပ်လို ရေးပြီဆို စာလုံးပေါင်းလည်း အလွဲ၊ အသံထွက် အမှတ်မှားပြီး ပြောချင်တာက တခြား၊ ဝေါဟာရက အမှားဖြစ်လိုဖြစ်၊ သဒ္ဒါလည်း မမှန်နဲ့ ထင်ရာစိုင်းနေကြတော့တာ တွေ့နေရတော့တာပါပဲဗျား။

နှစ် ၆၀ လောက် သိပ္ပံကိုပဲ မဲတင်းပြီး ၀ိဇ္ဇာကို ပစ်ပယ်ခဲ့၊ ဥပဒေပညာကိုလည်း ပစ္စလက္ခ လုပ်ပစ်ခဲ့တဲ့ အကျိုးဆက်ကြောင့် အခု ကျွန်တော်တို့ရဲ့ မဏ္ဍိုင်သုံးရပ်မှာ ဘယ်သူတွေက မင်းမူပြီး ဘယ်သူတွေက ချာတူးနေတယ်ဆိုတာ တစ်ပြည်လုံးအသိမို့ စာမဖွဲ့တော့ပါဘူး။

စင်္ကာပူအမျိုးသားတက္ကသိုလ်မှာဆိုရင် နှစ်သက်ရာ သိပ္ပံဘာသာတွဲကို ဘယ်နိုင်ငံခြားသားမဆို တက်ခွင့်ပေးထားတယ်။ ဒါပေသည့် ၀ိဇ္ဇာဘာသာတွေကိုကျတော့ စင်္ကာပူနိုင်ငံသားသာ တက်ခွင့်ရှိတယ်။ နိုင်ငံခြားသားကို တက်ခွင့်မပေးဘူးဗျ။

ဘာလို့တုံး။ သာမန် သိပ္ပံဘွဲ့ရတွေ၊ မဟာဘွဲ့လောက်အထိ ရထားသူတွေဟာ ခိုင်းကောင်းတဲ့ ကျွန်တွေ ဖြစ်လာမှာလေ။ အလွန်ဆုံးမှ လခကြီးကြီး ပေးရုံပေါ့။ သခင်ဖြစ်လာဖို့က အလားအလာ အင်မတန် နည်းတယ်။ ၀ိဇ္ဇာသမားကကျတော့ သခင်တွေ၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ ဖြစ်လာမှာ။ စောစောက သိပ္ပံသမားတွေကို ခိုင်းစားမယ့်သူတွေဆိုတာ သေချာနေလို့ပဲ။

အမြော်အမြင်ဆိုတာ အဲဒါကို ခေါ်တယ်။

ကျွန်တော်လည်း အဲဒါကို မြင်လာတာ ဆယ်နှစ်တန်းပဲ ရှိသေးတယ်။ တစ်ပြည်လုံးက သိပ္ပံ၊ သိပ္ပံဆိုတာနဲ့ ယောင်တောင် ပေါင်တောင် လိုက်ပံလိုက်တာများ သုံးစားလို့ မရတဲ့ သိပ္ပံဘွဲ့ဆိုတဲ့ စက္ကူစုတ်လေးတစ်ရွက်သာ အဖတ်တင်ပါတယ်ဗျာ။

ဝမ်းသာစရာ ကောင်းတာက ပညာရေးစနစ် အကောင်းစား၊ အမြတ်စားကြီးရဲ့ စောင်မမှုကြောင့် ဘာတစ်လုံးမှ မတတ်ဘဲ စက္ကူစုတ်ကလေး ရလာတာပါပဲ။ အတန်းတောင် တစ်နှစ်လုံးမှ သုံးချိန်လား တက်ခဲ့ပေမယ့် ဘွဲ့ကတော့ ရလာတာပေါ့။ မောင်မင်းကြီးသားများ စေတနာကြီးတော်မူကြပါပေတယ်။ :-/ 

ကံကောင်းတာက အဲလို အတန်းမတက်ခဲ့၊ သိပ္ပံပညာမတတ်ခဲ့တဲ့အတွက် ကျွန်တော့်မှာ သိပ္ပံတွေးတွေ သိပ်မရှိဘူး။ ကျွန်တော် ပထမဆုံး ၀င်စားနေခဲ့မိတာက ဘာသာစကား။ နောက်တော့ ဥပဒေပညာ သင်ခွင့်ရလာတယ်။

ထားပါတော့… အဲဒါ နောက်မှ ဆက်ရေးတော့မယ်။ ကြားထဲက ဖောက်ထွက်သွားတာ နည်းနည်း လက်လွန်သွားပြီ။

ရှစ်တန်းအောင်စာရင်းထွက်တော့ ကျွန်တော်လည်း သိပ္ပံတွဲပဲ ရတာပေါ့။ အဲတော့ ကျောင်းလည်း ပြောင်းစရာ မလိုဘဲ အထက ၆ ဗိုလ်တထောင်မှာပဲ ကိုတန်း ဆက်တက်ရပါတော့တယ်။

ညှော်ကြပေါ့ကွယ်

ကိုးတန်းကျတော့ ကျူရှင်တွေ ယူပါတော့တယ်။ အဲဒီ့မှာ ဘိုနီနဲ့ ရေစက်က အတော်ကြီးလာတော့တာပါပဲ။

ရူပဗေဒကို ဆရာဦးထွန်းဦးကျော်ဆီမှာ ကျွန်တော်က သွားအပ်တယ်ဗျာ။ တကယ်လည်း စတက်ရော သင်းက ကျွန်တော်နဲ့ တစ်တန်းတည်း လာဖြစ်နေတယ်။ တိုင်ပင်ပြီး အပ်ကြတာလည်း မဟုတ်ဘဲနဲ့။ ဓာတုဗေဒကျတော့လည်း ဆရာ မြတ်ထိန်လင်းဆီ သွားပြန်တယ်။ တစ်တန်းတည်း ဖြစ်နေပြန်တယ်။ ဇီဝဗေဒတော့ ဦးမြမော်။ သင်္ချာကိုတော့ နာမည်ကျော် ကျူရှင်ဆရာတစ်ယောက်ရဲ့ ကျောင်းစာရေး ဘ၀ကနေ ဟိုဆရာ့ နည်းတွေနဲ့ လုပ်စား အောင်မြင်လာသူတစ်ယောက်ဆီမှာ သွားတက်လိုက်တယ်။ အဲဒါကျတော့ ဘိုနီ ပါမလာတော့ဘူး။ အင်္ဂလိပ်စာကတော့ ကျွန်တော်က ဆရာနိုးဆီမှာပဲ အစဉ်အလာမပျက်ပြန်တော့ သူနဲ့ မတူပြန်ဘူး။

သို့သော် ဘာသာရပ် ခြောက်ခုမှ သုံးခုမှာ အတူတူဆိုတော့ သူနဲ့ ကျွန်တော်နဲ့က အမြဲဆုံဖြစ်တယ်။ တော်တော်ကြီးကို ပြောမနာ ဆိုမနာ ခင်မင်လာကြပါတော့တယ်။

ဘိုနီဟာ ကျွန်တော့်ဘ၀ရဲ့ ဖြစ်တည်မှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါခဲ့ပါတယ်။

သူ့အိမ်ကို ကျွန်တော် ၀င်ထွက်သွားလာတတ်တယ်။ လမ်း ၄၀ ထိပ်ကို ထွက်လိုက်ပြီး ၁၂ ကား တက်စီးလိုက်၊ ဆယ်ပြားပေးရင် သူ့အိမ်နားဆီ ရောက်သွားတော့တာကိုး။

အဖေက သူနဲ့ပေါင်းတာကို သိပ်သဘောမကျဘူး။ သူဌေးသားနဲ့ ပေါင်းပြီး အောက်ခြေလွတ်မယ်၊ ပျက်စီးမယ်ပေါ့။ ဒါပေမယ့် ကျွန်တော့်သူဌေးသား သူငယ်ချင်းခမျာလည်း ကျွန်တော့်လိုပဲ ဘိုင်ကောင်ပါ။ သူ့အိမ်က ချမ်းသာလှပေမယ့် သွားတဲ့နေရာ၊ စားတဲ့နေရာမှာသာ အပျံစား ထားပေးတာ။ မုန့်ဖိုးလည်း များများစားစား မပေးတဲ့အပြင် အ၀တ်တောင် သိပ်ကောင်းကောင်းကန်းကန်း ဆင်တာမျိုး မဟုတ်ဘူး။ အဲတော့လည်း ကျွန်တော်တို့မှာ နှစ်ယောက်ပေါင်းမှ ငါးမူး၊ တစ်ကျပ်နဲ့ စခန်းသွားနေခဲ့ကြတာပါ။

သူက ဒဂုံ ၁ ကျောင်းသားဆိုတော့ ငယ်ငယ်လေးကတည်းက မိန်းကလေးတွေနဲ့ လက်ပွန်းတတီး နေခဲ့တာ တစ်လျှောက်လုံး။ ကြီးကောင်ဝင်တော့လည်း မိန်းကလေးတွေနဲ့ အတူပဲဆိုတော့ သူ့အတွက် ဆန့်ကျင်ဘက်လိင်ဆိုတာ အထူးအဆန်း မဟုတ်ဘူး။ ကျွန်တော့်ကျတော့ ကြီးကောင်စ၀င်ကတည်းက ယောက်ျားလေးတွေချည်း ထားတဲ့ ကျောင်းမှာ နေခဲ့ရတာဆိုတော့ မိန်းကလေးဆိုတာကို ကိုယ်နဲ့ မတူတဲ့ တခြားကမ္ဘာသားလို မြင်နေခဲ့တာ။

သည်ကောင်က အဲဒီ့အချိန်မှာ ဟိုတစ်ယောက်ကို ကြောင်၊ သည်တစ်ယောက်ကို ညှော် လုပ်လို့ကောင်းနေပြီ။ ကျွန်တော်လည်း ညှော်ချင်တာပေါ့။ ကြောင်တာကတော့ မြင်သမျှ အကုန်ကြောင်တာပါပဲ။ ဒါပေသည့် သူ့လို ညှော်လို့ မရဘူး။ နီးနီးစပ်စပ်မှ မရှိတာကိုး။ ကျူရှင်မှာ တွေ့သမျှ မိန်းကလေး၊ နည်းနည်း ကြည့်ကောင်းရင်ပဲ ကျွန်တော့်မှာ ကြောင်လို့ ကောင်းနေပြီ။ အတော်ဆိုးတဲ့ ဘ၀ဗျ။ ပြန်တွေးရင်းတောင် မျက်ရည်လည်လာတယ်။ အဟုတ်ပြောတာ။

အဲဒီ့အရွယ်ဆိုတာ ပြန်မှ မရနိုင်တော့တာကိုးလေဗျာ။ 😥 

သူက တယ်လီဖုန်းတစ်လုံးလည်း အိမ်မှာ အပိုင်စား ရှိနေတော့ ညှော်လို့ သိပ်ကောင်းနေတာပေါ့။ ကျွန်တော့်မှာသာ သူ့အားကျပြီး ကျိတ်မနိုင် ခဲမရတွေ ဖြစ်နေတာကလား။

အဲ… ကြားထဲမှာ တစ်ခုကျန်ခဲ့တယ်။

ပွင့်ဖတ် လွမ်းချင်း

ရှစ်တန်းနှစ်မှာ ကျန်ခဲ့တာ။ အဲဒီ့ ရှစ်တန်းမှာ အတန်းဖော်တွေထဲက နှစ်ယောက်နဲ့ တော်တော် ပေါင်းဖြစ်တာ။ တစ်ယောက်က ၄၅ လမ်း အထက်လမ်းမှာပဲ နေတယ်။ သူက ဂစ်တာကို အဲဒီ့အချိန်မှာ အသည်းအသန် တီးနေပြီ။ အဲတော့ သူ့အိမ် သွားသွားပြီး သူ့ဂစ်တာ တီးရတာ။ တော်တော်တော့ လုံးဖြစ်ခဲ့ပါတယ်။

သူ့မိသားစုကလည်း ကျွန်တော့်ကို ခင်ခင်မင်မင် ဖော်ဖော်ရွေရွေ ဆက်ဆံပါတယ်။ သူ့အစ်မတစ်ယောက်က ဆေးကျောင်းတက်နေတယ်။ နောက် သူ့မှာ နှမလေး တစ်ယောက် ရှိတယ်။ သူက အလတ်ပေမယ့် သားယောက်ျားလေး တစ်ယောက်တည်း ပါတာမို့ သူ့အမေက သူ့ကို တော်တော်ချစ်ပုံပဲ။

သူက ပုံမှန်အားဖြင့် အနေအေးပေမယ့် ဆံပင်ရှည်ရှည်၊ အရပ်ရှည်ရှည်နဲ့ ဂစ်တာတော့ အပီတီးတာပဲ။

နောက်တစ်ယောက်ကကျတော့ အသားဖြူဖြူ အရပ်မြင့်မြင့် မျက်လုံးညိုညိုနဲ့ မူစလင်ဘာသာဝင်။ သူ့အဖေက ရေတပ်က ဗိုလ်မှူး။ သူကကျတော့ စပါ့(ခ်)(စ်)လမ်းမှာ နေတာ။ သူ့အိမ်လည်း သည်လိုပဲ ၀င်ထွက်သွားလာပေါ့။

သူက နည်းနည်း ပိုအရေးကြီးတယ်။ သူကလည်း ကြောင်လို့ ကောင်းနေတဲ့အချိန်။

နောက်တစ်ခုက သူက ခေတ်ပေါ်ထက် မြန်မာဂီတဘက်ကို အားသန်တယ်။ သူ့နှမက အကအဖွဲ့ တစ်ဖွဲ့မှာ ပါတယ်။ သူကြောင်နေတာက အဲဒီ့အကအဖွဲ့ထဲက ကရင်မချောချောလေး တစ်ယောက်ကို။ ကျွန်တော်လည်း သူနဲ့ ပါသွားရင်းက ကြောင်စရာ တစ်ယောက် တွေ့သွားတယ်။

ကျွန်တော်တို့နဲ့ အတန်းတူပဲ။ အဲတော့ အရွယ်ချင်းလည်း မတိမ်းမယိမ်းပဲ။ အဲဒီ့တစ်ယောက်ရဲ့ နှုတ်ခမ်းလေးတွေက ကျွန်တော် ယနေ့အထိ မြင်ဖူးသမျှ မိန်းကလေးတွေရဲ့ နှုတ်ခမ်းတွေထဲမှာ စွဲမက်စရာ အကောင်းဆုံးပဲ။ နှင်းဆီ ပွင့်ဖတ်လှလှလေးတွေလိုပဲလို့သာ တင်စားတတ်ပါတယ်။ ရေးရင်းနဲ့တောင် ပြန် မြင်ယောင်မိသေးတယ်ဗျ။

သူကလည်း အကအဖွဲ့ထဲမှာပါတယ်။ အဲဒီ့နှစ်သင်္ကြန်ကျတော့ ကျွန်တော်က ဆောက်လုပ်ရေး မဏ္ဍာပ်တို့၊ လိပ်ခုံးက ပညာရေး မဏ္ဍာပ်တို့ကို ရောက်သွားပြီ။ အဲဒီ့ အကအဖွဲ့နောက်ကို သူငယ်ချင်းနဲ့အတူ လိုက်ရင်း ကြောင်တော့တာပ။ ဟို ပွင့်ဖတ် နှုတ်ခမ်းရှင်လေးကို တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်တဲ့ အလုပ် လုပ်ရတာပေါ့ဗျာ။ ရေကလေး ဘာလေးလည်း လောင်းပေါ့။ ဟိုကလည်း ရှက်ပေါ့။ သည်လောက်ပါပဲ။ စကားတောင် သုံးခွန်းပြည့်အောင် မပြောဖူးဘူး။

သူ့အိမ်အထိတောင် ကျွန်တော်တစ်ကောင် ယောင်ကြောင်ပေါင်ကြောင်နဲ့ သွားလည်တာ ပါသေးတယ်။ ဟိုသူငယ်ချင်းက လိုက်ပို့ပေးတာပါ။ သူငယ်ချင်းနဲ့က တစ်မိသားစုလုံးနဲ့ ခင်နေတော့ သူ့မိဘတွေကလည်း အေးအေးဆေးဆေးပါပဲ။ ကျွန်တော်သာ မအေးမဆေး၊ မနေတတ် မထိုင်တတ်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ ဆုတ်ပြန်ခဲ့တာ။

ကိုးတန်းနှစ်အထိ အဲဒီ့ဇာတ်လမ်းက မဆက်ပါဘူး။ မဆက်ဆို ဟိုမောင်မင်းကြီးသား ကြောင်နေတဲ့ ကရင်မလေးက ယောက်ျားယူသွားတော့တာကိုး။

ဟိုကောင့်ခမျာ အကွဲတွေ သည်းလို့။ ကျွန်တော်လည်း အဖော်မရှိတော့ ပွင့်ဖတ်နှုတ်ခမ်းရှင်နဲ့ အခြောက်တိုက် ဝေးသွားပါတော့တယ်။

ဆယ်တန်းတက်တော့ သူ့ကို ပြန်သတိရလာတာနဲ့ သူ့ကျောင်းအဆင်း သွားစောင့်သေးတယ်။ တွေ့တယ်ဗျာ။ သူက ကျွန်တော့်ကို မမှတ်မိဘူး။ ကျွန်တော်က ခပ်လှမ်းလှမ်းကနေမို့ သူ မမြင်နိုင်တာလည်း ပါတယ်။

ဖြစ်ချင်တော့ သူက အဲဒီ့အချိန်မှာ တော်တော်လေး ၀နေတယ်။ ပုံပျက်ပန်းပျက်ကို ၀နေတာ။ ပြီးတော့ မျက်နှာမှာလည်း ၀က်ခြံအပြည့်နဲ့ ဖြစ်နေတယ်။ ဖြူတဲ့သူ့မျက်နှာဟာ ၀က်ခြံအပြည့်နဲ့ နီမြန်းနေတယ်။

ကျွန်တော်လည်း အသာလေး လှည့်ပြန်လာခဲ့ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စွဲလမ်းခဲ့တဲ့ နှုတ်ခမ်းလေးတွေတောင် ဘယ်လိုနေမှန်း သတိမထားမိခဲ့တော့ဘူး။

နောက် ငါးနှစ်၊ ခြောက်နှစ်လောက်အကြာမှာ သူ့ကို ကျောင်းထဲ (ရန်ကုန်တက္ကသိုလ်ထဲ) မှာ ပြန်တွေ့သေးသဗျာ။ ကျွန်တော်နဲ့ အတူပါသူ သူငယ်ချင်းတွေထဲက တစ်ယောက်က နှုတ်ဆက်နေတာပါ။ အဲဒီ့ နှုတ်ခမ်းကို ကျွန်တော် ကောင်းကောင်း မှတ်မိနေတယ်။

ဒါပေမယ့် အဲဒီ့အချိန်က ကျွန်တော်တောင် ဘွဲ့ရနေပြီဆိုတော့ သူ ဟုတ်မဟုတ် မသေချာဘူး။ ပြီးတော့ ကျွန်တော် နောက်ဆုံး တွေ့ခဲ့တုန်းက ကိုယ်လုံးရဲ့ ထက်ဝက်မကတောင် သွယ်နေတယ်။ မျက်နှာလေးကလည်း ဖွေးအုလို့ရယ်။ သည်အခါမှာ ပွင့်ဖတ် နှုတ်ခမ်းတွေရဲ့ အလှက ပိုပေါ်လွင်လို့ နေပါတယ်။ အဲဒီ့ နှုတ်ခမ်းကိုပဲ ငေးနေခဲ့မိတယ်။

သူနဲ့ သူ့သူငယ်ချင်း နှုတ်ဆက်ထွက်သွားတော့မှ နာမည်မေးမိတယ်။ သူနေတဲ့ လမ်းကိုလည်း ပြောပြတော့ သူမှ သူ စစ်စစ်ဆိုတာ လွှတ်သေချာသွားတော့တာပေါ့ဗျာ။ ကျွန်တော့်ရင်ထဲမှာ ဟာတာတာကြီး ဖြစ်ကျန်ရစ်တယ်။ ထပ်တွေ့ရဖို့ ကျောင်းထဲ သွားရှာပြီး ကြိုးစားသေးပေမယ့် မတွေ့ရတော့ဘူး။ ကောက်ရိုးပုံထဲက အပ်တစ်ချောင်းပေါ့လေ။

သူ့အိမ်ကို သိပေမယ့် မသွားရဲဘူး။ ဘယ်မျက်နှာမျိုးနဲ့ ဘာအကြောင်းပြပြီး သွားရမှန်းလည်း မသိဘူးလေ။ ဟိုသူငယ်ချင်းကလည်း စစ်တက္ကသိုလ်တက်၊ လေတပ်ထဲရောက်၊ သူကြောင်ခဲ့သူနဲ့ မညားဘဲ တခြားတစ်ယောက်နဲ့ ညား။

သူ့သတင်းတွေ ကြားနေပေမယ့် မတွေ့တာ နှစ်ပေါင်းများစွာကြာသွားပြီ။ ၁၉၈၀ လောက်ဆီက မှတ်ပုံတင် ရှေ့နေသင်တန်း ၀င်ခွင့် စာမေးပွဲ ဖြေတုန်းက တစ်ခါ တွေ့လိုက်တယ်။ သူမအောင်ဘူး ထင်တယ်၊ သင်တန်း တက်တော့ သူ့ကို မတွေ့ရတော့ဘူး။

အခုတော့ အရပ်ဘက် ရောက်နေတယ်လို့ သူနဲ့အတူ လုပ်ဖူးခဲ့တဲ့ တစ်ယောက်က ပြောပြပါတယ်။ ပြောပြသူက ပုဂ္ဂလိက လေကြောင်းလိုင်းမှာ လေယာဉ်မှူးလုပ်နေပြီး ဟန်တွကျလို့။ ကျွန်တော့် သူငယ်ချင်းဖြစ်ဖူးတဲ့ ခပ်ကြောင်ကြောင် အတွေးအမြင်နဲ့ ပုဂ္ဂိုလ်ကတော့ ဌာနဆိုင်ရာမှာ အလတ်တန်း အရာရှိအဖြစ်နဲ့သာ ကျန်ရစ်တယ်တဲ့။

အေးပေါ့လေ… ကိုယ့်ဘ၀၊ ကိုယ့်သဘော၊ ကိုယ့်လမ်း၊ ကိုယ့်ရွေးချယ်မှုပါပဲ။ သူ့ဟာနဲ့သူ ကျေနပ်နေရင် ပြီးတာပါပဲလေ။

ကျွန်တော့်ရင်ထဲမှာတော့ သူနဲ့ ပတ်သက်လို့က အနာလေးတစ်ခု ရှိတယ်။

သည်အပိုင်းမှာ ဘယ်သူမှ ဘာမှ မပြောကြတာ စိတ်မကောင်းစရာ…

၂၀၁၅ ခုနှစ် မတ်လ ၂၁ ရက်

ဆူးနောက်တစ်ချောင်း

အဲဒါလည်း တစ်နေရာမှာ ရေးပြီးပါပြီ။ ဘယ်မှာလဲ မမှတ်မိတော့ဘူး။ သည်ထဲမှာ ကျွဲကူးရေပါ ပြန်ရေးမှာကို ခွင့်လွှတ်တော်မူပေးကြပါတော့ခင်ဗျား။

အမှန်တော့ နာတာက သူ့ကို မဟုတ်ပါဘူး။ သူက အနေသာကြီးပါ။ ကနေ့အထိတောင် သူသိချင်မှ သိမယ်။ သို့သော် သူနဲ့က တိုက်ရိုက် ပတ်သက်နေတယ်။

ကျွန်တော်က ဆယ်တန်းကို နှစ်ခြင်းပေါက် မအောင်ဘူး။ ပထမနှစ်မှာ ခ စာရင်း ၀င်သွားတယ်။ ဆိုရှယ်လစ် ပညာရေးရဲ့ ရွှေတလွဲ ဇာတ်လမ်းပေါ့။ အောင်တော့အောင်တယ်။ တက္ကသိုလ် တက်လို့ကျ မရဘူးတဲ့။ ကျလိုက် အေးတာပဲဟာကို၊ အလကား အရစ် ရှည်တော်မူကြတယ်။

အဲဒီ့နှစ်က အမှတ်တွေ ဖောင်းပွလို့ ဘာသာစုံအောင်သည့်တိုင် အမှတ် ၃၆၀ ပြည့်မှ အအောင်ပေးတဲ့နှစ်။ အဲတော့ ကျွန်တော်က ၃၆၀ မပြည့်ဘူး၊ မအောင်ဘူး။

အဲဒီ့ ကိုချစ်ကြွေက အောင်တယ်။ လေးဘာသာဂုဏ်ထူးနဲ့တောင်။

အောင်စာရင်းထွက်တဲ့နေ့မှာ ကိုယ်မအောင်တာကို သိပ်မဥပါဒ်ဘဲ အောင်တဲ့ကောင်တွေ အိမ်တကာ လည်ပြီး ၀မ်းသာပေးနေသူက ကျွန်တော်။ အဲဒီ့ကျွန်တော် သူတို့အိမ် ရောက်သွားတော့ ကျေးဇူးရှင်က မရှိဘူး။

ဝင်ထွက်နေကျ၊ တစ်မိသားစုလုံးနဲ့ ရင်းနှီးနေတဲ့ အိမ်ဆိုတော့လည်း ကျွန်တော်လည်း ၀င်ထိုင်စောင့်တာပေါ့။ သူ့အမေက ဧည့်ခံတယ်။ ပြီးတော့ သူ့သားကို မွှမ်းပါတော့တယ်။ သူ့သားက ကျောင်းစာမှာ ဘယ်လို တော်ကြောင်း၊ ဘယ်လို ရည်မှန်းချက်ကြီးမားကြောင်း၊ ဘယ်လိုကြိုးစားကြောင်း၊ ဘယ်လို ထူးချွန်ကြောင်းတွေ မဆုံးတမ်း ပြောပါတော့တယ်။

ကျွန်တော် မအောင်ဘူးဆိုတာ အဲဒီ့မိန်းမကြီး အသိပဲ။ အဲဒီ့အချိန်မှာ သူက သူ့သားရဲ့ ထက်မြက်ထူးချွန်မှုတွေ နင်းကန်ဖိပြောနေတော့ ကျွန်တော့်မှာ ထိုင်ခုံအောက်ပဲ ၀င်နေရတော့မလိုလို၊ စားပွဲအောက်ဘဲ တိုးရတော့ မလိုလို ဖြစ်လာပါတယ်။ ပထမတော့ ပြုံးပြီး ဟုတ်ကဲ့လိုက်နေပါသေးတယ်။ သိပ်များလာတော့ မခံနိုင်တော့တာနဲ့ နှုတ်ဆက် ထွက်ခွာလာလိုက်တယ်။ အဲဒီ့အိမ်ကိုလည်း နောက် ဘယ်တော့မှ မသွားတော့ဘူး။

ဘ၀တွေ

အဟဲ… နောက် နှစ် ၂၀ လောက်ကြာတော့ အဲဒီ့မိန်းမကြီးကို ကုန်သည်လမ်း စာပေဗိမာန်နားလေးမှာ တွေ့လိုက်တယ်။

ကျွန်တော်က နိုင်ငံခြား ကုန်သွယ်မှုဘဏ်ကနေ ပြန်လာတာ။ ဘွတ်နဲ့ ရွှတ်နဲ့၊ အပျံစား ၀တ်လို့ စားလို့။ ခါးမှာလည်း ရုံးက ပေးထားတဲ့ ပါလေရာဖုန်းကြီး ချိတ်လို့။ အဲဒီ့အချိန်က ပါလေရာဖုန်းက တကယ့် ရှားပါးကုန်။ အုတ်ခဲလောက် ရှိတဲ့ အယ်ရစ်(ခ်)ဆင်(န်) ပါလေရာဖုန်းကြီးတွေ စ ကိုင်ခါစခေတ်။ ကျွန်တော်က အလုပ်သဘောအရ ခါးချိတ်ထားရပေမယ့် ဈေးကြီးလို့ သံအမတ်တောင် ကိုင်တာ မဟုတ်ဘူး။ တစ်ရုံးလုံးမှ နှစ်လုံးပဲ ရှိတာ။ တစ်လုံးကို ဒေါ်လာ နှစ်ထောင်ပေးထားရတာလေ။

အဲဒီ့အဘွားကြီးလည်း မြင်ရော အူယားဖားယား သွားနှုတ်ဆက်ပစ်လိုက်တယ်။ အဖွားကြီးက ချက်ချင်း မမှတ်မိဘူး။ ကျွန်တော်က ဆယ်တန်းတုန်းကလို ပေစုတ်စုတ် မဟုတ်တော့ဘဲ ဒေါ်လှအပြားစား တသွေးတမွေးဖြစ်နေပြီကိုး။ နာမည်ပြောပြလိုက်တော့ ချက်ချင်း မှတ်မိသွားတယ်။

ဘယ်မှာ လုပ်နေသလဲ ဘာလဲ ညာလဲနဲ့ စပ်စုတော့တာပေါ့။ ကျွန်တော် အမှန်အတိုင်းပဲ ပြောပြလိုက်ပါတယ်။ တစ်ခုမှ လုပ်ကြံ ၀ါကြွားတာ မပါဘူးလို့ ဆိုလိုတာပါ။ ဒါပေမယ့် ဒေါ်လှအပြားစားဆိုတာတော့ လုပ်နေတဲ့ နေရာဌာနနဲ့ ရာထူးကို ပြောတာနဲ့ သူ သိမှာပါ။

ကျွန်တော်လည်း သူငယ်ချင်းဟောင်းဖြစ်တဲ့ သူ့သားအကြောင်း မေးလိုက်တယ်။

“သားသူငယ်ချင်းကတော့ အဆင်မပြေရှာပါဘူးကွယ်။ သိတယ်မဟုတ်လား၊ လူက ဘယ်လောက်တော်တော်၊ ဘာသာကွဲဖြစ်နေတာနဲ့ပဲ ချောင်ထိုးခံထားရပါတယ် သားရယ်”တဲ့။

ဒါတော့ ကျွန်တော်တို့ဆီက အစဉ်အလာပါ။ လွတ်လပ်စွာ သက်ဝင်ယုံကြည်ခွင့်တို့၊ နိုင်ငံသားတိုင်း တန်းတူ အခွင့်အရေးတို့၊ ဘာတို့ညာတို့က စာရွက်တွေပေါ်မှာ အတိအလင်း ရှိပါတယ်။ စာရွက်ထဲမှာ ရှိပေမယ့် တကယ့်လက်တွေ့ဘ၀မှာ ဖြစ်ချင်တိုင်း ဖြစ်နေတာများ ရွှေပြည်ကြီးမှာ အဆန်းလုပ်လို့လေ။

တကယ်ဆို သူငယ်ချင်း သနားပါတယ်။ သူက တကယ် ထက်မြက်ထူးချွန်သူပါ။ မျိုးချစ်စိတ်ကလည်း ပြင်းထန် လွန်းပါတယ်။ ဒါ့ကြောင့် လေးဘာသာဂုဏ်ထူးနဲ့ အရပ်ဘက် တက္ကသိုလ်ကောင်းကောင်းကို မတက်တော့ဘဲ စစ်ထဲ ၀င်သွားသူပါ။ ဒါပေမယ့် သူချစ်တဲ့ တိုင်းပြည်ကြီးကတော့ ဘာသာကွဲဖြစ်နေတာနဲ့ပဲ သူ့ကိုလည်း ချောင်ထိုးထားခဲ့ပါတယ်။ ဒင်းကိုက အမှတ် မရှိတာပါ။ အမှန်တော့ သူ့အဖေသည်လည်း ချောင်ထိုးခံဘ၀မှာ နေခဲ့ရပါတယ်။

ပြောတော့မှ သူ့အိမ်မှာ သူ့အဖေ ရေးပြီး ကပ်ထားတဲ့ စာတန်းတောင် ပြေးမြင်တယ်။

“ဤအိမ်သည် အညတြ စစ်သည်တစ်ဦး၏ အိမ် ဖြစ်ပါသည်။ မည်သည့်အကူအညီမျှ ပေးနိုင်စွမ်း မရှိပါ”လို့ ဧည့်ခန်းထဲမှာ ရေးပြီး ကပ်ထားတာ တွေ့ခဲ့ရဖူးပါတယ်။

အဲသလို မိသားစုက ဆင်းသက်တာလည်း ဖြစ်၊ ဘာသာကွဲလည်းဖြစ်နေတော့ အဲလိုမောင် ချောင်ထိုးခံရတာ ဘယ်ဆန်းပါ့မလဲနော်။

အဲဒါကိုမှ တခြားသူတွေလို ခရီးသည်တင် လေယာဉ်မောင်းပြီး ဇိမ်ကျကျ နေရမယ့်အစား ဌာနဆိုင်ရာမှာ ဆက်လက် ကုတ်ကတ်နေနေသေးတဲ့ သူ့ရဲ့ ဆင်ခြင်ဉာဏ်ကိုတော့ ရွှေချထားဖို့တောင် ကောင်းသေးတော့တယ်။ Forrest Gump ပြောသလိုဆို stupid is as stupid does ပေါ့။ ဗာလနံအပြုအမူနဲ့ သူဟာ ဗာလဆိုတာ လက်တွေ့ပြနေရှာသူပါ။ သူ့ထူးချွန်ထက်မြက်မှုက တလွဲကြီးရယ်။

ဘာပဲပြောပြော နှစ် ၂၀ ကျော်အကြာမှာ အဲဒီ့အဘွားကြီးကို အဲသလို ပုံစံနဲ့ တွေ့ဆုံ ပြောဆိုလိုက်ရတော့ အတော် အားရသွားတယ်။

ဆေးကျောင်းက သူငယ်ချင်းတချို့

ပြောရတာတော့ မကောင်းဘူးဗျ။ လူတွေရဲ့ စိတ်ဓာတ်တွေက တစ်မျိုးပဲလို့သာ ဆိုရမယ် ထင်ပါတယ်။

ကျွန်တော်ဟာ အတော် အထင်သေးခံရတဲ့ ဘ၀မှာ နေခဲ့ရသူပါ။ အဖေက စာရေးဆိုတော့ စာရေးသားပေါ့။ အဖေက အငှားယာဉ်မောင်းဆိုတော့ ဒရိုက်ဗှာရဲ့ သားပေါ့။ ငယ်ဘ၀တုန်းကလည်း အထင်သေးခံခဲ့ရတယ်၊ အနှိမ်ခံခဲ့ရတယ်။

ကြီးကောင်လေး ၀င်လာတော့လည်း မထူးပါဘူး။ စာတော်တဲ့သူတွေကြားမှာ သူလိုငါလို ကျွန်တော်က အလကားကောင်ပဲလေ။

ရှိသေးတယ်။ ကျွန်တော် ပထမနှစ်တက်နေစဉ်မှာ အဖေ ပျောက်သွားတာနဲ့ ကျွန်တော်လည်း နေ့ချင်း ညချင်း တက္ခဆီ ဒရိုက်ဗှာဖြစ်ပါရောလား။

အဟဲ… တစ်နေ့သောအခါမှာ ဆေးကျောင်းတက်နေကြတဲ့ ဆယ်တန်းတုန်းက အေတန်းရဲ့ အတန်းဖော် သူငယ်ချင်း တစ်အုပ် ရောက်လာကြတယ်။ ကျွန်တော်ကတော့ သူငယ်ချင်းတွေ ကျွန်တော့်ဆီ လာလည်တယ်ဆိုပြီး ၀မ်းသာအယ်လဲ။

ဘယ်ဟုတ်မတုံး။ မောင်မင်းကြီးသားတွေက ကျွန်တော့်ကို ဖာရှာပေးဖို့ လာပြောကြတာခင်ဗျ။

ကျွန်တော်က အဲဒါတွေ စိတ်လည်း မ၀င်စား၊ သိလည်း မသိဘူး။ မသိတာကို မသိဘူးလို့ ပြောတော့ “လုပ်မနေပါနဲ့ကွာ။ တက္ခဆီ မောင်းနေတဲ့သူဆိုတာ ဒါမျိုးတွေ ကောင်းကောင်း သိတာပဲဟာ၊ မင်းကလည်း အချင်းချင်းတွေကို… မလျှိုပါနဲ့…”လို့ ပြန်ပြောပါတယ်။

ကျွန်တော်လည်း တော်တော် ဒေါသထွက်သွားတယ်။

“ငါ ကားမောင်းနေတာ၊ ဖာခေါင်းလုပ်နေတာ မဟုတ်ဘူး။ မင်းတို့ကို ငါဆွဲမထိုးခင် သွားကြတော့”လို့ ပြောလိုက်မှ ကိစ္စပြတ်တော့တယ်။ ဒါတောင် သိပ်ကျေနပ်တာ မဟုတ်ဘူး။ အိမ်မြှောင်အကြည့်နဲ့ ပေစောင်းစောင်း ကြည့်ရင်း ထွက်ခွာသွားကြပါတယ်။

အမယ်… နှယ်နှယ်တော့ မမှတ်နဲ့နော… အဲဒီ့အဖွဲ့ကို ဦးဆောင်လာသူက ရန်ကုန်မြို့ရဲ့ လူ့မလိုင် ရေပေါ်ဆီ အသိုင်းအ၀ိုင်းက လာတဲ့ကောင်၊ ၀င်ဒါမီယာမှာ နေတဲ့ကောင်။ အငှားယာဉ်မောင်းတိုင်းကို ဖာခေါင်းမှတ်ပြီး ဖာရှာခိုင်းတဲ့ကောင်ပေါ့။ အခုတော့လည်း သင်း သေရှာပါပြီ။ လူ့ပြည်မှာ သက်တမ်းစေ့ ဝေးစွ။ နှစ် ၃၀ တောင် ပြည့်ပြည့် နေမသွားရရှာဘူး။ မရဏမင်းဆီမှာတော့ ဖာ သွားရှာနေသေးလား မသိပါဘူး။

ကျွန်တော့်ဘ၀က အဲသလို။

လူစိတ်နဲ့ လူ့စိတ်

အမယ်… ဒါနဲ့တင် မပြီးသေးဘူးဗျ။ လေးဆယ်ကျော်မှ အထင်သေးခံရတဲ့ ဇာတ်လမ်းက လာသေးတယ်။ သံရုံးကနေ အလုပ်ပြုတ်လာတုန်းကပေါ့ဗျာ။

“ခင်ဗျား အလုပ်ပြုတ်လာတယ်ဆိုတော့ ခင်ဗျား မိသားစုအတွက် ပူမိတယ်ဗျ”

အစချီတာကတော့ အဟုတ်ပါပဲ။ ဆက်ပြောတာက…

“ဒါပေမယ့် ခင်ဗျား ကားမောင်းတတ်တာပဲလေ။ အရင်ကလည်း မောင်းခဲ့ဖူးတာ မဟုတ်လား။ အဲတော့ ကားမောင်းစားနိုင်တာပဲဆိုတာ တွေးမိပြီး မပူမိတော့ဘူးဗျ”တဲ့။

ဟုတ်တာပေါ့။ ပြောသူက ဆရာဝန်။ ပြည်တွင်းဖြစ် မဟာဘွဲ့လေးတစ်ဘွဲ့ပါ ထပ်ရထားတော့ အထူးကုတန်းကို ပွတ်ခါသီခါ ၀င်တယ်ပေါ့ဗျာ။ သည့်ထက်သာတာက သူက မအေပေးတဲ့ တုတ်တစ်ချောင်းကို အကြောင်းပြုပြီး ကြီးပွားချမ်းသာနေတဲ့သူ။ သူ့ယောက္ခမက အကျင့်ပျက် ခြစားမှုပေါင်းစုံနဲ့ ကျိကျိတက် ချမ်းသာသွားပြီးမှ အထုတ်ခံထားရတဲ့သူ။ ကား ဆယ်စီးလောက်၊ လူကုံထံ ရပ်ကွက်တွေမှာ မြေကွက်ကြီးတွေ လေး၊ ငါးကွက်လောက် ရှိတဲ့သူဆိုတော့ ပြောအား ရှိနေတာပေါ့။

ကြာတော့ ထူလာတယ်။ လူတွေရဲ့ မနောကိုလည်း ပိုလို့ ပိုလို့ သဘောပေါက်လာတယ်။ သူတို့ရဲ့ အတွင်းစိတ်တွေကို မြင်နေရတာကိုက အမြတ်တစ်ခုပဲလို့ အောက်မေ့တတ်လာပါတယ်။ အားနည်းသူကို နှိမ်ချင်တတ်တာကိုက လူတွေရဲ့ သဘာဝလို့တောင် တွေးမိလာတဲ့အထိပါပဲ။

ကျွန်တော်နဲ့ကတော့ ပြောင်းပြန်။ ကျွန်တော်က လူတစ်ယောက် လျှမ်းလျှမ်းတောက် အောင်မြင်နေပြီဆိုရင် ဘယ်လောက် ခင်နေနေ လှည့်ကို မကြည့်တော့ဘူး။ အနားလည်း မကပ်တော့ဘူး။ အဲ… အဆင်မပြေဖြစ်နေပြီ၊ ကျဆုံးနေပြီဆိုရင် သူတို့အနားကို ကျွန်တော် ရောက်သွားပြီ၊ တတ်နိုင်သမျှ ဖေးမပေးနေမိပြီ။ နှိမ်ချင်တဲ့စိတ်၊ ၀မ်းသာတဲ့ စိတ်နဲ့ မဟုတ်ပါဘူး။ ကိုယ်ချင်းစာတဲ့ စိတ်နဲ့ပါ။

အောင်မြင်နေချိန်ဆိုရင် သူတို့နားမှာ ပရိသတ်က ၀ိုင်းနေတတ်တယ်။ ကျနေပြီဆိုရင်တော့ အနားမှာ ပြေးကြည့်လိုက်ရင် မိသားစုကတောင် သိပ်လိုလိုချင်ချင် မရှိကြတော့တာ မြင်ဖူးပေါင်း များလှပြီ။ ဒါ့ကြောင့် အကျသမားတွေကို ကျွန်တော်က အမြဲလို ဖေးမမိခဲ့ပါတယ်။

ဒါပေမယ့် လူတိုင်းက ကျွန်တော်မှ မဟုတ်တာ။ ကျွန်တော့်အကျိုးပေး ကောင်းပုံများ၊ ကျွန်တော်မို့ ကျမနေနဲ့၊ ဖိနင်းချင်တဲ့သူက အဆင်သင့်ရယ်။ ဒါကိုက ကံထူးခြင်း တစ်မျိုးပေါ့လေ။ အဲဒါတွေကနေ အားအင်တွေ ဖြစ်လာခဲ့တာပဲ ထင်ပါရဲ့။

တကယ်တော့ အဲလိုလည်း မဟုတ်ဘူး ထင်တယ်ဗျ။

ကျွန်တော့် သဘာဝ

ကျွန်တော်က ဘာကိုမှ၊ ဘယ်သူ့ကိုမှ သိပ်အရေးစိုက်တတ်တဲ့သူမျိုးလည်း မဟုတ်ပြန်ဘူး။ ကျွန်တော် အရေးစိုက်တာက ကျွန်တော့်ကိုယ် ကျွန်တော်။ ကျွန်တော်ပြိုင်နေတာက ကျွန်တော့်ကိုယ်ကျွန်တော်။ အပျင်းကြီးတဲ့ ကျွန်တော်ဟာ ဘာလုပ်လုပ်၊ စိတ်ပါလက်ပါ လုပ်ပြီဆိုရင် စိတ်က အလုပ်ထဲမှာပဲ ရှိတော့တယ်။ ကျန်တာ ဘာကိုမှ မစဉ်းစားမိတော့ဘူး။

ပြီးသွားတဲ့အခါ ကိုယ့်အလုပ်ကို ကိုယ့်ဘာသာဝေဖန်ရေးလုပ်တာက မဆုံးတော့ဘူး။ ဘယ်နားလေးမှာ ဘယ်လို လုပ်လိုက်ရင် ပိုကောင်းသွားမှာ၊ နောက်တစ်ခါကျရင် ဘယ်လိုလုပ်မယ်ဆိုတာကို အမြဲတစေ ပြန်သုံးသပ်မိတယ်။ မနေ့က ကျွန်တော်ထက် သည်ကနေ့ ကျွန်တော်က သာနေရမယ်ဆိုတဲ့ စိတ်က ဆောင်နေတယ်။ အဲဒါပဲ။

သူများတကာတွေ ပြိုင်နေတဲ့အရာဆိုရင် ကျွန်တော်က ၀င်ကို မပြိုင်တော့ဘူး။ ဒါ့ကြောင့် ကျောင်းစာမှာ တော်ရိလျော်ရိ နေပစ်ခဲ့တာပဲ ဖြစ်လောက်တယ်။ အဲလို ပြိုင်နေတဲ့သူတွေကို ကြည့်ပြီး မောတယ်။ ပျင်းတယ်။ အဲတော့ ပြိုင်ဖို့လည်း စိတ်မကူးတော့ဘူး။ လုပ်ကြကွာဆိုပြီး အသာ လွှတ်ပေးထားလိုက်ပါတော့တယ်။

အဲဒါကလည်း ငယ်ငယ်ကတည်းက အမေ့ရဲ့ တွန်းအားကို ဆန့်ကျင်လိုတဲ့ စိတ် ဖြစ်လိမ့်မယ်။ အမေက အရမ်းပြိုင်ခိုင်းတာ။ ဘယ်ကလေးက ဘယ်လို၊ ဘယ်ကလေးရဲ့ မစင်ကိုဖြင့် မင်းစားသင့်တယ်ဆိုတဲ့ စကားတွေ နှလုံးနာချင်စရာ ကောင်းအောင် ကြားခဲ့ရတယ်။ ဟို သူငယ်ချင်းရဲ့ အမေပြောနည်းကား မူကွဲတစ်မျိုးပေါ့။

ဟိုမိန်းမကြီးကလည်း သူ့သားအကြောင်း မွှမ်းရင်း မအောင်တဲ့ ကျွန်တော် မခံချင်အောင် ဆွပေးတဲ့နည်းနဲ့ ကျွန်တော် နောက်နှစ်မှာ ထူးထူးချွန်ချွန်အောင်စေချင်တဲ့ စေတနာနဲ့ ပြောတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲသလို စကားတွေက ကျွန်တော့်နားထဲမှာ အမေက ပြောဖန်များလွန်းလို့ ခါးလှပြီ။ စက်ဆုပ်လှပြီ။

ခင်ဗျားတို့ သိပ်အထင်ကြီးတဲ့ ရွှေကျောင်းစာမှာ ဘာမှ ဖြစ်မလာတော့ ဘာအရေးလဲဗျာဆိုတဲ့ ရွဲ့တွေးက အခိုင်အမာ ၀င်နေပြီလေ။

ကျွန်တော် အလုပ်ပြုတ်လာတော့ ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့ သမီးလေး၊ ဆေးကျောင်းတက်နေတဲ့ ကလေးမလေး တစ်ယောက်က ကျွန်တော့်ကို သူ့လက်နဲ့ ဆွဲထားတဲ့ ကတ်ပြားလေးတစ်ခု ပို့ပေးခဲ့တယ်။ စာတမ်းလေးကို အင်္ဂလိပ်လိုလည်း သူ့လက်ရေးနဲ့ ရေးထားသေးတယ်။ “ဘ၀က ကိုယ့်ကို သံပရာသီးတွေ ပေးလာတဲ့အခါ သံပရာရည်သာ ဖျော်သောက်လိုက်ပါ”တဲ့။ အင်္ဂလိပ်စကားပုံလေးပါ။

လူငယ်လေး တစ်ယောက်ကတောင်မှ ကျွန်တော့်ကို ချက်နဲ့လက်နဲ့ ဖေးမပေးခဲ့တာလေးက ကြည်နူးစရာလေးပါ။ သူ့အမေကလည်း ဘာကူညီရမလဲလို့ မေးတယ်။ အင်္ဂလိပ်စာ သင်ပါလား၊ သူသင်ခဲ့တုန်းက သုံးတဲ့ စာအုပ်တွေ ယူမလား အစရှိသဖြင့် ပြောပါတယ်။ လူလူချင်း ရိုင်းပင်းတာပေါ့။

အဲလိုမျိုးတွေ မဟုတ်ဘဲ ဖိနင်းချင်တဲ့သူတွေကျတော့လည်း အင်း… လူ့သဘာဝပေါ့လေ။

ပဲခြမ်းကြော်သုပ်အကောင်းစား

ငယ်ဘ၀ဆီ ပြန်သွားရင်တော့ အားကစားမှာသာ အဖြစ်မရှိတာ ဖဲတော့ ရိုက်တတ်လာတယ်ခင်ဗျ။ အဲဒါကလည်း လမ်း ၄၀ ပေါက်ဖော် ပတ်ဝန်းကျင်ကြောင့်ပါပဲ။ ပထမတော့ ကိုးမီးပေါ့။ နောက်တော့ နှစ်ဆယ့်တစ်ပေါက်ပေါ့။ နောက်တော့ တစ်ချပ်မှောက်ပေါ့။ အဆင့်ဆင့် တတ်မြောက်လာခဲ့ပါတယ်။

အဲဒါလည်း ကိုအောငံနဲ့ အပေါင်းအသင်းများ ကျေးဇူးပါပဲ။ ကိုအောငံတို့ အိမ်က အောက်ထပ်ဆိုတော့ ဖဲရိုက်လို့ သိပ်မကောင်းတာမို့ တစ်ခါတလေ ကျွန်တော်တို့အိမ်မှာ လာရိုက်ကြတာပေါ့။ အဲတော့လည်း တစ်အိမ်လုံး စည်နေတော့တာပေါ့။ အမေ့ လက်ဖက်သုပ်၊ ပဲခြမ်းကြော်သုပ်များကလည်း သူတို့ကြားမှာ ရေပန်းစားသပေါ့ဗျာ။

သည်နေရာမှာ ပဲခြမ်းကြော်သုပ်အကြောင်း ပြောဖို့ လိုလိမ့်မယ် ထင်တယ်။ ပဲခြမ်းကြော်သုပ်မှာ အဆာပလာ ထည့်တတ်ရင် ထည့်တတ်သလောက် အရသာ ထူးပါတယ်။ အမေ့ဆီက ရလိုက်တဲ့ နည်းကတော့ ပဲခြမ်းကြော် သုပ်မှာ ပဲခြမ်းကြော်၊ ကြက်သွန်နီ၊ ဆီ၊ ဆား၊ သံပရာသီးအပြင် ကြာညို့ (ပဲငံပြာရည်အနောက်) ကလေး သုံး၊ လေးစက်ကလည်း အခရာကျသလို ပူတီနံနဲ့ မဆလာကလည်း အနှစ်အသားပါပဲ။ အဲဒါတွေ အစုံအလင်ပါတဲ့ ပဲခြမ်းကြော်သုပ်ဟာ ဟင်းတစ်ခွက်တောင် ဖြစ်နိုင်ပါတယ်။

မေမေ ပဲခြမ်းကြော် သုပ်ကျွေးရင် ကိုအောငံ သူငယ်ချင်းတွေက ထမင်းကြမ်းပါ တောင်းတတ်ကြပါတယ်။ ဒါ့အပြင် ကိုစိန်အောင်ဆိုတဲ့ ပန်းဆိုးတန်းလမ်းနဲ့ ဖရေဇာလမ်းထောင့်မှာ ယနေ့ထက်တိုင်ရှိနေသေးတဲ့ အပေါ်ထပ်ထောင့်ခန်း အလှပြင်ဆိုင်က လူတစ်ယောက်ဟာ ပန်းကန်ထဲမှာ ကျန်နေတဲ့ ညိုတိုတို အရည်လေး လက်ဖက်ရည် ဇွန်းဝက်လောက်ကိုပါ မော့သောက်တဲ့အထိ ကြိုက်တာပါ။ အဲဒီ့အစ်ကိုကြီး ကိုစိန်အောင်ကတော့ ကနေဒါ နိုင်ငံကို ထွက်သွားခဲ့တာ ၃၅ နှစ် မကတော့ဘူး ထင်ပါတယ်။

မန္တလေးသူ မေမေဟာ လက်ဖက်ကိုလည်း မပြတ်စားတာမို့ အိမ်မှာ လက်ဖက်ကလည်း ပြတ်တယ် မရှိဘူး။ အဲတော့ ကိုအောငံနဲ့ အပေါင်းပါများအတွက် တစ်မျိုးတော့ အဆင်ပြေနေတာပေါ့။

အဲဒီ့ထဲမှာ ကိုထက်ဒီဆိုတဲ့ လူတစ်ယောက်ကိုလည်း ကျွန်တော်မှတ်မိနေသေးတယ်။ သူက စပါ့(ခ်)(စ်)လမ်းနဲ့ ဖရေဇာထောင့်၊ အခုအချိန်အထိ ရှိနေသေးတဲ့ ၁၉၂၈ ခုနှစ်က ဆောက်ထားတဲ့ တိုက်အိုကြီးရဲ့ သုံးထပ်၊ ထောင့်ခန်းမှာ နေတဲ့သူ။

သည်အပိုင်းမှာ ပြောကြတာ

Kyi Kyi Khin ကျမဆိုလည်း တစ်သက်လုံး အနှိမ်ခံခဲ့ရလို့ ထင်တယ်။ တော်ရုံဆို မနာဘူး… ဟီး… ထူနေတာ။ ဒါပေမယ့်လည်း မကြိုးစားဖြစ်ခဲ့ပါဘူး။ မူလတန်းတုန်းက သိပ်မသိခဲ့ဘူး။ အထက်တန်းနဲ့ ကောလိပ်မှာ အရာရှိသမီး မဖြစ်ခဲ့တဲ့အတွက် အရည်အချင်း တူချင်းဖြစ်နေတာတောင်မှ တော်ရုံ အခွင့်အရေးကို တစ်ခါမှ မရခဲ့ဖူးဘူး။ အဲဒီတုန်းက ဆရာ ဆရာမတွေ အပေါ်လဲ ဆူးတွေ အချောင်းချောင်းနဲ့။

Kyawt Thuzar ဖတ်ရင်း ဖတ်ရင်းနဲ့ မြင်ယောင်ကြားယောင် လာတာက နင်ပျံနေအောင် တော်ပြီး သေအောင် ကြိုးစားလည်း အမှတ်မီတောင် ဆေးကျောင်း မတက်ရဘူး။ ငါ့အဖေက ဗိုလ်ချုပ် ဝန်ကြီးဆိုတော့ ငါက ဆေးကျောင်း တက်ရတယ်။ အဖြေလွှာချင်း လဲလိုက်ရုံဆိုတဲ့ တစ်ယောက်သောသူရဲ့ စကား။ ခုချိန်ထိ ရက်တိုင်းမှာ တဆစ်ဆစ် နာတယ်။

ATK မနာပါနဲ့တော့လေ။ ကျွန်တော့် သမော်ဒီးလက်ထက်ကျတော့ အဲလောက်တောင် မလိုတော့ဘူးဗျ။ သမော်ဒီးက ၆ ဘာသာ ဂုဏ်ထူး ထွက်မယ့်သူလို့ သတင်း မွှေးနေတယ်။ (ကျွန်ုပ်က သူ့ကို ကျောင်းစာနဲ့ ပတ်သက်လို့ တစ်ခါမှ အားမပေးခဲ့ဖူးဘဲနဲ့ ဒင်းကိုက လော်မာတာ။ 😀 )

အဲတော့ ပြိုင်ဖက် ဘော်ဒါကသမီး ၆ ဘာသာ မထွက်အောင် တစ်ဘာသာကို ကျပ်တစ်သိန်းပဲ အကုန်ခံလိုက်ပါတယ်။ စုစုပေါင်း ကျပ် နှစ်သိန်း အကုန်ခံလိုက်တာနဲ့၊ ကျွန်တော့် သမော်ဒီး အရင်းခေါက်ခေါက်ကြီးဟာ အင်္ဂလိပ်စာနဲ့ မြန်မာစာတို့မှ နှစ်မှတ်လျော့စီနဲ့ ဂုဏ်ထူး မပါတော့ဘူးခင်ဗျ။ အမှတ်ပေါင်းကျတော့ လေးဘာသာရှင်က ၅၁၂ မှတ်တဲ့။

ကျွန်တော်တို့ကလည်း မသမာမှု မှန်သမျှ စိတ်ကို မ၀င်စားတဲ့သူဆိုတော့ တစ်ဘာသာ နှစ်သိန်းလောက် ပေးလိုက်ရင် ၆ ဘာသာ ပြန်ဖြစ်သွားမှာပေါ့။

ခေတ်ပညာရေးကို ကျွန်တော်တို့က အပြတ်အသတ် စွဲစွဲမြဲမြဲ ယုံကြည်တဲ့အတွက် အဲဒီ့ ၅၁၂ မှတ်ရှင် သမော်ဒီးဟာ မြန်မာပြည် ပညာရေးအရဆိုရင် ဆယ်တန်းအောင်ဆိုတာနဲ့ပဲ ကျောင်းပြီးသွားပါတော့တယ်။ (လျော်ကြေးပေးစရာ မလိုတော့ဘူးပေါ့နော်။) 🙂

Kyawt Thuzar ခေတ်စားလို့ကြောင့် မဟုတ်ဘဲ ကလေးဘဝတည်းက အသားကုန် ဝါသနာပါခဲ့တဲ့ ရည်မှန်းချက်တစ်ခုကို အာဏာ အလွဲသုံးစားလုပ်ပြီး လုယူသွားတာကို ခံပြင်းခဲ့တာပါ။ ခုနေ ဆေးကျောင်းပြန်တက်ဆိုလဲ မတက်တော့ပါဘူး။ အဓိက လုယူခံလိုက်ရတယ် ဆိုတဲ့ အချက်ကို တင်းတာ။ မိဘကလဲ တွန်းအား ပေးတဲ့နေရာမှာ ဆရာ့မိဘနဲ့ မကွာလှဘူး။ ဦးနှောက်ထဲ သွေးခဲပြီး လေဖြတ်ရုံလေးတင် တွန်းတာပါ။ ခုများတော့ သူများနဲ့ နှိုင်းပြီး တွန်းရင် အဲ့တစ်ယောက်ကို သိပ်အထင်ကြီးတယ်မို့လား အဲ့တစ်ယောက်ပဲ သွားပြီး သားသမီးတော်လိုက်ပါတော့လို့ ပြောမိပြီ။ အခုမှ ကိုယ့်ကိုယ်ကိုယ် တော်တော် ကြောက်ဖို့ကောင်းတဲ့လူ ဖြစ်သွားမှန်း သတိထားမိတော့တယ်။ လိုချင်လှချည်ရဲ့ဆိုတာလည်း ဘာမှ မရှိတော့သလို ကြောက်လှချည်ရဲ့ ဆိုတာလဲ ဘာမှ မရှိတော့ဘူး 😛

Moemakha Hlaing ဖတ်ရတာ အရသာရှိလိုက်ထှာ။ ပဲခြမ်းကြော်သုပ် အကြောင်းလည်း ရောက်ရော လျှာတွေ စိုလာတယ်။ ပူတီနံ မဆလာထည့်တာတော့ မစားဘူးသေးဘူး။ ကြာညို့ ဆမ်းပြီး သံပုရာသီးညှစ်စားတာတော့ ဝမ်းတွင်းက သူငယ်ချင်းအိမ်မှာ စားဖူးထဲက အဲဒီလိုပဲ သုပ်စားတယ်း)

ATK အကောင်းမှတ်လို့ မမှိုင်ရယ်။

Moemakha Hlaing ဆောရီးဆရာ edit လုပ်တာ delete ဖြစ်သွားလို့ ပြန်မန့်မယ်နော်။ 🙂

ကျမညီမက သင်္ချာအရမ်းတော်ပါတယ်။ ဆယ်တန်းမှာ သင်္ချာ အမှတ်၁၀၀ အပြည့်လို့  တွက်ထားတာ ရွှေတံဆိပ်ရ နာမည်ကြီး ကျူရှင်ဆရာကိုယ်တိုင် သူ့  ခြေရာနင်းမယ့်သူလို့  ယုံကြည်သူပါ။

အောင်တော့ ဒီတစ်လုံးမှ မပါပါဘူး။ အနည်းဆုံ ဒီ ၄ လုံးလောက် မှန်းထားသူ ဖြစ်တဲ့အပြင် အဲဒီမေးခွန်းတွေကို ချက်ခြင်းပြန်ဖြေပြနိုင်တဲ့ သူမျိုးပါ။

သူ့ အမှတ်စာရင်းကို ဆွဲဆုတ်ပစ်တဲ့အထိ ဒေါသထွက်ပါတယ်။ ဒါပေမဲ့ သင်္ချာဝါသနာကြီးလို့  သင်္ချာမေဂျာပဲ ယူပါတယ်။ ကျမတို့ ယူနီကြီးမှာ ဆရာမှားနေရင် ပြောခွင့်မရှိပါဘူး။ မိုင်နာ ဘာသာတစ်ခုမှာ ဆရာမ အမှားထောက်ပြမိလို့  မျက်ငြိုးဆိုက်ခံရပါတယ်။ မေဂျာ အကုန် ဂုဏ်ထူးထွက်ပေမယ့် မိုင်နာဘာသာကျနေလို့  ဌာနမှူးချင်း ညှိနှိုင်းပြီးတော့ ဂုဏ်ထူးတွေ ဖြုတ်ပြီး ရိုးရိုးအောင်နဲ့ပဲ အအောင် ပေးလိုက်ပါတယ်။ ဒါက ဆရာတွေ ပြောပြလို့ သိတာပါ။

အဲဒီမိုင်နာ ဘာသာဆရာမကိုယ်တိုင် နင်က ဘယ်လိုလုပ် အောင်သလဲလို့ မေးမှ ကိုယ်တိုင်ဖြေနိုင်သော်လည်း သူ့ ပယောဂကြောင့် ကျတယ်ဆိုတာ ပိုသေချာသွားပါတယ်။ အဲဒီတော့ ကျမညီမလည်း သင်္ချာ ပါရဂူ ဖြစ်ချင်စိတ် ပျောက်သွားပါတော့တယ်။ ဆယ်တန်းမှာ အောင်ဖို့  ဂုဏ်ထူးထွက်ဖို့  လိုက်လို့ ရတယ်ဆိုတာ… မယုံချင်ပါဘူး။

တက္ကသိုလ် အောင်မှတ် ခရက်ဒစ်မှတ်ကလည်…

Gam Awng “ဘ၀က ကိုယ့်ကို သံပရာသီးတွေ ပေးလာတဲ့အခါ သံပရာရည်သာ ဖျော်သောက်လိုက်ပါ”… Like.

ATK Original English proverbial phrase is “When life gives you lemons, make lemonade,” Saya Gam.

And here’s another, and I’m sure you like this better, SayaGam!

INSPIREFULNESS.FILES.WORDPRESS.COM

Gam Awng Thanks Saya,.. ဆရာ့စာတွေဖတ်ရတာ ဆရာပြောသလို အဟောင်းတွေအစုတ်ဖြစ်… အဲလေ ကျနော်လည်း ငယ်ဘဝက ဆူးတွေပေါက်ခဲ့တာ ပြန်သတိရ.. ဒါတွေကပဲ ကိုယ့်အတွက်တွန်းအားတွေ ဖြစ်ခဲ့တာတွေ သတိရပါ၏ ဆရာရေ…

ATK လူတိုင်းရဲ့ ဘ၀မှာတော့ သူ့အနာလေးတွေနဲ့ သူ၊ သူ့အခံလေးတွေနဲ့ သူ ကိုယ်စီ အသက ရှိကြမယ့်သူချည်းပဲ ထင်ပါတယ် Saya Gam ရေ့။ 

ကွယ်လွန်သူ ကျွန်တော့် သူငယ်ချင်းကြီး သည်ဇာတ်ထဲက နာမည်လွှဲထားတဲ့ မောင်ဘိုနီတို့ဆို ရွှေမှုန်စား၊ ရွှေဇွန်းကိုက် မွေးလာတဲ့ အမျိုး။ သူ့အဘိုးဆိုတာ ဗြိတိသျှ အစိုးရလက်ထက်က ၀န်ကြီး။ သူတို့ဆို ဘာအနာအဆာမှ ရှိမယ် မထင်ရဘူး။

ဒါပမယ့် သူတို့ မောင်နှမ လေးယောက်စလုံးမှာ အနာအဆာ ကိုယ်စီနဲ့ဆိုတာ ကျွန်တော် တအံ့တသြ သိခဲ့ရတယ်။ သူ့အစ်ကိုရယ်၊ သူရယ်တို့ရဲ့ နှုတ်က ဖွင့်ပြောတာတွေ ကြားလိုက်ရတော့မှ တကယ်ကို အံ့အားသင့်သွားတာ။ သူတို့ မောင်နှမတွေရဲ့ ထူးခြားတဲ့ အမူအကျင့်တွေကိုလည်း နားလည်လာခဲ့ပါတယ်။

ကျွန်တော့်စာတွေ ဖတ်ပြီး ကိုယ့်ဘ၀ကိုယ် ပြန်သုံးသပ်ဖြစ်သလို အမူအကျင့် ထူးခြားသူများနဲ့ ဆုံတဲ့အခါ အဲဒီ့လူတွေရဲ့ ကိုယ်သိမထားတဲ့ နောက်ခံ အနာတရတွေကို ထည့်တွက် ငဲ့ကွက်ပြီး နားလည်သည်းခံပေးလို စိတ်များ စာဖတ်သူတွေမှာ ပေါက်ဖွားလာမယ်ဆိုရင်တော့ ဆရာရေ… ကျွန်တော် အိပ်သွန်ဖာမှောက် ကပေါက်တိကပေါက်တွေး လျှောက်ရေးရကျိုး ဆတိုး ပြည့်စုံသွားပါလိမ့်မယ် ခင်ဗျား။

Htar Htar Myint သာမီးလည်း အဲလိုပဲ ဆယ်တန်းကို အောင်ရုံ၊ ဘွဲ့ကိုလည်း ရရုံပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် လူလည်ဆိုတာ သိတော့ အဲဒီ့မှာဘာမှမဖြစ်ပေမယ့် သည်မှာကတော့ ဆရာမကြီး ဖြစ်လာတာပေါ့ သည်မှာကတော့ ဉာဏ်ရည်နဲ့ အလုပ် လုပ်တတ်တဲ့သူတွေက နေရာကောင်းကောင်း အမှတ်ကောင်းကောင်း ရတယ် ဦးကြီးရေ။ ဘာအကပ်မှ မလိုဘူး။

အဟောင်းထဲက အစုတ်တွေ – ၅

၂၀၁၅ ခုနှစ် မတ်လ ၁၄ ရက်

တောင်ကြီးခရီးစဉ်

လမ်း ၄၀ ကို ပြောင်းချိန်မှာ အန်ကယ်ဦးအောင်ဆွေတို့ လင်မယားနဲ့ အမေတို့နဲ့က စခန်းသတ် လမ်းပြတ်သွားကြပြီ။ လမ်း ၄၀ ကို ၁၉၆၇ ခုနှစ် ဇူလိုင်လမှာမှ ပြောင်းခဲ့တာဆိုတော့ အဲဒီ့ ၁၉၆၇ ခုရဲ့ နွေရာသီမှာ ပြတ်သွားကြတာပါ။

အဲဒီ့အချိန်က မာဇဒါ လေးဘီးကားလေးတွေ ပေါ်ခါစ။ အန်ကယ် ဦးအောင်ဆွေက ဘီ-၃၆၀ လိုက်(ထ်)ဗှယ်(န်) လေးဘီး ကားလေးတစ်စီးကို ၀ယ်စီးနေတယ်။ အဲဒီ့ကားလေးနဲ့ နှစ်မိသားစု တောင်ကြီးကို သွားကြတာ။ ကျွန်တော်တို့ သားအမိ သားအဖ သုံးယောက်ရယ်၊ အန်ကယ်ဦးအောင်ဆွေတို့ လင်မယားရယ်၊ သူတို့ရဲ့ တစ်နှစ်၊ နှစ်နှစ်အရွယ် ရင်ခွင်ပိုက် ကလေးလေးရယ်ပေါ့။

လေးဘီးကားဆိုတာ သိပ်ကျယ်လွင့်တဲ့ အမျိုးမဟုတ်ဘူး။ အန်ကယ်ဦးအောင်ဆွေက မောင်း၊ အဖေက ဘေးကထိုင်။ နောက်ခန်းမှာက မေမေရယ်၊ ကျွန်တော်ရယ်၊ အန်တီသီတာရယ် ထိုင်ကြတယ်။ ကျွန်တော်က အလယ်ကပေါ့။

ကျွန်တော့်မှာ လေတိုက်မခံနိုင်တဲ့ ရောဂါ ရှိတယ်။ မွေးကတည်းက ဖြစ်မယ် ထင်တယ်။ ကျွန်တော် ပန်ကာလေကို လုံးဝ မကြိုက်ဘူး။ ယပ်ခတ်တာလည်း မကြိုက်ဘူး။ ကားစီးတဲ့အခါလည်း ကားပြတင်းက လေတိုးနေတဲ့ ဒဏ်ကို မခံနိုင်ဘူး။ ရှေ့ခန်းက ထိုင်စီးရင် သည်လောက် မဖြစ်ပေမဲ့ နောက်ခန်းက စီးတဲ့အခါ အဲသလို လေတိုးတဲ့ ဒဏ်ကို ဘယ်လိုမှကို မခံနိုင်တာ ကလေးကတည်းက အခုထက်ထိပဲ။

အဲတော့ ကျွန်တော်က အလယ်က ထိုင်တာပေါ့။ လေးဘီးကား နောက်ခန်း ဆိုတာကလည်း ဘယ်လောက်မှ ကျယ်လှတာ မဟုတ်ဘူး။ အမှန်က နှစ်ယောက်ဆို ချောင်ချောင်ချိချိပေါ့။ သုံးယောက်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ထိနေတာပေါ့။

ကျွန်တော်လည်း အန်တီသီတာနဲ့ ထိနေရာတာကို သာယာနေတာပေါ့။ ၀န်ခံပြီးသားပဲလေ။ သူ့ကို စိတ်ထဲက ကျိတ်ပြစ်မှားနေပါတယ်ဆိုမှ။ အခုလို ထိနေရတော့ သာယာတာပေါ့။

ကံကောင်းချင်တော့ အန်တီသီတာက ချွေးစော်မနံဘူး။ ချွေးစော်နံတဲ့သူ ဆိုရင်တော့လည်း ကျွန်တော် သာယာတော့မှာ မဟုတ်ဘူး။ ကျွန်တော် သည်းမခံနိုင်ဆုံး အနံ့က အဲဒီ့ချွေးနံ့ဆိုးဆိုးပဲ။ အန်တီသီတာ့ဆီက အဲလို အနံ့ဆိုးတွေ မထွက်ဘူး။ အိုခေပေါ့။

လမ်းတစ်နေရာမှာ အဖေက နောက်လှည့်ကြည့်ပြီး ကျွန်တော့် ဒူးနှစ်ဖက်ကို ဆွဲစိတယ်။ “ကားမထိုင်နဲ့၊ စိထိုင်”တဲ့။ အဖေဆိုတော့ ကျွန်တော့် စိတ်တွေ ဖောက်ပြန်နေတာ ရိပ်စားမိနေမှာပေါ့နော်။

အန်တီသီတာက ချက်ချင်းပဲ၊ “အိုး… ဘယ်လိုဖြစ်တာလဲ”လို့ ပြောပြီး ကျွန်တော့်ဒူးနှစ်ဖက်ကို ပြန်ဆွဲကားလိုက်တယ်။ “စိမထိုင်နဲ့ ကားထိုင်။ ကြိုက်သလိုထိုင်၊ အဝေးကြီး စီးရတာကို”လို့ ပြောပြီး အားရပါးရ ရယ်နေတယ်။ အဲတော့ အဖေလည်း ဘာမှ မပြောသာတော့ဘူး။ ရှေ့ပြန်လှည့်သွားတယ်။ ကျွန်တော် ဖိုးကျိုင်းတုတ်လည်း အိုခေနေတော့တာပေါ့။

သူတို့ကလေးကို ဖေဖေက တစ်လှည့်၊ မေမေက တစ်လှည့် ပေါင်ပေါ် တင်ထားပေးကြတယ်။ အန်တီ သီတာလည်း ချီတဲ့အခါ ချီပေါ့။

တောင်ငူမှာလား မသိဘူး၊ တစ်ည ၀င်အိပ်လိုက်ကြသေးတယ်။ အဲဒီ့အထိ အားလုံးအကောင်း။

ဇာတ်ကွဲခန်း

တောင်ငူမှာ အဲဒီ့အချိန်က တည်းခိုခန်းတွေ၊ ဟိုတယ်တွေ မရှိသေးဘူး။ အဲတော့ ဌာနဆိုင်ရာ ဘိုတဲတစ်ခုမှာ ၀င်အိပ်ကြတာပါ။ ကားလည်း နား၊ လူလည်း နားတဲ့အနေနဲ့ တစ်ညအိပ် ကောင်းကောင်းနေလိုက်ကြတာ။

မျက်လုံးထဲမှာ မြင်နေသေးတယ်။ တောင်ငူမှာ အန်တီသီတာက ရင်ဖုံးအင်္ကျီလက်ပြတ် အ၀ါနုရောင်နဲ့ အနက်ပေါ်မှာ အ၀ါပွင့်တွေပါတဲ့ ထဘီကို တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါ ထင်းနေအောင်၊ လူတကာ ငေးရအောင် လှတာကို။

သူက အသားလည်းဖြူတယ်။ အရပ်လည်း မြင့်တယ်။ အန်ကယ်ဦးအောင်ဆွေက သူ့ထက် သုံးလက်မလောက် နိမ့်တယ်။ သူဌေးပုံထွက်ပေမယ့် ပေါက်ဖော် သူဌေးပုံရယ်။ အသားဖြူဖြူ၊ ဗိုက်ပူပူနဲ့ ပေါက်ဖော်ကြီးပေါ့။ အသက်ချင်းကလည်း ၁၀ နှစ်မက ကွာတော့ တကယ့်တကယ် သူတို့လင်မယားက မလိုက်ဖက်လှဘူး။

အဲလို မလိုက်ဖက်တဲ့ လင်မယားက နောက်တော့လည်း ကွဲသွားကြပါတယ်။ ဆယ်နှစ်တောင် မပေါင်းလိုက်ကြရဘူး ထင်တယ်။ ငွေနဲ့ ၀ယ်ထားတဲ့ အိမ်ထောင်ရေးကိုး။

သူတို့တွေ့ကြပုံကလည်း ရယ်ရတယ်။ အန်တီသီတာ အထက်တန်းကျောင်းသူဘ၀မှာ သူ့ရုပ်ရည်၊ သူ့အရပ်အမောင်းကြောင့် အားကစားပွဲတစ်ပွဲမှာ ရှေ့ဆုံးက အလံကိုင်အဖြစ် တာဝန်ယူခဲ့ရတယ်။ အဲဒီ့ပွဲရဲ့ ဓာတ်ပုံက စာစောင်တစ်ခုမှာ ပါလာတယ်။ အဲဒါကို အန်ကယ်ဦးအောင်ဆွေက မြင်ပြီး အဲဒီ့ကျောင်းသူကို တအားတွေ သဘောကျသွားတာနဲ့ မရအရ စုံစမ်း၊ မိဘတွေကို ငွေနဲ့ပေါက်ပြီး သမီးကို အရယူလာခဲ့တာကလား။

ကျွန်တော်တို့ ခရီးစဉ်ကို ပြန်သွားရရင်တော့ တောင်ငူမှ တစ်ညအိပ်ပြီးတဲ့နောက် တောင်ကြီးကို ဆက်တက် ကြတယ်။ အောင်ပန်းကျော်ကျော် ထင်တယ်၊ လမ်းလယ်ကြီးမှာ ဘာက ဘယ်လို ဖြစ်တယ်ဆိုတာ ကျွန်တော်လည်း မသိလိုက်ဘူး။

အန်ကယ် ဦးအောင်ဆွေက ကားရပ်ပေးပြီး အဖေက ဆင်းဆိုတာနဲ့ ဆင်းလိုက်ရတယ်။ ကျွန်တော်တို့ ခရီးဆောင်အိတ်တွေ ချတယ်။ ပြီးတော့ အဲဒီ့လမ်းလယ်မှာ ကျွန်တော်တို့ သားအမိသားအဖ သုံးယောက် ကျန်ရစ်တယ်။ အန်ကယ်ဦးအောင်ဆွေက ဆက်မောင်းထွက်သွားတယ်။

ကျွန်တော် ဘာမှ နားမလည်လိုက်ဘူး။ လမ်းလယ်မှာ ကားစောင့်ရင်း ကားကြုံရတော့ ကျွန်တော်တို့လည်း တောင်ကြီးကို တက်ကြတယ်။ တောင်ကြီးမြို့ထဲမှာ အန်ကယ် ဦးအောင်ဆွေရဲ့ ကားလေးကို ရိပ်ခနဲ လှမ်းမြင်လိုက်တာ နှစ်ခါ သုံးခါ။ အဖေတို့က မသိချင်ယောင်ဆောင်နေကြတယ်။

နောက်တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရန်ကုန် ပြန်လာခဲ့ကြတယ်။ ဘာဖြစ်သွားမှန်း ယနေ့ထက်တိုင် ကျွန်တော် မသိဘူး။

မမေ့နိုင်သော…

နောက်ပိုင်း ကျွန်တော် တက္ကသိုလ် ဒုတိယနှစ်လောက်ရောက်တော့ အန်တီသီတာနဲ့ ပြန်ဆုံသေးတယ်။ သူက ဒုတိယအိမ်ထောင်နဲ့။ လှတုန်းပဲ။ ကျွန်တော့်ကိုလည်း ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီး ဆက်ဆံပါတယ်။ သူက အလှပြင်ဆိုင် ဖွင့်တော့ တစ်ခါသားမှာ သူက ကျွန်တော့်ကို ဆံပင်ညှပ်၊ ခေါင်းလျှော်ပေးဖူးတယ်။ အဲတုန်းက ကျွန်တော်က ၂၀ ကျော်၊ သူက ၃၀ ကျော်ပေါ့။

ခေါင်းလျှော်တာကို ပက်လက်လှန်ပြီး ခေါင်းနဲ့ တိုင်းလုပ်ထားတဲ့ ခေါင်းလျှော် ရေကန်စောင်းမှာ ခေါင်းတင်ပြီး မျက်နှာမစိုအောင် ခေါင်းလျှော်တာ တစ်ခါမှ မခံဖူးခဲ့ဘူး။ အဲဒါ ပထမဆုံးအကြိမ်ပဲ။ အဲဒီ့အချိန်က အမျိုးသမီးတွေက ဆံပင်ညှပ်ပေး၊ ခေါင်းလျှော် ပေးတာကို ယောက်ျားတွေ ခံယူတဲ့ ကာလလည်း မဟုတ်သေးဘူး။ အမျိုးသမီးတွေတောင်မှ ပွဲလမ်းရှိမှ အလှပြင်ဆိုင် သွားကြတဲ့ခေတ်။ ဆံပင်ကောက်တာတွေ ဖြောင့်တာတွေလည်း သိပ်လုပ်ကြတာ မဟုတ်ဘူး။ ညှပ်တာ လျှော်တာတော့ လုပ်ကြမှာပေါ့။

အန်တီသီတာကလည်း သူ့ဆိုင်မှာ ဘယ်ယောက်ျားကိုမှ လက်ခံတာ မဟုတ်ဘူး။ ကျွန်တော့်ကိုတော့ ကလေးကတည်းက သိတဲ့ သံယောဇဉ်ကြောင့်လား မသိဘူး၊ သူကပဲ ညှပ်ပေးမယ်၊ လျှော်ပေးမယ်ဆိုပြီး ပြောလို့ ကျွန်တော်လည်း လုပ်လိုက်တာ။

အားပါး… မမေ့ဘူးဗျာ။ ခုပြော ခုမြင်သေးတယ်။ ပက်လက်လှန်ပြီး သူခေါင်းလျှော်ပေးတာ ခံရတဲ့ အရသာက တကယ့် ထူးရှယ်ပါပဲ။ စကားတပြောပြောနဲ့ပေါ့။ မျက်နှာကိုလည်း ရေမစိုတော့ ကျွန်တော်လည်း မျက်လုံး ဖွင့်ထားတာပေါ့။

သူ့မျက်နှာလှလှကို အောက်က တ၀ကြည့်ရင်း သူ စိတ်ပါလက်ပါ လျှော်ပေးတာ ခံရတဲ့ အရသာဗျာ။ တကယ် သာယာခဲ့ပါတယ်။ သူနဲ့ ဘယ်လိုက ဘယ်လို ပြန်ဆက်စပ်မိသွားတာလဲတော့ မသိဘူး။ နောက်ကျတော့ သူ့သားလေးတစ်ယောက်ကို ကျွန်တော် စာသင်ပေးဖူးသေးတယ်။ အဲတော့လည်း သူနဲ့ မကြာမကြာ ဆုံဖြစ်နေတာပေါ့ဗျာ။ သူ့နောက်အိမ်ထောင်ကိုတော့ တစ်ခါဆို တစ်ခါမှ မမြင်ဖူးဘူး။

ထူးခြားတာက အန်တီသီတာနဲ့သာ ပြန်ဆုံတာ၊ အန်ကယ် ဦးအောင်ဆွေနဲ့တော့ လမ်းပေါ်မှာ ဖြတ်သွား ဖြတ်လာ တွေ့တာက လွဲရင် ယနေ့ထက်တိုင် စကားပြောဖြစ်တဲ့အထိ ပြန်မဆုံတော့တာ တောင်ကြီးအသွား လမ်းမှာ လမ်းခွဲလိုက်ကြကတည်းကပါပဲ။

အန်တီသီတာ့ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်က တစ်ခါ ဖျတ်ခနဲ တွေ့လိုက်သေးတယ်။ သူက လမ်းကူးမလို့ လုပ်နေတုန်း ကျွန်တော်က ကားဖြတ်မောင်းသွားရင်းနဲ့ တွေ့လိုက်တာ။ လမ်းက အင်မတန် ရှုပ်တဲ့နေရာမို့ ကျွန်တော် ကားရပ်ပြီး နှုတ်မဆက်နိုင်ခဲ့ဘူး။

သူ့အသက်က ငါးဆယ်ကို ကောင်းကောင်းကျော်ပြီ ဖြစ်ပေမယ့် ကိုယ်လုံးကိုယ်ပေါက်က အရင်ထက် မဆိုစလောက်ကလေးပဲ နည်းနည်းပိုဝလာတာကို အမှတ်ထင်ထင် တွေ့လိုက်တယ်။ အိုသွားပေမယ့် ရုပ်ရည်ကလည်း ချောတုန်းပဲ။ ဖျတ်ခနဲမို့လို့သာပေါ့နော်။ 🙂

ဘ၀ကြီးကိုက ရွှေတလွဲ

လမ်း ၄၀ ရောက်တော့ ညနေ ထမင်းစားပြီးချိန်ဆိုရင် အဖေက လမ်းလျှောက် ခေါ်တတ်တယ်။ တစ်ခါတလေ ရွှေတိဂုံ ဘုရားအထိ အသွားအပြန် မိသားစု လမ်းလျှောက်ကြတယ်။ တစ်ခါတလေ ဗိုလ်တထောင်ဘက်။ ကန်တော်လေးဘက်။ အဝေးဆုံး လျှောက်ဖူးတာက ကျောက်မြောင်း ကျားကွက်သစ်အထိပဲ။

တစ်ခုတော့ ကောင်းသွားတယ်။ ရန်ကုန်လမ်းတွေကို တော်တော် သိသွားတာပါပဲ။

အဲဒီ့အချိန်မှာ အဖေ့အမျိုးဆိုလား မသိဘူး၊ တောင်ဥက္ကလာမှာနေတဲ့ အဘိုးကြီး တစ်ယောက်နဲ့လည်း အဆက်အသွယ်ရတယ်။ ဦးစိန်ထွန်းတဲ့။ အဘိုးကြီးအိမ်ကိုလည်း သွားလည်ကြတယ်။ အပြန်မှာ အဘိုးကြီးက ပေးလိုက်တဲ့ သံပတ် မြင်းရုပ်လေး တစ်ရုပ်ရယ်၊ ဓာတ်ခဲနဲ့ သုံးတဲ့ အကော်ဒီယံတီးနေသူ လူရွှင်တော်ရုပ် တစ်ရုပ်ရယ် ရလာတယ်။

ကျွန်တော့်ဘ၀ရဲ့ ပထမဆုံး သံပတ်ရုပ်၊ ဓာတ်ခဲအားသုံး အရုပ်နှစ်ရုပ်ပါပဲ။ ခက်တာက ကျွန်တော်က အဲသလို အရုပ်နဲ့ ဆော့တဲ့ အရွယ်မဟုတ်တော့ဘူး။ လူပျိုဖော်ဝင်စ ရမ္မက်သွေးကြွတဲ့ အရွယ်ရောက်နေပြီ။ အဲဒီ့အချိန်ကျတော့မှ ကျွန်တော့်လက်ထဲ အဲသလို သံပတ်ရုပ်တွေ ရောက်လာပါတယ်။

ကျွန်တော့်ဘ၀က အဲလို အလွဲကြီးတွေဗျ။

ရည်းစားထားရမယ့် အရွယ်မှာ ရည်းစားမရှိဘူး။ မထားချင်လို့ မဟုတ်ဘူး၊ ထားချင်တာမှ တစ်ပိုင်းမကဘူး၊ အပိုင်းပိုင်းကို သေလို့ရယ်။ ကျွန်တော့်ကို ကြိုက်မယ့်သူကို မရှိလို့။ ဟော… အသက် ၃၀ နား ကပ်လာတော့မှ ရည်းစားတွေ ဘာတွေနဲ့ ဖြစ်လာတာ။ အရွယ်လွန်တော့မှ ဖြစ်ပုံ ပြောပါတယ်။ အိမ်ထောင်လည်း ကျပြီးရော စွံလိုက်တာဗျာ။ လွဲချက်တွေက တစ်ဘ၀လုံး အဲသလို တစ်သီကြီးပဲ။

အဲ… အဲဒီ့ မြင်းရုပ်ကလေးက နွားကျောင်းသူမ ဆံပင်ဖားလျားလေး အပေါ်က ထိုင်စီးလို့။ မြင်းဖြူလေး။ တစ်ခါက တစ်နေရာမှာ ရေးပြီးပါပြီ။ ဘယ်မှာလဲတော့ မမှတ်မိတော့ဘူး။ အိမ်ကို ဘာအကြောင်းကြောင့်မှန်း မသိ ရောက်လာတဲ့ မိန်းမလျာတစ်ယောက်က အဲဒီ့မြင်းရုပ်ကို စင်ပေါ်တင်ထားတာမြင်တော့ မြင်းဖြူရှင်နတ် မှတ်ပြီး လက်အုပ်ကလေးချီလို့ ကန်တော့တာမို့ ကျွန်တော့်မှာ ရယ်လိုက်ရတဲ့ အကြောင်း။

ရေဒီယိုခေတ်

အိမ်မှာက ရေဒီယိုတစ်လုံးပဲ ရှိတာ။ နက်ရှင်နယ်(လ်) မီးသီးရေဒီယို။ ထရန်ဇစ္စထာ ရေဒီယို မဟုတ်ဘူး။

ခုခေတ်လူငယ်တွေ မီးသီးနဲ့ ရေဒီယိုဆိုတာကို ကြားတောင် ကြားဖူးမှာ မဟုတ်တော့ဘူး ထင်တယ်။ ရေဒီယိုဆိုတာ တယ်လီဖုန်းလို ပြားပြားကပ်ကပ်လေးထဲမှာတောင် ပါနေမှတော့ အဲဒီ့ အယ်စတုံ ရေဒီယိုကြီးတွေကို စိတ်ကူးထဲတောင် မှန်းကြည့်လို့ရမယ် မထင်ဘူး။

နည်းပညာတိုးတက်မှုက ၂၀ ရာစု ကုန်ခါနီးမှာ တအားမြန်ဆန်သွားခဲ့ပြီကိုး။ ထရန်ဇစ္စတာဆိုတာတောင်မှ မရှိတော့တာလေ။

မီးသီးရေဒီယိုက ပုံတွေမှာ ပြထားတဲ့အတိုင်းပဲ အယ်စတုံကြီးတွေပါ။

ကျွန်တော်တို့အိမ်မှာ ရှိခဲ့တဲ့ နက်ရှင်နယ်(လ်) ရေဒီယိုနဲ့ တစ်ထပ်တည်း တူတဲ့ ရေဒီယိုကို အင်တာနက်ထဲမှာ ကံအားလျော်စွာ တွေ့ရတယ်။ အဲဒါကြီးက အလျား တစ်ပေခွဲ၊ အမြင့် တစ်ပေ၊ ထုအားဖြင့် ရှစ်လက်မ၊ ကိုးလက်မတော့ ရှိမယ် ထင်တယ်။

ခလုတ်ဖွင့်၊ မီးပွင့်လာပေမယ့် အသံထွက်လာအောင် စောင့်ရသေးတယ်။ အကြာကြီးတော့ မဟုတ်ပါဘူး။ သုံး၊ လေး စက္ကန့်လောက် စောင့်ရတာပါ။ မီးလုံးတွေ နည်းနည်းပူလာမှ အသံထွက်ပါတယ်။

အိမ်မှာ သီချင်းဖွင့်လို့ရတဲ့ ပစ္စည်းဆိုလို့ အဲဒါတစ်လုံးပဲ ရှိတယ်။

သည်အပိုင်းမှာ ပြောကြတာ

Kyi Kyi Khin အိမ်မှာလည်း အဲ့လိုရေဒီယို ရှိဖူးတယ်။ ဖွင့်ထားပြီး စိမ်းလာမှ အသံလာတယ်။

ATK အယ်… ဒေါ်လေး Kyi လည်း မှီလိုက်သေးတယ်လာ့။ ဒါဆို မငယ်ဒေါ့ဝူးပေါ့နော်။ ကျွန်တော်က ၃၀ လောက် မှတ်နေတာာာာ

Kyi Kyi Khin ၃၀ကျော်ပဲ ရှိသေးတာလေ။

Saw Zar Li ဆရာ့အဖေနဲ့ အမေပုံ မမြင်ဘူးလို့ ပြပါလား ဆရာ… မြင်ဖူးချင်လို့ပါ

ATK Daw Saw Zar Li က အတက်ကြီးဘီဆိုဒေါ့ မေ့တွားဘီ ထင်ပါရဲ့။ အဖေ့ပုံက တင်ဖူးတယ်။ ဦးရဲထွတ်တောင် အဲဒါကို ရှဲလို့ သူ့အဖေလို့တောင် ထင်တဲ့သူက ထင်ကုန်ကြဖူးသေးတဲ့ ဟိုးလေးတကြော်။

'သည်နေ့ ကျွန်တော့်ဘ၀ထဲက ကျွန်တော့် အဖေ ပျောက်သွားတာ ၃၇ နှစ်တင်းတင်း ပြည့်ပါတယ်။</p><br />
<p>အဖေ သေသွားတယ်လို့ မရေးဘူးနော်။ ကျောက်ပန်းတောင်းကို ငှားတဲ့သူ ရှိလို့ဆိုပြီး ကိုယ်ပိုင် အငှားယာဉ်ဆရာ ကျွန်တော့်အဖေ အိမ်က ထွက်သွားတဲ့နေ့ပါ။ နောက်နှစ်ရက်အကြာမှာ အဖေမောင်းသွားတဲ့ ဇ/၈၀၇၉ မာဇဒါလေးဘီးဗင်ကားလေးကို မန္တလေး ကုန်ရုံဘူတာဘေးမှာ ပိုင်ရှင်မဲ့တွေ့လို့ အမှတ် ၈ ရဲ စခန်းက သိမ်းဆည်းထားတဲ့အကြောင်း မန္တလေးထုတ် ဟံသာဝတီ သတင်းစာမှာ ပါလာပါတယ်။ ကားက အမေ့နာမည်နဲ့မို့ လွယ်လွယ်ကူကူ ပြန်ထုတ်လို့ ရခဲ့ပေမယ့် အဖေ့ကိုတော့ မတွေ့ရတော့ပါဘူး။</p><br />
<p>ရှိသမျှ အာဏာပိုင် အဖွဲ့အစည်း၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများဆီကို စာတို စာရှည်များနဲ့ အကြောင်းကြား တိုင်တန်းခဲ့ပါတယ်။</p><br />
<p>တစ်နှစ်ကျော်အကြာမှာတော့ ရေတာရှည်အလွန် ရန်ကုန်-မန္တလေးသွား ကားလမ်းနံဘေး ရေမြောင်းထဲမှာ အဲဒီ့အချိန်က လူသေအလောင်းတစ်လောင်း ပေါ်တယ်လို့ ရေတာရှည် ရဲစခန်းမှူးက အကြောင်းကြားလာပါတယ်။ အလောင်းက သိပ်ပုပ်ပွနေလို့ ခပ်လှမ်းလှမ်းကပဲ ကြည့်ခဲ့ပါတယ်တဲ့။ အလောင်းမှာ ပတ်ထားတဲ့ နာရီနဲ့ ပုဆိုးစကိုတော့ ဆုတ်ယူထားလိုက်တယ်တဲ့။ ၀တ်ထားတာက ရှပ်ဖြူလက်ရှည်ကို ကြယ်သီးတပ် ၀တ်ဆင် ထားပါသတဲ့။</p><br />
<p>အဖေက အင်္ကျီဆို အဖြူပြောင် တစ်မျိုးတည်းသာ ၀တ်ဆင်သူပါ။ နာရီလည်း အဖေ့နာရီ မှန်ပါတယ်။ ပုဆိုးလည်း အဖေ ၀တ်တဲ့ ပုဆိုးပါ။ သို့သော် ခပ်လှမ်းလှမ်းကပဲ ကြည့်ခဲ့ပါတယ်ဆိုတဲ့ စခန်းမှူးက ကျွန်တော်တို့ ပြောတဲ့ ပုံပန်း မဟုတ်ဘူးလို့ ဆိုပါတယ်။ အတူစစ်ခဲ့တဲ့ မြို့နယ်ဆရာဝန်ကတော့ ဟုတ်သတဲ့။</p><br />
<p>သည်လိုနဲ့ ဈာပန အခမ်းအနားလည်း မရှိ၊ ဆွမ်းလည်း မသွပ်၊ နာရေးကြော်ငြာလည်း မမြင်ရဘဲ အညတြ လူသားတစ်ယောက်ဟာ လူ့လောကကနေ ပျောက်သွားခဲ့ပါတယ်။</p><br />
<p>သူ့ကို သတ်ခဲ့တဲ့သူတွေလည်း သည်လောကမှာ ရှိချင်မှ ရှိကြတော့မှာပါ။ စခန်းမှူးကြီးနဲ့ မြို့နယ် ဆရာဝန်ကြီးလည်း ရှိချင်မှ ရှိတော့မှာပေါ့။</p><br />
<p>ဒါပေမယ့် ကျွန်တော့်အတွက်တော့ အဖေ ရှိနေသေးတယ်။ ကျွန်တော့် သည်ကနေ့ ဖြစ်တည်မှု အတွက် အဖေက အဓိကပဲ။ အဖေ့စည်းကမ်းတွေ၊ အဖေ့အရိုက်အနှက်၊ အဆူအပူ၊ အအော်အဟစ်၊ အဆဲအဆိုတွေကြားမှာ ကျွန်တော် လူဖြစ်ခဲ့ရတယ်။ အဖေကို ကျွန်တော် တအား နာကျည်းခဲ့တယ်။</p><br />
<p>အခုတော့ နားလည်သွားပါပြီ။ အဖေ့ပညာနည်းမှု၊ အဖေ့ စာဖတ်အားနည်းမှု၊ အဖေ့ ဖြစ်လိုစိတ်နဲ့ ဇွဲနပဲ၊ အဖေ့ သိမ်ငယ်စိတ်၊ အဖေ့ရဲ့ တစ်ဦးတည်းသော သားအပေါ်ထားတဲ့ စေတနာ၊ ဘယ်သူမှ မသိဘဲ စိတ်ကျန်းမာရေး ချို့တဲ့နေရှာတဲ့ အမေနဲ့ ပေါင်းရတဲ့ အဖေ့ မွန်းကြပ်မှု။</p><br />
<p>အားလုံးကို ကျွန်တော် နားလည်ချိန်ဟာ သိပ်ကို နောက်ကျသွားခဲ့ပါပြီ အဖေ။</p><br />
<p>ဘ၀ဆက်တိုင်း ဆက်တိုင်း အဖေ အခုလို အဖြစ်ဆိုးမျိုးနဲ့ ထပ်မကြုံပါစေနဲ့တော့။</p><br />
<p>အဖေ့အပေါ် ကျွန်တော့် တစ်ဘ၀လုံး မနောကံနဲ့ ပြစ်မှား ကျူးလွန်ခဲ့မိသမျှ ၀န်ချတောင်းပန်ရင်း ကန်တော့လိုက်ပါတယ် အဖေ...</p><br />
<p>သည်စာကို ကျွန်တော် မျက်ရည်တွေနဲ့ ရေးလိုက်ပါတယ် အဖေရယ်...'သည်မှာ ပြန်ကြည့်ပါဗျာ။ အမေ့ပုံတော့ နောက်ပိုင်း တင်ပေးပါ့မယ်။

https://www.facebook.com/photo.php?fbid=10202299483232326&set=pb.1348695066.-2207520000.1426351977.&type=3&src=https%3A%2F%2Ffbcdn-sphotos-a-a.akamaihd.net%2Fhphotos-ak-xap1%2Fv%2Ft1.0-9%2F68850_10202299483232326_1048992431_n.jpg%3Foh%3D84dd2fecf4f954b92792dcefa5268d6c%26oe%3D5575A9B8%26__gda__%3D1437874833_63236c683ffbaf0772546a5f49b7a9d1&size=251%2C377

Saw Zar Li အဲ ဟုတ်တား အခုပြန်ကြည့်တော့ မှတ်မိတွားဘီ

Oakker Seithu ငယ်တုန်းက အဲဒီမီးသီး ရေဒီယိုနဲ့ နားထောင်ဖူးလိုက်သေးတယ်။ ၁၉၉၃ လောက်အထိပဲ။ မြန်မာ့ အသံကလာတဲ့ ဇာတ်လမ်းပမာနားဆင်စရာ၊ နေ့လည်ပိုင်းမှာလာတဲ့ ကလေးတွေအတွက် ပုံပြင် အစီအစဉ်၊ ဘီဘီစီ အဲဒါတွေ နားထောင်ဖူးတာပဲ မှတ်မိတော့တယ်။ အခုတော့ အဲဒါကြီး မရှိတော့ဘူး။

Thet Chow ATK ငယ်ငယ်က အဖေနဲ့တူတယ်။ မှတ်မိသေးတယ် နီလာ က your mother ကိုအရမ်းခင်တာဘဲ သူပြောတယ် She’s very pleasant person, I love talking with her, she is tall and very graceful ဆိုဘဲ တမ်းတမ်းတတနဲ့ ပြောတာ နီလာ ကလဲ လမ်း၄၀နားမှာဘဲနေတာ မို့လား။

ATK  မဟုတ်ဘူး။ နီလာက ဖရေဇာပေါ်မှာ နေတာ။ ၃၆ လမ်းဘက်ကို ပန်းဆိုးတန်း လမ်းထောင့်ကနေ စရေရင် အောက်ထပ် တတိယမြောက်တိုက်ခန်းမှာ။

Thet Chow အော် … ဒီကောင်လဲ ဖုံးမဆက်ဖူး မတွေ့တာလဲ ကြာဘီ

ATK  ညည်းဆက်လိုက်လေ။ သင်္ကြန်ဆို သူ့ကို သတိရတယ်။ သူနဲ့ သုံးနှစ်ဆက်တိုက် လည်ဖူးတယ်။

Thet Chow ဟုတ်ပါတယ် ကျုပ်အမှားပါ အိမ်ပြောင်းပြီး ဖုံးပြောင်းတော့ သူဘယ်သိမလဲ ဒါပေမဲ့ ဒင်းက အီးမေးတောင်ရေးဖော်မရဖူး

ATK  ရေးရာတွေ များနေလို့ နေမှာပေါ့အေ

၂၀၁၅ ခုနှစ် မတ်လ ၁၅ ရက်

ရေဒီယိုကျေးဇူး

ခက်တာက ကျွန်တော်က သီချင်းကို အတော် ၀ါသနာကြီးတာ။ ရေဒီယိုနဲ့ပဲ နေရတော့ ရေဒီယိုကို တစ်ချိန်လုံး ဖွင့်တာပေါ့။ အဲတော့ ရေဒီယိုသီချင်းအတော်များများကို အလွတ်ရနေတယ်။

အဲဒီ့ခေတ်ကလည်း မြန်မာ့အသံ ရွှေခေတ်။ ရေဒီယိုက လွှင့်တဲ့ သီချင်းတွေကလည်း အညွှန့်အဖူးတွေချည်းပဲ။ ကျွန်တော်က အဲဒီ့သီချင်းတွေလာရင် ပလွေတစ်လက်နဲ့ လိုက်မှုတ်တော့တာ။ ကျွန်တော့်ပလွေက သံမှန်။ စီသံနဲ့ ပလွေ။ ဒါပေသည့် လွှင့်နေတဲ့ သီချင်းနဲ့ ခီးကိုက်အောင် မရအရ လိုက်မှုတ်ခဲ့ပါတယ်။ ရှာ့(ပ်)တွေ၊ ဖလက်(ထ်)တွေတော့ ဘယ်မှန်မလဲလေ။ သို့သော် မဖြစ်ဖြစ်အောင်တော့ မှုတ်နေတာပဲ။

ပလွေကလည်း ကျွန်တော့်ရဲ့ တစ်ခုတည်းသော တူရိယာ။ အဲတော့ အဲဒါကိုပဲ ဒိုင်ခံ သုံးရတာပေါ့။ ဒို-ရေ-မီ-ဖာ တွေ မလိုတော့ဘူး။ သိပ်မှုတ်လွန်းတော့ နားစောင့်နဲ့တင် ဘာလာလာ မှုတ်လို့ရနေပြီ။ ပြီးတော့ ကျွန်တော့် ပလွေက ဘင်ခရာမှာ သုံးတဲ့ ကန့်လန့်ဖြတ်မှုတ်ရတဲ့ ပလွေမျိုး။ နှဲလို တည့်တည့်မှုတ်တာမျိုး မဟုတ်ဘူး။

နောက်ဖေးအိမ်က ပေါက်ဖော်တစ်ယောက်ကလည်း ၀င်းဦးသီချင်းတွေ တကြော်ကြော်ဆိုတယ်။ ကျွန်တော်ကလည်း နောက်ဖေးရောက်ရင် ဆိုတော့တာပဲ။ အပြိုင်ကျဲနေကြတာပေါ့။ လူတော့ တစ်ယောက်နဲ့ တစ်ယောက် ကနေ့အထိ မမြင်ဖူးကြပါဘူး။

အဲဒီ့အချိန်က တွံတေးသိန်းတန်တို့၊ မောင်မောင်ညွန့်၊ မောင်မောင်ကြီးတို့ရဲ့ သီချင်းတွေကို ကြိုက်ရကောင်း၊ ဆိုရကောင်းမှန်း မသိသေးဘူး။ တောသီချင်းတွေဆိုပြီး ရေဒီယိုကလာရင်တောင် အသံကို တိုးပစ်ခဲ့တာ။ ကျွန်တော်ကြိုက်တာက ကိုရဲဝင်းတို့၊ ကိုချစ်မြိုင်တို့၊ မောင်မောင်သန်းတို့၊ ကိုမောင်မောင်တို့၊ မောင်ကြည်တိုးတို့ရဲ့ သီချင်းမျိုးတွေပါ။

မြန်မာ့အသံတစ်ခေတ်မှာ ကောင်းတာက ဇာတ်လမ်းပမာ နားဆင်စရာနဲ့ အသံလွှင့်ဇာတ်တွေပဲ။ စနေနေ့ည သတင်းအပြီး ည ၈ နာရီ ၁၅ မိနစ်ကနေ ကိုးနာရီအထိ လွှင့်တဲ့ အသံလွှင့်ဇာတ်ကို ပရိသတ်က စောင့်နားထောင်ခဲ့ရတယ်။ ရုပ်ရှင်သရုပ်ဆောင် အကျော်အမော်တွေက အသံနဲ့ သရုပ်ဆောင်ပေးကြတာပေါ့။

နောက်ပြီးတော့ အင်္ဂလိပ်ပိုင်း အစီအစဉ်။ အဲဒီ့ခေတ် အင်္ဂလိပ်ပိုင်း အစီအစဉ်က အသံလွှင့်တဲ့ ဦးလှဘူး (အခု ဘေ့(စ်)ဂစ်တာဆရာ ဖိုးကလဲရဲ့ ဖခင်)တို့၊ အယ်လစ်ဆင်(န်) ထွန်းဝေတို့ရဲ့ အသံထွက်တွေက တကယ့်ကို ပီပြင် ဋ္ဌာန်ကရိုဏ်းကျတယ်။ တချို့က ကျွန်တော့် မြန်မာ၊ အင်္ဂလိပ် စကားပြောဟန် လေယူလေသိမ်းနဲ့ အသံထွက်တွေ ဘယ်လို ကျင့်ခဲ့သလဲလို့ မေးတတ်ကြတယ်။

မြန်မာ့အသံ မြန်မာပိုင်းရော၊ အင်္ဂလိပ်ပိုင်း အစီအစဉ်ရောမှာ အသံလွှင့်နေခဲ့ကြသူတွေဟာ ကျွန်တော့်ရဲ့ ကြားဆရာတွေပါ။ တစ်ခါတစ်လေဆို သူတို့ ဖတ်တဲ့ သတင်းက အိမ်မှာ ယူတဲ့ သတင်းစာထဲမှာ ပါလာရင် တိုက်ကြည့်ပြီး စိတ်ထဲက လိုက်ဖတ်တယ်။ ပြီးရင် ကိုယ်ဟာကိုယ် သူတို့လို အသံထွက်ပြီး ဖတ်ကြည့်ခဲ့ပါတယ်။ အင်္ဂလိပ်လိုက အဓိကပါ။

အဲဒါတွေက နောင်အခါ မိုက်ခရိုဖုန်း သုံးပြီး စကားပြောတဲ့အခါတွေ၊ ကြော်ငြာနောက်ခံ ပြောပေးတဲ့အခါတွေ၊ ရေဒီယိုမှာ ကျွန်တော့်အစီအစဉ် တင်ဆက်တဲ့အခါတွေ၊ ရေဒီယို၊ ရုပ်မြင်သံကြားမှာ ပြောတဲ့ဆိုတဲ့အခါတွေမှာ အများကြီး အကျိုးပေးခဲ့ပါတယ်။ အသံကို နေရာတကျ ထားသို ဖိဖော့ပြီး ပြောတတ်လာတော့တာပေါ့။

ရေဒီယိုနဲ့ တစ်ချိန်လုံး နေခဲ့ရခြင်းရဲ့ ကျေးဇူးပါပဲ။

ဝင်းဦးသီချင်းစာအုပ်

လမ်း ၄၀ အိမ်ကို ရောက်ပြီး မကြာခင်မှာ မန္တလေးက အမေ့မိတ်ဆွေတွေ လာလည်ကြတယ်။ အိမ်တည်း ဧည့်ပေါ့ဗျာ။ လာတာလည်း နည်းနည်း မဟုတ်ဘူး။ သားအဖ လေးယောက်တောင်။

အန်ကယ်ကြီးက ပကတိ မန္တလေးသားကြီး။ အသံကျယ်ကျယ်၊ ဟောင်ဖွာဟောင်ဖွာနဲ့ စကားပြောရင် အားပါးတရ။ သူက အသားညိုညို ထောင်ထောင်မောင်းမောင်း။ သူ့သမီးတစ်ယောက်ကလည်း မမလှပဲ။ အသားဖြူဖြူ၊ နည်းနည်း ကြည့်ကောင်းတယ်။ သူ့သားနှစ်ယောက်လည်း ပါလာတယ်။ သူတို့ကတော့ ညိုညိုတွေ။ သူ့သမီးအကြီးဆုံးက အဲဒီ့အချိန်မှာ ပညာရေးတက္ကသိုလ် တက်နေတာ။ အဲဒီ့အစ်မကြီးကကျတော့ ညိုညို၊ ရုပ်ဆိုးဆိုး။

အမေ့ကို သူ့သမီးတွေ၊ သားတွေက မမလို့ ခေါ်ကြတယ်။ ကျွန်တော့်ကိုတော့ မောင်လေး၊ ညီလေးပေါ့။ သူတို့ နေတာကလည်း ရက်ရှည်နေတာဗျ။ တစ်လနီးပါးလား မသိဘူး ကြာတယ်။ အိမ်မှာ လူစည်နေတော့တာပေါ့ဗျာ။

ကျွန်တော်နဲ့က မမလှနဲ့ တည့်တယ်။ ကျွန်တော့်မှာ အစ်မ မရှိတော့ အဲလိုမျိုး အစ်မတစ်ယောက်ရှိနေရင် သိပ်ကျေနပ်ပေါ့။ ယောက်ျားချင်းတော့ အဲလောက် ကျွန်တော်က အစေးမကပ်ဘူး။ ဘာသိဘာသာပဲ။ (ဇ လေ၊ ဇ ဇ) 😀 

သူတို့ ပြန်သွားပြီး မကြာခင် မမလှက ကျွန်တော့်ဆီကို စာတိုက်ကနေ ၀င်းဦး သီချင်းပေါင်းချုပ် စာအုပ် ပို့ပေးလာတယ်။ သူက ကျွန်တော် ၀င်းဦးကို အသေကြိုက်မှန်း သိသွားတာကိုး။ စာအုပ်အတွင်းမှာ ကျွန်တော့်နာမည်နဲ့ သူ အမှတ်တရ ပေးပို့လိုက်တဲ့အကြောင်း စာသားကို မင်အပြာ လက်ရေးလှလှနဲ့ ရေးပေးထားပါတယ်။

ကျွန်တော့်အတွက် ပြဋ္ဌာန်းစာအုပ်ပေါ့။ သီချင်းစာအုပ်တစ်အုပ်နဲ့ ဆိုရတာ အမော။

မှတ်ကရော

သီတင်းကျွတ်၊ တန်ဆောင်တိုင်ဆို ရန်ကုန်မှာ ပွဲလမ်းသဘင်က တယ်ပေါပဲ။ အိမ်ကလည်း ပေးထွက်တယ်။ ကျွန်တော်လည်း တစ်ယောက်တည်း မြို့ထဲ လျှောက်ကြည့်တာ။ သီချင်းသံ ကြားတဲ့နေရာတွေ လျှောက်သွားကြည့်တာပေါ့။

တစ်ခါကများဆို ရယ်ရတယ်။

ညဘက်ကြီး အဲလို သွားနေရင်းနဲ့ တီးသံမှုတ်သံတွေ ကြားလို့ အဲဒီ့ အသံကြားရာ အရပ်ကို ဦးတည် ချီတက်သွားတာပေါ့။ မှတ်မိသေးတယ်။ အသံလာရာကို ချီရတာ ကျွန်တော့်အိမ်နဲ့ သိပ်မဝေးလှတဲ့ စပါ့(ခ်)(စ်) လမ်း (ဗိုလ်အောင်ကျော်လမ်း) အောက်လမ်းက ယနေ့ထက်တိုင်ရှိနေသေးတဲ့ ဆင်ဝင်ကြီးနဲ့ တိုက်ကြီးရဲ့ အောက်ထပ် အခန်းတစ်ခန်းမှာ တီးမှုတ်နေတာ။

ရန်ကုန်အထာကို သိပ်မသိသေးတော့ ပထမ သဘောမပေါက်ဘူး။ ခက်တာက ဂေါ်ဂေါ်ဂီဂီ လေမှုတ်တူရိယာနဲ့ ခေတ်ပေါ်သီချင်းတွေကို အကျအနသာ တီးနေတာ ပရိသတ်က မရှိဘူး။ တီးဝိုင်းကိုပဲ တွေ့တယ်။

ဘာလဲပေါ့။ ကျွန်တော်လည်း သိပ်မဝေးလှတဲ့ နေရာအထိ သွားကြည့်တော့မှ အလယ်မှာ အခေါင်းကြီး။ အိမ်သားတွေကလည်း အထက်အောက် အဖြူတွေ ၀တ်ထားကြတယ်။ မျက်နှာတွေကလည်း မသာမယာ။

တကယ်တော့ တရုတ်အသုဘပေကိုး ခင်ဗျာ။

မန္တလေးမှာ အဲဒါမျိုး မကြုံဖူးခဲ့တော့ မသိဘူးလေ။ အဲသလို ဓလေ့မျိုးလည်း မန္တလေးမှာ ရှိမှ မရှိတာကိုး။ အဲတော့ ကျွန်တော် မသိဘူးပေါ့။ ဆိုင်းသံ ဗုံသံကြားလို့ အဟုတ်မှတ်ပြီး သွားတော့မှ ပထမဆုံးအကြိမ် ကြုံဖူးတော့တာ။

အခုလည်း အဲဒီ့ပေါက်ဖော်ဓလေ့ ရှိသေးလား မသိဘူး။ မြို့ထဲနဲ့ ဝေးသွားတာ နှစ်ပေါင်း ၂၀ လောက်ရှိပြီမို့ သိပ်မသိတော့ဘူး။

စတီရီယိုခေတ်ဦး

ဘေးခန်း ကျွန်တော့်ချစ်မမတို့ အိမ်ကတော့ စီးပွားရေး ကောင်းတာမို့ ထိတ်(ပ်)ရခေါ်ဒါ ရှိတယ်။ သူတို့က မောင်နှမတွေ များတာမို့ တစ်ချိန်လုံးလည်း ဖွင့်ကြတယ်။ ကျွန်တော်တို့ အိမ်က မကြားချင်အဆုံးပဲ။

အဲဒီ့မှာ စတီရီယိုတေးလို့ ခေါ်တဲ့ ခေတ်ပေါ်သီချင်းတွေ ကြားရတော့တာ။ အဲဒီ့ခေတ်က ဂျင်မီဂျက်ဆိုတဲ့ လားရှိုး သိန်းအောင် သီချင်းက အများဆုံးပေါ့။ သူ့အသံက တလုပ်တွေအကြိုက် အသံလုံးမျိုး။ ပြီးတော့ သူက လားရှိုးသားပီပီ တလုပ်စကားလည်း တတ်ပုံရတော့ သီချင်းတွေကို တလုပ်လိုဆိုထားတာတွေက ပါသေးတယ်လေ။ ပန်းဘုရင်မလေးဆိုတဲ့ သီချင်းကတော့ တကယ့် လူကြိုက်များ ရေပန်းစားတဲ့ သီချင်းပေါ့။

နောက်ပြီးတော့ တက္ကသိုလ်အေးမောင်ရဲ့ သီချင်းတွေ။ သူက တစ်ယောက်တည်း တူရိယာအစုံ တီးပြီးဆိုတာပေါ့။ ဦးဘသိန်း (အဆိုတော် ဦးအံ့ကြီးရဲ့ ညီ)က အသံဖမ်းပေးတယ်။ multiple recording လို့ ခေါ်ခဲ့ပါတယ်။ တူရိယာသံတစ်ခုကို အရင်သွင်း၊ နောက်တစ်ခါ နောက်တစ်သံသွင်းပြီး အသံတွေထပ်၊ ရပြီဆိုမှ အဆိုနဲ့ ပြန်ထပ်တာမျိုးပါ။

ကျွန်တော်ထင်တယ်၊ မြန်မာပြည် ဂီတသမိုင်းမှာ အဲသလို တစ်ယောက်တည်း တူရိယာစုံ (lead, bass, drums, rhythm) စတာတွေ တီးပြီး တစ်ယောက်တည်းဆိုတာ အဲဒီ့ တက္ကသိုလ်အေးမောင် တစ်ယောက်ပဲ ရှိမယ် ထင်ပါတယ်။

သူ့အသံကလည်း ချိုတယ်။ သူ့ရဲ့ အကျော်ကြားဆုံး သီချင်းကတော့ ဘယ်ပန်းချီရေးလို့ မမီပေါ့။ အဲဒီ့သီချင်း ပေါ်တာက နောက်ကျပါတယ်။ ဘေးအိမ်ကနေ ဖွင့်နေလို့ ကြားရတာများတာကတော့ သူ့ရဲ့ စောစောပိုင်း သီချင်းတွေဖြစ်တဲ့ ချစ်စာနဲ့ ခွင့်စာတို့၊ ကားပြာလေးကို မျှော်ရတယ်တို့၊ မောင်တစ်ယောက်တည်း အူလည်လည်တို့လို သီချင်းတွေပါ။

အသက်မက ချစ်ရသူလေးရယ်၊ စွဲစွဲ စွဲမိပြီပေါ့ကွယ်၊ ဘာကြောင့်များ (ဗျန်းဗျန်းဗျန်း) ချစ်ရတယ် (ဗျန်းဗျန်းဗျန်း) ဘယ်သူမေးမေး ပြောမယ် ယုံချင်ယုံ မယုံချင်နေဆိုတဲ့ သူ့သီချင်းတစ်ပုဒ်ဆို အားတိုင်းဆိုခဲ့တာ။ (ဗျန်းဗျန်းဗျန်း)က သံပုံးကို ခွေးရှူရှူပန်းတဲ့ အသံမဟုတ်ဘူးနော်၊ ရစ်သမ်သံ။ 🙂 

နောက်ပြီးတော့ မင်းမင်းလတ်။ မင်းမင်းလတ် သီချင်းတွေတော့ ကျွန်တော်က အဲဒီ့အရွယ်မှာ ခံစားလို့ မရခဲ့ဘူး။ ခံစားလို့ မရသည့်တိုင် ဘေးအိမ်က ဖွင့်လွန်းတော့ တော်တော်များများကို အလွတ်ရနေပြန်ရော။

အဖေနဲ့ နှစ်ယောက်တည်း

လမ်း ၄၀ အိမ်ကို မေမေဘွားဘွားက လိုက်နေတယ်။

နေဦးဗျ။ လောပိတကနေ မေမေဘွားဘွားက မန္တလေးကို ပြန်ရောက်သွားသေးတယ်။ ဦးကြီးကိုကိုတို့နဲ့ ပြန်နေတာပေါ့။ လမ်း ၄၀ ကို ပြောင်းပြီးတော့မှ မေမေဘွားဘွားက မေမေ့ကို လှမ်းခေါ်တာနဲ့ မေမေ မန္တလေး ပြန်သွားရတယ်။ သားအဖ နှစ်ယောက်ပဲ ကျန်ရစ်တယ်။

အဲဒီ့အချိန်မှာတော့ အဖေနဲ့ ကျွန်တော်နဲ့က လွှတ်တည့်နေတယ်။ ညနေတိုင် ရုံးဆင်းလာရင် အဖေက ကျွန်တော့်ကို ပိုက်ဆံပေးတယ်။ ရုပ်ရှင်ကြည့်ချင် သွားကြည့်ချေတဲ့။

အဖေပေးတာက နှစ်ကျပ်ပေမယ့် ကျွန်တော်က တစ်ကျပ်ခွဲတန်းက မကြည့်ဘူး။ သုံးမတ်တန်း၊ ဟိုး ရှေ့ဆုံးတန်းက ကြည့်တာ။ ဒါမှ နှစ်ကား ကြည့်လို့ ရမှာကိုး။

အဲ… လမ်း ၄၀ မှာ ကျွန်တော်တို့ မိသားစု သုံးယောက်က တစ်ယောက်ကို အိမ်သော့တစ်ချောင်းစီ ရှိကြတယ်။ အိမ်ပြန်ဝင်ရင် ကိုယ့်သော့နဲ့ကိုယ် အိမ်ထဲ ဖွင့်ဝင်ရုံပဲ။ တံခါးခေါက်စရာ မလို၊ ဘယ်သူမှ ထဖွင့်ပေးစရာမလို။ အဲဒါ ကျွန်တော်တို့ အိမ်က စနစ်ပဲ။

အခု ကျွန်တော့်မိသားစုနဲ့ ကျွန်တော်နေတော့လည်း သည်စနစ်ကိုပဲ ပြန်ကျင့်သုံးပါတယ်။ ကောင်းတာက အခုခေတ်မှာ အလက်ထရောနစ်(ခ်) စနစ်နဲ့ တံခါးသော့ဖြစ်သွားတဲ့အခါ လျှို့ဝှက် ဂဏန်းကို မှတ်ထားလိုက်ကြရုံပဲ။ တံခါးဖွင့်ချင်တဲ့အခါ အဲဒီ့ ဂဏန်းနှိပ်ပြီး ဖွင့်လိုက်ကြတာပေါ့။

ကျွန်တော် ရုပ်ရှင်သွားကြည့်ပြီး ပြန်လာလည်း အဖေက ရှိချင်မှ ရှိတာ။ ကျွန်တော်လည်း အိမ်ပြန်ရောက်၊ အိမ်စာလုပ်စရာ ရှိတာလုပ်၊ စာကျက်စရာရှိ နည်းနည်းပါးပါးကျက်၊ ပြီးရင် အိပ်တာပဲ။ အဖေ ဘယ်အချိန် ပြန်ရောက်လာမှန်းတောင် မသိလိုက်ဘူး။

ထမင်းကတော့ ဖြစ်သလို စားကြတာပေါ့။ လျှပ်စစ်ထမင်းအိုးနဲ့ဆိုတော့ ကျွန်တော်လည်း ထမင်းချက်နိုင်နေပြီကိုး။

အဲဒီ့ခေတ် ရန်ကုန်က အခုလို အားတိုင်း ယားတိုင်း မီးပျက်မနေဘူး။ တော်တော် အဆင်ပြေတယ်။

ရေနံဆီခေတ်

ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ကို ပြောရရင် အဲတုန်းက မီးဖိုတွေက ရေနံဆီ မီးဖိုတွေ။ ရေနံဆီကလည်း ပေါမှပေါ။ လမ်းတွေပေါ်မှာ တွန်းလှည်းနဲ့ ရေနံဆီပုံးတွေတင်ပြီး အော်လံကြီး ပါးစပ်တေ့လို့ ရေနံဆီဆိုပြီးကို အော်ရောင်းနေကြတာ။

လေးဂါလံဝင် တစ်ပုံးမှ ငါးကျပ်ခွဲ။ ဘယ်နှထပ်ဖြစ်ဖြစ် ထမ်းပို့ပေးသေးတာ။

ထူးထူးဆန်းဆန်း ကျွန်တော်က ရေနံဆီနံ့၊ ဓာတ်ဆီနံ့၊ ဒီဇယ်နံ့၊ ကားမီးခိုးနံ့ကိုဆို တော်တော်သဘောကျတာ။ အတင်းတော့ လိုက်ရှူမနေဘူးပေါ့။ ဒါပေမယ့် အဲလို အနံ့လေးတွေများရရင် စိတ်က အလိုလိုပျော်သလိုကို ဖြစ်သွားတော့တာ။

ရေနံဆီမီးဖိုက နှစ်မျိုးရှိတယ်။ အိုင်ဒီစီမီးဖိုဆိုတာ တစ်ခု။ အဲဒါက အစိုးရက ထုတ်တာ။ သူက လေးထောင့်ပုံစံ။ အင်တာနက်ထဲမှာ ရှာလိုက်တော့ ပုံတွေ့တာနဲ့ တင်ပေးလိုက်တယ်။ သူ့မီးစာက လက်မ၀က်လောက် အ၀တ်နဲ့ မီးခံသတ္တုနဲ့ နှောထားတဲ့ အပြားလေး။ အဲဒါလေးကို ခွေပြီး ထည့်ရတာ။ ဘေးက ဖန်အိုးထဲမှာ ရေနံဆီ ဖြည့်ထားရတယ်ပေါ့။ အဲဒီ့က ရေနံဆီက မီးဇာကို ရေနံဆီ မပြတ်ဆွတ်ပေးနေတယ်။ အဲဒါနဲ့ ထမင်းချက်၊ ဟင်းချက်ပေါ့။

နောက်တစ်မျိုးလဲ အင်တာနက်ထဲမှာ တွေ့ရပြန်တယ်။ သူကတော့ (သူတို့ စာလုံးပေါင်းခဲ့တဲ့ အတိုင်း) ဗွစ်စတာ ဗွီးရှင်း မီးဖို။ Vista Vision ပေါ့ဗျာ။ V ကို ဘာကြောင့် ဗွီကြတယ်ဆိုတာ စဉ်းစားမရဘူး။ အသံထွက်က ဘွီပဲ ထွက်မှာလေ။ ကျွန်တော်က V ကို ဗှီလို့ ရေးတော့ ဘယ်လို အသံထွက်ရမှာတုံးဆိုတဲ့သူတွေက ရှိသေးတယ်။ ညီနဲ့ ညှီနဲ့၊ မီနဲ့ မှီနဲ့၊ လီနဲ့ လှီနဲ့၊ ရီနဲ့ ရှီနဲ့လို ထွက်ပေါ့ဗျာ။ မကို ဟထိုးထည့်လိုက်တော့ ဘာသံဖြစ်သွားသလဲ၊ အဲလိုပေါ့။

အဲ… အဲဒီ့မီးဖိုကကျတော့ အ၀ိုင်း။ ရေနံဆီအိုးက အောက်မှာ။ အဲဒီ့ထဲကို မူလကတော့ သူတို့ မီးစာကြိုးခွေတွေ ထည့်ထားတယ်။ အသစ်လဲတော့ စွပ်ကျယ်စုတ်ကို လိပ်ပြီး လဲထည့်လိုက်တာပဲ။ သူက မီးအနည်းအများ ချိန်လို့ ပိုကောင်းတယ်။

ဆိုရှယ်လစ်တန်ခိုးကြောင့် တိုင်းပြည်လည်း ဆင်းရဲ၊ ရေနံဆီဆိုတာလည်း မူးရင်တောင် ရှူစရာ မရှိတော့ဘူး။ ခုခေတ်ကလေးတွေဆို ရေနံဆီဆိုတာ ဘယ်လိုနေမှန်းကို မသိတော့ဘူး။

သူများနိုင်ငံတွေမှာတော့ ရေနံဆီမီးဖိုတွေ သုံးတဲ့သူတွေ သုံးနေကြသေးမှန်း ပုံတွေ ရှာတော့ တွေ့ရတယ်။

အမယ်… ရေနံဆီက အသုံးတည့်တယ်နော်။ နှာလေးများ မွှန်နေရင် ညအိပ်ခါနီး ရေနံဆီကို ခြေဖ၀ါးနှစ်ဖက် နည်းနည်းစီ သုတ်ပြီး အိပ်။ မနက်ကျ ပျောက်ရော။ မယုံစမ်းကြည့်။ ရေနံဆီရှာလို့ တွေ့ရင်ပြောပါတယ်။ 😀 

ကျွန်တော့်အဖေလည်း မခေဘူးဗျ

မေမေပြန်လာတော့ မေမေဘွားဘွား ပါလာတယ်။ အိမ်ရှေ့ခန်းမှာ ကုတင်ခင်းပေးပြီး မေမေဘွားဘွားက အိပ်ပေါ့။

အဲဒီ့မှာ မေမေ့ကို ဒိန်းဒလိန်းနတ် ဖမ်းစားတော့တာပဲ။

အဖေက မေမေ မရှိတုန်းမှာ ဇာတ်လမ်းတစ်ပုဒ် ရှိနေတယ်။ ရန်ကုန်မြို့ရဲ့ နာမည်ကျော် အထက်တန်းကျောင်းကြီး တစ်ကျောင်းက ဆရာမတစ်ယောက်နဲ့ ဘာဂလိုတိုတိုပေါ့။ အဖေကလည်း အဖေ။ ကျွန်တော့်အဖေ သိပ်ပီသတယ်။ ဘာမှုမှ မရှိရင် ကျွန်တော့်လိုပဲ အိမ်သိပ်မြဲတာ။ ရုံးဆင်းတာနဲ့ အိမ်တန်းပြန်တာပဲ။ အဲ… အမှုရှိတော့မှ ခြေလှမ်းပျက်တော့တာ။ အဲတော့ ကျွန်တော်တို့ သားအဖ မူပျက်ပြီဆိုရင် ကျွန်တော်တို့ဇနီးတွေက တန်းသိတော့တာပေါ့။

အမှန်က အဖေ့ထက် ညံ့တာက ကျွန်တော်ပါ။ အဖေက ရှေ့က လုပ်ပြသွားခဲ့ပြီပဲ။ သင်ခန်းစာယူပါတော့လား။ ဘာမှု ရှိရှိ မရှိရှိ၊ အိမ်မကပ်တဲ့ အကျင့်ကို စောစောစီးစီးကတည်းက လုပ်ထားသင့်တာပေါ့။ ဟုတ်ပေါင်ဗျာ။ ကျွန်တော်လေ… ခုမှ နောင်တရမိတယ်။

အခုဆို ကျွန်တော့်အလုပ်နဲ့ ကျွန်တော် ခရီးသွားတဲ့အချိန်၊ အပြင်ထွက်တဲ့ အချိန်ကလွဲရင် တစ်ချိန်လုံး အိမ်မှာ ကျောက်ချနေတာ။ တစ်ခါတစ်လေဆို မြေကြီးနဲ့ ခြေထောက်နဲ့ မထိတာ ရက်ပေါင်းများစွာ။ အဲလိုနေတော့ ကျွန်တော်များ ခြေလှမ်းပျက်ရင် အိမ်က မမက ထက်ခနဲကို သိတော့တာပဲ။

တကယ်ပါဗျာ၊ အဖေက သေချာ ရှေ့က လမ်းပြပေးခဲ့လျက်ကနဲ့ သင်ခန်းစာ မယူတတ်တာ။ ကျွန်တော် အလွန်ချာပဲ။ 😥

အဲ… မေမေဘွားဘွားနဲ့အတူ ပြန်ရောက်လာပြီး မကြာခင်မှာပဲ မေမေက ဖေဖေ ခြေလှမ်းပျက်တာကို သိပြီပေါ့။ ပြဿနာတွေ တက်ကြပြီပေါ့။ တခြိမ်းခြိမ်း ရန်ဖြစ်ကြ၊ အဖေက အမေ့ကို ရိုက်ပွဲတွေ ကျင်းပလေပြီပေါ့။ 

ကျွန်တော်လည်း နေစရာ မရှိပြီပေါ့။

မေမေဘွားဘွားရဲ့ ဘ၀နေ၀င်ချိန်ဟာ အတော့်ကို စိတ်ဆင်းရဲစရာ ကောင်းနေခဲ့မှာ အခုကျတော့ တွေးမိပါတယ်။ ကိုယ့်သမီးကို နှိပ်စက်နေတာ မျက်စိကွယ်နေသူမို့ မမြင်ရပေမယ့် အတိုင်းသား ကြားနေခဲ့ရမှာလေ။

အဖေ အိမ်ပေါ်က ဆင်းသွားသေးတယ်။ သူလည်း မွှန်နေချိန်ကိုး။ အဲဒီ့ဆရာမက ခရစ်ယာန် ကုလားတဲ့။ နာမည်လည်း ကျွန်တော် သိလိုက်ပါတယ်။ ဒါပေမယ့် ပြောမနေတော့ပါဘူး။ အမေကတော့ ထုံးစံအတိုင်း၊ ဗေဒင်မေး၊ နတ်မေးနဲ့ ဇယားတွေ ရှုပ်တော့တာပါပဲ။

အိမ်မှာ အမြဲကျန်ရစ်တာကတော့ မေမေဘွားဘွားပဲ။ ကျွန်တော်ကလည်း ကျောင်းနဲ့၊ ကျောင်းကပြန်လာရင် ဟိုလျှောက်သွား၊ သည်လျှောက်သွား။

သည်အပိုင်းမှာ ပြောကြတာ

Sai Myo ရေး ဆို တီး တစ်ယောက်တည်းလုပ်တာ ဒီဘက်ခောတ်မှာ တစ်ယောက်ရှိတယ်ဗျဆရာ။ ချန်စယ်လာ တဲ့။ ၁၉၉၃ – ၉၅ ဝန်းကျင်ဖြစ်မယ်ထင်တယ်။

ATK ကျေးဇူး ကစမ။ ၉၃-၉၅ မှာ ကျွန်တော် မမွေးသေးတော့ သူ့ကို မသိလိုက်ဘု(စ်)

Oakker Seithu အဘိုးတို လက်ထက်က သုံးခဲ့တဲ့ ရေနံဆီမီးဖိုတော့ တွေ့ဖူးတယ်။ မြင်ရုံပဲ မြင်ဖူးတာ။ အဲဒါကိုကိုသုံးနေတာတော့ မကြုံခဲ့ရဘူး။ သူက မီးစာကို အတိုးအလျော့ လုပ်လို့ရတဲ့ ခလုပ်ကလေးပါတယ်(လကိနဲ့လှည့်ရတာ)။ မီးများများလိုချင်ရင် မီးစာကို ရှည်သွားအောင်လှည့်ရတယ်။ အပူနည်းနည်းပဲ လိုချင်ရင် တိုတိုလေးထိအောင်လှည့်ရတယ်။ အခုတော့ မရှိတော့ဘူးထင်တယ်

Alex Moe ရေနံဆီ တောင်သိပ်မမှီလိုက်ဘူး ဆြာ

 

 

 

Like · ·

အဟောင်းထဲက အစုတ်တွေ – ၎

၂၀၁၅ ခုနှစ် မတ်လ ၇ ရက်

ဘ၀မှာ ပထမဆုံး ကြုံဖူးတဲ့ အရေးအခင်း

အဲ… တောင်ကြီးမှာ ကျောင်းတက်နေတုန်း တရုတ်အရေးအခင်းနဲ့လည်း ကြုံလိုက်ရပါသေးတယ်။ အဲဒီ့ အရေးအခင်းက တစ်ပြည်လုံးမှာ ဖြစ်ခဲ့တယ် ထင်တယ်။ အခု ပြန်ရှာကြည့်တော့ ၁၉၆၇ ခုနှစ် ဇွန်လ ၂၆ ရက် နေ့မှာ စတင်ဖြစ်ပွားခဲ့တာပါ။

တောင်ကြီးမြို့ကိုလည်း ကူးစက်လာခဲ့ပြီး ကျွန်တော်တို့ ကျောင်းရှေ့မှာလည်း အော်သံ ဟစ်သံတွေ ခပ်သဲ့သဲ့ ကြားခဲ့ရပါတယ်။ ကျောင်းတံခါးကို လုံနေအောင် ပိတ်ထားခဲ့ကြပြီး ဆရာမတွေက ကျွန်တော်တို့တွေကို ကျောင်းရဲ့ မြေတိုက်ခန်းထဲ ပုန်းခိုင်းခဲ့လို့ ပုန်းနေခဲ့ရတာကို မှတ်မိနေပါသေးတယ်။ မျက်စိထဲတောင် မြင်ယောင်နေသေးတယ်။

အဲဒီ့အချိန်က တရုတ်ပြည်မှာ ယဉ်ကျေးမှု တော်လှန်ရေး စတင်ဆင်နွှဲနေချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။

anti-chinese-riotsers-prayed-long-live-general-ne-winဗမာပြည်မှာတော့ ဗိုလ်နေ၀င်း အာဏာသိမ်းခဲ့ပြီး ငါးနှစ်ကျော်အကြာပေါ့။ တိုင်းပြည်ကြီးကို ချောက်ထဲကျမယ့်ဆဲဆဲ လက်မတင်လေးအလိုမှာ ကယ်တင်ခဲ့ရရှာလေသူ ဗိုလ်နေ၀င်းရဲ့ အောင်မြင်မှု အသီးအပွင့်တွေကတော့ ငွေကြေး ဖောင်းပွခဲ့တယ်၊ လူသုံးကုန်ပစ္စည်း ရှားပါးခဲ့တယ်၊ အဆိုးဆုံးကတော့ ဆန်ရှားတာပါပဲ။

ဗမာတွေ့ အတွက် ဆန်က အသက်သွေးကြော။ အဲတော့ ဒါတွေကို အာရုံ လွှဲနိုင်ဖို့အတွက် ဗိုလ်နေ၀င်းဆိုတဲ့ ကျေးဇူးရှင်ကြီးက သည်အရေးအခင်းကို ဖန်တီးခဲ့ပါတယ်။ သူ့လက်ပါးစေတွေက လသာလမ်းက တရုတ် အလယ်တန်းကျောင်းကို မီးရှို့ခဲ့တဲ့အပြင် တရုတ်ကျောင်းသူလေးတွေကို အရှင်လတ်လတ် မီးရှို့လိုက်တဲ့နည်းနဲ့ သည်အရေးအခင်းကို စတင်လိုက်ပါတယ်။ ခေတ်ပေါ် စကားနဲ့ ပြောရင်တော့ သူ့လက်ပါးစေတွေ မဟုတ်ဘူးပေါ့နော်။ “ဒေါသထွက်နေတဲ့ လူအုပ်ကြီး”ပေပဲပေါ့ ခင်ဗျာ။

သူကိုယ်တိုင်က တရုတ်ကပြားတစ်ယောက်ဖြစ်ပေမယ့် ကိုယ်ရေးကြုံတဲ့အခါ ဇာတ်တူသားချင်းလည်း စားတာပေါ့။ သည်အရေးအခင်းက လူထုကြီးရဲ့ သူ့အပေါ်မှာ ထွက်နေတဲ့ ဒေါသတွေကို အထုပ်ဖြည်နိုင်အောင် ဖန်တီးပေးလိုက်တာပါ။ ကြားထဲက ခံရသူတွေကတော့ ပေါက်ဖော်တွေပေါ့။ အီစိမ့်နေအောင်ကို ခံလိုက်ရတာပ။

အဲတုန်းက ဗမာပြည်မှာ တရုတ်က သုံးမျိုးပဲ ရှိပါသေးတယ်။ ကိုးကန့်တွေ ဘာတွေ ကြားတောင် မကြားဖူးသေးဘူး။ ယူနန်ဆိုတာ ဝေလာဝေး။ အင်္ကျီတိုရယ်၊ အင်္ကျီရှည်ရယ်၊ ဟကရယ် သုံးမျိုးပဲ ဗမာပြည်မှာ ရှိတာ။ အင်္ကျီတိုဆိုတာက ကွမ်တုံတရုတ်တွေ၊ မူရင်းက ကွမ်တုံပြည်နယ်က လာ။ အင်္ကျီရှည်က ဟုတ်ကျံ့၊ ဖှုကျန့်ပြည်နယ်က လာတာ၊ ဟကဆိုတာက ဆိုတာက အဲဒီ့နှစ်မျိုးကြား၊ စကပေါ့။

ကျွန်တော့်ဘေးတော်ကြီး၊ မေမေဘွားဘွားရဲ့ အဘိုးက အင်္ကျီရှည်မျိုးလို့ အမေ့ဆီက သိထားရပါတယ်။

တောင်ကြီးမှာ ကျောင်းတက်ခဲ့ပုံနဲ့ ပတ်သက်သမျှ ဒါလောက်ဆို အကုန်စုံပြီ မှတ်တယ်။ သတိရလာတော့လည်း ကျွန်တော့်ထုံးစံအတိုင်း ရတဲ့နေရာမှာ ဖောက်ဖောက် ရေးသွားတာပေါ့ဗျာ။ စာဖတ်သူ လူကြီးမင်းလည်း အခုလောက်ဆို ကျွန်တော့် အရူးလွယ်အိတ်နဲ့ အသားကျနေပြီပဲဟာ… နော့။

ရေးရင်းနဲ့ မျက်ရည်ပေါက်ပေါက် ပြန်ကျရတဲ့အဖြစ်တစ်ခု

လောဓလေ့မှာ နေခဲ့တာနဲ့ ပတ်သက်လို့ ခါးသီးတယ်လို့ ရေးခဲ့ပြီးပါပြီ။ ခါးသီးပုံတွေ သိပ်အကျယ် မချဲ့ရသေးဘူး။

မေမေ့ကို အညိုအမည်းနဲ့ ဖူးရောင်နေအောင် အဖေက ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ မြင်ရတဲ့ အကြိမ်ပေါင်းက မနည်းဘူး။ ကျွန်တော်သည်လည်း ကျွဲရိုက် နွားရိုက် အရိုက်ခံခဲ့ရပါတယ်။ တစ်ခါများဆို ကျွန်တော့်ကို တိုင်မှာ ခါးပတ်နဲ့ ပတ်ပြီး တုပ်နှောင် ရိုက်နှက်တာအထိ ခံရဖူးပါတယ်။

စဉ်းစားကြည့်ပါဗျာ။ တောင်ကြီးကျောင်း သွားတော့ ကျွန်တော့်မှာ ဆယ်နှစ် မပြည့်သေးဘူး။ အဲဒီ့ထက် ငယ်တဲ့ အရွယ်မှာတင်ပဲ ကျွဲလို နွားလို အရိုက်ခံခဲ့ရတာပါ။

အဆိုးဆုံးက အရိုက်ခံရလို့ အသားနာတဲ့အတွက် အော်တာ၊ ငိုတာကိုပဲ အသံမထွက်နဲ့၊ အသံထွက်ရင် ပိုနာမယ်ဆိုပြီး ဆင့်ဆင့် အရိုက်ခံရတဲ့ ဘ၀ပါ။ အဲဒါကြီးကတော့ အတော့်ကို ဆိုးပါတယ်။ ပြေးစရာ၊ အားကိုးစရာ ဘာမှ မရှိတဲ့ဘ၀၊ ကယ်မဲ့သူ ဝေးတဲ့ဘ၀၊ သည်မိဘကိုပဲ အားကိုးနေရတဲ့ဘ၀မှာ အဲလို အနှိပ်စက်ခံလိုက်ရခြင်းဟာ အေးနိုင်ကြောင့် ပေါက်တဲ့ ကျွန်တော့်ကိုယ်ပေါ်က ဆူးထက် အဆမတန် ခိုင်မာ များပြားပြီး ချွန်မြနေပါတော့တယ်။

အခုအချိန်မှာတော့ အဖေ့ဘ၀နောက်ခံ၊ ပညာရည်၊ ဇောစတာတွေကို မြင်လာခဲ့ပြီမို့ အဖေ့အပေါ် နားလည်လို့ ရခဲ့ပြီ ဖြစ်သလို အဖေ့ကျေးဇူးကြောင့် အခုလို နေနိုင်၊ စားနိုင်၊ ရပ်တည်နိုင်ခဲ့တာကိုလည်း သဘောပေါက်လာခဲ့ပြီ ဖြစ်ပေမယ့်၊ ကျွန်တော့်ကိုယ်ပေါ်က အဖေပေးခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေ မရှိတော့ပြီ ဖြစ်ပေမယ့် ကျွန်တော့်အသည်းထဲမှာ နက်နက်ရှိုင်းရိုင်း စူးဝင်နေတဲ့ ဒဏ်ရာအမာရွတ်ကြီးကတော့ ကျန်ရှိနေဆဲပါပဲ။

မမေ့နိုင်တဲ့ အဖြစ်အပျက်တွေထဲက အပြင်းစားတစ်ခုကတော့ အဖေနှိပ်စက်လို့ ညကြီး မိုးချုပ် လောဓလေ့အိမ်ကနေ အမေ ကျွန်တော့် လက်ကိုဆွဲပြီး ထွက်သွားတဲ့ ညတစ်ညပါပဲ။ ဘယ်ကို သွားမှန်း မသိဘူး။ နောက်ဆုံးမှာ လောပိတနဲ့ ၁၂ မိုင် ဝေးတဲ့ လွိုင်ကော်က ကယားအိမ် တစ်အိမ်ကို ရောက်သွားတာ မြင်ယောင် မှတ်မိနေတယ်။ နောက် ဘာဆက်ဖြစ်လဲ မမှတ်မိတော့ဘူး။

အဲဒီ့အိမ်ကို မရောက်ခင် လမ်းတစ်လျှောက်မှာ မေမေက မောလား… သားလို့ မေးတဲ့ အသံကို ပြန်ကြားယောင်မိသလို မောပါဘူး… မေမေလို့ ကျွန်တော် ပြန်ဖြေခဲ့တာကိုလည်း မှတ်မိနေပါသေးတယ်။ တကယ်တော့ မောတာပေါ့ဗျာ။ ၇ နှစ် ၈ နှစ်အရွယ်ကလေးတစ်ယောက် လျှောက်လိုက်ရတဲ့ ခရီးက နီးမှ မနီးတာပဲ။ ဒါပေမယ့် မေမေ့ကို သနားတဲ့စိတ်၊ ချစ်တဲ့စိတ်၊ ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တဲ့စိတ်နဲ့ မမောပါဘူး မေမေရယ်လို့ ကျွန်တော် ဖြေခဲ့ပါတယ်။ ကျွန်တော့်အတွက် မေမေ့ကို အားပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲလေ။

အဲဒီ့ကယားအိမ်က ကျွန်တော်တို့ သားအမိကို ပေါင်မုန့်တစ်ပန်းကန်နဲ့ သကြား တစ်ပန်းကန် ချကျွေးတာလည်း မြင်ယောင် မှတ်မိနေပါတယ်။ ကျွန်တော် မစားခဲ့တာကိုလည်း မှတ်မိပါတယ်။ အဲဒီ့အရွယ်မှာ ပေါင်မုန့်ထောပတ်သုတ်ကို ကြိမ်ဖန်များစွာ စားဖူးပေမယ့် တစ်ခါမှ သကြားနဲ့ တို့မစားဖူးပါဘူး။ ဘယ်သူကမှလည်း အဲလိုမျိုး တစ်ခါမှ ချမပေးဖူးပါဘူး။ တစ်သက်တာမှာလည်း အဲဒီ့ တစ်ခါပဲ ကြုံဖူးတာပါ။

အဲဒါက လွဲရင် ကျန်တာတွေ ကျွန်တော် မမှတ်မိတော့ဘူး။ အဲဒီ့ညက ဘယ်မှာ အိပ်တယ်၊ နောက် ဘာဆက်ဖြစ်တယ်လဲ မသိတော့ဘူး။ သေချာတာကတော့ နောက်ဆုံးကျတော့လည်း မယားနဲ့ သားကို ကမ်းကုန်အောင် ရိုက်နှက် နှိပ်စက်နိုင်တဲ့ ဖအေလို့ ခေါ်သူ လူကြီးလက်ထဲ ပြန်ရောက်ရတာနဲ့ အဆုံးသတ်တာပဲလေ။

တောင်ကြီးကအပြန်မှာ အဖေပေးတဲ့ လက်ဆောင်

တောင်ကြီးမှာ ကျောင်းနေပြီး ပြန်လာတော့ တောင်ကြီးသားတွေရဲ့ “ဗျ”အသုံးကို နှုတ်စွဲလာတယ်။ “ဟုတ်ကဲ့ဗျ”လို့ ပြောတတ်လာတယ်။

အဲဒါနဲ့တင် ရိုင်းတယ်ဆိုပြီး အဖေ ဆော်ပလော်တီးတာ ခံလိုက်ရပါရောလား။

စာမတတ် ပေမတတ်၊ စာမဖတ် ပေမဖတ် ပီတာ ဖခင်ကြီးဆိုတော့ အဲဒါကို ရိုင်းတယ် မှတ်ရှာတာပေါ့။ ကျွန်တော်ကလည်း လေးတန်းပဲ ဖြေထားရသေးတော့ ရင်းမြစ်ကို မသိဘူး။ အသားလွတ်ကြီး ခံလိုက်ရပါတယ်။

ရင်းမြစ်ကို သိတဲ့ တက္ကသိုလ်ကျောင်းသားဘ၀လောက်ကျတော့ ဦးဆော်ပလော်က မရှိတော့ဘူး။

“ဗျ”ဆိုတာ “ဘုရာ့”က ဆင်းသက်တာပါ။ ကာလရွေ့လျောသွားတော့ “”ဗျ” ဖြစ်သွားပါတယ်။ (အခုခေတ် ဖွဘုတ်မှာ ဘ၀ကို “ဘွ”လို့ ပြောသလိုမျိုး၊ လင်မယားကို “လင်များ”လို့ ပြောသလိုမျိုး အသံထွက် နှောသွားတာပါ။)

“ခင်ဗျ”ဆိုတာက “သခင်ဘုရာ့”ပါ။ “ခင်ဗျား”ဆိုတာ “သခင်ဘုရား”က ဆင်းသက်တာပါ။
ဒါဖြင့် အမျိုးသမီးတွေ သုံးတဲ့ “ရှင်” “ရှင့်”က ရောလို့ မေးစရာ ရှိပါတယ်။ သူက ပိုရှင်းပါတယ်။ “အရှင်” “အရှင့်”ဆိုတဲ့ “အရှင်သခင်”ကို ပြောတဲ့ အသုံးက ဆင်းသက်တာပါ။

ကျွန်တော်၊ ကျွန်မဆိုတဲ့ အသုံးကလည်း စာလုံးပေါင်း ဘယ်လိုပြောင်းရေးရေး အနက်ရင်းကတော့ မိမိကိုယ်ကို နှိမ့်ချတဲ့ မြန်မာအသုံးပါ။

“ကျွန်ုပ်”ဆိုတာက ကျွန်တော်ဆိုတာထက် မိမိကိုယ်ကို ပိုနှိမ့်ချပြီး အနုပ်စား ကျွန်ပါလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဝေါ် သုံးစွဲတာ ဖြစ်ပါတယ်။ “ကျုပ်”ဆိုတာက အဲဒီ့ ကျွန်ုပ်ကို မြန်မြန် ပြောရင်း ကူးသွားတာပါ။ ကျွန်တော်မှ ကျနော်၊ ကျနော်မှ ကျော်… ကျော်လို့ ပြောမိတတ်ကြသလို ဖြစ်ပါတယ်။

လေးတန်းစာမေးပွဲပြီးတော့ လောဓလေ့ကို ခဏပြန်ရသေးတယ် ထင်တယ်။ အဲဒီ့မှာ ဗျကြောင့် အဆော်ခံလိုက်ရတာ မှတ်တယ်။ ကျောင်းဖွင့်ခါနီးတော့ မန္တလေးကို သွားရပါတယ်။ အဖေ လိုက်ပို့ပြီး ကျွန်တော့်ကို အမှတ် ၉ ကျောင်းမှာ ကျောင်းအပ်ပါတယ်။ ကျောင်းအိပ်ကျောင်းစားထားခဲ့ပါတယ်။

အမှတ် ၉ မှာ

အမှတ် ၉ ကျောင်းက၊ အရင် သာသနာပြုကျောင်းအနေနဲ့ စိန့်ပီတာ (St. Peter’s) လို့ ထင်ရှားပါတယ်။ ကျွန်တော်တို့ ကျောင်းအုပ်ဆရာကြီးက ဦးလှ။ ဆရာကြီးက အော်စတင်ကားလေးနဲ့ ကျောင်းလာတယ်။

st_peters__mandalay2သည်ကျောင်းမှာ နဂိုကတည်းက မကောင်းလှတဲ့ ကျွန်တော် ပျက်စီးခြင်း ငါးပါး စုံတော့တာပဲ။

ကျောင်းက ယောက်ျားလေးတွေချည်း ထားတဲ့ကျောင်း။ နယ်စုံက ယောက်ျားလေးပေါင်းစုံ စုနေတယ်။ ကျွန်တော်တို့ ငါးတန်းကျောင်းသားဆိုတာက အငယ်ဆုံး။ အတန်းကြီး ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း တက်နေတဲ့သူတွေက ပိုများတယ်။

အဲဒီ့မှာ အပြာစာအုပ်တွေ လှိုပ်ပေါလယ်အောင် ဖတ်ဖူးတော့တာပါပဲဗျား။ အရွယ် မတိုင်ခင်၊ မသိအပ်သေးခင် ဖိုမကိစ္စတွေကို စသိလာတော့တာပါပဲ။

ဘယ့်နှယ်ဗျာ၊ ငါးတန်းတက်စဆိုတော့ ကျွန်တော့်မှာ ဆယ်နှစ်သာသာပဲ ရှိသေးတယ်။ ၁၁ နှစ်ကိုက သီတင်းကျွတ်ပြီးမှ ပြည့်မှာလေ။ အဲဒီ့အရွယ်လေးနဲ့ အဲဒါတွေ သိတယ် ဆိုတာ အခုခေတ်မှာတော့ အဆန်းမဟုတ်ပေမယ့် ဟိုခေတ်တုန်းကတော့ မတရား စောနေတော့တာပေါ့။

နောက်အတတ်ကောင်းတစ်ခုက ဆေးလိပ်သောက်တာ အဲဒီ့မှာ စတာပဲ။ အဲဒါလည်း အတန်းကြီးတွေရဲ့ ကျေးဇူးနဲ့ပေါ့။ နဂိုကမှ မခိုင်ကျည်တဲ့ ကျွန်တော်၊ ဘာမဆို စမ်းလုပ်ကြည့်ချင်တဲ့ ကျွန်တော် စမ်းလိုက်ပါရောလား။ စမ်းရင်းနဲ့ ကြိုက်သွားပါရောလား။

ကျွန်တော်တို့ ကျောင်းစာဆိုတာကလည်း အဲတုန်းက သာသနာပြုကျောင်း အငွေ့အသက်နဲ့ဆိုတော့ နားလည်အောင် တတ်အောင် သင်တာကို ဦးစားပေးတာ။ အဲတော့ ကျောင်းစာက သိပ်မဖိစီးဘူး။ စာသင်ချိန် သင်၊ စာကြည့်ချိန် ကြည့်ရင် ပြီးပြီ။ အားချိန်၊ နားချိန်က အပြည့်ရတယ်။ စနေ၊ တနင်္ဂနွေဆို တစ်နေကုန်နီးနီး အားနေတာ။ အားတဲ့အချိန်ဆို မဟုတ်တာလုပ်လို့က တယ်ကောင်းပေါ့။

ကြက်ခြေနီ အသင်းဝင်တယ်။ ဘင်ခရာအသင်း ၀င်တယ်။ ဘင်ခရာကျေးဇူးနဲ့ ပလွေ မှုတ်တတ်လာတယ်။ ဒို၊ ရေ၊ မီ၊ ဖာတွေ သိလာတယ်။ ကြက်ခြေနီကကျတော့ ကျွန်တော်တို့ခေတ်မှာ အခုခေတ် ကြက်ခြေနီလို ပေစုပ်စုပ် အရောင်အဆင်းနဲ့ အ၀တ်အစား မဟုတ်ဘူး။ အပေါ်အောက် အဖြူ ၀တ်ရတာဆိုတော့ အဲဒါကို သဘောကို ကျလို့။

တစ်ခါတစ်လေ နေ့လယ်နေ့ခင်းဆိုရင် ကိုခင်မောင်ကျော်ဆိုတဲ့ အတန်းကြီးက ကျောင်းသားတစ်ယောက်က ကျောင်းခန်းမထဲမှာ စန္ဒယား လာလာတီးတယ်။ အဲဒါဆို သွားမော့ပေါ့။ သူ့နာမည် မှတ်မိနေတာက နောင်အခါ ကျွန်တော် ရန်ကုန် ရောက်လာတော့လည်း သူနဲ့ ပြန်ဆုံတဲ့အပြင် ကျွန်တော်ရေးတဲ့ သီချင်းတစ်ပုဒ်ကို သူ အကော်ဒီယံ တီးပေးခဲ့ဖူးလို့ပါ။

နောက်တစ်ယောက်က ရှစ်တန်းက အစ်ကိုကြီး။ ကိုခင်မောင်ဆွေ။ သူနဲ့က ဘင်ခရာမှာ သိသွားတာ။ သူက စစ်ခရာ မှုတ်တာ။

နေ့လယ် ထမင်းစားချိန်ဆို သူ့စက်ဘီးပေါ် ကျွန်တော့်ကို တင်ခေါ်သွားပြီး နဘဲကြူး ရပ်ထဲက သူ့အိမ်ကို သွားတယ်။ သူ့အိမ်မှာ ထမင်းကျွေးတယ်။ အမဲသားဟင်းနဲ့ အများဆုံး စားရတာကို မှတ်မိနေတယ်။ ကျောင်းအိပ်ကျောင်းစားဘ၀မှာ ဟင်းကောင်း ကျွေးကောင်း မစားရတော့ သူ့အိမ်မှာ စားရတဲ့ အမဲသားဟင်းက နတ်သုဒ္ဓာပေပဲပေါ့။

အဲဒီ့ကျောင်းမှာနေရင်းနဲ့ ကျောင်းက ဘောလုံးကွင်းထဲ စက်ဘီး လာလာစီးတဲ့ နေ့ကျောင်းသား သူငယ်ချင်းရဲ့ စက်ဘီးကို ယူယူစီးရင်း စီးတတ်သွားတယ်။ ဒါပေမယ့် သည်တိုင်း မတက်တတ်၊ မဆင်းတတ်ပါဘူး။ ခွတက်၊ ပြီးမှ စီး။ ရပ်၊ ပြီးမှ ခွဆင်း။ အဲဒါမျိုးပဲ တတ်ခဲ့တာ။

ကျွန်တော် ငတို

အမှတ် ၉ ကျောင်းမှာ သိပ်အဆင်မပြေတာက အစားအသောက်ပဲ။ အမှတ် ၃ မှာတုန်းကလို ကျောင်းက ချက်တာ သိပ်မကောင်းဘူး။ ၀က်သားဆို အခေါက်မှာ အမွှေးတွေ ငုတ်စိမြင်ရသေး။ ဒါပေသည့် ဘာမှ ရွေးစရာ မရှိတာ၊ ရှိတာ စားပေါ့။

မုန့်ဖိုးကတော့ တစ်မတ်လား ရတယ်။ ဆေးလိပ်ပါ သောက်တတ်နေပြီဆိုတော့ ဘယ်လောက်ပါတော့မလဲ။ ကျွန်တော့်မှာ အခက်ကြုံပြီပေါ့။ အငတ်ခံနိုင်မှ ဆေးလိပ်သောက်နိုင်တာပေါ့။

အဲတော့လည်း အလွယ်လမ်း လိုက်ပြန်တာပေါ့ဗျာ။ ကျောင်းပိတ်ရက်ဆို ဈေးချိုသွားတယ်။ မုန့်တော့ စားရတာပေါ့။ မုန့်ဖိုးတော့ ဘယ်သူမှ မပေးကြဘူး။ ကြီးကြီးမေတို့၊ ကြီးကြီးဦးတို့၊ မမသန်းတို့က ဆန်သည်တွေ မဟုတ်ကြတော့ဘူး။ ဦးနေ၀င်းတန်ခိုးနဲ့ ပဲသည်တွေ ဖြစ်ကုန်ကြပြီ။ ပဲမျိုးစုံ ရောင်းနေကြပါတယ်။

အခက်က ကြုံနေတုန်း အကွက်က မမလှလှဆီမှာ သွားတွေ့တာ။

မမလှလှက ကွမ်း၊ ကွမ်းသီးနဲ့ ကွမ်းယာထဲ ထည့်တဲ့ အဆပလာတွေ ရောင်းတယ်။ မမလှလှက ဟိုကြီးကြီးတွေထက် အရောင်းအ၀ယ် ပိုကောင်းတယ်။ ကျွေးချင် မွေးချင် စိတ်ကလည်း ဟိုအဒေါ်တွေထက် ပိုများတယ်။ အဲတော့ မမလှလှဆိုင်သွားရင်း ဂွင်တွေ့သွားတာ။

ဘာဂွင်လဲဆိုတော့ မမလှလှရဲ့ ဆိုင်က ရောင်းကြေးပိုက်ဆံသေတ္တာထဲကနေ ငါးကျပ်၊ တစ်ဆယ် အလစ် နှိုက်တော့တာပေါ့။ တောင်ကြီးကျောင်းတုန်းက အလစ်သမား၊ အခုကျတော့ သူခိုး။ ကျွန်တော် တိုးတက်လာပုံ ပြောပါတယ်။

ဒါပေသည့် မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိဆိုတဲ့အတိုင်း သိပ်တောင် မခိုးလိုက်ရဘူး။ မမလှလှ သိသွားတယ်။ ကျွန်တော့်ကို ဆုံးမတယ်။

ခိုးတုန်းကသာ ခိုးတာ၊ အဲလို မိသွားတော့လည်း ကျွန်တော်ဆိုတဲ့ ကောင်က ရှက်သေးတာ။ အဲဒါနဲ့ မမလှဆိုင် မသွားတော့ဘူးပေါ့။

ဘိုင်ကျတဲ့ဘ၀ကလည်း ဒုံရင်း ပြန်ရောက်တော့တာပေါ့။

ကျေးဇူးတင်စရာ ကောင်းတာက မမလှလှက ဘယ်သူ့ကိုမှ ပြန်ပြောပြခဲ့ဟန် မတူပါဘူး။ မေမေ့ကိုတောင် ပြောမပြခဲ့ဘူးထင်တယ်။ ပြောပြခဲ့ရင်လည်း အမေ့ဆီကနေ အဖေ့ဆီရောက်၊ ကျွန်တော်လည်း အသေ အရိုက်ခံရဦးမှာ သေချာပါတယ်။

ကျွန်တော့်အဖေ အရိုက်ကြမ်းတာလည်း သူတို့အားလုံး သိထားပြီး ဖြစ်လေတော့ကာ ကျွန်တော့်ကို သနားတာနဲ့ ပြန်မတိုင်တာလည်း ဖြစ်နိုင်ပါတယ်။

နေ့ကျောင်းသားဘဝ

သည့်ထက် အတတ်စုံတော့တာက ညဘက်ကျရင် ကျောင်းအုတ်တံတိုင်းကို ကျော်တက်၊ အပြင်ကို ခိုးထွက်ပြီး ညဈေးတန်းကို သွားတာပါ။ အဲဒါလည်း အဖော်ကောင်းတာနဲ့ လုပ်ပြန်တာ။

အသက်မှ ၁၁ နှစ် မပြည့်သေးဘူး။ အတတ်က စုံနေပြီ။

ညဈေးတန်းမှာ အတန်းထဲက တစ်ယောက်က ဈေးထွက်တယ်။ သူ့နာမည်လည်း မမှတ်မိတော့ဘူး။ သူ ဆိုင်ထွက်တယ်ဆိုတာ သူ့မိဘကို ကူရတာပေါ့။ ကျွန်တော်တို့က အဲဒီ့ဆိုင်မှ သွားထိုင်ပြီး လေလို့ ကောင်းနေတာပေါ့။

တခြား ဘာမှတော့ မလေပါဘူး။ ဆေးလိပ်သောက်တာ အလွန်ဆုံးပေါ့။ ၁၁ နှစ်ဆိုတော့လည်း တခြား ဘာမှ မလုပ်တတ်သေးပါဘူး။

ဒါလည်း မကြာဘူး။ အဆောင်မှူးက သိသွားပြန်တယ်။ ကျောင်းအုပ်ကြီးဆီ တင်ပြတယ်။ ကျောင်းအုပ်ကြီးက မိဘခေါ်တယ်။

လောပိတကနေ အဖေ လိုက်လာတယ်။ ကျွန်တော့်ကို ကျောင်းအိပ်ကျောင်းစား အဖြစ်ကနေ ထုတ်လိုက်တယ်။ အဖေက သူ့သဘောနဲ့ သူ ထုတ်တာလား၊ ကျောင်းက လက်မခံတော့တာလားတော့ ကျွန်တော်မျိုးလည်း မသိဘူး။

သီတင်းကျွတ် ကျောင်းပိတ်ရက် ရောက်တာနဲ့ ကျွန်တော်လည်း ကျောင်းအိပ်ကျောင်းစား မဟုတ်တော့ဘဲ ကျောင်းပြန်ဖွင့်တာနဲ့ ဦးကြီးကိုကိုတို့အိမ်ကနေ ကျောင်းတက်ရပြီပေါ့။

အမှန်တော့ မေမေဘွားဘွားရဲ့ အိမ်ပေါ့။ ၈၁ လမ်း၊ စက်ရှင်လမ်းနားမှာပါ။ ဘေးတစ်အိမ်ကျော်က ထွန်းမမ ပုံနှိပ်တိုက် ရှိတယ်။ အဲဒီ့ပုံနှိပ်တိုက်က ရွယ်တူတစ်ယောက်နဲ့ ကစားဖက် ဖြစ်လိုက်သေးတယ်။ သူ့နာမည်တော့ မေ့သွားပြီ။

အိမ်ရဲ့ မျက်နှာချင်းဆိုင်၊ ပေတစ်ရာလမ်းရဲ့ ဟိုတစ်ဖက်ခြမ်းမှာတော့ ရေအိုးစင် တစ်စင်ရှိတယ်။ အဲဒါတော့ မမေ့ဘူး။ နဖူးစည်းက “ဦးသန်းမြင့်နှင့် ဇနီးများ ကောင်းမှု”တဲ့ဗျား။

အဲဒီ့ခေတ်က ဦးသန်းမြင့်က သူဌေးပေါ့။ သူက ဇနီး လေးယောက်ဆိုလား ရှိတယ်။ ဈေးထဲကို အဲ့ဒီ့ထဲက တစ်ယောက်ယောက်နဲ့ သွားရင်း အဲဒီ့တစ်ယောက်က ထဘီတစ်တည် ပူဆာတယ် ဆိုပါစို့။ သူက ၀ယ်ပေးမယ်လို့ ပြောပြီး ဆိုင်နဲ့ အဆင်ကို သေချာ မှတ်လာခဲ့တယ်။

ပြီးရင် မယားကြီးဆီကို သွားတယ်။ မယားကြီးက အဲဒီ့ ထဘီကို လေးယောက်စာ လေးကွင်း တစ်ခါတည်း ၀ယ်ပြီး ကားတစ်စီးနဲ့ အိမ်သုံးအိမ်ကို မယားကြီးကိုယ်တိုင် တစ်ကွင်းစီ ပတ်ပို့ရတယ်ဆိုပဲ။ ဟုတ် မဟုတ်တော့ မသိဘူး။ ပိုင်တယ်နော် smile emoticon

အမှန်တော့ ဦးသန်းမြင့် ပိုင်တာထက်၊ သူ့ကြွယ်ဝမှုက ပိုင်တာပါ။ မိန်းမ လေးယောက်စလုံးကို တစ်ယောက် တိုက်တစ်လုံး၊ ကားတစ်စီးနဲ့ ထားနိုင်တဲ့သူပေကိုး။

စာတွေ ကဗျာတွေ

ကျောင်းစာမှာတော့ ကျွန်တော်က ပုံမှန်ပဲ။ အညံ့ကြီးလည်း မဟုတ်၊ အတော်ကြီးလည်း မဟုတ်ဘူး။ အလယ် အလတ်ကနေ သွားနေတာ။ အမှန်ကတော့ ကြိုးစားရင် ရပါတယ်။ စာကျက်ရင်ပေါ့။ ကျွန်တော်က အဲဒီ့ ကျက်စာတွေကို တယ်ပျင်းတာ။ စိတ်ကလေးကလည်း လေလို့ ကောင်းနေပြီ မဟုတ်လား။

ဦးကြီးကိုကိုတို့ အိမ်မှာနေတာ့ ပန်းကန်ဆေးတဲ့ တာဝန်ကို ကျွန်တော်ယူရတယ်။ ကြီးကြီးက ချက်ပေါ့။ ညစာ စားပြီးပြီဆိုရင် ကျွန်တော်တို့ သုံးယောက်စားတဲ့ ပန်းကန်မှန်သမျှ ကျွန်တော်ပဲ စုပုံဆေးရတာပေါ့။

နောက်ဖေး မီးဖိုချောင်ဘေးက အုတ်ခင်းထားတဲ့ နေရာလွတ်မှာ စဥ့်အိုးတစ်လုံး ချထားတယ်။ အဲဒီ့ထဲလည်း ကျွန်တော်ပဲ ရေဖြည့်ရတယ်။ ပြီးတော့ အဲဒီ့က ရေနဲ့ စားပြီးသား ပန်းကန်တွေ စိမ်ပြေနပြေ ထိုင်ဆေးပေရော့ပဲ။

အဘိုးတို့ မြောက်အိမ်ကိုလည်း တစ်ခါတစ်ရံသွားပေါ့။ ကျန်တဲ့ ကျောင်းအားချိန်မှာတော့ အိမ်ထဲမှာပဲ စာအုပ်ဖတ်၊ ကိုယ့်အတွေးနဲ့ ကိုယ်နေ၊ စာတွေ၊ ကဗျာတွေ ရေးပေါ့။

ဟုတ်တယ်။ လေးတန်း ကျောင်းနံရံကပ်စာစောင်မှာ ကဗျာတစ်ပုဒ် ပါပြီးကတည်းက ကျွန်တော်က စာ၊ ကဗျာ မှန်မှန် ရေးနေခဲ့ပါပြီ။ ဒါပေမယ့် အစွမ်းပြခွင့်တော့ မကြုံတော့ပါဘူး။

မကြုံလည်း ဘာအရေးလဲ။ လောပိတမှာ နေကတည်းက စိတ်ညစ်ရင် စာရေးပြီး စိတ်ဖြေရတဲ့ အလေ့အထက အလိုလို စွဲလာခဲ့တာ။ ကျွန်တော့်ရင်ထဲက မွန်းကြပ်မှုတွေကို ပြောပြစရာ စာရွက်ပဲ ရှိတာကိုး။

ငါးတန်းရောက်နေတဲ့အခါတော့ လူရည်လေး နည်းနည်းလည်လာပြီဖြစ်သလို တစ်နေ့ကျရင် ကိုယ်သည်လည်း သီးခြားရပ်တည်ရမယ့် လူသားတစ်ယောက် ဖြစ်တယ်ဆိုတာကို သဘောပေါက်နေပါပြီ။ ကိုယ့်စိတ်နဲ့ ကိုယ်ဆိုတာကလည်း သိလာနေတယ်။ အဲဒါကြောင့် စာ ကဗျာရေးတာတွေ ပိုလုပ်ဖြစ်လာခဲ့ပါတော့တယ်။

တွေ့သမျှ စာအုပ်တွေလည်း တွန်းဖတ်နေပါတယ်။ ဘာစာအုပ်ပဲဖြစ်ဖြစ် မျက်စိအောက် ရောက်လာတာ အကုန်ဖတ်တာပဲ။ နားလည်တာလည်း ရှိ၊ နားမလည်တာလည်း ရှိပေါ့။

သည်အပိုင်းမှာ ပြောကြတာလေးတွေ

Amy Nang ရိုက်ခံရတဲ့အရသာကို ကိုယ်ချင်းစာတယ်။ ကျနော်ဆို ၃တန်းတုန်းက ပေါင်ကျိုးတဲ့အထိ ရိုက်ခံရတာ… တိုင်မှာ ကြိုးတုပ်ပြီး ရိုက်ခံရတာတော့ ပြောမနေနဲ့တော့… ဆရာ့လိုပဲ… အခု အသက်တွေ ကြီးလာပြီးတော့မှ အဖေ့ရဲ့ကောင်းကွက်တွေနဲ့ ပြန်စဉ်းစားနိုင်တာ… ငယ်ငယ်ကဆို အဖေကို သေပါစေလို့တောင် ဆုတောင်းခဲ့ဖူးတာ… စိတ်ထဲမှာ ဘာအငြိုးမှ မရှိပေမယ့် ဆူးတော့ ကျန်တယ်။

Shin Shin Aung Htunကိုယ်လည်း ငယ်ငယ်က ရိုက်နှက်အဆုံးမခံခဲ့ရတယ်။ အဲဒီလိုနဲ့ နာကျင်တဲ့ ရသကို သင်ယူတတ်ခဲ့တယ်။ အမ့ကို မုန်းတာမျိုးတော့ လုံးဝ မဟုတ်ပါဘူး။ ခု အမေတစ်ယောက်ဖြစ်လာတော့ ကလေးကို တခါတရံ လက်ပါမိတယ်။ ဆင်ခြင်တုံတရား နည်းပါးတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဆူးတစ်ချောင်းတော့ မဖြစ်စေချင်လို့ ကြိုးစားရဦးမယ်။

Kay Zacအမှတ် ၉ကျောင်းလို့ ကြားလိုက်တိုင်း မျက်စိထဲ မြင်လာတာက ကျောင်းပေါက်ဝနဲ့တည့်တည့်က ဘောလုံးကွင်းကြီးပဲ၊ ပြီးရင် ဘေးက သများတို့ ခစ်စမတ်မှာ သွားပြီး ငတ်ကြီးကျနေကြသံဝင်း

May Thandar Win 😦 ဆရာရေ ဖတ်ရတာ စိတ်မကောင်းဘူး။ ရိုက်နှက် ဆုံးမတဲ့ မိဘတွေ တအားမုန်းတယ်။ ငယ်ဘ၀ တလျှောက်လုံး အမေက လက်ဖျားနဲ့တောင် မထိခဲ့တာကိုလည်း ပိုကျေးဇူးတင်မိတယ်။ ဒါနဲ့ ဆရာ ဦးနေ၀င်းတံခိုးနဲ့ ပဲသည်တွေ ဖြစ်ကုန်ကြပြီ။ စာကြောင်းမှာ တံခိုး ဖြစ်နေတုန်းပဲ

ATKကျေးဇူးပါ။ နောက် တွေ့ရင်လည်း ပြောဦးနော်။ သများက အိုက်သာမျိုး စိတ်မချိုးဒတ်ဝူးးးးး

May Thandar Winပြောမယ် အပြန်အလှန်ပေါ့ ဟိ

May Thandar Winမှတ်မှတ်ရရ မြန်မာတိုင်းမ်မယ်လုပ်တုန်းက ပထမဆုံးအကြိမ် အရက်သောက်ပြီး မူးဖူးတာ အိမ်ပြန်လာတော့ ကုတင်ပေါ် ဘိုင်းကနဲ မှောက်ရက်အိပ်ပျော်သွားတုန်း အမေလာပြီး တင်ပါးကို ဖျတ်ဖျတ် လာရိုက်တာ တသက်လုံးမှာ အမေ သမီး အသားကို ပထမဆုံးထိဖူးတာပဲ။ ဒါလည်း ခြင်ရိုက်ပေးသလောက်တောင် မရှိဘူး 🙂

ATKကြွားထှာအေ

May Thandar Win;P ဟိ

Oakker Seithuအခုချိန်ထိ အဲဒီဗျက နှုတ်ကျိုးနေတုန်းပဲ။

ငယ်တုန်းက ကျွန်တော့် မေမေ ရိုက်ရင် ဘာလုပ်လို့ ဘယ်နှစ်ချက် အရိုက်ခံရမယ်။ ရှောင်ရင် ပိုအရိုက်ခံရမယ်လို့ပြောပြီး ရိုက်တယ်ခင်ဗျ။ အဲလိုရိုက်မယ်ဆို လက်ပိုက်ပြီး ဖြစ်ဖြစ်၊ တိုင်ကို ဖက်ပြီး ဖြစ်ဖြစ် အရိုက်ခံရတယ်။

တစ်တန်းလား နှစ်တန်းလားမသိဘူး။ အရိုက်ခံရလို့ အော်ရင် ပုံမှန်အတိုင်း (အား) လို့မအော်ဘူးတဲ့။ (အားဗျ၊ အားဗျ) ဆိုပြီး အော်တယ်တဲ့။ ဟီး ။ ဗျဆိုတဲ့ စကားလုံးကို နှုတ်ကျိုးနေတာကိုး

ATKTeacher Nilar လည်း အကြမ်းဖက်သမကြီးပေပဲကိုးးးးးးး မထင်ရဘူးနော်

Oakker Seithuအဖေတာဝန်ကော အမေတာဝန်ကော ထမ်းရတာဆိုတော့ ဒီနည်းပဲ သုံးမှဖြစ်မှာကိုး ဆရာရဲ့ 

(ဟိ ရှေ့နေလိုက်ပေးတာ)

ATKအေး… ရှေ့နေပဲလိုက်။ အဲဒီ့နည်းကို ကိုယ့်သားသမီး လက်ထက်မှာ လုံးဝ မသုံးမိစေနဲ့။ ကောင်းတဲ့ အလုပ်မဟုတ်ဘူး။

Nilar Myintကျွန်မက သားတွေကို မလုပ်ရဘူးအရိုက်ခံရမယ်လို့ ပြောထားတဲ့တားမြစ်ချက်တွေလုပ်ရင်၊ လိမ်ပြောရင်၊ ခိုးရင် ရိုက်ပါတယ်ဆရာရေ။ အများအားဖြင့် ၂ ချက်ပါ။ အပြစ်ငယ်ရင် ၁ချက်ပေါ့လေ။ တင်ပါးကိုပဲ ရိုက်ပါတယ်။ ဒေါသတကြီး ကျွဲရိုက် နွားရိုက်တော့ တစ်ခါမှမရိုက်ဖူးပါဘူး။ မရိုက်ခင် အပြစ်ကို ခွဲခြမ်းစိတ်ဖြာပြီး သူတို့ လုပ်ရပ် မှန်မမှန် အရင် သုံးသပ်ပြသေးတာပါ။ တရားခွင်မှာလိုလေ။ ဆရာမပီပီ လေရှည်တာပါ။ အရိုက်ခံရင်လက်ပိုက် (ငယ်ငယ်တုန်းကတော့ တိုင်ဖက်ပေါ့လေ) ရပါတယ်။ ရိုက်တုန်း လက်နဲ့ကာမိရင် လက်နာသွားမှာစိုးလို့ပါ။ အကြောင်းအရာ တော်တော်များများကို ဘာကြောင့်လုပ်သင့်တယ် မလုပ်သင့်ဘူး၊ ကောင်းတယ် မကောင်းဘူးဆိုတာတွေကို အမြဲလိုလို ဥပမာတွေ ပေးပြီး ဆုံးမထားပါရက်နဲ့ မစဉ်းမစားလုပ်လို့ကတော့ ၀ါးခြမ်းပြား ဒဏ်ပါပဲဆရာရေ ။ (အခုကျတော့လည်း အသက်က စကားပြောလာတာထင်ပါရဲ့ ကျောင်းမှာတောင် တုတ်မကိုင်ဖြစ်တော့ပါဘူး)

ATK MaShin MaShin မရေ… မရိုက်တာတော့ အကောင်းဆုံးပါပဲ။ မလွှဲသာလို့ ရိုက်မယ်ဆိုရင် Teacher Nilar Myint ပြောသလို ဒေါသတကြီး ရိုက်တာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။ ကလေးကို လိမ္မာစေချင်တာလား၊ ငါ့ဒေါသကို အထုပ်ဖြည်မှာလားဆိုတာ ကလေးကို ရိုက်ခါနီးတိုင်း စဉ်းစားစေချင်ပါတယ်။ သိပ်ငယ်သေးတဲ့ အရွယ်မှာ နာနာတောင် တအား ရိုက်စရာ မလိုပါဘူး။ စပ်စပ်ကလေးလောက်နဲ့ ဖြစ်ပါတယ်။ သိတတ်တဲ့ အရွယ်ရောက်ရင် လုံးဝ ရိုက်စရာ မလိုတော့ပါဘူး။ နားလည်အောင် ပြောပြနိုင်ပါပြီ။

အဲ… စိတ်ချမ်းသာစရာကောင်းတာက ဘယ်သားသမီးဖြစ်ဖြစ် မအေ ရိုက်တာကို သိပ်မဥပါဒ်ကြဘူးဗျ။ ဖအေကိုသာ ဘ၀တစ်သက်စာ ပိုပြီး မှတ်ကြတာပါ။

၂၀၁၅ ခုနှစ် မတ်လ ၈ ရက်

မြန်မာ အကွာအဝေးအတိုင်းအတာ စနစ်

နေ့ကျောင်းသားဘ၀မှာ စိတ်ချမ်းသာစရာ ကောင်းတာကတော့ ကျောင်းသွားကျောင်းပြန် ခရီးပါပဲ။

အိမ်က ၈၁ လမ်းပေါ်၊ ၁၉ လမ်းနဲ့ သိပ်မလှမ်းလှတဲ့ နေရာမှာ။ အဲဒီ့ကနေ ၂၅ လမ်နဲ့ ၂၆ လမ်းကြား၊ ရွှေတချောင်း အနောက်ဖက်မှာ ရှိတဲ့ အမှတ် ၉ ကျောင်းကို ခြေလျင် ကြိတ်ရတာပေါ့ဗျာ။

တစ်နေ့တစ်နေ့ ကျောင်းသွား ကျောင်းပြန် စုစုပေါင်း မန္တလေးအခေါ် ၉ ပြကျော်ကို လျှောက်ခဲ့ရတာဗျ။ နည်းနည်းနောနော မဟုတ်ဘူး။

မန္တလေးအခေါ် တစ်ပြ၊ နှစ်ပြကို ကြားရုံပဲ ကြားဖူးပြီး ဘယ်လို တွက်မှန်း မသိသူတွေအတွက် အကျယ်လေး နည်းနည်း ချဲ့ပြပါ့မယ်။

မန္တလေးမြို့ကို မင်းတုန်းမင်းကြီးက သာသနာ ၂၄၀၀ ပြည့်အထိမ်းအမှတ်အနေနဲ့ တည်ခဲ့တာမို့ သူ့နန်းတော် တစ်ပတ် (လေးဘက် လေးတန်) ကို “တာ”ပေါင်း ၂၄၀၀ နဲ့ တည်ခဲ့ပါတယ်။ နန်းတော်က စတုရန်းပုံစံမို့ အဲဒီ့ တာပေါင်း ၂၄၀၀ ဟာ တစ်ဘက်မှာ တာပေါင်း ၆၀၀ စီ ရှိတယ်။ တစ်တာက ခုနစ်တောင် ရှိတယ်။ ပေနဲ့ ပြောရင် ၁၀ ပေခွဲ။

“တာ”ဆိုတာ မြန်မာတို့ရဲ့ အတိုင်းအထွာပါ။ အကွာအဝေး၊ အတိုင်းအရှည်ကို ပြောတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။ “နေ့တာ” “ညဥ့်တာ”ကို လူတိုင်း ကြားဖူးမှာပါ။ အလားတူ “တာတို” “တာလတ်” “တာဝေး”ပြေးပွဲဆိုတာတွေဟာလည်း အဲဒီ့ “တာ”ကို ပြောတဲ့ ဝေါဟာရပါပဲ။

တာမှာက အမျိုးမျိုးရှိပြန်တယ်။ မြင့်မိုရ်တာ၊ စက္က၀ါတာ အစရှိသဖြင့်။ ရှုပ်သထက် ပိုရှုပ်ကုန်မှာစိုးလို့ အသေး ထပ်မစိတ်တော့ပါဘူး။ (ကျွန်တော်လည်း အဲသလောက် အသေးစိတ် မသိပါဘူး။ 🙂 )

မန္တလေး နန်းတော်ရဲ့ တာပေါင်း ၂၄၀၀ ကိုတော့ မြင့်မိုရ်တာနဲ့ တွက်ထားတာမို့ တစ်တာဟာ ခုနစ်တောင် ဖြစ်နေတာပါ။ စက္က၀ါတာ ဆိုရင် တစ်တာကို ဆယ်တောင် ရှိပါတယ်။ (လူအထင်ကြီးအောင် လျှောက်ပြောနေတာ မဟုတ်ဘူးနော်။ သိသလောက်လေး ပြန်လက်ဆင့်ကမ်းပေးတာပါ။)

Mandalayတစ်နည်းပြောရင် နန်းတော် အရပ်မျက်နှာ မြို့ရိုး အုတ်တံတိုင်းတစ်ဖက်၊ ဒါမှမဟုတ် ကျုံးတစ်ဖက်ဟာ တာပေါင်း ၆၀၀ ရှိတယ်။ ပြအနေနဲ့ ပြောရင်း ၁၂ ပြ ရှိတယ်။

ပြဆိုတာက ပြအိုးလို့ ခေါ်တဲ့ နန်းတော်မြို့ရိုး ထိပ်က ပြဿဒ်အဆောင်ငယ် တစ်ခုနဲ့ တစ်ခု အကွာအဝေးဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ပြဟာ တာပေါင်း ၅၀ ရှိသွားတယ်။ တစ်တာကို ၁၀ ပေခွဲ ရှိတာမို့ တစ်ပြဟာ ၅၂၅ ပေ၊ ကိုက်နဲ့ ပြောရင် ၁၇၅ ကိုက်၊ မီတာနဲ့ ပြောရင် ၁၆၀ မီတာရှိပါတယ်။

တစ်ဖာလုံဟာ ကိုက်ပေါင်း ၂၂၀ ရှိတာမို့ တစ်ပြနဲ့ တစ်စိတ် (တစ်ပြရဲ့ လေးပုံတစ်ပုံ)ဟာ တစ်ဖာလုံလောက် ရှိတယ်။ လွယ်အောင် ပြောရင် ငါးပြဟာ လေးဖာလုံ ပြည့်ဖို့ ငါးပေပဲ လိုပါတော့တယ်။ သည်တော့ ၁၀ ပြဆိုရင် တစ်မိုင်ပြည့်ဖို့ ၁၀ ပေပဲ လိုတော့မှာပါ။

(သေချာလည်း ပြန်တွက်ကြည့်ရင် တွက်ကြည့်ကြဦးနော်။ ကျွန်တော့်ကိုယ် ကျွန်တော်တော့ ဦးလှဆွေထက် အခြေခံ သင်္ချာ ပိုမှန်အောင် တွက်နိုင်မယ် ထင်တာပဲ။ 😀 )

အဲ… ကျွန်တော့် နေ့စဉ် ကျောင်းသွားကျောင်းပြန်ခရီးဟာ အသွား ကိုးပြ၊ အပြန် ကိုးပြ ရှိတာမို့ စုစုပေါင်း ၁၈ ပြဆိုတော့ ၁၄ ဖာလုံ (တစ်မိုင်နဲ့ ခြောက်ဖာလုံ) ကျော်ကျော်ပါ။

မန္တလေးက သယ်ယူပို့ဆောင်ရေး

သည်ခရီးမှာ ဘယ်သူမှ ကျွန်တော့်ကို တခုတ်တရ လိုက်ပို့မနေပါဘူး။ မနက်တိုင် ကိုယ့်ဘာသာ လွယ်အိတ်လေးလွယ်၊ ကြီးကြီးထည့်ပေးတဲ့ ထမင်းချိုင့်လေးဆွဲတဲ့ပြီး ငိုက်စိုက်ငိုက်စိုက်နဲ့ တစ်ယောက်တည်း ဟိုမော့ သည်မော့ လျှောက်ရတာပေါ့။

အပြန်လည်း တစ်ယောက်တည်း ပြန်ပေါ့။ ဘယ်သူမှ လာကြိုပေးမနေဘူး။ ကျွန်တော်တင်လားဆိုတော့ မဟုတ်ဘူး။ တစ်ကျောင်းလုံးမှာ သူငယ်တန်း ကလေးတွေက လွဲရင် ပထမတန်းကလေးကအစ ကိုယ့်ဟာကိုယ် ကြိတ်နေကြသူချည်းပဲ။ စက်ဘီးနဲ့ လာတဲ့သူက လာပေါ့။

ကျွန်တော့်တော့ ဘယ်သူက စက်ဘီးဝယ်ပေးနေမှာလဲ။ ဦးကြီးကိုကိုမှာတောင် စက်ဘီး မရှိဘူးထင်တယ်။ ကျွန်တော် ကလေးငယ်ဘ၀တုန်းကတော့ သူ စက်ဘီးစီးတာ၊ အိမ်မှာ စက်ဘီး ရှိတာ မှတ်မိတယ်။ ငါးတန်း သူ့အိမ်မှာနေတော့ စက်ဘီးက သူ့အိမ်မှာ မရှိတော့ပြန်ဘူး။ စီးပွားရေး အခြေအနေအရနဲ့ တူပါတယ်။ သူက ဆိုခဲ့တဲ့အတိုင်း ဘာအလုပ်မှ မလုပ်တာကိုး။

အဲ… အဲလိုလည်း မဟုတ်ဘူး ထင်တယ်။ ကျွန်တော်လည်း ရောနေပြီ။ ဈေးချို အေရုံထဲမှာပဲ ဦးကြီးကိုကိုနဲ့ ကြီးကြီးက ပရဆေးဆိုင် ထွက်လိုက်ကြသေးတယ်။ ဟုတ်တယ်။ ခုမှ နည်းနည်း ပြန်မှတ်မိလာပြီ။

ဦးကြီးကိုကိုရဲ့ ဇနီး၊ ကြီးကြီး မခင်ရီရဲ့ အစ်မ၀မ်းကွဲတစ်ယောက်က အေရုံထဲမှာ ပရဆေးဆိုင်ထွက်တယ်။ အဲဒီ့ ဆိုင်နဲ့ ကပ်လျက်က ဆိုင်ခန်းလေး တစ်ခန်းငှားပြီး သူတို့ကလည်း တစ်ဆိုင်ထွက်တာ။ ကြီးကြီးပဲ အကုန်လုံး လုပ်ရတာပါ။

ဦးကြီးကိုကိုကတော့ တိုက်ပုံအင်္ကျီနဲ့ သပ်သပ်ရပ်ရပ် ၀တ်လို့ စားလို့၊ ဘိုကေက ကျော့လို့နဲ့ ဈေးကို သွား၊ ဟိုကျတော့ ဆိုင်ပေါ်မှာ ငုတ်တုတ်ကြီး ထိုင်၊ ဆေးပေါ့လိပ် ထိုင်သောက်နေတာပဲ။

MINOLTA DIGITAL CAMERAဈေးသွားရင် ကျွန်တော်တို့ အိမ်ရှေ့ ၈၁ လမ်းပေါ်ကနေ ဈေးချို အရောက်ပြေးတဲ့ ကားဝါကို စီးရတယ်။ မန္တလေးမှာက ကားဝါ၊ ကားနီ၊ ကားပြာဆိုတဲ့ ချက်ပလက် (ရှဲဗှရားလေး Chevrolet) ခေါင်းတို ဘတ်(စ်)ကားအိုကြီးတွေနဲ့ လိုင်းကား ပြေးတယ်။

ကားတွေမှာ ယာဉ်လိုင်း အမှတ်စဉ်တွေတော့ ရှိတာပေါ့။ ကျွန်တော်တော့ မှတ်မထားမိဘူး။ ကားဝါ၊ ကားနီ၊ ကားပြာပဲ သိတော့တယ်။ အခုလည်း ရှိသေး မှတ်တယ်။ ဘုရားကြီး (မဟာမုနိ) သွားချင် ကားပြာ စီး၊ မန္တလေး တောင်ခြေသွားချင်ရင် ကားနီ စီးရတာလောက်တော့ မှတ်မိနေပါသေးတယ်။

အဲဒီ့ကားတွေက ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော အများသုံး ယာဉ်ပေါ့။ မန္တလေးမှာ အဲဒီ့အချိန်က တစ်မြို့လုံး စက်ဘီးပဲ သုံးကြတာ။ တစ်မြို့လုံးက မြေပြန့်တော့ စက်ဘီးကလည်း အဆင်ပြေတာကိုး။ အဲတော့ အငှားယာဉ်ဆိုတာ မရှိဘူး။

အငှားယာဉ်အဖြစ် အဲဒီ့တုန်းက သုံးကြတာက မြင်းလှည်း။

မြင်းရထားခေတ်ကိုတော့ ကလေးတုန်းက ကြုံလိုက်သေးပေမယ့် ကျွန်တော် ငါးတန်းကျတော့ မန္တလေးမှာ မြင်းရထားတွေ မရှိတော့ဘူး။

ရထားနဲ့ လှည်းနဲ့ ဘာကွာလဲ သိချင်ကြသေးလား

Horse-cartဟုတ်ကဲ့… လှည်းက ဘီးနှစ်ဘီးနဲ့ တွန်းလှည်းလို ပက်လက်ကလေး။ အဲဒါကိုမှ အပေါ်က မိုးရေကာဖျင် ပေါင်းမိုး တပ်ထားတာ။ မြင်းလှည်းဆရာက မြင်းရဲ့ နောက်တည့်တည့် လမ်းကို မျက်နှာမူတဲ့ ခုံတန်းမှာထိုင်တယ်။ ခရီးသည်က လှည်းရဲ့ နောက်က တံခါးလေးက တစ်ဆင့် တက်ပြီး လမ်းကို ပခုံးထား စီးရတယ်။ ဒိုင်နာတို့၊ ဟိုင်းလပ်(စ်)တို့လို ကားတွေရဲ့ နောက်ခန်းက ခုံတန်းတွေလိုပေါ့ဗျာ။ မျက်နှာချင်းဆိုင် နှစ်တန်း ရှိတယ်။ တစ်ဖက် လူကြီး ၂ ယောက် ချောင်ချောင် စီးလို့ ရတယ်။ ကြပ်ကြပ် တိုးဝှေ့စီးရင် ခြောက်ယောက်ပေါ့။

မြင်းရထားဆိုတာကတော့ အခု မေမြို့မှာ အနည်းအပါး ရှိနေပါသေးတယ်။ ရထားလုံး (ရထလုံးလို့ အသံထွက်ကြတယ်)လို့လည်း ခေါ်တယ်။ သူကကျတော့ ဘီးလေးဘီးနဲ့။ ရထားတွဲ အငယ်စားလေးလို ပတ်လည်ကို သစ်သားနဲ့ အခိုင်အမာ ဆောက်ထားတာ။ လှည်းဆရာက အဲဒီ့ ရထားအိမ်ရဲ့ အပြင်ဘက် ခေါင်မိုးထက်လောက် နေရာကနေ မောင်းတယ်။

အထဲမှာ ထိုင်ရတာက နောက်တန်းက လမ်းကို မျက်နှာမူတယ်၊ ရှေ့တန်းက လမ်းကို ကျောပေးထားပြီး ထိုင်ကြရတာ။ သူကလည်း အမှန်တော့ လေးယောက်စီးပဲ။

pyinoolwin2နောက်ပြီးတော့ အဲဒီ့အချိန်က မန္တလေးက လမ်းမတွေပေါ်မှာ နွားလှည်းတွေကိုလည်း တော်တော် သုံးနေကြတုံးဗျ။ လမ်းလျှောက်ရင်း အဲဒီ့ နွားချေး ရှောင်နေရတာကိုက အလုပ်တစ်ခု၊ ဖုံနံ့၊ နောက်ချေးနံ့၊ မြင်းချေးနံ့လေးတွေ တသင်းသင်းနဲ့ ကျွန်တော် ချစ်သော မန္တလေးပေါ့ဗျာ။

ရေးနေရင်းနဲ့မှ တခြားဟာတွေလည်း စွတ်ကယ်စွတ်ကယ် ပြန်သတိရတာနဲ့ ငါးတန်းကနေ ကလေးဘ၀ဘက် နည်းနည်း ပြန်သွားလိုက်ဦးမယ်နော်။

ကိုရင့်ဘွဲ့အဆန်း

မန္တလေးမှာ ကျွန်တော့်ကို ရှင်ပြုပေးခဲ့ကြတာပါ။ အရွယ်လေးမှ ဘာရှိဦးမှာလဲ၊ ငါးနှစ်လား၊ ငါးနှစ် မပြည့်သေးဘူးလား မသိဘူး။ အရင်ကတော့ ဓာတ်ပုံလေးတွေ ရှိပါတယ်။ မေမေက ကျွန်တော့်ကို စိတ်ပေါက်ရင် ကျွန်တော့်ဓာတ်ပုံတွေကို ဆုတ်ဖြဲပစ်တော့တာမို့ အခုတော့ ဘာအစအနမှ မကျန်တော့ဘူး။

အမယ်… အဲတုန်းက ကလေးလေး ကျွန်တော်က ချစ်စရာလေးဗျ။ ကျွန်တော့်သား ငယ်ငယ်က ရုပ်နဲ့ ချွတ်စွပ်ပဲ။ ကြီးတော့သာ တဖြည်းဖြည်း အမြင်ကတ်စရာ ကောင်းလာတော့တာပလေ။ 😀 

အဘိုးဦးချစ်မောင်က ပြုပေးတာဖြစ်ပါလိမ့်မယ်။ ခေါင်းပေါင်းတလူလူ၊ ဘန်ကောက်ပုဆိုး တရွှမ်းရွှမ်းနဲ့ တဟဲဟဲ ရယ်ပြီး လူတကာကို ဧည့်ခံနေတဲ့ အဘိုးကို မျက်လုံးထဲ ပြန်မြင်ယောင်လာတယ်။ သော်သော်တောင် ၀တ်ကောင်းစားလှနဲ့ ရှိနေခဲ့သေးတယ်။ အဖေတော့ မပါဘူး။ အဖေက အဲတုန်းက လောဓလေ့မှာပဲ။ အမေကတော့ ရှိသပေါ့။

အဲဒီ့ရှင်ပြုပွဲက ပျော်စရာကြီးပါ။ မေမေဘွားဘွားလည်း ပွဲတက်သေးလား၊ မတက်ဘူးလားတော့ မမှတ်မိဘူး။

လမ်း ၈၀ ကျုံးထိပ်တန်းက သာသနာ့ဗိမာန် အပေါ်ထပ်မှာ ဧည့်ခံတာ။ ရေခဲမုန့်စားရတာ မှတ်မိနေတယ်။ ပရိသတ်ကို အဘိုးက ကောင်းကောင်းကျွေးခဲ့တာ။ လူတွေ စည်တာလည်း မှတ်မိတယ်။

ညကျတော့မှ အခက်ပွေကြရတော့တာ။ ကျွန်တော် ရှင်ပြုတာကို အပျော်လွန်သွားတဲ့ ဦးကြီးကိုကိုက အရက်တွေ သောက်ပြီး သူငယ်ချင်းကား တက်မောင်းရာက တိုက်မိလို့ ဆိုတဲ့သတင်းက ညဘက်ကျ ရောက်လာတာမို့ အိမ်မှာ ပူကြရပြန်တယ်။ နောက်ဆုံးတော့ မေမေဘွားဘွားက စိုက်ပြီး လျော်ပေးရတာပေါ့။

ကျွန်တော်က သင်္ကန်းမနိုင်သေးတဲ့အရွယ်။ ထုံးစံအတိုင်း ကိုရင်ကို နာမည်ပေးတဲ့အခါ နေ့နံသင့်အောင် ရှင်အာစရလို့ မှည့်ခေါ်လိုက်ကြတယ်။ လေးလေးမြင့်ကလား၊ အဘိုးလေး ဦးလှမောင်ကပဲလား မသိဘူး၊ ရှင်အာပြဲလို့ ပြောင်ခေါ်တာနဲ့ ကျွန်တော့် ကိုရင်နာမည်လည်း ရှင်အာပြဲ ဖြစ်သွားပါရောလား။ ဟုတ်တော့လည်း ဟုတ်တယ်။ ကျွန်တော့် အသံကလည်း အတော်ကြီး ကျယ်ပေသကိုး။

အဲဒီ့ကနေ နောက် နည်းနည်းထပ် ပြန်ငယ်လိုက်ဦးမယ်။ ကျွန်တော် စကားတတ်စ အချိန်မှာဖြစ်ခဲ့တာပါ။

မေမေဘွားဘွားအိမ် ဖွဲ့စည်းပုံ

ကျွန်တော်တို့ မန္တလေးအိမ် ဖွဲ့စည်းပုံကို အရင်ပြောမှ ဖြစ်မယ်။

အိမ်က အရှေ့ဘက် (ကျုံးဘက်) ကို မျက်နှာမူပြီး ဆောက်ထားတဲ့ အိမ်။ အိမ်ဝင်းရဲ့ တောင်ဘက်ခြမ်းကို ကပ်ဆောက်ထားတယ်။

အတွင်းခန်း ဖွဲ့စည်းပုံကတော့ ၀င်ပေါက်က အကျယ်ကြီး။ အဲဒီ့ ၀င်ပေါက်ရဲ့ ဘယ်ဘက်၊ အိမ်ရဲ့ တောင်ဘက် ခြမ်းမှာ အခန်းတစ်ခန်း ရှိတယ်။ မေမေဘွားဘွားက အဲဒီ့အခန်းမှာ နေတာ။ ငါးတန်းမှာ ကျွန်တော် အဲဒီ့အိမ်မှာနေတော့ အဲဒီ့အခန်းက ကျွန်တော့်အခန်း ဖြစ်သွားပြီ။ မေမေဘွားဘွားက မေမေတို့နဲ့ လောဓလေ့မှာ ကျန်ရစ်ရှာတာကိုး။

မေမေဘွားဘွာအန်းပြီးရင် အထပ်ခိုးပေါ် တက်တဲ့ လှေကား ရှိတယ်။ အထပ်ခိုးပေါ် တက်တဲ့ လှေကားဆိုလို့ ခနော်နီ ခနောနဲ့ မမှတ်နဲ့ဗျ။ လှေကားအိမ်နဲ့၊ လှေကားဘေးမှာ နှစ်ပေလောက်ကျယ်တဲ့ နေရာလပ်နဲ့။ ပြီးရင် နောက်တစ်ခန်း။ အဲဒီ့အခန်းမှာ ကျွန်တော် ငယ်ငယ်က ကျွန်တော်တို့ သားအမိ အိပ်ကြတာကို မှတ်မိတယ်။ အဖေလာရင်လည်း အဲဒီ့အခန်းမှာပဲ အိပ်တယ် ထင်တယ်။ ကျွန်တော် ငါးတန်းကျတော့ ဥိးကြီးကိုကိုတို့ လင်မယားက အဲဒီ့အခန်းမှာ အိပ်ကြတယ်။

အဲဒီ့အခန်း ပြီးရင် အိမ်မကြီးက ဆုံးသွားပြီ။

ဝင်ပေါက်နဲ့ တည့်တည့်ရယ်၊ ၀င်ပေါက်ရဲ့ ညာဘက်ခြမ်း၊ ဘယ်ဘက်က အခန်းတွေလောက် ကျယ်လွင့်တဲ့ နေရာရယ်ကကျတော့ အလွတ်။ ဟာလာ ဟင်းလင်း။ အဲဒီ့ အခန်းကျယ်ကြီးရဲ့ ခေါင်းရင်းဘက် ထောင့်မှာ ကွပ်ပျစ်ကျယ်ကြီး တစ်လုံး ရှိတယ်။ အဲဒီ့ကွပ်ပျစ်ကြီးပေါ်မှာ ဦးကြီးကိုကိုနဲ့ ကြီးကြီးက ညတိုင်ကျ အိပ်ကြတာ။ နေ့လယ်ကျရင်တော့ ဟာလာ ဟင်းလင်းပေါ့။

ကွပ်ပျစ်ခြေရင်းမှာ ဦးကြီးကိုကိုရဲ့ ဧရာမ ဘီရိုကြီး ရှိတယ်။ ကိုယ်လုံးပေါ်မှန်ကြီး တပ်လို့၊ ကနုတ်ပန်းတွေနဲ့ ရှေးဘီရိုကြီး။

အိမ်အလယ် ၀င်ပေါက် အနီးမှာက စားပွဲတစ်လုံး ရှိတယ်။ တင်ချင်တာတွေ တင်ထားတာ၊ စာအုပ်၊ စာရွက်စာတမ်း၊ ဘာညာ။ ဦးကြီးကိုကိုရဲ့ ဆေးလိပ်၊ ဆေးတံစတာတွေလည်း ရှိတယ်။ အဲဒီ့ စားပွဲရဲ့ နောက်မှာတော့ ထမင်းစားတဲ့ စားပွဲနဲ့ ကုလားထိုင်တွေ။ ကျွန်တော်တို့ သားအမိ အခန်း ၀င်ပေါက်နဲ့ တည့်တည့် လောက်မှာ။

အဲဒီ့ ထမင်းစားပွဲရဲ့ အိမ်နောက်ဖေး နံရံကို ကပ်ပြီး တည်ထားတာက အုတ်စင်လေးတစ်ခု။ အဲဒီ့ အုတ်စင်လေး ပေါ်မှာ သဲခင်းထားတယ်။ သဲပေါ်မှာ သောက်ရေအိုးနှစ်လုံးတင်ထားတယ်။ သဲကို ရေဆွတ်ထားတော့ သောက်ရေက အေးသပေါ့။

သူ့ဘေးမှာက ကြောင်အိမ်။ ရှေးကြောင်အိမ်ပါ။ ကြောင်အိမ်ရှေ့မှာ ကျီးကျီးရဲ့ မှန်တင်ခုံက ပြတင်းပေါက်ကို မျက်နှာမူပြီး မြောက်ဘက်နံရံနဲ့ ကပ်လျက် ရှိနေတယ် ခွေးခြေလို့ ခေါ်တဲ့ ခုံပုလေးနဲ့ ထိုင်မှ မှန်ကြည့်လို့ရတဲ့ မှန်တင်ခုံ အနိမ့်လည်း ဖြစ်ပါတယ်။

အဲဒါ အိမ်အတွင်းပိုင်း ဖွဲ့စည်းပုံပဲ။ အုတ်စင်နဲ့ကျွန်တော်တို့ အခန်းကြားမှာ နောက်ဖေးကို ထွက်တဲ့ တံခါး ရှိတယ်။ အိမ်ရှေ့တံခါးမကြီးနဲ့ တည့်တည့်ပဲ။ နောက်ဖေးကို ထွက်လိုက်ရင် ကျွန်တော် ပန်းကန်ဆေးရတဲ့ နေရာရှိသော အုတ်ခုံရှိတယ်။ အုတ်ခုံရဲ့ ဘယ်ညာမှာ အခန်းနှစ်ခန်း ရှိပြီး အိမ်မကြီးနဲ့ဆက်နေတဲ့ အုတ်တိုက် အဆွယ်လေးတွေ ရှိတယ်။ ညာဘက် (မြောက်ဘက်)က မီးဖိုချောင်။ အိမ်မကြီးနဲ့ ဆက်ထားတဲ့ သံတိုင်နဲ့ ပြတင်းပေါက် ရှိပြီး အမြဲလို ဖွင့်ထားတယ်။ ညကျမှ ပိတ်တယ်။

ဘယ်ဘက်မှာက စတိုခန်း။ ဗျုတ်စဗျင်းတောင်းတွေ ထားတယ်။ တစ်ခါ ၀င်မွှေတော့ တွေ့ဖူးတာက အခုခေတ် ကွန်ပျူတာနဲ့ ရိုက်တဲ့ ပုံနှိပ်စက်အကြီးစားလောက်ပဲ ရှိတဲ့ ခဲစာလုံး လက်လှည့် ပုံနှိပ်စက်ကလေး။ အခုနေများ အဲဒါတွေ ရှိသေးရင် တန်လိုက်မယ့် ဖြစ်ခြင်း။ မသုံးတာ ကြာတော့ ပျက်နေပြီပေါ့။

အဲ… နောက်ထပ် အရေးကြီးတာလည်း တွေ့လိုက်သေးသဗျ။ အဲဒါ ငါးတန်း အဲဒီ့အိမ်မှာ နေတုန်း ၀င်မွှေရင်း တွေ့တာပါ။ ကလေးတုန်းကတော့ တစ်ခါမှ မမွှေခဲ့ဖူးပါဘူး။

ဘာတွေ့တယ် မှတ်တုံး။ ဖို-မဆက်ဆံရေး ပညာပေး စာအုပ်လေးခင်ဗျ။ ကျွန်တော့်မှာ လှပ်ကြည့်ပြီး ရင်တွေတောင် တုန်သွားတာနဲ့ အသာပြန်ချထားခဲ့တယ်။ နောက်တစ်ခါ ၀င်မွှေတော့ မတွေ့တော့ဘူး။

အဲ… အဲဒီ့ စတိုခန်းကလည်း ကျွန်တော်တို့ သားအမိအိပ်ခန်းနဲ့ ဆက်နေတဲ့ သံတိုင်တပ် ပြတင်းတစ်ခု ရှိသေးပေမယ့် အဲဒီ့ပြတင်းကိုတော့ အသေပိတ်ထားတယ်။

အထပ်ခိုးကလည်း ထပ်ခိုးသာဆိုတယ်၊ ရန်ကုန် အထပ်ခိုးလို နိမ့်နိမ့်လေး မဟုတ်ဘူး။ လူနှစ်ရပ်စာလောက် မြင့်တယ်။ အရှေ့ဘက် ခေါင်းရင်းမှာက ဘုရားစင်ရှိတယ်။ အဲဒါက ပြင်ကျယ် အလွတ်။ လှေကားက တက်သွားရင် ဘယ်ဘက်မှာ ဘုရားစင်။ ညာဘက်မှာက အခန်းကျယ်ကြီးတစ်ခန်း ရှိပြန်တယ်။ ကျွန်တော် ငယ်ငယ်တုန်းက သုံးခဲ့ရတဲ့ ကျွန်းပုခက်က အဲဒီ့အခန်းထဲမှာ ရှိတယ်။ အဲဒါကလွဲရင် အခန်းလွတ်၊ ဖုန် အလူးလူးနဲ့။ ဖုန်ထုက လက်မ၀က်လောက်တော့ အပျော့ပဲ။

အိမ်ကြမ်းခင်းက အုတ်တွေ စီထားတာ။ ဘိလပ်မြေမကောင်းတော့ အုတ်တစ်ချပ်နဲ့ တစ်ချပ်ကြားက သဲတွေ ပေါ်ပြီး ဟတဲ့ဟာက ဟလို့။

မျက်မမြင် မုဆိုးမနဲ့ သားတော်မောင် လူပေါ်ကြော့တို့ ဦးစီးပြီး ဆောက်လုပ်ထားတဲ့ အိမ်ဆိုတော့ အိမ်ဆောက်တဲ့သူတွေ ပညာပြတာ အကြီးအကျယ် ခံထားရတာပေါ့။ အမိုးက သွပ်မိုး။ မျက်နှာကျက် မရှိတော့ ပူချက်က ကမ်းကုန်။ ပြတင်းပေါက်တွေတော့ အများသား။

အိမ်ဖွဲ့စည်းပုံ ပြောပြီးတော့မှ ကျွန်တော့် ဇာတ်လမ်းကို ပြောမှ ဖြစ်မှာမို့လို့ပါ။

ဘာလဲတော့ မသိဘူးပေါ့နော်

တစ်ညသောအခါမှာ ကျွန်တော်တို့ သားအမိ အိပ်ရာဝင်သွားပြီးနောက် ခဏ အကြာ၊ ခြေရင်းက ရေအိုးစင်နားမှာ အင်္ကျီဖြူ၊ ဘောင်းဘီဖြူဝတ်ထားတဲ့ ဦးကြီးကိုကိုကို လှမ်းမြင်လိုက်တယ်။ ဦးကြီးကိုကို အပြင်သွားနေတာ ကျွန်တော် သိတယ်။ သူပြန်မလာခင် ကျွန်တော်တို့သားအမိက အိပ်ရာဝင်နှင့်တာ။

ဒါနဲ့ ကျွန်တော်က မေမေ့ကို “ဟိုမှာ ဦးကြီးကိုကို ပြန်ရောက်လာပြီ”လို့ ပြောလိုက်တယ်။

မေမေက ကျွန်တော့်ကို ပုတ်ပြီး “အေး… အေး… သား အိပ်… အိပ်…”လို့သာ ပြန်ပြောပါတယ်။

အမှန်က ကျွန်တော်က အိပ်ပျော်သွားပြီးတဲ့နောက် တစ်နာရီကျော် နှစ်နာရီကြာမှ ဦးကြီးကိုကိုက တကယ် ပြန်ရောက်လာတာပါတဲ့။

ဒါဆို ခြေရင်း ရေအိုးစင်နားမှာ ကျွန်တော် မြင်လိုက်တဲ့ အဖြူရောင်အထက်အောက်နဲ့က ဦးကြီးကိုကို မဟုတ်ဘူးပေါ့။

အင်း…

ကျွန်တော့်ကစားစရာတွေ

ကလေးတုန်းက အဖြစ်တွေထဲက ကျန်ရစ်တာတွေ ကောက်သင်းကောက်ပြီးတဲ့နောက် ငါးတန်းကျောင်းသား ဘ၀ဆီ ပြန်သွားလိုက်တော့မယ်နော်။ (ရေးရင်းနဲ့မှ ထပ်သတိရစရာ ပေါ်လာသေးရင်လည်း ရေးသေးတာပေါ့။)

ကျွန်တော့်ရဲ့ ကျောင်းသွားကျောင်းပြန်ခရီးကို သွားရာ၊ ပြန်ရာမှာ ကျွန်တော်က တစ်နေ့ တစ်မျိုး မရိုးအောင် သွားတယ်။ ဖြတ်ချင်တဲ့ လမ်းက ဖြတ်သွားတယ်။ မော့ချင်တာ မော့သွားတယ်။ တစ်ခါတစ်လေ ဓားတန်းဝင်းမှာ မြို့မအဖွဲ့ သီချင်းတိုက်နေသံတွေ ကြားရင် ရပ်နားထောင်ချင် ထောင်လိုက်သေးတယ်။

အဲသလို သွားရင်းနဲ့ ကျွန်တော် စိတ်ကူးယဉ်တတ်လာတယ်။ ခရီးက ရှည်တော့ လမ်းတစ်လျှောက်လုံး ဟိုမော့ သည်မော့ရင်း အတွေးကို အဖော်လုပ်ရတာကိုး။ စိတ်ဆိုတာကလည်း အတိုင်းအဆမဲ့။ လက်ရှိဘ၀မှာ သိပ် မနေပျော်တဲ့အခါ စိတ်ကူးထဲက ကိုယ့်ဘ၀လေး ကိုယ့်ဘာသာ တည်ဆောက်ရင်း စိတ်ကူးထဲမှာ ပျော်တတ်လာခဲ့ပါတယ်။

မန္တလေးက စီးပွားရေး ကောင်းတဲ့မြို့ ဖြစ်လေတော့ ဖြတ်သွားရာ လမ်းတစ်လျှောက်က တိုက်တာ အိမ်ခြေ ကောင်းကောင်းတွေ၊ ကားတွေကို ငေးမောရင်း အဲဒီ့ဘ၀တွေထဲ စိတ်ကူးနဲ့ ၀င်ကြည့်တာမျိုးပေါ့။ ကျွန်တော် နေနေရတဲ့ဘ၀က မပြည့်စုံမှန်းကိုလည်း တော်တော်ကြီး သဘောပေါက်နေပါပြီ။

51EKpO0LXGL._SX300_အဲဒီ့ခေတ်က ဂစ်တာတွေ အခုလို မတွင်ကျယ်သေးဘူး။ ကျွန်တော် သိပ်လိုချင်တာက အကော်ဒီယံ၊ အဲတုန်းက ကလေးကစားတဲ့ အကော်ဒီယံ အသေးလေးတွေ၊ အလတ်စားလေးတွေကိုဆို ဘယ်လို လိုချင်ခဲ့မှန်း မသိဘူး။ ငါးတန်းရောက်တော့ အကော်ဒီယံကြီးတွေကို သိပ်သဘောကျတတ်နေပြီ။ ကျွန်တော့်ဘ၀က အကော်ဒီယံ ဝေးစွ၊ ဘာဂျာလေး တစ်လက်တောင် ဘယ်သူကမှ ၀ယ်မပေးနိုင်တာ။ အဘိုးကို ပူဆာရင် အကော်ဒီယံမဟုတ်တောင် ဘာဂျာ တစ်လက်လောက်တော့ ရချင် ရမယ် ထင်တယ်။ ကျွန်တော်က အဲလိုလည်း မပူဆာတတ်ဘူး။

မပူဆာတတ်တာထက် မပူဆာရဲတာက ပိုမှန်မယ်။ အဖေသိသွားရင် အဆော်ခံရမှာကို ကြောက်တာက ကျွန်တော့်စိတ်ကို ကြီးစိုးနေခဲ့ပါလိမ့်မယ်။

အဘိုးဆိုလို့ ကျွန်တော့်ဘ၀မှာ ကလေးတုန်းက ဖော့သေနတ်ကလေးတစ်လက် ရဖူးတာကို ပြေးမှတ်မိသွား ပြန်တယ်။ အဘိုးက မန္တလေး ရိုး (Rowe’s) ကုမ္ပဏီကတောင် ၀ယ်လာပေးတာပါ။

ဒါပေမယ့် သိပ်မဆော့လိုက်ရပါဘူးဗျာ။ ရက်ပိုင်းပဲ ခံပါတယ်။ အဖေနဲ့ အမေ သတ်ကြရင်းနဲ့လား၊ အမေနဲ့ ဦးကြီးကိုကို ရန်ဖြစ်ကြရင်းလေး သေချာတော့ မမှတ်မိတော့ဘူး။ သူတို့ဖြစ်ကြတဲ့အခါ ဓားစာခံဖြစ်သွားတဲ့ ကျွန်တော့ သေနတ် ဒင်ကလေး ကျိုးသွားတာနဲ့ ကျွန်တော့်မှာ နှမျောခြင်းကြီးစွာ။ ခုပြော ခုမြင်ယောင်သေးတယ်။ မြင်ယောင်ဆို ကျွန်တော့် ကလေးဘ၀ရဲ့ တစ်ခုတည်းသော ကစားစရာကိုး။

လောဓလေ့မှာ နေတော့ အမေကလား၊ အဖေကလား မသိဘူး၊ သုံးဘီးစက်ဘီးလေး တစ်စင်းတော့ ၀ယ်ပေးဖူးတယ်။ အဲဒါကတော့ ပျင်းစရာကြီးဗျာ။ ခဏဆော့ပြီး ပြီးတာပဲ။ ဒါပေမယ့် တခြား ဆော့စရာ မရှိတော့ အဲဒါကိုပဲ အိမ်ပေါ်မှာ ပတ်စီးရတာပေါ့။

အဖေ ထီပေါက်တော့ ကျွန်တော့်ကို ၀ယ်ပေးတာက မက်ခယ်နို (Meccano) ဆိုတဲ့ ကိုယ့်ဘာသာ ပုံဖော် တပ်ဆင်ရတဲ့ သံပြားတွေ၊ ၀က်အူတွေ၊ သံချောင်းတွေ၊ ၀က်အူလှည့်တွေပါတဲ့ ကစားစရာ။ ဈေးကတော့ သူ့ခေတ်နဲ့သူ အတော်ကြီးပါတယ်။ ကျွန်တော်လည်း ကစားခဲ့ပါတယ်။ ဒါပေမယ့် သိပ်အကြိုက်ကြီး မဟုတ်ဘူး။

ကျွန်တော် မမှတ်မိတော့တဲ့ လောဓလေ့ အိမ်နီးချင်း သူငယ်ချင်းဟောင်းက တစ်လောက ကျွန်တော့်ကို ပြန်ဆက်သွယ်လာတဲ့အခါ ကျွန်တော့် မက်ခယ်နိုနဲ့ သူကစားခဲ့တဲ့အကြောင်းတွေ အားပါးတရ ပြန်ပြောတာ ကြားလိုက်ရသေးတယ်။ ကျွန်တော် သိပ်စိတ်မ၀င်စားလှပေမယ့် မရှိလို့ ကစားခဲ့ရတဲ့ ကစားစရာဟာ တခြားသူ တစ်ယောက်အတွက်တော့လည်း လွမ်းစရာ ဖြစ်နေပါတယ်။fig2seniorset4int

ကျွန်တော် ဘာလိုချင်လဲဆိုတာကို တစ်ချက်ကလေး မမေးဘဲ ကျွန်တော်နဲ့ သင့်တော်မယ်လို့ သူတို့ ယူဆ ဆုံးဖြတ်တာနဲ့ပဲ ကစားခဲ့ရတာပါ။

အဲတော့ ဘ၀ကို မကျေနပ်လှတဲ့ စိတ်ကလေးက ကျွန်တော့်ရင်ထဲမှာ တဖြည်းဖြည်း အုံကျင်းဖွဲ့လာပါတယ်။ မန္တလေးမှာ ကျောင်းသွားနေရင်းနဲ့ အတန်းဖော်တွေ၊ ကျောင်းသွားကျောင်းပြန် လမ်းတွေပေါ်က လူတွေရဲ့ နေမှု သာယာတဲ့ ဘ၀တွေကို မြင်တွေ့နေရတဲ့အခါ ကိုယ့်ဘ၀ဟာ အဟုတ်မဟုတ်လှမှန်း ပိုပြီး ရိပ်စားမိလာခဲ့ရပြန်တာပေါ့။

ဆေးရုံ ဆေးခန်းများနဲ့ ကျွန်တော်

အဲ… ပြောရင်းနဲ့ ငယ်ငယ်တုန်းက ဆေးခန်းသွားခဲ့ရတာလည်း ပြန်သတိရလာတယ်။ လောဓလေ့မှာတုန်းက ညို့သကျည်းမှာ အနာစိမ်းပေါက်လို့ အစိမ်းခွဲ ခွဲတာ၊ သေလုအောင် နာလှတာကို ရေးတေးတေးသာ မှတ်မိပါတော့တယ်။ လူမှန်း သူမှန်း နည်းနည်းသိမှ လောပိတ ဆေးရုံကို ရောက်ခဲ့တာ အဲဒီ့တစ်ကြိမ်ပဲလို့ ထင်ပါတယ်။

မန္တလေးမှာတော့ နေမကောင်း ထိုင်မသာဖြစ်ရင် ၈၃ လမ်းပေါ်က ဆေးခန်းတစ်ခန်းကို သွားရတယ်။ ရှားမီး မုန့်တိုက် (အခုတော့ ဘာခေါ်လဲ မသိဘူး)ရဲ့ မြောက်ဘက်နား အရှေ့ဘက်တန်းက ဆေးတိုက်ပါ။ အဲဒီ့ ဆေးတိုက်က ဆရာဝန်ကြီးက ကုလားကြီးပါ။

အဲဒီ့ခေတ်က ဗမာဆရာဝန် ရှားပါးပါသေးတယ်။ အိန္ဒိယက ဆရာဝန်တွေပဲ များတယ်။ အဲဒီ့ ဆရာဝန်ကြီးကလည်း မျက်နှာထားက တည်တည်နဲ့၊ တစ်စက်ကလေးမှ မဖော်ရွေဘူ။ ပြီးရင် ဆေးထိုးပြီ။ ကျွန်တော် သိပ်စိတ်ညစ်တာပဲ။ အခုထက်ထိ ကျွန်တော်က ဆေးထိုးအပ်ဆို ကြောက်တုန်း။ ဒါ့ကြောင့် မူးယစ်ဆေးကို ကြိုက်ပေမယ့် အကြောထဲ ထိုးတဲ့အဆင့်ကို တစ်ခါဆို တစ်ခါမှ စမ်းတောင် မစမ်းခဲ့တာ။

အဲဒီ့ဆေးခန်းက မှောင်တောင်တော်လေးရယ်။ လူမှ နေမကောင်းပါဘူးဆိုမှ ဆရာဝန်စောင့်ရတာလည်း စိတ်ညစ်။ ပြီးတော့ ဆေးထိုးခံရ။ တော်တော့်ကို စိတ်ပျက်ခဲ့ပါတယ်။

အမေတို့ကလည်း ထစ်ခနဲရှိ အဲဒီ့ဆေးခန်းပဲ သွားကြတာ။ ကျွန်တော့်မှာ အဲဒီ့ ဆေးခန်းကို တစ်သက်လုံးမှ နှစ်ခါလား၊ သုံးခါလား ရောက်ဖူးတယ်၊ ဆေးခန်းဆို ရွံ့ကို သွားတော့တာပဲ။

တစ်လောက ဘန်ကောက်က သာသနာပြုဆေးရုံတစ်ရုံမှာ ဆရာဝန် နှစ်ယောက်နဲ့ ပြခဲ့တာနဲ့တော့ ကွာလိုက်တာ။ ဆရာဝန်တွေက ပြုံးချို ကြည်ရွှင်လို့။ ချိုသာလို့။ ကျေးဇူးရှင်ကြီးတွေကွဆိုတဲ့ အပေါက်မျိုးတွေနဲ့ မသယ်နိုင် မပိုးနိုင် မျက်ခွက် မဟုတ်ဘူး။ ဆေးရုံဆိုတာလည်း လင်းလို့၊ ထိန်လို့၊ သန့်လို့ ပြန့်လို့။ ဆေးရုံထဲမှာ တင် ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ သာသာယာယာ။ သူနာပြုတွေ၊ ဧည့်ကြိုတွေကလည်း ချေချေငံငံ။

သြော်… လူတွေ သည်လို နေကြပါလားလို့ မှတ်သားခဲ့ရသေးတယ်။

စာရေးတာ အရမ်းတော်တာပဲနော်။ ငါးတန်းကနေ ကလေးဘ၀ ပြန်ရောက်သွားလိုက်၊ လက်ရှိ လူကြီးဘ၀ ရောက်လိုက်နဲ့၊ ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာ။ အခုလို သည်းခံဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ သည်စာကြောင်းကို ဖတ်နေတဲ့သူတွေ အသက်ရှည်၊ ကျန်းမာ၊ အစာဝ၊ အနာကင်း၊ ဘယာရှင်းကြပါစေ။ (သည်စာကြောင်းကို မဖတ်ကြသူတွေ တာဝန်လက်ပတ် ပတ်ထားသူတွေနဲ့ တစ်နည်းနည်း ညားကြပါစေလို့ မဆိုလိုဘူးနော် 😛

သည်အပိုင်းမှာ ပြောကြတာ

Hlaing Su Khin မျှော်

Oakker Seithu 480 မီတာဆိုတာ လွဲနေသလိုပဲ ၊.ကိုက်တောင်မှ ၁၇၅ ပဲရှိတာကို 

Saw Zar Li တိုးလို့ တန်းလန်းကြီးနဲ့ ရပ်သွားတယ် ဆရာ… စာလုံးရေကျော်သွားလို့ များလား

ATK ကျေးဇူးပါ Ka Oakker. ဘယ်လိုက ဘယ်လို အဲဒီ့ဂဏန်းရသွားမှန်းတောင် မမှတ်မိဘူး။ ပြင်လိုက်ပါပြီ။ အစအဆုံး သေချာ ပြန်ဖတ်ပေးနော်

ကျေးဇူးပါ Daw Saw Zar Li. ဘိုဖိတွားမှန်း မတိဝူးဂျ။ တင်တုန်းက အပြည့်ပဲ။ အခုပြောမှ ပြန်ကြည့်တော့ တိုးလို့တန်းလန်းကြီး ဖိနေတယ်။ အခု ထပ်ဖြည့်လိုက်ပါပြီ။ အစအဆုံး သေချာ ပြန်ဖတ်ပေးဦးနော်

အဲ… မရဘူးဗျ။ ကြည့်ရတာ သည်နေ့တင်တာကို ပုံထည့်လိုက်မိလို့နဲ့ တူတယ်။ ပုံစာကျတော့ အကန့်အသတ် ရှိပုံပဲ။ ဒါ့ကြောင့် မန္တလေး နိဂုံးကို နက်ဖြန်မှ အစအဆုံး ဆက်တင်ပါတော့မယ်။ ဆောရီးပါ။

Oakker Seithu သုံးလုံး အတိတ်ပေးနေတာဖြစ်မယ်

Thet Chow ဟင်နက်ဖြန်ဆို မန္တလေး ကပြီးပြီ ဒါဘဲလား။အမျိုးတွေ အကြောင်း ထပ် စဉ်းစားပြီး ရေးပါအုံး။ အထွန့်တက်တယ် မထင်ပါနဲ့ ကောင်းလွန်းလို့ပါ။ ပြီးအဲဒီ အင်္ကျီဖြူ၊ ဘောင်းဘီဖြူဝတ်ထားတဲ့ဟာက ဘယ်သူလဲ။ အ တယ်ပြောလည်း ခံရမှာဘဲ။

ATK ပြီးပြီဆိုပေမယ့် ခေါင်းထဲ ပြန်ပြန်ပေါ်လာရင် ဖောက်ဖောက်ရေးသွားမှာပါလေ။ မပူလင့် ဂျစ်တငယ်ဂျင်း

Thet Chow တော်ပါသေးရဲ့ မျှော်လင့်လျှက်

Lutha Kyaw ငယ်ငယ်တုန်းက Meccano ကို တော်တော် ခုံခုံမင်မင် ဆော့ခဲ့ဖူးတာ သတိရမိတယ်။ Baygo ဆိုတဲ့ အုတ်နံရံပုံစံတွေ၊ အမိုးပုံစံတွေ၊ သံချောင်းလေးတွေနဲ့ တိုက်ဆောက် ကစားတာလည်း သဘောကျတယ်။

May Thandar Win ဆရာရေ ဆရာ လေးလေးမြင့် ခေါ်တာနဲ့ တစ်ခုသိချင်သွားတယ်။ မန္တလေးက သမီးတို့ အမျိုးတွေလည်း အဒေါ်တွေ ဦးလေးတွေကို လေးလေးတပ်ခေါ်ကြတယ်။ သမီးကတော့ ရန်ကုန်မွေးဆိုတော့ အန်တီတို့ ဘာတို့ပဲ ခေါ်တာ။ လေးလေးက ယောကျာ်းပဲဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တပ်ခေါ်လို့ရသလား။ သမီးငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ မောင်မောင်ဇာ ကာတွန်းထဲမယ် လေးလေးဇာလို့ အမွှာနှစ်ယောက်က ခေါ်ကြတော့ စိတ်မှာဦးလေးကိုပဲ ခေါ်လို့ရတယ်ထင်နေတာ။ တလက်စတည်း ဘကြီး ဘဒွေး ဦးလေး ဦးကြီးစတဲ့ အထက်ဘက်က အခေါ်အဝေါ်တွေကိုလည်း ဗဟုသုတ ပြောပြပါလားဆရာ။ နောက်ပြီး မန်းလေးက ခြင်တွေအကြောင်း။ ဆရာငယ်ငယ်က ခြင်သိပ်မပေါသေးဘူးထင်တယ်နော်။ အိမ်တံခါးတွေ ဒီအတိုင်း ဖွင့်ထားပြီး ညကျမှ ပိတ်တယ်ဆိုတော့။

ATK Atta Kyaw ဆိုတဲ့ ရူးကြောင်မူးကြောင်တစ်ယောက် အဲဒီ့အမျိုးစပ်ပုံတွေ တင်ထားတာ နှစ်ရက်ပဲ ရှိသေးတယ်ဗျ။ သွားဖတ်ကြည့်နော်

မန္တလေးနိဂုံးပြီးတဲ့နောက် ကျန်သွားတာတွေထဲက ဖြည့်ရမှာက မစီမာရယ်၊ သူ့အိမ်ဘေးက အော်စီဆရာမကြီးဆီမှာ အင်္ဂလိပ်စာသင်ခဲ့ရသေးတာရယ်။ မမေ့အောင် သည်မှာ လာမှတ်ထားတာ Thet Mar ရေ…

May Thandar Win atta kyaw ထဲမယ်လား..

ATK သည်ပို့(စ်) အောက်က မန့်တွေထဲမှာ…

https://www.facebook.com/writer.atta.kyaw/posts/10205080904955301

May Thandar Win ဒါဆိုလည်း ခြင်အကြောင်း မှတ်မိသလောက် ထည့်ပြောပြဦးး) သမီးတော့ မန္တလေးအမျိုးတွေဆီသွားရင် ခြင်တွေ သိပ်ကိုက်တာ မှတ်မိနေလို့။ အခုတော့ ရန်ကုန်ကတောင် ပိုပေါလာသလားပဲ ခြင်ဆို အင်မတန်မုန်းတာ

ATK ခြင်တော့ မမှတ်မိဘူး။ ရန်ကုန်မှာကျမှ ခြင်ကိုက်ခံရတာ စူးစူးဝါးဝါး။ အထူးသဖြင့် သည်အသက်ပိုင်းမှာ။ ခြင်က စိတ်ညစ်နေတဲ့သူဆို မကိုက်ဘူး။ စိတ်ချမ်းသာနေတဲ့သူဆိုရင် ကိုက်တယ်။ ကိုယ်က ထွက်တဲ့ enzyme သဘောကြောင့်။ အတည်ပြောတာနော်။ အဲဒါကြောင့် မန်းလေးတုန်းက ခြင်ကိုက် သိပ်မခံခဲ့ရတာလား မသိဘူး။

May Thandar Win ဟဟဟားး ဒီလိုလား.. သမီးဆို အတူတူထိုင်နေရင်တောင် ခြင်က ကိုယ့်ပဲကိုက်တာ။ သမီးကို ခြင်အင်မတန်ကြိုက်တာ။ အခု ဆရာပြောသလိုဆို သမီးက အမြဲစိတ်ချမ်းသာနေလို့ထင်တယ်

ATK ဟုတ်လောက်တယ်။ ဂျစ်တူဝိုင်းဝိုင်းလည်နေတာဆိုတော့ ကိုယ့်ဖသာ ပီတိဒေဖြာနေတာ တစ်ရပ်လုံး တိဂျဒါဗျဲအေ

May Thandar Win ခစ်ခစ် ထင်လို့ပါ ဒီမလဲ ပုထုဇဉ် ပီပီ ရုန်းရကန်ရ ဘဝ အမောတွေ နဲ့ စိတ်တွေ ညစ်ရတာတွေရှိပါ့

၂၀၁၅ ခုနှစ် မတ်လ ၉ ရက်

မန္တလေးနိဂုံး

ငါးတန်းကျောင်းသားဘ၀မှာ ကျွန်တော်ဟာ ကျောင်းတက် ကျောင်းဆင်းကို ကိုယ့်ဘာသာ တစ်ယောက်တည်း လမ်းလျှောက်သွားခဲ့ရင်းကနေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု စတင်ရရှိလာခဲ့ပြီဖြစ်သလို အဲသလို သွားတတ် လာတတ်ပြီဆိုတာကိုလည်း ကျွန်တော့်မိဘနှစ်ပါး အပါအ၀င် လူကြီးတွေက ယုံကြည်သွားကြတယ်ဆိုတာ အခုအခါမှာ ပြန်စဉ်းစားမိလာပါတယ်။

ကျောင်းပိတ်ရက်ကျရင်တော့ ဦးကြီးကိုကိုတို့ ဆိုင်ထွက်တဲ့ ဈေးချိုကို လိုက်သွားရတယ်။ အိမ်ကိုတော့ ပိတ်ထားခဲ့ကြတာပေါ့။ ဈေးသွားရင် ပျော်ပေမယ့် ကားဝါစီးရတာကိုတော့ စိတ်ညစ်တယ်။ နောက်တစ်ခု စိတ်ညစ်တာက ဦးကြီးကိုကိုက ရှေ့က ခြေလှမ်းကျဲကျဲနဲ့ သွားတာ။ ကြီးကြီးက နောက်က သုတ်သုတ် သုတ်သုတ်နဲ့ လိုက်ရတာ။ ဘယ်တော့မှ ယှဉ်မလျှောက်ဘူး။ ကျွန်တော်က ဦးကြီးကိုကိုရဲ့ ခြေလှမ်းကို အမီလိုက်ရတယ်။ စိတ်ထဲက ကြီးကြီးကို အားနာနေမိတယ်။

ဈေးချိုရောက်ရင်တော့ သူတို့ဆိုင်မှာ ထိုင်၊ စာဖတ်။ မမသန်းဆိုင် သွားထိုင်ပေါ့။ ရုံက တစ်ရုံတည်း ဆိုတော့လည်း သည်လိုပဲ ကူးသန်းပေါ့။ မမသန်းဆိုင်ရောက်ရင် လက်ဖက်ကလေး ဘာလေး စားရတယ်။ အရီးတောင်း လက်ဖက်ပေါ့။

နောက်ပြီးတော့ ကြီးကြီးရဲ့ တူမတွေ။ သူတို့က ရှိုးကောင်းကောင်းနဲ့ ကြည့်ကောင်းတာကို မှတ်မိတယ်။ ကျွန်တော့်စိတ်ထဲတော့ ချောတဲ့ အစ်မကြီးတွေပေါ့။ တကယ် ချောမချော အခု ပြန်မြင်ယောင်ကြည့်တော့ ရေးရေးတောင် မပေါ်တော့ဘူး။ သူတို့တွေနဲ့လည်း ပြောဆို ရင်းနှီးခဲ့တာ အနည်းအပါးမှတ်မိတယ်။

အပြာစာအုပ်တွေ ကောင်းကောင်း ဖတ်ပင် ဖတ်ဖူးနေပြီးဖြစ်သော်ငြားလည်း အဲလိုမျိုးတွေကျပြန်တော့ ကျွန်တော့် စိတ်က ဖောက်ဖောက်ပြန်ပြန် မရှိသေးဘူး။ ငယ်လွန်းသေးတာကြောင့် ဖြစ်မယ် ထင်ပါတယ်။

တစ်နှစ်တာဟာ သည်လိုနဲ့ပဲ ကုန်လွန်သွားပြန်တယ်။

ငါးတန်းကျောင်းတွေ ပိတ်တော့ ရထားကြီးစီးပြီး ရန်ကုန်ကို ချီတက်ခဲ့ပါတယ်။ အဖေက ရန်ကုန်ကို ပြောင်းဖို့ လျှောက်တာ ရခဲ့ပြီလေ။ မန္တလေးက ထွက်လာတော့ ကျွန်တော့်ရင်မှာ ဆို့နင့်နေခဲ့တယ်။ မျက်ရည်ဖြိုင်ဖြိုင်လည်း ကျနေတယ်။

ကျွန်တော်က မန္တလေးကို ချစ်တယ်၊ မန္တလေးမှာပဲ နေချင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ ပြောရေးဆိုခွင့် မရှိဘူး။ ကျွန်တော် ဘယ်မှာနေချင်လဲလို့လည်း ဘယ်သူကမှ မမေးကြဘူး။ သည်လိုနဲ့ပဲ အဖေခေါ်ရာနောက်ကို လိုက်ပါခဲ့ရပါတော့တယ်။

ရန်ကုန်အလာ လမ်းမှာ မှတ်မိနေတာ တစ်ခုကတော့ မေမေ့ဆီမှာ ပါလာတဲ့ ၀တ္ထုစာအုပ်တစ်အုပ်ကို စွဲစွဲမက်မက် ဖတ်ခဲ့တယ်ဆိုတာပါပဲ။ ဘာစာအုပ်လဲ၊ ဘယ်သူ့ဝတ္ထုလဲတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် ၀တ္ထုရှည် ဖတ်ရတဲ့ အရသာ အပြည့်ကို စတင်သိရှိခံစားနိုင်ခဲ့တဲ့ စာအုပ်ဆိုတာတော့ မှတ်မိနေတယ်။ အရင်က တွေ့သမျှ ဖတ်ပေမယ့် သိပ်အရသာ မခံတတ်၊ နားမလည်တတ်ခဲ့ဘူး။ သည်တစ်အုပ်ကျတော့ ဇာတ်လမ်းထဲမှာ စီးမျောတတ်လာတယ်၊ အရသာတွေ့လာခဲ့ပါတယ်။

ရန်ကုန်ရောက်စ အသားမကျ

ရန်ကုန်ရောက်တော့ ရေကျော်ရပ် ၀တ်ကျောင်းလမ်းနဲ့ မြောင်းကြီးလမ်းထောင့် အိမ်နံပါတ် ၁၃ ရဲ့ အပေါ်ထပ် ဘယ်ဘက်ခန်းလေးမှာ နေရတယ်။ သားအမိ သားအဖ သုံးယောက်တည်း ရှိတာမို့ ၁၂ ပေ၊ ပေ ၅၀ လောက် ရှိတဲ့ အခန်းလေးက နေလောက်ပါတယ်။ ဒါပေမယ့် လူဖြစ်ကတည်းက မန္တလေးနဲ့ လောပိတတို့မှာ နေခဲ့ရတဲ့ အိမ်တွေက အဲဒီ့အိမ်ခန်းထက် အများကြီးကျယ်လွင့်တာမို့ အခန်းလေးက စိတ်ထဲမှာ ကျဉ်းကျဉ်းကျုတ်ကျုတ်လေး။

ရန်ကုန်ရောက်ရောက်ချင်း ခံစားရတဲ့ ဒုက္ခက ရေသောက်လို့ မရတာ။ အဲဒီ့အထိ တစ်လျှောက်လုံး ရေစိမ်းပဲ သောက်လာခဲ့ကြတာ။ လောပိတမှာတုန်းကလည်း ရေစိမ်းပေမယ့် အိမ်မှာက ဂျပန်တွေရဲ့ လက်ကျန် ရေစစ် မြေအိုးဆန်ကာပြွန် အဆင့်ဆင့်နဲ့ စစ်တဲ့ စနစ်ကို တပ်ဆင်ထားတယ်။ မန္တလေးအိမ်မှာတော့ ကျုံးရေက တစ်ဆင့်လာတဲ့ အိမ်က ရေကန်ထဲက ရေကို ပိတ်ရေစစ်နဲ့ စစ်ပြီး သောက်ကြတယ်။

ရန်ကုန်ရေက အဲတုန်းက သန့်ရှင်းသေးတယ်လို့ ဆိုရမယ် ထင်တယ်။ ဒါပေမယ့် အနံ့က မကောင်းဘူး။ ဂျိုးဖြူကန်က ရေကို ရေသန့်စင်ဖို့ ဆေးခတ်ထားတာမို့ ဆေးနံ့ (ကန့်နံ့ထင်တယ်)က ထောင်းထောင်း ထနေတယ်။ အရသာကကျတော့လည်း ဘယ်လိုကြီးမှန်း မသိဘူးပေါ့။

ကျွန်တော်တင် မဟုတ်ဘူး၊ အမေနဲ့ အဖေပါ အဲဒီ့ ဒုက္ခမခံစားနိုင်တာမို့ အဲဒီ့ရေကို ပွက်ပွက်ဆူအောင် တည်၊ အအေးပြန်ခံပြီး အဲဒီ့ ရေကျက်အေးကိုပဲ သောက်ခဲ့ကြတော့တာ ကနေ့ ရေသန့်ပုလင်းတွေ ပေါ်လာတဲ့ အထိပါပဲ။

အဲဒီ့ ၀တ်ကျောင်းလမ်းအိမ်မှာ အဆင်မပြေတာက တိုက်ခံအိမ် ဖြစ်တဲ့အတွက် အပေါ်ထပ်ကာ ပျဉ်တွေနဲ့ ကာထားတာပါ။ အဲတော့ ဟိုဘက်ခန်း သည်ဘက်ခန်း အသံစုံ ကြားနေရပါတယ်။

ဟိုဘက်ခန်း (မြောင်းကြီးလမ်းဘက်အခန်း) မှာက အိမ်ရှင်မိသားစု နေတယ်။ သူတို့မိသားစုက ဘုစုခရုတွေနဲ့ ဆိုရင် လေးငါး ဆယ်ယောက်ရှိတယ်။ ပွက်လောကို ရိုက်လို့ပေါ့။

ကျွန်တော်တို့ အောက်ထပ်က ပုံနှိပ်စက်။ ပုံနှိပ်စက်က ဆေးနံ့တွေ၊ ရေနံဆီနံ့တွေ အမြဲရပါတယ်။
အိမ်ကို စပေါ် ငါးထောင်၊ အိမ်လခ ငါးဆယ်ပေးပြီး ငှားထားတာပါ။

အဖေတို့များ ညံ့ချက်

အဲဒီ့အိမ်မှာ အဆင်မပြေဆုံး၊ စိတ်ညစ်စရာ အကောင်းဆုံးကတော့ အိမ်သာပါပဲ။ ရေလောင်း အိမ်သာ နှစ်လုံး ရှိပါတယ်။ အဲဒီ့ နှစ်လုံးက အောက်ထပ်မှာ ရှိပြီး အခန်းလေးခန်းက မျှသုံးရတာပါ။ စဉ်းစားသာ ကြည့်ပါတော့ဗျာ။ အခုခေတ်တောင် အိမ်သာသွားပြီးရင် ကိုယ့်ကိစ္စကိုယ် တာဝန်ယူပြီး နောက်လူအတွက် ငဲ့ညှာကာ သန့်သန့်ရှင်းရှင်း ထားခဲ့ရကောင်းမှန်း သိတဲ့ ဗမာဆိုတာ အတော် ပါးရှားနေဆဲမို့ ဟိုခေတ်ကဆို မပြောပါနဲ့တော့။ ကျွန်တော်လည်း စိတ်ညစ်၊ အဖေတို့၊ အမေတို့လည်း စိတ်ညစ်ပေါ့။

အဲတုန်းက ဆောက်လုပ်ရေး ၀န်ကြီး ကတော်က အမေနဲ့ တစ်နွယ်ငင် တစ်စင်ပါ အသိမိတ်ဆွေထဲကမို့ အစိုးရ တိုက်ခန်းလေးများ ရမလားဆိုတဲ့ အမြော်အမြင်နဲ့ အဖေတို့ သွားအကူအညီတောင်းခဲ့ပါသေးတယ်။ အဖေက အဲဒီ့အချိန်မှာ ဓာတ်အားပေးရေး လုပ်ငန်းက အစိုးရ ၀န်ထမ်းမို့ ဘောင်လည်း ၀င်ပါတယ်။ ဟိုကလည်း ကူညီ ရှာပါတယ်။ ရန်ကင်းတိုက်ခန်းပေးမယ်ဆိုတော့ အဖေက အမြော်အမြင် ကြီးကြီးပဲ၊ မယူခဲ့ဘူးခင်ဗျ။

သူလိုချင်တာက မြို့လယ်က နိုင်ငံခြားပြန်တွေရဲ့ ပြည်သူပိုင် သိမ်းထားတဲ့အခန်းမျိုးတွေ။ အဲဒါမျိုးတွေက အဖေ့လို စာရေး ဘယ်ကပ်နိုင်မှာတုံး။ အနည်းဆုံး ပြန်တမ်းဝင် အရာရှိ အဆင့်လောက်မှ ကပ်နိုင်တာမျိုး။

ပေးကားပေး၏ မယူဆိုတော့လည်း ဟိုကလည်း မပေးတော့ဘူးပေါ့။

အဖေကလည်း ကျွန်တော့်အတိုင်းပဲ၊ ကိုယ့်ဘ၀မှန် ကိုယ်သိပ်သိတာ မဟုတ်ဘူး။ အမြင့်ကြီး တယ်မှန်းချင်တာကလား။

အဲ… ကျွန်တော့်စိတ်တွေ ဖောက်ပြန်ပုံ ရေးရပါဦးမယ်။

chev-1956ရန်ကုန်ရောက်တော့ လောဓလေ့ကို လာလည်ဖူးတဲ့အပြင် အဖေနဲ့ ကျွန်တော် ထီဆုငွေ ထုတ်ဖို့ ရန်ကုန်လာတုန်းက ဘဲ(လ်)အဲ ကား တ၀ီဝီနဲ့ ရန်ကုန်မှာ လိုက်ပို့ပေးတဲ့ အန်ကယ်ကြီးကလည်း အမြဲ လာလည်ပါတယ်။ သူ့အိမ်ကိုလည်း ခေါ်ခေါ်သွားပါတယ်။ သူ့နာမည်ကို အန်ကယ် ဦးအောင်ဆွေလို့ပဲ ထားလိုက်ရအောင်ပါ။

အဲ… ရေးရင်းတန်းလန်းနဲ့ အဲဒါ ခဏထားခဲ့ပြီး ထီဆုငွေ ထုတ်ဖို့ လာတုန်းက ကြုံခဲ့တဲ့ အဖြစ်ကလေး တစ်ခု ပြန်သတိရလို့ ဖောက်လိုက်ပါရစေဦး။

သုံးတန်းတည်းက ကျွန်တော့်ဇ

အဲဒီ့အချိန်မှာ တက္ကသိုလ်ကျောင်းဆင်းစ လူပျို အင်ဂျင်နီယာ နှစ်ယောက်က လောဓလေ့က ကျွန်တော်တို့ အိမ်မှာ ထမင်းလခ ပေးပြီး စားနေပါတယ်။ အဲဒီ့နှစ်ယောက်မှာ တစ်ယောက်က တော်တော် အဆင့်အတန်း ရှိတဲ့သူပါ။ စကားပြော နူးညံ့ချိုသာ သိမ်မွေ့ပါတယ်။ အပြုအမူ ယဉ်ကျေးပါတယ်။ မေမေက သူ့ကို ကိုယ့်သားသမီးရင်းလို သိပ်ချစ်ပါတယ်။

အဲဒီ့ အင်ဂျင်နီယာရဲ့ မိဘနှစ်ပါးက ရန်ကုန်မှာ ရှိပါတယ်။ သူ့အဖေက ဗိုလ်မှူးပါ။ သူ့အမေက တက္ကသိုလ် ကထိကပါ။ အဲဒီ့အိမ်ကို ဘာလို့လဲ မသိဘူး၊ ရန်ကုန်ရောက်တုန်း အဖေက သွားပါတယ်။ ကျွန်တော်လည်း ပါသွားတာပေါ့။

တက္ကသိုလ်ရိပ်သာလမ်းပေါ်က တက္ကသိုလ်ကထိကတွေကို ပေးထားတဲ့ ခြံဝင်းကျယ်ကြီးနဲ့ နှစ်ထပ်အိမ်ကြီးပါ။ အထဲကို ၀င်သွားတော့ ခမ်းနားလှတာကို မြင်ယောင်နေမိသေးတယ်။ ကျွန်တော့်အတွက်တော့ ရှယ်ခမ်းနား နေတာပေါ့။

အဲဒီ့ အန်ကယ်ကြီးနဲ့ အန်တီကြီးကလည်း ဖော်ဖော်ရွေရွေ ပြုံးပြုံးရွှင်ရွှင် ယဉ်ယဉ်ကျေးကျေးပါပဲ။ ကျွန်တော့်ကို (ခက်(ဒ်)ဘာရီထင်တယ်) ချောကလက် တစ်ပြား ထုတ်ကျွေးပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းရတဲ့ဘ၀က ချောကလက် ပါးရှားတဲ့ ဘ၀ပါ။ မှတ်မှတ်ရရ လွိုင်ကော် ရုပ်ရှင်ရုံမှာလား မသိဘူး၊ အဖေတို့က တစ်ခါ ၀ယ်ကျွေးလို့ စားဖူးတယ်။ အဲလောက်ပဲ။

အဲဒီ့အိမ်မှာ ထိုင်နေရင်း ကျွန်တော် အပေါ့သွားချင်လာပါတယ်။ အဖေ့ကိုတောင် မပြောတော့ဘဲ အိမ်ရှင် အန်ကယ်ကြီးကို တိုက်ရိုက် ပြောလိုက်ပါတယ်။ အန်ကယ်ကြီးက တဟားဟားရယ်ရင်း အတွင်းခန်းကို ပို့ပေးပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ပြောရဲဆိုရဲတဲ့ သတ္တိကို ချီးကျူးလို့ မဆုံးတော့ပါဘူး။

ပြောချင်တာက အဖေကို တုန်နေအောင် ကြောက်ရပေမယ့် ကျွန်တော့် အငုပ်စိတ်မှာ အမှားမဟုတ်လို့ကတော့ ရဲရဲ လုပ်မယ်ဆိုတဲ့ ဇကလေး ခိုင်ခိုင် ရှိနေတာကို သုံးတန်းကျောင်းသားအရွယ်၊ အသက် ရှစ်နှစ် ကိုးနှစ်ကတည်းက ပြခဲ့တဲ့အကြောင်းပါ။

အဲဒါပြီးတော့မှ ကျွန်တော့်စိတ် ဖောက်ပြန်ပုံတွေ ပြန်သွားပါ့မယ်။

တိတ်တိတ်ကျိတ် ပြစ်မှားဖူးသူ (၁) (ကျွန်တော့်အစုတ်ထုပ် နောက်တစ်ထုပ်)

မန္တလေးမှာ ကျောင်းအိပ်ကျောင်းစားဘ၀နဲ့ နေရင်း အပြာစာအုပ်တွေနဲ့ ယဉ်ပါးခဲ့တာ ရေးခဲ့ပြီးပါပြီ။ အဲတော့ အရွယ်မတိုင်ခင်မှာကတည်းက ကျွန်တော့် ရာဂစိတ်များ နိုးကြားနေခဲ့ပါတယ်။ ရန်ကုန် မရောက်ခင် အထိကတော့ ရုပ်ရှင် မင်းသမီးတွေ၊ အင်္ဂလိပ်မဂ္ဂဇင်း အဟောင်းတွေထဲက အမျိုးသမီးပုံတွေလောက် ကြည့်ပြီး စိတ်ကစားခဲ့တာပဲ ရှိပါတယ်။ အပြင်က လူအကောင်လိုက်ကို စိတ်ဝင်စားတာ ကျွန်တော် မှတ်မိသလောက် မရှိသေးဘူး။

ရန်ကုန်ရောက်တော့မှ ဖြစ်တော့တာ။

ဖြစ်တာကလည်း အဲဒီ့ အန်ကယ်ဦးအောင်ဆွေရဲ့ ဇနီးကို။ အန်ကယ်ဦးအောင်ဆွေက သူဌေးသား၊ အင်ဂျင်နီယာပါ။ သူက အင်ဂျင်နီယာပေမယ့် ဘာအလုပ်မှ မလုပ်ပါဘူး။ သူက အသက်ကြီးမှ အိမ်ထောင်ကျပါတယ်။ သူ့ဇနီးနဲ့ သူနဲ့က အသက်ချင်း ဆယ်နှစ်လောက် ကွာတယ် ထင်တယ်။

သူ့ဇနီးက တကယ့်ဖြူဖြူချောချော တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသမီးပါ။ ကျွန်တော် စတင်မြင်ဖူးချိန်ကဆို အသက် အစိတ်ကျော်လောက်ပဲ ရှိပါဦးမယ်။ ရုပ်ရှင်မင်းသမီး ခင်သန်းနုထက်တောင် ချောပါသေးတယ်လို့ ပြောရင် ပိုတယ်လို့ ဆိုနိုင်ပေမယ့် တကယ့်ကို ချောတာပါ။ မနှိုင်းကောင်း နှိုင်းကောင်း အခုခေတ် လူငယ်တွေ မျက်စိထဲ မြင်လွယ်အောင် ပြောရရင် ထိုင်းဝန်ကြီးချုပ်ဟောင်း ရင်လပ်(ခ်) ရှင်နာဝါထြာလို မျက်နှာပေါက်မျိုးနဲ့ ဂျနီဖှာ လိုပက်(ဇ်)ရဲ့ ကိုယ်လုံးမျိုးနဲ့ပါ ခင်ဗျား။ ဒါတောင် သူက အဲဒီ့အချိန်မှာ ကလေးတစ်ယောက် မွေးပြီး နေပြီ။

မဖြစ်သင့်မှန်းလည်း သိပါတယ်၊ မပြစ်မှားကောင်းမှန်းလည်း သိပါတယ်။ ဒါပေမယ့် စိတ်ဗျာ။ ဘယ်လိုမှ ထိန်းမရဘူး။ ကျိတ်ပြစ်မှားနေမိတော့တာပေါ့။

သူ့နာမည်ကို အန်တီ သီတာလို့ပဲ ထားလိုက်ကြရအောင်ပါ။

ခွာမပြဲကြခင်

ရန်ကုန်ရောက်စမှာတော့ အဲဒီ့ အန်ကယ် ဦးအောင်ဆွေ လင်မယားနဲ့ ကျွန်တော်တို့ မိသားစုက အင်မတန် လုံးခဲ့ကြပါတယ်။

နောက်ပိုင်းကျတော့ မေမေ့ ညည်းသံ ကြားလာရတယ်။ အန်တီသီတာက စီးပိုးတယ်လို့ မေမေက ပြောပါတယ်။ စားသောက်ဆိုင်တွေ ဘာတွေ အတူ သွားကြရင် မေမေကချည်းပဲ ထုတ်ရှင်းရတာမို့ပါ။ သူ့ဘက်က ဆယ်ခါ့ရံ တစ်ခါတောင် မရှင်းဘူးတဲ့။

အန်တီသီတာ့ဆီက ရလိုက်တဲ့ စားနည်းတစ်ခုကိုလည်း ဝေမျှ ပါရစေဦး။

အဲဒါကတော့ မုန့်ဟင်းခါးစားပြီးတဲ့နောက် ပဲကြော်နဲ့ အစာပိတ်တာပါ။ ပဲကြော်တစ်ယှက်ကိုယူ၊ ပြီးတော့ ငံပြာရည် ဆမ်း၊ ငရုတ်သီးမှုန့်ဖြူး၊ သံပရာရည် ညှစ်ပြီးစားတာခင်ဗျ။ အတော်ကောင်းပဲ။ မစားဖူးသေးသူတွေ စမ်းကြည့်လို့ ရပါတယ်။ ပဲကြော်က ရွလေ၊ စားလို့ ကောင်းလေပါခင်ဗျား။

အန်တီသီတာရော အန်ကယ်ဦးအောင်ဆွေရော ဖော်ရွေကြပါတယ်။ ကျွန်တော့်ကိုလည်း လူရာသွင်းပြီး ရင်းရင်းနှီးနှီး ဆက်ဆံပါတယ်။

အဲဒီ့အချိန်က ဦးအောင်ဆွေဟာ သူ့ညီ ညီမ လူပျို အပျိုတွေနဲ့ရော၊ သူ့အိမ်ထောင်နဲ့ပါ ပေ အစိတ်၊ ပေတစ်ရာ ရှိတဲ့ တရုတ်တန်းဘက်က အပျံစားတိုက်ခန်းကျယ်ကြီးမှာ နေပါတယ်။ သူ့ညီညီမတွေက ကျောင်းသားတွေပါ။

အန်ကယ်ဦးအောင်ဆွေဆီကတော့ စာကျက်နည်း ရခဲ့ပါတယ်။ စာကို မှန်မှန်ကျက်ထား။ စာမေးပွဲဖြေခါနီး သုံးနာရီအလိုဆို လုံးဝ မကျက်နဲ့တော့။ တခြား စိတ်ဝင်စားတာ တစ်ခုကို လုပ်နေ။ ၀တ္ထု ဖတ်ချင်ဖတ်၊ ကစားချင် ကစား။ စာမေးပွဲ သွားဖြေရင် ဘာစာအုပ်မှ ယူမသွားနဲ့တော့၊ စိတ်ကို အေးအေးထားပြီး ဖြေ။

အဲဒီ့နည်းပါ။ ကျွန်တော့် တစ်သက်တာလုံး စာမေးပွဲဖြေသမျှမှာ အဲဒီ့နည်းကိုပဲ ကျင့်သုံးခဲ့ပါတယ်။ တကယ်လည်း အဆင်ပြေတယ်ခင်ဗျ။ နီးမှ ပျာယာပျာယာနဲ့ ကောက်ကျက်နေလို့က တကယ်က ခေါင်းထဲ ဘာမှ မ၀င်တော့ပါဘူး။ အဲသလို တွန်းရင်းနဲ့ စိတ်ကလည်း ပိုခြောက်ခြားလာနိုင်ပါသေးတယ်။ ကျွန်တော်နဲ့တော့ သူ့နည်းက အံကိုက်ပေါ့ခင်ဗျာ။

ကျွန်တော်တို့ ခေတ်တုန်းက မေးခွန်းပေါက်ကြားတာတွေ၊ ခိုးချတာတွေ မရှိဘဲ သင်ရိုးညွှန်းတမ်းတစ်ခုလုံးကို ကျေညက်မှ ဖြေနိုင်တာမျိုးမို့ စာတကယ် မကျေရင် စာမေးပွဲ အောင်စရာ အကြောင်း မရှိခဲ့ပါဘူး။ အဲတော့ ကိုယ့်စာကိုယ် အထိုက်အသင့်ကျေညက်နေရင် ပြီးရောပေါ့။ ဖြေချိန်နီးမှ ကပ်တွန်းနေလည်း တွန်းတွန်းပဲ ရှိတော့မှာပါ။

မမေ့နိုင်သော ထိုတစ်ည

ညဆိုလို့ မဟုတ်တာ မတွေးနဲ့ဗျ။ အဲဒီ့ညခင်းက အန်ကယ်ဦးအောင်ဆွေတို့အိမ်မှာ ကြာဆံဆီချက် လုပ်စားခဲ့တာကို မမေ့တာပါ။ ငတ်နေလို့လားတော့ မသိဘူး။ အဲဒီ့ကြာဆံဆီချက်က ဘ၀မှာ စားဖူးသမျှ ကြာဆံ ဆီချက်ထဲမှာ အကောင်းဆုံးလို့တောင် ညွှန်းလို့ရပါတယ်။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ဆား၊ သံပရာရည်နဲ့ နှပ်ထားတဲ့ အချဉ်ကလေးကအစ ကောင်းတာပါ။

ကံကောင်းချင်တော့ ကျွန်တော့်သမီးရဲ့ လက်ရာ ကြာဆံဆီချက်ကလည်း ထူးရှယ်ခင်ဗျ။ အချဉ်လည်း အလားတူပဲ။ အခုကျတော့ အဲတုန်းက အန်တီသီတာ့လက်ရာကို ကျွန်တော် ပြန်စားနေရပါပြီ။

သည်အပိုင်းမှာ ပြောကြတာ

ATK Ma Bow နော်… ဖတ်လည်း ဖတ်ဘဲနဲ့ လာ like နေတယ် 😛

Taurarians Bow ဖတ်နေတုန်း ဦးလေးရ အရင် လိုက်ခ်ထားလိုက်တာ 😀 😀 😀

ATK လူမိဒါ နာဒကွာ 😀

Like တာလော့ လာ like နေဂျဒါဗျဲ။ ဘာဒေ like နေဂျမှန်းလည်း မတိဝူး။ အားနာလို့၊ မိတ်မပျက်ချင်လို့ like နေဂျဒါများလား။ အားငယ်လာဘီနော်။

ဘာပုလို့ like တယ်ဆိုတာလေး တစ်ကြောင်းလောက် ရေးဖို့တောင် ပျင်းကြတာများ ကျွန်တော့်အတိုင်းပဲ။ ကိုယ်ချင်းစာဘာရယ် အိုတငယ်ဂျင်းးးးး

Saw Zar Li ကြာဆံ ဆီချက်စားချင်လို့  like တာ 😛

ATK အိုက်လိုလုပ်ပါအေ 🙂

Oakker Seithu ဒါမျိုးလေး ထပ်သောက်ချင်လို့ Like လုပ်တာ ဟိဟိ

Oakker Seithu's photo.

ATK ဟေ့ရောင်… ကိုယ်ဝန်ကြီးနဲ့လေ… သတိထားဟ

Oakker Seithu ဟီး… ကိုယ်ဝန်ဆောင်သည်တွေရဲ့ အမျိုးသားတွေပိုသောက်သင့်တယ်ဆိုလားပဲ ဟိဟိ။ စိစိ ကတော့ ပါမစ် ပိတ်သွားရှာပြီ 😀

ATK နိုးဘာ… မူးမူးနဲ့ မတော်ဒါဒွေ ဖိကုန်နိုင်ဒဲ့အတွက် ဗိုက်ကြီးသည့်လင်ဒေလည်း ပါမစ် ချမပေးဒေါ့ဘူး။ ရုတ်ရုတ်ရုတ်ရုတ် မလုပ်နဲ့နော်… စိစိကို တာဝန်လက်ပတ်နီ ထုတ်ပေးလိုက်မယ်။ 🙂

ATK ကွန်မန့်ကို လာလိုက်သွားတဲ့ Daw Hnin Hmon Thet ဆိုသူ သိသာရန် ထိုမန့်ကို ရေးလိုက်ခြင်း ဖြစ်ပါသည်။ 😛

May Thandar Win ဆရာ ဒေါက်ခင်မောင်ဝင်း အသည်းရေးတဲ့ အမေ စာအုပ် ရန်ကုန်မန္တလေးအစုန်အဆန် ရထားစီးပြီး ထမင်းထုပ်တွေ ဝယ်စားကြတာ ကနေ ဘယ်လ်ဂျီယမ်က push cafe ဆီရောက်သွားတာ ခုန်လိုက်ပေါက်လိုက်ရေး လှပြီထင်တာ ဆရာနဲ့ ကျမှ လက်လန်သွားတယ် ဟီး။ ဒါပေသိ ဖတ်လို့ကောင်းတယ်။ ဒေါက်ခင်မောင်ဝင်း အသည်းလိုလည်း မကြွားဘူး 🙂

စု စုအေး အသည်းကြီးကတော့ ကြွားလွန်းပါတယ်တော်

ဟိ

May Thandar Win ကြွားနိုင်တာပေါ့နော် မြန်မာပြည်မယ် အရက်ကလည်း ဈေးပေါ ဝယ်ချင်တိုင်းလည်း ဝယ်ရဆိုတော့ 🙂

စု စုအေး အစစ်ပဲ

ATK ဟင်းးးး ဟင်းးးးး ကြွားဂျင်ဇိတ်ကို မနည်း အောင့်ထားရတာ။ 😛

တကယ့်တကယ်ကျတော့ သများဘ၀မှာ တူ့လို ကြွားဇာလည်း ဘာဆို ဘာမှ မချိချာဘာဝူးလေ… ကြောရင်းနဲ့တောင် ညက်ရေဒေ ထွက်ချင်လာဘီ 🙂

Nge Thar ဒီတစ်ခါတော့ လျှာရည်ကျရင်း စောင့် ငင့် 😛

Ei Yupar Win မအားပေးမယ့် အခန်းဆက်ဝတ္တုရှည်လိုပဲ စွဲပြီး ဖတ်ဖြစ်နေပါတယ် ဆရာရေ။ ဒါနဲ့ မြို့လယ် နဲ့ မြို့လည် မှားနေတယ် ထင်တယ်နော်။

ATK ကျေးဇူးပါ မယ်အိ။ အမြဲမှားနေကျ။ အခု ပြင်လိုက်ပြီ။ 🙂

Sanda Hlaing ငန်ပြာရည်လေးလည်းးး မှားနေပါတယ် အူးးးအူးးးးဆရာ… ငံပြာရည်ပါရှင့်… 🙂 😛

ATK ငှင့်… ငံဒါလားးးး ပြင်လိုက်မယ်။ စာလုံးဒေချည်း မပြောကြနဲ့ကွယ်။ ပြန်ရှာရတာ ပန်းပင်တယ်။ အပိုဒ်ပါ ပြောပေးကြရင် ပိုကောင်းမယ်(စ်) 😛

Sanda Hlaing အဲဒါကတော့ မုန့်ဟင်းခါးစားပြီးနောက်….. ဘလာာာာ ဘလာာာာ … အဲ့အပိုဒ်… 🙂

ATK ကျေးဇူးဘာ(စ်)။ ပြင်ပြီးဘာဂျောင်း(စ်)။ သည်စာမူက သတ်ပုံ အစင်ဆုံးဖြစ်မှာ။ ပိတ်သတ်ကြီးကပါ ၀ိုင်းစစ်ပေးထားဂျလို့(စ်) 😛

Sanda Hlaing အူးးးးအူးးးးဆရာ အလုပ်ချိန်တွင်းးး အွန်လိုင်းပေါ်ရောက်နေတာ… အလုပ်ပင်ပန်းနေဦးမယ်… ခွီစ်…

ATK အလုပ်မချိန်ဘူးဗျ။ ကနေ့ ထမင်းစားချိန်က အားရပါးရ တစ်နာရီခွဲမက ပေးထားလို့။ ၁း၄၅ မှ ပြန်စမယ်။ ကျုပ် ဟစိလိုက်နေတာ ကြည့်ပြီးများ တနားတွားဂျလား မတိဝူး 🙂

၂၀၁၅ ခုနှစ် မတ်လ ၁၂ ရက်

ပိတ်သတ်ကြီးခများ

အခုရက်ပိုင်း အလုပ်ကလေးကလည်း များနေ၊ ရွှေပြည်ကြီးက ကျက်သရေယုတ်မှုတွေကြောင့် စိတ်ကလေးကလည်း ထွေနေလို့ ကျွန်တော့် အဟောင်းထဲက အစုတ်ထုပ်ကို ဆက်မတင်ဖြစ်ဘူး ဖြစ်နေပါတယ်။

အခုနေ တင်မယ်ဆိုရင် ဖတ်ချင်ကြပါရဲ့လားခင်ဗျား။

ဒီမိုခလေစိ နည်းကျအောင် သဘောထား တောင်းခံတာပါနော်။

Shin Shin Aung Htun သ ဘော ရှိ မ နော ရှိ အာစိ

Ko Kyi Win မြော်လင့်လျက်ပါ ဆရာ

Khin Myo ဖတ်ချင်တာပေါ့

Win Maung လောလောဆယ်တော့အားသေးဘူးဗျ ..ဒါပေမယ့် ဆရာစိတ်ပါရင်တော့ရေးထားလိုက်ပါဗျာ… 😀

Saw Zar Li ဆရာအတ္တကျော်ကို ဝန်းရံကြ 😀

ATK ဖျား ဖျား

Sandar Tin ဆက်ဖတ်ချင်ပါတယ်ဆရာ။

December Nyein ပွင့်လင်းမြင်သာမှုရှိလိုက်ထှာာာာ ဖတ်ချင်ပါတယ်ဗျို့…

Hlaing Su Khin သဘောတူကြောင်းပါ…

Soe Myat Myo Shwe မညိုမြပါနဲ့ဆရာရေ

ATK မြပါရစေဟယ်… 😛

Wei Phyo Maung တို့ဆရာလည်းပိတ်သတ်ကြီးရဲ့စိတ်ဆန္ဒအမှန်သိရအောင်ခေတ်နဲ့အညီစုံစမ်းရေးကော်မရှင်ဖွဲ့သင့်တယ်

Rita Aung NY ဖတ်ချင်ပါတယ်ဆရာ. အားရင်ဆက်ရေးပါအုံး

ATK တင်ထားကြောင်းပါ Daw Rita ဖတ်ကြည့်လိုက်ပါဗျာ

Nantsuu Suu လက်တွေဘောဘဲချာ ဆောတီး လက်တွေဘဲဆက်ရေးပါအုံး

Thet Chow A big yes

ကိုင်း… တင်လိုက်ပြီဗျာ

တိတ်တိတ်ကျိတ် ပြစ်မှားဖူးသူ (၂) (ကျွန်တော့်အစုတ်ထုပ် နောက်တစ်ထုပ်)

အန်တီသီတာပြီးတော့ ကျွန်တော့်စိတ်ကို လွှမ်းမိုးသူက အန်တီခင်ခင်ပါ။

သူကကျတော့ မေမေ့ မိတ်ဆွေ မန္တလေးသူပါ။ မေမေ့မိတ်ဆွေဆိုပေမယ့် မေမေ့ထက် ၆ နှစ်၊ ၇ နှစ်လောက်တော့ ငယ်မယ် ထင်ပါတယ်။ သူကလည်း ရန်ကုန်ရောက်စ မေမေ့ကို ကူညီပေးတဲ့အနေနဲ့ အိမ်ကို ၀င်ထွက်နေပါတယ်။ သူတို့အိမ်ကိုလည်း တစ်ခါတလေ သွားပေါ့။ သူတို့က ကျောက်မြောင်းဘက်မှာ နေပါတယ်။ သူ့သမီးက ကျွန်တော့်ထက် တစ်နှစ်လောက်ငယ်ပြီး သူ့သားက ကျွန်တော့်ထက် နှစ်နှစ်လောက် ကြီးပါတယ်။

အဲဒီ့အန်တီက အန်တီသီတာ့လို မျက်နှာပြောင်နဲ့ မဟုတ်ဘူး။ မိတ်ကပ်ကို အမြဲတစေ လူးပြီး ပြင်ဆင် ခြယ်သ ထားတတ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက သူ့အောက်နှုတ်ခမ်း ထူထူတွဲတွဲတွေပါ။ နောက်ပြီးတော့ သူ့ ကိုယ်လုံးပါ။ သူ့ကိုယ်လုံးက အန်တီသီတာ့ထက်တောင် ထွားပါသေးတယ်။ အန်တီသီတာက အချိုးအဆက်ကျတယ်။ တင်ကားတယ်။ ရင်က သိပ်မထွားဘူး။ အန်တီခင်ခင်ကကျတော့ တင်ရော၊ ရင်ပါ တော်တော် ဖွံ့ဖြိုးပါတယ်။

စိတ်က အဲဒီ့ အန်တီ့ခင်ခင်အပေါ်လည်း ဖောက်ပြန်နေခဲ့ပါတယ်။

သည်အပိုင်းကို “တိတ်တိတ်ကျိတ်ပြစ်မှားဖူးသူ (၂)”လို့ ခေါင်းစဉ်တပ်ထားတဲ့အတွက် (၃) တွေ (၄)တွေကိုတော့ မမျှော်ကြပါနဲ့တော့။ ဘာလို့ဆို နောက်ပိုင်းမှာ မရေမတွက်နိုင်အောင် များပြားလာတော့လို့ပါ။ တချို့ဆို မှတ်တောင် မမှတ်မိတော့ပါဘူး။ 🙂

ကျွန်တော် မောင်တင်ချစ် (အစုတ်ထုပ် နောက်တစ်ထုပ်)

အပြာစာအုပ်တွေရဲ့ တန်ခိုးကြောင့်လား၊ မွေးရာပါ ဗီဇလားတော့ မသိဘူး။ ကျွန်တော်က အမျိုးသမီးတွေရဲ့ တင်ကို အလွန် စိတ်ဝင်စားပါတယ်။ ကျွန်တော့် အာရုံကို အနှိုးဆွနိုင်ဆုံးက အဲဒီ့ တင်ပါ။

မတင်လှသာဖြစ်၊ ပျိုပျိုအိုအို ကျွန်တော် ငမ်းမိတတ်ပါတယ်။ အဲဒါ အခုအရွယ်အထိပါ။ အဲသလောက်ကို ကျွန်တော်က အမျိုးသမီးတွေရဲ့ တင်ကို စွဲလန်းတတ်သူပါ။ (မနေ့က လေယာဉ်မယ်လေးရဲ့ တင်ဆိုလည်း မျက်စိထဲကို စွဲနေတယ်။ သူနဲ့ ဆုံတာ နှခိရှာ၊ နှစ်ခါရှိနေပြီ။ ဒါပေမယ့် မျက်နှာကို မမှတ်မိဘူး။ တင်ကို မြင်တော့မှ သူပါလားလို့ ပြန်သတိရသွားတာ။ အဲသလို။) ကျွန်တော့်နာမည်တောင် “မောင်တင်ချစ်”လို့ ပြောင်းရင် ကောင်းမလား မသိဘူးနော်။ 😛 

ကျွန်တော့် အိမ်ထောင်ရေး ပြင်ပ ဟိုးလေးတကြော် အရေးအခင်းတွေမှာလည်း မတင်လှက နှစ်ယောက် ပါပါသေးတယ်။ (အသေးစိတ်ကို “ချစ်သူ့ရင်ခွင်ရှာပုံတော်”မှာ ဖတ်ရှုတော်မူကြပါ။) ဒုတိယ တစ်ယောက်ဆို ကျွန်တော်သာမဟုတ်၊ အစ်ကို ကာလသားတိုင်း တက်တခေါက်ခေါက် ရှိလောက်အောင် သူ့တင်ရဲ့ ဖမ်းစားနိုင်အားက အစွမ်းထက်လှပါတယ်။

သို့သော်လည်းတဲ့ပေါ့ဗျာ… တကယ် တကယ်တဲ့အခါကျတော့ ထင်သလောက် မတကယ်ပါဘူး။ အဲဒါကို ကျွန်တော့်အိမ်သူကို ပြန်ပြောပြတော့ ကျွန်တော့်အိမ်သူက ရယ်ပါတယ်။ ရယ်တယ်ဆိုတာထက် ကျွန်တော် မောင်တင်ချစ်ကို အားပါးတရ ဟားတာပါ။ မှတ်ပလားပေါ့…

ဟဲ… ဟဲ… မှတ်တာလည်း မှတ်တာပေါ့ဗျာ။ ငမ်းတာလည်း ငမ်းမိတုန်းပဲ ခင်ဗျ။ ၀ါသနာဘာဂီ ဆက်တိုင်းမှီလို့ ဆိုသမို့လားဗျာ။

မိတ်ဆွေအမျိုးသမီးများခင်ဗျား၊ တစ်လက်စတည်း မှာလိုက်ပါရစေခင်ဗျာ၊ ကိုယ့်တင် မလှလို့ကတော့ ကျွန်တော့် ရှေ့မှာ စိတ်လုံလုံနဲ့ ကြိုက်သလို နေနိုင်ပါတယ်။ အဲ… နည်းနည်းပါးပါး လှရင်တော့ ကျွန်တော် ငမ်းနေတာကို မသိချင်ယောင်ဆောင်နေပြီး တယ်လှတဲ့ ငါပါလားလို့ ပီတိများသာ ပွားများတော်မူကြပါကုန်။ 🙂 

အဲ… ကျွန်တော်က ကိုတင်ချစ်ဖြစ်ပေမယ့် ယူထားတဲ့ မိန်းမကျတော့ မတင်လှ မဟုတ်ဘူးခင်ဗျ။ အပျိုတုန်းကတော့ သူလည်း သူ့ဟာနဲ့သူတော့ လှတာပေါ့ဗျာ။ ကလေးနှစ်ယောက်လည်း မွေးပြီးရော တဖြည်းဖြည်းရှုံ့ရှုံ့သွားတော့တာများ အခုဆို မတင်မဲ့လို့တောင် ပြောင်းမှည့်ရမတတ်ပဲ။ သို့ပေမယ့် သူက သရက်သီးမျိုးပါလေ။ သိတယ်မဟုတ်လား၊ သရက်သီးဆိုတာ ဖင်ရှုံ့လေ… ပိုချိုလေလဗျာ 🙂 

မင်္ဂလာပါ ဆရာ၊ အလေး…. ပြု

ရန်ကုန်မှာ ကျွန်တော့်ကို ကျောင်းအပ်တော့ အထက ၆ ဗိုလ်တထောင်မှာ အပ်ပါတယ်။ စိန်ပေါကျောင်းလို့ နာမည်ကြီးခဲ့ဖူးတဲ့ ကျောင်းပေါ့။

ကျွန်တော်တို့ ကျောင်းရောက်တော့ ကျောင်းအုပ်ကြီးက စစ်ဗိုလ်။ ဗိုလ်ကြီး ဗဟိန်းတဲ့။ ဆရာတွေကို မင်္ဂလာပါလို့ ပြောရင်း အလေးပြုရတာပ။

အဲဒီ့ခေတ် စိန်ပေါကျောင်းသား၊ အဲလေ… ထ ၆ ဗိုလ်တထောင် ကျောင်းသားတွေဟာ ဆရာမြင်ရင် အပြင်မှာဖြစ်တောင် ပုံမကျ ပန်းမကျ အလေးပြုတဲ့ အကျင့်ဆိုးကြီး စွဲကုန်ကြရှာတယ်။ ဗိုလ်ကြီး ကျောင်းအုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးပေါ့ဗျာ။

ကျောင်းကနေ အိမ်ကို ခြေလျင် လျှောက်သွားရတယ်။ မဝေးလှပါဘူ။ မန္တလေးတုန်းက နေ့စဉ် အသွားအပြန် ၁၈ ပြ လျှောက်ခဲ့သူအနေနဲ့ ရေကျော် ၀တ်ကျောင်းလမ်းကနေ သိမ်ဖြူလမ်းနဲ့ ဗိုလ်အောင်ကျော် (မဟုတ်ဘူး၊ အဲတုန်းက စပတ်လမ်း (Spark’s Street) လို့ပဲ ပါးစပ်ထဲ စွဲတာ။ သိမ်ဖြူလည်း လာမလုပ်နဲ့၊ ကိုယ်တို့က ဂျူဒါ အစ်ဇီကယ်ပဲ။) ကြား၊ ဖရေဇာ (Fraser, အခု အနော်ရထာ) လမ်းပေါ်က ၀င်ပေါက်အထိ တွက်မှ နှစ်ပြခွဲလောက်ရှိတာ။ အေးဆေးပေါ့။

နာမည်တွေ လျှောက်ပြောင်းတာ ဘာအကျိုးထူးသလဲ။ အင်္ဂလိပ်ခေတ်ကထက် တိုင်းသူပြည်သားတွေ ပို အနေချောင်၊ အစားချောင်အောင်၊ တိုင်းပြည်စီးပွားရေး ပိုကောင်းအောင် လုပ်ပေးနိုင်ရင်တော့ ထားပါတော့ဗျာ။ အခုတော့ အင်္ဂလိပ်ခေတ်ထက် ဘက်ပေါင်းစုံမှာ အဆပေါင်း တစ်သောင်းမက အောက်ကျနောက်ကျနိုင်နေပြီး နာမည်ကျမှ မျိုးချစ်စိတ်တွေ နင်းကန် ထက်မြက်ပြနေတာ ဘာများ အရာရောက်လို့တုန်း။ ကျွန်တော်ကတော့ ခပ်တင်းတင်းပဲ၊ ရှေးနာမည်ပဲ ခေါ်မယ်။ မကျေနပ် လဲသေ။

ကျောင်းတင်မက မြို့ထဲတစ်ခွင်တော့ ခဏနဲ့ ကျွန်တော်က သွားတတ်လာတတ်နေပြီ။ သွားလည်း သွာနေပြီ။

သဘောကျတာက အခုမရှိတော့တဲ့ မြို့မရုံတို့၊ သွင်ရုံတို့ရဲ့ ဆင်ဝင်အောက်က လမ်းဘေးဈေးပဲ။ အဲဒီ့မှာ တစ်လက်မလောက် ရှိတဲ့ ဗမာရုပ်ရှင်မင်းသမီး အဖြူအမည်း ဓာတ်ပုံတွေ ချရောင်းတယ်။ ကျွန်တော့်မှာ ပိုက်ဆံလေး ရှိသလောက် ခင်သန်းနုပုံ၊ ဖျာပုံမယ် တင်တင်အေးပုံလေးတွေ ၀ယ်တာပေါ့။ ၀ါဝါ၀င်းရွှေက အဲဒီ့အချိန်မှာ နာမည်ကြီးပေမယ့် သူ့တော့ မကြိုက်ပေါင်။ တင်မရှိ၊ ရင်မရှိနဲ့ဟာ။ 😛 

စတီရီယိုတေးမိတ်ဆက်

တစ်ရက်မှာ ဆူးလေဘုရားလမ်းဘက် ရောက်သွားရင်း မာမီရယ်၊ ရှာပေးကွယ်၊ ရီးစားလိုချင်တယ်ဆိုတဲ့ သီချင်းကို ကြားလိုက်တယ်။

မန္တလေးဘ၀မှာ ပြောဖို့ ကျန်ခဲ့တာက မန္တလေးမှာ နေရင်း ငယ်ငယ်ကတည်းက တအားကြိုက်ခဲ့တဲ့ ၀င်းဦးကို ပိုစွဲလမ်းလာခဲ့တာပဲ။ အဲဒီ့ခေတ် မန္တလေး တစ်မြို့လုံးကလည်း ၀င်းဦးကို သည်းသည်းလှုပ်အားပေးတဲ့ အမာခံ ပရိသတ်။ ကျွန်တော်ကလည်း ၀င်းဦးကို သဘောကျလှပြီ။

akai_m-8_tape_recorderအဲဒီ့ ရီးစားလိုချင်တယ်ကို ကြားလိုက်တော့ ၀င်းဦးဆိုတယ်လို့ ထင်လိုက်တာ။ အသံက ၀င်းဦးသံကိုး။ သည်သီချင်း ကျွန်တော်လည်း မကြားဖူးဘူး။ ဒါနဲ့ သီချင်းသံလာရာကို စူးစမ်းလိုက်တော့ ရစ်(ထ်)(ဇ်) (Ritz) ရုံ အောက်မှာ ရှိတဲ့ ဘီအာ(ရ်)စီ ရေဒီယို၊ ဓာတ်စက်၊ ထိတ်(ပ်)ရခေါ့ဒါ ပြင်ဆိုင်ကာ ဖွင့်ထားတာ။

[ရစ်(ထ်)(ဇ်) ဆိုတာ ထုံးစံအတိုင်း ရွှေဖြစ်ဖြင့် မရှိဘဲ နာမည်ပြောင်းတာကို အထုံပါသူများရဲ့ ကျေးဇူးနဲ့ နောင်ကျတော့ ရဲရင့်ရုံဖြစ်၊ ဗမာတွေ စွတ်ဆန်ခဲ့ရာက အခုတော့ ဗမာအလွန်ဆန်လှတဲ့ နာမည်နဲ့ ဆခုရ မျှော်စင် အဆောက်အအုံကြီး ဖြစ်နေတဲ့ နေရာပေါ့ဗျာ။ ယူတတ်ရင် ဘာဝနာပေါ့နော်။ သူ့လိုပဲ ဖယ်လယ်ဒစ်ယယ်(မ်) (Palladium)တို့၊ Globe တို့ကိုလည်း ဇာတိမာန်တွေ ပြတဲ့ပြီး ပပ၀င်းတို့၊ ဂုဏ်တို့ ပြောင်းခဲ့။ ဟော… ခုကျတော့ ဗမာအလွန်ဆန်လှတဲ့ နာမည်နဲ့ ဆူးလေ ရှန်ဂရီလာကြီးဖြစ်လို့။ အဟွတ်… ရယ်လိုက်ရတာ ဖတ်ဖတ်မော၊ ရင်ဘတ်နောက်ကကျော… ခွိ(စ်)]

ဟိုခေတ်က ရန်ကုန်

စကားစပ်လို့ ပြောရဦးမယ်။ အဲဒီ့ခေတ်က ရန်ကုန်ဟာ သူ့အဆင့်နဲ့သူ နေတဲ့မြို့။

ရစ်(ထ်)(ဇ်)ရုံက ကုလားကားတွေပြတယ်။ ကုလားကားမှ ကုလားကားပဲ။ ဘောလီးဝု(ဒ်)လို့ ခုခေါ်တဲ့ အိန္ဒိယ ရုပ်ရှင်လုပ်ငန်းက ထုတ်လုပ်တဲ့ ကားတွေပဲ ပြတာ။ ရုပ်ရှင်ပြီးချိန် သွန်ကျလာတဲ့ ပရိသတ်ကိုက အနံ့တစ်မျိုး။

ဂလို့(ဘ်)နဲ့ ခါ(လ်)ထန် (Carlton, ရွှေဖြစ်မရှိသူတွေ နာမည်ပြောင်းတော့ ယုဇန၊ အခုကျတော့ ဗမာဆန်ဆန်လေး ဆယ်(န်)ထရယ်(လ်)လို့ နာမည်ပေးထားတဲ့ ဟိုတယ်ရဲ့ ၃၂ လမ်းဘက်ထောင့်)က အဆင့်အတန်းရှိတဲ့ (စကားပြော နားလည်မှ အရသာ ခံနိုင်မယ့်) အင်္ဂလိပ်ကား ကောင်းကောင်းလေးတွေ ပြတာ။ ရုပ်ရှင်ပြီးလို့ ဆင်းလာတဲ့ ပရိသတ်ကို ကြည့်ရင် လူရည်သန့်တွေချည်းပဲ။ ပရိသတ်နံ့က တစ်မျိုး။

ဖယ်လယ်ဒစ်ယယ်(မ်)နဲ့ ပရဲဆစ်ဒယ့်(န်)(ထ်) (President) (အခု သမ္မတရုံ)က blockbuster လို့ ခေါ်တဲ့ ပေါက်ကားတွေ ပြတာ။ အဲဒီ့မှာတော့ ဒီစီ (Dress Circle, အပေါ်ထပ် အထူးတန်း)နဲ့ စထော(လ်) (Stall, အောက်ထပ် နောက်ပိုင်း ရုပ်ရှင်ကို အောက်ထပ်ကနေ ကြည့်လို့ အကောင်းဆုံးနေရာ)က ထွက်လာတဲ့လူဆို လူရည်သန့် လူကုန်ထံတွေပဲ။ စထော(လ်)ရှေ့မှာ ဈေးပေါတဲ့ နှစ်တန်း ရှိသေးတယ်။ အဲဒါက လူလတ်တန်းစားနဲ့ မိလက္ခုများ ကြည့်တဲ့တန်းတွေ။ အတန်းချင်းမှာတင် အနံ့ချင်းကွာတယ်၊ အ၀တ်အစားချင်း ကွာတယ်။ အဲလို။

မြန်မာကားသစ်တွေက လိုက်(ထ်)ဟောက်(စ်) (အခု ရှေ့ဆောင်) ရုံနဲ့ နေပြည်တော်ရုံတို့မှာ ပြပါတယ်။ နေပြည်တော်မှာက ပေါက်ဖော်ကားတွေလည်း ပြခဲ့တယ်လို့ သိရပေမယ့် ကျွန်တော် ရန်ကုန်ရောက်ချိန်မှာတော့ ပေါက်ဖော်တွေခမျာ ၁၉၆၇ အရေးအခင်းကြောင့် နောက်တန်းမှာ ကုပ်ကုပ်ကလေး နေနေကြရလို့လား မသိဘူး၊ ပေါက်ဖော်ကားတွေ မမြင်ရတော့ဘူး။

သည်ဘက်မှာက အစ်(ခ်)ဆယ်(လ်)ဆစ်ယာ (Excelsior) (နောက်ပိုင်းကျတော့ ၀ဇီရာ)ရှိတယ်။ အဲဒါက ၁၉၆၈ ကျွန်တော် ရန်ကုန်ရောက်ချိန်မှာ ပိတ်ထားတယ် ထင်တယ်။ နောက် ဘုရင့်ရုံလို့ ခေါ်တဲ့ King’s Cinema က ဘားလမ်း (Bar Steet) ထောင့်မှာပါ။

ဘားလမ်းဆိုတာက ရှေ့နေရှေ့ရပ်များ လမ်းလို့ အဓိပ္ပာယ်ရပါတယ်။ ယနေ့ထက်တိုင် မြန်မာနိုင်ငံ တရားရုံးချုပ် ရှေ့နေများကောင်စီတို့၊ ရှေ့နေအသင်းတို့ဟာ အဲဒီ့ ဘားလမ်း အောက်ဆုံးလမ်းမှာ ရှိသလို ရှေ့နေရုံးခန်းတွေလည်း အောက်လမ်းမှာ တစ်လမ်းလုံး ပွထနေတဲ့အပြင် ယခင် တရားလွှတ်တော်ချုပ်ကြီးကလည်း အောက်လမ်းအလယ်မှာ ကျယ်ကျယ်ပြောပြော ထည်ထည်ဝါ၀ါ ရှိနေခဲ့တာမို့ နေရာဒေသနဲ့ အလွန် လိုက်ဖက်တဲ့ နာမည်ပါ။

ဒါပေမယ့် ရွှေဖြစ်မရှိသော်လည်း နာမည်ပြောင်းတာ အထုံပါသူများကတော့ ခေါ်လို့ လွယ်တဲ့ ဘားလမ်းကို မဟာဗန္ဓုလ ပန်းခြံလမ်းရယ်လို့ ရှည်လျားလှတဲ့ နာမည်ကို ပြောင်းခဲ့ကြပြန်ပါတယ်။ မရောင်ရာဆီလူးရင်း တိုင်းပြည်ကြီးကို ချောက်ထဲက ကယ်တင်သူများရဲ့ အ၀ီစိပို့လမ်းစဉ်ပါပဲ။

တော်ပြီဗျာ။ ဆက်ပြောရင် နိုင်ငံရေးတွေ ပါကုန်လိမ့်မယ်။

မိုနိုထိတ်(ပ်) ဖခင်ကြီး

အဲဒီ့ ရစ်(ထ်)(ဇ်)ရုံနားမှာ နှစ်ခေါက်သုံးခေါက် ပြန်လျှောက်ရင်း သေချာနားထောင်တော့ ၀င်းဦးဆိုထားတာ မဟုတ်ဘူး။ ၀င်းဦးနဲ့ အသံချင်းဆင်တဲ့ တခြားတစ်ယောက် ဆိုထားတာလို့ သိလိုက်ရပါတယ်။

ရယ်ရတာက အဲဒါကို အီစွတ်ဆိုတဲ့ ကုလားဆိုတာလို့လည်း နောက်ပိုင်းမှာ ကြားသိရပြန်တယ်။

တကယ်က မဟုတ်ဘူး။ သည်သီချင်းကို ရေးလည်း ရေး၊ ဆိုလည်းဆိုသူက တက္ကသိုလ်ထွန်းနောင်ရယ်လို့ အဲဒီ့နောက် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ လျှမ်းလျှမ်းတောက် ကျော်ကြားလာသူပဲ ဖြစ်ပါတယ်။

၁၉၆၈ ခုနှစ်မှာ အဲဒီ့သီချင်းကို ကြားခဲ့တာတော့ သေချာပါတယ်။ မြန်မာပြည် စတီရီယိုလို့ ခေါ်တဲ့ ခေတ်ပေါ် ဂီတလောကရဲ့ အစအဦးပေါ့။

သည်နေရာမှာလည်း ဂီတလောကအကြောင်း ကျွန်တော် သိမီသလောက် ပြောဖို့ လိုလာပြီ ထင်ပါတယ်။

မြန်မာလူမျိုးတို့ရဲ့ ထုံးစံအရ တစ်နေရာကို ရောက်သွား၊ နေရာရသွားရင် ငါသိ၊ ငါတတ်၊ ငါနဲ့မတူ ငါ့ရန်သူ၊ ငါနဲ့မတည့် မပါရ၊ ငါသာလျှင် အကုန်လက်ဝါးကြီးအုပ်ထားမယ်ဆိုတဲ့ စရိုက်တွေက အဲဒီ့ခေတ်က မြန်မာ့ အသံမှာလည်း ပြခဲ့ပါတယ်။ အဲဒီ့အတွက် အပြင်မှာ အောင်မြင် လူကြိုက်များပေမယ့် မြန်မာ့အသံမှာ ဓာတ်ပြားမရတဲ့ အဆိုတော်တွေ အများကြီး။

တစ်ပြည်လုံးအတိုင်းအတာနဲ့ ထိုးဖောက်နိုင်ဖို့က အဲဒီ့အချိန်မှာ မြန်မာ့အသံကိုပဲ အားကိုးနေကြရတာ။ မြန်မာ့အသံ ရွှေခေတ်ကြီးပေါ့ ခင်ဗျာ။

grundig_tk_8_tape_deckခေတ်က ဓာတ်ပြားခေတ် ကုန်လုနီးနီး။ ဓာတ်ပြားခေတ်က ကမ္ဘာမှာ မကုန်သေးတဲ့အပြင် ရွှေခတ်က နောက်ထပ် ဆယ်နှစ်မက ရှိနေခဲ့ပေမယ့် ဗမာမှာတော့ ဗိုလ်နေ၀င်းရဲ့ တုနှိုင်းမမီတဲ့ ဂုဏ်ကျေးဇူးတော်မြတ်ကြောင့် အစစအရာရာ ပါးရှား၊ နိုင်ငံခြားသွင်းကုန်တွေ အပိတ်ခံရ၊ လူတကာရဲ့ စီးပွားတွေပျက်၊ တိုင်းပြည်ကြီး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ခေတ်မှာ နိုင်ငံခြားနည်းပညာကို အားကိုးနေရတဲ့ ဓာတ်ပြားခေတ်ကြီးက ယိုင်ထွက်လာတော့တဲ့အချိန်ပါ။

ဓာတ်ပြားခေတ်တုန်းက တောရော မြို့ပါ ဓာတ်စက်သုံးကြသေးတယ်။ ဓာတ်ပြားခေတ် ယိုင်နဲ့လာတော့ ဓာတ်ပြားကုမ္ပဏီတွေ အခက်ပွေကြတယ်။ အဲဒီ့မှာ ဟင်္သတ ဆန်ရောင်းဝယ်ရေး ဓာတ်ပြားကုမ္ပဏီလည်း ပါတယ်။ သူ့မှာက ဆန်ကလည်း တားမြစ်ကုန်ဖြစ်တော့ ဆန်ရောင်းဝယ်ရေးလည်း ဆက်လုပ်လို့ မရ၊ ဓာတ်ပြားကလည်း ခေတ်ပျက်တော့ ကြံရာမရ။ ကုမ္ပဏီပိုင်ရှင်က သူဌေးသား အကော်ဒီယံ အုန်းကျော်။

ဂီတကိုလည်း သူက လွှတ်ဝါသနာကြီးတာ။ မင်းသားကလည်း လုပ်ချင်လိုက်သေးတယ်။ ကျွန်တော်တို့ ရန်ကုန်ကို အဖေ့ထီဆုငွေထုတ်တုန်းက သူ့ရဲ့ မြေလတ်သူ ဇာတ်ကား ရုံတင်နေတာကို ပြောခဲ့ပြီးပါပြီ။

အကော်ဒီယံအုန်းကျော်ကို မြန်မာ့အသံက ဓာတ်ပြားမပေးဘူး။ နေရာမပေးဘူး။ အသံမအောင်ဘူး၊ ဘာဘူး ညာဘူး အကြောင်းပြချက်တွေနဲ့ပေါ့ဗျာ။

အဲတော့ ဟိုဆရာကြီးက စိတ်ပေါက်လာတယ်နဲ့တူတယ်။ တိတ်ခွေနဲ့ သူ့စတူဒီယိုမှာတင် သူ အသံသွင်းပြီး ဖြန့်တယ်။ အလကား ဖြန့်တာ ထင်ပါရဲ့။ ပိုက်ဆံယူလည်း အဲဒီ့ခေတ်မှာ ဘယ်သူကမှ ပေးမှာမှ မဟုတ်တာလေ။

အဲတော့ သူက သူထင်တဲ့ သီချင်းတွေ သူ့ဘာသာ သီဆို အသံသွင်းပြီး ထုတ်တယ်။ ကျွန်တော် ပထမဆုံး စကြားဖူးတာက Fistful of Dollars ဆိုတဲ့ အမေရိကန် အနောက်ပိုင်း နွားကျောင်းသား ဇာတ်ကားက ဇာတ်ဝင် သီချင်းကို မြန်မာစာသားတွေ ထည့်ပြီး သူ့အသံဝါကြီးနဲ့ “ရေခြား… ဝေးမြေ… မနေမနား ပြေးနေ (ဒိုင်းညောင့်… ဒိုင်းညောင့်) ”ဆိုတဲ့ သီချင်း။

အဲဒါ မန္တလေးအိမ်တုန်းက ကြားဖူးတာဆိုတော့ ၁၉၆၇ လောက်ဖြစ်မယ်။ အိမ်မှာ ထိတ်(ပ်) ရခေါ့ဒါဆိုတဲ့ ငါးလက္မအခွေကြီးနဲ့ တိတ်ကြိုးခွေနဲ့ ဖွင့်တဲ့ စက် မရှိပါဘူး။ သို့ပေမယ့် ဦးကြီးကိုကိုက ဘယ်က ငှားလာလဲတော့ မသိဘူး။ အိမ်မှာ ရက်အတန်ကြာ ဖွင့်နေခဲ့လို့ ကြားဖူးခဲ့တာပါ။ အဲတုန်းက စတီရီယိုလို့ ခေါ်တဲ့ နှစ်ဖက်သံကြား၊ အသံအိမ်နှစ်လုံးက ထွက်တာလည်း မဟုတ်သေးဘူး။ မိုနို (Mono) လို အသံအိမ်တစ်လုံးတည်းက အကုန်ပေါင်းပြီး ထွက်လာတာပါ။

သည်တော့ အကော်ဒီယံအုန်းကျော်ကို တိတ်ခွေနဲ့ သီချင်းဖြန့်တဲ့စနစ်ရဲ့ ဖခင်ကြီးလို့ ပြောရင် မှန်နိုင်ပေမယ့် စတီရီယို ဖခင်ကြီးလို့တော့ ပြောလို့ မရဘူး ထင်ပါတယ်။ 🙂 

မန္တလေးအကြောင်း ပြောတုန်းက ကျန်ခဲ့တာလေးတွေ

မန္တလေးမှာ သူငယ်တန်းလေး တက်ခဲ့တဲ့အကြောင်းကို ပြောခဲ့ပြီးပါပြီ။ အဲဒါကို တစ်ယောက်က မေးတယ်။ ၄၆ ရက်သားနဲ့ လောပိတရောက်သွားပြီး ဘယ့်နှယ်က ဘယ့်နှယ် မန္တလေးမှာ ကျောင်းစနေတာတုံးတဲ့။

အဲဒါတော့ ကျွန်တော်လည်း မလျှောက်တတ်တော့ဘူးခင်ဗျ။ မှတ်မှ မမှတ်မိတော့တာကိုး။

မန္တလေး စိန့်ဂျိုးဇက်(ဖှ်) ခန်ဗှယ့်(န်)(ထ်)၊ အခု အမှတ် ၈ ကျောင်းက မေမေ နေခဲ့တဲ့ကျောင်း၊ မေမေ ဆရာမ လုပ်ခဲ့တဲ့ကျောင်း ဖြစ်တာကြောင့် ကျွန်တော့်အတွက်လည်း ရင်းနှီးလွယ်တဲ့ကျောင်းပါ။

စကားစပ်တုံး ကြွားလိုက်ဦးမယ်။ မေမေ့အကြောင်း ကြွားမှာပါ။ မေမေက စာရေးဆရာမကြီး (ဒေါ်) ပတ္တမြားခင်ထက် တစ်တန်းငယ်တယ်။ ကျောင်းကျတော့ တစ်ကျောင်းတည်းပဲ။

အဲဒီ့ကျောင်းတွေ ဘယ်လောက်ကောင်းသလဲဆိုရင် ဆရာမကြီးရော မေမေပါ လက်ရေး လက်သား အလွန် ကောင်းပါတယ်။ သပ်လည်း သပ်ရပ်ကြပါတယ်။

ကျွန်တော်သူငယ်တန်းတုန်းကဆိုရင် လက်ရေးကို သင်တဲ့အခါ ကျွန်တော်တို့ လက်ကလေးကို အပေါ်က အုပ်ကိုင်ပြီး သင်ပေးခဲ့တာပါ။ ၀တ်စုံဖြူဝတ် သီလရင်ကြီးတွေကပေါ့။ မေမေက သင်ပေးရင်လည်း အဲလိုပဲ သင်ပေးပါတယ်။

ကြွားလုံးတွေ

အဲ… မေမေ့အကြောင်း ကြွားမယ် ပြောပြီးမှ အဲဒါ မကြွားသေးဘဲ ကိုယ့်အကြောင်း ကိုယ်ကြွားပါတော့မယ်။ အဲသလို လက်ရေး သင်ခဲ့ကြတဲ့ အစဉ်အလာကို ဆက်လက် ထိန်းသိမ်းနိုင်တဲ့အတွက် ကျွန်တော်တို့ တစ်မိသားစုလုံး လက်ရေးလှကြပါတယ်။ အဲဒါတော့ သားတော်မောင် လွန်ခဲ့တဲ့ ၃-၄ နှစ်က အမှတ်မထင် ပြောလိုက်လို့ သတိထားမိသွားတာပါ။

ဟုတ်တယ်ခင်ဗျ။ ကျွန်တော့်အိမ်သူလည်း လက်ရေးလှတယ်၊ သမီးနဲ့ သားလည်း လက်ရေးလှပါတယ်။ ပြီးတော့ ကျွန်တော်က ကလေးနှစ်ယောက်စလုံးကို အင်္ဂလိပ်စာကို စာလုံးဆက် ရေးနည်းလည်း ကျကျနန သင်ပေးထားတာမို့ သည်ခေတ် ကလေးတွေ ရေးဖို့နေနေသာသာ သိပ်တောင် မဖတ်တတ်ကြတော့တဲ့ အင်္ဂလိပ်စာ စာလုံးဆက်ရေးနည်းကို သူတို့ ကျွမ်းကျွမ်းကျင်ကျင် တတ်ကြတယ်ခင်ဗျ။

ကျွန်တော့်မိသားစုအကြောင်း ကြွားပြီးမှ မေမေ့အကြောင်း ကြွားတော့မှာပါ။

ဒေါ်ပတ္တမြားခင်က ကျောင်းသူဘ၀ကတည်းက စာရေး အလွန်ကောင်းပါတယ်။ သူရေးတဲ့ စာစီစာကုံးတွေကိုဆို အတန်းငယ်တွေအတွက် စံပြ စာစီစာကုံးများအဖြစ် နမူနာ ယူကြရအောင် နောက်တက်လာတဲ့အတန်းကို ဖတ်ပြကြ၊ ဖတ်ခိုင်းကြပါတယ်။ မေမေတို့က ဒေါ်ပတ္တမြားခင်ရဲ့ စာစီစာကုံးတွေကို ဖတ်ခဲ့ကြရသူတွေပေါ့။

အဲ… မေမေကလည်း ဒေါ်ပတ္တမြားခင်လိုပါပဲ။ သူရေးတဲ့ စာစီစာကုံးတွေကို သူ့နောက်က အတန်းက နမူနာယူရပြန်ပါတယ်။ ဖတ်ကြရပါတယ်။

အဲတော့ ကျွန်တော့် စာရေးခြင်း၊ စာဖတ်ခြင်း အမွေအနှစ်ဟာ မေမေ့ဆီက တိုက်ရိုက်ဆင်းသက်တာပါ။ ဒါ့ကြောင့် နေ့တိုင်း၊ အိပ်ရာဝင် အိပ်ရာထနဲ့ စားသောက်ချိန်တိုင်း စိတ်ထဲကနေ မိဘနှစ်ပါးအပါအ၀င် အနန္တောအနန္တငါးပါးကို ကန်တော့မြဲ ဖြစ်သည့်တိုင် သည်စာနဲ့လည်း သွားလေသူ မေမေ့ကို ထပ်မံ ကန်တော့လိုက်ပါတယ်။

အဘိုးဦးသုခ ၀င်စားတာ သေချာပါတယ်

အဲဒီ့ကျောင်းနဲ့ ပတ်သက်လို့ အမှတ်အရဆုံးကတော့ ကျောင်းဆင်းချိန် ကျောင်းပေါက်ဝမှာ လာရောင်းတဲ့ ကုလားကြီးတစ်ယောက်ရဲ့ ကုလားပဲသုပ်ပါပဲခင်ဗျ။ တော်တော် စားလို့ ကောင်းတယ်။ ရေးရင်းတောင် တံတွေးက မျိုမိသွားသေးတယ်။

စက္ကူနဲ့လား၊ ဖက်နဲ့လားမသိ ထုပ်ပေးပြီး ကော်စားဖို့ ပေးတာက လက်သုံးလုံးစာလောက် ညီညီညာညာ ဖြတ်ထားတဲ့ ထန်းရွက်ခြောက်ကလေးပါ။ အဲဒါလေးကို သတိရနေတယ်။

နောက်တစ်ခုက မစီမာ။ မစီမာရဲ့ ဆီးမဆလာနဲ့ သီးသီးပေါင်း၊ သံပရာပေါင်းဆို ကျွန်တော် သိပ်ကြိုက်တာ။ ဆီးငံပြားတော့ မကြိုက်လှဘူး။

မစီမာဆိုလို့ မစီမာရဲ့ အိမ်ဘေးက သြစတြေးလျံ အမျိုးသမီးကြီးဆီမှာ ကျွန်တော် အင်္ဂလိပ်စာ သင်ခဲ့ရသေးတယ်။ အဲဒါတော့ နည်းနည်းကြီးမှပဲ။ ငါးတန်း မတိုင်ခင်ဖြစ်မယ် ထင်တယ်။ သူငယ်တန်းလေးတုန်းကတော့ မဟုတ်ဘူး ထင်တယ်။ သေချာ မမှတ်မိတော့ဘူး။ နွေရာသီ ကျောင်းပိတ်ရက် မန္တလေးပြန်ပြီး တက်ခဲ့ရတာလား မမှတ်မိတော့ဘူး။ ငယ်တာတော့ တော်တော် ငယ်သေးတဲ့အရွယ်။

ငယ်သာ ငယ်တယ်၊ ဇက မခေဘူးဗျ။ အဲဒီ့ ဆရာမကြီးရဲ့ သမီးလေး၊ ကျွန်တော်နဲ့ မတိမ်းမယိမ်း၊ ကျွန်တော့်ထက် ကြီးရင် နှစ်နှစ်၊ သုံးနှစ် အလွန်ဆုံးရှိမှာပေါ့… အဲ… အဲဒီ့ ဆရာမသမီးလေး ချောတာကိုတော့ ခုပြော ခုမျက်စိထဲ ပြန်မြင်နေသေးပါတယ်။

သေချာတယ်၊ အဘိုး ဦးသုခ ၀င်စားတာ သေချာပေါက် ဖြစ်လောက်တယ်။ လူကလေးက (လူကလေးကပဲ နေမှာပါနော်) လက်တောက်လောက်သာ ရှိသေးပေမယ့် ကောင်မလေးတွေ ချောတာတော့ အတော် မြင်တတ်နေခဲ့ပြီကိုး။

ထိတ်(ပ်)ရခေါ်ဒါဆိုတာကို မမြင်ဖူးသူတွေအတွက် ပုံလေးတစ်ပုံပါ အင်တာနက်ထဲက ရှာပြီး တင်ပေးလိုက်ပါသဗျ။

သည်အပိုင်းမှာ ပြောကြတာ

May Thandar Win အကော်ဒီယံ အုန်းကျော်က မြန်မာ့အသံကို စိတ်နာလို့ထင်တယ် နောက်ကျတော့ ‘ဒီမြေ ဟာ ငါတို့မြေ မြန်မာဘိုးဘွားတို့မြေ’ ဆိုပြီးလွှတ်ဆိုတော့တာထင်တယ်နော် ဆရာတင်ချစ် အဲလေ ယောင်လို့ ဆရာအေတီကေ (ဆရာအောင်သိန်းကျော်က ခေါ်ရတာရှည်တာ ဆရာရာ ဆရာတင်ချစ်ဆိုတဲ့ နာမည်လေး ပိုခေါ်ကောင်းတယ်။ တိုတိုတုတ်တုတ်နဲ့ ထိထိမိမိ ရှိလှတယ် ခစ်ခစ် 😀 )

ATK ကြိုက်သလိုခေါ်ပါ မတင်မလှတလှကလေးရယ် 

A rose by any other name may smell sweet, by the way!

Naing Kyaw 😀

Kyi Kyi Khin ဖလား ဖလား။

‘Song Thiri’ သာမီးတို့တော့ ဆြာနဲ့ ဆုံဖြစ်ရင် စိတ်လုံလုံနဲ့ ကြိုက်သလို နေနိုင်ပြီပေါ့လေ… 🙂

ATK ငှဲ… ငှဲ… သိပ်ကြောက်တွားဒလား မမြ၀င်းးးး အဲလေ… Daw LayKyi

Ei Yupar Win တော်သေးတာပေါ့… သရက်သီးမျိုးဆိုပြီး ကယ်သွားလို့။ မဟုတ်ရင် အရီးက ဘာပြောမယ်မသိ။

December Nyein ဇွန်သဉ္ဇာ ရဲ့ အမာခံပိတ်သတ်ဂျီးးမှန်းး အထုမှသိရယ် 😛 😀

၀၁၅ ခုနှစ် မတ်လ ၁၃ ရက်

ခြင်နဲ့ မခမ်း

တစ်ယောက်က မန္တလေး ခြင်အကြောင်း မပါလို့ ပြောထားတာလည်း ကျန်သေးတယ်။

အဲဒါတော့ ကျွန်တော့်အာရုံထဲမှာ သိပ်အမှတ်ထင်ထင် မရှိဘူး။ ငယ်တုန်းက ကျွန်တော့်စိတ်က တစ်ခုမဟုတ် တစ်ခုကြောင့် အမြဲ အနှောင့်အယှက်ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။

ဘာဆိုင်လို့လဲလို့ မတွေးပါနဲ့။ ပညာရှင်တွေရဲ့ အဆိုအရ ခြင်မတွေဟာ စိတ်ချမ်းသာနေသူတွေရဲ့ ကိုယ်ခန္ဓာက ထုတ်လုပ်လိုက်တဲ့ အင်ဇိုင်း(မ်)နံ့ကို နှစ်သက်တာမို့ စိတ်ချမ်းသာနေသူတွေကို ခြင်ပိုကိုက်တယ်။ စိတ်ဆင်းရဲနေသူတွေကိုဆိုရင် မကိုက်ဘူးလို့ ပြောထားတာ တစ်နေရာမှာ ဖတ်ဖူးထားပါတယ်။

ခုကျတော့ ကျွန်တော့်ကို ခြင်တအားကိုက်တာပဲဗျာ။ စိတ်ထားတတ်လာပြီကိုး။ ငယ်ငယ်တုန်းကတော့ တော်တော် စိတ်မထားတတ်သေးတာမို့ ခြင်ကိုက်တာကို သိပ်မှတ်မှတ်ရရ မရှိဘူးပေါ့ဗျာ။

အမှတ်ရတာက မန္တလေးမှာ ညနေစောင်းရင် အိမ်တိုင်းလိုလို ဆနွင်းမှိုင်းတွေ မွှန်နေအောင် မွှေးကြတာပဲ။ ကျွန်တော်တို့ အိမ်မှာလည်း အဲလိုပဲ လုပ်ပါတယ်။ မှောင်တာနဲ့ ကြီးကြီးမခင်ရီက မီးမွှေးပြီး ဆနွင်းမှိုင်း တိုက်တော့တာပါပဲ။

ဆနွင်းမှိုင်းအပြင် လိမ္မော်ခွံကိုလည်း အခြောက်လှမ်းပြီး မီးမြှိုက်ပေးတဲ့အခါ မီးခိုးတွေ အူတက်လာပြီး ခြင်ပြေးပါတယ်။ သူ့အနံ့ကကျတော့ ဆနွင်းမှိုင်းထက် ပိုမွှေးတာပေါ့။

ကျွန်တော့်အတွက် မန္တလေးရနံ့ဆိုတာဟာ ဆနွင်းမှိုင်းနံ့၊ ဖုတ်နံ့၊ လိမ္မော်ခွံ မီးရှို့တဲ့အနံ့၊ နောက်ချေး၊ မြင်းချေးနံ့၊ ပြီးတော့ သစ်ပင်တွေရဲ့ အနံ့တွေ ဖြစ်ပါတယ်။

နောက်တစ်ခုက မခမ်း။

အောက်ပြည်ကလူတွေ သိပ်သိကြမယ် မထင်ဘူး။ မန္တလေးမှာ စားရတဲ့အထဲက စွဲလမ်းနေဆဲကတော့ မခမ်းပါ။ မခမ်းဆိုတာက ထောပတ်ခဲ မဖြစ်ခင် အနေအထားလို့ ထင်ပါတယ်။ တော်တော် ဆိမ့်တာပါ။ ပေါင်မုန့်ပေါ် သုတ်စားရပါတယ်။ အလွန်စားလို့ ကောင်းပါတယ်။

မန္တလေးက မေမြို့နဲ့ နီးတော့ မခမ်းပေါပါတယ်။ မေမြို့မှာက ထောပတ်လုပ်တဲ့ ဂေါ်ရခါးတွေ ပေါတာကိုး။ ၂၆ လမ်းပေါ် တောင်ဘက်တန်း၊ လမ်း ၈၀ ထောင့်နားတစ်ဝိုက်ဆီက ထောပတ်ဆိုင်လေးတွေကနေ မေမေက ၀ယ်ဝယ်ပေးပါတယ်။ အလွန်ကြိုက်ပေါ့ဗျာ။

မေမေ့လက်ကို တွဲပြီး ကျုံးဘေးမှာ လမ်းတစ်ခါ လျှောက်ခဲ့ရဖူးတာလည်း ရေးတေးတေး မှတ်မိနေတယ်။ အဲဒါလည်း တော်တော် ငယ်ဦးမယ်။ အညောင်းအညာပြေ လမ်းလျှောက်တာမျိုး မဟုတ်ပါဘူး။ ဘယ်ကို သွားတာလဲ မသိဘူး။ မေမေက ခေါ်သွားလို့ ပါသွားတာပါ။ အဲဒါလည်း အခုအချိန်အထိ မျက်လုံးထဲ မြင်နေမိပြန်သေးတယ်။

ဒါက မန္တလေးမှာ နေခဲ့တာနဲ့ ပတ်သက်ပြီး အမှတ်တရ ပြောဖို့ ကျန်ခဲ့တာလေးတွေ ကောက်သင်း ကောက်လိုက်တာပါ။

နောက်ထပ် ပြန်မှတ်မိလာပြန်တော့လည်း ထုံးစံအတိုင်း ပြန်ဖောက်ရေးတာပေါ့ခင်ဗျာ။

ဟိုခေတ်က အိမ်ဈေး မြေဈေး

ရေကျော်မှာ နေရတာ အဆင်မပြေတော့ အမေက မေမေဘွားဘွား ပေးထားတဲ့ သူ့စိန်နားကပ်ကြီး ရောင်းလိုက်တယ်။ အိမ်တွေ လိုက်ရှာကြတယ်။

အဲတုန်းက ရေကျော်က အိမ်လေးတစ်အိမ် သွားကြည့်တာ မှတ်မိနေသေးတော့တယ်။ ပျဉ်ထောင်အိမ်ကလေး ပေအစိတ်၊ ပေခြောက်ဆယ်လောက် ကျယ်ကျယ်လွင့်လွင့် သပ်သပ်ရပ်ရပ်ကလေး။ အဲဒါလေးမှ ကျပ် နှစ်သောင်းပဲ ဈေးခေါ်တာခင်ဗျ။

ကျွန်တော်ဖြင့်သဘောကျတယ်။ ဒါပေသည့် ကျွန်တော့်မှာ ပြောရေးဆိုခွင့် မရှိဘူး။ ဘယ်အဖေ ဘယ်အမေကမှလည်း ကျွန်တော့်သဘောထားကို အဖက်လုပ် မေးမနေဘူး။ ကျွန်တော်သာဆိုရင်တော့ ကိုယ့်သားသမီးတွေကို မေးမိမှာ။ တစ်လျှောက်လုံးလည်း မေးခဲ့ပါတယ်။

အဲဒီ့ပိုက်ဆံလောက်နဲ့ ဆိုရင် ကျောက်ကုန်းလောက်မှာ ခြံနဲ့ဝင်းနဲ့ ပျဉ်ထောင်အိမ် ကောင်းကောင်းလည်း ရနိုင်တယ်။

ဒါပေမယ့် ကျွန်တော့်အဖေ တောသားက ရန်ကုန်မြို့လယ်မှ မြို့လယ်။ သူက ရန်ကုန်မြို့လယ်ကို လွှတ်မက်တဲ့သူ။

သူ့ရုံးကလည်း လွစ္စလမ်း (ခု ဆိပ်ကမ်းသာလမ်း)နဲ့ ကုန်သည်လမ်း ထောင့်မှာ။ ကျွန်တော့်ကျောင်းကလည်း စိန်ပေါ။ အဲတော့ ဈေးနီး၊ ကျောင်းနီး၊ ကားမှတ်တိုင်နီးတဲ့ လမ်း ၄၀ အထက်လမ်းက တိုက်ခန်းလေး တစ်ခန်းကို ကျပ် ခုနစ်ထောင်နဲ့ ၀ယ်ချလိုက်ပါတယ်။ အမှတ် ၂၃၉ ပထမထပ် ညာဘက်ခန်းပေါ့။

အမေ့မှာ ပိုက်ဆံတွေ အများကြီး ပိုနေပါသေးတယ်။ ဒါပေမယ့် ၀ယ်လိုက်တဲ့ အခန်းကိုလည်း ပြင်ရ ဆင်ရကောင်းမှန်း မသိဘူး။ နောက်ထပ် အခန်းပို တစ်ခန်းလောက်ဖြစ်ဖြစ် ၀ယ်ထားရ၊ ရင်းနှီးမြှုပ်နှံ ထားရ ကောင်းမှန်းလည်း မသိဘူးဆိုတော့ အဲဒီ့ ပိုတဲ့ ပိုက်ဆံတွေက တဖြည်းဖြည်း ပလုံကုန်တော့တာပေါ့။

မူလ အခန်းပိုင်ရှင်က တရုတ်တွေပါ။ သူတို့က မကာအိုကို အပြီးအပိုင် ပြောင်းကြတော့မှာမို့ အခန်းကို ရောင်းသွားတော့တာပါ။ သူတို့တုန်းက ဖြစ်သလို နေခဲ့တဲ့အတိုင်း ဆက်နေလိုက်ကြတာပါပဲ။

တကယ်ဆို အိမ်သာလေး၊ ရေချိုးခန်းလေးလောက် ပြင်ရင်ကို အတော်ဟုတ်ဦးမယ်။ အခုတော့ ဖြစ်သလို။

အမှန်တော့ အဆင့်အတန်းက စကားပြောပြန်တာပါပဲ။ တွင်းအိမ်သာနဲ့ နေလာခဲ့တဲ့သူအတွက် တိုက်ခန်းထဲက ရေဆွဲအိမ်သာ အပျက်ကနေ ရေလောင်းအိမ်သာ အစုတ်တစ်ဖြစ်လဲ ဖြစ်နေတာကိုက အတော်ဟုတ်နေပါပြီ။ အဲတော့လည်း ဖြစ်သလိုပေါ့။

သားအမိ သားအဖ သုံးယောက်အတွက်ကတော့ ၁၂ ပေခွဲ၊ ပေ ၅၀ အခန်းလေးက အတော်လေး ကျယ်လွင့်ပါတယ်။ တချို့အိမ်နီးချင်းတွေဆို အဲလို အခန်းလေးမှာ လူ ဆယ်ယောက်လောက် နေကြတာကလား။

ပတ်ဝန်းကျင်က တရုတ်တွေ များတယ်။ အဖေ၊ အမေကို နင်နဲ့ ငါနဲ့ ပြောတဲ့သူတွေပေါ့။ မျက်နှာချင်းဆိုင် အောက်ထပ်အခန်းမှာက ဗာကင်သကြားလုံးစက် ရှိတယ်။ အဲဒီ့သကြားလုံးက ပြည်သူပိုင်သာ မသိမ်းခင်က မြန်မာပြည်မှာ လျှမ်းလျှမ်းတောက် သကြားလုံး။ လေယာဉ်တွေပေါ်မှာ ကျွေးတာ။

ရှေးက လေယာဉ်

လေယာဉ်ဆိုလို့ အဲဒီ့ ၁၉၆၉ အထိ ကျွန်တော့်မှာ ဖှော့ခါ (အသံထွက်အမှန်က ဖှာ့ခါ၊ ပြောမကောင်းလို့။) လေယာဉ်ဆိုတာ မစီးဖူးသေးဘူး။ မြန်မာပြည်မှာ ဖှော့ခါ လေယာဉ်သစ်တွေ စသုံးခါစ အချိန်။ အဲဒီ့ ဖှော့ခါ ဖှရဲ(န်)(ဒ်)ရှစ်(ပ်)ဆိုတဲ့ လေယာဉ်က ၁၉၆၆ မှာ စပေါ်တာ ထင်တယ်။

6254247-largeလောဓလေ့မှာ နေနေစဉ် တစ်လျှောက်လုံး စီးခဲ့ရတာက ဒါကိုတာ (Dakota) လေယာဉ်တွေပါ။ ဒါကိုတာ လေယာဉ်က မော့မော့ကြီးတွေ။ ဦးပိုင်းက ထောင်နေတယ်။ လေယာဉ်ပေါ် လမ်းလျှောက်တဲ့အခါ ကုန်းလျှောလေးမှာ လျှောက်ရသလိုပဲ အားစိုက်ရတယ်။

နောက်တစ်ချက်က အဲဒီ့ခေတ်က လေယာဉ်ပေါ်မှာ လူတကာ ဆေးလိပ်သောက်ကြတယ်။ အဲဒါတော့ အတော် လွမ်းသားဗျ။ ကျွန်တော်တော့ လေယာဉ်ပေါ် မသောက်ဖူးလိုက်ပါဘူး။ သောက်တတ်တဲ့ အရွယ်မရောက်ခင် စီးခဲ့ရတာကိုး။ လူကြီးတွေ ထောင်းထောင်းထအောင် သောက်နေတာပဲ မြင်ဖူးခဲ့တာပါ။

အဲဒီ့ခေတ်က လေယာဉ်မောင်၊ လေယာဉ်မယ်တွေရဲ့ အင်္ဂလိပ်အသံထွက်တွေက ထူးရှယ်ပဲ။ ဗြိတိသျှသံ ပီပီသသကြီးနဲ့ကို ပြောနေတာ။ နားထောင်လို့ သိပ်ကောင်းခဲ့တယ်။ အခုခေတ်တော့ ချာပါ့။

ကျွန်တော်နဲ့ လေယာဉ်နဲ့ ဇာတ်လမ်းဆုံးသွားတာ ငါးတန်း စ တက်ကတည်းကပေါ့။ ငါးတန်းပြီးလို့ ရန်ကုန် လာတော့ ရထားကြီးနဲ့ ဖြစ်သွားပြီ။ အဲဒီ့ကနေ တက္ကသိုလ် ဒုတိယနှစ်အထိ လေယာဉ်နဲ့ ပြတ်သွားတော့တာ။ အဲတော့ ဖှော့ခါတွေ အမှုထမ်းသက် အတော်ရင့်ကာမှပဲ စီးဖူးပါတော့တယ်။

ဗာကင် သကြားလုံးကနေ လေယာဉ်ရောက်သွားတယ်။

အိမ်နီးချင်းတွေ

ကျွန်တော်တို့ လမ်း ၄၀ တိုက်ခန်းက ဖရေဇာလမ်းဘက်က အ၀င်စပ်မှာ။ ဖရေဇာ ဘက်က ၀င်ရင် အနောက်ဘက်တန်းက ပထမဆုံးတိုက်ပေါ့။ တိုက်ခန်း လေးခန်းတွဲ လေးထပ်တိုက်။ ၁၉၂၀ ၀န်းကျင်က ဆောက်ခဲ့တာ။ ကျွန်တော်တို့အခန်းက မြောက်ဘက် ထောင့်ခန်း။ ဘေးက တိုက်က ပြိုသွားလို့လား၊ ပျက်သွားလို့လား မသိဘူး၊ မြေကွက်လပ်ပဲ ရှိနေတယ်။

ဘေးတိုက်ရှိခဲ့တဲ့အတွက် ထောင့်ခန်းဖြစ်ပေမယ့် ဘေးပြတင်းတံခါးမရှိဘူး။ နံရံနှစ်ဘက်ကြား အလုံပိတ်။ ရှေ့ဝရံတာ ထွက်တဲ့ တံခါးရယ်၊ နောက်ဖေး မီးဖို ပြတင်းရယ်ပဲ ရှိတယ်။

ဘေးခန်းက မိသားစုများတယ်။ အဲဒီ့မှာ မမချောချော တစ်ယောက်ရှိတယ်။ (အဲဒါကို သားငယ်သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာမှာရော၊ ချစ်သူ့ရင်ခွင် ရှာပုံတော်မှာပါ ရေးခဲ့ပြီးမို့ အကျယ်မချဲ့တော့ပါဘူး။) အပေါ်ထပ်က မိသားစုကိုတော့ သိပ်မမှတ်မိတော့ဘူး။ ကုလား မိသားစု ထင်တယ်။

moskovichဘေးခန်း အပေါ်ထပ်မှာတော့ ဘေးခန်းက အိမ်ရှင်ရဲ့ ညီနဲ့ သူ့မိသားစုနေတယ်။ သူက လက်သမားလုပ်တယ်။ ဘေးခန်းက စခေါ့(ထ်)မားခစ်(ထ်) (ဗိုလ်ချုပ်ဈေးဗျာ၊ ကျွန်တော်က ဟိုခေတ်ကို ပြန်သွားနေတာမို့ ဟိုခေတ် အသုံးတွေ တမင်သုံးနေတာ။) မှာ ဆိုင်ထွက်တယ်။ သူတို့မှာက မော့(စ်)ဗှစ်(ခ်ျ)လို့ မြန်မာတွေက ခေါ်ကြတဲ့ Moskovich ကားလေးတစ်စီးရှိပြီး နောက်ပိုင်းမှာ ပရီဖှက် (Ford Prefect) တစ်စီး ထပ်ဝယ်လိုက်တယ်။

သူတို့အောက်ထပ်က တရုတ်မိသားစုကျတော့ တရုတ် သားအဖ သုံးယောက်နေကြတာ။ အဘိုးကြီးက ခြေတစ်ဖက် မသန်ဘူး။ သားကြီးက အပ်ချုပ်ဆိုင် ဖွင့်ထားတယ်။ ကျွန်တော်တို့ အောက်ထပ်မှာတော့ တရုတ်မကြီးတစ်ယောက်နဲ့ သားနှစ်ယောက်နေတယ်။

သားကြီးက ကိုအားလီလို့ ခေါ်တယ်။ ဗမာနာမည်လည်း ရှိပေမယ့် မမှတ်မိတော့ဘူး။ သူက တက္ကသိုလ် ကျောင်းသားလား၊ ဘွဲ့ရပြီးသားလားဆိုတာလည်း မမှတ်မိတော့ဘူး။

သေချာတာကတော့ ခုနစ်တန်း၊ ရှစ်တန်းမှာ အဖေတို့က သူ့ဆီမှာ သင်္ချာသင်ခိုင်းလို့ သင်ရတယ်။ ဘာမဟုတ်တာလေး မှားရင်တောင် အင်မတန် ရိုက်တတ်၊ လိမ်ဆွဲတတ်တဲ့သူမို့ သူ့ကို ကျွန်တော် မုန်းတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်ဘူး။ ရွေးချယ်ခွင့် မရှိတဲ့ဘ၀လေ။

သူ့ညီ ကိုအောငံ၊ ဗမာနာမည် ကိုသိန်းစိုးက ကျွန်တော့်ထက် နှစ်တန်းကြီးတယ်။ သူက ပဲများတယ်။ အမြဲတမ်း ဘိုကေလေး တသသနဲ့။ သူ့ရဲ့ ညာဘက်လက်မောင်းအလယ်မှာ အနာပေါက်ပြီးတဲ့နောက် တစ်ခုခု ချို့ယွင်းသွားလို့ အဲဒီ့လက်တစ်ဖက်က ကပ်တပ်တပ်လေး ဖြစ်နေတယ်။ ဒါ့ကြောင့် သူနဲ့ ရွယ်တူတွေသာမက သူ့ထက်ငယ်သူ တချို့ကပါ သူ့ကို လက်ကပ်လို့လည်း ခေါ်ကြတယ်။ လူတစ်ယောက်ရဲ့ အားနည်းချက်ကို ဖဲ့တတ်တဲ့ လူ့သဘာဝပေါ့။ ကျွန်တော်ကတော့ သူ့ကို အဲလို တစ်ခါမှ မခေါ်ဖူးဘူး။

ford-prefect-100e-02သူတို့ ညီအစ်ကို နှစ်ယောက်က ဗမာစကားကို ရေရေလည်လည် ပြောတတ်ပေမယ့် သူတို့အမေကြီးကတော့ ဘောင်းဘီဝတ် ပေါက်ဖော်မကြီးပီပီ ဗမာစကားကို ကပေါက်တိ ကပေါက်ချာ ပြောတယ်။

သူတို့အဖေက ဟိုတယ်တွေ ဘာတွေ ပိုင်ခဲ့ဖူးတယ် ဆိုပဲ။ သို့ပေမယ့် ကျွန်တော်တို့ ရောက်ချိန်မှာတော့ သူတို့ တော်တော်ချို့ချို့တဲ့တဲ့ ဖြစ်နေပြီ။ အဖေ မရှိတော့လို့ရယ်၊ ပြည်သူပိုင်သိမ်းတာရယ်၊ တရုတ်-ဗမာ အရေးအခင်းဒဏ်ရယ်တွေကို ခံစားထားရလို့လည်း ဖြစ်မယ်။

ကျွန်တော့် ဂစ်တာဆရာ

သူတို့အိမ်က သားအမိ သုံးယောက်နေကြပြီး ကိုအားလီက အိမ်သိပ်မကပ်ဘူး။ အဲတော့ ကိုသိန်းစိုးဆီမှာ သူ့သူငယ်ချင်းတွေရဲ့ စုဝေးရာ ဖြစ်နေတယ်။ အဖေက အဲဒီ့ လူငယ်တွေနဲ့ အဖွဲ့ကျတယ်။

ကိုသိန်းစိုးက ဂစ်တာတီးတယ်။ ကျွန်တော့် ဂစ်တာဆရာလို့ ပြောရမှာပေါ့။ သူ့ဂစ်တာနဲ့ သူ့ဆီကနေ သင်ခဲ့ရတာ။ C, Am, F, G ဆိုတဲ့ chord လေးခုနဲ့ သီချင်းတစ်ပုဒ် အစအဆုံးဖြစ်တဲ့ သီချင်းပေါ့။ မစိမ်းကားဆိုတဲ့ နာမည်နဲ့လည်း အဲဒီ့အလိုက်နဲ့ သီချင်းရှိတယ်။ တက္ကသိုလ်ထွန်းနောင်ရဲ့ သီချင်းကကျတော့ ပန်းတစ်ရာနဲ့ အနမ်းတစ်ရာ။ အဲဒီ့အလိုက်ကိုပဲ ဂျင်မီဂျက်(ခ်)ဆိုတဲ့ လားရှိုးသိန်းအောင်က သေသည့်တိုင် လူပျိုပဲလား ခေါင်းစဉ်နဲ့ ဆိုထားတာလည်း ရှိတယ်။ ဘာစာသားနဲ့ဆိုဆို C, Am, F, G ပဲ။ အဲဒါနဲ့ ကျင့်ခဲ့ရတာ။ ခုနစ်တန်းလောက်မှာ စ သင်ခဲ့တယ် ထင်ပါရဲ့။

ဘ၀ကတော့ တော်တော် ခြစ်ခြစ်ကုတ်ကုတ် ကြပ်ကြပ်တည်းတည်း။ အဖေက အထက်တန်းစာရေးပေါ့။ သို့ပေမယ့် လက်နှိပ်စက်စာရေးပါပဲ။

အဖေ့ရုံးကို ခေါ်ခေါ်သွားရင် လိုက်လိုက်သွားရတယ်။ အဲဒီ့က စာရေးမလေး တစ်ယောက်ကိုလည်း ကျွန်တော် မှတ်မိနေသေးတယ်။ မျက်မှန်လေးနဲ့ မျက်လုံးပြူးပြူး၊ ရှိုးကောင်းကောင်းလေး။ အဖေနဲ့ တစ်ခန်းတည်းက။ ကျွန်တော့်ကို ရုံးနားတ၀ိုက် ခေါ်သွားပြီး မုန့်တွေ ဘာတွေ ကျွေးဖူးတယ်။

ကျွန်တော့်မှာ မောင်နှမရင်းချာ မရှိတော့ အဲလို ချောချောလေးက ကျွန်တော့်ပခုံးကို ဖက်ပြီး ခေါ်သွားတာမျိုးကို သဘောကျတာပေါ့။ သူ့ကျတော့ ပြစ်မှားတဲ့ စိတ်နဲ့ မဟုတ်ဘူး။ အစ်မတစ်ယောက်လိုမျိုး သာယာမိတာပါ။

အဖေ့လခက သုံးရာကျော်ကျော်လား ရတယ်။ ကျော်တယ်ဆိုရုံကလေးတောင် ထင်ရဲ့။ အမေက တစ်နေ့ ဈေးဖိုး တစ်ဆယ်သုံးတာလည်း မှတ်မိတယ်။ ကျွန်တော်က တစ်နေ့ မုန့်ဖိုး တစ်မတ်ရပါတယ်။

ကျောင်းနေဘဝ

အထက ၆ ဗိုလ်တထောင်ကို စရောက်တုန်းက ကျောင်းသားသစ်တွေကို တန်းခွဲ M မှာ ထားတယ်။ အဲဒီ့ ကျောင်းမှာ ဘယ်လောက် လူများသလဲဆိုတာ အဲဒါသာ ကြည့်တော့။ M တန်းဆိုတော့ မြန်မာလို ပြောရင် တန်းခွဲ ဋရင်ကောက်ပေါ့။ တန်းခွဲ ၁၃ ခုမြောက်။

ကျွန်တော်က အဲဒီ့အတန်းမှာ နေရတယ်။ အဲဒီ့အတန်းမှာက နှစ်ကျတွေ၊ ဗရုတ်ဗရက်တွေ အလွန်များတယ်။ ကျွန်တော့်ထက် အသက် နှစ်နှစ် သုံးနှစ်ကြီးတဲ့သူတွေလည်း ပါတယ်။ ကျွန်တော်က သိပ်လည်း မထွားတော့ အတန်းထဲမှာ ကလေးလို ဖြစ်နေတာပေါ့။

ကျွန်တော်နဲ့ ဘေးချင်ကပ် ထိုင်ရတဲ့သူကို နာမည် မမှတ်မိတော့ဘူး။ သို့ပေတည့် သူ့ရဲ့ အကျင့်ပေါင်းစုံကိုတော့ မှတ်မိနေတယ်။

ကျွန်တော်တို့အတန်းကို မြန်မာစာ သင်တဲ့ဆရာမက ကိုယ်လုံးအတော်လှတယ်။ ဒေါ်တင်လှပေါ့။ အဲဒါကို အဲဒီ့ ကောင်က တစ်ချိန်လုံး ထိုင်ပြစ်မှားနေတာ။

သူတင်လားဆိုတော့ မဟုတ်ပါဘူး၊ ကျွန်တော်အပါအ၀င် တစ်တန်းလုံး နီးပါးက ဆရာမများ သင်ပုန်းဘက် စာလှည့်ရေးနေရင် ဆရာမ တင်ပါးကနေ မျက်လုံး ခွာမရနိုင်အောင် ဖြစ်နေခဲ့ကြတာကလား။

သို့ပေမယ့် ကျွန်တော့်ဘေးက ထိုင်တဲ့ကောင်ကတော့ ကျွန်တော်တို့လို မနောကံနဲ့တင် မပြီးဘူး။ ၀စီကံနဲ့ပါ တက်တခေါက်ခေါက်၊ ပါးစပ်နဲ့ တစ်လုံး ပြစ်မှားလို့ မဆုံး။

အဲဒီ့အတန်းမှာ သိပ်ကြာကြာမနေလိုက်ရဘူး။ လပိုင်းပဲ နေလိုက်ရပြီး တန်းခွဲကို ဖျက်လိုက်တယ်။ တန်းခွဲက ကျောင်းသားတွေကို ကျန်တဲ့ တန်းခွဲတွေဆီ ခွဲထည့်လိုက်တာပေါ့။

ကျွန်တော်နဲ့ ဘသာဆိုတဲ့ တစ်ယောက်က အေတန်း (တန်းခွဲ က)ကို ရောက်သွားတယ်။ ဘသာက အဲဒီ့အရွယ်ကတည်းက ရေကူးတံခွန်စိုက်မှာ အတော်ဟုတ်နေပြီ။ ဗလကြီးကြီး၊ အောက်ပိုင်းရှူးရှူး။ အသားဖြူဖြူ။

အေတန်းမှာကျတော့ အားလုံးက စာကြမ်းပိုးတွေချည်းပဲ။ အရွယ်တွေကလည်း ကျွန်တော်နဲ့ မတိမ်းမယိမ်း။ လူလေးတွေက နုနုဖတ်ဖတ်၊ သိမ်သိမ်မွေ့မွေ့တွေ များတယ်။ မန္တလေးမှာ အတတ် ပေါင်းစုံလာတဲ့ ကျွန်တော်က သူတို့ကြားမှာ အရိုင်းအစိုင်းပေါ့။

ဆေးလိပ်နဲ့ ကျွန်တော်

ရန်ကုန်ရောက်တော့ ဆေးလိပ်ကို အတော်သောက်နေပြီ။ စီးကရက်တစ်လိပ်မှ ဆယ်ပြားပေးရတာ။ ဒူးယားက ဆယ်လိပ်ဝင်ဘူးဆိုရင် ပြား ၉၀၊ အလိပ် ၂၀ ၀င်ဘူးဆို တစ်ကျပ်နဲ့ ပြား ၈၀၊ အလိပ် ၅၀ ၀င် သံဘူးဆိုရင် ငါးကျပ် ထင်တယ်။ အဖေကလည်း တအားသောက်ပေါ့။

အိမ်က ထွက်လိုက်ပြီး ကျောင်းဘက်ကို သွားဖို့ ဖရေဇာလမ်းပေါ် ရောက်တာနဲ့ ကုလား ကွမ်းယာဆိုင်က အသင့်စောင့်နေတယ်။ အဲဒီ့ကွမ်းယာဆိုင်မှာ ဆေးလိပ်တစ်လိပ်ဝယ် သောက်ရုံပဲ။ ဘိုင်ကျနေရင် စီးကရက်ထက် ဈေးပေါတဲ့ ဆေးပေါ့လိပ် ၀ယ်သောက်ပေါ့။

သည်အပိုင်းမှာ ပြောကြတာ

Mai Xinh Dep ဒယ်နဲ့ သမီးနဲ့ တင်ပါးကြိုက်တာခြင်းတူတယ်တော့ သမီးက လုံးလုံးကျစ်ကျစ်ကလေးတွေဆို ကျားရောမရော မကျားတကျားကော မရွေးဘူး သိပ်ကြိုက်တာ ခွိခွိ

Sandar Tin မခမ်းဆိုလို့မန္တလေးမှာနေတုန်းက စားခဲ့ဘူးတာ အမှတ်ရမိပါတယ်။

 

အဟောင်းထဲက အစုတ်တွေ – ၃

၂၀၁၅ ခုနှစ် မတ်လ ၄ ရက်

ဇာတိတွေပြနေပုံများ

ကျွန်တော်ကလေးတုန်းက သိထားတာက ကြီးကြီးမေ၊ ကြီးကြီးဦး၊ ကြီးကြီးရီတို့ သုံးယောက်စလုံးဟာ အပျိုကြီးတွေလို့ပါပဲ။

ကြီးကြီးမေက ဦးကြီးလှဖေနဲ့ မျက်နှာပေါက်ချင်း ဆင်တယ်။ အမြဲတမ်း ရွှတ်နောက်နောက်ရယ်။ ဘ၀ကို ဟာသနဲ့ နေတတ်သူပေါ့။ မျက်နှာပေါ်မှာ ထင်ရှားတဲ့ မှဲ့ကြီးတစ်လုံးရှိတာတော့ မှတ်မိတယ်။ ပါးမှာလား၊ မေးစေ့မှာလား မမှတ်မိတော့ဘူး။

သူတို့ မောင်နှမတစ်တွေ အားလုံး၊ သူတို့အဒေါ် မေမေဖွားဖွားအထိ အသားဖြူကြတယ်။ မေမေလည်း ဖြူတယ်။ ဦးသုခ အမျိုးဘက် နွယ်ပြီး ညိုသွားတာက ဦးကြီးကိုကို။ ဦးကြီးကိုကိုရဲ့ ဇနီး ကြီးကြီးမခင်ရီကလည်း ဖွေးဆွတ်နေအောင် ဖြူတယ်။

ကျွန်တော့်ကျတော့ ဖြူချင်ပေမယ့် သိပ်မဖြူရှာဘူးပေါ့။ ဦးသုခ အမျိုးတင်မက အဖေ့ဘက်က ကုလားမျိုး ကုလားနွယ် တစ်ခုခု ပါပုံရတယ်။ မျက်လုံးပြူးတာရယ်၊ အမွှေးအမှင်သန်တာရယ်က ကုလားဇာတိတွေ ပြနေတာပ။ အဖေက သည့်ထက်တောင် ဇာတိပြသေးတယ်။ ဆံပင်က မွေးရာပါ လှိုင်းတွန့်လေးတွေနဲ့ ကွေးလို့ ကောက်လို့ရယ်။ ခက်တာက အဖေ့မျိုးရိုးကို အဖေ့ အဖေနဲ့ အမေ နာမည် သိရုံလောက်ပဲ ရှိတာမို့ တကယ့် ဇစ်မြစ်အစစ်ကို မသိဘူး။ ဥပဒေစကားနဲ့ ပြောရင် ပတ်ဝန်းကျင် သက်သေခံချက်ဖြစ်တဲ့ မျက်လုံးပြူးတာ၊ အမွှေးအမှင် တရားလွန်သန်တာလောက်ပဲ ပြောလို့ရတယ်။

အမွှေးအမှင် တရားလွန်သန်တာတော့ မပြောနဲ့။ မနက်က စင်နေအောင် ရိတ်ထားတဲ့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးတွေဟာ ညနေစောင်းရင် ကြမ်းနေပြီ။

အဲ… ဘယ်ရောက်ကုန်ပါလိမ့်မယ်။

ငါ့ပန်းဘုရားတင် နင့်ပန်းချေးတောထိုး

ကြီးကြီးမေရဲ့ အောက်မှာက ကြီးကြီးဦးပေါ့။ သူကတော့ ကျွဲကော်မျက်မှန်နက်ကြီး တ၀င်းဝင်းနဲ့။ သူက ဦးထွမ်အိမ်လို ပေါက်ဖော် မျက်နှာပေါက်မျိုး။ ဦးထွမ်အိမ်လိုပဲ ဂင်တိုတို။ နှုတ်နည်းတယ်။

သူတို့ညီအစ်မတွေထဲမှာ အငယ်ဆုံးက ကြီးကြီးရီ။ သူကေတာ့ ပိန္ပိန္ပါးပါး သြယ္သြယ္လ်လ်။ ဦးကြီးလှဖေလို မျက်နှာပေါက်မျိုးနဲ့၊ မျက်လုံးပြူးပြူး။

ထူးခြားချက်က ကြီးကြီးရီသည် အလွန်လေပေါ၏။ နောက်တစ်ခုက ရိပ်သာဝင်တိုင်း တရားမရနိုင်ဆိုတဲ့ သဘောတရားကို ကြီးကြီးရီက အခိုင်အမာ ပြထားသလိုပါပဲ။

ကျွန်တော် လူမှန်း သူမှန်း မသိတသိကတည်းက သူရိပ်သာဝင်တာ၊ တရားနာတာ။ ဉာဏ်ကလည်း လွှတ်ကောင်းတော့ ဆရာတော်ကြီးတွေ ဟောသမျှလည်း တယ်မှတ်မိတာ။ မိုးကုတ်ဆရာတော် ဘုရားကြီး ဟောတာက ဘယ်လို၊ လယ်တီဆရာတော်ကြီး မိန့်တာက ဘယ်ကဲ့သို့၊ တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး မြွက်ကြားတော်မူတာက ဘယ်ချမ်းသာစသဖြင့် စီကာပတ်ကုံး ပြောနိုင်တယ်။

အခုထက်ထိ သက်ရှိ ထင်ရှားရှိနေတုန်း။ သို့သော် သူ့လောက် တရားမရှိတာလည်း သူမှန်း ကျွန်တော်က အမျိုးအရင်းကြီးဆိုတော့ သိနေသဗျ။ တရားအကြောင်း တရစပ် ပြောရင်း လက်ဖက်ကလေးကလည်း ဆားပေါ့လိုက်တာ၊ ပုစွန်ခြောက်ကလေး နည်းနည်း ထပ်ဖြည့်လိုက်ပါဦး၊ သြော်… တစ်လက်စတည်း ကြက်သွန်ကြော်လေးပါ ဖြည့်ခဲ့အေဆိုတာမျိုးပေါ့။

ဦးကြီးကိုကိုနဲ့ သူနဲ့ အရွယ်ချင်း မတိမ်းမယိမ်း။ ဒါပေသည့် ဘယ်တော့မှ မတည့်ဘူး။ အင်မတန် နှုတ်နည်းတဲ့ ဦးကြီးကိုကိုက သူ့နှမ ဒေါ်လေပေါ ကြွယ်နေပြီဆိုရင် တတ်နိုင်သလောက် သည်းခံသေးတယ်။

ခက်တာက ကြီးကြီးရီက စကားပြောရင် အမြဲတန်း အညွန့်လေးနဲ့မှ။ မေမေ့လက်သုံးစကားနဲ့ ပြောရရင် ငါ့ပန်းဆို ဘုရားတင်လိုက်၊ နင့်ပန်းတော့ မစင်တောထဲသာစိုက်ဆိုတဲ့အမျိုး။ သူမှ အမှန်၊ သူ့အမျိုးမှ အကောင်း၊ ကျန်တဲ့သူတွေက အကုန်လွဲနေတာ။ သိပ်နားကြားပြင်းကတ်လာရင် ဦးကြီးကိုကိုက သူ့နှမကို ထ မာန်တတ်တာ ဦးကြီးကိုကို ဆုံးတဲ့အထိပဲ။

တကယ်ဆို မမလှလှလည်း သူ့အစ်ကိုက မွေးတာပဲ၊ ကိုကိုကျော်ညွှန့်နဲ့ မမသန်းလည်း သူ့အစ်ကိုက မွေးတာပဲ။ သို့ပေမယ့် မမလှလှအပေါ်ကျ ဘယ်တော့မှ အကောင်းမပြောဘူး။ သူတို့ ယူမွေးထားတဲ့ ကိုကိုကျော်ညွန့်နဲ့ မမသန်းမှ တော်တာ၊ တတ်တာ၊ လိမ္မာတာမျိုး အမြဲ ပြောတတ်တယ်။ အဲဒီ့အပြောတွေကြောင့် သူ့ကို ကြီးကြီးမေကတောင် သိပ်တည့်ချင်တာ မဟုတ်ဘူး။ သူ့အပြော လွန်လာပြီဆိုရင် ကြီးကြီးမေက မျက်နှာသေနဲ့ သောပစ်လိုက်ရော။ အဲတော့လည်း တဟဲဟဲနဲ့ ပြီးသွားကြတာပေါ့။

ကျွန်တော် သိထားခဲ့တာက အပျိုကြီးညီအစ်မတစ်တွေပဲပေါ့။ ကျွန်တော့် အသက် အစိတ်လောက်ကျမှ မေမေက ပြောပြတယ်။ ကြီးကြီးမေနဲ့ ကြီးကြီးဦးက အိမ်ထောင်ပျက် တစ်ခုလပ်တွေတဲ့ဗျ။ မှတ်ကရောပဲ။ တကယ့်အပျိုကြီးစစ်စစ်က ကြီးကြီးရီ တစ်ယောက်တည်းရယ်။ ဒါ့ကြောင့်လည်း သူက အားလုံးထဲမှာ အပေါက်အစ အများဆုံးဖြစ်နေတာ ထင်ပါရဲ့။

ရှားရှားပါးပါး ကျွန်တော့်အစ်မ

ပြောခဲ့တဲ့အတိုင်း သူတို့ညီအစ်မတစ်တွေက ဈေးချို အေရုံမှာ ဆန်ရောင်းကြတယ်။ ကြီးကြီးဦးက ဆိုင်ခန်း နှစ်ခန်းတွဲနဲ့ တစ်ဆိုင်၊ ကြီးကြီးမေက တစ်ခန်းတည်းပဲ ထင်တယ်၊ နောက်တစ်ဆိုင်။ ကြီးကြီးရီက နှစ်ခန်းတွဲနဲ့ တစ်ဆိုင်။ ကြီးကြီးဦးရဲ့ဆိုင်နဲ့ ကြီးကြီးရီရဲ့ ဆိုင်တို့က မျက်စောင်းထိုး။ အမြဲမြင်နေရတာ။ အဲတော့ ကြီးကြီးရီ ဆိုင် သွားရင် ကြီးကြီးဦးနဲ့ သေချာပေါက်တွေ့တယ်။

ကြီးကြီးမေနဲ့ မမသန်းနဲ့ထွက်တဲ့ဆိုင်ကတော့ အေရုံ တောင်ဘက်အစွန်း၊ အနောက်ပေါက် ထောင့်က ဆိုင်။ ကြီးကြီးမေရဲ့ ဆိုင်နဲ့ ကပ်လျက်က မင်းသားကြီး ဗိုလ်ဗကိုရဲ့ နှမအရင်း ထွက်တဲ့ ဆိုင်ပေါ့။ အနောက်ဘက် အစွန်း၊ တောင်ပေါက်ကဆိုင်ကျတော့ နောက်ထပ် မမလှ တစ်ယောက်။ အဲဒီ့မမလှကတော့ ဆွေစဉ်မျိုးဆက် ချမ်းသာတယ်။ ကိုယ်လုံးကိုယ်ပေါက်ရော အရပ်အမောင်းရော ကောင်းသလို မျက်နှာကလည်း ချောမောတယ်။ လူကလည်း ပြင်တတ်ဆင်တတ်တယ်။ ညိုချောပေါ့။ ဒါ့ကြောင့် သူ့ခေတ်သူ့အခါတုန်းက အစ်ကိုကာလသားတွေ ၀ိုင်းနေတာပေါ့။

မမသန်းကတော့ သူ့အဖေနဲ့ တူတော့ မျက်နှာပေါက်က အလှကြီး မဟုတ်ဘူး။ သို့သော် မမလှနဲ့ ပေါင်းပြီး ဖြီးတတ်၊ လိမ်းတတ်၊ ပြင်တတ်ဆင်တတ်တဲ့အပြင် သူကလည်း အရပ်မြင့်မြင့်၊ ထောင်ထောင်မောင်းမောင်း၊ အသားဖြူဖြူဆိုတော့ အရွယ်ကောင်းမှာ သူလည်း သူ့ခေတ်နဲ့သူတော့ မမလှလို အေရုံစတားမဟုတ်တောင် အေရုံဘဲ(လ်)ပေါ့။

မမသန်းက ဈေးချိုသူပီပီ စကားပြော အလွန်ချိုတယ်။ ကျွန်တော့်ကိုလည်း ငါ့မောင်၊ ငါ့မောင်နဲ့ အလိုလိုက်တာမို့ သူ့ကို ကျွန်တော် တော်တော်ချစ်ပါတယ်။ ဘယ်လောက်များ ချစ်သလဲဆိုရင် ကျွန်တော့်ဘ၀မှာ မေမေ့ ကိုယ်နံ့ကို အလွန်စွဲလန်းသလို မမသန်းရဲ့ ကိုယ်နံ့ကိုလည်း စွဲလန်းတဲ့အထိပါပဲ။ တစ်ဘ၀လုံးမှာ အဲဒီ့ နှစ်ယောက်ရဲ့ ကိုယ်နံ့ရယ်၊ ဦးကြီးကိုကိုရဲ့ ကိုယ်နံ့ရယ်ကို ယနေ့ထက်တိုင် မမေ့နိုင်ပါဘူး။

အဖေ့ကိုယ်နံ့တောင် ကျွန်တော် သိပ်သတိမထားမိဘူးဗျ။ အဖေက ဘာနံ့မှ မထွက်ဘူး၊ ချွေးစော်လည်း မနံဘူးလို့တော့ အခု ပြန်စဉ်းစားတော့ တွေးမိတယ်။ ဖက်လှဲ တကင်း တရင်းတနှီး နေခဲ့တဲ့ အကြိမ်ရေ နည်းလွန်းခဲ့တာလည်း ပါမှာပေါ့။ အဲ… အဖေ့ဆီက ပုံမှန်ရတာကတော့ ဆေးလိပ်နံ့ပေါ့။ သူကလည်း ကျွန်တော် ဆေးလိပ်သောက်တာ သိသွားရင်သာ လှိမ့်ရိုက်တာ၊ ကိုယ်တိုင်ကတော့ ကန်တော့ပါရဲ့… ဖင်က မီးခိုးထွက်မတတ် သောက်တဲ့သူကိုး။

ရှားရှားပါးပါး ကျွန်တော့်အစ်ကို

မမသန်းအကြောင်းပြောတော့ ကိုကိုကျော်ညွန့်အကြောင်းလည်း ပါမှ ဖြစ်တော့မယ်။

သူက အဲဒီ့အမျိုးတစ်မျိုးလုံးမှာ တစ်ဦးတည်းသော ပညာတတ်ပုဂ္ဂိလ်ပေါ့။ ဘယ်ဟုတ်မလဲ၊ အမေတို့၊ ဦးကြီးကိုကိုတို့လည်း ဆယ်တန်း မအောင်ခဲ့ကြလေတော့ကာ သည်ဘက်အမျိုးအထိပါ ပါသွားတာပေါ့။ အဲတော့ ကိုကိုကျော်ညွန့် ဘွဲ့ရတာကို အကြောင်းပြုပြီး ကျွန်တော် ကလေးတုန်းက ကြီးကြီးရီက ငါ့တူက ဘီအေဟေ့ ဆိုတဲ့ စကားကို ကြိမ်ဖန်များစွာ ကြားခဲ့ဖူးပါတယ်။

ဟုတ်ပါတယ်။ ဘီအေဆိုတဲ့အတိုင်း ကိုကိုကျော်ညွန့်က ၀ိဇ္ဖာဘွဲ့ရပါ။

သူနဲ့ ပတ်သက်လို့ မှတ်မိနေတာက ဦးနုအစိုးရ သွားခါနီးဆဲဆဲပဲလား၊ ဒါမှမဟုတ် တော်လှန်ရေးကောင်စီ လက်ထက်မှာလားတော့ မသိဘူး။ မန္တလေးမြို့ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွတွေမှာ ဒါ သင့်မြို့တော်ဆိုတဲ့ ဧရာမ ဆိုင်းဘုတ်ကြီးတွေ ထောင်ပါတယ်။ ဆိုင်းဘုတ်ကြီးတွေက မရှိဘူးဆို အလျား ၁၅ ပေ၊ အနံ ၁၂ ပေလောက် ရှိမှာပါ။

အဲဒါကို မမြင်လို့တဲ့ဗျာ၊ စက်ဘီးစီးလာရင်းနဲ့ ၀င်တိုက်မိတာ နဖူးကွဲသွားဆိုလားပဲ။ ကိုကိုကျော်ညွန့်က အဲလိုလူ။

နောက်တော့ ဈေးချိုထဲက (ဂျီရုံကနဲ့တူတယ်) အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ ကြည့်ရတာ သူ့အရီးတွေ စပ်ဟပ်ပေးလိုက်ပုံပဲ။ ပြီးတော့ သမီးလေး တစ်ယောက်မွေးတယ်။ ကျွန်တော့်မှာ လူလားတောင် မမြောက်သေးဘူး၊ တူမနဲ့ ဘာနဲ့ ဖြစ်သွားပါတော့တယ်။

အဖေ့ စိတ်ကောင်းစိတ်မြတ်တော်ကြီး

စကားက အမျိုးတွေဘက်လှည့်လိုက်တော့ ဝေ့ကုန်တယ်။

အားလုံးချုပ်လိုက်ရင် မန္တလေးမှာက မေမေ့နှစ်ဘက်အမျိုးတွေနဲ့ အင်အားကောင်းတယ်ပေါ့။

အဖေက မေမေ့ကို ယူတော့ အဘွားရဲ့ ဆန္ဒအတိုင်း (အမှန်မှာတော့ ချော်လဲရောထိုင်ပါ) ရေတပ်က ထွက်လိုက်တယ်။ အဖွားက အစတုန်းက တင်ကျွေးထားပုံပါပဲ။ အဖေသာ ဘာအလုပ်မှ မလုပ်ဘဲ နေမယ်ဆိုလည်း အဘွားက တစ်သက်လုံး တင်ကျွေးထားမယ့် သဘော ရှိမလား မသိဘူး။ သူတို့ ရှာဖွေ စုဆောင်းထားခဲ့တာက ဦးကြီးကိုကိုရဲ့ ၇၆ နှစ် သက်တမ်းတစ်လျှောက် ဘာအလုပ်မှ မလုပ်ဘဲ နေသွားနိုင်တာပဲ ကြည့်တော့။

အဖေက အဲဒါတစ်ခုတော့ ချီးကျူးရမယ် ထင်တယ်။ သူက ကိုယ့်ဒူးကိုယ်ချွန်ချင် စိတ်နဲ့။ ပြီးတော့ မဟာဖိုဝါဒီ အစစ်ကြီး။ အဲတော့ အမေနဲ့ ညားပြီးတော့ မန္တလေး ကြေးနန်းရုံးမှာ အလုပ် ၀င်လိုက်သေးတယ်။

အဲ… ယောက္ခမအိမ်ကပ်နေပေမယ့် အဖေက မခေဘူးဗျ။ အမေ့ကို မကျေနပ်ရင် ကျုံးဘေး ခေါ်သွားပြီး ရိုက်သေးဆိုပဲ။ အမေက အဲဒီ့ကတည်းက မခံဘဲ နေခဲ့ရမှာ။ ဗွေဆော်ဦးကတည်းက ခံခဲ့လေတော့ အမေ့မှာ အဖေနဲ့ ပေါင်းနေခဲ့ရတဲ့ နှစ် ၂၀ ကျော်အတွင်းမှာ လှိမ့်အရိုက်ခံရတဲ့ သားကောင် ဖြစ်ခဲ့ရပါတယ်။

အမေ့ကိုလည်း ကျောင်းဆရာမ အလုပ်က ထွက်ခိုင်းခဲ့ပါတယ်။ အဲဒါလည်း အမေ ငြင်းခဲ့ဖို့ ကောင်းတယ်။ ငြင်းရင်လည်း အဖေက အမေ့ကို အသေများ သတ်ခဲ့မလားတော့ မသိဘူး။

အမှန်ကတော့ အမေက သူ့ထက် ပညာပိုတတ်၊ အသိုင်းအ၀ိုင်းပိုကောင်းတာကို မရှုဆိတ်ဘဲ သူ့ကိုသာ မှီခို အားထားနေစေလိုတဲ့ မဟာယောက်ျားကြီးအဖေ့ရဲ့ စိတ်ကောင်း စိတ်မြတ်တော်ကြီးကို ပြလိုက်တာပါ။

အဆင့်အတန်းက စကားပြောတယ်

ဆိုရှယ်လစ် ကွန်မြူနစ်တွေက လူတန်းစားခွဲခြားတာကို လက်မခံဘူး။ ကျွန်တော်လည်း လက်မခံပါဘူး။ ခွဲခြားဆက်ဆံမှုလို့ အခုခေတ်မှာ အပြောများလိုသလိုပဲ လူတွေကို လူမျိုး၊ ဇာတိ၊ ကျား-မ၊ လိင်စိတ် ကိုင်းညွတ်မှု၊ အသားအရောင်၊ ဘာသာအယူဝါဒ၊ သန်စွမ်းခြင်း၊ မသန်စွမ်းခြင်းအစရှိတဲ့ ကွဲပြားမှုကို အကြောင်းပြုပြီး နှိမ်တာ၊ ခွဲခြားဆက်ဆံတာကို လက်ခံစရာလည်း ဘာအကြောင်းမှ မရှိပါဘူး။

ဒါပေမယ့် လူတန်းစားစရိုက်ကတော့ နေ့စဉ် နေမှုဘ၀မှာ အင်မတန် စကားပြောတယ် ဆိုတာကိုတော့ အခု အရွယ်မှာ ကောင်းကောင်းကြီး သိလာခဲ့ပါပြီ။ အောက်တန်းစားဟာ အောက်တန်းစားလိုပဲ ပြုမူ ပြောဆို နေထိုင်မှာပါပဲ။ အထက်တန်းစားတွေလို နေတတ် စားတတ်ဖို့ အင်မတန်မှ ခဲယဉ်းလှပါတယ်။

အမြင်သာဆုံး နမူနာ ပြောရရင် လယ်ကန်သင်း ပတ်ကြားအက်မှာ ဖိနပ်မပါ ခြေဗလာနဲ့ တစ်သက်လုံး သွားနေခဲ့သူတွေအတွက် ဖိနပ်ဆိုတာရဲ့ တန်ဖိုးကို နားမလည်နိုင်ပါဘူး။ ခြုံတိုးခဲ့၊ တွင်းအိမ်သာလောက်နဲ့ စခန်းသွားခဲ့ကြသူများအတွက်လည်း ဘိုထိုင်ကမုတ်ပေါ် ဆောင့်ကြောင့် ထိုင်လိုက်ရမှ အားရမှာ သေချာ နေသလို ကိစ္စပြီးရင် ကိုယ့်ကိစ္စကိုယ် တာဝန်ယူပြီး သန့်ရှင်းအောင် ကျကျနန ပြန်ထားရစ်ခဲ့ရမှာ၊ နောက်လူအတွက် ငဲ့ခဲ့ရမှာကို နားမလည်နိုင်ပါဘူး။

ဒါဟ လူတန်းစား စရိုက်ရဲ့ အခြေခံပါပဲ။

အဖေက ဟိုးအောက်ဆုံးအလွှာက လာတဲ့သူပါ။ သူ့အဖေက ကိုလိုနီ ပုလိပ်ဆိုလို့ အရာရှိ အရာခံလည်း မဟုတ်ဘူး။ တစ်လမှ ၁၆ ကျပ်လား ရတဲ့ အောက်ခြေရဲသားအဆင့်သာ ရှိပါတယ်။ ထမင်းတောင် နပ်မမှန်ခဲ့ရတဲ့ ဘ၀က လာသူ၊ ကျောင်းပညာလည်း လောက်လောက်လားလား မတတ်သူ၊ စာဖတ်ဖို့ ဆိုတာ နားကို မလည်ရှာတဲ့သူဆိုတော့ သူ့အတွေး သူ့အမြင်က အကန့်အသတ်နဲ့သာ ရှိရှာပါတယ်။

အဲဒီ့ အောက်တန်းစားက သူနဲ့ အဆင့်ကွာတဲ့ လူလတ်တန်းစား မေမေ့ကို ဈေးပေါင်ကျိုးမှာ အောက်ဈေးနဲ့ ရလိုက်ပါတယ်။ မေမေ့မှာက ဘာပဲ ပြောပြော အဖေ့လို အခြေအနေမဲ့ မဟုတ်ဘူး။ တစ်ကောင်ကြွက်လည်း မဟုတ်ဘူး။ သို့ပေမယ့် မေမေ့ရဲ့ အားနည်းချက်တွေ၊ ပြစ်ချက်တွေကြောင့် သိမ်ငယ်နေခိုက်မှာ တွေ့ကရာ လင်ကို ကောက်ယူခဲ့ခြင်းဟာ မေမေ့ဘ၀ ကံဆိုးမိုးမှောင်ကျခြင်းပါပဲ။

ခေတ်ကလည်း အတော် စကားပြောမယ် ထင်တယ်။ အမေတို့ ဖြတ်သန်းရတဲ့ခေတ်က မိန်းမတွေကို လူရာ မသွင်း၊ တစ်ဆင့်နှိမ့်ထားတဲ့ ခေတ်ကိုး။ ဟိန္ဒူယဉ်ကျေးမှုကြီးက အာရှတစ်ခွင်လုံး ဟိုး အင်ဒိုနီးရှားဆီအထိတောင် ပျံ့နှံ့လွှမ်းမိုးခဲ့တာမို့ အိန္ဒိယနဲ့ ရေမြေချင်းဆက်နေတဲ့ ကျွန်တော်တို့ဆီမှာလည်း အဲဒီ့ ဟိန္ဒူယဉ်ကျေးမှုကို ဗုဒ္ဓဘာသာအယူနဲ့ ရောထွေးနေကြတာ ယနေ့ထက်တိုင်ပါပဲ။ ယောက်ျားမှ မြင့်မြတ်တယ် ဆိုတဲ့ အယူအဆဟာ တကယ်တော့ ဟိန္ဒူအယူဝါဒပါ။

ဘ၀အကြောင်းခံများကြောင့် မေမေ့ရဲ့ သိမ်ငယ်နေတဲ့စိတ်ကို မိန်းမတွေကို တစ်ဆင့်နှိမ့် ထားတဲ့ ခေတ်အခြေအနေက ရောင်ပြန်ဟပ်လိုက်တဲ့အခါ အဖေတစ်ယောက် အမေ့အပေါ် နိုင့်ထက်ကလူ ဗိုလ်ကျ ချယ်လှယ် လူဝါးဝနိုင်တဲ့ အခွင့်အရေးကို အပြည့်အ၀ ရသွားပါတော့တယ်။

ကျွန်တော့်အိမ်ထောင်ရေးအမြင်

အိမ်ထောင်ပြုကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အဆင့်အတန်းချင်း မကွာတာကိုပဲ ရွေးချယ်သင့်တယ်လို့ မြင်မိတယ်။ တစ်ခေတ်တစ်ခါက မျိုးရိုးကြည့်တာ၊ ဘာညာတွေဟာ တကယ်တော့ စဉ်းစားအပ်တဲ့ အရာတွေပါပဲ။

မျိုးရိုးမကြည့်ဘူးဆိုရင်တောင်မှ သုံးနှစ် သုံးမိုး လေ့လာ အကဲခတ်တာမျိုးကို ကျွန်တော်ကတော့ အားပေးချင်တယ်။ အကောင်းဆုံးကတော့ လက်မထပ်ဘဲ သုံးနှစ်လောက် အတူနေကြည့်၊ ကလေး မယူနဲ့ဦး၊ သုံးနှစ်လောက် ပေါင်းကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက် အစပ်တည့်ပြီ၊ သည်းခံနိုင်ပြီ၊ တစ်ဘ၀လုံးစာ လက်တွဲနိုင်ပြီဆိုတာသေချာပြီဆိုမှ တရားဝင် လက်ထပ် ထိမ်းမြားတာပါပဲ။ ဗမာ့ယဉ်ကျေးမှုတွေ ဘာတွေ လာမပြောပါနဲ့။ လင်မယားကွဲတဲ့အခါ၊ ဒါမှမဟုတ် စိတ်ဆင်းရဲစွာ အောင့်ပေါင်းနေရတဲ့ အိမ်ထောင်ရေးထဲမှာ နေရတဲ့အခါ အဲဒီ့ ရွှေဗမာ့ယဉ်ကျေးမှုကြီးက လာမကယ်ပါဘူး။

အိမ်ထောင်ပြုတယ်ဆိုတာ သူစိမ်းတစ်ယောက်ကို တစ်သက်လုံး ကျောပေးအိပ်ရတဲ့ ဘ၀ဗျ။ လက်တွေ့ကျကျ စဉ်းစားနိုင်မှာ တန်ကာကျတယ်။ ယဉ်ကျေးမှုတွေ၊ အစဉ်အလာတွေဆိုတဲ့ ရွှေတလွဲ ပေတံတွေနဲ့ တိုင်းထွာ စဉ်းစားရမှာမျိုး မဟုတ်ဘူး။

အမေတို့ခေတ် လွန်ခဲ့တဲ့ နှစ် ခြောက်ဆယ်ကျော်ကတော့ အဲသလို မဟုတ်ဘူးပေါ့။ ပိုဆိုးတာက မေမေ့မှာ ရတုန်းလေး ကောက်ယူလိုက်တဲ့ သဘောလို့ ထင်ပါတယ်။ အဖေနဲ့ တွေ့တာ အသက်အစိတ်မှာ၊ ယူလိုက်တာ ၂၆ နှစ်မှာ။ ကြားထဲမှာ လူချင်းက အလွန်တွေ့ရမှ လေး၊ ငါးကြိမ်လောက် ရှိမှာပါ။

အမေကလည်း သူ့တွက်ကိန်းနဲ့သူ ယူချလိုက်တယ်၊ အဖေကလည်း သူ့တွက်ကိန်းနဲ့သူ လုပ်လိုက်တယ်။ ဆရာဇော်ဂျီရဲ့ သော့တွဲနဲ့ နတ်ရုပ်ဇာတ်ပဲ။

အဖေ့အနေနဲ့ကလည်း သည်လို မိန်းမမျိုး အိပ်မက်တောင် မက်ရဲခဲ့မှာ မဟုတ်တာလည်း အမှန်။ သည်လို မိန်းမမျိုးက သူ့ပြန်ကြိုက်စရာ ဘာအကြောင်းမှ မရှိတာကို။ မေမေသာ အူလည်လည်နဲ့ ရေတပ်ဝတ်စုံဖြူလေးနဲ့ ကုလားဆင်ကို အကောင်းအကန်းလုပ် မျက်စိကျသွားတာ။ သူ့ဘ၀အခြေအနေအရလည်း တစ်ရွာသားမှ အဆင်ပြေမယ် အမှတ်နဲ့ပေါ့။

အဖေ့အတွက်ကတော့ အမေသည် သိန်းထီဆုကြီးပေါက်တာပေါ့။ သို့သော် အဲသလို အဖေက အဲလို ခံယူခဲ့ပုံ မရဘူး။ အဲသလိုသာ ခံယူခဲ့မယ်ဆိုရင်လည်း ကျွန်တော်လည်း ဘာကောင်မှ ဖြစ်လာမှာ မဟုတ်ဘူး။

ယူခါစမှာသာ အဖေက မန္တလေး အသိုင်းအ၀ိုင်းကြားမှာ မလွှဲသာလို့ နေခဲ့တာ ဖြစ်ပါတယ်။ သူ့ဘ၀ လွတ်ရာ လွတ်ကြောင်းကို ရှာနေခဲ့တယ်။

ဖြစ်ချင်တော့ ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းက အဲဒီ့အချိန်မှာ စတင်ဖို့ ဖြစ်လာတယ်။ ဂျပန်နိုင်ငံ ခါဂျီးမား ကော်ပိုရေးရှင်းက သည်စီမံကိန်းအတွက် ရုံးဝန်ထမ်းတွေ ခေါ်တယ်။ အဲဒီ့မှာ အဖေက လက်နှိပ်စက် စာရေးအဖြစ် အလုပ်လျှောက်လိုက်တယ်။ ရသွားတယ်။

နည်းပညာခေတ်အပြောင်းမှာ ကွယ်ပျောက်သွားတဲ့ အတတ်ပညာကောင်းတွေ

အခုကျတော့ ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲကို မြင်လာရပါပြီ။

တစ်ချိန်တုန်းက လက်နှိပ်စက်ရိုက်တာကို အတတ်ပညာတစ်ခုအနေနဲ့ ထားခဲ့ကြတယ်။ လက်နှိပ်စက်ရိုက် သင်တန်းတွေလည်း မန္တလေး၊ ရန်ကုန်မြို့ကြီးတွေမှာ ရှိခဲ့တယ်။ ကျွန်တော်တောင် သိမ်ဖြူလမ်း၊ ခရစ်ယာန် ကလျာဏ ယုဝအသင်းနားဆီက ဘီအက်(စ်)စီ လက်နှိပ်စက် သင်တန်းမှာ ၁၉၈၀ ပြည့်လွန်စတုန်းက သွားတက်ခဲ့ဖူးပါသေးတယ်။ လက်နှိပ်စက် စာရေးလုပ်ဖို့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူး။ လက်နှိပ်စက်ကို မျက်နှာလွှဲစနစ်နဲ့ ရိုက်တတ်ချင်လို့။

ဟော… အခု ကျွန်တော့် သားသမီးတွေ ခေတ်ကျတော့ လက်နှိပ်စက်စာရေးဆိုတဲ့ ရာထူး နေရာတွေ လုံးလုံး မရှိတော့ဘူး။ လက်နှိပ်စက် သင်တန်းတွေလည်း ကြက်ပျောက် ငှက်ပျောက်။ လက်နှိပ်စက်ဆိုတာတောင် အခုခေတ် လူငယ်တွေ သေချာ မြင်ဖူးတော့မယ် မထင်ဘူး။

လက်နှိပ်စက် သင်တန်းကို ကျွန်တော့်အိမ်သူတောင် တက်ခဲ့ဖူးသေးသဗျ။ ကျွန်တော်နဲ့ အိမ်ထောင်ကျပြီးမှပါ။ ကွန်ပျူတာတွေ ပေါ်စမှာ ဖြစ်ပါတယ်။ သူ့ကိုလည်း မျက်နှာလွှဲစနစ်နဲ့ ရိုက်တတ်စေချင်လို့ လက်နှိပ်စက် သင်တန်းကို ပို့ခဲ့တာပါ။

အဖေရော အမေရော မျက်နှာလွှဲစနစ်နဲ့ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာစလုံး ရိုက်တတ်နေတဲ့အပြင် ကွန်ပျူတာမှာက လက်နှိပ်စက်ရိုက်တာ လေ့ကျင့်ဖို့ သီးခြားအစီအစဉ်တွေ ရှိလာတဲ့အခါ ကျွန်တော့် သမီးရော၊ သားရော နှစ်ယောက်စလုံးပါ ဆယ်နှစ်အရွယ်လောက်ကတည်းက မျက်နှာလွှဲစနစ်နဲ့ ကောင်းကောင်း ရိုက်တတ်သွားပါတော့တယ်။

ခေတ်ရဲ့ ပြောင်းလဲမှု သဘောကို ပြောလိုရင်းဖြစ်ပါတယ်။

အဲဒီ့ နည်းပညာ ခေတ် မပြောင်းခင်မှာ သင်သင့် သင်ထိုက်ပါလျက်ကနဲ့ တန်ဖိုးရှိမှန်း မသိလို့ မသင်လိုက်မိတဲ့ ပညာတစ်ခုအတွက် အခုကျတော့ နှမျောနေမိတာလည်း ကျွန်တော့်မှာ ရှိပါသေးတယ်။

အဲဒါကတော့ လက်ရေးတိုပညာပါ။ လက်ရေးတို ပညာ အသုံးဝင်လွန်းမှုကို ကျွန်တော် မြင်လာတဲ့အချိန်မှာ အဲဒီ့ သင်တန်းတွေ ပျောက်ကွယ် သွားခဲ့ပါပြီ။

ကျွန်ပညာရေးက ပျိုးထောင်ပေးခဲ့သူတွေများ

အင်္ဂလိပ်ခေတ်မှာ ဘုရင်ခံရဲ့ လက်ရေးတိုစာရေးရဲ့ လစာဟာ နယ်ပိုင်ဝန်ထောက်ထက်တောင် များပါသေးတယ်။ အဲဒီ့အချိန် ရွှေတစ်ကျပ်သားကို ဆယ်ဂဏန်းလောက်သာ ပေးရတဲ့ကာလမှာ ဘုရင်ခံ လက်ရေးတို စာရေးရဲ့ လစာဟာ ၅၀၀ လောက် ရပါတယ်။ စဉ်းစားသာ ကြည့်ပါတော့။

အဲဒီ့ လက်ရေးတိုစာရေးဟာ သာယာဝတီနယ်သား ဗမာစစ်စစ်ကြီးပါ။ အင်္ဂလိပ်စာကို မိုးပျံအောင် တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်သလို စာဖတ်လည်း အလွန်နာပါတယ်။ သူ့ဘ၀ နောက်ဆုံးအချိန်ပိုင်းမှာ ခင်မင် ရင်းနှီးခွင့် ရခဲ့တာလည်းပဲ ဖြစ်ပါတယ်။ နောင်အခါမှာ အင်မတန် ကိန်းကြီး ခန်းကြီးနိုင်လှတဲ့ ဗြိတိသျှတို့ရဲ့ Financial Times သတင်းစာလို ဟာမျိုးမှာတောင် ပုံမှန် တက်ရေးနိုင်ခဲ့တဲ့ MCT ကလောင်ရှင်၊ ယူပီအိုင် သတင်းထောက်ကြီး ဦးချစ်ထွန်းပါပဲ။

သူက လက်ရေးတိုနဲ့ အသက်မွေးခဲ့သူပီပီ သတင်းလိုက်တဲ့အခါမှာလည်း သူ့လက်ရေးတိုကိုပဲ အသုံးပြုသွားခဲ့တာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မိုးထဲရေထဲ ကာလတွေမှာ မျက်ဝါးထင်ထင် မြင်ခဲ့ဖူးပါတယ်။

ဆရာကြီး ဦးချစ်ထွန်း စာဖတ် ဘယ်လောက်နာသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်က မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုပြီး စလိုက်တဲ့အခါ အဲဒါ ဟယ်နရီ ဒေးဗှစ်(ဒ်) သောရိုးရဲ့ အရပ်ဘက် အာခံမှု စာအုပ်ထဲက စာသားဖြစ်တယ်လို့ ပြောပါတယ်။ ပြီးတော့ သူ့စာအုပ်စင်က စာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး ကျွန်တော့်ကို ပေးခဲ့ပါတယ်။ အဲဒီ့စာအုပ်လေးက ယနေ့ထက်တိုင် ကျွန်တော့်ဆီမှာ ရှိနေပါသေးတယ်။

ဟုတ်သဗျ။ ဒေါ်စု ပြောတဲ့ စကားဟာ အဲဒီ့ စာအုပ်ထဲကပါပဲ။ ဦးချစ်ထွန်းလိုပဲ စာဖတ် အလွန်နာသူများ ဖြစ်ကြတဲ့၊ အဲဒီ့အချိန်က ဒေါ်စုနဲ့ အနီးကပ်မှာ ရှိနေခဲ့ကြတဲ့ ဦးထွန်းတင်နဲ့ ဦးဝင်းတင်တို့က သည်စာသားကို ဒေါ်စုကို ရှာဖွေ ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ (ကျွန်တော် ထင်တယ်၊ ဦးထွန်းတင် ဖြစ်ဖို့ ပိုများတယ်။)

အဲသလို အင်္ဂလိပ်စာကို မိုးပျံအောင် တတ်ပြီး လက်ရေးတိုကို အင်မတန်ကျွမ်းတဲ့ အန်တီကြီး တစ်ယောက်ကိုလည်း ဥရောပသမဂ္ဂမှာ လုပ်တုံးက ဆုံခဲ့ဖူးသေးတယ်။ သူကကျတော့ အန်ကယ် ဦးချစ်ထွန်းလို ဘုရင်ခံ လက်ရေးတိုစာရေး မဟုတ်ခဲ့ဘဲ သမ္မတကြီး မန်းဝင်းမောင်ရဲ့ လက်ရေးတို စာရေး လုပ်ခဲ့ဖူးသူပါ။

အန်ကယ် ဦးချစ်ထွန်းရော၊ အဲဒီ့ အန်တီကြီးရော ဘွဲ့မရကြပါဘူး။ သို့ပေမယ့် အင်္ဂလိပ်စာ တတ်မြောက်မှု အရာမှာတော့ တစ်ဖက်ကမ်းခတ်အနေအထားမို့ သူတို့ခေတ်က ကျွန်ပညာရေးဆိုတာကြီးကို အလေးပြုမိတာလည်း အမှန်ပါပဲ။ သခင်ပညာရေးနဲ့ ကျတော့မှ အင်္ဂလိပ်စာတင် မကဘူး၊ ဗမာစာပါ ချွတ်ခြုံကျသွားတော့တာဟာလည်းပဲ… အဟဲ… မပြောတတ်တော့ဘူး… သြော် (အသံတုန်တုန်နဲ့) မပြောအပ်တော့ဘူးပေါ့ခင်ဗျာ။

အဖေ့ဆီ ပြန်သွားရရင် အဖေက ခါဂျီးမား ကော်ပိုရေးရှင်းမှာ အလုပ်ရတော့ စက်ရုံစီမံကိန်းရှိရာ ကယား ပြည်နယ်ကို ရောက်သွားပါတော့တယ်။ အခြေအနေမဲ့ အဖေဟာ နေစရာတစ်ခုနဲ့ ပုံမှန်လစာ တစ်ခု ရလာပါပြီ။ နေစရာက မပေးလို့ မရဘူးလေ။ အဲဒီ့အချိန်က စက်ရုံ ဆောက်စ ကာလမို့ တောရိုင်းထဲမှာ ရှိနေခဲ့တဲ့ နေရာကိုး။ အဲတော့ အဲဒီ့စီမံကိန်း ၀န်ထမ်းတိုင်းအတွက် နေအိမ်တွေ ဆောက်ပေးခဲ့ကြရတာပေါ့။

အဲတော့ အဖေက မွေးတဲ့ ကျွန်တော်လေး ခမျာမှာလည်း မန်းရွှေမြို့တော်ကြီးက ၈၁ လမ်းပေါ်က အမေရိကန် ဆေးရုံ (အခု မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံ)မှာ ချက်မြှုပ်ခဲ့လင့်ကစား ၄၆ ရက်သားမှာ ကယားပြည်နယ်၊ လောပိတ အလွန် လောဓလေ့ကျေးရွာကို ရောက်သွားရပါတော့တယ်။

ရေအားလျှပ်စစ် စက်ရုံက အဲဒီ့အချိန်မှာ ရုပ်လုံး မပေါ်သေးပါဘူး။ အဲတော့ တောင်တွေကို တစ်ချိန်လုံး ဖြိုနေကြရပါတယ်။ ဒိုင်းနမိုက်တွေနဲ့ ခွဲပြီး ဖြိုရတာပါ။ အဲဒါလည်း ရေးပြီးပါပြီ။ ကျွန်တော်က ဒိုင်းနမိုက်သံကြားမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ခဲ့တဲ့ အကြောင်းပါ။

ကောင်းကောင်းတော့ မမှတ်မိတော့ဘူး။ မေးစရာ အမေလည်း မရှိတော့ဘူး။ ကျွန်တော့် ငယ်ဘ၀ဟာ မန္တလေး တစ်လှည့်၊ လောဓလေ့တစ်လှည့် နေခဲ့ရပုံပါပဲ။ ကျွန်တော့် အမှတ်သညာမှာ ထင်းထင်းကြီး ရှိနေတာက မန္တလေးမှာ နေရတဲ့ အချိန်တွေပါပဲ။

မြီးရှည်ဋီကာ

ဒိုင်းနမိုက်သံ တ၀ုန်းဝုန်းကြားမှာ အိပ်နိုင်တဲ့အကြောင်း ကျွန်တော်နဲ့ ပတ်သက်လို့ ပြောစမှတ် ရှိသလို နောက်ထပ် ပြောစမှတ် တစ်ခုကလည်း ဖင်တရွတ်တွန်းဘ၀မှာတင် မြီးရှည် တစ်လုံးကို ကုန်အောင် စားနိုင်တဲ့ အကြောင်းပါ။

မန္တလေးမှာက နေ့ခင်းဘက်ဆိုရင် ဈေးသည်စုံက အရပ်ထဲ လှည့်နေပါတယ်။ မေမေတို့၊ မေမေဘွားဘွားတို့ကလည်း မြီးရှည် ကြိုက်ကြပါလိမ့်မယ်။ သည်အခါ အိမ်ရှေ့ ဖြတ်သွားတဲ့ မြီးရှည်သည်ကို ခေါ်စားကြတဲ့အခါ ကျွန်တော် ဖင်တရွတ်တွန်းသည်လည်း အားကျမခံ တစ်လုံး တွယ်ပါတယ်။ သည်အရွယ်လေးနဲ့ ကုန်အောင် တွယ်နိုင်တာဟာ တကယ့်ပြောစမှတ် ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက အစားပုတ်တဲ့ သဘောပေါ့နော်။

မြီးရှည်ဆိုလို့ ရန်ကုန်မှာ မန္တလေးမြီးရှည်စစ်စစ် ဘယ်တုန်းကမှ မရခဲ့တာလည်း အတော် ရင်ခံပါတယ်။ အရင်က ပန်းဆိုးတန်း အောက်လမ်းနဲ့ ဆူးလေအောက်လမ်းနဲ့ ဆက်ထားတဲ့ လမ်းကလေးထဲ၊ ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း၊ ရှည်လိုက်တာဗျာ)နဲ့ ၃၅ လမ်းလောက်မှာ ရှိတဲ့ မောင်စံမောင် မန်းမြီးရှည်က နည်းနည်း နီးစပ်တယ်။ တစ်လောက နာမည်ကြီးလိုက်ပြီး အခု ဘယ်ချောင်ရောက်သွားမှန်း မသိတဲ့ ခင့်လက်ရာ မြီးရှည်လည်း ကချလာပဲ။

မန္တလေးမြီးရှည်ရဲ့ အသက်က မုန်ညင်းချဉ်၊ ကော်နဲ့ ပဲငါးပိပဲ။ မုန်ညင်းချဉ်ကို ငရုတ်သီးခြောက်ဖတ် ဘတ်သတ်နဲ့ ရှမ်းမုန်ညင်းချဉ်သုံးလိုက်ပြီဆိုတာနဲ့ မန္တလေး မြီးရှည် အရသာပျက်ပြီသာ မှတ်။ မန်းမြီးရှည်မှာ သုံးတဲ့ မုန်ညင်းချဉ်က ကျံမဆိုင်လို့ ခေါ်တဲ့ အဖြူထည် မုန်ညင်းချဉ်။ မန္တလေးမှာတော့ ရေချဉ်လို့ ခေါ်တယ်။ အဲဒါကို သုံးရတယ်။ ရှမ်းမုန်ညင်းချဉ်က အနံ့ရှိတယ်။ ရှမ်းမုန်ညင်းချဉ်သုံးရင် မန်းမြီးရှည်ရဲ့ အနံ့ကိုရော၊ အရသာကိုပါ ဖျက်ပစ်တယ်။

နောက်တစ်ချက်က ကော်။ ကော်က ဆန်မှုန့်ကို ကျိုထားတဲ့ ကော်ဖြူဖြူမှ မှန်တာ။ သာကူမှုန့်ကို ကျိုထားတဲ့ ကော်အကြည်ဆိုရင် အဲဒါ မန်းမြီးရှည် မဟုတ်တော့ဘူး။ ပဲငပိကလည်း မန်းမြီးရှည်ရဲ့ အသက်ဖြစ်ပါတယ်။ တရုတ် ပဲငပိ ကောင်းကောင်းနဲ့မှ မြီးရှည် ဖြစ်တာပါ။

မေမေက မုန်ညင်းချဉ်ကို ကိုယ်တိုင်တည်တယ်။ ဆောင်းတွင်း မုန်ညင်းပေါချိန်ဆို အိမ်မှာ ကျံမဆိုင် ပြတ်တယ် မရှိဘူး။ ကျွန်တော်တို့ သားအမိ မုန်ညင်းချဉ် အစားကြမ်းပုံကို အခုနှစ် ဇန္န၀ါရီ ၂၄ ရက်မှာ ကွယ်လွန်သွားတဲ့ သူငယ်ချင်းကြီးက တကယ်သြချတယ်။ သူက ကျွန်တော်တို့ သားအမိနဲ့ နေကုန်နေခမ်း လပေါင်းများစွာ နေခဲ့ဖူးတာကိုး။

အဲ… သူ မရှိတော့မှ သူ့ဆန္ဒတစ်ခု မဖြည့်လိုက်ရတာ သတိရတယ်။ သူက စားသောက်ဆိုင်ကြီး ပေါင်းများစွာကို ထူထောင်ထားတဲ့သူပီပီ ကျွန်တော့်ဆီက မြီးရှည်လုပ်နည်းကို လိုချင်ရှာတယ်။ ကျွန်တော် မပေးလိုက်မိဘူး။ ဆောရီးပါ သူငယ်ချင်း။

တမင် မပေးတာတော့ မဟုတ်ပါဘူး။ ဒါက လျှိုထားရမယ့် ပညာလည်း မဟုတ်ပါဘူး။ အကြောင်း မတိုက်ဆိုင်လို့ မပေးဖြစ်ခဲ့တာပါ။

အဲ… အမေက မုန်ညင်းချဉ်ရပြီဆိုရင် မြီးရှည် လုပ်လုပ်စားတတ်ပါတယ်။ မန်းသူစစ်စစ် အမေ့ခမျာလည်း ကယားပြည်ကို ရောက်၊ အဲဒီ့နောက် ရန်ကုန်မှာ နေမိလို့ မြီးရှည်ငတ်တဲ့ ဒဏ်ကို အလူးအလဲခံရတာကြောင့် ကိုယ့်ဘာသာ လုပ်စားဖြစ်နေတာ ထင်ပါရဲ့။ အဲတော့ မြီးရှည်ကြိုက် ကျွန်တော်လည်း တ၀လွေးတာပေါ့ဗျာ။ လွေးတဲ့အပြင် အမေ့ မြီးရှည်လုပ်နည်းကို မျက်စိနဲ့ ကောင်းကောင်း တတ်နေလေတော့ကာ အမေ မရှိတဲ့နောက်လည်း မန်းမြီးရှည်အလျဉ်က ကျွန်တော့်အိမ်မှာ မပြတ်ပါဘူး။

ကိုယ်တိုင် မုန်ညင်းချဉ်တည်ပြီးမှ လုပ်ရတာမို့ အဲဒါတစ်ခုပဲ လက်ဝင်ပါတယ်။ ကျန်တာကတော့ သိပ်မခက်ပါဘူး။

ဆရာသော်တာဆွေက မေမုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲဆိုပြီး ရောင်းခဲ့သေးတယ်။ ဆရာဇော်ဇော်အောင်လည်း တစ်ချိန်က သူ့ကျိုက်ဝိုင်းက ခြံမှာ တရုတ်စာ စားသောက်ဆိုင်လေး ဖွင့်ဖူးသေးတယ်။ ကျွန်တော်လည်း စာရေးခြင်းနဲ့ အသက်မွေးဖို့ ခက်တဲ့ ခေတ်ကို ရောက်ပြီမို့ မြီးရှည်ရောင်းရင် ကောင်းမလား စိတ်ကူးနေသဗျ။ အားပေးကြမယ် မဟုတ်လားဟင်။ ဆူဒိုနင်၏ ဂွကျကျ မန်းမြီးရှည်ဆိုပြီး ဆိုင်းဘုတ်တင်လိုက်ရင် ခဲတွေ မနည်းမနော ကျလာမယ် မှတ်တယ်။ 🙂

သည်အပိုင်းမှာ ပြောကြဆိုကြတာလေးတွေ

Rita Aung NY ပရိတ်သတ် ကို တော်တော် အလို လိုက်တဲ့ စာရေးဆရာ. မနေ့ က ၃ ဆရေးပါဆိုတာနဲ့ အများကြီးရေးပေးတယ်. ဒီနေ့ လည်း အများကြီးရေးပေး ပါအုံးနော်

ATK ငှင့်… သများမှာ like နဲ့ မန့် အရေအတွက် ကျဆင်းသွားလို့ အားငယ်နေဘာရယ်ချိုမှ…

Thet Chow သများလဲကိုယ့် ဟာကိုယ် မြီးရှည်လုပ် စားရပါတယ် မုန်ညင်းချဉ် လဲလုပ်ဖူးတယ်

Htar Htar Myint မှတ်ထားလိုက်ပြီရန်ကုန်ရောက်ရင် အိမ်ကိုအရောက်ကြွင်္လာပြီး မြီးရှည်လာစားရမယ်

Kay Zac သုံးနှစ်လောက်ပေါင်းကြည့်ပြီးမှတရားဝင်လက်ထပ်ဆိုတဲ့အယူအဆကိုလုံးဝထောက်ခံတယ်။ သို့သော် အဲ့လိုအယူအဆ ရှိနေတဲ့သာမီးကို လူဒေက ဘိုဒေဆန်လိုက်ထှာဆိုပြီး အံသြတဲ့မျက်နှာနဲ့ မျက်လုံးကြီးတွေပြူးပြီး ကြည့်တတ်ကြဒယ်။ ခုဒေါ့ အားစိသွားလယ် အဖော်ရှိလို့ ခိ

Wei Phyo Maung ဆရာ မြီးရှည်လုပ်နည်း မုန်ညင်းချဉ်တည်နည်း စာအုပ်ထုတ်ရင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိထက် ရောင်းကောင်းမယ် ထင်တယ်

Khin Myo ဒီထက်များများရေးပါဗျို့ (ဟိဟိ …)

May Thandar Win မနက်မုတ်ဆိတ်ရိပ်ညနေပြန်ပေါက်တဲ့သူကို အင်္ဂလိပ်လို five o’clock shadow လို့ ခေါ်တာမှတ်ဖူးတယ်။ အဲလိုဆို ဆရာသည် လည်း ငါးနာရီအရိပ် ပေါ့နော်

၂၀၁၅ ခုနှစ် မတ်လ ၅ ရက်

မှတ်မိသလောက်

လောဓလေ့မှာ နေခဲ့ရတဲ့ဘ၀က ခါးသီးလွန်းတာမို့ သိပ်မမှတ်မိချင်ဘူး။ လူ့မှတ်ဉာဏ်ရဲ့ သဘာဝကိုကလည်း ခါးသီးမှုတွေကိုဆို အလိုလို မေ့ဖျောက်ပစ်တတ်စမြဲ သဘာဝရှိပါတယ်။

လောဓလေ့မှာ မှတ်မိတာက လွိုင်ကော်က စိန့်ဂျိုးဇက်(ဖှ်)ကျောင်းကို လျှပ်စစ် ဌာနပိုင် ဟီးနိုး ကုန်တင်ကားဝါကြီးကို နောက်မှာ လှေကားတပ်ပြီး ကျောင်းကားလုပ်ကာ ပို့ပေးခဲ့တာပဲ။

အမေက ကျွန်တော့်အတွက် ထမင်းချိုင့်ထည့်ပေးတယ်။ အများအားဖြင့်က ကြက်ဥကြော်က ကျွန်တော့်ဟင်း။ လောဓလေ့မှာက ငါးရက်တစ်ဈေးဆိုတော့ ဟင်းလျာ ပါးရှားတာကိုး။ ကြက်ဥဆိုရင် ကျွန်တော်က အဲဒီ့အရွယ်တုန်းက အနှစ်မစားတတ်ဘူး။ အကာပဲ စားတာ။ အဲတော့ နေ့လည်စာ စားချိန်ဆို အနှစ်စားပေးမယ့် သူငယ်ချင်း ရှာရတာကိုက အလုပ်ကြီးတစ်ခု။

နောက်အမှတ်ရစရာတစ်ခုက လောဓလေ့မှာ နေတော့ အမေ့ ခြေထောက် သံစူးတတ်တာ။ နှစ်ခါ သုံးခါ မကဘူးရယ်။ နောက်မှ သိရတာက ဟင်းလျာ ပါးရှားလို့ အိမ်မှာ အမဲသားချက်မယ် ကြံတိုင်း အမေ့မှာ သံစူးရတယ်ဆိုတဲ့ အစွဲကြီး ဖြစ်သွားပါတော့တယ်။

အဖေကတော့ ကျောင်းနေအရွယ်ကတည်းက ကျွန်တော့်ကို ပြောတယ်။

“အဖေတို့ အိမ်မှာ အမဲသား မစားဘူး။ အဲဒါ ဘာကြောင့် ညာကြောင့်မှ မဟုတ်ဘူး။ သား သူငယ်ချင်းတွေ ဘာတွေက ကျွေးလို့ သား စားချင် စားလို့ရတယ်နော်”တဲ့။

အဲဒီ့စကားအတွက် အဖေ့ကို ကျေးဇူးတင်ပါတယ်။ ယနေ့ထက်တိုင် ကျွန်တော် အမဲသားစားတယ်လေ။ ကျွန်တော် ရှောင်တဲ့ အသား ဘာမှ မရှိဘူး။ အကြိုက်ဆုံးက မိန်းမသားဗျ။ အဲလေ… မှားလို့။ 🙂

အမှန်တော့ ကျွန်တော့် ကျောင်းနေဘ၀အစဟာ အမေ စာသင်ခဲ့ရာ မန္တလေး စိန့်ဂျိုးဇက်(ဖှ်) ခန်ဗှယ့်(န်)(ထ်)မှာပါ။

အဲဒီ့ ပထမဆုံး ကျောင်းနေရတဲ့နေ့ကိုတော့ ဘာလို့လဲ မသိဘူး။ အခု နှစ်ပေါင်း ၅၀ ကျော်ကြာသည့်တိုင် မျက်လုံးထဲမှာ ပြက်ပြက်ထင်ထင် မှတ်မိနေပါသေးတယ်။

ကျွန်တော် အသေငိုတာပေါ့။ မေမေ့ကိုလည်း တမ်းတ၊ ဘယ်သူမှ ချော့လို့လည်း မရ၊ ခြောက်လို့လည်း မရနဲ့။ အဖြူဝတ် ဘုရင်ဂျီ မယ်သီလကြီးတွေနဲ့ စခန်းသွားခဲ့ရတာပ။

နောက်တော့လည်း ကလေးတို့ရဲ့ ထုံးစံအတိုင်း ကျောင်းနေ ပျော်သွားတော့တာပါပဲ။ ဒါပေသည့် သူငယ်တန်းလေး တစ်တန်းပဲ မန္တလေးမှာ နေခွင့်ရလိုက်တယ်။ နောက်နှစ်ကျတော့ လွိုင်ကော်ကျောင်း ရေက်သွားတယ်။ လွိုင်ကော်ကျောင်းမှာကျတော့ ကျွန်တော့်မှာ သူငယ်တန်းလတ် (Kindergarten B) မှာ နှစ်ရက် သုံးရက်ပဲ နေလိုက်ရပြီး သူငယ်တန်းကြီး (KG-C) ကို တန်းတက်ရပါတယ်။

အဲဒီ့ လွိုင်ကော်ကျောင်းမှာ နေခဲ့ရတဲ့ ဘ၀ကိုလည်း ကျောင်းခန်းတွေ ဘာတွေ မမှတ်မိတော့သည့်တိုင် ထမင်းစားခဲ့ပုံတွေ၊ ကျောင်းကားတွေကို အခုအချိန်အထိ မျက်လုံးထဲမှာ မြင်ယောင်ကြည့်လို့ ရသေးတယ်။

ကလေးကတည်းက ကိုယ်စွမ်းကိုယ်စကို အထင်မကြီးတတ်သူ

ထူးဆန်းတာက လောဓလေ့ အလယ်တန်းကျောင်းနဲ့ ပတ်သက်လို့ မျက်လုံးထဲမှာ ဘာပုံရိပ်မှ အမှတ်ထင်ထင် မကျန်လှတာပဲ။ ကျောင်းပုံလည်း မျက်လုံးထဲ မမြင်တော့၊ သူငယ်ချင်း ဆိုတာတွေလည်း မျက်လုံးထဲ မရှိတော့ဘူး။ ထူးထူးခြားခြား မှတ်မိနေပြီး မျက်လုံးထဲ ရေးတေးတေး မြင်နေမိတာက ဦးမောင်မောင်ကျော်ဆိုတဲ့ ဆရာတစ်ယောက်ပဲ။ သူက အသားညိုညို၊ တိုက်ပုံအဖြူနဲ့လို့ မှတ်မိနေသေးတယ်။ ဆရာ ပန်းချီဆွဲ ကောင်းတာလည်း မှတ်မိနေတယ်။ ကျွန်တော့်ကို ချစ်ချစ်ခင်ခင်ရှိတာလည်း မှတ်မိနေပါတယ်။

လောဓလေ့ကျောင်းက လျှပ်စစ်ဝန်ထမ်း မိသားစုတွေအတွက် ထောင်တဲ့ ကျောင်း ဖြစ်ဟန်တူပါတယ်။ အမေက အဲဒီ့မှာ ဆရာမစုံခင်မှာ စေတနာ့ ၀န်ထမ်းဆရာမ ၀င်လုပ်သေးလား မသိဘူး။ သေချာ မမှတ်မိတော့ဘူး။ မှတ်မိတာက နောင်အခါ ၁၉၈၀ ပြည့်လွန်ကာလဆီက နာမည်ကျော်တီးဝိုင်းတစ်ခုမှာ ဂစ်တာတီးတဲ့၊ မဆလ ၀န်ကြီးတစ်ပါးရဲ့ သားမက်ဖြစ်သွားတဲ့ ကျွန်တော်နဲ့ ရွယ်တူတစ်ယောက်ကို သူ့အမေက ကျွန်တော် စာတော်တာ အားကျအောင် ပြောတော့ အဲဒီ့ကောင်က “သူ့အမေက ဆရာမကိုး၊ အဲတော့ သူ့မှာ အမှတ်တွေ အလကား ရနေမှာပဲဟာ… တော်မှာပေါ့”လို့ ပြန်ပြောတယ်ဆိုတဲ့အကြောင်းပါ။

အဲတုန်းက သူရော ကျွန်တော်ရော ဘာရှိဦးမှာလဲဗျာ၊ အလွန်ဆုံးမှာ ၆ နှစ်၊ ၇ နှစ်သားပေါ့။ အဲဒီ့အရွယ်ကတည်းက ကိုယ်တော့် အတွေးအမြင်တွေက အဲသလိုဆိုတော့ကာ နောင်အခါ ၀န်ကြီးသားမက်ဖြစ်လာတာလည်း မဆန်းဘူးလို့ ဆိုရမယ် ထင်ပါရဲ့။

အတိတ် တစ္ဆေများ

လောဓလေ့နဲ့ ပတ်သက်လို့ မှတ်မိတာလေးတွေ တန်းစီပြီး ချရေးပြရရင် ဘာမှုနဲ့မှန်း မသိဘူး၊ မေမေ စိတ်တိုလို့ ကျွန်တော့်ကို ဓားမနဲ့ လိုက်တဲ့အတွက် နေပူကျဲတောက်မှာ ထွက်ပြေးခဲ့ရတာရယ်၊ အိမ်ရှေ့ ကတ္တရာ လမ်းကလေးပေါ်မှာ နေပူလို့ ကတ္တရာ ပူစီဖောင်းလေးတွေ ပေါ်တာကို လိုက်ဖောက်တာရယ်၊ အဖေက အမေ့ကို တရားလွန် ရိုက်နှက်နေတာကို ကြောက်လို့ တံခါးကြားမှာ ၀င်ပုန်းနေရင်း အကြောက်လွန်ပြီး အင်အင်းတောင် ထွက်ခဲ့ဖူးတာရယ်၊ မေမေ မူကြိုကြောင်း ဖွင့်ခဲ့တာလေး ရေးတေးတေးရယ်၊ မေမေ့ ရှုမ၀ စာအုပ်တွေ ယူဖတ်ရင်း ၀င်းဦးရဲ့ ၀တ္ထုတစ်ပုဒ်ကို နားမလည် ပါးမလည်နဲ့ ဖတ်ဖူးတာရယ်လောက်ပဲ ရှိပါလိမ့်မယ်။ ဘ၀မှာ ပထမဆုံး စဖတ်ဖူးတဲ့ ၀တ္ထုလို့ ဆိုရမှာပါ။ နားမလည်ပေမယ့် ၀င်းဦးဆိုတာကိုတော့ သိနေပါပြီ။ သူ့မီးပုံပွဲသီချင်းကိုလည်း အစအဆုံး အော်ဆိုတတ်နေပါပြီ။

သီချင်းဆိုလို့ ၀င်းဦးရဲ့ မီးပုံပွဲအပြင် တခြား သီချင်းတွေ အများကြီးလည်း ကျွန်တော် ရနေခဲ့တာ မှတ်မိတယ်။ မီးပုံပွဲလိုပဲ မှတ်မိနေတာက မင်းသား ညွန့်ဝင်းဆိုတဲ့ သိင်္ဂီသီချင်းပါ။ အိမ်မှာ ဘယ်က ဓာတ်စက် ရောက်လာလဲတော့ မမှတ်မိတော့ဘူး။ အဖေတို့ မ၀ယ်နိုင်တာကတော့ သေချာပါတယ်။ တစ်ယောက်ယောက်ဆီက ခဏ ငှားလာတာပဲ ဖြစ်မှာပါ။ အဲဒီ့ ဓာတ်စက်နဲ့ အဲဒီ့ သီချင်းကို ခဏခဏ ဖွင့်တာလည်း ရေးတေးတေး မြင်ယောင်မိတယ်။

အဲတုန်းက ကစားဖော် သူငယ်ချင်းတွေလည်း အကုန်မမှတ်မိဘူး။ လူရွေးပြီး မှတ်မိနေတယ်။ အထူးသဖြင့် လူလိမ္မာလေးပုံစံ အိညှက်အိညှက်နဲ့ကျွန်တော့်ကို အနိုင်ကျင့်ခဲ့တဲ့သူကို ဘယ်လိုမှ မမေ့နိုင်ဘူး။ ဆရာကြီး ရွှေဥဒေါင်းစကားနဲ့ ပြောရင်တော့ ကျွန်တော့်ကိုယ်မှာ ဆူးတောင် စစိုက်ပေးခဲ့သူပေါ့။

သူ့အကြောင်းကို တစ်နေရာမှာ ရေးပြီးပါပြီ။ ဘယ်မှာလဲဆိုတာတော့ မမှတ်မိတော့ဘူး။ နောင် အသက် ၃၀ ကျော်တော့မှ သူနဲ့ ဆွေနီးမျိုးစပ်တစ်ယောက်ကို ပြောပြတော့ ခမျာ ယုံတောင် မယုံနိုင်ရှာဘူး။ ကျေးဇူးရှင်ရဲ့ လူမသိသူမသိ အခြမ်းဖြစ်နေတာကိုး။

သူ့အဖေက ကျွန်တော့်အဖေ လက်နှိပ်စက် စာရေးနဲ့ ရာထူးချင်း မယှဉ်သာအောင် ကွာခြား မြင့်မားပါတယ်။ အဲတော့ အဖေက မှာတယ်။ “သူနဲ့ ကစားရင် ရန်မဖြစ်ရဘူး၊ တစ်ခုခု ကြားတာနဲ့ အဆော်ခံရပြီသာမှတ်”ပေါ့။ အဲတော့ ကျွန်တော့်ခမျာမှာ သူ့ကို မဆန့်ကျင်ရဲခဲ့ဘူး။ သူပြုသမျှ နုရတဲ့ဘ၀မှာ ရောက်နေခဲ့တာပေါ့။

သူကလည်း တခြားနည်းနဲ့တော့ အနိုင်ကျင့်တာမျိုး မဟုတ်ပါဘူး။ ဆရာဝန်လုပ်တမ်း ကစားမယ်လို့ ပြောပြီး ကျွန်တော့်ရဲ့ ပုဂ္ဂလိကအစိတ်အပိုင်းတွေကို ပယ်ပယ်နယ်နယ် ကိုင်တွယ်တာပါပဲ။ အဲတုန်းက ကျွန်တော့် အသက်မှ ၆ နှစ်၊ ၇ နှစ်ဗျာ။ ဘာသိဦးမှာလဲ။ ဒါပေမယ့် စိတ်ထဲတော့ မအီမလည်ကြီးပေါ့။ လူကြီး မိဘတွေလည်း ပြန်မပြောရဲဘူးပေါ့။ အထူးသဖြင့် အဖေက ကြိမ်းထားတော့ သာတောင် မပြောရဲသေးတယ်။

သူက ကျွန်တော့်ထက် တစ်နှစ်သာသာကြီးပါတယ်။ ဆိုကြပါစို့… သူ့နာမည် အေးနိုင်။

ကလေးဆိုတော့လည်း ဘာသိမှာလဲဗျာ။ စိတ်ထဲ ကသိကအောင့်ဖြစ်တာပေါ့။ မလုပ်သင့်တာ လုပ်နေတာကို အသားလွတ်ခံနေရတယ်လို့တော့ သိတာပေါ့။

မမေ့နိုင်တဲ့ ထမင်းတစ်နပ်

သူ့အကြောင်းကို သည်နားမှာ ခဏထားခဲ့ပြီး ကျန်တဲ့ ကစားဖက်တွေအကြောင်း ပြောရဦးမယ်။ နောက်တစ်ယောက်ကလည်း သူ့လိုပဲ၊ ကျွန်တော့်အဖေထက် ရာထူးအဆင့် ပိုကြီးတဲ့ သူရဲ့ သား။ သူကကျတော့ ကလေးချင်းကစားတာတောင် ဘာသိဘာသာရယ်။ သူ့စိတ်ကူးနဲ့သူ တစ်ယောက်တည်း ကစားနေတာ များတယ်။ သူစိတ်ဝင်စားတာက ကားမောင်းဖို့။ စလောင်းဖုံး တစ်ချပ်ကို စတီယာရင် လုပ်၊ နှုတ်ခမ်းလေးစူပြီး တ၀ူးဝူး အသံထွက်၊ ခုန်ဆွ ခုန်ဆွနဲ့ ပတ်ပြေးနေတဲ့ သူ့ပုံကို ခုတောင် မြင်ယောင်နေသေးတယ်။ သူ့ဆံပင်ပျော့ပျော့လေးတွေက သူခုန်ဆွခုန်ဆွပြေးနေတာနဲ့အတူ ခုန်ပေါက်လို့။ သူ့နာမည်လည်း အောင်မောင်းလို့ပဲ ထားလိုက်ကြပါစို့ရဲ့။

အဲ… သူ့အိမ်နဲ့ ပတ်သက်လို့ မှတ်မိတာတစ်ခုလည်း ရှိသေးတယ်။ သူ့အိမ်မှာ ထမင်း စားရတာကိုပါ။ တစ်ခါတလေ ကျွန်တော့်မှာ သူတို့အိမ်တွေမှာ ညမှောင်တဲ့အထိ သောင်တင်နေတတ်တယ်။ သူတို့အဖေလို အရာရှိတွေကို ထားတဲ့ နေရာက ကျွန်တော့်အဖေလို သာမန် စာရေးစာချီတွေကို ထားတဲ့ နေရာနဲ့က နှစ်မိုင်လောက် ဝေးသလား မသိဘူး။ ကားကြုံရှိမှ၊ ဒါမှမဟုတ် တစ်ယောက်ယောက်လိုက်ပို့မှ ပြန်ရတာ။ အဲတော့ သောင်တင်တာပေါ့။

တစ်ညနေခင်းမှာ ထမင်းစားချိန်ရောက်တော့ ထမင်းကျွေးတယ်ဗျ။ ကျွေးတဲ့ ထမင်းကို ဟင်းရည် ဆမ်းထားတာ။ ဘာအသား၊ ဘာဟင်းသီးဟင်းရွက်၊ ဘာဟင်းဖတ်မှ မပါဘူး။ ထမင်းနဲ့ ဟင်းရည်ကျဲ။ ကျွန်တော့်တင် အဲလို ကျွေးတာလားဆိုတော့ မဟုတ်ဘူး။ အောင်မောင်းရော၊ သူ့အောက်က နှမနှစ်ယောက်ပါ အဲဒီ့ပုံစံအတိုင်း ကျွေးတာ။ ပန်းကန်ကလည်း ကြွေရည်သုတ် သံပန်းကန်ပြားနဲ့။

စားရတာလည်း ထမင်းစားပွဲမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဆော့နေတဲ့ နေရာကို သူ့အမေက ထမင်းပန်းကန်တွေ လာပေးတာ။ အဲဒီ့ကြမ်းပေါ်မှာပဲ ထိုင်ပြီးစားရတာ။

ကျွန်တော့်ဘ၀မှာ တစ်ခါမှ မကြုံဖူးတဲ့ ထမင်းတစ်နပ်ပါပဲ။ တစ်ခါတည်းကို မှတ်သွားပါတော့တယ်။ ကျွန်တော့် အဖေက သူ့အဖေထက် ရာထူး အလွန်ငယ်ပေမယ့် ကျွန်တော်တို့အိမ်မှာ ထမင်းစားရင် မိသားစုက သုံးယောက်တည်းရှိတော့ တစ်ဝိုင်းတည်း အတူစားတယ်။ ဟင်းနဲ့ ဘာနဲ့ ဖွယ်ဖွယ်ရာရာ စားရတာ။ ကြွေရည်သုတ် သံပန်းကန်ဆိုတာလည်း ကျွန်တော်တို့အိမ်မှာ ရှားပါးပစ္စည်း။ ကြွေပန်းကန်တွေပဲ သုံးတာပါ။

အေးနိုင်တို့ အိမ်မှာဆိုလည်း အဲသလိုပဲ။ လူကြီးတွေနဲ့ တစ်ဝိုင်းတည်း စားရတယ်။ ဟင်းနဲ့ ထမင်းနဲ့ စားရတယ်။ အောင်မောင်းတို့အိမ်ကျတော့မှ အဲလိုဆိုတော့ ကျွန်တော့်မှာ ဆာကလည်း ဆာ၊ စားကလည်း မစားနိုင်။

အိမ်ပြန်ရောက်တာနဲ့ အဲဒီ့အကြောင်း တစ်ခါတည်း တန်းပြောတော့တာပဲ။ အဲတော့လည်း နောက် အဲဒီ့အိမ်မှာ ထမင်းစားချိန်အထိ သောင်တင်တဲ့ အဖြစ်နဲ့ မကြုံတော့ဘူး။

အဆင့်အတန်းကို စတင်ရိပ်စားမိပုံ

အရာရှိတွေအတွက် ပေးထားတဲ့ အိမ်တွေက တိုက်တွေ။ ကျွန်တော်တို့ နေရတာက ပျဉ်ထောင်အိမ်။ ကျွန်တော် သဘောကျတာက အဲဒီ့ အရာရှိအိမ်တွေက ကြွေကမုတ်နဲ့ အိမ်သာဖြူဖြူ။ ကျွန်တော်တို့မှာက အိမ်နဲ့ ကိုက် ၂၀၊ ၃၀ လောက်ဝေးတဲ့ နောက်ဖေးက ကျင်းအိမ်သာ။ နေရာထိုင်ခင်းချင်း၊ အနံ့အသက်ချင်း ကွာပါ့။

မန္တလေးအိမ်မှာလည်း ကျင်းအိမ်သာပဲ။ အဲတော့ ဘ၀မှာ လူတွေ အဲလိုပဲ နေကြတယ် မှတ်တာ၊ အရာရှိ အိမ်တွေက အိမ်သာထဲ ရောက်ဖူးတော့မှ ဒါမျိုးတွေလည်း ရှိသေးလားဆိုပြီး ရင်သပ်ရှုမော။

လောဓလေ့မှာ နေတုန်းက ကျွန်တော်နဲ့ ပတ်သက်လို့ ပြောစမှတ် နောက်တစ်ခု ရှိသေးတယ်။ အဲဒါက ကားတွေ အိမ်ဘေးက၊ အိမ်ရှေ့က ဖြတ်မောင်းသွားရင် စက်သံကို နားထောင်ရုံနဲ့တင် ဘာကား၊ ဘယ်သူ့ကားဆိုတာ ကျွန်တော်က တန်းပြောနိုင်တာပါ။ တကယ်တော့ မဆန်းလှပါဘူး။ အဲဒီ့ ဒေသလေးမှာ ကားအမျိုးအစားက လက်ချိုး ရေလို့ရတယ်။ သိပ်မှ မများတာ။ ဟီးနိုးကြီးတွေ ရှိတယ်။ အပေါ့စား ကုန်တင်ကားငယ်လေးတွေ ရှိတယ်။ လူ ရှစ်ယောက်လောက်စီးလို့ ရတဲ့ အိမ်သုံး ဘတ်(စ်)ကားငယ်လေးတွေ ရှိတယ်။ ဂျစ်ကားလို ကားမျိုး ရှိတယ်။ ဆလွန်းနှစ်စီးရှိတယ်။ အဲလောက်ပဲ။

ဆလွန်းက အေးနိုင်ရဲ့ အဖေ စီးတာ။ သူတို့အိမ် သွားလို့ ကားထဲ ၀င်ထိုင်ဖူးတယ်။ မွှေးကြိုင်နေတာပဲ။ ကျွန်တော့်ဘ၀မှာ ဆလွန်းဆိုတာထဲလည်း အဲဒါ ပထမဆုံး ၀င်ထိုင်ဖူးတာပဲ။ စီးတောင် စီးဖူးခဲ့တာ မဟုတ်ဘူး။ ကျွန်တော် စီးဖူးတာက အလွန်ဆုံးမှ အိမ်သုံး ဘတ်(စ်)ကားငယ်လေးပဲ။ အဲဒါကျတော့ အောင်မောင်းတို့ အဖေ စီးတာ မှတ်တယ်။

ဘာလို့လဲ မသိဘူး။ ကားတိုင်းရဲ့ စက်သံကို ကျွန်တော်က ကောင်းကောင်း ကျက်မိတယ်။ ကားအမျိုးအစားချင်း တူရင်တောင် ဘယ်သူ့ကားဆိုတာ ပြောနိုင်ခဲ့တယ်ဆိုပဲ။

နောက်ကစားဖက်တစ်ယောက်က တရုတ်ကလေး။ သူ့အဖေကလည်း အေးနိုင်တို့၊ အောင်မောင်းတို့ အဖေတွေလို အင်ဂျင်နီယာပါ။ သူ့မှာ နှမလေး တစ်ယောက်ရှိတာလည်း မှတ်မိတယ်။

အဲဒါ လောဓလေ့နဲ့ ပတ်သက်လို့ ကျွန်တော် မှတ်မိတာ အကုန်ပဲ။

အထူးမေ့ယူစရာ မလိုပါ၊ အလိုလိုပျောက်ပျက်သွားတာ

လွန်ခဲ့တဲ့ သုံး လေးနှစ်က လောဓလေ့မှာ အိမ်ချင်းကပ်လျက်လား မသိ၊ နေခဲ့ဖူးတဲ့ တစ်ယောက်က ကျွန်တော့်စာအုပ်တွေ ဖတ်မိရင်းက ကျွန်တော်မှန်း သိသွားပြီး လှမ်းဆက်သွယ်တယ်။ သူ ကျွန်တော့်အိမ်မှာ ငယ်ငယ်တုန်းက လာဆော့ခဲ့တာတွေ အားပါးတရ ပြန်ပြောပြတယ်။

ကျွန်တော့် မှတ်ဉာဏ်မှာ ဗလာနတ္ထိ။ သူသည် ကျွန်တော့် သညာထဲမှာ မရှိ။ သူ့အဖေ နာမည်ပြောပြတော့လည်း မသိ။ အားတော့ အတော် နာပါတယ်။ သို့သော် မမှတ်မိတော့တာလည်း အမှန်ပါ။

နောက်ကျတော့ သူနဲ့အတူ နောက်ထပ် ငယ်သူငယ်ချင်းတွေ ပြန်ဆုံတဲ့ ပွဲကို ဖိတ်ပြန်တယ်။ သွားလိုက်တယ်။ အဲဒီ့ထဲမှာလည်း ရေးတေးတေး မှတ်မိသူက နှစ်ယောက်လားပဲ ပါတယ်။ တကယ့်ကို ရေးတေးတေးလေးပဲ မှတ်မိတော့တာ။

သိလိုက်ပါတယ်။ အဲဒီ့လောဓလေ့မှာ နေခဲ့တဲ့ ဘ၀ကို ကျွန်တော့်အမှတ်သညာက အလိုလို ဖျက်ပစ်ထားလိုက်ပြီဆိုတာ။ ခါးသီးမှုတွေလေ။

အဲ… မှတ်မိတာ တစ်ခုကျန်သေးတယ်။ အဲဒါက အဖေ့အစ်ကို ဦးသာစိန်ဆိုတဲ့ လူကြီး။ အဖေ့အစ်ကို ဆိုပေမယ့် ၀မ်းကွဲလား မသိဘူး။ အဖေ့ကို အကြောင်းပြုပြီး လောပိတကို ရောက်လာ၊ လျှပ်စစ်ဌာနမှာ ယာဉ်မောင်း အလုပ် ၀င်နေတာပ။

ပြောစရာ တစ်ခု ကျန်သွားတာက စက်ရုံပြီးသွားတော့ ခါဂျီးမား ကော်ပိုရေးရှင်းက ပြန်သွားတယ်။ အဖေက အီးအက်(စ်)ဘီလို့ အဲတုန်းက ခေါ်တဲ့ လျှပ်စစ်ဓာတ်အားပေးရဲ့အဖွဲ့ လက်အောက်ကို ရောက်သွားတယ်။ ရာထူးချင်းကတော့ အတူတူပဲ။

အဲဒီ့ ဦးသာစိန်က အရက်သမားကြီးဗျ။ အသားညိုညိုနဲ့ သူ့သွင်ပြင်ကိုလည်း အခုထိ မှတ်မိနေပါသေးတယ်။ သူက မထင်ရင် အိမ်ရောက်ရောက်လာတတ်တယ်။ သူရောက်လာပြီးရင် အဖေနဲ့ အမေနဲ့ ရန်ဖြစ်ကြသလား၊ ဘာလားတော့ မသိဘူး။

ဧည့်သည်တွေ

မျက်မမြင် မေမေဘွားဘွားလည်း လောဓလေ့အိမ်အထိ လိုက်လာနေတာကို မှတ်မိနေတယ်။ မေမေဘွားဘွားလည်း အမေ့ကို အဖေက နှိပ်စက်ပွဲတွေ ကြားသိနေရပြီး အတော် စိတ်ဆင်းရဲခဲ့ရှာမှာပါ။

နောက် ကျွန်တော်တို့ လောပိတမှာ ရှိနေတုန်း ကျော်ဆွေနဲ့ ခင်ယုမေတို့ တစ်မိုးတစ်မြေ ဇာတ်ကား လာရိုက်တာလည်း ကြားဖူးလိုက်တယ်။ မြင်တော့ မမြင်ဖူးလိုက်ပါဘူး။

မေမေဘွားဘွား ရှိနေတော့ မန္တလေးကနေ ကြီးကြီးရီနဲ့ မမသန်းတို့လည်း တစ်ခေါက် အလည် ရောက်လာသေးတယ်။ အဲဒါလည်း မှတ်မိနေတယ်။ နောက်ပြီးတော့ ရန်ကုန်က အဖေ့မိတ်ဆွေဆိုတဲ့ ဧည့်သည်တွေ ရောက်လာတာ ရှိတယ်။ သူတို့မှာ ရိုလီဖလက်(စ်)ကင်မရာ ပါလာတယ်။ ကျွန်တော့် ဘ၀မှာ ပထမဆုံး လက်နဲ့ ထိဖူးတဲ့ ကင်မရာပေါ့။ သူတို့တွေ အုပ်စုလိုက် ဓာတ်ပုံ ရိုက်ကြတဲ့အခါ ကျွန်တော်က ခလုတ်နှိပ်ပေးခဲ့ရလို့ပါ။

နောက်ထပ် မှတ်မိနေတာက မဲရယ်ဆိုတဲ့ ခွေး။

အမှန်တော့ ခွေးလေ ခွေးလွင့်ပါ။ အမေက ထမင်းကျန် ဟင်းကျန်တွေ ကျွေးမွေးနေတော့ သူက အိမ်က ခွေးလို ဖြစ်နေတာ။ ကယားနာမည်ဖြစ်အောင်ဆိုပြီး အဲဒီ့ ခွေးမည်းမည်းကို အမေက မဲရယ်လို့ မှည့်လိုက်တာ။ သူ့လည်း မျက်လုံးထဲ မြင်နေသေးသဗျ။ အခု အိမ်မှာ မွေးထားတဲ့ စနုပီနဲ့လိုတော့ မဲရယ်နဲ့ ဖက်လှဲတကင်း လုံးလား ထွေးလား မနေခဲ့ဖူးပါဘူး။ သူကလည်း တစ်အိမ်လုံးနဲ့ ဘာသိဘာသာ။ စားချိန်တန် လာစားပြီး ပျောက်သွားတာပဲ။

ခေါင်းက သေရာပါ ဒဏ်ရာတွေ

ကျွန်တော် ပျင်းတယ်သာ ပြောတာ။ ကျွန်တော့် မေမေက သာ ပျင်းသေး မှတ်တယ်။ သူ ကျွန်တော့်ကို နို့တိုက်တာ နို့တစ်ဖက်တည်းပဲ တိုက်ခဲ့တာ ခင်ဗျ။ နို့နှစ်ဖက် ပြောင်းပြောင်းပြီး တိုက်ခဲ့တာ မဟုတ်ဘူး။

အဲတော့ ကျွန်တော့် နောက်စေ့ကို တခြမ်းစောင်းလေး ပုံသွင်းထားသလို ဖြစ်နေတယ်။ ဘယ်ဘက် နောက်စေ့က မြင့်နေပြီး ညာဘက်နောက်စေ့က နိမ့်နေတယ်။ သူများ ခေါင်းတွေလို လုံးလုံး ညီညီလေး မဟုတ်ဘူး။ မေမေက ကျွန်တော့်ကို ပွေ့ပြီး ဘယ်ဘက်နို့တစ်လုံးတည်းသာ တိုက်ခဲ့တဲ့ အကျိုးကျေးဇူးပေါ့ ခင်ဗျာ။ ခေါင်းတုံးတုံးလိုက်ရင် ကျွန်တော့် ခေါင်းလေးခမျာ မလှရှာဘူး။ သနားစရာလေးနော် 🙂

သည့်ထက် သနားစရာ ကောင်းတာ ရှိသေးတယ်။ ရေးပြမယ်။

ကျွန်တော်မှ လူမှန်း သူမှန်း မသိသေးဘူး။ အမေ့ရင်ခွင်ပိုက်ဘ၀ပဲ ရှိသေးတယ်။ လောပိတနဲ့ လောဓလေ့ကလည်း နှစ်မိုင်၊ သုံးမိုင် ဝေးသလား မသိဘူး။ ကားနဲ့ ပြန်လာကြတာ။ ကားက လျှပ်စစ်ဌာနက အပေါ့စား ကုန်တင်ကားလေး။ ရှေ့ခန်းမှာတင် စုပြုံထိုင်လာတာ။ ညာဘက်အစွန်မှာ ယာဉ်မောင်း၊ အလယ်မှာ အဖေ၊ ဘယ်ဘက်အစွန်မှာ မေမေက ကျွန်တော့်ကို ပွေ့လို့။

ကားတံခါးဂျက်က အိမ်တွေမှာ သုံးတဲ့ ကန့်လန့် (ဂလန့်) ထိုးရတဲ့ မင်းတုံးကို တပ်ထားတာ။ လောပိတဆိုတော့ သိတဲ့အတိုင်းပေါ့။ ဝေးလံသီခေါင်တဲ့ နေရာ၊ ဘယ် ရုံးကား အကောင်းစား ဖြစ်မှာလဲလေ။ သည်လိုပဲ အပျက်ကို မဖြစ်ဖြစ်အောင် ပြင်ထားတဲ့ ကားပေါ့။

တောင်စောင်း ညာဘက်ကို အကွေ့လိုက်မှာ အရှိန်နဲ့ လွင့်ပြီး ဂျက်ထိုးထားတဲ့ တံခါးက ပွင့်သွားတယ်။ အမေက ကျွန်တော့်ကို ပွေ့လျက်သား လွင့်သွားပြီး ချောက်ထဲကျတယ်။ အဖေက လှမ်းဆွဲရင်း သူပါ လိုက်ကျလာတယ်။

ဒဏ်ရာ အပြင်းဆုံးက ကျွန်တော်။ အောက်က ကျောက်တွေနဲ့ ထိမိပြီး ခေါင်း တော်တော် ကွဲသွားတယ်။

လောပိတက ဌာန ဆေးရုံမှာပဲ ပြန်ချုပ်ဘာညာ လုပ်ပေးခဲ့တာပါ။ အဲဒီ့ခေတ်က ဆရာဝန်တွေ တော်တယ်လို့ ဆိုရမယ်။ ကျွန်တော့်ခေါင်းမှာ သေရာပါ အမာရွတ်တွေ ထင်းထင်းကြီး ကျန်ရစ်ခဲ့တာတစ်ခုကလွဲလို့ အကုန် အကောင်းအတိုင်း ကျန်ရစ်တယ်။ ဦးနှောက်ကတော့ အဲဒီ့ကတည်းက နည်းနည်း ချောင်သွားတာပေါ့ဗျာ။ 😀

အဲတော့ ကျွန်တော် ခေါင်းတုံး တုံးရင် သိပ်ရုပ်ဆိုးတယ်။ ဒါ့ကြောင့် ရာသက်ပန် ဘုန်းကြီး မ၀တ်တာပါ။ မလှတာကြီး လူပုံအလယ်မှာ မပြချင်လို့ပေါ့။ တော်နေကြာ ဓာတ်မသိသူတွေက သည်ကိုယ်တော့်နှယ် လူဝတ်နဲ့တုန်းက လူမိုက်လုပ်ခဲ့တာပဲလို့ ထင်ကုန်ရင် မခက်လားနော်။

အမှန်ကတော့ မိန်းမနဲ့ အရက်ကို မစွန့်နိုင်လို့ ဘုန်းကြီး မ၀တ်ဖြစ်တာပါလေ။ ခေါင်းက သက်သက်မဲ့ ရမယ်ရှာတာပါ ခမျ။

အမေနဲ့ ဂျပန်သရဲ

ချောက်ထဲ လွင့်ကျသွားတာမို့ အမေလည်း သတိလစ်သွားတာပေါ့။

သတိရရချင်း ၀ူးတူးဝဲတဲ ထမေးတာက “ကျွန်မသားရော၊ ကျွန်မသားရော”လို့ပါတဲ့။ ဒါလည်း အမေပြောပြလို့ သိတာပါ။ ယုံပါတယ်။ ကျွန်တော့်အမေသာ မဟုတ်ဘူး၊ ဘယ်အမေမဆို သည်လိုအဖြစ်မျိုးမှာ ပထမဆုံး မေးမှာက သူ့ရင်ခွင်ထဲက သားသမီးကိုပဲဖြစ်မှာပါ။

ကျွန်တော် အသက်ရှင်နေသေးတယ်ဆိုမှ မေမေ့မှာ ဟင်းချနိုင်ပါတယ်။ ဒဏ်ရာတွေနဲ့ဆိုတော့ အိမ်မှာ နားနေရပါတယ်။

အိပ်ရာပေါ်မှာ ပက်လက်နေနေတုန်း ခြေရင်းဘက်ဆီမှာ ရှိတဲ့ မျက်နှာကျက်အပေါက်တစ်ခုကနေ ဂျပန်လူမျိုး ခေါင်းတစ်လုံးက ပြူပြူလာပြီး “ဟဲလို မစ္စစ်(စ်)… ဟဲလို မစ္စစ်(စ်)…”လို့ လာလာ ခေါ်ပါသတဲ့။

တစ်ခါနှစ်ခါတော့ အမေက သည်းခံပါသေးတယ်။ ကြာလာတော့ ထအော်လိုက်ပါသတဲ့။

“ဟာ… သည် သောက်သရဲကလည်း… လူမှ နေမကောင်းပါဘူးဆိုမှ… လာလာ ခေါ်နေသေးတယ်… သွား… သွား…”လို့ ဗမာလို အော်လိုက်တာပါတဲ့။

အဟဲ… ဂျပန်သရဲနဲ့ မေမေနဲ့ ဘယ်လို နားလည်မှု ရသွားသလဲတော့ မသိဘူး။ နောက်ပိုင်းကျ မလာတော့ဘူးတဲ့ဗျား။

ဟုတ်မဟုတ်တော့ မသိဘူး။ နေမကောင်းလို့ မှိန်းနေတုန်း ကယောင်ကတမ်း ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။

အမေနေကောင်းလို့ အဲဒီ့အကြောင်း ပြန်ပြောတော့မှ အရပ်က ရာဇ၀င်လှန်တယ်။ စက်ရုံ ဆောက်စက အဲဒီ့အိမ်မှာ ဂျပန်နှစ်ယောက် နေခဲ့ကြတယ်။ တစ်ရက်မှာ သူတို့ချင်း စကားများကြပြီး တစ်ယောက်က မှိန်းနဲ့ ထိုးလိုက်တာ ကျန်တစ်ယောက် သေသွားသတဲ့။ ကိုင်း…

အမေ့သား ကျွန်တော်လည်း အလားတူဖြစ်ဖူးတယ်။ အဲဒါက မနေ့တစ်နေ့ကမှပါ။ နေပြည်တော်က ဟိုတယ်တစ်လုံးမှာ အိပ်နေရင်း ကျွန်တော့် ဒူးကို လာပုတ်တာ ခံစားလိုက်ရပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေခိုက်မှာမို့ နိုးသွားပါတယ်။ အခန်းထဲမှာ ထုံးစံအတိုင်း ကျွန်တော် တစ်ယောက်တည်းပဲ ရှိတာပါ။

အိပ်မက် မက်တာပဲ နေမှာပါလေဆိုပြီး ပြန်အိပ်လိုက်ပါတယ်။ မျက်လုံးတောင် ကောင်းကောင်း ပြန်မပိတ်ရသေးဘူး၊ ထပ်ပုတ်တယ်ခင်ဗျ။ စောစောကထက် အားပြင်းပါတယ်။

မေမေ့လိုတော့ ထ မအော်ပါဘူး။ အေးအေးသက်သာ ချေချေငံငံပဲ ပြောလိုက်ပါတယ်။

“ကျွန်တော် သိပ်အိပ်ချင်နေလို့ပါဗျာ။ မနှောင့်ယှက်ပါနဲ့နော်။ ခင်ဗျားကိုလည်း ကျွန်တော် အနှောင့်အယှက် မပေးဘူးလေ။ ကျွန်တော့်ကိုလည်း မနှောင့်ယှက်ပါနဲ့နော်”လို့။

အဲ… အဲတော့လည်း အေးအေးချမ်းချမ်း ပြန်အိပ်လို့ ရသွားပါသဗျ။ (ယုံချင်ယုံ မယုံချင်နေ)

ကံထူးရှင် အဖေ

ကယားပြည်နယ်ဘ၀က အဲဒီ့မှာ ဆုံးပါတယ်လို့ ရေးပြီးမှ အရေးကြီးတာတစ်ခု ကျန်နေသေးတာ မေ့တော့မလို့။

လောပိတမှာ နေနေတုန်းပဲ အဖေ ထီ နှစ်သောင်းဆု ပေါက်တယ်ခင်ဗျ။ အဲတုန်းက ရွှေတစ်ကျပ်သားမှ တစ်ရာ ၀န်းကျင်ပဲ ရှိမယ့် အချိန်မှတ်တယ်။ ငွေနှစ်သောင်းဆိုတာ ရန်ကုန်မြို့ ရေကျော်ရပ်လို နေရာမျိုးမှာ ဘိုးဘွားပိုင် မြေပေါ်က အိမ်နှစ်လုံးလောက်တော့ ပျော့ပျော့ရမယ့် ပမာဏ။

ဒါပေမယ့် ၂၁၆၃ ကျပ်တန် ရေခဲသေတ္တာတစ်လုံးပဲ အဖတ်တင်ပါတယ်ဗျာ။ ကျန်တာက ပါနီထဲကလာတာ ပါနီထဲ ရောက်ကုန်တာပေါ့။ အဖေ့ဘ၀မှာ အဲဒါ ပိုက်ဆံအများဆုံး ကိုယ်ပိုင် ကိုင်ဖူးတာ ဖြစ်ပါလိမ့်မယ်။ အမြော်အမြင်လည်း မရှိ၊ ခေတ်အမြင် ခေတ်အတွေးလည်း မရှိရှာခဲ့ဘူးပေါ့။ (ကျွန်တော့်အတိုင်းပဲ။ 😛 )။

ထီဆုငွေထုတ်တော့ ရန်ကုန်မှာ သွားထုတ်ရတယ်။ ကျွန်တော် ပထမဆုံးအကြိမ် ရန်ကုန်ရွှေမြို့တော်ကြီးကို ရောက်ဖူးတာပေါ့ခင်ဗျာ။ တောသားမြို့ရောက်ပေါ့။

ပထမဆုံး စတည်းတာက အဖေ့ ဆွေနီးမျိုးစပ် တစ်ယောက်ရဲ့ အိမ်ပါ။ စတော့ဂိတ် (Stockade) လို့ အဲတုန်းက ခေါ်တဲ့ ဗိုလ်ချုပ်လမ်းထောင့်နားက ဂျူဒါအဇ္ဖကယ် (Judah Ezikiel) (အခု သိမ်ဖြူလမ်းပေါ်)၊ ဘုန်းကြီးကျောင်းနဲ့ ကပ်လျက် လမ်းသွယ်လေးထဲက အိမ်ခန်းလေးထဲက အထပ်ခိုး မှောင်မှောင် ညစ်ညစ်လေးမှာ အိပ်ရတယ်။ ကျဉ်းကျဉ်းကျုတ်ကျုတ်ရယ်။ ကျွန်တော်ကတော့ ကလေးပဲ ကိစ္စ သိပ်မရှိပါဘူး။ အဖေက အလွန် အသန့်ကြိုက်ဆိုတော့ အဆင်မပြေချင်ဘူး။

လောဓလေ့အထိ လာလည်ဖူးတဲ့ အဖေ့ မိတ်ဆွေတစ်ယောက်က ဘဲ(လ်)အဲ (Chevrolet, Bel Air) ကားကြီးနဲ့ လိုက်ပို့ပေး၊ ကျွေးမွေးတာတွေ ရေးတေးတေး မှတ်မိတယ်။ ဂလုပ်ရုံ (Globe) (နောက်ကျတော့ ဂုဏ်ရုံ၊ နောက်တော့ ကုန်သည်ကြီးများ ဟိုတယ်၊ အခုနောက်ဆုံးတော့ ဆူးလေ ရှန်ဂရီလာဟိုတယ် တောင်ဖျား မရောက်တရောက် နေရာ) မှာ အဖေနဲ့ ရုပ်ရှင်ကြည့်ခဲ့ရတာ ရေးတေးတေး မှတ်မိတယ်။ မျက်နှာချင်းဆိုင်က လိုက်(ထ်)ဟောက်(စ်) (Light House) (အခု ရှေ့ဆောင်) ရုံမှာက အကော်ဒီယံအုန်းကျော် ခေါင်းဆောင်ပါဝင်တဲ့ မြေလတ်သူ ဇာတ်ကား ပြနေတယ်။ ၁၉၆၄ ခုနှစ်လောက် ဖြစ်မယ် ထင်တယ်။

အဲတုန်းက ရန်ကုန်က သပ်ရပ်ကျော့မော့တဲ့ ရန်ကုန်၊ သန့်ရှင်းတဲ့ ရန်ကုန်၊ ခမ်းနားတဲ့ ရန်ကုန်၊ အဖေ့အိပ်မက် မြို့တော် ရန်ကုန်ပါ။

တစ်ရက်ကျတော့ (ထီဆုငွေ ထုတ်ပြီးလို့ ငွေနဲ့ ကြေးနဲ့ ဖြစ်လာလို့ မှတ်တယ်) နေ့ဘက် ထွက်လည်ရင်း ညကျတော့ တည်းအိမ် မပြန်ကြတော့ဘူး။ သားအဖ နှစ်ယောက် ဆူးလေ လမ်းမပေါ်က အိုးရီးယင့်(ထ်)ဟိုတယ် (နောက်ကျတော့ ဒဂုန်ဟိုတယ်၊ ခုကျတော့ ဘာဖြစ်သွားပြီလဲတောင် မသိတော့ဘူး။) မှာ ၀င်အိပ်ကြတယ်။ လဲစရာ အ၀တ်အစားက မပါဘူး။ အဖေက သူ့အင်္ကျီနဲ့ ကျွန်တော့်အင်္ကျီကို လျှော်ပြီး လှန်းထားတယ်။ မနက်ကျ ခြောက်ပေါ့။ အင်္ကျီပိတ်စကလည်း မီးပူတိုက်စရာ မလိုတဲ့ ဘဲလဖှာ့(စ်)(ထ်) (belofast) ဆိုတော့ အဆင်ပြေတယ်။ သားအဖ နှစ်ယောက်ကတော့ ဖင်တုံးလုံး အိပ်ကြပေါ့။

အဖေနဲ့ နေခဲ့ရတဲ့ ၁၈ နှစ်ကျော် သက်တမ်းအတွင်းမှာ အဲဒီ့တစ်ကြိမ်ပဲ အဖေ့ကို တုန်နေအောင် မကြောက်ရဘဲ ပြေပြေလည်လည် အေးအေးချမ်းချမ်းနဲ့ နေခဲ့ရတာပါ။ နေရတာလည်း ရက်ပိုင်းလေးပါ။ အဖေ့ဘက်က ချိုချိုသာသာ ပြုံးပြုံးရွှင်ရွှင် စိတ်မတိုဘဲ နေခဲ့တာလည်း အဲဒီ့တစ်ကြိမ်ပဲလို့သာ စိတ်က မှတ်ထားပါတယ်။ စိတ်က မှတ်ထားတယ်လို့ ရေးလိုက်ရတာက တခြား အကြိမ်တွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် လူဆိုတာက ကောင်းကွက်ထက် ဆိုးကွက်တွေကို မျက်မျက်ကလေး မှတ်တတ်တဲ့ အမျိုးဆိုတော့ အဖေ့ ကောင်းကွက်ပေါင်း အနန္တဟာ သံပရာတစ်ခြမ်းနဲ့တင် ဂွမ်းကုန်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

ကျွန်တော့် သားသမီးတွေလည်း အဲလိုများ ဖြစ်မလား မသိဘူး။ ကျွန်တော် မရှိတော့တဲ့နောက် နှစ်ပေါင်း များစွာ ကြာသည့်တိုင် ကျွန်တော်မကောင်းခဲ့တဲ့ ဒေါ်လာ ၁၀၀ ဖိုးလောက်ကိုပဲ မှတ်မိနေပြီး ရှိစုမဲ့စု ကောင်းကွက် ဒေါ်လာ ၃၀၀၀ ဖိုးလောက်ကို မေ့ချင်လည်း မေ့ကုန်ကြမှာပ။ (ကျပ်နဲ့ ပြောရင် ငွေမာ မဟုတ်တော့ မခိုင်မှာစိုးလို့ ခပ်တင်းတင်းပဲ ဒေါ်လာနဲ့ ပြောထည့်ပလိုက်တာ။ 😀 ) အဲတော့လည်း ဖအေတူ သားသမီးတွေပဲဆိုပြီး ကောင်းကင်ဘုံကနေ အသာလေး ဂုဏ်ယူနေလိုက်ရတာပဗျာ။ (နည်းနည်းမှ မလျှော့ဘူးနော်၊ ကောင်းကင်ဘုံမှာတောင် စရံသတ်ပြီးသား။ ကျွန်တော်တို့ လျင်ချက် ပြောပါတယ်။ 😛 )

အဲဒီ့ ထီပေါက်လိုက်ခြင်းဟာ ကျွန်တော့်ကို ကျောင်းအိပ်ကျောင်းစား ပို့ဖို့အတွက် အဖေ့ကို အားရှိသွားစေခဲ့ပါတယ်။

ဒယ်ဒီ့ကျေးဇူး

အဖေ့မကောင်းကြောင်းတွေ တစ်လျှောက်လုံး ရေးလာခဲ့ပြီးမှ ကောင်းကြောင်းကို အခုမှ စရတော့မှာပါ။

အဖေဟာ သူ ပညာကောင်းကောင်း မတတ်၊ ကျောင်းကောင်းကောင်းမှာ မနေခဲ့ရလို့ အောက်တန်း နောက်တန်းကျရတာကို အတော်ရင်ခံပါတယ်။ သူက မွေးထားတဲ့ သူ့ရဲ့ တစ်ဦးတည်းသားကလေး ပုလုကွေး ကျွန်တော့်ကို အဲသလို ဘ၀မျိုး မရောက်စေ့ချင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော့် ပညာရေးကို အထူး အလေးပေးခဲ့ရှာပါတယ်။ ကျွန်တော် စာတော်တာကလည်း သူ့အတွက် ကျေနပ်အားရစရာ ကောင်းခဲ့ပါလိမ့်မယ်။

အဲတော့ လောဓလေ့ အစိုးရ အလယ်တန်းကျောင်းလေးမှာ ကျွန်တော့်ကို မထားချင်ပါဘူး။ မြို့ကြီးတွေပေါ်က ကျောင်းကြီး ကျောင်းကောင်းတွေမှာ ထားချင်ခဲ့ပါတယ်။ ခက်တာက သူ့အိုးနဲ့ သူ့ဆန် သိပ်ဟန်မကျလေတော့ကာ အဖေ့ခမျာ မာန်လျှော့နေခဲ့ရပုံပါပဲ။

အမှန်ကတော့ မန္တလေးက အမျိုးတွေဆီ ပို့ထားမယ်ဆိုရင် မန္တလေးက ကျောင်းကောင်းတွေမှာ နေလို့ ရမှာဖြစ်ပေမယ့် အဖေက မန္တလေးက အမျိုးတွေကို အယုံအကြည် မရှိပါဘူး။ ကျွန်တော့်ကို ဖျက်ဆီးမယ့်သူတွေလို့ပဲ မြင်ထားပါတယ်။ တကယ်လို့သာ ထားခဲ့မယ်ဆိုရင်လည်း ကျွန်တော်လို အပျော်မက်တတ်သူမျိုးက လွယ်လွယ်နဲ့ ပျက်စီးဖို့ကလည်း သေချာသလောက်ပါပဲ။

သည်အပိုင်းမှာ ပြောကြတာ

Win Pa Pa Ko လင်းလည်း ခေါင်းတစ်ခြမ်းစောင်းနေတယ်ဆရာရေ ဟီးးးး ဒေါ်ပအပျင်းကြီးလို့ လို့ပြောနဲ့နော် သာမီးက တစ်ဘက်ပဲသန်လို့ဖြစ်သွားတာ

ATK ပျင်းတာ ပျင်းလို့ပေါ့ ။ ဆင်ခြေတေ မပေးကြေးပေါ့

Win Pa Pa Ko ဂယ်ပါ အငယ်ကောင်ကျ စောင်းတော့ဝူးလေ

ATK အငယ်ကောင် ကျတော့ မပျင်းအားတော့ဘဲ သားသည်မအေစစ်စစ်ကြီးရဲ့ စိတ် ဝင်လာတာလည်း ဝန်ခံသင့်လှပါတယ် အဒေါ်ရယ်

Nann Kham Nway အေးနိုင်ဆိုတဲ့ သူအကြောင်းကို မိန်းမသားတို့ သိမ်းထားဖို့ စာအုပ်မှာ ဖတ်ဖူးတယ် ဆရာ။ အဲ့ဒါဖတ်တုန်းက ဆရာက သိပ်ပွင့်လင်းလွန်းတော့ လျှောက်ရေးထားတယ်လို့ သမီးက ထင်တာ အခုမှ အမှန်တွေမှန်းသိတယ်။

ATK တစ်ခါမှ အဲလို လျှောက်မရေးဖူးပါဘူး Daw Nann ရယ်။ အကုန် ထိုင်ရေးခဲ့တာပါ… အဲ… ဟုတ်ပေါင်… အကုန် အမှန်တွေချည်း မကွယ်မ၀ှက် ရေးခဲ့တာပါခညာာာာာ

Thet Chow စာတွေဖတ်ခွင့်ရတာ Free of charge အချိန်ပေး ရေးနေတာတွေကို ဝမ်းလဲသာတယ် ကျေးဇူးလဲတင်တယ် သာဓုလဲ ခေါ်ပါတယ်။

ATK သိပ်အထင်မကြီးနဲ့ဗျ။ အဓိကက သမီးနဲ့ သားအတွက် မှတ်တမ်း မှတ်ရာလေး ကျန်စေချင်လို့ ဖိရေးနေတာပါ။

Rita Aung NY ဖတ်ရတာအားရပါးရအများကြီးဘဲ

May Thandar Win ဆရာ ရှေ့တစ်ပိုင်းမှာရေးသလို ဆရာ ၄၆ ရက်သားကတည်းက လောဓလေ့ရောက်သွား တာဆိုတော့ သူငယ်တန်းလေးတစ်နှစ်ကိုကျ မန္တလေး မှာ ပြန်သွားတက်ခဲ့တာလား။ သွား တက်ဖြစ်ပုံလေး နဲ့ လွိုင်ကော်မှာ နောက်တစ် နှစ်မှာ ဘာလို့ ပြန်တက်ဖြစ်သွားတာလဲဆိုတာ ပြောပြဦးဆရာ

ATK အဲ… အဲဒါ မသိဘူးဗျ။ ငယ်ဘ၀က ရောနေတယ်။ မန္တလေးမှာ နေခဲ့ရတဲ့ ဘ၀တွေကို အများဆုံး မှတ်မိနေတယ်။ လွိုင်ကော်ကို တကယ် အပြီးအပိုင် ရောက်တာက သူငယ်တန်းလေးပြီးတော့မှ ဖြစ်လိမ့်မယ်။

May Thandar Win ဟုတ်မယ် ဆရာဒီအရွယ်မှာ ဒီလောက်မှတ်မိ တာ အတော်ချီးကျူးရမှာပဲ။ မေ ဆို ငယ်ငယ် က အကြောင်းတွေ လုံးလုံးမမှတ်မိတော့ဘူး။ သုံးနှစ်မှာ အမေနဲ့ အဖေ ကွဲတာဆိုတော့ သုံးနှစ်ရှေ့က အကြောင်းဆို ဘယ်လိုမှဖော် မရ။ အမေတွေ အဒေါ်တွေ ပြန်ပြောပြတာ လောက်သာ သိတယ်။ ဒီဘက်နောက်ပိုင်း လည်းတစ်နှစ်တစ်နှစ်တောင် မမှတ်မိချင်ဘူး။ သူများလိုဒိုင်ယာရီရေးကျင့်လည်းမရှိတော့ တခါတလေ များ ဘာမှကိုဖော်မရ ဆရာ ဒိုင်ယာရီ ရေးကျင့်ရှိသလား

ATK ၇ တန်းလောက်ကနေ တက္ကသိုလ်ရောက်တဲ့အထိ ရှိခဲ့ဖူးပါတယ်။ အမယ်… ပေါ့သေးသေးတော့ မမှတ်နဲ့၊ ၈ တန်းမှာ ဒိုင်ယာရီကို ဘိုလိုတောင် ရေးနေပြီ။ (အလွဲတွေချည်းပေါ့)။ ဒိုင်ယာရီကြောင့် အိမ်ပေါ်က ဆင်းရတာကို မမှတ်ဘူး။ အိမ်ထောင်ကျတဲ့အထိ တစ်ခါတစ်ခါ ရေးမိသေးတာ။ ဂျစ်ဂျစ်က ဒိုင်ယာရီနဲ့ ထုမှ မှတ်သွားပြီး အဲဒီ့အကျင့်ကို ရာသက်ပန် ဖြတ်လိုက်ရတာဗျားးးး

May Thandar Win ဟဟ ဒိုင်ယာရီက ကိုယ့်ကြိုးကွင်းကိုယ်စွပ် တာနော်ဆရာ။ မေကတော့ ဘယ်တော့မှ မရေးဘူး။ ငယ်ငယ်က ရေးဖို့စိတ်ကူးမိသေး တယ်။ နောက် အမြဲတွေးမိတဲ့ အတွေးက ငါ ရုတ်တရက်သေသွားရင် သူများတွေဖတ်မိ ရင်တော့ ရှက်စရာဆိုတဲ့ အတွေးနဲ့ တင်မရေးဖြစ်တော့ဘူး။

ATK ဒါပေမယ့် အခုလို ဟာမျိုးတွေ ရေးမယ်ဆိုတဲ့အခါ ဒိုင်ယာရီသာ ရှိနေရင် အသုံးတည့်မှာ သေချာတယ်လေ။ ချစ်သူ့ရင်ခွင် ရှာပုံတော် ရေးနေတုန်းက ဂျစ်ဂျစ်က အဲဒီ့ ဒိုင်ယာရီ ဟောင်းတွေ ထုတ်လာပေးလို့ တချို့ဟာတွေ ပြန်သတိရတာ

Ei Yupar Win ဂျစ်ဂျစ်ကထုတ်လာပေးလို့ဆိုတော့ ဆရာက အရီးကို ဒိုင်ယာရီတွေအားလုံး အပ်နှံထားပုံရတယ်။

ATK အပ်နှံထားတာကို မဟုတ်ဘူး။ အကုန်လုံး စာအုပ်စင်ထဲ ထိုးထည့်ထားတာ။

၂၀၁၅ ခုနှစ် မတ်လ ၆ ရက်

ပေဖြစ်ခဲ့ရ ထိုဘဝ

အချိန်က ၁၉၆၇ ခုနှစ်။ ဦးနေ၀င်းရဲ့ မြန်မာတစ်ပြည်လုံး နလပိန်းတုံးဖြစ်ရေး စီမံကိန်းမဟာ ဖြစ်လေတဲ့ ဆိုရှယ်လစ် ပညာရေးစနစ်က ၁၉၆၄ မှာ စတာဆိုတော့ ဘာမှ သိပ်မသိသာလှသေးဘူး။ ကျောင်းတွေမှာက အရင် အငွေ့အသက်တွေ ကျန်ရှိဆဲ။

အဖေက ကျွန်တော့်ကို မန္တလေးကို မပို့ဘဲ လွိုင်ကော်နဲ့ နီးနီးနားနား တောင်ကြီးမြို့က ကျောင်းကို ပို့ဖို့ စီစဉ်ပါတယ်။ အဲတုန်းက အမှတ် ၃ အထကဆိုတာထက် အရင် အငွေ့အသက်ကြောင့် St. Anne’s ဆိုတဲ့ နာမည်ကို ပိုသိကြတဲ့ ကျောင်းမှာ ကျွန်တော့်ကို ထားတာပါ။

အဲ…. ဆိုးတာက ကျွန်တော် တစ်ယောက်တည်း အဲဒီ့မှာ ကျောင်းသွားနေရမှာ မဟုတ်ဘူး။ ကျွန်တော့် အချစ်တုံးကြီး အေးနိုင်ပါ ကျွန်တော့်လိုပဲ ကျောင်းအိပ်ကျောင်းစားနေမှာတဲ့။ ဆရာဗန်းမော်တင်အောင့် စကားကို ငှားသုံးရရင် ကျွန်တော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်းပေါ့။

ကျောင်းသွားကြတော့ အေးနိုင်နဲ့ ကျွန်တော် လေယာဉ်တစ်စီးတည်းလား၊ တစ်ယောက်စီ သွားတာလား မမှတ်မိတော့ဘူး။ ထင်တာတော့ သတ်သတ်စီဖြစ်လိမ့်မယ်။ ကျွန်တော့်ကို လွိုင်ကော်ကွင်းက လေယာဉ်ပေါ် တင်ပေးလိုက်တာ။ ဟိုကျတော့ တောင်ကြီးရုံးမှာ တာဝန် ကျနေတဲ့ အင်ဂျင်နီယာကြီးက လာကြိုတယ်။ သူ့သားသမီးတွေလည်း အဲဒီ့ကျောင်းမှာ တက်တာ။ သူတို့ကတော့ နေ့ကျောင်းပေါ့။

သူ့အိမ်မှာ တစ်ရက်နေ၊ နောက်တစ်ရက်ကျ ကျောင်းရောက်ပေါ့။ အဲလို ကျောင်းသွားအပ်တော့ အေးနိုင်နဲ့ နှစ်ယောက်အတူ။

ကျောင်းရောက်တဲ့အချိန်က ကျောင်းဖွင့်ပြီး အတော် နောက်ကျနေပြီ။ အိပ်စရာ ခုတင်က မကျန်တော့ဘူး။

လောကကြီးက မျှတပါတယ်။ အေးနိုင်က အရာရှိကြီးကြီးမာစတာရဲ့ သား၊ ကျွန်တော်က မျက်နှာမွဲ လက်နှိပ်စက် စာရေးရဲ့သား။ အဲတော့ ခုတင်အကောင်းတစ်လုံး ကျန်တာ အေးနိုင်ကို ပေးလိုက်တယ်ပေါ့။ ကျွန်တော်ကတော့ ပျက်နေတဲ့ ခုတင်နဲ့ အိပ်စေပေါ့။

ပျက်နေတဲ့ ခုတင်ဆိုတာက ခေါင်းရင်းဘက်က အခင်းကို ချုပ်တဲ့ နေရာက ကျိုးနေတာ။ အဲတော့ တဲတဲလေးပဲ တင်ထားလို့ရတယ်။ အိပ်ရင် သတိထားအိပ်။ လှုပ်ရင် အခင်းက ကြမ်းပေါ် ပြုတ်ကျမယ်။ အဲသလို။

တကယ်လည်း ပြုတ်ကျခဲ့ပါတယ်။ အိပ်တယ်ဆိုတာ မလှုပ်ဘဲနေလို့မှ မရတာကိုး။ ကျွန်တော်က အအိပ်လည်း ကြမ်းတယ်။ အခုအရွယ်အထိ နှစ်ယောက်အိပ်ခုတင်နဲ့ အိပ်တာတောင် တစ်ခုတင်လုံး နေရာယူပြီး အိပ်တာမျိုးကလား။

ထူးခြားတာက တိတ်ဆိတ်နေတဲ့ ညမှာ ခုတင်အောက်ခင်း ပြုတ်ကျလို့ တစ်ဆောင်လုံး နိုးပေမယ့် အဲဒီ့ခုတင်အပေါ်မှာ အိပ်နေသူ ကျွန်တော်ကတော့ မနိုးပါဘူး။ ဘေးက အတင်းဝိုင်းနှိုးယူခဲ့ကြရပါတယ်။

ကျွန်တော် အအိပ်ဆတ်ပုံ ပြောပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတုန်းကလည်း အဲလိုပါပဲ။ ကျွန်တော့် သားသမီးတွေအပါအ၀င် တစ်အိမ်လုံး နိုးပေမယ့် ကျွန်တော် မနိုးဘူး။ ခြေရင်း ငါးပေအကွာလောက်က လေအေးစက် အထက်ဆီက သုံးထပ်သားပြား လန်သွားပြီး မိုးစက်တွေ ကျွန်တော့်လာစင်တော့မှ နိုးလာတာပါ။

ပြူးခါပြာခါ ထလိုက်တော့မှ သားသမီးတွေကရော၊ အိမ်သူကရော ကျွန်တော့်ကို ၀ိုင်းရယ်ကြပါတယ်။

ကျွန်တော် အအိပ်ကြီးပုံက အဲသလို။

ရှေးဖြစ်ဟောင်း

ကျောင်းက သာသနာပြုကျောင်းကြီးပီပီ အခိုင်အခန့် ဆောက်ထားတာ။ အနောက်မြောက်ဘက် ထောင့်က နှစ်ထပ်ဆောင် အပေါ်ထပ်မှာ ကျွန်တော်တို့ နေရာရတယ်။ ခန်းမကြီးထဲမှာ တန်းစီပြီး အိပ်ကြရတာပေါ့။ ယောက်ျားလေး၊ မိန်းကလေး ရောထားတယ်။

အမှန်က အဲဒီ့ကျောင်းက အမျိုးသမီးကျောင်း။ သို့သော် ယောက်ျားလေးတွေကို လေးတန်းအထိ လက်ခံပေးတယ်။ လေးတန်းအရွယ် ၁၀ နှစ်ဝန်းကျင်ဆိုတော့လည်း ဖို-မကိစ္စတွေ မသိတတ်နိုင်သေး၊ အရှုပ်အထွေးတွေ မပေါ်ပေါက်နိုင်သေးဘူးပေါ့။

ဟိုခေတ်က လေးတန်းကို ပြောပါတယ်။ အခုခေတ်တော့ သူငယ်တန်းကလေးတွေတောင် ရုပ်မြင်သံကြားတံခိုး၊ မြန်မာကားတံခိုးကြောင့် ချစ်တာတွေ၊ သစ္စာတွေ တတ်ကုန်ကြပါပြီ။ တချို့ကလေးတွေဆို မိဘတွေရဲ့ ပါးနပ်မှု အမြော်အမြင်ကြောင့် ဖုန်းတွေ၊ သင်ပုန်း ကွန်ပြူတာတွေက တစ်ဆင့် အပြာကားတောင် ကြည့်ဖူးနေကြပြီ။

ကျွန်တော်တို့ ခေတ်တုန်းက လေးတန်းကျောင်းသားဆိုတာ တကယ့် ကလေးပဲ ရှိပါသေးတယ်။ ကျွန်တော်ဆို ကိုးနှစ်သာသာပဲ ရှိသေးတယ်။

ကျွန်တော့်အတွက်တော့ တုန်နေအောင် ကြောက်ရတဲ့ အဖေ့လက်အောက်က လွတ်လာရတာပေမယ့် ကလေးပဲ ရှိသေးတော့ အားလုံးကို ကြောက်တုန်းပါပဲ။ ဆရာ ဆရာမတွေကိုလည်း ကြောက်ပေါ့။ ကျွန်တော်တို့ အဆောင်မှူးက တီချာမဂ္ဂီဆိုတဲ့ မျက်မှန်အထူကြီးနဲ့ ဆရာမကြီး။ နောက် အန်တီရိုစီဆိုတာက ကျွန်တော်တို့ ထမင်း သွားသွားစားရတဲ့ အဆောင်က အဆောင်မှူး။

အဲတုန်းက အဆောင်လခ ဘယ်လောက်ပေးရတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဆယ်ဂဏန်းပဲ ဖြစ်မှာပါ။ ထမင်းက အဆင်ပြေပြေ စားရပါတယ်။ တောင်ကြီး ရှမ်းဟင်းဖြစ်တဲ့ ဆေးခါးဟင်းတွေ ဘာတွေလည်း စားရတယ်။

မုန့်ဖိုးက တစ်လကို သုံးကျပ်။ တစ်နေ့ဆယ်ပြားရတယ်။ ဆယ်ပြားက နေကြာစေ့ နို့ဆီဗူးနဲ့ တစ်ဗူးရတယ်။ တောင်ကြီးက နေကြာစေ့ ကောင်းတဲ့အပြင် နေ့လယ် မုန့်စားဆင်းချိန်ကျ ကျောင်းထဲက ဘတ်စကက်ဘော ကွင်းထဲမှာ အဒေါ်ကြီး တစ်ဦးတည်းရောင်းတဲ့ နေကြာစေ့လှော်ကလည်း ပူပူနွေးနွေးမို့ စားလို့ အလွန်ကောင်းပေါ့။

ဒါပေမယ့် နေ့တိုင်းတော့ ဘယ်စားနိုင်မလဲ။ တခြားဟာတွေလည်း စားချင်တာပေါ့။

ကျွန်တော့်ပါးစပ်

ကျွန်တော်က ရသတဏှာ အတော်ကြီးတဲ့သူ။ ဗမာစကားနဲ့ ပြောရင်တော့ အစားအသောက်ကို တရားလွန် မက်တယ်ပေါ့။ ဒါမှမဟုတ်လည်း အရပ်စကားနဲု့ ပြောရင် ငတ်ကြီးကျတယ်ပေါ့ဗျာ။

ကျောင်းအိပ်ကျောင်းစားဆိုတော့ ပိုငတ်တာလည်း သေချာတယ်။ လောဓလေ့မှာတုန်းကဆို မေမေက ကျွန်တော့်အတွက် သွားရည်စာ မပြတ် စီစဉ်ထားပေးတယ်။ ခင်တို့၊ ၀င်းဦးတို့ တံဆိပ်တွေနဲ့ ဇီးထုပ်၊ နဂါးနီ မရမ်းပြားထုပ်စတာတွေက မပြတ်ဘူး။ မေမေက ပါးစပ်နဲ့ အစားနဲ့ မပြတ်တဲ့ မန္တလေးသူကြီး။

တောင်ကြီး ကျောင်းအိပ်ကျောင်းစားဘ၀ကို သည်နားမှာ ခဏထားခဲ့ပြီး မေမေနဲ့ ပတ်သက်လို့ ကျန်နေသေးတဲ့ ပြောပြစရာတွေ ဖြည့်လိုက်ဦးမယ်ဗျာ။ အရူးလွယ်အိတ်လိုသာ သဘောထားပြီးသာ ဖတ်ကြပါတော့။

မေမေဟာ မလိုချင်ဘဲ မွေးလာရတဲ့ ကလေးဖြစ်ခဲ့တယ်၊ မေမေ့ကို သူ့အဖေအမေက သိပ်လိုလိုချင်ချင် မရှိခဲ့ကြဘူးဆိုတာ ကျွန်တော့် “သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ” စာအုပ်ထဲမှာ ရေးပြီးပါပြီ။ ဒါ့အပြင် မေမေဟာ မိဘလက်ပေါ်မှာထက် အိမ်က အလုပ်သမား မိလက္ခုလူတန်းစားရဲ့ လက်ပေါ်မှာ ကြီးခဲ့ရတာကိုလည်း အဲဒီ့ထဲမှာ ထည့်ရေးခဲ့ပါတယ်။

အခုခေတ်မှာ မိလက္ခုဆိုတဲ့ ပါဠိစကားကို အသုံးနည်းသွားပြီမို့ အနက်ဖွင့်ပေးမှ တန်မယ် ထင်တယ်။ ဟိုခေတ်က စာရေးဆရာတွေကတော့ စာနှံ့ခဲ့သူများ ဖြစ်တာမို့ အဲဒီ့အသုံးက တွင်ခဲ့ဖူးပါတယ်။ ပါဠိ အနက်ရင်းကတော့ မိလက္ခုဆိုတာ “အရိုင်းအစိုင်းတွေ၊ တောင်သူတွေ”လို့ ဆိုလိုတာပါ။ လက်လုပ်လက်စား လူတန်းစားကို ပြောတယ်ပေါ့ဗျာ။

ကျွန်တော့်ရဲ့ “အဟောင်းထဲက အစုတ်များ”မှာ လူတန်းစား ကိစ္စကို ခဏ ခဏ ပြောတာ သတိထားမိကြမယ် ထင်ပါတယ်။ မှန်ပါတယ်။ လူတန်းစားက လူတစ်ယောက်ရဲ့ စရိုက်ကို ပုံသွင်းပါတယ်။

တစ်မိပေါက်ချင်း အတူတူတောင်မှ နီးစပ်သူ လူတန်းစားချင်း မတူရင် စရိုက်တွေ ကွဲကုန်တာ မေမေတို့ မောင်နှမ နှစ်ယောက်မှာ အလွန် ထင်ရှားပါတယ်။ ဦးကြီးကိုကိုနဲ့ နေခဲ့တဲ့ တစ်သက်လုံးမှာ ဦးကြီးကိုကိုရဲ့ နှုတ်က ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားလုံး အသုံးအနှုန်းတွေ မကြားခဲ့ရဖူးပါဘူး။

သာမန် မြန်မာအမျိုးသမီး မန္တလေးသူတစ်ယောက်ဆီက ကြားရခဲလှတဲ့ အင်မတန် ရုန့်ရင်းတဲ့ စကားလုံးတွေကို မေမေ့ဆီက ကျွန်တော့် တစ်ဘ၀လုံး ကြားခဲ့ရတာပါ။ မေမေက အဲသလို စကားလုံးတွေကို နေ့စဉ်သုံး ပြောစကားထဲမှာ ထမင်းစားရေသောက် ထည့်သုံးနေကြသူတွေရဲ့ လက်ပေါ်မှာ ကြီးခဲ့ရပေတာကိုး။ အဲတော့လည်း ဒေါသ ထွက်တဲ့အချိန်မှာတင်မကဘဲ သာမန် ပြောစကားထဲမှာတောင် တစ်တစ်ခွခွ အသုံးတွေ ထည့်သုံးတာ ကျွန်တော့်မှာ နားရည် တရားလွန် ၀နေခဲ့ပါတယ်။

အဖေကတော့ မပြောပါနဲ့ဗျာ။ သူလာခဲ့ရတဲ့ ဘ၀နောက်ခံကို ပြောပြီးပြီပဲလေ။

ဖေနဲ့ ကိုင်တုပ်တဲ့ အတတ်ကို ကျွန်တော် အဖေ့ဆီက လက်ထပ် သင်ခဲ့တာပါ။ ကျွန်တော် စိတ်တိုရင် အဲဒီ့ စကားလုံးက ကျွန်တော့်ပါးစပ်က ရှောခနဲို့ ထွက်ပါတယ်ခင်ဗျား။ ကျွန်တော့် အိမ်သူ အနာဆုံး စကားလုံးပါ။ သူ့တစ်သက် ကြားလေ့ကြားထ မရှိတဲ့ စကားလုံးကို သူချစ်လို့ အကောင်းမှတ်ပြီး ယူထားတဲ့ ခင်ပွန်းသည်ဆီက ကြားရတဲ့အခါ သူ့ခမျာ အတော် အထိနာရှာပါလိမ့်မယ်။ (ခွင့်လွှတ်ပါတော့ ချစ်သောသူ။)

လူဆိုတာ မှားမှန်း သိရင် ပြင်ရမှာပေါ့လေ။ အခုတော့ ကျွန်တော် အတတ်နိုင်ဆုံး ထိန်းပါတယ်။ သို့သော် စိတ်တိုရင် အဲဒီ့ဝသီကြီးက ငေါငေါကြီး ပေါ်လာတာပဲ ခင်ဗျ။

ရွှေပြည်ကြီးမှာ နေရတယ်ဆိုတာကလည်း သိတော်မူကြတဲ့အတိုင်း၊ စိတ်ဖိစီးမှုက မရှိသလောက် နည်းလှပေသကိုး။ မီးလည်း ပျက်ချင်ရင် ထ ပျက်၊ ဖုန်းဆက်ရင်လည်း ကြားလား၊ ဆင်လား၊ နွားလား အော်နေရ၊ အင်တာနက်သုံးလည်း အ၀ိုင်းလည်တာကို ထိုင်စောင့်ရ၊ လမ်းပေါ် ထွက်လည်း စည်းမဲ့သူတွေကို မြင်နေရနဲ့ဆိုတော့ ပင်ကိုကမှ စိတ်ဆတ်တဲ့ ကျွန်တော့်အတွက် တစ်ကမ္ဘာလုံးကို အလိုမကျ ဖြစ်ပြီး ကော်ဆဲချင်စရာ အလွန်ကောင်းနေသလို ဆဲလည်း ဆဲမိနေဆဲပါပဲ။

ပြောပကော… ကျွန်တော် အောက်တန်းစားပါလို့။

ကျွန်တော် အလစ်သမား

မမေက အဲဒီ့နှုတ်အပြင် သွားရည်စာကို အလွှတ်မဲ့တဲ့ စားတဲ့အကျင့်ပါ သူ့ကို ထိန်းခဲ့သူများဆီက ရခဲ့တယ် ထင်ပါတယ်။ အဲတော့ သွားရည်စာစုံကို စားတတ်တယ်။ ကျွန်တော်ကလည်း အမေ့သားပီသစွာ ပါးစပ်နဲ့ အစားနဲ့ မပြတ်အောင် စားတတ်လာပါတော့တယ်။ အချဉ်ထုပ်၊ အချဉ်ပေါင်းဆိုလည်း ကျွန်တော်က သာမန် မိန်းကလေးတွေထက်တောင် ကြိုက်တတ်သေးတယ်။ လက်ဖက်ဆိုလည်း အသေအလဲ။

အဲတော့ ကျောင်းအိပ်ကျောင်းစားနေတဲ့အခါ ငတ်တော့တာပေါ့ဗျာ။ ရတဲ့ မုန့်ဖိုးဆယ်ပြားက ဘယ်လောက် အရာရောက်မှာလဲ။ စားကလည်း စားချင်၊ ပိုက်ဆံကလည်း မရှိနဲ့။ နောက်ဆုံးတော့ စားချင်တဲ့စိတ်ကို မလွန်ဆန်နိုင်တာနဲ့ မုန့်ဈေးတန်းမှာ အလစ်သုတ်ပါရောလား။

တစ်ခါလား၊ နှစ်ခါလားပဲ သုတ်လိုက်ရတယ်။ ဆိုင်ရှင်က မိသွားလို့ ဆရာတွေဆီလား၊ ကျောင်းအုပ်ကြီးဆီလား မသိ ရောက်သွားခဲ့ရပြန်တာပေါ့။ ကျွန်တော် နာမည်ဆိုးပြီပေါ့။

ဒါပေသည့် ကျွန်တော့် မိဘတွေ၊ အုပ်ထိန်းသူဖြစ်တဲ့ တောင်ကြီးက အင်ဂျင်နီယာကြီးဆီတော့ သတင်းမပို့ခဲ့ဘူး ထင်ပါရဲ့။ သို့သော် အေးနိုင်ကတော့ သူ့မိဘတွေဆီ သတင်းပို့ခဲ့မယ် ထင်ပါတယ်။ ကျွန်တော် အလစ်သမားပေါ့ဗျာ။

အေးနိုင်ဆိုလို့ သူက တောင်ကြီးကျောင်းမှာ ဆူးတွေ ထပ်စိုက်ပေးခဲ့တာတွေ ရေးရဦးမယ်။

ဆူးတောင်များ

လာပိတနဲ့ တောင်ကြီးကြားမှာ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ရုံးကားတွေ ယာဉ်တန်းနဲ့ သွားရလေ့ ရှိတယ်။ အဲဒီ့အချိန်က ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်ရဲ့ အခြေအနေက ဘေးကင်း လုံခြုံတဲ့ အနေအထား မဟုတ်ဘူး။ ရောင်စုံသူပုန်ရော၊ တိုင်းရင်းသား လက်နက်ကိုင်ရော၊ ဓားပြရော ပေါင်းစုံ ရှိနေချိန်မို့ ကားတစ်စီးတည်း သွားလို့ မဖြစ်ဘူး။

အမေတို့က ကျွန်တော့်အတွက် စားစရာ အခြောက်အခြမ်းလေးတွေကို ယာဉ်တန်းကြုံတဲ့အခါ ပို့ပေးကြပါတယ်။ ခက်တာက လက်နှိပ်စက်စာရေးက သူ့သားဆီ ပို့တာဆိုရင် ယာဉ်မောင်းတွေက တခုတ်တရ ပို့မပေးမှာ စိုးကြတာပဲ။

အဲတော့ အဖေက အေးနိုင့်အဖေနာမည်နဲ့ အေးနိုင်ဆီ ပို့သလို လုပ်လုပ်ပြီး ပို့တယ်။ စာလေးတော့ ပါတာပေါ့ဗျာ။ အေးနိုင်ဆီ တစ်စောင်၊ ကျွန်တော့်ဆီ တစ်စောင်ပေါ့။ ကျွန်တော့်စာထဲမှာ အေးနိုင်နဲ့ မျှစားဖို့ပေါ့။ သူ့ဆီတော့ ဘယ်လို ရေးမယ် မသိဘူး။

ရောက်လာရင် အေးနိုင်က ယူရတယ်။ အဲတော့ ကျွန်တော် ငတ်တာပေါ့ဗျာ။ အေးနိုင်က သူ့နာမည်နဲ့လာတာ၊ သူပဲဆိုင်တယ်ဆိုပြီး အပြတ်အသား လက်ဝါးကြီး အုပ်လိုက်တယ်။ ပုလင်းထဲက ငါးပိကြော်၊ ဘာလချောင်ကြော်စတာတွေဟာ အမေ့လက်ရာမှန်း သိသိကြီးနဲ့၊ မြင်နေရလျက်သားနဲ့ တစ်တို့မှ တို့ခွင့်မရတော့ဘူး။ အဲဒါ တစ်နှစ်လုံးပါပဲ။

အဲ… အဲသလို ခံရတဲ့အပြင် ညတိုင်ကျရင်လည်း သူ့ခုတင်ကို ကူးလာခိုင်းပြီး ဆရာဝန်လုပ်တမ်း ကစားပြန်ပါသေးတယ်။ ထုံးစံအတိုင်း ကျွန်တော့်ရဲ့ ပုဂ္ဂလိက အစိတ်အပိုင်းတွေကို သူ့စိတ်ကြိုက် ကိုင်တွယ်တော့တာပဲပေါ့။ ဆရာဝန် လုပ်တမ်းကစားတယ်ဆိုပြီး ကွန်ပါနှစ်ဖက်ချွန်ကလည်း ပါသေးတယ်။

ကျွန်တော်က အဖေ ပျိုးထောင်ပေးထားတဲ့ အလေ့အကျင့်ကောင်းလေးကြောင့် အရာရာကို ကြောက်တတ်သူ။ ကျွန်တော့်ထက် အကောင်ကြီးတဲ့ အေးနိုင်ကိုလည်း အဖေ့ ကျေးဇူးနဲ့ပဲ ငယ်ကတည်းက အသေ ကြောက်ရတော့ သူပြုသမျှ နုရတာပေါ့ဗျာ။

ကံက ကောင်းချင်တော့ တစ်ညမှာ အဆောင်မှူးနဲ့ အတန်းကြီးက အစ်မကြီးတွေက ကျွန်တော်တို့ကို ဖမ်းမိသွားတယ်။ အေးနိုင်က သူ့လက်ထဲက ကွန်ပါနှစ်ဖက်ချွန်ကို ကျွန်တော့်လက်ထဲ ဘယ်အချိန် ထည့်လိုက်မှန်း မသိဘူး။ သိတဲ့အချိန်မှာ ကျွန်တော်က သူ့ကို သေကြောင်းကြံပါတယ်လို့ အစွပ်စွဲခံနေရပါပြီ။

အရာရှိကြီးသားနဲ့ စာရေးသား၊ ဘယ်သူ့စကား အောင်မလဲဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ ကျွန်တော် ဘယ်လောက် ငြင်းငြင်း၊ ကျွန်တော်ပဲ အရေးယူခံရပါတယ်။ အရိုက်ခံရပါတယ်။ ကျွန်တော့်မှာက မုန့်ဈေးတန်းမှာ အလစ်သုတ်ဖူးတဲ့ ရာဇ၀င်ကလည်း ရှိနေတော့ ဆိုးတာ ကျွန်တော်သာ ဖြစ်ရမှာပေါ့။ အေးနိုင်လို နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ လူကြီးလူကောင်း သားသမီးက မဟုတ်တာ ဘယ်ပြောပါ့မလဲနော်။

အရေးယူခံရတာ တစ်ခုကောင်းသွားတယ်။ အေးနိုင်နဲ့ ကျွန်တော်နဲ့ကို ခုတင်ချင်း ကပ်လျက် မထားတော့ဘဲ တောင်ထိပ်နဲ့ မြောက်ထိပ် ထားလိုက်ပါတယ်။ အဲတော့ ညတိုင်ကျရင် ကျွန်တော် ခံနေရတဲ့ ၀ဋ်က ကျွတ်သွားပါတော့တယ်။

ဝါသနာဘာဂီ

ကျောင်းဝင်းတစ်ခုတည်းမှာပေမယ့် ကျောင်းနေဘ၀နဲ့ အဆောင်နေဘ၀ချင်းက မတူခဲ့ဘူး။ ကျောင်းနေဘ၀မှာတော့ ကျွန်တော့် ဇတွေ ပြလာခဲ့တယ်။ ကဗျာရွတ်ပြိုင်ပွဲမှာ ဆုရတယ်။ ဗျိုင်းလေး နှစ်ကောင်ပုံနဲ့ စားပွဲတင် ပန်းပုလေး ဆုရတာပါ။

အဲဒါကို အကြောင်းပြုပြီး ကျွန်တော်တို့ထက် နှစ်တန်းကြီးတဲ့ အစ်မကြီးတွေနဲ့ ခင်လာတယ်။ သူတို့က နေ့လယ် မုန့်စားဆင်းချိန်ဆို ကျွန်တော့်ကို ခေါ်ပြီး သီချင်းဆိုခိုင်းတယ်။ ဖိုးဆိုချင် ကျွန်တော်ကလည်း ဆိုတာပေါ့။ အကျိုးကျေးဇူးက သူတို့က မုန့်တွေ ကျွေးကြတယ်။ အဲတော့ ကျွန်တော့် အငတ်အာသာလည်း ပြေတန်သလောက် ပြေသွားပါတော့တယ်။

အဲဒီ့ကမှ ကျောင်းနံရံကပ်စာစောင်မှာ ကဗျာဝင်ရေးတော့ အရွေးခံရတယ်။ ကိုယ့်ကိုယ်ကိုယ် ဧရာမ ကဗျာဆရာကြီးလောက် သွေးနားထင် ရောက်သွားပါတော့တယ်။

မှတ်မှတ်ရရက ကျောင်းပြဇာတ်မှာ သရုပ်ဆောင်တာပါ။ အမျိုးသားပညာဝန်ဦးဖိုးကျားရဲ့ နာမည်ကျော် ဘိလပ်ပြန် မောင်သောင်းဖေ ပြဇာတ်မှာ မောင်သောင်းဖေ အဖြစ် သရုပ်ဆောင်ရတာပါ။

ကျွန်တော့်မှာ အ၀တ်အစား မရှိလို့ အတန်းထဲက နေ့ကျောင်းသား သူငယ်ချင်းတစ်ယောက်ဆီက ငှားဝတ်ရတာလည်း မှတ်မိတယ်။ ဦးဖိုးကျားအဖြစ် သရုပ်ဆောင်ပေးတဲ့ တောင်ကြီးသား ကုလားဆင် လူပုံချောချော အတန်းဖော် သူငယ်ချင်းကိုလည်း စာရေးရင်း မျက်စိထဲမှာ မြင်ယောင်လာတယ်။ နာမည်တွေတော့ မမှတ်မိတော့ဘူး။

စာရေးချင်၊ သီချင်းဆိုချင်၊ သရုပ်ဆောင်ချင်တဲ့ ဇဟာ ဆယ်နှစ်သားအရွယ် တောင်ကြီးမှာ ပထမဆုံး စပြခဲ့တယ်လို့ အတိအလင်း ပြောနိုင်ပါလိမ့်မယ်။

ကျောင်းစာမှာတော့ ကျွန်တော်က အတန်းထဲမှာ အဆင့် ၁၀ ၀န်းကျင်မှာပဲ အမြဲရှိနေခဲ့ပါတယ်။ ပထမတော့ တစ်ခါမှ မရဖူးဘူး မှတ်တယ်။ လစဉ်စာမေးပွဲတွေမှာ ဒုတိယ၊ တတိယလောက်တော့ တစ်ခါတစ်လေ ချိတ်ပါတယ်။ အေးနိုင်ကတော့ စာညံ့တယ်။ အတန်းထဲက နောက်ဆုံးနား ပွတ်ကာ သီကာ အဆင့်မှာပဲ အမြဲရှိတယ်။

တကယ် ဖြတ်သန်းခဲ့ရတုန်းကတော့ အဲဒီ့တစ်နှစ်ဟာ မနည်းမနော ကြာခဲ့ပါတယ်။ ခုခါမှာ ပြန်ငဲ့စောင်းကြည့်တော့လည်း မှိန်ပျပျ အရိပ်လေးတွေပေါ့။

အဟဲ… တောင်ကြီးမှာ ကျောင်းနေခဲ့တာနဲ့ ပတ်သက်လို့ အထူးခြားဆုံးတစ်ခု ကျန်သေးတယ်ဗျ။

အဲဒါက အဲဒီ့တစ်နှစ်လုံးမှာမှ ကျောင်းရောက်ပြီး တစ်ခါပဲ ရေချိုးခဲ့တာပါပဲ ခင်ဗျ။ တစ်ခါဆို တစ်ခါတည်းနဲ့ မှတ်သွားတာမို့ တစ်နှစ်လုံး ကျွန်တော် ရေမချိုးတော့ပါဘူး။

ပြောခဲ့တဲ့အတိုင်း ကျွန်တော်က ရေနွေးနဲ့ ရေချိုးတာကို အလွန်ကျင့်သားရနေသူပါ။ နွေရာသီမှသာ ရေအေးနဲ့ ရေချိုးပြီး လောပိတမှာ အေးတဲ့အခါဆိုလည်း အမေက ရေနွေးကျိုပေးတာမို့ ရေနွေးနဲ့သာ ချိုးကျင့်ရှိပါတယ်။

တောင်ကြီးရဲ့ ခိုက်ခိုက်တုန်တဲ့ ရာသီဥတုနဲ့ ကျွန်တော်နဲ့က ဟန်မကျပါဘူး။ ကျောင်းအိပ်ကျောင်းစားဆိုတော့ ကျွန်တော့်ကို ဘယ်သူက ရေနွေးတည်ပေးမှာလဲဗျာ။ အဲတော့ ရေအေးနဲ့ ချိုးမိပါတယ်။ လူ့ကို တစ်ခါတည်း ရှင်ချင်စော်နံသွားပါတော့တယ်။

အဲတော့လည်း နောက်မချိုးတော့ဘူးပေါ့။ တစ်ခါတည်း မှတ်သွားပါတယ်။ မနက်မိုးလင်းရင် မျက်နှာသစ်၊ သွားတိုက်၊ ခြေလေးလက်လေး မရတရဲဆေး။ ညနေ ကျောင်းဆင်းရင် ခြေလေးလက်လေးဆေး နောက်တစ်ခါ မရဲတရဲဆေး။ အဲလိုနဲ့ပဲ တစ်နှစ်တာကို ကျော်ဖြတ်ခဲ့ပါတယ်။

သည်အပိုင်းမှာ ပြောကြတာ

Nwe Zaw အမျိုးသား ပညာဝန် ဦးဖိုးကြား ၊ မရတရဲ စာလုံးပေါင်း မှားနေသလားလို့ပါ ဆရာ ‘စာအုပ်ထွက်ဖြစ်ရင် ဝယ်မယ်နော်’

ATK ကျေးဇူးပါ Auntie Nwe Zaw ပြင်လိုက်ပါ့မယ်။ ရဲရဲ ပြောပါလေ။

‘Song Thiri’ စာဖတ်ပြီးတော့ ချဉ်ဖတ်နံ့တွေရနေသလိုပဲ ဆြာ

Aung Thein Kyaw အွင်… ဘိုဖိတာတုံး

‘Song Thiri’ တစ်နှစ်လုံး ရေမချိုးဘဲ နေနိုင်တာကိုး

ATK အဲဒါ ချဉ်ဖတ် မဟုတ်ဘူးလေ။ နပိ။

‘Song Thiri’ အွိ နပိမစားရဲအောင် မပြောပါနဲ့ ဆြာ

ATK အို… သများ ခုနစ်ရက် ရေမချိုးဘဲနေတောင်မှ နပိလောက် အနံ့ ပြင်းပြင်း မထွက်ပါဘူးကွယ်။

Rita Aung NY တနှစ်လုံးရေမချိုးတဲ့ ကျောင်းသားကို ဘယ်သူကမှသတိမထားမိဘူးလားဟင်

ATK တူရို့လည်း ချိုးဂျဝူးနဲ့ တူဒယ်ဂျ

Nge Thar အနံ့အသက် မကောင်းစွာနဲ့ စောင့်ပေဦးပေါ့

Lutha Kyaw ဆရာ့ ဘဝက အတော်စိတ်ဝင်စားစရာပဲ။ အဲသည်တုန်းက လူကြောက်တတ်သူက နောက်တော့ (ဆရာ့ရေးသားချက်ထဲမှာဖော်ပြထားသလို ) လူ မကြောက်တတ်သူ ဖြစ်လာတယ်။ အချိန်ပေး ရေးလို့ ကျေးဇူးပါ။

Thaw Tar San ရေမချိုးပဲ စောင့်ဖတ်မယ်ဆြာ…

Ei Yupar Win ဆရာရေ.. တံခိုးလား တန်ခိုးလားဟင်။

ATK အဲ… ပြန်ရှာကြည့်လိုက်ဦးမယ် 🙂

Soe Myat Myo Shwe တန်ခိုး.. . ပြောမို့ဘဲ

ATK အမှန်နော်… သည်နှစ်ယောက်ကို ယုံပြီး ပြင်ပလိုက်မယ်။ ထရှာရမှာ ပျင်းလို့ 😛

May Thandar Win ဆရာ တံခိုး ဖြစ်နေတုန်းပဲ။ မပြင်ရသေးဘူးထင်တယ်း)

Soe Myat Myo Shwe အမှန်လို့ အာမခံမယ့်သူမရှိမချင်း သို့မဟုတ် ထကြည့်မပြီးမချင်း မပြင်သေးဘူးထင်တာပဲ 😀

ATK ရုပ်မြင်သံကြားတန်ခိုး၊ မြန်မာကားတန်ခိုးတော့ ပြင်ထားတယ်လေ။ နောက် ဘယ်နား ကျန်ဒေးလဲငင်င်င်င်… သများက ပျင်းဘာရယ်ချိုမ 🙂

May Thandar Win အဲနေရာပဲလေ.. တံခိုးပဲဖြစ်နေတုန်းလိုင်းမကောင်းလို့ထင်တယ်

အဟောင်းထဲက အစုတ်တွေ – ၂

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်

အဖေ့ဘောင်းဘီတို

HMS_Fal_1943_IWM_FL_10071ရန်ကုန် ပြဇာတ်အသင်းအကြောင်း ပြောတဲ့အခါ အဖေ့ဘောင်းဘီတို ကျေးဇူးကိုလည်း မေ့လျော့လို့ မဖြစ်ပြန်ချေဘူး။

ကျွန်တော့်အဖေက ဘားမာနေဗှီလို့ အဲဒီ့အချိန်က ခေါ်ခဲ့တဲ့ မြန်မာ့ရေတပ်မှာ တပ်သားအဖြစ် အမှုထမ်းခဲ့ဖူးတယ်။

သရက်မြို့သားအဖေနဲ့ မန္တလေးသူအမေတို့ ရေစက်ဆုံတာ အဲဒါကြောင့်လို့လည်း ဆိုရမယ်။

အဖေ တာဝန်ကျတဲ့ သင်္ဘောက မြန်မာ့ရေတပ်ရဲ့ ပထမဆုံး အလံတင်သင်္ဘော မေယု (UBS May Yu) စစ်သင်္ဘောပဲ ဖြစ်ပါတယ်။

သည်နေရာမှာ မြန်မာ့ရေတပ်ပေါ်ပေါက်လာပုံကို သိထားဖို့ လိုမယ် ထင်ပါတယ်။

ဘားမားနေဗှီ

အကြီးကြီးတွေ လျှောက်ပြောချင်ရင်တော့ ဗမာ့ရေတပ်ဟာ ၁၅ ရာစုကတည်းက စတင် ပေါ်ပေါက်ခဲ့တာလို့ ၀ါလို့ ရပါတယ်။ တကယ်တော့ အဲဒီ့ရေတပ်ဟာ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်မှာသာ တွင်ကျယ်ခဲ့တဲ့၊ လှေတစ်စီးပေါ်မှာမှ လှေသား ၃၀ လောက်သာ ပါတဲ့၊ ၁၈ ရာစုလောက် ရောက်တော့မှ ၆ ကနေ ၁၂ ပေါင်ဒါ (၆ ပေါင်မှသည် ၁၂ ပေါင်လေးတဲ့ သံတုံးကြီးတွေကို ပစ်လွှတ်နိုင်စွမ်း)ရှိတဲ့ အမြောက်တွေ တပ်ဆင်ထားတဲ့ ရှင်ဘုရင့် ရေတပ်ပါ။

အဲဒါတွေက ကိုလိုနီလက်အောက်ခံဘ၀ကို ရောက်သွားတဲ့အခါမှာ အပြီးတိုင် ချုပ်ငြိမ်း သွားခဲ့ပါတယ်။

တကယ့် ဘားမားနေဗှီရဲ့ ကလလရေကြည်က ၁၉၄၀ ပြည့်နှစ်မှာ သန္ဓေတည်ခဲ့ပါတယ်။ အဲဒီ့အချိန်က အုပ်ချုပ်နေသူ ဗြိတိသျှတို့က ဘားမားနေဗှီကို စတင် တည်ထောင်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ မဟာမိတ်တပ်များနဲ့အတူ ဂျပန်ကို တိုက်ဖို့အတွက် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ကမှ လွတ်လပ်ရေး ရခါနီး ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ တပ်သား အင်အား ၇၀၀ နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဗြိတိသျှတွေကပဲ ဖွဲ့စည်းပေးတာ ဖြစ်တဲ့အပြင် ရေတပ်အတွက် သင်္ဘောတွေကိုလည်း ဗြိတိသျှ တော်ဝင်ရေတပ်က သင်္ဘောတချို့ကို လက်လွှဲပေးခဲ့ပါတယ်။

အတိအလင်း ပြောရရင်တော့ ဘားမားနေဗှီဟာ ဗြိတိသျှစနစ်သက်သက်ကနေ ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။ ကြည်းတပ်နဲ့ မတူပါဘူး။

သန္ဓေချင်းတော့ မတူခဲ့ကြပါလေ

ကြည်းတပ်က ရဲဘော်သုံးကျိပ်က စတာပါ။ အဲဒီ့အချိန်က စစ်သွေးကြွ ဂျပန်စနစ်က ဆင်းသက်တာပါ။ တချို့က ငြင်းချင်ကြတယ်၊ ၁၉၄၅ ခုနှစ် ကန္ဒီစာချုပ်အရ ဗြိတိသျှ လက်အောက်ခံ ဗမာ့တပ်ရင်းနဲ့ ပူးပေါင်းခဲ့တာမို့ ဂျပန်စနစ်ကို နို့သက် မခံပါဘူး၊ ဘာညာပေါ့။

ဒါပေမယ့် ဗိုလ်မှူးကြီးဟောင်း တင်မောင် (မြတ်ထန်) အပါအ၀င် ရှေးတပ်မှူးဟောင်းကြီးတွေရဲ့ မှတ်တမ်းများအရ မြန်မာ့ကြည်းတပ်ဟာ ဂျပန်စနစ်ကိုသာ အမွေခံကျင့်သုံးခဲ့တယ်ဆိုတာ လယ်ပြင်မှာ ဧရာမ လယ်ထွန်စက် နီနီရဲရဲကြီး တလိမ့်လိမ့် သွားနေသလို ထင်ရှားပါတယ်။

ဗြိတိသျှ အငွေ့အသက်တွေ အပြည့်ရှိနေသေးချိန်မှာ ကျွန်တော့်အဖေက အဲဒီ့ ဘားမားနေဗှီမှာ အမှုထမ်းခဲ့တာပါ။ ၁၉၅၀ ပြည့်ကျော်စ ဖြစ်ပါလိမ့်မယ်။ (အဖေ့ ရေတပ် ၀တ်စုံနဲ့ မေယုသင်္ဘောပေါ်က ပုံတွေကတော့ အမေ့လက်ချက်နဲ့ တစ်ပုံမှ မကျန်ရှာတော့ပါဘူး။)

သူတို့ဖူးစာ ကျွန်တော့် ကြမ္မာ

ဘားမားနေဗှီရဲ့ ပထမဆုံး စစ်သင်္ဘောကြီး မေယုကို ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လည်ကြွားတော့ မန္တလေး ဂေါဝိန်ဆိပ်ကို ရောက်ပါတယ်။ ၁၉၅၁ ခုနှစ်လောက် ဖြစ်မယ် ထင်တယ်။ (အမေ့ကို သေချာ မမေးလိုက်မိဘူး။)

အမေက အဲဒီ့အချိန်မှာ မန္တလေး စိန့်ဂျိုးဇက်(ဖှ်) ခန်ဗှယ့်(န်)(ထ်)က ကျောင်းဆရာမ။ သူ့တပည့်တွေနဲ့ မေယုစစ်သင်္ဘောကြီးကို သွားရောက် ရင်သပ်ရှုမောကြ။ သင်္ဘောသားလေး (ကုလားဆင်) အဖေနဲ့ စက္ခုရူပေန သံဝါသ။ အမေ့ဘ၀ ကံဆိုး မိုးမှောင်ကျခြင်းရဲ့ အစ။

အဖေနဲ့ တပ်၊ တပ်နဲ့ အဖေ

အဖေက တကယ်တော့ တိုင်းပြည်ချစ်လို့၊ အသည်းကောင်းလို့ တပ်ထဲ ၀င်တာ မဟုတ်ပါဘူး။ တကယ်တိုင်းပြည်ချစ်၊ အသည်းကောင်းရင်လည်း ရေတပ်ထက် ကြည်းတပ်ကို ပိုမက်မှာပေါ့ဗျာ။ ဟုတ်ဘူးလား။

ရေတပ်ကို ၀င်တာက ကြည်းတပ်ထက်စာရင် သေကိန်းနည်းမယ်လို့ တွက်ခဲ့ပုံ ရပါတယ်။

အဖေ့မှာ သူ့ဘ၀အတွက် လောက်လောက်လားလား အားကိုးစရာ မရှိပါဘူး။ သူ့အဖေက ကိုလိုနီ လက်ထက်တုန်းက ပုလိပ်ဖြစ်ခဲ့ဖူးပေမယ့် မိသားစုကို ထောက်ပံ့နိုင်ပုံ မရဘူး။ အိမ်ထောင်ကလည်း နှစ်အိမ်ထောင်နဲ့။ အဖေက ပထမအိမ်ထောင်က မွေးတာ။ အဖေ့အမေကလည်း ဘာအလုပ်မှ လုပ်ပုံမရဘူး။

ကျွန်တော့်မှာ ထင်ကြေးတွေ လျှောက်ရေးနေရသလို ဖြစ်နေပါတယ်။ အဖေနဲ့ ပတ်သက်လို့ ကျွန်တော် ဘာမှ ကောင်းကောင်းကန်းကန်း တိတိကျကျ မသိလို့ပါပဲ။ အဖေက သူ့ဇာတ်ကြောင်းကို ပြန်ပြောင်း ပြောချင်စိတ် ရှိကောင်း ရှိနိုင်ခဲ့ပေမယ့် အဖေနဲ့ ကျွန်တော့် ဆက်ဆံရေးက မနွေးထွေးခဲ့တာမို့ ဖအေရယ် သားရယ်ဆိုပြီး ကြည်နူး ပြောဆိုရချိန် မရှိသလောက် ပါးရှားခဲ့ပေတာကိုး။

အဲတော့ အဖေဟာ အင်္ဂလိပ် မြန်မာ ခုနစ်တန်းလောက်မှာ ရန်ကုန်မြို့ကို တက်လာ၊ ဆွေနီးမျိုးစပ်ဆီမှာ ကပ်နေ၊ ကြုံရာကျပန်း လုပ်ရင်းက သူ့အတွက် အနေအစားချောင်မယ်လို့ ယူဆရတဲ့ ရေတပ်ကို ရွေးချယ်ခဲ့တယ်လို့ ကျွန်တော် နားလည်ထားပါတယ်။ အဖေ့ စိတ်ဓာတ်ကို ကျွန်တော် ကောင်းကောင်းကြီး သိတဲ့အတွက် သည်လို ရဲရဲကြီး ရေးလိုက်တာပါ။

အဖေ့အတွက် အဲဒီ့အရွယ်မှာ အသက်ရှင်ရပ်တည်ဖို့က ပဓာန ဖြစ်ပါတယ်။ မျိုးချစ်စိတ်တွေ၊ ဇာတိမာန်တွေ အတွက် သူ့ခမျာ အချိန်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ထမင်းတောင် နပ်မမှန်နိုင်တဲ့ ဘ၀မှာ ဇာတိမာန်ကလည်း ထမင်းဝစေမှာမှ မဟုတ်တာပဲလေ။

အဲ… အမေနဲ့ တွေ့တော့ ဆရာဇော်ဂျီရဲ့ သော့တွဲနဲ့ နတ်ရုပ် ဇာတ်လမ်းအတိုင်း ဖြစ်ကုန်သလား မသိပါဘူး။

အမေ့ဇာတ်လမ်း

အမေ့မှာကလည်း သူ့ဒုက္ခနဲ့သူ။

အမေ အပျိုပေါက်မှာ သူ့ထက် အသက်များစွာကြီးပြီး နှစ်ဖက်အမျိုးစပ်ရင် ပတ်သက်တဲ့ ဆွေနီးမျိုးစပ် တယောက်နဲ့ ငြိတယ်။

အဲသလို ငြိမှန်းလည်း သိကြရော တစ်မျိုးလုံး တစ်ဆွေလုံးက ဓားကြိမ်းကြိမ်းတယ်။ အမေ့ကို ၀ိုင်းနှိပ်စက်ကြတယ်။ ထမင်းစားခန်းထဲ အမေထိုင်နေရင်တောင် အပျင်းပြေ ကန်သွားတဲ့သူနဲ့၊ အလကား သက်သက်မဲ့ နားရင်းအုပ်သွားတဲ့သူနဲ့။ အစ်ကိုနဲ့ ဘထွေးတွေက ၀ိုင်းဘေနေကြတာ။

ဒဏ် မခံနိုင်တော့တဲ့အဆုံး အဲဒီ့လူနောက် အမေက လိုက်ပြေးခဲ့တယ်။

သည်အပိုင်းမှာ ပြောကြဆိုကြတာလေးတွေ

Mung Shadan ဆြာရေ ဒီလောက်အလုပ်များတဲ့ ကြားကဒီလို အနှစ်တွေရေးဖို့ အချိန်ဘယ်လိုများ စီမံယူနိုင်တာလဲဗျ။ အမှတ်မထင် ဖတ်ရင်းဖတ်ရင်းနဲ့ ခုတော့တမေ့တမော ဆန့်တငင်ငင် စောင့်ဖတ်နေရပြီ။

Htar Htar Myint ဆရာကြီးကလည်း တထောင့်တညပုံပြင်ဇတ်လမ်းဖြစ်လာနေပြီ

ATK ခွင့်လွှတ်တော်မူကြပါ။ ရေးရင်းနဲ့ စိတ်ကူး ပြောင်းသွားလို့ပါ။ အစကတော့ အမှတ်တရလေး အဖြစ် ရေးမလို့ပဲ။ ရေးရင်းနဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ ပုံစံဘက်ကို မသိမသာ ၀င်သွားတာလေး သတိထားမိလာတယ်။ 

ကိုယ့်ကိုယ်ကိုယ် အသက်ရှည်ရှည် နေရမယ်လို့လည်း သိပ်မှန်းမထားမိတော့ အဲဒါလေးကို ရှင်နေတုန်း၊ ရေးနိုင်တုန်းလေး ရေးသွားမယ်လို့ စိတ်ကူးနေတာ နည်းနည်းတောင် ကြာနေပြီ။ ဘယ်က စရမှန်း မသိဖြစ်နေတာ။

အခု ဒါကို ရေးရင်းနဲ့ လက်တွေ့လာတယ်။ သည်ပုံစံနဲ့ ရေးတာက နည်းနည်း ပိုပေါ့ပါးနေတာကိုလည်း တွေ့ရတယ်။ ဒါ့ကြောင့် မူလရည်ရွယ်ထားတဲ့ လမ်းကြောင်းကနေ အားပါးတရ ချော်ထွက်သွားပြီး အဲဒီ့ဘက်ကို ရောက်သွားတာပါ။

ပြောပါပကော… သူများက လက်သင်စာရေးသူလေးပါလို့။ ဂလောက်တော့ ရှိမှာပေါ့နော်

Khin Myo ဘာပဲပြောပြောဖတ်ရင်း စောင့်ရင်း စောင့်နေရင်းဖတ်ရင်းနဲ့ပါပဲ မဖတ်ပဲမှမနေနိုင်ပဲနော့

Thet Chow ဖတ်လို့ကောင်းလိုက်တာ။ ဒါနဲ့ စကားမစပ် ဦးအံ့ကြီးအကြောင်းကော အဆုံးသတ်ပလား။

ATK အဲဒါက တစ်ချိန်ချိန်တော့ အဆုံးသတ်မှာပါ။ အခုထက်ထိတော့ အဲဒီ့အကြောင်း အဆုံးသတ်ဖို့ စိတ်ကူး မရှိသေးဘူးခည 🙂

၀၁၅ ခုနှစ် မတ်လ ၁ ရက်

အမေ့ဇာတ်လမ်း (အဆက်)

လိုက်သာ ပြေးတာ၊ သိပ်ကြာကြာတော့ မပေါင်းလိုက်ရဘူး။ စရိုက်ချင်းက မတူ၊ သူ့အိမ်မှာ မင်းသမီးတစ်ပါးလို နေခဲ့ရတဲ့ အမေဟာ ယောက္ခမအိမ်မှာ အစေခံတစ်ယောက်လို မနေနိုင်၊ သူ့ကို ဖျားယောင်းပေါင်းသင်းခဲ့သူကလည်း မေတ္တာရှိလို့ မဟုတ်ဘဲ သွေးသားဆန္ဒ ဖြေရုံသက်သက်သာမို့ နောက်ဆုံးမှာ အမေလည်း မိဘအိမ် ပြန်ရောက်ခဲ့တာပေါ့။

ခေတ်ကို ပြန်တွက်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ဆယ်ကျော် ရှစ်ဆယ်နီးပါး။ အသိုင်းအ၀ိုင်းက မန္တလေး။ ခေတ်အမြင် ခေတ်အတွေးနဲ့ ဝေးစွ ခြောက်ပါး။

နှစ်ပေါင်း ၇၀၊ ၈၀ အသာထားဦး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်မှာတောင် ဂေါဝိန်ဆိပ်အနီး ပိုက်ကျုံးရပ်မှာ ကျွန်တော် ကားတိုက်တာကို ၈၁ လမ်းနဲ့ ၁၉ လမ်းထောင့်နားလောက်ဆီမှာ ရှိတဲ့ ကျွန်တော့်အိမ်က လူတွေ ကျွန်တော် အိမ်ပြန်မရောက်ခင် သိနှင့်နေပြီးဖြစ်တဲ့ ရွာဓလေ့နဲ့ ရွှေမြို့တော်ကြီး။ အဲဒီ့ခေတ်က ပါလေရာဖုန်း ဝေးစွ၊ ကြိုးဖုန်းတောင် မန်းရွှေမြို့မှာ လောက်လောက်လားလား ရှိသေးတာ မဟုတ်ဘူးနော်။ ကားတိုက်တဲ့ နေရာနဲ့ ကျွန်တော့်အိမ်နဲ့က မရှိဘူးဆို သုံးမိုင်လောက်တော့ ဝေးသေးတာ။ ကျွန်တော်ကသာ မသိတာ၊ ကျွန်တော့်ကို ဘယ်သူ၊ ဘယ်အရပ်ကမှန်း တန်းသိနေတဲ့သူတွေက ရွှေမြို့တော် လေးပြင် လေးရပ်မှာ တစ်ပြုံနဲ့မှ တစ်မကြီးရယ်။

တစ်ခုခုဆို သူတို့တွေက ကိုယ့်ထမင်းကိုယ်စား၊ နေပူနေရင် ထီးဆောင်း၊ ဖိနပ်အပါးခံပြီးကို တကူးတက သတင်းပေးခဲ့ကြတာကလား။ ချစ်စရာ ရွာဓလေ့ပေပ။

အဲသလို ရွာစရိုက်နဲ့ဆိုတော့ လင်နောက်လိုက်ပြေးဖူးတဲ့ အမေ့ခမျာ လူသာ ဆက်လုပ်နေရတာ၊ တကယ့်တကယ်က စိတ်မလုံခြုံနိုင်တော့ဘူး။

မန်းရွှေမြို့မှာလည်း သူ့ကို တကယ် တည်တည်တံ့တံ့ လက်ထပ်ပေါင်းသင်းလိုတဲ့ သူကောင့်သားက ပါးရှားသွားပြီ။ မြို့က အဆိုတော်တစ်ယောက်ကတော့ အမေ့ကို စွဲစွဲလန်းလန်းနဲ့ မြို့မဆရာငြိမ်းကို သီချင်းတစ်ပုဒ် ရေးခိုင်းပြီး ဆိုခဲ့သေး ဆိုပဲ။ ဘယ်သူဆိုတာ ပေါ်သွားမှာစိုးလို့ ကာယကံရှင်ကို အားနာသောအားဖြင့် ဘာသီချင်းဆိုတာတော့ မပြောတော့ဘူးနော်။ သီချင်းက နောက်ပိုင်းမှာ လူသိများတဲ့ သီချင်းပါပဲ။ ၀င်းဦးတောင် ဆိုသွားဖူးသေးတယ်။

သို့သော် တကယ်တမ်းမှာ အမေက တစ်မြို့တည်းသားတွေကို မယုံရဲဘူး ဖြစ်နေတာပေါ့။

ကြောင်ခံတွင်းပျက်

သည်အခြေအနေမှာ အဖေကလည်း ကြောင်ခံတွင်းပျက်။ ဆိုခဲ့တဲ့အတိုင်း တိုင်းပြည်ချစ်လို့၊ သွေးကောင်းလို့ ဆန္ဒပြင်းပြင်းပြပြနဲ့ ရေတပ်ထဲ ၀င်ခဲ့တဲ့သူမှ မဟုတ်တာ။ အနေအစားချောင်မယ် အမှတ်နဲ့ ၀င်လိုက်တာ။

အမေ့ကိုလည်း မျက်စိကျသွား။ အမေကလည်း စိတ်ညွတ်နေတာနဲ့ အဖေက အမေ့ကို သွားတောင်းတော့တာပေါ့။ အဲတော့ အဘွားက ပြောလွှတ်တယ်။ ရေတပ်က ထွက်ဖို့။ သူ့သမီးကို တပ်ထဲကလူနဲ့ မပေးစားနိုင်ဘူး၊ ဘာ ညာ။

ကျွန်တော့်အဖေ (လောင်းလျာ) ဖိုးကျိုင်းတုတ်လဲ တပ်က ထွက်တော့တာပေါ့။ စိတ်ဓာတ်က အဲလို ပြင်းတာ။ (ကျွန်တော့် အတိုင်းပဲ။) 😀 

ဖြောင့်မတ်မှုရဲ့ အကျိုးကျေးဇူး
အမေက သူ့အတိတ်ကို ဖုံးမထားချင်ဘူး။ ဒါ့ကြောင့် အဘွားဆီ အဖေ လာမတောင်းခင်ကတည်းက သူ့အတိတ် ဇာတ်လမ်းကို ဖြောင့်ချက်ပေးလိုက်တယ်။

အမေ ရိုးသားသလောက် အဖေက မရိုးသားဘူးလို့ ပြောရင် မမှားလောက်ဘူး ထင်တယ်။ သည်နေရာမှာတော့ အဖေနဲ့ ကျွန်တော် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။ (တကယ်တော့ သည်နေရာမှာတင် မဟုတ်ပါဘူး။ အရာတိုင်း နီးပါးမှာ အဖေနဲ့ ကျွန်တော် ဖြောင့်ဖြောင့်ကြီးရော ကွေးကွေးကြီးပါ ဆန့်ကျင်တာတွေ ရှိပါတယ်။)

မွှန်နေချိန်မှာတော့ အမေ့အတိတ်က ဖြစ်ရပ်ကို သူနားလည်ပါတယ်၊ သဘောထားကြီးပါတယ်၊ ဘယ်လိုမှ မအောက်မေ့ပါဘူး စသဖြင့် ကောင်းပြီ ကောင်းရဲ့နဲ့ အမေ့ကို မရရအောင် ယူခဲ့ပါတယ်။

သို့သော် အဲဒီ့အချက်ကို ကိုင်ပြီး တစ်သက်လုံး အမေ့ကို နိုင်စားသွားရုံမက ကိုယ်ထိလက်ရောက် ညှဉ်းပမ်း နှိပ်စက်သွားတာတော့ ကျွန်တော့် မျက်စိအောက်တင်ပါ။

အမေ့မျိုးကောင်း ရိုးကောင်း

Matchesသည်နေရာမှာ မျိုးရိုးအရ အမေဇာတ်နာပုံလေးတွေလည်း ပြောပါရစေဦး။

ပထမဆုံးကတော့ အမေ့ အဖေဘက်က မျိုးရိုးပါ။

ဆိုခဲ့တဲ့အတိုင်း အဖေက သူ့ဇာတ်ကို မြှုပ်ထားခဲ့တာမို့ အဖေ့မျိုးရိုးနဲ့ ပတ်သက်လို့ အဖေ့ အဖေနာမည် ဦးဘိုးသော်၊ အဖေ့အမေနာမည် ဒေါ်ယုန်ဆိုတာကလွဲပြီး အဖေ့မှာ တစ်မအေတည်းပေါက် မောင်နှမ ဘယ်နှယောက်၊ ဖအေတူ မအေကွဲ ဘယ်နှယောက် ရှိမှန်း၊ ဘယ်သူတွေ ဘယ်မှာ နေကြမှန်းတောင် မသိတော့ပါဘူး။

အမေကကျတော့ ဘာကိုမဆို အကုန် တုတ်ထိုးအိုးပေါက် ရှင်းရှင်းလင်းလင်း ပြောပြထားလို့ အမေ့ ဘ၀ဇာတ်ကြောင်းကို အစုံအလင် သိထားရပါတယ်။ ဒါ့အပြင် အမေ့အမျိုးတွေ ကြားထဲမှာ ကြီးပြင်းခဲ့ရတာမို့လည်း မျက်မြင်တွေလည်း ပါပါတယ်။

အမေ့ အဘိုး ဦးရှမ်းအကြောင်းကိုတော့ တစ်နေရာမှာ ရေးခဲ့ပြီး၊ ပုံနှိပ်ထုတ်ဝေခဲ့ပြီးပါပြီ။ မဖတ်လိုက်မိသူတွေ အတွက် အတိုချုပ် ပြန်ပြောရရင် ဦးရှမ်းက တောသူဌေးပါ။ ကပိုင်ဘက်က ဆိုလားပဲ။ ဌေးတာမှ ပထမကမ္ဘာစစ် မဖြစ်ခင်က မန္တလေးမြို့ကြီးမှာ မော်တော်ကား နှစ်စီးနဲ့ နေခဲ့သူပါ။ လယ်မြေတွေလည်း အများကြီး ပိုင်ပါသတဲ့။

သူက ဒေါ်သဲနုနဲ့ အကြောင်းပါပြီး ဒေါ်သီတာ (ထင်တယ်)၊ ဦးသုခ၊ ဦးချစ်မောင်၊ ဒေါ်သော်တာ၊ ဦးလှမောင်တို့ကို မွေးပါတယ်။

ဦးရှမ်းရဲ့ ယမ်းမီးခြစ်ဆံ

ဘေးတော်ကြီး ဦးရှမ်း ချမ်းသာတာလည်း မပြောနဲ့၊ အင်မတန် ဇယားကျတာကိုး။

သူ့ကားနှစ်စီးက အလှထားတာပါ။ စီးမယ်လုပ်ရင် ဘက်ထရီ အားကုန်နေလို့ တွန်းနှိုးရပါတယ်။ အလှူ မင်္ဂလာဆောင်ရှိမှ၊ ဘုန်းကြီးကျောင်း သွားမှ ထုတ်စီးတာပါ။ ကျန်တဲ့အချိန်တော့ အကုန်လုံး စက်ဘီးပဲ စီးကြလေသတည်းပေါ့။

ညဆိုလည်း ဦးရှမ်းက မအိပ်ပါဘူး။ အဲဒီ့ခေတ်က သူခိုး ဓားပြရန်ကလည်း အခါမလပ်ရှိနေတော့ တစ်ညလုံး အိပ်ဖန်စောင့်ပါတယ်။ သူမအိပ်ကြောင်း သူခိုးသူဝှက်တွေ သိအောင် ဆေးလိပ်ခွက်လုပ်ထားတဲ့ ငါးသေတ္တာ ဘူးခွံတို့ ဘာတို့ကို တဂျောက်ဂျောက်ခေါက်လိုက်၊ ဘာလိုက် ညာလိုက်နဲ့တဲ့ဗျ။

အိမ်နေရင်း ၀တ်တာက စွပ်ကျယ်။ စွပ်ကျယ်ကိုလည်း ဘယ်လောက် ပြဲနေနေ ၀တ်သေးသတဲ့။ သူမ၀တ်တော့တဲ့ တစ်နေ့ လွှင့်ပစ်လိုက်တဲ့ စွပ်ကျယ်စုတ်ဟာ လက်နှီးစုတ်တောင် လုပ်မရအောင် စုတ်ပြဲနေပြီလို့ အဆိုရှိပါတယ်။

အဲဒီ့ထက် ဇယားကိုက်ပြလိုက်ပုံကတော့ တစ်နေ့လုံးမှ မီးခြစ်ဆံ တစ်ခြမ်းပဲ သုံးတဲ့ အမှုပါ။

အဲဒီ့ခေတ် မီးခြစ်ဆံတွေက အတော်ကောင်းပုံရတယ်။ ဆိုရှယ်လစ်ခေတ် မှိုတက် မီးခြစ်ဆံတွေနဲ့ တခြားစီဖြစ်မှာပါ။ အဲဒါတွေနဲ့သာ တွေ့ရင် ဦးရှမ်းတစ်ယောက် ဘယ့်ကလောက်များ စိတ်ညစ်ရှာမလဲ မသိဘူး။ တစ်ဘူးလုံးမှ အလွန်ဆုံး သုံးဆံလောက် ခြစ်လို့ ရတာကိုး။ ဆိုရှယ်လစ် တံခိုးကြီးပုံ ပြောပါတယ်။

အဲ… သူတို့ခေတ်က မီးခြစ်ဆံက ကောင်းတော့ အဲဒီ့မီးခြစ်ဆံ တစ်ဆံကို အလျားလိုက် နှစ်ပိုင်း ခွဲလိုက်တယ်။ တစ်ပိုင်းကို တစ်ရက် သုံးတာပါ။ မနက်လင်းတဲ့အချိန် အဲဒီ့ မီးခြစ်ဆံနဲ့ စတင်ပြီး မီးဖိုကို မီးမွှေးထား။ အဲဒီ့ မီးဖိုက မီးသွေးခဲလေးကို ပြာလေးနဲ့ အသာဖုံးပြီး အလျဉ် မပြတ်အောင် ထား၊ တစ်နေကုန်သုံး။ ည အိပ်ချိန်ရောက်တော့မှ မီးကြွင်းမီးကျန် မကျန်အောင် ရေလောင်းပြီး သတ်။

နောက်တစ်နေ့ကျတော့ ကျန်တဲ့ တစ်ခြမ်းနဲ့ မီးမွှေး၊ တစ်နေကုန်သုံး။ အဲသလို စေ့စပ်တာ။

မျိုးရိုးကြမ္မာ

သူ့သားသမီး ငါးယောက်မှာ ယောက်ျားတွေပဲ အိမ်ထောင်ကျကြတယ်။ မိန်းမတွေက အိမ်ထောင်ကျ မသွားကြရှာဘူး။

အိမ်ထောင်မကျကြဆို ကံဆိုးချင်တော့ သူ့မှာ သမီးနှစ်ယောက်ပဲ ရှိတာ၊ နှစ်ယောက်စလုံးက အနာကြီး ရောဂါသည်တွေ ဖြစ်နေတာပါပဲ။

ထူးဆန်းတာက ကျန်တဲ့ သားသုံးယောက်ကျတော့ အဲဒီ့ ရောဂါ မဖြစ်ဘူးဗျ။

သည်တစ်ပိုင်းမှာ ပြောကြ ဆိုကြတာလေးတွေ

Oakker Seithuဒီစာရဲ့ မူလ လားရာက အဆိုတော် ဦးအံ့ကြီးနဲ့ တွေဆုံခြင်းလို့ ထင်တာပဲ … မေ့တောင်မေ့နေပြီ

ATKအဏုပြင်ညာရဲ့ သဘောပေါ့ကွယ်

Htar Htar Myintဦးအံကြီး ဦးအံကြီး လို့ ပဲ သတိပေးရင်းစာဖတ်ရတယ်

ATKဟိုအိုအိုအို… ဂနိုင်တွင်းမှာလ… ဗျာ…. သင်း ကြည်ကြည်ကြူ…. သင်း ကြည်ကြည်ကြူ… နှင်းဆီဖြူ ပင်ဇလပ်တွေနဲ့… နှင်းဆီဖြူ ပင်ဇလပ်တွေနဲ့… ဝေဆာဆာ ကြိုင်ရနံ့ငယ်…. ကြိုင်ရနံ့ငယ်… ကြိုင်ရနံ့ငယ်… ဝေဆာဆာ ကြိုင်ရနံ့ငယ်…. မောင်မင်းတို့ရေ…

Mai Xinh Depဟုတ်ဘူး ဦးအံ့ကြီး မဟုတ်ဘူး အဖေ့ရေတပ်ဘောင်းဘီလားလို့ အခုထိ ရေတပ်ဘောင်းဘီ ဘာဖြစ်မှန်း မသိရသေးဘူး

ATKအဏုပြင်ညာမှော်ဆိုတာ အဲလိုဘာချိုနေမကွယ်(စ်)

Mai Xinh Depဘာမှ အဏုပြင်ညာမှော် မဟုတ်တော့ဘူး အဘိုးကြီး ဖြစ်လာတာပြတာ ခိခိ

ATKရိုင်းထှာအေ… ညည်း ဘယ်ဥက ပေါက်သဒုံး… ဂလောက်ရိုင်းဒါ

Mai Xinh Depခိခိ ဘယ်ဥက ပေါက်သလဲ ဒယ် သိပါတယ်

Wei Phyo Maungဆရာရေ ဆရာကြီးရွှေဥဒေါင်းရဲ့တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ဆရာသော်တာဆွေရဲ့ ကျွန်တော်ဘဝဇာတ်ကြောင်းစာအုပ်တွေလို ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်အုပ် ရေးပါလားဆရာ

ATKမနိုင်းကောင်း မနှိုင်းရာဗျာ။ မိုးကြိုးတွေ ပစ်ကုန်ပါ့မယ်။ ဟိုဆရာတွေက ဧရာမ ပုဂ္ဂိုလ်ကြီးတွေပါ။ ကျွန်တော်က ပါချီပါချက် ငမျောက်ငချောက်ကလေးပါ။

အဲ… သို့သော်လည်း ကျွန်တော့် သားသမီးတွေအတွက် မှတ်တမ်း မှတ်ရာလေး ကျန်ရစ်အောင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိလေး  ရေးမယ်ကြံပြီး ဒါကို အဲဒီ့ဘက် ပြောင်းတည်လိုက်တော့တာလည်း ၀န်ခံပါတယ်ခင်ဗျ။

တစ်အုပ်စာတော့ ကောင်းကောင်း ထွက်လာပါလိမ့်မယ်။

မည်သို့ပင်ဆိုစေကာမူ ဟိုဆရာကြီးတွေနဲ့တော့ မနှိုင်းပါနဲ့ ခင်ဗျ။

Thet Chowအဲဒီစာအုပ်ထွက်ရင် လိုချင်တယ်အေ။

စု စုအေးဆရာက မနှိုင်းနဲ့ပြောပေမဲ့ သူတို့လို ပွင့်ပွင့်လင်းလင်း ရေးတာ ဒီတခါပဲဖတ်ဖူးတာဆရာ။

ကျန်တာတွေက အနဲနဲ့ အများတော့ လိုတိုးပိုလျှော့ လုပ်ကြတာချည်းပဲလို့ ဖတ်လိုက်တာနဲ့ သိလောက်တဲ့ စာမျိုးတွေများသကော…

ATKဟုတ်မယ် အန်တီစုရေ… ကျွန်တော့်အပေါ်မှာတော့ ဆရာကြီး ရွှေဥဒေါင်းနဲ့ ဆရာသော်တာဆွေတို့ရဲ့ သြဇာတွေက အကြီးကြီး ရှိနေခဲ့ပါတယ်။

အထူးသဖြင့် ဆရာသော်တာဆွေပါ။

ဘ၀တစ်သက်မှာ ဆရာသော်တာဆွေကို လူချင်း တစ်ကြိမ်ပဲ ဆုံခဲ့ဖူးပါတယ်။ ဆရာ မဆုံးခင် နှစ်ပိုင်း အလိုလေးမှာပါ။

ဒါပေမယ့် သူ့စာတွေထဲက ပွင့်လင်းမှုများကြောင့် ဆရာ့ကို မြင်လိုက်တာနဲ့ ကိုယ့်ဦးလေး သားချင်းကို တွေ့လိုက်ရသလို ချစ်ခင် ရင်းနှီးတဲ့ စိတ်က တားဆီးလို့ မရဘူး။ အတွင်းသိ အစင်းသိလို ဖြစ်နေတော့တာကိုး။

ဆရာမောင်သာရ၊ ဆရာအောင်သင်း၊ ဆရာငြိမ်းကျော်၊ ဆရာဇော်ဇော်အောင်တို့နဲ့ဆိုရင်လည်း တရင်းတနှီး နေခဲ့ဖူးတာပါပဲ။ ကြိမ်ဖန်များစွာ ဆုံခဲ့၊ နာရီပေါင်းများစွာ စကားပြောခဲ့ဖူးပေမယ့် ဆရာသော်တာဆွေ့အပေါ်မှာ တစ်ကြိမ်တစ်ခါ မြင်လိုက်ရုံနဲ့ ရင်းနှီးချစ်ခင်သွားတဲ့ စိတ်မျိုး ပေါ်မလာခဲ့ဖူးဘူး။ ကြည်ညိုလေးစားမှုတော့ ရှိပါတယ်။ သို့သော် ရင်းနှီးချစ်ခင်မှု သိပ်မရှိတာကို ပြောချင်တာပါ။

အဲဒီ့မှာ သင်ခန်းစာ ရလိုက်တယ်။ ပဲများခြင်းဟာ ချစ်ခင်မှုကို မဖြစ်စေဘူး။ ပွင့်လင်းခြင်းကသာ လူနဲ့လူချင်း ရင်းနှီးမှုကို ဖြစ်စေပါကလားဆိုတဲ့ သင်ခန်းစာပါ။

တစ်ဖက်ကကျပြန်တော့ ကျွန်တော့်အမေကလည်း အင်မတန် ပွင့်လင်းပါတယ်။ သူ့ဘ၀ ဇာတ်ကြောင်း အကုန်အစင် ကျွန်တော့်ကို ပြောပြခဲ့တာပဲ ကြည့်တော့။ ပြောသင့်တာတွေ မပြောသင့်တာတွေကို မေမေက ဆင်ခြင်မနေခဲ့ပါဘူး။ အကုန် ပြောပြခဲ့တာပါ။

မေမေက မွေးလို့ လူဖြစ်လာရတဲ့ ကျွန်တော်သည်လည်းပဲ မေမေ့သားပီသစွာ…

၂၀၁၅ ခုနှစ် မတ်လ ၂ ရက်

ခံတွင်းပျက်ကြောင်အကြိုက် ဆက်ရက်တောင်ပံကျိုး

ဆွေရင်း မျိုးရင်းထဲမှာ အနာကြီး ရောဂါသည် ရှိနေတယ်ဆိုတာဟာလည်းပဲ အမျိုးသမီးတစ်ယောက်ရဲ့ အိမ်ထောင်ရေး လာဘ်တိတ်ဖို့ အကြောင်းဖန်နေပြန်တာပေါ့။

အမေ့မှာက အိမ်ထောင်ပျက်ဖူးတဲ့ ပြစ်ချက်က တစ်ချက်၊ အနာကြီးရောဂါသည် မျိုးရိုးရှိနေတဲ့ အနာအဆာက တစ်ကွက်နဲ့မို့ သူနေတဲ့မြို့ ရွှေမန္တလေးမှာ လင်ကောင်း သားကောင်းရဖို့ အတော် ခက်ခဲ့ပါလိမ့်မယ်။

အဲတော့ အမေက တောင်ပံကျိုးနေတဲ့ ဆက်ရက်။ အဖေက ခံတွင်းပျက်နေတဲ့ ကြောင်။ ဇာတ်ပေါင်းတော့ သူတို့နှစ်ဦး ညားကြလေသတည်းပေါ့။

ဦးရှမ်းက မွေးတဲ့ သားသမီး ငါးယောက်အနက် အကြီးဆုံး သမီး ဒေါ်သီတာက ပလိပ်ရောဂါနဲ့ စစ်အတွင်းမှာပဲလား၊ စစ်မဖြစ်ခင်ကပဲလား ဆုံးသွားတယ်။

သားထဲမှာ အကြီးဆုံး ဦးသုခက ဒေါ်ဦးဇွန်းနဲ့ ညားတယ်။

အမေ့ အမေဘက်က မျိုးရိုး

Mandalayဒေါ်ဦးဇွန်းဆိုလို့ လူအိုရုံအလှူရှင် ဒေါ်ဦးဇွန်းနဲ့ ဘာမှ မဆိုင်ပါဘူး။ နာမည်ချင်း ဆင်တာပါ။ သည် ဒေါ်ဦးဇွန်းက ပေါက်ဖော်ကပြားပါ။ ဒေါ်ဦးဇွန်းရဲ့ အဖေက ပြည်ကြီးလို့ ခေါ်တဲ့ တရုတ် ပြည်မကြီးကနေ ရောက်လာတဲ့ တရုတ် စစ်စစ်ကြီး။ နောက်ဆုံးတော့ သွက်သွက်ခါအောင် ရူးသွားတယ်လို့ အမေက ပြောတယ်။

ဒေါ်ဦးဇွန်းတို့က ဗန်းမော်မှာ မွေး၊ ရေဦးမှာ နေခဲ့ကြရင်း နောက်ဆုံး မန္တလေးမှာ အခြေချတာပါ။ တရုတ်သွေးတွေ အများကြီး ပါပေမယ့် တရုတ်စကား တစ်လုံးမှ မတတ်တော့ဘဲ ဗမာလို ပီပီသသကြီး ပြောကြသူတွေ ဖြစ်ပါတယ်။ ပကတိ မန္တလေးသူကြီးပေါ့။

ဦးသုခနဲ့ ဒေါ်ဦးဇွန်းက ဦးမြတ်ထွန်းနဲ့ ကျွန်တော့်အမေကို မွေးတယ်။ ဦးမြတ်ထွန်းက ဆရာကြီး ရွှေဥဒေါင်း (ဦးဖေသိန်း)ရဲ့ ညီ ဦးဖေစိမ်းက မွေးတဲ့ ဒေါ်ခင်ရီနဲ့ ညားတယ်။ သမီးလေးတစ်ယောက် မွေးပေမယ့် အဖတ် မတင်ဘူး။ ကျွန်တော့်အမေက ကြောင်ခံတွင်းပျက် ကျွန်တော့်အဖေနဲ့ ညားတယ်။ တော်တော်နဲ့ ကလေးက မမွေးဘူး။

ဖွားတော်မူခန်း

အိမ်ထောင်သက် သုံးနှစ်အကြာအထိ ကိုယ်ဝန်မရတာမို့ နောက်တစ်နှစ်နေမှ ကလေးမရရင် ကွာမယ်လို့ အဖေက ရာဇသံ ပေးတာကြောင့် အမေ့မှာ သားဖွား မီးယပ်ဆရာဝန်ဆီ ပြေးရတယ်။ ဆရာမကြီး ဒေါက်တာ ဒေါ်လဲ့လဲ့ဝင်းက ကြည့်ပေးခဲ့တယ်လို့ အမေက ပြောပြပါတယ်။

အမေက မွေးရာပါ သားအိမ်စောင်းနေတာတဲ့။ အဲဒါကို ဒေါက်တာ ဒေါ်လဲ့လဲ့ဝင်းက ယာယီ ပြန်တည့်ပေးလိုက်တယ်။ မီးဖွားပြီးရင်တော့ ပုံမှန်အတိုင်း ပြန်စောင်းရမယ်လို့လည်း ဆိုတယ်။

အဲဒါနဲ့ ကျွန်တော်တစ်ကောင် လူ့လောကထဲ ရောက်လာပါတော့သတည်းပေါ့။

သားအိမ်ကို မွေးရာပါအတိုင်း ပြန်စောင်းလိုက်ပြီးတဲ့သကာလ ကျွန်တော်သည်လည်း တစ်ကောင်ကြွက် ဖြစ်ရပါလေတော့သတည်းပေါ့။

ဇာတ်က အတော်နာလာပြီနော်။ ရေးရင်းတောင် နှပ်တွေ ထွက်ချင်သလို ဖြစ်လာပြီ။ 🙂

အဘိုး ဦးသုခကို ကျွန်တော် မမြင်ဖူးလိုက်ပါဘူး။ ဓာတ်ပုံထဲတော့ မြင်ဖူးပါတယ်။ ရှေးမြန်မာ၊ အသားညိုညို ထောင်ထောင်မောင်းမောင်းပါ။ ဓာတ်ပုံထဲမှာတောင် အတော် ဂိုက်ပေးကြမ်းပါတယ်။ အဘွားက ဖြူဖြူ ချောချောပါ။

အဘိုးက စပါးပွဲစားလို့ ပြောပါတယ်။ တကယ်တော့ အာပလာပဲ ဖြစ်မှာပါ။ မန္တလေးမှာ ပွဲစားကြီးတွေက ဘာမှ သိပ်လုပ်တာ မဟုတ်ပါဘူး။ အလေလိုက်နေတာ များပါတယ်။ ပွဲကတော်ကြီးတွေကသာ ရှာရ ဖွေရ လုံးပမ်းရတာပါ။ မန္တလေးသား စစ်ရင် လက်ကြောမတင်းဘူးလို့တောင် ပြောလို့ရပါတယ်။ မန္တလေးသား စစ်စစ် မှန်ရင် ဟိုယောင်ယောင် သည်ယောင်ယောင်နဲ့ အလေလိုက်နေတာ များပါတယ်။ ဟိုခေတ်က ပြောပါတယ်နော်။ သည်ခေတ် မန်းလေးသားတွေ မနာကြေး။ မှန်ရင်လည်း ငြိမ်ခံနေကြပေါ့ဗျာ။

အငြိမ့်ထောင်ဆရာ

အဘိုးက စပါးပွဲစားသာဆိုတယ် သူ့ခေတ် သူ့အခါနဲ့ သူ့ကို လူသိများတာက မေဃဂီရိရပ်က အငြိမ့်ထောင် ကိုသုခအဖြစ်နဲ့ပါ။

ဒါလည်း ရေးပြီးပါပြီ။ သို့သော် မဖတ်မိသူတွေ သိအောင် နှစ်ထပ် ပြန်ရေးပြရပြန်ရင် အဘိုးဦးသုခက အင်မတန် မြာပွေပါတယ်။ သူတို့ခေတ်က ဓာတ်ရှင်တွေ သိပ်မထွန်းကားသေးတော့ သူ ပွေတဲ့နည်းက အငြိမ့်ထောင်ပြီး အငြိမ့်မင်းသမီးတွေကို ခြေတော်တင်တဲ့ နည်းကို အသုံးပြုခဲ့ပါသတဲ့။ သူဌေးသား ပီသတာပေါ့ဗျာ။

အဘိုးအငြိမ့်မှာ နောင်အခါ မြို့တော် သိန်းအောင်၊ မြို့တော် ပေါစံအဖြစ် ထင်ရှားလာမယ့် ညီအစ်ကိုတွေရဲ့ အစ်ကိုအကြီးဆုံး၊ အရွယ်ကောင်းမှာ ကွယ်လွန်ရှာသူ မြို့တော် မြစိန်အပါအ၀င် ညီအစ်ကိုတစ်တွေ ကခဲ့ဖူးသလို ယနေ့ စာရေးဆရာကျော် ချစ်ဦးညိုရဲ့ ဖခင် ဆရာကြီး ရွှေဒေါင်းညိုသည်လည်း အဘိုး အငြိမ့်ထွက်ပါ။ ဒါ့အပြင် ဆင်ကြီးဂဠုန်ချီဆိုတဲ့ နန်းရှေ့ ဆရာတင်ရဲ့ သီချင်းကို မူရင်း သီဆိုခဲ့သူ ပျော်တော်ဆက် မတင်အောင် ဆိုတာလည်း အဘိုးအငြိမ့်ထွက်ပါပဲ။ သည်တစ်ခါတော့လေ… တင်အောင်လေးကို… အရွဲ့တိုက်တယ်လို့ ထင်ပါသည်ဆိုတဲ့ စာသားလေးနဲ့ သီချင်းပေါ့။

အဲဒီ့ ပျော်တော်ဆက် မတင်အောင်ဆိုတာက အဲဒီ့ခေတ်မှာ အဆိုအက ပညာထက် အညု အတာ အခရာတွေ အလှုပ်အခါတွေ သုံးပြီး ပရိသတ်ကို ဖမ်းစားခဲ့တာမို့ သဘောမကျတဲ့အကြောင်းကို ဆရာသိန်းဖေမြင့်ရဲ့ စာတစ်ပုဒ်ထဲမှာ တွေ့ရနိုင်ပါတယ်။ (ဘယ်တစ်ပုဒ်လဲဆိုတာတော့ မမှတ်မိတော့ဘူးဗျာ။ စိတ်ဝင်စားရင် ကိုယ့်ဘာသာ ရှာကြည့်ကြပါတော့ ခင်ဗျ။)

အဘိုးရဲ့ မြာပွေချက်ကမ်းကုန်ပုံကတော့ အဘိုးဟာ အသက် ၄၆ နှစ်အရွယ်မှာတင် ကာလသားရောဂါနဲ့ ဆုံးပါတယ်။ (ကျွန်တော့်မျိုးရိုးကောင်းပုံ ပြောပါတယ်။) အဲတော့ ကျွန်တော် ဘယ်မြင်ဖူးလိုက်ပါ့မလဲ။

အောင်သိန်းကျော်ရဲ့ မူလဘူတ

အဘွားဒေါ်ဦးဇွန်းကလည်း အဘိုးဒဏ် ခံလိုက်ရပါတယ်။ အဘိုးရဲ့ ကာလသားရောဂါ ဒဏ်ကို သူပါ ဆင့်ပွား ခံစားရပြီး ၄၀ ကျော်မှ မျက်စိကွယ်သွားရှာပါတော့တယ်။

၄၀ ကျော်မှ မျက်စိကွယ်တာမို့ အဘွားက စာကောင်းကောင်းတတ်ပါတယ်။ မန္တလေးမှာ အနေကြာတာမို့ မြန်မာစကားကလည်း ပကတိမန္တလေးသူကြီးနှယ် ကြွယ်ဝလှပါတယ်။ ကျွန်တော့်ကို အောင်သိန်းကျော်ဆိုတဲ့ နာမည်က အဘွားက ပေးခဲ့တာပါ။ န၀င်းကျေ တြင်းကျေ နာမည်ဖြစ်နေတာမို့ နောင်အခါမှာ သည်နာမည်ကို ဘယ်သူက ပေးသလဲဆိုပြီး တချို့ ဗေဒင်ဆရာတွေက မေးတဲ့အခါ ကျွန်တော့်မှာ ငိုအားထက် ရယ်အားသန်။

အဘွားက အဲသလို ထက်ပါတယ်။ ကျွန်တော့်ရဲ့ မြန်မာစာ မြန်မာစကား စွမ်းရည်အတွက် လက်ဦးဆရာက အဘွားလို့တောင် ဆိုနိုင်ပါလိမ့်မယ်။

ဝင်း(န်)၀င်း(န်)ဆလူးရှင်းတဲ့လား… တားရို့ဂ ပျင်းတောင် ပျင်းသေး

ကျွန်တော့်အမေက အဘွားကို မေမေလို့ ခေါ်တာမို့ ကျွန်တော်ကလည်း သံယောင်လိုက်ပြီး အဘွားကို မေမေလို့ပဲ ခေါ်ခဲ့ဟန်တူပါတယ်။ အဲဒါကို အမေနဲ့ အဘွားတို့က ဘွားဘွားလို့ ခေါ်ဖို့ ပြင်ပေးကြပါလိမ့်မယ်။

ကျွန်တော်ဆိုတဲ့ကောင်ကလည်း ကလေးကတည်းက ဇက ပြပါတယ်။ သူတို့ ခေါ်စေချင်သလို ဘွားဘွားလို့ ချည်းပဲလည်း မခေါ်ချင်ဘူး၊ ကျွန်တော် ခေါ်ချင်တဲ့ မေမေလည်း ပါစေ၊ သူတို့လည်း ကျွန်တော်လည်း ကျေနပ်နိုင်မယ့် လမ်းကြောင်း (ခေတ်ပေါ်စကားနဲ့ဆို ၀င်း(န်) ၀င်း(န်) ဆလူးရှင်းပေါ့နော်) ကို ရွေးတဲ့လိုက်ပြီး မေမေဘွားဘွားလို့ ခေါ်ချလိုက်ပါတော့သဗျား။

ကျွန်တော်တို့များ အဲသလို… ၀င်း(န်) ၀င်း(န်) ဆလူးရှင်းကို လမ်းမလျှောက်တတ်ခင် ဖင်တရွတ်တွန်း သွားနေကတည်းက မွေးရာပါ တတ်ခဲ့တာကလား။

ဦးကြီးကိုကို

ဘ၀ဇာတ်ကြောင်း အရေးကောင်းတာများ ရေးနေတုန်းတန်းလန်း မနေ့ညက (၂၀၁၅ မတ်လ ၁ ရက်နေ့ည) ဦးကြီးကိုကိုက ကျွန်တော့်ပါးကို လာနမ်းသွားတယ်လို့ အိပ်မက် မက်ရပြန်ပါရောလား။

ဦးကြီးကိုကို ကွယ်လွန်ခဲ့တာ ရှစ်နှစ်လောက်တောင် ရှိပါပြီ။ သည်ကာလအတွင်းမှာ တစ်ခါဆို တစ်ခါဖူးမျှ အိပ်မက် မမက်ခဲ့ဖူးပါဘူး။ မနေ့ညကမှ ကြံကြံဖန်ဖန် မက်ပါတယ်။

မက်ဆို မေမေဘွားဘွားအကြောင်းရေးရင် ဦးကြီးကိုကိုကလည်း မပါမဖြစ် ပါရမှာပါ။ အဘွားကို မေမေဘွားဘွားလို့ ခေါ်သလို ဦးကြီးကိုလည်း ဦးကြီးကိုကိုလို့ ကျွန်တော်က ခေါ်ပါတယ်။ မေမေက သူ့အစ်ကိုကို ကိုကိုလို့ ခေါ်တာမို့ စကားတတ်စ ကျွန်တော်ကလည်း ကိုကိုလို့ လိုက်ခေါ်ခဲ့ပုံပါပဲ။ အဲတော့ အမေတို့၊ အဘွားတို့က အဲလို မခေါ်ရဘူး၊ ဦးကြီးလို့ ခေါ်လို့ ၀ိုင်းသင်ခဲ့ကြမှာလည်း သေချာပါတယ်။

အဲတော့ ကျွန်တော့် ဖင်တရွတ်တွန်း ၀င်း(န်)၀င်း(န်)ဆလူးရှင်း ဉာဉ်ကလေးနဲ့ ဦးကြီးကိုကိုလို့ ခေါ်ထည့်လိုက်ပါတယ်။

ဖင်တရွတ်တွန်းကိစ္စ (ကျွန်တော့်အစုတ်ထုပ် နောက်တစ်ထုပ်)

ကလေးတွေမှာ ယေဘုယျအားဖြင့် မတ်တတ်စမ်းတာက အရင်၊ စကားပြောတာက နောက်ပါ။

အဲ… ကျွန်တော် ကိုလေပေါကတော့ အဲသလို မဟုတ်ဘူးခင်ဗျ။ စကားကို အရင်ပြောပါတယ်။ စကား တော်တော်ပြောနိုင်တဲ့အထိ မတ်တတ် မစမ်းသေး၊ လမ်းမလျှောက်သေးပါဘူးတဲ့။ အမေတို့မှာ ကျွန်တော် လမ်းမှ လျှောက်တတ်ပါတော့မလား၊ ချိများ ချိနေပြီလားလို့ ပူယူရတဲ့အထိကို ကျွန်တော်က လမ်းလျှောက်တာ နောက်ကျပါသတဲ့။

အမှန်တော့ အပျင်းက အဲဒီ့ကတည်းက ထူတာနေမှာပါ။ ပင်ပန်းတဲ့အလုပ်ဆို ဘာမှ မလုပ်ချင်တာများ ခုထက်ထိ။ ထမင်းတောင် ထခူးစားရမှာ ပျင်းရင် သည်အတိုင်း ဗိုက်ဟောင်းလောင်းနဲ့ မှောက်အိပ်နေတတ်တဲ့ မဟာ့မဟာ ရွှေပျင်းကြီးပါ။

သည်တစ်ပိုင်းမှာ ပြောကြဆိုကြတာလေးတွေ

Khin Myo ဆန့်တငန့်ငန့်နဲ့ ဟင့်

ATK ဘေတီးတို့ ခေတ်လူငယ်ဒေမှာဂ အချိန်က ပါးရှားတယ်လေ။ တစ်ခါတည်း အများကြီး မဖတ်နိုင်မှာစိုးလို့ သများဂ စေသနာနဲ့ ပိုင်းပိုင်းပြီး ရေးပေးနေဒါဂိုဗျဲ 😛

Soe Myat Myo Shwe နှစ်ရက်လောက်နေမှ တစ်ခါပြန်လာဖတ်ရင် အတော်လောက်ပဲ…။ အဖေ အမေတွေ သက်ရှိထင်ရှားရှိတုန်း မှတ်တမ်းမှတ်ရာ ယူထားဖို့ သတိပေးသလိုဖြစ်သွားပါတယ်

ATK မှတ်တမ်း မှတ်ရာသာ မကဘူး သမီး Soe Myat Myo Shwe ။ စကားတွေ အများကြီး ပြောရင်းနဲ့ကမှ ထွက်ထွက်လာတတ်တာ။ တစ်ခုခု အစဖော်လိုက်လို့ သူတို့ စိတ်လိုလက်ရ ပြောတဲ့အခါ ကိုယ့်ဘက်က အချိန်ပေးနားထောင်ဖို့ပါ လိုပါလိမ့်မယ်ဗျာ။

San Tin It’s hilarious!!!You used lots of sarcasm in your writing (you are really good at it). Sarcasm can also bring laughs and smiles as long as you use good-natured humor and avoid insults. It really made me smile while reading it. I don’t even remember how many times I repeated. Very funny.

May Thandar Win ပျော်တော်ဆက်မတင်အောင်အကြောင်းပါတာ သိန်းဖေမြင့်ရဲ့ စာပေဘဝဇာတ်လမ်းစုံထဲမှာ ဆရာ

ATK အဲဒါတွေကြောင့် သာမီးမေ့ကို အားကိုးနေရတာ 🙂

၂၀၁၅ ခုနှစ် မတ်လ ၃ ရက်

အဖေ့ထက် ချစ်တဲ့သူ

ပြောရရင် ကျွန်တော်က အမေကျော် ဒွေးတော်လွမ်းမဟုတ်ဘူး၊ အဖေကျော် ဦးကြီး လွမ်းတဲ့ကောင်။

ဦးကြီးကိုကိုကလည်း ပကတိ သူဌေးသား။ လူပေါ်ကြော့။ တစ်သက်လုံး ဘာအလုပ်မှ မည်မည်ရရ လုပ်မသွားဘူး။ ကျောင်းလည်း ဆုံးခန်းတိုင်အောင် နေမသွားဘူး။ စစ်ဖြစ်တာ ဘာညာကြောင့် ပညာရေး ကမောက်ကမပေမယ့် သူနေချင် နေလို့ ဖြစ်သည့်တိုင် အတန်းပညာလည်း သိပ်လောက်လောက်လားလား ဟုတ်ခဲ့ပုံ မရဘူး။ သူတို့ခေတ်၊ သူတို့အခြေအနေနဲ့ သာသနာပြုကျောင်းကောင်းမှာ နေခဲ့ရတော့ အင်္ဂလိပ်စာ အခြေခံလေးတော့ ရှိသပေါ့။ ခုခေတ် ဘွဲ့ရတွေ၊ ပြည်တွင်းဖြစ် ပါရဂူဆိုသူတွေထက် အင်္ဂလိပ်စာတော့ ပိုတတ်သပေါ့။

သို့သော် ဦးကြီးကိုကိုက အနေအေးတယ်။ တစ်နေ့လုံးနေလို့မှ စကားတစ်ခွန်း ပြောတဲ့သူ မဟုတ်ဘူး။ သူတို့မှာ သားသမီး မရှိတော့ ကျွန်တော့်ကိုလည်း ချစ်တယ်။ ရိုက်တာ နှက်တာတွေ မလုပ်ဘူး။ အဖေကတော့ အလွန်ရိုက်တယ်။ ကျွန်တော့်ကိုသာ မဟုတ်ဘူး၊ အမေ့ကိုပါ ညိုမည်း ဖူးရောင်တဲ့အထိ ရိုက်နှက်တာတွေ လူမှန်းသိကတည်းက မြင်တွေ့ခဲ့ရတော့ အဖေဆိုတာ ကျွန်တော့်အတွက် ကြောက်စရာ၊ ရွံ့စရာ၊ မုန်းစရာ ဖြစ်နေခဲ့ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတို့၊ ကျား-မအခြေခံ အကြမ်းဖက်မှုတို့အကြောင်းကို ကျွန်တော်က ဘ၀နဲ့ ရင်းပြီး ခံခဲ့၊ သိခဲ့ရတဲ့သူမို့ အဲဒါတွေ အခုလို တွင်ကျယ်မလာခင် ပဝေသဏီကတည်းက အင်မတန် စက်ဆုပ်ပါတယ်။ အဲဒီ့အတွက်ကြောင့်လည်း သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာလို စာအုပ်မျိုး၊ ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင် ချစ်ကြင်နေနည်းလို စာအုပ်မျိုးတွေ ရေးဖြစ်ကုန်တာ့တာပါ။

ဦးကြီးကိုကိုကကျတော့ အနုသမား။ တယောလေးကလည်း ထိုးသေးတယ်။ ၀တ်တာ စားတာကလည်း စမတ်ကျတယ်။ အိမ်မှာနေရင်တောင် ဘိုကေကို ကျော့နေအောင်ဖြီးလို့ သပ်သပ်ရပ်ရပ် မွှေးမွှေးကြိုင်ကြိုင် နေတာ၊ အရပ်မြင့်မြင့်၊ လူပုံချောချော၊ ကိုယ်လုံးသွယ်သွယ်နဲ့၊ ဦးကြီးကိုကိုများ ဘောင်းဘီရှည်နဲ့ ဘွတ်နဲ့ ရွှတ်နဲ့ ဆိုရင် အလွန်ကြည့်ကောင်းတာ။

အဲတော့ ကျွန်တော်ကလည်း ဦးကြီးကိုကိုကို ချစ်တယ်။

ရေးရေးပေါ်ပေါ်

ကျွန်တော် လုံးဝ မမှတ်မိတဲ့ ဘထွေးတစ်ယောက်လည်း ရှိသေးတယ်။

ကျွန်တော် စကားသင်စအရွယ်က အတူနေခဲ့တာတဲ့။

ဒါတော့ မေမေပြန်ပြောလို့ သိနေတာပါ။ ကျွန်တော့် စိတ်ထဲမှာ မှတ်မှတ်ထင်ထင် မရှိပါဘူး။

အဲဒီ့ ဘထွေးဟာ ကျွန်တော့်တစ်သက်မှာ အဲဒီ့တစ်ခါပဲ ဆုံလိုက် ကြုံလိုက်ဖူးတဲ့ အဖေ့ ဖအေတူ မအေကွဲ ညီပါတဲ့။ သူ့နာမည်က (ဦး)သိန်းအောင်လို့ သိရပါတယ်။

သူက ဘယ်လိုကြောင့်တော့ မသိဘူး။ ကျွန်တော်တို့ မန္တလေးအိမ်မှာ အချိန်အတော်ကြာကြာ နေသွားခဲ့ပါတယ်။

ကျွန်တော်က သူ့ကို ရေးရေးပေါ်ပေါ်လို့ ခေါ်ပါသတဲ့။

အဲ… အဲဒီ့အခေါ်အဝေါ်က တော်တော်တော့ ဆန်းမယ် ထင်ပါတယ်။ သို့သော် ဇာတ်လမ်းလေးနဲ့ ခင်ဗျ။

အဲဒီ့ ဦးသိန်းအောင် လာနေချိန်မှာ သူ့အသက်အရွယ်က ၂၀ ကျော်လောက်ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီ့အချိန်က စန္ဒယားချစ်ဆွေ ရေးပြီး မာမာအေး သီဆိုတဲ့ သက်တံပေါ်မှာ ကစားမယ်ဆိုတဲ့ သီချင်းက လူတကာ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ အချိန်ပါ။

ဦးသိန်းအောင်ကလည်း အဲဒီ့ သီချင်းကို တစ်ချိန်လုံး တကြော်ကြော်ဆိုနေခဲ့ပါသတဲ့။ သူဆိုတာက တစ်ပုဒ်လုံး ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ တစ်ပုဒ်လုံးလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဖြစ် ကျွန်တော့် နားထဲမှာတော့ သက်တံ တံတားကြီး ရေးရေးပေါ်ခဲ့တယ်ဆိုတဲ့ အပိုဒ်က ရေးရေးပေါ်က စွဲနေပုံပါပဲ။ အဲဒါနဲ့ ကျွန်တော်ကလည်း ရေးရေးပေါ်ပေါ်၊ ရေးရေးပေါ်ပေါ်လို့ လိုက်အော်ရင်းကနေ သူ့ကိုလည်း ရေးရေးပေါ်ပေါ်လို့ ခေါ်ဖြစ်သွားတယ်လို့ အဆိုရှိပါတယ်။

အဆိုရှိပါတယ်ပြောရတာက ဆိုခဲ့တဲ့အတိုင်း သူနဲ့ နေခဲ့တာက ကျွန်တော့်အမှတ်သညာမှာ စွဲစွဲထင်ထင် မရှိတော့လို့ပါပဲ။

ခုမှ မျက်ရည်လည်တဲ့ မြေးအမိုက်အမဲ

Mandalay2မန္တလေးအိမ်မှာက တကယ်တမ်း ပြောရင် အမေရယ်၊ ဦးကြီးကိုကိုတို့ လင်မယားရယ်၊ မျက်မမြင်အဘွားရယ်နဲ့ နေခဲ့တာတွေပဲ ကျွန်တော့်အမှတ်သညာမှာ စွဲစွဲထင်ထင် ရှိပါတယ်။ အဖေတောင် မပါပါဘူး။

သည်လေးယောက်ထဲမှာတောင်မှ မေမေတို့၊ မေမေဘွားဘွားတို့က ပိုပြီး စွဲစွဲထင်ထင် ရှိပါသေးတယ်။

ကျွန်တော်က မေမေဘွားဘွားနဲ့ နေရတာ များပါတယ်။ မျက်မမြင်အဘွားက ကျွန်တော့်ကို ထိန်းတယ်ပေါ့။ ကျွန်တော် ဖင်တရွတ်တွန်း သွားပြီး စကားတွေ ပြောတဲ့ အရွယ်မှာ အဘွားက ပိုထိန်းနိုင်ပါလိမ့်မယ်။ ကျွန်တော်နဲ့ အမျှင်မပြတ်အောင် စကားတွေ ပြောပြီး ထိန်းတဲ့ နည်းကို သုံးခဲ့ပုံရပါတယ်။

အမေလည်း မရှိတော့ဘူး၊ ကျွန်တော် မွေးတဲ့အချိန်မှာ အတူနေခဲ့တဲ့ လူကြီးသူမတွေလည်း မရှိကြတော့ဘူး ဆိုတော့ အတိအကျ ပြန်မေးလို့တော့ မရနိုင်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်က စာလည်း အရွယ်တော်တော် စောစောကတည်းက စဖတ်နေပြီလို့ ဆိုပါတယ်။ ဒါတော့ မဆန်းပါဘူး။ အမေက စာသိတ်ဖတ်တဲ့အပြင် ကျောင်းဆရာမလည်း ကျောင်းဆရာမဆိုတော့ ကျွန်တော်နဲ့ စာနဲ့ မဝေးခဲ့လို့ပဲ ဖြစ်ပါလိမ့်မယ်။

အဲတော့ မေမေဘွားဘွားကိုလည်း နေ့စဉ်သတင်းစာတွေ ဖတ်ဖတ်ပြခဲ့ရပါသတဲ့။ အမှန်တော့ ကျွန်တော့်ကို ငြိမ်အောင် ထိန်းတဲ့ နည်းတစ်နည်းပဲ ဖြစ်ပါလိမ့်မယ်။

ဆိုခဲ့တဲ့အတိုင်း မေမေဘွားဘွားက ကြီးမှ မျက်စိကွယ်သူဖြစ်ပြီး စာလည်း ကောင်းကောင်း တတ်လေတော့ကာ သတင်းစာထဲက စကားလုံးတွေ ကျွန်တော် ဖတ်ပြတာ အသံထွက် လွဲနေရင် အမှန်အတိုင်း ပြင်ပြင်ပေးခဲ့ပါတယ်။ သည်အတွက် ကျွန်တော်ဟာ မြန်မာစကားကို အသံထွက် မှန်မှန်နဲ့ ဌာဏ်ကရိုဏ်းကျကျ ပြောတတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မေမေဘွားဘွားက ရှေးအဘွားများရဲ့ ထုံးစံအတိုင်း ပုံတိုပတ်စတွေ၊ ဘုရားဟော ဇာတ်နိပါတ်တွေလည်း ပြောပြခဲ့တာမို့ ကျွန်တော့် မြန်မာစာစွမ်းရည်အတွက် လက်ဦးဆရာဟာ မေမေဘွားဘွားရယ်လို့ ရှေ့မှာ ရေးခဲ့တာပါ။

အဖေက တရုတ်စစ်စစ်ကြီးဖြစ်ပေမယ့် မြန်မာပြည်မှာ မွေး၊ တရုတ်စကား လုံးလုံး မတတ်တော့တဲ့ ပကတိ မြန်မာစစ်စစ် အဘွားတစ်ယောက်လို နေပြီး ကျွန်တော့်ဘ၀ အစအဦး ဖြစ်တည်မှုမှာ မျက်စိမမြင်တဲ့ကြားက စွမ်းသလောက် အကောင်းဆုံး ပံ့ပိုးပေးခဲ့တဲ့ မေမေဘွားဘွားကျေးဇူးကို သည်စာရေးတော့မှ ပထမဆုံးအကြိမ်အဖြစ် ဦးခိုက် ပူဇော်မိပါတယ်။

တစ်သက်လုံး မေ့မေ့လျော့လျော့နေခဲ့မိတဲ့ မြေးအမိုက်အမဲကို ခွင့်လွှတ်ပါ မေမေဘွားဘွား….

ကျွန်တော် လူဝင်စား

ကျွန်တော့်ကို မွေးချိန်မှာ အဖေ့အဖေက သက်ရှိထင်ရှား ရှိနေသေးပေမယ့် အဖေနဲ့ သူ့အဖေနဲ့က ဘာမှ အဆက်အဆံ မရှိတာမို့ ကျွန်တော်ဟာ အဲဒီ့ အဘိုးကို မမြင်ဘူးလိုက်ပါဘူး။ ဦးသုခကလည်း ကျွန်တော့် မမွေးခင် ပဝေသဏီကတည်းက ကွယ်လွန်ပြီးမို့ အဲဒီ့အဘိုးကိုလည်း မမြင်ဘူးပြန်ဘူး။

သာတာက ဦးသုခကို ဓာတ်ပုံနဲ့တော့ မြင်ဖူးလိုက်သေးတာပါပဲ။ အဖေ့အဖေ ဦးဘိုးသော်ကိုတော့ ဓာတ်ပုံတောင် မမြင်ဖူးဘူး။ အေးရော…

အဲ… အမေနဲ့ မေမေဘွားဘွားတို့က ကျွန်တော့်ကို ဦးသုခ ၀င်စားတာလို့ ယုံကြည်ကြသဗျ။

ဖြစ်တော့ ဖြစ်နိုင်တယ်နော်။ ကျွန်တော်လည်း မိန်းမမှုမှာ သူ့လိုပဲ ခြေစလက်စလေးတွေ မကင်းခဲ့ရှာလေပဲကိုး။ grin emoticon

သို့သော် အဘိုး တကယ် ၀င်စားတာဆိုရင်တောင်မှ ကျွန်တော့်ခမျာလေးမှာ သူ့လို အငြိမ့်လည်း မထောင်နိုင်၊ ပိုက်ဆံကလည်း မပေါရှာလေတော့ သူ့လောက် ကဲခွင့် မကြုံလိုက်ရှာပါဘူး။ အရွယ်ကောင်းမှာ ထမင်းတစ်လုပ် ဟင်းတစ်ရှုပ်အတွက် အနိုင်နိုင်လုံးပမ်းနေခဲ့ရတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ရှာခဲ့ဘူးပေါ့နော်။ (ပြောရင်း ဇာတ်က နာလာပြန်ပြီ။ မျက်ရည်တွေတောင် ဘူးသီးလုံးလောက် ကျချင်ချင်ရယ်…)

အဲတော့ သူ့လိုလည်း ၄၆ နှစ်နဲ့ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါဝေဒနာနဲ့ မတိမ်းပါးနိုင်ခဲ့ရှာဘူးပေါ့နော်။ (အဲဒါက ပို လွမ်းစရာ ကောင်းသွားတယ်။ 😛 ) 

မည်သို့ပင်ဆိုစေကာမူ သည်ဘ၀မှာ ကျွန်တော် အကဲမရလှခြင်းသည် ဟိုဘ၀က အထုံအဆက်ကြောင့်သာ ဖြစ်တန်ရာ၏လို့ အောက်မေ့ပြီး ခွင့်လွှတ်တော်မူကြမယ်ဆိုရင်ဖြင့် သိပ်ကောင်းမှာပဲပေါ့နော်။ ငှဲ… ငှဲ… ဂလိုပဲ ကြံဖန် အကြောင်းပြရတာပ။

ဘိုးချစ်မောင်

ဦးသုခရဲ့ အောက်က ဦးချစ်မောင်။

ကျွန်တော့်ဘ၀မှာ အဘိုးအဖြစ်နဲ့ ဗွေဆော်ဦးတွေ့ဖူးတဲ့သူ ဘိုးချစ်မောင်ပေါ့။

သူကလည်း တစ်မျိုးတစ်ဘာသာ။

ပထမဆုံးအချက်က သူက ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ နှစ်ပေါင်း ၃၀ လုံးမှာ ချိုင်းထောက်နဲ့ နေရတဲ့ ပုဂ္ဂိုလ်ပါ။

ဟုတ်မဟုတ်တော့ မသိဘူး၊ သူ့ဘယ်ဘက် ခြေထောက်ကို ဖားပြုတ် နှစ်ခါကိုက်တာကြောင့် ခြေထောက်က ခွင်သွားတယ်ဆိုပဲ။ ခြေဖျားက သာမန်ခြေဖ၀ါးတွေလို ပြင်ညီ ပြန့်ပြူးမနေဘူး။ ခွင်နေပါတယ်။ သည်အတွက် သူ့ကြိုးသိုင်းဖိနပ်ကို သူ့အတွက် အထူးပြုလုပ်ထားရပါတယ်။ ဒါတောင်မှ စုံလျှောက်လို့ မရတာမို့ တစ်ချိန်လုံး ချိုင်းထောက်ကို သုံးရပါတယ်။ ပွဲတွေ လမ်းတွေဆိုရင်တော့ တုတ်ကောက်ကို အားပြုပြီး လျှောက်ပါတယ်။

ဘိုးချစ်မောင်က ရုပ်မဆိုးပေမယ့် မျက်နှာပေါက်ကတော့ အလွန်ဆိုးပါတယ်။ ကျွန်တော် လူမှန်းသိတဲ့ အချိန်မှာ သူက အရွယ်ကောင်းသေးတော့ စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတတ်ပါတယ်။ အဲတော့ နေလောင်ထားတဲ့ အသားအရေညိုညို၊ အရပ် ထောင်ထောင်မောင်းမောင်းနဲ့ အဘိုးဟာ ကျွန်တော့်အတွက် အတော်ရှိန်စရာ ကောင်းပါတယ်။

ကျွန်တော်ကသာ ရှိန်တာပါ။ သူကတော့ ကျွန်တော့်ကို အရမ်းချစ်ပါတယ်။ သူတို့အိမ်နဲ့ ကျွန်တော်တို့အိမ်က ၈၁ လမ်းပေါ်မှာ တစ်လမ်းတည်း ရှိကြတာပါ။ သုံးပြပဲ ခြားပါတယ်။ အဲတော့ သူ တစ်နေရာရာက ပြန်လာရင် ကျွန်တော့်ကို ၀င်ခေါ်၊ စက်ဘီးပေါ်တင်ပြီး သူ့အိမ်ကို ခေါ်သွားတတ်ပါတယ်။

သူအဲလို ခေါ်သွားပြီဆိုရင်တော့ မေမေ့မှာ မျက်ရည်နဲ့ မျက်ခွက် ကျန်ရစ်ရပါတော့တယ်။

သော်သော်

ဘိုးချစ်မောင်ကို ကျွန်တော်က အဘိုးလို့ပဲ ခေါ်ပါတယ်။ မေမေနဲ့ ဦးကြီးကိုကိုကတော့ ဘဒွေးကြီး (စာလုံးပေါင်းမှန် ဘထွေးကြီး)လို့ ခေါ်ကြပါတယ်။

အဘိုးက သော်သော်လို့ အားလုံးက ခေါ်သလို ကျွန်တော်ကပါ သော်သော်လို့ပဲ လိုက်ခေါ်တဲ့ သူ့နှမ ကျွန်တော့် အဘွားလေး ဒေါ်သော်တာနဲ့ အတူနေတာပါ။

သော်သော်က အနာကြီးရောဂါသည်ပါ။ ရောဂါသည်မှ တော်တော့်ကို အခြေအနေဆိုးသွားပြီ ဖြစ်တဲ့ ရောဂါသည်ဖြစ်ပါတယ်။ လက်ဆစ် ခြေဆစ်ကလေးတွေတောင် အပြည့်အစုံ မရှိရှာတော့ပါဘူး။

ပြီးတော့ ဦးရှမ်းရဲ့ သမီးပီပီ အိမ်နေရင် ဘော်လီနဲ့ ထဘီရင်လျားနဲ့သာ နေပါတယ်။ မန္တလေးကလည်း ပူပေတာကိုး။

အဘိုးကို မလွန်ဆန်နိုင်လို့၊ မတတ်သာလို့သာ ထည့်လိုက်ရတယ်။ ကျွန်တော် အဲဒီ့အိမ် (ကျွန်တော်တို့က မြောက်အိမ်လို့ ခေါ်ပါတယ်။ တစ်လမ်းတည်း မြောက်ဘက်က အိမ်မို့ပါ။ ကျွန်တော်တို့ အိမ်ကိုတော့ သူတို့ဘက်က တောင်အိမ်လို့ ခေါ်ပါတယ်။) အဲ… အဲဒီ့မြောက်အိမ်ကို ပါသွားရင် မေမေ့မှာ ကျွန်တော့်ကို အနာကြီးရောဂါ ကူးလာမှာ ပူပင်တဲ့ စိတ်နဲ့ ရူးမတတ် ကျန်ရစ်ရှာပါတယ်။

ကျွန်တော်က ကလေးဆိုတော့ ဘာသိမှာလဲ။ လက်သာတဲ့နောက် ပါတာပေါ့။ ပြီးတော့ အဘိုးတို့ ခြံဝင်းကြီးထဲမှာ မန်ကျည်းချိုပင်တွေ ရှိပါတယ်။ အဲဒီ့ မန်ကျည်းသီးမှည့်တွေက အရမ်းချိုတာမို့ ကျွန်တော်က အလွန်ကြိုက်ပါတယ်။ ကျွန်တော်ကြိုက်မှန်းသိတော့ အဘိုးနဲ့ သော်သော်ကလည်း အကြွေတွေကို ကောက်ပေးထားတတ်ကြပါတယ်။

မြောက်အိမ်ထဲက အရှေ့အိမ်

မြောက်အိမ်မှာပဲ အရှေ့အိမ်က ရှိပြန်သေးတယ်။ မြောက်အိမ်ဝင်းကြီးက အတော်ကျယ်ပါတယ်။ ၀င်းပေါက်ကနေ အဘိုးနဲ့ သော်သော်နေတဲ့ အနောက်အိမ်ကို ရောက်အောင် ခြေလှမ်း ၅၀ လောက် သွားရပါသေးတယ်။ ခြေလှမ်း ၅၀ လောက် ရောက်ရင် ၀င်းကလေး စတိခတ်ထားတဲ့ အဘိုးတို့ မောင်နှမ နေရာ နံကပ်တိုက် ရှိပါတယ်။

နံကပ်တိုက်ရဲ့ တောင်ဘက်မှာတော့ ခြုံရိုင်းတွေ ပေါက်နေတဲ့ မြေအလွတ် ပေ ၅၀ လောက် ကျန်သေးတယ်။ တိုက်ရဲ့ မြောက်ဘက်မှာတော့ ဦးရှမ်းလက်ထက်က ကားဂိုဒေါင်ဟောင်းနဲ့ သော်သော် ထမင်းချက်တဲ့ မီးဖို ရှိပါတယ်။ အဲဒီ့ ကားဂိုဒေါင်ရဲ့ အရှေ့ဘက်နားမှာတော့ အုတ်ကန်ပါ။ ကျုံးရေ သွယ်ထားပါတယ်။ တိုက် နောက်ဖေးကိုတော့ တစ်သက်လုံးမှ နှစ်ခါလားပဲ ရောက်ဖူးခဲ့တယ်။ အဲဒီ့မှာလည်း ခြုံရိုင်းတွေနဲ့ မြေအလွတ်က တော်တော် ကျန်ပါသေးတယ်။

ဝင်းပေါက်ရဲ့ မြောက်ဘက်ခြမ်းမှာတော့ ၀င်းထရံ သီးသန့်ခတ်ထားတဲ့ အရှေ့အိမ် ရှိပါတယ်။

အဲဒါက အဘိုးလေး ဦးလှမောင်တို့ မိသားစု နေတဲ့အိမ်ပါ။

ကျောဘက်သည် နောက်၊ မျက်နှာမူရာသည် ရှေ့

သူတို့က အဘိုးအိမ်ကို အနောက်အိမ်၊ အဘိုးတို့ အိမ်က သူတို့အိမ်ကို အရှေ့အိမ် အဲသလို ခေါ်ပါတယ်။ ရှေ့ နောက်ဆိုတဲ့ သဘောမဟုတ်ဘဲ အရှေ့ဘက်အရပ်မှာ ရှိတဲ့ အိမ်၊ အနောက်ဘက် အရပ်မှာ ရှိတဲ့အိမ် သဘောနဲ့ မှန်မှန်ကန်ကန် ခေါ်ပါတယ်။

သည်နေရာမှာ အရှေ့နည်းနည်းတိုးလို့ ပြောတဲ့ စကားဟာ ဗမာစကား အလွဲဆိုတာ ထည့်ပြောချင်သွားရသေးတယ်။ အရှေ့ဆိုပြီး၊ အနောက်ဆိုပြီး အ ထည့်ပြောရင် အဲဒါ အရပ်ဒေသကို ရည်ညွန်းတဲ့ အသုံးပါ။ ရှေ့နည်းတည်းတိုး၊ နောက် နည်းနည်းဆုတ် စသဖြင့် မျက်နှာမူရာနဲ့ ကျောဘက်ကို ပြောရင် အ မပါဘဲ ပြောမှ အမှန်ဆိုတာ နှောင်းလူတွေ သိပ်မသိတော့ပါဘူး။ ထားပါတော့လေ။ ဗမာစာနဲ့ ဗမာစကားက ကျွန်တော်တို့ ဘယ်လောက် ကြိုးစား ကြိုးစား၊ မကြာခင်ပဲ ဗုံးဗုံးလဲတော့မှာမို့ သည်ကိစ္စကို အကျယ်မချဲ့ချင်တော့ပါဘူး။

အဘိုးအိမ်ကို လိုက်သွားရင် မေမေမျက်ရည်နဲ့ မျက်ခွက်ဖြစ်ရတဲ့အကြောင်းမှာ အဲဒီ့ အရှေ့အိမ်ကြောင့်လည်း ပါပါတယ်။

အသက်ထက် ပစ္စည်းကို မက်တဲ့အမျိုး

အရှေ့အိမ်မှာလည်း အနာကြီး ရောဂါသည် တစ်ယောက်ရှိနေလို့ပါပဲ။ အဘိုးလေး အပါအ၀င် ဦးရှမ်းက မွေးတဲ့ သားယောက်ျားလေးတွေမှာ အနာကြီး ရောဂါမဖြစ်ဘဲ သမီးတွေမှာသာ ဖြစ်ခဲ့ပေမယ့် အဘိုးလေးက မွေးတဲ့ တစ်ဦးတည်းသောသားမှာတော့ အဲဒီ့ရောဂါ ဖြစ်နေပြန်ပါတယ်။ သူက ဆေးမီတဲ့အတွက် သော်သော့်လောက် အခြေအနေ မဆိုးပါဘူး။

သူ့ကိုတော့ ကျွန်တော်က လေးလေးမြင့်လို့ ခေါ်ပါတယ်။ သူ့နာမည်က (ဦး)မြင့်ကျော်ပေမယ့် မေမေအပါအ၀င် အားလုံးက သူ့ကို မောင်မြင့်လို့ပဲ ခေါ်ကြပါတယ်။ ကျွန်တော့် ဦးလေး တစ်ဝမ်းကွဲပေါ့။

အဘိုးလေးကတော့ ဦးကြီးကိုကိုလိုပဲ ရုပ်ဖြောင့်ဖြောင့်၊ စမတ်ကျကျ၊ လူပုံချောချော၊ ဂိုက်ကောင်း၊ ဆိုက်ကောင်းပါ။ ထူးခြားတာက သူ့နဖူး ဘယ်ဘက် (ထင်တယ်) မှာ ရှည်မျောမျော အမာရွတ်တစ်ခု ရှိနေတာပါပဲ။ နောက် ကြီးမှ သိရတာက သူတို့အိမ်ကို ဓားပြ ၀င်ရာမှာ ဓားပြကို နပန်းလုံးလို့ ဓားပြဗိုလ်က “အသက်ထက် ပစ္စည်းကို မက်တဲ့အမျိုးပဲ၊ သေပေတော့”ဆိုပြီး သေနတ်နဲ့ ပစ်သွားတာတဲ့ ခင်ဗျ။

နဖူးကို မှန်သော်လည်း လျှပ်မှန်တာမို့ သေကံမရောက် သက်မပျောက်ဘဲ နဖူးမှာ သေရာပါ အမာရွတ်နဲ့ ဖြစ်နေတော့တာပါ။

အဲဒီ့အဘိုးလေးကိုလည်း ကျွန်တော်ကတော့ ချစ်ပါတယ်။ သူတို့အိမ်က သစ်ရိပ်ဝါးရိပ်ကလေးနဲ့ အေးချမ်းတယ်။ ပြီးတော့ အနောက်အိမ်တို့၊ ကျွန်တော်တို့ တောင်အိမ်တို့နဲ့ ယှဉ်ရင် ပိုပြီးလည်း ခေတ်မီတယ်။ အဘိုးလေး မိန်းမ၊ လေးလေးမြင့်ရဲ့ အမေ ဘွားဘွားကြွယ်ကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့မို့ ကျွန်တော်က အဲဒီ့အိမ်မှာ ပျော်ပါတယ်။

နားမလည်ခြင်းများနဲ့

ဒါပေမယ့် ကျွန်တော် အဲဒီ့အိမ်ကို သွားသွားနေတာကို အဘိုးဦးချစ်မောင်ရော၊ ဦးကြီးကိုကိုရော၊ မေမေရော တယ်မကြိုက်လှသလို မြောက်အိမ်ကို သွားကြတိုင်းလည်း အဲဒီ့အိမ်ကို သုံးခေါက်မှ တစ်ခေါက်၊ လေးခေါက်မှ တစ်ခေါက် ၀င်တတ်ကြတာကို သတိထားမိတယ်။

အဲဒီ့အိမ်ကို သွားတာ သဘောကျတဲ့သူကတော့ သော်သော်ပဲ ဖြစ်ပါတယ်။ သော်သော်က သူ့မောင်ကို အတော်ချစ်သလို သူ့တူတော်မောင် လေးလေးမြင့်ကိုလည်း အရမ်းချစ်ပါတယ်။ ကလေးဖြစ်တဲ့ ကျွန်တော်တောင် သတိထားမိအောင် သော်သော်က သူ့မောင်နဲ့ သူ့တူကို ချစ်တာပါ။

နောင် အကြာကြီးကြာ ကျွန်တော် ကောင်းကောင်းကြီး လူလားမြောက်တော့မှ၊ မေမေ ဇာတ်ကြောင်း လှန်တော့မှ သိရတာက မေမေအပျိုပေါက်တုန်းက လိုက်ပြေးခဲ့တဲ့သူဟာ ဘွားဘွားကြွယ်ရဲ့ အမျိုးအရင်း ဖြစ်နေခဲ့မှန်း သိတော့တာပါ။ အဲဒါကြောင့် သူတို့က အရင်းအချာကြီးပေမယ့် အဲဒီ့အိမ်နဲ့ သိပ်တရင်းတနှီး မနေခဲ့ကြတာဆိုတာ သဘောပေါက်လာရပါတော့တယ်။

ကလေးတုန်းကတော့ ဘယ်သိမှာလဲဗျာ။ နားမလည်ခြင်းများစွာနဲ့ ကလေးလုပ်ရတဲ့ဘ၀ဟာ အတော် ဆိုးတယ်လို့သာ ပြောရမယ် ထင်ပါတယ်။

ရေနွေးနဲ့ ရေချိုးတဲ့ အကျင့်

မြောက်အိမ်က ပြန်ရောက်ပြီဆိုတာနဲ့ ကျွန်တော် ခံရပါပြီ။

မေမေက ကျွန်တော့်ကို ရေနွေးပူပူထဲ ဒက်ထော(လ်) ပိုးသတ်ဆေး သုံးလေးစက်ထည့်ပြီး ရေချိုးပေးပါတော့တယ်။ အဲဒီ့အိမ်က အနာကြီးရောဂါပိုးတွေ ပါလာခဲ့သည် ရှိသော် ပိုးသတ်ရအောင်လို့ မိခင်တစ်ယောက်ရဲ့ စိုးရိမ်ထိတ်လန့်ခြင်းများနဲ့ အစွမ်းကုန် ကြိုးစားတော့တာပါ။

စဉ်းစားသာ ကြည့်ကြပါတော့ဗျာ။

မန္တလေးလို အင်မတန် ပူတဲ့ မြို့ကြီးမှာ နေနေပါလျက်ကနဲ့ ကလေးဘ၀ကတည်းက ရေနွေးနဲ့ တစ်ချိန်လုံး ရေချိုးနေခဲ့ရတဲ့ ထိုကျွန်တော် ရေနွေးနဲ့မှ ရေမချိုးရရင် အာသာမပြေသလို ဖြစ်တတ်တာ ကျွန်တော့် အပြစ် ဖြစ်သင့်သလားဗျာ။ ဒါပေမယ့် ရေနွေးနဲ့ ရေချိုးချင်တဲ့ ကျွန်တော့်အမှုအတွက် အပြစ်တင်တော့ ခံရဖူးပါသဗျ။ အပြစ်တင်တာထက်တောင် ဆိုးပြီး အမနာပ ပြောတဲ့သူတွေတောင် ရှိခဲ့ပါတယ်။

အဲတုန်းက စာအုပ်မျက်နှာစာ (Facebook) မပေါ်သေးတော့ သည်လူတွေ့နှယ်လို့သာ အောက်မေ့မိခဲ့ပေမယ့် ကနေ့ စာအုပ်မျက်နှာစာပေါ်လာချိန်မှာတော့ အဲသလို ပြောခဲ့တာလောက်က ပန်းနဲ့ ပေါက်တာလောက်ပဲ ရှိပါတော့တယ်။ ဟုတ်တယ်လေ… ဘာလေးပဲဖြစ်ဖြစ် မီးကုန် ယမ်းကုန် ဆဲနေကြ၊ ဓားကြိမ်း ကြိမ်းနေကြတဲ့သူတွေက ကျွန်တော်တို့ရဲ့ ယဉ်ကျေးလှသော ရွှေနိုင်ငံကြီးထဲမှာ နည်းမှ မနည်းတာကိုး။

ယူတတ်ရင်တော့ ဘာဝနာပါ။

လူတွေမှာ သူ့နောက်ခံ၊ သူ့အကြောင်းနဲ့သူ ရှိကြပါတယ်။ အဲဒါကို ကျွန်တော်တို့က ထည့်တွက် ငဲ့ကွက်ကြမယ့် အစား ကိုယ့်သဘောထားနဲ့ မကိုက်ညီတိုင်း၊ တစ်နည်းဆိုရရင် ကိုယ် နားလည်မပေးနိုင်တိုင်း တောင်ပြော မြောက်ပြော လျှောက်ပြောခြင်းဟာ လူလူချင်း လေးစားရာ ရောက်တယ်၊ မရောက်ဘူးဆိုတာ ဆင်ခြင်ကြည့်နိုင်မယ့် သာဓကငယ်လေးပါပဲ။

မျိုးချစ်အဘိုး

အဘိုးဦးချစ်မောင်နဲ့ ပတ်သက်ပြီး ပြောစရာ နောက်တစ်ချက်က အဘိုးမိန်းမပါ။ ဒေါ်တင်လို့ ခေါ်ပါတယ်။ ကျွန်တော်ကလည်း ဒေါ်တင်လို့ပဲ ခေါ်ပါတယ်။ အနေအေးအေးနဲ့ ပြုံးပြုံးပြုံးပြုံးပဲလို့ မှတ်မိနေပါတယ်။ နောက်ကျတော့ အဲဒီ့ ဒေါ်တင် ဘယ်ရောက်သွားမှန်း မသိဘူး။ အဘိုးတို့ အိမ်မှာလည်း မရှိတော့ဘူး။

ကျွန်တော် နည်းနည်းလေး အရွယ်ရောက်မှ အဖေနဲ့ အမေတို့နဲ့ မန္တလေးကို ပြန်ရောက်ပြီး ဒေါ်တင်ကို အဖေတို့ အမေတို့ကပဲ စုံစမ်းကာ သွားတွေ့ခဲ့ကြပါသေးတယ်။ မန္တလေးတောင် ခြေရင်းက ဆိုင်တန်းလေးမှာ ဆင်းဆင်းရဲရဲနဲ့ နေခဲ့တဲ့ ဒေါ်တင်ကို တွေ့ရပါတယ်။ ကျွန်တော်တို့ကို တွေ့တော့ ငိုရှာပါတယ်။ ကျွန်တော့်ရဲ့ ကလေးတစ်ယောက် နားမလည်ခြင်းထဲမှာ အဲဒါလည်း ပါခဲ့တာပေါ့ဗျာ။

နောက်မှ သိရတာက ဒေါ်တင်က သူ့နှမ သော်သော်နဲ့ အဆင်မပြေတာကြောင့် အဘိုးက ကန်ထုတ်လိုက်တယ် ဆိုတာပါပဲ။ အဲဒီ့နောက်မှာတော့ အဘိုး နောက်ထပ် အိမ်ထောင် မပြုတော့တာ ကွယ်လွန်သွားတဲ့အထိပါပဲ။

ဆန်ရောင်းသူတွေ

နေဦးဗျ။

ကျွန်တော် မှတ်မိတာ တစ်ခုကျန်သေးတယ်။ အဲဒါက အဘိုးတို့အိမ်မှာ ဆန်ရောင်းသေးတယ် ဆိုတာပါပဲ။ ဆန်ကို တရားဝင် ရောင်းသေးတယ်ဆိုတော့ တော်လှန်ရေး ကောင်စီ မတက်ခင် အချိန်ပေါ့ဗျာ။ တော်လှန်ရေး ကောင်စီတက်တော့ အဲသလို ဆန်ရောင်းတာကို ထ ကန့်သတ်လိုက်တာများ ၁၉၆၆ ခုနှစ်မှာ ဆန်ရှားရာကနေ လူတွေ ငတ်မလိုဖြစ်တော့ တရုတ် အရေးအခင်းကို ဖန်တီးပြီး လမ်းလွှဲပေးခဲ့ပါသေးတယ်။ အဲဒီ့ တော်လှန်ရေး ကောင်စီခေတ်မှာ တစ်ရပ်တစ်ကျေးက ကိုယ့်သားမြေးအတွက် ဆန်လေး နှစ်ပြည်လောက် သယ်မိတာနဲ့ ထောင်ကျတဲ့သူတွေတောင် ရှိခဲ့ဖူးသေးပါရော။

ဆန်ရောင်းတယ်ဆိုမှ အမေနဲ့ ညီအစ်မ တစ်ဝမ်းကွဲတွေဖြစ်တဲ့ ကြီးကြီးမေ၊ ကြီးကြီးဦး၊ ကြီးကြီးရီတို့ဟာလည်း ဈေးချို အေရုံ ဆန်တန်းမှာ ဆန်ရောင်းခဲ့ကြသူတွေ ဖြစ်ပါတယ်။

သူတို့က မေမေဘွားဘွားရဲ့အစ်ကိုက မွေးတာတွေပါ။ ဦးလှဖေ၊ ဒေါ်လှမေ၊ ဒေါ်လှဦး၊ ဦးထွမ်အိမ်၊ ဒေါ်ရီရီတို့ ဖြစ်ကြပါတယ်။ သူတို့က အဲတုန်းက ကျောက်သွေးတန်းလို့ ခေါ်တဲ့ ၈၄ လမ်းမကြီးပေါ်၊ အခု ထွန်းဦးစာပေရဲ့ တောင်ဘက်နှစ်အိမ်ကျော်လောက်ဆီက တိုက်တန်းပေါ်မှာ နေကြတာပါ။

မီးခြစ်ဘူးလို အခန်းလေးတွေထဲက အမျိုးတွေ

အဲဒီ့တိုက်တန်းက အလယ်မှာ လေဟာပြင် လူသွားလမ်း၊ မျက်နှာချင်းဆိုင် တစ်ဖက်တစ်ချက်မှာ အိပ်ခန်းလေးတွေ ရှိပါတယ်။ အနောက်ဘက်က မျက်နှာစာဖြစ်ပြီး အရှေ့ဘက်က နောက်ဖေးခြမ်း ဖြစ်ပါတယ်။ အဲတော့ အရှေ့ဘက်ခြမ်းက အခန်း လေးခန်းကို ယူထားကြပြီး သူတို့ မောင်နှမတစ်တွေ ခွဲဝေ အိပ်ကြပါတယ်။ အနောက်ဘက်ခြမ်းက အခန်း နှစ်ခန်းကိုလည်း ယူထားပြီး မီးဖိုချောင်တွေ လုပ်ထားပါတယ်။

တောင်ဘက်ထိပ် အခန်းကို ဦးထွမ်အိမ်က ယူပါတယ်။ ပကတိ တရုတ်မျက်နှာနဲ့ လူကြီးပါ။ သို့သော် ခေတော့ မခေဘူးခင်ဗျ။ သူက မန္တလေးမြို့တော်ဝန်တောင် လုပ်ခဲ့ဖူးသေးဆိုပဲ။ သွားစိုက်ဆရာလည်း လုပ်ပါတယ်။ သူ့ သွားစိုက်ဆိုင်က အဲဒီ့တိုက်တန်းနဲ့ မျက်စောင်းထိုးမှာ ရှိပါတယ်။ သူ့ပထမအိမ်ထောင်ကွယ်လွန်သွားတော့ နောက်အိမ်ထောင်နဲ့ နေပါတယ်။ နောက်အိမ်ထောင်ကို ကျွန်တော်က ကြီးကြီးစောလို့ ခေါ်ပါတယ်။ ထောင်ထောင်မောင်းမောင်း အသားဖြူဖြူ ဒေါင်းတိ မောင်းတိတိ ရှမ်းလိုလို တရုတ်လိုလို မျက်နှာတည်တည်နဲ့ အမျိုးသမီးကြီးပါ။

ပထမအိမ်ထောင်နဲ့က သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားပါတယ်။ ကျွန်တော်နဲ့ မောင်နှမ နှစ်ဝမ်းကွဲပေါ့။ ဒါပေမယ့် သူ နောက်အိမ်ထောင်ပြုလိုက်တဲ့အတွက် အဲဒီ့ မောင်နှမ နှစ်ယောက်ကို ကြီးကြီးမေတို့က တာဝန်ယူလိုက်ပါတယ်။ အမျိုးစပ်ရင်သာ ကျွန်တော်နဲ့ မောင်နှမတော်တယ်၊ အသက်အရွယ်ချင်းကျ နှစ်ဆယ်ကျော် ကွာကြပါတယ်။

သူတို့မောင်နှမကို ကိုကိုကျော်ညွန့်ရယ်၊ မမသန်းရယ်လို့ ကျွန်တော်က ခေါ်ပါတယ်။ နှစ်ယောက်စလုံး ဦးထွမ်အိမ်နဲ့ တော်တော် ရုပ်ချင်းတူပါတယ်။ ကိုကိုကျော်ညွန့်က သာတောင် တူပါသေးတယ်။ သူကလည်း တစ်ဇာတ်လမ်းခင်ဗျ။ အဲဒါကို နောက်တော့ ပြောပြပါ့မယ်။

ဦးထွမ်အိမ်နဲ့ ကပ်လျက်အခန်းမှာက ကြီးကြီးဦးနဲ့ ကိုကိုကျော်ညွန့်တို့ နေကြပါတယ်။ နောက်တစ်ခန်းမှာကျတော့ ကြီးကြီးမေ၊ ကြီးကြီးရီနဲ့ မမသန်းတို့ နေကြပါတယ်။ နောက်ဆုံး တစ်ခန်းမှာတော့ ဦးလှဖေနဲ့ သူ့သမီး မမလှလှတို့ နေပါတယ်။ မမလှလှကလည်း မမသန်းလို ကျွန်တော်နဲ့ မောင်နမ နှစ်ဝမ်းကွဲပါ။ သူ့ကို သူ့ထက် ငယ်တဲ့သူအားလုံးက မမလှလို့ ခေါ်ပေမယ့် ကျွန်တော်ကတော့ သူ့နာမည် အပြည့်အစုံအတိုင်း မမလှလှလို့ပဲ ခေါ်ခဲ့တာ ဘာကြောင့်မှန်း မသိပါဘူး။

အဲဒီ့ မမလှလှရဲ့ အဖေ ဦးလှဖေ၊ ကျွန်တော့်အခေါ် ဦးကြီးလှဖေက ခေသူ မဟုတ်ဗျ။ အဲဒီ့ခေတ် မန္တလေး ရုပ်ရှင်ရဲ့ ဇာတ်ကားတော်တော်များများမှာ ဖြတ်လျှောက်လောက်ကတော့ ကားတိုင်းလိုလိုမှာ ပါခဲ့ပါသေးလားဗျား။

ရှပ်အင်္ကျီကို အမြဲတစေ ပုဆိုးအပြင် ထုတ်ဝတ်ပြီး ခပ်ပြုံးပြုံးမျက်နှာပေးနဲ့ အသားဖြူဖြူ မျက်လုံးပြူးပြူး အရပ်မြင့်မြင့် ဦးကြီးလှဖေဟာ အရပ်ပုပု ဂင်တိုတို မျက်စိပေါက် မှေးမှေး ဦးကြီးထွမ်အိမ်နဲ့က ဘုရားစူး ညီအစ်ကိုပါပဲ။ ကျွန်တော်နဲ့က ဦးကြီးလှဖေနဲ့ ပိုနီးစပ်ပါသေးတယ်။

ဦးကြီးထွမ်အိမ်ကိုကျတော့ မောင်နှမချင်းတောင် ခပ်ရှောင်ရှောင်ရယ်။ ဦးကြီးထွမ်အိမ်က စိတ်ပဲ နောက်နေသလိုလို၊ မထင်ရင် စိတ်ပဲ ထဖောက်တတ်သလိုလို ပြောသံကြားဖူးတယ်။ ဟုတ်မဟုတ်တော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးပဲ သိပါလိမ့်မယ်။

သည်အပိုင်းမှာ ပြောကြဆိုကြတာလေးတွေ

Thu Ma အားလုံးပြီးရင်စာအုပ်ထုတ်ပါ ဦးရေ…

Saw Zar Li ဖတ်ရင်းနဲ့ မျက်လုံးထဲမှာ Family tree ဆွဲကြည့်နေရတယ်… ဒါတောင် မေ့မေ့သွားလို့ အပေါ်ပြန်တက်ပြီး အမျိုးစပ်ရတာ ခဏခဏပဲ

Thu Ma သမီးက ဘွားညိုကို သတိရသွားတယ်။ ဘွားညိုကမျက်စိမှုန်တော့ သမီးက စာဖတ်ဖတ်ပြရတယ်။ သမီးကို အဘွားက စာတော်ဖတ်တဲ့ သူကမိဘုရားကြီးပေါ့ 🙂 သမီး စာဖတ်တာ တော်သတဲ့။ အဲဒါကြောင့် တစ်တန်းလောက်မှာတင် သတင်းစာကို ကောင်းကောင်းဖတ်တတ်နေပြီ။ ဘွားညိုကျေးဇူး 🙂

Nge Thar စာအုပ်ထုတ်ဖြစ်အောင် ထုတ်နော် ဆြာ စာအုပ်နဲ့မှ ဇာတ်ရည်လည်အောင် အပီအပြင် ဖတ်ရမယ် ခုတော့ ဆန့်တငင်ငင်ရယ်

ATK စက္ကူဖိုးရယ်၊ ပုံနှိပ်ခရယ်အတွက် ပိုက်ဆံလေး စုထားလေ။ ပြီးရင် အရပ်တကာ လည်ပြီး ခများကိုယ်တိုင် လိုက်ဝေ။ အလကားပေးတောင် ယူမယ့်သူ ရှိမှာ မဟုတ်တော့တဲ့ ခေတ်ဗျ။ ဗိုလ်ခင်ညွန့်စာအုပ်လို စာအုပ်မျိုးမှ ရောင်းကောင်းတာ။ ကျွန်တော့်လိုကောင် ရေးတာများတော့ အဖက်လုပ် ဖတ်မယ့်သူက သည်တိုင်းပြည်ကြီးမှာ တစ်ထောင်ရှိ ကံကောင်း။

Nge Thar တကယ်မူပိုင်ခွင့်ပေးမလား ဆရာ

Zabe Lwïn shi par dae shint!

ATK ပေးပါသဗျာ

Kay Zac ဘဘဦးလှဖေကသမီးကိုသိပ်ချစ်တာ။ နေ့လည် မုန့်စားဆင်းချိန်ဆိုရင် ကျောင်းထိလိုက်လာပြီး မုန့်တွေ လာလာပို့တာ။ တအားလည်း အလိုလိုက်တယ်၊ ရုပ်ရှင်ထဲမှာ ပါရမယ်ဆိုရင် သေချာ ပြင်ဆင်ပြီးမှ သွားတာ။ ခေါင်းပေါင်းလေး တစ်လူလူနဲ့။ ကြီးကြီးလှ ဆုံးတော့ သမီးမရှိဘူး။

ATK အွင်… ဦးကြီးလှဖေ မဆုံးခင် ညည်းကို မွေးတာလား။ ကျုပ်က ညည်းတောင် မမှီလိုက်ဘူး မှတ်လို့။ နုချက်အေ။ ညည်းအမေကို ဒါတွေ ပြနေသေးလား။ သူဖတ်ရင် ဘာပြောမလဲ မသိဘူး။

Kay Zac လုဂျီးဒေ အိမ်မှာ မရှဝူးဂျ။ ကလေးဒေပဲ အုပ်ချုပ်နေဒယ် ဟဲဟဲ။ မှီဒါပေါ့စ်၊ ဦးလှဖေရဲ့အသည်းကျော်က သများလေ အတူမရှိ အတုမရှိဘဲ။

သမီးငယ်ငယ်လေးမှာ ဆုံးတယ်၊ ဒါပေမဲ့ ကိုယ့်ကို သိပ်ချစ် သိပ်အလိုလိုက်တဲ့လူဆိုတော့ အခုထိ မှတ်မိနေတယ်။

Soe Myat Myo Shwe စာလုံးပေါင်း အမှန်မေးချင်လို့ပါဆရာ… စာသိပ်ဖတ်တယ်လို့ မဟုတ်ဘူးလားလို့။ ပ သတ်နဲ့ပဲ အမြဲ မှတ်ထားမိသလိုဖြစ်နေတော့ သမီး အမှတ်မှားနေတာလား သိချင်ပါတယ်။

ATK ကျေးဇူးပါဗျာ။ သမီး မှန်ပါတယ်။ ဆရာမှားပါတယ်။ ပြင်လိုက်ပါ့မယ်။ သိပ်က အမှန်ပါဗျာ။ ၀ဋ်ဆိုတာ လည်တတ်တဲ့ သဘောရှိတယ် အမေထွား Myint ရေ… (ဟေ့… ဘာရယ်တာလဲကွ) 🙂 Kay Ma… ဒါဆို သူပါတဲ့ ဓာတ်ရှင်တွေရော ကြည့်ဖူးလိုက်သေးလား။ မေမေဘွားဘွား၊ ဦးကြီးကိုကိုလို့ ရေးတဲ့အခါ လေးလေးတင်တင်လည်း တစ်နေရာမှာတော့ ပါရဦးမှာ။ ခက်တာက ဆွေမျိုးလည်း စပ်လို့ မရဘူး။ ညည်းပါ ပြန်ပါလာတော့မယ့် သဘောတော့ ရှိတယ်။ ခေါင်းစဉ်တောင် စဉ်းစားပြီးနေပြီ။ ခိုဒေါင် ခိုင်ဇင်မဆိုတဲ့ ခေါင်းစဉ်လေးနဲ့။ မနိပ်လားးးးး 😛

အဟောင်းထဲက အစုတ်တွေ

၂၀၁၅ ဖေဖော်ဝါရီ ၂၀ရက်နေ့မှာ စရေးဖြစ်သွားတာ

နိဒါန်း

တစ်သက်တာ ဂီတဆုကို ဦးအံ့ကြီးရတယ်ဆိုတော့ ၀မ်းသာရပါတယ်။

အဟောင်းတွေလည်း အစုတ်… အဲ… အသစ်ဖြစ်လာရပါသေးတယ်။

ဦးအံ့ကြီးကို မြင်ဖူးခဲ့ပုံ အစ

ကျွန်တော်တို့ ရှစ်တန်းဖြေပြီးတော့လား မသိဘူး။ ခုနစ်တန်းလည်း ဖြစ်ချင်ဖြစ်မယ်။ နွေရာသီကျောင်းပိတ်ရက် ကျောင်းကနေ လုပ်အားပေးစခန်း ဘာညာ လုပ်ကြတယ်ပေါ့။ ကျွန်တော်တို့ လူလားမြောက်ရတဲ့ ရွှေဆိုရှယ်လစ်ခေတ်မှာ အဲလို တောင်စဉ်ရေမရဟာတွေ တယ်ခေတ်စားတာကလား။

အဲ… အဲဒီ့ လုပ်အားပေးသင်တန်းမှာ ဦးအံ့ကြီးက အကော်ဒီယံတစ်လုံးနဲ့ လာဖျော်ဖြေပေးတာကို မှတ်မိနေတယ်။ အဲဒါ ဦးအံ့ကြီးကို ပထမဆုံးအကြိမ် လူချင်း စမြင်ဖူးတာပါပဲ။

နောက်တော့ အင်ဗွိုင်းခန်းမ (အခုတော့ တပ်မတော်ခန်းမဆိုလားပဲ) မှာ။ ဂျပန် ကုန်စည်ပြပွဲ လုပ်တာ။ အဲဒီ့မှာ ယနေ့ အလက်ထရောနစ်(ခ်) အော်ဂယ်(န်) ဆင်သဆိုက်ဇာများရဲ့ အစအဦး အော်ဂယ်(န်)ကို စမြင်ဖူးတာ။ [အဲဒီ့ အော်ဂယ်(န်)ကို နောက်ကျတော့ မြန်မာ့အသံကို ပေးပစ်ခဲ့တယ်။ ၀င်းဦးနဲ့ စန္ဒယားတင်ဝင်းလှိုင်တို့ နှစ်ယောက်တည်း ဆိုကြ တီးကြတဲ့ သီချင်းတွေမှာ သုံးတဲ့ အော်ဂယ်(န်)ပါ။]

အဲဒီ့ အော်ဂင်(န်)ကို တီးပြသူက ဂျပန်ကြီးတစ်ယောက်။ အလွန်ကြည့်ကောင်းပေါ့။ သူနဲ့ အော်ဂင်(န်)နဲ့က တစ်သားတည်းလို ဖြစ်နေတော့ နားထောင်လို့လည်း အလွန်ကောင်း။

ကျွန်တော်လည်း သွားသွားမော့တာပေါ့။ ကျွန်တော် ရှစ်တန်းကျောင်းသားလောက်ပဲ ထင်တယ်။

တစ်ရက်မှာ ဦးအံ့ကြီး ရောက်လာတာ တွေ့ရတယ်။ သူလည်း အော်ဂယ်(န်) အသစ်အဆန်းကို ၀င်တီးကြည့်ပြန်တယ်။ နားထောင်လို့ ကောင်းတယ်။ သီချင်းတော့ ဆိုမသွားဘူး။ တော်တော်ကြာကြာတော့ တီးသွားတယ်။ ငေးပြီး နားထောင်ခဲ့ရတယ်။ သူတီးတာက နာမည်ကျော် သူ့သီချင်းတွေ ဖြစ်ပြီး အဲဒီ့ခေတ်မှာ အနောက်တိုင်း တေးသွားတွေကို အလွန်အရေးကောင်းလှတဲ့ သင်္ဂဟ ဦးဘသိန်း (မန္တလေး) ရေးတဲ့ စိမ်းလဲ့ကန်သာတို့၊ သူကလေးတို့၊ ပန်းပုသူဇာတို့တွေပါပဲ။

ကျွန်တော့် အစုတ်ထုပ် (၁)

ကျွန်တော့်ရဲ့ ပိုးပေါင်းများစွာထဲမှာ ဂီတပိုးကလည်း အရင့်အမာ။ သီချင်း အတော် များများကို အလွတ်ရတယ်။ ဦးအံ့ကြီး သီချင်းဆို အကုန်နီးပါး အလွတ် ရသလို ကျွန်တော့်ဆီမှာ အခုဆို အကုန်ရှိပါတယ်။

သည်လိုနဲ့ နေလာလိုက်တာ ၁၉၈၀ ပြည့်လွန်စ ကာလမှာ ချစ်ဖူးသူတစ်ယောက်ရဲ့ အိမ်ကို အ၀င်အထွက် ရှိနေတယ်။ ညမအိပ်ရုံ တစ်မည်ပဲ။ ညဘက်လည်း သူတို့အိမ်ကို ရောက်ရောက်နေတတ်တယ်။

တစ်ညနေခင်းမှာ အဲဒီ့အိမ်က ဦးအံ့ကြီးသီချင်းတွေ တန်းစီပြီး ဖွင့်နေတော့ ကျွန်တော်လည်း လိုက်ဆိုတာပေါ့။ အကျအနကို ဆိုတာ။ အဆိုပိုဒ်မှာသာ မက အတီးပိုဒ်မှာပါ အဆိုတော်က မဆိုပဲနားပေမယ့် ကျွန်တော်က မနားတမ်းဆိုချင် ဆိုနေတတ်တာ။

အဲလိုနဲ့ ထမင်းစားကြမယ် လုပ်တော့ ကျွန်တော် မဆိုတော့ပါဘူး။ အခွေကိုတော့ ဆက်ဖွင့်ထားပါတယ်။

ထမင်းပွဲ အသင့်ဖြစ်တော့ ချစ်ဖူးသူရဲ့ အဖွားက ထအော်တယ်။

“ဟဲ့… ဟိုကောင်လေး… သီချင်းတွေချည်းပဲ အော်မနေနဲ့။ ထမင်းလာစားဦး”တဲ့။

ကျွန်တော်ကဖြင့် သီချင်းလိုက်ဆိုဖို့ နေနေသာသာ ထမင်းဝိုင်းနားတောင် ရောက်နေပြီ။

အဲဒီ့နေ့က သူတို့ တစ်အိမ်လုံး ပွဲကျသွားတယ်။

ကျွန်တော့် အစုတ်ထုပ် (၂)

နောက်တော့ အဲဒီ့ ချစ်ဖူးသူနဲ့ (ကျွန်တော့်အပြစ်ကြောင့်) ကွဲသွားပြီး ပြင်သစ်သံရုံးမှာ ပြင်သစ်ဘာသာသင်တန်း သွားတက်တော့ အတန်းဖော်တစ်ယောက်က ဦးအံ့ကြီးရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပါတယ်။

၁၉၈၄ ဖြစ်မယ် ထင်တယ်။ အဲဒီ့နှစ် နာတာလူးပွဲတော်အကြို ကျွန်တော်တို့ သင်တန်းတွေရဲ့ ပွဲလုပ်တော့ ကျွန်တော်က ဦးအံ့ကြီးရဲ့ နာမည်ကျော် မန်းတောင်ရိပ်ခိုကို ဂစ်တာတီးပြီး ဆိုတယ်။ ဦးအံ့ကြီးရဲ့ သမီးက ကပေးတယ်။ (အဲဒီ့ ဓာတ်ပုံလေး ယနေ့ထက်တိုင် ကျွန်တော့်ဆီမှာ ရှိနေပါသေးတယ်။)

အဲဒါလည်း တကယ့် အမှတ်တရပါပဲ။ အဆိုပါရမီရှင်တွေတောင် ကြုံဖူးမှာ မဟုတ်ဘူး။

ဦးအံ့ကြီးရဲ့ သီချင်းကို ဦးအံ့ကြီးသမီးရဲ့ အကနဲ့ ကျွန်တော် ဆိုဖူးသလို နောက် နှစ်များစွာအကြာမှာ နန်းတော်ရှေ့ဆရာတင်ရဲ့ စိန်မြရံခြယ် အောင်ပင်လယ်သီချင်းကို ဆရာတင့် မြေး မင်းသားတစ်ယောက်က က၊ မန္တလေးမှာ စိန်ကျော်ကွေ့ဆိုပြီး နာမည်ကြီးတဲ့ ဆိုင်းဆရာကြီး စိန်ကျော် (ဆရာကြီး စိန်ဗေဒါရဲ့ လက်ရင်းတပည့်) ရဲ့ သားရဲ့ ဆိုင်း အတီးနဲ့လည်း မန်းရွှေမြို့ကြီးမှာ ဆိုခဲ့ဖူးတယ်။ အဲဒီ့ခေတ်ကျတော့ ဗှီဒီယိုကင်မရာ ပေါ်ခဲ့ပြီမို့ အဲဒါတော့ ဗှီဒီယိုနဲ့ မှတ်တမ်း ရှိပါတယ်။

ကျွန်တော့် အစုတ်ထုပ် (၃)

ဦးအံ့ကြီးဆီကိုလည်း တစ်ခါ သွားခဲ့ဖူးသေးတယ်။ အခု သံလွင်လမ်းလို့ ခေါ်တဲ့ ၀င်ဒါမီယာက သူ့အိမ်ကို သွားတွေ့ခဲ့တာပါ။

အဲဒီ့အချိန်မှာ ကျွန်တော်က Rangoon Theatre Club လို့ ခေါ်တဲ့ မြန်မာပြည်မှာ တာဝန်ကျနေကြသော နိုင်ငံခြားသားပေါင်းစုံရဲ့ အသင်းမှာ လှုပ်ရှားနေချိန်။ ပြဇာတ်အသင်းဆိုတော့ စင်တင်ပွဲတွေ လုပ်ကြတယ်။ သူတို့ အနောက်တိုင်း အဆိုတွေ၊ အကတွေ၊ ပြဇာတ်တွေပဲ တင်ဆက်နေတာ ထိုင်ကြည့်ရင်း ဇာတိမာန်က ကြွလာတယ်။

[အဲဒါနဲ့ နောက်ပိုင်း (၁၉၈၈) မှာအငြိမ့်ကို အင်္ဂလိပ်ဘာသာနဲ့ အစအဆုံး ကဖြစ်ခဲ့ပါတယ်။ ကျွန်တော်နဲ့ လှည်းတန်းက အင်္ဂလိပ်စာဆရာအကျော်အမော် ဦးဝင်းနိုင်တို့က လူပြက်တွေပေါ့။ အခု Park Royal နဲ့ Summit Park View တို့မှာ စောင်းနဲ့ ပတ္တလား တီးနေတဲ့ ဆရာဖုန်း ဦးဆောင်တဲ့ ၀ိုင်းနဲ့ပေါ့။ ဗြိတိသျှ သံရုံးရဲ့ ခန်းမထဲမှာပါ။ အဲဒါက ရုပ်မြင်သံလွှင့် မဂ္ဂဇင်းမှာ ဓာတ်ပုံတွေနဲ့ ဆောင်းပါးတစ်ပုဒ် ရှိတယ်။

[မင်းသမီးက ဗြိတိသျှသူ စစ်စစ်။ Sandra တဲ့။ သူ့ကို မြန်မာအက သင်ပေး၊ မြန်မာသီချင်း ဦးသ၀န်ကြောင်ကို အင်္ဂလိပ်ဘာသာနဲ့ ပြန်ရေးပြီး သီချင်းသင်ပေး။ ၀ိုင်းနဲ့ တိုက်။ ကိုယ်တိုင်ဆို ကိုယ်တိုင်က ခိုင်းခဲ့တဲ့ ဇာတ်ဆရာက ကျွန်တော်။ ခွန်းထောက်၊ ပတ်ဆင့်၊ ဆိုင်းဆင့်တွေလည်း ကျွန်တော်ပဲ ဘာသာပြန်၊ ကျွန်တော်ပဲ ဟဲ။

[ဆန်းတာက အဲဒီ့ မင်းသမီး Sandra က ကျွန်တော်တို့နဲ့ ဇာတ်တိုက်နေစဉ်ကတည်းက ဖြူဖတ် ဖြူရော်။ သွေးကင်ဆာ ရောဂါ ဝေဒနာရှင်။ ကျွန်တော့်အငြိမ့်ပြီးတဲ့နောက် မကြာခင်မှာ မြန်မာပြည်မှာ တာဝန်ကျနေတဲ့ သူ့မိဘတွေလည်း တာဝန်ချိန် ကုန်ဆုံးလို့ သူတို့တိုင်းပြည် သူတို့ ပြန်သွားတယ်။ သိပ်မကြာခင်မှာပဲ သူ ကွယ်လွန်သွားတာကို ကြားသိလိုက်ရပါတယ်။]

ဦးအံ့ကြီးဆီ ရောက်ဖို့အရေး ကြားထဲက ကွင်းခံပြီး ချောတောငေါ့လိုက်တာ စကားက တခြားရောက်သွားတယ်။

အငြိမ့်မကခင်မှာ ကျွန်တော် စမ်းသပ်တာက မြန်မာသီချင်းကို အင်္ဂလိပ်လို ဘာသာပြန်ပြီး ဆိုကြည့်ဖို့။ ဘယ်သူဆိုမှာလဲဆိုတော့ ကျွန်တော်လေ။

သုံးရာသီရယ်၊ ကျွန်တော်ရယ်၊ ဦးအံ့ကြီးရယ်

အဲတော့ ဦးအံ့ကြီးရဲ့ သုံးရာသီ သီချင်းကို ရွေးလိုက်တယ်။ ဘာသာပြန်တယ်။ ဆိုကြည့်တယ်။ အကုန် ဟုတ်မလို ရှိပြီး နောက်ဆုံးပိုဒ်ကျမှ ဂန့်နေတယ်။

“အစဉ်ပဲ စိမ်းစို ♫ မောင့်နေရင်း အရပ်ကို ♫ နဂိုနေ ယဉ်ရှာသကို ♫ မခို့တရို့အဆင်းက အလှပို ♫ တွေ့မြင်ခဲ့ရ အလွမ်းတွေ ပို ♫”ဆိုတာလေ။

“မောင့်နေရင်း အရပ်”နဲ့ “မခို့တရို့အဆင်း”နဲ့ကို ဘယ်လို ချိတ်ရမှန်း မသိတော့ဘူး။ အဓိပ္ပာယ်ကို ဆက်စပ်လို့ မရဘူး။ ဒုက္ခက ရောက်နေပြီ။

မဖြစ်ချေဘူး မေးမှပဲဆိုတော့ သီချင်းရေးတဲ့ ဆရာကြီး ဦးဘသိန်းကိုတော့ သွားမမေးနိုင်ဘူး။ ဆရာကြီးက မန္တလေးမှာ နေတာ။ အဲတော့ နီးနီးနားနား ဦးအံ့ကြီးကို သွားမေးမယ်ဆိုပြီး သူ့အိမ် ရောက်သွားပါရောလား။

အဲဒီ့အထိ အပြီးမှာ ပြောကြဆိုကြတာတွေ…

Minn Thaik ယဉ်တစ်ကိုယ်မယ် .. ဆိုတာ အဘအံ့ဆိုတဲ့ သီချင်းများလားဗျ

ATK ဟုတ်ပါသဗျ။ သန်မာထွားကြိုင်းပြီး ကမ္ဘာသူအလယ် လျှောက်သွားမယ် လွန်တင့်တယ် သုံးတောင်ဝတ် အားမငယ် အစချီပေါ့ခညာ

Nge Thar ဇာတ်ရှိန်တက်မှ ရပ်လိုက်တာ ကောင်းသလား ဆရာ

Minn Thaik မှန်မှန်ပြော ညာနဲ့ ..ဆြာကျော် အဲဒီ ယဉ်တစ်ကိုယ်မယ် သီချင်းကို ရေချိုးတဲ့ အခါ ရေချိုးခန်းထဲမှာ အော်ဟစ်ဆိုဖူးတယ်မှလား

ATK လွဲသွားပြီ ကိုစောခိုင်။ ရေချိုးခန်းထဲမှာ အော်ဆိုတာက ဆရာမြို့မငြိမ်းရဲ့ အိစက် ညက်ညောတဲ့ ဖဲမွေ့ရာပေါ်မယ်ဗျ။

Minn Thaik ရှက်သွေးမဖြာပါနဲ့ဗျာ .. ဒန်ဖလားကြီးနဲ့ ခေါင်းလောင်းချိုးပြီး … သန်မာထွားကြိုင်းခဲ့တာ ဟိ ဟိ

ATK Ka Nge Thar ရေ… ဆက်ရေးရင် ညက်ရေဒေတင်မက နှပ်တေပါ ထွက်လာမှာ စိုးလို့ ရပ်လိုက်တာဗျ။ ခွေးလွှတ်ပါ။ အဟောင်းတွေက အစုတ်တွေ ဖြစ်ဖြစ်ကုန်ပါတယ်ဆို

Minn Thaik တစ်သက်မှာ တစ်ခါဆုံတယ် လဝါဆိုဦးရှင်ကကွယ် ..

ATK အူးလေးက အလွဲတွေ။ ဘုရားမှာ တစ်ခါဆုံတယ် လ၀ါဆိုဦးဆီကကွယ်ပါဗျ။

Minn Thaik အာ .. အဘကျော်ကလည်း .. နူးဗားရှင်းထားတာလေ .. သူ့ အသံလေး ကြားယောင်တယ် .. ( စိနတွေတောင် ပြန်ဆိုထားသေး )

Htar Htar Myint တို့ ကတော့ စစ်ကိုင်းတောင်နဲ့ သခွတ်ပန်းသီချင်းကို ရေလည်ကြွေတယ် စစ်ကိုင်းတောင်သီချင်းကြားရင် ချက်ချင်းမန်းလေးကို ပြေးချင်စိတ်ပေါက်တာ

ATK အဲဒါတွေက ကလေးတုန်းက ကြိုက်တာ။ အသက်ကလေး ရလာတော့… အချစ်ဦးမေ… ကျွန်တော့်အတွက် တစ်သက်တာ ရှာဖွေတွေ ဘာတွေ ဖြစ်လာတယ်။

ခုကျတော့ မျက်ထားညို ဘာအလိုများမကျ သြော် စကားမဆိုဝံ့အောင်ကွယ် အိုဘယ့် သက်လှယ်တွေ ဘာတွေ ဖိလာတယ်။ ဂျစ်ဂျစ်ကို ဖားရင်းနဲ့ပေါ့(စ်)

Htar Htar Myint ဦးအံကြီးနဲ့ ဆုံတဲ့အကြောင်းကို ဆက်ရေးပေးပါ

ATK ယောက်ျားကြီးတန်မဲ့ မူလိုက်မှနဲ့ တူတယ်။

Minn Thaik တူရိယာလုလင် သီချင်းထဲက အရွယ်အားဖြင့်သော ငယ် ” အား ” ပင်ဆိုတဲ့နေရာမှာ ဘာလို့ ” အား ” ဆိုတဲ့ အသုံး ရေးသုံးတာလဲ ဆိုတာ နားမcည် ဘူးဖြစ်နေလို့ဆရာ .. အားငယ်တဲ့ သဘောလား .. ?

ATK မဟုတ်ဘူးဗျ။ ငယ်နိုင်အားတယ်ဆိုတဲ့ သဘောနဲ့ ရေးတာ။ အားကြီး ငယ်တယ်ပေါ့ဗျာ။

Minn Thaik ငယ်ပြီးခါမှ နုထွားကြီးမို့ရှုတိုင်းရင် ဆိုတာ ကန့်လန့်ဖြစ်နေလို့။

ATK ကတောက်… သည်အရွယ်ကြီး ရောက်နေမှ သည်ဒါ့ပုံဆရာ နုထွားဂျီးဒေ မမြင်ဖူးဘူးဆိုရင် စင်းတီတုံးပေါ် တင်ပြီး ငရုတ်ကျည်ပွေ့နဲ့သာ ထုလိုက်တော့ဗျာ။ (ဒါ့ပုံရိုက်တဲ့ လက်ကို ပြောတာနော်)

Minn Thaik အဲဒီတုန်းကပေါ့ဗျ .. လူကလေးနဲ့တွေ့ကြရာတွင် ..ဆိုတာလည်း .. သိပ်မရိုးသားပုံကျတယ်

ATK ဘယ့်နှယ့် လူဂလေး ဖိတွားရဒါဒုံး။ Thaik ဆြာ လိုင်းပြောင်းတော့မလို့လား။ သတ်သတ်တော့ လွတ်သားပဲ။ ဒါဆိုလည်း သငယ်လေးနဲ့ တွေ့ကြရာတွင်လို့သာ ဒဲ့ ပြောင်း စမ်းပါဗျာ။

အဲဒီ့ထက် မရိုးတဲ့ သီချင်းရှိပါသဗျား။ အဲဒါတော့ ဦးအံ့ကြီးမဟုတ်ဘူး။ ကြွယ်ကြွယ်ဆိုတာ အပျော့ဆွဲတဲ့။ သေချာ စဉ်းစားကြည့်။ ဘာကို ပြောတာလဲဆိုတာ။

သူ့ထက်ဆိုးတာက မူလက မြို့မ ကိုဗစိန်ဆိုပြီး နောက်ကျတော့ ၀င်းဦးဆိုမှ ကျော်ကြားသွားတဲ့ မပြီးသေးသော ပန်းချီကား။

Minn Thaik ဆရာ့ ဆရာကြီးတွေကတော့ ဆုံးခါနီးမှ အဓိက သော့ချက်တွေ့သွားရှာကြတာ

၂၀၁၅ ဖေဖော်ဝါရီ ၂၁

ဦးအံ့ကြီးရဲ့ သီချင်းတွေထဲမှာ ၀ိုင်းနဲ့သာဆို ကျွန်တော် လုံးလုံးမဆိုရဲတဲ့ သီချင်းတစ်ပုဒ် ရှိတယ်။ အဲဒါက မြိုင်ထပဲ။ မြိုင်ထကို ဦးအံ့ကြီးဆိုထားတာ ကောင်းလိုက်တာဗျာ။ သီချင်းက ၁၄ မိနစ်လောက် ကြာတာ။ ရွာစား စိန်ဘမောင်ရဲ့ တီးကွက်တွေကလည်း လှမှလှပဲ။ (https://www.youtube.com/watch?v=6A6uU215H1I သည်မှာ နားဆင်လို့ ရပါတယ်။)

အဲဒီ့မြိုင်ထမှာလည်း ကျွန်တော့် အစုတ်တွေ ရှိသေးတယ်ဗျ။

ကျွန်တော့် အစုတ်ထုပ် (၄)

မနေ့က ပြောခဲ့တဲ့ ချစ်ဖူးသူရဲ့ အိမ်မှာ သီချင်းတွေ ဖွင့်ထားတုန်းက သည်မြိုင်ထလည်း ပါတာပေါ့။ ကျွန်တော်လည်း လိုက်အော်နေတာပေါ့။

အဲဒီ့ချစ်ဖူးသူရဲ့ နာမည်မှာ “လှိုင်”ပါတယ်ခင်ဗျ။ (အခု ကျွန်တော့် အိမ်သူ ဂျစ်ဂျစ်ရဲ့ နာမည်မှာလည်း “လှိုင်”ပါပြန်တယ်။ လှိုင်နဲ့ ရေစက်လို့ပဲ ဆိုကြပါစို့ရဲ့။)

အဲဒီ့ မြိုင်ထ အချပိုဒ်နား ရောက်ခါနီးမှာ “မြိုင်မြိုင်မြိုင် လုံးရယ်၊ ကြိုင်ကြိုင်ကြိုင်လုံးရယ်၊ မြိုင်လုံးရယ်၊ လှိုင်လုံးရယ်၊ မြိုင်လုံးရယ် မွှေးးးး မြိုင်လုံးရယ်မွှေး”လို့ ဆိုထားပါရောလား။

အဟဲ… ကျွန်တော့် ချစ်ဖူးသူ လှိုင်က အကောင်သေးတယ်။ အလုံးအဖန်လည်း သေးတယ်။ ခုခေတ်လိုဖြင့် ဆလင်း(မ်)ပေါ့ဗျာ။ သူက ဆူပါ ဆလင်း(မ်)။ အဲတော့ အဲဒီ့ သီချင်းအချပိုဒ်ရောက်ရင် ကျွန်တော်က “မြိုင်လုံးရယ်၊ ကြိုင်လုံးရယ်၊ လှိုင်လုံးရယ် သေးးးးး”လို့ ခပ်တိုးတိုး ဆိုပြီး သူ့ကို စခဲ့ဖူးပါရောလား။ သူက ကျွန်တော့်လက်မောင်းကို တဖတ်ဖတ် ရိုက်ပေါ့ဗျာ။

အဲဂလို ကျွန်တော့်အစုတ်တွေက ဦးအံ့ကြီးသီချင်းတွေထဲမှာ ရှိသဗျ။

ဦးအံ့ကြီးရဲ့ ထူးခြားချက် နှစ်ချက်

တကယ့်တကယ်ကျတော့ ဘ၀တစ်သက်တာအတွင်းမှာ ဦးအံ့ကြီး စုစုပေါင်း သီဆို အသံသွင်းသွားခဲ့တာ အပုဒ်ရေ ၆၀ လောက်ပဲ ရှိတယ်။ အရေအတွက် နည်းနည်းနဲ့ အရည်အသွေး အပြည့် ဆိုသွားတာမို့ သူ့ဆိုဟန်တွေက တခြားသူ လိုက်မမီအောင် ကောင်းလွန်းနေပါတယ်။

ထူးခြားချက်က ဦးအံ့ကြီးဟာ အစဉ်အဆက် ချမ်းသာတဲ့ ဘီတီဘရားသား(ဇ်) မိသားစုက ဆင်းသက်လာတာပါပဲ။ စိန်လွင်၊ ပလေးဘွိုင်သန်းနိုင်၊ (ယနေ့ နာမည်ကျော် အဆိုတော် မင်းသား လူရွှင်တော် ထွန်းထွန်းရဲ့ ဖခင်) တင်အောင်မိုး၊ ပုလဲ၊ ပီတာဘသိန်း၊ သန်းသန်းနွယ် အစရှိသူများရဲ့ ဦးလေးတော်ပါတယ်။

ချမ်းသာတဲ့ မိသားစုက ဆင်းသက်တာမို့ ဘာမဆို လုပ်နိုင်ခဲ့တဲ့ အနေအထားမှာ ဦးအံ့ကြီးဟာ သူဝါသနာပါတဲ့ ဂီတကို စိုက်လိုက်မတ်တတ် လုပ်ခဲ့တယ်။ သို့သော် တည်တည်တံ့တံ့ လုပ်ခဲ့တာက အင်မတန် ထူးခြားပါတယ်။ ဦးအံ့ကြီးရဲ့ သက်တမ်း တစ်လျှောက်မှာ အရက်၊ ဘိန်း၊ မိန်းမ၊ လောင်းကစား စတာတို့နဲ့ ပတ်သက်ပြီး နာမည်ပျက် မရှိပါဘူး။ အဲဒါက ထူးခြားချက် တစ်ခုပါ။

နောက်တစ်ခုက ရန်ကုန်မှာဆိုရင် ဦးအံ့ကြီးတို့ မိသားစုက လူ့မလိုင် ရေပေါ်ဆီ လူတန်းစားပါ။ ဆိုရှယ်လစ်ခေတ်ဆိုးကြီးမှာတောင် ဦးအံ့ကြီးက မာဆစ်ဒီး(ဇ်)ကားကြီးကို စီးခဲ့သူ ဖြစ်ပါတယ်။

အဲတော့ကာ ခေတ်မီရုံမက ခေတ်ရှေ့ကို ပြေးနေကြသူတွေလို့ တစ်ဖက်က ဆိုနိုင်ပါတယ်။ အဲလို ပုဂ္ဂိုလ်က မြန်မာမှုကို မြတ်မြတ်နိုးနိုးနဲ့ မြိုင်ထလို သီချင်းမျိုးကို အကျ ဆိုသွားခဲ့တာလည်း တကယ့် ထူးခြားချက်ပါပဲ။

နှောင်းခေတ် ဂီတ ၀ါသနာရှင်များ မမေ့အပ်တဲ့ အချက်လို့ ထင်ပါတယ်။

မနေ့က ကျွန်တော့် ဇာတ်လမ်း ပြန်ဆက်ရရင်တော့…

ကျွန်တော့် အစုတ်ထုပ် (၅)

အဟောင်းက အစုတ်ဖြစ်တဲ့အထဲမှာ ဇန်န၀ါရီလ ၂၄ ရက်နေ့က ဘ၀တစ်ပါးကို ကူးပြောင်းသွားလေတဲ့ ကျွန်တော့် ငယ်သူငယ်ချင်းလည်း ပါတယ်။ သူကလည်း ရန်ကုန်မြို့ရဲ့ လူ့မလိုင် ရေပေါ်ဆီ လူတန်းစားက ဆင်းသက်တာပါ။ ခမျာ ကံမကောင်း အကြောင်းမလှလို့ ကျွန်တော့်လို အောက်တန်းစား (ရွဲ့ပြောတာ မဟုတ်ပါ။ အမှန်အတိုင်း ပြောတာပါ။ လူတန်းစားအနေနဲ့ ပြောကြကြေးဆိုရင် ကျွန်တော် ဆင်းသက် ပေါက်ဖွားရာ ရေခံမြေခံက အောက်လွှာပါ။ လူလတ်တန်းစားထဲမှာတောင် မပါခဲ့ရှာပါဘူး။) နဲ့ ကိုယ်ရင့်တတူ ဖြစ်သွားခဲ့ရရှာတာပါ။

အဲဒီ့ သူငယ်ချင်း မိသားစုက ဗြိတိသျှ လက်ထက်ကတည်းက မျက်နှာဖြူများသာ ကြီးစိုးထားရာ ရန်ကုန် ရွက်လှေအသင်းမှာ အစဉ်အဆက် အဖွဲ့ဝင်တွေ ဖြစ်ခဲ့ပါတယ်။ ဦးအံ့ကြီးတို့ မိသားစုလည်း အဲလိုပဲ ထင်ပါတယ်။

အဲတော့ကာ သူငယ်ချင်းက ဦးအံ့ကြီးရဲ့ သားတွေနဲ့ ခင်ပါတယ်။

ဦးအံ့ကြီးအိမ်က ရေချိုးခန်းတစ်ခန်း

သီချင်းကိစ္စနဲ့ ဦးအံ့ကြီးအိမ် မသွားခင်ကတည်းက အဲဒီ့အိမ်က သူ့သားတစ်ယောက်ရဲ့ အခန်းကို ညဘက်ကြီး မူးကြောင်ရူးကြောင်နဲ့ စရောက်ခဲ့ဖူးပါတယ်။ ၁၉၇၀ ပြည့်လွန် အနှောင်းပိုင်း ကာလတွေ ဖြစ်မယ် ထင်တယ်။

မှတ်မှတ်ရရက… အဲဒီ့ ဦးအံ့ကြီး သားတစ်ယောက်ရဲ့ အိပ်ခန်းနဲ့ တွဲလျက် ရေချိုးခန်းပါပဲ။ ရေချိုးခန်းထဲ ရောက်သွားတော့ ဖျားသွားပါတယ်။

သန့်ရှင်းတောက်ပြောင်နေတာများဗျာ… ဧည့်ခန်းကျလို့ပါ။ ရေချိုးခန်းထဲမှာ အလှပြ ဘီရိုလေးလည်း ရှိတယ်။ တကယ့်ကို သာသာယာယာပါ။

အဲတုန်းက နိုင်ငံခြားသားတွေရဲ့ အိမ်တွေကို မရောက်ဖူးသေးတော့ ရေချိုးခန်း တစ်ခန်းဟာ အဲသလောက်တောင် ခမ်းနား တင့်တယ်မှန်း မသိသေးဘူးပေါ့။ ဘ၀မှာ ပထမဆုံးအကြိမ် မြင်ဖူးတဲ့ ခမ်းနားတင့်တယ်လှသော ရေအိမ်ခန်းလို့ ဆိုရပါမယ်။

သီချင်းကိစ္စ မေးချင်လာတော့ အဲဒီ့ သူငယ်ချင်းကိုပဲ အကူအညီ တောင်းရပါတယ်။ သူငယ်ချင်းကပဲ စီစဉ်ပေးပါတယ်။

အဲလိုနဲ့ ရောက်သွားရပြန်ပါတော့တယ်။

အဲ… ရှည်သွားပြန်ပြီဗျာ။

သည်နားလေးမှာပဲ ခဏ ပြန်ရပ်လိုက်ဦးမယ်နော်…

(ဆက်ရန် ဖြစ်ပြန်ပြီပေါ့။)

အဲဒီ့အထိမှာ ပြောကြဆိုကြတာလေးတွေ

Maung Maung Myint ရေအိမ်ထဲမှာ အကြာကြီး မနားနဲ့ဗျာ

Oakker Seithu ဆန့်တငင်ငင် ဖြစ်ပြန်ပြီ

ATK ခွေးလွှတ်ပါဂျာာာာာ… ခုတစ်လော ခိုးရီးယား အခမ်းဆက် ဇာတ်လမ်းတွဲတွေ ကြည့်ဒါများပီး ဒါ့ကူးတွားလို့ဘာာာာာ

Nge Thar ငင့် ရက်စက်သူကြီး

Oakker Seithu ခိုရီးယားကားက ဒီနေ့ဇာတ်သိမ်းပြီ ဟီး ဆရာလည်း သိမ်းလိုက်တော့

Lutha Kyaw ကောင်းတယ်ဗျာ။ အဲသည်လို ပင်ကိုယ်အတွေ့အကြုံတွေ ဖတ်ချင်တာ။ သည်ကာလမှာ အဲသည်ကာလလို အတုယူစရာ လူတွေ ဖြစ်စဉ်တွေ နည်းသွား ထင်ပါ့။

Win Min Oo Comet ဆရာကငယ်ငယ်လေးရှိသေးတာကို အတင်းဇာတ်သိမ်းခိုင်းရလား ကဥက္ကာ

ဆရာဇာတ်မသိမ်းသေးရင် နောက်တစ်ခန်းဆက်ပါတော့ စုပြီးတော့ စာအုပ်ပြန်ထုတ်လို့ရတယ် ဦးသုတို့လိုပေါ့

Oakker Seithu အဲလို သဘောဖြစ်သွားတာလားကို Win MinOoComet ဟိဟိ

ATK အခုမှ မီးသီးခြင်ထောင် မထောင်ဘာနဲ့ အုတ်ကာ ဆိတ်အု။ နီပါးစပ်ဟရင် အူဘယ်နှခွေ ရှိမှန်း မသိရှာဘဲ နီလှိမ့်တိုင်း ယုံမှာ Ei San တစ်ယောက်တည်း ရှိတယ်လို့ မှတ်ပါ။

Ei San ဆရာပြောမှပဲ ကွကိုတောင်တော်တော်သနားတွားဒယ်….

Khin Myo ဟာာာာာ စာဖတ်လို့ကောင်းတု