ရုပ်ရှင် ရုပ်ရှင် ရုပ်ရှင် (၃)

🎬 🎬 🎬 🎬 🎬 🎬

လေ့လာဆည်းပူးချင်ရင်၊ ဆည်းပူးတတ်ရင် 
အလကားရနိုင်တာတွေချည်းပဲကို နည်းမှတ်လို့…

ဖြစ်ရပ်မှန် ဓာတ်ရှင်အကြောင်း အနည်းအပါး ပြောပြီးတဲ့အခါ ကျနော်တို့မှာ ရှိတဲ့ ငွေလေးတမတ်နဲ့ တက်ကိုင်ဖို့ ရွယ်နေတဲ့ အတ္ထုပ္ပတ္တိဓာတ်ရှင်အကြောင်း ဆွေးနွေးကြည့်ပါရစေ။ (ဆက်ရေးတဲ့အခါ အတ္ထုပ္ပတ္တိဓာတ်ရှင်ကို “ထုတ်ရှင်”လို့ အတိုကောက် သုံးပါရစေ။)

အဲဒီ့အတွက် ကျနော် အိမ်စာ လုပ်ပါတယ်။

အောင်မလေးဗျာ… တေဝါးမယ်၊ ရှင်ဝါးမယ်၊ မတေမရှင် ဖိဝါးမယ်ဆိုတဲ့အတိုင်းပါပဲ။

ထုတ်ရှင်ကို တကယ် ချရိုက်ဖို့ အသာထား၊ ထုတ်ရှင်ရဲ့ သဘောသဘာဝကို နားလည်ဖို့တောင် ဖတ်စရာတွေက တပုံတပင်၊ ကြည့်ရမယ့်ကားတွေကလည်း မနည်းမနော။

၂၀၁၀ ပြည့်နှစ်က စတင်ပြီး အခုအထိ ၈ နှစ်ခွဲအတွင်းမှာ ဟောလီးဝု(ဒ်)က ထုတ်ရှင်ပေါင်း ၂၂၅ ကား ထွက်ထားသဗျ။ ဒါက ထင်ရှားတာတွေနော်။ မထင်မရှားတွေ မပါသေးဘူး။ ပျမ်းမျှ တနှစ်ကို ၂၈ ကားနှုန်း၊ တလကို နှစ်ကားနှုန်းလောက် ထွက်ထားတာလို့တောင် ပြောနိုင်တဲ့ အနေအထားပါ။

ငွေတမတ်နဲ့ ငါးကြင်းကောင်း မကိုင်ခင်မယ် အဲဒီ့ ၂၂၅ ကားအနက်က ကားပေါင်း ၁၀၀ လောက်ကိုပဲ လိပ်ပတ်လည်အောင် ထိုင်ကြည့်လိုက်မယ်ဆိုရင်တောင် ထုတ်ရှင်ဆိုတာ သည်လိုပါလားလို့ ကိုယ့်ဆရာတွေ သဘောပေါက်လာနိုင်လောက်အောင်ကို အသင့်ရှိနေပါတယ်။

ဝါသနာပါရင် ဝစ်ခီမှာ သွားကြည့်လို့ ရပါတယ်။ ၁၉၅၀ ပြည့်မတိုင်မီကာလမှသည် အခု ၂၀၁၉ ခုနှစ်အထိ နှစ်အလိုက် ထုတ်ရှင်စာရင်း တော်တော် ပြည့်ပြည့်စုံစုံက သည်မှာ ရှိပါတယ်။

https://en.wikipedia.org/wiki/List_of_biographical_films

ထုတ်ရှင်ရဲ့ အမြွက်သဘော

“ထုတ်ရှင် ဇာတ်ညွှန်းဟာ ကိုယ်ဘာကို ပြချင်တာလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ မှတ်တမ်းဓာတ်ရှင်ဆိုရင်တော့ မှတ်တမ်းကားတို ဘယ်လောက်များများ ရနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ ဒါပေသည့် ထုတ်ရှင်ကတော့ မှတ်တမ်းက ပြနိုင်တာထက် ဇာတ်လမ်းကို အများကြီး ပိုကောင်းအောင်၊ ပိုအသက်ဝင်အောင် လုပ်ယူနိုင်ပါတယ်”လို့ လောလောဆယ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ တင်နေတဲ့ Stand Up Man ကိုရီးယားနဲ့ ကနေဒီယံ ဟာသရုပ်ရှင် ဇာတ်ညွှန်းကို ရေးခဲ့သူ ကနေဒါအခြေစိုက် ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာမ Nathalie Younglai က ပြောဖူးပါတယ်။ (https://www.facebook.com/standupmanfilm/)

သူ့ဇာတ်ရုပ်ကို တည်ပြီး အရိုက်ခံလိုက်ရတဲ့ Facebook ဆရာကြီး ဇကာပေါက်ကိုယ်တိုင်ကတောင် အဲဒီ့ကားကို ကြည့်ပြီး “အီစလံဝေသွား”တာမို့ အဲဒီ့ကားကို “Block လုပ်လိုက်တယ်”လို့ ပြောခဲ့သလို သူနဲ့အတူ Facebook ကို တွဲပြီး တည်ထောင်ခဲ့တဲ့ Educardo Saverin ကလည်းပဲ “သည်ကားက ဖျော်ဖြေရေးအတွက် ရိုက်ကူးထားတာ ရှင်းပါတယ်။ အချက်အလက်မှန်ကို အခြေခံထားတဲ့ မှတ်တမ်းကား မဟုတ်ပါဘူး”လို့ ဆိုခဲ့တဲ့ The Social Network ဇာတ်ညွှန်းကို ရေးခဲ့သူ Aaron Sorkin ကလည်း ”အမှန်ပေါ်မှာ သစ္စာမထားချင်ပါဘူး။ ကျနော်က ပုံပြောချင်တာပါ”လို့ အတိအလင်း ဆိုခဲ့ပါတယ်။

အဲဒီ့ နှစ်ယောက်ရဲ့ စကားနဲ့တင် ထုတ်ရှင်ရဲ့ အမြွက်သဘောကို စောကြောနိုင်မယ် ထင်ပါတယ်။ ထုတ်ရှင်ဟာ မှတ်တမ်းကားမဟုတ်ပါဘူး။

ထုတ်ရှင်နဲ့ အလုပ်လျှောက်မှာ မဟုတ်ပါ

မှတ်တမ်းကား (documentary) ဆိုတာကတော့ အလုပ်လျှောက်တဲ့အခါ ထည့်ကြမြဲ ကိုယ်ရေးရာဇဝင်လိုပါပဲ။ အမည်၊ အခြားအမည် (ရှိလျှင်)၊ အဘအမည်၊ အမိအမည်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ မွေးနေ့သက္ကရာဇ်၊ ပညာအရည်အချင်း၊ အိမ်ထောင်ရေးအခြေအနေ၊ သားသမီးအမည်… စသဖြင့်မှသည် ဟိုတခေတ်ဆီက နိုင်ငံကူးလက်မှတ် လျှောက်တဲ့အခါ လက်ညောင်းအောင် ဖြည့်ရတဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ရဲ့ အသေးစိတ်တွေလိုမျိုး ထည့်ချင်သလောက် လျှောက်ထည့်လို့ ရပါတယ်။

Image may contain: 2 people, textထုတ်ရှင်လို့ ပြောကတည်းက “ဓာတ်ရှင်”သဘောပါသွားပါပြီ။ တနည်းပြောရရင် ပရိသတ်စွဲမက်အောင် ဖမ်းစားရပါတော့မယ်။ သည်အတွက် သက်ရှိထင်ရှားရှိခဲ့ဖူးတဲ့၊ ဒါမှမဟုတ်လည်း The Social Network မှာလို သက်ရှိ ထင်ရှားရှိဆဲ လူတယောက်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ပြရာမှာ ဇာတ်လမ်း (ပုံပြင်) သဘော ဖြစ်နေဖို့ မလွဲမသွေ လိုလာပါတယ်။

မှတ်တမ်းကားကို အလုပ်လျှောက်တဲ့အခါ တွဲတင်တဲ့ ကိုယ်ရေးရာဇဝင်နဲ့ ပုံခိုင်းခဲ့သလို ခိုင်းရမယ်ဆိုရင်တော့ ထုတ်ရှင်ဟာ ဝတ္ထုပါပဲ။ အဲလောက်ကို ရိုးစင်းရှင်းလင်းပါတယ်။ ဝတ္ထုပေမယ့် တကယ့် ဓိဋ္ဌဓမ္မလောကမှာ သက်ရှိထင်ရှားရှိခဲ့သူရဲ့ ဘဝကို အခြေခံထားတဲ့ ဝတ္ထုပေါ့။

(မြန်မာဝတ္ထုထဲမှာ နမူနာ ပြစရာအဖြစ် ခေါင်းထဲ တန်းခနဲ ပေါ်လာတာက ဆရာမကြီး ခင်နှင်းယု ရေးခဲ့ဖူးတဲ့ လုံးချင်းဝတ္ထုတပုဒ်ပါ။ ဝတ္ထုနာမည်တော့ မမှတ်မိတော့ပါဘူး။ တော်တော့်ကို အနုပညာမြောက်တဲ့ ဝတ္ထုတပုဒ် ဖြစ်ခဲ့တာကိုတော့ မမေ့နိုင်ပါဘူး။ ခက်တာက အဲဒီ့ဝတ္ထုကလည်း နောက်တကြိမ် ပြန်ထွက်လာစရာ အကြောင်း အလွန်နည်းသွားပါပြီ။ “ကျွန်မ၏ ချစ်သူ”ဆိုတာလည်း ဆရာမကြီးရဲ့ခင်ပွန်း ဗိုလ်မှူးကြီးကျော်သောင်းရဲ့ ဘဝကို အခြေခံ ထားတဲ့ ဝတ္ထုပါပဲ။ အဲဒါလည်း အလွန်ကောင်းပါတယ်။)

ပထမအချက်

အဲတော့ ပထမဆုံးအချက်က ထုတ်ရှင်ရိုက်မယ်ဆိုတဲ့အခါ အလုပ်လျှောက်လွှာတင်မှာ မဟုတ်ဘူးဆိုတာကို သတိထားဖို့ လိုမယ်ထင်ပါတယ်။ အနုပညာမြောက်တဲ့ ဇာတ်လမ်းရိုက်မှာကို ပြက်ပြက်ထင်ထင် သိထားရပါလိမ့်မယ်။

တဘဝလုံး လျှောက်ရိုက်ပြမှ ထုတ်ရှင်ကောင်း ဖြစ်တာမဟုတ်

ဒုတိယကတော့ ပထမအချက်နဲ့ ဆက်စပ်နေပါတယ်။

ဇာတ်လမ်းရိုက်တော့မှာမို့ အဲဒီ့သက်ရှိထင်ရှားရှိသူရဲ့ ပုခက်တွင်းမှသည် အုတ်ဂူဆီအထိ အစဉ်အတိုင်း စီကာစဉ်ကာ ရိုက်ပြစရာ မလိုဘူးဆိုတာကို ပြက်ပြက်ထင်ထင် သိထားသင့်ပြန်ပါတယ်။

ဇာတ်လမ်းဖြစ်တဲ့အတွက် ထုတ်ရှင်ဇာတ်ညွှန်းရေးသူမှာ လွတ်လပ်ခွင့် အတော်အတန် ရသွားပါပြီ။ ပြင်လို့မရတာက အချိန်ကာလ၊ အခင်းအကျင်းနဲ့ အဓိက ဇာတ်ကောင်တွေပါ။ အဲဒါကို မူသေထားပြီး ကျန်တာက အနုပညာအား ကောင်းရင် ကောင်းသလောက် ကွန့်လို့ ညွှန့်လို့ ရနေပါတယ်။

နမူနာလေးတွေ ပြပါရစေ…

အမေရိကန် သမ္မတ Abraham Lincoln ရဲ့ ထုတ်ရှင်တွေ တကားမက ရှိပါတယ်။ သည်ထဲမှာမှ The Better Angels ဆိုတဲ့ ကားက လင်းခန်း (Lincoln) ရဲ့ ငယ်ဘဝကိုသာ ရိုက်ပြခဲ့တာပါ။

Image may contain: 1 person, smiling, textနယ်လဆင်(န်)မယ်(န်)ဒဲလားဆိုလည်း တကားမက ရှိပါတယ်။ ဒါပေသည့် အဲဒီ့ထဲမှာမှ Clint Eastwood ရိုက်တဲ့ Invictus ဇာတ်ကားဟာ သူ့ထက်ပိုပြီး အတ္ထုပ္ပတ္တိအပြည့်အစုံ ပိုဆန်တဲ့ Mandela: Long Walk to Freedom ကားထက် ပိုပြီး မယ်(န်)ဒဲလား ရုပ်လုံးပိုကြွခဲ့ပြန်တယ်။

Invictus က တောင်အာဖရိက နိုင်ငံက လူဖြူတွေ အင်မတန် ခုံမင်တဲ့ Rugby ကမ္ဘာ့ဖလားပွဲမှာ အနိုင်ရလာတဲ့ လူဖြူအသင်းကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့တဲ့ တကယ့်ဖြစ်ရပ်ကို အခြေခံပြီး မယ်(န်)ဒဲလားရဲ့ နိုင်ငံရေး ကြံ့ခိုင်မှုစွမ်းရည်ကို မီးမောင်းထိုးပြခဲ့တာပါပဲ။

တနည်းပြောရင် နယ်လဆင်(န်)မယ်(န်)ဒဲလားဆိုတာ ဘယ်လိုလူစားလို့ ပေါ်လွင်အောင် ရိုက်ပြခဲ့တာ ဖြစ်ပါတယ်။

ကျနော် ခဏခဏ ညွှန်းခဲ့ဖူးတဲ့ Bohemian Rhapsody ဆိုလည်း လူ့ဘဝမှာ ၄၅ နှစ်နေသွားတဲ့ Freddy Mercury ရဲ့ဘဝကို Queen တီးဝိုင်း စဖွဲ့တဲ့ ၁၉၇၀ ပြည့်မှသည် ၁၉၈၅ ခုနှစ် ကယ်ဆယ်ရေး ရံပုံငွေ ဖျေဖ်ာဖြေပွဲအထိ ၁၅ နှစ်တာလေးပဲ ဖြတ်ရိုက်ပြသွားတာပါ။ ဒါပေမယ့် အဲဒီ့မှာလည်း Freddy ဘယ်လိုလူစားဆိုတာ ကွက်ခနဲ ပေါ်ပါတယ်။

ဒုတိယအချက်

သည်မှာ အချက် ၂ ချက် ထပ်ထွက်လာပါတယ်။

အစအဆုံး လျှောက်ရိုက်နေစရာ မလိုဘဲ ဇာတ်လမ်းအရ လိုတဲ့နေရာလေးပဲ ဖြတ်ပြလို့လည်း ထုတ်ရှင်အတွက် အဆင်ပြေတယ်ဆိုတဲ့ အချက်က တချက်ပေါ့။

တတိယအချက်

နောက်တချက်က ကိုယ်ရိုက်ပြမယ့် အဓိကဇာတ်ရုပ် (သက်ရှိထင်ရှားရှိခဲ့သူ)ဟာ ဘယ်လိုလူစားဆိုတာ ပေါ်လွင်သွားတာနဲ့ ထုတ်ရှင်သမား တာဝန်ကျေပြီဆိုတဲ့ အချက်ပါ။ ဒါ သိပ်အရေးကြီးပါတယ်။

သည်နေရာမှာ အဲဒီ့လူဟာ ဘယ်လိုလူစားလို့ ကိုယ်မြင်တဲ့ အမြင်အတိုင်း ပီပြင်ဖို့လေးပဲ လိုတာပါ။ အဲဒီ့အမြင်ကို ပရိသတ်ရှေ့မှောက်ချပြလိုက်တာဟာ ထုတ်ရှင်ပါပဲ။

အဲတော့ ထုတ်ရှင်ရိုက်တော့မယ်ဆိုရင် ကိုယ်ရိုက်မယ့် ဇာတ်ရုပ်ရဲ့ စရိုက်မှန်၊ စိတ်ရင်းကို ထဲထဲဝင်ဝင် ပပ်ပပ်နပ်နပ် သိထားဖို့က တခြားဟာတွေရဲ့ ရှေ့ကို ရောက်လာပါတယ်။

အရေးကြီးဆုံး

သိပ်အရေးကြီးတာကတော့ အဲဒီ့လူနဲ့ ပတ်သက်လို့ တခြားဆရာတွေ၊ သူ့သူငယ်ချင်းတွေ၊ သူနဲ့ ခေတ်ပြိုင်တွေ ပြောသမျှကို နားထောင် ဖတ်ရှုပြီး သည်လူဟာ ဘယ်လိုလူရယ်လို့ သည်ဇာတ်ကို ရေးမယ့်သူ၊ ရိုက်မယ့်သူ “ကိုယ်တိုင်ကိုယ်ကျ” “ရင်ဘတ်ကြီးနဲ့” ထိုးထွင်း သိလာတဲ့ “ကိုယ်ပိုင်” သိရှိမှုကို ဆိုလိုပါတယ်။ ဟိုလူပြော သည်လူပြော ကြားဖူးနားဝနဲ့ သိထားတဲ့ “အိယောင်ဝါး” အသိ၊ “သညာသိ”လောက်နဲ့ မရပါဘူး။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်

၂၄၀၆၁၉

Advertisements

ရုပ်ရှင် ရုပ်ရှင် ရုပ်ရှင် (၂)

🎬 🎬 🎬 🎬 🎬 🎬

အတ္ထုပ္ပတ္တိဓာတ်ရှင်ဆီ မသွားခင် ကြားတဆင့်

အားနာနာနဲ့ ပြောရမယ်ဆိုရင်တော့ အတ္ထုပ္ပတ္တိ ရုပ်ရှင်က ကျနော်တို့ မြန်မာ ဓာတ်ရှင်သမားတွေနဲ့ ဝေးလွန်းလှတယ်လို့ မြင်မိရပါတယ်။

ကျနော့်အမြင်မှာတော့ အဲဒီ့အတ္ထုပ္ပတ္တိ ရုပ်ရှင်ဆိုတဲ့ ငါးကြင်းခေါင်းကြီး မကိုင်ခင်မှာ ကြားတဆင့် ကျန်နေပါသေးတယ်။ အဲဒါကတော့ ဖြစ်ရပ်မှန် ရုပ်ရှင်ပါပဲ။

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ သက်တမ်းအတွင်းမှာ ကျနော်သိမီသလောက် ဖြစ်ရပ်မှန် ရုပ်ရှင် မရှိသလောက်နည်းပါတယ်။ မှုခင်းဖြစ်ရပ်မှန်တချို့ကို ရိုက်ပြဖူးကြတာကလွဲရင် အမှတ်ထင်ထင် တကားမှ မရှိပါဘူး။ (မှားနေရင် ပြင်ပေး၊ ထောက်ပြပေးတော်မူကြပါ။)

ဘောလီးဝု(ဒ်)က ဖြစ်ရပ်မှန် ဓာတ်ရှင်တွေ

တကယ်ဖွံ့ဖြိုးနေတဲ့ ရုပ်ရှင်လောကတွေမှာတော့ ဖြစ်ရပ်မှန်ရုပ်ရှင်တွေ တသီကြီး ရိုက်ကူးတင်ဆက်နေကြပါတImage may contain: 2 people, textယ်။ ဟောလီးဝု(ဒ်)ကို အသာထား၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံက ဘောလီးဝု(ဒ်)မှာတောင် အများကြီးရှိပါတယ်။ ကျနော် ကြည့်ဖူးပြီး စွဲနေတဲ့ ကားတကားက Sarbjit (2016) ပါပဲ။ နောက်အမှတ်ထင်ထင် ဖြစ်ကျန်ရစ်တာက No One Killed Jessica (2011), Shahid (2012), Manjhi – The Mountain Man (2015) တို့ပါပဲ။ ကျနော် မကြည့်ဖူးတာတွေ အများအပြား ကျန်ပါသေးတယ်။ မွမ်ဘိုင်းမှာ ဗုံးကွဲတာ အခြေခံထားတာ၊ အကြမ်းဖက်သမားတွေ လေယာဉ်ကို ပြန်ပေးဆွဲချိန်မှာ ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့တဲ့ လေယာဉ်မယ်၊ ခြေနင်းမီးစက်ကို ဖန်တီးပြီး ရွာနဲ့ ကျောင်းတွေကို မီးလင်းအောင် လုပ်ပေးခဲ့တဲ့ စုံတွဲ၊ ဆာဒမ်ဟူစိန် ကူဝိတ်ကို ကျူးကျော်ချိန်မှာ ကူဝိတ်ရောက် အိန္ဒိယနိုင်ငံသားတွေကို ထောင်နဲ့ ချီပြီး ကယ်ထုတ်ခဲ့တဲ့ အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်စသဖြင့် တကယ့် ဖြစ်ရပ်မှန်တွေကို အခြေခံ ရိုက်ကူးထားတဲ့ ကုလားကားတွေ အများအပြား ကျန်ပါသေးတယ်။

ဟောလီးဝု(ဒ်)က တောင်ပုံရာပုံ

ဟောလီးဝု(ဒ်)မှာတော့ မပြောပါနဲ့တော့။ Escape from Alcatraz (1979), Enemy at the Gates (2001), Catch Me If You Can (2002), the Pianist (2002), Hotel Rwanda (2004), Ray (2004), Letters from Iojima (2006), a Beautiful Mind (2006), the Queen (2006), Into the Wild (2007), the Pursuit of Happyness (2006), the Last King of Scotland (2006), a Mighty Heart (2007), the Hunting Party (2007), Che (2008), Hachi: a Image may contain: 1 personDog’s Tale (2009), J. Edgar (2011), the Social Network (2012), Lincoln (2012), Sully (2016), the Butler (2018), Green Book (2018), … အစရှိသဖြင့်။ ဒါ ကျနော် အမှတ်ထင်ထင် ဖြစ်ကျန်ရစ်တဲ့ ကားတချို့ပါပဲ။ ပြောမယ်ဆို တပုံကြီး ကျန်ပါသေးတယ်။

သည်ကားတွေထဲမှာ အတ္ထုပ္ပတ္တိဓာတ်ရှင်တချို့လည်း ပါနေပါတယ်။ ဥပမာ J. Edgar တို့၊ Ray တို့၊ Che တို့၊ Lincoln တို့ပေါ့။

ကိုရီးယားတွေလည်း တွယ်နေကြပြီ

ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို ကိုရီးယားဓာတ်ရှင်သမားတွေလည်း ဓာတ်ကျနေကြပါတယ်။ A Taxi Driver (2017) ဆို ဒေါ်လာ ၁၄ သန်း အကုန်ခံရိုက်ပြီး တောင်ကိုရီးယားတနိုင်ငံတည်းမှာတင် ၈၉ သန်းလောက် ပြန်ရခဲ့ပါတယ်။ ကမ္ဘာမှာ လည်းအောင်မြင်သလို ဆုတွေလည်း ရ၊ ဆန်ကာတင်စာရင်းတွေလည်း နိုင်ငံတကာမှာ ဝင်ခဲ့တဲ့ ဇာတ်ကားပါပဲ။

Northern Limit Line (2015) ဆိုလည်း ၆ သန်းပဲ ကုန်ပြီး ၃၉ သန်း ပြန်ရခဲ့တဲ့ဇာတ်ကားပါ။ မြောက်ကိုရီးယားနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်ရပ်မှန် ဇာတ်လမ်းပါ။

Memories of Murder (2003) က ကိုရီးယားနိုင်ငံသမိုင်းရဲ့ တယောက်ပြီးတယောက် ဆက်တိုက်သတ်တဲ့ ပထမဆုံး လူသတ်သမားရဲ့ ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ဇာတ်ကား။ ၁၉၈၆ ကနေ ၁၉၉၁ ခုနှစ်အထိ ငါးနှစ်တာအတွင်းမှာ အမျိုးသမီး ၁၀ ယောက် အသတ်ခံခဲ့ရတဲ့ အဖြစ်။ သို့ပေတည့် ရုပ်ရှင်က လူသတ်သမားကို အဓိကမထားဘူး။ မပြည့်မစုံနဲ့ သည်အမှုကို လိုက်ရတဲ့ ရဲစုံထောက်နှစ်ယောက်ကို အသားပေးရိုက်ခဲ့တာပါ။ ဒေါ်လာ သုံးImage may contain: 2 people, textသန်းလောက် ကုန်တယ်လို့ သိရပေမယ့် ဘယ်လောက် ပြန်ရတယ်ဆိုတာတော့ မသိရပါဘူး။ သို့သော် ကိုရီးယားမှာ လူကြည့်အများဆုံး ဇာတ်ကားအနေနဲ့ စတုတ္ထနေရာမှာ ရှိပါတယ်။

Silenced (2011) က တော်တော် ထူးခြားပါတယ်။ ဘယ်လောက်ကုန်တယ် မသိရပေမယ့် ဒေါ်လာ ၃၁ သန်းလောက် ပြန်ရတယ်။ ဒါက အရေးမကြီးပါဘူး။ သည်ကားက နားမကြားတဲ့ ကလေးတွေကို နားမကြားကျောင်းက ဆရာတွေက ၂၀၀၀ ပြည့်လွန်နှစ်များမှာ ငါးနှစ်လောက် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခဲ့ကြပြီး တရားရုံးက ကျူးလွန်သူတွေကို အလျှော့ပေါ့ဆုံး ပြစ်ဒဏ်ချမှတ်ခဲ့တာကို ရိုက်ပြလိုက်တာပါပဲ။ ဇာတ်ကားထွက်လာတော့မှ အဲဒီ့ကျောင်းကို ချက်ချင်း ပိတ်လိုက်သလို ကလေးငယ်တွေ၊ မသန်မစွမ်းတွေ (ကျနော် မသန်စွမ်းလို့ ရေးတာကို ဘာသာစကားအသုံးအနှုန်းအရ သဘောမတူပါ။ ဗမာစကားမှာ အစဉ်အဆက်အရ မစွမ်းမသန်၊ မသန်မစွမ်းလို့သာ သုံးပါတယ်။ စွမ်းရှေ့က “မ”ကို ပယ်ခြင်းဟာ ဘာသာစကားကို ဖျက်ဆီးခြင်းလို့ မြင်မိပါတယ်။ ကျနော့်တယောက်တည်း သဘောထားပါ။) အပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများနဲ့ ပတ်သက်တဲ့ ကာလစည်းကမ်းသတ် ဥပဒေ (ဘယ်နှနှစ်ကြာသွားရင် ပြစ်မှု ကျူးလွန်သူကို အရေးမယူတော့ဘူးလို့ သတ်မှတ်ထားတာမျိုး)ကို ပယ်ဖျက်တဲ့ ဥပဒေလည်း ပေါ်ထွက်ခဲ့တာမို့ သည်ကားဟာ တော်တော်ထူးခြားတယ်လို့ ဆိုလိုက်ရတာပါပဲ။

ဓာတ်ရှင်ဆရာတွေရဲ့ သြဇာဟာ ကျနော်တို့ အနုဉာတ စာရေးသူတွေရဲ့ သြဇာထက် အဆပေါင်းများစွာ အစွမ်းထက်လှတယ်ဆိုတာကို သည်ဖြစ်ရပ်က သက်သေခံနေပါတယ်။

နမူနာအဖြစ် အနည်းအပါး ကောက်နုတ်ပြတာပါ။ ပြောမယ်ဆို သူတို့ဆီက ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတွေလည်း အများအပြား ကျန်ပါသေးတယ်။

ထိုင်းရိုက်တဲ့ ထိုင်းကဖြစ်ရပ်မှန်

ထိုင်းနိုင်ငံက ဖြစ်ရပ်မှန်ကို အခြေခံပြီး ဟောလီးဝု(ဒ်)က ရိုက်တဲ့ကားတွေ ရှိပါတယ်။ အဲလို မဟုတ်ဘဲ ထိုင်းဒါရိုImage may contain: one or more peopleက်တာ ကိုယ်တိုင်ရိုက်ကူးတဲ့ ဖြစ်ရပ်မှန် ကားတကားက Sam Chuk (2009)ပါ။ မူးယစ်ဆေး ငြိသွားသူ ကျောင်းသားလေး ၇ ယောက်ကို ဆရာလုပ်သူက ဆေးပြတ်အောင် အနုနည်းနဲ့ ကယ်တင်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါပဲ။

ဖြစ်ရပ်မှန်“ဇာတ်လမ်း” ရိုက်တော့မယ်ဆိုရင်…

ဖြစ်ရပ်မှန် ရိုက်မယ်ဆိုရင်တော့ အလိုအပ်ဆုံး အချက်က သုတေသန၊ တနည်းပြောရရင် လေ့လာစူးစမ်းမှုတွေ လုပ်ဖို့ အများကြီးလိုပါတယ်။ ဖြစ်ရပ်“မှတ်တမ်းတင်ရုပ်ရှင်” ရိုက်တာမဟုတ်ဘဲ ဖြစ်ရပ်မှန်“ဇာတ်လမ်း”ကို ရိုက်မှာမို့ ပရိသတ်ရဲ့ ခံစားချက်နဲ့ အာရုံကို ဖမ်းစားရပါတော့မယ်။ တဖက်ကလည်း ဖြစ်ရပ်မှန်ကို အခြေခံတာမို့ အချက်အလက်တွေ မှန်ဖို့ထက် နီးစပ်ဖို့ လိုပါတယ်။ သည်အခါမှာ အဲဒီ့ဖြစ်ရပ်ဖြစ်ပွားစဉ်က အခြေအနေတွေကို ဘက်စုံ ထောင့်စုံက လေ့လာ စူးစမ်းရပါ တော့မယ်။ အချိန်ယူရပါတော့မယ်။ ဒါဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းအတွက် အဓိက အခြေခံပါပဲ။

ဖြစ်ရပ်မှန်ပေမယ့် အကုန် အတိအကျ ဖြစ်နေစရာ မလို

ဝတ္ထုကို ရုပ်ရှင် ရိုက်သလိုပါပဲ။ မှတ်တမ်းကား မဟုတ်ဘဲ ဇာတ်လမ်းကား ဖြစ်တာမို့ ဖြစ်ရပ်မှန်ဆိုပေမယ့် တချို့ဟာတွေကို စိတ်ဝင်စားစရာ ကောင်းလာအောင်၊ ဇာတ်ရှိန်တက်လာအောင် အပိုဆာဒါးလေးတွေ ထည့်ရတာလည်း ရှိချင်ရှိနိုင်ပါတယ်။ အထက်က နမူနာပြခဲ့တဲ့အထဲက ဘယ်ဖြစ်ရပ်မှန်ကားကိုဖြစ်ဖြစ် ဝေဖန်သူတချို့က အချက်အလက်တွေ မှားတယ်လို့ ဝေဖန်တာ ခံရခဲ့တာချည်းပါပဲ။

ဓာတ်ရှင်သမားတွေဘက်ကလည်း ရှင်းပါတယ်။ ဓာတ်ရှင်ဖြစ်နေတာမို့ အနုပညာသည်အခွင့်အရေးကို သုံးပြီး ဇာတ်သွက်အောင်၊ ဇာတ်တက်အောင် တချို့ဟာတွေကို သစ္စာဖောက်ရတာလို့ ဖြေရှင်းကြစမြဲလည်း ဖြစ်ပါတယ်။

မြန်မာပြည်က ဖြစ်ရပ်မှန် အနမတဂ္ဂ

မြန်မာတွေလည်း လူတွေသာမို့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေ တပုံနဲ့ တမ ရှိပါတယ်။

ရုတ်တရက် ခေါင်းထဲ ပေါ်လာတာဆိုရင် အင်းယားကန်ဟိုတယ်မှာ ဂျပန်ကြီး အသတ်ခံရတာမျိုးဆို သိပ်ရိုက်လို့ ကောင်းပါတယ်။ ခုလောက်ဆိုရင် ရဲမှတ်တမ်းတွေ ဘာတွေလည်း တောင်းကြည့်လို့ ရလောက်နေပါပြီ။ မရိုက်ခင် အကျအန စူးစမ်းလေ့လာ၊ အဲဒီ့တုန်းက ရှိခဲ့တဲ့ ဝန်ထမ်းတွေ၊ သည်အမှုမှာ အစစ်ခံခဲ့၊ မေးမြန်းခံခဲ့ရသူတွေကို သွားတွေ့၊ မေးစသဖြင့် ဖြစ်ရပ်တခုလုံးကို ထောင့်စုံက ရုပ်လုံးပေါ်တဲ့အထိ ရတဲ့အထိ ကြိုးပမ်းနိုင်ပါတယ်။ ရပြီဆိုရင် ဘယ်ထောင့်က ပြမလဲဆိုတာ စဉ်းစားရမှာပါ။ အကြီးအကျယ် အားစိုက်ရမှာ ဖြစ်သလို နည်းနည်းလည်း အပင်ပန်းခံရမှာတော့ မလွဲပါဘူး။ ဒါပေမယ့် နိုင်ငံတကာ တန်းဝင် ဇာတ်ကားတကား ဖြစ်လာဖို့လည်း ခြေတလှမ်း ပိုနီးလာမှာ အသေအချာပါ။

လောလောဆယ် ရေပန်းစားနေတဲ့ အိမ်ဖော်တွေ အနှိပ်စက်ခံ၊ သေကျေသွားတဲ့ ဖြစ်ရပ်မှန်တွေ၊ ကလေးသူငယ် မဖွယ်ရာမှု ကျူးလွန်တဲ့ ဖြစ်ရပ်မှန်တွေ၊ တလောဆီက ဖြစ်ခဲ့တဲ့ တတ်ယောင်ကား ပယောဂဆရာလက် ထိုးအပ်လို့ အနှိပ်စက်ခံပြီး သေသွားခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဖြစ်ရပ်မှန်၊ ဖုန်းမော် ကျဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှန်၊ ၈၈ နောက်ပိုင်း ထောင်တွင်းမှာ၊ စစ်ကြောရေးစခန်းတွေမှာ သေဆုံးခဲ့သူတဦးဦးရဲ့ ဖြစ်ရပ်မှန်၊ မကဒတ (မြောက်ပိုင်း)က သတ်ဖြတ်မှု ဖြစ်ရပ်မှန်၊ တရုတ်နိုင်ငံကို လူကုန်ကူးခံရ၊ မယားအဖြစ် ရောင်းအစားခံရသူတဦးဦးရဲ့ ဖြစ်ရပ်မှန်၊ ထိုင်းငါးဖမ်းလှေပေါ် ရောင်းစားခံရသူရဲ့ ဖြစ်ရပ်မှန်… ရိုက်ပါလေ့ဗျာ… တပုံကြီး ရှိပါတယ်။ (ကြောက်လို့ ချန်ထားခဲ့တဲ့ ဖြစ်ရပ်မှန် အယ်စတုံတွေလည်း ရှိပါသေးတယ်။) ဒါတွေဆို သိပ်မကြာသေးခင်က အဖြစ်အပျက်တွေမို့ အချက်အလက် စုဆောင်းရတာ ပိုလွယ်ပါလိမ့်မယ်။

အောင့်ထားသင့်သေးတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း

ဟိုတနေ့က ရှေ့ဘီး ချမရတဲ့ကြားက ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တဲ့ မြန်မာ့လေကြောင်း လေယာဉ်မှူးရဲ့ ဖြစ်ရပ်မှန်ဆိုလည်း Sully လောက်တော့ ဖြစ်နိုင်မှာပါ။ ဒါပေသည့် အဲဒါမျိုးကျတော့ ကုန်ကျစရိတ်က တတ်နိုင်မယ် မထင်ဘူး။ လေယာဉ်တွေ၊ အထူးပြုလုပ်ချက်တွေ ပါမှာကိုး။ အဲဒါမျိုးဆို လောလောဆယ် လက်ရှောင်ထားရမှာပေါ့။

လေယာဉ်နဲ့ ပတ်သက်လို့ ရိုက်မယ်ဆို မော်တော်ဆိုင်ကယ်စီးရင်းတန်းလန်းက လေယာဉ်အတိုက်ခံရပြီး ကွယ်လွန်ခဲ့တဲ့ ရှမ်းပြည်နယ်က ဦးပွားကြီး အဖြစ်မျိုးဆိုလည်း သိပ်ရိုက်လို့ ကောင်းမှာ။

တချို့ အမည်မဖော်လိုတဲ့ ဖြစ်ရပ်မှန်တချို့ဆိုရင်လည်း လောလောဆယ် အောင့်ထားရမှာတွေထဲ ပါပါတယ်။

လူငယ်တွေကို အားကိုးပါတယ်

နာမည်ကျော် ဝတ္ထုကို ဝယ်ပြီး ရုပ်ရှင်ရိုက်တာကတော့ ဟုတ်ကဲ့… အားနာပါတယ်… ရိုးဟိုးဟိုးဟိုးနေပါပြီ။ ရုပ်ရှင်သမိုင်း အစကတည်းက လုပ်လာခဲ့တာမို့ ဘယ်ဒါရိုက်တာမဆို လုပ်နိုင်တာမျိုးပါ။

ဖြစ်ရပ်မှန်ကို အခြေခံပြီး ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးတဲ့အထိ ဖောက်ထွက်ရဲတဲ့ သတ္တိရှိသူ ဒါရိုက်တာ လူငယ်လေးတွေကို ကျနော်တို့ မျှော်လင့်နေပါတယ်။

အသားပေးရုပ်ရှင်ကြီး မဟုတ်တောင်၊ တနာရီစာ၊ ၄၅ မိနစ်စာလောက် ရိုက်ပြနိုင်ရင်ကို နိုင်ငံတကာ ပွဲတွေ တင်နိုင်ပါ။ အသားပေးရုပ်ရှင်ကြီးဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ကမ္ဘာ့ ရုပ်ရှင်ဆီ ခရီးချီရာမှာ သည်လို ဖြစ်ရပ်မှန် ရုပ်ရှင်တွေကို ရိုက်ပြတဲ့နည်းတနည်း ရှိတာကိုလည်း မမေ့ကြစေချင်ပါဘူး။

အထက်က ကျနော့် ခေါင်းထဲပေါ်လာသလောက် ချပြလိုက်တဲ့ ဖြစ်ရပ်မှန်တချို့ဆိုရင် ရိုက်ကူးရေးစရိတ် သိပ်မများပါဘူး။ ဖုန်းမော် ကျဆုံးခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းထက် စစ်ကြောရေးစခန်းမှာ တိမ်းပါးခဲ့ရသူတဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းက စရိတ်သက်သာပါလိမ့်မယ်။ အဲဒါထက် ပယောဂဆရာ နှိပ်စက်လို့ တိမ်းပါးခဲ့ရသူ ကလေးငယ်တွေရဲ့ ဖြစ်ရပ်မှန်က ရိုက်ကူးရေးစရိတ် ပိုသက်သာနိုင်ပါတယ်။ ဂျပန်ကြီး အသတ်ခံရတဲ့ ဇာတ်လမ်းဆိုလည်း ရိုက်ကူးရေးစရိတ် သိပ်များမယ် မထင်ပါဘူး။ ဂျပန်ကြီးရဲ့ နေရာကို အဓိကမထားဘဲ လူသတ်မှုကိုသာ အဓိကထားမယ်ဆိုရင် အများကြီးဖြစ်နိုင်ပါတယ်။

ဖောက်ထွက်မယ့် လူငယ်တွေကို ကျနော်တို့ မျှော်လင့်နေပါတယ်။ အားလည်း ကိုးမိပါတယ်ဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်

၂၂၀၆၁၉

ရုပ်ရှင် ရုပ်ရှင် ရုပ်ရှင် (၁)

 🎬 🎬 🎬 🎬

ရေးချင်သွားရခြင်း အကြောင်းရင်း

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်လို့ လက်ထဲမှာ ရှိနေတဲ့ ငွေက မလုံလောက်ဘူးလို့ ဒါရိုက်တာလုပ်မယ့်သူက ပြောတဲ့ အင်တာဗျူးကို နားထောင်ရတဲ့အခါ ကျနော့်ခေါင်းထဲမှာ ရုပ်ရှင်အကြောင်းက ရောက်လာပြန်ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် (အတ္ထုပ္ပတ္တိ ရုပ်ရှင်)ကို အသာထား၊ ဝတ္ထုကို ရုပ်ရှင်ရိုက်တာတောင် သည်ဘက်ခေတ်ဆရာတွေ ဘယ်လောက် လက်စွမ်းပြနိုင်ခဲ့ကြသလဲဆိုတဲ့အတွေးက ခေါင်းထဲ ဝင်လာပါတယ်။ အာဆီယံ ဓာတ်ပုံဆုရတဲ့ “မီ”ကိုတော့ ကျနော် မကြည့်ဖူးလို့ မပြောတတ်ဘူး။ ပရိသတ်ရဲ့ အသံကတော့ အဲဒီ့ကားနဲ့ ပတ်သက်လို့ ကောင်းတယ်။ ကျန်တာတွေကိုတော့ ပရိသတ်က သိပ်မကျေလည်သံတွေပဲ ကြားနေရပါတယ်။

ဝတ္ထုကို ရုပ်ရှင် ပြောင်းတာ

ဝတ္ထုနဲ့ ရုပ်ရှင်မှာ တူနေမှာက ဇာတ်လမ်းရယ်၊ အခင်းအကျင်းရယ်၊ ဇာတ်ကောင်တွေရယ်ပါပဲ။

Image may contain: 3 peopleဇာတ်ညွှန်းဆရာမတယောက်က ပြောဖူးတယ်။ ဇာတ်ညွန်းပြောင်းယူတာနဲ့ ပတ်သက်ရင် အထိမိဆုံး ဥပစာ။

“ဝတ္ထုကို ဇာတ်ညွှန်းပြောင်းတာဟာ အိမ် ပြန်ပြင်တာနဲ့တူပါတယ်။ အိမ်ရဲ့အတွင်းပိုင်း အကုန်လုံးကို ဖြိုချလိုက်ပြီး လှလှပပ ဖြစ်အောင် ပြန်ဆောက်ယူတာပါပဲ”တဲ့။

ဟုတ်တာပေါ့။ အတွင်းလှေကားကအစ နေရာရွှေ့တပ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

စကားပြေကနေ ဇာတ်ညွှန်းပြောင်းရာမှာ ရုပ်ရှင်ဆိုတဲ့ ပုံစံရဲ့ အကန့်အသတ်ကို နားလည်ဖို့ လိုပါတယ်။

စကားပြေပုံစံ၊ ဇာတ်ညွှန်းပုံစံ

စကားပြေက ဇာတ်ညွှန်းပြောင်းရင် ဇာတ်လမ်းကို စဉ်းစားပုံ ပြောင်းရပါလိမ့်မယ်။ သူ့ဟာသူ ဘယ်လိုရေးထားထား၊ ကိုယ်က ပြကွက် အခန်းစဉ်တွေအဖြစ် မြင်တတ်ရပါတော့မယ်။

နောက်တချက်က ရုပ်ရှင်တကားရဲ့ ပျမ်းမျှ ကြာမြင့်ချိန်က တနာရီခွဲ၊ တနာရီ ၄၅ မိနစ်လောက်ပဲ ရှိပါတယ်။ အကြမ်းဖျင်း ပြောရင် အဲလောက်အတွက်က ဇာတ်ညွှန်း စာမျက်နှာ ၁၀၀၊ အများဆုံး ၁၅၀ ကြားမှာပဲ ရှိပါတယ်။ ပျမ်းမျှ ဝတ္ထုတပုဒ်က စာမျက်နှာ ၃၀၀ လောက် ရှိပါတယ်။ တချို့ဆို စာမျက်နှာ ၅၀၀ လောက်အထိတောင် ရေးကြတယ်။ စာမျက်နှာ ၃-၄ ၅ ရာ ကို စာမျက်နှာ ၁၀၀-၁၅၀ ကြား ဖြစ်ဖို့အတွက် အများကြီး လျှော့ချရတော့မှာပါ။

ရုပ်ရှင်ဘာသာစကား

ဝတ္ထုကို ဇာတ်ညွှန်းပြောင်းမယ်ဆိုရင် ရေးထားတဲ့ ဝတ္ထုထဲက စာတွေကို မေ့လိုက်ပြီး အဲဒီ့ဇာတ်လမ်းကိုပဲ အရုပ်တွေ၊ သီချင်းတွေ၊ အသံတွေ၊ အရောင်တွေနဲ့ ဘယ်လို ပြန်ပြောမလဲဆိုတာ စဉ်းစားရပါတော့မယ်။ ဘယ်လို ပြောမလဲ။ ဘာပုံ ထွက်လာမလဲ။ အဲဒီ့ဝတ္ထုထဲက ဇာတ်ကောင်တွေက ပိတ်ကားပေါ်မှာ ဘယ်လို အသက်ဝင်လာမလဲ။

ဇာတ်လမ်းစဉ် ဖွဲ့စည်းပုံ 

ဇာတ်လမ်းထဲက ဘယ်အပိုင်းတွေ ချန်ထားမလဲ၊ ဘာတွေကို ဖြုတ်ပစ်မလဲ။ ဘယ်ဇာတ်ကောင်၊ ဘယ်အဖြစ်၊ ဘယ်နေရာ အခင်းအကျင်းတွေ ထားမလဲ၊ ဖြုတ်မလဲ။ ဘယ်အပိုင်းတွေကို အပြတ်ရှင်းမလဲ။ ဇာတ်လမ်းကျောရိုးကို ပုံဖော်ဖို့ ဘယ် အပိုင်းတွေ၊ ဘယ်အဓိက ဇာတ်ကောင်တွေကို ချန်ထားခဲ့မလဲ။

ဘာတွေ ပြောင်းလိုက်မလဲ။ ဘာတွေ မူလအတိုင်း ထားမလဲ။ ဇာတ်ညွှန်းကို အလီလီ ပြန်ရေးရင်းနဲ့ မူရင်းဝတ္ထုထဲက ဖြစ်ရပ်တွေ၊ အခြေအနေတွေ၊ ဇာတ်ကောင်တွေ ပျောက်သွားနိုင်ပါတယ်။ မူရင်းဇာတ်လမ်းထဲမှာ မပါတာတွေကလည်း ဇာတ် ရုပ်လုံးကြွတက်လာအောင် ပါလာနိုင်ပြန်တယ်။ ရိုက်ရင်းနဲ့သော်လည်းကောင်း၊ ရိုက်ပြီး တည်းဖြတ်ရင်းနဲ့ သော်လည်းကောင်း နောက်ထပ် ပြောင်းကုန်တာတွေလည်း ရှိနိုင်ပါတယ်။

အခန်းစဉ်

ပထမဆုံး စဉ်းစားရမှာက ရုပ်ရှင်ဇာတ်လမ်း ဖွဲ့စည်းပုံပဲ။ ဖွဲ့စည်းပုံက မူရင်းဝတ္ထုနဲ့ တူချင်မှ တူတော့မယ်။ ဝတ္ထုထဲက အစီအစဉ်အတိုင်း ဟုတ်ချင်မှ ဟုတ်တော့မယ်။ ဇာတ်ညွှန်းပြောင်းရာမှာ ပထမဆုံး စဉ်းစားရတာက ရုပ်ရှင်မှာ ပြမယ့် ဖြစ်ရပ် အစီအစဉ်ပါပဲ။ အံ့အားသင့်အောင် လုပ်ရတာဟာ ဇာတ်ညွှန်းရဲ့ အသက်ပါ။ ဇာတ်ကွက် အလှည့်အပြောင်းတွေကြောင့်သာ ရုပ်ရှင်ကြည့်သူရဲ့ အာရုံကို ဖမ်းစားနိုင်မှာလည်း ဖြစ်ပါတယ်။Image may contain: 8 people, people smiling

ဝတ္ထုမှာလည်း ဇာတ်ကွက် အလှည့်အပြောင်းတွေ ပါတာပေါ့။ ဒါပေမယ့် ရုပ်ရှင်ကို ခံစားပုံ ခံစားနည်းနဲ့တော့ တထပ်တည်း မဖြစ်တာ သေချာပါတယ်။ အဓိကက ရုပ်ရှင်မှာ ကြည့်သူကို တနာရီခွဲ နှစ်နာရီ ထိုင်ရာက မထဘဲ အာရုံစိုက်နေအောင် ဖမ်းစားရတာ။

ဝတ္ထုက အဲလို လုပ်ဖို့ မလိုဘူး။ ဇာတ်လမ်းက ကောင်းနေ၊ ငြိနေဦးတောင် စာဖတ်သူက စာအုပ်ကို ဘေးခဏ ချထားပြီး နောက်မှ ပြန်ဆက်ဖတ်လို့ ရနေပါတယ်။

တခါတလေကျရင် ဝတ္ထုအစပိုင်းက ဖြစ်ရပ်ကို ရုပ်ရှင်မှာကျတော့ နောက်ကို ပို့လိုက်ရတာမျိုးတွေဟာ သည်သဘောပါပဲ။ ဇာတ်ကောင်စရိုက်ပီပြင်လာချိန်၊ ဇာတ်ပန္နက်ခိုင်ပြီဆိုမှ ပရိသတ်က ဇာတ်ရည်လည်မှာမို့ အဲလို ရွှေ့ယူရတာမျိုးတွေ ရှိတတ်ပါတယ်။

ဇာတ်ကောင် အတိုးအလျှော့ 

ဇာတ်ညွှန်းမှာ ဝတ္ထုထဲက ဇာတ်ကောင်တွေကို ပြောင်းဖို့ လိုတတ်တယ်။ အထူးသဖြင့် ဇာတ်ဖြည့် ဇာတ်ကောင်တွေ အများအပြားပါနေတဲ့ အခါမျိုးမှာပေါ့။ ဇာတ်ဖြည့်ဇာတ်ကောင်ဆိုတာက ဝတ္ထုထဲမှာ အဓိက ဇာတ်ကောင်ရဲ့ စရိုက်ကို ပံ့ပိုးပေးသူ ဖြစ်ပေမယ့် တခါလောက်ပဲ ပါတဲ့ ဇာတ်ကောင်မျိုးပေါ့။ ဥပမာ ဇာတ်လိုက်က လမ်းဖြတ်ကူးတယ်၊ ဇာတ်လိုက်ရဲ့ ကူညီတတ်တဲ့ စရိုက်ကို ဖော်ချင်တဲ့အတွက် အလေးအပင်တွေ မလာတဲ့ အမယ်အိုရဲ့ ပစ္စည်း ကူသယ်ပေးတာမျိုးမှာ အမယ်အိုဟာ ဇာတ်ဖြည့်ဇာတ်ကောင်ပါ။

ဒါက ဖြစ်ရပ်တို။ ဖြစ်ရပ်ရှည်မှာ အဓိက ဇာတ်ကောင်နဲ့ အချီအချ စကားပြောတာပဲ။ အဓိက ဇာတ်ကောင်က ယဉ်ကျေးသူ ဖြစ်တာကို ဖော်ချင်လို့ မူရင်းဝတ္ထုမှာ ဂျီကျတတ်တဲ့ ခရီးဖော်ထည့်ထားတယ်။ အဲဒီ့ ခရီးဖော် ဂျီကျတယ်၊ အဓိက ဇာတ်ကောင်က သည်းခံတယ်၊ ဟိုက တအားဂျီကျနေတယ်။ အဲဒီ့နေရာမှာ ခရီးဖော်ဟာ ဇာတ်ဖြည့်ပေါ့။

ဇာတ်ကောင်စရိုက် ပီပြင်ဖို့၊ ဇာတ်လမ်းရသရှိနေဖို့၊ ရုပ်ရှင်ရဲ့ အကန့်အသတ်ကြားထဲဘောင်ဝင်ဖို့ကျတော့ အဲလို ဇာတ်ဖြည့် တွေ လျှော့လိုက်ရတတ်ပါတယ်။ ဝတ္ထုထဲက ဇာတ်ကောင်တိုင်းကို ထည့်ဖို့ မလိုပါဘူး။ ဇာတ်လမ်းအတွက် အရေးမကြီးရင် ဖြုတ်ခဲ့ရပါတော့မယ်။ ဝတ္ထုမှာ အဓိက ဇာတ်ကောင်ရဲ့ စရိုက်ကို ပီပြင်ဖို့ အဲဒီ့ဇာတ်ဖြည့်က အရောင်အသွေးစုံအောင် ခြယ်သပေးတာ ဖြစ်ပေမယ့် ရုပ်ရှင်မှာတော့ မလိုအပ်တဲ့ အပိုဖြစ်နေတတ်ပြီး ကြည့်သူကို အာရုံ နောက်စေတတ်လို့ပါပဲ။

နောက်တခု ဖြစ်နိုင်ပြန်တာက ဇာတ်ညွှန်းကို သယ်သွားဖို့အတွက် ဇာတ်ကောင်သစ်တွေလည်း ပေါ်လာနိုင်ပါတယ်။ ဆိုကြပါစို့… ဇာတ်ကောင် ဘယ်လိုတွေးနေတယ်ဆိုတာကို ဝတ္ထုမှာ စာတွေနဲ့ ရေးပြလို့ ရတယ်။ ရုပ်ရှင်မှာကျတော့ ရေးပြတာ မဟုတ်ဘူး။ သည်တော့ ဇာတ်ကောင်ရဲ့ အတွေးကို ဇာတ်ဝင်စကားတွေအဖြစ် ပြောင်းဖို့ လိုလာတဲ့အခါ မူရင်းစာအုပ်ထဲမှာ မပါတဲ့ ဇာတ်ကောင်ထပ်ဖြည့်ပေးလိုက်ရတာမျိုးလည်း ရှိပြန်ပါတယ်။

ဇာတ်ကောင်ရဲ့ ခံစားချက် အခြေအနေကို စာရေးသူက တဝါကျတည်းနဲ့ဖော်လိုက်လို့ ရပါတယ်။ “မိုးမိုး တနေကုန် စိတ်တိုနေသည်”ဆိုရင် တိုတိုလေးရယ်။ စာဖတ်သူက အဆင်ပြေပါတယ်။ ရုပ်ရှင်မှာကျတော့ မိုးမိုး တနေကုန် စိတ်တိုနေတာကို ဘယ်လို ပြမလဲ။ သူ တနေကုန်စိတ်တိုတာ ပေါ်လွင်စေဖို့ အိမ်ကအထွက် လမ်းတွေ့တဲ့ လူကို ရန်လိုတာ၊ ဈေးရောက်တော့လည်း ဈေးသည်ကို ဘုပြောတာ၊ ဘတ်(စ်)ကားပေါ် တက်တော့လည်း တခြားခရီးသည် လာအထိမှာ တွန်းထုတ်တာစတာတွေနဲ့ ပြရတော့မယ်ဆိုရင် ဝတ္ထုထဲမှာ မပါတဲ့ ဇာတ်ကောင်တွေ ဖြည့်ရတော့မှာပေါ့။

တချို့ဟာတွေကျတော့လည်း အရင်းအတိုင်း ထားရတယ်

တခါတလေကျတော့လည်း ဝတ္ထုထဲမှာ ရေးထားတာက ဇာတ်ညွှန်းမှာ၊ ပိတ်ကားပေါ်မှာ ကောင်းကောင်းအံဝင်နေတာ မျိုးလည်း ရှိတတ်ပြန်တယ်။ အဓိက ဇာတ်ကောင်ရဲ့ အတွေးကို နောက်ခံ စကားပြောနဲ့ ထည့်လိုက်တာမျိုး၊ တချို့ အချီအချ စကားပြောခန်းတွေကို အရင်းအတိုင်း ယူသုံးတာမျိုးပေါ့။ ရုပ်ရှင် ဇာတ်လမ်းအဖြစ် ပြန်ပြောရာမှာ အသုံးတည့်တာတွေ ကိုတော့ ယူသုံးရမှာပါပဲ။

မြန်မာတွေ ဝတ္ထုကို ရုပ်ရှင်ပြောင်းတဲ့အခါ

ရှေးက ဆရာကြီးတွေဖြစ်တဲ့ ဒါရိုက်တာ ဦးချစ်ခင်တို့၊ ဦးသက်လယ်တို့၊ နောက်ဆုံး မောင်ဝဏ္ဏ၊ ဦးဝင်းဖေတို့အထိက ဝတ္ထုကို ရုပ်ရှင် ပြောင်းတဲ့နေရာမှာ ပီပြင်တယ်။ မောင်ဝဏ္ဏဆိုရင် စာရေးဆရာ မောင်သာရကိုယ်တိုင်က သူ့ဝတ္ထုကို ရုပ်ရှင်ရိုက်လို့ မရပါဘူးလို့ ယုံကြည်နေတဲ့ကြားက ရိုက်ပြခဲ့ပြီး ဝက်ဝက်ကွဲ အောင်မြင်ခဲ့ဖူးတယ်။ သူတို့တွေဟာ အထက်က ပြောခဲ့တဲ့ နည်းတွေကို တစိုက်မတ်မတ် သုံးခဲ့ကြပါတယ်။ စာရေးဆရာလည်း ဘဝင်ကျ၊ ပရိသတ်လည်း အားရတဲ့ ဇာတ်ကားတွေကို ရိုက်နိုင်ခဲ့ကြပါတယ်။

Image may contain: 3 people, including Moe Min Theinအားတော့နာပါတယ်။ သို့သော် အထက်က ဆရာတွေလို ဝတ္ထုကို ရုပ်ရှင် ပြောင်းရာမှာ မပီပြင်တော့တာ ငြိမ်းကျော် ဝတ္ထုတွေကို ရိုက်တဲ့ အချိန်က စတယ်လို့ စိတ်ထဲမှာ စွဲနေပါတယ်။ ပရိသတ်အကြိုက်တော့ ဖြစ်ပါရဲ့။ ဝင်ငွေတွေလည်း ကောင်းတန်သလောက် ကောင်းပါရဲ့။ စိတ်အထာကျလောက်တဲ့ အရည်အသွေးကို မရတော့တာပါ။ သည်ဘက်ခေတ်မှာတော့ ပိုဆိုးလာပါတယ်။ ရုပ်ရှင်အတွက် တမင်ရည်ရွယ်ပြီး ရေးထားတဲ့ ဝတ္ထုတွေကို ရိုက်ရာမှာ ပရိသတ်ကြိုက်တာ၊ ပိုက်ဆံရတာတွေကိုတော့ ထည့်မပြောတော့ပါဘူး။

အခုလည်း နာမည်ကြီး ဝတ္ထုတွေကို ဝယ်ခြမ်းနေသံတွေ ညံနေအောင် ကြားနေရတယ်။ လူငယ် ဒါရိုက်တာတွေ အားထုတ်နေတာ ကြိုဆိုပါတယ်။ တချို့ဆို အင်္ဂလိပ်စာတတ်တဲ့သူတွေ၊ နိုင်ငံခြားမှာ ရုပ်ရှင်ပညာ သင်ယူလာသူတွေမို့ မျှော်လင့်စရာတွေတော့ ရှိနေပါသေးတယ်။

ဝတ္ထုက ရုပ်ရှင် ပြောင်းတဲ့အခြေခံသဘောကို နားလည်ပြီး ရုပ်ရှင်ဘာသာစကား (visual language) ကို ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းမယ်ဆိုရင်တော့ ဝတ္ထုများနှယ် ပီပြင်တဲ့ ဇာတ်ကားတွေကို ပရိသတ်ကြည့်လာနိုင်ကြပါလိမ့်မယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်

၂၃၀၆၁၉

Observing the Script 1

တစ္ဆေကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း

နိဒါန်း

၁၉၉၀ပြည့်နှစ်က ထွက်ခဲ့တဲ့ “တစ္ဆေ” (Ghost) ဆိုတဲ့ ဟောလီးဝု(ထ်) ရုပ်ရှင်ကားကို ရုပ်ရှင်ဝါသနာရှင်များ မှတ်မိကြဦးမယ် ထင်ပါတယ်။ တခြားသူတွေ အတွက်တော့ မသိဘူး၊ ကျွန်တော့်အတွက်တော့ ဘယ်နှခါ ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ဇာတ်ကားထဲမှာ အဲဒီ့ကားလည်း ပါပါတယ်။

အခုဆို အဲဒီ့ကား ထွက်ခဲ့တာ နှစ်ပေါင်း ၂၀ တောင် ကြာခဲ့ပါပြီ။ သို့ပေမယ့် ဒီဗှီဒီဆိုတဲ့ မီဒီယမ်တစ်ခု ပေါ်ပေါက်လာချိန်မှာလည်း အဲဒီ့ဇာတ်ကားကို အရည်အသွေးကောင်းကောင်းနဲ့ ပြန်ထုတ်ထားတဲ့အပြင် ဒီဗှီဒီမှာကျတော့ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာနဲ့ အဓိက သရုပ်ဆောင်တွေက အဲဒီ့ကား ရိုက်ကူးဖြစ်ပုံ အဖုံဖုံကို ပြောပြထားတာလေးတွေပါ ကြည့်ရကြားရတယ်။
ကျွန်တော့်ဆီမှာ အဲဒီ့ ဇာတ်ကားရဲ့ ဇာတ်ညွှန်းကို အကြမ်းဖျင်း ခွဲခြမ်း စိတ်ဖြာလေ့လာထားတဲ့ စာတန်းတစ်စောင် ရှိနေတာ ကြာတောင့်ကြာလှပါပြီ။ ရေးမယ်၊ ရေးမယ်နဲ့ စိတ်သာကူးဖြစ်ပြီး မရေးဖြစ်သေးတာပဲပေါ့။

အဲဒါလေးကို အခုတော့ ရေးဖြစ်အောင် ကြိုးစားရေးလိုက်ရပါပြီ။ ဇာတ်ညွှန်းကို ခွဲခြမ်းစိတ်ဖြာမကြည့်ခင် သည်ဇာတ်ကားရဲ့ ပေါက်မြောက်မှုကို အရင် ပြောချင်ပါတယ်။ အဲဒီ့ကားနဲ့ လူမည်းသရုပ်ဆောင် “ဟူပီ ဂိုး(လ်)ဘာ့(ခ်)”က ဇာတ်ပို့ သရုပ်ဆောင်ဆု ရခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ့ကားအတွက် ဇာတ်ညွှန်းဟာလည်းပဲ မူရင်းဇာတ်ညွှန်း (ဝါ) ရုပ်ရှင်ရိုက်ဖို့ရေးတဲ့ ဇာတ်ညွှန်းသက်သက်အနေနဲ့ အော်စကာဆု ရရှိခဲ့တာပါပဲ။

အော်စကာဆုပေးတဲ့အခါ ဇာတ်ညွှန်းဆု နှစ်ဆုပေးပါတယ်။ တစ်ဆုက “တစ္ဆေ”ဇာတ်ကားရဲ့ ဇာတ်ညွှန်းလို မူရင်းဇာတ်ညွှန်းအတွက် ပေးတာပါ။ နောက်တစ်ဆုကကျတော့ ပွားဇာတ်ညွှန်း (ဝါ) ပုံနှိပ်ဖော်ပြပြီးသား ဇာတ်လမ်းတစ်ခုကို ဇာတ်ညွှန်းအသွင်ပြောင်းလိုက်တာအတွက် ပေးတာဖြစ်ပါတယ်။

ရုပ်ရှင်ပညာကို လေ့လာလိုက်စားနေသူ လူငယ်များအတွက် တစ်နည်းတစ်ဖုံ အသုံးတည့်တန်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်ပါးပါးလေးနဲ့ အဲဒီ့ ဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးဖွဲ့ထားပုံနဲ့ သုံးသပ်ချက်များကို တင်ပြလိုက်ချင်ပါတယ်။
တင်ပြရာမှာ ဇာတ်ညွှန်းကို အတိအကျ ပြန်ယူနေရင် တအား ရှည်သွားမှာ ဖြစ်တဲ့အတွက် ဇာတ်ညွှန်းရဲ့ အဓိကကျတဲ့ အပိုင်းတွေကိုသာ အခန်းစဉ်အလိုက် ဖော်ပြထားပါတယ်။ ဇာတ်ညွှန်းကို စာလုံးစောင်းများနဲ့ ဖော်ပြထားပြီး သုံးသပ်ချက်များကိုတော့ ပုံမှန်စာလုံးနဲ့ အရောင်ခွဲ ဖော်ပြထားပါတယ်။

ဇာတ်ညွှန်းကို သုံးသပ် တင်ပြချက်အဆုံးမှာတော့ အဲဒီ့ကားနဲ့ပတ်သက်ပြီး ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာနဲ့ သရုပ်ဆောင်များရဲ့ ဆွေးနွေးချက်များကိုလည်း ထည့်သွင်းပေးလိုက်ပါတယ်။

ဒါမှလည်း သည်ဇာတ်ညွှန်းဆရာ သည်ဇာတ်ကို ဘယ်လို စဉ်းစားမိသွားပြီး ဘယ်လို ရေးဖွဲ့ဖြစ်တယ်ဆိုတာကို သိနိုင်အောင်လို့ပါ။

ကဲ… ဆက်လက် ဖတ်ရှုတော်မူကြပါကုန်။

“တစ္ဆေ”ဖွဲ့စည်းတည်ဆောက်ပုံ

အဖွင့်

ဇာတ်ဖွင့်ဖွင့်ချင်းမှာ စာတန်းထိုးပါတယ်။ အဲဒီ့အချိန်မှာ ကင်မရာရိုက်ချက်က ယိမ်းထိုးနေတယ်။ အလင်းပေးထားတာက ဖွယ်နေတယ်။ အရုပ်တွေက ဖုန် အလိမ်းလိမ်းနဲ့။ သစ်သား အကွဲစတွေ ကြားကနေ တောက်ပတဲ့ အလင်းတန်းတွေ ဝင်နေတယ်။ ခြုံပြထားတဲ့ ရိုက်ချက်တွေပါတယ်။ နောက်ဆုံးမှာ မှောင်ကျသွားတယ်။ အဲဒီ့အပြတွေနဲ့အတူ စာတန်းထိုးသွားတယ်။


သည်အဖွင့် စာတန်းထိုးကို ပြရာမှာ အရောင်အားဖြင့် ပယင်းရောင်နဲ့ အပြာ ရောင်ကဲနေတယ်။

အရုပ်တွေက လူရုပ်တွေမဟုတ်ဘူး။ ကင်မရာလှုပ်ရှားပုံက စိတ္တဇဆန်တယ်။ သည်အပြကြောင့် ကြည့်သူမှာ ဘာတွေလဲဆိုတာကို သိချင်လာအောင် နှိုးလိုက်သလို ဖြစ်သွားပါတယ်။

အရောင်ရဲ့ သဘောကကျတော့ ပယင်းရောင်ဟာ သတိထားရမယ်ဆိုတဲ့ အနက်ထွက်နေတယ်။ အပြာရောင်က အလွမ်း။ ဇာတ်ကား စဖွင့်ကတည်းက သည်ကားဟာ သတိထားရမယ့် အလွမ်းကားဆိုတဲ့ နိမိတ်ပုံကို အဲဒီ့အရောင်တွေနဲ့ တစ်ခါတည်း ပြချလိုက်တယ်။
ရုပ်ရှင်ဆိုတာဟာ အရုပ်နဲ့ အသံနဲ့ ပရိသတ်ရဲ့ ရင်ဘတ်ကို မှန်အောင် ပစ်ရတဲ့ အနုပညာပါ။ ပန်းချီမှာက အရောင်နဲ့ အရိပ်ကို သုံးတယ်၊ စာပေမှာက ဝေါဟာရ၊ ဝါကျဖွဲ့စည်းပုံ၊ အလင်္ကာ၊ ဥပစာစတာတွေကို သုံးတယ်။ ဂီတမှာက တေးသွားနဲ့ တူရိယာသံများကို သုံးပါတယ်။ ရုပ်ရှင်ကျတော့ အဲဒါတွေ အားလုံးကို ပေါင်းထားတာ။ ပန်းချီသဘောလည်းပါတယ်၊ ဇာတ်ကောင်တွေရဲ့ ပြောစကားမှာက စာပေသဘောလေး အထိုက်အလျောက် ပါတယ်။ နောက်ခံမှာက ဂီတဖွဲ့စည်းမှုပါတယ်။ ဓာတ်ပုံပညာနဲ့ ကားကူးကားဆက်ကလည်း ရုပ်ရှင်ကို ဖွဲ့စည်းတည်ဆောက်ယူရာမှာ အဓိကကျတဲ့ ပညာရပ်တွေဖြစ်လာတယ်။

“တစ္ဆေ”ဇာတ်ကားရဲ့ ဇာတ်အဖွင့် စာတန်းစထိုးချိန်မှာကိုပဲ ဒါရိုက်တာက သည်ရုပ်ရှင်ဟာ ဘာရုပ်ရှင်လဲ၊ ဘယ်လို ဇာတ်လမ်းမျိုးလဲဆိုတဲ့ နိမိတ်ကို စပေးနေပါပြီ။ ပရိသတ်ကို ဖမ်းစားဖို့ စတင်ကြိုးစားနေပါပြီ။ သို့ပေမယ့် ပရိသတ် ဆိုတာမျိုးက စာတန်းထိုးနေရင် ရုပ်ရှင်ထဲကို သိပ်အာရုံ ဝင်စားသေးတာ မဟုတ်ဘူး။ အခုမှ ရုပ်ရှင်ရုံထဲ ဝင်ထိုင်ခါစ၊ အသားကလည်း တယ်ကျချင်သေးတာ မဟုတ်ဘူး။ အဲတော့ ဒါရိုက်တာက နောက်တစ်ဆင့် ထပ်တက်လိုက်တယ်။

မျက်နှာကျက်ကို ရုတ်တရက် ရိုက်ခွဲလိုက်တယ်။

အပြက အထိတ်တလန့်နိုင်တယ်။ အသံက အုံးခနဲဆိုတော့ ပရိသတ် လှုပ်ရပြီ။ အာရုံကို ပိတ်ကားဆီ မစိုက်ချင်လည်း စိုက်လိုက်ကြရအောင် လုပ်လိုက်ပါပြီ။
အဲတော့မှ ဇာတ်ကို စတည်ပါတယ်။

နေ့အတွင်း – တိုက်ခန်းထဲမှာ

“ဟာ… ကောင်းလိုက်တာ။ အပေါ်မှာ ခုနစ်ပေ၊ ရှစ်ပေလောက်တောင် ရှိသေးတယ်”လို့ မော်လီက ပြောလိုက်တယ်။

ဆယ်(မ်)ကလည်း ပြောလိုက်ပါတယ်။ “ဖုန်ကလည်း နှစ်ပေါင်းရှစ်ဆယ်စာ လောက် ရှိမှာကွဲ့…”

လူငယ်သုံးယောက် အတူတွဲပြီး တူကြီးတွေနဲ့ ထုကာ နံရံတွေကို ဖြိုချနေကြတယ်။ မော်လီက “တစ်၊ နှစ်၊ သုံး…”လို့ တိုင်ပေးလိုက်တဲ့အခါမှာ အားလုံး တစ်ပြိုင်နက်တည်း ထုလိုက်ကြတယ်။

နံရံကို ဖြိုချနေရင်းနဲ့ သုံးယောက်သား ညီညီညာညာ အလုပ်လုပ်နေကြတယ်၊ တစ်ယောက်ကိုတစ်ယောက် ယုံယုံကြည်ကြည်ရှိကြတယ်ဆိုတာကို ဖော်ကျူးတဲ့ အပြပါ။ သည်အပြနဲ့တင် သူတို့သုံးယောက်ကြားက စည်းနှောင်မှုကို ခိုင်မာသွားအောင် လုပ်လိုက်ပါပြီ။

ကြိုးပေးသတ်တဲ့အခါ ကွင်းလျှော လုပ်ထားတဲ့ ကြိုးကွင်းနဲ့ဆင်ဆင် သံကြိုးကွင်းကြီးတစ်ခုဟာ ဆယ့်(မ်)ဆီကို  မထင်မှတ်ဘဲ ရောက်လာတယ်။ ဆယ်(မ်)က ဖမ်းလိုက်တယ်။ ပြီးတော့မှ ထိန်းပြီး အသာလွှတ်ပေးလိုက်တော့ သံကြိုးကြီးက မော်လီ့ဆီကို အသာအယာ လွှဲသွားတယ်။ “သတိထားနော်”လို့ မော်လီ့ကို ဆယ်(မ်)က လှမ်းပြောလိုက်တယ်။

သည်အပြက ဆယ့်(မ်)ကို ရိုက်ခတ်လာတော့မယ့် သေခြင်းတရားကို စပြတာပါပဲ။ တစ်ဖက်ကလည်း ဆယ်(မ်)ဟာ မော်လီ့ကို ကယ်တင်နိုင်အောင် ကြိုးစားသွားမယ့်သူပဲ ဆိုတာကိုပါ တစ်ခါတည်း ပြချလိုက်ပြန်တာပါ။

“မင်းတို့နှစ်ယောက် သည်အခန်းကို မနက်ဖြန်ပြန်ရောင်းလိုက်ပါလား။ နှစ်ဆ ပြန်ရနိုင်တယ်ကွ”လို့ ခါး(လ်)က ပြောလိုက်တယ်။

“ခါး(လ်)ရယ်၊ ရှင်က အရမ်း မက်တာပဲနော်”လို့ မော်လီက ပြန်ပြောတယ်။

သည်ပြကွက်နဲ့ ခါး(လ်)ရဲ့ ငွေမက်တဲ့စရိုက်ကို တစ်ချက်တည်း တန်းဖော်လိုက်ပါတော့တယ်။ နောက်ပိုင်းမှာပြမယ့် ခါး(လ်)ရဲ့ စရိုက်အတွက် ဇာတ် စဖွင့်ကတည်းက ခိုင်အောင် တည်ထားလိုက်တာပါ။ အမှတ်တမဲ့လိုလို ဘာလိုလို နဲ့ သည်စကားပြောခန်းလေး နှစ်ကြောင်းက အများကြီး တာသွားနေပါတယ်။

ဆယ်(မ်)က စားပွဲပေါ်မှာ ရှိနေတဲ့ ခေါင်းဖြတ် ဓားစက်ပုံစံတစ်ခု ရှေ့မှာ ရပ်နေတယ်။

ဒါက သေခြင်းတရားရဲ့ နောက်ထပ် နိမိတ်ပုံအပြပါပဲ။

ဆယ်(မ်)က ဖန်ပုလင်းလွတ်တစ်လုံးထဲက ဒင်္ဂါးတစ်ပြားကို တွေ့သွား တယ်။ “ဒေသခံအင်ဒီယန်းခေါင်းနဲ့ ပဲစေ့ပဲ။ ၁၈၉၈ခုနှစ်တဲ့”လို့ သူပြောလိုက်တယ်။
“နိမိတ်ကောင်းပဲ”လို့ မော်လီက ပြောလိုက်ပြန်တယ်။

သည်ဒင်္ဂါးပြားဟာ နောက်ပိုင်းမှာ အရေးကြီးတဲ့ ဇာတ်ဝင်ပစ္စည်း ဖြစ်လာပါတော့မယ်။ နောက်ပိုင်းမှာ မော်လီ့စိတ်ခံစားမှုအခြေအနေကို ဖော်ကျူးရာမှာ သည်ဒင်္ဂါးကို ပြန်သုံးတော့မှာပါ။

မော်လီနဲ့ ဆယ်(မ်)တို့ ဖက်လိုက်ကြတာကို ခါး(လ်)က နောက်ကနေ တူကြီး ထမ်းပြီး ကြည့်နေတယ်။

ပေးလိုက်ပြန်ပြီ၊ နောက်ထပ် နိမိတ်ပုံတစ်ခု။ ခါး(လ်)ဟာ သည်နှစ်ယောက်ရဲ့ ချစ်ခြင်းကို ခွင်းမယ့်သူအဖြစ် အခုကတည်းက ကြိုပြလိုက်တဲ့ ပြကွက်ပါပဲ။

နေ့အပြင် – ဝေါ(လ်) စထြိ(ထ်)လမ်းမပေါ်

အလုပ်သွားနေကြတဲ့လူတွေနဲ့ အခန်းပြောင်းပြကွက် (establishing shot)ပါ။ ခါး(လ်)နဲ့ ဆယ်(မ်)တို့က မြေအောက်ရထား ဘူတာရုံ ထွက်ပေါက်က တက်လာကြတယ်။ အလုပ်အကြောင်း ပြောလာကြတယ်။ ဆယ်(မ်)က ဂျပန် လုပ်ငန်းရှင်တွေနဲ့ အလုပ် ဖြစ်ဖို့ စိတ်စောနေတယ်။ ခါး(လ်)က အဆင်ပြေမှာပါလို့ ပြောပြီး ဆယ့်(မ်)ကို အားပေးတယ်။ ပြီးတော့ ဆယ့်(မ်)ပခုံးကိုတောင် ဖက်လိုက်သေးတယ်။

ခါး(လ်)က ဆယ့်(မ်)အပေါ် ဖေးဖေးမမနဲ့ ခင်ခင်မင်မင်ရှိတာကိုပြတဲ့ အမူအရာ။

ခါး(လ်)က ဆယ်(မ်) ဝတ်လာတဲ့ ဘောင်းဘီ သိုင်းကြိုးက တင့်တယ်လှတဲ့အကြောင်း ချီးမွမ်းလိုက်တယ်။ ဆယ်(မ်)က  အဲဒီ့သိုင်းကြိုးကို မော်လီ ဝယ်ပေးတာလို့ ပြန်ပြောတယ်။

သည်ပြကွက်နဲ့ ခါး(လ်)ဟာ မိတ်ဆွေကောင်းတစ်ယောက်၊ ယုံကြည်ထိုက်သူတစ်ယောက်လို့ ပရိသတ် စွဲသွားအောင် ပန္နက်ချလိုက်ပြန်ပါတယ်။ တစ်ဖက်ကလည်း ဆယ်(မ်)နဲ့ မော်လီတို့နှစ်ဦးကြားက သံယောဇဉ်အတိုင်းအဆကိုလည်း သိုင်းကြိုးကို မော်လီဝယ်ပေးတာဆိုတဲ့ စကားနဲ့ အမှတ်တမဲ့လိုလို ဖော်ကျူးလိုက်ပြန်တယ်။ အမှန်တော့ တမင်ကို ရွေးချယ်စီရင်ထားတဲ့ စကားတွေပါပဲ။

ခါး(လ်)က လမ်းဘေးမှာ ရပ်ထားတဲ့ အပျံစား ပြိုင်ကလေးတစ်စီးကို မြင်သွားတယ်။ အဲဒီ့ကားကို သွားရည်ကျနေတယ်။ “လှလိုက်တဲ့ကားကွာ”တဲ့။

“အကြွေးနဲ့ ဝယ်ထားတဲ့ မင့်ကားဖိုးပဲ အရင်ကျေအောင် ဆပ်ပါဦးကွာ”လို့ ဆယ်(မ်)က ခါး(လ်)ကို ပြောတယ်။

သည်မှာလည်း ခါး(လ်)ရဲ့ ပိုက်ဆံမက်မှု၊ အဖိုးတန်ပစ္စည်းတွေကို အာသာငမ်းငမ်း ဖြစ်တတ်မှုများကို ထပ်ပြလိုက်ပြန်တယ်။

သည်မှာတော့ လဲ(န်)ခရူဇာလို လမ်းကြမ်းသုံးကားမျိုးကသာ ဈေးခေါင်အခိုက်ဆုံးဖြစ်နေပြီး ငွေရှိသူများ ဂုဏ်တဝင့်ဝင့်စီးနေကြတဲ့ ကျွန်တော်တို့ဆီက ရွှေတွေအတွက် နားလည်ရ နည်းနည်း ခက်နိုင်ပါတယ်။ တကယ့်တကယ် အနောက်နိုင်ငံတွေမှာ တန်ဖိုးကြီးတာက ကျွန်တော်တို့ ရွှေတွေရဲ့နားမှာ မယဉ်ပါးလှတဲ့ နာမည်ကျော် ကားကုမ္ပဏီကြီးများက ထုတ်လုပ်သော ပြိုင်ကားလှလှတွေပဲ ဖြစ်ပါတယ်။ အခု ပြလိုက်တဲ့ကားလေးကလည်းပဲ “ထက်စထာ ရိုဇာ”ဆိုပြီး ကျွန်တော်တို့ တစ်ခါမှ မကြားဖူးတဲ့ တန်ဖိုးကြီး ကားလေးတစ်စင်း ဖြစ်နေပါတယ်။

ပြောချင်တာက ရုပ်ရှင်မှာ ပြသမျှ အရာတိုင်းဟာ သူ့အဓိပ္ပာယ်လေးနဲ့သူ ရှိနေတာကိုပါ။ ဘယ်ပစ္စည်း၊ ဘယ်ပြကွက်ကိုမှ အလဟဿ ပြမသွားပါဘူး။

ကြည့်လို့ကောင်းနေလို့၊ လှနေလို့၊ ဆန်းနေလို့ ပြတာမဟုတ်ဘဲ ကိုယ်ရိုက်ပြမယ့် ဇာတ်ကားတစ်ကားလုံးအတွက် အထောက်အပံ့ဖြစ်နေအောင် ပြသွားတာချည်းသာ ဖြစ်ပါတယ်။

နေ့အတွင်း – ဓာတ်လှေခါးထဲမယ်

စီးပွားရေးသမားတွေနဲ့ ပြည့်နေတဲ့ ဓာတ်လှေခါးထဲကို ဆယ်(မ်)နဲ့ ခါး(လ်) တို့ ဝင်လိုက်ကြတယ်။ ဓာတ်လှေခါးထဲက လူတွေကို ခါး(လ်)က ဆယ့်(မ်) အကူအညီနဲ့ နောက်ပါတယ်။ ခါး(လ်)က ချောင်းတဟွတ်ဟွတ် ဆိုးပြီး ဆယ့်(မ်) ကို ပြောတယ်။ သူ့မှာ ကူးစက်ရောဂါတစ်ခုဖြစ်နေတယ်တဲ့။ သူ့ရောဂါက အလွန် ကူးစက်မြန်တဲ့အတွက် အပြင်မထွက်ဖို့တောင် ဆရာဝန်က သူ့ကို မှာထားတယ်၊ ဘယ်သူ့ကိုမှလည်း မထိမိစေနဲ့လို့လည်း မှာထားတယ်လို့ ပြောတယ်။ ပြီးတာနဲ့ သူ့ရှေ့မှာ ရပ်နေသူတစ်ဦးရဲ့ပခုံးကို သူ လှမ်းတို့လိုက်တယ်။ ဆက်ပြောပြန် တာက ခါး(လ်)မှာ ရှိနေတဲ့ အနီဖုတွေနဲ့ အဲဒီ့အဖုတွေက မပြောကောင်းတဲ့နေရာအထိ ပျံ့နေကြောင်းပါ။ ဓာတ်လှေခါးထဲမှာ ရှိသမျှ လူအားလုံး စိုးရိမ်တကြီး ဖြစ်ကုန်ကြတယ်။ သူတို့ဆီ ရောဂါများ ကူးလာလေမလားလို့ ပူနေတဲ့ ပုံပန်းများနဲ့။

သည်လို နောက်တာဟာ လူတိုင်းကို မသက်မသာဖြစ်စေနိုင်တာမျိုးပါ။ သည်ပြကွက်နဲ့တင် ခါး(လ်)ရဲ့ ဟာသဓာတ်ခံသာမက သူဟာ တခြားသူတွေရဲ့ ခံစားချက်ကို နည်းနည်းမှ ထည့်တွက် ငဲ့ကွက်တတ်သူမျိုး မဟုတ်ကြောင်းကို ဖော်ကျူးပြီးသား ဖြစ်သွားပါတယ်။ ဒါဟာ နောက်ပိုင်းမှာ ခါး(လ်)ဆက်လက် လုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အတွက် ကြိုတင်ပြီး အတိတ်စိမ်း ပေးထားတာပါ။

သည်ပြကွက်မှာလည်း ဆယ်(မ်)က ခါး(လ်) ဗရုတ်ကျနေတာကို အလိုက်သင့် အမူအရာများနဲ့ တုံ့ပြန်ပေးခြင်း၊ စကားထောက်ပေးခြင်းအားဖြင့် သူတို့ နှစ်ယောက်ကြားက ရဲဘော်ရဲဘက်သဖွယ် ကိုယ်ရင့်တတူ ရင်းနှီးမှုကို ပန္နက်ချလိုက်ပြန်ပါတယ်။

နေ့အတွင်း – ရုံးထဲမှာ

ခါး(လ်)နဲ့ ဆယ်(မ်)တို့ ရုံးထဲကို ဝင်လာကြတယ်။ ဆယ်(မ်)က အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ ဆူဇန်နဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်တယ်။ ရုံးခန်းရဲ့ ကြမ်းကို အပြာရောင်ကော်ဇောတွေ ခင်းထားတယ်။ ဆယ့်(မ်)ရဲ့ အတွင်းရေးမှူးက ဆယ့်(မ်)အတွက် ကော်ဖီယူလာပေးရင်းနဲ့ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေ ရောက်နှင့်နေတဲ့အကြောင်း ပြောလိုက်ပါတယ်။

ဆယ့်(မ်)မှာက အဲဒီ့နေ့မနက် ဆယ်နာရီမှာတင်ပဲ တခြားစီးပွားရေးလုပ်ငန်း ရှင်တစ်ယောက်ဆီကို ဒေါ်လာ ကိုးသိန်းလွှဲဖို့ ရှိနေတယ်။ သည်ဘက်မှာကလည်း ဂျပန်တွေ ရောက်နေတော့ သူ့မှာ အကျပ်ရိုက်နေတာမို့  အဲဒီ့ငွေလွှဲတဲ့ကိစ္စကို သူ့ကိုယ်စား ခါး(လ်)က လုပ်ပေးဖို့ ပြောလိုက်တယ်။ ခါး(လ်)က လုပ်ပေးပါ့မယ်တဲ့။

သို့ပေမယ့် အဲသလို ငွေလွှဲဖို့အတွက် ကွန်ပျူတာက ဝှက်စာတော့ လိုတယ်။ အဲဒီ့ဝှက်စာကို ဆယ်(မ်)က ခါး(လ်) ကို ပေးလိုက်ပါတယ်။ ပြီးတော့ “မင်း တစ်ယောက်ပဲ သိပါစေနော်”လို့ ပြောလိုက်တယ်။ ခါး(လ်)က “စိတ်ချပါ”တဲ့။

တစ်ကွက်တည်းနဲ့ ဆယ်(မ်)နဲ့ ခါး(လ်)တို့ရဲ့ အလုပ်ခွင်၊ သူတို့နှစ်ယောက် တာဝန်ယူနေရတဲ့ အလုပ်သဘာဝစတာများကို ထိထိမိမိ ပြချလိုက်ပါတယ်။

ရှေ့အခန်းမှာက အမေရိကန်ပြည်ထောင်စု၊ နျူးယော့(ခ်)မြို့က အထင်ကရဖြစ်တဲ့ ဝေါ(လ်)စထြိ(ထ်)ဆိုတဲ့ လမ်းပေါ်မှာ သူတို့နှစ်ယောက် လျှောက်လာကြပုံကို ပြထားပါတယ်။ ဝေါ(လ်)စထြိ(ထ်)ဆိုတာက အစုရှယ်ယာ ဈေးကွက်ကြီးအပါအဝင် နိုင်ငံရဲ့ အထင်ကရ စီးပွားရေးလုပ်ငန်းများ ရုံးစိုက်တဲ့လမ်းပါ။ သည်လမ်းအတိုင်း ရုံးတက်ဖို့ လာကြတာကို ပြလိုက်ခြင်းအားဖြင့် သူတို့နှစ်ဦးရဲ့ အလုပ် သဘာဝကို စပြထားလိုက်ပါတယ်။ ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ ဝန်ထမ်းတွေပဲဆိုတာကို အဲဒီ့လမ်းအတိုင်း လျှောက်လာကြတာနဲ့ ကြိုပြထားခဲ့ပါတယ်။

အခုတစ်ခါ ရုံးအတွင်းပိုင်းကို ပြလိုက်ပြီး သူတို့ အလုပ်ရဲ့အနေအထားကို ခိုင်မာအောင် ထပ်ပြလိုက်ပြန်တယ်။ တစ်ဆက်တည်းမှာ အတွင်းရေးမှူးက ကော်ဖီ ယူလာပေးရတဲ့ ဆယ့်(မ်)ရဲ့ ရာထူးအနေအထားကိုလည်း ပြလိုက်ပြန်တယ်။

အဲဒီ့အပြတွေကြားမှာပဲ ဇာတ်ကို ဆက်ချိတ်လိုက်တယ်။ အတွင်းရေးမှူးက ဂျပန်လုပ်ငန်းရှင်တွေ ရောက်နှင့်နေကြောင်းကို ပြောလိုက်တယ်။ ရှေ့အခန်းမှာ ဆယ်(မ်)က အဲဒီ့ ဂျပန်တွေနဲ့ အလုပ်ဖြစ်အောင် လုပ်ချင်နေတာကို စကားနဲ့ ဖော်ပြီးသား။ တစ်ဆင့်ထပ်တိုးလိုက်တာက အဲဒီ့အချိန်နဲ့ မရှေးမနှောင်းမှာ ငွေ ကိုးသိန်း လွှဲဖို့ အကြောင်းပေါ်နေတာ။ ဒါကို ဆယ်(မ်)က အချိန်မီ မလုပ်နိုင်မှာ စိုးလို့ ခါး(လ်)ကို ခိုင်းရပြီ။ ခိုင်းတဲ့အခါမှာ ငွေအများကြီးနဲ့ လုပ်ရမှာမို့ ဝှက်စာ ဂဏန်းက လိုတယ်။ လိုတော့ ခါး(လ်)ကို ပေးလိုက်တယ်။ ပေးရင်းနဲ့ ဘယ်သူမှ မသိစေနဲ့ဆိုတဲ့စကားကို ပြောလိုက်တယ်။ ဝှက်စာရဲ့ အရေးကြီးပုံကို ထင်ရှားအောင် ပြတဲ့သဘော။

သည်မှာလည်း ခါး(လ်)အပေါ် ဆယ့်(မ်)ရဲ့ ယုံကြည်မှုကို အခိုင်အမာ ပြလိုက်ပြန်တယ်။ ပရိသတ်အနေနဲ့ကလည်း အခုအထိ မြင်ထားရသမျှဆိုရင် သူတို့ နှစ်ယောက်ဟာ ဆိုးတိုင်ပင်ကောင်းတိုင်ပင် သူငယ်ချင်းတွေပဲလို့ ခံစားနေကြရပါပြီ။ ဇာတ်အတွက်အရေးကြီးလှတဲ့ပန္နက်များကို ဆက်ခါ ဆက်ခါချနေတာပါပဲ။

နေ့အပြင် – တိုက်ခန်း

မော်လီနဲ့ ဆယ်(မ်)တို့ရဲ့ တိုက်ခန်းသစ် ပြတင်းဆီကို လမ်းပေါ်ကနေ နတ်သမီးရုပ်တုတစ်ခု မ တင်နေတာပါ။ အရုပ်က ကိုယ်စောင့်နတ်သမီး သစ်သားရုပ် ဖြစ်ပြီး လက်နှစ်ဖက်က ရင်ဘတ်မှာ ယှက်ထားပါတယ်။ နတ်သမီးရဲ့ မျက်နှာကကျတော့ ရင်ကွဲပက်လက်ဖြစ်နေသလို မျက်နှာမျိုးနဲ့။

အလုပ်သမားတွေက အဲဒီ့ရုပ်တုကို ပြတင်းဆီရောက်အောင် မပို့နိုင် ဖြစ်နေတယ်။ ရုပ်တုက ပြတင်းနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။ မော်လီက ပြတင်းဘောင်ပေါ် တက်ရပ်လိုက်ပြီး အဲဒီ့ရုပ်တုကို လှမ်းဆွဲဖို့ ကြိုးစားတယ်။ အဲဒီ့အချိန်မှာ ဆယ်(မ်)က ချပ်ထူပုံးတွေ သယ်ပြီး အခန်းထဲကို ဝင်လာပါတယ်။

မော်လီက သူ့ကိုယ်သူ အန္တရာယ်များအောင် လုပ်နေပုံကို ပေါ်လွင်စေတဲ့ ပြကွက်ပါပဲ။ ရုပ်တုကို လှမ်းဆွဲရင်းက အရှိန်လွန်ပြီး အောက်ကို ပြုတ်ကျသွားနိုင်တယ်လေ။ နောက်ပိုင်းမှာ မော်လီ့အပေါ် ကျရောက်လာတော့မယ့် အန္တရာယ်များရဲ့ အငွေ့အသက်ကို ကြိုပြလိုက်ပြန်တာပါ။

ဆယ်(မ်)က မော်လီ့ကို နောက်ကနေ လှမ်းဆွဲလိုက်ပြီး “ကိုယ့်အသက်တော့ ကိုယ်သနားပါဦး မမရယ်”လို့ ပြောလိုက်တယ်။ သူတို့ရဲ့နောက်မှာက နတ်သမီးက သူတို့ကို ငေးကြည့်နေဘိသကဲ့သို့။

သည်မှာလည်းပဲ သေခြင်းရနံ့ရယ်၊ ဆယ်(မ်)က မော်လီ့ကို မဖြစ်မနေ ကယ်တင်လိုစိတ်ရယ်ကို ပြလိုက်ပြန်ပါတယ်။

ဆယ်(မ်)က ပြတင်းဘောင်ပေါ် ခုန်တက်လိုက်ပြီး အပေါ်တန်းကို ကိုင်ကာ သူ့ကိုယ်ကို လွှဲလိုက်ရင်း နတ်သမီးရုပ်ကို ခြေထောက်နဲ့ ကန်လိုက်တယ်။ ရုပ်တုက အရှိန်နဲ့ ပြတင်းဆီ ပြန်လွင့်လာတော့မှ ဖမ်းဆွဲပြီး အခန်းထဲကို သွင်းတယ်။ ခါး(လ်)လည်း အခန်းထဲရောက်လာပြီး ရုပ်တုကို အခန်းထဲ ရောက်အောင် ကူသယ်ပေးပါတယ်။

ဆယ်(မ်)တို့အပေါ်မှာ ကူညီဖေးမတတ်တဲ့ ခါး(လ်)ပဲဆိုတာ ပရိသတ် ပိုယုံလာအောင် ပြလိုက်တာ ဖြစ်ပါတယ်။

ပစ္စည်းသယ်သူတစ်ယောက်က ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ်ကို သယ်ပြီး အခန်းထဲကို ဝင်လာပြန်တယ်။ မှန်ထဲမှာတော့ တုန်လှုပ်ခြောက်ခြားနေပုံရတဲ့ နတ်သမီးရုပ်ကို ခါး(လ်)က မော်ကြည့်နေတယ်။ အမှတ်တမဲ့ဆိုရင် နတ်သမီး ကပဲ ခါး(လ်)အတွက် ဆုတောင်းပေးနေသလိုလို။

ခါး(လ်)က တိုက်ခန်းသစ်ကို သဘောတွေကျနေတယ်။ မော်လီက သူ့အနု ပညာလက်ရာတွေ ခါး(လ်)ကို ပြတယ်။ အဲဒီ့ ပုံသဏ္ဍာန်တွေက နတ်သမီးရုပ်တုနဲ့ တခြားစီပါ။

အဲဒီ့ မော်လီ့လက်ရာတွေကြောင့် နတ်သမီးရုပ်နဲ့ သည်ပတ်ဝန်းကျင်နဲ့ ဘယ်လိုမှ မအပ်စပ်ဘူးဆိုတာ ပိုပြီး မြင်သာလာတယ်။

မော်လီက အခန်းထဲကိုရောက်နေတဲ့ သားရေဖုံးနဲ့ လက်တန်းပါ ဇိမ်ခံ ကုလားထိုင်ကို တွေ့သွားတယ်။ ဘာ့ကြောင့် သယ်လာရတာတုံးလို့ သူက ဆယ့်(မ်)ကို မေးလိုက်တယ်။ “ကိုယ်သွားလေရာ ပါရမယ့်ဟာပဲလေ”လို့ ဆယ်(မ်)က ပြန်ဖြေတယ်။

“ဒါဆိုလည်း ဆေးအသစ်သုတ်ရမှာပေါ့”လို့ မော်လီက ပြန်ပြောတယ်။

“ဆေးအသစ်သုတ်ရမယ်၊ ဟုတ်လား”လို့ ဆယ်(မ်)က ပြန်ပြောတယ်။

နှစ်ယောက်သား ကျီစယ်နေကြပုံနဲ့ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးကြပုံကို ဖော်ကျူးလိုက်ပြန်တာ ဖြစ်ပါတယ်။

သည်မှာလည်း ယဉ်ကျေးမှု ဓလေ့ထုံးစံက ရှိနေပြန်ပါတယ်။ မြန်မာရဲ့ ပက်လက်ကုလားထိုင်နဲ့ နီးစပ်မလားပဲ။ ပက်လက်ကုလားထိုင်ဆိုတာ လာသမျှ ဧည့်သည် တက်ထိုင်လေ့ မရှိဘူး။ အိမ်သားတွေလည်း ထိုင်ခဲတယ်။ အိမ်သားထဲမှာမှ တစ်ဦးတစ်ယောက်တည်းက သတ်သတ်မှတ်မှတ် စွဲစွဲမြဲမြဲထိုင်တာ။ တစ်နည်းပြောရရင် အဲဒီ့ပက်လက်ကုလားထိုင်မှာ ပိုင်ရှင်ပုံသေ ရှိတယ်။

သူတို့ယဉ်ကျေးမှုမှာလည်း လက်တန်းပါ ဇိမ်ခံကုလားထိုင်ကို အဲလိုမျိုး သုံးတတ်ကြတယ်။ သားရေဖုံးနဲ့၊ ဆိုဖာအိအိနဲ့ ကျကျနန လုပ်ထားတာ။ ခြေတင်မယ် ဆိုရင်တောင် တင်လို့ရအောင် တစ်နည်းတစ်ဖုံ စီမံထားသေးတာပ။ အဲဒါလည်း ပက်လက်ကုလားထိုင်နည်းတူ တစ်ယောက်တည်းက သတ်သတ်မှတ်မှတ် ထိုင်တယ်။ အိမ်မှာ တခြား အိမ်ထောင်ပရိဘောဂ ရှိချင်မှ ရှိမယ်၊ ဒါပေမယ့် အဲဒါလေးတစ်လုံးကတော့ အိမ်ရှင့်အတွက် သတ်သတ်ထားတတ်ကြပါတယ်။

ဆယ်(မ်)က အရွယ်ရောက်နေပြီ။ သူ့ဟာသူ တစ်ကိုယ်ရေ တကာယ နေတုန်းကလည်း အဲဒါလေးနဲ့ နေခဲ့တယ်။ အခု မော်လီနဲ့ အတူနေတဲ့ဘဝကို ရောက်တော့လည်း အဲဒီ့ကုလားထိုင်က ပါလာတယ်။ မော်လီက အဲဒီ့ ကုလားထိုင်က အိုမင်းဟောင်းနွမ်းနေပြီမို့ ကြည့်လို့က တယ်မရချင်တော့ဘူး။ ဆယ်(မ်) ကကျတော့လည်း သူ့ကုလားထိုင်အိုလေးကို မခွဲနိုင်မခွာရက်။

ဒါလေးကို နှစ်ယောက်သား ကျီစားရင်း ပြောလိုက်တာလေးက အပြန်အလှန်စကားလေး သုံးခွန်းထဲနဲ့။ သူတို့ရဲ့ တစ်ယောက်အကြိုက်တစ်ယောက် လိုက်ပြီး ချစ်နိုင်မှုကို ဖော်ကျူးလိုက်တာ။

ညအတွင်း – အိပ်ခန်း

စပြကတည်းက ပယင်းရောင်နဲ့ အပြာရောင်တွေကို သိပ်သိပ်သည်းသည်းလေး ပြသွားတယ်။

မော်လီနဲ့ ဆယ်(မ်)တို့က နှစ်ယောက်အိပ်ခုတင်တစ်လုံးပေါ်မှာ လဲလျောင်းနေကြတယ်။ ဆယ်(မ်)က စာအုပ်တစ်အုပ်ကို ဖတ်နေတယ်။

“ဘာဖြစ်နေလဲဟင်…”လို့ မော်လီက မေးလိုက်တယ်။

“ရေပူဖောင်းလေးတွေ ပေါက်သွားမှာစိုးတယ် အချစ်ရယ်။ (ပျော်ရွှင် ကြည်နူးစရာတွေ ရုတ်တရက် ပျောက်ပျက်သွားမှာစိုးတယ်လို့ ပြောတာပါ။ ဒါက အင်္ဂလိပ်ဓလေ့သုံးစကားပါ။ The bubble bursts. လို့ သုံးပါတယ်။) ကိုယ့်ဘဝမှာ အကောင်း တစ်ခုခု ပေါ်လာတိုင်း ပေါ်လာတိုင်း အဲဒီ့ကောင်းတာလေး ဆုံးရှုံးသွားမှာကို ကိုယ်ကြောက်နေမိရတတ်တယ်လေ”
ဆယ်(မ်)က သူ့ရဲ့ စိုးရိမ်ကြောက်လန့်မှုတွေ၊ ရင်တထိတ်ထိတ် ဖြစ်နေရတာတွေကို ဖော်ကျူးလိုက်တာပါ။ သည်အခါမှာ ပရိသတ်က သူ့ကို အလိုလို သနားသွားရပါတော့မယ်။

“ကျမ ရှင့်ကို ချစ်ပါတယ်။ တကယ့်ကို နှစ်နှစ်ကာကာ ချစ်ပါတယ် ဆယ်(မ်)ရယ်”လို့ မော်လီက ပြောလိုက်တယ်။

“ထိုနည်းလည်းကောင်းပါပဲ မော်လီရယ်”လို့ ဆယ်(မ်)က ပြန်ပြောလိုက်ပါတယ်။

မော်လီက ဆယ့်(မ်)ကို နမ်းဖို့ ကိုယ်ကို ကိုင်းလိုက်ချိန်မှာ ရုပ်သံစက်ကို ဖွင့်တဲ့ အဝေးထိန်းခလုတ်ကို မတော်တဆ ဖိမိသွားပြီး ရုပ်သံပွင့်သွားတယ်။ သတင်းမှာတော့ လေယာဉ်ပျက်ကျတဲ့ သတင်းကို ပြနေတယ်။

“ကိုယ် အယ်(လ်)အေကို သွားမယ့် ခရီးစဉ်ကို ဖျက်လိုက်ရင် ကောင်းမယ် ထင်တယ်။ ဒါမျိုးတွေက တစ်ခါနဲ့မပြီးဘူး။ သုံးခါဖြစ်မှ ပြီးတတ်တဲ့ သဘော ရှိတယ်လေ”လို့ ဆယ်(မ်)က ပြောလိုက်တယ်။

“အဲဒီ့သတင်းကို ကြည့်မနေစမ်းပါနဲ့ ဆယ်(မ်)ရယ်။ စိတ်ကောင်းကောင်း ထားစမ်းပါ။ ပြီးတော့ ကို့ဘဝက ပန်းခင်းသော လမ်းဖြစ်နေပြီပဲဟာကို…”လို့ မော်လီက ပြန်ပြောတယ်။

“အင်းပေါ့လေ… သူတို့ဘဝတွေလည်း ပန်းခင်းသောလမ်းပဲ ဖြစ်နေခဲ့မှာပါ။ အံ့ဩစရာပဲနော်။ ဇတ်ဆို လက်ဖျစ်တစ်တီးအတွင်းမှာ ချက်ချင်းကြီး မှောင်ကျသွားတော့တာများ”လို့ ဆယ်(မ်)က လက်ဖျစ်တစ်ချက် တီးရင်း ပြောလိုက်ပါတယ်။

ချစ်သူအိမ်ထောင်ဖက်နှစ်ဦး အေးအေးလူလူ ရှိနေခိုက်မှာတောင်မှ အန္တရာယ် ရနံ့ကို ထည့်သွင်းထားခြင်းအားဖြင့် သည်ဇာတ်လမ်းမှာ စိတ်တထင့်ထင့် ဖြစ်နေရလေအောင် ဖန်တီးယူလိုက်တာပါ။ လေယာဉ် ပျက်ကျတယ်ဆိုတာ လုံးဝ မျှော်လင့်မထားဘဲ ဖြစ်လာတာမျိုး။ ဆယ်(မ်)ပြောလိုက်သလို အေးချမ်းနေတဲ့ ဘဝ ထဲမှာ လက်ဖျစ်တစ်တီးအတွင်း ကောက်ဖြစ်သွားတာမျိုးပေါ့။ နောက်ပိုင်းမှာ ကြုံလာရတော့မယ့် ရုတ်တရက်သေဆုံးမှုအတွက် ကြိုပြီး နိမိတ်ပြလိုက်တာပါ။

ညအတွင်း – တိုက်ခန်းထဲမှာ

မော်လီက အိုးလုပ်တဲ့စက်မှာ အိုးတစ်လုံး လုပ်ဖို့ ပြင်ဆင်နေတယ်။ အဲဒီ့အချိန်မှာ သူတို့အခန်းထဲက ငွေအြွေကထည့်ပြီး လိုရာဓာတ်ပြားကို ဖွင့်လို့ရတဲ့ ဓာတ်စက်ဟောင်းကြီးဆီကနေ “အို… အချစ်ရယ်”ဆိုတဲ့ သီချင်းသံက ပေါ်ထွက်နေပါတယ်။

မော်လီက ပုရိသဘာဝ အသွင်ရှိတဲ့ အရာတစ်ခုကို ပုံဖော်နေခိုက်မှာ ဆယ်(မ်) ဝင်လာတယ်။ သူက မော်လီ့နောက်မှာ ပူးပူးကပ်ကပ် ဝင်ထိုင်လိုက်တယ်။ မော်လီ့ကို ဖက်လိုက်တာမို့ မော်လီလုပ်လက်စ ပန်းပုပုံ ပျက်စီးသွားပါတော့တယ်။ နှစ်ယောက်သား လက်ချင်းဆက်ပြီး ပုရိလိင်္ဂသဏ္ဌာန် ရွှံ့ရုပ်ကို ပြန်ပုံဖော်နေကြတယ်။

အဲဒီ့ကနေ တစ်ယောက်ကို တစ်ယောက် ဖက်လိုက်ကြပြီး ချစ်ခန်းဖွင့်ကြပါတော့တယ်။

သည်နေရာမှာ နောက်ခံသီချင်းက အရမ်း စကားပြောနေပါပြီ။ သီချင်း နာမည်က “နှောင်ကြိုးမဲ့ တေးသွား”တဲ့။ ကျော်ကြားပြီး၊ ရှိပြီးသား သီချင်းဟောင်း တစ်ပုဒ်ကို သည်ဇာတ်ကားရဲ့ အဓိက ဇာတ်ဝင်သီချင်းအဖြစ် ရွေးချယ်လိုက်ပါတယ်။

ဆိုခဲ့တဲ့အတိုင်း ရုပ်ရှင်မှာ အရုပ်ရော၊ အသံပါ ပါတယ်။ ရုပ်ရှင်ကား တစ်ကားမှာ သီချင်းရဲ့ အခန်းကဏ္ဍကလည်း အင်မတန် အရေးကြီးလှပါတယ်။

နောက်ခံတေးဂီတတွေ၊ အသံ အထူးပြုလုပ်ချက်တွေ အရေးပါလှသလို သီချင်းကလည်း ကားတစ်ကားရဲ့ အသက်ဝင်မှုကို ပံ့ပိုးပေးတတ်ပါတယ်။

သည်ကားမှာ သီချင်းဟောင်းကို ရွေးလိုက်ဖို့အတွက် အဲဒီ့ ၁၉၉၀ ပြည့် မတိုင်ခင် ကာလပတ်ဝန်းကျင်မှာ အသုံးနည်းသွားပြီဖြစ်တဲ့၊ ဂျု(ခ်)ဘော့(ခ်)(စ်)လို့ ခေါ်တဲ့ ငွေအကြွေစေ့ ထည့်ပြီး ကြိုက်ရာဓာတ်ပြား ဖွင့်လို့ရတဲ့ ဓာတ်စက်ဟောင်းကြီးကို ဇာတ်လမ်းထဲမှာ ထည့်ပေးထားလိုက်တယ်။ အနုပညာရှင်ဖြစ်တဲ့ မော်လီ့အတွက်က အဲလို အဟောင်းတွေကို စုတတ်တာလည်း ရှေ့အခန်းက ကိုယ်စောင့်နတ်သမီးရုပ်နဲ့ ပြပြီးသားမို့ ဆီလျော်နေပါတယ်။ အသားလွတ်ကြီး ဇွတ်ထည့်ရာ မရောက်တော့ဘူး။

ပြီးတော့ သီချင်းက ကျော်ကြားပြီးသား သီချင်းဟောင်းတစ်ပုဒ်။ ဇာတ်ကားက အဆိုတော်၊ အကပညာရှင်တွေပါဝင်တဲ့ တေးသံစုံဇာတ်အမျိုးအစား မဟုတ်ဘူး။ အဲတော့ အဲဒီ့ကားအတွက် သီချင်းသတ်သတ် ရေးစပ်ဖို့က  တယ်မလိုအပ်တော့ဘူး။ သည်တော့ သီချင်းဟောင်းကို ရွေးရတော့မယ်။

သီချင်းစာသားတွေက ပျောက်ဆုံးသွားတဲ့အချစ်ကို တမ်းတနေတဲ့ အလွမ်း စစ်စစ်။

လုပ်လိုက်ပါပြီ။ သည်ဇာတ်ကားရဲ့ အဓိက ကျောရိုးကို သီချင်းနဲ့ စတင် မိတ်ဆက်လိုက်ပါပြီ။

တစ်ဖက်က မင်းသားနဲ့ မင်းသမီးရဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်လည်း ရှိ၊ အပြလည်း မကြမ်းတဲ့ အချစ်ခန်းလေးနဲ့ ပရိသတ်ကို ဖျားယောင်းလိုက်တယ်။ ပရိသတ်မှာ သိင်္ဂါရရသကို ခံစားရပြီ။ မော်လီနဲ့ဆယ့်(မ်)ကို ပရိသတ်က ချစ်သွားပြီ။ ကိုယ်ချစ်တဲ့ ခင်တဲ့သူနဲ့အတူ မျှဝေခံစားတတ်တဲ့ သဘောက လူတိုင်းမှာ ရှိတယ်။ အဲဒါကို ပရိသတ်ဆီကနေ မရရအောင် သည်အခန်းနဲ့ ချူယူလိုက်တော့တာပါ။

နေ့အပြင် – ဝေါ(လ်)စထြိ(ထ်)

ဒါကတော့ အခန်းပြောင်းပြကွက်အဖြစ် ရိုက်ပြလိုက်တာပါ။ ရှေ့က အချစ်ခန်းကနေ အလုပ်ဘက်ကို ပြောင်းတော့မယ်ပေါ့။

နေ့အတွင်း – ရုံးခန်းထဲမှာ

ဆယ်(မ်)က ကွန်ပျူတာတစ်လုံးနဲ့ အလုပ်လုပ်နေရင်း သူ့ရဲ့ စာရင်းအင်းတွေကို စစ်ဆေးနေတယ်။ စာရင်းမကိုက်နိုင်သေးတဲ့အတွက် သူ မချင့်မရဲ ဖြစ်နေတယ်။ ခါး(လ်) ရုံးခန်းထဲဝင်လာချိန်မှာ ဆယ့်(မ်)မျက်နှာက ဝေခွဲမရသလို မျက်နှာမျိုးနဲ့။

“ကွန်ပျူတာဝှက်စာက သုံးလို့ မရတော့ဘူး”လို့ ခါး(လ်)က စိတ်ပူတဲ့ပုံနဲ့ ပြောလိုက်ပါတယ်။

“ငါ ပြင်လိုက်လို့ပါ”လို့ ဆယ်(မ်)က ပြန်ဖြေတယ်။ ပြီးတော့ ဆက်ပြောလိုက်တယ်။ “မင်း နှုတ်လုံပါတယ်နော်”တဲ့။

“စိတ်ချပါကွာ”လို့ ခါး(လ်)က ပြန်ဖြေတယ်။

“သည်စာရင်းတွေထဲမှာ ပိုက်ဆံတွေက မနိုင်ရင်ကာ များလွန်းနေတယ် မောင်”

“ဟာ… မဖြစ်နိုင်တာ”လို့ ခါး(လ်)က ပြန်ဖြေရင်း သူ ကူလုပ်ပေးမယ်လို့ ဆယ့်(မ်)ကို ပြောလိုက်တယ်။

“ရတယ်၊ မလိုဘူး။ သည်စာရင်းကို ရှင်းရတာကိုက ငါ့အတွက် သွေးကြွေးဆပ်ရသလိုမျိုး ဖြစ်နေတော့ ငါပဲ တွယ်လိုက်မယ်”လို့ ဆယ်(မ်)က ပြန်ပြောတယ်။

ခါး(လ်)စိုးရိမ်သွားတယ်။ “သွေးကြွေးဆပ်”ဆိုတဲ့ စကားလုံးက သူ့ကို လှုပ်ပဲ နှိုးလိုက်သလိုမျိုး။

“ဒါထက် မင်းနဲ့ မော်လီနဲ့ သည်ညနေခင်းမှာ ဘာအစီအစဉ်တွေများ ရှိသလဲ”လို့ ခါး(လ်)က မေးလိုက်ပြန်တယ်။

“ပြဇာတ် သွားကြည့်ကြမလို့။ မော်လီက မက္ခဘက်(သ်) ကြည့်ချင်တယ်တဲ့။ ကြည့်ရတာ သည်မိန်းမက ဘောင်းဘီကျပ်ကျပ်လေးတွေ ဝတ်ထားတဲ့ သရုပ်ဆောင်တွေကို သဘောကျနေ မှတ်တယ်ကွ။ မင်း လိုက်ဦးမလား”

“မလိုက်တော့ပါဘူးကွာ။ ဒါပေမယ့် မနက်ကျရင်တော့ မင်း ငါ့ကို အပြည့်အစုံ ပြန်အစီရင်ခံရမယ်နော်”လို့ ခါး(လ်)က ပြန်ပြောလိုက်ပါတယ်။

အခန်းလေးက တိုတောင်းသလောက် အလုပ်ပေါင်းစုံကို လုပ်သွားတယ်။ ပထမဆုံးက ဆယ်(မ်) တာဝန်ယူထားရတဲ့ အလုပ်နဲ့ ငွေကြေးပမာဏကို ဖော်ပြတာပါ။ ရှေ့က အခန်းမှာလည်း ဒေါ်လာကိုးသိန်းဆိုတဲ့ ပမာဏနဲ့ တစ်ခါ ဖော်ကျူးပြီးသားပဲ။ ဒါကို ထပ်အတည်ပြုတဲ့အခန်း ဖြစ်နေတယ်။

နောက်တစ်ချက်က ဆယ့်(မ်)စေ့စပ်မှု၊ မလွှဲသာလို့ ကွန်ပျူတာဝှက်စာကို သူ့သူငယ်ချင်း၊ သူ့လုပ်ဖော်ကိုင်ဖက် ခါး(လ်)ကို ပေးလိုက်တယ်။ ဒါပေမယ့် အဲဒီ့ဝှက်စာကို သူပဲ ပြန်ပြောင်းထားလိုက်တဲ့အကြောင်း သည်အခန်းမှာ အပြောနဲ့ ပြလိုက်တယ်။ ဆယ်(မ်)ဟာ သူ့အလုပ်ကို ရိုသေတယ်၊ တာဝန်သိတယ်ဆိုတာ ဒါလေးနဲ့တင် လုံလောက်သွားတယ်။

မဆီမဆိုင် သွေးကြွေးဆပ်ရသလိုပဲဆိုတဲ့ စကားလုံးကို ထည့်သုံးလိုက်တယ်။ ဒါဟာ သည်ဇာတ်ကားရဲ့ ကျောရိုးအတွက် အမှတ်မထင်လိုလိုနဲ့ နိမိတ်ပုံ ထပ်ပေးလိုက်တဲ့ စကားလုံးဖြစ်နေပြန်တယ်။ သည်စကားကို ကြားလိုက်ရတော့ ခါး(လ်) တွန့်သွားတာကိုလည်း မိမိရရ ပြပေးထားပြန်တယ်။ ပရိသတ်ကသာ မရိပ်မိတာ။ ဇာတ်ကွက်ကို အတော်လေး ပေါ်နေအောင် ထောင့်စေ့စေ့ ဖော်ယူနေပါပြီ။

အဲဒီ့ကနေမှ ဆယ်(မ်)တို့ စုံတွဲရဲ့ ညဘက်အစီအစဉ်ကို ခါး(လ်)က မေးချလိုက်တယ်။ ဒါက သူနဲ့ အဲဒီ့စုံတွဲနဲ့ တအားရင်းနှီးတာကို ဖော်ကျူးတဲ့ အချက် ဖြစ်နေသလို နောက်ကူးမယ့် အခန်းအတွက် ကြိုပြင်လိုက်တဲ့အကွက် ဖြစ်နေပါတော့တယ်။

ဆယ်(မ်)က ဘယ်သွားမယ်ဆိုတာ ပြန်ဖြေတယ်။ သည်မှာ မက်(ခ်) ဘက်(သ်)ဆိုတဲ့ ပြဇာတ်ကလည်း အရေးကြီးတယ်။ နာမည်ကျော် အင်္ဂလိပ် ပြဇာတ်ဆရာကြီး ဝစ်လျံ(မ်) ရှိတ်(ခ်)စပီးယားရဲ့ ပရိဒေဝဖွဲ့ ဂန္ထဝင် ဇာတ်လမ်း တစ်ပုဒ်ပဲ။ အဲဒီ့ဇာတ်လမ်းထဲမှာ လူသတ်မှု ပါတယ်။ ပြီးတော့ သတ်ခဲ့သူကို တစ္ဆေက ခြောက်လှန့်နေတဲ့ ဖြစ်ရပ်လည်း ပါတယ်။ မြန်မာတို့အတွက် ဝေသန္တရာ ဇာတ်တော်လို့ ပြောလိုက်တာနဲ့ ပေးကမ်း စွန့်ကျဲမှုကို တန်းမြင်လိုက်သလို၊ ပဋာစာရီလို့ ပြောလိုက်တာနဲ့ သားသေ လင်ဆုံးတဲ့အဖြစ်ကို တန်းသိလိုက်သလိုမျိုး အင်္ဂလိပ်စကားကို မိခင်ဘာသာစကားအဖြစ် သုံးစွဲနေသူတွေအဖို့မှာလည်းပဲ ရှိတ်(ခ်)စပီးယားရဲ့ ဇာတ်တစ်ပုဒ်ပုဒ်ကို နာမည်ပြောလိုက်တာနဲ့တင် ဇာတ်ကျောရိုးကို တန်းမြင်စေတဲ့ နာမည်ကျော် ပြဇာတ်ကို သုံးလိုက်တာပါ။

သည်မှာလည်း မဆီမဆိုင် မဟုတ်ဘူး။ သူတို့ဇာတ်လမ်းကို အခြေခံထားတာက ဝေါ(လ်)စထြိ(ထ်)ဖြစ်နေတဲ့အတွက် သည်ဇာတ်ကောင်တွေ နေထိုင်တဲ့မြို့က နျူးယော့(ခ်)။ နျူးယော့(ခ်)ရဲ့ အနောက် ၄၁ လမ်းကနေ အနောက် ၅၃ လမ်း အတွင်းမှာက ဘရော့(ထ်)ဝေးလို့ ခေါ်တဲ့ ပြဇာတ်ရုံတွေ ရှိနေခဲ့တာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ။ အဲဒီ့မှာက ပြဇာတ်တွေကို နှစ်နဲ့ချီပြီး ကနေတာ။ မြို့ခံတွေရော၊ ခရီးသွားတွေပါ ညဘက်ကျရင် ပြဇာတ် သွားကြည့်တဲ့အလေ့က ထွန်းကားတယ်။ မော်လီက အနုပညာရှင်ဆိုတဲ့ ဇာတ်ရုပ်ကို ယူထားတာ။ အဲတော့ သူက ရှိတ်(ခ်)စပီးယားရဲ့ ပြဇာတ်ကို ကြည့်ချင်တယ်ဆိုတာကိုက သဘာဝကျနေတယ်။

ဇွတ်ဖန်တီးယူထားတာ မျိုးဖြစ်မနေတော့ဘူး။

ဆယ်(မ်)က သူ့ချစ်သူဟာ ဘောင်းဘီကျပ်နဲ့ သရုပ်ဆောင်တွေများ ကြည့်ချင်နေလားမသိဘူးဆိုတဲ့ စကားနဲ့ ရယ်ပွဲဖွဲ့လိုက်တယ်။ သည်မှာလည်း သူငယ်ချင်းကို သူ ဘယ်လောက် ယုံတယ်၊ ဘယ်လောက် ခင်တယ်ဆိုတာကို အဲဒီ့စကားနဲ့ ဖော်လိုက်ပြန်တာပါပဲ။ ကိုယ့်ချစ်သူကို သရော်တဲ့စကားကို တော်တော်တန်တန် ခင်တဲ့သူကို မပြောကြဘူးလေ။

တစ်ဆက်တည်းမှာပဲ နောက်တစ်ခန်းကို ကူးဖို့အတွက် သူတို့ ဘယ်သွားကြမယ်ဆိုတဲ့စကားနဲ့ ကြိုပြင်လိုက်ပါတော့တယ်။

ညအပြင် – ဇာတ်ရုံတွေရှိတဲ့ အရပ်

ဆယ်(မ်)နဲ့ မော်လီတို့နှစ်ယောက် လက်တွဲပြီး လမ်းလေးအတိုင်း လျှောက်လာကြတယ်။ ပြဇာတ်ကို သူသဘောကျတဲ့အကြောင်း ဆယ်(မ်)က ပြောလိုက်တယ်။ ပြဇာတ်ကနေခိုက်မှာ ဆယ်(မ်)ဟောက်နေပုံနဲ့တင် ဆယ်(မ်) အဲဒီ့ပြဇာတ်ကို ဘယ်လောက်ကြိုက်တယ်ဆိုတာ သူလည်း သိပါတယ်လို့ မော်လီက ပြန်ပြောတယ်။

မော်လီက အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေတဲ့ အနုပညာရှင်ပါ။ သူ့ရဲ့ ပန်းပုလက်ရာနှစ်ခုကို ပြခန်းတစ်ခန်းမှာ မကြာခင်တင်ဆက်တော့မယ့်အကြောင်း၊ အဲဒါတွေကို အင်မတန်ဩဇာကြီးလှတဲ့ နျူးယော့(ခ်)ထိုင်း(မ်)(စ်) သတင်းစာကြီးက ဝေဖန်ချက် ရေးတော့မှာ ဖြစ်ကြောင်းတွေ ပြောလာကြတယ်။

“ဘယ်သူ ဘာထင်ထင် သိပ်အရေးမကြီးပါဘူးကွာ။ ကိုယ် ဘယ်လို မြင်သလဲဆိုတာကသာ အရေးကြီးတာပါ”လို့ ဆယ်(မ်)က ပြောလိုက်ပြန်တယ်။

“ကိုနဲ့ ကျွန်မ လက်ထပ်ကြရအောင်နော်…”လို့ မော်လီက ပြန်ပြောလိုက်တယ်။

“ကိုယ်လည်း အဲဒါပဲ တစ်ချိန်လုံး စဉ်းစားနေတာပဲ မော်လီရဲ့။ ဟုတ်တယ်၊ ကိုယ်တို့ လက်ထပ်သင့်ပြီကွ။ ဒါပေမယ့် လက်ထပ်ဖို့အကြောင်း မော်လီကမှ စကားအစ မခံခဲ့တာလေ..”

“ကို ကျွန်မကို ချစ်ရဲ့လားဟင်…”

“မင်းက ဘယ်လို ထင်လို့တုံး…”

“ဘာလို့ ကျွန်မကို ချစ်ပါတယ်လို့ တစ်ခါမှ မပြောခဲ့တာလဲဟင်…”

“ဟောဗျာ… ကိုယ် တစ်ချိန်လုံး ပြောနေပါတယ် မော်လီရယ်…”

“ဟင့်အင်း… မပြောပေါင်။ ကို ပြောတာက ထိုနည်းလည်းကောင်း ဆိုတာပဲလေ။ ချစ်ပါတယ်ဆိုတာနဲ့ ထိုနည်းလည်းကောင်းဆိုတာနဲ့က တခြားစီပဲရှင့်…”

“ချစ်တယ်ဆိုတဲ့စကားကို လူတိုင်းက လွယ်လွယ်လေး ပြောနေကြတာပဲ မော်လီရယ်။ စိတ်မပါဘဲ ပြောနေကြတဲ့စကားပဲကွ”

“ဒါပေမယ့် ကိုရယ်၊ တစ်ခါတလေတော့လည်း ကိုယ့်ချစ်သူက ကိုယ့်ကို ချစ်တယ်လို့ ပြောတာလေးတော့ ကြားချင်တာပေါ့။ ကျွန်မလည်း ကြားချင်တာပေါ့ ကိုရာ…”

ချစ်သူနှစ်ဦး နှစ်ကိုယ်ကြား တွတ်ထိုးနေတဲ့ ဆွတ်ပျံ့ဖွယ်အနေအထားမှာ လူစိမ်းတစ်ယောက်က ဖောက်ဝင်လာပါတယ်။

ပရိသတ်က သည်စုံတွဲနဲ့အတူ သာယာစွာမျောပါနေခိုက်မှာ အဲဒီ့ ဇာတ်ရုပ် ပေါ်လာတော့ မနှစ်မြို့နိုင်အောင် ဖြစ်သွားရပါပြီ။

သည်အခန်းအစကတည်းက ဆယ်(မ်)နဲ့ မော်လီတို့ ချစ်သူနှစ်ဦးရဲ့ အခြေအနေကို စကားတွေနဲ့ ပြသွားတယ်။ ဆယ်(မ်)က မော်လီ့ကိုချစ်လို့ အလိုလိုက်ပြီး သူ မခံစားတတ်တဲ့ ပြဇာတ်ကို လိုက်ကြည့်ပေးခဲ့တာပဲဆိုတာ ပြဇာတ် တစ်လျှောက် ဟောက်နေတယ်ဆိုတဲ့ မော်လီ့စကားနဲ့ ပေါ်လွင်သွားစေခဲ့တယ်။

တကယ်တော့ တစ်မိသားနဲ့ တစ်မိသား ချစ်ကြ ခင်ကြ စုံမက်ကြတဲ့အခါမယ် အလုံးစုံ အကြိုက် မတူနိုင်ဘူး။ သူက သူ့ဘာသာ ကြိုက်တာလေးတွေ ရှိမှာ ဖြစ်သလို ကိုယ်လည်း ကိုယ်ကြိုက်တာလေးတွေ ကိုယ်စီနဲ့ ဖြစ်နေမှာပါ။ ဒါပေမယ့် တကယ် မြတ်နိုး စုံမက်ကြသူနှစ်ဦးကြားမှာတော့ အဲဒါက ပြဿနာ မဟုတ်တော့ဘူး။ အလိုက်အထိုက်၊ စလိုက်စလျော နေပေးချင်တဲ့ဆန္ဒက သူသူကိုယ်ကိုယ့် ရင်မှာ ပေါ်လာတတ်စမြဲပါ။ ဒါလေးကို သည်ဝါကျတိုလေး နှစ်ကြောင်းနဲ့တင် ဖော်ကျူးလိုက်ပါတယ်။

နောက်တော့ မော်လီ့အလုပ်ကို စကားနဲ့ ဖော်လိုက်ပြန်တယ်။ အပြနဲ့ ဖော်ထားတာက သူတို့ တိုက်ခန်းက အနုပညာလက်ရာတွေ၊ မော်လီ အိုးလုပ်နေတဲ့ အချစ်ခန်း စတာများနဲ့ ဖြစ်ပါတယ်။ အခုကျတော့ မော်လီ့လက်ရာနှစ်ခုကို ပြခန်း တင်မယ်ဆိုတဲ့စကား၊ သတင်းစာထဲမှာ သုံးသပ်ချက် အရေးခံရတော့မယ်ဆိုတဲ့ စကားနဲ့ မော်လီ့ အနုပညာလုပ်ငန်း အခြေအနေကို ညွှန်းချလိုက်တယ်။

သည်မှာ ဆယ်(မ်)က ဝေဖန်ရေးဆရာတွေက ဘာထင်ထင်၊ သူကသာ မော်လီ့အတွက် အရေးကြီးတယ်ဆိုတဲ့စကားကို ပြောချလိုက်ပြန်တယ်။ ချစ်စကားတွေ ပြောဖို့အတွက် စကားလမ်းကြောင်းကို ဇာတ်ညွှန်းဆရာက ပါးပါးနပ်နပ် ပြောင်းလိုက်တာပါပဲ။ အဲတော့ မော်လီက လက်ထပ်မယ်ဆိုတဲ့ စကားကို ပြောပြီ။  ဒါပေမယ့် မော်လီက အရင်တုန်းကတော့ လက်ထပ်မယ်ဆိုတဲ့ လေသံတောင်မှ ကြားချင်ခဲ့တာ မဟုတ်ဘူးလို့ ဆယ်(မ်)က ပြောလိုက်ပြန်တယ်။ သူတို့ရဲ့ အနေအထားကို ပိုပေါ်လွင်လာစေတဲ့ စကားပြောခန်းပါပဲ။

တစ်စထက်တစ်စ ခိုင်မာလာတဲ့ သံယောဇဉ်ကို သည်စကားတွေနဲ့ ဖော်ကျူးပေးနေတာပါ။ ပြီးတော့ “ထိုနည်းလည်းကောင်း”ဆိုတာကလည်း သည်ဇာတ်ကားရဲ့ အသက် ဖြစ်လာတယ်။

ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားမှာ ပရိသတ် စွဲကျန်ရစ်တဲ့ စကားလုံးတွေ ရှိစမြဲပါပဲ။ တစ်ခေတ်ဆီက ဦးကျောက်လုံးရဲ့“သာဒင်ကို ဘာထင်လဲ”ဆိုတာမျိုးလို၊ ဝင်းဦးရဲ့ ဇာတ်ကားတစ်ကားထဲက “ပုံ-ခင်ရီ”ဆိုတာမျိုးလို၊ ကျော်ဟိန်းရဲ့ “ဆယ်နှစ်၊ ဆယ်နှစ်”ဆိုတာမျိုးလိုဟာ ပရိသတ်ရဲ့ ရင်မှာ ငြိ ကျန်ရစ်တာမျိုးပါ။

အခုဇာတ်ကားမှာလည်း အဲဒီ့ “ထိုနည်းလည်းကောင်း” အင်္ဂလိပ်လို “ditto” က အဲဒီ့ဇာတ်ကား ရုံတင်ပြီးတဲ့နောက် ကမ္ဘာတစ်လွှားက ချစ်သူများကြားမှာ ရေပန်းစားပြီး ကျန်ရစ်ခဲ့ဖူးပါတယ်။ ဒါကို ရှေ့က အချစ်ခန်းမှာ တစ်ခါ ပြောပြီးတဲ့နောက် အခုတစ်ခေါက် ထပ်ကျော့လိုက်ပြန်တယ်။

ကျော့ရင်းကနေ မော်လီက သူ့ချစ်သူက သူ့ကို ချစ်တယ်ဆိုတဲ့ စကားလေးတော့ ကြားချင်သေးတယ်ဆိုတာလေးနဲ့ အချစ်ခန်းကို အရှိန်တင်လိုက်တယ်။

အဲဒီ့အချိန်ကျတော့မှ လူဆိုးကို သည်ဇာတ်ထဲက ဗြုန်းဆို ခေါ်ချလာပါတော့တယ်။

ပရိသတ် ကြည်နူးနေချိန်မှာ ဆန့်ကျင်ဘက် ခံစားမှုကို ပေးထည့်လိုက်တာပါ။ အားရပါးရ ရယ်နေရတဲ့ ဇာတ်လမ်းအဆုံးမှာမှ ကြေကွဲစရာ ဇာတ်ကွက် တစ်ကွက် ထည့်လိုက်မယ်ဆိုရင် ပရိသတ် ရင်ထဲမှာ လှိုက်ခနဲ ပိုဖြစ်၊ ပိုရင်နင့်ရသလိုမျိုး၊ အခုလည်းပဲ ကြည်နူးမှုကို ခံစားနေရခိုက်မှာ ကုန်းရုပ်ကို ရုတ်တရက် မြင်လိုက်ရတော့ ပရိသတ်ရဲ့ရင်က ဘယာနကရသကို အရှိန်တင်ပေးလိုက်ရာ ရောက်သွားပါပြီ။

လမ်းကြားထဲက လူတစ်ယောက်ထွက်လာပြီး ဆယ်(မ်)နဲ့ မော်လီတို့ နှစ်ယောက်နောက်ကို လိုက်လာတယ်။

“ဘာလိုချင်လို့လဲ”လို့ ဆယ်(မ်)က လူစိမ်းကို မေးလိုက်တယ်။

“ပိုက်ဆံအိတ် ပေးစမ်း”လို့ လူစိမ်းက ဆယ့်(မ်)မျက်နှာကို သေနတ်နဲ့ ထိုးချိန်ပြီး ပြောလိုက်တယ်။

“ပေးလိုက်ပါ ဆယ်(မ်)ရယ်”လို့ မော်လီက ခပ်လောလာ ပြောလိုက်တယ်။

ဆယ်(မ်)နဲ့ ဝစ်လီတို့ လုံးထွေးသတ်ပုတ်နေကြပြီ။ မော်လီက ဝင်ကူတယ်။ ဝစ်လီက မော်လီ့ကို ဖြတ်ရိုက်လိုက်တယ်။ ဆယ်(မ်)နဲ့ ဝစ်လီနဲ့ ဆက်လုံးကြတယ်။ သေနတ်သံတစ်ချက် ထွက်လာတယ်။

မော်လီက ငယ်သံပါအောင် အော်လိုက်ပါတော့တယ်။

“ကယ်ကြပါဦးရှင်…”

ဝစ်လီက လမ်းအတိုင်း ထွက်ပြေးသွားတယ်။ ဆယ်(မ်)က ဝစ်လီ့နောက်ကို လိုက်သွားတယ်။

သည်အပြက ပရိသတ်ကို သက်ပြင်းချသွားစေတယ်။ ဆယ်(မ်)ဘာမှ မဖြစ်ဘူးပေါ့။ ပရိသတ် စိတ်သက်သာသွားအောင် လုပ်လိုက်ပြီးတော့မှ ပရိသတ် ရင်ကို ပိုနင့်အောင် ကြို ဖန်တီးလိုက်တာပါပဲ။ ဆယ်(မ်)သေသွားတာကို ပရိသတ် မြင်ရတော့မှာလေ။

ဆယ်(မ်)က မော်လီရှိရာကို ပြန်လျှောက်လာတယ်။ သူ့မျက်နှာက စိုးရိမ်တကြီး ဖြစ်သွားပြီ။

ပရိသတ်က မော်လီများ ဒဏ်ရာ ရသွားလို့လား၊ ဘာလားလို့ ပူပင်သွားအောင် လုပ်လိုက်တဲ့ ပြကွက်ပါ။

ဆယ်(မ်)က မော်လီ့ကို ထူဖို့ လက်လှမ်းလိုက်တယ်။ နောက် သူ ငုံ့ကြည့်လိုက်တော့ မော်လီက သွေးတွေ ရွှဲနေတဲ့ သူ့ကိုပွေ့ထားတာ မြင်လိုက်ရတယ်။ မော်လီ့လက်မှာ သွေးတွေနဲ့ ပွနေတယ်။

“ကယ်ကြပါဦးရှင်၊ ကယ်ကြပါဦး”လို့ မော်လီက အော်လိုက်ပါတယ်။

ဇာတ်ကို လှုပ်နှိုးလိုက်တဲ့ ပြကွက်ပါပဲ။ ဇာတ်ကားမှ မစသေးဘူး၊ မင်းသားက သေသွားပြီ။ ရှေ့ ဘာဆက်ဖြစ်မှာလဲဆိုတာကို ပရိသတ် စိတ်မဝင်စားဘဲ နေလို့ မရတာ့ဘူး။

ဆယ်(မ်)က သွေးတွေ ရွှဲနေတဲ့ သူ့ကိုယ်ခန္ဓာကို ထိကိုင်ကြည့်ဖို့ ကြိုးစားတယ်။ သို့ပေမယ့် သူ့လက်က အဲဒီ့ကိုယ်ကို မထိမိဘဲ ဖြတ်ဝင်သွားတယ်။ ဆယ်(မ်) အကြီးအကျယ် အံ့ဩထိတ်လန့်သွားတယ်။ လူနှစ်ယောက်က မော်လီ့ဆီ ပြေးလာကြတယ်။

ပရိသတ်မြင်နေရတဲ့ ဆယ်(မ်)၊ လှုပ်ရှားနေတဲ့ ဆယ်(မ်)ဟာ ဘာလဲဆိုတာ ပြလိုက်တာပါ။ သေနေတဲ့ဆယ်(မ်)ကို လှုပ်ရှားနေတဲ့ဆယ်(မ်)က ထိလို့ မရဘူး။ သူ့လက်က သေသူ့ကိုယ်ကို ဖောက်ဝင်သွားတယ်ဆိုကတည်းက ဆယ်(မ်)ဟာ ရုပ်မရှိတဲ့ နာမ်ဝိဉာဉ်ပဲဆိုတာ ပရိသတ် မှန်းလို့ရသွားပါပြီ။

ညအတွင်း – အိပ်ခန်း

ဆယ်(မ်) အိပ်ရာက နိုးလာတယ်။ ချွေးပျံနေတယ်။ သူ မော်လီ့ကို အော်ခေါ်လိုက်တယ်။ သူ့ဘေးမှာ လဲလျောင်းနေသူတစ်ယောက်ကို တွေ့တယ်။ အဝတ်တစ်ခုနဲ့ တစ်ကိုယ်လုံးကို ပတ်ထားလို့ မျက်နှာကို မမြင်ရဘူး။ သူက အဝတ်ကို ဆွဲခွာလိုက်တဲ့အခါကျတော့ ကိုယ်စောင့်နတ်သမီးကို တွေ့လိုက်ရတယ်။ ဆယ်(မ်) အထိတ်တလန့် အော်လိုက်တယ်။

အဲဒီ့ နတ်သမီးပုံ သစ်သားရုပ်က တိုက်ခန်းပြတင်းကနေ အောက်ကို ပြုတ်ကျသွားပြီး တစ်စစီဖြစ်သွားတယ်။

နိမိတ်ပုံအပြပါ။ ကိုယ်စောင့်နတ်သမီး ပျက်စီးသွားပြီပေါ့။ ဆယ်(မ်)သည်လည်းပဲ သည်ဇာတ်အဆုံးအထိ မော်လီ့ကို စောင့်ရှောက်ပေးမယ့်သူ၊ သူလည်း ပျက်စီးသွားခဲ့ပြီဆိုတာကို ဒါနဲ့ ပြလိုက်တာဖြစ်ပါတယ်။

ဆယ်(မ်) အိပ်ရာဘက် ပြန်လှည့်လိုက်တော့ မော်လီက သူ့ကို ကြည့်နေတယ်။

“ဘာတွေ ဖြစ်နေတာလဲဟင်…”လို့ ဆယ်(မ်)က မေးတယ်။

“သူ အသက်ရှူနေသေးလားဟင်…”လို့ မော်လီက မေးလိုက်ပါတယ်။

ဆယ်(မ်)လှည့်ကြည့်လိုက်တဲ့အခါ သူ့ပခုံးထက်က တောက်ပတဲ့ အလင်းရောင်ကို တွေ့လိုက်ရတယ်။

အိပ်မက်လို ဖြစ်ပျက်နေတာကို အတိုလေး ခုပြီး ပြရင်းနဲ့ နိမိတ်ပုံ ဖော်ရာက မူလအခန်းကို ပြန်ကူးဖို့အတွက် တောက်ပတဲ့ အလင်းရောင်ကို ထည့်လိုက်တာပါ။ သို့ပေမယ့် အဲဒီ့အလင်းရောင်က သုဂတိသို့ သွားရမယ့် အလင်းရောင်အဖြစ် နောက်ပိုင်းမှာ အသုံးတော်ခံဖို့ စတင် မိတ်ဆက်လိုက်တာလည်း ဖြစ်ပါတယ်။

ညအပြင် – လမ်းမပေါ်

ဆယ်(မ်)က သူ သေနတ်ပစ် ခံရတဲ့ လမ်းပေါ် ပြန်ရောက်နေတယ်။ ကောင်းကင်ထက်ကို မော့ကြည့်လိုက်တယ်။ ပြီးတော့ သူ့ကိုယ်ခန္ဓာကို ပွေ့ထားတဲ့ မော်လီ့ကို ပြန်ငုံ့ကြည့်တယ်။ မီးခိုးသဖွယ် အပြာရောင် အလင်းတန်းတွေက  ကောင်းကင်ကနေ သူ့ဆီကို ဖြာဆင်းလာနေတယ်။

မော်လီနဲ့ တခြားလူနှစ်ယောက်က ဆယ့်(မ်)ကို သတိရလာအောင် ကြိုးစားနေကြတယ်။ ဆယ်(မ်)က အလင်းတန်းတွေကို ပြန်ကြည့်လိုက်ပြန်တယ်။

“ဆယ်(မ်)… ဆယ်(မ်)… ကျွန်မကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ ကိုရယ်…”

ဆယ်(မ်)က မော်လီနဲ့ ဆက်နေမယ်လို့ ဆုံးဖြတ်လိုက်ပုံနဲ့ အလင်းတန်းတွေကို ကျောခိုင်းလိုက်ပြီး မော်လီ့ဆီကို ပြေးလာတယ်။ အလင်းတန်းတွေ ကွယ်ပျောက်သွားတယ်။

ရဲကား ဥဩသံတွေ ကြားလိုက်ရပြီး ရဲကားတစ်စင်း ချိုးဝင်လာတယ်။ ဆယ်(မ်)က မော်လီ့ဆီ ပြန်ပြေးလာနေဆဲ။

သည်အခန်းက အလင်းတန်းတွေကို အနက်ဖွင့်ပေးနေတာဖြစ်သလို ဆယ့်(မ်)ရဲ့ မော်လီ့အပေါ် မခွဲနိုင် မခွာရက် ဖြစ်နေပုံကို ပြတာပါ။ သည်ကားကို မြန်မာတွေ ခံစားလို့ ရသွားတာက မြန်မာမှာလည်း “မကျွတ်ဘူး”ဆိုတဲ့ အသုံး ရှိနေပြီး အဲလို ယုံကြည်စွဲလန်းကြတာကို သည်အခန်းနဲ့ အတည်ပြုထားလိုက်သလိုပါပဲ။

တစ်ဖက်ကလည်း ဇာတ်လမ်းက အခုမှ တကယ်စတော့မှာကို ပရိသတ်က အနည်းအကျဉ်း စတင်ရိပ်စားမိအောင် သည်အခန်းနဲ့ ပြလိုက်တာလည်း ဖြစ်ပါတယ်။

ညအပြင် – လမ်းပေါ်မှာ

လူနာတင်ယာဉ်က လမ်းအတိုင်း အပြင်းမောင်းဝင်လာပါတယ်။

သည်အခန်းက နောက်တစ်ခန်းကူးဖို့အတွက် ခုတဲ့ အပြ (transition scene) ပါ။

(ဒေ၀ီဂျာနယ် အတွဲ ၁ အမှတ် ၅ ကနေ ယနေ့ ၈-၁၂-၂၀၀၀ ရက်စွဲပါ အမှတ်စဉ် ၈ အထိ ဖော်ပြထားသမျှ အားလုံး ပေါင်းစည်း တင်ပြလိုက်တာ ဖြစ်ပါတယ်။)

 

သည်ပို့(စ်)မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေကို http://movies.yahoo.com/movie/1800147492/ က ကူးယူ ဖော်ပြထားတာ ဖြစ်ပါတယ်။