တိရစ္ဆာန်စိတ်နဲ့ စိတ္တဇ

ဖြုတ်သွားတဲ့ မှတ်ချက်တခု

မနေ့က တင်လိုက်တဲ့ စိတ္တဇသားကောင်များ ပို့(စ်)အောက်မှာ ၈-၉-၁၀ တန်း ကျူရှင်ဆရာတယောက်က မှတ်ချက်လာရေးတယ်။ သူကတော့ ကလေးတွေ သူ့ကျူရှင်နဲ့ ဝေးဝေးမှာ သောက်ရင် ခွင့်ပြုတယ်။ သူ့ကျူရှင်မှာ သောက်တာတွေ့ရင်တော့ ရိုက်တယ်။ ဆေးပြားအန္တရာယ်လည်း ရှိသေးတယ်ဆိုတာပါ ပါပါတယ်။ (ဆေးပြားကို အလျဉ်းသင့်မှ သတ်သတ် ထပ်ဆွေးနွေးပါ့မယ်။)

Image may contain: one or more peopleကျနော်က မရိုက်ဘဲ တခြားနည်း အရေးယူဖို့ သူ့ကို အကြံပြုခဲ့ပါတယ်။ ကိုယ့်ကို ဘာမှ ပြန်မလုပ်နိုင်တဲ့သူအပေါ် အင်အားသုံးတဲ့ အကျင့်ဆိုးကြီး သည်နိုင်ငံမှာ ကွယ်ပျောက်စေချင်လို့ဆိုပြီးလည်း ပြောခဲ့ပါတယ်။

သူက အကြံပေးတာ ကျေးဇူးတင်ပါတယ်လို့ ပြောပါသေးတယ်။

ဖြစ်ချင်တော့ မိတ်ဆွေတယောက်က သည်ခေတ်မှာ သည်လို ရိုက်နှက်နေသေးတာကို အံ့သြတဲ့အကြောင်း အဲဒီ့အောက်မှာ လာရေးပါတယ်။

အဲဒီ့အထိ ကျနော် ဖတ်လိုက်ရသေးတယ်။

အခု ပြန်ရှာတော့ အဲဒီ့ ကျူရှင်ဆရာရဲ့ မှတ်ချက် မူရင်း မရှိတော့ဘူး။ သူ ဖြုတ်သွားပါပြီ။

လက်ယဉ်နေတဲ့ ကိုယ်ပိုင်ကျောင်းတွေ

ပြောရတာတော့ သိပ်မကောင်းလှဘူး။ ကြားနေရတာကတော့ အောင်ချက် သိပ်ကောင်းတဲ့ အထက်အညာက ကိုယ်ပိုင်သင်တန်းကျောင်းကြီးတခုသည်လည်းပဲ အရိုက်အနှက် ဧတဒဂ်တဲ့။ ကိုယ်ပိုင်သင်တန်းကျောင်း အတော်များများဟာ တုတ်နဲ့ သူတို့ နာမည်ကောင်းရအောင် ကြိုးပမ်းနေကြသလားလို့တောင် တွေးချင်စရာပါပဲ။ အရိုက်ခံရရာက နှလုံးမခံနိုင်တော့လို့ ဆယ်တန်းကျောင်းသားလေးတယောက် အတန်းထဲတင် သေသွားခဲ့ဖူးတဲ့ ဖြစ်ရပ်လည်း လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးက အထက်မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။

ကိုယ်ပိုင်သင်တန်းကျောင်းတွေသာ ဖွင့်ထားကြ၊ ကိုယ့်ဘာသာခန့် ဆရာတွေသာ တက်လုပ်နေကြတာ၊ စာတော့ နှံ့အောင် ဖတ်ဖူးကြပုံ မရဘူး။

အထင်ကရ တခု ရှိခဲ့ဖူးပါတယ်။

တုတ်သာ အလုပ်ဖြစ်ရိုးမှန်ရင်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကဖြစ်မယ်လို့ မှန်းရပါတယ်။ ဆရာတော်ကြီး ပျံလွန်တော်မူခဲ့တာတောင် နှစ်ပေါင်း ၆၀ ကျော်မှကိုး။

ရဟန္တာကြီးရယ်လို့ နာမည်ကြီးလှသလို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ခန္ဒာဝန်ချခဲ့တဲ့ ဥတုဇရုပ်ကလာပ်ဟာလည်း ဘာဆေးမှ မစိမ်ဘဲ ယနေ့ထက်တိုင် မြင်းခြံမှာ အထင်အရှားရှိနေဆဲ စွန်းလွန်းဂူ ဆရာတော်ကြီး ဦးကဝိရဲ့ ငယ်ဘဝဖြစ်ရပ်ပါ။

အဲဒီ့ခေတ်၊ တောရွာက ကလေးပီပီ ဦးကဝိလောင်းလျာ မောင်ကျော်ဒင်လေးကို ဘုန်းကြီးကျောင်းမှာ ထားခဲ့ပါတယ်။

ဘုန်းကြီးကျောင်းမှာ သုံးနှစ်နေသည့်တိုင် မင်္ဂလသုတ် နောက်ဆုံးပိုဒ် မရလို့ ဘုန်းကြီးကျောင်းက အထုတ်ခံခဲ့ရတာ အဲဒီ့ မောင်ကျော်ဒင်ပါ။

လူကြီးမင်းများ စဉ်းစားကြည့်ပါ။

လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော် ဗမာ့အသိုင်းအဝိုင်းက ဘုန်းကြီးကျောင်းတွေမှာ ဘယ်လောက်များ ရိုက်နှက်ကြလေမလဲလို့။

သူတို့တုတ်သာ တကယ်စွမ်းရင် မောင်ကျော်ဒင်လည်း ကျောင်းထုတ်ခံရမှာ မဟုတ်ပါဘူး။ ရဟန္တာမထေရ်ကြီးလည်း ဖြစ်ချင်မှ ဖြစ်လာပါလိမ့်မယ်။

အဟိတ်တိရစ္ဆာန်တို့ရဲ့ စိတ္တဇ

တုတ်နဲ့ ပြုပြင်လို့ ရမယ်၊ သွန်သင်လို့ ရမယ်ဆိုတဲ့ စိတ္တဇဟာ စိတ္တဇတကာအနက်မှာ အဟိတ်တိရစ္ဆာန်နဲ့ အနီးစပ်ဆုံး စိတ္တဇပါပဲ။

ကျနော် ဒါကို အကြိမ်ကြိမ်ရေးခဲ့ပြီးပါပြီ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလကုန်တုန်းကလည်း ကြေးမုံမှာ ရေးခဲ့ဖူးပါတယ်။

ဟိုကျူရှင်ဆရာအပါအဝင် မဖတ်ဖူးသူတွေ ပြန်ဖတ်ရအောင် လင့်(ခ်) ထပ်ပေးလိုက်ပါရစေ။

အကြမ်းဖက်မှုများ ဆိတ်သုဉ်းပါစေသား…

ကြေးမုံ လင့်(ခ်) https://goo.gl/jf6fEf

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်
(၀၉၀၆၁၉)
Advertisements

စိတ္တဇ သားကောင်များ

၁။

လွန်ခဲ့တဲ့ ၁၂ နှစ်ကပေါ့။

ကျနော့်သား ကိုးတန်းကျောင်းသားဟာ အတန်းတင် စာမေးပွဲကြီး ဖြေရခါနီး တလသာသာ အလိုမှာ ရန်ကုန်မြို့ရဲ့ အထင်ကရ ကျောင်းကြီးတခုကနေ ကျောင်းထုတ်တာ ခံလိုက်ရပါတယ်။

ပြစ်မှုက အယ်စတုံကြီး။ သူ့လွယ်အိတ်ထဲက စီးကရက်တဘူး မိလို့တဲ့ဗျား။

No photo description available.တနေ့က ပြောခဲ့တဲ့အတိုင်း (ကန်တော့ပါရဲ့ဗျာ) ကိုယ်တိုင် ဖင်က မီးခိုးထွက်အောင် သောက်ပေမယ့် သားလုပ်သူ ကျနော် ဆေးလိပ်သောက်တာ မိတော့ သေအောင်ရိုက်ပြီး တားဖို့ ကြံခဲ့တဲ့ အဖေ့ကို ကျနော် အစာမကျေခဲ့ဘူး။

ကျနော် ဖအေလုပ်ရတဲ့ အလှည့်ကျ ပိုဆိုးတယ်။ ကျနော်သာမက ကျနော့်အိမ်သူပါ ဆေးလိပ်သောက်နေကြတာလေဗျာ။

၂။

အဲတော့ သား ဆေးလိပ်သောက်တာကိုလည်း မတားခဲ့ဘူး။ ၈ တန်းကတည်းက ခွင့်ပြုခဲ့ပါတယ်။

တခါ ရေးဖူးတယ် မှတ်တယ်။ ကျနော့်အိမ်မှာ စည်းကမ်းတခုပဲ ရှိတဲ့အကြောင်း။ အဲဒီ့ တခုတည်းသော စည်းကမ်းက မလိမ်ရဘူး။ မဖုံးမဖိ မကွယ်မဝှက်ရဘူး။ ဒါပဲ။

ကျန်တာ ကြိုက်တာ မှား။ ကျနော်လည်း မှားကောင်းတုန်းပဲလေ။

ဒါပေမယ့် သားကို မှာရတယ်။ ကျောင်းက အိမ်မဟုတ်ဘူး။ အိမ်မှာ အဝသောက်၊ ကျောင်းနဲ့ ကင်းကင်းနေပေါ့။

အဲဒါကို မောင်မင်းကြီးသားက ကျောင်းထုတ်ခံရတယ်။ ထုတ်ပေါ့။ ကျနော်လည်း သည်ပညာရေးကို သိပ်ကြောင့်ကြစိုက်နေတာမှ မဟုတ်တာ။ လက်ဆောင်ခြင်းတွေ၊ ပက်ဆပ်ထုပ်တွေနဲ့ လိုင်းဝင်ရင် အိုခေသွားမယ်မှန်း သိလျက်နဲ့ မသိချင်ယောင်ဆောင်ပြီး ကျောင်းထုတ်တာကို အသာတကြည် ခံယူလိုက်ပါတယ်။ ၉ တန်း ဖြေခွင့်ပေးပြီးတဲ့နောက် ကျောင်းထွက်လက်မှတ် ထုတ်ပေးရင် ပြီးတာပဲပေါ့။

သားကိုတော့ ကျောင်းထုတ်ခံရအပြီး ကားပေါ် ပြန်အရောက်မှာ တခွန်း နာနာကျည်းကျည်း ပြောပလိုက်တယ်။

“ကတောက်… အတော် အသုံးမကျတဲ့ ကောင်… ဆေးလိပ်ကြောင့် ကျောင်းထုတ်ခံရတာ မင်း ငါ့ထက် ၄ နှစ် နောက်ကျသကွ။ ငါက ငါးတန်းမှာတင် ဆေးလိပ်သောက်တာ၊ ညဘက် ကျောင်းအုတ်တံတိုင်းကျော်တက်ပြီး ညဈေးတန်း သွားလည်တာတွေ မိလို့ ဘော်ဒါက အထုတ်ခံခဲ့ရတာကွ…”

၃။

မှန်ပါတယ်။ စိန့်ပီတာလို့ သိကြတဲ့ မန်းလေး အမှတ် ၉ အထကမှာ ကျောင်းအိပ်ကျောင်းစားနေနေတုန်း ဆေးလိပ်မှုနဲ့ အထုတ်ခံခဲ့ရတာ ကျနော် ငါးတန်းမှာပါ။ သည်ကောင် ၄ နှစ် နောက်ကျတာ အမှန်ပဲမဟုတ်လား။

အဲလိုနဲ့ သားတော်မောင်လည်း ၉ တန်း အောင်သွားပြီးတဲ့နောက် မေမြို့က နာမည်ကျော် ပုဂ္ဂလိက စာသင်ကျောင်းကြီးတခုမယ် ကျောင်းအိပ် ကျောင်းစား သွားနေရပါတော့တယ်။

သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ သူ့ကို ရန်ကုန် ပြန်ခေါ်လာတော့ မန်းလေးမှာ တည အိပ်ကြတယ်။ သား အိပ်ပျော်နေချိန်မှာ သူ့ခြေသလုံးမှာ သွေးခဲတွေနဲ့ အရှိုးရာ ဗရပွတွေ့တယ်။

ဒါနဲ့ သားနိုးလို့ မေးကြည့်တော့ သူ ဆေးလိပ်သောက်တာ မိသွားလို့ အဆောင်မှူး ဆရာက ရိုက်ထားတာတဲ့။

၎။

အတော် ကျက်သရေတုံးတဲ့လူ၊ ဉာဏ်မရှိတဲ့လူ၊ ကိုယ့်ကို ဘာမှ ပြန်မလုပ်နိုင်သူအပေါ် အငြိုးတကြီးနဲ့ သွေးထွက်သံယိုဖြစ်အောင်အထိ ရိုက်နှက်တတ်တာဟာ ကြီးနိုင်ငယ်ညှဉ်း လုပ်တာမို့ သူဟာ ဆရာသာဆိုတယ်၊ တိရစ္ဆာန်စိတ်နဲ့ နေထိုင်သူပဲ။

ကျနော် အတော် စိတ်ဆိုးသွားတယ်။

သားက ကျနော့်ကို ဖျောင့်ဖျတယ်။ အဲဒီ့ (ဂေါ်ရခါး) ဆရာက ခံစားချက် ပြင်းတယ်တဲ့။ သူ့အမေက ဆေးလိပ်ကြောင့် သေတာဆိုတဲ့အစွဲနဲ့ ဆေးလိပ် ဆန့်ကျင်ရေးသမားကြီး ဖြစ်နေရှာတာပါ အဖေရယ်တဲ့။

ကျောင်းအုပ်/သင်တန်းပိုင်ရှင် သထိန်းဆီ စာတိုစာရှည်ရေးပြီး တိုင်တော့လည်း ခုခေတ်စကားနဲ့ဆိုရင် စောင်တောသားပီပီ လူလူချင်း လေးစားစိတ်နဲ့ အကြောင်းပြန်ရကောင်းမှန်းတောင် သင်း မသိခဲ့ပါဘူး။

၅။

ထားပါတော့ဗျာ…

အခု မယ်မွှေတယောက် ပေါ်လာပြီး ဓာတ်ရှင်ကို ပျောက်သနာ ရှာလိုရှာ၊ သင်ရိုးညွှန်းတမ်းကို တောင်ပြောမြောက်ပြော ပြောလိုပြော လုပ်နေတဲ့ အကြောင်းတွေ ဖတ်ရတဲ့အခါ ဟို တိရစ္ဆာန်စိတ်နဲ့ စာသင်တဲ့ဆရာ တက်လုပ်နေသူကို ပြေးသတိရမိသွားတယ်။

မယ်မွှေ့ကို တိရစ္ဆာန်လို့ ပြောလိုက်တာ မဟုတ်ပါဘူးနော်။

လူတွေရဲ့ စိတ္တဇ၊ စိတ်ဒဏ်ရာနဲ့ သူတို့ လုပ်ရပ်တွေရဲ့ အဆက်အစပ်ကို တွေးမိသွားတာပါ။

၆။

ဒါ့ကြောင့် ဘုရားက ဟောထားတာ… ပုထုဇနော ဥမ္မတ္တကောတဲ့။ လူတိုင်း ရူးနေကြတာတဲ့။

သူတို့လည်း သူတို့ စိတ္တဇနဲ့ သူတို့၊ မှန်တယ် ထင်တာ စွတ်လုပ်နေကြတာ။

ကျနော်လည်း ဆေးလိပ်ကို ထိရင် နည်းနည်းမှ မခံချင်တဲ့ ကျနော့် စိတ္တဇနဲ့ ကျနော် သည်စာကို ချရေးလိုက်ပါတယ်။

စာဖတ်သူလည်း ကိုယ့်စိတ္တဇနဲ့ကိုယ် like ချင်လည်း like ၊ ဟဟ ပေးချင်လည်း ပေး၊ ဆေးလိပ်မသောက်ဖို့ မှတ်ချက်လာရေးချင်လည်း ရေး။

ဘာလုပ်လုပ် ဘိန်းစားချင်းအတူတူပဲလို့သာ မှတ်ထားလိုက်မယ်ညော်…

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေဗျား…

အတ္တကျော်

(၀၈၀၆၁၉)

ရှေးဆရာရဲ့ ရှေးစာ… မှတ်သားစရာ

မြန်မာဘာသာ၌ အသံပြောင်းပုံ

ဝဇီရဗုဒ္ဓိ ဦးဖိုးစိန် ရေးပါတယ်။

မြန်မာဘာသာတွင်လည်း အသံ၌လည်းကောင်း၊ အရေး၌လည်းကောင်း၊ ထိုကဲ့သို့ ပြောင်းလဲဖောက်ပြန်ချက်များ ရှိကုန်သည်။ ရှိပုံကား

(၁) နွား ၃ ကောင်၊ ၄ ကောင်၊ ၅ ကောင်တို့ကို ပေါင်းသော် ဗောင်းမည်မျှနည်း။

(၂) နွား ၃ ကောင်၊ ၄ ကောင်၊ ၅ ကောင်တို့ကို ပေါင်းသော် အပေါင်းမည်မျှနည်း။

(၃) အပေါင်း အနုတ် တတ်ကဲ့လား။

51679313_10219123232855552_5515920751863005184_nဟူရာတို့တွင် (၁) ၌ “ဗောင်း” ဟူသောအသံကို ပေါင်း၍ ရသောအရာကို ဟောသည်။ ပေါင်းသော်ကား အဟော ကြိယာငယ်၊ ဗောင်းကား နာမ်ဖြစ်ကုန်၏။ ပေါင်းဟူသော ကြိယာကို ကြိယာအနက်မထင်စေပဲ နာမ်အနက်၊ ဒြပ်အနက် ထင်စေရန် အ ဃောသ အက္ခရာ၊ ပစောက်သံကို ဃောသ အက္ခရာ ဗထက်ခြိုက်သံသို့ ပြောင်း၍ရွတ်ဆိုသည်။ ထိုသို့ ရွတ်ဆိုသည်နှင့်အညီ ဗထက်ခြိုက်နှင့်ပင် ရေးမှတ်ကြသည်။ ရေးမှတ်သင့်သည်။ နံပါတ် (၂) စကားသည် နံပါတ် (၁) စကားနှင့် အနက်အဓိပ္ပာယ် ထပ်တူပင်ဖြစ်သည်။ ပေါင်းဟူသော ကြိယာကို နာမ်အနက်ထင်စေလိုရာ ဗောင်းဟု အသံမပြောင်းစေပဲ ရှေ့က “အ” ကိုထည့်၍ “အပေါင်း” ဟုဆိုသည်။ ဗောင်းနှင့်အပေါင်းကား အနက်တူကြသည်။ နံပါတ် (၃) ၌ အပေါင်းသဒ္ဒါကား ၀တ္ထုဒြပ်ကိုမဟော၊ ပေါင်းနည်းဟူသော အမူအရာမျှကို ဟောသည်။ ထို့ကြောင့် လုံးထီးကြိယာရှေ့က “အ” ထည့်သွင်း၍ဆိုသော သဒ္ဒါကား ဒြပ်အနက်၊ အမူအရာမျှ အနက်ကို ဟောစွမ်းသည်။ ဗောင်းမှာကဲ့သို့ မူလကြိယာသံ လုံးလုံးပျက်အောင် ပြောင်းသောသဒ္ဒါကား အမူအရာအနက်ကို မထင်စေနိုင်ပြီ။ နာမ်အနက်၊ ဒြပ်အနက်ကိုသာ ဟောတော့၏။ အခြားပြယုဂ်များကား

(၁) ပန်းပင်ကို လူမဆွတ်စေနှင့်၊ ဂိုင်းညွတ်တတ်တယ်။

(၂) ပန်းပင်ကို လူမဆွတ်စေနှင့်၊ အကိုင်း ညွတ်တတ်တယ်။

နံပါတ် (၁) ၊ (၂) တို့မှာ အနက်အဓိပ္ပာယ်တူ ဖြစ်ကုန်သည်။ ဂိုင်းနှင့် အကိုင်းတို့လည်း အနက်တူ ဖြစ်ကုန်သည်။ ကိုင်းကြိယာကို ဒြပ်အနက်ထပ်စေအောင် ဃကြီး၏ ဃောသသံ ဖြစ်သော ဂငယ်သံသို့ပြောင်း၍ “ဂိုင်း” ဟု ရွတ်ဆိုသည်။

ယင်းဒြပ်အနက်ဟော “ဂိုင်း” သဒ္ဒါကို ဂ ငယ်နှင့်ပင် ရေးကြသည်။ ရေးလည်းရေးသင့်သည်။

(၁) ထိုဆရာတော်၏ဘွဲ့ကား အဘယ်မည်သနည်း။

(၂) လေးလေးတွဲ့တွဲ့၊ လက်တော်ဖွဲ့၊ ရွှေဘွဲ့ထိပ်မှာချည် (က၀ိလက္ခဏာ)

မောင်သြသည် အလောင်းမင်းတရားကြီးထံ အမှုတော်ထမ်းရာ “စိန္တကျော်သူ” ဟူသောဘွဲ့ကို အသနားခံရသည်ဟူရာ၌ မောင်သြကား ငယ်မည်၊ စိန္တကျော်သူကား မောင်သြ၏ ဂုဏ်ရည်နှင့် လိုက်အောင် ပေးဖွဲ့သော ဘွဲ့အမည်၊ ယင်းဂုဏ်ရည်၏ အမည်မျိုးကို အဘယ်ကြောင့်ဘွဲ့ဟု ခေါ်သနည်း။ မြန်မာမင်းလက်ထက် စိန္တကျော်သူ၊ ရွှေတောင်ရာဇကျော်စသောအမည်မျိုး ရေးပါသော ရွှေပြားကို နဖူးထိပ်မှာ ဖွဲ့ချည်ရသည်။ ဗောင်းရသော အမတ်ဖြစ်လျှင် ထိုရွှေပြားအထက်၌ ဗောင်းကိုဆောင်းသည်။ ရှင်ဘုရင်မှာလည်း ထိုနည်းတူပင် “နရပတိစည်သူ” စသောအမည်ရေးပါသည့်ရွှေပြားကို နဖူးထိပ်မှာ ဖွဲ့ချည်သည်။ ထို့အထက်၌ မကိုဋ်ဆောင်းသည်။ ထို့နောက် သင်းကျစ်ကို မကိုဋ်အနား၊ ရွှေပြားအနားတို့ကို ဖိ၍ သင်းကျစ်၍ ဖွဲ့ချည်သည်။

ဘွဲ့ဖြူကို ၀တ်ဆင်တော်မူသည်။

ဟူရာ၌ ဖွဲ့ဖြူ – ကား ခါး၌ဖွဲ့ဝတ်အပ်သော အဖြူရောင်ပုဆိုးကို ဟောသည်။ ထိုသို့သော ပ၀တ္တနိမိတ်ကို ထောက်ချင့်၍ ဘွဲ့ – သဒ္ဒါကား ဖွဲ့အပ်သောဝတ္တုဒြပ်ကို ဟောသည်ဟု မှတ်ရာ၏။ ပေါင်း – ဟူသောကြိယာကို ပေါင်း၍ရသော ၀တ္ထုအနက်ကို ထင်စေလိုရာ၌ “ဗောင်း” ဟူသော ဃောသသံသို့ ပြောင်းလဲရွတ်ဆိုသကဲ့သို့ ဖွဲ့- ဟူသောကြိယာကို ဖွဲ့အပ်သော ၀တ္ထုအနက်ကို ထင်စေလိုရာ၌ “ဘွဲ့” ဟု ဃောသသံသို့ ပြောင်းလဲရွတ်ဆိုသည်။ ရေးရာ၌လည်း ရွတ်သံနှင့်အညီ ဘွဲ့ဟု ဘကုန်းနှင့်ရေးမှတ်ကြသည်။ ရေးလည်းရေးသင့်သည်။

တေးကြီး၊ ဘွဲ့ကြီးဆိုတတ်သလား။

ဘွဲ့နှင့် ပတ်ပျိုး ဘယ်သို့ထူးခြားသနည်း။

ဟူရာ၌ ဘွဲ့ – သဒ္ဒါကား ဖွဲ့ဆိုစီကုံးရသော သီချင်းအနက်ကို ဟောသည်။ ထိုသို့လျှင် ဖွဲ့ဆိုသောအရာဝတ္တုအနက်ကို ထင်စေလိုရာ၌ ဖွဲ့ဟူသောကြိယာကို ဃောသသံသို့ပြောင်း၍ ဘွဲ့ဟုရွတ်ဆိုသည်။ ဘကုန်းနှင့်လည်း ရေးကြပေသည်။ ကောက်သောအရာဝတ္ထုကို ဂေါက်၊ ခုံးသောအရာဝတ္ထုကို ဃုံး၊ မတ်စောက်သောအရာကို ဇောက်၊ ကုန်ကိုဆေးရာ အရပ်ကို ဈေး၊ တိုင် ကြား အပ်သောသူကို ဒိုင်၊ ထောက်တတ်သောအရာကို ဓောတ်၊ အပိုင်းအပဲ့ဖြစ်သောအရာကို ဗဲ့၊ ဖိတတ်သောအရာကို ဘိ ဟူ၍ မူလကြိယာသံကို ဃောသသံသို့ပြောင်း၍ နာမ်အနက်၊ ဒြပ်အနက်ကို ဆိုတတ်သည်။ ထိုသို့ပြောင်းရာ၌ ဌာန်တူအက္ခရာချင်းတွင်လည်း အဃောသသိထိလကို ဃောသသိထိလနှင့် အဃောသဓနိတကို ဃောသဓနိတနှင့် ဤသို့ သိထိလကို သိထိလချင်း၊ ဓနိတကို ဓနိတချင်းသာ ပြောင်းရသည်။ ပုံကား

ပ . ဖ . ဗ . ဘ . မ

ကို ပ၀ဂ်၊ သြဌဌာန်ဟုခေါ်သည်။ ယင်းဝဂ်တွင် ပ ဖ ၂ လုံးကို အဃောသ (သံညံ့) အက္ခရာ၊  ဗ ဘ မ ၃ လုံးကို ဃောသ (သံထင်) အက္ခရာဟုခေါ်သည်။ အဃောသ ၂ လုံးတွင်လည်း ပ ကို သိထိလအက္ခရာ၊ ဖ ကို ဓနိတအက္ခရာဟုဆိုသည်။ ဃောသ ၃ လုံးတွင်လည်း ဗ ကို သိထိလအက္ခရာ၊ ဘ ကို ဓနိတအက္ခရာ၊ မ ကို နှာသိကအက္ခရာဟု ဆိုသည်။ ထို့ပြင် သိထိလ အဃောသ ဖြစ်သော ပ ၏ အသံကို ပြောင်းလိုလျှင် သိထိလ ဃောသ ဖြစ်သော ဗ သံသို့ပြောင်း၍ ရွတ်ဆိုရသည်။ ဓနိတ အဃောသ ဖြစ်သော ဖ ၏ အသံကို ပြောင်းလိုလျှင် ဓနိတ ဃောသဖြစ်သော ဘ သံသို့ ပြောင်းလဲရွတ်ဆိုရသည်။ ဤ ဥပဒေကို အထက်ပြယုဂ်နှင့် ဟပ်လဲကြည့်လေ။

မြန်မာဘာသာ၌ အသံပြောင်းလဲရခြင်း၏ အကြောင်းကား ၂ ပါးရှိသည်။

(၁) နာမ်အနက်၊ ဒြပ်အနက်ကို ထင်စေလိုသောကြောင့် အဃောသကြိယာသံကို ဃောသသံသို့ အထက် ဥပဒေနည်းအတိုင်း ပြောင်းလဲရွတ်ဆိုရသည်။ ပြယုဂ်ကား အထက်၌ ဖော်ပြခဲ့သည့်အတိုင်းတည်း။

(၂) သန္ဓိစပ်ခြင်းအကြောင်းကြောင့် အဃောသအက္ခရာသံကို ဃောသအက္ခရာသံသို့ ပြောင်းလဲရွတ်ဆိုသည်။ ပုံကား – စားဘွယ်၊ သောက်ဖွယ်၊ တောက်ဘက်၊ မြောက်ဖက်

စသည်တို့တည်း။ ဖွယ်ရာသောဝတ္ထုကို အဖွယ်ဟုဆိုသည်။ ဂေါက်ဆိုမည့်အစား အကောက်၊ ဃုံးဆိုမည့်အစား အခုံး၊ ဇောက်ဆိုမည့်အစား အစောက်ဆိုဘိသကဲ့သို့တည်း။ စားဘွယ် ဟူသောသမာသ်၏ စပ်ရင်းပုဒ်များကား

စားရန်ဖွယ်သောအရာ

ဟူ၍ ဖြစ်သည်။ ကောက်သောအရာကို အကောက် ဆိုဘိသကဲ့သို့ ဖွယ်သောအရာကို အဖွယ်ဆိုသဖြင့်

စားရန် + အဖွယ်

ဟုရ၏။ ယင်းတွင် “ရန်” နှင့် “အ” ကို ချေပြန်ရာ

စား + ဖွယ်

ဟု ၂ သံကြွင်းသည်။ ယင်း ၂ ပုဒ်ကို တစပ်တည်ရွတ်ဆိုရာ “စား” ၌ “အ –ား” ဟူသော ဃောသသံဆုံးလေသောကြောင့် နောက်ပုဒ်အစ ဖ ဗျည်း အဃောသ ဓနိတအက္ခရာသည် ဃောသ ဓနိတအက္ခရာ ဘကုန်းထံသို့ ပြောင်းသည်။

သောက်ရန် + အဖွယ် = သောက် + ဖွယ်

ဟူသောအစပ်တွင် ရှေ့ပုဒ် “သောက်” ၌ က်- ဟူသော အဃေသဗျည်းဆုံးသောက်၊ နောက်ပုဒ်အစ ဖ ဗည်း၊ အဃောသအက္ခရာသည် အသံမပြောင်း၊ ထို့ကြောင့် “သောက်ဖွယ်” ဟု ဖဦးထုပ်သံရွတ်ဆိုသည်။

“မြောက်ဖက်”

ဟူရာ၌ ဖက်တွဲရသော အရာကို အဖက်ဟူ၍ လည်းကောင်း၊ ဘက်ဟူ၍လည်းကောင်း ဆိုသည်။ တောင်အရပ်၊ မြောက်အရပ်တို့သည် သမသတ်တတွဲဖြစ်လေသောကြောင့်

မြောက်ဟူသော + အဖက်

ဟူရာ၌ ဖက်တွဲရသော အရာကိုဆိုလိုသည်ကို ယခင်နည်းအတိုင်း “ဟူသော” နှင့် “အ” တို့ကိုချေ၍ ရှေ့ပုဒ် “မြောက်” တွင် က်- အဃောသ အက္ခရာဆုံးလေသောကြောင့် နောက်ပုဒ်က အစ ဗျည်းကို အသံမပြောင်းစေပဲ “မြောက်ဖက်” ဟု ရွတ်ဆိုသည်။

တောင်ဘက်

ဟူရာ၌ တောင်ဟူသော အဖက်ဟု ဆိုလိုသည်ကို ရှေ့ပုဒ်ကာရန် -င်ဗည်းသည် ဃောသအက္ခရာဖြစ်လေသောကြောင့် နောက်ပုဒ်၏ အစဗျည်းသည် အသံပြောင်းသွား၍ “တောင်ဘက်” ဟု ရွတ်ဆိုလေသည်။

မြန်မာဘာသာ၌ က-ခ၊ စ-ဆ၊ တ-ထ၊ ပ-ဖ၊ သ ဟုသော အဃောသအက္ခရာ ၉ လုံးသာ အသံပြောင်းတုံ၊ မပြောင်းတုံရှိသည်။ က်-စ် တ်-ပ် တို့ နောင် နောက်ပုဒ်အသံမပြောင်း၊ ရှေ့ဆက် အ- သဒ္ဒါတို့ နောင်လည်း နောက်ပုဒ် အသံမပြောင်း၊ ကြွင်းသောဗျည်းသရတို့နောင် နောက်ပုဒ်၏ အသံ ပြောင်းရသည်။ ဤသို့ အကြမ်းအားဖြင့် အသံပြောင်းနည်းကို မှတ်ရာသည်။

သန္ဓိစပ်ဟူသော အကြောင်းကြောင့် ရွတ်ဆိုသံပြောင်းသော်လည်း ရေးမှတ်ရာ၌ကား စာရေးအမှန်၊ စာဖတ်အသံဟူသော ဥပဒေအရ

ပြောဗာ၊ ဆိုဗာ၊ လိုက်ပါ ဟူသော အသံတို့ကို ပြောပါ၊ ဆိုပါ၊ လိုက်ပါဟု အက္ခရာမပြောင်းပဲ အရေးများသည်။ ထိုသို့ အက္ခရာမပြောင်းပဲ ရေးထားသော်လည်း ၂ ပုဒ်ကို တွဲစပ်၍ ရွတ်ဆိုသောအခါ နှုတ်ကပင် သုခုစ္စာရနသဘောသို့လိုက်၍ ပြောဗာ၊ ဆိုဗာ၊ လိုက်ပါဟု ရွတ်ဆိုမိတော့သည်။ ထို့ကြောင့် သန္ဓိစပ်ပုဒ်တို့ကို အသံပြောင်းသော်လည်း အက္ခရာကို မပြောင်းမလဲပဲ ရေးမှတ်သည်သာ များသည်။  ထိုသို့ အက္ခရာကိုမပြောင်းစေပဲ ရေးမှတ်ခြင်းသည် အနက်ထင်လွယ်သောအကျိုး ရှိ၏။

ထို့ကြောင့် ပြောပါ၊ ဆိုပါ၊ လိုက်ပါ ဟူသော အက္ခရာမပြောင်းပဲရေးသော အရေးအမှတ်ကို မှန်သည်၊ သင့်မြတ်သည်ဟု ဆိုရလျှင် စားဖွယ်၊ သောက်ဖွယ်၊ ဆိုဖွယ်စသော အရေးမျိုးကိုလည်းကောင်း၊ ရိုက်ဖိသည်၊ ဆိုဖိသည်၊ ပြောဖိသည်စသော အရေးမျိုးကိုလည်းကောင်း၊ မဟုတ်ဖူး၊ မသွားဖူး၊ မစားဖူးစသော အရေးမျိုးကိုလည်းကောင်း၊ မြောက်ဖက်၊ တောင်ဖက်၊ အနောက်ဖက်၊ အရှေ့ဖက်စသော အရေးမျိုးကိုလည်းကောင်း အရေးမှားဟု မဆိုသင့်ပေ။ “စာရေးအမှန်” ဟူသော ဥပဒေအတိုင်း ရေးပေသည်။ လူပိန်း၊ လူပြိန်းတို့ ဖတ်တတ်စေခြင်းငှာ ရွတ်ဆိုသံနှင့်အညီ အက္ခရာကိုပြောင်း၍

စားဘွယ်၊ သောက်ဖွယ်၊ ဆိုဘွယ် ဟူ၍လည်းကောင်း၊

ရိုက်ဖိသို့၊ ဆိုဘိသို့၊ ပြောဘိသို့ ဟူ၍လည်းကောင်း၊

မဟုတ်ဖူး၊ မသွားဘူး၊ မစားဘူး ဟူ၍လည်းကောင်း၊

မြောက်ဖက်၊ တောင်ဘက်၊ အနောက်ဖက်၊ အရှေ့ဘက်ဟူ၍လည်းကောင်း ရေးမှတ်သော် အသံစွဲရေးနည်းနှင့် ညီသောကြောင့် အပြစ်ဆိုဖွယ်မရှိ။ ရှေးရှေးနှောင်းနှောင်း ပညာရှိအများပင် ဤသို့ ရေးမှတ်ကြကုန်သည်။ ဖဦးထုပ်သံ ရွတ်ဆိုသော

သောက်ဖွယ်၊ ရိုက်ဖိသို့၊ မဟုတ်ဖူး၊ မြောက်ဖက် စသည်မျိုးကို သောက်ဘွယ်၊ ရိုက်ဘိသို့၊ မဟုတ်ဘူး၊ မြောက်ဘက်ဟု ရေးမှတ်ခြင်းသည် အနက်စွဲရေးနည်းလည်း မဟုတ်၊ အသံစွဲရေးနည်းလည်း မဟုတ်၊ သောက်ဘွယ်ကို သောက်ဖွယ်ဟု ဖတ်စေခြင်းကို ဃောသအက္ခရာသံကို ဖျက်ဆီးသည် မည်၏။

စားဖွယ်၊ မသွားဖူးစသည်မျိုးကို

စားဘွယ်၊ မသွားဘူးဟု

ဖတ်စေခြင်းသည်လည်း အက္ခရာသံကို ဖျက်ဆီးသည် မမည်ပါလော ဟူငြားအံ့၊ အသံစွဲရေးနည်းဖြစ်သော “စာရေးအမှန်၊ စာဖတ်အသံ” ဟူသော ဥပဒေနှင့် ညီညွတ်ပေသောကြောင့် ထိုသို့ ဖတ်ခွင့်ရပြီးဖြစ်၍ အဃောသအက္ခရာကို သန္ဓိစပ်နည်းနှင့်အညီ ဃောသအက္ခရာသံသို့ ပြောင်း၍ ဖတ်ခြင်းသည် အက္ခရာသံကို ဖျက်ဆီးသည် မမည်ပါ။ အကယ်၍ သန္ဓိမစပ်ပဲ

စားဖွယ်၊ မသွားဖူးဟု

ဖဦးထုပ်သံ ရွတ်ဆိုလျှင်လည်း အနက် ထင်သာသောကြောင့် သန္ဓိမစပ်ပဲလည်း ပြောဆိုခွင့်ရသည်။ မြန်မာလူမျိုးဖြစ်သော ရခိုင်သား၊ ထားဝယ်သားတို့သည် သန္ဓိမစပ်ပဲ အပြောများသည်။

ထိုသို့ “စာရေးအမှန်” ဟူသော ဥပဒေရှိသော်လည်း လူပြိန်းအကျိုးငှာ စားဘွယ်၊ မသွားဘူး စသည်ဖြင့် ပြောသံနှင့်အညီ အက္ခရာပြောင်းလဲ၍ ရေးမှတ်သကဲ့သို့ နာမ်အနက်၊ ဒြပ်အနက်ထင်စေရန် ကြိယာသံကို ပြောင်းလဲ၍ရွတ်ဆိုရာ၌လည်း သန္ဓိစပ် မဟုတ်သောကြောင့် ပြောသံနှင့်အညီ အရာရာကိုပြောင်းလဲ၍ ရေးသင့်သည်။

ဖိယူခဲ့ပါ။

ဟူသောအရေးကို လူပြိန်းကိုထားဦး၊ မပြိန်းသောသူပင် ဘိတခုယူခဲ့ပါဟု ဆိုလိုကြောင်း သိခက်သည်။ စေခိုင်းသူ အလိုရှိသောအရာကို တစုံတခုနှင့် ဖိ၍ယူခဲ့ရန် ခိုင်းသည်ဟု အနက်ကောက်မှားတတ်သည်။ ထို့ကြောင့်

ကွမ်းဝါ၊ ပိုင်းငင်၊ ဆီးသီး၊ ဆေးသည်၊ ဖိတခု၊ ဖွဲ့ဖြူ၊ ပုံတီး၊ ပြောတီး၊ ပေါင်းတော်၊ တိုင်တော်ကြီး စသော ရှေးရှေးအရေးကို နှောင်းအလတ် ပညာရှိတို့သည် ဂွမ်းဝါ၊ ဗိုင်းငင်၊ ဇီးသီး၊ ဈေးသည်၊ ဘိတခု၊ ဘွဲ့ဖြူ၊ ဗုံတီး၊ ဗြောတီး၊ ဗောင်းတော်၊ ဒိုင်တော်ကြီး

စသည်ဖြင့် ရေးမှတ်သည့်အတိုင်း

ဒုတ်တချောင်း၊ ဓားတလက်၊ ဒို့ဗမာ၊ ဇုံတွဲ၊ ဇွတ်လုပ်၊ ဇွဲသန်၊ ဃောင်းဆယ်လုံး၊ ဃောင်ညွန့်ချိုး၊ ဂိုင်းညွတ်၊ ဂေါက်တခု၊ ဂွေ့ထဲမှာ၊ ဗောက်ပြော၊ ဗောင်ကျိုး၊ ဗလာစသော ခုကာလအရေးမျိုးကို အပြစ်တင်ဖွယ်မရှိပေ။

မြန်မာဘာသာ၌လည်း အက္ခရာ ပြောင်းနည်း၊ အသံပြောင်းနည်းရှိကြောင်း ပြရန် မှတ်ချက်သွင်းလိုက်ရာ “ဆိုစဖားရား၊ ထားပချေမိ ငါ့ဝန်ရှိခဲ့” ဟူသော ပညာရှိစကားကို လိုက်နာ၍ မြန်မာဘာသာ၌ အသံပြောင်းခြင်း အကြောင်းများတွင် ၂ ပါးကို သိသာရုံ ပြလိုက်ပါသည်။

ဝဇီရဗုဒ္ဓိ ဦးဖိုးစိန်

(ဘာသာဆောင်းပါးများစာအုပ်၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်ပို့ချစာစဉ် ၁၀၅၊ ၁၉၈၇ ဇန္နဝါရီလ ဒုတိယအကြိမ် ပုံနှိပ်ခြင်း။ စာ ၉ မှ ၂၁)

အစုတ်ထုတ်ရဲ့ ကြားဖြတ်အစီရင်ခံစာ (နိဂုံးပိုင်း)

အန်ကယ်ဦးကြည်မောင် အမှတ်တရ

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့တဲ့ ဦးကြည်မောင် ရာပြည့်ပွဲ အထိမ်းအမှတ်ကို မမျှော်လင့်ဘဲ တက်ရောက်ခွင့်ရခဲ့ရာက အဟောင်းတွေ အစုတ်ဖြစ်လာတဲ့အခါ စိတ်ဆာလွန်းလို့ သည်စာစုကို ရေးဖြစ်ခဲ့တာမှန်ပေမယ့် အခုအချိန်အထိ အန်ကယ်ဦးကြည်မောင်နဲ့ ပတ်သက်လို့ သည်စာထဲမှာ တိတိပပ ဘာမှ မရေးရသေးပါဘူး။

တကယ်တော့ အန်ကယ်ဦးကြည်မောင်နဲ့ ကျနော်နဲ့ ခင်မင်ရင်းနှီးလာတာက အန်ကယ်ဦးကြည်မောင် ဒီချုပ်က ထွက်လာတဲ့ ၁၉၉၇ ခုနှစ် နောက်ပိုင်းမှာပဲ ဖြစ်ပါတယ်။ အဲဒီ့ရှေ့ပိုင်းတုန်းက အန်ကယ်နဲ့ ကျနော်က တယောက်ကို တယောက် မြင်ဖူးသိကျွမ်းနေရုံသာပါ။ အန်ကယ် ထွက်လာတဲ့နောက်ပိုင်းမှာတော့ အန်ကယ့် အိမ်ကို ကျနော် မကြာခဏ ရောက်ဖြစ်ရာက ခင်မင်လာခဲ့ရတာပါပဲ။

ap9606160498သည်နေရာမှာ အန်ကယ် ဘာ့ကြောင့်ထွက်ဆိုတာနဲ့ ပတ်သက်တဲ့ ပဟေဠိကို အနီးကပ်နေကြသူတွေ အားလုံးက အပြည့်အဝ မသိတောင် တဆင့်ကြားနဲ့ ရိပ်မိနေကြပေမယ့် အကြောင်းကြောင်းကို ထောက်ထားပြီး ဘယ်သူကမှ ယနေ့ထက်တိုင် တခွန်းမဟပါဘူး။ ဦးကြည်မောင်၊ သို့မဟုတ် အရိုးပုံပေါ်မှာ ဗိမာန် မဆောက်လိုသူ စာအုပ်ထဲမှာလည်း အဲဒါကို ဘယ်သူကမှ ဖွင့်ဟမထားကြဘူး။ ကျနော်လည်း အားလုံး နည်းတူ ရေငုံနေလိုက်ချင်ပေမယ့် ပြောလို့ရတဲ့ အတိုင်းအတာတခုအထိတော့ ပြောကြည့်လိုက်ပါ့မယ်။

အတွင်းသတင်းအရ အန်ကယ်က ပြောသင့်လွန်းလာချိန်မို့ ပြောသင့်တဲ့ စကားတခွန်းကို ပြောခဲ့ပါတယ်။ အဲဒါကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခံလိုက်ရတဲ့အခါမှာတော့ အန်ကယ့်မှာ စေတနာက ဝေဒနာ ဖြစ်သွားခဲ့ရပုံပါပဲ။

တကယ်တော့ အန်ကယ်ဟာ အာဏာရနေရုံမက အာဏာစက်ပါ ပြင်းလွန်းလှတဲ့ ဗိုလ်နေဝင်းကိုတောင် ဂရုမစိုက်ခဲ့၊ ဗိုလ်နေဝင်းက သံအမတ်ရာထူးပေးပြီး ပြည်နှင်တာတောင် သူ့ကိုယ်ကျိုးစီးပွားဖြစ်နေပါလျက်ကနဲ့ လက်မခံခဲ့တဲ့အပြင် အဲဒီ့အချိန်က ရာထူးမှ အနားယူသည့်တိုင် တပ်ကား ၃ လ ဆက်သုံးခွင့်ကိုတောင် လုံးဝ မယူခဲ့တဲ့သူမျိုးပါ။

ဗိုလ်အောင်ကြီး ဒီချုပ်ကို ခွာသွားတုန်းကလည်း သူယုံကြည်တဲ့ ဘက်မှာ ခိုင်ခိုင်မာမာ ရပ်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲတော့ကာ သူ့စေတနာ အရာမထင်တော့ချိန်မှာ နောက်ကြောင်းကို လှည့်မကြည့်တော့တာ မဆန်းဘူးလို့ ဆိုနိုင်ပါလိမ့်မယ်။

သည့်ထက် ဖရုံဆင့်တာက အန်ကယ် ထွက်ချလာပြီးတဲ့ နောက်ပိုင်း ၂ နှစ်နီးပါးအကြာမယ် နာရေးကိစ္စကြောင့် လူမှုဝတ္တရားအရ သွားတဲ့အခါမှာတောင် တနာရီ နီးပါး အသားလွတ် စောင့်ခိုင်းထားပြီး လူချင်းတွေ့ရချိန် မှာလည်း ဖုတ်လေသည့် ငါးပိ၊ ရှိတယ်လို့ မအောက်မေ့တော့ဘဲ လှည့်တောင် မကြည့်ခဲ့ဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ အဲဒီ့မှာ အန်ကယ် တော်တော် အသည်းပေါက်သွားခဲ့လောက် မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

သို့သော် အဲဒီ့ပွဲမှာ ကျနော်ပြောခဲ့တဲ့အတိုင်း အန်ကယ်ဟာ ဆရာကြီး ရွှေဥဒေါင်းစကားနဲ့ဆိုရင် gentleman ပါ။ လူကြီးလူကောင်းပေါ့။ ကျနော့်စကားနဲ့ဆိုရင် မိကောင်းဖခင် သားသမီးပေါ့ဗျာ။ အဲဒါကြောင့် သည်ကိစ္စတွေနဲ့ ပတ်သက်လို့ သေလွန်သည်အထိ အန်ကယ့်နှုတ်က တလုံးတပါဒမျှ ထုတ်ဟ ဖွင့်ပြောသွားခြင်း မရှိပါဘူး။

အဲ… သို့သော် ကျနော်နဲ့ ရင်းနှီးလာတဲ့ နောက်ပိုင်း တချီသားမှာတော့ အန်ကယ်က ကျနော့်ကို မေးဖူးပါတယ်။ “ခင်ဗျား ဘယ်တုန်းက စိတ်ကုန်သွားတာလဲဗျ”တဲ့။ ကျနော်က ၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျနော်နဲ့ တည့်တည့် ရင်ဆိုင်ခဲ့ရချိန်က ကျနော်ခံစားခဲ့ရပုံကို ကျကျနန ပြန်ပြောလိုက်တော့ အန်ကယ် ရယ်လိုက်တာများ တဟားဟားနဲ့။ ပြီးတော့ ပြောပါတယ်။ “ခင်ဗျား အတော် လျင်တဲ့ လူပဲဗျာ”တဲ့။

ဆက်လက် ဖော်ပြထားတာကတော့ အန်ကယ့် ရာပြည့်ပွဲတုန်းက ပြောမယ်လို့ ကြံရွယ်ထားခဲ့ပေမယ့် အချိန်ကို ငဲ့ပြီး မပြောဖြစ်ခဲ့တဲ့ ကျနော့်ရင်ထဲက စကားတွေကို အခုမှ အားတက်သရော ပြည့်ပြည့်ဝဝ ပြောလိုက်တာ ဖြစ်ပါတယ်ခင်ဗျား။ 

မိကောင်းဖခင်သားသမီး အန်ကယ်

အစပိုင်းမှာ အန်ကယ်က ကျနော့်ကို သတိလေးနဲ့ ဆက်ဆံခဲ့ပါတယ်။ တနည်းအားဖြင့် သူ ကောင်းကောင်း မသိတဲ့ ကျနော့်ကို အကဲခတ်နေခဲ့ပုံပါပဲ။ နောက်ပိုင်းမှာ ကျနော်သည်လည်း အလွန်စာဖတ်တဲ့သူ၊ ပြီးတော့ အစွဲအလန်းကြီးကြီးနဲ့ ကိုယ်ချစ်တဲ့သူမို့ သာစေ၊ ကိုယ်မုန်းတဲ့သူမို့ နာစေ စိတ်သဘောထားရှိသူမျိုး မဟုတ်မှန်း ရိပ်စားမိလာချိန်မှာတော့ အန်ကယ်က ကျနော့်အပေါ် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ရှိလာတယ်လို့ ထင်ပါတယ်။

ကျနော်က ဘာသာစကားကို အလွန်စိတ်ဝင်စားတဲ့သူ။ အထူးသဖြင့် အင်္ဂလိပ်စာပေါ့။ အဲတော့ ကျနော့်ဆီမှာ အင်္ဂလိပ်ဘာသာစကားနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေ အတော်များများ ရှိပါတယ်။ အဲဒီ့အချိန်က အန်ကယ်သည်လည်း လူငယ်တွေကို အင်္ဂလိပ်စာ သင်ပေးနေတဲ့ အချိန်မို့ ကျနော့်ဆီက စာအုပ်တွေကို အန်ကယ်က ငှားတတ်ပါတယ်။

အိမ်ချင်းကလည်း သိပ်မဝေးတာမို့ အန်ကယ်က မနက်လမ်းလျှောက်ထွက်ရင်း ကျနော့် အိမ်ကို ဝင်ဝင်လာတတ်ပါတယ်။ သို့ပေတည့် ကျနော်က မနက်ကို ဖိအိပ်တဲ့ ညသမားဆိုတော့ အန်ကယ် လာတိုင်း ကျနော့် နှိုးနှိုးပေးကြရတာကို သူတပါးအတွက် အလွန်ထည့်တွက်ပေးတတ်တဲ့ အန်ကယ့်ခမျာ အားနာရှာပါတယ်။ ဖွင့်လည်း တောင်းပန်ပါတယ်။ ကျနော်က ရပါတယ် အန်ကယ်ရဲ့လို့ အကြိမ်ကြိမ် ပြောသေးပေမယ့် နောက်ပိုင်း သိပ်မလာတော့ဘူး။

အန်ကယ်နဲ့ တရင်းတနှီးနေခွင့်ရခဲ့တဲ့ ကာလတိုလေးမှာ သတိမထားဘဲ မနေနိုင်တာကတော့ စောစောက ပြောခဲ့တဲ့အတိုင်း အန်ကယ်က သိပ်ကို လူကြီးလူကောင်းဆန်လှတာကိုပါပဲ။ လူတိုင်းအပေါ် ကြီးကြီးငယ်ငယ် ထောက်ထား စာနာတတ်တာကို မမြင်ချင်လည်း မြင်နေရပါတယ်။

စကားပြောရင်လည်း သိမ်သိမ်မွေ့မွေ့ ချေချေငံငံချည်းပဲ။ အန်ကယ့်နှုတ်က ကြမ်းတမ်းတဲ့ စကား၊ သိမ်ဖျင်းတဲ့ စကား၊ သဟောက်သဟစကားတွေ တခါမှ မကြားခဲ့ဖူးပါဘူး။

အစ်မနဲ့အတူ ခြံရှေ့မှာ ဟောခဲ့ကြတုန်းကရော၊ ၁၉၉၀ ပြည့် ဂန္ဓီညီလာခံမှာ ပရိသတ်ကို ပြောချိန်၊ တခြား လူငယ်တွေနဲ့ ပြောဆိုနေချိန်တွေမှာပါ အန်ကယ့်စကားတွေကို ပရိသတ်တယောက်အနေနဲ့ ကြိမ်ဖန်များစွာ နားထောင်ခဲ့ရဖူးပါတယ်။ ကျနော်နဲ့လည်း အချိန်တော်တော် ကြာကြာ စကားတွေ ပြောခဲ့ဖူးပါတယ်။ ဘယ်တုန်းကမှ ဆိုးဆိုးရွားရွား၊ နင့်နင့်သီးသီး ပြောတာ မကြားခဲ့ဖူးပါဘူး။ လေပြည်လေအေးနဲ့ ရှင်းပြ ပြောပြတာချည်းပါပဲ။ သူနဲ့ သဘောထားချင်း မတူတာကို ပြန်ပြောရင်တောင်မှ လေအေးနဲ့သာ ပြောတတ်ခဲ့ပါတယ်။

လူကြီးလူကောင်းဆန်တယ်ဆိုတဲ့နေရာမှာ လူတွေကို နေရာပေးတာလည်း ပါပါတယ်။ အဲဒါလည်း အန်ကယ့်မှာ တွေ့ရပါတယ်။ ငါက လူကြီးပဲ၊ ငါက သူတို့ထက် စာဖတ်နာတာပဲ၊ ငါပိုသိ၊ ငါပိုတတ်ပဲဆိုပြီး အန်ကယ်က ဘယ်သူ့ရှေ့ကမှ မနေပါဘူး။ အားလုံးကို လေးလေးစားစားနဲ့ နေရာပေးတတ်တဲ့ အန်ကယ့်ရဲ့ ကြည်ညိုစရာ အကျင့်စရိုက်ကို အမှတ်ထင်ထင် ရှိခဲ့ရပါတယ်။

စာဖတ်သူ အန်ကယ်

အဲဒါနဲ့ တဆက်တစပ်တည်းကတော့ အန်ကယ့်ရဲ့ စာဖတ်ခြင်းကို ခုံမင်မှုပါ။ အန်ကယ်က အချိန်အားရှိတာနဲ့ စာအုပ်နဲ့ မျက်နှာ မခွာတမ်းဖတ်တဲ့သူမှန်းလည်း ရိပ်စားမိခဲ့ပါတယ်။ အမှန်တော့ အန်ကယ့်လို အင်္ဂလိပ် လက်ထက်မှာ တက္ကသိုလ်နောက်ဆုံးနှစ်အထိ တက်ခဲ့ဖူးသူအနေနဲ့ အင်္ဂလိပ်စာအား ဘယ်လောက် ကောင်းမယ်ဆိုတာ ခန့်မှန်းနိုင်ကြပါလိမ့်မယ်။ ကျနော်တို့ရဲ့ အင်္ဂလိပ်စာ တတ်မြောက်မှု ပါချီပါချက်နဲ့ဆို ဘယ်လိုမှ မယှဉ်သာပါဘူး။

ဒါတောင်မှ ကျနော့်ဆီက အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ် စာအုပ်တွေ ငှားရမ်းဖတ်ရှုခဲ့တဲ့အချက် တချက်တည်းနဲ့တင် အန်ကယ်ဟာ တသက်လုံးသင်ယူလိုစိတ်အပြည့်နဲ့ဆိုတာ ထင်ရှားလွန်လှပါတယ်။

အကြိမ်ကြိမ်ရေးဖူးခဲ့တယ် ထင်ပါတယ်၊ ဘုရားရဟန္တာ မဖြစ်သေးသမျှ ကာလပတ်လုံး လူသားတယောက်အနေနဲ့ အကုန်သိ၊ အကုန်တတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘာသာရပ်တခုထဲမှာတောင် သင်လို့ မဆုံးအောင်၊ လေ့လာလို့ မဆုံးအောင် ရှိပါတယ်။ အန်ကယ်က ဒါကို နားလည်သဘောပေါက်တယ်။ ဒါ့ကြောင့် သူက သေသည်အထိ မပြတ် ဖတ်မှတ်လေ့လာသွားခဲ့ပါတယ်။ ဒါလည်း အင်မတန် ကြည်ညိုစရာ ကောင်းလှတဲ့ အန်ကယ့် ဂုဏ်ရည်တခုပါပဲ။

နားထောင်တတ်သူ အန်ကယ်

အဲလို တသက်လုံး လေ့လာသင်ယူလိုသူတယောက်ဖြစ်တာမို့ အန်ကယ်ဟာ ကြီးငယ်မဟူ၊ သူ့နားက လူမှန်သမျှရဲ့ စကားကို တလေးတစား နားထောင်တတ်ပါတယ်။

လူတွေမှာ ရှုထောင့်အထွေထွေ ရှိပါတယ်။ ဖန်တရာ တေနေတဲ့ စကားကို သုံးရရင် မျက်မမြင်ပုဏ္ဏားတွေလိုပေါ့ဗျာ။ စမ်းမိတဲ့ ကိုယ့်အကွက်တခုတည်းကနေ အမှန်ထင်ပြီး နံရံလို့ ပြောလည်း မမှားဘူး၊ ကြိုးလို့ ပြောလည်း မလွဲဘူး ဖြစ်နေနိုင်ပေမယ့် ဘက်စုံ ထောင့်စုံက ချဉ်းကပ်ပြီး သုံးသပ်နိုင်ဖို့ကျတော့ တခြားသူတွေရဲ့ စကားကို လေးလေးစားစား နားစိုက်ဖို့ လိုအပ်ပါတယ်။

ကိုယ်သဘောတူတာ၊ မတူတာ၊ ကိုယ်နဲ့ အမြင်တူတာ မတူတာ အပထား၊ သူ့သဘောထား ဘယ်လို ရှိတယ်၊ သူဘယ်လို မြင်တယ်ဆိုတာကို နားလည်သဘောပေါက်ခြင်းဟာ ကိုယ့်အတွက် ဘယ်လိုမှ အကျိုး မယုတ်နိုင်တဲ့အပြင် အမြတ်တောင်ထွက်နိုင်တာမျိုးပါ။ အဲဒါကို ပြည့်ဝသူ၊ ဉာဏ်ကြီးသူမှ နားလည်နိုင်ပါတယ်။ တဖက်သားကို အထင်အမြင်သေးတတ်၊ တဖက်သားရဲ့ စကားကို ကန်တော့ပါရဲ့ဗျာ… ဟိုသင်းကြားတောင် မညှပ်တတ်သူဟာ တကယ်တော့ ဘဝင်လေဟပ်နေတဲ့ မပြည့်ဝသူ၊ ဉာဏ်နည်းသူ လူ့ဗာလသာ ဖြစ်ပါတယ်။ အန်ကယ်နဲ့ ထိစပ် ပတ်သက် ရင်းနှီးခင်မင်ခဲ့ရတဲ့ ကာလတာတိုလေးအတွင်းမှာ အမှတ်ထင်ထင် ရှိခဲ့ရတာက အဲဒီ့ တဖက်သား စကားကို တလေးတစား နားစိုက်ထောင်ပေးနိုင်စွမ်းပါပဲ။

မျိုးဆက်သစ်တွေကို ချစ်ရကောင်းမှန်း အလွန်သိတဲ့ အန်ကယ်

နောက်တချက်က မျိုးဆက်သစ်တွေကို တန်ဖိုးထားတာပါ။ ဒီချုပ်က ထွက်လာပြီးတဲ့ နောက်ပိုင်းကနေ အန်ကယ် တိမ်းပါးချိန်အထိ လူငယ်တွေကို အန်ကယ်က အင်္ဂလိပ်စာ သင်ပေးသွားပါတယ်။ အခမဲ့ ဖြစ်တဲ့ အပြင် မုန့်ကျွေး၊ ကာဖီတိုက်ပြီးတောင် သင်ပေးသွားခဲ့တာပါ။

ဦးကြည်မောင်၊ သို့မဟုတ် အရိုးပုံပေါ်မှာ ဗိမာန် မဆောက်လိုသူ စာအုပ်ထဲမှာ အန်ကယ့်တပည့်တွေရေးထားတဲ့ စာတွေလည်း ပါပါတယ်။ အဲဒီ့ စာအရ အန်ကယ်က အင်္ဂလိပ်စာကိုသာ သင်ပေးရုံမက ကိုယ်ကျင့်တည်ကြည်မှု၊ လူ့သိက္ခာ၊ အကျင့်စရိုက်၊ အနေအထိုင်တွေကိုပါ သူကိုယ်တိုင် ရှေ့က စံပြနေထိုင်ပြောဆို ပြုမူပြရင်း မသိမသာ သင်ကြားပေးသွားခဲ့တာ အလွန်ထင်ရှားလို့ နေပါတယ်။

မှန်ပါတယ်။ ကျနော်တို့အားလုံးဟာ အို၊ နာ၊ သေကို ရှောင်လွှဲလို့ မရပါဘူး။ အနာဂတ်ကို နောက်မျိုးဆက် အဆက်ဆက် လက်ထဲမှာ ထားခဲ့ရမှာပါ။ အဲတော့ နောက်မျိုးဆက်ကို ဘက်စုံက နိုင်သမျှ ပျိုးထောင်ပေးဖို့က အိုလာသူတိုင်းရဲ့ တာဝန်သာ ဖြစ်ပါတယ်။ စကားလုံးကို သတိထားတော်မူပေးကြစေလိုပါတယ်။ “ပျိုးထောင်” လို့သာ သုံးလိုက်ပါတယ်။ “သွန်သင်”တို့၊ “ဆုံးမ”တို့ကို ကျနော် မသုံးပါဘူး။

ကျနော်တို့မှာ ခေါက်ရိုးကျိုးနေတာက မိဘ၊ ဆရာ၊ လူကြီးသူမ ဖြစ်သွားပြီဆိုတာနဲ့ လူငယ်တွေကို “သွန်သင် ဆုံးမရမယ်”လို့သာ အရိုးစွဲနေပါတယ်။ “ပျိုးထောင်”ဖို့ကို စိတ်ကို မကူးမိကြပါဘူး။ “ပျိုးထောင်”ဆိုတာမှာ လေနဲ့ သွန်သင်တာတွေ၊ လေနဲ့ ဆုံးမတာတွေ မပါဝင်ပါဘူး။ ဘေးကနေ အသာလေး သိုင်းဝိုင်းပေးတဲ့ သဘောပါ။

သစ်ပင်မှာ ပျိုးတယ်ဆိုတာ ရေလောင်းပေးတယ်၊ ပေါင်းသင်ပေးတယ်၊ နေရောင်အောက်ကို ထုတ်ပေးပါတယ်။ လူကို ပျိုးထောင်တဲ့အခါမှာလည်း လေနဲ့ သွန်သင်ဆုံးမတာက လွယ်ပါတယ်။ ဘာမှလည်း အရာ မရောက်လှပါဘူး။

ပျိုးထောင်တယ်ဆိုတဲ့အခါကျတော့ ဝါယမစိုက်ရပါပြီ၊ အချိန်ပေးရပါပြီ။ လူငယ်တွေရဲ့အမြင်၊ လူငယ်တွေရဲ့ သဘောထားတွေကို နားထောင်ပေးတာလည်း ပါတယ်၊ ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှားဆိုတာကို လေနဲ့ ပြောပြတာ မဟုတ်ဘဲ လူငယ်တွေဘာသာ သိမြင်လာအောင် ကိုယ်တိုင် ရှေ့က စံပြ လုပ်ပြတာ၊ ဒါမှမဟုတ် စံနမူနာ ယူထိုက်သူတယောက်ယောက်ရဲ့ အကြောင်းကို သရုပ်ဖော်ထားတဲ့ စာကို ဖြစ်ဖြစ် အတူဖတ်တာမျိုးပါ။

လေနဲ့က လွယ်၊ လုပ်ဖို့ ခက်

ရေးရင်းနဲ့ ပျဉ်းမနားမဟာမြိုင်တောရဆရာတော် ဦးဇောတိက အမှတ်မထင် မိန့်ဖူးတဲ့ စကားလေး သွားသတိရမိပါတယ်။ အများသိတော်မူတဲ့အတိုင်း ဆရာတော် ငယ်ဘဝက ဘာသာခြားပါ။ ဆရာတော်ဟာလည်း စူးစမ်းသင်ယူလိုစိတ်အပြည့်နဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဂီတလေးကလည်း ဝါသနာပါတယ်။ သည်အခါ အရပ်ထဲက ဆံသဆရာ ဂီတသမားဆီ အမြဲ ရောက်ရောက်နေတယ်။ အဲဒီ့ ဆံသဆရာက တရားလည်း ထိုင်တယ်။ သို့ပေတည့် ဆရာတော် လောင်းလျာကို “တရားထိုင်ပါ”လို့ မခိုင်းပါဘူးတဲ့။ “လာ… တရားလေး ထိုင်လိုက်ကြဦးစို့ကွာ…”လို့သာ ဆိုပါသတဲ့။

သိပ်တန်ဖိုးရှိတဲ့ စကားပါပဲ။ ကျနော်တို့က သူများကို ဘာလုပ်၊ ညာလုပ်လို့ “သွန်သင်ဖို့” အထုံပါနေကြတယ်။ ကိုယ်ကိုယ်တိုင်ကရော လုပ်ဖြစ်ရဲ့လားဆိုတာ အင်မတန် ကြီးတဲ့ မေးခွန်းပါ။ သူများကို ဘာလုပ်၊ ညာလုပ် ပြောမယ့်အစား “လာ… တူတူ လုပ်လိုက်ရအောင်”ဆိုတာက ဘယ့်ကလောက်အထိ ပိုတာသွားမယ်ဆိုတာ စဉ်းစားဆင်ခြင်ကြည့်သင့်ကြလိမ့်မယ် ထင်ပါတယ်။ အန်ကယ်ဦးကြည်မောင်ဟာလည်း အဲလို လူစားလို့ ကျနော် မြင်မိရပါတယ်။

ကိုယ်ကျင့်တည်ကြည်သူ အန်ကယ်

နောက်တချက်ကတော့ အန်ကယ်က အဲဒီ့နေ့မှာ ကျနော့်ရှေ့က ပြောသွားတဲ့ ဆရာမုံရွာအောင်ရှင့် စကားနဲ့ ပြောရရင် “အမှန်တရားနဲ့ နေထိုင်သွားသူ” ပေါ့။ ကျနော်ကတော့ “ကိုယ်ကျင့်တည်ကြည်သူ” (man of principle) လို့ မြင်မိပါတယ်။ အဲဒါကလည်း အန်ကယ့်ရဲ့ စာဖတ်အား၊ အသိပညာ၊ ဆင်ခြင်တုံတရားတွေရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါလိမ့်မယ်။

ထင်ရှားတဲ့ ကိုယ်ကျင့်တည်ကြည်မှုကတော့ အာဏာရ ဗိုလ်နေဝင်းကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့တာ၊ ဗိုလ်အောင်ကြီး မှားတယ်လို့ ယုံကြည်တဲ့အတွက် နှစ်ပေါင်း ၄၀ လောက် ခင်မင်ခဲ့တဲ့ မျက်နှာကို မထောက်ဘဲ အောင်-စု-တင် အကွဲအပြဲမှာ ဒီချုပ်နဲ့ ကျန်နေရစ်ခဲ့တာ၊ ၁၉၉၇ ခုနှစ်မှာ ဒီချုပ်က ထွက်လာခဲ့တာတွေပါပဲ။

“ကိုယ်ကျင့်တည်ကြည်သူ”ဆိုတာ လူတိုင်း လုပ်နိုင်ဖို့ ခက်တဲ့ ကိစ္စပါ။ အဲသလို နေနိုင်ဖို့အတွက် စတေးရတာတွေကတော့ အနမတဂ္ဂပါပဲ။ ပထမဆုံး စတေးရတာကတော့ ကိုယ်ကျိုးကိုယ့်စီးပွားကို စတေးရတာ သေချာလှပါတယ်။

ဆိုကြပါစို့၊ ဗိုလ်နေဝင်းကို ဘောင်းတော်ညိတ် စိတ်တော်သိခဲ့မယ်ဆို အန်ကယ်တယောက် လျှမ်းလျှမ်းတောက်ခဲ့မှာ မလွဲဘူးလေ။ ဒါမှမဟုတ်လည်း တော်လှန်ရေးကောင်စီက ထွက်လာခဲ့ပြီးတဲ့အချိန်မယ် တပ်ထဲမှာ သူ့မိတ်ဆွေရင်းတွေရော၊ ရဲဘော်ရဲဘက်တွေရော၊ လက်အောက်ငယ်သားတွေပါ ရှိပါတယ်။ အန်ကယ့်ကို ကူညီချင်တဲ့သူတွေ မနည်းပါဘူး။ ဆိုရှယ်လစ်ခေတ် အားလုံး ပါးရှားနေချိန်မှာ အန်ကယ်ဟာ အရင်အရှိန်နဲ့ အခွင့်ထူးခံမယ်ဆို ခံနိုင်ခဲ့ပါတယ်။ စီးပွားကောင်းကောင်းဖြစ်နိုင်ပါတယ်။ ဒါလည်း မလုပ်ခဲ့ပါဘူး။

အန်ကယ် ဒုတိယ စတေးရတာကတော့ လွတ်လပ်မှုပါပဲ။ သူ့ရဲ့ ကိုယ်ကျင့်တည်ကြည်မှုက ဗိုလ်နေဝင်းရဲ့ ပရမ်းပတာ စရိုက်နဲ့ ထိပ်တိုက်တွေ့တဲ့အခါ ထစ်ခနဲရှိ အဖမ်းခံရ၊ အကျဉ်းချခံခဲ့ရတော့တာပါပဲ။

၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရကတည်းက ယနေ့ထက်တိုင် နိုင်ငံ့ထိပ်မှာ တက်နေကြသူအားလုံးဟာ သက်ဦးဆံပိုင် ဘုရင်စိတ် အတော်ပေါက်နေကြသူချည်းပဲ ထင်ပါတယ်။ သူတို့နဲ့ သဘောကွဲတာနဲ့ အဲဒီ့လူတွေကို ဖမ်းဆီးဖို့၊ နှိပ်စက်ဖို့၊ ထောင်ထဲထည့်ဖို့ လက်မရွံ့ကြပါဘူး။ ကိုယ့်နိုင်ငံသားတွေကို ရင်ဝယ်သားလို သဘောထားပြီး ငဲ့ညှာထောက်ထားတာမျိုး လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ၇၁ နှစ်သမိုင်းမှာ တွေ့နိုင်ခက်ခဲလွန်းလှပါ တယ်။

အဲတော့ ကိုယ်ကျင့်တည်ကြည်သူအတွက် သည်တိုင်းပြည်မယ် နေစရာ ပါးရှားတယ်လို့ ဆိုရပါလိမ့်မယ်။ အန်ကယ်က အဲဒီ့ ပါးရှားသူထဲမှာ ပါနေလေတော့ကာ သူ့လွတ်လပ်ခွင့်ကို မကြာခဏ စတေးခဲ့ရပြန်တာပေါ့ဗျာ။

နောက်တခုက ဗိုလ်အောင်ကြီး၊ ဒီချုပ်တို့နဲ့ ကွဲခဲ့ပေမယ့် ဗိုလ်အောင်ကြီးအကြောင်း၊ ဒီချုပ်အကြောင်း၊ ဒီချုပ် အဖွဲ့ဝင်တွေအကြောင်း ဘာတခုမှ မပြောဘဲ ရေငုံနေနိုင်ခဲ့တာဟာလည်း အန်ကယ့် ကိုယ်ကျင့်တည်ကြည်မှုကို တိတိပပ ပြဆိုနေတယ်လို့ ခံစားရပါတယ်။

လင်မယား ကွဲရင်တောင် အတော်များများက ကိုယ်နဲ့ ပေါင်းခဲ့သူ မကောင်းတာတွေကိုပဲ ပါးစပ်နဲ့ တလုံး ပြောတတ်ပါတယ်။ ကျနော်တောင် အဲဒါမျိုး ရှောင်နိုင်မယ် မထင်ပါဘူး။ သည်လို တိုင်းသိပြည်သိတွေနဲ့ ကွဲတဲ့အခါမှာတော့ ပိုတောင် ပြောဖြစ်စရာ အကြောင်းများပါတယ်။ ဒါပေမယ့် အဲဒါကို အန်ကယ်က သေသည်အထိ လုပ်မသွားခဲ့ပါဘူး။ ဒါ့ကြောင့် အန်ကယ့်ရဲ့ ကိုယ်ကျင့်တည်ကြည်စွာ နေထိုင်သွားမှုကို မရိုသေဘဲ မနေနိုင်တော့ပါဘူးခင်ဗျာ။

EQ သိပ်မြင့်တဲ့ အန်ကယ်

အခုခေတ်မယ် သိပ်ခေတ်စားလာတာက အဲဒီ့ EQ ဆိုတဲ့ Emotional Quotient ပါ။ “မျိုသိပ်နိုင်စွမ်း အတိုင်းအဆ (မျိုဆ)”လို့ ဘာသာပြန်ရင် သင့်မလား မသိဘူး။ ဉာဏ်ရည် ဘယ်လောက်မြင့်မြင့် အဲဒီ့ “မျိုဆ” အားနည်းရင် အောင်မြင်မှုနဲ့ အလှမ်းဝေးနေတတ်တယ်လို့တောင် ပညာရှင်တွေက ဆိုနေကြပါပြီ။

စကားစပ်လို့ ကိုယ့်အကြောင်း ကိုယ်ပြောရရင် ကျနော်ဟာ အဲဒီ့ “မျိုဆ”အရာမှာ အတော့်ကို အားနည်းသူပါ။ အဲဒါကို ၅ မှတ်ပေးမယ်ဆိုရင် အလွန်ဆုံးမှ ၁ မှတ်လောက်ပဲ ရလေမလား၊ ဒါမှမဟုတ် သုညအောက် အနုတ်ပဲ ပြလေမလားတောင် မသိပါဘူး။ ကျနော်က စိတ်မြန်လက်မြန်၊ ခံစားပေါက်ကွဲလွယ်တဲ့ သဘာဝနဲ့ပေကိုး။ ကိုယ့်ကိုယ်ကိုယ် မကောင်းမှန်းလည်း သိပါတယ်။ ပြင်ဖို့လည်း ကြိုးစားပါတယ်။ ဒါပေသည့် အရေးဆို အကျင့်ဆိုးက ထိုးထိုးထောင်ထောင်ရယ်။

ဘုရားဟော မဟုတ်ဘဲ အဋ္ဌကထာဆရာတွေက ဘုရားရဲ့ အာဝေဏိက ဂုဏ်တော် ၁၈ ပါးကို ဂုဏ်ပြု ပူဇော်ထားတဲ့ “ဒါရန” ပရိတ် (အမှန်တော့ ပရိတ်ကို မဟုတ်)မှာ ပါတဲ့ ကြည်ညိုဖွယ် ဘုရား ဂုဏ်တော် တပါး (ဒါမှမဟုတ် ၃ ပါး)ကတော့ ဘုရားရှင်တို့ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးစလုံးရဲ့ ရှေ့မှာ ဉာဏ်တော်ကသာ အစဉ်အမြဲ ရှေ့က သွားတယ်ဆိုတဲ့ ဂုဏ်ပါပဲ။

ဆိုလိုတာက ခန္ဓာကိုယ် တနေရာရာမှာ ယားယံတယ်၊ သာမန်လူအနေနဲ့ ယားတယ်၊ ကုတ်တယ်ပေါ့။ ဘုရားရှင်တွေအနေနဲ့ကျရင်တော့ ယားတာကို သိတယ်၊ ပြီးတော့ ကုတ်သင့်မကုတ်သင့် ဆင်ခြင်မယ်။ အနာမှာ အသားနုတက်နေလို့ ယားနေတာကို ဆင်ခြင်မိတဲ့အခါ မကုတ်သင့်ဘူးလို့ ဉာဏ်က ပြနေတယ်။ သည်အခါမှာ မကုတ်ဖြစ်တော့ဘူး။ ဒါ ကာယကံရဲ့ ရှေ့မှာ ဉာဏ်နဲ့ ဆင်ခြင်နိုင်စွမ်းပါ။

ကျနော်လူ့အန္ဓ၊ လူ့ဗာလ သိပ်လုပ်တတ်တာတခုက စိတ်တိုင်းမကျရင် တစ်တစ်ခွခွ ဆဲမိတတ်တာပါပဲ။ လူကိုတောင် မဟုတ်ဘူးနော်။ တယ်လီဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်တောင် ကျနော်လိုသလို ချက်ချင်း မဖြစ်ရင် အဲဒါကို ဆဲမိပြီ။ ဘယ်လောက် လွဲသလဲ။ ဝစီစရိုက် မကောင်းပုံပြောပါတယ်။ ဘုရားရှင်တွေဆိုရင် တော့ နှုတ်က တခုခု မထွက်ခင် ဉာဏ်နဲ့ အရင်ဆင်ခြင်ပါတယ်။ ပြောသင့် မပြောသင့်၊ ပြောရင် အကျိုး ရှိမရှိ စသဖြင့်ပေါ့။

သည့်ထက် ခက်တာကတော့ မနောကံပါပဲ။ စိတ်တခုယုတ် ၉၀ လို့ဆိုတဲ့အတိုင်း စိတ်ဆိုတာက လက်ဖျစ်တတီး အတွင်းမှာ အမျိုးမျိုးဖြစ်နေတာ။ အန်ကယ် ဦးကြည်မောင်အကြောင်း ပြောနေရင်း စိတ်က တည်ထားတဲ့ ထမင်းအိုးဆီလည်း လှစ်ခနဲ ရောက်ချင် ရောက်သွားမယ်၊ မန္တလေးက သေသွားတဲ့ ကြီးတော်ကြီးဆီလည်း လှစ်ခနဲ ရောက်ချင် ရောက်သွားမယ်။ သိပ်မြန်တာ။

စိတ်ဝင်စားရင် လုပ်ကြည့်ကြစေချင်ပါတယ်။ တွေးချင်ရာ တွေးနေရင်းက ရောက်နေတဲ့ အတွေးကို ခဏရပ်ပြီး အဲဒီ့အတွေး ဘယ်က စပါလိမ့်လို့ ခြေရာခံကြည့်ရင် အတော့်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာမှ မဆိုင်တာက စမိသွားတာက အတော်များတာကိုလည်း တွေ့ရပါလိမ့်မယ်။

အတွေးတခုကို မတွေးခင်ကတည်းက တွေးသင့်မတွေးသင့် ဉာဏ်နဲ့ ဆင်ခြင်ပြီးမှ တွေးဖို့ဆိုတာကျတော့ အင်မတန် ခက်သွားပါပြီ။ ဘုရားရှင်တွေမှသာ အဲလို လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

အန်ကယ့်ကို ဘုရားနဲ့ နှိုင်းတာတော့ မဟုတ်ပါဘူး။ အန်ကယ့် ဝစီကံနဲ့ ကာယကံမှာတော့ ဉာဏ်နဲ့ အရင် ဆင်ခြင်ထိန်းချုပ်ထားတာ ထင်ရှားလှပါတယ်။ ပြောချင်တိုင်း မပြောဘူး၊ လုပ်ချင်တိုင်း မလုပ်ဘူး။ အန်ကယ့်မှာ “စိတ်လိုက်မာန်ပါ”ဆိုတာ မရှိဘူးလို့ ထင်ပါတယ်။ အဲဒါဟာ ကျနော်ပြောနေတဲ့ “မျိုဆ”စွမ်းအားမြင့်မားတာပါပဲ။

အန်ကယ့်စိတ်ထဲ ဘယ်သူမှ ဝင်ကြည့်လို့ မရတာမို့ တွေးရာမှာတော့ အဲလို ဉာဏ်နဲ့ ဆင်ခြင်ပြီးမှ တွေးဖြစ် မတွေးဖြစ် အန်ကယ်မှတပါး ဘယ်သူမှ မသိနိုင်တာ အမှန်ပါ။ သို့ပေတည့် အန်ကယ်ဟာ တချိန်လုံး သတိနဲ့ နေသူအဖြစ် သူ့အကြောင်း ရေးထားတဲ့ စာအုပ်တွေမှာ အထင်အရှား တွေ့ရပါတယ်။

“သတိ”တဲ့။ အပြောလွယ်သလောက် အင်မတန် အလုပ်ခက်လှပါတယ်။ ဆရာတော်ဦးဇောတိကကလည်း “သတိဆိုတဲ့ နေအိမ်”ဆိုတဲ့ တရားနဲ့ ကျနော်တို့ကို သတိပေးခဲ့ဖူးပါတယ်။ သတိမရှိတဲ့ စိတ်ဟာ ကလေကချေ စိတ်၊ ခြေသလုံးအိမ်တိုင် စိတ်ပါ။ “သတိ”ဆိုတဲ့ အိမ်ကလေးရှိနေပါမှ စိတ်က အတည်တကျ ဖြစ်တော့မှာပါ။ ဆရာတော့် တရားကို နာခဲ့တာများ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ။ ကျနော့်မှာတော့ အခုချိန်ထိ ကလေကဝစိတ်နဲ့ သာ လူလုပ်နေရင်း သင်္ချိုင်းကုန်းဆီ ချီတက်နေပါပြီ။

အန်ကယ်ကတော့ သတိကြီးတဲ့သူမို့ ကောင်းရာသုဂတိမှာ ရှိနေမှာလည်း မလွဲပါဘူးဗျာ။

ခိုးခိုးခစ်ခစ်ရယ်တတ်သူ အန်ကယ်

အန်ကယ်နဲ့ ရင်းနှီးခွင့်ရခဲ့တဲ့ သက်တမ်းတလျှောက်မှာ အမှတ်ရစရာတွေထဲက နောက်ဆုံးတခုကတော့ အန်ကယ့် ရယ်သံပါပဲ။ အန်ကယ်က ဇဝနဉာဏ်အလွန်ကောင်းသူပါ။ ပြီးတော့ နာကျင်စရာတွေ၊ ရင်နင့်စရာတွေကို သောပစ်လိုက်ရင်း ရယ်ပွဲဖွဲ့တတ်သူလည်းပဲ ဖြစ်ပါတယ်။

နမူနာအနေနဲ့ နာမည်တော့ ထုတ်မပြောချင်တော့ပါဘူး။ အန်ကယ်နဲ့ ရင်းလွန်းမက ရင်းနှီးပြီး အတွင်းသိ အစင်းသိဖြစ်နေတဲ့ အန်ကယ့် ရဲဘော်ရဲဘက်တယောက် ဟိတ်တလုံး ဟန်တလုံးနဲ့ ဟန်ရေးပြနေတဲ့အကြောင်း ကျနော်က ပြောတော့ အန်ကယ်က “ဟိတ်ထုတ်မှာပေါ့ဗျာ၊ သူ့တသက်လုံး ဘယ်စာတအုပ်ကိုမှ အစမှ အဆုံးတိုင် ပြည့်ပြည့်ဝဝမှ မဖတ်ဖူးရှာတာကိုး…”လို့ ပြောပြီး တခစ်ခစ် ရယ်နေခဲ့ပါတယ်။

အဲဒီ့ရယ်သံလေးတွေနဲ့ ပြောတဲ့စကားမှာ တဖက်သားကို နားလည်ပေးတဲ့ သဘောလည်း ပါနေတယ်၊ တဖက်သားရဲ့ နောက်ခံကို သူသိထားသလို ပွင့်ပွင့်လင်း ပြောလိုက်တာလည်း ပါနေတယ်။ ရယ်သံမှာကတော့ သူလည်း အဲဒီ့လူကို သဘောမတွေ့လှဘူး၊ သို့သော် ရယ်ပစ်လိုက်ခြင်းနဲ့ မကျတဲ့ဘဝင်ကို ရွှင်လာအောင် ဖန်တီးလိုက်တာလို့ ကျနော် ခံစားမိပါတယ်။

အဲလို ရယ်သံလေးတွေကို အမြဲမဟုတ်တောင် မကြာခဏ အန်ကယ့်ဆီက ကြားခဲ့ရဖူးတယ်။ သြော်… အန်ကယ့်နှယ်၊ ထားတတ်လိုက်တဲ့ စိတ်၊ ချမ်းသာလိုက်မယ့် စိတ်ဆိုတာ အဲဒီ့ ရယ်သံတွေ ကြားတိုင်း တွေးဖြစ်ခဲ့သလို အန်ကယ့်စိတ်မျိုး ထားနိုင်အောင် ကျနော့်ကိုယ်ကျနော်လည်း ဆုံးမခဲ့ရပါတယ်။

ဓာတ်မသိသူက စိန်ခေါ်တာခံရတဲ့ အန်ကယ်

ရယ်စရာကောင်းတာက အာရှအပတ်စဉ်စာစောင်ထဲက ဦးကြည်မောင်ရဲ့ စကားကို အယူအကောက် လွဲပြီး ထောက်လှမ်းရေးဂိုဏ်းချုပ်ကြီးက လူမှား စိန်ခေါ်ခဲ့တဲ့အမှုပါပဲ။ မသိမမီလိုက်သူတွေအတွက်၊ နျူရင်ဘာ့(ဂ်) ခုံရုံးကို ဦးကြည်မောင် ညွှန်းခဲ့လို့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ အာဏာမလွှဲခဲ့တာဆိုတဲ့ စာမဖတ်ဘဲ လေသံကြားနဲ့ ဖမ်းတရားနာကာ ပြောနေကြတာကို အဟုတ်မှတ်နေသူတွေအတွက် အဲဒီ့သတင်းစာဆရာ (Dominic Faulder) ရဲ့ အမေးနဲ့ ဦးကြည်မောင်ရဲ့ အဖြေတို့ကို (အဲဒီ့အပိုင်းလေးပဲ) ဘာသာပြန်ပေး လိုက်ပါတယ်။ အဲဒီ့ အမေးအဖြေပါတဲ့ အာရှအပတ်စဉ် စာစောင်ရဲ့ မူရင်းစာမျက်နှာကိုပါ တလက်စတည်း တင်လိုက်ပါတယ်။

မေး – စစ်အစိုးရဟာ လူထုက လက်စားချေမှာကို စိုးရိမ်ပူပန်နေပါသလား။

ဖြေ – ကျနော်တို့ မဖြစ်မနေ ကိုင်တွယ်ရမယ့် ပြဿနာတွေက တအားကို များလွန်းလှပါတယ်။ ပြောကြစတမ်းဆို နျူရင်ဘာ့(ဂ်)မှာ တရားစွဲဆိုခံရတဲ့ ဂျာမန်ဆိုလို့ ဘယ်လောက်များ ရှိလို့တုန်းဗျာ။

မေး – ရန်ကုန်မှာ နျူရင်ဘာ့(ဂ်)ရှိလာမယ်လို့ ခင်ဗျား ပြောလိုက်တာလား။

ဖြေ – မပြောဘူး။ လုံးဝ မပြောဘူး။ တော်ရုံ မြန်မာလူမျိုးတွေဟာ စစ်သားတွေကို တိုက်ခိုက်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ ဒါဟာ အကြီးအကျယ် ချဲ့ကားထားတဲ့ ပြဿနာပါ။ ဘာမှ မဟုတ်ပါဘူး။ ခင်ညွန့်လို လူမျိုးတွေအနေနဲ့ကတော့ သူတို့ကိုယ်သူတို့ တယ်မလုံခြုံလှဘူးလို့ သူတို့အကြောင်းနဲ့သူတို့ ခံစားရကောင်း ခံစားနေရနိုင်တာတော့ အမှန်ပါပဲ။

asiaweek 1990ကဲ… အဲဒီ့စာ မူရင်းအတိုင်း လုံးစေ့ပတ်စေ့ ဘာသာပြန်ပေးလိုက်တာပါ။ အဲဒီ့ အမေးအဖြေထဲမှာ နျူရင်ဘာ့(ဂ်)ဆိုတာ ပါတယ်၊ ခင်ညွန့်ဆိုတာ ပါတယ်။ ဒါနဲ့ပဲ ခင်ညွန့်ကို စစ်ခုံရုံးတင်မယ် ဖြစ်ရောတဲ့လား။

ဗမာစကားကို မနေနိုင် မထိုင်နိုင် အနက်ဖွင့်လိုက်ဦးမဗျာ။ အန်ကယ် ပြောတဲ့ စကားက ရှင်းတယ်။ လက်စားချေဖို့ထက် တိုင်းပြည်မှာ ဖြေရှင်းရမယ့် ပြဿနာတွေက မတန်တဆ များနေတယ်။ တကယ့် တကယ်မှာ နျူရင်ဘာ့(ဂ်)ကို ရောက်တဲ့ ဂျာမန်ဘယ်နှယောက် ရှိခဲ့လို့လဲ။ (အမှန်တကယ် ကျူးလွန်ခဲ့သူထဲက အနည်းငယ်မျှသာ ရောက်တယ်လို့ ဆိုလိုတာပါ။)

အဲဒါကို သတင်းစာဆရာက ချောင်ပိတ်ကြည့်သေးတယ်။ ဒါဆို နျူရင်ဘာ့(ဂ်) ရှိလာမယ်လို့ ဆိုလိုချင်တာ လားပေါ့။ အန်ကယ် ချက်ချင်း ငြင်းတယ်။ မဆိုလိုဘူး၊ လုံးဝ မဆိုလိုဘူး။ သာမန် မြန်မာတွေက စစ်တပ်ကို တိုက်မယ်လို့ သူမထင်ဘူး။ ဒါ သက်သက်မဲ့ ချဲ့နေကြတာ။ ခင်ညွန့်လို လူမျိုးကတော့ သူ့ဟာနဲ့သူ မလုံမခြုံ ခံစားနေရချင် နေရလိမ့်မယ်။ အဲလိုပဲ ပြောလိုက်တာပါ။

ဒါကို တိုင်းသိပြည်သိ ဆွေ့ဆွေ့ခုန်ပြလိုက်တော့ အခွက်ရှဲတာများ ဗျန်းဗျန်း ဗျန်းဗျန်းနဲ့ နေပါရောလား။ ပြောလို့တော့ မရဘူးပေါ့လေ။ ဦးဝင်းတင်၊ ဦးထွန်းတင်တို့ လမ်းကြောင်းဖော်ပေးလိုက်တဲ့ “မတရားတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”ဆိုတာတောင် “အာဏာဖီဆန်ရေး လမ်းစဉ်”လို့ လိုရာဆွဲ တဖက်သတ် ကောက်ယူ ဝါဒဖြန့် တပ်လှန့်တတ်တဲ့ ဉာဏ်ကြီးရှင်တွေဆိုတော့ စာကို လိပ်ပတ်လည်အောင် မဖတ်ဘဲ အဲဒီ့ နှစ်လုံးကို ဆက်စပ်ပြီး ခင်ညွန့်ကို နျူရင်ဘာ့(ဂ်)ပို့မယ်လို့ ကောက်ယူကာ တဖက်သတ် ယုံမှတ်ပြီး ဒေါသူပုန်တွေရော၊ ဒေါသောင်းကျန်းသူတွေရော၊ ဒေါအကြမ်းဖက်သမားတွေပါ ထကုန်တော့တာပေါ့ဗျာ။

ထတာလည်း ရိုးရိုးမထဘူး၊ ဗိုလ်မှူးကြီး (ဟောင်း) ကြည်မောင်ဆိုတာနဲ့ တခြား နာမည်တူ ဗိုလ်မှူးကြီး ကြည်မောင်နဲ့မှားပြီး ကိုယ်ကျင့်တရားချင်း ယှဉ်ရဲတယ်တွေ ဘာတွေ စိန်ခေါ်လိုက်တာက သာဆိုးတယ်။ အဲဒီ့ စိန်ခေါ်သံ သတင်းစာ ရှင်းလင်းပွဲမဟာကြီးအကြောင်း ပြန်ပြောင်း ပြောမိတော့ အန်ကယ်က သူ့ထုံးစံအတိုင်း တခစ်ခစ်ပဲ ရယ်နေခဲ့တာ မှတ်မိနေသေးတော့တယ်။

ကျနော့်ရွှေခေတ်

အန်ကယ်ဦးကြည်မောင်ရဲ့ ရာပြည့်ပွဲကနေ တရေးရေး ပြန်ပေါ်လာတဲ့ အဟောင်းထဲက အစုတ်တွေကို တင်ဆက်ခဲ့တာပါ။ ကျန်နေသေးတာတွေ တပုံတမ ရှိသေးသလို ခေါင်းထဲမှာ လောလောဆယ် ပေါ်မလာသေး တာတွေ၊ အရေးမကြီးလှလို့ ချန်ရစ်ခဲ့တာတွေလည်း မနည်းပါဘူး။ ကျနော့်အာရုံမှာ ပေါ်လာသမျှထဲက အတတ်နိုင်ဆုံး ကျစ်ကျစ်လစ်လစ်ဖြစ်အောင် စစ်စစ်စိစိ ရေးလိုက်တာပါပဲ။

ပြောမယ်ဆိုရင်တော့ အဲဒီ့သံရုံးမှာ အမှုထမ်းခဲ့တဲ့ ၁၉၉၁ ကနေ ၂၀၀၃ ဆိုတဲ့ ၁၂ နှစ်နီးပါး ကာလတာဟာ ကျနော့်အစွမ်း အပြနိုင်ဆုံး ရွှေခေတ်လို့ ဆိုနိုင်ပါလိမ့်မယ်။ သည်တပိုင်းမှာတော့ ကိုယ်ရည်သွေးတယ်လို့ ထင်ချင်လည်း ထင်ကြပါတော့ဗျာ။ နိုင်ငံရေးသတင်းဆိုရင် ကျနော့်ရုံးက သတင်းကမှ ခိုင်လုံစိတ်ချရတယ် ဆိုတာကတော့ အဲဒီ့အချိန်က သံတမန်လောက၊ သတင်းလောကမှာ နာမည်တလုံး ရှိခဲ့ဖူးတာတော့ အမှန်ပါ။ စာနဲ့ ပေနဲ့ အထောက်အထားတောင် ရှိခဲ့ဖူးပါတယ်။ သိပ်ကိုယ်ရည်သွေးရာကျမှာ စိုးလို့သာ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းက ထုတ်တဲ့ ဘယ်စာစောင်ထဲမှာ ဘယ်လိုပါခဲ့တယ်ဆိုတာကို ပြောမနေတော့တာပါ။ အဲတုန်းက ကျနော့်အကြောင်း၊ ကျနော်လုပ်ခဲ့ကိုင်ခဲ့ပုံလေးတွေကို ရေးထားပါတယ်။ ဆက်လက် ဖတ်ရှုတော်မူကြပါဦး။

၁၉၉၇ ခုနှစ် ဇူလိုင်လမှာ တာဝန်ပြီးဆုံးလို့ မြန်မာပြည်က ပြန်ရတော့မယ့် သံရုံးရဲ့ ဒုတိယ ခေါင်းဆောင်၊ ပထမအတွင်းဝန်က မပြန်ခင်မှာ ကျနော့်အတွက် ထောက်ခံစာတစောင် ရေးပေးခဲ့ပါတယ်။ (အမှန်တော့ သူအပါအဝင် ကျနော့်ကို တိုက်ရိုက်ကြီးကြပ်တဲ့ ဒုတိယခေါင်းဆောင်တိုင်းဆီက ထောက်ခံစာပေါင်းစုံကို အမြဲတစေ ရယူထားခဲ့တာချည်းပါပဲ။ နောက်အလုပ်တခု ပြောင်းလျှောက်ရင် အဲဒီ့ထောက်ခံစာတွေက ဘွဲ့လက်မှတ် အယ်စတုံတွေထက် နိုင်ငံခြား အလုပ်အကိုင် လျှောက်ထားရာမှ အဆများစွာ တာသွား ပေတာကိုး။) အဲဒီ့စာရဲ့ ထိပ်ဆုံး စာပိုဒ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

“၁၉၉၇ ခုနှစ်မှာ ကျနော်တို့ မိခင်(ဝန်ကြီး)ဌာနရဲ့ သံရုံးအကဲဖြတ်အစီရင်ခံစာမှာ ရန်ကုန်က နိုင်ငံရေး သတင်းပို့ချက်တွေက “အကောင်းဆုံး”လို့ ဖော်ပြထားပြီး အားလုံးခြုံလိုက်ရင် “ထိပ်တန်း” လို့ အဆင့် သတ်မှတ်ခဲ့ပါတယ်။ အဲဒီ့ စွမ်းဆောင်ရည်အများအပြားက အောင်သိန်းကျော်ကြောင့်ပါပဲ”လို့ ပြန်ဆိုနိုင်ပါလိမ့်မယ်။

အဆုံးပိုင်းမှာ ရေးထားတဲ့ စာသားတခုကလည်း ကျနော် ဘယ်လိုလူဆိုတာကို ဖော်ပြနေတယ်လို့ ယူဆမိရလို့ ဖော်ပြပါရစေဦး။ အဲဒါကိုတော့ အင်္ဂလိပ်လို အရင်ဖော်ပြပြီးမှ ဘာသာပြန်ပေးပါ့မယ်။

… in his reporting, Aung Thein Kyaw has demonstrated strong analytical ability and a rare dispassionate perspective on political developments.

“သတင်းပို့ရာမှာ အောင်သိန်းကျော်ဟာ ထက်မြက်တဲ့ သုံးသပ်မှု စွမ်းရည်သာမက နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ရင် ရှားပါးလှတဲ့ ဘက်မလိုက်သော အမြင်ကို ပြသခဲ့ပါတယ်”လို့ ဆိုထားတာပါ။ Dispassionate ကို “ဘက်မလိုက်သော”လို့ ဘာသာပြန်ထားပေမယ့် passionate ဆိုတာက “အရူးအမူး (စွဲလန်းဖက်တွယ်ထား) ဖြစ်သော”လို့ အနက်ရပါတယ်။ ဆိုလိုတာက တဖက်ပိတ်သဘော၊ မျက်ကန်းသဘောကို ဆောင်ပါတယ်။ ဖြစ်ရပ်တွေကို သုံးသပ်တဲ့အခါတွေမှာ ပုဂ္ဂိုလ်ခင်လို့ တရားမင်ပြီး ကိုယ့်လူကိုယ်မို့ သာသာထိုးထိုး၊ ကိုယ် အမြင်မကြည်သူမို့ နှိပ်နှိပ်ဖိဖိ မလုပ်ဘဲ ဓမ္မဓိဋ္ဌာန်ကျကျ ပိုင်းခြားသုံးသပ်တဲ့အခါမျိုးမှာ dispassionate ကို သုံးပါတယ်။ အဲဒါကို ရှားရှားပါးပါး (rare) နဲ့ တွဲထားတယ်။

အဲဒီ့ထောက်ခံစာတခုလုံးမှာ ကျနော် သဘောအကျဆုံး၊ ဂုဏ်အယူဆုံး စကားစုက အဲဒီ့စုပါပဲ။ ရေးပေးခဲ့သူဟာ ကျနော့်ကို တိုက်ရိုက်ကွပ်ကဲရသူ ဖြစ်တာမို့ သူဟာ ကျနော့်အကြောင်းကို မသိချင့်အဆုံးပါပဲ။ ကျနော် ဘယ်လို လူစားဆိုတာ တနေ့ကို အဖျင်းဆုံး ၈ နာရီနှုန်းနဲ့ ၃ နှစ်လောက်အတွင်း နေ့စဉ်မပြတ် သူမျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာကိုး။

img_1769

ကျနော်နဲ့ပတ်သက်တဲ့ ထောက်ခံစာ တချို့

တခါတလေများဆို လူချင်းသာ မတွေ့တယ်၊ ဖုန်းနဲ့ အချိန်မတော် ဆက်သွယ်နေတုန်း။ ဒါမှမဟုတ်လည်း စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာပေမယ့် သူ့အိမ်သွားပြီး ပြောဆိုဆွေးနွေး တင်ပြခဲ့တာတွေလည်း မနည်းပါဘူး။ ဒါ့အပြင် သူက လူငယ်လည်း လူငယ်၊ အဲတုန်းက ၃၀ ကျော်လေးရယ်။ အင်မတန်လည်း ထက်မြက်တယ်။ သူကိုယ်တိုင်ကလည်း ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်တတ်တဲ့ အထုံကလေးနဲ့ဆိုတော့ ကျနော့်ကို အဲလို သတ်မှတ်ခဲ့ ပေတာပေါ့။

အဲဒီ့ a rare dispassionate perspective ကြောင့်ပဲ ကျနော့်ရဲ့ သဘောထားအမြင်က အများစုနဲ့ ဆန့်ကျင် ကွဲလွဲပြီး ကျနော်ဟာ လူ့ခွစာ အလိုလိုဖြစ်လာရတော့တာပါပဲ။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ သဟဇာတ ဖြစ်ချင်တာ သတ္တဝါတိုင်းရဲ့ အငုံ့စိတ်ပါ။ အဲလိုစိတ်နဲ့ လူတွေဟာ ပုတ်သင်ညိုတွေ ဖြစ်ကုန်ကြပါတယ်။ ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်ပြောင်းကြတာပေါ့။ တဆက်တည်းမှာ ပုတ်သင်ညိုကျင့်တွေ စွဲပြီး ခေါင်းပဲ ညိတ်တတ်လာကြပါတော့တယ်။

ကျနော် ပုတ်သင်ညို မဖြစ်ချင်ပါဘူး။ ကျနော့်မူ၊ ကျနော့်ဟန်၊ ကျနော့်ကိုယ်ပိုင်ဉာဏ်နဲ့သာ လူလုပ်ချင်ခဲ့သလို အဲဒီ့အတိုင်းသာ လူလုပ်နေခဲ့ပြီး သေတဲ့အထိလည်း အဲလိုပဲ နေသွားမှာပါ။ မိုးခါးရေဆိုတာ ကျနော် ဘယ်တော့မှ သောက်မယ့် အရာမဟုတ်ဘူး။ ဒါ့ကြောင့် ကျနော် ငွေကြေး မချမ်းသာပါဘူး။ ချမ်းသာချင်ရင် ဘာလုပ်ရမယ်ဆိုတာ ကျနော် သိခဲ့ပါတယ်။ ငတုံးမှ မဟုတ်တာလေ။

သူ့ထောက်ခံစာထဲမှာ ၁၉၉၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က (ခဏ) လွတ်လာပြီးတဲ့ နောက်ပိုင်း စနေတနင်္ဂနွေ လူထုဆွေးနွေးပွဲတွေကို ၁၅ လတိုင်တိုင် ကျနော် မပျက်မကွက်သွားခဲ့တာလည်း ထည့်ရေးထားတယ်။ အလုပ်နဲ့ပတ်သက်ရင် ကျနော် ဇောကပ်တတ်ပုံကို ပြောတာပါ။

သတင်းလိုက်တဲ့အခါမှာ ရဲတင်းပေမယ့် မိုက်ရူးရဲ မလုပ်တတ်တဲ့အကြောင်း (brave but not foolhardy လို့ သုံးထားပါတယ်)လည်း ပါတယ်။ နမူနာ ပေးထားတာက ကိုယ့်ကိုယ်ကိုယ်လည်း ဘေးမဖြစ်၊ သံရုံးရဲ့ ရပ်တည်မှုကိုလည်း အထင်မှား အမြင်မှား မဖြစ်ရလေအောင် ဆန္ဒပြပွဲတွေမှာ ဘယ်အချိန် ဆုတ်ခွာရမယ်ဆိုတာ ကျနော့်ချင့်ချိန်မှုနဲ့ ကျနော် လုပ်ခဲ့ပုံတွေကို ပြထားပါတယ်။

အဲတုန်းက အတွေ့အကြုံတချို့

အဲဒါလေး ပြန်ဖတ်မိတော့ အဲတုန်းက အရိပ်တွေလည်း စိတ်မျက်စိ ပိတ်ကားပေါ် တဖန် ပြန်ပေါ်လာရပြန် ပါတယ်။ ဟုတ်ပါရဲ့။ အဲဒီ့တုန်းက ရင်ဖိုခဲ့ရတာတွေလည်း ရှိတာပေါ့။

ဒေါ်အောင်ဆန်းစုကြည် မီးရထားနဲ့ ခရီးသွားမယ် ပြင်တဲ့အခါ ရန်ကုန် ဘူတာကြီးမှာ တားဆီးခံနေရတာများ အချိန်က အကြာကြီး။ လုံထိန်းတပ်ဖွဲ့တွေတောင် ချလို့ရယ်။ ညဦးပိုင်း တပိုင်းလုံး အချိန်ကုန်ခဲ့ရတယ်။ ကျနော်ရယ်၊ ကျနော့်ဇနီးရယ်က နံပါတ်ဖြူ သံရုံးကားနဲ့။

ကိုယ်ပိုင်ကားကို သုံးရင် လုံခြုံရေးအရ အချိန်မရွေး ကျနော် ခံရနိုင်ပါတယ်။ သံရုံးကားနဲ့ဆိုတော့ ဂျနီဗှာ နိုင်ငံတကာ သဘောတူစာချုပ်အရ ကားထဲက ကျနော့်ကို ရန်ပြုလို့ မရနိုင်တော့ပါဘူး။ ဒါ့ကြောင့် ရုံးကားကို သုံးနေတာပါ။ ဖြစ်စဉ်တွေက ရုံးချိန်ပြင်ပမှာလည်း ဖြစ်နေတတ်တော့ တခါတလေ အိမ်ကို ရုံးကားယူထား ရပါတယ်။

နောက်တခုက ပါလေရာဖုန်းပါ။ အဲဒီ့အချိန်က ပါလေရာဖုန်းဟာ အများသိတော်မူတဲ့အတိုင်း အလွန်အင်မတန် ဈေးကြီးလှပါတယ်။ သံရုံးကို ရောင်းပေးတာ၊ ယုံချင်ယုံ မယုံချင်နေ၊ တလုံးကို ဒေါ်လာ ၄ ထောင်ပေးရပါတယ်။ အဲတော့ ရုံးကလည်း အာဏာကုန် ၂ လုံးသာ ဝယ်နိုင်ပါတယ်။ တလုံးကို ကျနော် ကိုင်ရပါတယ်။ ကျန်တလုံးကို ၂၄ နာရီ တာဝန်ထမ်းဆောင်ရတဲ့ ပြုပြင်ထိန်းသိမ်းရေးတာဝန်ခံကို ပေးထားပါတယ်။ သံအမတ်တောင် ပါလေရာဖုန်း မကိုင်ပါဘူး။

အဲဒီ့နေ့ည သန်းခေါင်ကျော်တဲ့အချိန်ကျမှ အစ်မတို့ အဖွဲ့လည်း ရထားနဲ့ ခရီးသွားမယ့်အစီအစဉ်ကို လက်လျှော့ပြီး ပြန်ကြပါတယ်။ ကျနော်တို့ လင်မယားလည်း သူတို့ယာဉ်တန်းနဲ့အတူ နောက်က ထက်ချပ် လိုက်ပါတယ်။ ကျနော်လည်း အဲဒီ့ဘက်မှာပဲ နေတာမို့ အဲဒီ့လမ်းအတိုင်းသာ ပြန်ရမှာက တကြောင်း၊ နောက်ထပ် ဘာဆက်ဖြစ်သေးလဲ သိချင်တာကြောင့်တကြောင်း လိုက်သွားတာပါ။ လုံထိန်းကားတွေလည်း ၃ စီးလောက် ဆက်တိုက်လိုက်လာတာပေါ့။

ဘယ်သူ့အမိန့်နဲ့လဲတော့ မသိဘူးခင်ဗျ။ ရွှေဂုံတိုင် အချက်ပြမီးတိုင်ကနေ ကုက္ကိုင်းဘက်ထောင်အတက်၊ ဓမ္မစေတီ (ဘောင်ဒရီ) လမ်း ကျော်ခါစမှာ လုံထိန်းကားတစီးက အတင်းကျော်တက်ပြီး ကျနော့်ကားခေါင်းကို ဖင်နဲ့ ရိုက်ပါသေးတယ်။ အေးဆေးပါ။ ကျနော့် ယာဉ်မောင်းသက်က အဲဒီ့အချိန်မှာကို နှစ် ၂၀ လောက်ရှိနေပြီမို့ ဘာမှ ထိမိခိုက်မိတာ မရှိပါဘူး။ ဟန်မပျက် ရှောင်လိုက်နိုင်ပါတယ်။ ကိုယ့်ဆရာတွေများ အဲသလို။ သံရုံးကားသော၊ နံပါတ်ဖြူသော၊ ဘာသော နားကို မလည်ရှာကြပုံပြောပါတယ်။

ကြို့ကုန်းစက်မှုတက္ကသိုလ်ရှေ့ဝယ်…

အဲဒါက ရင်ဖိုစရာ မဟုတ်ပါဘူး။ ရင်ဖိုရတာက ကြို့ကုန်း ရန်ကုန်စက်မှုတက္ကသိုလ်မှာ ၁၉၉၅ ခုနှစ် နှစ်ကုန်ခါနီးမှာ ဖြစ်ခဲ့တာပါ။ စက်မှုတက္ကသိုလ်ကျောင်းသားတွေ စုဝေးဆန္ဒပြကြတယ်။ ကျနော်က ရုံးကားနဲ့ပဲ ရောက်သွားပါတယ်။ ကားကို စက်မှုတက္ကသိုလ်နဲ့ မလှမ်းမကမ်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းငယ် ရှိရာ လမ်းသွယ်လေးထဲမှာ ရပ်ထားခဲ့ပါတယ်။ ပြီးတော့ လမ်း ဆင်းလျှောက်သွားပြီး စက်မှုတက္ကသိုလ်နဲ့ မျက်နှာချင်းဆိုင် ဘီပီအိုင် (ဆေးဝါးစက်ရုံ) လမ်းထဲကနေ အခြေအနေကို စောင့်ကြည့်နေခဲ့ကြပါတယ်။

ကျနော်နဲ့အတူ နိုင်ငံခြား သတင်းစာဆရာအသင်းက တချို့လည်း ရှိနေတယ်။ နေဝင်ရီတရောမှာတော့ လုံထိန်းတွေက ဆန္ဒပြပွဲကို အကြမ်းဖက် ဖြိုခွင်းပါတော့တယ်။ ပွဲကြည့်ပရိသတ် ရှိရာကိုပါ မရှောင်တော့တာမို့ ကျနော်တို့မှာ ပြေးလိုက်ရတာ။ ကျနော်နဲ့အတူ ပါလာတာက လူငယ်နိုင်ငံခြားသတင်းစာဆရာလေး တယောက်။ အကော်ဒီယံအုန်းကျော်သီချင်းထဲကလို တကယ့်ကို ဖဝါးနဲ့ တင်ပါး တသားတည်း ပြေးရတယ်ပေါ့ဗျာ။

ကျနော့်မှာက ပြဿနာ တက်နေတယ်။ လူက လွတ်လာပြီး ကားကြီးက ငေါငေါကြီး ကျန်ခဲ့တာလေ။ ရုံးကားမို့ သိပ်ဂရုစိုက်စရာမလိုပေမယ့် ကျနော့်စိတ်ဓာတ်က ခွင့်မပြုဘူး။ နောက်တရက်မှ ရုံးက ယာဉ်မောင်း တယောက်ကို လွှတ်ပြီး ကားပြန်ယူခိုင်းမယ်ဆိုလည်း ဖြစ်ပါတယ်။ သို့သော် ကျနော် ထုတ်လာတဲ့ကား၊ ကျနော် စီးနေတဲ့ကားဖြစ်တာမို့ ထိန်းသိမ်းရမယ့် တာဝန်က ကျနော့်ပခုံးပေါ်မှာပဲဆိုတာ ဘယ်သူကမှ မပြဋ္ဌာန်းဘဲ ကျနော့်ဘာသာ ပြဋ္ဌာန်းထားပါတယ်။

အဲဒါနဲ့ ညမှောင်တဲ့အခါကျတော့မှ ဗဟိုလမ်းအတိုင်း ပြန်လာ၊ ဦးရေခဲလမ်းက ဖြတ်ထွက်ပါတယ်။ အင်းစိန် လမ်းကြီးတခုလုံးက တစပြင်လို တိတ်ဆိတ်လို့ရယ်။ အင်းစိန်လမ်းကို အခြေအနေကြည့်ပြီး ဖြတ်ကူး၊ ကားရှိရာကိုသွား၊ ကားကို ပြန်မောင်းထုတ်လာခဲ့ပါတယ်။ ကျနော်ကသာ သဲထိတ်ရင်ဖို ဖြစ်နေတာ၊ လမ်းမကြီးတခုလုံးက တိတ်လို့ ဆိတ်လို့၊ ငြိမ်သက်လို့ရယ်။ ဘာဆိုဘာမှလဲ မရှိ။ ယာဉ်သွားယာဉ်လာလည်း မရှိ။ သည်လိုနဲ့ လူရော ကားပါ ဘေးကင်းခဲ့ပါတယ်။

ဦးထောင်ဘိုလမ်းမှာ ပိတ်ရိုက်တဲ့ ည

သိပ်မကြာပါဘူး၊ အတိအကျ ပြောရင် ၁၉၉၆ ခုနှစ် ဒီဖင်ဘာ ၂ ရက်နေ့မှာပါ။ လှည်းတန်းလမ်းဆုံမှာ ကျောင်းသားတွေ စုဝေးပြီး ညဘက်ကျတော့ မြို့ထဲကို ချီတက်ကြပါရောလား။ လှည်းတန်းလမ်းဆုံကနေ လှည်းတန်းဈေးဘက်ကို ထွက်ကြတဲ့အခါ ကျနော် အဲဒီ့ စီတန်းလှည့်လည်သူတွေနဲ့ မလိုက်တော့ဘူး။ ကျနော့်ကားနဲ့ နာနတ်တော လမ်းက ပတ်ပြီး ဆင်မလိုက်ထိပ်မှာ သွားကြို စောင့်နေခဲ့ပါတယ်။ ကျောင်းသားအုပ် ဘေးကင်း ရန်ကင်း ရောက်လာပြီး ကြည့်မြင်တိုင်ကမ်းနားလမ်းအတိုင်း ဆက်ချီတော့ ကျနော်က အောက်ကြည့်မြင်တိုင် လမ်းအတိုင်း သူတို့ ရောက်လာမယ့်နေရာတွေကို ကြိုကြိုစောင့်ရင်း အကဲခတ်တယ်။ အားလုံး ရှင်းလင်းနေတယ်။

အဲလိုနဲ့ မြို့ထဲအထိ ရောက်လာပါတော့တယ်။ မြို့ထဲရောက်တော့ ကုန်သည်လမ်းက အမေရိကန်သံရုံးရှေ့ အထိလည်း ကျနော်က ကြိုကြည့်ပဲ။ အဲဒီ့ကနေ ဆူးလေဘုရား၊ ဆူးလေဘုရားလမ်းအတိုင်း ထောင်တက်သွားကြ၊ အလံပြဘုရားလမ်းအတိုင်း ဆက်သွား။ ကျနော်က လူတန်းနဲ့ မပါဘူး။ ကားနဲ့ဆိုတော့ ကြိုကြို စောင့်ကြည့်နေတာ။ အလံပြဘုရားလမ်းကနေ တိရစ္ဆာန်ရုံဘေးကနေ မြောက်ဘက်ကို တက်ကြတဲ့ အခါကျတော့ ကျနော်က အထက်ပန်းဆိုးတန်းအတိုင်း မြောက်ဘက်ကိုတက်၊ ကန်တော်ကြီး ပတ်လမ်းကနေ ဦးထောင်ဘို အဝိုင်းကို ရောက်၊ ဦးထောင်ဘို အဝိုင်းထိပ်က နန်းတော်ပုံစံ အုတ်တံတိုင်းနဲ့ ဘုန်းကြီးကျောင်း ရှေ့နားလေးမှာ ကားထိုးပြီး စတင် မြင်နေရပြီဖြစ်တဲ့ ကျောင်းသားထု တပ်ဦးကို ကြည့်လို့ ကောင်းနေဆဲမှာ ကျနော့်ကားရှေ့ကို စစ်ကားကြီး ရောက်လာတယ်။ ကားပေါ်က စစ်သားတွေ ကသုတ်ကရက် ဆင်းလာကြတယ်။ ကျနော့်ကို ဖုတ်လေသည့် ငါးပိ ရှိတယ်လို့တောင် မမှတ်ကြပါဘူး။

ဒါပေမယ့် ကျနော် တွက်လိုက်မိတယ်။ ကျောင်းသားတွေဟာ ဦးထောင်ဘိုအတိုင်း အနောက်ဘက်ကို ပြန်ထောင်တက်ပြီး ရွှေတိဂုံဘုရားမှာ စတည်းချကြတော့မယ်ပေါ့။ သူတို့ ဦးထောင်ဘိုထဲကို စဝင်နေချိန်မှာ ကျနော်လည်း ကားကို နောက်ကြောင်းပြန်လှည့်။ ကြားတောရလမ်းထဲက ဖောက်၊ အာဇာနည်ကုန်းကနေ ရွှေတိဂုံဘုရား ခြေရင်းက ပတ်လမ်းအတိုင်း အပြင်းမောင်းသွားလိုက်တယ်။

ဟဲ… ဟဲ… ဘာရမလဲ။ ရွှေတိဂုံ အရှေ့မုခ်၊ ဗဟန်းစောင်းတန်း မရောက်ခင်မှာပဲ ကျနော့ရှေ့က သွားနေတဲ့ စစ်ကားကြီး သုံးစီးကို မားမားကြီး တွေ့လိုက်ပါပြီ။ သိလိုက်ပြီ။ ကျောင်းသားတွေကို ဦးထောင်ဘိုလမ်း အထက်အောက် ညှပ်ပြီး သမတော့မယ်ဆိုတာ။ နို့… ဆရာဗန်းမော်တင်အောင် ပြောသလို ကျနော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်းပေါ့ခင်ဗျာ။ ကျနော်လည်း ရူးကြောင်မူးကြောင်နဲ့ပဲ ဗဟန်း ၃ လမ်းဘက် ပြန်လာ။

ရုန်းရင်းဆန်ခတ်၊ အပြေးအလွှားတွေကို ဦးထောင်ဘိုအဝိုင်းနားမှာ မြင်ရပြီ။ ရိုက်ကုန်ပြီဆိုတာလည်း သိလိုက်ရပါတယ်။ ဇာတ်ပေါင်းတော့ အဲဒီ့ညက ကျောင်းသားတွေသာ မကဘူး၊ နိုင်ငံခြားသတင်းစာဆရာ အသင်းဝင် သတင်းထောက်တယောက်တောင် ပယ်ပယ်နယ်နယ် အရိုက်ခံလိုက်ရပါသေးသကော။

လှည်းတန်းလမ်းဆုံက ဆုတ်ခွာပုံ

အဲဒါက တမှု။ နောက်ဆုံးတမှု အမှတ်ရနေတာကတော့ အထိတ်တလန့်ထက် ရယ်စရာ ပိုကောင်းပါတယ်။ အဲဒါက ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ဖြစ်ခဲ့တာ။ အဲဒါလည်း လှည်းတန်း လမ်းဆုံမှာ ကျောင်းသားတွေ ထိုင်သပိတ်မှောက်ကြတာ။ ညပိုင်းပဲ။

b8b49861861d73c68aee3d8f16bff652_thumbnail_1

ပုံက ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၉ ရက် လှည်းတန်းလမ်းဆုံက ပုံပါ။ အင်ထနက်ထဲက ရပါတယ်။ အေပီသတင်းဌာနရဲ့ ဗီဒီယိုမှတ်တမ်းထဲက ထွက်လာတဲ့ ပုံလည်းပဲ ဖြစ်ပါတယ်။ ဒါက ထိုင်သပိတ်အစအဦးပုံပါပဲ။

ကျောင်းသားတွေနဲ့ အနီးဆုံးမှာ သတင်းထောက်တွေနဲ့ သံရုံး ဝန်ထမ်းတွေ ရှိနေပါတယ်။ သံရုံးဝန်ထမ်းတွေ ထဲမှာ ဒေသခန့် ဗမာဝန်ထမ်းကတော့ ကျနော်တယောက်ပဲ ပါတယ်။ ကျန်တာက နိုင်ငံခြားသားတွေပါ။ ညဥ့်နက်သထက် နက်လာတဲ့အခါ ပွဲကြည့်ပရိသတ်က စဲလာပါတယ်။ သတင်းထောက်တွေထဲက အေပီ သတင်းဌာနက တယောက်ပဲ ကျန်တော့တယ်။ သံရုံးကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ သံရုံးက သံမှူးပဲ ကျန်တယ်။ ကျနော်လည်း ကျန်တယ်။

အာဆီယံနိုင်ငံတနိုင်ငံရဲ့ သံမှူးဆီ “မင်းတို့ကို ဝိုင်းလိုက်ပြီနော်။ အမြန်ဆုံး ထွက်ခဲ့ကြတော့”ဆိုတဲ့ သတင်းကို ပါလေရာဖုန်းနဲ့ လှမ်းပေးသူက အပြင်စည်းကနေ အခြေအနေကြည့်နေတဲ့ တခြားအာရှနိုင်ငံတနိုင်ငံက သံမှူး။ ကျနော်တို့ သုံးယောက် ခေါင်းချင်း ရိုက်ကြတယ်။ ကျနော့်ကားနဲ့ အာဆီယံနိုင်ငံ သံမှူးကားက ဝိုင်းခံထားရတဲ့ စည်းအတွင်းမှာ ရှိနေတယ်။ အေပီသတင်းထောက်က ကားကို အင်းလျားလမ်းမှာ ထားခဲ့တာမို့ စည်းအပြင်မှာ။ သို့သော် သူလည်း စည်းထဲက ထွက်မှ ဖြစ်တော့မယ်။

အာဆီယံနိုင်ငံ သံမှူးက ကျနော့ကို ရှေ့ကမောင်းခိုင်းတယ်။ ကျနော်က နံပါတ်ဖြူနဲ့ပေမယ့် ဗမာဖြစ်နေတော့ တခုခုဆို သူစောင့်ရှောက်နိုင်၊ သတင်းပို့နိုင်အောင် သူက နောက်က လိုက်မယ်တဲ့။ အေပီသတင်းထောက်ကိုလည်း သူ့ကားနဲ့ လိုက်ပါတဲ့။ အိုခေပေါ့။

ကျနော်တို့ ကားနှစ်စီး တန်းစီပြီး ထွက်လာတယ်။ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း။ တက္ကသိုလ် ဆရာဆောင်လောက်မှာ သံဆူးကြိုးတွေ တားထားပါပြီ။ အဲဒီ့ကို အရောက်မှာ စစ်ဗိုလ်တယောက်က ကျနော့်ကားကို တားတာနဲ့ ကျနော်လည်း ရပ်ပေးပြီး မှန်ချပေးလိုက်ပါတယ်။ ကျနော်စီးလာတာက နံပါတ်ဖြူ တိုယိုတာ သရဖူ အမှတ်တံဆိပ်နဲ့ အလွန်ငြိမ့်တဲ့ ကားကြီးပါ။

သူက ဘယ်သံရုံးကလဲလို့ ကျနော့်ကို ဘိုလို မေးပါတယ်။ ကျနော်လည်း သြစထြေးလျသံရုံးလို့ ဘိုလိုပဲ တုံးတိတိ ပြန်ဖြေလိုက်ပါတယ်။ သူက အဲဒီ့အခါကျတော့ ကျနော့်ကို နိုင်ငံကူးလက်မှတ်ပြဖို့ ဘိုလို ပြောပြန်တယ်။ ရယ်ချင်စိတ်ကို အနိုင်နိုင်ထိန်းရင်း “ကျနော် ဗမာပါ ဦးလေးရယ်။ အင့်… ဟောသမှာ ကျနော့် ယာဉ်မောင်း လိုင်စင်”လို့ ဗမာလို ပြောလိုက်တယ်။

အနှီစစ်ဗိုလ်ကြီး စတွန့်သွားတယ်။ မှောင်ကြီးမည်းကြီးထဲမှာပေမယ့် သူမျက်နှာပျက်သွားတာ သိသိသာသာကြီးဗျ။ ကျနော့် ယာဉ်မောင်းလိုင်စင်ကို ဝတ်ကျေတန်းကျေကြည့်ပြီး ကျနော့လက်ထဲ ပြန်ပေးကာ “သွားဗျာ၊ သွား… သွား…”တဲ့။ ကျနော်လည်း ရယ်ချင်ပက်ကျိ မျက်နှာပိုးကို အနိုင်နိုင်သတ်ရင်း မောင်းထွက်လာလိုက်ရပါတော့တယ်။

ဒေသခန့်ဝန်ထမ်းဖြစ်လင့်ကစား

တကယ်တော့ သံရုံးက အဲဒီ့ အလုပ်မှာ လုပ်နေစဉ်က ကျနော့်မယ် ပြောရေးဆိုခွင့် အတော် ရှိခဲ့ပါတယ်။ ကျနော့် အထက်အရာရှိတွေကလည်း ကျနော့်အမြင် ကျနော့်အယူအဆတွေကို တလေးတစား နားထောင်ပေးတယ်။ ကျနော့် အစီရင်ခံစာတွေကိုလည်း ဂရုတစိုက် ရှိခဲ့ကြပါတယ်။

၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင် ဖြစ်လာတဲ့အခါ ကျနော့်အထက်အရာရှိက ကျနော့်ကို မေးပါတယ်။ ဘယ်လို မြင်သလဲပေါ့။ ကျနော့်အဖြေက ကောင်းပါတယ်ပေါ့။ ဘာလို့ ကောင်းတာလဲလို့ မေးတဲ့အခါ ကျနော့်အမြင်ကို လိပ်ပတ်လည်အောင် ရှင်းပြခဲ့ပါတယ်။

နဝတ/နအဖက ပုဂ္ဂိုလ်တွေဟာ တဖက်သတ်သာ ပြောတတ်နေတယ်။ ကျန်တဲ့ တဖက်ရဲ့စကားကို နားထောင်ရကောင်းမှန်း တစက်မှ မသိတတ်ကြတော့ဘူး။ အခုလို အာဆီယံအဖွဲ့ကြီးထဲ ဝင်သွားပြီဆိုရင်တော့ သူတို့ချည်း ပြောနေလို့ မရတော့ဘူး၊ သူများ ပြောတာကိုလည်း နားထောင်အပ်တယ်ဆိုတဲ့ အသိနဲ့ နားထောင်တတ်တဲ့ အလေ့အကျင့်လေးတော့ အနည်းနဲ့ အများ ရလာမှာမို့ ကောင်းတယ်လို့ ပြောတာလို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒါ ကျနော်ပါပဲ။ အဲဒီ့အချိန် နိုင်ငံရေးအခြေအနေအရ မြန်မာ အာဆီယံအဖွဲ့ဝင်ဖြစ်သွားတာကို ပြင်းပြင်း ထန်ထန် သဘောကွဲခဲ့ကြတဲ့ မြန်မာအများစုကြားမှာ ကျနော့်ရဲ့ ရွာပြင်က အမြင်က အဲသလို ရှိခဲ့ပါတယ်။

စီးပွားရေး ပိတ်ဆို့ အရေးယူမှုနဲ့ ကျနော့်သဘောထား

အနောက်နိုင်ငံတွေရဲ့ (စီးပွားရေး) အရေးယူပိတ်ဆို့မှုတွေကိုလည်း ကျနော် အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ ကျနော့်အမြင်က ရှင်းရှင်းလေး၊ အဲသလို အရေးယူပိတ်ဆို့တာတွေသာ အလုပ်ဖြစ်ရိုးမှန်ရင် ကျူးဘားက ကတ်စထြို ပြုတ်ကျသွားတာ အဲဒီ့အချိန်မယ် နှစ်ပေါင်း ၃၀ လောက် ရှိနေတော့မှာပေါ့။ မြောက်ကိုရီးယားလည်း စနစ်ကြီး ပြောင်းသွားမှာပေါ့။ အလုပ်မှ မဖြစ်တာ။

အဲဒီ့ စီးပွားရေး ပိတ်ဆို့မှုဒဏ်ကို ခံရမှာက ထိပ်ပိုင်းက ရေပေါ်ဆီတွေ မဟုတ်ဘူး၊ လူထု။ လူထုမှာမှ သာပေါင်းညာစား မလုပ်တတ်တဲ့ သာမန် လက်လုပ်လက်စားတွေက ပိုထိမှာ မလွဲဘူး။ ကျနော့်အမြင်မှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုဆိုတာဟာ အသံကောင်းဟစ်တာ၊ သူတော်ကောင်း လုပ်တာ သက်သက်လို့ပဲ။

ကမ္ဘာ့ပုလိပ်ကြီးနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တယောက်နဲ့ ၁၉၉၀ လောက်က ဧည့်ခံပွဲတခုမှာ ဆုံတော့ ကျနော် မေးခဲ့ဖူးတယ်။ “ခင်ဗျားတို့ နိုင်ငံတွေက ဘယ်လိုတုန်းဗျ။ ကျနော်တို့ဆီမှာ လက်နက်မဲ့ အရပ်သားတွေ ထောင်နဲ့ ချီပြီး တပ်က ပစ်သတ်တာ ၁၉၈၈ မယ်။ ပေါက်ဖော်ကြီးတို့ တိုင်းပြည်မယ် နောက်တနှစ်မပြည့်ခင် အဲလိုပဲ လက်နက်မဲ့ အရပ်သားတွေ ထောင်နဲ့ချီပြီး တပ်က ပစ်သတ်တာ ကျနော်တို့ဆီမယ် ဖြစ်ပြီး တနှစ်တောင် ကောင်းကောင်းမပြည့်ခင်ပဲလေ။ ကျနော်တို့ကိုကျတော့ ပိတ်ဆို့အရေးယူ၊ ဟိုဟာပြော၊ သည်ဟာပြော၊ ပေါက်ဖော်ကြီးတွေနဲ့ကျတော့ ရေငုံနေတယ်။ အဲဒါ ဘာသဘောလဲဗျာ”လို့ပေါ့။

သူက ကျနော့်ကို တိုးတိုးပြန်ဖြေပါတယ်။ “ကျနော် ပြောတယ်လို့လည်း မပြောနဲ့။ တရားဝင်ပြောတယ်လို့လည်း မမှတ်နဲ့ဗျ။ ရှင်းရှင်းလေးပါ။ စီးပွားရေးပေါ့။ သူတို့ လူဦးရေက သန်းတထောင် ရှိတယ်။ ခင်ဗျားတို့က သန်း ၅၀။ အပ်ပဲ ရောင်းရင်တောင် သူတို့ဆီမှာ အဆ ၂၀ လောက် ပိုရောင်းရမှာဆိုတော့ ရေငုံနေတာပေါ့ဗျာ။ ဒါပေမယ့် အဲလို ရေငုံနေပြန်ရင် သိက္ခာကျမှာစိုးတော့ ခင်ဗျားတို့ နိုင်ငံလို ကိုယ်ကျိုး၊ ကိုယ့်စီးပွား သိပ်မရှိတဲ့ နိုင်ငံလေးတွေအပေါ်ကျတော့ ပြောဆို အရေးယူပေးရတာပေါ့”တဲ့။

img_1770

ဒါက ၁၉၉၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်သွားခဲ့တဲ့ ဒုတိယခေါင်းဆောင်ရေးပေးခဲ့တဲ့ ထောက်ခံစာ အရှည်ကြီးရဲ့ အဆုံးပိုင်းလေးကို ဓာတ်ပုံရိုက်ပြထားတာပါ။ (ကြွားတယ်လို့ မှတ်ချင်မှတ်လက်ကြညော်… တကယ်လည်း ကြွားတာပါ။ သေခါနီးပြီမို့ ရှိတာလေးဒေ ထုတ်ပြသွားရှာဒယ်ဆိုပြီး ခွေးလွှတ်မယ်ဆိုလည်း လွှတ်ကြပေါ့ဂျာ…)

ဒါတွေကို သိမြင်ထားတဲ့အတွက် ကျနော်က ပိတ်ဆို့အရေးယူမှုကို အကြောက်အကန် ကန့်ကွက်ခဲ့ပါတယ်။ အဲဒီ့အချိန်က သြစတြေးလျ အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေးမူဝါဒဟာ သြစတြေးလျနိုင်ငံက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ဖို့ “တားလည်း မတား၊ တိုက်လည်း မတိုက်တွန်း” (neither encourage nor discourage) ဆိုတဲ့ မူဝါဒကိုသာ ကျင့်သုံးခဲ့ပါတယ်။ ကျနော့် ကန့်ကွက်မှုကြောင့်လို့တော့ မပြောရဲပါဘူး။ သို့သော် ကျနော် အကြောက်အကန် ကန့်ကွက်ခဲ့တာလည်း အမှန်၊ အဲဒီ့မူဝါဒနဲ့ ရှိခဲ့တာလည်း အမှန်ပါပဲ။

အဓမ္မခိုင်းစေမှုတဲ့လား

နောက်တခုကတော့ “အဓမ္မစေခိုင်းမှု”ကိစ္စပါပဲ။ ၁၉၉၄ ခုနှစ်မှာ ရတနာ ကမ်းလွန်ရေနံတွင်းရဲ့ အလားအလာကြောင့် ထိုင်းနိုင်ငံဆီ သဘာဝဓာတ်ငွေ့ပို့တဲ့ ပိုက်လိုင်းဆောက်ဖို့ တော စ ရှင်းပါတယ်။ အဲဒီ့မှာ အဓမ္မစေခိုင်းမှု ရှိတယ်ဆိုတဲ့ သတင်းတွေ ပလူပျံအောင် တက်လာတယ်။ ဒါနဲ့ ကျနော် ထားဝယ်ကို သွားပါတယ်။ ကျနော့် အိမ်သူကိုပါ ခေါ်သွားတာပါ။ ပြီးတော့ ကားတစီးငှားပြီး ကလိန်အောင်အထိ သွားကြည့်ခဲ့ပါတယ်။

အဲတုန်းက လမ်းက မသာသေးဘူး။ ထားဝယ်မှာ ကားငှားရတာလည်း ခက်ပါတယ်။ နံပါတ်နက် တိုယိုတာ ပဗ္ဗလစ်ကာလေး တစီး ရတာနဲ့ ကားဆရာကို နောက်ခန်းမှာ ထိုင်ခိုင်း၊ ကျနော်က မောင်း၊ ကျနော့်အိမ်သူက ကျနော့်ဘေးက ထိုင်ပြီး တခါမှ မသွားဖူး၊ မမောင်းဖူးတဲ့ တောင်တက်တောင်ဆင်း လမ်းတွေကို မောင်းသွားခဲ့တာပါ။

old photos tavoy 01တွေ့တာပေါ့။ ပိုက်လိုင်းချဖို့ တောရှင်းနေတဲ့ စခန်းတွေ။ ကျနော့်ကင်မရာလေးနဲ့ ဓာတ်ပုံတွေ ရိုက်ယူခဲ့ပါတယ်။ ကျနော့ဇနီးကို ဆိုင်းဘုတ်အနီကြီး ရှေ့မှာ ထားပြီး ရိုက်ထားတဲ့ ပုံတပုံရဲ့ ဆိုင်းဘုတ်မှာ ရေးထားတာကတော့ “လုပ်အားဖြင့် ဒါနပြုနေသည်”ဆိုတဲ့ စာတန်းကြီးပါပဲ။

အဲလိုနဲ့ ကျနော် ပြန်ရောက်လာတော့ ကျနော့်အစီရင်ခံစာမှာ ပါသွားတာက အနောက်တိုင်းသားတွေ ပြောတော့မှ ကျနော်တောင် အဓမ္မစေခိုင်းခံခဲ့ရဖူးမှန်း သိလာရပါတယ်လို့ပါပဲ။ ဟုတ်တယ်လေ… ကျနော်တို့ မြို့ထဲမှာ နေတုန်းက တခါတလေ တနင်္ဂနွေနေ့ဆိုရင် လမ်းသန့်ရှင်းရေး လုပ်ရမှာမို့ တအိမ်တယောက် လာကြပါလို့ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး (အဲတုန်းက ရပ်ကွက်ကောင်စီပေါ့) က ပြောရင် ပျော်ပျော်ပါးပါး လုပ်ခဲ့ကြတာပဲလေ။ ဘယ်သူကမှ အဲဒါကို အဓမ္မစေခိုင်းတယ်လို့ မမှတ်ကြပါဘူး။ တချို့တွေဆို ပိုက်ဆံ တပြားမှ မရ

old photos tavoy 940606_2

ကျနော့်အိမ်သူက သ့ပုံမထည့်နဲ့ဆိုဒါနက် နောက်ခံကိုပဲ ယူလိုက်ရတာလည်း ဖြစ်၊ အပေါစား ကင်မလာအစုတ်ကလေးနဲ့ ကမန်းကတန်း ရိုက်တာလည်း ဖြစ်တော့ ဝါးနေပါတယ်။
ရေးထားတဲ့ စာက… 
ဤစခန်း၏ ရည်ရွယ်ချက်(၁) လုပ်ငန်းတိုးတက်အောင်မြင်ရမည်။
(၂) ကိုယ်စိတ်ကျန်းမာပျော်ရွှင်ရမည်။
(၃) စည်းကမ်းရှိရမည်။

တဲ့ အဲဒီ့ အလုပ်အတွက်ပဲ အိမ်က ကောက်ညှင်းပေါင်းလေးတောင် ပေါင်းပြီး အချင်းချင်း ဒါနပြုကြသေး… ဟေး… ဟေး…

 

ကျနော်တို့ ယဉ်ကျေးမှု အစဉ်အဆက်မှာက အဲလို လုပ်တာ ဒါနရယ်လို့သာ နားလည်ထားကြပါတယ်။ အခု ပိုက်လိုင်းအတွက် တောရှင်းတော့လည်း လူအများစုက ဒါက ရပ်ကွက်၊ မြို့နယ် အာဏာပိုင်တွေက ခိုင်းတာပဲ၊ လုပ်ပေးရမှာပေါ့ဆိုတဲ့ အသိသာ ရှိကြပါတယ်။ ပိုက်ဆံ ရရမယ် ဘာညာဆိုတဲ့ အသိမရှိဘူး။ အဲတော့ကာ အဓမ္မစေခိုင်းတယ်၊ ဘာတယ်၊ ညာတယ်ဆိုတဲ့ တံဆိပ်တွေ မကပ်ခင်၊ လူထုအနေနဲ့ သူတို့အခွင့်အရေးက ဘယ်လိုရှိတယ်ဆိုတာကို သိအောင် လုပ်ဖို့က အရေးကြီးတယ်ဆိုတဲ့ သုံးသပ်ချက်နဲ့အတူ ကျနော့် အစီရင်ခံစာ တက်သွားပါတယ်။

အဲဒီ့နောက်ပိုင်း လူ့အခွင့်အရေး သင်တန်း ဘာညာသာရကာတွေကို ကျနော့်ကို လုပ်ခလစာပေးထားတဲ့ နိုင်ငံက စတင် လုပ်ဆောင်လာခဲ့ပါတော့တယ်။

ကံထူးသူ ကျနော်

သည်စာစုအစမှာ ရေးခဲ့သလိုပါပဲ။ အင်မတန်ကံထူးလွန်းလို့ အန်ကယ် ဦးကြည်မောင်လို ပုဂ္ဂိုလ်မျိုးနဲ့ ရင်းနှီးခင်မင်ခွင့် ရခဲ့တာပါ။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းချိန်က ကျနော့်အသက်မှ ငါးနှစ် မပြည့်တတ်သေးပါဘူး။

အဲဒီ့အချိန်က ကျနော့်အဖေနဲ့ အမေဟာ သူတို့သားလေးကို မိဘတို့ရဲ့ မေတ္တာစေတနာနဲ့ ထိပ်ဆုံးကို ရောက်ခဲ့စေချင်ကြမှာ ယုံမှားသံသယဖြစ်စရာ မရှိပေမယ့် တနေ့မှာ သူတို့သားဟာ အဲဒီ့ တော်လှန်ရေး ကောင်စီဆိုတဲ့ အာဏာသိမ်းအဖွဲ့ထဲမှာ (သူမသိလိုက်ဘဲ) နာမည်စာရင်းပါခဲ့တဲ့ ဗိုလ်မှူးကြီးတယောက်နဲ့ သိကျွမ်းခင်မင်ခွင့်ရလာလိမ့်မယ်လို့တော့ တွေးမိခဲ့ကြမယ် မထင်ပါဘူး။ အဖေတို့ အခြေအနေနဲ့ ယှဉ်ရင် ဦးကြည်မောင်ဆိုတာ မိုးနဲ့ မြေကြီးလေ။

အလားတူပဲ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ယနေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သိကျွမ်းခွင့်၊ စကားပြောခွင့်တွေရခဲ့မယ်လို့လည်း ကျနော့်မိဘတွေ အိပ်မက်တောင် မက်ခဲ့ဖူးကြမှာ မဟုတ်သလို ကျနော် ကိုယ်တိုင်လည်း အသက် ၃၀ အရွယ်အထိ စဉ်းတောင် မစဉ်းစားမိခဲ့ပါဘူး။ ဒါပေသည့် ကံထူးတဲ့အတွက် အဲလို ပုဂ္ဂိုလ်မျိုးနဲ့လည်း ကြုံဆုံထိတွေ့ခွင့် ရခဲ့ပါတယ်။

သို့ပေတည့် သေသွားရင်တော့လည်း အဲဒါတွေ အားလုံး ထားခဲ့ရမှာပါ။ ဘယ်သူနဲ့ သိခဲ့၊ ရင်းခဲ့သည်ဖြစ်စေ သေမင်းကတော့ ရွေးနေမှာမှ မဟုတ်တာလေ။ ဒါတွေကို ချရေးဖြစ်ခဲ့တာဟာ ကျနော်မသေခင် ကျနော် သိမီသလောက် မှတ်တမ်းမှတ်ရာလေးတခု ကျန်စေချင်တာက အဓိကပါပဲ။

သို့သော် မလွဲမသွေ ပါရှိနေမှာကတော့ ကျနော့်ရဲ့ အတ္တနောမတိပါပဲ။ ပြီးတော့လည်း ဘယ်သူ့ကိုဖြင့် သာစေ၊ ဘယ်သူ့ကိုဖြင့် နာစေဆိုတဲ့ စေတနာဆိုး အလျဉ်းမရှိသည့်တိုင် ကျနော့်အမြင်၊ ကျနော့်သုံးသပ်ချက်များကြောင့် တဦးဦးမှာ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုပါရင် ခွင့်လွှတ်တော်မူကြပါမယ့်အကြောင်းလည်း တလက်စတည်း ဝန်ချတောင်းပန်ထားချင်ပါတယ်။

ဆိုခဲ့တဲ့အတိုင်း သည်ဖြစ်စဉ်ကြီးတခုလုံးမှာ ကျနော်က ပွဲကြည့်ပရိသတ်သက်သက်ပါ။ သို့သော် သာမန်ပွဲကြည့် ပရိသတ်မဟုတ်ဘဲ အလုပ်တာဝန်ရဲ့ စေစားမှုကြောင့် အတော်ထဲထဲဝင်ဝင် မြင်ခွင့် သိခွင့် ကြားနာခွင့်တွေ အပြင် မျက်တောင်မခတ် မပြတ်ကြည့်မြင်ခွင့် ရခဲ့တာမို့ “အထူးတန်း ပွဲကြည့်စင်ပေါ်က ပရိသတ်”လို့ ကျနော့်ကိုယ်ကျနော် သညာပေးခဲ့တာလည်းပဲ ဖြစ်ပါတယ်။ ပွဲကြည့်ပရိသတ်ဖြစ်နေသလို တဖက်ကလည်း နိုင်ငံသားတယောက်၊ စာရေးလိုစိတ်က သွေးထဲသားထဲမှာ အပြည့်နဲ့ လူသားတယောက် ဖြစ်နေတာမို့ ကျနော့်မှာ ကိုယ်ပိုင်အယူအဆတွေ၊ အမြင်တွေလည်း မလွဲမသွေ ရှိနေခဲ့ပါတယ်။

အခုလို မှတ်မိသမျှ ပြန်လည် မှတ်တမ်းတင်ရာမှာလည်း အဲဒီ့ အတ္တနောမတိတွေ မလွဲမသွေ ပါရှိနေခဲ့မှာ ဖြစ်လင့်ကစား တချိန်က ကျနော့်အထက်အရာရှိ ကျနော့်ကို ပြောခဲ့သလို “ရှားပါးလှတဲ့ ဘက်မလိုက်သော အမြင်”နဲ့ တင်ပြနိုင်ခဲ့တယ်လို့ ထင်မြင်မိပါတယ်။ အဲလိုမှ မဟုတ်ဘဲ သည်စာကို ဖတ်ခဲ့ကြရာမှာ လူပုဂ္ဂိုလ် တဦးဦး၊ အဖွဲ့အစည်းတခုခုအပေါ် ဘက်လိုက်ခဲ့တယ်၊ ပင်းခဲ့တယ်၊ ချနင်းခဲ့တယ်လို့ စာဖတ်သူ လူကြီးမင်း ခံစားရတယ်ဆိုပါရင် အဲဒါဟာ ကျနော့်ရဲ့ အရေးအသား မလိမ္မာမှု၊ စကားပြော ရမ်းကားမှုကြောင့်သာ ဖြစ်နေလိမ့်မယ်လို့ မမှိတ်မသုန် ယုံကြည်ပါတယ်။

ပြောခဲ့တဲ့အတိုင်း ကျနော်က ပွဲကြည့်ပရိသတ်သာ ဖြစ်ခဲ့ပါတယ်။ ဝင်ကန်နေတဲ့ အားကစားသမား မဟုတ်ပါဘူး။ ကိုယ့်မြို့ ကိုယ့်နယ် အသင်းကိုပဲ စွတ်အားပေးမယ်ဆိုတဲ့ စိတ်နဲ့ မကြည့်ဖြစ်ခဲ့တာ ကျနော့်ကိုယ် ကျနော် အသိဆုံးပါ။

ဘယ်သူ နိုင်နိုင်၊ ရှုံးရှုံး ကျနော့် အပူမဟုတ်ပါဘူး။ ဘောလုံးဝါသနာရှင်တယောက်အနေနဲ့ ဘယ်သူကဖြင့် ခြေစွမ်းပြနိုင်တယ်၊ ဘယ်သူကဖြင့် ညစ်တယ်၊ ဘယ်သူက လူကျွံတယ်၊ ဒိုင်က ဘယ်ဘက်က ပင်းနေတယ်ဆိုတာမျိုးတွေကို အသင်းစွဲ မပါဘဲ မြင်သမျှ ချရေးလိုက်တဲ့ ပွဲကြည့်ရဲ့ မှတ်ချက် (commentary) သဘောမျိုးပါပဲ။

သည်ထဲကမှ နောက်ထပ် ကစားမယ့်အသင်းတွေအနေနဲ့ ယူစရာရှိတဲ့ ကောင်းတာလေးတွေ၊ ပယ်စရာ ရှိမယ့် ဆိုးတာလေးတွေကို မိမိတို့ ကိုယ်ပိုင်ဉာဏ်များနဲ့ ဆင်ခြင်ကောက်ယူသွားနိုင်စရာ တစုံတရာ ရလာကြမယ် ဆိုရင်ဖြင့် ကျနော် သည်စာကို ရေးရကျိုးနပ်နေမှာပါ။

ကျနော့်အတွက်ကတော့ ဆိုခဲ့တဲ့အတိုင်းပါပဲ၊ မနေနိုင် မထိုင်နိုင် ချရေးလိုက်ပါတယ်။ ကျနော် ချစ်ခင် လေးစား အားထားရတဲ့ ပရိသတ်ရှေ့မှောက်ကိုလည်း ချပြလိုက်ပါတယ်။ ပရိသတ်ကပဲ အဆုံးအဖြတ် ပေးတော်မူကြပါတော့ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၀၇၀၁၁၉၊ ၁၈၂၁)

 

 

ဆိတ်ကွယ်ရာမရှိ

သင်ခန်းစာနော်

တယောက်ယောက် မှားသွားရင်၊ လွဲသွားရင်၊ ချာသွားရင် အပြစ်ပြောရတာ၊ ကဲ့ရဲ့ရတာ လွယ်ပါတယ်။ ခက်တာက သူများအမှားကနေ ကိုယ့်အတွက် အမြတ်ထုတ်တတ်ဖို့ပါ။

နိုင်ငံတော်သမ္မတ လစ်လပ်နေရာမှာ ဘယ်သူဖြစ်လာမလဲဆိုတဲ့ စိတ်ဝင်းစားမှုကိုတောင် ကျော်လွှားသွားနိုင်ခဲ့လေတဲ့ ဗမာကျော် အုပ်စုဖွဲ့ ကျိတ်ပြောစကားတွေ လူမှုမီဒီယာတခွင် ပြဲပြဲစင်အောင် ပျံ့နှံ့ကုန်တဲ့ ဖြစ်ရပ်ကို ပြောချင်တာပါ။

သည်ကိစ္စမှာ ကျွန်တော်မြင်လိုက်မိတာကတော့ အားလုံး ယူထိုက်တဲ့ သင်ခန်းစာသာ ဖြစ်ပါတယ်။

သူတို့က ဗမာကျော်တွေမို့၊ ကိုယ်က ပါချီပါချက်မို့ မဆိုင်ဘူး မမှတ်ပါနဲ့။

အင်ထနက်ကို သုံးနေသမျှ ဘယ်လိုမှ တိုးတိုးတိတ်တိတ်မဟုတ်နိုင်ဘူးဆိုတာကို သင်ခန်းစာ ယူကြဖို့က အင်မတန် အရေးအကြီးပါတယ်။

ဖြစ်ဖူးခဲ့ပါ၏

ရှေ့မှာလည်း ဖြစ်ရပ်တွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပါ။ သူတို့က သူတို့ပုံလေးတွေ လှတပတလို့ ထင်ပြီး တင်တယ်။ မသမာသူက ယူသွားတယ်။ မဟုတ်တရုတ်စာမျက်နှာတွေမှာ ဖြန့်တော့မှ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ရသူတွေလည်း မြင်ဖူးပါတယ်။

pexels-photo-230554.jpegဟိုတရက်က ပြောလိုက်တဲ့ ခံစားတဲ့ဦးနှောက်ကို ရှေ့တန်းတင်တယ်၊ ဆင်ခြင်တဲ့ ဦးနှောက်နဲ့ မစဉ်းစားဘဲ ထင်ရာ မြင်ရာ ပြောချလိုက်တယ်၊ ပြီးတော့မှ စကားမှားသွားမှန်း သိပြီး မိနစ်ပိုင်းအတွင်း ပြန်ဖျက်တယ်။ မမီတော့ဘူး။ ကိုယ်တင်တာကို ဓာတ်ပုံရိုက်ယူလိုက်တဲ့သူက ယူပြီးနေပြီ။ ဖြန့်ပြီးနေပြီ။ ငြင်းမရတော့ဘူး။

ကျွန်တော်ကိုယ်တိုင်တောင် လုပ်ဖူးသေးတယ်။ မူးလို့ပါဆိုပြီး အကြောင်းပြနဲ့ ကျွန်တော်နဲ့ နှစ်ယောက်ချင်းကြားမှာ (အုပ်စု မဟုတ်ဘူးနော်၊ နှစ်ယောက်ထဲ) သူ့ကို စေတနာထားသူ၊ ချစ်ခင်သူတွေကို စော်ကားမော်ကား ပြောထားတဲ့ စကား။ ကျွန်တော် ချက်ချင်း ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။ သူပြောသူတွေကိုတော့ ပြန်မပြပါဘူး။ သို့သော် သူ့ကို ပြင်းပြင်းထန်ထန် သတိပေးဖို့အတွက် အဲဒီ့ ဓာတ်ပုံကို သုံးတာပါ။ မောင်မင်းရဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်၊ မရပ်ရင် ဟောဒီ့မှာ အထောက်အထားနဲ့ မောင်မင်း လူတောထဲ တိုးမရအောင် လုပ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက် သတိပေးရတော့တာပါ။ တခါတည်းကို မိတ်ပျက်သွားပေမယ့် သူအတော် ဆင်ခြင်သွားတာကတော့ အမြတ်ပါပဲ။

“ကောင်မကြီး”နဲ့ ကျွန်တော်

ဟိုးနှစ်ပေါင်းများစွာက ဖွဘုတ်မှာပဲ ကျွန်တော့်ရဲ့ “ကောင်မကြီး”ဆိုတဲ့ အသုံးအနှုန်းကြောင့် ပွက်လော အတော်ရိုက်သွားခဲ့ဖူးပါတယ်။ ကျွန်တော့်ဘာသာ အဆက်ဟောင်းတယောက်ကို ရည်ညွှန်းလိုက်တာပါ။ “ကောင်မလေး”လို့ ပြောတာကျ ဘယ်သူမှ မနာပေမယ့် “ကောင်မကြီး”လို့ ပြောလိုက်တာကျတော့ နာလိုက်ကြတဲ့ မိန်းမတွေဗျာ၊ နည်းမှတ်လို့။ သွားလေသူ ဆရာမကြီးတယောက်တောင် ပါသေးတယ်။

ကျွန်တော်ကတော့ အဲဒီ့ပို့(စ်)ကို ယနေ့ထက်တိုင် ဖျက်မပစ်ခဲ့ပါဘူး။ စကားလုံး အသုံးအနှုန်းနဲ့ ပတ်သက်လို့လည်း နောင်တ မရမိတာလည်း ပါပါတယ်။ တဖက်သားကို စော်ကားလိုတဲ့ စိတ်နဲ့ သုံးလိုက်တာ မဟုတ်မှန်း ကျွန်တော့်လိပ်ပြာ ကျွန်တော် အသိဆုံးပဲလေ။

ဘာပဲဖြစ်ဖြစ်၊ အဲဒီ့ကတည်းက ကျွန်တော် တော်တော် မှတ်သွားခဲ့ပါတယ်။ ဖွဘုတ်မှာ စကားလုံး အသုံးအနှုန်းကို အလွန်ဂရုစိုက်ရတယ်ဆိုတဲ့ နီတိကိုလည်း အသည်းစွဲအောင် မှတ်သွားပါတော့တယ်။

လူနည်းတာ များတာ ပဓာနမဟုတ်

ရှိသေးတယ်။ သည်စာရင်းမှာတော့ မဟုတ်ဘူး။ ကျွန်တော့် နာမည်ရင်းနဲ့ လူနည်းနည်းလေးပဲ ရှိတဲ့စာရင်းမှာပါ။ အဲတုန်းက လူ ၂၀၀ ကျော်ပဲ ရှိပါသေးတယ်။ (ခုတော့ ၄၀၀ နည်းနည်းစွန်းလာလို့ စိတ်ပိန်နေပါတယ်။ မကြာခင် လျှော့ချမှာပါ။) အဲဒီ့မှာ လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က ကျွန်တော်နဲ့ တွဲခဲ့ဖူးတဲ့ ကျွန်တော့် ပထမဆုံး ရည်းစားနဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို တင်မိခဲ့တာပါပဲ။

မိတ်ရင်းဆွေချာ ဒေါ်တိကျတယောက်က ပြင်းပြင်းထန်ထန် အသည်းအသန် ကန့်ကွက်ပါတယ်။ နှစ်တွေ ကြာခဲ့ပြီ ဖြစ်သော်ငြား တဖက်သားရဲ့ မိသားစုကို ငဲ့ကွက်သင့်တဲ့အကြောင်းက အဓိကပါ။ ဒေါ်တိကျက ငယ်တော့ ဟို တယောက်နဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ သူက မူကို ပြောနေတာပါ။

ကျွန်တော် အဲဒီ့ပုံကို ဖြုတ်ချခဲ့ရဖူးပါတယ်။ ဒါပေမယ့် နောက်ကျသွားလောက်ပြီဆိုတာလည်း တွေးလိုက်မိပါတယ်။ ရှိနေတဲ့ မိတ်ဆွေ ၂၀၀ ကျော်ထဲက မည်သူမဆို ကူးယူထားလိုက်နိုင်တယ်ဆိုတာကို တွေးမိလို့ပါ။

သင်ခန်းစာတွေပါပဲ။

နောက်တချက်က အရက် ဘီယာမူးနေရင် ဖွဘုတ်ပေါ် ယောင်လို့တောင် မတက်မိအောင်၊ တက်မိရင်လည်း ဘာမှ မရေးမိအောင် ဆင်ခြင်ဖို့ လိုပါတယ်။ အဲဒီ့အချိန်မှာ ဆင်ခြင်တဲ့ ဦးနှောက်က ထိုင်းမှိုင်းပြီး အလုပ်မလုပ်တော့ဘဲ ခံစားတဲ့ ဦးနှောက်က တက်တက် လွှမ်းမိုးတတ်တာကိုး။

အခုလည်းပဲ အုပ်စုဖွဲ့ ကျိတ်ပြောစကားတွေက ဆိုခဲ့တဲ့အတိုင်း ဒုသမ္မတ သတင်းထက်တောင် လှုပ်ခတ်သွားခဲ့ပါတယ်။ လှုပ်ခတ်နေဆဲပါပဲ။

သင်ခန်းစာ သုံးရပ်

ပါဝင်တဲ့ အကြောင်းအရာကို မဝေဖန်လိုပါဘူး။ အားလုံးက သူ့သဘော သူဆောင်နေကြတာပဲလေ။ ဒါပေမယ့် ယူရမယ့် သင်ခန်းစာ အကြီးကြီးကတော့ ရှိပါတယ်။

ပထမဆုံးကတော့ အထက်က ပြောခဲ့တဲ့ အင်ထနက်ရဲ့ မလုံခြုံမှု သဘောပါ။

ဒုတိယက ပိုအရေးကြီးပါတယ်။ အဲဒါက အဲဒါမျိုးဖြစ်သွားခဲ့သည်ရှိသော် ဘယ်လို တုံ့ပြန်မလဲဆိုတာပါ။

ဘာမှ မလုပ်တတ်သေးရင် ငြိမ်ပြီး အသာလေးကြည့်နေတာက အကောင်းဆုံးပဲလို့ မြင်မိပါတယ်။ ဟိုက်… ရွှေကျိုးတော့ နည်းပြီ၊ တခုခုတော့ လုပ်မှဆိုပြီး သွေးရူးသွေးတမ်း ထလုပ်ခြင်းဟာ ဖွပ်သထက် ညစ်သွားစေတတ်တယ်ဆိုတဲ့ သင်ခန်းစာပါပဲ။

တတိယက မှားသွားရင်း မှားသွားကြောင်း ဝန်ခံတောင်းပန်တာပါ။ အဲဒါဟာ လိမ်ညာ ဖုံးဖိဖို့ အားထုတ်တာထက် ခြောက်သွားတဲ့လက် ပြန်စိုမလာတောင် သွေ့သွေ့လေးဖြစ်လာအောင် ပံ့ပိုးပေးနိုင်ပါတယ်။ သည်သင်ခန်းစာကိုလည်း သည်ဖြစ်ရပ်က ပေးသွားပြန်ပါတယ်။

ကျွန်တော့်ပင်ကိုစရိုက်နဲ့ အဖွဲ့တို့ရဲ့ သဘာဝ

ကျွန်တော်လည်း အဲလို အုပ်စုဖွဲ့ ကျိတ်ပြောတာတွေထဲမှာ ထင်းခွေမကြုံ၊ ရေခပ်ကြုံရတတ်ပါတယ်။ မိနစ်ပိုင်းအတွင်းမှာ အဲဒီ့လို အဖွဲ့တွေထဲက ထွက်ချလိုက်တာပါပဲ။ အဓိကကတော့ တယောက်ပြောလိုက်တိုင်း ကိုယ့်ဆီမှာ အသိပေးစာတွေ တတိန်တိန်နဲ့ တက်လာတာကို သည်းမခံနိုင်လို့ပါ။ ကျွန်တော့်မှာ နှောင့်ယှက်သံကို သည်းမခံနိုင်တဲ့ ရောဂါ အရင့်အမာ ရှိပါတယ်။ ဖုန်း ထမြည်ရင်တောင် အလိုလို စိတ်တိုတတ်တဲ့ ရောဂါမျိုးနဲ့ကိုး။

အင်ထနက်ပေါ်က အဖွဲ့တွေကိုလည်း ကျွန်တော် တတ်နိုင်သမျှ ရှောင်ပါတယ်။ မလည်မဝယ်တုန်းက သီချင်းအဖွဲ့တဖွဲ့ထဲ စိတ်ဝင်စားလွန်းလို့ ဝင်မိဖူးတယ်။ သီချင်းဆိုသူ ဘယ်သူမှန်း မသိလို့ မသိဘူးလို့ ရေးတင်မိတာနဲ့ ကျွန်တော့်ကို အသားလွတ် နင်ပဲငဆ အပြောခံလိုက်ရပါတယ်။ ပြောသူက ဘယ်သူမှန်းလည်း ကျွန်တော် ယနေ့ထက်တိုင် မသိပါဘူး။

နာမည်ရင်းနဲ့ စာရင်းဖွင့်ထားသူ ဖြစ်ပေမယ့် သွားလည်း ကြည့်မနေတော့ပါဘူး။ အတော့်ကို ရိုင်းရိုင်းပြပြ ပြောလို့ပါ။ ပြောသူကို အပြစ်မတင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိပါတယ်။ အဖွဲ့တွေထဲ ဝင်ချင်ဦးဟဲ့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးမ လိုက်ပါတယ်။ အဲဒီ့အဖွဲ့ကို ဘယ်တော့မှ ပြန်မသွားတော့ပါဘူး။ သီချင်း နားမထောင်ရလို့ သေသွားမှာမှ မဟုတ်တာလေ။

မနေ့တနေ့က ထပ်ကြုံလိုက်ရပြန်တယ်။ အဲဒီ့အဖွဲ့ထဲ ကျွန်တော် ဘယ်လိုပါ သွားမှန်းတောင် မသိဘူး။ စီမံရေးရာ အဖွဲ့ဝင်တောင် ဖြစ်နေတယ်။ အဲဒီ့မှာ တယောက်က လာရေးတဲ့ အချက်တခုကို ကျွန်တော်ဆိုတဲ့ အမှတ်မရှိသော သတ္တဝါက ပြန်ဆွေးနွေးမိတယ်။

ဟား… ဘာပြောကောင်းမလဲ၊ ပုဂ္ဂိုလ်ရေးအရ ရိသဲ့သဲ့ ပြန်အပြောခံရတဲ့အပြင် မဆီမဆိုင် နောက်တယောက်က သံပြတ်နဲ့ သည်အဖွဲ့မှာ သည်လို မဖြစ်သင့်ဘူး၊ ဟိုလိုမဖြစ်သင့်ဘူးဆိုတဲ့ အာဏာသံပြင်းပြင်းနဲ့ ပြောထည့်လာပြန်ပါတယ်။ သူက သာမန်အဖွဲ့ဝင်ပါ။ စီမံရေးရာ တာဝန်ယူထားသူဆိုလည်း ထားတော့။ သူ့လေသံက ထန်လွန်းတော့ အကြောင်းအရာ မှန်နေဦးတောင် လက်ခံဖို့ ခက်ခဲနေတာကို သူကိုယ်တိုင် ရိပ်စားမိပုံမပေါ်ဘူး။

ကျွန်တော် တာ့တာ ပြလိုက်ပါတယ်။ ပထမအဖွဲ့ကိုလည်း အမှတ်ရသွားတယ်။ ဘယ်အဖွဲ့နဲ့မှ မပတ်သက်တော့ဘူးဆိုတဲ့ ကျွန်တော့်ဉာဉ်ကိုလည်း ထပ်လောင်း အားဖြည့်လိုက်ပါတယ်။ တော်လောက်ပြီလေ။ လက်တွေ့လောကထဲက အဖွဲ့တွေထဲမှာ ဘယ်အဖွဲ့မှာမှ မပါခဲ့ဖူးပေမယ့်၊ ယုတ်စွအဆုံး လမ်းစဉ်လူငယ်တို့၊ လမ်းစဉ်ပါတီတို့လို ကျွန်တော်တို့ခေတ်က လူတိုင်းလိုလို မလွှဲမရှောင်သာ ပါရတဲ့ အဖွဲ့တွေထဲတောင် ယောင်လို့ ခြေဦးမလှည့်ခဲ့ဖူးပေမယ့် အင်ထနက်ဆိုတဲ့ အတုအယောင်လောကက အဖွဲ့တွေထဲမှာ အကြောင်းအရာကို စိတ်ဝင်စားလို့ ဝင်ပါမိထားတာတွေ ရှိပါတယ်။ အဲဒါတွေကို ရပ်တန်းက ရပ်ပါတော့မယ်။

တချို့က ကျွန်တော့်ကို အဖွဲ့ဝင်အဖြစ် ထည့်ထားတာတွေလည်း ရှိပါတယ်။ ကျွန်တော် ဘယ်အဖွဲ့ကိုမှ မသွားပါဘူး။ မကြည့်ပါဘူး။ အားနာလို့ ငြိမ်နေတာသာ ဖြစ်ပါတယ်။

အုပ်စုဖွဲ့ ကျိတ်ပြောတာတော့ ကျွန်တော့်မှာ ရှိပါတယ်။ သားတွေ သမီးတွေနဲ့ ပြောတဲ့အခါပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တဖက်က လင်မယားနှစ်ယောက်နဲ့ ပြောတဲ့အခါ ဖြစ်ဖြစ်၊ အုပ်စုအနေနဲ့ ပြောဖြစ်ပါတယ်။ အလွန်ဆုံးမှ ၃-၄-၅ ယောက်ပေါ့။

ဒါကတော့ ကျွန်တော့်ရဲ့ ပင်ကိုစရိုက်နဲ့ သက်ဆိုင်ပါလိမ့်မယ်။ ကျန်တဲ့သူတွေကတော့ သဘောပါ။

သို့သော်… အဖွဲ့တွေနဲ့ ပတ်သက်လို့ တခုတော့ သတိထားသင့်ပါတယ်။

ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် စိတ်မချရ

ဒါလည်း ကျွန်ေတာ့်အတွေ့အကြုံပါပဲ။ မိန်းမတွေချည်းပဲ စုထားတဲ့ လျှို့ဝှက် အဖွဲ့တဖွဲ့ရှိဖူးပါတယ်။ အိမ်ထောင်သည်တွေချည်းပဲလား ဘာလားတော့ မမှတ်မိတော့ဘူး။ သူတို့ မိန်းမချင်း ပြောကြတာ။ ကျွန်တော်နဲ့ လားလားမှ မသက်ဆိုင်ပါဘူး။

အဟဲ… သို့သော်… အဲဒီ့အဖွဲ့ထဲမှာ အပြင်မှာ ဟန်တလုံး ပန်တလုံးနဲ့ မဟာ့မဟာ အိန်ဒလေ့ရှင် မမ တယောက် ကာမကိစ္စတွေကို ဘယ်လို ပြောဒယ်ဆိုတာ သိခွင့်ရခဲ့ဖူးသဗျ။ အဲ့ထဲက အဖွဲ့ဝင်တယောက်ကပဲ ပြန်ဖောက်သည်ချတာပါ။ သူရေးထားတာတွေကို ကျကျနန ရိုက်ကူးထားတဲ့ ဖန်သားပြင်ဓာတ်ပုံနဲ့တကွပေါ့နော်။

ဘယ်အဖွဲ့မှာဖြစ်ဖြစ် အားလုံးအတွက် ဆင်ခြင်စရာ ရမယ် ထင်ပါတယ်။

အစက ပြောခဲ့တာကို ပြန်ကောက်ပြီး နိဂုံးချုပ်ပါရစေ။

သူများကို အပြစ်ပြောရတာ၊ ကဲ့ရဲ့ရတာ လွယ်ပါတယ်။ ခက်တာက သူများအမှားကနေ ကိုယ့်အတွက် အမြတ်ထုတ်တတ်ဖို့ပါပဲခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၂၆၀၃၁၈)

(ပုံကို အင်ထနက်က ယူထားပါတယ်။)

လူစိတ်နဲ့ လူ့စိတ်

ကြောက်ခမန်းလိလိ

ဟုတ်မဟုတ်တော့ မသိဘူး။ တဆင့်ကြား စကားမို့ အဲလို ပြောရတာပါ။

သည်နှစ်မှာ သမရိုးကျ ဗမာကားတကား အလွန်ပေါက်သွားတယ်။ သည်မှာတင် အဲဒီ့ကားမှာ ပါတဲ့ မင်းသားလေးရဲ့ ဈေးလည်း ထိုးတက်သွားပါတယ်။ ကားကြီး (ရုပ်ရှင်)တကားအတွက် သူ့သရုပ်ဆောင်ခက သိန်း ၈၀၀ ပါတဲ့။ ရိုက်ရက်က ၁၀ ရက်ပဲ ပေးပါမယ်တဲ့။ အဲ… အဲလိုဆိုလို့ သူ့ကို ရက်ချိန်းယူထားဖို့က ၂၀၁၉ အတွက် မရနိုင်တော့ဘူးဆိုပဲ။ ရှိသမျှ ဆူပါ မင်းသားတွေရဲ့ ဈေးကိုတောင် အပြတ်အသတ် ကျော်တက်သွားပြီတဲ့။

ပြည်တွင်း အခွန်က တာဝန်ရှိသူတွေတော့ ဘယ်လို တွက်ချက်ကောက်ခံနေကြတယ် မသိဘူး။ တကား သိန်း ၈၀၀၊ ရိုက်ရက် ၁၀ ရက်၊ တလကို ၁၀ ရက်ပဲ ရိုက်တယ်ထား၊ တနှစ်ကို ကားကြီး ၁၂ ကား၊ သိန်း တသောင်းနား ကပ်နေပါပြီ။

အောင်မြင်တာ၊ ပိုက်ဆံရတာ မုဒိတာ ပွားစရာ ကောင်းပါတယ်။ ဟောလီးဝု(ဒ်) သရုပ်ဆောင်တွေ ရတဲ့နှုန်းနဲ့ ယှဉ်ရင် အပုံကြီးလည်း နည်းမှာပေါ့နော်။

ဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ

ဒါပေမယ့် အဲဒါဟာ ကနေ့ ဓာတ်ရှင်လောကရဲ့ ပြဿနာပါပဲ။

ဟိုနေ့က ဓာတ်ရှင်မျိုးရိုးတယောက်က ပြောသွားတယ်။ ရိုက်ရက် ၄ ရက်ပဲ ပေးတဲ့ မင်းသမီး။ အဲတော့ ဘယ်လိုလုပ်ပြီး အရည်အသွေးကောင်းမလဲပေါ့။ သူပြောတာ သိပ်မှန်တာပေါ့။

ဒါပေသည့် အဲလို ၁၀ ရက် သိန်း ၈၀၀ တန် မင်းသား၊ ရိုက်ရက် ၄ ရက်ပဲ ပေးတဲ့ မင်းသမီးနဲ့မှ ဓာတ်ရှင်ဖြစ်မှာလား။

မဟုတ်ဘူးဆိုတာ အခု မျက်နှာသစ်တွေနဲ့ အောင်မြင်သွားတဲ့ ဖြစ်ရပ်က သက်သေပြနေပါတယ်။

အဓိကက စေတနာပါ။ ဇာတ်ကားအပေါ် စေတနာထားတာ၊ ပရိသတ်အပေါ် စေတနာ ထားတာပါ။ ကိုယ်ရိုက်တဲ့ ဇာတ်ကားလေးကို ကောင်းစေချင်တဲ့ စေတနာ၊ ကိုယ့်ပရိသတ်ကို အကောင်းဆုံးပေးချင်တဲ့ စေတနာလေး ပျောက်ဆုံးနေကြတယ်။

ဘယ်မျက်နှာကို ကြည့်နေကြသတုံး

ဓာတ်ရှင်ဟာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အင်မတန် ပိုက်ဆံရတဲ့ လုပ်ငန်း။ ပိုက်ဆံနောက်ကို ကောက်ကောက်ပါအောင် လိုက်ချင်စရာ။

လူတိုင်း ငွေမက်တာပဲ။ ကျွန်တော်လည်း မက်တာပဲ။ ဒါပေသည့် ပိုက်ဆံသိပ်လိုချင်ရင် ဓားပြသာ ထွက်တိုက်လိုက်မယ်၊ ကိုယ့်ပရိသတ်ကိုတော့ နှပ်ပစ်ဖို့ (ခေတ်စကားနဲ့ ပြောရင် ဂျင်းထည့်ဖို့) စိတ်မကူးဘူးဆိုတဲ့ အခြေခံ လူစိတ်ကလေးတော့ ရှိသင့်တယ် ထင်တာပဲ။

အခုဟာက ပြောရတာ အားနာစရာ ကောင်းပါတယ်။ ဂျင်းကားဆရာတွေက ငွေမျက်နှာ တမျက်နှာတည်းကိုပဲ ကြည့်နေကြတာ။ ငွေရဖို့အတွက် သရဲမရဲ စီးနေကြတာ။ ဒါ့ကြောင့် ပရိသတ်ကြိုက် မင်းသား မင်းသမီးကို ဈေးကြီးတွေ နင်းကန်ပေး၊ ရိုက်ရက်မရလည်း ရတဲ့ ရက်ကလေးမှာ အတင်း ဖျစ်ညှစ်ရိုက်၊ သူတို့ပါတယ်ဆိုတာနဲ့ လုပ်စားဖို့ပဲ ဦးစားပေးနေတာပါ။

ကားကောင်းရေးလား၊ လာမပြောနဲ့၊ ဟိုလူ့ပုံချ၊ ဟိုအဖြစ် ပုံချဖို့ တစက်မှ ဝန်မလေးဘူး၊ ပြန်ပြောထည့်ပလိုက်မယ်။ ကိုယ်ကတော့ ဘယ်တော့မှ အပြစ်မရှိတဲ့သူ။ အပြစ်မရှိဘူး ပြောရင်းနဲ့ ကိုယ်အဖြစ်မရှိတာပေါ်နေမှန်းလည်း maxresdefaultမရိပ်စားမိကြ။

အမှတ်တံဆိပ်ရဲ့ တန်ဖိုး

တကယ့်တကယ် သိန်း ၈၀၀ ဆိုတာ မနည်းပါဘူး။ ဓာတ်ရှင်တကား ရိုက်ဖို့အတွက် အတော်အတန် လုံလောက်နေတဲ့ ပမာဏပါ။ အသစ်တွေနဲ့သာ ရိုက်မယ်၊ မရိုက်ခင်ကတည်းက လက်ကြားမယိုအောင် အသေးစိတ် ပြင်ဆင်ထားမယ်ဆိုရင် အဲဒီ့ သိန်း ၈၀၀ နဲ့တောင် ဇာတ်ကားတကား ကောင်းကောင်း ရိုက်နိုင်ပါတယ်။

သည်ကုမ္ပဏီက ထွက်တဲ့ ကားဆိုရင် ဘယ်သူရိုက်ရိုက် ဘယ်သူပါပါ ကောင်းတယ်ဆိုတာမျိုးဖြစ်အောင် တချိန်က မန္တလေးရုပ်ရှင်က အားထုတ်ခဲ့ဖူးပါတယ်။ အမှတ်တံဆိပ် ထူထောင်တာပေါ့။

ဒါကိုပဲ ဒါရိုက်တာ ကိုဘယ်သူ၊ မဘယ်ဝါ ရိုက်ရင် ဘယ်သူပါပါ ကောင်းတယ်ဆိုပြီးတော့လည်း ဒါရိုက်တာ အမှတ်တံဆိပ် ထူထောင်လို့ ရပါတယ်။

သို့သော် အဲသလို ထူထောင်ဖို့အတွက်ကျတော့ ဇာတ်ကားအပေါ်၊ ပရိသတ်အပေါ် စေတနာထားဖို့၊ သစ္စာရှိဖို့လေးပဲ လိုပါတယ်။ အဲသလို ကိုယ့်အမှတ် တံဆိပ် ကိုယ်အခိုင်အမာ ထူထောင်ပြီးပြီဆိုတာနဲ့ ရလာမယ့် ငွေကလည်း ဂျင်းကားက ရတဲ့ ဝင်ငွေနဲ့ သိပ်ကွာမှာ မဟုတ်တော့တာလည်း အသေအချာပါ။

ဓမ္မိယလဒ္ဓ (တရားသဖြင့်ရရှိသောအရာ)

ကွာနေမှာကတော့ ဂျင်းထည့်ပြီး ရတဲ့ ပိုက်ဆံက စင်ကြယ်သော ငွေမဟုတ်ဘူး။ အပင်းအဆိပ်တွေပါ။ စေတနာနဲ့ လုပ်ကိုင် ဆောင်ရွက်ပြီး ရတဲ့ ပိုက်ဆံက အင်မတန် မွန်မြတ်ပါတယ်။ ချိုမြိန်ပါတယ်။

ငွေရှာနေသူ ဘယ်သူပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး အခွန်ဌာနပဲဖြစ်စေဦးတော့ သူများ အိပ်ကပ်ထဲက ပိုက်ဆံကို နှိုက်တာပါ။

အတင်းနှိုက်မယ့်အစား အိပ်ကပ်ပိုင်ရှင်က ကျေနပ်တဲ့ မျက်နှာနဲ့ သူ့အိပ်ကပ်ထဲက ပိုက်ဆံကို သူ့လက်နဲ့ ကျေကျေနပ်နပ် နှိုက်ပြီး ကိုယ့်အိပ်ကပ်ထဲ ကြည်ကြည်ဖြူဖြူ ထည့်ပေးတာမျိုးကိုပဲ ကျွန်တော်တော့ စားချင်တယ်။ ငြူငြူစူစူနဲ့ ပေးတဲ့ ပိုက်ဆံ၊ မလွှဲသာလို့သာ ပေးလိုက်ရတယ်၊ ကွယ်ရာမှာ မဲ့ရွဲ့သွားရတဲ့ ပိုက်ဆံမျိုးကိုတော့ လျှာမှာ မြက်ပေါက်နေပါစေ၊ မစားဘူးဆိုတဲ့ စိတ်ကလေးက ကျွန်တော် အခုတလော ဆွေးနွေးဖြစ်နေတဲ့ လူစိတ်လို့ မြင်မိရပါတယ်။

ဘာနောက်ကို လိုက်ကြမလဲ

လူငယ်တွေကို ကျွန်တော် ပြောနေကျ စကားတခွန်း ရှိပါတယ်။ နာမည်ကောင်း၊ ဂုဏ်သတင်းကောင်းရဲ့ နောက်မှာ ပိုက်ဆံတွေ အမြောက်အမြား ရှိပါတယ်။ ပိုက်ဆံရဲ့ နောက်မှာတော့ နာမည်ပျက်ကိန်း၊ ဂုဏ်သတင်းပျက်ကိန်းက အမြဲကပ်လိုက်နေပါတယ်လို့။

အခု မြန်မ့ာရုပ်ရှင်က နာမည်ပျက်၊ ဂုဏ်သတင်းပျက်နေပါပြီ။ အချိန်မီ အဖတ်ဆယ်ကြဖို့ ရုပ်ရှင်လောကသားအားလုံး ကြိုးစားကြရတော့မယ် ထင်ပါတယ်။

လူ့စိတ်ကို ရှေ့တန်းတင်ပြီး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ သဘောထားနဲ့ ငွေနောက်ကိုပဲ သည်းသည်းမည်းမည်း ဆက်လိုက်ကြမလား။ လူစိတ်ကလေး မွေးပြီး ကိုယ့်အလုပ်ကို စေတနာပါပါနဲ့ ကောင်းကောင်းမွန်မွန် လုပ်ဖို့ အားထုတ်ကြမလား။

အားလုံး ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ့်ကုသိုလ်နဲ့ ကိုယ်၊ ကိုယ်အကုသိုလ်နဲ့ ကိုယ်ပါပဲဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၂၂၀၃၁၈)

ပုံက Bridges of Madison County (1995) ဇာတ်ကားထဲက ဇာတ်ဝင်ခန်း ပုံပါ။ အဲဒီ့ကားမှာ မင်းသမီး Meryl Streep ဟာ အမျိုးသမီး သရုပ်ဆောင် အော်စကာ ဆန်ခါတင်စာရင်း ဝင်ခဲ့ပါတယ်။ ကလေး နှစ်ယောက်အမေ အသက် ၅၀ ဝန်းကျင် အဘွားကြီးတယောက် အိမ်ထောင်ရေး ဖောက်ပြန်မှု ဇာတ်လမ်းလို့ပဲ အတိုဆိုရပါလိမ့်မယ်။ သို့ပေမင့် ဇာတ်ကားကြည့်သူ ပရိသတ်က ဖောက်ပြန်သူ အမျိုးသမီးကြီးကို အပြစ်မမြင်ဘဲ သနားအောင် ရိုက်ပြနိုင်ခဲ့ပါတယ်။ မင်းသားက Clint Eastwood ပါ။ ကုန်ကျစရိတ် ဒေါ်လာ ၂၂ သန်း ရှိခဲ့ပေမယ့် ၁၈၂ သန်း ပြန်ဝင်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဘာ လူငယ်သရုပ်ဆောင်မှ မပါဘဲ အဘိုးကြီး အဘွားကြီးနှစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့ အဲလောက် ငွေပြန်ပေါ်တဲ့ ဇာတ်ကားပါ။ အစက Spielberg ကိုယ်တိုင် ရိုက်ဖို့ကြံခဲ့သေးပေမယ့် မရိုက်ဖြစ်ခဲ့ပါဘူး။

ဒီမိုခရက်တစ် အာဏာရှင် ဖြစ်ချင်ကြပါသလား

27750025_10213857428202897_2584576942854188819_nကျက်သရေ ဝေလီဝေလင်း

မနေ့မနက်က မိုးမလင်းခင် လေယာဉ်ကွင်းအသွား လမ်းမှာ ဒါကို တွေ့တော့ ပြုံးမိရပါတယ်။

အငှားယာဉ်တစီးရဲ့ နောက်မှန်မှာ ပိုက်ဆံအကုန်ခံ၊ စထစ်ခါကို စာထွင်းပြီး ကျကျနန ကပ်ထားတာပါ။

အစိုးရကို ဝေန်တာ မင်းအပြစ် မဟုတ်ဘူး။ ကိုယ့်ရှေ့က အမှိုက်တောင် မကောက်ပဲ (သတ်ပုံမှန်က ဘဲ) ဝေဖန်ရေးပဲ ထိုင်လုပ်နေရင်တော့ မင်းအပြစ်ဖြစ်သွားပြီတဲ့။

အောက်က Bill Gates လို့လည်း ရေးထားသေးတယ်။ ခပ်တည်တည်ပဲ။

စဆရကတွေက ဖွဘုတ်ပေါ်မှသည် ကားနောက်မှန်အထိ တက်လာပါပေါ့လားလို့ တွေးမိပြီး ပြုံးမိရတာပါ။

အမြင်လွဲ၊ အယူတိမ်း

ရုတ်တရက်တော့ သူပြောတာ ဟုတ်သလိုလို။ ဒါပေမယ့် နည်းနည်းလေး ခေါင်းသုံးလိုက်တာနဲ့ ဒါဟာ ဆင်ခြင်ဉာဏ်နုံနဲ့တဲ့ စကားမှန်း သိသာပါတယ်။

ဝေဖန်ရေးအပေါ် လူအတော်တော်များများရဲ့ သဘောထား လွဲနေတာကို ထုတ်ဖော်ပြသနေတာပါပဲ။ တလောက သွားလေသူ နာမည်ကျော်တယောက် လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဝေဖန်ခံရတာကို ဆတ်ဆတ်ခါပြီး စာမျက်နှာထက်ကနေ ဝေဖန်သူတွေကို ယဉ်ယဉ်ကျေးကျေး ဆဲထားတဲ့ စာလေးကို ရေနှူးနေကြတာတွေ ဖွဘုတ်မှာ တွေ့လိုက်ရသေးတယ်။ အကျဉ်းချုပ်ကတော့ ကားနောက်မှန်က သည်စာသားနဲ့ မနီးရိုးစွဲပဲ။

ကိုယ်ဘာမှ မလုပ်နိုင်ရင် မဝေဖန်နဲ့ဆိုတဲ့ သဘော။

ဟား… ဆင်ခြင်ဉာဏ်ကင်းလိုက်ကြတာ…

လူနဲ့ ဝေဖန်ရေး သဘာဝ

သိပ်အဝေးကြီး ကြည့်စရာ မလိုပါဘူး။ ၄-၅-၆ နှစ်အရွယ် ကလေးလေးက ပြောတယ်၊ ဘွားဘွားကြီးက မွှေးနေတာပဲတဲ့။ ရေချိုးပြီးစ သနပ်ခါးအဖွေးသားနဲ့ ဘွားအေကို ဖက်ရင်း ပြောလိုက်တယ်။ ဒါ ဝေဖန်တာပဲ မဟုတ်ပါလား။

အဲဒီ့ကလေးလေးကပဲ သူ့အဖေက ခုခေတ်ဟန် ဂျင်းဘောင်ဘီ အပြဲအစုတ်ကို ဝတ်လာတာ တွေ့တော့ ဖေဖေ့ ဘောင်းဘီကြီးကလဲ အပြဲကြီးလို့ ပြောလိုက်ပြန်တယ်။ ဒါလည်း ဝေဖန်တာပဲလေ။

အဲဒီ့ကလေးက အိမ်ရှေ့ဝရံတာမှာ ထိုင်ရင်း လမ်းသွားလမ်းလာတွေကို ကြည့်ပြီး ပြောချင်တာတွေ ပြောနေနိုင်ပါသေးတယ်။ ဟို အဒေါ်ကြီးက မည်းလိုက်တာ၊ ဟိုဦးလေးကြီးက သနားစရာ၊ ဟိုအန်တီကြီးက ဝတုတ်ကြီး၊ ဟိုအန်ကယ်ကြီးက ပိန်ပိန်ရှည်ရှည်ကြီး…

ဒါက ကလေး။

လူကြီးမိဘတွေကရော ကျွန်တော်တို့ ငယ်စဉ်တောင်ကျေး ကလေးဘဝမှသည် သူတို့ မသေမချင်း ကျွန်တော်တို့ကို ဝေဖန်ခဲ့ကြတာပဲ မဟုတ်ပါလား။

ခွေးဖြစ်မယ့် အကောင်၊ ဟိုကလေးရဲ့ မစင်ကို ကျွေးရမယ်၊ လူလေးက လက်တောက်လောက် ရှိသေးတယ်၊ မိဘကို ခံပြောတာ ငရဲအိုးထဲ စောက်ထိုးကျတော့မှာ၊ ပိုက်ဆံလေး ရှာနိုင်လာတော့ လူဝါးဝလာတယ်၊ ခွာရာတိုင်းချင်လာတယ်… စုံတကာ့ကို စေ့လို့။

သူငယ်ချင်းတွေကရော၊ တခြား ပတ်ဝန်းကျင်ကရော… တေ့တေ့တင်တင် အဝေဖန်မခံဖူးတဲ့သူ ရှိလို့လား။

ဘုရားသော်မှ မရှောင်သာ

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၊ ယေရှုခရစ်တော်၊ တမန်တော်မိုဟာမက်တို့ရော ဝေဖန်ရေးနဲ့ ကင်းနိုင်ခဲ့ကြလို့လား။ အမနာပ အပြောမခံခဲ့ကြဘူးလို့လား။

ပထမနမူနာက ကလေးလေးပဲဖြစ်ဖြစ်၊ ဒုတိယနမူနာက မိဘတွေပဲဖြစ်ဖြစ်၊ တခြားတခြားသောသူငယ်ချင်းတွေ၊ ပတ်ဝန်းကျင်က လူတွေ၊ သူစိမ်းတွေထဲက အမနာပ ပြောသူတွေ၊ ဝေဖန်ကဲ့ရဲ့ သူတွေကို အမှိုက်လေးတောင် ကောက်ဖော်မရလို့ဆိုပြီး ဝေဖန်တာ အပြစ်လို့ သွားပြောတာမျိုးဟာ တော်တော့်ကို ဆင်ခြင်ဉာဏ်နည်းလှတယ်ဆိုတာ ထင်ရှားနေပြီ မဟုတ်ပါလား။

တချိန်က အင်မတန် လက်သံပြောင်တဲ့ ရုပ်ရှင်ဝေဖန်ရေးဆရာ အကျော်အမော် စိန်ခင်မောင်ရီဆိုတာ ရှိဖူးတယ်။ အဲဒီ့ခေတ်က ရုပ်ရှင်သမားတွေရဲ့ မေတ္တာကို အတုံးလိုက် အတစ်လိုက် ခံယူခဲ့ရသူပေါ့။ ပရိသတ်ကတော့ ဆရာ့ ဝေဖန်ရေးတွေကို တခုတ်တရ စောင့်ဖတ်ခဲ့ကြရပါတယ်။ အဲဒီ့ ဆရာဟာ ရုပ်ရှင်သာ ဝေဖန်နေပါတယ်၊ ကိုယ်တိုင် ရုပ်ရှင်တကား ရိုက်ဖူးဖို့ ဝေးစွ၊ ရုပ်ရှင် ရိုက်ရာမှာ မှန်ထိုး မီးထိုးတောင် မလုပ်ဖူးတဲ့သူပါ။ အဲဒါနဲ့ပဲ သူ မဝေဖန်ရတော့ဘူးလား။

အခါခါလည်း ရေးဖူးတယ်။ ဟင်းချက်တတ်ချင်မှ ချက်တတ်မယ်၊ ပေါ့တယ်၊ ငန်တယ်၊ စပ်တယ်၊ ခါးတယ်၊ ဆီချေးစော်နံတယ်၊ တူးနံ့ရတယ်၊ အသားက မလတ်ဘူး စသဖြင့် ပြောတတ်ကြပါတယ်။ အဲလိုပြောသူကို မီးဖိုချောင် အရိပ်တောင် မနင်းဖူးပဲနဲ့ ပြောရကောင်းလားလို့ သွားပြောရင် ဝေဖန်သူ ရူးတာလား၊ ပြောသူ ရူးတာလား။

ခက်တာက

ဆင်ခြင်ဉာဏ်ကို အမြစ်ပြတ်ချေမှုန်း သုတ်သင်တဲ့ ပညာရေးစနစ်ကို ၁၉၆၄ ခုနှစ်မှာ စတင်ခဲ့တာပါ။ ဒါ့ကြောင့် ကနေ့ ၆၀ တန်းနဲ့အောက်ဟာ ဆင်ခြင်ဉာဏ်ရေချိန် နည်းသထက် နည်းနည်းလာပါတော့တယ်။ ဗမာပြည်မှာ လူဖြစ်ရသူတွေအနေနဲ့ အသက်ငယ်လေ ဆင်ခြင်ဉာဏ် နည်းလာလေလို့ ယေဘုယျ ဆိုနိုင်ပါလိမ့်မယ်။ (ခြွင်းချက်တွေကို ထောက်မပြစေချင်ပါဘူး။ ယေဘုယျဆိုတဲ့ စကားကို မမေ့မလျော့ ထည့်ထားပါတယ်။)

အဲတော့ စောစောက ပြောခဲ့တဲ့ သွားလေသူ နာမည်ကျော်အပါအဝင် လူအတော်များများဟာ ဆင်ခြင်ဉာဏ်ထက် ကိုယ့်ထိ မချိအောင် နာပြသူတွေက တနေ့တခြား ပိုပိုပေါလာသလိုပဲ။

သည်အထဲမှာမှ ကိုယ့်အစိုးရကို ဝေဖန်ရင် ကြားထဲကနေ အခြောက်တိုက် ရင်နာပြီး ဆတ်ဆတ်ထိ မခံဖြစ်နိုင်ကြသူတွေရဲ့ အကဲပိုမှုကလည်း တကယ်တော့ ဆင်ခြင်ဉာဏ် နည်းတဲ့နေရာမှာ ဧတဒဂ် ဘွဲ့ခံလောက်အောင် အုံနဲ့ ကျင်းနဲ့ တွေ့နေရပါတယ်။

အဝေဖန်မခံချင် လူဆက်မလုပ်နဲ့

အစိုးရကို အသာထား၊ ရပ်ကွက်လူကြီးလောက် လုပ်ရင်ကို အကောင်းပြောမယ့်သူ၊ အဆိုးပြောမယ့်သူ၊ ဓမ္မဓိဋာန်ကျကျ ဝေဖန်သုံးသပ်မယ့်သူ၊ လူပေါင်းစုံ ရှိနေတော့မှာ မလွဲတဲ့ အချက်ကို မျက်စိလျှမ်းနေကြတာပါပဲ။

နီတိအနေနဲ့ကတော့ လူမှန်ရင် အဝေဖန်ခံရမှာချည်းပါပဲ။ ဒါက စကားအဖြစ် ပြောတာပါ။ တိရစ္ဆာန်တွေတောင် လူတွေရဲ့ ဝေဖန်ချက်က ပြေးမလွတ်ပါဘူးနော်။ ဟိုခွေးကြီးကို ဆိုးလိုက်တာ၊ သည်ခွေးလေးက သိပ်အဟောင်သန်တာပဲ၊ သည်ကြောင်မက ဟင်းခိုးစားတတ်တယ်၊ ဟိုကြောင်လေးက ရောဂါသည်ထင်တယ် ပိန်ညှော်လို့ စသဖြင့်ပေါ့။ သို့သော် တိရစ္ဆာန်က လူစကား နားမလည်တော့ ဆွေ့ဆွေ့ခုန်ရကောင်းမှန်း မသိကြဘူးပေါ့။ ကားလည်း မမောင်း၊ မရှိတော့ ကားမှန်က တဆင့် တိရစ္ဆာန်တွေ စဆရက လုပ်လို့ မရဘူးပေါ့။

ဝေဖန်ရင် အကဲဆတ်တာ အာဏာရှင်ပါ

သည်စကားကို အထူးဖွင့်ဆိုစရာ မလိုပါဘူး။ ၁၉၆၂ ခုနှစ်ကစပြီး ယနေ့ထက်တိုင် ဝေဖန်လို့၊ သတင်းရေးလို့ ပုဒ်ထီး ပုဒ်မ အမျိုးမျိုး အတပ်ခံရပြီး အကျဉ်းစံရသူတွေ အရေအတွက်၊ အနှိပ်စက်ခံရသူ အရေအတွက်၊ ဒုက္ခပေးခံရသူ အရေအတွက်က နည်းမှ မနည်းတာ။

ဘယ်အာဏာရှင် နိုင်ငံမှာမှ စာနယ်ဇင်း လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသိအမှတ်မပြုပါဘူး။ ခွင့်မပေးပါဘူး။ သူတို့ရဲ့ အုပ်ချုပ်ရေးကို ဝေဖန်ပြောဆိုသူကို ရန်သူလို့ အတိအလင်း သတ်မှတ်ပြီး အရေးယူအပြစ်ပေးနေကြပါတယ်။

ကားမှန်မှာ စာရေးတဲ့သူကို သွားမေးရင် သူ့ကိုယ်သူ ဒီမိုကရေစီ ဘက်တော်သားကြီးလို့ ပြောကောင်း ပြောနိုင်ပါတယ်။ ဒါပေမယ့် သူရေးတဲ့စာဟာ သူ့သွေးသားထဲက အာဏာရှင်စိတ်ကို ဖော်ကျူးနေမှန်း သူကိုယ်တိုင် တစက်ကလေးမှ သတိထားမိမယ် မထင်ပါဘူး။

လူတွေမှာ ပါးစပ်တွေ ပါတယ်ဆိုတာကို မမေ့ကြပါနဲ့

သူများသာ ပြောနေရတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း တချိန်က ကျွန်တော့်ကို ဝေဖန်ရင် မချိအောင် နာတတ်ခဲ့ဖူးပါတယ်။ လူသိရှင်ကြားသာ ဘာမှ သိပ်မတုံ့ပြန်ခဲ့တာပါ။ ကျွန်တော့် ဝမ်းထဲမှာတော့ ကျိတ်ပြီး ဆွေ့ဆွေ့ခုန်တတ်ခဲ့ဖူးပါတယ်။

ဒါပေသည့် အခုနောက်ပိုင်းတော့ နေတတ်လာပါတယ်။ စာရေးသူ ဘဝကို အသာထားဦး၊ အခုလို ဖွဘုတ်မှာ တောင်တောင်အီအီ ရေးပြီး လူသိရှင်ကြား တခုခု ချပြပြီဆိုကတည်းက ပြောချင်တဲ့သူလူတကာ ပြောချင်တာ လာပြောဖို့ အလိုလို လမ်းဖွင့်ပေးလိုက်သလို ဖြစ်နေပါပြီ။ အဲဒါကို
ဆင်ခြင်မိခြင်းနဲ့အတူ လူတွေမှာ ပါးစပ်တွေပါတယ်၊ ပြောချင်တာ ပြောလိမ့်မယ်ဆိုတဲ့ စိတ်ကလေးကို မွေးနိုင်နေပါပြီ။ အရင်ကဆို ဆဲတဲ့သူတွေကို ကျွန်တော့်ဆီ ဝင်ကြည့်လို့ မရအောင် ပိတ်ခဲ့ဖူးပါတယ်။ အခုတော့ ဘယ်သူ့ကိုမှ ပိတ်မထားတော့ဘူး။ ဆဲလည်း သူ့သဘော သူဆောင်နေတာပဲ၊ သူ့အကြောင်း လူသိတာပဲလို့ တွေးတတ်လာပါပြီ။

လူတွေမှာ ပါးစပ်တွေ ပါတဲ့အတွက် ပြောချင်တာ ပြောကြမယ်၊ ဆဲချင်လည်း ဆဲကြမယ်၊ ဝေဖန်ချင်လည်း ဝေဖန်ကြပါလိမ့်မယ်။ ဒါကို မမေ့သင့်ကြဘူးလို့ ထင်ပါတယ်။

ဝေဖန်ရေးထဲက အမြတ်

သည်လို ပြောတဲ့အတွက် လာရေးတဲ့ မှတ်ချက်တွေကို ကျွန်တော်လစ်လျူရှုထားတယ် မမှတ်ပါနဲ့။ အကုန် ဖတ်ပါတယ်။ အဲဒီ့ထဲကမှ ကျွန်တော့်ရဲ့ ဟာကွက် ပျော့ကွက်ကို ထောက်ပြတာတွေ့ရင် ကျေးဇူးတင်တဲ့အကြောင်း ပြောပါတယ်။ ပြီးတော့ အမှားကို ပြင်ပေးပါတယ်။ ဒါကတော့ စာရေးသူဘဝ အစအဦးကတည်းက အစဉ်တစိုက် လုပ်ခဲ့တဲ့ ကျွန်တော့်အကျင့်ပါပဲ။

အစိုးရအဖွဲ့ဝင်များ၊ ရဟန်းသံဃာများအပါအဝင် ကျွန်တော်တို့ လူသားတွေအားလုံးဟာ အလုံးစုံ ထိုးထွင်းသိမြင်တဲ့ ဉာဏ်တော်အနန္တနဲ့ ဘုရားရှင်တွေ မဟုတ်ကြပါဘူး။ သာမာန် အနုဉာတ ပုထုဇဉ်များသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သိထားတာဟာ အကန့်အသတ်နဲ့သာ ဖြစ်နေကြမှာ ဖြစ်သလို အယူအစွဲတွေရဲ့ ပယောဂဒဏ်ကိုလည်း လူတိုင်း ခံနေကြရသူချည်းပါပဲ။ အဲဒီ့ အသိ၊ အဲဒီ့ အစွဲတွေကြောင့် ကျွန်တော်တို့ ပြုသမျှ အမှုတိုင်းဟာ စင်းလုံးမချောနိုင်ရုံသာမက မှားတာ၊ လွဲတာ၊ ချော်တာ အနန္တနဲ့ ပြည့်ဝနေမှာလည်း မလွဲပါဘူး။

အဲတော့ ဝေဖန်လာတဲ့အခါ ကိုယ့်အမှား ကိုယ့်အလွဲကို ရင်ဖွင့်ကြိုဆိုလိုက်တာနဲ့အမျှ ကိုယ့်ရဲ့ အသိဉာဏ်အဆင့်က အလိုလို မြင့်လာတော့မှာပါ။ ဒါဟာ ဝေဖန်ရေးထဲက ကောက်နုတ်ယူနိုင်တဲ့ ဧရာမအမြတ်အဖြစ် သုံးသပ်ဆင်ခြင်နေမိရပါတယ်။

ဝေဖန်ကြတဲ့အထဲမှာ ခပ်ညံ့ညံ့ခပ်ချာချာတွေလည်း ပါလာမှာ မလွဲသလို ဆဲသံတွေလည်း ကြားရမှာပါ။ ဒါကိုတော့ တဦးချင်းစီရဲ့ သဘောထားအတိုင်း ခံယူရုံပါပဲ။ လစ်လျူရှုမလား၊ အဆဲကို အဆဲနဲ့ တုံ့ပြန်မလား၊ ဒါမှမဟုတ် လုံးလုံး ရှောင်ကြဉ်မလား။ ကြိုက်တာ ရွေးနိုင်ပါတယ်။ အဲဒီ့မှာလည်း ဆင်ခြင်ဉာဏ်ကတော့ စကားပြောနေဦးမှာလည်းပဲ ဖြစ်ပါတယ်။

အချုပ်

ဝေဖန်ရေးဟာ ဒီမိုကရေစီ စနစ်အတွက် မရှိမဖြစ်လိုအပ်ချက်ပါ။ အတိုက်အခံဆိုတာလည်း ဒီမိုကရေစီစနစ်မှာမှ ထွန်းကားတာပါ။

အတိုက်အခံတွေ၊ ဝေဖန်ချက်တွေကို လက်မခံဘူး၊ အတိုက်အခံလုပ်သူ၊ ဝေဖန်သူတွေကို ရန်သူ မှတ်နေမယ်၊ အပြစ်ပြောနေမယ်ဆိုရင် လူကြီးမင်းဟာ ဒီမိုကရေစီဆိုပြီး လေးဘက်ထောက် ကုန်းအော်နေလင့်ကစား အာဏာရှင် စိတ်ထားက တပြားမှ မလျှော့နိုင်သေးသူသာ ဖြစ်နေမယ်ဆိုတဲ့အကြောင်းလောက်တော့ သဘောပေါက်သင့်ပါတယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(နေပြည်တော် – ၁၄၀၂၁၈)