ကလေးတွေမှာ ငြင်းပိုင်ခွင့် ရှိတယ်

စာတပုဒ် ဖတ်လိုက်ရပါတယ်။ အဘိုး၊ အဘွားတွေအနေနဲ့ မြေးလေးတွေကို မဖက်ခင် မနမ်းခင် ကလေးဆီက ခွင့်ပြုချက် အရင်တောင်းသင့်တယ်လို့ သားသမီးထိန်းကျောင်းမှု ကျွမ်းကျင်သူတွေက ဆိုလိုက်တဲ့အကြောင်းပါ။

အလွန်အနမ်းသန်ကြတဲ့ အနောက်တိုင်း လူမှုမီဒီယာမှာတော့ အုတ်အော်သောင်းသဲ ဖြစ်သွားတယ်။ အဓိပ္ပာယ်မရှိတာ၊ ရူးကြောင်ကြောင်အတွေးအခေါ်ပဲ စသဖြင့်ပေါ့။

သူတို့ပြောတာ ကျနော်တော့ လက်ခံမိတယ်။Image result for fly kiss

အဘိုးအဘွားတွေလည်း မြေးလေးတွေကို ချစ်ပါတယ်။ သားအချစ် မြေးအနှစ်လို့ ဆိုကြတယ် မဟုတ်လားနော်။

ချစ်ရင် ကလေးကို ပျိုးထောင်တဲ့နေရာမှာ ဝိုင်းဝန်းကူညီသင့်ပါတယ်။

နှစ်များစွာက ကျနော် ရေးဖူးပါတယ်။

ကလေးကို မလိမ်ရဘူးလို့ မိဘက သွန်သင်တယ်။

ဒါပေမယ့် ကလေးရှေ့မှာ မိဘ ကိုယ်တိုင်က ဧည့်သည်လာတဲ့အခါ အိမ်ထဲ ဝင်ပုန်းနေပြီး ဖေဖေတို့ မရှိဘူးလို့ ပြောလိုက်လို့ ခိုင်းတာမျိုးဟာ ကလေးကို မလိမ်နဲ့ ပြောပြီး အလိမ်သင်တာသာ ဖြစ်နေတဲ့အကြောင်း။

အခုကိစ္စမှာလည်း အတူတူပါပဲ။

ကလေးကို လူကြီးတွေက ဖက်တာ၊ နမ်းတာ မခံရဘူးလို့ သွန်သင်တယ်။ ကိုယ့်ကိုယ်ခန္ဓာကို ကိုယ်သဘောမတူဘဲ အထိအကိုင် မခံရဘူးလို့ သွန်သင်တယ်။

ဒါပေမယ့် ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေက ထင်တိုင်း နမ်းနေတာကျတော့ ခံနေရတယ်ဆိုရင် ကလေးက သွန်သင်မှုကို ဘယ်လို နားလည်ခံယူသွားမလဲ။

တော်တော် စဉ်းစားစရာ ကောင်းလှပါတယ်။

နောက်တချက်က သူ့ရဲ့ သဘောဆန္ဒကို လေးစားရမှာက မိဘအပါအဝင် သူ့ကို ပျိုးထောင်နေသူတိုင်းရဲ့ တာဝန်လို့ နားလည်ပါတယ်။

ကလေး စိတ်ကြည်နေတဲ့အခါ ရှိမယ်၊ စိတ်ရှုပ်နေတဲ့အခါ ရှိမယ်၊ သူချစ်တဲ့သူ၊ သူလိုလားတဲ့သူ ရှိမယ်၊ သူမလိုလားတဲ့သူ သူမချစ်တဲ့သူလည်း ရှိမယ်၊ သူလည်း လူသားလေးပဲလေ။

အဖေမို့ ချစ်ကိုချစ်ရမယ်၊ အမေမို့ ချစ်ကို ချစ်ရမယ်လို့ လှေနံဓားထစ်လို့ မရပါဘူး။

သည်အခါမှာ မိဘကိုယ်တိုင်က သူ့သဘောဆန္ဒကို ထည့်သွင်းစဉ်းစားဖို့ မလိုဘူးလား။

သမီးကို မေမေ နမ်းမယ်နော်… သမီး ခွင့်ပေးမလား…

သားကို ဖေဖေ ဖက်ချင်တယ်… ဖက်ခွင့်ပေးမလား…

ရုတ်တရက်တော့ အတော်အူကြောင်ကြောင်နိုင်တဲ့ စကားတွေ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။

ဒါပေသည့် ကလေးရဲ့ လွတ်လပ်သော သဘောဆန္ဒမပါဘဲ ဘယ်လူကြီးကမှ သူ့ကို ထင်ရာ မလုပ်နိုင်စေတဲ့ အသိနဲ့ အကျင့်ကို သူ့ရင်ဘတ်ထဲ သံမှိုနှက်လိုက်သလို စွဲမြဲသွားစေမယ့် အလေ့အထကောင်းလို့ ကျနော်ဖြင့် မြင်မိရပါတယ်။

ကလေးငယ်လေးတွေကို မဖွယ်မရာပြုမှုတွေ လျော့နည်း ပပျောက်သွားအောင် ဆောင်ရွက်ကြရာမှာ ဒါသည်လည်း အလွန်ထိရောက်တဲ့ နည်းတနည်းပဲလို့ တွေးနေမိရပါတယ်။

စာဖတ်သူ လူကြီးမင်းရော… ဘယ်လို မြင်ပါသလဲခင်ဗျာ…

( မူရင်း သတင်းဆောင်းပါး – https://bit.ly/2kelH3F )

Different Kinds of Fatherly Love

ချစ်ကြသူချည်းသာ

ဖအေ (၁)

အသေးစား ယာဉ်တိုက်မှုတစ်ခုနဲ့ ကြုံလိုက်ရပါတယ်။ ပျက်နေတာ နှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီဖြစ်ပေမယ့် ယနေ့ထက်တိုင် ပြင်ဆင်ခြင်း မရှိတဲ့ ရန်ကုန်မြို့လယ်နဲ့ မလှမ်းမကမ်းက လမ်းဆုံအချက်ပြမီးတိုင် နယ်ပယ်အတွင်းမှာပါ။

အချိန်က ညနေ ငါးနာရီဝန်းကျင်မို့ ယာဉ်သွားယာဉ်လာ ရှုပ်ထွေးကြပ်သိပ် လွန်းနေပါတယ်။ အဲလိုအချိန်မှာ အချက်ပြမီးတိုင်ကလည်း ဆိုခဲ့တဲ့အတိုင်း ပျက်နေ၊ ထိန်းသိမ်းကွပ်ကဲပေးမယ့် တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှလည်း ရှိမနေဘဲ ယာဉ်မောင်းချင်းသာ နားလည်မှုနဲ့ အဆင်ပြေသလို ကြည့်မောင်းနေရတာမို့ သည်လိုအနေအထားမှာ ယာဉ်တိုက်မှု ဖြစ်ဖို့က သိပ်ကို လွယ်ကူနေပါ တယ်။ ကျွန်တော်မကြုံလည်း အဲဒီ့နေရာမှာ တခြားသူတွေလည်း ကြုံရနိုင်ချေက ၅၀ % အထက်မှာ ရှိနေတဲ့အနေအထားလို့ပဲ လွယ်လွယ်ဆိုကြပါစို့ရဲ့။

သေချာတာတစ်ခုကတော့ ကျွန်တော့် ကားဦးက တခြားကားတစ်စီးရဲ့ ဘယ်အစိတ်အပိုင်းကိုမှ တိုက်မိခိုက်မိခဲ့တာ မဟုတ်ဘဲ တခြားကားတစ်စီးရဲ့ ကားဦးကသာ ကျွန်တော့်ကားရဲ့ ဝဲဘက်ခြမ်းကို ဝင်တိုက်တာပါ။ ပြီးတော့ ကျွန်တော့်ကားက ရွေ့လျားနေတာလဲ မဟုတ်ပါဘူး။ သူ ဝင်တိုက်ချိန်မှာ ကျွန်တော့်ကားက လမ်းလေးခွဆုံရဲ့ အလယ်တည့်တည့်လောက်မှာ ဆက်သွားလို့ မရသေးလို့ တန့်နေချိန်၊ တစ်နည်းပြောရရင် ရပ်ထားချိန်မှာ သူက ဝင်တိုက်လိုက်တာဖြစ်ပါတယ်။

တိုက်လိုက်သူက လူငယ်ယာဉ်မောင်းလေးပါ။ ကျွန်တော့်သားအရွယ်လောက်သာ ရှိပါသေးတယ်။ သူ့ကားပေါ်မှာ တခြားလူငယ်လေးတွေလည်း ပါလာကြတယ်။ သူတို့က ကျွန်တော့်ဆီက အလျော်လိုချင်ကြပါတယ်။ သို့ပေမယ့် အဲသလို ပြောတော့လည်း မခံချင်ကြရှာဘူးခင်ဗျ။ အလျော်မလိုချင်ရင်လည်း ကိစ္စပြီးလိုက်လေဆိုတော့လည်း မဟုတ်ဘူး။ အမှားအမှန်ကို ငြင်းချင်နေကြပါတယ်။ ယာဉ်ထိန်းရုံးကိုလည်း သွားမယ်လို့ ပြောလားလည်း ပြောနေရဲ့။ ပြောသာ ပြောနေတာ။ သူတို့ ဖုန်းဆက်ခေါ်နေတာက ယာဉ်ထိန်းရုံးလည်း မဟုတ်ဘူးခင်ဗျ။ သူတို့ဖအေကို လှမ်းခေါ်တာ။

ယာဉ်ကိုလည်း သူတို့ကပဲ နေရာ ရွှေ့ပါတယ်။ ကျွန်တော် တားမနေပါဘူး။ လူငယ်လေးတွေ၊ အုပ်စုလေးကလည်း တောင့်နေတော့ ရမ်းကားချင်တဲ့ သဘောကို တွေ့နေရတာမို့ အကျယ်အကျယ် မဖြစ်ချင်တာနဲ့ သည်တိုင်းပဲ ကြည့်နေလိုက်ပါတယ်။

တကယ်တမ်းမှာ သူ့ကားလည်း ကြီးကြီးမားမား ပျက်စီးမသွားသလို ကျွန်တော့်ကားဆိုလည်း အရာတောင် မထင်ပါဘူး။ မောင်းသူဘက်ကသာ သတိလေးနဲ့ မိမိရရ အရှိန်သတ်နိုင်ခဲ့ရင် တိုက်မိစရာတောင် အကြောင်းမရှိတဲ့ အခြေအနေမျိုးပါ။ အဲတော့ အမှန်က တစ်ယောက်နဲ့ တစ်ယောက် အေးအေးဆေးဆေး ကျေကျေနပ်နပ်နဲ့ ပြီးသွားနိုင်တာမျိုးပါ။ သို့ပေမယ့် ကျွန်တော့်ကား ဘာမှ မဖြစ်သည့်တိုင် သူ့ကားလည်း ဒဏ်ရာ မပြင်းသည့်တိုင် သူ့ကားကိုတော့ နည်းနည်းပါးပါး အသေးစား ပြုပြင်ဖို့တော့ လိုပါတယ်။ ယာဉ်ကိုယ်ထည်ပိုင်း ပြုပြင်သူ မိတ်ဆွေရင်းချာသာ ရှိရင်တော့ အခမဲ့လောက်နီးနီး၊ ဒါမှမဟုတ်လည်း ငါးထောင် တစ်သောင်း အကုန်ခံလိုက်ရုံနဲ့ ပြီးလောက်တဲ့ အသေးစားပြုပြင်မှုမျိုးပါ။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက် ကျေအေးပြီး ကိုယ့်လမ်းကိုယ် ဆက်သွားလိုက် ရင်လည်း ပြီးနိုင်တာမျိုးပါ။

ဒါပေမယ့် ကိုယ်တော်လေးတွေက ပူလောင်နေကြရှာတယ်။ သည်မှာ သတိထားလိုက်မိတာက ကိုယ်တော်လေးတွေက ယာဉ်တိုက်မှုထက် ယာဉ်တိုက်မှုကြောင့် သူတို့ ဖခင်က သူတို့ကို ညိုညင်မှာ စိုးရိမ်နေတဲ့ သဘောလေးကို မြင်လိုက်ရတယ်။ အဲတော့ ကျွန်တော်လည်း စိတ်ရှည်လက်ရှည်နဲ့ သူတို့ဖအေ ရောက်အလာကို စောင့်ပေးနေလိုက်ပါတယ်။

ထူးဆန်းတာတစ်ခုက အဲဒီ့ ယာဉ်တိုက်မှုဖြစ်လို့ ယာဉ်ကြောသာ ရှုပ်ထွေး ပိတ်ဆို့ကုန်တာခင်ဗျ၊ အဲဒီ့နေရာကို တာဝန်ရှိသူ တစ်ယောက်မှ ရောက်မလာတာပါပဲ။

အဲလိုနဲ့ နာရီဝက်ကျော် ၄၅ မိနစ်နီးပါး ကြာချိန်မှာ သူတို့ရဲ့ ဖခင်ဆိုသူ ရောက်လာပါတယ်။ ရောက်လာတာနဲ့ သူက သူ့သားတွေဘက်ကနေ မာမာ ထန်ထန် စကားတွေ ဆိုနေပါတယ်။ ကလေးတွေက ကျွန်တော်က ဝင်တိုက်တာလို့ ပြောတယ်ပေါ့၊ ကျွန်တော်က သူ့ကလေးတွေက ဝင်တိုက်တာပါလို့ ပြောတယ်ပေါ့။ ဒါဆို ရုံးကျမှ ရှင်းမယ်ပေါ့။ တကယ်တော့လည်း သူ ရုံးမသွားပါဘူး။ ကျွန်တော်က ဘာမှ မှားတဲ့သူ မဟုတ်တာကို သူ မရိပ်မိဘူး။ သူ့ကလေးတွေ စကားပဲ နားယောင်ပြနေတယ်။

ပိုဆိုးတာက သူ့ကလေးတွေက ယာဉ်တိုက်ထားပုံကို ပါလာတဲ့ ပါလေရာ ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ထားကြသေးတယ်။ ကျွန်တော့်ကားပေါ်မှာ ပါလာတဲ့ မိတ်ဆွေတစ်ဦးဆီမှာလည်း ပညာရှင်သုံး ကင်မရာ အကြီးစားကြီး ပါနေတာမို့ ကျွန်တော်တို့လည်း အားကျမခံ ရိုက်ထားတာတွေ ရှိပါတယ်။ ဓာတ်ပုံတွေကို ကြည့်ပါဆိုတော့လည်း အဲဒီ့လူက မကြည့်ဘူးခင်ဗျ။ သူက တစ်ဖက်နားနဲ့သာ ရှိတဲ့ ဖခင်တစ်ယောက်မှန်း သိလိုက်တယ်။

သူ့သားတွေကို သူချစ်ပုံက လာမထိနဲ့၊ မှားမှားမှန်မှန် ကျုပ်သားတွေ ဘက်က ကျုပ်ကာကွယ်မယ်ဆိုတဲ့ ဖခင်မျိုးပေါ့ခင်ဗျာ။

ဖအေ (၂)

နောက်တစ်မှုကတော့ ကြာပါပြီ။ ကြာဆို ဆယ်နှစ်တောင် မကတော့ပါဘူး။

ဒါပေမယ့် အလားတူပါတယ်။ ဖြစ်တာက မန္တလေးမှာပါ။ ကျွန်တော့် ကားကို ဆိုင်ကယ်တစ်စီးက ခါးလယ်ကနေ ဖြတ်တိုက်ပါတယ်။ ကျွန်တော့်ကား ပိန်ချိုင့်သွားပါတယ်။ တိုက်သူ လူငယ် လဲကျသွားပါတယ်။ သူ့ဆိုင်ကယ်လည်း လဲသွားတာပေါ့ခင်ဗျာ။

ကျွန်တော် ဆင်းကြည့်ပါတယ်။ ကျွန်တော့်ကား တော်တော်လေး ပျက်စီးသွားပါတယ်။ အခုကာလ ပေါက်ဈေးနဲ့ဆိုရင် ဆေးသုတ်တာ ဘာညာနဲ့ဆို စုစုပေါင်း တစ်သိန်းလောက် ကုန်မယ့် အခြေအနေပါ။ လူငယ်ရဲ့ လဲနေတဲ့ ဆိုင်ကယ်ကို ပြန်ထူပေးလိုက်ပါတယ်။ ဆိုင်ကယ်လည်း ရှေ့ဘီးခွေ လိမ်သွားပါပြီ။ လူငယ်ကို ကြည့်လိုက်တော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရပါဘူး။ တံတောင်ဆစ် ပွန်းသွားတယ်။ ဒူးပြဲသွားတယ်။

လူငယ်က သူ့ဖခင်ကို ဖုန်းဆက်ခေါ်မယ် ပြောပါတယ်။ ကျွန်တော်လည်း စောင့်ပေးပါတယ်။ အလျော်ရမှ ဖြစ်မှာကိုး။

သူ့ဖခင်က သိပ်မကြာခင် ရောက်လာပါတယ်။ လူငယ်က ကျွန်တော်က ဇွတ်ဝင်တဲ့အတွက် သူ အရှိန်မထိန်းနိုင်ဘဲ တိုက်မိတဲ့အကြောင်း ပြောပါတယ်။  ကျွန်တော် ဘာမှ ဝင်မပြောသေးပါဘူး။ သူတို့ချင်း ပြောနေတာကိုပဲ အသာ နားထောင်နေလိုက်ပါတယ်။

ဖအေ လုပ်တဲ့သူက သူ့သားကို သေချာပြန်မေးပါတယ်။ ကျွန်တော် လာတဲ့ လမ်းကြောင်း၊ သူ့သား လာတဲ့ လမ်းကြောင်းကို သူ နားလည်တဲ့အထိ မေးယူပါတယ်။

ကျွန်တော်က ၂၉ လမ်းအတိုင်း အနောက်ကနေ အရှေ့ကို တက်လာတာပါ။ လူငယ်က ၈၂ လမ်းအတိုင်း တောင်ကနေ မြောက်ဘက်ကို သွားတာပါ။ ဇာတ်ရည်လည်း လည်သွားရော ဖအေလုပ်တဲ့သူက သားကို ဆွဲထိုးတော့တာမို့ ကျွန်တော်ကတောင် ဖအေကို ဆွဲထားရပါတယ်။ သားလုပ်တဲ့သူက  ခပ်လှမ်းလှမ်းကို ထွက်သွားပြီး မျက်နှာကြီး စူပုပ်နေပါတယ်။

ဖအေလုပ်တဲ့သူက ကျွန်တော့်ကို တောင်းပန်ပါတယ်။ သူ့သားမှားတာ အတွက် သူတာဝန်ယူပါကြောင်း၊ ကျွန်တော် ကြိုက်တဲ့ဆိုင်မှာ ကျွန်တော့်ကား ကို ပြင်ပါ၊ ကျသလောက် သူရှင်းပေးပါ့မယ်လို့လည်း ပြောပါတယ်။ ပြီးတော့ သူ ဘယ်သူဘယ်ဝါပါ၊ ဘာအလုပ်လုပ်ပါတယ်၊ သူ့လိပ်စာက ဘယ်မှာပါဆိုတာတွေ အတိအကျ ပြောပါတယ်။ ကျွန်တော့်ဘက်က ဘာတစ်ခွန်းမှတောင် ရှည်ရှည်ဝေးဝေး ပြောစရာ မလိုတဲ့အပြင် သူ့ကိုရော၊ ကျွန်တော့်ကားကိုပါ ဝင်တိုက်သူ သူ့သားကိုပါ အားနာစေတဲ့အထိ သူ့ဘက်က ရည်မွန်နေပါတယ်။

နောက်ဆုံးမှာ သူ့ကိုပဲ ကျွန်တော့်ကား ပြင်ရင် ဘယ်လောက်ကုန်မလဲဆိုတာ ခန့်မှန်းကြည့်ခိုင်းလိုက်တယ်။ သူကလည်း တစ်သိန်းလောက် ကုန်မယ်လို့ မှန်းပါတယ်တဲ့။ ကျွန်တော်လည်း အလားတူပဲ မှန်းတဲ့အကြောင်း၊ သည်အတွက် တစ်ယောက်တစ်ဝက်ဆိုရင် ကျေနပ်နိုင်မလားလို့ သူ့ကို မေးတဲ့အခါ သူက ကျွန်တော့်ကို ကျေးဇူးထပ်တင်နေပါတယ်။ ငွေငါးသောင်းကိုလည်း ချက်ချင်း ထုတ်ပေးပါတော့တယ်။ သည်နည်းနဲ့ ကိစ္စပြီးသွားခဲ့ဖူးတယ်။

သည်အဖေလည်း သူ့သားကိုတော့ မချစ်ဘဲနေမှာ မဟုတ်တာ သေချာ ပါတယ်။ ဒါပေမယ့် သူချစ်ပုံက ငါ့သားဖြစ်တိုင်း မင်းမမှန်ဘူးကွ။ အမှန်၊ အမှားဆိုတဲ့ အခြေအနေတစ်ရပ်ကို ငါ့သားဖြစ်ရုံနဲ့ လှည့်စားလို့ မရဘူး။ မှန်တဲ့ဘက်က ငါရပ်မယ်ဆိုတဲ့ အဖေမျိုးလို့ ကျွန်တော် မြင်လိုက်မိပါတယ်။

ဖအေ (၃)

ကျွန်တော့်မှာလည်း ၂၀ ကျော် သားတစ်ယောက်ရှိပါတယ်။ သူလည်း ကားမောင်းနေတာပါပဲ။ ယာဉ်ကြော အင်မတန် ရှုပ်ထွေးလှတဲ့ ရန်ကုန်မြို့ကြီးမှာဆိုတော့ သူလည်း မတော်တဆမဟုတ် တစ်ကွေ့မဟုတ်၊ တစ်ကွေ့ကြုံတာပါပဲ။

တစ်ရက်မှာ သူ ကျွန်တော့်ကို လာကြိုဖို့ ချိန်းထားပါလျက်နဲ့ ရောက်မလာဘူး။ ဒါနဲ့ ကျွန်တော့် ဖုန်းကို ထုတ်လိုက်တော့ ကျွန်တော့်ဖုန်းမှာ သူ့ဆီက ဖုန်းခေါ်ထားတာတွေ တွေ့ရတယ်။ ကျွန်တော်က အလုပ်လုပ်နေချိန်မှာ ဖုန်းကို အသံမမြည်အောင် ပိတ်ထားစမြဲမို့ သူ့ဖုန်းတွေကို ကျွန်တော် မသိခဲ့ပါဘူး။ သူက ဖုန်းခေါ်လို့ မရတော့ ကျွန်တော့်ဆီကို ဖုန်းနဲ့ စာတို ပို့ထားပါတယ်။ “အဖေ… သားဆီ ချက်ချင်း ဖုန်းပြန်ဆက်ပေးပါ”ပေါ့။

ကျွန်တော့်စိတ်က အလိုလို သိလိုက်တယ်။ သည်ကောင်တော့ ပြဿနာ ရှိနေပြီပေါ့။ ယာဉ်မတော်တဆမှုဆိုတာလည်း အပိုင်တွက်လိုက်ပါတယ်။ သူ့ဆီ ကျွန်တော် ဖုန်းပြန်ဆက်လိုက်ပါတယ်။

“သား မတော်တဆ တိုက်မိလို့ အဖေ…”

“အေး… ပထမဆုံးက မင်း ဘာဖြစ်သွားလဲ…”

“ဘာမှမဖြစ်ဘူး အဖေ…”

“ဟုတ်ပြီ။ မင့်ဟာမင်း ရှင်းနိုင်လား။ အဖေ လာပေးဖို့ လိုလား”

“ကျွန်တော့်ဘာသာ ရှင်းနိုင်ပါတယ်။ အဖေ မလာပါနဲ့။ အဖေ့ကို လာမကြို ပေးနိုင်တာကိုပဲ အကြောင်းကြားတာပါ”

“အေး… အေး… ပြီးရော။ လိုအပ်ရင်တော့ ဖုန်းဆက်လိုက်ပေါ့ကွာ”

“ဟုတ်ကဲ့ခင်ဗျ…”

ကျွန်တော် ကျွန်တော့်သားကို ချစ်ပါတယ်။ ပြေးကြည့်မှ ကျွန်တော့်မှာ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ပဲ ရှိတာလေ။ ချစ်တာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်က သူတို့အရင် သေမှာ။ သူတို့က လူ့လောက အလယ်မှာ ကျန်ရစ်ခဲ့မှာ။ နေရာတကာမှာ သူတို့ ပြဿနာကို ကိုယ်ကချည်း လိုက်ရှင်းပေးသွားနိုင်မှာမှ မဟုတ်တာ ကိုယ့်ပြဿနာ ကိုယ်ရှင်းပေါ့။ အရေးကြီးတာက ကျွန်တော် ချစ်တဲ့ ကျွန်တော့်သားသမီး ထိခိုက်ဒဏ်ရာ မရဘူးဆို ပြီးတာပဲ။  ကျန်တာတော့ သူတို့ကိစ္စ သူတို့ရှင်းစေလို့ သဘောထားလိုက်တယ်။

ကျွန်တော့် အသက် ၁၉ နှစ်မပြည့်ခင်မှာ လမ်းပေါ်ရောက်ပြီး အငှားယာဉ် မောင်းခဲ့ရပါတယ်။ မောင်းခါစမှာ အမှုတွေ ပွေပါတယ်။ အဲဒီ့အချိန်မှာ အဖေ မရှိတော့ပါဘူး။ သည်တော့ ကျွန်တော့် ပြဿနာ ကျွန်တော် ရှင်းခဲ့ရတာချည်းပါပဲ။ ခေါ်စရာ အဖေမှ မရှိတော့တာကိုး။ အဲတော့လည်း ကိုယ်ဖြစ်သမျှ ကိုယ် ခံ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပေါ့။

ကျွန်တော့် သားသမီးတွေကိုလည်း အဲသလိုပဲ လွှတ်ပေးထားလိုက်တယ်။ နေရာတကာ ကျွန်တော် ပါမနေမိတော့ဘူး။ မချစ်လို့တော့ မဟုတ်တာ သေချာပါတယ်။

နိဂုံး

စာဖတ်သူလူကြီးမင်းများ ရှေ့တော်မှောက်ကို ဖခင်သုံးယောက်အကြောင်း အမြွက်မျှ တင်ပြလိုက်ပါတယ်။

ဘယ်ဖခင်က တော်ပါတယ်၊ ဘယ်ဖခင်က ညံ့ပါတယ်လို့ ကျွန်တော် မပြောအပ်ပါဘူး။ စာဖတ်သူများကိုယ်တိုင် ဆင်ခြင်ကြည့်ကြဖို့ပါ။

သေချာတာ တစ်ခုကတော့ သည်ဖခင် သုံးဦးစလုံးဟာ သူတို့သားသမီးတွေကို ချစ်ကြသူချည်းပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – ၁၀ဝ၃၁၂)

၂၀၁၂ ခုနှစ် ဧပြီလထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြထားတာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။

သရုပ်ဖော်ပုံများမှာ သရဖူမှာ ဖော်ပြပါရှိတဲ့ ဆရာ “ဇော်မောင်”ရဲ့ လက်ရာများဖြစ်ပါတယ်။

Radio Australia’s Interview on Transparency in Families

မိဘနဲ့ သားသမီးကြားက ပွင့်လင်းမှု အတိုင်းအဆ

Radio Australia က Melbourne ကနေ ကျွန်တော့်ကို တယ်လီဖုန်းနဲ့ လှမ်းပြီး တွေ့ဆုံ မေးမြန်းပါတယ်။ အဲဒီ့ရေဒီယိုရဲ့ မြန်မာပိုင်းအစီအစဉ် တာဝန်ခံက ၁၉၉၉ ခုနှစ်တုန်းက ဆစ်ဒနီက SBS အသံလွှင့်ဌာနရဲ့ မြန်မာပိုင်းအစီအစဉ်မှာ အလုပ်လုပ်နေပြီး အဲတုန်းက အော်စီကို ရောက်သွားတဲ့ ကျွန်တော့်ကို တွေ့ဆုံမေးမြန်းဖို့ အားထုတ်ခဲ့ဖူးပါတယ်။ ကျွန်တော်က တွေ့ဆုံမေးမြန်းခြင်းကို လက်မခံဘဲ ကျွန်တော့် စိတ်ကြိုက် ပြောချင်ရာ ပြောတဲ့ ၁၅ မိနစ်စာလေးတစ်ခု အသံသွင်းပေးခဲ့ပါတယ်။ အဲဒီ့ ခေတ်တုန်းက အခုလို အိတ်ဆောင် အသံဖမ်းစက်တွေလည်း သိပ်မတွင်ကျယ်သေး၊ ကွန်ပျူတာနဲ့ အသံတွေ ပေးပို့တာလည်း ခေတ်မစားသေးတာမို့ အဲတုန်းက အသံလွှင့်ချက်ကလေးကို မိတ္တူ ယူမထားနိုင်ခဲ့ပါဘူး။

အခုတစ်ခါလည်း Raido Australia က တယ်လီဖုန်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ မိဘနဲ့ သားသမီးဆက်ဆံရေးကိစ္စဖြစ်တာကြောင့် စိတ်ရှင်းရှင်းနဲ့ လက်ခံ ဖြေကြားပေးခဲ့ပါတယ်။ မေးမြန်းသူက “ကိုဇာနည်လွင်ဦး”ဆိုတဲ့ တောင်ကြီးသားလေးပါ။

သည်တွေ့ဆုံ မေးမြန်းခန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက် အင်္ဂါနေ့မှာ ဒေသစံတော်ချိန် မနက် ၅ နာရီခွဲက ၆ နာရီ တစ်ကြိမ်၊ ညဦး ၇ နာရီခွဲက ၈ နာရီ တစ်ကြိမ်၊ တစ်နေ့ကို နာရီဝက်စာ နှစ်ကြိမ် ထုတ်လွှင့်နေတဲ့ သူတို့ရဲ့ မြန်မာပိုင်း အစီအစဉ်ကနေ ထုတ်လွှင့်တယ်လို့ သိရပါတယ်။ (အဲဒီ့ ရေဒီယိုနဲ့ အစီအစဉ် အသေးစိတ် သိလိုပါရင် အခု စာမျက်နှာမှာ တင်ထားတဲ့ သူတို့ရေဒီယို အမှတ်တံဆပ်ကို ဖြစ်စေ၊ အရောင်ပြောင်းထားတဲ့ Radio Australia စာတန်းများကို ဖြစ်စေ ကြွက်နှုတ်သီးလေးနဲ့ ထိုးပြီး ကြွက်ရဲ့ ဘယ်ဘက် နှုတ်ခမ်းကို ဖိလိုက်ရင် သူတို့ စာမျက်နှာများဆီ ရောက်သွားပါလိမ့်မယ်။)

ကျွန်တော့်ဆီကို မေး(လ်)က တစ်ဆင့် လှမ်းပို့ပေးလိုက်တဲ့ တွေ့ဆုံမေးမြန်းချက် အသံဖိုင်လေးကို ဝေမျှပေးလိုက်ပါတယ်။

Padamya FM: Father’s Day

အဖေများနေ့ အထိမ်းအမှတ်အတွက် ပတ္တမြား FM မှာ ပြောခဲ့တာ

ရန်ကုန် City FM က ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်၊ မန္တလေး FM က ရန်ကုန်နဲ့ မန္တလေးတစ်ကြော၊ ပဉ္စ၀တီ FM က မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်း ဒေသစသဖြင့် FM ရေဒီယိုများ အလျှိုလျှို ပေါ်ထွက်လာပြီးတဲ့နောက် ပတ္တမြား FM ကလည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို လွှင့်ထုတ်နေတယ်လို့ သိရပါတယ်။ အဲဒီ့ ရေဒီယိုအစီအစဉ်က အခုနှစ် စက်တင်ဘာ ၅ ရက်နေ့ “အဖေများနေ့”အထိမ်းအမှတ်အဖြစ် ထုတ်လွှင့်မယ့် အစီအစဉ်လေးမှာ ကျွန်တော့်ကို လာရောက်တွေ့ဆုံ မေးမြန်းသွားခဲ့ပါတယ်။ အဲဒီ့ အသံဖိုင်လေးကို ကနေ့ အဲဒီ့ ရေဒီယိုရဲ့ အသံသွင်း စတူဒီယိုမှာ နောက်ထပ် အစီအစဉ်တစ်ခုအတွက် အသံသွားသွင်းရင်းက ရရှိလာပါတယ်။

နားဆင်တော်မူကြည့်ကြပါဦးခင်ဗျာ။ သိပ်မရှည်လှပါဘူး။ ၅ မိနစ်စာလေးပါ။

ဆယ်ကျော်သက်နဲ့ ပြစ်ဒဏ်

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။

သည်တစ်ပတ် ကျွန်တော့်ရဲ့ “ဘဝအမောပြေဖို့ အဖြေရှာစို့” အစီအစဉ်ကတော့ ဖတ်လိုက်ရတဲ့ ကြေကွဲစရာ ဂျာနယ်သတင်းတစ်ခုကို အကြောင်းပြုထားပါတယ်။ နားဆင်တော်မူနေကြတဲ့ ချစ်သော ပရိသတ် လူကြီးမင်းများထဲက တချို့တွေလည်း ဖတ်မိကောင်း ဖတ်မိလိုက်ပါလိမ့်မယ်။ မဖတ်မိလိုက်သူများအတွက် အဲဒီ့သတင်းလေးကို အတိုချုံးပြီး ပြန်အစီရင်ခံပြပါရစေ။

၂၀ဝ၉ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ထွက်လာတဲ့ ဂျာနယ်တစ်စောင်မှာ ဖော်ပြထားတာကတော့ အလယ်တန်း ကျောင်းသူလေးတစ်ဦးဟာ ချစ်သူ ခင်သူတွေနဲ့ စာတွေ အပြန်အလှန် ရေးတဲ့ “ရေးပေးပါ”လို စာအုပ်မျိုး လေးကို ထားရှိပါသတဲ့။ အဲဒီ့ စာအုပ်လေးထဲမှာ သူ့ခံစားချက်လေးတွေ၊ သူ့ကို ချစ်ကြ ခင်ကြတဲ့ သူငယ်ချင်းတွေရဲ့ ခံစားချက်လေးတွေကိုလည်း စုပေါင်း ရေးဖွဲ့ထားပါတယ်။ ဖြစ်ချင်တော့ အဲဒီ့စာအုပ်လေးကို သူ့သူငယ်ချင်းလေးတစ်ယောက်က ဖတ်နေခိုက်မှာ သူတို့ရဲ့ အတန်းဆရာမက မြင်သွားပြီး အဲဒီ့စာသားတွေကို အတန်းထဲမှာ အော်ဖတ်ခိုင်းရုံသာ မက အဲဒီ့ကလေးမလေးရဲ့ စာအုပ်ထဲမှာ ပါနေလေတဲ့ ကောင်လေး တစ်ယောက်ရဲ့ တန်းခွဲကိုပါ သွားအော်ဖတ်ခိုင်းခဲ့တယ်။ ဒါ့အပြင် ကလေးမလေးကိုလည်း နောက်တစ်ရက် ကျောင်းလာတဲ့အခါ မိဘတွေ ခေါ်လာရမယ်၊ ခေါ်မလာရင် ကျောင်းလာမတက်နဲ့လို့လည်း ရာဇသံပေးလိုက်ပါတယ်။ ဒါတင် မကသေးဘူး “စာသင်ဖို့ ကျောင်း လာတက်တာလား၊ လင်လာရှာ တာလား”လို့လည်း ရင့်ရင့်သီးသီး ဆိုလိုက်ပါသေးသတဲ့။

တိုတိုပြောရရင်တော့ဗျာ၊ ကာယကံရှင် ကလေးမလေးဟာ ရှက်စိတ်တွေ သည်းလွန်းမက သည်းသွားရာကနေ သူ့ကိုယ်သူ အဆုံးစီရင်သွားတဲ့ သတင်းလေးပါပဲ။ သည်သတင်းလေးကို ဖတ်လိုက်ရတဲ့အခါ ကျွန်တော့် ရင်ထဲ မှာ ဆို့သွားရပါတယ်။ တစ်ဆက်တည်းမှာပဲ ဒါလေးကို အကြောင်းပြုပြီး ဆယ်ကျော်သက်တွေကို ကိုင်တွယ် အုပ်ထိန်းနေတဲ့ မိဘတွေ၊ ဆရာတွေကို ဆွေးနွေး တင်ပြချင်တာလေးတွေ ရှိလာရပါတော့တယ်။ ဒါ့ကြောင့် သည်တစ်ပတ်မှာတော့ ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေရဲ့ သဘာဝကို ဆွေးနွေးတင်ပြသွားပါရစေခင်ဗျား။

စိတ်ပညာနယ်ပယ်မှာတော့ ကြီးကောင်ဝင်စ ဆယ်ကျော်သက်အရွယ်ကို “မုန်တိုင်းထန်ထန် စိတ် ဒဏ်ပိပိအရွယ်”လို့ ခေါ်ဆိုကြပါတယ်။ အင်္ဂလိပ်ဘာသာနဲ့တော့ Storm & Stress ပေါ့။ ဘယ်လို မုန်တိုင်းထန်ပြီး ဘယ်လို စိတ်ဒဏ် ပိနေတာလဲလို့ မေးစရာ ရှိပါတယ်။

ဟုတ်ကဲ့ခင်ဗျာ၊ တကယ်တော့ သည်အရွယ်ဟာ စကောစက အရွယ်ပါ။ လူကြီးဖြစ်ပြီလား ဆိုရင်လည်း လောက်လောက်လားလား ဖြစ်မလာသေးဘူး။ ဒါဖြင့် ကလေးလားဆိုရင်လည်း ကလေးက မဟုတ်တော့ဘူး။ ယောက်ျားလေးဆိုလည်း ပုဆိုး ကွင်းသိုင်း ထင်ရာစိုင်းလို့ မရတော့သလို မိန်းကလေးဆိုလည်း ကလေးဘဝတုန်းကလို ယောက်ျားလေးများနဲ့ လုံးလုံးလားလား ကစားချင်တိုင်း ကစားလို့ မရတော့တဲ့ အရွယ်ပေါ့။ ကိုယ့်ကိုယ်ခန္ဓာ ကိုယ်ပြန်ကြည့်ပြန်တော့လည်း အပြောင်းအလဲတွေက အများသား။ သည်ကြားထဲမှာ ကိုယ်က ရွယ်တူ သူငယ်ချင်းတွေထက် ပိုပြီး အထွားမြန်နေရင် ဖြစ်ဖြစ်၊ သူတို့မှာ ကိုယ်ခန္ဓာတွေ ဖွံ့ဖြိုး၊ အရပ်တွေ ထွက်လာသလောက် ကိုယ်က မဖွံ့ဖြိုးသေး ရင်ဖြစ်ဖြစ် ပိုလို့ ညစ်စရာ ကောင်းနေရပါသေးတယ်။ ငါများ လူစဉ်မမီ ဖြစ်နေသလား၊ ငါများ သာမန်ထက် ပိုပြီး ထူးကဲတဲ့ ကျွဲပေါက်စများ ဖြစ်နေပြီလားစသဖြင့် အတွေး ပေါင်းများစွာနဲ့ ဗျာများရတာလည်း သည်အရွယ်ပါပဲ။

အဲတော့ ကလေးမက လူကြီးမကျ စကောစကအရွယ်၊ သည်လို ဆယ်ကျော်သက်စ ပျိုမြစ်နုနယ်သူလေးများခမျာမှာ အလိုလိုနေရင်းကို စိတ်ရှုပ်နေရပါတယ်၊ စိတ်ညစ်နေရပါတယ်။ လေတိုက်လို့ သစ်ရွက်ကလေး လှုပ်တာကို ကြည့်ရင်းနဲ့တောင် ကိုယ်က ကြားထဲက အခြောက်တိုက် ငိုချင်သလိုလို၊ ရယ်ချင်သလိုလိုဖြစ်ရတာကလည်း တကယ်တော့ သည်အရွယ်ပါ။

အခု ကျွန်တော့်အစီအစဉ်ကို နားဆင်တော်မူနေကြတဲ့ ချစ်သော ပရိသတ်များထဲက အရွယ်ကောင်းစွာ ရောက်နေကြသူ လူကြီးမင်းများလည်း အဲဒီ့အရွယ်တုန်းက ကိုယ့်အခြေအနေ၊ ကိုယ့်စိတ် ခံစားချက်တွေကို ပြန်ဆင်ခြင်ကြည့်မယ်ဆိုရင် သည်အတိုင်းပဲ ပြန်မြင်ရမှာပါနော်၊ ဟုတ်ကဲ့လား မသိဘူး။

ကိုယ့်စိတ်နဲ့ကိုယ် ဇယားရှုပ်၊ ကိုယ့်စိတ်နဲ့ကိုယ် နပန်းလုံး၊ ကိုယ့်စိတ်နဲ့ကိုယ် မကျေမလည် ဖြစ်နေရတဲ့ ကြားထဲ ကိုယ့်ပတ်ဝန်းကျင်က လူကြီးသူမတွေ၊ ရွယ်တူတွေကလည်း တစ်မှောင့်၊ နှစ်မှောင့်၊ သုံး မှောင့်မက အမှောင့်ပေါင်းများစွာနဲ့ နှောင့်နေတာတွေကလည်း တစ်သီ တစ်တန်းကြီး ရှိပါသေးတယ်။ 

လူကြီးတွေကလဲ “ဟဲ့… ကလေးမဟုတ်တော့ဘူးနော်”ဆိုတဲ့ စကားနဲ့ ဟန့်တာလေးတွေ ရှိလာပြီ။ သို့သော် ကလေးဆန်တာကို ဟန့်ချင်တဲ့အခါမှာသာ ကလေး မဟုတ်တော့ဘူးလို့ ပြောကြတာ၊ သိပ်လူကြီးဆန်လာပြန်ရင်လည်း “အရွယ်လေးကဖြင့် လက်တောက်လောက် ရှိသေးတယ်”တို့၊ ”အခုမှ လူဖြစ်မယ် ကြံရုံရှိသေး”တို့၊ “ကလေးက ကလေးလို မနေဘဲ လူပျိုဂိုက်၊ အပျိုဂိုက်ဖမ်းနေတယ်” ဆိုတာမျိုးတွေကိုလည်း လူကြီး မိဘတွေက အခါအားလျော်စွာ ပြောဖြစ်နေတတ်ကြပြန်ပါတယ်။

ကြားနာရသူ ကြီးကောင်ဝင်စ ဆယ်ကျော်သက် အထီး အမလေးများရဲ့ နေရာမှာ တစ်ဆိတ် ဝင်နေ ကြည့်တော်မူကြစမ်းပါဗျာ။ အဲလို “ကလေး မဟုတ်တော့ဘူး”လို့ အခုပဲ ပြောလိုက်၊ တော်နေကြာတော့ “အရွယ်ကလေးကဖြင့် လက်တောက်လောက် ရှိသေးတယ်”လို့ ပြောလိုက်နဲ့ ကိုယ် တစ်ယောက်တည်းကိုပဲ ဆန့်ကျင်ဘက် နှစ်မျိုး အပြောခံနေရတဲ့အခါ ဘယ်လိုများ ခံစားကြရပါမလဲဗျာ။

ကလေးမဟုတ်တော့ဘူးလို့ ပြောတဲ့အတွက် ဘဝင်လေး မြင့်မယ်ကြံခါ ရှိသေးတယ်၊ လက်တောက်လောက်ရှိသေးတယ်နဲ့လည်း တွေ့ရော စောစောက တက်မယ် ပြင်ထားတဲ့ ဘဝင်လေးက ဖုတ်ဆို ထွက်ပြေးသွားလိုက်တော့တာများ၊ ကုလားထိုင်ကျို ကုလားထိုင်ကြား၊ ဖျာကျို ဖျာကြား လိုက်ရှာတောင် မတွေနိုင်တော့မယ့် အဖြစ်။

အဲတော့ နဂိုကမှ ကိုယ့်စိတ်နဲ့ ကိုယ်နပန်းလုံးပြီး ညစ်နေရတဲ့ စိတ်က ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူကြီးသူမတွေရဲ့စကားအထွေထွေကြောင့် ပိုနွမ်းလာရတယ်။ ပို ဇဝေဇဝါ ဖြစ်လာရတယ်။ ပို ကယောင်ခြောက်ခြား ဖြစ်လာရပါတယ်။

ရွယ်တူတွေကကျပြန်တော့လည်း တစ်မျိုး၊ တို့ကတော့ ဘယ်ကဲ့သို့၊ ဘယ်ချမ်းသာဟေ့၊ တို့ကတော့ ဘယ်လို စွံတာ၊ တို့ကိုတော့ ဘယ်သူက ဘယ်လို စွဲလန်းနေတယ် ဆိုတာမျိုးတွေ၊ တို့ကိုယ်ခန္ဓာမှာ ဘယ်လိုတွေ ဖြစ်လာနေတယ် ဆိုတာမျိုးတွေက သည်အရွယ်တွေကြားမှာ ပွထနေပါတယ်။ ဟုတ်တာတွေလည်းပါရဲ့၊ မဟုတ်တာတွေလည်း ပါရဲ့။ အမှန်က ရွယ်တူတွေမှာကလည်း သူတို့စိတ်နဲ့ သူတို့ ဗရုတ်ဗရက် ဖြစ်ချင်တိုင်း ဖြစ်နေကြလေတော့ကာ သည်လို တောရမ်းမယ်ဘွဲ့တွေ လျှောက်ပြောရင်းက စိတ်ထွက်ပေါက် ရှာတတ်ကြတာမျိုးကလား။ ဘာပဲ ဖြစ်ဖြစ်၊ အဲသလို ရွယ်တူတွေကြားမှာ နေရတဲ့ ကြီးကောင်ဝင်စ ဆယ်ကျော်သက် တစ်ယောက်အတွက်ကျတော့ နောက်ကျိနေတဲ့ စိတ်အလျဉ်ကို ကြည်လင်မလာစေနိုင်တဲ့အပြင် ပိုလို့သာ ညစ်နွမ်းစရာ ဖြစ်လာရပါတော့တယ်။

ဒါတွေ အားလုံးကို စုပေါင်း လိုက်တဲ့အခါမှာတော့ သည်လို ကြီးကောင်ဝင်စ ဆယ်ကျော်သက်အရွယ်ကို မုန်တိုင်းထန်ထန်၊ စိတ်ဒဏ်ပိပိနေတဲ့အရွယ်လို့ ပညာရှင် တွေက သတ်မှတ်လိုက်ကြတော့တာပါပဲ။

သည်အရွယ်ဟာ လူကြီးသူမတွေရဲ့ မျက်စိထဲမှာ ဘယ်လိုမှကို အချိုးမပြေနိုင်တဲ့အရွယ်ပါ။ ဘယ် အချိုးပြေနိုင်ပါ့မလဲဗျာ၊ ဟိုအဆိုတော့်ဆံပင်ပုံက ကောင်းနိုးနိုး၊ ဟိုမင်းသမီးရဲ့ အမူအရာက ကောင်းနိုးနိုးနဲ့ ကိုယ့်မျက်စိအောက် ရောက်လာသမျှထဲက သင့်နိုးရာရာကို လိုက်အတုခိုးရ၊ ဆံပင် သရ၊ မှန် ကြည့်ရ၊ မိန်းကလေး ဆိုလည်း မရှိ ရှိတဲ့ ကိုယ်ခန္ဓာအချိုးအစား မပေါ် ပေါ်အောင် ထဘီကို မတရားသဖြင့် တင်းတင်းစီးလို စီးရ၊ လမ်းလျှောက်တဲ့အခါကျပြန်တော့လည်း အမြင် တင့်တယ်အောင် မော်ဒယ်လို လျှောက်ရနဲ့ဆိုတော့ မြင်ရသူ လူအပေါင်းရဲ့ မျက်စိထဲမှာ ဘယ်လိုမှကို အချိုးကျမှာလည်း မဟုတ်ပါဘူး။

သည်အထဲမှာ ကိုယ်လည်း သည်အရွယ်တုန်းက သည်လို ဖြစ်ခဲ့တာပဲဆိုတာ အင်မတန် မေ့လွယ် ပျောက်လွယ်တဲ့ လူကြီးသူမတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အပြည့်အသိပ်နဲ့ ဖြစ်နေလေတော့ ကြီးကောင်ဝင်စ ဆယ်ကျော်သက်လေးများခမျာမှာ နေစရာကို မရှိရှာကြတော့ပါဘူး။ တချို့ကျတော့လည်း သူတို့ကို အပြစ်တင် ဝေဖန်တဲ့ လူကြီးသူမတွေကို ကလန်ကဆန် လုပ်ချင်တဲ့ စိတ်ကလေးတွေနဲ့ ကျွပ်ဆတ်ဆတ်၊ ဂျစ်ကန်ကန်လေးတွေ ဖြစ်လာကြတယ်။ အဲ… တချို့ကျပြန်တော့လည်း အဲသလို ပြစ်တင် ဝေဖန်လွယ်တဲ့ လူကြီးသူမတွေကြောင့် မအုံမနွေးနဲ့ မထုံတက်သေးလေးတွေ၊ မြုံစိစိလေးတွေ၊ မလှုပ်တလှုပ်လေးတွေ ဖြစ်ကုန်ရပြန်တယ်။

တကယ်တော့ ဂျစ်ကန်ကန်ရော၊ မြုံစိစိရော ဘယ်ဟာကမှ မကောင်းဘူးဆိုတာ နားသောတ ဆင်တော်မူနေကြတဲ့ ပရိသတ် လူကြီးမင်းများလည်း လက်ခံနိုင်ကြမှာပါနော်။ သို့သော် ကျွန်တော်တို့က ဆယ်ကျော်သက်အရွယ်ကို ကောင်းကောင်း လွန်မြောက်ပြီး အရွယ်ရောက်သူဘဝ ရောက်လာတဲ့အခါ ကိုယ့်တုန်းက ခံစားခဲ့ရတာတွေ၊ တွေ့ကြုံခဲ့ရတာတွေကို အမေ့ကြီး မေ့လို့ ကောင်းနေတတ်ကြပါတယ်။ မေ့ရုံတင်မကဘူး၊ သူတို့လေးတွေကို လူကြီးမျက်စိနဲ့ ကြည့်မိတဲ့အခါကျတော့ ဘယ်နေရာမှ ကြည့်လို့ မရချင်သလိုဖြစ် နေတတ်ကြတာလည်း ကျွန်တော်တို့လို အရွယ်ရောက်နေသူ လူကြီးသူမ အတော်များများပါပဲ။

အဲတော့ ကြီးကောင်ဝင်စ ဆယ်ကျော်သက်တွေနဲ့ အနီးကပ် ဆက်စပ်ပတ်သက်နေရသူ လူကြီးသူမတိုင်း၊ မိဘဆရာသမားတိုင်း  စဉ်းစားသင့်တာက တို့များရော အဲဒီ့အရွယ်တုန်းက ဘယ်လိုစိတ်မျိုး၊ ဘယ်လိုခံစားမှုမျိုးတွေ ရှိခဲ့ပါလိမ့်၊ အဲဒီ့စိတ်တွေ၊ အဲဒီ့ ခံစားမှုတွေကရော ဘယ့်ကလောက်အထိများ အရှည်တည်နေ၊ စွဲမြဲနေလို့ပါလိမ့်၊ အဲတုန်းက ထားခဲ့တဲ့ ဆံပင်ပုံ၊ အဲတုန်းက ကြိုက်ခဲ့တဲ့ အဝတ်အစား၊ အဲတုန်းက ကျင့်ကြံခဲ့တဲ့ နေပုံထိုင်ပုံတွေ အားလုံးဟာလည်း ဘယ်လောက်အထိများ တာသွားခဲ့လို့ပါလိမ့်ဆိုတဲ့ အချက်များပါပဲ။ ဒါတွေကို ဆင်ခြင်မိမယ် ဆိုရင်တော့ ဘာမဟုတ်တဲ့ ကိစ္စ အသေးအမွှားလေးများကြောင့် ကိုယ်နဲ့ ထိစပ်ပတ်သက်နေရသူ ကြီးကောင်ဝင်စ ဆယ်ကျော်သက်များနဲ့ သိပ်အဟပ်ကွာနေတော့မှာ မဟုတ်တဲ့အပြင် ဂျစ်ကန်ကန်လေးတွေ၊ မထုံတက်သေးလေးတွေလည်း တဖြည်းဖြည်း ရည်မွန်လာနိုင်ကြပါလိမ့်မယ်။

အဲ… သည်လိုမှ မဟုတ်ဘဲ ကိုယ့်မျက်စိထဲ အချိုးမပြေလေတိုင်း သည်ကြီးကောင်ဝင်စ ဆယ်ကျော်သက်လေးများကို နှိပ်ကွပ်ရာ၊ ချိုးဖဲ့ရာရောက်တဲ့အပြောအဆို အပြုအမူတစ်ခုခု လုပ်မိနေမယ်ဆိုရင်တော့ သည်အရွယ်လေးတွေကို လမ်းမှားဆီ တွန်းပို့သလို ဖြစ်နေနိုင်တတ်တဲ့အပြင် အခု ကျွန်တော့် ဆွေးနွေးချက်လေး ဖြစ်လာအောင် အကြောင်းဖန်သွားတဲ့ ဖြစ်ရပ်ထဲကလို ရင်နာ ရင်ကျိုးစရာ အဖြစ်ဆိုးများအထိ ကြုံရတတ်နိုင်တာကို ကြီးကောင်ဝင်စလေးတွေနဲ့ ထိစပ် ပတ်သက်နေသူ လူကြီးမိဘတိုင်း၊ ဆရာ သမားတိုင်း သတိထားအပ်ကြပါ တယ်ခင်ဗျား။

ဆွေးနွေးစရာ နောက်တစ်ချက် ကျန်ပါသေးတယ်။ အဲဒါကတော့ အပြစ်ပေး ဒဏ်ခတ်တဲ့ ကိစ္စပါ။ ကျွန်တော်တို့ မှီတင်း နေထိုင်ရာ လူ့ဘောင်ကြီးတစ်ခုလုံးမှာက အပြစ်ပေးလိုက်၊ ဒဏ်ခတ်လိုက်ရင် လူတစ်ယောက် နောင်ကြဉ်သွားမယ်ဆိုတဲ့ အစွဲက ဘယ်ကတည်းက စခဲ့မှန်းတော့ မသိဘူး၊ လူအများစုရဲ့ ရင်ထဲမှာ အဲဒီ့ အတွေးအမြင်ကြီးက ခိုင်မာနေပါတယ်။ ကျွန်တော်ဆို အမြဲတမ်း ဆင်ခြင်မိတယ်။ သူခိုးတစ်ယောက်ကို ပြစ်ဒဏ်ပေးလိုက်ရုံနဲ့ အဲဒီ့သူခိုး နောက်မခိုးတော့ပါဘူးလို့ ဘယ်သူ တာဝန်ယူနိုင်မှာလဲ။ အလားတူပဲ၊ တခြား စာရိတ္တပိုင်းဆိုင်ရာ ပြစ်မှု ကျူးလွန်သူတွေကိုလည်း တစ်ခေတ်ကဆို ကြိမ်ဒဏ်၊ နောက်ပိုင်းကျတော့ ထောင်ဒဏ် အမျိုးမျိုး စတာတွေနဲ့ အပြစ်ပေးလိုက်ရုံနဲ့ သည်လူတွေရဲ့ စာရိတ္တကို ပြုပြင်နိုင်ပါမတဲ့လား။

တခြားမကြည့်ပါနဲ့၊ ကျွန်တော့်ရဲ့ ဆေးလိပ်၊ အရက် ကြိုက်တဲ့ အမူအကျင့်ကို ကျွန်တော့်ရဲ့ ပီတာဖခင်ကြီးက ကြိမ်လုံးနဲ့ နာနာ နှက်ရင်း ဖြိုဖျက်ဖို့ ကြိမ်ဖန်များစွာ အားထုတ်ခဲ့ဖူးပါတယ်။ ဟုတ်ကဲ့ ခင်ဗျာ၊ အခုဆို ကျွန်တော့်ကို ကြိမ်နှက်ပြီး အကျင့်ဖျက်မယ့် အဖေမရှိတာ ၃၃ နှစ် ကျော်ပါပြီ။ ကျွန်တော် လူပျိုပေါက်အရွယ် ၁၃-၄ နှစ်သားမှသည် သူ ကျွန်တော့်ဘဝထဲက ပျောက်သွားချိန် ၁၉ နှစ်သား အရွယ်အထိ ငါးနှစ်၊ ခြောက်နှစ်လောက် မပြတ်တမ်း ထစ်ခနဲရှိ ကြိမ်နဲ့ဆော်ပြီး ပြုပြင်ဖို့ အားထုတ်ခဲ့တဲ့ အဖေ့ ပြစ်ဒဏ်များရဲ့ အကျိုးဆက်ကတော့ ကျွန်တော်ဟာ ယနေ့ထက်တိုင် ဆေးလိပ်ရော၊ အရက်ပါ ပျော်ပျော်ကြီး သောက်သုံးနေဆဲ လူသားတစ်ယောက် ဖြစ်နေပါတယ်။ အရက်အိုး ချိုးကပ်နေတဲ့ အရက်သမားဘဝကို ဘယ်တုန်းကမှ မရောက်ခဲ့တာ မှန်သော်လည်း အရက်ကို အခါအားလျော်စွာ ခုံခုံမင်မင် သောက်သုံးတတ်သူထဲမှာ ကျွန်တော် ထိပ်ဆုံးက ပါပါတယ်။ ဆေးလိပ်ကတော့ လက်ကြားကကို မချဖြစ်ဘူးခင်ဗျ။ အဖေ့ ကြိမ်လုံးရဲ့ စွမ်းချက်ကတော့ အဲဒီ့အတိုင်းပါပဲ။

အကြမ်းဖက်တဲ့နည်းနဲ့ မဟုတ်ဘဲ အရှက်ခွဲ တဲ့နည်းနဲ့ အပြစ်ပေးတာမျိုးလည်း ရှိပါသေးတယ်။ အဲဒါလည်း ကျွန်တော့် ပီတာဖခင်က လုပ်တတ်ခဲ့ပြန်ပါသေးတယ်။ တမင် ရည်ရွယ်ပြီး လုပ်တာတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ သို့သော် သူ့စိတ်ကို လူရှေ့မရှောင်၊ သူရှေ့ မရှောင် မထိန်းနိုင်ဘဲ ကျွန်တော့်ကို ရိုက်မောင်း ပုတ်မောင်း လုပ်တာများက ကျွန်တော့်ရင်ထဲမှာ အစိုင်အခဲ တစ်ခုလို ဖြစ်နေတတ်ခဲ့ပါတယ်။   နိုင်ငံအသီးသီးရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တိုင်းလိုလိုမှာ “လူ့သိက္ခာ ညှိုးနွမ်း သေးသိမ်စေသော အပြစ်ဒဏ်မျိုးမပေးရ”ဆိုတာကို အတိအလင်း ထည့်သွင်း ပြဋ္ဌာန်းလေ့ရှိကြတယ်။ တစ်နည်းအားဖြင့် လူတစ်ယောက်ရဲ့ အရှက်အိုးကို ခွဲရာရောက်တဲ့ အပြစ်ဒဏ်မျိုး မပေးရလို့ ဆိုလိုတာဖြစ်ပါတယ်။

သို့သော် ဥပဒေက မည်သို့ပင် ဆိုစေကာမူ လူကြီးမိဘ ဆရာသမားတချို့မှာတော့ သည်အချက်ကို သတိမမူမိဘဲ အရှက်ခွဲတဲ့နည်းနဲ့ အပြစ်ပေးလိုက်ရင် နောင်ကြဉ်သွားမယ်ဆိုတဲ့ အစွဲကြီးကလည်း မြဲမြဲမတ်မတ် ရှိနေတတ်ပါတယ်။ တကယ်တော့ ကြီးကောင်ဝင်စ လူပျိုပေါက် အပျိုပေါက်ကလေးပဲဖြစ်ဖြစ်၊ လူကြီးတစ်ယောက်ပဲဖြစ်ဖြစ် အသက်ထက် အရှက်ကို ပိုတန်ဖိုးထားကြသူချည်းပါပဲ။ မိမိတို့ရဲ့ အရှက်အိုးကို အခွဲခံရတဲ့အခါ အကျိုးဆက်က နှစ်မျိုးသာ ဖြစ်နိုင်ပါတယ်။ တစ်မျိုးက အရှက်ကြီး ရှက်ပြီး လူတောမတိုးတော့တဲ့ လူသားလေးတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ် အရွဲ့တိုက်ပြီး မကောင်းမှု ပြုရမှာကို လုံးဝ ရှက်ရကောင်းမှန်း မသိတော့ဘဲ ထင်ရာကျဲတဲ့ လူသားအဖြစ် ရပ်တည်သွားနိုင်တာပါ။ သေချာတာကတော့ အဲဒီ့နှစ်မျိုးစလုံးကြောင့် စိတ်မှာ အနာတရ ဖြစ်ကြရတာပါပဲ။

ပိုဆိုးတာက ရှက်စိတ်၊ ဒေါသစိတ်၊ ချစ်စိတ်ဆိုတဲ့ ခံစားမှုအပြင်းစားတွေ သိပ်ကိုတရားလွန် မွှန်ထူသွားပြီဆိုရင်တော့ ဆင်ခြင်တုံတရားတွေ လုံးဝ ပျောက်ဆုံးသွားပြီး ဒရောသောပါးနဲ့ လုပ်မိ လုပ်ရာ လုပ်တတ်ကြတဲ့ လူ့သဘာဝပါပဲ။

ကြီးကောင်ဝင်စ လူငယ်လေးတွေမှာကျတော့ ပိုဆိုးပါတယ်။ ရှေ့မှာ တင်ပြ ဆွေးနွေးခဲ့တဲ့အတိုင်း သူတို့လေးတွေမှာက သူတို့စိတ်နဲ့သူတို့ နပန်းလုံးရင်း စိတ်ကယောက်ကယက် ဖြစ်နေတာပါ။ အသက်အရွယ် ငယ်နုလေသေးတဲ့အလျောက် အတွေ့အကြုံကလည်း နည်းကြရှာပါသေးတယ်။ သည်အချိန်မှာ သူတို့ရဲ့ အရှက်အိုးကို အခွဲခံရပြီဆိုရင် သည်အရွယ်လေးများခမျာ ရှက်စိတ်တွှေ တအားမွှန်ကာ ထူပူကုန်တတ်ကြပြီး နဂိုကမှ သိပ်မပြည့်ဝသေးတဲ့ ဆင်ခြင်တုံတရားက လုံးလုံးလျားလျား ပျောက်ကွယ်သွားတတ်ပါတယ်။ အဲဒီ့မှာတင် မဆင်မခြင်နဲ့ ထင်ရာလုပ်လိုက်ကြပြီဆိုရင် ကိုယ်ကျိုးနည်းရတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာတတ်တာကို သည်အရွယ်လေးတွေကို ကိုင်တွယ်နေရသူ လူကြီးမိဘတိုင်း ဆရာသမားတိုင်း ဆင်ခြင်သင့်တယ်လို့ ယူဆမိရပါတယ်။

ကလေးသူငယ်များနဲ့ ပတ်သက်လာရင် “ပြစ်ဒဏ်ပေးခြင်းသည် မှား၏”လို့ စိတ်ပညာရှင် အများစုက တညီတညွတ်တည်း ခံယူထားကြပါတယ်။ အထူးသဖြင့် ဒေါသစိတ်ကလေး ဖက်ပြီး အပြစ်ဒဏ်ပေးမိရင် လွဲကုန်တတ်ပါတယ်။

ကိုယ်ပြုစုပျိုးထောင်နေတဲ့ ကလေးတွေ၊ လူငယ်လေးတွေကို အပြစ်ပေးမယ်ကြံတဲ့အခါတိုင်း လူကြီးမိဘ ဆရာသမားများအနေနဲ့ မလွဲမသွေ စဉ်းစားအပ်တာက ဒေါသကင်းရဲ့လားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ကျွန်တော့်အစီအစဉ်ကို နားဆင်တော်မူနေကြသူ ချစ်စွာသော လူကြီးမင်းများခင်ဗျား။ အခုတစ်ပတ် ကျွန်တော့်ရဲ့ ဆွေးနွေးတင်ပြချက်ကတော့ ကြီးကောင်ဝင်စ အရွယ် ဆယ်ကျော်သက် လူငယ်လေးများရဲ့ မုန်တိုင်းထန်ထန် စိတ်ဒဏ်ပိပိ နေရတတ်မြဲ သဘာဝရယ်၊ အဲဒီ့ အပျိုပေါက် လူပျိုပေါက်လေးတွေကို ပြုစု ပျိုးထောင်နေကြတဲ့ လူကြီးမိဘတွေ၊ ဆရာသမားတွေရဲ့ အရိုးစွဲနေတဲ့ အပြစ်ပေး ဒဏ်ခတ်နည်း အထွေထွေရဲ့ ဘေးထွက် ဆိုးကျိုးတွေရယ်ကို ဇောင်းပေးထားခဲ့တာပါ။

ကျွန်တော် တင်ပြခဲ့တာလေးကို နားဆင်နေကြတဲ့ ချစ်စွာသော ပရိသတ်အပေါင်းအနေနဲ့လည်း ကိုယ့်ကို အားကိုးနေ၊ ကိုယ့်ကို အရိပ်ကြည့်ပြီး ရင့်ကျက်ဖို့ တာစူနေကြတဲ့ ပန်းဖူး ပန်းငုံလေးများ လူ့လောကအလယ်မှာ ဝင့်ဝင့်ထည်ထည်နဲ့ စွင့်လန်းလာနိုင်ကြစေဖို့အတွက် ကိုယ့်ဘက်က ကိုယ်ချင်းစာတရား၊ ကရုဏာ တရား၊ မေတ္တာတရားများ ရှေ့ထားကာ ပြုစု ပျိုးထောင်နိုင်ရေးကို တွေးဆပြီး ဆင်ဆင်ခြင်ခြင်လေး လုပ်ကိုင် ဆောင်ရွက်သွားနိုင်ကြမယ်လို့ ယုံကြည် မျှော်လင့်နေမိပါတယ် ခင်ဗျာ။

မင်္ဂလာအပေါင်းနဲ့ ခညောင်း ပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်း မေတ္တာ ပိုသလိုက်ပါတယ် ခင်ဗျား။

[ဝန်ခံချက် – ၂၀ဝ၉ ခုနှစ် နိုဝင်ဘာလအတွင်း က မန္တလေး အက်(ဖှ်)အယ်(မ်)ရေဒီယိုအစီအစဉ် မှာ ထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်ချက်ကို စာအဖြစ် ပြန်လည် တင်ဆက်လိုက်တာ ဖြစ်ကြောင်းပါ။]

(၂၀၁၁ ခုနှစ် ဧပြီလထုတ် The Chic မဂ္ဂဇင်း အမှတ် ၆ မှာလည်း သည်အတိုင်း ဖော်ပြထားပါတယ်။)

Would you really want to mend your ways?

တကယ် ပြင်ချင်စိတ် ရှိပါရဲ့လား

မနေ့က တင်လိုက်တဲ့ “တစ်နှစ်ခွဲသားကို ရိုက်နှက် ဆုံးမသူရဲ့ စိတ်အခံ”ဆိုတဲ့ ပို့(စ်)မှာ ကာယကံရှင်က comment ထပ်တင်လာပါတယ်။ သူ့ comment ကို ဖတ်ပြီးတဲ့အခါမှာ ကျွန်တော့်ကိုယ် ကျွန်တော် တော်တော် ရူးမှန်း သိသွားပါတယ်။ လူတွေရဲ့ အသိဉာဏ်အဆင့်ကို မြှင့်တင်နိုင်အောင် ကျွန်တော့်ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်းစုံ၊ မီဒီယာပေါင်းစုံကနေ အားထုတ်ကြိုးပမ်းနေသမျှဟာ ဘာဆိုဘာမှ အရာမရောက်ပါလားလို့ တွေးဖြစ်စေတဲ့ comment လေးပဲ ဖြစ်ပါတယ်။ ကျွန်တော် ဘာကောင်မှ မဟုတ်ပါဘူး၊ အလကားကောင်ပါ၊ အရူး ထပြီး တောင်ရေးမြောက်ရေးတွေ လျှောက်ရေးမနေနဲ့၊ တောင်ပြော မြောက်ပြောတွေလည်း ပြောမနေနဲ့တော့လို့ သူ့ comment က ထုတ်မပြောသည့်တိုင် ပြောလိုက်ဘိသကဲ့သို့ ကျွန်တော့်မှာ ခံစားရပါတယ်။ ကျွန်တော့်ရဲ့ မဖြစ်စလောက် အားလေး တစ်ခုတည်းနဲ့တော့ ထစ်ခနဲရှိ လက်ပါချင်တဲ့ အစဉ်အလာတစ်ခုကို ရိုက်ချိုးဖျက်ဆီးလို့ မရဘူးဆိုတာကိုလည်း သဘောပေါက်လာရတယ်။

ကျွန်တော် အဲလို ခံစားသွားရစေတဲ့ သူ့ comment ကို အရင်ဖတ်ကြည့်တော်မူကြည့်ကြပါဦး။ အဲဒါ အဆုံးမှာမှ ကျွန်တော် ဆက်ဆွေးနွေးပါ့မယ်။

ကျနော့် comment ကြောင့် ဆရာစိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုတာ ကျနော် ကောင်းကောင်း သိပါတယ်။ ကျနော့် comment အပေါ် ဝေဖန်မှုတွေ ရှိနေမယ်ဆိုတာလည်း ကျနော် သိပါတယ်။ သိရဲ့သားနဲ့ မင်းဘာလို့ရေးရတာလဲကွလို့ မေးလာရင်… ဟုတ်ကဲ့… ကျနော့်ရဲ့ အဖြစ်အပျက်ကို ပြောပြစေချင်တာပါ ဆရာ၊

ကျနော့်ရဲ့မိုက်မဲမှုတွေနဲ့ ထပ်တူမဟုတ်တောင် ဆင်တူလေးတွေ ကျနော့်ဝန်းကျင်မှာ ရှိနေတာလေးတွေကို ပြောပြချင်မိတာပါဆရာ။ မမိုက်ချင်ဘဲ မိုက်မဲဖြစ်နေတဲ့ အဖြစ်အပျက်များပေါ့ဆရာ။ နောက်ပြီး ဆရာ့ရဲ့ post ကိုဖတ်ပြီး မပြင်နိုင်တဲ့ ကျနော့်အကျင့်ကိုလည်း ၀န်ခံချင်လို့ပါဆရာ။

လူ့အန္ဓပြောလည်း ခံရတော့မှာပဲ ဆရာရေ… ကျနော့်ယောက္ခထီးကို သွားရိုက်လို့ မဖြစ်ဘူးဆရာရဲ့။ ဗလခြင်းမတူသလို၊ ဇခြင်းလည်း မတူဘူးဗျ၊ သူ့အကြောင်း ပြောပြရမယ်ဆိုရင် ရဲထွက်တစ်ယောက်ဖြစ်တယ်၊ လိမ်ညာမှုတွေကို လုပ်ဖူးတဲ့သူတစ်ယောက် ဖြစ်တယ်၊ ထောင်ကျဖူးတယ်၊ အရက်သမားတစ်ယောက် ဖြစ်တယ်၊ သာမန်လူကောင်းတစ်ယောက်မဟုတ်ဘူးလို့ သတ်မှတ်လို့ရပါတယ်ခင်ဗျာ။

ကျနော့်မိန်းမကိုတော့ ကျနော်ရိုက်ပါတယ်၊ ဆုံးမပါတယ်၊ ဒါပေမယ့် ဆရာ့စကားနဲ့ ပြောရင် သူက ကျနော့်ထက်ဆိုးတဲ့ လူ့အန္ဓလို့ ပြောရမလား မသိဘူးဗျ။ ကျနော် ဘယ်လောက် ပြောပြော ဘယ်လောက်ဆိုဆို ပြင်နိုင်စွမ်းမရှိတဲ့သူပါ။ သူနဲ့ ကျနော်က ၁၁ နှစ် ကွာပါတယ်။ ဆယ်တန်းအထိပဲ ကျောင်းပညာသင်ဖူးတဲ့သူပါ။ စာဖတ်ဖို့ကို စိတ်မ၀င်စားတဲ့သူ ဖြစ်ပါတယ်။ အခု သူ့အသက်က ၂၁ ပဲ ရှိပါသေးတယ်။ သူ့မိသားစုရဲ့ စရိုက်လက္ခဏာတွေကို သိပြီးတဲ့နောက်ပိုင်းမှာ ကျနော် သူ့ကို ဖျောင့်ဖျ စည်းရုံးခဲ့ပါတယ်။ ကျနော့်ရဲ့ စည်းရုံးမှု မအောင်မြင်ပါဘူး။

ကျနော် သူနဲ့ အိမ်ထောင်ကျကတည်းက တစ်အိုးတစ်အိမ် သပ်သပ်နေပါတယ်ခင်ဗျာ။ ဒါပေမယ့် သူ့အသက်ကငယ်တော့ သူ့အတွက် ကြည့်ပြီး သူ့မိဘတွေနဲ့ နီးတဲ့ နေရာမှာ အိမ်ငှားပြီး နေခဲ့ပါတယ်။ ညားကာစကတည်းက သူ့ကို ကလေးမယူဖို၊ အလုပ်တစ်ခု ရအောင်လုပ်ဖို့၊ ကိုင်ပိုင်အိမ်လေး ဖြစ်တဲ့အခါမှ ကလေးယူဖို့ ကျနော့်ရဲ့ plan တွေကို သူ့ကို ပြောဆို တိုင်ပင်ခဲ့ပါတယ်။

ဒါပေမယ့် ကျနော့်ရဲ့ စကားတွေက အရာမရောက်ခဲ့ပါဘူး။ အဲ့ဒီကတည်းက ဟာ… သွားပြီ ငါယူတဲ့မိန်းမက တော်တော်ခေါင်းကြောမာတဲ့မိန်းမပါလား? သူ လုပ်ချင်တာ၊ သူဖြစ်ချင်တာကို လုပ်တတ်တဲ့ မိန်းမပါလားဆိုပြီး နောင်တလည်းရ၊ စိတ်လည်းပျက်မိပါတယ်။ စိတ်ပျက်ပျက်နဲ့ပဲ ခရီးဆက်ခဲ့ရပါတယ်ဆရာ။

ဆရာ့စာထဲက အကြောင်းအရာတွေကို ဆရာသိအောင် ဆက်ပြောရမယ်ဆိုရင် ကျနော်အခု သူ့မိဘတွေနဲ့ ဝေးတဲ့နေရာကို ပြောင်းရွေ့ခဲ့ပါပြီ။ နှစ်လပဲ ရှိပါသေးတယ်ခင်ဗျာ။ အဲဒီ နှစ်လအတွင်းမှာပဲ ကျနော့်သားက တော်တော် လူရည်လည်လာပါတယ်။ ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ် လုပ်ချင်ကိုင်ချင်လာပါတယ်။ ခက်တာက သူလုပ်ချင်တာတွေ မလုပ်ဖြစ်အောင် မပြင်ဆင်ထားနိုင်တာကတော့ ကျနော့်ရဲ့အားနည်းချက်ပါပဲဆရာ။

ဆရာသုံးသပ်သလိုပဲ ကျနော်ဟာ မာနကြီးတဲ့သူတစ်ယောက်ပါ။ ဆရာပြောသလို တစ်ဖက်သားကို ကိုယ့်ဘက်ပါလာအောင် လုပ်နိုင်တဲ့အစွမ်းသတ္တိမရှိပါဘူး။ ကျနော့်ရဲ့ ဗျူဟာက ဒီလူနဲ့ အဆင်မပြေရင် ခပ်ကင်းကင်းနေမယ်၊ ရှောင်ခွာမယ်ဆိုတဲ့ ဗျူဟာပါ။ ကျနော်ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက်လုံး အဲ့ဒီလိုပဲ ကျင့်သုံးခဲ့ပါတယ်။ ကျနော့်ဗျူဟာ မမှန်ဘူးလို့ သိလာတဲ့အချိန်မှာ အဲ့ဒီနည်းနဲ့ ကျနော် အသားကျနေပါပြီ။ အခုလောလောဆယ်အထိ အဲ့ဒီနည်းအတိုင်းပဲ နေထိုင်နေပါတယ်ခင်ဗျာ။

ရှောင်ရင်း ရှောင်ရင်းနဲ့ ဘယ်လောက်အထိရှောင်ဖို့စဉ်းစားမိလာသလဲဆိုတော့ လူ့အသိုင်းအ၀ိုင်းရဲ့ အပြင်ဘက်ကို ထွက်ဖို့ပါ စဉ်းစားထားတဲ့သူ ဖြစ်နေပါပြီ။ သည်လူမကောင်းဘူး၊ ဟိုလူမကောင်းဘူး၊ ဟာ… သည်လူလည်း မကောင်းဘူးပဲ၊ ငါရောကောင်းရဲ့လား၊ ဟာ… တစ်ချက်တစ်ချက် ငါလည်းမကောင်းပါလား? တော်ပြီ… လူတွေနဲ့ ဝေးတဲ့နေရာကို သွားတာပဲ ကောင်းတယ်။ အဲ့ဒီတော့ ဆရာ ပြောသလို သူ့ကို ရအောင် သိမ်းသွင်းမယ်ဆိုတဲ့ ဉာဉ်မျိုး ကျနော့်မှာ မရှိဘူးဗျ။

ဒါပေမယ့် လောလောဆယ်မှာ ကျနော့်မိန်းမကိုတော့ ရများရမလားလို့ သိမ်းသွင်းရင်း (အင်တိုက်အားတိုက်တော့ မဟုတ်ပါဘူး) တစ်ဖက်ကလည်း ငါ ဝေးရာ ပြေးရမယ်ဆိုတာလည်း တွေးလျက်ပါပဲခင်ဗျာ။


ကလေးအကြောင်းဆက်ပြောရမယ်ဆိုရင် ကျနော့်သားက အနည်းငယ်တော့ သိနေပါပြ။ ဥပမာ ထမင်းစားမယ်လို့ မိဘတွေက ပြင်ဆင်နေပြီဆိုရင် စားပွဲခုံကို မလာတာမျိုး (စားပွဲခုံက သေးသေးလေးမို့လို့ပါ)၊ မနက် ကျနော့်အတွက် ထမင်းဗူး ထည့်နေပြီဆို သူ့ပန်းကန်ကို ယူလာပြီး သူ့အတွက်ထည့်ခိုင်းတာမျိုး၊ ရေဆာရင်လည်း သောက်ရေဗူးကို လက်ညှိုးထိုးတတ်တာမျိုး၊ သား ဘောလုံးရောဆိုရင် ဘောလုံးရှာတတ်တာမျိုး။ အဲ့ဒီလိုမျိုး အနည်းအကျဉ်း သိနေတော့ သည်အချိန်ကတည်းက မဆုံးမထားရင် သည့်ထက်ကြီးလာရင် ဆုံးမလို့ရနိုင်ပါ့မလားလို့ ကျနော်တွေးမိပါတယ်။ သူ့အမေနဲ့ ကျနော်နဲ့ ယှဉ်ရင် သူ့အမေအပေါ် တော်တော်အနိုင်ကျင့်ပါတယ်။ ဆံပင်တွေဆွဲစောင့်တယ်၊ မျက်နှာကို ရိုက်တယ်၊ ထိုင်နေတဲ့အချိန် နောက်ဘက်ကနေ ဖက်ပြီး ကိုက်တယ်။ ပြီးတော့မှ ဥုံဖွ ဆိုပြီးလုပ်တယ်။ သူ့အမေအိပ်နေရင် သူ့အမေဗိုက်ပေါ် တက်ခုန်တယ်။ကျနော့်အပေါ်တော့ အဲ့ဒါတွေ တစ်ခုမှ မလုပ်ပါဘူး။ မလုပ်ဖြစ်အောင် ခပ်တန်းတန်း နေပါတယ်။ ချော့မြူတယ်၊ ပွေ့ဖက်တယ်။ ပါးကိုနမ်းပေးတယ်။ ဒါပေမယ့် အရမ်းကြီးအရောမ၀င်ပါဘူး။

ကျနော် ကြောက်နေမိတာက ကျနော့်သားက ၄ ဂဏန်းသမား။ စနေသားပါ။ သည်အရွယ်ကတည်းက အညွှန့် ချိုးမထားရင် အညွှန့်ကျိုးပါ့မလားလို့ စိတ်ထဲတွေးမိပါတယ်။ (အသက်ကြီးတဲ့အထိ ဝေးရာ မပြေးနိုင်ခဲ့ရင်ဆိုပြီး တွေးကြည့်တာပါ။)

ကလေး အငိုမတိတ်တာ တိတ်အောင်ရိုက်ပြီး တိတ်ခိုင်းတာကလည်း အကျင့်လုပ်ပေးတာလို့ပဲ ပြောပါရစေဆရာ။ အခုပဲရိုက် အခုပဲပြန်ချော့တာမျိုး လုပ်ရင် ငိုကြောလည်းရှည်နေမှာစိုးလို့ပါ။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ်က ကျနော့်အဖေရဲ့အရိုက်ကိုခံရပြီးတဲ့အခါမှာ မငိုဖို့အတွက် ဖိအားပေးခြင်းခံရပါတယ်။ ကျနော်ကိုယ်တိုင်လည်း စက်ဆုပ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမလုပ်ရင် တောက်လျှောက်ငိုနေရောပဲဆရာရေ၊ ဘယ်လိုမှ ချော့လို့မရဘူး၊ ချော့ရင် သူကတောင် စိတ်ကောက်သေးရဲ့။

ယောက္ခထီးကြောင့် ကလေးကို ဖိမရိုက်တာတော့ သေချာပါတယ်။ သူ့ရှေ့မှာ ရိုက်တာလည်း မဟုတ်ပါဘူး ခင်ဗျာ။ ကျနော်လိုချင်တဲ့ပုံစံကို သွတ်သွင်းဖို့အတွက် ရိုက်နှက်ရခြင်းပါပဲ။ ကျနော် လိုချင်တာက ကျနော့်ကို အရိုအသေမတန်တဲ့ အပြုအမူတွေ မလုပ်ဖို့၊ အိမ်ကပစ္စည်းတွေ မဆုံးရှုံးဖို့ မလိုအပ်ဘဲ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ပါပဲခင်ဗျာ။

ကျနော့်ရဲ့ရှုပ်ထွေးလှတဲ့ ဇာတ်လမ်းတွေကြောင့် ဆရာ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျာ။

ကိုယ့်ဆရာက သည် comment မှာ တစ်နှစ်ခွဲ သားလေးကိုသာမက သူ့ထက် ၁၁ နှစ်ငယ်တဲ့ အသက် ၂၁ နှစ်အရွယ် သူ့ဇနီးကိုပါ ရိုက်နှက် ဆုံးမ တယ်ဆိုတာကြီးကို ထည့်ရေးထားပါတယ်။ သည်ပုဂ္ဂိုလ်ရဲ့ “စိတ်ထဲမှာ ဆုံးမလိုက်ရင် လူတွေ ပြုပြင်လာလိမ့်မယ်”ဆိုတဲ့ အစွဲအလွဲကြီးတစ်ခု စွဲနေပါတယ်။ ခါးပိုက်နှိုက်တွေ၊ သူခိုးတွေ၊ ဓားပြတွေ၊ မူးယစ်ဆေးသမားတွေကို ဥပဒေက ဆုံးမတဲ့အနေနဲ့ ထောင်သွင်းအကျဉ်းချခဲ့တာ ခေတ်အဆက်ဆက်၊ နိုင်ငံတိုင်းလိုလိုမှာပါ။ ဒါပေမယ့် အဲဒီ့သူတွေရဲ့ အကျင့်က ထောင်က ထွက်လာတဲ့အခါ ပြင်ရိုးထိုးစံ ရှိပါသလား။ မခိုး၊ မဆိုး၊ မတိုက်၊ မလုတော့ဘူး၊ မူးယစ်ဆေး မသုံးတော့ဘူးလို့ရော ဘယ်နိုင်ငံ၊ ဘယ်အကျဉ်းထောင်က အာမခံနိုင်ပါသလဲ။

ကျွန်တော်က ဆုံးမတာကို လုံးဝ မယုံကြည်ပါဘူး။ ကလေးလည်း ကလေးအလျောက်၊ ခွေးလည်း ခွေးအလျောက် သူ့အသိဉာဏ်နဲ့ သူ ရှိကြတာချည်းပါပဲ။ အလားတူပဲ အလေးစားခံထိုက်တဲ့ သက်ရှိတွေလို့ ကျွန်တော် ခံယူပါတယ်။

ကျွန်တော့်မှာ အသက် ၂၀ ထဲကို ချင်းနင်း ၀င်ရောက်စ ပြုနေတဲ့ သားတစ်ယောက် ရှိပါတယ်။ ကျွန်တော့်အဖေက သိပ်ကို ရိုက်တတ်လို့ ကျွန်တော်လည်း အတုမြင် အတတ်သင်ပြီး သူ့ တစ်သက်မှာ သူ့ကို နှစ်ခါ သုံးခါ ရိုက်ခဲ့ဖူးပါတယ်။ ဒေါသနဲ့ ရိုက်တာပါ။ ဒါပေမယ့် ဒေါသပြေတဲ့အခါ ကျွန်တော်မှားသွားမှန်း သိလို့ သားကို တောင်းပန်ခဲ့ပါတယ်။ နောင်ကို ဆင်ခြင်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။ အဲလိုနဲ့ ကျွန်တော့်သားကို ကျွန်တော် ချစ်ခင်စွာပဲ နေပါတယ်။ အတူနေကြတဲ့အခါ ပြဿနာတွေတော့ ရှိတာပေါ့။ တစ်နေ့ကပဲ သူ လူမှန်း သူမှန်း မသိအောင် အရက်မူးလာတယ်။ သူ့ကို တိုက်တာက ကျွန်တော်ဖြစ်နေတယ်။ မူးပြီးတော့ ဂျီကျနေတဲ့အခါ ကျွန်တော်က ပြေပြေပြစ်ပြစ် ချော့မော့နေတဲ့ကြားက ရမ်းတဲ့အဆင့်ရောက်လာတော့ ကျွန်တော့်ဒေါသက ငယ်ထိပ်ရောက်သွားတယ်။ ကျွန်တော် သူ့ကို ထဆဲတယ်။ အမှန်ကို ၀န်ခံရရင် လက်သီးနဲ့လည်း ဆွဲထိုးချင်သွားပါတယ်။ ဒါပေမယ့် သူ့အမေနဲ့ သူ့အစ်မနဲ့က ကျွန်တော့်ကို တားလိုက်ချိန်မှာ ကျွန်တော် သတိဝင်သွားတယ်။ ဒေါသကတော့ ဖြစ်နေဆဲပါပဲ။ ဒါပေမယ့် ကျွန်တော် ရှောင်နေလိုက်ပါတယ်။ တစ်ညလုံး ဒေါသဖြစ်နေတာပါ။ တော်တော်နဲ့ မပြေပါဘူး။ ဒါပေမယ့် ကျွန်တော် မမြင်ကွယ်ရာမှာ လုံးလုံးနေနေပြီး အိပ်ချလိုက်ပါတယ်။

နောက်တစ်ရက်မနက်မှာတော့ ကျွန်တော် စိတ်ပြေသွားပါပြီ။ အမှန်ကိုလည်း မြင်နိုင်စွမ်း ရှိသွားပါပြီ။ သား နိုးလာတော့ ကျွန်တော့်ကို လာကန်တော့ပါတယ်။ မနေ့ညက သူမှားခဲ့တာများအတွက် တောင်းပန်ပါတယ်လို့လည်း ပြောပါတယ်။ ကျွန်တော် ပြန်ပြောပါတယ်။ “သား ဘာမှ မမှားပါဘူးကွာ။ တောင်းပန်စရာလည်း မလိုပါဘူး”လို့ပါပဲ။ ဟုတ်တယ်လေ။ သူ သတိလက်လွတ်ဖြစ်နေချိန်မှာ ဖြစ်သွားတာအတွက် ကျွန်တော်က ဗွေယူစရာလား။

ပြောချင်တာက ကျွန်တော့်သားနဲ့ ကျွန်တော့်ကြားမှာ ချစ်ခင်မှုနဲ့ အပြန်အလှန် လေးစားမှုသာ ရှိခဲ့ပါတယ်။ သား ငယ်ငယ်လေးကတည်းက သူ့ကို ကျွန်တော် “လူကလေးလို”ပဲ လေးလေးစားစား ဆက်ဆံခဲ့ပါတယ်။ နေရာပေးခဲ့တယ်၊ လုပ်ပိုင်ခွင့်တွေ အများအပြား ပေးခဲ့ပါတယ်။ ကလေးမို့ ကလေးလို မှားနေတဲ့ အမှားတွေ အတွက် ကျွန်တော် သူ့ကို ခွင့်လွှတ်ခဲ့တယ်။ ကျွန်တော်လိုချင်တဲ့ ပုံစံဖြစ်လာအောင် အချိန်ယူ ပုံသွင်းခဲ့ရပါတယ်။

ဖျောင့်ဖျစည်းရုံးတယ်ဆိုလို့ ပြောချင်ပါသေးတယ်။ ကျွန်တော့်ဇနီးက ကျွန်တော့်ထက် ခုနစ်နှစ် ငယ်ပါတယ်။ သူ စာဖတ်တယ်ဆိုပေမယ့် ကျွန်တော်နဲ့ အိမ်ထောင်ကျချိန် သူ့အသက် ၂၄ နှစ်အထိ လေးနက်တဲ့စာတွေ မဖတ်ခဲ့ပါဘူး။ အပျော်ဖတ်တွေသာ ဖတ်ခဲ့ဖူးတာပါ။ ရုပ်ရှင်ဆိုလည်း မြန်မာကားနဲ့ ကုလားကားလောက်သာ ကြည့်တတ်တာပါ။ အခုအခါမှာတော့ စာကောင်းတွေကို မက်မက်မောမောဖတ်နေပြီ ဖြစ်သလို The Pianist, The Queen, The Kite Runner တို့လို နိုင်ငံခြားရုပ်ရှင်ကားကောင်းတွေကိုလည်း အရသာခံ ကြည့်တတ်သွားပါပြီ။ အဲဒါကို တစ်ရက် တစ်မနက်နဲ့ စည်းရုံးရတာ မဟုတ်ပါဘူး။ နှစ်နဲ့ချီပြီး လုပ်ယူခဲ့ရတာပါ။ ပထမပိုင်းမှာ ၀တ္ထုတို ကောင်းလေးတွေကို ဖတ်ခိုင်းပါတယ်။ သူဖတ်ပြီးတဲ့အခါ နှစ်ယောက် ဆွေးနွေးယူပါတယ်။ ဘယ်ဇာတ်ကောင်က ဘယ်လို၊ ဘယ်ဇာတ်ကွက်က ဘယ်လို၊ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ရင်း သူမမြင်တာလေးတွေကို ဆွေးနွေးပြသွားပါတယ်။ တစ်ခါတလေ သူ ဖတ်ရမှာ စိတ်မပါရင် ကိုယ်က သူ့ကို ဇာတ်လမ်း အစအဆုံး ပြောပြတာမျိုးလည်း ရှိပါတယ်။ ပြီးတော့မှ ဆွေးနွေးပါတယ်။ နိုင်ငံခြားကားတွေလည်း ဘေးက ထိုင် ဘာသာပြန်ပေးရင်း ဘာလေးက ဘယ်လို အစရှိသဖြင့် ဖြည့်ဖြည့်ပြောပေးသွားတယ်။

အကြမ်းဖျင်းပြောရင် အခုအခြေအနေကို ရောက်ဖို့အတွှက် ငါးနှစ်ကနေ ခုနစ်နှစ်အထိ အချိန်ယူခဲ့ရပါတယ်။ အချိန်ပေးခဲ့ရပါတယ်။ ပျဉ်းမနား မဟာမြိုင်ဆရာတော် ဦးဇောတိက မိန့်ကြားဖူးတယ်။ သူ့ကို လူကြီးတစ်ယောက်က တရားထိုင်ဖို့ စည်းရုံးခဲ့ပုံလေးပါ။ “တရားထိုင်ကွာ”လို့ သူ့ကို အဲဒီ့လူက ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးတဲ့။ “လာ… တို့နှစ်ယောက် တရားထိုင်လိုက်ကြရအောင်”လို့သာ ပြောခဲ့ဖူးတာချည်းပါပဲတဲ့။ ဆိုလိုတာက ကိုယ်ကိုယ်တိုင် ပူးပေါင်းပါဝင်မှု၊ ကိုယ်ကိုယ်တိုင် စံပြလုပ်ဆောင်မှုများနဲ့သာ တစ်ဖက်သား ကိုယ့်ဖက်ပါလာအောင် ဆွဲယူနိုင်တယ်ဆိုတာကို ဆရာတော်က မီးမောင်းထိုးပြခဲ့တာပါ။ သွန်သင်တာ၊ ညွှန်ကြားတာ၊ ဆုံးမတာများဟာ အပေါ်စီးကမို့ ဘယ်လူသားကမှ ခံချင်မှာ မဟုတ်ပါဘူး။ ပဲ့ပြင်တယ်ဆိုကတည်းက ကိုယ်ကိုယ်တိုင် ပါဝင်နေပါပြီ။ ထိန်းကျောင်းတယ်ဆိုတာလည်း ကိုယ်ကိုယ်တိုင် လယ်ကွင်းထဲ ဆင်းပြီး ကိုယ်ကိုယ်တိုင် အဲဒီ့သတ္တ၀ါတွေနဲ့ အတူလျှောက်ရပါတယ်။ လူတစ်ယောက်ကို ကိုယ်လိုချင်တဲ့ ပုံစံဝင်လာအောင် လုပ်ယူရာမှာ အချိန်ပေးရပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်ရပါတယ်။ ပါးစပ်ကလေးနဲ့၊ တုတ်ကလေးနဲ့ မရဘူးလား ဆိုရင်တော့ ရတဲ့အခါ ရပါလိမ့်မယ်။ ဒါပေမယ့် ပါးစပ်မလှုပ်နိုင်၊ တုတ်မကိုင်နိုင်တဲ့အခါ ခေါက်ရိုးက ပြန်ကျိုးသွားမှာပါ။ အချိန်ယူပြီး ကိုယ်တိုင်ပါဝင်ကာ ချစ်ခင်စိတ်နဲ့၊ မေတ္တာနဲ့ ပြောင်းယူရင်တော့ ရေရှည်ခိုင်မြဲတဲ့ အမူအကျင့်တစ်ခုကို ရလာပါလိမ့်မယ်။

စောစောက ကျွန်တော့်သား အသက် ၂၀ ဟာ သိပ်ကို အိမ်မြဲပါတယ်။ ဘယ်အချိန်ကြည့်ကြည့်၊ သူ့ကို အိမ်ထဲမှာသာ တွေ့ရပါတယ်။ ကျောင်းသွားချိန်၊ အားကစားရုံ သွားချိန်၊ ရည်းစားနဲ့ ချိန်းတွေ့ချိန်တွေတော့ ခြွင်းချက်ပေါ့ဗျာ။ ညဉ့်နက်သန်းခေါင် ထွက်လည်တယ်ဆိုတာ အင်မတန်နည်းလှသလို အပေါင်းအသင်းနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တာလည်း မရှိသလောက်ပါ။ ရံဖန်ရံခါ နှစ်လ တစ်ခါ၊ သုံးလတစ်ခါလောက် သူ့အပေါင်းအသင်းတွေနဲ့ ဘီယာဆိုင် ထိုင်တာမျိုးတော့ ရှိတယ်။ ကျွန်တော်ကလည်း မတားတတ်ပါဘူး။ ကျွန်တော့်အိမ်မှာက စည်းကမ်းတစ်ခုပဲ ရှိပါတယ်။ “ကြိုက်တာလုပ်၊ မလိမ်နဲ့”ဆိုတဲ့ စည်းကမ်းပါ။ လိမ်တာတစ်ခုကိုပဲ ပြင်းပြင်းထန်ထန်တားပါတယ်။ (ဒါ ရှေ့က ကျွန်တော့်ပို့(စ်)တွေထဲမှာ အကျယ်ရေးပြီးသားပါ။)

ပြောချင်တာက ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းနေစဉ်တစ်လျှောက်လုံး ကျွန်တော့်သားမှာ ဘာပြဿနာမှ ကြီးကြီးမားမား မရှိခဲ့ဘူး။ နားပေါက် ဖောက်ချင်တယ်၊ ဖောက်။ ဆံပင် ဆိုးချင်တယ်၊ ဆိုး။ ကျွန်တော် မနှစ်သက်တာတွေဖြစ်ပေမယ့် ဘာမှ အရေးမကြီးတာတွေအတွက် ပြဿနာအဖြစ်မခံဘူး။ ဒါတွေက အချိန်တန်ရင် သူ့ဟာနဲ့သူ ပြီးသွားမှာတွေ။ ကျွန်တော်လိုချင်တာက စာနာနာဖတ်တဲ့ လူသား။ အဲဒါဖြစ်အောင် ကျွန်တော် သူတို့တွေ စာမဖတ်တတ်ခင်ကတည်းက ပျိုးထောင်ခဲ့တယ်။ အခု ကျွန်တော့်သားရော၊ သမီးရော စာဖတ်တဲ့ဝါသနာ အပြည့်ရှိနေကြတယ်။ တော်ပြီ၊ သည်လောက်ဆိုရင်။ ကျန်တာက လူငယ်တို့ဘာဝ လုပ်ချင်တာ အကုန်လုပ်။ လုပ်သမျှ မိဘ သိရပါစေ။ ဒါမှ အချိန်မီ ကုလို့ ရမှာ။ ဒါပဲ။

အခု အဲဒီ့အကျင့်ကြောင့် ဘယ်လောက်အထိ ဆိုးလာလဲဆိုတော့ ကျောင်းလခတောင်းရမှာတောင် သားက အဖေနဲ့ အမေကို အားနာတယ်၊ သနားတယ်ဆိုတဲ့ အဆင့်ကို အလိုလို ရောက်လာတယ်။ မုန့်ဖိုးတောင်းဖို့များတော့ တော်တော်ခက်နေရှာတယ်။ ဖအေက နားလည်စွာနဲ့ မပေးမိရင်၊ မေ့နေရင် အိပ်ထဲ တစ်ပြားမှ မရှိဘဲ နေချင်နေတတ်နေတယ်။

ကျွန်တော့်သား တော်ကြောင်း ကြွားနေတာ မဟုတ်ပါဘူး။ တော်လည်း မတော်သေးပါဘူး။ သို့သော် ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးကို ရုပ်လုံး ပေါ်အောင် ဖော်ပြလိုက်တာပါ။ ချစ်ခြင်းမေတ္တာနဲ့ သူ့ကို တလေးတစား ပဲ့ပြင်ထိန်းကျောင်းခဲ့တာမို့ သည်အခြေအနေကို ရောက်လာတာပါ။

တစ်ဆက်တည်း ပြောရရင် ကျွန်တော့်သမီးက မိဘအပေါ်မှာ တအားဆိုးပါတယ်။ အထူးသဖြင့် သူ မကျေနပ်တာက ကျွန်တော့်ကိုပါ။ ကျွန်တော်က သူကလေးဘ၀က သူ့မျက်စိအောက်မှာတင် အိမ်ထောင်ရေးဖောက်ပြန်မှု နှစ်မှုတိတိ ကျူးလွန်ခဲ့တာကိုး။ အဲတော့ သူက ကျွန်တော့်ကို ဆယ်ကျော်သက်အရွယ်မှာ အရမ်းကို ကန့်လန့်တိုက်ခဲ့ဖူးပါတယ်။ ကျွန်တော် သိပ်ရိုက်ချင်ခဲ့မိတယ်၊ နုတ်နုတ်စင်းပစ်ချင်လောက်အောင်ကို သူ ကျွန်တော့်ကို ကန့်လန့်တိုက်ခဲ့တာပါ။ ဒါပေမယ့် အဲဒါ သူ့အမှား မဟုတ်ဘူး၊ ကျွန်တော့်အမှားကို သူအခဲမကျေမှန်း ရိပ်မိသိရှိသွားတဲ့အတွက် သူ့ကို ကျွန်တော် သိပ်ရိုက်ချင်နေချိန်မှာ စိတ်ကိုထိန်းပြီး သူ့ကို ခါတိုင်းထက် ပိုချစ်ပြခဲ့ပါတယ်။

ကလေးတွေကို ရိုက်ချင်စရာ အကောင်းဆုံးအချိန်မှာ သူတို့လေးတွေ အချစ်ခံချင်ဆုံး အချိန်ဖြစ်နေတယ် ဆိုတဲ့ ကလေးသူငယ် စိတ်ပညာ အဆိုအမိန့် တစ်ခုကို ကျွန်တော့်ခေါင်းထဲကို အမြဲဆွဲထည့်ခဲ့၊ နှလုံးသွင်းခဲ့ပြီး သူ့ကို ကျွန်တော် ခါတိုင်းထက် ပိုချစ်ပြခဲ့ပါတယ်။ ပိုယုယခဲ့ပါတယ်။ ပိုအလေးပေးခဲ့ပါတယ်။ အဲဒါလည်း အချိန် အကြာကြီး ယူရပါတယ်။ ကျွန်တော့် ပြစ်မှုကြောင့် ကျွန်တော်တည်ဆောက်ထားတဲ့ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုအဆောက်အအုံကြီးဟာ မိနစ်ပိုင်းအတွင်းမှာ ပြိုကျပျက်စီးသွားပါတယ်။ အဲဒီ့အဆောက်အအုံကြီးကို ပြန်ဆောက်ဖို့ကျတော့ မိနစ်ပိုင်းနဲ့ ပြန်တည်လို့ မရပါဘူး။ ဒါကို နားလည်တဲ့အတွက် ကျွန်တော် အရမ်းအချိန်ပေး အရမ်း ၀ါယမစိုက်ခဲ့ရပါတယ်။

အခု ငါးနှစ်လောက် အကြာမှာ ကျွန်တော့်သမီးလည်း အံ့သြစရာ ကောင်းအောင် ပြောင်းလဲသွားပါပြီ။ တစ်ချိန်က ကျွန်တော့်ကို ကန့်လန့်တိုက်ခဲ့တဲ့ သမီးမှ ဟုတ်ပါလေစလို့ သံသယဖြစ်လောက်အောင် သူ့ဘက်က လိမ်မာနေပါပြီ။ အပိုးကျိုးနေပါပြီ။ ကျွန်တော် တုတ်တစ်ချက် မကိုင်ခဲ့ပါဘူးခင်ဗျား။

ကျွန်တော့်အဘိဓာန်မှာ ဆုံးမ၊ သွန်သင်၊ ညွှန်ကြားဆိုတာတွေ မရှိသလို ရိုသေဆိုတဲ့ ဝေါဟာရလည်း မရှိပါဘူး။ ကျွန်တော် သိပ်တန်ဖိုးထားတာက လေးစားမှုပါ။ ရိုသေက တစ်လမ်းသွား၊ တစ်ဖက်သတ်ပါ။ လေးစားမှုက အပြန်အလှန် သဘောပါ။ ကျွန်တော်တို့ အာရှသားတွေ ခေတ်နောက်ကျ ကျန်ခဲ့ရတဲ့ အဖြစ်တွေရဲ့ အရင်းခံက ရိုသေမှုကို ရှေ့တန်းတင်ပြီး လေးစားမှုကို မျက်ကွယ်ပြုလိုက်ကြလို့သာ ဖြစ်ပါတယ်။ ဒါကို မြင်တဲ့ အာရှသားတွေ ပြင်နိုင်ခဲ့ကြလို့လည်း အခုအခါမှာ အာရှကျားတွေ ဖြစ်လာနေကြပါတယ်။

ကျနော့်ဗျူဟာ မမှန်ဘူးလို့ သိလာတဲ့အချိန်မှာ အဲ့ဒီနည်းနဲ့ ကျနော် အသားကျနေပါပြီ ဆိုတဲ့ စကားကို ကျွန်တော် လက်ခံပါတယ်။ ပြင်ချင်စိတ်ရှိရင် ဘယ်လောက် အသားကျကျ ပြင်လို့ရတယ်ဆိုတာလည်း ဖြည့်စွက်ပြောလိုက်ချင်ပါတယ်။ ကျွန်တော့်စာတွေထဲမှာ ပါပြီးသားပါ။ ကျွန်တော်က မျိုးနဲ့ ရိုးနဲ့ ချီပြီး ရိုက်တတ်သူမို့ဆိုတဲ့ ဆင်ခြေကို ကောင်းကောင်း ပေးလို့ရနိုင်သူမို့ မိန်းမနဲ့ ကလေးရိုက်တာကို အသားကျနေတဲ့သူပါ။ ကနေ့အခါမှာ ကျွန်တော့်ဇနီးကို လက်ဖျားနဲ့တောင် မတို့တော့တာ ၁၆ နှစ်ကျော်ပြီဖြစ်သလို ကျွန်တော့်သားသမီးတွေကိုလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း မရှိတာလည်း ၁၀ နှစ်ကျော်ပြီလို့ ခပ်တင်းတင်း ပြောနိုင်နေပါပြီ။ အဲဒါဘာလဲ၊ ကျွန်တော်ကိုယ်တိုင်က ကိုယ့်လုပ်ရပ် မမှန်မှန်း ရင်ထဲ အသည်းထဲက တကယ် သိလို့တကယ်ပြင်ချင်စိတ် အပြည့်နဲ့ ပြင်ခဲ့လို့ပါပဲ။

ဘုရားဟောနဲ့ပဲ နိဂုံးချုပ်ပါရစေ။ ၀ီရိယရှိသူအတွက် ဘယ်အရာမဆို ဖြစ်နိုင်တယ်၊ ဆန္ဒတကယ်ရှိသူအတွက် ဘယ်အရာမဆို ဖြစ်နိုင်တယ်လို့ ဘုရားရှင်က ဟောခဲ့ပါတယ်။ ပါဠိလို ရေးပြတတ်ပေမယ့် အလကား ဇယားရှုပ်မှာမို့ ရေးမပြတော့ပါဘူး။

အဲတော့ ကျွန်တော့်ဆီ စာရေးလာတဲ့ ဆရာနေအေးလှိုင်အပါအ၀င် လူသားအားလုံးအနေနဲ့လည်း တကယ်ဖြစ်ချင်ရင် တကယ်လုပ်လို့ရတယ်ဆိုတာကို ဘုရားက ဟောပြီးသားမို့ ကိုယ် တကယ်ဖြစ်ချင် မဖြစ်ချင်သာ သေချာအောင် လုပ်ကြပါလားဗျာလို့ လေပျော့လေးနဲ့ တိုက်တွန်းလိုက်ချင်ပါသဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် ၀၃၀၈၁၀)

You don’t need to beat him!

တစ်နှစ်ခွဲသားကို ရိုက်နှက်ဆုံးမသူရဲ့ စိတ်အခံ

ကျွန်တော့်ရဲ့ ရိုက်နှက်ဆုံးမခြင်းရဲ့ အကျိုးအပြစ် ပို့(စ်)မှာ တစ်ယောက်က  ကွန်မန့်ဝင်ရေးသွားပါတယ်။ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်ရတဲ့ ကွန်မန့်လေးပါ။ မိဘအများနဲ့ သက်ဆိုင်နေတာမို့ သူ့ကွန်မန့်ကို ပို့(စ်)တစ်ခုအနေနဲ့ သတ်သတ် ဆွေးနွေးတင်ပြပါရစေခင်ဗျား။

သူ့ကွန်မန့်ကို အရင်ဖတ်ရှုတော်မူပေးကြပါ။

ရိုက်နှက်ဆုံးမခြင်းရဲ့ အကျိုးအပြစ်တွေကို သိပေမယ့်လည်း တစ်နှစ်ခွဲသာ ရှိသေးတဲ့ ကျနော့်သားကို ရိုက်နှက်ပြီး ဆုံးမဖြစ်နေတယ်ဗျာ။ ရိုက်နှက်မိတိုင်း၊ ရိုက်နှက်ပြီးတိုင်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် အခြားနည်းလမ်းနဲ့ဆုံးမဖို့ မကြံစည်တတ်ဖြစ်နေတယ်။

တစ်နှစ်ခွဲသာ ရှိသေးတဲ့ကလေးက ဘယ်လိုအပြစ်တွေများ ကျူးလွန်နေသလဲဆိုတော့ လက်ညှိုးလေးထောင်လို့ ဟင်း… ဆိုပြီး သတိထားဆိုတဲ့ပုံစံ၊ လက်ကလေး နှစ်ဖက်ကို ဆုပ်လို့ လက်သီးဆိုပြီး ပြတာက တစ်မျိုး၊ နောက်တစ်နည်းက ကော့ပြတာပါ။ အခြားအပြစ်တွေက မီးဖိုချောင်မှာထားတဲ့ ဆားဗူး၊ အချိုမှုန့်ဗူး၊ အရောင်တင်မှုန့် ဗူးတွေကို ယူငင်ပြီး ဆော့တာပါ။ အဲ့ဒီဗူးတွေ ထားတဲ့ နေရာကလည်း သူလက်လှမ်းမီတဲ့ နေရာမှာ ဖြစ်နေတာကိုး။ အခြား လက်လှမ်းမမီတဲ့ နေရာမှာထားဖို့ကလည်း လောလောဆယ် မလုပ်ဆောင်ရသေးလို့ပါ။

နောက်လုပ်တဲ့အပြစ်တွေက ဖက်ပြီးကိုက်တာပါ။ အရင်က သူ့အမေကိုပဲ ကိုက်တတ်တာပါ။ သည်နေ့မနက်မှ ကျနော့်ကို ဖက်ကိုက်ပါလေရော သူကတော့ အသဲယားပြီး ကိုက်တာ။ နောက်ချင်စိတ်နဲ့ ကိုက်တာ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သည်လို အပြုအမူမျိုး နောက်မလုပ်ဖို့ ကျနော်ရိုက်ပြီး ဆုံးမမိပါတယ်။

ကိုက်တဲ့အတွက် ရိုက်တာက တစ်ချက်ပါပဲ။ ဒါပေမယ့် ရိုက်လို့ ငိုတဲ့အခါမှာ အသံမထွက်နဲ့ဆိုပြီး ထပ်ရိုက်တာကတော့ သူ မတိတ်မချင်းပေါ့။ တချို့အပြစ်တွေက ပတ်ဝန်းကျင်က သင်ပေးလို့တတ်သွားတဲ့အပြစ်တွေပါ။ ဒါကို ဆက်မလုပ်ဖို့ တားမြစ်ရတာပါ။ လက်သီးဆုပ်ပြတာ၊ ကော့ပြတာတွေကို သူ့အမေဘက်က သူ့အဖိုး သင်ပေးလိုက်တာပါ။ သူ့အဖိုးနဲ့ ကျနော်နဲ့က အဆင်မပြေပါဘူး။ ခပ်တန်းတန်းနေကြပါတယ်။ သူ ဘယ်လိုရည်ရွယ်ချက်နဲ့ သည်လိုအပြုအမူမျိုးတွေကို သင်ပေးသလဲတော့ ကျနော်မသိပါဘူး။ သူ့ကိုလည်း ကျနော် ပြောလိုစိတ်မရှိပါဘူး။

ဒါပေမယ့် ကျနော့်သားကိုတော့ အဲ့ဒီလိုမလုပ်ဖို့ ပထမ တတ်ခါစတုန်းက သား အဲ့ဒီလိုမလုပ်ရဘူးနော်ဆိုပြီး စကားနဲ့ဆုံးမပါတယ်။ ကိုယ့်ကသာ ပြောပေမယ့် သူ သေသေချာချာ နားမလည်သေးပါဘူး။ စကားလည်း မပြောတတ်သေးပါဘူး။ အဲ့ဒီလို ပြောလိုမရတဲ့ နောက်ပိုင်းမှာ ၀ါးခြမ်းပြားလေးနဲ့ ကျနော် ခြိမ်းခြောက်ရပါတော့တယ်။ အခုနောက်ပိုင်း မလုပ်စေချင်တဲ့အရာတိုင်း ၀ါးခြမ်းပြားလေးကိုင် ကြမ်းပြင်ကို ရိုက်လို့ သတိပေး တားမြစ်ရပါတော့တယ်။ သောက်ရေကို မသောက်ပဲ ပလုပ်ကျင်းသလို ထွေးထုတ်တာ၊ သောက်ရေခွက်ကို ကိုယ်တိုင် ကိုင်သောက်ချင်တဲ့အခါမျိုးမှာ အဲ့ဒီလို မလုပ်ဖို့။ ဘာဖြစ်လို့ အဲ့ဒီလို မလုပ်ခိုင်းရတာလဲဆိုတော့ ကျနော် အခုငှားနေတဲ့အိမ်က နှစ်ထပ်အိမ်အပေါ်ထပ်အခန်းမှာ မို့လို့ ရေဖိတ်ကျတဲ့အခါ အောက်က လူတွေအတွက် အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ။ နောက်လုပ်တဲ့ အပြစ်တွေက ထမင်းစားတဲ့အခါ ဟင်းခွက်တွေကို လိုက်နှိုက်တတ်တာ၊ ဘေးနားမှာ လာပြီး အိုးနင်းခွက်နင်း ဖြစ်တာက တစ်မျိုး။ ဒါတွေအတွက် ၀ါးခြမ်းပြား အားကိုးလို့ ရိုက်နှက်နေရပါတယ်ခင်ဗျာ။

အခုလို ရိုက်နှက်ခြင်းကြောင့် ဘယ်လိုအပြစ်တွေ ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါပဲ… :(

တစ်နှစ်ခွဲကလေးကို ရိုက်နှက်တာဟာ တော်တော် သဘာဝမကျတာပါပဲ။ သည်စာမှာ အချက်တစ်ချက်ကို ဘွားဘွားကြီးမြင်နေရပါတယ်။ အဲဒါကတော့ အရှေ့တိုင်းရဲ့ ဒွေးရောယှက်တင် လူ့ဘောင် ပုံစံပါ။ အိမ်ထောင်ကျတဲ့အခါ ကိုယ့်တစ်အိုးတစ်အိမ်ခွဲနေနိုင်သည့်တိုင် နှစ်ဖက်မိဘ အသိုင်းအ၀ိုင်းက ကပ်ပါနေတယ်။ အဲဒါတွေက ကလေးတွေကို ကျွန်တ်ာတို့ လိုချင်သလို ဖြစ်မလာအောင် ဟန့်တားနေတယ်ဆိုတဲ့ အချက်ပါပဲ။

အမှန်က သည်ကလေးက ဘာအပြစ်မှ မလုပ်သေးပါဘူး။ သူ့အနေနဲ့ အကောင်းအဆိုး၊ အကျိုးအပြစ်ကို ခွဲခြားသိတတ်နိုင်သေးတဲ့ အရွယ်လည်း မဟုတ်သေးပါဘူး။ အဓိက ပြဿနာက သူ ဘယ်သူ့ကို အတည်ယူရမလဲဆိုတာ မသိတဲ့ ပြဿနာပါ။

သည်စာရေးသူအနေနဲ့ ရိုက်ခြင်းရိုက်ရင် သူ့ယောက္ခထီးကိုဖြစ်စေ၊ ကလေးအမေ သူ့မယားကိုသာဖြစ်စေ လှိမ့်ရိုက်သင့်ပါတယ်။ ကလေးကို လုံးဝ မရိုက်သင့်ပါဘူး။

ကလေးသည်လို ဖြစ်နေတာကို မနှစ်သက်ဘူးဆိုရင် ပထမဆုံးက ကိုယ့်ဇနီးကို ကိုယ် ဖျောင့်ဖျစည်းရုံးပြီး ကလေးနဲ့ သူ့အဘိုးနဲ့ အတွေ့ကျဲအောင် ဖန်တီးသင့်ပါတယ်။ သည့်ထက်ပိုလုပ်သင့်တာက ကိုယ်နဲ့ မပြေမလည်ဖြစ်နေတဲ့ ကိုယ့်ယောက္ခထီးကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးယူဖို့ပါ။ တောရိုင်းတိရစ္ဆာန်တွေ ဖြစ်တဲ့ ကျားတွေ၊ ခြင်္သေ့တွေတောင် ဆပ်ကပ်ထဲမှာ ကိုယ်လိုသလို စေခိုင်းနိုင်နေတာဟာ လူဟာ အသိဉာဏ်မြင့်လို့ပါ။ ယောက္ခထီးက ကျား မဟုတ်၊ ဆင်မဟုတ်ပါဘူး။ လူပါ။ ဖျောင့်ဖျစည်းရုံးဖို့ ပိုလွယ်ပါတယ်။ မလွယ်အောင် တားဆီးနေတာက မာနပါ။ ကိုယ့်မာနကြောင့် ကိုယ့်မိန်းမလည်း စိတ်ဆင်းရဲ၊ ကိုယ့်သားလေးလည်း ကြားထဲက ဒဏ်ခံနေရတဲ့ အဖြစ်ကို မြင်လာမယ်ဆိုရင် ဒါကို ဆင်ခြင်နိုင်ပါလိမ့်မယ်။

တစ်ဖက်သားကို ခွေးနဲ့ နှိုင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆင်ခြင်သင့်လို့ နမူနာတစ်ခု ပြောပါ့မယ်။ ခွေးတစ်ကောင် ဆိုးနေ၊ ကိုက်နေ၊ လိုက်ဆွဲနေ၊ သောင်းကျန်းနေရင် အဲဒီ့ခွေးရဲ့ နှုတ်သီးကို ခြင်းစွပ်နိုင်အောင် လုပ်ရတော့မှာပါ။ အဲဒီ့အတွက် အဲဒီ့ခွေးကို မဆိုးနဲ့၊ မဟောင်နဲ့၊ မကိုက်နဲ့၊ မဆွဲနဲ့လို့ လူစကား သွားပြောနေလို့ မရပါဘူး။ အဲဒီ့ခွေး အမြီးနှံ့လောအောင် ထန်းလျက်၊ အမဲရိုး၊ ဘီစကစ်စသဖြင့် ခွေးကြိုက်လောက်တဲ့ အရာတစ်ခုခုကို အရင်ပြရပါမယ်။ ခွေးနဲ့ ရင်းနှီးလာအောင် လုပ်ရပါမယ်။ အဲဒီ့နောက် ဖော်ရွေလာတဲ့ ခွေးရဲ့ နှုတ်သီးကို ခြင်းစွပ်နိုင်ဖို့အတွက် ခွေးကို ပွတ်သပ်ပေးရမယ်၊ ပြီးရင် ခြင်းစွပ်ရပါမယ်။ အဲဒီ့အတွက် ခွေးအရပ်နဲ့တူအောင် ဒူးထောက်တန်ထောက်၊ ဆောင့်ကြောင့် ထိုင်တန် ထိုင်ရမှာပါ။ အဲဒါဟာ အရှုံးပေးတာ မဟုတ်မှန်း လူတိုင်း သိပါတယ်။

သို့သော် လူလူချင်းကျရင်တော့ ထန်းလျက်သုံးရကောင်းမှန်း မသိသလို ဒူးလည်း မထောက်ဖြစ်တတ်ကြဘူး။ အဲဒါဟာ မာနပါ။ ခွေးနဲ့ကျတော့ ခွေးပဲဆိုပြီး ဒူးထောက်လိုက်ရတာကို မာန ချရတယ်လို့ ဘယ်သူမှ မတွေးကြဘူး။ ဒါပေမယ့် ခွေးနဲ့ဖြစ်ဖြစ်၊ လူနဲ့ဖြစ်ဖြစ် ရည်မှန်းချက်က အတူတူပါပဲ။ ကိုယ်လိုချင်တာ ဖြစ်လာအောင်၊ ကိုယ်ဖြစ်စေချင်တာ ဖြစ်လာအောင် လုပ်ဖို့ပါပဲ။ ဒါကို နှလုံးသွင်းနိုင်မယ်ဆိုရင် လူအားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံတတ်လာပါလိမ့်မယ်။ ဆက်ဆံရေးတိုင်းကို အဆင်မပြေဖြစ်စေတာက ဘာမဟုတ်တဲ့ တလွဲမာနတွေပါဗျာ။

ကလေးနဲ့ ပတ်သက်လို့ ဆက်ပြောရမယ်ဆိုရင်တော့ သည်တစ်နှစ်ခွဲသားလေးဟာ ဘာဆို ဘာမှ အကောင်းအဆိုး အကျိုးအပြစ် မသိသေးတာမို့ သူ့ကို ရိုက်ရုံမက သတ်ပစ်ရင်လည်း သိမှာ မဟုတ်ဘူးဆိုတာကို သိထားဖို့ လိုပါတယ်။ သည်အရွယ်ဟာ အမေ၊ အဖေရဲ့ မျက်နှာကို ကြည့်နေရတဲ့ အရွယ်ပါ။ အမေ အဖေ မကြိုက်ဘူး ဆိုတာ တစ်ချက်တည်းနဲ့တင် လုံလောက်ပါတယ်။ တစ်ခုတော့ ရှိတယ်၊ အနားမှာ အားကိုး မရှိဖို့ လိုပါတယ်။ အမေ မကြည်ရင် အဖေ့ဆီ ပြေးနိုင်၊ အဖေရော၊ အမေပါ မကြည်ဘူးဆိုရင် အဒေါ်တွေ၊ အဘိုးအဘွားတွေဆီ ပြေးကပ်နိုင်တာမျိုး ဖြစ်နေရင်တော့ ဘာမှ မတတ်နိုင်ပါဘူး။ အဲလိုသာဆိုရင်တော့ ကလေးကို ရိုက်မယ့်အစား အိမ်ထောင်သည် ဖြစ်လာရက်နဲ့ အိမ်မခွဲနိုင်တဲ့ ကိုယ်၊ တစ်အိုးတစ်အိမ်မထူထောင်နိုင်သေးဘဲ အိမ်ထောင်ပြုမိတဲ့ ကိုယ့်ပါးကိုယ်သာ စပ်စပ်ကလေး ရိုက်သင့်ပါတယ်။

တကယ်လို့ သိပ်ရိုက်ချင်တယ်ဆိုရင်လည်း ကလေး သုံးနှစ်က ငါးနှစ်အတွင်းလောက်မှာ ဒေါသ မပါဘဲ ရိုက်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒါမလုပ်နဲ့ နောက်တစ်ခါ လုပ်ရင် ရိုက်မယ်လို့ အရင်ဆုံး မှာကြားရပါမယ်။ ကလေးက လုပ်တဲ့အခါမှာလည်း ကိုယ်ပြောထားတဲ့အတိုင်း ရိုက်နိုင်ပါတယ်။ ရိုက်ပြီးတာနဲ့ သားကို မချစ်လို့ ရိုက်တာ မဟုတ်ဘူး။ သားရဲ့ အပြုအမူကို ပြင်စေချင်လို့ ရိုက်တာလို့ ပြောပြီး အသားနာလို့ ငိုနေတဲ့ ကလေးကို ချော့သင့်ပါတယ်။

ကလေး အငိုမတိတ်လို့ ရိုက်ပြီး တိတ်ခိုင်းသူလောက် လောကမှ လူမဆန်သူ၊ လူစိတ် မရှိသူ မရှိပါဘူး။ အဲဒီ့လူကို တစ်စုံတစ်ယောက်က နာကျင်အောင် လုပ်တဲ့အခါ သူရော မအော်ဘဲ၊ မညည်းဘဲ နေမလားလို့ မေးလိုက်ချင်ပါတယ်။ တခြားဟာ မပြောပါနဲ့၊ နာကျင်ကိုက်ခဲတဲ့ ရောဂါဝေဒနာတစ်ခုခု ပြင်းပြင်းပြပြ ခံစားရရင်တောင် လူဆိုတာ အော်မိ၊ ညည်းမိတတ်ကြပါတယ်။ (တစ်ယောက်နဲ့ တစ်ယောက် အနာခံနိုင်တဲ့ အတိုင်းအဆချင်း မတူလို့ တချို့အတွက် တောင့်ခံနိုင်တဲ့ အတိုင်းအဆ တစ်ခုတော့ ရှိမှာပါ။ အဲဒီ့လူတွေလည်း အဲဒီ့အတိုင်းအဆ ကျော်ရင် အော်မှာ ညည်းမှာ သေချာပါတယ်။) အဲဒါကို မအော်နဲ့ မညည်းနဲ့လို့ ပြောရင် လူဆန်ပါဦးမလား။ အင်မတန် စဉ်းစားသင့်ပါတယ်။

ကျွန်တော် ငယ်ငယ်တုန်းကလဲ ကျွန်တော့်အဖေက ရိုက်လို့ နာတဲ့အခါ ငိုမိတယ်။ အဲဒါဆိုရင် အဖေက အခု စာရေးလာသူလိုပဲ မတိတ်တိတ်အောင် တုတ်နဲ့ပဲ ဆက်ရိုက်ပြီး နှိပ်စက်ပါတယ်။ နှိပ်စက်တယ်လို့ ကျွန်တော် သုံးပါတယ်။ အဖေ ရိုက်တာ ကျွန်တော် စိတ်သိပ်မနာမိဘူးဆိုရင်တောင် အဲသလို နာလို့ ငိုတာကိုပဲ ကိုယ်ချင်းမစာစွာ ဆင့်ရိုက်ပြီး အတိတ်ခိုင်းတဲ့ အပြုအမူကိုတော့ ကျွန်တော် အင်မတန် စက်ဆုပ်ခဲ့ပါတယ်။ အခုဆို ကျွန်တော့်အဖေ မရှိတော့တာ ၃၄ နှစ် ပြည့်ပါတော့မယ်။ အဖေ့ကိုလည်း နားလည်ခွင့်လွှတ်လို့ ရသွားသလို အဖေ့ကျေးဇူးကိုလည်း အောက်မေ့ သတိရပါတယ်။ သို့ပေမယ့် အဖေ့အပြုအမူကို စက်ဆုပ်ပြီး အဖေ့ကို ချစ်လို့ မရတာကတော့ ယနေ့ထက်တိုင်ပါ။

အခု စာရေးလာသူဟာ အသိခေါက်ခက် အ၀င်နက်နေတယ်လို့ ပြောရမလား မသိပါဘူး။ ရိုက်နှက်ဆုံးမခြင်းရဲ့ အကျိုးအပြစ်တွေကို သိပေမယ့်လည်းလို့ သူက စကားခံထားတာကိုး။ အသိတစ်ခုရှိပြီး အဲဒီ့အသိကြောင့် သဘောထား မပြောင်း၊ အပြုအမူလည်း လိုက်ပြောင်းမလာဘူးဆိုရင် အဲဒီ့အသိဟာ ဘာမှ အသုံးမကျပါဘူး။ ဗဟုသုတ အထိုက်အလျောက်ရှိတဲ့ လူ့အန္ဓသာဖြစ်ပါလိမ့်မယ်။ အသိသာရှိပြီး ဉာဏ်မရှိသူသာ ဖြစ်သွားပါလိမ့်မယ်။ အိမ်သာက ဆင်းရင် လက်ဆေးတာ ကျန်းမာရေး အတွက် ကောင်းတယ်လို့ သိတယ်။ ဒါပေမယ့် တကယ် အိမ်သာက ဆင်းလာပေမယ့် လက်မဆေးဘဲနေသူနဲ့ အတူတူပါပဲ။

အားနာနာနဲ့ ပြောရရင် ယောက္ခထီးကို မကျေနပ်တိုင်း ကလေးကို ဖိရိုက်နေတာသာဖြစ်ပါတယ်။ ကာယကံရှင်က သည်အချက်ကို ၀န်ခံချင်မှ ၀န်ခံပါလိမ့်မယ်။ ၀န်မခံဆို ကိုယ်တိုင်လည်း သတိထားမိချင်မှ ထားမိမှာကိုး။ မသိစိတ်ထဲမှာ ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် သေချာ ပြန်စဉ်းစားရင် အဲဒီ့အတိုင်း ပေါ်လာမှာပါ။

ကလေးအတွက် သင့်တင့်တဲ့ အဖြေကို ထုတ်နိုင်မယ်လို့ ယုံကြည်ယူဆပြီး ဒါကို ရေးလိုက်တာဖြစ်ပါတယ်။ ကျွန်တော်သည်လို ရေးလိုက်တဲ့အတွက် ကာယကံရှင် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင် တောင်းပန်လိုက်ပါတယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – 020810)