Consistency and Discipline

ရှေ့နောက် ညီညွတ်မှုနှင့် စည်းကမ်း

လပွတ္တာမြို့နယ်၊ ပြင်စလူ တိုက်နယ်အတွင်းရှိ ရွာကလေးတစ်ရွာမှာ ဆယ်ရက်တာ သွားရောက်နေထိုင်ခဲ့စဉ်က ဖြစ်ပါသည်။ 

ကျွန်တော်တည်းခိုနေထိုင်သော အိမ်၏ မျက်နှာချင်းဆိုင်မှာ ကုန်စုံဆိုင်တစ်ဆိုင် ရှိသည်။ ကုန်စုံဆိုင်ရှင် အမယ်ကြီးကို စကားစမြည် သွားပြောထားဖူးသဖြင့် သူ့မိသားစုအကြောင်းကို သိနှင့်နေသည်။ သူ့မှာက ပညာ အထိုက်အလျောက်တတ်သော သား သမီးတွေနှင့်။ သူ့သားမက်ကိုတော့ နာဂစ်မုန်တိုင်းက ၀ါးမျိုသွားခဲ့သည်။ ထိုတစ်ဦးသာ သူတို့မိသားစုထဲမှ အဖိတ်အစင် ရှိခဲ့သည်ဟု သိထားခဲ့ရပါသည်။

တစ်ညနေမှာ သူတို့အိမ်ရှေ့က ရွာလမ်းလေးပေါ်မှာ ကျွန်တော် ရောက်နေတုန်း ဖြစ်ရပ်တစ်ခုကို မြင်လိုက်ရသည်။

ဆိုင်ရှင်အမယ်ကြီး၏ မြေးဖြစ်လေမည့် ငါးနှစ်အရွယ်ခန့် ကလေးမလေးက မအေဟု ယူဆရသူနှင့်အတူ ညနေစာ စားနေကြသည်။ ထိုအခိုက်မှာ ဘာကြောင့်မှန်းတော့ မသိ၊ မအေက ကလေး၏ ခေါင်းကို ခေါက်ရန် လက်ရွယ်လိုက်သည်။ ကလေးမလေးက ဂွဲခနဲ ထအော်ကာ နေရာမှ သုတ်ခနဲ ထပြေးလေသည်။

ထပြေးသည်ဆိုသော်လည်း ဝေးဝေးတော့ မဟုတ်။ မအေ့ကျောဘက် ယွန်းယွန်း၊ လေး-ငါးပေ အကွာလောက်ကိုသာ ဖြစ်သည်။ ထိုနေရာမှာ ကလေးမလေးက အာခေါင် ခြစ်ပြီး အော်ငိုနေသည်။ အော်ငိုသံ ထွက်နေသဖြင့်သာ အော်ငိုနေသည်ဟု ရေးလိုက်ရခြင်း ဖြစ်သည်။ စင်စစ် မျက်ရည်ကား တစ်စက်သော်မျှ ထွက်မလာ။

”လာ… ထမင်းပြန်လာစား”

မအေလုပ်သူ၏ ငေါက်သံကို ထိုနေရာမှာ ရပ်ကြည့်နေမိသူ ကျွန်တော် အတိုင်းသား ကြားရသည်။

”စားဘူး…”

ကလေးက အာခေါင်ခြစ်ပြီး ပြန်အော်လိုက်သည်။

ချက်ချင်းလိုပင် ဖြစ်သည်။ ကလေးစားနေသော ထမင်းအနည်းငယ် ပါရှိသည့် သံမဏိ ပန်းကန်သည် ကျွန်တော့်ရှေ့ လမ်းမပေါ်သို့ လွင့်ပျံလာပါတော့သည်။

ဟင်းနှင့် နယ်ထားသော ထမင်းညိုညိုတွေက ရွာလမ်း ဖုံတောထဲသို့ ဖွားခနဲ ကျဲပက်လိုက်သလို။ သံမဏိ ပန်းကန်လေးက ဘေးမှာ မှောက်လျက်။

ကလေးက မျက်ရည် တစ်စက်မျှ မထွက်ဘဲ အော်ဟစ်ကာ ငိုသံပေးလို့ ကောင်းနေဆဲ။ ထိုအိမ်ဝိုင်းထဲသို့ ရောက်နှင့်နေသူ အမျိုးသမီးတစ်ယောက်က ကလေးကို ချော့မော့ဖို့ ကြိုးစားနေသည်။ ကလေးက ပထမတော့ အမေကို တ၍ အော်နေသေးသည်။

”မေကြီးရေ… မေကြီးရေ…”

မအေကား မျက်ထောင့်နီနှင့်၊ ထမင်းကို ဆက်စားနေသည်။ မကြာပါ။ ကလေးနှုတ်မှ ဖအေကို တသံ ထွက်လာသည်။

ကျွန်တော်သိနှင့်ထားသော ဘွားအေကြီးထံမှ သတင်းစကားအရ ထိုကလေး၏ အဖေမှာ လွန်ခဲ့သော တစ်နှစ်ခွဲဆီက မုန်တိုင်းထဲတွင် အသက်ဆုံးသွားခဲ့လေပြီ။ မအေက ထိုင်ရာမှ မထဘဲ ကလေးကို ကြိမ်းလိုက်သည်။

”ငါလုပ်ရရင် သေတော့မယ်”

အခြေအနေကို ကျွန်တော် မကြိုက်ပါ။ ဘာမှလည်း မတတ်နိုင်ပါ။ ကျွန်တော်နှင့်လည်း ဘာမှ မဆိုင်ပါ။ သို့သော် ကလေးကို တခြားသို့ ခေါ်ထုတ်သွားဖို့ ကလေးအား ချော့မော့နေသူ အမျိုးသမီးကို ပြောလိုက်မိသွားပါသည်။ ထိုအမျိုးသမီးကလည်း သဘောပေါက်သွားပြီး ကလေးကို ကျွန်တော့်ရှေ့မှ ဖြတ်ကာ ရွာလယ်လမ်းအတိုင်း ခေါ်ထုတ်သွားတော့သည်။

သက်ပြင်းတစ်ချက်ကို ချရင်း ကျွန်တော့်တည်းအိမ်သို့ ပြန်ဝင်ခဲ့ရပါတော့သည်။ စိတ်ထဲမှာကား တနုံ့နုံ့။

မျက်ရည်တစ်စက်မှ မထွက်ဘဲ အာခေါင်ခြစ်ကာ ငိုနေပုံကို ထောက်ပြီး သည်ကလေးမှာ အလိုလိုက်ခံ ထားရသောကလေး၊ ပစားပေးခံထားရသော ကလေးမှန်း သိသာပါသည်။ မအေ၏ အပြုအမူများကို ကြည့်ပြန်တော့လည်း အလိုလိုက်ချင်လျှင်လည်း နင်းကန်အလိုလိုက်၊ ကြမ်းချင်လျှင်လည်း အလွှတ်မဲ့ ထကြမ်းတတ်သော ပရမ်းပတာ မိခင်တစ်ဦး၏ စရိုက်ကို အတိုင်းသားမြင်နေရသည်။

အမှတ်တမဲ့ဆိုလျှင်ဖြင့် နာဂစ်မုန်တိုင်းအလွန် စိတ်ဒဏ်ရာ အသက အသက ခံစားနေရသော သားအမိအဖြစ်ဖြင့် ဒါတွေကို သာမန်ကာ လျှံကာသာ တွေးမိပါလိမ့်မည်။ သို့သော် မုန်တိုင်းနှင့် မည်သို့မျှ ပတ်သက်ဆက်စပ်မှု မရှိသော မိသားစုတွေထဲမှာလည်း သည်လိုကလေးမျိုးနှင့် သည်လို မအေမျိုးတွေ အနမတဂ္ဂ ရှိနေသည်မှာ မငြင်းသာချေ။

အဓိကကတော့ စည်းကမ်းကို သွန်းသင်ပေးကြပုံများ ယွင်းမှားနေကြခြင်းသာ ဖြစ်ပါသည်။

ကျွန်တော်တို့ မြန်မာမိဘ အတော်များများမှာက မိမိတို့၏ စိတ်ကိုသာ ပဓာနထားဖြစ်နေတတ်ကြသည်။ စိတ်လက် ကြည်သာနေခိုက်တွင် ကလေး ဘာလုပ်နေနေ၊ အဘယ်မျှ စည်းလွတ် ၀ါးလွတ် ဖြစ်နေနေ ချစ်ခင်မြတ်နိုးစိတ်ဖြင့် ပြုံးပြုံးကြီး ကြည့်နေတတ်ကြသည်။ ထင်သလို နေခွင့်ပေးထားတတ်ကြသည်။ အထိန်းအကွပ်မဲ့ လွှတ်ပေးထားတတ်ကြသည်။

အဲ… မိမိတို့မှာ ကိုယ့်အကြောင်းနှင့်ကိုယ် စိတ်ကလေး ကသိကအောင့်ဖြစ်ပြီဆိုသည်နှင့် တစ်ပြိုင်နက် ကလေးကို ရမယ်ရှာဖို့ ၀န်မလေးတတ်ကြတော့သည်မှာလည်း အင်း… မြန်မာမိဘ အတော်များများပင်ဟု ဆိုရတော့မလို ဖြစ်သည်။ သည်အချိန်မှာ ကလေးက ကိုယ့်စိတ်နှင့် အစပ်မတည့်တာ တစ်ခုခုများ လုပ်မိလို့ကတော့ ”ဆုံးမသည်”ဟူသော အကြောင်းပြချက်ကို ရေလဲဖြင့် သုံးကာ ကလေးကို ငေါက်ငမ်းဆူပူခြင်းမှသည် ရိုက်နှက် နှိပ်စက်ကလူပြုခြင်းအထိ နည်းမျိုးစုံဖြင့် အပြစ်ပေးကြလေတော့သည်။

နုနယ်သော ကလေးများမှာ ထိုအခါ ဘာကို ဘယ်လို နားလည်ရမှန်း မသိရှာကြတော့ချေ။ ဆိုကြပါစို့ . . . ခါတိုင်း ထမင်းစားလျင် အကြိမ်ပေါင်း ၅၀ မျှ အဖိတ်ဖိတ် အစင်စင် စားခဲ့သည့်တိုင် ဘာဆို ဘာမျှ အရေးယူ မခံခဲ့ရဖူးပါလျက် ကနေ့ကျမှ ထမင်းဟင်းများ ဘေးဖိတ်ကုန်သည့်အတွက် အခေါက်ခံလိုက်ရသောအခါ ထမင်းစားတာ မသပ်ရပ်သည့်အတွက် အပြစ်ပေးခံရတာကို သိမှတ်ဖို့ ခဲယဉ်းသွားပါလေတော့သည်။ ကလေးငယ်များ သိလိုက်သည်မှာ အသားနာတာ၊ ထမင်းစားပျက်တာ၊ အအော် အငေါက် ခံရတာ သက်သက်ပင် ဖြစ်သည်။ စည်းကမ်းအတွက် သူ့ကို အပြစ်ပေးလိုက်သည်ဟု မည်သို့မျှ နားလည်နိုင်မည် မဟုတ်ချေ။

အဘယ့်ကြောင့်နည်း။ အဓိကမှာ ရှေ့နောက် မညီညွတ်ခြင်းကြောင့်သာ ဖြစ်ပါသည်။ မိဘများ စိတ်လက် ကြည်သာနေခိုက်တုန်းက အခါ ၅၀ ခွင့်ပြုခဲ့ပြီး စိတ် အခန့်မသင့်ချိန် တစ်ခေါက်လောက်ကျတော့မှ ဒါကို ရမယ်ရှာခြင်းသည် စည်းကမ်းကို သွန်သင်ရာ ဘယ်လိုမှ မရောက်နိုင်တော့ပေ။

အကျိုးဆက်ကား အရှင်းလေးပင်။ အထက်မှာ နမူနာ ပြခဲ့သော ကလေးငယ်ကဲ့သို့ မျက်ရည် မထွက်ဘဲ အာခေါင်ခြစ် ငိုတတ်သည့် အလွန်ဆိုးရွားသော ကလေးများဖြစ်လာမှာက အလွန် သေချာနေပါသည်။ သူမှ စည်းကမ်းကို နားမလည်တော့လည်း သူ့နာကျင်ခံစားရမှုကို သူ့နည်းနှင့်သူ အထုတ်ဖြေသည့်အတွက် ကလေးမှားသည်ဟု မဆိုသာတော့ချေ။

သည်အထဲ ကျွန်တော့်နမူနာထဲက ကလေးလို ပါးနပ်သော ကလေးမျိုးက မအေ့ကို အညှာကိုင်တတ်ပြန်သေးသည်။ မရှိတော့သော ဖအေကို တကာ အော်လိုက်ခြင်းကား မအေ့ကို ကိုင်လှုပ်နည်း တစ်မျိုးပင်ဖြစ်သည်။ သည်အတွက် မအေက သူ့ကို ပြန်သနားသွားမည်။ သူ ထင်ရာလုပ်ခွင့်ရအောင် သူ့နည်းနှင့်သူ အားထုတ်လိုက်ခြင်းသာဖြစ်သည်။

မိဘလုပ်သူတိုင်း သည်အချက်တွေကို မြင်ဖို့လိုသည်။ လိမ္မာရေးခြားရှိသော၊ ချက်ချာသော၊ အကျင့်ကောင်းသော ကလေးများကို မိဘတိုင်း လိုချင်ကြမည်မှာလည်း သေချာပါသည်။ သို့သော် လိုသာ လိုချင်သည်၊ မည်သို့ ပျိုးထောင်ရမည်ကိုကား အလျဉ်းမသိကြလေသည့် မိဘတွေက သည်ဒွန္နယာကြီးမှာ မနိုင်ရင်ကာ ဖြစ်နေသည်ဟုသာ ကျွန်တော်ဖြင့် ခံစားနေရပါသည်။

ဘာ့ကြောင့် မိဘတွေ ထိုသို့ ဖြစ်နေရသနည်းဟု စေ့ငုကြည့်သောအခါ အချက်တစ်ချက်က ငေါငေါကြီး ပေါ်ထွက်လာပါသည်။ မိဘအများစုက ဆင်ခြင်ဉာဏ် နုံ့နဲ့နေကြခြင်းကြောင့်သာ ဖြစ်လေသည်။ ဘာကြောင့် ဆင်ခြင်ဉာဏ် နုံ့နဲ့နေကြသနည်းဟု မေးပြန်ကလည်း အဖြေက ရှင်းပါသည်။ မိဘတွေ စာမဖတ်ကြတော့ခြင်းကပင် အဓိက လက်သည် ဖြစ်နေပြန်ပါတော့သည်။

ဘွဲ့ရခြင်း မရခြင်း၊ ဘွဲ့လက်မှတ် ပေါများခြင်း၊ မပေါများခြင်းနှင့် မဆိုင်လှဘဲ စာဖတ်ခြင်း၊ မဖတ်ခြင်းကသာ မိဘတို့၏ ဆင်ခြင်ဉာဏ် အရင့်အနုကို ခြယ်လှယ်နေပါသည်။ ကျွန်တော် ရောက်ခဲ့သော ရွာကလေးတွင် မျက်မြင် ကြုံတွေ့ခဲ့ရသည့် ကလေးငယ်နှင့် သူ့မိခင်ကို သာမန်မျှသာ ကြည့်မည်ဆိုလျင် ကျေးလက်နေ သားအမိအဖြစ်သာ ခပ်စင်းစင်း မြင်ရပါလိမ့်မည်။ ကလေးမလေး၏ မိခင်မှာလည်း စာမတတ်၊ ပေမတတ်၊ တောသူမ တစ်ယောက်မျှသာဟု ထင်စရာ ရှိပါသည်။

ဟုတ်ကဲ့. . . တစ်ချက်ကို အခုအချိန်အထိ မဖော်သေးဘဲ မြှုပ်ထားခဲ့ပါသည်။ ယင်းမှာ ထိုကလေးမလေး၏ မိခင်မှာ မူလတန်း ကျောင်းအုပ် ဆရာမတစ်ယောက် ဖြစ်နေကြောင်းပင်။ မူလတန်း ကျောင်းအုပ်ဖြစ်သည့်အတွက် ကလေးငယ်များ သဘောကို နောကျေနေလောက်သည်ဟု တွေးချင်စရာ ဖြစ်သော်လည်း သူ့လက်တွေ့ဘ၀ထဲက သူ့အပြုအမူနှင့် သူ့လုပ်ရပ်ကတော့ စာမဖတ် ပေမဖတ်သော အမည်ခံ ဘွဲ့ရတစ်ယောက်နှင့် ဘာမျှ မခြားလှတော့ပေ။

ဖြစ်နိုင်လျင်တော့ မအေမိဘများ၊ တစ်နေ့တွင် မအေ မိဘ ဖြစ်လာကြမည့် လူငယ်လူရွယ်များ စာအုပ်နှင့် မျက်နှာမခွာတမ်း ဖတ်သည့် အလေ့လေး ထုံလာကြစေချင်လွန်းလှပါသည်။ ထိုအတွက် ကျွန်တော်တို့ ဘာတွေလုပ်ဖို့ လိုနေပါသနည်း။ ကျွန်တော်တို့တွေ ဘာတွေ ပံ့ပိုးပေးဖို့ ကောင်းနေပါသနည်း။

ကျွန်တော့် ခေါင်းကလေး တစ်လုံးတည်းမျှဖြင့်တော့ ထိုအရေးကို တွေးရုံသာ တတ်နိုင်ပါသည်။ စာဖတ်သူ လူကြီးမင်းအပေါင်း၏ ခေါင်းများစွာဖြင့် ပူးပေါင်း ကြံဆကြမည်ဆိုလျင်တော့ အဖြေတစ်ခုခု ရတန်ကောင်းမည်ဟု မရဲတရဲလေး မျှော်လင့်ကြည့်နေမိရပါသတည်း။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။

အတ္တကျော်

(၂၀၀၉ ခုနှစ် နာတာလူးပွဲတော်နေ့၊ ခေတ္တ-သပြေချောင်းရွာ၊ လပွတ္တာမြို့နယ်)

(၂၀၁၀ပြည့်နှစ် ဇူလိုင် ၁ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်ပါ ဆောင်းပါး ဖြစ်ပါတယ်။)

The Real Heredity

ဝစီစရိုက် မျိုးရိုးလိုက်မှု

ကျွန်တော်တို့တွေက မွေးလာတဲ့ ကလေးလေးတွေမှာ ကျွန်တော်တို့ လက်မခံနိုင်တဲ့၊ လက်မခံချင်လှတဲ့ အမူအကျင့်တွေ၊ အပြောအဆိုတွေ တွေ့နေရပြီဆိုရင် အဲဒါတွေရဲ့အဓိက လက်သည်ကို အရင်ဆုံး မြင်ဖို့ လိုပါတယ်။


“လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနဲ့ဘ”ဆိုတဲ့ စကားဟာ သေချာ စဉ်းစားလေလေ၊ သွေးထွက်အောင် မှန်လေလေပါ။ ကလေးတွေရဲ့ အကျင့်စရိုက် အတော်များများဟာ မိဘတွေဆီက အမွေဆက်ခံ ရရှိခဲ့တာသာ ဖြစ်ပါတယ်။ အထူးသဖြင့် ဝစီစရိုက်လို့ဆိုကြတဲ့ နှုတ်ချိုခြင်း၊ နှုတ်ကြမ်းခြင်း၊ ဆဲတတ်ခြင်း၊ ယဉ်ကျေး ပျူငှာခြင်း၊ တိုးတိုးသက်သာ ပြောတတ်ခြင်း၊ အော်ကြီး ဟစ်ကျယ် လုပ်တတ်ခြင်းအစရှိတဲ့ “နှုတ်မှုအကျင့်”ဟူသမျှဟာ မိဘဆီက အပြည့်အဝ အမွေ ဆက်ခံရတတ်စမြဲ (ဝါ) မျိုးရိုးလိုက်တတ်မြဲ ဖြစ်ပါတယ်။

မိဘလုပ်တဲ့သူကတော့ “ရော့… အင့်… ယူလဟဲ့။ မှတ်လဟဲ့”လို့ အတိအကျကြီး ပေးလိုက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် လူမှန်းမသိခင် အကလေးဘဝကတည်းက မြင်နေ၊ ကြားနေရတော့ မသင်ဘဲနဲ့ အလိုလို တတ်လာတဲ့သဘောပါ။

သည်နှုတ်မှုစရိုက်တွေအားလုံး မိဘတွေဆီက အမွေရလိုက်တယ်ဆိုတာအတွက် ဘယ်သူမှ မငြင်းသာတဲ့ အထင်ရှားဆုံး ဥပမာကို ပြရမယ်ဆိုရင် ဘာသာစကား တတ်မြောက်မှုပါပဲ။ မြန်မာကလေးတွေဟာ မြန်မာစကားကို သင်စရာ မလိုဘဲ တတ်လာသလို  တရုတ်ကလေးတွေ၊ ကုလားလေးတွေ၊ တခြား ဘာသာစကား ပြောတဲ့ လူမျိုးအသီးသီးရဲ့ ကလေးတွေဟာလည်း သက်ဆိုင်ရာ ဘာသာစကားအသီးသီးကို မသင်ဘဲ တတ်လာခဲ့တာဟာ မိဘဆီက နှုတ်မှုစရိုက်ကို အပြည့်အဝ အမွေဆက်ခံတဲ့ သဘောပါပဲ။

ကလေးငယ် စကား မတတ်ခင်ကတည်းက သူ့နားထဲကို ဝင်နေတဲ့ ဘာသာစကားတွေကို သူ့ဦးနှောက်ကလေးနဲ့ လိုက်မှတ်ထားပြီး ဖြစ်ပါတယ်။ သူလည်း စကား ပြောတတ်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် အဲလို မှတ်သားထားတဲ့ စကားလုံးတွေကို ချပြောကြည့်တော့တာပါ။ ပြောတတ်စမှာ နေ့စဉ်နဲ့ အမျှ အသစ်တိုးနေတဲ့ ဝေါဟာရတွေ၊ ဝါကျတွေကိုလည်း မှတ်နေတုန်းပါပဲ။ မှတ်ရုံတင်မကဘဲ အလျဉ်းသင့်ရင် သင့်သလို သူပြောတဲ့အခါမှာလည်း ထည့်သုံးနေတတ်ပါတယ်။
အဲဒီ့ကမှတစ်ဆင့် ကျောင်းနေတဲ့အခါ၊ အိမ်ထက် ပိုမိုကျယ်ဝန်းတဲ့ လူ့လောကထဲကို ရောက်လာတဲ့အခါ၊ စာအုပ်တွေ ဖတ်လာတဲ့အခါ၊ ရုပ်ရှင် ဗီဒီယိုတွေ ကြည့်လာတဲ့အခါများမှာ မိမိ နှစ်သက် သဘောကျတဲ့ စကားလုံးလေးတွေ၊ ဝါကျလေးတွေ၊ စာတန်းလေးတွေကို တမင် ကျက်နေစရာ မလိုဘဲ မှတ် မှတ်နေတော့တာများ သေတဲ့အထိကို မှတ်လို့ မဆုံးနိုင်အောင်ပါပဲ။

ဒါပေမယ့် ကြီးမှ ဘယ်လို မှတ်မှတ်၊ တကယ့် အခြေခံဖြစ်တဲ့ မိခင် ဘာသာစကား တတ်မြောက်မှုကျတော့ မိဘတွေဆီက ပြည့်ပြည့်ဝ၀ အမွေရခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ မိဘတွေဆီက မဟုတ်ရင်တောင် မွေးစကတည်းက ကလေးနဲ့ လက်ပွန်းတတီးနေခဲ့ရတဲ့ အဘိုးအဘွားတွေ၊ အဒေါ်တွေ၊ သားချင်းတွေ၊ ကလေးထိန်းတွေဆီက ဘာသာစကား တတ်လာရတာ အသေအချာပါ။

မိဘအများ စဉ်းစားစရာ

ဘာသာစကားဆိုတဲ့ လူ့ဘဝရဲ့အခြေခံ ကိရိယာတစ်ရပ်လို ကြီးမား ကျယ်ပြန့်လှတဲ့ စွမ်းရည်တစ်ရပ်ကိုတောင် မိဘဆီက အမွေဆက်ခံ ရရှိခဲ့သေးတာ။ အဲဒီ့ ဘာသာစကားကို သုံးစွဲတဲ့ လေယူလေသိမ်း၊ စကားလုံး ရွေးချယ်မှု၊ အသံ အတိုးအကျယ်စတဲ့ ဘာသာ စကားသုံးစွဲမှုကို ပံ့ပိုးနေတဲ့ အခြားအင်္ဂါရပ်တွေမှာလည်း ကလေးတွေဟာ မိဘတွေ၊ ဒါမှမဟုတ် သူတို့နဲ့ လက်ပွန်းတတီးနေကြသူတွေဆီက ပုံတူကူးချ ရရှိလိုက်တယ်ဆိုတာဟာလည်း ဘယ်လိုမှ အငြင်းမပွားနိုင်တဲ့ အချက်ပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ မိဘလုပ်တဲ့သူတွေက သည်အချက်ကို မသိချင်ယောင်ဆောင်မိနေတတ်ကြပါတယ်။ တကယ် မသိတာလည်း ဖြစ်နိုင်သလို မိမိကိုယ်ကိုကျ အမြဲတစေ တစ်ကွက်ချန် တွေးတတ်တဲ့ လူ့သဘာဝကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကလေးငယ်တစ်ယောက်က လူပုံအလယ်မှာ မဖွယ်ရာတဲ့ စကားတစ်ခွန်းကို ပြောချလိုက်တဲ့အခါ မိဘလုပ်တဲ့သူတွေက ခပ်ရှက်ရှက်နဲ့ “အို… သည်ကလေး ဒါတွေကို ဘယ်က တတ်လာတယ် မသိဘူး”လို့  ညည်းချင်း ချတတ်ပါတယ်။ အမှန်က မိဘတွေကိုယ်တိုင်ဆီက၊ ဒါမှမဟုတ်ရင်လည်း ကလေးနဲ့ လက်ပွန်းတတီး နေတဲ့ ပတ်ဝန်းကျင်က ရလာတာဟာ အင်မတန်ကို သေချာတဲ့အချက်ပါ။

ဒါကြောင့် မိမိတို့ရဲ့ကလေးတွေ ဘယ်အရွယ်ကို ရောက်နေပါစေ။ ကလေးတွေမှာ ကိုယ့်စိတ်နဲ့ အစပ်မတည့်လှတဲ့ အမူအကျင့်၊ အပြောအဆို တစ်ခုခုကို တွေ့လိုက်ရပြီဆိုတာနဲ့ မိဘတွေဘက်က ပထမဆုံး စဉ်းစားသင့်တဲ့အချက်က အဲဒီ့အပြုအမူ၊ အပြောအဆိုကို ကိုယ်ကိုယ်တိုင်ကရော ကျူးလွန်တတ်သလား ဆိုတာကိုပါ။

ကိုယ့်မှာ အဲလို အကျင့်ရှိမှန်း သေချာသွားရင် ဒုတိယ ဆက်စဉ်းစားဖို့ ကောင်းတာက အဲဒီ့အကျင့်ကို ဘယ်က ရခဲ့သလဲဆိုတာကိုပဲ ဖြစ်ပါတယ်။ ကိုယ် ကိုယ်တိုင်လည်း အဲလို အကျင့်ကို ကိုယ့်မိဘတွေဆီက ရခဲ့တာဖြစ်ဖို့က ရာခိုင်နှုန်း အတော်များများ သေချာနေပါတယ်။

ရောဂါရဲ့ဇစ်မြစ်ကို အသေအချာသိပြီဆိုရင် ကုဖို့ လွယ်တတ်သလိုပါပဲ။ အခုလို ကိစ္စမျိုးတွေမှာလည်း ကိုယ့်ဆီမှာ ရှိတဲ့ အကျင့်ဆိုးတွေကို သတိထားကြည့်လို့ မြင်လိုက်ပြီဆိုတာနဲ့ ကိုယ့်သားသမီးကို ပြုပြင်ဖို့ထက် မိမိကိုယ်ကို ပြင်ဖို့ အရင်ဦးဆုံး အားထုတ်နိုင်ပါလိမ့်မယ်။

ဖြစ်နိုင်မယ်ဆိုရင်တော့ သားသမီးကိုလည်း ဖြစ်ပုံပျက်ပုံ ကင်ပွန်းခြုံကို သေချာဃန ချပြပြီး ဆွေးနွေး ညှိနှိုင်းယူခြင်းအားဖြင့် ပြုပြင်ဖို့ ကြိုးစားနိုင်ရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ “ငါပြောသလို လုပ်။ ငါလုပ်သလို လိုက်မလုပ်နဲ့”တို့၊ “ငါတို့ကတော့ သင်္ချိုင်းကုန်း ခြေတစ်ဖက် လှမ်းနေပြီမို့ ပြင်လို့ မလွယ်တော့ဘူး၊ မင်းတို့သာ လူ့ဘဝမှာ လူဆက်လုပ်ရဦးမှာမို့ ပြင်ခိုင်းနေရတာ”တို့ဟာ တော်တော် လက်လွတ်စပယ်နိုင်တဲ့ ဆုံးမနည်းမျိုးပါ။ ကိုယ် ကိုယ်တိုင် မလိုက်နာနိုင်တဲ့၊ မကျင့်သုံးနိုင်တဲ့ စည်းကမ်း တစ်ရပ်၊ ကျင့်စဉ် တစ်ခုကို ချမှတ်တယ်ဆိုတာဟာ ဆင်ခြင်ဉာဏ် ကင်းမဲ့တဲ့ လူ့အန္ဓများသာ ကျူးလွန်တတ်မြဲ ဖြစ်ပါတယ်။

စိတ်မှတ်မဲ့ တုံ့ပြန်မှုနဲ့ မျိုးရိုးလိုက်ခြင်းသဘော

လူတိုင်းမှာ စိတ်မှတ်မဲ့ တုံ့ပြန်မှုတွေ ရှိပါတယ်။ မြင်သာ ထင်သာအောင် ပြောရရင် နှာချေတဲ့အခါ၊ ယားတတ်သူရဲ့ ခါးကို တို့လိုက်တဲ့အခါမျိုးတွေမှာ နှုတ်က အမှတ်တမဲ့ ထွက်လာတတ်တဲ့ စကားလုံးတွေဟာ အထင်ရှားဆုံး စိတ်မှတ်မဲ့ တုံ့ပြန်မှုတွေပါပဲ။ ထိုနည်းလည်းကောင်းပဲ၊ တစ်စုံတစ်ခု လွတ်ကျသွားတဲ့အခါ၊ ရုတ်တရက် ထိတ်လန့်စရာ တစ်ခုခု၊ နာကျင်မှု တစ်ခုခု၊ ရယ်စရာတစ်ခုခု ကြံရတဲ့အခါ၊ အံ့ဩသွားတဲ့အခါမျိုးတွေမှာလည်း စိတ်မှတ်မဲ့ တုံ့ပြန်တတ်ကြစမြဲပါပဲ။ အဲဒီ့ကမှ တစ်ဆင့်တက်ပြီး စိတ်တိုတဲ့အခါ၊ ဝမ်းသာတဲ့အခါ၊ ဝမ်းနည်းတဲ့အခါမျိုးတွေမှာလည်း လူတို့ဟာ ဖြစ်လာတဲ့ ခံစားမှုကို စိတ်မှတ်မဲ့နည်း တစ်မျိုးမျိုးနဲ့ ထွက်ပေါက်ပေးကာ တုံ့ပြန်တတ်ကြပါသေးတယ်။

“ဟတ်ချိုး ဆိတ်ဖွား၊ အသက်တစ်ရာ၊ အနာမရှိ၊” “ဟတ်ချိုး ဘုရား၊” “ဟဲ့… သောက်ပလုတ်တုတ်၊” “အာယိုယို၊” “သေလိုက်ပါလား၊” “အမေ့၊” “Whoops a daisy!” “Oh, my god!” “Bless you!” “What the hell!” တို့မှအစ အယုတ္တ အနတ္တ ဆဲသံမျိုးစုံအဆုံး လူအားလုံးဟာ ရုတ်တရက် ကြုံတွေ့ ရင်ဆိုင်ရတဲ့ ကိစ္စ တစ်ရပ်ရပ်အပေါ်မှာ တစ်နည်းနည်းနဲ့ တုံ့ပြန်ပြတတ်ကြပါတယ်။

တချို့ကျတော့ အသံနဲ့တင် မကပါဘူး၊ ကိုယ်အမူအရာနဲ့ပါ တုံ့ပြန်တတ် ပါသေးတယ်။ မိန်းကလေး အတော်များများဆို သူတို့မခံချင်တာ တစ်ခုခုကို ပြောရင် ပြောသူကို လှမ်းပြီး ပုတ်တာမျိုး၊ တချို့ယောက်ျားလေးတွေက လက်သီးနဲ့ ရွယ်လိုက်တာမျိုးတွေလည်း ရှိပါတယ်။ အလွယ် ပြောရင်တော့ “ယောင်”ပြီး လုပ်မိတဲ့ ကယောင်ကတမ်း တုံ့ပြန်မှုကို စိတ်မှတ်မဲ့တုံ့ပြန်မှု (reflex) လို့ ဆိုလိုတာပါ။

အဲလို စိတ်မှတ်မဲ့ တုံ့ပြန်ကြရာမှာ ရေရွတ်ကြတဲ့ စကားလုံးတွေ၊ လှုပ်ရှားကြတဲ့ ကိုယ်အမူအရာတွေ အတော်များများဟာလည်း အတုမြင်၊ အတတ်သင် ဆိုသလို လူတစ်ယောက်ရဲ့စိတ်အာရုံမှာ စွဲမြဲ ထင်ဟပ် ကပ်ငြိနေတဲ့ နမူနာ တစ်ခုခုအပေါ်မှာ အခြေခံပါတယ်။

များသောအားဖြင့် မိခင်ရဲ့နမူနာကို လူအတော်များများက အတုခိုးဖြစ်သွားတတ်ကြပါတယ်။ မိခင်က “ပလုတ်တုတ်”လို့ ယောင်တတ်ရင် သားသမီးတွေလည်း လိုက်ပြီး “ပလုတ်တုတ်”ချင်သလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သည်အချက်ဟာ အပြည့်အဝမှန်တယ်လို့တော့ အပြောရ ခက်ပါလိမ့်မယ်။ တချို့ ကလေးငယ်လေးတွေမှာ မိခင်၊ ဖခင်တို့ ယောင်ယမ်းလေ့ မရှိတဲ့ ဝေါဟာရမျိုးနဲ့ ယောင်တတ်ကြတာကို တွေ့ရလို့ပါပဲ။

ဒါပေမယ့် သေချာတာတစ်ခုကတော့ ကလေးတို့ဘဝမှာ နီးစပ်ရာ လူတစ်ဦးဦးရဲ့ ယောင်တတ်ပုံကို သံယောင်လိုက်ရာက စတင်တယ်ဆိုတာပါပဲ၊ မိခင်၊ ဖခင် မဟုတ်တောင် အဘိုး၊ အဘွား၊ အဒေါ်၊ ဦးလေး၊ ကလေးထိန်း စသူများရဲ့ ယောင်ပုံလေးတွေကို တမင်ကလာမဟုတ်ဘဲ အလိုလို အတုခိုးမိရာက လူတစ်ယောက်ရဲ့ယောင်တတ်မှု (ဝါ) စိတ်မှတ်မဲ့ တုံ့ပြန်မှုအသီးသီးကို ရရှိလာပါတယ်။


အဲဒီ့ကမှတစ်ဆင့် မိသားစုဘဝထက် ပိုမိုကျယ်ဝန်းတဲ့လူ့ဘောင် ဘဝထဲကို ရောက်လာတဲ့အခါ ကျောင်းက၊ အရပ်ထဲက လူတစ်ဦးဦးရဲ့ တုံ့ပြန်ပုံကို အမှတ်တမဲ့ ပုံတူကူးဖြစ်သွားတတ်ပြန်ပါတယ်။ လူဆိုတာက ပတ်ဝန်းကျင်ကိုလိုက်ပြီး တုံ့ပြန်တတ်ကြစမြဲဖြစ်လေတော့ကာ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အလိုက်အထိုက်ဖြစ်နေအောင် လူ့ရဲ့ မွေးရာပါ အငုံ့စိတ်က အလိုလိုလိုက်ပြီး ပြုပြင်နေထိုင်သွားတတ်တာမျိုးပါ။

နှုတ်ကြမ်း အာကြမ်းနဲ့ ပါးစပ်သရမ်းတဲ့ ဝန်းကျင်မှာ ကျင်လည်နေဖြစ်ရင်လည်း အနှေးနဲ့ အမြန်ပဲ ကွာပါလိမ့်မယ်၊ ကိုယ်တိုင်လည်း နှုတ်သရမ်း၊ အာကြမ်းလာတော့မှာ အသေအချာပါပဲ။

ဒါက ယောင်တာ၊ ဆဲတာ အစရှိတဲ့ စိတ်မှတ်မဲ့တုံ့ပြန်ပုံ အနုစားလေးတွေနဲ့ ပတ်သက်လို့ ကူးစက်ပုံပါ။

ခံစားမှုများကို တုံ့ပြန်ပုံများ မျိုးရိုးလိုက်မှုသဘော

အဲဒီ့ကမှတစ်ဆင့်တက်ပြီး စိတ်ခံစားမှုများအပေါ် တုံ့ပြန်ပုံတွေကို ကြည့်မယ်ဆိုရင်လည်း အလားတူပါပဲ။ ဒါပေမယ့် အဲသလို စိတ်ခံစားမှု အသီးသီးကို တုံ့ပြန်ရာမှာကျတော့ ယောင်ယမ်းတာလိုကြီးမှာလိုမျိုး မိမိကျင်လည်ရာ ပတ်ဝန်းကျင်ကိုလိုက်ပြီး အတုမြင်အတတ်သင်ယူတာမျိုး နည်းပါးတတ်ပါတယ်။

စိတ်ခံစားမှုကို တုံ့ပြန်ကြရာမှာတော့ ယောင်ယမ်းတာထက် အများကြီး ပိုလို့ အချိန်ယူပြီး ကူးယူ၊ ပွားယူထားတဲ့ “စရိုက်”ဆိုတာက အဓိက အခန်းကဏ္ဌမှာ ပါဝင်နေပါတယ်။  လူတစ်ယောက်ရဲ့ငယ်ဘဝ၊ အထူးသဖြင့် မွေးစမှသည် ငါးနှစ်ရွယ် အတောအတွင်းမှာ နီးစပ်ပတ်သက်ရတဲ့ ပတ်ဝန်းကျင်က အဲဒီ့လူတစ်ယောက်ရဲ့ စိတ်ခံစားမှုအပေါ် တုံ့ပြန်ပုံအမျိုးမျိုးကို ပုံသွင်းယူလိုက်ပါတယ်။

တစ်နည်းအားဖြင့် လူတစ်ယောက်ရဲ့ပထမ ငါးနှစ်တာကာလအတွင်းမှာ နီးစပ်ရတဲ့ မိခင်၊ ဖခင်တို့ရဲ့စရိုက်၊ အတူနေသူ ဆွေမျိုး ဉာတကာများရဲ့ စရိုက်၊ ကလေးထိန်းများရဲ့စရိုက်တွေဟာ အဲဒီ့လူဆီမှာ စွဲမြဲလာလေမယ့် တုံ့ပြန်ပုံအလုံးစုံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို လွှမ်းမိုးထားတတ်စမြဲပါပဲ။

ဒါကြောင့် စိတ်တို၊ စိတ်ဆတ်တဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတစ်ယောက်ဟာ စိတ်ရှည်သူ ဖြစ်လာဖို့ အင်မတိ အင်မတန် ခဲယဉ်းလှသလို သဘောမနော ကောင်းတဲ့ မိသားစုက ဆင်းသက်လာတဲ့ ကလေးငယ် တစ်ယောက်မှာလည်း ဆိုးရွားတဲ့ သဘောထားတွေ ပါလာဖို့ ဖြစ်နိုင်ချေ အင်မတန် နည်းပါတယ်။

“အဖေ၊ အမေလည်း သည်လောက် သဘောမဆိုးပဲနဲ့ သည်ကလေးကျမှ ဘယ်လိုလုပ်ပြီး အကျင့်တန်နေသလဲ မသိဘူး”ဆိုတဲ့ စကားမျိုးကို မိသားစုတချို့မှာ ကြားဖူးကြမှာပါ။ ဒါပေမယ့် လက်တွေ့မှာ အဖေ အမေ ကိုယ်တိုင်က အဟုတ် မဟုတ်လို့သာ ကလေးတွေလည်း မူမမှန်တာကိုပဲ တွေ့ရပါတယ်။ လူဆိုတာက မိမိကိုယ်ကိုကျတော့ အမြဲ ဖော့တွေးတတ်နေလေတော့ တစ်ခုခုဆို ကလေးကိုပဲ အပြစ်တင်ဖို့ အားထုတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်တော့ လူဆိုးစာရင်းထဲ သွင်းဖို့ စဉ်းတောင် မစဉ်းစားမိတတ်ကြပါဘူး။

နမူနာတွေ

သိမ်မွေ့ယဉ်ကျေးတဲ့ မိဘတွေကမွေးဖွားလာရင် ကလေးတွေလည်း သိမ်မွေ့ ယဉ်ကျေးတာကို တွေ့နိုင်ပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ရဲ့ နေ့စဉ် လူမှုဘဝ ပတ်ဝန်းကျင်မှာ တစေ့တစောင်း သတိထားကြည့်ရင် မြင်သာမှာပါ။ ထို့အတူ “အမိယုတ် နှုတ်ကြမ်း၊ အဘယုတ် လက်ကြမ်း” ဆိုတဲ့ ဆိုရိုးဟာလည်း အမှန်ပါပဲ။

နမူနာပြရပြန်ရင် ကျွန်တော်ဟာ အင်မတန် စိတ်မြန်တယ်၊ စိတ်တိုတယ်၊ ဒေါသကြီးတယ်။

စိတ်တိုရင် အော်ကြဟစ်ကြ၊ ဆဲကြဆိုကြ၊ ရိုက်ကြ နှက်ကြတဲ့ မိသားစုမှာ ကျွန်တော် ပေါက်ဖွားခဲ့တာပါ။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း စိတ်တိုတဲ့အခါ အော်ဟစ်ဖို့၊ ဆဲဆိုဖို့၊ ရိုက်နှက်ဖို့ အခါခပ်သိမ်း အားထုတ်နေမိတတ်ပါတယ်။ ကျွန်တော်တင်လားဆိုတော့ မဟုတ်ဘူး၊ ကျွန်တော်က မွေးထားတဲ့၊ လက်တောက်လောက်ပဲ ရှိရှာကြသေးတဲ့ သားနဲ့ သမီးကလည်း စိတ်တိုရင် အော်ဟစ်နေတတ်ကြပြီ။ မျိုးရိုးလိုက်တယ်ဆိုတာ အဲလို အတုမြင်အတတ်သင်ရင်းက အကျင့်ဆိုးတွေ ကူးစက်ကုန်တာကို ခေါ်တာပါ။

ကျွန်တော် အရမ်း ဒေါသဖြစ်လာတဲ့အခါတွေမှာ ရိုက်ချင် ပုတ်ချင်တဲ့ စရိုက်ကြမ်းကြီးနဲ့ ဖြစ်နေတာကိုသတိထားမိပါတယ်။ ဒေါသက ငယ်ထိပ်ကို ရောက်သွားတဲ့အခါမျိုးမှာတော့ ဘာကိုမှ မမြင်မိတော့အောင် ဖြစ်နေပါတယ်။ ကားမောင်းနေခိုက်မှာများ ဒေါသဖြစ်လို့ကတော့ တွေ့ကရာ အကုန် မဲတတ်ပါတော့တယ်။ သာမန်အချိန်မှာ စည်းကမ်း လိုက်နာဖို့ အမြဲတစေ သတိထားတတ်ပေမယ့် ဒေါသ ထွက်နေတဲ့အခါမှာ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းတွေကိုလည်း ဖောက်ချင် ဖောက်မိတတ်တယ်။

ကားမောင်းကြမ်းတာကတော့ ကျွန်တော့်ရဲ့ မူပိုင် စရိုက်လို့တောင် ဆိုနိုင်ပါတယ်။ ဒေါသထွက်ရင်တော့  ကြမ်းတဲ့အဆင့်ကနေ ရမ်းတဲ့အဆင့်အထိ တက်သွားတတ်တယ်။

သေချာ စဉ်းစားကြည့်တော့ အဲဒီ့စရိုက်က ကျွန်တော့်အဖေရဲ့စရိုက်။ အဖေ စိတ်တိုရင်လည်း ကျွန်တော့်လိုပဲ၊ ကားမောင်းတာ တအားကြမ်းလာ၊ ရမ်းလာတတ်တယ်။
ကျွန်တော့်ကို ကားမောင်းသင်ပေးသူက ကျွန်တော့်အဖေ၊ အဲတော့ စိတ်တိုရင်လည်း ကားကို ခပ်ရမ်းရမ်း၊ ခပ်ကြမ်းကြမ်း မောင်းခြင်းဖြင့် ကိုယ့်စိတ်ကို ထွက်ပေါက် ပေးရမယ်လို့ အဖေက အထူး မသွန်သင်ဘဲနဲ့ ကျွန်တော့်မှာ အလိုလိုတတ်လာတာလည်း သဘာဝကျပါတယ်။

အလားတူပဲ၊ စိတ်တိုလာရင် ကိုယ်အမူအရာပါ ကြမ်းတမ်းလာတာလည်း အဖေ့စရိုက်ပါပဲ။ ရိုက်မယ် နှက်မယ်၊ အော်မယ် ဆဲမယ်ဆိုတာလည်း အဖေ့ဆီက ရတဲ့ အမွေလို့ အတိအကျ ဆိုနိုင်ပါတယ်။

လွန်ခဲ့တဲ့လေးနှစ်ကျော်လောက်က ကျွန်တော့်အိမ်သူနဲ့ အကြီးအကျယ် ရန်ဖြစ်တဲ့အခိုက်မှာ အဲဒါကို ကျွန်တော် သွားတွေ့တာပါ။ ဆန်းတော့ တော်တော်ဆန်းပါတယ်။ ရန်ဖြစ်နေတုန်းမှာပဲ ကျွန်တော်ဟာ မိမိကိုယ်ရဲ့ အပြင်ဘက်ကို လွင့်ထွက်သွားသလို ဖြစ်သွားပါတယ်။ ပြီးတော့ ဒေါသ အပြည့်နဲ့ မာန်ဖီနေတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ထင်းထင်းကြီး မြင်လိုက်မိသလို ဖြစ်သွားပါတယ်။ ကျွန်တော့် မျက်နှာထား၊ ကျွန်တော့် ခြေဟန် လက်ဟန်၊ ကျွန်တော့်နှုတ်က ထွက်နေတဲ့ အသံနဲ့ စကားလုံးတွေ၊ အလုံးစုံဟာ ကျွန်တော် မဟုတ်ဘဲ ကျွန်တော့်ကိုယ်နဲ့ အဖေ့ရုပ်ကြီး ဖြစ်နေတာကို အလန့်တကြား တွေ့လိုက်ရတာပါ။

ဘဝမှာ အဲသလောက် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ် ရွံရှာ မုန်းတီးတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် အဲလိုလည်း ပြန်မြင်လိုက်မိရော တော်တော့်ကို စိတ်ပျက်သွားခဲ့ပါတယ်။ သည်မှာတင် အဲသည့်နေ့က စပြီး လင်မယားရန်ဖြစ်တဲ့အခါ လက်မပါမိတော့အောင် အောင်အောင် မြင်မြင် ဆင်ခြင်သွားနိုင်ခဲ့ပါတော့တယ်။ (ယနေ့ ဒုတိယအကြိမ် ထုတ်ဖို့ အတွက် ပြင်ဆင်ရေးသားနေချိန်ဖြစ်တဲ့ ၂၀ဝ၃ခုနှစ် နှစ်ဦးကာလမှာဆိုရင် အဲလို အောင်မြင်စွာ ဆင်ခြင်နိုင်ခဲ့တာ ရှစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ရုံမက ကိုးနှစ်တာအတွင်းကို ချင်းနင်းဝင်ရောက်ခဲ့ပြီလည်းဖြစ်ပါတယ်။)

ကျွန်တော့်နည်းတူပဲ အင်မတန် စိတ်မြန်ပြီး စိတ်တိုလွယ်တဲ့ မိတ်ဆွေရင်း တစ်ယောက်ရှိပါတယ်။ ဒါပေမယ့် သူစိတ်တိုရင် မျက်နှာထားပဲ ပြောင်းသွားပြီး စကားသံ မထွက်တော့တာကို ကောင်းကောင်း သတိထားမိနေတယ်။

ဒါနဲ့ တစ်ခါကျတော့ ကျွန်တော် သူ့ကို မေးကြည့်မိတယ်။ “ခင်ဗျား အဖေရော စိတ်တိုရင် ဘာလုပ်တတ်သလဲ“လို့။ “အဖေ စိတ်တိုရင် စကား မပြောတော့ဘူးဗျ။ စိတ်တိုသွားပြီဆိုတာနဲ့ အဖေက သူ့ဘာသာ တစ်ယောက်တည်း နေနေတော့တာပဲ။ အဲဒီ့ထက် ပိုပြီး စိတ်တိုလာရင်တော့ အဖေက ပတ္တလား တီးနေတတ်တယ်။ အဖေ့ ပတ္တလားသံ ကြားရုံနဲ့ တစ်အိမ်လုံးကလည်း အဖေ စိတ်တိုနေပြီဆိုတာကို သိကြတယ်”လို့ သူ ပြန်ဖြေပါတယ်။

ကောင်းလိုက်တာ၊ သူတို့ မိသားစုဘဝလေးကို အားကျလိုက်တာ။

အိမ်ထောင်ရေး မျိုးရိုးလိုက်မှု

အိမ်ထောင်ရေး မျိုးရိုးလိုက်မှုကလည်း ကြောက်စရာ ကောင်းအောင် ခိုင်ခိုင်မာမာ ရှိနေတာကို တွေ့ရပါတယ်။

မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေရင် အဲဒီ့မိဘမျိုးက ပေါက် ဖွားလာတဲ့ သားသမီးရဲ့အိမ်ထောင်ရေးလည်း အဆင်မပြေတတ်တာကို သတိထားကြည့်ရင် မြင်နိုင်ပါသေးတယ်။ အဖေလုပ်တဲ့သူက အိမ်ထောင် တစ်ဆက်မက ထူမယ်ဆိုရင်လည်း သားလုပ်တဲ့သူဟာ တစ်လင် တစ်မယား စနစ်ကို လိုလိုချင်ချင် လက်ခံ ကျင့်သုံးဖို့ ခဲယဉ်းနေတတ်ပြန်တယ်။

အလားတူပဲ မိခင်လုပ်သူက အိမ်ထောင်ရေးမှာ သစ္စာမဲ့ခဲ့ဖူးရင် သူက မွေးလာတဲ့သမီးမှာလည်း အိမ်ထောင်ရေးသစ္စာ ချို့ယွင်းဖို့ ရာခိုင်နှုန်း များနေတတ်တယ်။
ချွင်းချက်တော့ ရှိပါတယ်။ ဖောက်ပြန်သူက ယောက်ျားသားဖြစ်ပြီး သားလုပ်သူက မိခင်ကို အလွန်ချစ်တဲ့ သားမျိုးဖြစ်နေခဲ့ရင်တော့ သူယူတဲ့ မိန်းမအပေါ် စာနာစိတ်နဲ့ ဆင်ခြင်သွားနိုင်သလို ဖောက်ပြန်သူက မိန်းမသားဖြစ်ပြီး သမီးလုပ်သူက ဖခင်ရဲ့ခံစားချက်တွေကို စာနာ သနားနေမိခဲ့ပြန်ရင်လည်း အဲလို မျိုးရိုးလိုက်ချင်တဲ့ စရိုက်မျိုး ပျက်ကောင်း ပျက်သွားနိုင်ပါတယ်။

အပြန်အလှန်အားဖြင့် သမီးက မိခင်ကို၊ သားက ဖခင်ကို စံပြအဖြစ် အတုယူ အားကျတဲ့စိတ်က သိပ်ကြီးမားနေခဲ့မယ်ဆိုရင်တော့ မိခင်၊ ဖခင်တို့က အိမ်ထောင်ရေး ဖောက်ပြန်မှုကို ကျူးလွန်ရင် သူတို့လည်း ကျူးလွန်ဖို့ ဝန်မလေးတော့ပါဘူး။

နောက်တစ်ချက်က နောင်တစ်ချိန် လူကြီးဖြစ်လာမယ့် ကလေးတွေရဲ့ စိတ်မှာ အိမ်ထောင် တစ်ဆက်မက ထူတာဟာ ဘာမှ မထူးဆန်းဘူးလို့ တွေးလိုက်မိသွားအောင် မိဘတွေဘက်က အမှတ်တမဲ့ ရိုက်သွင်းပေးလိုက်သလိုလည်း ဖြစ်သွားတတ်ပါသေးတယ်။

အဲဒါလည်း အတွေ့အကြုံအရ ပြောတာပါ။ ကျွန်တော့် ဆွေနီးမျိုးစပ်ထဲမှာ အဲသလို အဖြစ်မျိုး ရှိနေတယ်။ အဘိုးလုပ်သူက ပထမ အိမ်ထောင်နဲ့ သားတစ်ယောက်၊ သမီး တစ်ယောက် ရတယ်။ ပထမအိမ်ထောင် တိမ်းပါးသွားတော့ အိမ်ထောင်သစ် ထူပါတယ်။ သမီး လုပ်တဲ့သူကတော့ အဒေါ် အပျိုကြီးတွေရဲ့ လက်ပေါ်မှာ ကြီးပြင်းခဲ့ရတာမို့ အပျိုကြီးဘဝနဲ့ အရိုးထုတ်သွားပါပြီ။

သားလုပ်တဲ့သူက အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် မွေးတယ်။ သမီးလေး အပျို မဖြစ်တဖြစ်မှာ ပထမ အိမ်ထောင် ဆုံးသွားပြန်တော့ နောက် အိမ်ထောင်ထူတယ်။ မကြာပါဘူး၊ သမီးလုပ်သူလည်း အရွယ်မတိုင်ခင် အိမ်ထောင်ကျသွားတယ်။

သမီးက အဲဒီ့အိမ်ထောင်နဲ့ လေး-ငါး-ခြောက်နှစ် ပေါင်းပြီး ကလေး နှစ်ယောက်အရမှာ ကွဲသွားတယ်။ နောက်အိမ်ထောင် ထပ်ပြုတယ်။ ကလေး တစ်ယောက် ထပ်ရတယ်။ မကြာပါဘူး၊ နောက်အိမ်ထောင်ရဲ့လက်ထဲကနေ တခြား ယောက်ျားတစ်ယောက်နောက်ကို လိုက်ပြေးပြန်တဲ့ သတင်း ကြားလိုက်ရပြန်တယ်။

အဘိုးကတည်းက စလာလိုက်တဲ့ ဇာတ်လမ်း၊ မြေးအထိ အခန်းဆက်နဲ့ သွားလို့ ကောင်းနေတုန်း။ ဒါနဲ့ ကျွန်တော်လည်း သတိရလို့ သိမီသူတွေကို ပြန်မေးကြည့်တော့ အဘိုးတောင် မကဘူး၊ အဘိုးရဲ့ အဖေ၊ လင် သုံး ယောက်ယူတဲ့ မိန်းကလေးရဲ့ “ဘေး”တော်ကြီး ကိုယ်တိုင်ကလည်း အိမ်ထောင် နှစ်ဆက် ရှိခဲ့ပါသတဲ့ခင်ဗျ။

အောင်မလေး… အိမ်ထောင်ရေး မျိုးရိုးလိုက်တတ်ပုံများ၊ ကြောက်စရာ ကောင်း ကောင်းသေးတော့။

 

မျိုးရိုးလိုက်ခြင်းကို ပြင်လို့ ရနိုင်၊ မရနိုင်

သာမန်အားဖြင့်တော့ ပြင်လို့ မရဘူးလို့ ပြောနိုင်ပေမယ့် လက်တွေ့မှာ တကယ် ပြင်ချင်စိတ်ရှိရင် ပြင်လို့ ရတာကို တွေ့ရပါတယ်။ ကျွန်တော့် ကိုယ်တွေ့ကို အခြေခံပြီး ပြောတာပါ။

ကျွန်တော့်အဖေဘက်က မျိုးရိုးဟာ အရိုက်အနှက်ကို အလွန် ဝါသနာ ထုံကြတဲ့အမျိုးပါ။ သားသမီးတင်မကဘဲ ဇနီး မယားကိုပါ ရိုက်နှက်ကြတဲ့ အထိပါ။ အဖေ့ဘက်က မျိုးရိုးလိုက်ပြီး ကျွန်တော်လည်း အကြမ်းဖက်တဲ့ နည်းနဲ့ ဒေါသတွေကို အထုပ်ဖြည်တဲ့ အလုပ်ကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့ဖူးကြောင်း အဖန်ဖန် ဝန်ခံခဲ့ပြီးပါပြီ။ ဒါပေမယ့် အမေ့ကို အဖေ ရိုက်နှက် နှိပ်စက်ခဲ့စဉ်က အဖေ့ လုပ်ရပ်အပေါ် သိပ်ကို ရွံမုန်း စက်ဆုပ်ခဲ့ဖူးပါတယ်။ အဲလို ရွံရှာ စက်ဆုပ်ဖူးတဲ့အမှုကိုပဲ ကိုယ်တိုင် ကျူးလွန်မိနေမှန်း သတိထားမိလာတဲ့အခါ ကျွန်တော့်ကိုယ်ကျွန်တော် ချက်ချင်း ဆုံးမလိုက်နိုင်ပြီး ဇနီး မယား၊ သမီးသားတွေကို ရိုက်နှက်ဆုံးမတဲ့ အလုပ်ကို တစ်သက်စာ စွန့်လွှတ်နိုင်ခဲ့ပါတယ်။

အဲဒီ့ သာဓကအရ တကယ် ပြင်ချင်စိတ်သာ ပြင်းပြင်းထန်ထန် ရှိရိုးမှန်ရင် မျိုးရိုးလိုက်တယ်လို့ သတ်မှတ်ထားကြတဲ့ “အကျင့်ဆိုး ကူးစက်မှု”ကို မိမိတို့အလှည့်မှာ အဆုံးသတ်လိုက်နိုင်ပါတယ်။

 

အကျင့်ရဲ့ သဘာဝ

လေး-ငါး-ခြောက်နှစ်သားလေးကိုပဲဖြစ်ဖြစ်။ ဆယ်ကျော်သက်ရွယ် သားသမီးကိုပဲဖြစ်ဖြစ် အမူအကျင့်နဲ့ပတ်သက်လို့ ပြုပြင်ချင်ကြပါတယ်ဆိုရင် အဲဒီ့ အမူအကျင့်ရဲ့ အရင်းအမြစ်ကို အရင်ဆုံး ပြန်စဉ်းစားရပါလိမ့်မယ်။ တစ်ခါတလေမှာ မိဘဆီက မဟုတ်ဘဲ ကလေးနဲ့ လက်ပွန်းတတီး နေခွင့်ရနေသူ တစ်ဦးဦးဆီက ကူးစက်လာတာလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

ဥပမာဆောင်ရရင် ကျွန်တော့်ရဲ့ ရှစ်နှစ်သမီးလေးမှာ အပျိုပေါက်လေး တစ်ယောက်လို “ပဲများ”တဲ့ သွင်ပြင်ဟန်ပန်လေးတွေ တွေ့လိုက်ရတဲ့အခါ တော်တော် မျက်စိနောက်သွားပါတယ်။ သူ့အရွယ်နဲ့ သူဖြစ်တာကို လက်ခံနိုင်ပေမယ့် အရွယ်မတိုင်ခင်မှာ ဖြစ်နေတာမျိုးကျတော့ စိုးရိမ်စရာကောင်းပါတယ်။

အကြောင်းရင်းကို စေ့ငုလိုက်တဲ့အခါ အဲဒီ့တလောက ကလေးတွေကို သူတို့ရဲ့သားချင်းတစ်ယောက် အိမ်မှာ လေး-ငါး-ဆယ်ရက် ထားလိုက်မိသွားတာက စတာပါ။ အဲဒီ့အိမ်က သူတို့ရဲ့ အစ်မဝမ်းကွဲလေးက ၁၄-၅-၆ နှစ်အရွယ် အပျိုပေါက်လေးပါ။ ကလေးတွေကိုလည်း အတော် ချစ်သလို ကလေးတွေကလည်း သူ့ကိုချစ်ပါတယ်။
အပျိုပေါက်ကလေးမှာ အပျိုပေါက်ဟန်ပန် အမူအရာတွေ ရှိနေတာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ရှစ်နှစ်သမီးမှာ အဲဒီ့ဟန်ပန်တွေ ကူးလာတာကျတော့ ခိုးလို့ခုလုနိုင်နေပါတယ်။

အဲဒီ့ပြဿနာကို ရှင်းတဲ့နည်းကလည်း သိပ်အခက်ကြီး မဟုတ်ပါ ဘူး။ ကလေးနဲ့ လက်ပွန်းတတီး နေခွင့်ကို အသာလေး ရုပ်သိမ်းလိုက်တာနဲ့တင် ပြီးပါတယ်။ တစ်နည်းအားဖြင့် နေကုန်နေခမ်း အတူ နေဖြစ်နေအောင် ဖန်တီးပေးတာကို လျှော့ချလိုက်တာပါ။ တစ်ခါတလေ သွားလည်တာ၊ ပြုတာလောက်က ဘာမှ မဖြစ်နိုင်ပေမယ့် ညအိပ်ညနေ၊ ရက်ရှည်လများ ထားမိမယ်ဆိုရင်တော့ တစ်ခုမဟုတ် တစ်ခုဟာ အထူးသင်စရာမလိုဘဲ ကူးလာမှာ သဘာဝပါပဲ။

အလားတူပဲ၊ ကလေးနဲ့ လက်ပွန်းတတီးနေတဲ့ ကလေးထိန်းတွေ၊ ဆွေမျိုးဉာတကာတွေကြောင့် ကိုယ့်ကလေးမှာ ကိုယ့်စိတ်နဲ့ အစပ်မတည့်လှတဲ့ အကျင့်စရိုက် တစ်ခုခုကိုများ တွေ့လာရပြီဆိုရင် အဲသလို အတူမနေဖြစ်အောင် နည်းလမ်းများ ရှာကြံနိုင်ဖို့ လိုပါလိမ့်မယ်။

ဘယ်သူနဲ့မှလည်း အတူမနေဘူး၊ ကလေးကိုလည်း ဘယ်ကိုမှ ညအိပ် ညနေ ပို့မထားဘူးဆိုတဲ့ကြားက ကလေးမှာ ကိုယ်မနှစ်မြို့လှတဲ့ အကျင့်စရိုက်ကို တွေ့နေရတယ်ဆိုရင်တော့ အဲဒီ့ အကျင့်စရိုက်ဟာ ကိုယ်၊ သို့မဟုတ် ကိုယ့်အိမ်ထောင်ဖက်ရဲ့ အကျင့်စရိုက်ပဲဆိုတာ သေချာနေပါပြီ။ အဲလိုသာဆိုရင်တော့ မိမိကိုယ်နဲ့ မိမိအိမ်ထောင်ဖက်ကို ပြုပြင်ဖို့ လိုအပ်လာပါတော့မယ်။

သည်နေရာမှာလည်း “ရွှေကျင့်”ဆိုတာက အလွန် ဆိုးရွားလှပါတယ်။ လင်ရယ်၊ မယားရယ်ဖြစ်လာပြီး အတူနေတာ နှစ်နဲ့ချီပြီး ကြာလာတဲ့အခါမှာလည်း တစ်ယောက်အကျင့်က တစ်ယောက်ဆီကို အလွယ်တကူ ကူးသွားတတ်ပါသေးတယ်။ မိမိကိုယ်တိုင်ကိုပဲဖြစ်စေ၊ မိမိပတ်ဝန်းကျင်ကိုပဲဖြစ်စေ သတိထားကြည့်မယ်ဆိုရင် လင်မယားချင်း အကျင့်တွေ ကူးကုန်တတ်တဲ့ သာဓကတွေကို မြင်နိုင်ပါလိမ့်မယ်။ အထူးသဖြင့် အကျင့်ဆိုးဟာ အကျင့်ကောင်းထက် ပိုမို ကူးစက်လွယ်တာကို သတိထားသင့်ပါတယ်။

ပြုပြင်ရေးအစ ကိုယ်တိုင်က

ကျွန်တော်တို့ လူသားတွေ အားလုံးဟာ ကောင်းတာကို ကောင်းမှန်း သိကြသလို မကောင်းတာကိုလည်း မကောင်းမှန်း သိကြသူချည်းပါပဲ။ ဒါပေမယ့် မကောင်းတာကို လုပ်ဖို့ လွယ်ကြသလောက် ကောင်းတာကို လိုက်နာ ကျင့်သုံးဖို့ကျတော ခက်နေတတ်တာလည်း လူ့သဘာဝပါပဲ။ သူများအပြစ်ကို မြင်ဖို့ လွယ်သလောက် ကိုယ့်အပြစ် ကိုယ်မြင်ခဲတာလည်း လူဆန်တဲ့၊ လူပီသလှတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

ဒါပေမယ့် ကိုယ်က မွေးလာတဲ့ သားသမီးကိုကျတော့ အကောင်းဆုံး၊ အတော်ဆုံး၊ အတတ်ဆုံး၊ အလိမ်မာဆုံးလေးတွေ ဖြစ်နေစေ့ချင်တာလည်း အဲလို လူထဲက လူတွေကပဲ ဖြစ်လာကြတဲ့ မိဘဆိုသူတိုင်းရဲ့ စေတနာတွေ ပါပဲ။

အဲဒီ့ စေတနာတွေကို အထမြောက် အောင်မြင်စေ့ချင်ရင်၊ ခရီးရောက်စေ့ချင်ရင်တော့ သွန်သင်နေရုံ၊ ဆုံးမနေရုံနဲ့ မပြီးပါဘူး။ ဟောရင်းသာ ပျံတော်မူသွားတယ်၊ နာသူမှာတော့ ဘာမှ မရလိုက်ဘူးဆိုတာ ဟောသူကိုယ်၌က နည်းလမ်းမကျလို့ ဖြစ်ရတာပါ။ သားသမီးနဲ့ မိဘပဲဖြစ်ဖြစ်၊ ဆရာနဲ့ တပည့်ပဲဖြစ်ဖြစ်၊ လူကြီးသူမနဲ့ လူငယ်လူရွယ်ပဲဖြစ်ဖြစ်၊ အလုပ်ရှင်နဲ့ အလုပ်သမားပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံပဲဖြစ်ဖြစ်၊ တစ်ဦးက တစ်ဦးအပေါ် ဩဇာညောင်းချင်တယ်ဆိုရင် ကောင်းတာတွေ၊ မြတ်တာတွေကို ချပြ၊ ဖိသင်၊ နှိပ်ကွပ်၊ ကြပ်မတ်နေလို့ ဘယ်လိုနည်းနဲ့မှ မအောင်မြင်နိုင်ပါဘူး။ အဲလို ဖြစ်စေချင်သူဖက်ကသာ ကောင်းတာတွေ၊ မြတ်တာတွေကို စံနမူနာအဖြစ် အတုယူချင်စရာ ကောင်းလာအောင် နေပြ၊ ကျင့်ကြံပြ၊ အားထုတ်ပြနိုင်မှသာ ထိရောက်မှာပါ။


ယောင်တတ်တာပဲဖြစ်ဖြစ်၊ ဆဲတတ်တာပဲဖြစ်ဖြစ်၊ ဒေါသကြီးတာပဲဖြစ်ဖြစ် မှားတယ်ဆိုတဲ့အသိကို ရဖို့က ပြုပြင်ချင်စိတ်ပေါက်လာရေးအတွက် ပထမဆုံး လိုအပ်ချက်ပါပဲ။ အထက်မှာ ဆိုခဲ့သလို လူဆိုတာ ကိုယ့်အတွက် တစ်ကွက်ချန် စဉ်းစားတတ်မြဲဖြစ်နေတော့ ဘာပဲ လုပ်မိ လုပ်မိ တရားတယ်လို့ချည်း တွေးနေရင် မှားမှန်း သိဖို့ မလွယ်ပါဘူး။ မှားမှန်း မသိသေးရင် ပြင်ဖို့လည်း ခက်ပါလိမ့်မယ်။

ကျွန်တော့်ကိုယ် ကျွန်တော် မှားမှန်း သိဖို့ အနှစ် ၃၀ ကျော် ကြာခဲ့ပါတယ်။ အဲတော့ ပထမဆုံးအချက်က မိမိ ကျူးလွန်မိတဲ့ ကိုယ်အမူအရာတွေ၊ နှုတ်အမူအရာတွေ မှားမှန်း သိနိုင်ဖို့ ပထမဆုံး လိုအပ်ပါတယ်။

မှားမှန်း အသေအချာ သိရင် ပြင်ချင်တဲ့ ဆန္ဒဆိုတာလည်း အလိုလို ပေါ်ပေါက်လာမှာပါ။ ဆန္ဒရှိလာတဲ့အခါ နည်းလမ်းက ရှိလာမှာပါ။


အမှားကို ပြင်ချင်တဲ့ စိတ်သာ ရှိရိုးမှန်ရင်တော့ လူဆိုတာ သူသူ ကိုယ်ကိုယ် ကောင်းချင်တဲ့ဇောကလေးတွေနဲ့မို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစား ပြင်ဆင်သွားကြမယ့်သူချည်းပဲလို့ ကျွန်တော်ကတော့ စိတ်ချလက်ချ ယုံနေမိရပါတယ်။

အကျင့်ဆိုတာကို လေ့ကျင့်ပျိုးထောင်ယူလို့လည်း ရပြန်ပါတယ်။ “မျက်စိအကျင့်၊ ဝမ်းအချင့်”ဆိုသလိုပါပဲ။ ဘယ်လို အကျင့်မျိုးကိုမဆို နေ့စဉ် သတိထားပြီး လေ့ကျင့်ယူမယ်ဆိုရင် အကျင့်ကောင်းဘက်ကို ပြောင်းယူလို့ ရပါတယ်။

စုတ်စုတ်ပဲ့ပဲ့ ယောင်တတ်သူကလည်း ယောင်တဲ့အချိန်မှာ ကောင်းတဲ့နည်းနဲ့ ယောင်တတ်အောင် ကျင့်လို့ရပါတယ်။ တခြား စိတ်မှတ်မဲ့ တုံ့ပြန်မှု အရင့်စားဆိုတဲ့ စရိုက်များနဲ့ မျိုးရိုးလိုက်မှုတွေကိုလည်း သတိလေးနဲ့ထိန်းပြီး ကျင့်ယူသွားမယ်ဆိုရင် ပြုပြင်နိုင်ပါလိမ့်မယ်။ အထက်မှာ ပြောခဲ့တဲ့အတိုင်း စိတ်တိုရင် လက်ပါတတ်တဲ့အကျင့်ကို ကျွန်တော်ဖျောက်နိုင်ခဲ့တာ အဲဒီ့သတိပါ။

အဲတော့ လူ့ဘဝမှာ လူတွေအဖြစ် ရပ်တည်ရှင်သန်နေကြရာမှာ အကျင့်ဆိုးတွေ၊ အကျင့်ကောင်းတွေနဲ့ နေနေကြပေမယ့် တကယ်တမ်းမှာ အဲဒီ့ အကျင့်တွေအားလုံးကို ပျောက်သွားအောင် ဖျောက်ချင်ရင်လည်း အကျင့်ပါ အောင် လုပ်ယူပြီး ဖျောက်နိုင်တယ်လို့ ပြောနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကြီး ကောင်းမွန်လာအောင် ကျွန်တော်တို့ပဲ လုပ်ကြရမှာပါ။ ဘယ်သူ့ ဘယ်သူကမှ လုပ်ပေးလို့ မရပါဘူး။ သိကြားမင်းကြီးကလည်း ဆင်းပြီး လုပ်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ တစ်ဦးချင်းစီ၊ တစ်မိသားစုချင်းစီ ကောင်းနေမှ ကျွန်တော်တို့နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံး ကောင်းနေမှာပါ။

ကောင်းတာကိုတော့ လိုချင်တယ်၊ ကောင်းတာကိုလည်း မြင်ချင်၊ ကြားချင်၊ ကြုံချင်၊ ခံစားချင်တယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ကောင်းတာကို လုပ်ဖို့၊ ကျင့်ကြံဖို့ ခက်နေသေးတယ်ဆိုရင်တော့ လောကကြီးကို၊ ပတ်ဝန်းကျင်ကို အပြစ်မတင်ကြေးပါ။

ကျွန်တော်တို့မှာက မိဘ၊ ဆရာသမားဆိုရင် ဝေဖန်ဖို့၊ စေ့ငုဖို့ ခက်ခဲ နေတတ်စမြဲပါ။ မိဘ မှားခဲ့လို့ ငါလည်း မှားနေတာပဲလို့ ရဲရဲပြောဝံ့သူ အင်မတန် ရှားပါတယ်။ အဲဒီ့အစဉ်အလာကြီးကြောင့် ကိုယ်ကိုယ်တိုင် မိဘဖြစ်လာတဲ့အခါမှာလည်း ထပ်ဆင့်အမှားတွေကို ကျူးလွန်ဖြစ်နေတတ်ကြပြီး မိမိကိုယ်ကိုလည်း မိဘနေရာက လုပ်တာမို့ အမှန်ချည်းပဲလို့ တွေးနေမိတတ်ပါတယ်။

ကောင်းအောင် ကြိုးပမ်းကြရာမှာ အစဉ်အလာ အတွေးတွေထဲက လွတ်အောင် ရုန်းထွက်နိုင်ကြမှ တကယ် ကောင်းတာကို ရမှာပါ။ အစဉ်အလာ အရိုးစွဲ အတွေးတွေက ကောင်းတယ်လို့ သတ်မှတ်ထားတာကို တကယ်ရော ကောင်းရဲ့လားလို့ ဆန်းစစ်နိုင်မှ တကယ့်အကောင်းကို တွေ့ရမှာ ဖြစ်ပါတယ်။

အဘိုးထက် အဖေက တော်ရမယ်၊ အဖေ့ထက် သားက တော်ရမယ်၊ သားထက်မြေးက တော်ရမယ်ဆိုပြီး မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် အဆင့်ဆင့် မြှင့်တင်သွားနိုင်ဖို့ ကျွန်တော်တို့အားလုံးဟာ နောက်ကြောင်းကို အဂတိကင်းကင်းနဲ့ သုံးသပ်ရဲဖို့ လိုပါလိမ့်မယ်။

လူတစ်ယောက်အနေနဲ့ မိမိပတ်ဝန်းကျင်ကို ကောင်းစေချင်ရင်၊ မိမိရဲ့ မိသားစုကိုကောင်းစေချင်ရင်၊ ပြုပြင်စေချင်ရင် မိမိကိုယ်ကို အရင်ဆုံးပြုပြင်ရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြီးမှ သူတစ်ပါးကို ပြုပြင်ဖို့ အားထုတ်မယ်ဆိုရင် ပြင်ရတာလည်း လွယ်တယ်၊ အပြင်ခံရသူမှာလည်း လိုက်နာချင်စဖွယ် ဖြစ်နေပါလိမ့်မယ်။

(၂၀၀၀ ပြည့်နှစ် မတိုင်မီ မမှတ်မိတော့တဲ့ သရဖူမဂ္ဂဇင်းတစ်စောင်မှာ “ငှက်ပျောပင်စိုက် မိလိုက်ဘပါ ဝေါဟာခေါ်ရိုး မော်ကွန်းထိုးခဲ့” ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၂၀၅/၂၀၀၃(၁၂)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ခုနှစ် သြဂုတ်လမှာ ဒုတိယအကြိမ်အဖြစ် ပြန်လည် ပြင်ဆင် တည်းဖြတ် ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “သားငယ် သမီးငယ်များ ပဲ့ပြင် ထိန်းကျောင်းခြင်း အနုပညာ”စာအုပ်ထဲက စာတစ်ပုဒ်ကို ကောက်နုတ်တင်ဆက်ထားတာပါ။)

The Day I Became a Mom

ကျွန်မ မေမေဖြစ်တဲ့ နေ့

ကျွန်မ မေမေဖြစ်တဲ့နေ့က သမီးကို မွေးတဲ့နေ့ မဟုတ်ဘဲ သမီးကို မွေးပြီး ခုနစ်နှစ်ကြာတော့မှသာ ဖြစ်ပါတယ်။ အဲဒီ့နေ့ မတိုင်ခင်အထိကတော့ မတရား အနှိပ်စက်ခံနေရတဲ့ အိမ်ထောင်ရေးမှာ ကြံ့ကြံခံနိုင်အောင် အားထုတ်ရင်းနဲ့ ကျွန်မတစ်ယောက် ဗျာများနေခဲ့ပါတယ်။ ကျွန်မမှာ ရှိသမျှ ကိုယ်စွမ်း ဉာဏ်စွမ်း မှန်သမျှကို စိုက်ထုတ်ပြီး “ခြောက်ပြစ်ကင်း”တဲ့ အိမ်ကလေး တစ်ဆောင် ဖြစ်နေအောင် ကြိုးစားရပါတယ်။ မကြိုးစားလို့လည်း မရပါဘူး။ ကျွန်မခင်ပွန်းက ညနေတိုင်း တစ်အိမ်လုံးကို ကျကျနန စစ်ဆေး ကြည့်ရှုတတ်တာကိုး။ သည်တော့ကာ ကျွန်မသမီးလေး တော့တီးတော့တ မတ်တတ်စမ်းတာကိုတောင် သတိမထားမိလိုက်တော့ဘူး။

ဘယ်တော့မှ မကျေနပ်နိုင်တတ်သူ တစ်ယောက် ကျေနပ်အောင် မနေမနား အားထုတ် ကြိုးပမ်းနေရင်းနဲ့ပဲ တစ်နှစ်ပြီး တစ်နှစ် ကုန်သွားတာကို ရုတ်တရက် သတိထားမိလာပါတယ်။ ကုန်သွားတဲ့အချိန်တွေကို ဘယ်လိုမှ ပြန်မရနိုင်တာကိုလည်း သတိထားမိသွားတယ်။

အဲ… ဒါပေမယ့် ပုံမှန် “မိခင်”တစ်ယောက် လုပ်တဲ့ အလုပ်တွေကိုတော့ ကျွန်မ လုပ်ခဲ့ပါတယ်။ သမီးရဲ့ကျောင်းတွေ၊ ကျူရှင်တွေ၊ အားကစား သင်တန်းတွေ၊ ပန်းချီသင်တန်းတွေကို မပျက်အောင် စီစဉ်ပေးခဲ့တာမျိုး၊ ကျောင်းကပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ ဆုပေးပွဲတွေကို မပျက်မကွက်တက် ရောက်ခဲ့တာမျိုး၊ မိဘဆရာအသင်း ဆွေးနွေးပွဲတွေ တက်တာမျိုးတွေပေါ့။ အဲဒါတွေလည်း ကျွန်မတစ်ယောက်တည်းပဲ လုပ်ခဲ့ရတာပါ။


ထမင်းစား စားပွဲမှာ တစ်ခုခု ဖိတ်သွားတဲ့အခါ ဒေါသူပုန် ထတတ်တဲ့ ကျွန်မခင်ပွန်းကြောင့် သမီးလေး စိတ်ငယ်သွားရင်လည်း သမီးကို ကျွန်မ ဖျောင့်ဖျပေးရပါတယ်။ “ဘာမှ မဖြစ်ဘူး သမီး၊ သမီးဖေဖေက သမီးကို ချစ်ပါတယ်ကွယ်။ ရုတ်တရက်မို့ ရိုက်လိုက်၊ ငေါက်လိုက်တာပါ”ဆိုတာမျိုးတွေ ပြောပေးတာမျိုးပေါ့။ ညဘက်မှာ ကျွန်မယောက်ျား မူးမူးနဲ့ ပြန်လာတဲ့အခါ အော်ဟစ်၊ ဆဲဆို၊ စွပ်စွဲတာတွေ အားလုံးကိုလည်း သမီးလေး မကြားရလေအောင် ကျွန်မ တတ်အားသမျှ ကြိုးစားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သမီးနဲ့ ကျွန်မတို့အတွက် အကောင်းဆုံးလမ်းကို ကျွန်မ ရွေးလိုက်ရပါတယ်။ ကျွန်မတို့အတွက် နားခိုစရာအရပ်တစ်ခု မဟုတ်တဲ့ ကျွန်မယောက်ျားရဲ့ အရိပ်အောက်ကနေ အပြီးအပိုင် ထွက်လိုက်တာပါပဲ။

အဲဒီ့နေ့ကျတော့မှ ကျွန်မဟာ တကယ့်မေမေဘဝကို ရောက်တာပါ။

အဲဒီ့နေ့ညနေက ကျွန်မတို့ သားအမိနှစ်ယောက်ဟာ ကျွန်မတို့ရဲ့ အိုးသစ်အိမ်သစ်လေးမှာ ညစာ ထိုင်စားနေကြပါတယ်။ သမီးကို ကျွန်မ အဖြစ်စေချင်ဆုံး အနေအထားနဲ့ ညစာ ကျွေးခွင့်ရတဲ့ ပထမဆုံး ညခင်းပေါ့ရှင်။ ညစာကို အေးအေးဆေးဆေးနဲ့ ဘာ စိတ်အနှောင့်အယှက်မှ မဖြစ်ဘဲ သမီးလေး စားစေချင်ခဲ့တာ ဟိုအိမ်မှာ နေခဲ့စဉ် ကာလတစ်လျှောက်လုံးပါ။


သားအမိနှစ်ယောက်ဟာ တစ်နေ့တာအတွင်း ကျောင်းမှာ သမီးကြုံခဲ့ရသမျှကို ပြောဆိုနေကြပါတယ်။ သည်အချိန်မှာ သမီးရဲ့ ထမင်းပန်းကန် ဘေးမှာ ချထားတဲ့ ချောကလက် နွားနို့ဖန်ခွက်ကို သမီးရဲ့ လက်ကလေးနဲ့ တိုက်မိပြီး မှောက်ကျသွားပါလေရော။ စားပွဲခင်း ဖြူဖြူလေးမှာရော၊ ဆေးဖြူဖြူ သုတ်ထားတဲ့ နံရံမှာပါ ညိုညစ်ညစ်ဖြစ်သွားတာကို ကြည့်ရင်းကနေ သမီးရဲ့ မျက်နှာငယ်ငယ်လေးကိုလည်း ကျွန်မ လှမ်းကြည့်လိုက်မိပါတယ်။

သမီးရဲ့ မျက်ဝန်းထဲမှာ စိုးရွံ့မှုတွေ။

လွန်ခဲ့တဲ့ တစ်ပတ်၊ သူ့ဖအေရဲ့ အိမ်မှာ ရှိနေတုန်းက သူ့အဖေရဲ့ မျက်စိအောက်မှာသာ ဒါမျိုးဖြစ်ရင် ဘယ်လောက်အထိ အခြေအနေဆိုးသွားမယ် ဆိုတာကို သိနေတဲ့ မျက်လုံးလေးတွေပါ။

သမီးရဲ့ အဲဒီ့ မျက်နှာလေးကို တစ်လှည့်၊ နံရံဖြူဖြူပေါ်မှာ စီးကျနေဆဲ ချောကလက်နို့ရည် ညိုညစ်ညစ်တွေကို တစ်လှည့် ကြည့်ရင်းက ကျွန်မ ရယ်ချလိုက်မိပါတယ်။ သမီးကတော့ ကျွန်မတော့ ရူးသွားပြီလို့ မှတ်မှာပဲ။

“အနားမှာ ညည်းအဖေ ရှိမနေတာ မကောင်းဘူးလား သမီးရဲ့”လို့ ကျွန်မက အတောမသတ် ရယ်ရင်း ပြောလိုက်တဲ့အခါမှာတော့ သမီးကလည်း တသိမ့်သိမ့် ရယ်ပါတော့တယ်။ ကျွန်မတို့ သားအမိနှစ်ယောက် မတိုင်ပင်ဘဲနဲ့ ရယ်နေမိကြတာများ မျက်ရည်တောင် ထွက်တဲ့အထိပဲ။

ကျွန်မတို့ သားအမိနှစ်ယောက်ရဲ့ ရှေ့ခရီးဟာ စိုစိုပြေပြေ ဖြောင့်ဖြောင့် ဖြူးဖြူးရှိတော့မယ်ဆိုတာကို အဲဒီ့အချိန်လေးမှာတင်ပဲ နှစ်ယောက်စလုံး သိလိုက်ကြပါတယ်။
သားအမိနှစ်ယောက်ထဲက တစ်ယောက်ယောက်ကြောင့် တစ်ခုခု ဖိတ်စင် ကုန်တဲ့အခါတိုင်းမှာ သမီးက “သမီး ချောကလက် နွားနို့တွေ မှောက်ချ လိုက်တဲ့နေ့ကို မှတ်မိသေးလား မေမေ။ အဲဒီ့နေ့ဟာ သမီးတို့ သားအမိအတွက် တော်တည့် မှန်ကန်တဲ့အလုပ်ကို မေမေ လုပ်လိုက်တဲ့နေ့ပဲ မေမေရဲ့။ အဲဒီ့နေ့ကို သမီး ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး”လို့ ပြောတတ်တာ ကနေ့ သမီးအသက် နှစ်ဆယ့်လေးနှစ်ပြည့်ပြီးချိန်၊ အဲဒီ့နေ့က စတင် ရေတွက်ရင် ဆယ့်ခုနစ်နှစ်တောင် ကြာခဲ့ပြီးချိန် အထိပါပဲ။

အဲဒီ့နေ့ဟာ ကျွန်မ မေမေဖြစ်တဲ့နေ့ပေါ့။ မေမေတစ်ယောက် ဖြစ်လာဖို့အတွက် သမီးရဲ့ ကျောင်းတွေ၊ ကျူရှင်တွေ၊ အားကစား သင်တန်းတွေ၊ ပန်းချီသင်တန်းတွေကို မပျက်အောင် စီစဉ်ပေးတာမျိုး၊ ကျောင်း ကပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ ဆုပေးပွဲတွေကို မပျက်မကွက် တက်ရောက်တာမျိုးနဲ့ မပြီးပါဘူး။ အိမ်ကို သန့်ရှင်း ပြောင်လက်နေအောင် လှဲကျင်း သုတ်သင်ထားပြီး အရသာရှိတဲ့ ဟင်းကောင်း ကျွေးကောင်းတွေကို ချက်ကျွေးနေရုံနဲ့လည်း မအေပီသမှာ မဟုတ်ပါဘူး။ အခြေအနေ မကောင်းတာကို သမီး မသိအောင် ဖုံးထား၊ ဖိထားရင်း ကောင်းချင်ယောင်ဆောင်နေတာကြောင့်လည်း မအေဖြစ်လာမှာ မဟုတ်ဘူး။

ကျွန်မအတွက်ကတော့ ဖိတ်သွားတဲ့ နွားနို့အပေါ်မှာ ရယ်နိုင်တဲ့ နေ့မှာမှ တကယ့် မေမေအစစ်ဖြစ်တဲ့နေ့လို့ ယူဆပါတယ်ရှင်။

Linda Jones ရေးတဲ့ The Day I Became a Mom ကို ပြန်ဆို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အနှိပ်စက်ခံ အိမ်ထောင်ရေးဘဝထဲမှာ ကလေးတွေ မျက်နှာကိုထောက် ပြီး အောင့်ခံနေပါတယ်ဆိုသူများအတွက် စဉ်းစားကြည့်ချင်စရာ ကိုယ်တွေ့ ဖြစ်ရပ်ကလေးတစ်ခု ဖြစ်ပါလိမ့်မယ်။

တကယ်တော့ အနှိပ်စက်ခံ အိမ်ထောင်ရေးဘဝမှာ ကလေးတွေလည်း ရင်နဲ့ မဆံ့အောင် ခံစားရတတ်တာလည်း အမှန်ပါပဲ။ ကလေးတွေရဲ့ ကိုယ်ရည် ကိုယ်သွေးတွေ၊ အစွမ်းအစတွေ ကျဆင်းသွားအောင် အနှိပ်စက်ခံ အိမ်ထောင်ရေးက ကောင်းကောင်းကြီး လုပ်ပေးတတ်ပါတယ်။

အဲသလို အိမ်ထောင်ရေးဘဝထဲကို ရောက်နေတဲ့ မအေတစ်ယောက်ရဲ့ တာဝန်ကို မီးမောင်းထိုးပြလိုက်တဲ့ စာတစ်ပုဒ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။

စာဖတ်သူလူကြီးမင်းများ ဘယ်လို သဘောရပါသလဲခင်ဗျာ။

[၂၀ဝ၃ခုနှစ်  ဇူလိုင်လ ၂၈ ရက်နေ့ထုတ် “အတွေးသစ်”ဂျာနယ်  အတွဲ ၃၊ အမှတ် ၁၄၃ မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၆၁၀/၂၀၀၃ (၁၁) နဲ့ လက်တွဲဖော် စာအုပ်တိုက်က ၂၀၀၄ ခုနှစ် ဇန်န၀ါရီလမှာ ထုတ်ဝေထားတဲ့ “ဘ၀တူရိယာ” (မောဟပြေ ပုံတိုပတ်စများ – ၂) စာအုပ်ထဲက စာတစ်ပုဒ်ကို ကောက်နုတ်တင်ဆက်လိုက်တာပါ။]

Lies and an Important Role of Parents

ကနေ့ ၁၂-၂-၂၀၁၀ (ပြည်ထောင်စုနေ့)မှာ ရန်ကုန်မြို့၊ ကမာရွတ်လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းမှာ ရှိတဲ့ “အင်းဝစာအုပ်တိုက်ခွဲ”မယ် နေ့ခင်း ၂ နာရီက ၅ နာရီအတွင်း ကျွန်တော့်ရဲ့ “မိန်းမသားတို့ သိမ်းထားဖို့” စာအုပ် မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ပါမယ်။ ကျွန်တော့်ရဲ့ တခြားစာအုပ်များကိုလည်း ၁၀ % ဈေးလျှော့ပြီး ရောင်းချပေးသွားမှာပါ။ ကျပ်တစ်သောင်းဖိုးနဲ့ အထက် ၀ယ်ယူအားပေးသူ အယောက် ၂၀ အတွက် အထူးအစီအစဉ်များလည်း ပြင်ဆင်ပေးထားပါတယ်။ ရန်ကုန်နေ စာဖတ်သူ မိတ်ဆွေများကို ဖိတ်ကြားအပ်ပါတယ်။ မနက်ဖြန် ၁၃-၂-၂၀၁၀ မှာတော့ ပန်းဆိုးတန်းလမ်းက “အင်းဝစာအုပ်တိုက်”မှာလည်းပဲ အထက်ပါအချိန်အတိုင်းပဲ နောက်တစ်ပွဲ ကျင်းပသွားပါမယ်ခင်ဗျား။

အလိမ်သင်တာ လက်ဦးဆရာ

အဲတုန်းက ကျွန်တော့်သားလေးက နှစ်တန်းကျောင်းသား၊ ခုနစ်နှစ်သားပဲ ရှိပါသေးတယ်။ ကျွန်တော်ကလည်း သူတစ်ပါးရဲ့ လခစား ဝန်ထမ်း ဘဝမှာပဲ ရှိသေးတယ်။


တစ်နေ့ ကျွန်တော် ရုံးက အပြန်မှာ ကျွန်တော့်အိမ်သူက ကျွန်တော့် ကို တိုင်တယ်။
“ရှင့်သားကို ကျွန်မ ဆူထားတယ်”

“ဘာဖြစ်လို့တုံး…”

“မနက်က ကျောင်းသွားတာ သူ့သူငယ်ချင်းက အိမ်ကို တယ်လီဖုန်း ဆက်ချင်တယ်ဆိုလို့ အဖော်လိုက်သွားပေးတယ်တဲ့။ ဖုန်းက ကျောင်းဘေးက လက်ဖက်ရည်ဆိုင်မှာဆိုတော့ ကျောင်းပြင်ထွက်ရတာပေါ့။ အဲဒါ သူတို့လည်း ပြန်လာရော ကျောင်းဝင်းတံခါးကြီးက ပိတ်သွားလို့ ကျောင်းထဲကို ပြန်ဝင်လို့ မရတော့တာနဲ့ အဲဒီ့လက်ဖက်ရည်ဆိုင်မှာပဲ နေ့လည် ထမင်းစားချိန်အထိ ငုတ်တုတ်ထိုင်နေခဲ့ကြရသတဲ့။ အဲဒါကြောင့် ကျွန်မ ဆူထားတာ…”

ကျွန်တော် နည်းနည်း သဘောပေါက်သွားတာနဲ့အတူ သူ့ကို ပြန်မေးမိရပါတယ်။

“နေစမ်းပါဦး။ အဲဒါကို သားက ပြန်ပြောလို့ ညည်း သိရတာ မဟုတ်လား”

“ဟုတ်တယ်လေ…”

“အဲဒါကိုမှ သွားဆူတော့ ညည်းက ကလေးကို အလိမ်သင်သလို ဖြစ်သွားတာပေါ့”

“ရှင်…”

ကျွန်တော် ရှည်ရှည်ဝေးဝေး ရှင်းပြရပါပြီ။ ကလေးက ဖြစ်စဉ်ကို အရင်းအတိုင်း၊ အမှန်အတိုင်း ပြောပြတယ်။ အဲဒါကို မအေလုပ်တဲ့သူက သူ့ကြောင့်ကြမှုနဲ့သူ ဆူလိုက်တယ်။ ကလေး တစ်မနက်လုံး ကျောင်းပြင်မှာ နေနေရတာကို သူက ပူတယ်။ မသမာသူတွေနဲ့များ တွေ့တွက်သွားပြီး မတော်ရာကို ခေါ်ပြုသွား၊ မဟုတ်တာတွေ ခိုင်းစား၊ ပျောက်ပျက်သွားမှာအထိ တစ်မျှော်တစ်ခေါ် တွေးပြီး ပူလိုက်တာပေါ့။ မအေကိုး၊ အဲလို ပူတာ တရားလှသပေါ့။


သို့သော် ပူတာက သတ်သတ်၊ ဆူတာက သတ်သတ်။ ဆူလိုက်တာ ကျတော့ ကလေးအတွက် မှတ်သားစရာ တစ်ခုသာ ရသွားပါတော့တယ်။ “အမှန်အတိုင်း ပြောရင် အဆူခံရတယ်၊ အရေးယူခံရတယ်”ဆိုတဲ့ အသိကိုသာ ကလေးက မှတ်သားလိုက်ပါတော့မယ်။ သည်အတွက် အကျိုးဆက်က နောက်ဆို အမှန်ကို ပြောလို့ မဖြစ်ပေဘူးဆိုတဲ့ နီတိတစ်ရပ်ကို ထုတ်ပေးလိုက်တာမို့ ဘယ်တော့မှ အမှန် မပြောတော့ဘဲ လိမ်ညာတဲ့ ကလေးတွေ၊ ဖုံးဖိတတ်တဲ့ ကလေးတွေ ဖြစ်လာပါတော့မယ်။

အခုကိစ္စမှာတော့ အချိန်မီသေးတယ်လို့ ယူဆတာကြောင့် သားကို ကျွန်တော် ခေါ်ပြီး တောင်းပန်လိုက်ပါတယ်။ ပထမဆုံးက သားက သည်လို အမှန်အတိုင်း ပြန်ပြောပြတဲ့အတွက် သူ့ကို ချီးကျူးတဲ့ စကားကို ပြောပါတယ်။ သို့သော် သူ့အမေကတော့ အမေမို့လို့ ရုတ်တရက် စိတ်ပူသွားပြီး သူ့ကို ဆူမိသွားတဲ့အကြောင်း၊ သူ့အမေ မှားသွားတဲ့အကြောင်း၊ အမေကလည်း သားကို ဆူမိတဲ့အတွက် တောင်းပန်မယ့်အကြောင်း ပြောပြပါတယ်။ နောင်ကိုလည်း အမှန်အတိုင်းသာ ဘာကိုမဆိုမခြွင်းမချန် ပြောပြဖို့ မှာပါတယ်။ အဲသလို အမှန်အတိုင်း ပြောပြတဲ့အတွက် ဘယ်တော့မှ ဆူပူတော့မှာ၊ အပြစ်ပေးတော့မှာ မဟုတ်ကြောင်းကိုလည်း ကတိပေးလိုက်ပါတယ်။


ကျွန်တော်ပြီးတော့ သူ့အမေက သူ့သားကို တောင်းပန်ပါတယ်။ မေမေ စိတ်ပူလို့ သားကို ဆူမိသွားတဲ့အကြောင်း၊ တကယ်တော့ သားက အမှန်အတိုင်း ပြောပြတဲ့သူမို့လို့ မေမေက ဝမ်းသာဂုဏ်ယူကြောင်း၊ နောက်ကို သား အဲလို အမှန်အတိုင်း ပြောပြရင် ဘယ်တော့မှ မဆူတော့မယ့် အကြောင်းနဲ့တကွ ဆူမိတဲ့အတွက် ဆောရီးပါဆိုတဲ့ စကားကိုပါ ထည့်ပြောလိုက်တာပါ။


အဲဒီ့နောက်မှာ ကျွန်တော့်အိမ်မှာ စည်းကမ်း တစ်ချက်တည်းကိုသာ ထုတ်ပြန်ထားလိုက်ပါတော့တယ်။ အဲဒါကတော့ မလိမ်ရဆိုတဲ့ စည်းကမ်းပါပဲ။ မှားချင်တာ ကြိုက်တာ မှားလာခဲ့၊ ခွင့်လွှတ်တယ်၊ သို့သော် လိမ်တာကိုတော့ လုံးဝ ခွင့်မလွှတ်နိုင်ဘူး၊ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့ စည်းကမ်းကို ထုတ်ပြန်လိုက်တာပါ။


ဟုတ်တယ်လေ။ ကျွန်တော်တို့ လူကြီးတွေ၊ မိဘတွေကရော ဘယ်လောက်များ အမှား ကင်းနေပြီမို့လို့တုံး။ လုပ်ငန်းကိုင်ငန်းတွေမှာ၊ မိသားစု အရေးကိစ္စတွေ၊ လူမှုရေးတွေမှာ မှားချင်တိုင်း မှားလို့ ကောင်းနေဆဲပဲ မဟုတ်ပါလား။ လူကြီးမိဘ ဖြစ်သွားတာနဲ့ ခြောက်ပစ်ကင်း သဲလဲစင်သွားတာမှ မဟုတ်တာလေ။ အဲတော့ မှားတာကို အပြစ်တစ်ခုအနေနဲ့ မကောက်ယူသင့်ဘူးလို့ ကျွန်တော်ကဖြင့် လေးလေးနက်နက် ယုံပါတယ်။ သို့သော် လိမ်တာကကျတော့ ဆက်ဆံရေးတွေမှာ မရှိသင့်တဲ့အရာလို့ကို ခိုင်ခိုင်မာမာ ခံယူမိလာရပါတယ်။ ဒါ့ကြောင့် အဲဒီ့ စည်းကမ်းကို ထုတ်လိုက်မိရတယ်။
သို့သော်…

ဟုတ်ကဲ့… အဲဒီ့ သို့သော်ကလည်း အရေးကြီးပါတယ်ခင်ဗျာ။ အဲဒါက ကျွန်တော်ပါပဲ။ တစ်ချီသားမှာ ကျွန်တော့်ဆီ တကျီကျီ ဖုန်းဆက်ပြီး ပိုက်ဆံ ချေးနေတဲ့သူတစ်ယောက်ရှိတယ်။ ကျွန်တော်လည်း လှည့်ပတ်ပြောရင်း ငြင်းနေမိပါတယ်။ သူ့ကို ချေးလိုက်ရင် ပြန်မရမယ်မှန်း သိနေတဲ့အတွက် ငြင်းနေရတာပါ။ သည်မှာလည်း“ယုံကြည်မှုနဲ့ ထိုက်တန်သူ”က စကားပြောပါတယ်။ ပြန်ဆပ်မယ်၊ ဘယ်နေ့ ဘယ်ရက်ကို နောက်ဆုံးထားပြီး ပြန်ဆပ်မယ်လို့ ကတိထားပြီး အဲဒီ့ကတိအတိုင်း အမြဲတစေ ဆောင်ရွက်သူကို လူတိုင်းက ယုံကြည်ကြမှာပါ။ လုပ်ငန်းနယ်ပယ်မှာ သည်အချက်က ပိုသိသာပါတယ်။ လုပ်ငန်းတွေ ကြီးရင် ကြီးလာသလောက် အကြွေးနဲ့က မကင်းနိုင်ကြတော့ဘူး။ သည်အခါမှာ ကတိတည်သူနဲ့ ရေရှည် အလုပ် လုပ်လို့ ရပေမယ့် ကတိမတည်သူနဲ့တော့ ရေရှည် လုပ်ချင်စိတ် ကုန်ခမ်းသွားတတ်ကြပါတယ်။

ထားပါတော့… ကျွန်တော့်ကို ဖုန်းဆက်ပြီး ပိုက်ဆံချေးနေတဲ့သူကို စိတ်ညစ်နေပါပြီ။ သည်အခါမှာ သားနဲ့ သမီးကို ဖုန်းလာလို့ အဲဒီ့လူသာဆိုရင် အဖေ အပြင်သွားနေတယ်လို့ ပြောပေးပါလို့ မှာမိသွားရပါတော့တယ်။ ကံကောင်းချင်တော့ မှာအပြီး ဆယ်မိနစ်လောက်အကြာမှာ ကျွန်တော့် ဆံပင်မွေးတွေ ထောင်သွားပါတယ်။

ဟင်… မလိမ်ရဘူးလို့ အိမ်မှာ စည်းကမ်းထုတ်ထားတဲ့ ကျွန်တော်က ကလေးတွေကို လိမ်ခိုင်းလိုက်မိပါရောလား။ မဟုတ်သေးဘူး။ ကျွန်တော့် အပြုအမူနဲ့ ကျွန်တော့်စကားက လွဲချော်မနေဘူးလား။ သိုးဆောင်းစကားမှာ ရှိတယ်။ အပြုအမူက ပြောစကားထက် အသံ ပိုကျယ်သတဲ့။ ဆိုလိုတာက အပြောထက် အလုပ်က ပိုစကားပြောတယ်ပေါ့။ မလိမ်နဲ့လို့ ကျွန်တော်ကသာ ပြောတာ၊ ကျွန်တော့် လုပ်ရပ်က လိမ်တာဟာ လုပ်သင့်တဲ့အရာလို့ လမ်းညွှန်သလို ဖြစ်နေပါပေါ့လား။

ချက်ချင်းပဲ ကလေးတွေကို ပြန်ခေါ်တယ်။ စောစောက မှာကြားချက်ကို ပြင်ဆင်တယ်။ အဲဒီ့လူ ဆက်လည်း ခေါ်ပေးဖို့သာ မှာရပါတော့တယ်။ ကျွန်တော့်ပြဿနာကို ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ ကျွန်တော့် ဘာသာပဲ ဖြေရှင်းပါတော့မယ်။

ပြီးတော့ ကျွန်တော် မှားသွားတဲ့အကြောင်း ဝန်ခံတယ်။ ကျွန်တော့် ပါးစပ်က သူတို့လေးတွေကို မလိမ်ပါနဲ့လို့ အထပ်ထပ် မှာကြားထားလင့်ကစား ကျွန်တော့်လုပ်ရပ်က သူတို့ကို လိမ်ခိုင်းတာ ဖြစ်နေတဲ့အတွက် အပြောနဲ့ အလုပ် မညီတာ၊ သည်အတွက် ကျွန်တော် မှားနေတာကို ဝန်ခံလိုက်ပါတယ်။

အဲဒီ့နောက်မှာတော့ ကျွန်တော်တို့ မိသားစုတွင်းမှာ အရာရာဟာ အတော်လေး အဆင်ပြေလာပါတော့တယ်။ မှတ်မှတ်ရရ၊ သားတော်မောင် ကိုးတန်းမှာ ကျူရှင်ပြေးတဲ့ အမှု ပေါ်လာပါတယ်။ သည်အခါမှာ လည်း သူ့ကို မေးမိရတယ်။ သူက သူငယ်ချင်းတွေအိမ်မှာစုပြီး ဂီတာ သွားတီးတာလို့ ပြောပါတယ်။ အဲလို လုပ်မယ်ဆိုလည်း လုပ်နိုင်ကြောင်း၊ သို့သော် ကျူရှင်လို့ ပြောပြီး တခြားကို သွားတာမျိုးတော့ မလုပ်စေချင်ကြောင်း၊ ကနေ့ ကျူရှင် မတက်ဘူး၊ ဘယ်ကို သွားမယ်၊ ဘာလုပ်မယ်ဆိုတာများကိုသာ ပြောဖို့သာ လိုကြောင်းပဲ အေးအေးသက်သာ ပြောလိုက်ပါတယ်။

သူ ရှစ်တန်းနှစ်မှာ လူပျိုပေါက်စတို့ရဲ့ ထုံးစံအတိုင်း ဆေးလိပ် ခိုးသောက်တယ်။ ခက်တာက ကျွန်တော်ရော၊ သူ့အမေပါ ဆေးလိပ်ကို လက်ကြားက မချတဲ့သူတွေဖြစ်နေတယ်။ သည်တော့ သူ့ကို အရေးယူရင် ကျွန်တော် တရားမှာ မဟုတ်တော့ဘူး။ ဒါ့ကြောင့် ခိုးမသောက်နဲ့၊ ပြောင်သာ သောက်ပေတော့ဟေ့၊ ဘာကိုမှလည်း ခိုးလုပ်စရာ မလိုဘူး။  ဘာကိုမဆို လူကြီးမိဘကို အသိပေးပြီး လုပ်လို့ရတဲ့အကြောင်း ပြောလိုက်ပါတယ်။

ကနေ့အခါမှာတော့ ကျွန်တော့်အိမ်မှာ လိမ်ညာ ဖုံးဖိခြင်းဆိုတာ အလျဉ်းမရှိတော့ဘူးလို့ကို ရဲရဲဝံ့ဝံ့ပြောနိုင်တဲ့အဆင့် ရောက်နေပါပြီ။ စာဖတ်သူ လူကြီးမင်းများ အားလုံး သိတော်မူကြတဲ့အတိုင်း ကျွန်တော့် ငယ်ကျိုးငယ်နာ၊ အပြစ်အနာအဆာ မှန်သမျှကိုလည်း မိသားစုကိုသာမက စာဖတ်ပရိသတ်များဆီအထိ ပွင့်ပွင့်လင်းလင်း ချပြ ဖွင့်ပြောနေခဲ့တာလည်း ကြာတောင့်ကြာလှပါပြီ။ တစ်နည်းပြောရင် လိမ်ညာဖုံးဖိတဲ့အလုပ်ကို ကျွန်တော်ကိုယ်တိုင်က မလုပ်တဲ့အတွက် ကျွန်တော့်မိသားစု၊ အထူးသဖြင့် ကျွန်တော်က ပေါက်ဖွားလာတဲ့ ကျွန်တော့် သမီးနဲ့သားတို့မှာလည်း သည်စရိုက်က မရှိတော့ပါဘူး။


ပြောချင်တာက ကလေးတွေကို အလိမ်သင်သူများဟာ လက်ဦး ဆရာဆိုတဲ့ မိဘတွေသာ ဖြစ်နေတတ်တဲ့ အကြောင်းကိုပါ။ တမင်တော့ လိမ်ကြဟဲ့၊ ညာကြဟဲ့၊ ဖုံးကြဟဲ့၊ ဖိကြဟဲ့လို့ သင်နေတာမျိုးတော့ မဟုတ်ဘူးပေါ့။ သို့သော် အမှန်အတိုင်း ပြောတဲ့အခါ ဆူပူ မောင်းမဲတာ၊ အပြစ်ပေးတာမျိုးနဲ့ သော်လည်းကောင်း၊ မလိမ်ရဘူးလို့တော့ နှုတ်က သွန်သင်ပါရဲ့၊ ရှေ့ဆောင်နွားလားများအနေနဲ့ ကိုယ်တိုင်ကကျတော့ ရှေ့ကနေ လိမ်ညာ ဖုံးဖိပြနေတာမျိုးများနဲ့သော်လည်းကောင်း၊ ဟဲ့… နင့်အဖေ မသိစေနဲ့၊ နင့်အမေ မသိစေနဲ့ ဆိုတဲ့စကားများနဲ့သော်လည်းကောင်း အမှတ်တမဲ့ လမ်းပြပေးနေမိကြရင်းက လိမ်ညာဖုံးဖိမှု အထုံစွဲနေသူ လူသားမျိုးဆက်သစ်များကို ပျိုးထောင်ဖြစ်နေတတ်ကြတာကို အားလုံး သတိထားသင့်တယ်လို့ မြင်မိပါတယ်။

သည်ကမှတစ်ဆင့် ဆန့်ထုတ်စဉ်းစားလိုက်မယ်ဆိုရင်တော့ ကျောင်းမှာ၊ အလုပ်ခွင်မှာ၊ သည့်ထက် ကျယ်ပြန့်တဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပတ်ဝန်းကျင်များမှာလည်း အမှန်အတိုင်း ပြောပြတိုင်းသာ ငြိုငြင်ပြနေမယ်၊ အပြစ်ပေး အရေးယူနေမယ်၊ ဆူဆဲ မောင်းမဲနေမယ်ဆိုလို့ကတော့ လိမ်ညာခြင်း သံသရာထဲမှာ ဝဲလယ်လှည့်ရင်း အိုးဒယ်နစ် နစ်ရတော့မယ့်ကိန်းကို အားလုံး မြင်သင့်ကြပြီလို့ ယူဆမိရတဲ့အတွက် သည်စာကို ရေးမိရပြန်ခြင်းပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
(၂၄၁၂၀၉)
ခေတ္တ – ဥယျာဉ်ကုန်းရွာ၊ ဆင်ခြေရာ အုပ်စု၊ လပွတ္တာမြို့နယ်

(၄-၂-၂၀၁၀ ထုတ် Bi Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။)

Both Old and Young to Ponder

ကျလူ တက်လူ ထိုနှစ်လူတို့ ဆင်ခြင်ဖို့

ကွန်ပျူတာကို ခိုင်းချင်တာ တစ်ခု ရှိလာတယ်။ အဲသလို ခိုင်းတာမျိုးကို လုပ်နေကျဆိုပေမယ့် အမြဲတော့ မဟုတ်ဘူး။ မေ့လောက်မှ တစ်ခါ လုပ်ရတာမျိုး ဖြစ်နေတော့ လွဲချော်နေတယ်။ ဘယ်လို ခိုင်းရမယ်ဆိုတာကို မေ့နေတယ်ပေါ့။


ဘယ်လိုမှ လုပ်လို့ မရနိုင်တော့တဲ့ အဆုံးမှာ သားတော်မောင်ကို အကူအညီ တောင်းရပါတော့တယ်။ သူက ချက်ချင်း အစဖော်ပေးတယ်။ လုပ်ချင်တာကို လွယ်လွယ်ကူကူ လုပ်လို့ ရသွားပါတော့တယ်။

လုပ်နေရင်းနဲ့ စဉ်းစားမိလာတာ တစ်ခု ရှိလာတယ်။ သားတော်မောင်က အခု ၁၈ နှစ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုံးက သူက အစစအရာရာ  ကျွန်တော်တို့ မိဘတွေကို အားကိုးနေခဲ့ရတာ။ သူ မသိတာ၊ မတတ်တာတွေလည်း ကျွန်တော်တို့ကပဲ သင်ပေး၊ ပြပေး လမ်းညွှန်ပေးခဲ့ရတာ။ ယုတ်စွအဆုံး၊ သည်ကွန်ပျူတာဆိုတဲ့အရာကိုတောင်မှ သူ့ကို ကျွန်တော် မိတ်ဆက်ပေးခဲ့၊ သင်ပေးခဲ့တာ။

အခုကျတော့ သူ့ကို ကျွန်တော် ဆရာတင်နေရပြီ။

မကျေမနပ် ပြောလိုက်တာ မဟုတ်ပါဘူး။ သဘာဝကို ဆင်ခြင်လိုက်မိရတာပါ။

ဟုတ်ပါရဲ့။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်၊ သား ၄-၅-၆ နှစ် ၇ နှစ်ကို ပြန်စဉ်းစားမိတယ်။ အဲတုန်းက သူ့ကို အားမကိုးနိုင်သေးဘူး။ သူက အစစ ကိုယ့်ကို အားကိုးနေရတာ။ သည့်ထက် ငယ်သေးတုန်းကဆို သူ စားတာ၊ သူ အဝတ်လဲတာ၊ သူ တစ်ပိုတစ်ပါး သွားတာကအစ လူကြီးမိဘတွေက  ပံ့ပိုးပေးနေခဲ့ကြရပါတယ်။ ကူညီနေကြရပါတယ်။

တဖြည်းဖြည်းနဲ့ သူ့ဟာသူ လုပ်နိုင်လာတယ်။ အဲဒီ့ကမှ တစ်ဆင့်၊ သားရေ… လမ်းထိပ်က ဆိုင်ကို ပြေးပြီး ဟိုဟာလေး ဝယ်ပေးပါဦး၊ ဟိုအိမ်ကို သွားပြီး ဟိုဟာလေး ပို့ပေးပါဦး လုပ်နိုင်လာတယ်။ နောက်ကျတော့ မီးချောင်း လဲတာ၊ ရေစက်က လေခိုသွားလို့ ရေချူတာမျိုးလေးတွေကအစ စက်ကိရိယာတစ်ခုခု အပယိက ချို့ယွင်းတဲ့အခါ ပြုပြင်တာမျိုးအထိ သူ့ကို ခိုင်းလို့ ရလာတယ်။ တစ်နည်းအားဖြင့် အားကိုးလာရတယ်။

ဟော… အခုကျတော့ ကျွန်တော် မေ့နေတာကို သူ့ကို မေးရတယ်။ ကွန်ပျူတာနဲ့ ပတ်သက်လာရင် သူ့ကို ဆရာတင်လာရတယ်။ ကိုယ်သိနှင့် ကျွမ်းကျင်ပြီး နယ်ပယ်ဖြစ်ပေမယ့်လည်း သူက ကိုယ့်ထက် ပို သေချာနေ၊ ပိုသိ၊ ပိုတတ်နေတာကို အသိအမှတ်ပြုလာရတယ်။

မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်း။ ကျလူနဲ့ တက်လူရဲ့ သဘောပဲဆိုတာ ဆင်ခြင်မိနေတယ်။

ဟုတ်ပါရဲ့… ကျွန်တော်က ကျလူ။ သူက တက်လူ။ တက်ခါစတုန်းကတော့ ကျလူကို တက်လူက အားကိုးခဲ့ရတာ။ တက်လူလေး တစ်လူလူ ဖြစ်လာချိန်ကစပြီး တက်လူကို ကျလူက ပြန်အားကိုးလာရပြီ။

ဒါ သည်ကောင် ၁၈ နှစ်၊ ကျွန်တော် ၅၂ နှစ်ပဲ ရှိသေးတယ်။ သတိထားမိသွားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်ရမယ်။ ရှေ့လျှောက် သူ့ကိုပဲ အားကိုးရမှာတွေက တစ်နေ့တခြား များလာတော့မှာ။ နောက်ဆုံးမှာ ကလေးက လူကြီးဖြစ်၊ လူကြီးက အိပ်ရာထဲလဲသွားတဲ့အခါ  လူကြီးဖြစ်လာတဲ့ ကိုယ့်ကလေးကို ပြန်မှီခိုရ၊ အားထားရတဲ့ဘဝ ရောက်လာမှာပါ။


တကယ်တော့ ဒါ သဘာဝပဲ။ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း၊ ကျလူနဲ့ တက်လူ၊ လူငယ်နဲ့ လူကြီးတို့ရဲ့ သဘာဝ။

အဲဒီ့မှာ ဆက်စဉ်းစားတော့ ပို စိတ်ဝင်စားစရာကောင်းလာပါတယ်။

ဘာ့ကြောင့် ကျွန်တော် သူ့ကို အားကိုးနိုင်လာတာလဲ။ တချို့မိဘတွေ ခမျာများမှာ သားသမီးတွေ အားမကိုးရလို့ ညည်းညူနေကြတာ ကြားဖူးတယ်။ ဘယ်နေရာမှ အားမကိုးရဘူး၊ ဘာမှ အားမကိုးရဘူး၊ ဘာညာ။

အဲဒါလည်းဖြစ်နိုင်တာပဲ။ အားမကိုးရတဲ့ သားသမီးဆိုတာ ရှိတယ်။ အားမကိုးရတဲ့ လူငယ်တွေလည်း အများကြီးပဲ။


အားကိုးရအောင် အစောကြီးကတည်းက ပြင်ဆင် ပျိုးထောင်ထားရင် အားကိုးလို့ရတဲ့ သားသမီး၊ အားကိုးထိုက်တဲ့ လူငယ်ဖြစ်လာလိမ့်မယ်။  အဲ… လူကြီးမိဘတွေဘက်က အားမကိုးရအောင် ပြုစုပျိုးထောင်ထားမယ်ဆိုလည်း ဖြစ်နေတာပဲ။

စာဖတ်သူ လူကြီးမင်း မျက်မှောင်ကုပ်သွားပါသလား။

ဟုတ်ကဲ့ခင်ဗျာ။ လူငယ်လေးတွေ၊ သားသမီးလေးတွေကို လူကြီး မိဘတွေက ချစ်တယ်ဆိုတဲ့ အကြောင်းပြနဲ့ ငယ်ငယ်ကတည်းက အလိုလိုက်၊ အကြိုက်ဆောင်လွန်းရုံသာမက တဟဲ့ဟဲ့နဲ့ အစိုးရိမ်ကြီးကာ နေရာတကာမှာ ကာဆီးကာဆီးသာ လုပ်ခဲ့ကြမယ်ဆိုရင် အဲဒီ့ကလေးခမျာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးနေပြီး ဘာကိုမှ ရဲရဲ မလုပ်တတ်တော့မှာ သေချာပါတယ်။

ရှေးသရောခါ ပြည်ဗာရာဝယ် ကုဋေကြွယ်အား သူဌေးသားလျှင် ဆိုပြီး ဆွေးမြေ့လွန်းတဲ့ ပုံပြင်ဟောင်းထဲက နမူနာဟာ ကြီးလာတဲ့အခါ ဘာမှ အားမကိုးရတဲ့ သားသမီး၊ ကြီးလာတဲ့အခါ ဘာမှ သုံးမရတဲ့ လူကြီးတစ်ယောက် ဖြစ်လာတာကို ပြဆိုနေပါတယ်။ အစဉ်အလာအရဆိုရင်တော့ အဲဒီ့သူဌေးသားဟာ ပညာသင်ရမယ့် အရွယ်မှာ ပညာမသင်ခဲ့လို့သာ အခုလို ဖြစ်ရတာပဲ၊ အရပ်ရပ်၌ နှံအပ်ဥစ္စာ ရှိလေပါလည်း သင်ဟာ လူမိုက် ဒုစရိုက်မို့ဆိုပြီး သူ့ကိုသာ လှိမ့်အပြစ်တင်ခဲ့ကြပါတယ်။

ဘယ်သူကမှ အဲဒါ သူ့မိဘတွေအပြစ်လို့ မကောက်ယူခဲ့ကြဘူး။ ဒါလည်း အပြစ်တော့ မတင်ထိုက်ပါဘူး။ မိဘဆိုတာ ဘုရားနဲ့ တစ်ဂိုဏ်းထဲဆိုတဲ့ လူ့ဘောင်မှာ မိဘရဲ့ အမှားအမှန်ကို ဆင်ခြင် သုံးသပ်လိုက်ရင်ပဲ ကံကြီးထိုက်တော့မလို ဖြစ်နေပေတာကိုး။ အမှန်ကတော့ဗျာ၊ ဘုရားနဲ့ တစ်ဂိုဏ်းထဲ ထားတယ်ဆိုတာက ပူဇော်မှုအပိုင်းမှာပါ။ အဆင့်အနေနဲ့ ပြောရင်တော့ ဘုရားရှင်ရဲ့ အဆင့်ကို အဘယ်ပုထုဇဉ် လူသားကသော်မျှ မယှဉ်အပ်ဘူး ဆိုတာတော့ ဗုဒ္ဓဘာသာတိုင်း လက်ခံနိုင်ကြမယ် ထင်ပါတယ်။ တစ်ဆင့်တက်ပြောရင် မိဘဖြစ်သွားတာနဲ့ အလုံးစုံကို ထိုးထွင်း သိမြင်နိုင်စွမ်းဆိုတဲ့ ဘုရားရှင်များမှာသာ ရှိတဲ့ ဉာဏ်တော်မျိုး အလိုလို ရရှိမလာဘူးဆိုတာကိုလည်း လက်ခံနိုင်ကြပါလိမ့်မယ်။ ဒါဆိုရင် မိဘဖြစ်တာနဲ့ အမှားကင်းပြီလို့ မဆိုနိုင်ဘူးဆိုတဲ့ အဆိုကိုလည်း လက်မခံချင်သည့်တိုင် လက်ခံကြရမှာပါ။


တခြားနေရာတွေဖြစ်တဲ့ ကိုယ်ကျင့်တရားအရာမှာ မိုးပျံအောင် ကောင်းနေ၊ သီလငါးပါးကိုလည်း ခါးဝတ်ပုဆိုးပေါ်မှာ ခါးပတ်ကြီး ထပ်ပတ်ထားသလို မြဲနေသည် ဖြစ်စေဦးတောင် မိဘဖြစ်တာနဲ့ သားသမီးကို ထိန်းကျောင်းပဲ့ပြင်နည်းကို အလိုလို သိပြီး မှန်ကန်အောင် ပြုစုပျိုး ထောင်နိုင်စွမ်းရှိမယ်လို့ အတတ် မပြောနိုင်မှာလည်း သိပ်ကိုသေချာပါတယ်။


ဒါ့ကြောင့် ကုဋေရှစ်ဆယ်သူဌေးသားဟာ ကောင်သေဠင်းတ ကျတဲ့အထိ ဘဝပျက်သွားတယ်ဆိုရင် သူ့အပြစ်က အလွန်ဆုံးမှ ၂၅ % သူ့မိဘ အပြစ်က ၇၅ % လို့ သုံးသပ်မယ်ဆိုရင် ကလေးသူငယ်စိတ်ပညာကို သတိမူ မိသူများ သဘောတူနိုင်ကြပါလိမ့်မယ်။


မိဘက ကျောင်းထားသားပဲ၊ သူက ကောင်းကောင်း မသင်တာ၊ သူကိုက ဉာဏ်ထိုင်းတာ၊ သူကိုက တေချင်ပေချင် လေလွင့်ချင်တာလို့ ပြောမယ့်သူတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ လိုသမျှ ဝယ်ပေး၊ ကျောင်းကောင်းမှာ ထားပေး၊ ဘာမဆို ပြည့်စုံအောင် လုပ်ပေးနေပေမယ့် အဖေနဲ့ အမေတို့ တစ်ချိန်လုံး ရန်ဖြစ်နေတာမျိုး၊ အဖေက စီးပွားရေးပဲ လုံးပန်းနေပြီး သားသမီးကို လှည့်မကြည့်နိုင်တာမျိုးတွေကလည်း ကလေးရဲ့ ကျောင်းနေ ပျော်မှု၊ ကျောင်းစာ စိတ်ဝင်စားမှု၊ လူမှုရေးစတဲ့ အကျိုးတရားတွေအပေါ်မှာ များစွာ ရိုက်ခတ်နေနိုင်သေးတဲ့အချက်က ကျန်ရှိနေပါသေးတယ်။

ဒါက လက်ဦးဆရာဖြစ်တဲ့ မိဘတွေအပိုင်းနဲ့ ပတ်သက်ပြီး ပြောတာပါ။ အဲဒီ့ကမှ ကလေးက ကျောင်းနေပြီဆိုရင် ကျောင်းက ဆရာတွေကလည်း အဲဒီ့ကလေးရဲ့ အရည်အချင်းအပေါ်မှာ ပူးတွဲ တာဝန်ရှိလာပါတယ်။ ဒါကို အထူး ရှင်းလင်းနေစရာ လိုမယ်မထင်လို့ မရှင်းတော့ဘူးနော်။ သည်ကမှ တစ်ဆင့်တက်လို့ အလုပ်ခွင် ရောက်လာပြီဆိုရင် လူတောထဲ တိုးဝင်ခါစ လူငယ်လေးရဲ့ သင်ယူမှုမှာ အလုပ်ရှင်တွေနဲ့ လုပ်ခွင်ဝန်းကျင်က လူတွေရဲ့ အပြုအမူတွေ၊ အနေအထိုင်တွေက ရာခိုင်နှုန်း အတော်များများကို လွှမ်းမိုးနေပါတော့မယ်။

မိဘ၊ ဆရာများနဲ့ ငယ်ဘဝ ပတ်ဝန်းကျင်က အကျင့်ကောင်းတွေကို အခိုင်အမာ ပျိုးထောင်နိုင်ခဲ့တယ်၊ ဒါပေမယ့် လုပ်ခွင်ဝန်းကျင်မှာကျတော့ မိုးခါးရေပဲဆိုပြီး အများတကာက အကျင့်ပျက် ခြစားနေတယ်ဆိုရင် အဲဒီ့ လူငယ်လေးဟာ မိုးခါးရေ လိုက်သောက်ဖို့ အလားအလာ နည်းနေနိုင်ပါတယ်။ သို့ပေမယ့် မိဘ၊ ဆရာများနဲ့ ငယ်ဘဝ ဝန်းကျင်ကလည်း လျော့တိ၊ လျော့ရဲ၊ လုပ်ခွင်ဝန်းကျင်ကလည်း အူလည်လည်နိုင်နေမယ် ဆိုရင်တော့ အဲဒီ့လူငယ်လေးရဲ့ စာရိတ္တပိုင်းဟာ စိတ်ချစရာ သိပ်ကောင်းနေတော့မှာ မဟုတ်တော့ပါဘူး။ တစ်နည်းပြောရရင် အားကိုးထိုက်တဲ့ လူကြီးဘဝကို ရလာစရာ အကြောင်းနည်းသွားပါလိမ့်မယ်။

ပြောင်းပြန်အားဖြင့် မိဘဆရာနဲ့ ငယ်ဘဝဝန်းကျင်က အရမ်းကြီး လျော့တိလျော့ရဲ ဖြစ်နေခဲ့ပေမယ့် စနစ်ကျတဲ့၊ စည်းကမ်းရှိတဲ့ လုပ်ခွင်ဝန်းကျင်မှာ မွေ့လျော်လာနိုင်မယ်၊ လုပ်ခွင်အားလုံးကလည်း စနစ်ကျနေမယ်၊ စည်းကမ်း ရှိနေမယ်ဆိုရင်တော့ သူ့ပင်ကို စရိုက်ကို ဘေးက ကြပ်မတ်ပေးသွားနိုင်ပြန်သေးတာမို့ အနည်းနဲ့ အများတော့ အားကိုးရတဲ့ လူကြီးတစ်ယောက်ဘဝကို ရလာနိုင်မလားဆိုတာကလည်း စဉ်းစားဖို့ သိပ်ကောင်းတဲ့ အချက်တစ်ချက်ပါ။

ကျွန်တော် ဆွေးနွေးကြည့်ချင်တာကို ချစ်စွာသော စာဖတ်သူ လူကြီးမင်းများ သတိထားမိကြပြီလား မသိဘူး။


ပြန်ချုပ်လိုက်မယ်ဆိုရင်တော့ လူကြီးတွေဟာ လူငယ်တွေကို ပခုံးပြောင်းပေးရမှာဟာ ရှောင်လွှဲလို့ မရတဲ့ နိယမတရား၊ အဲလိုနဲ့ပဲ လူသား မျိုးနွယ်စု ဆက်လက် ရှင်သန်ခဲ့ရတဲ့ သဘောသာဖြစ်ပါတယ်။ သို့ပေမယ့် အဲဒီ့ ပြောင်းပေးခဲ့ရမယ့် ပခုံးလေးတွေ သန်မာမှု ရှိမရှိ၊ သန့်စင်မှု ရှိမရှိ၊ မွန်မြတ်မှု ရှိမရှိဆိုတာအတွက် တစ်စိတ်တစ်ပိုင်းမက ရာခိုင်နှုန်းများစွာ တာဝန်ရှိနေသူများကလည်း အဲဒီ့ နောက်မျိုးဆက်ကို အကျင့်စရိုက် အထွေထွေကို လက်ဆင့်ကမ်းပေးခဲ့ကြလေမယ့် မျိုးဆက်ဟောင်းအပေါ်မှာ တာဝန်ရှိနေတယ်ဆိုတဲ့အချက်ပါ။

ဘာရယ် မဟုတ်ပါဘူး။ ကျွန်တော့် သားလေးကို ကိစ္စငယ်လေးတစ်ခုအတွက် အားကိုးလိုက်မိရာက ဆက်လက် စဉ်းစားမိသွားတာလေးတွေကို စာအဖြစ် ချရေးကြည့်လိုက်တာသာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော့်သားဟာ တကယ်အားကိုးထိုက်တဲ့ သားတစ်ယောက် ဖြစ်လာ မလာဆိုတာကို သူ့အနာဂတ်ကသာ ဆုံးဖြတ်ပေးမှာ ဖြစ်သလို ကျွန်တော်ဟာလည်း လက်ဆင့်အကမ်း ကောင်းတဲ့ မျိုးဆက်ဟောင်း ဖြစ်မဖြစ်ဆိုတာကိုလည်း သူ့အနာဂတ်ကသာ ပြဋ္ဌာန်းသွားတော့မှာ သေချာနေပါတယ်။

စာဖတ်သူ လူကြီးမင်းကရော လက်ဆင့်ကမ်းကောင်းတဲ့ မျိုးဆက်ဟောင်း ဖြစ်မှ ဖြစ်ကဲ့လားလို့ ကိုယ့်ဘာသာ စဉ်းစားဖြစ်မယ်ဆိုရင်၊ ဒါမှမဟုတ် ကိုယ်ကတော့ မျိုးဆက်သစ်၊ ကိုယ့်ကို လက်ဆင့်ကမ်းပေးနေတဲ့ မျိုးဆက်ဟောင်းကို ကောင်းမကောင်း ပြန်ဆန်းစစ်ရင်း ကိုယ်ဘာလုပ်သင့်တယ် ဆိုတာကို ဆင်ခြင်ဖြစ်ကြမယ်ဆိုရင်တော့…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၁၁၁၁၀၉)

—————————————

(ယနေ့ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၂ အမှတ်စဉ် ၃၈ မှာ ဖော်ပြထားတဲ့ စာမူကို ပြန်လည်ဖော်ပြလိုက်တာပါ။)

Negative Effects of Negative Commands

“မ… ရ”တို့ရဲ့ ပြောင်းပြန်အကျိုးသက်ရောက်မှု

အတ္တကျော်

ချစ်စွာသော စာဖတ်သူ လူကြီးမင်းများခင်ဗျား။ ကျွန်တော် တစ်ခုလောက် မေတ္တာရပ်ခံပါရစေ။ မိုးပြာရောင် ခွေးတစ်ကောင်ကို စိတ်ထဲမှာ မြင် မကြည့်လိုက်ကြဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ ဟုတ်ကဲ့ဗျာ။ အနူး အညွတ်ပြောနေတာပါ။ အထူးသဖြင့် သစ်ပင်ခွကြားမှာ ငုတ်တုတ်ကြီး ထိုင်နေတဲ့ မိုးပြာရောင် ခွေးတစ်ကောင်ကို စိတ်ထဲမှာ မြင်မကြည့်ကြပါနဲ့လားဗျာ။ တကယ်ပြောတာပါ။ လေးလေးနက်နက် တောင်းပန်နေတာပါ။ သစ်ပင်ခွကြားမှာ ငုတ်တုတ်ကြီးထိုင်ပြီး လက်ဖက်ရည်တစ်ခွက်ကို အားပါးတရ သောက်နေလေတဲ့ မိုးပြာရောင် ခွေးတစ်ကောင်ကို စိတ်ထဲမှာ မြင်မကြည့်ကြပါနဲ့နော်။


သည်လူ ဘာဖြစ်သွားတာလဲ။ မော်ဒန်တွေ ရေးနေတာလား။ လိုင်း ကြောင်သွားပြီလား၊ ဘာလား၊ ညာလား စဉ်းစားကုန်ကြပြီ ထင်တယ်။ မဟုတ်ပါဘူး။ ကျွန်တ်ာနဲ့ မော်ဒန်စာပေ၊ ပန်းချီ၊ အနုပညာနဲ့ အဝေးကြီးပါ။ ကျွန်တော် စာရေးနေတာ မှန်ပေမယ့် အနုပညာမြောက်တဲ့ ရသပိုင်းမှာ သိပ်မသန်လှတာ စာဖတ်သူလူကြီးမင်းများ သတိထားမိပြီး ဖြစ်ပါလိမ့်မယ်။ အဲတော့ အထက်က အဖွင့်စာပိုဒ်ဟာ မော်ဒန်ဆန်သလိုလိုဖြစ်နေကောင်း ဖြစ်နေမှာပေမယ့် တကယ်တော့ မဟုတ်ပါဘူး။

ကျွန်တော်က စာဖတ်သူ လူကြီးမင်းတွေကို အနူးအညွတ် မေတ္တာရပ်ခံနေတာပါ။ သစ်ပင်ခွကြားမှာ ငုတ်တုတ်ကြီးထိုင်ပြီး လက်ဖက်ရည် တစ်ခွက်ကို အားပါးတရ သောက်နေလေတဲ့ မိုးပြာရောင် ခွေးတစ်ကောင်ကို စိတ်ထဲမှာ မြင်မကြည့်ဖို့ တောင်းပန်လိုက်တာပါ။ အဲတော့ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား၊ စာဖတ်သူ လူကြီးမင်းများရဲ့ “စိတ်မျက်စိ”ထဲမှာ ကျွန်တော်က မြင်မကြည့်ပါနဲ့လို့ တောင်းပန်နေတဲ့ကြားကပဲ သစ်ပင်ခွကြားမှာ ငုတ်တုတ်ကြီး ထိုင်ပြီး လက်ဖက်ရည်သောက်နေတဲ့ မိုးပြာရောင် ခွေးကို အလိုလို မြင်ကြည့်နေမိကြလိမ့်မယ် ထင်ပါတယ်။

မလုပ်ပါနဲ့လို့ ပြောတာမှန်ပေမယ့် လုပ်ဖြစ်အောင် စေ့ဆော်တတ်တဲ့ သဘာဝကို အထူးပြောချင်တာပါ။

သည်ဥပမာက မော်ဒန်နေရင် သည့်ထက် လွယ်ကူတဲ့ နောက်ဥပမာတစ်ခု ပြပါရစေဦး။

ခြောက်နှစ်သားအရွယ် ကလေးငယ်လေးတစ်ယောက်နဲ့ သူ့အမေနဲ့ အိမ်ထဲမှာ ရှိနေတယ်။ အိမ်ရဲ့ ဧည့်ခန်းမှာက အရောင်နုနု ကော်ဇောလှလှ ခင်းထားတယ်။ ဧည့်ခန်းတစ်ခန်းလုံးကလည်း ဖြူစင် ရှင်းသန့်နေတယ်။ ဆိုဖာတွေကလည်း အဖြူရောင်တွေ။ ဧည့်ခန်းအလယ်က စားပွဲပုလေးပေါ်မှာလည်း အဖြူရောင် ဇာပန်းထိုး စားပွဲခင်း သန့်သန့်ပြန့်ပြန့်ကို ကျကျနန ခင်းထားတယ်။

အဲဒီ့အချိန်မှာ ကလေးက မီးဖိုချောင်ထဲမှာ ပုလင်းတစ်လုံး တွေ့တယ်။ ဇီးဖျော်ရည် ပုလင်း။ အရောင်က ရဲတွတ်လို့။ ကလေးစိတ်ထဲမှာ သောက်ချင်သွားတယ်။ ဒါနဲ့ အနားက ဖန်ခွက် တစ်လုံးထဲကို ဇီးဖျော်ရည်တွေ လောင်းထည့်လိုက်တယ်။ ထည့်တာမှ ဖန်ခွက်အပြည့်၊ လျှံမတတ် ထည့်ချလိုက်တာ။


ပြီးတော့ အဲဒီ့ဖန်ခွက်ကို လက်နှစ်ဖက်နဲ့ ကျကျနန ကိုင်ပြီး မအေ ထိုင်နေရာ အိမ်ရှေ့ခန်းကို ထွက်ချလာတယ်။ ဧည့်ခန်းအလယ်ကို ကလေး ရောက်လာတော့မှ မအေက လှမ်းမြင်တယ်။

အဲဒီ့မအေ ဘာပြောမယ်မှတ်သလဲ။

“ဟဲ့… သား… သတိထား။ မှောက်ကျလိမ့်မယ်။ မဖိတ်စေနဲ့” ဆိုတဲ့ စကားမျိုးပဲဖြစ်မှာပါ။

ကလေး လာစဉ်အခါက မူလရည်ရွယ်ချက်မှာ သူယူလာတဲ့ ဇီးဖျော်ရည်ဖန်ခွက်ကို “မှောက်ပစ်ဖို့” ဒါမှမဟုတ် “ဖိတ်ကုန်အောင်လုပ်ဖို့” တစ်စက်ကလေးမှ မပါဘူး။ သူ့စိတ်ထဲမှာ ရှိလည်း မရှိဘူး။ သည်အချိန်မှာ မအေလုပ်တဲ့သူ စိုးရိမ်တကြီး ပြောလိုက်တဲ့ စကားကြောင့် ကလေးရဲ့ အာရုံမှာ “မှောက်ခြင်း၊” “ဖိတ်ခြင်း”ဆိုတဲ့ အသိက ဝင်သွားတယ်။ တစ်နည်းပြောရရင် မှောက်ဖို့၊ ဖိတ်ဖို့ သတိရသွားတယ်။

အဲတော့ ဘာဖြစ်တုံး။ ဟုတ်ကဲ့၊ မအေ မဖြစ်စေချင်တဲ့အတိုင်း ကလေးဟာ ဇီးဖျော်ရည် နီနီရဲရဲတွေကို ဝင်းသန့်နေတဲ့ ကော်ဇော်ပေါ် မတော်တဆ မှောက်ချမိပါရောလားခင်ဗျာ။ အဲဒီ့ကလေးက ကြိုးစားရပြီလေ။ မအေ့စကားအတိုင်း မမှောက်အောင် မဖိတ်အောင် ကလေးလည်း ကြိုးစားရှာတာပါပဲ။ သို့သော် မူလက သူ့စိတ်ထဲမှာ မရှိတဲ့ မှောက်ခြင်း၊ ဖိတ်ခြင်းဆိုတဲ့ လုပ်ရပ်တစ်ခုကို သူ့အာရုံမှာ ပေါ်သွားလေပြီမို့ မမှောက်အောင်၊ မဖိတ်အောင် ကျားကုပ်ကျားခဲ ကြိုးစားတဲ့ကြားက မှောက်ချဖြစ်အောင် ချလိုက်ပါတော့တယ်။

ကလေးရှိသူ မိဘတိုင်း သည်လိုအဖြစ်မျိုးကို ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်အောက်မှာ ညီငယ်၊ ညီမငယ် ရှိကြတဲ့ အစ်ကိုကြီး အစ်မကြီးတွေဆိုလည်း ဒါမျိုးကို ကြုံဖူးပါလိမ့်မယ်။


သည်လောက် တတွတ်တွတ် ပြောဆို မှာကြားနေတဲ့ကြားက မှားဖြစ်အောင် မှားနေတာ ဘာကြောင့်လဲလို့ တွေးမရ ဖြစ်နေသူတွေလည်း ရှိကြ မှာပါ။ ကျွန်တော့်အိမ်သူဆို အမြဲပြောတယ်၊ သပ်သပ်ရပ်ရပ် သိမ်းကြ ဆည်းကြဖို့၊ နေကြ ထိုင်ကြဖို့ သူ့သားသမီးတွေကိုရော၊ ကျွန်တော့်ကိုရော သူ့လောက် ပြောနိုင်တာလည်း မရှိဘူး၊ ကျွန်တော်တို့သားအဖတစ်တွေလောက် နားမထောင်တာလည်း မရှိဘူးတဲ့။

သိပ်သေချာတာပေါ့။ ဘယ်လိုမလုပ်နဲ့၊ ဘယ်လိုမထားနဲ့၊ ဘယ်လို မရှုပ်နဲ့တွေက သိပ်များလာလေလေ၊ အဲဒီ့စကားတွေက နားထဲမှာ စွဲလေလေ၊ အဲဒါတွေကိုပဲ ပိုလုပ်ဖြစ်လေလေ ဖြစ်နေတတ်တာ လူ့သဘာဝပါပဲ။

လူ့အပြုအမူကို လေ့လာ စူးစမ်းနေကြတဲ့ စိတ်ပညာရှင်တွေက သည်လိုဖြစ်ရခြင်းအကြောင်းရင်းကို စတင် တွေ့ရှိခဲ့ကြတာလို့ ပြောနိုင်ပါတယ်။ အဲဒီ့မှာတင် “အပြုသဘော အားပေးတိုက်တွန်းမှု”ဆိုတဲ့ ဝေါဟာရတစ်လုံးက ပေါ်ထွန်းလာပါတယ်။

ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ စပ်လျဉ်းတဲ့ သင်တန်းတစ်ခု တက်ခဲ့ရတဲ့ လွန်ခဲ့တဲ့ လေး-ငါးနှစ်လောက်မှာကတည်းက ကျွန်တော်လည်း အဲဒီ့အသိကို သညာသိအဖြစ် စတင် သိရှိလာရပါတယ်။ မြက်ခင်းပေါ် မနင်းရ၊ ဆေးလိပ်မသောက်ရ၊ အမှိုက်မပစ်ရ၊ မူးယစ်ဆေး မသုံးစွဲရ၊ မ… ရ။ မ…ရ ဟူသမျှဟာ ပြောင်းပြန်အကျိုးဆက် သက်ရောက်နိုင်ချေ ရှိကြောင်းကို ပထမဆုံး စတင်သတိထားမိတာပါ။

ဒါ့ကြောင့် ဆေးလိပ်ပုံကိုပြပြီး ကြက်ခြေခတ်ထားတာမျိုးဟာ ဆေးလိပ်သောက်ဖို့ တစ်နည်းတစ်ဖုံ အားပေးသလို ဖြစ်နေတတ်တာကို နည်းနည်း သဘောပေါက်လာတယ်။

တစ်ဆက်တည်းမှာ အခုအချိန်မှာ အရွယ်ကောင်းကောင်း ရောက်စ ပြုနေတဲ့ ကျွန်တော့်သားနဲ့ သမီးရဲ့ အမူအကျင့်တွေကိုလည်း သတိထားမိလာရတယ်။ သူတို့မှာ ကျွန်တော် လက်မခံနိုင်တဲ့ အမူအကျင့်တွေ အင်မတန် တွေ့ရခဲပါတယ်။ သူတို့အမေ လက်မခံနိုင်တဲ့ အမူအကျင့်တွေကျတော့ သူတို့မှာ ရှိနေတယ်။

အဲဒီ့မှာ ဘာကွာခြားသလဲဆိုတာကို အထက်က တင်ပြခဲ့တာတွေနဲ့ ချိန်ထိုးကြည့်လိုက်တဲ့အခါ ဟား… တယ်ဟုတ်ပါလား၊ ကျွန်တော့်ဘက်က သူတို့ကို “မ…ရ”လို့ အင်မတိ အင်မတန် ပြောခဲတယ်။ ဘာ မလုပ်ရဘူး၊ ညာမလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေကို ကျွန်တော်ကိုယ်တိုင်က  တစ်ဘဝလုံး လိမ့်နေအောင် ခံခဲ့ရတော့ အဲဒါတွေကို အင်မတန် စက်ဆုပ်တယ်။ ကျွန်တော့်အယူအဆက “ကိုယ်ကြိုက်တာ ကိုယ်လုပ်”ပဲ။ ဆိုလိုတာက ကိုယ့်ကို ကန့်သတ်ချုပ်ချယ်တာ ကိုယ်ကြိုက်သလား။ မကြိုက်ဘူး။ မကြိုက်ရင် ကိုယ်လည်း သူများကို ကန့်သတ်တာတွေ ချုပ်ချယ်တာတွေ မလုပ်မိအောင် ရှောင်ကြဉ်တယ်။


အဲတော့ ကလေးတွေနဲ့ ပတ်သက်လာရင် ဘာမလုပ်နဲ့ ညာမလုပ်နဲ့တွေကို သိပ်မပြောဖြစ်ဘူး။ သို့သော် သူတို့ လုပ်တဲ့အထဲက ကျွန်တော် သဘောကျတာ၊ ဘဝင်ကျတာလေးတွေကို တွေ့မိရင် ချီးမွမ်းဖို့ ဘယ်တုန်းကမှ ဝန်မလေးခဲ့သလို ဘာမဟုတ်တဲ့ သူတို့ လုပ်ပေး ကိုင်ပေးတာလေးတွေကအစ ကျေးဇူးတင်စကားကိုလည်း မမေ့မလျော့ ပြောတဲ့အလေ့က  ကျွန်တော့်မှာ ရှိတယ်။ ဥပမာ ကျွန်တော်စားပြီးသား ပန်းကန်ကို သမီးက ယူပြီး ဆေးပေးတာမျိုး၊ သားက သောက်ရေတစ်ခွက် ခပ်ပေးတာမျိုးများလို နေ့စဉ်ဘဝထဲက အသေးအမွှားလေးတွေပင် ဖြစ်လင့်ကစား “ကျေးဇူးပါ” လို့ ပြောတတ်ခဲ့ပါတယ်။

ကလေးတွေ ပေါက်စန အရွယ်လေးကတည်းက အဲသလို ပြောကျင့် လုပ်ခဲ့တဲ့အတွက် ကျွန်တော့်ဇနီးမှာပါ အဲသလို ကောင်းတာ လုပ်တာကို အသိအမှတ်ပြုတဲ့ စရိုက်ကလေးက အလိုလို စွဲလာပါတော့တယ်။ သည်တော့ ကျွန်တော့်ကလေးတွေမှာ အမူအကျင့်ကောင်းလေးတွေ အလိုလို ရလာပါတော့တယ်။

ပြောချင်တာက ကျွန်တော့်သားသမီးတွေအကြောင်း မဟုတ်ပါဘူး။ လူ့သဘာဝက အဓိကသာ ဖြစ်ပါတယ်။  လူ့သဘာဝက မလုပ်နဲ့ဆိုရင် ပိုလုပ်ချင်လာတတ်တာမျိုးပါ။ အဲဒါလေးကို သတိထားမိမယ်ဆိုရင် လူငယ်လူရွယ်လေးတွေကို ပြောတဲ့ဆိုတဲ့အခါ၊ ဒါမှမဟုတ် အလုပ်ခွင်ထဲက ဝန်ထမ်းအများကို ပြောချင်ဆိုချင်တဲ့အခါ၊ ဒါမှမဟုတ် အများလိုက်နာစေချင်တဲ့ အမှိုက်ပစ်တာမျိုး၊ တစ်ပိုတစ်ပါး သွားတာမျိုးမှာ စည်းကမ်းတကျ ရှိလာစေချင်တဲ့အခါ “မ…ရ”ဆိုတာအစား တခြား တစ်နည်းနည်းနဲ့ ပြောနိုင်ဖို့ ကြံဆကြည့်သင့်သလားဆိုတာကို အနည်းအပါး ဆင်ခြင်ကြည့်စေချင်ပါတယ်။


အထက်က ဇီးဖျော်ရည်အပြည့်နဲ့ ကော်ဇောနားကို ရောက်လာတဲ့ ကလေးကို စိုးရိမ်တကြီးနဲ့ ပြောရာမှာ “အို… သားက တော်လိုက်တာကွာ။ ဖန်ခွက်ကို မြဲအောင်၊ ငြိမ်နေအောင် ကိုင်နိုင်တာပဲ။ အဲဒီ့အတိုင်း ငြိမ်ငြိမ်လေး မြဲမြဲလေး ကိုင်ထားပြီး အနားက စားပွဲပေါ်ကို လှမ်းတင် လိုက်ပါ သားရေ”ဆိုရင် ကလေးရဲ့စိတ်အာရုံမှာ ဖိတ်တာတွေ၊ မှောက်တာတွေ မရောက်တော့တဲ့အပြင် သူ့ရဲ့ မြဲမြဲငြိမ်ငြိမ် ကိုင်နိုင်တဲ့ အရည်အချင်း အပေါ်မှာသာ ကျေနပ် အားရပြီး အဲဒါကို ပိုပြီး ကောင်းလာအောင်သာ လုပ်သွားတော့မှာ သေချာပါတယ်။

ဒါက ကလေး။ လူကြီးတွေရော၊ ဘာထူးလို့လဲ။ မောင်… အရက်တွေ သောက်မလာခဲ့နဲ့နော်ဆိုတာဟာ အရက်ကြိုက်တဲ့ယောက်ျားကို ပို သောက်ဖြစ်အောင် နှိုးဆော်သလို ဖြစ်သွားတတ်တာ အရက်ကြိုက်သူနဲ့ အတူနေတဲ့ ဇနီးမယားများ သတိထားမိကြမှာပါ။ အဲဒီ့အစား “မောင်ရေ… ညနေ မောင်ပြန်လာတဲ့အခါကျရင် ကျွန်မတို့ ဘုန်းဘုန်းဆီ သွားကြရအောင်လား မောင်ရယ်။ ဘုန်းဘုန်းကလည်း မောင့်ကို တစ်မေးတည်း မေးနေတယ်”ဆိုတာမျိုးက ဆင်အိပ်ရာ ဆိတ်နှိုးသလို မဖြစ်နိုင်တော့ပါဘူး။

အလားတူပဲ၊ မြက်ခင်းပေါ် မနင်းရအစား၊ လူသွားလမ်းမှ လျှောက်ကြပါရန်ဆိုတာမျိုး၊ အမှိုက်မပုံရအစား အဲဒီ့နေရာမှာ အမှိုက်ပုံးတစ်ခုခု ထားလိုက်ပြီး အမှိုက်ထည့်ရန်ဆိုတာမျိုး လုပ်ရင် ပိုပြီး အဆင်ပြေလာနိုင်မလားဆိုတာ အတော်လေး စဉ်းစားစရာကောင်းပါတယ်။

သို့ပေမယ့် အဆောက်အအုံ တစ်ခုခုအတွင်းမှာ ဆေးလိပ်မသောက်ရ ဆိုပြီး ကန့်သတ်ရတာမျိုးကျပြန်တော့ ဘယ်လိုမှ လုပ်လို့ မရပြန်ဘူး။  အဲဒါကိုပဲ လူပျိုပေါက်ကလေးတွေ ဆေးလိပ်မသောက်ရေးအတွက် သုံးမယ်ဆိုရင်တော့ ဆေးလိပ်ဆိုတဲ့ စကားနဲ့ အတွေ့အကြုံ မပါစေဘဲ တခြားနည်း တစ်နည်းနည်း စဉ်းစားလို့ ရနိုင်မလားပဲ။

ဘယ်လိုပဲဖြစ်ဖြစ် “မ…ရ”တွေရဲ့ ပြောင်းပြန်အကျိုး သက်ရောက်မှုကိုတော့ သေသေချာချာ စေ့ငုဖို့ ကောင်းနေတယ်လို့ ယူဆမိရလို့ ဒါကို ရေးလိုက်မိရတာပါ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၈၁၁၀၉)

ယနေ့ထုတ်ဝေလိုက်တဲ့ မြန်မာဘာသာဖြင့် ထုတ်ဝေသော ၄-၁၀ ဒီဇင်ဘာ ၂၀ဝ၉နေ့စွဲပါ Myanmar Times အတွဲ ၂၃ အမှတ် ၄၄၃ ရဲ့ စာမျက်နှာ ၂ နဲ့ ၃ မှာ ဖော်ပြထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။

Image Distorted

ပုံရိပ်ပျက်

ArtOfParentingအဖေနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ တော်တော့်ကို အစာမကြေဖြစ်ခဲ့တဲ့ အကြောင်း ကျွန်တော့်စာကို တော်တော်ဖတ်ဖူးတဲ့ ပရိသတ်များအားလုံး အသိဖြစ်ပါလိမ့်မယ်။

ကျွန်တော့်အတွက် အဖေဆိုတဲ့ ရုပ်ပုံလွှာဟာ ထိတ်လန့်စရာ၊ ကြောက်ရွံ့စရာ၊ စက်ဆုပ်စရာအတိနဲ့ ပြီးနေခဲ့ပါတယ်။ အမေ့ကို တရားလွန် ရိုက်နှက် နှိပ်စက်တာ၊ ကျွန်တော့်ကိုလည်း သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပြီး ထစ်ခနဲရှိ ရိုက်တတ်တာများက အဖေနဲ့ ကျွန်တော့်ကြားက စည်းနှောင်အားကို အကြီးအကျယ် လျော့ရဲစေခဲ့ပါတယ်။

၁၉၇၆ခုနှစ် စက်တင်ဘာလအတွင်းမှာ အဖေပျောက်သွားတယ်။ သေသည်၊ ရှင်သည် မသေချာပေမယ့် ကျွန်တော့်ဘဝထဲမှာ အဖေ မရှိတော့ဘူး ဆိုတဲ့အသိနဲ့ အဲဒီ့အချိန်က ၁၉ နှစ် ပြည့်ခါနီး ကျွန်တော်ဟာ အပျော်ကြီး ပျော်ခဲ့ဖူးတယ်။ ဘေးလူတွေကဆိုရင် အပျော်လွန်နေတဲ့ ကျွန်တော့် မျက်ခွက်ကိုကြည့်ပြီး သွားလေသူဟာ ကျွန်တော့်အဖေအရင်းမှ ဟုတ်ပါစလို့ မေမေ့ကို တိုးတိုး ကပ်မေးယူရတဲ့အထိပါပဲ။

ကနေ့ဆိုရင် အဖေ မရှိတော့တာ နှစ်အစိတ်ကျော်လို့ ၂၆နှစ်အတွင်းကို ခြင်းနင်း ဝင်ရောက်လာခဲ့ပါပြီ။ မနေ့တစ်နေ့ဆီကအထိ ကျွန်တော့်ဆီမှာ ရှိနေတဲ့ ဖအေနဲ့ ပတ်သက်လို့ ခံစားချက်များဟာ အစိုင်အခဲတစ်ခုလို ခိုင်မာနေခဲ့ဆဲပါပဲ။ ကျွန်တော့်ဘဝမှာ အဖေ့ရဲ့အရိပ်တွေ ပြယ်လွင့်မသွားသေးသလို ဘယ်တော့မှလည်း ပြယ်လွင့်သွားမှာ မဟုတ်ဘဲ သေသည်အထိ ကျန်ရှိနေမှာလည်း အသေအချာပါပဲ။

ကျွန်တော့်ကို တော်တယ်လို့ သတ်မှတ်မယ်ဆိုရင် ကျွန်တော် အဲသလို တော်နေတာဟာ အဖေ့ကြောင့်ပါ။ ကျွန်တော့်ကို ညံ့တယ်လို့ သတ်မှတ်မယ်ဆိုရင်လည်း အဲသလို ညံ့တာဟာ အဖေ့ကြောင့်ပဲဖြစ်ပါ တယ်။ စာဖတ်သူများ မျက်မှောင်ကုပ်သွားသလား မသိဘူး။

ကျွန်တော် ပြောပြပါရစေ…

ကျွန်တော့်အဖေဟာ အရက်မသောက်၊ ဖဲမရိုက်၊ မိန်းမမှုမပွေပါဘူး။ သူ့ဘဝသူ အတတ်နိုင်ဆုံး ဖြူစင် ကောင်းမွန်အောင် ထူထောင်ခဲ့တဲ့သူပါ။

သူ့ရဲ့တစ်ဦးတည်းသောသား ကျွန်တော့်ကိုလည်း စာရိတ္တဘက်မှာ ခိုင်နေအောင် ပျိုးထောင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အကြမ်းဖက်တဲ့နည်းနဲ့ အုပ်ချုပ်မှုဟာ ပြောင်းပြန် အကျိုးသက်ရောက်မှုတွေကိုသာ ဖြစ်စေခဲ့တဲ့အတွက် ကျွန်တော့်ကျတော့ အရက်လည်း ကောင်းကောင်း သောက်တတ်တယ်၊ ဖဲလည်း တစ်ဖက်ကမ်းခတ် ရိုက်တတ်တယ်၊ မိန်းမမှုကိုလည်း အလွန့်အလွန်ကို ဝါသနာကြီးလှပါတယ်။

နောက်တစ်ချက်က အဖေက ပညာ ကောင်းကောင်း သင်ခွင့် မရခဲ့သူပါ။ အဲတော့ သူက ပညာကို အလေးအနက် တန်ဖိုးထားပါတယ်။ ကျွန်တော့်ကိုလည်း သိပ် ပညာတတ်စေချင်ပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်စေချင်ပါတယ်။ သည်အတွက်လည်း ကျွန်တော့်ကို အကြမ်းဖက်တဲ့ နည်းနဲ့ ဇွတ်လုပ်ယူခဲ့ပြန်တယ်။ ယုတ်စွအဆုံး ကျောင်းစာမဟုတ်တဲ့ အပြင်စာကို ဖတ်တာမျိုးကအစ အားမပေးပါဘူး။

အကျိုးဆက်အဖြစ်ကတော့ ကျွန်တော်ဟာ အဖေဖြစ်စေချင်သလို ဆရာဝန်၊ အင်ဂျင်နီယာတစ်ယောက် ဖြစ်မလာဘူး။ ကျွန်တော့်ဘဝကို သူ ဖြစ်စေချင်သလို မဖြစ်စေဘဲ ကျွန်တော့်ဘာသာ ဖြစ်ချင်သလို ဖြစ်အောင် ထူထောင်ခဲ့ပါတယ်။ သည်အတွက် ကျွန်တော့်နည်းနဲ့ ကျွန်တော် အဖေ မဖြစ်စေချင်တဲ့ဘက်မှာ ထက်နေအောင်၊ တော်နေအောင် ကြိုးစားယူခဲ့တဲ့အတွက် ကျွန်တော် တော်တယ်ဆိုရင်လည်း အဖေ့ကြောင့်လို့ ပြောရတာ ဖြစ်ပါတယ်။

အဲသလို တော်တဲ့ကြားကပဲ မဟုတ်တာတွေ လုပ်ဖို့ ဝန်မလေးတာ၊ အမှုစုံ ပွေတာဟာလည်း အဖေ့ရဲ့အကြမ်းဖက်မှုနဲ့ သင်ကြားတဲ့ စာရိတ္တနဲ့ ထက်မြက်မှု အဆက်အစပ်ကို ကျွန်တော့်နည်းနဲ့ ကျွန်တော် တွန်းလှန် ရိုက်ချိုးတဲ့သဘောဖြစ်ကြောင်း အခုအခါမှာ တော်တော်လေး သဘောပေါက်လာခဲ့ပါပြီ။

အတိုဆုံး ပြောရရင်တော့ ကျွန်တော့်ဘဝမှာ ကျွန်တော်ပြုနေသမျှ ကာယာကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးစလုံးဟာ မရှိတော့တာ ၂၆ နှစ် နီးပါး ရှိခဲ့ပြီဖြစ်တဲ့ အဖေ့ရဲ့ရိုက်ခတ်မှုတွေပါပဲ။ ကျွန်တော့် မသိစိတ်မှာ ကိန်းနေတဲ့ အဖေ့အပေါ် မကျေနပ်မှု၊ အဖေ မှားတယ်လို့ သက်သေပြလိုမှုများနဲ့ ကျွန်တော်ဟာ ဘဝကို ပင်ပန်းဆင်းရဲခြင်းကြီးစွာ ဖြတ်ကျော်ရင်း အခုဆို လူလတ်ပိုင်းကို ကောင်းကောင်းကြီး ဖြတ်သန်းလာခဲ့ပြီ။ အဖေ မရှိတော့တာ သိပ်ကို ကြာလှပြီဖြစ်သည့်တိုင် အဖေ့ကို ကျွန်တော် သက်သေပြလို့ မဆုံးသေးဘူး။

“အရက်သောက်ရင် ဘဝပျက်မယ်လို့ အဖေ ထင်တယ် မဟုတ်လား။ ဟောဒီ့မှာ အဖေ့သား ကျွန်တော် လူမှန်းသူမှန်း မသိအောင် သောက်နေတယ်လေဗျာ၊ ဘယ်မှာ ဘဝပျက်လို့တုန်း…”

“တစ်ကိုယ်ရေ စိတ်ဖြေတာကို လူညွန့် တုံးသွားမယ်၊ လူစဉ်မမီ ဖြစ်သွားမယ်လို့ အဖေ ရိုက်ဆုံးမခဲ့တယ် မဟုတ်လား။ ရည်းစားထားရင်လည်း ဘဝကို ထိခိုက်လိမ့်မယ်လို့ ဆုံးမခဲ့သေး မဟုတ်လား။ ဟောဒီ့ မှာ အဖေ့သား ကျွန်တော် မိန်းမတကာနဲ့ ထည်လဲ တွဲပြီး နေချင်သလို နေနေတယ်လေဗျာ။ ဘယ်မှာ လူညွန့်တုံးလို့တုန်း…၊ လူစဉ်ကလည်း မီလွန်းလို့ ဝီဝီဝီဝီနဲ့တောင် မြည်နေသေးသဗျ…”

“ဆရာဝန်၊ အင်ဂျင်နီယာဖြစ်မှ လူတန်းစေ့မယ်လို့ အဖေ ယူဆပြီး ကျွန်တော့်ကို တုတ်မိုးလို့ စာကျက်ခိုင်းခဲ့တယ် မဟုတ်လား။ ဟောဒီ့မှာလေ အဖေ့သား ကျွန်တော် ဆရာဝန်လည်း မဟုတ်၊ အင်ဂျင်နီယာလည်း မဖြစ်ပေမယ့် သူတို့တွေထက် အပုံကြီးသာတဲ့ ဝင်ငွေနဲ့ အပုံကြီး သုံးနိုင်၊ စွဲနိုင်တယ်လေဗျာ…”

“အပြင်စာတွေ အဖတ်များရင် ကျောင်းစာကို ထိခိုက်တယ်ဆိုဗျ။ ဟောဒီ့မှာ အဖေ့သားကျွန်တော် ဘွဲ့တွေလည်း တစ်သီကြီး ရထားပါသဗျား။ စာတွေလည်း တတ်ပါ့ဗျား။ ဒါပေမယ့် အပြင်စာ ဖတ်တာလည်း တစ်စက်မှ မလျှော့ခဲ့တဲ့အတွက် ဟော… အခုဆို စာပေနယ်မှာ နေရာသေးသေးလေး တစ်နေရာ ရထားတဲ့ စာရေးသူတစ်ယောက်တောင် ဖြစ်လာတာ တွေ့ပြီလားဗျ…”

“မင့်သားသမီးတွေ မွေးလာတဲ့အခါကျ ငါ့ဝဋ်တွေ လည်လိမ့်မယ်လို့ အဖေပြောခဲ့တယ် မဟုတ်လား။ ဟား… ဝေးပါသေးရဲ့ဗျာ။ ကျွန်တော့် သားသမီးတွေကို တုတ်တစ်ချက် မသုံးဘဲနဲ့ လိမ်မာအောင် ကျွန်တော် သွန်သင်ထားသဗျ။ သူတို့နဲ့ ကျွန်တော့်ကြားက ချစ်ခြင်းမေတ္တာကို အရင်းတည်တဲ့ စည်းနှောင်အားက အဖေနဲ့ ကျွန်တော့်ကြားက အကြောက်တရားကို အားပြုထားတဲ့ စည်းနှောင်အားထက် အဆပေါင်း ထောင်သောင်းမက သာလှပါသဗျား…”

သည်စကားတွေကို အသံထွက်ပြီး တစ်ခါမှ ကျွန်တော် မပြောခဲ့ပါ ဘူး။ ဒါပေမယ့် ကနေ့ကာလ၊ စိတ်ပညာကို အတော်အတန် ငုံမိလာတဲ့အခါမှာတော့ သည်စကားတွေကို ကျွန်တော့်အသိစိတ်နဲ့ တစ်လုံး တစ်ပါဒမျှ မပြောမိခဲ့ပေမယ့်လည်း ကျွန်တော့်မသိစိတ်ကတော့ အခါမလပ် အသံကုန် ဟစ်နေမှန်း ရိပ်စားမိခဲ့ပါပြီ။

ဒါကြောင့်လည်း အစမှာ ရေးခဲ့သလို ကျွန်တော် တော်တာ၊ ညံ့တာ၊ ထက်မြက်တာ၊ သိမ်ဖျင်းတာ အားလုံးအတွက် အဖေ့မှာ တိုက်ရိုက် မဟုတ်တောင် သွယ်ဝိုက်သောနည်းနဲ့ တာဝန်ရှိနေပါလိမ့်မယ်။

အစမှာ ရေးခဲ့တဲ့အတိုင်းပါပဲ။ မနေ့တစ်နေ့ကအထိ အဖေနဲ့ ပတ်သက်တဲ့အစိုင်အခဲဟာ ကျွန်တော့်ရင်ထဲမှာ ထုနဲ့ထည်နဲ့၊ အုံနဲ့ကျင်းနဲ့ တင်ကျန်နေဆဲပါ။
တစ်နည်းပြောရရင် အဖေ့ကို ကျွန်တော် ခွင့်လွှတ်လို့ မရခဲ့ဘူး။

အဖေမရှိတဲ့နောက် ၁၂ နှစ်နီးပါး ကြာတဲ့အထိ အမေနဲ့ နေလိုက်ရတဲ့အခါ အဖေ ဘာကြောင့် တစ်ချိန်လုံး ပေါက်ကွဲနေသလဲဆိုတာကို ရေးတေးတေးလေး သဘောပေါက်လာခဲ့ပါတယ်။ အဖေ့ကိုလည်း အထိုက်အလျောက် နားလည်ခဲ့တယ်။ ဒါပေမယ့်လည်း ခွင့်လွှတ်လို့တော့ မရခဲ့တာလည်း အမှန်ပါ။

တစ်နေ့ကတော့ ကျွန်တော့်အစွဲတွေကို ခြေဖျက်ပေးတဲ့သူ တစ်ယောက် ပေါ်လာခဲ့ပါတယ်။

သူကတော့ အမေ့ကိုယ်ပွားလို့တောင် ဆိုနိုင်ပါတယ်။ အမေ့ ကိုယ်ပွားလို့ ဆိုလိုက်လို့ အမေနဲ့ ဘာတော်သလဲ မေးရင် ဘာမှမတော်ပါဘူး။ သူက အမေ့လိုပဲ မိန်းမသားတစ်ယောက် ဖြစ်နေတာ တစ်ခုပါပဲ။

သူ့နာမည်ကို “မခိုင်”လို့ပဲ အလွယ်ပြောကြပါစို့ရဲ့။

အဲဒီ့ မခိုင်ကို ကျွန်တော် သိခဲ့တာလည်း နှစ်ပေါင်း၂၀ ကျော်ပါပြီ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ဇနီးအဖြစ် သိကျွမ်းခဲ့တာပါ။

သူတို့လင်မယားနဲ့ ကျွန်တော်ဟာ တစ်ချိန်က နှစ်အိမ့်တစ်အိမ် ကူးလူး ရင်းနှီးခဲ့ကြပါတယ်။ ဒါပေမယ့် တွေ့ဆုံကြုံကွဲဆိုတဲ့ လောကတံထွာအတိုင်း ကျွန်တော် အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာ မိတ်ဆွေသူငယ်ချင်းပေါင်း များစွာကို ကွာရှင်း ပြတ်စဲလိုက်သလို ဖြစ်သွားခဲ့တာမို့ မတွေ့တာလည်း ဆယ်စုနှစ်တစ်ခုကို ကျော်သွားခဲ့ပါတယ်။

တလောဆီကတော့ ပြန်ဆုံဖြစ်ကြတယ်။ ကျွန်တော့်ဘဝလည်း အတန်အသင့် အနည်ထိုင်လာပြီမို့ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ပေါင်းထုပ်နေတဲ့ ကာလပါ။
မခိုင်ရဲ့ သားသမီးတွေကလည်း ကျွန်တော့်ကလေးတွေနဲ့ မတိမ်းမယိမ်းလေးတွေ ဖြစ်တော့ ကလေးချင်းလည်း ခဏချင်း ရင်းနှီးသွားပြီး အတူ ဆော့ကစားတတ်ကြပါတယ်။ သည်မှာတင် မခိုင်က သူတို့ အိမ်ထောင်ရေးကို နတ်သံနှောတော့တာပါ။

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ ကအတိုင်း တစ်စက်ကလေးမှ မပြောင်းလဲသေးတဲ့ မခိုင်ကို ကြည့်ပြီး ကျွန်တော် သံဝေဂရနေမိပါတယ်။ “ကျွန်မ ဘာတစ်ခုမှ မမှားဘူး” ဆိုတဲ့ အယူအဆကို ဖက်တွယ် ဆုပ်ကိုင်ထားတဲ့ မခိုင်ဟာ ကျွန်တော့် မျက်လုံးထဲမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ က အသက် ၂၀ အရွယ် မိန်းကလေးတစ်ယောက်ပါပဲ။ နှစ် ၂၀ ဆိုတဲ့ ဇရာက တိုက်စား ဝါးမျိုသွားလို့ ရုပ်ပိုင်းသာ တိတိပပ ပြောင်းလဲလာခဲ့ပေမယ့် သူ့စိတ်ကိုတော့ ဇရာက သွန်သင်ပေးနိုင်စွမ်း မရှိသေးတာ မြင်လိုက်ရတဲ့အခါ တအံ့တဩ ဖြစ်မိရပါတယ်။

“ကျွန်မ ပိုက်ဆံတွေနဲ့ အခုလို စီးပွားဖြစ်လာတာ…”

“သူ ကျွန်မကို ယူတုန်းက သူ့မှာ ဘယ်နှပြား ပါလာလို့တုန်း…”

“ကျွန်မ မိဘလက်ထက်မှာ ဘယ်လို နေခဲ့ရတယ်ဆိုတာ ရှင် အသိဆုံးနော်၊ ကျွန်မက သူဌေးသမီးပဲ၊ ကောင်းကောင်း နေတတ်၊ စားတတ်တာပေါ့။
သူ့သောက်မျိုးတွေနဲ့ ဘယ်ယှဉ်လို့ရမလဲ…”

“အလကား ဘာအစွမ်းအစမှ မရှိတဲ့ သိုက်သမား…”

အဲဒါ မခိုင်ရဲ့စကားတွေထဲက ကောက်နုတ်ထားတာ တချို့ပါ။ သူ ပြောနေတဲ့သူက သူ နှစ်၂ ၀ ကျော် ပေါင်းသင်းခဲ့တဲ့၊ လက်ရှိလည်း ပေါင်းသင်းနေဆဲ သူ့ခင်ပွန်း…။

တကယ်တော့ သူ့ခင်ပွန်း၊ ကျွန်တော့်သူငယ်ချင်းဟာ အခုအခါမှာ ကျိကျိတက်နေတဲ့သူ တစ်ယောက်ပါ။ စီးပွားရေးမှတပါး ဘာကိုမှ အာရုံ မရှိသူမျိုးလည်း ဖြစ်ပါတယ်။ အရက်ဆိုလည်း တစ်စက်မှ မသောက်တတ်ပါဘူး။ ဖဲလည်း မရိုက်ပါဘူး။ မိန်းမမှုဆိုလည်း ကင်းလိုက်တာ ရှင်းလို့။ ယုတ်စွအဆုံး၊ သူ အင်မတန်ကြိုက်တဲ့ စီးကရက်ကို ဖြတ်ထားတာ တောင် ၁၄-၅နှစ်ရှိပါပြီ။ အဲသလို လူပါ။

ဒါပေမယ့် နှစ်၂၀တိုင်ခဲ့တဲ့ သူတို့အိမ်ထောင်ရေးကတော့ တစ်စက်ကလေးမှ မသာယာပါဘူး။ သည်လောက် ကျိကျိတက်နေတဲ့ကြားက စိတ်ဆင်းရဲနေတဲ့ လင်မယား နှစ်ယောက် ရှိပါတယ်ဆိုရင် ဘယ်သူက ယုံမှာလဲ။

ဒါပေမယ့် အဲဒါ အမှန်ပါ။

မခိုင်ဟာ ကျွန်တော့်ဆီကို လေးရက်ဆက်တိုက် ရောက်လာပါတယ်။  တစ်ခါလာရင် အနည်းဆုံး ၆ နာရီ ကြာပါတယ်။ အဲဒီ့ ၆ နာရီ လုံးလုံးမှာ သူပြောချင်တာတွေကို တရစပ် ပြောတော့တာပါ။ မျက်ရည် ထွက်တဲ့အခါ ထွက်၊ ဒေါသ ထွက်တဲ့အခါ ထွက်၊ မျက်နှာနေ မျက်နှာထား အမျိုးမျိုး၊ ဟန်ပန် အမူအရာ အမျိုးမျိုးနဲ့ ပြောသွားတာပါ။

ကျွန်တော် သူ့ကို ကြည့်ရင်း မောလွန်းမက မောနေမိတယ်။ ကျွန်တော်က အိမ်ထောင်ရေး၊ လူမှုရေးပြဿနာတွေကို ကိုယ့်ထမင်းကိုယ်စားပြီး အခမဲ့ ဖြေရှင်းပေးနေတာမို့လည်း ဒါကို စိတ်ရှည်လက်ရှည် နားထောင်ပေးနေမိတာပါ။

ကျွန်တော့်ဘက်က ပြန်ဆွေးနွေးတာတွေကတော့ သူ့နားထဲ တစ်လုံးမှ ဝင်ပုံမရပါဘူး။ ရွှေပြည်အေးတရား ဟောရင်လည်း ကျွန်တော်သာ ဟောရင်း ပျံတော်မူသွားနိုင်တာကို ရိပ်စားမိလာတာနဲ့ သူ့ကို အသာလေး ကြည့်နေလိုက်ရပါတယ်။

တစ်ဆက်တည်းမှာပဲ၊ ကျွန်တော့်သူငယ်ချင်း၊ သူ့ခင်ပွန်းကို အတော့်ကို သနားလာမိတယ်။ အဲဒါကိုပြောမိတော့ သူက ကျွန်တော့်ကို ဒေါသတကြီးနဲ့… “ရှင်က ကျွန်မကိုကျတော့ မသနားဘူးပေါ့”လို့ ချက်ချင်း ပြန်ပြောလေရဲ့။

“ကိုယ့်စိတ်ကို မညစ်နွမ်း ညစ်နွမ်းအောင်၊ မပင်ပန်း ပင်ပန်းအောင် အတင်းကို လုပ်နေတဲ့ ခင်ဗျားကိုလည်း သနားတာပါပဲဗျာ…”လို့ ကျွန်တော် ပြန်ဖြေတော့ သူ သဘောပေါက်ပုံ မရဘူး။

အသက်တွေ ကြီးလာပေမယ့် အသိက အလိုက်သင့် ကြီးမလာတဲ့ သူ့ကို ကြည့်ရင်းနဲ့ ကျွန်တော်ဟာ မေမေ့ကို ဖျတ်ခနဲ သတိရလိုက်မိပါတယ်။

မေမေနဲ့ မခိုင်နဲ့ ကြားမှာ တူတာတွေ အတော်များတာကို သတိထားမိတယ်။ မေမေလည်း မခိုင်လိုပဲ ချမ်းသာတဲ့ မိဘက ပေါက်ဖွားလာခဲ့တာပါ။ ဒါပေမယ့် အိမ်ထောင်ကျတဲ့အခါကျတော့ မခိုင်လိုပဲ၊ ဘာကိုမှ စူးစမ်းတွက်ချက်ချိန် မရလိုက်ဘဲ ချစ်ခြင်း(လို့ ထင်ထားတာလေးတစ်ခု) ကိုသာ အားပြုပြီး သူ့မိဘရဲ့ ကြွယ်ဝမှုကို မယှဉ်သာသူနဲ့မှ ညားဖြစ်သွားတာလည်း အတူတူပါပဲ။

တကယ့်တကယ် အိမ်ထောင်ရေး လမ်းခရီးကို ရောက်တဲ့အခါကျတော့လည်း မိဘလက်ထဲမှာတုန်းက ရွှေထီးဆောင်းခဲ့တာတွေကို မမေ့နိုင်၊ လင်လုပ်သူရဲ့ အစွမ်းအစကို အသိအမှတ်ပြုဖို့ ဝေးနေပြီး “ငါ့ပစ္စည်းတွေနဲ့ သင်း လူမွေးလူတောင် ပြောင်နေတာ”ဆိုတဲ့ အတွေးကို ပိုးမွေးသလို မွေးထားတဲ့ နေရာမှာလည်း မခိုင်နဲ့ ကျွန်တော့်မေမေဟာ တစ်ထပ်တည်းပါပဲ။

ဒါကို တွေးမိတဲ့အခါ မခိုင်ရဲ့အစွဲကို ချွတ်ဖို့ အင်မတိ အင်မတန် ခဲယဉ်းလှတာကို ကျွန်တော် ရိပ်စားမိလာပါတယ်။ သူတို့ အိမ်ထောင်ရေးရဲ့ ပြေလည်မှုလမ်းစကို သူ့ဆီကဖြင့် ဘယ်လိုမှ ရှာလို့ မရနိုင်ဘူးဆိုတာလို့လည်း ကောက်ချက်ချလိုက်ရတယ်။ သူ့ခင်ပွန်း၊ ကျွန်တော့်သူငယ်ချင်းကိုသာ သဘောထားကြီးကြီး၊ ဉာဏ်ကြီးကြီးနဲ့ အိမ်ထောင်ရေးကို အဖတ်ဆည်ခိုင်းရမှာလို့ မြင်လာတယ်။

ကနေ့အခါမှာ အသက် ၇၄နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်တဲ့ ကျွန်တော့် အမေမှာတောင် ငါ့ပိုက်ဆံ၊ ငါ့ပစ္စည်း၊ ငါ့မိဘချမ်းသာတာဆိုတဲ့အစွဲတွေ မပျောက်သေးတာ၊ မေမေ့ထက် အနှစ်၃၀ကျော် ငယ်ရွယ်တဲ့ မခိုင်မှာ သည်အစွဲတွေ ရှိနေဦးမှာလည်း သဘာဝပဲလို့ တွေးမိလာရတယ်။

စိတ်မကောင်းတာကတော့ မခိုင်ရဲ့ သားသမီးလေးတွေ အတွက်ပါ။ ကလေးတွေဟာ ကျွန်တော့်ရဲ့အဓိက စိတ်ဝင်စားမှုဖြစ်ပါတယ်။ ဒါ မခိုင်ရဲ့ ကလေးတွေမှ မဟုတ်ပါဘူး။ ဘယ်ကလေးကိုပဲဖြစ်ဖြစ်၊ ကျွန်တော် စိတ်ဝင်စားတယ်။ ကလေးတွေအတွက် ရင်းနှီးမြှုပ်နှံတာဟာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်း မည်ပါတယ်။ အာရှမှာ ပထမဦးဆုံး ပေါ်လာတဲ့ ကျားလေးကောင်ဆိုတဲ့ နိုင်ငံ လေးနိုင်ငံမှာ စီးပွားရေး အရှိန်အဟုန် တစ်ဟုန်ထိုးမြင့်တက်လာခဲ့တာ၊ သူတို့နောက်က ကပ်လိုက်လာတဲ့ တခြားအာရှနိုင်ငံတွေလည်း စီးပွားရေး အင်အား ခိုင်မာ တောင့်တင်းလာခဲ့တာဟာ ၁၉၅၀ပြည့်လွန်နှစ်များက ကလေးတွေအတွက် ဖိဖိစီးစီး ရင်းနှီးမြှုပ်နှံခဲ့လို့သာ ဖြစ်ရတာလို့ ကမ္ဘာ့စီးပွားရေးပညာရှင် အားလုံးက တစ်ညီတစ်ညွှတ်တည်း အဖြေထုတ်ပေးခဲ့ကြပါတယ်။
ကျွန်တော်ဟာ ဖခင်တစ်ယောက်နေရာကို ရောက်ရှိလာတဲ့အခါမှာ  ကလေးကိစ္စကို စတင်စိတ်ဝင်စားခဲ့ပါတယ်။ ဖခင်ဘဝကို မရောက်ခင် စာရေးသူဘဝ အစအဦးမှာ နိုင်ငံကျော်မင်းသား ဝင်းဦး ကွယ်လွန် တိမ်းပါးသွားတဲ့အခါ ဝင်းဦးနဲ့ ပတ်သက်ခဲ့ဖူးသူတွေကို တွေ့ဆုံမေးမြန်းပြီး မင်းသားကြီးရဲ့အတိတ်ကို ခြေရာခံခဲ့ဖူးတာကိုလည်း စာဖတ်သူတချို့ မှတ်မိကောင်း မှတ်မိနေဦးမယ် ထင်ပါတယ်။ သည်အခါမှာ ဝင်းဦးဆိုတဲ့ တစ်ခေတ်တစ်ယောက်သမားကြီး ထူးထူးခြားခြား ပေါ်ထွက်လာဖို့ (ကျွန်တော့်မာန်နဲ့ ကျွန်တော် အဲတုန်းက ရေးလက်စကို တိခနဲ ရပ်ချလိုက်တာမို့ စာဖတ်သူများကို ပြည့်စုံအောင် တင်ပြနိုင်ခဲ့ခြင်း မရှိပေမယ့်) ဝင်းဦးရဲ့ငယ်ဘဝက ဘယ့်ကလောက် ရိုက်ခတ် လွှမ်းမိုးနေသလဲဆိုတာ တော်တော့်ကို အတွင်းကျကျ သိလိုက်ရပါတယ်။

လူတွေရဲ့ငယ်ဘဝနဲ့ သူတို့ရဲ့ လူကြီးဘဝ ဖြစ်တည်မှု အဆက်အစပ်ကို စတင်သတိထားမိတာလို့ ဆိုနိုင်ပါတယ်။ သည်မှာတင် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သုံးသပ်၊ တခြားသူတွေကိုလည်း တစေ့တစောင်း အကဲခတ်၊ ဖတ်စရာရှိတာတွေကိုလည်း လက်လမ်းမီသလောက် နင်းကန် ဖတ်ရင်းကနေ၊ ကလေးသူငယ်စိတ်ပညာဆိုတဲ့ ဘာသာရပ်ကို တော်တော်လေး ခေါက်မိလာပါတော့တယ်။

ဒါကြောင့် ဘယ်မိသားစုပြဿနာကိုပဲ စဉ်းစားစဉ်းစား၊ ကလေးတွေကို ဦးစားပေးပြီး ကြည့်မိတာချည်းပါပဲ။

အခုလည်း မခိုင်ရဲ့ သားသမီးလေးတွေကို ဂရုထား ကြည့်လိုက်တဲ့အခါ ထင်တဲ့အတိုင်း ကလေးတွေမှာလည်း စိတ်အနာတရလေးတွေ ကိုယ်ငနဲ့ မူမမှန်လှတာကို တွေ့ရပါတယ်။ သူတို့အဖေနဲ့ ပတ်သက်တဲ့ ခံစားချက်ကို မေးစမ်းကြည့်တဲ့အခါမှာတော့ သူတို့ဟာ ဖအေကို လုံးလုံး မချစ်ဘူး ဆိုတာကို အထိတ်တလန့် ကြားလိုက်ရတယ်။ အမေသည်သာ သူတို့ဘဝ၊ သူတို့ကမ္ဘာဆိုတာကိုလည်း နားလည်လိုက်တယ်။ သည့်ထက် ဆိုးတာက အမေ ရိုက်သွင်းထားတဲ့အသိကြောင့် တစ်နေ့နေ့မှာ အဖေ့ စိတ်ကို ထိခိုက်အနာတရဖြစ်အောင် မလွဲမသွေ လုပ်ရမယ်ဆိုတဲ့ အသိကြီးကလည်း ကလေးတွေရဲ့ ရင်ထဲမယ် စွဲနေတယ်။

ဘုရား… ဘုရား…

ဘယ်လို အမေတုန်း။ ကျွန်တော် မခိုင်ကို အလန့်တကြားနဲ့ မေးခွန်းထုတ်လိုက်မိတယ်။

“ဒါတော့ ပါးကိုက်ရင် နားကိုက်ရမှာပဲရှင့်။ သူ ကျွန်မ ခံစားရအောင် တစ်သက်လုံး လုပ်ခဲ့တယ်။ အဲတော့ တစ်နေ့ကျ သူလည်း ကျမ ခံစားရသလို ပြန်ခံစားရအောင် ကျွန်မ ထောင့်စေ့စေ့နဲ့ အကွက်ချပြီးကို ကြိုတင် ပြင်ဆင်နေတာ။ သူ ကျဆုံးတဲ့နေ့မှာ သူ အင်မတန်ချစ်တဲ့ သူ့သားသမီးတွေက သူ့ကို တစ်စက်ကလေးမှ မချစ်ဘူး၊ ဂရုမစိုက်ဘူး၊ မကြည့်ဘူးဆိုရင် သူ ဘယ်လောက် ကျိုးသွားမလဲ၊ မချိမဆံ့ ဖြစ်သွားမလဲ။ အဲသလို ဖြစ်အောင်ကို ကျွန်မ သေချာစီစဉ်နေတာ၊ ကလေးတွေကို သွန်သင်နေတာ…”

ကျွန်တော် ကြက်သီးတွေ ဖျန်းခနဲ ထသွားတယ်။ စူဠသုဘဒ္ဓာကိုလည်း သတိရလိုက်တယ်။

“ရှင် ကျွန်မကို တရားပြ နားချဖို့ မကြိုးစားနဲ့။ ကျွန်မကို မုဆိုးတစ်ပိုင်း မိန်းမရိုင်းလို့ ရှင်ထင်လည်း ကျွန်မဂရုမစိုက်ဘူး။ ကျွန်မအခု သူနဲ့ ရန်မဖြစ်တော့ဘူး။ သူ့ကို ပြဿနာလည်း မရှာတော့ဘူး။ ကျွန်မစိတ်ကို ကျွန်မလည်း မညှဉ်းဆဲတော့ဘူး။ ကျွန်မ စိတ်ကို ကျွန်မ ညှဉ်းဆဲ ရင် ကျွန်မပဲ အသက်တိုမယ်။ ကျွန်မ အသက်တိုရင် သည်ကလေးတွေ ဘဝမှာ ထိခိုက်မယ်။ ကျွန်မ အကြံအစီတွေ အထမြောက်တဲ့အထိ အေးအေးဆေးဆေး အချိန်ယူပြီး လုပ်စရာတွေ ကျွန်မမှာ အများကြီး ကျန်သေးတယ်၊ ကျွန်မ ရှင်နေမှ ဖြစ်မယ်။ သူ ခံစားရတာကို ဟောသလို မြိန့်မြိန့်ကြီး ပြုံးပြီး လက်ပိုက်ကြည့်နေချင်သေးတယ်ရှင့်…”

ကျွန်တော် အတော်ကြီးကို ဖျားသွားတယ်။

အခုမှ ၁၂ နှစ်သာသာ ရှိသေးတဲ့ သူ့သမီးနဲ့ ၆ နှစ်သာ ရှိသေးတဲ့ သူ့သားလေးတို့ရဲ့ မျက်နှာလေးကို ကြည့်လိုက်တယ်။ ၆ နှစ်သားလေးမှာတော့ ကလေးတစ်ယောက်လို ပကတိ ရိုးသားဖြူစင်နေတာလေးကို တွေ့နေရသေးတယ်။ ဒါပေမယ့် သူ့မျက်လုံးလေးတွေထဲမှာ စိုးရွံ့ထိတ်လန့်မှုလေးတွေကို မြင်နေရတယ်။ နုနယ်လှသေးပေမယ့် အလိုက်အထိုက် နေရမယ် ဆိုတဲ့ ဘဝပေးအသိနဲ့ နေတတ်တဲ့ စရိုက်ကလေးကိုလည်း ကျွန်တော် သတိထားမိနေတယ်။
၁၂နှစ်သမီးရဲ့ မျက်နှာကတော့ မဖြူစင်တော့ဘူး။ အနိုင်လိုချင်တဲ့ စိတ်တွေ၊ သွေးအေးအေးနဲ့ ကြမ်းကြုတ်မယ့် အရိပ်အရောင်တွေကို သူ့မျက်လုံးလေးတွေထဲမှာ မြင်နေရပြီ။ သမီးတစ်ယောက်အနေနဲ့ ဖအေကို ချစ်တာ သဘာဝပေမယ့် သူက ဖေဖေ့ကို နည်းနည်းလေးမှ မချစ်ဘူးလို့ အတိအလင်း ဆိုနေခဲ့ပြီ။
အဲဒီ့နေ့ ညနေက သူတို့တွေ တော်တော်ကြီးကို ညဥ့်နက်မှ ကျွန်တော့်အိမ်က ပြန်သွားကြတယ်။

ကျွန်တော် တော်တော်နဲ့ အိပ်လို့ မပျော်တော့ဘူး။

မခိုင်ရဲ့စကားတွေက ကျွန်တော့်ကို နှောင့်ယှက်နေတုန်းပဲ။ သူတို့ လင်မယား ပြဿနာထဲမှာ ကလေးတွေကို ဆွဲထည့်ပြီး တည်ကြက် လုပ်နေတာကြီးက မဟုတ်သေးဘူးလို့ တွေးမိရတယ်။

လက်ဦးဆရာမှာ အမိက အဘရဲ့ ရှေ့က အရင်လာတယ်။ ကလေးဆိုတာ မအေနဲ့ အနီးကပ်ဆုံး၊ အရင်းနှီးဆုံး၊ အကျွမ်းအဝင်ဆုံး။ အဲဒီ့ မအေက ကလေးတွေရဲ့ ဖအေအပေါ် ထားရှိတဲ့စိတ်ကို သူ လိုချင်သလို ဝါဒဖြန့်လို့ ရ၊ စည်းရုံးလို့ ရနေတယ်။ ဒါကို မခိုင်က အပိုင်ကွက်အနေနဲ့ အသုံးချပြီး…

ကျွန်တော် ဆတ်ခနဲ ဖြစ်သွားတယ်။

ဟင်…

ဒါဆို ဖေဖေနဲ့ပတ်သက်တဲ့ ကျွန်တော့်ခံစားချက်တွေကိုတော့ရော၊ မေမေက သိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့ဖြစ်စေ၊ မခိုင်လို တမင်ကလာ ဖြစ်စေ၊  မရည်ရွယ်ဘဲ စိတ်မှတ်မဲ့ဖြစ်စေ အရောင်ဆိုးပေးခဲ့တာရော မဖြစ်နိုင်ဘူးလား။

ကျွန်တော် မခိုင်ရဲ့သမီးလေးအရွယ်တုန်းက မေမေ့ကို ပြောခဲ့ဖူးတယ်။

“မေမေရယ်၊ သည်လူကြီးကို ကွာလိုက်ပါလားဗျာ၊ ကျွန်တော် မေမေ့ကို ရှာကျွေးပါ့မယ်”လို့။

သေချာတာတစ်ခုကတော့ မခိုင်ရဲ့ ခင်ပွန်းဟာ ကျွန်တော့်အဖေလို အကြမ်းသမား မဟုတ်ဘူး၊ အနုသမား။ စကားပြောတာကအစ တိုးတိုး သက်သက်နဲ့ ညင်ညင်သာသာ။ စကားလုံး အသုံးအနှုန်းတွေကလည်း ချေငံဖွယ်ရာ လွန်းတယ်။ ဒါကိုတောင် ကလေးတွေရဲ့ရင်ထဲမှာ ဖအေအပေါ် မုန်းတီးစိတ်ဝင်အောင် မခိုင်တစ်ယောက် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့သေးတာ…

ကျွန်တော့်အဖေက တစ်ချိန်လုံး ပေါက်ကွဲနေတဲ့သူ။ မသိမ်မွေ့တဲ့သူ။ စရိုက်ကြမ်းတဲ့သူ။ ကျွန်တော့်အမြင်မှာတင် ဖေဖေဟာ ဘီလူးသဘက်တမျှ ကြောက်စရာ ကောင်းနေခဲ့တယ်။ ဒါကို မေမေက ဘေးတီး ပုံဖျက်ပေးတဲ့အခါမှာ ကျွန်တော့်ရင်ထဲမှ ဖအေနဲ့ ပတ်သက်တဲ့ ခံစားချက် မှန်သမျှဟာ အလုံးစုံ ခါးသီးနေတာရော မဖြစ်နိုင်ဘူးလား…

ဟား…

ကျွန်တော် သိပ်ကို တုန်လှုပ်သွားတယ်။

ဆိုခဲ့သလို ဖေဖေ မရှိတော့တာ နှစ်ပေါင်းအစိတ်ကို တိတိပပ ကျော်လွန်လို့ ၂၆ နှစ်ထဲကိုတောင် ရောက်လာခဲ့ပြီ။

ပထမဆုံးအကြိမ်အဖြစ် ဖေဖေနဲ့ပတ်သက်လို့ ကျွန်တော် အရမ်း ထိခိုက် ကြေကွဲသွားရပါတယ်။ တစ်ဆက်တည်းမှာပဲ၊ ကျွန်တော် သိပ်မှားခဲ့ပြီမှန်းလည်း သိလိုက်တယ်။

အားလုံးဟာ နှောင်းသွားခဲ့ပြီလေ…

ဖေဖေ့ကို ရည်စူးပြီး ကျွန်တော် ဦးခိုက်လိုက်မိတယ်။

တစ်ဆက်တည်းမှာပဲ၊ ကျွန်တော့်အကြွေးကို ဖြစ်တဲ့နည်းနဲ့ ရတတ်သလောက် ဆပ်ချင်တဲ့စိတ်လည်း ပေါ်လာပါတယ်။

စာဖတ်သူလူကြီးမင်းများခင်ဗျား…

စာဖတ်သူလူကြီးမင်းများဟာ သားသမီးတွေ ဖြစ်ကြမှာပါ။ တစ်ချိန်တည်းမှာ မိဘ ဖြစ်နေသူတွေ၊ မိဘ ဖြစ်အံ့မူးမူးတွေ၊ တစ်ချိန်မှာ မိဘ ဖြစ်လာမယ့်သူတွေလည်း ပါနေဦးမှာပါ။

စာဖတ်သူဟာ သားသမီးတစ်ယောက်အနေနဲ့ အမိအဘ တစ်ပါးပါး အပေါ်မှာ ကျွန်တော့်နှင်နှင် နာကျည်းစိတ်များ ဖြစ်ပေါ်နေတယ်ဆိုပါရင် သေချာ ပြန် ဆန်းစစ်ကြည့်ကြစေချင်ပါတယ်။

(၁) သူ မွေးဖွားကြီးပြင်းရတဲ့ ငယ်ဘဝ
(၂) သူ့ပညာအရည်အချင်း
(၃) သူ့စာဖတ်အားနဲ့ အသိဉာဏ် ရင့်ကျက်မှု
(၄) လတ်တလော သူ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ ဘဝအမော
(၅) သူ့အလုပ်ခွင်က မွန်းကြပ်မှုတွေ၊ သူ့ဇောတွေ
(၆) သူ့အိမ်ထောင်ရေး ဗျာပါဒတွေ

ဒါတွေကို ထည့်သွင်း စဉ်းစားပြီး သူ့ရဲ့ပေါက်ကွဲနေတတ်မှုကို နားလည်ပေးစေချင်ပါတယ်။ ကိုယ်ဟာ အလကားနေရင်း ဓားစာခံဖြစ်ဖို့၊ သူ့မွန်းကြပ်မှုပေါင်းစုံအတွက် ကိုယ့်ကိုသာ ယမယ်ရှာဖို့ ဖြစ်နေတာကို သတိထားမိရင် ဆိုးရွားတဲ့ ကိုယ့်ကြမ္မာကိုသာ ရိုးမယ်ဖွဲ့ပြီး သူ့ကို ခွင့်လွှတ်လိုက်စေချင်ပါတယ်။

တစ်ဆက်တည်းမှာ ကိုယ့်ဘက်က သူ့အပေါ် တူးတူးခါးခါး မုန်းတီးတဲ့စိတ်ကို ပိုလေးပင်အောင် ပင်းပေးတဲ့ ဘေးပယောဂတွေကိုလည်း ထည့်သွင်း တွက်ချက်ကြည့်ကြစေချင်ပါတယ်။

စာဖတ်သူဟာ မိဘတစ်ပါးဖြစ်နေရင်လည်း သည်အချက်တွေကြောင့် ဆုံးမတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိမိကိုယ်ကို တရားချင်ယောင်ဆောင်ပြီး သားသမီးတွေကို အသားလွတ် နှိပ်ကွပ်ရင်း ပေါက်ကွဲနေမိသလားဆိုတာကို ဆင်ခြင်ကြည့်ကြစေချင်ပါတယ်။ ကိုယ်စိုက်တဲ့ အပင်က သီးတဲ့အသီးကို ကိုယ်စားသုံးရမှာပါ။ ကိုယ်နှိပ်ကွပ်ထားတဲ့ သားသမီးက ကိုယ့်ကို တစ်နေ့ကျ နားလည်လာလိမ့်မယ်၊ ချစ်ခင် မြတ်နိုးလာမယ်လို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။ သူတို့တွေ မိဘဘဝ ရောက်လာတဲ့အခါကျ နားလည်လာမှာပါလို့ တွေးရင် အဲဒီ့အတွေးဟာ တက်တက်စင်အောင် မှားပါကြောင်း ကျွန်တော့်အဖြစ်က သက်သေခံနေပါတယ်။ တကယ်လို့ အထက်က အချက် ၆ ချက်ထဲက တစ်ချက်ချက်ကြောင့် ပျက်ယွင်းနေတဲ့ အနေအထားကို သည်ကနေ့ သည်အချိန်က စပြီး သတိလေးနဲ့ ပြုပြင်ထိန်းသိမ်းသွားမယ်၊ ကိုယ်ထိလက်ရောက် နှိပ်ကွပ်မိသမျှကို ဆင်ခြင်ထိန်းသိမ်းနိုင်မယ်ဆိုရင် အချိန်မီနိုင်ပါသေးတယ်။

စာဖတ်သူဟာ မိခင်တစ်ယောက် ဖြစ်နေတယ်ဆိုပါရင်တော့ ကိုယ့်ရဲ့ လင်သားအပေါ် မကျေနပ်မှု၊ အနိုင်ယူလိုမှု၊ လက်စားချေလိုမှုများအတွက် အပြစ်မဲ့လှတဲ့ ကလေးတွေရဲ့စိတ်ကို အရောင်ဆိုးပြီး ဖအေ့ရဲ့ ပုံရိပ်ကို တိမ်း ပါးပျက်ယွင်းစေတဲ့ ဝါဒဖြန့်စည်းရုံးမှုများကို မလုပ်စေချင်ပါဘူး။ မိဘကို မနောကံနဲ့ ပြစ်မှားခြင်းဟာ ကံကြီးထိုက်တဲ့ အကုသိုလ် အမှုတစ်ခုရယ်လို့ ဗုဒ္ဓဘာသာဝင်တိုင်း ယုံမှတ်လက်ခံထားကြပါတယ်။ ကိုယ့်ရဲ့ အာဃာတ၊ အညိုးအတေးကြောင့် ကိုယ့်သားသမီးတွေကို ငရဲတွင်းထဲ ပို့တဲ့ မိခင်မျိုးဟာ မရှိထိုက်ပါဘူး။ ဒါပေမယ့် အထက်က ကျွန်တော့် မိတ်ဆွေ မခိုင်ဟာ အဲသလို အမေမျိုးဖြစ်နေတာတော့ သေချာနေပါပြီ။

စာဖတ်သူဟာ မိခင်ဖြစ်နေရင် သည်အချက်ကို လေးလေးပင်ပင် စဉ်းစားစေချင်ပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်

သည်စာစုနဲ့ ၁၉၇၆ခုနှစ်၊ စက်တင်ဘာလအတွင်းက ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်မှာ ပျောက်ဆုံးသွားခဲ့တဲ့ ကျွန်တော့်ဖေဖေဦးစိန်မောင်ကို ရိုကျိုးစွာ ရှိခိုးကန်တော့အပ်ပါတယ်။

ကျွန်တော့်ကို ဆင်ခြင်ဖြစ်ခဲ့စေတဲ့ မခိုင်လို့ အမည်လွှဲထားသူ တစ်ဦးကိုလည်း ကျေးဇူးတင်ပါတယ်။

——————————————–

၂၀၀၂ခုနှစ်က သရဖူ မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ၂၀၀၄ ခုနှစ် သြဂုတ်လမှာ လက်တွဲဖော်စာအုပ်တိုက်က စာမူခွင့်ပြုချက်အမှတ် ၁၂၀၅/၂၀၀၃(၁၂)နဲ့ ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “သားငယ်သမီးငယ်များ ပဲ့ပြင် ထိန်းကျောင်းခြင်း အနုပညာ”စာအုပ်ပါ စာတစ်ပုဒ်ကို ကောက်နုတ်တင်ဆက်လိုက်တာပါ။

နောက်ဆက်တွဲအနေနဲ့ ဖြည့်စွက်ပြောရရင်တော့ အဲဒီ့ဆောင်းပါးထဲက မခိုင်လို့ အမည်လွှဲထားသူရဲ့ အိမ်ထောင်ရေးဟာ ၂၀၀၈ခုနှစ် အတွင်းမှာ ဆုံးခန်းတိုင်သွားပါတယ်။ သူတို့ လင်မယား ကွဲသွားကြပါတယ်။ ဒါ မဆန်းပေမယ့် ပစ္စည်းခန်းမှာ တအားအလျှော့ပေးနေလေတဲ့ သူ့ခင်ပွန်းကို မခိုင်ရဲ့ သမီးကြီးက သူတောင်းဆိုတာ မရလို့ ပါးရိုက်ဖို့ ရပ်ကွက်လူကြီးများ ရှေ့မှောက်မှာ အားထုတ်ခဲ့တာလေးကတော့ တော်တော် သင်းပါတယ်။ ဖအေအရင်းခေါက်ခေါက်ကို သမီးအရင်းက ကာယကံမြောက် စော်ကားဖြစ်သွားရလေအောင် ၀ါဒအဖြန့် မှိုင်းအတိုက်ကောင်းတဲ့ မခိုင်ရဲ့ မိခင်စိတ်ကတော့…

Modcons and Foremost Teachers

07-01ခေတ်ရေစီးနဲ့ လက်ဦးဆရာ

၂၀ဝ၉ စက်တင်ဘာ ၁၈ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် မျက်နှာဖုံး ဆောင်းပါးတစ်ပုဒ်က “ကလေးသူငယ်များအကြား လိင်ပိုင်းဆိုင်ရာ အလွဲ အသုံးချမှုများ ရှိလာ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်တာကြောင့် သေချာ ဖတ်မိသွားပါတယ်။

ရည်ရွယ်ချက်နဲ့ စေတနာ ကောင်းမွန်တဲ့ သတင်းဆောင်းပါးပါပဲ။ လောကဓာတ်ပညာ အရှိန်အဟုန်နဲ့ ထွန်းကားမှုကြောင့် ပေါ်ပေါက်လာတဲ့ ရုပ်မြင်သံကြား၊ ဂြိုဟ်တုစလောင်း၊ အင်တာနက်၊ ပါလေရာဖုန်း၊ အယ်(မ်)ပီ-၄ ဖွင့်စက်ငယ်များ၊ ဆင်ဆာမဲ့ ရုပ်ရှင်ကားတွေ အလွှတ်မဲ့ ပေါများလာမှုကြောင့် ကလေးတွေမှာ လိင်ပိုင်းဆိုင်ရာ အန္တရာယ်တွေ ကျရောက်လာနိုင်တဲ့အကြောင်း အကျယ်တဝင့် ရေးသားဖော်ပြထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ အငြိမ်းစား စိတ်ပညာပါမောက္ခ ဆရာမကြီး ဒေါ်ခင်အေးဝင်းအပါအဝင် ဆရာ၊ ဆရာမများ၊ မိဘများနဲ့ တွေ့ဆုံ မေးမြန်းချက်များကိုပါ ထည့်သွင်းပြီး ဝေဝေဆာဆာ ဖော်ပြထားတာလည်းပဲ ဖြစ်ပါတယ်။

သို့သော် အဲဒီ့ သတင်းဆောင်းပါးမှာ အရေးကြီးဆုံး၊ အဓိက အကျဆုံး အချက်တစ်ချက်က ဘာကြောင့်လဲ မသိဘူး၊ ပါမလာဘူး။ အဲဒါ ပါမလာတော့ ဆောင်းပါးရဲ့ အနှစ်သာရက တစ်မျိုးဖြစ်သွားပါတယ်။ ယေဘုယျကောက်ချက် ဆွဲမယ်ဆိုရင် အဲဒီ့ ခေတ်မီလောကဓာတ်ပစ္စည်းတွေ အလျှံ့ပယ်ပေါများနေတာ မကောင်းဘူး၊ ကလေးတွေမှာ ဒုက္ခများနိုင်တယ်၊ ဒါ့ကြောင့် ဆောင်းပါးရဲ့ အဆုံးသတ် စာမျက်နှာပြည့် နှစ်ကော်လံစာ ဖော်ပြထားတဲ့ ဥပဒေများနဲ့ အရေးယူခံရနိုင်တယ်လို့သာ ရလာတော့မှာပါ။

ပြောရတာ သိပ်မကောင်းဘူး၊ ရည်ရွယ်ချက်နဲ့ စေတနာ ကောင်းပင် ကောင်းငြားသော်လည်း အဲဒီ့ဆောင်းပါးတစ်ပုဒ်လုံးမှာ အင်မတန် ပါရှိသင့်တဲ့ အဓိကအချက်က ပျောက်ဆုံးနေတာမို့ လက်ပံသားကို ဓားနဲ့ ချိုင်လိုက်သလို ဖြစ်သွားပါတယ်။

ဆောင်းပါးပါ အချက်အလက်များ အားလုံးမှန်ကန်ပါတယ်။ သည်ခေတ်မီ အသုံးအဆောင်တွေရဲ့ အန္တရာယ်က မသေးပါဘူး။ ကလေးတွေအတွက် ပိုလို့တောင် အထိတ်တလန့်နိုင်နေတာလည်း အမှန်ပါ။ သို့သော် အဲဒါတွေရဲ့ အန္တရာယ်ကို ကာကွယ်တားဆီးရေးမှာ အဓိကကျလှသူတွေက “လက်ဦးဆရာ” လို့ သညာပြုခံထားရသူ မိဘတွေသာ ဖြစ်ပါတယ်။ အဲဒီ့အချက်က အဲဒီ့ သတင်း ဆောင်းပါးမှာ မှိန်ဖျော့နေပါတယ်။

ကျွန်တော်ဟာ အသက် ၂၀ အရွယ် သမီးနဲ့ ၁၈ နှစ် အရွယ် သားတို့ရဲ့ဖခင် ဖြစ်လို့နေပါတယ်။ သူတို့ လူဖြစ်စခေတ်မှာ အခုလို အင်တာနက်တွေ၊ ဂြိုဟ်တုစလောင်းတွေ၊ အယ်(မ်)ပီ-၄တွေ မပေါ်သေးပေမယ့် အပေါ်စက်၊ အောက်စက် ဆိုတာများကတော့ တအား တွင်ကျယ်နေပါပြီ။ သူတို့ ၆ တန်း- ၇ တန်းလောက်မှာ အိမ်မှာ ကွန်ပျူတာ ရှိလာပါတယ်။

သို့ပေမယ့် အန္တရာယ်ကို လွန်ခဲ့တဲ့ ၁၆နှစ်ကျော်၊ သမီး ၃နှစ်-၄နှစ်လောက်မှာ စမြင်လိုက်ပါတယ်။ အဲဒီ့နေ့ညနေက ကျွန်တော်တို့အိမ်မှာ မြန်မာ ဗီဒီယို ဇာတ်ကားတစ်ကား ကြည့်နေကြပါတယ်။ သမီးလည်း ကြည့်နေတာပေါ့။ သားကတော့ ပေါက်စနလေးပဲဆိုတော့ မကြည့်တတ်သေးပါဘူး။ မြန်မာကားတို့ရဲ့ ထုံးစံအတိုင်း မင်းသားနဲ့ မင်းသမီး သီချင်းဆိုခန်း တစ်ခန်း ပြလိုက်ချိန်မှာ သမီးက သူ့ဘေးက အိမ်ဖော်မလေးကို လှမ်းမေးလိုက်ပါတယ်။

“မမ… မမ… တူရို့နှစ်ယောက် ချစ်သွားကြပြီရားဟင်”တဲ့။

သမီးစကားကို နားနဲ့ ဆတ်ဆတ်ကြားလိုက်သူ ကျွန်တော် ခေါင်းမွေးတွေ ထောင်သွားပါတယ်။ ငါးနှစ်မပြည့်သေးတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အသိမှာ ယောကျာ်းနဲ့ မိန်းမ “ချစ်သွားကြတယ်”ဆိုတဲ့ အသိလေး ရှိနေဖို့ မလိုအပ်သေးပါဘူး။ အဲဒါကို သမီးက မေးနေပါပြီ။ တရားခံကို စိစစ်လိုက်တော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ တန်းမြင်မိပါတော့တယ်။

ဘာအပြာကားမှလည်း မဟုတ်၊ ဘာနိုင်ငံခြားကားမှလည်း မဟုတ်လို့ ကလေးတွေအတွက် အန္တရာယ် မရှိလောက်ဘူးဆိုတဲ့ အတွေးနဲ့ ကျွန်တော်တို့ မိသားစုလိုက် ထိုင်ကြည့်နေတဲ့ ဗီဒီယို ဇာတ်လမ်းခွေဟာ ကလေးတွေကို မလိုအပ်သေးတဲ့ အသိတွေ ပေးနေပါပေါ့လားဆိုတာကို မြင်လိုက်မိပါတယ်။ ဒါနဲ့ အဲဒီ့နေ့ အဲဒီ့ရက်ကစပြီး အိမ်မှာ မြန်မာကား လုံးဝ မကြည့်ရဆိုတဲ့ တစ်ချက်လွှတ်အမိန့်ကို ထုတ်ပြန်လိုက်ပါတော့တယ်။

သို့သော် အပေါ်စက် အောက်စက်ဆိုတာကြီးက အိမ်မှာ ရှိနေလေတော့ကာ အဲဒါတွေကို သွားလွှင့်ပစ်လို့ကလည်း မဖြစ်၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကြည့်ချင်တာလေးတွေ ရှိတာမို့ ကလေးတွေအတွက် ကာတွန်းကားလေးတွေ၊ ဝေါ့(လ်)(ထ်)ဒစ္စနီက ထုတ်တဲ့ ကလေးကားလေးတွေကို မပြတ် ရှာဖွေပေးခဲ့သလို ကျွန်တော်တို့ကိုယ်တိုင်လည်းပဲ နိုင်ငံခြား ကားများကို ကလေးများ အိပ်ချိန်မှာ ကြည့်ခဲ့ကြရပါတော့တယ်။

သည့်ထက် အရေးကြီးတဲ့ အချက်တစ်ချက် ကျန်ပါသေးတယ်။ အဲဒါကတော့ ကျွန်တော့်ကလေးတွေရဲ့ အသိစိတ်ထဲမှာ စာအုပ်ကို အဖော်လုပ်လို့ ရတယ်ဆိုတာ စွဲမြဲသွားအောင်၊ စာဖတ်ဝါသနာ ပါသွားအောင် အဲဒီ့ လူမမယ် အရွယ်ကတည်းက ကြိုးပမ်း ဆောင်ရွက်ခဲ့တာပါပဲ။ သည်အချက်က အင်မတိ အင်မတန် အရေးကြီးပါတယ်။ ခေတ်မီလူ့အသုံးအဆောင်တွေရဲ့ ရေစီးကို ကျွန်တော်တို့ လိုက်တားနေလို့ မရပါဘူး။ ဒါပေမယ့် အဲဒါတွေက မိမိတို့ရဲ့ မိသားစုကို လှိုက်စား မသွားအောင် လုပ်နိုင်တဲ့နည်းက တစ်နည်းပဲ ရှိပါတယ်။ အဲဒါက မိသားစုရဲ့အသိဉာဏ်အဆင့်ကို မြင့်သထက် မြင့်အောင် မြှင့်တင်ပေးတဲ့နည်းပါပဲ။ အဲသလို မိသားစုရဲ့ အသိဉာဏ်အဆင့်ကို မြှင့်တင်ပေးနိုင်တဲ့ တစ်ခုတည်းသော လက်နက်ကိရိယာကတော့ စာဖတ်ခြင်းသာ ဖြစ်ပါတယ်။

အထူးသဖြင့် ကလေးတွေ၊ သည်ခေတ် ကလေးတွေ ဖြတ်သန်းနေရတဲ့ ခေတ်ကြီးနဲ့ ခေတ်မီ အသုံးအဆောင်ပေါင်းစုံက စာဖတ်ခြင်းကို ပစ်ပယ်အောင် လုပ်နေတဲ့ ခေတ်ကြီးပါ။ ဒါတင်မကသေးဘူး၊ ကျောင်းနေဝန်းကျင်ကလည်း “စာအုပ်ဆိုတာ ကြောက်စရာ”ဆိုတဲ့ အသိကို ကလေးတွေရဲ့ နှလုံးသားထဲကို ရိုက်ထည့်သလို ဖြစ်နေပါတယ်။ သူငယ်တန်း ကလေးလေးဟာ သူ့ကိုယ် အလေးချိန်ရဲ့ နှစ်ဆလောက်ရှိတဲ့ လွယ်အိတ်ကြီးကို လွယ်နေရကတည်းက စာအုပ်ဆိုတာ ဝန်ထုပ်ဝန်ပိုးဖြစ်လာပါတယ်။ သည်ကြားထဲ ကျူရှင်တွေ၊ စာကျက်လမ်းညွှန်တွေနဲ့ နေ့မီးညမီး သင်ကြားနေကြတာဟာလည်း ကလေးတွေရဲ့ နှလုံးသားမှာ စာအုပ်ဆိုတာ မုန်းစရာ၊ ရွံ့စရာ ဖြစ်အောင် လုပ်နေသလိုဖြစ်ပြန်ပါတယ်။

သို့သော် အဲဒါလည်း “ခေတ်ရေစီး” ဖြစ်နေတဲ့အတွက် အဲဒါကိုလည်း ကျွန်တော်တို့ လိုက်တားလို့ မရတတ်နိုင်ပြန်ဘူး။ ကျွန်တော်တို့ လုပ်နိုင်တာက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ အဲဒီ့ ဝန်းကျင်တွေထဲ ကျွန်တော်တို့ ကလေးတွေ ခြေစုံပစ်ပြီး ရောက်မသွားခင် ပဝေသဏီ၊ ကျွန်တော်တို့ရဲ့ ရင်ခွင်ထဲမှာပဲ ကျွန်တော်တို့ကိုသာ အားထား ယုံကြည်နေကြရတဲ့ ငါးနှစ်အောက် အရွယ်ကတည်းက ကလေးတွေရဲ့ရင်ထဲမှာ စာအုပ်ဆိုတာ ချစ်စရာ၊ စာအုပ်သည်အဖော်၊ စာအုပ်သည် ပျော်စရာရယ်လို့ ခံစားနေရအောင် မိမိရရ ကြိုးပမ်းထားတာပါပဲ။

အဲဒီ့အတွက် ကလေးတွေ ရှစ်လသားလောက်ကတည်းက စတင်ပြီး စာအုပ်လေးတွေ ဖတ်ပြရပါလိမ့်မယ်။ ဘာမှ နားမလည်သေးတာ သေချာပါတယ်။ သို့သော် အဲဒီ့အရွယ်လောက်ကျရင် အရောင်နဲ့ ပုံသဏ္ဌာန်လေးတွေကိုတော့ သိနေကြပါပြီ။ ဒါ့ကြောင့် အရောင်နဲ့ ပုံသဏ္ဌာန်များများ ပါတဲ့ စာအုပ်၊ အရုပ်များများ ပါတဲ့ စာအုပ်လေးတွေ ဖတ်ပြရပါတော့မယ်။ အများကြီးလည်း မလိုပါဘူး။ သည်အရွယ်လေးတွေဟာ တစ်ခုခုဆိုရင် အကြာကြီး စိတ်ဝင်စားလေ့ရှိတာမို့ တစ်အုပ်၊ နှစ်အုပ်လောက်နဲ့တင် လုံလောက်ပါတယ်။

နှစ်နှစ်သားလောက်အရောက် စကားကိုလည်း အထိုက်အလျောက် နားလည်လာပြီဆိုရင်တော့ အိပ်ရာဝင်ပုံပြင်လေးတွေ ပြောပြရပါတော့မယ်။ အိပ်ရာဝင်ခါနီး ပုံပြောပေးတဲ့အကျင့်၊ စာဖတ်ပြတဲ့ အကျင့်လေးတွေ လုပ်ကြရပါတော့မယ်။

ဘယ်လောက် မအားသည်ဖြစ်စေ၊ ကလေးရဲ့ တစ်ဘဝလုံးအတွက် နေ့စဉ် နာရီဝက်၊ ၄၅ မိနစ်လောက် အချိန်ပေးသွားခြင်းဟာ တကယ့် ရင်းနှီးမြှုပ်နှံမှုပါ။ လက်ရှိ အမေရိကန်သမ္မတ အိုဘားမားဟာ သူ့သမီးငယ်ကို ဟယ်ရီပေါ်တာ စာအုပ် ခုနစ်တွဲစလုံး ဖတ်ပြပြီး ဖြစ်နေခဲ့တယ်ဆိုတဲ့ အချက်ကို မမေ့သင့်ပါဘူး။ မူရင်း ဟယ်ရီပေါ်တာ ဝတ္ထုစာအုပ် တစ်တွဲဟာ အဖျင်းဆုံး စာမျက်နှာ ၇၅၀ ပါပါတယ်။ အဲဒါမျိုး ခုနစ်တွဲစလုံးကို ဖတ်ပြနိုင်ဖို့အတွက် အိုဘားမား ဘယ်လောက် ဝါယမ စိုက်ခဲ့ရမယ်ဆိုတာ မှန်းဆနိုင်ကြပါလိမ့်မယ်။ မအားတဲ့ နေရာ၊ အချိန်ဆင်းရဲတဲ့ နေရာမှာ သူ့ကို တော်တော်တန်တန် ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ သမ္မတဖြစ်ဖို့အရေးအတွက် အချိန်ပြည့် ကြိုးပမ်းခဲ့ရတဲ့သူပါ။ အဲသလို လူမျိုးတောင်မှ သူ့ကလေးအတွက် မဖြစ်မနေ အချိန်ပေးခဲ့တာဟာ သိပ်ကို အတုယူဖို့ ကောင်းလှပါတယ်။

သူသည်လည်းပဲ ခေတ်ရေစီးထဲက မိသားစုကို ဦးဆောင်နေရသူပါ။ သူတို့ဆီမှာ ခေတ်ပေါ်အသုံးအဆောင်တွေက ကျွန်တော်တို့ဆီမှာထက် အဆပေါင်း များစွာ သာလွန် ပေါများနေမယ်ဆိုတာလည်း အငြင်းပွားစရာ မရှိပါဘူး။ သို့ပေမယ့် သူတို့တွေရဲ့ ပတ်ဝန်းကျင်က လက်ဦးဆရာတွေရဲ့ အဓိက ကျလှတဲ့ အခန်းကဏ္ဍကို အမြဲတစေ အသားပေးတဲ့ ပတ်ဝန်းကျင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးတွေ လူလား မမြောက်ခင်ကတည်းက စာဖတ်ဝါသနာမျိုးစေ့ကို ချပေးခဲ့ကြပါတယ်။

စကားစပ်ခိုက် ပြောလိုက်ပါရစေ။ တစ်ခါလည်း ရေးပြီးပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က စာတမ်းတစ်စောင် ဖတ်လိုက်ရတယ်။ အမေရိကန် မိဘတွေရဲ့ ၂၅% က ငါးနှစ်အောက် ကလေးတွေကို စာဖတ် မပြကြတော့တဲ့အတွက် အမေရိကန်နိုင်ငံကြီး ထိတ်ပျာနေတဲ့အကြောင်းပါ။ အဲဒီ့စာတမ်းအရ ၇၅% သော မိဘတွေဟာ ငါးနှစ်အောက်ကလေးတွေကို စာဖတ်ပြနေကြဆဲဆိုတာ ထင်ရှားပါတယ်။

ကျွန်တော်တို့ ရွှေမြန်မာ မိဘတွေရဲ့ ဘယ်နှရာခိုင်နှုန်းက ငါးနှစ်အောက် ကလေးတွေကို စာဖတ်ပြနေကြမလဲဆိုတာ မှန်းဆကြည့်ရုံနဲ့ ရင်လေးစရာ ကောင်းလှပါတယ်။ ကလေးတွေကို ဖတ်ပြဖို့ နေနေသာသာ သူတို့ကိုယ်တိုင်တောင် မဖတ်ကြဘဲ သူတို့ကိုယ်တိုင်က ခေတ်မီ အသုံးအဆောင်တွေအပေါ် တပ်မက်မှုနောက်ကို မျောလိုက်နေကြသူတွက ခပ်များများလို့ ပြောရင် လွန်မယ် မထင်ပါဘူး။

စာမဖတ်ရင်တော့ ကလေးတွေရဲ့ အနာဂတ်ဟာ ဝေ၀ါးအုံ့ပျနေတော့မှာ ဖြစ်သလို ကျွန်တော့်ကို သည်စာရေးဖြစ်စေခဲ့တဲ့ သတင်း ဆောင်းပါးပါအတိုင်း ခေတ်မီ အသုံးအဆောင်တွေရဲ့ ကျေးကျွန်တွေ ဖြစ်ကုန်ပြီး မဖွယ်မရာ အပြုခံရ၊ မဖွယ်မရာ လုပ်ဆောင်ကြတဲ့ လူမမယ်လေးတွေ ဖြစ်လာမယ့် အလားအလာက သိပ်ကို များနေပါတယ်။

ကနေ့ ကျွန်တော့်သမီး အသက် ၂၀၊ ကျွန်တော့်သား ၁၈ နှစ်မှာ သူတို့ အတွက် ကျွန်တော် တစ်စက်မှ မပူရတော့ပါဘူး။ အချိန်အရွယ်မတိုင်ခင် အိမ်ထောင်ကျမှာ မပူရတော့တာ သည်အသက်များ ရောက်လာတာနဲ့ ထင်ရှားနေပါတယ်။ အလားတူပဲ အရက်ရဲ့ ကျေးကျွန်၊ မူးယစ်ဆေးရဲ့ ကျေးကျွန်ဘဝကို ရောက်မသွားလောက်တော့ဘူးလို့လည်း ရာနှုန်းပြည့် မဟုတ်တောင် ၉၀% ကျော်တော့ စိတ်ချလို့ ရသွားပါပြီ။

သူတို့တွေမှာ ဘဝအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ရှိနေကြပြီ။ စိတ်ကူးတွေ ရှိနေကြပြီ။ အိပ်မက်တွေ ရှိနေကြပြီ။ အဲဒါတွေ ဘယ်က ရလာသလဲ။ စာဖတ်ခြင်းကသာ ရလာတာပါ။ ရုပ်မြင်သံကြားတွေ၊ အင်တာနက်တွေ၊ တီဗီဂိမ်းတွေက ရလာတာ မဟုတ်ပါဘူး။ ကျွန်တော့်အိမ်မှာ အပေါ်စက်၊ အောက်စက်ရှိပါတယ်။ ကွန်ပျူတာ သုံးစုံရှိပါတယ်။ အင်တာနက် ချိတ်ဆက်ထားပါတယ်။ ကျွန်တော့်ကလေးတွေ လက်ထဲမှာ ဘက်စုံသုံးနိုင်တဲ့ ပါလေရာ ဖုန်းတွေ ရှိကြတယ်။ သူတို့လည်း ခေတ်ရေစီးထဲက လူသားတွေပါ။ ခေတ်နဲ့အတူ မျောပါနေကြပါတယ်။ သို့သော် သူတို့ လိုချင်တဲ့စာအုပ်များကိုလည်း စာရင်းချပြတတ်တဲ့ ကလေးတွေလည်း ဖြစ်သလို သူတို့ရဲ့ အားချိန် နားချိန်များမှာ စာအုပ်နဲ့ မျက်နှာ အပ်နေတဲ့ ကလေးတွေဖြစ်ပါတယ်။

ဒါ့ကြောင့် သူတို့အတွက် ကျွန်တော့်မှာ ကြောင့်ကြကင်းပါတယ်။

“လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ ဘ”ဆိုတဲ့ စကားဟာ ကြားရလွန်းလို့ ရိုးအီနေတဲ့ စကားဖြစ်ပါလိမ့်မယ်။ သို့သော် အဲလို ဖန်တစ်ရာ တေနေတဲ့ စကား အတော်များများဟာ အမှန်တရားကို ညွှန်းဆိုနေတတ်တာလည်း အမှန်ပါ။

ကလေးငယ်များရဲ့ စာရိတ္တ (ကျင့်ကြံမှု)၊ ဝါရိတ္တ (ရှောင်ကြဉ်မှု)၊ အသိဉာဏ်၊ အကျင့်စရိုက် အပါအဝင် အားလုံးအတွက် အဓိက တာဝန်ရှိသူတွေက လက်ဦးဆရာဖြစ်တဲ့ မိဘနှစ်ပါးသာ ဖြစ်တယ်ဆိုတဲ့အချက်ဟာ သည်ဆိုရိုးတစ်ခုတည်းနဲ့တင် ထင်ရှားပါတယ်။ ကလေးများ မဖွယ်မရာ လုပ်တတ်လာတာ၊ မဖွယ်မရာ အလုပ်ခံရတာများအတွက်လည်း တကယ့်တကယ် ပြောကြစတမ်းဆိုရင် မိဘများမှာသာ တာဝန်ရှိနေပါတယ်။

အဲဒီ့မိဘတွေဘက်ကသာ ခေတ်ကိုလည်း မျက်ခြေမပြတ်၊ ကိုယ်တိုင်ရဲ့ အသိဉာဏ်အဆင့်များကို မြင့်သထက် မြင့်အောင် ကြိုးပမ်းကြရင်း ကြိုကြိုတင်တင် ပြင်ဆင် ထိန်းကျောင်းသွားကြမယ်ဆိုရင်ဖြင့် မလိုလားအပ်တဲ့ ခေတ်ရေစီးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကလေးတွေဆီ ရောက်မသွားနိုင်တဲ့အကြောင်း ဖြည့်စွက်တင်ပြလိုက်ချင်ပါတယ်။

ကျွန်တော် ပြောတိုင်း လက်ခံရမယ်လို့ ဘယ်သူ့ကိုမှ မတိုက်တွန်းပါဘူး။ စာဖတ်သူလူကြီးမင်းများ အားလုံးမှာလည်း ဆင်ခြင်ဉာဏ်ကိုယ်စီနဲ့မို့ ကျွန်တော် ပြောတာ ယထာဘူတ ကျမကျ ကိုယ်တိုင် ဆင်ခြင် သုံးသပ်ရင်း လိုတာကိုယူ၊ မလိုတာကိုသာ ပယ်ဖို့လောက်သာ ကျွန်တော့်မှာ ပြောအားရှိပါတယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၇၀၉၀၉)

———————————————————————————————————-

၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက် ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၂ အမှတ် ၂၈မှာ ဖော်ပြထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။ ဆောင်းပါး အစက အရောင်ကွဲနေတဲ့ စာပိုဒ်နှစ်ပိုဒ်က ပြန်လည်ပုံနှိပ်ဖော်ပြရာမှာ အဲဒီ့ ဂျာနယ်ရဲ့ စာတည်းများ ဖြုတ်ပယ်ထားခဲ့တဲ့ စာနှစ်ပိုဒ်ဖြစ်ပါတယ်။