ခေတ်

မြင်းရုပ်ကလေး လှလှပ
ဆေးရောင်စုံနဲ့ ရုပ်လုံးကြွ

ဘာရမလဲ ပျော်လိုက်တာ
မြင်းပေါ် တက်ပြီး ဇက်ကိုင်ကာ
အားပါးတရ လှုပ်တော့မဗျာ

လှုပ်ပက် လှုပ်ပက် ဇိမ်တွေကျ
မူးဝေဝေတောင် ဖြစ်လာရ
အလုပ်တွေလည်း ရှုပ်လို့ပြ
နှင်တံလေးနဲ့ ရိုက်လို့ မဝ

လှုပ်နေတာတော့ အမှန်ပါ
နေရာကတော့ မရွေ့ရှာ
အို.. ဘာဖြစ်ဖြစ် လှုပ်ဦးမှာ
ရွေ့တာ မရွေ့တာ ကိုယ့်အပူမပါ
ငြိမ်နေရတာ ပျင်းစရာ
ဖင်လေး ဆောင့်ကာ လှုပ်ဦးမှာ ။       ။

အတ္တကျော်
(ရန်ကုန် ၁၈၀၇၁၄)

Advertisements

ယထာဘူတ

ခွေးတို့ဘာဝ

ဟောင်မှ ပီပြင်မှာ
တစ်ကမ္ဘာလုံး သိပါတယ်လေ။

ခွေးလေ ခွေးလွင့် ခွေးဝဲစား ခွေးအကောင်းစား
လမ်းဘေးနားပဲ ရောက်ရောက်
အိမ်အောက်မှာပဲ နေနေ
ဧည့်ခန်းထဲပဲ ခွေခွေ
ပြည်ပမှာပဲ လေလေ
တောနေခွေးပဲဖြစ်ဖြစ်
တင်သွင်းခွေးပဲဖြစ်ဖြစ်
ခွေးရယ်လို့ ဖြစ်နေမှ
ဟောင်ပြရမှာလည်း ဓမ္မတာ။

ဟောင်လိုက်တိုင်းသာ ရွံ့ရကြေးဆို
ခွေးတို့သာ မင်းမူ
လူဆိုတာ ခွေးသခင်
ဖြစ်စရာပင် အကြောင်း မရှိ။

ဟောင်လိုက်တိုင်းသာ ထကြည့်ကြေးဆို
ညဆိုလည်း မအိပ်
နေ့ဆိုလည်း မရွှင်
စားချင်စိတ်လည်း ပျောက်
သောက်ချင်စိတ်လည်း ခမ်း
လမ်းတွေလည်း ပျောက်ကုန်ကြမှာပ။

ဟောင်တတ်တာ သူတို့ဘာဝ
ထကြည့်ရင် အလုပ်ပျက်
အိပ်ရေးမပျက်ချင်တာလည်း အဟုတ်
ဝုတ်ချင် ဝုတ် ဝေါင်းချင် ဝေါင်း
ခေါင်းမော့ပြီး အူချင်အူ
လူဆိုတာ ခွေးတို့ သခင်
မြင်မြင်ကရာ ဟောင်တဲ့ခွေး
ဘယ်သူကမှ မလေးဘူးလေ။

တကယ်တော့လည်း…
ခွေးတို့ဘာဝ
ဟောင်မှ ပီပြင်မှာ
တစ်ကမ္ဘာလုံး သိပါတယ်လေ။

အတ္တကျော်
(ရန်ကုန် – ၀၉၀၈၁၄)

ခုတစ်လော ကဗျာဘက်ကို ဓာတ်ကျနေတယ်။ ဆက်တိုက်ရေးဖြစ်နေတာပဲ သုံးလေးပုဒ် ရှိနေပါပြီ။

ကဗျာဆိုတာ စာရေးသူတွေရဲ့ ငယ်ချစ် ဖြစ်မယ် ထင်ပါတယ်။ ဘာစကားပြေမှ စမရေးခင် ကဗျာတွေနဲ့ စခဲ့ကြတာကလား။

ကျွန်တော်လည်း လေးတန်းကတည်းက ရေးလိုက်တဲ့ကဗျာ၊ နည်းမှ မနည်းတာ။ ဗလာစာအုပ်တစ်အုပ် သတ်သတ် ထားပြီး ရေးခဲ့တာ။ စုစုပေါင်း နှစ်အုပ်ရှိခဲ့ဖူးတယ်။ အခုတော့ ဘယ်တွေ ရောက်ကုန်မှန်း မသိတော့ပါဘူး။

ငယ်ချစ်ကို သည်အရွယ်ကျမှ ပြန်ချစ်ရတာလည်း တစ်မျိုးတော့ အရသာရှိသားပဲလေ။

 

Please don’t cry when I die

မှာပါရစေ၊ ပြောပါရစေ

(၁)

ကိုယ်သေရင် မငိုနဲ့

ပါးစိုရုံ ရှိမှာပေါ့။

သပိတ်မသွတ်နဲ့

လွတ်ပြီးသား ကျွတ်ပြီးသား။

ထမင်းမထုပ်နဲ့

သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့ အိုးမလို

ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက် ယူမသွားနဲ့

ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့

သံသရာကြီးမှာ လည်ခဲ့သူ။

(၂)

ကိုယ်သေရင် မငိုနဲ့

ကြိုကြိုပြီး သေထားသူ။

“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို

မြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့

မရဏမင်းဆီ ပျော်ပျော်သွားမှာ။

ပြီးတော့ ဆက်ပြောပါရစေ…

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကို ဆက်လုပ်ဖို့

ဟောဒီ ချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ် မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။

လူသာဆုံးတာ ကျန်တာ မရှုံးဘူး

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

မိုးဟိန်း (သားဂျာနယ်ကျော်) (၁၉၄၂-၂၀၁၀)

၁၃၇၂ ခုနှစ် ၀ါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ

(၂၀၁၀ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ ဖော်ပြပါရှိခဲ့ပါတယ်။)

ဆရာမိုးဟိန်း ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၃ ရက် မနက် ၉ နာရီမှာ အေးချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာဝန်ကြီးနဲ့ စကား အေးအေးဆေးဆေး ပြောတယ်။ ပြီးတော့ ဟောလစ်တစ်ခွက်သောက်ပြီး ခဏ မှိန်းနေရင်းက လူ့လောကကြီးထဲက အေးချမ်းစွာ ထွက်ခွာသွားခဲ့ပါသတဲ့။

သည်ကဗျာလေးကို ကျွန်တော့်ဇနီး ဆရာမိုးဟိန်းအိမ်က အပြန်မှာ ယူလာတဲ့ လက်ကမ်းစာလေးမှာ ဖတ်ရတာပါ။ သဘောကျလိုက်တာ။ ပန်းချီရေးတဲ့၊ စာရေးတဲ့ ဆရာမ မသိင်္ဂီက အဖော်ခေါ်လို့ ကျွန်တော့်ဇနီး အဲဒီ့ကို ပါသွားတာ။ ဆရာမိုးဟိန်းရဲ့သား ဦးမိုးသန့်က ဆရာမ မသိင်္ဂီကို ပြောလိုက်သတဲ့။ ဆရာမိုးဟိန်းက သူ့အမေရေးခဲ့တဲ့ သူ့အဖေအကြောင်း “သူလိုလူ”ကို အင်္ဂလိပ်ဘာသာကို ပြန်ဆိုနေတာ ခရီးအတော်ပေါက်နေလျက်ကနဲ့ ဆရာမ မသိင်္ဂီ ပြန်ဆိုနေမှန်း သိသွားတာနဲ့ “ပြန်ပါစေလေ”ဆိုပြီး အလျှော့ပေးခဲ့ပါသတဲ့။ မြင့်မြတ်လိုက်တဲ့ ဆရာ့ နှလုံးသား။ ဆရာမ မသိင်္ဂီက မချိတင်ကဲ ပြန်ပြောပြတာပါ။ ဆရာမ မသိင်္ဂီက သည်စကားကို ကျွန်တော့်ကို တိုက်ရိုက်ပြောပြပြီး ဆရာမိုးဟိန်းရဲ့ ပြည့်ဝတဲ့ နှလုံးသားကို လူအများသိအောင် လုပ်ပေးဖို့ အကူအညီတောင်းခဲ့လို့ ပြန်လည် လက်ဆင့်ကမ်း တင်ပြလိုက်တာဖြစ်ပါတယ်။

ဆရာ မိုးဟိန်းကို လူချင်း အပြင်မှာ တစ်ခါပဲ ဆုံဖူးတယ်။ စကားတောင် မပြောခဲ့ဖူးပါဘူး။ “သူလိုလူ”ကို ဘာသာပြန်ခဲ့တဲ့ ဆရာမ မသိင်္ဂီကို ဆရာမိုးဟိန်းက ဂုဏ်ပြုတဲ့ ပွဲ (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ကျွမ်းကျင်တဲ့ ဆရာမိုးဟိန်းကတောင် မသိင်္ဂီရဲ့ ဘာသာပြန်အပေါ် ကျေနပ်ခဲ့တာလေးကို ပြခဲ့တဲ့ ပွဲ) မှာပေါ့။  ဒါပေမယ့် သူ့ကဗျာတွေနဲ့ ရင်းနှီးနေတယ်။ “လူသာ ဆုံးတယ် ကျန်တာ မရှုံးဘူး”လို့ ဆရာက ကျွန်တော်တို့ကို မှာသွားခဲ့ပါတယ်။ ကျွန်တော်တို့လည်း တစ်နေ့မှာ ဆုံးရမှာပါ။ သို့သော် ဆရာ့လို ကျန်တာတွေ မရှုံးအောင်တော့ ကျွန်တော်တို့တွေ အများကြီး ကြိုးစားရပါလိမ့်ဦးမယ်။

Published Poem

cat-in-pool

ပြာသို နိုင်းချင်း

———–

(၁)
နှုတ်နဲ့ဖြစ်ဖြစ်
လက်နဲ့ဖြစ်ဖြစ်
ခဏပန်း ချစ်ပြတာမျိုးလောက်တော့
လူမပြောနဲ့
တိရစ္ဆာန်တောင် တတ်တယ်
ဥပမာ
ကြောင်….

(၂)
ခွေးလောက်မှ
အနှစ်မပါဘဲနဲ့
သိပ်ချစ်တာပဲလို့
လာမချွဲနဲ့
ဟဲ့…
ငါ့ အသည်းဟာ
ဗြောင်….

(၃)
ညောင်…
ညောင်…
ညောင်…

——————

တစ်သက်နဲ့တစ်ကိုယ် တစ်ခါသာ မဂ္ဂဇင်းကို ပေးဖူးတဲ့ ကဗျာဖြစ်ပါတယ်။ ၁၉၉၄ခုနှစ်က “ရှေ့ပြေး”မဂ္ဂဇင်းရဲ့ အဖွင့်ကဗျာအဖြစ် ဖော်ပြခဲ့ဖူးတယ်။ “ဥတ္တရလမင်း”စာချစ်သူများအဖွဲ့က ရန်ကုန်မြို့ ကမ်းနားလမ်းက နန်းသီတာနေရာမှာ ဖွင့်ထားတဲ့ ရွှေဘဲ ဆိုင်မှာ ဧည့်ခံကျွေးမွေးစဉ်က သည်ကဗျာကို ရွတ်ပြမိတဲ့အခါမှာ “ငါ့ကို ပြန်ပို့ကြပါလေ”ဆိုတဲ့ ကဗျာဧတဒဂ် ဖန်မီးအိမ်ကဗျာဆရာကြီးက “အလာကြီးပဲ”လို့ မှတ်ချက်ချခဲ့ဖူးတယ်။

Unpublished Poem

မဟာစည်သွား ရိပ်သာလား

(တောလားလို့ ရေးလို့မတင့်တယ်တာမို့ ရိပ်သာလားလို့ အတတ်ဆန်းထွင်ကြည့်တာပါ။)

—————————————————————————————

မဟာစည်

လာပြီကွဲ့ တစ်ခေါက်…။

စီစဉ်သူ စေတနာများရယ်နဲ့

ကြည်လင်စွာ သဒ္ဓါပွားပါလို့

တရားကိုတဲ့ တွေ့ရအောင်

ပို့ဆောင်ကာ နေရာထားတယ်

ပတ္တမြားဆောင်ရောက်။

ပတ္တမြားဆောင်

ယားရင်တောင် မကုတ်ရဲစေရ

ဂုတ်ဆွဲကာ နတ်ပြည်တင်လေမယ့်

မျက်မှန်ရှင် ကိုယ်တော်မြတ်ရယ်က

ကြပ်မတ်လို့ ခြယ်လှယ်တယ်

အပေါက်ရယ် တကယ်ဆိုး…

ကမ္မဋ္ဌာန်းတရားဆိုတာမျိုးက

ရိုကျိုးစွာ ရှုမှတ်စဉ်

စိတ်ကြည်လင် ဉာဏ်လျှင်ပေါက်နိုင်မှ

ရောက်နိုင်မယ့် ခရီးဟာမို့

ကတီးကတီးမြည်တွန်သူ

သည်လူလွန် ဆရာကိုယ်တော်မြတ်ရယ်ကြောင့်

(ဦးဇင်းတို့ရေ… ကျုပ်တို့မှာ) အာပတ်သာ အထပ်ထပ်တိုး။          ။

——————–

(၁၉၉၁ခုနှစ် ကြမ္မာငင် ၄၈နာရီ အမှတ်တရ အပြီးတွင် မဟာစည်ရိပ်သာ၌ ရဟန်းဝတ်ဖြင့် တရားအားထုတ်ရန် မဖြစ်ညစ်ကျယ် ကြိုးစားခဲ့စဉ်က အတ္တကျော်/ဆူဒိုနင် ရေးသားခဲ့သော ရှားရှားပါးပါး လေးချိုးလေးဖြစ်ပါတယ်။ ကဗျာအနေနဲ့ ပုံနှိပ်ဖော်ပြခဲ့ခြင်း မရှိပေမယ့် ၁၉၉၅ခုနှစ်က ရှေ့ပြေးမဂ္ဂဇင်းမှာ “အိပ်မက်ဟုတ်ဘူး အချစ်ဦးရယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့တဲ့ အခန်းဆက် ၀တ္ထုရှည်မှာတော့ ဇာတ်ဝင် ကဗျာအဖြစ် ပုံနှိပ်ဖော်ပြခဲ့ဖူပါတယ်။ အဲဒီ့ဝတ္ထုရှည်က ရှေ့ပြေးမဂ္ဂဇင်းရပ်သွားတာနဲ့အတူ တစ်ခါတည်း ရပ်သွားခဲ့ပြီး အဆုံးမသတ်ဖြစ်ခဲ့ပါ။ ဘယ်တော့မှလည်း အဆုံးသတ်ဖြစ်တော့မှာ မဟုတ်တဲ့ “တိုးလို့တန်းလန်းမဂ္ဂဇင်းဝတ္ထုရှည်”အဖြစ် မှတ်တမ်းတင်ရပါမယ်။)