Regretfully

နောင်တအတိနဲ့ ရေးတဲ့စာ

သူက ကျွန်တော့်ထက် လေးနှစ်နီးပါးကြီးပါတယ်။ အဲတော့ သူက တက္ကသိုလ်ကို ကျွန်တော့်ထက် လေးနှစ် စောရောက်တာပေါ့။ ကျွန်တော် တက္ကသိုလ်တက်ချိန်မှာ သူ ကျောင်းက ထွက်သွားပြီ ထင်တယ်။ ဒါပေမယ့် သူ့ကဗျာတွေက ကျွန်တော်တို့ တက္ကသိုလ်ရောက်ချိန်အထိ ကျန်ရစ်နေတုန်းပါ။ ကျွန်တော့်ထက်ကြီးပြီး တက္ကသိုလ်မှာ ကျောင်းဆွေးဆွေး လူဆွေးဆွေး နေတဲ့ ကဗျာဆရာ ရာမ(ဘူမိဗေဒ)ရဲ့ ကျေးဇူးနဲ့ သူ့ကဗျာတွေ ဖတ်ရတယ်လို့ ပြောရမယ် ထင်တယ်။

ကိုရာမက ကျွန်တော် တက္ကသိုလ်မရောက်ခင် ဆယ်တန်း ကျောင်းသားဘဝမှာကတည်းက လူချင်းလည်း မတွေ့ဖူးဘဲ ကျွန်တော့် ကဗျာတွေကို သူတို့ တက္ကသိုလ်ကျောင်းတော်သားတွေ စုထုတ်တဲ့ စာကူးစက် လက်လှည့် ကဗျာစာအုပ်ထဲမှာ ယူသုံးခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော်တက္ကသိုလ်ရောက်တော့ သူ့ကို သွားတွေ့ခဲ့တယ်။ သူနဲ့ နှစ်ကြိမ်လားပဲ ဆုံလိုက်ရတယ်။ သခင်ကိုယ်တော်မှိုင်း အရေးတော်ပုံက ကျွန်တော် ပထမနှစ် ကျောင်းသားဘဝမှာ ပေါ်ပေါက်လာခဲ့တာမို့ သူအဖမ်းခံ လိုက်ရပြီး ထောင်ကျသွားပါတော့တယ်။ သူနဲ့ ဆုံတုန်းမှာ သူက “တောကျောင်းဘုန်းကြီး”ရဲ့ ကဗျာတွေ ကောင်းကြောင်း ညွှန်းတာနဲ့ ကျွန်တော်လည်း ဖတ်ကြည့်ခဲ့ဖူးပါတယ်။

ကျွန်တော် မကြိုက်ပါဘူး။ အလင်္ကာတွေ ဖောင်းဖောင်းပွပွ သုံးထားတာကလွဲရင် အနှစ်အသား မရှိလှဘူးလို့ မြင်မိရတယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ အဲဒီ့ဆရာရဲ့ ကဗျာတွေကို မဖတ်ဖြစ်တော့ဘူး။

အဲ… အဲဒီ့ “တောကျောင်းဘုန်းကြီး”ဆိုတာ ဆရာသာဓုရဲ့ သားထွေး၊ ဒါရိုက်တာ မောင်ဝဏ္ဏနဲ့ မင်းသား သုမောင်တို့ရဲ့ ညီ ဆိုတာရယ်၊ “မင်းလူ”နာမည်နဲ့ စာတွေ ရေးစပြုနေပြီဆိုတာရယ်ကိုလည်း ကိုရာမဆီက တစ်ဆင့် သိထားရပါတယ်။

ခက်တော့လည်း ခက်သားလားဗျ။ ပထမဆုံးမြင်လိုက်တဲ့ အမြင်က လူတယောက်မှာ ကာလတောင်တာ ရှည်ကြာတဲ့အထိ စွဲမြဲသွားတတ်တဲ့ သဘာဝက ရှိပေတာကိုး။ သူ နုစဉ်အခါက ရေးခဲ့တဲ့ ကဗျာတွေအပေါ်မှာ မသာယာမိခဲ့တဲ့အတွက် သူ့ လုံးချင်းတွေ ထွက်လာတော့လည်း ဖတ်ကို မဖတ်ဖြစ်ခဲ့ဘူး။

သူ တအားအောင်မြင်ပါတယ်။ သူ့ဝတ္ထုတွေလည်း ရုပ်ရှင်တွေ ရိုက်၊ အကယ်ဒမီတွေရတဲ့အထိ အောင်မြင်တယ်။ ဒါပေမဲ့ ကျွန်တော် တအုပ်မှ မဖတ်ဖြစ်ခဲ့ဘူး။ ပထမဆုံး အမြင်ရဲ့ ချယ်လှယ်ပုံက အဲလိုသင်းတာ။ ပိုဆိုးတာက သူ့ဝတ္ထုကို ရုပ်ရှင် ရိုက်သူက သူ့အစ်ကိုကြီး ဖြစ်နေတာလည်း ပါပါလိမ့်မယ်။ သူတော်တာ မဟုတ်ဘူး၊ သူ့အစ်ကိုကြီး တော်တာဆိုတဲ့ အစွဲလည်း ဝင်သွား ထင်ပါရဲ့။

ကျွန်တော့် ပထမဆုံး စာမူ ပြင်ပ စာနယ်ဇင်းမှာ စတင်ပုံနှိပ်ဖော်ပြခံရချိန်က ၁၉၈၀ ဖြစ်ပေမယ့် တကယ့်တကယ် စာပေနယ်ကို ထဲထဲဝင်ဝင် စ ရောက်ချိန်က ၁၉၈၈ ခုနှစ်မှပါ။ အများသိတော်မူတဲ့အတိုင်း အဲဒီ့အချိန်မှာ သူ့ရဲ့ “ဘာတွေ ဖြစ်ကုန်ကြပြီလဲ”ဆိုတဲ့ ကဗျာက လူထုကြားမှာ ပျံ့နှံ့သွားချိန်ပေါ့။ ဘယ်သူရေးမှန်း အဲတုန်းက မသိကြပါဘူး။ ကျွန်တော်ကတော့ ဒါ သူ့လက်ရာ ဖြစ်လောက်တယ်ဆိုတာ မှန်းမိခဲ့တယ်။

အဲဒီ့အချိန်က ကျွန်တော် ဗြိတိသျှ သံရုံး ပရဝုဏ်အောက်မှာ အမှုထမ်းနေချိန်၊ ဥရောပ သမဂ္ဂရဲ့ ဘာသာပြန်။ အဲတော့ အဲဒီ့ကဗျာကို တာဝန်အရ ကျွန်တော် အကြမ်းဘာသာပြန်ပြီး တင်ပြခဲ့ရပါတယ်။ ကျွန်တော့်ဘာသာပြန်ကို အဲဒီ့အချိန်က တတိယ အတွင်းဝန်အဖြစ် အမှုထမ်းနေတဲ့ ဗြိတိသျှအမျိုးသမီး၊ နောက် ၁၅ နှစ်ကျော်အကြာမှာ ဗြိတိသျှ သံအမတ်ကြီး အဖြစ်နဲ့ တကျော့ပြန် ရောက်လာသူက သဘောကျသွားပြီး ကျွန်တော်နဲ့ ပြန်လည်ညှိနှိုင်းကာ အချောသတ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကပေါက်တိ ကပေါက်ချာ အင်္ဂလိပ်လို ဘာသာပြန်ချက်ကို သူက တကယ့် အင်္ဂလိပ်လို ဖြစ်သွားအောင် ချောပေးခဲ့တာလို့ ဆိုနိုင်ပါလိမ့်မယ်။

နောက်တော့ သူအဖမ်းခံရ၊ သူ အဲဒီ့ကဗျာကို ရေးတာမှန်း တပြည်လုံး သိကြရပေါ့။

သူ့အစ်ကိုကြီးနဲ့ ကျွန်တော်နဲ့ သိကျွမ်းခင်မင်တယ်။ သူ့ဒုတိယအစ်ကို ဆရာသုမောင်က ကျွန်တော့်ရဲ့ အလင်းတန်း ဂျာနယ်ပါ “ကျောက်ခဲကြီးများ” ဘာသာပြန်စာမူကို သဘောကျလို့ အလင်းတန်း ဂျာနယ်မှာပဲ “အတ္တကျော် ချီးမွမ်းခန်း” ဆိုတဲ့ စာတပုဒ်ရေးလိုက်တဲ့အတွက် ကျွန်တော် သွားကန်တော့ရင်း ခင်မင်လာခဲ့တယ်။ သို့တိုင်အောင် သူနဲ့ကျတော့ လူချင်း မသိခဲ့ပါဘူး။ အမှန်အတိုင်း ဝန်ခံရရင် သူ့ရဲ့ အောင်မြင်တဲ့ ဝတ္ထုတွေလည်း တပုဒ်ဆို တပုဒ်မှ မဖတ်ဖူးဘူး။

သည်လိုနဲ့ ကျွန်တော်လည်း စာပေနယ်မှာ နေရာလေးတနေရာ ရလာပါတယ်။ ကျွန်တော့် လုံးချင်းတွေလည်း သူ့ဟာနဲ့သူ အောင်မြင်လာပါတယ်။ အဲလို အချိန်ကျတော့မှ သူနဲ့ စတွေ့ရပါတယ်။ ခုနှစ်တော့ မမှတ်မိဘူး။ ၂၀၀၃ ခုနှစ် ဝန်းကျင် ဖြစ်ပါလိမ့်မယ်။ နေရာတော့ မှတ်မိတယ်။ ဗိုလ်ချုပ်လမ်းနဲ့ လွစ္စလမ်း (ဆိပ်ကမ်းသာလမ်း)ထောင့်က အာရှ ပလာဇာမှာ ဖြစ်ပါတယ်။

အဲတုန်းက Forever က ရုပ်သံလိုင်း မရောက်သေးဘဲ ebook ထုတ်နေချိန်ပါ။ ကျွန်တော့် စာအုပ်တွေကိုလည်း Forever က ebook အဖြစ် ယူထုတ်ခဲ့ပါတယ်။ (ကနေ့ အင်တာနက်ပေါ်မှာ ရှိနေတဲ့ ကျွန်တော့် စာအုပ် ebook တွေ အားလုံးဟာ Forever ရဲ့ ကျေးဇူးပါပဲ။)

အဲဒါ ဘယ်နှနှစ်မြောက်တော့ မမှတ်မိဘူး။ အိုလံပစ် ပလာဇာမှာ Forever က ebook မိတ်ဆက်ပွဲ လုပ်တယ်။ အဲဒီ့ပွဲကို ဖိတ်တော့ ကျွန်တော်လည်း ရောက်သွားပါတယ်။ ပွဲအပြီးမှာ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ ဘယ်သူတွေ ပါလဲဆိုတာ လည်း ကျွန်တော် မမှတ်မိပြန်ဘူး။

သို့ပေမယ့် ကဗျာဆရာအောင်ဝေးက တချီသားမှာ ကျွန်တော့်ကို ပြောပါတယ်။

“ခင်ဗျား ရသရေးလည်း ကောင်းရဲ့သားနဲ့ဗျာ၊ ရသတွေ ရေးစမ်းပါဗျ”တဲ့။

ကျွန်တော် ဘာပြန်ပြောရမှန်း မသိလို့ ရယ်ကျဲကျဲ လုပ်နေတုန်းမှာ ဝိုင်းထဲမှာ ထိုင်နေတဲ့ တိုက်ပုံနဲ့ အသားညိုညို၊ အကောင်သေးသေး ဆရာတယောက်က ဝင်ပြောပါတယ်။

“သူ အခု ရေးနေတာတွေလဲ ရသတွေပဲလေ”တဲ့။

အဲဒီ့ဆရာကို ကျွန်တော် မသိပါဘူး။ လူစုကွဲတော့မှ အဲဒါ ဘယ်သူလဲလို့ အနားကတယောက်ကို ကပ်မေးလိုက်မိပါတယ်။

“ဆရာ မင်းလူလေဗျာ… ခင်ဗျား မသိဘူးလား”

သေဟဲ့ နန္ဒိယပေါ့။ ကျွန်တော်တို့များ ထူမလိုလိုနဲ့ အတော် န ပုံ ပြောပါတယ်။

အဲဒီ့နောက်မှာတော့ သင်္ဃန်းကျွန်း သာဓုခြံကို ရောက်တိုင်း သူတို့ ညီအစ်ကို လေးယောက်နဲ့ တွေ့ရပါတယ်။

အစ်ကိုကြီး မောင်ဝဏ္ဏနဲ့က ကျွန်တော် ဥရောပ သမဂ္ဂမှာ လုပ်နေစဉ် ဥရောပ ရုပ်ရှင်ပွဲတော်အတွက် သွားဖိတ်ကြားရင်း သိကျွမ်းခဲ့တာ။ ဆရာသုမောင်နဲ့က အထက်မှာ ပြောခဲ့တဲ့အတိုင်း။ ကိုရူပကျတော့ တမျိုး။ ကိုရူပက “ဒေါ်လေးဝေ”ရယ်လို့ ချစ်စနိုးခေါ်တဲ့ ကိုရူပရဲ့ ဇနီးက ကျွန်တော်နဲ့ တက္ကသိုလ်တုန်းက တတန်းတည်း။ သူ့အိမ်က အဲဒီ့အချိန်က ကျွန်တော့်ကား ဘော်ဒီဆိုင်နဲ့ ကပ်လျက်မှာမို့ ကားဘော်ဒီဆိုင် ရောက်ရင် သူတို့အိမ် ဝင်လည်၊ ထိုင် လေပန်းရင်း နေခဲ့တာမို့ ပြောမနာ ဆိုမနာ ရင်းနှီးတဲ့ အတန်းဖော်သူငယ်ချင်းပေါ့။ ဘယ်လောက်ရင်းနှီးလဲဆိုရင် သူ့နာမည် ဝေဝေသက်ကို ကျွန်တော်က “ဝေသက်… ဝက်သေ”လို့ ခေါ်တဲ့အထိပါပဲ။

 အဲဒီ့အချိန်မှာ အစ်ကိုကြီး ကိုဝဏ္ဏက စိတ်ကျတဲ့ ဝေဒနာ ခံစားနေရပြီး ဆေးကုနေချိန်ဖြစ်နေပါတယ်။ ကျွန်တော် သတိထားမိလိုက်တာက ဆေးတင် မဟုတ်ဘဲ စကားပြောဖို့ပါ လိုတယ်လို့ သိလိုက်ပါတယ်။ ဒါနဲ့ တာဝန်တခုလို ကိုယ့်ဘာသာ သတ်မှတ်ကာ အစ်ကိုကြီးဆီကို နေ့စဉ် ပုံမှန် သွားပြီး စကားတွေ ထိုင်ပြောခဲ့ပါတယ်။ အစ်ကိုကြီးကလည်း ကျွန်တော်နဲ့ စကားပြောရတာ ခံတွင်းတွေ့ပုံပါပဲ။

 သူတို့ ညီအစ်ကို လေးယောက်က တအိမ်နဲ့ တအိမ် မဝေးလှပေမယ့် အကိုကြီးဆီ အခါ ၂၀ လောက်ရောက်မှ ကိုရူပတို့ ရွှေကြေးစည် လက်ဖက်ရည်ဆိုင်ကို တခေါက်လောက် ရောက်ပါတယ်။ ကိုရူပနဲ့ ဆရာမင်းလူနဲ့က အပေါ်ထပ် အောက်ထပ်နေကြတာမို့ ဆရာမင်းလူနဲ့လည်း ရံဖန်ရံခါ ဆုံပါတယ်။

 ခက်တာက သူက အချိန်ဇယားနဲ့ နေတဲ့သူ။ တညလုံး လုံးဝမအိပ်၊ မိုးလင်းတော့မှ အိပ်ပြီး မွန်းလွဲမှ ထ၊ ညနေ ငါးနာရီလောက်မှ လက်ဖက်ရည်ဆိုင် ထိုင်။ အဲသလိုဆိုတော့ သူနဲ့ သိပ်မဆုံဖြစ်ဘူး။ ကျွန်တော့် စာအုပ်သစ် ထွက်တဲ့အခါ လက်ဆောင်ပေးချင်တော့မှ တခုတ်တရ စောင့်ပြီး သူ့ကိုပေးရတာ။

 သူကလည်း သူ့စာအုပ်တွေ လက်ဆောင် ပြန်ပြန်ပေးပါတယ်။ ဒါပေသည့် ကျွန်တော် ငမိုက်သားက မဖတ်ဘူးဗျ။

 ၅

အစ်ကို မောင်ဝဏ္ဏကိုတော့ တကယ့် အစ်ကိုရင်း တယောက်လိုကို ကျွန်တော်က အတော်ချစ်ပါတယ်။ လေးလည်း လေးစားတယ်။

အစ်ကိုနဲ့က ခရီးလည်း မှတ်မှတ်ရရ သုံးခါ အတူသွားဖူးတယ်။ နှစ်ခါက စာပေ ဟောပြောပွဲတွေ။ ပထမ တစ်ခေါက်က သူရယ်၊ တွတ်ပီဆရာ ဆွေမင်း (ဓနုဖြူ)ရယ်နဲ့ ဓနုဖြူကို သွားကြတာပါ။ နောက်တစ်ပွဲက နတ္တလင်းမှာ၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)နဲ့ ဆရာ မြတ်သစ်တို့လည်း ပါလာခဲ့ပါတယ်။

အဲဒီ့နှစ်ပွဲ ကြားထဲမှာ ကျွန်တော့်သမီး မေမြို့မှာ ကျောင်းအိပ်ကျောင်းစားနေနေတာကို သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ပြန်ခေါ်လာပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံက သမီးကို ပြန်ပို့မယ်ဆိုတော့ အစ်ကိုက သူလည်း လိုက်လို့ရရင် လိုက်ချင်တယ်ဆိုတာနဲ့ အစ်ကိုပါ ပါတဲ့ ခရီးစဉ်ပါပဲ။ တကယ့် အမှတ်တရပါပဲ။ (ကျွန်တော်နဲ့ အကယ်ဒမီများဆိုပြီး အလျဉ်းသင့်ရင် ရေးပါဦးမယ်။ ခက်တာက ခပ်တည်တည်နဲ့သာ ရေးမှာ၊ ကျွန်တော်နဲ့ သိတဲ့ အကယ်ဒမီရှင်တွေက အစ်ကိုရယ်၊ သူ့ညီ ဆရာ သုမောင်ရယ်၊ ဒေါ်ချိုပြုံးရယ်၊ ဒေါ်ဆွေဇင်ထိုက်ရယ်၊ ဦးအောင်လွင်ရယ်တို့ပဲ ရှိတာပါ။)

ဒါ့ကြောင့် သူတို့ ညီအစ်ကို လေးယောက်အနက်မှာ အစ်ကိုကြီးနဲ့ ကျွန်တော်နဲ့က အရင်းဆုံးလို့ ပြောလို့ ရပါတယ်။ အစ်ကိုကြီးရဲ့ ဘဝတာ နောက်ဆုံး ရှစ်နှစ်မှာ ကျွန်တော်ဟာ အစ်ကို့နံဘေးမှာ တချိန်လုံး ရှိနေခဲ့တယ်။ အဲဒါကို ဆရာမင်းလူက သတိထားမိဟန် တူပါရဲ့။

ကျွန်တော့်ကို သူက တော်တော် ချစ်ချစ်ခင်ခင် ရှိတာကို ခံစားရတယ်။ သူ့စာကို ကျွန်တော်မှတ်မှတ်ရရ စဖတ်ဖူးတာကတော့ “စာပေ ကယ်ရီကေးချား”ပါပဲ။ စာပေနယ်က သူ ချစ်ခင်တဲ့ စာရေးဆရာ၊ ဆရာမတွေကို သူက ကျီစယ်ထားတဲ့ စာတွေပေါ့။ ကျွန်တော်တို့ ဇနီးမောင်နှံကိုပါ ထည့် ကျီစယ်ထားတာမို့ ကြည်နူးရပါတယ်။

ကျွန်တော့်ရဲ့ “တောသားလည်း ဟုတ်နိုင်ပေါင် ခင်ရယ်”စာအုပ်အတွက် သူ့ကို အမှာစာရေးပေးဖို့ ပြောတဲ့အခါ သူက အလွယ်တကူ ရေးပေးခဲ့သလို ရသစာပေအတွက် သူ ကျွန်တော့်လက်ကို အားထားတဲ့ စကားတွေလည်း ပါလာတာမို့ ဝမ်းနည်းမိရပြန်တယ်။ သူကသာ အားထားနေတာ၊ ကျွန်တော်က စာချောအောင် ရေးတတ်တာကလွဲလို့ ရသဘက်မှာ အဖြစ် မရှိမှန်း ကိုယ့်ကိုယ်ကိုယ် အသိဆုံးမို့ပါ။ အဓိကကတော့ ကျွန်တော် အပျင်းထူတာပါ။ ရသက အားစိုက်ရတယ်။ ကျွန်တော် ရေးချင်သလို လျှောက်ရေးနေတဲ့ စာတွေက အားစိုက်စရာ မလိုဘူး။ အဲတော့ အပျင်းထူပြီး အလွယ်လမ်း လိုက်နေတဲ့ ကျွန်တော်ပါ။ အဲလိုလူကိုမှ သူက ရသအတွက် အားထားတယ်ဆိုတော့ ငိုချင်တာပေါ့ဗျာ။

အစ်ကိုကြီး မရှိတဲ့နောက် သူနဲ့ ကျွန်တော်နဲ့ မလွှဲသာမှပဲ ဆုံဖြစ်တယ်။ ကျန်တဲ့အပိုင်းတွေ ထားပြီး ကျွန်တော် သည်စာကို ရေးဖြစ်တဲ့အကြောင်း အထိ ကျော်လွှားလိုက်ကြပါစို့ရဲ့။

သူ တိမ်းပါးသွားခဲ့တာ ၃ နှစ်ရှိပါပြီ။ သူမရှိတော့မှပဲ သူ့စာတွေ ဖတ်ဖြစ်တယ်။ ဒါလည်း စိတ်ကူးပေါက်မှ ဖတ်ဖြစ်တာပါ။ ကျွန်တော့်အလုပ်နဲ့ ကျွန်တော် ဂျင်ချေလည်နေတာမို့ သူ့စာအပါအဝင် ရသ စာတွေ သိပ်မဖတ်ဖြစ်တော့တာ ကြာပါပေါ့။

အလုပ်များတဲ့ နိုင်ငံခြားသား တစ်ယောက်နဲ့ စကားစပ်မိတော့ အဲဒီ့မောင်က ကျွန်တော့်ကို မေးတယ်။ တနှစ် တနှစ်ကို အဲလို ရသစာအုပ် ဘယ်နှအုပ်လောက် ဖတ်ဖြစ်လဲတဲ့။ ကျွန်တော်က ဆယ်အုပ်လောက်တော့ ဖတ်ဖြစ်သေးတယ်လို့ ပြောတဲ့အခါ သူက ကျွန်တော့်ကို အားကျလိုက်တာတဲ့။ သူ့မှာ တနှစ်ကို နှစ်အုပ်၊ သုံးအုပ်တောင်မှ အနိုင်နိုင်တဲ့။

သူ့စကားကို ကိုယ်ချင်းစာပါတယ်။ ကျွန်တော်တို့ ခေတ်မီကမ္ဘာကြီးက လိုချင်တပ်မက်စရာတွေ များပြား၊ ငွေနောက်ကို ဟပ်ထိုး ဟပ်ထိုးလိုက်ရင်း ကိုယ့်စိတ်ကိုယ် အစာကျွေးဖို့ ခက်ခဲနေတဲ့ ဘဝတွေကို ဖန်တီးထားတဲ့ ကမ္ဘာကြီးဖြစ်နေပြီလေ။ အမှန်တော့ ရသ ဖတ်တယ်ဆိုတာ စိတ်ကို အစာကျွေးတာပါ။

ကျွန်တော့်ဘဝက သူများထက် နည်းနည်း ပိုနိပ်တာက အချိန်အားလေးတွေ ရှိနေတတ်တာပါပဲ။ အပျင်းသာ မကြီးရင် စာရေး စာဖတ် တော်တော် လုပ်နိုင်မယ့် ဘဝမျိုးမှာ အေးအေးချမ်းချမ်း နေနေရပါတယ်။ ဒါပေသည့် ကျွန်တော်က အပျင်း အင်မတန်ကြီးတော့ တခါတလေ တနေသာ ကုန်သွားတယ်၊ ဘာမှ မည်မည်ရရ မလုပ်ဖြစ်၊ မဖတ်ဖြစ်၊ မရေးဖြစ် နေ့တွေကလည်း အများကြီးပဲ။ အလကားနေရင်း ကွန်ပျူတာရှေ့ ထိုင်ပြီး ဟိုဖတ်သည်ဖတ်၊ တောင်ရေး မြောက်ရေး လုပ်တာတွေတော့ ရှိသပေါ့။

ထားပါတော့ဗျာ။ စကားက လိုရင်းကို မရောက်တော့ဘူး။

မနေ့ကတော့ သူ့စာတအုပ်ကို မျက်စိနဲ့ ခလုတ်တိုက်မိတယ်။ သူ့ကို လွမ်းလွမ်းရှိတာနဲ့ အဲဒီ့ စာအုပ်ကလေးကို ကောက်ကိုင်မိသွားတယ်။

အားပါး…ကောင်းလိုက်တာ။ ကျွန်တော့်ရင်ထဲမှာ လှိုက်ခနဲဖြစ်သွားရတဲ့ စာအုပ်။ သူ့စာအုပ်တွေ ကျွန်တော် အကုန် မဖတ်ဖူးပါဘူး။ အလွန်ဆုံးမှ ငါးအုပ်၊ ခြောက်အုပ်ပဲ ရှိပါလိမ့်မယ်။ အကုန်လုံး ဖတ်ပြီးမှ ပြောရင်တော့ ပိုကောင်းမှာပေါ့။ အကုန်မဖတ်ဘဲ ပြောရင် ဒေါသများ သင့်နေမလား မသိဘူး။

ဒါပေမယ့် ပြောချင်တယ်ဗျာ။ အဲဒီ့ စာအုပ်ဟာ မင်းလူရဲ့ မာစထာဖိ(စ်)၊ အကောင်းဆုံး လက်ရာပါလို့။

ဘာစာအုပ်လဲဆိုတော့ “ငှက်ကလေး”တဲ့။Bird

ကျွန်တော့်စိတ်ထဲမှာ သူ့အပေါ် ပထမဆုံး အမြင် မကောင်းခဲ့တာ ပြောခဲ့ပြီးပါပြီ။ ဒါပေသည့် “စာပေ ကယ်ရီကေးချား”ကို ဖတ်ပြီးတဲ့အခါ သူ့ရဲ့ အာဝဇ္ဇာန်းနဲ့ ဟာသအမြင်ကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

သူကွယ်လွန်ပြီးမှ ထွက်လာတဲ့ “တစ်ကိုယ်တော် မဂ္ဂဇင်း”မှာတော့ သူ့ကို အလေးမပြုဘဲ မနေနိုင်အောင် ဖြစ်ရတယ်။ သူမှ “စာရေးဆရာ”ဘွဲ့ကို ခံထိုက်သူလို့ မြင်တဲ့အတွက် “သို့… ဒေဝတာမြို့တော်”ဆိုတဲ့ သူ့ကို လွမ်းတဲ့ စာအုပ်ထဲမှာ အဲဒီ့အတိုင်း ရေးပြီး သူ့ကို လွမ်းခဲ့ဖူးပါတယ်။

နောက်ပိုင်း သူ့စာအုပ် နှစ်အုပ်ကို ဆက်ဖတ်ဖြစ်တယ်။ အချစ်ဝတ္ထု ရိုးရိုးလေးတွေကို ဟာသလေးနှောပြီး လွမ်းအောင် ရေးသွားတာလေးတွေမို့ စွဲစွဲမက်မက် မဖြစ်ခဲ့ဘူး။ သူ စာရေးကောင်းတာကိုတော့ ဘယ်လိုမှ အသိအမှတ် မပြုဘဲ မနေနိုင်ဘူးပေါ့။

 သူ့ဝတ္ထုတိုတွေကတော့ ပြောစရာ မလိုပါဘူး။ ပြောရမယ်ဆိုရင် သူ့ကို ဝတ္ထုရှည်ထက် ဝတ္ထုတိုရေးတာ ပိုကောင်းတယ်လို့တောင် အောက်မေ့နေခဲ့မိတဲ့အထိပါပဲ။

 ၉

“ငှက်ကလေး”နဲ့ တွေ့တော့မှ တကယ် ဖျားတော့တာ။

 ဇာတ်လိုက်က “ကိုယ်”၊ “ခိုင်”က မင်းသမီးလိုလိုနဲ့ ဇာတ်ပို့။ တကယ့် ဇာတ်လိုက်က အဖေနဲ့အမေ။

 မဖတ်ရသေးသူတွေ ဖတ်ရတာ အရသာမပျက်အောင် ဇာတ်ကြောင်းကို ကျွန်တော် မပြောတော့ပါဘူး။ စတုတ္ထအကြိမ်ထုတ် အဲဒီ့ စာအုပ် ကျောဖုံးက ကောက်စာတွေကိုပဲ ကူးပြပါရစေ။

ကိုယ်နှင့် မေမေ စကားပြောသည်။ ကိုယ်နှင့် ဖေဖေ စကားပြောသည်။ ဖေဖေနှင့် မေမေ စကားမပြောကြပါ။ ကိုယ်ရယ်၊ မေမေရယ်၊ ဖေဖေရယ် သုံးယောက်ဆုံပြီးတော့လည်း စကားမပြောကြပါ။ တစ်အိမ်ထဲမှာနေသော လူနှစ်ယောက်တို့ စကားမပြောကြခြင်းသည် ထူးဆန်းသည်ဟု ကိုယ်ထင်သည်။ ဖေဖေနှင့် မေမေတို့သည် ကိုယ့်ကို ဧည့်သည်လိုပါပဲ၊ တစ်ယောက် တစ်လှည့်စီ ဧည့်ခံသလို ဖြစ်နေသည်။ သို့သော်လည်း ကိုယ်သည် ဧည့်သည်တစ်ယောက် မဟုတ်ပြန်ပါ။ စဉ်းစားရ ခက်ပဲ ခက်လိုက်လှပါတော့သည်။

အဲဒီ့စာအုပ်ကို စာဖတ်သူ လူကြီးမင်း မဖတ်ရသေးရင် သည်ကောက်စာတွေကြောင့် စိတ်ဝင်စားသွားလောက်ပြီလို့ ထင်မိပါတယ် ခင်ဗျား။

၁၀

စာအုပ်ဖတ်အပြီးမှာ ပုံနှိပ်ရာဇဝင်ကို ပြန်ကြည့်ပြီး ကျွန်တော့်မှာ ထခုန်မိမတတ် ဖြစ်သွားခဲ့ရပါတယ်။

ကျွန်တော် ဖတ်နေတဲ့စာအုပ်က ဆိုခဲ့တဲ့အတိုင်း စတုတ္ထအကြိမ်၊ ၂၀၁၁ စက်တင်ဘာလထုတ်။

ပထမအကြိမ်က ၁၉၈၁ ခုနှစ် အောက်တိုဘာလတဲ့။

သူ့အသက်နဲ့ ချိန်ထိုးကြည့်မိတော့ သည်စာကို သူ ၁၉၈၁ ခုနှစ်က ရေးတာဆိုရင် သူ့အသက် ၂၇ နှစ်မှာ ရေးခဲ့တာပေါ့။ ဘုရား… ဘုရား…

သည်လူ ဘယ်လိုလူလဲ။ တတ်လှချေလား။

ကျွန်တော် တကယ်ကို ဖျားသွားပါတယ်။ သည်ဝတ္ထုဟာ ခါတိုင်း မင်းလူရေးနေကျလို့ ကျွန်တော်သိထားတဲ့ စာအုပ်မျိုး မဟုတ်ဘူး။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင်”လို၊ မစန္ဒာရဲ့ “အရိပ်”လို ဝတ္ထုမျိုး ဖြစ်နေပါတယ်။

သည်ဝတ္ထုဖတ်ပြီး ကျွန်တော့်ရင်ထဲမှာ ဝေဒနာဖြစ် ကျန်ရစ်တယ်။

၁၁

အဲဒီ့ ဝေဒနာပေါ်မှာ နောက်တဝေဒနာ ထပ်ဆင့်ပြန်တယ်။

အဲဒါက နောင်တ။

၁၉၈၁ ခုနှစ်ဆိုတာ ကျွန်တော် စာအုပ်တွေ နင်းကန် ဖတ်လို့ ကောင်းနေတဲ့ ကာလ။ ဒါပေမယ့် သူ့ဝတ္ထုတွေကို ကျွန်တော် မဖတ်ဖြစ်ခဲ့။ အဲဒါကြီးကို နောင်တရနေမိပြန်တယ်။

ကျွန်တော်သာ သည်ဎတ္ထုကို စောစောစီးစီးက ဖတ်ဖြစ်ထားခဲ့ရင် သူ့ကို ကျွန်တော် မေးဖြစ်ခဲ့မှာတွေ အများကြီး ရှိနေပါတယ်။

ပထမဆုံး မေးခွန်းကတော့ သူ ဘာလို့ သည်ဝတ္ထုကို ရေးတာလဲဆိုတာ ဖြစ်ပါလိမ့်မယ်။ နောက်တခုကတော့ ဘယ်လို စေတနာမျိုးက နှိုးဆွလို့ ရေးတာလဲ ဖြစ်မှာပါ။

သူဖြေမယ့် အဖြေတွေကို ကျွန်တော့်အထင်တွေနဲ့ တိုက်ကြည့်လို့ ရချင်လည်း ရသွားမှာပေါ့။ ဒါမှမဟုတ် သူကလည်း သူ့ထုံးစံအတိုင်း သိုသိုသိပ်သိပ် ကွယ်ကွယ်ဖုံးဖုံးနဲ့ ကျွန်တော့်မေးခွန်းတွေကို လုံးလုံး ရှောင်ချင်လည်း ရှောင်သွားမှာပေါ့။ အဲဒီ့အခါကျတော့လည်း ကျွန်တော်က ရှေ့နေတို့ရဲ့ ပြန်လှန်စစ်မေးတဲ့ ပုံစံနဲ့ သူ့အဖြေတွေကို ညှစ်ထုတ်ရမယ်ဆိုလည်း တော်တော်တော့ ပျော်စရာ ကောင်းမှာပေါ့။

ကျွန်တော်အကြီးအကျယ် နောင်တရနေမိပါတယ်။ ကျွန်တော့်မှာ မေးခွန်းတွေ အများကြီး ကျန်နေသေးတယ်။ အဖြေပေးမယ့် သူကဖြင့် သည်လောကကြီးက ထွက်ခွာသွားတာတောင် သုံးနှစ်ရှိသွားပြီ။

ကျွန်တော် ရင်ခံနေတယ်။ အီလည်လည် ဖြစ်နေတယ်။ ကိုယ့်ပါးကိုယ်တောင် ရိုက်ချင်မိတဲ့အထိပါပဲ။

၁၂

နောက်ဆုံး အရေးကြီးတဲ့ မေးခွန်းတစ်ခုကို မေးရင်လည်း သူကတော့ ဖြေမှာ မဟုတ်ပါဘူး။ သူ့ထုံးစံအတိုင်း ပြုံးစေ့စေ့နဲ့ မထုံတက်သေး လုပ်၊ ဒူးကလေး လှုပ်ရင်း “ကိုယ့်ဘာသာ ကြိုက်သလို စဉ်းစားပေါ့ဗျာ”လို့ ဖြေမှာလည်း သေချာပါတယ်။

အဲတော့လည်း မေးခွန်းကြီးသာ အဖတ်တင်ကျန်နေတော့မှာပါ။ ဒါပေမယ့်လည်း မမေးရ မနေနိုင်တဲ့ ကျွန်တော်က မေးဖြစ်အောင် မေးမိသွားဦးမှာလည်း သေချာပါတယ်။

သြော်… သည်စာကို ဖတ်နေတဲ့ စာဖတ်သူ လူကြီးမင်းများထဲမှာလည်း အဲဒီ့စာအုပ်ကို ဖတ်ထားပြီးတဲ့သူရှိရင် သူ့ကိုယ်စား ဝင်ဖြေပေး၊ ဝင်ဆွေးနွေးပေးပါလို့ တောင်းပန်ပါရစေလားခင်ဗျာ။

မဖတ်ရသေးသူများလည်း အဲဒီ့စာအုပ်ကို ဖတ်ကြည့်ပြီးတဲ့နောက် ကျွန်တော့် နောက်ဆုံး မေးခွန်းကို လာဖြေပေးကြမယ်ဆိုရင်လည်း ကျွန်တော်က အရမ်းကို ကျေးဇူးတင်မိမှာပါ။

ဟုတ်ကဲ့…

နောက်ဆုံးမေးခွန်းက ရိုးရိုးလေးပါ။

သည်ဝတ္ထုကို ဘာ့ကြောင့် “ငှက်ကလေး”ဆိုတဲ့ ခေါင်းစဉ် ပေးခဲ့တာပါလဲ။

အတ္တကျော်

(ရန်ကုန် – ၂၁၀၂၁၆)

စာကြွင်း

စာအုပ်ကို ဖတ်နေတုန်းက စိတ်ထဲမှာ မှတ်မှတ်ထင်ထင် ရှိလိုက်ပေမယ့် ရေးချင်ဇောနဲ့ အထက်က စာတွေကို ချရေးပြီးတဲ့နောက် ကျန်ရစ်ခဲ့တာလေး ဖြည့်ပြောချင်ပါသေးတယ်။

အဲဒါကတော့ စာရေးလိုသူများအတွက် တနည်းတဖုံ အသုံးတည့်မယ်လို့ ထင်တဲ့ အချက်ကလေးပါ။

“ငှက်ကလေး”ကို ရေးသွားရာမှာ ဆရာမင်းလူရဲ့ ဝါကျဖွဲ့ပုံနဲ့ အရေးအသားပါ။ အဲဒီ့ အရေးအသားက ဇာတ်လမ်းကို လုံးဝ အထောက်အကူဖြစ်နေတဲ့အချက်၊ တစ်နည်းပြောရင် ဇာတ်လမ်းကို ပို့ပေးနေတဲ့ အချက်ပါပဲ။ ဇာတ်လမ်းကို ပြန်ပြောပြသူက အလယ်တန်းကျောင်းသားလေး “ကိုယ်”ပါ။ ဇာတ်လမ်းပြောသူရဲ့ ပညာရေးအခြေအနေက အလယ်တန်းသာ ရှိပါသေးတယ်။ သည်အတွက် ဇာတ်ကို ပြန်ပြောပြသွားရာမှာ သုံးသွားတဲ့ ဝါကျနဲ့ စကားပြေက ရိုးရိုးစင်းစင်း၊ လွယ်လွယ်ကူကူ၊ ရှင်းရှင်းလင်းလင်းလေး ဖြစ်နေတာကိုလည်း သတိမထားမိဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ တနည်းပြောရရင် အလယ်တန်းအဆင့် မြန်မာစာကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်သူ ကျောင်းသားလေးတယောက်ရဲ့ ရေးဖွဲ့နိုင်မှု ဘောင်ကို ကျော်မသွားပါဘူး။ (အထက်မှာ ကိုးကား ဖော်ပြခဲ့တဲ့ စာအုပ်နောက်ကျောဖုံးက ကောက်စာလေးကိုပဲ ဖတ်ကြည့်ရင်တောင် အဲဒီ့ အရေးအသားကို ကိုယ်တိုင် ခံစားကြည့်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။)

ဇာတ်လမ်းထဲမှာလည်း အဲဒီ့ ကျောင်းသားလေးက အတန်းပိုင် မြန်မာစာ ဆရာမ “တီချာမေ”ကို ချစ်ခင်လေးစားသလို ဆရာမ စာသင်တာ၊ စာစီစာကုံးလေ့ကျင့်ပြီး ရေးခိုင်းတတ်တာများကို ထည့်သွင်းထားတာမို့ အားလုံးက သူ့ယုတ္တိနဲ့သူ အတော် ဟုတ်နေခဲ့ပါတယ်။

ရသရေးတဲ့အခါ ပုံသဏ္ဌာန် (form) နဲ့ အကြောင်းအရာ (content) နှစ်ခုပါပါတယ်။ အကြောင်းအရာ ဘယ်လောက် ကောင်းနေနေ ပုံသဏ္ဌာန်လွဲနေရင် ရသမမြောက်နိုင်တော့ပါဘူး။

၁၉၉၀ ဝန်းကျင်က (ကိုကျော်ဇင်နဲ့ ကိုကျော်သန်းတို့ ဦးစီး စီစဉ်ပြီး ဆရာမောင်မြင့်မြတ် စာတည်းချုပ် လုပ်ခဲ့တဲ့) “သရဖူ”မဂ္ဂဇင်းမှာ အဲဒီ့ အကြောင်း ကျွန်တော် ရေးခဲ့ဖူးပါတယ်။ အဲတုန်းက ကွန်ပျူတာတွေ မတွင်ကျယ်သေး၊ ကျွန်တော်လည်း ကွန်ပျူတာ မသုံးနိုင်သေးတာမို့ စာမူမူရင်းက ကျွန်တော့်ဆီမှာ မရှိတော့သလို စာအုပ်လည်း ပျောက်နေပါပြီ။ အဲတုန်းက ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်ရယ်၊ ဆရာမ မစန္ဒာရဲ့ အရိပ်ရယ်၊ ဆရာငြိမ်းကျော်ရဲ့ သမုဒယမော်ကွန်း တွင်ရစ်စေသတည်းရယ် ဝတ္ထုရှည်ကြီး သုံးအုပ်က ကလေးသဘာဝ အဖွဲ့တွေကို ကောက်နုတ် ထုတ်ပြကာ အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ အရေးအသား (ပုံသဏ္ဌာန်) ကို ပရိသတ် မြင်သာအောင် ရေးပြခဲ့တာပါ။

ဆရာဘုန်းနိုင်နဲ့ ဆရာမ မစန္ဒာတို့ရဲ့ စကားပြေ ရေးဟန်က ပုံသေမဟုတ်ဘူး။ အကြောင်းအရာနဲ့ လိုက်ဖက်အောင် သွားနေတာ အဲဒီ့စာအုပ်တွေမှာ မြင်ရတယ်။ ဆရာငြိမ်းကျော်ရဲ့ ရေးဟန်က သူ့ဟန်ရယ်လို့ အသေသတ်မှတ်နိုင်လောက်အောင် ငြိမ်တယ်။ အဲဒီ့ အရေးအသား အငြိမ်နဲ့ကျတော့ ကလေးသဘာဝကို ဖတ်ရတာ ကလေးမဆန်တော့ဘဲ ဖတ်သူမှာ လေးလေးပင်ပင်ဖြစ်နေတာကို နှိုင်းယှဉ်ပြခဲ့ဖူးတာပါ။

တကယ်လို့သာ ၁၉၈၁ ခုနှစ် ပထမအကြိမ် ထုတ်ကတည်းက “ငှက်ကလေး” ကိုသာ ကျွန်တော် ဖတ်ခဲ့ဖူးမယ်ဆိုရင် ဆရာမင်းလူရဲ့ ရေးဟန်ကိုလည်း အဲဒီ့ စာမူထဲမှာ ကိုးကား ချီးပဖြစ်သွားမှာလည်း သေချာပါတယ်။

ဒါလည်း နောက်ထပ် နှောင်းနောင်တ တရပ်အဖြစ် ကျွန်တော့်ရင်မှာ ဖြစ်ကျန်ရစ်ခဲ့ပါသေးတယ် ခင်ဗျား။

Advertisements

ဘ၀တစ်ကွေ့ ခဏတွေ့လိုက်တဲ့ ဆရာဇော်

zaw-zaw-aungဆရာငြိမ်းကျော်ဆီ မကြာခဏ ရောက်ဖြစ်နေခဲ့တာ ၁၉၉၀ ပြည့်လွန်စ နှစ်များမှာ ဖြစ်ပါတယ်။ အဲတုန်းက ကျွန်တော် ဆူဒိုနင် ဖြစ်စပြုနေပါပြီ။ အတ္တကျော် ဖြစ်လာဖို့တော့ ဆယ်နှစ်လောက် လိုပါသေးတယ်။ ဆရာငြိမ်းကျော်ရဲ့ ဝတ္ထုတွေကို စွဲလန်း နှစ်သက်ခဲ့ရာက ဆရာ့ဆီ ရောက်သွား၊ ဆရာ့နားမှာနေ၊ ဆရာပြောတာတွေ နာယူမှတ်သားပေါ့။

စကားစပ်လို့ ပြောရရင် ဆရာငြိမ်းကျော်က လက်ရေးလက်သား အင်မတန် သပ်ရပ်လှပသူပါ။ မင်အနက်နဲ့ အမြဲရေးပါတယ်။ မင်နက်သုံးသူဟာ စာရေးတာ မသပ်ရပ်ရင် အတော့်ကို အကြည့်ရဆိုးလှပါတယ်။ စကားစပ်လို့ပဲ ဆက်ပြောရရင် အဲလို မင်အနက်နဲ့ မသပ်မရပ်အနိုင်ဆုံး ဆရာကတော့ ဆရာ မောင်ဝဏ္ဏပါပဲ။

တစ်ရက်မှာ ဆရာငြိမ်းကျော်နဲ့ ကျွန်တော် ဘာကြောင့်မှန်း မသိ၊ အပြင်ထွက်ဖြစ်ကြပါတယ်။ သေချာတာကတော့ ၁၉၉၄ ခုနှစ် မတိုင်ခင် တစ်ချိန်မှာ ဖြစ်ပါတယ်။ ပြီးတော့ သောက်ဖြစ်တာက အရင်လား၊ နောက်မှ သောက်ဖြစ်တာလား မသိဘူးခင်ဗျ။ ဆရာ ဇော်ဇော်အောင့်ရဲ့ ကျိုက်ဝိုင်းဘုရားလမ်းနေအိမ် မြေနေရာလွတ်မှာ ဖွင့်ထားတဲ့ ဆိုင်ကလေးကို ရောက်သွားပါတယ်။ ဆရာဇော်နဲ့ ပထမဆုံး စတင် တွေ့ဆုံဖူးခြင်းပါပဲ။

ဆရာငြိမ်းကျော်နဲ့ ဆရာဇော်ဇော်အောင်တို့က အလွန်ရင်းနှီးကြသူတွေပါ။ ဟုတ် မဟုတ်တော့ မသိဘူး၊ ကြားဖူးတာကတော့ သူတို့ နှစ်ယောက်ဟာ အဲဒီ့ခေတ် အပစ်အခတ် အညှစ်အသတ် ၀တ္ထုတွေ၊ အချစ်အလွမ်း ၀တ္ထုတွေကို အားမရကြဘူး။ ဇာတ်အိမ်ရော၊ အရေးအသားကိုပါ အားမရတဲ့အတွက် နှစ်ယောက်သား တိုင်ပင်ပြီး တစ်ယောက်က အချစ်ရေးမယ်၊ တစ်ယောက်က စုံထောက်ရေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စာပေနယ်ထဲကို ၀င်ချလာကြတယ်ဆိုတာပါပဲ။ နှစ်ယောက်စလုံးနဲ့ သိကျွမ်းခင်မင်ခဲ့ပါလျက်နဲ့ အဲလို ကြားဖူးခဲ့တာ မှန်မမှန် ပြန်မမေးခဲ့မိတာကို အခု သည်စာရေးတော့မှ နောင်တက ရနေမိရသေးတယ်။

သေချာတာကတော့ နှစ်ယောက်စလုံးရဲ့ စာအုပ်တွေ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်ချင်းက တစ်ထပ်တည်း နီးပါး တူနေခဲ့တာပါပဲ။

အဲ… ဆရာဇော့်ကို တွေ့ဖူးတော့ မြင်မြင်ချင်း ခင်မင်လေးစားသွားခဲ့ပါတယ်။ အသားညိုညို အရပ်ပြတ်ပြတ်နဲ့ ဆေးပေါ့လိပ် ခဲထားတဲ့ ဆရာ့ရဲ့အသွင်အပြင်က ပကတိ အညာသား ရိုးရိုးဘွင်းဘွင်းကြီးပါပဲ။ ဆရာက မုံရွာနယ်က ဆိုတာနဲ့ ကျွန်တော်လည်း ဆွေမျိုးစပ်ပါတယ်။ ကျွန်တော့်အိမ်သူက မုံရွာသူဖြစ်တဲ့အပြင် သူ့ဆွေမျိုးတွေက မြို့မှာ လူသိများတာမို့ ပြောလိုက်တာနဲ့ ဆရာက တန်းသိပါတယ်။ ကျွန်တော်အိမ်ထောင် မကျခင်ကတည်းက ကွယ်လွန်နှင့်ခဲ့သူ ကျွန်တော့် ယောက္ခထီးက ဆရာနဲ့ ခင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အဲဒီ့နှစ်များမှာ ဆရာ့အိမ်ကို ကျွန်တော့်အိမ်သူနဲ့အတူလည်း တစ်ခေါက် နှစ်ခေါက် ရောက်ဖြစ်ခဲ့သေးတယ် ထင်ပါတယ်။ (သိပ်မမှတ်မိတော့ဘူးဗျ။ ကျွန်တော့် ဟာ့ဒစ်[စ်][ခ်]က ဘက်[ဒ်]ဆက္ခထာတွေနဲ့လေ။)

အဲဒီ့နောက်တော့လည်း ဆရာနဲ့ မဆုံဖြစ်တော့ပြန်ပါဘူး။ နှစ်တွေ အတော်ကြာတော့မှ ပြန်ဆုံတော့လည်း ဆရာက တန်း မှတ်မိပါတယ်။ ဆရာကိုတာနဲ့အတူ ဆရာ့ဆီ ရောက်ဖြစ်ခဲ့စဉ်က ဖြစ်ပါတယ်။ အချိန်ကာလတော့ မမှန်းဆတတ်တော့ဘူး။

zaw_zaw_aungမှတ်မှတ်ရရ ဆရာမောင်ဝဏ္ဏ မကွယ်လွန်ခင် ၈ နှစ်-၉ နှစ်လောက်မှာ ဆရာ မောင်ဝဏ္ဏက အိမ်တွင်းမှာ နှစ်ရှည်လများ အောင်းနေခဲ့ရာက အပြင်ထွက်ချင်လာတဲ့အခါ ဆရာဇော့်ဆီ သွားရအောင်လို့ ပြောတာနဲ့ ကျွန်တော်နဲ့ နှစ်ယောက်သား ဆရာဇော့်ဆီ ရောက်သွားခဲ့ကြပါသေးတယ်။ ဆရာဇော့်ကို ခေါ်ထုတ်ပြီး ဆရာ့အိမ်နဲ့ မလှမ်းမကမ်းက လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြပြီး သူတို့ နှစ်ယောက် လေပစ်ကြတာကို ထိုင်မော့ပါတယ်။ အဲတုန်းကလည်း ဆရာမမာဘူးလို့ ကြားခဲ့ကြလို့ သွားဖြစ်တာပါ။ ဒါပေမယ့် ကျွန်တော်တို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နိုင်တဲ့အထိ ပြန်ပြီး ထူထူထောင်ထောင်ဖြစ်နေပါပြီ။

အဲဒါ ဆရာဇော်နဲ့ နောက်ဆုံး အတူထိုင်ခဲ့ဖူးခြင်းပါပဲ။ နောက်ပိုင်း ဆရာ မမာဘူးလို့ ကြားလိုက်ရပြန်သေးတယ်။ နောက်ကျတော့ ဆရာသုမောင်ရဲ့ ရက်လည်ဆွမ်းကျွေးမှာလား မသိ၊ ဆရာ့ကို ဆုံလိုက်ပါသေးတယ်။ အဲတော့ ဆရာက တုတ်ကောက်နဲ့ လူငယ်တွေက ဆရာ့ကို တွဲလို့။ ဆရာ့ကို နှုတ်ဆက်တော့ ဆရာက ကျွန်တော့်အိမ်သူ နေကောင်းလားလို့တောင် ပြန်မေးသွားသေးတယ်။ အဲဒါ ဆရာဇော့်ကို နောက်ဆုံးတွေ့လိုက်ခြင်းပါပဲ။

ဘာပဲပြောပြော ဆရာဇော်က ဆရာမောင်ဝဏ္ဏ၊ ဆရာသုမောင်၊ ဆရာငြိမ်းကျော်တို့ထက် လူ့ဘ၀မှာ ပိုပြီး ကြာကြာနေသွားလိုက်ရတာလည်း အမှန်ပါပဲ။ အဲဒါကို ဆရာမောင်ဝဏ္ဏသာ ရှိနေ၊ သိနေဦးမယ်ဆိုရင်တော့ သူက မိန်းမစကား နားထောင်တာကိုးဗျလို့ တဟားဟားနဲ့ ရယ်ပြီး ပြောလေမလားပဲ။

သည်ဆရာတွေနဲ့ သိခွင့်၊ စကားပြောခွင့်၊ ခင်မင်ရင်းနှီးခွင့်  ရခဲ့တာလေးတွေက ကြည်နူးစရာ အမှတ်တရလေးတွေပါ။ သို့သော် ဆရာ မောင်ဝဏ္ဏနဲ့ ဆရာမင်းလူ ညီအစ်ကို နှစ်ယောက်ကလွဲရင် ကျန်တဲ့ ဆရာတွေ မမာချိန်၊ သူတို့ရဲ့ နောက်ဆုံး အချိန်တွေမှာ အနားမှာ ရှိခွင့် မကြုံခဲ့ပါဘူး။

ခုတော့လည်း အားလုံးက လွမ်းစရာတွေ ဖြစ်ကုန်ပြီပေါ့ဗျာ။

ဆရာက အလံနီ ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူလို့ သူများတွေ ပြောသံ ကြားဖူးပါတယ်။ အဲဒါကို ကျွန်တော် စိတ်မ၀င်စားခဲ့ဖူးပါဘူး။ ဆရာ့ကို မြန်မာစာနှံ့စပ်တဲ့ တက္ကသိုလ်ဆရာတစ်ယောက်၊ စာရေးဆရာကြီး တစ်ယောက်အနေနဲ့သာ မြင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဖြတ်သန်းတဲ့ခေတ်က အဲဒီ့အရောင်တွေက နည်းနည်း စကားပြောချင်တယ်။ ကျွန်တော့်ကိုတောင် တချို့က အလံနီတွေနဲ့ ပေါင်းနေတယ်လို့ အစွပ်စွဲခံခဲ့ရဖူးတယ်။ ကျွန်တော်ကိုယ်တိုင်က သိပ်နားမလည်ပါဘူး။ ဘာတွေ လာပြောနေမှန်းလည်း မသိဘူး။

ကျွန်တော်သိတာက ပုံနှိပ်စာလုံးတွေကို ဖန်တီးထုတ်လုပ်ထားတဲ့ ကျွန်တော် လေးစား၊ အားကျ၊ အထင်ကြီးရတဲ့ စာရေးဆရာတွေပဲလေ။

ဗမာတွေကတော့ ဗမာပီသစွာ ဂိုဏ်းဂနစိတ် ခပ်ကျဉ်းကျဉ်းနဲ့ စာပေနယ်မှာလည်း အုပ်စုဖွဲ့ချင်တတ်ကြတယ်လို့ပဲ အောက်မေ့ မိရပါတယ်။ အဲဒီ့ခေတ်က အလံနီက တစ်အုပ်စု၊ ဗကပက တစ်အုပ်စုပေါ့။ ကျွန်တော်ကတော့ ဘယ်သူ ဘာမှန်း သိပ်သိတဲ့ကောင် မဟုတ်ဘူး။ ကျွန်တော် ဖတ်လို့ရတဲ့ စာရေးဆရာ၊ ဖတ်လို့ မရတဲ့ စာရေးဆရာပဲ ရှိပါတယ်။

စာပေဝေဖန်ရေး ခေါင်းစဉ်တပ်ပြီး အားအားရှိ ကွန်မြူနစ်ပေတံကြီးဖြစ်တဲ့ ပြည်သူဆိုတာကြီးနဲ့ ထုတ်ထုတ်တိုင်းတဲ့ အကျော်အမော် ဝေဖန်ရေးဆရာကြီးရဲ့ စာတွေဆိုရင် မသတီဘူး။ တစ်ခါ နှစ်ခါ ဖတ်ပြီး မဖတ်ဖြစ်တော့ဘူး။ အပျော်ဖတ်ဝတ္ထုတောင်မှ ပြည်သူ့ဘက်က မရပ်တာတွေ၊ ပြည်သူကို အကျိုးမပြုတာတွေ လျှောက်ပြောတတ်တဲ့ သူ့ဝစီစရိုက်ကို ကျွန်တော်မှ မခံစားတတ်တာလေ။

ဆရာဇော့်စာတွေကိုတော့ ကြိုက်တယ်။ အထူးသဖြင့် သူ့ရဲ့ စိတ်အလျဉ်ရေးနည်းနဲ့ လွှတ်ရေးသွားတဲ့ ၀တ္ထုပုံစံတွေက ဆန်းသစ်နေတော့ အတော်လေး ကြိုက်မိပါတယ်။

သို့သော် ဆရာကြီးရွှေဥဒေါင်း၊ ဆရာ သော်တာဆွေ၊ ဆရာ ၀င်းဦး၊ ဆရာ တက္ကသိုလ်ဘုန်းနိုင်၊ ဆရာငြိမ်းကျော်တို့လိုတော့ ကျွန်တော့်အပေါ်မှာ ဆရာ့ အရေးအသားတွေက သြဇာ သက်ရောက်မှု မရှိခဲ့တာလည်း အမှန်ပါပဲ။ မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းရရင် ဆရာ့စာတွေကို ကြိုက်ခဲ့တာက သူနဲ့ ခေတ်ပြိုင် ဆရာအောင်သင်းရဲ့ စာတွေကို ကြိုက်တာမျိုးနဲ့ တယ်မကွာပါဘူး။

ခုတော့ သည်ဆရာကြီး နှစ်ပါးလုံး လူ့ပြည်မှာ မရှိရှာကြတော့ဘူး။ ဘုံတစ်ဘုံဘုံ၊ ဘ၀တစ်ဘ၀ဘ၀မှာ သည်ဆရာကြီးနှစ်ယောက် ပခုံးချင်းဖက်ပြီး တဟားဟား ရယ်ပဲနေကြလေမလား၊ ဒါမှမဟုတ် ရန်ပဲ ထ ဖြစ်နေကြလေမလား ဘယ်သူမှ မသိနိုင်ပါဘူး။

ဒါပေမယ့် အားလုံးကတော့ သံသရာခရီးကို ဆက်နှင်နေကြဆဲပါလေ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

( နေပြည်တော် -၂၈၀၁၁၆)

ဘဝတစ်ကွေ့ ခဏတွေ့လိုက်သူ (၂)

AungThinnBook၁။

၁၉၇၆ ခုနှစ် မိုးတွင်း ဖြစ်လိမ့်မည် ထင်ပါသည်။

ထိုအချိန်က ရန်ကုန်ရှိ ဆရာဝန်များ အသင်းတိုက်တွင် ဆရာ မောင်သာရက ကမကထပြုပြီး အပတ်စဉ် စာပေဆွေးနွေးပွဲများ ပြုလုပ်ပါသည်။

ကျွန်တော်ကား ပထမနှစ် ကျောင်းသား။ တက္ကသိုလ်ရောက်စ။ စာရေးသူ ဖြစ်ချင်သည့်ပိုးလေးကလည်း ရွတရွတ။ လူကလည်း ၂၀ မပြည့်သေးချိန်ဆိုတော့ မြောက်ကြွ မြောက်ကြွ။

ကျွန်တော် ပထမဆုံး ရောက်သွားသည့် စာပေဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူက ကဗျာဆရာကြီး “ဒေါင်းနွယ်ဆွေ”။ ဆရာဒေါင်းကား အာပေါင်အာရင်း အလွန်သန်သူ။ မာန်အပြည့်နှင့် ဟောတတ်သူ။

ဆရာဒေါင်းဟောအပြီးမှာ ပရိသတ်က မေးသည့်အလှည့်။ ကျွန်တော် ထ မေးလိုက်သည်။ ထမေးသည်ဆိုတာထက် စင်မြင့်ပေါ်တက်ပြီး အာပေါင်အာရင်း သန်သန်နှင့် ဆရာဒေါင်းကို ခွတိုက်သည့် မေးခွန်းမျိုးတွေ မေးဖြစ်ခဲ့ပါသည်။ ပြောပကော တက္ကသိုလ်ရောက်ခါစ လူက ကြွစောင်း ကြွစောင်း ဖြစ်နေချိန်ပါဆို…။ သို့သော် ကိုယ်ပြောချင်တာတွေ ပြောပြီးသည့်နောက် လူကြီးသူမ၊ သမ္ဘာရင့် ဝါရင့်ဆရာကြီးကို ယခုလို ဝေဖန်မေးမြန်းမိသည့်အတွက် ချာတိတ်ကလေး ကျွန်တော့်ကို ခွင့်လွှတ်ပါမည့်အကြောင်းလည်း မမေ့မလျော့ ထည့်ပြောခဲ့ပါသေးသည်။

ဆရာဒေါင်းကလည်း မခေချေ။ ပစ်ကွင်းထဲ ဝင်လာရင်တော့ နှံပြီစုတ်ပဲဖြစ်ဖြစ် ပစ်မှာပဲဟု အစချီကာ ကျွန်တော့်ကို ကောင်းကောင်း ပြန်ပညာပေးပါတော့သည်။

နောက်လူတွေ နောက်လူတွေ ဆက်လက် မေးမြန်း ဆွေးနွေးနေချိန်တွင် လူကြီးတစ်ဦးက ကျွန်တော့် ပခုံးကို လာတို့သည်။

လှည့်ကြည့်လိုက်သောအခါ သူက ကျွန်တော့်ကို ဘိုလို ပြောပါသည်။ “သူတို့တွေကို သိပ်မျှော်လင့်မထားပါနဲ့ ကိုယ့်လူရယ်”ဟု အဓိပ္ပာယ်ရပါသည်။ “ဟုတ်ကဲ့ခင်ဗျာ၊ ကျေးဇူးတင်ပါတယ်”ဟု ကျွန်တော် ပြန်ပြောလိုက်မိပါသည်။

ထိုလူကြီးကို မည်သူမှန်း ကျွန်တော် မသိချေ။

ပွဲပြီးတော့မှ ဟိုလူ့မေး သည်လူ့မေးနှင့် သိလိုက်ရသည်ကား ထိုလူကြီးမှာ နာမည်ကျော် စာပေဝေဖန်ရေး ဆရာကြီး အောင်သင်း ဖြစ်နေပါတော့သည်။

ယင်းသည်ပင် ဆရာဦးအောင်သင်းကို စတင် တွေ့ဆုံခဲ့ဖူးခြင်းပင် ဖြစ်ပါသည်။

၂။

အမှန်တော့ လူအနေဖြင့် ၁၉၇၆ ခုနှစ်မှသာ တွေ့ဆုံဖူးသည်ဖြစ်လည်း ဆရာ့စာတစ်ပုဒ်ကမူ ကျွန်တော့်နှလုံးထဲတွင် ပြက်ပြက်ထင်ထင် ရှိနေပါသည်။ ကျွန်တော်တို့ ကိုးတန်း၊ ဆယ်တန်း မြန်မာစာမှာ “အထက်တန်း မြန်မာစကားပြေ လက်ရွေးစင်” စာအုပ်က ပြဋ္ဌာန်းစာအုပ်ဖြစ်သည်။

ထိုစာအုပ်ထဲတွင် စာရေးဆရာကြီးများ၏ စာကောင်းပေမွန်များကို စုစည်းဖော်ပြထားပါသည်။ ထိုစာကောင်းပေမွန်များထဲတွင် ဆရာအောင်သင်း၏ ချိုတကူးနှင့် ဂုဏ်ရည်မတူ ဟူသော စာလေးတစ်ပုဒ်ပါသည်။

အလွန် အတွေးပွားစေသော စာကောင်းလေးတစ်ပုဒ် ဖြစ်သည်။ ကိုးတန်းမှာကတည်းက ထို အထက်တန်းစကားပြေ လက်ရွေးစင်တစ်အုပ်လုံးကို ကျွန်တော် ဖတ်ထားပြီး ဖြစ်လေရာ ဆရာအောင်သင်း၏ စာကိုလည်း ကျွန်တော် စွဲစွဲမှတ်မှတ် ဖြစ်နေခဲ့သည်မှာ ဆရာ့ကို မြင်ဖူးချိန်ထက် ၃ နှစ်မျှ စောနေပါလေတော့သည်။

ထို့အပြင် ထိုအချိန်က ရှုမဝမဂ္ဂဇင်းမှာ ဆရာ့ စာပေ ဝေဖန်ရေး ဆောင်းပါးတွေကို ကြိုးကြား ဖတ်နေရချိန်လည်း ဖြစ်လေသည်။

၃။

အဆိုပါ စာပေဆွေးနွေးပွဲတွေမှ တစ်ဆင့် ဆရာနှင့် ရင်းနှီးခွင့် ရလာခဲ့ပါသည်။ ထိုမှတစ်ဆင့် ဆရာရှိရာ ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်သို့လည်း ကျွန်တော် မကြာခဏ ရောက်ဖြစ်သွားတတ်သည်။

ဆရာက တစ်ခါတစ်ရံ ကျောင်းမှ သူ့ရုံးခန်းလေးတွင် ညဥ့်နက်သည်အထိ နေတတ်လေ့ရှိရာ ကျွန်တော့်အတွက်လည်း အဆင်ပြေလှသည်။

ထိုအချိန်မှာ ကျွန်တော်က ကိုယ်ပိုင်ကားဖြင့် အငှားလိုက်နေချိန် ဖြစ်ပါသည်။ ကျွန်တော့်ကားကို ငှားစီးသည့် ပုံမှန် ဖောက်သည်တစ်ဦးက မြန်မာစာဌာနမှ ဆရာမတစ်ဦးနှင့် ရည်ငံနေရာ ညချမ်းချိန်ခါများတွင် အနှီဆရာမ နေထိုင်ရာ ဆရာမများ အဆောင်သို့ မောင်းပို့ရတတ်စမြဲ ဖြစ်သည်။ အဆောင်ပိတ်ချိန်ကျမှ သူ့ကို ပြန်ကြိုရသည်ဖြစ်ရာ ကြားအချိန်များတွင် ကျွန်တော့်မှာ အားနေတတ်ပါသည်။

ထိုရောအခါ ဆရာ့အခန်းသို့ သွားပြီး ဆရာနှင့် ထွေရာလေးပါးတွေ ပြောဖြစ်ခဲ့ပါသည်။ သက်ကြီးစကား သက်ငယ်ကြားအနေဖြင့် ဆရာ့ထံမှ ကျွန်တော် မမီလိုက်သော ရန်ကုန်တက္ကသိုလ် အကြောင်း၊ ဗကသအကြောင်း၊ တက္ကသိုလ်ပုံပြင်များစသဖြင့် များစွာကို ကြားနာခဲ့ရဖူးလေသည်။

ကျွန်တော်တို့ အတန်းတွေကို ဆရာက စာမသင်သဖြင့် ဆရာသည် ကျွန်တော့် သင်ဆရာ မဟုတ်ခဲ့သော်လည်း မြင်ဆရာ၊ ကြားဆရာဖြစ်ခဲ့သည်မှာ အမှန်ပင်။

၎။

ဆရာ့စာအုပ် နှစ်အုပ် ကျွန်တော့်ဆီမှာ ရှိသည်။ တစ်အုပ်မှာ “စာပေရေးရာ ဆောင်းပါးများ”ဖြစ်ပြီး နောက်တစ်အုပ် (နှစ်အုပ်တွဲ)မှာ ဆရာ၏ နာမည်ကျော် “ကျွန်တော် အကြိုက်ဆုံး ဝတ္ထုတိုများ” ဖြစ်သည်။

ကျွန်တော်ကား ဆိုခဲ့သည့်အတိုင်း စာပိုးအရင့်အမာနှင့် ဖြစ်ပေရာ စာပေနှင့် ပတ်သက်သော စာအုပ်တွေကို လက်လှမ်းမီသမျှ စုထားဖြစ်နေခဲ့တတ်ပါသည်။ ဆရာ၏ ကျွန်တော် အကြိုက်ဆုံး ဝတ္ထုတိုကဏ္ဍမှာ သဘင်မဂ္ဂဇင်းတွင် ပါဝင်ခဲ့ပြီး စောင့်ဖတ်ခဲ့ရသော ဆောင်းပါးလည်း ဖြစ်ပါသည်။ သို့ဖြစ်သဖြင့် စာအုပ်အဖြစ် တစ်စုတစ်စည်းတည်း ထွက်လာသောအခါ ဝယ်ယူ သိမ်းဆည်းထားခဲ့မိရလေသည်။

ဆရာ့ “သရက်ထောင်ဖောက်ခဲ့စဉ်က” ဝတ္ထုလေးမှာလည်း ထင်ရှားလှသလို ဆရာတင်ပြပုံက အလွန်ကောင်းသည်ကို မမေ့မလျော့ ဖော်ပြအပ်ပါသည်။

၅။

ဆရာ့စာတွေထဲမှာ ကျွန်တော်အမှတ်ထင်ထင် ရှိနေသော နောက်ထပ် စာတစ်ပုဒ်မှာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၏ သောကခြေရာ ရတနာများ စာအုပ်တွင် ဖော်ပြပါရှိသည့် ဆရာ မောင်စိန်ဝင်း၏ ကဗျာများကို သုံးသပ်ထားသော ဆောင်းပါးပင်ဖြစ်သည်။

ဆရာ မောင်စိန်ဝင်း၏ ကဗျာဉာဏ်ပြေးလှပုံကို ချီးကျူးထားသော စာဟု အကြမ်းဖျင်းဆိုနိုင်လင့်ကစား အသားလွတ်ချီးကျူးသည်မျိုး မဟုတ်မူဘဲ အကျိုးအကြောင်းလေးများ၊ နမူနာလေးများ ဝေဝေဆာဆာ ဖော်ပြကာ တင်ပြသွားပုံမှာ ကျောင်းဆရာ ပီသလှပါသည်။ သုတေသီ ပီသလှပါသည်။

၆။

ကျွန်တော် ကျောင်းမပြီးခင်မှာပင် ဆရာက တက္ကသိုလ်ဆရာအဖြစ်က စုတေသွားခဲ့လေသည်။

ထို့ကြောင့် ဆရာနှင့် ကျွန်တော် လူချင်း မဆုံဖြစ်တော့ပြန်ပါချေ။ ကျောင်းပြီးသည့်နောက် ကျွန်တော် ကျူရှင်ဆရာအဖြစ် အသက်မွေးနေခိုက် တစ်နှစ်မှာ ဆရာနှင့် ကျွန်တော်တို့မှာ စာသင်ဝိုင်းတစ်ဝိုင်းတည်းတွင် သင်ကြားသူများအဖြစ် ပြန်ဆုံပါသည်။ သို့သော် ထိုသို့ ဆုံသည်မှာ အဝင်အထွက်သာ ဖြစ်သည်။ ဆရာ သင်အပြီး ကျွန်တော်က ထိုအတန်းကို ဆက်သင်ရန် အလာတွင်ဖြစ်စေ၊ ကျွန်တော်ပြီးချိန်မှာ ဆရာက ရောက်လာသည်ဖြစ်စေ ဆုံကြသည်မျိုးသာ ဖြစ်ပေရာ ဝင်ခလုတ် ထွက်ခလုတ်ဟု ဆိုနိုင်ပါလိမ့်မည်။

၇။

ဘဝဝန်တာ ထွေရာလေးပါးများနှင့် လုံးချာလည်နေသည့်အတွက် ဆရာနှင့် မဆုံဖြစ်ပြန်တော့ချေ။

ဆရာ့စာတွေကို ကြိုးကြား ဖတ်နေရသလို ကျွန်တော့်စာတွေကလည်း ဆရာ့မျက်စိအောက်တော့ ရောက်ရောက်သွားလိမ့်မည်ဟုတော့ ထင်ပါသည်။

ကျွန်တော် စာပေနယ်သို့ ထဲထဲဝင်ဝင် ရောက်ပြီး ၇ နှစ်မျှ အကြာတွင် ကျွန်တော့် ဎတ္ထုတိုတစ်ပုဒ်ကို ဆရာက သုံးသပ်ချက် ရေးပါသည်။

သရဖူမဂ္ဂဇင်းတွင် ဖြစ်သည်။ ထိုသရဖူမှာ ယခု သရဖူ မဟုတ်သေးသလို ဆရာငြိမ်းအေးအိမ်၏ သရဖူလည်း မဟုတ်မူဘဲ ကိုကျော်သန်းနှင့် ကိုကျော်ဇင်မည်သော သူငယ်ချင်းနှစ်ယောက်၏ သရဖူ ဖြစ်သည်။ ဆရာ မောင်မြင့်မြတ်က စာတည်းချုပ် ဖြစ်သည်။ ကျွန်တော့် ဝတ္ထုတိုလေးကို ဆရာမောင်မြင့်မြတ်က သဘောကျသဖြင့် ရွေးချယ်လိုက်သည်။ ပုံနှိပ်အပြီး စာပေစိစစ်ရေး မတင်မီမှာ ထို ပုံနှိပ်ထားသော မဂ္ဂဇင်းကို ဆရာအောင်သင်း လက်ထဲသို့ ထည့်လိုက်သည်။ ကျွန်တော့် ဝတ္ထုကို ဆရာအောင်သင်းက မျက်စိကျသွားပြီး ဆောင်းပါးတစ်ပုဒ် ရေးချလိုက်သည်။

ဖြစ်ချင်တော့ ထိုဝတ္ထုကို စာပေစိစစ်ရေးက ခွင့်မပြုသဖြင့် ဖြန့်ချိသော စာအုပ်များထဲတွင် ထိုဝတ္ထုပါ စာရွက်များကို ဆုတ်ယူထားလိုက်ရလေသည်။ ထိုအကြောင်းကို ဆရာသိသောအခါ ကိုကျော်သန်းတို့ကို ဆဲလေသည် ဟူ၏။

ကျွန်တော့်မှာလည်း ထီပေါက်ပြီးမှ ထီလက်မှတ် ပျောက်ရခြင်းပင်ဖြစ်သည်။ ကျွန်တော်ကား ဝတ္ထုတို အလွန် အရေးကျဲသူ ဖြစ်သည်။ ကျဲလှသည့် ဝတ္ထုတိုတွေထဲမှာမှ ရှားရှားပါးပါး တစ်ပုဒ်ကို ဆရာအောင်သင်းက သုံးသပ်ဝေဖန်ထားသည်ဖြစ်ရာ လွန်စွာမှ ကြည်နူးစရာ ကောင်းလှပေသည်။

သို့ရာတွင် ကျွန်တော့် ဝတ္ထုက အဆုတ်ခံလိုက်ရပေရာ ဆရာ့ သုံးသပ်ချက်ကိုလည်း ပရိသတ် ဖတ်ခွင့် မရနိုင်ပါတော့ချေ။

ကိုကျော်သန်းတို့ထံမှ တောင်းလိုက်ရာ ဆရာ၏ လက်နှိပ်စက် စာမူကိုတော့ ရလိုက်ပါသည်။ သို့ရာတွင် အိမ်တွေ ခဏ ခဏပြောင်း၊ တစ်အိမ်လုံးမှာလည်း စာရွက်များ၊ စာအုပ်များဖြင့်သာ ပွစိထနေလေရကား ဆရာ၏ ထိုစာမူလေးကို ပြန်ရှာရ ခက်သွားပါသည်။

(အနှီ ကျွန်တော်၏ ဝတ္ထုတိုမှာကား ဝတ္ထုတိုပေါင်းချုပ် လုံးချင်းအဖြစ် ပြန်လည်ထုတ်ဝေရာတွင် ညာတာပါတေးနှင့် ထည့်လိုက်ရာ စာပေစိစစ်ရေးက ခွင့်ပြုလိုက်ပြန်သဖြင့် နောင် ဆယ်နှစ်ခန့်အကြာတွင် ပုံနှိပ်စာလုံးဖြင့် ဖြစ်လာခဲ့ပါသည်။ ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ (ကိုယ်တိုင်ကြုံ ဝတ္ထုတိုများ) စာအုပ်ပါ ညစ်ကျု လိပ်ပြာ ဝတ္ထုတိုလေးပင် ဖြစ်ပါသည်။)

၈။

အမှတ်ရစရာ နောက်တစ်ခုမှာ လွန်ခဲ့သည့် ၁၅ နှစ်ကျော်ခန့်ဆီက မိုးမိုး(အင်းလျား) ဝတ္ထုတို ဆုပေးပွဲတွင်ဖြစ်ပါသည်။

မြန်မာစာပေကို နိုင်ငံကာက သိလာရေးအတွက် လုပ်ဆောင်ရမည့်အကြောင်းကို ပြောရင်းနှင့် ဆရာက ကျွန်တော့်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ “အဲဒါ မင်းလုပ်ရမှာ၊ မင်းလုပ်ရမှာ”ဟု အာလုပ်သံကြီးဖြင့် ဆရာက အားပါးတရ ပြောခဲ့ဖူးသည့်အချက်ပင် ဖြစ်လေသည်။

ဆရာ ကျွန်တော့်ကို အထင်ကြီးသည့်အတွက် ဝမ်းမသာမိပါ။ အားသာ တိုး၍ ငယ်မိပါသည်။ ကျွန်တော်ကား ရသစာပေကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်လောက်အောင် အင်္ဂလိပ်စာကို ဒေါင်ဒေါင်မြည် မတတ်ပါချေ။ သေစာရှင်စာမျှသာ တတ်ပြီး အနူတောတွင် လူချော လုပ်နေခြင်း၊ သို့တည်းမဟုတ် ပဲခူးရေကြီးနေချိန်ဖြစ်နေခြင်းကြောင့်သာ ကျွန်တော့်ကို

ဆရာအပါအဝင် တချို့က အထင်ကြီးနေခြင်းမျှသာ ဖြစ်ပါသည်။

ကျွန်တော့်အကြောင်း ကျွန်တော် အသိဆုံးပင်ဖြစ်လေသည်။

၉။

တစ်ချီသားတွင်တော့ ဆရာ့ကို ကျွန်တော်က ချစ်ခင်စွာ ကျီစယ်မိရာ ဆရာက ကျွန်တော့်ကို ပယ်ပယ်နယ်နယ်ပင် ဆဲပါလေသည်။

ဆဲလည်း ဆဲချင်စရာပါ။ အဆိုတော် မင်းမင်းလတ် ကွယ်လွန်ပြီးစတွင် ဖြစ်ပါသည်။

မင်းမင်းလတ်အမှတ်တရ ဆောင်းပါးကို ကျွန်တော် ရေးပြီး အလင်္ကာ ဂီတဂျာနယ်သို့ ပေးရန် ၃၃ လမ်းရှိ စာပေလောက စာအုပ်တိုက်သို့ ကျွန်တော် ရောက်သွားပါသည်။ စာမူပေးပြီးနောက် ဆရာမ မိုးမိုး (အင်းလျား)၏ ခင်ပွန်းဖြစ်သူ စာပေလောက ဦးမျိုးညွန့် (မင်းမင်းလတ်၏ သူငယ်ချင်း၊ မင်းမင်းလတ်၏ သီချင်းများ ထုတ်ဝေချိန်က ထုတ်ဝေသူ မောင်မောင်မျိုးညွန့်)နှင့် ထွေရာလေးပါး ပြောနေခိုက်တွင် ဆရာ ရောက်လာပါသည်။

ကျွန်တော့်ကို မြင်သောအခါ “မင်းက သည်ကို ဘာလာလုပ်တာတုံး”ဟု မေးပါသည်။

“စာမူလာပေးတာပါ ဆရာ”ဟု ဖြေလိုက်ပါသည်။

“ဘာစာမူတုံး”

“မင်းမင်းလတ်ကဖြင့် မရှိတော့ဘူး၊ ဦးအောင်သင်းပဲ ကျန်တော့တယ်ဆိုတဲ့ စာမူပါဆရာ…”

ဆရာ ဆဲပါလေတော့သည်။ ဦးမျိုးညွန့်က ရယ်နေလေသည်။

အမှန်က ကျွန်တော့် စာမူ ခေါင်းစဉ်မှာ “မင်းမင်းလတ်ကဖြင့် မရှိတော့ဘူး”ဟူ၍သာ ဖြစ်ပါသည်။

ထိုနှစ်မှာ ၁၉၉၇ ခုနှစ် ဖြစ်ပါသည်။

၁၀။

ဆရာကား စာပေ ဝေဖန်ရေးမှာ ဆရာတစ်ဆူ ဖြစ်သလို (ဆရာဝင်းငြိမ်းက ဆရာ့ကို “စာပေလူကြမ်းမင်းသား”ဟု အနွတ္ထသညာ ပြုခဲ့ဖူးပါသည်) စာရေးသားရာတွင်လည်း ညက်ညောအောင် ရေးသားနိုင်သူ ဖြစ်လေသည်။

ထို့အပြင် စာပေဟောပြောပွဲတစ်ခေတ်မှာလည်း ဆရာ လွန်စွာအောင်မြင်ခဲ့သည်မှာ အားလုံး အသိပင်။

သို့ရာတွင် ကျွန်တော်ကမူ ဆရာ့ဟောပြောပွဲတွေကို ခံတွင်း မတွေ့လှချေ။ (ဆရာဟောပြောတာတွေ မကောင်းဟု မဆိုလိုပါ။ ကျွန်တော့်ဘာသာ ခံတွင်းမတွေ့ခြင်းမျှသာ ဖြစ်ပါသည်။) အလားတူပင် နောက်ပိုင်း ဆရာ့ဆောင်းပါးတချို့မှာလည်း ကျွန်တော် သဘောမတူတာတွေ ရှိပါသည်။ ထို့အတူပင် ဆရာ့ အမူအကျင့် တချို့မှာလည်း ကျွန်တော် သဘောမတူတာတွေ ရှိခဲ့ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဆရာဦးအောင်သင်းသည် ကျွန်တော့် မြင်ဆရာ၊ ကြားဆရာ စာရင်းတွင် ပါဝင်သည်လည်း အမှန်ပင်ဖြစ်ပါသည်။

၁၁။

စမ်းချောင်းမှ ဆရာ့အိမ်ကို ကျွန်တော် သိပါသည်။ သို့သော် မှတ်မှတ်ရရ တစ်ခေါက်သာ ရောက်ဖူးပါသည်။

ဘာကိစ္စမှန်းတော့ မမှတ်မိတော့ပါ။ ညနေစောင်းတွင် ဆရာ့အိမ်သို့ ရောက်သွားခဲ့ဖူးပါသည်။ ၂၀၀၀ ပြည့်နှစ်လွန်စတွင် ဖြစ်ပါလိမ့်မည်။

နောက်တော့ ဘုန်းဘုန်း ရဝေနွယ်တို့ ကြွလာကြရာ ကျွန်တော်လည်း ဆရာ့ကို နှုတ်ဆက်ပြီး ပြန်လာဖြစ်ခဲ့ပါသည်။

ဆရာနှင့် လူချင်း တွေ့ခြင်း၊ စကားပြောဖြစ်ခြင်းမှာ ထိုတစ်ခေါက်က နောက်ဆုံး ဖြစ်ပါလိမ့်မည်။

၁၂။

ယခုသော် ဆရာ တိမ်းပါးသွားပြီဟု ကြားသိလိုက်ရပါသည်။ ဆရာကား သူယုံကြည်ရာကို တစိုက်မတ်မတ် လုပ်သွားခဲ့သူ ဖြစ်သလို စာသင်ကြားခြင်း၊ စာပေရေးသားခြင်း၊ ဟောပြောခြင်းတို့ဖြင့် တက်ကုန် ရွက်စုံဖွင့်ပြီး ပတ်ဝန်းကျင်အကျိုးကို အောင်မြင်စွာ ထမ်းရွက်သွားခဲ့သူ ဖြစ်လေသည်။

ဆရာ့ သဘောတရား၊ အယူအဆ၊ ခံယူချက်တွေ အားလုံး ကောင်းသည်၊ မှန်သည်ဟု သုံးသပ်ရန် ကျွန်တော် ဉာဏ်မမီပါ။ ထိုသို့ သုံးသပ်ကလည်း မှန်ကန် မျှတမည် မဟုတ်ပါချေ။

ဆရာသည် ပုထုဇဉ်တစ်ဦးမျှသာ ဖြစ်သောကြောင့် ဆရာ့မှာ ကောင်းကွက်တွေလည်း ရှိမည်၊ ဆိုးကွက်တွေလည်း ရှိမည်၊ ဆရာ့စာတွေ၊ ဆရာ့အပြောတွေမှာလည်း ကောင်းတာတွေ ရှိမည်ဖြစ်သလို ဆိုးတာတွေလည်း ရှိနေမည်မှာ မလွဲပါချေ။

သို့ရာတွင် ဆရာကမူ သူ့ဝန်ကို သူနိုင်သလောက် ထမ်းရွက်သည်ပိုးသွားခဲ့ပါသည်။

ကျွန်တော်တို့လည်း ကျွန်တော်တို့ နိုင်သလောက်ဝန်ကို ထမ်းသွားရမည်သာဟု တွေးနေမိရင်း ဆရာနှင့် ကြုံခဲ့ပုံလေးတွေကို စားမြုံ့ပြန်ကြည့်လိုက်မိခြင်းသာ ဖြစ်ပါတော့သတည်း။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – ၂၅၁၀၁၄)

ဖြူကောင်လည်ပြန်

အလိုက်သင့်ကလေး ရေးတဲ့စာ

၁၆ နှစ် မောင်၊ ယောင်တောင်တောင်

အတွက်အချက်အတိုင်းသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ၁၆ နှစ်မှာ ဆယ်တန်း အောင်ရမှာပါ။ သို့ပေမင့် ဘဝဆိုတာ ဖြစ်ချင်ပေမယ့်လည်း မဖြစ်၊ မဖြစ်ချင်လည်း ဖြစ်ချင်သလိုတွေ စွတ်ဖြစ်ကုန်တတ်တာမျိုးမို့ ၁၆ နှစ်မှာ ကျွန်တော် ဆယ်တန်း မအောင်ခဲ့ပါဘူး။ ဆယ်တန်းကို ရောက်ပင် ရောက်ခဲ့ပေမယ့်လည်း အဲဒီ့နှစ်က မအောင်ဘူးခင်ဗျ။

Self-portraitမအောင်လို့ ကျသလားဆိုတော့လည်း မကျဘူး။ အတော်တော့ အူလည်လည်နိုင်ပါတယ်။ စာမေးပွဲ မအောင်ဘူးဆိုတာဟာ ကျတာ မဟုတ်တာတော့ သေချာပါတယ်။ ကျတယ် ဆိုတာ အောက်ကို ရောက်သွားတာ မဟုတ်လား။ အဲတော့ ဆယ်တန်းကျတယ်ဆိုရင် ဆယ်တန်းရဲ့ အောက်ဖြစ်တဲ့ ကိုးတန်းတို့၊ ရှစ်တန်းတို့ဆီ “ကျဆင်း”သွားတာမှ မဟုတ်တာ။ မအောင်တာဟာ ကျတာ ဘယ်ဟုတ်ပါတော့မလဲနော်။

ကျွန်တော်တို့ခေတ်တုန်းကတော့ အတော့်ကို အူလည်လည်နိုင်တဲ့ မအောင်နည်း တစ်မျိုး ရှိပါသေးတယ်။ အောင်တော့ အောင်တယ်၊ ဒါပေမယ့် မအောင်ဘူးဆိုတဲ့ နည်းပေါ့။ ဆယ်တန်းအောင်ရင် တက္ကသိုလ် တက်လို့ ရတယ်ပေါ့။ ကျွန်တော် အောင်တဲ့နည်းက တက္ကသိုလ်တက်လို့ မရတဲ့နည်းနဲ့ အောင်တဲ့ အောင်နည်းပါ ခင်ဗျ။ “ခ”စာရင်းက အောင်တာတဲ့။

ဘာကြီးမှန်းလဲ မသိဘူး။ တက္ကသိုလ်မှ တက်လို့ မရတော့ တက်ချင်ရင် နောက်တစ်နှစ် ပြန်နေရတာပဗျာ။

ဖြစ်ပုံက အဲဒီ့ ၁၉၇၃-၇၄ ပညာသင်နှစ်က ထူးခြားသဗျ။ စာမေးပွဲ မေးခွန်းက ဘယ်လိုဖြစ်တယ် မသိဘူး၊ မတရား လွယ်သွားပြီး အောင်တဲ့သူတွေ ဗုံးပေါလအော ဖြစ်ကုန်တာနဲ့ တစ်ဘာသာ အမှတ် ၄၀၊ စုစုပေါင်း ၆ ဘာသာ အမှတ်ပေါင်း ၂၄၀ ရရင် အောင်ရမယ့်ဟာကို သတ်မှတ်ချက် ပြင်ထည့်လိုက်ကြပြီးသကာလ အဲဒီ့နှစ်မှာ တစ်ဘာသာကြိတ်နှုန်း ၆၀၊ စုစုပေါင်း အမှတ် ၃၆၀ ရမှ အအောင်ပေးတဲ့ နှစ်ကြီး ဖြစ်သွားပါရောလား။ အဲတော့ ကျွန်တော့် ခမျာလေးမှာ တစ်ဘာသာမှ ၄၀ အောက် မရောက်ရှာဘဲ စုစုပေါင်း အမှတ် ၃၆၀ ကို မမီတဲ့အတွက် “က”အဆင့်ကို မမီတော့ဘဲ “ခ”အဆင့်မှာ ဟတ်ကော့ (half-cocked)ကြီး ဖြစ်နေတော့တာပေါ့။

(ဟတ်ကော့ဆိုတဲ့ သိုးဆောင်းစကားက သေနတ်မောင်းက ကျည်ဆံရဲ့ ဖင်ကို အပြည့်မရိုက်မိဘဲ တစ်ဝက်ပဲ ရိုက်မိသွားတာမို့ ကျည်မထွက်ဘဲ တို့လို့ တန်းလန်းကြီးဖြစ်နေတာကို ဆိုလိုသတဲ့။)

အမှန်တော့ စာလည်း မညံ့လှတဲ့ ကျွန်တော်တို့ ဝေလေလေအဖွဲ့သား အတော်များများ အဲဒီ့နှစ်က အဲသလို ဟတ်ကော့ကြီးနဲ့သာ အောင်ခဲ့ကြပြီး ဆယ်တန်းကို နောက်တစ်နှစ် ထပ်နေခဲ့ကြရပါတယ်။

ကာလ သဘာဝ
ခုတော့လည်း ပါးစပ်ရာဇဝင်လေးတစ်ခု ဖြစ်ခဲ့ပြီပေါ့လေ။ အဲတုန်းကတော့ တော်တော်ကြီးကို အရေးကြီးခဲ့တာပ။ ကျွန်တော့်မိဘတွေကတော့ သိပ် ဆူလား ပူလား မလုပ်ကြပါဘူး။ နောက်တစ်နှစ် သေချာ ပြန်ကြိုးစားဖို့လောက်ပဲ ပြောခဲ့ရှာကြပါတယ်။ သို့သော် သူတို့ မဆူပေမယ့် ကိုယ့်ဘာသာ အနေရတော့ အနည်းအပါး ခက်နေခဲ့တာပေါ့လေ။ ဒါလည်း အောင်စာရင်း ထွက်ပြီးခါစလောက်သာပါ။ နောက်ကျတော့လည်း သူ့ဟာနဲ့သူ ပုံမှန်အတိုင်း ဖြစ်သွားတာပါပဲ။

နှစ်နည်းနည်း ကြာလာတဲ့အခါမှာတော့ ဆယ်တန်းကို တစ်နှစ်နဲ့ အောင်ခဲ့သလား၊ နှစ်နှစ်ဖြေယူရသလား၊ သုံးနှစ်ဖြေခဲ့ရတာမျိုးလားက သိပ် အရေးမကြီးတော့ပါဘူး။ ဆယ်တန်းအောင်၊ မအောင်ကသာ အရေးကြီးချင် သလို ဖြစ်လာခဲ့ပါတော့တယ်။ အဲဒီ့ကမှ နှစ်ပေါင်းများစွာ ကြာတဲ့ အခါမှာတော့ အဲဒါတွေက ဘာမှ အရေးမကြီးတော့သလိုပဲ။ ဆယ်တန်း အောင်ခြင်း၊ မအောင်ခြင်း၊ ဘွဲ့ရခြင်း၊ မရခြင်းက ကျွန်တော်တို့ရဲ့ ဖြစ်တည်မှု၊ လူတောတိုးမှုမှာ ဘာမှ သိပ်အရေးမပါတော့ဘူး။

တခြားနိုင်ငံတွေမှာဆိုရင်တော့ အဲလို ဖြစ်ချင်မှ ဖြစ်မယ်၊ ကျွန်တော်တို့ နိုင်ငံမှာတော့ အဲဒီ့အတိုင်းကြီးကို အတိအကျ ဖြစ်နေတော့တာပါပဲ။
လောလောဆယ်မှာ နိုင်ငံခြားက ပညာရှင်တွေနဲ့ လက်ပွန်းတတီး ဆက်ဆံနေရပါတယ်။ သူတို့ရဲ့  အသိပညာတွေနဲ့ သူတို့ရဲ့ ဘွဲ့တွေ၊ သူတို့ရဲ့ ဖတ်အား မှတ်အားတွေကို သဘောကျမိတယ်၊ အားကျမိတယ်။ စာဖတ်တဲ့ နေရာမှာတော့ သူတို့ကို ကျွန်တော် ယှဉ်နိုင်နေတယ်။ အသိပညာ အရာမှာလည်း သိပ်တော့ အကွာကြီး မဟုတ်ဘူး။ သို့သော် ဘွဲ့အရာမှာတော့ ကျွန်တော့်အနေအထားက သူတို့ကို ဘယ်လိုမှ မယှဉ်နိုင်တဲ့ အနေအထား။ အလားတူပဲ အဲဒီ့ဘွဲ့ကို အခြေခံပြီး ရရှိထားတဲ့ ရာထူးဂုဏ်သိရ်၊ ရပ်တည်မှုတွေအရလည်း သူတို့က သာနေကြတယ်။ ရနေတဲ့ ဝင်ငွေချင်းတော့ သိပ်ကွာလှမယ် မထင်ဘူး။ ဘယ်လိုပဲဖြစ်စေ သူတို့နိုင်ငံတွေမှာက ပညာကို တန်ဖိုး ထားတာတော့ သေချာပါတယ်။

ကျွန်တော်တို့ဆီမှာတော့ ပညာက ပွဲလယ် သိပ်မတင့်ချင်သလိုကြီးပဲ။ ပိုက်ဆံက တယ်စကားပြောနေတာကိုး။ အဲတော့ ပိုက်ဆံရှိရင် လူရာဝင် လူတောတိုးနေတော့တာပေါ့။

ထားပါလေ… အဲဒီ့ကနေ နောက်ထပ် နှစ်ပေါင်းများစွာအကြာ သေခါနီးကျရင်တော့ ပညာလည်း အရေးမကြီး၊ ရာထူးဂုဏ်သိရ်လည်း အရေးမပါ၊ ပိုက်ဆံလည်း ကယ်နိုင်တော့မှာ မဟုတ်ပါဘူး။ ရှင်နေတုန်းသာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပွဲလယ် တင့်ချင်ခဲ့ကြ၊ တင့်အောင် နည်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြရင်း သေခါနီးကျမှ အမောဖောက်ပြီး ငါ့နှယ်၊ ဟိုဟာလေးမှ မလုပ်ခဲ့ရ၊ သည်ဟာလေးမှ မပြုခဲ့ရနဲ့ နှောင်းနောင်တများ တစ်ပွေ့တစ်ပိုက်နဲ့ ဂိုက်မကျ ဖြစ်သွားရသူတွေလည်း သည်လောကထဲမှာ နည်းမယ် မထင်ပါဘူး။

ရှင်နေတုန်းနဲ့ ဖြတ်သန်းဆဲ အခိုက်အတံ့မှာ အရေးကြီးသလို ထင်ယောင် မှားခဲ့သမျှဟာ ကာလတောင်တာ ရှည်ကြာလာတာနဲ့အမျှ ဘာဆိုဘာမှ မှုလောက်စရာ မကောင်းတော့တာကိုက လောကတံထွာ ဓမ္မတာလို့သာ ဆိုရ မယ် ထင်ပါရဲ့။

စံပြရဲ့ ကျေးဇူး

၁၆ နှစ်အရွယ်တုန်းက ကျွန်တော် ဘာဖြစ်ချင်ခဲ့သလဲ။

သေချာတာကတော့ဗျာ၊ အဲတုန်းက ကျွန်တော် ဓာတ်ရှင်မင်းသား၊ အဆိုကျော်၊ စာရေးဆရာ၊ ဓာတ်ရှင်ဒါရိုက်တာ သိပ်ဖြစ်ချင်ခဲ့သပေါ့။ အများ သိတော်မူတဲ့အတိုင်း ကျွန်တော့်အတွက် စံပြပုဂ္ဂိုလ်က မင်းသားကြီး ဝင်းဦးပါ။ ကျွန်တော်တို့ခေတ်မှာ ကံကောင်းတာက အထင်ကြီး လေးစား အားကျ အတုယူစရာ စံပြပုဂ္ဂိုလ်တွေ ရှိနေတာပဲ။ ကျွန်တော့်အတွက်တော့ ဝင်းဦးပေါ့။

ဝင်းဦးကို အားကျမိတဲ့အတွက် ဓာတ်ရှင်နယ်မှာ ကျွန်တော် ဘာကောင်မှ ဖြစ်မလာခဲ့ပေမယ့် အမြတ်ထွက်ခဲ့တာတွေ ရှိပါတယ်။ အဲဒီ့ထဲက အဓိက အကျဆုံး အမြတ်ကတော့ ကျွန်တော် အထင်ကြီး လေးစား အားကျတဲ့ သူ့ရဲ့ အင်္ဂလိပ်စာ စွမ်းရည်ကို တုပ ကြိုးစားခဲ့မိလို့ ကနေ့အခါမှာ ကျွန်တော်ဟာ အဲဒီ့ အင်္ဂလိပ်စာလေး သေစာရှင်စာတတ်မှုတစ်ခု အကြောင်းပြုပြီး ပိုက်ဆံ ကောင်းကောင်း ရှာစားနိုင်နေတာပါပဲ။ အဲဒါဟာ ကျွန်တော့်ဖခင်ကြီးရဲ့ အင်္ဂလိပ်စာ တတ်စေချင်လွန်းမှု ကျေးဇူးနဲ့အတူ သွားလေသူ နိုင်ငံကျော် မင်းသားကြီး (ဦး)ဝင်းဦး ကျေးဇူးကလည်း တစ်စိတ်တစ်ပိုင်း ပါနေပါလိမ့်မယ်။

ဒုတိယ အမြတ်ကတော့ လက်နှိပ်စက်နဲ့ စာရေးတာပါ။ သူစာရေးရင် လက်နှိပ်စက်နဲ့ စာရေးတယ်လို့ သိထားရတဲ့အတွက် ကျွန်တော်သည်လည်း စာပေနယ်ကို တိုးဝင်စမှာကတည်းက လက်နှိပ်စက်နဲ့သာ စာရေးပါတော့တယ်။ အဲဒီ့အတွက် လက်နှိပ်စက်ကို ကျွမ်းကျွမ်းကျင်ကျင် မျက်နှာလွှဲစနစ်နဲ့ သွက်သွက်ကြီး ရိုက်နိုင်လာခဲ့သလို ကွန်ပျူတာခေတ် ရောက်တော့လည်း စာရိုက်ရတာ ဘာအခက်အခဲမှ မရှိတော့ပါဘူး။

အဲဒီ့ အမြတ်ကတော့ ကျွန်တော် တစ်ယောက်တည်းအတွက်တောင် မဟုတ်ဘူး။ ကျွန်တော်တို့ တစ်မိသားစုလုံးအတွက်ပါ ထွက်တဲ့ အမြတ်လို့ တောင် ဆိုနိုင်တယ်။

တကယ်က ကျွန်တော့် ဖခင်ကြီးက လက်နှိပ်စက်စာရေးအဖြစ် အမှုထမ်းပြီး ကျွန်တော့်ကို လူလားမြောက်အောင် ပျိုးထောင်ခဲ့သူပါ။ သို့သော် သူက အောက်ကျလှတဲ့ သူ့အလုပ်ကို ကျွန်တော် မဆက်ခံစေချင်ရှာပါဘူး။ ဒါ့ကြောင့် လက်နှိပ်စက်နဲ့ ပတ်သက်လို့ ကျွန်တော့်ကို သင်ကြားပြသခြင်း မရှိသလို အားလည်း မပေးပါဘူး။ ကျွန်တော် လက်နှိပ်စက် သင်ချိန်မှာ သူသာ ရှိနေဦးမယ်ဆိုရင် အပြင်းအထန် ကန့်ကွက်မှာကိုတောင် တွေးမိပါတယ်။

ကျွန်တော် လက်နှိပ်စက်သင်တာက အသက် အစိတ်လောက်ကျမှပါ။ အဖေ မရှိတော့ချိန်ပေါ့။ အမေကတော့ မကန့်ကွက်ခဲ့ရှာပါဘူး။ မကန့်ကွက်ဆို မေမေက ကျွန်တော် ဘာလုပ်နေနေ ကြည်ဖြူတတ်သူမို့ပါပဲ။ အဟဲ… မိန်းမ ယူတာက လွဲရင်ပေါ့ ခင်ဗျာ။

အဲလိုနဲ့ ကျွန်တော် အိမ်ထောင်ကျ၊ ကလေးသားမြေးရချိန်မှာ ကွန်ပျူတာက ကျွန်တော်တို့တွေရဲ့ ဘဝထဲကို တိုးဝင်လာခဲ့ပါတော့တယ်။ သည်အခါ ကျွန်တော့်အိမ်သူကိုလည်း လက်နှိပ်စက် သင်ခိုင်းခဲ့သလို ကျွန်တော့်သားသမီး လေးတွေလည်း စာတတ်ချိန်ကတည်းက လက်နှိပ်စက် လက်ကွက်တွေကို မျက်နှာလွဲ ရိုက်တတ်အောင် ကိုယ်တိုင် သင်ကြား လေ့ကျင့်ပေးခဲ့ပါတော့တယ်။ သည်တော့ ကျွန်တော်တို့ မိသားစုဝင် လေးဦးစလုံးဟာ ကွန်ပျူတာ လက်ကွက်ကို မျက်နှာလွှဲစနစ်နဲ့ ဂျောင်းဂျောင်းပြေး ရိုက်နိုင်နေကြပါတော့တယ်။ ဝင်းဦးရဲ့ အကျိုးပေးပုံကတော့ နောက်ထပ် မျိုးဆက်အထိတောင် ပါသွားတယ်လို့ ဆိုရမယ် ထင်ပါတယ်။

ဝင်းဦးကို အထင်ကြီး လေးစား အားကျ အတုခိုးခဲ့တဲ့အတွက် ထွက်လာတဲ့ အမြတ်တွေထဲမှာ နောက်ဆုံး တစ်ခုကတော့ စာရေးရာမှာ သွက်သွက်လက်လက်နဲ့ ရွှင်ရွှင်သောသောလေး ရေးတတ်တာကလည်း သူ့ရေးဟန်ကို အတုခိုးရာက ရတဲ့ အကျိုးကျေးဇူးပါပဲ။

ဒူးလောက်တင်တော့…

ကျွန်တော့်အသက် ၁၆ နှစ်ဆိုတာ နှစ်ပေါင်း ၄၀ တောင် ကြာခဲ့ပါပြီ။

နှစ် ၄၀ ဆိုတာ မနည်းမနောကြီးပါပဲ။ အခုနေရာကနေ ပြန်ပြောင်း ငဲ့စောင်းကြည့်တာတောင် အတော်လေး ကွာလှမ်းသွားပါပြီ။ မနေ့တစ်နေ့ကလိုပဲလို့ ပြောလို့ မရတော့ပါဘူး။

သည်နှစ်ပေါင်း ၄၀ အတွင်းမှာ ဖြတ်သန်းခဲ့ရတဲ့ ခရီးတွေ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ ရယ်ခဲ့ရတာတွေ၊ မောခဲ့ရတာတွေကို တစ်စစီ တစ်ဆစ်စီ ပြန်ကြည့်ဖို့တောင် ခပ်ခက်ခက်ပါပဲ။

ကျွန်တော့်ဘဝက ကျွန်တော်ရေးတဲ့ စာတွေလိုပဲ၊ လိုရင်းကို ဘယ်တော့ ရောက်မယ်မှန်း မသိတတ်နိုင်ဘဲ တောရောက် တောင်ရောက် လျှောက်ဖြစ်နေခဲ့တော့ ပိုဆိုးပါတယ်။ အခုထက်ထိလည်း လူသာ ဆက်လုပ်နေရတယ်၊ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှန်းကို ပိုင်ပိုင်နိုင်နိုင် မသိသလိုကြီးပဲ။

ဖြစ်ချင်တာတွေ ဖြစ်မလာခဲ့တာတော့ သေချာပါတယ်။ ၁၆ နှစ်တုန်းက ကျွန်တော်ဖြစ်ချင်တာတွေကို ပြောခဲ့ပြီးပါပြီ။ နှစ်လေးဆယ်အကြာမှာ အဲဒီ့ ကျွန်တော် ဖြစ်ချင်တဲ့အထဲက စာရေးဆရာဆိုတာလေး ကတ်ကတ်သတ်သတ် ကျန်နေသေးတဲ့အတွက် မဆိုးဘူးလို့ ဆိုရမယ် ထင်ပါတယ်။

ဖြစ်ချင်တာတွေ အကုန် ဖြစ်မလာဘူးလို့သာ ပြောရတာပါ။ တကယ်က အဲလို ဖြစ်မလာတဲ့ အတွက် သိပ်တော့ ထိထိခိုက်ခိုက် မခံစားရပါဘူး။

တကယ်ချရေးကြစတမ်းဆို ကျွန်တော် ဖြတ်သန်းခဲ့တဲ့ နှစ် ၄၀ ခရီးကို သည်လိုစာတိုလေး တစ်ပုဒ်တစ်လေမျှနဲ့ ဘယ်လိုမှ အာသာပြေနိုင်စရာ မရှိပါဘူး။ ကျွန်တော့် တောရောက်တောင်ရောက် လျှောက်ရေးတတ်ပုံမျိုးနဲ့ဆို စာအုပ်အထူကြီး တစ်အုပ်စာ ရေးပြနိုင်ပါမှ တန်ကာကျပါမယ်။

၁၆ နှစ် မတိုင်ခင်

အတိုတွေ ချုပ်ကြည့်လိုက်မယ်ဆိုရင်တော့ ၁၆ နှစ်အထိ ကိုယ်ရေးရာဇဝင် သံခိပ်ကို သည်လို ရလာပါတယ်။

မွေးတယ်ဗျာ။ မန်းရွှေမြို့တော်ကြီးမှာ။ မွေးရုံသာ မွေးလိုက်ရတယ်။ အခါလယ်သားပြည့်ဖို့ ဝေးစွ၊ လူ့လောကထဲ ရောက်လို့မှ ရက်ပေါင်း ၅၀ မပြည့်တတ်နိုင်သေးခင်မှာ ကယားပြည်နယ်က လောပိတရဲ့ ဟိုးဘက် လောဓလေ့ဆိုတဲ့ ရွာကလေးကို ရောက်သွားတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ဖို့ ပြင်ဆင်နေဆဲ ဒိုင်းနမိုက်ခွဲသံ တအုံး အုံးကြားမှာ လူကလေး ဖြစ်လာခဲ့တယ်။

အဲဒီ့ကနေ လူမှန်း မသိတသိကျတော့ မန်းရွှေမြို့တော်ကြီးက အမေ့ရဲ့ ခန်ဗှင့်(န်)(ထ်) (ကွန်ဗင့်) ကျောင်းတော်ကြီးမှာ ကျောင်းနေဘဝ စတယ်။

အဲဒီ့ကနေ လွိုင်ကော် စိန့်ဂျိုးဇက်ကျောင်းကို ရောက်တယ်။ နောက်တော့ သာသနာပြုကျောင်းတွေကို ပြည်သူပိုင်သိမ်းတာက ဆက်တိုက်။ လောဓလေ့ အလယ်တန်းကျောင်းမှာ သုံးတန်းအထိ နေရတယ်။ လေးတန်းကျတော့ တောင်ကြီးက အမှတ် ၃ အမျိုးသမီးအစိုးရ အထက်တန်းကျောင်းမှာ ကျောင်းအိပ်ကျောင်းစား နေရတယ်။ တရုတ်-ဗမာ အရေးအခင်းဆိုတာကြီးကို စကြုံရတယ်။ ဘာမှန်းလည်း မသိဘူး။ လူကမှ ကိုးနှစ်သာသာ ရှိသေးတဲ့ အရွယ်။ ပုန်း၊ ပုန်းဆိုတာနဲ့ ကျောင်း မြေတိုက်ခန်းထဲ ဝင်ပုန်းနေခဲ့ရတာပဲ မှတ်မိတယ်။

ထူးခြားချက်က အဲဒီ့ လေးတန်းကျောင်းသားဘဝမှာ ဇတွေ ပြလာခဲ့တာပါပဲ။ ကျောင်းပြဇာတ်မှာ ဇာတ်လိုက် ဝင်လုပ်တယ်။ ကဗျာရွတ်ပြိုင်ပွဲမှာ ဆုရတယ်။ ကျောင်းနံရံကပ်စာစောင်မှာ ကဗျာဝင်ရေးတယ်။ ကျောင်းသူကြီးတွေ က နေ့လယ်ခဏနားချိန်မှာ ခေါ်ခေါ်ပြီး သီချင်းဆိုခိုင်းရင် လူပုံအလယ်မှာ မရှက်မကြောက် သီချင်းတကြော်ကြော် ဆိုတတ်တယ်။

တစ်ဆက်တည်းမှာ ကျွန်တော့်ကိုယ်ပေါ်က ဆူးတွေလည်း စတင်ပေါက်လာခဲ့ပါတယ်။

ငါးတန်းနှစ်ရောက်တော့ မန္တလေးက အမှတ် ၉ အစိုးရ အထက်တန်း ကျောင်းမှာ ကျောင်းအိပ်ကျောင်းစား နေရပြန်တယ်။ အတတ်ပေါင်း စုံလာခဲ့တယ်။ ကျောင်းသားကြီးတွေ ကြီးစိုးရာမှာ အရွယ်မတိုင်ခင် မသိသင့်တာတွေ သိလာခဲ့၊ မတတ်သင့်တာတွေ တတ်လာခဲ့တယ်။ ဆေးလိပ်သောက်တတ်ခြင်းရဲ အစက အဲဒီ့ ကျောင်းအိပ်ကျောင်းစားဘဝမှာ ဖြစ်နေတယ်။ ညဘက် ကျောင်း အုတ်တံတိုင်းကို ကျော်ပြီး ညဈေးတန်းလည်း သွားတတ်လာတယ်။

ဒါ့ကြောင့် နှစ်တစ်ဝက်နဲ့ ဘော်ဒါက အထုတ်ခံလိုက်ရတယ်။ အဲဒါက ဘဝမှာ အမှတ်တရပေါ့။ ကျွန်တော် ဆိုး၏ပေါ့။

ကောင်းတာကတော့ ကျောင်းဘင်ခရာဝိုင်းမှာ ပုလွေ ဝင်မှုတ်ရင်း ဒို၊ ရေ၊ မီ၊ ဖှာနဲ့ ရင်းနှီးလာခဲ့တာပါပဲ။ ပုလွေဟာ ကျွန်တော့်ငယ်ဘဝရဲ့ တစ်ခုတည်းသော တူရိယာ။ စန္ဒယား သိပ်တီးတတ်ချင်တယ်၊ အခွင့်အရေး မရှိဘူး။ အကော်ဒီယံ သိပ်တီးတတ်ချင်တယ်၊ အိမ်က ဝယ်မပေးနိုင်ဘူး။ အကော်ဒီယံ ဝေးစွ၊ ဘာဂျာလေးတစ်လက်တောင် အိမ်က ဝယ်မပေးနိုင်ခဲ့တဲ့ဘဝ။

ခြောက်တန်းနှစ်မှာ ရန်ကုန်ရွှေမြို့တော်ကြီးမှာ မိသားစုလိုက် အခြေချ နေထိုင်ခဲ့တယ်။ အထက ၆ ဗိုလ်တထောင်ဆိုတဲ့ စိန်ပေါ(လ်) ကျောင်းဟောင်းကြီးမှာ ဗိုလ်ကြီးဗဟိန်းဆိုတဲ့ တပ်က ပုဂ္ဂိုလ်ကြီးကို ကျောင်းအုပ်ကြီး လုပ်နေချိန် ရောက်သွားတာဆိုတော့ တစ်ကျောင်းလုံး ဆရာမြင်ရင် အလေးပြုတဲ့ အကျင့်ဆိုးကြီး ကိုယ်ထဲမှာ စွဲသွားခဲ့ရတယ်။

အဲဒီ့ ၆ တန်းကတည်းက နေလာလိုက်တာ ၁၆ နှစ်မှာ ဆယ်တန်းကို ရောက်လာခဲ့ပါပြီ။

တောကျောင်းတုန်းက ဇ ပြခွင့် ရခဲ့ပေမယ့် မြို့ကျောင်းကျတော့ ဇပြခွင့် သိပ်မရဘူး။ ဒါတောင် နွေရာသီ လုပ်အားပေး၊ ဘာ၊ ညာမှာ ကျွန်တော်က သီချင်းတွေ ဘာတွေ ရေးလိုက်သေးတယ်။ ဆိုလိုက်သေးတယ်။ ပုလွေကလည်း မှုတ်လို့ ကောင်းဆဲ။ အိမ်အောက်ထပ်က တရုတ်တစ်ယောက်ဆီကနေ ဂစ်တာတီး သင်လို့ ဂစ်တာလေးလည်း အနည်းအပါး တဗျန်းဗျန်းခေါက် တတ်လာခဲ့ပြီ။ သို့သော် အိမ်က ဂစ်တာ ဝယ်မပေးသေး။

စာတွေကတော့ ငါးတန်းကတည်းက စရေးနေပါပြီ။ ရေးလိုက်ရတဲ့ ကဗျာ၊ ရေးလိုက်ရတဲ့ ဝတ္ထု။ မနားတမ်းကို ရေးနေတာပါ။ ဘယ်မှတော့လည်း မပို့ဖြစ်ခဲ့ပါဘူး။ ကိုယ့်ဘာသာ ရေးနေခဲ့တာပါ။

အဲဒါ ၁၆ နှစ်သားအထိ ကျွန်တော့်ဘဝ သံခိပ်။

နောက်ပိုင်း ခရီးရှည်

အဲဒီ့ကနေ နှစ်ပေါင်း ၄၀ ကို သံခိပ်ရပြန်ဦးမယ်ဆိုရင်တော့…

နောက်တစ်နှစ်မှာ ဆယ်တန်းအောင်၊ တက္ကသိုလ်ရောက်လို့ ပြောရမှာပေမယ့် ကြားထဲမှာ အဖြစ်အပျက်တွေက ရှိသေးတယ်။ ဦးသန့် အရေးအခင်း ဖြစ်တော့ ကျွန်တော်ကိုးတန်း။ အဲဒီ့မတိုင်ခင်က တက္ကသိုလ် ရွှေရတု အရေးအခင်း၊ သူ့ရှေ့က ကျွန်းဆွယ် အရေးအခင်းဆိုတာတွေကိုတော့ သိပ်ပြောပလောက်ဖွယ် မမှတ်မိ။ နောက် ဆယ်တန်း ဒုတိယနှစ် ပြန်နေနေချိန်မှာ အလုပ်သမား အရေးအခင်း။

မေမေက အစိုးရကို ထိုင်ဆဲတဲ့ သူ။ ဖေဖေက နိုင်ငံရေးကို သိပ် စိတ် မဝင်စား။ သူ့ဘဝ၊ သူ့အလုပ်၊ သူ့မိသားစုထဲမှာ နှစ်ထားခဲ့သူ။ ကျွန်တော်က အိယောင်ဝါး။

အဲလိုနဲ့ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်လာတော့ မှိုင်းရာပြည့်နဲ့ တန်းတိုးပြီး ကျောင်းတောင် ဖင်ပူအောင်မှ မတက်ရသေးခင် ကျောင်းတွေ ပိတ်သွား။ ကျောင်းပိတ်ရက်ရှည်ကြီးကြားမှာ ကျွန်တော့်အဖေ ပျောက်ကွယ်သွား။ တက္ကသိုလ်ကျောင်းသားဘဝကနေ အရှင်လတ်လတ် အငှားယာဉ် မောင်းသမား ဘဝကို ရောက်။

အဲ… ကျန်ပြန်ပြီ။ ၉ တန်း၊ ၁၀ တန်းတွေမှာ စာတွေ တအား ဖတ်နေပါပြီ။ အမှန်တော့ အမေက စာအုပ်သိပ်ဖတ်သူမို့ စာဖတ် ဝါသနာက ကိုယ်ထဲမှာ ငယ်ငယ်လေးကတည်းက၊ လောပိတမှာကတည်းက စွဲပြီးသား။ သို့သော် အရှိန် တအားတက်လာတာက ကိုးတန်း၊ ဆယ်တန်းမှာ။ နွေရာသီ ကျောင်းပိတ်ရက်ဆို တစ်အုပ်ပြီး တစ်အုပ်ကို မနားတမ်း ဖတ်တော့တာ။

နောက်တော့ ကျောင်းတွေ ပြန်ဖွင့်၊ ပထမနှစ်အောင်၊ ဒုတိယနှစ်အထိ ကျောင်းကို သွားလိုက်၊ ကားမောင်းလိုက်နဲ့၊ ဘဝက ဟုတ်တုတ်တုတ်။ တတိယနှစ်ကစပြီး ကျောင်းဆိုတာ ဘယ်လိုနေမှန်း မသိတော့ဘူး။ လမ်းပေါ်က အငှားယာဉ်မောင်းဘဝမှာပဲ အချိန်ပြည့်နီးပါး ဖြစ်နေခဲ့ပါတော့တယ်။

အခု ပြန်စဉ်းစားရင် တတိယနှစ်နဲ့ နောက်ဆုံးနှစ်တွေမှာ ဘယ် ကျောင်းခန်းထဲ ကျောင်းတက်ရမှန်းတောင် ကောင်းကောင်း မသိချင်တော့ဘူး။ အဲသလောက် ကျောင်းနဲ့ အဆက်ပြတ်ခဲ့တာပါ။ သို့သော် နီးမှ ကပ်တွန်း၊ တစ်ပုဒ်ဖြေ၊ နှစ်ပုဒ်ဖြေပေမယ့်လည်း ဘွဲ့ရတွေ စက်နဲ့ ထုတ်သလို အရေအတွက် များများ ထုတ်ပေးနေတဲ့ စနစ်ကြီးအောက်မှာ တစ်နှစ်တစ်တန်း မှန်မှန်အောင်ပြီးသကာလ ကျွန်တော် ဘွဲ့ရလာခဲ့ပါတော့တယ်။

နောက်ဆုံးနှစ် စာမေးပွဲ ဖြေခါနီးတန်းလန်းမှာ ကားမမောင်းဘဲ စာကျက်မယ် ရည်ရွယ်ပြီး ကားကို တခြား ယာဉ်မောင်းတစ်ယောက်ကို ခဏပေးထားချိန်၊ မင်္ဂလာဒုံနားမှာ ကားမောင်းသင်နေဆဲ တပ်သားက မောင်းနေတဲ့ ထောက်လှမ်းရေးတပ်ရဲ့ အပေါ့စား ကုန်တင်ယာဉ်ငယ်က ကားကို စုတ်ပြတ်သတ်သွားအောင် တိုက်ထည့်လိုက်တယ်။ အလျော်လည်း ကောင်းကောင်း ကန်းကန်းမရ။ ကားကို ပြန်ပြင်တော့ ကျွန်တော်တို့ သားအမိမှာ ကြွေးတင်။ နောက်ဆုံးမှာ ကားရောင်းပြီး ကားပြင်ရုံကို ကြွေးဆပ်ရတဲ့ဘဝနဲ့တင် ကျွန်တော့် အငှားယာဉ်မောင်းဘဝက ယာယီ နိဋ္ဌိတံသွားတယ်။

ကားမောင်းနေစဉ် လေးနှစ်မှာ အမြတ်ထွက်ခဲ့ပြန်တာက စာတွေ တအား ဖတ်ဖြစ်တာပါပဲ။ မြန်မာလိုတောင် မဟုတ်တော့ဘူး၊ အင်္ဂလိပ်လိုတွေပါ ဖတ်ဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့် ကျောင်းပြီးချိန်မှာ ကိုယ့်ကိုယ်ကိုယ် အင်္ဂလိပ်စာ အတော်တတ်တယ်လို့ ထင်ယောင်မှားလာပါတော့တယ်။ ဟုတ်တော့လည်း ဟုတ်တယ်၊ ငါးတန်းနှစ်မှ အင်္ဂလိပ်စာ သင်ရတဲ့ ပညာရေးစနစ် ထဲမှာ လူလားမြောက်လာတာမို့ ကျွန်တော်က စုံလုံးကန်းတွေအလယ်မှာ ရေးတေးတေးလေး မြင်နိုင်စွမ်း ရှိနေသေးတဲ့ တစ်ဖက်လပ်ပေပဲကိုး။

ကားရောင်းပြီးတဲ့နောက် ရွှေဝယ်ရောင်း လုပ်၊ ခွက်ခွက်လန်။ လန်မှာပေါ့၊ ကျွန်တော်မှ အလုပ်ထဲ စိတ်မဝင်စား၊ မလေ့လာ၊ မစူးစမ်းဘဲ သူများက ကိုက်တယ် ပြောတာနဲ့ ဝင်ဆော့တာမျိုး ဖြစ်နေတာကိုး။ အဲတုန်းက ရွှေ တစ်ကျပ်သားမှ လေးထောင်၊ အများဆုံး လေးထောင့် ငါးရာခေတ်။

အဲဒီ့ကနေ ကားဝယ်ရောင်း လုပ်ပြန်။ ခွက်ခွက်လန်ပြန်။ လန်မှာပေါ့။ ကျွန်တော်က သူဌေးလို လျှောက်လုပ်နေတာကိုး။ အမေ့ခမျာတော့ မချိမဆံ့ပေါ့။ နောက်ဆုံးတော့ ကြံရာမရဖြစ်ပြီး အငှားယာဉ်လေး ပြန်မောင်း။ မောင်းရင်းကနေ ကျူရှင်သင်ဖို့ စဉ်းစား။ ကျူရှင်ဆရာလေး ဖြစ်လာ။ အနည်းအပါး ဝင်ငွေမှန်လာ။

သူငယ်ချင်း အဆွယ်ကောင်းတာနဲ့ မှတ်ပုံတင်ရှေ့နေ ဝင်ခွင့်စာမေးပွဲ ဝင်ဖြေ၊ ဆွယ်တဲ့ သူငယ်ချင်းက မအောင်၊ ကျွန်တော်က အောင်လို့ နှစ်နှစ်တာ ဥပဒေပညာ သင်ယူ။ တစ်နှစ်တစ်တန်းအောင်၊ ရှေ့နေလုပ်မယ်ကြံ။ ဆိုရှယ်လစ် တရားစီရင်ရေးနဲ့ တွေ့တော့ ထိုအကြံသည်လည်း ခွက်ခွက်လန်။ (ဒါတွေ နောက်မှ အသေးစိတ်ရေးပြတော့မယ်ဗျာ။)

သို့သော် ရှေ့နေဘဝမှာ ကျွန်တော့်ဆရာရဲ့ အမှုသည် ကျေးဇူးကြောင့် သံတမန်လောကထဲက ကပြတဲ့ ပြဇာတ်ဝင်ကြည့်ရင် အင်္ဂလိပ်စာ ပြောဆို လေ့ကျင့်နိုင်တဲ့ အခွင့်အရေးလို့ မြင်လာ။ အဲဒီ့ ပြဇာတ်အသင်းကို ဝင်ရင်းက သံတမန်လောကနဲ့ ရင်းနှီးလာရက အသက် ၃၁ နှစ်မှာ အိမ်ထောင်ကျ၊ အိမ်ထောင်ကျပြီး တစ်လကျော်အကြာ၊ ဥရောပသမဂ္ဂမှာ ဘာသာပြန် အလုပ်ကို စရ။ တတိယမြောက် နှစ်မှာ ထောက်လှမ်းရေးက ခေါင်းကို အိပ်နက်ကြီး စွပ်ပြီး ခေါ်သွားတာ ခံရ။ ဘာအပြစ်မှလည်း မရှိပါဘူး။ ဘာနိုင်ငံရေး လှုပ်ရှား မှုထဲမှလည်း မပါခဲ့ပါဘူး။ သို့သော် ကျွန်တော့်ရုံးက ဗြိတိန်သံရုံး အဆောက်အအုံထဲမှာမို့ ကျွန်တော့်ကို အဲဒီ့သံရုံးဝန်ထမ်းမှတ်ပြီး သတင်းမယူအောင် ခေါ် ခြောက်တာပါ။ ကျွန်တော်ပြောပြတော့မှ ကျွန်တော်က ဗြိတိန်သံရုံး ဝန်ထမ်းမဟုတ်ဘဲ ဥရောပသမဂ္ဂ ဝန်ထမ်းမှန်း သူတို့ သိသွားတယ်။ သို့သော် အဲဒီ့ခေတ်က ဥပဒေဆိုတာ မရှိဘူး။ ထောက်လှမ်းရေးတွေ သိပ်တန်ခိုးထွားလို့ ကောင်းနေချိန်မို့ ကျွန်တော့်ကို တော်တော် စိတ်ပျက်အောင် အောင်မြင်စွာ လုပ်နိုင်ခဲ့ကြတယ်လို့ ဆိုရမယ်။

သူတို့ ကျွန်တော့်ကို ၄၈ နာရီ စိတ်ဒုက္ခပေးပြီး ၁၁ လအကြာမှာတော့ ကျွန်တော်လည်း ဩစတြေးလျ သံရုံးကို ပြောင်းပြီး အလုပ်လျှောက်တာ အလုပ် ရလာတယ်။ အဲဒီ့မှာ ကျွန်တော့် ဇာတာ စန်းလဂ်လေးအတော်ပြန် တက်လာခဲ့ပြီး နိုင်ငံခြားတွေ ဘာတွေ နည်းနည်းပါးပါး ရောက်ဖူးသွားတယ်။ အဲဒီ့မှာ ၁၂ နှစ်ကျော်လုပ်ပြီးချိန်မှာတော့ စာရေးသူအနေနဲ့လည်း ကျွန်တော့် အခြေအနေက အတော်ခိုင်လာတယ်။

စာရေးသူအဖြစ် လက်သံအပြောင်ကောင်းလိုက်တာများ အလုပ်ကတောင် အထုတ်ခံရပြန်တယ်။ ကျွန်တော့် အထက် အရာရှိတွေက မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်းက မြန်မာသတင်းထောက်တွေကို လူလို မဆက်ဆံတဲ့ ဖြစ်ရပ်တစ်ခုက ၂၀ဝ၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ဖြစ်ခဲ့တယ်။ အဲဒါကို ဂျာနယ်ထဲမှာ ကျွန်တော် ရေးလိုက်တယ်။ ထုံးစံအတိုင်း ကျွန်တော့်လက်က ပြင်းသွားတော့ မခံမရပ်နိုင် ဖြစ်တဲ့သူက ဖြစ်၊ ကျွန်တော့်ရုံး ကို ချွန်တွန်းလုပ်၊ ကျွန်တော့်ရုံးက လူတွေ ဆွေ့ဆွေ့ခုန်၊ နဂိုကတည်းက မြောက်ကြွ မြောက်ကြွနဲ့ ရုံးမှာ လူဝါးသိပ်ဝလွန်းသော ကျွန်တော့်ကို တွယ်ချင်နေတာက ကြာပြီ၊ အခုမှ အကွက်တွေ့တယ်ဆိုပြီး ကိုင်ထည့်လိုက်ကြတာ နေ့ချင်း ညချင်းပဲ အလုပ်ပြုတ်ပါရောလား။

ဒါပေမယ့် အတိုက်အခိုက် အထုအထောင်းများလေ၊ ငါးဖယ်လို မာလာလေများ ဖြစ်သလားတော့ မပြောတတ်ဘူး။ ကျွန်တော့်ဘဝက အောက်ဆုံး အထိ နစ်မသွားဘူး။ သို့သော် လူတွေရဲ့ မနောကိုတော့ သိလာရပါတယ်။

သနားသလိုလိုနဲ့ ကျွန်တော့်ကို ဝါးကူထိုးချင်တဲ့သူတွေလည်း တွေ့ရတယ်။ လောကတံထွာမို့ ဘယ်သူ့မှ မဥပါဒ်မိပေမယ့် သင်ခန်းစာတွေကတော့ ရပြီးရင်း ရရင်းပေါ့။ အလားတူပဲ ကျွန်တော့်ကို တကယ့် စိတ်သဘောအမှန်နဲ့ ကူညီချင်သူတွေကိုလည်း သိလာရပါတယ်။

၂၀ဝ၃ ခုနှစ်ကနေ ကံတွေက လှိမ့်ဆိုးလာလိုက်တာများ ၂၀ဝ၆ လောက် အထိ ကော့နေအောင် ခံရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မိသားစုလေး စည်းလုံးနေခဲ့တယ်။ ဘယ်သူ့ဘယ်သူမှ အပြစ်မတင်ကြဘူး။ ဖေးမတယ်။ စာအုပ်လုပ်ငန်းကို ဖိလုပ်တော့ လုံးချင်းနယ်ပယ်မှာလည်း သူ့ဟာနဲ့သူ နေရာ ရလာတယ်။ စာရေးခြင်း အလုပ်နဲ့ပဲ အသက်မွေးတော့မယ်လို့တောင် စိတ်ကူးပေမယ့် ဘဝက ကြံစီတိုင်း မဖြစ်ပြန်ဘူး။

အဲသလိုနဲ့ တဖြည်းဖြည်း ပြန်နာလံထူခဲ့ပါတယ်။

မကောင်းသူထိပ် ကောင်းသူထိပ်

ပြောရင်တော့ အသေးစိတ်တွေက အထက်မှာ ဆိုခဲ့သလို တစ်ပုံတစ်မပါ။

သေချာတာကတော့ အဖေတို့ အမေတို့ ကျေးဇူးကြောင့် ပညာကို တန်ဖိုးထားရကောင်းမှန်း သိခဲ့တယ်။ စာတွေ နင်းကန် ဖတ်ခဲ့တယ်။ အဲဒီ့ အသီးအပွင့်တွေကို ကျွန်တော် ကနေ့ ခံစားနေရပါတယ်။

ရုံးမှာ လုပ်ခဲ့တုန်းက တစ်လ ဝင်ငွေမျိုးကို အခုအခါမှာ ကျွန်တော် မှုစရာ မလိုတော့ပါဘူး။ အဲဒီ့ဝင်ငွေကို ကျွန်တော် မပြောနဲ့ ကျွန်တော့်ရဲ့ ၂၄ နှစ် အရွယ် သမီးတောင် ပညာနဲ့ ရှာဖွေနိုင်နေပါပြီ။ အတော် ကြည်နူးစရာ ကောင်းလို့ နေပါတယ်။

မိသားစု ဘဝမှာလည်း အေးချမ်းစွာ နေနေရပါတယ်။ ကြောင့်ကြမဲ့လို့ တော့ ပြောလို့ မရပါဘူး။ သို့သော် သိပ်ကြောင့်ကြစရာ မလိုဘဲ နေနိုင်နေပါတယ်။ အဲဒီ့အတွက် ဂုဏ်ယူစရာလည်း မရှိပါဘူး။ နိမ့်မြင့် ကျတက်ဆိုတဲ့ လောကဓံရဲ့ သဘောကို သည်အရွယ်မှာတော့ ကောင်းကောင်း နောကျေနေပြီမို့ တက်နေ မြင့်နေလည်း ဘဝင်မမြင့်အားတော့ပါဘူး။ နိမ့်တုန်း၊ ကျတုန်းကလည်း အီနေအောင် ခံခဲ့ဖူးပြီမို့ လာသမျှ လောကဓံ သတိလေးနဲ့ ခံဖို့ပဲ အားခဲနေရပါပြီ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အလိုအရ မြန်မာနိုင်ငံက အမျိုးသား တစ်ယောက်ရဲ့ ပျမ်းမျှ အသက်ရှင်နိုင်တဲ့ အသက်ဟာ ၄၈ နှစ်ပဲ ရှိပါတယ်။ အဲဒီ့အသက်ထက် ရှစ်နှစ်ကျော် ပိုနေပြီးပြီမို့ အခုနေ သေရမယ်ဆိုလည်း အေးအေး သေလိုက်ရုံ ရှိတာပါပဲ။ ကျွန်တော်နဲ့ ခေတ်ပြိုင်တွေ၊ ရွယ်တူတွေထဲမှာလည်း သေတဲ့သူတွေ သေကုန်ပြီပဲလေ။

ကျွန်တော်လည်း ယာဉ်တိုက်မှုကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သေမလို ခံခဲ့ရဖူးပါပြီ။

မသေခင် စပ်ကြားမှာ ကိုယ်လုပ်နိုင်တာလေး လုပ်သွာရင် မိသားစု အကျိုး၊ ပတ်ဝန်းကျင်အကျိုးလေး နိုင်သလောက် လုပ်သွား။ သေစရာရှိတော့လည်း သေခြင်းကို ရွှင်ရွှင်ပျပျ လက်ခံနိုင်အောင်သာ အတတ်နိုင်ဆုံး အားထုတ်ရတော့မှာပါ။

ရေးဆိုလို့သာ ရေးလိုက်တယ်။ ကျွန်တော့်စာက ဘယ်ကို ဦးတည်နေမှန်းလည်း ကိုယ့်ဘာသာ မသိဘူးခင်ဗျ။

၁၆ နှစ်ကနေ အခုအချိန်အထိ ဖြတ်သန်းခဲ့သမျှကို အတိုချုပ် စာရင်းချ ကြည့်လိုက်တာ ဖြစ်လင့်ကစား လိုရင်းကို ရောက်ပါ့မလားလို့ ပူမိရပါတယ်။
မရောက်လည်း မတတ်နိုင်ဘူးခင်ဗျ။ ကျွန်တော် ရေးတတ်သလို လျှောက်ရေးကြည့်လိုက်တာ ဖြစ်ပါတယ်။

ကျွန်တော့်ဘဝမှာ ဖြစ်ချင်တာတွေ သိပ်မဖြစ်ခဲ့ပါဘူး။ သူဖြစ်ချင်သလိုတွေ လျှောက်ဖြစ်နေတာချည်းပါ။ အဲဒီ့မှာ ကျွန်တော်က အလိုက်သင့်မျှော နေရင်းက သည်ဘဝကို ရောက်လာတာပါပဲ။

အခုလည်း အတူတူပါ။ ကျွန်တော် ရေးချင်တဲ့စာကို ရေးချလိုက်တာ မဟုတ်ပါဘူး။ မဂ္ဂဇင်းက ပူဆာလို့ အားနာပြီး ရေးပေးလိုက်တဲ့စာသာ ဖြစ်ပါတယ်။ သည်တော့ သည်စာသည်လည်း အလိုက်သင့် ရေးလိုက်တဲ့စာလို့ သာ သတ်မှတ်ရပါလိမ့်မယ်။ သည်အထိတော့ ရောက်လာပြီမို့ သည်နေရာမှာပဲ နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါတယ်။

သည်ကြားထဲကမှ သည်စာလေးက တစ်စုံတစ်ရာ အကျိုးရှိတယ်ဆိုရင် ရေးတဲ့ ကျွန်တော့်အတွက် သာဓုခေါ်ပေးကြပါခင်ဗျာ။ ဘာမှလည်း မဟုတ်ဘဲ စာညံ့တစ်ပုဒ်ဖြစ်နေရင်တော့ ကျွန်တော် မရေးချင်တာကို ဇွတ်ရေးခိုင်းတဲ့ မဂ္ဂဇင်းကိုသာ ကလော်ကြပါတော့ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(နေပြည်တော် – ၁၁၀၁၁၄)

၂၀၁၄ ခုနှစ် မတ်လထုတ် Fashion Image မဂ္ဂဇင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။

Women’s Talk

ကမ္ဘာကျော်ကြီးပေမယ့်

မိတ်ဆွေတစ်ယောက်ဆီက လက်ဆင့်ကမ်းလာတဲ့ ကြော်ငြာလေးတစ်ခု  ဓာတ်ချောစာကနေ ဝင်လာတယ်။

ဖတ်ကြည့်လိုက်တော့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တစ်ခုက ကမကထလုပ်ပြီး ကျင်းပမယ့် “အမျိုးသမီးများရဲ့ စကားဝိုင်း” အစီအစဉ်ပါတဲ့။

အဲဒီ့အစီအစဉ်မှာ ပြောမယ့်သူတစ်ယောက်ကြောင့် ကျွန်တော် မျက်လုံးပြူးသွားရပါတယ်။ သူကတော့ ဗြိတိသျှ ရုပ်ရှင်မင်းသမီး အကျော်အမော် အယ်မာ ထော(မ်)ဆင်(န်) ဖြစ်နေပါတယ်။ သူ့ နာမည် မြင်လိုက်တာနဲ့ ခေါင်းထဲမှာ ပေါ်လာတာက “ဂျိန်း အော် စထင်(န်)” ရဲ့ ဂန္ထဝင်ဝတ္ထုကြီးဖြစ်တဲ့ Sense and Sensibility ပါပဲ။ အဲဒီ့ဝတ္ထုကို ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် သည်မင်းသမီးကိုယ်တိုင်က ရေးသားခဲ့ပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

အဲဒီ့ဇာတ်ကားအတွက် အကောင်းဆုံး ဇာတ်ညွှန်း အော်စကာဆုကို သူက ဆွတ်ခူးရရှိခဲ့တဲ့အပြင် အော်စကာဆုမဟုတ်ပေမယ့် BAFTA လို့ လူသိများတဲ့ “ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အနုပညာ ဗြိတိသျှ အကယ်ဒမီ“က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုလည်း အဲဒီ့ကားနဲ့ပဲ ရခဲ့ပါသေးတယ်။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်သလို Howards End ဆိုတဲ့ ဇာတ်ကားနဲ့လည်း အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင် အော်စကာဆု  ရရှိထားသူလည်း ဖြစ်ပါတယ်။ တိုတိုပြောရရင် အောင်မြင်ထင်ရှားတဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးပေါ့။

အဲဒီ့မင်းသမီးက သည်အခမ်းအနားမှာ စကားပြောမယ်ဆိုတော့ ကျွန်တော်လည်း အလွန်စိတ်ဝင်စားသွားတယ်။ ကမ္ဘာကျော် မင်းသမီး တစ်ယောက်ကို အပြင်မှာ မြင်ဖူးဖို့ဆိုတာ အိပ်မက်တောင် မမက်ဖူးတာမျိုးပါ။ အခုတော့ ကိုယ့်တိုင်းပြည်ထဲကလည်း တစ်လက်မမှ မထွက်ရဘဲ သူလို မင်းသမီးကို မြင်တွေ့နိုင်တဲ့အခွင့်အရေးမို့ လက်လွတ်မခံတော့ဘဲ သက်ဆိုင်တဲ့ တာဝန်ခံဆီကို ဖိတ်စာပို့ပေးဖို့ ဓာတ်ချောစာနဲ့ပဲ လှမ်း မေတ္တာရပ်ခံလိုက်ပါတော့တယ်။

ဟိုကလည်း မဆိုင်းမတွဘဲ အကြောင်းပြန်တယ်။ နေရာအခက်အခဲကြောင့် ဖိတ်စာကန့်သတ်ထားကြောင်းနဲ့ ဖိတ်စာတွေ အဆင်သင့်ဖြစ်ရင် ကျွန်တော်တို့ ဇနီးမောင်နှံအတွက် ပို့ပေးပါ့မယ်တဲ့။ သည်လိုနဲ့ ဖိတ်စာကလည်း အင်တာနက်ကတစ်ဆင့်ပဲ ရလာတယ်။ ဖိတ်စာကို ပုံနှိပ်ပြီး ယူလာခဲ့ပေးပါလို့လည်း မှာပါသေးတယ်။

သည်လိုနဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက် စနေနေ့မှာ အဲဒီ့အခမ်းအနားကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီ့ အခမ်းအနားက နေ့ခင်း ၃ နာရီမှာ စမှာ။ ၃ နာရီအတိမှာ စချင်တဲ့အတွက် ၂ နာရီ ၄၅ မတိုင်ခင် အရောက်လာပြီး နေရာယူပေးဖို့လည်း ဖိတ်စာမှာ နှိုးဆော်ထားတယ်။ ဖြစ်ချင်တော့ အဲဒီ့နေ့ နေ့လည် တစ်နာရီက သုံးနာရီအတွင်း ကန်တော်ကြီးစောင်းက ဟိုတယ်ကြီးတစ်ခုမှာ ကျင်းပမယ့် မင်္ဂလာအခမ်း အနားအတွက် အခမ်းအနားမှူး လုပ်ပေးဖို့ ကျွန်တော်က လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက လက်ခံထားမိနေတယ်။ အချိန်က နည်းနည်း ကသီလင်တဖြစ်ချင်စရာပေါ့။

တကယ်လည်း ကသီပါတယ်။ မင်္ဂလာဆောင်က ပြန်ထွက်လာတော့ ၂ နာရီ ၁၅ မိနစ်ရှိနေပြီ။ ဖြစ်ချင်တော့ ကျွန်တော့်ကားရှေ့မှာ တခြား ကားတစ်စီးက ပိတ်ရပ်သွားလို့ အဲဒီ့ကားရှင်ကို ရှာရတာနဲ့ အချိန်က ပိုကြာသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကဆုန်စိုင်းပြီး အိမ်ပြန်ပြေးရသေးတယ်။ အဝတ်ပြန်လဲရသေးတာပ။ ပွဲထိုင် အဝတ်ကြီးနဲ့ လန်းလန်းလန်းလန်း လုပ်ပြီး သွားဖို့မှ မတော်ဘဲလေ။

သည်လိုနဲ့ ၂ နာရီ ၄၅မိနစ်အတိမှာပဲ “အမျိုးသမီးများရဲ့ စကားဝိုင်း“ ကျင်းပမယ့် ရွှေတောင်ကြားထဲက ဩစတြေးလျသံရုံးရဲ့ အပမ်းဖြေရိပ်သာကို ရောက်သွားပါတယ်။ စိတ်ထဲမှာ သံသယတစ်ခုက ရှိနေသေးတယ်။ သူတို့ကသာ အယ်မာ ထော်(မ်)ဆင်(န်) ပြောမယ်လို့ ပြောတာ။ လူကိုယ်တိုင် မဟုတ်ဘဲ ရုပ်မြင်သံကြားကတစ်ဆင့် ပြောရင်လည်း ဖြစ်နိုင်နေတာပဲလို့ တွေးမိနေရတာပါ။

ဒါပေမယ့် ကျွန်တော် ရောက်ပြီး မကြာခင်မှာပဲ မင်းသမီးကြီး ဝင်လာတာတွေ့လိုက်ရပါတယ်။ အသက် ၅၃ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ မင်းသမီးကြီးက ချောမောတင့်တယ်လှပါတယ်။ သူနဲ့အတူ ပြောမယ့်သူတွေက အငြိမ်းစား ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်၊ စာရေးဆရာမ ဂျူးနဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းတို့လည်း ပါပါတယ်။ ကျွန်တော့် ကင်မရာက မနားတော့ပါဘူး။

အခမ်းအနားကို သုံးနာရီတိတိမှာ စလိုက်ကြပါတယ်။ စုစုပေါင်း လူ ၇၀ စာ ထိုင်ခုံချထားပြီး ထိုင်ခုံ အားလုံးနီးပါး ပြည့်ပါတယ်။ အများစုက အမျိုးသမီးတွေပါ။ အမျိုးသားရယ်လို့ ဆယ်ယောက်မပြည့်ပါဘူး။ အဖွင့်အမှာစကားကို မြန်မာနိုင်ငံဆိုင်ရာ ဩစတြးလျ သံအမတ် အမျိုးသမီးကြီးက ပြောတယ်။ သူ့နောက်မှာ ကမကထပြုတဲ့ Action Aid အဖွဲ့အစည်းက အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ အဲဒီ့နောက် ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က မြန်မာနိုင်ငံက အမျိုးသမီးများရဲ့ အနေအထားကို ပုဂံခေတ်က အစချီကာ ပြောပါတယ်။ အသံချဲ့စက်မပါတဲ့ အခမ်းအနားမို့ တိုးတိုးသက်သာ ပြောတဲ့ ဆရာမကြီး အသံကို အတော် နားစိုက်ထောင်ရပါတယ်။ ဆရာမကြီးက အင်္ဂလိပ်ဘာသာနဲ့ပဲပြောတာပါ။

နောက် ဆရာမဂျူးအလှည့်ပါ။ ကျွန်တော်နဲ့အတူ မော်လမြိုင်မှာ ဟောတုန်းကထက် သည်မှာ ဒေါ်ဂျူးကပိုပြီး သွက်လက်နေတယ်။ မိန်းကလေးဆိုရင် ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုပြီး ပုံသေကားချ သတ်မှတ်ချင်ကြတဲ့ သဘောထားကို ပယ်သင့်တဲ့အကြောင်းကို သူက ဆွေးနွေးသွားတာပါ။ သူ့မိခင် ဖခင်တို့ရဲ့ အိမ်ထောင်ရေးဘဝ၊ မိသားစုဘဝကို နမူနာလေးနဲ့ ပုံဖော်သွားတာက စိတ်ဝင်စားဖွယ်၊ နှစ်လိုဖွယ်ပါပဲ။

နောက်တစ်ယောက်က ဖြူဖြူကျော်သိန်းဖြစ်ပါတယ်။ သူကလည်း အင်္ဂလိပ်လိုပဲ ပြောပြန်ပါတယ်။ ရော့(ခ်)အဆိုတော် တစ်ယောက်အဖြစ် သူ လျှောက်လှမ်းခဲ့ရတဲ့ လမ်းကြောင်းလေးနဲ့ အစချီပြီး အမျိုးသမီးများရဲ့ အနာဂတ်အတွက် အခြေခံအကျဆုံးကတော့ ပညာရေးသာ ဖြစ်ကြောင်း သူကလည်း ချက်ချက်ချာချာ ပြောသွားတယ်။

လာပါပြီ။ ကမ္ဘာကျော်မင်းသမီးကြီး။ သည်မင်းသမီးကြီးရဲ့ ဂုဏ်ပုဒ်တွေထဲမှာ သရုပ်ဆောင်မင်းသမီး၊ ဟာသပညာရှင်၊ ဇာတ်ညွှန်းဆရာမ ဆိုတဲ့ ဂုဏ်ပုဒ်သုံးရပ်က တွဲနေပါတယ်။ ဟာသပညာရှင်ပြီပြီ သူ စဝင်လာကတည်းက ပရိသတ်က တသောသောနဲ့ ရယ်မောနေကြရရအောင် ဟန် မာန်အပြည့်နဲ့ လှုပ်လှုပ်ရှားရှား ပြောသွားပါတယ်။ ဟောစင်နောက်မှာ တောင့်တောင့်ကြီး ရပ်ပြီး ဟောပြောတာကို ဘယ်တုန်းကမှ မကြိုက်တတ်သလို ကိုယ်တိုင်လည်း တစ်ခါမှ မလုပ်ဖူးတဲ့ ကျွန်တော့်အတွက်တော့ အယ်မာ့ ပြောပုံ ဆိုလက်နဲ့ ဟန်အမူအရာတွေ၊ အလှုပ်အခတ်တွေက  စွဲမက်စရာ ကောင်းနေပါတယ်။ မင်းသမီးပီပီ မျက်နှာထား၊ အသံနေ အသံထားနဲ့ မင်မောင်းကလည်း အလွန်ကောင်းလှပါတယ်။

သူကလည်း သူဖြတ်သန်းခဲ့ရတဲ့ ဘဝ၊ သူရောက်ခဲ့တဲ့ မြန်မာနိုင်ငံ အပူပိုင်းဒေသမှာ တွေ့ခဲ့ရတဲ့ မိန်းကလေးတွေရဲ့ ဘဝများနဲ့ အစချီရင်း မိန်းမကောင်းဆိုတာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုတဲ့ ခေါက်ရိုးအထပ်ထပ် အချိုးခံပြီး ပုံစံခွက်ထဲ အသွပ်ခံရပုံများကို ပြောသွားပါတယ်။ အဲဒီ့ အစဉ်အလာ အရိုးစွဲအတွေးအမြင်တွေ ပပျောက်အောင် ဆောင်ရွက်ဖို့က လူတိုင်းမှာ တာဝန်ရှိကြောင်းပေါ့။

အားလုံးခြုံလိုက်ရင် စိတ်ဝင်စားစရာ ကောင်းတဲ့ အစီအစဉ်လေးပါပဲ။ ဟောပြောသူတွေကလည်း တစ်ယောက်ကိုတစ်ယောက် ငဲ့ပြီး အချိန်တွေ အများကြီး ယူမသွားဘဲ တိုတိုကျဉ်းကျဉ်းနဲ့ ထိထိမိမိ ပြောသွားကြတာမို့ ကျစ်ကျစ်လစ်လစ် ရှိပါတယ်။ ဒါတောင် အခမ်းအနားပြီးတော့ ငါးနာရီ ထိုးခါနီးနေပါပြီ။ အချိန်ကို ငဲ့ရတာမို့ မူလ အစီအစဉ်အတိုင်း ပရိသတ်ရဲ့ မေးခွန်းတွေကို ဖြေကြားမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြပါတယ်။

ကျွန်တော့်အတွက် နည်းနည်း စိတ်ကသိကအောက်ဖြစ်ဖို့ ကောင်းသွားတာကတော့ အဲဒီ့က တာဝန်ရှိသူ အမျိုးသမီးတစ်ယောက်က ပွဲအလယ်မှာ ကျွန်တော့်ကို သိပ် လမ်းမသလားပါနဲ့လို့ သူ့နားက အဖြတ်မှာ ပြောတာပါပဲ။ လမ်းသလားတာ မဟုတ်ပါဘူး။ ဓာတ်ပုံရိုက်နေတဲ့အတွက် သွားလာလှုပ် ရှားနေရတာပါလို့ ကျွန်တော် ပြောပေမယ့် သူက ဇွတ်ပြောနေပါတယ်။ နိုင်ငံခြားသူတစ်ယောက်ပါ။ စိတ်ထဲမှာ အလွန်မျက်သွားပါတယ်။ အဲဒီ့ပွဲမှာ နိုင်ငံခြားသား လူငယ် ဓာတ်ပုံဆရာတစ်ယောက်၊ မြန်မာ အမျိုးသမီး ဓာတ်ပုံဆရာမတစ်ယောက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာတစ်ယောက်တို့လည်း ဓာတ်ပုံရိုက်နေကြပါတယ်။ သူတို့ဆိုရင် ပရိသတ်အားလုံးရဲ့ ရှေ့ကနေ မတ်တတ်ရပ်ပြီး ရိုက်ကြတာတွေတောင် ပါသေးတယ်။ ကျွန်တော်ကမှ ဘေးဘက်က ရိုက်တာပါ။ ဆရာမကြီး ဒေါ်မြင့်မြင့်ခင် ပြောနေတုန်းမှာသာ ဆရာမကြီးက ထိုင်ရာက မထဘဲ ပြောတာမို့ အလယ် မင်းလမ်းက သွားရိုက်ရပါတယ်။

ကျွန်တော်ကိုင်တဲ့ ကင်မရာကလည်း အပျော်တမ်း ကင်မရာဆိုပေမယ့် ကချော်ကချွတ်တော့ မဟုတ်ပါဘူး။ အငယ်တမ်း ပညာရှင်သုံး ကင်မရာမျိုးပါ။ တစ်ခုတော့ ရှိသပေါ့။ ကျွန်တော်က ဓာတ်ပုံရိုက်ရင် ဖြည့်စွက်မီးကို သုံးခဲတယ်။ သဘာဝ အလင်းရောင်နဲ့ ရိုက်တဲ့ အကျင့်ရှိတယ်။ မီးခွက်ကြီး တပ်ဆင်မထားတဲ့ ကင်မရာမို့ သူက အထင်သေးသလားတော့ မသိဘူး။ ဓာတ်ပုံရိုက်နေသူ လေးယောက်အနက်မှာ ကျွန်တော့်တစ်ယောက်ကိုပဲ ကွက်ပြီး အဲလိုပြောတော့ စိတ်ထဲ အတော် မျက်သွားပါတယ်။ အခမ်းအနားကလည်း တန်းလန်းမို့ အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ်ချင်လို့သာ ကျွန်တော် ရှောင်ထွက်လာခဲ့ပါတယ်။ မဟုတ်လို့ကတော့ သူ့ကို ကောင်းကောင်း ပြန်ပြောဖြစ်သွားမှာ သေချာတယ်။

မြင်ရတွေ့ရခဲလှတဲ့ ကမ္ဘာကျော် မင်းသမီးကြီးကို အားပါးတရ တွေ့ရတာ၊ ဓာတ်ပုံတွေ ရိုက်ခွင့်ရလိုက်တာ၊ စကားပြောခွင့်ရလိုက်တာနဲ့ပဲ အဲဒီ့ အထစ်အငေါ့လေးကို ကျော်လွှားလိုက်နိုင်သွားပါတယ်။ ပွဲအပြီး လက်ဖက်ရည်ဝိုင်းမှာ မိတ်ဆွေတွေကို နှုတ်ဆက်ရင်း ဓာတ်ပုံပြပွဲကို ကြည့်ရပါတယ်။ အဲဒီ့ ဓာတ်ပုံတစ်ပုံဝယ်ရင် အယ်မာ ထော(မ်)ဆင်(န်)ရဲ့ လက်မှတ်ပါတဲ့ ကပ်ခွာလေးတစ်ခု ရမှာမို့ ဓာတ်ပုံနှစ်ပုံ ဝယ်လိုက်ပါတယ်။

ပြီးတော့ အယ်မာနဲ့ ဓာတ်ပုံတွဲရိုက်ပေါ့ဗျာ။ မင်းသမီးကြီးကလည်း သဘောမနော ကောင်းစွာပဲ၊ လူတကာနဲ့ ဖက်လှဲတကင်း ဓာတ်ပုံအရိုက်ခံ ပေးတာမို့ ကြည်နူးစရာ ကောင်းပါတယ်။

အပြန်လမ်းမှာ ကျွန်တော့်အိမ်သူက ပြောပါတယ်။

“ကမ္ဘာကျော်ကြီးပေမယ့် ပဲမများဘူးနော်”တဲ့။

ကျွန်တော်က သူ့စကား နောက်ကွယ်က အနက်ပွားကို ဆင်ခြင်မိရင်း ခေါင်းညိတ်ထောက်ခံလိုက်မိရပါတော့တယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၁၆၁၀၁၁)

ကနေ့ (၂၀-၁၀-၁၁)ထုတ် Bi Weekly Eleven ဂျာနယ်ပါ စာတစ်ပုဒ်ကို ပြန်လည် တင်ဆက်လိုက်တာပါ။

ချွတ်ခြုံ

၁။

ကားမောင်းနေတုန်း ဖုန်းဝင်လာသည်။ ဖုန်းသံက အိမ်မှ ဆက်သည်ဟု တန်းသိနိုင်သော သီချင်းသံ။ ကားမောင်းနေတုန်းမို့ ဖုန်းကို ကျွန်တော် မထူးတော့ဘဲ ဘေးတွင် ထိုင်နေသော ဇနီးသည်လက်ထဲ ဖုန်းထည့်ပေးလိုက်သည်။

စကားအသွားအလာအရ ချက်ချင်း သိလိုက်ရပြန်သည်။ ကျွန်တော့်သမီး ကိုင်သော ပါလေရာဖုန်း ပျောက်သွားပြီ ဆိုခြင်းပင်။ ရုတ်တရက်တော့ စိတ်တိုသွားရပါသည်။ သို့သော် တစ်ဖက်ကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိရပြန်သည်။

ကျွန်တော့်သားက ၁၈၊ သမီးက ၂၀။ သည်အရွယ်တွေက ပြောရဆိုရ အင်မတန်ကျပ်သည်။ တစ်ခုခုပြောလိုက်လျှင် “ဒါတော့ သားသိပါတယ်” “သည်လောက်တော့ သမီးနားလည်ပါတယ်”ဟု ပြန်ပြောတတ်ကြသော အရွယ်တွေ။ သည်ဖုန်းနှင့်ပတ်သက်ပြီးလည်း သတိပေးဖို့ အတန်တန် ကြိုးစားဖူးသည်။ သားကတော့ ကျွန်တော့်စကားကို နားထောင်ပြီး ဖုန်းယူသွားလျှင် ဖုန်းထည့်သော အိတ်ကလေးနှင့် လည်ပင်းမှာ ဆွဲသွားသည်။

ကျွန်တော့်သားက အင်မတန် အာရုံများသည့်ကောင်။ ဒါမှမဟုတ်လည်း သူ့စိတ်ကူးလေးထဲမှာ အလွန်အမင်းနစ်နေတတ်သည့်ကောင်။ ဘယ်လောက်များ ဆိုးလဲဆိုလျှင် သူ့ကိုယ်သူ ညစာစားပြီး မပြီးပင် ရံဖန်ရံခါ မမှတ်မိတတ်ချေ။ အကြင်သူသည် ဘာဟင်းနဲ့စားသလဲလို့ သူထမင်းစားအပြီး နာရီဝက်ခန့် အကြာတွင် မေးငြားအံ့။ သူ ပြန်စဉ်းစားမရတော့သည်မှာ မလွဲဧကန်။ သူ့ကိုယ်သူ ဘာဟင်းနဲ့ စားလို့စားမှန်းတောင် သတိရှိတဲ့ကောင်စားမျိုး မဟုတ်။

သည်တော့ ပါလေရာဖုန်းကို သူနှင့် တစ်စက်မှ စိတ်မချ။ ဘယ်နား ချထားခဲ့မှန်း မသိဖြစ်မည့်သူဟု ကျွန်တော် အပြည့်အဝ ယုံသည်။ ထို့ကြောင့် သူ့ကို ကျွန်တော် သေချာရှင်းပြကာ လည်ပင်းမှာ လွယ်စေခဲ့သည်။ သူကလည်း စကားနားထောင်ကာ သူ ထိုဖုန်းကိုင်တိုင်း လည်ပင်းမှာ ဆွဲထားတတ်ပါသည်။ (ကျေးဇူးတင်ပါတယ် ငါ့သား။)

သမီးကတော့ အလွန်ဂိုက်ပေးကြမ်းသော၊ ပြောရဆိုရလည်း အင်မတန် ခက်သော၊ ငါသိငါတတ် အင်မတန်လုပ်ချင်သော ကျွန်တော့်ဉာဉ်ဆိုး မှန်သမျှကို ပြည့်ပြည့်ဝ၀ ကျကျသန်သန် ဆက်ခံထားသူ ဖြစ်ထသည်။ သူ့ကိုကျတော့ ပြောလို့ တစ်စက်မှ မရခဲ့။

အခုတော့ ဖြစ်ပြီ။ ပါးစပ်နှင့် ပြောလို့မရတာကို အတွေ့အကြုံက သင်သွားလေပြီ။ ထိုအတွက် ဂျွမ်းထိုးချင်အောင် ဝမ်းသာနေမိရပါတော့သည်။

၂။

ထားပါ။

ပါလေရာ ဖုန်းပျောက်တာ ဘာမှ မဆန်း။ ကျွန်တော်ကိုယ်တိုင်လည်း ပျောက်ဖူးပါသည်။ ကျွန်တော်ပျောက်တာက ခါးမှ ထွက်ကျသွားခြင်းဖြစ်သည်။

မှတ်မှတ်ရရ၊ ပထမအကြိမ် စာနယ်ဇင်းအဆိုပြိုင်ပွဲ ကျင်းပစဉ်ကဖြစ်သည်။ အဲတုန်းက ပါလေရာဖုန်းတွေ သည်လောက် မပေါသေး။ ဂျီအက်(စ်)အယ်(မ်)ဖုန်းမှ တကယ့်ပေါ်ဦးပေါ်ဖျားကာလ။ ဖုန်းကံကောင်းသည့် ကျွန်တော်က ပထမဆုံးအသုတ် ဂျီအက်(စ်)အယ်(မ်)တစ်လုံးကို ကျပ်ငွေငါးသိန်းနှင့် ရလိုက်သည်။ အဲတုန်းက ဆင်း(မ်)ခါ့(ထ်)ဟု ခေါ်သော ဖုန်းကတ်တင်ရတာ မဟုတ်။ ဟဲ(န်)ဆက်(ထ်)ဟုခေါ်သော ဖုန်းအလုံးလိုက်တောင် ရလိုက်သေး။ ဆီးမဲ(န်)(စ်) အမျိုးအစားဖြစ်သည်။

စာနယ်ဇင်းအဆိုပြိုင်ပွဲကျင်းပရာ နေရာက ယုဇနဂါးဒင်း(န်)ဟိုထဲ(လ်)မှာ။ ထိုအချိန်က ယုဇနခြံဝင်းအတွင်းမှာ ဈေးရောင်းပွဲလည်း ရှိနေသည် ဖြစ်ရာ လူအုပ်က ကြက်ပျံမကျ။ လူကြားထဲမှာ တိုးရင်း ဝှေ့ရင်းဖြင့် ခါးတွင်ချိတ်ထားသော တယ်လီဖုန်းက အလုံးလိုက် ပြုတ်ကျ ကျန်ရစ်သည်။ ခါးမှာ အိတ်ပဲ ကျန်သည်။

ကျွန်တော် မသိသေးပါ။ အဆိုပြိုင်ပွဲသို့ ရောက်နေသူ နောက်တစ်ဦးထံ ကျွန်တော့်အိမ်က ဖုန်းဆက်သည်။ ဖုန်းကောက်ရထားကြောင်း အိမ်ကို ဖုန်းဆက် အကြောင်းကြားထားသဖြင့် ပွဲခင်းမှ တာဝန်ရှိသူများထံတွင် သွားရွေးဖို့ လှမ်းပြောခြင်းဖြစ်သည်။ အဲတော့မှ ခါးမှာ ဖုန်းအိတ်ပဲရှိပြီး ဖုန်းမရှိတော့မှန်း ကျွန်တော် သိသည်။

မိနစ်ပိုင်းအတွင်း ကျွန်တော့်ဖုန်း ပြန်ရခဲ့ပါသည်။

၃။

အဲဒီ့နောက် သိပ်မကြာခင်မှာ မိတ်ဆွေအစ်မကြီးတစ်ဦးက လောပျာပျာဖြင့် ဖုန်းဆက်သည်။ သူ့ခင်ပွန်း မူးမူးနှင့် ဖုန်းပျောက်သည့်အကြောင်း။ သူ့ခင်ပွန်းက မူးလို့ကောင်းနေဆဲမို့ မောင်ရင်းသဖွယ် ခင်မင်နေသူ ကျွန်တော့်ကို လှမ်း အကူအညီတောင်းခြင်းဖြစ်သည်။

ဖုန်းကိုတော့ ပြန်တွေ့ပြီ။ တစ်ဖက်က ငွေတောင်းနေသည်တဲ့။ အဲဒါကို ကျွန်တော်က လိုက်ရှင်းပေးဖို့ဖြစ်သည်။

ကျွန်တော်လိုက်သွားရပါတော့သည်။ ကျွန်တော့်အိမ်နှင့် မဝေးလှသော ရပ်ကွက်လေးတစ်ခုကို ဖြစ်သည်။ တစ်မိသားစုလုံးက ကျီးများ အာသလို ဝိုင်းအာနေကြသည်။ ပြန်ပေးသည့်အတွက် သူတို့ကို ငွေတစ်သိန်းလောက် ဆုချစေချင်သော စကားတွေပြောကြသည်။ အစ်မကြီးနှင့် ကျွန်တော် ညှိပြီးသား။ အစ်မကြီးကလည်း ကျွန်တော့်ကို ပိုက်ဆံပေးပြီးသား။ ငါးသောင်းတာ့ ပေးမည်ဟု အစ်မကြီးက ယတိဖြတ်ပြီးသား။

ပြောရင်းနှင့် ကျွန်တော် စိတ်ချဉ်ပေါက်လာသည်။ မူကို ဦးထိပ်ထားတတ်သော ကျွန်တော့်စိတ်နှင့် ဟိုမိသားစု၏ ပြောပေါက်တွေက ဖီလာ ကန့်လန့်။ ကိုယ့်ပစ္စည်းလည်းမဟုတ်၊ ကိုယ်လည်း ဘာမှ လုပ်ပိုင်ခွင့်မရှိသော အရာတစ်ခုဖြစ်သလို ကောက်ရသောပစ္စည်းဆိုတာ ပိုင်ရှင်ပေါ်လာလျှင် ပြန်ပေးရမည်မှန်း သိသိကြီးနှင့် မာန်တက်နေတာကို ခံတွင်းမတွေ့တော့။

နောက်ဆုံးတော့ ကျွန်တော်ကပင် စကားရောဖောရော လုပ်ကာ ငါးရာတန် ငွေစက္ကူတစ်ထပ်ကို လုံးထွေးပြီး ပေးလိုက်ကာ တယ်လီဖုန်းကို ပြန်ယူလာခဲ့သည်။

ကားပေါ်ရောက်တော့ အစ်မကြီးလက်ထဲကို ငွေသုံးသောင်း ပြန်အပ်လိုက်သောအခါ အစ်မကြီးက အံ့တွေ ဩနေပါသည်။

“ငွေညှစ်သလို လုပ်နေတာကို မုန်းလာလို့ တမင်လျှော့ပေးပစ်ခဲ့တာ”ဟု ကျွန်တော် ပြောလိုက်ရပါသည်။

၎။

အခု သမီးဖုန်းပျောက်တော့ သမီးလည်း ဒေါင်းတောက်နေသည်။ အိမ်မှာ ကျန်ခဲ့သော သားတော်မောင်လည်း ဒေါင်းတောက်နေသည်။ သူရို့အမေကလည်း မျက်နှာအိုအိုဖြင့် ဟိုသည်လျှောက်ဆက်နေလေသည်။ ကျွန်တော်က ပွဲကြည့်ပရိသတ်။ ပွဲကြည့်ပရိသတ်မှ ရိုးရိုးမဟုတ်၊ ဆိုခဲ့သည့်အတိုင်း အူမြူးနေသော ပွဲကြည့်ပရိသတ်ဖြစ်သည်။

ပျောက်သွားသော ဖုန်းကို ဆက်ကြသည်။ ဟိုက ဖုန်းမကိုင်။ မကိုင်သည့်အပြင် ပိတ်တောင် ထားလိုက်ပြန်သေးသည်။

အတန်ကြာတော့ အိမ်ဖုန်းကို ထိုနံပါတ်ဖြင့် လှမ်းဆက်သည်။ ဘာမှတော့ အသံမပေး။ သားတော်မောင်က တောင်းပန် မေတ္တာရပ်ခံသမျှကို နားထောင်သွားသည့်တိုင် ဘာသံမှ ပြန်မပေး။

ကျွန်တော်တို့ ဖုန်းပျောက်သည့်သတင်းက ကျွန်တော့်သမီးသူငယ်ချင်းတွေ၊ သမီးသူငယ်ချင်း၏ အမေတွေ၊ ကျွန်တော့်ဇနီးသူငယ်ချင်းတွေ အကုန်လုံးကြားမှာ တောမီးသဖွယ် ပျံ့သွားသည်။ အားလုံးက ထိုဖုန်းကို ဝိုင်းဆက်ကြသော်လည်း အဆက်အသွယ် မရ။ ဟိုက ဖုန်းကို ပိတ်လိုက်လေပြီ။

ထိုနေ့က ၂၀ဝ၉ ခုနှစ် ဇန်နဝါရီ ၃ ရက် စနေနေ့ဖြစ်သည်။ နောက်တစ်နေ့ လွတ်လပ်ရေးနေ့က တနင်္ဂနွေ။ သက်ဆိုင်ရာကို အကြောင်းကြားပြီး ဖုန်းပိတ်ခိုင်းဖို့က တနင်္လာနေ့အထိ စောင့်ရမည်။ ထိုကြားထဲမှာ ဖုန်းကို ကောက်ရထားသူက ထိုနံပါတ်မှတစ်ဆင့် နှစ်သက်ရာကို ဖုန်းဆက်ထားနိုင်သည်။ ဖုန်းခတွေ တစ်ပုံတစ်မ ကျနိုင်သည်။ ထိုဖုန်းခတွေကို ကျွန်တော်သာ ခံပေရော့။

သို့သော် ထိုဖုန်းကို နိုင်ငံခြားသို့ ခေါ်မရအောင် ကျွန်တော် လုပ်ထားပြီးသားမို့ သိပ်တော့ မပူမိချေ။ နှစ်ရက်အတွင်း သေအောင်ဆက်တောင်မှ ငါးသောင်းပင် ကျမည်မဟုတ်မှန်း တွက်မိသောကြောင့်ပင်။

သက်ဆိုင်ရာကို အကြောင်းကြားပြီး ဖုန်းကို ပိတ်လိုက်၊ ဖုန်းကတ် အသစ်ပြန်လုပ်၊ ဖုန်းအသစ်တစ်လုံး ပြန်ဝယ်၊ ဘာညာဆိုလျှင် စုစုပေါင်း သုံးသိန်းလောက်တော့ အခြောက်တိုက် ထီပေါက်ပေရော့မည်။ သို့သော် လက်ရှိ ကျွန်တော့် ဘဏ္ဍာရေးအခြေအနေနှင့် ထိုမျှ ငွေသည် တနင့်တပိုးဖြစ်နေသည့်တိုင် သိပ်တော့ ဝန်မကြီးလှပါ။ သမီးတော် ရသွားသည့် သင်ခန်းစာအတွက် ဈေးကြီးလှသော သင်တန်းကြေးသာဖြစ်ပေလိမ့်မည်။

၅။

သို့သော် ကျွန်တော် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါသည်။

ကျွန်တော့်အတွက်လည်း စိတ်မကောင်းတာမဟုတ်၊ သမီးအတွက်လည်း စိတ်မကောင်းတာမဟုတ်ချေ။

ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် စိတ်မကောင်းဖြစ်ရခြင်းဟုဆိုလျှင် ကြီးကျယ်လှရန်ကောဟု အဆွေစာဖတ်သူ တွေးကောင်း တွေးပါလိမ့်မည်။

ဟုတ်ကဲ့… ကိုယ့်ထမင်းကိုယ်စားကာ တစ်ပြည်လုံးကို မနေနိုင် မထိုင်နိုင် ခေါင်းပေါ်ရွက်ထားလေ့ရှိသော ကျွန်တော့်မှာ တကယ့်ကို ရင်နာ ညှိုးခြုံး စိတ်နှလုံးမချိ ဖြစ်မိရသည်ကား အမှန်ပင်။

“ကိုယ်နှင့်မဆိုင် ခွင့်မပိုင် ဆွဲကိုင်မကြည့်ရ”ဟူသော အခြေခံနီတိလေးကိုသော်မျှ လိုက်နာ မနေနိုင်အား၊ “ကိုယ့်ချွေးနှဲစာနှင့် ရှာဖွေရ ရှိထားတာ မဟုတ်သော သူတစ်ပါးပစ္စည်းကို အလကား မလိုချင်ဘူး”ဆိုသည့် အခြေခံ လူ့မာနလေးပင် ထားရကောင်းမှန်း မသိလေသည့် စာရိတ္တ ချွတ်ခြုံကျမှုများ တစ်နေ့တခြား တိုးပွားနေသော အခြေအနေကို သည်ဖုန်းကိစ္စတွေက အတိအလင်း ညွှန်ပြလျက်ရှိပါသည်။

၆။

ကျွန်တော်တို့က ဆက်လျှင်လည်း မကိုင်တော့ဘဲ ဖုန်းပိတ်ထားတာ၊ သူက တစ်ခါ ဆက်လာသော်လည်း ဘာသံမှ မထွက်တာများကို ကြည့်ပြီး ဆက်စပ် ဆင်ခြင်ကြည့်ရသော် ထိုကောက်ရထားသူသည် ထိုဖုန်းကို ပြန်ပေးလိုစိတ် လုံးဝ မရှိတော့တာ သေချာနေပါပြီ။

ဘာ့ကြောင့် ပြန်ပေးလိုစိတ် မရှိတော့တာပါနည်း။

ဟုတ်ကဲ့… သူသည် ထိုဖုန်းကို ရောင်းစားပါတော့မည်။ ဖုန်းက ဆိုနီ အရစ်(ခ်)ဆင်(န်) စမာ့(ထ်)ဖုန်းဖြစ်သည်။ အသစ်မှ နှစ်သိန်း ပတ်ဝန်းကျင် ပေးလျှင် ရနိုင်သော ဖုန်းမျိုးဖြစ်သည်။ အဟောင်းကို သွားပြန် ရောင်းလျှင် အလွန်ဆုံးမှ တစ်သိန်းလောက်ပဲ ရခြိမ့်မည်။ ခိုးရာပါပစ္စည်းမှန်း ဝယ်သူက ရိပ်မိလျှင် ထိုမျှပင် ရတော့မည်မဟုတ်။ လေး-ငါး-ခြောက်သောင်းက အလွန်ဆုံး ဖြစ်သည်။ (ဖုန်းဆက်ဖို့ဆိုလျှင်တော့ ထိုသူ ထိုမျှ မိုက်မဲမှာ မဟုတ်တာ သေချာပါသည်။ တနင်္လာနေ့ ရောက်သည်နှင့် ထိုဖုန်းမှာ ဆက်၍ရတော့မည် မဟုတ်ပေ။)

ဒါဆိုလျှင် သူ ပြန်မပေးဘဲ ထားလိုက်သည်မှာ ငွေလေး လေး-ငါး-ခြောက်သောင်းကို မက်သောကြောင့်သာဖြစ်လောက်သည်မှာ အလွန် သေချာသွားလေပြီ။

၇။

မက်တာပေါ့။ ပိုက်ဆံတော့ ကျွန်တော်လည်း မက်တာပေါ့။

အခုခေတ်မှာ ပိုက်ဆံက ပိုမက်စရာကောင်းလာသည်။ လိုချင်စရာတွေက အများသား မဟုတ်ပါလား။ စားဝတ်နေရေး ဖူလုံရုံမျှဖြင့် မတင်းတိမ်နိုင်လောက်အောင် လိုချင်စရာတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အောတိုက်နေသည်။ ကားရှိသူကလည်း လက်ရှိထက် နံပါတ်ပိုမြင့်သောကား၊ မော်ဒယ်(လ်)ပိုမြင့်သော ကားကို မက်သည်။ အိမ်ရှိသူတွေကလည်း လက်ရှိထက် ပိုမိုသစ်လွင်ကျယ်လွင့်သော အိမ်ကို အလိုရှိသည်။ ရုပ်သံစက်ရှိသူတွေအတွက်လည်း မက်ချင်စရာ၊ ဘယ်နှရာခိုင်နှုန်းတောင် လျှော့ပေးဦးမည်ဆိုသည့် ကြော်ငြာတွေကြားမှာ အံတကြိတ်ကြိတ်။ ဖုန်းရှိသူတွေဆိုလည်း ကိုယ့်လက်ထဲက ဖုန်းထက် သူများကိုင်သော ဖုန်းကမှ ပိုမက်စရာကောင်းနေပြန်သည်။

ယုတ်စွအဆုံး၊ စားစရာသောက်စရာမှာပင် စားချင့်စဖွယ် ဆင်ယင် ထုတ်ပိုးထားသော စားစရာတွေက သည်ခေတ်မှာ ပိုများလာသည်။

သည်တော့ လူတွေ ငွေမက်တာ မဆန်းပါ။ ကြွယ်ဝချင်တာ မဆန်းပါ။

၈။

ဆန်းတာက ငွေကြေးကို မက်မောရကောင်းမှန်းသိလာသလို ကြွယ်ဝလိုစိတ် အပြည့်နှင့် ထိုလူတွေကား အသိဉာဏ်နှင့် စာရိတ္တအရာမှာ ချွတ်ခြုံကျသည်ထက် ကျကျလာတာပင်ဖြစ်သည်။

ဘယ်သူသေသေ ငတေမာပြီးရောဆိုသော “ငတေစိတ်”တွေ ဖွံ့ထွားလွန်းမက ဖွံ့ထွားနေသော ခေတ်ကြီးတစ်ခေတ် ဖြစ်လို့လာနေတာကို ကျွန်တော်တို့ မြင်နေရသည်။ ဒါ ဖွံ့ဖြိုးဆဲ ကျွန်တော်တို့ဆီမှာချည်း မဟုတ်။ မကြာမတင်ကမှ ဖွံ့ဖြိုးစပြုလာသော အိမ်နီးချင်းနိုင်ငံတွေမှာလည်း ထို “ငတေစိတ်”တွေက ထွန်းကားတန်သလောက် ထွန်းကားလို့ နေပါသည်။

ရုပ်ဝတ္ထုများ တိုးတက်ဖွံ့ဖြိုးလာခြင်းနှင့် အချိုးညီစွာ စိတ်ဓာတ်ပိုင်းမှာ ယိုယွင်းပျက်စီးလာသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပိုမိုသိသာလို့ နေသည်။ ထို့ကြောင့်လည်း အသိဉာဏ်ရင့်သန်သူ အနောက်တိုင်းသားများက ဗုဒ္ဓ တရားတော်များမှတစ်ဆင့် ငြိမ်းအေးမှုကို ဖွေရှာလာတတ်ကြသလို တချို့တွေကလည်း မဖွံ့ဖြိုးသေးသော အရှေ့တိုင်း နိုင်ငံများတွင် ခေါင်းချနိုင်ရန် ရည်သန်လျက် ရွှေ့ပြောင်းအခြေချ နေထိုင်လျက်ရှိကြခြင်းပင်ဖြစ်သည်။ သူတို့က သူတို့ ကျင်လည်ရာ လူ့ဘောင် အသိုင်းအဝိုင်းထဲက စိတ်ဓာတ် ယိုယွင်းပျက်စီးမှုကို မခံစားနိုင်ကြ၊ မခံစားလိုကြတော့ချေ။

အခုပဲကြည့်။ နယ်မြို့လေးတစ်မြို့တွင်ဖြစ်စေ၊ ကျေးရွာလေးတစ်ခုတွင် ဖြစ်စေ၊ ဖုန်းကျပျောက်ခဲ့သည်ဖြစ်ပါက အလွယ်တကူ ပြန်ရဖို့ ၉၅ % သေချာသော်လည်း မဟာရန်ကုန် ရွှေမြို့တော်ကြီးတွင် ကျပျောက်သွားပြီဖြစ်သောကြောင့် ပြန်မရဖို့ ရာနှုန်းပြည့် သေချာနေပါလေပြီ။

၉။

စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ အသိဉာဏ်ဖွံ့ဖြိုးမှု၊ စာရိတ္တဖွံ့ဖြိုးမှုကို ရုပ်ဝတ္ထု တိုးတက်မှုနှင့်အညီ ဆက်လက်တည်တံ့အောင် ထိန်းသိမ်းနိုင်ရန်မှာ နည်းက တစ်နည်းတည်းသာ ရှိပါသည်။ ထိုနည်းကား လူအများ စာဖတ်လာအောင် အနည်းစုက ဝိုင်းဝန်း လှုံ့ဆော်ကြိုးပမ်းရမည့် နည်းသာဖြစ်ပါသည်။

မြန်မာပြည် လူဦးရေက သန်း၅၀၊ အရောင်းရဆုံး စာနယ်ဇင်းစောင်ရေက သောင်းဂဏန်း၊ ရန်ကုန်လူဦးရေက အကြမ်းဖျဉ်း ငါးသန်း၊ ရန်ကုန် စာအုပ်အရောင်းက အရောင်းရဆုံးစာအုပ်မှ ထောင်ဂဏန်း။ ကန်တော်ကြီး မျှော်စင်ကျွန်းက လူသုံးကုန်ပစ္စည်းရောင်းသော ဈေးပွဲတော်မှာ လူတွေ ကြိတ်ကြိတ်တိုး၊ ထိုနေရာမှ စာအုပ်ဈေးပွဲတော်ကား ချောက်တိချောက်ချက်။

ဈေးပွဲတော်တစ်ခုတွင် ကျွန်တော့်ထုတ်ဝေသူ ဇနီးသည်က ဆိုင်ဖွင့်ချင်လှသည်ဆိုသဖြင့် ကျွန်တော် သွားဖွင့်ဖူးသည်။ ဘေးဆိုင်က မိတ်ကပ်တွေ နှစ်သောင်းကျော်ဖိုး ဝယ်သည့် သားသည်မအေက ကျွန်တော့်ဆိုင်က ကျပ် ၅၀ဝ တန် ကလေးဖတ် စာအုပ်လေး လိုချင်သည့် သူ့သားငယ်ကို ငေါက်ငမ်းကာ ဆောင့်ဆွဲခေါ်သွားသည်ကို မျက်စိနှင့် တပ်အပ်မြင်ဖူးလိုက်ပါသည်။

ဟုတ်ကဲ့…

သည်လိုပုံနှင့်ကတော့…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၀၄၀၁၀၉)

(စာကြွင်း – ကျွန်တော့်သမီး ဖုန်းပျောက်သော ၂၀ဝ၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာပင် တူမ ဆရာဝန်မလေး၏မိတ်ဆွေ ဆရာဝန်မလေး နှစ်ဦး၏ ပါလေရာဖုန်းနှစ်လုံးမှာလည်း အလားတူပင် ပျောက်သွားခဲ့ကာ ထိုဖုန်း နှစ်လုံးမှာလည်း လုံးဝ စုပ်စြုမပ်စပျောက်သွားခဲ့သည်ဟု ကြားသိလိုက်ရပြန်ပေရာ…)

(၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ဒုတိယပတ်တွင် ထုတ်ဝေသော Bi Weekly Eleven ဂျာနယ်ပါ ဆောင်းပါးကို ပြန်လည် တင်ဆက်လိုက်တာပါ။ ကနေ့ပဲ ကျွန်တော့် အိမ်ကို လာလည်တဲ့ ကျွန်တော့်သမီးအရွယ် ကလေးမလေးတစ်ယောက်ရဲ့ ပါလေရာဖုန်းလည်း ပျောက်သွားပါတယ်။ ကျွန်တော့်အိမ် အလာမှာ သူ စီးလာတဲ့ အငှားယာဉ်ပေါ်မှာ ကျကျန်ရစ်ခဲ့တာပါ။ ကျွန်တော့်သမီး ဖုန်းပျောက်တုန်းကအတိုင်း တစ်ထပ်တည်းပဲ ဖြစ်ပါတယ်။ ပြန်ရစရာ လမ်းမမြင်တော့တာ သေချာသွားပါပြီ။ ဒါ့ကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ရေးခဲ့ဖူးတာလေးကို ပြန်ရှာပြီး အမှတ်တရ ပြန်တင်လိုက်တာပါပဲခင်ဗျား။)

Believe it or not?

ကဲ… မယုံချင်နေ…

လေယာဉ်နဲ့ ကျွန်တော်က ဖွားဖက်တော်လို့တောင် ဆိုနိုင်ပါတယ်။ အသက် နှစ်လသား မပြည့်ခင်ကတည်းက လေယာဉ်စ စီးရတာကိုး။ ၁၉၅၈ ခုနှစ် ဇန်နဝါရီလထဲလောက်မှာ ဖြစ်လိမ့်မယ်ထင်တယ်။

ဆန်းတော့လည်း မဆန်းပါဘူး။ ကျွန်တော့်အဖေက အဲဒီ့အချိန်က တည်ဆောက်ဆဲ လောပိတ လျှပ်စစ် ဓာတ်အားပေး လုပ်ငန်းက ဝန်ထမ်းဆိုတော့ သျှောင်နောက်ကို ဆံထုံးတင် လိုက်ရတာမဟုတ်ဘဲ ဆံညှပ်လေး ပိစိကွေး ကျွန်တော်ပါ အချောင်ပါသွားရတော့တာပါ။

အခုဆို ကျွန်တော့်အသက်က ၅၄ နှစ်ထဲမှာ။ အဲဒီ့အတောအတွင်း စီးလိုက်ရတဲ့ လေယာဉ်ခရီးစဉ်တွေဆိုတာ မနည်းပါဘူး။ သမုဒ္ဒရာကြီး ကျော်ဖြတ်ပြီး အချိန်ကာလကို ကျော်လွှားသွားရတဲ့ ခရီးစဉ်တောင် ပါခဲ့ဖူးသေးတယ်။

သို့ပေမယ့်ဗျာ… မြေပြင်ကနေ ပေပေါင်း နှစ်သောင်းနဲ့မှ ရှစ်ထောင် အမြင့်မှာ လေယာဉ် ပျံသန်းနေတုန်း လေယာဉ်မယ် တစ်ယောက် တာတိုပြေးပွဲဝင်သလို အူယားဖားယားပြေးတာ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါဆို တစ်ခါဖူးမှ မမြင်ခဲ့ဖူးပါဘူး။ မြင်မယ့်မြင်တော့ မနေ့ တစ်နေ့ကမှ ခင်ဗျ။

၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ကျွန်တော်တို့ မိသားစု ဇင်းမယ်ကနေ ရန်ကုန်ကို ပုဂံလေကြောင်းနဲ့ ပြန်လာကြပါတယ်။ အဲဒီ့အချိန်မှာ တွေ့လိုက်ရတာပါ။ ဟုတ်မဟုတ်တော့ မသေချာဘူး၊ ခရီးသည်တွေကို ကျွေးမွေးပြီးလို့ လေယာဉ်ပဲ့ပိုင်းမှာ သိမ်းစရာ ရှိတာ သိမ်းနေကြတုံး သူတို့ဆီမှာ အချက်ပေးသံတို့၊ အချက်ပြမီးတို့ ပေါ်သွားလို့လား မသိဘူး။ လေယာဉ်မယ်လေး ကျွန်တော့်ဘေးကနေ လှစ်ခနဲ ပြေးချသွားလိုက်တာ မျက်စိနဲ့ တပ်အပ်မြင်လိုက်ရပါတယ်။

အား… ဘယ်ဟုတ်မတုန်း။ သူ့ခမျာ ပြေးသင့်လို့ ပြေးရတာပါ။ သူ သွားတာက ကျွန်တော်တို့ ရှေ့ ခုံတန်း ငါးတန်းအကျော်လောက်ကို ပြေးတာပါ။ အဲဒီ့ ခုံတန်းမှာ ထိုင်နေတဲ့သူနှစ်ဦးထဲက တစ်ဦးက လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက် အဖွင့်ခလုတ်ကို သွားဆွဲလို့ ပြေးရတာမှန်း ကျွန်တော်တို့ သိလိုက်ရပါတယ်။ သိဆို လေယာဉ်မယ်လေးက အဲဒီ့ခလုတ် ကို တဖိဖိ လုပ်နေတော့တာကိုး။

အဲဒါနဲ့လည်း သူ စိတ်မချဘူး၊ အဲဒီ့ ခရီးသည်နှစ်ဦးကို နေရာပြောင်းခိုင်းပါတော့တယ်။ အဲလိုနဲ့ ကျွန်တော့်ရှေ့ ငါးတန်းအကျော်က နှစ်ဦးဟာ ကျွန်တော်တို့နောက် နှစ်တန်းကျော်က လေယာဉ်မောင်မယ်များအတွက် ထားရှိတဲ့ ခုံကို ရွှေ့လာကြရပါတယ်။ ဘယ့်နှယ့်ဟာတွေတုံးဆိုပြီး စူးစမ်းချင်မိလို့ ကြည့်လိုက်မိရတော့ သားအမိလို့ ယူဆရတဲ့ မြန်မာအမျိုးသမီး နှစ်ယောက်ပါခင်ဗျ။

ခုခေတ်စကားနဲ့ ပြောရရင်တော့ အဲဒီ့နှစ်ယောက်ဟာ သူတို့ပဲ ဘာမှ အမှားမလုပ်မိသလို “ရုပ်တည်ကြီးတွေနဲ့” ချီတက်လာပါတယ်။ ဘာပြုလို့များ အဲဒီ့အရေးပေါ် ထွက်ပေါက် ခလုတ်ကို သွားဆွဲရတာလဲဗျာလို့ မေး ကြည့်ချင်စိတ်က တဖွားဖွားပေါ်ပါတယ်။ သို့ပေမယ့် သည်အခြေအနေမှာ သင်းတို့ ရှက်ရမ်း ရမ်းမဲ့ အရေးကို တွေးမိရတဲ့အတွက် သိချင်စိတ်ကို ဇွတ်မျိုချရင်း အသာငြိမ်နေလိုက်ရပါတော့တယ်။

လေယာဉ်မယ်လေးခမျာ စိတ်မချရှာဘူး။ ဟိုသားအမိ ထသွားတဲ့ နေရာမှာ ထိုင်လိုက်၊ ထလိုက်နဲ့ အဲဒီ့ ခလုတ်ကို ဖိနေ၊ စမ်းနေရရှာတယ်။ နောက်ဆုံးမှာ လေယာဉ်မှူးကြီးကိုယ်တိုင် ရောက်လာ၊ စစ်ဆေးပြီးတော့မှ ကိစ္စပြီးသွားပါတယ်။

ထပ်ပြောပါရစေနော်… ဇင်းမယ်က ရန်ကုန်ကို လာတဲ့ ခရီးစဉ်ပါ ခင်ဗျာ။ ဒါကို ထပ်ပြောရတာက အဲဒီ့ နှစ်ယောက်ဟာ အခုမှ လေယာဉ်ကို ပထမဆုံး စစီးဖူးသူတွေ မဖြစ်နိုင်တာပါ။ ပြီးတော့ သမီးလုပ်သူက ဂါဝန်နဲ့ ဘာနဲ့ အကျအန ဆိုတော့လည်း ခေတ်နဲ့အထိုက်အလျောက်တော့ ညီနေပါသေးတယ်။

စာမတတ်သူတွေများလားလို့ ဖော့တွေးလည်း ဖြစ်နိုင်စရာ သိပ်တော့ အကြောင်းမရှိပါဘူး။ အဲဒီ့အရေးပေါ်ထွက်ပေါက် အဖွင့်ခလုတ်က အနီရောင်ဖြစ်သလို “ထွက်ပေါက်”ဆိုတဲ့ စာတန်းကိုလည်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ အနီရောင်ပဲ ထင်ထင်ရှားရှား ရေးထားပါတယ်။ အဲဒါကိုမှ ဘာပြုလို့ သွားဆွဲတာလဲဆိုတာ ကျွန်တော့်အတွက်တော့ အဖြေရှာ မရတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေခဲ့ပါတယ်။

ဖြစ်ချင်တော့ အဲဒီ့ကနေ နှစ်ပတ်အကြာ မေလ ၇ ရက်နေ့မှာ တောင်ငူကို စာပေဟောပြောပွဲ သွားရပြန်ပါတယ်။ ဟောပြောပွဲစီစဉ်သူတွေက အသွားအပြန်ကို ခရီးသည်တင် မှန်လုံ လေအိတ် ဘတ်(စ်)ကားကြီးတွေ စီစဉ်ပေးပါတယ်။ ကားတွေက ကားသစ်ကြီးတွေဖြစ်တော့ အင်မတန် ငြိမ့်ငြိမ့်ငြောင်းငြောင်း ရှိပါတယ်။ လေအေးစက်ကလည်း အသွားတုန်းက ကားက သိပ်မအေးပေမယ့် အပြန်ကားက အတော်အေးတယ်။ အသွားတုန်းက သိပ်မအေးဘူးဆိုသည့်တိုင် အပြင်မှာ ခြစ်ခြစ်တာက် ပူနေတာနဲ့ စာရင် အတော်နေသာထိုင်သာ ရှိတဲ့ အပူချိန်မို့ သက်သောင့်သက်သာပါပဲ။

သို့သော်… အသွားမှာရော၊ အပြန်မှာပါ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက ကျွန်တော်တို့ နောက်ဖက်က ခရီးသည်တွေကို ဘေးမှန်တွေ မဖွင့်ကြပါနဲ့လို့ လှမ်းလှမ်းအော်ရတာ ငါးခေါက်စီလောက် ကျပါတယ်။ အသွားတုန်းကလဲ သူတို့မှာ အတော်အော်ရရှာတယ်။ အပြန်ကျတော့လည်း အော်ရရှာတယ်။

အဲတော့မှ ကျွန်တော်လည်း လေယာဉ်ပေါ်က သားအမိကို သွား သတိရမိပါတော့တယ်။ အင်း… အဲဒီ့သားအမိလည်း သည်ခရီးသည်တွလိုပဲ နေမှာဆိုတဲ့အတွေးနဲ့ ပြုံးမိရပါတယ်။

ဟုတ်တယ်လေ… တချို့က မှန်လုံကားနဲ့ သိပ်ယဉ်ပါးတာ မဟုတ်ဘူး။ မွန်းကျပ်ရှာကြမှာပေါ့။ သူတို့ တစ်သက်လုံး အစီးများလာခဲ့တဲ့ကား ဆိုတာတွေက ဘေးမှန်တွေ ဖွင့်ထားရင်လည်း ဖွင့်ထား၊ ဒါမှမဟုတ်လည်း ကုန်တင်ယာဉ်ကြီးငယ်ရဲ့ နောက်ပိုင်း ကုန်တင်တဲ့နေရာကို ပျဉ်ပြား ဘယ်ညာ ဆင်ရိုက်ထားပြီး ကားဦးတည်ရာကို ပုခုံးလှည့်ထားရာတဲ့ ခရီးသည်တင်ကားမျိုးတွေရင်လည်း ဖြစ်နေခဲ့မှာမို့ အသက်ကို ဝအောင် ရှူနိုင်ရုံသာမက လူတောင် လွင့်မကျန်ရစ်အောင် မနည်း ကိုင်တွယ်ထားရတဲ့ လေတိုးမှုကို ခံစားခဲ့ရမှာလေ။ အဲဒါတွေနဲ့ အသားအကျ လွန်သွားတာ့ လေလုံးလုံး မတိုးတဲ့ မှန်လုံကားတွေထဲမှာ ဗျာတွေ များကုန်ပြီး လျှောက်ဖွင့်ကြတာနေမှာပေါ့။

အင်း… ဟိုသားအမိခမျာလည်း အလုံပိတ် လေယာဉ်ထဲ မွမ်းရှာကြ မှတ်တယ်။ တော်သေးတယ်။ လေယာဉ်ပြတင်းတွေက အသေပိတ်တွေမို့၊ ခရီးသည်တင်ကားတွေမှာလို အရှင်သာဆိုလို့ကတော့ လေယာဉ်မယ်လေးတွေခမျာ တစ်နေ့တစ်နေ့ ပြေးလိုက်ရမယ့် ဖြစ်ခြင်း… အံမယ်မင်းတဲ့မှ မင်း…

ဇာတ်လမ်းက သည်မှာ ဆုံးရမှာ။ မဆုံးချင်တော့ နောက်ဆက်တွဲနဲ့ တွေ့တယ်။ သည်အဖြစ်ကို စင်္ကာပူက ပြန်လာပြီး ကျွန်တော့်ကို တခုတ်တရ လာနှုတ်ဆက်တဲ့ မိတ်ဆွေလေးတစ်ယောက်ကို ပြောပြတော့ သူနဲ့ အတူ ပါလာသူ ပြန်ပြောတဲ့ စကားက ငိုအားထက်ရယ်အားသန်။

သူလည်း ကျွန်တော့်လိုပဲ လေယာဉ် ခဏ ခဏ စီးခဲ့ရာက မကြာသေးခင် တစ်ခေါက်မှာတော့ စင်္ကာပူက ရန်ကုန်ကို အပြန်ခရီးမှာ သူနဲ့ ဘေးချင်းကပ်ထိုင်ရသူက သနရုပ္ပ သူငယ်မလေး တစ်ယောက်တဲ့ခင်ဗျ။ ဝတ်ထား စားထားတာကလည်း အပျံစားတဲ့။

အဲ… သို့သော် လေယာဉ်ပေါ်မှာ အစားအသောက်ကျွေးတဲ့အခါကျတော့ အဲဒီ့ ကလေးမလေးက လေယာဉ်က ပေးတဲ့ တစ်ယောက်စာ ပလတ်စတစ် သောက်ရေအေးခွက်ကလေးကို ဖွင့်၊ ပြီးတော့ ကော်ဖီ၊ လက်ဖက်ရည်သောက်တဲ့အခါ သုံးဖို့ အရံသင့်ပေးထားတဲ့ သကြားနဲ့ နို့မှုန့် ထုတ်ကလေးတွေထဲက နို့မှုန့်ထုတ်လေးကို ဖြည်ကာ အဲဒီ့အမှုန့်တွေကို သောက်ရေအေးခွက်ထဲ သွန်ချပြီး မွှေပါသတဲ့ ခင်ဗျား။ နို့မှုန့်လို့သာ  အလွယ်ရေးလိုက်တာပါ။ အမှန်က ကော်ဖီ၊ လက်ဖက်ရည်နဲ့ သောက်တဲ့အခါ နို့အစား သုံးလို့ရတဲ့ “ခရီမာ”ခေါ် နို့မှုန့်နဲ့ ခပ်ဆင်ဆင် တစ်မျိုးသာ ဖြစ်ပါတယ်။

အဲဒါက ရေနွေးပူပူနဲ့မှ ပျော်ပါတယ်။ ရေအေးနဲ့ကတော့ အခဲလိုက် အဖတ်လိုက်တွေ ဖြစ်နေတာပေါ့ခင်ဗျာ။

မိတ်ဆွေခမျာ မိန်းကလေး ရှက်သွားမှာ စိုးတာနဲ့ ပြောလည်း မပြော ရဲ၊ ရယ်ကလည်း ရယ်ချင်ပက်ကျိဖြစ်နေပါသတဲ့။ အမယ်… မမက အဲဒါကို သောက်ကြည့်သေးတယ်တဲ့ခင်ဗျ။ သောက်ကြည့်တော့လည်း ဘယ် အဆင်ပြေမတုံးခင်ဗျာ။

မိတ်ဆွေက ဆက်ပြောပါတယ်။ “စင်္ကာပူ အသွားခရီးစဉ်ဆိုရင်တော့လည်း မပြောပါဘူးဗျာ။ အခုဟာက အပြန်ဆိုတော့ သူ လေယာဉ်စီးဖူးမှာ သေချာပါတယ်။ ဟိုမှာလည်း နေခဲ့မှာ သေချာတယ်။ ဒါပေမယ့် ဒါတွေနဲ့ မကြုံခဲ့ဖူးတာ အံ့ဩစရာနော်”တဲ့။

ကျွန်တော်လည်း ရယ်လို့သာ နေမိပါတယ်။ စိတ်ထဲမှာလည်း ကျွန်တ်ာကိုယ်တိုင် လွန်ခဲ့တဲ့ သုံးနှစ်ကျော် အထက်ကာရီက ကြုံဖူးတာလေးကို ပြေးမြင်မိတယ်။ အဲတုန်းက ကျွန်တော်က အလုပ်တာဝန်နဲ့ သွားရတာ ခင်ဗျ။ တစ်ယောက်တည်းလည်း မဟုတ်ဘူး။ ၁၅ ယောက်လောက် ပါတဲ့ အဖွဲ့နဲ့သွားရတာ။ တည်းတော့ ဟိုဘက်က စီစဉ်ပေးတာမို့ ကြယ်ငါးပွင့် ဟိုတယ်အကောင်းစားကြီးမှာ တည်းရတာဖြစ်သလို စားတော့လည်း အဲဒီ့ ဟိုတယ်ကြီးမှာပဲ မနက်စာရော၊ နေ့လည်စာရော၊ ညစာပါ စားရတာခင်ဗျ။

အဲဒါဗျာ၊ တစ်ရက်မှာ တစ်ယောက်တည်း ထိုင်စားနေတဲ့ ကျွန်တော်နဲ့ အတူ လာပူးပေါင်းပြီး မနက်စာစားတဲ့ ဘိုးတော်တစ်ပါးနဲ့ ကြုံတယ်ခင်ဗျ။ လာကတည်းက တစ်ဖွဲ့တည်း အတူလာ၊ ဟိုကျတော့လည်း အတူတွဲပြီး အလုပ်လုပ်တဲ့ ရက်ကလေးလည်း ရလာပြီမို့ တစ်ယောက်နဲ့ တစ်ယောက် ကောင်းကောင်း သိကျွမ်းနေပြီဆိုတော့ တစ်စားပွဲတည်း လာစားတာ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး၊ အဖော်တောင် ရပါသေးတယ်။

အဲ… သူ ထိုင်အချလိုက်မှာ မြင်လိုက်တာက သူ့ပန်းကန်ထဲမှာ ထည့်လာတဲ့ ထောပတ်တွေပါပဲ။ စားနေတာက မနက်ခင်းစာ ခင်ဗျာ။ အဲတော့လည်း ပေါင်မုန့် သုတ်စားဖို့ တစ်ယောက်စာ ထောပတ်ခဲလေးတွေ ချပေးထားပါတယ်။ အဲဒါလေးတွေက အလျား အနံ တစ်လက်မ ပတ်လည် မရှိ တရှိ၊ အထူ တစ်မတ်လောက် ရှိတဲ့ ကော်ဘူးလေးထဲမှာ ထည့်ပြီး အလုံပိတ်ထားတာလေးတွေပါ။ ပေါင်မုန့်စားတဲ့သူအတွက် အဲဒါလေး တစ်ဘူးက ကောင်းကောင်း လုံလောက်ပါတယ်။

အဲဒါဗျာ၊ သူ့ပန်းကန်ထဲမှာ ပါလာတာ အနည်းဆုံး ငါးဘူးခင်ဗျ။ ကျွန်တော် လန့်သွားပါတယ်။ အိမ်များ သယ်သွားဖို့ ကြံတာလားလို့လည်း တွေးမိတယ်။ ဘယ်ဟုတ်မတုံးခင်ဗျာ၊ သူက ခဏနေတော့ အဲဒါလေးတွေကို ဖွင့်၊ စားပွဲတင်ဓားနဲ့ အကျအန ကလော်ပြီး တုပ်ပါလေရောလား။

အား… တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးတာ မြင်ရပြန်တာပါပဲခင်ဗျာ။ ကျွန်တော်လည်း ဘာပြောရမှန်း မသိဘူး။ စောစောက မိတ်ဆွေ ပြောသလိုပဲ၊ ကျွန်တော် တစ်ခုခု ပြောလိုက်ရင် ခမျာ ရှက်သွားမှာ စိုးတာနဲ့ မသိချင်ယောင်ပဲ ဆောင်နေလိုက်ရပါတယ်။

ဒါနဲ့ မပြီးသေးပါဘူး။ အဲဒီ့ ထောပတ် ငါးဘူးလောက်ကို ကုန်အောင် တွယ်ပြီးတဲ့နောက် သူ ထသွားပြန်ပါတယ်။ မနက်စာက ဘူဖှေးဆိုပြီး ကိုယ့်ဟာကိုယ် ကြိုက်တာ ကြိုက်သလောက် ထယူစားလို့ရတဲ့အမျိုးဆိုတော့ သူက ထပ်သွားယူတာပါ။ ပြန်လာတော့ သူ့လက်ထဲမှာ ဒိန်ချဉ်ဘူးလေးတွေ ပါလာပြန်တယ်။ သည်တစ်ခါလည်း လေးဘူး သယ်လာပြန်တာ ခင်ဗျ။

အဲဒီ့ဘူးလေးတွေကလည်း တစ်ခါသုံး ဖန်ခွက်ပုံစံ၊ ဖော့ဘူးလေးတွေနဲ့ အလုံပိတ်ထားတဲ့ ဘူးလေးတွေပါ။ လေးဘူးဆိုတော့ သူ့ခမျာ ဒိန်ချဉ် အတော်ကြိုက်ရှာလို့ နေမှာပဲလို့ ကျွန်တော် တွေးမိနေရပြန်တယ်။

သူက ပြန်ထိုင်တယ်။ အဲဒီ့ လေးဘူးကို သူ့ဘေးမှာ ချတယ်။ ပြီးတော့ တစ်ဘူးကို ဖောက်တယ်၊ ဇွန်းကလေးနဲ့ မြည်းပါတယ်ခင်ဗျ။ ပြီးတော့ မှိုရတဲ့ မျက်နှာနဲ့ “ဟီး… ဟီး… ဒိန်ချဉ်တွေဗျ… ကောင်းတယ်၊ စားပါဦးလား”လို့ ကျွန်တော့်ကို ပြောပါတယ်။ ကျွန်တော် ခေါင်းသာ ရမ်းပြလိုက်မိရပါတော့တယ်။ (ဘူးပေါ်မှာ ဒိန်ချဉ်လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်စာလုံးကို ထင်ထင်ရှားရှား ရေးထားတာ သူမဖတ်မိတာလား၊ မဖတ်တတ်တာလားတော့ သူပဲ သိပါလိမ့်မယ်။)

အင်း… ခက်လှပါလားကွယ်ရို့။

ကျွန်တော့်ကိုယ်တွေ့ဆီ စွေ့ခနဲ စိတ်လည်သွားခိုက်မှာ စောစောက မိတ်ဆွေက နောက်အတွေ့အကြုံတစ်ခုကို ဆက်ပြောပြန်ပါတယ်။

အဲဒါကတော့ ကနေ့ မြန်မာပြည်က နာမည်ကျော်လူကြိုက်များလှတဲ့ အဆိုတော် သရုပ်ဆောင်နဲ့ လေယာဉ်ပေါ်မှာ ဘေးချင်းကပ်ထိုင်ခဲ့ရတဲ့ အဖြစ်တဲ့။ သူက နာမည်နဲ့ အတိအကျ ပြောတာပါ။ ကနေ့ နာမည်ကျော် ဆိုကတည်းက မြန်မာပြည်မှာတော့ သူတို့ထက် ခေတ်လွန်တဲ့ သူကောင့်သား၊ သူကောင့်သမီးတစ်ယောက်မှ မရှိတဲ့ အိုက်တင်အပြည့်နဲ့ပေါ့ခင်ဗျာ။

အဲဒီ့နာမည်ကျော်ဟာ အဲဒီ့ နိုင်ငံခြားက ပြန်လာတဲ့ လေယာဉ်ပေါ် ရောက်တာနဲ့ သူ့အိတ်ထဲက အိုင်ဖှုန်း၊ သို့မဟုတ် အိုင်ပေါ့(ထ်)ကို ထုတ်ပါသတဲ့။ ပြီးတော့ သီချင်း နားထောင်ပါသတဲ့။ အဲဒါကတော့ ဘာမှ ပြောစရာ မရှိပါဘူး။ သူ့ပစ္စည်းနဲ့ သူ၊ သူ့ဝါသနာနဲ့သူ၊ သူ့လွတ်လပ်မှုနဲ့ သူပါ။

ပြောစရာ ရှိတာက မောင်မင်းကြီးသားက သီချင်းနားထောင်တာကို ရိုးရိုး နားမထောင်ဘဲ လိုက်ဆိုတော်မူတာပါပဲတဲ့။ ကဲဗျား… နှစ်နာရီ ကျော်စီးရတဲ့ လေယာဉ်ခရီးစဉ်မှာ ကိုယ့်ဘေးက လူက တလှုပ်လှုပ်တရွရွှနဲ့ သီချင်းဆိုနေတာကို ခံစားနေခဲ့ရသူတစ်ဦးရဲ့ နေရာကို ကျွန်တော် ကိုယ်ချင်းစာမိပါတယ်။ ကျွန်တော်သာဆိုရင်တော့ အဲဒီ့မောင်မင်းကြီးသားကို ပြောမိသွားမှာ အမှန်ပါပဲ။

“ကိုယ့်ဆရာရေ… ကိုယ့်ဆရာ သီချင်းကြိုက်တာကို နားလည်ပါတယ်။ အဆိုတော် ဖြစ်နေလို့ လိုက်ဆိုနေတာကိုလည်း သဘောပေါက်ပါတယ်။ သို့သော် ကျွန်ုပ်အတွက်တော့ အလွန်အနှောင့်အယှက်ဖြစ်နေတာလေးကို နားလည်ပေးစေချင်ပါတယ်။ နားပဲ ထောင်ပါ ကိုယ့်ဆရာ၊ လိုက်တော့ မဆိုပါနဲ့လို့ လေးစားစွာ မေတ္တာရပ်ခံပါရစေလားခင်ဗျ”လို့ ပြောလိုက်မိမှာပါ။

အားလုံးကို ချုပ်လိုက်တဲ့အခါမှာတော့ ကျွန်တော့် ပါးစပ်ထဲမှာ ညည်းချင်းတစ်ခု ဝင်လာပါတယ်။ အဲဒါကတော့ “ဪ… ရွှေ…ရွှေ”ဆိုတာလေးပါပဲ။

ရွှေတွေ ဘာ့ကြောင့် သည်လို ဖြစ်နေတာလဲဆိုတာကို ဆက်စဉ်းစားတဲ့အခါမှာတော့ ကျွန်တော့်မှာ အဖြေတွေ့သလိုလို၊ မတွေ့သလိုလိုနဲ့ ခေါင်းနောက်လာပါတယ်။

ဒါ့ကြောင့် စာဖတ်သူလူကြီးမင်းများကို အဖော်စပ်ပါရစေလား။ ရွှေတွေ ဘာ့ကြောင့် အဲလိုတွေ ဖြစ်နေတာလဲဆိုတာလေး ကျွန်တော့်ကို တစ်ဆိတ် ကူစဉ်းစားတော်မူပေးကြပါလားခင်ဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် - ၂၈၀၅၁၁)

[ဝန်ခံချက် - “ကဲ... မယုံချင်နေ”ဟူသည့် ခေါင်းစဉ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က ရုပ်ရှင်ကားတစ်ကားအမည် ဖြစ်ပါသည်။]

ယနေ့ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၄ အမှတ် ၁၀ မှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ပြန်လည် တင်ဆက်လိုက်တာပါ။ 
အပြာရောင် အရောင်ကွဲနဲ့ ဖော်ပြထားတဲ့ စာသားတွေတော့ ပါမလာပါဘူး။