၂၀၁၉ အောက်တိုဘာ ၁ ရက် အမှတ်တရ

💻💻💻💻💻💻💻💻💻💻💻💻

ကုတ်၊ ကုတ်၊ ကုတ်

၁၉၈၈ နှစ်ကုန်ပိုင်းက စပြီး ကွန်ပျူတာကို ပိုင်ပိုင်နိုင်နိုင် စတင် ကိုင်တွယ် သုံးစွဲခဲ့ပါတယ်။ ကွာလာလမ်ပူ၊ ဟောင်ကောင်တို့မှာလည်း ကွန်ပျူတာ ကွန်ရက်ဆက်သွယ်ရေး သင်တန်းတွေ တက်ခဲ့ဖူးပါတယ်။

၁၉၈၈ မှာ မြန်မာစာလုံးဆိုတာ အိပ်မက်တောင် မမက်ကြသေးတဲ့အချိန်ပါ။ ကွန်ပျူတာကို ကျယ်ကျယ်ပြန့်ပြန့် မသုံးနိုင်ကြသေးတဲ့ကာလ။

ကျနော် သိသလောက် စာလုံးပုံစံတွေက အင်္ဂလိပ်စာမှာကို အများကြီးပါ။ မူလက အဲဒီ့စာလုံးတွေကို အက်(စ်)ခီးကုတ်လို့ အဲဒီ့အချိန်က လူသိများတဲ့ ASCII Code ကို အခြေခံပြီး ဖန်တီးခဲ့ကြတာပါ။

အများနားလည်အောင် ပြောရရင် ကွန်ပျူတာမှာ စာတွေ၊ ရုပ်သေရုပ်ရှင်တွေ၊ အတွက်အချက်တွေသာ လုပ်နေကြတယ်။ တကယ်တမ်းမှာ ကွန်ပျူတာက ဂဏန်းတွေကိုသာ သိပါတယ်။ ကျန်တာတွေကို မသိပါဘူး။

အဲတော့ စာလုံးတွေကို ဂဏန်းအမှတ်အသားတွေနဲ့ ကုတ် (code) ဆိုတဲ့ ဝှက်စာနဲ့ ကွန်ပျူတာအစီအစဉ်မှာ မှတ်သားခိုင်းထားတယ်။ အဲဒီ့ဂဏန်းတွေကို ပုံဖော်ယူလိုက်တဲ့အခါ စာလုံးတွေဖြစ်လာတယ်။ ပုံတွေလည်း အတူတူပါပဲ။

Image may contain: text

ဥနီမကုတ်ကြခင်

မူလက အက်(စ်)ခီးကိုပဲ သုံးခဲ့ကြတယ်။ အက်(စ်)ခီးက 8 bit ပဲ သုံးနိုင်တယ်။ ဂဏန်းနဲ့ ပြောရင် သုညက ၂၅၅ အထိပဲ သိုလှောင်မှတ်သားထားနိုင်တယ်။ အဲတော့ အကန့်အသတ်နဲ့ ဖြစ်နေတယ်။

သည်မှာတင် ကြံဆကြတဲ့အခါ universal character-encoding standard ဆိုတာကို ရလာပါတယ်။ အတိုကောက်က ဥနီကုတ်ပေါ့။ သူကတော့ 32 bit အထိ သုံးနိုင်လာတယ်။ ထောင်ချီ သိုလှောင်မှတ်သားထားနိုင်လာတဲ့အပြင် 8, 16, 32 bit တွေကြားမှာ လှည့်သုံးလို့ရသွားတဲ့ စနစ်ဖြစ်တာကြောင့် bit points သန်းချီပြီးတောင် ရလာပါတယ်။ အရပ်စကားနဲ့ ပြောရင် သိုလှောင်သိမ်းဆည်းနိုင်တဲ့ ကိန်းဂဏန်းပမာဏက အဆမတန် များသွားပါပြီ။

ဥနီကုတ်ရဲ့ ပထမဆုံးမူဖြစ်တဲ့ ဥနီကုတ် ၁.၀.၀ ဟာ ၁၉၉၁ ခုနှစ် အောက်တိုဘာမှာ စတင်ပေါ်ပေါက်လာပါတော့တယ်။ ၁၇ နှစ်ကျော်အကြာ သည်နှစ် မေလမှာ နောက်ဆုံး ဥနီကုတ်မူ ၁၂.၁ အထိ ရောက်လာခဲ့ပါပြီ။

🔴 သည်နေရာမှာ မူလက အက်(စ်)ခီးနဲ့ ရေးထားသမျှ အလဟဿ မဖြစ်ရလေအောင် ဥနီကုတ်စနစ်က အက်(စ်)ခီးကို လက်တွဲခေါ်ခဲ့တာလည်း အထင်အရှားပါပဲ။ 🔴

ဗမာစာလုံးပုံစံပေါင်းစုံ

မူ ၃.၀ နဲ့အတူ ၁၉၉၉ ခုနှစ် စက်တင်ဘာလမယ် မြန်မာစာလုံးတွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ဘယ်ဟာက အရင်လဲတော့ ကျနော် သေချာ မသိဘူး။ CE နဲ့ Win ဆိုတဲ့ မြန်မာစာလုံးတွေ မရှေးမနှောင်း ပေါ်ပေါက်လာခဲ့ပါတယ်။ GeoComp တို့၊ Metrix တို့လို အမည်တွေနဲ့ မြန်မာစာလုံးတွေလည်း ထပ်ပေါ်လာပြန်တယ်။

တခုနဲ့တခုက လက်ကွက် နေရာချထားပုံ မတူဘူး။ တနည်းပြောရင် စံ မရှိဘူးပေါ့။ ရွှေဗမာတို့ရဲ့ ဝသီအတိုင်း သူတလူ ငါတမင်း လုပ်ခဲ့ကြပါတယ်။

ရှည်ပါတယ်ဗျာ။

ဇော်ဂျီကို သွားရအောင်…

ဇော်ဂျီဇာတ်လမ်း

ဇော်ဂျီကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

ဇော်ဂျီလည်း ဥနီကုတ်ကို အခြေခံပြီး ဖန်တီးထားတာပါ။ ဒါပေသည့် ဇော်ဂျီက မှန်ကန်တဲ့ ဥနီကုတ် ဝှက်စာလုပ်ပုံနဲ့ ချိတ်ဆက်မှု တယ်မရှိခဲ့ဘူး။ အဲတော့ ဇော်ဂျီ မြန်မာစာလုံးဟာ နိုင်ငံတကာစံနဲ့ လိုက်လျောညီထွေ ဖြစ်မနေတော့ဘူး။ အဲဒါဟာ ဇော်ဂျီရဲ့ ဧရာမ ပြဿနာပဲ။

သူတို့အတွင်းရေးတွေ ကျနော် သိတန်သလောက် သိထားပေမယ့် ပုဂ္ဂိုလ်ရေးတွေ ပါနေတဲ့အတွက် အဲဒါတွေ ထည့်မပြောတော့ပါဘူး။ အလွယ်ဆုံး ပြောရင် ရွှေဗမာများ ပီသစွာ ဇာတ်ခေါင်းကွဲကြလေသတည်းပေါ့။

အဲလို ဇာတ်ခေါင်းကွဲတဲ့အခါ မူလပထမ ဇော်ဂျီကို ၀ှက်စာရေးသူတွေက တစင်ထထောင်တော့ အကြံတူရင် နောက်လူသာစမြဲ ဆိုစကားအတိုင်း ဇော်ဂျီ့ ဧရာမ ပြဿနာကို ကျော်လွှားဖို့ အားထုတ်ကြပါတယ်။

ပုတ်ကိုယ်ရေးတွေ ပါလာတော့ သွားတာပဲ

၂၀၁၀-၁၁ လောက်မှာ ဥနီကုတ်လို့ အခု ပြောနေတဲ့ စံချိန်မီ မြန်မာစာလုံးကို သူတို့ ကျယ်ကျယ်လောင်လောင် ပြောလာပါတော့တယ်။

ခက်တာက ပုဂ္ဂိုလ်ရေး အခဲမကျေမှုကို စာလုံးကိစ္စအထိပါ ယူလာကြတာပါပဲ။ အဲတော့ သူတို့ရဲ့ စာလုံး သံးစွဲရေးအတွက် လှုံ့ဆော် စည်းရုံးတဲ့အခါ အပိုစကားတွေက မတန်တဆ များကုန်ပါတော့တယ်။ အလွယ်ဆုံး ပြောရင်တော့ ဇော်ဂျီ သုံးတဲ့သူတွေက အောက်တန်းစားတွေလေို့ မပြောရုံတမည်ပါပဲ။ သိပ် နင်ပဲငဆ ဆန်ခဲ့ကြပါတယ်။

အဲတော့ ကွန်ပျူတာ သုံးနေတဲ့ ရွှေဗမာတွေလည်း သူတို့ ကျေးဇူးကြောင့် အလိုလို နှစ်ခြမ်းကွဲကုန်ပါရောလား။ ရွှေဗမာဆိုတာကလည်း သိပ်သွေးခွဲလို့ လွယ်တဲ့ လူမျိုးလေနော်…

ကမ္ဘာပေါ်မှာ ခန့်မှန်းချေ စာလုံးမိသားစု (Font Family) ပေါင်း ၆ သောင်းလောက် ရှိပါတယ်။ စာလုံး မိသားစုဆိုတာက ဥပမာ Arial Font ဆိုပါစို့။ Arial မှာပဲ မူလ လက်ဟောင်း Arial အပြင် Arial Black, Arial Rounded MT Bold, Arial Narrow စသဖြင့် ပေါင်းစုံ ရှိနေပါတယ်။ အဲဒါ Arial မိသားစုပေါ့။

ဗမာစာလုံး ပေါင်းစုံ

ဗမာစာလုံးတွေမှာတော့ ဝင်းမိသားစု၊ စီအီးမိသားစု၊ မက်ထရစ်(ခ်)(စ်) မိသားစု၊ စိန်အာကာ မိသားစုတွေ ရှိပါတယ်။

ကျနော်က စာအုပ်ထုတ်ဝေရေး လုပ်ငန်းလည်း လုပ်ခဲ့ဖူးတာမို့ အဲဒီ့ မိသားစုတွေ အားလုံး ယနေ့ထက်တိုင် ကျနော်တို့ရဲ့ စားပွဲတင် ကွန်ပျူတာတွေထဲမှာ ရှိနေပါသေးတယ်။ ဘယ်ဟာကိုမှ ဖျက်မပစ်ပါဘူး။ သူတို့သည် စံမညီသည့်တိုင် သူ့နေရာနဲ့သူ အသုံးတည့်နေသေးတာကိုး။ စာလုံး အလှလေးတွေ သုံးချင်တဲ့အခါ အဆင်ပြေနေတာကိုး။

အင်္ဂလိပ်စာလုံးအသစ်ပဲဖြစ်ဖြစ်၊ အဲဒီ့ ဗမာစာလုံး မိသားစုသစ်ပဲ ဖြစ်ဖြစ် ပေါ်လာတဲ့အခါ စာလုံးကို ကွန်ပျူတာထဲ ထည့်သုံးရုံးပဲ။ လက်ကွက် အခင်းအကျင်း မတူပေမယ့်လည်း သူ့ဟာနဲ့သူ သုံးလို့ ရတယ်။ အင်္ဂလိပ်စာလုံးကတော့ ဗမာလို သရတွေ မများတဲ့အတွက် လက်ကွက်အခင်းအကျင်းက ဘောင်ကျဉ်းတယ်။ ဗမာစာမှာကတော့ သရတွေ များတာမို့ လက်ကွက်အခင်းအကျင်းက ကိုးလို့ကန့်လန့်နိုင်တဲ့အခါ နိုင်တယ်။ နငယ်မှာကို အတို၊ အရှည်၊ ပါဋ္ဌ်ဆင့် ရှိနေသလို ရရစ်ကလည်း မျိုးစုံ၊ အောက်ကမြစ်ကလည်း သုံးခု။

🔴 သေချာတာကတော့ ဘာစာလုံးသစ် ပေါ်လာလာ ကွန်ပျူတာထဲ အသာ ထည့်လိုက်ရုံနဲ့ ကိစ္စပြတ်တယ်။ 🔴

အကြော်ကျွေးမယ်၊ အပြုတ်တိုက်မယ်

အခု ဥနီကုတ်ကျမှ ဇော်ဂျီကို “အပြုတ်တိုက်ရေး၊” “အမြစ်ပြတ်ချေမှုန်းသုတ်သင်ရေး၊” “အပြတ်ရှင်းရေး”ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ထားတာ တွေ့ရပါတယ်။

အခု ကျနော်သုံးနေတဲ့ စက်ထဲမှာ ဥနီကုတ်မြန်မာစာ စာလုံးရှိတယ်။ ဒါပေမယ့် စာရိုက်လို့ အဆင်မပြေလှဘူး။ ဘာလို့လဲ၊ ဇော်ဂျီကို ဖြုတ်မထားလို့။ ဥနီကုတ် သုံးချင်ရင် ဇော်ဂျီကို ကျနော့်စက်ထဲက ရှင်းထုတ်ပစ်မှ ရမယ်။

အဲဒါကြီးက ဘယ်လိုမှ မနိပ်ဘူး။ မနိပ်ဘူးဆိုတာ စေတနာပိုင်းမှာ မနိပ်တာ။

“အပြုတ်တိုက်ရေး၊” “အမြစ်ပြတ်ချေမှုန်းသုတ်သင်ရေး၊” “အပြတ်ရှင်းရေး”ဆိုတာ ဘယ်စနစ်က တွင်တွင်သုံးတဲ့ အလုံးတွေလဲဆိုတာ သဘောပါတယ်နော် ပရိသတ်။

အဲဒီ့စနစ်ကို မလိုလားဘူးလို့ ပါးစပ်ကြီးနဲ့ ကြွေးကြော်ပြီးတော့ လက်တွေ့မှာတော့ ဥနီကို အားရပါးရ ကုတ်နေကြသူတွေ မြင်ရတဲ့အခါ ပြုံးနေမိရပါတယ်။

အဲဒါလည်း ရွှေတို့ရဲ့ အကျင့်ပဲလေ။

ဘာတဲ့…

ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယားကားယားဆိုလား…

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၀၁၁၀၁၉)

Advertisements

နှလုံးသားတွေ မှန်ကန် မျှတပါစေကြောင်း

❤️💔💝❤️💔💝❤️💔💝❤️💔💝❤️💔💝

အမှတ်တရမှာ အောက်ပါ စာသားလေး ပြန်ပေါ်လာပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တိတိက Facebook မှာ ကျနော် တင်ခဲ့တာပါ။

To put the world in order, we must first put the nation in order; to put the nation in order, we must put the family in order; to put the family in order, we must cultivate our personal life; and to cultivate our personal life, we must first set our hearts right.

(ဘာသာပြန်) လောကကြီးကို နေသားတကျ ဖြစ်နေစေချင်ရင် နိုင်ငံကို နေသားတကျဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။ နိုင်ငံကို နေသားတကျ ဖြစ်နေစေချင်ရင် မိသားစုကို နေသားတကျဖြစ်နေအောင် အရင်ဆုံး လုပ်ရလိမ့်မယ်။ မိသားစုကို နေသားတကျ ဖြစ်နေစေချင်ရင် ကျနော်တို့ရဲ့ပုဂ္ဂလိက ဘဝတွေကို နေသားတကျ ဖြစ်အောင် အရင်ဆုံး ပျိုးထောင်ကြရလိမ့်မယ်။ ကျနော်တို့ရဲ့ နှလုံးသားတွေကို မှန်ကန်မျှတအောင် အရင်ဆုံး လုပ်ရမယ်။ (ဘာသာပြန်အဆုံး)

မဟတ္တမ ဂန္ဓီဆိုတာကို တကမ္ဘာလုံးက တကယ့်ကို မြင့်မြတ်တဲ့ အကြမ်းမဖက်ရေး ဝါဒကို ကိုင်စွဲသူအဖြစ် ရှုမြင်ကြတယ်။ “မဟတ္တမ”ဆိုတာ “အကြီးကျယ် အမြင့်မြတ်ဆုံး”ဆိုတဲ့ ဘွဲ့ထူးလေ။

ဒါပေမယ့် ၂၀၀၇ ခုနှစ်မယ် ဘောလိဝု(ဒ်)က ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ “ကျနော့်အဖေ ဂန္ဓီ”ဆိုတဲ့ ဓာတ်ရှင်ကို ကြည့်အပြီးမယ် ဂန္ဓီလည်း လူပါပဲဆိုတဲ့ အမြင်အပြင် တကယ်ကော သူဟာ “မဟတ္တမ”ရဲ့လားဆိုတဲ့ မေးခွန်းက ကျနော့်ဆီမှာ ပေါ်လာခဲ့ပါတယ်။

Image may contain: 1 person, text

ဂန္ဓီ့သားအကြီးဆုံး “ဟာရီလား(လ်) ဂန္ဓီ”ဟာ အစ္စလာမ်ဘာသာကို ပြောင်းခဲ့တယ်။ ပြီးတော့မှ တခါ သူ့ မိဘတွေနဲ့ ဂိုဏ်းမတူတဲ့ ဟိန္ဒူဘာသာကို ပြန်ပြောင်းခဲ့ပါတယ်။ ပြီးတော့ အရက်သမားကြီး လုံးလုံး ဖြစ်သွား၊ လမ်းဘေးမှာ ခွေးသေဝက်သေ သေသွားခဲ့ရတဲ့ အဖြစ်ကို ဘောလိဝု(ဒ်)က ရိုက်ပြတော့မှ သိရတာ။

ကွန်ဖြူးရှပ်ရဲ့စကားနဲ့ဆိုရင်တော့ ဂန္ဓီဟာ လောကကြီးအတွက်၊ သူ့နိုင်ငံအတွက် နေသသားတကျ ဖြစ်အောင် အားထုတ်ခဲ့တာ မှန်သည့်တိုင် သူ့မိသားစုဘဝ၊ သူ့ပုဂ္ဂလိက ဘဝကို နေသားတကျ ဖြစ်အောင် မစီစဉ်နိုင်ခဲ့တာတော့ အသအချာပါပဲ။ သူ့နှလုံးသား မမှန်ကန် မမျှတတာကလည်း သူ့သားကြီးနဲ့ သူနဲ့ကြားက ကွဲလွဲမှုမှာ အတိအကျ ပြဆိုနေပါတယ်။

သူ့သားကြီးက သူ့ဖခင်လို နိုင်ငံခြားမှာ ဥပဒေပညာသင်ပြီး ဝတ်လုံတော်ရ ဖြစ်ချင်ခဲ့တာ။ ဂန္ဓီက သူ့သားကို သူ့လိုပဲ အိန္ဒိယနိုင်ငံအရေးအတွက် တိုက်ပွဲဝင်စေချင်ခဲ့တာ။ သူ့စံတွေအတိုင်း လိုက်နာစေချင်ခဲ့တာ။ သားကြီးရဲ့ ဆန္ဒကို လစ်လျူရှုခဲ့တယ်။ ခွင့်မပြုခဲ့ဘူး။

လူငယ်တယောက်ကို ဇွတ်အတင်း ပုံသွင်းချင်တဲ့ ဂန္ဓီ့ရဲ့ နှလုံးသား မမှန်ကန် မမျှတလှတာ သည်တချက်နဲ့တင် ရှင်းနေတယ်လို့ မြင်မိရပါတယ်။

ဒါ့အပြင် သူ့ရဲ့ ဝါရိတ္တ (ရှောင်ကြဉ်ခြင်းသီလ) ကျင့်စဉ်အတွက် သူ့ဘဝ နေဝင်ခါနီး ကာလတွေမယ် ဆယ်ကျော်သက် မိန်းကလေးတွေနဲ့ သူနဲ့အတူတူ ညတိုင်း (ကလေးမလေးတွေရော သူပါ) ကိုယ်လုံးတီး အိပ်ခဲ့တယ်ဆိုတဲ့ အချက်ကြီးကလည်း ကျနော့်ကို မှောင့်တယ်။ ဒါဟာ အရွယ်မရောက်သေးတဲ့ ကလေးမလေးတွေအပေါ် သားသမီးချင်း မစာနာတဲ့ အပြုအမူပဲလို့ မြင်မိတာကိုးဗျာ။

ကျနော်တို့ အားလုံးရဲ့ နှလုံးသားတွေသာ မှန်ကန်မျှတမယ်ဆိုရင် လောကကြီးက နေချင့်စဖွယ် ဖြစ်နေပါလိမ့်မယ်။

ဒါက စင်းလုံးချောတဲ့၊ စံပြုထိုက်တဲ့ လောကကြီးကို ပြောတာပါ။

ခက်တာက ကျနော်တို့ဟာ စင်းလုံးလည်း မချော၊ စံရယ်လို့လည်း မရှိတဲ့ လောကကြီးထဲမှာ နေနေကြရတာပါပဲ။ အဲတော့လည်း…

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်
(၃၀၀၉၁၉)

အပြစ်တင်ခြင်းသည် ဆင်းရဲခြင်းတဲ့…

👉👈👉👈👉👈👉👈👉👈👉👈

No photo description available.တာဝန်ခံခိုင်းတာနဲ့ အပြစ်တင်တာ မတူဘူးနော်။

တာဝန်ခံခိုင်းတယ်၊ တာဝန်ယူတယ်ဆိုတာ အပြစ်တင်တာ၊ အပြစ်ပေးတာနဲ့ မတူပါဘူး။

တာဝန်ခံတယ်ဆိုတာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ပေါ်ထွက်လာတဲ့ ရလဒ်အတွက် တာဝန်ယူတာ ဖြစ်ပါတယ်။ နောက်တခါ ရရှိလာမယ့် ရလဒ်တွေကို တိုးတက်ကောင်းမွန်အောင် အခုဖြစ်နေတဲ့ ပြဿနာတွေကို အဖြေရှာတာ၊ ရလာတဲ့ သင်ခန်းစာတွေကို ပြန်လည်အသုံးချတာဟာ တာဝန်ခံတာပါ။ အဲတော့ တာဝန်ခံတာဟာ အနာဂတ်ပေါ် အာရုံစိုက်တာမို့ အပြုသဘော ဖြစ်ပါတယ်။

အပြစ်တင်တာကျတော့ အပြစ်တင်ထိုက်တဲ့ လုပ်ရပ်အတွက် တာဝန်ခံခိုင်းတာ ဖြစ်သွားတယ်။ အချက်အလက် အားလုံးကို မသိခင်မှာ လူတွေကိုက ပြဿနာပဲလို့ ယူဆတာပါ။ အဲဒီ့လူတွေ ကျင်လည်နေရတဲ့ ဝန်းကျင်၊ စနစ်တို့က စင်းလုံးချောနေတယ်လို့ ယူဆပြီးတော့ပေါ့။

အပြစ်တင်တာက အတိတ်ကို အလေးထားတယ်။ ကျူးလွန်သူကို အပြစ်ပေးဖို့ စိတ်သန်တယ်။ ကျူးလွန်သူကို ဖော်ထုတ် အပြစ်ပေးလိုက်မယ်ဆိုရင် မကောင်းတဲ့ အမူအကျင့်ကို ပျောက်ပျက်သွားစေလိမ့်မယ်လို့ တွေးတတ်ကြပါတယ်။

လက်တွေ့ဘဝမှာတော့ အပြစ်တင်ခြင်းကြောင့် လူတွေ တတ်လာတာက သူတို့အပြစ်တွေကို ဖုံးဖို့သာ ဖြစ်သွားတာကို အတော်များများက သတိမထားမိကြပါဘူး။

လူအတော်များများမှာက အပြစ်တင်တာကို ကိုယ်တိုင်လည်း ခံဖူးတယ်၊ သူများကိုလည်း အပြစ်တင်ဖူးကြသူချည်းပဲလို့ ထင်ပါတယ်။

အပြစ်တင် ခံရတာ များလာရင် ခံရသူဟာ အပြစ်ကို မဖုံးချင်တောင် တုံးသွားပါတယ်။ ဘာလုပ်လုပ် အပြစ်တင်ခံရမှာပဲ ဆိုတဲ့အတွေးနဲ့ မလုပ်ရဲ မကိုင်ရဲတော့ဘူး။

စီမံခန့်ခွဲရေးမှာ ကျနော် သဘောကျမိတဲ့ ချဉ်းကပ်ပုံ တခုရှိပါတယ်။ အဲဒါကတော့ တခုခု လုပ်ပြီးသွားတဲ့အခါမှာ အမှားကို ရှာတာ မလုပ်ဘဲ…

(၁) အခုလုပ်ထားတာမှာ ဘာတွေ ကောင်းကောင်း လုပ်နိုင်ခဲ့သလဲ

(၂) နောက်တခါ အလားတူ လုပ်မယ်ဆိုရင် ဘာတွေကို ပိုကောင်းအောင် လုပ်နိုင်မလဲ။ ဘာတွေကို ပြောင်းပြီး လုပ်နိုင်မလဲ

ဆိုပြီး စဉ်းစားတဲ့ အလေ့အထပါ။

အဲဒါဟာ အပြစ်တင်တာ မပါတော့ဘူး။ တာဝန်ယူချင်စိတ်ကိုလည်း ပိုနှိုးဆွပေးနိုင်ပါတယ်။

သဘောတရားတွေကို ပြောနေမိပါပြီ။ သို့ပေတည့် အကျင့်ဆိုတာ ပြင်လို့ ရပါတယ်။ အပြစ်တင်တဲ့ လူ့ဘောင်ကြီးထဲမှာ ကျနော်တို့ နေနေကြရတယ်။ အိမ်တွင်းရေး၊ ကျောင်းနေဝန်းကျင်၊ လုပ်ငန်းခွင်၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး နယ်ပယ်အားလုံးမှာ အပြစ်ချည်း လှိမ့်တင်နေကြတာပဲ။ အပြစ်မတင်း ပုံမချဘဲ ကောင်းအောင် ကိုယ့်ဘက်က ဘာလုပ်နိုင်မလဲလို့ စဉ်းစားဖို့ ကျနော်တို့ အားလုံး မေ့နေကြပါတယ်။

ဟိုး… လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်၊ မင်းသား ညွန့်ဝင်း နာမည်ရခါစ အချိန်မှာ သီဆို အသံသွင်းခဲ့တဲ့ ဓာတ်ပြားသီချင်းတပုဒ် ဖြစ်တဲ့ “အချော့တော်” သီချင်းထဲက စာသားလေးတစကိုပဲ ခေါင်းစဉ် တပ်လိုက်ပါရစေ…

အ ပြစ် တင် ခြင်း သည် ဆင်း ရဲ ခြင်း… တဲ့။

ကျနော်တို့တွေ ဆင်းရဲခြင်းက လွတ်ကင်းအောင် “နဂါးနီ”သီချင်းကို ကုန်းအော်နေလို့ မရပါဘူး။ အပြစ်တင်တဲ့ အစဉ်အလာကို အပြတ်အသား တွန်းလှန်ပစ်ကြရမှာပါဗျာ။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်
(၂၅၀၉၁၉)

ဝန်ခံချက်

ဖော်ပြပါ ဇယားက https://availleadership.com/culture-of-accountability/ မှာပါတဲ့ ဇယားလေးကို ဆီလျော်အောင် ဘာသာပြန်ထားတဲ့ ပုံဖြစ်ပါတယ်။ လုံးကောက် အတိအကျ ပြန်ဆိုထားတာ မဟုတ်ပါဘူး။

သည်စာရဲ့ အစပိုင်း ၆ ပိုဒ်ကလည်း အဲဒီ့ဆောင်းပါးမှာ ပါတဲ့ စာတွေကို ဆီလျော်အောင် ပြန်ဆိုထားတာ ဖြစ်ပါတယ်။

ရွှံ့သင်္ခါရ

😢😢😢

ရေးမိသွားတာ

သင်္ခါရသဘောနဲ့သာ ဆင်ခြင်ပါတော့။ သံသင်္ခါရနဲ့ သစ်သား သင်္ခါရတော့ ကွာသပေါ့။ ကျနော်တို့အဖြစ်ကတော့ ရွှံ့သင်္ခါရပေါ့လေ…

စောစောက မိတ်ဆွေတယောက်ကို ပြန်ကြားရေးသားလိုက်ဖြစ်သွားတဲ့ ကျနော့်စကားပါ။

မိတ်ဆွေက “ခင်မောင်ရင်”ရဲ့ “နှမလက်လျှော့နေလေတော့…”ဇာတ်ကားကို ကြည့်ချင်တယ်၊ အခုလောက်ဆို ပျက်စီးလောက်ပြီပေါ့။ နိုင်ငံခြားကားဟောင်းတွေကျတော့ မပျက်စီးဘူးပေါ့။

အဲဒီ့မိတ်ဆွေကို ပြန်ကြားရေးသားဖြစ်ခဲ့တဲ့ စကားက အဖွင့်က စကား။

ရှင်းလင်းချက်

တကယ်တော့ “ထိန်းသိမ်းနိုင်စွမ်း”နဲ့ စီးပွားရေးက တိုက်ရိုက်အချိုးကျပါတယ်။

No photo description available.အလွယ်ဆုံး ဥပမာ ပေးရရင် ဘိုးဘွားအမွေအနှစ်တခုခု ဆိုပါစို့။ အစဉ်အဆက် ချမ်းသာတဲ့ မိသားစုက ထိန်းသိမ်းနိုင်တယ်။ တအားကို ဆင်းရဲတဲ့မိသားစုဆိုရင်တော့ ဘယ်လောက် တန်ဖိုးရှိတဲ့ အမွေအနှစ် ဖြစ်နေပါစေ၊ ဈေးကောင်းရရင် ချရောင်းလိုက်မှာပါပဲ။ မန်းရွှေမြို့လယ်က နေရာကောင်းတွေ မန်းသူ မန်းသားတွေ မပိုင်တော့တာ။ ရန်ကုန် အင်းယားမြိုင်၊ ရွှေတောင်ကြား၊ သံလွင်လမ်း၊ အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းမှာ တချိန်တုန်းက ခြံကျယ်ကြီးတွေ၊ အိမ်ကြီး အိမ်ကောင်းတွေကရော အခု ဘယ်သူတွေ ပိုင်နေကြပြီလဲ။ သီလစောင့်ဖို့ အသာထား၊ ဘိုးဘွားအမွေအနှစ် ထိန်းသိမ်းဖို့ဆိုတာတောင် အူမက တောင့်ပေဦးမှ။

ရောင်းမည်

ဈေးကောင်းရလို့ ရောင်းတာက အထည်ကြီးပျက်တွေပေါ့။ လူဆင်းရဲတွေကျတော့ ရှိတာ ထုတ်ရောင်း။ သတင်းစာဟောင်း၊ ပုလင်းခွံ၊ ဘူးခွံ၊ ပလတ်စတစ်အိပ်၊ သံတိုမယ်နတောင် အမှိုက် ဖြစ်မသွားဘဲ ငွေဖြစ်တဲ့ ခေတ်တခေတ်ကို ကျနော်တို့ ဖြတ်သန်းခဲ့ရဖူးပါတယ်။ ဘီစကွတ် အကျိုးအပဲ့တွေကို တန်းစီဝယ်ရ၊ တဆင့်ခံ ပြန်ရောင်းသူတွေ လက်က ပြန်ဝယ်ရတဲ့ ခေတ်လည်း ရှိခဲ့တယ်။

ဖုန်းကတ်တကတ်ကို ပင်ရင်းကနေ ဈေးကြီးပေးဝယ်ရပြီး ဘိုင်ကျတော့ ပြန်ရောင်းတဲ့အခါ ၃၄ သိန်းတောင် ကိုယ်တိုင် မြတ်ဖူးတယ်။ ရောင်းလိုက်ရတုန်းက မျက်ရည်စက်လက်။ ပထမဆုံးအသုတ် ဂျီအက်(စ်)အယ်(မ်)ဖုန်း။ နံပါတ်လေးက လှမှလှ။ ကျနော့်နာမည်နဲ့ ဖုန်း။ ဘယ်လက်လွှတ်ချင်ပါ့မလဲ။ ကိုင်ထားချင်တာပေါ့။ ကျနော့်ဇနီးနာမည်နဲ့ ဝယ်ခွင့်ရတဲ့ ဖုန်းလေးဆို မြင်တောင် မမြင်ဖူးလိုက်ဘူး။ ဝယ်ခွင့်လက်မှတ်ကို ၁၅ သိန်းအမြတ်နဲ့ ရောင်းလိုက်ရတာ။ ဘဝတွေက အဲသလို။ ဒါတောင် ကျနော်ဆို လူလတ်တန်းစားထဲ နည်းနည်း ပါမယ် ထင်ပါတယ်။

လူမတန် ကံချ သင်္ခါရ

ကိုယ့်မရှိလို့ ရှိတာ ထုတ်ရောင်းလိုက်ရတဲ့အခါ သင်္ခါရ သဘောကို နှလုံးသွင်းရတယ်။

ကျနော့်ဆီမှာ ဘိုးဘွားအမွေအနှစ်ဆိုလို့ ဒက္ခိဏသာခါ ဘုရားဆင်းတုလေး နှစ်ဆူကလွဲလို့ ဘာမှ မရှိတော့ဘူး။ (ယုတ်စွအဆုံး… ဘာမဆိုင် ညာမဆိုင် စကားစပ်ခိုက် ပြောပြရရင် ကျနော် ကလေးတုန်းက ဓာတ်ပုံတောင် မရှိတော့ဘူး။ ကလေးတုန်းက ဓာတ်ပုံတင် ဘယ်ကမလဲ ကျနော့်အသက် ၂၈ နှစ် မတိုင်ခင်က ဓာတ်ပုံတောင် မရှိတော့တာ။ အဖေ၊ အမေနဲ့ မိသားစု ဓာတ်ပုံလည်း မရှိဘူး။ အမေက စိတ်ပေါက်တိုင်း ဓာတ်ပုံတွေကို လှီးပစ်တယ်။ အဖေ့ကို စိတ်ပေါက်ရင် အဖေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံထဲက အဖေ့ ပုံတွေ လှီးထုတ် ဖျက်ဆီးတယ်။ ကျနော့်ကို စိတ်ပေါက်ရင် ကျနော့်ဓာတ်ပုံတွေ ဖျက်ဆီးတယ်။ သူ့ခမျာ နိုင်လို့ရတာ ဆိုလို့ ဓာတ်ပုံပဲ ရှိတော့တာကိုးဗျာ။ အဲတော့ကာ မေမေ ကွယ်တော့ ကျနော့်လက်ထဲ ဘာဓာတ်ပုံမှ မကျန်။)

အဲတော့လည်း တချို့ပုံတွေ သတိရမိတဲ့အခါ “သင်္ခါရ”သဘောကို နှလုံးသွင်း ဆင်ခြင်ရတယ်။

သြော်… သင်္ခါရ၊ သင်္ခါရ

လူ့အသက်ကို ထိန်းသိမ်းနိုင်စွမ်းကရော… လူဖြစ်တာချင်းအတူတူ ချမ်းသာတဲ့ နိုင်ငံမှာ လူဖြစ်သူက အသက်ရှည်ရှည် နေရတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အသက်တိုကြတယ်။ ဒါ အရှင်းကြီးပဲ။

အဲတော့ ထိန်းသိမ်းနိုင်စွမ်း မရှိတော့တဲ့အခါ သင်္ခါရကို ဆင်ခြင်ရတယ်။

ဟိုနေ့က မောင်သစ်မင်း၊ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ၊ စာရေးဆရာ မင်းလူ၊ အဆိုတော် မင်းမင်းလတ်၊ စာရေးဆရာ မင်းသား အဆိုကျော် ဒါရိုက်တာ ဝင်းဦး၊ ဂီတစာဆို စန္ဒယား ချစ်ဆွေ၊ စန္ဒယားချစ်မောင်၊ စန္ဒယားလှထွတ်၊ ရွှေပြည်အေး၊ ချိုတေးဆက် ကိုအောင်ကိုး၊ ပုသိမ်မောင်စိမ်းသူ၊ မောင်စစ်ငြိမ်း၊ အဉ္ဇလီမောင်မောင်စတဲ့ သူတွေကို လွမ်းတဲ့အကြောင်း ရေးလိုက်မိတဲ့ အောက်မှာ တယောက်က လာရေးပါတယ်။ သည်လူတွေကို သူ့အိမ်က သားတွေကို မေးကြည့်တော့ မသိကြတော့ဘူးတဲ့။

ဆင်းရဲတော့ သေသူတွေကို နာမည်သက် ဆက်ရှင်အောင် ထိန်းသိမ်းနိုင်စွမ်းလည်း ကျနော်တို့မှာက မရှိတော့ဘူး။ မာတင် လူသာကင်း၊ အဆိုတော် ရေးချား(လ်)(ဇ်)၊ ဖရက်ဒီ မာခယူရီ၊ အမေရိကန်ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေး ဗျူရို (FBI) ကို တည်ထောင်ခဲ့သူ အက်ဒဂါ ဟူးဗှား စတဲ့ နာမည်ကြီးတွေကို နာမည်မသေအောင် ဟောလီးဝု(ဒ်) ဓာတ်ရှင်သမားတွေက လုပ်ပေးနိုင်တယ်။ နာမည်မရှိလှတဲ့ အိမ်ဖြူတော်ရဲ့ အိမ်တော်ဝန်ကိုတောင်မှ လူသိအောင် လုပ်ပေးနိုင်ကြတယ်။ ချမ်းသာလို့ပေါ့ဗျာ။

ကျနော်တို့မှာတော့… … …

မပြောတော့ပါဘူးဗျာ။

အဲတော့လည်း မြသန်းတင့်ဆိုတာ မိန်းမလားတို့၊ ခင်လင်ကျာတို့ ဖြစ်ကုန်ပေတော့တာ မဆန်းပါဘူး။

အိမ်း… ဒါလည်း သင်္ခါရ။

သို့သော် သင်္ခါရချင်းအတူတူ သံသင်္ခါရနဲ့ သစ်သား သင်္ခါရတော့ ကွာသပေါ့။ ကျနော်တို့အဖြစ်ကတော့ ရွှံ့သင်္ခါရပေါ့လေ…

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်
(၂၆၀၈၁၉)

(ပုံက https://zenstudiespodcast.com/impermanence/ မှ စီးပွားဖြစ် သုံးတာ မဟုတ်တဲ့အတွက် စိတ်ရှင်းရှင်းနဲ့ မိတ္တူယူထားတဲ့ ပုံဖြစ်ပါတယ်။)

ရလိုမှု တခုတည်း မကြည့်ကြပါနဲ့…

💰💰💰💰💰💰💰💰💰💰💰💰

တဖက်က တော်တော့်ကို လပ်နေရှာကြတာကလား

(တိုင်းရင်းသားအကုန်လုံး ပါဝင်တယ်လို့ သတ်မှတ်ထားသော) မြန်မာမဟုတ်တဲ့ ဗမာအားလုံး မဟုတ်တောင် အတော်များများဟာ တဖက်လပ်တွေ ဖြစ်ကုန်ကြပြီလို့ ပြောရင်မလွန်ဘူး ထင်ပါတယ်။

ကျနော့် ဖွဘုတ် ကလျာဏမိတ္တတွေထဲမှာ အခွန်ဦးစီးက ကြီးကြီးမာစတာတွေ ရှိတယ်။ သူတို့ထဲက တချို့ဟာ အခွန်ဆောင်ရမှာ နိုင်ငံသားတိုင်း တာဝန်ဆိုတဲ့ ဘုတ်အုပ်ကြီးထဲက စာတွေကို ဇာချဲ့ပြီး ဖွဘုတ်မှာ တင်တယ်။ အခွန်ပေးရေးအတွက် ဖွဘုတ်ကတဆင့် စည်းရုံး လှုံ့ဆော်တယ်ပေါ့။ သူတို့ တရားပါတယ်။ အခွန် လျာထားချက်အတိုင်း အပြည့်အဝ ကောက်ခံနိုင်မှ သူတို့ ဖင်ထိုင်ခုံလေး မြဲနေမှာကိုး။ ပြောပေါ့။ ရေးပေါ့။

သို့သော်… သည်မောင်တွေ တဖက်လပ်ပုံက အခွန်ထမ်း လူထုဘက်ကတော့ တစက်ကမှ တွေးဖော်မရတာပဲ။

တန်အောင် အရင်လုပ်

တရက်ကတော့ မနေနိုင်လို့ ပြောမိသွားတယ်။ စခယ်(န်)ဒီ နေးဗှီးယန်းနိုင်ငံတွေမှာ အခွန်ကို ဝင်ငွေရဲ့ ၄၀ % ဝန်းကျင်၊ တချို့ဆို အဲ့ထက်တောင် များသေး၊ ပေးရတယ်။ ဒါပေမယ့် အဲဒီ့ အခွန်ထမ်း လူထုအတွက် အိမ်ရာ မပူရ၊ အိုနာစာ ရံပုံငွေ မပူရ၊ ကျန်းမာရေး၊ ပညာရေး၊ သွားလာရေး မပူရအောင် အစိုးရက လုပ်ဆောင်ပေးထားတယ်။ အဲဒါမျိုးသာ ဖြစ်လို့ကတော့ ကျနော်တို့လည်း သိပ်ပေးချင်တာပေါ့ဗျာ။

ရွှေနံနံကြီးမှာကျတော့ ကျနော်တို့ ပေးလိုက်တဲ့ အခွန်အများစုက နှစ်စဉ် ရသုံးခန့်မှန်းခြေ ငွေစာရင်း ထွက်လာတဲ့အခါ ဘယ်ဌာနကို အများဆုံး ရောက်သွားသလဲ။ လူထုနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေးအတွက် ဘယ်နှရာခိုင်နှုန်းစီ ရောက်သလဲ။ ဒါတွေကို အများသိမို့ မီးမောင်းထိုးမပြချင်ပါဘူး။ သို့ပေတည့် အဲဒီ့တချက်နဲ့တင် အခွန်က ပေးချင်စရာ သိပ်မကောင်းတာကို ထိုင်ခုံမြဲချင်သူတွေ မမြင်ရှာကြတာ သိပ်သနားစရာ ကောင်းတာပဲ။

သဘောပါလား ပရိသတ်

သည့်ထက်ပိုတဲ့ အချက်ကတော့ ဘယ်ဌာနဆိုင်ရာသွားသွား၊ ဘာကိစ္စအတွက်သွားသွား၊ ဘယ်လောက်ပဲ သေးငယ်တဲ့ ကိစ္စဖြစ်နေပါစေ၊ ကျနော်တို့ ပေးထားတဲ့ အခွန်က ဖြစ်လာတဲ့ ငွေတွေကို လစာအဖြစ် စားသုံးနေသူ ဂိတ်စောင့်မှသည် ညွှန်ကြားရေးမှူးချုပ်အထိက လူထုကို ကူညီပေးမယ်၊ စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေနဲ့ မဟုတ်ဘဲ သဟောက်သဟ လုပ်ချင်တဲ့ ဉာဉ်အပြည့်နဲ့ ဖြစ်နေတာကြီးဟာ အင်မတန် ခါးသီးလှပါတယ်။

လူထုဝန်ထမ်းလို့ ပြောင်းခေါ်သင့်တာ ကြာ

အမှန်က သူတို့တွေဟာ လူထုဝန်ထမ်း (Public Servants) တွေပါ။ လူထုကို အလုပ်အကျွေးပြုရမှာပါ။

ဒါပေသည့် ဗမာလိုကျတော့ လူထုဝန်ထမ်းလို့ မခေါ်ဘဲ အစိုးရဝန်ထမ်း (Government Servants) လို့ ခေါ်လိုက်ကြတယ်။ အဲဒီ့မှာတင် သူတို့ဟာ လူထုကို အလုပ်အကျွေးမပြုတော့ဘဲ အစိုးရကိုသာ အလုပ်အကျွေးပြုနေကြတဲ့၊ တနည်းပြောရရင် အစိုးရ အလိုကျ မှန်မှန် မှားမှား၊ မျက်စိမှိတ် ကပြအသုံးတော်ခံနေကြတဲ့ မျက်ကန်းဝန်ထမ်းတွေ ဖြစ်ကုန်ကြတယ်။ စုံလုံး မကန်းဘူးဆိုတောင် အထက်က ပြောခဲ့တဲ့ အခွန်ပေးရေး လှုံ့ဆော်ဆောင်ရွက်နေကြသူတွေလို တဖက်လပ်တွေ ဖြစ်ကုန်ကြပါတော့တယ်။

လူလို စဉ်းစားရင်

အဲသလို ဝန်ထမ်းတွေနဲ့ မလွှဲသာတိုင်း ရင်ဆိုင်နေကြရတဲ့ လူထုက အခွန်ကို ကြည်ကြည်သာသာ ပေးချင်ကြပါ့မလား။ ငါတို့ ပိုက်ဆံလည်း စားနေသေး၊ ငါတို့အပေါ်လဲ မောက်မာသေးလို့ပဲ တွေးကြမှာပါ။ အဲဒါကို အခွန်က တာဝန်ရှိသူတွေ မြင်သင့်တယ်။ အခွန်ပေးစေချင်ရင် ပေးပျော်မယ့် အခင်းအကျင်းကို အရင်ဆုံး ဖန်တီးဖို့ လိုပါလိမ့်မယ်။ အဲလိုမဟုတ်ဘဲ ပုဒ်ထီး ပုဒ်မတွေနဲ့ ကိုင်ကိုင်ပေါက်နေရင်တော့ လက်နက်ပြ ငွေတောင်းတဲ့ လုပ်ရပ်နဲ့ မနီးရိုးစွဲသာ ဖြစ်နေပါလိမ့်မယ်။

အခုလည်း လာပြန်ပါပြီ။ လျှပ်စစ်ခွန်… အလွယ်ပြောရင် မီတာခပေါ့ဗျာ။

ဈေးတက်တာ ပြဿနာ မဟုတ်၊ တက်ပုံ လွဲခဲ့တာ

မီတာခတွေ ဈေးတက်တုန်းက ကျနော် တလုံးတပါဒမျှ မပြောခဲ့ဘူး။ ဈေးတက်တာကို ဘယ်သူ သဘောတူတူ မတူတူ၊ ကျနော် သဘောတူတယ်။

အမှန်က အခုလို ဗြုန်းခနဲ တက်ရမှာ မဟုတ်ဘဲ ဟိုး ဆိုရှယ်လစ်ခေတ်ကတည်းက ငါးပြားတိုး၊ ဆယ်ပြားတိုးနဲ့ ဖြည်းဖြည်းချင်း တိုးတိုးသွားရမှာ။ ပြားခေတ် ကုန်သွားတဲ့အခါ တကျပ်တိုး၊ နှစ်ကျပ်တိုးပေါ့။ ကျပ်ခေတ် ကုန်တော့လည်း တဆယ်တိုး၊ နှစ်ဆယ်တိုးနဲ့ နှစ်ပေါင်း ၄၀ လောက်အတွင်းမှာ ဖြည်းဖြည်းချင်း မသိမသာသာ တိုးခဲ့ရင် ခုလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်စရာမလိုဘဲ လူထုလည်း အခုနှုန်းထားကို ကြည်ကြည်ဖြူဖြူ ပေးနေကြမယ်လို့ မြင်မိပါတယ်။

ထားပါတော့… အခုကျတော့လည်း အများ သဘောတူတူ မတူတူ၊ နှုန်းထားသစ်နဲ့ မီတာခ စာရွက်က ရောက်လာပါပြီ။ ဈေးတက်တာကို အစောကြီးကတည်းက သဘောမျှသူ ကျနော်တို့ မိသားစုအတွက်က ပြဿနာ မရှိပါဘူး။ မီတာစာရွက်လေးတွေ ဓာတ်ပုံရိုက်ပြပြီး နတ်သံနှောစရာလည်း အကြောင်း မရှိပါဘူး။

လျှပ်စစ်ဌာနရဲ့ လုပ်ပေါက်အသစ်

ပြောစရာ ဖြစ်လာတာက အထက်က ပြောခဲ့တဲ့ အကြောင်းအရာပါပဲ။ လျှပ်စစ်ဌာနက လူထုဆီက ပိုက်ဆံလည်း လိုချင်သေးတယ်၊ လူထုက ကြည်ကြည်ဖြူဖြူ ပေးချင်စရာကောင်းနေအောင် ဖန်တီးမထားဘဲ လူထုကို ဒုက္ခပေးတဲ့ စနစ်ကြီးနဲ့ စခန်းသွားပုံပါ။

သည်လ မီတာခက အများနည်းတူ ကျနော်တို့အတွက် နှစ်ဆ တက်သွားပါတယ်။ ဟုတ်ကဲ့… ၂ သိန်း ၆ သောင်းကျော် ကျသင့်ပါတယ်။

အဟဲ… သွားဆောင်တော့ ဘာဖြစ်တယ် မှတ်တုံး။

နှစ်သိန်းကျော်နေလို့ ဘဏ်မှာ သွားဆောင်ပါတဲ့။ ဟုတ်ကဲ့… သည်အထိက လက်ခံနိုင်ပါတယ်။

သို့သော် ဘဏ်မှာဆောင်ပြီးရင် ဘဏ်ချလံကို သက်ဆိုင်ရာမြို့နယ်ရုံးဆီ ပြန်လာပြပါတဲ့။

ဟား… တယ်ဟုတ်ပါလား။ အတော် အဆင်ပြေအောင် စီမံထားတာပဲ။

အကုန်လုံး အထက်စီးကချည်းပဲ။ သည်လိုလုပ်ရင် လုပ်၊ မလုပ်ရင် မီးဖြတ်မယ်ပေါ့။ ဟုတ်တယ်လေ… သူတို့ ပြောတဲ့အတိုင်း ဘဏ်မှာ မဆောင်ရင် မီတာခ မပေးဘူး၊ မီးဖြတ်လို့ ရတယ်။ ဒါမှမဟုတ် မြို့နယ်ရုံးဆီ ဘဏ်ချလံ ပြန်လာမပြဘူးဆိုရင်လည်း သူတို့စာရင်းမှာ မီတာခ မဆောင်ထားဘူး၊ ဒါဆိုလည်း မီးဖြတ်လို့ ရတယ်။ အဲလို မဟုတ်ဘူးလား။

လူထုကို ကောင်းကောင်း ဒုက္ခပေးထားတဲ့ ကျင့်စဉ်ကောင်း ကျင့်စဉ်မြတ်ကို အခုလမှာ စတင် ရင်ဆိုင်ရပါတော့တယ်။

အခြေခံနီတိလေးတော့ သတိထားသင့်

မီးခွန်၊ ရေခွန်၊ ဘာခွန်၊ ညာခွန် ကောက်ချင်သူတွေအနေနဲ့ အခြေခံ နီတိလေးတချက်တော့ သိထားသင့်မယ် ထင်ပါတယ်။

“သူတပါး အိတ်ကပ်ထဲက ပိုက်ဆံကို လိုချင်ရင် အဲဒီ့လူက ကြည်ကြည်ဖြူဖြူ ပေးချင်လာအောင် ကိုယ့်ဘက်က အရင် ပြင်ဆင် လုပ်ကိုင်ရတယ်”ဆိုတဲ့ နီတိပါပဲ။

မကြောက်ရင်တော့ လုပ်ကြပေါ့လေ

မဟုတ်လို့ကတော့ ခင်ဗျားတို့ဟာ မသထာရေစာ အပင်းအဆိပ်တွေကို မျိုနေကြသူတွေ ဖြစ်နေကြမှာပဲ။ သည်ဘဝမှာရော၊ ဘဝဆက်တိုင်းမှာပါ ခင်ဗျားတို့အတွက် ဝဋ်နဲ့ ငရဲက အမြဲ ကပ်လိုက်နေမှာလေးလည်း သတိရကြစေချင်ပါတယ်။ သည်ဘဝကို ထည့်ပြောရတာက ခင်ဗျားတို့သည်လည်း မင်းခစားတွေမို့ ကမ်းနားသစ်ပင်တွေဆိုတာ မမေ့စေချင်လို့ ထည့်ပြောလိုက်တာနော်။

လူထုအိတ်ကပ်ထဲက ပိုက်ဆံကို လိုချင်ရင် တခြားဟာ အသာထားဦး၊ ပေးချေရတဲ့အခါ လူထုမှာ ဝန်မပို ဝန်မပိဘဲ လွယ်ကူ အဆင်ပြေသက်သာမယ့် နည်းလောက်တော့ အရင်ဦးဆုံး ဖန်တီးသင့်တဲ့အကြောင်း…

ဟုတ်ကဲ့…

သိစိတ်နဲ့ ဖြစ်စေ၊ မသိစိတ်နဲ့ဖြစ်စေ လူထုကို ဒုက္ခပေးသူ မောင်မင်းကြီးသားအပေါင်း သက်ရှည်ကျန်းမာ ဘေးဘယာ ဝေးကွာကြပါစေသား…

အားလုံး တွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ…

အတ္တကျော်

(၁၆၀၈၁၉)

အဂတိကင်းပါတယ်လို့ ရင်ကော့ ပြောရဲပါသလား

ကျမ်းကိုး

လူဖြစ်သောသူသည် သူယုတ်သူညံ့ မဖြစ်ရလေအောင် ဤအဂတိတရား ၄ ပါးတို့မှ အသက်ထက်ဆုံး လွတ်ကင်းအောင် ကြဉ်ရှောင်ရမည်။

📕📕📕📕📕📕📕📕📕📕📕📕

အဂတိတရား ၄-ပါး

*ချစ်, မုန်း, ကြောက်မှု၊ မသိမှု၊ လေးခု အလိုက်မှား။

*အဂတိလေး၊ ကင်းစင်ဝေး၊ ပြုရေး မှန်ဖြောင့်သား။

📕📕📕📕📕📕📕📕📕📕📕📕

၁။ ဆန္ဒာဂတိ = လူ့မျက်နှာကိုသော်လည်းကောင်း၊ တံစိုးလက်ဆောင်ကိုသော်လည်းကောင်း ငဲ့ကွက်သည့်အတွက်ကြောင့် မတော်မတရားသော အမှုကို ပြုခြင်းတစ်ပါး။

၂။ ဒေါသာဂတိ = မုန်းသည့်အတွက်ကြောင့် မတော်မတရားသော အမှုကို ပြုခြင်းတစ်ပါး။

၃။ ဘယာဂတိ = ကြောက်သည့်အတွက်ကြောင့် မတော်မတရားသော အမှုကို ပြုခြင်းတစ်ပါး။

၎။ မောဟာဂတိ = တရားလမ်းမှန်ကို မသိသည့်အတွက်ကြောင့် မတော်မတရားသော အမှုကို ပြုခြင်းတစ်ပါး။

ဤ ၄ ပါးတို့ကို မိမိကိုယ်၏ စင်ကြယ်ခြင်းကို အလေးမပြုကြကုန်သော လူယုတ်လူညံ့တို့၏ မသင့်မလျော် မတော်မတရား လိုက်စားမှုမျိုးဖြစ်၍ အဂတိတရား ၄ ပါးဟူ၍ ခေါ်၏။

လူဖြစ်သောသူသည် သူယုတ်သူညံ့ မဖြစ်ရလေအောင် ဤအဂတိတရား ၄ ပါးတို့မှ အသက်ထက်ဆုံး လွတ်ကင်းအောင် ကြဉ်ရှောင်ရမည်။

(လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရမဂ္ဂဒီပနီမှ။)

(သိင်္ဂါလသုတ်။ သုတ်ပါထိကဝဂ်၊ ၁၄၇။ ၎င်းဋီ၊ ၁၂၉။)


 

Image may contain: 1 person, textတန်းမြင်မိတဲ့မျက်နှာ

ခုချိန်မှာ ချက်ချင်း သတိရမိတာက ဒုရဲမှူးဟောင်း မိုးရန်နိုင်ပါပဲ။

ဆရာမောင်သာရ ရေးဖူးတဲ့စာ ထင်တယ်။ “ဒို့ဘက်က ကြည့်တော့ သူရဲကောင်း၊ သူတို့ဘက်က ကြည့်တော့ သစ္စာဖောက်” ဆိုလား။

အမှန်တော့ ဒုရဲမှူးတယောက်အနေနဲ့ သူဟာ အထက်က ပေးတဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်ရမှာပါ။ အဲဒီ့ အမိန့်အတိုင်း လိုက်နာ ဆောင်ရွက်ခဲ့တဲ့အထိ သူဟာ တာဝန်ကျေခဲ့ပါတယ်။ အဲ… ရုံးတော်ရှေ့မှောက်မှာ ထွက်ဆိုတဲ့အခါကျတော့ သူ့သိစိတ် လိပ်ပြာက သူ့ကို နှိုးဆော်လိုက်ပုံပါပဲ။

ဆန္ဒာဂတိဆိုတဲ့ သူ့ရာထူးကို ငဲ့တဲ့အတွက် မတော်တာကို ပြုမိမယ့်အရေး၊ ဘယာဂတိဆိုတဲ့ ကြောက်လို့ မတော်တာကို ပြုမိမယ့်အရေးတွေကို သူတွေးမိခဲ့မယ် ထင်ပါတယ်။ ရာထူးကိုငဲ့၊ ဖြစ်လာမယ့်အကျိုးဆက်တွေအတွက် ကြောက်စိတ်ကို အနိုင်ပေးလိုက်ရင်ဖြင့် သေရာညောင်စောင်းမှာ သူ့လိပ်ပြာက သူ့ကို အဖန်ဖန် သတ်မဆုံးဖြစ်နေမယ့်အရေးကို တွေးပြီး သူဟာ ဟုတ်တိုင်းမှန်ရာကို ရုံးတော် ရှေ့မှောက်မှာ ထွက်ဆိုခဲ့ပါတယ်။

သည်အတွက် သူတင်မက သူ့ကိုမှီခိုနေသူ သူ့မိသားစုပါ အတိဒုက္ခရောက်ခဲ့ရလေတယ်။ ဒါပေမယ့် သူ့မိသားစုကလည်း သူ့စိတ်ဓာတ်ကို သိတယ်၊ ဂုဏ်ယူရကောင်းမှန်း ကောင်းကောင်းနားလည်တယ်။ သာမဏေန သာမဏောပေါ့။

ချိုတကူး ကျနော်

လွယ်တော့ မလွယ်ပါဘူး။ ကျနော်သာ သူ့နေရာမှာ ဆိုရင်ရောလို့ ပြန်တွေးမိရင်း နည်းနည်း ဆွံ့အသွားတယ်။

ပြီးတော့မှ ဆရာအောင်သင်းရေးခဲ့တဲ့ “ချိုတကူး”ဖြစ်နေတဲ့ ကျနော့်ကိုယ် ကျနော် ပြန်မြင်ပြီး ပြုံးမိရပါတယ်။ ၁၆ နှစ်တောင် ရှိခဲ့ပြီဆိုတော့လည်း မေ့နေမိခဲ့တာပေါ့။

ကျနော်လည်း ကိုမိုးရန်နိုင်လိုပဲ ကိုယ့်အလုပ်ရှင်တွေရဲ့ မတရားမှုကို လူသိရှင်ကြားဖော်ချဖွင့်ထုတ်ခဲ့တဲ့အတွက် အလုပ်က ပြုတ်ခဲ့ဖူးပါတယ်။ အလုပ်ရှင်တွေဘက်က ကြည့်ရင် ကျနော်က သစ္စာဖောက်သူပေါ့။ ကျနော်ကတော့ အဲဒီ့အချိန်ကလည်း ဂုဏ်ယူပါတယ်။ ခုလည်း ဂုဏ်ယူပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ်၊ ၂၀၀၃ မှာ ပြည်တွင်းက အိုးမကွာ အိမ်မကွာ ဒေါ်လာစား အလုပ်က ပါးရှားနေပါသေးတယ်။ အဲဒီ့အချိန်က တလကို ဒေါ်လာတထောင် ရတဲ့ အလုပ်က ပြုတ်လာခဲ့တာပါ။ ကျနော့်မိသားစုကလည်း ဟိုမိသားစုနှယ်ပဲ ကျနော့်ဘက်က ရပ်တည်ပေးခဲ့ကြဖူးပါတယ်။

ထားပါတော့… ကျနော့်အကြောင်း ပြောလိုရင်း မဟုတ်ပါဘူး။

လာဘ်မပေး လာဘ်မယူပေမယ့် ပြုမိမြဲ အဂတိ နှစ်ပါး

အဂတိလိုက်စားတယ်ဆိုတာ လူတွေက လာဘ်ပေး လာဘ်ယူလောက်ပဲ ထင်ကြပါတယ်။ ဒါပေမယ့် ဆန္ဒာဂတိနဲ့ ဘယာဂတိကြောင့် မတော်တာတွေ ပြုမိနေတာကိုတော့ မိမိကိုယ်ကို အဂတိလိုက်စားနေမိမှန်း မသိကြဘူး။ အဲလို မသိတော့ မောဟဖြစ်တယ်။ အဲတော့ အဂတိက သုံးပါးဖြစ်သွားပါပြီ။

အလုပ်ကို မထိခိုက်စေချင်တာ ဆန္ဒာဂတိ၊ အရေးယူခံရမှာကို ကြောက်တာက ဘယာဂတိ။ အဲဒီ့ အဂတိနှစ်ပါး မကင်းဘူးဆိုတာနဲ့ လူအဖြစ်ကနေ “သူယုတ် သူညံ့”ဘဝကို လျှောကျသက်ဆင်းသွားတတ်တယ်ဆိုတာ ဝန်ထမ်းမှန်သမျှ ကြီးကြီးငယ်ငယ် ဘယ်မှာ လုပ်နေတဲ့သူပဲဖြစ်ဖြစ် သတိထားသင့်ကြမယ် ထင်ပါတယ်။

တဆက်တည်းမှာပဲ မိမိတို့က ပေါက်ဖွားလာတဲ့ သားသမီးများကိုလည်း အဂတိလေးပါးကို မပြတ်သွန်သင်ပြီး ရှောင်ကြဉ်စေခြင်းအားဖြင့် သူတော်ကောင်း လူ့ဘောင်ကို ကျနော်တို့ အားလုံး ဝိုင်းဝန်းတည်ဆောက်ယူနိုင်ကြမယ်ဆိုရင် နောင် နှစ်ပေါင်း ၃၀ ကျော်ကြာတဲ့အခါမှာ ကိုမိုးရန်နိုင်လို လိပ်ပြာသန့်သူ လူသားတွေနဲ့ ကျနော်တို့လူ့ဘောင်ကြီးဟာ ကျက်သရေ မင်္ဂလာရှိနေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
၀၅၀၇၁၉

နောက်ဆက်တွဲ

အဂတိကို တပျော်တပါး လိုက်စားခိုင်းနေတဲ့ သြဝါဒလေးတကြောင်း

“မကောင်းနိုင်ရင် ကင်းအောင်နေ၊ မကင်းနိုင်ရင် ကောင်းအောင်နေ” ဆိုတာလေးပါ။

ဟုတ်ကဲ့… အဲဒီ့စကားက မှန်သလိုလိုနဲ့ “ကောင်း”ဆိုတဲ့ဝေါဟာရကို အလွဲသုံးစားလုပ်ထားတယ်လို့ ခံစားရပါတယ်ခင်ဗျ။

“မကင်းနိုင်ရင်”ဆိုတာက “ဆန္ဒာဂတိကို မစွန့်လွှတ်နိုင်ရင်” ကောင်းအောင် (“အထက်လူ အလိုကျအောင်”) ဘယာဂတိကိုပါ ပျော်ပျော်ပါးပါးကျူးလွန်ခိုင်းတဲ့ သြဝါဒလေးလို့ မြင်မိရပါတယ်။

အားနာတယ်ဗျာ…

အဲဒါ သူတော်ကောင်းလမ်းညွှန် မဟုတ်တာတော့ အမှန်ပါပဲ။

သူမိုက် သူယုတ် လက္ခဏာ သုံးပါး (ဘုရားဟော)

(၁) မကောင်းမှုကိုသာ ကြံစည်ခြင်း၊

(၂) မကောင်းသော အပြစ်မကင်းသော စကားကိုသာ ပြောဆိုခြင်း၊

(၃) မကောင်းမှုကိုသာ ပြုလုပ်ခြင်း။

အဲဒါကြောင့် “မကင်းနိုင်ရင် ကောင်းအောင်နေ” ဆိုတဲ့ စကားထဲက “ကောင်း”ဟာ မကင်းနိုင်ရင် “မကောင်းတာလည်း ရဲရဲသာလုပ်ဟေ့”ဆိုတဲ့ လမ်းညွှန်ဖြစ်နေပေတော့တာပေါ့။

ကံကောင်းသွားတဲ့ သူငယ်ချင်း

၆ တန်းကတည်းက အတန်းဖော် သူငယ်ချင်းတယောက်ရှိတယ်။ လူက လူချော။ လူအေးလည်း လူအေး။ စာကလည်း အလွန်တော်။ (ကျနော်နဲ့ တနှစ်တည်း၊ တလတည်း မွေးတာ။ သူက ရက်ကြီးတယ်။ အခုဆို ၆၀ ကျော်ပေါ့။)

ဆယ်တန်းမှာ ကျနော်က (ခ)စာရင်းဆိုတဲ့ အူကြောင်ကျားနဲ့ ကျန်ရစ်တယ်။ (ကျတာလည်း မဟုတ်ဘူး။ အောင်တာလည်း မဟုတ်ဘူး။ တက္ကသိုလ်တက်ခွင့်မရတဲ့ အောင်နည်းကားပေါ့။)

သူကတော့ ထုံးစံအတိုင်း ဆေးတက္ကသိုလ်တက်ပေါ့။Image may contain: one or more people and text

ကျနော်ပထမနှစ်။ သူ ဆေးကျောင်း ဒုတိယနှစ်အကြီးတန်းမှာ ပြန်ဆုံတော့ သူဟာ (အခုကွယ်လွန်သွားရှာပြီဖြစ်တဲ့) ကျနော့်အရင်းနှီးဆုံး သူငယ်ချင်းနဲ့အတူ ပက်သဒင်းလို့ ခေါ်တဲ့ မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းပြီး ပျော်မြူးနေတာ တွေ့ရတယ်။

လူတွေက မူးယစ်ဆေးသုံးသူတွေဆို ပစ်လိုက်ရပြီလို့ ထင်တတ်ကြတယ်။ အဲဒီ့ နှစ်ကောင်ကတော့ စံပြပါ။ ၆ တန်းတည်းက အတန်းဖော်သည်လည်း မူးယစ်ဆေးသုံးနေတဲ့ကြားကပဲ စာမေးပွဲ တပွဲမှ မကျခဲ့ဘူး။ ဆပ္ပလီ (ကျတဲ့ဘာသာ ပြန်ဖြေယူရတဲ့ နောက်ဆက်တွဲ စာမေးပွဲ)တောင် မထိခဲ့ဘူး။ တနှစ်လောက်နေတော့ နှစ်ကောင်စလုံး ဆေးမသုံးတော့ဘူး။

အရင်းနှီးဆုံးသူငယ်ချင်းက ကင်ဆာနဲ့ သေတာ။ သေတော့ နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် သူကြွယ်ကြီးဖြစ်နေပါပြီ။

ဆေးကျောင်းတက်တဲ့ ကောင်ကလည်း အခုအခါ အနောက်နိုင်ငံတခုမှာ တော်ဝင်သမားတော်ကြီး ဖြစ်နေပါပြီ။

အဟဲ… အဲဒီ့ကောင် အိမ်ထောင်ကျသွားသေးတယ်။ အိမ်ထောင်ကျပြီးတော့မှ သည်ကောင် အချစ်ကို ရှာဖွေတွေ့ရှိသွားတာ။

သူတွေ့ရှိတဲ့အချစ်က လိင်တူ။ ဆိုလိုတာက ယောက်ျားချင်း မေတ္တာသက်ဝင် ချစ်ခင်သွားတာပ။

သူ့ဇနီးကို ဖွင့်ပြောတယ်။ သူ့ဇနီးကလည်း ကွာရှင်းပေးလိုက်တယ်။

ခုအခါမှာတော့ မောင်မင်းကြီးသားဟာ သူချစ်တဲ့ ယောက်ျားနဲ့ အကြောင်းဆက် ပေါင်းဖက်ပြီး ပျော်ရွှင်စွာ ညားကြလေသတည်းပေါ့။

➡️ သူက ပြောဖူးတယ်။ မြန်မာပြည်မှာသာဆို ငါ အခုလို စိတ်ချမ်းချမ်းသာသာ နေရမှာ မဟုတ်ဘူးတဲ့။

ဟုတ်ပ…

မြန်မာပြည်မှာသာဆို တော်ဝင်သမားတော်ကြီးဖြစ်ကာမှ ဖြစ်ရော… သည်လို လူသိရှင်ကြား လိင်တူချင်း ပေါင်းဖက်နေရင် ဆမ အသိမ်းခံရကိန်းက ရာနှုန်းပြည့်သလောက် ရှိသမို့လား။

🔹🔹🔹

ပြောချင်တာက အသက်မွေးမှုဘဝ (professional life) နဲ့ တကိုယ်ရေ ကိုယ်ပိုင်ဘဝ (private/personal life) ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ရောမပစ်ရင် ပြီးတာပဲပေါ့။

အဆုတ်ရောဂါ အထူးကုဆရာဝန်ဆိုပါစို့ရဲ့။ ဆေးလိပ်မသောက်ဖို့ ဆော်သြမယ်၊ ပညာပေးမယ်။ ဒါပေမယ့် သူ့အိမ်မှာ၊ ဘီယာဆိုင်မှာ၊ အပြင်မှာကျတော့ သူ့ဘာသာ ဖျင်က မီးခိုးထွက်အောင် သောက်ချင်သောက်နေပါလိမ့်မယ်။ ဘာဖြစ်တုံး။ သူ့ကိုယ်ပိုင်ဘဝမှာ သူ့ရွေးချယ်မှုနဲ့ သူ စိတ်ချမ်းသာတာ လုပ်ပါစေ။ ဆေးရုံ ဆေးခန်းမှာ မသောက်ရင် ပြီးတာပဲလေ။

သိပ္ပံပညာရှင် တယောထိုး၊ ပန်းချီဆွဲတာ ဘာမှ မဖြစ်ဘူး။ ဂေါပက မိန်းမရွှင်အိမ်သွား၊ အရက်သောက်ရင်တော့ ပြောချင်တတ်ကြတယ်။ ဂေါပကဆိုတာ သူတော်စင်မှ မဟုတ်တာ၊ ပစ္စည်းတွေ ငွေတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အလုပ်ကို လုပ်ရတဲ့ သာမန်ပုထုဇဉ်။ အလုပ်ခွင်မှာ သူ့အလုပ်သူ စေတနာပါပါ သပ်သပ်ရပ်ရပ်လုပ်နေရင် ပြီးတာပဲပေါ့။ သူ့ကိုယ်ပိုင် ဘဝမှာတော့ အရက်ပဲသောက်သောက်၊ မိန်းမရွှင်တရာနဲ့ပဲ အိပ်အိပ် အဲဒါ သူ့ကိုယ်ပိုင်ဘဝ။

သည်လောက် အခြေခံမှ မခွဲတတ်တဲ့သူတွေ စဆရက တက်ဖြစ်နေတဲ့ ခေတ်ကြီးကို အံ့ပါရဲ့ဗျာ…

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၁၂၀၆၁၉)