လူစိတ်နဲ့ လူ့စိတ်

ကြောက်ခမန်းလိလိ

ဟုတ်မဟုတ်တော့ မသိဘူး။ တဆင့်ကြား စကားမို့ အဲလို ပြောရတာပါ။

သည်နှစ်မှာ သမရိုးကျ ဗမာကားတကား အလွန်ပေါက်သွားတယ်။ သည်မှာတင် အဲဒီ့ကားမှာ ပါတဲ့ မင်းသားလေးရဲ့ ဈေးလည်း ထိုးတက်သွားပါတယ်။ ကားကြီး (ရုပ်ရှင်)တကားအတွက် သူ့သရုပ်ဆောင်ခက သိန်း ၈၀၀ ပါတဲ့။ ရိုက်ရက်က ၁၀ ရက်ပဲ ပေးပါမယ်တဲ့။ အဲ… အဲလိုဆိုလို့ သူ့ကို ရက်ချိန်းယူထားဖို့က ၂၀၁၉ အတွက် မရနိုင်တော့ဘူးဆိုပဲ။ ရှိသမျှ ဆူပါ မင်းသားတွေရဲ့ ဈေးကိုတောင် အပြတ်အသတ် ကျော်တက်သွားပြီတဲ့။

ပြည်တွင်း အခွန်က တာဝန်ရှိသူတွေတော့ ဘယ်လို တွက်ချက်ကောက်ခံနေကြတယ် မသိဘူး။ တကား သိန်း ၈၀၀၊ ရိုက်ရက် ၁၀ ရက်၊ တလကို ၁၀ ရက်ပဲ ရိုက်တယ်ထား၊ တနှစ်ကို ကားကြီး ၁၂ ကား၊ သိန်း တသောင်းနား ကပ်နေပါပြီ။

အောင်မြင်တာ၊ ပိုက်ဆံရတာ မုဒိတာ ပွားစရာ ကောင်းပါတယ်။ ဟောလီးဝု(ဒ်) သရုပ်ဆောင်တွေ ရတဲ့နှုန်းနဲ့ ယှဉ်ရင် အပုံကြီးလည်း နည်းမှာပေါ့နော်။

ဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ

ဒါပေမယ့် အဲဒါဟာ ကနေ့ ဓာတ်ရှင်လောကရဲ့ ပြဿနာပါပဲ။

ဟိုနေ့က ဓာတ်ရှင်မျိုးရိုးတယောက်က ပြောသွားတယ်။ ရိုက်ရက် ၄ ရက်ပဲ ပေးတဲ့ မင်းသမီး။ အဲတော့ ဘယ်လိုလုပ်ပြီး အရည်အသွေးကောင်းမလဲပေါ့။ သူပြောတာ သိပ်မှန်တာပေါ့။

ဒါပေသည့် အဲလို ၁၀ ရက် သိန်း ၈၀၀ တန် မင်းသား၊ ရိုက်ရက် ၄ ရက်ပဲ ပေးတဲ့ မင်းသမီးနဲ့မှ ဓာတ်ရှင်ဖြစ်မှာလား။

မဟုတ်ဘူးဆိုတာ အခု မျက်နှာသစ်တွေနဲ့ အောင်မြင်သွားတဲ့ ဖြစ်ရပ်က သက်သေပြနေပါတယ်။

အဓိကက စေတနာပါ။ ဇာတ်ကားအပေါ် စေတနာထားတာ၊ ပရိသတ်အပေါ် စေတနာ ထားတာပါ။ ကိုယ်ရိုက်တဲ့ ဇာတ်ကားလေးကို ကောင်းစေချင်တဲ့ စေတနာ၊ ကိုယ့်ပရိသတ်ကို အကောင်းဆုံးပေးချင်တဲ့ စေတနာလေး ပျောက်ဆုံးနေကြတယ်။

ဘယ်မျက်နှာကို ကြည့်နေကြသတုံး

ဓာတ်ရှင်ဟာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အင်မတန် ပိုက်ဆံရတဲ့ လုပ်ငန်း။ ပိုက်ဆံနောက်ကို ကောက်ကောက်ပါအောင် လိုက်ချင်စရာ။

လူတိုင်း ငွေမက်တာပဲ။ ကျွန်တော်လည်း မက်တာပဲ။ ဒါပေသည့် ပိုက်ဆံသိပ်လိုချင်ရင် ဓားပြသာ ထွက်တိုက်လိုက်မယ်၊ ကိုယ့်ပရိသတ်ကိုတော့ နှပ်ပစ်ဖို့ (ခေတ်စကားနဲ့ ပြောရင် ဂျင်းထည့်ဖို့) စိတ်မကူးဘူးဆိုတဲ့ အခြေခံ လူစိတ်ကလေးတော့ ရှိသင့်တယ် ထင်တာပဲ။

အခုဟာက ပြောရတာ အားနာစရာ ကောင်းပါတယ်။ ဂျင်းကားဆရာတွေက ငွေမျက်နှာ တမျက်နှာတည်းကိုပဲ ကြည့်နေကြတာ။ ငွေရဖို့အတွက် သရဲမရဲ စီးနေကြတာ။ ဒါ့ကြောင့် ပရိသတ်ကြိုက် မင်းသား မင်းသမီးကို ဈေးကြီးတွေ နင်းကန်ပေး၊ ရိုက်ရက်မရလည်း ရတဲ့ ရက်ကလေးမှာ အတင်း ဖျစ်ညှစ်ရိုက်၊ သူတို့ပါတယ်ဆိုတာနဲ့ လုပ်စားဖို့ပဲ ဦးစားပေးနေတာပါ။

ကားကောင်းရေးလား၊ လာမပြောနဲ့၊ ဟိုလူ့ပုံချ၊ ဟိုအဖြစ် ပုံချဖို့ တစက်မှ ဝန်မလေးဘူး၊ ပြန်ပြောထည့်ပလိုက်မယ်။ ကိုယ်ကတော့ ဘယ်တော့မှ အပြစ်မရှိတဲ့သူ။ အပြစ်မရှိဘူး ပြောရင်းနဲ့ ကိုယ်အဖြစ်မရှိတာပေါ်နေမှန်းလည်း maxresdefaultမရိပ်စားမိကြ။

အမှတ်တံဆိပ်ရဲ့ တန်ဖိုး

တကယ့်တကယ် သိန်း ၈၀၀ ဆိုတာ မနည်းပါဘူး။ ဓာတ်ရှင်တကား ရိုက်ဖို့အတွက် အတော်အတန် လုံလောက်နေတဲ့ ပမာဏပါ။ အသစ်တွေနဲ့သာ ရိုက်မယ်၊ မရိုက်ခင်ကတည်းက လက်ကြားမယိုအောင် အသေးစိတ် ပြင်ဆင်ထားမယ်ဆိုရင် အဲဒီ့ သိန်း ၈၀၀ နဲ့တောင် ဇာတ်ကားတကား ကောင်းကောင်း ရိုက်နိုင်ပါတယ်။

သည်ကုမ္ပဏီက ထွက်တဲ့ ကားဆိုရင် ဘယ်သူရိုက်ရိုက် ဘယ်သူပါပါ ကောင်းတယ်ဆိုတာမျိုးဖြစ်အောင် တချိန်က မန္တလေးရုပ်ရှင်က အားထုတ်ခဲ့ဖူးပါတယ်။ အမှတ်တံဆိပ် ထူထောင်တာပေါ့။

ဒါကိုပဲ ဒါရိုက်တာ ကိုဘယ်သူ၊ မဘယ်ဝါ ရိုက်ရင် ဘယ်သူပါပါ ကောင်းတယ်ဆိုပြီးတော့လည်း ဒါရိုက်တာ အမှတ်တံဆိပ် ထူထောင်လို့ ရပါတယ်။

သို့သော် အဲသလို ထူထောင်ဖို့အတွက်ကျတော့ ဇာတ်ကားအပေါ်၊ ပရိသတ်အပေါ် စေတနာထားဖို့၊ သစ္စာရှိဖို့လေးပဲ လိုပါတယ်။ အဲသလို ကိုယ့်အမှတ် တံဆိပ် ကိုယ်အခိုင်အမာ ထူထောင်ပြီးပြီဆိုတာနဲ့ ရလာမယ့် ငွေကလည်း ဂျင်းကားက ရတဲ့ ဝင်ငွေနဲ့ သိပ်ကွာမှာ မဟုတ်တော့တာလည်း အသေအချာပါ။

ဓမ္မိယလဒ္ဓ (တရားသဖြင့်ရရှိသောအရာ)

ကွာနေမှာကတော့ ဂျင်းထည့်ပြီး ရတဲ့ ပိုက်ဆံက စင်ကြယ်သော ငွေမဟုတ်ဘူး။ အပင်းအဆိပ်တွေပါ။ စေတနာနဲ့ လုပ်ကိုင် ဆောင်ရွက်ပြီး ရတဲ့ ပိုက်ဆံက အင်မတန် မွန်မြတ်ပါတယ်။ ချိုမြိန်ပါတယ်။

ငွေရှာနေသူ ဘယ်သူပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး အခွန်ဌာနပဲဖြစ်စေဦးတော့ သူများ အိပ်ကပ်ထဲက ပိုက်ဆံကို နှိုက်တာပါ။

အတင်းနှိုက်မယ့်အစား အိပ်ကပ်ပိုင်ရှင်က ကျေနပ်တဲ့ မျက်နှာနဲ့ သူ့အိပ်ကပ်ထဲက ပိုက်ဆံကို သူ့လက်နဲ့ ကျေကျေနပ်နပ် နှိုက်ပြီး ကိုယ့်အိပ်ကပ်ထဲ ကြည်ကြည်ဖြူဖြူ ထည့်ပေးတာမျိုးကိုပဲ ကျွန်တော်တော့ စားချင်တယ်။ ငြူငြူစူစူနဲ့ ပေးတဲ့ ပိုက်ဆံ၊ မလွှဲသာလို့သာ ပေးလိုက်ရတယ်၊ ကွယ်ရာမှာ မဲ့ရွဲ့သွားရတဲ့ ပိုက်ဆံမျိုးကိုတော့ လျှာမှာ မြက်ပေါက်နေပါစေ၊ မစားဘူးဆိုတဲ့ စိတ်ကလေးက ကျွန်တော် အခုတလော ဆွေးနွေးဖြစ်နေတဲ့ လူစိတ်လို့ မြင်မိရပါတယ်။

ဘာနောက်ကို လိုက်ကြမလဲ

လူငယ်တွေကို ကျွန်တော် ပြောနေကျ စကားတခွန်း ရှိပါတယ်။ နာမည်ကောင်း၊ ဂုဏ်သတင်းကောင်းရဲ့ နောက်မှာ ပိုက်ဆံတွေ အမြောက်အမြား ရှိပါတယ်။ ပိုက်ဆံရဲ့ နောက်မှာတော့ နာမည်ပျက်ကိန်း၊ ဂုဏ်သတင်းပျက်ကိန်းက အမြဲကပ်လိုက်နေပါတယ်လို့။

အခု မြန်မ့ာရုပ်ရှင်က နာမည်ပျက်၊ ဂုဏ်သတင်းပျက်နေပါပြီ။ အချိန်မီ အဖတ်ဆယ်ကြဖို့ ရုပ်ရှင်လောကသားအားလုံး ကြိုးစားကြရတော့မယ် ထင်ပါတယ်။

လူ့စိတ်ကို ရှေ့တန်းတင်ပြီး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ သဘောထားနဲ့ ငွေနောက်ကိုပဲ သည်းသည်းမည်းမည်း ဆက်လိုက်ကြမလား။ လူစိတ်ကလေး မွေးပြီး ကိုယ့်အလုပ်ကို စေတနာပါပါနဲ့ ကောင်းကောင်းမွန်မွန် လုပ်ဖို့ အားထုတ်ကြမလား။

အားလုံး ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ့်ကုသိုလ်နဲ့ ကိုယ်၊ ကိုယ်အကုသိုလ်နဲ့ ကိုယ်ပါပဲဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၂၂၀၃၁၈)

ပုံက Bridges of Madison County (1995) ဇာတ်ကားထဲက ဇာတ်ဝင်ခန်း ပုံပါ။ အဲဒီ့ကားမှာ မင်းသမီး Meryl Streep ဟာ အမျိုးသမီး သရုပ်ဆောင် အော်စကာ ဆန်ခါတင်စာရင်း ဝင်ခဲ့ပါတယ်။ ကလေး နှစ်ယောက်အမေ အသက် ၅၀ ဝန်းကျင် အဘွားကြီးတယောက် အိမ်ထောင်ရေး ဖောက်ပြန်မှု ဇာတ်လမ်းလို့ပဲ အတိုဆိုရပါလိမ့်မယ်။ သို့ပေမင့် ဇာတ်ကားကြည့်သူ ပရိသတ်က ဖောက်ပြန်သူ အမျိုးသမီးကြီးကို အပြစ်မမြင်ဘဲ သနားအောင် ရိုက်ပြနိုင်ခဲ့ပါတယ်။ မင်းသားက Clint Eastwood ပါ။ ကုန်ကျစရိတ် ဒေါ်လာ ၂၂ သန်း ရှိခဲ့ပေမယ့် ၁၈၂ သန်း ပြန်ဝင်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဘာ လူငယ်သရုပ်ဆောင်မှ မပါဘဲ အဘိုးကြီး အဘွားကြီးနှစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့ အဲလောက် ငွေပြန်ပေါ်တဲ့ ဇာတ်ကားပါ။ အစက Spielberg ကိုယ်တိုင် ရိုက်ဖို့ကြံခဲ့သေးပေမယ့် မရိုက်ဖြစ်ခဲ့ပါဘူး။

Advertisements

ဒီမိုခရက်တစ် အာဏာရှင် ဖြစ်ချင်ကြပါသလား

27750025_10213857428202897_2584576942854188819_nကျက်သရေ ဝေလီဝေလင်း

မနေ့မနက်က မိုးမလင်းခင် လေယာဉ်ကွင်းအသွား လမ်းမှာ ဒါကို တွေ့တော့ ပြုံးမိရပါတယ်။

အငှားယာဉ်တစီးရဲ့ နောက်မှန်မှာ ပိုက်ဆံအကုန်ခံ၊ စထစ်ခါကို စာထွင်းပြီး ကျကျနန ကပ်ထားတာပါ။

အစိုးရကို ဝေန်တာ မင်းအပြစ် မဟုတ်ဘူး။ ကိုယ့်ရှေ့က အမှိုက်တောင် မကောက်ပဲ (သတ်ပုံမှန်က ဘဲ) ဝေဖန်ရေးပဲ ထိုင်လုပ်နေရင်တော့ မင်းအပြစ်ဖြစ်သွားပြီတဲ့။

အောက်က Bill Gates လို့လည်း ရေးထားသေးတယ်။ ခပ်တည်တည်ပဲ။

စဆရကတွေက ဖွဘုတ်ပေါ်မှသည် ကားနောက်မှန်အထိ တက်လာပါပေါ့လားလို့ တွေးမိပြီး ပြုံးမိရတာပါ။

အမြင်လွဲ၊ အယူတိမ်း

ရုတ်တရက်တော့ သူပြောတာ ဟုတ်သလိုလို။ ဒါပေမယ့် နည်းနည်းလေး ခေါင်းသုံးလိုက်တာနဲ့ ဒါဟာ ဆင်ခြင်ဉာဏ်နုံနဲ့တဲ့ စကားမှန်း သိသာပါတယ်။

ဝေဖန်ရေးအပေါ် လူအတော်တော်များများရဲ့ သဘောထား လွဲနေတာကို ထုတ်ဖော်ပြသနေတာပါပဲ။ တလောက သွားလေသူ နာမည်ကျော်တယောက် လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဝေဖန်ခံရတာကို ဆတ်ဆတ်ခါပြီး စာမျက်နှာထက်ကနေ ဝေဖန်သူတွေကို ယဉ်ယဉ်ကျေးကျေး ဆဲထားတဲ့ စာလေးကို ရေနှူးနေကြတာတွေ ဖွဘုတ်မှာ တွေ့လိုက်ရသေးတယ်။ အကျဉ်းချုပ်ကတော့ ကားနောက်မှန်က သည်စာသားနဲ့ မနီးရိုးစွဲပဲ။

ကိုယ်ဘာမှ မလုပ်နိုင်ရင် မဝေဖန်နဲ့ဆိုတဲ့ သဘော။

ဟား… ဆင်ခြင်ဉာဏ်ကင်းလိုက်ကြတာ…

လူနဲ့ ဝေဖန်ရေး သဘာဝ

သိပ်အဝေးကြီး ကြည့်စရာ မလိုပါဘူး။ ၄-၅-၆ နှစ်အရွယ် ကလေးလေးက ပြောတယ်၊ ဘွားဘွားကြီးက မွှေးနေတာပဲတဲ့။ ရေချိုးပြီးစ သနပ်ခါးအဖွေးသားနဲ့ ဘွားအေကို ဖက်ရင်း ပြောလိုက်တယ်။ ဒါ ဝေဖန်တာပဲ မဟုတ်ပါလား။

အဲဒီ့ကလေးလေးကပဲ သူ့အဖေက ခုခေတ်ဟန် ဂျင်းဘောင်ဘီ အပြဲအစုတ်ကို ဝတ်လာတာ တွေ့တော့ ဖေဖေ့ ဘောင်းဘီကြီးကလဲ အပြဲကြီးလို့ ပြောလိုက်ပြန်တယ်။ ဒါလည်း ဝေဖန်တာပဲလေ။

အဲဒီ့ကလေးက အိမ်ရှေ့ဝရံတာမှာ ထိုင်ရင်း လမ်းသွားလမ်းလာတွေကို ကြည့်ပြီး ပြောချင်တာတွေ ပြောနေနိုင်ပါသေးတယ်။ ဟို အဒေါ်ကြီးက မည်းလိုက်တာ၊ ဟိုဦးလေးကြီးက သနားစရာ၊ ဟိုအန်တီကြီးက ဝတုတ်ကြီး၊ ဟိုအန်ကယ်ကြီးက ပိန်ပိန်ရှည်ရှည်ကြီး…

ဒါက ကလေး။

လူကြီးမိဘတွေကရော ကျွန်တော်တို့ ငယ်စဉ်တောင်ကျေး ကလေးဘဝမှသည် သူတို့ မသေမချင်း ကျွန်တော်တို့ကို ဝေဖန်ခဲ့ကြတာပဲ မဟုတ်ပါလား။

ခွေးဖြစ်မယ့် အကောင်၊ ဟိုကလေးရဲ့ မစင်ကို ကျွေးရမယ်၊ လူလေးက လက်တောက်လောက် ရှိသေးတယ်၊ မိဘကို ခံပြောတာ ငရဲအိုးထဲ စောက်ထိုးကျတော့မှာ၊ ပိုက်ဆံလေး ရှာနိုင်လာတော့ လူဝါးဝလာတယ်၊ ခွာရာတိုင်းချင်လာတယ်… စုံတကာ့ကို စေ့လို့။

သူငယ်ချင်းတွေကရော၊ တခြား ပတ်ဝန်းကျင်ကရော… တေ့တေ့တင်တင် အဝေဖန်မခံဖူးတဲ့သူ ရှိလို့လား။

ဘုရားသော်မှ မရှောင်သာ

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၊ ယေရှုခရစ်တော်၊ တမန်တော်မိုဟာမက်တို့ရော ဝေဖန်ရေးနဲ့ ကင်းနိုင်ခဲ့ကြလို့လား။ အမနာပ အပြောမခံခဲ့ကြဘူးလို့လား။

ပထမနမူနာက ကလေးလေးပဲဖြစ်ဖြစ်၊ ဒုတိယနမူနာက မိဘတွေပဲဖြစ်ဖြစ်၊ တခြားတခြားသောသူငယ်ချင်းတွေ၊ ပတ်ဝန်းကျင်က လူတွေ၊ သူစိမ်းတွေထဲက အမနာပ ပြောသူတွေ၊ ဝေဖန်ကဲ့ရဲ့ သူတွေကို အမှိုက်လေးတောင် ကောက်ဖော်မရလို့ဆိုပြီး ဝေဖန်တာ အပြစ်လို့ သွားပြောတာမျိုးဟာ တော်တော့်ကို ဆင်ခြင်ဉာဏ်နည်းလှတယ်ဆိုတာ ထင်ရှားနေပြီ မဟုတ်ပါလား။

တချိန်က အင်မတန် လက်သံပြောင်တဲ့ ရုပ်ရှင်ဝေဖန်ရေးဆရာ အကျော်အမော် စိန်ခင်မောင်ရီဆိုတာ ရှိဖူးတယ်။ အဲဒီ့ခေတ်က ရုပ်ရှင်သမားတွေရဲ့ မေတ္တာကို အတုံးလိုက် အတစ်လိုက် ခံယူခဲ့ရသူပေါ့။ ပရိသတ်ကတော့ ဆရာ့ ဝေဖန်ရေးတွေကို တခုတ်တရ စောင့်ဖတ်ခဲ့ကြရပါတယ်။ အဲဒီ့ ဆရာဟာ ရုပ်ရှင်သာ ဝေဖန်နေပါတယ်၊ ကိုယ်တိုင် ရုပ်ရှင်တကား ရိုက်ဖူးဖို့ ဝေးစွ၊ ရုပ်ရှင် ရိုက်ရာမှာ မှန်ထိုး မီးထိုးတောင် မလုပ်ဖူးတဲ့သူပါ။ အဲဒါနဲ့ပဲ သူ မဝေဖန်ရတော့ဘူးလား။

အခါခါလည်း ရေးဖူးတယ်။ ဟင်းချက်တတ်ချင်မှ ချက်တတ်မယ်၊ ပေါ့တယ်၊ ငန်တယ်၊ စပ်တယ်၊ ခါးတယ်၊ ဆီချေးစော်နံတယ်၊ တူးနံ့ရတယ်၊ အသားက မလတ်ဘူး စသဖြင့် ပြောတတ်ကြပါတယ်။ အဲလိုပြောသူကို မီးဖိုချောင် အရိပ်တောင် မနင်းဖူးပဲနဲ့ ပြောရကောင်းလားလို့ သွားပြောရင် ဝေဖန်သူ ရူးတာလား၊ ပြောသူ ရူးတာလား။

ခက်တာက

ဆင်ခြင်ဉာဏ်ကို အမြစ်ပြတ်ချေမှုန်း သုတ်သင်တဲ့ ပညာရေးစနစ်ကို ၁၉၆၄ ခုနှစ်မှာ စတင်ခဲ့တာပါ။ ဒါ့ကြောင့် ကနေ့ ၆၀ တန်းနဲ့အောက်ဟာ ဆင်ခြင်ဉာဏ်ရေချိန် နည်းသထက် နည်းနည်းလာပါတော့တယ်။ ဗမာပြည်မှာ လူဖြစ်ရသူတွေအနေနဲ့ အသက်ငယ်လေ ဆင်ခြင်ဉာဏ် နည်းလာလေလို့ ယေဘုယျ ဆိုနိုင်ပါလိမ့်မယ်။ (ခြွင်းချက်တွေကို ထောက်မပြစေချင်ပါဘူး။ ယေဘုယျဆိုတဲ့ စကားကို မမေ့မလျော့ ထည့်ထားပါတယ်။)

အဲတော့ စောစောက ပြောခဲ့တဲ့ သွားလေသူ နာမည်ကျော်အပါအဝင် လူအတော်များများဟာ ဆင်ခြင်ဉာဏ်ထက် ကိုယ့်ထိ မချိအောင် နာပြသူတွေက တနေ့တခြား ပိုပိုပေါလာသလိုပဲ။

သည်အထဲမှာမှ ကိုယ့်အစိုးရကို ဝေဖန်ရင် ကြားထဲကနေ အခြောက်တိုက် ရင်နာပြီး ဆတ်ဆတ်ထိ မခံဖြစ်နိုင်ကြသူတွေရဲ့ အကဲပိုမှုကလည်း တကယ်တော့ ဆင်ခြင်ဉာဏ် နည်းတဲ့နေရာမှာ ဧတဒဂ် ဘွဲ့ခံလောက်အောင် အုံနဲ့ ကျင်းနဲ့ တွေ့နေရပါတယ်။

အဝေဖန်မခံချင် လူဆက်မလုပ်နဲ့

အစိုးရကို အသာထား၊ ရပ်ကွက်လူကြီးလောက် လုပ်ရင်ကို အကောင်းပြောမယ့်သူ၊ အဆိုးပြောမယ့်သူ၊ ဓမ္မဓိဋာန်ကျကျ ဝေဖန်သုံးသပ်မယ့်သူ၊ လူပေါင်းစုံ ရှိနေတော့မှာ မလွဲတဲ့ အချက်ကို မျက်စိလျှမ်းနေကြတာပါပဲ။

နီတိအနေနဲ့ကတော့ လူမှန်ရင် အဝေဖန်ခံရမှာချည်းပါပဲ။ ဒါက စကားအဖြစ် ပြောတာပါ။ တိရစ္ဆာန်တွေတောင် လူတွေရဲ့ ဝေဖန်ချက်က ပြေးမလွတ်ပါဘူးနော်။ ဟိုခွေးကြီးကို ဆိုးလိုက်တာ၊ သည်ခွေးလေးက သိပ်အဟောင်သန်တာပဲ၊ သည်ကြောင်မက ဟင်းခိုးစားတတ်တယ်၊ ဟိုကြောင်လေးက ရောဂါသည်ထင်တယ် ပိန်ညှော်လို့ စသဖြင့်ပေါ့။ သို့သော် တိရစ္ဆာန်က လူစကား နားမလည်တော့ ဆွေ့ဆွေ့ခုန်ရကောင်းမှန်း မသိကြဘူးပေါ့။ ကားလည်း မမောင်း၊ မရှိတော့ ကားမှန်က တဆင့် တိရစ္ဆာန်တွေ စဆရက လုပ်လို့ မရဘူးပေါ့။

ဝေဖန်ရင် အကဲဆတ်တာ အာဏာရှင်ပါ

သည်စကားကို အထူးဖွင့်ဆိုစရာ မလိုပါဘူး။ ၁၉၆၂ ခုနှစ်ကစပြီး ယနေ့ထက်တိုင် ဝေဖန်လို့၊ သတင်းရေးလို့ ပုဒ်ထီး ပုဒ်မ အမျိုးမျိုး အတပ်ခံရပြီး အကျဉ်းစံရသူတွေ အရေအတွက်၊ အနှိပ်စက်ခံရသူ အရေအတွက်၊ ဒုက္ခပေးခံရသူ အရေအတွက်က နည်းမှ မနည်းတာ။

ဘယ်အာဏာရှင် နိုင်ငံမှာမှ စာနယ်ဇင်း လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသိအမှတ်မပြုပါဘူး။ ခွင့်မပေးပါဘူး။ သူတို့ရဲ့ အုပ်ချုပ်ရေးကို ဝေဖန်ပြောဆိုသူကို ရန်သူလို့ အတိအလင်း သတ်မှတ်ပြီး အရေးယူအပြစ်ပေးနေကြပါတယ်။

ကားမှန်မှာ စာရေးတဲ့သူကို သွားမေးရင် သူ့ကိုယ်သူ ဒီမိုကရေစီ ဘက်တော်သားကြီးလို့ ပြောကောင်း ပြောနိုင်ပါတယ်။ ဒါပေမယ့် သူရေးတဲ့စာဟာ သူ့သွေးသားထဲက အာဏာရှင်စိတ်ကို ဖော်ကျူးနေမှန်း သူကိုယ်တိုင် တစက်ကလေးမှ သတိထားမိမယ် မထင်ပါဘူး။

လူတွေမှာ ပါးစပ်တွေ ပါတယ်ဆိုတာကို မမေ့ကြပါနဲ့

သူများသာ ပြောနေရတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း တချိန်က ကျွန်တော့်ကို ဝေဖန်ရင် မချိအောင် နာတတ်ခဲ့ဖူးပါတယ်။ လူသိရှင်ကြားသာ ဘာမှ သိပ်မတုံ့ပြန်ခဲ့တာပါ။ ကျွန်တော့် ဝမ်းထဲမှာတော့ ကျိတ်ပြီး ဆွေ့ဆွေ့ခုန်တတ်ခဲ့ဖူးပါတယ်။

ဒါပေသည့် အခုနောက်ပိုင်းတော့ နေတတ်လာပါတယ်။ စာရေးသူ ဘဝကို အသာထားဦး၊ အခုလို ဖွဘုတ်မှာ တောင်တောင်အီအီ ရေးပြီး လူသိရှင်ကြား တခုခု ချပြပြီဆိုကတည်းက ပြောချင်တဲ့သူလူတကာ ပြောချင်တာ လာပြောဖို့ အလိုလို လမ်းဖွင့်ပေးလိုက်သလို ဖြစ်နေပါပြီ။ အဲဒါကို
ဆင်ခြင်မိခြင်းနဲ့အတူ လူတွေမှာ ပါးစပ်တွေပါတယ်၊ ပြောချင်တာ ပြောလိမ့်မယ်ဆိုတဲ့ စိတ်ကလေးကို မွေးနိုင်နေပါပြီ။ အရင်ကဆို ဆဲတဲ့သူတွေကို ကျွန်တော့်ဆီ ဝင်ကြည့်လို့ မရအောင် ပိတ်ခဲ့ဖူးပါတယ်။ အခုတော့ ဘယ်သူ့ကိုမှ ပိတ်မထားတော့ဘူး။ ဆဲလည်း သူ့သဘော သူဆောင်နေတာပဲ၊ သူ့အကြောင်း လူသိတာပဲလို့ တွေးတတ်လာပါပြီ။

လူတွေမှာ ပါးစပ်တွေ ပါတဲ့အတွက် ပြောချင်တာ ပြောကြမယ်၊ ဆဲချင်လည်း ဆဲကြမယ်၊ ဝေဖန်ချင်လည်း ဝေဖန်ကြပါလိမ့်မယ်။ ဒါကို မမေ့သင့်ကြဘူးလို့ ထင်ပါတယ်။

ဝေဖန်ရေးထဲက အမြတ်

သည်လို ပြောတဲ့အတွက် လာရေးတဲ့ မှတ်ချက်တွေကို ကျွန်တော်လစ်လျူရှုထားတယ် မမှတ်ပါနဲ့။ အကုန် ဖတ်ပါတယ်။ အဲဒီ့ထဲကမှ ကျွန်တော့်ရဲ့ ဟာကွက် ပျော့ကွက်ကို ထောက်ပြတာတွေ့ရင် ကျေးဇူးတင်တဲ့အကြောင်း ပြောပါတယ်။ ပြီးတော့ အမှားကို ပြင်ပေးပါတယ်။ ဒါကတော့ စာရေးသူဘဝ အစအဦးကတည်းက အစဉ်တစိုက် လုပ်ခဲ့တဲ့ ကျွန်တော့်အကျင့်ပါပဲ။

အစိုးရအဖွဲ့ဝင်များ၊ ရဟန်းသံဃာများအပါအဝင် ကျွန်တော်တို့ လူသားတွေအားလုံးဟာ အလုံးစုံ ထိုးထွင်းသိမြင်တဲ့ ဉာဏ်တော်အနန္တနဲ့ ဘုရားရှင်တွေ မဟုတ်ကြပါဘူး။ သာမာန် အနုဉာတ ပုထုဇဉ်များသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သိထားတာဟာ အကန့်အသတ်နဲ့သာ ဖြစ်နေကြမှာ ဖြစ်သလို အယူအစွဲတွေရဲ့ ပယောဂဒဏ်ကိုလည်း လူတိုင်း ခံနေကြရသူချည်းပါပဲ။ အဲဒီ့ အသိ၊ အဲဒီ့ အစွဲတွေကြောင့် ကျွန်တော်တို့ ပြုသမျှ အမှုတိုင်းဟာ စင်းလုံးမချောနိုင်ရုံသာမက မှားတာ၊ လွဲတာ၊ ချော်တာ အနန္တနဲ့ ပြည့်ဝနေမှာလည်း မလွဲပါဘူး။

အဲတော့ ဝေဖန်လာတဲ့အခါ ကိုယ့်အမှား ကိုယ့်အလွဲကို ရင်ဖွင့်ကြိုဆိုလိုက်တာနဲ့အမျှ ကိုယ့်ရဲ့ အသိဉာဏ်အဆင့်က အလိုလို မြင့်လာတော့မှာပါ။ ဒါဟာ ဝေဖန်ရေးထဲက ကောက်နုတ်ယူနိုင်တဲ့ ဧရာမအမြတ်အဖြစ် သုံးသပ်ဆင်ခြင်နေမိရပါတယ်။

ဝေဖန်ကြတဲ့အထဲမှာ ခပ်ညံ့ညံ့ခပ်ချာချာတွေလည်း ပါလာမှာ မလွဲသလို ဆဲသံတွေလည်း ကြားရမှာပါ။ ဒါကိုတော့ တဦးချင်းစီရဲ့ သဘောထားအတိုင်း ခံယူရုံပါပဲ။ လစ်လျူရှုမလား၊ အဆဲကို အဆဲနဲ့ တုံ့ပြန်မလား၊ ဒါမှမဟုတ် လုံးလုံး ရှောင်ကြဉ်မလား။ ကြိုက်တာ ရွေးနိုင်ပါတယ်။ အဲဒီ့မှာလည်း ဆင်ခြင်ဉာဏ်ကတော့ စကားပြောနေဦးမှာလည်းပဲ ဖြစ်ပါတယ်။

အချုပ်

ဝေဖန်ရေးဟာ ဒီမိုကရေစီ စနစ်အတွက် မရှိမဖြစ်လိုအပ်ချက်ပါ။ အတိုက်အခံဆိုတာလည်း ဒီမိုကရေစီစနစ်မှာမှ ထွန်းကားတာပါ။

အတိုက်အခံတွေ၊ ဝေဖန်ချက်တွေကို လက်မခံဘူး၊ အတိုက်အခံလုပ်သူ၊ ဝေဖန်သူတွေကို ရန်သူ မှတ်နေမယ်၊ အပြစ်ပြောနေမယ်ဆိုရင် လူကြီးမင်းဟာ ဒီမိုကရေစီဆိုပြီး လေးဘက်ထောက် ကုန်းအော်နေလင့်ကစား အာဏာရှင် စိတ်ထားက တပြားမှ မလျှော့နိုင်သေးသူသာ ဖြစ်နေမယ်ဆိုတဲ့အကြောင်းလောက်တော့ သဘောပေါက်သင့်ပါတယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(နေပြည်တော် – ၁၄၀၂၁၈)

တန်းဝင်

မောင်တင်ဦး ရိုက်ခဲ့တဲ့ သင်္ကြန်မိုး ကောင်းပါတယ်။ ရုံတင်စ ကြည့်တုန်းကလည်း ကြိုက်တယ်။ နောက်ပိုင်း သင်္ကြန်ချိန်တိုင်း အဲဒီ့ကား ပြန်ပြတော့လည်း အခါအားလျော်စွာ (အစအဆုံးမဟုတ်တောင် ခဏတဖြုတ်) ကြည့်ဖြစ်တယ်။ မန်းသင်္ကြန်ကို ချစ်တဲ့ မန်းသားတယောက်အနေနဲ့ အလွန်သဘောကျပဲ။ ရိုက်ချက်တွေကြိုက်တယ်၊ သီချင်းတွေကြိုက်တယ်။

အဲ… ရုံတင်တင်ချင်း စကြည့်တဲ့နေ့ကတည်းက ဇာတ်ကိုတော့ မကြိုက်ခဲ့တာ အမှန်ပဲ။

ဘယ့်နှယ့်ဗျာ… မိန်းမသွားခိုးမယ့်နေ့၊ မိန်းမသွားခိုးမယ့်အချိန်ကျမှ တည့်တည့်မတ်မတ်၊ အပ်ကျမတ်ကျ ဟိုမိန်းမကြီးက ရောဂါ ထသည်းရသတဲ့လား။ အဲဒီ့ ဗြဟ္မာ့ပြည်က အပ်တစင်းနဲ့ လူ့ပြည်က အပ်တစင်းဆုံသလို ထူးခြား တိုက်ဆိုင်မှုက လူ့ပြည်ကြီးမှာ ဖြစ်နိုင်ပါသေးတယ်လို့ ဇွတ်ငြင်းရင် မိန်းမသွားခိုးမယ့်သူကလည်း ဟိုက စောင့်နေမယ့် မိန်းမဆီ တနည်းနည်းနဲ့ အကြောင်းမကြားနိုင်တော့လောက်အောင် မန်းရွှေမြို့ကြီးက လူတွေ အဲဒီ့အချိန်မှာ ဘယ်ရောက်ကုန်သတဲ့လဲ။ ဇာတ်ကို မနာနာအောင် ငရုတ်ကျည်ပွေ့နဲ့ ထုထားသလို ဖြစ်နေပါတယ်။

မကြိုက်ဆုံးကတော့ မိန်းမတယောက် တခြားလူနဲ့ ယူသွားတာနဲ့ပဲ အရက်ထဲ တဘဝလုံးနှစ်လိုက်တဲ့ လူတယောက်ရဲ့ ဇာတ်ဖြစ်နေတာပဲ။ ချာတူးကို လန်လို့။ ပရိသတ်ကို ဘာသတင်းစကား ပါးချင်တာလဲ။ မိန်းမတယောက်နဲ့ လွဲတာနဲ့ အရက်သမား လုပ်ကြပေတော့လို့ ပြောချင်တာလား။

နောက်တခုက ဗမာစကားကို ပီအောင် မပြောတတ်တဲ့သူကို မန်းလေးသူ လုပ်ခိုင်းထားတာကြီး။ အဲဒါလည်း ဘယ်လိုမှ အစာမကျေဘူး။ သူ့ကို ထည့်ရိုက်ချင်တယ်ဆိုရင် အစကတည်းက သူ့အဖေ အမေ အဖွားတို့ကိုလည်း ယနေ့ မန်းလေးမှာ တွင်ကျယ်နေကျတဲ့ စကားမပီသူ ယူနန်နယ်သားတွေ လုပ်ထားလိုက်ရင် ဟုတ်တုတ်တုတ်ရယ်။ ခုတော့ အလွဲကြီး။

သို့သော်… ရိုက်ချက်ရယ်၊ ခမ်းနားတဲ့ ဆက်တင်တွေရယ်၊ သီချင်းတွေရယ်ကြောင့် အဲဒီ့ သင်္ကြန်မိုးကို အောင့်နမ်းခဲ့ရတယ်။ အဲဒီ့ ခမ်းနားမှု၊ အဲဒီ့ သီချင်းတွေ၊ အဲဒီ့ရိုက်ချက်တွေက ကောင်းတယ်။ ဗမာတယောက်၊ မန်းသင်္ကြန်ကို ချစ်လွန်းသူ တယောက်အနေနဲ့ အနာအဆာများစွာကို ခွင့်လွှတ်ခံစားနိုင်ခဲ့ပါတယ်။

အဟဲ… အဲဒီ့ဇာတ်ကားကိုပဲ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တခုမှာ ဗမာရုပ်ရှင်အဖြစ် တင်ကြဖို့ လုပ်တော့ ဇာတ်လမ်းအကျဉ်းကို အင်္ဂလိပ်လို ရေးရပါတယ်။

ဇာတ်လမ်းအကျဉ်းဆိုတာ ဇာတ်လမ်း တပုဒ်လုံးရဲ့ကျောရိုးကို တထိုင်တည်း (ငါးမိနစ်ထက် နည်းတဲ့အချိန်အတွင်းမှာ) ဖတ်လိုက်သူရဲ့ စိတ်မျက်စိမှာ မြင်သာအောင် ရေးသားထားတာကို ခေါ်ပါတယ်။

အဲဒီ့မှာတင် သွားတော့တာပါပဲ။ ဇာတ်လမ်းအကျဉ်း ပြန်ရေးနေစဉ်ကတည်းက အဲဒီ့ကားဟာ ပြသဖို့ ရွေးချယ်ခံရမှာ မဟုတ်ဘူးဆိုတာ သိနေပါတယ်။ ဗမာဆိုတဲ့ စိတ်ကို ဖယ်၊ မန်းသင်္ကြန်ဆိုတဲ့ သညာ မရှိတဲ့ တခြား အရှေ့အနောက်နိုင်ငံသားတွေအတွက် သည်ဇာတ်ကားဟာ ဘယ်လိုမှကို စိတ်ဝင်စားစရာ ကောင်းမှာ မဟုတ်ဘူးဆိုတာ တွက်ဆမိရပါတယ်။

ထင်တဲ့အတိုင်းပါပဲ။ အဲဒီ့ပွဲတော်မှာ အဲဒီ့ကား ပြသခွင့် မရခဲ့သလို ဘယ်မြန်မာကားမှလည်း ပြသခွင့် မရခဲ့တာ အမှန်ပါ။

ဗမာပြည်က ဗမာတွေအတွက်တော့ အဲဒီ့ကားက ကြည့်လို့ ရိုးမှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်မကို မရောက်ဖူးတဲ့၊ သင်္ကြန်နဲ့လည်း သိပ်မယဉ်ပါးတဲ့ တခြားတိုင်းရင်းသားတွေဆိုရင်တော့ အဲဒီ့ကားကို တခါကြည့်ပြီး ထပ်ကြည့်ချင်ပါ့မလားဆိုတာလည်း စဉ်းစားစရာပါ။

နိုင်ငံတကာ အဆင့်ဆိုတာ အဲဒါပါပဲ။ ရိုက်ချက်ချည်းပဲလည်း မဟုတ်ဘူး၊ နောက်ခံတေးဂီတချည်းလည်း မဟုတ်ဘူး၊ ဇာတ်အိမ်ခိုင်ဖို့က အားလုံးထဲမှာ အဓိက ကျလှပါတယ်။

ဘောလီးဝု(ဒ်)ကားတွေမှာလည်း ကုလားအကတွေ၊ ကုလားသီချင်းတွေ မနိုင်ရင်ကာ ထည့်ထားတာပါပဲ။ ဒါပေမယ့် သူတို့ ဇာတ်လမ်းတွေက လူမျိုးမရွေး ဘာသာမရွေး ခံစားနိုင်တယ်။ နမူနာအဖြစ် PK ဇာတ်လမ်းကိုပဲ ကြည့်ပါ။ ဘယ်ဘာသာဝင်အတွက်ပဲဖြစ်ဖြစ် မေးခွန်းထုတ်စရာ၊ တွေးစရာ အစတွေ အများကြီး ချန်ထားခဲ့ပါတယ်။

ဒါမှမဟုတ် ထင်ရှားတဲ့ ကိုရီးယားကား Taxi Driver ပဲ ထားပါ။ သူတို့ နိုင်ငံအတွင်းက ဖြစ်ရပ်မှန်တခုကို အခြေပြုထားတာ။ ဒါပေမယ့် သာမန် သူလို ငါလို အငှားယဉ်မောင်းတယောက်၊ နိုင်ငံရေးနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိတဲ့ ယာဉ်မောင်းတယောက်က သူ့မျက်စိအောက်မှာ ဖြစ်လာတဲ့ လူမဆန်မှုတွေကို မြင်ရပြီး ရုတ်တရက်ကြီး မခံစားနိုင်အောင် ဖြစ်လာရာက သည်အဖြစ်တွေကို ကမ္ဘာက သိအောင် ကြိုးစားနေတဲ့ နိုင်ငံခြား သတင်းထောက်ကို သက်စွံ့ဆံဖျား ကူညီပေးခဲ့တဲ့ ဇာတ်လမ်း။ ဘာလူမျိုး၊ ဘာဘာသာဝင်ပဲ ဖြစ်ဖြစ် အဲဒီ့ကားကို ကြည့်ပြီး မချိတင်ကဲ အရသာကို ခံစားရမယ်၊ ဒေါသတွေ ဖြစ်လာမယ်၊ ရင်တထိတ်ထိတ်ဖြစ်လာမယ်။

ဒါဖြင့် နိုင်ငံတကာ တန်းဆိုတာ ဘာလဲ…

ဘယ်လူမျိုး၊ ဘယ်ယဉ်ကျေးမှုနောက်ခံက လာသူပဲ ကြည့်ကြည့်၊ ခံစားလို့ရတဲ့ ဇာတ်လမ်းပေါ့။ ရှင်းနေတာပါပဲ။ မဟုတ်ရင် နိုင်ငံတကာ မဟုတ်ဘူး၊ တနိုင်ငံစာလို့ပဲ ပြောလို့ ရပါမယ်။

ဟုတ်တယ်… အဲဒီ့လို လူမျိုး ဘာသာမရွေး ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းမျိုးတွေကို ကြံဆရိုက်ကူးသွားနိုင်မယ်ဆို တန်းဝင်လာပါလိမ့်မယ်။

LikeShow more reactions

Comment

မြို့ပြစရိုက်၊ ကျေးလက်စရိုက်

IMG_20131028_090404ဖြစ်တည်မှုအဆင့်

ပျဉ်းမနားမဟာမြိုင်တောရ ဆရာတော် ဦးဇောတိက မိန့်ကြားခဲ့ပြီး ကျွန်တော် အရှည်ရေးခဲ့ဖူးတဲ့ တီကောင်နဲ့ လိပ်ပြာက စ ပြောရပါလိမ့်မယ်။ (အပြည့်အစုံ ဖတ်ချင်ရင် https://atkbooks.com/2011/04/10/1667/ မှာ ရှုတော်မူ။)
ဖြစ်တည်မှုအဆင့် (level of being) နဲ့ အမြင်တို့ အချိုးကျနေမှုပါ။
တီကောင်အတွက် အမြင့်ဆိုတာ ဘယ်လောက်မှ မရှိပါဘူး။ အရောင်ဆိုတာလည်း တီကောင်က အလင်းအမှောင်လောက်ပဲ သိပါတယ်။ အဲတော့ လိပ်ပြာလေးတွေက ရောင်စုံ ပန်းလေးတွေ လှလိုက်တာလို့ ပြောရင် တီကောင်က ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ပါဘူး။
ကျွန်တော်တို့တွေက ခုတောင်မှ ဟိုဖော်သည်ဖော် ဝတ်ထားတဲ့ မိန်းကလေးတွေကြောင့် မုဒိန်းမှုတွေ ဖြစ်ရတာလို့ ခံရသူကို အပြစ်ဖို့ချင်တဲ့ ဉာဉ်နဲ့ပါ။ အရှေ့တိုင်းက စင်္ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်လောက်မှာတင်ပဲ ပေါင်ဖြူဖြူတွေ၊ အတွင်းခံ မပါတာတွေ၊ မပေါ့်တပေါ်တွေ မမြင်ချင့်အဆုံးပါ။ ဘယ်သူကမှ မျက်လုံးရိုင်းနဲ့ ကြည့်မနေပါဘူး။ သူတို့ အဲလို ဝတ်လို့ မုဒိန်းမှုတွေ ဖြစ်ရပါတယ်လို့ ပြောသံလည်း မကြားဖူးဘူးခင်ဗျ။
မာမီရယ် ရှာပေးကွယ် ရည်းစားလိုချင်တယ်ဆိုပြီး ၁၉၇၀ ပြည့်လောက်မှာ စတီရီယိုဆိုတဲ့ ဂီတသစ်လမ်းကို စဖောက်ခဲ့သူထဲက တဦးဖြစ်တဲ့ တက္ကသိုလ် ထွန်းနောင်ကို ကံချွန်ဆိုတဲ့ စာရေးဆရာက ၁၉၇၁ ခုနှစ်မှာ စုတ်ပြတ်သတ်နေအောင် ဝေဖန်ခဲ့ဖူးပါတယ်။ ၃၄ နှစ်အကြာမှာ ဆရာကံချွန့်ကို အဲဒီ့ကိစ္စ တက္ကသိုလ်ထွန်းနောင်က စာထဲမှာ ထည့်ရေးထားကြောင်း ကျွန်တော်က အသိပေးလိုက်တော့ ဆရာကံချွန်က အဲတုန်းက ကိစ္စကို ဝန်ခံစာ ပြန်ရေးခဲ့ပါတယ်။ အဲဒီ့စာမှာ အခု ပြောနေတဲ့ မြို့စရိုက် ရွာစရိုက်က ကွက်ကွက်ကွင်းကွင်း ပါလာပါတော့တယ်။ (အကျယ်ဖတ်လိုရင် https://goo.gl/typXEC မှာ ရှုတော်မူ။)

မြို့စရိုက်ကျခြင်း

နောက်ထပ် ဆက်ပြောရင်တော့ မြို့စရိုက်၊ ရွာစရိုက်က (လူ့)ယဉ်ကျေးမှုလို့ အလွယ် ဘာသာပြန်ထားတဲ့ civilisation ကြောင့် ပေါ်လာတာလို့လည်း ပြောနိုင်မယ် ထင်ပါတယ်။
အရင်စောစောပိုင်းက အဲဒါကို ကျွန်တော် အဖန်ဖန်ရေးခဲ့ဖူးတယ်။ မြို့ကျခြင်းလို့။
Civil ဆိုတာ မြို့ပြလေ။ မြို့ပြဆန်လာတာပေါ့။ တနည်းပြောရင် မြို့သားလို နေတတ်လာတာကို ပြောချင်တာပါ။
ကန်တော့ပါရဲ့ဗျာ၊ ယင်လုံအိမ်သာ သုံးတတ်လာတာဟာ မြို့ကျလာတာ၊ civilised ဖြစ်လာတာပါ။ တောတိုးတာဟာ တောကျတာပါ။ အဲလောက် ရိုးစင်းပါတယ်။
ကျွန်တော်တို့ ခုနောက်ပိုင်း မြန်မာရုပ်ရှင်တွေထဲမှာ လိင်တူချင်းတပ်မက်သူတွေ၊ ကိုယ်အင်္ဂါချို့ယွင်းသူတွေ၊ အသားမည်းသူတွေ၊ အရပ်ပုသူတွေကို ရယ်စရာ လုပ်ပြပြီး အတင်းရယ်ခိုင်းနေတာဟာ တောကျတဲ့ စိတ်ဓာတ် (uncivilised attitude) (မသိသားဆိုးရွားမှု) ပါပဲ။ ပြောရတာ သိပ်အားနာစရာ ကောင်းလှပေမယ့် လက်တွေ့က အဲလို ဖြစ်နေတာပါ။
လူတွေ သိပ်စွဲနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေဆိုရင်လည်း ကိုရီးယားတွေဟာ အင်မတန် ယုတ်မာတဲ့လူတွေ၊ နိုင်လို့ရတဲ့သူဆို အလွန်အင်မတန် ဖိထောင်းချင်တဲ့ လူတွေနဲ့ ဇာတ်လမ်းဖွဲ့ထားပါတယ်။ အဲဒီ့ ဇာတ်လမ်းတွဲ ရေးနေ၊ ရိုက်နေသူတွေ တောကျနေတာပါ။
တကယ့် ကိုရီးယားဇာတ်ကားကောင်းတွေ၊ ကမ္ဘာ့တန်းဝင်ကားတွေ အများကြီး ရှိပါတယ်။ အဲဒါကို ရိုက်တဲ့သူတွေရဲ့ မြို့ကျမှု (ယဉ်ကျေးသိတတ်လာမှု)ပါပဲခင်ဗျား။
ဆရာမ ဝင်းဝင်းလတ်ရဲ့ အမျိုးသား စာပေဆုရ အချစ်၏ နောက်ဆက်တွဲ စာမျက်နှာကို ရနံ့သစ်မဂ္ဂဇင်းမှာ အဲတုန်းက ကျွန်တော်ချီးကျူးစာ ရေးဖူးတယ်။ (အဲဒါတော့ ရည်ညွှန်းစရာ အသင့်ရှိမနေဘူးခင်ဗျ။)
ဆရာမရဲ့ ဇာတ်လမ်းထဲမှာ ဇာတ်သဘောအရ ဗီလိန် (ဝါ) ကုန်းရုပ် (ဝါ) လူဆိုး ပါတယ်။ ဒါပေမယ့် ဇာတ်သာ သိမ်းသွားတယ်။ ဆရာမက ကုန်းရုပ်ကို ဒဏ်ခတ်မသွားတာကို ချီးကျူးတာ။ အဓိက ဇာတ်ကောင်က သူ့ဘာသာသူ အောင်မြင်အောင် အေးအေးချမ်းချမ်း အားထုတ်သွားတယ်။ ကုန်းရုပ်ကို ဒဏ်ခတ်ဖို့ မကြိုးစားခဲ့ဘူး။ သိပ်ကို မြင့်မြတ်တဲ့ စိတ်သဘောနဲ့ ဇာတ်ကို တင်သွားတာ။ ယဉ်ကျေးတာ၊ မြို့ဆန်တာပါ။ မြို့ကျတာပေါ့ဗျာ။
အဲတော့ကာ ရွာသား မြို့သားဆိုတာထက် uncivilised/civilised attitude (မြို့ပြဆန်တဲ့ စိတ်ဓာတ်၊ မြို့ပြမဆန်တဲ့ စိတ်ဓာတ်)က ပိုအရေးကြီးပါလိမ့်မယ်။
ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ညနက်နက်မှာ လထွက်ခြင်းမှာ ထင်ပါတယ်။ ကလေးနှစ်ယောက်ကို ဖွဲ့ထားတယ်။ နှစ်ယောက်စလုံးက နယ်မြို့ (တော) မှာပါ။ တယောက်က ဆင်းရဲသား၊ တယောက်က အရေးပိုင်သား (ထင်ပါတယ်)၊ စရိုက်တွေကို ကွဲအောင် ဆရာက ဖော်နိုင်ခဲ့ပါတယ်။ အရေးပိုင်သားက မြို့ပြဆန်တဲ့ စရိုက်နဲ့၊ ဆင်းရဲသားလေးက မြို့ပြမဆန်ရှာဘူး။ သူတို့ချင်း ချစ်ကြတယ်။ မြို့ပြဆန်တဲ့ ကလေးက ဖေးမ လက်တွဲခေါ်ပြသွားခဲ့ဖူးပါတယ်။

အထိအတွေ့ 

နောက်တချက်က exposure ပေါ့။ အထိအတွေ့လို့ ပြောရမလား မသိဘူး။
ဒါလည်း ပြောရင် မြို့ကြီးမှာ၊ နိုင်ငံခြားမှာ ဘယ်လောက်နေဖူးသလဲဆိုတာနဲ့ မဆိုင်ပြန်ဘူး။ မြို့ကြီးမှာ၊ နိုင်ငံခြားမှာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် မနည်း ကုပ်ကပ်ရုန်းကန်ခဲ့ရသူ၊ မိလက္ခူလူတန်းစား ကြားမှာ အသက်ဆက်ရသူနဲ့ ကော်လာဖြူတွေကြားမှာ ရှင်သန်ရသူကြားမှာ ကွာခြားနေတာ အများကြီးပါပဲ။
တနေ့က တယောက် ရေးထားတာတွေ့မိတယ်။ ဇဏ်ခီတို့၊ ခရစ္စတီးနားခီတို့ကို သူ မသိဘူး။ သူ သိတဲ့ Kyi က ကြည်ပဲတဲ့။ ရေးထားသူဟာ နိုင်ငံခြားကို ခဏတဖြုတ်ခရီး တခါမက ရောက်ဖူးပါတယ်။ ဒါပေမယ့် အမေရိကန်တွေနဲ့ ထဲထဲဝင်ဝင် ဆက်ဆံဖူးပုံမရဘူး။
ဗြိတိသျှ၊ အော်စီတို့နဲ့တောင် မတူဘူး။ အမေရိကန်တွေက ဗမာနာမည်ကို ပိုပြီး အခေါ်ရခက်နေပါတယ်။ မြန်မာကို မိုင်အဲ(န်)မားလို့ ခဲခဲယဉ်းယဉ်း ခေါ်နေရတဲ့ဘဝ။ Chi လို့ ရေးရင် သူတို့အတွက် ချီလို့ နီစပ်နိုင်ပေမယ့် Kyi ကို သူတို့လုံးဝ အသံမထွက်တတ်ဘူး။ Phyo ဆိုတဲ့ မိန်းကလေးနဲ့ တခါလာရင် ၃ ပတ်နှုန်း ဆက်ဆံရ၊ တနှစ်ကို ငါးခေါက်လာနေတာ နှစ်နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်ဟာ ယနေ့ထက်တိုင် ဖြိုးလို့ မထွက်တတ်တဲ့အပြင် ဖြိုးထက် သက်တမ်း ၆ လလောက် ပိုကြာပြီး ဆက်ဆံခဲ့ရတဲ့ Nwe Nwe ကိုလည်း ခုချိန်ထိ New New လုပ်နေတုန်းပဲ။
အဲတော့ Kyi ကို ဟိုနှစ်ယောက် ခီထားတာအတွက် သူ့နားထဲမှာ တမျိုး ဖြစ်နေတာ မဆန်းပါဘူး။ ဟိုနှစ်ယောက်ကလည်း ကြည့်ရတာ ဗမာပရိသတ်ထက် နိုင်ငံတကာကို မှန်းနေတာဆိုတော့ သူတို့နာမည်ကိုတောင် နိုင်ငံတကာမှုပြုလိုက်တာလည်း ဖြစ်နိုင်တယ်၊ ဗမာပရိသတ်ကလည်း အဲလိုကြောင့် သူတို့ကို ပိုစိတ်ဝင်စားနိုင်တဲ့ marketing သဘောလည်း ပါနိုင်ပါတယ်။
ဒါပေမယ့် ပြင်ပကမ္ဘာနဲ့ အထိအတွေ့နည်းတော့ အဲဒီ့ နာမည်ကိစ္စကိုပဲ စကားလုပ်ပြောထားတာ တွေ့ရပါတယ်။ ဘာမဟုတ်တာလေးပေမယ့် အတွေ့အထိနည်းမှုကြောင့် ဖြစ်တည်မှု အဆင့်အပေါ် ရိုက်ခတ်သွားပုံ၊ ဖြစ်တည်မှုအဆင့်ကြောင့် ရှုမြင်သုံးသပ်ရာမှာ အတိမ်အနက် ရှိပုံကို ပြနေတဲ့ ဥပမာတခုလို့ ထင်မိပါတယ်။
အဲတော့ ဒေါ်ဆွေဇင်ထိုက် ပြောတဲ့ ရွာသား မြို့သား ကွဲပြားမှုသဘောက ဆန့်ထုတ်စဉ်းစားနိုင်လေ တဦးစီရဲ့ ဖြစ်တည်မှုအဆင့်ကို မြှင့်တင်ယူဖို့ အတွက် အကျိုးများလေလို့ ယူဆမိပါတယ်။

ဘယ်မှာနေနေ ဘယ်မှာဖွားဖွား

ရွာမှာနေခြင်း မြို့မှာနေခြင်းထက် နာယူလိုခြင်း၊ သင်ယူလိုခြင်း၊ မိမိရဲ့ အသိဉာဏ်အဆင့်ကို မြှင့်လိုခြင်းတို့က ပိုအရေးကြီးတာလည်း မှန်ပါတယ်။ တံဆိပ်တွေထက် အနှစ်သာရကို ပိုဂရုစိုက်သင့်တယ်လို့ ပြောလိုရင်းပါ။
ကျွန်တော်ကိုယ်တိုင်လည်း မန္တလေးမှာ မွေးတယ်ဆိုရုံသာ မွေးပြီး ဟိုး ဝေးလံသီခေါင်လှတဲ့ ကယားပြည်နယ်၊ လောပိတအလွန် လောဓလေ့ဆိုတဲ့ ကျေးရွာလေးမှာ လူဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် စာသိပ်ဖတ်တဲ့ မန္တလေးသူ မေမေရဲ့ ပျိုးထောင်မှုကြောင့် အသိအမြင်တွေ ပွင့်လင်းခဲ့ရပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း စာကို ဘိန်းစွဲသလို စွဲပြီး တအားဖတ်ခဲ့တဲ့ အတွက်၊ ကံအားလျော်စွာ အင်္ဂလိပ်လိုတွေပါ အရူးအမူး ဖတ်နိုင်လာတဲ့အတွက် ဆိုရှယ်လစ်ခေတ်ဆိုးကြီးမှာ လူဖြစ်ရလင့်ကစား ပြင်ပကမ္ဘာရဲ့ သဘောကို စောကျောခွင့် ရခဲ့ပါတယ်။ နားလည်သဘောပေါက်လာခဲ့ပါတယ်။
ဒါ့အပြင် ကျွန်တော့်ငယ်သူငယ်ချင်းတယောက်က အင်္ဂလိပ်အစိုးရ လက်ထက်မှာ ဝန်ကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့သူရဲ့ မြေးဖြစ်နေပါတယ်။ သူတို့ရဲ့ အမူအကျင့်တွေ၊ လူနေမှုပုံစံတွေဟာ ဆိုရှယ်လစ်ခေတ်ကြီးမှာတောင်မှ အင်မတန် ထူးခြားလို့ နေပါတယ်။ မိဘနဲ့ သားသမီး ဆက်ဆံပုံ၊ လူတွေကို အယုတ်အလတ် အမြတ်မရွေး လေးလေးစားစား ချိုချိုသာသာ ဖွယ်ဖွယ်ရာရာ ပြောဆိုဆက်ဆံပုံ၊ အရာရာကို ဖတ်ရှုဆင်ခြင်ကြပုံ၊ ယုတ်စွအဆုံး စစ်တုရင် ကစားတာကိုတောင်မှ စာအုပ်ကြီးငယ် အသွယ်သွယ်ကို ဖတ်ရှုလေ့လာကြပုံ၊ စားသောက်နေထိုင်ပုံတွေကို ရင်သပ်ရှုမောခဲ့ရဖူးပါတယ်။ တဆက်တည်းမှာ ကျွန်တော်ကိုယ်တိုင်ဟာ အတော့်ကို ရိုင်းနေသေးမှန်းလည်း ရိပ်စားမိလာပါတယ်။

အရိုင်းနဲ့ အယဉ်

ချုပ်လိုက်ရင်တော့ ရိုင်းတယ်ဆိုတာဟာ ယဉ်တာကို မမြင်ဖူးသေးသမျှ၊ ဒါမှမဟုတ်ရင်လည်း ယဉ်တာကို မြင်ပါလျက်ကနဲ့ သင်ယူမှတ်သားလေ့ကျင့်ပျိုးထောင်လိုစိတ် မရှိသေးသမျှ ကိုယ့်ဆီမှာ အမြစ်တွယ်နေနိုင်တဲ့ အမူအကျင့် တခုဖြစ်ပါတယ်။ အဲဒါကို ကျေးလက်စရိုက်ရယ်လို့ပဲ အလွယ်ပြောလိုက်တာဖြစ်ပါလိမ့်မယ်။
ကျွန်တော့်မှာလည်း ကျေးလက်စရိုက်တွေ ရှိခဲ့ဖူးတာ၊ ကြွင်းကျန်နေသေးတာ ဝန်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်သားသမီးတွေ၊ နောက်မျိုးဆက်တွေမှာတော့ မြို့ပြစရိုက်တွေ ကိုယ်စီကိုယ်စီနဲ့ ကမ္ဘာကို ရင်ပေါင်တန်းနိုင်စေချင်တဲ့ ဆန္ဒဇောအဟုန်နဲ့ သည်စာကို ရေးလိုက်ပါတယ်။
ကျွန်တော် ပြောတိုင်း လက်ခံရမယ်လို့ ဘယ်သူ့ကိုမှ မတိုက်တွန်းရဲသလို တိုက်လည်း မတိုက်တွန်းအပ်ပါဘူး။ ကျွန်တော် ဆွေးနွေးတာလေးကို တချက်လောက် ငြိမ်ပြီးဆင်ခြင်ကြည့်၊ မသေချာရင် ပြန်ဖတ်ရင်းက အဖန်ဖန် ပြန်ဆင်ခြင်ကြည့်ပြီး လက်ခံသင့်မှ လက်ခံပါ။ လက်မခံသင့်ဘူး ယူဆရင်လည်း ပစ်ပယ်လိုက်ပါခင်ဗျား။
အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၁၄၀၃၁၈)

ပေတံရဲ့ အလေးချိန်၊ ပေတံရဲ့ ဖိစီးမှု

နိဒါန်း

aid100079-v4-728px-Use-a-Ruler-Step-14မိခင်က လင်သားအပေါ် မကျေချမ်းနိုင်တဲ့စိတ်နဲ့ သားသမီးလေးတွေ ဖခင်အပေါ် မကောင်းမြင်အောင် နိစ္စဓူဝ စည်းရုံး ဆော်သြမှုများကြောင့် ဖခင်အပေါ် လိုသည်ထက်ပိုပြီး အမြင်လွဲတတ်တဲ့အကြောင်းကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျွန်တော် ရေးခဲ့ဖူးပါတယ်။ “ပုံရိပ်ပျက်”ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ အဲဒါလေးကို စာအုပ်မျက်နှာစာ လူမှုကွန်ရက်မှာ ပြန်တင်လိုက်တဲ့အခါ သမီးတယောက်က မေးခွန်းထုတ်လာပါတယ်။

“မယားငယ်ယူတဲ့ အဖေဆိုရင်ရော ဘယ်လို လုပ်မလဲ။ အဖေ့အပေါ် ခါးခါးသီးသီးဖြစ်နေတဲ့ ရင်ထဲက အစိုင်အခဲကို ချေဖျက်ဖို့ အားထုတ်သင့်ပါသလား”တဲ့။

သူ့မေးခွန်းက လွယ်လွယ်လေးပေမယ့် အင်း၊ ဟင့်အင်းလို့ တန်းဖြေလို့ ရတဲ့ မေးခွန်းမျိုး မဟုတ်ပါဘူး။ ထည့်စဉ်းစားစရာ အချက်အလက်တွေ ရှိနေပါတယ်။

ပထမအချက် – ဖအေဆိုတာကို ဘယ်လို အနက်ဖွင့်ဆိုပါသလဲ

ဖခင်၊ ဖအေ၊ အဖေစသဖြင့် ပြောနေကြတဲ့ ဖအေဆိုတာ ဘာကို ခေါ်တာပါလဲလို့ အရင်ဆင်ခြင်ဖို့ လိုမယ်ထင်ပါတယ်။ သိပ်ကို တိကျ ရှင်းလင်းတဲ့ အဖြေကတော့ “မိမိမည်သော သန္ဓေသားအား မိမိ မိခင်၏ ဝမ်းကြာတိုက်ထဲတွင် တည်လာစေသည့် ဖိုမျိုးစေ့ကို ချပေး (သည်ဟုယူဆရ) သူ”ဟာ ဖအေပါပဲ။

သည်နေရာမှာ “(သည်ဟုယူဆရ)”ဆိုတာကို လက်သည်းကွင်းနဲ့ ထည့်ထားပါတယ်။ မအေ့ဆီမှာ ဖိုမျိုးစေ့ကို အမှန်တကယ် ချပေးခဲ့သူလည်း ဖြစ်နိုင်သလို သူ့မျိုးစေ့ပါလို့ အမေက သိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့ဖြစ်စေ “အတတ်စွဲသူ”လည်း ဖြစ်နိုင်လို့ အစွန်းမရောက်အောင် သည်စာသားကို ထည့်ထားလိုက်တာ ဖြစ်ပါတယ်။

အဲတော့ကာ ဖအေဆိုတဲ့အထဲမှာ မိခင်ရဲ့ အလိုမတူဘဲ မိခင်ရဲ့ကာမကို အဓမ္မရယူခဲ့သူ မည်သူမဆိုလည်း ပါဝင်နေနိုင်တာ အမှန်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီ့လူဟာ “ဖခင်”ပါပဲ။

သည်ကနေ ဆက်စဉ်းစားလိုက်မယ်ဆိုရင် “ဖခင်”ဆိုတာဟာ မွေးဖွားလာသူ ရင်သွေးရဲ့ ရွေးချယ်မှုမဟုတ်ဘဲ သဘာဝက ပေးအပ်လိုက်တဲ့ မလွှဲမရှောင်သာ တော်စပ်သူဆိုတဲ့ အချက်က ထင်ရှားနေပါလိမ့်မယ်။ တနည်းပြောရင် ဖခင်ကောင်း ဖြစ်ချင်လည်း ဖြစ်မယ်၊ မဖြစ်ချင်လည်း မဖြစ်ဘူး၊ ဖခင်တာဝန်ကျေချင်လည်း ကျေမယ်၊ မကျေချင်လည်း မကျေဘူး၊ တော်ချင်လည်း တော်မယ်၊ ညံ့ချင်လည်း ညံ့မယ်၊ အတူနေချင်လည်း နေမယ်၊ မနေချင်လည်း မနေဘူး၊ ကိုယ့်အမေနဲ့ တည့်ချင်လည်း တည့်မယ်၊ မတည့်ချင်လည်း မတည့်ဘူး။ ဘယ်လိုပဲဖြစ်နေနေ သူဟာ ကိုယ့်အဖေဆိုတာတော့ ပြဋ္ဌာန်းပြီးသားပါ။

ဒုတိယအချက် – ဖအေဆိုတာ ဘာ သက်ရှိသတ္တဝါအမျိုးအစားလဲ

သေချာတာကတော့ ဖအေဟာ ခွေး၊ ဝက်၊ နွား မဟုတ်ပါဘူး။ “လူ”စင်စစ်သာ ဖြစ်ပါတယ်။ ဒါကို ဘာ့ကြောင့် ဒုတိယအချက်မှာ ထားရတာလဲဆိုတော့ ဘယ်ဖအေမှ “ဘုရား၊ ရဟန္တာ၊ သူတော်စင်” မဟုတ်ဘဲ သာမန် “ပုထုဇဉ် လူသားစစ်စစ်”သာ ဖြစ်ကြောင်း ပြန်နှိုးဆော်ချင်လို့ပါပဲ။

တနည်းပြောရင်တော့ ဘယ်ဖအေမှ စင်းလုံးမချောနိုင်ပါဘူး။ ရုပ်ချောချင်မှ ချောမယ်၊ ဗလတောင့်ချင်မှ တောင့်မယ်၊ အရပ်မြင့်ချင်မှ မြင့်မယ်၊ အသားလတ်ချင်မှ လတ်မယ်၊ စိတ်ထား ဖြူချင်မှ ဖြူမယ်၊ သိမ်မွေ့ချင်မှ သိမ်မွေ့မယ်၊ နှုတ်ချိုချင်မှ ချိုမယ်။ ဒါ အားလုံး သိပြီးသားပေမယ့် သတိလစ်လစ်နေတတ်တာမျိုးတွေမို့ ပြန်အစထုတ်ရတာပါ။

မအေ့မှာ အနာအဆာတွေ ရှိသလို ဖအေ့မှာလည်း ချို့ယွင်းချက်တွေ အားနည်းချက်တွေ ရှိနေမှာ ဘယ်လိုမှ မလွဲပါဘူး။ အဲဒါကို လူတိုင်း သားသမီးတိုင်း လက်ခံနိုင်ကြမယ် ထင်ပါတယ်။

တတိယအချက် – ကိုယ့်ပေတံ ဘယ်က ရလာတာလ

လူတိုင်းဟာ မွေးလာတုန်းက အဖြူထည်လေးတွေပါ။ လက်ဦးဆရာဖြစ်တဲ့ မိခင်နဲ့ ဖခင်အပါအဝင် ပတ်ဝန်းကျင်ရဲ့ ဖြည်းဖြည်းချင်း လေ့ကျင့်ပျိုးယူမှုကြောင့် ဘာသာစကားတွေ တတ်မြောက်လာတယ်၊ အမှား အမှန်ဆိုတဲ့ “သတ်မှတ်ချက်”တစုံတရာကို ခွဲခြားတတ်လာပါတယ်။ အစဉ်အလာတွေ၊ ရိုးရာဓလေ့ထုံးတမ်းတွေ၊ ယုံကြည်ကိုးကွယ်မှုတွေက ကိုယ့်ကို ပုံဖော်ယူတဲ့ ပတ်ဝန်းကျင်အပေါ်မှာ အများကြီး လွှမ်းမိုးထားပါတယ်။

အလွယ်ဆုံး ဥပမာ ပေးမယ်ဆိုရင်တော့ ဖအေ၊ မအေကိုဖြစ်စေ၊ ကိုယ့်ထက်အကြီးကိုဖြစ်စေ “နင်”နဲ့ “ငါ”နဲ့ ပြောခြင်းဟာ ဗမာလူမျိုး အတွက် မှားပါတယ်။ မပြောအပ်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ဒါပေမယ့် ပေါက်ဖော်တွေ၊ အနောက်တိုင်းသားတွေအတွက်ကျတော့ ဘာမှကို ပြဿနာ မရှိပါဘူး။ အကြီးကိုလည်း ယူ၊ အငယ်ကိုလည်း ယူ၊ ကိုယ့်ကိုယ်ကိုယ်လည်း အိုင်နေတာပဲ။ အဲဒီ့အတွက် ဘယ်သူမှားတယ်လို့ ပြောလို့ မရပါဘူး။ ဒါ့ကြောင့် အမှား အမှန်ဆိုတဲ့ “သတ်မှတ်ချက်”တစုံတရာလို့ ရေးလိုက်တာ ဖြစ်ပါတယ်။ တကယ့် အမှား၊ အမှန်၊ ပရမတ်သဘောမဟုတ်ဘဲ ကိုယ့်အယူနဲ့ကိုယ် အမှန်မှတ်နေကြတဲ့ ပညတ်သဘောကို မြင်စေချင်လို့ပါ။

အလားတူပဲ၊ တလင်တမယား စနစ်ကို အားပေးတဲ့ ဘာသာတရားနဲ့ လူ့ဘောင်ရှိသလို အိမ်ထောင်ရေးမှာ ဘာအကန့်အသတ်မှ မရှိတဲ့ ဘာသာတရားနဲ့ လူ့ဘောင်လည်း ရှိပါတယ်။ ဗုဒ္ဓဘာသာမှာ တလင်တမယားစနစ်ကို အားပေးတယ်ဆိုတဲ့ ပြဋ္ဌာန်းချက် မတွေ့ဖူးသလို ဗမာ့ဓမ္မသတ်မှာ “မယားခိုးမှု”နဲ့ ပတ်သက်ပြီး ရေးထားတာဆို ရှင်းပါတယ်။ “သူ့လင်နှင့်ကြုံ၊ တံခါးခုံ၊ လွတ်ရုံ ကျော်၍ ပြေး”လို့ သတ်မှတ်ထားတာပါ။ ဆိုလိုတာက သူတပါး မယားနဲ့ ကျူးလွန်လို့ လင်ရောက်လာတဲ့အခါ အိမ်ရှေ့ တံခါး ခါးပန်းကို ကျော်အောင် ပြေးနိုင်တာနဲ့ အရေးယူလို့ မရတော့ပါဘူးတဲ့ဗျား။ အဲဒါ ဓမ္မသတ်ထဲမှာ ပါတာပါ။

အခု ဗမာပြည်မှာ သုံးနေတဲ့ “မယားခိုးမှု”ပါဝင်သော ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး)ဟာ တလင်တမယားစနစ်ကို ဘာသာရေး အရ အထူးအားပေးတဲ့ ခရစ်ယာန်ဘာသာဝင် နယ်ချဲ့ ဗြိတိသျှတွေ ရေးဆွဲခဲ့တာကို နှစ်ပေါင်း တရာကျော်လာတဲ့တိုင် မပြင်နိုင်ကြသေးလို့ အတည်ဖြစ်နေတာပါ။ တကယ်က ဗမာ့ဓမ္မသတ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

အဲဒါတွေက သမိုင်းနဲ့ ချီနေလို့ ဝေးတယ်ဆိုရင်တောင် တချို့နိုင်ငံတွေမှာဆိုရင် အရွယ်ရောက်သူအချင်းချင်းကြား အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ တခြားလိင်ပိုင်ဆိုင်ရာ ပြုကျင့်မှုများကို ရာဇဝတ်ကြောင်းအရ အရေးယူတာတွေကို ပယ်ဖျက်နေကြပါပြီ။ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေကို ပြစ်မှုအဖြစ် သတ်မှတ်စရာ မလိုဘူးလို့ သဘောပေါက်လာကြလို့ပါပဲ။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး စတာတွေဟာ ကျန်းမာရေးအတွက် မကောင်းဘူး၊ ဒါပေမယ့် အရွယ်ရောက်သူ တဦးအနေနဲ့ သူ့သဘောနဲ့သူ သောက်သုံးတာဟာ ပြစ်မှုအဖြစ် မသတ်မှတ်သင့်ဘူးဆိုတဲ့ အယူအဆပါ။

အဲတော့ ဆင်ခြင်တုံတရားရှိတဲ့ လူတိုင်းအနေနဲ့ ကိုယ့်လက်ထဲမှာ အသေဆုပ်ကိုင်ထားတဲ့ ပေတံကို ပြန်ဆန်းစစ်ဖို့ လိုမယ် ထင်ပါတယ်။ ကိုယ့်ပေတံက မှန်ရဲ့လား။ ကိုယ့်စံနဲ့ ကိုယ် ဟုတ်သလို ရှိပေမယ့်၊ ဟုတ်ချင်မှလည်း ဟုတ်နိုင်တယ်လို့ မြင်လာမယ်ဆိုရင် အမြင်တွေ ပိုပွင့်လာနိုင်ပါတယ်။

မူလ မေးခွန်းနဲ့ ပြန်ဆက်စပ်လိုက်မယ်ဆိုရင်တော့ ဖအေ မယားငယ်ယူတာ မှားတယ်၊ မှန်တယ်လို့ သတ်မှတ်တဲ့ ကိုယ့်ပေတံကရော ဘယ်လောက်အတိုင်းအတာအထိ မှန်တယ်လို့ အာမခံနိုင်တဲ့ ပေတံအမျိုးအစားလဲ။ ဆင်ခြင်ကြည့်သင့်ကြမယ် ထင်ပါတယ်။

တခြား ဆင်ခြင်စရာတွေ

ဖအေက မယားငယ် ယူတာတော့ မှန်တယ်။ ဒါပေမယ့် ကိုယ်အပါအဝင် တခြားသားသမီးတွေအပေါ်နဲ့ အမေ့အပေါ်မှာ အဖေ့ရဲ့ သဘောထားက ဘယ်လို ရှိသလဲ။ အမေနဲ့ အဆင်မပြေပေမယ့် အဖေက ကိုယ်တို့တွေအပေါ် ဘယ်လို သဘောထားသလဲ။ ဖခင်တယောက်အနေနဲ့ ချစ်ခင်ယုယမှု၊ ကျွေးမွေးပြုစုမှု၊ လိုအပ်ချက်တွေကို သူစွမ်းနိုင်သလောက် ဖြည့်ဆည်းမှုတွေကရော ဘယ်လို ရှိသလဲ။

မအေနဲ့က အဆင်မပြေဘူး၊ မယားငယ်နဲ့က အဆင်ပြေနေတယ်။ မအေနဲ့ မယားငယ်ကိစ္စ စကားများတိုင်း ကိုယ်တွေကိုပဲ မဲရန်ရှာတတ်၊ မောင်းမဲတတ်၊ နှိပ်စက်တတ်တဲ့ အဖေမျိုးဆိုရင် မုန်းပလိုက်စမ်းပါ။ နာကျည်းလိုက်စမ်းပါလို့ အားပေးရင် မှန်နိုင်ပါတယ်။

ဒါမှမဟုတ်လည်း မယားငယ်နောက် ကောက်ကောက်ပါအောင် လိုက်သွားပြီး မယားငယ်နဲ့ ပေါက်ဖွားတဲ့ သားသမီးတွေကိုသာ အသိအမှတ်ပြုတဲ့ ဖအေမျိုးဆိုရင်လည်း မုန်းလို့၊ နာကျည်းလို့ မမှားနိုင်ဘူး ထင်ပါတယ်။ ကိုယ့်အမေကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ရာက ကိုယ့်ကို သန္ဓေတည်စေခဲ့တဲ့ မုဒိမ်းကောင် လူရမ်းကားက ဇီဝဗေဒသဘောအရသာ ကိုယ့်ဖအေ လာဖြစ်နေတာမျိုးနဲ့ မနီးရိုးစွဲမို့ နာကျည်းခွင့် ရှိတယ်လို့ မြင်မိပါတယ်။

အရပ်ပျက်ဖြစ်နေနေ မအေဟာ မအေပဲ

မအေလုပ်သူဟာ အကျင့်စာရိတ္တပျက်ပြားနေပါစေ၊ ကိုယ့်ဆီမှာ အမေ့ကျေးဇူးတွေ ရှိနေတာမို့ မအေဟာ မအေပါပဲဆိုတဲ့ အယူအဆ တခု ရှိပါတယ်။

 

အဲဒါနဲ့ ဖအေနဲ့ကိုတော့ မချိန်ထိုးသင့်ဘူးလို့ ယူဆမိတယ်ခင်ဗျ။ ဆိုလိုတာက ဘာကြီးပဲ ဖြစ်နေနေ၊ ဖအေဟာ ဖအေပဲလို့တော့ ညီမျှခြင်း ချလို့ သင့်မယ် မထင်ပါဘူး။

အဲဒါက ဇီဝဗေဒသဘောအရပါပဲ။ လူသားတယောက်ဖြစ်လာရေးမှာ ဖိုမျိုးစေ့ချသူ ကျွန်တော်တို့ ယောက်ျားတွေဟာ ကိုယ့်ရဲ့ သွေးသားဆန္ဒကို မထိန်းနိုင်လို့ ကျူးလွန်ကြတာပါ။ အဲဒီ့ကမှ သန္ဓေသားရယ်လို့ ဖြစ်လာတဲ့အခါ အဲဒီ့ယောက်ျားဟာ ခန္ဓာကိုယ်ထဲက ဘာကိုမှ စိုက်ထုတ်ရင်းနှီးရတာ မဟုတ်ပါဘူး။ မအေမှာသာ သူ့ရဲ့ ဝမ်းကြာတိုက်ကို ၉ လတာပေးအပ်ထာရသလို မအီမသာ ဝေဒနာပေါင်းစုံကို ကိုးလလုံး ခံစားရသလို မွေးဖွားချိန်မှာ မချိမဆံ့နာကျင်ခြင်းများအထိ စိုက်ထုတ် ရင်းနှီးထားခဲ့လို့သာ ကိုယ်ဆိုတဲ့ လူသားလေး ဖြစ်လာရခြင်းပါပဲ။ အဲဒီ့ ဒုက္ခကို ဖအေတွေဟာ သညာသိနဲ့သာ နားလည်နိုင်ပြီး တကယ့်တကယ် ကိုယ်ချင်းစာပေးနိုင်ဖို့ အလွန်ခက်ခဲလှပါတယ်။ သည်အတွက် ကိုယ်လူဖြစ်လာရေးမှာ မအေ့ကျေးဇူးက မြင့်မိုရ်တောင်ဆိုရင် ဖအေ့ ကျေးဇူးက ဆီးစေ့လောက်သာ ရှိပါတယ်။

ကိုယ်မွေးဖွားပြီး နောက်ပိုင်း ကိုယ့်ကို လူတန်းစေ့ နေနိုင်စားနိုင်၊ လူလားမြောက်နိုင်ရေးအတွက် ဖအေ့ရဲ့ ပံ့ပိုးမှုတွေ ရှိခဲ့ရင်တော့ အဲဒီ့ ကျေးဇူးကို သတိထားရမှာပဲဖြစ်ပါတယ်။

နိဂုံး

ကျွန်တော်အပါအဝင် လူသားအားလုံးလို့ မဆိုနိုင်သည့်တိုင် အများစုဟာ ငယ်ဘဝရဲ့ ရိုက်ခတ်မှုတွေ၊ ခံစားချက်ဝေဒနာတွေ တနင့်တပိုးကို ရင်ဘတ်ကြီးတလုံးနဲ့ ထမ်းပိုးရင်း ဘဝခရီးကို လျှောက်လှမ်းနေကြသူများဖြစ်ပါတယ်။ ကျွန်တော့်ကို မေးလှာတဲ့ ကလေးမလေးနဲ့ တထပ်တည်း တူချင်မှ တူမှာဖြစ်ပေမယ့် ကျွန်တော်တို့ အားလုံးမှာလည်း မုန်းတီးမှု၊ စက်ဆုပ်မှု၊ နာကျည်းမှု ခံစားချက် အသကနဲ့ ရှိနေကြပါတယ်။

ကျွန်တော်ကတော့ သားတယောက်အဖြစ်လည်း ခံစားခဲ့ရဖူးသလို ဖအေတယောက်နေရာမှာလည်း နေနေခဲ့တာ နှစ်ပေါင်း ၃၀ နား တိုင်လာခဲ့ပါပြီ။ သည်အတွက် ဝေဒနာစုံနဲ့လည်း ရင်ဆိုင်ခဲ့ဖူးပြီး ဖြစ်ပါတယ်။ သည်အခါမှာ သေချာတာ တခုကတော့ အဲဒီ့ ဝေဒနာတွေကို လွှတ်ချနိုင်တာနဲ့အမျှ နေရတာ ပိုလို့ ပေါ့ပါးလာတာပါပဲ။ မလွှတ်ချနိုင်သေးသမျှ၊ ကိုယ်က ထမ်းပိုးထားသမျှ လေးလံ ဖိစီးနေမှာလည်း မလွဲပါဘူး။

အဲသလို လွှတ်ချနိုင်၊ လွှတ်ချတတ်ဖို့အတွက် ပထမဆုံး လွှတ်ချသင့်တဲ့အရာကတော့ ကိုယ့်လက်ထဲမှာ ဆုပ်ထားမိတဲ့ ပေတံများ ဖြစ်လေမလားဆိုတာကို လေးလေးနက်နက် တွေးနေမိရပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – ၂၁၁၁၁၇)  

 

 

 

 

 

 

 

 

မှိုင်းမိ နှုတ်ကျိုးနေတာများရဲ့ နောက်ကွယ်မှာ

10584029_649347675184158_4959805731051738918_nမြန်မာစာ မြန်မာစကား ချွတ်ခြုံကျနေတဲ့ ကာလကြီးမှာ ဒါကို ပြောရင် ပြောတဲ့သူက ရူးရာကျပါလိမ့်မယ်။

ဒါပေမယ့် မပြောဘဲလည်း မနေနိုင်လို့ ရူးကြောင်မူးကြောင်နဲ့ ထပြောလိုက်ပါတယ်။

စကားလုံးတွေရဲ့ အလျားအတာကို တွက်ဆသင့်တဲ့အကြောင်းပါ။

အဖွဲ့အစည်းတွေ၊ အများနဲ့ ပတ်သက်ပြီး ကောင်းရာ မွန်ရာ လုပ်နေသူတွေက စကားလုံးတွေကို သိပ်ဂရုစိုက်ကြပါတယ်။

အထင်ရှားဆုံးက ပြည့်တန်ဆာဆိုတဲ့ အသုံးအနှုန်းကိုပါ။ ဖာ၊ ဖာသည်အစရှိသဖြင့်လည်း အနက်ဖွင့်နိုင်တဲ့ prostitute ဆိုတဲ့ စကားလုံးကို အစောပိုင်းမှာ Commercial Sex Worker (အတိုကောက် CSW) လို့ ခေါ်ခဲ့ကြပါတယ်။ စီးပွားဖြစ် လိင်လုပ်သားပေါ့။ သို့သော် အင်္ဂလိပ်စကားမှာ အဲဒီ့ စီးပွားဖြစ်ဆိုတဲ့ ဝေါဟာရက ရိုင်းတဲ့ အနက်နဲ့လည်း သုံးပါတယ်။ သိပ်စီးပွားရေးဆန်တာပဲ၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစားဆိုတဲ့ သဘောဘက် နွယ်နေတတ်တယ်။

ဒါ့ကြောင့် အခုနောက်ပိုင်းမှာ စီးပွားဖြစ်ကို ဖြုတ်လိုက်ကြပြီး လိင်လုပ်သား (Sex Worker) လို့ ပြောင်းလဲ ခေါ်ဝေါ် သုံးနှုန်းလာကြပါတယ်။

နောက်ထပ် ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ အိပ်(ခ်ျ)အိုင်ဗှီ ပိုးရှိသူများပါပဲ။ အိပ်(ခ်ျ)အိုင်ဗှီ ပိုးရှိသူ (HIV-positive people) လို့ အရင်က ခေါ်ခဲ့ကြပေမယ့် အခုအခါမှာတော့ အိပ်(ခ်ျ)အိုင်ဗှီ/အေအိုင်ဒီအက်(စ်)ဖြင့် နေထိုင်လျက်ရှိသူများ (People Living with HIV/AIDS အတိုကောက် PLHA) လို့ ပြောင်းလဲ ခေါ်ဝေါ် သုံးနှုန်းလာခဲ့ကြပါတယ်။

အလားတူပဲ လူကုန်ကူးခံလိုက်ရသူ သားကောင်များ (trafficked victims) လို့ မသုံးတော့ဘဲ လူကုန်ကူးခံလိုက်ရသူများ (trafficked persons) လို့ ပြောင်းသုံးလာတာတွေလည်း တွေ့ရတယ်။

ဘာဖြစ်လို့ အဲသလို စကားလုံးတွေကို အလေးထားနေတာလဲလို့ မေးစရာ ရှိပါတယ်။

ရှေးက လူပြက်တွေ ပြက်ခဲ့တဲ့ ပြက်လုံးကိုပဲ ပြန်ကိုးကားပါရစေ။ အမေအရွယ် မိန်းမကြီး တစ်ယောက်ကို “အဒေါ်ကြီးက ကျွန်တော့် အမေနဲ့ တူလိုက်တာဗျာ”လို့ ပြောရင် ဟိုအမယ်ကြီး သဘောတွေကျနေမှာ ဖြစ်ပေမယ့် “အဒေါ်ကြီးက ကျွန်တော့်အဖေ့ မယားကြီးနဲ့ တူလိုက်တာဗျာ”လို့ ပြောရင် ပါး ထချမှာပေါ့။

သဘောသွား ဘယ်လောက်တူတူ၊ သုံးတဲ့ အသုံးအနှုန်း လွဲသွားရင် အမြင်နဲ့ အယူအကောက်တွေ လွဲကုန်နိုင်တာမျိုးမို့ တစ်ဖက်သားကို ငဲ့ညှာတဲ့အနေနဲ့ စကားလုံးတွေကို သတိထားကြရတာပဲ ဖြစ်ပါတယ်။

အခုခေတ်လူများများက စာဖတ်လည်း မနာ၊ စာလုံးပေါင်းတောင် မှန်အောင် မပေါင်းနိုင်တဲ့အပြင် ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်တုံတရားဆိုတာလည်း ခေါင်းပါးလွန်းနေရှာကြတော့ တချို့စကားလုံးတွေကို အလွယ်တကူ ယူသုံးနေကြတယ်။ ဒါပေမယ့် သူတို့စကားလုံးတွေက ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိရှာကြဘူး။

ကျွန်တော့်နားထဲမှာ အမြဲတန်း ထော်လော်ကန့်လန့်ဖြစ်နေတဲ့ စကားလုံးက “ပြည်သူ”ဆိုတဲ့ စကားလုံးပါ။ အဲဒီ့ စကားလုံးဟာ အင်မတန်မှ ကွန်မြူနစ်စော်၊ ဆိုရှယ်လစ်စော် နံလှပါတယ်။ “လုပ်သား ပြည်သူ့ နေ့စဉ်” သတင်းစာကြီးကို ပြေးမြင်လိုက်မိစေသလို တစ်ချိန်က ကွန်မြူနစ်နိုင်ငံတွေ ဖြစ်တဲ့ ယူဂိုဆလားဗှီးယား၊ ပိုလန်၊ ချက်ကိုစလိုဗှက်ခီးယားတို့ရယ်၊ ယနေ့ထက်တိုင် ရှိနေဆဲဖြစ်တဲ့ ဗှီယက်နမ်၊ မြောက်ကိုရီးယားတို့ရယ်က ပြည်သူ့တပ်မတော် (People’s Army) ဆိုတာကြီးတွေကိုလည်း သတိရသွားစေပါတယ်။

အဲဒါကို “ပြည်သူ”လို့ မသုံးဘဲ  “လူထု”လို့ ဖြစ်စေ “လူအများ”လို့ဖြစ်စေ ပြောင်းသုံးလိုက်မယ်ဆိုရင် ကွန်မြူနစ်စော် သိပ်နံတော့မယ် မထင်ဘူး။

သည်နေရာမှာ “မိဘပြည်သူများခင်ဗျား”လို့ လစဉ် အစချီတတ်တဲ့ သမ္မတတော့ နည်းနည်း ကသိကအောက် ဖြစ်သွားမယ် ထင်တယ်။ “တိုင်းသူပြည်သား လူအများတို့ ခင်ဗျား”ဆိုရင်လည်း သက်ဦးဆံပိုင် ရှင်ဘုရင့်လေ ဖြစ်နေနိုင်တယ်။ “မိဘ လူထု ခင်ဗျား” “မိဘ လူအများခင်ဗျား”ဆိုလည်း အာတွေ့စရာ အကြောင်း မရှိဘူး။ “မိဘ”ကြီး မထည့်ဘဲ “နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ ခင်ဗျား”ဆိုရင်တော့ တော်တော်လေး အဆင်ချောသွားမယ် ထင်တယ်။

ပြောရတာတော့ ခက်တယ်။ သမ္မတကြီးအပါအဝင် ကျွန်တော်တို့ အရွယ်တန်းတွေက စပြီး နောက်ပိုင်း လူငယ် လူရွယ်တွေအထိ သည် ရွှေဆိုရှယ်လစ်ခေတ်ကြီးမှာ လူဖြစ်လာရတော့ ဆိုရှယ်လစ်အသုံးအနှုန်း ဖြစ်နေတဲ့ “ပြည်သူ” ဆိုတာကြီးကို “နှုတ်ကျိုး”နေကြတယ်။ သို့သော် သည်စကားလုံးကို စိုက်လိုက်မတ်တတ် သုံးနေခြင်းအားဖြင့် သမ္မတကြီးသည်လည်း “ဆိုရှယ်လစ်အငွေ့အသက်”ကို ဖက်တွယ်ထားဆဲ ဖြစ်နေလေဘိသကဲ့သို့ သဘောသွား သက်နေစေတာကို သတိချပ်သင့်မယ် ထင်ပါတယ်။

နောက်ထပ်ဆိုးရွားတဲ့ ဝေါဟာရတစ်လုံးက ဟိုတစ်ရက်က ကြားလိုက်တာပါ။  “ဆူပူအကြမ်းဖက်မှု”တဲ့ ခင်ဗျ။

ဟား… ဆိုးလိုက်တာ။ “ဆူပူတာ”နဲ့ “အကြမ်းဖက်တာ”ကို “လုံးချ”လိုက်တဲ့အခါ လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်တဲ့အခါ၊ ကြွေးကြော်သံတွေ ဟစ်ကြွေးတဲ့အခါ “နှိပ်ကွပ်ချင်စရာ” “အကြမ်းဖက်မှုမဟာ”အဖြစ် တာဝန်ရှိသူတွေက ခံယူကုန်ကြပါတော့မယ်။

ဒီမိုကရေစီ အခြေခံမူမှာ လွတ်လပ်သော သဘောဆန္ဒများက လူတိုင်းမှာ ရှိနေနိုင်ပါတယ်။ အဲဒါဟာ အခြေခံ လူ့အခွင့်အရေးပါ။ သူနဲ့ ဆက်နေတာက “လွတ်လပ်စွာ ထုတ်ဖော်ခွင့်”ပါပဲ။ လွတ်လပ်စွာ ထုတ်ဖော်ရာမှာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နေနိုင်ပါတယ်။ စုဝေးနိုင်တယ်၊ လှည့်လည်နိုင်တယ်၊ ကန့်ကွက် ဆန္ဒပြနိုင်တယ်၊ ကြွေးကြော်သံတွေ၊ တောင်းဆိုချက်တွေ၊ သံချပ်တွေ ဟစ်အော်နိုင်ပါတယ်။

အဲသလို မိမိတို့ရဲ့ သဘောဆန္ဒကို လွတ်လပ်စွာ ဟစ်ကြွေးခြင်းဟာ “ဆူပူတာ”ထဲမှာ အကြုံးဝင်နေနိုင်ပေမယ့် “အကြမ်းဖက်တာ”နဲ့တော့ လားလားမျှ မသက်ဆိုင်ပါဘူး။

ရဲအရာရှိ တစ်ဦးရဲ့ နှုတ်ထွက်စကားလုံးအဖြစ် အဲဒီ့စကားလုံး နှစ်လုံးကို ပေါင်းစပ်ပြီး သုံးလိုက်တာကို အမှတ်မထင် ကြားလိုက်ရတာပါ။ ကြားလိုက်ရတဲ့ နေရာက ရဲအရာရှိကြီးများအတွက် ရပ်ရွာအတွင်း ရဲလုပ်ငန်း ဆောင်ရွက်ခြင်းနဲ့ လူစုလူဝေးစီမံခန့်ခွဲမှု သင်တန်းမှာဖြစ်ပါတယ်။

အဲဒီ့သင်တန်းမှာ အဓိက အချက်က ဆန္ဒပြတာတွေ၊ စီတန်းလှည့်လည်တာတွေ၊ ဆန့်ကျင်ကန့်ကွက်ပွဲတွေဟာ ဘယ်နိုင်ငံမှာမှ ရှောင်လွှဲလို့ မရနိုင်တဲ့ ဖြစ်ရပ်တွေ ဖြစ်တယ်။ ရဲတပ်ဖွဲ့ရဲ့ တာဝန်က လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း မရှိဘဲ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်သွားရမှာ ဖြစ်တယ်။ တစ်နည်းပြောရရင် ဆန္ဒပြသူတွေလည်း လွတ်လပ်စွာ ဆန္ဒပြနိုင်၊ မသက်ဆိုင်တဲ့ လူအများမှာလည်း ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာလှုပ်ရှားနိုင်အောင် စီမံကြပ်မတ် ပေးရမှာသာဖြစ်ပါတယ်။

သင်တန်းဆရာတစ်ဦး ပေးသွားတဲ့ ဥပမာက ကောင်းတယ်။ စီတန်းလှည့်လည် ဆန္ဒပြမှာမို့ လမ်းမကြီးတစ်ခု ပိတ်သွားနိုင်တယ်။ အချိန်က တကယ့် အချိန်ကောင်း၊ ရုံးဆင်းချိန် လူသွားလူလာ များတဲ့အချိန်။ အဲလိုဆိုရင် ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး လမ်းကို ၁၅ မိနစ်တစ်ကြိမ် ဖွင့်ပေးသွားနိုင်ဖို့အတွက် ဆန္ဒပြ စီတန်း လှည့်လည်တာကို ၁၅ မိနစ်တစ်ကြိမ် ဆိုင်းပေးတာ၊ ဒါမှမဟုတ် လမ်းတစ်ခြမ်းကိုပဲ ဆန္ဒပြသူတွေက စည်းကမ်း သေဝပ်စွာ အသုံးပြုပြီး ကျန်တစ်ခြမ်းကို ယာဉ်ကြောအတွက် ဖွင့်ပေးတာမျိုးများနဲ့ ရှဥ့်လည်း လျှောက်နိုင်၊ ပျားလည်း စွဲနိုင်မယ့် နည်းမျိုးကို ကြံဆတာဟာ လူ့အခွင့်အရေးကို မထိခိုက်စေဘဲ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်တာ ဖြစ်ပါတယ်။

အဲသလို လူအုပ်ထဲမှာ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေလည်း ပါလာနိုင်တယ်။ ဒါကို မူလကတည်းက ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်။ ဆန္ဒပြပွဲကို ကမကထပြုသူတွေနဲ့ အရင်ညှိနှိုင်းထားမယ်ဆိုရင် ဒါကို ဖြေရှင်းနိုင်တယ်။ လူစုလူဝေးထဲမှာ ဖြစ်စေ၊ စီတန်းလှည့်လည်နေရာမှာဖြစ်စေ အကြမ်းဖက်ဖို့ လှုံ့ဆော်နေသူတွေ တွေ့လာပြီဆိုတာနဲ့ တစ်ပြိုင်နက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေက အဲဒီ့လူတွေနဲ့ ခွာလိုက်တာပါပဲ။ ဒါဆိုရင် အကြမ်းဖက်လိုသူတွေကို ရဲက စောစောစီးစီး ခွဲခြားနိုင်ပြီး အလျင်အမြန် ဖယ်ရှားလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ပံ့ပိုးပေးနိုင်ပါတယ်။

အတော်ကောင်းတဲ့ အစီအမံတွေပါပဲ။

ထားပါ။ ပြောခဲ့သလိုပဲ အဲဒီ့ဆွေးနွေးပွဲမှာ တစ်ဦးက “ဆူပူအကြမ်းဖက်မှု”ဆိုတဲ့ စကားလုံးကြီးကို ချသုံးလိုက်တော့ ကျွန်တော့်စိတ်ထဲမှာ ပျာခနဲ ဖြစ်သွားတယ်။ သူတို့ရဲ့ စိတ်အခံမှာကိုက ဆန္ဒပြတယ်ဆိုတာကို အကောင်းမမြင်နိုင်သေးမှန်း သည်စကားလုံး အသုံးအနှုန်းက ထင်ရှားသွားစေပါတယ်။

အပြစ်မမြင်မိပါဘူး။ ဆိုခဲ့သလိုပဲ ခမျာများမှာလည်း ရွှေဆိုရှယ်လစ်နဲ့ တစ်ပါတီအာဏာရှင်စနစ်အောက်မှာ လူလားမြောက်ခဲ့ရ၊ ကြီးပြင်းခဲ့ရ၊ ပညာရင်နို့ သောက်စို့ခဲ့ရ၊ လူလားမြောက်လာခဲ့ရလေတော့ကာ ရှေးက မှိုင်းတွေ မစင်ရှာကြသေးတာ ခမျာများရဲ့ အပြစ်မှ မဟုတ်ဘဲလေ။

သို့သော် ခေတ်ကြီးက အရှိန်အဟုန် ပြင်းပြင်းနဲ့ ပြောင်းနေပါပြီ။ အရင်မှိုင်းတွေထဲမှာ ပိတ်မိနေလို့ မရတော့ဘူး။ ဆန္ဒပြတာကို အရင်လို ထင်သလို နှိပ်ကွပ်လို့ နှိမ်နင်းလို့ ရနိုင်တဲ့ ခေတ်မျိုး မဟုတ်တော့ဘူး။ ထင်သလို နှိမ်နင်း နှိပ်ကွပ်တာကိုလည်း ဖုံးထား ဖိထားလို့ ရတဲ့ ခေတ်မဟုတ်တော့ဘူး။

သည်အခါမှာ နှစ်ဘက်စလုံးအတွက် ပြေလည်မယ့် နည်းလမ်းကို နိုင်ငံတိုင်း ရှာဖွေနေကြရပါတယ်။ သူလည်း မနိုင်၊ ကိုယ်လည်း မရှုံး၊ ကိုယ်လည်း မသာ၊ သူလည်း မနာမယ့် နည်း၊ တစ်နည်းပြောရင် နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် နည်းကို ကျားကုပ်ကျားခဲ ရှာဖွေနေကြရပါပြီ။

သည်အနေအထားမှာ မှိုင်းမိနေတဲ့ စကားလုံးဖြစ်တဲ့ “ဆူပူအကြမ်းဖက်မှု”ဆိုတဲ့ ဝေါဟာရကြီးကို အပြီးတိုင် သုတ်သင်ပြီး “ဆူပူတာ”ကို ဆူပူတာသက်သက်အဖြစ် သတ်သတ် ခွဲမြင်ဖို့ လိုသလို “အကြမ်းဖက်တာ”ကိုလည်း သတ်သတ်ခွဲမြင်ဖို့ လိုလာပါလိမ့်မယ်။

အိမ်က မိန်းမကြီးနဲ့ပဲ ပြောရအောင်လား။

“သည်မိန်းမက တော်တော် ဆူဆူပူပူလုပ်တာပဲ၊ ပူညံပူညံ တယ်လုပ်ပဲ”လို့ ပြောရင် အဲဒါ “အကြမ်းဖက်တာ”နဲ့ ဘယ်လိုမှ မပတ်သက်မှန်း လူတိုင်း သိကြပါတယ်နော်။

“အကြမ်းဖက်တယ်”ဆိုတာက ကာယအင်အားကိုဖြစ်စေ၊ ဘေးဖြစ်စေနိုင်တဲ့ ကိရိယာတန်ဆာပလာတစ်ခုခုကို ဖြစ်စေ အသုံးပြုပြီး လူ၊ ပစ္စည်းတွေကို ရန်ပြုတာပါ။ ဆူပူတိုင်း အကြမ်းမဖက်၊ အကြမ်းဖက်သူတွေ မဆူပူဆိုတာကို နားလည် တတ်မှ စကားလုံး အသုံးအနှုန်းလည်း မှန်သွားပါလိမ့်မယ်။

ပြောမယ့်သာ ပြောရတယ်။ ရိုးတွင်းခြင်ဆီထဲတောင် စွဲနေပြီဖြစ်တဲ့ ခေတ်ဟောင်းမှိုင်းဆိုသော ဗှိုင်းရပ်(စ်)ပိုးကို သတ်နိုင်တဲ့ ဆေးဝါးကလည်း မပေါ်တတ်နိုင်သေးတော့ကာ နှုတ်ကျိုးနေတဲ့ စကားလုံးများကြားမှာပဲ ပိတ်မိနေရင်းက အတွေးအခေါ် ဟောင်း၊ အမြင်ဟောင်း၊ အကျင့်ဟောင်းတွေ အစွန့်ရ ခက်နေကြမှာကိုလည်း စာနာရင်းနဲ့ စိတ်ပျက်လက်ပျက်ကြီးသာ ဖြစ်နေမိရပါတော့တယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် – ၀၅၀၉၁၄)

၂၀၁၄ ခုနှစ် အောက်တိုဘာလထုတ် စုံနံ့သာ မဂ္ဂဇင်း အတွဲ ၁ အမှတ် ၁၀

ဘယ်ဘ၀မှာ နေချင်ကြပါသလဲ

???????????????????????????????

မပြောဖူးပေမယ့် ကြားဖူးတဲ့စကား

“သိသာ သိစေ၊ မမြင်စေနဲ့”တဲ့။

သည်စကားက ကျွန်တော်တို့ လူမျိုးကို လှိုက်စားနေတဲ့ စကားလို့ မြင်မိပါတယ်။ စတင်ကြားဖူးတဲ့ လူမမယ် အရွယ်ကတည်းက သည်စကားကို ဘဝင်မကျဖြစ်နေခဲ့မိရတယ်။

ဝမ်းသာစရာ ကောင်းတာက ကျွန်တော့်မိဘတွေ သည်စကားကို ပြောသံ မကြားဖူးဘူး။ အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် သုံးယောက်ပဲ ရှိတဲ့ မိသားစုလေးမှာ အဖေလည်း သည်စကား မပြောတတတ်၊ အမေလည်း သည်စကား ပြောလေ့မရှိတော့ ကျွန်တော့် ပါးစပ်ထဲမှာလည်း သည်စကားက ရောက်ကို မလာတော့ဘူး။
သို့ပေမယ့် လူ့လောကဆိုတာ ကျွန်တော်တို့ မိသားစုလေး တစ်ခုတည်းမှ မဟုတ်တာ။ ပတ်ဝန်းကျင် အပြင်လောကနဲ့ တွေ့ထိဆက်ဆံရတဲ့အခါမှာ သည်စကားကို ရံခါ ကြားခဲ့ရတတ်တယ်။

တော်တော်ကြီးကို ဘဝင်မကျတဲ့ စကားပါ။

သိတာနဲ့ မြင်တာ

သည်စကားရဲ့ အတိမ်အနက်ကို ချိန်စက်မယ်ဆိုရင် ပထမဆုံးက သိတာနဲ့ မြင်တာမှာ ဘယ်ဟာက ပိုပြီး ပဓာနကျသလဲဆိုတာကို ဆန်းစစ်ဖို့လိုမယ် ထင်ပါတယ်။

မြင်တယ်ဆိုတာ အပေါ်ယံသဘောဆောင်ပါတယ်။ ဖျတ်ခနဲ မြင်လိုက်တယ်။ ရိပ်ခနဲ မြင်လိုက်တယ်။ ဆိုကြပါစို့၊ ဟိုဘက်အိမ်က အပျိုကြီး မမနဲ့ အိမ်ရှေ့အိမ်က ဦးလေးကြီးကို ကားတစ်စီးပေါ်မှာ နှစ်ယောက်တည်း မြင်လိုက်တယ်။ ဒါမှမဟုတ် အရပ်ထဲက ဘုရား ဒါယိကာကြီးဟာ တစ်ချိန်လုံးလိုလို ရေနွေးကြမ်းတွေ တစွတ်စွတ်သောက်နေတာ မြင်တယ်။ ဒါတွေက အမြင်သက်သက်ပါ။

သိတယ်ဆိုတာကျတော့ တော်တော် အတွင်းကျသွားပါပြီး ဟိုဘက် အိမ်က အပျိုကြီးနဲ့ အိမ်ရှေ့အိမ်က ဦးလေးကြီးတို့ တိတ်တိတ်ပုန်း ညားနေကြတယ်လို့ သိလိုက်တယ်ဆိုရင် ဘယ်လိုနေမလဲ။ ဘုရားဒါယိကာကြီး ကလည်း လူရှေ့မှာသာ ဘုရား ဒါယိကာကြီးကလည်း ရေနွေးကြမ်းအိုးထဲ အရက်တွေ ထည့်ပြီး ခွက်ပုန်းချနေတယ်လို့ သိလိုက်တယ်ဆိုရင် ဘယ်လို နေမလဲ။

သည်အခါ သိခြင်းက ပိုတန်ဖိုးကြီးသလား၊ မြင်ခြင်းက တန်ဖိုးကြီးသလားဆိုတာ အတော်စဉ်းစားစရာ ကောင်းသွားပါပြီ။

ဟိုနှစ်ယောက် ညားနေမှန်း သိတော့နေတယ်၊ သို့သော် မမြင်တဲ့ အတွက် သက်သေပြရ ခက်နေတာကြီးက ကောင်းသလား။ ဘုရား ဒါယိကာကြီးကလည်း ခွက်ပုန်းသမားကြီးမှန်း သိနေတယ်။ တစ်ချက် တစ်ချက် လေကြောင်းအသင့်မှာ သူ့ဆီက အရက်နံ့ ရတယ်။ သို့သော် သူ တကယ်မော့နေတာ မမြင်လို့ သူ့ကို ဘုရားတကာကြီးအမှတ်နဲ့ပဲ ဆက်လက် ကြည်ညိုလေးစားနေမှာလား။

သိသာ သိစေ မမြင်စေနဲ့ဆိုပြီး အဲဒီ့လူတွေက လူမမြင်အောင် အတတ်နိုင်ဆုံး ရှောင်တိမ်း ဖုံးကွယ်ရင်း အရပ်ကို၊ မိသားစုကို လှည့်ဖျား နေကြမယ်ဆိုရင် အဲဒီ့ သိသာသိစေ မမြင်စေနဲ့ဆိုတဲ့စကားဟာ လက်ခုပ် ဩဘာ ထောမနာပြုသင့်တဲ့၊ အားပေးထိုက်တဲ့ စကားဖြစ်နေမှာပါလား။

စဉ်းစားစရာ သိပ်ကို ကောင်းနေပါပြီ။

ခြွင်းချက်

အရာတိုင်းမြှွာခင်းချက် ရှိစမြဲမို့ သည်မှာလည်း ခြွင်းချက်ကို ထည့်ပြောမှ တန်ပါလိမ့်မယ်။

မကြားဝံ့ ရှေ့နေ၊ မမြင်ဝံ့ တရားသူကြီးဆိုသလို တချို့ မကြားဝံ့ မနာသာ ကိစ္စတွေကျရင်တော့ မျက်မြင်ဒိဋ္ဌ သက်သေပြစရာ မလိုအပ်ပါ ဘူး။ သည်အတွက် သည်စကားကို စတင်သံးစွဲခဲ့ကြတာလို့ ယူဆရပါ တယ်။

ဆိုကြပါစို့။ ဖိုမဆက်ဆံရေး ကိစ္စလိုမျိုး၊ မုဒိန်းမှုလိုမျိုး၊ ဒါမှမဟုတ် မျိုးဆက်ပွားအင်္ဂါမှာ ဒဏ်ရာ အနာတရ တစ်ခုခု ဖြစ်နေတာလိုမျိုးမှာ သာမန်လူများအတွက် သိရုံနဲ့ လုံလောက်ပါတယ်။ မျက်စိနဲ့ တပ်အပ် မြင်တွေ့ဖို့ မလိုပါဘူး။ ဒါတောင်မှ အမှုအခင်း တရားတဘောင် ဖြစ်လာ တဲ့အခါမှာ ခိုင်လုံတဲ့ သက်သေ ဖြစ်လာအောင် ကျွမ်းကျင်သူတွေအနေနဲ့ မျက်စိနဲ့ တပ်အပ် မြင်ဖို့၊ စစ်ဆေးဖို့ လိုအပ်ပါသေးတယ်။

သို့သော် ကျွမ်းကျင်သူက အတည်ပြုပြီးပြီဆိုရင်တော့ သာမန်လူတွေ မြင်ဖို့ မလိုတော့ပါဘူး။ သိနေရုံနဲ့ လုံလောက်ပါပြီ။

ဒါဟာ “သိသာ သိစေ၊ မမြင်စေနဲ့”ဆိုတဲ့ စကားရဲ့ သဘောသွားပါ။

သို့သော် သည်မှာလည်းပဲ ရှေ့မှာ ဆိုခဲ့တဲ့အတိုင်း “သိတာ”က “မြင်တာ”ထက် အဆများစွာ ပိုအခရာကျတဲ့ အချက်ကိုလည်း ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။

ကောက်ချက်

သည်တော့ကာ သည်စကားကို စတင်သုံးစွဲခဲ့တဲ့ ရှေးလူကြီးတွေအနေနဲ့ အမှန်တရားကို မျက်ကွယ်ပြုဖို့ဖြစ်စေ၊ လိမ်ညာဖုံးဖိခြင်းကို အားပေးဖို့ ဖြစ်စေ၊ အခုခေတ်မှာ တအားခေတ်စားနေတဲ့ ဝေါဟာရဖြစ်သော “ပွင့်လင်း မြင်သာမှု”ကို ဆန့်ကျင်ဖို့ ဖြစ်စေ သည်ဆိုရိုးကို အတည်ပြုခဲ့ကြတာ မဟုတ်ဘူးဆိုတဲ့ ကောက်ချက်တစ်ရပ် ထွက်လာပါတယ်။

သို့သော် ထုံးစံအတိုင်းပဲ၊ မတစ်ရာသားတွေ လက်ထဲကို ရောက်သွားတဲ့အခါ အရိအရွဲတွေကို လှီးထုတ်ဖို့၊ မာကျောတဲ့ အရာတွေကို တုံးဖို့ ၊ တစ်ဖို့ အစရှိသဖြင့် ကောင်းသော ရည်ရွယ်ချက်နဲ့ ထုတ်လုပ်လိုက်တဲ့ ဓားဟာ သူတစ်ပါးကို အန္တရာယ်ပြုဖို့၊ ခြိမ်းခြောက်ဖို့၊ အသက်ကို ရန်ရှာဖို့ အသုံးပြုတဲ့ လက်နက်ကိရိယာ ဖြစ်သွားပါတော့တယ်။

လူတွေဟာ သူတို့ လုပ်ချင်တာကို လုပ်ရဖို့ ဖြစ်စေ၊ သူတို့ မလုပ်ချင် တာကိုမလုပ်ရဖို့ဖြစ်စေ၊ ဆင်ခြေ၊ ခုတုံး၊ အကာအကွယ်အနေနဲ့ ဆိုရိုး စကားတွေကို လွယ်လွယ် ယူသုံးပါတော့တယ်။ သူတစ်ပါး အလုပ်ပြောင်း၊ နေရာပြောင်းတာကို မရှုဆိမ့်တတ်သူတွေ၊ အလုပ်ပြောင်း၊ နေရာပြောင်း ကာမှ အသားမကျခင် အခက်ပွေရသူတွေကိုဆိုရင် လွယ်လွယ်ပဲ “သေချင် တဲ့ ကျား တောပြောင်း”လို့ ပြောလိုက်တာပေါ့။ ဘာခက်တာလိုက်လို့လေ။

အဲ… ပြောင်းလိုက်လို့ အဆင်ပြေသွားတယ်ဆိုပြန်ရင်တော့ “တစ်ရွာ မပြောင်း သူကောင်းမဖြစ်”ဆိုတာကြီး ဝင်လာပါလိမ့်မယ်။

အလားတူပဲ၊ မူရင်းဆိုရိုးအမှန်က “မုတ မပါ လင်္ကာမချော” (ခံစား ချက်မပါရင် စာမချောဘူး) လို့ ဆိုတာကိုပဲ နားစွန်နားဖျားနဲ့ လေဖမ်း ဒန်းစီးပြီး “မုသားမပါ လင်္ကာမချော”လို့ အသံချင်းဖလှယ်ချလိုက်ပြီး လိမ်ညာတာပဲ တရားသလိုလို ဖြစ်အောင် လုပ်ကြတာဟာ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားတဲ့ ဓားကို လူတွေကို ရန်ပြုဖို့ သုံးလိုက်တာမျိုးပါပဲ။

ယုံကြည်မှုရဲ့ အခန်းကဏ္ဍ

“သိသာ သိစေ မမြင်စေနဲ့”ဆိုတဲ့ ဆိုရိုးဟာလည်း “မုတမပါ လင်္ကာ မချော”လိုပဲ ခေတ်အဆက်ဆက် အလွဲသုံးစား အပြုခံနေရတဲ့ မြန်မာဆိုရိုးစကား ဖြစ်ပါတယ်။
ဘယ်သူတွေက အလွဲသုံးစား ပြုနေကြတာလဲလို့ မေးစရာ ရှိပါ တယ်။ “အကျင့်မကောင်းတဲ့သူတွေက”လို့ တစ်ခွန်းတည်း တန်းဖြေလိုက် ရင် အတော်များများ မဟုတ်တောင် တချို့တွေတော့ အတော့်ကို ဆွေ့ဆွေ့ခုန်ကုန်ကြမှာပါ။

သို့သော် လူကြီးမင်းများ တစ်ခု ဆန်းစစ်ကြစေချင်ပါတယ်။

ကျွန်တော်တို့ လူ့ဘောင်ကြီးကို လိမ်ညာဖုံးဖိမှုတွေ အပြည့်အသိပ်နဲ့ တည်ဆောက်ချင်ကြပါသလား။ လူ့ဘောင်ကြီးက သိပ်ဝေးလွန်းရင် ကိုယ့်မိသားစုကိုရော လိမ်ညာဖုံးဖိမှုတွေနဲ့ တည်ဆောက်ချင်ပါသလား။ ဒါကို အလေးအနက် စဉ်းစားဖို့ လိုပါလိမ့်မယ်။

ကျွန်တော့်အိမ်မှာ စည်းကမ်းတစ်ခုပဲ ရှိပါတယ်။ အဲဒါက “မလိမ်နဲ့၊ မဖုံးနဲ့”ဆိုတဲ့ စည်းကမ်းပါပဲ။ မှားတာကို ကြိုက်သလောက် မှားလာလို့ ရတယ်။ လူဆိုတာ အမှား မကင်းဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အခု အချိန်အထိ မှားနေတုန်းပါပဲ။ အမှားကို အမှန်ပြင်နိုင်ဖို့၊ အမှားထဲက သင်ခန်းစာယူဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် လိမ်ညာတာ၊ ဖုံးဖိတာ ကတော့ မိသားစု တစ်ခုလုံး၊ လူ့ဘောင်တစ်ခုလုံးကို အကြီးအကျယ် လှိုက်စားသွားနိုင်ပါတယ်။

ဒါ့ကြောင့် ကျွန်တော့်အိမ်မှာ ကျွန်တော်ကိုယ်တိုင်လည်း မလိမ်ညာဘူး၊ မဖုံးဖိဘူး။ အားလုံးကို အမှန်အတိုင်း အိပ်သွန်ဖာမှောက် ပြောပြ ထားခဲ့တယ်။ ကျွန်တော် ပွေတာ၊ ကျွန်တော် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ကျူးလွန်ခဲ့တာ၊ ကျွန်တော် အရက်သောက်တာ ကျွန်တော့် တစ် မိသားစုလုံး သိတယ်။ သိသာ သိစေ မမြင်စေနဲ့ ဆိုပြီး အိမ်ဦးခန်းမှာ ဟန်တစ်လုံး ပန်တစ်လုံးနဲ့ မနေဘူး။

သည်တော့ ဘာဖြစ်သလဲ၊ ကျွန်တော်တို့ မိသားစုမှာ သူမတူတဲ့ ချစ်ခင်မှု ရှိတယ်၊ သူမတူတဲ့ လေးစားမှု ရှိတယ်။ ကျွန်တော့်သားသမီးတွေလည်း မလိမ်တတ်၊ မဖုံးတတ်တော့ဘူး။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ယုံကြည်ကြတယ်။ မယုံလို့ လိုက်ချောင်းရတယ်ဆိုတာမျိုး တွေ ကျွန်တော်တို့ မိသားစု သက်တမ်း ၂၆ နှစ်မှာ တစ်ခါဆို တစ်ခါဖူး မျှ မရှိခဲ့ဖူးဘူး။

ယုံကြည်မှု ပျက်ယွင်းသွားပြီဆိုမှတော့၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် မယုံရမှတော့ အဲဒီ့ မိသားစု ဘာဖြစ်လို့ မိသားစုအဖြစ် ပေါင်းစည်းနေကြမှာလဲ။ လူ့ဘောင်တစ်ခုကရော ယုံကြည်မှု ပျက်ယွင်းနေ ပြီဆိုရင် စည်းလုံးမှု ရှိနိုင်ပါဦးတော့မလား။

အတော် စဉ်းစားစရာ ကောင်းတဲ့ အချက်တွေပါ။

မြန်မာ့လူ့ဘောင်

လက်ရှိ မြန်မာ့လူ့ဘောင်ကတော့ အတော့်ကို ယိုယွင်းပျက်စီးနေပါတယ်။ ဒါ အမှန်တရားပါ။ ၁၉၆၄ ခုနှစ်က စတင်လိုက်တဲ့ ပညာရေးစနစ်သစ်က မြန်မာ့ လူ့ဘောင် တစ်ခုလုံးကို အမြစ်ကလှန်ပြီး ပြိုလဲသွားအောင် ဖန်တီးခဲ့ပါတယ်။

သည်ပညာရေးစနစ်က လူအများစုရဲ့ “ဆင်ခြင်တုံတရား”ကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ လူတွေဟာ “ဉာဏ်ပညာ”ဆိုတဲ့ လက်ဆုပ် လက်ကိုင် ပြလို့ မရသော်လည်း အလွန်တန်ဖိုးကြီးလှသော ကိုယ်တွင်းက အစွမ်းအစကို ရဖို့ထက်၊ “အမှတ်”တို့၊ “ဘွဲ့လက်မှတ်”တို့ဆိုတဲ့ စက္ကူပေါ်က အဆောင်အယောင်တွေကိုသာ ပိုတပ်မက်ကုန်အောင် သည်ပညာရေး စနစ်ကြီးက ဖန်တီးပေးခဲ့ပါတယ်။

သည်မှာတင် လူတို့ရဲ့ ဆင်ခြင်တုံတရားကလည်း ချွတ်ခြုံကျကုန်ပါလေတော့တယ်။ လှေနံဓားထစ်သမားတွေ၊ လေဖမ်းဒန်းစီးသူတွေ မနိုင်ရင်ကာ ဖြစ်လာပါတော့တယ်။

သည်လိုပြောတော့ တစ်ယောက်က ကျွန်တော့်ကို ပြောတယ်။ ပညာရေးစနစ်ကိုချည်း လှိမ့်အပြစ်တင်မနေပါနဲ့၊ သည်ပညာရေးစနစ်ကြားမှာ လူဖြစ်ခဲ့ရတဲ့ ကျွန်တော်လိုလူတောင်မှ အတွေးသစ်၊ အမြင်သစ်တွေ ရှိနေတာ မဟုတ်ဘူးလားလို့လည်း ထောက်ပြပါတယ်။

ပာသူ မှန်ပါတယ်။ သို့သော် အဲဒါက ခြွင်းချက်သဘောကို ဆောင်ပါတယ်။ ကျွန်တော်က ကံကောင်းချင်တော့ မလိမ်မညာ မဖုံးမဖိတဲ့ မိသားစုထဲမှာ လူလားမြောက်ခွင့် ရခဲ့တယ်၊ သင်ယူမှုကို အားပေးတဲ့ မိဘ နှစ်ပါးကို ရခဲ့တယ်၊ စာအလွန်ဖတ်တဲ့ မိခင်ရဲ့ ရင်ငွေ့ကိုလှုံခွင့်ရခဲ့တယ်။ အရွယ်ရောက်လာချိန်မှာလည်း စာတွေ နင်းကန်ဖတ်ရာက ကိုယ့်မြန်မာစာနဲ့ ဖတ်ရတာတင် အားမရတော့ဘဲ နိုင်ငံတကာ စာတွေ ဖတ်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ပျိုးထောင် လေ့ကျင့်ယူနိုင်ခဲ့ပါတယ်။

ကိုယ်ရည်သွေးတယ်လို့ မှန်ကုန်မှာစိုးလို့ သည်လောက်နဲ့ပဲ ရပ်ပါရစေ။ အများစုမှာက အဲလို အခွင့်အရေးတွေ မရခဲ့ဘူး။ သည်တော့ ပညာရေးစနစ်ဆိုးကြီးရဲ့ ပုံသွင်းမှု ဒဏ်ကိုပဲ လှိမ့်ခံခဲ့ကြရပါတယ်။ စာကြည့်တိုက် မသုံးတတ်၊ စာဖတ်ခြင်းကို မခုံမင်၊ ဘာသာစကားအရ ထွန်းပေါက်မှုအားကလည်း တအား နည်းနေလေတော့ကာ ကိုယ့်ဝါးလုံးခေါင်းလေးကိုပဲ အဟုတ်မှတ်နေရတဲ့ ဘဝမှာ လူလားမြောက်ရသူက ဒုနဲ့ ဒေး ဖြစ် နေပါတော့တယ်။

သည်တော့ ဆင်ခြင်တုံတရားက ပါးရှားကုန်ပြီပေါ့။ ဆင်ခြင်တုံတရား မဲ့လာတဲ့အခါ ဆိုရိုးစကားတွေကိုလည်း အဆင်ခြင်မဲ့ ယူသုံးပြီး ကိုယ်စီးတဲ့ မြင်း အထီးမှန်း အမမှန်း မသိဖြစ်နေကြပါပြီ။

နိဂုံး

လူတွေဟာ တန်ရာ တန်ရာကိုသာ ရကြပါတယ်။ ဘုရားဟောကတော့ သတ္တဝါမှန်သမျှ ကံစီမံရာကို နာခံကြရတယ်ပေါ့။ အဲဒီ့ကံထဲမှာ မိမိတို့ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေလည်း ပါပါတယ်။

လိမ်ညာဖုံးဖိမှုကို အားပေးချင်သလား၊ လိမ်ညာဖုံးဖိသူတွေနဲ့ပဲ တစ်ဘဝလုံး ရင်ဆိုင်ရတော့မှာကို မြင်ဖို့ လိုပါတယ်။ ကိုယ့်ကို လူတွေက ယုံကြည်စေချင်သလား၊ ကိုယ်ကိုယ်တိုင်က ဖြောင့်မတ်ဖို့ လိုပါတယ်။ မလိမ်မညာ မဖုံးမဖိဘဲ အားလုံးကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ရှိနေဖို့ လိုပါတယ်။

ယုံကြည်မှုဆိုတာ တစ်နေ့ တစ်ရက် တစ်မနက်နဲ့ တည်ဆောက်ယူလို့ ရတာမျိုး မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံရတာမျိုးပါ။ ကိုယ့်မိသားစုထဲမှာ၊ ကိုယ့်အသိုင်းအဝိုင်းထဲမှာ ကိုယ်ဟာ ဖြောင့်မတ်သူ ဖြစ်ချင်သလား၊ ဒါမှမဟုတ် မယုံကြည်ထိုက်သူ ဖြစ်ချင်သလား။

စာဖတ်သူ လူကြီးမင်း ဘယ်လို ဖြေမယ်ဆိုတာ ကျွန်တော် သိနေမိ သလိုပါပဲ။

သို့သော် ကိုယ့်ရဲ့ အမူအကျင့်က ကိုယ်ဖြစ်ချင်တာကို ပံ့ပိုးပေးနေသလား၊ ဆန့်ကျင်နေသလားဆိုတာကို ကိုယ်တိုင် စဉ်းစားရပါလိမ့်မယ်။

မြန်မာဆိုရိုးစကားတွေဟာ ကောင်းသော ရည်ရွယ်ချက်နဲ့ ထားရှိခဲ့ ကြတဲ့ အစဉ်အဆက် စကားတွေ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ့စကားတွေကို ခုတုံးလုပ်ပြီး ကိုယ့်အကျင့်တန်မှုကို ဖော်ချင်ရင်လည်း ကိုယ့်သဘောပါ။ အဲသလို ခုတုံးလုပ်လို့ တကယ်တမ်း ထိခိုက်လာမယ့်သူကလည်း ကိုယ်ကိုယ်တိုင်သာ ဖြစ်တယ်ဆိုတာကို မြင်ကြမယ်ဆိုရင်ဖြင့်…
အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ဝ၇၀၃၁၄)

(၂၀၁၄ ခုနှစ် ဧပြီလထုတ် Fashion Image မဂ္ဂဇင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။)