You may copy and paste my writings, but…

ကူးချင်သလောက်သာ ကူး

ကနေ့ နိုင်ငံရပ်ခြားရောက် ဆရာဝန် တစ်ဦးဆီက ဓာတ်ချောစာ တစ်စောင် ၀င်လာပါတယ်။ သူက ကျွန်တော် တင်ခဲ့တဲ့ “ခင်မင်မှု သံမှိုများ”ကို သဘောကျလို့ သူ့မိတ်ဆွေတွေဆီကို ဖြန့်ဝေဖြစ်ခဲ့တဲ့အကြောင်းနဲ့ ကျွန်တော့်ဆီက ကြိုတင် ခွင့်မတောင်းခဲ့မိတဲ့အတွက် တောင်းပန်ကြောင်း စာပို့လာတာပါ။

ကျွန်တော် သူ့ကို အားနာသွားပါတယ်။

မကြာသေးခင်က ကျွန်တော် တင်ခဲ့တဲ့ ဦးဘုန်း(ဓာတု)ရဲ့ “အာဖတာ-ယူ” ဆိုတဲ့စာကို “အသိုင်းအ၀ိုင်း” အမည်ခံထားတဲ့ တစ်စုက သည်တိုင်း ကူးယူပြီး Facebook မှာရော၊ သူတို့ရဲ့ ပင့်ကူအိမ် စာမျက်နှာမှာပါ တင်လိုက်ရာမှာ မည်သူမည်ဝါ တင်သည်ဆိုတဲ့ နာမည်ကို ပြောင်းလဲ ဖော်ပြထားတဲ့အတွက် ကျွန်တော့် Facebook စာမျက်နှာမှာ ထောက်ပြတဲ့ စာတစ်ပိုဒ် ရေးလိုက်ပါတယ်။

(၁) ဦးဘုန်း (ဓာတု)ရဲ့ စာကို သူတို့ ကိုယ်တိုင် တွေ့ရှိထားတာ မဟုတ်ပါဘူး။ တစ်နည်းပြောရရင် မူလ စာမူ ဖော်ပြရာ ရွှေမန္တလေး ဂျာနယ်ကိုသော်လည်းကောင်း၊ ဦးဘုန်း (ဓာတု)ရဲ့ “တွင်း” အမည်ပါ စာအုပ်ကိုသော်လည်းကောင်း သူတို့ လက်နဲ့တောင် မထိဖူးပါဘူး။

(၂) သူတို့ လက်နဲ့ စာတစ်လုံးစီ၊ ၀ါကျတစ်ကြောင်းစီ အပင်ပန်းခံပြီး ကွန်ပျူတာပေါ်ရိုက်၊ အင်တာနက်ပေါ် တင်တာ မဟုတ်ပါဘူး။ cut & paste လုပ်လိုက်တာလေးပဲ သူတို့ဘက်က အားစိုက်ရတာပါ။

ကြိုက်လို့ cut & paste လုပ်တာ ပြဿနာမရှိပေမယ့် မည်သူ မည်ဝါ တင်သည်ဆိုတာကြီးကို ထည့်လိုက်တာက အတော် ရုပ်ပျက်ပါတယ်။ စာရေးသူ ဦးဘုန်း(ဓာတု) နာမည်ပါရင် ပြီးတာပဲ။ ဖတ်တဲ့သူ၊ တစ်လုံးစီ ကူးတင်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အရေးစိုက်စရာ မလိုဘူးဆိုတဲ့ သဘော သက်ရောက်သွားပါတယ်။ မည်သူမည်ဝါ တင်သည်လို့ ပြောရအောင် မူရင်း Facebook မှာ တင်ထားတဲ့ ရေးထုံး အလွဲမှသည် ပုဒ်ဖြတ်ပုံအထိ တစ်ထပ်တည်း တူနေတာကတော့ ဆိုးပါတယ်။

ပွင့်ပွင့်လင်းလင်းပဲ ပြောမှ ရပါတော့မယ်၊ အဲဒါကို Facebook မှာ တင်တာ၊ ကျွန်တော်နဲ့ တစ်အိမ်တည်း နေတဲ့ ကျွန်တော့်ဇနီး ကိုယ်တိုင်ဖြစ်ပါတယ်။ သူ့ကို ဒါလေး ဖတ်ကြည့်ဆိုပြီး ညွန်းခဲ့တဲ့သူက ကျွန်တော်ပါ။

ဒါကို လူတစ်ဦးချင်းစီ နာမည်နဲ့ လုပ်ရင်တောင် ကျွန်တော် ဘာမှ ပြောမိမှာ မဟုတ်ပါဘူး။ “အသိုင်းအ၀ိုင်း”ဆိုတဲ့ နာမည်ကို ခံထားတာက လုပ်လိုက်တာမို့ ကျွန်တော် တော်တော် စိတ်ညစ်သွားပါတယ်။ ဘယ်သူ့ပို့(စ်)မှာ တင်ထားတာတွေ့တယ်၊ ကြိုက်လို့ ပြန်တင်လိုက်ပါတယ်လို့ ရေးလိုက်လည်း ဖြစ်တာပါပဲ။ ဒါမှမဟုတ်လည်း Facebook မှာပဲ၊ သည်တိုင်း share လိုက်လို့လည်း ရပါတယ်။ ဒါဆိုရင် ဘယ်သူ တင်တယ်ဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။ အခုဟာက အညွန့်ခူးတာ သက်သက် ဖြစ်နေတယ်။

ပိုဆိုးသွားတာက သူတို့ရဲ့ ပင့်ကူအိမ်စာမျက်နှာမှာ ကျွန်တော့်ဇနီး တင်ထားတဲ့ ဦးဘုန်း(ဓာတု)ရဲ့ နောက်ထပ် တစ်ပုဒ်အပါအ၀င် စုစုပေါင်း နှစ်ပုဒ်ကို ခပ်တည်တည်နဲ့ တင်ထားတာပါပဲ။ “အသိုင်းအ၀ိုင်း”နာမည်ခံယူထားသူတွေက အသေးလေးတွေကို ဂရုမထားတာ ၀မ်းနည်းစရာ ကောင်းပါတယ်။ ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေကိုတောင်မှ အလေးထားရကောင်းမှန်း မသိရင် ကျန်တဲ့ အကြီးကြီးတွေအတွက် သူတို့ “အသိုင်းအ၀ိုင်း”ကို ဘယ်လိုလုပ် ကိုးစားလို့ ရပါတော့မလဲ။ မဆိုင်တာတွေ ပြောတယ်လို့ မထင်စေချင်ပါဘူး။ အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုတဲ့ မြန်မာစကား အထင်အရှားရှိပါတယ်။

နောက်တစ်ချက် လူတိုင်းလုပ်နေတာပဲ၊ နယ်ပယ်တိုင်းမှာ ပျက်နေတာပဲ၊ ကျုပ်တို့မှ လာ လက်ညှိုးမထိုးနဲ့ဆိုတဲ့ စကားတိမ်တိမ်လေးလည်း မပြောစေချင်ပါဘူး။ တစ်ဦးချင်းစီက အဲလို ပြောလာရင် လက်ခံနိုင်ပါတယ်။ နှစ်ယောက်လောက်နဲ့ ဖွဲ့လိုက်တဲ့ အဖွဲ့ဖြစ်ရင်တောင်မှ ကိုယ်လုပ်သမျှဟာ ကျန်တဲ့တစ်ယောက်ကိုပါ ထိခိုက်နိုင်မှန်း မြင်တတ်မှ လူပီသမှာပါ။ အခု “အသိုင်းအ၀ိုင်း”ကို ခြေရာခံလိုက်တဲ့အခါ အဖွဲ့ဝင် ၄ ဦး ရှိပြီး နာမည်တူ၊ ပြထားတဲ့ အသိုင်းအ၀ိုင်းပုံချင်းလည်း တူ၊ အဖွဲ့အကြောင်း ဖော်ပြချက်နဲ့ အဖွဲ့ရဲ့ ရည်ရွယ်ချက်ပါ တစ်ထပ်တည်းတူနေတဲ့၊ အဖွဲ့ဝင်ပေါင်း ၂၀၀၀ နီးပါးရှိတဲ့ အသိုင်းအ၀ိုင်းတစ်ခုလည်း ရှိနေတာကိုပါ တွေ့လိုက်ရပါတယ်။ အဲတော့ သည် “အသိုင်းအ၀ိုင်း”ဟာ လူတစ်ဦးတစ်ယောက်၊ နှစ်ဦးနှစ်ယောက်ကို ကိုယ်စားပြုထားတာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်လည်း အဲဒါကို ထောက်ပြတဲ့ စာတစ်ပိုဒ်ကို ရေးဖြစ်သွားတာပါ။

ဒါကို ဟိုဆရာက ဖတ်မိသွားပုံရပြီး ကျွန်တော့်ဆီ တောင်းပန်စာ လှမ်းပို့တာပါ။ ကျွန်တော့်ဘက်က ရှင်းပါတယ်။ ကျွန်တော့် ဘလော့(ဂ်)ပေါ်မှာ တင်ထားတာကို မည်သူမဆို ပြန်လည် ကူးယူဖော်ပြနိုင်ပါတယ်။ လိပ်ပြာ သန့်ချင်တဲ့သူဆိုရင် ကျွန်တော့်နာမည်နဲ့ ရည်ညွှန်း စာအုပ်/စာနယ်ဇင်း/ဘလော့(ဂ်)လိပ်စာ ထည့်လိမ့်မပေါ့။ မထည့်ကြတော့လည်း ကျွန်တော်က ဘာတတ်နိုင်မှာလဲ။ လိုက်တရားစွဲနေရအောင် ကျွန်တော်တို့ဆီမှာ မူပိုင်ခွင့်ဥပဒေက အခုမှ ပြင်ဆင်ဆဲ အဆင့်ရှိသေးတာပဲ။

သေချာတာတစ်ခုကတော့ ပုဂ္ဂလိက တစ်ဦးချင်းစီ သဘောကျလို့ လက်တို့တာ၊ ကူးယူပြီး ဓာတ်ချောစာနဲ့ ပို့တာ၊ Facebook မှာ သည်လင့်(ခ်)ကို ဖော်ပြတာများဟာ စာဖတ်သူတိုင်း လုပ်နေကျ အလုပ်ပါ။ ဘာ မူပိုင်ခွင့်နဲ့မှ မသက်ဆိုင်ပါဘူး။ အစားကောင်း စားရတဲ့အခါ မိတ်ဆွေတွေဆီ ဝေမျှတဲ့ သဘောပဲဟာ။ ကိုယ်ကျိုး ကိုယ်စီးပွား ဘာမှ မပါပါဘူး။ အလွန်ဆုံးမှ မိတ်ဆွေ တိုးတာပဲ ရှိပါလိမ့်မယ်။ တခြား ဘာအကျိုးအမြတ်မှ မရှိပါဘူး။ ဘာနဲ့ တူသလဲဆိုတော့ သူငယ်ချင်းချင်း ကိုယ်ကြည့်ခဲ့တဲ့ ရုပ်ရှင်လေး ကောင်းတယ်၊ မကြည့်ရသေးရင် သွားကြည့်၊ ဘယ်ရုံမှာ ပြနေတယ်၊ ပွဲချိန်က ဘယ်နှနာရီ၊ ဘယ်အချိန်ဆိုရင် လက်မှတ်လွယ်တယ် စသဖြင့် ပြောသလိုမျိုးလောက်ပါ။ အဲဒီ့အတွက် ကျွန်တော့်ဘက်က ဘာမှ ဥပါဒ်နေစရာ အကြောင်း မရှိပါဘူး။

“အသိုင်းအ၀ိုင်း၊” “အုပ်စု”မှာ ကျတော့ အကျိုးစီးပွား ပါလာပါပြီ။ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါ။ အဖွဲ့ဝင်အင်အား တောင့်တင်းရေးဟာ အသိုင်းအ၀ိုင်း/အုပ်စုရဲ့ အကျိုးစီးပွားဖြစ်ပါတယ်။ သည်အခါမှာ စည်းရုံးရေးကို ဘက်ပေါင်းစုံက လုပ်ရပါတော့တယ်။ ဒါမျိုးအတွက် သုံးတာကျတော့ ပုဂ္ဂလိက သဘောမဆောင်တော့ပါဘူး။ သည်အခါ အင်တာနက်မှာမို့လို့ ခွင့်ပြုချက် မတောင်းဖြစ်ဘူးဆိုရင်တောင်မှ မိမိတို့ရဲ့ ကောင်းမြတ်သော မနဿီကို ပေါ်လွင်စေဖို့အတွက် မူရင်း စာမျက်နှာ၊ မူရင်း ပို့(စ်)၊ မူရင်း မှတ်စု ရေးသူကို ဖော်ပြပေးသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဘယ်ကမှန်း မသိ ရလာတဲ့ လက်ဆင့်ကမ်း ဓာတ်ချောစာက ယူတယ်ဆိုရင်တောင်မှ ဓာတ်ချောစာက ရတဲ့အကြောင်း ဖော်ပြခြင်းမျိုးတော့ လုပ်သင့်ပါတယ်။ အခုရှုပ်မှ နောင်ရှင်းမှာပါ။ ပြီးတော့ အဲဒီ့ အသိုင်းအ၀ိုင်း/အုပ်စုရဲ့ ဂုဏ်သိက္ခာလည်း မြင့်တက်လာမှာဖြစ်သလို စည်းရုံးရေး အင်အားကိုလည်း အများကြီး အထောက်အကူ ဖြစ်နေစေမှာ သေချာပါတယ်။

ဒါ့ကြောင့် ကျွန်တော်က အဲဒီ့အချက်ကို ထောက်ပြလိုက်တာပါ။

ထပ်ပြောပါရစေ။ ဒါ တစ်ဦးချင်းစီ လက်ဆင့်ကမ်း ဖြန့်ဝေကြတာနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ အဲဒီ့အတွက်လည်း ကျွန်တော့်ကို ခွင့်တောင်းစရာ မလိုပါဘူး။ စာဖတ်သူချင်း ကိုယ်ချင်းစာပါတယ်။ ဘယ်က ရတယ်၊ ဘယ်သူရေးတယ်ဆိုတာလည်း ထည့်ချင် ထည့်ကြပါ၊ မထည့်ချင် မထည့်ကြပါနဲ့။ ကျွန်တော့်အတွက် ဘာမှ အရေးမကြီးပါဘူး။

အလားတူပဲ၊ ဘလော့(ဂ်)များ အပါအ၀င် ကြိုက်တဲ့နေရာမှာလည်း ကြိုက်သလို ကူးယူဖော်ပြနိုင်ကြပါတယ်။ အဲဒီ့မှာလည်း ဘယ်က ရတယ်၊ ဘယ်သူရေးတယ် ဆိုတာလည်း ထည့်ချင် ထည့်ကြပါ၊ မထည့်ချင် မထည့်ကြပါနဲ့။ ကျွန်တော့်အတွက် ဘာမှ အရေးမကြီးပါဘူး။ တစ်ဦးချင်းစီရဲ့ လိပ်ပြာကပဲ အရေးကြီးပါတယ်။

အခု ကျွန်တော် ပြောနေတာက “အသိုင်းအ၀ိုင်း/အုပ်စု”နာမည်ကို ခံယူထားသူတွေ ဆင်ခြင်ကြည့်စေချင်လို့ပါ။ မိမိတို့ အသိုင်းအ၀ိုင်း/အုပ်စုရဲ့ ဂုဏ်သိက္ခာကို မိမိတို့ တစ်ဦးချင်းစီရဲ့ ကံသုံးပါးကသာ တက်စေ၊ ကျစေနိုင်တာကို မြင်ကြစေချင်လို့သာ ဖြစ်ပါတယ်။

ကျွန်တော် ပြောတာကို လက်ခံရမယ်လို့ ဘယ်သူ့ကိုမှ မတိုက်တွန်းပါဘူး။ ကျွန်တော် ပြောတာ ယထာဘူတ ကျမကျ၊  ဆောင်သင့် မဆောင်သင့် မိမိတို့ ကိုယ်ပိုင်ဉာဏ်များနဲ့ ချင့်ချိန်ဆတွက်တော်မူကြပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၀၀၁၆ နာရီ ၁၉၁၀၁၀)

မှတ်ချက်။    ။ သည်ကိစ္စနဲ့ ပတ်သက်လို့ ဆရာမ ပန်ဒိုရာက ၀င်ရောက်ဆွေးနွေးရင်း မူပိုင်ခွင့်နဲ့ ပတ်သက်လို့ သူရေးထားတဲ့ ပို့(စ်) လင့်(ခ်)ကိုပါ ပေးသွားပါတယ်။ ကျွန်တော်လည်း သူရေးတာ ဖတ်ပြီး တော်တော် သဘောကျသွားပါတယ်။ http://pandora-and-pandora.blogspot.com/2008/11/blog-post_29.html မှာ သွားရောက် ဖတ်ရှုနိုင်ကြပါလိမ့်မယ်။ အဲဒါ ဖတ်ပြီးတော့ ကျွန်တော့် ဘလော့(ဂ်)နှစ်ခုစလုံးမှာ တင်ထားတဲ့ ပုံတွေထဲက ကျွန်တော် မပိုင်ဘဲ အင်တာနက်ထဲကနေ ဆယ်နှစ်တာအတွင်း စုထားခဲ့သမျှ ပုံအားလုံးကို ဖြုတ်လိုက်ပါတယ်။

နောက်တစ်ချက်က ကျွန်တော့် Facebook မှာရော၊ ဘလော့(ဂ်)မှာပါ ဦးဘုန်း (ဓာတု)ရဲ့ စာကို တင်ခွင့်ပြုဖို့ ဆရာ ဦးဘုန်း (ဓာတု)ဆီက ကျွန်တော်ကိုယ်တိုင် တယ်လီဖုန်းနဲ့ ခွင့်ပြုချက်တောင်းခံခဲ့ပြီးမှ တင်ခဲ့တာ ဖြစ်ပါတယ်။

On Discrimination 2: Sound File

အပျိုကြီးတစ်ယောက်ဆီက လာတဲ့ စာတစ်စောင်ကို အကြောင်းပြုပြီး ဆွေးနွေးထာတာလေး တစ်ခုပါ။ လွန်ခဲ့တဲ့ ၈ လ ၉ လ လောက်က Mandalay FM မှာ ထုတ်လွှင့်ခဲ့တာလေးကို ပြန်တင်ထားတာဖြစ်ပါတယ်။

Limp wristed

မန်ကျည်းကိုးပင်ကို နှောက်ပါလို့ရယ်

ကျွန်တော်သည် စာမတော်လှသော်လည်း စာညံ့သည့်အထဲတွင်တော့ ဘယ်သောအခါမှ မပါခဲ့ဖူးပါ။ ထို့ကြောင့် တန်းစဉ် တစ်လျှောက်လုံး၌ အေတန်း (ခေါ်) စာတော်သူ ကျောင်းသားများ စုဝေးရာ တန်းခွဲ(က)တွင်သာ အစဉ်တစိုက် နေခဲ့ရပါသည်။ ကျွန်တော်တို့ အတန်းမှ မြန်မာပြည်တစ်ပြည်လုံး ပထမရသူအထိ ထွက်ပါသည်။ ဘယ်နှထပ်ကွမ်းမှန်း မသိသော လူရည်ချွန်လည်း ကျွန်တော်တို့ အတန်းမှပင် ထွက်ပါသည်။

ကျွန်တော်တို့ ကျောင်းက ယောကျာ်းလေးများချည်းသာ ထားသော ကျောင်းဖြစ်သည်ကိုလည်း ဤနေရာတွင် ထည့်ပြောချင်ပါသေးသည်။

မှတ်မှတ်ရရ ခုနစ်တန်းနှစ်အတွင်း တစ်ရက်တွင် ကျွန်တော် နေမကောင်း၍ ကျောင်းပျက်ပါသည်။ ကျောင်းပြန်တက်သောအခါ သင်္ချာ သင်ခန်းစာတစ်ခုကို မလိုက်နိုင်တော့ပါ။ ထို့ကြောင့် အတန်းထဲမှ အတော်ဆုံး ပုဂ္ဂိုလ်ထံ ချဉ်းကပ်လိုက်ပြီး စာမေးပါသည်။

သူ ဘာဖြေသည် ထင်ပါသနည်း?

“ငါလည်း မတွက်တတ်ဘူးကွ”ဟူသတည်း။ မျက်နှာသေနှင့် သူ့မျက်ခွက်ကို ပိတ်ထိုးလိုက်ချင်စိတ် ပေါက်သွားခဲ့ဖူးပါသည်။ သူသည် ထိုအချိန်တွင် ခုနစ်တန်း သင်္ချာတင်မက တက္ကသိုလ်အဆင့်များ သုံးနေသည့် “ကဲကုလ”သင်္ချာကို တွက်နိုင်နေပြီဖြစ်ကြောင်း တစ်ကျောင်းလုံးသိပါသည်။ သင်္ချာအရာတွင် ပါရမီထူးသူအဖြစ် သူ့ကို ဆရာများအားလုံးရော၊ ကျောင်းသားများ အားလုံးပါ နားလည်လက်ခံထားကြသည်။ ထိုပုဂ္ဂိုလ်က “ငါလည်း မတွက်တတ်ဘူးကွ”ဟုဆိုသောအခါ ကျွန်တော် သူ့ကို ထိုးချင်သွားသည်မှာ မလွန်ဘူးထင်ပါသည်။ သူက ဆက်ပြောလိုက်ပါသေးသည်။ “မောင်မောင်ဇော်က ငါ့ထက် တော်တယ်၊ သူ့သွား မေးပါလားကွ”တဲ့။

ကျွန်တော်ကလည်း မအူမလည်နှင့် သူ လက်ညိုးထိုးသော မောင်မောင်ဇော်ဆိုသူထံ ရောက်သွားရပြန်သည်။ မောင်မောင်ဇော်ဆိုတာကလည်း ကျွန်တော်တို့အတန်းမှာ စောစောက ပုဂ္ဂိုလ်နှင့် ပထမနေရာ လုနေသူပင်ဖြစ်သည်။ သူကလည်း ထူးချွန်ကျောင်းသား။

တကယ်တမ်း သွားမေးသောအခါတွင် အနှီ မောင်မောင်ဇော်ကလည်း ငါ မတွက်တတ်ဘူးဟု ပြောလွှတ်ပြန်သည်။ ကျွန်တော် အတော် စိတ်နာလာသည်။ သူက နောက်တစ်ယောက်ကို လက်ညိုးထိုးပြန်သည်။ သည်လိုနှင့် ကျွန်တော့်အတန်းထဲမှာပင် တောင်ပြေးမြောက်ပြေး၊ ရွာဆော်ကြီးခွေးဘဝသို့ ရောက်နေခဲ့ပါသည်။

နောက်ဆုံးတွင် ဝင်းနိုင်ဆိုသည့် အတန်းထဲမှာ အလယ်အလတ်ဆင့်သာ ရှိသည့် သူငယ်ချင်းက ကျွန်တော့်ကို ကူညီပါသည်။ သေချာ တွက်ပြပေးပါသည်။

ကျွန်တော်ကား ဘယ်တုန်းကမှ အမှတ်သည်းချေ ရှိသူမျိုးမဟုတ်ပါ။ ထို့ကြောင့် နောင်နှစ်၊ နောင်နှစ်များတွင်လည်း စာနှင့်ပတ်သက်လာလျှင် ထိုအချွန်စားများကို တစ်ခါ၊ နှစ်ခါလောက်တော့ သွားသွား ဆရာတင်မိသည်။ ဘယ်တော့ပဲဖြစ်ဖြစ်၊ သူတို့၏ အဖြေကား တစ်သမတ်တည်းသာ ဖြစ်သည်။ သူတို့ မကူညီနိုင်၊ တခြားတစ်ယောက်ကို လက်ညိုးထိုးမည်။ ယင်းသည်သာ သူတို့၏ အဖြေဖြစ်သည်။

တက္ကသိုလ်ရောက်တော့ အဲသလို မဟုတ်တော့။

တက္ကသိုလ်မှာလည်း ကျွန်တော်သည် တန်းခွဲ(၁)တွင်ပင် တက်ရသည်။ ကျွန်တော်တို့အတန်းထဲတွင် သိပ္ပံပညာချွန်ဆုရသူတွေပင်ရှိသည်။ သို့သော် ထိုအတော်စား အားလုံးက မိန်းကလေးတွေချည်း ဖြစ်နေသည်။

ကျွန်တော်ကား တက္ကသိုလ်ကျောင်းသား တစ်ပိုင်း၊ အငှားယာဉ်သမား တစ်ပိုင်းမို့ ကျောင်းစာမှာ အတော်လစ်ဟင်းသည်။ ထိုအခါ အမှတ်သည်းချေ မရှိလှသော ကျွန်တော်က ထိုထူးချွန်မိန်းကလေးများကို ချဉ်းကပ်မိရပြန်သည်။ သူတို့နှင့် ကျွန်တော်နှင့်က နင်တစ်ခွန်း ငါတစ်ခွန်း ခင်မင်ရင်းနှီးသည့် အတွက်လားတော့ မပြောတတ်ပါ။ ကျွန်တော့်အတွက် အပင်ပန်းခံကာ စာလည်း ကူးပေးရှာကြသည်။ စာလည်း ပြန်ပြပေးတတ်ကြသည်မှာ ကံ့ကော်မြေတွင် နေခဲ့သည့် လေးနှစ်တာလုံးလုံး ဖြစ်ပါသည်။

ဘွဲ့လွန်သင်တန်းတက်သောအခါတွင်မူ ကျွန်တော်က အတန်းထဲမှ လူတော် စာရင်းတွင် ဘယ်က ဘယ်လို ဝင်သွားမှန်းမသိ။ သေချာသည်ကတော့ အတန်းထဲမှာ စာတော်သည်ဟု အသတ်မှတ်ခံရသူများ အားလုံးမှာ ယောက်ျားလေးတွေချည်း ဖြစ်နေခြင်းပင်။

ပညာသင်နှစ် ကုန်လုနီးတွင် လူတစ်ယောက် ကျွန်တော့်ထံ ရောက်လာသည်။ ထိုသူကို ကျွန်တော် မမြင်ဖူး။ သူက ကျွန်တော်တို့အတန်းထဲမှ ခုံနံပါတ်တစ် ဖြစ်နေပြီး အူရောင်ငန်းဖျားရောဂါကြောင့် ကျောင်းပျက်ခဲ့ရသည်ဟု ဆိုပါသည်။ သူ့ကို စာပြန်ပြပေးရန် ကျွန်တော့်ကို ပြောလာခြင်း ဖြစ်သည်။

ကျွန်တော်က အလွယ်တကူ ခေါင်းညိတ်လိုက်သောအခါ ထိုပုဂ္ဂိုလ်မှာ ထခုန်မတတ် ဝမ်းသာသွားသည်။ တစ်ဆက်တည်းမှာပင် ခင်ဗျားက ဘာလို့ ဘောလီဘော မပုတ်တာလဲဟု မေးပါသည်။ ကျွန်တော် နားမလည်ပါ။ အဲတော့မှ သူက ရှင်းပြသည်။ ကျွန်တော့်ဆီ သူ မရောက်ခင်မှာ အတန်းထဲမှ စာတော်သည်ဟု နာမည်ကြီးသူ သုံး၊ လေးဦးထံ သူရောက်ခဲ့ပြီးပြီ။ တစ်ဆင့်ပြီး တစ်ဆင့် ဘောလီဘော ပုတ်လွှတ်လိုက်ကြရင်းမှ ကျွန်တော့်ထံ ရောက်လာခြင်းဖြစ်သည်။ ကျွန်တော်ကလည်း ရှေ့က လူများနှယ် နောက်တစ်ယောက်ထံ နတ်လမ်းညွှန်လိမ့်ဦးမည်ဟု တွက်ထားခဲ့သည်ဟု ဆိုပါသည်။

အဲတော့မှ သဘောပေါက်သွားသည်။ အတော်စားတွေက သူများတကာအပေါ်မှာ စေတနာ မထားနိုင်အားကြသော သဘောကိုဖြစ်သည်။ သူတို့မှာက လူတိုင်းကို ပြိုင်ဖက်လို သဘောထားနေကြသည်။ ကိုယ့်ထက် သာသွားမှာ၊ ကြောသွားမှာကို ပူပန်ကြသည်။ ထိုအခါ သူတို့တွေမှာ စိတ်ကောင်း မမွေးနိုင်ရှာကြတော့။
လွဲချက်က ကမ်းကုန်ပင်ဖြစ်ပါသည်။

ကျွန်တော် နားလည်သည်ကတော့ ပြိုင်ဖက်ရှိလျှင် တိုးတက်သည်။ သို့သော် ထိုပြိုင်ဖက်ထက် သာရန်အတွက် မိမိကိုယ်မိမိသာလျှင် တစ်နေ့တခြား ပိုမိုတော်လာရန် အားထုတ်ရမည်သာ ဖြစ်သည်ဟုပင်။ ပြိုင်ဖက်ကို  နှိပ်ကွပ်ခြင်းဖြင့် အနိုင်ရခြင်းမှာ ဘယ်လိုနည်းနှင့်မှ အရသာ မရှိသော အောင်နိုင်မှုပင်ဖြစ်သည်။

သို့တိုင်အောင် ယနေ့ လူကြီးဖြစ်လာသော လက်တွေ့ဘဝတွင်လည်း ပြိုင်ဖက်ထက် အရည်အချင်းအရာတွင် သာအောင် အားထုတ်ပြီး ကျော်လွှားရန် စိတ်မကူးကြဘဲ ပြိုင်ဖက်ကို ခြေထိုးကာ ကျဆုံးအောင် လုပ်ယူချင်သူများနှင့် အကြိမ်ကြိမ်ဆုံခဲ့ရ၊ ဆုံနေရဆဲဖြစ်ပါသည်။ ထိုသို့ ကြုံနေရသူမှာလည်း ကျွန်တော် တစ်ယောက်တည်း မဟုတ်သည်ကို တွေ့ရသောအခါ လောကတံထွာ လူ့ဓမ္မတာဟုပင် ရံခါ ထင်မြင်မိသည်။

တစ်ဖက်တွင်လည်း တက္ကသိုလ်မှာတုန်းက အတန်း၏ ထိပ်ဆုံးမှ မိန်းကလေးတွေက ကျွန်တော့်ကို လိုလိုချင်ချင် ကူညီခဲ့ကြသည်ကို အမှတ်ရသွားသောအခါ ကျွန်တော် မျက်မှောင်ကုပ်သွားရသည်။

ဘဝင်မကျလှသဖြင့် စာတော်သူ ကျွန်တော့်သမီးကို မေးကြည့်မိရသည်။ သမီးကား နှစ်စဉ် ပညာချွန်ဆု တစ်ခုမဟုတ် တစ်ခု ရနေသူ ဖြစ်သည်။ အတန်းထဲမှာလည်း ပထမ ခဏခဏ ရသူဖြစ်သည်။ သူ့ သူငယ်ချင်းလေးတွေမှာလည်း အတော်စားလေးတွေချည်း ဖြစ်သည်ဟု သိထားသည်။ ထို့ကြောင့် မေးမိရပါသည်။

ဟုတ်ကဲ့…

သမီးသည်လည်း ထိုသို့ မဟုတ်ပါ။ သူ့သူငယ်ချင်း၊ သူ့ပြိုင်ဖက် မိန်းကလေးများသည်လည်း ထိုသို့ မဟုတ်ပါဟု သိရပါသည်။ အဲ… သူတို့ ပြိုင်ဖက် ယောက်ျားလေးတွေကတော့ စာနှင့် ပတ်သက်လာလျှင် နည်းနည်း လျှိုချင်သည်ဟု ပြောပါသည်။

ဘုရား… ဘုရား….

ကျွန်တော်တို့ ယောက်ျားလေးတွေကပဲ တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်ရာတွင် မဖြစ်ဖြစ်သည့်နည်းဖြင့် အနိုင်ယူလိုစိတ်တွေ များနေကြသလားဟု တွေးမိသွားသောအခါ ဆတ်ခနဲ ဖြစ်သွားပါသည်။ လက်သီးချင်း ယှဉ်ထိုးနေရင်းမှ မနိုင် နိုင်သဖြင့် ပြိုင်ဖက်၏ နားရွက်ကို ကိုက်ဖြတ်ခဲ့ဖူးသူ ဟဲဗီးဝိတ်လက်ဝှေ့သမား မိုက်(ခ်)တိုက်ဆင်(န်)မှာ မိန်းမတစ်ယောက် မဟုတ်တာကတော့ သေချာပါသည်။ ထို့အတူ “ခါးပတ်အောက် ထိုးသည်” ဟူသော သိုးဆောင်းဆိုရိုးမှာလည်း ယောက်ျားသားများ ကြီးစိုးရာ လက်ဝှေ့ဝိုင်းမှ လာသော စကားဖြစ်နေပါသည်။

ဒါဖြင့်ရင် စိတ်သဘောထား သေးနုပ် သိမ်ဖျင်းသည့်အရာမှာ အတောင် နှစ်ဆယ်ဝတ်ဆိုသည့် မင်းယောက်ျားတွေက ပိုများ သာနေသလားဟု တွေးစရာ ဖြစ်လာပါသည်။

အားလုံး မဟုတ်တောင် စာတော်သည့် ယောကျာ်းသားတွေ စိတ်သဘောထား သေးနုပ်တာကိုတော့ ကိုယ်တွေ့ကြုံခဲ့ဖူးပါသည်။

ဟင်… ဒါတင် ဘယ်ကလို့တုန်း…

ဘဝတစ်လျှောက်တွင် ကျွန်တော့်ကို ခြေထိုးခဲ့သူ၊ ချောက်တွန်းခဲ့သူ၊ အမနာပပြောခဲ့သူ၊ ကွယ်ရာကနေ အပုပ်ချခဲ့သူ အားလုံးကို ပြန်စဉ်းစား ကြည့်သောအခါတွင်လည်း သုံးတောင်ဝတ်တွေ တစ်ယောက်မှ မပါဘဲ ယောကျာ်းတွေထဲကသာ ဖြစ်နေသည်ကို ဆင်ခြင်မိသောအခါ…

ဟုတ်ကဲ့…

ကြက်သီးဖျန်းဖျန်း ထသွားရကြောင်းပါ ခင်ဗျား။    ။

 

(၂၀ဝ၃ ဇူလိုင် ၂၁ ထုတ် ရွှေမန္တလေးဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ဒီဇင်ဘာမှာ ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ထဲက စာတစ်ပုဒ်ကို ပြန်လည်တင်ဆက်ထားတာပါ။)

 

Demands of the Burmese Society on Burmese Women

မြန်မာအမျိုးသမီးများအပေါ် မြန်မာ့လူ့ဘောင်ရဲ့ တောင်းဆိုမှု

“မြန်မာအမျိုးသမီးများအပေါ် မြန်မာ့လူ့ဘောင်ရဲ့တောင်းဆိုမှု”ရယ်လို့ ခေါင်းတပ်လိုက်တဲ့အခါ တော်တော့်ကို ကြီးကျယ်သွားလေသယောင် ထင်ရပါတယ်။ တကယ်တော့ ဒါဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲတစေ ကြုံတွေ့နေရတဲ့ ကိစ္စသေးသေးလေးများသာ ဖြစ်ပါတယ်။

ပုံစံ (၁)

ကျွန်တော်က အလွန်ခရီးသွားတဲ့သူပါ။ ခြေထောက်မှာ ဗွေပါတယ်လို့တောင် ထင်ရလောက်အောင် ခရီးယာယီ အလွန်များပါတယ်။ ဒါပေမယ့် အကျင့် တစ်ခု လုပ်ထားတယ်၊ ဘယ်မြို့ကိုရောက်ရောက်၊ ဆွေမျိုးမိတ်သင်္ဂဟများ အိမ်မှာ ဘယ်သောအခါမှ မတည်းပါဘူး။

အကြောင်းရှိပါတယ်။ သူများအိမ် တည်းတယ်ဆိုတာ သူများအတွက် ဒုက္ခဖြစ်သလို၊ ကိုယ့်အတွက်လည်း ဒုက္ခဖြစ်နိုင်တယ်။ “အိမ်တည်းဧည့်” မရှိခိုက်မှာ အိမ်သားတွေ ဖြစ်သလို စား၊ ဖြစ်သလို နေချင်နေကြမှာမျိုးပေမယ့် ဧည့်သည်ရှိလာတာနဲ့ဟင်းကောင်း၊ ကျွေးကောင်းချက်ရပါတော့မယ်။ ပြီးတော့ ဧည့်သည်ကို အိမ်ဦးခန်းမှာ အိပ်ရာအိပ်ခင်းကောင်းကောင်းနဲ့ ထားရပါမယ်။ ဧည့်သည် လိုအပ်မယ် ထင်တာကို အကုန်ဆောင်ရွက်ပေးပါမယ်။ ဒါ ချစ်စရာကောင်းတဲ့ မြန်မာ့စရိုက်ပါ။

ဧည့်သည်အနေနဲ့ကျပြန်တော့လည်း အဲဒီ့အိမ်ရဲ့ စည်းကမ်းများကို အတတ်နိုင်ဆုံး လိုက်နာဖို့ ကြိုးပမ်းရပါတယ်။ အိမ်ရှင်အိပ်မယ်လို့ ယူဆချိန် မှာ ဝင်အိပ်၊ ထမယ်လို့ ယူဆချိန်မှာ ကြိုထ၊ ကျွေးတဲ့အချိန်မှာစား၊ အိမ်အတွက် လိုအပ်မယ် ထင်တာတွေ ဝယ်ခြမ်းပေး၊ ဝင်လုပ်ပေးစသဖြင့်ပါ။

အတိုပြောရရင်တော့ အိမ်ရှင်ရော ဧည့်သည်ပါ နှစ်ဦးနှစ်ဖက် တော်တော့်ကို အနေကျုံ့တဲ့ကိစ္စပါ။ ကျွန်တော် ဘယ်လိုမှ သည်းမခံနိုင်ပါဘူး။ နှစ်ဦးနှစ်ဖက် “အားနာ” နေရတာကြီးကိုက ဟန်မကျသလိုပါပဲ။

သည်တော့ ဘယ်နေရာကိုသွားသွား၊ တည်းခိုခန်းတစ်ခုခုမှာပဲ တည်းလေ့ရှိပါတယ်။ မန္တလေးလို ကျွန်တော့်ဆွေမျိုးရင်းချာတွေရှိတဲ့ အရပ်မှာတောင် အမျိုးအိမ်မှာ မတည်းတာ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ အချိန်ကတည်းကပါ။

တစ်ချီမှာတော့ ကျွန်တော့်အိမ်သူ တစ်ယောက်တည်း ခရီးသွားဖို့ အကြောင်းပေါ်လာပါတယ်။ မန္တလေး၊ မုံရွာခရီးပါပဲ။ သမီးက ကျောင်းတစ်ဖက်နဲ့မို့ သမီးကို ကျွန်တော်နဲ့ ထားခဲ့ပြီး သားငယ်ကို ခေါ်သွားမှာပါ။

ပြဿနာက မန္တလေးမှာ တည်းခိုဖို့ ကိစ္စဖြစ်လာပါတယ်။ ကျွန်တော့် အိမ်သူက တခြားနေရာတွေမှာ ဇီဇာမကြောင်လှပေမယ့် ရေအိမ်ကိစ္စမှာတော့ အလွန်ဇီဇာကြောင်ပါတယ်။ (ကျွန်တော်လည်း အတူတူပါပဲလေ။) မန္တလေးမှာ သူဝင်တည်းနိုင်တဲ့ သူ့အမျိုးအိမ်၊ ကျွန်တော့်အမျိုးအိမ်တွေမှာက ရေလောင်း အိမ်သာများနဲ့ပေမယ်လို့ သိပ်သပ်သပ်ရပ်ရပ် မရှိလှဘူး။ ကျယ်ကျယ်လွင့်လွင့်လည်း တယ်မရှိချင်ဘူး။ တစ်နည်းအားဖြင့် ကျွန်တော်တို့ လင်မယားရဲ့စံနဲ့ မကိုက်၊ မမီတဲ့ ရေအိမ်များလို့ ဆိုရမယ်။

ကျွန်တော့်အမျိုးအိမ်က မြို့စွန်မှာမို့ သွားရေးလာရေး ခက်တယ်၊ သူ့အမျိုးအိမ်က မြို့လယ်မှာပေမယ့် အိမ်နဲ့ လုပ်ငန်း တွဲထားတာက တစ်ကြောင်း၊ အိမ်မှာ လူများတာက တစ်ကြောင်းတို့ကြောင့် အဲဒီ့မှာလည်း သူ မတည်းချင်ဖြစ်နေတယ်။

ဒါနဲ့ “ကျွန်တော်က မန္တလေးဟိုတယ်မှာ တည်းပေါ့”လို့ ပြောလိုက်မိသွားတယ်။ အပြင်ဟိုတယ်ထက်စာရင် နိုင်ငံပိုင် ဟိုတယ်က ပိုဣနြေ္ဒရမယ်လို့ ယူဆလို့ပါ။ အဲဒီ့အချိန်၊ ၁၉၉၂ ခုနှစ်တုန်းက မန္တလေးဟိုတယ်ဟာ နိုင်ငံခြား ဟိုတယ်နဲ့ ဖက်စပ်မဟုတ်သေးဘူး။

ကျွန်တော့်မိန်းမက မတည်းရဲဘူးလို့ ဆိုပါတယ်။

“ဟ… ဘာဖြစ်လို့တုံး…”

“ရှင့်နှယ်၊ မိန်းမတစ်ယောက်တည်း ဟိုတယ်မှာတည်းလို့ ဘယ်ဖြစ်ပါ့မလဲတော်…”

“သားသား ပါသားပဲကွာ…”

“သားသား ပါပေမယ့် မတည်းရဲဘူး ရှင်ရဲ့…”

အခြေအနေကို နားလည်ယူလိုက်ပါတယ်။ ဒါ ကျွန်တော် ဆွေးနွေးနေတဲ့ မြန်မာအမျိုးသမီးများအပေါ် မြန်မာ့လူ့ဘောင်ရဲ့တောင်းဆိုမှု ဆိုတာနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ ကိစ္စတစ်ခုပါ။

ကျွန်တော်တို့ အသေးစိတ် ပြန်ကြည့်ရအောင်…။

မြန်မာအမျိုးသမီးများ၊ အထူးသဖြင့်အမျိုးသမီးငယ်များ၊ လူလတ်ပိုင်း အမျိုးသမီးများအနေနဲ့ တစ်ယောက်တည်း ခရီးထွက်ဖို့ မြန်မာ့လူ့ဘောင်က စာနဲ့ အတိအကျ ရေးမထားပေမယ့် ခွင့်မြုပပါဘူး။ မြန်မာအမျိုးသမီးများ ခရီးထွက်ရင် အဖော်ပါဖို့ လိုကိုလိုပါတယ်။ အသက်ကြီးသူ ကြီးတော်များ၊ ဒေါ်လေးများပါရင် ပိုသင့်တော်ပါတယ်။ ရေးမထားပေမယ့် ကျွန်တော်တို့ရဲ့ လူ့ဘောင်က အဲသလို သတ်မှတ်ထားပါတယ်။

ဒါပေမယ့် သည်နေရာမှာ ခြွင်းချက်က ရှိနေတယ်။ သွားတော့ရော ဘာဖြစ်သလဲလို့ မေးစရာရှိပါတယ်။ အဲ… အဖော်မပါသူမိန်းမရွယ်၊ မိန်းမငယ်တစ်ယောက်ကို ခရီးဖော် မဟာပုရိသများက ထိကပါး၊ ရိကပါး လုပ်ဖို့ အခွင့်အလမ်းတွေ များနေပါတယ်။ ကာယကံ၊ ဝစီကံနဲ့ မထိပါးရင်တောင် အဲသလို တစ်ကိုယ်တော်ခရီးသွားသူ မိန်းမရွယ်၊ မိန်းမငယ်များကို မျက်လုံးတွေနဲ့၊ အကြည့်တွေနဲ့ အထင်သေးပြတတ်ကြပါတယ်။ ဒါဟာ မြေကြီး လက်ခတ်မလွဲပါ။

မိန်းမရွယ်၊ မိန်းမငယ်များအနေနဲ့ အဖော်ပါသည့်တိုင် ပါတဲ့ အဖော်က ငယ်ရွယ်သူမိန်းမသားတစ်ဦးသာ ဖြစ်နေခဲ့ရင် တစ်ယောက်ချင်းသော်လည်းကောင်း၊ နှစ်ယောက်ချင်းသော်လည်းကောင်း ဟိုတယ်တို့၊ တည်းခိုခန်းတို့ကို ဝင်တည်းဖို့ မြန်မာ့လူ့ဘောင်က (အတိအကျရေးမထားပေမယ့်) ခွင့်မပြုပြန်ပါဘူး။ တည်းခိုခန်းမှာ ယောကျာ်းဖော်၊ လူကြီးဖော်မပါဘဲ မိန်းမကောင်းတွေ တည်းခိုလေ့မရှိဘူးလို့ ရေးမထားပေမယ့် ကျွန်တော်တို့မြန်မာ့လူ့ဘောင်က အတိအလင်းကို သတ်မှတ်ထားလို့ပါပဲ။

လွန်ခဲ့တဲ့နှစ်၂၀ကျော် အထက်ကာရီက မိန်းမသားတွေ လက်ဖက်ရည်ဆိုင် ထိုင်ဖို့ ဝန်လေးခဲ့ကြသလိုပါပဲ။ အခုခေတ်မှာတော့ မိန်းမတစ်ယောက် လက်ဖက်ရည်ဆိုင် ဝင်ထိုင်လို့ ဘာမှမဖြစ်တော့ပါဘူး။ ဒါတောင် တစ်ယောက်တည်း ဝင်ထိုင်ရဲသူတွေ နည်းလှပါသေးတယ်။ အုပ်စုလိုက်ဖြစ်စေ၊ အဖော်နဲ့ဖြစ်စေသာ ဝင်ထိုင်ရဲတဲ့ အနေအထားပါ။

စောစောက တည်းခိုခန်းတည်းတဲ့ကိစ္စကိုပဲ ပြန်ဆက်ပါ့မယ်။ သည်လို နဲ့ ၁၉၉၂ ခုမှာ ကျွန်တော့်အိမ်သူဟာ တစ်ယောက်တည်း ခရီးသွားတော့ တည်းခိုခန်းမှာ မတည်းရဲခဲ့လို့ မတည်းချင်လှတဲ့ အမျိုးအိမ်မှာ ခိုခဲ့ရပါတယ်။

၁၉၉၄ ခုနှစ်ထဲမှာ ကျွန်တော်တို့ သားအမိ၊ သားအဖ လေးယောက် မန္တလေး၊ မုံရွာခရီး သွားဖြစ်ပြန်ပါတယ်၊ မန္တလေးကို ရောက်တော့ ဟိုတယ် တစ်ခုမှာ စ တည်းပါတယ်။ နောက် အဲဒီ့ဟိုတယ်ရဲ့ မြောက်နားက ဟိုတယ်တစ်ခုကို ပြောင်းပါတယ်။ ပြောင်းရတဲ့ အကြောင်းရင်းက မူလဟိုတယ်ရဲ့ အခန်းအနေအထားကို မကြိုက်လှတာရယ်၊ ဈေးကြီးပေးရသော်လည်းပဲ မီးပျက်နေတဲ့အချိန်မှာ မီးစက်ကို ချွေတာလွန်းနေတာကြောင့် အလုံပိတ် အခန်းထဲမှာ အိုက်လှောင် မွန်းကြပ်နေတာရယ်တို့ကြောင့်ပါ။

ပြောင်းပြီး နောက်တစ်ရက်မှာ ကျွန်တော်တစ်ယောက်တည်း ယာဉ်တိုက်မှုဖြစ်ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ပထမမှာ မန္တလေး ဆေးရုံကြီး၊ နောက်တော့ “အေးသီရိ” အပြင်ဆေးရုံစတာတို့မှာ တစ်ပတ်လောက် နေရပါတယ်။ သည်အတောအတွင်းမှာ ကျွန်တော့်အိမ်သူက ငါးနှစ် ရွယ်သမီး၊ သုံးနှစ်ရွယ်သားတို့နဲ့အတူ မြို့လယ်က ဟိုတယ်တစ်ခုကို ရွှေ့နေပါတယ်။

သည်တစ်ချီမှာတော့ အဖော်မပါဘဲ လူမမည် ကလေးငယ်များနဲ့ သူ တစ်ယောက်တည်း ဟိုတယ်များမှာ တည်းရဲသွားပါပြီ။ (မတည်းရဲဘူး၊ တည်းရဲတယ်လို့ တွေးဖို့ အချိန်မရလောက်အောင် ကျွန်တော့်ဒဏ်ရာ အခြေအနေက သူ့ကို ဖိစီးလိုက်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။) ဒါပေမယ့် မန္တလေးသူ ကျွန်တော့်ကြီးတော်တစ်ယောက်ကတော့ ဟိုတယ်ကို လိုက်အိပ်ပေးရှာတယ်။ (သဘောပေါက်တယ်နော်)

နောင်အခါ ကျွန်တော့် မရီးတော်တစ်ယောက် ရန်ကုန်က လိုက်လာမှ၊ အဲဒီ့ မရီးတော်ကလည်း တည်းခိုခန်းမှာ ကျွန်တော့်အိမ်သူနဲ့အတူအိပ်ပါမှ ကျွန်တော့်ကြီးတော်လည်း သူ့အိမ်သူ ပြန်အိပ်တော့တယ်။

ကြည့်စမ်း၊ ဘယ့်ကလောက်များလဲလို့။ ကာယကံရှင်လုပ်တဲ့ ကျွန်တော့် အိမ်သူကိုယ်တိုင်က တည်းခိုခန်းမှာ သူ့သားသမီးများနဲ့ အိပ်ရဲနေပြီဖြစ်တဲ့တိုင် ကျွန်တော်တို့ ပတ်ဝန်းကျင် (လူ့ဘောင်)က သူ့ကို ခွင့်မပေးဘူး။ (ပြောမရလို့သာ သူတို့အိမ်တွေကို ကျွန်တော့်ဇနီးမယား၊ သမီးသားတို့ ပြောင်းမနေခဲ့ရတာပါ။ နှစ်ဘက် အမျိုးတွေက သူတို့အိမ်တွေမှာ လာနေဖို့ အကြိမ်ကြိမ် ပြောကြပါသေးတယ်။)

တကယ်တော့ ဘာဖြစ်သလဲဗျာ။ တည်းခိုခန်းတို့၊ ဟိုတယ်တို့မှာ တည်းတာဟာ မိန်းမတစ်ယောက်ရဲ့ကိုယ်ကျင့်တရားကို ဘယ်လိုများ ထိခိုက်နေလို့လဲ။ အဲလိုတည်းလိုက်တာနဲ့ပဲ အဲဒီ့မိန်းမဟာ လျှပ်ပေါ်လော်လီရာ ရောက်သွားမတဲ့လား၊ ကျွန်တော်တော့ ဘဝင်မကျလှဘူး။

ဒါက ရေးမထားတဲ့ အူကြောင်ကြောင်စည်းမျဉ်းများထဲက တစ်ခုကို ကောက်ယူဆွေးနွေးကြည့်တာပါ။ သည်လို စည်းမျဉ်းများကြောင့် ကျွန်တော်တို့ရဲ့ နှမတွေ၊ အစ်မတွေ၊ အဒေါ်တွေ၊ အမေတွေ၊ ဇနီးမယားတွေခမျာမှာ ဘယ့်ကလောက် အနေကျုံ့နေရှာကြမလဲဆိုတာ တွေးသာကြည့်ကြစေချင်ပါ တယ်။

ပုံစံ (၂)

နောက်ထပ် ဥပမာတစ်ခု ကောက်ယူပြပါမယ်။ ဒါလည်း ကျွန်တော့် အိမ်သူနဲ့ ကျွန်တော်တို့ ကြုံဖူးတာမျိုးပါ။

ကျွန်တော့် အိမ်ထောင်ရေး ခံယူချက်က ရှင်းပါတယ်။ ကျွန်တော် အိမ်ထောင်ြုပထားတယ်ဆိုတာ ဘဝတစ်သက်တာအတွက် အဖော် (lifetime companion) ရှာတာပါ။ ဒါကြောင့်မို့ ကျွန်တော့်အိမ်သူကို ဘယ်တုန်းကမှ “တစ်ဆင့်နိမ့်လူသား”(secondary human-being) အနေနဲ့ မသတ်မှတ်ပါဘူး။ ကျွန်တော်က ယောက်ျား၊ ကျွန်တော်က အိမ်ထောင်ဦးစီး၊ ကျွန်တော်က ထမင်းရှင်ဆိုတဲ့ အပေါက်မျိုးနဲ့ အိမ်တွင်းမှာ ခြယ်လှယ် စိုးမိုးမှုမျိုးကိုလည်း မလုပ်ချင်ပါဘူး။ မိသားစုအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်များကိုလည်း ကျွန်တော်တစ်ဦးတည်း ချမှတ်လေ့ မရှိဘူး။

ကျွန်တော့်အိမ်သူက ကျွန်တော့်ထက် ခုနစ်နှစ် ငယ်တယ်။ သည်တော့ ကျွန်တော့်ကို အလုံးစုံ အားကိုးတယ်၊ တာဝန်မယူရဲဘူး။ သည်အကျင့်ကြီးကိုလည်း မကြိုက်လှဘူး၊ သူ့ကိုယ်ရည်ကိုယ်သွေးကို တက်သည်ထက် တက်လာအောင် ကျွန်တော်ကိုယ်တိုင်က အားပေးတယ်၊ သွေးထိုးတယ်။ သူ့မှာ လည်း“ပိုင်ခွင့်”တွေ ရှိနေကြောင်း သူသိအောင် လုပ်လုပ်ပေးတယ်။

ထားပါ။

ပြောချင်တာက ကျွန်တော့်အိမ်သူကို ကျွန်တော်နဲ့ တစ်ပြေးညီ အလျားလိုက် ဆက်ဆံတဲ့အကြောင်း၊ (အထက်-အောက်၊ ကြောက်နေရတဲ့ ဆက်ဆံရေးကို ထောင်လိုက် ဆက်ဆံရေး၊ သူငယ်ချင်းချင်း ပေါင်းသလို ရင်းနှီးပွင့် လင်းတဲ့ဆက်ဆံရေးကို အလျားလိုက်ဆက်ဆံရေးလို့ ဆိုလိုတာပါ။)

သည်တော့ ကျွန်တော် ဘာလုပ်လုပ်၊ ဘယ်သွားသွား ကျွန်တော့်အိမ်သူကို အသိပေးတယ်၊ အတတ်နိုင်ဆုံး ခေါ်သွားတယ်။

တစ်ခါ၊ ကျွန်တော့်မိန်းမက စီးကရက် သောက်တတ်တယ်။ ကျွန်တော်နဲ့ မညားခင်ကတော့ သောက်တတ်ဟန် မတူပါဘူး။ ကျွန်တော်နဲ့ညားတော့ ကျွန်တော်က ဆေးလိပ်ဂျိုး(ချိုး)။ ကျွန်တော်ကိုယ်တိုင်က သောက်နေမှတော့ ကျွန်တော့်မိန်းမ ကျွန်တော့်ဆေးလိပ် ယူယူ ဖွာတာကိုလည်း မပြောဘူး။

သည်တော့ အိမ်ထောင်သက် တစ်နှစ်သာသာလောက်မှာ ကျွန်တော့် မိန်းမလည်း စီးကရက် စွဲတော့တာပါပဲ။ (မကောင်းမှုများ အဲသလို၊ သိပ် သင်စရာ မလိုဘူး။)
နောက်ကျတော့ ကျွန်တော်က တစ်ဆင့် တိုးတယ်၊ မိန်းမကို အမျိုးသမီးသောက်တဲ့ အရက်ချိုများပါ တိုက်တယ်။

ကျွန်တော်ကလည်း အရက်ဆိုရင် အမျိုးအမည် စုံအောင်ကို ဝါသနာပါတဲ့သူ၊ နည်းစုံနဲ့ သောက်သုံးတဲ့သူ၊ အခြေအနေကလည်း ပေးလေတော့ အရက်ပေါင်းစုံနဲ့ ရင်းနှီးတဲ့သူ။ သည်တော့ ကျွန်တော့်အိမ်သူကို မိန်းမတွေ သောက်ဖို့ ထုတ်လုပ်တဲ့ အပျော့စား ဘီယာ၊ ဘီယာကို သံပုရာရည်လေး နဲ့ရောတဲ့ “ရှန်ဒီ”စသဖြင့် တိုက်တိုက်ပေးရင်း စည်းရုံးရပါတယ်။

အရက်သောက်တဲ့နေရာမှာ အဖော်လိုတယ်။ ဒါပေမယ့် သူငယ်ချင်း အပေါင်းအသင်းနဲ့ သောက်ရင် ကျွန်တော်လို စိတ်နုသူ၊ အားနာတတ်သူအနေနဲ့ များများ သွားတာက ဆိုးတယ်။ ကိုယ့်မိန်းမကိုယ် အဖော်လုပ်တော့ ကိစ္စပြတ်ရော။ မိန်းမကလည်း သူ့မျက်စိအောက်တင်ဆိုတော့ စိတ်မပူရဘူး။ ကျွန်တော် သိပ်များသွားလို့ ကားမမောင်းနိုင်လည်း သူ တက်မောင်းရုံပဲ။ ကျွန်တော်ကလည်း သူပါနေတော့ အရက်သောက်ပြီး အပေါင်းအသင်းစုံရင် ဟေးလားဝါးလားနဲ့ ဆင့်လုပ်ဖြစ်လေ့ရှိတဲ့ နောက်ထပ် မကောင်းမှုတွေလည်း မလုပ်ဖြစ်တော့ဘူး။

သည်တော့ ကျွန်တော်က မိန်းမကို အရက်သောက် သင်ပေးထားတယ်။ တမင့်ကို သင်ထားတာ။ မိန်းမဆိုတာကတော့ သူတို့အရှက်နဲ့ သိက္ခာကို လွှတ် တန်ဖိုးထားတာဆိုတော့ သောက်တတ်နေဦးတောင်မှ ကျွန်တော်တို့ ယောက်ျားတွေလို မူးပြီး ရမ်းတာတို့၊ အော်ဟစ် သောင်းကျန်းတာတို့ ဘယ် ရှိမလဲ။ တစ်ခါလောက် မူးအောင် တိုက်လိုက်တယ်ဆိုရင်ပဲ နောက်ပိုင်း သူ့ဘာသာသူ ဆင်ခြင်တတ်သွားတာပေါ့။

သည်လိုနဲ့ ကျွန်တော်သွားလေရာမှာ (အလုပ်သွားတာကလွဲရင်) ကျွန်တော့်အိမ်သူက အမြဲပါတယ်။ အထူးသဖြင့် တစ်ခါတစ်ရံ သောက်စားရာများမှာ ကျွန်တော့်အိမ်သူ မပါတာ မရှိသလောက်ပဲ။

ပြဿနာ မရှိဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။ ကျွန်တော်တို့သွားတဲ့နေရာတွေကလည်း ဗရုတ်သုတ်ခများ အသွားအလာ နည်းတဲ့၊ အဆိုဝါသနာရှင်များ၊ အစားဝါသနာရှင်များ၊ အသောက်ဝါသနာရှင်များသာ အေးအေး ချမ်းချမ်း စုဝေးတဲ့ အရပ်မျိုးတွေ။

ကျွန်တော်ကပဲ အမှတ်တမဲ့ နေခဲ့လို့လားတော့မသိဘူး၊ အဲသလို နေရာတွေမှာ စီးကရက်တကားကားနဲ့ ဗျစ်ရည်ခွက် ရှေ့ချထားတဲ့ ကျွန်တော့် အိမ်သူအတွက် ပတ်ဝန်းကျင်က ပြဿနာ မရှိဘူး။ ဘယ်သူကမှလည်း ကွက်ကြည့်၊ ကွက်ကြည့် မလုပ်ကြဘူး။

ဟော… တစ်ရက်မှာ မြို့ထဲက သူငယ်ချင်းတစ်ယောက်နဲ့ ဆုံကြတော့ ကျွန်တော်တို့တွေ သိပ်ဝေးဝေးလံလံ မသွားချင်တော့တာက တစ်ကြောင်း၊ နန်းသီတာကို မရောက်တာ ကြာပြီမို့ တစ်ကြောင်းကြောင့် နန်းသီတာမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်ကို တက်ခဲ့ကြပါတယ်။

ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်နဲ့ ကျွန်တော့်အိမ်သူ၊ ကျွန်တော့်သူငယ်ချင်းဆိုတာကလည်း ကျွန်တော်တို့ မညားခင်ကတည်းက ကျွန်တော့်အိမ်သူနဲ့ ရင်းနှီးပြီးဖြစ်သလို အိမ်မှာပဲ စားသောက်၊ အိပ်နေတဲ့ သူငယ်ချင်း။

သည်တော့ သုံးယောက်သား ဗျစ်ရည်တွေမှာ၊ အမြည်းတွေ မှာလို့ စားကြသောက်ကြတယ်။ ရေငတ်နေခိုက်မှာ ဗျစ်ရည်အေးအေးကို အားပါးတရ မော့ချလိုက်ရတာ အရသာကောင်းတစ်ခုမို့ ပထမတစ်ခွက်ကို ကမူးရှူးထိုး မော့ချအပြီးမှာမှပဲ ဘေးဘီဝဲယာကို ကြည့်မိပါတယ်။

လား… လား…

ကျွန်တော့်အိမ်သူကို တစ်ဖက်ဝိုင်းက ယောက်ျားသားများ လှမ်းကြည့်နေတဲ့ မျက်လုံးတွေက တစ်မျိုးကြီးတွေပါလား။ ကျွန်တော့်မိန်းမ ဝတ်စား ထားပုံကလည်း လျှပ်ပေါ်လော်လီမှု မပါပါဘူး။ သူ့ကိုယ်လုံးကိုယ်ပေါက်နဲ့ အဆင်အပြင်ကလည်း လော်လီ မနေပါဘူး။ သို့သော် သူ့လက်ထဲက စီးကရက်၊ သူ့ရှေ့က ဗျစ်ရည်ဖန်ခွက် စတာတို့ကြောင့်လည်းကောင်း၊ ယောက်ျားနှစ်ယောက်ကြားမှာ မိန်းမဖော်မပါဘဲ ထီးတည်း ပါလာတာမို့ လည်းကောင်း တစ်ဖက်ဝိုင်းက ယောက်ျားသားများရဲ့ မျက်လုံးရိုင်းတွေကို မြင်လိုက်ရတာပါ။

ကြည့်စမ်း…

ကျွန်တော် ပြောနေတဲ့၊ ရေးမထားတဲ့ အူကြောင်ကြောင်စည်းမျဉ်းတွေ။ ဗျစ်ရည်မသောက်ဘူးပဲထား၊ အရက်သောက်နေတဲ့ ယောက်ျားသား နှစ်ယောက်ကြားမှာ ထိုင်နေမိတာတစ်ခု၊ စီးကရက် သောက်မိတာတစ်ခုနဲ့တင်ကို လူတွေရဲ့ မျက်လုံးတွေမှာ အရောင်တွေ တွဲကပ်ပါနေတာ။ အထူးသဖြင့် နန်းသီတာလို နေရာမျိုး၊ မြို့လယ်ကောင်၊ အနည်းငယ် ဈေးသက်သာပြီး လူပေါင်းစုံ လာနိုင်တဲ့နေရာမျိုးမှာ ပြဿနာမျက်လုံးတွေကို ကျွန်တော် မြင် လိုက်ရတယ်။

ပုံစံ (၃)

အိမ်ထောင်ရေးမှာ စဉ်းစားကြည့်ရအောင်…။


ယောက်ျားလေးတော်တော်များများဟာ သူတို့ရဲ့လူပျိုဘဝကို မိန်းမပျက်တွေရဲ့ရင်ခွင်မှာ အဆုံးရှုံးခံတတ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း သူတို့က သူတို့ချစ်သူရည်းစား၊ မိန်းမပျိုလေးများကို ကျူးလွန်ချင်လည်း ကျူးလွန်လိုက်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း လက်ထပ်ကြတဲ့ အခါမှာတော့ သူတို့ယူတဲ့ မိန်းကလေးကို (သူတို့ ကျူးလွန်ခဲ့သူသာ မဟုတ်ခဲ့ရင်) အပျိုစစ်စစ် ဖြစ်နေစေလိုတဲ့ဆန္ဒမျိုးနဲ့ ယောက်ျားသားမျိုးက ၁၀ဝမှာ ၉၀လောက်ပါ။

ယောက်ျားလေးတစ်ယောက် ရည်းစား သုံး၊ လေးယောက် ထားခဲ့ဖူးရင် “စွံတယ်”လို့ သူ့ပတ်ဝန်းကျင်က ထောမနာပြုတတ်ပါတယ်။ မိန်းကလေး တစ်ယောက် ရည်းစား သုံး၊ လေးယောက် ထားခဲ့ရင် “မျက်နှာများတယ်”လို့ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ပါတယ်။

ဒါက သမီးရည်းစားကိစ္စမှာပါ။

အိမ်ထောင်ရေးမှာကျတော့ ပိုဆိုးလာပါတယ်။ ယောက်ျားတစ်ယောက် ဖောက်ပြန်တာ ဘာမှ မဖြစ်ပေမယ့် မိန်းမတစ်ယောက် ဖောက်ပြန်ရင် ပတ်ဝန်းကျင်က မေးငေါ့ဖို့ အဆင်သင့်ပါပဲ။ အိမ်ထောင်ရေးပြစ်မှု ဖြစ်တဲ့ မယားငယ်နေတာတို့၊ အမြှောင်ထားတာတို့၊ မိမိအိမ်သူမဟုတ်တဲ့ တခြားတစ်ပါးသောမိန်းမ (မိန်းမပျက်ပင်ဖြစ်စေ)နဲ့ ဖောက်ပြားတာတို့ကို အချို့သော ယောက်ျားများက ထမင်းစားရေသောက်သဖွယ် ကျူးလွန် ဖောက်ပြန်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီ့ယောက်ျားတွေပဲ၊ သူတို့မယားတွေ တခြား တစ်ပါးသော ယောက်ျားနဲ့ လက်ပွန်းတတီးနေရင်ကို ဆွေ့ဆွေ့ခုန်နေပါပြီ။

မိန်းမတွေ ဖောက်ပြန်မိလို့ကတော့ ပတ်ဝန်းကျင်ကလည်း “အရပ်ပျက်မ”လောက်နီးနီး ပြောဆို မေးငေါ့တော့မှာပါ။ သည်ကြားထဲမှာ “မယားခိုးမှု”ဆိုတာနဲ့ ကျူးကျော်သူ ယောက်ျားကိုလည်း ဒဏ်ခတ်နိုင်နေပြန်ပါသေးတယ်။ အဲသလို ယောက်ျားက နောက်မယားယူရင်တော့ မယားကြီးခမျာ “လင်ခိုးမှု”လည်း စွဲလို့မရ၊ မိမိလင်ကို လာပြီး “ဒုဿနသော”လေတဲ့ မိန်းမကိုလည်း ဘာမှ မလုပ်နိုင်ဘဲ သည်အတိုင်း လက်ပိုက် ကြည့်နေရ။ အစစမှာ ယောက်ျားတွေဘက်က အသာချည်းပါပဲ။

အမှန်က တရားအရကြည့်ရင် သူတစ်ပါးရဲ့မယားကို ကြာခိုတာလည်း ဒုဿနသော၊ သူများလင်ကို ကြောင်တောင်နှိုက်တာလည်း ဒုဿနသောပါ၊ ဘယ်ဟာမှ မကင်းလွတ်ပါဘူး။ ဒါပေမယ့် လက်တွေ့လူ့ဘောင်ဘဝမှာတော့ ယောက်ျားဖြစ်တာနဲ့ “ထင်ရာစိုင်းခွင့်”လိုင်စင်ကို ရယူနိုင်ပြီး မိန်းမဖြစ်တာနဲ့ အနှောင်အဖွဲ့၊ အဆီးအတားတွေနဲ့ ခံစားရတော့တာပါပဲ။

တစ်ခါ၊ တစ်ခုလပ်နဲ့ မုဆိုးမကိစ္စ။

အဲဒါကလည်း ရယ်စရာ ကောင်းလှတယ်၊ ယောက်ျားတစ်ယောက် တစ်ခုလပ်သော်လည်းကောင်း၊ မုဆိုးဖိုသော်လည်းကောင်း ဖြစ်သွားလို့ မိန်းမပျို၊ မိန်းမအို (လင်ရှိမယား)တွေက အချောင်နှိုက်ဖို့ မကြံကြပါဘူး။ ငွေကြေး ချမ်းသာသူ မုဆိုးဖို၊ တစ်ခုလပ်များကို ဆိုရင်တော့လည်း သမီးရှင်တွေ၊ အချို့သော မိန်းမငယ်တွေ၊ တစ်ခုလပ်၊ တစ်လင်ကွာ အမျိုးသမီးတွေက ငွေတစ်မျက်နှာနဲ့ အပိုင်ကြံကောင်း ကြံကြပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ အဲသလို မုဆိုးဖိုတို့၊ တစ်ခုလပ်တို့ကို ဘယ်မိန်းမကမှ အလကား ရမလားဆိုပြီး အပျော်မကြံပါဘူး။

အဲ… အရွယ်ကောင်း မိန်းမတစ်ယောက် တစ်ခုပဲလပ်လပ်၊ တစ်လင်ပဲကွာကွာ၊ မုဆိုးမပဲဖြစ်သွားသွား၊ အနီးအနားက လူပျို၊ လူအို၊ လူငယ်၊ လူရွယ်၊ လူကြီးပေါင်းစုံက “သည်မိန်းမတော့ ရနိုင်တယ်”ဆိုတဲ့ သေးသိမ် ယုတ်ညံ့စိတ်နဲ့ ကြံတော့တာပါပဲ။ အဲသလို ကြံကြတဲ့အထဲမှာလည်း အများစုက အပျော်ကြံပြပါလိမ့်မယ်။ တကယ့်ကို အတည်ယူရဲတဲ့ ယောက်ျား လူပျိုဆိုတာက အတော်ရှားပါမယ်။ ယူတယ်ပဲထား၊ အတည်ပဲထား၊ အဲလို ယောက်ျားကို သူ့ပတ်ဝန်းကျင်က ကောင်းကောင်း ရှုတ်ချပြပါတော့မယ်။ သူ့မိဘအသိုင်းအဝိုင်းကဆို သဘောမတူဘူး၊ ဘာဘူးနဲ့ အပြင်းအထန် ကန့်ကွက်ပါတော့မယ်။

မုဆိုးဖို၊ တစ်ခုလပ် အမျိုးသားတစ်ယောက်ကို မိန်းမပျိုလေးတစ်ယောက်က လက်ထပ်ယူမယ်ဆိုရင်လည်း မိဘအသိုင်းအဝိုင်းက အနည်းနဲ့ အများတော့ ဆန့်ကျင်ကြမှာ မှန်ပေမယ့် မုဆိုးမ၊ တစ်လင်ကွာမကို ယောက်ျားတစ်ယောက်က လက်ဆက်တဲ့အခါ သူ့အသိုင်းအဝိုင်းက ဆန့်ကျင်မယ့် အတိုင်းအဆနဲ့ နှိုင်းယှဉ်ရင်တော့ ကွာခြားနေမှာ အမှန်ပါပဲ။

စဉ်းစားစရာပါလေ။

တကယ်တမ်း ပြန်ဆန်းစစ်မယ်ဆိုရင် ကျွန်တော်တို့ မဟာပုရိသများက မိန်းမသားတွေကို လူအဖြစ် သတ်မှတ်ပါတယ်ဆိုရင်တောင် သူတို့ကို ကျွန်တော်တို့နဲ့ တန်းတူရည်တူ လူသားများအဖြစ် တကယ် သတ်မှတ်ရဲ့လား ဆိုတာ သံသယပွားစရာပါ။

ကျွန်တော်တို့ ယောက်ျားတွေ လက်မခံနိုင်ကြတာ၊ ကျွန်တော်တို့ ယောက်ျားတွေ မလိုက်လျောနိုင်ကြတာ၊ ကျွန်တော်တို့ ယောက်ျားတွေ ဦးဆောင်တဲ့ လူ့ဘောင်က တောင်းဆိုနေတာများ အားလုံးနဲ့ ချိန်ထိုးလိုက်ရင် မိန်းမသားများကို လူအဖြစ်သတ်မှတ်ပါတယ်ဆိုရင်တောင်မှ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်တွေအတိုင်း တန်းတူကျင့်သုံး ခံစားခွင့်ရှိတဲ့၊ သွေးသားနဲ့ တည်ဆောက်ထားတဲ့ လူထဲက သာမန်လူသား တစ်ယောက်အဖြစ် မရှုမြင်ကြဘဲ ယောက်ျားထုက ချမှတ်ထားတဲ့ (ရေးမထားတဲ့) ဥပဒေဿများ၊ ယောက်ျားထု မှန်းဆမျှော်လင့်ထားတဲ့ အကျင့်စရိုက် အနေအထိုင်များနဲ့သာ ကျဉ်းကျဉ်းကျုတ်ကျုတ်၊ ကတ်ကတ်သတ်သတ် ကျင့်ကြံနေထိုင်ရသော ဒုတိယတန်းစား လူသားများအနေနဲ့သာ နေရာပေးနေကြတာကို တွေ့ရပါလိမ့်မယ်။

ကျွန်တော်တို့ ယောက်ျားတွေ တရားလိုက်ပုံကတော့ ပါးစပ်က ဖွင့် မကြေညာပေမယ့်လည်း စိတ်ထဲကနေ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ တော့ “ပထမတန်းစား လူသား”များအဖြစ် ရှေ့တန်းက ခပ်ကြွားကြွားလေး နေရာယူနေကြတာကြီးလေ။

ရေးမထားတဲ့ အူကြောင်ကြောင် စည်းမျဉ်းတွေနဲ့ မိန်းမသားတွေကို ချည်နှောင်ထားခဲ့တာ၊ အဲဒီ့ စည်းမျဉ်းတွေထဲက တစ်ခုခုမှာ ကျိုးပေါက်သွားတဲ့ မိန်းမတွေကို တန်ဖိုးတွေ လျှော့ချခဲ့ကြတာ၊ ကျွန်တော်တို့တွေ မှန်းဆ မျှော်လင့်ထားတဲ့ ကိုယ်ကျင့်များအတိုင်း တသမတ်တည်းသာ နေစေလိုတာတို့ဟာ မိန်းမတွေထက် ပိုသဘောထားကြီးတယ်၊ ပိုလို့သဘောထား ပြည့်ဝတယ်လို့ မိမိတို့ကိုယ်မိမိတို့ ထင်တစ်လုံးနဲ့ ရှိနေလေတဲ့ ကျွန်တော်တို့ မဟာပုရိသများရဲ့ အရိုးစွဲ သဘောထား သေးသိမ်မှုများသာ ဖြစ်ပါတယ်ဆိုရင် အဲဒီ့သဘောထားကြီးလှပါတယ်ဆိုတဲ့ ယောက်ျားတွေ ဆွေ့ဆွေ့များ ခုန်ကုန်ကြလေမလား မသိ၊ မသိ…။

(၁၉၉၇ ခုနှစ် နိုဝင်ဘာလထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ၂၀ဝ၁ စက်တင်ဘာလမှာ စာပေလောက စာအုပ်တိုက်က ပထမအကြိမ်၊ ၂၀ဝ၆ ဒီဇင်ဘာလမှာ လက်တွဲဖော်စာအုပ်တိုက် ဒုတိယအကြိမ် ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “တွေးတော ဆင်ခြင်မှု အနုပညာ” စာအုပ်ထဲမှာ ဖော်ြ0ထားတဲ့ စာတစ်ပုဒ်ဖြစ်ပါတယ်။)

About Diamond Earrings, Fakes, and Cheeks

စိန်နားကပ်၊ စိန်အတုနဲ့ ပါးများအကြောင်း


ဘဝမှာ တချို့လူတွေက “စိန်နားကပ်” ဖြစ်လာကြတယ်၊ တချို့တွေကကျတော့ “စိန်အတု”၊ အဲ… တချို့ကကျတော့ “ပါး”တွေ ဖြစ်ကုန်ကြပါတယ်။


နေ့စဉ်လူမှုဘဝကို တစေ့တစောင်း ကြည့်မိတော့ အဲဒီ့အတိုင်းပဲ တွေ့နေရတယ်။ သည်အခါ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြည့်မိတယ်။ ကိုယ်ကရော၊ စိန်နားကပ်လား၊ စိန်တုလား၊ ပါးလားပေါ့။


နာမည်ကျော်ရင်၊ ဩဇာရှိရင်၊ ရာထူးကြီးရင်၊ တစ်ခုခုမှာ သိပ်တော်နေရင် အဲသလို လူရဲ့အနားမှာ လူတွေ ဝိုင်းနေတတ်ပါတယ်။ အဲဒါက လူကြီးတွေတင်လား ဆိုတော့ မဟုတ်ဘူး၊ ကလေးဘဝမှာကတည်းက အဲလို အမူအကျင့်လေးတွေ စတွေ့ခဲ့ရဖူးတာ။

အတန်းထဲမှာဆို စာတော်တဲ့ ကျောင်းသားတွေ ရှိသလို၊ ဘယ်သူ့သား၊ ဘယ်ဝါ့သားဆိုတာတွေလည်း ရှိတယ်။ အဲသလို ကျောင်းသားတွေနားမှာ အခြွေအရံဆိုတာ ပေါမှပေါ။ စာတော်တဲ့သူနားမှာသာ မပေါ ရှိရမယ်၊ ဘယ်သူ့သား၊ ဘယ်ဝါ့သားနားမှာတော့ ဝိုင်းဝိုင်းကို လည်လို့။ လူမှန်းသူမှန်း မသိတသိ၊ ကလေးဘဝကတည်းက “မျက်နှာကြီးဆာတယ်”ဆိုတာကို သတိထားမိခဲ့ဖူးပါတယ်။

ကျွန်တော်မှာတော့ မူလကတည်းက ရှိနေတဲ့ သိမ်ငယ်စိတ်ကြောင့် လားတော့မသိဘူး။ အဲသလို ဝိုင်းနေသူတွေကိုဆို ဝေးဝေးက ရှောင်ဖြစ်ခဲ့တယ်။ အဝိုင်းခံရသူအပေါ်မှာ မရှုဆိတ်တဲ့စိတ် မဖြစ်ခဲ့ပေမယ့် ဝိုင်းနေသူတွေကိုတော့ တစေ့တစောင်း အကဲခတ်မိခဲ့တာ ငယ်ငယ်တည်းကပဲ။

ကြီးလာလို့ လူတောသူတောထဲ ရောက်လာတော့ လူတွေရဲ့အဲဒီ့ အမူအကျင့်ကို ပိုပြီး ပြက်ပြက်ထင်ထင် မြင်လာရပါတယ်။ လူရွယ်လူလတ်တွေတောင် မဟုတ်ဘူး၊ လူအိုလူမင်းတွေမှာတောင် အဲသလို ဝိုင်းချင်တဲ့ စရိုက်လေးတွေ ရှိနေတာ မြင်ရတယ်။

အဲဒီ့မှာ ဘာသွားတွေ့သလဲဆိုတော့ “ပင်ကိုအရောင်အဝါ”ဆိုတာပါ။ ပင်ကိုအရောင်အဝါ ထွက်လာဖို့အတွက်က ပင်ကိုအစွမ်းအစနဲ့ အရည်အချင်း ရှိနေဖို့ လိုပါတယ်။ ပြောင်းပြန် ပြန်ပြောရရင် ပင်ကိုအစွမ်းအစ၊ အရည်အချင်း မရှိသူများမှာ ပင်ကိုအရောင်အဝါ မရှိပါဘူး။ သည်အခါမှာ ပင်ကို အရောင်အဝါရှိသူတို့ရဲ့ အရိပ်ကို ခိုလှုံပြီး မိမိကို လူမြင်အောင် အားထုတ်ရတော့တာပါ။

အဲသလို တစ်ယောက်ယောက်ရဲ့ အရောင်အဝါကို အားပြုလိုက်ရင်းက “သူကတော့ ကိုဘယ်သူ့ရဲ့ ညာလက်ရုံးကြီးပဲ”ဆိုတာလောက်များ ဖြစ်သွားပြီဆိုရင် အဲလိုလူတွေအတွက် ဘဝဟာ ပြီးပြည့်စုံသွားတတ်စမြဲပါ။ အမှန်တော့ သူဟာ တခြားသူရဲ့ အရိပ်ကို ခိုပြီးမှ မိမိရဲ့ဖြစ်တည်မှုလေးအတွက် အသက် ဆက်နေရတဲ့ဘဝကို ရောက်မှန်းမသိ ရောက်နေတာပါပဲ။

တချို့ကကျတော့ တော်တယ်။ သူတို့က အရောင်အဝါရှိသူရဲ့အရိပ်ကို ခိုတာတော့ မှန်တယ်။ ဒါပေမယ့် အဲဒီ့လူရဲ့အရောင်အဝါကို မီပြီး မိမိ ထွန်းလင်း တောက်ပလာဖို့အတွက် လုံးဝ အားမထုတ်ဘူး။ မိမိရဲ့ပင်ကို အရည်အချင်းအစွမ်းအစကို ချွန်မြလာအောင် အဲဒီ့လူရဲ့အရိပ်ကိုခိုရင်းက ကြိတ်ကြိုးစားတယ်၊ အားထုတ်နေတယ်၊ လုံ့လစိုက်နေတယ်။

တစ်ချိန်မှာ အဲဒီ့အရောင်အဝါရှိသူရဲ့အရိပ်အောက်က လွတ်အောင် ရုန်းထွက်လိုက်ပြီး မိမိကိုယ်ပိုင် အရည်အချင်းအစွမ်းအစနဲ့ ရပ်တည်နိုင်အောင် ဆောင်ရွက်တတ်ကြတယ်။ မိမိ ခိုလှုံခဲ့သူရဲ့အားနည်းချက်တွေ၊ အားသာချက်တွေကို အနီးကပ် လေ့လာ သင်ခန်းစာယူပြီး မိမိကိုယ်တိုင် ရပ်တည်တဲ့အခါမှာ အမှားနည်းအောင် လုပ်ယူတယ်။ အဲသလိုလူမျိုးကတော့ စိန်နားကပ်ရောင်ကြောင့် ပြောင်တဲ့ပါးမဟုတ်တာ သေချာတယ်။ သူတို့က ကိုယ့်ကိုယ်ကိုယ် စိန်နားကပ်ဖြစ်အောင် လုပ်ယူခဲ့ကြတာကပဲ။

အဲ… တချို့ကတော့ ဝိုင်းတဲ့အထဲလည်း မပါဘူး၊ မှီတဲ့အထဲလည်း မပါဘူး။ သူ့ဘာသူ ရပ်တည်နိုင်တဲ့ စိန်နားကပ်တွေ။ သည်လိုလူတွေလည်း တော်တာပါပဲ။ အဲ… တချို့ကျတော့ ဝိုင်းတဲ့အထဲလည်း မပါ၊ မှီတဲ့အထဲလည်း မပါတာတော့ မပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ ရပ်တည်နိုင်အောင်လည်း အားမထုတ်ဘဲ၊ တစ်ယောက်ယောက်ရဲ့ အရောင်အဝါကို ပြောင်ပြောင်တင်းတင်း ပုံတူကူးတဲ့ စိန်နားကပ်အတုတွေ ဖြစ်လာကြတယ်။ အများသုံးစကားနဲ့ပြောရရင် “ဒုတိယဖိုးစိန်”တွေပေါ့။

စိန်တစ်လုံးဆိုတဲ့ နာမည်နဲ့ မုန့်ဟင်းခါးဆိုင်က အလုပ်ဖြစ်နေရင် ကိုယ်က တစ်လုံးစိန်ဆိုတဲ့ နာမည်မျိုးနဲ့ မုန့်ဟင်းခါးပဲ လိုက်ရောင်းတာမျိုး၊ မောင်ဘ ဆိုတဲ့သူက ဗေဒင်မှာ နာမည်ကြီးနေရင် မောင်ဘာဆိုတဲ့ မနီးရိုးစွဲ နာမည်မျိုးနဲ့ ဗေဒင်လိုက်ဟောတာမျိုးဟာလည်း ဒုတိယဖိုးစိန်အလုပ်တွေပါပဲ။ ရပြီးသားနာမည်၊ ထင်ပေါ်ပြီးသား နာမည်ကို သုံးပြီး ဆင်တူ ရိုးမှားလုပ်ရင်း ပရိသတ်ကို ပုံမှားရိုက်ဖို့ အားထုတ်တာပါပဲ။ ဒါကတော့ စိန်တုတွေပေါ့။

အဲတော့ အစမှာဆိုခဲ့သလို တချို့လူတွေက စိန်နားကပ်တွေ ဖြစ်နေကြသလို၊ တချို့က စိန်တု၊ တချို့ကကျတော့ ပါးတွေဖြစ်နေကြပါတော့တယ်။ အမှန်ကတော့ ဒါတွေ အားလုံးဟာ လူ့စရိုက်၊ လူ့သဘာဝတွေ ဖြစ်သလို၊ သူ့ဘဝနဲ့သူ၊ သူ့ကုသိုလ်နဲ့သူ၊ သူ့အကုသိုလ်နဲ့သူသာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော့် သားတွေ၊ သမီးတွေအပါအဝင် လူငယ်လေးတွေကိုတော့ သည်အကြောင်းလေးကို ပြောပြချင်နေမိတယ်။

ဘဝမှာ စိန်နားကပ် ဖြစ်ချင်သလား၊ စိန်တု ဖြစ်ချင်လား၊ ပါးဖြစ်ချင်သလားဆိုတာ သူတို့တွေ ရေလည်အောင် ခွဲခြမ်းစိတ်ဖြာ ရှင်းပြချင်မိပါတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ခွင့်တွေ၊ ဖန်တီးခွင့်တွေ ရှိနေတာ မဟုတ်လား။

စာဖတ်သူလူကြီးမင်းကရော စိန်နားကပ်လား၊ စိန်တုလား၊ ပါးလား ဆိုတာ စာစောင်လေး ဘေးချပြီး ခဏလောက် စဉ်းစားကြည့်လိုက်ပါလား။

ကျွန်တော် နားလည်သလောက်ပြောရရင်တော့ ဘယ်သူမှ ပါးမဖြစ်ချင်ဘူး ထင်ပါတယ်။ ဒါပေမယ့် လူလုံးပြချင်တဲ့ ဇောကြောင့် အရောင်အဝါ ရှိသူတွေနား ပြေးပြေး ကပ်ရင်း ပါးဖြစ်မှန်းမသိ၊ ဖြစ်ကုန်ကြရတာလည်း လူအတော်များများပါပဲလေ။

(၂၀ဝ၁ အောက်တိုဘာ ၁ ထုတ် မဟာသတင်းဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ဒီဇင်ဘာမှာ ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ ဖြေတွေးလေးများ စာအုပ်ထဲက စာတစ်ပုဒ်ကို ဖော်ပြလိုက်တာပါ။)

 

Clear as mud

နှုတ်ခမ်းပဲ့ အကြမ်းပန်းကန်လေးတစ်လုံး

ယနေ့ နေ့ခင်းစာကိုတော့ ဆူးလေဘုရားလမ်းနှင့် ပန်းဆိုးတန်းလမ်းကို ဆက်သွယ်ထားရာ လမ်းတိုလေးပေါ်၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြားမှ ဓာတ်ဆီဆိုင်ဟောင်း နေရာတွင် ဖွင့်လှစ်ထားသည့် ဆိုင်ကလေးမှာ စားရန် စိတ်ကူးလိုက်မိပါသည်။ ထိုဆိုင်မှာ မူလက မန္တလေးမြီးရှည်၊ နန်းကြီး၊ နန်းပြားစသည်တို့ကို ရောင်းပါသည်။ ယခုအခါတွင်မူ ထမင်းဟင်း၊ လက်ဖက်ရည်၊ ကော်ပြန့်စိမ်းစသဖြင့် စုံလင်လာပါသည်။

ထိုဆိုင်မှ ဟင်းလေးတွေက အစပ်တည့်သဖြင့်လည်းကောင်း၊ ကျွန်တော့် ရုံးနှင့် နီးသဖြင့်လည်းကောင်း လမ်းဘေး လူသွားစင်္ကြံပေါ်က ထိုဆိုင်ကလေးမှာ အခါအားလျော်စွာ စားသောက်ဖြစ်တတ်ပါသည်။

ကနေ့လည်း ထိုဆိုင်ကလေးသို့ မရောက်တာ ကြာတောင့် ကြာပြီမို့ သွားဖြစ်ခဲ့ပါသည်။ ထိုတဝိုက်သည် တရားရုံးများ၊ ဘဏ်များ၊ ဌာနဆိုင်ရာ ရုံးများရှိရာ မြို့လယ်ဖြစ်သည့်အားလျော်စွာ နေ့လည်ပိုင်းတွင် အလွန် စည်ကားလှသလို လမ်းဘေးဆိုင်များလည်း စုံလင်လှသည်။

ဆိုင်သို့ရောက်သောအခါ ငါးခူကြော်နှပ် တစ်ပွဲနှင့် ပဲစောင်းလျားသီးသုပ် တစ်ပွဲကို မှာယူကာ ဝင်ထိုင်လိုက်ပါသည်။ အနံ တစ်ပေခွဲ၊ အလျား နှစ်ပေ ခန့်ရှိသည့် စားပွဲပုလေး နှစ်လုံးကို ဆက်ထားသော ထီးအောက်မှ စားပွဲလွတ်တွင် ထိုင်လိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်ထိုင်လိုက်ချိန်တွင် ထိုစားပွဲမှာ မည်သူမှ မရှိပါ။
ထမင်းနှင့် ဟင်းများကို လာချပေးသူက စားပွဲပေါ်တွင် အသင့်ရှိနေသော ရေနွေးကရားကို မ ကြည့်ပြီး ရေနွေးဖြည့်ရန် ဆွဲယူသွားပါသည်။

ထိုအခိုက်တွင် ကျွန်တော့်စားပွဲနှင့် တစ်ဆက်တည်း ရှိနေသော အခြား တစ်ဖက်စွန်း၌ လူတစ်ယောက် ရောက်လာကာ ကော်ပြန့်စိမ်းမှာသည်နှင့် ကြုံလိုက်ရပါသည်။ ဒါလည်း ပြဿနာမရှိပါ။ လူပြည့်နေသော ဆိုင်များတွင် စားပွဲတစ်လုံးကို စားသုံးသူအများ မျှထိုင်ကာ စားသောက်ရစမြဲမို့ အထူးအဆန်းလည်း မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော်လည်း ကိုယ့်ထမင်း ကိုယ်သာ အေးအေးဆေးဆေး စားနေလိုက်ပါသည်။

အမှန်က ကျွန်တော်သည် ရေနွေးကြမ်းကို တစွတ်စွတ် သောက်တတ်သူဖြစ်ပါသည်။ တစ်နေ့တာအတွင်းတွင် ရေအစား ရေနွေးကြမ်းကိုသာ အားထားပြီး သောက်တတ်ပါသည်။ ထို့အတူ ထမင်းစားသောအခါတွင်လည်း ဟင်းချိုအစား ရေနွေးကြမ်းကိုသာ သောက်တတ်ပြန်ပါသေးသည်။

ယခုသော် ရေနွေး ဖြည့်ပြီးနောက် ရေနွေးကြမ်းအိုး ပြန်ချချချင်းမှာ စားပွဲတစ်ဖက်စွန်းတွင် ထိုင်နေသူက ထိုအိုးကို လှမ်းယူလိုက်တာ မြင်မိသဖြင့် ကျွန်တော်လည်း ကိုယ့်အလှည့်ရောက်ရန် စိတ်ရှည်ရှည်စောင့်ရင်း ထမင်းကိုသာ ဆက်စားနေမိပါသည်။

ထိုသူ ပြီးလောက်ပြီဟု ယူဆကာ ရေနွေးကြမ်းပန်းကန်ကို လက်လှမ်းလိုက်သာအခါကျမှ စိတ်ထဲတွင် တစ်မျိုးဖြစ်သွားရပါတော့သည်။

ဟုတ်ကဲ့…

ကျွန်တော်တို့ စားပွဲအတွက် အကြမ်းပန်းကန် လေးလုံးတိတိ ချထားပါသည်။ ထိုပန်းကန်လေးလုံးအနက်မှ သုံးလုံးကို တစ်ဖက်စွန်းတွင် ထိုင်နေသူ မောင်မင်းကြီးသားက အပိုင်စီးသွားပါပြီ။ သုံးလုံးစလုံးတွင် ရေနွေးကြမ်း အပြည့်ဖြည့်ကာ သူ့အတွက် တင်တင်ကြိုကြို အအေးခံထားခြင်းလည်း ဖြစ်လေသည်။
ကျွန်တော့်အတွက် တစ်လုံး ချန်ထားဖော်ရသည်ကိုပင် ကျေးဇူးတင်ရမလိုဖြစ်နေသောကြောင့် ပြုံးလိုက်မိရင်း စားပွဲပေါ်တွင် မှောက်ထားသော အကြမ်းပန်းကန်ကို လှန်လိုက်ပါသည်။

ထိုကျန်ရှိသော အကြမ်းပန်းကန်လေးကား နှုတ်ခမ်းလေးများ ပဲ့နေပါပြီ။ ပဲ့သည်မှ ပန်းကန်နှုတ်ခမ်းပတ်လည် နေရာအတော်များများတွင် ဖြစ်သဖြင့် ပန်းကန်လုံးလေးမှာ သနားစရာပင် ကောင်းနေသေးတော့သည်။

ချက်ချင်းလိုပင် ကျွန်တော့်မျက်လုံးက ဟိုဘက် စားပွဲစွန်းမှ ပုဂ္ဂိုလ် ဖြည့်ထားသော အကြမ်းပန်းကန် သုံးလုံးစလုံးကို စေ့စေ့စပ်စပ် ကြည့်ဖြစ်သွားရပါသည်။ သူ့ရှေ့မှ ပန်းကန်နှစ်လုံးကား လုံးဝ စင်းလုံးချော၊ ဘာ အပဲ့ အရွဲ့မှ မပါ၊ ကျန်တစ်လုံးမှာကလည်း နှုတ်ခမ်းတစ်နေရာတွင်သာ မဆိုစလောက်ကလေး ပဲ့နေသည်။

သို့ဖြစ်လျှင် ထိုသူ ကျွန်တော့်အတွက် စေတနာထားကာ ချန်ပေးထားသော တစ်လုံးသာ ထိုစားပွဲပေါ်မှ အကြမ်းပန်းကန်လေးလုံးအနက် သနားစရာ အကောင်းဆုံး ဖြစ်နေသည်မှာ သေချာနေပေတော့သည်။

စိတ်လက် ကြည်လင်နေသောကြောင့် ထင်ပါသည်။ ကျွန်တော်သည် ဖြစ်ပုံကို ရယ်ချင်စိတ်ဖြင့်သာ ခံယူလိုက်ပြီး ကျွန်တော့်အတွက် ကျန်ရှိနေသည့် ပန်းကန်အပဲ့လေးကိုသာ ယူလိုက်ကာ ကျကျနန ဆေးကြောနေမိရပါသည်။

ဆေးရင်းနှင့် စားပွဲတစ်ဖက်စွန်းမှ ပုဂ္ဂိုလ်ကို ပထမဆုံးအကြိမ်အဖြစ် အကဲခတ်လိုက်မိသည်။ ကော်လာကတုံး အင်္ကျီအဖြူပေါ်တွင် အပေါ်ဖုံးအင်္ကျီ နံ့သာရောင်ကို သပ်ရပ်စွာ ဝတ်ဆင်ထားသူ လူရည်သန့်တစ်ဦးပင် ဖြစ်ပါသည်။ အသက် ၅၀ ဝန်းကျင်ခန့်တော့ ရှိလောက်ပြီဟုလည်း မှန်းဆမိလိုက်သည်။

သူ့မျက်နှာထားကတော့ အနည်းငယ် တင်းပါသည်။ သို့မဟုတ်ပါကလည်း သူ့စိတ်ထဲတွင် အနှောင့်အယှက် တစ်ခုခုလျှင်လည်း ရှိနေနိုင်သည့် မျက်နှာထားမျိုးပင် ဖြစ်ပါသည်။

ကျွန်တော့်အတွက်မူ သူလိုလူမျိုးတွေကို တွေ့ရဖူးပေါင်း များလှပြီမို့ စိတ်အနှောင့်အယှက် ဖြစ်မနေမိတော့ဘဲ ကိုယ့်ဘာသာ အသာလေး ကြိတ်ပြုံးနေလိုက်မိရပါသည်။

တစ်ဆက်တည်းမှာပင် ကျွန်တော် ဆေးနေသော ပန်းကန်လေး၏ နှုတ်ခမ်းမှာ မြင်မကောင်းအောင်သာ ပဲ့မနေပါက ထိုပန်းကန်ကိုပါ သူ ယူထားလောက်သည်ကို တွေးမိလာရပါသည်။

ထိုရောအခါ ကျွန်တော် ပိုပြုံးမိသွားရပါတော့သည်။

အင်း… ပန်းကန်လေးပဲ့နေသည်ကိုပင် ကျေးဇူးတင်ရဦးမည်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၂၀ဝ၁ ဒီဇင်ဘာ ၁၂ထုတ် မဟာသတင်းဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှာ လက်တွဲဖော်စာအုပ်တိုက်က ထုတ်ဝေထားတဲ့ “ဖြေတွေးလေးများ” စာအုပ်မှာ ဖော်ပြထားတာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။)

Power of Words

စကားဇာတိ ကြားသာ၏

အမျိုးသမီးမိတ်ဆွေတစ်ဦးဆီက ပြန်ကြားရတယ်။ ကျွန်တော်နဲ့ ပတ်သက်လို့ သူ့ကို ပြောတဲ့ စကားအထွေထွေ။

အကောင်း ပြောတဲ့သူလည်း ရှိ၊ မကောင်း ပြောတဲ့သူလည်း ရှိနေတာ သဘာဝပါ။ တစ်ခုပါပဲ။ ကျွန်တော့်အကြောင်းကို ကျွန်တော့်ကွယ်ရာမှာ ပြောသူတွေက မဟာပုရိသ ယောက်ျားသားတွေ ဖြစ်နေတာ တစ်ခုကတော့ တော်တော်လေး ပြုံးချင်စရာ ကောင်းနေတယ်။ သည်ထက်ပို ပြုံးချင်စရာ ကောင်းနေပြန်တာက အဲသလို ပြောသူတွေဟာ ပညာတတ်တွေ၊ ဂုဏ်ဓနရှင်တွေ ဖြစ်နေပြန်တာပဲ။

ကျွန်တော့်မိတ်ဆွေသစ်ကလည်း ပြန်လှန် မေးခွန်းထုတ်တဲ့ နေရာမှာ သွက်လက်တော့ ကျွန်တော့်အကြောင်း မကောင်းပြောသူတွေကို ပြန်မေးသတဲ့။ ကျွန်တော်နဲ့ တော်တော် ခင်သလားလို့ပေါ့။

အဲတော့ ဘာဖြေကြတယ် မှတ်သလဲ။

“ဟင့်အင်း တစ်ခါမှ မဆုံဖူးသေးဘူး”ဆိုပဲ။


အတော့်ကို ဩချစရာကောင်းတဲ့ ပုဂ္ဂိုလ်ကျော်တွေပါပဲ။ ကျွန်တော့် မိတ်ဆွေက ကျွန်တော်နဲ့ တော်တော် ရင်းနှီးခင်မင်ကြောင်း၊ ကျွန်တော့်ရဲ့ ဆောင်ရွက်ချက်တွေ၊ ကျွန်တော့်ရဲ့ အတွေးအမြင်တွေကို ကိုယ်တွေ့ သိရတဲ့အတွက် သူတို့အမြင် မမှန်ကြောင်း ရှင်းပြတာတောင် ဘာ ဆက်ပြောသေးတယ်မှတ်သလဲ၊ “သတိတော့ ထားပေါ့၊ သည်လူက နည်းနည်းမှ ကောင်းတဲ့သူ မဟုတ်ဘူး၊ မပေါင်းအပ်တဲ့အထဲမှာ ပါတယ်”တဲ့။

ကျွန်တော့်မှာ ပြုံးမိသွားရပါတော့တယ်။

(၁)    လူတစ်ယောက် အကြောင်းကို ကွယ်ရာကနေ သွားပုပ်လေလွင့် ပြောရဲတဲ့ သတ္တိ။
(၂)    အဲဒီ့ လူနဲ့လည်း တကယ် မမြင်ဖူး မဆုံဖူး မသိကျွမ်းဖူးဘဲ လေသံကြားနဲ့ အတတ်စွဲလွယ်တဲ့ စိတ်အခံနဲ့
(၃)    ကိုယ့်စကား ဘယ်အထိ ရောက်သွားသလဲ ဆိုတာကို တွေးနိုင်စွမ်း ကင်းမဲ့သွားတဲ့ ဆင်ခြင်ဉာဏ်နုံနဲ့မှုတို့ဟာ ကျွန်တော့်ကို ရယ်မောစေပါတယ်။

ကျွန်တော် အခု ရေးမှာက ကျွန်တော့်ကို ပြောလို့၊ ကျွန်တော့် ထိခိုက်လာလို့ ရေးတာ မဟုတ်ပါဘူး။ ကျွန်တော့်ကို တည့်တည့် ပြောလာသူတွေကိုတောင် ချေချေငံငံ ရင်ဆိုင်နိုင်ပါတယ်။ ကွယ်ရာကနေ ပြောတာတော့ တရားကို မဝင်တဲ့အတွက် စိတ်ထဲ ဘယ်လိုမှ မနေပါဘူး။ လူ့မနောပေပဲလို့ တွေးရင်း ပြုံးမိတာလောက်ပဲ ရှိပါတယ်။
ပုဂ္ဂလိက ကိစ္စလေးပေမယ့် လူအများ ဆန့်ထုတ်စဉ်းစားစရာ အချက်အလက်လေးတွေ ပါလာလို့သာ ချရေးတာပါ။

ပထမဆုံး အချက်က ကွယ်ရာက ပြောတဲ့ အကျင့်ပါ။

သည်အကျင့်က ကျွန်တော့်မှာလည်း စွဲစွဲမြဲမြဲ မဟုတ်တောင် တစ်ချိန်က အနည်းအပါး ရှိခဲ့ဖူးတယ်။ အထူးသဖြင့် ဘဝမှာ ကိုယ် ဘာကို လိုချင်မှန်း တိတိကျကျ မသိဘဲ ယောင်နန ဖြစ်နေခဲ့ချိန်မှာပါ။

ကိုယ့်လိုအင် တိကျလာချိန်မှာတော့ သည်အကျင့်က တမင် ဖျောက်စရာမလိုဘဲ အလိုလို ပျောက်သွားပါတော့တယ်။ သည်အချိန် မတိုင်ခင်ကတော့ ကိုယ့်ထက်သာ မနာလိုစိတ်နဲ့ သူများအကြောင်းကို ပါးစပ်နဲ့ တစ်လုံး ပြောဖို့ ကျွန်တော်ကိုယ်တိုင် ဝန်မလေးတတ်ခဲ့ဘူး။ အတိအကျ ပြောရရင် သူတစ်ပါးအကြောင်း စကားတင်း ဆိုသူများဟာ ကိုယ့်ကိုယ်ကိုယ် မယုံကြည်သူတွေ လုပ်တဲ့အလုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သွားရင် သူတစ်ပါးအကြောင်း သိပ်မပြောဖြစ်တော့ပါဘူး။

နောက်တစ်ချက်ကတော့ လေသံကြားနဲ့ အတတ်စွဲတော့တာ၊ ဒါလည်း လူ့သဘာဝပါပဲ။ ဒါပေမယ့် ကောင်းတဲ့ သဘာဝတော့ မဟုတ်ဘူး၊ ပူတင်းရဲ့ အရသာကို စားတော့မှ သိမယ်ဆိုတဲ့ သိုးဆောင်း ဆိုရိုးလိုပဲ အပွေးကို မမြင်ဖူးဘဲနဲ့ အပင်ကို သိပါတယ်ဆိုတာမျိုးဟာ တော်တော့်ကို အခြေအမြစ် မရှိတဲ့ ဓိဋ္ဌိအမြင်ပါ။
ကျွန်တော်သာ ဆိုရင်တော့…


“သည်လူနဲ့တော့ တစ်ခါမှ မဆုံဖူးလို့ ဟုတ်၊ မဟုတ်တော့မသိဘူးဗျာ။ ဒါပေမယ့် သူနဲ့ပတ်သက်လို့ ကျွန်တော် ကြားဖူးထားသမျှကတော့ တစ်စက်မှ အကောင်း မရှိဘူး။ အဲတော့ သူနဲ့ ဆက်ဆံတဲ့အခါ သတိတော့ထားပေါ့”ဆိုတဲ့ စကားမျိုးသာ ပြောဖြစ်မှာပါ။ ဒါကလည်း မိတ်ဆွေကောင်း တစ်ယောက်အနေနဲ့ ပြောသင့် ပြောထိုက်တဲ့ စကားမျိုးမို့ ကန့်ကွက်စရာ မရှိပါဘူး။

သည်ကမှ တစ်ဖက်သားက ဘယ်လိုဟာမျိုးတွေ ကြားဖူးတာလဲလို့ မေးလာတဲ့အခါ ကိုယ်ကြားဖူးထားတဲ့ ဇာတ်လမ်းလေးတွေကို အရင်းအတိုင်း ပြန်ပြောလိုက်ပါဦး။ ဒါလည်း မိတ်ဆွေကောင်းအနေနဲ့ ပြောကောင်းတဲ့ စကားပါ။


ကိုယ့် ဆုံးဖြတ်ချက်၊ သုံးသပ်ချက် မပါဘဲ ကိုယ်ကြားဖူးတဲ့အတိုင်း ပြောနိုင်မယ်ဆိုရင် ကိုယ်ဟာ လေသံကြားနဲ့ ဖမ်းတရားနာပြီး အတတ်စွဲတတ်တဲ့ အတွေးတိမ်သူ မဟုတ်တော့ပါဘူး။ တစ်ဆက်တည်းမှာပဲ ကိုယ့်စကားကို နာကြားနေသူ တစ်ဖက်သားရဲ့ ကိုယ်ပိုင်သဘောဆန္ဒနဲ့ သုံးသပ်ခွင့်ကို လေးစားရာလည်း ရောက်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်စကား ဘယ်အထိ ရောက်သွားသလဲ ဆိုတာကို မစဉ်းစားနိုင်အောင် ဆင်ခြင်ဉာဏ် နုံနဲ့မှုပါ။

ခဏခဏ ကြုံရတယ်။ ကျွန်တော့်ဆီ လာလာနေတတ်တဲ့ လူငယ်လေးတစ်ယောက်။ အသက် သုံးဆယ်ကျော်ပေါ့။ သည်လူငယ်လေး နှုတ်ကနေ သူတစ်ပါးအကြောင်း ပြောရတော့မယ်ဆိုရင် ပါးစပ်နဲ့တစ်လုံး ထွက်ထွက် လာတတ်တယ်။ ယုတ်စွအဆုံး သူ့အမေ၊ သူ့နှမ၊ သူ့ဇနီးတို့ရဲ့အကြောင်းက အစ သူ မထင်ရင် မထင်သလို အားပါးတရ ပြောတတ်လေတော့ ငြိမ်နားထောင်နေမိရင်းက ကျွန်တော့်အကြောင်းကိုလည်း ကျွန်တော့် ကွယ်ရာကျရင် တစ်တစ်ခွခွပြောဖို့ သူ ဝန်လေးမှာ မဟုတ်ဘူးဆိုတာ တွေးမိနေရပါ တယ်။ အဲဒါ သူစကားက ဖော်ထုတ်လိုက်တဲ့ အမူအကျင့်(ဝါ) သူ့စကားရဲ့ တာသွားပုံပါ။


ကိုယ်သုံးတဲ့ စကားလုံးက ရုန့်ရင်းကြမ်းတမ်းရင် ကိုယ့်စိတ်ဓာတ် အဆင့်အတန်းကို အလိုလို ဖော်ပြပြီး ဖြစ်နေတတ်သလို တစ်ယောက်ယောက် ကို မှိုချိုးမျှစ်ချိုးပြောတယ်ဆိုရင်လည်း ကိုယ့်ရဲ့သေးသိမ်မှုကို ဖွင့်ထုတ်ရာ ရောက်တတ်တာမို့ စကားပြောရာ၊ စာရေးရာမှာ လူတိုင်းသတိထား သင့်ပါတယ်။

နိဂုံးချုပ် ဖြည့်စွက်ချင်တာကလေးတစ်ခု ကျန်နေပါတယ်။


အဲဒါကတော့ ကျွန်တော့်မို့ ကြုံရတာလားတော့ မသိပါဘူး၊ ကျွန်တော့်မှာ အမျိုးသားမိတ်ဆွေ အမျိုးသမီးမိတ်ဆွေ အရေအတွက်ချင်း မျှနေအောင် အသိအကျွမ်း ပေါလှပါတယ်။ သည်အထဲကမှ ကျွန်တော့်အကြောင်း ကျွန်တော့်ကွယ်ရာမှာ စကားတင်း ဆိုကြသူများထဲမှာ အမျိုးသမီးဦးရေက လက်ချိုး ရေလို့ရအောင် နည်းပါးပြီး အမျိုးသားဦးရေကကျ အဆမတန်များ ပြားနေတာကျတော့လည်း တစ်မျိုးကြီးပါပဲ။

အမှန်တော့ ကျားရယ် မရယ် မဟုတ်ပါဘူး။ လူတွေ ဖြစ်ကြတဲ့အတွက် ပါးစပ်တွေ ပါကြသလို စကားတွေလည်း ပြောကြမှာပါ။ စကားတွေ ပြောရင်းက ဇာတိတွေ ပြလာတဲ့အခါမှာလည်း ကျားကျား မမ ကွဲပြားမနေတော့ဘူး။ လူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်၊ ဆင်ခြင်တုံတရား၊ အသိဉာဏ် စတာတို့အပေါ်မှာသာ မူတည်နေပါတော့တယ်။


အဲတော့ စကားတစ်ခွန်း၊ စာတစ်လုံးက ပြတတ်တဲ့ဇာတိလေးတွေကို သတိထားနိုင်ကြမယ်ဆိုရင်ဖြင့် လူတစ်ဦးစီရဲ့ စိတ်ဓာတ်နဲ့ ဆင်ခြင်ဉာဏ်များ မြင့်သထက် မြင့်လာ၊ ကောင်းသထက် ကောင်းလာနိုင်တာကို တွေးမိရခြင်းနဲ့အတူ…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၂၀ဝ၁ ဩဂုတ် ၂၈ ထုတ် သတင်းစုံဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “ဖြေတွေးလေးများ” စာအုပ်ထဲက စာတစ်ပုဒ်ကို တင်ဆက်လိုက်တာပါ။)

Should you know how to cope with name-calling

နာမ ပညတ် နာယူတတ်သော်

ကျွန်တော့်ကို မေမေက စိတ်လိုလက်ရရှိရင် “သား”လို့ခေါ်တယ်။ “သား” လို့ ခေါ်တာများတယ်လို့ပဲ ဆိုကြပါစို့ရဲ့။

အဖေကတော့ “သား”လို့ အတော်လေး ခေါ်ခဲတယ်။ ငယ်ငယ်တုန်းကတော့ ခေါ်ခဲ့ဖူးတယ် ထင်ပါရဲ့။ ကျွန်တော်က ငယ်ဘဝကို အလိုလို မေ့လိုက်တဲ့ အငုံ့စိတ်နဲ့မို့ သိပ်ကောင်းကောင်း မမှတ်မိဘူး။ ကျွန်တော် သိသလောက် အဖေက ကျွန်တော့်ကို နာမည်ရင်းနဲ့ပဲ ခေါ်တာများတယ်။

ကျောင်းနေတဲ့ဘဝ ရောက်လာတော့ သူငယ်ချင်းတွေကလည်း နာမည်ရင်းအတိုင်းပဲ ခေါ်ကြတယ်။ လူကြီးတချို့က ကျွန်တော့်ကို “အာလူးကြော်”လို့ နာမည်ပြောင်ခေါ်ခဲ့ဖူးတယ်။ ခပ်ငယ်ငယ်တုန်းကပါ။

တချို့ကကျတော့လည်း ဘာလို့မှန်းမသိဘူး၊ ငယ်ငယ်ကတည်းက ကျွန်တော့်ကို “ဇာတ်လိုက်”လို့ ခေါ်ကြသေးတယ်။ အခုချိန်ထိလည်း အဲလို ရံဖန်ရံခါ အခေါ်ခံနေရဆဲပဲ။ အဲသလို အခေါ်ခံရတဲ့အခါမှာတော့ နည်းနည်း အူကြောင်ကြောင်နိုင်ချင်တယ်။ ဝမ်းပဲ သာရမလိုလို၊ စိတ်ပဲ ဆိုးရမလိုလို၊ ဘာမှန်းမသိဘူး။

ရှင်ပြုတဲ့အခါ ကိုရင်ဘွဲ့က “ရှင်အာစရ”တဲ့။ ကျွန်တော့်ဦးကြီးကတော့ “ရှင်အာပြဲ”လို့ ချစ်စနိုး ခေါ်တယ်။ ချစ်စနိုး ခေါ်မှန်းသိနေတော့ ဘာမှမဖြစ်ခဲ့ဘူး။ တချို့ကတော့ အဲဒီ့အချိန်မှာ “ကိုရင်”လို့ ခေါ်ကြတယ်။

ကြီးမှ သာသနာ့ဘောင် တစ်ခေါက်ပြန်ဝင်ပြီး ဒုလ္လဘ ရဟန်းခံတဲ့အခါ မှာလည်း ငယ်တုန်းက ဘွဲ့ကိုပဲ ပြန်ယူလိုက်တယ်။ သာသာနာ့ဘောင်မှာ သိရတဲ့ ဦးဇင်းတွေ၊ ကိုယ်တော်ကြီးတွေက “ကိုယ်တော်”တို့၊ “ဦးဇင်း”တို့နဲ့ ခေါ်ဝေါ် သုံးနှုန်း ပြောဆိုတာတွေလည်း ခံခဲ့ရဖူးတယ်။

သည်လိုနဲ့ နည်းနည်းကြီးလာတော့ သူငယ်ချင်းတွေက “ဟေ့ကောင်”လို့ ခေါ်တာမျိုးလည်း ခံဖူးတယ်။ နောက်ပိုင်းကျတော့ “မအေ…”တွေ၊ “နှမ…”တွေနဲ့ ခေါ်ဝေါ်သုံးနှုန်းတာမျိုး၊ “ငါ”နဲ့ တိုင်းထွာပြီး ခေါ်ဝေါ် သုံးနှုန်းတာမျိုးတွေလည်း ကြုံလာရတယ်။ ဒါပေမယ့်လည်း အခါခပ်သိမ်းတော့ စိတ်မဆိုးဖြစ်ပါဘူး။ သူက ခင်လို့၊ မင်လို့ ခေါ်တာမှန်း သိနေရင် စိတ်မဆိုးဖြစ်ဘူး၊ ကိုယ်နဲ့ သိပ်အစပ်မတည့်သူက ခေါ်ရင်တော့ စိတ်ဆိုးလား ဆိုးရဲ့၊ အဲဒီ့အခေါ်အဝေါ်လေးကြောင့်ပဲ ရန်ဖြစ်လား ဖြစ်ရရဲ့။

ကျွန်တော့် ပထမဆုံး ရည်းစားကတော့ ကျွန်တော့်ကို “ကို”တဲ့။ အမယ်… တယ် နားဝင်ချိုတာ ခင်ဗျ။ တချို့ကောင်မလေးတွေက “သူ”လို့ သုံးပြန်တယ်။ ဒါလည်း နားထောင်လို့ ကောင်းနေဆဲပါပဲ။ တချို့ကကျတော့ လည်း “ယူ”တဲ့။

နောက် ရည်းစားတစ်ယောက်ကကျတော့ “မောင်”တဲ့။ ဒါလည်း အနိပ်သား။ ကိုယ့်ကိုယ်ကိုယ်လည်း “ကို”တုန်းက တစ်“ကို”တည်း “ကို” ခဲ့ဖူးသလို အခုလည်း “မောင်”နေရတာ အမော။

သူငယ်ချင်းတွေထဲမှာလည်း “မင်း”လို့ ကျွန်တော့်ကို ရည်ညွှန်း သုံးစွဲသူတွေ ရှိသလို “ခင်ဗျား”လို့ စိုက်လိုက်မတ်တတ် ပြောသူတွေ ရှိတယ်။

မိန်းကလေးသူငယ်ချင်းတွေကတော့ “နင်”ပေါ့။ ဟုတ်နေတာပဲ။

အဲလိုပဲ၊ အသက်ကလေး ၂၀ နား နီးလာတော့ ကျွန်တော့်နာမည်ကို နာမည်ရင်းအတိုင်း ခေါ်သူတွေ ရှိသလို “ကို”တပ်ပြီးမှ ခေါ်သူတွေလည်း ရှိလာတယ်။ တစ်ချိန်ကျရင် “ဦး”တပ်ပြီး အခေါ်ခံရဦးမယ်ဆိုတာ အဲတုန်းကတည်းက ရိပ်စားမိခဲ့ပါတယ်။


မကြာပါဘူး၊ ကျောင်းပြီးစမှာ ကျူရှင်ဆရာ တက်လုပ်လိုက်တော့ ကျွန်တော့်ကို “ဆရာ”လို့ ခေါ်သူတွေ အလိုလို ပေါလာတယ်။ အဲသလို အခေါ်ခံရတာလည်း အတော်တော့ အရသာရှိသား။ နာမည်မှာလည်း “ဦး” ထည့်ပြီး အခေါ်ခံလာရတယ်။

မြန်မာစကား မတတ်တဲ့ နိုင်ငံခြားသားအစုံနဲ့ပတ်သက်ရတဲ့ အပျော်တမ်း အဖွဲ့တစ်ဖွဲ့ကိုရောက်သွားတော့ ကျွန်တော့်မြန်မာနာမည်က ပြဿနာ။ သူတို့ခေါ်ရင် အမြီးအမောက် မတည့်ဘူး။ ခက်တာက ကျွန်တော်ကလည်း မြန်မာတန်မဲ့ အင်္ဂလိပ်နာမည်နဲ့ အခေါ်ခံရမှာကို မကြိုက်တတ်ဘူး။ ဒါနဲ့ ကျွန်တော့်နာမည်က အဖျားစာလုံးတွေကို ပေါင်းပေးလိုက်တယ်။ အော်ပီကျယ့်ကို အေပီကေလို့ခေါ်သလို ကျွန်တော့်ကိုလည်း “အေတီကေ”လို့ ခေါ်ကြဖို့ ပြောရတယ်။

သည်လိုနဲ့ ဂျပန်တွေ၊ အိန္ဒိယတွေ၊ အစ္စရေးတွေ၊ ဂျာမန်တွေ၊ ပြင်သစ်တွေ၊ အင်္ဂလိပ်တွေက ကျွန်တော့်ကို “အေတီကေ”လို့ပဲ ခေါ်ကြပြန်တယ်။ မေမေကလည်း ကျွန်တော့်ကို တစ်ခါတစ်ရံ “အေတီကေ”ပဲ ခေါ်တယ်။ အဲသလို “အေတီကေ”လို့ ခေါ်ကြတဲ့ နိုင်ငံခြားသားတွေထဲမှာ ကျွန်တော့်ထက် ငယ်တဲ့ ကလေးတွေတောင် ပါသေးတယ်။ ဒါပေမယ့် သူတို့လူမျိုး၊ သူရို့စရိုက်နဲ့မို့ ဘယ်လိုမှ မနေခဲ့ဘူး။

နောင်အခါ နိုင်ငံခြား အဖွဲ့အစည်းတွေမှာ အလုပ် လုပ်ဖြစ်သွားတဲ့အခါကျပြန်တော့ “အေတီကေ”က ဆက်တွင်နေတယ်။ သည်အခါမှာလည်း ကျွန်တော့်ထက် ငယ်တဲ့ မြန်မာတချို့က “အေတီကေ”ပဲ ခေါ်သလို တချို့ကကျတော့ “ကိုအေတီကေ”တဲ့။ ဒါပေမယ့် ဘယ်လိုမှ မနေခဲ့မိပြန်ဘူး။

တချို့ရည်းစားတွေက “အောင်”လို့ခေါ်တယ်၊ တချို့ကကျတော့ “ကိုကို” ဖြစ်လာတယ်။ တချို့က “မောင်။” အဲ… ရည်းစားနှစ်ယောက် တစ်ပြိုင်တည်း ထားမိတဲ့ အခါကျတော့ ပြဿနာက တက်ရော။ သူတို့ကို ခေါ်တဲ့ အခေါ်အဝေါ်တွေ လွဲကုန်တတ်သလို ကိုယ့်ကိုယ်ကိုယ်လည်း “မောင်”လိုက်၊ “အောင်”လိုက်၊ “ကိုယ်”လိုက် လုပ်နေရတာနဲ့ အယောင်ယောင် အမှားမှားတွေ ဖြစ်ကုန်ပါရောလား။ အဲဒီ့မှာတင် ပြဿနာတွေ အထွေးလိုက်တက်၊ ငိုတာ၊ ယိုတာ၊ ဆောင့်တာ၊ အောင့်တာ၊ ဖြတ်တာ၊ ကွဲတာတွေ ခံရတော့ တော်တော် မှတ်သွားတယ်။

သူတို့က ဘယ်လိုခေါ်ခေါ် ကိုယ့်ကိုယ်ကိုယ် “ကိုယ်”လို့ပဲ တစ်သမတ်တည်း သုံးသလို၊ သူတို့ကိုလည်း လူဘယ်လောက် ပြောင်းပြောင်း “ချစ်”လို့ တစ်သမတ်တည်း ခေါ်တော့ နောက်ပိုင်းမှာ အလွဲလွဲအချော်ချော်တွေ မဖြစ်တော့ဘူး။

စာရေးတဲ့အခါကျတော့ ကျွန်တော့်ကို “ကိုဆူဒိုနင်”လို့များ ခေါ်လိုက်ရင် ဘယ်လိုကြီးမှန်း မသိဘူး၊ ကိုယ့်ဘာသာ စိတ်ပေါက်ပေါက်နဲ့ ပေးချင်ရာ ပေးလိုက်တဲ့နာမည်မို့ ကိုယ်ကိုယ်တိုင်က အဲဒီ့နာမည်ကို သိပ်သဘော မတွေ့လှတာအမှန်ပဲ။ ခက်တာက အဲဒီ့နာမည်ကမှ သွားအကျိုးပေးနေတယ်။ အဲတော့လည်း ကျွန်တော်ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အဲသလို အခေါ်ခံရတာ ခေါ်သူမှာ အပြစ်မရှိပြန်ဘူး။

ပိုဆိုးတာက အခုနောက်ပိုင်း “အတ္တကျော်”ဆိုတဲ့ နာမည်ကို ခံယူမိတဲ့နောက်ပိုင်း ဆရာသုမောင်နဲ့ တွေ့တော့မှ ခွက်ခွက်လန်တော့တာ။ ကျွန်တော်က “ဆူဒိုနင်”ဆိုတဲ့ ကလောင်နာမည်ကို ကြိုက်လှတာ မဟုတ်ဘူး။ ဒါနဲ့ ကလောင်နာမည်အသစ် မွေးလိုက်တာ။ “အေတီကေ”လည်း မပျောက်ပျက်အောင် စဉ်းစားလိုက်တော့ “အတ္တကျော်” ထွက်လာတယ်။ အမယ်၊ သူ့ဟာနဲ့သူတော့ နာမည်လေးက လှသလိုလိုပဲ။ ကိုယ့်ဟာကိုယ်လည်း အတော်ကျေနပ်သွားတယ်။ အဲ… ဆရာသုမောင်နဲ့ တွေ့တော့ သူက ကျွန်တော်ကို ဘယ်လိုခေါ်တယ်မှတ်လဲ။ “ကိုအတ္တ”တဲ့ခင်ဗျ။ သွားပြန်ပြီ၊ နာမည်အမှည့် မှားပြန်ပြီဆိုတာ ချက်ချင်း သိလိုက်တယ်။

ရုံးမှာလည်း ရာထူးနိမ့်သူ မြန်မာဝန်ထမ်းတချို့က ကျွန်တော့်ကို “ဆရာ”လို့ ခေါ်တတ်ကြတယ်။ လြုံခံရေး တာဝန်ကျတွေ၊ သန့်ရှင်းရေး လုပ်သားတွေ၊ ယာဉ်မောင်းတွေက အဲသလို ခေါ်တာ များပါတယ်။

စာရေးသူဖြစ်လာတော့ “ဆရာ”အခေါ်ခံရတဲ့ နှုန်းထား ပိုစိပ်လာပေမယ့် ကျူရှင်ဆရာဘဝမှာ အသားကျပြီးသားဆိုတော့ “ဆရာ”အခေါ်ခံရတဲ့အတွက် ထူးပြီး မကြည်နူးမိတော့တာလည်း အမှန်ပဲ။ ဒါပေမယ့် ကလောင်နာမည်ကို အဖျားဆွတ်ပြီး “ဆရာဆူ”လို့ ခေါ်ရင်တော့ တော်တော် အီလည်လည်နိုင်ရပြန်တယ်။ ဒါပေမယ့်လည်း စောစောကလိုပါပဲ၊ “ခေါ်သူမှာ အပြစ်မရှိဘူးဟဲ့”လို့ မိမိကိုယ်ကို ပြန်ဆုံးမရင်း နေလိုက်ရပြန်တယ်။

ကျွန်တော့်အိမ်သူကတော့ ကျွန်တော့်ကို “ကိုကြီး”လို့ ခေါ်တာများတယ်။ တစ်ခါတလေတော့လည်း “ကိုကို”တဲ့။ စကားပြောရင်တော့ ကျွန်တော့်လေကို လိုက်ပြီး “ညည်း”နဲ့ “ကျုပ်”နဲ့ ပြောလားပြောရဲ့။ “ရှင်”နဲ့ “ကျွန်မ”သုံးလားသုံးရဲ့။

ခွန်းကြီးခွန်းငယ်ဖြစ်ကြရင်တော့ “နင်”တွေ၊ “ငါ”တွေပါ ပါလာတတ် တယ်။ သူက ကျွန်တော့်ထက် ခုနစ်နှစ်ငယ်တော့ အဲလိုများ သူက သုံးလိုက်ရင် အသည်း ဆတ်ဆတ်ခါ နာမိသေးတယ်။ “တိရစ္ဆာန်မ၊ တော်တော် ရိုင်းတာပဲ”လို့ အောက်မေ့လား၊ အောက်မေ့ရဲ့။ (ကျွန်တော်က သူ့ကို ဖေတွေ၊ မောင်တွေ ကိုင်တုတ် ထားတာကျ တရားတယ်လို့ ထင်နေမိသဗျား။)

သမီးလေး မွေးပြီး သမီးနှုတ်က ပထမဆုံး ထွက်လာတဲ့စကားလုံးက “ပါပါး”တဲ့။ ကျွန်တော့်ကိုခေါ်တာ။ သမီးက “မေမေ”ဆိုတဲ့ စကားလုံးထက် အများကြီး စောပြီး “ပါပါး”ကို တတ်သွားတယ်။

ကျွန်တော့်ဘဝမှာ တစ်ခါမှ မမျှော်လင့်၊ မသုံးစွဲဖူးတဲ့ အဖေကို ခေါ်တဲ့ အခေါ်အဝေါ်ပဲ။ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် “ဖေဖေ”လို့ သုံးခဲ့ပေမယ့် သမီးက ကျွန်တော့်ကို “ပါပါး”လို့ ဘယ်သူမှ မသင်ဘဲ ခေါ်နေခဲ့တယ်။

အဲလိုနဲ့ ကျွန်တော့်ကို သမီးရော၊ သူ့နောက်မှ မွေးတဲ့ သားတော်မောင် မျောက်လောင်းလေးကရော “ပါပါးကြီး”လို့ ခေါ်ကြတယ်။ သူတို့ မအေကိုကျတော့ “မေမေ”တဲ့။ ဘာလဲ မသိဘူး။

အခု ခုနစ်နှစ်နဲ့ ကိုးနှစ်စီ ရောက်လာကြတဲ့အခါ “ဖေဖေ”လို့ ပြောင်းခေါ်ဖို့ သူတို့ကို စကား စကြည့်မိခဲ့ဖူးသေးတယ်။ နှစ်ကောင်စလုံးက ခါးခါးသီးသီးပဲ၊ ရယ်လို့ပဲ နေကြတယ်။ “မခေါ်နိုင်ပါဘူး၊  ပါပါးကြီးက ပါပါးကြီးပဲပေါ့”တဲ့။

အသက်ကလေးရလာတော့ တချို့လူငယ်လေးတွေက “ဦး”လို့ ခေါ် ကြပြန်တယ်၊ “အန်ကယ်”လို့ ခေါ်တဲ့သူကလည်း ခေါ်တယ်။ အခေါ်ခံရ ခါစတုန်းကတော့ နည်းနည်း ကျွဲမြီးတိုချင်သလို ဖြစ်မိခဲ့ရပေမယ့် နောက်ပိုင်းကျတော့လည်း ရိုးသွားတာပါပဲ။

တချို့ကတော့လည်း ယဉ်ကျေးသမှုအရ “အစ်ကို”လို့ ခေါ်တာမျိုးလည်း ခံဖူးတယ်။

ကြည့်စမ်း၊ အခုလို ချရေးလိုက်တော့ ကျွန်တော့်တစ်ယောက်တည်းကို နာမည်မျိုးစုံ၊ နာမ်စားမျိုးစုံနဲ့ အခေါ်ခံခဲ့ရတာတွေ၊ အခေါ်ခံနေရတာတွေ အများကြီးပဲ။

အမေတို့၊ အဖေတို့က “သား”လို့ မခေါ်ဘဲ နာမည်ရင်းအတိုင်း ခေါ်တဲ့အခါကျတော့ ရင်ထဲမှာ အောင့်တယ်။ “ခွေးကောင်”လို့ အမေတို့က ခေါ် လိုက်ပေမယ့် ချစ်စနိုး အခေါ်ခံရမှန်း သိနေပြန်ရင် ကျေနပ်တယ်။

သူငယ်ချင်းတွေက မင်းနဲ့ ငါနဲ့ ပြောလာရင်လည်း ဘာမှ မဖြစ်ဘူး။ သိပ်ကြီးလည်း မရင်းနှီး၊ ကိုယ်နဲ့လည်း မတိမ်းမယိမ်းက မင်းနဲ့ ငါနဲ့ ပြောလာရင်တော့ စိတ်က ကွက်ချင်တယ်။


သူငယ်ချင်းတွေက “မအေ၊ နှမ” ကိုင်ပြီး ပြောနေပြန်ရင်လည်း ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် စိတ်အခန့်မသင့်တဲ့အခါမှာတော့ အဲဒါနဲ့တင် ထ ပြဿနာ တက်ရတာလည်း ကြုံဖူးတယ်။

တပည့်လေးတွေက “ဆရာ”ခေါ်တာရယ်၊ စာဖတ်ပရိသတ်က “ဆရာ”ခေါ်တာရယ်၊ ရေးဖော်ရေးဖက်ချင်းက “ဆရာ”ခေါ်တာရယ်၊ စားသောက်ဆိုင်စားပွဲထိုးက “ဆရာ”ခေါ်တာရယ်မှာ အလေးအပေါ့ချင်း ကွာခြားမှန်းကိုလည်း သတိထားမိနေတတ်ပြန်တယ်။

“ဆူဒိုနင်”ဆိုတဲ့ကလောင်နာမည်ကို ကိုယ့်ဘာသာ ပေးမိထားခဲ့ပေမယ့် အဲဒီ့နာမည်နဲ့ အခေါ်ခံရရင်ဖြစ်စေ၊ “ဆရာဆူ”လို့ ခေါ်ရင်ဖြစ်စေ နည်းနည်း မနေတတ်၊ မထိုင်တတ် ဖြစ်ချင်နေတုန်းပဲ။ နောက်ပိုင်း ခံယူတဲ့ အတ္တကျော်ကျလည်း “ကိုအတ္တ”သော်လည်းကောင်း၊ ”ဆရာအတ္တ”သော်လည်းကောင်း အခေါ်ခံရရင် နည်းနည်း ငုပ်သွားတယ်။

“အေတီကေ”ဆိုတာကိုကျတော့ ဘယ်သူက ခေါ်ခေါ်၊ ဘယ်အရွယ်က ခေါ်ခေါ် ဘာမှ မဖြစ်မိပြန်ဘူး။

ကျွန်တော့်အိမ်သူက “ကိုကို”ပဲ ခေါ်ခေါ်၊ “ညည်း”လို့ပဲ သုံးသုံး၊ “ရှင်”နဲ့ပဲ ပြောပြော၊ ဘာမှ မဖြစ်မိပေမယ့် “နင်”လို့ ပြောတဲ့အခါကျတော့ နည်းနည်း နင်သွားတယ်။

ကျွန်တော် စဉ်းစားကြည့်တယ်။ ကျွန်တော်တို့တွေဟာ ဘာဖြစ်လို့ အခေါ်အဝေါ်တွေကို စွဲလမ်းနေရတာလဲလို့။

ဟုတ်တယ်။

တစ်ရက်မှာ ကျွန်တော်နဲ့ မကြာသေးခင်ကမှ ရင်းနှီးကျွမ်းဝင်လာတဲ့ မိတ်ဆွေသစ် တစ်ယောက်က ဟိုးဆယ်နှစ်ကျော်လောက်က အလုပ်တစ်ခုမှာ သူ အဆင်မပြေခဲ့တဲ့ အကြောင်းကို ပြောပြတယ်။ အဲဒီ့အလုပ်မှာ သူ့ထက် ၁၀ နှစ်ကျော် ငယ်တဲ့ မြန်မာမိန်းကလေးတစ်ယောက်က သူ့ကို “ကို” မတပ်၊ “ဦး” မပါဘဲ သူ့နာမည်ရင်းအတိုင်း ခေါ်ခဲ့တာကို တော်တော် ရိုင်းတယ်လို့လည်း သူက မှတ်ချက်ပေးတယ်။

ကျွန်တော်နဲ့ အဲဒီ့မိန်းကလေးနဲ့လည်း တစ်မိုးတည်းအောက်မှာ အတူ အလုပ်လုပ်ခဲ့ဖူးတယ်။ အသက်အရွယ်အရ သူက ကျွန်တော့်ထက် ဆယ်နှစ်လောက် ငယ်တယ်၊ ရာထူးအရလည်း သူက ကျွန်တော့်အောက် သုံး၊ လေးဆင့် နိမ့်ပါတယ်။

ဒါပေမယ့် အဲဒီ့ကလေးမက ကျွန်တော့်ကို နိုင်ငံခြားသားများ ခေါ် သလို “အေတီကေ”လို့ပဲ တွင်တွင် ခေါ်ခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာ ဘာဆို ဘာမှ မဖြစ်ခဲ့မိဖူးဘူး။ သူ ရိုင်းတယ်၊ မြန်မာတန်မဲ့နဲ့ သက်သက်မဲ့ လူဝါးဝတယ်လို့လည်း တစ်ခါမှ မတွေးမိခဲ့ဖူးဘူး။ သူနဲ့ ကျွန်တော်နဲ့ ဆက်ဆံရေးမှာလည်း အဖုအထစ်တွေ မဖြစ်ခဲ့ဘူး။ ခိုင်းစရာရှိ ခိုင်းလိုက်၊ နောက်စရာရှိ နောက်လိုက်၊ ပြောင်လိုက်၊ စိတ်ဆိုးစရာရှိ ဆိုးလိုက်နဲ့ လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်ချင်း ဆက်ဆံသလို ဆက်ဆံနိုင်ခဲ့တယ်။

သည်ကနေ့ အဲဒီ့ရုံးမှာ ကျွန်တော်အလုပ် မလုပ်တော့ပေမယ့် မကြာခဏတော့ ဆုံဖြစ်နေသေးတယ်။ သူ အကူအညီလိုရင် တောင်း၊ ကျွန်တော် လိုရင်လည်း တောင်း၊ အပြန်အလှန် ဆက်ဆံဖြစ်ရင်လည်း ခါတိုင်းအတိုင်းပဲ သူက ကျွန်တော့်ကို “အေတီကေ”ပဲ ခေါ်တယ်။ ကျွန်တော့်စိတ်ထဲ  ဘယ်လိုမှကို မနေခဲ့ဘူး။

ကျွန်တော့်မိတ်ဆွေကတော့ အဲဒါကိုပဲ ယိုးမယ်ဖွဲ့ပြီး သည်ကလေးမအပေါ် မကြည်မလင် ဖြစ်နေတာကို ကြားလိုက်ရတော့ ကျွန်တော့်စိတ်ထဲမှာ သည်မေးခွန်းက ပေါ်လာတယ်။ ကျွန်တော်တို့တွေဟာ အခေါ်အဝေါ်တွေကို ဘာလို့ သည်လောက်တောင် စွဲလမ်းနေရတာလဲလို့။

ကျွန်တော့်အတွက်တော့ တစ်ခုရှင်းသွားပါတယ်။

အခေါ်အဝေါ်ထက် သဘောထားက ပိုအရေးကြီးတယ်လို့ ခံယူလိုက်ရင် ကိစ္စပြတ်တာပါပဲ။

ဟုတ်တယ်လေ။

“မအေ၊” “နှမ”နဲ့သော်လည်းကောင်း “ခွေးတိရစ္ဆာန်”လို့သော်လည်းကောင်း အခေါ်ခံရပေမယ့် ခေါ်သူက ကိုယ်နဲ့ တရင်းတနှီးလည်း ရှိတယ်၊ ကိုယ့်စိတ်နဲ့ အစပ်တည့်သူလည်း ဖြစ်နေတယ်၊ ရယ်ရယ်မောမော၊ ပြောဆိုနေရင်း ခေါ်တာမျိုးဆိုရင် အခေါ်ခံရသူက ဘာမှမဖြစ်ဘူး။

ဒါပေမယ့် “ဟေ့ကောင်”လို့ ခေါ်တာလေးလောက်ပေမယ့် ခေါ်သူက ဒေါသနဲ့ ခေါ်တာဖြစ်စေ၊ အကျောကြီးနဲ့ ခေါ်တာလို့ဖြစ်စေ အခေါ်ခံရသူမှာ ခံစားရပြီဆိုတာနဲ့ တစ်ပြိုင်နက် နားခါးသွားတတ်စမြဲပဲ။

အဓိကကတော့ ကိုယ်က ဘယ်နှလုံးသားမျိုးနဲ့ နာယူသလဲဆိုတာပါပဲ။ အခေါ်ခံရသူရဲ့စိတ်က အေးချမ်းတည်ငြိမ်မှုနဲ့ နာယူလိုက်ရင် ဘယ်လို ခေါ်ခေါ် ဘာပြဿနာမှ မရှိတော့ဘူး။ အခေါ်ခံ ရသူရဲ့နှလုံးက မငြိမ်းချမ်း ရင်တော့ “ဆရာသမား”လို့ ခေါ်တာကိုပဲ ကိုယ့်ကို “ရိ”တယ်လို့ တွေးမိနိုင်ပါတယ်။

တကယ်လည်း “ရိ”ပြီး ခေါ်တာမျိုးရှိတယ်။ ကျွန်တော့်ကို ခေါ်တဲ့ အထဲမှာ “ဇာတ်လိုက်”ဆိုတဲ့ အခေါ်အဝေါ်မျိုးဟာ တစ်ခါတစ်ရံ ခပ်ရိရိ ခေါ်တာမျိုးပါ။

ကျွန်တော်တို့ ရုံးက ကျွန်တော့်ရဲ့ မိတ်ဆွေရင်းကြီး ကိုထူးခြားကတော့ လူတကာကို “အန်ကယ်”ခေါ်တဲ့ ဝါသနာနဲ့။ သူ့အသက်က ကျွန်တော့်ထက် လေး၊ ငါး၊ ခြောက်နှစ်ကြီးပေမယ့် ကျွန်တော့်ကိုလည်း “အန်ကယ်”လို့ပဲ ခေါ်ဝေါ်သုံးနှုန်းတယ်။

သူနဲ့ အနေကြာလာတော့ ကျွန်တော်လည်း သူ့လိုပဲ လူတကာကို “အန်ကယ်”တစ်လှည့်၊ “ဦးလေး”တစ်လှည့် ခေါ်လိုက် လုပ်နေတယ်။

စာပေလောက ဦးမျိုးညွှန့်ကို “အန်ကယ်”လို့ ခေါ်မိတော့ ပထမပိုင်း သူ့ခမျာ အခံရ ခက်နေပုံရတယ်။ လူရည်လည်တဲ့သူမို့လို့သာ စိတ်မဆိုးတာ။ သူက ကျွန်တော့်ထက် ဆယ်နှစ်သာသာ ကြီးပေမယ့် အဲလိုအခေါ်ခံရတာတော့ ဘယ်ကြိုက်ပါ့မလဲ။

ဒါပေမယ့် ကျွန်တော့်ထက် ဆယ်နှစ်ကျော်ငယ်တဲ့ သူ့သား ကိုနေမျိုးညွန့်(အလင်္ကာဂျာနယ်)ကိုလည်း ကျွန်တော်က “ဦးလေး”လို့ ခေါ်တာမို့ နောက်ပိုင်းမှာ သူ သဘောပေါက်သွားပုံ ရတယ်။ ကိုနေမျိုးညွန့်ကလည်း လူပါးပဲ။ လူချင်း ဆုံတာနဲ့ သူက ကျွန်တော့်ကို “ဦးလေး၊ ဦးလေး”ဆိုပြီး သူက ဦးအောင် ခပ်စိပ်စိပ် ခေါ်ထားတတ်ပြန်တယ်။

ကျွန်တော်တို့ချင်း ခင်နေတော့ ဘာမှ မဖြစ်ဘူး။ ဘယ်လို ခေါ်ခေါ်၊ ဘာ ပြဿနာမှ မရှိဘူး။ “မောင်နေမျိုးညွန့်နှယ်၊ သက်သက်မဲ့ နာမ်နှိမ်နေရန်ကော”တွေ၊ ဘာတွေ တစ်ခါမှ မစဉ်းစားဖြစ်ဘူး။

နောက်တစ်ခုကိုလည်း ကိုယ်တွေ့ ကြုံဖူးထားတာ ရှိသေးတယ်။ အဲဒါကတော့ ကျွန်တော်တို့ရုံးမှာ စီမံခန့်ခွဲရေးအရာရှိတစ်ယောက် ရှိတယ်။ သည်လူက စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကို တာဝန်ယူရတော့ အင်မတန် အမုန်းခံရရှာတယ်။ ဝန်ထမ်းဆိုတာတွေကလည်း မတစ်ရာသားများပီပီ စီမံအုပ်ချုပ်သူကို စိန်ခေါ်သလို လုပ်တဲ့ ပျက်ကွက်မှုအစုံ၊ ကျူးလွန်မှုအစုံကို လုပ်တတ်ကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ ရုံးမှာ အောက်ခြေဝန်ထမ်း အားလုံးက သူ့ကို ရိုရိုသေသေ ဆက်ဆံကြတယ်။ “ဆရာ၊” “ဆရာ”နဲ့ တစ်“ဆရာ”တည်း “ဆရာ”နေလိုက်ကြတာ သူတို့အစား အမောသား။ အဲ… တစ်နေ့ကျတော့ လုံခြုံရေး တာဝန်ကျ ဝန်ထမ်းနှစ်ယောက် သူတို့ချင်း ပြောနေတာကို အမှတ်မထင် ကြားလိုက်တယ်။ အဲဒီ့ စီမံခန့်ခွဲရေး အရာရှိကို သူတို့က ကွယ်ရာမှာ “နွားကြီး”လို့ ခေါ်ဝေါ် ရည်ညွှန်း သုံးစွဲနေကြတာကလား။

ကျွန်တော် အတော်သဘောကျသွားတယ်။ ကျွန်တော့်ကိုလည်း ကွယ်ရာမှာ သူတို့ခေါ်ချင်သလို ခေါ်ကြမှာပဲ၊ ရှေ့တင်တော့ “ဆရာ”က တစ်ပြားဖိုးမှ မလျော့စေရဘူး။
အဲဒါထက်စာရင် ကျွန်တော့် ရှေ့မှာလည်း ကျွန်တော့်ကို ဆရာမခေါ်ဘဲ “အေတီကေ”လို့ နာမည်တပ်ခေါ်၊ ကျွန်တော့်ကွယ်ရာမှာ ကျွန်တော့်ကို ရည်ညွှန်းတဲ့ အခါမျိုးမှာလည်း “အေတီကေ”လို့ပဲ ရည်ညွှန်းတဲ့သူမျိုးက ရှေ့တင် “ဆရာ”ခေါ်ပြီး ကွယ်ရာမှာ ခေါ်ချင်သလို ခေါ်နေတဲ့သူတွေထက် စာရင် အပုံကြီး သာပါသေးလားလို့ တွေးမိရပါတယ်။

ဆိုလိုတာက အခေါ်အဝေါ်ထက် သဘောထားက ပိုအရေးကြီးတယ်ဆိုတဲ့အကြောင်းပါ။ ကျွန်တော်တို့တွေက အခေါ်အဝေါ်(ပညတ်)တွေကို အစွဲလမ်း လွန်နေတယ်လို့ တစ်ခါတစ်ခါ တွေးမိတယ်။

အဲဒီ့ကနေ ဆက်တွေးမိတာက သိုးဆောင်းဆိုရိုးစကားလေး တစ်ခုပါ။ “နှင်းဆီပန်းကို ဘယ်လိုနာမည်နဲ့ ခေါ်ခေါ်၊ မွှေးမြဲ မွှေးနေမှာပါပဲ”လို့ ဘာသာပြန်လို့ ရမယ် ထင်ပါတယ်။

ဟုတ်ပါရဲ့။ ကျွန်တော့်ကိုလည်း ဘယ်လို ခေါ်ခေါ်၊ ခေါ်ချင်သလိုခေါ်၊ ကျွန်တော်က ကျွန်တော်အဖြစ်ကနေ ရွေ့လျောသွားမှာမှ မဟုတ်တာ။ ခေါ်သူက “နွားကြီး”လို့ ခေါ်လိုက်တာနဲ့ ကျွန်တော် နွားဖြစ်သွားမှာ မဟုတ်သလို ခေါ်သူက “မအေ”နဲ့ ကိုင်တုတ်ပေမယ့် သူ ပြောတဲ့ဘဝကို ရောက်သွားတာမှ မဟုတ်တာ။ အဲဒါကိုမှ ကျွန်တော်က လိုက်လှုပ်ခတ်နေမိရင် ကျွန်တော် ကိုယ်တိုင်က သဘောထား မမှန်ရာကို ရောက်သွားနိုင်တယ်ဆိုတာကို တွေးမိလာရတယ်။

အခုနောက်ပိုင်းတော့ ဘယ်သူက ဘယ်လို ခေါ်ခေါ်၊ ဘယ်လိုသုံးသုံး ဘာမှမဖြစ်မိတော့တာ များတယ်။ ဒေါသနဲ့ ခေါ်ရင်လည်း ခေါ်သူရဲ့ဒေါသကို နားလည်ပေးလိုက်ရင် သိပ်မလှုပ်ခတ်တော့ဘူး၊ မစ္ဆရိယနဲ့ ခေါ်ရင်လည်း ခေါ်သူရဲ့ မစ္ဆရိယကို သတိထားလိုက်မိရင် ဘာမှမဖြစ်ချင်တော့ဘူး။

ပါရမီခံ ရင့်သန်လွန်းလှလို့ မဟုတ်ပါဘူး။ တရားတွေ ဘာတွေ ပေါက်တဲ့အဆင့်ကိုလည်း မရောက်နိုင်သေးဘူး။ ဒါပေမယ့် သဘောထားလေး နည်းနည်း မှန်သွားတာနဲ့ နေရထိုင်ရတာ ပိုမို ပေါ့ပါးလာတာတော့ အမှန်ပဲ။

အစတုန်းက ထိတိုင်း သိနေ၊ သိတိုင်း ထိနေမိသမျှ အခုကျတော့ အဲဒါတွေဟာ ဘာမှ သိပ်အရေးမကြီးမှန်း သတိထားမိသွားတာနဲ့အတူ ဘာမဟုတ်တာလေးတွေနဲ့ ကိုယ့်စိတ်ကိုကိုယ် အညှိုးမခံဖြစ်တော့ဘူး။

သေချာစဉ်းစားကြည့်လေ၊ သည်အချက်က ထင်ရှားလေလေပဲ။

တစ်နေ့မှာ ၂၄ နာရီ ရှိတယ်။ အိပ်ချိန်က ပျမ်းမျှ ရှစ်နာရီ ထား။ သိစိတ်နဲ့ နေနေတဲ့အချိန်က တစ်နေ့မှာ ၁၆ နာရီ ရှိတယ်။ အလုပ်လုပ်တဲ့ အချိန်က တစ်နေ့ကို ရှစ်နာရီ၊ အလုပ်သွား အလုပ်ပြန်အတွက် အချိန်ယူရတာက နှစ်နာရီ၊ သုံးနာရီလောက် ရှိတယ်။ ဆိုတော့ တစ်နေ့မှာ အလုပ်အတွက်အချိန်က ဆယ်နာရီ၊ ၁၁ နာရီလောက် ရှိနေတယ်။ တစ်နေ့တာမှာ ကိုယ်တွက် သက်သက်ကျန်တဲ့ အချိန်က တကယ့်တကယ် လေး၊ ငါးနာရီလောက်ပဲ ရှိတော့တာ။ အဲဒီ့အချိန်လေးမှာ သူများက ပြောလိုက်တာ၊ ဆိုလိုက်တာ၊ ခေါ်ဝေါ်၊ သုံးစွဲ၊ တိုင်းထွာလိုက်တာလေးတွေကို တနုံ့နုံ့ တွေးရင်း ဘာ မဟုတ်တာတွေနဲ့ ဦးနှောက် အရှုပ်ခံနေဖြစ်တဲ့အချိန်တွေက တစ်နာရီလောက်လေးပဲ ရှိနေတယ်ဆိုဦးတောင် နှမျောစရာကြီးရယ်။

လက်တွေ့မှာ ကျွန်တော်တို့ လူသားတွေဟာ အဲသလို ဘာမဟုတ်တာတွေနဲ့ပဲ စိတ်ကို အရှုပ်ခံဖြစ်နေတဲ့ အချိန်တွေကိုက သေချာတွက်ကြည့်မယ်ဆို မနည်းလှဘူး။

ကျွန်တော်တော့ အသက်ကြီးလာလို့လားမသိဘူး၊ အချိန်ကို နှမျောတတ်လာတယ်။ ကိုယ်နဲ့ မတိမ်းမယိမ်းတွေ၊ ကိုယ့်ထက်ငယ်တဲ့သူတွေ တဖြုတ်ဖြုတ် ကြွေနေတဲ့အချိန်မှာ ကိုယ်က အသက်ရှင်ခွင့် ရနေတာလေးကိုပဲ ကျေးဇူးတင်လှပြီ။ ဘယ်လောက်အထိ ဆက်ရှင်နေဦးမယ်ဆိုတာလည်း သေချာတဲ့ကိစ္စ မဟုတ်တော့ အချိန်ကို အလွန်နှမျောနေမိရတယ်။

အဲလို နှမျောတာနဲ့အတူ ဘာမဟုတ်တာတွေနဲ့ စိတ်အရှုပ်ခံ၊ ဦးနှောက် အခြောက်ခံပြီး အချိန်ြုဖန်းမနေချင်တော့ဘူး။ ဒါနဲ့ သဘောထားမှန်မှန်နဲ့ နေမိအောင် မိမိကိုယ်ကို ကျင့်ယူနေမိတယ်။

သဘောထားမှန်လေလေ၊ နေရထိုင်ရတာ ပေါ့ပါးလေလေဆိုတာကိုလည်း စာတွေ့မဟုတ်ဘဲ ကိုယ်တိုင်သိ သိလာရတယ်။

ကျွန်တော်တွေးမိသလောက်ကို ပြန်ဖောက်သည်ချလိုက်တာပါ။ စာဖတ်သူများလည်း စဉ်းစားကြည့်ပါဦး။

(၁၉၉၉ ခုနှစ် မတ်လထုတ်Fashion Image မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၄၀၀၉၅၉၀၅၀၉ နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ်အဖြစ် ထုတ်ဝေထားတဲ့ “တွေးတောဆင်ခြင်မှု အနုပညာ”စာအုပ်ထဲက တစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်တာပါ။)

True Love As I Have Learnt

ကျွန်တော် နားလည်တဲ့ “အချစ် (အစစ်)”

“အချစ်ဆိုတာ ဘာလဲ”ဆိုတဲ့  မေးခွန်းကို လူအတော်များများ မေးဖူးကြမယ်၊ ကြားဖူးကြမယ် ထင်ပါတယ်။ ကျွန်တော့်ဘဝမှာလည်း သည်မေးခွန်းကို မကြာခဏ အမေးခံရဖူးသလို ကျွန်တော်ကိုယ်တိုင်လည်း သည်မေးခွန်းကို မေးမိခဲ့ဖူးတယ်။


အသက် တော်တော်ရတဲ့အထိ  အချစ်ကို ကျွန်တော် နားမလည်ခဲ့ရိုး အမှန်ပါ။ ဘဝမှာ မိန်းကလေး အတော်များများနဲ့ ရည်ငံဖူးတယ်၊ အတော် များများကိုလည်း စွဲလမ်းဖူးတယ်၊ မစားနိုင်၊ မအိပ်နိုင်၊ တမှိုင်မှိုင်၊ တတွေတွေနဲ့ ကြွေခဲ့ဖူး၊ ဝေခဲ့ဖူး၊ လေခဲ့ဖူးပါတယ်။


အဲဒါတွေကိုပဲ “အချစ်”လို့ ယုံမှတ်မှားနေခဲ့တာ အသက် ၃၀ ကျော်တဲ့ အထိပါပဲ။ ဒါတောင် ကျွန်တော်က စာတွေ အတော်ဖတ်ထားခဲ့တဲ့အတွက် ချစ်ခြင်း မေတ္တာဆိုတာနဲ့ နှစ်သက် စွဲလမ်းမှုတို့ ကွာခြားတဲ့ အကြောင်းကို “စာသိ” သိထားခဲ့တာပါ။ အဲသလို သိပင်သိငြားသော်လည်း တကယ်တမ်း ကိုယ်တွေ့ ကြုံရချိန်တိုင်းမှာ နှစ်သက်စွဲလမ်းမှုကို အချစ်လို့ ထင်မြင် ယုံမှားတာကတော့ လျော့မသွားခဲ့ဘူး။

အသက် ၃၅ နှစ်လောက် ရောက်တဲ့အခါမှ ကျွန်တော့်ဘဝမှာ အချစ်ဆိုတာကို ဘွားခနဲ တွေ့သွားတယ်လို့ ဆိုနိုင်ပါတယ်။

တလောဆီက မိတ်ဆွေလေးတစ်ယောက်က “အချစ်ဆိုတာ ဘာလဲ”ဆိုတဲ့ အပ်ကြောင်းထပ် မေးခွန်းကို မေးနေတာ နားစွန်နားဖျား ကြားလိုက်ရတယ်။ ကျွန်တော့်ကို တည်ပြီး မေးတာမဟုတ်ပေမယ့် ဖြေကြည့်ချင်စိတ်တွေ ပေါက်လာခဲ့မိရပါတယ်။ စိတ်နာနာနဲ့ကို ဖြေလိုက်စမ်းချင်တာပါ။

“စိတ်နာနာနဲ့”လို့ ပြောရတာလည်း အကြောင်းရှိပါတယ်။ ကျွန်တော့်ဘဝမှာ နှစ်သက်စွဲလမ်းမှုကို အချစ်လို့ ယုံမှားပြီး လွဲခဲ့တဲ့အဖြစ်တွေအပေါ် စိတ်နာတာက တစ်ကြောင်းပါ။ နောက်တစ်ကြောင်းက ကျွန်တော့်နောက်က မျိုးဆက်သစ်တွေမှာလည်း  အဲဒီ့နှစ်သက်စွဲလမ်းမှုကိုပဲ အချစ်လို့ ထင်မြင် ယုံမှားပြီး ရွှေမြင့်မိုရ် တစ်တောင်လုံးကို တုံးမှတ်လို့ ခုန်မိကြရာက မထွေးနိုင်၊ မအံနိုင်တွေ ဖြစ်ကုန်ကြတာကို မြင်နေ၊ ကြားနေ၊ တွေ့နေရတာလည်း ပါပြန်ပါသေးတယ်။
ဒါနဲ့ပဲ ကျွန်တော် နားလည်ထားတဲ့ အချစ်အကြောင်းကို စာတစ်စောင် ပေတစ်ဖွဲ့ ဝိတ္တာရချဲ့ဖို့ စိတ်ကူးက ပေါ်လာရပါတော့တယ်။

နှစ်သက် စွဲလမ်းမှု သို့မဟုတ် မွှန်စိတ်

သိုးဆောင်းဘာသာစကားမှာတော့ နှစ်သက်စွဲလမ်းမှုကို INFATUATION လို့ ခေါ်ပါတယ်။ အချစ်ဆိုတဲ့ LOVE  နဲ့ လုံးလုံး မသက်ဆိုင်တဲ့ ကိစ္စပါ။ အရပ်သုံးစကားနဲ့ အလွယ်ပြောရမယ် ဆိုရင်တော့ “မွှန်စိတ်”လို့ ခေါ်ရမယ် ထင်ပါတယ်။

လူတစ်ယောက်ရဲ့ဘဝမှာ သက်ရှိ၊ သက်မဲ့ အရာဝတ္ထုတစ်ခုခုအပေါ်မှာ နှစ်သက်စွဲလမ်းစိတ်က အချိန်မရွေး ပေါ်လာနိုင်ပါတယ်။ “ဘကြီးအောင် ညာတယ်”ဆိုတဲ့ နာမည်ကျော်ဝတ္ထုထဲက ကလေးလေးရဲ့ ဘကြီးအောင် ထုဆစ်နေတဲ့ ယမင်းရုပ်ကလေးအပေါ် နှစ်သက်စွဲလမ်းမှုမျိုးဟာ လူတို့ရဲ့ ဘဝမှာ အချိန်အခါမရွေး၊ အသက်အရွယ်မရွေး၊ ဉာဏ်ပညာမရွေးဘဲကို ပေါ်လာနိုင်တဲ့ စိတ်မျိုးပါ။

နှုတ်ခမ်းနီလေး တစ်တောင့်၊ ပိတ်စလေး တစ်စမှသည် ကားတစ်စင်း၊ အိမ်တစ်လုံးအထိလည်း နှစ်သက်စွဲလမ်းမှုဆိုတာ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါက သက်မဲ့ အရာဝတ္ထုတွေအပေါ်  စွဲလမ်းနှစ်သက်တာမျိုးပါ။ အဲဒီ့ကမှ တစ်ဆင့် ပန်းချီကားတစ်ကား၊ စာတစ်ပိုဒ်၊ ကဗျာတစ်ပုဒ်၊ တေးသွားတစ်စကို နှစ်သက်စွဲလမ်းတာမျိုးလည်း ဖြစ်နိုင်သေးတယ်။ ဒါမျိုးကျတော့ အနုပညာရဲ့ ဖမ်းစားမှု “မှော်”က ပါလာပြီ။ အဲဒီ့က တစ်ဆင့် အဆိုတော်တစ်ဦး၊ ရုပ်ရှင်သရုပ်ဆောင်တစ်လက်ကို နှစ်သက်စွဲလမ်းမှုမျိုးလည်း ရှိနေပြန်တယ်။ သည်အခါကျပြန်တော့ ဆန့်ကျင်ဘက်လိင်အပေါ် စွဲလမ်းမှုက အနည်းနဲ့အများ ကဲလာပါပြီ။

တရားသဘောနဲ့ ကြည့်ရင်တော့ တပ်မက်ခြင်းဆိုတဲ့ တဏှာက သက်ရှိကိုပဲ စွဲလမ်း၊ စွဲလမ်း၊ သက်မဲ့ကိုပဲ တွယ်ငြိ၊ တွယ်ငြိ၊ အတူတူပါပဲ။ လောကီ သုံးစကားဖြစ်တဲ့ တဏှာပေမကတော့ သက်မဲ့တွေနဲ့ မသက်ဆိုင်လှဘဲ သက်ရှိများအပေါ် စွဲလမ်းတပ်မက်စိတ်ကိုသာ တံဆိပ်ကပ်ပေးကြရိုးပါ။

မစားနိုင် မအိပ်နိုင်၊ တမှိုင်မှိုင် တတွေတွေ၊ တခွေခွေ တတမ်းတမ်း၊ တနွမ်းနွမ်း တအိအိ ဖြစ်မိကြရတာဟာ အဲဒီ့စွဲလမ်းတပ်မက်စိတ်ကြောင့်ပါ။ အရူးအမူးဖြစ်ကြရတာဟာလည်း အဲဒီ့စွဲလမ်းတပ်မက်မှုကြောင့်ပဲ ဖြစ်ပါ တယ်။

လူပျိုပေါက်အရွယ်က “ဂစ်တာ” တစ်လုံးကို အရူးအမူး ရယူ ပိုင်ဆိုင်ချင်ခဲ့ဖူးပါတယ်။ စားလည်း သည်စိတ်၊ သွားလည်း သည်စိတ်နဲ့ နေဖြစ်ခဲ့ဖူးတယ်။ ရှစ်နှစ်ရွယ် ကျွန်တော့်သမီးလေးက လက်ပတ်နာရီကိုပဲ တပူဆာဆာ လုပ်ခဲ့ဖူးတယ်၊ ခြောက်နှစ်ရွယ် သားတော်မောင်ကျပြန်တော့ သေနတ်၊ သေနတ်နဲ့၊ ဘာလိုချင်လဲလို့ မေးမိတိုင်း သေနတ်နေခဲ့တာမျိုးလည်း ကြုံဖူးတယ်။

ဒါတွေက အချိန်တန်ရင်၊ ဒါမှမဟုတ် စိတ်ဝင်စားမှု ပြောင်းသွားရင်၊ ဒါမှမဟုတ်လည်း လိုချင်တာ ရပြီး ရိုးအီသွားရင် အလိုလို ပျောက်သွားတတ်တဲ့ စွဲလမ်းတပ်မက်မှုမျိုးပါ။

သက်ရှိဖြစ်တဲ့ ဆန့်ကျင်ဘက်လိင်အပေါ် စွဲလမ်းတပ်မက်မှုကတော့ တော်တော်နဲ့ မပျောက်တတ်ဘူး။ ဆိုကြပါစို့၊ လူပျိုဖော် မဝင့်တဝင်ကတည်းက ကျွန်တော်ဟာ “ခင်သန်းနု”ကို အရမ်းစွဲလမ်းတာ။ ခင်သန်းနုမှ ခင်သန်းနုပဲ၊ ဘယ်မင်းသမီးကိုမှ ကြည့်လို့ မရဘူး။ အိပ်မက်ထဲတောင် ခင်သန်းနုကို ထည့်မက်တဲ့အထိ စွဲတာပါ။
ချိုပြုံးပေါ်လာတော့ ချိုပြုံးကိုလည်း ကျွန်တော် တော်တော် ကြိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရင်ထဲက ခင်သန်းနုကို စွဲသလောက်တော့ မစွဲဘူး။ အိပ်မက်ထဲလည်း ချိုပြုံးကို မမက်မိဘူး။ ကြိုက်တာတော့ တော်တော့်ကို ကြိုက်တယ်၊ တပ်မက်တယ်၊ ဒါပေမယ့် မစွဲလမ်းတာလို့ ပြောရမယ် ထင်ပါတယ်။

ဒါက ကိုယ်နဲ့ ဘယ်လိုမှ နီးစပ်စရာ၊ ပတ်သက်စရာ လမ်းမရှိတဲ့ ဆန့်ကျင်ဘက်လိင်အပေါ် နှစ်သက်စွဲလမ်းတာ၊ တပ်မက်တာကို ဥပမာပေးလိုက်တာပါ။

အဲဒီ့ကမှတစ်ဆင့် ကိုယ်နဲ့ နီးစပ်တဲ့ ဆန့်ကျင်ဘက်လိင်ကို နှစ်သက် စွဲလမ်းရတာမျိုးကလည်း ရှိလာပါတယ်။ အဓိကကတော့ ကိုယ့်မျက်စိထဲမှာ လှတယ်လို့ ထင်တဲ့ ဆန့်ကျင်ဘက်လိင်ကို နှစ်သက်စွဲလမ်းတာပါ။

အဲဒါကျတော့ “ဂစ်တာ”ကို စွဲလမ်းတာမျိုး၊ ရုပ်ရှင်သရုပ်ဆောင်ကို စွဲတာမျိုးထက် ပိုသွားပါပြီ။ အဲဒီ့စိတ်ရဲ့တပ်မက်မှု အတိုင်းအဆက ပိုလို့ ကြီးပါတယ်။ ရယူပိုင်ဆိုင်ချင်စိတ်တွေကလည်း နီးစပ်ရင် နီးစပ်သလောက်ကို ဆီးမနိုင်၊ တားမရ ဖြစ်တတ်ပါတယ်။

မျက်နှာလေးကို မြင်နေရတာနဲ့ ထမင်းမေ့၊ ဟင်းမေ့ဖြစ်ရတာဟာလည်း အဲဒီ့စွဲလမ်းတပ်မက်မှုပါပဲ။ ပင်လယ်ကိုပဲ ကူးရ ကူးရ၊ တောင်တွေကိုပဲ ကျော်ရ ကျော်ရ၊ ဆူးပုံကိုပဲ နင်းရ နင်းရ၊ ဘာကိုမဆို ကျော်လွှား ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတာဟာ အဲဒီ့ “တပ်မက်စိတ်”ကြောင့်ပါပဲ။ တစ်နည်းပြောရရင် စွဲလမ်းတပ်မက်မှုဟာ လူကို ဆင်ခြင်တုံတရား ကင်းမဲ့သွားစေတတ်ပါတယ်။ “မွှန်စိတ်”ဆိုတာ အဲဒီ့မှာ ပေါ်လာတော့တာပါပဲ။

အဲဒါကိုပဲ အချစ်လို့ ထင်မိ၊ ယုံမိတတ်ကြတာလည်း လူတိုင်းလောက် နီးနီးပါပဲ။ သည်နေရာမှာ လူပျိုအပျိုဖော်ဝင်ခါစမို့လို့၊ ငယ်သေးလို့၊ နုသေးလို့ အဲသလိုဖြစ်ရတာလို့ ထင်စရာ ရှိပါတယ်။ အမှန်တော့ အဲဒီ့“မွှန်စိတ်”ဟာ အရွယ်မရွေးပါဘူး၊  ကျောင်းသင်ပညာတွေနဲ့လည်း သိပ်မဆိုင်ပါဘူး။ စွဲလမ်းမှုအတိုင်းအဆ ကြီးရင်ကြီးသလို အချိန်အရွယ်မရွေးဘဲ ပေါ်လာတတ်တဲ့ စိတ်မျိုးပါ။ အဲဒါကို သတိတွေ၊ ဉာဏ်တွေနဲ့ ထိန်းချုပ် ကွပ်ကဲမှု မပြုနိုင်ဘူးဆိုရင်တော့ ဘဝလှေပါ စုံးစုံးနစ်သွားရတတ်တယ်။

ပိုဆိုးတာက အဲဒီ့ “မွှန်စိတ်”ကိုပဲ “အချစ်”လို့ ခမ်းနားတဲ့ တံဆိပ်တစ်ခု ကပ်လိုက်တာနဲ့တင် ထင်ရာစိုင်းလိုက်ချင်စရာ ပိုကောင်းသွားပါတယ်။ ဝတ္ထုတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေကလည်း ချစ်ပြီးရင်း ချစ်ပြနေလေတော့ကာ နဂိုကမှ လူတွေမှာ ဂယောင်ပြနေတဲ့ကြားထဲ မီးလောင်ရာ လေပင့်သလိုတွေ ဖြစ်ကုန်ပါရောလား။

တကယ်တော့ အချစ်တွေကို ဖွဲ့ဆိုသီကုံးတင်ဆက်နေကြတဲ့ အနုပညာသည် အများစုကိုယ်တိုင်က မွှန်စိတ်နဲ့ အချစ်နဲ့ မခွဲတတ်ရှာကြတာကို ဘယ်သူမှ သတိမထားမိဘူးလို့ ထင်ပါတယ်။

“အချစ်အတွက်ဖြင့် အသက်ပင် သေသေ”တို့ခေတ်မှသည် “ကိုယ် ကြေကွဲနေပြီ”လို့ အက်ကွဲတုန်ယင်စွာ အော်ကြတဲ့ခေတ်အထိ အချစ်ဖွဲ့ အများစုကို မွှန်နေချိန်မှာ ရေးခဲ့၊ သီခဲ့တာမျိုးတွေသာ ဖြစ်နိုင်တယ်လို့ ကျွန်တော်ကတော့ တွေးနေမိရတယ်။

အဲသလို မွှန်လို့ကောင်းနေချိန်က ယူတတ်ရင် တယ် အရသာရှိတာမျိုးကလား။ လမင်းကြီးကို ကြည့်ပြီးလည်း လွမ်းလို့ ရတယ်၊ သီချင်းလေးတွေ နားထောင်ရင်းနဲ့လည်း တမ်းတလို့ ရတယ်၊ သစ်ရွက်ကလေးတွေ လှုပ်တာကို ကြည့်ပြီးလည်း မျက်ရည်စို့လို့ ရတယ်၊ ယုတ်စွအဆုံး ဟိုဘက်အိမ်က ကလေး ငိုရင်တောင် အလိုလို ဆို့ချင်ဆို့နေနိုင်သေးတဲ့အဖြစ်။

ဒါပေမယ့် အဲဒီ့“မွှန်စိတ်”က အချိန်တစ်ချိန်မှာ အတောသတ်သွားတတ်စမြဲပါပဲ။ အထက်မှာပြောခဲ့သလို ရိုးသွား၊ အီသွားချိန်မှာ အချစ်လို့ ထင်တာတွေ အားလုံးကို ပြည်ဖုံးကားချလိုက်ချင်လာကြတာ လူတိုင်းမှာ ဖြစ်လေ့ရှိတဲ့ကိစ္စပါ။

လက်ထဲမှာ ပိုင်ပိုင်နိုင်နိုင် မဆုပ်ကိုင်မိသေးခင်၊ အငွေ့လောက်နဲ့ ကျေနပ် တင်းတိမ်နေရချိန်မျိုးမှာတော့ အဲဒီ့မွှန်စိတ်ကိုပဲ အချစ်လို့ “အမှတ်မှား”နေခဲ့ရာက တကယ်လည်း လက်ဝယ်ပိုင်ပိုင်၊ ဆုပ်ကိုင်ခွင့်တွေရ၊ ပိုင်ဆိုင်ခွင့်တွေရ၊ စားသုံးခွင့်တွေရပြီဆိုတာနဲ့ ရိုးအီမှုက တဖြည်းဖြည်း ဖွံ့ဖြိုးလာပါတော့တယ်။
သည်အခါမှာ တခြားတစ်ပါးသူဘက် ခြေဦးလှည့်ချင်စိတ်တွေ ပေါက်လာတတ်ပါတယ်။ သည်ကိစ္စဟာ ယောက်ျားတွေမှာတော့ အလွန် သိသာ ထင်ရှားတဲ့ ကိစ္စပါ။ မိန်းမသားတွေမှာကျတော့ အရှက်တရားရယ်၊ အစဉ်အဆက် စောင့်ထိန်းခဲ့ကြရတဲ့ ကျင့်ဝတ်များကြောင့်ရယ်ကြောင့် သည်ကိစ္စမှာ ယောက်ျားသားများလောက် မစွန့်စားရဲရှာကြဘူး၊ စွန့်စားဖို့နေနေသာသာ၊ စိတ်ကူးထဲတောင် မထည့်ရဲရှာကြဘူး။

(ကျွန်တော်ပြောချင်တာက လူဆိုတဲ့သတ္တဝါတွေမှာ ဖြစ်တတ်မြဲ  မွှန်စိတ်ဆိုတာကိုပါ။ ဒါပေမယ့် လူ့ဘောင်မှာ ကျားမ ကွဲပြားမှုကြောင့် အနေအထားတွေလည်း မတူ ခြားနားပါတယ်။ ဒါကြောင့် မွှန်စိတ်ကို ချဆွေးနွေးရာမှာ မိန်းမသားတွေဘက်က စောဒကတက်စရာ အချက်အလက်များ ပါရှိနေခဲ့မယ်ဆိုရင် ယေဘုယျသဘောလို့ မှတ်ယူပြီး ဆင်ခြင်ပေးကြပါလို့ စကားချပ်အနေနဲ့ မေတ္တာရပ်ခံထားချင်ပါတယ်။)

ဘယ်လိုပဲဖြစ်ဖြစ်၊ လူ့အကြိုက်ဆိုတာ ပြောင်းနေတတ်စမြဲမို့ အကြိုက်ကို အခြေခံထားတဲ့ “မွှန်စိတ်”ဟာ တည်ရိုး၊ မြဲရိုး ထုံးစံမရှိပါဘူး။

ဒါကို နားမလည်တတ်တဲ့ မိန်းမသားများဟာ အဲဒီ့ “ချစ်လှချေရဲ့၊ မရရင် သေရပါတော့မယ်”ဆိုတဲ့ ယောကျာ်းသားများ အချိန်တန်လို့ ဖောက်ပြားကုန်တဲ့အခါ ဘယ်လိုမှကို နားလည်မပေးနိုင်တော့ဘဲ ဆွေ့ဆွေ့တွေ ခုန်ကုန်ရတတ်ပါတယ်။ ထိုနည်းလည်းကောင်း ညားခါစကာလအထိ ချစ်မဆုံး၊ ကြိုက်မဆုံး ဖြစ်ခဲ့ရတဲ့ ကိုယ့်ချစ်သူ(လို့ထင်မှတ်ထားသူ)ဟာ အိမ်ထောင်သက်တွေ ကြာလာလေလေ၊ စိတ်ပျက်စရာကောင်းလေလေလို့ ခံစားလာရတာမျိုးဟာလည်း အဲဒီ့ “မွှန်စိတ်ကို အခြေခံတဲ့ ဆက်ဆံရေး”ကို အဟုတ်မှတ်မှုရဲ့ ရလာဒ်ပါပဲ။

အချစ်ဆိုတဲ့ ဝေါဟာရ

အချစ်ဆိုတာ တမင် ဖန်တီးယူလို့လည်း မရ၊ ဇွတ်အတင်း ဖျောက်ဖျက်ပစ်လို့လည်း မရစကောင်းတဲ့အရာလို့ ပထမဆုံး ဖွင့်ဆိုလိုက်ချင်ပါတယ်။

ဒါဖြင့် စောစောကပြောနေတဲ့ “မွှန်စိတ်”ဆိုတာကရော တမင် ဖန်တီး ယူလို့ ရနိုင်သလားလို့ မေးစရာ ရှိပါတယ်။ ကြိုက်တယ်ဆိုတဲ့အထိက တမင် ဖန်တီးလို့ မရပါဘူး။ ကြိုက်တဲ့အဆင့်ကနေ စွဲလမ်းနှစ်သက်တာ၊ စုံမက်လာတာကိုလည်း တမင် ဖန်တီးလို့ မရဘဲ သူ့အလိုလို ဖြစ်ပေါ်လာတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒါကိုပဲ “အချစ်”ဆိုတဲ့ တံဆိပ် ကပ်ပေးလိုက်မိချိန်မှာတော့ “မွှန်စိတ်”ကို “သတိမဲ့” ပျိုးယူလိုက်ရာ ရောက်သွားပါတယ်။ အဲဒီ့မှာတင် အယူအကောက်တွေ အကုန်လွဲပြီး ထိန်းမနိုင်၊ တားမရတဲ့ ဇာတ်လမ်းစုံ ပေါ်လာရတော့တာပါပဲ။

“အချစ်”ဆိုတာကျတော့ မွှန်စိတ်လို ရုတ်ချည်း ဖြစ်ပေါ်ခြင်း မရှိပါဘူး။ တစ်နည်းအားဖြင့် “ချစ်လှချေရဲ့၊ ကြိုက်လှချေရဲ့”လို့  ကုန်းအော်မိရလောက်အောင် “အချစ်(အစစ်)”က မနုံခြာလှပါဘူး။

“မြင်မြင်ချင်း ချစ်တယ်”တို့၊ “ရေစက်ဟောင်း”တို့ဆိုတာက သီချင်းထဲ၊ ဝတ္ထုထဲက စကားလုံးသက်သက်တွေပါ။ တကယ်က အချစ်က မျက်စိ မရှိတဲ့အတွက် မမြင်နိုင်ပါဘူး။

“မြင်တယ်”ဆိုတာ အာရုံပါ။ အဲဒီ့ အာရုံက ဦးနှောက်ကို စေ့ဆော်လိုက်တဲ့အခါ ကြိုက်ခြင်း၊ မကြိုက်ခြင်းတွေ ဖြစ်ပေါ်လာတတ်စမြဲပါပဲ။ အဲဒါကိုပဲ မြင်မြင်ချင်း ချစ်သွားတယ်လို့ ပြောရင် အမှားကြီး မှားပါလိမ့်မယ်။ အမှန်က ကြိုက်မိတာကို သက်သက်မဲ့ “လုံးချ”ချင်ဇောနဲ့ “မြင်မြင်ချင်းပင် ဘာကြောင့်များချစ်ချင်တယ်”တွေ၊ ဘာတွေဆိုပြီး စွတ်တင်ကြတော့တာပါပဲ။

အချစ်က မျက်စိ မရှိပါဘူး။ “မြင်ပြီးမှ ချစ်တယ်”ဆိုတဲ့ စကားထဲက “ချစ်”ဟာ တကယ်တော့ “ချစ်ခြင်း(အစစ်)”ရဲ့ အနက်နဲ့ မသက်ဆိုင်ပါဘူး။ အဲဒီ့“ချစ်”က “ချစ်စရာကောင်းတယ်”ဆိုတဲ့ အသုံးအနှုန်းထဲက “ချစ်”မျိုး၊ ခပ်ပေါ့ပေါ့ပဲဖြစ်ပါတယ်။ လမ်းမှာ ဖျတ်ခနဲ တွေ့လိုက်တဲ့ ကလေးငယ်တစ်ယောက်ကို “သည်ကလေးလေးက သိပ်ချစ်စရာကောင်းတာပဲ”ဆိုတဲ့ စကားမျိုးမှာဖြစ်စေ၊ “သည်ထဘီဆင်လေးက ချစ်စရာလေးနော်”ဆိုတဲ့ စကားမျိုးမှာ ဖြစ်စေပါဝင်တဲ့ “ချစ်”ဆိုတဲ့ ဝေါဟာရရဲ့လေးပင်မှုလောက်နဲ့ သုံးမိတဲ့ “ချစ်”စကားဟာ မွှန်စိတ်နဲ့ ယှဉ်နေတတ်ပါတယ်။

“အချစ်ယောင်”ကတော့ တစ်မျိုးပါ။ အဲဒီ့အချစ်မျိုးကိုတော့ “ကုန်းအော်ချစ်”လို့တောင် ခေါ်နိုင်ပြန်သေးတယ်။

ဘာလို့လဲဆိုတော့ “ချစ်တယ်၊ ချစ်တယ်”လို့ တစ်ချိန်လုံး အော်ဟစ် မြည်တမ်းနေပြီး ကိုယ့်ကို ပြန်မချစ်တော့ဘူးဆိုတာနဲ့  စိတ်ချဉ်ပေါက်သွားတတ်တဲ့ အချစ်မျိုးပါ။
တစ်နည်းအားဖြင့် “အတ္တဗဟိုပြုအချစ်”လို့လည်း ခေါ်မယ်ဆို ခေါ်နိုင်ပါသေးတယ်။ ငါ့ကို ပြန်ချစ်ရင်ချစ်၊ မချစ်ရင် နင့်ကို ငါ ဆက်မချစ်နိုင်တော့ဘူးဆိုတာမျိုးဟာ တကယ်တော့ “အချစ်ယောင်”ပါ။

တစ်ခါတစ်ရံမှာ လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကောင်ကိုဖြစ်စေ ချစ်လှပါချေရဲ့တွေ ဖြစ်နေပြီး ဂရုတွေ လွှတ်စိုက်နေမိတတ်ပါတယ်။ ဒါပေမယ့် အချစ်ခံလူ၊ ဒါမှမဟုတ် သတ္တဝါဆီက တုံ့ပြန်ဂရုစိုက်မှုကို ပြန်မရတဲ့အချိန်မှာ စိတ်ချဉ်တွေ ပေါက်လာပြီး “သင်းတော့လား၊ နေနှင့်ဦးပေါ့။ ငါမရှိမှ ငါ့တန်ဖိုးကို သိမယ်။ ငါက စေတနာ ထားရသလောက်၊ ချစ်ရသလောက်  သင်းကဖြင့် ငါ့တစ်ဝက်လောက်တောင် ငါ့အပေါ် သိတတ်မှု မရှိဘူး”စသဖြင့် ဘာဘာညာညာတွေ တွေးမိ၊ ရွတ်မိ ကုန်တဲ့အချစ်မျိုးက “ချစ်တယ်”လို့ ကြွေးကြော်ရင်းနဲ့ “အချစ်ခံချင်တယ်”ဆိုတဲ့ အတိတ်စိမ်းကို ပေးနေတဲ့ “အချစ်ယောင်”ပါ။

တပ်မက်မှုကို အခြေခံနေတဲ့ “ရမ္မက်”ကြောင့် အချစ်ယောင်ဖြစ်လာရတာပါ။ ဒါကိုတော့ အင်္ဂလိပ်လို PASSION လို့ ခေါ်ကြပါတယ်။

အချစ် (အစစ်)

တကယ့်အချစ် (အစစ်)၊ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာက အဲဒါတွေလောက် မပေါ့ပါဘူး။ အဲဒီ့ “အချစ်(အစစ်)”က သိပ်ပါးရည်နပ်ရည်ရှိတယ်လို့တောင် ဆိုနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့  သူက အချိန် ယူတာကိုး။

အချစ်တစ်ခု ဖြစ်လာဖို့အတွက်က ပယောဂတွေ အများကြီး လိုတယ်။ အဲဒီ့ ပယောဂတွေထဲမှာ “လှပတင့်တယ်မှု”ဟာ သိပ်နေရာမရတတ်ဘူး။ အချစ်က မျက်စိ မပါတဲ့အတွက် “ရုပ်”ကိစ္စဟာ အချစ်မှာ အဓိက ဇာတ်လိုက် မဟုတ်ဘူး။ ဇာတ်ပို့ဆိုရင်တောင် “ဖြတ်လျှောက်”လောက် ရိပ်ခနဲသာ ပါဝင်ခွင့်ရတဲ့ အနုဉာတ ဇာတ်ပို့မျှသာ ဖြစ်ပါတယ်။

“အချစ်(အစစ်)”ရဲ့အဓိက ဇာတ်လိုက်ကျော်က “နီးစပ်မှု” (familiarity) ပါ။ ဒါဖြင့် နီးစပ်တိုင်း ချစ်ကြသလားကွာလို့ မေးစရာ ရှိလာရပြန်တယ်။ အဲသလိုဆိုရင်တော့ အဖြေရ ကsပ်ချင်ချင်ပါ။ ဒါပေမယ့် သေချာတာက နီးစပ်ခြင်းဟာ ချစ်ခြင်းရဲ့ အမြုတေ ဖြစ်နေတာပါပဲ။ သည်နေရာမှာ “အမြုတေ” (catalyst)လို့ ဆိုလိုက်တာကို ဂရုစိုက်စေချင်ပါတယ်။ အဲဒီ့ အမြုတေ ပေါ်မှာမှ အခြား၊ အခြားသော ပယောဂ ပေါင်းစုံ ပူးလာဖို့ လိုပါသေးတယ်။

နီးစပ်မှုကြောင့် ရင်းနှီးကျွမ်းဝင်မှု (friendliness) ပေါ်လာရပါတယ်၊ ရင်းနှီးကျွမ်းဝင်မှုနောက်မှာ နှစ်လိုခြင်း (admiration) ဆိုတာ ပေါ်လာပါ မယ်။ “နှစ်လိုခြင်း”ဟာ “နှစ်သက်ခြင်း (like)”ဆိုတာနဲ့ မတူတာကိုလည်း သတိထားရပါဦးမယ်။ နှစ်သက်တယ်ဆိုတာက ကြိုက်တဲ့အဆင့်မှာတင် ရပ်နေပါတယ်။ “နှစ်လို”တဲ့အခါမှာတော့ နှစ်သက်ရုံမက လိုလားတာတွေပါ ပါလာတယ်။ လိုလားရာမှာလည်း မိမိအတွက်တင်မက တစ်ဖက်သားအတွက်ပါ ကိုယ်က လိုလိုလားလား ရှိလာတာကိုမှ နှစ်လိုတာလို့ ပြောလိုက်ချင်ပါတယ်။


အဲသလိုနဲ့ တစ်ဖက်သားအပေါ် တန်ဖိုးထားနိုင်လာတယ် (appreciation)၊ သံယောဇဉ်ကြီးစွာ တွယ်တာလာနိုင်တယ် (attachment)၊ မြတ်နိုးလို့ လာနိုင်ပါတယ် (affection)။ အဲဒီ့ကမှ နောက်ဆုံး အဆင့်အနေနဲ့ ကရုဏာစိတ် (compassion)ကလည်း ဆီးမနိုင်၊ တားမရအောင် ပွားလာပါတော့တယ်။

အဲသလိုနဲ့ နီးစပ်မှုကို အခြေခံပြီး တငွေ့ငွေ့ ဖွဲ့တည်လာတဲ့ အချစ် (အစစ်)ဟာ လူတစ်ယောက်ရဲ့ဘဝထဲကို ရောက်လာတတ်ပါတယ်။ အချစ်ဆိုတဲ့စိတ် ဖြစ်လာတဲ့ အခိုက်အတန့်ကို အဲဒီ့လူကိုယ်တိုင်က သတိမထားမိလိုက်နိုင်ပါဘူး။ တစ်နည်းပြောရရင် တစ်ဖက်သားအပေါ် ဘယ်အချိန်၊ ဘယ်ကာလက စပြီး ချစ်မိသွားတယ်ဆိုတာကို တိတိပပ အပြောရ ခက်နေတတ်ပါတယ်။

အဲဒါဟာ အချစ်ပါလို့ နှုတ်နဲ့ ကြွေးကြော် မြည်တမ်းလိုက်ဖို့လည်း အလွန် ဝန်လေးနေရတတ်ပါတယ်။ ရင်ထဲမှာ ထုနဲ့ ထည်နဲ့၊ အုံနဲ့ ကျင်းနဲ့ ခမ်းခမ်းနားနားကြီး တည်နေတဲ့ ခံစားချက်တစ်ရပ်ကို “အချစ်”ရယ်လို့ ခပ်နုတ်နုတ် အမည်ပေးလိုက်ရမှာကိုတောင် မဝံ့မရဲ ဖြစ်နေရတတ်ပါတယ်။

ကျွန်တော့် ပုဂ္ဂလိက အတွေ့အကြုံနဲ့ အတွေးအမြင်အရ အဲဒါဟာ “အချစ် (အစစ်)” ဖြစ်နေပါတယ်။

အချစ်(အစစ်)ရဲ့ ဝိသေသလက္ခဏာများ

အချစ်(အစစ်)မှာ ကိုယ့်ကို ပြန်ချစ်ခြင်း၊ မချစ်ခြင်းဟာ အရေးမကြီးတော့ပါဘူး။ ထိုနည်းတူ ရုပ်ပိုင်းဆိုင်ရာ အဖိုးစားနား (physical considerations) တွေလည်း သိပ်ကိစ္စမရှိတော့ဘူး။ ရုပ်ပိုင်းဆိုင်ရာ အဖိုးစားနားဆိုတာက အလှအပတွေ၊ ပိန်တာ၊ ဝတာတွေအပြင် ကိုယ်လက်နှီးနှောခြင်းဆိုတဲ့ ဒွါရခံစားမှုများပါ ပါဝင်လာပါတယ်။ ဒါတွေ အားလုံးဟာ အချစ်(အစစ်)မှာ သိပ် အဓိက မကျတော့ပါဘူး။

တစ်နည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ငြိတွယ်မှု (mental attachment) သဘော ပိုဆောင်လာပါတယ်။

ထို့အတူ စွန့်လွှတ်ဖို့၊ အနစ်နာခံပေးဖို့လည်းဝန်မလေးတော့ဘူး။ အချစ် (အစစ်) ရင်မှာဖြစ်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ်ချစ်တဲ့သူရဲ့ စိတ်လက် ချမ်းသာမှုနဲ့ လိုအင်ဆန္ဒများကိုသာ ဦးစားပေးမိလာတတ်ပါတော့တယ်။ စေတနာ နိုးနေတယ်လို့ ပြောလို့ရပါလိမ့်မယ်။


အချစ်(အစစ်)မှာ “ကိုယ့်အတွက်”ဆိုတာ ပါးရှားသွားပြီး “သူ့အတွက်”ကသာ များများလာတယ်၊ “ကိုယ့်လိုဘ”ထက် “သူ့လိုဘ”ကို ပိုတွက်လာတယ်။ “ကိုယ့်ဆန္ဒ”ထက် “သူ့အကြိုက်”ကို ပိုလိုက်မိနေတတ်ပါတယ်။

အဲဒီ့ အချစ်(အစစ်)ဆိုတာ ဖိုနဲ့မ၊ တစ်မိသားနဲ့ တစ်မိသား၊ ဆန့်ကျင်ဘက် လိင်ချင်း ချစ်ဖြစ်ကြတဲ့ “ကိလေသာချစ်”မှာလည်း ရှိနိုင်ပါတယ်၊ “၅၂၈ချစ်”လို့ ခေါ်ကြတဲ့ မိဘနဲ့ သားသမီးအချစ်မှာလည်း ရှိနိုင်ပါတယ်၊ မောင်ချစ်၊ နှမချစ်၊ သူငယ်ချင်းချင်း ချစ်ကြတဲ့အချစ်တွေမှာလည်း တကယ့် အချစ်(အစစ်)ဆိုတာ ရှိနိုင်ပါတယ်။ (အဲ… သို့သော်လည်း နည်းနည်းတော့ ရှားတတ်ပါတယ်။)


တကယ် အချစ်(အစစ်)နဲ့ ချစ်လာရင် သားသမီးကိုပဲ ဖြစ်ဖြစ်၊ မိဘကိုပဲဖြစ်ဖြစ်၊ လင်သားကိုဖြစ်ဖြစ်၊ ဇနီးသည်ကိုဖြစ်ဖြစ်၊ မောင်နှမကို ဖြစ်ဖြစ်၊ သူငယ်ချင်းကိုဖြစ်ဖြစ် “ချစ်လှချေရဲ့”လို့ ပြောဖြစ်ချင်မှ ပြောဖြစ်မှာ ဖြစ်ပေမယ့် အဲဒီ့ကိုယ့်ချစ်သူရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ ကောင်းရာ ကောင်းကြောင်း၊ စိတ်ချမ်းသာရာ ချမ်းသာကြောင်းအတွက် အတတ်နိုင်ဆုံး ပံ့ပိုးပေးချင်တဲ့စိတ်တွေ ပေါ်ပေါက်နေတတ်တယ်။ ဒါပေမယ့် အဲသလို ကိုယ့်ချစ်သူ တိုးတက်စေဖို့၊ ကောင်းစေဖို့၊ စိတ်ချမ်းသာစေဖို့ အရေးတွေမှာ ကိုယ်ဖြစ်စေချင်တာ တစ်ခုတည်းကို ပဓာန ထားပြီး ဇွတ်အတင်းလုပ်ယူတဲ့ နည်းမျိုးတွေကိုတော့ အလိုလို ရှောင်တတ်သွားတယ်။
တစ်နည်းအားဖြင့် ကိုယ်ချစ်ရတဲ့သူရဲ့ ပကတိအနေအထားကို လက်ခံနိုင်လာတယ်၊ ကိုယ်လိုချင်တဲ့ ပုံစံကိုရောက်အောင် သိမ်းသွင်းယူဖို့၊ ပြုပြင်ယူဖို့ အားမထုတ်တော့ဘူး။ အဲဒါဟာ အချစ်(အစစ်)ရဲ့ အထူးခြားဆုံး ဝိသေသလက္ခဏာပဲ ဖြစ်ပါတယ်။

စဉ်းစားစရာ

ကျွန်တော့်ဘဝမှာ ကျွန်တော့်ကို ချစ်တယ်လို့ အဖေတို့၊ အမေတို့ကလည်း ပြောကြဖူးတယ်၊ သားတွေ၊ သမီးတွေကလည်း ပြောကြတယ်၊ မိန်းကလေး တချို့ကလည်း ပြောဖူးတယ်၊ ကျွန်တော့်အိမ်သူသက်ထားကလည်း ပြောတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း သူတို့တွေကို ချစ်လှချေရဲ့၊ ကြိုက်လှချေရဲ့လို့ ပြောခဲ့၊ ပြောဆဲပါ။

ထို့အတူ တိုင်းပြည်နဲ့လူမျိုးကိုလည်း တော်တော်ချစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနဲ့ ရှိပါသေးတယ်။

ဒါပေမယ့် ဘာကိုပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချစ်ကြရာမှာ ကိုယ်ချစ်တဲ့ အရာဝတ္ထု၊ လူပုဂ္ဂိုလ်တို့ရဲ့ ရှိရင်းစွဲ ပကတိ အခြေအနေကို လက်ခံဖို့ ထက် ကိုယ်ဖြစ်စေချင်တာတွေ၊ ကိုယ်လိုချင်တဲ့ ပုံစံတွေ မဝင်၊ ဝင်အောင် ဇွတ်အတင်း သွတ်သွင်းယူတဲ့အလုပ်ကို ကိုယ်တိုင်လည်း ခံစားခဲ့ဖူးတာ၊ သူတစ်ပါးအပေါ်မှာလည်း လုပ်မိသွားတတ်ခဲ့တာ အကြိမ်ကြိမ်ပါပဲ။

သည်အခါများမှာ ကိုယ့်ကိုယ်ကိုယ်ဆိုရင် တစ်ကွက်ချန်၊ တစ်ပတ်လျှော့ တွေးတတ်ကြတဲ့ ပုထုဇဉ်တို့ ဓမ္မတာအတိုင်း “အချစ်”ဆိုတဲ့ ဝေါဟာရကို အကာအကွယ် ယူတတ်ခဲ့မိတာတွေကို ပြန်ဆင်ခြင်မိလာတယ်။ အဲသလို ဆင်ခြင်မိလာခြင်းနဲ့အတူ အဲဒီ့“အချစ်”ဆိုတဲ့ “အလွယ်သုံး ဝေါဟာရ”ကို ဖြည်းဖြည်းချင်း သံသယ ဖြစ်လာရပါတော့တယ်။

ဖြစ်ချင်တော့ အသက် ၃၅ နှစ်ကျော်လောက်မှာမှ “အချစ်(အစစ်)”ဆိုတာ နဲ့ ခလုတ်တိုက်မိပြီး ဘွားခနဲ သွားတွေ့လိုက်ပါတယ်။ အဲဒီ့မှာတင် “အချစ်”လို့ ထင်ယောင်မှားမှု (အချစ်ယောင်) တွေကိုပါ သတိထားမိလာခဲ့ရတယ်။

အဲဒီ့မှာတင် ကျွန်တော့်အတွက် အချစ်(အစစ်)ရဲ့သေချာတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုပါ တွေ့လာရပါတယ်။

အမှန်က “အချစ် (အစစ်)”ဆိုတာ “တစ်ဖက်သားဆီက တုံ့ပြန်ချစ်ကို လုံးဝ ထည့်တွက်မနေတော့ဘဲ ကိုယ့်ဖို့၊ ကိုယ့်အကြိုက်၊ ကိုယ့်ဆန္ဒ၊ ကိုယ့်လိုဘဆိုတာတွေ ကင်းစင်ပြီး သူ့ရဲ့ ပကတိ အနေအထားကို လိုလိုချင်ချင် လက်ခံနိုင်စွမ်း ရှိတဲ့၊ သူ့အတွက် သက်သက်ကိုသာ ခပ်ရဲရဲ စဉ်းစားပေးနိုင်စွမ်းတဲ့ စိတ်ခံစားမှု”သာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ကောက်ချက် ဆွဲလိုက်မိသွားပါပြီ။

စာဖတ်သူများလည်း စဉ်းစားကြည့်ပါဦးလား။

(၁၉၉၈ မတ်လထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၄၀၀၉၅၉၀၅၀၉ နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၆ ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေထားတဲ့ တွေးတောဆင်ခြင်မှု အနုပညာ စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြထားတာလေးကို တင်ဆက်လိုက်တာပါ။ ပထမအကြိမ်ကို ၂၀၀၁ ခုနှစ် စက်တင်ဘာလမှာ စာပေလောက စာအုပ်တိုက်က ထုတ်ဝေခဲ့ပါတယ်။)

Various Kinds of People I Have Encountered

ကြုံဖူးတဲ့ လူအမျိုးမျိုး အထွေထွေ

ကျွန်တော့်ဆောင်းပါးတစ်ပုဒ်နဲ့ပတ်သက်ပြီး မကျေလည်သူတစ်ဦးက ကျွန်တော့်ရုံးကို လှမ်းဖုန်းဆက်ပြီး ချဲဖူးပါတယ်။


ကျွန်တော်လည်း ဖုန်းကိုင်လိုက်ရော သူ ပြောချင်တဲ့စကားတွေ တရစပ် ပြောပါတော့တယ်။ သူ ဘယ်သူလဲလို့ မေးတဲ့အခါမှာတော့ စာဖတ်သူတစ်ဦးလို့ပဲ မရေမရာ ပြန်ဖြေတယ်။ ခက်တာက သာမန် စာဖတ်သူတစ်ဦးအနေနဲ့ ကျွန်တော့်ရုံး ဖုန်းနံပါတ်ကို မသိနိုင်တာကို သူ သတိလစ်သွားရှာတယ်။ အဲဒါကိုလည်း ထောက်ပြလိုက်ရော၊ ဒရောသောပါးနဲ့ ဖုန်းချသွားလေရဲ့။

သည်ဘက်က ပြုံးနေတဲ့ ကျွန်တော့်မျက်နှာကိုသာ သူ မြင်ရရင် စောစောကထက် ပိုပြီးပြင်းထန်တဲ့ စကားလုံးတွေနဲ့ ကျွန်တော့်ကို တိုင်းထွာနေတော့မှာ ကြားယောင်နေမိသေးတော့တယ်။ ကိုယ်ဘယ်သူဘယ်ဝါ၊ ဘယ်က ဆိုတာတောင် ထုတ်မပြောရဲသူ တစ်ယောက်က ပြောလာတဲ့ စကားကို တစ်ဖက်သားက အလေးထားဖို့ အတော်ဝေးနေတာကို သတိမမူမိလောက်အောင် ဆင်ခြင်တုံတရား နည်းပါးလှတဲ့ သူ့ကို သနားမိခဲ့ဖူးပါတယ်။

တစ်ဆက်တည်းမှာပဲ “ယဉ်ကျေးမှု”ဆိုတဲ့ ဝေါဟာရကို စဉ်းစားနေမိ တယ်။ ကျွန်တော်ပြောတဲ့ ယဉ်ကျေးမှုက culture မဟုတ်ပါဘူး၊ civilisation ပါ။ ကျွန်တော့်သဘောအရတော့ အဲဒီ့ဝေါဟာရဟာ တောကျတာရဲ့ ပြောင်းပြန် “မြို့ကျမှု”ပါပဲ။

ကျောက်ခေတ်တုန်းက ခုတ်ထစ်ဖို့၊ လှီးဖြတ်ဖို့၊ တိုက်ခိုက်ဖို့အတွက် ကျောက်ခဲတွေကို သုံးခဲ့ရပါတယ်။ အခုတော့ သံမဏိဓားတွေ၊ လွှတွေ၊ သေနတ်တွေ၊ လေဆာရောင်ခြည်တွေစသဖြင့် အဆင့်ဆင့် သုံးနိုင်လာတာဟာ “မြို့ကျ”လာတာပါ။ ပြဿနာတစ်ခုခု ဖြစ်လာရင် တုတ်ဆွဲ၊ ဓားဆွဲ လုပ်ပြီး ဖြေရှင်းတာဟာ တောကျတဲ့ ဖြေရှင်းနည်းပါ။ နှစ်ဖက် သဘောတူနိုင်တဲ့ ကြားနည်းကို တိုင်ပင် ညှိနှိုင်းပြီး ဖွေရှာတာဟာ မြို့ကျတဲ့ ဖြေရှင်းနည်းပါပဲ။

အလားတူပဲ၊ ကော်ဆဲတာဟာ တောကျတဲ့ အပြုအမူပါ။ မိမိ မကျေလည်တာ၊ မကျေနပ်တာကို အရင်းအတိုင်းပြောပြပြီး တစ်ဖက်သားဆီက ဖြေရှင်းချက်ကို တောင်းယူတာဟာ “မြို့ကျတဲ့” အပြုအမူပဲဖြစ်ပါတယ်။

တစ်ယောက်ယောက်ဆီ တယ်လီဖုန်းဆက်တဲ့အခါမှာ တစ်ဖက်က ကိုင်ကိုင်ချင်း “အခု ပြောတာ ဘယ်သူလဲ”လို့ လှမ်းမေးတာမျိုးဟာလည်း တောကျတာပါ။ အဲဒီ့အစား “ကျွန်တော် ဘယ်သူပါ”ဆိုပြီး မိမိကိုယ်ကို စတင်မိတ်ဆက်ပြီး ပြောတာမျိုးက မြို့ကျတာလို့ ဆိုလို့ရသွားပါပြီ။

ကျွန်တော့်အိမ်ဖုန်းနံပါတ်ကို အရောင်းသွက် မဂ္ဂဇင်းတစ်စောင်မှာ အတိအလင်း ဖော်ပြပေးနေတဲ့အတွက် စာဖတ်သူအတော်များများကလည်း ကျွန်တော့်ဆီကို ဆက်သွယ်နေကြပါတယ်။ ယုတ်စွအဆုံး နိုင်ငံရပ်ခြားက လှမ်းဆက်တဲ့သူတောင် ပါပါသေးတယ်။ အဲဒီ့အခါမှာ သူတို့ကိုယ်သူတို့ ဘယ်သူ ဘယ်ဝါဆိုတာ အရင်ဆုံး မိတ်ဆက်ပြီးမှ ဘာကိစ္စနဲ့ ဆက်တယ်ဆိုတာကို ပြောပြသူချည်းပါပဲ။ သည်အထဲမှာမှ ဆောင်းပါးအစမှာ ရေးခဲ့တဲ့ အမည် မခံဝံ့ရှာသူ ပုဂ္ဂိုလ်လို မိမိကိုယ်ကို ဘယ်သူဘယ်ဝါဆိုပြီး  အမည်မဖော်ဝံ့သူ တစ်ယောက်က လှမ်းဆက်ပြီး မဖွယ်မရာတွေ ပြောသွားတာနဲ့လည်း တစ်ခါ ကြုံလိုက်ရပြန်သေးတယ်။

သူတို့လုပ်ရပ်တွေက ရယ်စရာကောင်းနေတာကို သတိထားရကောင်းမှန်း မသိရှာတဲ့ တောကျသူတွေပါပဲ။

တောကျနေတဲ့ကြားထဲမှာမှ လူရည်မလည်သူတွေကလည်း ရှိပါသေးတယ်။

အဲဒါကတော့ ကျွန်တော်က ယေဘုယျသဘောနဲ့ ပုဂ္ဂိုလ်တစ်ဦး၊ တိုက်တစ်တိုက်၊ လုပ်ငန်းတစ်ခုလို့ ဆောင်းပါးထဲမှာ ရည်ညွှန်းလိုက်တဲ့အခါမှာ မအူမလည်နဲ့ “သူ ပြောတာ ကျွန်တော်ပါခင်ဗျ၊ ကျွန်တော့်တိုက်ပါခင်ဗျ၊ ကျွန်တော့် လုပ်ငန်းပါခင်ဗျ”ဆိုပြီး ထအော်တဲ့ လုပ်ရပ်တွေပါ။

ပထမဆုံး စကြုံရသူဆို၊ ငိုအားထက်ရယ်အားသန်ပါ။ အဲလို မအူမလည်နဲ့ “သူ ကျွန်တော့်ကို ပြောလိုက်တာပါခင်ဗျ”ဆိုပြီး ထအော်သူဟာ အနုဉာတတစ်ဦး မဟုတ်မူဘဲ စာဖတ်ပရိသတ်ကို ထူးခြားဆန်းပြားတဲ့ ပဉ္စလက် နည်းပေါင်းစုံနဲ့ ဖမ်းစားဖို့ အားထုတ်နေတဲ့ အထင်ကရ စာရေးသူတစ်ဦးဖြစ်နေတဲ့အတွက် ကျွန်တော့်မှာ ငိုအားထက် ရယ်အားတွေ တအားသန်ခဲ့ရဖူးပါတယ်။ အော်… ကိုယ့်လူနှယ်၊ သည်လောက်မှ လူရည်မလည်လေခြင်းပေါ့။

အဲလိုပါပဲ၊ ကျွန်တော်က ယေဘုယျသဘောနဲ့ အမည်နာမ တိတိပပ မတပ်ဘဲ ရေးစရာရှိတာကို ရေးထည့်လိုက်တဲ့စာတချို့နဲ့ ပတ်သက်ပြီး ဆွေ့ဆွေ့တွေ ထခုန်ကုန်ကြပြီး သင်္ကာတွေ ရှင်းကြပြန်တဲ့အခါ ဝန်ခံရာ လုံးလုံး ရောက်သွားတော့တာကို မမြင်တတ်ကြပြန်ဘူး။ အဲလို လူရည်မလည်တဲ့သူတွေဟာ သူ့နယ်ပယ်နဲ့သူ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေ၊ အသိရှင်တွေ၊ အတတ်ရှင်တွေ၊ ဂုဏ်မြင့်သူတွေဖြစ်နေတဲ့အခါမှာတော့  ကျွန်တော့်မှာ အံ့ဩလို့မဆုံးအောင် ဖြစ်ဖြစ်သွားရပါတယ်။

စာရေးသူဆိုတာကတော့ အမြင်မတော်တာ၊ အကြားမလျော်တာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အဲဒီ့ အမြင်အကြား မတော်မလျော်တာတွေဟာ လူအများနဲ့သက်ဆိုင်ပြီလို့ ယူဆလိုက်တာနဲ့တစ်ပြိုင်နက် ချရေးဖြစ်သွားတတ်ကြပါတယ်။ သည်အခါမှာ အရေးခံရသူဘက်က အနေတတ်ဖို့ သိပ်လိုပါတယ်။

အနေမတတ်ဘဲ ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီး ကြုံတိုင်း သင်္ကာရှင်းနေမယ်ဆိုရင်တော့ အများအလယ်မှာ ရှက်စဖွယ်ဖြစ်သွားတတ်တာကို လူတိုင်း သတိချပ်သင့်တယ်လို့ ထင်ပါတယ်။

နောက်တစ်ချက်က လမ်းဘေးမှာ စိတ်မနှံ့သူတစ်ယောက်ကို တွေ့လိုက်တဲ့ကလေးတွေက “ဟာ… အရူးကြီးဟေ့၊ အရူးကြီး”လို့ ပြောလိုက်တာကိုပဲ မဆီမဆိုင် ဘေးလူတစ်ယောက်က ဝင်တဲ့ပြီး “မင်းတို့ ငါ့ကို စောင်းပြောတာလားကွ”ဆိုပြီး ရန်ဝင်လုပ်တာမျိုးလည်း ကြုံဖူးပါတယ်။ အဲဒါကျတော့ ဘယ်လို ခေါင်းစဉ် တပ်ရမယ်မှန်းတောင် ရုတ်တရက် မစဉ်းစားတတ်ဘူး။ နောက်ဆုံးကျတော့မှ အော်… ဒါဟာ စိတ်ဓာတ်မလုံခြုံမှု တစ်မျိုးပါလားလို့ တွေးမိသွားရပါတယ်။

စာဖတ်သူ လူကြီးမင်းကရော၊ ဘယ်လိုလူစားမျိုးပါလဲ၊ မြို့ကျသူလား၊ လူရည်လည်သူလား၊ စိတ်ဓာတ်လုံခြုံသူလား။

ဘယ်လိုလူမျိုးပဲဖြစ်နေစေကာမူ၊ မိမိရဲ့စရိုက်ကို မိမိကိုယ်တိုင်မှတစ်ပါး အခြားသူက ဖော်ဆောင်ပေးနိုင်စွမ်း၊ တံဆိပ်ကပ်နိုင်စွမ်း မရှိတာတော့ သေချာနေပါတယ်လေ…။

၂၀ဝ၁ ဇူလိုင် ၉ ထုတ် အလင်းတန်း ဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှာ လက်တွဲဖော်စာအုပ်တိုက်က ထုတ်ဝေထားတဲ့ “ဖြေတွေးလေးများ” စာအုပ်ထဲက စာတစ်ပုဒ်ကို တင်ဆက်လိုက်တာပါ။