Does Your Mind Really Belong to You?

ကိုယ့်စိတ် ကိုယ်တကယ်ပိုင်ရဲ့လား

နိဒါန်း

ကျွန်တော်က တရားကို တွေ့တဲ့အဆင့်မှာ မရှိသေးပါဘူး။


ဒါပေမယ့် ကံကောင်းထောက်မလို့ပဲလို့ အလွယ် ပြောကြပါစို့ရဲ့။ ဘာသာရေးနဲ့ ခပ်ခွာခွာ နေခဲ့ရာက ကျွန်တော်တို့ရုံးက စာရင်းကိုင်ကြီးရဲ့ ကျေးဇူးနဲ့ ဆရာတော် ဦးဇောတိကရဲ့ တရားခွေတွေကို နာဖြစ်ခဲ့တယ်။

သည်ကမှတစ်ဆင့် ဆရာတော့်ကို စိတ်ဝင်စားသွားပြီး လူကိုယ်တိုင် သွားဖူးခဲ့ရင်းက ကြည်ညိုလေးစားမှုတွေ ဆီးမနိုင်တားမရ ဖြစ်ပေါ်ခဲ့ပြီး တရားဆိုတာကို လက်တွေ့ဘဝထဲမှာ စွတ်ကယ်၊ စွတ်ကယ် ချသုံး ဖြစ်လာခဲ့ပါတယ်။ ဆရာတော့်အဆုံးအမကြောင့် သဘောထားလေးလည်း နည်းနည်း မှန်လာခဲ့ပါတယ်။
အခုတစ်ပတ်မှာ ကျွန်တော် ချသုံးဖြစ်နေတဲ့အထဲက အများ စဉ်းစားစရာလေးတစ်ခုကို ဆွေးနွေးကြည့်ချင်ပါတယ်။

အတ္တနဲ့ ဒေါသ

ကျွန်တော်က ဘဝမှာ အတိုက်အခိုက်၊ အတိုက်အခံပေါင်းစုံနဲ့ ကြုံခဲ့သူပါ။ အဲဒါ ငယ်ငယ်လေးကတည်းကလို့တောင် ဆိုနိုင်ပါတယ်။

အဓိကက ကျွန်တော့်ပါးစပ်ပါ။ ကျွန်တော့်ပါးစပ်က မစောင့်စည်းတတ်ဘူး၊ မထင်ရင်မထင်သလို တုတ်ထိုးအိုးပေါက် ပြောတတ်တယ်။ ကိုယ်တိုင်လည်း စာလေးပေလေးက ဖတ်၊ အမေကလည်း စာတတ်၊ စာဖတ်သူဖြစ်တော့ ကျွန်တော့်မှာ ဝေါဟာရကလည်း ခပ်ကြွယ်ကြွယ်။ အဲတော့ ကျွန်တော်မို့ မပြောလိုက်နဲ့၊ တစ်ဖက်သားမှာ ပိဿာလေးနဲ့ ဘေးပစ်သလို ဖြစ်ကုန်တတ်တယ်။

အဲတော့ ကျွန်တော့်မှာ အလကားနေရင်း ရန်များပါတယ်။ သည်အထဲ လူက သူများထက် နည်းနည်းလေး ထူးနေသေးတယ်၊ အသံဆိုရင်လည်း ကျွန်တော့်အသံက မှတ်မိလွယ်တယ်၊ မျက်ခွက်ဆိုရင်းလည်း ကျွန်တော့် အခွက်က မှတ်မိလွယ်တယ်။ သင်လွယ်၊ တတ်လွယ်တာကလည်း သူများထက် နည်းနည်းလေး ပိုနေတတ်သေးတယ်။ ဘဝကုသိုလ်ကံ အကျိုးပေးကလည်း ဘယ်လိုက ဘယ်လိုလဲတော့မသိဘူး၊ လူက မချမ်းသာလှပေမယ့် ခေတ်နဲ့အညီ နေနိုင်စားနိုင်အောင်လည်း ဖန်တီးပေးထားပြန်သေးတယ်။ နမူနာပြောရရင် ကျွန်တော့်မှာသာ ပိုက်ဆံက နှစ်သိန်း ပြည့်အောင် မရှိတာ၊ သိန်းနှစ်ဆယ်လောက်တန်တဲ့ ပါလေရာ တယ်လီဖုန်းကို ရုံးစရိတ်နဲ့ ခပ်တည်တည် ခါးချိတ်နိုင်တာမျိုးပေါ့။

ဆိုတော့ အများအမြင်မှာ ကျွန်တော်ဟာ အလကားနေရင် ထိုးထိုးထောင်ထောင်ကြီးကို ဖြစ်နေတယ်။ အဲဒါကို ကျွန်တော့်ရဲ့တုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ ပါးစပ်နဲ့ ပေါင်းလိုက်တဲ့အခါမှာတော့ အတိုက်အခိုက်တွေ၊ အတိုက်အခံတွေက နေရာတကာမှာ တွေ့ရပါတော့တယ်။

ဆိုခဲ့တဲ့အတိုင်း အဲဒါတွေကို လူမှန်းသိကတည်းက ကြုံခဲ့ရလေတော့ ကျွန်တော့်အတွက်က ရိုးနေပြီ။ တချို့ကတော့ ကျွန်တော့်ကို “လွတ်မြောက်နေတာ”လို့ ပြောကြတယ်။ သိုးဆောင်းဘာသာနဲ့ဆိုရင်တော့ existentialist (ဖြစ်တည်မှုပဓာနသမား)ပေါ့။ တချို့ကတော့ အရေထူလွန်းလို့ “ဆင်သားရေ”တဲ့။
တစ်ယောက်မှ မမှန်ပါဘူး။

ကျွန်တော်ဟာ ပုထုဇဉ်စစ်စစ်သာဖြစ်တဲ့အတွက် အတိုက်အခံတွေ၊ အတိုက်အခိုက်တွေကြောင့် ဘာမှ မခံစားမိဘဲ ရှိခဲ့ပါ့မလား။ အသားပဲ၊ ထိမိခိုက်မိမှတော့ နာမှာပေါ့။ လူပဲ၊ ကိုယ့်ကို အကောင်းပြောရင် ကြိုက်သလို၊ မကောင်းပြောရင် ထိခိုက်တာပေါ့။ ဒါပေမယ့် ဘယ်သူက ဘာပြောပြော ကိုယ့်အလုပ် ကိုယ်လုပ်မယ်ဆိုတဲ့ စိတ်က သိပ်ပြင်းထန်နေတော့ အများအမြင်မှာ ကျွန်တော်က သိပ်အရေထူတဲ့လူ၊ မတုန်မလှုပ်နေတတ်တဲ့လူ၊ ဒါမှမဟုတ် လွတ်မြောက်နေတဲ့လူ ဖြစ်နေတယ်။
ပတ်ဝန်းကျင်ကို သိပ်ဂရုမထားတတ်၊ အားမနာတတ်၊ မညှာတတ်တာကြောင့် အဲလို အထင်ခံရတာပါ။ တကယ်က သိပ် လှုပ်ခတ်တတ်၊ သိပ် ဂရုထားတတ်ပြီး သိပ် အရေပါးလွန်းတာကျတော့ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပေါ့။ တစ်ခုခုဆို ကျွန်တော်က တနုံ့နုံ့နဲ့ သိပ်ခံစားတတ်တဲ့သူမျိုးပဲ ဥစ္စာ၊ ဘာကိုမဆို ထိလွယ်၊ ရှလွယ်ခဲ့သပေါ့။

အဆိုးဆုံးက ဒေါသ။ ကျွန်တော်က နေရာတကာမှာ စိတ်မြန် ကိုယ်မြန်ရယ်။ တစ်ဖက်ကလည်း စာအုပ်ကြီးသမားလို့ ခေါ်မယ်ဆို ခေါ်နိုင်တယ်။ သိုးဆောင်းစကားနဲ့တော့ perfectionist (ဦးတိကျ)ပေါ့။ အဲတော့ တော်တော်တန်တန်လောက်က ကျွန်တော့်စိတ်နဲ့ မရဘူး။ စိတ်တိုင်းမကျ ဖြစ်လွယ်တယ်လို့ အလွယ်ပြောကြပါစို့ရဲ့။


အဲလို စိတ်တိုင်းမကျဖြစ်ပြီဆိုတာနဲ့ ဒေါသက ငယ်ထိပ်ကို တက်သွားတတ်တယ်။

ကျွန်တော့်ရဲ့အဆိုးရွားဆုံး အားနည်းချက်တွေက အဲဒါပဲ။ နှုတ် မစောင့်စည်းနိုင်တာရယ်၊ ခံစားထိရှလွယ်တာရယ်၊ ခံစားထိရှလွယ်လွန်းမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ ဒေါသကြီးလွန်းတာရယ်တို့ပဲ။ ကျွန်တော်နဲ့ လက်ပွန်းတတီးနေကြသူတွေ၊ အထူးသဖြင့် ကျွန်တော့်မိသားစုဟာ ကျွန်တော့်ဒေါသကြောင့် တော်တော့်ကို စိတ်ဆင်းရဲကြရတယ်။

ကျွန်တော်ဆိုတဲ့ ကျွန်တော်ကလည်း ဗဟုသုတလေး အထိုက်အလျောက် ရှိ၊ စာလေးပေလေး အထိုက်အလျောက် ဖတ်ထားတဲ့သူပီပီ ဒေါသကြီးနေတာပဲ တရားသလိုလို၊ လူတွေကပဲ လွဲနေသလိုလို ပြောချင်ပြောတတ်နေသေ တယ်။

ဒါပေမယ့် ဒေါသကြောင့် အမှားတွေ မကြာခဏ ဖြစ်ရတဲ့အခါ၊ ဒေါသကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ထိခိုက်နေရတာတွေကို မျက်ဝါးထင်ထင် မြင်လာတဲ့အခါ ဒေါသဖြစ်တာကို မှားမှန်းသိသလိုလို ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးကလည်း ကျွန်တော်လို အတ္တကြီးတဲ့ သူက ပိုလုပ်ဖြစ်နေတာကိုး။

ပြောရရင် ကျွန်တော်က အတ္တသိပ်ကြီးတယ်။ ဖြစ်တည်မှုပဓာနသမားလို့ ပြောတာထက်စာရင် ကျွန်တော့်ကို အတ္တသမား (egoist) လို့ သတ်မှတ်တာက ပိုပြီး မှန်လိမ့်မယ်။ ကျွန်တော့်အတ္တကို မွေးမြူ ထူထောင်နိုင်ဖို့ အခါခပ်သိမ်း စဉ်းစားနေတယ်၊ အားထုတ်နေတယ်။

သိပ်အတ္တကြီးလာတဲ့အခါကျတော့ နေရာတကာမှာ တော်ချင်၊ တတ်ချင်၊ သူများထက် ခေါင်းတစ်လုံးသာချင်တဲ့စိတ်ကလည်း ဆီးလို့ တားလို့ကို မရချင်တော့ဘူး။ တကယ် အတ္တကြီးတဲ့လူ ဖြစ်ရိုးမှန်ရင် ကိုယ်ကျိုးစွန့်ဖို့လည်း ဝန်မလေးတော့ဘူး၊ အနစ်နာခံဖို့လည်း အဆင်သင့်ဖြစ်နေတယ်။ တချို့က ကိုယ်ကျိုးရှာတဲ့သူကိုမှ အတ္တသမားလို့ ထင်ကြတယ်။ တကယ်က ကိုယ်ကျိုးကြည့်သူက သပ်သပ်၊ အတ္တဝါဒီက သပ်သပ်ပဲ။ ကိုယ်ကျိုးသမားက ကြွယ်ဝမှုနောက်ကို လိုက်တယ်၊ အတ္တသမားက ဂုဏ်သိက္ခာနောက်ကို လိုက်တယ်။ ဦးတည်ချက်ချင်း မတူတော့ဘူး။

ကျွန်တော်က အတ္တသမားပီပီ ကိုယ့်ကိုယ်ကိုယ် ကောင်းသထက် ကောင်းနေအောင်၊ တော်သထက် တော်နေအောင် အမြဲတမ်း ပွတ်တိုက်ပေးနေမိတယ်။ သည်အခါမှာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးက အခါမလပ် လိုအပ်လို့လာတယ်။

ကိုယ့်ကိုယ်ကိုယ် အဏုကြည့်မှန်ပြောင်းအောက်မှာ ထားပြီး သတ္တုချ ကြည့်တဲ့အခါ အထက်မှာ ရေးခဲ့တဲ့ အားနည်းချက်တွေကို ကျကျနနကြီး တွေ့လာရတယ်။
သည်အခါမှာ နှုတ်ကို နည်းနည်း ထိန်းနိုင်လာတယ်။ ဒါကတော့ အသက်အရွယ်ကြောင့် ထင်ပါရဲ့။ ဒါပေမယ့် ခံစားထိရှလွယ်တာကိုကျတော့ ထိန်းလို့ကို မရဘူး။ ပိုဆိုးတာက ဒေါသ။ ဒေါသကိုလည်း ထိန်းလို့မရဘူး။

စာအစမှာ ဆိုခဲ့တဲ့အတိုင်း သည်အချိန်မှာ ဆရာတော်ဦးဇောတိကနဲ့ သွားကြုံတယ်။ မနှစ်က ဆရာတော် အဖူးခံတဲ့ ရက်တိုင်းလိုလိုမှာ ဆရာတော့်ဆီမှာ ကျွန်တော် အချိန်ပြည့် ရောက်နေခဲ့တယ်။ ဆရာတော်က လာဖူးသူ ဧည့်ပရိသတ်နဲ့ ပြောတဲ့ဆိုတဲ့အခါ ကျွန်တော် အာရုံစိုက်နေဖြစ်ခဲ့တယ်။

အဲဒီ့ရက်ပိုင်းက သိသိသာသာကို စိတ်တွေ ငြိမ်းချမ်းလာတယ်။ ဘာမှ အားထုတ်တဲ့အဆင့်ကို မရောက်သေးဘူး၊ အလိုလိုနေရင်းကို စိတ်က အေးချမ်းနေတာ။ ဒေါသလည်း နည်းသွားတယ်။

ဒါပေမယ့် ဆရာတော် နိုင်ငံခြားသာသနာပြုခရီးလည်း ကြွသွားပြီးတော့ သိပ်မကြာဘူး၊ ကျွန်တော်လည်း ဒုံရင်း ပြန်ရောက်တော့တာပဲ။ တစ်ခုတော့ နည်းနည်း ထူးလာတယ်။ ခါတိုင်း ဒေါသဖြစ်ရင်၊ ခံစား ထိရှရင် အလွှတ်မဲ့ဖြစ်နေတတ်ပေမယ့် အခုကျတော့ ဒေါသထွက်ရင် ထွက်မှန်း၊ ခံစားထိရှရင် ခံစားထိရှမှန်း ဖြည်းဖြည်းချင်း သိလာနေပြီ။

ဆိုကြပါစို့၊ ဒေါသထွက်နေတယ်၊ ခါတိုင်းဆို အဲဒီ့ဒေါသကြောင့် ဝုန်းဝုန်းဒိုင်းဒိုင်း လုပ်တယ်၊ မြည်တွန်တယ်၊ ဒါတွေကို ဆက်တိုက် လုပ်ဖြစ်နေတယ်။ အတောက တော်တော်နဲ့ မသတ်ဘူး။ ခေါင်းထဲမှာကလည်း မူလ ဒေါသဖြစ်စရာအကြောင်းကနေ ဆက်စဉ်းစားနေလိုက်တာများ၊ ဒေါသထွက်စရာတွေချည်း တန်းစီလို့ ဆင့်ပွား စဉ်းစားဖြစ်နေတာပါ။

အခုကျတော့ ဒေါသကြောင့် ဝုန်းဒိုင်းကျဲတာ၊ မြည်တွန်တာတွေတော့ ရှိသေးတယ်၊ ဒါပေမယ့် အတောက သတ်လို့ရချင်လာတယ်၊ “ငါ ဒေါသ ဖြစ်နေပါလား”ဆိုတာ ဘယ်လိုကနေ ဘယ်လို ခေါင်းထဲဝင်လာတယ် မသိ ဘူး။ အဲဒါဆိုရင် ဆင့်ပွားစဉ်းစားတာတွေက အလိုလို ရပ်သွားတယ်။

ဒါပေမယ့် သည်အဆင့်မှာ ဝုန်းဒိုင်းလည်း ကျဲပြီးပြီ။ နှုတ်ကလည်း စုံအောင် ပြောပြီးနေပြီ။ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။

ဒါနဲ့ တရားကို သတိထားပြီး အားထုတ်ကြည့်တယ်။ အဲတော့လည်း ဟုတ်တုတ်တုတ်ပဲ။ ဒါပေမယ့် လူပီပီ ကောင်းတဲ့အလုပ်တစ်ခုကို မှန်မှန်လုပ် ဖြစ်နေဖို့ကျတော့ အပျင်းက ထူချင်တယ်။ တစ်လလောက်လည်း နေရော တရားကို သိပ်အားမထုတ်ဖြစ်ပြန်ဘူး။ အဲဒီ့မှာတင် ဒုံရင်းပြန်ရောက်တာပဲ။

ဒေါသတွေ၊ ခံစားထိရှမှုတွေက တိုးမလာတော့ပေမယ့် သိသိသာသာလည်း လျော့ကျမသွားသေးဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း အဲဒါကို ပြင်ရမယ်လို့ သိနေတယ်။ သတိလေးကတော့ နည်းနည်းလေးစိပ်လာပြီ။ ခါတိုင်း ဒေါသထွက်ပြီး နာရီဝက်လောက်နေမှ ဒေါသဖြစ်နေမှန်း သတိရလာရာက ဖြည်းဖြည်းချင်း အချိန်တိုလာတယ်။ မိနစ်၂၀၊ ၁၅ မိနစ်၊ ၁၀ မိနစ်၊ ၅ မိနစ် စသဖြင့် ကိုယ့်ကိုယ်ကိုယ် သတိထားမိချိန်က မြန်လာပါတော့တယ်။

ဒါပေမယ့် ပျောက်သလားဆိုတော့ မပျောက်ဘူး။

နည်းလမ်းရှာနေရင်းနဲ့ ဆရာတော်ဦးဇောတိကရဲ့ “ဒေါသကိလေသာ”ဆိုတဲ့ တရားခွေကို နာဖြစ်သွားတယ်။

ကျွန်တော်နဲ့ အတော်ကိုက်တဲ့ တရားခွေလို့တောင် ဆိုရမယ်။ ကျွန်တော့်လိုပဲ စိတ်မြန်သူများ၊ ဒေါသပေါက်ကွဲလွယ်သူများ သတိထားပြီး နာကြည့်သင့်ပါတယ်။

အတ္တနဲ့ သတိ

အခုဆောင်းပါးမှာ ပြောချင်တာကတော့ အဲဒီ့ထဲက ရလိုက်တဲ့ အသိလေးတစ်ခုကို စာဖတ်ပရိသတ်ကို ဝေမျှချင်တာပါ။ ဆရာတော် ဟောတာကို အခြေခံပြီး ကျွန်တော် နားလည်သလိုပဲ ပြန်ရေးပြချင်ပါတယ်။

လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်ပိုင်တယ်လို့ ထင်ကြတယ်။ တရား သဘောနဲ့ ပြောရင်တော့ ဘယ်သူမှ မပိုင်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့လို တရားနဲ့ ဝေးလို့ ကောင်းနေဆဲ ပုထုဇဉ်မှန်သမျှကတော့ ကိုယ့်စိတ်ကို ကိုယ်ပိုင်တယ်ချည်း ထင်ကြတာပါ။

ဒါပေမယ့် အဲဒါ တကယ်လား။

ပြန်စဉ်းစားကြည့်ရအောင်ပါ။ ကျွန်တော်က ကျွန်တော့်အိမ်သူကို စိတ်တိုင်းမကျဘူး၊ သူ့အပြောအဆို၊ အပြုအမူတစ်ခုခုကြောင့် ထောင်းခနဲ ဒေါသ ထွက်သွားတယ်။ ဒေါသဆိုတာ စိတ်မှာဖြစ်သွားတာနော်။ ဒါဆိုရင် ကျွန်တော့် စိတ်ကို ကျွန်တော်ပိုင်သေးရဲ့လား။ ဘယ်ပိုင်တော့မလဲ၊ ကျွန်တော့် အိမ်သူက သူ့အပြောလေးတစ်ခု၊ အမူအရာလေးတစ်ခုနဲ့ ကျွန်တော့်ကို ဒေါသထွက်အောင် လုပ်လို့ ရနေမှတော့ ကျွန်တော့်စိတ်ဟာ သူ့ရဲ့လွှမ်းမိုးမှု အောက်ကို ဒူးထောက် ရောက်ရှိသွားပြီပေါ့။
သွားပြီ။ ကိုယ်ပိုင်တယ်လို့ ထင်ထားတဲ့ စိတ်က သူတစ်ပါးရဲ့ ခြယ်လှယ်မှုကို ခံလိုက်ရပြီ။ ဆရာတော့် တရားထဲကနေ အဲလိုသိလိုက်ရတဲ့အခါ ကျွန်တော် ဆတ်ခနဲ ဖြစ်သွားတယ်။

တစ်ခါ ရုပ်ရှင်ကြည့်ရင်းနဲ့လည်း ကျွန်တော်ဆိုတဲ့ကောင်က မျက်ရည်ကျရင် ကျတတ်သေးတယ်၊ အဲသလို အသည်းနုတာ။ ဒါပေမယ့် သေချာ ပြန်စဉ်းစားကြည့်ရင် ရုပ်ရှင်ဆိုတဲ့ သက်မဲ့ကြီးက ကျွန်တော့်စိတ်ကို ဖမ်းစားလိုက်တာ၊ ခြယ်လှယ်လိုက်ပြန်တာပဲ။ ဘယ်လောက် ရှက်စရာကောင်းသလဲ။

ကျွန်တော်ဆိုတဲ့ အတ္တသမားအတွက် ကိုယ့်စိတ်ကို သက်မဲ့က ခြယ်လှယ်လွှမ်းမိုးတာ ခံလိုက်ရပြီဆိုတဲ့အသိက တော်တော့်ကို ကသိကအောက် ဖြစ်သွားစေပြန်တယ်။
မျက်ရည်ကျတာထားတော့၊ ရုပ်ရှင်ကြည့်ရင်းနဲ့ ရယ်ရင်ရော၊ စိတ်လှုပ်ရှားရင်ရော၊ အတူတူပဲပေါ့။ သက်မဲ့ရဲ့ခြယ်လှယ်မှုအောက်ကို ကျွန်တော့် စိတ်က တင်းပြည့်ကျပ်ပြည့် ရောက်သွားတော့တာပဲ မဟုတ်လား။ အဲဒါကို တွေးမိတဲ့အခါ ပိုလို့ ကသိကအောက် ဖြစ်လာရတယ်။

အဲဒီ့အသိက ကျွန်တော့်ကို စောက်ထိုးမိုးမျှော်ဖြစ်သွားအောင်ကို ပြုပြင်ပေးလိုက်နိုင်ပါတော့တယ်။


ဆိုခဲ့တဲ့အတိုင်း ကျွန်တော်ဟာ အတ္တကြီးမားတဲ့သူ၊ အထူးသဖြင့် ကိုယ့်စိတ်ကို ကိုယ်ပိုင်မှ ကျွန်တော့်အတ္တကို ထူထောင်လို့ရမှာ။ ကိုယ့်စိတ် ကိုယ်မပိုင်သမျှ အတ္တ သိပ်ကြီးလို့ မရသေးဘူး။ အဲတော့ ကျွန်တော့်စိတ် ကျွန်တော်ပိုင်ချင်တဲ့ဇောနဲ့ အဲဒီ့အသိကို လက်တွေ့ဘဝမှာ အသုံးချမိလာပါတော့တယ်။

သားလုပ်တဲ့သူကြောင့် စိတ်က တိုသွားတယ်။ ဒိုင်းဆို ချက်ချင်း သတိရတယ်၊ “ငါ့စိတ်ကို ငါပိုင်တာ၊ ငါ့သားက မပိုင်ဘူး။ သူက ငါ့ကို စိတ်တိုအောင် လုပ်လို့မရဘူး”အစရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောဖြစ်လာတယ်။ အလားတူပဲ အိမ်မှာ ရုပ်မြင်သံကြား ထိုင်ကြည့်နေတဲ့အခါလည်း ဇာတ်လမ်းထဲ မျောပါသွားပြီဆိုတာနဲ့ “ငါ့စိတ်ဟာ သက်မဲ့ရဲ့ ခြယ်လှယ်မှုကို ခံရလောက်အောင် မနုဘူး”ဆိုတဲ့အသိက တန်းဝင်လာတယ်။ အဲလို သတိလေး တစ်ချက် ရှိလိုက်တာနဲ့ ခံစားနေတာတွေ အလိုလို ရပ်သွားတယ်။

တော်တော်လေး ဟုတ်လာပါတယ်။

သည်ကမှ တဆင့်တက်လို့ အလုပ်ခွင်မှာ၊ လမ်းပေါ်မှာ ကျွန်တော် ဖျတ်ခနဲ စိတ်တိုသွားတာ၊ စိတ်အနှောင့်အယှက်ဖြစ်သွားတာနဲ့ ကိုယ့်စိတ်ဟာ သူတစ်ပါးရဲ့ စိုးမိုးခြယ်လှယ်မှုအောက်ကို ရောက်သွားပါလားဆိုတဲ့ အသိက နောက်က ထက်ချပ် ကပ်ပါလာတော့တယ်။ သည်အခါ စိတ်က အလိုလို ပြေသွား၊ ပေါ့သွားပါပြီ။
အဲလို နေကျင့်ရလာတော့ အတော်လေး နေလို့ထိုင်လို့ ကောင်းလာပါတယ်။ စိတ်နေလို့ ကောင်းတာကို ပြောတာပါ။ ကိုယ်လုပ်နေတဲ့အလုပ်ကို ပိုလို့ အာရုံစိုက်နိုင်လာသလို လုပ်ရမယ့် အလုပ်တွေကိုလည်း ပိုလို့ မြင်လာ တယ်။ ယုတ်စွအဆုံး၊ စာရေးတဲ့အခါမှာတောင် အကြောင်းအရာတစ်ခုခုကို တည်ပြီးပြီဆိုရင် လက်က အလိုလို လှုပ်ရှားလာပြီး ဝါကျတွေ တစ်ကြောင်းပြီး တစ်ကြောင်း လျှောခနဲ လျှောခနဲ ထွက်လာပါတော့တယ်။

ဆိုကြပါစို့၊ ရုပ်ရှင်ကြည့်ရင်းနဲ့ စိတ်လှုပ်ရှားလာတဲ့အခါ လှုပ်ရှားတဲ့ စိတ်ကို သတိလေးနဲ့ပြန်ထိန်းရင်း ဆက်ကြည့်နေဖြစ်ပါတယ်။ သည်လို သတိနဲ့ ကြည့်တဲ့အခါ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပိုသတိထားမိလာတယ်။ စကားလုံးတိုင်း၊ နောက်ခံ အသံတိုင်းကိုလည်း ပိုသိလာတယ်။
အဲသလိုပဲ၊ ကျွန်တော့်မိသားစုထဲက တစ်ယောက်ယောက်က ကျွန်တော့်ကို စိတ်တိုစရာတစ်ခုခု ပြောလာတဲ့အခါ၊ ပြုလာတဲ့အခါမှာလည်း သတိလေး ရှိသွားတာနဲ့ ဖြစ်ရပ်ကို အမှန်အတိုင်း သုံးသပ်နိုင်သွားပါတော့တယ်။ စိတ်က အတိုင်းအဆ မရှိဘဲ တိုမနေဖြစ်တော့ဘူး။

ဆိုလိုတာက သုံးသပ်မှုအားလေးက ပိုကောင်းလာတာပါ။ အမြင်လေးက ပိုတည့်သွားတာပါ။ အရင်က ဒေါသနဲ့ မြင်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဖယ်ပြီး တစ်ဖက်တည်းပဲ တွေးတယ်၊ အခု ဒေါသ မပါဘဲ ကြည့်တဲ့အခါ ကိုယ်ပါ ပါလာတယ်၊ နှစ်ဖက်လည်း မျှတွေးနိုင်လာတယ်။

နိဂုံး

တရားတွေပါ ထည့်ရေးတော့ စာဖတ်သူများအနေနဲ့ ဒါဟာ တရားအလုပ်တွေကို ပြောနေတာလို့ တွေးကောင်း တွေးနေမိပါလိမ့်မယ်။

မဟုတ်ပါဘူး။ နိဗ္ဗာန်ရောက်ကြောင်းတရားဆိုတဲ့ တော်ရုံတန်ရုံ အန္ဓပုထုဇဉ်အတွက် ကျင့်နိုင်ခက်ခဲတဲ့ တရားကို ဆွေးနွေးလိုက်တာ မဟုတ်ပါဘူး။
ကျွန်တော်ပြောချင်တာက အတ္တနဲ့ယှဉ်တဲ့ ပုထုဇဉ်တို့အနေနဲ့ လူ့ဘောင် လူ့လောကမှာ ကျင်လည်ကျက်စားရင်း အာရုံအသီးသီးကို ခံစားနေရာမှာ သဘောထားလေး တစ်ချက် ပြောင်းသွားတာနဲ့ နေလို့ ပိုကောင်းသွားတဲ့ ကိုယ်တွေ့အဖြစ်လေးတစ်ခုကို မျှလိုက်တာ သက်သက်ပါပဲ။ ဘာတရားမှ မပါပါဘူး။ လူအဖြစ် နေတဲ့ဘဝမှာ စိတ်ဆိုတာလည်း ရှိနေမှာပါ။ အဲဒီ့စိတ်ကြောင့်လည်း ကျွန်တော်တို့တွေရဲ့ ကိုယ်ခန္ဓာတွေမှာ ထိခိုက်နေရတာပါပဲ။

အဲတော့ အဲဒီ့စိတ်ကလေးကိုသာ အပွန်းအရှ မခံဘူးဆိုရင် နေရတာလည်း အလွန်ကောင်းသွားနိုင်တာမို့ လိုသလို သုံးကြည့်ကြစေချင်ပါတယ်။

တချို့က ကိုယ့်ကိုစော်ကားရင်ရော ဒေါသ မဖြစ်ရတော့ဘူးလား၊ ငြိမ်ခံနေရမှာလားလို့ မေးစရာ ရှိပါတယ်။ ငြိမ်တော့ ခံစရာမလိုပါဘူး၊ ဒါပေမယ့် ဒေါသ မပါဘဲနဲ့ တုံ့ပြန်တာကတော့ အမှားနည်းပြီး ပိုမို ထိရောက်တတ်ပါ တယ်။ အလားတူပဲ၊ တခြားခံစားချက်တွေကို ရှေ့တန်းမတင်တော့ဘဲ အရာရာကို ခံစားချက်မဲ့စွာ ချဉ်းကပ် ဖြေရှင်းနိုင်မယ်ဆိုရင် လူ့ဘဝမှာ လူအဖြစ်နေရတာကိုက ပိုလို့ အရသာရှိလာပါလိမ့်မယ်။

ဝမ်းနည်းစွာ ဆောင်ရွက်တာ၊ ကြောက်ရွံ့စွာ ဆောင်ရွက်တာ၊ ပျော်ရွှင်စွာ ဆောင်ရွက်တာ၊ အံ့ဩစွာ ဆောင်ရွက်တာ၊ စိတ်တိုစွာ ဆောင်ရွက်တာတို့ထက် စာရင် တည်တည်ငြိမ်ငြိမ် ဆောင်ရွက်တာဟာ ပိုကောင်းတယ်ဆိုတာ လူတိုင်း မြင်နိုင်မယ်ထင်ပါတယ်။ သည်ထဲမှာ ပျော်ရွှင်စွာကိုပါ ထည့်ထားတော့ တချို့က တွေးပါလိမ့်မယ်၊ ပျော်ပျော်ပါးပါး လုပ်ကိုင်ဆောင်ရွက်တာ ဘာလို့ မကောင်းရမှာလဲလို့။ ပျော်လွန်းရင်လည်း မှားတတ်တာ၊ အမြင် စောင်းသွားတတ်တာ သဘာဝပါ။

ဒါကြောင့် စိတ်ကလေးကို သေချာထိန်းပြီး ခံစားချက်မပါဘဲ တည်ငြိမ်စွာ ရှုမြင် သုံးသပ်နိုင်ရင်၊ လုပ်ကိုင် ဆောင်ရွက်နိုင်ရင် အမှားကင်းပြီး အရာရာမှာ အောင်မြင်နိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်နေပါတယ်။

စာဖတ်သူများလည်း ကျွန်တော်ပြောတာ ဖြစ်နိုင်/မဖြစ်နိုင် ကိုယ်တိုင် ပြန်စဉ်းစားပြီး လုပ်သင့်တာ လုပ်သွားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။

၁၉၉၈ခုနှစ်က ထုတ်ဝေတဲ့ Fashion Image မဂ္ဂဇင်းတစ်စောင်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှာ “လက်တွဲဖော်”စာအုပ်တိုက်က ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ထဲက စာတစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်တာပါ။

A Way of Thinking

တွေးပေါက်

၁၆နှစ်သားလေးတစ်ယောက် ကျွန်တော့်ထံ ဖုန်းဆက်သည်။ သူ့အသက်က လာမည့်လတွင် ၁၆နှစ်ပြည့်တော့မည်ဟုဆိုသည်။ ကျွန်တော့် စာဖတ်ပရိသတ်ဟုလည်း ဆိုပါသည်။ ဆယ်တန်းဖြေထားသည်တဲ့။ သူ့နေရပ်၊ သူ့အမည်ကို မေးတော့လည်း ဖြေပါသည်။


သို့ဖြင့် သူမေးချင်တာမေးရန် လမ်းဖွင့်ပေးလိုက်သောအခါ သူကြိုက်နေသော ကောင်မလေး တစ်ယောက်ရှိနေကြောင်းနှင့် ထိုကလေးမလေး သူ့ကို ပြန်ကြိုက်လာစေရန် မည်သို့ ချဉ်းကပ်ရမည်နည်းဟု မေးပါသည်။


သည်မေးခွန်းက ကျွန်တော့်အတွက် ရိုးတာနေသော မေးခွန်းပင်ဖြစ် သည်။ ခဏခဏအမေးခံရဖန်များသဖြင့် “ဖူးငုံ”ဆယ်ကျော်သက်မဂ္ဂဇင်းမှာ ပင် “ဂေါ်ဖတ်စာ”ဟု အခန်းဆက်ရေးခဲ့ဖူးသည်မှာ တစ်နှစ်လောက်ပင် ရှိပါသေးသည်။ “ကျွန်တော့်စာဖတ်ပရိသတ်”ဟုဆိုထားသော လူငယ်လေးမှာ ထိုစာကို ဖတ်ဖူးထားဟန်မတူချေ။ ကျွန်တော် ရေးပြီးသားကိုပင် တခုတ်တရ မေးနေပြန်တော့သည်။


ကျွန်တော်လည်း ဖြေပေးလိုက်ပါသည်။ သည်မေးခွန်းက သူလို လူပျိုပေါက်စတွေသာမက တက္ကသိုလ် တတိယနှစ်ကျောင်းသားတွေ မေးတာကိုပင် လွန်ခဲ့သည့်လကမှ ကြုံခဲ့ပြီးဖြစ်သည်။ ကျွန်တော့်အတွက် အပန်းမကြီးလှပါ။ ဖြေပေးလိုက်ပါသည်။

သူက နောက်တစ်ခု မေးစရာ ရှိသေးတယ်ဟု ဆိုပါသည်။ “ကဲ… မေး”ဟု ဆိုသောအခါ သူက သင်္ကြန်မှာ ရေကစားချင်တယ်၊ သို့သော် သူ့မှာ ပိုက်ဆံ မရှိသဖြင့် အလုပ် ဘယ်မှာ ရှာရမလဲဟု မေးပြန်ပါသည်။

သူ ဖုန်းဆက်သောအချိန်သည် မတ်လ နောက်ဆုံးပတ် ဖြစ်သည်။ သင်္ကြန်က ဧပြီလလယ်။ သူက ရေကစားဖို့ ပိုက်ဆံလိုသဖြင့် အလုပ် ဘယ်မှာ ရှာရမလဲဟု ကျွန်တော့်ကို မေးပြီ။ မေးသမျှ ဖြေပေးနေသူ ကျွန်တော့်မှာ စိတ်ပိန်သွားရပါသည်။

“နေပါဦးကွ… သား အမေမိဘတွေက ဘာအလုပ်လုပ်ကြသလဲ…”

“အဲ… သားအမေက ဆုံးသွားတာ နှစ်ရက်ပဲ ရှိပါသေးတယ်…”

ကျွန်တော် စိတ်ပိန်ရာမှ စိတ်လေသွားပါတော့သည်။ အမေ ဆုံးတာမှ နှစ်ရက်ရှိသေး၊ သူက ရည်းစားထားရေးကိစ္စကို အရေးတကြီး မေးနေသလို သင်္ကြန်ပျော်ဖို့အတွက်လည်း တွက်ချက်ပူပင်နေလေသည်။ ဟုတ်… ဟုတ်သေးတော့ဟု တွေးမိနေရသည်။

အလုပ်ရှာပေးသော လုပ်ငန်းတစ်ခုအမည်နှင့် လိပ်စာကို ပြောပြပေးလိုက်အပြီးတွင် သူဖုန်းချသွားသည်။ သူကသာ ဖုန်းချသွားသည်၊ ကျွန်တော်ကတော့ သူ့စကားများကြောင့် အူချာချာ ကျန်ရစ်ပါသည်။

ကျွန်တော့်သားသမီးတွေလည်း သူ့လိုပင် ဖြစ်နေကြမည်လားဟု တွေးမိသောအခါ အလန့်တကြား ဖြစ်သွားပါသည်။ စိတ်ကူးထဲတွင် ကျွန်တော် သေကြည့်မိရပြန်သည်။ (အခုတလော ကျွန်တော် ခဏခဏ သေကြည့်မိနေသည်။ ကျွန်တော့်ပတ်ဝန်းကျင်မှ ကျွန်တော့်ထက် ငယ်သူတွေ၊ မတိမ်းမယိမ်းတွေ၏ နာရေးကိစ္စနှင့် ကြုံရလေတိုင်း ကျွန်တော် သေကြည့်မိနေသဖြင့် “သေကြည့်မိရပြန်သည်”ဟု ရေးလိုက်ခြင်းပင် ဖြစ်ပါသည်။)

ကျွန်တော့် သမီးနှင့်သားရော ထိုသူငယ်လေးလို သူတို့ ရည်းစားကိစ္စ၊ သူတို့အပျော်အပါးကိစ္စကိုသာ ဇန်းတင်နေကြမည်လားဟု တွေးကြည့်လိုက်မိသောအခါ ထိတ်ပျာလာသလိုလို။

မဟုတ်သေးပါဘူး…

ထို “မဟုတ်သေးပါဘူး”က ကျွန်တော့်ကို လာနှောင့်သည်။ ကျွန်တော် ကိုယ်တိုင်လည်း ၁၉နှစ်သားအရွယ်တွင် ဖခင် ပျောက်ဆုံးသွားတာကို ကြုံ ခဲ့ရဖူးသည်။ ကျွန်တော့်အဖေက သေသွားတာ မဟုတ်၊ ပျောက်သွားတာ ဖြစ်သည်။

၁၉၇၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် နယ်သို့ အော်ဒါရသည်ဟု ဆိုကာ ကားဖြင့် အိမ်မှ ထွက်သွားသည်။ သုံး-လေးရက်အကြာမှာ မန္တလေး ဟံသာဝတီနေ့စဉ်ထဲမှာ ထိုကားကို ပိုင်ရှင်မဲ့အဖြစ်တွေ့ရှိသဖြင့် ရဲက သိမ်းဆည်းထားကြောင်း သတင်းပါလာသည်။ ကားနံပါတ်ကို သိနေသော မန္တလေးသား သူငယ်ချင်းတစ်ဦးက အိမ်ကို လှမ်းဖုန်းဆက်တော့မှ ကျွန်တော်တို့ သားအမိ မန္တလေးကို အူယားဖားယား လိုက်သွားရသည်။

ကားက မေမေ့နာမည်နှင့်ဖြစ်သဖြင့် ပြန်ရလာသည်။ အဖေ့ကိုမူ မတွေ့ရတော့သည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။ ၁၉၇၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ရေတာရှည်ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးတစ်ဦး အိမ်သို့ ရောက်လာကာ အဖေ ပျောက်သွားသည့်ရက်ပိုင်းအတွင်းက သူ့အပိုင်ထဲမှ ရန်ကုန်-မန္တလေး ကားလမ်းဘေး ရေမြောင်းထဲတွင် အလောင်းတစ်လောင်း ပေါ်ခဲ့ကြောင်း လာရောက် အကြောင်းကြားပါသည်။ သူအကြောင်းကြားချိန်၌ အလောင်းကို မြှုပ်နှံပြီးခဲ့သည်မှာ တစ်နှစ်ပင်ကျော်ပြီမို့ ကျွန်တော်တို့လည်း ဖော်ကြည့်မနေတော့ပါ။

သူ သိမ်းဆည်းထားသော လက်ပတ်နာရီ၊ ပုဆိုးစ၊ အင်္ကျီစ စသည်များအရ အဖေ ဝတ်ဆင်ထားသော အဝတ်အစားများ ဖြစ်ငြားလည်း ကျွန်တော်တို့ ဖော်ပြသော ပုံပန်းနှင့် အဖေ့ပုံပန်း ကွဲလွဲနေသည်ဟု စခန်းမှူးက ဆိုသည်။ အလောင်းကို စခန်းမှူးနှင့်အတူ စစ်ခဲ့သည်ဆိုသော မြို့နယ် ဆရာဝန်ကြီးကို သွားမေးပြန်တော့ ကျွန်တော်တို့ ပြောသော ပုံပန်းနှင့် အလောင်းပုံပန်းက သိပ်မကွာဟု ဆိုပြန်သည်။

သေချာ မေးကြည့်တော့ နှစ်ဦးစလုံးက အလောင်းကို တော်တော် လှမ်းလှမ်းမှ စစ်ဆေးခဲ့ကြခြင်းသာဖြစ်သည်။ ထိုနေ့က မိုးတွေ သည်းသည်းမည်းမည်း ရွာနေသည်။ အလောင်းကလည်း နံစော် ပုပ်ပွနေသဖြင့် အနားသို့ မကပ်ခဲ့ကြဟု သိရပါသည်။

သို့ဖြင့် ကျွန်တော့်မှာ ယနေ့ထက်တိုင် အဖေ့အတွက် ဆွမ်းလည်း မသွပ်ရ၊ အဖေ့ပင်စင်လည်း မထုတ်ရတော့ပါ။ အဖေက တရားဝင် သေသွားတာမှ မဟုတ်တာလေ။

ထားပါတော့… မူလ စကားစပ်နှင့် ပြန်ချိတ်ရလျှင် ထိုစဉ်က အသက် ၁၉နှစ်သာ ရှိသေးသော ကျွန်တော်သည် အဖေပျောက်သွားသဖြင့် ဘယ်လို မှ မဘယ်လိုခဲ့ပါ။ မှန်ရာကို ဝန်ခံရလျှင် အမေ့ကိုရော ကျွန်တော့်ကိုပါ ရိုက်နှက်ဆုံးမတတ်သော ကျွန်တော်တုန်နေအောင် ကြောက်ရသူ မရှိတော့ သည့်အတွက် ဝမ်းတောင်သာနေခဲ့ပါသေးသည်။

မန္တလေးမှ ကျွန်တော့်ထက် အသက်၂၀မျှ ကြီးသော ကျွန်တော့်အစ်မ နှစ်ဝမ်းကွဲကဆိုလျှင် “ဟဲ့ကောင်လေး… မင့်အဖေက ပျောက်နေတာနော်။ ပါးစပ်ကြီး နားရွက်ချိတ်မတတ် အူမြူးမနေနဲ့။ မင့်အဖေ မင်္ဂလာဆောင် မဟုတ်ဘူး”ဟု ကျွန်တော့်ကို မာန်ခဲ့ရသည်အထိပင်။

ထိုဖြစ်ရပ်ကို ပြန်လည် ဆင်ခြင်မိသောအခါ ကျွန်တော့်ထံ ဖုန်းဆက် သူ ၁၆ နှစ်သားလေးကို အပြစ် မမြင်ရက်တော့သလို ဖြစ်လာရပါသည်။ သူလည်း သူ့အကြောင်းနှင့်သူ ရှိမှာပေါ့လေဟု စတွေးမိသွားပါသည်။

တစ်ဆက်တည်းမှာပင် လွန်ခဲ့သည့် တစ်လ မပြည့်ခင်အချိန်မှာ ကျွန်တော်တို့ ဇနီးမောင်နှံ အသုဘအိမ်သို့ သွားခဲ့သည်ကို သတိရသည်။ မိတ်ဆွေ အမျိုးသမီးတစ်ယောက်၏ ခင်ပွန်း တိမ်းပါးသွားသည်ဟု သိလိုက်ရသည်။ ထိုပုဂ္ဂိုလ်၏အရွယ်က အရွယ်ကောင်း၊ ၄၁နှစ်သာ ရှိသေးသည်။
သာရေးကို မသွားလို့ကောင်းပေမင့် နာရေးကျတော့ သွားရမည်ဟူသော အသိဖြင့် သတင်းမေးသွားခဲ့ပါသည်။

အမျိုးသမီးက တော်သည်။ ပူဆွေးမနေချေ။ သူ့အကြောင်းပြကလည်း ရှင်းသည်။ သူ့မိသားစုမှာ သူက ပူဆွေးနေလျှင် လူလားမမြောက်သေးသော သူ့သားသမီးတွေက သည်ကိစ္စဝိစ္စတွေကို စီမံခန့်ခွဲနိုင်တော့မည် မဟုတ်ချေ။ တစ်အိမ်တည်းနေ သူ့အမေကလည်း ရောဂါသည်၊ သူ့အစ်မကလည်း ရောဂါသည်၊ သူတစ်ဦးတည်းသာ ကျန်းကျန်းမာမာဆိုတော့လည်း သူကသာ အရာရာကို စီမံရတော့မည် ဖြစ်ပေရာ သူ့မှာ ကြေကွဲခွင့် မရတော့ပါဟု ဆိုပါသည်။

ကျွန်တော်က ထိုအမျိုးသမီး၏ အားမာန်သတ္တိကို ကျိတ်ချီးကျူးနေမိသည်။ တစ်ခုပဲ ဘဝင်မကျ၊ ဘယ်တော့ တွေ့တွေ့၊ ရှိုးအပြည့်နှင့် သပ်ရပ် ကျော့မော့နေတတ်သော ထိုအမျိုးသမီးမှာ ယခုအခါ မျက်နှာပြောင်နှင့်၊ ကစုပ်ကဖတ်။ တစ်စက်မှ မြင်မကောင်းချေ။

ထို့ကြောင့် အသုဘ အိမ်မှ အပြန်မှာ အတူပါသည့် ကျွန်တော့်အိမ်သူကို ပြောမိသည်။

“ကိုယ်သေသွားလို့ အသုဘကိစ္စ မပြီးသေးချိန်မှာ အဲလို မနေနဲ့နော်။ လှလှပပ၊ ကျော့ကျော့မော့မော့ ဖြီးလိမ်း ပြင်ဆင်ပြီး ဧည့်ခံ။ ငိုလည်း မနေနဲ့”

“အဲလိုကျ လူတွေက ကျွန်မကို မေးငေါ့ကြမှာပေါ့ရှင့်…”

“အေး… မေးမငေါ့အောင် ကိုယ်က အဲလို မှာသွားကြောင်း စာနဲ့ပေနဲ့ အတိအလင်း ရပ်ကျော်ရွာကျော် ရေးပေးထားခဲ့မယ်”

ကျွန်တော် အဲသလို ပြောခဲ့ဖူးပါသည်။

အဖေ ပျောက်သွားတုန်းက ကြောက်ရမည့်သူ မရှိတော့သည်မို့ ကိုယ့်ဖို့ ကိုယ်တွက်ကာ ကျိတ်ဝမ်းသာခဲ့ဖူးသော ကျွန်တော်၊ သူများအသုဘ သွားမေးသောအခါ ပူဆွေး ငိုကြွေး မနေဘဲ လုပ်သင့်တာတွေကို အားမာန် အပြည့်နှင့် ဇယ်ဆက်သလို လုပ်နေသည့် ကျန်ရစ်သူ ဇနီးသည်အား ကျိတ် ချီးမွမ်းဖူးသည့် ကျွန်တော်၊ ကျွန်တော် သေလျှင် ကျွန်တော့်ဇနီးမယား၊ သမီးသားများကိုလည်း အနေအစား မပျက်၊ ပုံမပျက်ပန်းမပျက်နှင့် မပူမဆွေးဘဲ နေကြရန် ခဏခဏ မှာတတ်ဖူးသော ကျွန်တော်…

ထိုကျွန်တော်က ယခု ၁၆ နှစ်သားလေးက သူ့မိခင် ကွယ်လွန်ပြီး နှစ်ရက်အကြာမှာ ရည်းစားကိစ္စ၊ သင်္ကြန်ပျော်ဖို့ ကိစ္စတွေ မေးချလိုက်သောအခါ စိတ်ထဲတွင် တစ်မျိုးဖြစ်သွားမိသည့်အပြင် ကျွန်တော်သေရင်ရော ကျွန်တော့်သားသမီးတွေပါ ထိုသို့ ဖြစ်ကုန်ကြမည်လားဟု တွေးနေမိခြင်းမှာ တော်တော်တော့ အမြီးအမောက် မတည့်လှပါချေ။

အမှန်တော့ ကျွန်တော် မှားနေခြင်းသာ ဖြစ်သည်။ ထို၁၆နှစ်သားလေး မှန်သည်ဟု တစ်ချက်မှာ ထက်ခနဲ တွေးမိသွားရသည်။

ကျွန်တော်က ကျွန်တော့်ဇနီးနှယ်ပင် “လူတွေ”မည်သော ပတ်ဝန်းကျင်ကို ထည့်သွင်း စဉ်းစားနေမိခြင်းသာဖြစ်သည်။ လူတွေကို စဉ်းစားသောအခါ တရားကိုယ်ကို မမြင်မိတော့ပါ။

တရားကိုယ်မှာ အရှင်းကြီးပင်။ ထိုကလေး ရည်းစားကိစ္စကို အာရုံ မထား၊ သင်္ကြန်ပျော်ဖို့လည်း စိတ်မအားဘဲ လွန်ခဲ့သည့် နှစ်ရက်က တိမ်းပါးသွားသော သူ့မိခင်ကိုသာ တသပြီး ပူဆွေးကြေကွဲနေလို့လည်း သူ့မိခင်ကတော့ ပြန်ရှင်လာမည်မဟုတ်သည်မှာ သေချာလှသော တရားကိုယ်ပင် ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ကျော်က ကျွန်တော် ဝမ်းသာခဲ့သည်ဖြစ်စေ၊ ကျွန်တော် ဝမ်းနည်းခဲ့သည်ဖြစ်စေ ကျွန်တော့်ဖခင်သည်လည်း ကွယ်ပျောက်သွားရာမှ ပြန်ပေါ်မလာတော့သည်မှာလည်း တရားကိုယ်ပင်။

တစ်နည်းပြောရလျှင် သေသူက သေသွားပါပြီ။ အသက်နဲ့ ခန္ဓာ အိုးစားကွဲသွားပါပြီ။ ဘာမှ မသိနိုင်တော့ပါ။

ကျန်ရစ်သည့် ရှင်နေသူတွေအတွက် အရေးကြီးသည်မှာ ဆက်ရှင်နေနိုင်ဖို့ပဲ ဖြစ်သည်။ သူတို့မှာ ကိုယ်ပိုင်ဘဝတွေရှိသည်၊ ကိုယ်ပိုင်ဗျာပါဒတွေ ရှိသည်၊ ကိုယ်ပိုင်သောကတွေ ရှိသည်၊ ကိုယ်ပိုင်ရည်မှန်းချက်၊ မျှော်လင့်ချက်၊ လိုအင်များလည်း အသကအသက ရှိကြပါသည်။ သည်တော့ သူတို့ ဆက်ရှင်နေကြရပါလိမ့်ဦးမည်။

ပူဆွေး ကြေကွဲနေခြင်းအားဖြင့် သေသူကလည်း ပြန်ရှင်မလာနိုင်ပါ။ သို့သော် ရှင်သူအတွက်တော့ ထိုသို့ ပူဆွေးကြေကွဲနေမည်ဆိုပါက အလုပ် ပျက်တော့မည်လည်း အမှန်ပင်ဖြစ်ပါသည်။ ကျန်ရစ်သူသည်လည်း ဘဝမှာ နောက်ထပ် ဘယ်နှရက်၊ ဘယ်နှလ၊ ဘယ်နှနှစ် ဆက်ရှင်နေဦးမည်ကို ကြိုမသိနိုင်ချေ။ သို့ဖြစ်ရာ သူ့အတွက် တစ်ရက်၊ တစ်နာရီက တန်ဖိုးရှိ နေမည်သာ ဖြစ်ပါသည်။

ကျွန်တော် သေပြီး နာရီပိုင်းအတွင်းမှာ ကျွန်တော့်သား ရည်းစားနှင့် ဖုန်းမပြောဘဲ နေနေလို့လည်း ကျွန်တော် ပြန်ရှင်လာတော့မည် မဟုတ်ပါ။ ကျွန်တော့်သမီး ကျောင်းအပျက်ခံလိုက်လို့လည်း ကျွန်တော် ပြန်ရှင် လာတော့မည် မဟုတ်ပါ။ ကျွန်တော့်ဇနီး သနပ်ခါးမလူးဘဲ အပူရုပ်နှင့် တရှုပ်ရှုပ် ငိုနေလို့လည်း ကျွန်တော် ပြန်ရှင်လာတော့မည် မဟုတ်ပါ။ ဒါက အင်မတန် သေချာပါသည်။

အဲတော့ ရှင်သည့်ဘဝမှာ ရှင်သူလို ဆက်နေကြမည်မှာလည်း အမှန်တော့ ဓမ္မတာ။

ထိုအချက်ကို တွေးမိသောအခါ မအေသေပြီး နှစ်ရက်အကြာမှာ ရည်းစားကိစ္စ၊ သင်္ကြန်ပျော်ဖို့ကိစ္စအတွက် ကြောင့်ကြစိုက်နေသော ထို လူငယ်လေးမှာ ချစ်စရာကောင်းလို့ လာပါသည်။

အဓိကကတော့ တွေးပေါက်သာ ဖြစ်ကြောင်း ကျွန်တော် စဉ်းစားမိသွားရပါသည်။

ဟုတ်ကဲ့… “တွေးပေါက်”က အတော်စကားပြောပါသည်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၄၀၄၀၈)

၂၀၀၈ခုနှစ် ဧပြီလ နောက်ဆုံးပတ်ထုတ် အတွေးသစ်ဂျာနယ်ထဲမှာ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။

May All Forms of Discrimination Be Eliminated!

လူအချင်းချင်း နှိမ့်ချခြင်း ကင်းဝေးကြပါစေ

Discrimination  ကို မြန်မာလို ခွဲခြားဆက်ဆံမှုလို့ ဘာသာပြန်ကြပါတယ်။ှားတယ်လို့ မဆိုနိုင်ပေမယ့် မပြည့်စုံပါဘူး။ အမှန်တော့ လူမျိုး၊ ဇာတိ၊ အသားအရောင်၊ ဘာသာရေး ယုံကြည်မှု၊ ကျန်းမာရေး အခြေအနေစတာများကို အကြောင်းပြုပြီး လူအချင်းချင်း မတူသလို မတန်သလို နှိမ်ချဆက်ဆံတာကို Discrimination  လို့ခေါ်ပါတယ်။ မိန်းမတွေ ဘာမှ နားမလည်ပါဘူးကွာဆိုတာမျိုးဟာ ခွဲခြားဆက်ဆံတာပါ။ ဘာသာရေး ယုံကြည်မှု၊ ရိုးရာ အစွဲအလမ်း၊ ဗေဒင်ယုံတာများကို အကြောင်းပြုပြီးလည်း ကျွန်တော်တို့တွေဟာ လူလူချင်းတစ်ယောက်ကို တစ်ယောက် လှောင်ချင်ပြောင်ချင်၊ ကလိချင် ရိချင်နေတတ်ကြပါတယ်။ ဒါဟာလည်း ခွဲခြားဆက်ဆံမှုပါပဲ။
အမှန်တော့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ စရိုက်တွေ မတူကြပါဘူး။ ကျွန်တော် ပြောလေ့ရှိသလို ကျွန်တော်က ငါးပိရည်ဆို အနံ့တောင် ခံလို့မရပေမယ့် ကြိုက်တဲ့သူတွေကတော့ အလွန်ကို ကြိုက်ကြပါတယ်။ ပုရစ်ဆိုရင်လည်း ကျွန်တော်အလွန်စားပေမယ့် မစားတဲ့သူကလည်း လုံးလုံးကို မစားပါဘူး။ ဒါဟာ လူချင်းတူပေမယ့် အကြိုက်ချင်းမတူတဲ့ အထင်ရှားဆုံး ဥပမာပါပဲ။


တချို့က ရိုးရာယုံကြည်မှု အစွဲအလန်းကြောင့် အမဲသား ၀က်သား ရှောင်ကြတယ်။ တချို့က သတ်သတ်လွတ်စားတယ်။ တချို့က အဲဒီ့ရိုးရာ ယုံကြည်မှုကြောင့် ငါးရံ့တောင် မစားပါဘူး။
တကယ်တော့ လူတွေမှာ မိမိတို့ မွေးဖွားကြီးပြင်းတဲ့ ပတ်ဝန်းကျင်တွေ အမျိုးမျိုး ကွဲပြားနေကြတယ်။ ဇာတိအခြေခံတွေလည်း ကွဲပြားကြတယ်။ အဲဒါတွေက ဆင့်ပွားလာတဲ့ သက်ဝင် ယုံကြည်မှုတွေ၊ အစွဲအလန်းတွေ၊ ခံယူချက်တွေ၊ ရှုမြင်ပုံတွေလည်း ကွဲပြားနေတာဟာလည်း တကယ်တော့ သဘာဝကျပါတယ်။ ကိုယ်သက်ဝင်ယုံကြည်တာ၊ ကိုယ်စွဲလန်းတာ၊ ကိုယ်မြင်တာနဲ့ မတူတိုင်း တစ်ဖက်သားကို မှားနေတယ်၊ လွဲနေတယ်လို့ ထင်မိတတ်ကြတာလည်း အင်း … တကယ်တော့ လူ့သဘာဝပါပဲ။ စိတ်ထဲ ထင်ရုံထင်တာကတော့ ဘာမှအကြောင်း မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲ ဘယ်သူမှ ၀င်ကြည့်လို့ မရတာမို့ ပြဿနာလည်း မရှိပါဘူး။ အဲ… အဲဒါကိုမှ နှုတ်က ထုတ်ဟပြီး ကဲ့ရဲ့တာ၊ လှောင်တာ၊ တစ်ဖက်စောင်းနင်း ပုတ်ခတ် ပြောဆိုတာများကကျတော့ တစ်ဖက်သားအပေါ် မလေးစားရာ ရောက်သွားပါပြီ။


ဆိုကြပါစို့ဗျာ… ငါးပိရည် မကြိုက်တဲ့ ကျွန်တော်က ငါးပိရည်နဲ့ မြိန်ရည်ယှက်ရည် လွေးနေတဲ့ ကျွန်တော့်အိမ်သူကို ”မင့်နှယ်ကွာ၊ အပုပ်အစပ်တွေ တော်တော်ကြိုက်”လို့ ပြောလိုက်တာမျိုးဟာ သူ့ကို ထိပါးလိုက်တာ၊ စော်ကားလိုက်တာ ဖြစ်သလို သူ မက်မက်စက်စက်စားနေတဲ့ အစာကိုလည်း ”အပုပ်အစပ်တွေ”ပဲ ရယ်လို့ တံဆိပ်ကပ်လိုက်တာပါ။ တစ်နည်းအားဖြင့် သူဟာ လူတစ်ယောက်ဖြစ်တယ်၊ သည်အတွက် သူ့မှာ သူ့ကိုယ်ပိုင် အကြိုက်တွေ ရှိတယ်ဆိုတာကို မလေးစားတဲ့ စိတ်နဲ့ ပြောချလိုက်တဲ့ စကားမျိုးပါပဲ။

ဒါမှမဟုတ် သူငယ်ချင်းချင်းပေါ့။ ကျွန်တော်က ပုရစ်ကြော်တွေ အားရပါးရတုပ်နေတယ်။ ကျွန်တော့် သူငယ်ချင်းကိုလည်း စားစေချင်တယ်။ ဟေ့ကောင်… စားကွာလို့ ပြောလိုက်တဲ့အခါ သူငယ်ချင်းက ”ငါ ဒါမျိုးတွေ မစားဘူးကွ၊ လူစားတဲ့ အစာပဲ စားတာ”လို့ ပြောလိုက်မယ်ဆိုရင်လည်း အဲဒါသူ ကျွန်တော့်ကို ထိပါးစော်ကားတာဖြစ်သလို ကျွန်တော့်ရဲ့ ကြိုက်လိုရာ ကြိုက်ပိုင်ခွင့်ကို မလေးစားပြန်တာပါပဲ။


အဓိကကတော့ ကိုယ်ချင်းစာစိတ်ပါ။ ကိုယ်နှစ်နှစ်သက်သက် စားနေတဲ့ အစာတစ်ခုခုကို တစ်ယောက်ယောက်က ရှုတ်ချပြီး ပြောတဲ့အခါ ကိုယ်ကြိုက်နိုင်မလား။ ဘယ်လိုမှ ကြိုက်နိုင်မှာ မဟုတ်ပါဘူး။ သည်အခါ သူများ စားနေတာကိုလည်း ဘာမှ သွားပြီး ကဲ့ရဲ့ပုတ်ခတ်နေစရာ အကြောင်းမရှိတော့ပါဘူး။ သည်ကမှ တစ်ဆင့် တက်လိုက်မယ်ဆိုရင် ကိုယ့်ယုံကြည်သက်ဝင်တဲ့ ဗုဒ္ဓဘာသာကို ဘာသာခြားတစ်ယောက်က ပုတ်ခတ်တာ၊ ကဲ့ရဲ့တာ၊ သရော်တာမျိုးကို ကိုယ်ကိုယ်တိုင်က မကြိုက်ဘူးဆိုရင် ကိုယ်နဲ့အယူမတူ ဇာတ်ခြားလေတဲ့ တခြားဘာသာဝင်တွေကိုလည်း ပုတ်ခတ်ကဲ့ရဲ့ သရော် လှောင်ပြောင်တာမျိုးကို ရှောင်ကြဉ်အပ်ပါတယ်။


သည်လောက်ဆိုရင် ခွဲခြားဆက်ဆံမှုဆိုတာကို စာဖတ်သူ လူကြီးမင်းအပေါင်း ကွက်ကွက်ကွင်းကွင်း မြင်နိုင်လောက်ကြပြီဖြစ်သလို လူချင်းအတူတူ အသက်ရှူချင်း ကွဲတယ်ဆိုသလိုပဲ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ၊ ခံယူချက်တွေ၊ အကြိုက်တွေ၊ စရိုက်တွေ ကွဲပြားနေကြတာဟာ သဘာဝပဲဆိုတဲ့ အချက်ကိုလည်း သဘောပေါက် လက်ခံနိုင်လောက်ကြပြီလို့ ယူဆ ထင်မြင်မိပါတယ်။


ခွဲခြား နှိမ်ချလိုမှုမှာ အဓိကကျတဲ့ အကြောင်းရင်းခံတစ်ရပ် ရှိပါတယ်။ အဲဒါကတော့ အများစု လက်ခံ ကျင့်သုံးနေတာကို စံသတ်မှတ်ချက်တစ်ခုလို့ ယူဆလိုက်ကြပြီးသကာလ အဲဒီ့အများစုလုပ်နေတဲ့ ပုံစံက သွေဖီနေသူများကို မူမမှန်သူများ၊ စံလွဲနေသူများလို့ ယူဆကာ ခွဲခြားချင်၊ နှိမ့်ချချင်၊ သရော်ကမော် စကားတင်းဆိုချင်၊ နှိပ်ကွပ်ချင်တတ်ကြတဲ့ စရိုက်ဆိုးတွေဟာ ရှက်စရာ ကောင်းလောက်အောင် ကျွန်တော်တို့ လူ့ဘောင်ကြီးမှာ တွင်ကျယ်ပြန့်နှံ့လို့ နေပါတယ်။


နမူနာပြောရမယ်ဆိုရင် အများစုက အိမ်ရာထူထောင်ကြတယ်၊ လင်ယူသားမွေးကြတယ်။ သည်အခါမှာ အပူမရှာချင်လို့ ကိုယ့်ဘာသာ အဖော်မရှာဘဲ တစ်ကိုယ်တည်း အေးအေး နေချင်ကြသူ လူပျိုကြီး၊ အပျိုကြီးများကို အလကားနေရင်း တောင်ပြောမြောက်ပြော ပြောချင်တတ်တာမျိုးပေါ့ ခင်ဗျာ။ ကျွန်တော်တောင် အဲဒီ့ထဲမှာ အတော်ကြီး ပါခဲ့ဖူးပါတယ်။


ရှိပါသေးတယ်။ ၀လွန်းသူတွေ၊ ပိန်လွန်းသူတွေကိုလည်း ကျွန်တော်တို့တွေဟာ သရော်တဲ့စကား၊ ကဲ့ရဲ့တဲ့စကားတွေ အမှတ်တမဲ့ ပြောဖြစ်တတ်ကြပါတယ်။ တကယ်တော့ သူတို့တွေ နေရာမှာ ကျွန်တော်တို့ နေမကြည့်တတ်ကြတာ၊ တစ်နည်းပြောရင် ကိုယ်ချင်းမစာတတ်ကြတာပါပဲ။ အိမ်ထောင်မပြုဘဲနေတဲ့ လူပျိုကြီး၊ အပျိုကြီးနေရာမှာဖြစ်စေ၊ ၀လွန်းသူ၊ ပိန်လွန်းသူရဲ့ နေရာမှာဖြစ်စေ ကိုယ်ကိုယ်တိုင်သာ နေကြည့်မယ်ဆိုရင် ကိုယ့်ကို အဲလိုစကားနဲ့ ရိ၊ မထိတထိ ကလိလာတာမျိုးကို ခံချင်ပါ့မလား။သို့ပေမယ့် ကျွန်တော်အပါအ၀င် လူအတော်များများဟာ အဲဒီ့အချက်ကို သတိလစ်ပြီး အဲဒီ့ တစ်ဖက်သားတွေကို အများနဲ့ မညီတဲ့အတွက် ပက်ပက်စက်စက်ကြီး မဟုတ်တောင် တစ်ချက်တစ်ချက်မှာ ထိုးနှက်ရာရောက်တဲ့ စကားများကို ပြောဖြစ်တတ်ကြပါတယ်။


အဆိုးဆုံးကတော့ မိန်းမလျာ၊ ယောက်ျားလျာများအပေါ်မှာ ထားတဲ့ သဘောထားနဲ့ ဆက်ဆံပုံပဲ ဖြစ်ပါတယ်။ အဲဒါကတော့ တော်တော့်ကို ဆိုးတဲ့ ကိုယ်ချင်းမစာမှုပဲခင်ဗျ။ လိင်တူချင်း ကြိုက်တာ၊ လိင်ကွဲကိုမှ စုံမက်တာများကို အင်္ဂလိပ်ဘာသာနဲ့ sexual orientation  လို့ခေါ်ပါ တယ်။ မြန်မာလိုဆိုရင်တော့ လိင်စိတ်ကိုင်းညွှတ်မှုပေါ့ခင်ဗျာ။ ဒါဟာ မူမမှန်တာလည်း မဟုတ်၊ စံလွဲတာလည်းမဟုတ်ကြောင်း တစ်ကမ္ဘာလုံးက ဆေးပညာရှင်တွေရော၊ စိတ်ပညာရှင်တွေကပါ ခိုင်ခိုင်မာမာ လက်ခံထားကြပါပြီ။ သိပ္ပံနည်းအရ ပြောရင်တော့ ခရိုမိုဆုမ်းလို့ ခေါ်တဲ့ ဗီဇဆောင်မျှင်တွေထဲမှာ ပါရှိတဲ့ ဖိုဗီဇ၊ မဗီဇအချိုးအစားများအရ အဲဒီ့ လိင်စိတ် ကိုင်းညွှတ်မှု ဖြစ်ပေါ်လာတာပါ။ အဲဒီ့အချိုးအစားကို ဘယ်သူကမှ ခြယ်လှယ်လို့ မရပါဘူး။ သဘာဝက လူတစ်ဦးချင်းစီအတွက် ပြဋ္ဌာန်းလိုက်တာပါ။ ဗုဒ္ဓဘာသာတရားနဲ့ ဆိုရင်တော့ ဘ၀ကံ အကျိုးပေးသာ ဖြစ်ပါလိမ့်မယ်။


လူယောက်ျားချင်းတူပေမယ့် ဖြူဖြူချောချော၊ တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသမီးကိုမှ တပ်မက်စွဲလန်းတတ်သူမျိုး ရှိသလို ညိုညို သွယ်သွယ်၊ မော်ဒယ်လို ကိုယ်လုံး လှပ်လှပ်ကိုမှ ကြိုက်တတ်သူ ဖိုသတ္တ၀ါများလည်း ရှိနေတာ အထင်အရှားပါပဲ။


ဘယ်လိုပဲဖြစ်ဖြစ်၊ ရှေ့မှာ ပြောခဲ့တဲ့အတိုင်း လူရယ်လို့ ဖြစ်လာမှတော့ ကိုယ်သန်ရာ ကိုယ်ကြိုက်ပိုင်ခွင့် ရှိသူချည်းပါပဲ။ အဲဒါကိုပဲ အများစုက ဆန့်ကျင်ဘက်လိင်ကိုမှ တပ်မက် စွဲလန်းရိုး ရှိတာကို စံတစ်ခုအနေနဲ့ သတ်မှတ်လိုက်ပြီး လိင်တူချင်း တပ်မက် စွဲလန်းသူများကိုပဲ မူပဲ မမှန်သလို၊ စံပဲ လွဲနေသလို၊ စိတ်ဝေဒနာပဲ ခံစားနေရသူများလို အထင်အမြင်သေးတဲ့ အကြည့်တွေ၊ အပြောတွေနဲ့ ဆက်ဆံခြင်း၊ နှိပ်ကွပ်ခြင်းဟာ ဆင်ခြင်တုံတရား နုံ့နဲ့လွန်းရာကျလှပါတယ်။


ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်ဘုရားက ဟောကြားခဲ့ပါတယ်။ ပုထုဇနော ဥမ္မတ္တကောတဲ့။ ဟုတ်ကဲ့ခင်ဗျာ၊ ပုထုဇဉ်ဆိုတဲ့ လူသားမှန်သမျှဟာ တစ်ခုမဟုတ် တစ်ခု ရူးနေကြသူချည်းပါပဲလို့ အလုံးစုံကို ထိုးထွင်း သိမြင်တော်မူတဲ့ ဘုရားရှင်က မိန့်ကြားတော်မူခဲ့တာပါ။။ ပညာကိုမှ အရူးအမူး ကိုးကွယ်တဲ့သူ၊ ပိုက်ဆံကို အရူးအမူး တပ်မက်တဲ့သူ၊ သြဇာအာဏာကို အရူးအမူး တောင့်တသူများကတော့ အနည်းအပါး မြင်သာ င်သာ ရှိပါတယ်။ သည်အထဲကမှ မယားတရူးတို့၊ လင်တရူးတို့ဆိုတာတွေလည်း ရှိသေးတယ်။ သူများကို ပြောဖို့တော့ သိပ်လွယ်ပါတယ်။ ပြောသူကိုယ်တိုင်လည်း တစ်ခုမဟုတ် တစ်ခုကို တရားလွန် စွဲလမ်းယုံကြည်နေတာလည်း ရူးသွပ်မှုတစ်မျိုးပဲ ဆိုတာကိုကျတော့ ကျွန်တော်တို့တွေဟာ မေ့လျော့နေမိတတ်ကြပါတယ်။


အဓိက ဆွေးနွေးချင်တာကတော့ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တွေ စရိုက်တွေ၊ ခံယူချက်တွေ၊ သက်ဝင်ယုံကြည်မှုတွေ၊ တွေးပုံ မြင်ပုံတွေ မတူကြဘူး၊ အမြဲတစေ ကွဲလွဲနေတယ်ဆိုတာဟာ သဘာဝပါ။ ဒါကြောင့် ကိုယ်နဲ့ မတူတိုင်း တစ်ဖက်သားကို လက်လွတ်စပယ် ကဲ့ရဲ့ပိုမို စကားတင်း ဆိုခြင်းဟာ အဲဒီ့တစ်ဖက်သား အပေါ်မှာ လေးစားရာ ရောက် မရောက်၊ ကိုယ်ချင်းစာစိတ် ရှိရာ ရောက် မရောက် မိမိတို့ကိုယ်မိမိ ပြန်လည် ဆင်ခြင်သုံးသပ်ကြဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ယူဆမိရလို့ပါပဲ။


ကျွန်တော် ပြောတာတွေကို မျက်စိစုံမှိတ်ပြီး လက်ခံကြဖို့ ဘယ်သူ့ကိုမှ မတိုက်တွန်းနိုင်သလို တိုက်လည်း မတိုက်တွန်းဝံ့ပါဘူး။ စာဖတ်သူ လူကြီးမင်းများမှာလည်း ကိုယ်ပိုင် ဆင်ခြင်ဉာဏ်များ အသက အသက ရှိကြသူချည်းမို့ ကျွန်တော် ပြောတာ သင့်မသင့်၊ လျော်မလျော်ကို ချင့်ချိန် ဆုံးဖြတ်နိုင်မယ့်သူချည်းသာ ဖြစ်ပါတယ်။ ကျွန်တော့်ဆွေးနွေးချက်လေးကို တစ်ဆိတ်လေး အချိန်ယူ စဉ်းစားပေးကြမယ်ဆိုရင်ပဲ ကျွန်တော်ကဖြင့် ကျေးဇူးတင်နေတော့မှာပါ။ အဲသလို စဉ်းစားပြီးတဲ့နောက် ဘယ်လမ်းကိုပဲ ရွေးရွေး၊ လူကြီးမင်းကို ကျွန်တော် လေးစားပါတယ်။ ကိုယ်ကြိုက်ရာ ကိုယ်ရွေးခွင့်က ကျွန်တော့်မှာသာ ရှိနေတာ မဟုတ်ဘဲ လူကြီးမင်းမှာလည်း ရှိနေတာပဲ မဟုတ်ပါလား ခင်ဗျာ။ အလားတူပဲ၊ တွေးပုံမြင်ပုံ သက်ဝင် ယုံကြည်ပုံတွေ ကွဲလွဲနေတတ်တာကိုက ချစ်စရာကောင်းတဲ့ လူ့ဘောင်လောကကြီးရဲ့ သဘာဝပေပဲလို့ နှစ်နှစ်ကာကာ လေးလေးနက်နက် ယုံကြည်မိတဲ့အတွက်လည်း သည်စကားကို ပြောလိုက်ရတာ ဖြစ်ပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။

အတ္တကျော်
(၂၂၀၁၁၀)

ဝန်ခံချက်  ၁၇-၀၁-၁၀ နေ့ ညနေ ၆း၃၀တွင် ”မန္တလေး FM ”ရေဒီယို အသံလွင့်ဌာနမှ ထုတ်လွှင့်ခဲ့တဲ့ ကျွန်တော့်အသံလွှင့် ဆွေးနွေးချက်ကို အကျဉ်းချုပ် ပြန်လည်တင်ဆက် လိုက်တာဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် မတ်လ ၄ ရက်နေ့ထုတ် Bi Weekly Eleven Journal မှာ ဖော်ပြထားတာလေးကို http://www.first-11.com/index.php?option=com_content&view=article&id=2151:2010-03-04-07-49-34&catid=78:2009-11-13-06-25-17&Itemid=135 ကနေ ကူးယူပြီး ပြန်လည်တင်ဆက်လိုက်တာပါ။

Where Shall We Keep Those Baskets?

ခြင်းတွေကို ဘယ်မှာ ထားကြမလဲ

၁။
ချင်းတိုင်းရင်းသားထဲက ဘဝတွင် ပထမဆုံး စတင် သိကျွမ်းဖူးသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က ဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည် မန္တလေးမြို့မှ အမှတ် ၉ အထက တစ်ဖြစ်လဲ စိန့်ပီတာ ကျောင်းတွင် ကျောင်းအိပ် ကျောင်းစား နေနေခိုက်ဖြစ်သည်။ ကျွန်တော်တို့ ကျောင်းအိပ် ကျောင်းစားနေသော အဆောင်တွင် ထိုချင်းတစ်ယောက်နှင့် သိကျွမ်းခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော့်အသက်မှ ဆယ်နှစ်သားသာသာပင် ရှိသေးသည်။ သူက ကျွန်တော့်ထက် တစ်တန်းလား မသိ၊ ကြီးသည်။ ပုဆိုးနှင့် ခပ်ရိုးရိုးအေးအေးဟု မှတ်မိနေသည်။ နာမည်ကိုတော့ မမှတ်မိတော့ချေ။


IMG_0156မည်သို့ဆိုစေ ကျွန်တော်ကိုယ်တိုင်က မန္တလေးတွင် ချက်မြှုပ်သော်လည်း ၄၆ ရက်သား အရွယ်ကတည်းက ကယားပြည်နယ်၏ ဝေးလံသီခေါင်သော ကျေးလက်တွင် လူလားမြောက်ခဲ့ရသဖြင့် ကယားတွေ၊ ပအို့တွေ၊ ရှမ်းတွေကို မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သလို သည်မတိုင်ခင် တစ်နှစ်၊ လေးတန်း ကျောင်းသားဘဝတုန်းကလည်း တောင်ကြီးမြို့မှ အမှ
တ် ၃ အထက တစ်ဖြစ်လဲ စိန့်အဲ(န်)(ဇ်)ကျောင်းတွင် ကျောင်းအိပ် ကျောင်းစား နေခဲ့သည်ဖြစ်ပြန်ရာ အခြားတိုင်းရင်းသားများနှင့် လက်ပွန်းတတီး နေခဲ့ဖူးပြီဖြစ်သဖြင့် ထိုချင်းကို ချင်းဟုပင် မမှတ်ခဲ့မိဘဲ ကျွန်တော်နှင့် ဘဝတူ ကျောင်းသားတစ်ယောက်အဖြစ်သာ စိတ်ထဲမှာ ရှိခဲ့ပါသည်။

၂။
နောက်တစ်နှစ်တွင် ရန်ကုန်သို့ ကျွန်တော် ရောက်လာခဲ့သည်။ ရန်ကုန်မှာတော့ တိုင်းရင်းသားများထက် တရုတ်၊ ကုလားအနွယ်ဝင် သူငယ်ချင်းတွေ ရလာသည်။ သို့သော် ရှမ်းပြည်နယ်မှ လာရောက်ကျောင်းတက်သူများနှင့်မူ အဆက်မပြတ်သလောက်။

၁၉၇၆ခုနှစ်၊ ကျွန်တော် တက္ကသိုလ်ပထမနှစ် တက်နေခိုက်မှာ ဖခင်ကြီး ပျောက်ဆုံးသွားသဖြင့် ကျွန်တော်လည်း အငှားယာဉ်မောင်းသမားဘဝသို့ နေ့ချင်းညချင်း ရောက်သွားသည်။ ကျွန်တော့်အငှားယာဉ်က ပရိုက်ဗှိတ် တက္ကစီခေါ် ကိုယ်ပိုင်ကားဖြင့် အငှားလိုက်ခြင်းဖြစ်သည်။

ထိုဘဝမှာ နောက်ထပ် ချင်းတစ်ဦးနှင့် ဆုံရပြန်သည်။ ထိုစဉ်က ကျွန်တော် ဂိတ်ထိုးသည်မှာ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ ပလီကြီးအောက်မှာ ဖြစ်သည်။ ဗိုလ်ဆွန်ပက်လမ်း၊ အလယ်လမ်းထဲရှိ လေးထပ်တိုက်တစ်တိုက်တွင် ထိုချင်းက နေသည်။ အသားညိုညို၊ ထောင်ထောင် မောင်းမောင်း၊ ဂိုက်ဆိုက် ကောင်းကောင်းနှင့် မျက်နှာထားတည်တည် ဖြစ်သည်။


သူက ကျွန်တော့်ကားကို ငှားစီးလေ့ရှိသည်။ တဖြည်းဖြည်းနှင့်သူသည် ကျွန်တော့် ဖောက်သည်ဖြစ်လာပါသည်။ ဖောက်သည်ဖြစ်လာသောအခါ သူက ကားခကို အကြွေးထားတတ်လာသည်။ သည်လိုနှင့် တဖြည်းဖြည်း အကြွေးတွေ များလာသောအခါ သူ ပျောက်သွားသည်။ သူ့အိမ်ကို ကျွန်တော် သိသော်လည်း သွားမတောင်းခဲ့ပါ။ သူနှင့် လမ်းတွင် အမှတ်တမဲ့ဆုံသော်လည်း သူက ကျွန်တော့်ကို မမြင်ဟန်ဆောင်သွားသည်ချည်းသာ။


ကားသမားဘဝကို စွန့်လွှတ်လိုက်ချိန်အထိ ထိုကားခ အကြွေးများကို ကျွန်တော် မရတော့ချေ။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က သူ့ကို တစ်နေရာမှာ ဆုံသည်။ သူ ကျွန်တော့်ကို မမှတ်မိတော့ပါ။ ကျွန်တော်ကလည်း သူ့ မျက်နှာ မြင်တော့ ရစရာရှိသည့်အကြွေးတွေကို မှတ်မိနေသေးသော်လည်း ဘယ်ရွေ့ဘယ်မျှ ဆိုတာကို မမှတ်မိတော့ပြီ။ ထို့အတူ တောင်းဖို့လည်း စိတ်ကူး မရှိတော့ပါ။ ကျွန်တော့်ဘက်က ဆပ်ရန်ရှိသော သံသရာကြွေးကို ပေးဆပ်လိုက်သည်ဟုသာ အောက်မေ့ထားလိုက်ပါပြီ။

၃။
တတိယချင်းမှာ ရှမ်းပြည်နယ်မှ လာသော အစ်မတစ်ယောက် ခေါ်လာသော ချင်းမလေးဖြစ်သည်။ ထိုစဉ်က ကျွန်တော့်မှာ အဆိုတော်ပိုးက ကပ်ငြိနေသည်။ တေးသီးချင်း တစ်ခွေစာတောင် ထုတ်ပြီးခဲ့လေပြီ။ မိန်းကလေးအဆိုတော်တစ်ယောက်ဖြင့် တွဲလိုသဖြင့် ထိုအစ်မက သူ့အဆောင်မှ ချင်းမလေး တစ်ယောက်ကို ခေါ်လာပေးခြင်းဖြစ်သည်။


အသံကောင်းသည်။ အဆိုတတ်သည်။ သမ်းလျှင်ပင် သူသမ်းသည့် အသံက တုန်ခါနေလောက်အောင် အဆုံးသတ် အသံတုန်ခါမှုများကို ကောင်းစွာ လုပ်နိုင်သော ချင်းမလေးတစ်ဦးဖြစ်သည်ကို မှတ်မိနေသည်။ သို့ရာတွင် သူနှင့် ကျွန်တော် ဘာသီချင်းမှ မဆိုဖြစ်ခဲ့ပါ။

၎။
၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဩစတြေးလျသံရုံးမှာ ပြန်ကြားရေးတာဝန်ခံအဖြစ် ကျွန်တော်အလုပ်ဝင်သည်။ ကျွန်တော့်ထက် လပိုင်းစောပြီး အလုပ် ဝင်နှင့်နေသည့် စီးပွားရေးတာဝန်ခံမှာ ချင်းလူမျိုးတစ်ယောက်ဖြစ်သည်။ သူ့ နာမည်က “ဟရမ်အုတ်။”


ကျွန်တော်နှင့် ရုံးခန်းချင်းကပ်လျက်။ ဆယ်နှစ်နီးပါးခန့် သူနှင့် ကျွန်တော်တို့မှာ မနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအတွင်း မမြင်ချင့်အဆုံး နေခဲ့ရသည်။ အနှီ “ဟရမ်အုတ်”သည် ရယ်စရာလည်း ကောင်းလှသလို စိတ်ပျက်စရာလည်း အတော်ကောင်းသူဖြစ်သည်။ သူ့ကို အကြောင်းပြုပြီး “ချယ်လူလင်း” ဟူသော ဝေါဟာရက ကျွန်တော်တို့ ပါးစပ်ထဲတွင် စွဲလာသည်။


သူသည် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် တတိယအတွင်းဝန်အဖြစ် အမှုထမ်းခဲ့ဖူးသူဖြစ်သည်။ တစ်နည်းဆိုသော် သံတမန်လောကမှ လာသူ ဖြစ်သည်။ သို့အတွက် သူသည် သံတမန်ဆန်ဆန် နေတတ်ထိုင်တတ်သူမျိုး ဖြစ်သင့်သည်ဟု ကျွန်တော်တို့ မြင်ထားသည်။ လက်တွေ့တွင်မူ ဟရမ်အုတ်သည် သူ သံတမန်ဆန်ချင်သည့်အခါတွင် အလွန် သံတမန်ဆန်တတ်သလို ရိုင်းချင်ပြီဟေ့ ဆိုသည်နှင့် ရိုင်းဖို့လည်း တစ်စက်မှ ဝန်မလေးချေ။


သူသည် ကျွန်တော့်ကို မင်းနှင့် ငါနှင့် တွယ်ချင်သည့်အခါ တွယ်သည်။ သူနှင့် ကျွန်တော်မှာ တစ်ရုံးတည်းသား လုပ်ဖော်ကိုင်ဖက်ချင်းဖြစ်သော်လည်း မင်းနှင့် ငါနှင့် ပြောလောက်အောင် ငယ်ပေါင်းကြီးဖော်တော့ မဟုတ်ချေ။ တစ်ရုံးလုံးက ကျွန်တော့်ထက် အသက် ၄-၅-၁၀ နှစ်ကြီးသူများပင် ကျွန်တော့်ကို မင်းနှင့်ငါနှင့် မပြောကြသော်လည်း ဟရမ်အုတ်ကတော့ ထင်သလို ထထ လုပ်တတ်သည်။

အရွယ်ချင်းကလည်း တကယ့်ကို မတိမ်းမယိမ်း။ သည်မှာက ရယ်စရာ တစ်ကွက်ရှိသည်။ အစက သူ့ကို ကျွန်တော့်ထက် တစ်နှစ်ငယ်သည်ဟု ကျွန်တော် နားလည်ထားခဲ့သည်။ ကျွန်တော်က ၁၉၅၇ ခုနှစ်ဖွား၊ သူက ၁၉၅၈ ခုနှစ်ဖွားဟု ဆိုခဲ့ပေသကိုး။

နောက်ပိုင်းကျမှ စစ်စစ်ပေါက်ပေါက် မေးယူသောအခါ သူလည်း ၁၉၅၇ ခုနှစ်ဖွားဖြစ်နေသည်။ ဘာဖြစ်လို့ ၁၉၅၈ ခုနှစ်ဖွားလို့ ပြောရတာတုံးဟု ဆိုသောအခါ သူက ဒီဇင်ဘာလမှာ မွေးတာဖြစ်သဖြင့် ဟိုဘက်နှစ်နှင့် ကပ်နေသောကြောင့် ပြောရခြင်းဖြစ်သတဲ့။ ကိုင်းဗျား… ဟုတ်လည်း ဟုတ်တဲ့ ချယ်လူလင်းဟုသာ ဆိုရတော့မည်ဖြစ်သည်။


သူ့လိုသာဆိုရင်ဖြင့် ၁၉၅၇ နိုဝင်ဘာ နောက်ဆုံးပတ်မှာ မွေးသော ကျွန်တော်လည်း ၁၉၅၈ ဖွားဟုသာ ပြောရန်ရှိလေသည် မဟုတ်တုံလော။

သေချာ တွက်စစ်လိုက်သောအခါ သူသည် ကျွန်တော့်ထက် တစ်နှစ်မဟုတ်ဘဲ ရက်ပိုင်းမျှသာငယ်သော ချယ်လူလင်းသာ ဖြစ်လေသည်။

၂၀ဝ၀ပြည့်နှစ်လောက်တွင် သူ အမေရိကန်နိုင်ငံသို့ အလည်သွားမည် ဆိုကာ ရုံးမှ ခွင့်ယူသွားသည်။ ထို့နောက် အမေရိကန်နိုင်ငံမှ ထွက်စာ လှမ်း တင်သည်။ နောက်ပိုင်းတွင် နျူးယော့(ခ်)မြို့ရှိ ကုလသမဂ္ဂရုံးတွင် ဝင်အလုပ် လုပ်နေသည်ဟု ကြားသိရပါသည်။

အင်း…  ၁၉၅၈ ခုနှစ်ဖွားဟု တွင်တွင် ပြောတတ်သော ၁၉၅၇ခုနှစ် ဒီဇင်ဘာလဖွား ဟရမ်အုတ်နှင့် တွေ့နေကြပေတော့မည်။

၅။
ဟရမ်အုတ်နှင့် သိကျွမ်းနေခိုက်မှာ နောက်ထပ် ချင်းတစ်ယောက်ကို သိရပြန်သည်။ သူက ဩစတြေးလျသံရုံးနှင့် ကပ်လျက်တွင် ရှိသော ဗြိတိသျှ သံရုံးမှ စီးပွားရေး တာဝန်ခံဖြစ်သည်။ သူ့နာမည်က “လျံခမ်းခိုင်“တဲ့။ ဗလ ကောင်းကောင်း၊ အရပ်ပြတ်ပြတ်၊ အသားဖြူဖြူ၊ ခေါင်းပြောင်ပြောင်၊ မျက်ပေါက်ကျဉ်းကျဉ်း။


ထူးဆန်းသော ချင်းဟု ဆိုရမည်။ သူကား လုံးဝ စကားမဝဲ။ မြန်မာစကားကို အညာလေဖြင့် ပြောသဖြင့် သူ့ကို ထူးဆန်းသော ချင်းဟု သမုတ်ရခြင်း ဖြစ်သည်။ လူက အလွန်လူရည်လည်သည်၊ တဝါးဝါးတဟားဟားနှင့် ပွဲကျအောင် ပြောတတ်၊ သောတတ်သည်။ ကျွန်တော့်နှယ် ဟောင်ဖွာ ဟောင်ဖွာသမားဟု ဆိုသော် ရမည်။

သူသည် ထိုအလုပ်မှာ သိပ်မကြာလိုက်ပါ။ စိတ်ထင် ၄-၅ နှစ်ခန့်မှာ ထိုအလုပ်က သူ ထွက်သွားသည်။ နောက်ပိုင်း သူ့ကို ရန်ကုန်မြို့၏ လမ်းမတွေပေါ်မှာ ဟိုတွေ့ သည်တွေ့။ တွေ့တိုင်း ရယ်ရယ်မောမော၊ သောသော ရွှင်ရွှင်။

၆။
ကျန်ချင်းတွေကတော့ ပရိသတ်အဖြစ် သိခဲ့ရခြင်းဖြစ်သည်။ ပထမဆုံး ကျွန်တော့်ကို စွဲမှတ်မိစေသူမှာ အဆိုတော် ချောစုခင်ဖြစ်သည်။ သူ့ကို ချောစုခင်မှန်း မသိခင်ကတည်းက ကြော်ငြာက သီချင်းတစ်ပုဒ်မှ သူ့အသံကို အမှတ်ထင်ထင် ဖြစ်ခဲ့ရသည်။ ကောင်းလိုက်တဲ့ အဆိုနှင့် ကောင်းလိုက်တဲ့ အသံအားဟု စွဲမှတ်သွားခြင်းဖြစ်သည်။


နောက်တစ်ယောက်ကျတော့ ဆုန်သင်းပါ(ရ်)။ သူကလည်း အဆို ကောင်းသလို အသံကလည်း ထူးခြားသည်။ သူ့သီချင်းတွေကို ကျွန်တော် ကြိုက်လာသည်။


နောက်တစ်ယောက်က သက်မွန်မြင့်။ သက်မွန်မြင့်ကတော့ ကျွန်တော် ကြိုက်သည့်အထဲမှာ မပါပါ။ သူ့အရပ်ကြီးက ကလန်ကလားဟု ထင်သည်။ သူ့အလှကလည်း ကျွန်တော့်ကြိုက်သည့် မင်းသမီးအလှမျိုး မဟုတ်။ သို့သော် ထိုသက်မွန်မြင့်ကို စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ၏အိမ်မှာ အမှတ်မထင် တစ်ခါ ဆုံဖူးသွားသည်။ အဲတော့ သူ၏ ရိုးသား ဖြူစင်သော အပြောအဆို အနေအထိုင်လေးကို သဘောကျသွားခဲ့ပါသည်။

နောက်ပိုင်းတွင် မိတ်ဆွေတစ်ဦးကို အကြောင်းပြုပြီး အနှီ သက်မွန်မြင့်နှင့် ခင်မင်ရင်းနှီးလာရသောအခါ သူ့ကို ပိုချစ်သွားသည်။ သူကား ပကတိ ကလေးငယ်တစ်ယောက်လို ဖြူဖြူစင်စင်၊ သွက်သွက်လက်လက်။


နောက်ဆုံးတစ်ယောက်မှာ ဘရိတ်ကီဖြစ်သည်။ ဘရိတ်ကီ့ကိုလည်း မြင်ကတည်းက ထူးခြားသော သူ့အသွင်နှင့် ထူးခြားသော ဆိုပေါက်၊ ခြေဟန် လက်ဟန်များကြောင့် အမှတ်ထင်ထင်ရှိခဲ့သည်။ သူက သရုပ်ဆောင် ဝါသနာလည်း ရှိပုံရသည်။ သို့သော် မြန်မာကား သိပ်ကြည့်လေ့ မရှိသည့် အတွက် သူ့သရုပ်ဆောင်ချက်ကို ကျွန်တော် သိပ်မသိပါ။ သူ့အဆိုကိုသာ ပိုပြီး စွဲမှတ်နေခဲ့ပါသည်။

၇။
ဩစတြေးလျသံရုံးကို စွန့်ခွာခဲ့သည့် ၂၀ဝ၃ ခုနှစ် နောက်ပိုင်းတွင် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ အတိုင်ပင်ခံအဖြစ်လည်းကောင်း၊ စကားပြန်အဖြစ်လည်းကောင်း၊ ဘာသာပြန်အဖြစ်လည်းကောင်း အဆင်ပြေသလို ချီကောက်လိုက်သည့်အလုပ်ကို ကျွန်တော်လုပ်နေခဲ့သည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်သည်။


ထိုအတွင်း အဖွဲ့အစည်းပေါင်းစုံမှာ ချင်းတွေကို စွတ်ကယ်စွတ်ကယ် တွေ့ရသည်။ အများစုမှာ ကော်လာဖြူဝန်ထမ်းများ၊ အရာရှိများဖြစ်သည်။ တချို့က နှစ်လိုဖွယ်ကောင်းသည်၊ တချို့က သတိထားဆက်ဆံရမည့်အထဲမှာ ပါသည်။ ဒါတော့ ချင်းတိုင်းရင်းသားမှ မဟုတ်ပါ။ လူမှန်သမျှ နှစ်ဖိုဖွယ် ကောင်းသည့်သူ၊ သတိထား ဆက်ဆံရမည့်သူဟူ၍ အမျိုးမျိုးရှိနေသည်ချည်းသာဖြစ်သည်။ ကျွန်တော်သည်ပင်လျှင် သတိထားဆက်ဆံရမည့် လူစားမျိုးဟု တချို့က သတ်မှတ်ထားခြင်းခံရသူ ဖြစ်သည်။

ထိုချင်းတိုင်းရင်းသားတွေကိုတော့ တစ်ဦးစီ စာမဖွဲ့လိုတော့ပါ။ ထိုအထဲမှ သင်တန်းနှစ်ခုတွင် တွေ့ခဲ့ရသော ချင်းလူငယ်လေးနှစ်ဦးကမူ ကျွန်တော့် အတွက် အမှတ်ထင်ထင်။ တစ်ယောက်က မျက်နှာချိုချို၊ လူပုံချောချော၊ အရပ်မြင့်မြင့်နှင့် လူရည်လည်သူဖြစ်သည်။ အသက် ၃၀ ခန့် ဖြစ်သည်။ နောက်တစ်ယောက်က မြန်မာစကားပင် ကောင်းကောင်း မရေလည်သေး။ လူကလည်း ၂၀ ကျော်သာ ရှိသေးသည်။ သို့သော် သူ့မှာ သိချင် တတ်ချင်စိတ် ပြင်းပြနေသည်။ သင်ယူလိုစိတ်ကလည်း အပြည့်။ အပြင်ပန်းကြည့်လျှင် သူသည် ဘာသိဘာသာ နေတတ်သော်လည်း အတွင်းကျကျ ပေါင်းကြည့်သောအခါ သူသည် အရာရာကို စူးစမ်းလေ့လာ သင်ယူမှတ်သားလိုသည့် အလားအလာရှိသော လူငယ်တစ်ဦးအဖြစ် သိလာရပါသည်။

၈။
ဒါက ကျွန်တော် သိခဲ့သော ချင်းတွေကို တန်းစီ ချပြလိုက်ခြင်း ဖြစ်ပါသည်။

ချင်းတွေနှင့် ဆုံတိုင်း ဘတ်(စ်)ကားပေါ်တွင် ယာဉ်နောက်လိုက်များ ပြောလေ့ရှိသော စကားဖြင့် ကျီစယ်လေ့ရှိပါသည်။ “ခြင်းတွေကို ခြေထောက်ကြားမှာ ထားရင် ထားပါ၊ ခုံအောက်ကို ထိုးရင်ထိုးပါ၊ ပေါင်ပေါ် မတင်ကြပါနဲ့”ဟူသတည်း။

အမှန်တော့ ခြင်းတွေကို ခြေထောက်ကြားမှာ ထားရမှာလား၊ ခုံအောက်ကို ထိုးရမှာလား၊ ပေါင်ပေါ်ကို တင်ရမှာလား၊ ခေါင်းပေါ်မှာ ရွက်ရမှာလား ဆိုသည်ကို ယာဉ်နောက်လိုက်က ဆုံးဖြတ်ရမည် မဟုတ်ပေ။ ခြင်းထဲတွင် ဘာပါသည်ဆိုခြင်းကသာ ထိုခြင်းကို ဘယ်မှာထားသင့်ကြောင်း ဆုံးဖြတ်ပေးနေမည်သာဖြစ်ပါသည်။


ဟင်းသီးဟင်းရွက်တွေ၊ အသားစိမ်း၊ ငါးစိမ်းတွေ ထည့်ထားသော ခြင်းသာဖြစ်ပါက ခုံအောက်ကို ထိုးတန် ထိုးရပါလိမ့်မည်။ သို့တည်းမဟုတ် သာမန် အိမ်သုံး ပစ္စည်းအထွေထွေကို ထည့်ထားသည်ဆိုကလည်း ခြေထောက်ကြားမှာ ထားချင် ထားဖြစ်ပါလိမ့်မည်။ အဲ… အနည်းငယ် တန်ဖိုးကြီးသော ပစ္စည်းတွေ၊ စိန်ရွှေလက်ဝတ်ရတနာတွေ ထိုခြင်းထဲမှာ ပါလာပြီဆိုသည်နှင့် ထိုခြင်းကို ပေါင်ပေါ်တင်ကာ ရင်ခွင်ထဲ ပိုက်တန် ပိုက်ရပါတော့မည်။

ထိုကမှ တစ်ဆင့်တက်ကာ ဘုရားဆင်းတုလို၊ ရုပ်ပွားတော် တစ်ဆူဆူလိုကို ခြင်းနှင့် အကျအန ထည့်လာမည်ဆိုပါမူ ထိုခြင်းကို ခေါင်းပေါ် ရွက်တန် ရွက်ရတော့မည်သာ ဖြစ်ပါသည်။

ကြိမ်ခြင်းပဲဖြစ်ဖြစ်၊ ထန်းခေါက်ခြင်းပဲဖြစ်ဖြစ်၊ ပလတ်စတစ်ခြင်းပဲဖြစ်ဖြစ်၊ ဘာခြင်း ဖြစ်သည်ဆိုခြင်းက အရေးမကြီးပါ။ ထိုခြင်းထဲမှာ ပါလာသော ပစ္စည်း အမျိုးအမယ် (ဝါ) အနှစ်သာရက ထိုခြင်းကို ဘယ်မှာထားမလဲ ဆိုခြင်းအတွက် ပဓာနကျသော အဆုံးအဖြတ်ဖြစ်သည်ဟု ကျွန်တော် မြင်ပါသည်။


ကျွန်တော် တန်းစီပြခဲ့သော ချင်းတိုင်းရင်းသားများမှာလည်း လူတွေသာ ဖြစ်ပါသည်။ ထိုချင်းတွေထဲမှာ ကျွန်တော် ခင်သော ချင်းတွေ ရှိသလို ကျွန်တော် လန့်သော ချင်းတွေလည်း ရှိသည်။ ကျွန်တော့်ကို အကျိုးပြုသွားသော ချင်းတွေ ရှိသလို ကျွန်တော့်ကို လူပေါ်လူဇော် လုပ်သွားသော ချင်းလည်း ပါသည်။


ထိုချင်းတွေမှာလည်း အမျိုးမျိုးဖြစ်သည်။ ဟားခါးချင်း၊ တီးတိန်ချင်း၊ ဖလမ်းချင်း၊ ဇိုမီးစသဖြင့် အစုံဖြစ်သည်။ ပလတ်စတစ်ခြင်း၊ ကြိမ်ခြင်း၊ ဝါးခြင်း၊ ထန်းခေါက်ခြင်းများကဲ့သို့ပင် ဖြစ်သည်။ ထိုချင်းတွေထဲမှာ နျူးယော့(ခ်)မြို့အထိ ရောက်နေသော ချင်းလည်း ပါသည်။ ဩစတြးလျနိုင်ငံမှာလည်း ချင်းတွေ ရှိသည်။ ရန်ကုန်က ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေထဲမှာလည်း ချင်းအရာရှိ ကြီးကြီးမာစတာတွေ ရှိသည်။

တချို့ချင်းတွေက ပေါ့ပေါ့နေ ပေါ့ပေါ့စား။ တချို့ချင်းတွေက လေးလေး နက်နက်နှင့် သင်ချင်တတ်ချင်စိတ် ပြင်းပြင်းပြပြ။

ဒါလည်း ချင်းတိုင်းရင်းသားမှ မဟုတ် လူတိုင်းသာဖြစ်သည်။ ထိုရောအခါ ခြင်းတွေကို ဘယ်မှာထားမလဲဟု ဆုံးဖြတ်သည့်အခါတွင် ဘာခြင်း ဖြစ်သည် ဆိုခြင်းထက် ခြင်းထဲတွင် ဘာပါသလဲဆိုခြင်းကသာ အခရာဖြစ်သလို တိုင်းရင်းသားချင်းလူမျိုးတွေကို ဘယ်မှာ နေရာပေးသင့်သလဲဟု စဉ်းစားရာတွင်လည်း တိုင်းရင်းသား လူမျိုးစု အသီးသီးအခြားခြား ကွဲပြားနေမှုက ပဓာန မဟုတ်တော့ဘဲ တစ်ဦးချင်းစီ၏ အရည်အချင်း၊ အားထုတ်မှုနှင့် အနှစ်သာရများကသာ အခရာ ဖြစ်သည်ဟု မြင်မိရပါသည်။

၉။
ကျွန်တော်လည်း မန္တလေးမှာ မွေးကာ ကယားပြည်နယ်မှာ လူမှန်း သိခဲ့ပြီး ရှမ်းပြည်နယ်၊ မန္တလေး၊ ရန်ကုန်စသည့် ဒေသများတွင် ကျောင်းနေခဲ့ရပါသည်။

ကျွန်တော်ကား တစ်ဦးတည်းသောသား။ မိဘကလည်း လူလတ်တန်းစား၏ အောက်ဆုံးအလွှာမှာသာ ရှိခဲ့သည်။ သူလို ငါလို ကျောင်းနေပြီး သူလိုငါလိုပင် ဘဝကို ဖြတ်သန်းခဲ့ရသူသာ ဖြစ်ပါသည်။ ယနေ့ ကျွန်တော့်အတွက် စာပေနယ်မှာ နေရာလေး တစ်နေရာ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နေကြသည့် အဖွဲ့အစည်းများ ကြားတွင် နာမည်လေးတစ်ခု၊ နိုင်ငံတကာ လူမှုအဖွဲ့အစည်းများ အသိုင်းအဝိုင်းတွင်လည်း နာမည်သေးသေးလေးတစ်ခုတော့ ရှိနေပါသည်။

ထိုနေရာလေးတွေ၊ ထိုနာမည်လေးတွေအတွက် ကျွန်တော့်ဘာသာ လုပ်ဆောင်ခဲ့ရပါသည်။ မှေးမှိန် ချို့ငဲ့သော ကျွန်တော့် နောက်ခံဘဝကို တွန်းအားအဖြစ် အသုံးပြုလျက် ကျွန်တော့်အတွက် တစ်နေရာကို ကျွန်တော့်ဘာသာ ကျားကုပ် ကျားခဲ ကြိုးစား ရယူခဲ့ရပါသည်။

အမေနှင့် အဖေတို့ တစ်လလျှင် ရက် နှစ်ဆယ်ခန့် ရန်ဖြစ်ကာ နေချင်စရာ လုံးဝ မကောင်းလှသော အိမ်တွင်း အကြမ်းဖက်မှုများကြားတွင် လူလားမြောက်ခဲ့ရသော ကျွန်တော့်အတွက် ရန်ကုန်လိုမြို့ကြီးမှာ ဘိန်းစား၊ အရက်သမား၊ ကလေကလွင့်ဖြစ်သွားရန် သိပ်မခက်ပါ။ ထို့အပြင် ၁၉ နှစ်သား အရွယ်မှာ အတတ်စုံ တတ်စေနိုင်သော လမ်းပေါ်နေ၊ လမ်းပေါ်စား အငှား ယာဉ်မောင်းသမားဘဝကို ရောက်ရှိခဲ့ကာ ထိုဘဝထဲတွင် ၆ နှစ်တာမျှ နေခဲ့ရသည့်အတွက် အဖျင်းဆုံးတော့ ကျွန်တော် အရက်သမား ဖြစ်နေလောက်ပါသည်။

ထိုဘဝမှာ ငွေရလွယ်ပါသည်။ ပေါ့ပါးပါသည်။ လွတ်လပ်ပါသည်။ သို့သော် ထိုဘဝကို အဆုံးဟု ကျွန်တော် မသတ်မှတ်ခဲ့ပါ။ ကျွန်တော့်နေရာဟုလည်း စကတည်းက မခံယူမိပါ။ ထို့ကြောင့် သစ်မရခင် စပ်ကြား ပေါင်းကွပ်သည့်ဝါးဟုသာ ထိုဘဝမှာ နေခဲ့ပါသည်။ သို့ဖြစ်သည့်အတွက်လည်း ယနေ့ ကျွန်တော် ရယူ ပိုင်ဆိုင်ထားသော လူနေမှု အဆင့်အတန်းတစ်ရပ်၊ ဘဝ အခြေအနေ တစ်ခု၊ မိသားစုဘဝ တစ်ခု၊ နာမည်တစ်လုံးကို ရလာခဲ့ပါသည်။

၁၀။
ယခု ကျွန်တော့်စာကို ဖတ်နေသူ လူကြီးမင်းသည်လည်း ချင်းတစ်ယောက် ဖြစ်ချင်ဖြစ်ပါမည်။ မြန်မာတစ်ယောက် ဖြစ်ချင်လည်း ဖြစ်ပါမည်။ အခြား တိုင်းရင်းသားတစ်ဦးဦးလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါသည်။

မည်သူပင်ဖြစ်ဖြစ်၊ မည်သည့်တိုင်းရင်းသားပင်ဖြစ်ဖြစ်၊ “ခြင်းတွေကို ဘယ်မှာထားမလဲ”ဆိုသော ကျွန်တော့်ခေါင်းစဉ်နှင့် တွဲဖက်ကာ ကျွန်တော် ပါးလိုသော သတင်းစကားကို အလေးအနက်ထား စဉ်းစားကြည့်မည်ဟုတော့ ကျွန်တော် မမှိတ်မသုန် ယုံပါသည်။

“နေရာ”ဟူသည်မှာ သူများက ပေးမှ ရလာသော အရာဟု ကျွန်တော်  ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါ။ ကိုယ့်ဘာသာ ရှာဖွေ၊ စူးစမ်း၊ ဖန်တီးယူရသော အရာဟုသာ ဘဝပေးအသိဖြင့် ကျွန်တော် သိထားခဲ့ပါသည်။


ကျွန်တော့်အသိ၊ ကျွန်တော့်အတွေး၊ ကျွန်တော့်အမြင်ကို လက်ဆင့်ကမ်း ဝေမျှကြည့်လိုက်ခြင်းသာဖြစ်ပါသည်။ စာဖတ်သူ လူကြီးမင်းမှာလည်း ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်အမြင်များ မုချမသွေ ရှိနေပါလိမ့် မည်။ ကျွန်တော့်စဉ်းစားပုံကို လက်ခံလိုက လက်ခံနိုင်ပါသည်။ ပယ်ချလိုက ပယ်ချနိုင်ပါသည်။ လက်ခံပါဟု တိုက်တွန်းနိုင်သည့်အား ကျွန်တော့်မှာ မရှိပါ။ တိုက်တွန်းဖို့ ဝေးစွ၊ မေတ္တာရပ်ခံရန်ပင် ကျွန်တာ့်ပင်ကိုဗီဇက ကျွန်တော့် ကို ခွင့်မပြုပါ။


တစ်ခုပါပဲ။


ကျွန်တော်ပြောတာ သဘာဝကျ မကျ၊ ဖြစ်နိုင် မဖြစ်နိုင် တစ်မိနစ်ခန့် အချိန်ပေးပြီး ဆင်ခြင်ကြည့်ကြမည်ဆိုလျှင်ဖြင့် ကျွန်တော် သည်စာကို ရေးရကျိုး နပ်လေပြီဟု ခံယူနေမိမည်သာဖြစ်ပါတော့သတည်း။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
(၂၉၀၅၀၉)

ချင်း စာ/ယဉ် ကော်မတီ (တက္ကသိုလ်များ ရန်ကုန်)က ကော်မီတီအတွင်း ကန့်သတ်ထုတ်ဝေတဲ့ ချင်းမဂ္ဂဇင်း အမှတ်စဉ် ၁၀ အထူးထုတ်မှာ ဖော်ပြခဲ့တာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။

A Thing Scarier Than Death

pyay-dway

သေရမှာထက်တောင် ကြောက်နေမိတာလေးတစ်ခု

သိုးဆောင်းဘာသာစကားမှ ဝေါဟာရတစ်လုံးက အခုတလော ခေါင်းထဲတွင် စိုးမိုးနေသည်။ Update ဟူသော စကားလုံး။
ယခင်ကတည်းက ထိုဝေါဟာရ ရှိခဲ့ပါသည်။ သတင်းခေတ်သို့ ရောက်လာပြီး ကွန်ပျူတာများ တွင်ကျယ်လာသောအခါ ထိုဝေါဟာရကို ပိုမိုအသုံး များလာသည်။

Update သည် ရက်စွဲမီအောင်ြုပလုပ်ယူသည်ဟူသော အနက်ရင်း ရှိသည်။ သူ့ဆန့်ကျင်ဘက်ဝေါဟာရမှာ outdated ဖြစ်သည်။ အနက် အဓိပ္ပာယ်မှာ “ရက်လွန်၊ ခေတ်ဆွေး”ဟူသော နာမဝိသေသန သဘောကို ဆောင်သည်။ မြန်မာတချို့ပင် ယင်းကို “ဒိတ်အောက်နေပြီ”ဟု ကြားညှပ် သုံးစွဲသည်အထိ ထိုစကားလုံးက တွင်ကျယ်နေပါပြီ။

ဆိုတော့ update သည် ခေတ်နှင့် ရင်ပေါင်တန်းအောင် “လုပ်ယူ”သည် ဟူသော အနက်ကို ရလာသည်။ မြန်မာစာအဖွဲ့က ထုတ်ဝေသော အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင်လည်း “ခေတ်နှင့်အညီ မွမ်းမံသည်”ဟု အနက်ဖွင့်ပေးထားပါသည်။

ဆိုကြပါစို့၊ ဆရာယုဒဿန်၏ မြန်မာ-အင်္ဂလိပ် အဘိဓာန်သည် ယခုခေတ်တွင် အသုံးမဝင်လှတော့။ ၁၉ရာစုအနှောင်းပိုင်းတွင် ပြုစုခဲ့သော အဘိဓာန်ကို နှောင်းလူတို့က ခေတ်မီအောင် ဖြည်းဖြည်းချင်း မွမ်းမံ မယူခဲ့ကြသောကြောင့် လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်အထိ ထိုအဘိဓာန်ကို မရှိသုံး အဖြစ်ဖြင့်သာ ကြိတ်မှိတ်သုံးနေခဲ့ရသည်။

ယခုအခါတွင်မူ မြန်မာစာအဖွဲ့က ထုတ်ဝေလိုက်သော မြန်မာ-အင်္ဂလိပ် အဘိဓာန်ကြီး ပေါ်လာခဲ့လေပြီ။ ထိုအဘိဓာန်ကို ၁၉၉၃ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ယခုထက်တိုင်တော့ ခေတ်မီနေဆဲဟု ပြောနိုင်သေးသည်။ သို့ရာတွင် ၂၀၁၃ခုနှစ်လောက်ဆိုလျှင်တော့ ထိုအဘိဓာန်ထဲသို့ ဝေါဟာရသစ်များ ဖြည့်စွက်ပေးရန် လိုလာပေတော့မည်။

၁၉၉၃ခုနှစ်ထုတ်တွင် ဆင်ဆာ၊ ဆင်ဒီကိတ် အစရှိသော မြန်မာသံ ဖလှယ်ကာ တွင်ကျယ်စွာ သုံးနေသော သိုးဆောင်း ဝေါဟာရများ ပါသည်။ သို့ရာတွင် ဆယ်လျူလာဖုန်းဆိုတာ မပါသေး။ ယခု ၂၀ဝ၃ ခုနှစ်မှာပင်လျှင် ဆယ်လျူလာဖုန်း၊ ခြင်းဖုန်းဟူသော ဝေါဟာရသစ်များသည် နေ့စဉ် လူမှု ဘဝထဲတွင် အသစ်အသစ် ပေါ်လျက်ရှိသည်။ ထိုဝေါဟာရများကိုပါ ဖြည့်စွက်ပေးနိုင်ပါမှ အဘိဓာန်သည် ခေတ်နှင့် ရင်ပေါင်တန်းနိုင်မည်။ ယင်းကို update လုပ်သည်ဟု ပြောကြပါသည်။

အလားတူပင်၊ စာရင်းဇယား၊ ကိန်းဂဏန်း၊ စာအုပ်စာတန်းတချို့ကိုလည်း update လုပ်ဖို့ လိုသည်။ တခြားမပြောနှင့်၊ အိမ်သုံးစရိတ်၊ ဝင်ငွေ ထွက်ငွေစာရင်းပင်၊ မနှစ်ကနှင့် သည်နှစ် ဘယ်လိုနည်းနှင့်မှ တူစရာ အကြောင်း မရှိချေ။ အိမ်ရှိလူဦးရေပင် အပြောင်းအလဲ ဖြစ်ချင်ဖြစ်နေနိုင်သေးသည် မဟုတ်တုံလော။

ထိုအခါ လက်ရှိအခြေအနေနှင့် ရင်ပေါင်တန်းနိုင်အောင် update လုပ်ခြင်းသည် ရှင်နေသော လူ့ဘဝ၏ လိုအပ်ချက်ဖြစ်နေသည်။

ဟုတ်သည်။ လူသည် အသက်ရှင်နေသည်။ ရှင်နေသမျှ ပြောင်းလဲနေသော ပတ်ဝန်းကျင်ထဲတွင် နေကြစမြဲ ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေဖြစ်အောင်၊ တစ်နည်းအားဖြင့် ခေတ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်ရေးအတွက် ကျွန်တော်တို့သည် အရာရာကို ခေတ်နှင့်အညီ ညှိယူကြရသည်။


ထိုအရာရာဆိုသည့်အထဲတွင် လူတစ်ဦးချင်းစီ၏ အသိဉာဏ်၊ အစွဲနှင့် အယူအဆလည်း ပါသည်။ ရှင်နေသမျှ ကာလပတ်လုံး (ဝါ) မသေမချင်း အသိဉာဏ်ကို ခေတ်နှင့်အညီ မွမ်းမံနိုင်ပါမှ တန်ကာကျမည်။ သေလွန်သွားမှသာ လူတစ်ယောက်အနေဖြင့် ထိုတစ်ဘဝတာအတွက် update လုပ်စရာ မလိုတော့တာ ဖြစ်ပေမည်။


တစ်ချိန်က လူမမာကို နွားနို့သောက်ရန် ဆရာဝန်များက တွင်တွင် ညွှန်ကြားဖူးသည်။ ယခုအခါ၌ နွားနို့တွင် ကိုယ်ခန္ဓာအတွက် ဘေးဖြစ်စေနိုင်သော ကိုလက်စထရောဓာတ်တွေ ပါဝင်နေသဖြင့် ဆရာဝန်တွေက နွားနို့ သောက်ရန် မညွှန်ကြားကြတော့။ အလားတူပင်၊ လွန်ခဲ့သော ဆယ်နှစ်လောက် အထိက ဆေးထိုးလိုက်လျှင် ရောဂါ မြန်မြန်ပျောက်သည်ဟု လူတိုင်းလိုလို စွဲနေကြသည်။ ယခုခေတ်တွင် မလိုအပ်ဘဲ ဆေးမထိုးသင့်ဟူသော အသိကို ရလာကြပြီ။


ကျွန်တော်တို့ငယ်ငယ်က ကိုမီသာဇင်ဆိုသော ဆေးကို ထိရောက်သော ချောင်းဆိုးပျောက်ဆေးအဖြစ် သုံးစွဲကြသဖြင့် ဘယ်မှာမဆို အလွယ်တကူ ဝယ်ယူရရှိနိုင်သည်။ ထိုစဉ်က နိုင်ငံတော်ပိုင် ဆေးဆိုင်များမှာပင် ဝယ်လို့ရခဲ့သည်။ ယခုတော့ ထိုဆေးမှာ မူးယစ်ဆေးဝါးစာရင်းဝင် နာမည်ဆိုးကို ဆောင်သော ဆေး။

တစ်ခေတ်ဆီက အမျိုးကောင်းသမီးများသည် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်ရန် လုံးဝ မဝံ့ရဲခဲ့ကြ။ ယခုခေတ်တွင် အမျိုးသမီးတွေ လက်ဖက်ရည်ဆိုင် ထိုင်ရမှာ ဝန်မလေးကြတော့။ တစ်ခေတ်က လက်ရေးတိုသင်တန်း၊ လက်နှိပ်စက်သင်တန်းတွေ ပလူပျံနေခဲ့ဖူးသည်။ ကော်လာဖြူဝန်ထမ်းဘဝကို ရယူလိုသူများအတွက် လှေကားထစ်။ အခုခေတ်ကျတော့ကွန်ပျူတာ သင်လာကြသည်။ တစ်ခေတ်က မိန်းကလေးပဲ၊ သေစာရှင်စာလောက် တတ်ရင် တော်ရောပေါ့ဟု အများစုက အောက်မေ့ခဲ့ကြသည်။ စာရေးမလေးများသည် ကာတွန်းဆရာများ၏ ရယ်စရာ အနှိမ်ခံ ဇာတ်ရုပ်လေးတွေ ဖြစ်ခဲ့ကြသလို ပတ်ဝန်းကျင်ကလည်း သူတို့ကို တစ်မျိုးမြင်ချင်သည်။ အခုခေတ်မှာတော့ ဌာန အဖွဲ့အစည်းစုံမှာ ယောက်ျားလေး ဝန်ထမ်း အင်အားထက် မိန်းကလေး အင်အားက ပိုများတာတွေပင် ရှိနေပြီ။


အယူအဆတွေကရော… ဘာထူးသနည်း။

ဆရာကြီး ရွှေဥဒေါင်းငယ်ငယ်က သတိပဌာန်တရားကို အားထုတ်ဖို့ ညွှန်ပြသူ မရှိသလောက်ဖြစ်သည့်အပြင် ထိုပဋိပတ်ကို ကျင့်ကြံသူပင် ဓမ္မန္တရာယ်နှယ် အကြဉ်ခံရကြောင်း ဆရာကြီး၏ တစ်သက်တာမှတ်တမ်းထဲတွင် ဖတ်ဖူးသည်။ ဒါနနှင့် သီလမပါ သေခါမှသိဟူသော စကားပင် တွင်ကျယ်ခဲ့သည်အထိ ဒါနနှင့် သီလကိုသာ ဇောင်းပေးခဲ့ကြသည်။ ဘာဝနာက တော်တော်နှင့် ခေတ်မစားခဲ့။ ယခုတော့ တရားရိပ်သာတွေက နေရာ အနှံ့မှာ။

လွတ်လပ်ရေးအကြိုကာလများကတည်းက ကမ္ဘာတစ်လွှားမှာ အလွန် ခေတ်စားခဲ့သော မာ့(ခ်)(စ်)ဝါဒသည် ကျွန်တော်တို့ လူလားမြောက်ချိန်အထိ တွင်ကျယ်နေခဲ့သည်။ ယင်းဝါဒကိုမှ သက်ဝင် ယုံကြည်ခြင်း မရှိလျှင် အမြင်ပဲ မှားနေသလိုလို၊ လူစင်စစ်ကပဲ အမြီးထွက်နေသလိုလို အထင်ရှိခဲ့ကြသည်။ စာပေနယ်မှာလည်း ပြည်သူ့စာပေတွေ၊ ပြည်သူ့အတွက်ဆိုတာတွေကပဲ မင်းမူနေခဲ့သည်။ အခုကျတော့လည်း ထိုအသံတွေ ဆိတ်သုဉ်းသွားလေပြီ။


ဆရာဖေမြင့်က ကျွန်တော့်ကို တစ်ခါက ပြောဖူးသည်။ အင်္ဂလိပ်လို ရွှတ်ရှက် ဒွတ်ဒက်နှင့် ပြောနေသော ကျွန်တော်ကား ဟိုတစ်ချိန်ကသာဆိုလျှင် ဘိုရူး ဆိုပြီး အနှိမ်ခံရမှာဖြစ်ပေမင့် ယခုကျတော့လည်း လူရာဝင်ကာ လူတွင်ကျယ် လုပ်နေနိုင်ပါပကောတဲ့။ သူ့စကား မှန်ပါသည်။ ဟိုတစ်ချိန်က အင်္ဂလိပ်စာ သင်ယူခြင်းနှင့် တတ်မြောက်ခြင်းကို အားမပေးသော ကာလ။ အခုတော့ ယင်းကို လူတိုင်းက အားပေးကုန်ကြသည်။


“ရက်စွဲမီအောင် လုပ်သည်”ဟု အနက်ရင်းမှ ပွားလာကာ “ခေတ်မီအောင် မွမ်းမံသည်”ဟူသော စကားလုံး update က လူသားများ၏ အသိဉာဏ်၊ အစွဲနှင့် အယူအဆများကို ခြယ်လှယ်နေပုံ ဥဒါဟရုဏ်များကား ပြောမဆုံးပေါင်၊ တောသုံးထောင်။


သို့ရာတွင် လူတိုင်း လူတိုင်းက ထိုသို့ မိမိကိုယ်ကို ခေတ်မီအောင် မွမ်းမံလေ့ မရှိကြသည်ကား အမှန်ပင်။ တချို့ကလည်း ထိုသို့ မွမ်းမံယူရ ကောင်းမှန်း မသိ။


ရှင်လျက်နှင့် သေသည်ဆိုသော ဘဝမှာ ထိုသို့ဖြစ်နေသည်မျိုးလားဟု ကျွန်တော်ကဖြင့် တွေးမိနေပါသည်။ အသက်ရှင်နေပါလျက်နှင့် အသိဉာဏ်၊ အတွေးအမြင်များ သေနေခြင်းအား ရှင်လျက်သေသည်ဟုသာ ခေါ်ဆိုအပ်သည်ဟု ထင်ပါသည်။


ကျွန်တော်ကတော့ သေခြင်းတရားကို အကြိမ်ကြိမ်စဉ်းစားဖူးသလို သေလိုက်ရမှာကိုလည်း သိပ်တော့ အကြောက်ကြီးမဟုတ်ပါ။ သို့သော် ရှင်လျက်နှင့် သေသွားမှာကိုတော့ လွန်စွာ ကြောက်လှပါသည်။


စာဖတ်သူလူကြီးမင်းကရော… ဘယ်သင်းကို ပိုကြောက်ပါသနည်း?

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၂၀ဝ၃ ဩဂုတ် ၁၁ ထုတ် ရွှေမန္တလေးဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ်  ၈၈၀/၂၀၀၄(၉)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ဒီဇင်ဘာမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ပါ စာတစ်ပုဒ်ကို ပြန်လည် တင်ဆက်လိုက်တာပါ။

Is it Fate or Destiny???

ကံ – ကံ၏ အကြောင်းတရား

၂၀ဝ၈ ခုနှစ်က ဒီဇင်ဘာမှာ ဘိုကလေး မြို့နယ်ထဲက ရွာလေးတချို့ကို ရောက်ခဲ့သည်။ နာဂစ်ဆိုက်ကလုံးမုန်တိုင်းက ၂၀ဝ၈ မေမှာ မွှေခဲ့တာ ဆိုတော့ ခြောက်လကျော်ကာလသာ ရှိသေးချိန်။ အားလုံး ပြန်လည် ထူထောင်နိုင်ရန် တာစူနေကြဆဲ။ မသိသာသေး။


၂၀ဝ၉ ခုနှစ် အောက်တိုဘာနှင့် ဒီဇင်ဘာမှာတော့ လပွတ္တာမြို့နယ်ထဲက ရွာလေး သုံးရွာမှာ တစ်ရွာလျှင် ဆယ်ည၊ ဆယ်ရက်တိုင်တိုင် နေထိုင်ဖြစ်ခဲ့ရပြန်သည်။ နာဂစ်အလွန် တစ်နှစ်ခွဲကျော် အချိန်။ သိသာစ ပြုနေလေပြီ။


သိသာစပြုနေသည်မှာ လူတန်းစား ကွာဟမှုပင်ဖြစ်သည်။ မုန်တိုင်းက အားလုံးကို တန်းညှိပစ်ခဲ့သည်။ ချမ်းသာသူလည်း အိမ်မရှိ၊ ယာမရှိ။ ရွှေငွေဥစ္စာ စည်းစိမ်မှန်သမျှ ပြုတ်ပြုတ်ပြုန်း။ အဝတ်တစ်ထည် ကိုယ်တစ်ခုပင် အနိုင်နိုင် ဖြစ်ကုန်ကြသည်မှာ မုန်တိုင်းသင့် ဒေသတစ်ခုလုံးပင်။ ကယ်ဆယ်ရေး၊ ဝေခြမ်းရေး၊ အထောက်အပံ့အကူအညီကို လိုအပ်ခဲ့ကြသူများမှာလည်း ထိုဒေသမှ လူတိုင်းသာ။ မုန်တိုင်းမတိုင်ခင်က ချမ်းသာ ကြွယ်ဝခဲ့ဖူးသူ၊ နေနိုင်စားနိုင်ခဲ့သူများလည်း အပါအဝင်။ အကုန်လုံး အတူတူနှင့် အနူနူ။


အခု တစ်နှစ်ခွဲကျော် အကြာမှာဖြင့် လူနည်းစုတချို့က အတော်လေး ထူထူထောင်ထောင် ဖြစ်နေကြလေပြီ။ ဆိုင်နှင့် ကန္နားနှင့်၊ တယ်လီဖုန်းနှင့်။ တချို့က ဗီဒီယိုရုံဖွင့်ကာ အလုပ်ဖြစ်၊ တချို့က ဘိလိယက်ခုံ၊ တချို့က အရက်ဆိုင်။ သူ့ဟာနှင့်သူ ဟန်ကျပန်ကျဖြစ်နေသူတွေက ထိုးထိုးထောင်ထောင် ပေါ်ပေါက်နေသည်။

တချို့ကျတော့လည်း နာဂစ်မတိုင်ခင်က သိပ်အဟုတ် မဟုတ်လှ။ နာဂစ်ဖြစ်၊ ဝေခြမ်းရေးတွေ၊ အကူအပံ့တွေ ပေါ်လာတော့မှ ပွဲလန့်တုန်း ဖျာခင်းလိုက်ကြကာ အခုအခါမှာ ဟန်ကျနေသူတွေလည်း အလျှိုလျှို မြင်နေရသည်။

“ဝေခြမ်းရေးက ထောက်ပံ့နေတဲ့အတွက် အခုအချိန်မှာ နေစရိတ် စားစရိတ် တစ်ပြားတစ်ချပ်မှ ကုန်စရာမရှိဘူး။ အဲတော့ သည်အချိန်မှာ ပိုက်ဆံ ရှာနိုင်ရင် ရှာနိုင်သမျှက ကိုယ့်အတွက် အသားတင်အမြတ်ချည်းပဲ” ဟု မိသားစုကို ပြောခဲ့ကာ မုန်တိုင်းလွန်စ၊ ထောက်ပံ့မှုများ ဝေစည်နေချိန် ကာလတွင် ကုန်းရုန်း ရှာဖွေခဲ့ရာမှ ယခုအချိန်တွင် ဗီဒီယိုရုံငယ်တစ်ခု၊ အရက်ဆိုင် တစ်ဆိုင်၊ ကုန်စိမ်းဆိုင် တစ်ဆိုင်ကို ပိုင်ဆိုင်နေလေပြီဖြစ်သူ တစ်ဦးကို မျက်ဝါးထင်ထင် မြင်ခဲ့ရပါသည်။


အဲ… အများစုမှာမူ သိပ်ထူးခြားမလာဘဲ ဒုံရင်းသံသရာမှာ လည်နေကြသည်။ ကဏန်းနှိုက်သည့်ဘဝ၊ ပိုက်ထောင်သည့်ဘဝ၊ သူများ လယ်၊ သူများဆားဖိုမှ အခစားဘဝများတွင် ကျင်လည်နေသူတွေ အများ အပြား ရှိသလို ဘာမှ မည်မည်ရရ မလုပ်ဘဲ ဝေခြမ်းရေးကို မျှော်လင့် အိပ်မက်ဆဲ ယောင်ခြောက်ဆယ်တွေ အနည်းအပါးကိုလည်း တွေ့ခဲ့ရပါသည်။

ဘဝင်သိပ်မကျမိပါ။ ထိုရွာများတွင် ခဏတဖြုတ် နေထိုင်ခဲ့ရစဉ်က ရွာသားတွေကိုလည်း မျက်နှာချင်းဆိုင်ပြီး ဘဝင်မကျသည့်အကြောင်းကို တွင်တွင် ပြောဖြစ်ခဲ့ပါသည်။ အခုလည်း ပြောကြည့်ချင်လာရပြန်ပါသည်။

လူချင်းအတူတူ ဘာတွေက ကွာနေလို့ အခုလိုတွေ ဖြစ်ကုန်ကြတာလဲဆိုတာကို စဉ်းစားကြည့်မိသည့်အတွက် ဘဝင်မကျဖြစ်ရခြင်းပင်။
လူမတန် ကံချဆိုသည့်အတိုင်း အတိတ်ဘဝ အဆက်ဆက်က ကံကို  ရိုးမယ်ဖွဲ့မည်ဆိုလျှင်တော့ အဖြေက လွယ်ပါသည်။ ဘာမှလည်း ရှည်ရှည်လျားလျား စဉ်းစားနေဖို့ လိုမည် မဟုတ်ချေ။ သို့သော် အဲဒါက အဖြေ မဟုတ်ဟု ထင်ပါသည်။

ပစ္စုပ္ပန်မျက်မှောက်၌ ပြုကြသော မနောကံ၊ ဝစီကံ၊ ကာယကံများကသာ ထိုအရာများအတွက် အဖြေဟု ကျွန်တော် မမှိတ်မသုန် ယုံကြည်ပါသည်။ အထက်တွင် ဖော်ပြခဲ့သော ဗီဒီယိုရုံငယ်၊ အရက်ဆိုင်၊ ကုန်စိမ်းဆိုင် ပိုင်သော မိသားစုသည် နာဂစ်မတိုင်ခင်က ရရစားစား၊ ဝါးဝါးမျိုမျို၊ သူလို ငါလို ခပ်နုတ်နုတ်သာဖြစ်ခဲ့သည်တဲ့။ နာဂစ်မှာတော့ ရှိစုမဲ့စုလေးတွေ အကုန်ပါသွားသည်။ သို့သော် သူ့ မနောကံ (ဝါ) သူ့အတွေးအမြင် က မှန်သွားသည်။ ဝေခြမ်းရေးကြောင့် နေစရိတ်၊ စားစရိတ်အတွက် ပူစရာ မလိုဆဲကာလမှာ ရတတ်သမျှ အသားတင်ဟု သဘောထားကာ ကုန်းရုန်း ရှာဖွေသည့် ကာယကံမြောက် အမှုကို သူတို့ မိသားစု ပြုခဲ့ကြသည်။ ထိုကံများ စီမံသည့်အတိုင်း ယခုအခါတွင်မူ သူတို့မိသားစုမှာ ဟန်ကျနေကြလေပြီ။ ပစ္စုပ္ပန်ကံကလည်း စကားပြောသွားသည်မှာ အထင်အရှားပင်။

တခြား ဟန်ကျနေသူတွေကို ကြည့်လိုက်တော့လည်း ထိုအတိုင်းသာ ဖြစ်သည်။ အားတိုင်း ဗီဒီယိုကြည့်နေ၊ ကာရာအိုကေဆိုနေ၊ အရက်သောက်နေ ဘိလိယက်ထိုးနေကြသူတွေထဲမှာ ဟန်ကျနေသူတွေကို တွေ့ရခဲလှသည်။ ဗီဒီယိုရုံတွေ၊ အရက်ဆိုင်တွေ၊ ဘိလိယက်ခုံတွေမှာက လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မည့် လူတန်းစားက မင်းမူထားသည်။


ဘာဖြစ်လို့ သည်လိုတွေ ဖြစ်ကုန်သနည်းဟု စဉ်းစားကြည့်သောအခါ “အသိဉာဏ်နှင့် ဆင်ခြင်တုံတရား“ဆိုတာကြီးက ဘွားဘွားကြီး ပေါ်လာသည်။ အသိÓဏ်နှင့် ဆင်ခြင်တုံတရား နည်းပါးသူတွေက ဒုံရင်းမှာ ကျန်ရစ်နေပြီး အသိဉာဏ်နှင့် ဆင်ခြင်တုံတရား အထိုက်အလျောက် ရှိသူတွေက သည်တစ်နှစ်ခွဲလောက်လေးအတွင်းမှာတင် အတော်လေး ထူထူထောင်ထောင် ပြန်ဖြစ်လာနေကြသည်ကို မြင်နေရပါသည်။

ရွာတစ်ရွာမှ မိသားတစ်စုဆိုလျှင် အတုယူဖို့ပင် ကောင်းသေးတော့သည်။ လုပ်နိုင်ကိုင်နိုင် ယောက်ျားသားမှန်သမျှက နာဂစ်ထဲမှာ အသက် ပါသွားကြပြီး မိန်းမသား သားအမိ သုံးယောက်နှင့် အသက် ၆၀ ကျော် ဖခင်ကြီး၊ ကလေးငယ် နှစ်ယောက်သာ ကျန်ရစ်သည်။ သည်ကြားထဲက သူတို့မှာ ကုန်စုံဆိုင်နှင့်၊ တယ်လီဖုန်းနှင့် ဟန်ကျပန်ကျ တွေ့ရသည်။


ယောက်ျားသား ရင့်မာကြီးတွေ ရှိနေသော ရွာထဲက တခြား မိသားစုများမှာတော့ မနည်း ရုန်းကန်နေရသည့်ဘဝ။ သည်မှာလည်း ဘာကွာသနည်းဟု ဆန်းစစ်မူ အသိဉာဏ်နှင့် ဆင်ခြင်တုံတရားပင်ဖြစ်ပေလိမ့်မည်။ မိသားစုဝင် အရင်းအချာတွေကို ဆုံးရှုံးရတာကတော့ အတူတူချည်းသာပင်။ သို့သော် ရှင်ကျန်ရစ်သူတွေက အသက်ဆက်ဖို့ လိုသေးသည်။ ဒါကို ပြတ်ပြတ်သားသား မြင်ပြီး ပူဆွေးမှုကို ရပ်တန်းက ရပ်ကာ လုပ်စရာရှိတာ ဇယ်ဆက်သလို လုပ်သွားကြသည့် သားအမိ သားအဖတစ်တွေက တင့်တောင့်တင့်တယ် ပြန်ဖြစ်လာသည်။ ပူဆွေးတသရင်း အလုပ်ပျက် အကိုင်ပျက် ဖြစ်ခဲ့ရသူတွေကတော့ ဝေခြမ်းရေးက ပေးတာလေး စားလိုက်၊ ပိုလျှံတာလေး ရောင်းချကာ စိတ်၏ဖြေရာ အပျော်ရှာလိုက်နှင့် အခု တစ်နှစ်ခွဲ အကြာမှာ နဂိုဘဝထက်ပင် နုံချာကာ လက်လုပ်လက်စားဘဝတွေမှာ ကျင်လည်နေကြဆဲ။


ဒါက မုန်တိုင်းသင့် ဒေသတစ်ခုတည်းမှာ ဖြစ်နေသည်သာ မဟုတ်၊ အနယ်နယ်အရပ်ရပ်မှာ ဖြစ်နေသည့် အဖြစ်။ “တရုတ်လိုရှာ၊ ကုလားလို စု၊ မြန်မာလို မဖြုန်းနဲ့”ဆိုသော ရှေးစကားမှာ အလကားစကား မဟုတ်ချေ။ မြန်မာတွေ၏ အသိဉာဏ်နှင့် ဆင်ခြင်တုံတရားကို မီးမောင်းထိုးပြနေသော စကားပါကလားဟု တွေးမိလာရပါသည်။


တစ်ဆက်တည်းမှာပင်…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၈၀၁၁၀)

(၁၅ ဇန်နဝါရီ ၂၀၁၀ ပြည့်နှစ်ထုတ Bi Weekly Eleven  ဂျာနယ် အတွဲ ၂ အမှတ် ၄၃မှာ ဖော်ပြထားတာလေးကို ထပ်ဆင့် တင်ပြလိုက်တာပါ။)

RASU 75-79: Scattered to the Four Winds

ဝ/သ(၇၅-၇၉) – တောရောက် တောင်ရောက်

နိုင်ငံခြားတွင် အခြေချနေထိုင်လျက်ရှိသူ အတန်းဖော်တစ်ယောက် အလည် ခဏပြန်လာသည်။ အတန်းဖော်တွေထဲက သူနှင့် ရင်းနှီးသူများကို ဖိတ်ပြီး ညစာကျွေးဖို့ စီစဉ်တော့ သူနှင့် ပြောမနာ ဆိုမနာ သူငယ်ချင်းဖြစ်ခဲ့ဖူးသော ကျွန်တော်လည်း ပါလာပါသည်။

သူသည် ကျွန်တော်တို့အတန်း၊ ကျွန်တော်တို့ ဘာသာတွဲတွင် ခုံအမှတ် (၁) ဖြစ်သည်။ ဆေးကျောင်း တက်ရန် အမှတ်မီပါလျက်နှင့် သိပ္ပံပညာချွန်ဆုကို ယူကာ ကျွန်တော်တို့အတန်းထဲသို့ ရောက်လာခြင်းဖြစ်သည်။ သူ့ကို ကျွန်တော်တို့က “ချွန်ဆု”ဟုခေါ်ကြသည်။ လေးနှစ်လုံးလုံး တစ်တန်းတည်း အတူတက်လာကြသူများဖြစ်သဖြင့် တစ်ယောက်နှင့် တစ်ယောက်က မောင်နှမ ရင်းချာများနှယ် ရင်းနှီးကြသည်။

သူငယ်ချင်းတွေ အားလုံးကို တစ်စုတစ်ဝေးတည်း ပြန်ဆုံရသောအခါ ကျွန်တော့်အသက်သည် ၂၈ နှစ်တိတိ ပြန်ငယ်သွားလေသည်။ ကျွန်တော့်နှုတ်ကလည်း ဗလွတ်ရွှတ်တ အစုံထွက်လာသည်။ အားလုံးလည်း ပျော်နေကြသည်။

၂၈ နှစ် ခရီးကို ပြန်ငဲ့စောင်းကြည့်တော့ ဘဝတွေ အမျိုးမျိုးဖြစ်နေသည် မှာ မြင်သာလှသည်။ အိပ်မက်က တခြား၊ ရည်မှန်းချက်က တခြား၊ ဘဝတွေက တခြားပင်ဖြစ်သည်။

ချွန်ဆုကိုပဲ ကြည့်။ သူကား မဟာသိပ္ပံတန်းကိုလည်း ထူးချွန်စွာ အောင်မြင်ခဲ့သူဖြစ်သည်။ ထို့နောက် ကျောင်းမှာတင်ပဲ ဆရာမ ဝင်လုပ်လိုက်သေးသည်မှာ တော်တော်ကြာကြာ။ သင်းကိုတော့ ယူမယ့်သူ မရှိဟု ကျွန်တော် တွေးထင်ထားခဲ့သော်လည်း သူက ကျွန်တော့် အရင်ပင် အိမ်ထောင်ကျသွားသည်။ ထို့နောက် သူ့ခင်ပွန်းသည် အင်းစိန်တောရသို့ ရောက်သွားတာ၊ သူတစ်ယောက်တည်း ရုန်းကန်နေတာတွေကိုလည်း ကြားရသည်။


၁၉၉၅ခုနှစ်မှာ သူ နိုင်ငံခြားသို့ သွားမည်ဆိုတော့ ကျွန်တော်နှင့် တွေ့လိုက်သေးသည်။ “နင် သည်မှာနေရင် ဆရာမဆိုတဲ့ ဂုဏ်လေး ရှိသေးတယ်၊ သူများ တိုင်းပြည်မှာဆို အိုးတိုက်ပန်းကန်ဆေးနေရမှာ၊ ဘာသွားလုပ်မှာတုံး”ဟု သူ့ကို ကျွန်တော် ကန့်ကွက်စကား ပြောဖြစ်ခဲ့သေးသည်။ သူက ဆုံးဖြတ်ပြီးနေပြီ။

ယခု ပြန်လာသောအခါ သူက ကျွန်တော့် စကားကို ချေသည်။ သူက ဟိုမှာလည်း အထက်တန်းပြ ဆရာမ ဖြစ်နေပါပြီတဲ့။ “နင်ပြောသလို ငါ အိုးမတိုက်၊ ပန်းကန် မဆေးရပါဘူးဟဲ့”ဟုလည်း ဆိုသည်။

သူ ပြောင်းလဲသွားပြီ။ တစ်ချိန်က အင်္ဂလိပ်စကားကို ဝါကျတစ်ကြောင်း ပြည့်အောင်ပင် သူနှင့် ကျွန်တော်တို့ မပြောဖြစ်ခဲ့ဖူးသော်လည်း ယခုသော် တစ်ချိန်လုံး အင်္ဂလိပ်လို ပြောဖြစ်နေသဖြင့် ဘေးမှ ကျန်သူငယ်ချင်းများကပင် တားယူရသည်။ ရောမ ရောက်တော့ ကျွန်တော့်သူငယ်ချင်း ချွန်ဆုသည်လည်း ရောမသူကြီး ဖြစ်နေလေပြီ။ တစ်ချိန်က ကျွန်တော်တို့ စီးကရက် သောက်သည်ကို နှာခေါင်းရှုံ့ခဲ့ဖူးသော ထိုမိန်းမသည် ယခုတော့ စီးကရက်ကို လက်ကြားညှပ်လျက် ဝိုင်ဖန်ခွက်ကို ကိုင်နေလေတော့သည်။ သူက ဟိုနိုင်ငံသားအဖြစ်လည်း ခံယူထားလိုက်လေပြီ။ သို့သော် ယခုမူ သူ့သားကို သင်္ကန်း လာဆီးပေးခြင်း ဖြစ်နေပြန်သည်။ သာဓု၊ သာဓု မချွန်ဆု…

သူ့ဘေးတွင် ထိုင်နေသော သူငယ်ချင်းနောက်တစ်ယောက်က ချွန်ဆု ထက်ပင် ကျွန်တော်နှင့် ရင်းသေးသည်။ သူ့ကို ကိုးတန်းကတည်းက ကျူရှင်တက်ဖက်အဖြစ် သိကျွမ်းခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ် ရောက်သောအခါ တွင်လည်း တစ်တန်းတည်းပြန်ဖြစ်ကာ တစ်ခုံတည်း တွဲထိုင်ခဲ့သဖြင့် ပို ရင်းနှီးခဲ့သည်။

သူကလည်း မဟာတန်း ပြီးသွားသည်။ ဂျာမဏီနိုင်ငံမှာ နေရောင်ခြည် စွမ်းအင်နှင့် ပတ်သက်သော ဘွဲ့လွန်ပညာကို အတော်ကြာ ဆည်းပူးခဲ့သေးသည်။ သို့သော် ယခုမူ သူ ဝန်ထမ်းမဟုတ်တော့ပေ။ ကျူရှင်ပြစားနေသည် ဟု သိရသည်။

နောက်တစ်ယောက်က ကျွန်တော်နှင့် သေဖော်ရှင်ဖက်လို ရင်းနှီးသူ ဖြစ်သည်။ သူလည်း ကျွန်တော့်လိုပင် မဟာတန်းနား မကပ်နိုင်သည့် လူပျော်များအဖွဲ့တွင် ပါဝင်ခဲ့သည်။ သူ့ဇနီးကလည်း ကျွန်တော်တို့ တစ်တန်းတည်းမှ ဖြစ်သည်။ ပြောရလျှင်မူ ကျွန်တော်နှင့် မညားဖြစ်သော ကျွန်တော့်ရည်းစားနှင့် ကျွန်တော်တို့၏ ကောင်းမှုကြောင့် သူတို့နှစ်ယောက် အကြောင်းပါသွားကြခြင်းဖြစ်လေသည်။ ကျွန်တော့်ရည်းစားက နောင်အခါ သူ့အိမ်သူ သက်ထားဖြစ်လာမည့် အတန်းဖော်နှင့် ဘေးချင်းကပ် ထိုင်သည့် သူငယ်ချင်း၊ ကျွန်တော်က သူနှင့် ဘေးချင်းကပ် ထိုင်သည့် သူငယ်ချင်း။ ကျွန်တော်တို့ သမီးရည်းစားနှစ်ယောက် အလှော်ကောင်းသဖြင့် သူတို့နှစ်ယောက် အဆင်ပြေသွားပြီး ကျောင်းပြီးသောအခါ လက်ထပ်လိုက်ကြသည်။ ကျွန်တော်တို့ သမီးရည်းစားမှာမူ တစ်နှစ်မျှအကြာတွင်ပင် ခွာပြဲခဲ့ကြလေပြီ။

ထိုသူငယ်ချင်းမှာလည်း အစပထမတော့ အာမခံဌာနတွင် အလုပ်ဝင်သည်။ မှတ်ပုံတင်ရှေ့နေ သင်တန်းတက်ရန် ကျွန်တော့်ကို အဖော်လာစပ်သူမှာ သူပင် ဖြစ်သည်။ တကယ်တန်း ဝင်ခွင့်စာမေးပွဲ ဖြေရတော့ သူက ထိုစာမေးပွဲကို မအောင်။ သူ့ကို အဖော်လုပ်ကာ လိုက်ဖြေပေးသည့် ကျွန်တော်က အောင်သွားသဖြင့် ယောင်နနနှင့် နှစ်နှစ်သင်တန်းကို တက်လိုက်ရ၊ အောင်လက်မှတ်လေး တစ်ခုရ၊ လိုင်စင်လေးတစ်ခု ရလာခဲ့သည်။ ထိုအတွက် သူ့ကို ကျေးဇူးတင်ရပါလိမ့်မည်။ အဖျဉ်းဆုံးတော့ ကျွန်တော် သေလျှင် ကျွန်တော့်နာမည်နောက်မှာ အေဘီစီဒီထဲက နှစ်လုံး တိုးနေမည်မှာ သူ့ကျေးဇူးပေပဲပေါ့။

သူက ထို့နောက်မှာ ဂျပန်ပြည်မှာ အိုက်တိုးပဂေးဆန် သွားလုပ်သည်။ သူ့မိန်းမသည် ဌာနတစ်ခုမှာ ဝန်ထမ်းလုပ်ရင်း ထိုစဉ်က အင်္ဂလိပ်စာ အလွတ်သင်ဆရာ လုပ်နေသော ကျွန်တော့်ဆီမှာ အင်္ဂလိပ်စာ လာသင်ပြန်သည်။ သူတို့ အဆင်ပြေတာ၊ စုမိဆောင်းမိတာတွေကြားတော့ မုဒိတာရသည်။

ထို့နောက် သူပြန်ရောက်လာသည်။ ကွန်ပျူတာ သင်တန်းဖွင့်သည်။ အဆင်မပြေ။ ကားဝယ်ရောင်း လုပ်သည်၊ အဆင်မပြေ။ ဆယ်နှစ်ကျော်လာ သောအခါတွင်မူ သူငယ်ချင်း လင်မယားမှာ နည်းနည်း လုံးလည်လိုက်နေ ကြပေပြီ။

နောက်တစ်ယောက်ကလည်း ကျွန်တော်တို့နှင့် ဘေးချင်းကပ်ထိုင်သူ ဘဝသမား ဖြစ်သည်။ ကျောင်းမှာကတည်းက သူက လူကြီးဆန်သည်။ တစ်တန်းလုံးတွင် သူတစ်ယောက်ကိုသာ ကျွန်တော်တို့က “ကိုမြ”ဟု “ကို” တပ် ခေါ်ရသည်အထိ သူက ကျွန်တော်တို့အထဲတွင် အနေတည်လှသည်၊ ရင့်ကျက်လှသည်။

ဒုတိယနှစ်အထိ သူနှင့် ကျွန်တော်မှာ တတွဲတွဲ။ သို့သော် ဒုတိယနှစ် နှစ်လည်တွင်မူ “မင်းနဲ့ ငါနဲ့က ဘဝချင်း မတူဘူးကွ။ မင်းနဲ့ပေါင်းပြီး ငါပါ လိုက်လေနေရင် ငါ့ဘဝက ပျက်သွားမှာ၊ မင့်ဘဝက ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ အဲတော့ မင်းနဲ့ ငါ မပေါင်းတော့ဘူး”ဟု အတိအလင်း ကြေညာကာ ကျွန်တော်နှင့် မတွဲတော့ပေ။ ထိုစဉ်ကတည်းက သူ့ကို ကျွန်တော် စိတ်မဆိုးခဲ့ပါ။ သူ့ဘက်က စဉ်းစားပေးလို့ ရသောကြောင့်ပင် ဖြစ်သည်။

အရင်လို တပူးတွဲတွဲ မဟုတ်တော့သော်လည်း သူနှင့် ကျွန်တော်မှာ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် အဆင့်မှာတော့ ရှိနေဆဲ။ ကျောင်းပြီးသောအခါ သူက ဗဟိုပုံနှိပ်တိုက်တွင် အလုပ်ဝင်သည်။ ယောင်လည်လည် ဖြစ်နေသော ကျွန်တော်တို့က သူ့ဆီကို မကြာခဏ ဝင်လည်သည်။ ဒါပေမယ့် အလုပ်တစ်ဖက်နှင့် သူ့မှာ လူအားကျွန်တော်တို့ကို သိပ်ဧည့်ထောက်မခံနိုင်သဖြင့် တဖြည်းဖြည်း ဝေးသွားကြသည်။

နောက် သူလည်း ဂျာမဏီနိုင်ငံမှာ ပုံနှိပ်ပညာများ သွားရောက်ဆည်းပူးသည်ကို တစ်ဆင့်စကား ကြားရသည်။ သူအိမ်ထောင်ကျသွားသည်ကိုလည်း ကြားသည်။ ရာထူးတက်သည်ကိုလည်း ကြားသည်။ ကျန်းမာရေးမကောင်းဘဲ သေကောင်ပေါင်းလဲဖြစ်လိုက်သည်ကိုလည်း ကြားသည်။ လူချင်းမူ တော်တော်နှင့် မဆုံဖြစ်။

တလောလေးဆီကမှ ကျွန်တော့်အမေနှင့် သူနှင့်ဆုံကာ ကျွန်တော့် ဖုန်းနံပါတ်ကို အမေက ပေးလိုက်သဖြင့် သူ ကျွန်တော့်ကို ဆက်သွယ်သည်။ လူပုံကမူ အရင်အတိုင်းပင်။ အလုပ်ကနေ ဆေးပင်စင် ယူလိုက်ပြီး ယခုသော် ပုဂ္ဂလိက ပုံနှိပ်လုပ်ငန်းတစ်ခုတွင် ဦးစီးလုပ်ကိုင်နေလေသည်။

ထိုနေ့က ညစာ အတူစားကြသည့် ကျန်သူငယ်ချင်းတွေကတော့ သူတို့လို အထူးတလည် စာဖွဲ့စရာ မရှိပါ။ မိဘလက်ငုပ်ကို ဆက်လုပ်ကာ ပုံမှန် ဘဝတွင် ဖြတ်သန်းနေသူ၊ ကျောင်းပြီးကတည်းက ဝင်သွားသော ဝန်ထမ်းဘဝတွင် အသားကျနေသူတွေသာ ဖြစ်သည်။ ချွန်ဆုကတော့ သံဝေဂစကား ဆိုလိုက်ပါသေးသည်။ ကျောင်းပြီးတော့ ကျောင်းမှာပင် ဆရာ၊ ဆရာမအဖြစ် အလုပ်ဝင်သူတွေ သူအပါအဝင် ဆယ်ဂဏန်း ရှိခဲ့သော်လည်း ယခုသော် ထိုဆယ်ဂဏန်းမှ တစ်ယောက်တည်းသာ ကျန်တော့သည့် အကြောင်းပင်။

ကျွန်တော်တို့ ဝိုင်းတွင် မပါသူများအကြောင်းကိုလည်း ပြောဖြစ်ကြပြန်သည်။

ထိုအခါ ဘဝအလှည့်အပြောင်းသဘောကို ပိုလို့ ဆင်ခြင်မိရပြန်လေသည်။

တစ်ယောက်မှာ ဒုတိယနှစ်ကျမှ ကျွန်တော်တို့ အတန်းသို့ ရောက်လာသူ မော်လမြိုင်တက္ကသိုလ်အုပ်စုမှ တစ်ယောက်ဖြစ်သည်။ သူ့ကို ကျွန်တော်တို့က “ဆိုင်းဘာဘာ“ဟု ခေါ်သည်။ သူ့ဆံပင် ရှည်ရှည်ကောက်ကောက်ကြောင့်ပင်။ အဲဒီ့ကောင်ကလည်း ကျွန်တော်တို့အုပ်စုနှင့် အလွန်ပင် အဖွဲ့ကျသွားသည်။ သူက အဆောင်ကျောင်းသားဖြစ်သဖြင့် သူ့အခန်းမှာ ကျွန်တော်တို့တွေ စတည်းချနေကျလည်း ဖြစ်သည်။
ကျောင်းတုန်းက သူသည် မင်းသား။ အမြဲ ကျော့မော့ သပ်ရပ်သူလည်း ဖြစ်သည်။ ကျွန်တော်တို့က သူ့ကို မြိတ်မှ သူဌေးသားဟုပင် ထင်ကြသည်။ ဝတ်လိုက်စားလိုက်လျှင်လည်း သူက အပျံစား။ သုံးလိုက်စွဲလိုက်လျှင်လည်း ဖောဖောသီသီ။

တကယ်တန်း မြိတ်က သူ့အိမ်သို့ ကျွန်တော် ရောက်သွားသောအခါတွင်မူ အထင်နှင့်အမြင် ပါစင်အောင် လွဲနေသည်။ သူ့မိဘများမှာ မရှိမရှား၊ ရရစားစား၊ ဝါးဝါးမျိုမျိုသာ။

ကျောင်းပြီးတော့ သူနှင့် ကွဲသွားသည်။ လွန်ခဲ့သည့် ဆယ်နှစ် မရှိတရှိ ခန့်မှာတော့ သူပြန်ပေါ်လာသည်။ ညိုးညိုးနွမ်းနွမ်း။ မေးကြည့်တော့ လုံခြုံရေး တပ်ဖွဲ့တွင် တပ်သားအဖြစ် အမှုထမ်းနေသည်ဟု သိရသည်။

ယခုသူ့အကြောင်း ပြောဖြစ်ကြသောအခါ သူနှင့် မကြာခင်ကမှ တွေ့လိုက်သူ ဂျပန်ပြန်သူငယ်ချင်းက ပြောသည်။ သူကား ပခုံးပေါ်တွင် ကြယ်ပွင့် နှစ်ပွင့် တင်ထားသူ ရဲမှူးကြီးတစ်ဦး ဖြစ်နေလေပြီတဲ့။ အဟောဝတ ကောင်းလေစွ။

အတန်းဖော်တွေထဲက သတိရသူများအကြောင်းကို တစ်ယောက် တစ်ပေါက် ပြောနေရင်းမှ တစ်ယောက်သောသူထံ ရောက်သွားပြန်သည်။ ကျွန်တော်တို့ ဒုတိယနှစ်တွင် လုံးချင်းဝတ္ထုတွေ သူ့နာမည်ဖြင့် ဟောတစ်အုပ်၊ ဟောတစ်အုပ် ထွက်လာသော စာရေးဆရာမအကြောင်းပင်။ ထိုစဉ်က ကျွန်တော်သည် စာရူးပေရူးအဆင့်။ သူက လုံးချင်းတွေ ထွက်နေသူ။ သူ့စာအုပ် တစ်အုပ်ကို ကျွန်တော့်အား လက်ဆောင်ပေးသဖြင့် ဖတ်ကြည့်သည်။ ကျွန်တော်တို့ခေတ်သုံး စကားပြေမျိုးနှင့် မဟုတ်။ ကျွန်တော်တို့ရှေ့၊ မျိုးဆက်တစ်ခုကျော်က စကားပြေ အရေးအသားများ ဖြစ်နေသည်။ ထို့ကြောင့် “ဒါနင် တကယ် ရေးထားတာမှ မဟုတ်ဘဲ၊ ဘယ်သူရေးပေးတာတုံး”ဟု ကျွန်တော့် ရွှေပါးစပ်က ထွက်သွားသည်။ ထို့နောက်မှာတော့ သူ့ထံမှ စာအုပ် လက်ဆောင် မရတော့ချေ။

သူ့နှယ်ပင်၊ ကျွန်တော်တို့ ပထမနှစ်လောက်ကတည်းက စာအုပ်တွေ လှိုင်လှိုင်ထွက်သော တက္ကသိုလ်ဘွဲ့ခံ စာရေးဆရာမတွေ တစ်ပုံကြီး ရှိခဲ့ပါသည်။ ယနေ့သော် ထိုအထဲမှ ဘယ်နာမည်ကိုမျှ စာနယ်ဇင်းတွေပေါ်မှာ မတွေ့ရတော့ပါ။ ဒါလည်း သံဝေဂယူစရာပင် ဖြစ်နေပြန်တော့သည်။

ထိုညက ကျွန်တော်တို့ဝိုင်းတွင် ဗျစ်ရည်များဖြင့် စိုပြည်နေခဲ့သည်။ ထိုဗျစ်ရည်ခွက်ကို ကိုင်ရင်း မတ်တတ်က တရားအားထုတ်ခြင်းအကြောင်းကို အစချီလာသူလည်း ပါသည်။ ကျွန်တော်ကလည်း ဟိုစပ်စပ် သည်စပ်စပ် ပါတတ်သူဖြစ်သည့် အားလျော်စွာ သတိနှင့် နေထိုင်ခြင်း၊ ဓိဋ္ဌေဓိဋ္ဌမတ္တံစသည် များကို အမြွက်မျှ ပို့ချလိုက်ပါသေးသည်။


သေချာတာတစ်ခုကတော့ ၂၈ နှစ် ကြာသွားသောအခါတွင် ကျွန်တော်တို့သည် ဘုရားမှန်း၊ တရားမှန်း နည်းနည်းပါးပါး သိလာကြခြင်းသာ ဖြစ်သည်။
မသိလို့လည်း မရတော့။ ဆိုင်းဘာဘာတို့နှယ်ပင်၊ ဒုတိယနှစ်တွင် ပုသိမ်တက္ကသိုလ်မှ ကျွန်တော်တို့အတန်းထဲသို့ ရောက်လာသူတွေထဲက တစ်ယောက်သောသူကား ကွယ်လွန်သွားခဲ့လေပြီ။ သူက ကျွန်တော်တို့နှင့် တွဲဖက်မဟုတ်ပါ။ ပုသိမ်ကတည်းက သူ့အတွဲဖြစ်ခဲ့ဟန်တူသော အတန်းဖော် ခပ်ချောချောလေးနှင့်သာ တစိုက်မတ်မတ် တွဲကာ ဘာသိဘာသာနေတတ်သူ ဖြစ်ပါသည်။ သို့သော် ရှည်လျားသော သူ့ဆံပင်ကြောင့်လည်းကောင်း၊ ခပ်ချောချောနှင့် လုံးဝ မအပ်စပ်သည့် သူ့အင်္ဂါရုပ်ကြောင့်လည်းကောင်း ကျွန်တော်တို့ နှလုံးအိမ်တွင် အမှတ်ထင်နေခြင်းဖြစ်လေသည်။ သူ ကွယ်လွန်သည်မှာ ကြာပြီဟု ဂျပန်ပြန်သူငယ်ချင်းက ဆိုသည်။

ထိုသူနှင့် တွဲခဲ့သော ခပ်ချောချောလေးမှာ ကျောင်းပြီးသောအခါ နာမည်ကျော်ကြား လူကြိုက်များသော ခပ်ချောချောအနုပညာရှင် တစ်ယောက်နှင့် အကြောင်းပါသွားခဲ့သည်။ ထိုအနုပညာရှင်မှာလည်း ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် တိမ်းပါးခဲ့သည်မှာ လေး-ငါးနှစ်ပင် ရှိလေပြီ။

ထိုခပ်ချောချောနှင့် မေတ္တာသက်ဝင်မိသူများ အချိန်မတိုင်ခင် ကြွေလွင့် ရပုံပင်။ ကိုမြပင်လျှင် ကံကောင်းလို့။ ထိုခပ်ချောချောက သူ့ကို ပြန်မကြိုက် ခဲ့ပေလို့ သက်သာရာ ရသွားဟန်တူသည်။ သို့တိုင်အောင် ထိုခပ်ချောချောကို စိတ်ကစားမိခဲ့သည့်အတွက် ယခုအခါ ကိုမြခမျာမှာ တလောဆီက သေကောင်ပေါင်းလဲ ရောဂါဝေဒနာ ခံစားလိုက်ရခြင်းဖြစ်ဟန် ရှိသည်။ ကျွန်တော်က ကိုမြ၏  ထိုငယ်ကျိုးငယ်နာကို အတန်းဖော်များ ရှေ့တွင် ဖော်ချလိုက်ပါသည်။ အလွန်သိုသိပ်သော ကိုမြသည် ထိုခပ်ချောချောလေးကို စွဲလန်းမိကြောင်း ကျွန်တော့်အား ထိုစဉ်က တိုးတိုးကြိတ်ကြိတ် ဖွင့်ဟခဲ့ဖူးလေသည်။ ကျွန်တော်လည်း ၂၈ နှစ်တိတိ နှုတ်လုံခဲ့ပါသည်။ ၂၈ နှစ်အကြာတွင်မူ ကျွန်တော်က ဆိုင်းမဆင့်၊ ဗုံမပါ ဖော်ချလိုက်ရာ ကိုမြမှာ ရယ်ကျဲကျဲသာ လုပ်နေလေတော့သည်။

သို့သော် ဝဋ်က ချက်ချင်း လည်လေသည်။ ကျွန်တော်တို့ဝိုင်းတွင် ပါလာသည့် မျက်နှာစိမ်းတစ်ဦးက ကျွန်တော့်ငယ်ကျိုးငယ်နာကို ဖော်လိုက်ခြင်း ဖြစ်သည်။ ထိုငယ်ကျိုးငယ်နာမှာ ကျွန်တော့်အတန်းဖော်တွေပင် သိပ် မသိကြသော ငယ်ကျိုးငယ်နာပင် ဖြစ်သည်။ ကျောင်းပြီးသည့်နောက် ဘွဲ့လွန် သင်တန်းတွေ တက်ရင်းက နိုင်ငံခြားဘာသာသင်သိပ္ပံ (ထိုစဉ်က တက္ကသိုလ် မဟုတ်သေး)မှ ဆရာမငယ်တစ်ဦးနှင့် ငြိစွန်းခဲ့သော ကျွန်တော့် ဇာတ်လမ်းဟောင်းကို အမှတ်တမဲ့ တူးဆွလိုက်ခြင်းဖြစ်ပေတော့သည်။

ကျွန်တော်လည်း ကိုမြလိုပင် ရယ်ဖြဲဖြဲ လုပ်လိုက်ရပြန်တော့သည်။

စာရင်းချုပ်သော် ထိုညက ကျွန်တော်တို့တွေ ပျော်ကြပါသည်။ မူးကြပါသည်။ စကားတွေ အများကြီးလည်း ပြောဖြစ်ကြသည်။ ရယ်သံတွေလည်း စီညံနေခဲ့သည်။

ကျွန်တော့်နှယ်ပင်၊ တခြားအတန်းဖော်များသည်လည်း ပျော်ရွှင် ရယ်မော သောသောညံနေကြသည်။ ငယ်ဘဝကို စားမြုံ့ပြန်နေကြသည်။

ကျွန်တော်ကမူ “အကြောင်းကံ”ဟူသောအရာကို တရံမလပ် စဉ်းစားနေမိရလေသည်။ ကံကလေး အထိုက်အလျောက်ရှိနေသဖြင့် ၂၈ နှစ် အကြာမှာလည်း ကျွန်တော်တို့တွေ ရယ်ပွဲဖွဲ့နေနိုင်သေးသည်။ သူ့အကြောင်း ကိုယ့်အကြောင်း သောင်းသောင်းညံနေနိုင်သေးသည်။
အတိတ်ဆီ ခရီးသွားသောအခါ ၂၈နှစ်တာသည် ဖျိုးခနဲ၊ ဖျတ်ခနဲ၊ ရိပ်ခနဲ၊ ရိပ်ခနဲ။


အနာဂတ်ကို မျှော်ကြည့်သောအခါတွင်မူ ၂၈ နှစ် မပြောနှင့် လာမည့် ၂၈ နာရီပင် သိပ်မရေရာလှ။

ထိုညက ထိုဝိုင်းတွင် ကျွန်တော် အလွန်ပျော်ခဲ့သော်လည်း အိမ်ပြန်ရောက်သောအခါတွင်မူ ရင်မောနေပြန်ပါသည်။ အနာဂတ်ကို အမှတ်မထင် လှမ်းမျှော်ကြည့်လိုက်မိသောကြောင့်လည်းဖြစ်ပါသည်။

[၂၀ဝ၃ ဖေဖော်ဝါရီ ၂၇ ထုတ် မဟာသတင်းဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူ ခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉) နဲ့ ၂၀၀၄ခုနှစ် ဒီဇင်ဘာလမှာ လက်တွဲဖော် စာအုပ်တိုက်က ထုတ်ဝေထားတဲ့ “ဖြေတွေးလေးများ”စာအုပ်မှာ ဖော်ပြ ပါရှိခဲ့တဲ့ စာမူလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ၉ ရက်ညမှာ ချွန်ဆု ပြန်ရောက်လာပြီး စုစည်းပြန်လို့ သူငယ်ချင်းတွေ ပြန်ဆုံဖြစ်ပါတယ်။ အဲဒီ့နေ့ညက ကျွန်တော် တော်တော် မူးပါတယ်။ ပျော်လည်း ပျော်ပါတယ်။ သူငယ်ချင်းတွေကတော့ စိတ်ညစ်မှာပါ။ ကျွန်တော်က လှည့်ပတ် ရစ်နေတာကိုး။ ဒါပေမယ့် သူတို့တွေ သည်းခံခဲ့ကြပါတယ်။ ဒါနဲ့ လွန်ခဲ့တဲ့ ခုနစ်နှစ်က ရေးခဲ့တဲ့ စာမူလေးကို ပြန်ရှာပြီး ဘလော့(ဂ်)မှာ အမှတ်တရ တင်ဖြစ်သွားတာပါပဲ။ တွေးစရာ တစ်ခုခုတော့ ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။]

Disconcerting Experience

နတ် လူ သာဓု ခေါ်စေသော်ဝ်

ကျွန်တော်နဲ့ အိပ်ခ်ျအိုင်ဗှီ

သရဖူ မဂ္ဂဇင်းမှာ “အထင်ကြီးခံချင်သူ လူတစ်ယောက်အကြောင်း”ဆိုပြီး ကုရာနတ္ထိ ရောဂါသည် တစ်ယောက်အကြောင်းကို ရေးဖြစ်ခဲ့ပါတယ်။ အဲဒီ့ နောက် သိပ်မကြာလှဘူး၊ အဲဒီ့လူ ကွယ်လွန်သွားတယ်။


နောက် သိပ်မကြာဘူး၊ ကျွန်တော်နဲ့ နီးစပ်တဲ့ အထဲမှာ ကုရာနတ္ထိဝေဒနာရဲ့ နောက်ဆုံးအဆင့်ကို ခံစားနေရသူ ရောဂါသည်တစ်ဦးကို ဆုံရပြန်တယ်။
သည်မှာတင် ကျွန်တော်လည်း အတော်လေး တုန်လှုပ်သွားတယ်။

ကျွန်တော်ဟာ ယောက်ျားတစ်ယောက် ဖြစ်ပင်ဖြစ်လင့်ကစား အခကြေး ငွေပေးပြီးမှ အပျော်အပါး လိုက်စားရတဲ့အလုပ်ကို လုံးဝ စိတ်ပါလို့ မရဘူး။ အနုသမားပီပီ ခံစားချက် မပါတဲ့ ကိုယ်လက် နှီးနှောမှုကို မသတီတာက ပထမအချက်ပါ။

လူပျိုပေါက်တုန်းက တစ်ခါ၊ နှစ်ခါတော့ စမ်းကြည့်ဖူးတယ်။ ဒါပေမယ့် အဲသလို စမ်းပြီးတဲ့ နောက်မှာ တစ်ခုခုများ ဖြစ်တော့မလား၊ ရောဂါတစ်ခုခုများ ရလာမလားလို့ ကြောင့်ကြနေရတဲ့ စိတ်အနေကို သည်းမခံနိုင်တာနဲ့ နောက်ပိုင်းမှာ တစ်ခါမှ မတစ်ခါမိတော့ဘူး။

အသက်ကလေး အစိတ်ကျော်လာတော့ အတွေးအမြင်က တစ်မျိုး ပြောင်းသွားတယ်။ ပြောရရင် ကျွန်တော်က နည်းနည်း စွံတယ်။ (ကြွားတာလို့ ထင်ချင်လည်း ထင်လိုက်ကြပါတော့။) အဲလို စွံတော့ကာ ခံစားချက်လေးနဲ့ နုရွရင်း ကဲလို့ ရတတ်နိုင်မှန်းကို သိသွားတယ်။ အခကြေးငွေ ပေးပြီးမှ ပျော်ပါးတယ်ဆိုတာ မစွံနိုင်တဲ့ ယောက်ျားတွေမှ လုပ်ရတဲ့အလုပ်မျိုးလို့ ထင်လာတယ်။

အဲတော့ အခကြေးငွေပေးပြီး အပျော်အပါး လိုက်စားတဲ့ အလုပ်နဲ့ ကျွန်တော်နဲ့က ကင်းတယ်။ အသက် ၃၀ ကျော်မှ အိမ်ထောင်ကျတဲ့ ကျွန်တော်ဟာ အိမ်ထောင်ကျပြီးတဲ့နောက်မှာလည်း ခြေက သိပ်မငြိမ်ဘူး။ ကဲတာကတော့ အခါအားလျော်စွာ ရှိနေခဲ့တာပဲ။ ဒါပေမယ့် စောစောက ပြောသလို ကြေးစားတွေနဲ့ ပျော်ပါးတာမျိုးတော့ မဟုတ်ဘူး။

ကျွန်တော့်ဘာသာ အိမ်ထောင်ရေးပြင်ပ အရေးအခင်းကို ခင်းကျင်းပြီး ဖောက်တာ သက်သက်ပါ။ ဒါပေမယ့် ဖြစ်ချင်တော့ ၁၉၉၃၊ နှစ်ကုန်ပိုင်းလောက်မှာ ကျွန်တော်နဲ့ ဖြစ်ခဲ့ဖူးတဲ့ မိန်းမက ပြဿနာ။ သူက ကျွန်တော်နဲ့ လာဖြစ်တဲ့အချိန်မှာ အိမ်ထောင် ကွဲပြီးခါစ။
ကျွန်တော် သတိ လစ်သွားတာက သူနဲ့ ကွာရှင်းလိုက်တဲ့ သူ့ယောက်ျားဟောင်းက မူးယစ်ဆေးသမား ရင့်မကြီး ဆိုတာကိုပဲ။ ကျွန်တော်နဲ့ သူနဲ့ ဖြစ်ကြပြီးတဲ့နောက် သူ့လမ်းသူ ဆက်လျှောက်၊ ကျွန်တော့်လမ်း ကျွန်တော် ဆက်လျှောက်နေစဉ်ကာလမှာပဲ အဲဒီ့ပုဂ္ဂိုလ်လည်း ကုရာနတ္ထိရောဂါနဲ့ ကွယ်လွန်သွားတဲ့ သတင်းကို ကြားလိုက်ရတယ်။

စာဖတ်သူတို့ စဉ်းစားကြည့်ပါ။


အဲသလိုလည်း ကြားရရော ကျွန်တော်လည်း ပျာသွားပါတော့တယ်။ ဒါနဲ့ ၉၄ နှစ်ဦးမှာ သွေးဖောက်စစ်မိခဲ့ပါတယ်။ အဲဒီ့တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် သိနေသလိုပဲ၊ ဘာမှ မဖြစ်နိုင်ဘူးဆိုတာကို ပြောပါတယ်။

ဆေးစစ်ချက်ထွက်လာတော့ ကျွန်တော် ယုံတဲ့ အတိုင်းပါပဲ၊ ကျွန်တော့်မှာ ကုရာနတ္ထိ ရောဂါပိုး ရှိမနေပါဘူး။

အဲဒီ့အရေးအခင်းဟာ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာ ကျူးလွန်မိတဲ့ ဒုတိယအရေးအခင်းပါ။ အဲဒါပြီးတဲ့နောက်မှာတော့ ကျွန်တော်တစ်ယောက် အတော်လေး အပိုးကျိုး သွားပါတော့တယ်။ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေကို ဆက်လက် မကျူးလွန်ဖြစ်တော့ပါဘူး။

ဒါပေမယ့် အကုသိုလ်အမှုတွေ ပြုဖူးသူမို့ထင်ပါရဲ့၊ ၁၉၉၄ နှစ်လည်မှာ ယာဉ်တိုက်မှုတစ်ခု အကြီးအကျယ် ဖြစ်လိုက်ပါတယ်။ ဖြစ်တဲ့နေရာက ရန်ကုန်-မန္တလေး အဝေးပြေး လမ်းပေါ်မှာပါ။ အခင်းဖြစ်ပွားတဲ့ နေရာအနားမှာ ရှိတဲ့ ကျေးရွာ ရဲစခန်းကနေ ကျွန်တော့်ကို ပြည်သူ့ဆေးရုံကို ခေါ်သွားပါတယ်။
ဆေးရုံကို ရောက်တော့ ကျွန်တော့်ကို မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးပါတယ်။ မီးပျက်နေတဲ့အတွက် ညစ်ထေးထေး အပ်ကို စနစ်တကျ ပြုတ်ထားသလား၊ မပြုတ်ထားဘူးလားဆိုတာ ကျွန်တော် ဘယ်လိုမှ မဝေခွဲနိုင်ပါဘူး။ မပြုတ်ထားဘူးဆိုရင်လည်း ကျွန်တော့်မှာ ဆေးအထိုး မခံဘူးဗျာလို့ ငြင်းလို့ ရနိုင်တဲ့ အနေအထားမှာ ရှိမနေခဲ့ဘူး။

ပိုဆိုးတာက ကျွန်တော့်ခေါင်းက ဒဏ်ရာကို စစ်ဆေးပြီး ဆေးထည့်ဖို့အတွက် ဆံပင်တွေကို ရိတ်တဲ့အခါမှာပါ။ ဆံပင်ရိတ်တာကို မုတ်ဆိတ်မွေး ရိတ်တဲ့ ဂျုတ်နဲ့ ရိတ်ပါတယ်။ ဆေးရုံ အကူလုပ်သားတစ်ဦးက ရိတ်တာပါ။

သူ့လက်ထဲမှာ ကိုင်လာတဲ့ ဂျုတ်ကိုကြည့်ပြီး ကျွန်တော် အတော်စိတ် ဆင်းရဲသွားခဲ့ပါတယ်။ ဒါးနဲ့ ဂျုတ်ကြားမှာ သွေးစသွေးနတွေနဲ့ အမွေးမည်းမည်းတွေ ကပ်ငြိနေပါတယ်။ ဒါပေမယ့် ကျွန်တော်က အိပ်ရာပေါ်မှာ ပက်လက်၊ လူများ ထူမပေးမှ လှုပ်နိုင်တဲ့ အနေအထားကို ရောက်နေတော့ “ဖြစ်ချင်တာသာ ဖြစ်ပါစေတော့”ဆိုတဲ့ မထူးစိတ်နဲ့ သူ လုပ်သမျှ ငြိမ်ခံနေခဲ့ရပါတော့တယ်။

သည်အဖြစ်ဟာ ကျွန်တော့်အတွက် အိပ်မက်ဆိုး တစ်ခုပါပဲ။ အဲဒီ့ ယာဉ်တိုက်မှုကြောင့် ကျွန်တော့် တင်ပါးဆုံခွက် ကွဲအက်သွားပါတယ်။ ဒဏ်ရာကြောင့် ခွဲစိတ် ကုသခံလိုက်ရပါသေးတယ်။ ခွဲစိတ် ကုသခံတဲ့အခါမှာတော့ ရန်ကုန်မှာပါ။ ထုံးစံအတိုင်း သွေးသွင်းခဲ့ရသေးတာလည်း အမှန်ပါ။

အခု၁၉၉၈ခုနှစ်မှာတော့ ကျွန်တော်လည်း လူကောင်းပကတိဖြစ်နေပါပြီ။ ဒါပေမယ့် ၁၉၉၅လောက်မှာတုန်းက ရေယုန်တွေ ပေါက်လိုက်ပါသေးတယ်။ သည်ကြားထဲမှာ မကြာသေးခင်က သွေးစုနာတွေ ဟိုတစ်လုံး၊ သည်တစ်လုံး ထွက်လာတဲ့အပြင်၊ ဟိုနားက ယားလိုက်၊ သည်နားက ယားလိုက်နဲ့ဖြစ်နေတော့ ကျွန်တော်လည်း လန့်တန့်တန့် ဖြစ်လာပါတော့တယ်။

အထက်မှာ ရေးခဲ့သလို ကျွန်တော်ဟာ သွေးဖောက် စစ်ပြီးတဲ့နောက် လိင်အပျော်အပါး လိုက်စားတဲ့အမှုကို လုံးလုံးကြီး ကင်းအောင် နေခဲ့ပါတယ်။ အရင်ကလိုတောင် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေကိုလည်း မကျူးလွန်ဖြစ်ခဲ့ပါဘူး။

မူးယစ်ဆေးနဲ့ ကျွန်တော်နဲ့ကလည်း အဝေးကြီးပါ။ ဒါပေမယ့် ဆေးရုံပေါ်မှာ စိတ်မသတီစရာ ကောင်းလှတဲ့ အပ်နဲ့ ဆေးထိုးခံခဲ့၊ ရွံစရာ ကောင်းလှတဲ့ ဂျုတ်နဲ့ ခေါင်းရိတ် ခံခဲ့ရတဲ့အပြင်၊ သွေးသွင်းကုသမှုကိုပါ ခံယူခဲ့ဖူးသူအနေနဲ့ကျတော့ ဖြစ်နိုင်ချေတွေက အများကြီးရှိပါတယ်။ ကျန်းမာရေး ဗဟုသုတ မရှိရင်လည်း အကြောင်းဟုတ်ချင်မှ ဟုတ်မှာပါ။ အခုကျတော့ ကျွန်တော်က စာလေးပေလေး ဖတ်ထားတဲ့အပြင် ကျွန်တော့် အလုပ် တာဝန်အရ ၁၉၉၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ကုရာနတ္ထိရောဂါ ယေဘုယျ အခြေအနေ စာတမ်းကို ပြုစုခဲ့ရဖူးသူလည်း ဖြစ်နေပါတယ်။ အဲဒီ့စာတမ်း အတွက် သက်ဆိုင်ရာ ဌာနတွေ၊ အဖွဲ့အစည်းတွေကို မေးမြန်းခဲ့ရတာမို့ သာမန်လူထက်စာရင် သည်ကိစ္စတွေကို တော်တော်လေး သိထားတော့တာပေါ့။

သည်ကြားထဲ ရေယုန်ပေါက်လို ပေါက်၊ ယားနာဖြစ်လို ဖြစ်၊ သွေးစုနာ ထွက်လို ထွက်တွေပါ ဖြစ်လာတဲ့အခါ ကျွန်တော့်မှာ နေစရာ မရှိတော့ဘူး။ ပိုဆိုးတာက ကျွန်တော်က သူများ အဲသလို ရောဂါဖြစ်နေတဲ့ အကြောင်းကို ရေးပြထားမိတဲ့သူ။

အဲတော့ ကျွန်တော် ပျာနေတာ မဆန်းလှပါဘူး။

နောက်ဆုံးမှာတော့ စိတ်နှလုံး ဒုံးဒုံးချပြီး ဆေးစစ်ဖို့ လုပ်ရပါတော့ တယ်။ ဟိုအနာ၊ သည်အနာလေးတွေကလည်း တော်တော်နဲ့ အသားနု မတက်နိုင် ဖြစ်နေတော့ ဆီးချိုများ ဖြစ်နေသလားဆိုပြီး စစ်ဖို့ပါ လိုအပ်နေတာနဲ့ တစ်ပါတည်း ပေါင်းစစ်ဖို့ စဉ်းစားရတာပါ။

သွေးစစ်ကြည့်တဲ့ နေ့

အဲဒီ့နေ့က စနေနေ့ပါ။ ဆီးချိုကို ကျကျနန စစ်နိုင်ဖို့အတွက် ည ဆယ်နာရီကျော်တဲ့အချိန်ကတည်းက ရေက လွဲရင် ဘာဆို ဘာမှ မစားမသောက်ဘဲ နေထားခဲ့ပြီး မနက် ရှစ်နာရီမှာ သွေးသွားဖောက်ပါတယ်။

သွေးမဖောက်ခင် စာရင်းပေးတဲ့အခါမှာ ဆီးချိုနဲ့ အိပ်ခ်ျအိုင်ဗှီ စစ်မယ်လို့ ပြောလိုက်တဲ့အခါ စာရင်းယူသူက ဘာမှ မဖြစ်ပေမယ့် အဲဒီ့စားပွဲမှာ ထိုင်နေတဲ့ ဧည့်သည်တစ်ယောက်ကတော့ ကျွန်တော့်မျက်ခွက်ကို စူးစူးစမ်းစမ်း လှမ်းကြည့်ပါတယ်။ သူ့မျက်လုံးတွေက တစ်မျိုးတော့ တစ်မျိုးပါပဲ။ အထင်သေးသလိုလို၊ သနားသလိုလို အကြည့်မျိုးနဲ့ပါ။

တော်ပါသေးရဲ့၊ မြင်သာတဲ့ နေရာမှာ ဘာအနာမှ မရှိသလို၊ လူကလည်း ခပ်ဖိုင့်ဖိုင့်၊ အသားအရေကလည်း စိုစိုပြည်ပြည် ရှိနေပေလို့ပေါ့။ အဲလိုသာ မဟုတ်ရင် အဲဒီ့လူ ထများ ပြေးလေမလားပဲ။

ဆေးခန်းက စစ်ချက်ကို ၁၂နာရီခွဲမှ လာယူပါလို့ ပြောလိုက်ပါတယ်။ ကျွန်တော်လည်း ဘာမှ စောဒက တက်မနေတော့ဘဲ အိမ်တန်းပြန်ခဲ့ပါတယ်။
အဲဒီ့နေ့ကတော့ တော်တော့်ကို ကသိကအောက် ဖြစ်ရတဲ့နေ့ပါ။

“အိပ်ခ်ျအိုင်ဗှီပိုး ရှိနေပြီဆိုတာ သေချာသွားရင်…”ဆိုတဲ့ အတွေးက တစ်ရံမလပ် ဖိစီးနေပါတော့တယ်။ သမီးက ကိုးနှစ်၊ သားက ခုနစ်နှစ် ဆိုတော့ ကျွန်တော့်ကလေးတွေက ငယ်လှပါသေးတယ်။ သူတို့လေးတွေအတွက်လည်း ပူချင်သလိုလိုပါ။ ကျွန်တော့်မှာ ရှိနေပြီဆိုရင် ကျွန်တော့်ဇနီးမှာလည်း အလားတူ ဖြစ်ဖို့က သေချာသလောက်ပါ။

ဒါပေမယ့် သူတို့ထက် ကိုယ့်ကိုယ်ကိုယ် ပိုပူနေတာပါ။ ဓာတ်ခွဲခန်းက ပေးတဲ့အဖြေဟာ ပေါ့ဇတစ်ဗှ်သာဆိုရင် ဘာလုပ်ရမလဲဆိုတဲ့ အတွေးက ဖိစီးနေပါတယ်။ ကြံရာမရတဲ့ အဆုံးမှာ တရားမှတ်ပါတယ်။ အခုတလော တရားလေးကို ကြိုးကြား မှတ်ဖြစ်နေတော့ နည်းနည်းတော့ နေသာသလို ရှိသွားတယ်။ ဒါပေမယ့် စိုးရိမ်စိတ်က ပြန်ပြန်လွှမ်းလာတယ်။

ဒါနဲ့ ကျွန်တော်လည်း တဆုံး တွေးချလိုက်တော့တယ်။

ဟုတ်ပြီ၊ ကျွန်တော့်မှာ အိပ်ခ်ျအိုင်ဗှီပိုးရှိနေတာ သေချာသွားပြီ ဆိုပါစို့။ ကျွန်တော် ဘာလုပ်မလဲ။

ပထမဆုံးအချက်က သည်ကိစ္စကို လူမသိအောင် အတတ်နိုင်ဆုံး ဖုံးထားဖို့ စဉ်းစားပါတယ်။ လူတွေက စာနာစိတ်နဲ့ ဆက်ဆံတော့မှာ မဟုတ်တာကို သိနေလို့ပါ။ အဲဒီ့ရောဂါပိုး ရှိနေပြီဆိုတာနဲ့ ကုဋ္ဌနူနာ ရောဂါသည်လို ကြဉ်ကြတော့မယ်ဆိုတာ သေချာနေပါတယ်။ အဲသလို ကြဉ်ကြတာလည်း ကျွန်တော့်မျက်မြင်ပါ။

အမှန်က သွေးချင်း ထိတွေ့မိစရာ အကြောင်းမရှိသမျှ ရောဂါ မကူးနိုင်ပါဘူး။ လေကသော်လည်းကောင်း၊ ခြင်ကသော်လည်းကောင်း၊ တံတွေးတို့၊ ဘာတို့ကသော်လည်းကောင်း အိပ်ခ်ျအိုင်ဗှီ ဗှိုင်းရပ်စ်ပိုးကို သယ်ဆောင်နိုင်ခြင်း အလျဉ်းမရှိတာမို့ အိပ်ခ်ျအိုင်ဗှီ ရောဂါပိုးရှိသူနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ထမင်းတစ်ဝိုင်းတည်း စားတာ၊ တစ်အိမ်တည်း အတူနေတာမျိုးဟာ ဘယ်လို မှ ရောဂါ မကူးနိုင်ပါဘူး။ ဆရာဝန်တိုင်းက သည်အချက်ကို ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ လူပြိန်းတွေဟာ လူတစ်ယောက်မှာ အိပ်ခ်ျအိုင်ဗှီပိုး ရှိနေပြီဆိုတာနဲ့ သူတို့ကို ချက်ချင်း လက်ငင်းပဲ ကူးတော့မယ့်အတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ခွာခွာ နေလိုက်ကြဖို့ အားထုတ်တော့တာကို ကျွန်တော့်မျက်လုံးနဲ့ တပ်အပ် မြင်ဖူးထားပါတယ်။ အဲတော့ ကျွန်တော့်မှာ အဲလို ရောဂါ ရှိနေပြီဆိုတာကို အများသိအောင် ဖွင့်ပြောလို့ မဖြစ်ဘူးဆိုတာကို အလိုလို နားလည်နေပါတယ်။

ဖွင့်မပြောသည့်အတိုင် အနေအထိုင်ကိုတော့ ဆင်ခြင်ရတော့မှာပါ။ ကိုယ့်ရောဂါ၊ သူတစ်ပါးကို မကူးစေဖို့အရေးအတွက် ကိုယ့်ကိုယ်ကိုယ် အတတ်နိုင်ဆုံး ထိန်းဖို့၊ ကိုယ်သုံးတဲ့ လက်သည်းညှပ်၊ ဘီး၊ ဇွန်း၊ ခက်ရင်း၊ သောက်ရေခွက်၊ ဆပ်ပြာများကအစ သတ်သတ်ခတ်ခတ် ထားဖို့ကိုလည်း စဉ်းစားလိုက်ပါတယ်။

ကျွန်တော့်အခြေအနေနဲ့ဆိုရင် ရောဂါပိုးက ခပ်နုနုအဆင့်မှာပဲ ရှိလောက်ပါတယ်။ အဲဒါဆိုရင် ကျွန်တော့်အတွက် အသက်ရှင်နေထိုင်ခွင့်က အနည်းဆုံး သုံး၊ လေးနှစ်တော့ ကျန်ပါသေးတယ်။ ဆိုတော့ လူမရိပ်မိသေးသမျှ ကာလပတ်လုံး အလုပ်ကို ဖိလုပ်ပြီး ကျန်ရစ်သူ မိသားစုအတွက် အတတ်နိုင်ဆုံး ရှာဖွေ စုဆောင်းပေးသွားဖို့ကို ဒုတိယအဆင့် စဉ်းစားပါတယ်။

ပြီးရင် ကျွန်တော် ရေးချင်လျက်နဲ့ ချမရေး ဖြစ်သေးတာတွေကို ဖိရေး သွားဖို့ စဉ်းစားပါတယ်။ ကျွန်တော့်မှာ အိပ်ခ်ျအိုင်ဗှီပိုး ရှိနေတဲ့အကြောင်းကိုလည်း နောက်ဆုံးအချိန်မှာ တရားဝင် လူသိရှင်ကြား ရေးသားပြီး ကြေညာသွားဖို့ စိတ်ကူးလိုက်ပါတယ်။
နောက်ဆုံး တစ်ချက်ကတော့ အချိန်ရှိသရွေ့ တရားအားထုတ်နေဖို့ပါ။ ပိုက်ဆံရှာတဲ့ အလုပ်၊ စာရေးတဲ့ အလုပ်တွေကို ဖိလုပ်ပြီး အချိန်အား ရသမျှမှာ သတိပဋ္ဌာန်တရားလေး ရှုမှတ်နေဖို့ကိုလည်း တစ်ပါတည်း စဉ်းစားလိုက်ပါတယ်။


အဲတော့မှ စိတ်က နည်းနည်း ငြိမ်သွားတယ်။ တရားကိုလည်း ပြန်လည် ရှုမှတ်လို့ ရသွားတယ်။

ဆယ့်နှစ်နာရီ ခွဲပြီးတဲ့ နောက်

ဆေးခန်းက ချိန်းလိုက်တဲ့အချိန် ၁၂ နာရီခွဲကျတော့ ကျွန်တော် ရှောင်လိုက်ပါတယ်။ ဆေးစစ်ချက်ကို သွားမယူသေးပါဘူး။

နေ့ခင်း သုံးနာရီမှာ မြို့ထဲဆင်းပြီး သင်တန်းတစ်ခု တက်စရာရှိနေတာနဲ့ အဲဒီ့အချိန်ကျမှပဲ တစ်ပါတည်း သွားယူလိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ရွှေ့ဆိုင်းလိုက်တာပါ။ အမှန်ကတော့ ဆေးစစ်ချက်ကို သိလည်း သိချင်လှတယ်၊ သိရမှာလည်း မရဲသလိုဖြစ်နေတာ။

ဒါနဲ့ အိမ်မှာပဲ လှည့်ပတ်ပြီး နေနေလိုက်တယ်။ ကလေးတွေနဲ့ ဆော့လိုက်၊ သီချင်းလေး ဖွင့်နားထောင်လိုက်၊ စာအုပ်ကလေးတစ်အုပ်လောက် ကောက်လှန်လိုက်နဲ့၊ ဂဏှာ မငြိမ့်တငြိမ်ပေါ့။

နှစ်နာရီ ထိုးခါနီးကျတော့ ရေဝင်ချိုးတယ်။ ရေချိုးအပြီးမှာ စိတ်က သိသိသာသာကြီးကို ပိုလှုပ်ရှားလာတယ်။ အဝတ်အစားလဲ၊ သင်တန်းနဲ့ သက်ဆိုင်ရာ စာအုပ်စာတမ်းတွေ ထည့်၊ ပြီးတော့ ကားသော့ယူ၊ အိမ်က ထွက်။ လှေကားတစ်ဝက် ရောက်တော့မှ ပါလေရာ တယ်လီဖုန်းလေး ကျန်ရစ်ခဲ့တာကို သတိရလို့  တစ်ခေါက် ပြန်တက်၊ တံခါးခေါက်၊ ဖုန်းယူ။

စိတ်က တော်တော့်ကို လှုပ်နေပြီ။ ကားမောင်းရင်းနဲ့ သတိပဋ္ဌာန်ဘက်ကို စိတ်ပြောင်းရပြန်တယ်။ ဂီယာကို ထိုးထည့်လိုက်တာ၊ ဘယ်ဘက်ခြေကို အကြွမှာ ညာဘက်ခြေဖျားကို ဖိနင်းလိုက်တာ၊ မျက်စိက လမ်းပေါ်ကို ကြည့်နေတာ၊ တစ်ခုစီ သိနေအောင် အားထုတ်နေမိတယ်။

ဒါပေမယ့် အဲဒါလည်း ခဏပဲ။ တော်ကြာနေတော့ “ပေါ့ဇတစ်ဗှ်” ဖြစ်နေရင်ဆိုတဲ့ အတွေးက ဝင်လာတယ်။ ခြေဖျား၊ လက်ဖျားတွေတောင် အေးတေးတေး ဖြစ်လာသလိုပဲ။ ကားထဲက လေအေးစက်ကို ဖွင့်ထားပေမယ့် ချွေးကလည်း ပြန်ချင်ချင်ရယ်။

သီချင်းခွေကို ထိုးထည့်လိုက်တယ်။ “အိပ်မပျော်သော ညများ” သီချင်း သံပေါ်လာတော့ လိုက်အော်နေလိုက်တယ်။ ပါးစပ်ကသာ အော်နေတာ၊ လက်နဲ့ ခြေတွေကလည်း ကားမောင်းတဲ့ အလုပ်ကို ဖိဖိစီးစီးသာ လုပ်နေတာ၊ မျက်စိကလည်း လမ်းမကို မမှိတ်မသုန်သာ ကြည့်နေတာ၊ စိတ်ကတော့ဗျာ၊ “ပေါ့ဇတစ်ဗှ်”သာ ဖြစ်နေရင်ဆိုတဲ့ တဝဲလည်လည်ထဲမှာ နစ်မြဲနစ်လျက်ပဲ။

သည်လိုနဲ့၊ ဆေးခန်းနဲ့ နီးသထက် နီးလာတယ်။ အဲဒီ့အခါ နေ့လည်က အိမ်မှာ တွေးထားတဲ့ အတွေးက ပိုမို ခိုင်မာလာတယ်။


ပေါ့ဇတစ်ဗှ်ဆိုလည်း ဘာအရေးလဲ။ လုပ်စရာ ရှိတာတွေကို အဆင်သင့် စဉ်းစားထားပြီးသားပဲ။ လူမသိအောင်ဖုံးလို့ ရနိုင်သမျှ ဖုံးထားမယ်၊ ဒါပေမယ့် လူတွေကို ရောဂါမကူးအောင် ကိုယ့်ဘာသာ အစွမ်းကုန် ဆင်ခြင် နေထိုင်မယ်၊ ပြီးရင် ပိုက်ဆံ ရှာနိုင်သမျှ ရှာမယ်၊ စာတွေ ရေးနိုင်သမျှ ရေးမယ်၊ တရားကိုလည်း အချိန်ရှိသမျှ အားထုတ်မယ်။ သေတာကတော့ သေမှာပဲ၊ အခုမသေလည်း နောက်တော့ သေကို သေရဦးမှာပဲ။ လောလောဆယ် မသေသေးတာကိုပဲ ကျေးဇူးတင်…


အဲသလို တွေးချလိုက်တဲ့အခါ စိတ်က နည်းနည်းပြန်ငြိမ်သွားပြန်တယ်။

နောက်ဆုံးမှာတော့ ဆေးခန်းနဲ့ အနီးဆုံးနေရာမှာ ကားကို ရပ်လိုက်ရပြီ။

ကားပေါ်က အဆင်းမှာ စိတ်ကို အတတ်နိုင်ဆုံး စုစည်းပြီးသွားပြီ။

နေဦး… တစ်ခုကျန်နေသေးတယ်။ မိသားစုကိုရော ဖွင့်ပြောရမလား။ ဇနီးသည်ကိုတော့ ဖွင့်ပြောလိုက်တာ ကောင်းပါတယ်။ သူ စိတ်ခိုင်သည်ဖြစ်စေ၊ မခိုင်သည်ဖြစ်စေ၊ ပြောပြလိုက်တာက အားလုံးအတွက် ကောင်းတယ်။ သူ့ကိုတော့ ချက်ချင်း ပြောမှ ဖြစ်မယ်။

အဖြေ

အံ့ဩဖို့ ကောင်းတာတစ်ခုက အဲသလို စိတ်နှလုံးလည်း ဒုံးဒုံးချပြီးသွားတဲ့ အခါ ကျွန်တော် အတော် တည်ငြိမ်သွားတယ်။ ဆေးခန်းကို လှမ်းနေတဲ့ ခြေထောက်တွေက လေးတိလေးကန်လည်း ဖြစ်မနေတော့ဘူး။

ဆေးခန်းထဲကို ရောက်တော့ ငွေပြေ ရှင်းထားခဲ့တဲ့ ပြေစာကို ထုတ်ပြလိုက်တယ်။ တာဝန်ခံက “၁၂ နာရီခွဲ ချိန်းထားတဲ့ဟာလား”လို့ မေးတော့ “ဟုတ်ကဲ့”လို့ ဖြေတဲ့ ကျွန်တော့်အသံကိုလည်း ကျွန်တော် သဘောကျသွားတယ်။ ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်ပဲ။

တာဝန်ခံက စာရွက်ထပ်ကို မွှေနေတယ်။ အဖြေက ပိုးတွေ့၊ မတွေ့ တစ်ခုခုပဲ။ တွေ့လည်း တွေ့တာပေါ့။ တခြားသူတွေလို သည်ဆေးခန်းက မဟုတ်နိုင်သေးပါဘူး၊ မှားချင် မှားနေမှာပါဆိုပြီး နောက်တစ်နေရာ ပြောင်းပြီး စစ်ဖို့လည်း စိတ်မကူးပါဘူး။

တာဝန်ခံက စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်တဲ့အခါမှာတော့ ကျွန်တော့် မျက်လုံးက ဇယားကွက်တွေရဲ့ တစ်နေရာကို တန်းခနဲ ရောက်သွားတယ်။
သည်ဓာတ်ခွဲခန်းမှာ ကျွန်တော်တို့ရုံးက ဝန်ထမ်းတွေအားလုံး နှစ်စဉ်၊ ဆီး၊ ဝမ်း၊ သွေး စစ်နေကျ။ ကျွန်တော်တို့ရုံးက ဝန်ထမ်းအားလုံးကို နှစ်စဉ် ကျန်းမာရေး စစ်ဆေးပေးတဲ့ အလေ့အထ ရှိတယ်လေ။

အဲတော့ သည်ဓာတ်ခွဲခန်းကထုတ်တဲ့ သွေးစစ်ချက် စာရွက်ရဲ့ညာဘက် ကော်လံထိပ်မှာ အိပ်ခ်ျအိုင်ဗှီပိုး စစ်တာကို ပြတဲ့နေရာ ရှိမှန်းသိနေတယ်။ ကျွန်တော် ကြည့်လိုက်တော့ အဲဒီ့နေရာလပ်မှာ တံဆိပ်တုံးနဲ့ NEGATIVE လို့ နှိပ်ထားတာကို တွေ့သွားတယ်။

ကျွန်တော့်ရင်ထဲက အလုံးကြီးလည်း အဲတော့မှပဲ လှိုက်ခနဲ ကျသွားပါတော့တယ်။ ဆီးချိုအတွက် သွေးထဲက ဂလူးကို့စ် ပါဝင်မှုနှုန်းကို ကြည့်လိုက်တော့ ၉၆ တဲ့။ စံညွှန်းကိန်းများအရ အစာမစားဘဲ စစ်ရင် ၈၀ မှ ၁၁၀ အတွင်း ရှိနေရမယ်လို့ ဆိုတဲ့အတွက် ဆီးလည်း ချိုမနေဘူး။ ပုံမှန်ဆိုတာ သိလိုက်တယ်။

ဓာတ်ခွဲခန်း တာဝန်ခံက “နှစ်ခုစလုံး ကောင်းပါတယ်”လို့ ကျွန်တော့်ကို ပြောတော့ ကျွန်တော်လည်း ဘာမှ ပြန်ပြောမနေတော့ဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်တယ်။ စိတ်ထဲမှာ အတော့်ကို ပျော်သွားပြီ။ နေရထိုင်ရတာလည်း ပေါ့ပါး လွတ်လပ်သွားပြီ။

ဆေးခန်းက ပြန်ဆင်းလာတဲ့အခါ ကျွန်တော့်ခြေထောက်တွေက မြေကြီးနဲ့တောင် ထိမနေတော့ဘူး ထင်ရအောင်ကို ပေါ့ပါးနေပါတော့တယ်။
အဲဒီ့နေ့က တွေ့သမျှ လူတိုင်းကိုလည်း ကျွန်တော့် အပျော်တွေ မျှပေးမိသေးတယ်။

ဒါပေမယ့် NEGATIVE ဆိုတာကို မမြင်လိုက်ရသေးခင်အထိ ခံစားနေရတဲ့ ခံစားမှုကိုတော့ တစ်သက်တာ မေ့လို့ရမယ် မထင်တော့ဘူး။ တကယ့်ကို အူလှိုက်သည်းလှိုက် ပူပန် ထိတ်လန့်နေခဲ့ပုံများလေ။ စာနဲ့ ရေးပြလို့ကတော့ သည်လောက်ပဲ ရေးတတ်ပါတယ်။ ပြောမယုံ၊ ကြုံဖူးမှ သိနိုင်မယ့် စိတ်လှုပ်ရှားမှုမျိုးမို့ သည့်ထက်လည်း ပိုရေးမပြတတ်တော့ပါဘူး။

စဉ်းစားစရာ

တစ်ဆက်တည်းမှာပဲ၊ ရောဂါပိုးသာ ကျွန်တော့် သွေးထဲမှာ ရှိနေခဲ့ရင်ဆိုတဲ့ အတွေးနဲ့ တေးပြီး စဉ်းစားထားခဲ့သမျှကိုလည်း ပြန်သတိရတယ်။

ကျွန်တော့်အသက် ၄ ၀ကျော်ပါပြီ။ အမှည့်တဝင်းဝင်း၊ အကင်းတဖြုတ်ဖြုတ်ဆိုသလိုပဲ၊ ကျွန်တော်နဲ့ မတိမ်းမယိမ်းတွေ၊ ကျွန်တော့်ထက် ငယ်သူတွေရဲ့ နာရေးကြော်ငြာတွေကိုလည်း နေ့စဉ် တွေ့မြင်နေရပါတယ်။ ဆိုလိုတာက သေခြင်းတရားဆိုတာ ကျွန်တော်တို့ရဲ့လက်တစ်ကမ်းမှာ ချောင်းနေတဲ့ မုဆိုးပါ။

ဘယ်အချိန်၊ ဘယ်ကာလမှာ ရောက်လာမယ်၊ ဘယ်အချိန်၊ ဘယ်ကာလမှာ သေမိန့်ကို ရင်ဆိုင်ရမယ်ဆိုတာ ဘယ်သူမှ သေချာတိကျ မပြောနိုင်ပါဘူး။ မသေခင်ကာလမှာတော့ မာန်တွေ၊ မာနတွေ၊ ပညာတွေ၊ ဂုဏ်တွေ၊ ဥစ္စာဓနတွေ၊ မုန်းခြင်း၊ ချစ်ခြင်းတွေ၊ နာကျည်းခံပြင်းတာတွေ၊ ပျော်ရွှင်တပ်မက်တာတွေနဲ့ နေလို့ ကောင်းနေပါတယ်။

တကယ်လို့သာ လူတစ်ယောက်ဟာ မုချမသွေ သေရတော့မယ်ဆိုတာကို ကြိုသိနေခဲ့မယ်ဆိုရင် အဲဒီ့လူဟာ တည်ငြိမ်နိုင်ပါ့မလား။ သေရမှာကို ထားဦး၊ သေနိုင်တဲ့ ရောဂါပိုးတစ်ခု ငါ့သွေးထဲမှာလည်း ရှိချင် ရှိနေနိုင်ပါလား ဆိုတာကိုတွေးရင်း အဖြေကို စောင့်နေဆဲ ကာလမှာတောင် စိတ်ဆင်းရဲပြီး ဆောက်တည်ရာ မရချင်သလို ဖြစ်နေခဲ့တာကိုတော့ ကိုယ်တွေ့သိခဲ့ပါပြီ။

သေရတော့မယ်ဆိုတာကို မသေချာသေးချိန်မှာတောင် သည်လောက် ဆောက်တည်ရာမရ ဖြစ်နေရသေးရင် သေရတော့မယ်ဆိုတာကို သိနေလေတဲ့ ကုရာနတ္ထိ ရောဂါသည်တွေ၊ ကင်ဆာရောဂါ ခံစားနေသူတွေရဲ့ ရင်မှာ ဘယ်လိုများ နေလေမလဲဆိုတာကို မှန်းဆနိုင်ကြလိမ့်မယ် ထင်ပါတယ်။

အထူးသဖြင့် ကုရာနတ္ထိဝေဒနာကို ခံစားနေရသူတွေအတွက်ပါ။

သူဖြစ်ဖြစ်၊ ကိုယ်ဖြစ်ဖြစ်၊ အဲသလို ရောဂါသည်တွေကို စာနာ သနားဖို့ အင်မတန် ခက်ပါတယ်။ လိင်အပျော်အပါး လိုက်စားလို့ပဲဖြစ်ဖြစ်၊ မူးယစ်ဆေးဝါး သုံးစွဲလို့ပဲဖြစ်ဖြစ် ဖြစ်နိုင်ချေ ရှိတဲ့ကိစ္စမျိုးမို့ သည်လောက်တောင် ပွေလီတဲ့သူ၊ မိုက်တဲ့သူ၊ သူလုပ်သမျှ သူခံရတာပဲဆိုတဲ့အတွေးမျိုးနဲ့ အဲဒီ့ ဝေဒနာရှင်တွေအပေါ် စာနာပေးဖို့ဆိုတာ အင်မတန် ခက်ပါတယ်။

သွေးသွင်း ကုသရာကဖြစ်စေ၊ မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကဖြစ်စေ ကူးစက်လာတယ်ဆိုဦးတောင် တော်ရုံတန်ရုံ လူယောက်ျားတစ်ယောက် အဲဒီ့ ရောဂါ ဖြစ်နေတယ်ဆိုရင်ကို ပတ်ဝန်းကျင်က လီဆယ်နေတယ်လို့ ထင်နေမိကြဖို့ကလည်း သေချာသလောက်ပါ။

ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ပါ။ လောကမှာ ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ၊ လူမိုက်ပဲဖြစ်ဖြစ်၊ လူလိမ်မာပဲဖြစ်ဖြစ်၊ ချမ်းသာ၊ ဆင်းရဲ၊ ဆူကြုံ နိမ့်မြင့် မဟူ၊ သေရတော့မယ်၊ မလွဲမသွေ သေရတော့မယ်ဆိုတာကို သေချာဂန သိနေချိန်မှာတော့ ဘယ်သူမှ သေချင်မှာ မဟုတ်ပါဘူး။ ဆေးသမားမို့လို့ မူးယစ်ဆေးဝါးလေး မှီဝဲချင်သေးလို့၊ အပျော်လိုက်သူမို့ ရိက္ခာ ယူချင်သေးလို့၊ ပညာရှင်ကြီးမို့ လောကကို အကျိုးပြုချင်သေးလို့ အသက်လေး ဆက်ရှူနေချင်သေးတာ မဟုတ်ပါဘူး။ သတ္တဝါတို့ရဲ့ အသက်ကို ခင်တွယ်မှု သဘောအရ ရတတ်သလောက်ကလေး နေလိုက်ချင်တာပါ။

အဲသလို နေချင်သေးတာနဲ့အတူ နေရသလောက်လေးမှာလည်း မိမိ ပတ်ဝန်းကျင်က လူတွေရဲ့ နွေးထွေးတဲ့ ပြုစုယုယမှု၊ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ အားပေးမှုတွေကို ခံယူချင်မှာလည်း လူတိုင်းပါပဲ။ လူဆိုးမို့ မလိုချင်ဘူး၊ လူကောင်းမှ လိုချင်ရမယ်လို့လည်း ပြောလို့ဖြစ်တာမျိုး မဟုတ်ဘူး။ ထို့အတူ စာနာမှု၊ ယုယမှု၊ အားပေးမှုဟာ သေရမယ့်သူချင်းအတူတူ၊ လူဆိုးနဲ့ မထိုက်တန်ဘူး၊ လူကောင်းနဲ့သာ ထိုက်တန်တယ်လို့လည်း ပြောလို့လည်း မရနိုင်ဘူး။

အဲတော့ နေရသခိုက်လေး၊ သူတို့တွေရဲ့ ရှိစု၊ မဲ့စု ရှင်ခွင့်ရနေခိုက်လေးမှာ သူတို့တွေရဲ့အမှားတွေ၊ အပြစ်တွေ၊ ကျူးလွန်မှုတွေကို ခဏလောက် မေ့ဖျောက်ပေးထားပြီး လူသားချင်း စာနာတဲ့စိတ်ကလေးနဲ့ ဖေးမနိုင်မယ်ဆို ရင်တော့ “ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ”လို့ လူကြားလို့ ကောင်းအောင် ကြေးစည်လေးထုထုပြီး အော်နေတာထက် ပိုပြီး ကုသိုလ် ရနိုင်လေမလားလို့ စဉ်းစားနေမိရပါတယ်။

———————————————-

(၁၉၉၉ ဧပြီလထုတ် ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာလမှာ စာပေလောက စာအုပ်တိုက်က ပထမအကြိမ်၊ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ လက်တွဲဖော်စာအုပ်တိုက်က ဒုတိယအကြိမ် ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “တွေးတောဆင်ခြင်မှု အနုပညာ”စာအုပ်ထဲက စာတစ်ပုဒ်ကို ပြန်လည်ဖော်ပြလိုက်တာပါ။)

The Origin of Jealousy

Twaytawမနာလိုတိုရှည်ရဲ့ မူလဘူတ

တွေ့ရှိပုံ နိဒါန်း

လွန်ခဲ့တဲ့ လေး၊ ငါး၊ ဆယ်နှစ်လောက်အထိက ကျွန်တော့်မှာ သူတစ်ပါးအပေါ် မနာလိုတာတွေ၊ ဝန်တိုတာတွေ၊ မရှုစိမ့်တာတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ သူတစ်ပါး အောင်မြင်ပေါက်မြောက်တာကို ကြားသိရရင် ရင်ထဲ မှာ ကျလိကျလိနဲ့ နားကြားပြင်း ကပ်တတ်တယ်။ သူတစ်ပါး ထွန်းကားနေတာကို မြင်ရရင် မျက်စိနောက်တတ်တယ်။ တစ်ပါးသူရဲ့ကျဆုံးမှု၊ နစ်နာမှုတွေကို ကြားသိရရင် ဝမ်းသာတတ်တယ်။ အဲသလို ညစ်ပေ စုတ်ပဲ့လှတဲ့ စိတ်မျိုးနဲ့ ကျွန်တော်ပါ။


ကျွန်တော့် ချစ်သူရည်းစားများနဲ့ကျပြန်တော့ တစ်မျိုး။ ကျွန်တော်က သဝန်မကြောင်တတ်ပြန်ဘူး။ သူတို့ ဘယ်လိုအမျိုးကောင်းသားများနဲ့ ရင်းရင်းနှီးနှီး ခင်ခင်မင်မင်နေနေသည်ဖြစ်စေ ကျွန်တော့်စိတ်မှာ ဘယ်လိုမှ မဘယ်လို မိတတ်ပြန်ဘူး။

အသက်၃၀ကျော်မှာ ကျွန်တော်အိမ်ထောင်ကျပါတယ်။ အိမ်ထောင်ဦးမှာ ကျွန်တော့်အိမ်သူက ကျွန်တော်နဲ့ပတ်သက်ရင် အမြဲမဟုတ်ပေမယ့် တစ်ခါတလေ သဝန်တိုပုံလေးတွေ မသိမသာ ပြတတ်တယ်။ အိမ်ထောင်ကျစ အနည်က မထိုင်သေးတော့ သူနဲ့ အိမ်ထောင်မကျခင်က ခြေစလက်စတွေနဲ့ ပတ်သက်လို့ သူ စိတ်ပါတဲ့အခါ ခနဲ့တတ်တယ်၊ သည်အခါများမှာ “သူ ကျွန်တော့်ကို ချစ်လွန်းလို့ သဝန်ကြောင်ရှာတာပါလေ”ဆိုတဲ့ အတွေးနဲ့ ကြည်နူး ကျေနပ်နေတတ်ခဲ့ပါတယ်။

သူနဲ့ပတ်သက်လို့ ကျွန်တော်က တစ်စက်ဆို တစ်စက်ကလေးသော်မှ သဝန်ကြောင်ရကောင်းမှန်း မသိပြန်ဘူး။ အဲတော့ ကျွန်တော်ဟာ သူ့ကို နှစ်နှစ်ကာကာ မရှိတာမို့လို့ သဝန်မတိုတာပါလို့ သူက ရန်ထောင်တယ်။ အဘယ် သူကောင့်သား၊ သူကောင့်သမီးက တီထွင်သွားတဲ့စကားလဲတော့ မသိဘူး၊ “ချစ်လို့ သဝန်ကြောင်တာ”ဆိုတဲ့ အူလည်လည် စကားတစ်ခွန်းကို ကျွန်တော်တို့ တွင်တွင်ကြီး ကြားနာ ပြောဆိုနေကြတာမို့ ယုတ္တိဗေဒအရ သဝန်မကြောင်တတ်ရင်ပဲ မချစ်လို့ရယ်ပါလို့ စွပ်စွဲလို့ရတတ်နေချင်ပြန် တာလည်း အမှန်ပါပဲ။

အဲဒီ့ အူလည်လည် အတွေးအခေါ်က ခေါင်းထဲမှာ ဆို့ထားတော့ သဝန်မကြောင်တတ်တဲ့ ကျွန်တော့်ခမျာ မချစ်တတ်သလိုလို ဖြစ်နေရှာပါရောလား။ ကျွန်တော့်အိမ်သူက ကျွန်တော်သူ့ကို နှစ်နှစ်ကာကာ မရှိဘူးလို့ ရိုးစွပ်တဲ့အခါများမှာ သူ့ကို မချေပနိုင်ရုံတင်မကဘဲ သူပြောတာ ဟုတ်များ နေသလားလို့ တွေးယူမိတဲ့အထိ ကျွန်တော့်ကို အဲဒီ့ အူလည်လည် အတွေးအခေါ်၊ အဆိုအမိန့်က ဒုက္ခပေးပါတယ်။

တစ်ရက်မှာတော့ ဘယ်သူ့ကိုလဲ မသိဘူး။ ကျွန်တော့်ထုံးစံအတိုင်း သွန်သင်ပေးနေမိရင်းက ခေါင်းထဲမှာ လျှပ်စီးလက်သလို အလင်းတန်းသစ် တစ်ခုရသွားတယ်။ “ချစ်လို့ သဝန်ကြောင်ခြင်းဖြစ်သည်၊ ထို့ကြောင့် သဝန် မကြောင်တတ်သူသည် မချစ်သောသူသာဖြစ်ရမည်”ဆိုတဲ့ ဘယ်က စမှန်း မသိတဲ့ အဆိုအမိန့်နဲ့၊ ယုတ္တိဗေဒဟာ ချွတ်ချော် မှားယွင်းနေကြောင်း ဒက်ခနဲ လှမ်းမြင်လိုက်တဲ့ အလင်းတန်းပါ။


တစ်ဆက်တည်းမှာပဲ လွန်ခဲ့တဲ့ လေး၊ ငါး၊ ဆယ်နှစ်လောက်အထိ ကျွန်တော့်မှာ ရှိနေခဲ့တဲ့ သူတစ်ပါးအပေါ် မနာလိုတတ်တာတွေ၊ ဝန်တိုတတ်တာတွေ၊ မရှုစိမ့်တတ်တာတွေ မရှိတော့တာကိုလည်း တအံ့တဩ သတိထားမိလိုက်တယ်။ သည်မှာတင် မနာလိုစိတ်၊ ဝန်တိုစိတ်၊ မရှုစိမ့်မှု၊ သဝန်ကြောင်မှုတို့ရဲ့ ဇစ်မြစ်တရားခံ အစစ်အမှန်ကို တိတိလင်းလင်း၊ ကွင်းကွင်းကွက်ကွက် မြင်လိုက်ရပါတယ်။

 

မနာလိုတိုရှည်ရဲ့ မူလဘူတ

တကယ်တော့ သိုးဆောင်းစကားနဲ့ jealousy သို့မဟုတ် envy လို့ ခေါ်တဲ့ မနာလိုတိုရှည်စိတ်၊ သဝန်ကြောင်မှု၊ မရှုစိမ့်မှုတွေ လူတစ်ယောက်မှာ ဖြစ်ပေါ်လာဖို့အတွက် အကြောင်းတရား နှစ်ရပ်ပဲ လိုအပ်ပါတယ်။

ပထမအကြောင်းတရားက မိမိကိုယ်မိမိ ယုံကြည်မှု မရှိခြင်းဖြစ်ပြီး ဒုတိယအကြောင်းတရားက မိမိရဲ့ အခြေအနေမှန်ကို လက်ခံနိုင်စွမ်း မရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိသူများ၊ မိမိရဲ့အခြေ အနေမှန်ကို သက်ဝင်လက်ခံနိုင်စွမ်းရှိသူများမှာ ဝန်တိုစိတ်တွေကင်းမဲ့တယ် လို့ ပြောင်းပြန် ပြန်ယူနိုင်ပါတယ်။
သည်အချက်နှစ်ချက်နဲ့ သဝန်ကြောင်တတ်ခြင်းတို့ ဆက်နွယ်မှုကို အရင်ဆုံး ဆန်းစစ်ပြပါမယ်။

သဝန်ကြောင်ခြင်း

သဝန်ကြောင်တာ၊ သဝန်တိုတာတွေဟာ ချစ်သူရည်းစားများကြား၊ ဇနီး မာင်နှံများကြား၊ မိတ်ဆွေသူငယ်ချင်း အရင်းအချာများကြားမှာ ဖြစ်တတ်တဲ့ စိတ်ပါ။ အထက်က ဆိုခဲ့သလို မိမိတို့ရဲ့သဝန်ကြောင်မှုကို ဆင်ခြေလွယ်လွယ် ပေးချင်လာတဲ့အခါများမှာ “ချစ်လို့ သဝန်ကြောင်တာ”လို့ ပြောလိုက်ရင် ပြီးနေတတ်စမြဲပါပဲ။ သဝန်အကြောင်ခံရတဲ့သူကလည်း အဲဒီ့ဆင်ခြေလေး ကြားလိုက်ရရင် နားဝင်ချိုသွားပြီး တော်ရုံတန်ရုံကို အလွယ်တကူ ခွင့်လွှတ်ပေးလိုက်တတ်စမြဲလည်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သည်ဆင်ခြေကို စောဒက တက်ကြည့်ဖို့တော့ ဘယ်သူမှ အားမထုတ်ဖူးသေးပါဘူး။ တကယ်က အဆွေခင်ပွန်း အရင်းအချာများကြားမှာဖြစ်တဲ့ သဝန်ကြောင်စိတ်ဟာ ချစ်စိတ်ကြောင့် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အချစ်ခံချင်စိတ်ကြောင့်သာ ဖြစ်လာရတာပါ။ ကိုယ့်ရဲ့အဖော်က ကိုယ့်ထက် တစ်ပါးသူအပေါ် ပိုတွယ်တာသွားမှာ၊ ပိုခင်မင်သွားမှာ၊ ပိုချစ်သွားမှာ စိုးရိမ်တဲ့စိတ်ကို သဝန်ကြောင်တယ်လို့ ခေါ်တာပါ။ ဒါကြောင့် သည်စိတ်ဟာ ကိုယ့်အဖော်ကို ချစ်လို့ဆိုတာထက် ကိုယ့်အဖော်က ကိုယ့်ကို ချစ်စေလိုမှု (ဝါ) မိမိရဲ့အချစ်ခံလိုမှုကြောင့် ဖြစ်လာရတာ သေချာပါတယ်။


သည်နေရာမှာ ကိုယ့်အဖော်ဟာ တစ်ပါးသူအပေါ် စိတ်ယိုင်သွားနိုင်လောက်တယ်ဆိုတဲ့ သံသယစိတ်ကလေးကလည်း ဖေးဖေးထနေပါတယ်။ တစ်နည်းအားဖြင့် ကိုယ်နဲ့ ကိုယ့်အဖော်ရဲ့ကြားက စည်းနှောင်အားကို မယုံရဲတာပါ။ သူ ငါ့ကို နှစ်နှစ်ကာကာမှ ရှိပါလေစ၊ ငါ့ထက်သာတာ တွေ့သွားတဲ့ တစ်နေ့မှာ ငါ့ကိုများ စွန့်ခွာသွားမှာလေလားဆိုတဲ့ အတွေးတွေက ဖိစီးလွန်းမက ဖိစီးလာတဲ့အခါ ကိုယ့်အဖော်က တခြားတစ်ပါးသောသူများနဲ့ အရောတဝင်နေလိုက်တိုင်းမှာ စိတ်ဆင်းရဲမှု အထွတ်အထိပ်ကို ရောက်ရောက်သွားပါတော့တယ်။

အကြောင်းရင်းက မိမိကိုယ်ကို မယုံကြည်မှုပါပဲ။ ဟုတ်တယ်၊ ကိုယ့်ကိုယ်ကိုယ် မယုံရဲတာပါ။ ကိုယ့်အဖော်က ကိုယ့်ကို စွန့်ခွာသွားလောက်အောင် ဆိုးရွားတဲ့ အခြေအနေ၊ အကျင့်စရိုက်များ ကိုယ့်မှာရှိနေမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိနေမိတဲ့အခါမျိုးမှာ၊ ဒါမှမဟုတ်ရင်လည်း ကိုယ့်ထက်သာသူတွေ လောကမှာ အများကြီး ရှိနေတယ်လို့ ယုံမှတ်နေပြီး ကိုယ့်အဖော်ကလည်း ကိုယ့်အပေါ် နှစ်နှစ်ကာကာ မရှိလောက်ဘူးလို့ ထင်ယောင်နေချိန်မျိုးမှာ သည်စိတ်တွေ ဖြစ်လာရတော့တာပါပဲ။

ကျွန်တော်ဟာ ချစ်သူရည်းစားတွေနဲ့ ဇနီးမယားအပေါ်မှာ ဘယ်တုန်းကမှ သဝန်မကြောင်တတ်ခဲ့ကြောင်း အထက်မှာ ပြောခဲ့ပြီးပါပြီ။ ကျွန်တော့် ဘဝမှာ ရည်းစားတွေ အများကြီး ထားခဲ့ဖူးပါတယ်။ ယောက်ျားတစ်ယောက်အနေနဲ့ အထိုက်အလျောက် စွံတယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော် ယုံပါ တယ်။ မိန်းကလေးတိုင်း ကျွန်တော့်ကို ကြိုက်နေရမယ်၊ ကျနေရမယ်ဆိုတဲ့ ရူးသွပ် ပေါချာမှုမျိုးနဲ့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် စိတ်ဝင်စားတဲ့ မိန်းကလေးတစ်ယောက်ယောက်က ကျွန်တော့်ကို ကျလာအောင် လုပ်နိုင်စွမ်းလောက်တော့ ကျွန်တော့်မှာ ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံတာမျိုးပါ။

တစ်နည်းအားဖြင့် စွန့်ခွာသူဟာ ကျွန်တော်သာဖြစ်ရမယ်၊ သူတို့ စွန့်သွားတာကို ခံရတဲ့ ကျွန်တော် ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ ယုံနေတာပါ။ ကျွန်တော်နဲ့ အနေပိုနီးလေလေ၊ ကျွန်တော့်ကို ပိုတွယ်တာ စွဲလမ်းလာလေလေ ဖြစ်နေအောင် လုပ်နိုင်စွမ်းတယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုက သိပ်ကြီးပါတယ်။ သည်တော့ ကျွန်တော်က သူတို့တွေအပေါ်မှာ ဘယ်လို အကြောင်းနဲ့မှ သဝန်တိုစိတ်တွေ ဖြစ်မလာတော့ပါဘူး။

လူသားပီပီ သူတို့တွေဟာလည်း ဇာတ်လိုက်မင်းသားတို့၊ အဆိုကျော်တို့ကို နှစ်သက်စွဲလမ်းမှုတွေ ရှိတတ်ကြပါတယ်။ ဒါကိုလည်း ကျွန်တော့် စိတ်ထဲမှာ ဘယ်လိုမှ မနေပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း တင်တင်အေး၊ တင်တင်နွဲ့၊ ခင်သန်းနု၊ ချိုပြုံး၊ ပုလဲ၊ မေဆွိ၊ တင့်တင့်ထွန်း၊ နန္ဒာလှိုင်၊ ရတနာဦး စသည်ဖြင့် ဘဝတစ်လျှောက်လုံးမှာ နှစ်သက် စွဲလမ်းခဲ့ဖူးတဲ့ မင်းသမီးတွေ၊ အဆိုကျော်တွေ နည်းမှမနည်းတာ။ ဝင်းဦးတို့၊ သန်းနိုင် တို့၊ စိန်လွင်တို့၊ အရိုင်းတို့လို ယောက်ျားသားတွေထဲကတောင် ပါလိုက်သေးတယ်။ ကိုယ်ကြိုက်သလို သူတို့မိန်းမသားတွေလည်း ကြိုက်နိုင်တာပဲပေါ့၊ ဘာအရေးလဲ။ တစ်ချိန်က ခင်သန်းနုကို ကျွန်တော်ကြိုက်ခဲ့ပေမယ့် ကနေ့ခါမှာတော့ နန္ဒာလှိုင်ကို ပြောင်းကြိုက်နေလိုက်ပြန်တယ်။ နောက်တစ်ယောက် ပေါ်လာရင် အဲဒီ့တစ်ယောက်ကို ကြိုက်ဦးမှာပဲ။ အဲသလိုပဲ သူတို့တွေလည်း ဟိုတုန်းက ကျော်သူကိုကြိုက်ပေမယ့် သည်ကနေ့ ဒွေး ဖြစ်ချင်ဖြစ်သွားမှာပဲ။ သည်တော့ သည်လိုအနုပညာသည်တွေအပေါ် နှစ်သက် လက်ခံ စွဲလမ်းစိတ်အပေါ် လိုက်မနာလိုဖြစ်နေရင်၊ သဝန်ကြောင်နေရင် ပေါချာချာနိုင်ရာကျလှပါတယ်။


သည်တော့ ကျွန်တော်က ဘယ်သူ့အပေါ်မှာမှ သဝန်မကြောင်မိတော့ ဘူး။ ငယ်ငယ်တုန်းကတော့ သဝန်ကြောင်ဖူးတယ်။ အသက်၂၀ မပြည့်ခင်ကပါ။ ကျွန်တော့် ငယ်သူငယ်ချင်းတစ်ယောက်က တခြားသူငယ်ချင်းတွေ နဲ့ တရင်းတနှီး ပေါင်းသင်းဆက်ဆံနေရင် ကျွန်တော် မနာလိုတွေ ဖြစ်တတ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ့စိတ်ဟာ ကြာကြာ မခံဘူး၊ ခဏချင်းနဲ့ ပျောက်သွားတယ်။

အကြောင်းရင်းက သည်သူငယ်ချင်းနဲ့ ကျွန်တော်နဲ့က စရိုက်ချင်း သိပ်မတူဘူး၊ လူဆိုတာ ကိုယ်နဲ့ စရိုက် ပိုတူသူကို ပေါင်းသင်း ခင်မင်ချင်တာ သဘာဝကျမှန်း ချက်ချင်းလို ရိပ်စားမိသွားတဲ့အတွက်ပါပဲ။ တစ်နည်းပြောရရင် သူ ပိုခင်တဲ့ တခြားသူငယ်ချင်းတွေမှာ ရှိတဲ့ အရည်အသွေးတွေ ကျွန်တော့်မှာ မရှိမှန်း ကျွန်တော့်စိတ်က အလွယ်တကူ လက်ခံလိုက်တာပါပဲ။ ဆိုကြပါစို့၊ အားကစားနဲ့ပတ်သက်ရင် ကျွန်တော်က ဘယ်အားကစားနည်းကိုမှ မတတ်မကျွမ်းတဲ့သူ။ ယောက်ျားစင်စစ် ဖြစ်ပါလျက်ကနဲ့ ဘောလုံးတောင် မကန်တတ်ဘူး။ သူငယ်ချင်းက အားကစားသမား။ သူက သူနဲ့ ဘက်လုပ်လို့ ရတဲ့သူကိုသာ ပိုခင်မှာပေါ့။ ကျွန်တော်နဲ့က ဘယ်လိုမှ ဘက်လုပ်လို့ မရနိုင်တဲ့အတွက် ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးအရ ခင်ချင်ဦးတောင်မှ အမြဲတစေတော့ တွဲနေစရာ အကြောင်းမရှိဘူးလေ။ ဒါကို လက်ခံလိုက်ရင် မနာလိုတိုရှည်စိတ်တွေ အလိုလိုပျောက်သွားတာပါပဲ။


သည်တော့ကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင်၊ ကိုယ့်ရဲ့အခြေအနေမှန်ကို အသာတကြည် လက်ခံနိုင်စွမ်းရှိရင် သဝန်ကြောင်စိတ်တွေ၊ မနာလိုစိတ်တွေ အလိုလို ကင်းပသွားနိုင်တာ သေချာနေပါတယ်။

သည်နေရာမှာ “မိန်းမဆိုတာ အူတိုမျိုး”ဆိုတဲ့ နောက်ထပ် အူကြောင်ကြောင် ဆိုရိုးတစ်ရပ်လည်း ရှိနေပြန်ပါသေးတယ်။ “ချစ်ရင် သဝန်ကြောင်တယ်”ဆိုတာလိုပဲ လူတို့ရဲ့စိတ်နှလုံးမှာ ဖြစ်ပေါ်တဲ့ ညစ်နွမ်းတဲ့ စိတ်တွေအတွက် ခပ်လွယ်လွယ် ဆင်ခြေဆင်လက်ပါပဲ။

အထက်က ပြောခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အတိုင်းအဆ၊ ကိုယ့်အခြေအနေကိုယ် အသာတကြည် လက်ခံ နှလုံးသွင်းနိုင်စွမ်းစတာတွေနဲ့ မိန်းမတွေ အူတိုတာနဲ့ကျတော့ တချို့ကိစ္စတွေမှာ သိပ်မဆိုင်ချင်ပြန်ဘူး။ မိန်းမတွေက သူတို့ရဲ့ ချစ်သူရည်းစားများ၊ ခင်ပွန်းသည်များနဲ့ ပတ်သက်လို့ အူတိုကြရာမှာ အခြေခံအကြောင်းတရားက ယောက်ျားနဲ့မိန်းမအကြားက ခန္ဓာဗေဒနဲ့ စိတ္တဗေဒ ဖွဲ့စည်းပုံ အခြေခံချင်း ကွာခြားမှုများကြောင့် ဖြစ်ပေါ်လာတဲ့ အကျင့်စရိုက် ကွဲပြားမှုပါပဲ။

မိန်းကလေး ချောချောတစ်ယောက်ကို ဖျတ်ခနဲ တွေ့လိုက်ရလို့ ယောက်ျားတစ်ယောက်က ငမ်းလိုက်တာမျိုးအထိက မိန်းမတွေဘက်က နားလည်ပေးလို့ ရပါတယ်။ သူတို့လည်း ယောက်ျားလေးချောချော တစ်ယောက်ကို မြင်ရင် ဘာရယ်မဟုတ်ဘူး၊ ငေးချင် ငေးဖြစ်သွားနိုင်သေးတာ ကိုး။ သို့ပေမယ့် ရင်သားကြွကြွ၊ တင်ပါးလှလှနဲ့ မိန်းမတစ်ယောက်ကို ယောက်ျားတစ်ယောက်က မျက်လုံးရိုင်းနဲ့ ကြည့်တာမျိုးကိုကျတော့ သူတို့တွေ နားလည်ပေးရ ခက်နေပါပြီ။ သူတို့အနေနဲ့ ယောက်ျားတွေရဲ့ ရင်တွေ၊ တင်တွေကို ကြည့်ဖြစ်နေတာမဟုတ်ပါဘူး၊ အလွန့်အလွန်မှ အရပ်အမောင်း ကောင်းတာ၊ ဗလကောင်းတာလောက်ပဲ သတိထားမိကြမှာပါ။ အဲသလို သတိထားမိတယ်ဆိုဦးတောင် သူတို့တွေမှာ ယောက်ျားတစ်ယောက်က ကိုယ်လုံးလှလှ မိန်းမတစ်ယောက်အပေါ် မနောကံနဲ့ ရုတ်ချည်း ပြစ်မှားလိုက်တဲ့၊ ရာဂရောနေတဲ့ သတိထားမိမှုမျိုး မဟုတ်ဘူး။

ပြီးတော့ ယောက်ျားတွေရဲ့ စရိုက်နဲ့ အစဉ်အလာအရ ချစ်သူရည်းစား၊ ဇနီးမယားအပေါ်မှာ ထားရှိတဲ့ သစ္စာတရားက သတ်သတ်၊ တိတ်တိတ်ပုန်း ဖြစ်စေ၊ ဗြောင်ကျကျဖြစ်စေ၊ ခြေများကြတာက သတ်သတ်လို့ အရိုးစွဲ ယုံမှတ်ထားတဲ့အတွက် ယောက်ျားအများစုဟာ အိမ်ထောင်ရေးဖောက်ပြန်မှုကို လစ်ရင် လစ်သလို အလွယ်တကူ ကျူးလွန်လိုက်ဖို့ ဝန်မလေးကြပြန်ဘူး။ ယောက်ျားလောကမှာ အဲသလို ကျူးလွန်ရဲသူတွေကိုမှ သူရဲကောင်းလို အထင်ကြီးပြတဲ့ ရောဂါဆိုးကလည်း ရှိနေသေးတယ်။


သည်တော့ အစဉ်အလာအရလည်းကောင်း၊ ခန္ဓာဗေဒ ဖွဲ့စည်းပုံနဲ့ စိတ္တဗေဒ အခြေခံများအရလည်းကောင်း ယောက်ျားများဟာ ဖောက်ပြန်ခွင့်၊ တရားဝင် မယားပြိုင် ထားရှိခွင့်စတဲ့ ကင်းလွတ်ခွင့်အထွေထွေကို မွေးရာပါ ဆုပ်ကိုင်ထားတဲ့ လူသားများ ဖြစ်နေပါတော့တယ်။ မိန်းမတွေအတွက်တော့ ဒါတွေကို လူ့ဘောင်က အတိအလင်း တားမြစ်ထားတဲ့အပြင် တရားဥပဒေကလည်း ယောက်ျားများလို တရားဝင် လင်ပြိုင်ထားခွင့် ပြဌာန်း ပေးမထားပြန်ဘူး။ ပြီးတော့ မိန်းမတွေရဲ့ ခန္ဓာဗေဒ၊ စိတ္တဗေဒအခြေခံတွေအရလည်း ဖောက်ပြန်ချင်တယ်ဆိုဦးတောင် ယောက်ျားတွေလိုတော့ မြင်မြင်သမျှ၊ ဆုံဆုံသမျှနဲ့ ယဉ်ပါးချင်စိတ်က မိန်းမတွေမှာ နည်းပါးပါတယ်။

သည်တော့ကာ မိန်းမတွေအတွက် ယောက်ျားတွေရဲ့ စွတ်ကယ်၊ စွတ်ကယ် ဖောက်ပြန်တတ်မှု အစဉ်အလာကို ကြားဖူးနားဝအရဖြစ်ဖြစ်၊ ကိုယ်ပိုင် အတွေ့အကြုံအရဖြစ်ဖြစ် ကြားဖန်၊ မြင်ဖန်များလာတဲ့အခါ ယောက်ျားမှန်ရင် သည်လိုချည်းလို့ အောက်မေ့ကုန်ကြပါတော့တယ်။ သည်အထဲ ကိုယ်နဲ့တွဲတဲ့၊ ကိုယ်နဲ့ရတဲ့ ယောက်ျားကိုက သိပ်အကဲမရလို့ကတော့ မိန်းမတွေရဲ့ မွေးရာပါ ပူပန်မှု၊ သောကမီးတွေကို လေနဲ့ ပင့်ပေးသလို ဖြစ်ကုန်မှာပါ။ သည်အခါကျတော့ အကုန်သိမ်းကျုံးပြီး မိန်းမဆိုတာ အူတိုမျိုးလို့ သတ်မှတ်ပေးလိုက်ပါတယ်။

တစ်နည်းဆိုရရင် သည်ဆိုရိုးဟာ ယောက်ျားတွေရဲ့မွေးရာပါ ဖောက်ပြန်ခွင့် လိုင်စင်ကို တစ်ဖက်တစ်လမ်းက အထောက်အကူပေးတဲ့ အနေမျိုးနဲ့ သော်လည်းကောင်း၊ မိန်းမတွေကိုလည်း အလားတူလိုင်စင်မျိုး မပေးနိုင်တဲ့အတွက် အစားထိုး လိုင်စင်အဖြစ်သော်လည်းကောင်း ပေးအပ်လိုက်တဲ့ အူတိုခွင့်လိုင်စင်သာ ဖြစ်ပါတယ်။

 

မစ္ဆရိယ

တစ်ပါးသူအပေါ် မလိုမုန်းထားနဲ့ မုဒိတာ မပွားနိုင်တဲ့စိတ်၊ မနာလို ဝန်တိုစိတ်၊ မရှုစိမ့်တတ်တဲ့စိတ်ဟာလည်း သည်အကြောင်းတရား နှစ်ပါး အပေါ်မှာပဲ အခြေတည်နေပါတယ်။


လူတစ်ယောက်က လူတစ်ယောက်အပေါ်မှာ မလိုတမာစိတ် အချိန်မရွေး ဝင်လာနိုင်ပါတယ်။ ဆိုကြပါစို့… မင်းသားကြီးတစ်ယောက်ဟာ နောက်က တက်လာတဲ့ တက်သစ်စ မင်းသားငယ်အပေါ်မှာ မလိုတမာစိတ် အလွယ်တကူ ဖြစ်နိုင်သလို လူသာမန်တစ်ယောက်ကလည်း ဇာတ်လိုက် မင်းသားတစ်ယောက်အပေါ်မှာ မလိုတမာ ဖြစ်နိုင်တယ်။

ပထမအချက်က ကိုယ့်အရည်အချင်းကို ကိုယ်မသေချာလှတဲ့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုက စပါတယ်။ သူက သရုပ်ဆောင်တဲ့နေရာမှာ စွမ်းသလို ကိုယ်လည်း စွမ်းတယ်လို့ ယုံကြည်နေရင် သူ့ကို မနာလိုစရာ အကြောင်း နည်းပါးသွားပါတယ်။ ထို့အတူ သူက သရုပ်ဆောင်တဲ့နေရာမှာ စွမ်းသလို ကိုယ်သည်လည်း စာရင်းအင်းတွေကို ကိုင်တွယ်ထိန်းသိမ်းရာမှာ စွမ်းလှပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတဲ့ စာရင်းကိုင်တစ်ဦးဆိုရင် သည်မင်းသားအပေါ် ဘယ်လိုမှ မလိုတမာ မဖြစ်နိုင်တော့ပါဘူး။


နောက်တစ်ခုက ကိုယ့်အခြေအနေကို ကိုယ်အသာတကြည် လက်ခံတတ်ဖို့ပါပဲ။ အရပ် ငါးပေ လေးလက်မရှိသူ တစ်ယောက်က ခြောက်ပေသမားကို အားကျမှာက လွဲလို့ မနာလိုမဖြစ်ဘူး။ ထို့အတူ မိန်းမတစ်ယောက် က ယောက်ျားတစ်ယောက်ရဲ့ဘဝကို အားကျရုံကျပြီး ယောက်ျားဖြစ်နေမှု အတွက် အဲဒီ့ယောက်ျားအပေါ် ဝန်တိုစိတ် မပေါ်ဘူး။ သည်လို အခြေအနေမျိုးမှာ ကိုယ့်အခြေအနေကိုယ် အသာတကြည် လက်ခံထားတာကိုး။

သို့သော် သီဆိုခြင်း၊ ရေးသားခြင်း၊ လူရည်လည်ခြင်း၊ စကားပြော ကောင်းခြင်း၊ သရုပ်ဆောင် ကောင်းခြင်း၊ ပညာတစ်ခုခု တတ်မြောက်ခြင်း စတာတွေမှာကျတော့ အခွင့်အရေး မရလို့သာ နေချင်နေမယ်၊ ကိုယ်လည်း လုပ်နိုင်တယ်လို့ ထင်မိမှားတတ်ကြပါတယ်။ သည်အခါ တစ်နေရာရာမှာ တော်နေသူ၊ ချွန်နေသူကို အလကားနေရင်းကို မနာလိုဖြစ်လာတယ်၊ ဝန်တိုလာတယ်၊ မုန်းတီးလာရပါတော့တယ်။

အမှန်က အရပ် ငါးပေလေးလက်မသမားက မိမိအရပ် သည်ထက် မတက်နိုင်တော့ဘူးလို့ အလွယ်တကူ လက်ခံနားလည်ထားသလို အချို့သော ကိစ္စတွေမှာ မိမိသည် မည်သို့မျှ မစွမ်းဆောင်နိုင်ဘူးလို့ အသာတကြည် လက်ခံ နားလည်ယူတတ်ပြီဆိုတာနဲ့ ဝန်တိုစိတ်တွေ၊ မနာလိုစိတ်တွေ မှိန်ပျောက်သွားမှာ အသေအချာပါပဲ။

ကိုယ်တွေ့

အစမှာ ရေးခဲ့တဲ့အတိုင်း လွန်ခဲ့တဲ့ လေး၊ ငါး၊ ဆယ်နှစ်လောက်အထိက ကျွန်တော်ဟာ သူတစ်ပါးအပေါ် မနာလိုတတ်၊ ဝန်တို တတ်၊ မရှုစိမ့်တတ်ဘဲ သူတစ်ပါး အောင်မြင် ပေါက်မြောက်တာကို ကြားသိရရင် ရင်ထဲမှာ ကျလိ ကျလိနဲ့ နားကြားပြင်းကတ်တတ်၊ သူတစ်ပါး ထွန်းကားနေတာကို မြင်ရရင် မျက်စိ နောက်တတ်၊ တစ်ပါးသူရဲ့ ကျဆုံးမှု၊ နစ်နာမှုတွေကို ကြားသိရရင် ဝမ်းသာတတ်သော ညစ်ပေ စုတ်ပဲ့လှတဲ့ စိတ်မျိုးနဲ့ပါ။

ဒါပေမယ့် အခုအခါမှာတော့ သည်စိတ်တွေ အတော့်ကို နည်းလာပါပြီ။ ပထမအချက်က ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှု ကြီးမားသည်ထက် ကြီးမားလာလို့ပါပဲ။ ကျွန်တော်ဟာ စီးပွားရေးအရ၊ အနုပညာအရ၊ ပညာရေးအရ လျှမ်းလျှမ်းတောက် အောင်မြင်နေသူမျိုး မဟုတ်ပါဘူး။ သို့သော် ကျွန်တော် ကျင်လည်ကျက်စားတဲ့ လုပ်ငန်းနယ်ပယ်မှာ အထိုက်အလျောက် အောင်မြင်သလို၊ စီးပွားရေးအရလည်း အထိုက်အလျောက် နေနိုင်၊ စားနိုင်၊ သုံးနိုင်တဲ့ဘဝမှာ ရပ်တည်နေပါတယ်။ တစ်နည်းပြောရရင် အရမ်းကာရော မချမ်းသာ၊ မအောင်မြင်ရင်တောင်မှ လူတန်းစေ့တော့ နေနိုင်အောင် ဖန်တီးနိုင်စွမ်း ကျွန်တော့်မှာ ရှိတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေတဲ့ အပိုင်းအခြားကို ရောက်လာပါပြီ။

တစ်ဖက်ကလည်း ကျွန်တော်ဟာ ကျွန်တော့်အခြေအနေမှန်ကို ကျေကျေလည်လည် လက်ခံလာနိုင်နေပါပြီ။ ဆိုကြပါစို့၊ ကျွန်တော်ဟာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စီးပွားရေးပညာရှင်၊ တပ်မတော်သား၊ လေယာဉ်မောင်းသူ၊ သင်္ဘောမာလိန်မှူး၊ ဇာတ်လိုက်မင်းသား၊ ပန်းချီဆရာစတာတွေ တစ်ခုမှ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာနေပါပြီ။ သည်တော့ အဲဒါတွေ ဖြစ်နေသူများအပေါ်မှာ ကျွန်တော် ဘာမှ မနာလိုစရာအကြောင်း မရှိတော့ပါဘူး။ ပြီးတော့ မဂ္ဂဇင်းတွေမှာ စာတိုပေစတွေ ရေးနေသူပင်ဖြစ်လင့်ကစား ကျွန်တော်ဟာ နေဝင်းမြင့် မဖြစ်နိုင်ပါဘူး၊ မင်းလူ မဖြစ်နိုင်ပါဘူး။ သူတို့က သူတို့အလုပ် သူတို့လုပ်နေကြသလို ကျွန်တော်လည်း ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေနိုင်ဖို့ပဲ လိုတယ်ဆိုတာကို နားလည်လက်ခံထားတဲ့အခါ သူတို့တွေအပေါ် ဝန်တိုစရာ အကြောင်းမရှိပြန်ဘူး။

တစ်လောက မတွေ့တာ ဆယ်နှစ်ကျော် ကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်း ပန်းချီဒီဇိုင်းဆရာတစ်ယောက်နဲ့ ပြန်ဆုံဖြစ်ပါတယ်။ သူက ကျွန်တော့်ထက် တစ်နှစ်၊ နှစ်နှစ်လောက် ငယ်ပေမယ့် ကျွန်တော့်ထက် အဆများစွာ အခြေခိုင်ခိုင် နေနိုင်နေပါပြီ။ ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကား၊ ကိုယ်ပိုင် တန်ဖိုးကြီး ကွန်ပျူတာနှစ်လုံးနဲ့ လုပ်ငန်းမှာ အဆင်ပြေ၊ တင့်တယ်၊ ဟန်ကျနေတာ တွေ့လိုက်ရတဲ့အခါ ကျွန်တော်သူ့အတွက် ဝမ်းသာနေမိသလို သူ့ရဲ့ကြိုးစား အားထုတ်မှု၊ လာဘ်မြင်မှုတွေ အပေါ်မှာလည်း အထင်ကြီး လေးစားမိခဲ့ရပါတယ်။ သူတတ်တဲ့ အတတ်ကို ကျွန်တော်မတတ်ဘူး၊ သူလုပ်တဲ့ အလုပ်တွေ ကျွန်တော် မလုပ်နိုင်ဘူး၊ သူ့ဘဝပေးနဲ့ ကျွန်တော့်ဘဝပေးကလည်း တခြားစီ။ သည်တော့ သူ့ဘာသာ အောင်မြင်ပေါက်မြောက်နေမှုကို သူငယ်ချင်းတစ်ယောက်အနေနဲ့ အားရ ဝမ်းသာဖြစ်မိတာက လွဲလို့ မရှုစိမ့်စိတ်တွေ ဘယ်လိုမှ ဖြစ်ပေါ်မလာတော့ဘူး။

သူအောင်မြင်နေတဲ့အကြောင်း တချို့၊ တချို့သောသူတွေကို ပြောပြမိ တော့ တချို့က သူ့ကို ရှုတ်ချစကား၊ အပုပ်ချချင်တဲ့ လေသံတွေ ပြန်ပေးကြတယ်။ သူတို့လေသံတွေ နာခံရင်း ကျွန်တော့်စိတ်မှာ ဘဝင်မကျမိဘူး။ သူတစ်ပါးကို ရှုတ်ချတယ်၊ အပုပ်ချတယ်ဆိုတာဟာ မနာလိုတိုရှည် ဖြစ်နေသူတွေ လုပ်တဲ့အလုပ်မျိုး။ မနာလိုတိုရှည်ဖြစ်သူဆိုတာ ကိုယ့်ကိုယ်ကိုယ် စိတ်မချသူတွေ၊ ကိုယ့်အခြေအနေမှန်ကို အသာတကြည် လက်ခံနိုင်စွမ်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနဲ့ ဘဝင်မြင့်နေသူတွေ၊ တစ်နည်းအားဖြင့် စိတ်ပေါ့သွပ်သူတွေဆိုတာကို သတိထားမိလာတယ်။

သည်အခါမှာ အဲသလို ဖြစ်နေသူတွေကို သနားမိလာတာနဲ့အတူ ဘယ်လိုနည်းနဲ့ သည်စိတ်တွေက ကင်းဝေးအောင် ကိုယ့်ကိုယ်ကိုယ် သွန်သင်ယူရမလဲ ဆိုတာကိုပါ မျှဝေပေးချင်လာမိရပါတော့တယ်။

တကယ်တော့ လူတိုင်းလူတိုင်းသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြမယ်ဆိုရင်၊ ကိုယ့်ဘဝ အခြေအနေမှန်ကို အသာတကြည် လက်ခံတတ်ကြမယ်ဆိုရင် အတင်းပြောတာတို့၊ အမနာပပြောတာတို့၊ အပုပ်ချတာတို့တွေ မရှိတော့ဘဲ ဩကာသလောကကြီးတစ်ခုလုံး စိမ်းစိုတင့်တယ်ပြီး ပတ်ဝန်းကျင်လေထုဟာလည်း အေးမြ၊ လတ်ဆတ်နေတော့မှာ သေချာလှပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

ဆူဒိုနင်

(ပန်းဝေသီ မဂ္ဂဇင်း၊ ၁၉၉၆)

—————————————————————————————-

စာမူခွင့်ပြုအမှတ် ၄၀၀၉၅၉၀၅၀၉ နဲ့ ၂၀၀၆ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ထုတ်ဝေထားတဲ့ အတ္တကျော် ရဲ့ တွေးတောဆင်ခြင်မှုအနုပညာ စာအုပ်ထဲမှာ ဖော်ပြထားတာလေးကို စာမြည်းအဖြစ် တင်ဆက်လိုက်တာပါ။

On Reading

စာဖတ်ခြင်းနှင့် စပ်လျဉ်း၍tcoe_banner_300_2501

စာဖတ်ခြင်းရဲ့ အကျိုးပေးပုံ နယ်ပယ်စုံ

တစ်ရက်က ကလေးမလေးတစ်ယောက်က ကျွန်တော့်ကို ဆက်သွယ်တယ်။ သူက မိဘမဲ့ ကလေးကျောင်းလေးတစ်ကျောင်းမှာ အလုပ်လုပ်နေတာ။ အဲတော့ သူ့မှာ အတွေ့အကြုံတွေ၊ ဇာတ်လမ်းတွေ အများကြီး ရှိသတဲ့။ အဲဒါတွေကို အခြေပြုပြီး သူ စာရေးချင်တယ်၊ ဝတ္ထုလေးတွေ ရေးထုတ်ချင်တယ်၊ အဆက်အသွယ် မရှိ၊ ကူညီ လမ်းညွှန်မယ့်သူ မရှိလို့ ကျွန် တော့်ဆီ လှမ်းစာရေးပြီး အကူအညီတောင်းတာပါ။

သူ့စာကို ဖတ်ပြီး ကျွန်တော့်မှာ အဖြေတစ်ခုပဲ ရတယ်။ အဲဒီ့ ကလေးမလေးကို စာများများ ဖတ်ပါလို့ပဲ အရင်ဆုံး တိုက်တွန်းရဦးမယ်ဆိုတာ ထက်ခနဲ သိလိုက်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော့်ဆီ ရေးတဲ့ ပုဂ္ဂလိက ပေးစာကိုတောင်မှ ဖတ်ရတာ ချောနေအောင် သူမှ မရေးတတ်ရှာသေးတာပဲ။ ဝတ္ထုရေးတဲ့ အဆင့်နဲ့ အဝေးကြီး လိုသေးတယ်။

ဒါနဲ့ သူပေးထားတဲ့ ဖုန်းနံပါတ်အတိုင်း သူ့ကို ဆက်သွယ်လိုက်ပါ တယ်။ သူက ဘွဲ့ရပါ။ “ညည်း စာစီစာကုံးတွေကို အလွတ်ကျက်ပြီး ဖြေခဲ့တာ မဟုတ်လား”လို့ ကျွန်တော်က မေးတော့ သူက “အဲလိုတော့လည်း မဟုတ်ပါဘူး၊ ကိုယ့်ဘာသာလည်း စဉ်းစားပြီး ရေးပါတယ်”လို့ ပြောသေးတယ်။ ကျွန်တော် ရယ်မိတယ်။ “အေး… ကိုယ့်ဘာသာ စဉ်းစားပြီး ရေးတာက ၁၀ ရာခိုင်နှုန်း အလွတ်ကျက်ထားတဲ့အထဲက ပြန်ရေးတာက ၉၀ ရာခိုင်နှုန်း မဟုတ်ဘူးလား”လို့ ပြန်မေးလိုက်တော့ သူ ရယ်ပါတယ်။ ပြီးတော့ “ဟုတ်တယ်ဆရာ”လို့လည်း ဝန်ခံတယ်။

အဲဒါပဲ။ ကျွန်တော် ငယ်ငယ်က ခဏခဏ စဉ်းစားမိတယ်။ အတန်းတွေသာ တစ်တန်းပြီး တစ်တန်းတက်လာတယ်။ မြန်မာစာနဲ့ အင်္ဂလိပ်စာ ဘာသာရပ်မှာကျတော့ နောက်ဆုံးမှာ စာစီစာကုံး ရေးခိုင်းတဲ့ မေးခွန်းက ပါလာတာချည်းပဲ။ ဘာကြောင့်ပါလိမ့်လို့။ ဘာများ အသုံးတည့်လို့ပါလိမ့် လို့ စဉ်းစားမိတယ်။

အခုတော့ အဲတုန်းက ရေးခဲ့သမျှ ကျွန်တော့်ကို ပြန်အကျိုးပေးနေတာ ဒက်ထိ တွေ့ရပါတယ်။ ကျွန်တော့်ဘဝမှာ အင်္ဂလိပ်စာ စာစီစာကုံးတို့၊ ပေးစာတို့ကို တစ်သက်လုံး အလွတ်မကျက်ခဲ့ဖူးဘူး။ တစ်ခါမှလည်း အဲဒီ့ အတွက် ကြိုတင် ပြင်ဆင် မသွားခဲ့ဖူးဘူး။ အတန်းထဲမှာ ရေးခိုင်းတဲ့အခါ လက်တွေ့သလို ချရေးဖြစ်ခဲ့တာပဲ။ အင်္ဂလိပ်စာလို ကိုယ့်မိခင်ဘာသာ စကားမဟုတ်တာနဲ့ ရေးရမယ့် စာစီစာကုံးတွေ၊ ပေးစာတွေကိုတောင်မှ  အလွတ်မကျက်ခဲ့၊ ကြိုတင် မပြင်ဆင်ခဲ့တာ၊ မြန်မာစာဆို သာတောင်မှ ဝေးသေးတယ်။

စာမေးပွဲ ဖြေရမယ့်နေ့တွေမှာ အပေါ့ပါးဆုံးက မြန်မာစာနဲ့ အင်္ဂလိပ်စာ ဖြေရမယ့်နေ့တွေပဲ။ အဲဒီ့မတိုင်ခင်နေ့မှာ စာကျက်တဲ့အလုပ်ကို သိပ် မလုပ်ဖြစ်ခဲ့ဘူး။ သည်လိုပဲ ဟေးလားဝါးလား၊ ဝတ္ထုအဖတ်မပျက်၊ ရုပ်ရှင် ကြည့် မပျက်နေခဲတယ်။ အိပ်ဖြေတောင် အောင်မယ့် ဘာသာတွေလို့ကိုယ့် ဘာသာ ယုံကြည်နေခဲ့သလို တကယ်လည်း အဲဒီ့ဘာသာတွေမှာ တစ်ခါဆို တစ်ခါမှ အမှတ်မနည်းခဲ့တဲ့အပြင် ဂုဏ်ထူး မရတောင် ဂုဏ်ထူးမှတ်နား ပွတ်ခါသီခါချည်းပဲ ဖြေနိုင်ခဲ့ပါတယ်။

ကျွန်တော်က ငယ်ငယ်လေးကတည်းက၊ စာဖတ်တတ်တဲ့အရွယ်က တည်းက စာဖတ်ခြင်းအလေ့အထကို စွဲမြဲနေခဲ့တဲ့သူဖြစ်ပါတယ်။ ကျွန်တော့်အဘွားက မျက်စိကွယ်နေတယ်။ ကြီးမှ မျက်စိကွယ်တာဖြစ်တဲ့ အတွက် သူက စာတတ်တယ်။ မျက်စိကွယ်နေတဲ့အဘွားကို စာဖတ်တတ်စ အရွယ်ကတည်းက နေ့စဉ်သတင်းစာကို ဖတ်ဖတ်ပြရတယ်။ အသံထွက် မှားနေတာ၊ ကျွန်တော် မဖတ်တတ်တာတွေကို အဘွားက ပြင်ပေး၊ သင်ပေးခဲ့တယ်။ အဲလိုနဲ့ စာဖတ်ခြင်းဓလေ့ဟာ ကျွန်တော့်ရဲ့ ဘဝထဲမှာ သံမှို နှက်ထားသလို အလိုလို စွဲမြဲနေပါတော့တယ်။

သည်အခါမှာ အခုကာလ လူငယ်အတော်များများမှာလို “စာဆိုတာ ကြောက်စရာ”ဆိုတဲ့ အစွဲက ကျွန်တော့်မှာ ငယ်ငယ်ကတည်းက မရှိဘူး။ “စာဆိုတာ ခင်တွယ်စရာ”ဆိုတဲ့ အသိကသာ ကျွန်တော့်ရင်ထဲမှာ ကိန်းနေတယ်။

နောက်တစ်ချက်က ကျွန်တော့်မေမေကိုယ်တိုင်က စာတအားဖတ်တာပါ။ မေမေဟာ ၂၀ဝ၅ခုနှစ် နိုဝင်ဘာ ၂၅ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ မကွယ်လွန်ခင် တစ်ပတ်၊ အိပ်ရာထဲ ဗုံးဗုံးမလဲခင်အထိ စာအုပ်တွေကို စွဲစွဲလန်းလန်း ဖတ်သွားတဲ့သူဖြစ်ပါတယ်။ အဲသလို စာဖတ်တဲ့ မအေက မွေးထားတဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက စာအုပ်တွေနဲ့ ယဉ်ပါးခဲ့တယ်။ မဂ္ဂဇင်းတွေ၊ ဝတ္ထုတွေဟာ ကျွန်တော့်အတွက် အဖော်ကောင်း အဖော်မွန်တွေ၊ ကစားဖက်တွေ၊ ဖွားဖက်တော်တွေ ဖြစ်နေခဲ့ပါတယ်။

အဲသလို စာဖတ်အားကောင်းခဲ့တဲ့အတွက် မြန်မာစာ၊ အင်္ဂလိပ်စာ ဘာသာရပ်တွေကို ကျွန်တော် မကြောက်မိတော့တာပါ။ အင်္ဂလိပ်စာဆိုတာမှာလည်း ဖတ်အားက ကျွန်တော့်ကို အကျိုးပြုခဲ့တာပဲ။ ကျွန်တော့် မိသားစုဟာ အင်္ဂလိပ်လို ပြောဆိုရေးသားနိုင်တဲ့ မိသားစုမျိုးမဟုတ်ဘူး။ အဖေက ဟိုခေတ်က ခုနစ်တန်းလောက်အထိပဲ ကျောင်းနေခွင့်ရခဲ့တဲ့သူ။ အမေက အင်္ဂလိပ်-မြန်မာ ဆယ်တန်းကို အင်္ဂလိပ်စာနဲ့ ကျခဲ့တဲ့သူ။

သို့ပေမယ့် အဖေက အင်္ဂလိပ်စာ သိပ်တတ်ချင်ခဲ့သလို အမေကလည်း သာသနာပြုကျောင်းမှာ ဟိုခေတ်ဆယ်တန်းအထိ နေခဲ့တဲ့သူပီပီ အင်္ဂလိပ်စာကို အထိုက်အလျောက်တော့ သိကြပါတယ်။ သည်အခါမှာ သူတို့ကလည်း ကျွန်တော် အင်္ဂလိပ်စာတတ်ရေးကို အားပေးခဲ့ကြတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း မူလက စာမကြောက်တဲ့ စိတ်နဲ့ဆိုတော့ အင်္ဂလိပ်စာကိုလည်း ကိုယ့်ဘာသာစကား မဟုတ်ပေမယ့် စာအဖြစ်ပဲ မြင် တယ်။ အဲတော့ ဖတ်ဖြစ်တယ်။

ကြွားတယ်ပဲ မှတ်ချင်မှတ်ပါ။ ရှစ်တန်းကျောင်းသားဘဝကစပြီး ကျွန်တော့်နေ့စဉ်မှတ်တမ်းကို အင်္ဂလိပ်လိုတွေ ရေးနေပါပြီ။ အခုနေ ပြန်ကြည့်ရင် အမှားတွေ တင်းကြမ်းနဲ့ဖြစ်နေမှာပါ။ သို့သော် ရေးရဲတဲ့ စိတ်က ဆောင်နေတာကို ပြောလိုရင်းပါ။ အလားတူပဲ၊ အင်္ဂလိပ်လို ရေးထားတာတွေကိုလည်း မဖြစ်မနေ ဖတ်ပါတယ်။
ကျွန်တော်တို့ခေတ်က ဂါးဒီးယန်း နေ့စဉ်သတင်းစာပါ အင်္ဂလိပ်စာ အရေးအသားက တော်တော့်ကို ကောင်းတယ်။ အင်္ဂလိပ်စာကို အင်္ဂလိပ်လိုပဲ ရေးတယ်။ ရောကျော် ကပြားအင်္ဂလိပ်စာမဟုတ်ဘူး။ ကျွန်တော် ရှစ်တန်းမှာ အဖေက ကျွန်တော့်ကို အဲဒီ့သတင်းစာထဲက တစ်နေ့သတင်း တစ်ပုဒ်နှုန်း ဖတ်ဖြစ်အောင် သူ့ရဲ့ အာဏာကို သုံးပြီး ခိုင်းခဲ့ပါတယ်။

[ကပြား အင်္ဂလိပ်စာဆိုတာ မြန်မာစကားကနေ ဇွတ်ပြန်ထားတဲ့ အင်္ဂလိပ်စာကို ဆိုလိုတာပါ။ ဆိုကြပါစို့။ Essays of the Distinction Winners ဆိုတာ ကပြား အင်္ဂလိပ်စာပါ။ တစ်နည်းပြောရရင် အင်္ဂလိပ်စာ မတတ်တဲ့သူ ရေးတဲ့ အင်္ဂလိပ်စာပါ။ အဲဒီ့ စကားစုမှာ ဘာမှ မမှားပါဘူး။ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် နေ့စဉ်ပြောဆို သုံးစွဲနေသူတွေ ဘယ်တော့မှ မပြောမယ့် မရေးမယ့် စကားစုသာဖြစ်နေပါတယ်။ မြန်မာလို “ရေချမ်းချမ်းတစ်ခွက်”လို့ ပြောတာမျိုးဆန်ဆန် အင်္ဂလိပ်စာပါ။ (ဘယ်မြန်မာကမှ ရေချမ်းချမ်းတစ်ခွက်လို့ မပြောဘူးလေဗျာ။) “ဂုဏ်ထူးရသူများ၏ စာစီစာကုံးများ”ဆိုတဲ့ မြန်မာစကားလုံးကို ဇွတ်အတင်း ဖျစ်ညှစ်ပြီး အင်္ဂလိပ်လို ရေးလိုက်တဲ့အတွက် အင်္ဂလိပ်စာအစစ် မဟုတ်တော့ဘဲ ရောကျော် (ဝါ) ကပြား အင်္ဂလိပ်စာသာဖြစ်သွားပါတယ်။ အင်္ဂလိပ်စာကို တကယ် ကျွမ်းကျင်တတ်ပွန်သူသာဆိုရင်တော့ အဲဒီ့စာစုကို Essays of High-Flyers လို့သာ ပြန်ဆိုကောင်း ပြန်ဆိုပါလိမ့်မယ်။ ဒါ စကားချပ်ပါ။]

ကျွန်တော်ကလည်း သူခိုင်းတဲ့အတိုင်း ဖတ်တဲ့အပြင် ကျွန်တော် စိတ်ဝင်စားတဲ့ အကြောင်းအရာတွေဆိုလည်း အင်္ဂလိပ်လို ဖတ်ဖြစ်ခဲ့ပါတယ်။ အဲလိုနဲ့ နေလာလိုက်တာ ဆယ်တန်းအောင်ပြီးချိန်မှာ ကျွန်တော်ဟာ အင်္ဂလိပ်ဝတ္ထုတွေကို စတင် ဖတ်ရှုတဲ့အဆင့်အထိ ရောက်လာခဲ့ပါတယ်။ အဲသလို စာကို တစိုက်မတ်မတ်၊ မပြတ်ဖတ်ခဲ့တဲ့အတွက် ကျွန်တော်ဟာ ဘယ်အတန်းမှာမှ မြန်မာစာ၊ အင်္ဂလိပ်စာကို ကြောက်စရာလို့ မအောက်မေ့မိခဲ့ဘူး။

ပြောချင်တာက စာဖတ်ခြင်းက ကျွန်တော့်ကို အခုအရွယ်အထိလည်း ကောင်းစွာအကျိုးပြုနေဆဲပါပဲ။

ကျွန်တော် ဘာမှ မတတ်ပါဘူး။ ဆရာဝန်ပညာလည်း မတတ်၊ အင်ဂျင်နီယာပညာလည်း မတတ်၊ ကွန်ပျူတာပညာလည်း မတတ်၊ ရုပ်ရှင်ပညာလည်း မတတ်၊ ဂီတပညာလည်း မတတ်၊ လက်သမားပညာလည်း မတတ်၊ အပ်ချုပ်ပညာလည်း မတတ်၊ အသက်မွေးဝမ်းကျောင်း ပညာရယ်လို့ ဘာဆိုဘာမှ မည်မည်ရရ မတတ်တာ အမှန်ပါ။  ကျွန်တော် တတ်(သလိုလိုရှိ)တာ တစ်ခုတည်းပါပဲ။ အဲဒါကတော့ အင်္ဂလိပ်စာနဲ့ မြန်မာစာ တတ်(သလိုလိုရှိ)တာပါ။ အဲဒါလေးနဲ့ပဲ ကျွန်တော် တစ်သက်လုံး လုပ်စားခဲ့သလို ယနေ့ထက်တိုင်လည်း လုပ်စားနေဆဲပါပဲ။

စာရေးတဲ့ဘက်မှာ ပြောဦးမလား။ ကျွန်တော် စာရေးတတ်တယ်ဆိုတာတော့ အခုဆိုရင် နှစ်ပေါင်း ၂၀ထဲရောက်လာပြီဖြစ်တဲ့ ကျွန်တော့် စာရေးသက်က အခိုင်အမာ ပြဆိုနေပါလိမ့်မယ်။ သည့်ထက်တစ်ဆင့် တက်ရရင် ကျွန်တော်ပြောဆို ဆွေးနွေးနေတဲ့ အကြောင်းအရာတွေ၊ တွေးစရာတွေ ဘယ်က ရလာခဲ့တာလဲလို့ မေးရင် ကျွန်တော်နေ့စဉ်ဖတ်ရှုနေတဲ့ စာအုပ်တွေထဲကသာ ရနေတာပါ။

နမူနာတစ်ခု ကောက်နုတ်ပြပါရစေဦး။

၁၉၈၈ခုနှစ်ကတည်းက ကွန်ပျူတာဆိုတာနဲ့ ကျွန်တော် စတင်ထိ တွေ့ခဲ့ရပါတယ်။ ကွန်ပျူတာနဲ့ပတ်သက်လို့ ကျွန်တော့်ကို သင်ပေးတဲ့သူက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ။ သူကလည်း ကျွန်တော့်ထက် အလုပ် ဝင်တာ စောလို့သာ ကိုင်တွယ်တတ်နေတယ်၊ စာရိုက်တာ၊ ပုံနှိပ်တာ လောက်ပဲ တတ်တဲ့သူ။ သူပြပေးလို့ စာရိုက်တတ်၊ ပုံနှိပ်တတ်တဲ့အဆင့် ကို ကျွန်တော် သိခဲ့တယ်။

နောက်ပိုင်း ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် သုံးစွဲ လာနိုင်တာက ကျွန်တော့်ရဲ့ စာဖတ်မှုကြောင့်ပါပဲ။ အိမ်သုံး၊ ရုံးသုံး၊ တစ်ကိုယ်ရေ ကွန်ပျူတာ အားလုံးက သုံးစွဲသူနဲ့ ယဉ်ပါးလွယ်အောင် စီမံထားတာတွေဖြစ်တဲ့အတွက် သိချင်ရင် သူ့အထဲမှာတင် အဖြေတွေ ရှိပါတယ်။ ကိုယ်က လျှောက်မေးပြီး သူ ဖြေပေးတဲ့ အဖြေတွေကို ဖတ်တတ်ဖို့ပဲ လိုတာပါ။ အဲသလို ဖတ်ရင်း၊ လျှောက်လုပ်ကြည့်ရင်းနဲ့ ကျွန်တော်ဟာ ၁၉၉၆ ခုနှစ်လောက်မှာ ကျွန်တော်တို့ ရုံးရဲ့ ရုံးတွင်းကွန်ပျူတာ ကွန်ရက်ဆက်သွယ်ရေးကို ကြီးကြပ်ခန့်ခွဲပေးရတဲ့ အရံစီမံခန့်ခွဲရေးမှူး ဖြစ်လာပါတယ်။ အဲဒီ့အထိက ဘယ်ကွန်ပျူတာသင်တန်းမှ မတက်ခဲ့ရဖူးပါဘူး။
ကျွန်တော် ကွန်ပျူတာကို စတင်ကိုင်တွယ်သုံးစွဲပြီးတဲ့နောက် ၁၁ နှစ် နီးပါးအကြာ ၁၉၉၉ခုနှစ်ကျတော့မှ ဘဝရဲ့ ပထမဆုံး ကွန်ပျူတာသင်တန်းကို သွားတက်ခဲ့ရတာပါ။ ပြောချင်တာက စာဖတ်ခြင်းရဲ့ အကျိုးပေးပုံ အဆွယ်အပွားစုံကို ဖြစ်ပါတယ်။

ဘာစာဖတ်ရမလဲ

ကျွန်တော့်ကို လူငယ်လေးတွေ မေးတတ်ကြမြဲ မေးခွန်းပါ။ ဗဟုသုတရမယ့် စာ၊ အသိပညာတိုးမယ့်စာမှ ဖတ်မယ်ဆိုတဲ့သူလည်း ရှိပါတယ်။

ကျွန်တော့်သဘောကတော့ စာမှန်ရင် ဘာစာမဆို ဖတ်သာ ဖတ်ပါလို့သာ တိုက်တွန်းချင်ပါတယ်။ မဖတ်သင့်တဲ့စာဆိုတာ တစ်မျိုးမှ မရှိဘူးလို့ ကျွန်တော် ခံယူတယ်။ အဆိပ်အတောက်စာပေ၊ ဘာညာဆိုတာ ကျွန်တော်တို့ ဖြတ်သန်းတဲ့ ခေတ်မှာ အတော့်ကို ကျယ်ကျယ်လောင်လောင် ပြောခဲ့ကြတယ်။

ကျွန်တော်ဖြင့် ကျွန်တော်တို့ခေတ်က လျှမ်းလျှမ်းတောက်နေခဲ့တဲ့ ယုဝတီခင်စိန်လှိုင်တို့၊ တက္ကသိုလ်တင်မြင့်တို့၊ မောင်မောင်မြင့်လွင်တို့၊ ဆွေလှိုင်ဦးတို့လည်း ဖတ်ခဲ့တာပါပဲ။ အပစ်အခတ်၊ အညှစ်အသတ်နဲ့ အညစ်အပတ်စာပေတွေလို့ တချို့က ပြောကြတယ်။ အဲဒါတွေ ဖတ်ရင် အတုခိုးမှားမယ်၊ လမ်းလွဲရောက်မယ်၊ ဘာညာဆိုတဲ့ အခြေအမြစ်မရှိလှသော ထင်မြင်ချက်ကြီးကို ကိုင်စွဲပြီး ပြောကြတာပါ။

အဲဒီ့ ထင်မြင်ချက်ဟာ တက်တက်စင်လွဲပါတယ်။ တစ်နည်းပြောရရင် အဲဒီ့ထင်မြင်ချက်ဟာ ဖတ်သူကို စော်ကားတာပါပဲ။ ဖတ်သူကို ခင်ဗျာ့မှာ မွေးကတည်းက ဦးနှောက်ပါမလာဘူး၊ အဲတော့ အဲသလို စာတွေ ဖတ်ရင် ခင်ဗျားတော့ ရေလိုက်လွဲလိမ့်မယ်လို့ ပြောတာနဲ့ အတူတူပါပဲ။

တကယ်တော့ လူတိုင်းမှာ သူ့ဦးနှောက်နဲ့သူ၊ သူ့ဆင်ခြင်တုံတရားနဲ့ သူပါ။ မကောင်းတာကို မကောင်းမှန်း လူတိုင်းသိကြပါတယ်၊ ဆင်ခြင်သင့်တာကို ဆင်ခြင်ရမယ်ဆိုတာလည်း လူတိုင်းသိပါတယ်။ သည်အခါမှာ ဖတ်တဲ့စာက အဆိပ်အတောက် ဖြစ်နေတယ်ဆိုရင် ဖတ်သူက အလိုလို သိပါတယ်။ မကောင်းတဲ့စာကို ဘယ်သူ၊ ဘယ်လောက်ကြာကြာ ဖတ်မှာတဲ့လဲ။ စာဖတ်သက် ရင့်လာတာနဲ့အမျှ အဲသလို ပေါက်ပန်းဈေးစာတွေကို အလိုလို ပစ်ပယ်လာတတ်ကြတယ်။

မကောင်းတဲ့စာဆိုရင် က… ကန်စွန်းပင် ရေမှာရွှင်၊ ခ… ခရမ်း သီး ဓါးနဲ့လှီးဆိုတဲ့စာကရော ဘာများ ကြီးကြီးကျယ်ကျယ် အကျိုးပြုနေ၊ ဗဟုသုတတွေ ပေးနေလို့တုန်း။ သို့ပေမယ့် ဘာသာစကား တိုးတက်ရေးအတွက် အဲဒီ့လှေကားထစ်ကို လူတိုင်း ကျော်ဖြတ်ခဲ့ရတာချည်းပဲ။ အလားတူပဲ၊ စာဖတ်ခြင်းဆိုတဲ့ အလေ့အထတစ်ခု ကိုယ်တွင်းမှာ စွဲမြဲလာဖို့ အရေးမှာလည်း အဲသလို ပေါက်ပန်းဈေးစာတွေက အများကြီးအကျိုးပြုနိုင်ခဲ့မှန်း ကျွန်တော့်ကိုယ်တွေ့အရ အခိုင်အမာ ပြောနိုင်ပါတယ်။

အင်္ဂလိပ်ဝတ္ထုမှာ Harold Robbins ဆိုတဲ့ စာရေး ဆရာတစ်ယောက်ရှိဖူးတယ်။ သူက အညှီအဟောက် အတော်များများနဲ့ တွေ့ကရာတွေ လျှောက်ရေးတဲ့သူလို့ အကြမ်းဖျဉ်း ဆိုကြပါစို့ရဲ့။ သူ့ဝတ္ထုတွေက တကယ့်အပျော်ဖတ်စာပေ စစ်စစ်ပဲ။ သူကိုယ်တိုင်က အတန်းကျောင်း ကောင်းကောင်းမနေခဲ့ရတော့ သူ့အရေးအသားကလည်း ခပ်ချာချာ၊ ခပ်နုတ်နုတ်ပါ။

သို့ပေမယ့် သူ့စာအုပ်တွေဟာ ကျွန်တော့်ကို အများကြီး အကျိုးပေးခဲ့ပါတယ်။ ကျွန်တော် အင်္ဂလိပ်ဝတ္ထု စဖတ်တာ သူ့စာအုပ်တွေက စတာပါ။ သူ့ဝတ္ထုတွေ ဖတ်တာက စိတ်ဝင်စားဖို့ကောင်းတယ်၊ လူငယ်ကြိုက် အညှီအဟောက်တွေ ပါတယ်၊ ပြီးတော့ ဖတ်လို့ လွယ်တယ်။ သူက စာ သိပ်မတတ်တော့ စာရေးတာ ရိုးစင်းတယ်၊ ရှင်းတယ်၊ နားလည်ဖို့ သိပ်မခက်ဘူး။ အဲတော့ သူ့စာအုပ် ဖတ်ရတာ စာသွားတယ်။

သူ့စာအုပ်တွေနဲ့သာ မစမိခဲ့ရင် “ဟစ်သာငိုတော့ ချစ်တိုင်းပြည်”လို ဂန္တဝင် စာအုပ်တစ်အုပ်ကို ဖတ်နိုင်တဲ့အဆင့်အထိ ကျွန်တော် ရောက်လာခဲ့မှာ မဟုတ်တာလည်း အသေအချာပါ။ အဲတော့ သူ့ကျေးဇူးက ကျွန်တော့် အပေါ်မှာ ရှိပါတယ်။ အလားတူပဲ၊ ဂျက်ဖရီအာချာ၊ ဆစ်ဒနီရှယ်လဒန်၊ ရောဘာ့(ထ်)လဒ်လမ်(မ်) အစရှိတဲ့ ရောင်းအကောင်းဆုံး တန်းဝင်ပေမယ့် စာပေတန်ဖိုးဆိုလို့ တစ်ပြားသားမှ မရှိတဲ့ စာရေးဆရာတွေကလည်း ကျွန်တော့် ကျေးဇူးရှင်တွေပါ။ သူတို့ စာအုပ်တွေ ဖတ်ရင်း နုရာက ရင့်လာခဲ့တာဖြစ်သလို စာဖတ်ခြင်းရဲ့ အရသာကိုလည်း ပိုပိုသိလာခဲ့တာဖြစ်ပါ တယ်။

ကျွန်တော့်စကားကို ပြန်ချုပ်ပါ့မယ်။ မဖတ်သင့်တဲ့စာ၊ မကောင်းတဲ့ စာဆိုတာ တစ်မျိုးမှ မရှိပါဘူး။ မြင်သမျှ ဖတ်၊ လက်လှမ်းမှီသမျှ ဖတ်ရင်းကနေ နုရာက ရင့်လာကြမယ့်သူချည်းပါပဲ။ လူတိုင်းမှာ ပင်ကိုဉာဏ်နဲ့ ပင်ကို ဆင်ခြင်တုံတရားရှိပါတယ်။ စာဖတ်ခြင်းဟာ အဲဒီ့ ပင်ကိုဉာဏ်နဲ့ ပင်ကို ဆင်ခြင်တုံတရားကို ပိုမိုကျယ်ပြန့် ခိုင်မာလာစေနိုင်ပါတယ်။

 

အချိန်မရှိဘူးလို့ မပြောပါနဲ့

သတင်းခေတ်၊ အချက်အလက်နည်းပညာ တစ်ဟုန်ထိုး ဖွံ့ဖြိုးနေတဲ့ခေတ်လို့ အခုကာလကို အမည်ပေးထားကြတယ်။ ကမ္ဘာရွာဆိုတဲ့ အသုံးအနှုံးကလည်း တအားကို တွင်ကျယ်နေတယ်။


အဲဒီ့ခေတ်မှာ စာမဖတ်တဲ့သူဟာ “ကချလာ”ဘဝ၊ သူများနောက်လိုက်ဘဝကို ရောက်သွားရပါလိမ့်မယ်။


စာဖတ်ပါလို့ ပြောတဲ့အခါ လူငယ်အတော်များများက သူတို့အပေါ် မှာ မနိုင်ရင်ကာ ဖိစီးနေတဲ့ ကျောင်းစာတွေနဲ့ ရောထွေးပြီး စာဆိုတာ ကြောက်စရာလို့ မြင်နေမိတတ်ကြပါတယ်။ အဲဒါလည်း အဆိုး မဆိုသာလှဘူး။ ၁၉၇၀ ပြည့်လွန်ကာလများက စတင်တွင်ကျယ်လာတဲ့ ကျူရှင်ယူခြင်း အလေ့အထဟာ လူငယ်တွေရဲ့ စာဖတ်ချင်စိတ်ကို တဖြည်းဖြည်းနဲ့ လုံးပါးပါးသွားစေခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ဆယ်တန်းအောင်မှတ်နဲ့ ဘဝလမ်းကြောင်းကို ပိုင်းဖြတ်ပေးနေတာကြီးကြောင့်လည်း မိဘတွေဟာ သူတို့ရဲ့ သားသမီးတွေ အပြင်စာဘက် စိတ်ယိုင်သွားမှာကို သေမလောက် ကြောက်နေကြတယ်။ အဲသလို မိဘတွေ ကိုယ်တိုင်ကလည်း စာဖတ်ခြင်း အလေ့အထ မရှိကြလေတော့ကာ သူတို့သားသမီးတွေ အပြင်စာဖတ်ရင်ပဲ ကျောင်းစာ ထိခိုက်မယ်ဆိုတဲ့ မဟာအစွဲအလန်းကြီးနဲ့ ပိတ်ပင်တားဆီးတတ်ကြတယ်။

လူငယ်တွေကလည်း စာဖတ်လောက်အောင် အချိန်အားမရှိဘူးလို့ ဆင်ခြေကန်ချင်တတ်ကြတယ်။ ပြင်ဦးလွင်မှာ ကျောင်းသွားတက်နေခဲ့တဲ့ ကျွန်တော့်သမီး ဆယ်တန်းဖြေခါနီးမှာ သူ့ဆီကို လစဉ်ထုတ်မဂ္ဂဇင်းတွေ မပို့ပါနဲ့တော့၊ စာကိုပဲ အာရုံစိုက်ရတော့မှာမို့လို့ ပြောခဲ့ပါတယ်။ ကျွန်တော် က သူ့စကားကို မကြားချင်ယောင်ဆောင်ပြီး ပို့ပေးခဲ့ပါတယ်။

ဘယ်လောက် အချိန်အား မရှိတဲ့သူဖြစ်ဖြစ် နေ့စဉ် ထမင်းစားနေကြတာဖြစ်သလို ရေအိမ်ထဲလည်း နေ့တိုင်းဝင်ပါတယ်။ ထမင်းစားချိန်မှာလည်း စာဖတ်မယ်ဆို ဖတ်လို့ရသလို ရေအိမ်ထဲ ဝင်နေချိန်မှာလည်း စာဖတ်ဖို့ အချိန်အားက အများကြီး ရှိပါတယ်။ အဓိကက ဖတ်ချင်စိတ် ရှိနေဖို့သာ လိုရင်းပါ။

 

စာဖတ်ခြင်းဆိုတာ ဝါသနာ၊ စွဲမြဲလာအောင် လေ့ကျင့်ပါ

ရုပ်ရှင်ဆိုတာ တစ်ကားကြည့်ပြီးတာနဲ့ နောက်တစ်ကား ကြည့်ချင်လာဖို့ ဘာမှ မခက်ပါဘူး။ အလွန်စွဲလွယ်ပါတယ်။ ကွန်ပျူတာဂိမ်းဆိုတာလည်း အဲသလိုပါပဲ။ တစ်ခါ၊ တစ်ပွဲလောက် ကစားပြီးရင် စွဲသွားပါတယ်။ နောက်တစ်ခါ ကစားဖြစ်ဖို့ ဘာမှ မခက်တော့ပါဘူး။ ကိုယ့်ဘက်က ဘာမှ သိပ် အားစိုက်စရာမှ မလိုတာကိုး။

အချိန်ပေးရတာချင်းအတူတူ စာဖတ်တာကျတော့ အဲသလိုမဟုတ်ဘူး။ အားစိုက်ရတော့ တော်တော်တန်တန်နဲ့ မစွဲလွယ်ဘူး။ အကျင့်လုပ်ယူမှ ရတာ။ တစ်အုပ်ဖတ်ရုံနဲ့ နောက်တစ်အုပ် ဖတ်ဖြစ်ဖို့ ခက်တယ်။ တစ်အုပ်တစ်လေလောက် အရသာရှိရှိ ဖတ်လိုက်ရဦးတောင်မှ နောက်တစ်အုပ်အတွက် အားစိုက်ဖြစ်ဖို့က အင်မတန် ခက်နေတတ်ပါတယ်။

သို့ပေမယ့် ရုပ်ရှင်ကြည့်ရတာနဲ့ စာဖတ်ရတာနဲ့ အရသာချင်း မတူပါဘူး။ “ရေနံ့သာခင်ခင်ကြီး”ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်တယ်ပဲ ဆိုပါစို့။ ဒါရိုက်တာက မိုးပျံအောင် တော်ပြီး သရုပ်ဆောင်တဲ့သူတွေကလည်း မိုးပျံအောင် ကောင်းနေ၊ ဇာတ်ညွှန်းဆရာကလည်း ဝတ္ထုအရသာ မပျက်အောင် ဇာတ်ညွှန်း ခွဲနိုင်နေတဲ့အတွက် မူရင်း ဝတ္ထုအရသာ မပျက်ပါဘူးလို့ ဘယ်လောက်ပြောပြော ရေနံ့သာခင်ခင်ကြီးနေရာမှာ စိုးမြတ်သူဇာနဲ့ ရိုက်လိုက်တာဖြစ်ရင် စိုးမြတ်သူဇာအဖြစ်ပဲ မြင်ရပါမယ်။ နန္ဒာလှိုင်နဲ့ ရိုက်တာဆိုလည်း နန္ဒာလှိုင်ရဲ့ ရုပ်ရည် ပြင်ပလက္ခဏာများအတိုင်းသာ တွေ့ရမှာပါ။

အဲဒါကို စာအုပ်အနေနဲ့ ဖတ်တဲ့အခါကျတော့ ရေနံ့သာခင်ခင်ကြီးဟာ စိုးမြတ်သူဇာရော၊ နန္ဒာလှိုင်ရော၊ ခိုင်သင်းကြည်ရော၊ သက်မွန်မြင့်ရော ရောယှက်နေပြီး အပြင်မှာ ဘယ်လိုမှ မရှိနိုင်တဲ့ စိတ်ကူးထဲက ဇာတ်ကောင်အသစ်ဖြစ်နေနိုင်ပါတယ်။ အဲဒီ့ဇာတ်ထဲက တစ်နေရာရာမှာ ကိုယ် ကိုယ်တိုင်တောင် စိတ်ကူးထဲမှာ ဝင်ပါလို့ ရနေနိုင်ပြန်ပါသေးတယ်။

ရုပ်ရှင်မှာကျတော့ ကိုယ်က အဲဒီ့အထဲ စိတ်ကူးနဲ့ ဝင်ပူးလို့ မရဘူး။ သူ ပြသလောက်ပဲ အကန့်အသတ်နဲ့ မြင်ရပါတယ်။ စာအဖြစ် ဖတ်တဲ့အခါ ကျတော့ စိတ်ကူးထဲမှာ ကိုယ်ကြိုက်သလောက် ချဲ့ထွင်လို့ရတယ်။ အကန့် အသတ်မဲ့သွားတယ်။ အဲဒါကို သတိထားမိမယ်ဆိုရင် စာဖတ်ခြင်းကို ငြင်းဆန်ချင်စိတ် နည်းသွားနိုင်ပါတယ်။

နောက်တစ်ချက်က ဆရာကြီး ရွှေဥဒေါင်း၊ ဆရာသော်တာဆွေတို့ လို ကိုယ်ရေးအတ္ထုပ္ပတ္တိကောင်းများကို ရေးနိုင်ဖို့အတွက် အဲဒီ့ဆရာကြီးတွေမှာ တစ်ဘဝလုံး ပေးဆပ်ခဲ့ရတာပါ။ တစ်ဘဝတာ အချိန်ယူခဲ့ရတာပါ။ သူတို့အတွက် နှစ်ပေါင်း ၇၀လောက် အချိန်ယူ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကို စာအုပ်အဖြစ် ဖတ်ရတဲ့အခါမှာ စာဖတ်သူက အလွန်ဆုံးမှ ခုနစ်ရက်လောက် အချိန်ပေးလိုက်ရင် အပြည့်အဝ သိရနိုင်ပြန်ပါတယ်။ ဒါဟာလည်း စာဖတ်ခြင်းရဲ့ အားသာချက်ပါ။

ရုပ်ရှင်အနေနဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့ ဘဝဖြစ်စဉ်၊ ဆရာသော်တာဆွေရဲ့ ဘဝဇာတ်ကြောင်းကို ဘယ်လိုမှ အသေးစိတ် ရိုက်မပြနိုင်ဘူး။ တကယ်လို့ ရိုက်ပြတတ်တဲ့ သူရဲကောင်း ရှိမယ်ဆိုဦးတောင်မှ အဲဒီ့ ဘဝ အတွေ့အကြုံတွေထဲက တစ်ကန့်၊ နှစ်ကန့်လောက်ကိုသာ တစ်နာရီခွဲဆိုတဲ့ ရုပ်ရှင်တစ်ကားရဲ့ ကန့်သတ် ကာလအတွင်းမှာ ဖျစ်ညှစ်ထည့်ယူရမှာ ဖြစ်ပါတယ်။


စာမှာက အကန့်အသတ်မရှိဘူး။ ကြိုက်သလောက် အတွဲဆက်လို့ ရတယ်။ ရေးတဲ့သူမှာတင် အကန့်အသတ် မရှိတာမဟုတ်ဘူး။ ဖတ်တဲ့သူအတွက်ကလည်း အကန့်အသတ်မဲ့တယ်။ ရေးတဲ့သူ ရေးပြထားတဲ့ ဝါကျထက် ကျော်ပြီး ဖတ်တဲ့သူရဲ့ စိတ်ကူးက ဖြန့်ကျက်နိုင်တယ်။

လူငယ်ဆိုတာ အကန့်အသတ်တွေကို မကြိုက်ဘူး၊ လွတ်လပ်မှုကို အငမ်းမရ ဖွေရှာတယ်လို့ ခေတ်အဆက်ဆက်မှာ နိုင်ငံတိုင်းက လူငယ်တွေ ကြွေးကြော်ခဲ့ကြပါတယ်။ သို့ပေမယ့် ကနေ့ကာလ မြန်မာလူငယ်တွေကတော့ ရုပ်မြင်သံကြား၊ ကွန်ပျူတာ ကစားနည်းပေါင်းစုံ၊ အင်တာနက်က တွတ်ထိုးခန်း စတာတို့မှာ အချိန်ကုန်ခံရင်း မိမိတို့ရဲ့ လွတ်လပ်မှု၊ အချုပ်အခြယ် မခံလိုမှုများကို စတေးနေကြတယ်၊ အဆုံးရှုံးခံနေကြတယ်။ တစ်နည်းပြောရရင် မိမိတို့ရဲ့ လွတ်လပ်စွာ တွေးခေါ်ဆင်ခြင်နိုင်တဲ့ စွမ်းအားများကို အဲဒီ့ ခေတ်မီနည်းပညာများရဲ့ ခြယ်လှယ်လွှမ်းမိုးမှုအောက်မှာ  ကိုယ့်သဘောနဲ့ကိုယ် လိုလိုချင်ချင်ကြီးကို အသတ်ခံနေကြပါတယ်။


တကယ် လွတ်လပ်ချင်သလား၊ တကယ် အကန့်အသတ်ကို မလိုချင် ဘူးလား။ အဆီးအတားမဲ့ ကျယ်ပြန့်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဆန်းသစ်တဲ့ လူသားများ ဖြစ်ချင်ကြပါသလား။

အဲဒါဆိုရင် အတိုင်းအဆ မရှိ၊ စိတ်ကူးရှိတိုင်း သွားနိုင်တဲ့ စာဖတ်ခြင်း အလေ့အထကို မရမက မွေးမြူယူသင့်လှတယ်လို့ လူငယ်တွေကို ကျွန်တော် အရမ်းပြောချင်နေမိရပါတယ်။

ပြောနေကျစကားကိုပဲ ပြောပါရစေ။ စာမဖတ်တဲ့သူဟာ သူများပြောသမျှ အကုန်လိုက် ယုံနေရတဲ့ လူနုံလူအသာ ဖြစ်ပါတယ်။ စာဖတ်တဲ့သူမှ ဆင်ခြင်ဉာဏ် ရင့်သန်ပြီး အမှန်အမှားကို ခွဲခြားတတ်နေပါလိမ့်မယ်။ အမှန်အမှားကို ခွဲခြားတတ်ပြီဆိုရင် ပြောတိုင်းယုံတဲ့ လူနုံဘဝက တစ်ဆင့်တက်လာမှာလည်း အသေအချာပါ။


ကိုင်း… စာဖတ်သူ လူငယ် လူကြီးမင်းအပေါင်းတို့ခင်ဗျား။

လူကြီးမင်းတို့ လူနုံမဖြစ်ချင်ကြမှာတော့ သေချာပါတယ်။ ဒါဆိုရင် ဘာလုပ်သင့်လဲဆိုတာတော့ မိမိတို့ဘာသာ အပိုင်အနိုင်ဆုံးဖြတ်ပြီး လုပ်သင့်တယ်ထင်တာကို နေ့ပိုင်း ညပိုင်း မရွှေ့ဆိုင်းဘဲ အမြန်ဆုံးအကောင်း အထည်ဖော်ကြပါလော့လို့သာ နှိုးဆော်လိုက်ရကြောင်းပါ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၈၁၂၀၇)

———————–

(၂၀၀၈ ခုနှစ်မှာ ထုတ်ဝေတဲ့ Fashion Image မဂ္ဂဇင်းရဲ့ နှစ်ပတ်လည် အထူးထုတ်မှာ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်ထားတာပါ။)