True Value of Money

ပိုက်ဆံရဲ့သဘောထားအမှန်

မနက်က ကျွန်တော့်ရည်းစားဟောင်း တစ်ယောက်ဆီက ဓာတ်ချောစာ ဝင်လာတယ်။သူက ကျွန်တော် ပိုက်ဆံ မစုတာကို တစ်ချိန်လုံး မကျေမနပ်ဖြစ်နေတာ၊ အားမလို အားမရ ဖြစ်နေတာ။

ကျွန်တော်က လူမိုက်ပေါ့။ ကျွန်တော်က ပြည်တွင်းမှာပဲ အိုးမကွာ၊ အိမ်မကွာ ဒေါ်လာစားလာတာ ၁၁နှစ်တောင်ရှိနေပြီ။ ကနေ့အထိ တိုက်ခန်းလေးတစ်ခန်းတောင် အပိုင်မဝယ်နိုင်သေးဘဲ အိမ်ငှားနေရတဲ့အတွက် သူတင် မဟုတ်ပါဘူး၊ ကျွန်တော့်ပတ်ဝန်းကျင်တစ်ခုလုံးကပါ ကျွန်တော့်ကို အားမရကြဘူး။

P1010898ကျွန်တော်ကတော့ ပန်းချီကိုမုတ်သုန် ပြောနေကျစကားလို “ဘဝကို ချောင်ထိုးထားတဲ့သူ”ပါ။ ဖန်တရာတေနေတဲ့ ကလီရှေး(cliché) ကို သုံးရရင်တော့ နေသလို မဖြစ်တဲ့ လောကမှာ ဖြစ်သလို နေလိုက်တာ အကောင်းဆုံးလို့ အောက်မေ့လိုက်ရုံပါပဲ။

ကျွန်တော့်အသက် ၄၀ ကျော်ပြီ။ ၁၉ နှစ်သားကတည်းက ပိုက်ဆံရှာတဲ့ အလုပ်ကိုလုပ်ခဲ့တာ။ ကျောင်းတစ်ဖက်နဲ့ အငှားယာဉ်မောင်းတဲ့ အလုပ်က စလာလိုက်တာ အခုအခါမှာတော့ စားပွဲနဲ့၊ ကုလားထိုင်နဲ့၊ လေအေးစက်နဲ့၊ ကွန်ပျူတာနဲ့၊ ဓာတ်ချောပို့စနစ်နဲ့၊ အသံသွင်း ချောပို့ စနစ်နဲ့၊ စတိုင်ကျကျ အလုပ်တစ်ခုမှာ ရောက်နေတယ်။ အကြီးတန်း အရာရှိဆိုတဲ့ဂုဏ်ပုဒ်တစ်ခုလည်း ရှိတယ်။ လစာအနေနဲ့ကလည်း တစ်လကို ၃သိန်းလောက် ဝင်နေတာ။

ဒါပေမယ့် အဲဒီ့အလုပ်ကနေ ထွက်ဖို့ ကြံနေမိပြီ။ ဒါဖြင့် မင့်မှာ တခြားဘာအလုပ် ရှိလို့လဲဆိုရင် ဘာမှမရှိဘူး။ ခပ်တည်တည်ပဲ၊ လုပ်နေရတဲ့အလုပ်မှာ မပျော်ပိုက်တော့တဲ့အတွက် ထွက်ဖို့ စိတ်ကူးတော့တာ။ ပိုက်ဆံဆိုတာလေး ရလိုမှုတစ်ခုအတွက် ကျွန်တော့်စိတ်ချမ်းသာမှုကို မစတေးချင်တော့တာ။

အားလုံးကတော့ ကျွန်တော့်ကိုလူမိုက်တဲ့။ ကျွန်တော့်အိမ်သူအပါအဝင် ကျွန်တော့်ကို နားလည်သူ၊ ကျွန်တော်နဲ့အယူအဆချင်းတူသူ တချို့က လွဲရင်ပေါ့။
ဟိုးလွန်ခဲ့တဲ့ နှစ်၂၀လောက်က မိတ်ဆွေတစ်ယောက်ပြောဖူးတဲ့ စကားကိုသတိရတယ်။
ဆီဦးထောပတ်ကို လာကျွေးတဲ့အခါ ဇွန်းနဲ့ဖြစ်ဖြစ်၊ လက်နဲ့ဖြစ်ဖြစ် စားခွင့်မရှိဘဲ နှုတ်သီးနဲ့ ထိုးဟပ်ပြီးစားရမယ်ဆိုလို့ကတော့ နတ်သုဒ္ဓာလောက် ကောင်းနေစေဦးတော့ မစားသင့်ဘူးတဲ့။

ကျွန်တော်သိပ်သဘောကျတဲ့စကား။ လူ့သိက္ခာနဲ့ လူ့မာနကို အထိ ပါးခံပြီး ခွေးလို ဟပ်ရမှတော့ အဲဒီ့စားစရာက နတ်သုဒ္ဓာပင်ဖြစ်နေစေဦးတော့ ဘယ် အရသာရှိပါတော့မလဲ။ ဒါပေမယ့်လည်း လောကမှာ လူ့သိက္ခာ လူ့မာနကို တန်ဖိုးမထားဘဲ စားရဖို့လေးကိုပဲ မဲနေတတ်တဲ့ သူတွေကလည်း အများသားဆိုတော့ ကျွန်တော်က လူမိုက်ပေါ့။
အခုလည်း ရည်းစားဟောင်းကြီးက ကျွန်တော် အားကျစေချင်ဇောနဲ့ ရေးလာတယ်။ သူ့လင်တော်မောင်က နိုင်ငံခြားမှာ အလုပ်သွားလုပ်တာ ၈ နှစ် ရှိပြီတဲ့။ သူတို့က အခု ရန်ကုန်ဆင်ခြေဖုံးမှာ တိုက်ဆောက်နေတဲ့အကြောင်း၊ မြေကွက်ကိုက သိန်း ၉၀ လောက် တန်တဲ့အကြောင်း၊ နောက်ထပ်မြေတစ်ကွက်၊ တိုက်ခန်းနှစ်ခန်းနဲ့ ကားတစ်စီးလည်း ရှိနေပြီဖြစ်တဲ့ အကြောင်းတွေကို ရိုးရိုးလေး ရေးထားပါတယ်။

ရိုးရိုးလေးဆိုတာက သူတမင် အကြွားတိုက်နေတာ မဟုတ်တာကို ပြောလိုရင်းပါ။ သူ့သဘောကို ကျွန်တော်သိပါတယ်။ ကျွန်တော့်မှာက သမီးနဲ့သားနဲ့၊ သူ့မှာက သားသမီးတစ်ယောက်မှ မထွန်းကားဘူး။ ဆိုလိုတာက ကျွန်တော်က သူ့ထက်ပိုလို့ စုသင့်ဆောင်းသင့်တယ်လို့ သူက ယူဆပါတယ်။

အခုလောက် စုမိနေတာတောင် သူက အခုလည်း ဆက်စုနေတုန်းပဲလို့ရေးလိုက်တာပါ။ သူ့စာထဲမှာ တခြား ဘာမှ မပါဘူး။ ဒါလေးပဲ ပါတာ။ သူကတော့ အားကျစေချင်လို့ပေါ့။

ကျွန်တော်က အခု အများလို မတွေးတော့တာ သူမသိဘူး။

အဲဒါနဲ့ သူ့ကို တစ်ခုခုပြန်ရေးလိုက်ဖို့ စဉ်းစားတဲ့အခါ တစ်ခါက ရေးပြဖူးတဲ့ “ကိုယ့်မြေ”ဆိုတဲ့ ပုံပြင်လေးကို သတိရသွားတယ်။ အဲဒါလေးကို ပြန်ရှာရင်းနဲ့ ကဗျာလေးတစ်ပုဒ်ကို တွေ့ရပြန်တဲ့အခါ စာဖတ်သူ လူကြီးမင်းများအတွက် ပြန်ဆိုပေးချင်သွားမိရပြန်တယ်။

ဖတ်ကြည့်ကြပါဦး…

ပိုက်ဆံရှိရင် အိမ်ဝယ်လို့ရတယ်၊
ဒါပေမယ့် နားခိုရာကိုတော့ ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် နာရီဝယ်လို့ရတယ်၊
ဒါပေမယ့် အချိန်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် စာအုပ်ဝယ်လို့ရတယ်၊
ဒါပေမယ့် ပညာကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် သွေးဝယ်လို့ရတယ်၊
ဒါပေမယ့် အသက်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် အပျော်ရှာလို့ရတယ်၊
ဒါပေမယ့် အချစ်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် အာမခံထားလို့ရတယ်၊
ဒါပေမယ့် လြုံခံမှုကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် ခုတင်ဝယ်လို့ရတယ်၊
ဒါပေမယ့် အိပ်ပျော်အောင် ငွေနဲ့လုပ်လို့မရဘူး။

ပိုက်ဆံရှိရင် စားစရာဝယ်လို့ရတယ်၊
ဒါပေမယ့် ခံတွင်းလိုက်အောင် ပိုက်ဆံပေးပြီး လုပ်လို့မရဘူး။

ပိုက်ဆံရှိရင် ဆေးဝယ်လို့ရတယ်၊
ဒါပေမယ့် ကျန်းမာအောင် ငွေနဲ့လုပ်လို့မရဘူး။

ပိုက်ဆံရှိရင် လူရာဝင်တယ်၊
ဒါပေမယ့် လူရိုသေအောင် ငွေနဲ့လုပ်လို့မရဘူး။

တွေ့တယ်နော်?
ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတာ ဟုတ်လို့လား?

ခင်ဗျားမှာ ထားစရာမရှိအောင် များနေရင်
ကျုပ်ကို နည်းနည်းပါးပါး ပေးလိုက်ပါတော့လား။

ကဗျာလေးကတော့ ဒါပါပဲ။ ကျွန်တော် ပြန်တတ်သလို ပြန်ဆို ထားတာပါ။ စာဖတ်သူများအတွက်တော့စဉ်းစားစရာလေးတွေ အထိုက်အလျောက် ပေါ်လာတန်ကောင်းတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြန်ဆိုတင်ပြလိုက်ရပြန်တာပါပဲခင်ဗျား။

(အတွေးသစ်ဂျာနယ်၊ ၂၇-ဝ၃-ဝ၁)

“နေပျော်တဲ့ ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့ စိတ်” စာအုပ်ထဲမှာလည်း ဖော်ပြထားပါတယ်။

———–

ဟိုးလွန်ခဲ့တဲ့ ၁၃ နှစ်က ရေးခဲ့တဲ့ စာလေးကို သည်ဘလော့(ဂ်)မှာ သည်စာကို ပြန်တင်ဖြစ်သွားတာက ပိုက်ဆံအကြောင်း သိပ်ပြောနေတဲ့ လူငယ်လေးတွေကို မြင်နေရလို့ပါပဲ။

ပိုက်ဆံတော့ ကျွန်တော်လည်း မက်ပါတယ်။ ဒါပေမယ့် ကျွန်တော်က “အသုံးချဖို့”အတွက် ပိုက်ဆံကို လိုချင်တာပါ။ တစ်နည်းအားဖြင့် ပိုက်ဆံကို ကျွန်တော်က “ကျွန်”လုပ်ချင်တာပါ။

ပိုက်ဆံက ကျွန်တော့် “သခင်”မဟုတ်ပါဘူး။ ပိုက်ဆံရဲ့ “ကျေးကျွန်”ဘ၀ကို ကျွန်တော် အရောက်မခံနိုင်ဘူး။ ဒါ့ကြောင့် ပိုက်ဆံကို ကျွန်တော် မကိုးကွယ်ဘူး။

လွန်ခဲ့တဲ့ ၁၃ နှစ်က သဘောထားဟာ အခုအခါမှာ ပိုလို့ ခိုင်မာလာပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်ကထက် စာရင် သေဖို့က ၁၃ နှစ် ပိုနီးလာပါပြီ။ သည်အချိန်မှာ ပိုက်ဆံက သေခြင်းအတွက် အရေးမကြီးပါဘူး။ အခုနေ ကျွန်တော် ဘယ့်(န်)ထလီပဲ စီးနိုင် စီးနိုင်၊ ရိုး(လ်)(ဇ်)ရွိုက်(စ်)ပဲ စီးနိုင် စီးနိုင်၊ ရွှေသားအတိနဲ့ ပြီးကာ စိန်စီထားတဲ့ အိုင်ဖုန်းဂျီးပဲ ကိုင်နိုင်ကိုင်နိုင်၊ အိုဗျာ… ကိုယ်ပိုင် ရွက်သင်္ဘောကြီးပဲ ပိုင်ပိုင် သေခါနီးကျ အဲဒါတွေက စိတ်ချမ်းသာမှု ပေးမှာ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေ အနားမှာ ရှိနေခြင်း၊ သေခြင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခြင်းကသာ အရေးကြီးပါတယ်။

ဒါက သေခါနီး အဘိုးကြီးတစ်ယောက်ရဲ့ စကားပေါ့။

ဘ၀ရဲ့ အနှစ်သာရနဲ့ အနက်အဓိပ္ပာယ်က ရုပ်ဒြပ်တွေဆီမှာ မရှိပါဘူး။ စိတ်အတွင်းမှာသာ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ တစ်နည်းပြောရင် အသိဉာဏ်တိုးတက်မှုဟာ ပိုက်ဆံရှိဖို့ထက် သာလို့ အရေးကြီးပါတယ်။

အဲဒါကို လူငယ်တွေ မြင်စေချင်လို့ လွန်ခဲ့တဲ့ ၁၃ နှစ်က စာလေးကို ပြန်တင်လိုက်တာပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် ၃၀၀၃၁၄)

ဘ၀နဲ့ နိုင်ငံရေး

အရေးအခင်းက ဖြစ်လို့ကောင်းဆဲ၊ လူ့ဘ၀မှာလည်း နိုင်ငံရေးထက် အဆများစွာ ပိုအရေးကြီးတာတွေ ရှိနေဆဲ

ကိုယ့်မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေမှာ ကိုယ်နဲ့ မတူတဲ့ နိုင်ငံရေး အမြင်တွေ ရှိနေကြလင့်ကစား လူ့ဘ၀မှာ နိုင်ငံရေးထက် အဆများစွာ ပိုအရေးကြီးတာတွေ ရှိနေသေးတာမို့ အစွန်းရောက်အမြင်တွေကြောင့် ချစ်ခင်ရင်းနှီးမှုတွေ မထိခိုက်စေသင့်ဘူး။

နိုင်ငံရေး ပဋိပက္ခတွေက နိုင်ငံ့ရှေ့တန်းမှာ ဆက်လက်တည်ရှိနေခိုက် အဲသလို အခက်အခဲတွေကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သူ နှစ်ဦးဆီက ထွက်လာတဲ့ အကြံပြုချက် ဖြစ်ပါတယ်။

နိုင်ငံရေးအရ ကွဲပြားမှုတွေဟာ ဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ အဆက်ဖြတ်ပစ်စရာ အကြောင်းရင်းခံ တစ်ရပ် မဖြစ်သင့်ဘူးလို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုရဲ့ ဖွံ့ဖြိုးရေး လုပ်သားဟောင်းတစ်ဦးဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဂါဝင် ချူတီမာက ဆိုပါတယ်။

???????????????????????????????

မဆွေးနွေးသင့်တဲ့ အကြောင်းအရာတွေ 

“သံယောဇဉ်တွေက အလွန်အရေးကြီးပါတယ်။ ကိုယ့်မှာ တစ်ခုခု ဖြစ်လာတဲ့အခါ လာပြီး ပြုစုစောင့်ရှောက်ပေးလေမယ့် နိုင်ငံရေး ပါတီဆိုတာ ရှိလာမှာတဲ့လား။ ကိုယ့်မိဘတွေကသာ ကိုယ့်ကို စောင့်ရှောက်မှာ။ မိသားစုက အရေးကြီးပါတယ်”လို့ လွန်ခဲ့တဲ့ နှစ်တွေအတွင်း အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြရာကနေ အသက်တွေ ဆုံးခဲ့ရ၊ ဒဏ်ရာတွေ ရခဲ့ရတဲ့ ၀မ်းနည်းစရာ အဖြစ်တွေကို ရည်ညွှန်းရင်း သူက ပြောပါတယ်။   

အကောင်းဆုံးနည်းကတော့ ဘာပြောမယ်ဆိုတာကို စိစစ်ဖို့ရယ်၊ နိုင်ငံရေးကို ဆွေးနွေးကြတဲ့အခါ ဘယ်လောက်အထိ ပြောသင့်တယ်ဆိုတာကို ချင့်ချိန်ဖို့ရယ်ပါပဲလို့ ဂါဝင်က ပြောပါတယ်။

ဓာတုဗေဒ ကထိကလည်းဖြစ်၊ တော်ဝင်သိပ္ပံရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပြီး အသက် ၈၇ နှစ်အရွယ် ရှိနေလေပြီဖြစ်တဲ့ သူ့မိခင်ကြီးနဲ့ ပတ်သက်လို့ ပြောရာမှာ “တချို့ကိစ္စတွေဆို ကျွန်တော် လက်ရှောင်တယ်”လို့ သူက ဆိုပါတယ်။

သူ့အမေကို သူ တစ်ခုပဲ ပြောပါသတဲ့။ အဲဒါကတော့ အစိုးရဆန့်ကျင်ရေး ကောင်းကင်ပြာ ရုပ်သံလိုင်းလို သတင်းဌာန တချို့ဆီက တစ်ဖက်သတ် သတင်းတွေကိုချည်း မယုံသင့်ကြောင်းဆိုတာပါပဲ။

ဒါ့အပြင် အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ယင်းလပ်(ခ်) ရှင်န၀ါထြာဟာ အကျင့်ပျက်နေတဲ့ မိန်းမဆိုတာမျိုးလို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်မျိုးကို ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ လျှောက်မပွားသင့်ဘူးလို့လည်း သူ့အမေကို သူက သတိပေးခဲ့ပါတယ်။

“ကျွန်တော်သာ အမေ့နေရာမှာဆိုရင် အဲလို စကားမျိုးကို ပြောဖြစ်မှာ မဟုတ်ဘူးဗျာလို့ အမေ့ကို ကျွန်တော် ပြောခဲ့ပါတယ်”တဲ့။

လူထုရဲ့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေး ကော်မတီ [ပီဒီအာ(ရ်)စီ]က သူတို့ကို ထောက်ခံသူတွေအနေနဲ့ အစိုးရ ငွေစုဘဏ်က ငွေစာရင်းတွေ ပိတ်သိမ်းဖို့ တိုက်တွန်းလိုက်တဲ့နောက် သူ့အမေလည်း အဲဒီ့ဘဏ်က သူ့စာရင်းကို ပိတ်ချင်နေတဲ့အခါ အဲသလိုလုပ်လိုက်ရင် ထိုင်းစီးပွားရေး တစ်ခုလုံးကို ဘယ်လောက်အထိ ရိုက်ခတ်သွားမယ်ဆိုတာကို ဂါဝင်က သူ့အမေကို ရှင်းပြပြီး တားခဲ့ပါတယ်။ အဲသလို စာရင်းပိတ်မယ့်အစား အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဆန်စပါး အာမခံ အစီအစဉ်ကို ပံ့ပိုးပေးဖို့ ပိုက်ဆံချေးမယ့် ဘဏ်ရဲ့ အစီအစဉ်တွေကို ရှုံ့ချတဲ့ စာတစ်စောင်ကို ဘဏ်ဆီပေးပို့ဖြစ်သွားအောင် သူ့အမေကို စည်းရုံးနိုင်ခဲ့ပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပတ်သက်လာရင်တော့ အချင်းများရတော့မယ့် အနေအထား ပေါ်ပေါက်လာမယ့် ကိစ္စမျိုးတွေကိုဆို မဆွေးနွေးကြေးလို့ အချင်းချင်း သဘောတူထားကြတယ်လို့ ဂါဝင်က ဆိုပါတယ်။ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိတဲ့ ကိစ္စတွေမှာ အချေအတင် ငြင်းခုန်တာဟာဖြင့် ဘယ်လိုနည်းနဲ့မှကို အဓိပ္ပာယ် မရှိပါဘူးတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆွေမျိုးတစ်ယောက်ကတော့ သည်လို သဘောတူထားကြတာမျိုးကို လက်မခံနိုင်တာမို့ သူနဲ့ အမြင်မတူသူ သူ့ဇနီးနဲ့ နိုင်ငံရေး လုံးလုံးမဆွေးနွေးဖို့ ဆုံးဖြတ်ထားပါတယ်။

အိမ်မှာဆိုရင်တော့ ဂါဝင်ဟာ တရားခံပြေး ၀န်ကြီးချုပ်ဟောင်း တာ့(ခ်)ဆင်(န်) ရှင်န၀ထြာရဲ့ ပရိသတ်တွေဖြစ်ကြသူ သူ့ယာဉ်မောင်း၊ သူ့အိမ်ဖော်တို့နဲ့ သော်လည်းကောင်း၊ နိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူ တစ်ဦးလည်းဖြစ်၊ ပီဒီအာ(ရ်)စီကို ထောက်ခံသူလည်း ဖြစ်တဲ့ သူ့ဇနီးနဲ့သော်လည်းကောင်း ဘာတွေဖြစ်ပျက်နေတယ် ဆိုတာကို ဂါဝင်က ဘယ်တော့မှ မဆွေးနွေးဘဲ နေပါတယ်။

တစ်ချိန်ချိန်မှာ ဘယ်ဘက်ကပဲ နိုင်သွားသွား ထိုင်းတွေဟာ ကိုယ်နဲ့ တွေးပုံ မတူသူ သန်းပေါင်းများစွာနဲ့ အတူယှဉ်တွဲ နေထိုင်သွားရမှာပဲလို့ ဂါဝင်က ထောက်ပြပါတယ်။

“အဲတော့ ကျွန်တော်တို့ ဘယ်လို အတူယှဉ်တွဲ နေထိုင်ကြမှာတုံး”လို့ ဂါဝင်က မေးပါတယ်။ အတိုက်ခံဘက်ကို ကျန်တဲ့ တစ်ဘက်က စသတ်ပြီဆိုတာနဲ့ ထိုင်းနိုင်ငံဟာ ပြည်တွင်းစစ် နွံ့ထဲမှာ နစ်သွားလိမ့်မယ်လို့ သူက ပြောပါတယ်။

အသက် ၄၀ အရွယ် နိုင်ငံရေး သိပ္ပံပညာရှင် ဆီရုတ် ခလာ(မ်)ပိုင်ဘွန်ကတော့ သူ့ထက် ၁၆ နှစ်ကြီးသူ ဒီမိုကရက်တစ် ပါတီ အဆင့်မြင့်အဖွဲ့ဝင် သူ့အစ်ကိုကြီး အော်(န်)ငါ့(ထ်) ခလာ(မ်)ပိုင်ဘွန်နဲ့ နိုင်င့ရေး ဆွေးနွေးတဲ့အခါမှာ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့  စစ်တပ်အာဏာ မသိမ်းရေး၊ ဆန္ဒပြသူတွေကို အင်အားသုံး မဖြိုခွင်းရေး ဆိုတာမျိုးတွေကိုသာ အရင်ဆုံး စပြောတယ်လို့ ဆိုပါတယ်။

“ကျွန်တော့်မိသားစုက အစွန်းရောက်တွေ မဟုတ်ကြတာ၊ (ဆန့်ကျင်ဘက်အမြင်တွေကို) နားမထောင်ဘဲ နေကြမယ့်သူတွေ မဟုတ်တာ ကျွန်တော် ကံကောင်းတယ်”လို့ သူကပြောတယ်။ ဘ၀ထဲက နေရာတကာမှာ နိုင်ငံရေးနဲ့ ကိုင်တုပ်တာဟာ “အဓိပ္ပာယ်မရှိဘူး”လို့ သူက ဆက်ပြောလိုက်ပါသေးတယ်။

“နိုင်ငံရေးဆိုတာ ဘ၀ရဲ့ ထောင့်တစ်ထောင့်သာ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ကွဲလွဲနိုင်ကြပါတယ်။ ဒါပေမယ့် စီးပွားရေးကို ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတာကိုပဲဖြစ်ဖြစ်၊ အားကစားနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ကျွန်တော်တို့ သဘောတူနိုင်တာတွေလည်း ရှိမှာပါ။ လူတွေမှာက သဘာဝအမျိုးမျိုး ရှိကြတယ်။ အဲဒါကို နားလည် လက်ခံနိုင်မှ တန်ကာကျလိမ့်မယ်”ဟူလို။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ဘာသာပြန်သူ)

၂၃၀၂၁၄

သတင်းတစ်ပုဒ်ကို ဖတ်လိုက်မိပြီး ဘယ်လိုမှ မအောင့်နိုင်တော့လို့ ဘာသာပြန်လိုက်တာပါ။
မူရင်း http://www.nationmultimedia.com/politics/As-crisis-continues-people-discover-that-theres-mo-30227516.html

အိမ်တော်ပါရဲ့ အစ

သည်ရွေးကောက်ပွဲက ကောင်းကောင်းကြီး အလုပ်အကျွေးပြုလိုက်လေတဲ့ အိမ်တော်ပါ (ဘာသာပြန်)

ယူဂျီး(န်) အယ်လင်(န်)ဆိုတဲ့ သတင်းစာခေါင်းကြီးတွေနဲ့ အင်မတန် စိမ်းသူ တစ်ယောက် အိမ်ဖြူတော်မှာ အလုပ်လုပ်ခဲ့တာဖြင့် ဆယ်စုနှစ် သုံးစုကျော်ပါ။ အဲဒီ့ ဆယ်စုနှစ်သုံးစုထဲက ကာလတချို့မှာ ပြင်းထန်တဲ့ လူမျိုးရေး ခွဲခြားမှု ဥပဒေတွေဟာ ဟောဒီ့အမေရိကန် မြေပေါ်မှာ ကြီးစိုးနေခဲ့ဖူးပါတယ်။

052313-national-white-house-washington-dc-eugene-allen-butler-ronald-reagan

 

ယူဂျီး(န်)ကတော့ ညတိုင်ကျရင် သူ့အိမ်ဆီ ခြေလျင်ပြန်ခဲ့ပါတယ်။ သူ့ဇနီး ဟယ်လီး(န်)ကတော့ သူ့ကို မီးဖိုထဲ အဝင်မခံပါဘူး။ အိမ်ဖြူမှာတော့ သူဟာ ဘဲဥပုံရုံးခန်းထဲက စားပွဲကြီးနဲ့ထက် 

သမ္မတ ထရူးမဲ(န်)က သူ့ကို ဂျီး(န်)လို့ ခေါ်တယ်။ညစ်ပတ်ပေရေတဲ့ ပန်းကန်တွေနဲ့သာ ပိုပြီး နီးနီးစပ်စပ် အလုပ်လုပ်ခဲ့ရပါတယ်။ ဟယ်လီး(န်)အတွက် အဲဒါ အရေးမကြီး ပါဘူး။ သူ့မျက်နှာက ဂုဏ်ယူဝမ်းသာမှုနဲ့ ဝင်းလက်လို့ နေခဲ့ပါတယ်။

သမ္မတ ဖှို့(ဒ်)ကကျတော့ သူ့ကို ဂေါက်သီးအကြောင်းတွေ ပြောပြတတ်တယ်။

သမ္မတပေါင်း ရှစ်ယောက် ရောက်လာကြ၊ ထွက်သွားကြတာကို သူမြင်ခဲ့ရတယ်။ သူက တစ်ပတ်မှာ ခြောက်ရက် အလုပ်လုပ်တဲ့သူပါ။ “အလုပ် တစ်ရက်မှ မပျက်ခဲ့ဖူးဘူး”လို့ သူက ပြောပါတယ်။

သူဟာ သမိုင်းရဲ့ နောက်ကျောစာမျက်နှာတွေထဲက ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ အသေးဆုံး ပုံနှိပ်စာလုံးနဲ့ ရုပ်ပုံလွှာ၊ မီးဖိုချောင်ထဲက လူရယ်ပါ။

အစိုးရကျောင်းတွေမှာ လူမည်းနဲ့ လူဖြူ ကျောင်းသားတွေ သတ်သတ်စီ ခွဲပြီး တက်ဖို့ သတ်မှတ်ခြင်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘူးဆိုတဲ့ ၁၉၅၄ ခုနှစ် စီရင်ထုံး၊ ၁၉၅၇ ခုနှစ်က ကျောက်ကလေး ဗဟိုအထက်တန်း ကျောင်းမှာ အမှတ်ကောင်းတဲ့ လူမည်း ကိုးယောက် ကျောင်းတက်ဖို့ စာရင်း သွင်းရာမှာ အဲဒီ့ကျောင်းတည်ရာ အာခင်ဆောပြည်နယ် အုပ်ချုပ်ရေးမှူးက လူမျိုးရေး ခွဲခြားပြီး တက်ခွင့် မပေးခဲ့လို့ ဖြစ်ပွားခဲ့ရတဲ့ အရေးအခင်း၊ အဲဒီ့ အချိန်က သမ္မတ အိုင်ဆင်(န်)ဟောင်ဝါ ကြားဝင်လိုက်တော့မှ အဲဒီ့ ကျောင်းသားတွေ ကျောင်းတက်ခွင့်ရခဲ့တဲ့ အရေးအခင်း၊ ၁၉၆၃ ခုနှစ် ဩဂုတ်လ ၂၇ ရက်နဲ့ ၂၈ ရက်များက မြို့တော် ဝါရှင်တန်ဒီစီက လူပေါင်း နှစ်သိန်းနဲ့ သုံးသိန်းကြား တက်ရောက်ကြတဲ့ အရပ်ဘက်အခွင့်အရေး တိုက်ပွဲ ဆန္ဒပြ ချီတက်ပွဲ၊ မီးလောင်နေတဲ့ မြို့တွေ၊ အရပ်ဘက်အခွင့်အရေး ဥပဒေတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ပြည့်နှက်နေတဲ့ အမေရိကန်နိုင်ငံရဲ့ လူမျိုးရေး သမိုင်းကို ပြင်ရေးနေချိန် တစ်လျှောက်လုံး သူ အိမ်ဖြူတော်မှာ ရှိနေခဲ့ပါတယ်။

၁၉၅၂ ခုနှစ် အိမ်ဖြူတော်မှာ သူ အလုပ်စလုပ်နေချိန်တုန်းကဆိုရင် သူ့ ဇာတိ ဗှာဂျစ်နစ်ယားပြည်နယ်ကို ပြန်သွားတဲ့အခါများမှာ အများသုံး အိမ်သာကိုတောင် သူ့မှာ သုံးခွင့်မရတတ်နိုင်ခဲ့ပါဘူး။ “အဲတုန်းက ကျုပ်တို့မှာ ဘာဆိုဘာမှ မရခဲ့ဘူး။ အခြေအနေတွေ ကောင်းလာပါစေလို့ မျှော်လင့်နေရုံပဲ တတ်နိုင်ခဲ့ ပါတယ်”လို့ အခုအခါမှာ အသက် ၈၉ နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ ယူဂျီး(န်)က အတိတ်ကို မှန်းဆရင်း ပြောပြပါတယ်။

အိမ်ဖြူတော်… ဟုတ်ကဲ့… နာမည်ကိုက အိမ်ဖြူတော် ဖြစ်နေတာကို သတိချပ်တော်မူ။

အဲဒီ့ အိမ်ဖြူတော်ရဲ့ သမိုင်းရှည်ကြီးမှာလည်း အမေရိကန် လူမည်းတွေနဲ့ ရှုပ်ထွေးနက်နဲသလောက် ဦးနှောက်ခြောက်စရာ ကောင်းလှတဲ့ ဆက်ဆံရေးတွေ ရှိနေခဲ့ပါတယ်။

“အောက်ခြေအဆင့်မှာတော့ သမိုင်းက အဲသလောက်ကြီး မညီမမျှ မဟုတ်ပါဘူး။ မီးဖိုချောင်ထဲက လူတွေအားလုံးကလည်း လူမည်း၊ တံခါးမှူးတွေအားလုံးတောင်မှ လူမည်းတွေပါပဲလေ”လို့ သမ္မတ ခယ်နယ်ဒီရဲ့ အတိုင်ပင်ခံအဖြစ် အမှုထမ်းခဲ့ဖူးသူ ထက်(ဒ်) ဆိုရင်(န်)ဆင်(န်)က ပြောပါတယ်။

အိမ်ဖြူတော်ထဲက လူမည်းတွေကိစ္စကို ကိုင်တွယ်ဖို့ သူကြိုးစားခဲ့ဖူးပါတယ်။ ဒါပေသည့် နောက်ဆုံးမှတော့ ခယ်နယ်ဒီ့လက်ထက် အိမ်ဖြူတော် အမှုထမ်းတွေထဲက အရာရှိနေရာမှာ တစ်နှစ်ကျော် တာဝန်ထမ်းဆောင်ဖူးသွားတဲ့ လူမည်းဆိုလို့ တစ်ယောက်ဆို တစ်ယောက်တည်းသာ ရှိခဲ့ဖူးပါတယ်။ “လူမည်းတွေ ရှိသင့်သလောက် များများစားစား မရှိကြဘူး။ ပြဿနာက သူတို့ ရှိသင့် မရှိသင့်၊ ဒါမှမဟုတ် ရှိနိုင် မရှိနိုင်ဆိုတာကို မဟုတ်ဘူး”လို့ ဆိုရင်(န်)ဆင်(န်)က ဆိုပါတယ်။

လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး ဝါဒီ ဖရက်ဒရစ်(ခ်) ဒါ့ဂလာ့(စ်)ဟာ ၁၉၆၆ ခုနှစ်မှာ လူမည်းတွေ မဲပေးခွင့်ရရှိရေးအတွက် တင်ပြလျှောက်လဲနိုင်မယ့် အခွင့်အရေးကို မြင်မိတာမို့ သမ္မတ အယ်(န်)ဒြူး ဂျော်(န်)ဆင်(န်)ကို ဆွယ်တရား ဟောဖို့ အိမ်ဖြူတော်ကို သွားခဲ့ပါသေးတယ်။ ဒါပေမယ့် သမ္မတက လူမည်းများ မဲပေးခွင့်အခွင့်အရေး လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်ဖို့ ငြင်းဆိုခဲ့ပါတယ်။ ၁၈၇၇ ခုနှစ်မှာ ဒါ့ဂလာ့(စ်)က အိမ်ဖြူတော်ကို နောက်တစ်ခေါက် ထပ်သွားခဲ့သေး ပေမယ့် ဘယ်သူကမှ သူနဲ့ နိုင်ငံရေးအကြောင်း မပြောခဲ့ကြပါဘူး။ သူရောက် သွားတယ်ဆိုတာကလည်း အဲဒီ့အချိန်က သမ္မတ ရူသှာဖှို့(ဒ်) ဟေး(ဇ်)က ညနေခင်း ဖျော်ဖြေပွဲတစ်ပွဲမှာ အခမ်းအနားမှူး လုပ်ပေးဖို့ သူ့ကို တာဝန်ပေးခဲ့လို့သာ ဖြစ်ပါတယ်။

၁၉၀၁ ခုနှစ်မှာ နောက်ထပ် အမေရိကန် လူမည်းတစ်ယောက် အိမ်ဖြူတော် တံခါးဝ ရောက်လာပြန်တယ်။ သမ္မတ သီအိုဒို ရုစဗှဲ့(လ်)(ထ်)က ထပ်စခီးဂီး သိပ္ပံ ကျောင်းအုပ် ဘွတ်ခါ ထီ ဝါရှင်တန်ကို ဖိတ်ကြားခဲ့တာပါ။ လူအများ တုံ့ပြန်လာမှာ၊ အထူးသဖြင့် တောင်ပိုင်းသားတွေ တုံ့ပြန်လာမှာကို စိုးရိမ်တာမို့ သမ္မတက အဲသလို ဖိတ်ကြားတာကို မကြေညာခဲ့ပါဘူး။ သို့ပေမယ့် သတင်းက ပေါက်ကြားတာ သိပ်မြန်သွားပြီး အုတ်အော်သောင်းသဲဖြစ်တာက မြန်လည်းမြန်၊ အသံလည်း ကျယ်လှပါတယ်။ မဲ(မ်)ဖှစ်(စ်) ဆစ်မစ်ထာ သတင်း စာရဲ့ ခေါင်းကြီးပိုင်းမှာဆိုရင် အဲဒီ့အချိန်မှာ အင်မတန် ရုပ်ဆိုးလှတဲ့ အသုံးအနှုန်းတွေနဲ့ အခုလို ရေးခဲ့ပါတယ်။

“သူ့အမေဟာ တောင်ပိုင်းသူတစ်ယောက်ဖြစ်တာမို့ သူလည်း တောင်ပိုင်းသားတစ်ဝက်ပါလို့ သမ္မတ ရုစဗှဲ့(လ်)(ထ်)ကြွားဝါခဲ့တာ ဘာမှတောင် မကြာလှသေးပါဘူး။ ကပ္ပလီတစ်ကောင်ကို သူ့စားပွဲကို ဖိတ်ကြားလိုက်ခြင်းအားဖြင့် သည်သမ္မတဟာ သူ့အမေကို အကောက်တော်လေး ပေးလိုက်ပါတယ်”တဲ့။

အဲဒီ့နောက် နှစ်ပေါင်း ငါးဆယ်အကြာမှာလည်းပဲ အိမ်ဖြူတော်ဆီ ဖိတ်ကြားမှုတွေဟာ လူမျိုးရေးခွဲခြားမှုအတိနဲ့သာ ပြီးနေခဲ့ပါတယ်။ အမေရိကန် တော်လှန်ရေး သမီးပျိုများအဖွဲ့က စန္ဒယားဆရာမ ဟေဇယ်(လ်) စခါ့(ထ်)ကို သူ့ရဲ့ အသားအရောင်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ခန်းမမှာ ဖျော်ဖြေခွင့် မပေးဘဲ နေလိုက်တဲ့အခါ အဲဒီ့ အဖွဲ့ကို ရှုတ်ချဝေဖန်တဲ့ စာတွေဟာ အိမ်ဖြူတော်ထဲကို အလုံးအရင်းနဲ့ ရောက်လာပါတယ်။

ပထမဆုံးအမျိုးကောင်းသမီးလို့ သိုးဆောင်းဘာသာနဲ့ ခေါ်ဝေါ်တဲ့ ဘက်(စ်) ထရူးမယ်(န်)က အဲဒီ့အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ပေမယ့်လည်း အဖွဲ့ရဲ့မူဝါဒကို ပြောင်းလဲသွားအောင် နည်းနည်းကမှ အားမထုတ်ခဲ့ပါဘူး။ သည်မှာတင် စန္ဒယားဆရာမရဲ့ ခင်ပွန်းဖြစ်သူ ဥပဒေပြု လွှတ်တော် အမတ် အဒယ်(မ်) ခလေထန်(န်) ပါဝယ်(လ်)က သမ္မတကတော်ကို “အမေရိကန် မြေရဲ့ နောက်ဆုံး အမျိုးကောင်းသမီး”လို့ ထေ့လိုက်ပါတယ်။

သည်ထေ့လုံးကြောင့် သမ္မတ ထရူးမင်း(န်)တစ်ယောက် ရာဇမာန်ရှပြီး သူနဲ့ တစ်ပါတီတည်းက ဖြစ်လေတဲ့ သည်လွှတ်တော်အမတ်ကိုဖြင့် အရေးယူ နိုင်မယ့် နည်းကို ရှာဖြစ်အောင် ရှာမယ်လို့ သူ့လက်ထောက်တွေကို ပြောခဲ့သလို သူ့လက်ထက် အိမ်ဖြူတော် အရိပ်ကိုတောင် မနင်းရအောင် တားမြစ်ထားခဲ့ပါတယ်။

အိမ်ဖြူတော်မှာ မူဝါဒရေးရာ၊ ဒါမှမဟုတ် နိုင်ငံရေး ရာထူးကို ပထမဆုံး စတင် ရရှိခဲ့သူကတော့ စီဘီအက်(စ်)ရုပ်မြင်သံကြားက လူထုဆက်ဆံရေး အမှုဆောင် အရာရှိဟောင်း အီး၊ ဖှရက်ဒရစ်(ခ်) မော်ရိုးဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုမှာ မော်ရိုးရဲ့ လုပ်ရည်ကိုင်ရည်ကို ဗိုလ်ချုပ်ကြီး ဒွိုက်(ထ်) အိုက်ဆင်(န်)ဟောင်ဝါရဲ့ ရွေးကောက်ပွဲ လှုပ်ရှားမှုတာဝန်ခံတွေက သိပ်သဘောကျလွန်းတာမို့ အိုက်ဆင်(န်)ဟောင်ဝါသာ အရွေးခံရလို့ကတော့ အိမ်ဖြူတော် အမှုဆောင်အရာရှိ တစ်နေရာ ပေးမယ်လို့ ကတိပေးခဲ့ကြတဲ့အထိပါပဲ။

ရွေးကောက်ပွဲမှာ အိုက်ဆင်(န်)ဟောင်ဝါ တကယ်ပဲ အနိုင်ရသွားပါတယ်။ ဒါပေမယ့် မော်ရိုးကိုတော့ ကုန်သွယ်ရေး ဝန်ကြီးဌာနမှာပဲ နေရာတစ်နေရာ ပေးခဲ့တယ်။ သူ့ကို မျက်နှာလွှဲခဲပစ်လုပ်တယ်လို့ ခံစားရတာမို့ မော်ရိုးလည်း အိမ်ဖြူတော်က ကတိတည်အောင် ဖိအားပေးဖို့ နျူးယော့(ခ်)က ရပတ်ဘလစ် ခယ်(န်)မိတ်ဆွေတွေကို အကူအညီတောင်းပါတော့တယ်။

၁၉၅၅ ခုနှစ်မှာတော့ တယ်လီဖုန်းသံ မြည်လာပြီး မော်ရိုးကို အထူး စီမံချက်များအတွက် အုပ်ချုပ်ရေး အရာရှိအဖြစ် ခန့်ထားလိုက်ပါတယ်။ ရာထူးအရ သူဟာဖြင့် အိမ်ဖြူတော်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် တာဝန်ယူရတော့မယ်လို့ သူမျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာ လူမည်းပြဿနာတွေ၊ အရေးအခင်းတွေနဲ့ စပ်လျဉ်းတဲ့ ကိစ္စတွေကိုသာ ကိုင်တွယ်ခဲ့ရပါတယ်။

“သူဟာ အင်မတန် မြင့်မြတ်တဲ့ လူတစ်ယောက်ပါ”လို့ အိုက်ဆင်(န်) ဟောင်ဝါရဲ့ မိန့်ခွန်းကို နောက်ကွယ်က ရေးပေးသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘရွတ်ခင်း(ဂ်)(ဇ်) အဖွဲ့ရဲ့ အကြီးတန်းဂုဏ်ထူးဆောင် အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ မော်ရိုးဟာ အထီးကျန်ရာထူးနဲ့ နေနေခဲ့ရပေမယ့် “မညည်းညူခဲ့ပါဘူး။ ညည်းရင် အဲဒါ မော်ရိုးမဟုတ်ဘူး”လို့ သူက ပြောလေရဲ့။

အိမ်ဖြူတော် အလုပ်က ထွက်လာတဲ့အခါ ကုမ္ပဏီကြီးတွေမှာ အလုပ်ရလိမ့်မယ်လို့ မော်ရိုး မျှော်လင့်ခဲ့ပြန်သေးတယ်။ တကယ်တော့ မရပြန်ဘူး။ “သူ့ကို ကမ်းလှမ်းတဲ့ အလုပ်တွေက လူမည်း အသိုင်းအဝိုင်းနဲ့ ဆက်စပ်နေတာတွေချည်းပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ၊ မော်ရိုးနောက်မှာတော့ အိမ်ဖြူတော် ဝန်ထမ်းတွေထဲမှာ လူမည်းတစ်ယောက် ရှိလာဖို့ မခဲယဉ်းတော့တာလည်း အမှန်ပါပဲ”လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“စားဖိုဆောင်သား”
အိမ်ဖြူတော်မှာ အလုပ်မဝင်ခင်တုန်းက ယူဂျီး(န်)ဟာ ဗှာဂျစ်နစ်ယား ပြည်နယ် ရေပူစမ်းမြို့ကလေးရဲ့ “ဓားမဦးချ”အပမ်းဖြေစခန်းမှာ စားပွဲထိုး၊ အဲဒီ့နောက် ဝါရှင်တန်က ဂေါက်ကလပ်မှာ စားပွဲထိုးအဖြစ် လုပ်ခဲ့ဖူးပါတယ်။

အခု ၈၆ နှစ်အရွယ် သူ့ဇနီး ဟယ်လီး(န်)က အနောက်မြောက် ဝါရှင်တန် ရိပ်သာရဲ့ တစ်ဖက်မှာ ရှိတဲ့ သူတို့အိမ်ကလေးထဲမှာ သူနဲ့အတူ ထိုင်နေပါတယ်။ သူ့ဇနီးရဲ့ ပေါင်ပေါ်မှာတော့ တုတ်ကောက်တစ်ချောင်း ရှိနေတယ်။ သူ့ဇနီးရဲ့ အသံက အဆိုတော်တစ်ယောက်လိုပဲ ဂီတသံ ထွက်နေအောင် သာယာပြီး သူ့ ယောကျာ်းသူ “အချစ်”လို့ ခေါ်ပါတယ်။

သူတို့နှစ်ယောက်က ၁၉၄၂ ခုနှစ်မှာ တွေ့ခဲ့ကြတာပါ။ ဝါရှင်တန်က မွေးနေ့ပွဲတစ်ပွဲမှာပေါ့။ သူ့ခင်ပွန်းလောင်းက သူ့ဖုန်းနံပါတ်ကို မတောင်းရဲခဲ့လို့ သူကပဲ သူ့ခင်ပွန်းလောင်းကို ခြေရာခံခဲ့ရပါသတဲ့။ နောက်တစ်နှစ်မှာတော့ သူတို့ နှစ်ယောက် လက်ဆက်ခဲ့ကြပါတယ်။

၁၉၅၂ ခုနှစ်မှာတော့ အိမ်ဖြူတော်မှာ နေရာတစ်နေရာ လစ်လပ်နေကြောင်း အမျိုးသမီးတစ်ယောက်က ယူဂျီး(န်)ကို ပြောလာပါတယ်။

“ကျုပ် အဲတုန်းက အလုပ်ရှာနေတာတောင် မဟုတ်ပါဘူးဗျ။ ကျွန်တော် လုပ်နေတဲ့ နေရာမှာပဲ ပျော်နေတာ။ ဒါပေမယ့် အဲဒီ့အမျိုးသမီးက အိမ်ဖြူတော်ကို သွားပြီး အလော်(န်)ဇို ဖှီး(လ်)(ဒ်)(စ်)ဆိုတဲ့သူနဲ့ တွေ့ပါလို့ ပြောလိုက်ပါတယ်”

အဲဒီ့ အလော်(န်)ဇို ဆိုသူက စားပွဲထိုးချုပ်ပါ။ သူက ယူဂျီး(န်)ကို ချက်ချင်းပဲ သဘောကျသွားပါတယ်။

ယူဂျီး(န်)ဟာ “စားဖိုဆောင်သား”အလုပ်ကို ရလာတယ်။ ပန်းကန်ဆေးရတယ်၊ ဘီရိုတွေထဲကို အခြောက်အခြမ်းတွေ ဖြည့်ရတယ်၊ ငွေထည်တွေကို ပြောင်အောင် တိုက်ရတယ်။ သူ့ ပထမဆုံးလခက တစ်နှစ်ကို အမေရိကန် ဒေါ်လာ နှစ်ထောင့်လေးရာပါ။

မကြာခင်ပဲ သူ့ကို အိမ်တော်ပါအဖြစ် ရာထူးတိုးပေးလိုက်ပါတယ်။ “ကျုပ် လုပ်ပေးခဲ့ရသမျှ သမ္မတတိုင်းနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ရတာချည်းပါပဲ”လို့ ယူဂျီး(န်)က ပြောပြပါတယ်။

“ကျွန်မလည်း ရှိပါတယ် အချစ်ရယ်”လို့ ဟယ်လီး(န်)က သူ့ခင်ပွန်းကို သတိပေးလိုက်ပါသေးတယ်။ “နောက်ကနေတော့ ဖြစ်ချင်ဖြစ်မှာပေါ့။ ကျွန်မ လည်း သူတို့နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ရပါသေးသတော်”တဲ့။

အိမ်ဖြူတော်က မိသားစုပွဲတွေကို ပြန်ပြောင်းတွေးရင်း ပြောနေကြတာပါ။ သူတို့မှာ ချား(လ်)(ဇ်)ဆိုတဲ့ သားတစ်ယောက်ရှိပါတယ်။ အခုတော့ သူက နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါ တယ်။

“သမ္မတဖှို့(ဒ်)မွေးနေ့နဲ့ ကျုပ်မွေးနေ့နဲ့က တစ်ရက်တည်းပဲ။ သူက အိမ်ဖြူတော်မှာ မွေးနေ့ကျင်းပတယ်။ လူတိုင်းတက်ကြတဲ့ ပွဲပေါ့။ ပြီးရင် မစ္ဆစ်(စ်) ဖှို့(ဒ်)က ပြောတတ်တယ်။ ကနေ့မွေးနေ့ရှင်ထဲမှာ ယူဂျီး(န်)လည်း ပါတယ်ရှင့်လို့”

အဲလိုပြောပြီးရင် အိမ်တော်ပါအတွက် မွေးနေ့ဆုတောင်း သီချင်းတိုလေး ဆိုတတ်ကြပါတယ်။ အဲဒီ့အခါကျရင် ပွဲတက်ဝတ်စုံကို နေ့တိုင်းဝတ်ရမြဲ အိမ်တော်ပါခမျာ မနေတတ် မထိုင်တတ်ဖြစ်ဖြစ်သွားရပါတယ်။

“ဂျက်(ခ်) ခယ်နယ်ဒီက အင်မတန် သဘောကောင်းတယ်။ သူ့ဇနီးလည်း အတူတူပါပဲ”လို့ သူက ဆက်ပြောပါတယ်။ သူ့မိန်းမက “အင်း အင်း”လို့ ကိုယ်ကို ယိမ်းထိုးရင်း သံယောင်လိုက်ပါတယ်။

သမ္မတ ခယ်နယ်ဒီ လုပ်ကြံခံရတဲ့နေ့က သူဟာ အိမ်ဖြူတော်မီးဖိုချောင်ထဲမှာ ရှိနေခဲ့ပါတယ်။ ဈာပနကို တက်ရောက်ဖို့ သူ့ကို ဖိတ်ကြားခဲ့ကြပေမယ့် သူက တခြားတာဝန်ကိုသာ စေတနာ့ဝန်ထမ်း ထမ်းဆောင်ခဲ့ကြပါတယ်။ “ဈာပနက ပြန်လာတဲ့အခါ တည်ခင်းဧည့်ခံဖို့အတွက် အိမ်ဖြူတော်မှာ တစ်ယောက်တော့ ရှိနေမှ ဖြစ်မယ်လေ”တဲ့။

သမ္မတ ဂျင်မီ ခါထာရဲ့ မိသားစုတစ်စုလုံးအကြောင်းကို ပြောတဲ့အခါမှာတော့ ဟယ်လီး(န်)က တခစ်ခစ်ရယ်နေပါတယ်။ “သူတို့က တောသူတောင်သားတွေ တော်ရဲ့။ လစ်လစ်ယံရော၊ ရိုဇလင်းရော နှစ်ယောက်စလုံးကို ပြောတာ”လို့ သူက တကယ့်ကို အူလှိုက်သည်းလှိုက် အထင်ကြီး သဘောကျသံနဲ့ ပြောလိုက် ပါသေးတယ်။

သမ္မတကတော် နန်စီ ရီဂင်(န်)က တစ်ရက်မှာ မီးဖိုချောင်ဆီအထိ ရောက်လာပြီး ယူဂျီး(န်)ကို လာရှာပါတယ်။ အနောက်ဂျာမဏီ ဝန်ကြီးချုပ် ဟဲလမွတ်(ထ်) ခိုး(လ်)အတွက် ကျင်းပပေးမယ့် ညစာစားပွဲကို သတိပေးချင်လို့ ရောက်လာတာပါ။

သူ ကောင်းကောင်းစီစဉ်ထားနှင့်ပြီးတဲ့အပြင် အဲဒီ့ပွဲမှာ သုံးမယ့် ကြွေထည် တွေတောင် ရွေးထားနှင့်ပြီး ဖြစ်တဲ့အကြောင်း သမ္မတကတော်ကို သူက ပြန် ပြောပြခဲ့ပါတယ်။ ဒါပေမယ့် သမ္မတကတော်က အဲဒီ့ညကျရင် သူ အလုပ် ဆင်းစရာ မလိုဘူးလို့ ပြန်ပြောပါတယ်။

“ရှင်နဲ့ ရှင့်ဇနီးနဲ့က သမ္မတ ရီဂင်(န်)နဲ့ ကျွန်မကိုယ်တိုင်ရဲ့ ဧည့်သည်တော်များအဖြစ် နိုင်ငံတော် ညစာစားပွဲကို တက်ရမှာ”လို့ သမ္မတကတော်က ပြောလှာတာပါ။ “တကယ်ပါပဲဗျာ။ နိုင်ငံတော် ညစာစားပွဲကို တက်ခွင့်ရတဲ့ အိမ်တော်ပါဆိုလို့ ကျွန်တော်ဆို ကျွန်တော်တစ်ယောက်ပဲ ရှိပါသေးတယ်”လို့ ယူဂျီး(န်)က ပြောပါတယ်။

သည်လိုပွဲတွေမှာ ဇနီးတွေ၊ ခင်ပွန်းတွေ အတူ မထိုင်ကြရပါဘူး။ ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ စကားစမြည်ပြောရမယ့်အရေးကို ဟယ်လီး(န်)က တွေးပူ နေပါတယ်။ “ဒါနဲ့ ကျွန်မသားက ပြောတယ်။ မပူပါနဲ့ အမေရယ်တဲ့။ အထက် တန်းကျောင်း တက်ခဲ့တဲ့ အကြောင်းသာ ပြောပြလိုက်။ သူတို့ ဘာမှထွေထွေ ထူးထူး တွေးနေကြမှာ မဟုတ်ပါဘူးဗျာတဲ့”

“လွှတ်တော်အမတ်တွေအားလုံးက သူတို့ တက်ခဲ့တဲ့ ကောလိပ်တွေ၊ တက္ကသိုလ်တွေအကြောင်း ပြောကြတာပေါ့။ ကျွန်မလည်း သူတို့လိုပဲ လျှောက် ပြောတော့တာပဲ”လို့ ဟယ်လီး(န်)က ပြောပါတယ်။ “အဲဒီ့နေ့ညက ရှမ်ပိန်လည်း သောက်ခဲ့ရသေးတယ်”လို့ သူ့ခင်ပွန်းကို လှမ်းကြည့်ရင်း ပြောလိုက်ပြန်တယ်။

သူ့ခင်ပွန်းက ပြုံးနေပါတယ်။ အိမ်ဖြူတော်မှာ ရှမ်ပိန်တွေ စီရတဲ့ အလုပ် ကို သူပဲ လုပ်ရတာကိုး။

တက်တော့ တက်လာတယ်၊ ဒါပေသည့် ဖြည်းဖြည်းချင်းပဲ

အိုက်ဆင်(န်)ဟောင်ဝါကို ဆက်ခံသူ သမ္မတ ခယ်နယ်ဒီက သူ့ရဲ့ အိမ်ဖြူ တော် ဝန်ထမ်းတွေထဲမှာ လူမည်းနှစ်ယောက်ကို အမှုဆောင်အရာရှိ နေရာပေးခဲ့ရင်းနဲ့ စတင်ခဲ့ပါတယ်။ လက်ထောက် စာနယ်ဇင်းအတွင်းဝန်အဖြစ် အမှုထမ်း သူတစ်ယောက်သာလျှင် ခြောက်လနောက်ပိုင်းအထိ တင်ကျန်ရစ်တယ်။ အရပ်ဘက်အခွင့်အရေးကိစ္စတွေမှာ အာရုံစိုက်သူ နောက်တစ်ယောက်ကတော့ နိုင်ငံရေးအရ အပြောင်းအရွှေ့ လုပ်ရာမှာ ကျန်ရစ်ခဲ့တယ်။

လူမျိုးရေးပြဿနာဟာ ခယ်နယ်ဒီ့လက်ထက် သမ္မတအိမ်တော်မှာ ကောင်းတာတွေ လုပ်နေရင်းနဲ့တောင် ဒုက္ခပင်လယ်ဝေသလို ဖြစ်နေခဲ့တယ်။

၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလမှာ လွတ်လပ်ရေး ကြေညာချက် ရာပြည့် အခမ်းအနားကို တက်ရောက်ဖို့ ခယ်နယ်ဒီက လူမည်း ရှစ်ရာကို ဖိတ်ကြားခဲ့ ပါတယ်။ သည်အခမ်းအနားကို စီစဉ်ရာမှာ ပါဝင်ကူညီသူ ဒီမိုကရက်တစ် ဝန် ထမ်း လူးဝစ်(စ်) မာထင်(န်)က အဆိုတော် ဆယ်မီ ဒေးဗှစ်(စ်) အငယ်နဲ့ သူ့ ဇနီး မေ ဘရစ်(ထ်)တို့ကို ဧည့်သည်စာရင်းမှာ ထည့်လိုက်ပါတယ်။ အဲဒါကို အိမ်ဖြူတော်က ခြစ်ချလိုက်တယ်။ မာထင်(န်)က ပြန်ထည့်တယ်။
မာထင့်(န်)အဆိုအရ အဲဒီ့ လူမည်းနဲ့ လူဖြူစုံတွဲလည်း အိမ်ဖြူတော်ထဲကို ဝင်လာတာတွေ့ရော ခယ်နယ်ဒီလည်း မှင်တက်မိသွားတော့တာပဲတဲ့။ သူ့မျက်နှာက ရဲတွတ်သွားပြီး သည် မျိုးမတူဇာတ်ခြား မောင်နှံရဲ့ ဓာတ်ပုံ တစ်ပုံကိုမှ မရိုက်ရဘူးလို့ ဓာတ်ပုံဆရာတွေကို ညွှန်ကြားခဲ့သေးတယ်ဆိုပဲ။

ဒါပေမယ့် ဆယ်မီ ဒေးဗှစ်(စ်) အငယ်ဟာ အိမ်ဖြူတော်နဲ့ ဇာတ်လမ်း မဆုံးဘူး။ နစ်(ခ်)ဆင့်(န်)လက်ထက်ကျတော့ ဗီယက်နမ်အကြောင်း၊ လူမည်းတွေအတွက် စီးပွားရေးအခွင့်အလမ်းတွေ အကြောင်းကို ဆွေးနွေးဖို့ အိမ်ဖြူ တော်ကို ဖိတ်ကြားခံရပြန်တယ်။ လင်းခန်း(န်) အိပ်ခန်းထဲမှာတောင်မှ သူအိပ်သွားလိုက်ရပါသေးတယ်။

၁၉၇၂ ခုနှစ်က မိုင်ယာမီမှာ ကျင်းပတဲ့ ရပတ်ဘလစ်ခယ်(န်)ပါတီညီလာခံမှာ ဆယ်မီ သီချင်းဆိုတဲ့အခါ သူဟာ နစ်(ခ်)ဆင့်(န်)ပခုံးကို ဖက်ပြီးတော့ သီဆိုခဲ့တာမို့ လူမည်းအများအပြားက သူတို့ကို ရန်လိုသူအဖြစ် မြင်ထားကြတဲ့ အိမ်ဖြူတော်အတွက် အမှတ်တံဆိပ်သစ်တစ်ခုကို ခတ်နှိပ်လိုက်သလို ဖြစ်သွား ခဲ့ပါတော့တယ်။

လင်(န်)ဒန်(န်) ဂျော်(န်)ဆင်(န်)ကကျပြန်တော့ အရပ်ဘက်အခွင့်အရေး များ ဥပဒေပြဋ္ဌာန်းရေးအတွက် အထိုက်အလျောက် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ရုံမျှမက တရားလွှတ်တော်ချုပ်မှာတောင်မှ ပထမဆုံး လူမည်းကို ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါဟာ သူ့အိမ်ဖြူတော် ဝန်ထမ်းတွေထဲမှာ လိုလားအပ်တဲ့ လူမည်းအရေအတွက် ရှိလာစေခဲ့တယ်လို့တော့ မဆိုနိုင်ဘူး။ ဂျော်(န်)ဆင့်(န်)လက်ထက် အိမ်ဖြူတော်မှာ နိုင်ငံတော် လုံခြုံရေးကောင်စီ အရာရှိအဖြစ် အရင် တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်းမှာ အိမ်ဖြူတော် အတိုင်ပင်ခံအဖွဲ့ထဲ ရောက်သွားသူ ခလစ်ဖှို့(ဒ်) အလက်(ခ်)ဇန္ဒြားတစ်ဦးသာ လျှင် လူမည်း အရာရှိ ဖြစ်ခဲ့ပါတယ်။

“အသစ်တစ်ခု ဖြစ်လာအောင် ကျုပ်တို့ တိုက်နေခဲ့ကြရတာပေါ့။ ကိုယ့် အလုပ်က ဘယ်လောက်အရေးပါတယ်ဆိုတာ ကိုယ်သာ အသိဆုံးလေ။ အဲလိုပဲ သမ္မတဂျော်(န်)ဆင်(န်)က ကိုယ့်အတွက် တိုက်ပေးနေတယ်ဆိုတာလည်း ကိုယ် အသိပဲ”လို့ အလက်(ခ်)ဇန္ဒြားက ပြောပါတယ်။

ဟာလင်(မ်)မှာ လူလားမြောက်ခဲ့ရသူ လူငယ်တစ်ဦးအနေနဲ့ အလက်(ခ်)ဇန္ဒြားဟာ မောရိုးအကြောင်းကို ကြားခဲ့ဖူးပါတယ်။ အမေတွေ၊ အဖေ တွေက မောရိုးရဲ့ ကြီးမြတ်တဲ့ အောင်မြင်မှု ဇာတ်လမ်းကို သူ့ကို ထောက်ပြ ခဲ့ကြပါတယ်။

“မောရိုးက ချစ်စရာကောင်းတဲ့လူပါ။ ဒါပေမယ့် အိုက်ဆင်(န်)ဟောင်ဝါ့ လက်ထက် အိမ်ဖြူတော်မှာ သူ့ကို အလေးမထားခဲ့ကြပါဘူး”လို့ အလက်(ခ်)ဇန္ဒြားက ဆိုပါတယ်။

၁၉၈၇ ခုနှစ်မှာ သမ္မတ ရီဂင်(န်)ရဲ့ နိုင်ငံတော် လုံခြုံရေးအကြံပေးအဖြစ် ခန့်ထားခံရတဲ့ ခါလင်း(န်) ပါဝယ်(လ်)ဟာ ရှိခဲ့သမျှ အိမ်ဖြူတော်အဆက်ဆက် မှာ အဲဒီ့အချိန်အထိ အမြင့်ဆုံး ရာထူးကို ရခဲ့တဲ့ လူမည်းဖြစ်ပါတယ်။ ခေါ်(န်) ဒိုလီဇာ ရိုက်(စ်)ဟာလည်းပဲ သမ္မတ ဂျော့(ခ်ျ) ဒဗလျူ ဘွတ်(ရှ်)လက်ထက်မှာ အဲဒီ့ ရာထူးကို ရခဲ့ပါတယ်။

ပါဝယ်(လ်)ကိုရော ရိုက်(စ်)ကိုပါ ဘဲဥပုံရုံးခန်းထဲမှာ မြင်ခဲ့ရတာကို အိမ် တော်ပါကြီးက မှတ်မိနေဆဲပါ။ သူက အအေးပွဲတွေ သွားချပေးနေတာပါ။ လူမည်းတွေဟာ အာဏာရဲ့ ဗဟိုချက်နဲ့ နီးသထက် နီးလာတာ၊ သူ အိပ်မက် တောင်မှ မမက်မိခဲ့ဖူးတဲ့ နေရာဆီအထိ ရောက်လာတာကို သူသတိ မထားမိဘဲ မနေနိုင်ပါဘူး။ သူဘယ်လောက် ဂုဏ်ယူမိတယ်ဆိုတာကို သူ့ဇနီးကို ပြောဖြစ်အောင် ပြောတော့မယ်လို့ စိတ်ကူးမိပါသတဲ့။

ပြောင်းဖို့ အချိန်ကျပြီ
ယူဂျီး(န်)အယ်လင်(န်)ကို စားပွဲထိုးချုပ်အဖြစ် ၁၉၈၀ ပြည့်နှစ်မှာ ရာထူး တိုးပေးခဲ့ပါတယ်။ ၃၄ နှစ်တာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ၁၉၈၆ ခုနှစ်မှာတော့ အိမ်ဖြူတော်က သူ ခွာခဲ့ပါတယ်။ သမ္မတရီဂင်(န်)က သူ့ကို မှတ်ချက်လှလှလေး ရေးပေးခဲ့တယ်။ နန်စီ ရီဂင်(န်)ကလည်း သူ့ကို ဖက်ပါတယ်။ တင်းတင်းကျပ်ကျပ်ဖက်တာပါ။

ပြီးခဲ့တဲ့ အပတ်က သူတို့အိမ်မှာ တွေ့ဆုံမေးမြန်းတဲ့အခါ ဂျီး(န်)နဲ့ ဟယ်လီး(န်) ဇနီးမောင်နှံဟာ လူမည်းတစ်ယောက်ကိုသာ သမ္မတအဖြစ် အမှန် တကယ် ရွေးချယ်လိုက်မယ်ဆိုရင် ဘယ်လိုနေမယ်ဆိုတာကို ခန့်မှန်းတွက်ဆ နေကြပါတယ်။

“တွေးကြည့်စမ်းပါတော်”လို့ ဇနီးသည်က ပြောတယ်။

“တကယ့်ကို ထူးခြားမှာ ရှင်မရဲ့”လို့ သူ့ခင်ပွန်းက ပြန်ပြောတယ်။

“စင်ပေါ်တက်ဖို့အတွက်တော့ ကျွန်မတို့တွေ အရွယ်တွေ လွန်ကုန်ကြပါ ပြီ။ ဒါပေမယ့် ပြောလို့တော့ မရဘူးလေ။ သူသာ အရွေးခံရလို့ကတော့လား၊ အဲဒီ့ကို နောက်တစ်ခေါက်လောက် ပြန်သွားရတာ ကောင်းနေမှာ သေချာတယ်တော့်”လို့ ဇနီးသည်က ပြောလိုက်ပါတယ်။

သူတို့ဧည့်ခန်းထဲမှာတော့ သမ္မတရီဂင်နဲ့ ဇနီးတို့ရဲ့ ဓာတ်ပုံတွေ ချိတ်ဆွဲထားပါတယ်။ မြေတိုက်ထဲက နံရံပေါ်မှာတော့ ယူဂျီး(န်) အလုပ် လုပ်ပေးခဲ့ဖူး လေသမျှ သမ္မတတိုင်းရဲ့ ဓာတ်ပုံတွေလည်း ရှိပါတယ်။ သမ္မတအိုက်ဆင်(န်) ဟောင်ဝါက သူ့ကို ပေးခဲ့ဖူးတဲ့ ပန်းချီကား၊ မွေးနေ့လက်ဆောင်တွေကို ဖွင့်နေတဲ့ သမ္မတဖှို့(ဒ်)ရဲ့ အနားမှာ ရစ်သီရစ်သီလုပ်နေတဲ့ ယူဂျီး(န်)ရဲ့ ဓာတ်ပုံတွေလည်း ရှိတယ်။

အိုဘားမားတစ်ယောက် အိမ်ဖြူတော် ရောက်သွားရေးအတွက် ပံ့ပိုးတဲ့ အနေနဲ့ သူတို့ဆုတောင်းနေတဲ့အကြောင်းလည်း သူက ပြောတယ်။ သူတို့ နှစ်ယောက်အတူတူ မဲသွားပေးကြမှာပါ။

ဇနီးသည်က တုတ်ကောက်လေးကို တစ်ဖက်က ထောက်၊ တစ်ဖက်က တော့ သူ့ခင်ပွန်းကို အားပြုရင်း မဲရုံကို သွားကြမှာတဲ့။ ပြီးရင်တော့ ညစာစား ကြမယ်ပေါ့။ ရွေးကောက်ပွဲနေ့ အစီအစဉ်ကို သူတို့လင်မယား တစ်ခါမက ညှိပြီးကြပါပြီ။

“တွေးကြည့်စမ်းပါ”လို့ ဇနီးသည်က ပြောတယ်။

“ဒါပေါ့”လို့ သူ့ခင်ပွန်းက ပြန်ပြောတယ်။

တနင်္လာနေ့ကျရင် ဟယ်လီး(န်)က ဆေးခန်းပြဖို့ ချိန်းထားတယ်။ ယူဂျီး(န်) နိုးလာတယ်။ ဇနီးသည်ကို အသာတို့လိုက်တယ်။ ထပ်တို့လိုက်တယ်။ မလှုပ်ဘူး။ ဒါနဲ့ သူ့ဇနီးရှိရာ ခုတင်တစ်ဖက်ခြမ်းကို သွားလိုက်တယ်။ ဇနီးသည်ကို လှုပ်ကြည့်လိုက်ပြန်တယ်။

ခုတော့ သူတစ်ယောက်တည်း။

“ကျုပ်နိုးလာခဲ့ပေမယ့် ကျုပ်ဇနီးကတော့ နိုးမလာတော့ပါဘူး”လို့ သူက ပြန်ပြောပြပါတယ်။

မိတ်ဆွေတွေနဲ့ မိသားစုတွေ အပြေးရောက်လာကြတယ်။ သူက ကော်ဖီ ဖျော်တိုက်ချင်နေသေးတာမို့ အိမ်တော်ပါကို မီးဖိုချောင်ထဲက မောင်းထုတ်လိုက်ကြရတယ်။

လွန်ခဲ့တဲ့ ၆၅ နှစ်က သူလက်ထပ်ခဲ့တဲ့ အမျိုးကောင်းသမီးကြီးကို သည်ကနေ့ မြေမြှုပ်သင်္ဂြိုဟ်တော့မှာပါ။

အင်္ဂါနေ့ကတော့ အိမ်တော်ပါကြီးဟာ အိုဘားမားအတွက် သူ့မဲကို ထည့်ခဲ့ပါတယ်။

ဘဲဥပုံရုံးခန်းဆီ ဦးတည်နေတဲ့ လူမည်းအကြောင်း သူ့ဇနီးကို ပြောချင်တဲ့ စိတ်အပြည့်နဲ့ သူ လွမ်းလို့နေရှာပါတယ်။

အစ
၂၀ဝ၈ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့ထုတ် ဝါရှင်တန်ပို့(စ်)(ထ်) သတင်းစာမှာ ဝစ်(လ်) ဟေးဂွတ်(ဒ်) ရေးခဲ့တဲ့ အသားပေးဖော်ပြချက် သတင်းဆောင်းပါးကို လုံးစေ့ ပတ်စေ့ ဘာသာပြန်ဆို တင်ဆက်လိုက်တာဖြစ်ပါတယ်။
ခေါင်းစဉ်ထဲကအတိုင်း ဒါဟာ “အစ”ပါ။

အဆုံးကိုတော့ ရှေ့လကျမှ ဆက်လက်ဖတ်ရှုတော်မူပေးကြပါခင်ဗျား။

နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ
မန်တာခမ်း
(ရန်ကုန် – ၂၆၀၁၁၄)

(၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလထုတ် စုံနံ့သာ မဂ္ဂဇင်း)
မူရင်း http://www.washingtonpost.com/wp-dyn/content/article/2008/11/06/AR2008110603948_pf.html

What sex is the computer?

ကွန်ပျူတာရဲ့ လိင်

???????????????????????????????ပြင်သစ်ဘာသာစကားမှာ အရာဝတ္ထုတွေကိုလည်း အထီး၊ အမခွဲထားပါတယ်။ အင်္ဂလိပ်စကားမှာတော့ အရာဝတ္ထုတွေ(နာမ်တွေ)ကို အဲသလို ခွဲခြားထားခြင်း မရှိဘူး။ ပြင်သစ်သဒ္ဒါမှာကျတော့ အဲဒီ့ အထီးအမ ကိစ္စက အရေးကြီးတယ်။ ဥပမာပုံဗျာ၊ အိမ်တစ်လုံးဆိုရင် အင်္ဂလိပ်စာမှာက a house လို့ ပြောလိုက်ရင် ကိစ္စက ပြတ်ပြီးသား။ အဲဒီ့အိမ်လို့ ပြောချင်ရင်လည်း the house ပေါ့။ ရှင်းရှင်းလေးရယ်။ အိမ်အကြီးကြီးဆိုရင်လည်း a big house ပေါ့။ ဟုတ်တယ်နော်။

အဲ… ပြင်သစ်စာမှာကျတော့ အိမ်ကို maison (/မေဇော်(န်)/)လို့ ခေါ်တယ်။ သို့သော် အဲဒီ့အိမ်သည် အမ (ဝါ) ဣတ္ထိလိင်တဲ့ခင်ဗျ။ ဒါကြောင့် အိမ်တစ်လုံးဆိုရင် une maison /အျူ(န်) မေဇော်(န်)/လို့ ရေးမှရတယ်။ အင်္ဂလိပ်မှက a, an နဲ့တင် တစ်ခု၊ တစ်ကောင်၊ တစ်ယောက် ဆိုတာကို ရှေ့က ကြိုပြလို့ ရပေမယ့် ပြင်သစ်မှာကျတော့ နောက်က သုံးတဲ့ နာမ်ရဲ့လိင်ကိုကြည့်ပြီး အထီး (ပုလ္လိင်)ဆိုရင် un (/အန်(န်)/)၊ အမဆိုရင် une လို့ သုံးရပါတယ်။

အဲဒီ့အိမ်ဆိုရင် အင်္ဂလိပ်မှာက the နဲ့ ကိစ္စပြတ်ပေမယ့် ပြင်သစ်မှာကျတော့ အဲဒီ့လိင်က စကား ပြောပြန်တယ်။ အထီးဆိုရင် le (/လ/)၊ အမ ဆိုရင် la (/လာ/)နဲ့ သုံးရတယ်။ အဲဒီ့ အိမ်ဆိုရင် la maison /လာမေ ဇော်(န်)/လို့ ရေးရတယ်။ ဇာတ်က အရှုပ်သားလား။

အိမ်အကြီးကြီးဆိုရင်လည်း အကြီးကြီးဆိုတဲ့ စာလုံးမှာ အင်္ဂလိပ်က ထီးထီး၊ မမ big နဲ့ ပြီးပေမယ့် ပြင်သစ်စာမှာကျတော့ မပြီးဘူး။ ကြီးတာက အထီးဆိုရင် grand ၊ ကြီးတာက အမဆိုရင် grande လို့ `အီး´လေး ထည့်ရပြန်တယ်။ အသံထွက်မှာကျတော့ /ဂရော(န်)/ဆိုပြီး ခပ်ဆင်ဆင် အသံထွက်တယ်။ သိပ်ပီလွန်းမှသာ အသံထွက်ကွဲတာ။ အမှတ်တမဲ့ဆို အတူတူပဲ။ အဲတော့ အိမ်အကြီးကြီးဆိုရင် une grande maison လို့ ရေးရပါတယ်။

ပြင်သစ်စာ ပို့ချချက် ရေးနေတာမဟုတ်ဘူးနော်။ ပြင်သစ်စာရဲ့ သဘာဝကို အနည်းအပါး ခေါက်မိသွားတော့မှ ရှေ့မှာဆက်ပြောမယ့် ဇာတ်လမ်းလေး အဆင်ပြေမှာမို့ အခြေခံလေးကို တင်ပြတာပါ။

အခါတစ်ပါးမှာ ပြင်သစ်မဟုတ်တဲ့ တခြားတိုင်းတစ်ပါးသားတွေကို ပြင်သစ်စာ သင်ပေးတဲ့ ဆရာမ တစ်ယောက်က သက်မဲ့များအပါအဝင် နာမ်တွေ အားလုံးကို အထက်က တင်ပြခဲ့တဲ့အတိုင်း ဣတ္ထိလိင်၊ ပုလ္လိင် ခွဲခြားထားတဲ့ အကြောင်း ရှင်းပြနေပါတယ်။

အိမ်ဆိုရင် အမ၊ ဒါကြောင့် la maison လို့သုံးတယ်။ ခဲတံဆိုရင် အထီး၊ ဒါ့ကြောင့် le crayon လို့ သုံးတယ် စသဖြင့်ပေါ့။

သင်တန်းသားတွေထဲက တစ်ယောက်က သည်အခါမှာ ခေါင်းရှုပ်ရှုပ်နဲ့ မေးချလိုက်ပါတယ်။

“ဒါဆိုရင် ကွန်ပျူတာကရော အထီးလား၊ အမလား ဆရာမ”တဲ့။

ခက်တာက ဆရာမခမျာမှာလည်း ကွန်ပျူတာဟာ အထီးမှန်း အမမှန်း မသိရှာတာပဲ။ အဘိဓာန် လှပ်ကြည့်တော့လည်း အဲဒီ့ကွန်ပျူတာဆိုတဲ့ ဝေါဟာရ မပါတဲ့ အဘိဓာန် ဖြစ်နေတယ်။

ဒါနဲ့ ဆရာမက အပျော်သဘောနဲ့ အတန်းက နှစ်အုပ်စုခွဲလိုက်တယ်။ ယောက်ျားလေးက တစ်အုပ်စု၊ မိန်းကလေးက တစ်အုပ်စု ခွဲလိုက်တော့ နှစ်ဖက်အရေအတွက်ကလည်း အညီအမျှ ဖြစ်နေတယ်။ အဲဒီ့အုပ်စုတွေ အနေနဲ့ တစ်အုပ်စုက ကွန်ပျူတာဟာ အထီးဖြစ်သင့်ကြောင်း အဆိုတင်သွင်းရမယ်၊ တစ်အုပ်စုက ကွန်ပျူတာဟာ အမဖြစ်သင့်ကြောင်း အဆိုတင်ရပါမယ်။ ခိုင်လုံအောင် ဖြေဆိုနိုင်တဲ့ အုပ်စုရဲ့ သတ်မှတ်ချက်ကို အတည်ယူကြမယ်ပေါ့။

အုပ်စုနှစ်အုပ်စုစလုံးအနေနဲ့က အကြောင်းပြချက် လေးချက်စီ တင်သွင်းရမယ်လို့လည်း သတ်မှတ်ပေးလိုက်ပါတယ်။

ယောက်ျားသားများရဲ့အဖွဲ့က ကွန်ပျူတာသည် အမ (ဣတ္ထိလိင်သာ) ဖြစ်သင့်ကြောင်း၊ (la computer) သာ ဖြစ်သင့်ကြောင်း အောက်ဖော်ပြပါ အကြောင်းပြချက်များနဲ့ အဆိုတင်သွင်းပါတယ်။

  1. ကွန်ပျူတာတွေကို တီထွင်ဖန်တီးလိုက်သူများသာလျှင် ကွန်ပျူတာများရဲ့ အတွင်းသဘောကို ကောင်းစွာ နားလည်နိုင်ပါတယ်။ အလားတူပဲ၊ မိန်းမသားများရဲ့အတွင်းသဘောကို ကောင်းစွာ နားလည်နိုင်သူဟူ၍လည်းပဲ အနှီ မိန်းမသားများကို ဖန်ဆင်းလိုက်သူ ထာဝရဘုရားခင်မှတစ်ပါး အခြားမရှိပါ။ ထို့ကြောင့် ကွန်ပျူတာသည် အမသာ ဖြစ်သင့်ပါတယ်။
  2. တခြားကွန်ပျူတာတွေနဲ့ ဆက်သွယ်ရာမှာ သုံးစွဲတဲ့ သူတို့ရဲ့ လက်ရင်း ဘာသာစကားကို တခြား ဘယ်သူမှ နားလည်နိုင်စွမ်း မရှိပါဘူး။ မိန်းမသားများအချင်းချင်းသာ နားလည်နိုင်တဲ့ ဘာသာစကားကိုလည်း တခြားဘယ်ယောက်ျားသားမှ နားမလည်နိုင်ပါဘူး။ ဒါ့ကြောင့် ကွန်ပျူတာသည် အမပဲ ဖြစ်ထိုက်တယ်။
  3. ဘယ်လောက်သေးငယ်တဲ့အမှားမျိုးပင်ဖြစ်လင့်ကစား နောက်ပိုင်းမှာ လိုအပ်ရင် ပြန်အစဖော်လို့ ရအောင် ကွန်ပျူတာရဲ့ ရေရှည် မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားတတ်သလို မိန်းမသားတွေရဲ့ မှတ်ဉာဏ်ထဲမှာလည်း လိုအပ်ရင် အစဖော်နိုင်အောင် အမှားသေးသေးလေးတွေကို ရေရှည် သိမ်းထားတတ်တယ်။ ဒါ့ကြောင့် ကွန်ပျူတာသည် အမသာ ဖြစ်သင့်တယ်။
  4. ကွန်ပျူတာတစ်လုံးဝယ်လိုက်တာနဲ့ နောက်ပိုင်းမှာ အပိုပစ္စည်းပေါင်း သောင်းခြောက်ထောင် အတွက် လိုက်ရတဲ့ ငွေပမာဏကလည်း မသေးဘူး။ မိန်းမဆိုလည်း တစ်ယောက်ယူမိတာနဲ့ သူ့အတွက် ကုန်ရတဲ့ငွေ ပမာဏက ကြွေး လည်ပင်းခိုက်လောက်တယ်။ ဒါ့ကြောင့် ကွန်ပျူတာသည် အမသာဖြစ်သင့်တယ်။

အဲသလို ယောကျာ်းတွေဘက်က အဆိုတင်ပြီးသွားချိန်မှာ မိန်းမသားတွေကလည်း ကွန်ပျူတာသည် အထီးသာ ဖြစ်သင့်တယ်၊ le computer လို့သာ  သတ်မှတ်သင့်တယ်ဆိုပြီး တင်လာပါတယ်။

သူတို့ရဲ့အကြောင်းပြချက်တွေကကျပြန်တော့…

  1. ကွန်ပျူတာက ကိုယ့်ဆီကို အာရုံစိုက်လာအောင် ခလုတ်ဖွင့်မှ ရတယ်။ ယောက်ျားတွေလည်း ကိုယ့်ဆီကို အာရုံစိုက်လာစေချင်ရင်သူတို့ရဲ့ ရာဂခလုတ်ကို မိမိရရ ဖွင့်နိုင်မှ ရတယ်။ ဒါက တစ်ကြောင်း။
  2. ကွန်ပျူတာထဲမှာ သတင်းအချက်အလက်တွေ အမြောက်အမြား ရှိပေမယ့် သူ့ဟာနဲ့သူဆို ဘာမှ မလုပ်တတ်ဘူး။ ယောက်ျားဆိုတဲ့ သတ္တဝါများမှာလည်း သိထားတဲ့သတင်းအချက်လက်တွေ အနမတဂ္ဂရှိပေမယ့် သူတို့ဟာနဲ့သူတို့ဆို ဘာဆိုဘာမှ မလုပ်နိုင်ဘူး။ ဒါက နောက် တစ်ကြောင်း။
  3. ကွန်ပျူတာဆိုတာ ပြဿနာတွေကို ဖြေရှင်းရမှာဖြစ်ပေမယ့် အဲဒီ့ ကွန်ပျူတာ ကိုယ်တိုင်က ပြဿနာ အထုပ်ကြီး ဖြစ်နေတတ်သလို ယောကျာ်းတွေသည်လည်း ပြဿနာတွေကို ရှင်းမလိုလိုနဲ့ သူတို့ကိုယ်၌က ပြဿနာအထွေးကြီးဖြစ်နေတယ်။ ဒါက နောက်ထပ်တစ်ကြောင်း။
  4. ကွန်ပျူတာတစ်လုံးကို ဝယ်မယ်လို့စိတ်ပိုင်းဖြတ်ပြီး ကိုယ့်လက်ထဲ ရောက်လာလာချင်းမှာ တင်ပဲ နောင်တတွေ ရမိတတ်တယ်။ နည်းနည်းလေးသာ စောင့်လိုက်မယ်ဆိုရင် သည့်ထက် ကောင်းတဲ့ကွန်ပျူတာကို ရနိုင်မှန်း သိလာရတာမို့ပါပဲ။ အဲသလိုပဲ ယောက်ျား တစ်ယောက်ကို သဘောကျမိပြီး ယူလိုက်မိပြီး သိပ်မကြာခင်မှာပဲ၊ ငါ့နှယ်၊ အလောတကြီး နိုင်မိလေခြင်း၊ နည်းနည်းသာ စောင့်လိုက်မယ်ဆိုရင် သည့်ထက် ကောင်းတာ ရမှာဆိုတဲ့ အတွေးက ချက်ချင်း ပေါ်လာတတ်ပါတယ်။ ဒါက နောက်ဆုံးအကြောင်း။

ထိုအကြောင်းများကြောင့် ကွန်ပျူတာသည် အထီးသာဖြစ်သင့်ပါတယ် လို့ မိန်းမသားအုပ်စုဘက်က အဆိုပြုလာပါတော့တယ်။

ဟုတ်ကဲ့… စာဖတ်သူ လူကြီးမင်းများခင်ဗျား။

ဘယ်ဘက်က အနိုင်ရသွားပြီး ယနေ့ထက်တိုင် ပြင်သစ်ဘာသာစကား မှာ ကွန်ပျူတာကို ဘယ်လိင်လို့ ပိုင်းခြား သတ်မှတ်လိုက်ကြပါသလဲလို့ ထင်မြင်မိကြပါသလဲ။

တစ်ဆိတ်ကလေး စဉ်းစားကြည့်ပေးပါခင်ဗျာ။

ဟုတ်ကဲ့… သူတင်ကိုယ်တင် ယှဉ်ပြောရင် နိုင်နေကျ လိင်တွေကပဲ နိုင်သွားကြောင်းပါခင်ဗျား။ မှန်ပါ့… ဣတ္ထိလိင်များဘက်က အနိုင်ရ သွားပြီးသကာလ ကွန်ပျူတာသည် အထီးကြီး၊ (ဝါ) le computer ဖြစ်သွားကြောင်းပါ ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်

(အတွေးသစ်ဂျာနယ်၊ အတွဲ ၆ အမှတ် ၂၆၈၊ ဝ၂-ဝ၁-ဝ၆)

UNICEF Ethical Guidelines

ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်များ – ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့

ကလေးများနှင့်ပတ်သက်ပြီး ကျင့်ဝတ်နှင့်အညီ သတင်းပေးရန် အခြေခံမူများ

ကလေးသူငယ်များ၊ လူငယ်လူရွယ်များနှင့် စပ်လျဉ်း၍ သတင်းပေးပို့ကြရတွင် သီးခြားစိန်ခေါ်မှုများ ရှိနေပါသည်။ အချို့သော ကိစ္စများတွင် ကလေးသူငယ်များနှင့် စပ်လျဉ်း၍ သတင်းပေးပို့လိုက်ခြင်းကြောင့် ထိုကလေးသူငယ်များတွင်ဖြစ်စေ၊ အခြားသော ကလေးများတွင်ဖြစ်စေ ဒဏ်ခတ်ခံရမည့် အန္တရာယ်၊ အမည်းစက် စွန်းထင်းမည့် အန္တရာယ်များ ပေါ်ပေါက်လာရတတ်ပေသည်။

ကလေးသူငယ်များအပေါ် ရိုက်ခတ်လျက်ရှိသည့် အရေးကိစ္စများနှင့် စပ်လျဉ်းပြီး စာနယ်ဇင်းဆရာများက သတင်းပေးပို့ကြရာတွင် အထောက်အကူပြုရန် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)က ဤအခြေခံမူများကို ရေးဆွဲထားပါသည်။ ဤအခြေခံမူများသည် ကလေးများနှင့် စပ်လျဉ်း၍ သတင်းပေးပို့ကြရာတွင် ကလေးများ၏ အသက်အရွယ်နှင့် လျော်ညီပြီး ဟီရိဩတ္တပ္ပတရား လက်ကိုင်ထားလျက် တင်ပြနိုင်ရေးအတွက် အထောက်အပံ့ ဖြစ်စေမည်ဟု ယူနီဆက်က ယုံကြည်ထားသော လမ်းညွှန်ချက်များဟုလည်း ဆိုနိုင်ပါသည်။ ဤလမ်းညွှန်ချက်များသည် ကလေးသူငယ်များ၏ အခွင့်အရေးကို စတေးခြင်း အလျဉ်းမရှိဘဲ လူအများ၏ စိတ်ဝင်စားမှု လိုအင်ကို ဖြည့်ဆည်းပေးရေးဟူသော ကျင့်ဝတ်စောင့်ထိန်းသည့် သတင်းထောက်များ၏ အကောင်းမြတ်ဆုံး ရည်ရွယ်ချက်များကို ကူညီပံ့ပိုးပေးရန်သာဖြစ်ပါသည်။

တုံ့ပြန်ချက်ကို ကြိုဆိုပါသည်။ ကျွန်ုပ်တို့အား press@unicef.org တွင် တဆိတ် ဆက်သွယ်ပေးပါ။

၁။ အခြေခံမူများ

၁။ ကလေးသူငယ်တိုင်း၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို မည်သည့်အခြေအနေမျိုး၌မဆို လေးစားရိုသေကြရမည်။

၂။ ကလေးသူငယ်များအား တွေ့ဆုံမေးမြန်းရာတွင်ဖြစ်စေ၊ သူတို့နှင့်စပ်လျဉ်းပြီး သတင်းပေးပို့ရာတွင်ဖြစ်စေ သီးသန့်နေပိုင်ခွင့်၊ ပေါက်ကြားမှု မရှိစေရေး သူတို့၏

သဘောထား အယူအဆများကို ဖော်ထုတ်ခွင့်၊ သူတို့အား ရိုက်ခတ်လျက်ရှိသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပါဝင်ဆောင်ရွက်ခွင့်၊ ဖြစ်လာနိုင်ဖွယ်ရှိသည့် အနာတရနှင့် ဒဏ်ခတ်ခံရမည့် အန္တရာယ်တို့အပါအဝင် အနာတရဖြစ်ခြင်းနှင့် ဒဏ်ခတ်ခံရခြင်းတို့မှ အကာကွယ်ပေးမှု ရယူခံစားခွင့်တည်းဟူသော ကလေးသူငယ် တစ်ဦးစီ၏ အခွင့်အရေးများ အထူးအလေးပေးပြီးမှ ဆောင်ရွက်ကြရမည်။

၃။ မည်သည့်ကိစ္စကိုမဆို ဆောင်ရွက်သည့်အခါ ကလေးသူငယ်များ၏ အရေးကိစ္စများကို ထောက်ခံအားပေးခြင်းနှင့် ကလေးသူငယ်အခွင့်အရေးများကို မြှင့်တင် ဖော်ဆောင်ခြင်းတို့အပါအဝင် ကလေးသူငယ်တစ်ဦးစီအတွက် အကျိုးကို အတတ်နိုင်ဆုံး ရှေ့ရှုဆောင်ရွက်ကြရမည်။

၎။ ကလေးသူငယ်တစ်ဦး၏ အကျိုးကို စဉ်းစားဆုံးဖြတ်သည့်အခါတွင် ကလေး၏ အသက်အရွယ်နှင့် ရင့်ကျက်မှုအပေါ် မူတည်ပြီး ထားရှိအပ်သော လေးနက်မှုကို တွက်ချက်ပြီးမှသာလျှင် ထိုကလေးသူငယ်၏ ထင်မြင်ယူဆချက်အား ထည့်သွင်းစဉ်းစားကြရမည်။

၅။ နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းချင်းရာများနှင့် ပတ်သက်ပြီး ကလေးငယ်တစ်ဦး၏ ထင်မြင်ယူဆချက်အား သတင်းရေးရာတွင် ထိုကလေးသူငယ်နှင့် အနီးစပ်ဆုံးလည်းဖြစ်ကာ သူနှင့်အထိအတွေ့အများဆုံးလည်းဖြစ်သူများအား တိုင်ပင်ဆွေးနွေးပြီးမှသာ သတင်းရေးကြရမည်။

၆။ အမည်နာမများကို လှီးလွှဲ၍လည်းကောင်း၊ ဖုံးဖိ၍လည်းကောင်း၊ မဖော်ပြဘဲလည်းကောင်း သတင်းပေးပို့သည့်တိုင် ကလေးသူငယ်တစ်ဦးတစ်ယောက်ကို ဖြစ်စေ၊

သူ့မွေးချင်းပေါက်ဖော်များကိုဖြစ်စေ၊ သူနှင့်ရွယ်တူများကိုဖြစ်စေ အန္တရာယ်ဖြစ်နေစေနိုင်သော သတင်း၊ သို့မဟုတ် သတင်းဓာတ်ပုံကို မဖော်ပြရ။

၂။ ကလေးသူငယ်များအား တွေ့ဆုံမေးမြန်းခြင်းအတွက် လမ်းညွှန်ချက်များ

၁။ မည်သည့်ကလေးသူငယ်ကိုမျှ ဒုက္ခမပေးရ။ ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုများအား ဝေဖန်တိကပြုသော၊ စာနာထောက်ထားခြင်းမရှိသော မေးခွန်းများ၊ သဘောထားများ၊ မှတ်ချက်များကိုလည်းကောင်း၊ ကလေးငယ်တစ်ယောက်အား အန္တရာယ်ဖြစ်စေနိုင်သော၊ အရှက်တကွဲအကျိုးနည်းဖြစ်စေနိုင်သော မေးခွန်းများ၊ သဘောထားများ၊ မှတ်ချက်များကိုလည်းကောင်း၊ စိတ်ထိခိုက်စရာအဖြစ်အပျက်များကြောင့် ကလေးငယ်တွင် နာကျင်မှုများ၊ ပူဆွေးကြေကွဲမှုများ အသစ်တစ်ဖန် ပြန်ခံစားစေရနိုင်သော မေးခွန်းများ၊ သဘောထားများ၊ မှတ်ချက်များကိုလည်းကောင်း ရှောင်ကြဉ်ကြရမည်။

၂။ ကလေးသူငယ်များအား တွေ့ဆုံမေးမြန်းရန်အတွက် ရွေးချယ်ရာတွင် ကျား-မ၊ လူမျိုး၊ အသက်အရွယ်၊ ဘာသာရေး၊ အဆင့်အတန်း၊ ပညာရေး အခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများ စသည်တို့အပေါ်တွင် လိုက်ပြီး ခွဲခြားဆက်ဆံခြင်းမပြုရ။

၃။ ထိုးဇာတ်မခင်းရ။ သူတို့၏ တကယ့်ဘဝဇာတ်ကြောင်း မဟုတ်သော အခန်းကဏ္ဍတစ်ခုခုတွင် ပါဝင် အသုံးတော်ခံရန်သော်လည်းကောင်း၊ ပြောပြစေရန် သော်လည်းကောင်း ကလေးငယ်များအား မတောင်းဆိုရ။

၎။ သတင်းထောက်တစ်ဦးနှင့် စကားပြောနေသည်ကို ကလေးသူငယ်ကဖြစ်စေ၊ ကလေးသူငယ်အား အုပ်ထိန်းသူကဖြစ်စေ ကောင်းစွာ သိရှိနေစေရန် ဆောင်ရွက်ရမည်။ တွေ့ဆုံမေးမြန်းချက်၏ ရည်ရွယ်ချက်နှင့်တကွ အဆိုပါ တွေ့ဆုံမေးမြန်းချက်အား မည်သို့မည်ပုံ အသုံးပြုမည်ကိုပါ ရှင်းလင်းပြောပြရမည်။

၅။ တွေ့ဆုံမေးမြန်းခြင်းများအားလုံးအတွက်လည်းကောင်း၊ ဗီဒီယိုရိုက်ကူးခြင်းအတွက်လည်းကောင်း၊ ဖြစ်နိုင်လျှင် သတင်းဓာတ်ပုံများအတွက်လည်းကောင်း ကလေးငယ်နှင့်တကွ သူ့အား အုပ်ထိန်းသူတို့ထံမှ ခွင့်ပြုချက်ကို ရယူရမည်။ လိုအပ်သည့်အခါများတွင် ဖြစ်နိုင်လျှင် အဆိုပါ ခွင့်ပြုချက်သည် စာနှင့်ရေးသားထားသော ခွင့်ပြုချက်သာ ဖြစ်သင့်သည်။ ထိုသို့ ခွင့်ပြုချက်ကို ရယူရာတွင် မည်သည့်နည်းမျိုးနှင့်မျှ အတင်းအကျပ်စေခိုင်းပြီး ရယူထားခြင်းမျိုး မဖြစ်စေရ။ ထို့အပြင် ဒေသတွင်းတွင်ဖြစ်စေ၊ ကမ္ဘာအနှံ့သို့ဖြစ်စေ ဖြန့်ဝေမည့် သတင်းထဲတွင် သူတို့ ပါဝင်နေမည်ကို ကောင်းစွာ သဘောပေါက် နားလည်ပြီးမှ ခွင့်ပြုသော ခွင့်ပြုချက်မျိုးသာ ဖြစ်စေရမည်။ ခွင့်ပြုချက်ကို ကလေး၏ ဘာသာစကားဖြင့် ရယူနိုင်ပြီး ကလေးက ယုံကြည်သော လူကြီးတစ်ယောက်နှင့် ညှိနှိုင်းဆုံးဖြတ်ပြီမှသာ အဆိုပါ ခွင့်ပြုချက်ကို ရယူသင့်ပါသည်။

၆။ ကလေးအား မည်သည့်နေရာတွင် မည်သို့မည်ပုံ တွေ့ဆုံမေးမြန်းမည်ကို ကောင်းစွာ ဂရုစိုက်ပါ။ တွေ့ဆုံးမေးမြန်းမည့်သူများနှင့် ဓာတ်ပုံဆရာများ၏ အရေအတွက်ကိုလည်း ကန့်သတ်ပါ။ ကလေးအနေနှင့် သက်သောင့်သက်သာ ရှိနေပြီး တွေ့ဆုံမေးမြန်းသူကိုယ်တိုင်အပါအဝင် မည်သည့် ပြင်ပ ပယောဂမှ မပါရှိစေဘဲ သူတို့၏ အဖြစ်အပျက်ကို ပြောပြနိုင်နေစေရန် ဖိဖိစီးစီး ကြိုးစားဆောင်ရွက်ပါ။ ရုပ်ရှင်၊ ဗီဒီယိုနှင့် ရေဒီယို တွေ့ဆုံမေးမြန်းခန်းများတွင် အရုပ်အသံ နောက်ခံကြောင့် ကလေး၏ ဘဝကိုဖြစ်စေ၊ ဇာတ်လမ်းကိုဖြစ်စေ စောင်းပါးရိပ်ခြည် ဖော်ပြရာရောက်နေတတ်သည်ကို သတိချပ်ပါ။ ကလေး၏ နေအိမ်၊ ရပ်ကွက်၊ ယေဘုယျ သွားလာတတ်သည့်နေရာများကို ပြသလိုက်ခြင်းအားဖြင့် ကလေးတွင် ရန်ပြုခြင်း မခံရစေရန်သော်လည်းကောင်း၊ မလိုလားအပ်သော အကျိုးဆက်များ မပေါ်ပေါက်လာစေရန်သော်လည်းကောင်း ဂရုတစိုက် ဆောင်ရွက်ကြရမည်။

၃။ ကလေးသူငယ်များနှင့် စပ်လျဉ်း၍ သတင်းရေးခြင်းအတွက် လမ်းညွှန်ချက်များ

၁။ ကလေးငယ်အား နောက်ထပ် အမည်းစက် ထပ်မံ မစွန်းထင်းပါစေနှင့်။ သူတို့နေထိုင်ရာ ရပ်ကွက်များမှ သူတို့အပေါ်တွင် ရုပ်ပိုင်းအရဖြစ်စေ၊ စိတ်ပိုင်းကိုဖြစ်စေ ထပ်မံ ထိခိုက်နစ်နာစေမည့် အဖြစ်မျိုး၊ တစ်သက်လုံး နှိပ်စက်ညှဉ်းပမ်းခံသွားနိုင်ဘွယ်ရှိသည့်အဖြစ်မျိုး၊ ခွဲခြားဆက်ဆံမည့်အဖြစ်မျိုး၊ ဝိုင်းပယ်သွားစေမည့်

အဖြစ်မျိုးများအပါအဝင် ကလေးငယ်အတွက် မလိုလားအပ်သော တုံ့ပြန်မှုများပေါ်ပေါက်လာနိုင်စေသော အတန်းအစားခွဲခြားခြင်း၊ အမျိုးအမည်ခွဲခြားခြင်းများကို ရှောင်ကြဉ်ကြရမည်။

၂။ ကလေးငယ်၏ ဇာတ်လမ်းကိုဖြစ်စေ၊ ရုပ်ပုံလွှာကိုဖြစ်စေ ဖော်ပြသည့်အခါတွင် တိကျမှန်ကန်သော အချက်အလက်များကိုသာ အမြဲတန်းဖော်ပြရမည်။

၃။ ကလေးငယ်သည်

(က) လိင်မှုကိစ္စအတွက် ညှဉ်းပမ်းနှိပ်စက်ခံလိုက်ရသော၊ သို့မဟုတ် မတရားအမြတ်ထုတ်ခံလိုက်ရသော သားကောင်ဖြစ်နေလျှင်သော်လည်းကောင်း၊

(ခ) ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ လိင်မှုကိစ္စတွင်ဖြစ်စေ ပြစ်မှုကျူးလွန်သူ တရားခံဖြစ်နေလျှင်သော်လည်းကောင်း၊

(ဂ) အိပ်(ခ်ျ)အိုင်ဗွီရောဂါပိုးရှိနေသူ၊ သို့မဟုတ် အေအိုင်ဒီအက်(စ်)ရောဂါဖြင့် နေထိုင်လျက်ရှိသူဖြစ်နေပြီး အဆိုပါကိစ္စအား သတင်းပေးပို့ခြင်းအား ကလေးသူငယ်ကိုယ်တိုင်ကဖြစ်စေ၊ သူ့မိဘကဖြစ်စေ၊ အုပ်ထိန်းသူကဖြစ်စေ ကောင်းစွာ သဘောပေါက် နားလည်ပြီး အပြည့်အဝ သဘောတူ ခွင့်ပြုခြင်း မရှိလျှင်သော်လည်းကောင်း

(ဃ) ရာဇဝတ်ပြစ်မှုတစ်ခုခုအတွက် စွဲချက်တင်ခံထားရသူ၊ သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူဖြစ်နေလျှင်သော်လည်းကောင်း

အဆိုပါ ကလေးငယ်၏ အမည်ကို လှီးလွှဲ ဖော်ပြရမည်ဖြစ်ပြီး မျက်စိဖြင့်မြင်သာသော ရုပ်ပုံလွှာတစ်ခုခုကို ဖော်ပြရာတွင်လည်း မည်သူမည်ဝါမှန်း မသိသာအောင် ဖုံးဖုံးဖိဖိ ဖော်ပြကြရမည်။

၎။ အန္တရာယ်ရှိသော၊ သို့တည်းမဟုတ် ထိခိုက်နစ်နာနိုင်ဘွယ်၊ ဒဏ်ခတ်ခံရဘွယ် အန္တရာယ်ရှိနေသော အခြေအနေမျိုး၌ မည်သည့်ကလေးငယ်မဆို

(က) လတ်တလောဖြစ်စေ၊ ယခင်ကဖြစ်စေ တိုက်ပွဲဝင်စစ်သည်ဖြစ်သည်ဟုလည်းကောင်း

(ခ) ခိုလှုံခွင့်တောင်းခံသူ၊ သို့မဟုတ် ဒုက္ခသည်၊ သို့မဟုတ် ပြည်တွင်းတွင် နေရာရွှေ့ပြောင်းခံထားရသူဖြစ်သည်ဟုလည်းကောင်း
သတ်မှတ်ခံထားရသည် ဖြစ်လျှင် ထိုကလေးငယ်၏အမည်ကို လှီးလွှဲ ဖော်ပြရမည်ဖြစ်ပြီး မျက်စိဖြင့် မြင်သာသော ရုပ်ပုံလွှာတစ်ခုခုကို ဖော်ပြရာတွင်လည်း မည်သူမည်ဝါမှန်း မသိသာအောင် ဖုံးဖုံးဖိဖိ ဖော်ပြကြရမည်။

၅။ အချို့သော ကိစ္စများတွင် ကလေးမှာ မည်သူမည်ဝါဖြစ်သည်ကို ဖော်ပြသော အမည်ကိုဖြစ်စေ၊ မှတ်မိလွယ်သော ရုပ်ပုံလွှာကို ဖြစ်စေ၊ နှစ်မျိုးစလုံးကိုဖြစ်စေ အသုံးပြုခြင်းသည် ကလေးအတွက် အလွန်အကျိုးရှိနေနိုင်ပါသည်။ သို့တိုင်အောင် ကလေးမည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်လိုက်ခြင်းကြောင့် ကလေးအပေါ် ကျရောက်လာနိုင်ဘွယ်ရှိသော ဘေးအန္တရာယ်မှ ကာကွယ်ပေးရမည်ဖြစ်သည့်အပြင် အမည်းစက်စွန်းထင်းခြင်းနှင့် လက်တုံ့ပြန်မှု ခံရခြင်းတို့မခံရအောင်လည်း ဖေးမစောင့်ရှောက်ပေးကြရမည်။

ထူးခြားသော ထိုအခြေအနေမျိုးများအတွက် ဥပမာတချို့မှာ –

(က) လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သူတို့၏ သဘောထားအယူအဆများကို ပြောကြားခွင့်များကို အသုံးပြုလိုသည့်အတွက် သတင်းထောက်နှင့် ဆက်သွယ်ခြင်းကို ကလေးငယ်တစ်ယောက်က စတင်ဆောင်ရွက်သည့်အခါမျိုး၊

(ခ) ပြုပြင်ပြောင်းလဲရေးအတွက်ဖြစ်စေ၊ လှူုမှုရေး လှုပ်ရှားမှုတစ်ရပ်အတွက်ဖြစ်စေ ရေရှည်လုပ်ကိုင်နေသော အစီအစဉ်တစ်ရပ်တွင် ကလေးငယ်က ပါဝင် ဆောင်ရွက်လျှက်ရှိပြီး ယင်းသို့ ဆောင်ရွက်လျက်ရှိသည်ကိုလည်း အသိပေးလိုသည့်အခါမျိုးနှင့်

(ဂ) ကလေးငယ်သည် လူမှုစိတ်ပညာအစီအစဉ် တစ်ရပ်တွင် ပါဝင်နေပြီး သူ၏အမည်နှင့် သူမည်သူမည်ဝါဖြစ်သည်ကို ဖော်ပြခြင်းကြောင်းတို့ကြောင့် ကျန်းမာ ကြံ့ခိုင်စွာ ဖွံ့ဖြိုးတိုးတက်လာနိုင်သည်ဟု တင်ပြလာသည့်အခါမျိုးတို့ဖြစ်ပါသည်။

၆။ ကလေးငယ် ပြောပြသည့်အကြောင်းအရာများ၏ ခိုင်လုံတိကျမှုကို အခြားကလေးငယ်များဖြင့်ဖြစ်စေ၊ အရွယ်ရောက်နေသူတစ်ဦးဖြင့်ဖြစ်စေ အတည်ပြုကြရပါမည်။ အခြားကလေးငယ်များရော အရွယ်ရောက်နေသူတစ်ဦးကပါ အတည်ပြုပေးနိုင်လျှင် ပိုကောင်းပါသည်။

၇။ ကလေးငယ်တစ်ယောက်တွင် အန္တရာယ်ရှိနိုင်သည်ဟု သံသယဖြစ်ဖွယ်ရှိနေပါက ကလေးငယ်ပြောပြသော ဇာတ်လမ်းက သတင်းတန်ဖိုးမည်မျှပင် ရှိနေစေကာမူ ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ကလေးသူငယ်များအတွက် ယေဘုယျအခြေအနေကိုသာ သတင်းပို့ကြရမည်ဖြစ်သည်။

၎။ ယူနီဆက် စာရွက်စာတမ်းများအား အသုံးပြုခြင်း

စာသားများ၊ ဓာတ်ပုံများ၊ ရုပ်ပုံလွှာများနှင့် ဗီဒီယိုတိတ်ခွေများအပါအဝင် ယူနီဆက် စာရွက်စာတမ်းများအားလုံးကို မူပိုင်ခွင့်ဖြင့် ကာကွယ်ထားပါသည်။ မည်သည့် ယူနီဆက် စာရွက်စာတမ်းမျိုးကိုမဆို ပြန်လည်ဖော်ပြခြင်းအတွက် ယင်းစာရွက်စာတမ်းများ မြစ်ဖျားခံရာ ယူနီဆက်ရုံးမှ ခွင့်ပြုချက်တောင်းခံရပါမည်။ ဤစာချွန်ပါ အခြေခံမူများနှင့် လမ်းညွှန်ချက်များအား လိုက်နာမှသာလျှင် ခွင့်ပြုချက် ရရှိနိုင်ပါလိမ့်မည်။

[ကိုးကားချက်များ – ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ပဋိဉာဉ်စာတမ်း၊ ကလေးသူငယ်အခွင့်အရေးများနှင့် မီဒီယာ – စာနယ်ဇင်းဆရာများအတွက် လမ်းညွှန်ချက်များ၊ နိုင်ငံတကား စာနယ်ဇင်းအဖွဲ့ချုပ်။ အထူးကာကွယ်စောင့်ရှောက်မှုကို လိုအပ်လျက်ရှိသော ကလေးငယ်များနှင့် မီဒီယာ (ဌာနတွင်း စာချွန်)၊ ယူနီဆက် ဆက်သွယ်ရေး ဌာနခွဲ၊ အိပ်(ခ်ျ)အိုင်ဗွီ/အေအိုင်ဒီအက်(စ်)နှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်။]

(မူရင်းအင်္ဂလိပ်ဘာသာဖြင့် ရေးသားထားချက်ကို http://www.unicef.org/media/media_tools_guidelines.html တွင် ရှု။)

(လွန်ခဲ့သော နှစ်များစွာက UNICEF အတွက် ကျွန်တော် ဘာသာပြန်ပေးခဲ့ဖူးတာ ဖြစ်ပါတယ်။)

On Human Creativity

လူတို့ရဲ့ အသစ်ထွင်နိုင်စွမ်း

???????????????????????????????ကဲဗျာ… ဟိုး ဝေးလံသီခေါင်လှတဲ့ တောင်ပေါ်ဒေသ တောကြီး မျက်မည်းတစ်နေရာမှာ အမည်မသိ တိရစ္ဆာန်တစ်ကောင်ကို တွေ့ရတယ်လို့ စိတ်ကူးကြည့်လိုက်ကြပါစို့လား။ အဲဒီ့တိရစ္ဆာန်က ခွေးရဲ့ နေရာကို အစားထိုး ဝင်ရောက်လာမှာဖြစ်သလို ကြောင်တစ်ကောင်လိုလည်း အိမ်မွေး တိရစ္ဆာန်အသစ်တစ်ကောင်အနေနဲ့ လူတို့ကြားမှာ တွင်ကျယ်လာမယ့် သတ္တဝါပါတဲ့ဗျား။

အဲဒီ့ တိရစ္ဆာန်ရဲ့ ပုံပန်းသဏ္ဌာန်က ဘယ်လို ရှိမတဲ့လဲ။ ခွေးနေရာကိုရော၊ ကြောင်နေရာကိုပါ အစားထိုးနိုင်ရုံမျှမက အဲဒီ့ ခွေးတွေ၊ ကြောင်တွေ ထက်တောင် ချစ်စရာကောင်းနေလေမယ့် သူ့အသွင်အပြင်က ဘယ်လိုများ ရှိလေမလဲဗျာ။ စာရွက်တွေ ယူပြီး ပုံဆွဲကြည့်လိုက်ကြပါစို့လား။ ပြီးတော့ ပုံမှာလည်း လိုတဲ့ မှတ်စုလေးတွေ ဖြည့်ကြည့်ရအောင်ဗျာ။ ဘာရယ် မဟုတ်ဘူးပေါ့။ အပျင်းပြေ လုပ်ကြည့်လိုက်တာပေါ့။

ဆွဲလိုက်တဲ့ ပုံက အကောင်လေးရဲ့ အမွေးတွေက ရှဥ့်ကလေးတွေရဲ့ အမွေးလို ခပ်တိုတိုနဲ့ ခပ်ညိုညို၊ ခပ်ပြောင်ပြောင်လေး ဖြစ်ချင်ဖြစ်နေမယ်။ အကောင်လေးရဲ့ မျက်နှာကလည်း ကျားပေါက်စလေးလို နှုတ်ခမ်းမွေးလေး ကားကားနဲ့၊ ဖက်ချင်ပွေ့ချင်စရာ ကိုယ်ခန္ဓာကကျပြန်တော့လည်း ဝက်ဝံ ပေါက်စ ဝတတလေးလို လုံးလုံးလေး ဖြစ်ချင်ဖြစ်နေမယ်။ အရောင်ကကျတော့ အပြာနုနုလေး၊ မိုးပြာရောင်လေး။ သူက ခွေးတွေ၊ ကြောင်တွေလို တွေ့ကရာနေရာမှာလည်း အပေါ့အလေး မသွားဘူး။ အသံကကျတော့လည်း ကြောင်သံနဲ့ ဆင်သလိုလိုလေး။ အိမ်စောင့်ခွေးထက်တောင်မှ ကိုယ့်သခင်နဲ့ မိသားစုကို စောင့်ရှောက်ပေးတတ်ပေမယ့် ကလေးတွေနဲ့ကျတော့လည်း ယုန်လေးတစ်ကောင်လို နူးညံ့သိမ်မွေ့တတ်ပြန်တယ်။

သည်လို တိရစ္ဆာန်အသစ်တစ်ကောင်ကို စိတ်ကူးနဲ့သော်လည်းကောင်း၊ လက်တွေ့ စာရွက်ပေါ်မှာ ချဆွဲကြည့်တဲ့အခါမှာသော်လည်းကောင်း ဘယ်သူမဆို လုပ်မိနေဖြစ်ကြမှာကတော့ ကိုယ် သထားတဲ့ တိရစ္ဆာန်ရဲ့ ပုံပန်းသဏ္ဌာန်တွေ၊ အကျင့်စရိုက်တွေကို သိစိတ်နဲ့ပဲ ဖြစ်ဖြစ်၊ မသိစိတ်နဲ့ပဲဖြစ်ဖြစ် ယူပြီး ထည့်မိနေကြမှာပါပဲ။

အဲဒါ မမှားပါဘူး။ မမှားဆို ကျွန်တော်တို့ လူသားတွေဟာ ဖန်ဆင်းရှင်တွေ၊ တန်ခိုးရှင်တွေ မဟုတ်တာမို့ ဘာမှ မရှိတာတစ်ခုကနေ ဥုံဖွ… ဖြစ်လာစေသတည်းဆိုပြီး ဖန်တီးနိုင်စွမ်း ရှိနေကြသူတွေမှ မဟုတ်တာပဲလေ။

တစ်ခါက အမေရိကန်နိုင်ငံရဲ့ ဖှို့(ဒ်) မော်တော်ကားစက်ရုံတစ်ခွင်ကို ပြဲပြဲစင်အောင် သွားရောက်လေ့လာကြည့်ရှုခဲ့တဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးတစ်ဦးက ကြည့်လို့အပြီးမှာ ပိုင်ရှင် ဟယ်နရီ ဖှို့(ဒ်)ကို ပြောလိုက်ပါတယ်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်လောက်တုန်းက လက်ဗလာ၊ ခြေဗလာနဲ့ ဘာဆို ဘာမှ မရှိတဲ့သူ တစ်ယောက်က ဒါတွေအားလုံးကို အောင်အောင်မြင်မြင် ရယူထွန်းပေါက်နိုင်ခဲ့တယ်ဆိုတာ တော်တော်ကြီးကို မဖြစ်နိုင်တာတစ်ခုကို ဖြစ်အောင် လုပ်ယူထားတာပါပဲဗျာ”တဲ့။ သူက ဖှို့(ဒ်)ကို တကယ့်ကို ကြည်ညိုပြီး ပြောလိုက်တဲ့ စကားပါ။

ဖှို့(ဒ်) ပြန်ပြောတဲ့စကားက စိတ်ဝင်စားစရာ ကောင်းပါတယ်။ “ဟုတ်ဘူးဗျ။ လူတိုင်းလူတိုင်းဟာ သူ့မှာ ရှိသမျှနဲ့ စခဲ့တာချည်းပါပဲ။ အစစက ရှိနေပါတယ်။ အနှစ်သာရရော၊ ရုပ်ဒြပ်တွေရော အားလုံး ရှိနေတာပါဗျာ”တဲ့။ ဟုတ်တယ်လေ… ကားတစ်စီးဖြစ်လာဖို့အတွက် လိုအပ်တဲ့ အရာတွေအားလုံးက ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးထဲမှာ ရှိနေနှင့်ပြီးသားပဲ။ အဲဒါတွေကို အခြေခံပြီး မော်တော်ကားဆိုတဲ့အရာကို ဖှို့(ဒ်)က ဖန်တီး ထုတ်လုပ်ခဲ့တာသာ မဟုတ်ပါလား။

အခုဆိုရင် သူ ဖန်တီးထားတဲ့ကားတွေကိုပဲ အမျိုးမျိုး အဖုံဖုံ၊ ပြုပြင်၊ ပြောင်းလဲ မွမ်းမံပြီး ထုတ်လုပ်နေကြတာများ အတိုင်းတိုင်း အပြည်ပြည်မှာပါ။

အသစ်ထွင်တယ်ဆိုတာ စိတ်နဲ့ ပိုသက်ဆိုင်ပါတယ်။ အမြင်တွေ၊ စိတ်ကူးစိတ်သန်းတွေ၊ ခံစားချက်တွေကို သဘောတရား အယူအဆတစ်ခု၊ အမြော်အမြင် တစ်ရပ်အပေါ်မှာ စုဝေး ပေါင်းဆုံလာကြတယ်။ စာရေးဆရာ၊ ကဗျာဆရာတွေက စာရွက်ပေါ်မှာ မင်တံနဲ့ ချရေးပြီး အသစ်ဖန်တီးယူတယ်။ ပန်းချီဆရာက ပတ္တူစပေါ်မှာ စုတ်နဲ့၊ ဆေးရောင်စုံနဲ့ ရေးဆွဲပြီး ဖန်တီးတယ်။ တေးပြုစာဆိုက သူတီးမှုတ်တတ်တဲ့ တူရိယာနဲ့၊ စာရွက်နဲ့၊ မင်တံနဲ့ တေးသီဖွဲ့တယ်။  သဘင်သည်က သူ့ရဲ့ အဆို၊ အကနဲ့၊ အမူအရာနဲ့၊ လေယူလေသိမ်းနဲ့ သရုပ်ဖော်ပါတယ်။

သည်နေရာမှာ စာရေးသူပဲဖြစ်ဖြစ်၊ ပန်းချီဆရာပဲဖြစ်ဖြစ်၊ ဂီတဆရာပဲ ဖြစ်ဖြစ်၊ သဘင်သည်ပဲဖြစ်ဖြစ် သက်ဆိုင်ရာ အနုသုခုမနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာ အခြေခံတွေကို တတ်ပွန်မှုတွေတော့ လိုအပ်တာ အမှန်ပါပဲ။ ဒါပေမယ့် အသစ်တစ်ခုကို တီထွင်ဖန်တီးရာမှာတော့  သူတို့ရဲ့ စိတ်နှလုံးထဲမှာ ရှိနေတဲ့ အမြင်တစ်ခုကို ဖော်ယူလိုက်တာပါ။

ပန်းချီမှာပဲ ပြောကြည့်ရအောင်။ နံရံဆေးရေး ပန်းချီတွေ ရှိခဲ့တာ ပုဂံခေတ်ကတည်းကပါ။ သည့်ထက်စောတဲ့ ကျောက်ခေတ်မှာကတည်းက ပန်းချီဆိုတာ ရှိပြီးသားပဲ။ အဲဒီ့ကနေလာလိုက်တာ အခု ဆရာဇော်မောင်တို့အထိ ပန်းချီတွေ ဆွဲနေကြပြီ။ သရုပ်ဖော်ပန်းချီလောကမှာဆိုရင် ဟိုး ခပ်လှမ်းလှမ်း တစ်ခေတ်ဆီက ဦးအုန်းလွင်တို့၊ ဦးကိုလေးတို့။ အဲဒီ့ ဆရာကြီးတွေနောက်မှာ ဦးသောင်းဟန်။ ဦးသောင်းဟန်ရဲ့ နောက်မှာ မကြာသေးခင်က ကွယ်လွန်သွားတဲ့ ဆရာ မောင်မောင်သိုက်၊ သူ့ရှေ့က ကွယ်လွန်သွားကြလေတဲ့ ဆရာ ဝသုန်၊ ဆရာ စံတိုး အစရှိသဖြင့်။

အားလုံးမှာ သူ့မူပိုင်ဟန်နဲ့ သူချည်းပဲ။ သည်လက်ရာကဖြင့် ဆရာ ပေါ်ဦးသက်ပဲ၊ သည်လက်ရာကဖြင့် ဆရာ ကျော်သောင်းပဲ၊ သည်လက်ရာကဖြင့် ဆရာမောင်ငွေထွန်း ပဲစသဖြင့် သိနိုင်တယ်။ တကယ်တော့ အဲဒီ့ ဆရာအားလုံးကလည်း စက္ကူ/ပတ္တူဖျင်နဲ့၊ စုတ်နဲ့၊ ဆေးနဲ့ ရေးကြသူချည်း ဖြစ်သလို အခြေခံအားဖြင့် ရှိနှင့်ပြီး ပန်းချီပညာကို သူတို့ရဲ့ စိတ်နှလုံးထဲက  အမြော်အမြင်နဲ့ အသစ်ထွင် ရေးဆွဲလိုက်တဲ့အခါ ကိုယ်ပိုင်ဟန်များ ပေါ်ပေါက်လာခဲ့သလို အသစ်တွေလည်း အများကြီး ပေါ်ထွက်လာပါတော့တယ်။

တခြားတခြားသော အနုပညာနယ်ပယ်များမှာလည်း အတူတူပါ။ ဥပမာတွေ ထုတ်ပြနေရင် စာရှည်နေမှာစိုးလို့ ထုတ်ပြမနေတော့ပါဘူး။ အဓိက ပြောလိုရင်းက အနုပညာမှ မဟုတ်ဘူး၊ လူမှုရေး၊ စီးပွားရေး၊ စီမံ ခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး နယ်ပယ်များအပါအဝင် အသစ်တီထွင် ဖန်တီးမှုကို ယေဘုယျ ခြုံငုံပြောကြစတမ်း ဆိုရင် အသစ်ဆိုတာ မရှိတာကaန ရှိလာအောင် လုပ်ယူတာ မဟုတ်ဘဲ ရှိနှင့်ပြီးသားအပေါ်မှာ စိတ်ကူး  ကွန့်မြူးယူရင်းက ဖန်တီး ထုတ်လုပ်ယူတယ်ဆိုတဲ့ အချက်ပါပဲ။

အထက်က နမူနာမှာ ဟယ်နရီဖှို့(ဒ်)ပြောခဲ့သလိုပါပဲ။ ကုန်ကြမ်းတွေ အားလုံးက ရှိနေပါတယ်။ တော်ရုံ၊ သိပ် အသစ်မထွင်တတ်သူတွေ မမြင်နိုင်တဲ့ အဲဒီ့ ကုန်ကြမ်းတွေရဲ့ အဆက်အစပ်တွေ ဖြစ်နိုင်ချေတွေကို  အသစ် ထွင်သူတွေက မြင်ပြီး မသိသူ ကျော်သွား၊ သိသူ ဖော်စားသွားတာချည်းပါပဲ။

လေယာဉ်ပျံကို တီထွင်တဲ့ ညီအစ်ကိုပဲ ဖြစ်ဖြစ်၊ တယ်လီဖုန်းကို တီထွင်ခဲ့သူပဲဖြစ်ဖြစ်၊ လျှပ်စစ်မီးကို တီထွင်ခဲ့တဲ့သူပဲဖြစ်ဖြစ် သည်လောကကြီးထဲမှာ မရှိသေးတဲ့ အရာတွေကို ဥုံဖွမန်းပြီး ဖန်တီးလိုက်တာ မဟုတ်ဘဲ လောကကြီးထဲမှာ ရှိပြီးသား အရာတွေကို ပြန်လည် အသုံးချရင်း တီထွင်ခဲ့ကြတာ အများ အသိပါပဲ။ အဲဒီ့ကမှ တစ်ဆင့် ဒုံးပျံတွေ၊ ဂြိုဟ်တုတွေ၊ ကွန်ပျူတာတွေအထိ ခရီးပေါက်လာခဲ့တာများ အခုဆိုရင် ကျွန်တော်တို့ ဝန်းကျင်မှာ အသစ်တွေက တစ်နေ့ထက်တစ်နေ့ အရှိန်အဟုန် ပြင်းစွာ တိုးပွားနေပါ တယ်။

အခု ကျွန်တော့် စာကို ဖတ်နေသူသည်လည်း လူစွမ်းလူစ အပြည့်နဲ့ သာ ဖြစ်ပါတယ်။ လေယာဉ်တွေ၊ ကွန်ပျူတာတွေလို ပစ္စည်းပစ္စယတွေကို အသစ် ဖန်တီးတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ရှိနှင့်ပြီးသား လက်ဖက်နှပ်ကိုပဲ စိတ်ကူးအသစ်နဲ့ ဖန်တီး ထုတ်လုပ် ရောင်းချတာမျိုးရင်လည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ကိုယ့်အလုပ်ခွင်မှာ မြန်ကောင်းသက်သာ ထိရောက်လာရေးအတွက် စိတ်ကူးအသစ်နဲ့ လုပ်ကိုင်တာရင်လည်း ဖြစ်မယ်။ တစ်ခုမဟုတ်တစ်ခုကိုတော့ ဖန်တီးနိုင်စွမ်းဟာ အဆွေစာဖတ်သူဆီမှာ မလွဲမသွေ ရှိနေမှာပါ။

သည်စာရဲ့ အဓိက ရည်ရွယ်ချက်က အသစ်ထွင်တယ်၊ အသစ်ဖန်တီး တယ်ဆိုတာ ဘာမှ မရှိတာကနေ ဖြစ်စေသတည်းဆိုပြီး လုပ်ယူတာမျိုး မဟုတ်ဘဲ “လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်”ဆိုတဲ့ စကားအတိုင်း ရှိနှင့်ပြီးသားအပေါ်မှာ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့၊ အမြော်အမြင်ကြီးကြီးနဲ့ ဖန်တီးယူကြတာပဲဆိုတဲ့ အခြေခံ သဘောလေးကို မြင်လာကြစေချင်တာပဲဖြစ်ပါတယ်။ ရှိနှင့်ပြီးသား အရာတွေ၊ သဘောတရားတွေ၊ အယူအဆတွေအဆပေါ်မှာ မှိန်းလိုက်မနေတော့ဘဲ အဲဒါတွေကို ကြံဆ ကြည့်၊ ပွားယူကြည့်၊ စပ်ဟပ်ကြည့်ခြင်းအားဖြင့် စာဖတ်သူ လူကြီးမင်းသည်လည်း အင်မတန် အဖိုးတန်တဲ့ စိတ်ကူးစိတ်သန်းတွေ ရချင် ရလာပါတော့ မယ်။

တခြားသူတွေအတွက် မဆီမဆိုင်တွေပါ၊ မအပ်မရာတွေပါလို့ အထင် ရှိထားတဲ့ အရာတွေ၊ တစ်ခုနဲ့ တစ်ခု ကွာလှမ်းလှသယောင် ထင်ရတဲ့ အရာတွေ၊ ဒါမှမဟုတ် အယူအဆတွေကို ချိတ်ဆက် စပ်အပ်ကြည့်လာမိတဲ့အခါတိုင်းမှာ အောင်မြင်လာမယ်၊ တန်ဖိုးရှိလာလိမ့်မယ်လို့ မဆိုနိုင် စကောင်းပေမယ့် အဲသလို မြင်ကြည့်၊ တွေးကြည့်တတ်လာတာနဲ့အမျှ အသစ်ထွင်နိုင်စွမ်းရှိတဲ့ စိတ်နှလုံးကလည်း အလိုလို နိုးကြားတက်ကြွလာတော့မှာပါ။

လူ့ခန္ဓာမှာ ရှိလေသမျှ အရာအားလုံးဟာ မသုံးဘဲ ထားရင် မသန်တော့ပါဘူး။ ဘယ်သန်နဲ့ ညာသန်တွေလိုပေါ့။ ညာသန်က ဘယ်လက်ကို သိပ်မသုံးဖြစ်တော့ ဘယ်က သိပ်မသန်တော့ဘူး။ အလားတူပဲ၊ အိပ်ရာပေါ် နှစ်ရှည်လများ နေခဲ့ရသူဟာ လမ်းပြန်လျှောက်တဲ့အခါ အနည်းနဲ့အများ ဒယီးဒယိုင်ဖြစ်တတ်သလို လမ်းလျှောက်ကျင့် နည်းလှပြီး အထိုင်များသ တစ်ယောက်အနေနဲ့ အနည်းအပါးလောက် လျှောက်လိုက်ရရင်ကို ညောင်း ညာ ကိုက်ခဲလာတတ်စမြဲပါပဲ။

ဦးနှောက်ဆိုတာလည်း ထို့အတူပါပဲ။ မသုံးဘဲ ထားတာ သိပ်ကြာလာရင် မသန်တော့ပါဘူး။ အသစ်ထွင်နိုင်တဲ့ စိတ်နှလုံး၊ တီထွင်ဖန်တီးတတ်တဲ့ စိတ်နှလုံးဆိုတာလည်း အလေ့အကျင့်များနေမှ နိုးကြားတက်ကြွနေမှာမျိုး ပါ။ ရှိနေတဲ့ အရာတွေအပေါ်မှာပဲ ရောင့်ရဲ ကျေနပ်နေပြီး အလိုက်သင့် အလျားသင့်သာ နေကျင့်ရှိနေမယ်ဆိုရင် ထွင်ကြည့်တဲ့အကျင့်က တဖြည်းဖြည်း ပပျောက်တိမ်ကောသွားနိုင်ပါတယ်။

ဒါဖြင့် ဘာတွေ ထွင်ရမှာလဲလို့ မေးစရာ ရှိပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကိုပဲ ထွင်ကြည့်တာမျိုးပါ။ ကျောင်းသားတစ်ယောက်အတွက် စာကျက်တာဟာ သူ့အလုပ်ပါ။ အဲဒီ့ စာကျက်တာကိုပဲ အချိန်တိုအတွင်းမှာ အမှတ်မိဆုံး ဖြစ်နေနိုင်မယ့် နည်းလမ်းသစ်တစ်ခုကို ကြံဆယူတာမျိုးဟာ အသစ်ထွင်တာပါပဲ။ သိပ်အကြီးကြီး မဟုတ်ပါဘူး။

ဒါပေမယ့် အဲသလို သိပ်အကြီးကြီး မဟုတ်တာကို ကြံဆတတ်တဲ့ အလေ့လေး ထုံလာပြီဆိုရင်တော့ အကြီးကြီးတွေ ဖြစ်လာနိုင်တာမို့ လူတို့ရဲ့ အသစ်ထွင်နိုင်စွမ်းဆိုတဲ့ အကြောင်းအရာကို မိတ်ဆက်တင်ပြလိုက်ရတာ ပါပဲခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

(ဘန်ကောက် – ၁၆၀၆၁၂)

(ဝန်ခံချက် – ပါမောက္ခ John Adair ရေးတဲ့ On Human Creativity ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆို တင်ပြရင်း ဖြည့်စွက် ဆွေးနွေးထားတာပါ။)

(၂၀၁၂ ခုနှစ် ဇူလိုင်လထုတ် သရဖူမဂ္ဂဇင်း)

The Apple Tree

လွန်ခဲ့တဲ့ ၁၂ နှစ်နီးပါးက အတ္တကျော်ရဲ့ တေရသမမြာက် (၁၃ ပုဒ်မြောက်) စာ...

ပန်းသီးပင်

ဟိုးရှေးရှေးတုန်းက ပန်းသီးပင်ကြီးတစ်ပင် ရှိသတဲ့။

အဲဒီ့ ပန်းသီးပင်ကြီးဆီကို ကောင်ကလေးတစ်ယောက်က နေ့စဉ် လာလာ ကစားနေကျပေါ့။ အပင်ပေါ်တက်၊ ပန်းသီးတွေကို ဆွတ်ခူး စားaသာက်၊ သစ်ပင်ရိပ်မှာ တစ်မှေးအိပ်၊ ကောင်ကလေးအတွက် သစ်ပင်ကြီးဟာ အဖော်ကောင်းလို့ပဲ ဆိုကြပါစို့ရဲ့။ ကောင်ကလေးဟာ သစ်ပင်ကြီးကို သိပ်ချစ်သလို ပန်းသီးပင်ကြီးကလည်း ကောင်လေးကို အဖော်လုပ်ပေးနေရတာ သိပ်သဘောကျသပေါ့။

အဲလိုနဲ့ အချိန်တွေလည်း တရွေ့ရွေ့ကုန်သွားရောဆိုပါစို့။

ကောင်ကလေးကလည်း အရွယ်လေး မသိမသာ ရောက်လာတာနဲ့အတူ ပန်းသီးပင်ကြီးဆီကိုလည်း ခါတိုင်းလို နေ့စဉ် မရောက်ဖြစ်တော့ဘူး။

တစ်နေ့ကျတော့ ကောင်ကလေးဟာ ပန်းသီးပင်ကြီးဆီကို မသာယာလှတဲ့ မျက်နှာနဲ့ ရောက်လာတယ်။

“လာလေ… ကောင်လေး၊ ငါနဲ့ ကစားရအောင်ကွာ…”

ပန်းသီးပင်ကြီးက ကောင်ကလေးကို ခေါ်လိုက်ပါတယ်။

“ကျွန်တော် ကလေးမဟုတ်တော့ဘူးဗျ။ သစ်ပင်တွေနဲ့ ကျွန်တော် မဆော့တတ်တော့ဘူး။ ကျွန်တော်က အရုပ်တွေ၊ ကစားစရာတွေနဲ့ပဲ ဆော့ချင်၊ ကစားချင်နေတယ်ဗျာ။ ခက်တာက ကျွန်တော့်မှာကလည်း အရုပ်တွေ၊ ကစားစရာတွေ ဝယ်ဖို့ ပိုက်ဆံ မရှိဘူး”

“အေး… ငါ့မှာလည်း ပိုက်ဆံတော့ မရှိဘူး ကောင်လေးရဲ့။ ဒါပေမယ့် ငါ့အသီးတွေ အားလုံးကို ခူးပြီး ပြန်ရောင်းမယ်ဆိုရင် မင်းလိုတဲ့ ပိုက်ဆံရမှာပေါ့ မောင်…”

သည်စကားလည်း ကြားရရော ကောင်ကလေးလည်း ပျော်သွားတယ်။ ဟုတ်သားပဲ၊ ပန်းသီးတွေ ခူးပြီး ရောင်းလိုက်လို့ကတော့ ပိုက်ဆံတွေ ဖြစ်လာမှာ သေချာတာပေါ့။ ဒါနဲ့ သူလည်း ပန်းသီးပင်ကြီးပေါ်မှာ သီးနေတဲ့ ပန်းသီးတွေအားလုံးကို ခူးဆွတ် ထွက်ခွာသွားပါတော့တယ်။

အဲဒီ့နောက်မှာတော့ ကောင်ကလေးဟာ ပန်းသီးပင်ကြီးဆီကို တော်တော်နဲ့ ရောက်မလာပြန်တော့ဘူး။ ပန်းသီးပင်ကြီးကတော့ စိတ်မကောင်းဖြစ်နေတော့တာပေါ့လေ။

အဲလိုနဲ့ အကြာကြီးကြာခါမှ တစ်နေ့မှာ ကောင်ကလေးဟာ ပန်းသီးပင်ကြီးဆီကို ပြန်ရောက်လာတယ်။ ပန်းသီးပင်ကြီးကလည်း ကောင်ကလေးကို တွေ့ရရော ပျော်သွားတော့တာပေါ့။

“လာကွာ၊ မင်းနဲ့ မကစားရတာကြာပြီ၊ ကစားကြရအောင်…” ပန်းသီးပင်ကြီးက ဝမ်းသာအားရ ခေါ်လိုက်ပါတယ်။

“ကျွန်တော့်မှာ ကစားဖို့ အချိန်မရှိဘူးဗျာ။ ကျွန်တော့် မိသားစုအတွက် အလုပ်လုပ်ရဦးမယ်ဗျို့။ မိသားစုနေဖို့အတွက် အိမ်တစ်လုံး လိုနေလို့ စိတ်ညစ်နေတာဗျ။ မကူညီနိုင်ဘူးလား”

“အင်း… ငါ့မှာ အိမ်တော့ ဘယ်ရှိမလဲ ကောင်ကလေးရဲ့။ ဒါပေမယ့် မင်း ငါ့သစ်ကိုင်းတွေ ခုတ်ပြီး အိမ်ဆောက်မယ်ဆိုရင် မဖြစ်ဘူးလားကွဲ့။ ခုတ်ယူပါလား…”

ဒါနဲ့ ကောင်ကလေးကလည်း ပန်းသီးပင်ကြီးရဲ့သစ်ကိုင်းတွေကို အားရ ပါးရခုတ်ယူပြီး ပျော်ပျော်ရွှင်ရွှင် ထွက်သွားပြန်ပါရော။ ပန်းသီးပင်ကြီးကလည်း ကောင်ကလေး ပျော်နေတာမြင်တော့ သူပါ ပျော်သွားတော့တာပေါ့။ ဒါပေမယ့် ထုံးစံအတိုင်းပါပဲ၊ ကောင်ကလေး ပျောက်သွားပြန်ပါတော့တယ်။ ပန်းသီးပင်ကြီးကတော့ အထီးကျန်ဘဝမှာ ထိခိုက်ကြေကွဲနေရပြန်တော့တာပေါ့။

အဲလိုနဲ့ ပူပြင်းလှတဲ့ နွေတစ်ရက်မှာ ကောင်ကလေး ပြန်ပေါ်လာပြန်တယ်။ အပင်ကြီးကလည်း ဝမ်းသာအားရပဲပေါ့။

“လာကွာ၊ မင်းနဲ့ ငါနဲ့ ကစားကြရအောင်…”

“မကစားနိုင်ပါဘူး ပန်းသီးပင်ကြီးရယ်၊ ကျွန်တော် စိတ်ညစ်နေတယ်ဗျ။ အသက်ကလည်း ကြီးလာပြီလေ။ နားနားနေနေလေး နေချင်လိုက်တာဗျာ။ လှေကလေးတစ်စီးနဲ့ ရွက်လွှင့်ရင်း အေးအေးလူလူ နားချင်လိုက်တာ။ ကျွန်တော့်အတွက် လှေတစ်စီးလောက် ရှာမပေးနိုင်ဘူးလား”

“ငါ့ပင်စည်ကို ခုတ်လှဲပြီး လှေလုပ်လိုက်ပါလား ကောင်ကလေးရယ်၊ ဒါပဲ ငါတတ်နိုင်တယ်လေ။ ဘာပဲဖြစ်ဖြစ်၊ မင်းကြိုက်တဲ့နေရာကို လှော်ခတ်သွားပြီး ပျော်နိုင်ပါလိမ့်မယ်ကွာ…”

ဒါနဲ့ ကောင်ကလေးလည်း ပန်းသီးပင်ကြီးရဲ့ပင်စည်ကို ခုတ်ပြီး လှေတစ်စီး လုပ်လိုက်တော့တာပေါ့။

လှေလည်းရရော ကောင်ကလေးကလည်း ပင်လယ်ပြင်ကျယ်ကြီးထဲကို ရွက်လွှင့်သွားလိုက်တော့တာ တော်တော်နဲ့ကို ပြန်ရောက်မလာတော့ပြန်ဘူး။

အဲဒီကနေ နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့ ကောင်ကလေး ပြန်ရောက်လာပြန်ပါတော့တယ်။

“သည်တစ်ခါတော့ ငါ့မှာ မင်းကို ပေးစရာ ဘာမှမရှိတော့ဘူး ကောင်ကလေးရဲ့။ ပန်းသီးတွေလည်း ကုန်ပြီ…”

“ကျွန်တော့်မှာလည်း ပန်းသီးကိုက်နိုင်တဲ့သွားတွေ မရှိတော့ပါဘူးဗျာ…”

“မင်းတွယ်တက်ဖို့ သစ်ကိုင်းတွေလည်း ငါ့မှာ မရှိတော့ဘူး”

“ကျွန်တော်လည်း သစ်ပင်မတက်နိုင်တော့ပါဘူး၊ အိုပါပြီဗျာ”

“မင်းကိုပေးစရာ ငါ့မှာ ဘာဆို ဘာမှမကျန်တော့ဘူး ကောင်ကလေး။ ငါ့ဆီမှာ ကျန်တာဆိုလို့ သေတော့မယ့် အမြစ်တွေပဲ ရှိတော့တယ်နော်”

ပန်းသီးပင်ကြီးက ပြောရင်းနဲ့ မျက်ရည်လည်လာတယ်။

ကောင်ကလေးက ပြန်ပြောတယ်။

“ကျွန်တော်လည်း ဘာမှ မလိုချင်တော့ပါဘူး ပန်းသီးပင်ကြီးရယ်။ ကျွန်တော်လိုချင်တာက နားခိုစရာနေရာလေး တစ်နေရာပါပဲ။ ကျွန်တော့် ဘဝမှာ သိပ်ကို ပင်ပန်းလှပါပြီ”

“ဒါဆို အတော်ပဲပေါ့၊ ကောင်ကလေးရဲ့။ သစ်ပင်အိုကြီးတွေရဲ့ အမြစ် ဆိုတာ မှီလို့အုံးလို့ကောင်းတဲ့ နားစရာနေရာအစစ်ပဲလေ။ ထိုင်ကွာ၊ ထိုင်၊ ထိုင်၊ ငါနဲ့အတူ ထိုင်ပြီး မင့်စိတ်တိုင်းကျ နားလိုက်စမ်းကွာ…”

ကောင်လေးလည်း ပန်းသီးပင်ရဲ့အမြစ်တွေဘေးမှာ ထိုင်ချလိုက်ပါ တယ်။ ပန်းသီးပင်ကြီးကလည်း မျက်ရည်တွေကြားကပဲ ကြည်ကြည်နူးနူးြုပံးလိုက်ပါတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။

သည်ပုံပြင်လေးဟာ ကျွန်တော်တို့တွေ အားလုံးအတွက်ပါ။

ပန်းသီးပင်ကြီးဆိုတာက နိမိတ်ပုံလေ။

ပန်းသီးပင်ကြီးဆိုတာ ကျွန်တော်တို့ရဲ့မေမေ၊ ဖေဖေပါ။ ငယ်တုန်းက မေမေတို့၊ ဖေဖေတို့နဲ့ကစားခဲ့ရတာကို ကျွန်တော်တို့တွေ ဘယ့်ကလောက် ပျော်ခဲ့ကြသလဲ။

အဲ… အရွယ်လေးလည်းရောက်လာရော ကျွန်တော်တို့လည်း မေမေနဲ့ ဖေဖေကို ထားရစ်ခဲ့ကြတာပါ။ ကိုယ်လိုချင်တာလေးရှိမှ၊ ကိုယ့်မှာ ဒုက္ခနဲ့ ကြုံရခါမျိုးကျတော့မှ မေမေတို့၊ ဖေဖေတို့ဆီ ပြန်ရောက်ရတော့တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ မိဘဆိုတာကလည်း သူတို့မှာ ရှိရှိသမျှတွေကို ပေးရင်း ကိုယ့်သားသမီးလေးတွေ စိတ်ချမ်းသာအောင် ဆောင်ရွက်ပေးကြတဲ့သူချည်းပါပဲ။

စာဖတ်သူ လူကြီးမင်းများအနေနဲ့ ပုံပြင်ထဲက ကောင်လေးဟာ ပန်းသီးပင်ကြီးအပေါ်မှာ တော်တော့်ကိုရက်စက်အားတယ်လို့ ထင်မိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးကရော၊ ကျွန်တော်တို့ရဲ့အမိနဲ့အဘအပေါ်မှာ အဲသလိုပဲ ဆက်ဆံဖြစ်ခဲ့၊ ရသမျှ အကုန်ယူဖြစ်ခဲ့ကြတာချည်းပဲ မဟုတ်ပါ လား။

စာဖတ်သူလူကြီးမင်းရဲ့မိတ်ဆွေတွေကို သည်ပုံပြင်လေးကို လက်ဆင့်ကမ်း ပြောပြကြပါ။

ပြီးရင် ကိုယ့်မိကိုယ့်ဘကို ရိုသေ ချေငံစွာ၊ ချစ်ခင်မြတ်နိုးစွာ ဆက်ဆံနိုင်ကြအောင် ကြိုးစားကြပါတော့…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

အလင်းတန်းဂျာနယ်၊ ၂၃-၁၀-ဝဝ

သည်စာကို ရေးတဲ့အတွက် ကျွန်တော့်မေမေက ကျွန်တော့်ကို ရယ်ပွဲဖွဲ့ကောင်း ဖွဲ့ပါလိမ့်မယ်။ ကျွန်တော်ဟာ မေမေ့အပေါ်မှာ ဘယ်တုန်းကမှ မကောင်းခဲ့တဲ့ သားမိုက်တစ်ဦးသာ ဖြစ်ပါတယ်။ တစ်သက်လုံး ထင်ရာစိုင်း၊ ကိုယ်ဖြစ်ချင်တာပဲ ကိုယ်ကြည့်၊ ဘေးဘီကို လုံးလုံးမငဲ့တဲ့ ကျွန်တော့်ဉာဉ်ဟာ မေမေအပါအဝင် ကျွန်တော့်ပတ်ဝန်းကျင် တစ်ခုလုံးကို ထိခိုက်နာကျင်စေခဲ့မှာ အသေအချာပါပဲ။

ကနေ့အခါမှာ ကျွန်တော်ကိုယ်တိုင်လည်း ပန်းသီးပင်ကြီး တစ်ပင် ဖြစ်လာခဲ့ပါပြီ။ ကြီးကောင်လေးဝင်ခါစ သမီးက ဇလေးတွေ ပြလာတဲ့အခါ ကျွန်တော့်ရင်မှာ ရှတတ ဖြစ်ရပါတယ်။ သားလေးကတော့ ငယ်သေး၊ နုသေးတဲ့အတွက် ပန်းသီးပင်ကြီးနဲ့ ကစားလို့ ကောင်းတုန်းပါပဲ။ ဒါပေမယ့် သူလည်း နောင်များ မကြာခင်နှစ်များ အတွင်းမှာ ပန်းသီးပင်ကြီးကို စွန့်ခွာသွားဦးမှာ ဖြစ်ပါတယ်။ အဲဒီ့အခါကျ ကျွန်တော့်ရင်မှာ ရှတတဖြစ်ရဦးမှာပါ။ ဒါကိုပဲ တချို့ကတော့ ဝဋ်လည်တယ်လို့ ပြောကောင်းပြောပါလိမ့်မယ်။ ကျွန်တော့်အမြင်မှာတော့ ဒါဟာ ရှောင်လွှဲလို့ မရတတ်နိုင်တဲ့ သဘာဝတရားပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်တုန်းကမှ၊ ဘယ်သူ့အပေါ်မှာမှ သိပ်မကောင်းခဲ့တဲ့ကျွန်တော်ဟာ စာဖတ်သူလူကြီးမင်းများအတွက် ဆင်ခြင်စရာ စာကောင်းလေးတစ်ပုဒ်ကို တင်ပြနိုင်ခဲ့တယ်ဆိုရင်ဖြင့် အထိုက်အလျောက် ကျေနပ်စရာကောင်းသွားပါလိမ့်မယ်။

တစ်ဆက်တည်းမှာပဲ၊ ကျွန်တော် စာရေးသူဖြစ်လာရာမှာ အဓိက လက်ဦးဆရာဖြစ်ခဲ့သူ မေမေ့ကို သည်စာလေးနဲ့ လေးမြတ် ရိုကျိုးစွာ ရှိခိုးကန်တော့လိုက်ပါရစေ ခင်ဗျား။

———————————————————————

ဘလော့(ဂ်)အတွက် မှတ်ချက်

စာမူရဲ့ အဆုံးက အထက်ပါ မှတ်ချက်ကို စာအုပ်အဖြစ် ပုံနှိပ်ဖော်ပြရာမှာ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ်” စာအုပ်ရဲ့ ပထမအကြိမ်မှာရော ဒုတိယအကြိမ်မှာပါ ဖော်ပြခဲ့ပါတယ်။ ခုတော့ သတ်သတ်စီ ခွဲလိုက်ရပါတယ်။

သည်စာမူလေးကြောင့် “နေပျော်တဲ့ ဘ၀…” တစ်အုပ်လုံးကို အင်တာနက်မှာ ပြန်တင်ဖို့ အကြောင်းဖန်လာတာပါ။ အလင်းတန်းဂျာနယ်မှာ ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်က စတင်ဖော်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်နီးပါးကပေါ့။ နောက် ၂၀၀၂ ခုနှစ် စက်တင်ဘာမှာ လုံးချင်းထွက်တော့ သည်စာမူ ပါတယ်။  ၂၀၀၆ အောက်တိုဘာမှာ အဲဒီ့ လုံးချင်းပဲ ဒုတိယအကြိမ်အဖြစ် ပြန်ထွက်တယ်။ ကျွန်တော် ထုတ်ထားသမျှ စာအုပ်တကာ အနက်မှာ ရောင်းအကောင်းဆုံး စာအုပ်ဖြစ်သလို သည်တစ်အုပ်တည်းနဲ့ လုံးချင်းလောကမှာလည်း “အတ္တကျော်”ရယ်လို့ ရပ်တည်လာနိုင်ခဲ့ပါတယ်။

သို့ပေမယ့် ဆယ်နှစ်ကြာရင်တော့ လစ်ပြီ အမှတ်နဲ့ပဲလား၊ ရိုးသားစွာ မှားတာပဲလား မသိဘူး။ သည်တစ်ပုဒ်အပါအ၀င် အဲဒီ့စာအုပ်ထဲက စာတွေကို ဆင်တူရိုးမှားလိုလို၊ ဘာလိုလိုနဲ့ နာမည်လှလှ သုံးထားသူတစ်ယောက်က အင်တာနက်ပေါ်မှာတင်နေတာ တွေ့လာရပါတယ်။ ကျွန်တော်ကြီး သက်ရှိထင်ရှား ရှိနေဆဲ၊ အင်တာနက်ပေါ်မှာလည်း ကျွန်တော် အထင်အရှား ရှိနေဆဲပေမယ့် အတောင့်လိုက် ခံနေရပါတယ်။ တစ်ပုဒ်တလေ၊ နှစ်ပုဒ် နှလေဆိုရင်တော့လည်း မသိလို့ မှားတာလို့ နားလည်ပေးနိုင်ပါတယ်။ အပုဒ်ရေ နည်းနည်း များလာတော့ သံသယပွားစရာ ဖြစ်လာတာလည်း အမှန်ပါ။

ပိုဆိုးတာက သည်တစ်ပုဒ်ကို မိတ်ဆွေ “စာရေးဆရာ တစ်ယောက်ရဲ့ သမီး”က စာတည်းချုပ်အဖြစ် ကြီးကြပ် စီစဉ် ထုတ်ဝေနေတဲ့ အပတ်စဉ်ဂျာနယ်မှာ ဖော်ပြထားတာပါပဲ။

သည်အဖြစ်တွေကြောင့် သည်စာမူတွေကို အင်တာနက်ပေါ် ကျွန်တော့်မှာ ကြိုးစား ပမ်းစား ပြန်တင်နေရတော့တာပါပဲ။

Shots in the Arm

လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က အတ္တကျော်ရဲ့ ဒွါဒဿမမြောက် လက်ရာ…

ကောင်းကွက်လေးတွေ

ကျွန်မ ဆရာမလုပ်နေတဲ့ “မင်းန်” ပြည်နယ်၊ မောရစ်(စ်)မြို့ စိန့်မေရီ ကျောင်းက တတိယတန်း ကျောင်းသားလေးအဖြစ် သူ့ကို စသိခဲ့တာပါ။

သူ့ကို တွေ့လိုက်ရင် အမြဲတန်းသပ်သပ်ရပ်ရပ်ကလေး ရှိနေတတ်ပါတယ်။ ပျော်ပျော်ပါးပါးနေတတ်တဲ့ သူ့စရိုက်လေးက တစ်ခါတစ်ခါ သူ ဆိုးတာလေးတွေကိုတောင် ချစ်စရာကောင်းနေအောင် လုပ်ပေးထားသလိုပါပဲ။

ကျွန်မအတန်းထဲက ကျောင်းသား ၃၄ ယောက်စလုံးက ကျွန်မကို ချစ်ကြပါတယ်။ ဒါပေမယ့် အဲဒီ့အထဲမှာ “မာ့ခ်”ကတော့ တစ်သန်းမှာ တစ်ယောက် တွေ့ရခဲတဲ့ ကလေးလေးပဲလို့ ပြောလိုက်ရင် လွန်များသွားမလား မသိဘူး။

အဲဒီ့“မာ့ခ်”လေးဟာ စကားကို မရပ်မနား ပြောတတ်တယ်။ အင်မတန် လေပေါတဲ့ ကလေးပါ။ ကျွန်မအနေနဲ့ အတန်းထဲမှာ ဆရာ့ခွင့်ပြုချက် မရဘဲ စကားမပြောရဘူးလို့ သူ့ကို ပြောရပေါင်းလည်း များလှပါပြီ။ အဲသလို သူ့ကို ပြုပြင် ဆုံးမရတဲ့အခါမျိုးလေးတွေမှာ သူ့ရဲ့ ရိုးသားတဲ့ တုံ့ပြန်ပုံလေးကတော့ ကျွန်မအသည်းကို စွဲနေစေပါတယ်။

သူ့ကို အဲလိုဆုံးမလမ်းညွှန်လိုက်တဲ့အခါမှာ သူပြန်ပြောတတ်တာက “ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမရယ်…”တဲ့လေ။

သူ့ဆီက အဲလိုတုံ့ပြန်စကားကို ကြားရစတုန်းက ကျွန်မ ဘာပြန်ပြောရမယ်မှန်း၊ ဘာလုပ်ရမယ်မှန်းတောင် မသိအောင် ဖြစ်သွားခဲ့ရဖူးပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ကျွန်မဟာ သူ့ဆီက အဲသလို တုံ့ပြန်သံလေးကို တစ်နေ့မှာ လေးငါးခါလောက် ကြားလာရတော့ နားယဉ်သွားပါတော့တယ်။

တစ်မနက်မှာတော့ ကျွန်မလည်း သူ့ကို စိတ်မရှည်နိုင်အောင် ဖြစ်သွားရတယ်။ မာ့ခ်က သူ့ထုံးစံအတိုင်း လေတွေ လွှတ်ပေါနေတာကိုး။ သည်မှာတင် ကျွန်မလည်း မနူးမနပ် ဆရာမတစ်ယောက် ကျူးလွန်နေကျအမှားကို ကျူးလွန်မိပါတယ်။

အဲဒါကတော့ မာ့ခ်ကို တည့်တည့်ကြည့်ပြီး ပြောလိုက်မိတာပါ။

“မင်းဆီက နောက်ထပ် အသံကြားရလို့ကတော့ မင်း ပါးစပ်ကို တိတ်(ပ်)နဲ့ကပ်ပြီး ပိတ်ရလိမ့်မယ်ဟေ့…”

မကြာပါဘူး။ ကျွန်မ အဲသလို ပြောလိုက်ပြီး ဆယ်စက္ကန့်တောင် မကြာလိုက်ဘူးထင်တယ်။ ချပ်(ခ်)ဆိုတဲ့ကလေးဆီက အသံထွက်လာတယ်။

“ဆရာမရေ… ဟောဒီ့မှာ မာ့ခ် စကားပြောနေပြန်ပြီ”တဲ့။

ကျွန်မအနေနဲ့ မာ့ခ်ကို စောင့်ကြည့်ပေးဖို့ ဘယ်ကျောင်းသားကိုမှ ခိုင်းမထားပါဘူး။ ဒါပေမယ့် သူ နောက်တစ်ခါ စကားပြောရင် ဘယ်လို ပြစ်ဒဏ်မျိုးနဲ့ အရေးယူမယ်လို့ အတန်းရှေ့မှာ အတိအလင်း ပြောမိထားမှတော့ ပြောတဲ့အတိုင်း လုပ်လိုက်ရပါတော့တယ်။

အဲဒီ့နေ့က မြင်ကွင်းဟာ မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သလို ကျွန်မ မျက်စိထဲမှာ အခုထက်ထိ ထင်းထင်းကြီး စွဲနေပါသေးတယ်။ ကျွန်မက ကျွန်မရဲ့စားပွဲဆီ သွားလိုက်တယ်၊ အံဆွဲကိုဖွင့်တယ်၊ ပြီးတော့ အံဆွဲထဲက အထုပ်အပိုးထုပ်တဲ့အခါမှာ ကပ်တဲ့ စက္ကူတိပ်ခွေကို ယူတယ်။ ဘာတစ်ခွန်းမှ ပြောမနေတော့ဘဲ မာ့ခ်ရဲ့ စားပွဲကို သွားတယ်။ တိပ်ခွေထဲက အစ နှစ်စ ဆွဲဖြတ်ထုတ်လိုက်ပြီး မာ့ခ်ရဲ့ပါးစပ်ပေါ်မှာ ကြက်ခြေခတ်အကြီးကြီး ခတ်ပြီး ပိတ်လိုက်တယ်။ ပြီးတာနဲ့ ကျွန်မလည်း အတန်းရှေ့ကို ပြန်ထွက်ခဲ့ပါတယ်။

မာ့ခ် ဘာလုပ်သလဲလို့ ကျွန်မ အသာ လှမ်းကြည့်လိုက်တဲ့အခါ ကိုရွှေမာ့ခ်က မျက်တောင်လေး ပေကလပ် ပေကလပ်နဲ့ ကျွန်မကို ပြန်ကြည့်နေတယ်။ ကျွန်မလည်း ဘယ်လိုမှ မနေနိုင်တော့ဘူး။ ချက်ချင်းပဲ ရယ်ချလိုက်မိပါတော့တယ်။ အတန်းကလည်း အဲတော့ တအုန်းအုန်း ရယ်တော့တာပေါ့။

ကျွန်မလည်း မာ့ခ်ဆီကို ပြန်သွားပြီး သူ့ပါးစပ်ကို ပိတ်ကပ်ထားတဲ့ တိပ်ကို ခွာပေးလိုက်မိပါတော့တယ်။

ပါးစပ်က တိပ်လည်း ကွာသွားရော သူပြောတဲ့စကားက…

“ကျွန်တော့်ကို အခုလို ဆုံးမပေးတာ ကျေးဇူးတင်ပါတယ် ဆရာမ ရယ်…”တဲ့။

စာသင်နှစ်ကုန်ခါနီးတော့ ကျွန်မဟာ အလယ်တန်းအတွက် အဆင့်မြင့် သင်္ချာဘာသာရပ်ကို သင်ဖို့ တာဝန်အပေးခံရပြန်တယ်။ ဒါနဲ့ ကျွန်မလည်း မာ့ခ်တို့အတန်းကို မသင်ရတော့ဘူးပေါ့။ ဒါပေမယ့်လည်း နှစ်တွေ ဘယ်လောက်တောင် ကြာသွားသလဲဆိုတာ ကျွန်မ သတိမထားလိုက်မိခင်မှာဘဲ မာ့ခ်ကလည်း တစ်တန်းပြီး တစ်တန်း တက်လာရင်းက ကျွန်မရဲ့ အတန်းထဲကို ရောက်လာပါတော့တယ်။

ကြီးကောင်လေးဝင်လာတဲ့မာ့ခ်ဟာ ပိုချောလာသလို အရင်အတိုင်း ရည်မွန်ယဉ်ကျေးနေဆဲပါပဲ။ “သင်္ချာသစ်”အတွက် ကျွန်မရဲ့သင်ကြားမှုတွေကို ဂရုတစိုက် နားထောင်နေရတဲ့အတွက် သူဟာ သုံးတန်းတုန်းကလို လေမပေါနိုင်ရှာတော့ပါဘူး။

သောကြာနေ့တစ်နေ့မှာတော့ တစ်တန်းလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ တစ်ပတ်လုံး သင်္ချာသဘောတရားသစ် တစ်ခုကို ခဲခဲယဉ်းယဉ်း သင်ယူပြီး ကျေညက်အောင် တွက်ချက်နေခဲ့ရတဲ့အတွက်  ကျောင်းသားတွေ စိတ်ပင်ပန်းနေကြပြီ၊ အကဲဆတ်နေကြပြီဆိုတာ ကျွန်မသတိထားမိနေပါတယ်။

ကျွန်မအနေနဲ့ အဲသလို အကဲဆတ်နေတဲ့ အနေအထားကို ဘာပြဿနာမှ မတက်ခင် ရှင်းသွားအောင် တစ်ခုခု လုပ်မှ ဖြစ်တော့မယ်ဆိုတာလည်း သိနေတယ်။

ဒါနဲ့ ကျွန်မလည်း တစ်ယောက်စီကို တစ်တန်းလုံးရဲ့နာမည်တွေ စာရွက်လွတ်ပေါ်မှာ ချရေးခိုင်းရပါတယ်။ ဘယ်ဘက်မှာ နာမည်တွေ ချရေးပြီး အဲဒီ့နာမည်နဲ့ တစ်တန်းတည်း ညာဘက်မှာ အဲဒီ့အတန်းဖော်ရဲ့ ကောင်းကွက်လေးတွေကို စဉ်းစားပြီး ချရေးဖို့ ခိုင်းလိုက်တာပါ။ အဲလိုနဲ့ ကျန်တဲ့အတန်းချိန် တစ်ချိန်လုံးမှာ သည်အလုပ်နဲ့ပဲ ပြီးသွားပါတော့တယ်။ ကျောင်းလည်း ဆင်းရော ကျောင်းသားတစ်ယောက်စီက ကျွန်မကို သူတို့ ရေးထားတဲ့ စာရွက်လေးတွေ လာအပ်သွားကြပါတယ်။

မာ့ခ်ကတော့ “ကျွန်တော်တို့ကို စာသင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ…“လို့ ပြောရင်းနဲ့ သူ့စာရွက်လေး ထိုးပေးသွားပါတယ်။

စနေနေ့ကျတော့ ကျွန်မလည်း စာရွက်တစ်ရွက်စီပေါ်မှာ ကျောင်းသားတစ်ယောက်စီရဲ့ နာမည်ကိုရေး၊ ပြီးတော့ အဲဒီ့ကျောင်းသားနဲ့ ပတ်သက်လို့ တစ်တန်းလုံးက မှတ်ချက်ပေးထားသမျှကို ကူးရေးလိုက်ပါတယ်။

တနင်္လာနေ့ ကျောင်းပြန်ဖွင့်တဲ့အခါကျတော့ သက်ဆိုင်ရာကျောင်းသား တစ်ဦးစီကို အဲဒီ့စာရွက်လေးတွေ ဝေပေးလိုက်ပါတယ်။ မကြာပါဘူး။ တစ်တန်းလုံး ပြုံးနေတာကို ကျွန်မ မြင်ရပါတော့တယ်။

ခပ်တိုးတိုးပြောတဲ့ အသံတွေကိုလည်း ကြားရတယ်။

“အံ့ဩစရာပဲနော်…”

“ဟယ်… ငါလုပ်လိုက်တုန်းကတော့ အမှတ်မထင်ပါဟယ်…”

“ငါ့ကို သည်လောက် ခင်ကြမှန်း ငါမသိဘူးဟဲ့…”ဆိုတဲ့ အသံတွေပါ။

ဒါပေမယ့် အဲဒီ့ စာရွက်တွေနဲ့ ပတ်သက်လို့ ဘယ်သူကမှ နောက် ပိုင်းမှာ စကားမစပ်မိကြတော့ပါဘူး။ သူတို့ချင်း ပြန်ပြောဖြစ်ကြသေးလား၊ ဒါမှမဟုတ်လည်း သူတို့ မိဘတွေကို သည်အကြောင်းတွေ ပြောဖြစ်သလား ဆိုတာတော့ ကျွန်မ ဘယ်လိုမှ မသိနိုင်တော့ပါဘူး။

သေချာတာတစ်ခုကတော့ ကျွန်မ ပေးလိုက်တဲ့လေ့ကျင့်ခန်းလေးဟာ တော်တော် ထိရောက်သွားပါတယ်။ ကျောင်းသားတွေဟာ သူတို့ကိုယ်သူတို့ အတော် ကျေနပ်သွားကြသလို အချင်းချင်းလည်း ပိုလို့ ခင်မင်နားလည်လာကြတယ်လေ။

အဲလိုနဲ့ အဲဒီ့အတန်းကလည်း နောက်အတန်းကို ဆက်တက်သွားပြီးတဲ့ နောက် ကျွန်မလည်း နောက်က တက်လာတဲ့အတန်းတွေကို ဆက် သင်ပေးနေခဲ့ပါတယ်။ လေးငါးခြောက်နှစ်လောက် ကြာသွားပြီးတဲ့နောက် နွေရာသီ ကျောင်းပိတ်ရက်တစ်ခုမှာ အနားယူအပန်းဖြေခရီးက ကျွန်မပြန်လာတဲ့အခါ ကျွန်မ မိဘတွေက ကျွန်မကို လေဆိပ်မှာ လာကြိုကြတယ်။

လေဆိပ်ကနေ အိမ်အပြန်ကားပေါ်မှာ အမေက ကျွန်မကို ကျွန်မ ရောက်ခဲ့တဲ့အရပ်ဒေသအကြောင်း၊ ခရီးစဉ်အကြောင်း မေးနေကျ မေးခွန်းတွေကို မေးနေတယ်။ ဒါပေမယ့် အမေဟာ တစ်ခုခုကို ပြောချင်လို့ စကား စနေမှန်းလည်း ကျွန်မ သတိထားလိုက်မိတယ်။

ကျွန်မ ထင်တဲ့အတိုင်းပါပဲ။ ခရီးစဉ်အကြောင်းပြောလို့ဆိုလို့ ပြီးသွားတဲ့အခါ အမေက သူ့ဘေးမှာထိုင်နေတဲ့အဖေ့ကို တစ်ချက် လှမ်းကြည့်ပြီး “ကဲ… အဖေကြီးရေ…” လို့ ပြောလိုက်ပါတယ်။

အဖေကလည်း အရေးတကြီး ပြောစရာတစ်ခုခုရှိရင် သူ လုပ်နေကျ အတိုင်းပါပဲ။ ချောင်းတစ်ချက်ဟန့်ပြီး လည်ချောင်း ရှင်းလိုက်ပြန်ပါတယ်။

“အက်ခ်လန်ဒ် မိသားစုက မနေ့ညက ဖုန်းဆက်တယ်…”

“ဟုတ်လားဖေဖေ၊ သူတို့နဲ့ မတွေ့တာ ဘယ်နှနှစ်တောင် ရှိပြီလဲ မသိဘူးနော်။ မာ့ခ်တစ်ယောက်ရော နေထိုင်ကောင်းရဲ့လား မသိဘူး”

အဖေက ညင်ညင်သာသာပဲ ပြန်ပြောပါတယ်။

“မာ့ခ် ဗီယက်နမ်မှာ ကျဆုံးသွားပြီသမီး။ မနက်ဖြန် မနက်ကျရင် ဈာပနရှိတယ်။ မာ့ခ်မိဘတွေက သမီးကို အသုဘရှု လာစေချင်သတဲ့”

အဖေက မာ့ခ်သတင်းကို ပြောလိုက်တဲ့ လေဆိပ်ကနေ မြို့ထဲအလာ လမ်းတစ်နေရာကို ကျွန်မ ဘယ်တော့မှ မေ့နိုင်တော့မယ် မထင်ပါဘူး။

ကျွန်မ ဘဝမှာ စစ်အခမ်းအနားနဲ့ အသုဘချတာကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ အခုမြင်ရတဲ့ ခေါင်းတလားထဲက မာ့ခ်ရဲ့ ရုပ်အလောင်းဟာ တင့်တယ်လှပါတယ်။ မာ့ခ်ဟာ အင်မတန်ကို ချောမောပြီး ရင့်ကျက်တဲ့ မာ့ခ်ဖြစ်နေပါပြီ။ အဲဒီ့အချိန်မှာ ကျွန်မရင်ထဲမှာ ဖြစ်နေတာကတော့ ကမ္ဘာပ်ါမှာ ရှိရှိသမျှ ထုပ်ပိုးရာမှာ ကပ်ဖို့သုံးတဲ့ တိပ်ခွေတွေ အားလုံးကို ကျွန်မ ရှာဖွေနိုင်ဦးတောင်မှ မာ့ခ်တစ်ယောက်ကတော့ ကျွန်မကို စကားတစ်ခွန်းမှ ပြောနိုင်တော့မှာ မဟုတ်တော့ဘူးဆိုတဲ့အသိနဲ့ ကြေကွဲနေတာပါ။

ဝတ်ပြုရာ ဘုရားကျောင်းထဲမှာတော့ မာ့ခ်ရဲ့ သူငယ်ချင်းတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ဈာပနနေ့မှာမှ ကွက်ရွာနေတဲ့ မိုးကိုလည်း ကျွန်မ မကျေနပ်နိုင်အောင် ဖြစ်နေတယ်။ မိုးကြောင့် မာ့ခ်အလောင်း မြှုပ်နှံမယ့်နေရာကို ကျွန်မတို့ တော်တော့်ကို ခဲခဲယဉ်းယဉ်း သွားယူရတယ်။ ခရစ်ယာန် ဘုန်းတော်ကြီးကလည်း ရွတ်နေကျ သက်ပျောက် ဂါထာတွေ ရွတ်လို့၊ စစ်တီးဝိုင်းက ခရာသံတွေကလည်း တွတ်လို့။

မာ့ခ်ကိုချစ်ကြသူတွေအားလုံး တစ်ယောက်စီ၊ တစ်ယောက်စီက မာ့ခ်ရဲ့အခေါင်းဆီကို သွားကြပြီး နောက်ဆုံးအနေနဲ့ ကြည့်ကြပါတယ်။ ကျွန်မကတော့ အဲဒီ့အထဲမှာ နောက်ဆုံးပါပဲ။

အခေါင်းဘေးမှာ ကျွန်မ ရပ်လိုက်မိချိန်မှာ စစ်သားတစ်ယောက်က ကျွန်မအနားကို ကပ်လာပြီး မေးပါတယ်။

“ဆရာမက မာ့ခ်ရဲ့ သင်္ချာဆရာမပါလားခင်ဗျာ…”

ကျွန်မဟာ မာ့ခ်ရဲ့ရုပ်ကလာပ်စံမြန်းရာ အခေါင်းကို မမှိတ်မသုန် ကြည့်နေမိရင်းကပဲ သူ့ကို ခေါင်းညိတ်ပြလိုက်ပါတယ်။ သူက ဆက်ပြောနေသေးရဲ့။

“မာ့ခ်က ဆရာမအကြောင်း ပြောပြပါတယ်”

ဈာပနအပြီးမှာတော့ မာ့ခ်ရဲ့ကျောင်းနေဖက်တွေဟာ ချပ်(ခ်)ရဲ့အိမ်လေးဆီကို သွားကြပြီး နေ့လယ်စာ စားကြတယ်။ မာ့ခ်ရဲ့ အမေနဲ့အဖေကလည်း အဲဒီ့ နေ့လယ်စာဝိုင်းလေးကို တက်ရောက်ကြတယ်။ သူတို့ကို မြင်ရတဲ့အခါ သူတို့ ကျွန်မကို စောင့်နေမှန်း တန်းသိလိုက်တယ်။

“ဆရာမကို ပြစရာရှိတယ်”လို့ မာ့ခ်အဖေက ပြောပြီး သူ့ အင်္ကျီ အိတ်ထောင်ထဲက ပိုက်ဆံအိတ်လေးတစ်လုံးကို ဆွဲထုတ်လိုက်ပါတယ်။

“သူကျဆုံးသွားချိန်မှာ ဒါလေးကို သူ့ကိုယ်ပေါ်က ရလိုက်တာလို့ ပြောတယ် ဆရာမ။ ဆရာမ မှတ်မိလား မသိဘူး”တဲ့။

ဗလာစာအုပ်ထဲက ဆြွဲုဖတ်ထားတဲ့ စက္ကူနှစ်ရွက်တွဲလေးကို မာ့(ခ်)ရဲ့ အဖေက ပိုက်ဆံအိတ်ထဲက ဂရုတစိုက် ဆွဲထုတ်လိုက်ပါတယ်။ အဲဒီ့ စာရွက်လေးက ခေါက်ရိုးတွေ ကျိုးနေပါပြီ။ ခဏခဏ ဖြန့်လိုက် ခေါက်လိုက် လုပ်ထားလို့ စုတ်တောင် စုတ်နေပြီမို့ တိပ်နဲ့တောင် ကပ်ထားတာ တွေ့ရပါတယ်။

စာရွက်ကို ယူမကြည့်ဘဲနဲ့ အဲဒီ့စာရွက်ဟာ ဘာစာရွက်လဲဆိုတာ ကျွန်မ ချက်ချင်းသိလိုက်ပါတယ်။ သည်စာရွက်လေးဟာ မာ့ခ်ရဲ့အတန်းဖော်တွေက ရေးထားသမျှ မာ့ခ်ရဲ့ကောင်းကွက်လေးတွေကို  ကျွန်မလက်နဲ့ ပြန်ကူးပေးခဲ့ဖူးတဲ့ စာရွက်လေးပါပဲ။

“ဒါလေးကို လုပ်ပေးခဲ့တဲ့အတွက် ဆရာမကို သိပ်ကျေးဇူးတင်ပါတယ် ဆရာမရယ်…”လို့ မာ့ခ်ရဲ့ မိခင်က ပြောပါတယ်။ “ဆရာမ မြင်တဲ့အတိုင်းပဲ။ သည်စာရွက်လေးကို မာ့ခ်က အရမ်းကို တန်ဖိုးထားရှာတာ…”လို့လည်း ဆက်ပြောလိုက်ပါသေးတယ်။

သည်အချိန်မှာ မာ့ခ်အတန်းဖော်တွေကလည်း ကျွန်မတို့ရဲ့ အနားမှာ ဝိုင်းနေပါပြီ။

ချာလီက ပြုံးပြီး ပြောတယ်။

“ကျွန်တော့်မှာလည်း သည်လိုစာရွက်မျိုးလေး အခုထက်ထိရှိသေးတယ် ဆရာမ။ ကျွန်တော့်စာရေးစာပွဲရဲ့ အပေါ်ဆုံးအံဆွဲထဲမှာ သိမ်းထားတယ်…”

ချပ်(ခ်)ရဲ့ဇနီးက ကျပြန်တော့ “ချပ်(ခ်)က အဲဒီ့စာရွက်ကို ကျွန်မတို့ လက်ထပ်ပွဲ ဓာတ်ပုံစာအုပ်ထဲမှာ ထည့်ပေးပါလို့ ပြောထားတယ် ဆရာမရဲ့…”တဲ့။

မာရီလင်(န်)ကလည်း “ကျွန်မမှာလည်း သည်စာရွက်မျိုးလေး ရှိသေးတယ် ဆရာမ။ နေ့စဉ် မှတ်တမ်းထဲမှာ ညှပ်ထားတယ်”လို့ ပြောလာသလို ဗှစ်ခီဆိုတဲ့ မာ့ခ်ရဲ့အတန်းဖော် နောက်တစ်ယောက်ကလည်း သူ့အိတ်ထဲက မှတ်စုစာအုပ်ကလေးကို ဆွဲထုတ်လိုက်ပြီး စာအုပ်လေးကြားမှာ ညှပ်ထားတဲ့ စက္ကူစလေးကို ဆွဲထုတ်လိုက်ပါတယ်။ ပြီးတော့ သူက ပြောတယ်။

“ကျွန်မလည်း သည်စာရွက်ကလေးကို သွားလေရာ သယ်သွားတယ် ဆရာမ။ ကျွန်မစိတ်ထင် ကျွန်မတို့တစ်တန်းလုံးဟာ အဲဒီ့ စာရွက်လေးတွေကို သေသေချာချာသိမ်းထားကြပါတယ် ဆရာမရယ်”တဲ့။

အဲဒီ့ စကားလည်းဆုံးရော ကျွန်မလည်း ငိုချလိုက်မိတော့တာပါပဲ။ ကျွန်မ ငိုတာက မာ့ခ်နဲ့ သူ့ကို ဘယ်တော့မှ ပြန်တွေ့ခွင့်မရတော့မယ့် သူ့သူငယ်ချင်းတွေအတွက်ရယ်ပါ။

ဇာတ်လမ်းလေးကတော့ သည်လောက်ပါပဲ။

သည်ဇာတ်လမ်းကိုပြောပြရခြင်းအကြောင်းကတော့ ကိုယ်ချစ်သူ၊ ကိုယ်ခင်သူတွေကို သူတို့ကို ဘာအတွက် ချစ်ကြောင်း၊ ခင်ကြောင်း ပြောဖြစ်အောင် နှိုးဆော်လိုက်ချင်လို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့်တို့ လူသားများဟာ ကျွန်တော်တို့ရဲ့ချစ်ခင်မှု၊ လေးစားမှုကို ထုတ်ဖော်ပြသဖို့ တစ်ခါတစ်ရံများမှာ မေ့လျော့နေတတ်ကြပါတယ်။

ဘဝမှာ ကိုယ်ပြုလိုက်တာက သေးသေးမွှားမွှားလေးပေမယ့် တစ်ဖက်သားအတွက် အများကြီး တာသွားနေတတ်တယ်။ စာဖတ်သူ လူကြီးမင်းများအနေနဲ့ မိမိချစ်တဲ့သူ၊ ခင်တဲ့သူတွေကို သူဟာ ကိုယ့်အတွက် ဘယ်လောက် အရေးကြီးတဲ့အကြောင်း၊ သူ့ကောင်းကွက်တွေက ဘာတွေဖြစ်တဲ့ အကြောင်း မနှောင်းခင် ပြောပြလိုက်စေချင်တဲ့ စေတနာလေးနဲ့ သည်ဇာတ်လမ်းလေးကို ပြောပြလိုက်ရပြန်တာပါပဲ။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

အလင်းတန်းဂျာနယ်၊ ၂၆-ဝ၆-ဝဝ

(Cut & Paste လုပ်ပြီး ကူးယူဆင့်ပွားလိုသူများအနေနဲ့ အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ
ဆိုတာလေးကို ထည့်သွင်းရည်ညွှန်းဖော်ပြပေးကြပါမယ့်အကြောင်း တောင်းပန်အပ်ပါတယ်။)

In Hospital

အတ္တကျော်ရဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က ဧကဒဿမမြောက်လက်ရာ...

ဆေးရုံမှာ

အသည်းအသန်ဖြစ်နေတဲ့ လူမမာနှစ်ယောက်ဟာ ဆေးရုံတစ်ရုံမှာ တစ်ခန်းတည်း သွားကျနေတယ်။

လူမမာတစ်ယောက်က တစ်နေ့ကို တစ်နာရီလောက် ခုတင်ပေါ်မှာ ထိုင်ခွင့်ရတယ်။ ဒါမှလည်း သူ့အဆုတ်ထဲက အရည်တွေကို စစ်သလို ဖြစ်မှာကိုး။ အဲသလို ထထိုင်ခွင့် ရတဲ့သူရဲ့ခုတင်က အဲဒီ့အခန်းလေးရဲ့ တစ်ခုတည်းသော ပြတင်းပေါက် ဘေးမှာ ရှိနေပါတယ်။
နာက်တစ်ယောက်ခမျာမှာတော့ တစ်ချိန်လုံး ကျောခင်းနေရတဲ့ အနေအထားပါ။

ဘယ်လိုပဲဖြစ်ဖြစ်၊ လူမမာနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် အဖော်လုပ်နေကြရတယ်။ ဇနီးမယား သမီးသားတွေအကြောင်း၊ အိမ်အကြောင်း၊ အလုပ် အကြောင်း၊ တောအကြောင်း တောင်အကြောင်း ရောက်တတ်ရာရာ ပြောရင်းနဲ့ ငြီးငွေ့ဖွယ်ရာ သူတို့ရဲ့ နေ့တာများကို ကျော်လွန်ဖြတ်သန်းနေကြပါတယ်။

အဲသလိုနဲ့ နေ့ခင်းချိန်ခါကို ရောက်လို့ ပြတင်းပေါက်ဘေး ခုတင်ပေါ်က လူမမာ ထထိုင်ပြီဆိုတာနဲ့ သူဟာ ပက်လက်လဲနေတဲ့ လူမမာကို ပြတင်းက တစ်ဆင့် သူမြင်ရသမျှကို ပြောပြလေ့ရှိတယ်။

ခုတင်ပေါ်မှာ ပက်လက်လဲနေရှာတဲ့ လူမမာခမျာမှာလည်း အဲတော့မှပဲ အပြင်လောကကြီးရဲ့အရောင်တွေ၊ အရိပ်တွေကို နားနဲ့ ခံစားရင်း အသက် ဆက်နေနိုင်တော့တယ်။

ပြတင်းပေါက်က လှမ်းမြင်နေရတာကတော့ သာယာတဲ့ ရေကန်လေးနဲ့ ပန်းခြံလေး တစ်ခုပါပဲ။ ဘဲတွေ၊ ငန်းတွေဟာ ရေကူး မြူးတူးနေကြသလို ကလေးငယ်တွေကလည်း သူတို့ရဲ့ စက္ကူလှေလေးတွေကို ကန်ထဲမှာ လွှတ်နေကြတယ်။

ငယ်ရွယ်တဲ့ ချစ်သူစုံတွဲတွေကတော့ လက်ချင်းချိတ်လို့၊ ရောင်စုံပန်းခြံ ကြီးထဲမှာ လမ်းလျှောက်နေတာကိုလည်း တွေ့နိုင်တယ်။ ဟိုးအဝေးဆီမှာတော့ မိုးကုပ်စက်ဝိုင်းပါ။
ပြတင်းဘေးက လူမမာဟာ သူမြင်ရသမျှကို အဲသလို အသေးစိတ် ပြောပြတတ်သလို ပက်လက်လဲနေတဲ့ လူမမာကလည်း ပြောသမျှကို မျက်စိစုံမှိတ် နားထောင်ရင်း စိတ်ကူးထဲမှာ အပြင်ဘက်က ကမ္ဘာလေးကို ပုံဖော် ကြည့်နေတတ်တယ်။

တစ်နေ့ခင်းမှာတော့ ပြတင်းနားကလူက သူမြင်ရတဲ့ ရှင်လောင်းပွဲတစ်ပွဲကို ပြောပြပြန်ပါတယ်။ ရှင်လောင်းလှည့်တဲ့အခါ ကြားရမြဲဖြစ်တဲ့ ဆိုင်းသံတွေကို မကြားရပေမယ့် ပြတင်းနားက လူရဲ့ ပြောင်မြောက်တဲ့ အပြောအဆိုကြောင့် ပက်လက်လဲနေသူရဲ့စိတ်အာရုံမှာ ရှင်လောင်းလှည့်နေတာကို ထင်ထင်ရှားရှားကြီးကို မြင်လိုက်ရသလိုပါပဲ။

အဲဒီ့အချိန်မှာပဲ စိတ်ရိုင်းက ပက်လက်လဲနေသူရဲ့ ရင်ထဲကို ဖျတ်ခနဲ ဝင်လာတယ်။ လူမမာချင်းအတူတူ၊ သူကျတော့ အပြင်ကို မြင်ခွင့်ရနေပြီး ကိုယ့်ကျမှ အကန်း တစ်ယောက်လို ဖြစ်နေပါလားလို့ တွေးမိလာတာပါ။ ပထမတော့ ကိုယ့်အတွေးနဲ့ကိုယ် တော်တော် ရှက်သွားတယ်။ သည်လို တွေးမိစရာလား၊ မနာလိုစိတ် ပေါ်စရာလားပေါ့။

ဒါပေမယ့် ရက်တွေကြာလာပြီး မမြင်လိုက်ရတာတွေက များလာတဲ့ အခါမှာတော့ သူ့ရဲ့မနာလိုစိတ်ဟာ မစ္ဆရိယစိတ်အဖြစ်ကို အလိုလို ပြောင်းလဲသွားပြီး ခါးသီးလာတော့တယ်။ အဲဒီ့ခံစားချက်က ဘယ်လောက်တောင် ပြင်းလာသလဲဆိုရင် သူကတော့ မြင်ခွင့်ရနေပြီး၊ ကိုယ့်ကျမှ အခြေအနေ မပေးလေခြင်းဆိုတဲ့အတွေးက သူ့ကို တစ်ချိန်လုံး နှိပ်စက်နေ တော့တယ်။ ညဆို အိပ်လို့တောင် မပျော်တော့ဘူး။

ပက်လက်လဲနေသူဟာ ပြတင်းဘေးက ခုတင်ကို လိုချင်တဲ့စိတ်တွေနဲ့ လုံးချာလိုက်လာပြီ။ သူ့ဘဝမှာ ပြတင်းဘေးက ခုတင်လောက် မက်မောစရာ ကောင်းတာ မရှိတော့သလိုကြီးကို ဖြစ်လာတယ်။

တစ်ညမှာတော့ ပက်လက်လဲနေတဲ့သူဟာ မျက်နှာကြက်ကို မမှိတ်မသုန်ကြည့်ရင်းနဲ့ အိပ်မပျော်တဲ့ညကို ဖြတ်သန်းနေချိန်မှာပဲ တစ်ဖက် ခုတင်က လူဟာ ချောင်းတွေ တအား ဆိုးလာတော့တယ်။ သူ့အဆုတ်က အတော် ဒုက္ခပေးနေတာမို့ ချောင်းအဆိုးလိုက်မှာ အဆုတ်ထဲက အရည်တွေက အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေတယ်။
တစ်ဖက်ခုတင်က ပက်လက်လဲနေသူဟာ သူ့အခန်းဖော်ကို အသာလေး ကြည့်နေလိုက်တယ်။ ချောင်းဆိုးရင်း အသက်ရှူတွေ တအားကြပ်နေတဲ့ ပြတင်းဘေးက လူမမာဟာ အရေးပေါ် လူခေါ်ခေါင်းလောင်းဆီကို လက်လှမ်းနေတာလည်း တွေ့နေရတယ်။ ပက်လက်လဲနေတဲ့ လူမမာဟာ တစ်ဖက်ခုတင်က လူရဲ့ ချောင်းသံ၊ မောဟိုက်သံတွေကို နာခံရင်းနဲ့ပဲ မလှုပ်မယှက် ငြိမ်ငြိမ်လေးနေလိုက်တယ်။ အမှန်ဆို သူ့ခုတင်ဘေးက အရေးပေါ် လျှပ်စစ်ခေါင်းလောင်း ခလုတ်ကလေးကို လှမ်းနှိပ်ပေးလိုက်မယ်ဆိုရင် သူနြာုပတစ်ယောက်ယောက်ဖြစ်ဖြစ်၊ ဆရာဝန်တစ်ယောက်ယောက် ဖြစ်ဖြစ် အချိန်မီရောက်လာနိုင်ပါတယ်။ ဒါပေမယ့် သူ မလုပ်မိဘူး။

ငါးမိနစ်တောင် မကြာလိုက်ပါဘူး။
ပြတင်းနားက လူဆီက ချောင်းဆိုးသံလည်း မကြားရတော့ဘူး။ မောဟိုက်သံလည်း မကြားရတော့ဘူး။ တစ်ခန်းလုံးဟာ ဘာသံမှ မကြားရတော့အောင်ကို တစပြင်လို တိတ်ဆိတ်ငြိမ်ကျသွားတော့တယ်။
နာက်တစ်ရက် မနက်မိုးလင်းတဲ့အခါမှာတော့ တာဝန်ကျ သူနာပြုဟာ အသက်ဝိညာဉ်ကင်းမဲ့သွားပြီဖြစ်တဲ့ ပြတင်းပေါက်နားက လူမမာရဲ့ ရုပ်ကလာပ်ကို တွေ့လိုက်ရပါတယ်။ သူနာပြုဟာ သက်ဆိုင်ရာကို ခေါ်ယူပြီး အလောင်းကို အခန်းထဲက ထုတ်သွားဖို့ စီစဉ်လိုက်တယ်။

အားလုံး နေသားကျသွားပြီး အခန်းထဲမှာလည်း တစ်ယောက်တည်း ကျန်ခဲ့ရော ပက်လက်လဲနေတဲ့ လူမမာဟာ တာဝန်ကျသူနြာုပကို တောင်းပန်ပါတော့တယ်။ ဟိုလူ မရှိတော့တဲ့နောက် ပြတင်းဘေးက ခုတင်ပေါ် သူ့ကို ပြောင်းပေးဖို့ပေါ့။

သူနာပြုဆရာမကလည်း သဘောမနောကောင်းစွာပဲ၊ ပက်လက်လဲနေတဲ့ လူမမာကို ပြတင်းနားက ခုတင်ပေါ်ကို သေချာဂရုစိုက်ပြီး ပြောင်းပေးလိုက်ပါတယ်။ လူမမာ နေသားတကျနဲ့ သက်သက်သာသာ ရှိတဲ့အထိ သူကိုယ်တိုင် ကြီးကြပ်ပြီး ပြောင်းပေးလိုက်တာပါ။

အားလုံးနေရာကျပြီဆိုမှ သူနာပြုဆရာမလည်း ထွက်ခွာသွားပါတယ်။ အခန်းထဲမှာတော့ လူမမာတစ်ယောက်တည်း ကျန်ရစ်တော့တယ်။

သည်အခါမှာတော့ ပက်လက်လဲနေတဲ့ လူမမာဟာ တံတောင်ဆစ်ကို အားပြုလို့ ဖြည်းဖြည်းချင်းအားယူပြီး ကိုယ်တစ်ပိုင်း ကြွလိုက်ပါတယ်။ ပက်လက်လဲနေတဲ့ လူမမာ တစ်ယောက်အဖို့ အဲသလို ကိုယ်တစ်ပိုင်းလေး ကြွရတာ သက်တော့ မသက်သာလှပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်၊ အနာခံပြီး ထနိုင်သလောက် ထလိုက်ပါတယ်။ ပြတင်းပေါက်ကနေ အပြင်ဘက်လောကကို ကြည့်ချင်လှပြီလေ။ နောက်ဆုံးမှာတော့ အပြင်လောကကြီးကို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မြင်ခွင့်ရတော့မှာ မဟုတ်လား။

ကိုယ်လည်းသေချာကြွသွားရော ပြတင်းကနေ အပြင်ဘက်ကို အလော သုံးဆယ် လှမ်းကြည့်လိုက်တယ်။

လားလား…
မြင်လိုက်ရတာက ဘာဆိုဘာမှ မရှိတဲ့ ဆေးရုံနံရံကြီးပါ။

ဘယ်လိုဖြစ်တာလဲ။

သွားလေသူကြီးက ပြောတော့ ရေကန်သာယာနဲ့ ပန်းခြံလှပဆို။

ဒါနဲ့ ပက်လက်လဲနေသူဟာလည်း စိတ်ပျက်ပျက်နဲ့ ခုတင်ပေါ် ပြန်လှဲရင်း ဟိုလူ ဘာကြောင့် သူ့ကို အဲသလိုတွေ ပြောသွားတာလဲဆိုတာ တနုံ့နုံ့တွေးနေမိတယ်။

မနေနိုင်တော့ပြန်တဲ့အဆုံးမှာတော့ အဲဒီ့အချိန်မှာ သူ့ကို ဆေးတိုက်ဖို့ ဝင်လာတဲ့ သူနာပြုဆရာမကို မေးမိတယ်။ သေသွားတဲ့ ကိုယ့်အခန်းဖော်က ပြတင်းပေါက်က ကြည့်ပြီး ဘာလို့ လုပ်ဇာတ်တွေ ခင်းသွားတာလဲဗျာပေါ့။

သူနာပြုဆရာမက ပြန်ဖြေပါတယ်။

သွားလေသူဟာ မျက်မမြင်တစ်ယောက်ဖြစ်တဲ့အတွက် ပြတင်းပေါက် ကကြည့်ရင် ဆေးရုံတံတိုင်းကိုတောင်မှ မမြင်နိုင်ရှာပါဘူးတဲ့။

သူနာပြုဆရာမက ဆက်ပြောပါတယ်။

“အင်း… သူက ရှင့်ကို အားပေးချင်တဲ့ စိတ်နဲ့ အဲသလို ပြောပြသွားတာ နေမှာပေါ့ရှင်…”တဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။

စာဖတ်သူ လူကြီးမင်းအနေနဲ့ သည်ပုံပြင်ကို နှစ်သက်သလို အနက်ဖွင့် နိုင်ပါတယ်။ ဒါပေမယ့် သေချာတာ တစ်ခုတော့ ရှိပါတယ်။

ကိုယ့်အခြေအနေက ဘယ်လောက် ဆိုးနေနေ တစ်ဖက်သားကို စိတ်ချမ်းသာအောင် လုပ်ပေးရင် ကိုယ်လည်း အများကြီး စိတ်ချမ်းသာနိုင်တယ် ဆိုတာပါ။ ဒါတင်မကသေးပါဘူး။ ကြေကွဲမှု၊ ပူဆွေးမှုကို တစ်ဖက်သားနဲ့ မျှဝေခံစားလိုက်မယ်ဆိုရင် နှစ်ဆတိုးပြီး ပျော်နိုင်ပါတယ်။ လောကမှာ ချမ်းချမ်းသာသာ နေချင်တယ်ဆိုရင်တော့ ငွေနဲ့ ချိန်စက်ပြီး တန်ဖိုးဖြတ်လို့ မရတဲ့အရာတွေ ဘယ်လောက်များသလဲဆိုတာကို နေ့စဉ် ပိုင်းခြား ရေတွက်နေသင့်ပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

အလင်းတန်းဂျာနယ်၊ ဝ၅-ဝ၆-ဝဝ

ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေဖို့အတွက် စာပြန်စစ်တာ၊ စာမျက်နှာ ဖွဲ့စည်းပုံတွေ ပြန်ပြင်တာကို စာရေးသူ ကျွန်တော်ကိုယ်တိုင် လုပ်တာပါ။

သည် “ဆေးရုံမှာ”ကို အရောက်မှာတော့ သည်အပုဒ်ရဲ့အဆုံးမှာ နောက်က ကျွန်တော် ဝင်ပြောထားတဲ့စကားကို ဘဝင်မကျမိတော့ဘူး။ ငါးနှစ်ခွဲလောက်အကြာမှာ ကျွန်တော့်စိတ်တွေ ပြောင်းသွားတာလားတော့ မသိဘူး။

ဟိုမျက်မမြင် စေတနာရှင်ဟာ နှုတ်ကြောင့် သေရတာ မဟုတ်ဘူးလားဆိုတဲ့မေးခွန်းက စာမူကို ပြန်စစ်နေချိန်မှာ ပေါ်လာပါတယ်။ ဒါမှမဟုတ် “စေတနာသည် လူတိုင်းနှင့် မတန်”ဆိုတဲ့စကားက သွေးထွက်အောင် မှန်နေတာရော မဖြစ်နိုင်ဘူးလားလို့ တွေးမိရပြန်တယ်။

တစ်ဖက်မှာလည်း ပက်လက်လဲနေတဲ့ဘဝကို ရောက်နေပေမယ့် အင်မတန် ကြောက်စရာကောင်းတဲ့ စိတ်ဓာတ်တွေ ကိုယ်တွင်းမှာ အောင်းနေသေးတာ၊ အဲသလို စိတ်ရိုင်း စိတ်ယုတ်တွေ ကျွန်တော့်မှာလည်း အခါခပ်သိမ်းမဟုတ်တောင် ရုတ်ခနဲ ရုတ်ခနဲ လစ်ရင် လစ်သလို ပေါ်လာတတ်သေးတာများကို ဆက်လက် ဆင်ခြင်မိရပြန်တဲ့ အခါမှာတော့ သည်ပုံပြင်လေးကို ပြန်ဖတ်မိသွားတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ကျေးဇူးတင်မိသွားရပြန်တယ်။

စိတ်ရိုင်းတွေ ပေါ်လာတိုင်း ပြန်ဖတ်ဖို့တော့ ကျွန်တော့် ခေါင်းထဲမှာ သည်ပုံပြင်လေးကို စာရင်းတို့လိုက်မိရပါပြီ။

လွန်ခဲ့တဲ့ ငါးနှစ်ခွဲ ကျွန်တော် သည်ပုံပြင်ကို ရေးခဲ့စဉ်က စကားအတိုင်းပဲ စာဖတ်သူ လူကြီးမင်း အနေနဲ့တော့ သည်ပုံပြင်ကို နှစ်သက်သလို အနက်ဖွင့်နိုင်ပါတယ်။
ကျွန်တော် တွေးမိတာလေးတွေသာ ဖြည့်ပြောလိုက်တာပါ။ စာဖတ်သူလူကြီးမင်းရဲ့အတွေးကိုတော့ ကျွန်တော် ဝင်စွက်ဖက်ပိုင်ခွင့် မရှိတာ အသေအချာပဲ မဟုတ်ပါလား ခင်ဗျာ။

[အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ်” (ဒုတိယအကြိမ်) စာ ၅၉-၆၅ မှ]

၂၀၀၀ ပြည့်နှစ် ဇွန်လရဲ့ နောက်ဆုံးပတ်မှာ သည်တစ်ပုဒ် အလင်းတန်းဂျာနယ်ထဲ ပါလာတော့ စာဖတ်သူတစ်ဦးက ကျွန်တော့်ကို ပြောပါတယ်။ သည်တစ်ပုဒ်ဟာ ဆရာ ဖေမြင့်ရဲ့ “နှလုံးသား အာဟာရ”ဆိုတဲ့ စာအုပ်တွေထဲမှာ ဆရာဖေမြင့် ရေးခဲ့ပြီးသား ဖြစ်နေပါတယ်တဲ့။ ဆရာဖေမြင့်ရဲ့ ပင်ကိုရေး ၀တ္ထုတို/ရှည်နဲ့ လူနာဆောင် အမှတ် ၆ လို ဘာသာပြန်စာအုပ်များကို ကျွန်တော်ငယ်စဉ်က တရှိုက်မက်မက် ဖတ်ဖူးခဲ့ပေမယ့် နောက်ပိုင်းမှာ အင်္ဂလိပ်လို ရေးတာတွေကို အဖတ်များသွားပြီး ဘာသာပြန်တွေကို လုံးလုံးမဖတ်မိတော့တာမို့ ဆရာဖေမြင့် စာတွေကို မဖတ်ဖြစ်တော့ဘူး။ အဲတော့ ကျွန်တော် မသိလိုက်ဘူးပေါ့။ ကျွန်တော်က ထုံးစံအတိုင်း ကျွန်တော့်ဆီ ဖှစ်လစ်ပီနို မိတ်ဆွေအမျိုးသမီး မာလင်(န်) ပါရာ့(စ်) ပို့ပေးတဲ့ ဓာတ်ချောစာကို ဘာသာပြန်ပြီး ဖော်ပြလိုက်တာပါ။ အဲဒီ့ စာဖတ်သူက ရေရေရာရာ ပြောပြတော့မှ ဒါတွေက Chicken Soup for the Soul ဆိုတဲ့ စာအုပ်တွေထဲမှာ ပါတဲ့ စာတွေမှန်း ပထမဆုံးအကြိမ် သိခဲ့ပါတယ်။ အဲဒီ့အထိလည်း အဲဒီ့ ကြက်စွပ်ပြုတ် စာအုပ်တွေကို မြင်ကို မမြင်ဖူးသေးပါဘူး။ ကျွန်တော့်ရဲ့ မောဟပြေ ပုံတိုပတ်စများ ဒုတိယတွဲဖြစ်တဲ့ “ဘ၀တူရိယာ” ထွက်ပြီးတဲ့ နောက်ပိုင်းမှသာ ကြက်စွပ်ပြုတ် စာအုပ်တွေက မိတ်ဆွေသစ်တစ်ဦးရဲ့ ကျေးဇူးနဲ့ သူ့အလိုလို အိမ်ပေါ်ရောက်ချလာတာမို့ စ ဖတ်ဖူးသွားတာပါပဲ။

ထားပါတော့ဗျာ… ကျွန်တော့်ကို ချစ်ချင်တဲ့ စာဖတ်သူ မိတ်ဆွေတစ်ဦးကတော့ ကျွန်တော်ရေးတာကို ဖတ်ပြီးတဲ့နောက် ကျွန်တော့်ကို ချီးကျူးပါတယ်။ ရှင်လောင်းပွဲကို ထည့်ရေးထားတာလေးကို ကြံဖန် ချီးကျူးတာပါ။ စာရဲ့ ရုပ်လုံးပိုကြွသွားပြီး မြန်မာဆန်သွားအောင် မူရင်းမှာ မပါတဲ့ အကွက်လေးကို တမင်ကလာ ဖြည့်စွက်ခဲ့တာပဲ ဖြစ်ပါတယ်။ သည်ပုံတို ပတ်စတွေကို ဘာသာပြန်စဉ် တစ်လျှောက်လုံးမှာရော၊ တခြား ကျွန်တော့် ဘာသာပြန်လက်ရာတွေမှာပါ မြန်မာ့နားထဲ လျှောခနဲ ၀င်အောင် အတတ်နိုင်ဆုံး အားထုတ်မိနေတာချည်းပါပဲ။ ကျွန်တော့် ရောဂါလို့ပဲ ဆိုကြပါစို့ရဲ့ ခင်ဗျာ။

Buying and Selling

အတ္တကျော်ရဲ့ လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်ကျော်က န၀မမြောက် လက်ရာ

ရောင်းတယ် ဝယ်တယ်

အလုပ်များတဲ့ လူတစ်ယောက်ပေါ့။ ကနေ့လည်း နောက်ကျပြန်ပြီ။ စိတ်မော၊ လူမောလည်းဖြစ်နေပြီ။ အဲသလိုနဲ့ အိမ်ပြန်ရောက်တဲ့အခါ သူ့ရဲ့ ငါးနှစ်သားလေးက တံခါးဝမှာ စောင့်နေတယ်။

“ဖေဖေ… ဖေဖေ့ကို သားတစ်ခု မေးလို့ရမလား ဟင်…”

“မေးကွာ၊ မေး…မေး…”

“ဖေဖေ အလုပ်လုပ်တဲ့အခါ တစ်နာရီကို ပိုက်ဆံ ဘယ်လောက် ရလဲဟင်…”

ဖအေလုပ်တဲ့သူက သားရဲ့မေးခွန်းကြောင့် စိတ်တိုသွားတယ်။

“ဟကောင်ရ၊ အဲဒါ မင့်အလုပ် မဟုတ်ဘူး။ ဘာကိစ္စ ငါ့ကို ဒါတွေ လာမေးနေရတာလဲ။ အလုပ်ပင်ပန်းလို့ စိတ်တိုနေရတဲ့အထဲ။ မင်းနော်….”

“သား သိချင်လို့ပါ ဖေဖေရယ်။ သားကို ဆူချင်လည်း ဆူ၊ ရိုက်ချင်လည်း ရိုက်ပါ။ ဒါပေမယ့် ဖေဖေ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက် ရသလဲဆိုတာတော့ သားကို ပြောပြပေးပါနော်…”

ငါးနှစ်သားလေးက မျက်နှာငယ်လေးနဲ့ ခခယယ တောင်းပန်နေပြန်တယ်။

“အေး… မင်း သိပ်သိချင်တယ်ဆိုရင်တော့ ပြောပြရတာပေါ့ကွာ။ ငါ တစ်နာရီ အလုပ်လုပ်ရင် ဒေါ်လာ ၂၀ ရတယ်ကွ။ ကဲ… ကျေနပ်ပြီလား…”

“အဲလောက်တောင်မှလား”လို့ သားလေးက ပြောပြီး ခေါင်းငိုက်စိုက် ကျသွားတယ်။

ဒါပေမယ့် ချက်ချင်းပဲ ပြန်မော့ပြီး သူ့ဖအေကို မေးလိုက်ပြန်တယ်။

“ဖေဖေ၊ သားကို ကိုးဒေါ်လာလောက် ချေးပါလားဟင်…”

ဖအေလုပ်တဲ့သူရဲ့ ဒေါသက ငယ်ထိပ်ကို ရောက်သွားတယ်။

“ဘာကွ… ငါ ပိုက်ဆံ ဘယ်လောက် ရလဲဆိုတာ မင်းသိချင်တာ ငါ့ဆီက ပိုက်ဆံချေးပြီး ပေါက်တတ်ကရ ကစားစရာတွေ၊ အဓိပ္ပာယ်မရှိတဲ့ ပစ္စည်းတွေ ဝယ်ဖို့ကိုးကွ၊ ငါက အကောင်းမှတ်လို့။ သွားစမ်းကွာ။ အိပ်ရာထဲ သွားအိပ်ချေတော့။ ငါ့မျက်စိအောက်က ထွက်သွားစမ်း။ မဟုတ်ရင် မင်းကို ငါဆော်မိတော့မယ်။ ငါ့မှာတော့ တစ်နေ့တစ်နေ့ ပင်ပင်ပန်းပန်း လုပ်ကိုင် ရှာဖွေ ရုန်းကန်နေရတယ်။ မင်းက အလိုက်ကန်းဆိုးမသိ။ ငါ့ကို သက်သက်မယ့် လာဦးနှောက်စားနေတယ်။ သွားစမ်း၊ သွားစမ်း…”

ဖအေလုပ်တဲ့သူက အဲသလိုလည်း ငေါက်လိုက်ရော သားလေးလည်း သူ့အိပ်ခန်းလေးထဲ အသာဝင်သွားပြီး တံခါးလေး ပိတ်လိုက်ပါတော့တယ်။

ဖအေလည်း ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်ချလိုက်ပြီး စဉ်းစားကြည့်တဲ့အခါ ပိုလို့တောင် ဒေါသဖြစ်လာတယ်။ သည်လက်တောက်လောက် ရှိတဲ့ ငါးနှစ်သားလေးက တော်တော် လူဝါးဝတဲ့ သတ္တ၀ါလးပေပဲလို့လည်း တွေးမိတယ်။ ဘာလဲ၊ တစ်နာရီကို ပိုက်ဆံ ဘယ်လောက် ရလဲဆိုတဲ့မေးခွန်းကို ငါးနှစ်သားက ဖအေကို မေးပြီးမှ ပိုက်ဆံတောင်းစရာလား။ တွေးလေ၊ အူယားစရာကောင်းလေ။

တစ်နာရီသာသာလောက် ကြာတဲ့အခါမှာတော့ ဖအေလုပ်တဲ့သူ စိတ် နည်းနည်းငြိမ်သွားတယ်။ အမောလည်း ပြေသွားပြီ။

သည်အခါမှာတော့ သားလေးအပေါ် သိပ်တင်းမာလွန်းရာကျသွားပြီလား၊ လွန်များသွားလားလို့ တွေးမိလာရပြန်တယ်။

သည်ကောင်လေးက အင်မတန်ပိုက်ဆံတောင်းခဲတဲ့ ကလေး။ တစ်ခါမှလည်း ဖအေဆီက ပိုက်ဆံမတောင်းဖူးပါဘူး။ အခုမှ ကိုးဒေါ်လာလောက် ခဏချေးပါလို့ပြောတာ။ သူ့မှာ တကယ်လိုချင်တာလေးတစ်ခုခု ရှိနေလို့များလားမှ မသိ။

အဲဒီ့အတွေးနဲ့ သားငယ်ရဲ့အိပ်ခန်းကို ဖအေက လိုက်သွားတယ်။ အခန်းထဲ ရောက်တဲ့အခါ “သားသား အိပ်ပြီလားကွ”လို့လည်း မေးလိုက်တယ်။

“မအိပ်သေးပါဘူး ဖေဖေ၊ သား နိုးနေပါတယ်”လို့ ကလေးက ပြန်ဖြေတယ်။

“အေးကွာ… စောစောက ဖေဖေ သားကို နည်းနည်း စိတ်တိုမိသွားတယ်။ တစ်နေ့လုံး အလုပ်ပင်ပန်းတာတွေ၊ မောတာတွေကို သားအပေါ်မှာ အထုပ်ဖြည်လိုက်မိသလို ဖြစ်သွားတယ် သားရယ်။ ရော့… ရော့၊ သည်မှာ မင်းလိုချင်တဲ့ ကိုးဒေါ်လာ”

သားလုပ်တဲ့သူက ငေါက်ကနဲ ထထိုင်လိုက်သလို သူ့မျက်နှာလေးကလည်း ချက်ချင်း ဝင်းပသွားပါတော့တယ်။

ပြီးတော့ သူ့ခေါင်းအုံးအောက်ကို လက်နှိုက်လိုက်ပြန်တယ်။ သားရဲ့ ခေါင်းအုံးအောက်က ထွက်လာတာကတော့ တွန့်ကြေနေတဲ့ ငွေစက္ကူတွေပါ။

သားဆီမှာ ပိုက်ဆံတွေလည်း တွေ့လိုက်ရော  ဖအေ့ဒေါသတွေလည်း အလိုလို ပြန်ထွက်လာတယ်။ ဘာကောင်လဲ၊ သူ့မှာ ပိုက်ဆံတွေ ရှိရက်သားနဲ့ ဘာလို့ ကိုးဒေါ်လာ ထပ်တောင်းတာလဲလို့ တွေးနေတုန်းမှာ သားလေးက ပိုက်ဆံလေးတွေကို ရေနေတယ်။ သေချာ ရေပြီးတဲ့အခါ သားက ဖအေကို မော့ကြည့်တယ်။

“မင်းမှာ ပိုက်ဆံရှိရဲ့သားနဲ့ ဘာလို့ ထပ်တောင်းရတာတုံးကွ…”

ဖအေလုပ်သူက သားကို ငေါက်မိရပြန်တယ်။

“သားမှာရှိတာနဲ့ မလောက်လို့ ထပ်တောင်းတာပါ ဖေဖေ။ အခုတော့ ပြည့်ပါပြီ။ ဟောဒီ့မှာ ဒေါ်လာ၂၀ ပါ ဖေဖေ။ ဖေဖေ့အချိန်ထဲက တစ်နာရီလောက် သားကို ရောင်းပါလားဟင်…”

စာဖတ်သူ လူကြီးမင်းများ ခင်ဗျား…

ပုံပြင်လေးကတော့ ဒါပါပဲ။

သည်ပုံပြင်လေးကို ကိုယ်နဲ့ခင်တဲ့သူ တစ်ဦးဦးကို ထပ်ဆင့် ပြောပြလိုက်ပါ။ ပြီးရင် လူကြီးမင်းရဲ့ဒေါ်လာ၂၀ တန် အချိန်လေးကိုလည်း ကိုယ်ချစ်တဲ့သူကို အလကား ပေးလိုက်ပါလားဗျာ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
အလင်းတန်းဂျာနယ်၊ ၂၂-ဝ၅-ဝဝ

Copy & Paste နဲ့ ကူးယူ လက်ဆင့်ကမ်းလိုသူများ [အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်မှ]လို့ 
တစ်ဆိတ် ထည့်သွင်းပေးပါရန် လေးစားစွာ ပန်ကြားပါရစေ။

သည်စာမူနဲ့ ပတ်သက်လို့ အမှတ်တရ တစ်ခု ရှိပါတယ်။ အဲဒါကတော့ သည်စာမူဟာ စာရေးဆရာ၊ မင်းသား၊ အဆိုတော် သုမောင်ရဲ့ ရင်ထဲကို အတော် ရောက်သွားပုံပါပဲ။ သည်စာမူကို အလင်းတန်း ဂျာနယ်မှာ ဖော်ပြပြီးတဲ့နောက် များမကြာမီမှာ ဆရာသုမောင်က အလင်းတန်းဂျာနယ်မှာပဲ “အတ္တကျော် ချီးမွမ်းခန်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ် ရေးသား ချီးမြှင့်ပေးခဲ့ဖူးပါတယ်။ (အသိမ်းအဆည်း ညံ့တဲ့ ကျွန်တော့်ကြောင့် အဲဒီ့ ဆရာသုမောင်ရဲ့ စာမူကို ပြန်လည် ဖော်ပြနိုင်စွမ်း မရှိတော့ပါဘူး။) အဲဒီ့တုန်းက ဆရာသုမောင်နဲ့ရော၊ ဆရာမင်းလူနဲ့ပါ ကျွန်တော်နဲ့ လူချင်း မသိသေးပါဘူး။ သူတို့ အစ်ကိုကြီး ဆရာမောင်ဝဏ္ဏသာ ကျွန်တော်နဲ့ ခင်နေတာပါ။ ဆရာသုမောင်က အဲသလို ရေးသား ချီးမြှင့်တော့မှ ကျွန်တော် သူ့အိမ်ကို သွားပြီး သူ့ကို သွားကန်တော့ခဲ့ရာမှ သူနဲ့ သိကျွမ်းခဲ့ရပါတယ်။ အခုတော့ ဆရာသုမောင်လည်း မရှိတော့ပါဘူး။ ဒါလေးကို ပြန်လည် ဖော်ပြရင်းနဲ့ သွားနှင့်လေသူ ဆရာသုမောင်ကို ရည်စူး ဦးခိုက်လိုက်ပါတယ်ခင်ဗျား။