It’s Never Too Late

ဖြစ်ပုံက သည်လို။ Facebook မှာ ဆရာမ “ဟနစံ”က သူ ရှေးတုန်းက ရေးဖူးတဲ့ ဘာသာပြန် စာတစ်ပုဒ်ကို Note အဖြစ် ပြန်တင်လာတယ်။ ခေါင်းစဉ်က It’s Never Too Late တဲ့။ ဖတ်ကြည့်လိုက်တော့ သူ့စာလေးကလည်း အကောင်းသား။ (http://www.lawka-ahla.com/news.php?extend.186.8 မှာ သွားရောက် ဖတ်ရှုနိုင်ကြပါလိမ့်မယ်။) အဲဒီ့ခေါင်းစဉ်နဲ့ပဲ ကျွန်တော်လည်း ရှေးအခါက တစ်ပုဒ်ပြန်ဆိုဖူးတာ အမှတ်ရသွားတယ်။ အကြောင်းအရာချင်း မတူမှန်းတော့ သိတယ်။ ဘာမှန်းတော့ မမှတ်မိတော့ဘူး။ ဒါနဲ့ ပြန်ရှာကြည့်မိရင်းက ဘလော့(ဂ်) ပရိသတ်များအတွက် ပြန်လည် တင်ဆက်လိုက်မိရပါတယ်။ ဒါလေးကို သွယ်ဝိုက်သောနည်းနဲ့ အမှတ်မထင် ပြန် အစဖော်ပေးတဲ့ ဆရာမ “ဟနစံ”ကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဘယ်တော့မှ နောက်မကျပါဘူးနော်

လွန်ခဲ့တဲ့သုံးလေးနှစ်က လူမှုဆက်ဆံရေး ရက်တို သင်တန်းတစ်ခု တက်ဖြစ်ခဲ့ရင်းနဲ့ ကြုံခဲ့ရတာလေးပါ။

တစ်ရက်မှာ သင်တန်းနည်းပြက ကျွန်တော်တို့ကို အထူးအဆန်းတစ်ခု လုပ်ခိုင်းပါတယ်။ အတိတ်က ကိုယ့်အပြုအမူတစ်ခုခုကြောင့် ကိုယ့်စိတ်ထဲမှာ ရှက်ရွံ့နေရတာ၊ အားနာနေရတာ၊ အပြစ်ရှိတယ်လို့ ခံစားနေရတာ၊ မပြီးပြတ်သေးဘူးလို့ ယူဆရတာ၊ နောင်တရတာတွေကို စာရင်းချကြည့်ကြစမ်းပါတဲ့။
နောက်တစ်ပတ်ကျတော့ အတန်းရှေ့ ထွက်ပြီး ကိုယ်ချထားသမျှ စာရင်းကို အော်ဖတ်ချင်တဲ့သူရှိရင် ထွက်ဖတ်ပေးကြပါလို့ နည်းပြဆရာက ဖိတ်ခေါ်လိုက်ပါတယ်။

တကယ်တော့ ဒါဟာ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကဘဝထဲက အကြောင်းအရာတွေ၊ ကိုယ်ရေးကိုယ်တာတွေပါပဲ။

ဒါပေမယ့်လည်း ကျွန်တော်တို့အတန်းထဲက လူစုထဲမှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရဲတဲ့သူတွေ အလျှိုလျှိုပေါ်လာတယ်။ သည်လိုနဲ့ တစ်ယောက်ပြီး တစ်ယောက် အော် အော် ဖတ်သွားနေတုန်းမှာပဲ ကျွန်တော့်ဘာသာ ပြုစုထားတဲ့ “အတိတ်ကြွေး”စာရင်းကလည်း ရှည်သထက်ရှည်လာပါတယ်။ သုံးပတ်တိတိ ကြာသွားချိန်မှာတော့ ကျွန်တော့်ရဲ့ စာရင်းထဲမယ် နှောင်းနောင်တဖြစ်ရပ်စာရင်းက အမှတ်စဉ် ၁၀၁ အထိတောင် ရောက်လို့ လာပါတော့တယ်။

သည်အချိန်ကျတော့ နည်းပြဆရာက ကျွန်တော်တို့ကို အကြံပေးတယ်။ အဲဒီ့ အတိတ်တွေနဲ့ပတ်သက်ပြီး ပြုပြင်သင့် ပြုပြင်ပါ။ တောင်းပန်သင့် တောင်းပန်ပါ။ မှားနေတာဆိုရင်လည်း အမှန်ကိုရောက်အောင် ကိုယ့်ကိုယ်ကိုယ် ပြန်တည့်မတ်ယူသင့် ယူပါတဲ့။

သူ့နည်းက ကျွန်တော့်ရဲ့ လူမှုဆက်ဆံရေးအစွမ်းအစတွေကို ဘယ်လိုများ တိုးတက်လာစေမှာပါလိမ့်လို့ ကျွန်တော် တနုံ့နုံ့ တွေးနေမိခဲ့တယ်။ အဲသလို တွေးနေရင်းနဲ့ပဲ ကျွန်တော်ဘဝထဲက လူပုဂ္ဂိုလ်အတော်များများနဲ့ ကျွန်တော်နဲ့က စိမ်းနေသလိုကြီး ခံစားလာရတယ်။

နောက်တစ်ပတ်ကျတော့ ကျွန်တော်နဲ့ ဘေးချင်းကပ်လျက် ထိုင်နေသူက သူ့အထုပ်သူ ဖြည်ပါရစေဆိုပြီး အတန်းကို အခုလို ပြောပြပါတော့တယ်။

ကျွန်တော့်စာရင်းကို ပြုစုနေတုန်းမှာပဲ အထက်တန်း ကျောင်းသားဘဝက အဖြစ်အပျက်ကို ပြန်သတိရသွားတယ်ဗျ။ ကျွန်တော်ဟာ အိုင်ဝိုဝါ ပြည်နယ်က မြို့လေးတစ်မြို့မှာ လူလားမြောက်ခဲ့တာပါ။ မြို့မှာက ကျွန်တော်တို့လို လူငယ်လူရွယ်တွေအတွက် အင်မတန်မုန်းစရာ ကောင်းလှတဲ့ ရဲသားကြီးတစ်ယောက် ရှိတယ်။ အဲဒီ့ ရဲကြီးနာမည်က ဦးညိုတဲ့။

တစ်ညကျတော့ ကျွန်တော်နဲ့ သူငယ်ချင်းနှစ်ယောက် တိုင်ပင်ကြတယ်။ ရဲကြီးဦးညိုကို ဒုက္ခပေးဖို့ပေါ့။ ဒါနဲ့ ဘီယာလေး သုံးလေးခွက် သောက်ပြီး ရဲဆေးတင်၊ ပြီးတော့ ဆေးနီတစ်ဘူး ရှာ၊ ပြီးတော့ မြို့လယ်ကောင်မှာ ရှိတဲ့ ရေစင်အမြင့်ကြီးပေါ်ကို တက်တဲ့ပြီး အနီရောင်တောက်တောက်နဲ့ ရေတိုင်ကီပေါ်မှာ ရေးချလိုက်တယ်။ “ရဲသားလုပ်တဲ့ ဦးညိုဟာ မိန်းမရွှင်က မွေးတာပါ”လို့။

နောက်တစ်ရက် မနက်လည်းကျရော ကျွန်တော်တို့ ရေးထားတာကို တစ်မြို့လုံး မြင်ကြပြီး အုတ်အော်သောင်းတင်း ဖြစ်ကုန်တော့တာပဲပေါ့။

နောက်နှစ်နာရီလောက်နေတော့ ကျွန်တော်တို့သုံးယောက်လည်း ရဲကြီး ဦးညိုရဲ့ ရုံးခန်းထဲ ရောက်သွားတော့တယ်။ ကျွန်တော့်သူငယ်ချင်း နှစ်ယောက်က အဲဒီ့စာတန်းကို သူတို့ ရေးခဲ့ပါတယ်လို့ ဝန်ခံကြပေမယ့် ကျွန်တော်ကတော့ ဖြောင့်ကွယ်ကွယ်လိုက်တယ်။ လိမ်လိုက်တယ်။ သူငယ်ချင်း နှစ်ယောက်က ဝန်ခံနေမှတော့ ကျွန်တော်ကိုလည်း ဘယ်သူမှ မသင်္ကာ မဖြစ်တော့ဘူးပေါ့ဗျာ။

အဲဒီကနေ နှစ်ပေါင်း၂၇ နှစ်ကြာတဲ့ ကနေ့အချိန်အထိ ရဲကြီးဦးညိုရဲ့ နာမည်ဟာ ကျွန်တော့်ရဲ့ စာရင်းထဲမှာ ထင်းထင်းကြီး ရှိနေတုန်းပဲဗျ။ ကျွန်တော်လည်း လူကြီးဖြစ်လာခဲ့ပြီ။ ဦးညိုတစ်ယောက်လည်း ကနေ့ထက်တိုင် သက်ရှိထင်ရှား ရှိမှ ရှိပါ့ဦးမလားမသိလို့ ကျွန်တော် တွေးနေမိတဲ့အခါ စိတ်ထဲမှာ နေလို့ တယ် မကောင်းချင်တော့ဘူးဗျို့။

ဒါနဲ့ စနေနေ့ကတော့ဗျာ ကျွန်တော်လည်း အိုင်ဝိုဝါပြည်နယ်က ဇာတိမြို့ကို ဖုန်းလှမ်းဆက်ပြီး တယ်လီဖုန်းစုံစမ်းရေးဌာနကို လှမ်းမေးမိသွားရပါတယ်။
ကံကောင်းချင်တော့ ဦးညိုရဲ့နာမည်က တယ်လီဖုန်းစာအုပ်ထဲမှာ ရှိနေသဗျို့။ ဒါနဲ့ သူ့ဖုန်းနံပါတ်ကို တောင်းပြီး ချက်ချင်းပဲ ဦးညိုဆီ ဆက်လိုက်ပါတယ်။

လေးငါးချက်မြည်ပြီးတော့“ဟယ်လို”ဆိုတဲ့ ထူးသံ ကြားရတယ်ဗျ။

“ရဲကြီး ဦးညိုပါလားခင်ဗျာ”လို့ ကျွန်တော် မေးလိုက်တော့ တစ်ဖက်က တစ်အောင့်လောက် တိတ်သွားတယ်။ ပြီးတော့မှ“ဟုတ်ပါ့ဗျား”လို့ ပြန်ဖြေတယ်။

“ဪ်… ကျွန်တော် ဂျင်မီကိုကိုပါ။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းက မြို့လယ်ကောင် ရေစင်ပေါ်က စာကို တက်ရေးခဲ့တဲ့ အထဲမှာ ကျွန်တော် ပါတယ်ဆိုတာ ဝန်ခံချင်လို့ ဖုန်းဆက်တာပါခင်ဗျ”လို့ ပြောလိုက်မိရပါတယ်။

“အဲဒီ့ကတည်းက မင်းပါမှန်း ငါသိတယ်ကွ”လို့ ဦးညိုက ကျွန်တော့်ကို ပြန်အော်ပါတယ်။ သူ့စကားလည်း ဆုံးရော ကျွန်တော်တို့ နှစ်ယောက်စလုံးလည်း အားပါးတရ ရယ်လိုက်မိကြတယ်။ နောက်တော့ ရှေးဟောင်းနှောင်းဖြစ်တွေကို နှစ်ယောက်သား အတော်ကြာကြာ ပြောဖြစ်သွားတယ်ဗျ။

ဖုန်းချခါနီးကျတော့မှ ဦးညိုက ကျွန်တော့်ကို ပြောတယ်။

“ဂျင်မီရေ… မင်းအတွက် ငါ တော်တော် စိတ်မကောင်း ဖြစ်နေခဲ့တာကလားကွ။ မင်းသူငယ်ချင်းတွေကတော့ သူတို့အပြစ်သူတို့ အစောကြီးကတည်းက ဝန်ခံခဲ့ကြတာမို့ သူတို့ ရင်ထဲမှာ ပေါ့နေ၊ ရှင်းနေမှာ သေချာတယ်။ မင်းကျတော့ ဝန်မခံသူဖြစ်နေတော့ကာ မင်းမှာ တစ်သက်လုံး တအုံနွေးနွေးနဲ့ ဖြစ်နေတော့မှာ။ မင်းလိပ်ပြာက မင်းကို တစ်ရံမလပ် ခြောက်လှန့်နေတော့မှာကို တွေးမိပြီး ငါ တော်တော့်ကို စိတ်မကောင်း ဖြစ်နေခဲ့တာဟေ့။ အေး… အခုလို ဖုန်းဆက်ပြီး မင်းအပြစ် မင်းဝန်ခံတာကို ငါတကယ် ကျေးဇူးတင်တယ်ကွ။ ကျေးဇူးတင်တယ်ကွ ဆိုတာကလည်း ငါ့အတွက် မဟုတ်ပါဘူး။ မင်းအတွက်ပါပဲ ဂျင်မီရေ့…”တဲ့။

ဂျင်မီ့အဖြစ်ဟာ ကျွန်တော့်စာရင်းထဲက နောင်တ ၁၀၁ မယ်ကို ရှင်းထုတ်နိုင်အောင် နှိုးဆော်ပေးလိုက်ပါတော့တယ်။ အဲဒီ့ နောင်တ ၁၀၁ မျိုးကို ရှင်းထုတ်ဖို့ နှစ်နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ အခုအခါမှာတော့ အတိတ်ကြွေးတွေ အကုန်ရှင်းပြီးသား ဖြစ်သလို ပဋိပက္ခတွေကို ကြားဝင် ဖြေရှင်းပေးသူကောင်း တစ်ယောက်ဘဝကိုလည်း ကျွန်တော် ရောက်လာခဲ့ပါပြီ။

ပဋိပက္ခတွေ ဘယ်လောက်ပဲ ကြီးကြီး၊ အခြေအနေ ဘယ်လောက်ပဲ ဆိုးဆိုး၊ ပြဿနာ ဘယ်လောက်တက်တက်၊ အတိတ်ကို သင်ပုန်းချေပြီး  ကျေအေးတဲ့ အလုပ်ဟာ ဘယ်တော့မှ နောက်မကျဘူးဆိုတဲ့ အချက်ကို ဂျင်မီက ကျွန်တော့်ကို ထောက်ပြနိုင်ခဲ့ပါသော်ကောခင်ဗျား။

(It’s never too late by Marilyn Manning, Ph.D ကို ပြန်ဆိုလိုက်တာပါ။)

(၂၀ဝ၂ နိုဝင်ဘာ ၄ ထုတ် အတွေးသစ်ဂျာနယ် အတွဲ ၃၊ အမှတ် ၁၀၆ မှာ ဖော်ပြခဲ့ပြီး အတ္တကျော်ရဲ့ ဘ၀တူရိယာ စာအုပ်ထဲမှာ ဖော်ပြ ပါရှိပါတယ်။)

Nails of Friendship

ခင်မင်မှု သံမှိုများ

ဟိုးရှေးရှေးတုန်းက အင်မတန်ကို စိတ်တို စိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။

တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။

“မင်း တစ်ခါ စိတ်တိုတိုင်း၊ တစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားသွားရိုက်ချေကွာ”တဲ့။

အဖေက အဲသလို ပြောပြီး သံထုပ် ပေးလိုက်တဲ့ ပထမနေ့မှာတော့ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းတိတိကို ရိုက်သွင်း ဖြစ်သွားခဲ့ပါတယ်။ အဲသလိုနဲ့ သူစိတ်တိုတိုင်း၊ ဒေါသဖြစ်တိုင်းမှာ သံလေးတွေကို ၀င်းထရံတိုင်မှာ ရိုက်ရင်း ရိုက်ရင်းနဲ့ ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။

သံရိုက်ချက်တွေကလည်း တစ်နေ့ထက် တစ်နေ့ ကျဲကျဲ လာတော့တာပေါ့လေ။

သည်လိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံ ပြေးပြေး ရိုက်ရတာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကို ထိန်းသိမ်းရတာက ပိုပြီးလွယ်ကူနေမှန်း တဖြည်းဖြည်း သဘောပေါက်လာပါတော့တယ်။

အဆုံးမှာ ကောင်လေးဟာ လုံးလုံး စိတ်မတို၊ ဒေါသ မဖြစ်တော့ဘဲ နေနိုင်တဲ့နေ့ကို ရောက်လာပါတော့တယ်။

သည်မှာတင် ကောင်လေးလည်း အပြေးလေးနဲ့ သူ့အဖေကို သတင်းသွားပို့တော့တာပေါ့။

“အဖေရေ၊ သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျာ” ပေါ့။

အဲလိုကျတော့ ဖအေလုပ်သူက နောက်တစ်မျိုး ခိုင်းပြန်ပါတယ်။

“မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲဒီ မင်းရိုက်ထားခဲ့တဲ့ သံတွေကို ပြန်နှုတ်စမ်းပါဦးကွာ။ တစ်နေ့ ထိန်းချုပ်နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ ပြန်နှုတ်နော်”လို့ မှာလိုက်သတဲ့။

အဲလိုနဲ့ ရက်တွေကြာလာတဲ့အခါ ကောင်လေးက သူ့အဖေကို ပြောနိုင်သွားတယ်။

“အဖေရေ၊ သားရိုက်ခဲ့တဲ့ သံတွေ အားလုံးကို နှုတ်ပြီးသွားပြီဗျ၊ တစ်ချောင်းမှ မကျန်တော့ဘူး”ပေါ့။

သည်အခါမှာ ဖအေလုပ်သူက သားရဲ့လက်ကိုဆွဲပြီး သား သံရိုက်ခဲ့တဲ့ ၀င်းထရံဆီ ခေါ်သွားတယ်။

“တော်တယ် ငါ့သား” လို့လဲ ဆိုတယ်။ “ဒါပေမယ့် သား သေသေချာချာ ကြည့်စမ်း၊ ၀င်းထရံတိုင်မှာ အပေါက်တွေ ဖြစ်ကျန်ခဲ့တယ်နော်၊ ၀င်းထရံတိုင်က အရင်လို မချောမွေ့တော့ဘူးဆိုတာ သား မြင်တယ် မဟုတ်လား။ အေး… သားက စိတ်တို ဒေါသဖြစ်လို့ ပါးစပ်နဲ့ တစ်လုံး ပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလိုပဲ အမာရွတ်တွေ ထင်ကျန်ရစ်တတ်တယ် သားရေ။ သည်လိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ ထိုးလိုက်တယ်၊ ပြီးတော့ ဓါးကိုပြန်နှုတ်ပြီး ရှိခိုးဦးတင် တောင်းပန်တယ် ဆိုပါစို့ကွယ်။ သား ဘယ်နှစ်ခါပဲ ရှိခိုးဦးတင် ပြန်တောင်းပန်၊ တောင်းပန် ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေ ကျန်ကို ကျန်နေတော့မှာကွယ့်။ အဲသလိုပဲ နှုတ်နဲ့ တစ်ဖက်သားကို ထိုးနှက်တဲ့အခါမှာလည်း ဓါးနဲ့ ထိုးသလိုပဲ အနာတရ ဖြစ်တတ်စမြဲ၊ အမာရွတ် ထင်ကျန်ရစ်စမြဲပဲ ငါ့သား” တဲ့။

တကယ်တော့ မိတ်ဆွေ သူငယ်ချင်း ဆိုတာတွေက အဖိုးအနဂ္ထ္ဃ ထိုက်တန်တဲ့ ရတနာတွေပါပဲ။

မိတ်ဆွေ သူငယ်ချင်းတွေဟာ ကျွန်တော်တို့တွေကို ပြုံးရွှင် ရယ်မောစေနိုင်တယ်၊ ကျွန်တော်တို့ဘ၀မှာ အောင်မြင်၊ ခရီးရောက်အောင် အားပေးကူညီနိုင်တယ်။

ကျွန်တော်တို့မှာ ရင်ဖွင့်စရာလေးတွေ ရှိလာရင်လည်း နားစိုက်ပေးတတ်တယ်။

ချီးမွမ်းစကား၊ ကဲ့ရဲ့စကား အလုံးစုံကိုလဲ မျှဝေခံစားပေးနိုင်ပါတယ်။

မိတ်ဆွေ သူငယ်ချင်းဆိုတာ ကျွန်တော်တို့အတွက် သူတို့ရဲ့ နှလုံးသားတွေကို အမြဲလှစ်ဟ ကြိုဆိုနေတတ်သူများပါ။

အခု ရက်သတ္တပတ်ဟာ ဆိုရင်ဖြင့် အမျိုးသားရင်းနှီးခင်မင်မှု အထိမ်းအမှတ် ရက်သတ္တပတ်လေး ဖြစ်ပါတယ်။

ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က သူတို့အပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း ပြလိုက်စမ်းပါ။

ဒါတင်မကသေးဘူး၊ “ကိုယ့်သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း” လို့ ကိုယ်ကိုယ်တိုင်က မှတ်ယူထားတဲ့သူတွေဆီ သည်စာလေးကို ပွားပြီး ပို့ပေးလိုက်စမ်းပါ။

ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီကို သည်အတိုင်း ပြန်ပို့လိုက် နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီပြန်ပြီး ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေသူငယ်ချင်းကောင်းတွေ ရှိတာကို အလိုလို ခံစားနိုင်ပါလိမ့်မယ်။

မင်္ဂလာရှိတဲ့ ရင်းနှီးခင်မင်မှု ရက်သတ္တပတ် ဖြစ်ပါစေ။ ခင်ဗျားဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းပါပဲ။

ခင်ဗျားကို သူငယ်ချင်းတော်ခွင့် ရတဲ့အတွက်လည်း ကျွန်တော် အင်မတန် ဂုဏ်ယူပါတယ်။

ကိုင်း… အခု ချက်ချင်းပဲ သည်စာလေးကို ကူးပြီး ခင်ဗျားမှာ ရှိရှိသမျှ မိတ်ဆွေတွေဆီ ပို့လိုက်ပါတော့။ ကိုယ့်သားချင်းတွေဆီကိုလည်း ပို့ပေးပါဦးနော။

(၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီ ၃၁ ရက်နေ့ထုတ် “အလင်းတန်း” ဂျာနယ်မှာ ပထမဆုံး စတင်ပုံနှိပ်ဖော်ပြခဲ့တဲ့ စာမူလေးပါ။ “အတ္တကျော်”ဆိုတဲ့ နာမည်နဲ့ ပထမဆုံး ရေးခဲ့တဲ့ စာမူလေးမို့ ကျွန်တော့်အတွက်တော့ အမှတ်တရပါပဲ။ သည်စာမူ အပါအ၀င် အလားတူ စာပေါင်း အပုဒ် ၃၀ ပါဝင်တဲ့ စာအုပ်လေးကို “နေပျော်တဲ့ ဘ၀၊ ကြည်မြတဲ့ ဘ၀င်၊ ရွှင်လန်းတဲ့ စိတ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ မောဟပြေ ပုံတိုပတ်စများ အမှတ်စဉ် ၁ အဖြစ် ၂၀၀၂ ခုနှစ် စက်တင်ဘာလမှာ ထုတ်ဝေခဲ့ပါတယ်။ အတ္တကျော်ရဲ့ ပထမဆုံး လုံးချင်းစာအုပ်ပါပဲ။ ၂၀၀၆ အောက်တိုဘာမှာ ဒုတိယအကြိမ်အဖြစ် မျက်နှာဖုံး ပြောင်းပြီး ထုတ်ဝေထားပါတယ်။ သည်စာလေးရဲ့ မူရင်းကို ၁၉၉၉ နိုဝင်ဘာလက သြစတြးလျနိုင်ငံမှာ ခင်မင်ရင်းနှီးခဲ့ရတဲ့ ဖိလစ်ပိုင်သူ မာလင်(န်) ပါရာ့(စ်)က ကျွန်တော့်ဆီ ဓာတ်ချောစာအဖြစ် ပို့ပေးခဲ့တာပါပဲ။ ဖတ်ပြီးတော့ မနေနိုင်လွန်းတာနဲ့ ဘာသာပြန်ပြီး “အလင်းတန်း”ဂျာနယ်ကို ပေးဖြစ်ခဲ့တာပါ။ အခုတော့ အဲဒီ့ မာလင်(န်) ပါရာ့(စ်)တစ်ယောက်လည်း ကနေဒါနိုင်ငံကို ပြောင်းရွှေ့ အခြေချသွားခဲ့ပြီမို့ အဆက်အသွယ်တွေလည်း ပြတ်ကုန်ပါပြီ။ ဆယ်နှစ်ကျော်အကြာမှ Facebook မှာ ဒါလေးကို Note အဖြစ် ပြန်တွေ့လိုက်ရတာမို့ ကြည်နူးစွာ ပြန်လည်တင်ဆက်လိုက်ရပါတယ် ချစ်မိတ်ဆွေများခင်ဗျား။ တစ်ဆက်တည်းမှာပဲ ခင်ဗျားတို့ရဲ့ ၀င်းထရံမှာ ကျွန်တော့်ကြောင့် ကျန်ခဲ့တဲ့ အမာရွတ်လေးများအတွက်လည်း အနူးအညွတ်တောင်းပန်လိုက်ပါရစေတော့။ အမာရွတ်တွေကပျောက်မှာ မဟုတ်ပေမယ့် ကျွန်တော့်ကြောင့် ဖြစ်ခဲ့တဲ့ အမာရွတ်များမို့ တောင်းပန်ရမှာ ကျွန်တော့်တာဝန်ပဲ မဟုတ်ပါလားခင်ဗျာ။)

Labouring under the misapprehension

လှေနံပေါ်က ဓားရာများ

ကျွန်တော်တို့ ရုံးမှာ အလိုအလျောက် တယ်လီဖုန်း ဖြေတဲ့ စနစ်ကို မသုံးစွဲဖြစ်ခင် ကာလက ဖြစ်ပါတယ်။

နေ့ခင်းစာ စားချိန်ဆိုရင် တယ်လီဖုန်း အော်ပရေတာ မရှိတဲ့အတွက် ပြဿနာ ရှိချင်တယ်။ အော်ပရေတာက ရုံးဆင်းချိန်မှာဆိုရင် ညခလုတ်ကို တင်ထားခဲ့တာမို့ တယ်လီဖုန်းက လုံခြုံရေး တာဝန်ကျတွေဆီကို ဝင်သွားတတ်စမြဲပဲ။ လုံခြုံရေးက ဖြေကြားရတယ်ပေါ့။ နေ့ခင်းစာစားချိန်မှာလည်း အဲလို လုပ်တဲ့အခါကျတော့ ပြဿနာက ရှိနေတယ်။ နေ့ပိုင်းမို့ ကမ္ဘာ အရပ်ရပ်က ဆက်သွယ်သူတွေ ရှိတယ်။ လုံခြုံရေးတွေအနေနဲ့ကျတော့ ဘာသာစကား မကျွမ်းကျင်ဘူး။ သည်အခါမှာ လွဲချော် မှားယွင်းတာတွေ မကြာခဏ ဖြစ်တတ်တယ်။

ဒါကို ကာကွယ်ဖို့အတွက် နေ့ခင်းစာ စားချိန် နာရီဝက်အတွင်း တယ်လီဖုန်း ဖြေတဲ့အလုပ်ကို ဘာသာစကား တတ်ကျွမ်းတဲ့ ကျွန်တော်တို့ ကော်လာဖြူ ဝန်ထမ်းတွေထဲက အလှည့်ကျ တာဝန်ယူပေးကြရပါတယ်။

အဲသလို တာဝန်ယူစ ကာလမှာ ဖြစ်ခဲ့တာလေးတစ်ခုကို ပြောချင်လို့ပါ။ တစ်နေ့ခင်းမှာ ကျွန်တော် အဲဒီ့တာဝန်ယူထားတုန်း ဖုန်းဝင်လာတယ်။ ထုံးစံအတိုင်း နှုတ်ခွန်းဆက်စကားနဲ့ ဖြေကြားရတယ်။ ရုံးတစ်ရုံး၊ စီးပွားရေး လုပ်ငန်းဌာနတစ်ခုအနေနဲ့ “ဟယ်လို”လို့ တုံးတိတိ ဖြေလို့မရဘူး။ မြန်မာလိုဆိုရင်တော့ “မင်္ဂလာပါခင်ဗျာ၊ ဘယ်ဂျာနယ်တိုက်ကပါ”လို့ပဲ ဖြေရမှာပေါ့။ သိုးဆောင်းဘာသာစကားနဲ့ကျတော့ “မင်္ဂလာနံနက်ခင်း/နေ့ခင်းပါ၊ ဘယ် ဌာနကပါ။ ဘာအကူအညီများ ပေးရပါမလဲ ခင်ဗျာ”ပေါ့။

ကျွန်တော်လည်း အဲသလို ဖြေလိုက်တဲ့အခါကျတော့ တစ်ဖက်က သူ ပြောချင်တဲ့သူကို ဆက်သွယ်ပေးဖို့ ပြောလာတယ်။ ကျွန်တော် ပြန်ဖြေရတယ်၊ သူ ပြောချင်တဲ့သူက ကိစ္စတစ်ခုနဲ့ အပြင်ထွက်သွားပါကြောင်း၊ မှာစရာရှိရင် မှာထားခဲ့နိုင်ကြောင်းပေါ့။

သည်အခါမှာ တစ်ဖက်က ကျွန်တော့်ကို အခု ပြောနေတာ ဘယ်သူလဲတဲ့။ ဒါနဲ့ ကျွန်တော့်နာမည်ကို ပြောပြလိုက်ပါတယ်။ သည်အခါမှာ တစ်ဖက်က အသံရှင်က တအံ့တဩ ထ အော်တယ်။ သူ့နာမည်ကိုလည်း ပြောပြတယ်။ အမှန်က တစ်ယောက် တစ်ယောက် အသံချင်း မရင်းနှီးကြလို့သာ၊ လူချင်း ခင်မင်ရင်းနှီးတဲ့ လုပ်ဖော် ကိုင်ဖက်တွေ ဖြစ်နေတာကိုး။ ဒါပေမယ့် သူက မြန်မာစကား လုံးဝမတတ်တဲ့ နိုင်ငံခြားသူပါ။

သူက ကျွန်တော့်ကို (လောလောဆယ် သူပြောတဲ့အတိုင်း သိုးဆောင်း ဘာသာနဲ့ပဲ ရေးပြပါမယ်) “You have a very sexy voice.” လို့ ပြောပါတယ်။

ကျွန်တော့်အသံက အလွန် sexy ဖြစ်တယ်လို့ ပြောလိုက်တာပါပဲ။

ကျွန်တော် တော်တော် ပြဿနာတက်သွားပါတယ်။ မြန်မာလို နားလည်လိုက်မယ်ဆိုရင်တော့ ဒါဟာ ကျွန်တော့်ကို နှက်တာပဲလို့ ခံယူစရာ ရှိပါတယ်။ ဒါပေမယ့် သူတို့လူမျိုး၊ သူတို့ဓလေ့နဲ့ ပြောတဲ့ စကားဖြစ်နေတဲ့ အတွက် အဲသလို လှေနံဓားထစ်လို့ကလည်း မဖြစ်ပြန်ဘူး။

ပြဿနာက သည်မှာတင် မပြီးဘူး။ နောက်ပိုင်းမှာ ကျွန်တော့်အသံ အလွန် sexy ဖြစ်ကြောင်း သူက တစ်ရုံးလုံး လည်ပြောပါတော့တယ်။

ကျွန်တော့်အထက်အရာရှိကပါ ပြောလာတယ်၊ “မင့်အသံကို အလွန် sexy ဖြစ်တယ်လို့ Angela က ပြောသကွ}တဲ့။

သည်အခါမှာတော့ မနေနိုင်တော့ဘူး။ ကျွန်တော့်အထက်အရာရှိပေမယ့် သူငယ်ချင်းပေါင်း ပေါင်းနေတာမို့ ပြန်မေးလိုက်ရတယ်။

“အဲဒါ အကောင်းပြောတာလား၊ အဆိုးပြောတာလား”လို့။ သူက ချက်ချင်းပဲ ဖြေပါတယ်။ “ဟ… အကောင်းပေါ့ကွ”တဲ့။

ကျွန်တော် သိလိုက်တယ်။ ကျွန်တော်တော့ တတ်ယောင်ကား အင်္ဂလိပ်စာနဲ့ ဘာသာပြန်လွဲပြီး အခံရခက်နေတာလို့။

Sexy ကို တတ်ယောင်ကား ဘာသာပြန်မယ်ဆိုရင် “လိင်ဆွဲဆောင်မှု ရှိသော” ဒါမှမဟုတ် “လိင်စိတ်ကို လှုံ့ဆော်နှိုးဆွနိုင်စွမ်းသော”လို့  အနက် ထွက်လာနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ sexy ဆိုတဲ့ ဝေါဟာရအတွက် အနက်ရင်းပါ။ ဒါပေမယ့် ဝေါဟာရတွေကို အနက်ဖွင့်ရာမှာ ပြောပုံဆိုလက် (context) ကို ကြည့်ပြီး ဆီလျော်အောင် ဘာသာပြန်ပါမှ ပပ်ပပ်နပ်နပ် နားလည်နိုင်တာပါ။

အခု sexy ဆိုတဲ့ဝေါဟာရကိုလည်း sex (လိင်) ဆိုတာကြီးနဲ့ တွဲထားတော့ အရှေ့တိုင်း နားရွက်နဲ့ မကြားဝံ့ မနာသာလိုလို၊ ရိုင်းပြသလိုလို ဖြစ်နေပါတယ်။ ဒါပေမယ့် အဲဒီ့ sex ဆိုတဲ့ ဝေါဟာရကိုပဲ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာတန်းတွေမှာ ဖတ်ဖူးထားတယ်။ သည်ဝေါဟာရက နားရိုင်းစရာမရှိလို့သာ ရုံးသုံးစာထဲ ထည့်သုံးလို့ ရနေတဲ့ သဘောပေါ့။ အထင်ရှားဆုံး က  regardless of race, age and sex ဆိုတာမျိုးပါ။ အဲဒီ့မှာကျတော့ “လူမျိုး၊ အသက်အရွယ်၊ ကျားမ မခွဲခြားဘဲ”လို့ ဘာသာပြန်မှ ဟန်ကျသွားပါလိမ့်မယ်။ အဲဒီ့နေရာမှာ “လိင်”ဆိုတာကြီးကို ထည့်ပြန်လို့ မရဘူးလားဆိုရင်တော့ ရတယ်၊ ဒါပေမယ့် စာမချောတော့ဘဲ ထောင့်နေတယ်၊ နားလည်ဖို့လည်း နည်းနည်း ခက်ချင်တယ်။ ဆိုတော့ sex လို့ ပြောတိုင်း ရေးတိုင်း မရိုင်းဘူးဆိုတာကို ရေးတေးတေးလေး သဘောပေါက်လာတယ်။

သည်အခါမှာ sexy ကိုလည်း စဉ်းစားလိုက်မိတယ်။ အပြုသဘောပါအောင် ဘယ်လို ဘာသာပြန်ရင် ကောင်းမလဲလို့။ သွားလေသူ နိုင်ငံကျော် ဇာတ်လိုက် မင်းသား စာရေးဆရာက sexy ကို “ညှို့”လို့ ရေးခဲ့ဖူးတာကို သတိရတယ်။ သိပ်ဟုတ်တာပေါ့။ ဒါဆိုရင် You have a very sexy voice. ဆိုတဲ့ စကားကို ဆီလျော်အောင် ဘာသာပြန်မယ်ဆိုရင် “မင့်အသံက တယ် ညှို့ဓာတ်ပါသကိုး”လို့ ရပါလိမ့်မယ်။ ဒါဆိုရင် ကျွန်တော့်အနေနဲ့ ကြားစကလို နာသာခံခက် ဖြစ်နေစရာ အကြောင်း မရှိတော့ဘူး။

ကျွန်တော်တို့တွေက တစ်ခုခုဆိုရင် ကိုယ့်ဉာဏ်လေး တစ်မိုက်တစ်ထွာ၊ အသိပညာလေး မတောက်တခေါက်နဲ့ အကောက်အယူ လွဲပြီး တစ်ဖက်သား ပြောတဲ့ စကားကို အကောင်း မမှတ်တတ်ကြဘူး။ တခြားဘာသာ စကားနဲ့ မပြောနဲ့၊ ကိုယ့်ဘာသာစကားနဲ့ “ဟား… နုလို့ လှလို့ပါလား”လို့ အပြောခံရရင်တောင် “ရိတာလား” ဖြစ်ချင် ဖြစ်သွားတတ်တာမျိုး။ ကိုယ့်မိခင်ဘာသာ စကားမဟုတ်တာနဲ့ကျတော့ ပိုဆိုးကုန်တတ်တယ်။

အခု ကျွန်တော် ဝိတ္တာရ ချဲ့နေမိတဲ့ sexy ကိုပဲ ရင်ကို ပူလောင်စေသောတွေရော၊ ဘဝင်ဆူစေသောတွေရော ထည့်သွင်းဘာသာပြန်ရင် မှားတယ်လို့ ယတိပြတ် အပြောရခက်ပေမယ့် အပျက်သဘောနဲ့ ဘာသာပြန်ရာ ရောက်သွားတတ်ပါတယ်။ ဒါလည်း ပြောပုံဆိုလက်ကို တွက်ပြီးမှ ဘာသာ ပြန်ရတာမျိုးပါ။

နောက်တစ်ချက်က တစ်စုံတစ်ဦးရဲ့အသွင်အပြင်၊ ဟန်ပန် အမူအရာ၊ ရုပ်ရည်ရူပကာ၊ အသံစတာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးကြတဲ့အခါမှာ မှတ်ချက်ပေးသူရဲ့သဘောထားပါ။ ကြည့်တတ်ရင် ဘာဝနာလို့ဆိုသလိုပါပဲ၊ အရာတိုင်းကို ရှုမြင် သုံးသပ်သူရဲ့သဘောထား၊ စိတ်အခံနဲ့ နှလုံးအိမ်တို့က ခြယ်လှယ်နေပါတယ်။ တစ်ခေတ်ဆီက စိုင်းခမ်းမလိတ်ရဲ့ မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူးဆိုတဲ့ သီချင်းကို ဝါရင့် စာရေးဆရာကြီးတစ်ဦးက “ခြင်ထောင်သံ”လို့ သတ်မှတ်ခဲ့ဖူးတယ်။ ကျွန်တော်တို့က ချစ်စရာ အချစ်သီချင်းလေး တစ်ပုဒ်ရယ်လို့ ခံစားပြီး လိုက်ဆိုလို့ ကောင်းနေခိုက်မှာ အဲဒီ့ဆရာက မထော်မနန်း ပြောထည့်လိုက်တော့ တော်တော် မအီမလည် ဖြစ်သွားခဲ့ဖူးတယ်။ ဒါပေမယ့် ချက်ချင်းပဲတွေးခဲ့မိဖူးပါတယ်။ လူဆိုတာ ကိုယ်သန်သလို တွေးယူကြစမြဲ ဆိုတာကိုပါ။

တကယ်တော့ ဘာသာစကားဆိုတာ အခြေအနေ အချိန်အခါကို လိုက်ပြီး အနက်မျိုးစုံ ထွက်တဲ့ သဘော ရှိပါတယ်။ “ဟုတ်ကဲ့”လေး တစ်ခွန်းမှာတင်ပဲ၊ အင်းလိုက်တဲ့ အနက်ရင်း ရှိသလို၊ ဘာပြောချင်လို့လဲဆိုတဲ့ မေးခွန်း အနက်မျိုး၊ ဆက်ပြောပါ၊ နားထောင်နေပါတယ်ဆိုတဲ့ စကားထောက် အနက် မျိုးများအပြင် တစ်ဖက်သားကို စေစားတတ်ရန်ကောဆိုပြီး ငေါ့တော့တော့နဲ့ ဟုတ်ကဲ့တဲ့အထိ အနက်ပွားတွေ များစွာ ရှိနေနိုင်ပါတယ်။

ကိုယ့်မိခင်ဘာသာစကား မဟုတ်တဲ့ တိုင်းတပါး ဘာသာစကားကို မိခင်ဘာသာစကားနဲ့ ပြန်ဆိုကြတဲ့အခါမှာလည်း ပြန်ဆိုသူရဲ့စိတ်ရင်းအခံ၊ စေတနာတို့အပေါ်မှာ လိုက်ပြီး လေယူလေသိမ်းတွေ၊ အယူအဆတွေ ကွဲနေနိုင်တာ သဘာဝပေကပဲလို့ စဉ်းစားမိရင်းက ကျွန်တော် တွေးမိသမျှလေးကို ဖောက်သည်ချလိုက်ရပြန်ပါတယ်။

(၂၀ဝ၂ ခုနှစ်က အလင်းတန်းဂျာနယ်မှာ ဖြော်ပခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉) နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ထဲက စာတစ်ပုဒ် ဖြစ်ပါတယ်။ sexy ကို ဘူးလုံးနားမထွင်းနဲ့ “ရင်ကို ပူလောင်စေသော၊ ဘဝင် ဆူစေသော”စတဲ့ စာလုံးများနဲ့ ဘာသာပြန်ကာ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိရာက သည်စာကို ရေးဖြစ်ခဲ့တာ မှတ်မိသေးတော့တယ်။ နောက်မှ သိရတာက အဲဒီ့စာရေးသူခမျာ အခြေခံပညာ အထက်တန်းတောင် မအောင်ရှာပါဘူး။ သည်တော့လည်း သူ ဘူလုံးနားမထွင်းဖြစ်တာက မဆန်းလှဘူး။ သို့သော် သူက သြဇာအတန်အသင့်ရှိတဲ့ စာရေးသူတစ်ယောက်ဖြစ်နေတာမို့ အဲလို အလွဲအချော်တွေနဲ့ဆိုရင် လူငယ်တွေပါ လိုက်လွဲကုန်မှာစိုးလို့ ရေးဖြစ်သွားတာပါ။ အခုတော့ အဲဒီ့ ဆရာလည်း လူ့လောကမှာ မရှိရှာတော့ပါဘူးလေ။)

 

He who fights and runs away, lives to fight another day.

ညောင်ညိုပင် စခန်းများရဲ့ နိဂုံး

သဘောထား ကွဲလွဲတယ်၊ ပြဿနာတက်ကြတယ်၊ ငြင်းကြ၊ ခုံကြတယ်၊ ရန်ဖြစ်တယ်၊ ကတောက်ကဆဖြစ်ကြတယ်အစရှိတာများနဲ့ ပတ်သက်လို့ အခုတလောမှာ အတော်လေး စဉ်းစားမိနေပါတယ်။


သည်အခါမှာ ကျွန်တော်တို့တွေ တွေးမြင်ပုံ၊ ဆင်ခြင်ပုံတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်ကြည့်ချင်စရာလေးတွေ တွေ့လာရတယ်။

သဘောထားကွဲလွဲတယ်ဆိုတာ

ပထမတစ်ခုက ကွဲလွဲမှုဆိုတာကို စဉ်းစားရမှာပါ။ ကွဲလွဲတယ်ဆိုတာ မတူတာပေါ့။ လူရယ်လို့ ဖြစ်လာမှတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ တစ်ထပ်တည်း မတူနိုင်ပါဘူး။ တစ်မိတစ်ဘတည်းက ပေါက်ဖွားလာတဲ့ မွေးချင်းအချင်းချင်းပဲ ဖြစ်နေပါစေ၊ အမြွှာပူးပဲဖြစ်နေပါစေ၊ တစ်ယောက်နဲ့ တစ်ယောက် ရှုမြင်ပုံချင်း၊ အတွေးအခေါ် အယူအဆချင်း တစ်ထပ်တည်း ရှိနေဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

အဲဒီ့ကမှ တစ်ဆင့်တက်လို့ အသက်အရွယ်တွေ၊ မွေးဖွားကြီးပြင်းပုံတွေ၊ ပတ်ဝန်းကျင်တွေ၊ အထီး/အမတွေ ကွဲလာပြီဆိုတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကွဲလွဲစရာ၊ ကွာဟစရာ အကြောင်းတွေက ပိုလို့၊ ပိုလို့ များလာမှာပါ။

ဆိုတော့ကာ ကျွန်တော်တို့တွေ ပထမဆုံး နှလုံးသွင်းအပ်တာကတော့ လူမှန်ရင် သဘောထား ကွဲလွဲရမယ် ဆိုတာကိုပါပဲ။ အပြန်အလှန်အားဖြင့် သဘောထား ကွဲလွဲကြတယ်ဆိုတာ လူသားဆန်တဲ့ အလုပ်ပဲလို့ နှလုံးသွင်းနိုင်ဖို့ပါပဲ။

ကွဲလွဲမှုရဲ့ အစ

သည်လိုဖြင့် သဘောထား ကွဲလွဲတဲ့အပေါ်မှာ ဘယ်လို ဆက်စခန်းသွားမလဲဆိုတာက ဆက်စဉ်းစားရမယ့် အကြောင်းအရာ ဖြစ်လာပါတယ်။

သည်နေရာမှာ ကွဲလွဲမှု ပေါ်ပေါက်လာရခြင်း အကြောင်းရင်းကို စေ့ငု ကြည့်ဖို့ လိုပါလိမ့်မယ်။ ကွဲလွဲမှုဆိုတာက နဂိုကတည်းက ရှိနေမြဲ တရားကိုယ်။ ဒါပေမယ့် တစ်ဖက်ဖက်က ဖော်ထုတ် လှစ်ဟခြင်း မရှိခဲ့ရင် အဲဒီ့ ကွဲလွဲမှုဟာ လူသိရှင်ကြား ဖြစ်လာစရာ အကြောင်းမရှိဘူး၊ သူ့ဟာလေးနဲ့သူ မြုပ်နေမှာရယ်။

တစ်ဖက်ဖက်က ဖော်ထုတ် လှစ်ဟလိုက်ပြီဆိုတာနဲ့ ကျန်တစ်ဖက်ကလည်း သဘောတူခြင်း၊ မတူခြင်းကို ပြောစရာတွေ ပေါ်လာရပါတော့မယ်။ အဲဒီတော့မှ သဘောထားကွဲလွဲတယ်ဆိုတာဟာလည်း ငေါငေါကြီး ပေါ်လာရတော့တာပါ။

သည်အခါမှာ ထည့်စဉ်းစားဖို့ ကောင်းတဲ့အချက်က အကြောင်းအရာတစ်ရပ်ကို ဖြစ်စေ၊ ဝိဝါဒကွဲစရာ တစ်ခုခုကိုဖြစ်စေ  စတင်ဖော်ထုတ်လှစ်ဟ သူကို အဲသလို ဖော်ထုတ် လှစ်ဟဖြစ်ခဲ့စေဖို့ စေ့ဆော်တဲ့အကြောင်းတရားကိုပဲ ဖြစ်ပါတယ်။ ပြဿနာ ရှာချင်လို့ တမင့်ကို နှောက်တာ၊ မွှေတာလား၊ဒါမှမဟုတ် စေတနာနိုးမှု တစ်ခုခုကြောင့်လားဆိုတာကို ထည့်စဉ်းစားဖို့ လိုလာပါလိမ့်မယ်။

တမင်နှောက်တာ၊ မွှေတာမျိုး မဟုတ်ဘဲ စေတနာနိုးမှုတစ်ခုခုကြောင့် အကြောင်းအရာတစ်ရပ်၊ ဝိဝါဒကွဲစရာတစ်ခုကို တင်လာတာ ဖြစ်နေခဲ့ရင် အဲဒီ့ စေတနာကို အသိအမှတ်ပြုပေးဖို့တော့ ပြန်လှန် ပြောဆိုမယ့်သူတွေမှာ တာဝန်ရှိပါတယ်။ မိမိ သဘောတူနိုင်ခြင်း၊ မတူခြင်းက သတ်သတ်၊ စေတနာကို အသိအမှတ်ပြုခြင်းက သတ်သတ်ဆိုပြီး ကံ၊ ကတ္တား ကွဲဖို့ လိုပါလိမ့်မယ်။

အဲဒါဆိုရင် လွတ်လပ်စွာ သဘောကွဲလွဲခြင်းရဲ့ အနှစ်သာရဖြစ်တဲ့ “အပြုသဘော”ကို အလိုလို ရောက်လာတော့မှာပါ။ တစ်ဖက်က ဖော်ထုတ် လှစ်ဟလိုက်တာနဲ့ ပတ်သက်လို့ သဘောမတူရင် မတူတဲ့အကြောင်းကို အားပါးတရ၊ အာဘောင် အာရင်းသန်သန်နဲ့ ပြန်လှန် ငြင်းဆိုရာမှာလည်း အဲသလို တစ်ဖက်သားရဲ့စေတနာကို နားလည်မှု ပေးထားနိုင်ခဲ့ရင် ငြင်းရ၊ ခုံရတဲ့အဆင့် ရောက်လာတဲ့တိုင် သိပ် ရုပ်ပျက်ဆင်းပျက် မဖြစ်နိုင်တော့ပါဘူး။

ကွဲလွဲမှုရဲ့ အလယ်

အဲလို သဘောထားကွဲလွဲရာက အစပြုပြီး ငြင်းခုံတဲ့အဆင့်၊ ငြင်းခုံရာက ကတောက်ကဆ၊ ကတောက်ကဆကနေ ရန်ဖြစ်တဲ့အဆင့်တွေအထိ ရောက်ကုန်တာမျိုးကျတော့ နှစ်ဖက်စလုံးရဲ့ ညံ့ဖျင်းသေးသိမ်မှုကြောင့်သာ ဖြစ်နိုင်ပါတော့တယ်။

ကွဲလွဲတယ်ဆိုတာ လူပီသတဲ့ အလုပ်လို့ နားလည်ထားမယ်၊ ကွဲလွဲလာခဲ့ရတာမှာလည်း စေတနာနိုးမှုတစ်ခုခု ပါနေမယ်ဆိုရင် အဲဒီ့ကွဲလွဲမှုနဲ့ ပတ်သက်လို့ တစ်ဆင့်တက်ရပါတော့မယ်။ အဲဒါကတော့ ကွဲလွဲမှုကြောင့် ပေါ်ပေါက်လာရတဲ့ အငြင်းအခုံကတစ်ဆင့် ဘယ်လို အကျိုးအမြတ်ထွက်နိုင်သလဲဆိုတာကို တွေးတောကြည့်ဖို့ လိုလာတာပါပဲ။ အငြင်းအခုံကနေ ကတောက်ကဆ၊ ကတောက်ကဆကနေ ရန်ဖြစ်ကြရတဲ့ အဆင့်အထိ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတတ်တာကလည်း သဘာဝပဲဆိုတာကို နားလည်ထားရင် အဲသလို တစ်ဆင့်စီ ထပ်တက်မလာခင်မှာ ကွဲလွဲခြင်းကို ကွဲလွဲခြင်းအဆင့်မှာတင် ကျေကျေနပ်နပ်ကြီး ရပ်ထားလိုက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အငြင်းအခုံကနေ ရရှိလာတဲ့ ရန်ဖြစ်ခြင်းဟာ ကွဲလွဲ ကွာဟမှုကို အကွဲအပြဲဆီ ရောက်သည်အထိ ဦးတည်သွားတော့မှာမို့ပါပဲ။

ညောင်ညိုပင်စခန်းများရဲ့ ကဏ္ဍ

သည်အခါမှာ ညောင်ညိုပင်စခန်းမှန်သမျှ ဘယ်ညောင်ညိုပင်စခန်းမှ မကောင်းဘူးဆိုတာ  ဒုတိယအဆင့်အနေနဲ့ နှလုံးသွင်းတတ်ဖို့ လိုလာပါပြီ။ လင်မယားချင်း ကွဲကြတာလည်း မကောင်း၊ မိတ်ဆွေချင်း ကွဲကြတာလည်း မကောင်း၊ မိသားစုဝင်ချင်း ကွဲကြတာလည်း မကောင်း၊ လူဆိုတာ တစ်ဦး တစ်ယောက်တည်း နေလို့ မရတာမို့ ဘယ်သူနဲ့ ဘယ်သူ ကွဲတာမျိုးမှ မကောင်းဘူးဆိုတဲ့ အခြေခံစိတ်ထားမျိုး ထားဖို့ လိုအပ်လာပါတယ်။ အထူးသဖြင့် ကနေ့ကာလလို “ကမ္ဘာကြီးဆိုတာ ရွာလေးတစ်ရွာ”လို့သာ စဉ်းစားအပ်တော့တဲ့ ကာလမျိုးမှာ လူနဲ့ လူချင်း မရိုင်းပင်းလို့ မဖြစ်တော့ပါဘူး။ နင့်ကျောလည်း ငါကုတ်ပေး၊ ငါ့ကျောလည်း နင်ပြန်ကုတ်ပေးဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် မတည့် တည့်အောင် နေနိုင်မှ အလုပ်ဖြစ်တော့မှာပါ။

ဆိုတော့ကာ ညောင်ညိုပင်စခန်းဆီကို ဦးတည်စေမယ့် ဘယ်လို ကတောက်ကဆမျိုးကိုမဆို ဝေရာမဏိရမယ်ဆိုတဲ့ အခြေခံ အတွေးတစ်ရပ်ကို တွေးဖို့ မလွဲမသွေ လိုလာပါတယ်။

ကြားလူတစ်ယောက်ယောက်က “နင်တန်၊ နင်တန်”ဆိုပြီး ဝင်ဖျန်ဖြေရတဲ့အဆင့်ထိ ရောက်သွားရတယ်ဆိုတာလည်း တွေးကြည့်ရင် တော်တော် မနိပ်တဲ့ကိစ္စ။ ကြားလူ ဝင်ဖျဉ်ပေးရတယ်ဆိုတာ မယဉ်ကျေးတဲ့ အရိုင်းအစိုင်းတွေ၊ တစ်နည်းအားဖြင့် အဟိတ်တိရစ္ဆာန်တွေအတွက်သာ လိုအပ်တာပါ။ စိတ်ဓာတ်ရေးရာ တိုးတက်ဖွံ့ဖြိုးပြီး ယဉ်ကျေးတဲ့(တောမကျတဲ့) လူသားတွေအတွက် သူတစ်ပါး ကြားဝင်ဖျန်ဖြေစရာမလိုဘဲ ဘယ်အချိန်မှာ တော်ရမယ်၊ ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာ အလိုလို သိလာတန်ကောင်းတဲ့ ကိစ္စပါ။

ဘယ်သူ့ဘယ်သူမှ ဝင်ဖျန်ဖြေစရာမလိုဘဲ အငြင်းအခုံကနေ အကွဲအပြဲကို ဦးတည်တော့မယ်လို့ မြင်လာတာနဲ့ ငြင်းခုံနေတဲ့ ဘက်နှစ်ဘက်မှာ အဲသလို မြင်လာတဲ့ တစ်ဖက်ဖက်က ချက်ချင်း ရပ်ချလိုက်ရပါလိမ့်မယ်။ အဲသလို ရပ်ချလိုက်ခြင်းနဲ့အတူ ကွဲလွဲမှုကိုလည်း ဖြစ်မြဲသဘာဝတစ်ရပ် အဖြစ်သာ နှလုံးသွင်းထားလိုက်ရင် ကတောက်ကဆအဆင့်၊ ရန်ဖြစ်တဲ့ အဆင့်တွေအထိ တက်သွားစရာ အကြောင်းမရှိတော့ပါဘူး။

အရှုံး အနိုင်

အဲဒီ့နေရာမှာ စဉ်းစားရမှာက ငြင်းခုံခြင်း၊ ကတောက်ကဆနဲ့ ရန်စောင်ခြင်းတို့မှာ အနိုင်လိုချင်မှုဆိုတာ ပါ၊ မပါလည်း နှစ်ဖက်စလုံးက ကျနသေချာ ဆန်းစစ်ဖို့ လိုပါတယ်။ ဘယ်လို အငြင်းအခုံ၊ ဘယ်ပုံ ပဋိပက္ခ၊ ဘယ်နှယ် ကတောက်ကဆမှာမဆို “အနိုင်ရလိုမှုဆိုတဲ့ဇော”က နှစ်ဖက်စလုံးမှာ ပူးကပ်နေတတ်စမြဲပါပဲ။ ဒါလည်း ပြောမယ်ဆိုရင်တော့ “လူဆန်တဲ့”အလုပ်ပါ။

ဒါပေမယ့် ကျွန်တော်တို့အားလုံး မေ့လျော့နေမိတဲ့ အချက်တစ်ချက်က တစ်ဖက်သားကို အနိုင်ယူလိုက်တဲ့အတွက် ဘာအကြောင်းထူးသွားသလဲ ဆိုတာကိုပါပဲ။ “အနိုင်အရှုံးသည် သာမည၊ ယှဉ်ပြိုင်ခြင်းသာ အဓိက”လို့ တွေးရအောင်ကလည်း ငြင်းခုံတယ်ဆိုတာ အားကစားလုပ်နေတာမှ မဟုတ်တာပဲ။

ပိုဆိုးတာက သဘောထားကွဲလွဲမှုတစ်ရပ်အတွက် ငြင်းခုံရာမှာ ဘက် နှစ်ဖက် ရှိနေတဲ့အတွက် အမှန်တရားဆိုတာကလည်း တစ်ခုမက ရှိနေနိုင်ပြန်တာပါ။ သူလည်း မှန်တယ်၊ ကိုယ်လည်း မမှားဘူး၊ ကိုယ်လည်း မှန်တယ်၊ သူလည်း မမှားဘူးဆိုတဲ့ ကွဲလွဲမှုရဲ့အနားသတ်တွေဟာ ကျွန်တော်တို့ရဲ့ လူမှုဘဝထဲမှာ ကြုံရမြဲ၊ ကြားရမြဲ တရားကိုယ်တွေပါပဲ။

သည်အခါမှာ အရှုံး၊ အနိုင်ကို ဘာနဲ့ မှတ်ကျောက် တင်မလဲဆိုတဲ့ ပြဿနာက နောက်က ကပ်လိုက်လာပါတော့တယ်။ ထို့အတူ အနိုင်ရလိုက်တဲ့အတွက် မိမိစိတ်မှာ ခဏပန်း ကျေနပ်သွားတာ တစ်ခုက လွဲလို့ ငြင်းခုံခြင်းမှာ အနိုင်ရလိုက်တာက ဘာအကျိုးထူးကိုမှ မပေးပါဘူး။ အဆင်မသင့်ရင် အနိုင်တော့ ရလိုက်ပါရဲ့၊ ကွဲတာ ပြဲတာက အဖတ်တင်ပြီး ကျန်ရစ်ဦးမှာပါ။

ဆိုတော့ အငြင်းအခုံတစ်ရပ်မှာ အရှုံး၊ အနိုင်ဟာ ပဓာန မဟုတ်ပါဘူး။ အမြတ်ထုတ်တတ်မယ်ဆိုရင်တော့ ငြင်းခုံရာက တစ်ဖက်သားရဲ့အမြင်တွေ၊ အသိတွေကို နှိုက်ယူလိုက်နိုင်ပါတယ်။ ထို့အတူ ကိုယ့်အတွေး၊ ကိုယ့်အမြင်ကိုလည်း တစ်ဖက်သား သိသွားအောင် လုပ်ပေးလိုက်နိုင်တာပါပဲ။

အရှုံးအနိုင်ဆိုတဲ့ ပန်းတိုင် လုံးဝမထားဘဲ ပျော်ရွှင် ကျေနပ်စွာ ငြင်းခုံတတ်မယ်ဆိုရင်တော့ အဲဒီ့အတိုင်း အမြတ်တွေ အများကြီး ထွက်လာမှာပါ။

အရှုံးအနိုင်ကိုသာ အဓိက ထားလိုက်မိမယ်ဆိုရင်တော့ ငြင်းခုံနေတဲ့ အကြောင်းအရာပေါ်က သွေဖီသွားပြီး “မနိုင်၊ နိုင်ရာကိုင်”တဲ့ တိုက်ကွက်တွေနဲ့ အငြင်းအခုံကတဆင့် ပဋိပက္ခလမ်းကြောင်းပေါ်ကို မသိမသာကနေ သိသိသာသာ ပြောင်းသွားနိုင်ပါတယ်။

ဒါဟာ အငြင်းအခုံတိုင်းရဲ့ ဇာတ်ရှိန်တက်မှု သဘောတရားပါပဲ။ အဲသလို ဇာတ်ရှိန်တက်တာဟာ ကောင်းသော ဇာတ်ရှိန်တက်ခြင်းမျိုးတော့ မဟုတ်ဘူး။ ဇာတ်ပျက်ဖို့အတွက် တက်သွားတဲ့ အရှိန်မျိုးသာ ဖြစ်ပါတယ်။

ပျက်လည်း ဘာဖြစ်သေးလဲကွာ၊ နိုင်ရပြီးတာပဲဆိုတဲ့ ရမ်းကားတဲ့ စိတ်မျိုးဟာ ယဉ်ကျေးတဲ့ (တောမကျတဲ့) လူသားတွေ ထားအပ်တဲ့စိတ်ထားမျိုး မဟုတ်ပါဘူး။ [သည်နေရာမှာ “ယဉ်ကျေးတဲ့ (တောမကျတဲ့)”ဆိုတဲ့ စကားလုံးကို ဒုတိယအကြိမ် သုံးမိသွားပြန်ပါပြီ။ သိုးဆောင်းဘာသာစကားနဲ့ civilisation ဆိုတဲ့ လူ့ယဉ်ကျေးမှုကို ပြောလိုရင်းပါ။]

ဆိုတော့ လွတ်လပ်စွာ သဘောထား ကွဲလွဲခြင်း၊ တစ်နည်းအားဖြင့် ပျော်ပျော်ရွှင်ရွှင် ငြင်းကြ၊ ခုံကြခြင်းဟာ ကွဲလွဲနေတဲ့ သဘောထား၊ ငြင်းခုံနေတဲ့ အကြောင်းအရာအပေါ်မှာသာ ခိုင်မာမြဲမြံစွာ ရပ်တည်ပြီး ပြောဆို ငြင်းခုံနိုင်ပါမှ အထမြောက်မှာပါ။ အနိုင်လိုချင်မှုကို ကွဲလွဲမှုနဲ့ ရောကြိတ်လိုက်မယ်ဆိုရင်တော့ လွတ်လပ်စွာ သဘောထားကွဲလွဲခြင်းရဲ့အနှစ်သာရ ဖြစ်တဲ့ ပျော်ပျော်ရွှင်ရွှင် ငြင်းခုံခြင်းဆီကို မရောက်နိုင်တော့ဘဲ အကွဲအပြဲဆီကိုသာ ဦးတည်သွားတော့မှာကို ကျွန်တော်တို့တွေ ဆင်ခြင်ကြဖို့ ကောင်းလာပါတယ်။

ကွဲလွဲမှုရဲ့ အနားသတ်

အကွဲအပြဲဆီကို ဦးမတည်ချင်ဘူးဆိုရင် ကျွန်တော်တို့ လိုချင်တာက “ပြေလည်မှု”ဆိုတာ အလိုလို သေချာ သွားပါလိမ့်မယ်။ လူယဉ်ကျေးများ၊ တောမကျတဲ့လူများဟာ အကွဲအပြဲကို မလိုလားအပ်ဘူး၊ ပြေလည်မှုကိုသာ ဝါယမ စိုက်အပ်တယ်ဆိုတဲ့ အခြေခံအတွေးမျိုး ရှိမယ်ဆိုရင် ငြင်းခုံနေတဲ့ ဘက် နှစ်ဖက်မှာ အဲသလို အတွေးမျိုး ရှိတဲ့ဘက်က ပြေလည်မှုလမ်းစကို ဇွဲနဘဲနဲ့ ရှာဖွေရပါတော့မယ်။

ပြေလည်မှုကို ရှာချင်ရင် ပထမဆုံး လုပ်ရမယ့်အလုပ်က ငြင်းခုံနေတာကို ရုတ်ချည်း ရပ်ချလိုက်ရပါမယ်။ ဒါ ပထမ အဆင့်ပါ။

ပြီးရင် ကွဲလွဲမှုကို ကွဲလွဲမှုအတိုင်း ထားလိုက်ရပါလိမ့်မယ်။ တစ်နည်းအားဖြင့် “ကွဲလွဲတယ်ဆိုတာ သဘာဝပါပဲလေ”ဆိုတဲ့ မူလက နှလုံးသွင်းမှုကို ပိုမို ခိုင်မာလာအောင် အားထုတ်ရပါလိမ့်မယ်။

တတိယနဲ့ နောက်ဆုံးအဆင့်ကတော့ ကွဲလွဲနေတဲ့ကြားထဲက တူညီနေတာတွေကို ရှာဖွေဆွဲထုတ်၊ ကောက်နုတ်ရမှာပါ။ ကိုယ်အနိုင်ရချင်သလို၊ သူလည်း အရှုံးပေးချင်မှာ မဟုတ်ဘူးဆိုတာလည်း တူညီမှုပါပဲ။ ဘယ်လိုပဲ ကွဲလွဲနေပစေ ကိုယ်လည်း လူဆက်လုပ်ဦးမှာ ဖြစ်သလို၊ သူလည်း လူဆက်လုပ်နေဦးမှာပဲ ဆိုတာလည်း တူညီတာပါပဲ။ သည်ကမှ သူနဲ့ ကိုယ်နဲ့ရဲ့ ဆက်ဆံရေးကိုပါ ထည့်စဉ်းစားရင် အကျိုးတူ ကိစ္စတွေအတွက် တူညီနေတာတွေ အများကြီး ထွက်လာနိုင်ပါသေးတယ်။

ဆိုကြပါစို့၊ အိမ်ထောင်ရေးတစ်ခုက လင်နဲ့မယားနဲ့ သဘောထား ကွဲလွဲကြတဲ့အခါမျိုးမှာ တူညီမှုကို စဉ်းစားရင် လင်လုပ်သူရော၊ မယားလုပ်သူပါ သည်အိမ်ထောင်ရဲ့ အခြေအနေကို မကောင်း ကောင်းအောင် အားထုတ်ချင်တဲ့ ဆန္ဒစေတနာမျိုးကို အရင်ဆုံး ထည့်တွေးရမှာပါ။

ညီအစ်ကို မောင်နှမချင်း သဘောထားကွဲလွဲကြရာမှာလည်း အဲသလိုမျိုးပဲ၊ ကောင်းစေ့ချင်တဲ့ စေတနာ တစ်စုံတစ်ရာကတော့ မတွက်ချင်လည်း ထည့်တွက်ရမယ့် တူညီမှုတစ်ခု ဖြစ်လာမှာပါပဲ။

သူငယ်ချင်း မိတ်ဆွေအချင်းချင်းမှာလည်း ထို့အတူပါပဲ၊ ရည်ရွယ်ချက်ချင်း တူနေပေမယ့် ချဉ်းကပ်ပုံချင်း မတူတဲ့အတွက် အချင်းချင်း သဘော ကွဲလွဲနေရတာမျိုးတွေ ရှိလာရတာပါ။ ဆိုတော့ မတူတာတွေကို မစဉ်းစားတော့ဘဲ တူတာတွေကို တွေးမြင် ပုံဖော်ယူမယ်ဆိုရင် ကွဲလွဲမှုအပေါ်မှာ အခြေခံထားတဲ့ ပဋိပက္ခတစ်ခုဟာ ပြေလည်မှု လမ်းစပေါ်ကို ခပ်ရေးရေးလေး ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။

ပြေလည်မှုကို ရှာတဲ့သူ

အနိုင်အရှုံးကို ထည့်တွက်တွက်၊ မတွက်တွက်၊ ပြေလည်မှုကို စတင် ရှာဖွေသူ၊ ဒါမှမဟုတ် ကမ်းလှမ်းသူဟာ စိတ်ထားမြင့်မြတ်သူ၊ သဘောထားကြီးသူအဖြစ် ကွဲလွဲမှု ပဋိပက္ခရဲ့ သားကောင်ဘဝကနေ အောင်မြင်စွာ ရုန်းထွက်နိုင်သူသာ ဖြစ်ပါလိမ့်မယ်။

တစ်နည်းအားဖြင့် ပြေလည်မှုကို ရှာဖွေ ကမ်းလှမ်းတဲ့အတွက် အရှုံးသမားလို့ အမနာပ ပြောလို့ မရနိုင်ပါဘူး။

ဒါဖြင့် ဘယ်လိုလူမျိုးက စတင်ပြီး ပြေလည်မှုကို ရှာဖွေ ကမ်းလှမ်းသင့်သလဲဆိုတဲ့ မေးခွန်းက ပေါ်လာပါတယ်။ သာမန်အားဖြင့်တော့ ပဋိပက္ခ ကို စိတ်ရော ကိုယ်ပါ မလိုလားသူက စတင် ကမ်းလှမ်းရမှာပါ။ သည် နေရာမှာ “စိတ်ရော ကိုယ်ပါ မလိုလားသူ”ဆိုတဲ့ စကားက နည်းနည်း အရေးကြီးပါတယ်။

ပဋိပက္ခကို မလိုလားဘူးဆိုတာ နှုတ်နဲ့ အလွယ် ပြောလို့ ကောင်းတဲ့ စကားပါ။ “ငါ ရန်မဖြစ်ချင်ဘူးနော်”လို့ ကြွေးကြော်လိုက်တာဟာ ရန်ဖြစ်ချင်လာပြီဆိုတဲ့ နိမိတ်မျိုးနဲ့ အလွယ်တကူ ပြောဖြစ်သွားတတ်တဲ့ စကားမျိုးပါ။

နှုတ်နဲ့ အော်ဟစ်ပြီး ကြွေးကြော်တာမျိုးထက် တကယ့်ကို ရင်ထဲ အသည်းထဲက လှဲလှဲလှိုက်လှိုက်ရှိတဲ့ “ပဋိပက္ခ စိတ်ကုန်မှု”မျိုး ရှိတဲ့သူမျိုးကသာ ပြေလည်မှုကို တောင့်တ တပ်မက်တတ်စမြဲပါ။ အဲသလို မလိုလားတော့သူ ကိုယ်တိုင်က အဲဒီ့ ကွဲလွဲမှု ပဋိပက္ခကို စတင်မိခဲ့သည်ပင် ဖြစ်လင့်ကစား ပဋိပက္ခကို တကယ် မလိုလားတော့ဘူးဆိုတာနဲ့ ပြေလည်မှုအတွက် စတင် ကြံဆ ကမ်းလှမ်းနိုင်ပါတယ်။

နောက်တစ်ခုက ကွဲလွဲမှုတစ်ရပ်၊ ပဋိပက္ခတစ်ခုမှာ ဘယ်သူက တောင့်ခံနေသလဲဆိုတာကို စဉ်းစားရပါလိမ့်မယ်။ တစ်နည်းအားဖြင့် ဘယ်သူက မာကျောနေသလဲ၊ မလျှော့နိုင်လောက်အောင် တင်းနေသလဲဆိုတာကို ထည့်စဉ်းစားရပါမယ်။ လင်မယားကြားမှာဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေကြားမှာဖြစ်ဖြစ်၊ မိသားစုဝင် အချင်းချင်းကြားမှာဖြစ်ဖြစ်၊ တခြားဆက်ဆံရေးတစ်ခုခုမှာဖြစ်ဖြစ် ပဋိပက္ခတစ်ခုဖြစ်ကြတဲ့ ဘက်နှစ်ဘက်မှာ တစ်ဖက်ဖက်ကတော့ “ပြောအားတွေရှိ၊” “မာရည်ကျောရည်နိုင်”နေမှာ အသေအချာပါ။

အဲလို ပြောအားရှိပြီး မာရည်ကျောရည်နိုင်တဲ့ ဘက်တစ်ဖက်ကတော့ ဘယ်လိုနည်းနဲ့မှ ပြေလည်မှုကို စတင် ဖွေရှာမှာ မဟုတ်ပါဘူး။ မပြေလည်မှုကြောင့် ရရှိနိုင်တဲ့ အကျိုးဆက်က သူ့ကို ထိခိုက်စေနိုင်နေတဲ့တိုင် မာန်မာနဆိုတဲ့ မောဟ ဖုံးနေတဲ့အတွက်ကြောင့် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ထားမျိုးတွေနဲ့ မာမြဲ မာ၊ တင်းမြဲ တင်းခံနေမှာပါ။

သည်အချိန်မှာ ပဋိပက္ခကို ငြီးစော်နံခြင်းမက နံမှန်းသိလာသူ၊ တစ်နည်းအားဖြင့် စိတ်ဓာတ်မူမှန်သူဘက်ကသာ ပြေလည်မှုကို စတင်ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

အလျှော့ပေးတာ

အဲသလို ပြေလည်မှုကို လိုချင်သူက ပဋိပက္ခကို ရပ်ဆိုင်းမယ်၊ ကွဲလွဲမှုကို ကွဲလွဲမှုအတိုင်း အသာလေး ထားလိုက်ပြီး ညှိယူမယ်ဆိုရင် ပထမဆုံး လုပ်ရမယ့်အလုပ်က အလျှော့ပေးတဲ့ အလုပ်ပါ။

တချို့က အလျှော့ပေးတာကို အရှုံးပေးတာနဲ့ရောထွေးနေတတ်ပါတယ်။ လက်တွေ့မှာ အလျှော့ပေးတာဟာ အရှုံးပေးတာ လုံးဝမဟုတ်မှန်း အလျှော့ ပေးတတ်သူတိုင်း သိပါတယ်။ အမှန်က တစ်ခါတလေများမှာ အလျှော့ပေးခြင်းဟာ ထိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။

သည်နေရာမှာ ပြေလည်မှုလိုချင်သူများ မမေ့အပ်တဲ့ ကြားနေကျစကား တစ်ခွန်းလည်း ရှိပါသေးတယ်။ “လူ့အောက်ကျို့လို့ လူပိပြီး မသေနိုင်ပါဘူး”ဆိုတဲ့စကားပါ။ မိမိက ပြေလည်မှုကို လိုချင်ရိုးမှန်ရင် အလျှော့ပေးရုံမကဘဲ အောက်ကျို့တန်ကျို့ရဦးမှာကို မြင်ထားဖို့လိုပါတယ်။ တစ်နည်းအားဖြင့် ပုဂ္ဂလိက မာန်မာနတွေကို ချရမှာပါ။

သည်နေရာမှာလည်း အထက်မှာ ရေလဲ သုံးဖြစ်ခဲ့တဲ့ “ယဉ်ကျေးမှု (တောမကျမှု)”က တော်တော် စကားပြောပါတယ်။ မာန်မာနထားတယ်ဆိုတာ အင်မတန် တောကျတဲ့ စိတ်ဓာတ် (very uncivilised attitude) မျိုးပါ။ တောမကျတဲ့ လူ့ဘောင်ဘဝ (civilised society) မှာ မာန်မာနက ပြုတ်စား၊ ကြော်စားလို့ မရတာမို့ မေ့ထားရမှာသာ ဖြစ်ပါတယ်။

အဲဒါကို မေ့လိုက်နိုင်ပြီဆိုရင် အလျှော့ပေးတာတို့၊ အောက်ကျို့တာတို့ အတွက် ဘာမှကို ရေးကြီးခွင့်ကျယ် ဖြစ်မနေတော့ဘဲ ပဋိပက္ခကို ရုတ်ချည်း ရပ်ချလိုက်ပြီး ပြေလည်မှု လမ်းပေါ်ကို စွေ့ခနဲ ခုန်တက်သွားနိုင်တော့မှာပါ။

နိဂုံး

ကျွန်တော် စဉ်းစားနေမိတဲ့ အတွေးစတွေကို စာလုံးတွေအဖြစ် ချရေးလိုက်တာပါ။

ပဋိပက္ခတွေ၊ ကတောက်ကဆတွေ၊ ပြဿနာတွေကို ငြီးငွေ့လာတာက စတယ်လို့ ဆိုရပါလိမ့်မယ်။

အဟုတ်ပါ။ တော်တော့်ကို ငြီးငွေ့လှပါပြီ။ ကမ္ဘာကြီးကလည်း ပြဿနာ လမ်းမပေါ်ကနေ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ လမ်းကြောင်းပေါ်ကို သိမ်သိမ်မွေ့မွေ့နဲ့ ကူးပြောင်းလို့ နေပါတယ်။ ကျွန်တော်တို့တွေကလည်း “ညီညွတ်ရေး”တို့၊ “ပူးပေါင်းဆောင်ရွက်ရေး”တို့ကို အသံကောင်း ဟစ်ရာမှာ သုံးစွဲတဲ့ စကားလုံးများလောက်သာ ယုံမှတ် အောက်မေ့ပြီး ပါးစပ်နဲ့ပဲ ရွတ်ဖြစ်နေကြတာက များနေပါသေးတယ်။

လက်တွေ့မှာတော့ အိမ်ထဲမှာလည်းကိုယ့် မိသားစုဝင်အချင်းချင်းက စောင်ချင် စောင်နေ၊ လမ်းပေါ်ကျတော့လည်း ဟိုဘက်အိမ်ကလူကို အမနာပ ပြောရင်ပြောဖြစ်နေ၊ မိမိ ကျင်လည် ကျက်စားဖြစ်နေရာ နယ်ပယ်မှာလည်း အချင်းချင်း မသင့်မတင့်ဖြစ်နေတာတွေနဲ့ အချိန်တွေ ကုန်ကုန်နေကြတာကို မြင်နေရတဲ့အခါ ကျွန်တော့်စိတ်ထဲမှာ လွတ်လပ်စွာ သဘောထားကွဲလွဲခြင်း ဆိုတာကို သရုပ်ခွဲကြည့်မိသလို ပြေလည်မှုဆိုတာကိုလည်း စဉ်းစားကြည့်မိရပါတယ်။

တကယ်တော့ ပဋိပက္ခဖြစ်တယ်၊ ရန်ဖြစ်တယ်ဆိုတာဟာ ဖြစ်သူ နှစ်ဖက်စလုံးအတွက် ဘယ်သူ့ဘယ်သူမှ အကျိုးမရှိပါဘူး။ အချိန်ကုန်တာ၊ လူပန်းတာသက်သက်ပဲ ကျန်တတ်ပါတယ်။

သည်ကမှ တစ်ဆင့်တက်ပြီး ပဋိပက္ခကို အကွဲအပြဲအထိ သယ်ဆောင်သွားမိခဲ့ပြီဆိုရင်တော့ နှစ်ဘက်စလုံး ရှုံးသွားပါတော့တယ်။ တစ်ယောက်တည်း ဝါယမ စိုက်တာထက် နှစ်ယောက်ပေါင်း အားထုတ်တာက ပိုပြီး ထိရောက်တယ်ဆိုတာ ကလေးကအစ နားလည်နိုင်တဲ့ကိစ္စပါ။ ဘက်ပဲ့သွားတဲ့အခါ အဲသလို ထိထိရောက်ရောက် စွမ်းဆောင်နိုင်တဲ့ အားက အလိုလို လျော့သွားမှာမို့ ဘက်ပဲ့တဲ့ အခြေအနေမျိုးအထိ ရောက်မသွားရလေအောင် အကွဲအပြဲဆိုတာကို ရှောင်ရမှာပါ။ ညောင်ညိုပင် စခန်းဆိုရင် စက်ဆုပ်မုန်း တီးရကောင်းမှန်း သိတဲ့စိတ်နဲ့ အဝေးကြီးက ရှောင်ရမှာ ဖြစ်ပါတယ်။

ဆိုတော့ အကွဲအပြဲဆီအထိ ရောက်မလာအောင် ကွဲလွဲမှုက ငြင်းခုံမှု၊ ငြင်းခုံမှုကနေ ပဋိပက္ခအဆင့်လောက်မှာသာ ရပ်သင့်တယ်လို့ တွေးနေမိပါတယ်။ အမှန်ကတော့ ငြင်းခုံတဲ့ အဆင့်မှာ ရပ်နိုင်ရင် အကောင်းဆုံးပါပဲ။

အထက်မှာဆိုခဲ့သလို ပျော်ပျော်ရွှင်ရွှင်၊ ကြည်ကြည်သာသာ ငြင်းခုံခြင်းကတော့ အကျိုးရှိနိုင်သေးတာမို့ ငြင်းခုံတာမှာ အနိုင်ရလိုမှုကို ထည့်မစဉ်းစားဘဲ ငြင်းခုံနိုင်ဖို့ လိုပါတယ်။ ငြင်းခုံခြင်းကနေ ရှုထောင့်သစ်တွေ၊ အတွေးအမြင်သစ်တွေကို အမြတ်အဖြစ် ထုတ်ယူတတ်မယ်ဆိုရင် ငြင်းခုံခြင်းကနေ ပဋိပက္ခအဆင့်အထိ တက်သွားစရာ အကြောင်းမရှိတော့ဘူးလို့ တွေးမိနေရပါတယ်။

တကယ်တော့ အယူအဆတွေ၊ အတွေးအမြင်တွေ၊ သဘောထားတွေ၊ လူမျိုးတွေ၊ ဘာသာအယူဝါဒတွေ၊ အသားအရောင်တွေ ဘယ်လိုကွဲနေကွဲနေ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေတဲ့၊ ပါးစပ်က အစာစား၊ စကားပြောပြီး နှာခေါင်းနဲ့ အသက်ရှူကြတဲ့လူသားတွေချည်းပါပဲဆိုတဲ့ အခြေခံတူညီမှုလေးတွေလောက်ကို ခေါင်းထဲ ထည့်နိုင်ကြမယ်ဆိုရင် ညောင်ညိုပင်စခန်းတွေ အလိုလို ပျောက်ကုန်နိုင်တယ်လို့ ယုံကြည်နေမိပါတယ်။


ညောင်ညိုပင်စခန်းတွေက တချို့သော ဒေသတွေမှာ ကွယ်ပျောက်ကုန်ပါပြီ။ လောကကြီးတစ်ခုလုံးမှာ ညောင်ညိုပင်စခန်းတွေ လုံးလုံး ကွယ်ပျောက်သွားတဲ့ တစ်နေ့မှာ ကျွန်တော်တို့ အားလုံးလည်း အိပ်ကောင်းခြင်း အိပ်ရ၊ စားကောင်းခြင်း စားရ၊ နေကောင်းခြင်း နေရတဲ့ ဘဝမျိုးကို ရောက်သွားနိုင်မှာ သေချာနေတာမို့ ညောင်ညိုပင်စခန်းဟူသမျှ ဘယ်စခန်းမျိုးကိုမှ မလိုလားအပ်ဘူးဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

(၁၉၉၇ ဒီဇင်ဘာလထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၄၀၀၉၅၉၀၅၀၉ နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “တွေးတောဆင်ခြင်မှု အနုပညာ”စာအုပ်ထဲက စာတစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်တာပါ။)

MPH: Another Mahbubani’s Thoughts

အာရှ အရေးနိမ့်ခဲ့ရတဲ့ ထောင်စုနှစ်

အာရှအပတ်စဉ်၊ ၂၀ဝ၀ ပြည့်နှစ် ဇန်နဝါရီလ

ပြီးခဲ့တဲ့ ထောင်စုနှစ်ဟာ ဥရောပသားတို့ရဲ့ ပွဲပါ။ အဲဒီ့ထောင်စုနှစ်ဟာ ဥရောပသားတို့ရဲ့ ပြက္ခဒိန်တွေထဲမှာ အထင်ကရ အလှည့်အပြောင်းတစ်ရပ်ကို မှတ်သားလိုက်တဲ့ ကာလပဲဖြစ်ပါတယ်။ အာရှသားတို့ရဲ့ ပွဲ မဟုတ်ပါဘူး။

ပထမ ထောင်စုနှစ်ရဲ့အဆုံးဖြစ်တဲ့ ၉၉၉ ခုနှစ်တုန်းကဆိုရင်တော့ ဥရောပ လူ့ဘောင်တွေဟာ အမှောင်ခေတ်ထဲမှာ ကမ်းမမြင် လမ်းမမြင်နဲ့  နုံးခွေနေခဲ့ပါတယ်။ အနာဂတ်အတွက်လည်း ဘာဆို ဘာမှ မရေမရာ အနေအထားပါ။ ဒါပေမယ့် ဒုတိယ ထောင်စုနှစ်မှာတော့ အဲဒီ့ လူ့ဘောင်တွေဟာ တစ်ဟုန်ထိုး တိုးတက်လာလိုက်တာများ၊ သိပ္ပံနဲ့ နည်းပညာပိုင်းမှာတင်မက စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးမှာပါ အမြင့်ဆုံးအထိ ရောက်သွားအောင် လူ့ယဉ်ကျေးမှုကြီး တစ်ရပ်လုံးကို ပို့ဆောင်နိုင်ခဲ့ပါတော့တယ်။ တကယ်လို့များ ဥရောပသာ အဲသလို မတိုးတက် မထွန်းကားခဲ့ဘူးဆိုရင် အာရှတိုက် အပါအဝင် လူသားမျိုးနွယ်စု တစ်ရပ်လုံးလိုလိုဟာ ကံကျွေးချ မြေရှင် ပဒေသရာဇ်စနစ်ခေတ်ရဲ့ နွံထဲမှာပဲ အိုးဒယ်နစ် နစ်နေလောက်ပါတယ်။

ဒါကြောင့် မကြာသေးခင်က ပြီးဆုံးသွားခဲ့တဲ့ ထောင်စုနှစ်ကို ဥရောပရဲ့ထောင်စုနှစ်လို့ပဲ ခေါ်ထိုက်ပါတယ်။ သည်သမိုင်းဝင် အချိန်၊ ထောင်စုနှစ် ကာလကို တပျော်တပါးကြီး ဝှဲချီးဆင်ဖို့အတွက်ဟာလည်း ဥရောပသားတွေနဲ့မှ အလွန် အင်မတန် ထိုက်တန်လှပါပေတယ်။


အာရှသားတွေအတွက်ကတော့ သည်အချိန်ဟာ ပြန်ပြောင်း စဉ်းစားရမယ့် အချိန်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်တုန်းကဆိုရင် အာရှ လူ့ဘောင်အတွက် အရာရာဟာ အကောင်းဘက်ကိုပဲ ဦးတည်နေခဲ့တယ်။ အနာဂတ်ဘဝအတွက်ကလည်း အပိုင်တွက်နိုင်နေသလိုပဲ။ တရုတ်ပြည်ကြီးဟာဆိုရင်လည်း “ဆွန်”မင်းဆက်ရဲ့ အသရေနဲ့ တင့်တယ်လို့။ ကမ္ဘာ့ အကြီးဆုံးနဲ့ အလုပ်အများဆုံး (အစည်ပင်ဆုံး) မြို့တစ်မြို့ဟာလည်း အင်ကာဝပ် ဆိုတဲ့ အရှေ့တောင် အာရှမှာ ပေါ် ထွန်းနေခဲ့တယ်။ အဲသလို ရေခံမြေခံကောင်းတွေကြားမှာ ရောက်နေပါလျက်ကနဲ့ အာရှ လူ့ဘောင်တွေဟာ ခြေချော်လက်ချော် ဖြစ်ကုန်တယ်။  သည်လိုနဲ့ ဒုတိယ ထောင်စုနှစ် တစ်ခုလုံးမှာ အာရှလူ့ဘောင်တွေဟာ အရေးနိမ့်ခဲ့ကြရပါတော့တယ်။

ခုချိန်ထိ တွက်ရင်တောင်မှ အာရှ လူ့ဘောင် အများအပြားအနက်က ဂျပန်နိုင်ငံ တစ်နိုင်ငံတည်းကသာ ဥရောပကို ထက်ချပ်မကွာ လိုက်နိုင်နေတာပါ။
ကျွန်တော့်စာတွေရဲ့ အဓိက ရည်ရွယ်ချက်တစ်ရပ်က အာရှသားတွေကို နှိုးဆော်ဖို့ပါပဲ။ သည်အချိန်ဟာ ကျွန်တော်တို့တွေရဲ့ အရည်အသွေး အစစ်အမှန်များကို ဖွံ့ဖြိုး တိုးတက်လာအောင်လုပ်ရင်းနဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့တွေရဲ့ ရည်မှန်းချက်တွေ၊ သဘောဆန္ဒတွေကိုလည်း ခါတိုင်းထက် ပိုပြီး လေးလေးနက်နက်နဲ့ ထင်ထင်ရှားရှား  ပြသကြရမယ့် အချိန်ကို ရောက်လို့နေပြီဆိုတာကို နှိုးဆော်ချင်တာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့သာ ညီတူညာတူနဲ့ ဆောင်ရွက်နိုင်ကြမယ်ဆိုရင် အာရှ လူ့ဘောင်တွေဟာ တခြားလူ့ဘောင်တွေထက် ကောင်းကောင်းကြီးကို သာသွားနိုင်ဦးမှာလည်းပဲ ဖြစ်ပါတယ်။

သို့သော်လည်း နှစ်ပေါင်း တစ်ထောင်ကြာ မိန်းမောနေခဲ့ရာက လမ်း ထလျှောက်ဖို့ဆိုတာ အလွယ်လေးနဲ့တော့ ဖြစ်မလာနိုင်ပါဘူး။ ကျွန်တော်တို့ အာရှသားတွေအနေနဲ့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ မထောက်မညှာ မေးခွန်းထုတ်ကြရမှာလည်းပဲဖြစ်ပါတယ်။ အခုကျွန်တော် ရေးသားလိုက်တဲ့ အက်ဆေးရဲ့ အဓိက ရည်ရွယ်ချက်တစ်ရပ်က အခုလို ထောင်စုသစ်ကို ပြောင်းနေတဲ့ ကာလမှာ အာရှသားတွေအနေနဲ့ မိမိတို့ကိုယ်မိမိ ပြန်မေးသင့်တဲ့ မေးခွန်းများကို စူးစမ်းဖော်ထုတ်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အာရှသားတွေဟာ ပြီးခဲ့တဲ့ ထောင်စုနှစ်မှာ ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး အရေးနိမ့်ခဲ့ကြရတာတုံး?

အခုလာမယ့် ထောင်စုနှစ်မှာရော ကျွန်တော်တို့တွေ အလားတူ ဆက်လက် အရေးနိမ့်နေကြရဦးမှာပဲလား?

အခုလာမယ့် ထောင်စုနှစ်သစ်မှာ ကျွန်တော်တို့တွေ အောင်မြင်မှု ရဖို့အတွက် ဘယ်လို စိန်ခေါ်မှုမျိုးတွေကို ရင်ဆိုင် ကျော်လွှားကြရမှာတုံး?

ထောင်စုနှစ်သစ်အတွက် အထူးထုတ် အာရှ အပတ်စဉ် စာစောင်အတွက် ရေးလိုက်တဲ့ သည်အက်ဆေးဟာ အာရှလူ့ဘောင်တွေ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်မှုတွေအနက်က အဖျဉ်းဆုံး သုံးခုကို  ရှာဖွေ ဖော်ထုတ်နိုင်ဖို့ အားထုတ်ထားခြင်းပဲဖြစ်ပါတယ်။

“အခုလို သမိုင်း တွင်ရစ်မယ့် ကာလ၊ တစ်ဖန် ပြန်လည်နိုးထလာတဲ့ ဘဝအသစ်နဲ့ အာရှဟာ ကြီးမားထွားကြိုင်းလာနေခိုက်မှာ ဥရောပရဲ့ အသာစီးရမှု ဟာ မြန်မြန်ဆန်ဆန်ကြီးကို အဆုံးသတ်နေတဲ့ကာလ၊ ပြီးတော့လည်း နှစ်ဆယ်ရာစုရဲ့ ဇာတ်လမ်းကျောရိုးကြီးဟာ အရှေ့နဲ့ အနောက်ကြားမှာ ဘက်ပေါင်းစုံက ပဋိပက္ခကြီး တစ်ရပ်အသွင်သာ ဆောင်နေခဲ့တာမို့ အနာဂတ်ဟာ ပစိဖိတ်ဆီကိုပဲ ဦးတည်လို့ နေပါတယ်။ နားလည်မှုတစ်ရပ်ဟာ အဲဒီ့ဒေသ အရောက် ကောက်ကောက်ပါအောင် မလိုက်လို့ မရတော့ပါဘူး။”
၁၉၉၅ ခုနှစ်လောက်ဆီက အာရှအောင်မြင်ရေးဝါဒ ကြွေးကြော်သံလား။ မဟုတ်ပါဘူးခင်ဗျား။ အမေရိကန် ပြည်ထောင်စုက သမိုင်းဆရာ ဝစ်(လ်) ဒျူရန့်(ထ်) ၁၉၃၅ခုနှစ်က ရေးခဲ့တဲ့ စာပါ။ သည်စာအရ အာရှတိုက်ဟာ အလားအလာ ကောင်းတဲ့ မြေဖြစ်နေခဲ့တာ ကြာတောင့် ကြာပါပြီ။ သည်ကြားထဲကပဲ၊ အာရှဟာ နှစ်ဆယ်ရာစုရဲ့အစိတ်အပိုင်း အများဆုံးမှာ အရေးနိမ့်ခဲ့ရသလို ဒုတိယ ထောင်စုနှစ်ရဲ့ အစိတ်အပိုင်း အများအပြားမှာလည်း အရေးမလှ ဖြစ်ခဲ့ရပါတယ်။ ပထမပိုင်းက ဥရောပ၊ နောက်ပိုင်းမှာ အမေရိကတို့က အောင်မြင် ထွန်းပေါက်မှုအရာမှာ ရှေ့တန်းကို တစ်ဟုန်ထိုး ရောက်ရှိသွားပြီး ကမ္ဘာကြီးကို နယ်ချဲ့သိမ်းသွင်းစိုးမိုးလို့၊ ကမ္ဘာ့စီးပွားရေးကို ခြယ်လှယ် ထိန်းချုပ်လို့ နေလိုက်ချိန်မှာ အာရှဟာ အရေးနိမ့်သွားခဲ့ပါတယ်။


ပြီးခဲ့တဲ့ ထောင်စုနှစ်ကို ကူးပြောင်းလိုက်ချိန်တုန်းကတော့ အခြေအနေက တခြားစီပါ။ တရုတ်ပြည်ဟာ“ဆွန်”မင်းဆက် လက်အောက်မှာ အထွဋ်အထိပ်သစ်များဆီ ဦးတည်ရောက်ရှိနေခဲ့တယ်။ ကမ္ဘာပေါ်မှာ အစည်ပင်ဆုံး၊ အလုပ်အများဆုံး မြို့တစ်မြို့ဟာလည်း အရှေ့တောင်အာရှ “အင်ကာဝပ်”မှာ ပေါ်ပေါက်နေခဲ့တယ်။ အိန္ဒိယနဲ့ အာရပ် လူ့ဘောင်တွေဟာဆိုရင်လည်း ပညာအရာမှာ ဥရောပရဲ့ ရှေ့ကနေ ပြေးနေခဲ့ပါတယ်။ သည့်နောက်မှာလည်း ရာစုနှစ်ပေါင်း သုံး၊ လေးခုလောက်အထိ ဆက်ပြီးတော့ အာရှဟာ ရှေ့ကနေ ပြေးနေခဲ့သေးတယ်။ အဲဒီ့နောက် ပြီးခဲ့တဲ့ နှစ်ပေါင်း ငါးရာကာလပတ် တစ်ခုလုံးလောက်နီးနီးမှာတော့ အာရှသားတွေဟာ သင်ယူမှတ်သားတာကို ရပ်ချလိုက်ကြတယ်။


လာမယ့် ရာစုနှစ်မှာ အရေးမနိမ့်ချင်ကြဘူးဆိုရင်တော့ အာရှသားတွေအနေနဲ့ ရာစုနှစ်ပေါင်း များစွာ စွန့်ပယ် ထားရစ်ခဲ့ကြတဲ့ သင်ယူ မှတ်သားမှု လုပ်ငန်းစဉ်ကို မဖြစ်မနေ ပြန်စကြမှ ဖြစ်ပေတော့မယ်။ ကျွန်တော်တို့ အာရှသားတွေအနေနဲ့ ကျွန်တော်တို့ရဲ့အတိတ်ကို ရက်ရက်စက်စက် ခွဲခြမ်း စိတ်ဖြာ လေ့လာ သုံးသပ်ကြရပေမယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ အာရှသား အမြောက်အများဟာ ဥရောပသား လက်တစ်ဆုပ်စာလောက်ရဲ့ နယ်ချဲ့ လွှမ်းမိုးမှုကို ဘာလို့ ခံလိုက်ကြရတာလဲ၊ ဘာတွေ မှားသွားခဲ့လို့လဲဆိုတာကို နားလည်မှဖြစ်မှာပါ။ သည့်နောက် အနောက်နိုင်ငံတွေမှာကျတော့ ဘာတွေက မှန်သွားသလဲဆိုတာကိုလည်း သုံးသပ် ဆုံးဖြတ်ကြည့်ကြရဦးမှာပါပဲ။

လူအတော်များများကတော့ ဥရောပရဲ့အောင်မြင်မှုအတွက် ရုပ်ဝတ္ထုပိုင်းကိုသာ အမှတ်ပေးချင်ကြပါလိမ့်မယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ငါးခုအတွင်း သိပ္ပံနဲ့ နည်းပညာပိုင်းမှာ ဥရောပက လွှမ်းမိုးနိုင်ခဲ့တာကို ထောက်ပြချင်ကြပေလိမ့်မယ်။ လက်နက် အင်အားအရာမှာ သိပ်ကို သာနေလို့သာ အာရှ လူအုပ်ကြီးတွေကို ကောင်းကောင်း နှိမ်နင်းနိုင်ခဲ့တာလို့လည်း ဆိုချင်ကြပေမယ်။

ဒါပေမယ့် “အပျော့ထည်”ကို လစ်လျူရှုပြီး “အမာထည်” တစ်ခုတည်းကို ကြည့်မယ်ဆိုရင် အမှားကြီးမှားနိုင်ပါတယ်။ အာရှတိုက်အနေနဲ့ သင်ခန်းစာ အမှားတွေကို ယူလိုက်ခြင်းဟာ ဘာသင်ခန်းစာမှ မယူဘဲ နေတာထက်တောင် အများကြီး ပိုဆိုးသွားနိုင်ပါတယ်။ ပြီးတော့လည်း သမိုင်းက ထောင်စုသစ်ဆီကို အရှိန်အဟုန်နဲ့ တိုးဝင်သွားနေခိုက်မှာ သင်ခန်းစာ အမှန်တွေကို သင်ယူ မှတ်သားမိလိုက်ဖို့ဆိုတာဟာ အသက်တမျှ အရေးကြီးလှပါတယ်။

အပြောင်းအလဲရဲ့ အရှိန်အဟုန်ဟာ တရိပ်ရိပ် တိုးလို့နေတယ်။ မှန်မှန်ကန်ကန်နဲ့ အရည်အချင်း ပြည့်မီတဲ့ လူ့ဘောင်တွေဟာ ရှေ့ကို မြန်မြန် သွက်သွက် ခုန်ထွက်သွားကြတော့မယ်။ အဲလိုမှ မဟုတ်ရင်တော့ နောက်မှာ လဲကျ ကျန်ရစ်ခဲ့တော့မှာပါ။

လမ်းမှန်ကမ်းမှန် အပျော့ထည်ကို ရှာဖို့ဆိုတာ လွယ်ကူလှပါတယ်။ အောင်မြင်တဲ့ လူ့ဘောင်တွေ ရှိတာကိုး။ အကောင်းဆုံး လုပ်နည်း လုပ်ဟန်တွေကိုလည်း အတိုင်းသား မြင်နေရတာကိုး။ ဘာကြောင့် ပုံတူကူးမချနိုင်ရမှာလဲ? တကယ်တော့လည်း အာရှဟာ အမာထည်တွေကို ပုံတူ ကူးချခဲ့ကြရုံတောင် မကဘူး၊ ပိုကောင်းအောင်တောင် လုပ်နိုင်ခဲ့ကြတာကလား။

သို့သော်လည်း အောင်မြင်နေတဲ့ လူ့ဘောင်တွေ ကိုယ်နှိုက်တောင်မှ သူတို့ရဲ့အောင်မြင်မှုကို မီးထိုးပေးနေလေတဲ့ အပျော့ထည်အစစ်ရဲ့ သဘော သဘာဝကို နားလည်ကောင်းမှ နားလည်ကြပါလိမ့်မယ်။ ဖွံ့ဖြိုးဆဲ လူ့ဘောင်များကို ယောနီသော မနဿီကာယနဲ့ သူတို့ပေးနေကျ အကြံဉာဏ်က ရိုးရိုးစင်းစင်းလေးပါ။ အောင်မြင်မှုအတွက် အဓိက လိုအပ်ချက်တွေကတော့ အများသဘောဆန္ဒနဲ့အညီ အုပ်ချုပ်ပုံ စနစ်နဲ့ လွတ်လပ်တဲ့ ဈေးကွက်တွေပါပဲတဲ့။

သည်ကြားထဲကပဲ၊ အဓိက နိုင်ငံတော်ကြီးများအပါအဝင် တချို့ လူ့ဘောင်တွေဟာ အများသဘောဆန္ဒနဲ့အညီ အုပ်ချုပ်ပုံ စနစ်ဆီကို ရုတ်ခြည်း ပြောင်းလဲချလိုက်တဲ့အခါမှာ အချည်းအနှီး ဖြစ်ကုန်ကြရပါတယ်။ အလားတူပဲ၊ အဖွဲ့အစည်းပိုင်းဆိုင်ရာ ကွန်ရက် ကွန်ခြာတွေ နည်းလမ်းတကျ မရှိဘဲနဲ့ လွတ်လပ်ဈေးကွက်တွေကို ကြိုးစား အားထုတ်ကြည့်ကြတဲ့ လူ့ဘောင်များခမျာမှာလည်း အရှုံးနဲ့ ရင်ဆိုင်ကြရပြန်တယ်။ အများသဘော ဆန္ဒနဲ့အညီ အုပ်ချုပ်ပုံစနစ်နဲ့ လွတ်လပ်တဲ့ ဈေးကွက်တွေဆိုတာများထက် အများကြီး နက်ရှိုင်းလေးနက်လှတဲ့ သဘောတရားအထွေထွေကသာ ဖွံ့ဖြိုးတဲ့ လူ့ဘောင်တွေရဲ့အောင်မြင် ထွန်းပေါက်မှုကို ရှင်းလင်းပြနိုင်မှာပါ။ အခု ဆောင်းပါးလို ခပ်တိုတို စာလေးတစ်ပုဒ်မျှနဲ့တော့ အဖြေတွေ အားလုံးကို ထုတ်ပြလို့ မရနိုင်စကောင်းပါဘူး။ သို့သော်လည်း အောင်မြင်မှုရဲ့ အပျော့ထည်ပိုင်းမှာ တွေ့ရနိုင်တဲ့ အဓိက သဘောတရား သုံးရပ်ကို သည်ဆောင်းပါး နဲ့ အကြံပြုလိုက်ပါရစေလားခင်ဗျာ။


ပထမဆုံးတစ်ခုကတော့
မယ်ရစ်တိုခရေစီ” (meritocracy) ဆိုတာ ပါပဲ။ [မြန်မာလိုပြန်ရင်တော့ “အရည်အသွေး ထက်မြက်သူများဖြင့် အုပ်ချုပ်ပုံ စနစ်”လို့ ဆိုရပါမယ်။ ဒါ မြန်မာပြန်သူရဲ့ စကားချပ်ပါ။]

၁၉ရာစုအတွင်း ဥရောပတိုက်မှာ အရင်းရှင်စနစ်က ကံကျွေးချ မြေရှင် ပဒေသရာဇ်စနစ်ကို ဖျက်ဆီးလိုက်ချိန်မှာ ဘုရင်စနစ်ကနေ “မယ်ရစ်တို ခရေစီ”စနစ်ဆီကို ဦးတည်ရွှေ့ပြောင်းလာခဲ့ကြပါတယ်။ အရင်းရှင်စနစ်ဟာ သူ့မှာ ရှိရင်းစွဲ “ဖန်တီးအား ကောင်းလှတဲ့ ဖျက်လို ဖျက်ဆီးသဘော”နဲ့အတူ အခွင့်ထူးခံ လူတန်းစားသစ်များကိုလည်း ဖန်တီး မွေးထုတ်လိုက်ပါတယ်။ သည်နေရာမှာ ဒီမိုကရေစီဆိုတဲ့ နည်းစနစ်နဲ့ အခွင့်ထူးခံ လူတန်းစားဟောင်း မြေရှင်ပဒေသရာဇ်တွေ၊ မင်းစိုးရာဇာတွေကို သန့်ထုတ်လိုက်ပြီးသကာလ အခွင့်ထူးခံ လူတန်းစားသစ်တွေ လက်လက် ထလာအောင်လည်း လုပ်ပေးလိုက်တော့တယ်။ ဒါကြောင့်မို့ အရင်းရှင် စနစ်ရော၊ ဒီမိုကရေစီဆိုတာပါ (အနောက်တိုင်း စိတ်နှလုံး အများအပြားထဲမှာတော့ သဘောတရားရေးအရ အလေးအမြတ်ထား ကိုးကွယ်စရာလို့ အောက်မေ့ပင် အောက်မေ့နေသေးကြလင့်ကစား) ပြီးပြည့်စုံနေတဲ့  သဘော မဆောင်ပါဘူး။ သို့ပေမယ့် ပါရမီရှင် အသစ်များ ပေါ်ထွန်းလာအောင် ဖန်တီးပေးရင်းနဲ့ အခွင့်ထူးခံ လူတန်းစားဟောင်းတွေ အညှိမတွယ်၊ ချိုးမတက်အောင် ကာကွယ် တားဆီးရာမှာတော့ အရင်းရှင်စနစ်နဲ့ ဒီမိုကရေစီက အချိန်ပြည့်လောက်နီးနီး ဆောင်ရွက်ပေးနိုင်တဲ့ ယန္တယားတွေဖြစ်နေပါတယ်။ (အာရှ အရေးနိမ့်ရတဲ့အထဲမှာ ပါရမီရှင်သစ်တွေ ပေါ်မလာအောင် ချိုးနှိမ်ခဲ့တာနဲ့ အခွင့်ထူးခံဟောင်းတွေ အညှိတွယ်၊ ချိုးတက်လာအောင် ထားခဲ့တာတွေဟာ အဓိက အရင်းခံတစ်ရပ် ဖြစ်ပါတယ်။) အာရှလူ့ဘောင် တစ်ခုချင်းစီအနေနဲ့က သူတို့ဆီမှာ ရှိတဲ့ အထက်ဆုံး ဉာဏ်ကြီးရှင်တွေ ပေါ်ပေါက်လာဖို့၊ လန်းစွင့်ဖို့နဲ့ ဦးဆောင်မှုပေးဖို့သာ ကြည်ဖြူနိုင်မယ်ဆိုရင် အာရှတိုက်ကြီး တစ်တိုက်လုံးဟာ အပျံစား ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း အစဉ်အလာ အရိုးစွဲ လူမှုရေးနဲ့ နိုင်ငံရေး အင်အားစုတွေက အဲဒီ့ အပြောင်းအလဲကို ခုခံ တားဆီးနေကြပါတယ်။ သည်လိုနဲ့ အာရှသား ပါရမီရှင် အများအပြား ပြုန်းတီးကုန်တယ်။

ဂလိုဘယ်လိုက်ဇေးရှင်းလို့ခေါ်တဲ့ ကမ္ဘာအနှံ့ ဖြန့်ကျက်မှုသဘောဟာ ဒေသတွင်း မအောင်မမြင် ဖြစ်ခဲ့ရသမျှကို အောင်အောင်မြင်မြင် ကျော်လွှားသွားနိုင်ပါတယ်။ အာရှတစ်ခွင်မှာ စီးပွားရေး အင်အားစုသစ်တွေ အလျှိုလျှို ပေါ်ထွန်းလာပြီး ပါရမီရှင်တွေ ဟောတစ်ယောက်၊ ဟောတစ်ယောက် ပေါ်ထွက်လာနေပါပြီ။ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ နိုင်ငံခြားသား ကျောင်းသားပေါင်း ငါးသိန်းမှာ တစ်ဝက်က အာရှတိုက်သားတွေပါ။


အမေရိကန် တက္ကသိုလ်တွေဟာဆိုရင် အရည်အသွေး ထက်မြက်သူများကိုသာ ဦးစားပေးတဲ့အရာ “မယ်ရစ်တိုခရက်တစ်(ခ်) ဖြစ်ရာ”မှာ ဘယ် ပညာရေးစနစ်ကမှ မယှဉ်သာအောင်ကို ထိပ်ဆုံးက ရှိနေပါတယ်။  အဲဒီ့ တက္ကသိုလ်တွေဆီက အာရှသားများရဲ့ အောင်မြင်မှုတွေကြောင့် အာရှဟာလည်း ကမ္ဘာကြီးနဲ့အညီ ရင်ပေါင်တန်းနိုင်တဲ့ ပါရမီရှင်များ ပိုင်ဆိုင်ထားကြောင်း ပြဆိုနေပါတယ်။ အဲဒီ့ကျောင်းသားတွေထဲက အများစုကတော့ ကိုယ့်နိုင်ငံကိုယ် ချက်ချင်း လက်ငင်း ပြန်လာကြမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဖြည်းဖြည်းချင်း  ပြန်လာကြမယ့်သူတွေလည်း တစ်ပုံတစ်ပင်ပါပဲ။

ထိုင်ဝမ်ရဲ့ အံ့ဖွယ်သရဲ စီးပွားရေး အောင်မြင်မှုကို အဲသလို ကိုယ့်တိုင်းပြည် ကိုယ်ပြန်လာကြတဲ့ ကျောင်းသားတွေက တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးခဲ့တာပါ။ အိန္ဒိယနိုင်ငံမှာ ကွန်ပျူတာ အပျော့ထည် ထုတ်လုပ်မှု လုပ်ငန်းကြီးတစ်ခုလုံး အကြီးအကျယ် ထွန်းကားလာခဲ့တာဟာလည်း “ဦးနှောက်ယိုဖိတ်မှု”တွေ ကိုယ့်ပြည် ကိုယ်ပြန်လာခဲ့ကြလို့ပါပဲ။ ဘဏ်တိုက်များနဲ့ အတိုင်ပင်ခံ လုပ်ငန်းများမှသည် တစ်ဟုန်ထိုး တိုးတက်လျက် ရှိနေတဲ့ သတင်း အချက်အလက် နည်းပညာ ကုမ္ပဏီများအထိ ပါဝင်တဲ့ နိုင်ငံပေါင်း များစွာမှာ ရင်းနှီးမြှုပ်နှံ၊ လုပ်ကိုင် ဆောင်ရွက်လျက် ရှိတဲ့ လုပ်ငန်းကြီးများဟာလည်း အာရှသား ပါရမီရှင်တွေကို ဖော်ထုတ် လေ့ကျင့်နေကြပါတယ်။ အဲဒီ့ အာရှသား ပါရမီရှင်များဟာ နှစ်ပရိစ္ဆေဒ ရှည်ကြာစွာ ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်လို့နေတဲ့ အာရှလူ့ဘောင်များကို ပြန်လည် ရှင်သန်လာအောင် စွမ်းဆောင်ပေးနိုင်ကြလေတဲ့ အမြုတေကောင်းတွေ ဖြစ်နေနိုင်ပါတယ်။

ဒုတိယသဘောတရားကတော့ “ငြိမ်းချမ်းရေးပါ။ ငြိမ်းချမ်းရေးဟာ တကယ်တော့ ဥရောပရဲ့ တိုးတက် ဖွံ့ဖြိုးမှု အစိတ်အပိုင်း အတော်များများမှာ ပြတ်တစ်လှည့်၊ ငတ်တစ်လှည့် ဖြစ်နေခဲ့ပါတယ်။ ကမ္ဘာစစ်ကြီး နှစ်ပွဲ ဖြစ်ခဲ့ရပြီး အားတွေ လျော့ခဲ့ရတယ်။ ဥရောပက အတော်ဆုံး ဉာဏ်ကြီးရှင်များဟာ ဉာဏ်မရှိတဲ့ စစ်ပွဲတွေထဲမှာ ကျဆုံးခဲ့ကြရတယ်။ အဲဒီ့ကမ္ဘာခြမ်းဟာ မုန်းတီးမှုတွေ၊ ပဋိပက္ခတွေကို အပြီးတိုင် စွန့်လွှတ်ဖို့ ရာစုနှစ်ပေါင်းများစွာ အချိန်ယူခဲ့ကြရတယ်။

စိတ်ပိုင်းဘဝနဲ့ ရုပ်ပိုင်းဘဝ ပတ်ဝန်းကျင် အပြောင်းအလဲများဟာ သည်စစ်ပွဲကြီး နှစ်ပွဲအတွက် ရိုးစင်း ရှင်းလင်းတဲ့ အဖြေပါပဲ။ နှစ်ဆယ်ရာစုရဲ့ ပထမ ရာစုဝက်မှာ စစ်ရေးနဲ့သာ ဩဇာ အာဏာကို ချဲ့ထွင်နိုင်မယ်လို့ မြင်နေကြတဲ့ မြေရှင် ပဒေသရာဇ် စိတ်ဓာတ် အကြွင်းအကျန်များက ဥရောပတစ်ခွင်မှာ တည်မြဲနေခဲ့တယ်။ ဒါပေမယ့်လည်း စစ်ပွဲအတွက် အသုံးပြုတဲ့ ကိရိယာ တန်ဆာပလာများက သူတို့ရဲ့ဖျက်ဆီးနိုင်အားကို အကြီးအကျယ် တိုးမြှင့်ပေးခဲ့ပြီး နောက်ဆုံးမှာ နျူကလီယာ လက်နက်များ ပေါ်ပေါက်လာကာ အဲဒီ့လက်နက်တွေကပဲ သူတို့ အထင်ကြီးလှတဲ့ စစ်ပွဲများကို အဆုံးသတ်သွားစေပါတော့တယ်။

အဓိကရ မူဝါဒ ချမှတ်သူများ အပါအဝင် တချို့သော အာရှသား ဉာဏ် ကြီးရှင်များကတော့ အခုထက်ထိ မြေရှင်ပဒေသရာဇ်ခေတ်မှာ  တဝဲလည်လည် ဖြစ်နေဆဲပါ။ သူတို့တွေက နိုင်ငံတကာ ဆက်ဆံရေးဟာ ဘာအကျိုးအမြတ်မှ ထွက်လာမှာ မဟုတ်တဲ့ သုည ဆက်ဆံရေးလို့ မြင်နေကြတယ်။ သည်လိုလူတွေအနေနဲ့ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဂျာမဏီနဲ့ ဂျပန်တို့ ပျော်ဝင် စီးဆင်းသွားခဲ့တဲ့ သင်ခန်းစာကို နားလည် မှတ်သားကြဖို့ လိုအပ်လို့ နေပါတယ်။ ဂျာမဏီနဲ့ ဂျပန်တို့ သိလိုက်တာက ဩဇာအာဏာနဲ့ ကြွယ်ဝ ချမ်းသာမှုကို ငြိမ်းငြိမ်းချမ်းချမ်း ရယူနိုင်တယ်ဆိုတဲ့ အချက်ပဲ။


အရှေ့အာရှ၊ တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ အရှေ့မြောက်အာရှမှာ ရှိတဲ့ ခေါင်းဆောင်တွေအနေနဲ့ ခေတ်မီကမ္ဘာကြီးမှာ တိုးတက် ဖွံ့ဖြိုးပြီး ကြွယ်ဝ ချမ်းသာရေးအတွက် ငြိမ်းချမ်းရေးဟာ မရှိမဖြစ် လိုအပ်လှမှန်း သဘောပေါက်လာကြမယ်ဆိုရင် အာရှတိုက်ရဲ့ နိုင်ငံရေး ရာသီဥတုဟာ ပိုလို့ တင့်မော သာယာပြီး နေလို့ ထိုင်လို့ ကောင်းနေမှာပါ။

စစ်ပွဲတွေဟာ ရင်းနှီးမြှုပ်နှံရမယ့် ပိုက်ဆံတွေကို အခြောက်တိုက် အလဟဿ ဖြစ်ကုန်စေသလို ပါရမီရှင်တွေကိုလည်း သေကြေ ပျက်စီးစေပါတယ်။ ငြိမ်းချမ်းရေးကတော့ အဲဒါနဲ့ ပြောင်းပြန်ပါ။ အဓိကရ အာရှနိုင်ငံကြီး နှစ်နိုင်ငံအတွင်း စစ်ဖြစ်ပြီး အာရှတိုက်မှာ စစ်ပွဲ တစ်ပွဲလောက်လေး ဖြစ်လိုက်ရုံနဲ့တင် အာရှတိုက်ဟာ တစ်ဆယ့်ကိုးရာစုနှစ်ဆီကို နောက်ပြန် ပြန်လိမ့်သွားနိုင်ပါတယ်။ ကနေ့ နယ်မြေပြဿနာတွေ အားလုံးနဲ့ ပတ်သက်လာရင် နောက်မျိုးဆက်သစ်တွေကိုသာ မေးသင့်တယ်လို့ ဆိုခဲ့တဲ့ “တိန့်ရှောင်ဖိန်”ရဲ့ ဉာဏ်ပညာ အမြော်အမြင်ကို အာရှသားတွေအနေနဲ့ နာယူ မှတ်သားသင့်လှပါတယ်။

တတိယသဘောတရားကတော့တည်ကြည် ဖြောင့်မတ်မှု”ပါ။ သည်လို ပြောလိုက်တော့ ဖန်တစ်ရာ တေနေတဲ့ စကားဟုန်လို့ အောက်မေ့ချင်စရာပါ။ သို့ပေမယ့်လည်း သည်စကားလုံးဟာ အာရှတိုက်ရဲ့ ရှက်စရာ အကောင်းဆုံး သွင်ပြင် လက္ခဏာတစ်ရပ် ဖြစ်နေလေတဲ့ အကျင့်ပျက် ခြစားမှုဆီကို အာရုံ စိုက်လာကြလေအောင် ယဉ်ကျေးစွာ ဖော်ဆောင်ပေးနေတဲ့ စကားလုံးပါပဲ။

အောင်မြင်တဲ့ လူ့ဘောင်တွေမှာ အလုပ် လုပ်တဲ့ အခွင့်ထူးခံတွေ ရှိပါ တယ်။ အဲဒီ့ အခွင့်ထူးခံတွေဟာ သူတို့ရဲ့လူ့ဘောင်တွေဆီက ရယူဖို့ထက် အဲဒီ့ လူ့ဘောင်တွေကို ပေးဆပ်ဖို့ ပိုထက်သန်ကြသူတွေပါ။ မအောင်မြင်တဲ့ လူ့ဘောင်တွေမှာတော့ အကျင့်ပျက် ခြစားနေတဲ့ အခွင့်ထူးခံတွေသာ ရှိပါတယ်။ မြေရှင် ပဒေသရာဇ်ခေတ် သဘောထားများရဲ့ ရလဒ် တစ်ရပ်အနေနဲ့  အဲသလို အခွင့်ထူးခံတွေဟာ လူ့ဘောင်ရဲ့ ကပ်ပါးရပ်ပါးတွေအဖြစ်  ရပ်တည်နေပင် နေကြလင့်ကစား ခိုင်ခိုင်မာမာ အမြစ်တွယ်နေကြတာလည်း အမှန်ပါပဲ။ အကျင့်ပျက်ခြစားမှုဟာ အများသဘောဆန္ဒနဲ့အညီ အုပ်ချုပ်နေတဲ့ အာရှ လူ့ဘောင်တွေမှာရော အဲသလို မအုပ်ချုပ်တဲ့ အာရှလူ့ဘောင်တွေမှာပါ ရှိနေပါတယ်။ (ကမ္ဘာ့ တခြားအစိတ်အပိုင်းများမှာလည်း ရှိနေတာ အမှန်ပါ။)

အဲဒါကို အမြစ်ကနေ တွန်းလှန်နိုင်ဖို့အတွက် တရားဥပဒေ စိုးမိုးရေးဟာ အာရှ လူ့ဘောင်များထဲမှာ အခုထက် အဆများစွာ မြဲမြံခိုင်မာနေဖို့ လိုပါလိမ့်မယ်။ အကျင့်ပျက် ခြစားမှုဟာ အထောက်နဲ့ အထားနဲ့ ခိုင်ခိုင်မာမာ သက်သေထူဖို့ အင်မတန် ခက်လှတာမို့ မသိမသာလေးနဲ့ အင်မတန် ပျက်စီးသွားစေတဲ့ သဘောမျိုးကို ဆောင်ပါတယ်။ ပြီးတော့လည်း လူထု လူတန်းစားတိုင်းကို အဆင့်တိုင်းမှာ ပျက်စီးသွားစေတာမျိုးပါ။ နောက်ပြီးတော့လည်း အကျင့်ပျက်ခြစားမှုကြောင့် စီးပွားရေးသက်သက်ကိုသာ ထိခိုက်စေ တာမဟုတ်ပါဘူး။ လူမှုရေးရော၊ အသိစိတ်ဓာတ်ပိုင်းကိုပါ ထိခိုက် ပျက်စီးစေတာပါ။ အကျင့်ပျက် ခြစားမှုကနေ အဆိုးမြင်ဝါဒနဲ့ အထင်မကြီးတဲ့စိတ်ကို ပွားများလာစေပါတယ်။ အကျင့်ပျက်လို့ အဆိုးမြင်၊ အဆိုးမြင်တော့ အထင်မကြီး၊ အထင်မကြီးတော့ အကျင့်ပျက်နဲ့ သံသရာလည်နေတဲ့အတွက် အာရှလူ့ဘောင်တွေဟာ မြောင်းထဲက ပြန်ကို တက်မလာနိုင်အောင် ဖြစ်နေရပါတော့တယ်။ ဘယ်သူပဲ ရောက်လာလာ၊ ဘာမှ မပြောင်းတော့မယ့် အတူတူ၊ ပြောင်းအောင် ဘာလုပ်ဖို့ အပင်ပန်းခံ ကြိုးစားနေရမှာတုံးဆိုတဲ့ စိတ်မျိုး ဝင်ဖို့ လွယ်နေလေမင့်ကိုး။

သည်အချက်ဟာ အာရှသားတွေအဖို့ သဘောမတူချင်ပေမယ့်လည်း တူကိုတူရမယ့် အဆိုးတကာ့ အဆိုးဆုံး အမှန်တရားကို ညွှန်ပြလို့နေပါတယ်။ အဲဒီ့အမှန်တရားကတော့ အာရှ လူ့ဘောင်တွေ ခေတ်နောက်မှာ ကျန်ရစ်ခဲ့တာဟာ နယ်ချဲ့စနစ်ကြောင့်မဟုတ်ပါဘူး။ မယှဉ်သာတဲ့ နိုင်ငံတကာ စီးပွားရေး အင်အားစုတွေကြောင့် နောက်ကျ ကျန်နေခဲ့ရတာလည်း မဟုတ်ဘူး။ ပြင်ပ အကြောင်းတရားတွေဟာ အပယိကတွေ၊ အဖျားအနားတွေပါ။ (ပြီးတော့ အင်မတန်လည်း ဒုက္ခပေးခဲလှပါတယ်။)


လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာကာလမှာ အာရှ လူ့ဘောင်တွေဟာ ဥရောပ လူ့ဘောင်တွေရဲ့နောက်မှာ ပြတ်ပြီး ကျန်ရစ်ခဲ့ရခြင်းရဲ့ အဓိက အကြောင်းရင်းခံ အစစ်အမှန်ကတော့ ရိုးလှစင်းလှပါတယ်။ အဲဒီ့အကြောင်းရင်းခံကတော့ အာရှသားတွေကသာ အာရှတိုက်ကို နောက်ပြန် ဆွဲနေခဲ့ကြလို့ပါပဲ။
ဒါပေမယ့်လည်း ကျွန်တော့် ဆောင်းပါးကို အဆိုးမြင်တဲ့ မှတ်ချက်နဲ့ အဆုံးမသတ်ချင်ပါဘူး။ အပြောင်းအလဲအတွက် မျှော်လင့်ချက်က ရှိကို ရှိပါတယ်။ ကမ္ဘာအနှံ့ ဖြန့်ကျက်မှုဟာ အာရှတိုက်မှာ အခွင့်ထူးခံသစ်တွေ ပေါ်ထွက်လာအောင် ထုတ်လုပ်ပေးလို့ နေပါတယ်။ တရိပ်ရိပ် တိုးတက်နေတဲ့ အပြောင်းအလဲ အရှိန်အဟုန်ကလည်း အလားတူပါပဲ။ အာရှသား အမြောက်အများဟာ ကိုယ့်နိုင်ငံမှာကိုယ်တင်မက နိုင်ငံရပ်ခြားမှာပါ ပညာသင်ကြားနေကြပါတယ်။ ကမ္ဘာအနှံ့ ဖြန့်ကျက် စီးဝင်နေတဲ့ သတင်းအချက်အလက်များကလည်း အာရှသားတွေရဲ့ မျက်စိတွေကို ဖွင့်ပေးနေပါတယ်။ “မသိ သားဆိုးရွားမှု ခေါင်းမြီးခြုံ”ကိုလည်း လှပ်တင်နေကြပါပြီ။ သင်ယူမှတ်သားမှု လုပ်ငန်းစဉ်သစ်ကလည်း စတင်လို့ နေပါတယ်။ သည်အင်အားစုသစ်များဟာ အာရှလူ့ဘောင်များအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးကြပါလိမ့်မယ်။

ဒါပေမယ့်လည်း အာရှလူ့ဘောင်တွေအနေနဲ့ ပထမဆုံး သင်ယူ မှတ်သားရမယ့် သင်ခန်းစာကတော့ “မယ်ရစ်တိုခရေစီ၊” “ငြိမ်းချမ်းရေး”နဲ့ “တည်ကြည် ဖြောင့်မတ်မှု”ဆိုတဲ့ လမ်းမှန် ကမ်းမှန် အပျော့ထည်ကို ဘယ်လို တိုးတက်အောင် လုပ်ပြီး၊ ဘယ်ပုံ အကောင်အထည် ဖော်ကြကာ ဘယ်နည်းနဲ့ အရှည် တည်တံ့အောင် ထိန်းသိမ်းကြမယ်ဆိုတာကိုပါပဲ။ (အတိုကောက်ကတော့ MPH ပေါ့လေ။ MPH ဆိုတော့လည်း တစ်ဟုန်ထိုး ပြောင်းနေတဲ့ ကာလနဲ့ လိုက်ဖက်ညီစွာ အင်မတန် မှတ်လို့ ကောင်းတဲ့ စကားလုံးလေးပေပဲပေါ့။)

[သိုးဆောင်းဘာသာစကားနဲ့ ဆိုရင်တော့ Meritocracy ရယ်၊ Peace ရယ်၊ Honesty ရယ်ပေါ့။ အဲဒီ့ သုံးလုံးရဲ့ ထိပ်ဆုံး စာလုံးလေးတွေနဲ့ချည်း အတိုကောက် ယူလိုက်တဲ့အခါ MPH လို့ ရလာပါတယ်။ MPH ဟာ တစ် နာရီအတွင်းပေါက်တဲ့ ခရီးမိုင်နှုန်း (mile per hour)ရဲ့အတိုကောက်အဖြစ် လူသိများ ထင်ရှားလှပါတယ်။ ဒါကြောင့် မူရင်းစာရေးသူက သူ့အတိုကောက ဟာလည်း တစ်ဟုန်ထိုး ပြောင်းလဲနေတဲ့  ခေတ်ကာလနဲ့ လျော်ညီတယ်လို့ မှတ်ချက်ပေးလိုက်တာပါ။ ဒါ ဘာသာပြန်သူ့ စကားချပ်။]

စာမူခွင့်ပြုချက်အမှတ် ၁၃၆/၂၀၀၄ (၁၂)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “အာရှသားများ စဉ်းစားနိုင်စေ” စာအုပ်ထဲက ကောက်နုတ်ဖော်ပြလိုက်တာပါ။ မူရင်းအက်ဆေးကို ရေးသားသူ စင်္ကာပူနိုင်ငံသား ခီရှိုး မာဘူဘာနီရဲ့ ကိုယ်ရေးရာဇ၀င်ကိုတော့ ညာဘက်က ဝေေ၀ဆာဆာ ဖတ်စရာ အောက်မှာ ရှိလေတဲ့ “အာရှသားတွေ စဉ်းစားတတ်ကဲ့လား” အက်ဆေးအဆုံးမှာ ဖော်ပြထားပါတယ်က

How to Cope with Criticism (Part 2 of 2, Last)

အဝေဖန်ခံနည်း နိဿရည်း

မှန်ပါတယ်။ အဝေဖန်ခံရတဲ့အခါ၊ အမနာပ အပြောခံရတဲ့အခါ ပထမဆုံး ထိသွားတာက အတ္တလေးပါခင်ဗျ။ အဲဒီ့အခါ ဆွေ့ဆွေ့ခုန်သွားပါတယ်။ ခုန်ရုံ ခုန်ရင် ပြဿနာ မရှိပါဘူး။ အဲဒီ့ကမှ တစ်ဆင့်တက်ပြီး ပြောတဲ့သူကို မကျေမချမ်း ဖြစ်မိသွားရင်ရင်တော့ စရှုံးတာက ကိုယ်ပါ။


စဉ်းစားကြည့်တော်မူကြပါခင်ဗျား။ ပြောလိုက်သူက တစ်ခွန်းရယ်။ ပြောပြီးလို့တောင် မေ့ချင် မေ့သွားလောက်ပြီ။ အဲသလို သူတစ်ပါးကို ဝေဖန်ချင်၊ ပြောချင်တတ်တဲ့ ဉာဉ်ရှိသူမျိုးဆိုတာကလည်း အမြဲတမ်း ဆီလို အပေါက်ရှာနေတတ်တဲ့သူတွေ။ တစ်ခု၊ တစ်ယောက်ကို ပြောချင်တာ ပြောပြီးသွားရင် သူတို့က အဲဒီ့အပေါ်မှာ ဆက်အာရုံမထားကြတော့ဘူး။ တခြား ပြောစရာ တစ်ခုခု၊ တစ်ယောက်ယောက်ကို ရှာဖို့သာ အာရုံရှိတော့တာကလား။ အဲဒါကိုမှ ကိုယ်က သူ့အပေါ် မကျေနိုင် မချမ်းနိုင် ဖြစ်နေရင် ကိုယ့်အတွက် မတန်လှဘူး။ ဟိုက ပြောတာက တစ်ခွန်း၊ တစ်ပုဒ်လေးကို ကိုယ်က တစ်ပတ်လောက်ပဲ တနုံ့နုံ့ ဖြစ်နေတယ်ပဲ ဆိုပါဦးစို့၊ ရှုံးလိုက်တဲ့ ဖြစ်ချင်း။

အဲဒါကို ကျွန်တော် သတိထားမိတာ လူငယ်လေးတစ်ယောက်ကြောင့်ပါ။ ကျွန်တော်က ဘာရယ်မဟုတ်ဘူး၊ ကျွန်တော့် ဆောင်းပါးတစ်စောင်ထဲမှာ အမှတ်တမဲ့နဲ့ စာတစ်ကြောင်း ထည့်ရေးလိုက်မိတယ်။ အပြောင်အပြက် ရေးလိုက်တာပါ။ ဘယ်သူ့နာမည်မှလည်း မတပ်ဘူး။ ယေဘုယျ သဘောလေး ဖျန်းရေးလိုက်တာ။ အဲဒါကို ကိုယ်တော်လေးက လူရည်လည်စွာနဲ့ ကျွန်တော် ရေးတာ သူ့ကို ရေးတာ ပါဆိုပြီး သူ့ဟာသူ ထဖော်တယ်။ ပြီးတော့ ကျွန်တော့်ကို တစ်ပုဒ်နဲ့လည်း မကျေနပ်၊ နှစ်ပုဒ်နဲ့လည်း မပြီး၊ သုံးပုဒ်နဲ့လည်း မရပ်၊ အထပ်ထပ် တွယ်တော့တာပဲ။

ကျွန်တော့်မှာ သူ့ကို စိတ်မဆိုးအားတဲ့အပြင် ရယ်လိုက်ရတာများ မျက်ရည်တောင် ထွက်တယ်၊ အဟုတ်။ သည်မှာတင် သင်ခန်းစာ ရလိုက်တာဗျ။ ကိုယ်က ရေးလိုက်တာက တစ်ကြောင်းတည်းရယ်။ ဘာဆို ဘာမှ မဟုတ်တာလေးကို အမှတ်တမဲ့ ရေးလိုက်တာ။ သူ့ခမျာ နာလို့ မဆုံးအောင် ဖြစ်နေရှာတာက အလွန် သနားစရာ။

သည်မှာတင် ကျွန်တော့်ဘက်က တန်တယ်၊ သူ့ခမျာလေးမှာတော့ အရင်း ပြုတ်မတတ်ကို ရှုံးသွားရှာတယ်ဆိုတာကို တွေးမိသွားတော့တာပါ။ အဲဒါကို တွေးမိတဲ့အခါ ကိုယ့်အလှည့်ကျရင်လည်း အဲသလို မကျေမချမ်းနိုင်တွေ ဖြစ်လို့ မဆုံးရင် ကိုယ်ပဲ ရှုံးမယ်ဆိုတာကို သေချာတွေးမိသွားစေတဲ့ အဖြစ်ကလေးမို့ အဲဒီ့ပုဂ္ဂိုလ်လေးကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ အခုတော့လည်း အဲဒီ့ပုဂ္ဂိုလ်လေးခမျာ အရက်အိုးထဲ ချိုးကပ်ရင်း အိုးဒယ်နစ်နစ်ကာ အရွယ်မတိုင်ခင် သေသွားရှာပါပြီ။ ကျွန်တော့်ကို သင်ခန်းစာကောင်းပေးခဲ့တဲ့ ကိုယ်တော်လေး ကောင်းရာသုဂတိလားပါစေ။


မူရင်းဆောင်းပါးကို ရေးတဲ့  Norman Vincent Peale က ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါး ဖြစ်တာမို့ သူ့စာထဲမှာ ခရစ်ယာန်ဘာသာတွေ၊ သမ္မာကျမ်းစာရဲ့ အဆုံးအမတွေလည်း ပါနေပါတယ်။ သို့ပေမယ့် ဘာသာတရား မှန်သမျှဟာ ကိုယ်ကျင့်တရား ကောင်းမွန်ရေးကို ဦးထိပ် ပန်ဆင်ထားကြတာချည်းပဲမို့ သူက ခရစ်ယာန်ဘာသာကို ကိုးကား ရည်ညွန်းသည့်တိုင် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ သက်ဝင်ယုံကြည်ရာ ဘာသာအသီးသီးနဲ့ ချိန်ထိုး ဆင်ခြင်ကြည့်နိုင်ပါသေးတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာလည်း စိတ်နှလုံး အေးချမ်းဖို့ဆိုတာ ဒေါသ၊ မောဟ၊ လောဘ ကင်းနေမှ ဖြစ်မယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပါတယ်။ တစ်နေရာမှာ အင်မတန် နှစ်သက်စရာကောင်းတဲ့ ဝါကျတစ်ကြောင်း ပါလာ ပါတယ်။ အေးချမ်းတဲ့ စိတ်နှလုံးသာ အမှန်ရှိမယ်ဆိုရင် လူတို့က ဖန်တီးလိုက်တဲ့ မုန်တိုင်းတွေကြောင့် တုန်လှုပ်မှာ မဟုတ်တော့ဘူးတဲ့။

ဟုတ်တာပေါ့။ ဝေဖန်ပုတ်ခတ်တယ်ဆိုတာ “လူလုပ်မုန်တိုင်း”စစ်စစ်ပေကပဲ။ လူသားမှန်ရင် သဘာဝ မုန်တိုင်းဒဏ်ကိုတောင်မှ ကြံ့ကြံ့ခံနိုင်သေးတာ။ လူလုပ် မုန်တိုင်းလောက်ကို သွားတုန်လှုပ်နေလို့က ဘယ်လူပီသတော့မလဲလို့ တွေးမိသွားစေတဲ့ ဝါကျလေးပါပဲ။
နောက်တစ်ခါ သမ္မာကျမ်းစာကိုပဲ ကိုးကားထားပြန်တာက မိမိအား ဝေဖန်လာသူများအတွက် ဆုတောင်းပေးပါ၊ ကိုယ့်ကို နာကျင်ထိခိုက်အောင် လုပ်သူများကိုလည်း ဆုတောင်း မေတ္တာပို့သပါတဲ့။ အဲလိုသာဆိုရင် ကိုယ့်မှာ နာကျင် ခံစားနေရတာတွေလည်း သက်သာသွားပါလိမ့်မယ်လို့ ဆိုထားပြန်တယ်။


ဒါလည်း သွေးထွက်အောင် မှန်တဲ့စကားမှန်း ကျွန်တော် ကိုယ်တွေ့သိပါတယ်။ သည်နေရာမှာလည်း သမ္မာကျမ်းစာကို ခဏထားပြီး ကျွန်တော် သက်ဝင်တဲ့ ဗုဒ္ဓဘာသာနဲ့ပဲ ချိန်ထိုးပြောပါရစေ။ မြတ်စွာဘုရားရှင် လမ်းညွှန်တဲ့အတိုင်း ကျွန်တော်တို့တွေ မေတ္တာ ဘာဝနာ ပွားများတဲ့အခါ ၃၁ဘုံမှာ ကျင်လည်ကြကုန်သော ဝေနေယျသတ္တဝါ အားလုံးတို့ကို မေတ္တာ ပွားရပါတယ်။ အဲဒီ့ သတ္တဝါအားလုံး ဆိုတဲ့နေရာမှာ ကိုယ့်ကို တီးတဲ့သူမပါ၊ ကိုယ့်ကို နွှာတဲ့သူ မပါ၊ ကိုယ့်ကို အပုပ်ချတဲ့သူ မပါဆိုပြီး ဖယ်ထားလို့မှ မရတာပဲလားခင်ဗျာ။ ဒါက တစ်ချက်။


နောက်တစ်ချက်ကတော့ ၂၀ဝ၂ ခုနှစ် စက်တင်ဘာလအတွင်းက ကျွန်တော် လမ်းလျှောက်နေရင်း တန်းလန်းမှာ အခြောက်တိုက် ကားကြိတ်ခံလိုက်ရတုန်းက ဖြစ်တာပါ။ အဲဒီ့တုန်းက ကျွန်တော့် ညာဘက် ခြေကျင်းဝတ်မှာ သုံးပိုင်း သွင်သွင် ကျိုးသွားပါတယ်။ အကြိတ်ခံလိုက်ရပြီးတဲ့နောက် မိနစ်ပိုင်းအတွင်းမှာပဲ ကြိတ်တဲ့သူအပေါ်မှာ ကျွန်တော် ဒေါသ မဖြစ်မိတော့ဘဲ ကျွန်တော့်ဘက်က သူ့အပေါ် ပေးစရာ ရှိတဲ့ သံသရာကြွေးတစ်ခုခုကို ကျေလည်အောင် ပေးဆပ်လိုက်ရတာပဲဆိုတဲ့ အသိက ကျွန်တော့် ခေါင်းထဲမှာ အလိုလို ပေါ်လာခဲ့ဖူးတယ်။ သည်အခါမှာ သည်လောက် ဒဏ်ရာ အကြီးအကျယ် ရထားတဲ့ကြားမှာ ကျွန်တော့်စိတ်က တကယ်ကို အေးချမ်းနေခဲ့တဲ့အပြင် ဒဏ်ရာတောင်မှ သိပ်မနာကျင်တော့တာကို တအံ့တဩ တွေ့လိုက်ရပါတယ်။


အဲဒီ့မှာတင် ကျွန်တော် သင်ခန်းစာ အကြီးအကျယ် ရသွားခဲ့ပါတယ်။ အဲဒီ့နောက် ခြောက်လအကြာမှာ ကျွန်တော့်ဘဝတစ်ခုလုံး ယိုင်လဲသွားအောင် ထိုးနှက်တဲ့အထိလည်း ခံလိုက်ရပါတယ်။ တကယ်လည်း ယိုင်လဲသွားပါတယ်။ သည်အခါမှာလည်း စောစောက စိတ်ကိုပဲ (သည်တစ်ခါမှာတော့ ဇွတ်အတင်း) မွေးယူလိုက်တဲ့အခါ နေရတာ အလွန်သက်သာသွားပါတယ်။ ဒါ တကယ့် ကိုယ်တွေ့မို့ ထည့်ရေးရတာပါ။


တစ်ခါ၊ မူရင်းဆောင်းပါးထဲမှာ လောကမှာ ရှိခဲ့ဖူးလေသမျှ လူချွန်လူမွန်တိုင်း  အဝေဖန်ခံခဲ့ရတယ်လို့ ရေးရင်း ခေတ်ပြိုင်တွေက ဝေဖန် ပုတ်ခတ်ကြရုံသာမက အဆုံးမှာ ကားစင်တင်တာတောင် ခံခဲ့ရသူတောင် ရှိပါတယ် ဆိုပြီး ခရစ်တော်ကို ရည်ညွှန်းသွားပြန်တယ်။


သည်နေရာမှာလည်း ကျွန်တော်တို့သက်ဝင်တဲ့ ဂေါတမ မြတ်စွာဘုရားရဲ့ ဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း အလောင်းတော်ဘဝမှသည် ဘုရားဖြစ်ပြီးတဲ့နောက်တောင်မှ အတိုက်အခံပြုတာတွေ၊ ကန့်ကွက်တာတွေ၊ ဝေဖန်တာတွေ၊ အမနာပပြောတာတွေ၊ အပုပ်ချတာတွေကို အများအပြား ရင်ဆိုင်ခဲ့ရတာကို တွေ့ရမှာပါ။

သည်တော့ကာ အဝေဖန်ခံလိုက်ရချိန်မှာ ကိုယ့်စိတ်ကိုယ် သက်သာအောင် လုပ်ယူတဲ့အခါ သည်အချက်တွေကို သတိရဖို့ ကောင်းလှပါတယ်။
အေဘရာဟင်(မ်)လင်ကွန်းရဲ့စကားကို ကိုးကားသွားတာလေးလည်း အတော်လှပါတယ်။ ဘယ်သူဘာပြောနေနေ ကိုယ့်လုပ်ရပ်က ပေါ်ထွန်းလာတဲ့  ရလာဒ်ကသာ တကယ်အဆုံးအဖြတ်ပေးပါလိမ့်မယ်လို့ အတိုချုပ်ရမယ် ထင်ပါတယ်။

လမ်းပျဉ်းမနားဆိုတဲ့ ပျဉ်းမနားမြို့ဟောင်းမှာ အလင်းပွင့် စာကြည့်တိုက်ကို တည်ထောင်နေသူ ဦးဇင်းလေး အရှင်နန္ဒိသေန ကျွန်တော့်ဆီ ရေးသားတော်မူလိုက်တဲ့ စာလေးထဲမှာ ပါလာတဲ့ စကားလေးကို အလျဉ်းသင့်လို့ ထည့်ကိုးကား ခွင့်ပြုတော်မူကြပါ။ ဦးဇင်းလေး ရေးလိုက်တာက စပါးစိုက်တဲ့အခါ ပေါင်းမြက်တွေလည်း ပါလာမှာပါပဲတဲ့။ ပေါင်းမြက်တွေကြောင့် စပါးစိုက်တာ ရပ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲတဲ့။ ကျွန်တော့်ကို ဉာဏ်အလင်း ပွင့်သွားစေတဲ့ မိန့်ကြားချက်ပါ။

ကိုယ်စိုက်နေတာက အဆိပ်ပင်လား၊ စပါးပင်လား၊ ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ပဲ လိုပါတယ်။ စပါးပင်ဖြစ်ပြီး မြေကြီးက ရွှေသီးလာလို့ကတော့ လင်ကွန်း ပြောသလို ဘယ်သူ ဘာပြောပြော သိပ်အရေးမကြီးတော့ပါဘူး။ အဲလိုမှမဟုတ်ပဲ အဆိပ်ပင်စိုက်လို့ အဆိပ်သီးတွေ ဖြစ်လာလို့ကတော့ ဘယ်သူကမှ မဝေဖန်ဘူးဆိုရင်တောင် မှားတာကတော့ မှားနေမှာပါပဲ။

မလိုတမာစိတ်နဲ့ ထိုးနှက်လာတာမျိုးကျတော့ ဘာဆိုဘာမှ တုံ့ပြန်မနေဘဲ ခပ်မဆိတ်နေလိုက်ဖို့ ဆွေးနွေးထားတာလေးလည်း သဘောကျနေမိတယ်။ သိပ်ဟုတ်တာကိုးခင်ဗျ။ ကိုယ့်ကို မလိုတမာ အပုပ်ချတာ၊ အသရေဖျက်တာတွေကို သည်အတိုင်း မတုန်မလှုပ်နဲ့ ခပ်မဆိတ်နေလိုက်နိုင်မယ်ဆိုရင် သူ့တရား သူစီရင်သွားတတ်တာကို စာဖတ်သူလူကြီးမင်းများ သတိထားကြည့်ရင် မြင်ပါလိမ့်မယ်။ အဲသလို မနေဘဲ ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီး အကုန်လိုက်ရှင်းနေမယ်ဆိုရင်တော့ရင် ပထမဆုံးက ကိုယ်ပဲ အရူးဖြစ်နေပါလိမ့်မယ်။ သည်ကမှ တစ်ဆင့်တိုးလာတဲ့အခါ အများအမြင်မှာ “သူ သည်လောက်တောင် လိုက်ရှင်းနေရမှတော့ ဟိုတစ်ဖက်က ပြောတာ ဟုတ်များနေသလား”လို့ တွေးစရာတွေ ဆပွားလာနိုင်ပါတယ်။ သည်ကမှ မျက်ရမ်းမှန်းဆ ပြောဆိုမယ့်သူတွေ ပိုများလာနိုင်ပါတယ်။ ဒါ့ကြောင့် မလိုတမာစိတ်နဲ့ အပုပ်ချတာတွေကို လစ်လျူရှုပြီး ဘာသံမှ မထွက်အောင် နေတတ်ခြင်းဟာ မဟုတ်မမှန် လုပ်ကြံပြောဆိုတာတွေကို တုံ့ပြန်ရာမှာ အထိရောက်ဆုံးနည်းဆိုတဲ့ စကားကို ကျွန်တော်ကတော့ ပစ်ကို ထောက်ခံလိုက်မိရပါသဗျား။

ဝေဖန်ပြောဆိုလာတဲ့အခါမှာ အချက်အလက်တွေ မှားယွင်းနေလို့ မလွှဲသာ မရှောင်သာ ရှင်းဖို့ လိုလာပြီဆိုရင်လည်း လက်တုံ့ပြန်ချင်တဲ့စိတ်ကို ဖယ်ရှားပြီးမှ တရားကိုယ်ကို ဆွေးနွေးဖို့ ဆက်လက် ရေးသားထားတာလေးကလည်း စဉ်းစားစရာ သိပ်ကောင်းလှပါတယ်။
လူဆိုတာကတော့ ကိုယ့်ထိရင် မချိအောင် နာမိတတ်သလို လက်တုံ့လည်း ပြန်ချင်မိတတ်စမြဲပါ။ သို့သော် လက်တုံ့ပြန်တယ်ဆိုတာ လူတိုင်းလုပ်နိုင်တဲ့အရာပါ။ လက်တုံ့မပြန်ဘဲ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ အကျိုးသင့် အကြောင်းသင့်သာ ပြောဆိုတာမျိုးကျတော့ အရည်အချင်းရှိတဲ့သူမှ လုပ်နိုင်တဲ့အရာ ဖြစ်သွားပါပြီ။

ကျွန်တော်တို့ဟာ သူသူကိုယ်ကိုယ်ဆိုတဲ့ အများကြားမှာ အများလို လိုက်လုပ်ချင်သူလား၊ ကိုယ့်မူကိုယ့်ဟန်နဲ့ သီးသီးသန့်သန့် ရပ်တည်ချင်သူလားဆိုတာ ကိုယ့်ဘာသာ ရွေးချယ်ဆုံးဖြတ်ကြရမှာပါပဲ။ သူလိုငါလိုသမားဆိုရင်တော့ လက်တုံ့ပြန်လိုက်ရုံပေါ့။ အဲလိုဆိုရင်တော့ သူ့အဆိုးက ကိုယ့်အလွန် ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်မူကိုယ့်ဟန်နဲ့ လူတကာ လုပ်နိုင်ခက်ခဲတာကို လုပ်မယ်ဆိုရင်တော့ လွဲနေတာ တစ်ခုခု ရှိရင် အကျိုးသင့်အကြောင်းသင့်သာ ပြန်ပြောပြီး ကိုယ့်ကို တီးတဲ့သူကို ပြန်တီးဖြစ်တော့မှာ မဟုတ်တော့ပါဘူး။ ပါးကိုက်ရင် နားကိုက်မယ်ဆိုတာ တိရစ္ဆာန်သာသာ သဘောဆောင်ပါတယ်။ သည့်ထက် နည်းနည်း မြှင့်ပြောရင် ကျောက်ခေတ်လူသားရဲ့ စိတ်ဓာတ်ပေါ့။ ကမ္ဘာနဲ့ချီလာနေတဲ့ ကနေ့ကာလမှာတော့ အဲဒီ့ ကျောက်ခေတ်လူသားစိတ်နဲ့ ဆက်လက်ရပ်တည်နေရင် လူတောတိုးတော့မှာ မဟုတ်တာလည်း အသေအချာပါ။

တစ်နေရာမှာတော့ စာရေးသူဟာ သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်လာသူတစ်ယောက်ရဲ့ အပြောနဲ့ ပတ်သက်လို့ သတင်းထောက်တွေက သူ့ကို အစထုတ် မေးမြန်းလာချိန်မှာ တုံ့ပြန်လိုက်ပုံလေးကို ဖတ်ရပါတယ်။ စာရေးသူရဲ့ တုံ့ပြန်ပုံလေးက ကျွန်တော့်အတွက်တော့ အတုခိုးစရာလေး ဖြစ်လို့နေတယ်။

စာဖတ်သူလူကြီးမင်းများလည်း ကျွန်တော့်နည်းတူ မူရင်းစာရေးဆရာရဲ့ တုံ့ပြန်ပုံလေးကို သဘောကျကြမယ်ထင်တယ်။ အင်မတန်မှ လူကြီးလူကောင်း ပီသတဲ့ တုံ့ပြန်ပုံလေးလို့ ကျွန်တော်ဖြင့် တွေးနေမိရတာပါပဲ။

ကိုယ့်ကို လူတိုင်းက မကြိုက်နိုင်၊ လက်မခံနိုင်၊ သဘောမကျနိုင်ဘူးဆိုတဲ့ အဆိုလေးကလည်း စေ့စေ့တွေးလေ ရေးရေးပေါ်လေပါပဲလားခင်ဗျ။
ဟုတ်ကဲ့လားဗျာ။ တစ်ကမ္ဘာလုံး အကြိုက်ခံရတဲ့သူဆိုတာ မရှိပါဘူး။ မင်းသား၊ မင်းသမီး၊ စာရေးဆရာ၊ ခေါင်းဆောင်၊ သိပ္ပံပညာရှင်၊ အဆိုတော် နှစ်သက်ရာကို စဉ်းစားကြည့်တော်မူကြစေချင်ပါတယ်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ တင်စား ပြောဆိုကြပေမယ့် အဲဒီ့ နှင်းဆီခိုင်ကိုမှ မကြိုက်တဲ့ “ပျို”တွေလည်း တစ်ပုံတစ်ကြီး ရှိတာ ထင်ရှားပါတယ်။ ယုတ်စွအဆုံး၊ မြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုပဲဖြစ်ဖြစ်၊ ယေရှုခရစ်တော်ပဲဖြစ်ဖြစ်၊ တမန်တော် မိုဟာမက်ပဲဖြစ်ဖြစ်၊ ကမ္ဘာပေါ်မှာ ရှိရှိသမျှ လူတိုင်း လက်ခံထား၊ သဘောတူထား၊ ကြိုက်ထား၊ ကြည်ညိုထား၊ ကိုးကွယ်ထားတာမှ မဟုတ်ပေကပဲဗျာ။ ကျွန်တော်တို့ ခင်ဗျားတို့လို သူလို ငါလို ပုထုဇဉ်များအတွက်ကတော့ ဟား… လူတိုင်းကြိုက်ဖို့များတော့ ဝေးပါသေးရဲ့။ နည်းနည်းပါးပါး ကြိုက်တဲ့သူ ရှိတာကိုက ကျေးဇူးတင်စရာ ကောင်းလှပြီ မဟုတ်လားဗျာ။

အဆုံးသတ်နားက ကိုယ်နဲ့ ပတ်သက်လို့ သွားပုပ်လေလွင့်တွေ လျှောက်ရေးပြီး သူ့တိုက်ကို သတင်းတွေ ပြန်ပို့ပေးနေတဲ့ သတင်းထောက်ကလေး ချမ်းအေးနေခိုက်မှာ ကိုယ့်ကုတ်အင်္ကျီနဲ့ လွှမ်းပေးခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ သာဓကကို ဖတ်နေရအချိန်မှာ ကျွန်တော်ဟာ နှစ်ဆယ်ရာစုအတွင်းက မြန်မာပြည်မှာ အကျော်ကြားဆုံး စွယ်စုံ အနုပညာရှင်တစ်ဦးကို ပြေးသတိရမိပါတယ်။

အဲဒီ့အနုပညာရှင် စတင်ကျော်ကြားလာချိန်မှာ သူ့ကို ဝေဖန်ပုတ်ခတ်သူတွေ တင်းကြမ်းပြည့်နေခဲ့တယ်။ သူဟာဖြင့် မြန်မာတစ်မျိုးသားလုံးရဲ့ယဉ်ကျေးမှုကို ဖျက်ဆီးတဲ့သူလိုလို ဘာလိုလို ထင်ယောင်ထင်မှား ဖြစ်စေတဲ့အထိ တရားလွန်တွေ ရေးသားပြီး အပုပ်ချခဲ့ကြတာပါ။ ဒါကို အဲဒီ့အနုပညာရှင်က ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ပါဘူး။ နောက်ပိုင်းမှာ အဲသလို သူ့ကို ဝေဖန်ခဲ့သူများဟာ သူတိုက်တဲ့ အကောင်းစား အရက်တွေကို လှိုင်လှိုင်ကြီး သောက်ခဲ့ကြပြီးသကာလ သူ ကွယ်လွန်သွားတဲ့အချိန်မှာတော့ သူ့ကောင်းကြောင်းတွေကို တစ်ပျော်ကြီး ဝိုင်းရေးပေးခဲ့ကြတာ အထင်အရှား ရှိပါတယ်။

ကျွန်တော့်စိတ်ထဲမှာ အဲဒီ့အနုပညာရှင်ဟာ သည်ဆောင်းပါးကိုများ ဖတ်ခဲ့လေသလားလို့တောင် သံသယဖြစ်မိပါတယ်။ ဖြစ်နိုင်ပါတယ်။ အခု ကျွန်တော် ပြန်ဖောက်သည်ချနေတဲ့ ဆောင်းပါးဟာ ၁၉၆၄ ခုနှစ်၊ ဇွန်လထုတ် ဖတ်သူ့အနှစ် မဂ္ဂဇင်းထဲက ဆောင်းပါးပါ။ ၁၉၆၄ ခုလောက်ဆီက ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖတ်သူ့အနှစ်မဂ္ဂဇင်းကို လပေး ဝယ်ယူ ဖတ်ရှုသူတွေ မနိုင်ရင်ကာ များပြားလှပါ တယ်။ [တစ်အုပ်မှ နှစ်ကျပ်မတ်တင်း (တစ်ကျပ်ခုနစ် ဆယ့်ငါးပြား)ပဲ ပေးရတာပါ။ ကျွန်တော့်ဖေဖေလည်း လပေး ဝယ်ဖတ်ခဲ့တာ မှတ်မိနေပါသေးတယ်။ ဈေးနှုန်းကိုလည်း မြန်မာနိုင်ငံမှာဆို ဘယ်လောက်ဆိုပြီး မူရင်းစာအုပ်တိုက်ကကို မျက်နှာဖုံးမှာ အတိအလင်း ရိုက်နှိပ်ဖော်ပြပေးခဲ့တာပါ။]

ကျွန်တော်ပြောနေတဲ့ အနုပညာရှင်က ခေတ်ပညာတတ်၊ အင်္ဂလိပ်စာ ကောင်းကောင်းတတ်တဲ့သူလည်းပဲ ဖြစ်ပါတယ်။ သည်အခါမှာ သည်ဆောင်းပါးကို သူလည်း မလွဲမသွေ ဖတ်ခဲ့မိပါလိမ့်မယ်။ အဲဒီ့ ၁၉၆၄ ခုနှစ်မှာ သူလည်း စတင် အောင်မြင်စအချိန်၊ သူ့ကို ဝေဖန်သူတွေလည်း လက်သံပြောင်လို့ ကောင်းနေတဲ့ အခိုက်ပါပဲ။ သည်လိုအချိန်မှာ သည်စာအုပ်ကို ဖတ်ရပြီး သူ့အပေါ် ဝေဖန်သူများကိုဖြင့် ဘယ်နည်းဘယ်ပုံ တုံ့ပြန်သင့်တယ်ဆိုတာ သူ ကောင်းကောင်းကြီး မြင်သွားခဲ့ပုံရပါတယ်။

သည်မှာတင် သူကွယ်လွန်ချိန်မှာ ဟိုဆရာတွေက သူ့ကို ချီးမွမ်းခန်း ဖွင့်ခဲ့ကြတော့တာပဲလို့ တွေးကြည့်နေမိတယ်။

အစမှာ ပြောခဲ့တဲ့အတိုင်း ကျွန်တော်ဟာလည်းပဲ ဝေဖန်ရေးရဲ့သားကောင်ဘဝမှာ အီစလံဝေအောင် နေခဲ့ရ၊ နေနေရသူဖြစ်ပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ပြန်မရေးဖူးပါဘူး။

အများအတွက် အကျိုးရှိမယ်၊ ပြောလည်း ပြောသင့်တယ်လို့ ယူဆရင်သာ ဘယ်မျက်နှာမှ မထောက်ဘဲ ပြောစရာ ရှိတာ ကျွန်တော်ကသာ စပြောခဲ့တာပါ။ အဲသလို ပြောရင်းကမှ မခံနိုင်သူတွေက ဆွေ့ဆွေ့ခုန်၊ ကျွန်တော့်ကို ပြဿနာ ရှာကြတာများ ကျွန်တော့်ဘဝကို ပြိုလဲစေတဲ့အထိ တုံ့ပြန်တာတောင် ခံခဲ့ရဖူးတာ အများအသိပါ။ အဲသလို တုံ့ပြန်လာတဲ့အခါမှာလည်း ကျွန်တော်ကဖြင့် ဘယ်တော့မှ ပြန်မတုံ့ပြန်ပါဘူး။ အများအတွက် ဘာအကျိုးမှ မရှိသလို သူတို့အတွက်လည်း အကျိုးမရှိ၊ ကျွန်တော့်အတွက်လည်း အကျိုး မရှိလို့ပါ။

အနာပေါ်တုတ်ကျရင် နာမှာပါပဲ။ လက်မှာ အကွဲအရှရှိနေရင် ကျွန်တော် ပေးတဲ့ဆားက ဘယ်လောက်ဖြူဖြူ၊ သန့်သန့် စပ်ကြမှာပါပဲ။ လူဆိုတာတော့ ကိုယ့်အသားနာရင်၊ စပ်ရင် ဒေါသတကြီး တုံ့ပြန်ကြမှာပဲဆိုတာ ကျွန်တော် အစောကြီးကတည်းက တွေးမိပြီးသားပါ။ သို့ပေမယ့် မတတ်နိုင်ဘူး၊ ပြောသင့်တဲ့ စကားကို ပြောမယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော် ပြောဖြစ်ခဲ့တာတွေ ရှိပါတယ်။ သည်အတွက်တော့ ကျွန်တော် နောင်တမရပါဘူး။

သို့ပေမယ့် ကျွန်တော်သည်လည်း အနုဉာတ ပုထုဇဉ်မတ္တသာ ဖြစ်နေသေးတဲ့အတွက် ကျွန်တော့်ကို တစ်ခုခု ပြောလာရင် ဘာမှ ပြန်မပြောဖြစ်တောင် စိတ်ထဲမတော့ အနည်းနဲ့အများ ကသိကအောင့် ဖြစ်ရတတ်ပါတယ်။ စာဖတ်သူ လူကြီးမင်းသည်လည်း ကျွန်တော့်လိုပဲ တစ်ချိန်မဟုတ် တစ်ချိန်တော့ ကိုယ့်ကို ထိလာတဲ့အခါ အထိုက်အလျောက်တော့ နာတတ်လိမ့်မယ်ထင်ပါတယ်။ သည်အခါမှာ ဘယ်လို စိတ်ထားမျိုးနဲ့ ရင်ဆိုင်မလဲ၊ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ စဉ်းစားကြည့်မလဲ၊ ဘယ်လို သဘောထားနဲ့ တုံ့ပြန်မလဲဆိုတာကို ဆွေးနွေးရေးသားထားတဲ့ သည်ဆောင်းပါးလေးဟာ ၁၉၆၄ခုနှစ်က ရေးခဲ့တာဖြစ်ပေမယ့် ကနေ့ – နှစ်ပေါင်း ၄၀ကျော် ကြာခဲ့တဲ့တိုင် မရိုးနိုင်သေးဘူးလို့ ယူဆမိရတဲ့အတွက် ပြန်ဆိုပြရင်း ဝင်ရောက် ဆွေးနွေးလိုက်မိရတာ ဖြစ်ပါတယ်။


သူပြောတိုင်း ကျွန်တော် လက်မခံသလို စာဖတ်သူ လူကြီးမင်းများလည်း ဇွတ်မှိတ် လက်ခံစေ့ချင်လို့ အခုလို ပြန်ဆိုတင်ဆက်လိုက်တာ မဟုတ်ပါဘူး။ ဖတ်မိသလောက်လေးက ကျွန်တော့်အတွက် အတွေးသစ်ကလေးတွေ ဖြစ်နေတာမို့ အတွေးသစ်ချင်တဲ့ စာဖတ်ပရိသတ် မိတ်ဆွေအများကို ပြန်ဖောက်သည်ချလိုက်မိတဲ့သဘောပါပဲ ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

—————————————————————————————————————————————–

၂၀၀၆ ခုနှစ် ဧပြီလနဲ့ မေလများအတွင်းက “အတွေးသစ်”ဂျာနယ်မှာ လေးပတ်တိတိ အခန်းဆက် ဖော်ပြခဲ့ပြီး မကြာသေးခင်က ထုတ်ဝေထားတဲ့ အတ္တကျော် ရဲ့ မိုးထိအောင် လှေကားထောင်နည်း စာအုပ်ထဲမှာ ဖော်ပြပါရှိတဲ့ စာတစ်ပုဒ်ကို ကောက်နုတ်တင်ဆက်လိုက်တာပါ။

Norman Vincent Peale

How to Cope with Criticism (Part 1 of 2)

အဝေဖန်ခံနည်း နိဿရည်း

(အမေရိကန်တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီး) Benjamin Franklin (၁၇၀၆-၁၇၉၀)က တစ်ခါတုန်းက ပြောဖူးတယ်။ ဘဝမှာ သေခြင်းတရားရယ်၊ အခွန်အတုပ်ရယ်ဆိုတာ ဘယ်တော့မှ ရှောင်လွှဲလို့ မရနိုင်ဘူးတဲ့။ သူပြောတာက ဟုတ်သလိုလိုကြီး။ သေခြင်းတရားဆိုတာလည်း နှစ်လိုစရာ မကောင်းပေမယ့် ရှောင်လို့ မရဘူး။ အခွန်အတုပ်ဆိုတာလည်း အဲ… လူအတော်များများက သိပ် ကြည်ကြည်ဖြူဖြူ မရှိကြလှသည့်တိုင် နိုင်ငံသားမှန်ရင် ရှောင်လို့ မရဘူး။ သို့သော် အဲဒီ့နှစ်ခုတင် မကဘူးဗျ။ ဘဝမှာ အဲသလိုပဲ သိပ် နှစ်လိုစရာ မကောင်း လှပေမယ့် နောက်ထပ် ရှောင်လွှဲလို့ မရတဲ့ အရာတစ်ခု ရှိသေးတယ်။ လူမှန်ရင် ရင်ဆိုင်ရမယ့်အရာ၊ အသားအရေ၊ လူမျိုး၊ ဘာသာ၊ နိုင်ငံသား ဘာဆိုဘာမှ မကွဲပြားဘဲ လူသားမှန်သမျှ ရင်ဆိုင်ရမယ့်အရာတစ်ခုက ကပ်ကပ်သတ်သတ် ကျန်နေပါသေးတယ်။


အဲဒါကတော့ ဝေဖန် ပုတ်ခတ်ခံရတာပါပဲ။ မြန်မာစကားလုံးမှာတော့ အများသား၊ ဝေဖန်တာ၊ ပုတ်ခတ်တာ၊ အမနာပပြောတာ၊ သွားပုပ်လေလွင့် ပြောတာ၊ ကဲ့ရဲ့တာ၊ အတင်းအဖျင်းပြောတော… အမျိုးစုံပါပဲ။ သေချာတာ တစ်ခုကတော့ လူမှန်ရင် အဝေဖန်ခံရမယ့်သူချည်းပဲ။ ဘယ်သူမှ မလွတ်ဘူး။


အဲ… သို့ပေမယ့် ကျွန်တော်တို့ရဲ့ ထွန်းပေါက်မှု၊ ကျွန်တော်တို့ရဲ့ စိတ်တည်ငြိမ်မှု၊ စိတ်ချမ်းသာမှုတွေကတော့ အဲသလို ဝေဖန်ပုတ်ခတ်မှုကို ဘယ်လို တုံ့ပြန်မလဲဆိုတဲ့အပေါ်မှာ အပြည့်အဝ တည်မှီနေပါတယ်။

ဝေဖန်ပုတ်ခတ်တယ်ဆိုရာမှာ နှစ်မျိုးပဲ ရှိတယ်။ နူးညံ့သိမ်မွေ့ပြီး ပညာ သားပါပါနဲ့ အပြုသဘောဆောင်ကာ ဝေဖန်ပုတ်ခတ်တာမျိုးလည်း ရှိတယ်။ (အဟဲ… အဲလို အပြုသဘောနဲ့ အဝေဖန်ခံရတယ်ဆိုတာလည်း သူသူကိုယ်ကိုယ်အတွက် အင်မတိ အင်မတန် ရခဲလှစွ ဒုလ္လဘပါခင်ဗျ။)

နောက်တစ်မျိုးကတော့ ပြင်းပြင်းထန်ထန်၊ တုံးတိတိနဲ့ ငြိုးသူရန်ဘက်ပမာ တိုက်ခိုက်တဲ့ ဝေဖန် ပုတ်ခတ်မှုမျိုးပါ။


ကျွန်တော့်မှာ အဲသလို ဝေဖန်ပုတ်ခတ်မှု အမျိုးစုံကို အီစလံဝေနေအောင် ခံဖူးတဲ့ အတွေ့အကြုံရှိပါတယ်။ အဲဒီ့အတွေ့အကြုံအရ ပြောနိုင်တာကတော့ ထိလွယ် ရှလွယ်၊ ခံစားလွယ်၊ ဆွေ့ဆွေ့ခုန်လွယ်တတ်သူတစ်ယောက်လည်း ဖြစ်မယ်၊ ရိုးသားဖြောင့်မတ်သူ တစ်ယောက်လည်း ဖြစ်မယ်ဆိုရင် ဝေဖန်ပုတ်ခတ်တာကို  မောင်းထုတ်ဖယ်ရှားလို့လည်း မရနိုင်သလို ဘာမှ မကြားမမြင်မိသယောင် ဟန်ဆောင်နေလို့လည်း မရပါဘူး။ အဲသလို ရှောင်လို့လည်း မရ၊ တားလို့လည်း မဖြစ်နိုင်တဲ့ ဝေဖန်မှုကို အဆင့် သုံးဆင့်နဲ့ ရင်ဆိုင်ကြရပါတယ်။
ပထမအဆင့်က ခံစားချက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒုတိယဆင့်မှာတော့ ဆင်ခြင်တုံတရားနဲ့ ရင်ဆိုင်ရမှာပါ။ တတိယဆင့်ကတော့ လက်တွေ့ကျကျ ရင်ဆိုင်ရတော့မှာပါပဲ။

မိမိရဲ့ ခံစားမှုအရ ပေါ်ပေါက်လာတဲ့ တုံ့ပြန်ပုံ အမျိုးစုံကို ထိန်းချုပ်ရတာက လောကမှာ အခက်ခဲဆုံးပါ။ ဝေဖန်ပုတ်ခတ်တယ်ဆိုတာဟာ ကိုယ့်ရဲ့ အတ္တနောမတိကို တိုက်ရိုက် ထိုးနှက် တိုက်ခိုက်လိုက်တာပါပဲ။ သည်လို ကိုယ့်အတ္တကို ထိလာတဲ့အခါမှာတော့ မကျေမချမ်းနိုင်ဖြစ်ဖို့၊ ဒေါသ ထွက်ဖို့ကလည်း အင်မတန်ကို လွယ်ကူလှပါတယ်။ သို့ပေမယ့် အဲသလို မကျေမချမ်း ဖြစ်လေလေ၊ ဒေါသ ဖြစ်လေလေ ပိုပြီး အားနည်းလေလေ၊ ပိုပြီး ခံရလေလေပါပဲ။ ကိုယ့်ကို ဝေဖန်လာသူအပေါ် မကျေမချမ်း ဖြစ်မိသွားတာနဲ့ တစ်ပြိုင်နက် ပထမဆုံး ထိတာက ကိုယ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတာပါ။

သည်တော့ကာ ပထမဆုံးအဆင့်က ဘက်မလိုက်တဲ့စိတ်ကို အရင်ဆုံး မွေးဖို့ လိုပါတယ်။ ဒါ တော်တော်တော့ မလွယ်ပါဘူး။ သို့ပေမယ့် ကြိုးစားပြီး လုပ်မယ်ဆိုရင် ရပါတယ်။ (အမေရိကန်ပြည်ထောင်စုရဲ့ ၃၁ယောက်မြောက် သမ္မတအဖြစ် ၁၉၂၉ခုနှစ်မှ ၁၉၃၉ခုနှစ်အတွင်း တာဝန်ယူခဲ့သူ) Herbert Hoover (၁၈၇၄-၁၉၆၄)ကို ကျွန်တော် လူကိုယ်တိုင် သွားတွေ့ခဲ့ဖူးပါတယ်။ သူဟာ အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ အပုပ်ချ အခံခဲ့ရဆုံး သမ္မတပါပဲ။

“သမ္မတကြီးခင်ဗျား။ သမ္မတကြီးရဲ့ သမ္မတသက်တမ်း တစ်လျှောက်လုံးမှာ အဝေဖန်ခံရတာ အမျိုးမျိုးကြောင့် မခံချိမခံသာ မဖြစ်ရလေအောင် ဘယ်လိုများ ကျင့်သုံးနေထိုင်ခဲ့ပါသလဲဆိုတာ သိပါရစေ”လို့ ကျွန်တော်က မေးခဲ့မိပါတယ်။


“အင်း… ဖြစ်နိုင်တဲ့ အဖြေနှစ်ခုတော့ စဉ်းစားလို့ရတယ်ဗျ။ ပထမဆုံးအချက်က ကျုပ်က အင်ဂျင်နီယာ။ အင်ဂျင်နီယာဆိုတာက ပြဿနာတွေကို ကြိုတွေးဖို့အတွက် လေ့ကျင့်သင်ကြားထားတဲ့သူဗျ။ ကျုပ်ရှေ့က သမ္မတအဆက်ဆက်သည်လည်းပဲ ဝေဖန်မှုတွေ တရစပ် ရင်ဆိုင်ခဲ့ကြရမှာကို ကျုပ် သည်ရာထူး မရခင်ကတည်းက တွေးမိခဲ့တယ်။ သည်တော့ကာ အိမ်ဖြူတော်ကိုလည်း ဝင်လာရော အဲသလို ဝေဖန်သမျှ ခံနိုင်အောင် ကျုပ်က ပြင်ဆင်ထားပြီးသား ဖြစ်နေတယ်။ ဒါက တစ်ချက်…

“နောက်တစ်ချက်က ကျုပ်က ခွေခါဂိုဏ်းသား”

[ခွေခါဂိုဏ်းဆိုတာ အကြမ်းဖက်မှုနဲ့ စစ်ကို ခါးခါးသီးသီးဆန့်ကျင်တဲ့ ခရစ်ယာန်ဂိုဏ်းဖြစ်ပါတယ်။ ဂိုဏ်းအမည်မှန်က မိတ်သင်္ဂဟများရဲ့ ဘာသာရေး လူ့ဘောင် (Religious Society of Friends)ဆိုတာပါ။ အဲဒီ့ ဘာသာဂိုဏ်းဝင် တွေကို Quaker လို့ ခေါ်ပါတယ်။ ဤကား စကားချပ်။]

သူပြောတာကို ကျွန်တော် ကောင်းကောင်း သဘောပေါက်လိုက်တယ်။ ခွေခါတွေဟာ စိတ်နှလုံးငြိမ်းချမ်းမှုကို ယုံကြည်ကြတဲ့သူတွေ။ မကျေမချမ်းဖြစ်တာတွေ၊ ခါးသီးစက်ဆုပ်တာတွေ ကင်းရှင်းနေမှသာ အေးချမ်းမှုက ရလာမှာပါ။  အဲသလို သူတို့တွေက ယုံကြည်ကြတယ်။ လူတစ်ယောက်မှာ အဲဒီ့ တကယ့် အေးချမ်းတဲ့ စိတ်နှလုံးအမှန်သာ ရှိမယ်ဆိုရင် လူတို့က ဖန်တီးလိုက်တဲ့ မုန်တိုင်းတွေကြောင့်တော့ တုန်လှုပ်မှာ မဟုတ်တော့ဘူး။

မိမိအား ဝေဖန်လာသူများအတွက် ဆုတောင်းပေးပါ၊ ကိုယ့်ကို နာကျင် ထိခိုက်အောင် လုပ်သူများကိုလည်း ဆုတောင်း မေတ္တာပို့သပါလို့ သမ္မာကျမ်းစာမှာ ဆိုထားပါတယ်။ ဝေဖန်ပုတ်ခတ်ခံရလို့ ဆွေ့ဆွေ့ခုန်နေသူ၊ စပ်ဖျဉ်းဖျဉ်း ဖြစ်နေသူအတွက် သည်စကားက အတော်လေး သဘာဝမကျလှဘူးလို့ ထင်စရာရှိပါတယ်။ သို့ပေမယ့် အံ့ဩစရာကောင်းအောင် မှန်တဲ့ အမှန်တရားကတော့ အဲသလို လုပ်လိုက်နိုင်တဲ့အခါ နာကျင်နေတာတွေ အားလုံး အမှန်တကယ် သက်သာ လျော့ပါးသွားတာပါပဲ။ ကိုယ့်ကို ဝေဖန်ပုတ်ခတ်လာသူအတွက် တကယ်ကြိုးစားပြီး မေတ္တာထားလိုက်မယ်ဆိုရင် လူ့စိတ်ရဲ့သဘာဝအရ ကိုယ့်မှာ ထိခိုက်တာ၊ ကိုယ့်မှာ နာကျင်တာတွေကို တစ်ပြိုင်တည်းမှာ လိုက်ခံစားနေလို့ မရတော့ပါဘူး။


အတိုက်ခိုက်ခံလာရတဲ့အခါ ကိုယ့်စိတ်ကိုယ် သက်သာရာရအောင် လုပ်နည်း နောက်တစ်နည်းကတော့ လောကမှာ ရှိခဲ့ဖူးလေသမျှ လူချွန်လူမွန်တိုင်း  အဝေဖန်ခံခဲ့ရတယ်ဆိုတာကို သတိရဖို့ပါပဲ။ ကိုယ့်ဘဝမှာ တက်ကြွမှု ရှိနေတယ် ဆိုပါရင်၊ အရေးကိစ္စတွေကို ဆောင်ရွက်ဖို့ သန္နိဋ္ဌာန် ချမှတ်ထားတယ်ဆိုပါရင်၊ အထူးသဖြင့် လမ်းသစ်တွေ ဖောက်ဖို့ ရည်သန်နေတယ်ဆိုပါရင် အပြင်းအထန် ဆန့်ကျင်လာမှာတွေ၊ တိုက်ခိုက်လာမှာတွေ၊ အတိုက်အခံ လုပ်ကြမှာတွေကို မလွဲမသွေ ရင်ဆိုင်ရတော့မှာချည်းပါပဲ။ သည်ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး လူသား တစ်ယောက်ဟာလည်းပဲ သူ့ရဲ့ သူမတူတဲ့ အယူအဆ အတွေးအမြင်များကြောင့် ခါးခါးသီးသီးကြီးကို အဝေဖန်ခံခဲ့ရတဲ့အပြင် နောက်ဆုံးမှာ သူ့အယူအဆတွေကို ဘယ်လိုမှ လက်မခံနိုင်သူ၊ သူ့ခေတ်ပြိုင်များက ကားစင်တင်တာကိုတောင် ခံခဲ့ရဖူးပါတယ်။

“ကျုပ်အပေါ် ထိုးနှက်တိုက်ခိုက်သမျှတွေကိုသာ လိုက်ပြီး လှုပ်ခတ်နေမယ်ဆိုရင် ဘာဆို ဘာမှ မလုပ်ဘဲ ငုတ်တုတ် ထိုင်နေဖို့ပဲ ရှိတော့မယ်။ သည်တော့ ကျုပ်လုပ်စရာရှိတာကို ကျုပ်တတ်သမျှ အကောင်းဆုံးနည်းနဲ့ အကောင်းဆုံး ကြိုးစားပြီးတော့ လုပ်တယ်။ ကျုပ်လုပ်လိုက်တာရဲ့ အဆုံးသတ်ရလာဒ်က မှန်နေမယ်ဆိုရင် ကျုပ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သမျှ၊ ဝေဖန်ထိုးနှက်ခဲ့သမျှ အားလုံးက ဘာဆိုဘာမှ အရေးပါတော့မှာ မဟုတ်ဘူး။ အဲ… သို့ပေမယ့် ကျုပ်လုပ်လိုက်တာရဲ့ အဆုံးသတ်က အမှားကြီးဖြစ်နေမယ်၊ အလွဲကြီး ဖြစ်နေမယ်ဆိုရင်တော့ ကျုပ်လုပ်တာဟာ မှန်ပါတယ်လို့ နတ်သမီးဆယ်ပါးက ဆင်းလာပြီး ကျိန်တွယ်ပြောဆိုဦးတောင်မှ ဘာမှ အကြောင်းထူးမှာလည်း မဟုတ်ပါဘူး”လို့ (အမေရိကန် ပြည်ထောင်စုရဲ့ ၁၆ယောက်မြောက်သမ္မတ) အေဘရာဟင်(မ်) လင်ကွန်း(၁၈၀၉-၁၈၆၅)က ဆိုပါတယ်။

ဝေဖန်ချက်ကို ရင်ဆိုင်ဖြေရှင်းရေးမှာ ဒုတိယအဆင့်ကတော့ ဆင်ခြင်တုံတရား ရှိဖို့ပါပဲ။ ဝေဖန်ချက်ကို အသာတကြည် လက်ခံလိုက်ပြီးတဲ့နောက် အပြုသဘောနဲ့ ဆန်းစစ်ပါ။ စန္ဒယားဆရာ အကျော်အမော် Theodor Leschetizky က ပြောဖူးပါတယ်။ “လူတွေ ပြောကြ ဆိုကြသမျှထဲမှာ ဝိဝါဒကွဲစရာ အပြောတွေကနေ ကျွန်တော်တို့တွေ အများကြီး မှတ်သားရပါတယ်။ အကောင်းပြောရင် ကျွန်တော်တို့တွေမှာက ဝမ်းသာလုံးဆို့လို့ ကောင်းနေတာနဲ့ ခေါင်းက အလုပ် မလုပ်တော့ဘူး။ ကျေနပ်နေတာ၊ ပီတိဖြစ်နေတာနဲ့ပဲ ကိစ္စက ပြတ်သွားတယ်။ အဆိုးပြောလာရင်တော့ ကျွန်တော်တို့မှာ မလွဲမသွေ တွေးဖြစ်သွားတာချည်း ပဲဗျ။ အဲတော့ မြတ်တာပေါ့”တဲ့။

အဝေဖန်ခံရတဲ့အခါ အဲဒီ့ဝေဖန်ချက်ထဲမှာ မှန်တာတွေများ ပါနေသလား ဆိုတာ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားပြန်မေးယူပါ။ သည်နေရာမှာ သတိထားဖို့ လိုအပ်တာက ကိုယ့်အတွက်ဆို တစ်ကွက်ချန်ချင်တဲ့စိတ်၊ ဆင်ခြေကန်ချင်တဲ့ စိတ်တွေနဲ့ ကိုယ်မှန်တယ်၊ ကိုယ်တရားတယ်လို့ချည်းပဲ ကိုယ့်ဘာသာကိုယ် ဇွတ်အတင်း တွေးယူတတ်တဲ့ ဉာဉ်တွေကိုပါပဲ။ အဲသလို ဉာဉ်နဲ့ကတော့ မူလ ကိုယ့်အမှားကို ထပ်ဆင့်မှားအောင် လုပ်ရာ ရောက်သွားပါလိမ့်မယ်။ ကိုယ့်ကို ဝေဖန်လာသူဘက်က မှန်နေတယ်ဆိုတာကို အောင့်သည်းအောင့်သက်နဲ့ ကောက်ချက်ချဖြစ်သွားတဲ့အခါမှာ အလုပ်သင့်ဆုံး အလုပ်ကတော့ ဝန်ခံလိုက်တာပါပဲ။ အဲသလို ဝန်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ဟိုတစ်ဖက်က အလိုလို ပါးစပ် ပိတ်သွားတော့မှာ သေချာလှပါတယ်။ ဟုတ်တယ်လေ။ သူနဲ့ သဘောတူပါတယ် ဆိုမှတော့ ဟိုတစ်ဖက်မှာ ဘာပြောစရာ ကျန်တော့မှာတဲ့တုံး။ ဒါ့အပြင် မှားပါတယ်လို့ ဝန်ခံနိုင်သူတစ်ယောက်ရဲ့ဘက်က လူတွေ ရိုင်းပင်းတတ်ကြပုံကလည်း တကယ့်ကို အံ့အားသင့်စရာကောင်းလှပါတယ်။

နောက်ထပ် ဆင်ခြင်တုံတရားရှိရှိ ချဉ်းကပ်တဲ့နည်းကတော့ ကိုယ့်ကို ဝေဖန်လာသူရဲ့ အရည်အချင်းတွေကို ဆန်းစစ်ဖို့ပါ။ သူဟာ နာမည်ကောင်း ရှိသူလား။ ရိုးသား ဖြောင့်မတ်သူလား။ နာမည်ကောင်းလည်း ရှိတယ်၊ ရိုးလည်း ရိုးသားတယ်ဆိုရင်တော့ သူပြောလာ ဆိုလာတာကို အလွယ်တကူ ပယ်မချသင့်ပါဘူး။ သေချာ ဆင်ခြင်စဉ်းစားသင့်ပါတယ်။

သူဟာ ကိုယ့်အပေါ်မှာ မလိုတမာစိတ်နဲ့ ပြောတတ်သူလား။ သူ့မှာ ကိုယ့်ကို မနာလိုတိုရှည်ဖြစ်နေစရာ အကြောင်းတွေ ရှိသလား။ ဟုတ်နေတယ်၊ ရှိနေတယ်ဆိုရင်တော့ သူပြောသမျှကို လစ်လျူရှုထားလိုက်ရုံပါပဲ။ သိက္ခာရှိရှိ၊ ဣနြေ္ဒရရနဲ့ ခပ်မဆိတ်နေလိုက်ခြင်းဟာ မဟုတ်မမှန် လုပ်ကြံပြောဆိုတာ မှန်သမျှကို  တုံ့ပြန်တဲ့နေရာမှာ အကောင်းဆုံး နည်းလမ်းပါပဲ။

တစ်ခါတလေကျတော့လည်း ဝေဖန်ချက်က မှားယွင်းနေတဲ့အပြင် အကျိုး ပျက်စီးရာ ပျက်စီးကြောင်းအထိ ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ အဲလိုအခါမျိုးမှာ တော့ မလွဲမသွေ တုံ့ပြန်ရတော့မှာ၊ ရှင်းလင်းရတော့မှာပဲဖြစ်ပါတယ်။ သို့ပေမယ့် အဲသလို တုံ့ပြန်တဲ့အခါ၊ ရှင်းလင်းတဲ့အခါမှာ အကျိုးအကြောင်းကိုသာ ခိုင်ခိုင် မာမာ ပြောပြီး လက်တုံ့မပြန်မိအောင် ကြိုးစားတာက အကောင်းဆုံးပါပဲ။

နောက်တစ်ချက် သတိထားသင့်တာက ဝေဖန်ချက်က ကိုယ့်နားကို ပြန်ရောက်လာတဲ့အခါ အတော့်ကို ချဲ့ကားပြီးသားလည်း ဖြစ်နေနိုင်ပါတယ်။ တစ်ဆင့်စကားတွေဟာ “ကား”သွားတတ်တဲ့သဘော ရှိတယ်။ တချို့လူတွေက ရန်တိုက်ရတာ အတော် ဝါသနာပါတတ်တယ်။ မီးလောင်ရာ လေပင့်လုပ်ဖို့လည်း ဝန်မလေးတတ်ကြဘူး။ “ငြိမ်ခံမနေနဲ့၊ ပြန်တွယ်လိုက်စမ်းပါ”လို့ ပြောမယ့်သူ တွေကလည်း ကိုယ့်အနားမှာ အမြဲတစေ ရှိနေတတ်တာကို မမေ့သင့်ဘူး။


တစ်ခါတလေကျရင် အဲသလို ဘေးလူတွေကြောင့် လိုတာထက် ပိုပြီး ဇယားရှုပ်ကုန်တတ်တယ်။ လွန်ခဲ့တဲ့ သုံး-လေးနှစ်လောက်တုန်းက ကျမ်းစာ သင်တန်းကျောင်း အကျော်အမော်တစ်ခုရဲ့ ကျောင်းအုပ်ကြီးဟာ မိန့်ခွန်းပြောရင်း တန်းလန်းကနေ ကျွန်တော်နဲ့ ပတ်သက်ပြီး တော်တော် ပြင်းပြင်းထန်ထန်တွေ ထည့်ပြောသွားပါတယ်။ သည်မှာတင် သတင်းထောက်တွေက ကျွန်တော့်အနားမှာ ဝိုင်းအုံလာကြတယ်။ တစ်ခုခု ပြန်ပြောဖို့ ကျွက်ကျွက်ညံအောင် ဝိုင်းပြောကြတယ်။ ခက်တာက အဲဒီ့ကျောင်းအုပ်ကြီး ပြောတဲ့စကားကို ကျွန်တော် ကောင်းကောင်း မကြားလိုက်ဘူး။ အဲဒီ့အခါမှာ သတင်းထောက်တစ်ယောက်က ဟိုက ပြောသွားတာကို အစအဆုံး ပြန်ဖောက်သည်ချပေးပါတော့တယ်။

သူပြောတာ ကြားရတော့ ကျွန်တော်လည်း လူပဲ၊ အတော့်ကို စိတ်ကသိကအောက် ဖြစ်သွားတာပေါ့။ သို့ပေမယ့် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး ကျွန်တော့်ကို ဝေဖန်တဲ့သူဟာ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်တာမို့ သူ့ရဲ့ အကဲဖြတ်ချက်ကို ကျွန်တော့်အနေနဲ့ လေးစားရမှာ ဖြစ်ကြောင်း ပြန်ပြောလိုက်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ လုပ်ရပ်တွေ၊ ကျွန်တော် ဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြန်လှန် သုံးသပ်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ တကယ်လို့ ကျွန်တော်မှားနေတာ တစ်ခုခုများ တွေ့တယ်ဆိုပါရင်လည်း အကောင်းဆုံးဖြစ်အောင် ပြန်လည် ပြင်ဆင်ဖို့ ရည်ရွယ်ထားပါကြောင်းတို့ကိုလည်း ဖြည့်စွက်ပြောလိုက်ပါတယ်။

သည်လို ဖြေလိုက်တဲ့အခါ သတင်းထောက်တွေရဲ့မျက်နှာထားတွေ ပြောင်းကုန်ကြတာ ကျွန်တော် ဘယ်တော့မှ မေ့နိုင်မယ်မထင်ဘူး။ သူတို့က ကျွန်တော်တို့ နှစ်ယောက်ကို တိုက်ပေးပြီး သတင်းအလုပ် လုပ်စားဖို့ ကြံထားတာကလား။ အခုတော့ ကျွန်တော့်ကို ဆွလို့ မရမှန်းသိသွားတဲ့အခါ သူတို့တွေ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြပါတယ်။

ဝေဖန်ပုတ်ခတ်မှုကို ဆင်ခြင်တုံတရားရှိရှိနဲ့ ကြိုးစားရင်ဆိုင်ခြင်းကနေ နောက်ထပ် ကောက်ချက်တစ်ခုကိုလည်း ရလာပါတယ်။ လူတိုင်းက ကျွန်တော့်ကို သဘောကျမှာမဟုတ်သလို ခင်ဗျားကိုလည်း လူတိုင်းကတော့ ကြိုက်နေမှာ မဟုတ်ပါဘူးဆိုတဲ့အချက်ပါပဲ။ တချို့လူတွေက ကျွန်တော်တို့ကို အလကား နေရင် မျက်မုန်းကျိုးနေကြသလိုပဲ ကျွန်တော်တို့တွေလည်း တချို့လူတွေကို အခြောက်တိုက် ကြည့်မရဖြစ်နေမိတာတွေလည်း ရှိတာပါပဲ။ သည်လို ရိုးစင်း ရှင်းလင်းလှတဲ့အမှန်တရားကို လက်ခံနိုင်မယ်ဆိုရင် ကိုယ့်ကို လက်မခံနိုင်တဲ့သူ၊ မကြိုက်တဲ့သူ အထိုက်အလျောက် ရှိနေတာကြောင့် ကိုယ့်စိတ်မှာ အနှောင့် အယှက်ဖြစ်နေစရာ ဘာအကြောင်းမှ သိပ်မရှိတော့ပါဘူး။

ဝေဖန်ပုတ်ခတ်မှုကို ရင်ဆိုင်ဖြေရှင်းရာမှာ လက်တွေ့ကျကျ လုပ်စရာ တစ်ခုခုများ ရှိပါသေးလားလို့ မေးရင် ရှိပါတယ်။ အဲဒါကတော့ ကိုယ့်ကို ဝေဖန်လာသူကို ကူညီပံ့ပိုးပေးနိုင်အောင် အားထုတ်တာပါပဲ။

ဝေဖန်ပုတ်ခတ်ခြင်းဟာ နှစ်ဖက်သွားပါတဲ့ ဓါးပါပဲ။ နှစ်ဖက်သွားနဲ့မို့ ကျန်တဲ့တစ်ဖက်ဟာ ဝေဖန်ပုတ်ခတ်သူ ကိုယ်တိုင်ကို ထိရှသွားနိုင်ပါတယ်။ ဆိုကြပါစို့၊ အတင်းအဖျင်းပြောတာကိုပဲ နမူနာဆောင်ပါ့မယ်။ အတင်းအဖျင်းပြောတယ်ဆိုတာဟာလည်း စိတ်ဓာတ် မလုံခြုံမှု၊ မနာလို မရှုဆိတ်နိုင်တဲ့ စိတ်ထား စတာတို့ကြောင့် ပြောဖြစ်နေတတ်တဲ့ ဝေဖန်ပုတ်ခတ်မှုတစ်မျိုးသာ ဖြစ်ပါတယ်။ ဉာဏ်ရည်နိမ့်ပါးသူများဟာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်မယ့်အစား တစ်ဖက်သားကို ဖြိုချနိုင်မှ သူတို့အတွက် နေရာရမယ်လို့ အောက်မေ့မိတတ်ကြပါတယ်။ သည်မှာတင် တစ်ဖက်သားကို နင်းကန်အပုပ်ချမိကုန်တတ်တော့တယ်။ သည်တော့ သူတို့မှာ ဘာအကျိုးရှိသွားလဲဆိုရင် သူတို့ကို ဘယ်သူကမှ မယုံစားတော့ တာပါပဲ။ ဘယ်သူကမှလည်း သူတို့ကို မယုံရဲတော့ပါဘူး။

သမ္မာကျမ်းစာက အဆိုးကို အကောင်းနဲ့သာ တုံ့ပြန်ဖို့ သင်ကြားပါတယ်။  ဒါဟာ ကြောင်သူတော် လုပ်ဖို့ သင်ပေးနေတဲ့ အနှစ်မဲ့သဘောကို မဆောင်ပါဘူး။ (အမေရိကန်နိုင်ငံရဲ့ ၂၅ယောက်မြောက်သမ္မတအဖြစ် ၁၈၉၇ခုနှစ်မှ ၁၉၀၁ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့)William McKinley(၁၈၄၃-၁၉၀၁)ရဲ့ မဲဆွယ်ပွဲ သတင်းကို အစအဆုံး လိုက်ခဲ့တဲ့ သတင်းထောက်တစ်ယောက်နဲ့ ပတ်သက်လို့ ဖေဖေက ကျွန်တော့်ကို ပြောပြဖူးတယ်။ အဲဒီ့သတင်းစာက မက္ခင်လေးကို အပြင်းအထန်ကို ဆန့်ကျင်ပါတယ်။ အဲဒီ့သတင်းထောက်က မက္ခင်းလေးနဲ့ ရထားတစ်စီးတည်း စီးနင်းလိုက်ပါပြီးသကာလ အခွင့်အရေး ရရင် ရသလို မက္ခင်းလေးနဲ့ ပတ်သက်ပြီး မကောင်းသတင်းတွေကို သတင်းပြန်ပို့နေခဲ့ပါတယ်။

မက္ခင်းလေးကလည်း ဒါကို သိတယ်။ သို့ပေမယ့် အရိုးကွဲအောင် ချမ်းလှတဲ့ တစ်ညနေမှာတော့ အဲဒီ့သတင်းထောက်ဟာ အပူပေးမီးဖို မပါတဲ့ ရထားတွဲပေါ်မှာ ချည်ထည်လေး ဝတ်ကာ ကွေးရင်း အိပ်ပျော်သွားပါတယ်။ လမ်းဖြတ်သွားရင်းနဲ့ သူ အဲသလို အိပ်ပျော်နေတာကို မက္ခင်းလေးက တွေ့တော့ ရပ်ပြီး သူ့ရဲ့အပေါ်ဝတ် ကုတ်အင်္ကျီကြီးကို ချွတ်တဲ့ပြီး သတင်းထောက်ရဲ့ ကိုယ်ပေါ်မှာ အသာအယာ လွှမ်းပေးထားခဲ့ပါတယ်။ သတင်းထောက် နိုးလာလို့ အကြောင်းစုံ သိလိုက်ရတဲ့အခါမှာတော့ သူက သတင်းစာတိုက်ကို ကြေးနန်းရိုက်ပြီး အလုပ်က နှုတ်ထွက်ကြောင်း အကြောင်းကြားလိုက်ပါတော့တယ်။ သူ ဝေဖန် အပုပ်ချခဲ့လေသမျှ သူ့အပေါ် တစ်စက်မှ ဗွေမယူဘဲ စိတ်ကောင်းထားခဲ့တဲ့ လူကောင်း တစ်ယောက်ကို ဘယ်လိုနည်းနဲ့မှ ဆက်လက်ပြီး သူ အပုပ်မချနိုင်တော့ပါဘူး။

လူတစ်ဖက်သားကို တစ်ချိန်လုံး ဝေဖန်နေတတ်သူများဟာ စိတ်ဓာတ်မူ မမှန်သူများ၊ စိတ်ဆင်းရဲနေကြရှာသူများပါ။ အရေးမကြီးလှတာတွေကို တွယ်ဖက် ဆုပ်ကိုင်ထားသူများလည်းဖြစ်သလို သူတစ်ပါးရဲ့ အမှားတွေ၊ အပြစ်တွေကို ထောက်ပြရင်းက သူတို့ကိုယ်တိုင်ရဲ့ ချို့ယွင်းချက်တွေ၊ အနာအဆာတွေကို ဖုံးကွယ် သိုဝှက်ဖို့ ကြိုးစားနေကြသူများသာ ဖြစ်ပါတယ်။ ရန်လိုတာ၊ အပြင်းအထန် ဆန့်ကျင်တာကို ရင်ဆိုင်ရာမှာ တစ်ဖက်သားရဲ့ ဒေါသကို ဒေါသနဲ့ ပြန်လည် တုံ့ပြန်မယ့်အစား အဲဒီ့တစ်ဖက်သားရဲ့ ဒေါသကို နားလည်အောင်လုပ်ပြီး အဲဒီ့ အမျက်ဒေါသကို ဖယ်ရှားပေးနိုင်မှသာ အဲဒီ့လူအတွက်လည်း အကျိုးရှိ ကိုယ့် အတွက်လည်း အကျိုးရှိမှာဖြစ်ပါတယ်။

(ဗြိတိသျှ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်လည်းဖြစ်၊ ဝတ္ထုရေးဆရာလည်းဖြစ်ကာ ဗြိတိသျှနန်းရင်းဝန်အဖြစ် ၁၈၆၈ ခုနှစ်မှာ တစ်ကြိမ်၊ ၁၈၇၄ မှ ၁၈၈၀ ပြည့်နှစ် အထိတစ်ကြိမ်၊ ပေါင်းနှစ်ကြိမ် တာဝန်ယူခဲ့ဖူးတဲ့) ဘယ်(န်)ဂျမယ်(န်) ဒစ်ဇရေလီ (၁၈၀၄-၁၈၈၁)က တစ်ခါက ပြောခဲ့ဖူးပါတယ်။ “ကိုယ့်အမှားကို ပြုပြင်ဖို့ထက် သူများအမှားကို ဝေဖန်ဖို့က အများကြီး ပိုလွယ်ပါတယ်”တဲ့။ သူ ပြောတဲ့အတိုင်း လွယ်လှလို့ သည်ကမ္ဘာလောကကြီး မှာ ဝေဖန်ပုတ်ခတ်တတ်သူတွေ အနမတဂ္ဂနဲ့ ပြည့်လျှံလို့နေပါတယ်။ တချို့ကတော့ စိတ်ကောင်းစိတ်မြတ်နဲ့ ဝေဖန်တာပါ။ တချို့ကကျတော့လည်း မညှာမတာ ဝေဖန်ပုတ်ခတ်ကြတာပါ။

ကိုယ့်အပေါ် မညှာမတာဝေဖန်လိုတဲ့သူတွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ချင်သပဆိုရင်တော့ စိတ်လိုက်မာန်ပါ တုံ့ပြန်တတ်တာလေးကို ထိန်းချုပ်နိုင်အောင် အရင်ဆုံး အားထုတ်လေ့ကျင့်ယူရပါမယ်။ ပြီးရင် တည်ငြိမ် အေးဆေးပြီး ဘယ်ဘက်မှ မလိုက်ဘဲ ယထာဘူတကျတဲ့၊ ဆင်ခြင်တုံတရားရှိတဲ့ သဘောထားကို လက်ခံကျင့်သုံးရပါမယ်။ ပြီးရင် ကိုယ့်ကို ဝေဖန်လာသူများဆီမှာ ရှိနေတဲ့ အမျက်ဒေါသကို သူတို့ဘာသာ ဖယ်ရှား ရှင်းထုတ်နိုင်ရေးမှာ စိတ်ကောင်း စိတ်မြတ်ထားပြီး ဖေးမကူညီသွားရပါလိမ့်မယ်။

ဒါပေမယ့် နောက်ဆုံး သုံးသပ်ရမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ရာမှာ အကောင်းဆုံး လက်နက်ကတော့ ကိုယ့်ရဲ့ နေ့စဉ်ပြုသမျှ ကံသုံးပါးသာဖြစ်ပါတယ်။ နေ့စဉ် ကိုယ်ပြုမိလေသမျှ ကံသုံးပါးကသာလျှင် ကိုယ့်ရဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာ စံများကို မြင့်မားသထက် မြင့်မားအောင် ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ ကိုယ့်လိပ်ပြာ သန့်ဖို့အတွက်လည်း အဲဒီ့ နေ့စဉ်ပြုသမျှ ကံသုံးပါးကသာ ခြယ်လှယ်နေတာပါ။ သူတစ်ပါးကို ဖျားယောင်းဖို့၊ လိမ်ညာဖို့၊ ဖုံးကွယ်ဖို့ ဘာဆိုဘာမှ မကြိုးစားဘဲ မှန်မှန်ကန်ကန်နေထိုင်ခြင်းကသာ မိမိတို့ရဲ့ လိပ်ပြာများကို အစဉ် သန့်ရှင်းနေစေမှာလည်း ဖြစ်ပါတယ်။

———————–

မူရင်းဆောင်းပါးက သည်နေရာမှာ ပြီးဆုံးသွားပါတယ်။

ဝေဖန်ပုတ်ခတ်မှုတွေနဲ့ပတ်သက်လာရင် “ထီခနဲဆို အီစကို”လို့တောင် ပြောနိုင်တဲ့ ကျွန်တော်မျိုးကြီးက အတော်လေး အတွေ့အကြုံရှိတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ရှိဆို ကျွန်တော့်ဘဝ အကျိုးပေးကိုက တစ်မျိုးပေကိုး။

ရုပ်ဆိုလည်း ကျွန်တော့်ရုပ်က မျက်လုံးပြူးပြူး၊ မျက်ခုံးထူထူ၊ ပါးစပ်ပြဲပြဲနဲ့ ဆိုတော့ အလကားနေရင်းကို သူတကာထက် ပိုမှတ်မိလွယ်တဲ့ မျက်ခွက်နဲ့။  အသံဆိုလည်း ကျွန်တော့်အသံက လူတကာထက် ပိုကျက်မိလွယ်တဲ့ အာကျယ်ကျယ်နဲ့။ နေပုံထိုင်ပုံ ဝသီစရိုက်ကလည်း ထောင်ထောင် ထောင်ထောင်၊ လွှားလွှား လွှားလွှားဆိုတော့ ကျွန်တော်လိုကောင် အမျိုးစုံ အပြောခံရတာ နည်းတောင် နည်းသေးလို့ ဆိုရပါလိမ့်မယ်။ အဲဒီ့ကမှ ၁၉၈၈ ခုနှစ်ကစပြီး စာတိုပေစတွေလည်း မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ တက်ရေးရော ကျွန်တော့်ဆို ပြောမယ့် ဆိုမယ့်သူက အမြဲတမ်းလိုလို အဆင်သင့်ရှိနေတယ်။ တချို့များဆို ပါးစပ်နဲ့ တစ်လုံး၊ ဆိုင်တာရော၊ မဆိုင်တာရော၊ ပုဂ္ဂိုလ်ရေး ထိုးနှက်တာရော အစုံခံခဲ့ရဖူးပါတယ်။ အခုထက်ထိလည်း စဲတယ်ရယ်လို့ သိပ်မရှိချင်သေးဘူး။

နုစဉ်အခါတုန်းကတော့ အဲဒါမျိုးဆို သိပ်အူယားတယ်။ မခံချိမခံသာလည်း ဖြစ်မိတယ်။ ဆွေ့ဆွေ့တွေ ခုန်မိတတ်တယ်လို့ပဲ ဆိုကြပါစို့ရဲ့။ သို့ပေမယ့်  ကာလတောင်တာ ရှည်ကြာလာတဲ့အခါမှာတော့ အလိုလို အရေထူလာတယ်။ ထူးပြီးလည်း မတုန်လှုပ်မိတော့ဘူး။

တစ်နေ့မှာတော့ မဂ္ဂဇင်းစာအုပ် အဟောင်းတစ်အုပ် ကောက်လှန်မိရင်းက “အကောင်းဘက်က လှည့်တွေးခြင်းရဲ့ စွမ်းပကား”(The Power of Positive Thinking)ဆိုတဲ့ စာအုပ်ကိုရေးသားသူ Norman Vincent Peale, D.D ရဲ့How To Cope With Criticism ဆိုတဲ့ဆောင်းပါးလေးကို ဖတ်မိသွားပါတယ်။

ကျွန်တော် ပြောချင်နေတဲ့ အကြောင်းအရာလေးကို သူက စုစုစည်းစည်း ကျစ်ကျစ်လစ်လစ်လေးနဲ့ ပြောထားတာမို့ သဘောကျစွာ ဖတ်ရှုမိရင်းက ချစ်စွာသော စာဖတ်သူများကိုလည်း မျှဝေပေးလိုက်မိရတာပါ။ မျှဝေးပေးရင်း ကျွန်တော်လည်း ဝင်ဆွေးနွေးချင်တာလေးတွေ ရှိလာရပါတယ်။

ဆက်လက်ဖော်ပြသွားပါမယ်။

၂၀၀၆ ခုနှစ် ဧပြီလနဲ့ မေလများအတွင်းက “အတွေးသစ်”ဂျာနယ်မှာ လေးပတ်တိတိ အခန်းဆက် ဖော်ပြခဲ့ပြီး မကြာသေးခင်က ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ မိုးထိအောင် လှေကားထောင်နည်း စာအုပ်ထဲမှာ ဖော်ပြပါရှိတဲ့ စာတစ်ပုဒ်ကို ကောက်နုတ်တင်ဆက်လိုက်တာပါ။

၂၀၀၆ ခုနှစ် ဧပြီလ အတွင်းက အတွေးသစ်ဂျာနယ်မှာ အခန်းဆက် ဖော်ပြခဲ့ပြီး မကြာသေးခင်က ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ မိုးထိအောင် လှေကားထောင်နည်း စာအုပ်ထဲမှာ ထည့်သွင်းထားတဲ့ စာတစ်ပုဒ်ကို ပြန်လည် တင်ဆက်လိုက်တာပါ။

Lived Life With Unflagging Zest

အခန်းဆက် ဖော်ပြနေတဲ့ “တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်”ကို ခဏတဖြုတ်ရပ်နားပြီးသကာလ မကြာသေးခင်က အတွေးသစ်ဂျာနယ်မှာ ဖော်ပြခဲ့တာလေးကို အပြောင်းအလဲအဖြစ် တင်ဆက်လိုက်ပါတယ်။ ဖတ်ရှု ခံစား အားပေးတော်မူကြည့်ကြပါဦးခင်ဗျား


သက်ရှည်ကျန်းမာနည်း

animated-140၁၈၉၀ပြည့်နှစ်က ရုရှနိုင်ငံမှာ မွေးတယ်။ သူ့အဖေက သူ့ကို ရဟူဒီ ဘုန်းကြီး ဖြစ်လာစေချင်တယ်။ ဒါပေမယ့် သူကတော့ တခြား အကြံတွေနဲ့မို့ အသက် ၁၅နှစ်မှာတော့ ဇာဘုရင်ကို ပုန်ကန်ခြားနားမယ့် အဖွဲ့ထဲကို သူဝင်ခဲ့ပါတယ်။ သို့ပေမင့် ဇာဘုရင်ကို နန်းချဖို့ ကြိုးပမ်းရာမှာ မအောင်မြင်ခဲ့ဘူး။ မအောင်မြင်တော့ ထောင်ကျမယ့် အရေးကို တွေးပြီး ရုရှနိုင်ငံအတွင်းက တခြား ဆွေမျိုးတွေရှိရာ တခြား ဒေသတွေမှာ ခိုအောင်းနေခဲ့ပါတယ်။

နောက် နှစ်နှစ်အကြာ အသက် ၁၇နှစ်မှာတော့ သူတို့ မိသားစုဟာ အမေရိကန် ပြည်ထောင်စုကို ရွှေ့ပြောင်းလာပြီး ဘော့(စ်)ထန်မြို့က သူ့ဦးလေးအိမ်မှာ  နေကြပါတယ်။ နောက်တစ်နှစ်အကြာမှာတော့ သူ့မိသားစုက ရုရှပြည်ကို ပြန်ကြပေမယ့် သူကတော့ အမေရိကန်နိုင်ငံမှာပဲ ဆက်နေခဲ့ပါတယ်။


အဲ… သူ့နာမည်က အယ်လီ။

အဲဒီ့နှစ်က ၁၉၀၈ ခုနှစ်၊ အမေရိကန်ပြည်ထောင်စုကို စီးပွားပျက် ကပ်ကြီး ဆိုက်တဲ့နှစ်။ ၁၈နှစ်သား အယ်လီဟာ သူ့ဦလေး မိသားစုနဲ့အတူ မက်ဆချူး ဆက်(စ်)ပြည်နယ် စပရင်း(ဂ်)ဖှီး(လ်)မြို့ကို ပြောင်းလာကြပြီး အလုပ်ကို အသည်းအသန် ရှာပါတော့တယ်။

အဲဒီ့အချိန်မှာ အလုပ်ကလည်း တအားရှား၊ ရဟူဒီဆိုရင်လည်း အလုပ် မပေးချင်ကြတော့ သူ့မှာ တော်တော်နဲ့ အလုပ်မရနိုင်ဘူး။ ရမယ့်ရတော့ ပုံနှိပ်စက်မှာ စက်သမားအဖြစ် လုပ်ရမယ့် အလုပ်။ တစ်ပတ်ကို သုံးဒေါ်လာ ပေးမယ်တဲ့။ သူလည်း လုပ်တာပေါ့။

ပြဿနာက သူက အဲဒီ့အလုပ်ရဖို့အတွက် အရင်က ပုံနှိပ်စက် ရိုက်ဖူးတယ်လို့ ညာပြီး အလုပ်ဝင်ခဲ့တာပဲ။ တကယ်လည်း ရိုက်ရော စက်ကြားမှာ လက်ညပ်ပြီး သူ့လက်ချောင်းနှစ်ချောင်း ခိုက်မိသွားတယ်။ ပုံနှိပ်တိုက်ပိုင်ရှင်က သူ့ကို ဆရာဝန်ဆီ ပို့ပေးတယ်။

ပြီးတော့ ဒေါသတကြီးနဲ့ “မင်းဟာ လူလိမ်လူညာလေးပဲ”လို့ ပြောပါတော့တယ်။ “ဦးလေးသာ ကျွန်တော့်နေရာမှာဆိုရင်၊ အလုပ်မှ မရှိရင် ငတ်ရတော့မယ့် အခြေအနေမျိုးမှာဆိုရင် ဦးလေးလည်း ကျွန်တော့်လို ညာမိမှာပါပဲဗျာ”လို့ အယ်လီက တိုက်ရှင်ကို ပြန်ပြောလိုက်ပါတယ်။

တိုက်ရှင်က အဲဒီ့မှာ သူ့ကို သဘောကျသွားတယ်။ မဖြစ်မနေ လုပ်ချင်တဲ့ ဇွဲရယ်၊ သတ္တိရယ်ကို သည်သူငယ်လေးဆီမှာ တွေ့လိုက်ရပေတာကိုး။ ဒါနဲ့ တိုက်ရှင်က သူ့ကို အလုပ်ထုတ်မပစ်တော့ဘဲ စက်ရိုက်နည်းသာမက သည်လုပ်ငန်းရဲ့ အခြေခံတွေကိုပါ သင်ကြားပေးပါတော့တယ်။

အဲဒါဟာ အယ်လီ့ရဲ့ အောင်မြင်မှု လမ်းစပဲဖြစ်ပါတယ်။ သူက တအား အလုပ်ကြိုးစားတော့ ကိုယ်ပိုင် ပုံနှိပ်လုပ်ငန်း ထောင်နိုင်ခဲ့ပြီး အမြတ်တွေလည်း ကောင်းကောင်း ရခဲ့ပါတယ်။ တစ်ချိန်တည်းမှာ သူ့ဘဝကလည်း ပွင့်လန်းလာခဲ့တယ်။ ချစ်သူ တွေ့ခဲ့ပြီး အိမ်ထောင်ပြုတဲ့အပြင် ညကျောင်းတက်ကာ ဒီပလိုမာဘွဲ့ ရအောင် အားထုတ်ခဲ့ပြန်တယ်။

အဲလိုနဲ့ ပညာရေးကို အငမ်းမရ မက်မောပြီး စပရင်း(ဂ်)ဖှီး(လ်)(ထ်)မှာရှိ တဲ့ ခရစ်ယာန် ကလျာဏ ယုဝ တက္ကသိုလ်ကို လျှောက်ထားတော့ ကျောင်းက လက်ခံတယ်။ ညပိုင်းနဲ့ နေ့ခင်းပိုင်းတွေ ပုံနှိပ်စက်မှာ အလုပ်လုပ်၊ မနက်ပိုင်းကျ တက္ကသိုလ်တက်နဲ့၊ စာကျက်ချိန်ကိုလည်း မရရအောင် ကြိုးစားခဲ့ပါတယ်။ သည်လိုနဲ့ သူ ဘွဲ့ရဖို့ နီးလာတယ်။

သို့ပေမယ့် ဘွဲ့ယူရမယ့် အချိန်ကျတော့မှ ပါမောက္ခတစ်ယောက်က သူ့ကို ပြောတယ်။ “မင်းကို ဘွဲ့မပေးနိုင်ဘူး”တဲ့ဗျား။ ဟား… သူအံ့အားသင့်သွား တယ်။ ဘာဖြစ်လို့တုံးလို့ မေးတော့ “မင်းက ရဟူဒီဖြစ်နေလို့”တဲ့။

“ဒါဆိုလည်း ဘာဖြစ်လို့ အစောကြီးကတည်းက သည်ကျောင်းမှာ လက်ခံခဲ့ကြသေးတုံးဗျာ”လို့ အယ်လီက ပြန်မေးတယ်။ “မင်းများ တို့ဘာသာထဲ ပြောင်းလာမလားလို့ မျှော်လင့်ခဲ့လို့ပေါ့ကွ”လို့ ဟိုပါမောက္ခက ဖြေပါတယ်။ အယ်လီ အတော် စိတ်ချဉ်ပေါက်သွားတယ်။

ဒါနဲ့ ကောလိပ်ကနေ ဘာဘွဲ့မှ မရဘဲ ထွက်ခဲ့ရပါတော့တယ်။

အဲဒီ့ကနေ နှစ်ပေါင်း ၈၀နီးပါး ကြာသွားပြီး အယ်လီ့အသက် ၁၀ဝ ပြည့်လုပြည့်ခင်မှာ အမျိုးသားအသံလွှင့်ကုမ္ပဏီရဲ့ ရုပ်သံကဏ္ဍရဲ့ “ယနေ့ တနင်္ဂနွေ” အစီအစဉ်မှာ သူ့ရဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုများနဲ့ ပတ်သက်လို့ တွေ့ဆုံမေးမြန်းခန်းကို တင်ဆက်ခဲ့ပါတယ်။ သူ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရဖူးတဲ့ အတွေ့အကြုံများ ရှိခဲ့ရင် ပြောပါလို့ မေးတော့ အဲဒီ့ ကောလိပ်မှာ ဖြစ်ခဲ့သမျှ ကို သူက ပြန်ပြောပြခဲ့ပါတယ်။

နောက်တစ်ရက်မှာတော့ အဲဒီ့ကောလိပ်က သူ့ဆီကို ဖုန်းဆက်တယ်။ ၁၉၈၉ ခုနှစ် ဇွန်လ ၃ ရက်မှာတော့ ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ ကျင်းပပြီး အယ်လီ ရသင့်ရထိုက်တဲ့ ဝိဇ္ဇာဘွဲ့ကို ချီးမြှင့်လိုက်ပါတော့တယ်။ သူ့တစ်သက်လုံး တောင့်တခဲ့တဲ့ ဘွဲ့မို့ သူကလည်း ကျေကျေနပ်နပ် လက်ခံခဲ့ပါတယ်။

ဘဝအတွေ့အကြုံအရ အယ်လီဟာ ခွင့်လွှတ်တတ်တဲ့ နှလုံးသားနဲ့ ဖြစ်ပြီး သူ့ကိုယ်သူ မုန်းတီးစက်ဆုပ်မှုရဲ့ ကျေးကျွန်၊ မုန်းတီးစက်ဆုပ်မှုရဲ့ ဝန်ထုပ်ဝန်ပိုး အဖြစ်မခံခဲ့ပါဘူး။ သည်အချက်ဟာ အယ်လီ့ရဲ့ အသက်ရှည်မှုနဲ့ စိတ်ချမ်းသာတဲ့ ဘဝအတွက် အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ သည်အချက်ထက် သူ့ကို လူသိများတဲ့ အချက်တွေကတော့ သူဟာ စိတ်ကောင်းရှိတယ်၊ ထက်မြက်တယ်၊ အားသွန်ခွန်စိုက် ကြိုးစားတယ် ဆိုတာတွေပဲ။ ဒါတွေကြောင့် သူ့အသက် ရှည်တာ၊ သူစိတ်ချမ်းချမ်းသာသာနေရတာလို့ပဲ အများက သိကြပါတယ်။

စီးပွားရေးမှာလည်း အယ်လီက ထိပ်တန်းကပဲ။ သို့ပေမယ့် ကျွန်တော်တို့ အားလုံးလိုပဲ သူလည်း အမှားတွေ လုပ်မိခဲ့သလို ကံဆိုးမိုးမှောင်တွေလည်း ကျခဲ့တာပါပဲ။ ပုံနှိပ်စက် ထောင်တုန်းကတော့ သူ အောင်မြင်တယ်။ ဒါပေမယ့် ပိုက်ဆက်တဲ့ လုပ်ငန်းထောင်တော့ကျတော့ ခွက်ခွက်လန်သွားတယ်။
အဲဒီ့နောက် သူနဲ့ တခြား စပ်တူတစ်ယောက်နဲ့ စားပွဲထုတ်လုပ်ရေး စက်ရုံတစ်ခု ထောင်ကြပြန်တယ်။ တစ်ညမှာတော့ သူ့ဆီကို ကသုတ်ကရက်နိုင်လွန်းတဲ့ ဖုန်းဝင်လာတယ်။ သူ့စက်ရုံက မီးလောင်သွားတယ်။ သူ ပြေးသွားတော့ ပြာပဲ တွေ့ရတော့တယ်။ စက်တွေရော၊ ပစ္စည်းတွေရော အားလုံး ပြာဖြစ်ကုန်ပြီ။

နေ့ချင်းညချင်းကို သူ့မှာ ကုန်းကောက်စရာ မရှိအောင် ဖြစ်သွားတယ်။ သူ့မှာ အိမ်ထောင်နဲ့ ကလေးနှစ်ယောက်နဲ့။ ဘယ်လို ဆက် စခန်းသွားမတုံး။
ဖြစ်သွားတဲ့အပေါ် ပူဆွေးသောက ရောက်မနေဘဲ သူ့ရဲ့ ရောင်းတတ် ဝယ်တတ်တဲ့ အပေါ်မှာ ပြန်အခြေတည်တယ်။ စီးပွားရေးအဆက်အသွယ်တွေနဲ့ တစ်ကပြန်စတယ်။ မကြာပါဘူး၊ သူဟာ တခြာသူတွေ ထုတ်လုပ်တဲ့ အိမ်ထောင်ပရိဘောဂတွေကို အောင်မြင်စွာ ရောင်းချသူ ဖြစ်လာပြန်ပါတော့တယ်။ “အဲတုန်းကဆို ၁၉၃၀ ပြည့်လွန် စီးပွားပျက် ကပ်ဆိုက်တုန်းကထက်တောင် ကျုပ် ပိုပြီး ချမ်းသာလာခဲ့သေးဗျား”လို့ နောက်ပိုင်းကျ သူက ပြောပါတယ်။

အဲဒီ့ကာလအတွင်းမှာ ကမ္ဘာကြီးကလည်း စိတ်ထိခိုက်စရာကောင်းအောင် ပြောင်းလဲကုန်တယ်။ ဂျာမဏီမှာ နာဇီတွေ အာဏာရလာပြီး မကြာခင်မှာ ဥရောပကို စစ်က ဖျက်ဆီးပစ်လိုက်တယ်။ သူ့မိဘနဲ့ ညီအစ်ကိုမောင်နှမတွေ၊ ဆွေမျိုးတွေကို အမေရိကန်ပြည်ထောင်စုကို လာကြဖို့ သူက ရှိခိုးဦးတင် တောင်းပန်ပြီး ခေါ်သေးတယ်။ ဒါပေမယ့် သူတို့တွေက ဘာမှ မဖြစ်နိုင်ဘူး အမှတ်နဲ့ ရုရှမှာပဲ ဆက်နေကြတယ်။

နာဇီတွေ ရုရှလည်း ဝင်လာတဲ့အခါကျတော့ အယ်လီ့အနေနဲ့ သူ့မိဘ ညီအစ်ကိုမောင်နှမတွေကို ကယ်လို့ မရတော့ဘူး။ သူ့မိသားစုဝင်တွေထဲက တချို့လည်း ဓာတ်ငွေ့ခန်းတွေထဲ လှောင်ပိတ်အသတ်ခံရ၊ တချို့တွေလည်း ပစ်အသတ်ခံရနဲ့ မျိုးကန်းသွားတော့တာပါပဲ။

ဒါပေမယ့် အမေရိကန်နိုင်ငံမှာ ကျန်ရစ်ခဲ့သူ အယ်လီကတော့ အလုပ်တွေ ဖြစ်လို့။ အိမ်သုံးပစ္စည်းတွေ အကြီးအကျယ်ထုတ်တဲ့ လုပ်ငန်းတစ်ခုမှာ သူက အမှုဆောင်အရာရှိချုပ်ဆိုတော့ သူ့မိန်းမနဲ့ ကလေးတွေလည်း ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ နေကြရတယ်။

အဲဒီ့နောက် နှစ်ပေါင်းများစွာအကြာ ၁၉၇၁ခုနှစ်ကျတော့ သူ့အသက်က ၈၁ နှစ် ရှိနေပြီ။ ကုမ္ပဏီရဲ့ မူအရ သူ့အနေနဲ့ အငြိမ်းစား ယူကို ယူမှဖြစ်မယ်။ ကုမ္ပဏီရဲ့ မူအရဆိုပေမယ့် သူကတော့ လက်ကို မခံဘူး။ ဒါနဲ့ သူ ဆက်လုပ်တယ်။ လုပ်တာမှ နောက်ထပ် နှစ်၂၀ ဆက်လုပ်တာ။ အသက် ၁၀ဝ ပြည့်တော့မှ အလုပ်က နားတော့တယ်။

အလုပ်ကသာ နားတာ၊ သူသိပ်မြတ်နိုးတာကို ဆက်လုပ်ပြန်တယ်။ အဲဒါ ကတော့ ပညာသင်တာပဲ။ ဧက ၂၀ဝ နီးပါး ရှိတဲ့ ကျောင်းဝင်း၊ ကျောင်းသား ငါးထောင်နီးပါးရှိတဲ့ ကျောင်းဖြစ်လေတဲ့ ဖှဲဖှီး(လ်)(ထ်)တက္ကသိုလ်ကို သူတက်ခဲ့ပါတယ်။

သည်ဘိုးတော် အဲဒီ့ကျောင်းကို ဘယ်လိုများ သွားသလဲလို့ လူကြီးမင်း စဉ်းစားများ နေမိသေးလား။

ဟုတ်ကဲ့… ကိုယ်တိုင် ကားမောင်းပြီး သွားပါသဗျာ။ သွားတဲ့အပြင် အမြဲတမ်း မြန်မြန်မောင်းသွားတာ။ မောင်းဆို သူက အချိန်မဖြုန်းချင်တဲ့ လူစားမျိုးလေ။ အဲဒီ့အရွယ်မှာ သူအပန်းဖြေတာကတော့ နျူးယော့(ခ်)မြို့တော် အော်ပရာပွဲမှာပဲ။  အဲဒီ့ သဘင်ပွဲ ရာသီတိုင်း သူမှန်မှန်ကြည့်ခဲ့တာများ သူ ကွယ်လွန်တဲ့ အသက် ၁၀၇နှစ်တိုင်အောင်ပါပဲ။

သူ့ကို အဲသလောက် အသက်ရှည်ရှည် နေနိုင်ခြင်းနဲ့ အားအင်အပြည့်နဲ့ နေနိုင်ခြင်းရဲ့ လျှို့ဝှက်ချက်က ဘာလဲလို့ မေးတဲ့အခါ “စိတ်ရောကိုယ်ပါ မအား အောင်နေတာနဲ့ စိတ်ကောင်းထားတာပဲ”လို့ ပြန်ဖြေပါတယ်။

အယ်လီ့မှာက ရည်မှန်းချက် အမြဲရှိနတယ်။ ဘဝမှာ သူ လူဖြစ်လာရတာက စိန်ခေါ်မှု အသစ်တွေကို ဖန်တီးယူဖို့ပဲ။ ပြီးတော့ ဘဝနဲ့ပတ်သက်လို့လည်း သူက အမြဲတမ်း အကောင်းမြင်တယ်။ သူက ဘယ်တုန်းကမှ သူ့ကိုယ်သူ သနားတဲ့စိတ်၊ အားငယ်တဲ့စိတ်၊ သိမ်ငယ်တဲ့စိတ် မဝင်ဖူးဘူး။ တစ်ခုခု အခက်ကြုံလာတိုင်း အဲဒါကို အခွင့်အရေးတွေချည်းပဲလို့ သူ မြင်တတ်ခဲ့တာပါ။

၁၉၉၇ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် New York Times သတင်းစာပါ   “Eli A. Finn, 107: Lived Life with Unflagging Zest”ကို ပြန်ဆို တင်ဆက်လိုက်တာပါ။

စာဖတ်သူများအတွက် တစ်ခုခု ရမယ်လို့ ထင်ပါတယ်။ ဒါလေးကို ဘာသာပြန်နေရင်းမှာ ဘဝင်မကျတဲ့ အချက်တစ်ချက် သွားတွေ့တယ်။ အဲဒါက သူ အသက်၂၀ထုန်းက ဘွဲ့ရသင့်ပါလျက်နဲ့ ဘာသာ မပြောင်းခဲ့လို့ သူ့ကို ဘွဲ့ မပေးခဲ့ကြတဲ့ ခရစ်ယာန် ကလျာဏ ယုဝအသင်း တက္ကသိုလ်က ပေးတဲ့ဘွဲ့ကို နောက် နှစ်ပေါင်း ၆၀ အကြာ၊ သူ့အသက် ၈၀ ကျမှ ပေးတော့ သူက သွားယူလိုက်တာပဲ။ စိတ်ထဲ ဘဝင်မကျမိဘူး။ ယူစရာလားပေါ့။

ဆက်ပြန်ရင်းနဲ့မှ ဪ… ဒါ့ကြောင့်လည်း သူ အသက်ရှည်တာ၊ စိတ်ချမ်းသာတာကိုးလို့ တွေးမိတယ်။ ဟုတ်တယ်လေ… ယူစရာလားဆိုတာ မာန်မာန၊ ဒေါသ ပါတယ်။ သူက ဘာမှ မဖြစ်သလို ယူလိုက်တယ်။ မာန်တွေ၊  ဒေါသတွေ ကင်းတယ်။ အဲတော့ သူ အသက်ရှည်တာပေါ့။

ကျွန်တော်တော့ သူ့လောက် ရှည်ဖို့ နေနေသောသာ၊ သူ့ လေးပုံ၊ သုံးပုံ လောက်တောင် မမှန်းရဲချင်ဘူး။ ကျွန်တော့်မှာ ဒေါသတွေ၊ မာန်မာနတွေ အပြည့်နဲ့ကိုး။

စာဖတ်သူ လူကြီးမင်းရော… အသက်ရှည်မှာလား… တိုမှာလား..

တွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
၂၅၀၉၀၉

—————————-
(
၁၂-၁၀-၂၀ဝ၉ နေ့ထုတ် အတွေးသစ်ဂျာနယ်၊ အတွဲ ၁၀၊ အမှတ်စဉ် ၄၆၀၊ )