The Origin of Ignorance

မောဟရဲ့ မူလ ဘူတ

၁၉၆၀ ပြည့်လွန်နှစ်တွေ မတိုင်ခင်အချိန်ဆိုတာ လူ့သက်တမ်းနဲ့တွက်ရင်တောင်မှ သိပ်အကြာကြီးလို့ ပြောလို့ မရတန်ကောင်းဘူး ထင်ပါတယ်။ အခုကနေ လှမ်းတွက်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်၊ ၅၀ နီးပါးပေါ့။

အဲဒီ့အချိန်တုန်းက အမေရိကန်ပြည်ထောင်စုက လူမည်းတွေရဲ့ဘဝက အတော့်ကို ဆိုးရွားလွန်းလှပါတယ်။ သူတို့ကို “နစ်ဂါ”လို့ နှိမ်ပြီးခေါ်တယ်။ မြန်မာလိုဆိုရင် “ကပ္ပလီ”လို့ ပြောရမလားပဲ။ အမှန်က အဲဒီ့ နစ်ဂါဆိုတဲ့စကားလုံးဟာ “ငမည်းကောင်”လို့ ဆိုရာရောက်တဲ့အထိ အတော့်ကို ပျစ်နှစ် ရိုင်းစိုင်းလှတဲ့ စကားလုံးပါပဲ။

အဲဒီ့ခေတ်က လူမည်းတွေကို မသတီစရာ၊ ရွံစရာ လူတွေလို ဆက်ဆံခဲ့ကြတယ်။ ရုပ်ဆိုးဆိုးလူတွေလိုပဲ မြင်ကြတယ်။ လူဖြူတွေက လူမည်းတွေရဲ့ မျက်လုံး၊ မျက်ခုံး၊ ပါးစပ်၊ နားရွက်စတာတွေကို သရော်ကဲ့ရဲ့ကြတယ်။ ပြီးတော့ ခပ်တုံးတုံး လူတွေ၊ လူညံ့တွေ၊ လူ့အန္ဓတွေရယ်လို့လည်း သတ်မှတ်ခဲ့ကြပါတယ်။ လူမည်းဆိုရင်ကို သည်အချိုးပဲဖြစ်မယ်၊ သည်အကျင့်အတိုင်းပဲဖြစ်မယ်လို့ ပုံသေကားချ တွေးခဲ့တဲ့အချိန်ပါ။ ငပျင်းတွေ၊ သစ္စာမရှိတဲ့ ကလိန်ကကျစ်တွေ၊ လိင်မှုကိစ္စမှာ ဘာစည်းမှ မရှိတဲ့သူတွေစသဖြင့် တရားသေ အထင်ခံခဲ့ရပါတယ်။

အဲဒီ့အချိန်က လူမည်းတွေကို ကျောင်းတွေမှာလည်း နေရာမပေး၊ အိုးအိမ် နေရာချထားရင်လည်း စာရင်းထဲ မထည့်၊ အလုပ်အကိုင်ဆိုလည်း မခန့်ချင်၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေထဲဆိုလည်း မဝင်ရ၊ ယုတ်စွအဆုံး ရေကူးကန်ထဲတောင် ဆင်းကူးခွင့် မပေးခဲ့ကြဘူး။ အမေရိကန်နိုင်ငံရဲ့ တချို့ပြည်နယ်တွေမှာဆိုရင် အဲသလို လူဖြူ လူမည်းခွဲခြားမှုအကြောင်းကို လူမည်းတစ်ယောက်က ဟောင်ဖွာ ဟောင်ဖွာ ပြောမိလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လူဖြူတစ်ယောက်ကို မထီမဲ့မြင်ကြည့်မိလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လူဖြူတွေ့မျက်စိထဲမယ် သည်လူမည်းဟာ ဖြင့်ရင် ကြွစောင်းစောင်းနိုင်တယ်လို့ မြင်သွားရင်ပဲဖြစ်ဖြစ်၊ အဲဒီ့လူမည်းကို လူဖြူတွေကို ဝိုင်းရိုက်သတ်တဲ့အထိတောင် ခံခဲ့ကြရဖူးတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

သည်သမိုင်းကြောင်းကို ပြန်ပြောပြနေတာက အဲဒီ့ လူဖြူလူမည်းခွဲခြားမှုကို ရင်ဆိုင်ခဲ့တဲ့ သာမန်လူမည်းတစ်ယောက်အကြောင်းကို ပြောချင်လို့ပါ။ သူ့နာမည်က အက်ဒဝါ့(ထ်) ဘွိုက်(ထ်)တဲ့။ မစ္စတာဘွိုက်(ထ်)လို့ပဲ ခေါ်လိုက်ကြရအောင်ပါဗျာ။

သူက အမေရိကန်ပြည်ပေါက် လူမည်းပါ။ လူဖြူအမေရိကန်တွေမှာ မသိသားဆိုးရွားမှုကြောင့် ဖြစ်လာရတဲ့ စိတ်ဆိုးစိတ်ယုတ်တွေကို ပြုပြင်ဖယ်ရှားနိုင်ဖို့ ကြိုးစားခဲ့သူပါ။ တစ်နည်းပြောရရင် လူဖြူအမေရိကန်တွေကို သံတမန်နည်းနဲ့ ပညာပေးခဲ့သူလို့ ဆိုရပါလိမ့်မယ်။

မစ္စတာဘွိုက်(ထ်)ကို ၁၉၁၄ခုနှစ်က ခယ်လဖှိုးနစ်ယားပြည်နယ်၊ ကမ်းနားမြို့မှာမွေးပါတယ်။ သူ့အဖေက ဆတ္တာသည်ပါ။ လော့ဆန်းဂျလိ(စ်)မြို့က ခယ်လဖှိုးနစ်ယားတက္ကသိုလ် [ယူစီအယ်(လ်)အေ]ကနေ ဘွဲ့ရပြီးတဲ့နောက် သူဟာ ဟောလီးဝု(ထ်)မှာ သရုပ်ဆောင် ဝင်လုပ်လိုက်ပါသေးတယ်။ သို့ပေမယ့် အဲဒီ့အချိန်တွေက လူမည်းတွေကို ဇာတ်ရုပ်ကောင်းကောင်းမှာ နေရာပေးလေ့ မရှိဘူး။ အစေခံလိုနေရာ၊ ကုန်းရုပ်လိုနေရာတွေမှာတောင်မှ မထင်မရှားပါခွင့် ရတာပါ။ သို့ပေမယ့် မစ္စတာဘွိုက်(ထ်)က မလျှော့ပါဘူး။ အဲသလို မထင်မရှား အခန်းကသာ ပါဝင်ခွင့်ရတဲ့သူတွေရဲ့အခြေအနေကို တိုးတက်လာစေဖို့အတွက် ပိတ်ကားထက်မှ သရုပ်ဆောင်များ အစည်းအရုံးကတစ်ဆင့် ကြိုးပမ်းခဲ့ပါသေးတယ်။

ဒုတိယကမ္ဘာစစ်ဖြစ်ချိန်မှာတော့ မစ္စတာဘွိုက်(ထ်)က ခယ်လဖှိုးနစ်ယား ပြည်နယ်က ပြည်ထောင်စု စစ်သည်များ အိမ်ရာစီမံကိန်းမှာအလုပ်လုပ်ခဲ့ပြန်တယ်။ အဲဒီ့နောက် ဆန်ဖရန်ဆစ္စခိုမြို့ရဲ့ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့မှာ အလုပ်ဝင်ခဲ့ပြီး အဲဒီ့မြို့က ကျွမ်းကျင်သူ ပညာရှင်အဆင့် ဝန်ထမ်းနေရာမှာ ပထမဆုံး တာဝန်ယူခဲ့သူ အာဖရိကနွယ်ဝင် အမေရိကန် လူမျိုး (လူမည်း)ဖြစ်လာခဲ့ပါတယ်။ ဒါတင်မကသေးဘူး၊ သူဟာ အဲဒီ့ရာထူးနဲ့ တွဲပြီး လူမျိုးအချင်းချင်းကြား ပေါ်ပေါက်တဲ့ ရေးရာကိစ္စများကို ဖြေရှင်းတဲ့ ရေးရာကော်မီတီတစ်ရပ်ရဲ့ ဦးဆောင်သူလည်း ဖြစ်လာခဲ့ပြန်တယ်။

သည်အလုပ်တွေလုပ်ရင်းနဲ့ မစ္စတာဘွိုက်(ထ်)ဟာ အလုပ်နဲ့ အိုးအိမ်နေရာချထားမှုတွေမှာ လူမည်းတွေကို နေရာမပေးခဲ့တဲ့ အစဉ်အလာကြီးကို ထိထိရောက် ရောက်ခိုင်ခိုင်မာမာ ဆန့်ကျင်ဆောင်ရွက်ခဲ့ပါတယ်။ စစ်အပြီးမှာတော့ နယူးယော့(ခ်)မြို့ကို ပြောင်းရွှေ့နေထိုင်ပြီး နိုင်ငံလုံးဆိုင်ရာ မြို့ပြအဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပြန်တယ်။ ပြီးတော့ ရော့ခဖှဲလား ဖှောင်ဒေးရှင်းမှာ ဝင်အလုပ်လုပ်ပြန်ပါတယ်။ သည်အဖွဲ့နှစ်ဖွဲ့ကနေပြီးတော့လည်း အိုးအိမ်နေရာချထားမှုမှာ လူမည်းတွေအတွက် နေရာမပေးမှုကို ရင်ဆိုင်ဖြေရှင်းခဲ့ပြန်လေတယ်။

၁၉၄၇ ခုနှစ်မှာတော့ ထူးခြားတဲ့ဖြစ်ရပ်တစ်ခု ပေါ်လာတယ်။ အမေရိကန် ဘေ့(စ်)ဘော(လ်)လောကမှာ တင်းတင်းကျပ်ကျပ်ကြီး ရှိနေခဲ့တဲ့ လူဖြူလူမည်း ခွဲခြားမှုကို ဒေါ့ဂျာအသင်းဥက္ကဌက ကျော်လွှားပြီး ဂျက်ခီရောဘင်ဆင်(န်) ဆိုတဲ့ လူမည်း အားကစားသမားကို ဘေ့(စ်) ဘော(လ်)အသင်းမှာ နေရာပေးလာခဲ့တာပါပဲ။ အလားတူ ထူးခြားပေမယ့် လူသိပ်မသိတဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိသေး တယ်။

အဲဒီ့ ၁၉၄၇ ခုနှစ်မှာပဲ ပက်ပစီကိုလာဥက္ကဌက မစ္စတာဘွိုက်(ထ်)ကို လက်ထောက် အရောင်း မန်နေဂျာအဖြစ် ခန့်လိုက်တာပါ။ ပက်ပစီကိုလာလို အင်မတန် ကြီးမားလှတဲ့ ကုမ္ပဏီမျိုးမှာ အဲလိုရာထူးမျိုးကို ဘယ်လူမည်းကိုမှ အဲဒီ့ခေတ်က နေရာပေးလေ့မရှိဘူး။

ပက်ပစီဥက္ကဌက အမေရိကန်လုပ်ငန်းကြီးတွေ မျက်ကွယ်ပြုထားရာ “နီဂရိုးဈေးကွက်”ကို ထိုးဖောက်ချင်တယ်။ သည်မှာတင် မစ္စတာ ဘွိုက်(ထ်)ကို အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုတစ်ရပ် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ ငွေကြေးအလုံအလောက်ထုတ်ပေးလိုက်တဲ့အပြင် လုပ်ပိုင်ခွင့်လည်း အပြည့် ပေးလိုက်ပါတော့တယ်။ မစ္စတာဘွိုက်(ထ်)ကလည်း ပညာကောင်းကောင်းတတ်တဲ့ လူမည်း ၁၁ယောက်ကို အရောင်းကိုယ်စားလှယ်တွေအဖြစ် ခန့်ပြီး အမေရိကန်ပြည်ထောင်စုတစ်ခွင်မှာ ပက်ပစီကိုလာကို လူမည်းတွေ သောက်သုံးလာအောင် လှည့်လည် ကြော်ငြာစည်းရုံးပါတော့တယ်။

မစ္စတာဘွိုက်(ထ်)နဲ့သူ့ အရောင်းကိုယ်စားလှယ်တွေဟာ လူမည်းတွေ စုရုံးရာ နေရာမှန်သမျှကို သွားကြတယ်။ ကုန်စုံဆိုင်တွေ၊ ညီလာခံတွေ၊ ကလပ်တွေ၊ ဆံသဆိုင်နဲ့ အလှပြင်ဆိုင်တွေ၊ လူမည်းတွေကို လက်ခံတဲ့ ဟိုတယ်တွေသာမကဘဲ ဘုရားရှိခိုးကျောင်းတွေ၊ စာသင်ကျောင်းတွေဆီအထိ ပါးပါးနပ်နပ်နဲ့ ထိုးဖောက်ခဲ့ကြပါတယ်။

အဲသလို တစ်နိုင်ငံလုံးအနှံ့သွားတဲ့အခါမှာ ကြုံရတဲ့ပြဿနာတစ်ရပ်က သူတို့အုပ်စုအတွက် ဟိုတယ်တွေမှာ တည်းခိုဖို့ အခက်အခဲကြုံရတာပါပဲ။ ဟိုတယ် အတော်များများက လူမည်းဆိုရင် လက်မှ မခံဘဲကိုး။ အဲတော့လည်း မစ္စတာဘွိုက်(ထ်)က ရထားအိပ်စင်တွဲကို တစ်တွဲလုံး ငှားလိုက်တယ်။ ပြီးတော့ ရထားပေါ်မှာပဲ စိတ်ချလက်ချအိပ်၊ ရထားပေါ်မှာပဲ စားတယ်။ စားသောက်ဆိုင်တွေကလည်း လူမည်းဆိုရင် အဝင်မှ မခံကြတဲ့ခေတ်လေ။

အဲဒီ့ထဲမှာမှ မစ္စတာဘွိုက်(ထ်)လုပ်ခဲ့တဲ့ ကြော်ငြာလှုပ်ရှားမှုက အင်မတန့်ကို ထူးခြားလှပါတယ်။ “သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ခေါင်းဆောင်ကြီးများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သူက စည်းရုံးလှုပ်ရှားမှု လုပ်တော့တာပါ။ အဲဒီ့မှာ အင်မတိအင်မတန် အောင်မြင်ထွန်းပေါက်နေတဲ့ လူမည်း နှစ်ဒါဇင်နီးပါးရဲ့ အကြောင်းကို စုစည်း တင်ပြထားတာမို့ လူမည်းတွေအတွက် အားကျစရာ၊ အတုယူစရာ ဘဝတူလူမည်းတွေအကြောင်းကို သိရှိခွင့်ရလာပါတော့တယ်။ အဲဒီ့ခေတ်က လူမည်းဆိုရင် နှိမ်ထားတာမို့ ဘယ်လောက် အောင်မြင်အောင်မြင်၊ ဘယ်လောက် ကြွယ်ဝ၊ ကြွယ်ဝ လူမည်းဖြစ်နေတာနဲ့ကို ဘယ်စာနယ်ဇင်းမှာမှ ထည့်သွင်း ဖော်ပြတာ၊ နေရာပေးတာ မရှိခဲ့တာမို့ ကျန်တဲ့လူမည်းတွေအနေနဲ့ သူတို့နဲ့ဘဝတူ လူမည်းတွေထဲက ထွန်းပေါက်နေသူတို့အကြောင်းကို သိရဖို့ အင်မတန်  ခဲယဉ်းလှပါတယ်။

မစ္စတာဘွိုက်(ထ်)က အဲဒါတွေကို စုစည်းပြီး သူ့ကြော်ငြာလှုပ်ရှားမှုမှာ ထည့်တော့လည်း မီဒီယာတွေက သည်သတင်းကို မဖော်ပြကြသလောက်ပဲ။ အဲတော့ မစ္စတာဘွိုက်(ထ်)ကလည်း အမှုမထားပါဘူး။ တစ်နိုင်ငံလုံး အနှံ့ထုတ် ဝေနေတဲ့ လူမည်းစာနယ်ဇင်းတွေ ရှိသားပဲဟာ။ အဲဒီ့စာနယ်ဇင်းတွေကတစ်ဆင့် အများသိအောင် ချပြခဲ့ပါတယ်။ စာဖတ်ပရိသတ်ကလည်း ဝက်ဝက်ကွဲအားပေးကြတယ်။ စာစောင်တွေဆိုတာ အထပ်ထပ်ပြန်ရိုက်ယူရတဲ့အထိပဲ။ လူမည်းတို့ ရဲ့ ဇာတိပုညဂုဏ်မာနကို ဝင့်ထယ်လာခဲ့စေတဲ့ ဖြစ်ရပ်ပါ။

တစ်ဖက်ကလည်း ပက်ပစီကိုလာဟာ “နီဂရိုးဈေးကွက်”ကို အောင်အောင်မြင်မြင်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ သို့ပေမယ့် ပြဿနာကတက်လာတယ်။ ၁၉၅၀ ပြည့်နှစ်မှာ နိုင်ငံလုံးဆိုင်ရာ ပက်ပစီကိုလာ စီမံခန့်ခွဲရေး အစည်းအဝေးကို နယူးယော့(ခ်)မြို့က ဝါးလဒါ့(ဖှ်)-အက်စထိုးရစ်ယား ဟိုတယ်ကြီးမှာ ကျင်းပတယ်။ ပက်ပစီဥက္ကဌက အဲဒီ့ပွဲမှာ ပြောချလိုက်တယ်။ “ကျွန်တော်တို့ရဲ့ ပက်ပစီ ကိုလာကို ငမည်းကောင်တွေ စွဲသောက်တဲ့ ယမကာရယ်လို့ မဖြစ်စေချင်တာ အမှန်ပါ”တဲ့။ အဲဒီ့ပွဲကို တက်ရောက်နေခဲ့တဲ့ မစ္စတာဘွိုက်(ထ်)မှာ သည်စကားကြောင့် အတော့်ကို စိတ်ထိခိုက်သွားတယ်။ ဒါနဲ့ သူက အဲဒီ့ပွဲကို ဆုံးအောင် မတက်တော့ဘဲ ခန်းမထဲက ထွက်သွားခဲ့ပါတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ ပက်ပစီကိုလာရဲ့ ရောင်းအားကတော့ တအားကို ထောင်တက်နေဆဲပါ။ သို့ပေမယ့် နောက်တစ်နှစ်မှာ အသစ်တက်လာတဲ့ ပက်ပစီ ဥက္ကဌက မစ္စတာဘွိုက်(ထ်)ကို အလုပ်က ထုတ်လိုက်တဲ့အပြင် မစ္စတာဘွိုက်(ထ်)ရဲ့ ရောင်းအားမြှင့်တင်ရေးအဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်ပါတော့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ပက်ပစီကိုလာရဲ့ သည်စမ်းသပ်မှုဟာ အကြီးအကျယ် အောင်မြင်ခဲ့သလို လူမည်းစားသုံးသူရဲ့ ဝယ်အားကိုလည်း အမေရိကန်ကုမ္ပဏီကြီးတွေက ကောင်းကောင်း သဘောပေါက်သွားစေခဲ့တဲ့ဖြစ်ရပ်ပါပဲ။

၁၉၆၂ ခုနှစ်မှာတော့ မစ္စတာဘွိုက်(ထ်)ရဲ့ရောင်းအားမြှင့်တင်ရေးအဖွဲ့ထဲမှာ ဝင်ရောက်အမှုထမ်းခဲ့တဲ့ လူမည်းအရောင်းကိုယ်စားလှယ် “ဟာဗှေး ရပ် ဆဲ(လ်)”ဟာ ပက်ပစီကိုလာရဲ့ ဒုတိယဥက္ကဌဖြစ်လာပါတော့တယ်။ အဲလောက် ကြီးတဲ့ ရာထူးကို အမေရိကန်သမိုင်းမှာ လူမည်းတစ်ယောက်အနေနဲ့ ပထမဆုံး ရယူနိုင်ခဲ့တာပါပဲ။

မစ္စတာဘွိုက်(ထ်)ကတော့ အဲဒီ့နောက်ပိုင်း နှစ်တွေမှာ တခြား အလုပ်တွေကို လုပ်ခဲ့ပါတယ်။ နယူးယော့(ခ်)က ကျင့်ဝတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအသင်းအတွက် အီဂျစ်နဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အစားအစာထောက်ပံ့ရေးလုပ်ငန်းကို သူ ဝင်လုပ်ခဲ့သလို ခဲ(CARE)ဆိုတဲ့ တစ်ကမ္ဘာလုံး ကူညီထောက်ပံ့မှုပေးရေး အဖွဲ့အစည်းကြီးမှာလည်း သူက ဦးဆောင်ခဲ့ပြန်တယ်။ အဲဒီ့အဖွဲ့မှာလုပ်ရင်းကနေ အာဖရိကတိုက်က ကလေးငယ်များအတွက် နို့မှုန့်ထုတ်လုပ်ရေးလုပ်ငန်းမှာလည်း သူက ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြန်တယ်။ ဒါ့အပြင် သူပိုင် ဈေးကွက် သုတေသန ကုမ္ပဏီတစ်ရပ်ကိုလည်း ထူထောင်ခဲ့ပါတယ်။

မနှစ်ကတော့ မစ္စတာဘွိုက်(ထ်) ကွယ်လွန်သွားခဲ့ပါပြီ။ အသက် ၉၂ နှစ် အရွယ်မှာ ကွယ်လွန်တာပါ။ ၆၃ နှစ်အရွယ် ဇနီးနဲ့ သားသမီး လေးယောက် ကျန်ရစ်ပါတယ်။ ဂျက်ခီ ရော်ဘင်(န်)ဆင်(န်)ဆိုတဲ့ လူမည်းကြောင့် အားကစာ နယ်မှာ လူမည်းတို့ နေရာ ရလာခဲ့သလိုပဲ မစ္စတာဘွိုက်(ထ်)ကြောင့်လည်း အမေရိကန် ကုမ္ပဏီ လုပ်ငန်းကြီးတွေမှာ လူမည်းတွေ နေရာရခဲ့တဲ့အပြင် ကမ္ဘာအရပ်ရပ်က ဆင်းရဲနွမ်းပါးသူ ကလေးငယ်အများအပြားရဲ့ အသက်ကိုလည်း ကယ်ဆယ်နိုင်ခဲ့တာအမှန်ပါပဲ။

♠♠♠♠♠♠♠♠♠♠♠♠♠♠

သည်ဇာတ်ကြောင်းလေးကို စာဖတ်သူများကို ပြန်ဖောက်သည်ချဖြစ်တာက အကြောင်းရှိပါတယ်။ လူမည်းတွေဟာ အနှိမ်ခံရတဲ့ဘဝကနေ ယနေ့ကာလမှာ တွင်ကျယ် နေရာရလာတော့တာများ၊ မနှစ်က ရုပ်ရှင်အော်စကာဆုပေးပွဲနဲ့ ဂီတ ဂရမ္မီဆုပေးပွဲတွေမှာ လူမည်းတွေကသာ ကြီးစိုးနိုင်တဲ့အထိ ဖြစ်လာပါပြီ။ ဒါတင် မကသေးပါဘူး၊ မကြာခင် ကျင်းပတော့မယ့် အမေရိကန်ရွေးကောက်ပွဲမှာတောင် လူမည်းကိုယ်စားလှယ်က အမေရိကန်သမ္မတနေရာကို ဝင်အရွေးခံဖို့ မဲဆွယ်နေတဲ့အဆင့်ကို ရောက်နေပါပြီ။ (သည်စာကို ရေးစဉ်အချိန်က အိုဘားမား သမ္မတ ဖြစ်မလာသေးပါဘူး၊ မဲဆွဲနေခိုက်သာ ဖြစ်ခဲ့ပါတယ်။ အခုတော့ လူမည်း သမ္မတတောင် ဖြစ်လာခဲ့ပါပြီ။ ဒါ ဘလော့(ဂ်)ပေါ် တင်မှ ထည့်လိုက်တဲ့ ဖြည့်စွက်ချက်ပါ။)

အခုလို လူမည်းတွေ နယ်ပယ်အသီးသီးမှာ ဝန်ဆန့်လာနိုင်အောင် မစ္စတာ ဘွိုက်(ထ်)လို ကျရာနေရာက စွမ်းသမျှ လုပ်ဆောင်ခဲ့ကြသူတွေလည်း အများအပြားရှိနေမှာ အမှန်ပါပဲ။ အဲဒါလေးကို တင်ပြချင်လို့ ရေးလိုက်တာလို့ ထင်စရာအကြောင်း ရှိပါတယ်။

မဟုတ်ပါဘူး။

သည်အကြောင်းတွေ အခြေခံရာ ၁၉၉၇ ခုနှစ်ထုတ် ဝေါလစထြိ(ထ်)ဂျာနယ်ထဲမှာ မစ္စတာဘွိုက်(ထ်)ပြောခဲ့တဲ့ စကားလေးကြောင့်သာ သည်အကြောင်းကို ပြန်ဖောက်သည်ချဖြစ်သွားတာပါ။

သူက ပြောခဲ့ပါတယ်။

“ကျွန်တော့်ဘဝမှာ ကျားကုပ်ကျားခဲနဲ့ မနည်း တွန်းလှန်ခဲ့ရတာက တစ်ခုပဲ ရှိသဗျ။ အဲဒါကတော့ ခါးသီးနာကြည်းမှုပဲ။ ခါးသီးနာကြည်းလာတာနဲ့တစ်ပြိုင်နက် ရည်ရွယ်ချက်လည်း ပျောက်သွားတယ်၊ လမ်းစလည်း ပျောက်သွားတယ်၊ ဘာမှလည်း မလုပ်တတ် မကိုင်တတ်တော့သလို အဖြစ်မရှိတော့တဲ့ ဘဝကိုလည်း ရောက်သွားတတ်မှန်း ကျွန်တော် အမြဲတမ်း သတိထားမိလို့ပဲဗျ”တဲ့။

အဲဒီ့စကားက အင်မတန် တာသွားလှပါတယ်။ လူတိုင်းလူတိုင်းမှာ ရည်မှန်းချက်ပန်းတိုင် ကိုယ်စီ ရှိစမြဲပါ။ စာသင်သားလည်း စာသင်သားအလျောက်၊ ဝန်ထမ်းလည်း ဝန်ထမ်းအလျောက်၊ အိမ်ထောင်ရှင်လည်း အိမ်ထောင်ရှင် အလျောက်၊ စီးပွားရေးသမားလည်း စီးပွားရေးသမားအလျောက် ကိုယ့်ရည်ရွယ်ချက်၊ ကိုယ့်ဦးတည်ချက်နဲ့ ကိုယ်ဖြစ်ချင်တာတွေ အသကအသက ရှိကြသူချည်းပါ။ သို့သော် ကျွန်တော်တို့ သွားမယ့် လမ်းကြောင်းကို ဖျက်ဆီးနေတာက ဘာလဲ။ သူတစ်ပါး မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ ရင်ထဲက အဲဒီ့ “ခါးသီးနာကြည်းစိတ်”ကလေး ဖြစ်နေပါလားဆိုတာကို အဲဒီ့စာလေးဖတ်ရင်းနဲ့ ဖျတ်ကနဲ တွေ့လိုက်မိသလိုပါပဲ။ ဒါ့ကြောင့် မစ္စတာဘွိုက်(ထ်)ရဲ့ ဘဝထုပ္ပတ်ကို အကျဉ်းမျှ ပြန်လည် တင်ပြလိုက်မိရတာပဲ ဖြစ်ပါတယ်။

သည်ဆောင်းပါးစဉ်တစ်လျှောက်လုံးမှာ သူ့ကို “မစ္စတာ”တပ်ပြီး ရည်ညွှန်းခဲ့တာ စာဖတ်သူလူကြီးမင်းများ သတိထားမိကြမှာပါ။ အမှန်က ခရစ်ယာန် နာမည်တွေနဲ့ စာရေးတဲ့အခါ အဲဒါ မလိုအပ်ပါဘူး။ သို့ပေမယ့် သူနဲ့ မရင်းနှီးသူတွေက သူ့ကိုခေါ်တဲ့အခါ သူ့နာမည်ကို တုံးတိတိ မခေါ်ဘဲ အဲလို မစ္စတာလေး တပ်ပြီး ပြောစေချင်တယ်လို့ သူကိုယ်တိုင်က ပြောခဲ့ဖူးလို့ပါ။ သူတို့ လူမည်းတွေကို ကျန်တဲ့ အသားအရောင်မတူသူများက ချိုးနှိမ်ဆက်ဆံပြီး လူလူချင်း လေးစားမှု မရှိတာကို သူ့တစ်သက်စာ ခံစားခဲ့ရတာမို့ သူ့ကို ရည်ညွှန်းတဲ့အခါ မစ္စတာလေးတော့ တပ်စေချင်တယ်လို့ သူက ပြောခဲ့ဖူးပါတယ်။

ထားပါတော့။ သူပြောခဲ့တဲ့ “ခါးသီးနာကြည်းစိတ်”ဆိုတာက တိုက်ရိုက် ဘာသာပြန်လိုက်လို့ပါ။

အဲဒီ့ထဲမှာ လောဘ၊ ဒေါသတွေ ပါနေပါတယ်။ လောဘ ဒေါသတွေများလာတဲ့အခါ လူမှာ မောဟဖြစ်လာပါတယ်။ သည်အခါ ကိုယ်သွားမယ့် လမ်းကြောင်း ပျောက်ပျောက်သွားတော့တာကို ကျွန်တော်လည်း မကြာသေးခင်ကမှ သတိထားမိသွားတယ်။

ကျွန်တော့်ဆီကို စာပေါင်းစုံလာနေတဲ့အထဲက တစ်ချီသားမှာ ရှားရှားပါးပါး ပစ်ပစ်နှစ်နှစ် ဆဲစာတစ်စောင် ရောက်လာတယ်။ ကျွန်တော်ကတော့ ဘာမှ မဖြစ်ပါဘူး။ စာအစောင် ငါးရာကျော်မှာမှ တစ်စောင်လောက်က ဆဲတာ ဖြစ်နေတော့ နဂိုကတည်းက ဘာကိုမှ သိပ်အမှု မထားတတ်တဲ့ ကျွန်တော့်အတွက် ဘာဆို ဘာမှ မဖြစ်တာလည်း အမှန်ပါ။

သို့ပေမယ့် အဲဒီ့လူရဲ့ စာထဲမှာ ကျွန်တော့်ကို တော်တော့်ကို မုန်းတီးစွာ၊ ရန်လိုစွာနဲ့ ကျွန်တော် မနာနာအောင် ထိုးနှက်ထားတဲ့ ဝေါဟာရတွေ၊ ဝါကျတွေ တွေ့ရတယ်။ စာကလည်း အရှည်ကြီးခင်ဗျ။

ကျွန်တော့်စိတ်ထဲ ဘာဖြစ်သွားတယ် မှတ်သလဲ။

ဪ… ကိုယ့်လူနှယ်၊ လွဲလိုက်တာ။ အဲသလောက် အချိန်ကုန်ခံ၊ စိတ်အင်အား အကုန်ခံပြီး ကျွန်တော့်ကို ထိုးနှက်တိုက်ခိုက်ဆဲရေးနေမယ့်အစား အဲဒီ့အချိန်တွေ ခွန်အားတွေကို သုံးပြီး သူ့ဘေးနားမှာရှိတဲ့ သူ့မိသားစု၊ သူ့ဆွေမျိုးသားချင်း၊ သူ့ပတ်ဝန်းကျင်အကျိုးအတွက် တစ်ခုခုများ ထလုပ်လိုက်ပါတော့လားဆိုတဲ့ မချိတင်ကဲ ခံစားမှုက ဖြစ်လာပါတယ်။

အဲသလို စိတ်ကလေး ဖြစ်နေတဲ့အချိန်မှာ မစ္စတာဘွိုက်(ထ်)အကြောင်းလေးကို ဖတ်လိုက်ရတာမို့ ချစ်စွာသော စာဖတ်သူများကို လက်ဆင့်ကမ်းဝေမျှ လိုက်ရတာ ဖြစ်ပါတယ်။ စာဖတ်သူ လူကြီးမင်းများအတွက် တွေးစရာတစ်ခုခုတော့ ကျန်လိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၉၀၈၀၇)

Ref: The Wall Street Journal, “Remembrances” [5/5-5/6/07]

On Resilience

လူမုန်လာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်

တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့ တစ်နေရာမှာ သားအဖနှစ်ယောက် ရှိလေသတဲ့။

တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကို တိုင်တည်တယ်။ သူ့ဘ၀မှာ အဆင်မပြေတာတွေက များနေတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားက ပျက်နေပြီ၊ အရာရာကို လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီ ဖေဖေရယ်။ တိုက်ရ ခိုက်ရတာ၊ ရုန်းရ ကန်ရတာလည်း သမီးမှာ မောလှပါပြီ၊ ပန်းလှပါပြီရှင်၊ ပြဿနာတစ်ခု ပြေလည်သွားလို့မှ မနားရသေးဘူး၊ နောက်ထပ် ပြဿနာ တစ်ခုက ထပ်တက်လာနဲ့၊ ဘ၀ဆိုတာ ဒုက္ခတွင်းကြီးထဲ စောက်ထိုး ဆင်းနေရသလိုပါပဲ ဖေဖေရယ်၊ သမီးတော့ စိတ်ညစ်တယ်၊ လူတောင် ဆက်မလုပ်ချင်တော့ဘူး ဘာညာစသဖြင့် ဖအေကို တိုင်တည်ရင်း ညည်းရှာတယ်။

ဖအေလုပ်တဲ့သူက စားဖိုးမှူးကြီးပါ။ သမီးကလည်း အဲသလို ညည်းညူ တိုင်တည်လာရာ ဖအေက ဘာမပြော ညာမပြောနဲ့ သမီးကို လက်ဆွဲပြီး မီးဖိုချောင်ထဲ ခေါ်သွားတယ်။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။

မကြာပါဘူး၊ မီးတွေက ပြင်းတော့ သုံးအိုးစလုံးထဲက ရေတွေ ပွက်ပွက်ဆူလာတော့တာပေါ့။ ရေနွေးလည်း ဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုန်လာဥတွေ ထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေ ထည့်၊ နောက်တစ်အိုးထဲကိ ကျတော့ လက်ဖက်ခြောက်တွေ ထည့်လိုက်ပါတယ်။

သမီးလုပ်တဲ့သူက ဖေဖေ့နှယ် ဘာတွေမျာ လုပ်နေပြန်တာလဲလို့ တွေးရင်း စိတ်က တယ်မရှည်ချင်ဘူး။ ဒါပေမယ့် ဘာကိုမဆို အကြောင်းမဲ့ မလုပ်တတ်တဲ့ ဖအေ့အကြောင်းကို သိထားတော့ အံကလေး တင်းရင်း စိတ်မရှည်စွာနဲ့ပဲ စောင့်နေရပါတော့တယ်။

ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုန်လာဥတွေကို ဆယ်၊ ပန်းကန်တစ်ချပ်ထဲ ထည့်တယ်။ နောက်တစ်အိုးထဲက ကြည်ဥတွေကိုလည်း ဆယ်ပြီး တခြားပန်းကန်တစ်လုံးထဲ ထည့်တယ်။ နောက်ဆုံးအိုးထဲက လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲ ထည့်တယ်။ ပြီးတော့မှ သမီးဘက်ကို လှည့်ပြီး မေးလိုက်တယ်။

“ကဲ… သမီးရေ၊ ဒါတွေက ဘာတွေလဲ…”

“မုန်လာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ”

သမီးက အဲလိုဖြေလိုက်တော့ ဖအေက သမီးကို သူ့နား လာခိုင်းပြီး မုန်လာဥတွေကို စမ်းခိုင်းတယ်။ သမီးက ဖအေခိုင်းတဲ့အတိုင်း မုန်လာဥပြုတ်တွေကို ဇွန်းနဲ့ ထိုးကြည့်လိုက်ပြီးတဲ့နောက် “ဖေဖေ့ မုန်လာဥတွေကလည်း ပျော့ပြဲနေပြီ…”လို့ ပြောလိုက်ပါတယ်။

ဖအေက သမီးစကားကို အမှုမထားဘဲ ကြက်ဥပြုတ်တစ်လုံးကို ယူပြီး သမီးကို ခွဲခိုင်းပြန်တယ်။

အပေါ်က အကာကို ခွာလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီး ကျက်နေပြီဖြစ်တဲ့ ကြက်ဥပြုတ်ပေါ့။

နောက်ဆုံးမှာတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ ဖအေက ခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက ပြုံးလိုက်မိရင်းကနေ ဖအေခိုင်းတဲ့အတိုင်း အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့ မြည်းလိုက်ရပါတယ်။ အင်မတန် မွှေးပျံ့ပြီး အရသာရှိတဲ့ လက်ဖက်ရည်ကြမ်း ဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။

“ဖေဖေ ဘာကို ပြောချင်တာလဲဟင်…”

လက်ဖက်ရည်ကြမ်းကို အရသာခံရင်း သမီးက မအောင့်နိုင်တော့ဘဲ မေးလိုက်မိရပါတော့တယ်။

“မုန်လာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့ မတူတဲ့ အရာသုံးမျိုးဟာ တူညီတဲ့ ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်တည်း၊ တစ်ညီတည်း ထည့် အပြုတ်ခံခဲ့ရတာချင်း အတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့… မုန်လာဥဟာ ရေနွေးပူထဲ မရောက်ခင်တုန်းကတော့ သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးရယ်။ အဲ… ဒါပေမယ့် ရေနွေးနဲ့လည်း အပြုတ်ခံလိုက်ရရော တစ်ခါတည်းကို ပျော့ဖတ်ပြီး ချိနဲ့သွားတော့တာပဲ။ ကြက်ဥကကျတော့ ရေနွေးထဲရောက်ခင်က အထိမခံဘူး၊ ထိလိုက်တာနဲ့ ဖတ်ခနဲ ကွဲမှာ အသေအချာနော်။ အပေါ်ခွံပါးပါးလေးက အထဲက အရည်ကြည် ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားရတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေးလည်း နေလိုက်ရရော အဲဒီ့ ပျော့အိအိအတွင်းသားတွေ အားလုံး မာကုန်တာပဲ မဟုတ်လား သမီးရဲ့။ အေး… လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်း ရောက်သွားရော အဲဒီ့ပွက်ပွက်ဆူနေတဲ့ ရေကိုပါ လက်ဖက်ရည်အဖြစ် ပြောင်းလဲပစ်လိုက်တယ်။ ကဲ… အဖေ့သမီးကရော ဘာလဲ၊ မုန်လာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား။ လောကဓံဆိုတာတော့ လူတိုင်း ရင်ဆိုင်ကြရတာပဲ သမီး။ အဲဒီ့ လောကဓံနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လို တုံ့ပြန်လိုက်ချင်သလဲ။ မုန်လာဥလို တုံ့ပြန်မလား၊ ကြက်ဥလို တုံ့ပြန်မလား၊ လက်ဖက်ခြောက်လို တုံ့ပြန်မလား၊ သမီးဘာသာ စဉ်းစားပေတော့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။ စာဖတ်သူလူကြီးမင်းကရော ဘယ်လိုပါလဲ။

အပြင်ပန်းအမြင်းမှာတော့ မုန်လာဥလို မာမာချာချာ တောင့်တောင့်တင်းတင်းကြီးနဲ့၊ လောကဓံနဲ့ တကယ်တမ်း ရင်ဆိုင်ရတဲ့အခါကျရင်တော့ ပျော့ခွေ နွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးပါလား။

ဒါမှမဟုတ် ကြက်ဥလို လူစားလား။ အစတုန်းကတော့ ထိလွယ်၊ ရှလွယ်တယ်၊ စိတ်ကလည်း ပျော့တယ်။ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲကွဲတာလို၊ ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန် ခံစားရပြီးတဲ့နောက်မှာတော့ နင်လားဟဲ့… လောကဓံဆိုတဲ့ စိတ်ဓာတ်၊ ထီမထင်တဲ့စိတ်ဓာတ်နဲ့ မာကျောကျော၊ တောင့်တင်းတင်းကြီး ဖြစ်သွားမယ့် လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့ ပြုတ်ပြီးသားကြက်ဥလိုပဲ၊ အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာ ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့လူများ ဖြစ်နေမှာလားး။

ဒါမှမဟုတ် စာဖတ်သူလူကြီးမင်းဟာ လက်ဖက်ခြောက်လို လူမျိုးလား။ ရေပူကိုပေမယ့် အသွင်ပြောင်းပေးနိုင်စွမ်းရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ၊ ပွက်လေလေ လက်ဖက်ရည် အရသာ ကောင်းလေလေပေါ့။ လက်ဖက်ခြောက်လိုလူဆိုတာကလည်း ဒုက္ခသုက္ခတွေ အရှိန်တက်လေ၊ အရည်အချင်းတွေ ပိုရှိလာလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့အခြေအနေကို ဖန်တီးပေးနိုင်သူ ဖြစ်နေပါလိမ့်မယ်။

ကဲ… စာဖတ်သူလူကြီးမင်း၊ လောကဓံကို ဘယ်လို ရင်ဆိုင်မယ် စိတ်ကူးပါသလဲ။ စာဖတ်သူဟာ လူမုန်လာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား?

ကိုယ့်ဘာသာ ဆင်ခြင်ပိုင်းဖြတ်လိုက်ကြရုံပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော် (အတွေးသစ်ဂျာနယ် ၀၅-၀၆-၀၁)

(၂၀၀၂ စက်တင်ဘာလမှာ ပထမအကြိမ်၊ ၂၀၀၆ အောက်တိုဘာလမှာ ဒုတိယအကြိမ် အဖြစ် ပုံနှိပ်ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်” စာအုပ်မှာ ဖော်ပြထားတဲ့ စာတို တစ်ပုဒ်ပါ။)

Blog မှာ ပြန်တင်ခြင်းအတွက် မှတ်ချက်

Facebook မှာ ကျွန်တော့်မိတ်ဆွေစာရင်းထဲက တစ်ယောက်က သည်စာလေးကို သဘောကျလို့ဆိုပြီး ကျွန်တော့်စာအုပ်ကို ကိုးကားပြီး အစအဆုံး ကူးယူ ဖော်ပြထားတာတွေ့လိုက်ရလို့ ပြန်လည် တင်ဆက်ဖြစ်သွားပါတယ်။

သည်စာလေးကို စရေးဖြစ်ခဲ့တဲ့အချိန်က ၁၁ နှစ်တောင် ရှိခဲ့ပါပြီ။ သည်စာပါတဲ့ အတ္တကျော်ရဲ့ ပထမဆုံး ပွဲဦးထွက်စာအုပ်ကို ထုတ်ဝေခဲ့တာလည်း ၁၀ နှစ်တောင် ပြည့်ပါတော့မယ်။ သည်စာစုရဲ့ ပထမဆုံး စာ၊ အတ္တကျော် ကလောင်အမည်နဲ့ ပွဲဦးထွက်ရေးတဲ့စာကို အလင်းတန်း ဂျာနယ်မှာ ဖော်ပြခဲ့တာ ၂၀၀၀ ပြည့်နှစ် ဇန္န၀ါရီ ၃၁ ရက်နေ့မှာ ဖြစ်တာမို့ အတ္တကျော်ရဲ့ ကလောင်သက်ဟာလည်း ၁၂ နှစ်တောင် ရှိသွားပါပြီ။

အဲဒီ့ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက မြန်မာပြည်မှာ အင်တာနက် ဆိုင်တွေ မပေါ်သေးသလို အများပြည်သူ အင်တာနက်သုံးနိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ ကျွန်တော်ကတော့ အနောက်နိုင်ငံ သံရုံးတစ်ရုံးမှာ အလုပ်လုပ်နေခိုက်မို့ ဂြိုဟ်တုနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ အင်တာနက်ကို ကံအားလျော်စွာ သုံးခွင့်ရခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်၊ နှစ်ကုန်ပိုင်းက တိုင်းတစ်ပါးမှာ သင်တန်းတက်ရင်း သိကျွမ်းခင်မင်ခွင့်ရခဲ့တဲ့ (အခုတော့ ကနေဒါနိုင်ငံသူဖြစ်နေတဲ့) ဖိလစ်ပိုင်နိုင်ငံသူ Malen Pares က ကျွန်တော်တို့တွေဆီ လက်ဆင့်ကမ်းပေးပို့ခဲ့တဲ့ ဓာတ်ချောစာလေးတွေကို ဖတ်ရင်း နှစ်သက်လွန်းမက နှစ်သက်တာနဲ့ ဘာသာပြန်ပြန်ပြီး တင်ဆက်ရာကနေ အတ္တကျော်ရယ်လို့ ဖြစ်လာတာပါ။ အဲဒီ့ စာအုပ်တစ်အုပ်လုံးမှာ သုံးပုဒ်သာ ကိုယ်တိုင် ဖတ်မိရာက ဆင့်ပွားပေါ်လာတဲ့အတွေးတွေကို ဖော်ပြထားတာ ဖြစ်ပြီး ကျန်တဲ့ ၂၇ ပုဒ်ကတော့ ဘာသာပြန်ထားတာချည်း ဖြစ်နေခဲ့ပါတယ်။

ဘာသာပြန်တာတွေ ဖြစ်လင့်ကစား မူရင်းက ဘယ်သူရေးမှန်းလည်း မသိ၊ ဘယ်ထဲမှာ ပထမဆုံး စတင်ဖော်ပြခဲ့မှန်းလည်း မသိဘဲ ကျွန်တော့်ဆီ ရောက်လာတဲ့ ဓာတ်ချောစာတွေကသာ ဖြစ်တာမို့ အကိုးအကား မထည့်နိုင်ခဲ့သော်လည်း (ဒုတိယအကြိမ်မှာလည်း ပြန်လည်ဖော်ပြထားတဲ့) ပထမအကြိမ်ထုတ် စာအုပ်ရဲ့ အမှာစာမှာတော့ ဓာတ်ချောစာတွေကို ဘာသာပြန်ထားကြောင်း ဖော်ပြထားခဲ့ပါတယ်။

အဲဒီ့ “နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်” တစ်အုပ်လုံးကို ebook အဖြစ် ဖတ်ချင်ရင် သည်စာကြောင်းထဲက စာအုပ် ခေါင်းစဉ်ကိုဖြစ်စေ၊ အပေါ်က စာအုပ်မျက်နှာဖုံးပုံကိုဖြစ်စေ နှိပ်လိုက်နိုင်ပါတယ်။

Money makes the world go round, but…

ပိုက်ဆံရဲ့ သဘောထားအမှန်

မနက်က ကျွန်တော့် ရည်းစားဟောင်း တစ်ယောက်ဆီက ဓာတ်ချောစာ ဝင်လာတယ်။ သူက ကျွန်တော် ပိုက်ဆံ မစုတာကို တစ်ချိန်လုံး မကျေမနပ် ဖြစ်နေတာ၊ အားမလိုအားမရ ဖြစ်နေတာ။

ကျွန်တော်က လူမိုက်ပေါ့။ ကျွန်တော်က ပြည်တွင်းမှာပဲ အိုးမကွာ အိမ်မကွာ ဒေါ်လာစားလာတာ ၁၁ နှစ်တောင် ရှိနေပြီ။ ကနေ့အထိ တိုက်ခန်းလေးတစ်ခန်းတောင် အပိုင်မဝယ်နိုင်သေးဘဲ အိမ်ငှားနေရတဲ့အတွက် သူတင် မဟုတ်ပါဘူး၊ ကျွန်တော့် ပတ်ဝန်းကျင်တစ်ခုလုံးကပါ ကျွန်တော့်ကို အားမရကြဘူး။

ကျွန်တော်ကတော့ ပန်းချီ ကိုမုတ်သုန်ပြောနေကျစကားလို “ဘဝကို ချောင်ထိုးထားတဲ့သူပါ။”  ဖန်တရာတေနေတဲ့ ကလီရှေး (cliché) ကို သုံးရရင်တော့ နေသလိုမဖြစ်တဲ့ လောကမှာ ဖြစ်သလိုနေလိုက်တာ အကောင်းဆုံးလို့ အောက်မေ့လိုက်ရုံပါပဲ။

ကျွန်တော့်အသက် ၄၀ကျော်ပြီ။ ၁၉နှစ်သားကတည်းက ပိုက်ဆံရှာတဲ့ အလုပ်ကိုလုပ်ခဲ့တာ။ ကျောင်းတစ်ဖက်နဲ့ အငှားယာဉ်မောင်းတဲ့ အလုပ်က စလာလိုက်တာ အခုအခါမှာတော့ စားပွဲနဲ့၊ ကုလားထိုင်နဲ့၊ လေအေးစက်နဲ့၊ ကွန်ပျူတာနဲ့၊ ဓာတ်ချောပို့စနစ်နဲ့၊ အသံသွင်းချောပို့စနစ်နဲ့၊ စတိုင်ကျကျ အလုပ်တစ်ခုမှာ ရောက်နေတယ်။ အကြီးတန်း အရာရှိဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုလည်း ရှိတယ်။ လစာအနေနဲ့ကလည်း တစ်လကို သုံးသိန်းလောက် ဝင်နေတာ။

ဒါပေမယ့် အဲဒီ့အလုပ်ကနေထွက်ဖို့ ကြံနေမိပြီ။ ဒါဖြင့် မင့်မှာ တခြား ဘာအလုပ် ရှိလို့လဲဆိုရင် ဘာမှမရှိဘူး။ ခပ်တည်တည်ပဲ၊ လုပ်နေရတဲ့ အလုပ်မှာ မပျော်ပိုက်တော့တဲ့အတွက် ထွက်ဖို့ စိတ်ကူးတော့တာ။ ပိုက်ဆံ ဆိုတာလေး ရလိုမှုတစ်ခုအတွက် ကျွန်တော့်စိတ်ချမ်းသာမှုကို မစတေးချင်တော့တာ။

အားလုံးကတော့ ကျွန်တော့်ကိုလူမိုက်တဲ့။ ကျွန်တော့်အိမ်သူ အပါအဝင် ကျွန်တော့်ကို နားလည်သူ၊ ကျွန်တော်နဲ့အယူအဆချင်းတူသူ တချို့က လွဲရင်ပေါ့။

ဟိုးလွန်ခဲ့တဲ့ နှစ်၂၀လောက်က မိတ်ဆွေတစ်ယောက် ပြောဖူးတဲ့ စကားကို သတိရတယ်။

ဆီဦးထောပတ်ကို လာကျွေးတဲ့အခါ ဇွန်းနဲ့ဖြစ်ဖြစ်၊ လက်နဲ့ ဖြစ်ဖြစ် စားခွင့်မရှိဘဲ နှုတ်သီးနဲ့ ထိုးဟပ်ပြီး စားရမယ်ဆိုလို့ကတော့ နတ်သုဓာ လောက်ကောင်းနေစေဦးတော့ မစားသင့်ဘူးတဲ့။

ကျွန်တော်သိပ်သဘောကျတဲ့စကား။ လူ့သိက္ခာနဲ့လူ့မာနကို အထိပါး ခံပြီး ခွေးလိုဟပ်ရမှတော့ အဲဒီ့စားစရာက နတ်သုဓာပင် ဖြစ်နေစေဦးတော့ ဘယ်အရသာရှိပါတော့မလဲ။ ဒါပေမယ့်လည်း လောကမှာ လူ့သိက္ခာ လူ့မာနကို တန်ဖိုးမထားဘဲ စားရဖို့လေးကိုပဲ မဲနေတတ်တဲ့သူတွေကလည်း အများသားဆိုတော့ ကျွန်တော်က လူမိုက်ပေါ့။

အခုလည်း ရည်းစားဟောင်းကြီးက ကျွန်တော်အားကျစေချင်ဇောနဲ့ ရေးလာတယ်။ သူ့လင်တော်မောင်က နိုင်ငံခြားမှာ အလုပ်သွားလုပ်တာ ရှစ်နှစ်ရှိပြီတဲ့။ သူတို့က အခု ရန်ကုန် ဆင်ခြေဖုံးမှာ တိုက်ဆောက်နေတဲ့ အကြောင်း၊  မြေကွက်ကိုက သိန်းကိုးဆယ်လောက် တန်တဲ့အကြောင်း၊ နောက်ထပ် မြေတစ်ကွက်၊ တိုက်ခန်းနှစ်ခန်းနဲ့ ကားတစ်စီးလည်း ရှိနေပြီ ဖြစ်တဲ့ အကြောင်းတွေကို ရိုးရိုးလေး ရေးထားပါတယ်။

ရိုးရိုးလေးဆိုတာက သူ တမင်အကြွားတိုက်နေတာ မဟုတ်တာကို ပြောလိုရင်းပါ။ သူ့သဘောကို ကျွန်တော်သိပါတယ်။ ကျွန်တော့်မှာက သမီးနဲ့သားနဲ့၊ သူ့မှာက သားသမီးတစ်ယောက်မှ မထွန်းကားဘူး။ ဆိုလိုတာက ကျွန်တော်က သူ့ထက်ပိုလို့ စုသင့် ဆောင်းသင့်တယ်လို့ သူက ယူဆပါတယ်။

အခုလောက် စုမိနေတာတောင် သူက အခုလည်း ဆက်စုနေတုန်းပဲလို့ ရေးလိုက်တာပါ။ သူ့စာထဲမှာ တခြားဘာမှမပါဘူး။ ဒါလေးပဲ ပါတာ။ သူကတော့ အားကျစေချင်လို့ပေါ့။

ကျွန်တော်က အခု အများလို မတွေးတော့တာ သူမသိဘူး။

အဲဒါနဲ့ သူ့ကို တစ်ခုခု ပြန်ရေးလိုက်ဖို့ စဉ်းစားတဲ့အခါ တစ်ခါက ရေးပြဖူးတဲ့ “ကိုယ့်မြေ”ဆိုတဲ့ ပုံပြင်လေးကို သတိရသွားတယ်။ အဲဒါလေးကို ပြန်ရှာရင်းနဲ့ကဗျာလေးတစ်ပုဒ်ကို တွေ့ရပြန်တဲ့အခါ စာဖတ်သူ လူကြီးမင်းများအတွက် ပြန်ဆိုပေးချင်မိသွားရပြန်တယ်။

ဖတ်ကြည့်ကြပါဦး…

ပိုက်ဆံရှိရင် အိမ်ဝယ်လို့ရတယ်၊

ဒါပေမယ့် နားခိုရာကိုတော့ ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် နာရီဝယ်လို့ရတယ်၊

ဒါပေမယ့် အချိန်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် စာအုပ်ဝယ်လို့ရတယ်၊

ဒါပေမယ့် ပညာကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် သွေးဝယ်လို့ရတယ်၊

ဒါပေမယ့် အသက်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် အပျော်ရှာလို့ရတယ်၊

ဒါပေမယ့် အချစ်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် အာမခံထားလို့ရတယ်၊

ဒါပေမယ့် လုံခြုံမှုကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် ခုတင်ဝယ်လို့ရတယ်၊

ဒါပေမယ့် အိပ်ပျော်အောင် ငွေနဲ့လုပ်လို့မရဘူး။

ပိုက်ဆံရှိရင် စားစရာဝယ်လို့ရတယ်၊

ဒါပေမယ့် ခံတွင်းလိုက်အောင် ပိုက်ဆံပေးပြီး လုပ်လို့မရဘူး။

ပိုက်ဆံရှိရင် ဆေးဝယ်လို့ရတယ်၊

ဒါပေမယ့် ကျန်းမာအောင် ငွေနဲ့လုပ်လို့မရဘူး။

ပိုက်ဆံရှိရင် လူရာဝင်တယ်၊

ဒါပေမယ့် လူရိုသေအောင် ငွေနဲ့လုပ်လို့မရဘူး။

တွေ့တယ်နော်?

ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတာ ဟုတ်လို့လား?

ခင်ဗျားမှာ ထားစရာမရှိအောင် များနေရင်

ကျုပ်ကို နည်းနည်းပါးပါး ပေးလိုက်ပါတော့လား။

ကဗျာလေးကတော့ ဒါပါပဲ။ ကျွန်တော် ပြန်တတ်သလို ပြန်ဆိုထားတာပါ။ စာဖတ်သူများအတွက်တော့ စဉ်းစားစရာလေးတွေ အထိုက်အလျောက် ပေါ်လာတန်ကောင်းတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြန်ဆို တင်ပြလိုက်ရပြန်တာပါပဲခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၂၇-ဝ၃-ဝ၁ ထုတ် အတွေးသစ် ဂျာနယ်မှာ ဖော်ပြခဲ့ပြီး လက်တွဲဖော် စာအုပ်တိုက်က စာမူခွင့်ပြုချက်အမှတ် ၄၀၀၂၉၂၀၆၀၃ နဲ့ 
၂၀၀၆ အောက်တိုဘာလမှာ ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိခဲ့တဲ့ ကျွန်တော့်ရဲ့ “နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်” 
(ပထမအကြိမ် ၂၀၀၂ စက်တင်ဘာလ) စာအုပ်ထဲက စာတစ်ပုဒ်ပါ။

အဟဲ… သည်စာနောက်မှာ ပြောစရာ နည်းနည်း ရှိသဗျ။ သည်စာပါတဲ့ အတ္တကျော်ရဲ့ ပထမဆုံး လုံးချင်း ထွက်ပြီး သိပ်များ မကြာခင်မှာ (၂၀၀၃ ခုနှစ်ထဲမှာပေါ့) သည်စာထဲမှာ “ရည်းစားဟောင်းကြီး”လို့ ရည်ညွှန်းခံထားရသူက ကျွန်တော့်ကို ရုပ်တည်ကြီးနဲ့ ပြောလာတယ်။ သူ့ကို “ရည်းစားဟောင်း”လို့ နောက်ကို မညွှန်းပါနဲ့တဲ့။ သူနဲ့လည်း ဘာမှ ဖြစ်ခဲ့တာမှ မဟုတ်ဘဲတဲ့။ (ဟုတ်တယ်… ကျွန်တော်မှားသွားတယ်၊ “အီစီကလီဟောင်း”လို့ ရေးရမှာလေ… 😀 ) သူ့ယောက်ျားက ကျွန်တော့်စာတွေ ဖတ်တယ်တဲ့။ တွေ့သွားမှာတဲ့။ ဘာမှတော့ မပြောပါဘူးတဲ့။ ဒါပေမယ့် မကောင်းဘူးတဲ့။ ဟား… သူ့ယောက်ျားကျတော့ သိတတ်လိုက်တာ၊ မိန်းမချင်း ဖြစ်တဲ့ ကျွန်တော့် ဇနီးကျတော့ သူ့စာနာစိတ်က ဘယ်ရောက်သွားလဲ မသိဘူး။ သူပဲ ဖုန်းဆက်၊ လာတွေ့၊ လုပ်ချင်တိုင်း လုပ်နေတာတွေအတွက် ကျွန်တော့် ဇနီးကကျတော့ သံတုံးသံခဲကြီးနဲ့ လုပ်ထားတဲ့ လူမို့လား။ တော်တော် ချဉ်သွားတယ်။ သူ့ကို တစ်ခါတည်းလည်း စိတ်ပြတ်သွားတယ်။ အစက မိတ်ဆွေအနေနဲ့ သံယောဇဉ်နည်းနည်း ကျန်ချင်နေသေးတာတောင် အပြီး ငုပ်သွားပါတော့တယ်။

အမယ်… လုပ်ချက်ကလည်း သင်းသဗျ။ သူ့ဘလော့(ဂ်)မှာ ကျွန်တော်နဲ့ ပတ်သက်ခဲ့တဲ့အကြောင်း တင်လိုက်သေးတယ်။ (နောက်မှ လူမိသွားလို့ ပြန်ဖျက်လိုက်တာ၊ ကံကောင်းချင်တော့ Google Reader နဲ့ ကူးထားတဲ့ လူတစ်ယောက်က ကျွန်တော့်ဆီ ပို့ပေးလို့ အစအဆုံး ဖတ်ရတယ်။) အဲဒီ့ စာကို သူက ခေါင်းစဉ် တပ်ထားတာကျတော့ “Old.. B.. friend /2” တဲ့ခင်ဗျ။ ဟွန့်… ( B friend ဆိုတော့ ဟဲ… ဟဲ… “ခကွေး သူငယ်ချင်း”ပေါ့နော်။ တူက ရည်းစားဟောင်းလို့ ပြောတာမှ မဟုတ်တာပဲ။ 😛 )

သည်စာကို ပြန်ဖြန့်ဝေတဲ့အခါ မူရင်း လင့်(ခ်)ကိုသာ ချိတ်ဆက်ပေးတော်မူကြစေချင်ပါတယ်။ Cut & Paste လုပ်ပြီး ကိုယ့် Notes အဖြစ် မကူးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ မလွှဲသာလွန်းလို့ Cut & Paste လုပ်မယ်ဆိုရင်လည်း တစ်ပုဒ်လုံး ဘာတစ်ခုမှ မခြွင်းချန်ဘဲ၊ အထူးသဖြင့် အောက်ဆုံးက မူရင်း စာရေးဆရာရဲ့ နာမည်၊ မူရင်း စာအုပ်အမည်များအပြင် သည်လင့်(ခ်)ကိုပါ ဖြည့်စွက်ပြီး ကူးကြဖို့ မေတ္တာရပ်ခံပါရစေ။

Blessed

ကံကောင်းပါတယ်လေ…

တစ်ရက်မှာ ကျွန်မနဲ့ ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်ဟာ ကုန်စုံဆိုင် တစ်ဆိုင်ရှေ့မှာ ရပ်နေကြရင်း ကျွန်မရဲ့ ကလေးတွေ သောင်းကျန်းလှပုံကို  ပြောနေမိပါတယ်။ အလုပ်က မောမောနဲ့ ပြန်လာပြီး အိမ်ထဲလည်း ဝင်လိုက်ရော တစ်ခါတည်း အမောကို ဆို့သွားရတဲ့ အဖြစ်က လောလောလတ်လတ် လေးတင် ဖြစ်ခဲ့တာလေ။ အိမ်ထဲကို ပုဏ္ဏကများ ဝင်မွှေသွားသလား အောက်မေ့ရလောက်အောင် တစ်အိမ်လုံး ဖရိုဖရဲနဲ့ ရှုပ်ပွလို့ရယ်။

“အခုခေတ်ကလေးတွေ အတော့်ကို စည်းမဲ့ကမ်းမဲ့နိုင်လာကြပြီ ထင်တယ် သူငယ်ချင်းရယ်။ ဆုံးမလို့လည်း မရတော့ဘူးလား မသိပါဘူး။ တစ်စက်ကလေးမှ စည်းကမ်းမရှိကြတော့ဘူးဟဲ့။ ငါလည်း အတတ်နိုင်ဆုံးတော့ သူတို့ကို ချိုချိုပြေပြေ ပြောပါတယ်ဟယ်။ သင်လည်း သင်ပါတယ်။ ဒါပေမယ့် သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်ကလေးကို တစ်စက်ကလေးမှ မနေတတ်ကြဘူး။ အဲတော့ ငါ့အိမ်ကဟယ် ဘယ်တော့ကြည့်ကြည့် ဖရိုဖရဲ ဖြစ်နေတော့တာပဲ။ အိမ်ကို ဧည့်သည်လာမှာတောင် ကြောက်နေတယ်။ တော်နေကြာ၊ သည်မိန်းမနှယ် တော်တော် ဖြစ်ကတတ်ဆန်းနေတတ်တယ်လို့ လူတွေက ထင်လိမ့်မယ်။ သိတယ်မဟုတ်လားဟဲ့… အိမ်တစ်အိမ် ရှုပ်ပွ နေရင် အထင်သေးခံရတာက အိမ်ရှင်မလေ”

“သည်က ညီမက သိပ်ကံကောင်းတာပဲနော်”

အဲဒီ့အသံက ကျွန်မတို့နှစ်ယောက်ရဲ့ နောက်က ထွက်လာတဲ့ အသံပါ။ ကျွန်မလည်း လှည့်ကြည့်လိုက်မိတယ်။ ကျွန်မတို့နဲ့ မတိမ်းမယိမ်း မိန်းမတစ်ယောက်က ကျွန်မတို့ကို ပြောလိုက်တာပါ။ ကျွန်မက လှည့်ကြည့်လိုက်aတာ့ သူက ကျွန်မကို ကြည့်ပြီး လေသံအေးအေးနဲ့ စကားဆက်ပါတယ်။

“အစ်မလေ… အိမ်ကို ပြန်သွားတဲ့အခါမှာ အိမ်ထဲမှာ ဖရိုဖရဲဖြစ်နေတာတွေကို ညီမလို မြင်စမ်းချင်လိုက်တာ။ ကော်ဇောကြီး တစ်ခုလုံးပဲ ပျက်သွားသွား၊ ဟင်းပန်းကန်တွေ တစ်အိမ်လုံးအနှံ့ တွေ့ရ၊ တွေ့ရ၊ အစ်မသာဆိုရင်တော့ တစ်စက်မှကို စိတ်ကသိကအောက်ဖြစ်မိမှာမဟုတ်ဘူး ညီမရဲ့။ ပေပွနေတဲ့ အင်္ကျီလုံချည်တွေ အထပ်လိုက်ဖြစ်နေလည်း အရေးမဟုတ်ဘူး။ တစ်အိမ်လုံး ပေရေစုတ်ပြတ်နေလို့ လူတွေက အမနာပပြောလာမယ်ဆိုလည်း ဂရုကို စိုက်မိမှာ မဟုတ်ဘူး။ အဲသလို အပြောခံရရင်တောင် အစ်မက သဘောတွေကျနေမိဦးမှာ၊ သိလား။ ဖရိုဖရဲနဲ့ ရှုပ်ပွနေတဲ့ကြားက ဟိုပစ္စည်း တက်နင်း၊ သည်ပစ္စည်း ကန်မိရင်းကနေ ကလေးတွေ ရှိရာကို အပြေးသွားပြီး သူတို့ကို ဖက်လိုက်ရ၊ နမ်းလိုက်ရ၊ ချစ်လိုက်ရမယ်ဆိုရင်ကို တော်လှပါပြီ ညီမရယ်။ သည်လိုညီမရဲ့၊ အစ်မရဲ့ ကလေးသုံးယောက်စလုံး ကားတိုက်လို့ ဆုံးသွားကြပြီလေ။ အခုဆို တစ်အိမ်လုံးမှာ အစ်မနဲ့ အစ်မယောက်ျားပဲ ရှိတော့တယ်။ အစ်မတို့အိမ်က ဖိတ်ဖိတ်လက်အောင် သန့်ရှင်းတောက်ပြောင်နေတာပဲ။ အင်္ကျီ လုံချည်တွေဆိုလည်း သူ့ဟာနဲ့သူ အထပ်လိုက် သပ်သပ်ရပ်ရပ်၊ အိုးတွေ၊ ပန်းကန်တွေဆိုလည်း ဖိတ်ဖိတ်ကို လက်လို့။ အစ်မတို့ အိမ်နံရံတွေမှာဆိုလည်း လက်ရာလေး တစ်ကွက်တောင် မရှိဘူး။ ကော်ဇောပေါ်ဆိုလည်း ဘာအစွန်း၊ ဘာအကွက်မှ မရှိဘူး။ ငြင်းနေခုန်နေ၊ ရန်ဖြစ်နေသံတွေလည်း မရှိဘူး။ တံခါးတွေ ဖွင့်လိုက် ပိတ်လိုက် လုပ်သံလည်း မရှိဘူး။ ရယ်သံလည်း မရှိဘူး။ မေကြီးရေဆိုတဲ့ အသံလည်း မရှိတော့ဘူး ညီမရယ်။ အဲတော့ ညီမရယ်… ညီမဘဝက သိပ်ကံကောင်းတာပေါ့။ အခု ညီမ ရောက်နေတဲ့ဘဝကိုသာ အစ်မရနိုင်မယ် ဆိုရင်လေ အစ်မမှာ ရှိရှိသမျှ စည်းစိမ်တောင် အကုန်လုံး ပုံပေးလိုက်ချင်ပါရဲ့။ အစ်မရဲ့ကလေးလေးတွေကို ပွေ့ရဖက်ရမှာ၊ သူတို့ရဲ့မျက်ရည်တွေ၊ နှပ်တွေကို သုတ်ပေးရမှာ၊ သူတို့လေးတွေရဲ့ တော့တီးတော့တ ပြောသမျှတွေကို နားထောင်ရမှာနဲ့တင် အစ်မဘဝ အစစပြည့်စုံနေတော့မှာ ညီမရဲ့။ အစ်မရဲ့ကလေးတွေသာ အစ်မ ပြန်ရမယ်ဆိုရင် အစ်မအိမ်က ဘယ့်ကလောက်ပဲ ပွချင်ပွနေပါစေ၊ ဘယ့်ကလောက်ပဲ ဖရိုဖရဲနဲ့ လူတကာ မဲ့ချင်ရွဲ့ချင်စရာ ဖြစ်နေပါစေ၊ ဖြစ်ချင်သလောက် ဖြစ်စမ်း၊ အစ်မလေ… သားလေး၊ သမီးလေးတွေရဲ့ မျက်နှာကို မြင်ရတာနဲ့တင် အကုန်လုံးကို ရင်ဆိုင်နိုင်မှာ ညီမရဲ့ သိလား”

စာဖတ်သူများရှင်…

ကျွန်မအိမ်ကို တစ်ခါတစ်ခေါက်များ အလည်ရောက်လာခဲ့ပြီး တစ်အိမ်လုံး ပွနေတာများ မြင်ကြတဲ့အခါ ကျွန်မကို စာဖတ်သူတို့ စိတ်ကြိုက် အပြစ်တင်ချင်သလောက် တင်လိုက်ကြပါတော့ရှင်။ သည်မိန်းမနှယ် တော်တော် ပစ္စလက္ခတ်နိုင်ရန်ကောလို့ ပြောချင်လည်း ပြောကြပါတော့ရှင်။

စာဖတ်သူတို့ ကျွန်မကို ဘယ်လိုထင်ထင်၊ ဘယ်လိုပြောပြော၊ ကျွန်မ အင်မတန် ကံကောင်းတယ်ဆိုတာကို အခုတော့ ကောင်းကောင်းကြီး သိလာခဲ့ပြီမို့ ရှင်တို့ ကျွန်မကို ထင်ချင်သလိုသာထင်၊ မြင်ချင်သလိုသာ မြင်လိုက်ကြပါတော့နော်။

Tammy Laws Lawson ရေးတဲ့ Blessed ကို ဆီလျော်အောင် ပြန်ဆို တင်ဆက်လိုက်တာပါ။

ဘာမဟုတ်တဲ့ အဖြစ်အပျက်ကလေးတစ်ခုပေမယ့် မျက်စိလျှမ်းနေတတ်တဲ့ ကျွန်တော်တို့တွေကို လှုပ်နှိုးပြီး သတိပေးလိုက်သလို ခံစားမိရလို့ ပြန်ဆိုတင်ပြလိုက်ရပြန်တာပါပဲ။

သိပ်မှန်တာပေါ့။ ကျွန်တော့်အိမ်မှာဆိုရင် သူ့အမေနဲ့ သူ့သားသမီးတွေနဲ့က တစ်ချိန်လုံး တကျက်ကျက်။ သားတို့၊ သမီးတို့ အခန်းဆိုတာ အမြဲတန်း ပွလို့ရယ်။ တော်နေကြာရင် ပိန္နဲပင် ကျွန်တော့်မှာပါ စက်ကွင်းက မလွတ်တော့ဘူး။ တော်ကိုယ်တိုင်ကိုက စည်းကမ်းမရှိတော့ တော့်သားသမီးတွေကလည်း တော့်အကျင့်တွေ လိုက်ပြီး ထင်တိုင်းကျဲနေကြတာဆိုတာမျိုးပေါ့။

တစ်ခါတလေကျတော့လည်း ကျွန်တော့်သားသမီးတွေကို ကျွန်တော် ကိုယ်တိုင် စိတ်တိုင်းက တယ်မကျချင်ဘူး။ သူတို့မအေ ပြောလည်း ပြောစရာ။ နေတာထိုင်တာ၊ လုပ်တာကိုင်တာ အကုန်လုံး အချိုးကို မကျဘူး။

ဒါပေမယ့် ကျွန်တော် သတိထားမိနေတာ တစ်ခုရှိတယ်။ သူတို့လေးတွေ တဖြည်းဖြည်းကြီးကောင်လေးတွေ ဝင်လာကြပြီဆိုတာပဲ။ ရင်ခွင်ပိုက်ကလေးတွေ မဟုတ်ကြတော့ဘူး။ အတောင်အလက်ကလေးတွေ တဖြည်းဖြည်းနဲ့ စုံသထက် စုံလာနေကြပြီ။ နောက် လေးငါးနှစ်နေရင် အခုလို အိမ်ကပ်ကြတော့မှာ မဟုတ်တော့ဘူး။ ကိုးကြွင်းကိုးကြွင်းနဲ့ရှိကြမှာမို့ တစ်နေ့ တစ်နေ့ သူတို့မျက်နှာ မြင်ရဖို့အရေး ဖအေ၊ မအေက မနည်းစောင့်ရတော့မှာ။ အဲဒီ့ကမှ နောက်ဆယ်နှစ်ကျော်ပြီဆိုရင် သူတို့အိုး၊ သူတို့အိမ်နဲ့၊ သူတို့ဘဝ သူတို့တည်ကြတော့မှာ။

အဲတော့ အခုလို အတူနေရသခိုက်လေး၊ ချစ်ခွင့်ရသခိုက်လေးမှာ ရှိနေတဲ့အတိုင်းလေး ချစ်နေလိုက်ရတာက ပိုမကောင်းပေဘူးလားဆိုတာကို ကျွန်တော်တွေးမိနေတာ ခဏခဏပါပဲ။

သည်စာလေးကို ဖတ်မိပြီးတဲ့အခါမှာတော့ အဲဒီ့ကျွန်တော့်အတွေးက ပိုခိုင်သွားပါတော့တယ်။ ယောနိသောမနဿီကာယဆိုတာ အင်မတန် ရွတ်လို့ ကောင်းတဲ့ စကားပါ။ မြန်မာလိုတော့ အသင့်အတင့် နှလုံးသွင်းတာပေါ့။

ဒါပေမယ့် ကျွန်တော်တို့တွေ နေရာတကာမှာ ဘယ်လောက်အထိ အသင့်အတင့် နှလုံးသွင်းနေဖြစ်လို့လဲ။ ကိုယ့်စိတ်နဲ့ မတွေ့တိုင်း၊ စိတ်ရိုင်းတွေ ဝင်မိတဲ့ အကြိမ်တွေက နည်းမှတ်လို့။

အခုဇာတ်လမ်းလေးက မိသားစုဘဝလေးကိုသာ ဖော်ပြထားပေမယ့် ဆန့်စဉ်းစားရင် ကျွန်တော်တို့ရဲ့ လူမှုဘဝနယ်ပယ်၊ လုပ်ခွင်ဘဝနယ်ပယ်အထိ ချဲ့ရင် ချဲ့သလောက် အများကြီး ရပါတယ်။ သူဆိုတာ ငါမဟုတ်ဘူး ဆိုတဲ့အတိုင်းပဲ၊ သူတစ်ပါးအပေါ် ကျွန်တော်တို့ စိတ်တိုင်းမကျမိတဲ့အကြိမ်တွေလည်း ဘဝတစ်လျှောက်မှာ မနည်းလှတော့ပါဘူး။

သို့သော် အဲဒီ့ “သူ” မရှိတဲ့အခါကျတော့မှ “သူ့”ကိုပဲ တသမိတဲ့ အကြိမ်တွေလည်း မနည်းဘူး မဟုတ်လား။

အဲတော့ စိတ်တိုင်းမကျဖြစ်ချင်လာရတဲ့အခါတိုင်းမှာ စဉ်းစားစရာ တစ်စတစ်လေတော့ သည်ဇာတ်ကလေးက ဖော်ပေးတယ်လို့ ကျွန်တော်ကဖြင့် တွေးနေမိရပါတယ်။

ရေးနေရင်းနဲ့ ဖျတ်ခနဲ သတိရလိုက်တာလေးတစ်ခုလည်း ဖြည့်စွက်လိုက်ချင်ပါသေးတယ်။

ဆရာမကြီးဒေါက်တာမတင်ဝင်းရဲ့ မိခင်ပြောနေကျ လက်သုံးစကားလေးလို့ ဆရာမကြီး ရေးထားတာ ဖတ်ဖူးပါတယ်။ တစ်ခုခုဆိုရင် ထိရှလွယ်တတ်တဲ့ ဆရာမကြီးကို သူ့မိခင်ကြီးက အမြဲပြောလေ့ရှိပါသတဲ့။ “ သေတာလောက် ဘယ်ဟာမှ မသည်းပါဘူး သမီးရယ်”တဲ့။

သိပ်ကောင်းတဲ့ စကားလေးပါ။

အခု ဇာတ်နဲ့လည်း တစ်နည်းတစ်ဖုံ ဟပ်နေတယ်လို့ ခံစားမိတဲ့အတွက် အဲဒီ့စကားလေးကိုပါ ဖြည့်စွက် တင်ပြလိုက်တာဖြစ်ပါတယ်။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

[စာမူခွင့်ပြုချက်အမှတ် ၁၂၀၂/ ၂၀၀၄(၁၀)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ထုတ်ဝေထားတဲ့ 
“ဘယ်ဆီကိုများ ဒုန်းစိုင်းသွားနေ” စာအုပ်ထဲက စာတစ်ပုဒ်ပါ။]

အင်တာနက်ပေါ်က မိတ်ဆွေတွေ ဖတ်စေချင်တဲ့ စေတနာနဲ့ တင်ပေးလိုက်တာပါ။ ကျွန်တော့်စေတနာကို အသိအမှတ်ပြုတယ်ဆိုပါရင် ကျွန်တော့်စာတွေကို ပြန်ဖြန့်ဝေတဲ့အခါ မူရင်း လင့်(ခ်)ကိုသာ ချိတ်ဆက်ပေးတော်မူကြစေချင်ပါတယ်။ Cut & Paste လုပ်ပြီး ကိုယ်ပိုင် လိုလို ဘာလိုလိုအဖြစ် မကူးကြစေချင်ပါဘူး။ မအောင့်နိုင်ဘူး၊ အဲလိုမှ Cut & Paste မလုပ်ရလို့ အစာမကြေ ရင်မချောင်ဖြစ်ရတယ်ဆိုရင်တော့ တစ်ပုဒ်လုံး ဘာတစ်ခုမှ မခြွင်းချန်ဘဲ၊ အထူးသဖြင့် အောက်ဆုံးက ကျွန်တော့် နာမည်၊ မူရင်း စာအုပ်အမည်များအပြင် သည်လင့်(ခ်)ကိုပါ ဖြည့်စွက်ပြီး ကူးတော်မူကြဖို့ မေတ္တာရပ်ခံပါရစေ။ မူလတန်းမှသည် ဘွဲ့ယူတဲ့အထိ သူများ ရေးထားတဲ့ စာစီစာကုံးတွေ၊ paragraph တွေကို အလွတ်ကျက်ပြီး ကိုယ်ရေးတာလိုလို ဘာလိုလို လုပ်ကာ အမှတ်တွေ ယူခဲ့ကြပြီး လူလားမြောက်လာရတဲ့ ရွှေတို့ရဲ့ အဖြစ်ဆိုးကို နားလည်စာနာပါတယ်။ ဒါပေမယ့်ဗျာ… မကောင်းတဲ့ စနစ်ကို လက်ညှိုးထိုးပြီး ကိုယ့်ကိုယ်ကိုယ် သူခိုး အဖြစ်ခံမလား၊ စနစ် ဘယ်လောက် မကောင်း မကောင်း၊ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် ကြိုးစားမလားဆိုတာကတော့ တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုသာ ဖြစ်ပါလိမ့်မယ်ခင်ဗျား။

As long as we can’t let go

အင်တာနက်ပေါ်က မိတ်ဆွေတွေ ဖတ်စေချင်တဲ့ စေတနာနဲ့ တင်ပေးလိုက်တာပါ။ ကျွန်တော့်စေတနာကို အသိအမှတ်ပြုတယ်ဆိုပါရင် ကျွန်တော့်စာတွေကို ပြန်ဖြန့်ဝေတဲ့အခါ မူရင်း လင့်(ခ်)ကိုသာ ချိတ်ဆက်ပေးတော်မူကြစေချင်ပါတယ်။ Cut & Paste လုပ်ပြီး ကိုယ်ပိုင် လိုလို ဘာလိုလိုအဖြစ် မကူးကြစေချင်ပါဘူး။ မအောင့်နိုင်ဘူး၊ အဲလိုမှ Cut & Paste မလုပ်ရလို့ အစာမကြေ ရင်မချောင်ဖြစ်ရတယ်ဆိုရင်တော့ တစ်ပုဒ်လုံး ဘာတစ်ခုမှ မခြွင်းချန်ဘဲ၊ အထူးသဖြင့် အောက်ဆုံးက ကျွန်တော့် နာမည်၊ နေ့စွဲ၊ မူရင်း စာအုပ်အမည်များအပြင် သည်လင့်(ခ်)ကိုပါ ဖြည့်စွက်ပြီး ကူးတော်မူကြဖို့ မေတ္တာရပ်ခံပါရစေ။ မူလတန်းမှသည် ဘွဲ့ယူတဲ့အထိ သူများ ရေးထားတဲ့ စာစီစာကုံးတွေ၊ paragraph တွေကို အလွတ်ကျက်ပြီး ကိုယ်ရေးတာလိုလို ဘာလိုလို လုပ်ကာ အမှတ်တွေ ယူခဲ့ကြပြီး လူလားမြောက်လာရတဲ့ ရွှေတို့ရဲ့ အဖြစ်ဆိုးကို နားလည်စာနာပါတယ်။ ဒါပေမယ့်ဗျာ… မကောင်းတဲ့ စနစ်ကို လက်ညှိုးထိုးပြီး ကိုယ့်ကိုယ်ကိုယ် သူခိုး အဖြစ်ခံမလား၊ စနစ် ဘယ်လောက် မကောင်း မကောင်း၊ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် ကြိုးစားမလားဆိုတာကတော့ တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုသာ ဖြစ်ပါလိမ့်မယ်ခင်ဗျား။

မျောက်က ဆင်းသက်လာသော

မျောက်ထောင်တဲ့ နည်းတစ်နည်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသဗျ။ သည်လို…

အုန်းသီးတစ်လုံးကို အလုံးမပျက်စေဘဲ အတွင်းက အသားတွေကို ခြစ်ထုတ်လိုက်တယ်။ ပြီးတော့ အဲ့ဒီအုန်းသီးကို သစ်ပင်မှာဖြစ်ဖြစ်၊ မြေကြီးပေါ် စိုက်ထားတဲ့ စို့တစ်ခုမှာဖြစ်ဖြစ် ကြိုးတန်းလန်းနဲ့ ချည်ထားတယ်။

အုန်းသီးရဲ့ အောက်ခြေမှာကျတော့မှ အပေါက်ရှည်ရှည်ကလေး တစ်ပေါက် ဖောက်ပြီး အုန်းသီးထဲကို အစာထည့်ထားလိုက်တယ်။ အဲဒီအပေါက် ရှည်ရှည်လေးက မျောက်ရဲ့ လက်ဝါးတစ်ဝါးစာ ၀င်သာရုံ၊ ဟတယ်ဆိုရုံလေး ဖောက်ထားတာ။ လက်သီးဆုပ်ဆိုရင် မ၀င်သာဘူး။ ထွက်လည်း မထွက်သာဘူးပေါ့ဗျာ။

အဲလိုနဲ့ အုန်းသီးကို အသာလေးချထားလိုက်တယ် ဆိုရင်ပဲ အစာနံ့ရတဲ့ မျောက် ရောက်လာတော့တာပဲ။ အုန်းသီးထဲမှာ အစာရှိမှန်း ကိုရွှေမျောက်က သိသပေါ့။ သည်မှာတင် ခက်ခက်ခဲခဲ အပေါက်ထဲ သူ့လက်ကလေး ထိုးထည့်လိုက်တယ်။ ပြီးတော့ အစာကို စမ်းတယ်။ တွေ့တယ်။ ဆုပ်တယ်။ လက်ကို ပြန်နုတ်တယ်။ မရဘူး။

ပြောပါပကော။ အပေါက်ကလေးက ဟတယ် ဆိုရုံကလေး ဖြစ်နေအောင် သေချာလုပ်ထားတဲ့ အပေါက်ကလေးလေ။ လက်တစ်ဝါးစာ ၀င်သာပေမယ့် ဆုပ်ထားတဲ့ လက်ကျတော့ မ၀င်သာ မထွက်သာတဲ့ အပေါက်။ ဒါပေမယ့် ကိုရွှေမျောက်အတွက်ကျပြန်တော့လည်း အစာက မက်စရာ။ အစာလိုချင်လို့ လက်ကို ထည့်လိုက်တာပဲ။ အဲဒီအစာကို ဆုပ်လျက်သားလေးအတိုင်းပဲ လက်ကို ပြန်နုတ်ချင်တာပေါ့။ ဒါပေမယ့် ဘယ်လို ကြိုးစားကြိုးစား လက်ကို နုတ်လို့ မရဘူး။

မျောက်ထောင်ဆရာတွေ ရောက်လာတဲ့ အခါမှာတော့ ကိုရွှေမျောက် ပျာသွားတယ်။ ဒါပေမယ့် သူ မပြေးနိုင်တော့ဘူး။ ဘယ်လိုမှ ပြေးလို့ မရတော့ဘူး။

တကယ်တော့ အဲဒီမျောက်ကို ဘယ်သူကမှ ဖမ်းတာ မဟုတ်ပါဘူး။ ဘယ်သူကမှ ပြေးလို့ မရအောင် လုပ်ထားတာ မဟုတ်ပါဘူး။ သူ့ဇော၊ သူ့လောဘဇောကသာ သူ့ကို မလွတ်တမ်း ဖမ်းချုပ်လိုက်တာပါ။

အမှန်က ဆုပ်ထားတဲ့ လက်ကလေးကို ဖြည်လိုက်တာနဲ့ သူ့လက်ကို အသာလေး ပြန်ဆွဲနှုတ်လို့ ရပါတယ်။ သို့သော် ကိုရွှေမျောက်ရဲ့ လောဘဇောက သိပ်ကို ပြင်းနေတော့ ဆုပ်မိထားတဲ့ အစာကို လွှတ်လိုက်ရင် ငါလည်း လွတ်မှာပါလားဆိုတဲ့ စိတ်ကူးက မရနိုင်အောင် ဖြစ်နေတော့တာပေါ့။

အင်း… မျောက်က ဆင်းသက်လာတဲ့ ကျွန်တော်တို့တတွေလည်း အဲဒီ ကိုရွှေမျောက်နဲ့ ပိန်မသာ၊ လိမ်မသာပါပဲ။ ကျွန်တော်တို့ရဲ့ စိတ်နှလုံးတွေထဲမှာ ကိန်းနေတဲ့ ဆန္ဒဇော အထွေထွေနဲ့ ကိုယ့်ဘာသာကိုယ် အကျဉ်းကျနေကြတာများ….။

တကယ်တော့ ကျွန်တော်တို့တွေလည်း လက်ကလေးဖြန့်လိုက်၊ ဆုပ်ထားတာလေးတွေကို လွှတ်လိုက်၊ သံယောဇဉ်တွေ ဖြတ်လိုက်မယ်ဆိုရင်….။

(၀န်ခံသမှု – ကမ္မဌာန်းဆရာ Joseph Goldstein ရေးတဲ့ The Experience of Insight စာအုပ်ထဲမှာ တွေ့ရတာလေးတစ်ခုကို ဆီလျော်အောင် ပြန်ဆိုတင်ဆက်လိုက်တာ ဖြစ်ပါတယ်။)

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ဖတ်စရာဂျာနယ်၊ အမှတ် ၁၇၊ မေလ ၈ ရက်၊ ၂၀၀၅ ခုနှစ်)

(ကျွန်တော့်ရဲ့ “တစ်မြို့နှစ်စိတ်” စာအုပ်က အခုကျတော့မှ ဘာဖြစ်နေတယ် မသိဘူး။ ကူးယူ ဖော်ပြတဲ့သူနောက်တစ်ဦး တွေ့ရပြန်တယ်။ သည်တစ်ခါတော့ မျက်ရှုဆိုတဲ့ ဘလော့(ဂ်)မှာပဲ ခင်ဗျ။ မြန်မာလိုသာ မျက်ရှုတာ။ သူတို့ လိပ်စာကကျတော့ မြတ်ရှုဖြစ်နေလေရဲ့။ http://www.myatshu.com/ ဆိုသကိုးလေ။ Myat မြတ်လို့ပဲ တစ်သက်လုံး သင်ခဲ့ မှတ်ခဲ့ရတာကိုး။ ထားပါတော့လေ။ သူတို့ဆီမှာ တင်ထားတာတွေ့တာနဲ့ ပြန်ကူးပြီး ကျွန်တော့် ဘလော့(ဂ်)မှာ တင်ပေးလိုက်ပါတယ်။)

Song of the Bird

ငှက်ကျေးတေးသံ

တစ်ခါကပေါ့ဗျာ။ လယ်သမားကြီးတစ်ယောက်ဟာ သိမ်းစွန်ငှက်ရဲ့ ဥတစ်လုံးကို လယ်ထဲမှာ တွေ့တာနဲ့ ကောက်လာပြီး သူ့ခြံထဲက ကြက်မကြီးရဲ့ အသိုက်ထဲ အသာ ထည့်ထားလိုက်ပါတယ်။ ကြက်မကြီးကလည်း ဘာမှ မသိရှာတော့ သူ့ဥတွေနဲ့ အတူ အဲဒီ့သိမ်းငှက်ဥကိုလည်း ဝပ်တော့တာပေါ့။

သည်လိုနဲ့ အချိန်တန်တဲ့အခါ သိမ်းငှက်ကလေးဟာလည်း တခြားကြက်ပေါက်စလေးတွေနဲ့အတူ အကောင်ပေါက်ပြီး တဖြည်းဖြည်း အရွယ်ရောက်လာပါတယ်။

ဘယ်လိုပဲ အရွယ်ရလာလာ၊ သိမ်းငှက်လေးဟာ တခြားကြက်ကလေးတွေ လုပ်တဲ့အတိုင်းပဲ လုပ်တယ်။ သူ့ကိုယ်သူ ကြက်လို့ပဲ မှတ်နေရှာသကိုး။ သည်တော့လည်း ကြက်ကလေးတွေလိုပဲ မြေကြီးကို ယက်၊ မြေကြီးထဲက ပိုးကလေးတွေ၊ မွှားကလေးတွေကို ရှာဖွေစားသောက်။ ကြက်ကလေးတွေလိုပဲ ကတော်ကတော်နဲ့ အသံပေး။ ကြက်ကလေးတွေလိုပဲ အတောင်ပံကို အသားကုန် ဖြန့်တဲ့ပြီး ကြက်ကလေးတွေနည်းတူ မြေပေါ်က လေး၊ ငါး၊ ဆယ်ပေ အမြင့်အထိသာ ပျံတာမျိုးပဲ သူလုပ်တတ်တယ်။

သည်လိုနဲ့ နေလာလိုက်တာ အဲဒီ့ သိမ်းစွန်ငှက်ဟာ တဖြည်းဖြည်းနဲ့ တော်တော့်ကို အိုမင်းလာပါတော့တယ်။ တစ်နေ့မှာတော့ တိမ်ကင်းတဲ့ ကောင်းကင်ယံမှာ ခံ့ညားလှတဲ့ ငှက်ကြီးတစ်ကောင်ကို သူ တွေ့လိုက်ရတယ်။ လေက ပြင်းပြင်းကြီး တိုက်နေပေမယ့် အဲဒီ့ငှက်ကြီးက အတောင်ပံကို တစ်ချက်ကလေးတောင် မခတ်ဘဲ ဘေးနှစ်ဖက်ကိုသာ ကားကား၊ ခန့်ခန့်ကြီး ဖြန့်လို့ လေဟုန်ကို မြိန့်မြိန့်ကြီး စီးနေပါတယ်။

ကြက်တွေနဲ့အတူ ရှိနေတဲ့ သိမ်းငှက်အိုကြီးက သူ့ခေါင်းအထက်မှာ ဝဲနေတဲ့ အဲဒီ့ငှက်ကြီးကို တအံ့တသြ ကြည့်ရင်းနဲ့ အဲဒါ ဘာငှက်ပါလိမ့်လို့ အသံထွက် မြည်တမ်းလိုက်ပါတယ်။

သူ့ဘေးနားမှာ ရှိနေတဲ့ ကြက်တစ်ကောင်က သူ့အမေးကို ဖြေလိုက်တယ်။

အဲဒါ သိမ်းငှက်ပေါ့ဗျ။ ငှက်တကာရဲ့ ဘုရင်လို့လည်း ခေါ်ရမှာပေါ့။ သူက ကောင်းကင်စံငှက်လေ။ အိမ်း… ကျုပ်တို့ကတော့ မြေကြီးစံတွေပေါ့။ ကျုပ်တို့က ကြက်တွေ ဖြစ်နေတာကိုးဗျို့တဲ့။

သြော်… လို့ ပြောရင်း သိမ်းငှက်အိုကြီးက ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပါတယ်။

သည်လိုနဲ့ သူ့ကိုယ်သူ ကြက်လို့ မှတ်နေတဲ့ သိမ်းငှက်အိုကြီးဟာ တစ်သက်လုံး ကြက်လိုပဲ နေသွားပြီး ကြက်လိုပဲ သေသွားပါတော့တယ်။

Anthony De Mello ရေးတဲ့  Song of the Bird ကို ဘာသာပြန်ဆို တင်ဆက်လိုက်တာပါ။

ကျွန်တော်တို့ မြန်မာမှာတော့ ကျေးညီနောင်ပုံပြင် ရှိပါတယ်။ တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုပင် ဖြစ်လင့်ကစား လေပြင်းနောက်ကို ပါသွားပြီး တစ်ကောင်က နူးညံ့သိမ်မွေ့သူများရဲ့ အလယ်မှာ ကြီးပြင်းရတယ်။ သည်အခါမှာ ပတ်ဝန်းကျင်ရဲ့ ပုံသွင်း ထုဆစ်လိုက်တဲ့အတိုင်း စရိုက်တွေ ပေါ်လာတာကို ဖော်ကျူးတဲ့ ဘုရားဟော ပုံပြင်လေးပါ။

အထက်မှာ ပြန်ဆို ဖော်ပြလိုက်တဲ့ ပုံပြင်နဲ့ သဘာဝချင်း ဆင်လှပါတယ်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံပြီး လူအပါအဝင် သတ္တဝါများ အားလုံးမှာ အမူအကျင့်ဆိုတာလေးတွေ ပေါ်ပေါက်လာပါတယ်။

ပြန်ဆိုဖော်ပြလိုက်တဲ့ ပုံပြင်မှာကျတော့ စွန်ပင်ဖြစ်လင့်ကစား မိမိကိုယ်မိမိ ကြက်လို့ ထင်နေတဲ့အတွက် စွန်လို မစွမ်းတော့ဘဲ ကြက်လောက်သာ စွမ်းတော့တာကို ထင်ရှားအောင် ဖော်ကျူးထားပါတယ်။

သည်ပုံပြင်ကိုဖတ်ပြီး ကျွန်တော် စဉ်းစားမိသွားတာတွေကတော့ အများကြီးပါပဲ။

ငါကတော့ သင်္ချာညံ့တယ်ဆိုပြီး သင်္ချာချိန်ရောက်တိုင်း ချွေးပျံနေခဲ့တာတွေ၊ ငါနဲ့ အားကစားနဲ့က အကျိုးမပေးပါဘူးဆိုပြီး ဘောလုံးကွင်းကို ရှောင်ခဲ့တာတွေ၊ ဂုဏ်ထူးတွေ မပါချင်နေ အောင်ရင် ပြီးတာပဲဆိုပြီး တော်ရိလျော်ရိ နေခဲ့တာတွေ၊ ဖြစ်မှာ မဟုတ်ပါဘူးလေဆိုပြီး လျှော့ခဲ့တာတွေ၊ စိတ်ကောင်းထားမိတာနဲ့ တစ်ပြိုင်နက် ငါချည်း ခံရတာပဲဆို တဲ့အတွေးနဲ့ ရမ်းကားခဲ့တာတွေ၊ မထူးပါဘူးလေ၊ တစ်တက်စားလည်း ကြက်သွန်ပဲ ဆိုပြီး တွယ်ပစ်လိုက်တာတွေ၊ ….တွေ၊ ….တွေ….

စဉ်းစားလိုက်မယ်ဆိုရင် အများကြီးပါပဲ။

ပိုဆိုးတာက ပုံပြင်ထဲကလို ကြက်တွေကြားမှာ ကြီးပြင်းလာရတဲ့အခါမှာ အားလုံးက ပိုလို့ ပိုလို့ လွဲချော်ကုန်ရတတ်ပြန်ပါတယ်။

အချစ်နဲ့ စစ်မှာ အားလုံး တရားတယ်ဆိုတာမျိုးနဲ့ ထင်ရာစိုင်းတာဟာ ကြက်လိုနေတာ မဖြစ်နိုင်ဘူးလား။ ဒါမှမဟုတ်လည်း အိုးကောင်း ရချင်ရင် အိုးထိန်းသည်ဟာ အိုးကို နာနာရိုက်ပေးရတယ် ဆိုတာမျိုးနဲ့ ကိုယ့်သားသမီး၊ ကိုယ့်တပည့်လေးတွေအပေါ်မှာ ကိုယ့်ဒေါသကို ထွက်ပေါက်ပေးရင်း စိတ်ရှိလက်ရှိ ဆော်ပလော်တီးတာကရော ကြက်စိတ်ပေါက်သွားတာ မဖြစ်နိုင်ဘူးလား။ ဒါမှမဟုတ် မိုးခါးရေပဲ၊ ကိုယ်မသောက်လည်း သူများ သောက်မယ့်အတူတူ ကိုယ်က ဦးအောင်ပဲ တဂွပ်ဂွပ် ကျိုက်လိုက်ဦးမဟဲ့ ဆိုတာကရော ကြက်စိတ်တွေ ဝင်လာတာ မဖြစ်နိုင်ဘူးလား။ ပါးကိုက်ရင် နားကိုက်လိုက်မယ်၊ ချင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်မယ်ဆိုတာမျိုးကရော ကြက်အမူအကျင့်အတိုင်း နေဖြစ်သွားတာ မဖြစ်နိုင်ဘူးလား။

သူ့ပုံပြင်လေးကို ဖတ်ကြည့်မိရာက ဆင့်ပွားတွေးမိတဲ့အခါမှာ အတွေးစတွေက တစ်သီတစ်တန်းကြီး ပေါ်လာပါတယ်။

ကြက်က ကြက်လို နေပြီး ကြက်လို သေရတာ ဘာမှ မဆန်းပါဘူး။ ဒါပေမယ့် သိမ်းငှက်က ကိုယ့်ကိုယ်ကိုယ် ကြက်လို့ ထင်ပြီး ကြက်လို နေ၊ ကြက်လို သေသွားတာကြီးကတော့ တော်တော့်ကို မနိပ်တာလည်း အမှန်ပါပဲ။

အင်း… ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော့်ကိုယ် ကျွန်တော် ကြက်လား၊ သိမ်းငှက်လား ကွဲပြားအောင် အရင်ဆုံး လုပ်ရပါဦးမယ်လေ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(အတွေးသစ်ဂျာနယ်၊ အတွဲ ၄  အမှတ် ၂၀၀၊ ၀၆-၀၉-၀၄)

“တစ်မြို့နှစ်စိတ် (မောဟပြေ ပုံတိုပတ်စများ - ၄)”ထဲမှာ ဖော်ပြထားတာလေးကို ဆရာမလေး Hana San က 
သူ့ရဲ့ Facebook စာမျက်နှာမှာ မှတ်စုအဖြစ် ကူးပြီး တင်ထားတာ တွေ့လိုက်ရလို့ အပါးခိုပြီး သူ့ဟာကို 
copy & paste လုပ်ကာ ကျွန်တော့် ဘလော့(ဂ်)မှာ တင်ပေးလိုက်တာပါ။ သည်အတွက် လက်အညောင်းခံပြီး
ပြန်ကူးတင်ပေးတဲ့ ဆရာမလေးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါတယ်။ ;)

ခါထုတ် နင်းတက်

တစ်ရံရောအခါကပေါ့…

လယ်သမားကြီးတယောက်မှာ နွားအိုကြီးတကောင်ရှိသတဲ့။

တစ်နေ့မှာတော့ အဲဒီနွားအိုကြီးဟာ ရေခန်းနေတဲ့   ရေတွင်းနက်ကြီး တစ်တွင်းထဲကို ချော်ကျသွားပါလေရောတဲ့။ နွားကြီးခမျာ   နာကျင်တာကတစ်ကြောင်း တွင်းထဲကနေ ပြန်မတက်နိုင်တာတော့တာမို့   ထိတ်လန့်လာလို့တစ်ကြောင်းတို့ကြောင့် ငယ်သံပါအောင် အော်တော့တာပေါ့။

နွားကြီးရဲ့အော်သံကိုလည်း ကြားရရော လယ်သမားကြီးလည်း အပြေးရောက်လာပြီး ကြည့်လိုက်တဲ့အခါ ရေတွင်းထဲကျနေတဲ့   သူ့နွားကြီးကို တွေ့ရပါတယ်။ ခက်တာက တွင်းကလည်း အနက်ကြီး၊ နွားကြီးရဲ့ ကိုယ်ကလည်း အလေးကြီး ဖြစ်နေတာပဲ။ ဖြစ်နိုင်မယ်ဆိုဦးတောင်မှ   သည်နွားကြီးကို တွင်းထဲကနေ မပြီး ထုတ်ဖို့ဆိုတာ တော်တော်တော့ မလွယ်ဘူးလို့  လယ်သမားကြီးက တွေးလိုက်မိသတဲ့။

ဒါနဲ့ လယ်သမားကြီးက စဉ်းစားတယ်။

နွားကြီးလည်း အိုလှပြီ။ ရေတွင်းကလည်း   ခန်းခြောက်နေပြီ။ အဲဒီတော့ နွားကြီးကို ရေတွင်းထဲမှာပဲ အရှင်လတ်လတ်   မြှုပ်လိုက်တာက အကောင်းဆုံးပဲလို့ လယ်သမားကြီးက တွေးသတဲ့။

ဒါမှလည်း ပြဿနာနှစ်မျိုးကို   ရှင်းပြီးသား ဖြစ်သွားမှာပေါ့။ တခုက နွားကြီးရဲ့ ဒုက္ခကို တစ်နည်းတစ်ဖုံ   ဖြေရှင်းပေးရာရောက်သလို သုံးမရတော့တဲ့ ရေတွင်းဟောင်းလည်း တစ်ခါတည်း   ဖို့ပြီးသားဖြစ်သွားမှာလေ။  ဒါနဲ့ လယ်သမားကြီးလည်း အနီးဝန်းကျင်ကလူတွေကို   အကူအညီ သွားတောင်းလိုက်သတဲ့။

ပတ်ဝန်းကျင်ကလူတွေကလည်း အားတက်သရောပါပဲ။   ၀ိုင်းကူကြတယ်။   သည်လိုနဲ့ မြေကြီးတွေကို ဂေါ်ပြားတွေနဲ့ ကော်ပြီး   တွင်းထဲကို ဖို့ကြတဲ့အခါ နွားကြီးရဲ့ကျောပေါ်ကို မြေကြီးတွေ   တဖုတ်ဖုတ်ကျလာတော့တာပေါ့။ လူတွေ ဘာလုပ်နေမှန်း သိသွားတဲ့အခါ နွားကြီးလည်း   တော်တော့်ကို ဆောက်တည်ရာမရ ဖြစ်သွားတော့တယ်။

အဲသလို ဆောက်တည်ရာမရ ဖြစ်နေတဲ့ကြားကပဲ   နွားကြီးရဲ့ခေါင်းထဲမှာ အကြံတစ်ချက် လက်ခနဲ ပေါ်လာသတဲ့။ ဒါနဲ့ အပေါ်ကလူတွေ   သူ့ကျောပေါ်ကို မြေကြီးတစ်ကော် ထိုးချလိုက်တိုင်း သူကကျောပေါ်က မြေကြီးတွေကို   ခါထုတ်လိုက်ပြီး သူ့ခြေထောက်အောက်ကို ရောက်သွားတဲ့   မြေကြီးပေါ်ကို တက်တက်ရပ်လေသတဲ့။

သည်လိုနဲ့ ကြာလာတဲ့အခါ နွားကြီးလည်း တစ်ကိုယ်လုံးကို ပေရေညစ်ပတ်ပြီး နုံးချိနေတော့တာပေါ့။ ဒါပေမယ့် အသက်ကတော့ ရှင်မြဲရှင်လျက်ပဲ။ မြေကြီးတွေ ကျောပေါ်ကျလာလိုက်၊ ခါထုတ်လိုက်၊ ခြေထောက်အောက် ရောက်သွားတဲ့ မြေကြီးတွေကို နင်းပြီး တက်လိုက်နဲ့ လုပ်လာလိုက်တာ နောက်ဆုံးမှာတော့ တွင်းနှုတ်ခမ်းကို ရောက်သွားပြီး အသက်လည်း   ချမ်းသာရာရသွားပါတော့သတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။   ဒါပေမယ့် ပုံပြင်လေးးက ပေးလိုက်တဲ့ စိတ်အခံလေးကတော့   ကျွန်တော်တို့ လူသားတွေအနေနဲ့ ဘ၀မှာ ရင်ဆိုင်ရဲဝံ့စရာ   အချက်အလက်သစ် တစ်ခုပါပဲ။ အဲဒီ့စိတ်အခံကတော့   “ခါထုတ်ပြီး နင်းတက်မယ်”ဆိုတဲ့ သဘောထားလေးပါ။   ကျွန်တော်တို့တွေဟာ တစ်ခုခုကိုဆိုရင်   ကြိတ်မနိုင် ခဲမရနဲ့ စိတ်ထဲမှာ မပြီးနိုင် မစီးနိုင်ဖြစ်နေတတ်တာ ခဏ   ခဏပါပဲ။ တချို့ဟာတွေဆို တစ်ပတ်လောက်ကို တနုံ့နုံ့၊ တချို့ဟာတွေကျတော့   တစ်လလောက်၊ တချို့ဆိုရင် နှစ်နဲ့ကို ချီလို့။ ခေါင်းထဲကကို ဖျောက်မရနိုင်၊ ခါမထုတ်နိုင်တာများလေ။

ဦးနှောက်စားတယ်ဆိုတာ အဲဒါမျိုးပေါ့။   ကျွန်တော်တို့ရဲ့ အပျော်တွေ၊ စိတ်ချမ်းသာမှုတွေ၊ စိတ်အေးချမ်းမှုတွေနဲ့ ပေးဆပ်နေရတာတွေပါ။ အတိတ်က နာကျင်ခံစားမှုတွေဟာ ခါးသီးမှု၊ အမုန်းတရား၊   အမျက်ဒေါသနဲ့ အာဃာတများကို ဖန်တီးနေတာပဲ မဟုတ်ပါလား။

ကျွန်တော်တို့ဟာ အဲဒီ ခါးသီးမှု ၊ အမျက်နဲ့  အာဃာတဆိုတဲ့ နာကျင်ခံစားမှု မြေကြီးတွေကို ကျွန်တော်တို့ ကျောပေါ်ကို   နေ့စဉ်လိုပဲ အကျခံနေကြရပါတယ်။ အဲဒါတွေကို သည်အတိုင်း   ငြိမ်ခံနေမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း တွင်းထဲမှာ အရှင်လတ်လတ်   သင်္ဂြိုဟ်ခံလိုက်ရသလိုပဲ နေတော့မှာပေါ့။ ဆက်ဆံရေးတွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက်ကြား နံရံကြီးတွေ ထူဖြစ်သွားမယ်။ တစ်ယောက်နဲ့တစ်ယောက် မဆုံဖြစ်အောင် ရှောင်နေမယ်။ သည်လိုနဲ့ မခေါ်နိုင် မပြောနိုင် ဖြစ်ကုန်တဲ့အထိ ကွဲတဲ့ ကွာတဲ့အထိ၊ ပြတ်တဲ့တောက်တဲ့အထိ စစ်အေးတိုက်ပွဲတွေ ဖြစ်တဲ့အထိ ဖြစ်ကုန်ပါတော့မယ်။

ဒါပေမယ့် လူရယ်လို့ဖြစ်လာရသမျှထဲမှာ တန်ဖိုးအရှိဆုံး အရာတစ်ခု ရှိတာကို ကျွန်တော်တို့တွေ မေ့နေကြတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ လူသားတွေမှာ   ရွေးချယ်ခွင့်တွေ ရှိနေတာပါပဲ။ နာကျင်ခံစားမှုတွေကို ကိုယ့်ကိုယ်တွင်းမှာ မွေးမြူ သိမ်းဆည်းထားမလား၊ ဒါမှမဟုတ် အဲ့ဒါတွေကို ခါထုတ်ပြီး နင်းတက်မလား   ကိုယ့်ဘာသာ ရွေးချယ်ရုံပါပဲ။

စာဖတ်သူ လူကြီးမင်းများ ခင်ဗျား…

ကြိုးစားကြည့်ကြစမ်းပါ။ ခါထုတ်ပြီး နင်းတက်ရအောင်လား။

တစ်ဖက်သားက ပြောလိုက်ပြီးတဲ့ စကားတွေ၊   ပြုလိုက်ပြီးတဲ့ အပြုအမူတွေကို ခါထုတ်ပြီး နင်းတက်လိုက်ကြပါစို့။  ဒါမှမဟုတ်လည်း ကိုယ်ပြောလိုက်မိတဲ့ စကား၊ ပြုလိုက်မိတဲ့ အမှုတွေ အတွက်လည်း   တနုံ့နုံ့ဖြစ်မနေတာ့ဘဲ အားလုံးကို ခါထုတ်ပြီး နင်းတက်ကြရအောင်။  တစ်ယောက်ယောက်က ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်တာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အတိတ်က အမှားအယွင်း တစ်စုံတစ်ရာ၊ ဘာကိုပဲဖြစ်ဖြစ် လစ်လျူရှုလိုက်မယ်ဆိုတာနဲ့ တစ်ပတ်အတွင်းမှာ စိတ်ချမ်းသာသွားတော့မှာ   သေချာလို့နေပါတယ်။

ပြန်စဉ်းစားကြည့်ပါ။

ကျွန်တော်တို့တွေရဲ့ ဘ၀တွေမှာ အဲဒါတွေကပဲ တစ်ချိန်လုံး ကြီးစိုးနေတာ မဟုတ်လား။ တစ်ခါတလေများဆိုရင် နာကျင်ခံစားမှုတွေကို ပိုးမွေးသလိုတောင် မွေးထားမိရဲ့။ အချိန်တွေ ကြာလာတဲ့အခါ ပျောက်ပျက်မသွားတဲ့အပြင် တနုံ့နုံ့နဲ့  ပြန်စဉ်းစားရင်းက ပိုလို့တောင် နာကျင်နေ၊ ခံစားမိနေရသေးတာတွေလည်း   မနည်းဘူး။

ဒါတင်မကသေးဘူး တစ်ခါတလေ ကိုယ့်နာကျင်မှုကို မကြာမကြာ “အစမ်းလေ့ကျင့်”နေတာက ရှိသေးတယ်။ ကိုယ်ခံစားရတာကို လူတကာကို လည်ပြောတာဟာ ကိုယ့်ခံစားမှုကို ကိုယ့်ရင်ထဲမှာ အသားမသေအောင် အစမ်းလေ့ကျင့်ပေးနေရာ ရောက်နေတာပဲပေါ့။

အကောင်းဆုံးကတော့ ဘာပဲ ဖြစ်လာ ဖြစ်လာ အသာတကြည် လက်ခံလိုက်ဖို့ပါပဲ။ ဖြစ်လာတာကို သေချာ သုံးသပ်   သင်ခန်းစာယူဖို့ပဲ လိုပါတယ်။ ပြီးရင်တော့ ခါထုတ်လိုက်ပြီး အဲ့ဒီ သင်ခန်းစာတွေအပေါ်မှာ နင်းတက်နိုင်ဖို့ပါပဲ။

ခါထုတ်လိုက်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် စိတ်လက် ပေါ့ပါး လွတ်လပ်သွားပါပြီ။ ဒါဆိုရင် နင်းတက်ဖို့လည်း လွယ်ကူသွားပါပြီ။ ဒါဆိုရင် အတိတ်က အရိပ်ဆိုတဲ့ တွင်းနက်ကြီးထဲမှာ အရှင်လတ်လတ် သင်္ဂြိုဟ်ခံရမဲ့ အရေးကလည်း ဝေးသထက် ဝေးသွားတော့မှာပါ။

တွင်းနှုတ်ခမ်းပေါ် မားမားမတ်မတ်   ပြန်ရောက်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် တစ်ခုမဟုတ် တစ်ခု လုပ်နိုင်တော့မှာလည်း သေချာပါတယ်။

ကိုယ့်ဘ၀ကိုယ် ဘယ်လို ထူထောင်မယ်၊ ဘယ်လမ်းကို သွားမယ်ဆိုတာ လူတိုင်း လူတိုင်း ကိုယ့်ဘာသာ ဆုံးဖြတ်ကြရမှာပါပဲ။

နာကျင်ခံစားမှုတွေကြောင့် ခါးသီးသူ တစ်ယောက် အဖြစ်ခံမလား၊ ရင့်မာခိုင်ကျည်တဲ့ စိတ်ဓာတ်နဲ့ ရဲဝံ့ရင်ဆိုင်သူတစ်ယောက် အဖြစ်ခံမလားဆိုတာလည်း ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြရမှာပါပဲ။

ဆိုခဲ့သလိုပဲ၊ လူဖြစ်ရတာ အင်မတန်ကံကောင်းပါတယ်။ လူဖြစ်နေတဲ့အတွက် ရွေးချယ်ခွင့်တွေ ရှိနေတယ် မဟုတ်လား။

အဲ… အဲဒီ့ ရွေးချယ်ခွင့်တွေကို   အကောင်းဆုံး အသုံးချနိုင်ဖို့ကတော့ ကျွန်တော်တို့အားလုံးရဲ့ အသိဉာဏ်နဲ့ပဲ သက်ဆိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံပါတယ်။  

စာဖတ်သူလူကြီးမင်းရော ဘယ်လိုသဘောရပါသလဲ?

[၂၀၀၁ ခုနှစ် ဧပြီလ ၂၄ ရက် (လွန်ခဲ့တဲ့ ဆယ်နှစ်နဲ့ ငါးရက်တိတိ)က ထုတ်ဝေတဲ့ အတွေးသစ်ဂျာနယ်မှာ ပထမဆုံး
ပုံနှိပ်ဖော်ပြခဲ့ကာ ၂၀၀၂ စက်တင်ဘာမှာ ပထမအကြိမ်၊ ၂၀၀၆ အောက်တိုဘာမှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 
ကျွန်တော့်ရဲ့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ်” စာအုပ်ထဲမှာလည်း ပါဝင်တဲ့ စာတစ်ပုဒ် ဖြစ်ပါတယ်။
Facebook မှာ Peace Ful ဆိုသူက Note အဖြစ် တင်ပြီး ရှဲထားတာကို ကျွန်တော့် Facebook မိတ်ဆွေကြီး
ဆရာ Aung Soe က တွေ့လာလို့ ကျွန်တော့်ဆီ လက်ဆင့်ပြန်ကမ်းပေးရာက ဒါလေးကို ပြန်အစဖော်ဖြစ်သွားတာပါ။]

It’s Never Too Late

ဖြစ်ပုံက သည်လို။ Facebook မှာ ဆရာမ “ဟနစံ”က သူ ရှေးတုန်းက ရေးဖူးတဲ့ ဘာသာပြန် စာတစ်ပုဒ်ကို Note အဖြစ် ပြန်တင်လာတယ်။ ခေါင်းစဉ်က It’s Never Too Late တဲ့။ ဖတ်ကြည့်လိုက်တော့ သူ့စာလေးကလည်း အကောင်းသား။ (http://www.lawka-ahla.com/news.php?extend.186.8 မှာ သွားရောက် ဖတ်ရှုနိုင်ကြပါလိမ့်မယ်။) အဲဒီ့ခေါင်းစဉ်နဲ့ပဲ ကျွန်တော်လည်း ရှေးအခါက တစ်ပုဒ်ပြန်ဆိုဖူးတာ အမှတ်ရသွားတယ်။ အကြောင်းအရာချင်း မတူမှန်းတော့ သိတယ်။ ဘာမှန်းတော့ မမှတ်မိတော့ဘူး။ ဒါနဲ့ ပြန်ရှာကြည့်မိရင်းက ဘလော့(ဂ်) ပရိသတ်များအတွက် ပြန်လည် တင်ဆက်လိုက်မိရပါတယ်။ ဒါလေးကို သွယ်ဝိုက်သောနည်းနဲ့ အမှတ်မထင် ပြန် အစဖော်ပေးတဲ့ ဆရာမ “ဟနစံ”ကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဘယ်တော့မှ နောက်မကျပါဘူးနော်

လွန်ခဲ့တဲ့သုံးလေးနှစ်က လူမှုဆက်ဆံရေး ရက်တို သင်တန်းတစ်ခု တက်ဖြစ်ခဲ့ရင်းနဲ့ ကြုံခဲ့ရတာလေးပါ။

တစ်ရက်မှာ သင်တန်းနည်းပြက ကျွန်တော်တို့ကို အထူးအဆန်းတစ်ခု လုပ်ခိုင်းပါတယ်။ အတိတ်က ကိုယ့်အပြုအမူတစ်ခုခုကြောင့် ကိုယ့်စိတ်ထဲမှာ ရှက်ရွံ့နေရတာ၊ အားနာနေရတာ၊ အပြစ်ရှိတယ်လို့ ခံစားနေရတာ၊ မပြီးပြတ်သေးဘူးလို့ ယူဆရတာ၊ နောင်တရတာတွေကို စာရင်းချကြည့်ကြစမ်းပါတဲ့။
နောက်တစ်ပတ်ကျတော့ အတန်းရှေ့ ထွက်ပြီး ကိုယ်ချထားသမျှ စာရင်းကို အော်ဖတ်ချင်တဲ့သူရှိရင် ထွက်ဖတ်ပေးကြပါလို့ နည်းပြဆရာက ဖိတ်ခေါ်လိုက်ပါတယ်။

တကယ်တော့ ဒါဟာ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကဘဝထဲက အကြောင်းအရာတွေ၊ ကိုယ်ရေးကိုယ်တာတွေပါပဲ။

ဒါပေမယ့်လည်း ကျွန်တော်တို့အတန်းထဲက လူစုထဲမှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရဲတဲ့သူတွေ အလျှိုလျှိုပေါ်လာတယ်။ သည်လိုနဲ့ တစ်ယောက်ပြီး တစ်ယောက် အော် အော် ဖတ်သွားနေတုန်းမှာပဲ ကျွန်တော့်ဘာသာ ပြုစုထားတဲ့ “အတိတ်ကြွေး”စာရင်းကလည်း ရှည်သထက်ရှည်လာပါတယ်။ သုံးပတ်တိတိ ကြာသွားချိန်မှာတော့ ကျွန်တော့်ရဲ့ စာရင်းထဲမယ် နှောင်းနောင်တဖြစ်ရပ်စာရင်းက အမှတ်စဉ် ၁၀၁ အထိတောင် ရောက်လို့ လာပါတော့တယ်။

သည်အချိန်ကျတော့ နည်းပြဆရာက ကျွန်တော်တို့ကို အကြံပေးတယ်။ အဲဒီ့ အတိတ်တွေနဲ့ပတ်သက်ပြီး ပြုပြင်သင့် ပြုပြင်ပါ။ တောင်းပန်သင့် တောင်းပန်ပါ။ မှားနေတာဆိုရင်လည်း အမှန်ကိုရောက်အောင် ကိုယ့်ကိုယ်ကိုယ် ပြန်တည့်မတ်ယူသင့် ယူပါတဲ့။

သူ့နည်းက ကျွန်တော့်ရဲ့ လူမှုဆက်ဆံရေးအစွမ်းအစတွေကို ဘယ်လိုများ တိုးတက်လာစေမှာပါလိမ့်လို့ ကျွန်တော် တနုံ့နုံ့ တွေးနေမိခဲ့တယ်။ အဲသလို တွေးနေရင်းနဲ့ပဲ ကျွန်တော်ဘဝထဲက လူပုဂ္ဂိုလ်အတော်များများနဲ့ ကျွန်တော်နဲ့က စိမ်းနေသလိုကြီး ခံစားလာရတယ်။

နောက်တစ်ပတ်ကျတော့ ကျွန်တော်နဲ့ ဘေးချင်းကပ်လျက် ထိုင်နေသူက သူ့အထုပ်သူ ဖြည်ပါရစေဆိုပြီး အတန်းကို အခုလို ပြောပြပါတော့တယ်။

ကျွန်တော့်စာရင်းကို ပြုစုနေတုန်းမှာပဲ အထက်တန်း ကျောင်းသားဘဝက အဖြစ်အပျက်ကို ပြန်သတိရသွားတယ်ဗျ။ ကျွန်တော်ဟာ အိုင်ဝိုဝါ ပြည်နယ်က မြို့လေးတစ်မြို့မှာ လူလားမြောက်ခဲ့တာပါ။ မြို့မှာက ကျွန်တော်တို့လို လူငယ်လူရွယ်တွေအတွက် အင်မတန်မုန်းစရာ ကောင်းလှတဲ့ ရဲသားကြီးတစ်ယောက် ရှိတယ်။ အဲဒီ့ ရဲကြီးနာမည်က ဦးညိုတဲ့။

တစ်ညကျတော့ ကျွန်တော်နဲ့ သူငယ်ချင်းနှစ်ယောက် တိုင်ပင်ကြတယ်။ ရဲကြီးဦးညိုကို ဒုက္ခပေးဖို့ပေါ့။ ဒါနဲ့ ဘီယာလေး သုံးလေးခွက် သောက်ပြီး ရဲဆေးတင်၊ ပြီးတော့ ဆေးနီတစ်ဘူး ရှာ၊ ပြီးတော့ မြို့လယ်ကောင်မှာ ရှိတဲ့ ရေစင်အမြင့်ကြီးပေါ်ကို တက်တဲ့ပြီး အနီရောင်တောက်တောက်နဲ့ ရေတိုင်ကီပေါ်မှာ ရေးချလိုက်တယ်။ “ရဲသားလုပ်တဲ့ ဦးညိုဟာ မိန်းမရွှင်က မွေးတာပါ”လို့။

နောက်တစ်ရက် မနက်လည်းကျရော ကျွန်တော်တို့ ရေးထားတာကို တစ်မြို့လုံး မြင်ကြပြီး အုတ်အော်သောင်းတင်း ဖြစ်ကုန်တော့တာပဲပေါ့။

နောက်နှစ်နာရီလောက်နေတော့ ကျွန်တော်တို့သုံးယောက်လည်း ရဲကြီး ဦးညိုရဲ့ ရုံးခန်းထဲ ရောက်သွားတော့တယ်။ ကျွန်တော့်သူငယ်ချင်း နှစ်ယောက်က အဲဒီ့စာတန်းကို သူတို့ ရေးခဲ့ပါတယ်လို့ ဝန်ခံကြပေမယ့် ကျွန်တော်ကတော့ ဖြောင့်ကွယ်ကွယ်လိုက်တယ်။ လိမ်လိုက်တယ်။ သူငယ်ချင်း နှစ်ယောက်က ဝန်ခံနေမှတော့ ကျွန်တော်ကိုလည်း ဘယ်သူမှ မသင်္ကာ မဖြစ်တော့ဘူးပေါ့ဗျာ။

အဲဒီကနေ နှစ်ပေါင်း၂၇ နှစ်ကြာတဲ့ ကနေ့အချိန်အထိ ရဲကြီးဦးညိုရဲ့ နာမည်ဟာ ကျွန်တော့်ရဲ့ စာရင်းထဲမှာ ထင်းထင်းကြီး ရှိနေတုန်းပဲဗျ။ ကျွန်တော်လည်း လူကြီးဖြစ်လာခဲ့ပြီ။ ဦးညိုတစ်ယောက်လည်း ကနေ့ထက်တိုင် သက်ရှိထင်ရှား ရှိမှ ရှိပါ့ဦးမလားမသိလို့ ကျွန်တော် တွေးနေမိတဲ့အခါ စိတ်ထဲမှာ နေလို့ တယ် မကောင်းချင်တော့ဘူးဗျို့။

ဒါနဲ့ စနေနေ့ကတော့ဗျာ ကျွန်တော်လည်း အိုင်ဝိုဝါပြည်နယ်က ဇာတိမြို့ကို ဖုန်းလှမ်းဆက်ပြီး တယ်လီဖုန်းစုံစမ်းရေးဌာနကို လှမ်းမေးမိသွားရပါတယ်။
ကံကောင်းချင်တော့ ဦးညိုရဲ့နာမည်က တယ်လီဖုန်းစာအုပ်ထဲမှာ ရှိနေသဗျို့။ ဒါနဲ့ သူ့ဖုန်းနံပါတ်ကို တောင်းပြီး ချက်ချင်းပဲ ဦးညိုဆီ ဆက်လိုက်ပါတယ်။

လေးငါးချက်မြည်ပြီးတော့“ဟယ်လို”ဆိုတဲ့ ထူးသံ ကြားရတယ်ဗျ။

“ရဲကြီး ဦးညိုပါလားခင်ဗျာ”လို့ ကျွန်တော် မေးလိုက်တော့ တစ်ဖက်က တစ်အောင့်လောက် တိတ်သွားတယ်။ ပြီးတော့မှ“ဟုတ်ပါ့ဗျား”လို့ ပြန်ဖြေတယ်။

“ဪ်… ကျွန်တော် ဂျင်မီကိုကိုပါ။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းက မြို့လယ်ကောင် ရေစင်ပေါ်က စာကို တက်ရေးခဲ့တဲ့ အထဲမှာ ကျွန်တော် ပါတယ်ဆိုတာ ဝန်ခံချင်လို့ ဖုန်းဆက်တာပါခင်ဗျ”လို့ ပြောလိုက်မိရပါတယ်။

“အဲဒီ့ကတည်းက မင်းပါမှန်း ငါသိတယ်ကွ”လို့ ဦးညိုက ကျွန်တော့်ကို ပြန်အော်ပါတယ်။ သူ့စကားလည်း ဆုံးရော ကျွန်တော်တို့ နှစ်ယောက်စလုံးလည်း အားပါးတရ ရယ်လိုက်မိကြတယ်။ နောက်တော့ ရှေးဟောင်းနှောင်းဖြစ်တွေကို နှစ်ယောက်သား အတော်ကြာကြာ ပြောဖြစ်သွားတယ်ဗျ။

ဖုန်းချခါနီးကျတော့မှ ဦးညိုက ကျွန်တော့်ကို ပြောတယ်။

“ဂျင်မီရေ… မင်းအတွက် ငါ တော်တော် စိတ်မကောင်း ဖြစ်နေခဲ့တာကလားကွ။ မင်းသူငယ်ချင်းတွေကတော့ သူတို့အပြစ်သူတို့ အစောကြီးကတည်းက ဝန်ခံခဲ့ကြတာမို့ သူတို့ ရင်ထဲမှာ ပေါ့နေ၊ ရှင်းနေမှာ သေချာတယ်။ မင်းကျတော့ ဝန်မခံသူဖြစ်နေတော့ကာ မင်းမှာ တစ်သက်လုံး တအုံနွေးနွေးနဲ့ ဖြစ်နေတော့မှာ။ မင်းလိပ်ပြာက မင်းကို တစ်ရံမလပ် ခြောက်လှန့်နေတော့မှာကို တွေးမိပြီး ငါ တော်တော့်ကို စိတ်မကောင်း ဖြစ်နေခဲ့တာဟေ့။ အေး… အခုလို ဖုန်းဆက်ပြီး မင်းအပြစ် မင်းဝန်ခံတာကို ငါတကယ် ကျေးဇူးတင်တယ်ကွ။ ကျေးဇူးတင်တယ်ကွ ဆိုတာကလည်း ငါ့အတွက် မဟုတ်ပါဘူး။ မင်းအတွက်ပါပဲ ဂျင်မီရေ့…”တဲ့။

ဂျင်မီ့အဖြစ်ဟာ ကျွန်တော့်စာရင်းထဲက နောင်တ ၁၀၁ မယ်ကို ရှင်းထုတ်နိုင်အောင် နှိုးဆော်ပေးလိုက်ပါတော့တယ်။ အဲဒီ့ နောင်တ ၁၀၁ မျိုးကို ရှင်းထုတ်ဖို့ နှစ်နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ အခုအခါမှာတော့ အတိတ်ကြွေးတွေ အကုန်ရှင်းပြီးသား ဖြစ်သလို ပဋိပက္ခတွေကို ကြားဝင် ဖြေရှင်းပေးသူကောင်း တစ်ယောက်ဘဝကိုလည်း ကျွန်တော် ရောက်လာခဲ့ပါပြီ။

ပဋိပက္ခတွေ ဘယ်လောက်ပဲ ကြီးကြီး၊ အခြေအနေ ဘယ်လောက်ပဲ ဆိုးဆိုး၊ ပြဿနာ ဘယ်လောက်တက်တက်၊ အတိတ်ကို သင်ပုန်းချေပြီး  ကျေအေးတဲ့ အလုပ်ဟာ ဘယ်တော့မှ နောက်မကျဘူးဆိုတဲ့ အချက်ကို ဂျင်မီက ကျွန်တော့်ကို ထောက်ပြနိုင်ခဲ့ပါသော်ကောခင်ဗျား။

(It’s never too late by Marilyn Manning, Ph.D ကို ပြန်ဆိုလိုက်တာပါ။)

(၂၀ဝ၂ နိုဝင်ဘာ ၄ ထုတ် အတွေးသစ်ဂျာနယ် အတွဲ ၃၊ အမှတ် ၁၀၆ မှာ ဖော်ပြခဲ့ပြီး အတ္တကျော်ရဲ့ ဘ၀တူရိယာ စာအုပ်ထဲမှာ ဖော်ပြ ပါရှိပါတယ်။)

Nails of Friendship

ခင်မင်မှု သံမှိုများ

ဟိုးရှေးရှေးတုန်းက အင်မတန်ကို စိတ်တို စိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။

တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။

“မင်း တစ်ခါ စိတ်တိုတိုင်း၊ တစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားသွားရိုက်ချေကွာ”တဲ့။

အဖေက အဲသလို ပြောပြီး သံထုပ် ပေးလိုက်တဲ့ ပထမနေ့မှာတော့ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းတိတိကို ရိုက်သွင်း ဖြစ်သွားခဲ့ပါတယ်။ အဲသလိုနဲ့ သူစိတ်တိုတိုင်း၊ ဒေါသဖြစ်တိုင်းမှာ သံလေးတွေကို ၀င်းထရံတိုင်မှာ ရိုက်ရင်း ရိုက်ရင်းနဲ့ ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။

သံရိုက်ချက်တွေကလည်း တစ်နေ့ထက် တစ်နေ့ ကျဲကျဲ လာတော့တာပေါ့လေ။

သည်လိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံ ပြေးပြေး ရိုက်ရတာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကို ထိန်းသိမ်းရတာက ပိုပြီးလွယ်ကူနေမှန်း တဖြည်းဖြည်း သဘောပေါက်လာပါတော့တယ်။

အဆုံးမှာ ကောင်လေးဟာ လုံးလုံး စိတ်မတို၊ ဒေါသ မဖြစ်တော့ဘဲ နေနိုင်တဲ့နေ့ကို ရောက်လာပါတော့တယ်။

သည်မှာတင် ကောင်လေးလည်း အပြေးလေးနဲ့ သူ့အဖေကို သတင်းသွားပို့တော့တာပေါ့။

“အဖေရေ၊ သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျာ” ပေါ့။

အဲလိုကျတော့ ဖအေလုပ်သူက နောက်တစ်မျိုး ခိုင်းပြန်ပါတယ်။

“မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲဒီ မင်းရိုက်ထားခဲ့တဲ့ သံတွေကို ပြန်နှုတ်စမ်းပါဦးကွာ။ တစ်နေ့ ထိန်းချုပ်နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ ပြန်နှုတ်နော်”လို့ မှာလိုက်သတဲ့။

အဲလိုနဲ့ ရက်တွေကြာလာတဲ့အခါ ကောင်လေးက သူ့အဖေကို ပြောနိုင်သွားတယ်။

“အဖေရေ၊ သားရိုက်ခဲ့တဲ့ သံတွေ အားလုံးကို နှုတ်ပြီးသွားပြီဗျ၊ တစ်ချောင်းမှ မကျန်တော့ဘူး”ပေါ့။

သည်အခါမှာ ဖအေလုပ်သူက သားရဲ့လက်ကိုဆွဲပြီး သား သံရိုက်ခဲ့တဲ့ ၀င်းထရံဆီ ခေါ်သွားတယ်။

“တော်တယ် ငါ့သား” လို့လဲ ဆိုတယ်။ “ဒါပေမယ့် သား သေသေချာချာ ကြည့်စမ်း၊ ၀င်းထရံတိုင်မှာ အပေါက်တွေ ဖြစ်ကျန်ခဲ့တယ်နော်၊ ၀င်းထရံတိုင်က အရင်လို မချောမွေ့တော့ဘူးဆိုတာ သား မြင်တယ် မဟုတ်လား။ အေး… သားက စိတ်တို ဒေါသဖြစ်လို့ ပါးစပ်နဲ့ တစ်လုံး ပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလိုပဲ အမာရွတ်တွေ ထင်ကျန်ရစ်တတ်တယ် သားရေ။ သည်လိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ ထိုးလိုက်တယ်၊ ပြီးတော့ ဓါးကိုပြန်နှုတ်ပြီး ရှိခိုးဦးတင် တောင်းပန်တယ် ဆိုပါစို့ကွယ်။ သား ဘယ်နှစ်ခါပဲ ရှိခိုးဦးတင် ပြန်တောင်းပန်၊ တောင်းပန် ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေ ကျန်ကို ကျန်နေတော့မှာကွယ့်။ အဲသလိုပဲ နှုတ်နဲ့ တစ်ဖက်သားကို ထိုးနှက်တဲ့အခါမှာလည်း ဓါးနဲ့ ထိုးသလိုပဲ အနာတရ ဖြစ်တတ်စမြဲ၊ အမာရွတ် ထင်ကျန်ရစ်စမြဲပဲ ငါ့သား” တဲ့။

တကယ်တော့ မိတ်ဆွေ သူငယ်ချင်း ဆိုတာတွေက အဖိုးအနဂ္ထ္ဃ ထိုက်တန်တဲ့ ရတနာတွေပါပဲ။

မိတ်ဆွေ သူငယ်ချင်းတွေဟာ ကျွန်တော်တို့တွေကို ပြုံးရွှင် ရယ်မောစေနိုင်တယ်၊ ကျွန်တော်တို့ဘ၀မှာ အောင်မြင်၊ ခရီးရောက်အောင် အားပေးကူညီနိုင်တယ်။

ကျွန်တော်တို့မှာ ရင်ဖွင့်စရာလေးတွေ ရှိလာရင်လည်း နားစိုက်ပေးတတ်တယ်။

ချီးမွမ်းစကား၊ ကဲ့ရဲ့စကား အလုံးစုံကိုလဲ မျှဝေခံစားပေးနိုင်ပါတယ်။

မိတ်ဆွေ သူငယ်ချင်းဆိုတာ ကျွန်တော်တို့အတွက် သူတို့ရဲ့ နှလုံးသားတွေကို အမြဲလှစ်ဟ ကြိုဆိုနေတတ်သူများပါ။

အခု ရက်သတ္တပတ်ဟာ ဆိုရင်ဖြင့် အမျိုးသားရင်းနှီးခင်မင်မှု အထိမ်းအမှတ် ရက်သတ္တပတ်လေး ဖြစ်ပါတယ်။

ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က သူတို့အပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း ပြလိုက်စမ်းပါ။

ဒါတင်မကသေးဘူး၊ “ကိုယ့်သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း” လို့ ကိုယ်ကိုယ်တိုင်က မှတ်ယူထားတဲ့သူတွေဆီ သည်စာလေးကို ပွားပြီး ပို့ပေးလိုက်စမ်းပါ။

ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီကို သည်အတိုင်း ပြန်ပို့လိုက် နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီပြန်ပြီး ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေသူငယ်ချင်းကောင်းတွေ ရှိတာကို အလိုလို ခံစားနိုင်ပါလိမ့်မယ်။

မင်္ဂလာရှိတဲ့ ရင်းနှီးခင်မင်မှု ရက်သတ္တပတ် ဖြစ်ပါစေ။ ခင်ဗျားဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းပါပဲ။

ခင်ဗျားကို သူငယ်ချင်းတော်ခွင့် ရတဲ့အတွက်လည်း ကျွန်တော် အင်မတန် ဂုဏ်ယူပါတယ်။

ကိုင်း… အခု ချက်ချင်းပဲ သည်စာလေးကို ကူးပြီး ခင်ဗျားမှာ ရှိရှိသမျှ မိတ်ဆွေတွေဆီ ပို့လိုက်ပါတော့။ ကိုယ့်သားချင်းတွေဆီကိုလည်း ပို့ပေးပါဦးနော။

(၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီ ၃၁ ရက်နေ့ထုတ် “အလင်းတန်း” ဂျာနယ်မှာ ပထမဆုံး စတင်ပုံနှိပ်ဖော်ပြခဲ့တဲ့ စာမူလေးပါ။ “အတ္တကျော်”ဆိုတဲ့ နာမည်နဲ့ ပထမဆုံး ရေးခဲ့တဲ့ စာမူလေးမို့ ကျွန်တော့်အတွက်တော့ အမှတ်တရပါပဲ။ သည်စာမူ အပါအ၀င် အလားတူ စာပေါင်း အပုဒ် ၃၀ ပါဝင်တဲ့ စာအုပ်လေးကို “နေပျော်တဲ့ ဘ၀၊ ကြည်မြတဲ့ ဘ၀င်၊ ရွှင်လန်းတဲ့ စိတ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ မောဟပြေ ပုံတိုပတ်စများ အမှတ်စဉ် ၁ အဖြစ် ၂၀၀၂ ခုနှစ် စက်တင်ဘာလမှာ ထုတ်ဝေခဲ့ပါတယ်။ အတ္တကျော်ရဲ့ ပထမဆုံး လုံးချင်းစာအုပ်ပါပဲ။ ၂၀၀၆ အောက်တိုဘာမှာ ဒုတိယအကြိမ်အဖြစ် မျက်နှာဖုံး ပြောင်းပြီး ထုတ်ဝေထားပါတယ်။ သည်စာလေးရဲ့ မူရင်းကို ၁၉၉၉ နိုဝင်ဘာလက သြစတြးလျနိုင်ငံမှာ ခင်မင်ရင်းနှီးခဲ့ရတဲ့ ဖိလစ်ပိုင်သူ မာလင်(န်) ပါရာ့(စ်)က ကျွန်တော့်ဆီ ဓာတ်ချောစာအဖြစ် ပို့ပေးခဲ့တာပါပဲ။ ဖတ်ပြီးတော့ မနေနိုင်လွန်းတာနဲ့ ဘာသာပြန်ပြီး “အလင်းတန်း”ဂျာနယ်ကို ပေးဖြစ်ခဲ့တာပါ။ အခုတော့ အဲဒီ့ မာလင်(န်) ပါရာ့(စ်)တစ်ယောက်လည်း ကနေဒါနိုင်ငံကို ပြောင်းရွှေ့ အခြေချသွားခဲ့ပြီမို့ အဆက်အသွယ်တွေလည်း ပြတ်ကုန်ပါပြီ။ ဆယ်နှစ်ကျော်အကြာမှ Facebook မှာ ဒါလေးကို Note အဖြစ် ပြန်တွေ့လိုက်ရတာမို့ ကြည်နူးစွာ ပြန်လည်တင်ဆက်လိုက်ရပါတယ် ချစ်မိတ်ဆွေများခင်ဗျား။ တစ်ဆက်တည်းမှာပဲ ခင်ဗျားတို့ရဲ့ ၀င်းထရံမှာ ကျွန်တော့်ကြောင့် ကျန်ခဲ့တဲ့ အမာရွတ်လေးများအတွက်လည်း အနူးအညွတ်တောင်းပန်လိုက်ပါရစေတော့။ အမာရွတ်တွေကပျောက်မှာ မဟုတ်ပေမယ့် ကျွန်တော့်ကြောင့် ဖြစ်ခဲ့တဲ့ အမာရွတ်များမို့ တောင်းပန်ရမှာ ကျွန်တော့်တာဝန်ပဲ မဟုတ်ပါလားခင်ဗျာ။)

The Day I Became a Mom

ကျွန်မ မေမေဖြစ်တဲ့ နေ့

ကျွန်မ မေမေဖြစ်တဲ့နေ့က သမီးကို မွေးတဲ့နေ့ မဟုတ်ဘဲ သမီးကို မွေးပြီး ခုနစ်နှစ်ကြာတော့မှသာ ဖြစ်ပါတယ်။ အဲဒီ့နေ့ မတိုင်ခင်အထိကတော့ မတရား အနှိပ်စက်ခံနေရတဲ့ အိမ်ထောင်ရေးမှာ ကြံ့ကြံခံနိုင်အောင် အားထုတ်ရင်းနဲ့ ကျွန်မတစ်ယောက် ဗျာများနေခဲ့ပါတယ်။ ကျွန်မမှာ ရှိသမျှ ကိုယ်စွမ်း ဉာဏ်စွမ်း မှန်သမျှကို စိုက်ထုတ်ပြီး “ခြောက်ပြစ်ကင်း”တဲ့ အိမ်ကလေး တစ်ဆောင် ဖြစ်နေအောင် ကြိုးစားရပါတယ်။ မကြိုးစားလို့လည်း မရပါဘူး။ ကျွန်မခင်ပွန်းက ညနေတိုင်း တစ်အိမ်လုံးကို ကျကျနန စစ်ဆေး ကြည့်ရှုတတ်တာကိုး။ သည်တော့ကာ ကျွန်မသမီးလေး တော့တီးတော့တ မတ်တတ်စမ်းတာကိုတောင် သတိမထားမိလိုက်တော့ဘူး။

ဘယ်တော့မှ မကျေနပ်နိုင်တတ်သူ တစ်ယောက် ကျေနပ်အောင် မနေမနား အားထုတ် ကြိုးပမ်းနေရင်းနဲ့ပဲ တစ်နှစ်ပြီး တစ်နှစ် ကုန်သွားတာကို ရုတ်တရက် သတိထားမိလာပါတယ်။ ကုန်သွားတဲ့အချိန်တွေကို ဘယ်လိုမှ ပြန်မရနိုင်တာကိုလည်း သတိထားမိသွားတယ်။

အဲ… ဒါပေမယ့် ပုံမှန် “မိခင်”တစ်ယောက် လုပ်တဲ့ အလုပ်တွေကိုတော့ ကျွန်မ လုပ်ခဲ့ပါတယ်။ သမီးရဲ့ကျောင်းတွေ၊ ကျူရှင်တွေ၊ အားကစား သင်တန်းတွေ၊ ပန်းချီသင်တန်းတွေကို မပျက်အောင် စီစဉ်ပေးခဲ့တာမျိုး၊ ကျောင်းကပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ ဆုပေးပွဲတွေကို မပျက်မကွက်တက် ရောက်ခဲ့တာမျိုး၊ မိဘဆရာအသင်း ဆွေးနွေးပွဲတွေ တက်တာမျိုးတွေပေါ့။ အဲဒါတွေလည်း ကျွန်မတစ်ယောက်တည်းပဲ လုပ်ခဲ့ရတာပါ။


ထမင်းစား စားပွဲမှာ တစ်ခုခု ဖိတ်သွားတဲ့အခါ ဒေါသူပုန် ထတတ်တဲ့ ကျွန်မခင်ပွန်းကြောင့် သမီးလေး စိတ်ငယ်သွားရင်လည်း သမီးကို ကျွန်မ ဖျောင့်ဖျပေးရပါတယ်။ “ဘာမှ မဖြစ်ဘူး သမီး၊ သမီးဖေဖေက သမီးကို ချစ်ပါတယ်ကွယ်။ ရုတ်တရက်မို့ ရိုက်လိုက်၊ ငေါက်လိုက်တာပါ”ဆိုတာမျိုးတွေ ပြောပေးတာမျိုးပေါ့။ ညဘက်မှာ ကျွန်မယောက်ျား မူးမူးနဲ့ ပြန်လာတဲ့အခါ အော်ဟစ်၊ ဆဲဆို၊ စွပ်စွဲတာတွေ အားလုံးကိုလည်း သမီးလေး မကြားရလေအောင် ကျွန်မ တတ်အားသမျှ ကြိုးစားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သမီးနဲ့ ကျွန်မတို့အတွက် အကောင်းဆုံးလမ်းကို ကျွန်မ ရွေးလိုက်ရပါတယ်။ ကျွန်မတို့အတွက် နားခိုစရာအရပ်တစ်ခု မဟုတ်တဲ့ ကျွန်မယောက်ျားရဲ့ အရိပ်အောက်ကနေ အပြီးအပိုင် ထွက်လိုက်တာပါပဲ။

အဲဒီ့နေ့ကျတော့မှ ကျွန်မဟာ တကယ့်မေမေဘဝကို ရောက်တာပါ။

အဲဒီ့နေ့ညနေက ကျွန်မတို့ သားအမိနှစ်ယောက်ဟာ ကျွန်မတို့ရဲ့ အိုးသစ်အိမ်သစ်လေးမှာ ညစာ ထိုင်စားနေကြပါတယ်။ သမီးကို ကျွန်မ အဖြစ်စေချင်ဆုံး အနေအထားနဲ့ ညစာ ကျွေးခွင့်ရတဲ့ ပထမဆုံး ညခင်းပေါ့ရှင်။ ညစာကို အေးအေးဆေးဆေးနဲ့ ဘာ စိတ်အနှောင့်အယှက်မှ မဖြစ်ဘဲ သမီးလေး စားစေချင်ခဲ့တာ ဟိုအိမ်မှာ နေခဲ့စဉ် ကာလတစ်လျှောက်လုံးပါ။


သားအမိနှစ်ယောက်ဟာ တစ်နေ့တာအတွင်း ကျောင်းမှာ သမီးကြုံခဲ့ရသမျှကို ပြောဆိုနေကြပါတယ်။ သည်အချိန်မှာ သမီးရဲ့ ထမင်းပန်းကန် ဘေးမှာ ချထားတဲ့ ချောကလက် နွားနို့ဖန်ခွက်ကို သမီးရဲ့ လက်ကလေးနဲ့ တိုက်မိပြီး မှောက်ကျသွားပါလေရော။ စားပွဲခင်း ဖြူဖြူလေးမှာရော၊ ဆေးဖြူဖြူ သုတ်ထားတဲ့ နံရံမှာပါ ညိုညစ်ညစ်ဖြစ်သွားတာကို ကြည့်ရင်းကနေ သမီးရဲ့ မျက်နှာငယ်ငယ်လေးကိုလည်း ကျွန်မ လှမ်းကြည့်လိုက်မိပါတယ်။

သမီးရဲ့ မျက်ဝန်းထဲမှာ စိုးရွံ့မှုတွေ။

လွန်ခဲ့တဲ့ တစ်ပတ်၊ သူ့ဖအေရဲ့ အိမ်မှာ ရှိနေတုန်းက သူ့အဖေရဲ့ မျက်စိအောက်မှာသာ ဒါမျိုးဖြစ်ရင် ဘယ်လောက်အထိ အခြေအနေဆိုးသွားမယ် ဆိုတာကို သိနေတဲ့ မျက်လုံးလေးတွေပါ။

သမီးရဲ့ အဲဒီ့ မျက်နှာလေးကို တစ်လှည့်၊ နံရံဖြူဖြူပေါ်မှာ စီးကျနေဆဲ ချောကလက်နို့ရည် ညိုညစ်ညစ်တွေကို တစ်လှည့် ကြည့်ရင်းက ကျွန်မ ရယ်ချလိုက်မိပါတယ်။ သမီးကတော့ ကျွန်မတော့ ရူးသွားပြီလို့ မှတ်မှာပဲ။

“အနားမှာ ညည်းအဖေ ရှိမနေတာ မကောင်းဘူးလား သမီးရဲ့”လို့ ကျွန်မက အတောမသတ် ရယ်ရင်း ပြောလိုက်တဲ့အခါမှာတော့ သမီးကလည်း တသိမ့်သိမ့် ရယ်ပါတော့တယ်။ ကျွန်မတို့ သားအမိနှစ်ယောက် မတိုင်ပင်ဘဲနဲ့ ရယ်နေမိကြတာများ မျက်ရည်တောင် ထွက်တဲ့အထိပဲ။

ကျွန်မတို့ သားအမိနှစ်ယောက်ရဲ့ ရှေ့ခရီးဟာ စိုစိုပြေပြေ ဖြောင့်ဖြောင့် ဖြူးဖြူးရှိတော့မယ်ဆိုတာကို အဲဒီ့အချိန်လေးမှာတင်ပဲ နှစ်ယောက်စလုံး သိလိုက်ကြပါတယ်။
သားအမိနှစ်ယောက်ထဲက တစ်ယောက်ယောက်ကြောင့် တစ်ခုခု ဖိတ်စင် ကုန်တဲ့အခါတိုင်းမှာ သမီးက “သမီး ချောကလက် နွားနို့တွေ မှောက်ချ လိုက်တဲ့နေ့ကို မှတ်မိသေးလား မေမေ။ အဲဒီ့နေ့ဟာ သမီးတို့ သားအမိအတွက် တော်တည့် မှန်ကန်တဲ့အလုပ်ကို မေမေ လုပ်လိုက်တဲ့နေ့ပဲ မေမေရဲ့။ အဲဒီ့နေ့ကို သမီး ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး”လို့ ပြောတတ်တာ ကနေ့ သမီးအသက် နှစ်ဆယ့်လေးနှစ်ပြည့်ပြီးချိန်၊ အဲဒီ့နေ့က စတင် ရေတွက်ရင် ဆယ့်ခုနစ်နှစ်တောင် ကြာခဲ့ပြီးချိန် အထိပါပဲ။

အဲဒီ့နေ့ဟာ ကျွန်မ မေမေဖြစ်တဲ့နေ့ပေါ့။ မေမေတစ်ယောက် ဖြစ်လာဖို့အတွက် သမီးရဲ့ ကျောင်းတွေ၊ ကျူရှင်တွေ၊ အားကစား သင်တန်းတွေ၊ ပန်းချီသင်တန်းတွေကို မပျက်အောင် စီစဉ်ပေးတာမျိုး၊ ကျောင်း ကပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ ဆုပေးပွဲတွေကို မပျက်မကွက် တက်ရောက်တာမျိုးနဲ့ မပြီးပါဘူး။ အိမ်ကို သန့်ရှင်း ပြောင်လက်နေအောင် လှဲကျင်း သုတ်သင်ထားပြီး အရသာရှိတဲ့ ဟင်းကောင်း ကျွေးကောင်းတွေကို ချက်ကျွေးနေရုံနဲ့လည်း မအေပီသမှာ မဟုတ်ပါဘူး။ အခြေအနေ မကောင်းတာကို သမီး မသိအောင် ဖုံးထား၊ ဖိထားရင်း ကောင်းချင်ယောင်ဆောင်နေတာကြောင့်လည်း မအေဖြစ်လာမှာ မဟုတ်ဘူး။

ကျွန်မအတွက်ကတော့ ဖိတ်သွားတဲ့ နွားနို့အပေါ်မှာ ရယ်နိုင်တဲ့ နေ့မှာမှ တကယ့် မေမေအစစ်ဖြစ်တဲ့နေ့လို့ ယူဆပါတယ်ရှင်။

Linda Jones ရေးတဲ့ The Day I Became a Mom ကို ပြန်ဆို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အနှိပ်စက်ခံ အိမ်ထောင်ရေးဘဝထဲမှာ ကလေးတွေ မျက်နှာကိုထောက် ပြီး အောင့်ခံနေပါတယ်ဆိုသူများအတွက် စဉ်းစားကြည့်ချင်စရာ ကိုယ်တွေ့ ဖြစ်ရပ်ကလေးတစ်ခု ဖြစ်ပါလိမ့်မယ်။

တကယ်တော့ အနှိပ်စက်ခံ အိမ်ထောင်ရေးဘဝမှာ ကလေးတွေလည်း ရင်နဲ့ မဆံ့အောင် ခံစားရတတ်တာလည်း အမှန်ပါပဲ။ ကလေးတွေရဲ့ ကိုယ်ရည် ကိုယ်သွေးတွေ၊ အစွမ်းအစတွေ ကျဆင်းသွားအောင် အနှိပ်စက်ခံ အိမ်ထောင်ရေးက ကောင်းကောင်းကြီး လုပ်ပေးတတ်ပါတယ်။

အဲသလို အိမ်ထောင်ရေးဘဝထဲကို ရောက်နေတဲ့ မအေတစ်ယောက်ရဲ့ တာဝန်ကို မီးမောင်းထိုးပြလိုက်တဲ့ စာတစ်ပုဒ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။

စာဖတ်သူလူကြီးမင်းများ ဘယ်လို သဘောရပါသလဲခင်ဗျာ။

[၂၀ဝ၃ခုနှစ်  ဇူလိုင်လ ၂၈ ရက်နေ့ထုတ် “အတွေးသစ်”ဂျာနယ်  အတွဲ ၃၊ အမှတ် ၁၄၃ မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၆၁၀/၂၀၀၃ (၁၁) နဲ့ လက်တွဲဖော် စာအုပ်တိုက်က ၂၀၀၄ ခုနှစ် ဇန်န၀ါရီလမှာ ထုတ်ဝေထားတဲ့ “ဘ၀တူရိယာ” (မောဟပြေ ပုံတိုပတ်စများ – ၂) စာအုပ်ထဲက စာတစ်ပုဒ်ကို ကောက်နုတ်တင်ဆက်လိုက်တာပါ။]