မသန်မစွမ်း မဟုတ်တဲ့ မသန်စွမ်းဆိုတာ…

😂😂😂😂😂😂😂😂😂😂😂😂

ဇင်ဘာဘွေ သမ္မတ မူဂါဘီ ၉၅ နှစ်မှာ သေသွားတဲ့အကြောင်း သတင်းတွေ တက်လာတော့ သူ့ဘဝ ဇာတ်ကြောင်းကို ရှာဖတ်မိသွားတယ်။

အဲဒီ့ထဲက ပေါက်တတ်ကရလေးတွေပဲ ပြောပြချင်ပါတယ်။ အတည်တွေကတော့ ပျင်းစရာကြီးဗျာ။ တဘဝစံတွေ အသက်ရှည်တာများ အဆန်းလုပ်လို့။ သူတို့ခမျာများ ဒါ နောက်ဆုံးဘဝလေ။ သည်ဘဝ ကံကုန်တာနဲ့ ငရဲကြီး ရှစ်ထပ်ရဲ့ အောက်ဆုံးထပ် မြေတိုက်ခန်းထဲမှာ ကမ္ဘာနဲ့ချီပြီး စံမြန်းရတော့မယ့် “သက်ဆိုး”တွေမို့ “ရှည်”နေတာ မဟုတ်ပါလား။

အဲ… ပြောချင်တဲ့ ပေါက်ကရက မူဂါဘီ ကလေးတုန်းက သူ့ရဲ့ မျိုးဆက်ပွား အင်္ဂါကို ခွဲစိတ်ခဲ့ရဖူးတာပါပဲ။ သည်အတွက် သူ့မှာ ဥတလုံး (ဝှေးစေ့ တလုံး) တည်း၊ ဒါမှမဟုတ် သူ့ပဲမြစ်က တဝက်ပဲ ရှိရှာတော့တယ်လို့ ကောလာဟလတွေ ပွထနေပါတယ်။

သူ့ပြိုင်ဘက်တွေကတော့ ဒါနဲ့ သူ့ကို နှိပ်ကွပ်တာပေါ့။ သူ့ကို ထောက်ခံသူတွေကလည်း ဒါဟာ တော်လှန်ရေးအတွက် သူစွန့်လွှတ်ပေးဆပ်ခဲ့တာလို့ ပြောကြတာပေါ့။ (လူတွေ့ သဘောကို စောကြောနိုင်တာပေါ့နော်။ ဖြူဖြူ၊ မည်းမည်း၊ ညိုညို လိုရင် လိုသလို တအား ချီးပ၊ မလိုရင် မလိုသလို ကဲ့ရဲ့ ရယ်ပွဲဖွဲ့တဲ့ သဘာဝကတော့ လူဆန်တာလို့ပဲ ဆိုကြပါစို့ရဲ့… အကွက်တွေ လှပုံ ပြောပါတယ်။)

ကောလာဟလက မည်သို့ပင် ဆိုစေကာမူ… လက်တွေ့ဘဝတွင်ကား…

ပထမဇနီး ဆယ်လီနဲ့ သားတယောက် ထွန်းကားခဲ့ပါတယ်။ (ကလေးက ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်ပြီး ၃ နှစ်သားတိတိမှာ တိမ်းပါးသွားခဲ့ပါတယ်။)

အဲဒီ့ကမှတဆင့် အသက် ၆၃ နှစ်အရွယ်၊ သမ္မတကြီး ဖြစ်နေတဲ့အချိန်မယ် သူ့ထက် ၄၁ နှစ်ငယ်တဲ့ ၂၂ နှစ်အရွယ် သူ့အတွင်းရေးမှူးမ ဂရေ့(စ်)နဲ့ တိတ်တိတ်ပုန်း ညားပါတယ်။ (အားကျဇာဂျီးညော်… ကျော်က နောက်နှစ်မှ ၆၃ နှစ်ထဲ ရောက်မှာ ခည… ခွိ… ခွိ) အဲဒီ့အချိန်မှာ ပထမဇနီး ဆယ်လီလည်း မကွယ်သေးပါဘူး။ ဂရေ့(စ်)မှာလည်း လင်ကြီးငေါက်တောက်… အဲလေ… လင်ကြီးငုတ်တုတ်နဲ့ပါ။

ဒါပေမယ့် အဲလို ညားပြီး တနှစ်အကြာမှာ မူဂါဘီနဲ့ သမီးလေးတယောက် ထွန်းကားတယ်၊ နောက် နှစ်နှစ် အကြာမှာ သားလေးတယောက် ထပ်ထွန်းကားပြန်သဗျ။

ဆယ်လီက သူ့လင် ဖောက်ပြားနေတာ သိတော့ ဘယ်စိတ်ချမ်းသာမလဲနော်။ ဒါပေသည့် ပြောဖူးသတဲ့။ “အိမ်ထောင်ရေးမှာ ပြဿနာရှိလာရင် ကိုယ့်ခေါင်းအုံးကိုသာ ရင်ဖွင့်ကြပါ။ ကိုယ့်ခင်ပွန်းကိုတော့ ဘယ် ဘယ်သောအခါမှ မနှိမ်ပါနဲ့…”လို့ လူတကာကို ဆုံးမတဲ့အတိုင်း တကယ်လည်း နေသွားပါတယ်။ ကျက်သရေ ရှိရှိနဲ့ အသက်ဆက်သွားတဲ့ အနေအထိုင်လို့ တချို့က သူ့ကို ချီးကျူးကြပါတယ်။

သူ့လင် နောက်မယားနဲ့ ဖောက်ပြားပြီး ၅ နှစ်အကြာ ၁၉၉၂ ကျတော့မှ ဆယ်လီ သေရှာပါတယ်။ အသီးကွဲလို့ မဟုတ်ဘူးနော်။ ကျောက်ကပ်ရောဂါနဲ့ပါ။

သူသေပြီး ၄ နှစ်အကြာ ၁၉၉၆ ခုနှစ်မှာတော့ မူဂါဘီနဲ့ ဂရေ့(စ်)တို့ တရားဝင် လက်ထပ်လိုက်ကြပါတယ်။

Image may contain: 1 person, hat and closeup

ဂူချီ ဂရေ့(စ်)

အဲဒီ့နောက် တနှစ် ၁၉၉၇ မှာ နောက်ထပ် သားရတနာတပါးကို မူဂါဘီ့အတွက် ဂရေ့(စ်)က ဖွားမြင်ပေးလိုက်ပြန်သေးတယ်။

ဂရေ့(စ်)ကို ဂူချီဂရေ့(စ်) (Gucci Grace) ရယ်လို့ အရပ်က ခေါ်ကြတယ်။ အသုံးကြမ်းတာကိုး။ သူလည်း အဂတိလိုက်စားမှု ဧကရီအဖြစ် သူ့နိုင်ငံမှာ နာမည်ကြီးသလို မအေတူ သားလေးနှစ်ယောက်ကလည်း လူမှု မီဒီယာမှာ သူတို့ သုံးဖြုန်းတာတွေ နင်းခွ တင်တာမို့ အခွန်ထမ်းတွေရဲ့ ပိုက်ဆံကို ဖြုန်းသူများအဖြစ် ထင်ရှားခဲ့ပါတယ်။

အဟွတ်…

တဥပဲ ရှိရှိ၊ တဝက်ပဲ ရှိရှိ… စွမ်းတဲ့သူက စွမ်းတယ် ထင်ပါရဲ့။

ဒါမှမဟုတ်လည်း…

အားလုံး ပျော်ရွှင်ကြပါစေဗျား…
အတ္တကျော်
(၀၆၀၉၁၉)

(အဖြူအမည်းပုံက ပထမ ဇနီး ဆယ်လီပါ။ ရောင်စုံက ဂူချီ ဂရေ့[စ်]ပါ။ အင်ထနက်ထဲက ယူထားပါတယ်။)

Advertisements

What sex is the computer?

Aside

ကွန်ပျူတာရဲ့ လိင်

???????????????????????????????ပြင်သစ်ဘာသာစကားမှာ အရာဝတ္ထုတွေကိုလည်း အထီး၊ အမခွဲထားပါတယ်။ အင်္ဂလိပ်စကားမှာတော့ အရာဝတ္ထုတွေ(နာမ်တွေ)ကို အဲသလို ခွဲခြားထားခြင်း မရှိဘူး။ ပြင်သစ်သဒ္ဒါမှာကျတော့ အဲဒီ့ အထီးအမ ကိစ္စက အရေးကြီးတယ်။ ဥပမာပုံဗျာ၊ အိမ်တစ်လုံးဆိုရင် အင်္ဂလိပ်စာမှာက a house လို့ ပြောလိုက်ရင် ကိစ္စက ပြတ်ပြီးသား။ အဲဒီ့အိမ်လို့ ပြောချင်ရင်လည်း the house ပေါ့။ ရှင်းရှင်းလေးရယ်။ အိမ်အကြီးကြီးဆိုရင်လည်း a big house ပေါ့။ ဟုတ်တယ်နော်။

အဲ… ပြင်သစ်စာမှာကျတော့ အိမ်ကို maison (/မေဇော်(န်)/)လို့ ခေါ်တယ်။ သို့သော် အဲဒီ့အိမ်သည် အမ (ဝါ) ဣတ္ထိလိင်တဲ့ခင်ဗျ။ ဒါကြောင့် အိမ်တစ်လုံးဆိုရင် une maison /အျူ(န်) မေဇော်(န်)/လို့ ရေးမှရတယ်။ အင်္ဂလိပ်မှက a, an နဲ့တင် တစ်ခု၊ တစ်ကောင်၊ တစ်ယောက် ဆိုတာကို ရှေ့က ကြိုပြလို့ ရပေမယ့် ပြင်သစ်မှာကျတော့ နောက်က သုံးတဲ့ နာမ်ရဲ့လိင်ကိုကြည့်ပြီး အထီး (ပုလ္လိင်)ဆိုရင် un (/အန်(န်)/)၊ အမဆိုရင် une လို့ သုံးရပါတယ်။

အဲဒီ့အိမ်ဆိုရင် အင်္ဂလိပ်မှာက the နဲ့ ကိစ္စပြတ်ပေမယ့် ပြင်သစ်မှာကျတော့ အဲဒီ့လိင်က စကား ပြောပြန်တယ်။ အထီးဆိုရင် le (/လ/)၊ အမ ဆိုရင် la (/လာ/)နဲ့ သုံးရတယ်။ အဲဒီ့ အိမ်ဆိုရင် la maison /လာမေ ဇော်(န်)/လို့ ရေးရတယ်။ ဇာတ်က အရှုပ်သားလား။

အိမ်အကြီးကြီးဆိုရင်လည်း အကြီးကြီးဆိုတဲ့ စာလုံးမှာ အင်္ဂလိပ်က ထီးထီး၊ မမ big နဲ့ ပြီးပေမယ့် ပြင်သစ်စာမှာကျတော့ မပြီးဘူး။ ကြီးတာက အထီးဆိုရင် grand ၊ ကြီးတာက အမဆိုရင် grande လို့ `အီး´လေး ထည့်ရပြန်တယ်။ အသံထွက်မှာကျတော့ /ဂရော(န်)/ဆိုပြီး ခပ်ဆင်ဆင် အသံထွက်တယ်။ သိပ်ပီလွန်းမှသာ အသံထွက်ကွဲတာ။ အမှတ်တမဲ့ဆို အတူတူပဲ။ အဲတော့ အိမ်အကြီးကြီးဆိုရင် une grande maison လို့ ရေးရပါတယ်။

ပြင်သစ်စာ ပို့ချချက် ရေးနေတာမဟုတ်ဘူးနော်။ ပြင်သစ်စာရဲ့ သဘာဝကို အနည်းအပါး ခေါက်မိသွားတော့မှ ရှေ့မှာဆက်ပြောမယ့် ဇာတ်လမ်းလေး အဆင်ပြေမှာမို့ အခြေခံလေးကို တင်ပြတာပါ။

အခါတစ်ပါးမှာ ပြင်သစ်မဟုတ်တဲ့ တခြားတိုင်းတစ်ပါးသားတွေကို ပြင်သစ်စာ သင်ပေးတဲ့ ဆရာမ တစ်ယောက်က သက်မဲ့များအပါအဝင် နာမ်တွေ အားလုံးကို အထက်က တင်ပြခဲ့တဲ့အတိုင်း ဣတ္ထိလိင်၊ ပုလ္လိင် ခွဲခြားထားတဲ့ အကြောင်း ရှင်းပြနေပါတယ်။

အိမ်ဆိုရင် အမ၊ ဒါကြောင့် la maison လို့သုံးတယ်။ ခဲတံဆိုရင် အထီး၊ ဒါ့ကြောင့် le crayon လို့ သုံးတယ် စသဖြင့်ပေါ့။

သင်တန်းသားတွေထဲက တစ်ယောက်က သည်အခါမှာ ခေါင်းရှုပ်ရှုပ်နဲ့ မေးချလိုက်ပါတယ်။

“ဒါဆိုရင် ကွန်ပျူတာကရော အထီးလား၊ အမလား ဆရာမ”တဲ့။

ခက်တာက ဆရာမခမျာမှာလည်း ကွန်ပျူတာဟာ အထီးမှန်း အမမှန်း မသိရှာတာပဲ။ အဘိဓာန် လှပ်ကြည့်တော့လည်း အဲဒီ့ကွန်ပျူတာဆိုတဲ့ ဝေါဟာရ မပါတဲ့ အဘိဓာန် ဖြစ်နေတယ်။

ဒါနဲ့ ဆရာမက အပျော်သဘောနဲ့ အတန်းက နှစ်အုပ်စုခွဲလိုက်တယ်။ ယောက်ျားလေးက တစ်အုပ်စု၊ မိန်းကလေးက တစ်အုပ်စု ခွဲလိုက်တော့ နှစ်ဖက်အရေအတွက်ကလည်း အညီအမျှ ဖြစ်နေတယ်။ အဲဒီ့အုပ်စုတွေ အနေနဲ့ တစ်အုပ်စုက ကွန်ပျူတာဟာ အထီးဖြစ်သင့်ကြောင်း အဆိုတင်သွင်းရမယ်၊ တစ်အုပ်စုက ကွန်ပျူတာဟာ အမဖြစ်သင့်ကြောင်း အဆိုတင်ရပါမယ်။ ခိုင်လုံအောင် ဖြေဆိုနိုင်တဲ့ အုပ်စုရဲ့ သတ်မှတ်ချက်ကို အတည်ယူကြမယ်ပေါ့။

အုပ်စုနှစ်အုပ်စုစလုံးအနေနဲ့က အကြောင်းပြချက် လေးချက်စီ တင်သွင်းရမယ်လို့လည်း သတ်မှတ်ပေးလိုက်ပါတယ်။

ယောက်ျားသားများရဲ့အဖွဲ့က ကွန်ပျူတာသည် အမ (ဣတ္ထိလိင်သာ) ဖြစ်သင့်ကြောင်း၊ (la computer) သာ ဖြစ်သင့်ကြောင်း အောက်ဖော်ပြပါ အကြောင်းပြချက်များနဲ့ အဆိုတင်သွင်းပါတယ်။

  1. ကွန်ပျူတာတွေကို တီထွင်ဖန်တီးလိုက်သူများသာလျှင် ကွန်ပျူတာများရဲ့ အတွင်းသဘောကို ကောင်းစွာ နားလည်နိုင်ပါတယ်။ အလားတူပဲ၊ မိန်းမသားများရဲ့အတွင်းသဘောကို ကောင်းစွာ နားလည်နိုင်သူဟူ၍လည်းပဲ အနှီ မိန်းမသားများကို ဖန်ဆင်းလိုက်သူ ထာဝရဘုရားခင်မှတစ်ပါး အခြားမရှိပါ။ ထို့ကြောင့် ကွန်ပျူတာသည် အမသာ ဖြစ်သင့်ပါတယ်။
  2. တခြားကွန်ပျူတာတွေနဲ့ ဆက်သွယ်ရာမှာ သုံးစွဲတဲ့ သူတို့ရဲ့ လက်ရင်း ဘာသာစကားကို တခြား ဘယ်သူမှ နားလည်နိုင်စွမ်း မရှိပါဘူး။ မိန်းမသားများအချင်းချင်းသာ နားလည်နိုင်တဲ့ ဘာသာစကားကိုလည်း တခြားဘယ်ယောက်ျားသားမှ နားမလည်နိုင်ပါဘူး။ ဒါ့ကြောင့် ကွန်ပျူတာသည် အမပဲ ဖြစ်ထိုက်တယ်။
  3. ဘယ်လောက်သေးငယ်တဲ့အမှားမျိုးပင်ဖြစ်လင့်ကစား နောက်ပိုင်းမှာ လိုအပ်ရင် ပြန်အစဖော်လို့ ရအောင် ကွန်ပျူတာရဲ့ ရေရှည် မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားတတ်သလို မိန်းမသားတွေရဲ့ မှတ်ဉာဏ်ထဲမှာလည်း လိုအပ်ရင် အစဖော်နိုင်အောင် အမှားသေးသေးလေးတွေကို ရေရှည် သိမ်းထားတတ်တယ်။ ဒါ့ကြောင့် ကွန်ပျူတာသည် အမသာ ဖြစ်သင့်တယ်။
  4. ကွန်ပျူတာတစ်လုံးဝယ်လိုက်တာနဲ့ နောက်ပိုင်းမှာ အပိုပစ္စည်းပေါင်း သောင်းခြောက်ထောင် အတွက် လိုက်ရတဲ့ ငွေပမာဏကလည်း မသေးဘူး။ မိန်းမဆိုလည်း တစ်ယောက်ယူမိတာနဲ့ သူ့အတွက် ကုန်ရတဲ့ငွေ ပမာဏက ကြွေး လည်ပင်းခိုက်လောက်တယ်။ ဒါ့ကြောင့် ကွန်ပျူတာသည် အမသာဖြစ်သင့်တယ်။

အဲသလို ယောကျာ်းတွေဘက်က အဆိုတင်ပြီးသွားချိန်မှာ မိန်းမသားတွေကလည်း ကွန်ပျူတာသည် အထီးသာ ဖြစ်သင့်တယ်၊ le computer လို့သာ  သတ်မှတ်သင့်တယ်ဆိုပြီး တင်လာပါတယ်။

သူတို့ရဲ့အကြောင်းပြချက်တွေကကျပြန်တော့…

  1. ကွန်ပျူတာက ကိုယ့်ဆီကို အာရုံစိုက်လာအောင် ခလုတ်ဖွင့်မှ ရတယ်။ ယောက်ျားတွေလည်း ကိုယ့်ဆီကို အာရုံစိုက်လာစေချင်ရင်သူတို့ရဲ့ ရာဂခလုတ်ကို မိမိရရ ဖွင့်နိုင်မှ ရတယ်။ ဒါက တစ်ကြောင်း။
  2. ကွန်ပျူတာထဲမှာ သတင်းအချက်အလက်တွေ အမြောက်အမြား ရှိပေမယ့် သူ့ဟာနဲ့သူဆို ဘာမှ မလုပ်တတ်ဘူး။ ယောက်ျားဆိုတဲ့ သတ္တဝါများမှာလည်း သိထားတဲ့သတင်းအချက်လက်တွေ အနမတဂ္ဂရှိပေမယ့် သူတို့ဟာနဲ့သူတို့ဆို ဘာဆိုဘာမှ မလုပ်နိုင်ဘူး။ ဒါက နောက် တစ်ကြောင်း။
  3. ကွန်ပျူတာဆိုတာ ပြဿနာတွေကို ဖြေရှင်းရမှာဖြစ်ပေမယ့် အဲဒီ့ ကွန်ပျူတာ ကိုယ်တိုင်က ပြဿနာ အထုပ်ကြီး ဖြစ်နေတတ်သလို ယောကျာ်းတွေသည်လည်း ပြဿနာတွေကို ရှင်းမလိုလိုနဲ့ သူတို့ကိုယ်၌က ပြဿနာအထွေးကြီးဖြစ်နေတယ်။ ဒါက နောက်ထပ်တစ်ကြောင်း။
  4. ကွန်ပျူတာတစ်လုံးကို ဝယ်မယ်လို့စိတ်ပိုင်းဖြတ်ပြီး ကိုယ့်လက်ထဲ ရောက်လာလာချင်းမှာ တင်ပဲ နောင်တတွေ ရမိတတ်တယ်။ နည်းနည်းလေးသာ စောင့်လိုက်မယ်ဆိုရင် သည့်ထက် ကောင်းတဲ့ကွန်ပျူတာကို ရနိုင်မှန်း သိလာရတာမို့ပါပဲ။ အဲသလိုပဲ ယောက်ျား တစ်ယောက်ကို သဘောကျမိပြီး ယူလိုက်မိပြီး သိပ်မကြာခင်မှာပဲ၊ ငါ့နှယ်၊ အလောတကြီး နိုင်မိလေခြင်း၊ နည်းနည်းသာ စောင့်လိုက်မယ်ဆိုရင် သည့်ထက် ကောင်းတာ ရမှာဆိုတဲ့ အတွေးက ချက်ချင်း ပေါ်လာတတ်ပါတယ်။ ဒါက နောက်ဆုံးအကြောင်း။

ထိုအကြောင်းများကြောင့် ကွန်ပျူတာသည် အထီးသာဖြစ်သင့်ပါတယ် လို့ မိန်းမသားအုပ်စုဘက်က အဆိုပြုလာပါတော့တယ်။

ဟုတ်ကဲ့… စာဖတ်သူ လူကြီးမင်းများခင်ဗျား။

ဘယ်ဘက်က အနိုင်ရသွားပြီး ယနေ့ထက်တိုင် ပြင်သစ်ဘာသာစကား မှာ ကွန်ပျူတာကို ဘယ်လိင်လို့ ပိုင်းခြား သတ်မှတ်လိုက်ကြပါသလဲလို့ ထင်မြင်မိကြပါသလဲ။

တစ်ဆိတ်ကလေး စဉ်းစားကြည့်ပေးပါခင်ဗျာ။

ဟုတ်ကဲ့… သူတင်ကိုယ်တင် ယှဉ်ပြောရင် နိုင်နေကျ လိင်တွေကပဲ နိုင်သွားကြောင်းပါခင်ဗျား။ မှန်ပါ့… ဣတ္ထိလိင်များဘက်က အနိုင်ရ သွားပြီးသကာလ ကွန်ပျူတာသည် အထီးကြီး၊ (ဝါ) le computer ဖြစ်သွားကြောင်းပါ ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်

(အတွေးသစ်ဂျာနယ်၊ အတွဲ ၆ အမှတ် ၂၆၈၊ ဝ၂-ဝ၁-ဝ၆)

ဤချင်ဤ ကျွဲချင်ကျွဲ ကိုယ်လည်း လိုက်ဤဆဲ

ဆူဒိုနင်

“ဒီမိုကရေစီ”ဆိုတဲ့ ဝေါဟာရက ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အတော်ကြီး တွင်ကျယ်လာတဲ့ စကားလုံးပါပဲ။ အခုဆို ပိုလို့တောင် တွင်ကျယ်နေတော့တာများ၊ အဲဒီ့စကားလုံးမှ စကားထဲ ထည့်မသုံးရင် ခေတ်ပဲ မမီတော့သလို ဖြစ်နေတယ်။

အသက်ကလည်း ငါးဆယ်ကျော်၊ စာလေးပေလေးလည်း ငယ်ငယ်ကတည်းက မတောက်တခေါက် ဖတ်ထားမိတဲ့လူတစ်ယောက်အတွက်တော့ ကိုယ့်မျက်စိအောက်မှာ တအိအိ တရိပ်ရိပ်ဖြတ်သွားတဲ့ ခေတ်ရထားကြီးကို ကြည့်ရင်း စကားလုံးတွေရဲ့ သဘာဝကို ဆင်ခြင်နေမိတယ်။ ပါလီမန် ဒီမိုကရေစီလို့ ခေါ်တဲ့ လွတ်လပ်ရေးရပြီးစ ၁၄ နှစ်တာ ကာလကို ကျွန်တော် မမီလိုက်ပါဘူး။ လွတ်လပ်ရပြီး ၁၀ နှစ်နီးပါး ကြာတောင့် ကြာခါ မှ မွေးလာတာကိုးဗျာ။ အဲတော့လည်း ၁၄ နှစ် (အနုတ် ၂) ခံ ပါလီမန် ဒီမိုကရေစီထဲမှာ ကိုယ်က ၂ နှစ်လောက်ပဲ လူဖြစ်ခွင့်ရလိုက်တာ။ ဘာမှန်း ညာမှန်း ကောင်းကောင်းကန်းကန်း မသိသေးတဲ့အရွယ်ပေါ့။

တော်လှန်ရေးကောင်စီတက်တော့ပဲ ကျွန်တော့်အသက်က လေးနှစ်နဲ့ သုံးလ ရှိသေးတာ။ သည်တော့ဗျာ… ဘုရားစူးရပါစေရဲ့… တစ်ဘဝလုံးမှာ တစ်ခါမှ ဒီမိုကရေစီဆိုတာနဲ့ မကြုံဖူးခဲ့ပါဘူး။ ကျွန်တော်တို့သိတာ တော်လှန်ရေးကောင်စီ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ရဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ရဲ့ တစ်ပါတီ ရွေးကောက်ပွဲတွေနဲ့ ဆိုရှယ်လစ် ဒီမိုကရေစီ။ အဲ… အသက်ကလေး ၃၀ ကျော်လာတော့ တပ်မတော် အစိုးရ။ အဲလိုနဲ့ နေလာလိုက်တာ အခု ကျွန်တော့်ခမျာ ငါးဆယ်တောင် ကျော်လာပေါ့။

တပ်မတော် အစိုးရကနေ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲများကတစ်ဆင့် အခုတော့ အရပ်သားအစိုးရဖြစ်လာခဲ့ပြီ။ ဒါလည်း တကယ့် တကယ်တော့ တစ်နှစ်သာသာ၊ နှစ်နှစ်အတွင်းပဲ ရှိသေး။

အဲတော့လည်း တကယ်ပါဗျာ၊ မယုံမရှိပါနဲ့။ ဒီမိုကရေစီဆိုတာ လုံးသလား၊ ပြားသလား၊ ကိုယ်တွေ့ မခံစားဖူးသေးတာ အမှန်ပါ။ ဒါ အသက် ၅၀ ကျော်နော်။ ဘဝအတွေ့အကြုံတွေ အများကြီး ရှိခဲ့ဖူးပြီလို့ အသတ်မှတ်ခံရတတ်တဲ့ အရွယ်နော်။ အဲလို ၅၀ ကျော် အဘိုးကြီးက ဒီမိုကရေစီကို လုံးသလား၊ ပြားသလား မသိပေမယ့် ခေတ်ထဲနေတာပဲဗျာ။ သူများစီတော့ ကိုယ်လည်း လိုက်စီလိုက်ရတာ ဘာပင်ပန်းတာ မှတ်လို့။ ကိုယ်လည်း ခပ်တည်တည်နဲ့ စီလိုက်တော့တာများ နှစ် ၂၀ တောင် ကျော်လာပြီ။ အိမ်း… သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်သွားပြီ မဟုတ်လား။

ဘာ သွားသတိရသလဲဆိုတော့ ခေတ်ရထားကြီးပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက လူမမာဆို နွားနို့နဲ့ ကြက်ဥက ဓာတ်စာ။ ဘယ်လူမမာ ဖြစ်ဖြစ်၊ နွားနို့ရယ်၊ ကြက်ဥရယ်က လူမမာ သွားမေးရင် မပါမဖြစ်လိုပဲ။ ဆရာဝန်တွေကလည်း အဲဒီ့ခေတ်က နွားနို့၊ ကြက်ဥကို မပါမဖြစ် ပေးခဲ့ကြတယ်။ နေမကောင်း ထိုင်မသာ ဖြစ်တာနဲ့ အဖတ်မစားတော့ဘဲ အစာပျော့ပျော့၊ အရည်တွေပဲ လှိမ့်တိုက်ခဲ့ကြတယ်။ ဒါမှမဟုတ် ဝမ်းသွားရင် လည်း ဝမ်းပိတ်ဆေးတွေ တိုက်ကျွေးခဲ့ကြတယ်။

ဟော… အခုတော့ နွားနို့၊ ကြက်ဥက လူနဲ့ပဲ မတည့်သလိုလိုတွေ ဖြစ်ကုန်ပြန်ရော။ လူ့ခန္ဒာအတွက် မကောင်းတဲ့ အဆီဓာတ်တွေပါတယ် ဆိုလားပဲ။ သြော်… လူတွေ၊ လူတွေ… သူတို့ပဲ အမျိုးမျိုး။ လူသားရဲ့ သမိုင်းနဲ့ ပြောရင်တော့ ခုစာကလေး၊ ခုဆီထမင်း သဘောကြီးပဲ။

နေမကောင်းဖြစ်ရင် အစာဖြတ်စရာ မလိုတော့ဘူး။ အူနဲ့ ပတ်သက်တဲ့ ရောဂါမဟုတ်ရင် နေမကောင်းတဲ့သူလည်း ပုံမှန်အတိုင်း အစာစားလို့ ရသွားတယ်။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃-၄၀ လောက်ကနဲ့ တခြားစီ ဖြစ်ကုန်ပြီ။ ဝမ်းသွားရင်လည်း အတူတူ။ ဟိုတုန်းက ဝမ်းသွားရင်လည်း အစာ ဖြတ်တယ်။ ဝမ်းပိတ်ဆေး တိုက်ချလိုက်တယ်။

အခုတော့ ဝမ်းသွားလည်း စား၊ များများစား၊ အရည်များများ သောက်၊ ဓာတ်ဆားရည် သောက်၊ ဝမ်းပိတ်ဆေးက တော်တော်တန်တန်ဆို မလိုပြန်ဘူးတဲ့။

အဲလိုပဲ ကျွန်တော်တို့ ငယ်ငယ်က ကွန်မြူနစ်ဝါဒမှ မယုံကြည်ရင် နိုင်ငံရေးမှာ လူရာ မဝင်ပြန်ဘူးခင်ဗျ။ အခုကာလ နိုင်ငံရေး စိတ်ဝင်စားသူ မှန်ရင် ဒီမိုကရေစီကို ပါးစပ်က အမြှုပ်ထွက်အောင် ပြောတာမျိုး၊ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် အထက်ကာရီတုန်းကလည်း ကွန်မြူမှ မနစ်ဘူးဆိုရင် အဲ့လူက “ဖောက်ပြန်ရေးသမား၊” “ပညာတတ်လူတန်းစား ဉာဉ်ရှိတဲ့သူ” “အရင်းရှင်ပေါက်စ”စတဲ့ တံဆိပ်လှလှကြီးတွေတောင် အကပ် ခံခဲ့ရသေးဗျား။

အမယ်… အခုကျတော့လည်း ဟုတ်လို့။ ကွန်မြူနစ် ပြဌာန်း စာအုပ် “အရင်းကျမ်း”ကို အာဂုံဆောင်ခဲ့တဲ့ လူကြီးသူမတွေကလည်း ခပ် တည်တည်ပဲ၊ ဒီမိုကရေစီက တစ်ပြားသားမှ မလျှော့ဘူး။ သူတို့ထက် ဒီမိုကရေစီအကြောင်း ပြောနိုင်တဲ့သူတောင် မရှိတော့သလောက်။ ဒီမိုကရေစီ ပြဌာန်းစာအုပ်ဖြစ်တဲ့ “နိုင်ငံတော်များရဲ့ ကြွယ်ဝမှု” စာအုပ်ကြီးကို သူတို့လောက် ကျေတဲ့သူတောင် တစ်ယောက်မှ မရှိတဲ့ အချိုးလေးတွေနဲ့ လှလှပပ ကပြနေတော့… အင်း… ဒီမိုးက ရေစီး တယ်ကြမ်းပါလားပေါ့။

ရယ်တော့လည်း အရယ်ရသား။ ခေတ်လူတွေက စာဖတ်အား နည်းကုန်ကြတယ်။ စာဖတ်အားနည်းတော့ သမိုင်းကို မသိဘူး။ စာမဖတ်၊ သမိုင်း မသိတော့ အရင်းကျမ်းကို အရည်ကျိုသောက်ထားခဲ့သူတွေက ဒီမိုကရေစီဆိုပြီး တစ်စီတည်း စီပြနေတာလည်း တစ်စက်ကလေးမှ မရိပ်စားမိကြတော့ဘူး။ သူတို့ စီပြနေတာကိုပဲ အဟုတ်ကြီးတွေ မှတ်ပြီး သူတို့နောက် တစ်သီကြီး တန်းစီလိုက်နေကြပြန်ပါရောလား

ပြောပါပကော… သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဂွပ်ခနဲကို အံတွေ ဝင်လို့။

ဗျာ… ကျွန်တော်လား… ကျွန်တော်လည်း ငယ်ငယ်တုန်းက အရင်းကျမ်းတို့၊ အနုပဋိလောမတို့၊ ပစ္စည်းမဲ့ဒေါသဆိုတဲ့ စကားလုံးတွေတော့ ကြားဖူးနားဝနဲ့ ပါးစပ်က အမြှုပ်ထွက်အောင် ပြောခဲ့ဖူးတာပဗျာ။ တကယ် သိလို့တော့ မဟုတ်ပါဘူး။ အဲဒါတွေလည်း မဖတ်ဖူးပါဘူး။ အဲဒါတွေ ဖတ်ရတာထက် တက္ကသိုလ်တင်မြင့်ရဲ့ လေးလေးမြင့် ဖတ်ရတာကမှ စိတ်ကူးထဲမှာ လေးလေးမြင့်တစ်ယောက် ဖန်ဆင်းရင်း သာယာလို့ ကောင်းသေးတယ်။ ဟိုဟာတွေက ပျင်းစရာ။ ဒါပေမယ့် ခေတ်လူငယ်ပီပီ၊ အဲတုန်းက လူကြားထဲမှာ အူတူအတကြီး မဖြစ်ရအောင် အဲဒီ့ ဝေါဟာရတွေတော့ အလွတ်ကျက်ထားရတာပဗျာ။

အခုလည်း လာပြန်ပြီ ဒီမိုကရေစီ။ အဲတော့လည်း လူကြားထဲ အံမဝင်မှာစိုးလို့ ကျွန်တော်လည်း အူကြောင်ကျားနဲ့ နည်းနည်းပါးပါးတော့ စီတတ်ပါတယ်။ ဒါပေမယ့် တကယ်သိလို့ စီနေတာတော့ မဟုတ်ဘူးခင်ဗျ။ ပြောပါပကော… အဲဒီ့ ဒီမိုကရေစီဆိုတာကြီးနဲ့ တစ်ခါဆို တစ်ခါမှ မကြုံဖူးတော့ကာ အဲဒါကြီး လုံးသလား ပြားသလား ကျွန်တော်မှ မသိတာကို။ အဲတော့ တကယ့်စိတ်ရင်းအမှန် ပြောရင် အဲဒါကြီး ကောင်းသလားလည်း ကျွန်တော် မသိ၊ ဆိုးသလားလည်း မမှန်းတတ်။

ဒါပေမယ့် ခေတ်က ရှိသေးမဟုတ်လား။ အဲတော့လည်း ကျွန်တော်လည်း အများနဲ့ ညီအောင် လိုက်စီမှ လူတောတိုးမှာပနော်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

ဆူဒိုနင်

(ရန်ကုန် ဝ၁၀၃၁၂)

(၂၀၁၂ ဧပြီလမှာ ထွက်လာတဲ့ The Future မဂ္ဂဇင်း အမှတ် ၈  မှာ ဖော်ပြထားတာလေးကို ထပ်ဆင့် ဖော်ပြလိုက်တာပါ။)