Skip to content

Interview with City FM

ဆရာအောင်သိန်းကျော် မင်္ဂလာပါရှင်

မင်္ဂလာပါခင်ဗျာ

သမီးတို့ရဲ့ဒီအစီအစဉ်လေးကလေ ရုပ်ရှင်တို့၊ စာပေတို့၊ ဂီတတို့ အဲ့လို နယ်အသီးသီးမှာ အောင်မြင် ကျော်ကြားနေသူတွေရဲ့ အကြိုက်ပေါ့နော်။ ဟိုးငယ်ငယ်လေးကနေ အခုချိန်ထိ ကြိုက်တဲ့သီချင်းတွေကို ဖွင့်ပြပေးနေတာ။ သူတို့ ဘာကြောင့် ကြိုက်လဲဆိုတဲ့ ခံစားချက်လေးတွေနဲ့ အတူတူပေါ့။ ဆရာ သီချင်းတွေ အများကြီးတော့ ရွေးလာခဲ့မှာပေါ့နော်။

ရွေးလာခဲ့ပါတယ်။ တစ်ခုပဲသမီး။ ပထမဦးဆုံး ပြန်ပြီးပြောပါရစေဦး။ ရုပ်ရှင်ထဲက၊ စာပေထဲက ဘာညာဘာညာနယ်တွေထဲက အောင်မြင် ကျော်ကြား လူသိများတဲ့ လူဆိုရင်တော့ ဆရာ အဲ့ဒီအထဲမှာ မပါဘူးနော်။ ဆရာက ခပ်ချာချာလူတစ်ယောက်ဆိုတာလေးကိုတော့ လက်ခံပေးပါနော်။

မဟုတ်ပါဘူး။ ဆရာက ကိုယ့်ဟာကိုယ်နှိမ့်ချတတ်တာပါ။ အဲ့တော့လေ သီချင်းလေးတွေအကြောင်း မစခင် ဆရာ့အကြောင်းလေးတွေ နည်းနည်းလောက် မေးချင်ပါသေးတယ်။

မေးပါခင်ဗျာ၊ မေးပါ။ သိပ်ပြောချင်တာ။

ဆရာ့စာအုပ်တွေ သမီးတို့ အတော်များများ ဖတ်ဖူးတယ်လေ။ အဲ့ဒီထဲမှာ ဆရာက ကျောင်းပြီးတုန်းက taxi မောင်းတဲ့သူတစ်ယောက်အဖြစ် လုပ်ဖူးတယ်။ စာတွေလည်း ပြဖူးတယ်။ ရှေ့နေလည်းလုပ်ဖူးတယ်။ အလုပ် အတော်များများ လုပ်ဖူးတဲ့အထဲမှာ ဆရာ ဘာဖြစ်လို့ စာရေးတဲ့အလုပ်ကို ရွေးချယ်ဖြစ်တာပါလဲဆရာ။

အဲ့ဒါတော့ပြောရတာ ရှက်စရာကြီးပါ။ တကယ့်တကယ်ဆရာဖြစ်ချင်တာက ဆရာရဲ့ရည်မှန်းချက်ထဲက တစ်ခုပေါ့။ ဆရာဖြစ်ချင်တာက ရုပ်ရှင်မင်းသား၊ အဆိုတော်၊ ဒါရိုက်တာ။ ပြီးတဲ့အခါကျတော့ စာရေးဆရာဆိုပြီးတော့ လေးမျိုးရှိပါတယ်။ အဲ့တော့ ဆရာ့ဘ၀မှာ ဒူးလောက် တင်လိုက်တဲ့အခါ လေးပုံတစ်ပုံဖြစ်တဲ့ စာရေးဆရာဖြစ်လာတာပေါ့။ နည်းနည်းတော့ ရည်မှန်းချက်မပြည့်ဝဘူးပေါ့။ ဒါပေမယ့် လေးခုရှိတဲ့အထဲမှာ တစ်ခုဖြစ်လာတော့ ဆိုးတော့မဆိုးဘူးလို့ ဖြေတွေးရတာပေါ့ သမီးရယ်။

ဆရာ သီချင်းတွေလည်း ဆိုတော့ဆိုလိုက်ပါသေးတယ်နော်။

သီချင်းတော့ဆိုပါတယ်။ သီချင်းကတော့ ရှင်းရှင်းပြောရင် ဆိုင်းသံကြားရင် မနေနိုင်တဲ့ရောဂါက အခုအရွယ်ကြီ အထိ ရှိပါတယ်။ ဒါပေမယ့် အဆိုတော်တစ်ယောက်ဖြစ်မလာဘူးပေါ့ သမီးရယ်။

အဲ့ဒါဆိုရင် ဆရာအခုရွေးလာတဲ့သီချင်းတွေထဲမှာရော ဆရာကိုယ်တိုင်ဆိုတဲ့သီချင်းမျိုး ပါနိုင်လားဆရာ။

ပါနိုင်တာပေါ့ဗျာ။ သိပ်ပါတာပေါ့။ တမင်ကိုရွေးလာတာ။ သည်လိုအခွင့်အရေးမျိုးက ရခဲပါဘိခြင်း။ ပရိတ်သတ်ကို ကိုယ့်အသံနဲ့နှိပ်စက်ခွင့်ဆိုတာ တော်တော်တန်တန် ရခဲပါတယ်လေ။ ရတဲ့အခွင့်အရေးလေး ဘယ်အလွတ်ခံမလဲ ယူလာတာပေါ့။

သမီးတို့က ဆရာ့ကလောင်နာမည်ဆိုရင် ဆူဒိုနင်ကိုပိုပြီးတော့သိကြတယ်။ သည် အောင်သိန်းကျော်ဆိုတဲ့ ဆရာ့နာမည်ကို သိပ်ပြီးတော့မသိကြဘူး။ အခုနောက်ပိုင်း ဆရာ့စာတွေအဖတ်များလာတော့မှ ဆရာရဲ့နာမည်အရင်းက အောင်သိန်းကျော်ပါဆိုတာ သမီးတို့သိရတာပါ။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ရော…

ဆရာအဲ့ဒီနာမည်ပြဿနာကလည်း တော်တော်ဆိုးတယ်။ ဘာလဲဆိုတော့ ဆရာကိုယ်တိုင်ကိုက မျက်နှာများတဲ့စရိုက်ကိုပြတာပါပဲ။ ငယ်ငယ်တုန်းက ကောင်မလေးတစ်ယောက်ကို နာမည်တစ်မျိုးလျှောက်ပြောခဲ့တာကို အခုချိန်ထိလည်း ကောင်မကြီးတစ်ယောက်ကို နာမည်တစ်မျိုး လျှောက်ပြော နေတုန်းပဲလေ။ ထားပါတော့… အဲ့တော့ စာရေးဆရာဘ၀မှာကျတော့ အရင်တုန်းက နေရာမရခင်တုန်းက မဂ္ဂဇင်းတစ်အုပ်ထဲမှာ ကလောင်နာမည် ၁၅ မျိုးနဲ့ ရေးတာမျိုးတွေရှိတယ်။ အဲဒီ့ခါကျတော့ ကလောင်နာမည်တွေက ပွစိထနေတာပေါ့။ ပွစိထနေတဲ့အထဲက ဆူဒိုနင်နဲ့ လူသိပိုများတယ်။ ပိုများရင်းကနေ အောင်သိန်းကျော်ဆိုတာကတော့ ဆရာ့နာမည်အရင်းပါ။ အဖွားပေးတဲ့နာမည်ပေါ့။ အဖွားပေးတဲ့နာမည်လေးကို တစ်ခါတစ်ရံ ရေးဖြစ်တယ်ပေါ့။ ၀တ္ထုတွေရေးတုန်းက သမီးတို့သတိထားမိလားမသိဘူး။ အိပ်မက်အတူ မက်ကြစို့  မနက်မလင်းခင် ဆိုတဲ့စာအုပ်လေး။ အဲ့ဒီဝတ္ထုတွေ ရေးတုန်းက ရွှေအမြုတေမဂ္ဂဇင်းမှာ အောင်သိန်းကျော်ဆိုတဲ့ နာမည်အရင်းနဲ့ ရေးဖူးပါတယ်။ နောက် အဲ့ဒီအတွက်ကြောင့် ဆရာဦးဝင်းငြိမ်းတို့ အုပ်စုကတော့ ဆရာ့ကို ဆရာအောင်သိန်းကျော်လို့ ခေါ်တဲ့အခါကျတော့ ဆရာအောင်သိန်းကျော်နဲ့ လူသိတယ်နဲ့ တူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်။ ဒါပေမယ့်တစ်ခုတော့ရှိပါတယ်။ ဆရာ ကြားဖူးတဲ့ စကားလေးတစ်ခုတော့ ပြောပါရစေ။ နှင်းဆီပန်းက ဘယ်နာမည်နဲ့ပဲ ခေါ်ခေါ် မွှေးမြဲ မွှေးနေမှာပါပဲ။ ဆရာ့ကိုလည်း ဘယ်နာမည်နဲ့ပဲခေါ်ခေါ် မွှေးမြဲမွှေးနေမှာပါပဲ။

သမီးတို့ကြားဖူးနာဝ ရှိတာကတော့ ဝေဖန်ရေး ဆောင်းပါးတွေ ရေးတဲ့အခါကျရင် ဆူဒိုနင်ဆိုတဲ့ နာမည် သုံးတယ်။ ပညာပေးဆန်ဆန်၊ သားသမီး ထိန်းကျောင်းခြင်း အတတ်ပညာတို့လို၊ သားငယ်တို့ နားလည်ဖို့တို့လို စာအုပ်တွေ ရေးတဲ့အခါကျရင် အတ္တကျော်ဆိုတဲ့နာမည်ကို သုံးတယ် ဆိုတာ ဟုတ်ပါသလား ဆရာ။

ဟုတ်ပါတယ်။ မှန်ပါတယ်။ အရင်တုန်းကတော့ ကျွန်တော် အဲ့လို ခွဲထားပါတယ်။ အရင်တုန်းက ဆူဒိုနင်နဲ့ ရေးလို့ရှိရင် စွာလောင် စွာလောင်ဟာတွေ ပေါ့ဗျာ။ အလွယ်ဆုံး ပြောရင် စွာလောင် စွာလောင်ဟာတွေကို ဆူဒိုနင်နဲ့ရေးတယ်။ နည်းနည်း တည်ငြိမ်အေးချမ်းတဲ့ဟာဆိုရင်၊ ဆွေးနွေးတဲ့ အကြောင်းအရာတွေဆိုရင်၊ တွေးစရာလေးတွေဆိုရင် အတ္တကျော်နဲ့ ရေးပါတယ်။ အမှန်မှာတော့ ဒါလည်း လူ့စရိုက်ကို ဖော်ကျူးနေတာပါ။ လူတိုင်း လူတိုင်းမှာ ကောင်းတဲ့ စိတ်နဲ့ ဆိုးတဲ့စိတ် နှစ်မျိုး ရှိတယ်လေ။ ကျွန်တော့်မှာလည်း မကောင်းတဲ့စိတ်နဲ့ ကောင်းတဲ့စိတ် ရှိတယ်။ ဆူဒိုနင်က မကောင်းတဲ့ စိတ်ကို နည်းနည်း ကိုယ်စားပြုတယ်ပေါ့။ အတ္တကျော်က ကောင်းတဲ့စိတ်ကို နည်းနည်း ကိုယ်စားပြုတယ်။ ရုပ်ရှင်တွေနဲ့ ပတ်သက်ရင်၊ ဒါမှမဟုတ် ဘာသာပြန်ရင် မန်တာခမ်းနဲ့ ရေးလေ့ရှိပါတယ်။

ဆရာ လုံးချင်းတွေ ထုတ်တဲ့အခါကျတော့ ဆရာထိပ်မှာ ရေးဖူးတယ်။ ဆရာ့ဆီမှာ ကလောင်ခွဲတွေ အများကြီးပဲ။ အဲ့ဒီထဲကမှ ကျွန်တော် အကြိုက်ဆုံး နာမည် အတ္တကျော်ကို ကျွန်တော်သုံးတယ်လို့။ ဘာလို့ အဲ့ဒီ အတ္တကျော်ဆိုတဲ့ နာမည်ကို သုံးတာလဲ ဆရာ။

လူတိုင်း၊ လူတိုင်းမှာ အတ္တ ရှိတယ်။ နောက်ဆုံးတစ်နေ့ မြတ်စွာဘုရားတောင်မှ အနတ္တကို တွေ့ဖို့အတွက် အတ္တကို အရင် ရှာတွေ့မှသာလျှင် အနတ္တကို တွေ့တာပါ။ အတ္တကို ရှာဖွေတွေ့ရှိတဲ့ဟာက လူ့ဘ၀မှာ အင်မတန်မှ အရေးကြီးပါတယ်။ ကိုယ့်အတ္တဆိုတဲ့နေရာမှာ တစ်ချို့ကထင်တယ်။ မိမိကိုယ်မိမိ၊ ကိုယ့်ဘက်ပဲ ကိုယ်ယက်တယ်ဆိုတဲ့ အတွေးလေးနဲ့ ပြောကြတယ်။ ငါတကော ကောတယ်။ မဟုတ်ဘူး။ တကယ့်တကယ် အတ္တ ဆိုတာက အင်္ဂလိပ်ပြောရင် Ego ပေါ့။ ဥပမာအားဖြင့် အလွယ်ဆုံးပြောရင် ဆရာတို့ အခု ပင်ပန်းနေတယ်။ ဆရာဆို တော်တော် ပင်ပန်းနေတယ်။ စာလည်းရေးတယ်။ အလုပ်လည်း လုပ်တယ်။ လူတွေလည်း တိုင်ပင်ဆွေးနွေးပေးတယ်ဆိုတဲ့အခါမှာ လူတွေ တိုင်ပင်ဆွေးနွေးနေတာ ပိုက်ဆံ တစ်ပြားမှ မရဘူး။ ယူလည်း မယူဘူးလေ။ အဲ့ဒါ ဘာအတွက် လုပ်နေတာလဲ။ အတ္တကြောင့်လုပ်နေတာ။ အဲ့ဒီအတ္တက ဘာလဲ။ ငါ လုပ်ပေးလိုက်လို့ လူတွေ စိတ်ချမ်းသာသွားတယ်။ ငါလုပ်ပေးတာ၊ ငါလုပ်ပေးတာ။ အဲ့ဒီအတ္တကို မြင်ဖို့ဆိုတာ နည်းနည်း ခဲယဉ်းတယ်လေ။ အဲ့တော့ ကျွန်ုပ်ကတော့ ကျွန်ုပ်ကိုယ် ကျွန်ုပ် အတ္တသမားပါလို့ ကြေငြာလိုက်တာပေါ့။ အဲ့လိုကြေငြာရဲတဲ့ သတ္တိရှိတယ်ဆိုတာ ပြချင်တဲ့အတွက်ကြောင့် အတ္တကျော်ဆိုတဲ့ နာမည်ကို ဆရာကြိုက်တာပါ။

ဆရာ ပထမဦးဆုံးတစ်ပုဒ်ကို ဘယ်သီချင်းလေး ရွေးပေးမလဲမသိဘူး။

ငယ်ဘ၀က စတဲ့ဟာဆိုတော့ ဆရာတို့က ကက်ဆက်နဲ့ ကြီးပြင်းရတဲ့လူတွေ မဟုတ်ဘူး။ ဆရာတို့က ရေဒီယိုကြီးတွေနဲ့ ကြီးပြင်းရတာ။ အဲ့တော့ ရေဒီယိုက လာတဲ့ သီချင်းတွေကို စွဲလန်းခဲ့ရတာ အဲဒီ့ထဲမှာ ဆရာ အစွဲလန်းဆုံး ပုဂ္ဂိုလ်၊ အခုချိန်ထိလည်း ဆရာ အကြည်ညို အလေးစားဆုံး အဆိုတော် တစ်ယောက် ရှိပါတယ်။ အဲ့ဒါက ကိုအံ့ကြီးပါ။ ဦးအံ့ကြီးပေါ့။ ဦးအံ့ကြီးသီချင်းတွေကို အင်မတန်ကို စွဲစွဲလန်းလန်း ကြိုက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့ထဲကပဲ စရွေးချင်ပါတယ်။ ဆရာငယ်ငယ်လေးကတည်းက လူမှန်းသူမှန်းမသိခင်ကတည်းက ဆရာ လိုက်လိုက်အော်တာ ရှိတယ်။ ဝေဆာ သခွတ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ… သားမက်နဲ့ ယောက်ခမ ဘောက်ကျလို့လည်း အားမရနိုင်ရှာ… ဆိုတဲ့ အပိုဒ်လေးကို သဘော ကျပြီးတော့ ကိုအံကြီးသီချင်းထဲက ကသစ်ပန်းဆိုတာလေးကို ရွေးချင်ပါတယ်။

သည်သီချင်းလေးကို ဘာဖြစ်လို့ ရွေးပေးတာလဲဟင်…

အမှန်မှာတော့ ခုနက ပြောသလိုပါပဲ။ ငယ်ငယ်တုန်းက နှုတ်တက် ရွရွ ဆိုခဲ့ဖူးတဲ့ သီချင်းပေါ့။ ရှေ့ပိုင်းက စာသားတွေကတော့ နတ်စည်ငယ်လေ ပုစွန့်လက်ရိုးတို့ ဘာတို့ကတော့ ကြီးမှ သိတာပေါ့။ ဟို chorus အပိုဒ်ကိုတော့ အမြဲတမ်း အော်ခဲ့ဖူးတာကို။ ဒါကြောင့် ရွေးတာပါ။ ငယ်ဘ၀ကို အမှတ်ရလို့ပါ။ ဒါပေမယ့်ကြီးတဲ့အခါကျတော့ အခုကြီးတဲ့အခါကျတော့ ဆရာမြို့မငြိမ်းက အင်မတန် စာနှံ့တဲ့ပုဂ္ဂိုလ်၊ စာနှံ့တဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အခါကျတော့ သည်မိုးရွာတာလေးက သိကြားနဲ့ အသူရာ ရန်ဖြစ်ကြလို့ မိုးရွာတာ။ သားမက်နဲ့ ယောက်ခမ ဘောက်ကျလို့လဲ အားမရနိုင်ရှာ… သည် သူ့ရဲ့တင်စားမှုလေးတွေ၊ နောက်တစ်ခုက ဆရာမြို့မငြိမ်းက သီချင်းထဲမှာတောင် သရော်တော်တော်၊ ငေါ့တော့တော့ ထေ့တေ့တေ့လေး လုပ်တတ်တာလေးကို သဘောကျလို့ သည်သီချင်းလေးကို ရွေးလိုက်တာပါ။

အဲ့တော့ ဆရာကိုယ်တိုင်ရော အပြင်မှာ သားမက်နဲ့ ယောက်ခမ ဘောက်ကျခဲ့တာမျိုး ရှိဖူးလား

ဘောက်တော့ မကျဘူး။ ဆရာရဲ့ယောက်ခမက ဆရာ့ကို သိပ် စကား မပြောပါဘူး။ အင်မတန် အနေအေးပါတယ်။ ဆရာ့ကို စကားမပြောဘူး။ ဆရာ့ကို ပြောချင်တဲ့အခါတွေမှာ ဒါမှမဟုတ် သူ မကျေနပ်တဲ့အခါတွေမှာ အိမ်က အိမ်ဖော်ဖြစ်ဖြစ်၊ ခွေးဖြစ်ဖြစ် ဖိဆူပါတယ်။ ဒါပါပဲ။ ကျန်တာတော့ ဘာမှ မလုပ်ပါဘူး။ အဲ့တော့ ဆရာကလည်း သူ့ကို ရိုရိုသေသေ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဒါပေမယ့် ဆရာက ဆရာ မကျေနပ်တာတွေ ဆိုရင် စာထဲ ထုတ်ထုတ် ရေးတာပေါ့။ ဒါပါပဲ။

ဦးအံ့ကြီးရဲ့ ကသစ်ပန်းဆိုတဲ့ သီချင်းလေးတော့ ပြီးသွားပါပြီ။ နောက်တစ်ပုဒ်ကရော ဘာသီချင်းလေးဖြစ်မလဲ မသိဘူး။

နောက်တစ်ပုဒ် ရွေးမယ်ဆိုရင်တော့ သမီးရေ… ဆရာမြို့မငြိမ်းပဲ ဆက်လိုက်ကျတာပေါ့။ ဆရာက ခုနက ပြောခဲ့တဲ့အထဲမှာ ပါခဲ့ပါတယ်။ ဆရာ့ဘ၀မှာ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ၊ ဒါရိုက်တာ ဖြစ်ချင်တယ်ဆိုတာ ဘာလို့လဲဆိုတော့ ဆရာက ၀င်းဦးကို အားကျလို့ပါ။ ဆရာ ၀င်းဦးကို အင်မတန်ကို ကြိုက်ပါတယ်။ တော်တော်တန်တန် ကြိုက်တာထက် အတော်ကြီးကို ကြိုက်ပါတယ်။ သိပ် ၀င်းဦး ဖြစ်ချင်တာပေါ့။ ထားပါတော့။ အဲ့ဒီဝင်းဦးကို ကြိုက်တဲ့အတွက်ကြောင့် ၀င်းဦးသီချင်းတွေကိုလည်း ငယ်ငယ်တုန်းက စွဲစွဲလမ်းလမ်း နားထောင်ပါတယ်။ အဲ့ဒီ မမမိုးတို့ ဘာတို့ဆိုရင်လည်း တော်တော့်ကို အော်ဆိုခဲ့ဖူးတာပေါ့။ ၀င်းဦးသီချင်းတွေ အတော်များများ ကိုရပါတယ်။ ဒါပေမယ့် ၀င်းဦးသီချင်းတွေအားလုံးထဲမှာ ရွေးလိုက်မယ် ဆိုရင်တော့ ဆရာမြို့မငြိမ်းရဲ့ မပြီးသေးသောပန်းချီကားကို ရွေးပါတယ်။

မပြီးသေးသော ပန်းချီကား ဆိုတာလေးကိုမှ ဆရာ ဘာဖြစ်လို့ ရွေးဖြစ်ရတာလဲ။

သီချင်းကို abstract ရေးလို့ ရတယ်ဆိုတာ ဆရာမြို့မငြိမ်းက ပြသွားတယ်လို့ ထင်တာပဲ။ မပြီးသေးသော ပန်းချီကားက တစ်သက်လုံးသာ ဆိုလာ ခဲ့တာ၊ တစ်သက်လုံးသာ နားထောင်လာခဲ့တာ သူ့ရဲ့အဓိပ္ပါယ်ကို သိတာ အိမ်ထောင်ကျပြီး အတော်ကြာတော့မှ သိတာပေါ့။ သည်လူကြီး ဘာတွေ ရေးထားပါလိမ့်ပေါ့။ ဘာအဓိပ္ပါယ်နဲ့ ရေးလဲ ဆိုတာပေါ့။ abstract ပန်းချီကို ခံစားရသလိုမျိုး ခံစားရတဲ့ သီချင်းမို့လို့ ဆရာ ရွေးတာပါ။ တော်တော့်ကို abstract ဆန်ပါတယ်။ ဒါဟာ ဒါပါလို့လည်း ပြောလို့ မရဘူး။ ဒါ ဘာလို့လည်း ပြောလို့ ရတယ်။ ဒါလည်း မဟုတ်ဘူးလို့လည်း ပြောလို့ ရတယ်။ အဲ့လိုဖြစ်အောင်ကို ရေးထားတာ။ ပထမဦးဆုံးက သူက ဘယ်က စကြည့်လိုက်သလဲဆိုတော့ မျက်စိကို အနားပေး၊ မှေးလျက် ညအိပ်ရာဝင်… ပြီးတဲ့အခါကျတော့မှ ထိုစဉ် လှော်ခတ်သူလည်း တစ်ယောက် မပါဆိုတဲ့အခါကျတော့ အဲ့အခါကျတော့ လှော်စရာမှ မလိုတော့တာကို… သူ့အလိုလိုသာပင်… လှေကြီးတစ်စင်း ကမ်းသို့ဆိုက်ကာဝင်… ကမ်းကို ဆိုက်လာတာ။ အဲဒီ့မှာ အစုံသော နှလုံးသား အချစ်မြားစူးတဲ့အသွင်… စဉ်းစားကြည့်လိုက်တော့ ကျွန်တော်ပြောပြလိုက်ရင် အရသာ ပျက်သွားလိမ့်မယ်။ တော်တော်လေးကို တော်တော် လေးတယ်ပေါ့ဗျာ။ အင်မတန် တော်ပါပေတယ်။ အင်မတန် နူးညံသိမ်မွေ့လှပစွာနဲ့ ကျွန်တော် ရေးခဲ့သလို သားငယ်တို့ နားလည်ဖို့လို၊ မီးငယ်တို့ အသိကြွယ်ဖို့လို အကြောင်းအရာ မျိုးကို နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေး ရေးသွားတာပါလားလို့ ကျွန်တော် ခံစားမိတာပါ။

နောက်ထပ်တစ်ပုဒ်က စိုင်းထီးဆိုင်ကို ရွေးချင်ပါတယ်။ စိုင်းထီးဆိုင်ကတော့ ကျွန်တော်တို့ လူပျိုပေါက်တဲ့အချိန်မှာ ပူထီးက အောင်မြင်နေတဲ့ အချိန်ပေါ့။ ပူထီး အောင်မြင်နေတဲ့ အချိန်ဆိုတော့ သူ့သီချင်းလေးတွေက ကျွန်တော်တို့နဲ့… ကျွန်တော်တို့ ဂစ်တာတီးတတ်ခါစ အချိန်မှာ သူ့သီချင်းတွေထဲက မောင်မနေတတ်ဘူးတို့၊ အဲ့လိုသီချင်းလေးတွေက ဂစ်တာတီးလို့ရှိရင် သူ့သီချင်းလေးတွေက အလွန် ဆိုလို့ကောင်းခဲ့တာကို။ အလွန် ဆိုလို့ ကောင်းခဲ့တဲ့ အခါကျတော့ ပူထီးလည်းကြိုက်တဲ့ အထဲမှာ ပါတာပေါ့။ သူ့အသံလေးက လွမ်းစရာလေး။ ပူထီး အသံကို တော်တော် သဘော ကျခဲ့တဲ့အတွက်ကြောင့် သူ့သီချင်းတစ်ပုဒ် ရွေးချင်ပါတယ်။ ပူထီးသီချင်းတွေ အများကြီး။ အားလုံးလိုလိုကို ကြိုက်တယ်။ သည်ထဲကမှ ရွေးချင်တာကတော့ ငွေတောင်တန်းဆီသို့ သီချင်းတစ်ပုဒ်ပါပဲ။

ဆရာ သည်သီချင်းကိုရော ဘာကြောင့် ရွေးပေးတာလဲ။

ဆရာက ကယားပြည်နယ်မှာ လူလားမြောက်ခဲ့ရပါတယ်။ မွေးတာက မန္တလေးမှာ မွေးတာ။ ဒါပေမယ့် လူလားမြောက်တော့ ကယားပြည်နယ်။ တောင်ကြီးမှာ နေခဲ့ရတယ်။ နောက် ကြီးလာတဲ့အခါမှာလည်း သည်ရှမ်းတွေနဲ့က… ကံကောင်းလို့ ရှမ်းမနဲ့ မညားတာလို့ ပြောရမယ်။ ဒါမှမဟုတ် ကံဆိုးလို့ ရှမ်းမနဲ့ မညားတာလားလို့ ပြောရမလား မသိဘူး။ ရှမ်းတွေနဲ့ အတော် ရင်းရင်းနှီးနှီး နေပါတယ်။ မန်တာခမ်းဆိုတဲ့ ဆရာ့ရဲ့ ကလောင်ခွဲ တစ်ခုက ရှမ်းနာမည်ပါ။ ရွှေမျက်မှန်လို့ အဓိပ္ပါယ်ရပါတယ်။ မန်တာ ဆိုတာက မျက်မှန်။ ခမ်းဆိုတာက ရွှေပေါ့။ အဲ့တော့ မန်တာခမ်းဆိုတာက ရှမ်းနာမည်ပါ။ အဲ့လောက်ထိ ဆရာက ရှမ်းကို စွဲလန်းပါတယ်။ ရှမ်းလူမျိုးလည်း အင်မတန် ချစ်ပါတယ်။ အဲဒီအခါကျတော့ သည်သီချင်းလေးကို ရှမ်းခံစားချက်နဲ့ ရွေးလိုက်တာပါ။ ငွေတောင်တန်းကို သက်သေထားပြီးတော့ ပြောနေတဲ့ စကားတွေလို့ ဆရာ နားလည်တဲ့အတွက်ကြောင့် ရွေးလိုက်တာပါ။

သားငယ်တို့ နားလည်ဖို့၊ မီးငယ်တို့ အသိကြွယ်ဖို့ ဆိုတဲ့စာအုပ်တွေ ရေးတုန်းကဆိုရင် အဲ့လိုမျိုး အယူအဆတွေကို မြန်မာပြည်က လူတွေ တော်တော်များများက လက်မခံနိုင်ကြဘူး။

သိပ်မှန်တာပေါ့။

အဲ့ဒါကို ဆရာ ဘယ်လိုမျိုး စိတ်ကူး ရပြီးတော့ ရေးဖြစ်သွားတာပါလဲ။

ဘယ်လို စိတ်ကူးနဲ့လဲဆိုတော့ အမှန်မှာတော့ အဲ့ဒီစာအုပ်ထဲမှာတောင် ရေးဖူးတယ်နဲ့ တူတယ်။ ပါတယ်နဲ့ တူပါတယ်။ Save the Children ကနေပြီးတော့ ဆရာဝန်တစ်ယောက်က ဆရာ့ဆီကို ရောက်လာတယ်။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့။ သည် လူပျိုပေါက်၊ အပျိုပေါက်များအတွက် ပညာပေးစာအုပ်တွေ ရေးပေးပါဆိုပြီးတော့ ဆရာ့ကို လာတောင်းဆိုတာပါ။ အဲဒီ့အခါမှာ ဒါဟာ လိုအပ်ချက် တစ်ခုပါလားဆိုတာကို သိသွားတယ်။ သိသွားတဲ့အခါမှာ ဆရာ ရေးတော့မယ်ဆိုပြီးတော့ ရေးလိုက်တာပါ။ ဘယ်သူ ဘာပြောပြော အရေးကြီးတာကလေ လောကကြီးမှာ ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုပေါ့။ လုပ်သင့် လုပ်ထိုက်တယ်လို့ ယူဆတဲ့ အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ ဘယ်သူ ဘာပြောပြောဆိုတဲ့စိတ်ကို မွေးနိုင်ဖို့ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ဆရာတို့က ဗုဒ္ဓဘာသာတွေ ဖြစ်တယ်။ ဗုဒ္ဓဘာသာတွေ ဖြစ်တဲ့အခါမှာ ဘုရားကိုပဲ စံနမူနာ ယူတယ်။ ဘုရားက ဘာလဲ။ ဘုရား လက်ထက်တုန်းကလည်း အတိုက်အခံတွေ အများကြီးပဲ။ ဘုရားကို ပြောခဲ့ကြတဲ့ လူတွေ အများကြီးပဲ။ ဘုရားက ဘယ်သူ့ကို အောင်လိုက်မယ်ဟဲ့၊ နိုင်လိုက်မယ်ဟဲ့ ဆိုပြီး တစ်ခါမှ မတွေးဖူးဘူး။ ဘုရားအလောင်းတော်ဟာ သူယုံကြည်တဲ့ လမ်းကြောင်းအတိုင်းပဲ ဖြောင့်ဖြောင့် မှန်မှန် လျှောက်သွားခဲ့တယ်။ အဲ့တော့ ဘုရားအဆုံးအမကို ခံယူတဲ့လူတစ်ယောက်အနေနဲ့ အဲ့ဒီနည်းကိုပဲ ခံယူပြီးတော့ ဆရာ ယုံကြည်တဲ့ လမ်းကြောင်းကို ရဲရဲတင်းတင်းပဲ လျှောက်သွားလိုက်တော့တယ်။ ကျန်တာတော့ ဆရာ ဘာမှ ထည့်မစဉ်းစားတော့ဘူး။ ငါလုပ်တဲ့ စေတနာမှန်ရင် အကျိုးပေးမှာ၊ ငါလုပ်တာ မှားနေလို့ရှိရင် သွားမှာပဲ။ ပရိသတ်က ဆုံးဖြတ်လိမ့်မယ်ဆိုတဲ့ စိတ်နဲ့ ဆက်ရေးတာပါ။

ဟုတ်ကဲ့ပါဆရာ။ အဲ့ဒါဆိုရင် သီချင်းလေးတွေဘက် ပြန်ပြီးတော့ လှည့်လိုက်ချင်ပါတယ်။ ဆရာ ဘယ်သီချင်းလေးများ ထပ်ပြီးတော့ ရွေးပေးဦးမလဲ။

သည်တစ်ခါတော့ အပြောင်းအလဲလေး ဖြစ်သွားအောင် အင်္ဂလိပ် သီချင်းတစ်ပုဒ် ရွေးပါဦးမယ်။ ဒါပေမယ့် အပြောင်းအလဲ မဖြစ်တာက ဘာလဲဆိုရင် ဆရာနဲ့အသံ tone ချင်းတူတဲ့သူတွေပဲ ဆရာ ရွေးနေတာပါ။ ခုနတုန်းက ၀င်းဦးလည်း အသံ tone ချင်းတူတယ်။ ကိုအံကြီးလည်း တူတယ်။ အဲ့တော့ နောက်တစ်ယောက်ကတော့ အင်္ဂလိပ်ထဲက Engelbert Humperdinck သူ့အသံကတော့ ဆရာ အတော်ကြိုက်ခဲ့တာပါ။ အဲ့ဒီတစ်ခေတ် ရှိပါတယ်။ ဟို Engelbert အသံမျိုးနဲ့ ဆိုကြတဲ့ပုဂ္ဂိုလ်တွေ၊ အမေတစ်ခု သားတစ်ခု ဆိုသွားတဲ့ ပုဂ္ဂိုလ်ကြီးတို့၊ ဒါမှမဟုတ် Playboy သန်းနိုင်ရဲ့ အစ်ကို ကိုစိန်လွင်လို၊ အဲ့လိုပုဂ္ဂိုလ်မျိုးတွေက Engelbert သီချင်းတွေ ဆိုတာ များတယ်လေ။ အဲ့တော့ Engelbert ကိုလည်း ဆရာ အတော် ကြိုက်ပါတယ်။ ဘယ်သီချင်း ကြိုက်လဲလို့ မေးရင်တော့ ဖြေရ အတော် ခက်ပါတယ်။ သူက Elvis Presley နဲ့ ခေတ်ပြိုင်ဖြစ်ပြီးတော့ Elvis Presley ကို King of Rock လို့ခေါ်တယ်လေ။ သူကကျတော့ King of Romance လို့ အခေါ်ခံခဲ့ရတဲ့ ပုဂ္ဂိုလ်ပါ။ သူက ဗြိတိသျှလူမျိုး အဆိုတော်ပါ။ အဲ့တော့ Engelbert က သူရဲ့ပထမဦးဆုံး အဲ့သီချင်းတစ်ပုဒ်ထဲနဲ့ Engelbert ရယ်လို့ဖြစ်လာတဲ့သီချင်းလေးကို ရွေးပေးလိုက်ပါ့မယ်။ Release Me ပေါ့။

သည်သီချင်းလေးက အဓိပ္ပါယ်လေးက တစ်မျိုးလေးပဲ။ ဆရာ ဘာဖြစ်လို့ ကြိုက်တာလဲ။

မျက်နှာများတဲ့လူမို့လို့ ကြိုက်တာလို့ ပြောရင် ကောင်းမယ်နဲ့ တူတယ်။ Release Me ဆိုတာ တစ်ခါတလေကျရင် အဲ့ဒါခံစားဖူးမှာပါ။ နောက် တစ်ယောက်ကို ချစ်လာတဲ့အချိန်မှာ သည်တစ်ယောက်ကို အားနာလာတာ။ အားနာနာနဲ့ ပြောတာ၊ ငါ့ကို လွှတ်လိုက်ပါတော့၊ ငါ သွားပါရစေတော့…

For I don’t love you anymore ဆိုတဲ့ စာသားလေးပေါ့…

ဟုတ်တယ်လေ။ Please release me, let me go. For I don’t love you anymore. ငါ နင့်ကို ဘယ်လိုမှ မချစ်နိုင်တော့ဘူး။ သွားခွင့် ပေးပါတော့ကွယ် ဆိုတာလေးက အတော်မိုက်တာ။ ချိုချိုသာသာလေး ပြောနေတာ။ တောင်းပန်ပြီးတော့ ပြေးထွက်သွားတာ။

အရမ်း ကောင်းတယ်ဆရာ စိတ်မဆိုးဘူးဆိုရင်လေ… ဘယ်နှစ်ယောက်လောက်ကိုများ please release me ဆိုတဲ့သီချင်းလေးကို ဆိုပြခဲ့ဖူးလဲ။

ဆိုတော့ မပြခဲ့ဘူး။ ဒါပေမယ့် ဘယ်နှစ်ယောက်လဲဆိုတာကို မရေနိုင်ဘူး ဖြစ်သွားပါတယ်။ အဲ့ဒါက မကြာခင် ဆရာ စာအုပ်တစ်အုပ် ထုတ်ဖို့ ကြိုးစားနေပါတယ်။ ချစ်သူ့ရင်ခွင် ရှာပုံတော်ဆိုပြီးတော့ ဆရာ ၁၃နှစ်သားလောက်ကနေ စပြီးတော့ ဆရာ အသက် ၄၃ နှစ်ပေါ့။ နှစ် ၃၀ ကာလ အတွင်းမှာ ဖြတ်သန်းခဲ့သမျှ ဆရာနဲ့ ပတ်သက်ခဲ့ဖူးသမျှ အမျိုးသမီးတွေရဲ့အကြောင်းကို ဆရာ ရေးပြမယ်။ ရေးလည်း ရေးပြဖူးတယ်။ အဲ့ဒါ သရဖူမှာ ပါဖူးတယ်။ အဲ့ဒါကို ပြန်ပြီး ပေါင်းပြီး ထုတ်ဖို့ စီစဉ်နေပါတယ်။ ဘယ်တော့ ထွက်မလဲ မပြောနိုင်ဘူးပေါ့နော်။

ဘာကြောင့်များ အဲ့လို ပွင့်ပွင့်လင်းလင်း ရေးဖို့ စိတ်ကူး ရခဲ့တာလဲ။

အဲ့ဒါလည်း ကျွန်တော် ဂျာနယ်မှာ ဖြေပြီးပါပြီ။ ကျွန်တော်တို့ လူ့ဘောင်ကြီးက အလိမ်အညာ အဖုံးအဖိတွေနဲ့  ပြည့်နှက်နေတဲ့ လူ့ဘောင်ကြီးပါ။ အဲ့ဒီလူ့ဘောင်ကြီးကို  ပြုပြင်ချင်ပါတယ်။ လိမ်ညာဖုံးဖိခြင်းဟာ ကျွန်တော်တို့ကို ဒုက္ခအများကြီး ပေးတယ်လေ။ အဲ့တော့ သူများကို ပြင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင်ပြင်ပေါ့။ အဲ့တော့ ကျွန်တော်ကိုယ်ကျွန်တော် အရင် ပြင်ပြတယ်။ ရှေ့က လျှောက်ပြတယ်။ မကွယ်မ၀ှက်ဘဲ အားလုံးကို ပြောပြတယ်။ ကောင်းတယ် ထင်ရင် အားလုံးက လိုက်လာကြပေါ့။ မကောင်းဘူး ထင်ရင်လည်း မလိုက်လာကြနဲ့ပေါ့။ ဒါပါပဲ။ ကျွန်တော် သူများကို မပြင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် အရင်ပြင်တဲ့ အနေနဲ့ လိမ်ညာဖုံးဖိမှုကြီးကို ကျွန်တော် လုံးဝကို ဝေးစွာရှောင်ကြဉ်တော့တာ…

Release Me သီချင်လေး ပြီးသွားတော့ရော ဆရာ…

အဲ့ဒါပြီးရင်တော့ ခုနက King of the Rock ရောက်လာပြီပေါ့။

ဟုတ်ကဲ့ပါ ဆရာ။ Elvis သီချင်းလေးပေါ့။

Elvis ကိုလည်း ၀င်းဦးကို စွဲလန်းသလိုမျိုး စွဲလန်းခဲ့တာပေါ့။ သီချင်းတွေလည်း အများကြီး ကြိုက်ပါတယ်။ အများကြီး ကြိုက်တဲ့အထဲမှာ မကြိုက်တဲ့ သီချင်း မရှိသလောက်ပဲပေါ့။ ဒါပေမယ့် ဆရာက အခုသီချင်းတွေ ရွေးသွားတာ ခံစားချက်ဘက် သီချင်းကို ဦးစားပေး ရွေးတာ များပါတယ်။ တကယ့် တကယ် ဆရာ ကြိုက်တဲ့ Music အမျိုးအစား ပြောပါဆိုရင်တော့ အကုန်လုံးကို ကြိုက်တယ်။ ဒါပေမယ့် ကိုယ်ဆိုလို့ ကောင်းတဲ့ သီချင်းတွေကို ပိုပြီးတော့ ရွေးဖြစ်တာပေါ့။ အဲ့တော့ Welcome to My World ဆိုတဲ့ Elvis ရဲ့သီချင်းလေးကို ရွေးပါ့မယ်။

ဟုတ်ကဲ့။ ဆရာ သည်သီချင်းလေးကိုကရော ဘာဖြစ်လို့ ရွေးပေးတာလဲ မသိဘူး။

အဲ့ဒါကတော့ ခုနက Release me ပြီးတဲ့အခါကျတော့ သူက အဆက်အစပ်ကလေး ရှိတယ်။ တစ်ယောက်ကို release လုပ်ခိုင်းပြီးတဲ့ အခါကျတော့ နောက်တစ်ယောက်ကို လာပါ ဆိုပြီးတော့ ဖိတ်တာလေ။ နောက်ပြီးတော့ သူက အကြောကြီးနဲ့ ဖိတ်တဲ့ သီချင်းလေ။ လာခဲ့… သူကတော့ မသွားဘူး။ လာခဲ့၊ လာ၊ လာ။ လာပြီးတဲ့အခါကျတော့ တံခါး ခေါက်လိုက်၊ တံခါး ခေါက်လိုက်လို့ရှိရင် ကိုယ့် အသည်းနှလုံး တံခါးက ပွင့်သွားမှာ… ဟုတ်ပြီလား။ မင်း ရှာလိုက်၊ ရှာလို့ ရှိရင် မင်းတွေ့လိမ့်မယ်။ Knock and the door shall be open. Seek and you will find. Ask and you will be given. မင်းတောင်းလိုက်၊ တောင်းရင်ပေးမှာ။ ဘာလဲဆိုလို့ရှိရင် ငါ့အသည်းနှလုံးဆီကို သွားတဲ့သော့လေးကို မင်းကို ပေးလိုက်မှာ။ အကြောကြီးနဲ့ ပြောရတာဆိုတော့ ဆရာ… နည်းနည်း ယောက်ျားမာန ဘာညာ ဘာညာပေါ့။ ဆရာ ခုနက ပြောသလို ခေါ်လိုက်တာပေါ့။ အဲ့ဒါကြောင့်မို့လို့ ကြိုက်တာပါ။

သီချင်းတွေအကြောင်းကို ဆက်မမေးခင် ဆရာ့ကို မေးခွန်းလေးတွေ နည်းနည်းလောက် မေးချင်ပါသေးတယ်။

မေးပါဗျာ၊ မေးပါ။

ဆရာ ရေးတဲ့ စာအုပ် အတော်များများကလေ မိဘနဲ့ သားသမီးကြားမှာ မပြောဖြစ်တဲ့ ကိစ္စ အတော်များများကို ပွင့်ပွင့်လင်းလင်း ဖြစ်အောင် ရေးထားပေးတယ်ပေါ့နော်။ မိဘ အတော်များများက မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ သားသမီးတွေကို ပြောဖို့အတွက် သိပ်ပြီးတော့ နှုတ်မရဲကြဘူး။ သမီးတို့တစ်တွေဆိုရင်လည်း ဆရာ့စာအုပ်တွေ ဖတ်ပြီးတော့မှ သည်အကြောင်းတွေကို သိလာရတာပါဆရာ။ အဲ့ဒီတော့ မိဘနဲ့ သားသမီးကြားမှာ သည်လိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ရှိဖို့အတွက် ဆရာက လမ်းညွှန်ပြသပေးတဲ့ စာအုပ်တွေ ရေးတယ်ဆိုတော့ ဆရာနဲ့ ဆရာ့သားသမီးတွေကြားထဲက ဆက်ဆံရေးကိုလည်း သိချင်ပါတယ်။

ဆရာ့သားနဲ့ သမီးနဲ့ ဆရာနဲ့ ဆက်ဆံရေးဆိုတဲ့နေရာမှာ ဆရာက ဆက်ဆံရေးတိုင်းလို့ပဲ ပြောချင်ပါတယ်။ ခုနက ဆရာ ပြောခဲ့ပါတယ်။ Transparency အတွင်းသိ အစင်းသိ ဖြစ်ဖို့ အရေးကြီးတယ်။ အဲ့တော့ ကလေးတွေ ငယ်ငယ်လေးကတည်းက ဆရာ လေ့ကျင့်ပျိုးထောင် ပေးတာ နှစ်ခု ရှိတယ်။ ပထမတစ်ခုက၊ သူတို့ စကားမတတ်ခင် အရွယ်ကတည်းက ပျိုးထောင်ခဲ့တာက စာဖတ်ဖို့။ စာအုပ်သည် ချစ်စရာ၊ စာအုပ်သည် အဖော်၊ စာအုပ်သည် သူငယ်ချင်း၊ စာအုပ်ကို ကြောက်မသွားအောင် သူတို့ကို ငယ်ငယ်လေးကတည်းက လုပ်ပေးထားခဲ့တယ်။ အဲ့ဒါ ဆရာ သင်တာ တစ်ခုပါ။ ဒုတိယ အရေးကြီးဆုံး တစ်ချက်က ဘာလဲဆိုရင် သူတို့ကို စည်းကမ်း တစ်ခုပဲ ချမှတ်ထားပါတယ်။ မလိမ်ရဘူး ဆိုတဲ့ စည်းကမ်းပါ။ မှားတာကို ကြိုက်သလောက် မှားလာခဲ့၊ မှားတာ အားလုံးကို ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့် လိမ်တာကိုတော့ လုံးဝ ခွင့်မလွှတ်ဘူး။ ဖုံးဖိထားတာကိုလည်း လုံးဝ ခွင့်မလွှတ်ဘူးလို့ ပြောပါတယ်။ အဲဒီ့အခါမှာ မိဘတွေ မှားတတ်တဲ့ အမှားက (ဆရာလည်း မှားဖူးပါတယ်) ကလေးကို မလိမ်နဲ့လို့သာ သင်တာ၊ ဒါပေမယ့် ဟဲ့… နင့်အဖေ မသိစေနဲ့ဆိုတာမျိုး သွားပြောလို့ ရှိရင် words နဲ့ action လွဲနေတာပေါ့။ အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်နေခဲ့ရင် ကလေးက အလုပ်ကိုပဲ ယူတယ်။ အပြောကို ယူမှာ မဟုတ်ဘူး။ ထိုနည်းလည်းကောင်းပဲ အိမ်ကို ဖုန်းဆက်တဲ့အခါမှာ ဘယ်သူ ဖုန်းဆက်ရင်တော့ မရှိဘူးလို့ ပြောလိုက် သားရယ် ဆိုပြီးတော့ ပြောထားရင် ဒါဟာ ကလေးကို အလိမ် သင်တာပါပဲ။ ပါးစပ်က မလိမ်နဲ့လို့ ပြောရင်း အလိမ် သင်သလို ဖြစ်သွားတယ်။ အဲ့တော့ ကလေးက ရှုပ်ထွေးသွားလိမ့်မယ်။ ဒါကြောင့် အဲ့လို မလိမ်မိအောင် ကျွန်တော် ကြိုးစားခဲ့တယ်။ ကျွန်တော်နဲ့ ပတ်သက်လို့လည်း အကုန်လုံးကို ပြောပြတယ်။ သူတို့ မေးရင်လည်း အကုန်လုံးကို ပွင့်ပွင့်လင်းလင်းဖြေတယ်။ နောက်တစ်ခုက ခုနက သည် မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်လို့ဆိုရင်လည်း သမီးဆိုရင် သိသင့် သိထိုက်တဲ့ အရွယ်၊ သားဆိုရင်လည်း သိသင့် သိထိုက်တဲ့ အရွယ်၊ တချို့က ဘယ်အချိန်ကျမှ သိသင့်သလဲ ဆိုတဲ့ ပြဿနာ ရှိတယ်။ ကိုယ်ခန္ဓာ စတင် ပြောင်းလဲတဲ့ အရွယ်ဟာ ပြောဖို့ အကောင်းဆုံး အရွယ်ပဲပေါ့။ အဲ့တော့ ကိုယ်ခန္ဓာမှာ ဘာ အပြောင်းအလဲတွေ ပေါ်လာလဲ။ ပေါ်လာတဲ့ အချိန်မှာ ကျွန်တော်ပြောတယ်။ အထူးသဖြင့် မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်လို့ ဆိုရိုးတစ်ခု ရှိပါတယ်။ ဘယ်တော့ ပြောရမလဲ ဆိုတဲ့အခါမှာ နောက်ကျသွားတယ် ဆိုတာသာ ရှိပါတယ်။ စောတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူးတဲ့။ ကလေးတွေဟာ လွယ်လွယ်ကူကူ ပြောရင် လေး ငါး ခြောက်နှစ် စကားတတ်တဲ့ အရွယ်က စပြီး စိတ်ဝင်စားလာပါပြီ။ လွယ်လွယ် ကူကူ ပြောမယ်ဗျာ မေမေ… မေမေ့ဗိုက်ထဲက ကလေးလေး ဘယ်လိုဖြစ်လာတာလဲဟင်လို့ မေးရင် နားလည်လောက်တဲ့ ရိုးစင်းတဲ့ စကားလုံးနဲ့ အမှန်အတိုင်း ပြောပြဖို့ လိုပါတယ်။ တစ်တစ်ခွခွကြီး ပြောပြဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီကနေ စပြီး ကျွန်တော်တို့က information အမှန် ပေးသွားမယ်ဆိုရင် ကလေးတွေ မဖြစ်သင့်တာ မဖြစ်ဘူးပေါ့။ ကျွန်တော်ကတော့ သည်လိုပဲ ယုံပါတယ်။ ကျွန်တော့်သားတွေ သမီးတွေလည်း လူပျိုပေါက်၊ အပျိုပေါက်တွေ ဖြစ်နေကြပါပြီး သူတို့ ၀ါးလုံးနင်းမိ၊ ၀ါးခြမ်းနင်းမိတွေ မဖြစ်ပါဘူး။ ထိုနည်းလည်းကောင်းပဲ ကျွန်တော့်သားဆိုရင် ကျွန်တော်နဲ့ ပိုပြီးတော့ရင်းနှီးတယ်ပေါ့။ ရင်းနှီးတဲ့အခါကတော့ သားဆိုရင်သူနဲ့ရွယ်တူတွေလုပ်နေတဲ့အလုပ်တွေဆိုရင် မလုပ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က အကုန်လုံး သူ့ကို လမ်းဖွင့်ပေးထားလို့ပါ။ ကျွန်တော် ဆိုလိုတာက လူဆိုတာက တားထားရင် အရမ်းလုပ်ချင်တာ။ မတားဘူး၊ လုပ်ဆိုရင် သူသူကိုယ်ကိုယ် သည်လောက်ကြီး မဖြစ်တော့ဘူးပေါ့။ အဲ့ဒီနည်းကိုပဲ ကျွန်တော် ကျင့်သုံးပါတယ်။ ဒါ ကျွန်တော်နဲ့ သားနဲ့သမီးကြားမှာ transparency ဖြစ်နေအောင်၊ အတွင်းသိ အစင်းသိ ဖြစ်နေအောင် အမြဲတမ်း ကြိုးစားထားပါတယ်။

နောက်ထပ်တစ်ခုလည်း ထပ်ပြီးတော့ မေးချင်ပါသေးတယ်။ ဆရာ လူမှုရေးနဲ့ ပတ်သက်ပြီး consulting တွေလည်း လုပ်သေးတယ် ဆိုတော့လေ၊ ဘယ်လို လူမျိုးတွေက ဆရာ့ဆီမှာ လာပြီး ဆွေးနွေးဖို့အတွက် ဖုန်းဆက်ကြလဲ မသိဘူး။

ဘယ်လို လူမျိုးတွေလဲ ဆိုတာတော့ ပြောရ ခက်ပါတယ်။ ဘုံထုတ်ပြီး ပြောရရင်တော့ စိတ်ဆင်းရဲတဲ့ လူတွေက လုပ်ကြတယ်ပေါ့။ အိမ်ထောင်ရှင် အမျိုးသမီးတွေ တော်တော် လာကြပါတယ်။ အခုနောက်ပိုင်း သားငယ်တို့ နားလည်ဖို့တို့၊ မီးငယ်တို့ အသိကြွယ်ဖို့တို့ ရေးပြီးတဲ့ အခါမှာတော့ လူငယ်လေးတွေလည်း လာကြပြီ။ နောက်ယောင်္ကျားလေးတွေ အတော်များများ လာကြပြီ၊ သူတို့ရဲ့ကိုယ်ခန္ဓာနဲ့ ပတ်သက်လို့၊ သူတို့ရဲ့ ကြောင့်ကြမှုတွေနဲ့ ပတ်သက်လို့ မေးရကောင်းမှန်း သိလာပါပြီ။ ဆရာစာအုပ်တစ်အုပ်မှာလည်း ရေးဖူးပါတယ်။ မထွက်သေးတဲ့ စာအုပ်တစ်အုပ် မှာပေါ့။ မကြာခင်မှာ ထွက်ပါ့မယ်။ ယောက်ျားသားချင်း ပွင့်ပွင့်လင်း ဆိုတဲ့ စာအုပ်တစ်အုပ် ထွက်ပါ့မယ်။ အဲ့စာအုပ်မှာက ဘာလဲဆိုတော့ ယောက်ျားလေးတွေ အနယ်နယ် အရပ်ရပ်ကနေ ဆရာ့ဆီ စာ လှမ်းရေးကြတဲ့ ကိစ္စတွေ အားလုံးကို ပြန်ဖြေထားတာပါ။ အဲ့တော့ အဲဒီ့ စာအုပ် နိဒါန်းမှာ ရေးဖူးတယ်။ ဆရာ့ဘ၀မှာ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေနဲ့ ပတ်သက်လို့ နောင်တရစရာတွေ အများကြီးပါပဲ။ နောင်တရခဲ့တာတွေလည်း တစ်ပုံကြီးပါပဲ။ ဒါပေမယ့် ကိုယ်လုပ်ခဲ့တဲ့ အလုပ်နဲ့ ပတ်သက်လို့ ကြည်းနူးမိတာ၊ ဂုဏ်ယူမိတာ ဆိုလို့ရှိရင် သားငယ်တို့ နားလည်ဖို့၊ မီးငယ်တို့ အသိကြွယ်ဖို့၊ အခု ယောက်ျားသားချင်း ပွင့်ပွင့်လင်း ဆိုတဲ့ဟာမျိုး ရေးဖြစ်တဲ့အတွက်ကြောင့် အင်မတန်ကို ကြည်နူးမိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘယ်တော့မှ စာဖတ်ဖို့ စိတ်မကူးတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ဖြစ်လာတဲ့အခါမှာ ဖတ်ကြတယ်။ စာဖတ်ဖြစ်တဲ့ အတွက်ကြောင့်၊ စာဖတ်ပြီးတော့ သူတို့မှာ မေးစရာ၊ ပြောစရာ လူတစ်ယောက် ရှိလာတယ်ဆိုတာ သိလာတဲ့အတွက်ကြောင့် အင်မတန်ကို ၀မ်းသာပြီးတော့ ကြည်နူးပါတယ်။ မရည်ရွယ်ဘဲနဲ့ ဖြစ်သွားတဲ့ ဟာလေး တစ်ခုပေါ့။ ဒါတော့ ပြောသင့် ပြောထိုက်လို့ ပြောတာပေါ့။ ဒါပေမယ့် မရည်ရွယ်ဘဲ၊ ပြောလိုက်တာလေးရဲ့ နောက်ဆက်တွဲက ရလဒ်ကောင်းလေး ဖြစ်နေတဲ့အတွက် ၀မ်းသာမိတယ်။

ဟုတ်ကဲ့ပါ။ ဒါဆိုရင် သီချင်းလေးတွေဘက်ကို ပြန်ပြီးတော့လှည့်လိုက်ရအောင်နော်။ ဆရာ ဘယ်သီချင်လေးများ ထပ်ရွေးပေးအုံးမလဲ မသိဘူး။

နောက်ထပ် သီချင်းတစ်ပုဒ် ရွေးဆိုရင်တော့ ဆရာ့အသံနဲ့ သီချင်းတစ်ပုဒ်ကို ရွေးချင်ပါတယ်။ အမှန်မှာတော့ ဆရာ့အသံနဲ့ သီချင်းဖြစ်ပေမယ့် ဆရာ့ သီချင်း မဟုတ်ပါဘူး။ ဆရာ စန္ဒရား ချစ်ဆွေရဲ့ အင်မတန် ကျော်ကြားတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ အဲဒီ့ သီချင်းလေးကို ဆရာ ရွေးချင်ပါတယ်။ ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ…

ဆရာ သည်သီချင်လေးကို ရွေးပေးတယ် ဆိုတော့ အဓိပ္ပာယ်တော့ ရှိလိမ့်မယ်နဲ့ တူတယ် ဆရာ…

တစ်ပိဿာ ရှိပါတယ်။ တစ်ပိဿာ ရှိတယ်ဆိုတာက ဘာလဲဆိုရင် ပထမဦးဆုံးက အဲ့ဒီဟာက ဘယ်လိုဖြစ်လဲ ဆိုတော့ အဲဒီ့ သီချင်း ရာဇ၀င်လေး ရှည်ရှည် ဝေးဝေး ပြောလိုက်အုံးမယ်။ ပထမအကြိမ်စာနယ်ဇင်း အဆိုပြိုင်ပွဲမှာ ပထမဆု ရခဲ့ပါတယ်။ ရခဲ့တဲ့ သီချင်းက စန္ဒရားလှထွတ်ရဲ့ ချစ်တဲ့သူငယ်လေ ဆိုတဲ့ သီချင်းလေးနဲ့ပါ။ အဲဒီ့ သီချင်းနဲ့ ရခဲ့ပြီးနောက် စန္ဒရားချစ်ဆွေရဲ့ အသက် ခုနှစ်ဆယ်ပြည့် မွေးနေ့မှာ စာရေး ဆရာတွေ ချည်းပဲ သီချင်းဆိုကြမယ်ဆိုတော့ ဆရာ့ကို လှမ်းခေါ်တယ်။ အဲ့ဒီ စာနယ်ဇင်းဆရာတွေက လှမ်းခေါ်တဲ့ အခါကျတော့ သီချင်းတိုက်ဖို့ သွားတဲ့အချိန်မှာ ရွေးစရာ သီချင်း ဘာမှ မကျန်တော့ဘူး။ ကျန်တဲ့ သီချင်းတွေက မိန်းမဆိုတဲ့ သီချင်းတွေ ဖြစ်နေတော့ ဆရာက မဆိုတော့ဘူးပေါ့။ ရွေးစရာ သီချင်း ကုန်နေပြီလို့ ဆရာက ပြောလိုက်မိတော့ အဲ့ဒီအချိန်မှာ ဆရာ မောင်ဟေမာဆိုတဲ့ အလင်္ကာ ၀တ်ရည် ဦးမောင်မောင်အေး ကနေ ပြီးတော့ သူ ရွေးထားတဲ့ သီချင်းတွေထဲက တစ်ပုဒ် ကျန်ပါသေးတယ်။ အဲ့ဒါ ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာပါ ဆိုတော့ အဲဒီ့ သီချင်းကို နားထောင် ကြည့်တော့ ဆရာ ယဉ်ပါးနေတဲ့ သီချင်းလည်း ဖြစ်တယ် ဆိုပြီးတော့ အဲ့သီချင်းကို ဆိုဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရင် ဆရာ စွဲစွဲလမ်းလမ်း နှစ်နှစ်သက်သက် နားထောင်ခဲ့တဲ့ထဲမှာ ဆရာ စန္ဒရား ချစ်ဆွေရဲ့သီချင်းက နည်းပါတယ်။ နည်းတဲ့အခါကျတော့ ဆရာ စန္ဒရား ချစ်ဆွေရဲ့သီချင်းတွေကို သိပ် မသိဘူးပေါ့။ ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာကိုလည်း ဆရာ မဆိုခင်အထိ သိပ် စွဲစွဲလန်းလန်း မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဆိုလိုက်တဲ့အခါကျတော့ အသက်ကလည်း ကြီးလာလို့လား မသိဘူး။ ငယ်ချစ်ဟောင်းကို နည်းနည်း လွမ်းနေတဲ့ အချိန်နဲ့များ သွား တိုက်ဆိုင်လာ့း မသိတော့ အဲ့အချိန်မှာ သည်သီချင်းလေးက အင်မတန်ကို ဆိုလို့ ကောင်းတာပေါ့။ စိတ်ကူးယဉ်တတ်တဲ့ အရွယ်ကတည်းက သူနဲ့ ကျွန်တော် နှလုံးသားချင်း ခင်တွယ်လာကြတယ်။ နည်းနည်း ပြန်ခံစားလို့ ရတဲ့အခါကျတော့ အဲ့ဒီသီချင်လေးကို ဆရာ ရွေးလိုက်တာပါ။

ဟုတ်ကဲ့ပါဆရာ။ လူအတော်များများကလေ ကိုယ်နဲ့ တိုက်ဆိုင်မှုရှိရင် သီချင်းတွေကို ပိုပြီးတော့ ကြိုက်ကြတယ်နော်။

ကျွန်တော်ပြောပြီးသား ကျွန်တော်က sentimental ပေါ့။ ဒါကတော့ လူတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ်နဲ့ တိုက်ဆိုင်တဲ့အချိန်မှာလေ ဘယ်အရာပဲ ဖြစ်ဖြစ် မိမိနဲ့ တိုက်ဆိုင်သွားတဲ့အခါမှာ အဲ့ဒါကို စွဲလန်း နှစ်သက်တတ်ပါတယ်။ ကျွန်တော် တစ်ယောက်တည်း ဟုတ်ဟန်မတူပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်တစ်ကိုယ်လုံးမှာက အသည်းက နုတယ်လေ။ ဘာလို့လဲဆိုတော့ သူများတွေက အသည်း မာသွားတယ်။ ဒါပေမယ့် ကျွန်တော်က ခဏခဏ အသည်းကွဲတဲ့အခါကျတော့ အသားနုပဲ တက်နေတော့တာ။ အသားနုလေးတွေနဲ့ဆိုတော့ ကျွန်တော့် အသည်းနှလုံးက သူများထက် ပိုနုပါတယ်။

ကိုယ်တိုင်ဆိုတဲ့ သီချင်းလေး ဖွင့်ပြပေးပြီးသွားပြီဆိုတော့ နောက်တစ်ပုဒ်လောက်…

နောက်တစ်ပုဒ်ကတော့ အမှန်မှာတော့ ဆရာ ရွေးခွင့်သာ ရမယ်ဆိုရင် တစ်ညလုံးတောင် ထိုင်ရွေးချယ်ပါတယ်။ မရွေးဖြစ်တဲ့ လူတွေကို မကြိုက် ဘူးလို့ မအောက်မေ့ကြ စေချင်သလို မရွေးဖြစ်တဲ့ သီချင်းတွေကိုလည်း မစွဲလန်းဘူးလို့ မအောက်မေ့ကြစေချင်ပါဘူး။ သီချင်းမှန်သမျှ အားလုံးကို ကျွန်တော် ကြိုက်ပါတယ်။ အထူးသဖြင့် အခုခေတ်လူငယ်သီချင်းလေးတွေဆိုရင် တော်တော့်ကိုသဘောကျပါတယ်။ ကျွန်တော် သီချင်းတိုင်းကို ကြိုက်ပါတယ်။ အခုလောလောဆယ် ကျွန်တော့မှာ ရွေးခွင့် limit ရှိနေတဲ့ အတွက်ကြောင့် အဲဒီ့ထဲက ရွေးရမယ်ဆိုရင် ကျွန်တော် မျိုးကျော့မြိုင်ကို ရွေးချင်ပါတယ်။

ကိုမျိုးကျော့မြိုင်ရဲ့ မင်းလေးချစ်တတ်ရင်ကို ရွေးတယ်ဆိုတော့ ခံစားချက်နဲ့တိုက်ဆိုင်လို့ပေါ့နော်။

ဒါပေါ့ဗျာ။ ခံစားချက်က အဓိကပဲလေ။ ကျွန်တော်တို့ အကြောင်းလေး တိုက်ဆိုင်တယ်။ ပြီးတော့ သည်သီချင်းလေးက melody လေး ရွေးထားတာလေးလည်း ကောင်းတယ်။ နောက်ပြီးတော့ မျိုးကျော့မြိုင်က ရိုးရိုးအေးအေးလေး ဆိုသွားတာ၊ ပညာတွေ သိပ်သုံးပြီး ဆိုသွားတာ မဟုတ်ဘူး။ အေးအေး ရိုးရိုးလေး ဆိုသွားတဲ့ style လေးကိုလည်း သဘောကျတယ်။ အကုန်လုံး အပြစ်ပြောစရာ မရှိတဲ့ သီချင်းတစ်ပုဒ်လို့ ကျွန်တော် ခံစားရပါတယ်။

ဆရာ ရွေးတဲ့ သီချင်းတွေကို ကြည့်လိုက်ရင် ဆရာပြောခဲ့သလိုပဲ ဆရာနဲ့ အသံ colour ချင်း ဆင်တဲ့သူတွေ အရမ်းများတယ်နော်။

ဟုတ်တယ်ဗျ။ ဒါပေမယ့် အဲ့လိုပြောရင်တော့ မဟုတ်ဘူး ဇော်ဝင်းထွဋ်လည်း ကျွန်တော် ကြိုက်တာပဲ။ အကုန်လုံးကို ကြိုက်ပါတယ်။ ဒါကြောင့် မရွေးဖြစ်တဲ့လူတွေ ခွင့်လွှတ်ပါလို့။ ကျွန်တော် အခု လောလောဆယ် အရေးပေါ် ကောက် ရွေးလိုက်တဲ့အခါကျတော့ ကျွန်တော့် ခေါင်းထဲကို ရှေ့ဆုံး ၀င်လာတယ်လို့ပဲ အောက်မေ့ပါတယ်။ တကယ့်တကယ်ဆိုရင်တော့ ဘယ်သီချင်း အမျိုးအစားကိုမဆို ဘယ်အသံမျိုးကို မဆို ကြိုက်ပါတယ်။

ဆရာ နောက်ထပ် သီချင်းတစ်ပုဒ်လောက် ရွေးပေးပါဦး။

နောက်ထပ် သီချင်းတစ်ပုဒ် ရွေးဆိုရင်တော့ အိမ်မက် အတူ မက်ကြစို့ မနက် မလင်းခင် ဆိုတဲ့အထဲမှာ ထည့်ထားတဲ့ ဇာတ်ဝင် သီချင်းထဲက တစ်ပုဒ်ဖြစ်တဲ့ The Winner Takes It All ဆိုတဲ့သီချင်းလေးကိုပဲ ဆရာ ရွေးလိုက်ချင်ပါတယ်။ ABBA ရဲ့သီချင်းပါ။

ဆရာ ဒီသီချင်းလေးကလည်းလေ ပြိုင်ပွဲလေး တစ်ခုလိုမျိုးပေါ့။ ဘ၀ကြီးနဲ့ယှဉ်ပြီး ရေးထားတာလေ…

အဲ့ဒါကြောင့်လည်း အဲ့ဒါကို ဆရာတစ်မျိုး ခံစားတာပါ။ ဆရာ ဘာသာပြန်လိုက်တာတော့ နိုင်သူ အကုန် ယူစတမ်းပေါ့။ လူ့ဘ၀က ဒါပါပဲ။ နိုင်သူ အကုန် ယူသွားတာပါပဲ။ ရှုံးလိုက်တော့လည်း ပေးလိုက်ကြရတာပေါ့။ နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာပဲ အရေးကြီးပါတယ်။ ဘ၀ဆိုတာ ပြိုင်ပွဲပါ။ အနိုင်အရှုံးက ဘယ်သူတွေ ဆုံးဖြတ်တာလဲဆိုတော့ ကိုယ်နဲ့ပဲ ဆုံးဖြတ်တာပါ။ တခြားလူကို ယှဉ်ပြိုင်တာကို ဆရာ လုံးဝ စိတ်မ၀င်စားပါဘူး။ မနေ့က ငါနဲ့ သည်နေ့ ငါ ဘယ်သူ ပိုတော်လဲလို့ပဲ ပြိုင်ရမှာပါ။ မနေ့က ငါ့လုပ်ရပ်နဲ့ သည်နေ့ ငါ့လုပ်ရပ် ဘယ်ဟာ ပိုကောင်းလဲလို့ ပြိုင်ရမှာပါ။ ဘ၀မှာ တိုးတက်ချင်တဲ့ လူတွေ အားလုံးဟာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပြိုင်နေရပါမယ်။ အဲ့လို ပြိုင်တဲ့အခါမှာ The Winner Takes It All ပေါ့။ ဘ၀က ကစားကွင်းကြီးလေ။ တကယ့်တကယ် ပြိုင်ရမှာက ကိုယ့်ချင်း ကိုယ်ချင်းမဟုတ်ဘူး။ ကွင်းနဲ့ ပြိုင်ရမှာ ကွင်းပေါ်မှာ ပြိုင်တဲ့ စိတ် မွေးလိုက်တာနဲ့ နိုင်ဖို့လည်း သေချာသွားတယ်။ နောက်တစ်ခါ ပူးပေါင်းဖို့လည်း ပိုသေချာသွားတယ်။ အတူတွဲပြီးတော့ လုပ်ဖို့လည်း ပိုပြီးတော့ သေချာသွားတယ်။ အရာရာမှာ တို့လုပ်နေတဲ့ အလုပ်တွေ အပေါ်မှာ ပြိုင်ကြရအောင် အဲ့ဒီစိတ်ကလေးနဲ့ The Winner Takes It All ကို ရွေးလိုက်တာပါ။

ABBA ရဲ့သီချင်းလေး ပြီးတော့ ဘယ်သီချင်းလေး ဆက်ပြီးတော့ ရွေးပေးမလဲ မသိဘူး။

နောက်ထပ်ကလည်း ဆရာတို့ ခေတ်ကပဲ ပေါ့လေ။ Bee Gees သီချင်းကိုပဲ ရွေးလိုက်ပါမယ်။ Bee Gees သီချင်းတွေလည်း ဆရာ အတော်များများ ကြိုက်ပါတယ်။ Bee Gees ကိုနားထောင်တဲ့ အခါကျတော့ Bee Gees ဆိုတဲ့style ကို တော်တော်လေး သဘောကျပါတယ်။ အဲဒီ့အတွက်ကြောင့် Words ဆိုတဲ့သီချင်းလေးကို ရွေးလိုက်တာပါ။

သီချင်းရဲ့အဓိပ္ပာယ်က နည်းနည်းလေးများ အတ္တကြီး နေမလား မသိဘူး။

အတ္တကျော်ပဲလေဗျာ… အဲ့လောက်တော့ ရှိမှာပေါ့။ ဟုတ်တယ်၊ ကိုယ့်မှာက ပြောစရာ တကယ့်တကယ်က စကားလုံးပဲ ရှိတာလေ။ တကယ့်တကယ် ကျွန်တော်တို့က ပါးစပ်နဲ့ပဲ ပြောနေကြရတာပါ။ ဒါပေမယ့် အပြုအမူ နောက်က လိုက်ဖို့ လိုတာပေါ့ဗျာ။ စေတနာ ရှိပါတယ်လို့ ဘယ်လောက်ပဲ အသံကောင်း ဟစ်နေနေ တံမြက်စည်း လှည်းတာ ကြည့်လိုက်ရင် စေတနာပါလား မပါလား သိသာပါတယ်။ သည် words နောက်မှာ ကျွန်တော်တို့ action လိုက်ဖို့ လိုတာပေါ့။ action ပေါ်မှာလည်း မူတည်တာပေါ့။ ဒါပေမယ့် စတာကတော့ ကျွန်တော်တို့ နှုတ်နဲ့ စ ကြရတာပါ။ စကားလုံးတွေနဲ့ စကြရတာပါ။ အဲ့ဒီအတွက် ကျွန်တော် ဒီသီချင်းလေးကို ရွေးရတာပါ။

နောက်ဆုံး သီချင်းလေးတစ်ပုဒ်လောက် ရွေးပေးပါဦး ဆရာ။

အဲ့လိုဆိုရင် ဆရာက အဆိုတော်တကာ့ အဆိုတော်တွေထဲမှာ အရိုသေဆုံးလို့ ပြောလို့ရတဲ့ Louis Armstrong လို့ခေါ်ပါတယ်။ မရှိရှာတော့ပါဘူး။ လူမည်း အဆိုတော်ကြီးပါ။ သူကလည်း အမှန်တော့ ဘ၀မှာ ချွတ်ချော်နေတဲ့ လူတစ်ယောက်ပါ။ သူ တကယ်ဖြစ်ချင်တာ saxophonist ပါ။ saxophone မှုတ်လည်း မှုတ်ပါတယ်။ သီချင်း ဆိုရင်းနဲ့လည်း မှုတ်ပါတယ်။ ဒါပေမယ့် သူ မှုတ်တဲ့ဟာထက် သူ့ရဲ့ ဆိုတဲ့ style ကို လူတွေက သဘောကျပြီး ယနေ့ထက်တိုင်၊ ကွယ်လွန်ပြီးတဲ့နောက် နှစ်ပေါင်းများစွာ ကြာတဲ့တိုင် မရိုးနိုင်အောင် နားထောင်ကြရတယ်။ သူက jazz musician ဖြစ်တဲ့ အတွက်ကြောင့် jazz music ရဲ့သဘာဝကိုက ကြိုက်သလို… သည်ဘောင်လေးအတွင်းမှာ ကြိုက်သလို ကစားလို့ ရတယ်။ သူက လှည့်ပတ်ပြီး ကစားပြီးဆိုတဲ့ သူ့ရဲ့ style ကို သိပ်ကို သဘောကျတာပါ။ အဲ့ဒီအတွက်ကြောင့် Louis Armstrong ကို ရွေးပေးချင်ပါတယ်။ အဲ့ဒါကတော့ What a Wonderful World ပေါ့။

ဟုတ်ကဲ့ပါဆရာ။ သည်သီချင်းလေးကလည်းလေ၊ အရမ်းကို အဓိပ္ပာယ် ရှိတဲ့ သီချင်းလေးပါ။ ဆရာ ဘာဖြစ်လို့များ ရွေးပေးတာလဲ မသိဘူး။

အဲ့ဒါကတော့ အကောင်းမြင်တဲ့ စိတ်ကလေးပေါ့။ What a Wonderful World။ ကမ္ဘာကြီးက သူ့ဟာနဲ့သူ နေ နေတာလေ။ ကျွန်တော်တို့က တစ်ခုခု စိတ်ထဲမှာ ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့က လောကကြီးက ဘာဖြစ်တယ်။ ဟိုဟာကြီးက ဘာဖြစ်တယ်လို့ ညာဖြစ်တယ်လို့။ ဒါပေမယ့် တကယ့် တကယ်က ကမ္ဘာကြီးက အကောင်းပါ။ ဒါပေမယ့် မကြာသေးခင်တုန်းက ကျွန်တော်တို့  ကြုံတွေ့ခဲ့ရတဲ့ အနိဌာရုံတွေနဲ့ ပတ်သက်ပြီး အဲ့ဒါရော ဆရာရယ်  What a Wonderful World မဟုတ်ဘူးလားလို့ ပြောလို့ ရပါ့မလားလို့ ပြောရင် ဒါလည်း ကျွန်တော်တို့ အကောင်းဘက်က မြင်ရင် မြင်လို့ရပါတယ်။ သည်နောက်က အကျိုးဆက်မှာ ကျွန်တော်တို့ ဘာတွေမြင်ရသလဲ မြန်မာလူမျိုးတွေရဲ့ ကိုယ်ချင်းစာတရားကို မြင်လိုက်ရတယ်။ မြန်မာလူမျိုးတွေရဲ့ အချင်းချင်း ရိုင်းပင်းချင်တဲ့ စိတ်၊ တစ်ပြည်လုံး ကိုယ်တတ်အားသမျှ ပေးချင်တဲ့ စိတ်ကလေးကို မြင်လိုက်ရတဲ့အခါကျတော့ သြော်… ဒါလည်း What a Wonderful World ပဲ။ အဲ့ဒီ အကောင်းမြင်တဲ့ စိတ်ကလေးနဲ့ပေါ့။ လောကကြီးကို အပြစ်မတင်ဘဲနဲ့ လောကကြီးက ချစ်စရာကြီးပါဆိုတဲ့ စိတ်မျိုးနဲ့ ရွေးလိုက်တာပါ။

ဆရာသီချင်းတွေ အများကြီး ရွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆရာ့ကို မေးရအုံးမယ်။ ဆရာ စာရေးတဲ့အခါကျရင် ဆရာ့ ရေးဟန်တွေက အရမ်းကို ပွင့်လင်းတယ်နော်။ အဲ့လိုမျိုး ဆရာ့ကို အားကျပြီးတော့ စာရေးချင်တဲ့ လူငယ်လေးတွေကိုရော ဆရာ့အနေနဲ့ ဘာပြောချင်လဲ။

စာရေးချင်တဲ့ လူငယ်လေးတွေဆိုရင် နံပတ် ၁ က ပထမဦးဆုံးက စာရေးချင်ရင် ရေးပါလို့ပဲ ပြောရမှာပေါ။ များများသာ ရေးပါ။ ဘယ်ထဲကို ထည့်မယ်။ ဘယ်ထဲကို ပါမယ်လို့ မစဉ်းစားပါနဲ့။ စာရေးတယ်ဆိုတဲ့ အလုပ်ဟာ… ဘ၀မှာ အရာရာဟာပေါ့လေ… စာရေးတယ်ဆိုတဲ့ အလုပ် မဟုတ်ပါဘူး။ တကယ့်တကယ် ဒါက ဓမ္မလို့ပဲ ပြောရမလား မသိဘူး။ သဘာဝပေါ့။ သဘာဝက ဘာလဲဆိုတော့ လမ်းလျှောက်တာပေါ့။ အခုလို ကျွန်တော်တို့ လမ်းလျှောက်တတ်ဖို့ အရေးမှာ ၀မ်းလျားထိုး သွားခဲ့ရတာက စတယ်လေ၊ ဖင်တရွတ် တွန်းရတယ်။ ပြီးတော့ ထိုင်ရတယ်။ ပြီးတော့ မတ်တပ်စမ်းရတယ်။ ဖြေးဖြေးချင်း ဖြေးဖြေးချင်း သွားရင်းနဲ့ လျှောက်ရင်း၊ လျှောက်ရင်းနဲ့မှ ကျွမ်းကျင်လာတာ။ အရာတိုင်းဟာ အဲ့ဒီ ကျွမ်းကျင်မှု လိုပါတယ်။ အဲ့တော့ စာရေးချင်လို့ရှိရင် စာများများ ရေးပါလို့ပဲ ပြောချင်ပါတယ်။ ဆရာနဲ့ နှိုင်းပြီးပြောရရင် ဆရာ့ဘ၀မှာ ရေ မသောက်တဲ့ နေ့၊ ထမင်း မစားတဲ့ နေ့ မရှိသလို စာ မဖတ်၊ စာ မရေးတဲ့ နေ့ မရှိခဲ့ပါဘူး။ စာရေးဆရာ ဖြစ်တာက နောက်တစ်ပိုင်းပါ။ အဲ့လို ရေးစေချင်ပါတယ်။ ဒါ နံပတ် ၁ ပါ။ နောက်တစ်ခုက စာရေးချင်တဲ့ လူတင်မကပါဘူး လူငယ် အားလုံးအနေနဲ့ မလွဲမသွေ ကျင့်သုံးအပ်တာကတော့ အဲ့ဒီ transparency ဆိုတဲ့ အတွင်းသိ၊ အစင်းသိ ဖြစ်အောင် လူတကာက ဘာကြီးပဲပြောပြော မကောင်းတာကို ရှောင်ကြဉ်ပြီးတော့ ဖြောင့်ဖြောင့်မှန်မှန်နဲ့ ရိုးသားမှုကို ကြိုးစားကြမယ်ဆိုရင် တို့အားလုံးရဲ့ဘ၀တွေ တိုးတက်လာမယ်လို့  မြင်ပါတယ်။

ပြီးတော့လေ ဆရာ။ ရွှေအမြုတေ မဂ္ဂဇင်းကလုပ်တဲ့ ရွှေအမြုတေ စာပေဆုပေးပွဲမှာ မျိုးဆက်သစ် စာပေဆုတို့ ဘာတို့အတွက် ဆရာက ဆုလေးတွေ ပေးခဲ့သေးတယ်နော်။ အဲ့ဒါကရော ဆရာ။

ဆရာက လူငယ်တွေတို့၊ အနာဂတ်တို့၊ တိုင်းပြည်ရဲ့အနာဂတ်တို့ပြောတာကို ငယ်ငယ်ကတည်းက နားမဆန့်အောင် ကြားခဲ့ရပါတယ်။ ဒါပေမယ့် အနာဂတ်အတွက် ပစ္စုပ္ပာန်မှာ ဘာလုပ်မလဲဆိုတာကလည်း အရေးကြီးတယ် ထင်ပါတယ်။ သည်အခါမှာ လူငယ်တွေကို စကား ပြောချင်တယ်။ လူငယ်တွေကို မြေတောင် မြှောက်ပေးချင်တယ်။ လူငယ်တွေကို ပျိုးထောင် ပေးချင်တယ်။ ပြောချင်တာက ဘာလဲဆိုရင် နောင်နှစ် ၃၀၊ ၄၀ ကြာတဲ့အခါမှာ ဆရာ ရှိတော့မှာ မဟုတ်ပါဘူး။ ဆရာတို့အရွယ်တန်းတွေ၊ ဆရာတို့ထက် ကြီးတဲ့လူတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ဆရာတို့ ချစ်သော သည်တိုင်းပြည်ကြီးက ရှိနေမှာပါ။ သည်တိုင်းပြည်ကြီးကို ဘယ်သူတွေ လက်ထဲမှာ ထားခဲ့မှာလဲ၊ သည်လူငယ်တွေ လက်ထဲမှာ ထားခဲ့မှာပါ။ သည်လူငယ်တွေ လက်ထဲမှာ ထားခဲ့တော့ သူတို့ လက်ထဲကျရင် ဘယ်လိုဖြစ်မလဲဆိုတာ အခုကတည်းက ကျွန်တော်တို့ ကြိုတွေးရပါ့မယ်။ အဲ့အခါမှာ သူတို့တွေကို ကောင်းအောင် ကျွန်တော်တို့ ၀ိုင်းဝန်းပျိုးထောင်ကြရမှာ တစ်ဦးချင်းစီရဲ့တာဝန်လို့ ခံယူပါတယ်။ သည်အတွက်ကြောင့် ကျွန်တော်လူငယ်တွေနဲ့ ပတ်သက်လာရင် ဘာပဲလုပ်ပေးရ၊ လုပ်ပေးရဆိုတဲ့ ကျွန်တော် နိုင်တဲ့ဘက်ကနေ ကျွန်တော် လုပ်ပေးတဲ့ သဘောနဲ့ မျိုးဆက်သစ်စာပေဆုမှာလည်း ကျွန်တော် ထည့်ဝင်ခဲ့တာပါ။

ဆရာတို့ လက်တွဲဖော်တိုက်ကနေ နောက်ထပ် ထွက်လာမယ့် စာအုပ်လေးတွေနဲ့လည်း မိတ်ဆက်ပေးပါဦး ဆရာ။

နောက်ထပ် ထွက်လာမယ့် စာအုပ်ကတော့ ပြောခဲ့ပြီးပါပြီ။ လောလောဆယ် မကြာခင် ထွက်မှာက ဒုတိယအကြိမ် ပြန်ထွက်မှာပေါ့။ မဖတ်နဲ့နော်ဆိုတဲ့ စာအုပ်ကလေး ပြန်ထွက်ပါ့မယ်။ အဲ့ဒါကတော့ ပုံနှိပ်ပြီးစီးနေပါပြီ။ မဖတ်နဲ့နော်လေး ပြန်ထွက်လာပါ့မယ်။ ဒုတိယတစ်ခုကတော့ ဆရာ ခုနက ပြောတဲ့ ယောင်္ကျားသားချင်း ပွင့်ပွင့်လင်း ဆိုတာ ထွက်လာပါ့မယ်။ အဲ့ဒါပြီး လို့ရှိရင် တတိယ တစ်အုပ်ကတော့ စဉ်းစားထားတာကတော့ မိုးထိအောင် လှေကားထောင်နည်းပေါ့။ လူတိုင်းလူတိုင်းက လှေကား ထောင်ချင်တဲ့ သူတွေချည်းပဲ၊ ဒါပေမယ့် နည်း မသိဘူးပေါ့။ အဲတော့ မိုးထိအောင် လှေကား ထောင်နည်း ဆိုတဲ့ စာအုပ်လေး တစ်အုပ် ထုတ်ပါ့မယ်။ နောက် ဆရာ မောင်ဝဏ္ဏရဲ့ သူလို ကိုယ်လို မောင်ဝဏ္ဏကိုလည်း တတိယတွဲ ဆက်ထုတ်ဖို့ စီစဉ်နေပါတယ်။

သည်အစီအစဉ်လေးရဲ့ပရိတ်သတ်တွေအတွက် အမှတ်တရစကားလေး ပြောပေးပါအုံးဆရာ။

အမှတ်တရ စကားလေး ပြောရရင်တော့ တစ်ခုပါပဲ။ ကိုယ်စိုက်တဲ့ အပင်ကနေပြီးတော့ သီးလာတဲ့ အသီးအပွင့်ကို လူတိုင်း စားသုံးကြရတာပါ။ သံပရာပင် စိုက်ရင် သံပရာသီးပဲ စားရမှာပါ။ သရက်သီး စိုက်ရင် သရက်သီး စားရမှာပါ။ အဲ့တော့ သည်ကနေ့ ကိုယ် ဘာပင် စိုက်မလဲဆိုတာ အခု ကတည်းက ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပါ။ ပြီးတော့ ကိုယ် မှန်မှန်ကန်ကန် စိုက်သွားမယ် ဆိုရင် အသီးအပွင့်တွေ စားကြရမှာပါ။ သည်စကားကို ဘာကြောင့် ပြောရလဲဆိုရင် ကျွန်တော် အခု လောလောဆယ် ခံစားနေရတဲ့ ကိစ္စလေးတွေ ရှိပါတယ်။ တစ်ချို့က စီးပွားရေးဆိုတဲ့ သစ်ပင်ကို စိုက်လိုက်တယ်။ စီးပွားရေး အသီးအပွင့်တွေကို ခံစားရပါတယ်။ ဒါပေမယ့် မိသားစု အသီးအပွင့်ကို မခံစားရပါဘူး။ တစ်ချို့က စီးပွားရေး အသီးအပွင့်ကို ခံစားရပါတယ်။ ကျန်းမာရေး အသီးအပွင့်ကို မခံစားရဘူး။ ငွေချမ်းသာပြီးတဲ့အခါမှာ အိမ်ထောင်တစ်ခု ကွဲသွားရင် သိန်းပေါင်း တစ်ထောင်ပေးပြီးတော့လည်း အဲ့ဒီအိမ်ထောင်ကို ပြန်ပြီးတော့ တည်ထောင်လို့လည်း မရပါဘူး။ ဒါမှမ ဟုတ်ရင် ကျန်းမာရေး တစ်ခု ဆုံးရှုံးသွားရင် သိန်းပေါင်း တစ်ထောင်ပေးပြီးတော့ ပြန် တည်ဆောက်လို့ မရပါဘူး။ အဲ့တော့ ကျွန်တော်တို့ ဘာပင် စိုက်မလဲဆိုတာ အခုချိန်က အရေးကြီးပါတယ်။ အခုချိန်က လူတိုင်းလူတိုင်းသည် ကိုယ်စိုက်မယ့် အပင်အတွက် ကိုယ်ဘာသာကိုယ် စဉ်းစားဆုံးဖြတ်ပြီးတော့၊ နောင်ဖြစ်လာမယ့် ကိစ္စကို ထည့် စဉ်းစားပြီးတော့ အပင်စိုက်ကြပါလို့ ပြောချင်ပါတယ်။

အခုလို မအားတဲ့ကြားထဲက အချိန်ပေးပြီး လာဖြေပေးသွားတဲ့အတွက် ဆရာ့ကို ကျေးဇူးအထူးတင်ပါတယ်။ နောက်ထပ်လည်း လူငယ်တွေအတွက် အကျိုးပြုမယ့် စာတွေ အများကြီးကို ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

Advertisements
16 Comments leave one →
  1. 13 August 2009 5:20 am

    အတော့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဗျူးပါပဲ…
    အသံဖိုင်လေးနဲ့ တင်ပေးနိုင်ရင် အတိုင်းမသိပါပဲ…

  2. maynyane permalink
    14 August 2009 8:42 pm

    ဟုတ်တယ်… အသံဖိုင်လေး လိုက်ရှာ ကြည့်နေတာ…

    • lettwebaw permalink
      14 August 2009 8:55 pm

      သည်းခံပါခင်ဗျာ။ ကာယကံရှင်ကလည်း အသံဖိုင်တင်မဟုတ်ဘူး၊ အရုပ်ဖိုင်တောင် တင်ပေးလိုက်ချင်သေး။ ဖြစ်ပုံကဗျာ… ဒါက အလကားရတဲ့ ဘလော့(ခ်)ခင်ဗျ။ အဲတော့ သူတို့က အကန့်အသတ်နဲ့။ အသံဖိုင် တင်ခွင့်မပေးဘူးခင်ဗျာ။ အဲဒါကြောင့်ပါ။ ဘလော့(ခ်)အစား ဒိုမိန်းတစ်ခုနဲ့ ၀က်(ဘ်)ဆိုက်(ထ်)စစ်စစ်တစ်ခု လုပ်မလားလို့တော့ စိတ်ကူးနေပါတယ်။ အဲဒီ့အခါကျရင် စာနဲ့၊ ပုံနဲ့တင်မဟုတ်၊ အသံရော၊ အရုပ်နဲ့ပါ ပရိသတ်ကို အားပါးတရ နှိပ်စက်မယ့်အကြောင်း… (အဲတော့ကျမှသာ ဘွာမခတ်ကြေးဗျို့)

      • lettwebaw permalink
        27 September 2010 11:42 pm

        လောလောဆယ် soundcloud က တစ်ဆင့် အသံဖိုင် တစ်ဝက် တစ်ပျက် (သို့မဟုတ်) လေးပုံ တစ်ပုံကို တင်လိုက်ပြီ ဖြစ်ပါကြောင်း။ ကျန်အပိုင်းများကိုတော့ မကြာမီ ဆက်လက် တင်ဆက်နိုင်အောင် ကြိုးစားပါ့မယ်။ သို့သော် soundcloud က အလကား ပေးနိုင်မယ့် ပမာဏက အကန့်အသတ်ရှိနေတယ်ဗျ။ Premium Account ဆိုရင် တစ်နှစ်ကို ၂၉ ယူရိုပေးရမယ်တဲ့။ အဲလောက်ကို ပေးနိုင်ပေမယ့် ကျွန်တော့်မှာ ခရက်ဒစ်ကဒ်က မရှိဘူး။ ဘယ်လို လုပ်ရမှန်းတောင် မသိတော့ဘူး။

      • lettwebaw permalink
        28 September 2010 7:30 pm

        အသံ File နောက်ထပ် တစ်ပုံ ထပ် တင်ဆက်ထားပါတယ်။ City FM က လွှင့်တုန်းကလည်း သည် နှစ်ပုံကို ကြားမှာ ကြော်ငြာဝင်ဖို့အတွက် ခဏ နားပြီး ပထမပိုင်းအဖြစ် တစ်ရက်တည်းမှာ တင်ဆက်ခဲ့ပါတယ်။ တစ်ပတ်တာအတွင်းမှာတော့ သည် ပထမပိုင်းကိုတော့ နှစ်ကြိမ်လွှင့်တယ်ပေါ့။ ဒုတိယပိုင်းကိုကျတော့ နောက်တစ်ပတ်မှ နှစ်ပိုင်းခွဲပြီး ဆက်လွှင့်ခဲ့ပါတယ်။ ဒုတိယပိုင်း နှစ်ပိုင်းလည်း အဆင်ပြေသလို ဆက်တင်ပေးသွားပါ့မယ် ခင်ဗျား။

      • Aung Maun permalink
        30 June 2014 12:30 pm

        နှိပ်စက်ပါဗျာ။ ကိုကြီးကျော်ရာ။ ပက်ဆံအကုန်ခံပြီးတော့တောင် ဒီလိုနည်းမျိုးနဲ့ နှိပ်စက်မယ်ဆိုရင် လေးစားရင်းစွဲရှိပြီးသား အောင်မောင်းတို့လို ညီငယ်တွေက ပျော်ပျော်ကြီးကို အနှိပ်စက်ခံပါ့မယ်လို့။

  3. sin dan lar permalink
    16 August 2009 11:08 am

    ရွှေအမြုတေက “အိပ်မက်အတူ မက်ကြစို့ မနက်မလင်းခင်” ကို ကျွန်မ စောင့်ဖတ်ဖူးတယ်ဆရာ၊ အဲဒီစာရေးတဲ့ အောင်သိန်းကျော်ဆိုတာ ဆရာမှန်း ခုဒီစာဖတ်မှ သိရတယ်။

    အခန်းဆက်ကို အဆုံးထိ မဖတ်လိုက်ရဘူး၊ ရွှေက ဆက်မဖော်ပြတာလား၊ ကျွန်မက စာအုပ်မှန်မှန်ငှားမဖတ်နိုင်တဲ့နေရာရောက်သွားချိန်လားတောင် မမှတ်မိတော့ဘူး၊ အဲဒီဝတ္ထုကို စာအုပ်ထုတ်ပေးပါ ဦးဝင်းငြိမ်းဆီ စာရေးဖူးသေးတယ်..။

    သိပ်ကိုမျှော်လင့်တကြီး စောင့်ဖတ်ခဲ့တဲ့ အခန်းဆက်ပဲဆရာ….။ အဲဒီအခန်းဆက်ကို ကြိုက်လို့၊ အောင်သိန်းကျော်ရေးတဲ့ စာအုပ်တစ်အုပ်ဝယ်ဖတ်တယ်။ဒါပေမယ့် စိတ်ထဲသိပ်မစွဲဘူး။ အင်္ဂလိပ် တခြမ်း မြန်မာပြန်တစ်ခြမ်း စာအုပ်ဆိုတာပဲ မှတ်မိတော့တယ်။ အဲဒီစာအုပ်ရေးတာ ဆရာအတ္တကျော် မဟုတ်ဘူးထင်တယ်။ အောင်သိန်းကျော်နာမည်နဲ့ တခြား စာရေးဆရာတစ်ယောက်များလားမသိဘူး။ ဆရာ့ atks-previous-books ထဲမှာ အောင်သိန်းကျော်နာမည်နဲ့ စာအုပ်ထုတ်ထားတာ မတွေ့မိဘူး….။

    “အိပ်မက်အတူ မက်ကြစို့ မနက်မလင်းခင်”ကို လုံးချင်းထုတ်ထားတာများရှိရင်ကျွန်မလိုချင်ပါတယ်ဆရာ…။ ဘယ်ဆိုင်မှာဝယ်လို့ရမယ်ဆိုတာပါ သိပါရစေ…။ ရန်ကုန်မှာဆိုရင်လည်း တူမလေးကို ဝယ်ခိုင်းပြီး လူကြုံပေးခိုင်းလို့ ရပါတယ်။ စင်ကာပူမှာရှိရင်တော့ အတိုင်းထက်အလွန်ပေါ့ဆရာ…။

    *** အမှန်အတိုင်းပြောရရင် အဲဒီ အခန်းဆက်ကို ကျွန်မ သိပ်ကြိုက်ခဲ့တယ်ဆိုတာကို မှတ်မိပြီး ဇာတ်လမ်းကိုလုံးဝ ဖော်မရတော့ဘူး…။ 😀 အစလေး သိရင်တော့ ပြန်မှတ်မိမှာပါ။

    • lettwebaw permalink
      16 August 2009 12:55 pm

      အေးဗျာ… ကျေးဇူးလည်းတင် ၀မ်းလည်း သာပါတယ်။ အဲဒီ့ဝတ္ထုက လုံးချင်းအဖြစ် ထွက်ပြီးသွားပါပြီ။ သို့သော် ကျွန်တော့်ဆီမှာတောင်မှ တစ်အုပ်ပဲ သိမ်းစရာ ကျန်တော့တယ်။ လက်ကျန်ပြတ်နေတယ်ပေါ့ဗျာ။
      အောင်သိန်းကျော်နာမည်နဲ့ ကျွန်တော် စာတစ်အုပ်မှ မထုတ်ဖူးပါဘူး။ လူတူမရှား နာမည်တူ မရှားဆိုပေမယ့် ကျွန်တော့်နာမည်တူကတော့ နည်းနည်း ရှားသလားလို့။ ရှားသည့်တိုင် အတ္တကျော် အရှိန်ရလာတော့ “ဘာတကျော်” “ညာတကျော်”တွေကို မြင်ရဖူးသလို အင်္ဂလိပ်စာ ကျူရှင်ဆရာဘ၀တုန်းက အောင်သိန်းကျော်အဖြစ်နဲ့ အတန်အသင့် အောင်မြင်ခဲ့ဖူးတဲ့အတွက် အခုအခါမှာ အဲဒီ့နာမည်ကို တစ်လုံးချိန်းထားတဲ့ အတုအပတစ်ယောက် ကြော်ငြာနေတာ တွေ့တွေ့နေရတယ်။ တချို့ကဆို ကျွန်တော်ပဲ ထင်နေကြတယ်။ ဆူဒိုနင်တောင်မှ အဲလိုမျိုး မနီးရိုးစွဲ တုထားတဲ့ ကလောင်တစ်ချောင်းပေါ်ဖူးသေးသဗျ။ ပြုံးချင်စရာ လူ့စရိုက်လေးတွေပါပဲလေ။

  4. အေး permalink
    27 August 2009 3:43 pm

    ဟား ဟား

    စာရေးဆရာပဲ ဖြစ်တာ တို့များ ကံကောင်းလို့ပေါ့ကွယ်။ ရုပ်ရှင်မင်းသားရောဆိုရင်တော့ တို့များလွယ်မှာ မဟုတ်ဘူးလေ။ ရုပ်နဲ့နှိပ်စက်တာ ခံနေရဦးမှာ။

    အင်တာဗျူးတဲ့ ညီမလေးလည်း တော်တယ်နော်။ ဆရာ့စာတွေ ဖတ်တယ်တဲ့။ သူမေးတာကလည်း ချစ်စရာလေး။

    ဟုတ်တယ်။ တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ ဗျူးပါပဲ။

  5. jeujue permalink
    10 October 2009 8:06 pm

    ဆရာ့လို တွေးတော့လည်း ပရက်(စ်)လေ သီချင်းလေးက အချစ်သီချင်း ခပ်ရင့်ရင့်လေးလို့ ယူဆလို့လည်း ရတာပဲနော်။ သူက ဂေါ်(စ)ပယ်(လ်) တေးတွေလည်း ဆိုတတ်တော့ ဒီသီချင်းလေးက ဂေါ်(စ)ပယ်(လ်) တေးလို့ ထင်ပါတယ်။ ကျွန်မအထင် ပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့သီချင်းမှာ သုံးသွားတဲ့၊ ဆရာ ညွှန်းသွားတဲ့ စာကြောင်းလေးတွေက ခရစ်ယာန်သမ္မာကျမ်းထဲက ခရစ်တော်က လူတွေ သူ့ဆီ လာဖို့ ဖိတ်ခေါ်ထားတာလေးပါ။ တောင်းလျှင် ရလိမ့်မည်၊ ရှာလျှင် တွေ့လိမ့်မည်၊ ခေါက်လျှင် ပွင့်လိမ့်မည် ဆိုတဲ့ ကျမ်းချက်လေးပါ။ ကျွန်မ ဘာသာရေးအကြောင်း ပြောချင်တာမဟုတ်ပါဘူး။ နောက်ခံအခြေအနေချင်း မတူကြတဲ့အခါ မြင်ပုံတွေလည်း ကွဲသွားတာလေးကို ဆိုလိုချင်လို့ပါ။ အဲဒီကျမ်းချက်လေးက ခရစ်ယန်တွေအတွက်တော့ ခရစ်တော်က မေတ္တာတော်အပြည့်နဲ့ အပြစ်သားတွေ သူ့ဆီ ပြန်လာဖို့၊ ဘုရားတရား မြဲစေဖို့ဆိုတဲ့ သဘောလေးပါ။ (ဒီနေရာမှာ အပြစ်သားလို့ သုံးလိုက်တာ ကျွန်မတို့ ခရစ်ယာန်တွေ ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့ အရာကိုပဲ ဆိုလိုချင်တာပါ။ အားလုံးကို သိမ်းကြုံးပြီး ပြောတာ မဟုတ်ပါဘူးနော်။) ဆရာတို့ အမြင်နဲ့ကျတော့ ဒီသီချင်းစာသားလေးက အကျောကြီးနဲ့ ခေါ်နေပုံ ပေါက်သွားတယ်။ ကျွန်မ တစ်ခါမှ မတွေးဖူးတဲ့ အတွေးအမြင်မျိုး ရသွားစေတဲ့အတွက် ဆရာ့ကို ဒီစာပုဒ်လေးအတွက် ကျေးဇူးတင်ပါတယ်။ ကော်မန့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရင် ဆရာ ပြန်ဖျက်လိုက်ပါနော်။

    • lettwebaw permalink
      10 October 2009 8:32 pm

      အဲဒီ့ သီချင်းကို ပထမဆုံး စဆိုခဲ့သူက Jim Reeves ပါ။ သူ့နောက်မှ Elvis ရော၊ Englebert ပါ ဆိုခဲ့ကြပါတယ်။ ကျွန်တော်လည်း သည်သီချင်းကို အချစ်သီချင်းလို့ပဲ နားလည်ထားခဲ့ပါတယ်။ အခုမှ ဘာသာရေးဘက်က ရှုထောင့်လေးကို သိရတဲ့အတွက် ကျေးဇူးတောင်တင်ပါသေးတယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာ ဘာအကြောင်းမှ မရှိပါဘူး။ တစ်ခုပါပဲ။ Elvis သည်သီချင်း ဆိုတုန်းက ဂီတအမျိုးအစားမှာ သည်သီချင်းကို country rock လို့ သတ်မှတ်ခဲ့တာရယ်၊ Jim Reeves ရဲ့ classic country ဆိုတဲ့ genre ထဲမှာ သည်သီချင်းကို ထည့်သွင်းထားပုံရယ်နဲ့ ဆက်စပ်ကြည့်မယ်ဆိုရင် သည်သီချင်းကို gospel songs ထဲ ထည့်မထားဘူးလို့ ယူဆနိုင်မလားပဲ။ စာသားထဲမှာ Welcome to my world built with you in mind ဆိုတာလေးလည်း ပါနေတယ်။ “မင်းနဲ့အတူ တည်ဆောက်ထားတဲ့ တို့ကမ္ဘာလေးထဲကို လာခဲ့ပါလား”ဆိုတာလေးလည်း ပါနေလေတော့ကာ gospel ဟုတ်ပါ့ မလားလို့ သံသယဖြစ်ချင်စရာ ပိုကောင်းနေမလားပဲလေ။ ငြင်းတာ မဟုတ်ဘူးနော်။ မူလ တေးရေးဆရာက ကျမ်းစာထဲက စာသားတွေ ယူသုံးထားတာတော့ ဆရာမလေး jeujue (ဘယ်လို အသံထွက်ရမှန်းမသိ)ရဲ့ comment အရ ရှင်းပါတယ်။ ဆရာမလေးရဲ့ စကားနဲ့ ပြောရရင် မြင်ပုံကွဲတာလေးကို အခုလို သိခွင့်ရတဲ့အတွက် ကျေးဇူး အထူးပါခင်ဗျား။

  6. jeujue permalink
    10 October 2009 8:56 pm

    အမလေး ဆရာရေ… ကျွန်မကို ဆရာမလေးလို့တော့ မခေါ်လိုက်ပါနဲ့။ ကျွန်မက ဆရာ့ရဲ့ ပင်တိုင် စာဖတ်ပရိတ်သတ်၊ အဝေးသင်တပည့်စစ်စစ်ပါ။ jeujue က ဂျူဂျူးလို့ ခေါ်တဲ့ နာမည်ကို ပေါင်းထားတာပါ။ ဆရာ့ရဲ့ အမြင်ကို သေချာ ပြန်ရှင်းပြပေးတဲ့အတွက် လေးလေးစားစားနဲ့ကို ကျေးဇူးတင်ပါတယ် ဆရာရှင့်။

  7. 28 October 2010 12:17 pm

    ဒီနေရာလေးကို အသိနောက်ကျလေးခြင်း……
    အခုတောင် အစ်ကိုတစ်ယောက်ပေးလို့ ရောက်လာဖြစ်တာပါ။

    မီးငယ်တို့ အသိကြွယ်ဖို့ကိုတော့ နှစ်ခါလောက်ဖတ်ပြီးပါပြီ။ အိမ်မှာ ၀ယ်ထားလို့ပါ။

    နောက်ထပ် လူငယ်တွေ အတွက် ဆရာ့စေတနာ စာအုပ်တွေကိုတော့ သုံးလေးအုပ်လော့ အိမ်မှာ ရှိပါတယ် ။ ဖတ်နေဆဲသာဖြစ်ပါ၏။ မပြီးသေးပါ။

    အင်တာဗျူးမှာ ဆရာဖြေကြားတာတွေအတွက် ရော မေးတဲ့အမကို ရော နှစ်ဦးစလုံးကို အထူးပဲကျေးဇူးတင်မိပါသည်။

  8. 11 April 2011 3:21 pm

    (အဲ့ဒါတော့ပြောရတာ ရှက်စရာကြီးပါ။ တကယ့်တကယ်ဆရာဖြစ်ချင်တာက ဆရာရဲ့ရည်မှန်းချက်ထဲက တစ်ခုပေါ့။ ဆရာဖြစ်ချင်တာက ရုပ်ရှင်မင်းသား၊ အဆိုတော်၊ ဒါရိုက်တာ။ ပြီးတဲ့အခါကျတော့ စာရေးဆရာဆိုပြီးတော့ လေးမျိုးရှိပါတယ်။ အဲ့တော့ ဆရာ့ဘ၀မှာ ဒူးလောက် တင်လိုက်တဲ့အခါ လေးပုံတစ်ပုံဖြစ်တဲ့ စာရေးဆရာဖြစ်လာတာပေါ့) ဆြာရယ် ရုပ်နှင့်နှိပ်စက် မလို့လား တော်သေးတယ် မင်းသားမဖြစ်ခဲ့ပေလို့ပေါ့ ၊ ဆြာ့ အသံသြဇာတော့ တော်တော်ကောင်းတယ်နော် ၊ အဆိုတော် လုပ်ရင်တော့ ပေါက်နိင်တယ် (ဘာပေါက်မလဲတော့ သိဘူးနော်)

  9. 23 September 2011 10:54 pm

    thanks

  10. မိုးခ permalink
    21 June 2012 1:57 pm

    ခုလိုသိခွင့်ရတဲ့အတွက်ကျေးဇူးပါရှင့်……….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: