Skip to content

On Children Literature

မည်သူ ငြင်းဝံ့ပါသနည်း


(၁)
၂၀ဝ၃ခုနှစ် ဇွန်လ၏ ပထမပတ်တွင် ကျွန်တော့်ထံ ဖုန်းဝင်လာပါသည်။ အထင်ကရ အပတ်စဉ်ထုတ်တစ်စောင်မှဟုဆိုသဖြင့် ဖုန်းကို လက်ခံလိုက်ပါသည်။ ကျွန်တော့်ကို အင်တာဗျူးချင်လို့ပါဟု တစ်ဖက်ကပြောပါသည်။

မိန်းကလေးသာဆိုလျှင် တောင်းတစ်လုံးနှင့် လိုက်ကောက်နေရလောက်သည်အထိ အင်မတန် သဘောလွယ်လှသော ကျွန်တော် ဖိုးကျိုင်းတုတ်ကလည်း အိုက်တင်ပင်မခံပါ။ ရပါတယ်၊ ဗျူးပါခင်ဗျားပေါ့။ အချိန် တောင်းတော့လည်း ကိုယ်က အားနေတော့ လွယ်လင့်တကူပင် ပေးလိုက်ပါသည်။

မကြာပါ။ ကျွန်တော့်ဆီသို့ ဘောင်းဘီရှည်ဝတ် ကလေးမလေး တစ်ယောက် ပေါက်ချလာပါသည်။ သွက်သွက်လက်လက်ကလေး။ ရည်ရည်မွန်မွန်၊ နှိမ့်နှိမ့်ချချလေး။

သူက သူ့လိပ်စာကဒ်ပြားကို ထုတ်ပေးပါသည်။ သူကိုယ်စားပြုရာ စာစောင်၏ လိပ်စာကပ်ပြားနှင့် သူ့အမည်ကို ရေးထားပါသည်။ သူ့ရာထူးကမူ သတင်းထောက်တဲ့။

သူမေးမည်ဆိုတော့ ကျွန်တော်လည်း ကျွန်တော့်အသံဖမ်းစက်ကို ထုတ်ယူကာ အသင့်ပြင်ထားလိုက်ပါသည်။ တစ်ခုခု ချွတ်ချော်ပါက ခိုင်ခိုင်လုံလုံ တည့်မတ်နိုင်ရန်ပင် ဖြစ်သည်။

ကလေးမလေးက အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထားသော လျှောက်လွှာစာရွက်တို တစ်ရွက်ကို ကြည့်ကာ၊ ကြည့်ကာ မေးသွားပါသည်။ ကျွန်တော်ကလည်း အိပ်သွန်ဖာမှောက်ပင် ပြောပါသည်။

စုစုပေါင်း တစ်နာရီမျှ ကြာပါသည်။

ပြီးတော့ ကျွန်တော်လည်း သူ့ကို ပြန်ဗျူးကြည့်မိရသည်။ ၂၁ နှစ်သာ ရှိသေးသည်တဲ့။ အို… ငယ်ငယ်လေးပဲ။ ကလေးတွေ ကံကောင်းကြသားလို့သာ တွေးလိုက်မိရသည်။ တို့တုန်းက သည်လိုအခွင့်အရေးတွေ မရှိခဲ့ဘူးဟု မုဒိတာစကားလည်း ဆိုလိုက်မိသည်။

(၂)
နောက်တစ်ပတ်အကြာတွင် ကျွန်တော့်ထံ ဖုန်းတွေ ဆက်တိုက်ဝင်လာပါသည်။ ကျွန်တော့်ကို မေ့နေသူများက ထိုစာစောင်ပါ ကျွန်တော့်ဓာတ်ပုံကို တွေ့မှ သတိတရနှင့် လှမ်းနှုတ်ဆက်ကြတာလည်း ပါသည်။

ကျွန်တော့်ကို ထိုကလေးမလေး ကိုယ်တိုင်ပဲ ဓာတ်ပုံရိုက်ယူသွားခဲ့ပါသည်။ ဘယ်အပတ်ထုတ်မှာ ပါမှာလဲဟု ကျွန်တော် မေးခဲ့သည်။

သူက နောက်နှစ်ပတ်လောက်နေရင်ဟု ပြောသွားခဲ့သည်။ ထို့အပြင် မည်သည့်အပတ်ထုတ်စာစောင်တွင် ပါသည်ကိုလည်း ကျွန်တော့်အား ဖုန်းဆက် အကြောင်းကြားဦးမည်ဟု သူ့သဘောနှင့်သူ ကတိကဝတ်ပြုသွားသေးသည်။

ကျွန်တော့်မှာ မိတ်ဆွေများက ဖုန်းဆက်လာသောအခါတွင် ထိုအင်တာဗျူးပါလာသည်ဟု နားလည်လိုက်ပါသည်။

တစ်ယောက်ကမူ ကျွန်တော့်အား “ဆူးဒူးနင်း”ဟု စတင် ခေါ်ဝေါ်ကာ နှုတ်ဆက်သည်။ ကျွန်တော့် အင်တာဗျူးကို အင်္ဂလိပ်ဘာသာနှင့်ထုတ်ဝေသော စာစောင်မှာ ဖော်ပြထားသတဲ့။ ကျွန်တော့် နာမည်ကိုလည်း “ဆူးဒူးနင်း”ဟု အင်္ဂလိပ်လို စားလုံးပေါင်းထားသတဲ့။ ပြောသူက ထိုစာစောင်မှ တာဝန်ခံများအား တော်တော့်ကို ပစ်ပစ်နှစ်နှစ် ပြောနေပါသည်။ အယ်ဒီတာမင်းများက ဆူဒိုနင်ဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာလောက်တောင် မသိကြဘူးလား ဆိုတာအထိပါသည်။

ကျွန်တော်ကတော့ ဘာမှမဖြစ်ပါ။ ထိုစာစောင်သည် မှားသည့် နေရာတွင် သူမတူအောင် ပြောင်မြောက်ပါသည်။ ဒေါ်အိုင်ရင်းတင်လှကို ရုပ်ရှင်မင်းသမီးဟုလည်း ညွှန်းဖူးသည်။ အသားဖြူဖြူ၊ တရုတ်မျက်နှာကျနှင့်လူကိုလည်း ညောင်ဦးသားစာရေးဆရာ ကိုရိုးကွန့်ဟူပြီး ပုံစာအမှား ထိုးဖူးသည်။ ဒါက မှတ်မိသလောက် လက်တန်းပြောခြင်းသာဖြစ်သည်။

အဲတော့လည်း ဆူဒိုနင်ကို ]ဆူးဒူးနင်း]လုပ်လိုက်တာ သူတို့အတွက်တော့ ထမင်းစားရေသောက်မျှသာ ဖြစ်ချိမ့်မည်ဟု တွေးမိခြင်းနှင့်အတူ ရယ်သာ ရယ်နေမိပါသည်။

ခက်သည်က ထိုအချိန်အထိ ကျွန်တော့်မှာ ထိုစာစောင်ကို မမြင်သေးပါ။ ဆူးဒူးနင်းသတင်းကို ကျွန်တော့်အား ဆက်သွယ်ပြောကြားချိန်တွင် ကျွန်တော်က မိတ်ဆွေတစ်ဦး၏ အိမ်သို့ရောက်နေသည်။ ကံအားလျော်စွာ ထိုအိမ်မှာက ထိုစာစောင်ရှိနေသည်ဆို၍ တောင်းကြည့်ရသည်။

တွေ့ပါပြီခင်ဗျာ။ ကျွန်တော့် မျက်ခွက်ကြီး စပ်ဖြီးဖြီးနှင့်။ အောက်မှာက “ဆူးဒူးနင်း၊ စာရေးသူ”တဲ့ခင်ဗျ။ Sue Do Nin လို့ ပေါင်းထားသည်။

ဘုရား၊ ဘုရား။ Sue ဆိုတာ အင်္ဂလိပ်နာမည် ဆူဇန်ရဲ့ အတိုကောက် ခင်ဗျ။ ဘယ့်နှယ်က ဘယ့်နှယ် သည်ယောက်ျားကြီးက မိန်းမနာမည် မှည့်ထားတာလဲလို့ မြန်မာစာမတတ်သည့် စာဖတ်ပရိသတ်မှာ တွေးကုန်လောက်သည်။ သေဟဲ့ နန္ဒိယ။

ဘောင်းဘီရှည်ဝတ်လျက်လာသော မိန်းကလေးတစ်ယောက် သည်လောက်တော့ မမှားတန်ကောင်းဘူး ထင်သဖြင့်၊ သူ့ဂိုက်ကလေည်း အတော်လေး ကျနေသဖြင့် စာလုံး ပေါင်းမပေးလိုက်မိ။ သူကလည်း သူ့ဘောင်းဘီရှည်နှင့်သူ အင်္ဂလိပ်စာလုံးပေါင်းလောက်တော့ အလွယ်လေး မှတ်သွားရှာသလားတော့မသိ။

ခက်တာက ကျွန်တော့်မှာ ယောက်ျားကြီးတန်မဲ့နှင့် မိန်းမနာမည်ကြီးနှင့် ဖြစ်နေခြင်းပင်။

(၃)
၁၉၈၉ ခုနှစ်တုန်းက သည်နာမည်နှင့် ပတ်သက်ပြီး တစ်ခါ ရှင်းဖူးပါသည်။ လွန်ခဲ့သည့် ၁၄ နှစ်က ဖြစ်ရာ ကျွန်တော့်ကို လာဗျူးသူ သူငယ်မလေးမှာ ထိုအချိန်က ခုနစ်နှစ်သမီးသာ ရှိပါဦးမည်။ ထိုအရွယ်သည် မဂ္ဂဇင်းတွေလည်း ဖတ်နိုင်သေးသည့်အရွယ် မဟုတ်သည့်အတွက် သူ မသိသည်မှာ လွန်စွာမှ တရားပါသည်။

ကျွန်တော့်မှာလည်း သွားလေရာမှာ သည်နာမည်ကိစ္စပဲ ခဏခဏ အမေးခံနေရဆဲဖြစ်သည်။ လွန်ခဲ့သည့် ၁၅ နှစ်တုန်းက စိတ်နှင့်၊ ကိုယ့်ဘာသာ ထင်သလို ပေးချခဲ့သော ထိုနာမည်က လာတွင်ကျယ်နေသည့်အတွက် ကိုယ့်ဘာသာကိုယ်လည်း အတော့်ကို စိတ်ပျက်လှပါသည်။ (တကယ်ပြောတာပါဗျာ)

ကိုင်း… လွန်ခဲ့သော ၁၄နှစ်က တစ်ခါရှင်းပြီးသား ကိစ္စကို ယခု တစ်ခါ ထပ်ရှင်းပါဦးမည်။ ဆူဒိုနင်ဆိုသည်မှာ pseudonym ဟူသော ဝေါဟာရကို အသံဖလှယ်ထားခြင်း ဖြစ်ပါသည်။ အသံထွက်အမှန်မှာ /ဆျူဒနင်(မ်)/ဖြစ်ပါသည်။ အင်္ဂလိပ်စာလုံးဖြစ်သော်လည်း အမှန်မှာ မြန်မာစာမှ ပါဠိသက်ဝေါဟာရများနှယ် ဂရိဘာသာစကားမှ ဆင်းသက်လာသော စကားလုံးဖြစ်ပါသည်။ Pseudo ကို မြန်မာစာအဖွဲ့က ထုတ်ဝေသော အင်္ဂလိပ် – မြန်မာအဘိဓာန်တွင် “အယောင်ဆောင်၊ အတုအယောင်၊ အတု”ဟု ဖွင့်ဆိုထားပါသည်။ Pseudonym ကို ယင်းအဘိဓာန်ကပင် “အမည်ဝှက်၊ နာမည်လွှဲ၊ ကလောင်အမည်”ဟု ပေးထားပါသည်။ အင်္ဂလိပ်ဝေါဟာရ အစစ် မဟုတ်မူပါ။ ပြင်သစ်ဘာသာဖြင့်မူ pseudonyme ဟု စာလုံး ပေါင်းပါသည်။ ဂရိသက် ဝေါဟာရသာ ဖြစ်ပါသည်။

သည်ကိစ္စကို လွန်ခဲ့သော ၁၄ နှစ်က မဟေသီမဂ္ဂဇင်းမှတစ်ဆင့် အကျယ်တဝင့် တစ်ခါရှင်းခဲ့ပြီးပါပြီ။ သို့သော် ကျွန်တော့်အား လာဗျူးသွားသည့် သူငယ်မနှယ် နှောင်းလူများအတွက် နှစ်ထပ်ရှိလျှင် မှတ်မိလေမလားဟူသောအတွေးနှင့် ထပ်ရှင်းလိုက်ရခြင်းပင်ဖြစ်ပါသည်။

စာနယ်ဇင်းမှာ အဘယ်မျှပင် ရှင်းရှင်း၊ အပြင်လောကမှာ လူချင်း သိသွားတိုင်းလည်း ကျွန်တော့်မှာ သဟာကိုပဲ အဖန်ဖန် ရှင်းပြနေရစမြဲမို့ အသားတောင် ကျနေပါပြီ။

(၄)
ကျွန်တော်နှင့် ထိုအင်တာဗျူးက သည်မျှနှင့် မပြီးပါ။

ကြည့်လိုက်တော့ အင်တာဗျူးပုံစံ (ဝါ) အမေးအဖြေပုံစံမျိုးဖြင့် ဖော်ပြထားခြင်းလည်းမဟုတ်မူပါ။ ကျွန်တော့်ကို တစ်နာရီမျှ မေးသွားသမျှထဲက သူတို့လိုချင်တာလေးတွေကို ကောက်နုတ်ကာ လေးလက်မ၊ တစ်ကော်လံစာမျှသာ ဖော်ပြထားခြင်းဖြစ်နေပြန်သည်တမုံ့။

အင်း… ခံရပြီဟေ့ဆိုရင် ကျွန်တော်ချည်းဖြစ်လို့ နေပြန်ပါပကော။ အညာသားမို့လို့ ခံလိုက်ရသည်ဟု ပြောရအောင်ကလည်း လာဗျူးသူ ကလေးမလေးကလည်း အညာသူ၊ မုံရွေးသူခင်ဗျ။ အေးလေ… သူတို့ ရွာက ကျုပ်တို့ မန္တလေးအထက် မိုင် ၈၀ ကျော်ကဆိုတော့လည်း ပြောင်းတစ်လုံး ပိုရှူသွားတာနေမှာဟု ရယ်စရာ တွေးလိုက်မိရပါသည်။

အမှန်က ကျွန်တော်နားလည်မှု လွဲသွားခြင်းသာ ဖြစ်လောက်ပါသည်။

ရောင်းကြ ဝယ်ကြရာတွင် “ဝယ်သူ သတိ“ဟူသော ဆောင်ပုဒ်တစ်ခု ရှိပါသည်။ အင်တာဗျူးခံသည့်အခါတွင်လည်း အဗျူးခံသူဘက်က သတိ ထားရမည်သာ ဖြစ်သည်။ သေချာဃန စူးစမ်းရမည်သာ ဖြစ်သည်။

အခု ကျွန်တော့်အင်တာဗျူးကို မည်သည့်ပုံစံနှင့် ဖော်ပြမည်ကို ကျွန်တော်မမေးမိခဲ့။ အင်တာဗျူးကို အင်တာဗျူးလို ဖော်ပြမည်ဟုသာ ကျွန်တော့်အတွေးနှင့် ကျွန်တော် ယုံမှတ်ထားလိုက်မိသည်။

တကယ်ဖော်ပြထားသည်က သူမေးတာတစ်ခုမှ မပါ။ သူတို့ ခေါင်းစဉ်တပ်ထားသော ကိစ္စအတွက် ကျွန်တော်က ကျွန်တော့်အမြင်ကို ကရား ရေလွှတ်ထားဘိသကဲ့သို့ ဖော်ပြထားခြင်းသာ ဖြစ်ပေသည်။

ကောင်းပါသည်။ ထိုအတွက် မကျေနပ်စရာမရှိပါ။

သို့သော် ကျွန်တော် လေကုန်ခံထားရသည်၊ အချိန်ကုန်ခံထားရသည်ကိုတော့ လွှတ်နှမျော သွားမိသည်လည်းအမှန်ပါ။ ထို့အပြင် ကျွန်တော့် ရေစီးကမ်းပြို စေတနာတွေကို ထိုမျှလောက်ဖြင့် စာဖတ်သူတွေ မမြင်နိုင်ပါ။

အိုး… ဘာခက်တာ လိုက်လို့။

ကျွန်တော်က စာရေးနေတဲ့သူပဲ။ အသံလည်း ဖမ်းထားလိုက်သားပဲ။  ကိုယ့်အင်တာဗျူးကို သူက အစအဆုံး မဖော်ပြလည်း ဘာအရေးလဲ။ ကိုယ့်ဘာသာ အသံဖမ်းစက်ပြန်ဖွင့်ပြီး တစ်လုံးစီ ပြန်ချရေးရုံရှိတာပေါ့။

အမယ်… ဟိုလိုသာ သူက အစအဆုံး ဖော်ပြရင် စာမူခက သူပဲ ရမှာ။ အခုတော့ ဖြေသူ ကျွန်တော်က အစအဆုံး ပြန်ရေးလိုက်တော့ စာမူခလည်း ကျွန်တော်ပဲ ရမှာ။ ဘယ့်ကလောက် နိပ်လိုက်ပါသလဲ။

(၅)
ကိုယ့်အင်တာဗျူးကို ကိုယ်ကိုယ်တိုင် အစအဆုံး ပြန်ရေးပြကာ စာမူခ ရသည့် စာရေးသူဟူ၍ ဤမဟာ ဘဒ္ဒကမ္ဘာတွင် ကျွန်တော် ဆူးဒူးနင်း၊ အဲလေ… ကျွန်တော် ဆူဒိုနင်တစ်ယောက်သာ ရှိလောက်ပါသည်။

(မုံရွေးသူ ကလေးမရေ သာဓုသာ ခေါ်လိုက်ပေရော့…)


သူ့အမေးနှင့် ကျွန်တော့်အဖြေ

မေး – ပြည်တွင်းမှာ လောလောဆယ်မှာ ရနိုင်တဲ့ ကလေးစာပေတွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘယ်လို မြင်ပါသလဲ။

ဖြေ – အင်မတန်ဖြေရခက်တဲ့ မေးခွန်းပဲ။ ဘာကြောင့်လဲဆိုတော့ ကလေးစာပေအနေနဲ့ သတ်သတ်မှတ်မှတ် ရေးနေသူက မရှိသလောက်ပါပဲ။ အတိ အကျပြောရင် မရှိဘူးလို့တောင် ဆိုနိုင်တယ်။

ဘာကြောင့်လဲဆိုတော့ ကလေးစာပေလို့ ပြောတဲ့အခါ ဥပမာ Harry Potter လိုမျိုးပေါ့၊ ဒါမှမဟုတ် Charlie and the Chocolate Factory လိုဟာမျိုးတွေ ရေးနေတဲ့သူလည်း မရှိဘူး၊ ထုတ်နေသူတွေလည်း မရှိဘူး။ ပလုတ်တုတ်လို၊ ရွှင်ပြုံးလို၊ ရွှေသွေးလိုဟာတွေပဲ ရှိတယ်။ Literature ဆိုတဲ့ စာပေအနေနဲ့ မရှိဘူး။ ကောမစ် ကာတွန်းတွေအနေနဲ့ပဲ ရှိနေတယ်။ ဒါကြောင့် ကလေးစာပေ မရှိဘူးလို့ ပြောတာပါ။

လိုအပ်နေတဲ့ ကွက်လပ်တစ်ခုပါပဲ။ ကျွန်တော်တို့ ရေးတယ်ဆိုတာလည်း အမှန်က လူကြီးတွေအတွက်ပဲ ဖြစ်နေတယ်။ လောလောဆယ် Teen မဂ္ဂဇင်း၊ ဆယ်ကျော်သက်မဂ္ဂဇင်းမှာ ရေးနေတာတော့ ရှိတယ်ပေါ့။ စာအုပ်အနေနဲ့လည်း အဲဒီ့မဂ္ဂဇင်းတစ်အုပ်ပဲ သတ်သတ်မှတ်မှတ် ရှိတယ်လို့ ပြောနိုင်လိမ့်မယ်။ ဒါတောင်မှ လူကြီးတွေကို ပြောချင်တဲ့ စကားလေးတွေက အမှတ်တမဲ့ ပါပါနေသေးတယ်။  အဖက်ဖက်က အများကြီး လိုပါသေးတယ်။ ဒါ ကလေးစာပေနဲ့ ပတ်သက်လို့ လက်ရှိအနေအထားပါ။

မေး – ထုတ်ဝေမှုပိုင်းရယ်၊ စာရေးဆရာတွေဘက်ကရယ် လိုအပ်နေတယ်လို့ ဆိုလိုတာလား။

ဖြေ – ဟုတ်တယ်။ နှစ်ခုပေါ့။ ရေးသူတွေဘက်ကလည်း မရေးနိုင်ကြသေးသလို ထုတ်ဝေသူတွေဘက်ကလည်း လိုနေတာတွေ ရှိတယ်။ စာအုပ်တိုက်တွေ ဆိုတာက အမြတ်အစွန်း ရချင်လို့ လုပ်ကြတာကိုး။ သည်အခါမှာ လက်ရှိ စာအုပ်တွေ ထုတ်နေကြတဲ့အနေအထားမှာက ရောင်းအားက သိပ်မကောင်းဘူး။ ဖြန့်ချိပုံစနစ်၊ တင်ပို့ပုံစနစ်၊ ကြော်ငြာပုံစနစ် အားလုံးမှာ တို့တစ်တွေ လိုအပ်နေသေးတယ်။ ကျွန်တော်တို့ရဲ့ စာအုပ်ဖြန့်ချိရေး စနစ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀က ဖြန်ချိရေးပုံစံမှာပဲ ကျန်နေသေးတယ်။ အဲတော့ကာ ထုတ်ဝေသူတွေအနေနဲ့ကျတော့ အားရပါးရ ထုတ်ချင်ကြဦးတောင် ထုတ်ဖို့ ခက်နေကြလိမ့်မယ်။ ဒါက ထုတ်ဝေသူတွေရဲ့ အခက်အခဲ။

တို့စာရေးသူတွေဘက်က အခက်အခဲကို ပြောတဲ့အခါ တို့ စာရေးသူတွေမှာကျတော့ ပြောရရင်ကွယ်၊ တို့ သည်ဘက်ခေတ်မှာ စာရေးသူတွေ များပေမယ့် ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်သိတဲ့သူ၊ ကိုယ်သွားမယ့် လမ်းကြောင်းကို ကိုယ်သိတဲ့သူ နည်းများ နေသလားလို့ တစ်ခါတစ်ခါ တွေးမိရတယ်။

မေး – ဆရာဆိုလိုတဲ့သဘောက သည် ကလေးစာပေကို အထူးပြုပြီး ရေးနေတဲ့သူက အရမ်းနည်းနေတယ်လို့ ပြောချင်တာပါလား။

ဖြေ – လုံးလုံးကို မရှိဘူးလို့တောင် ပြောချင်တယ်။ ဟိုအရင်ကမှ ရှိသေးတယ်လို့ ပြောနိုင်မယ်။ အခု တို့ခေတ်မှာကျတော့ ကလေးတွေအတွက် သတ်သတ်မှတ်မှတ် ရည်ရွယ်ပြီး ရေးနေတဲ့ စာရေးသူဆိုတာ လက်ချိုးရေလို့ ရတယ်။ လက်ချိုးရေတောင် လက်တစ်ဖက်က ကောင်းကောင်း မပြည့်ချင်ဘူး။ လူငယ်တွေအတွက် ရည်ရွယ်ပြီး ရေးနေတဲ့သူတွေတော့ ရှိတယ်လို့ ပြောနိုင်ပါတယ်။ လူငယ်တွေအတွက် တစိုက်မတ်မတ် ရေးနေတာ ဆရာတော် ဦးဇောတိက ရှိမယ်၊ လူထု ဦးစိန်ဝင်းရှိမယ်၊ ဒေါက်တာ မတင်ဝင်းရှိမယ်။ အဲဒီ့ ပုဂ္ဂိုလ်ကြီးတွေကတော့ ကလေးတွေ၊ လူငယ်တွေအတွက် တကယ့်စေတနာနဲ့ ရေးနေကြပါတယ်။

ဒါပေမယ့် တကယ့်တကယ်မှာ ကလေးတွေသာ ဖတ်ဖို့ဆိုတဲ့စာ၊ ဆိုလိုတာက ကလေးတွေကို ဘာတွေညာတွေမှ သင်မပေးဘူး၊ သူတို့ကို စာရိတ္တလည်း သင်မပေးဘူး၊ ကိုယ်ကျင့်တရားတွေလည်း သင်မပေးဘူး၊ သူတို့ရဲ့ အသိဉာဏ်လေး နိုးလာဖို့ကို နှိုးပေးရုံလောက်နဲ့ ဖျော်ဖြေရေး သက်သက်ကို ရေးနေတဲ့သူဆိုလို့ တစ်ယောက်ဆို တစ်ယောက်မှ မရှိဘူး။

အခုဟာက ကလေးစာပေလို့ ပြောလိုက်တာနဲ့ တို့ဆီမှာ စိတ္တဇ ခေါက်ရိုးကျိုးနေတာက ဘယ်သူပဲဖြစ်ဖြစ်၊ ကလေးတွေကို တစ်ခုခု သင်ကို သင်ပေးရမယ်လို့ ထင်နေတာ။ အဲဒါကိုက မှားနေတယ်။ Harry Potter ဘာ သင်ပေးလို့လဲ ဘာမှ သင်မပေးဘူး။ ကလေးစာပေဆိုတာဟာ ကလေးတွေကို ဖျော်ဖြေပေးရမယ်။

မေး – ဆရာက ကလေးစာပေကို ဘယ်လိုဟာမျိုးလို့ ယူဆပါသလဲ။

ဖြေ – ပထမဦးဆုံးကတော့ ကလေးစာပေဆိုတာ လှေကားထစ်ပါ။ စာဖတ်ခြင်းကို ဝါသနာပါအောင် လုပ်ပေးတဲ့ လှေကားထစ်ပါ။ စာဖတ်ခြင်းကို စွဲလန်းလာအောင် လုပ်ပေးမယ်၊ ဘာသာစကားရဲ့ အရသာလေး ပေးမယ်။ ပြီးရင် ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းလေးတွေ နိုးလာအောင် လုပ်ပေးမယ်။

ကလေးဆိုတာက စိတ်ကူးစိတ်သန်းလေးတွေနဲ့လေ။ ကလေးတစ်ယောက်အတွက် သစ်သားတုံးလေးတစ်တုံးဟာ တိုက်ကြီးတစ်လုံးလည်း ဖြစ်နိုင်တယ်၊ ကားတစ်စီးလည်း ဖြစ်နိုင်တယ်၊ လူတစ်ယောက်လည်း ဖြစ်နိုင်တယ်။ အဆုံးအစ မရှိဘူး။ သည်တော့ကာ ကလေးရဲ့ စိတ်ကူး ကွန့်မြူးနိုင်တဲ့ အစွမ်းအစတွေ တိုးပွားလာအောင် လုပ်ပေးနိုင်တာဟာ ကလေး စာပေပဲလို့ ကျွန်တော် နားလည်ထားပါတယ်။

မေး – ကလေးစာပေရော၊ ကလေးစာပေ ရေးတဲ့သူရော ပြတ်လပ်မှုက ဘယ်လိုမျိုးကြောင့်လို့ ပြောလို့ရမလဲ။

ဖြေ – အရှင်းဆုံး ဥပမာကတော့ ကိုယ် မစားဖူးတာ၊ ကိုယ်မှ စားရ ကောင်းမှန်း မသိတဲ့အရာတစ်ခုကို သူများကိုလည်း ဘယ် ပြန်ကျွေးတတ်ပါ့မလဲလေ။ ကျွန်တော်တို့တွေမှ ကလေးစာပေနဲ့ ကျကျနနမှ မဆုံခဲ့ဖူးတာ။

တခြားသူတွေတော့ မသိဘူး။ ကျွန်တော်ဆို ဆယ်ကျော်သက်အရွယ်မှာ စံရွှေမြင့်တို့၊  လျှို့ဝှက်သည်းဖို မဂ္ဂဇင်းတို့၊ မောင်သိန်းဆိုင်တို့၊ တက္ကသိုလ် တင်မြင့်တို့၊ ယုဝတီခင်စိန်လှိုင်တို့ကို ဖတ်ခဲ့ရတာ။ အဲလိုဆိုတော့ ကိုယ်တိုင်မှ ကလေးစာပေကို လှိုင်လှိုင်မဖတ်ဖူးတော့ ဘယ်ရေးနိုင်တော့မလဲ။ အများစုက တကယ့် ကလေးစာပေအစစ်နဲ့ နဖူးတွေ့၊ ဒူးတွေ့ မတွေ့ဖူးတဲ့အတွက်  ကလေးစာပေဆိုတာ ဘာမှန်းကို မသိဘူး။ မသိတော့ မရေးတတ်တော့ဘူး။ ဒါကြောင့် ပြတ်လပ်နေတာလို့ပဲ ပြောရမှာပေါ့။

နောက်တစ်ချက်ကတော့ ပိုက်ဆံရှိတဲ့သူတွေမှာက စိတ်ကူးစိတ်သန်းကောင်းတွေ မရှိကြဘူး။ စိတ်ကူးစိတ်သန်းကောင်းတွေ ရှိတဲ့ လူတွေမှာကျတော့လည်း  ပိုက်ဆံက မရှိဘူး။ အဲဒီ့ ပြဿနာကြောင့်လည်း ကလေးစာပေတွေ ပြတ်လပ်နေရတာလို့ ပြောနိုင်မယ်ထင်တယ်။

မေး – ကလေးစာပေ ထွန်းကားဖို့ လက်ရှိအနေအထားမှာ အရေးကြီးနေတယ်လို့ ပြောလို့ရမလား။

ဖြေ – ဘယ်အနေအထား၊ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ်အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ ကလေးတွေပါပဲ။  နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည် တည်တံ့ဖို့၊ ထွန်းပေါက်အောင်မြင်ဖို့အတွက်က  အဲဒီ့နိုင်ငံက ကလေးတွေရဲ့ ဉာဏ်ရည်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက အခရာပဲ။ ကနေ့ အာရှရဲ့ ကျား လေးကောင်လို့ ခေါ်တဲ့ နိုင်ငံ လေးနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ ရင်ပေါင် တန်းနေနိုင်တာဟာ ၁၉၅၀ပြည့်လွန်နှစ်တွေကတည်းက ကလေးတွေအတွက် တအား ရင်းနှီးမြှုပ်နှံခဲ့ကြလို့ပဲ။ ဒါကို ကျွန်တော် နှစ်ခါ၊ သုံးခါ ရေးဖူးပါတယ်။

အဲတော့ ကလေးစာပေဟာ အချိန်တိုင်းမှာ အရေးကြီးနေတာပဲ။ လက်ရှိ အခြေအနေတစ်ခုတည်းမှာတင် မဟုတ်ဘူး၊ အချိန်တိုင်းမှာ အရေးကြီးတယ်။ စာဖတ်တဲ့ ကလေးတစ်ယောက်မှ စာဖတ်တဲ့ လူကြီးတစ်ယောက် ဖြစ်လာမယ်။ စာဖတ်ခြင်းဟာ ပြည့်ဝစေတယ်ဆိုတဲ့ စကားရှိတယ်။ ကြွယ်ဝ စေတာပေါ့လေ။ အဲတော့ ကလေးစာပေကြောင့် ကလေးတွေ စာဖတ်ရင် အသိဉာဏ်ကြွယ်ဝတဲ့ လူကြီးတွေ ဖြစ်လာမှာပဲပေါ့။ အသိဉာဏ်ကြွယ်ဝတဲ့ လူကြီးမှသာ နိုင်ငံတစ်နိုင်ငံကို အဓွန့်ရှည်အောင်၊ အောင်မြင် ထွန်းပေါက်အောက် ပခုံးပြောင်း တာဝန်ယူနိုင်မှာပေါ့။

မေး – ကလေးစာပေတွေဟာ ကလေးတွေရဲ့ သင်ယူမှုကို ဘယ်လို အထောက်အကူဖြစ်စေနိုင်ပါသလဲ။

ဖြေ – စောစောက ပြောပြီးပါပြီ။ ပထမဆုံးက ဘာသာစကား အဆီးအတားကို ကလေးစာပေတွေက ကျော်လွှားသွားနိုင်မှာပဲ။ မြန်မာလို ဖတ်ရင် မြန်မာ ဘာသာစကား အဆီးအတားကို ကျော်သွားမယ်။ အင်္ဂလိပ်လို ဖတ်ရင် အင်္ဂလိပ်၊ တရုတ်လို ဖတ်ရင် တရုတ်ဘာသာစကား အဆီးအတားတွေကို အလိုလို ကျော်သွားနိုင်မှာပဲ။ ဒါဟာ စာဖတ်ခြင်းရဲ့ လက်ငင်း ဒိဋ္ဌအကျိုးပဲ။

ဒုတိယအချက်ကတော့ ရုပ်ရှင်ကြည့်တာထက် စာဖတ်တာက ပိုသာတဲ့ အကျိုးတစ်ခုပဲ။ ဥပမာ – အခုရေပန်းစားနေတဲ့ ကိုရီးယားကားထဲက ဆန်းမီပဲဖြစ်ဖြစ်၊ ထယ်စောက်ပဲဖြစ်ဖြစ် သူတို့ ပြတဲ့ အရုပ်ကိုပဲ မြင်ရတာ။ စာဖတ်တဲ့အခါကျတော့ အဲဒီ့ဇာတ်ရုပ်ဟာ ကိုယ့်စိတ်ကူးထဲမှာ ကိုယ်လည်းဖြစ်နေနိုင်တယ်၊ နတ်သမီးလေး တစ်ပါးလောက်လည်း ဖြစ်ချင်နိုင်တယ်။ ကုန်းရုပ်ဆိုလည်း တကယ့်ကို ဆိုးပေ့ ကြမ်းပေ့ ရက်စက်ပေ့တွေဖြစ်နေနိုင်တယ်။ တစ်နည်းအားဖြင့် လူတစ်ယောက်ရဲ့ စိတ်ကူး စိတ်သန်းတွေ အဆုံးမဲ့ ခရီးပေါက်နိုင်တာက စာဖတ်တာပဲ။ သည်အခါမှာ သင်ယူမှုအတွက်က သိပ်တာသွားနေပြီ။

သင်ယူမှု ကိုယ်နှိုက်က စိတ်ကူး စိတ်သန်းအပေါ်မှာ အခြေခံထားတာကိုး။ ကြက်တူရွေးကို စာအံသင်တာမျိုး ဆိုရင်တော့လည်း တစ်မျိုးပေါ့။ တကယ့်တကယ် သင်ယူတဲ့အခါမှာ လူတစ်ယောက်ဟာ သူ့ဦးနှောက်ရဲ့ အစွမ်းအစကို များများ သုံးနိုင်လေ၊ စိတ်ကူးစိတ်သန်းတွေ များများပွင့်လေ၊ ပို သင်ယူတတ်မြောက်လာလေပဲ။ သင်ယူတဲ့အခါမှာ ဦးနှောက်ရဲ့ တုံ့ပြန်လှုပ်ရှားမှုတွေက ထက်ခနဲ ထက်ခနဲ သွက်နေရင် ကောင်းတာပေါ့။ အဲသလို သွက်နေအောင် စာဖတ်ခြင်းက အများကြီး အထောက်အကူပေးပါတယ်။

မေး – ကလေးတွေအတွက် ထူးခြားကောင်းမွန်တဲ့ မြန်မာစာပေ နမူနာလေးတွေ ပေးနိုင်ပါမလား။

ဖြေ – သမီး အသက် ၁၃နှစ် ပြည့်ပြီးခါစလောက်က မေးကြည့်တော့ သမီးရဲ့အနှစ်သက်ဆုံး စာအုပ်က ဆရာသာဓုရဲ့ “အတာ”လို့ ပြောပါတယ်။ သူ့ထက်ငယ်တဲ့ သားကတော့ ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက် မောင်စံရှားတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်တာ တွေ့ရတယ်။ သူ့ကို မေးကြည့်တော့ သူ အကြိုက်ဆုံး စာရေးဆရာကကျတော့ ဆရာသော်တာဆွေတဲ့။ သည်စာအုပ်တွေက ကလေးစာပေအနေနဲ့ ရည်ရွယ် ထုတ်ဝေခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကလေးတွေရဲ့ အသည်းထဲမှာ စွဲနေတာတွေက အဲဒါတွေပဲ။

ဆရာသော်တာဆွေရဲ့ “ဟစ်တလုံး”၊ ဆရာဇဝနရဲ့ “ဆိုးပေ” ရှိတယ်။ နောက်ပြီးတော့ ဆရာမ မစန္ဒာရဲ့ ဝတ္ထုတွေထဲက ကလေးတွေ ရှိတယ်။ အဲဒါတွေက ကလေးတွေရဲ့ အကြိုက်တွေပဲ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒါတွေကို ငယ်ငယ်တုန်းက အတော် စွဲစွဲလန်းလန်း ဖတ်ခဲ့ရဖူးပါတယ်။ အခုအချိန်အထိလည်း ကလေးစာပေကို ပြပါဆိုရင် သည်ဆရာကြီးတွေ ရှေးက ရေးခဲ့တာကိုပဲ မယ်မယ်ရရ ပြနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့လို သည်ဘက်ခေတ်က စာရေးသူတွေက အဲဒီ့ဆရာကြီးတွေ လုပ်ခဲ့ကြ သလောက် မလုပ်နိုင်ကြသေးတာတော့ အမှန်ပါပဲ။

မေး – ဆရာကိုယ်တိုင် ကလေးစာပေသက်သက် ဘာလို့ မရေးဖြစ်တာလဲဆိုတာ ပြောပြနိုင်ပါမလား။

ဖြေ – တစ်အချက်ကတော့ အပင်ပန်းမခံချင်လို့နဲ့ တူပါတယ်။ အပျင်းထူတာပေါ့ဗျာ။ လူဆိုတာက လွယ်ကူတာ၊ သက်သာတာပဲ လုပ်ကြတာလေ။

အလွယ်ဆုံး ပြောရရင် ကျွန်တော် မူလဖြစ်ချင်တာက ဝတ္ထုရေးသူပါ။ ဆောင်းပါးရေးတဲ့သူ ဖြစ်ချင်တာမှ မဟုတ်ဘဲ။ ဒါပေမယ့် ဝတ္ထုရေးရတာက ခက်တယ်၊ ဆောင်းပါးရေးရတာက လွယ်တယ်။ ဒါနဲ့ပဲ ဆောင်းပါးရေးတဲ့ အလွယ်လမ်းကို အသာလေး မျှောလိုက်မိသွားတာများ မူလ ရည်ရွယ်ချက်ကို စုံးစုံးမြုပ်သွားတော့တာပါပဲ။

ထိုနည်းလည်းကောင်းပဲ၊ ကလေးစာပေရေးရတာဟာ ဝတ္ထုရေးရတာ ထက် ပိုခက်ပါတယ်။ ကျွန်တော့်အတွက် ပြောတာနော်။ အဲတော့ အဲဒီ့ ခက်တဲ့အလုပ်ကို အပင်ပန်းခံပြီး မလုပ်ဖြစ်တာပါ။

မေး – ကလေးစာပေ ထွန်းကားလာအောင် ဘာကို အရင်ဆုံး လုပ်ရမယ်လို့ ယူဆပါသလဲ။

ဖြေ – တစ်ယောက်ယောက်က စလိုက်ဖို့ပါပဲ။ တစ်ယောက်ယောက်က စလိုက်မယ်၊ အောင်မြင် အထမြောက်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် နောက်က တန်းစီပြီး လိုက်လုပ်လာကြမှာပါပဲ။ ဈေးကွက်ဆိုတာလည်း အလားတူပါပဲ။ တစ်ယောက်က စမလုပ်သေးလို့သာ ဈေးကွက် မရှိသေးတာပါ။ တစ်ယောက်ယောက်က စလိုက်လို့ အလုပ်ဖြစ်သွားမယ်ဆိုရင်၊ အောင်မြင်သွားမယ်ဆိုရင် နောက်က အလိုလို ပါလာကြမှာပါ။

မေး – လက်ရှိထွက်နေတဲ့ ကလေးတွေအတွက် အပတ်စဉ် စာစောင်တွေ ကို ဘယ်လို မြင်ပါသလဲ။

ဖြေ – စောစောကလည်း ပြောပြီးပါပြီ။ အဓိကက ကလေးတွေအတွက်လို့ ပြောလိုက်တာနဲ့ သင်ပေးရမယ်ဆိုတဲ့ အစွဲထဲက မထွက်တာကိုပဲ တွေ့ရ တယ်။ ဒါတင်မကသေးဘူး၊ ရေးထားတဲ့ ကောမစ်တွေထဲက အကြောင်းအရာ အတော်များများက ကလေးတွေနဲ့ သိပ်မသက်ဆိုင်လှပဲ လူကြီးတွေနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ ဖြစ်နေတယ်။ ရယ်စရာတောင်မှ ကလေးအတွက် ရယ်စရာ မဟုတ်ဘဲ လူကြီးတွေရယ်ဖို့ ဖြစ်နေတာတွေ တွေ့တွေ့နေရတယ်။

ကျွန်တော် ခဏခဏလှန်ကြည့်ဖူးပါတယ်။ တစ်ပုဒ်လည်း ရေးဖူးတယ်။ လွန်ခဲ့တဲ့ လေး-ငါးနှစ်လောက်က ဖြစ်မယ်ထင်တယ်။ ကလေး ဂျာနယ်တွေက ကလေးတွေကို ဘာတွေ ပေးနေကြသလဲဆိုတဲ့ ခေါင်းစဉ်နဲ့။ ကလေးတွေ လိုအပ်နေတာတွေကို မပေးကြဘူး၊ ကလေးတွေကို ပေးသင့်တယ်လို့ လူကြီးတွေက သူတို့အစွဲနဲ့သူတို့ ပိုင်းဖြတ်ထားတာတွေကိုသာ လှိမ့်ပေးနေကြပါတယ်။ အဲသလိုပဲ မြင်ပါတယ်။

မေး – ကလေးတွေအတွက် ထုတ်ဝေတဲ့အခါ ဘယ်လိုပုံစံမျိုးက သူတို့ အတွက် ပိုပြီး လက်လှမ်းမီနိုင်မယ်လို့ ယူဆပါသလဲ။ စာအုပ်အနေနဲ့လား၊ မဂ္ဂဇင်းအနေနဲ့လား၊ စာစောင်ဂျာနယ်အနေနဲ့လား စသဖြင့်ပေါ့။

ဖြေ – အမှန်မှာတော့ စာအုပ် ပါးပါး၊ သေးသေးလေးတွေဆို အကောင်းဆုံး ပေါ့။ အရောင်စုံစုံနဲ့ပေါ့။ ကိုယ် ရည်ရွယ် ထုတ်ဝေတဲ့ ကလေးပရိသတ်ရဲ့ အသက်အရွယ် အုပ်စုအလိုက်၊ သိပ်ငယ်လွန်းတဲ့ ကလေးတွေ အတွက်ကျတော့ အရောင်များများ စိုစိုနဲ့ ပုံများများ၊ စာလုံးလွယ်လွယ်၊ စာလုံးကြီးကြီးနဲ့ ပုံဝတ္ထု စာအုပ်ကလေးတွေမျိုး၊ သုံးတန်း၊ လေးတန်းအရွယ်၊ အဲ… ရှစ်နှစ်ကနေ ဆယ်နှစ်သားအရွယ်လောက်အတွက်ကျတော့ ဝေါဟာရလေးတွေ တိုးလို့၊ သည်ကမှ တစ်ဆင့်တစ်ဆင့် တက်လာတာပေါ့။ တစ်ခါ စောစောက ပြောခဲ့တဲ့ ဆရာသာဓုရဲ့ “အတာ”လို ဝတ္ထုကြီးမျိုးကို ကလေးတွေ ဖတ်လို့ လွယ်လောက်တဲ့ ပုံစံမျိုးနဲ့ အကျဉ်းထုတ်တာမျိုး စသဖြင့် လုပ်သွားနိုင်ပါတယ်။

မေး – ဆရာတို့ ငယ်ငယ်ကရော ကလေးစာပေ ဘယ်လောက်လောက် ဖတ်ခဲ့ရပါသလဲ။

ဖြေ – အင်း… မရှိသလောက်ပါပဲ။ ကာတွန်းကိုသာ ကလေးစာပေလို့ အောက်မေ့ခဲ့ရတာလေ။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့။ ကျွန်တော်တို့တုန်းက ဟိုးအဖျားအနားလေးကို မီလိုက်သလိုမို့ ကလေးတွေအတွက် ထုတ်ဝေတဲ့ အင်္ဂလိပ်စာအုပ်ကလေးတွေတော့ အနည်းအပါး ဖတ်လိုက်ရသေးတာပေါ့။

လူငယ်စာပေအနေနဲ့ ကျွန်တော့်ခေါင်းထဲမှာ စွဲစွဲလန်းလန်း ကျန်ခဲ့တာမျိုးက မြန်မာစာပေမှာ မရှိသလောက်ပဲ။ ခုနက ပြောတဲ့ ဦးစံရှားလိုဟာမျိုးသာ ကျွန်တော်တို့က စွဲလန်းခဲ့ရတာလေ။ နောက်ပြီးတော့ ကျွန်တော့်မှာ ပိုဆိုးသွားတာက စာရေးဆရာဖြစ်ချင်တဲ့ ပိုးက ၄-၅တန်းလောက်မှာတင် တအားဝင်ပြီး အရွယ်မတိုင်သေးတဲ့အချိန်မှာပဲ ဝတ္ထုတောထဲမှာ မျောသွားခဲ့တာလည်း ပါပါတယ်။ ဆိုကြပါစို့… ကျွန်တော့်အသက် ၁၁နှစ်၊ ၁၂ နှစ်လောက်မှာ ဝတ္ထုတွေ တအားဖတ်ဖြစ်သွားပြီ။ ကလေးက လူကြီး စာတွေ ဖတ်သလို ဖြစ်ကုန်တော့တာပဲလေ။

မေး – ဆရာတို့ ကလေးဘဝမှာ စာဖတ်ဖြစ်အောင် မိဘတွေဘက်က အားပေးခဲ့ပါသလား။

အဲဒါက နှစ်ပိုင်းရှိတယ်။ တစ်ကတော့ အမေပေါ့။ အမေက သူ ကိုယ်တိုင် စာသိပ်ဖတ်တယ်။ ကနေ့ အသက် ၇၆ နှစ် ရောက်တဲ့တိုင် အမေဟာ စာကို စွဲစွဲလန်းလန်း ဖတ်နေတုန်းပဲ။ အဲတော့ အမေ ဝယ်ဖတ်တဲ့ ရှုမဝမဂ္ဂဇင်းတွေထဲမှာ “ကလေးရှုမဝ”ဆိုတဲ့ ကဏ္ဍပါတယ်။ အဲဒီ့ ကလေးရှုမဝလေးတွေကို မေမေက ပြပေးတော့ စဖတ်ရင်းကနေ ဖတ်ဖြစ်သွားတာပေါ့။ အဲတော့ မေမေ့ဆီက ကပ်ဖတ်ရင်းကနေ စာဖတ်ခြင်း အလေ့အထကို ရလာတယ်လို့ ပြောရမှာပါ။

အဖေကတော့ အပြင်စာဖတ်တာကို လုံးဝ အားမပေးတဲ့ အဖေ။ ဖေဖေက အစဉ်အလာ အရိုးစွဲ အတွေးအခေါ်မျိုးနဲ့ပေါ့။ စာဖတ်ရင် အကျိုးရှိတာကိုပဲ ဖတ်ရမယ်။ ကျန်တာတွေ မဖတ်ရဘူးဆိုတဲ့ မူမျိုးနဲ့ဆိုတော့ တကယ့်တကယ်မှာ စာမဖတ်ရေးဘက်မှာ ပိုအားသန်နေတာပေါ့။

ကျွန်တော်ငယ်ငယ်ကဆိုရင် အဖေက အရင်လှန်လှောကြည့်ပြီး၊ သူ ခွင့်ပြုတာမှ ဖတ်ရတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ သည်မှာတင် အဖေ မကြိုက်တာကို ဇွတ်လုပ်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ ပိုဖတ်ဖြစ်ကုန်တော့တာပဲဗျ။

မေး – အခုကာလမှာရော ကလေးတွေ စာဖတ်ဖြစ်အောင် ပံ့ပိုးပေးတဲ့ နေရာမှာ၊ ကလေးတွေ စာဖတ်ဝါသနာ ပါလာအောင် လုပ်ပေးရာမှာ မိဘက ပိုပြီး တာဝန်ရှိသလား၊ ဒါမှမဟုတ် ဆရာ၊ ဆရာမများလို ကလေးတွေရဲ့ ပတ်ဝန်းကျင်က တခြားလူတွေရဲ့ အခန်းကဏ္ဍကရော ကလေးတွေ စာဖတ်ဝါသနာ ပါလာစေရေးမှာ ဘယ်လိုနေရာမျိုး ပါဝင်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ – မိဘကတော့ လက်ဦးဆရာ ပီသစွာ ထိပ်ဆုံးကနေတာပေါ့ဗျာ။ မိဘ ကိုယ်တိုင်က စာဖတ်ဝါသနာ မပါရင် သားသမီး စာဖတ်ဝါသနာ ပါလာဖို့ အင်မတန် ခဲယဉ်းပါတယ်။ နောက်တစ်ချက်က ကလေးတွေဟာ ငယ်ငယ်လေးကတည်းက စာအုပ်နဲ့ မကြီးပြင်းလာခဲ့ရင် ကြီးလာတဲ့အခါမှ စာဖတ် ဝါသနာ ပါသွားဖို့ တော်တော် ခက်သွားတတ်တယ်။

တခြားဟာတွေကို ခဏထား၊ အခု ကျွန်တော့်သားနဲ့ သမီးကိုပဲ ပြောရအောင်။ သူတို့နှစ်ယောက်ဟာ အသက်အားဖြင့် ဘာမှ မရှိကြသေးဘူး။ ၁၂နှစ်နဲ့ ၁၄နှစ်ပဲ ရှိသေးတယ်။ မစန္ဒာရဲ့ဝတ္ထုရှည် အကုန်လုံးလောက် နီးနီး ဖတ်ပြီးနေကြပြီ။ ဂျာနယ်ကျော် မမလေးရဲ့ စာအုပ်တွေ အကုန်လုံးလောက် နီးနီးလည်း ဖတ်ပြီးနေပြီ။ ဆရာသော်တာဆွေဆိုလည်း ကုန်သလောက် ရှိနေပြီ။ သမီးဆို ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေနဲ့ မဟူရာမေတ္တာတို့၊ မိန်းမလှအမုန်းတို့ကို ဖတ်ပြီးနေပြီ။

ကျွန်တော်က သူတို့ကို ဘယ်တုန်းကမှ စာဖတ်ပါလို့ မတိုက်တွန်းခဲ့ဘူး။ ဒါပေမယ့် ကျွန်တော့်အိမ်မှာ မြင်တဲ့အတိုင်းပဲ၊ တစ်အိမ်လုံး စာအုပ်တွေပဲ ရှိတယ်။ သည်တော့ ကလေးတွေဟာ လေးဘက်သွားတဲ့ အရွယ်ကတည်းက စာအုပ်ပုံကြားမှာ နေခဲ့တာ။

ကျွန်တော် လုပ်ပေးတာ တစ်ခုတော့ရှိတယ်။ သူတို့ လူမှန်း သိစပြုလာတဲ့အချိန်မှာ သူတို့အတွက် အရောင်စုံပါတဲ့၊ နိုင်ငံခြားက ထုတ်တဲ့ ကလေး စာအုပ်ကလေးတွေကို တတ်နိုင်သမျှ ဝယ်ပေးခဲ့တယ်။ သူတို့ကိုယ်ပိုင် စာအုပ်စင်လေး သပ်သပ်ထားပေးခဲ့တယ်။ အိပ်ရာဝင် ပုံပြင်လေးတွေ ပြောတဲ့အခါမှာလည်း စာအုပ်ကလေးတွေကို ဖွင့်ပြပြီး အရုပ်ကလေးတွေနဲ့ ပြောပြတယ်။ ကလေးတွေ စာဖတ်ချင်စိတ်ပေါ်လာအောင် အစောကြီးကတည်းက ကြိုပြီး ပြင်ဆင်တာပေါ့။

သည်လိုနဲ့ လေးတန်းလောက် ရောက်လာတဲ့အခါကျတော့ မြန်မာစာက တော်တော် သွားလာပြီ။ သည်အခါမှာ သူတို့ကိုယ်တိုင်က ဟိုစာအုပ်၊ ဆွဲကြည့်၊ သည်စာအုပ် ဆွဲထုတ် လုပ်လာကြတယ်။ ဘာစာအုပ် ဆွဲထုတ်ထုတ် မဟန့်ဘူး။ သည်ကြားထဲကမှ သူတို့ ကြိုက်တဲ့ စာရေးဆရာကို သတိထား ကြည့်နေပြီး အဲဒီ့စာရေးဆရာရဲ့ စာအုပ်ကို အတတ်နိုင်ဆုံး ရှာဝယ်ပေးပါတယ်။ ဖြည့်ပေးပါတယ်။

ပြောချင်တာက မိဘရဲ့ အားပေးမှုက လူတစ်ယောက်ရဲ့ စာဖတ်ဝါသနာအတွက် အခရာပါ။ အဲတော့ လက်ဦးဆရာအနေနဲ့ ကလေးတွေ ကျောင်းမနေခင် အရွယ်ကတည်းက စပြီး စာအုပ်ဆိုတာ ချစ်စရာဆိုတဲ့ အသိကို ရလာအောင် ကြိုပြင်ဆင်ထားသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။

နောက်ပိုင်းမှာလည်း စာဖတ်ခြင်းနဲ့ ပတ်သက်တဲ့ ဝါဒဖြန့် စည်းရုံးမှုတွေကိုလည်း သူ့အသက်အလိုက် လုပ်သွားရသေးတယ်။ စောစောက ပြောတဲ့ ရုပ်သံကြည့်တဲ့အခါမှာ ဇာတ်ကောင်တစ်ကောင်ကို သူ ပြသလောက်သာ အသေမြင်နေရတယ်၊ စာအုပ်သာဆိုရင် ဘယ်လို မြင်ရမှာ ဆိုတာမျိုး၊ အတူ ကြည့်နေရင်းကနေ ရုပ်ရှင်က ပေးလိုက်တဲ့ အသိက ဘယ်လို၊ အဲဒီ့အသိကို ဆင့်ပွားတွေးလိုက်ရင် ဘယ်အထိ ရောက်နိုင်တယ်ဆိုတာမျိုး၊ စာအုပ်ကို သူတို့ ဖတ်ပြီးတဲ့အခါကျတော့လည်း ဆွေးနွေးတာမျိုးလေးတွေနဲ့ ဘေးက သိုင်းဝိုင်းသွားရမှာလည်း မိဘတွေဘက်က လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

အလားတူပဲ၊ ဆရာတွေမှာလည်း သိပ်တာဝန်ရှိပါတယ်။ ဆရာတစ်ယောက်၊ အထူးသဖြင့် ဘာသာစကားကို သင်တဲ့ ဆရာတစ်ယောက်ဟာ အဲဒီ့ဘာသာစကားကို ချစ်လာအောင် သင်လို့ရတယ်။ မြန်မာစာသင်တဲ့ ဆရာက မြန်မာစာကို ချစ်လာအောင် သင်နိုင်တယ်၊ အင်္ဂလိပ်စာကိုသင်တဲ့ သူက အင်္ဂလိပ်စာကို ချစ်လာအောင် သင်နိုင်တယ်။ စာပေရဲ့ အလှအပတွေ၊ အလင်္ကာ၊ အဆင်တန်ဆာတွေ၊ ချဲ့ထွင်နိုင်တဲ့ အတွေးတွေ၊ ဆင့်ပွားနိုင်တဲ့ စိတ်ကူးစိတ်သန်းတွေကို ဆရာက ကလေးတွေနဲ့ အပြန်အလှန် ပြောဆိုမေးမြန်းရင်းကနေ အများကြီး လှုံ့ဆော်ပေးနိုင်တယ်။

တခြား ပညာရပ်ဆိုင်ရာဘာသာရပ်တွေကို သင်နေတဲ့ ဆရာတွေကလည်း လုပ်ပေးနိုင်ပါတယ်။ ကလေးတွေကို သူတို့ သင်ပေးနေတာတွေနဲ့တင် ပညာရပ်ဟာ မပြီးသေးဘူး၊ ဖတ်စရာတွေ တစ်ပုံကြီး ရှိသေးတယ်၊ ထပ်ဖတ်ရင် ထပ်သိစရာတွေ အဆုံးအစ မရှိ တိုးပွားလာနိုင်တယ်ဆိုတဲ့ အသိမျိုး ကလေးတွေမှာ ဝင်လာအောင် လုပ်ပေးနိုင်ပါတယ်။ အသိပညာ တစ်ခုဟာ အကန့်အသတ်မဲ့တယ်ဆိုတဲ့ အသိကို ကလေးတွေရလာမယ် ဆိုရင် ကလေးတွေဟာ စာဖတ်ခြင်းကို အလိုလို ဝါသနာပါလာမှာပါ။

နိဂုံး – မည်သူ ငြင်းဝံ့ပါသနည်း?

ကျွန်တော်တို့ အမေးအဖြေ ထိုနေရာတွင် ဆုံးပါသည်။ မေးသူ ကလေးမက ကျွန်တော် ဘာပြောချင်တာများ ကျန်သေးလဲဟု ထုံးစံအတိုင်း မေးပါသည်။ ဘာမှ မရှိဘူးဟုသာ တုံးတိတိ ဖြေလိုက်ပါသည်။

လာမေးသည်ကိုလည်း ကျွန်တော် ကျေးဇူးတင်ပါသည်။ သည် အကြောင်းအရာသည် ကျွန်တော်တို့ မျက်စိရှေ့တွင် ရှိနေပါလျက် လျှမ်းနေသော အကြောင်းအရာ ဖြစ်သည်။ သူ့စာစောင်တွင် ပြန်ဖော်ပြပေးသည့်အတွက်လည်း ကျေးဇူးတင်သည်။ သူ့စာစောင် ဖတ်သည့် ပရိသတ်ထဲမှ  တစ်ယောက်တလေမျှ ကလေးစာပေအတွက် စေတနာ နိုးလာခဲ့လျှင် ကျွန်တော်တို့၏ ကလေးများမှာ အကျိုးပွားလာပါလိမ့်မည်။

ကျွန်တော်ဖြေခဲ့သမျှကို ပြန်နားထောင်ပြီး တစ်လုံးစီ လိုက်ကောက်ကာ ဝါကျအထားအသိုများကို ပြင်ဆင်သင့်တာပြင်ဆင်၊ စကားပို လုံးထပ်တွေ ဖြုတ်သင့်တာ ဖြုတ်ကာ ကျွန်တော်ကိုယ်တိုင်က ပြန်ရေးလိုက်ရသည်မှာလည်း သည်အကြောင်းအရာမှာ အများ စဉ်းစားသင့်သည်ဟု ယူဆသဖြင့် ရေးလိုက်ခြင်းဖြစ်ပါသည်။

ကျွန်တော်ပြောသည်မှာ ကျွန်တော့်စကား၊ ကျွန်တော့်အာဘော်သာ ဖြစ်ပါသည်။ သဘောတူသူ ရှိသလို၊ သဘောမတူသူလည်း ရှိမည်။ သဘော တူနိုင်တာ တချို့လည်းရှိပြီး၊ သဘောမတူနိုင်တာ တချို့လည်း ပါမည်။ သည်အတွက် ကျွန်တော် မည်သူ့ကိုမှ မဥပါဒ်ပါ။

သို့ရာတွင် လစ်ဟာနေသော ကွက်လပ်ကြီးတစ်ခုအတွက် အားလုံး ဝိုင်းဝန်း စဉ်းစားကြကာ ကိုယ်နိုင်သလောက် တစ်ယောက်တစ်လက် ဝိုင်းဝန်း လုပ်ဆောင်ဖြစ်သွားမည်ဆိုလျှင် ဝမ်းမြောက်မည့်သူများမှာ ကလေးများသာ ဖြစ်မည်ဆိုသည့်အချက်ကိုကား မည်သူ ငြင်းဝံ့ပါသနည်း။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်
၂၀၀၃ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ဝေခဲ့သော အလင်းတန်းဂျာနယ်ပါ စာမူကို ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။
Advertisements
10 Comments leave one →
  1. မို permalink
    6 September 2009 7:09 am

    အရမ်းကောင်းတယ်…

  2. 7 September 2009 5:12 am

    ကျေးဇူးတင်ပါတယ် ဆရာ။ ကလေးစာပေဆိုရင် ကျနော်လည်း ရွှေသွေးတွေလောက်သာ ထင်နေမိတာပါ။ ကောင်းနိုးရာရာ ဝတ္ထုတို ၀တ္ထုရှည်တွေကို ကလေးတွေအတွက် ပြန်ချုံ့တာတွေ လုပ်ပြီး ပြန်ထုတ်သင့်ပါတယ်။

  3. Zarni Lwin permalink
    10 October 2009 1:32 pm

    Great! I totally agree with you that we don’t have Children’s Literature in Myanmar. I remember when I was 12-13 years old, I read the books by Myanmar authors DuWon and Min Theinka. As I recall the contents of the books, they are not very appropriate for 10-13 years old kids. But they were interesting and I couldn’t stop reading those books. I have to say that if you have time, you should write books for children. We need books intentionally written for children.
    As an elementary teacher, I have been collecting books for children for 3 years now. I actually enjoy reading children’s books. In my class, I read aloud to my kids everyday, and they love it. The love of reading and learning are lifelong desires that I want to develop in every child.
    For those who want their children to expose to reading and good children literature, there’s an online library for children. It is called the International Children’s Digital Library, and it is a free online library of digitized children’s books from different countries. The website is http://en.childrenslibrary.org/

    • lettwebaw permalink
      10 October 2009 5:05 pm

      Thank you, Zarni, especially for the link. Yes, we have to work harder for the children. Everybody knows that children are our future, but very few people are working for them at present. What a shame!

  4. jeu jue permalink
    10 October 2009 2:50 pm

    ကျွန်မအတွက်တော့ မေမေက စာပိုးသွင်းပေးခဲ့တဲ့သူပေါ့ ဆရာ။ ရွှေသွေးအဟောင်းတွေ ပိဿာချိန်နဲ့ဝယ်၊ ကိုယ်တိုင်ချုပ်ပြီး သူအားတာနဲ့ ဖတ်ဖတ်ပြတော့တာပါပဲ။ ဆရာ့လိုပဲ အမေက ကျွန်မ ဘာစာအုပ် ဖတ်ဖတ် မတားမြစ်ခဲ့ပါဘူး။ အဲဒီတော့ အစုံလည်း ဖတ်ဖြစ်သွားတယ်၊ ကိုယ် ဘာ ဖတ်ချင်လဲ၊ ဘာ ကြိုက်လဲကိုလည်း ရွေးတတ်သွားတာပေါ့။ ကျွန်မတို့ ကလေးဘဝတုန်းက ဖတ်ရတဲ့စာတွေလို ခုနောက်ပိုင်း ကလေးတွေမှာ မရရှာတော့တာ အရမ်းနှမျောဖို့ ကောင်းပါတယ်။ အဆင့်မရှိတဲ့ ဝတ္ထုတွေကိုပဲ အကောင်းလုပ် ဖတ်နေကြရတယ်။ မရယ်ရတဲ့ အတင်းဂလိထိုး ဟာသတွေနဲ့ ကြီးပြင်းနေရတယ်။ နေ့မီးညမီး ကျောင်းစာတွေနဲ့ပဲ နပန်းလုံးနေကြရတယ်။ ကျွန်မစာတမ်းအတွက် လိုအပ်လို့ ဖတ်ရတဲ့ စာအုပ်တစ်အုပ်မှာ တွေ့မိတာလေးက…
    A recent study of reading in the USA published in the 8 July 2004 issue of the New York Times found that “fewer than half of Americans over 18 now read novels, short stories, plays or poetry; and that the pace at which the nation is losing readers, especially young readers, is quickening.” တဲ့။
    ကျွန်မတို့ဆီမှာတော့ ဘာကိန်းဂဏန်းမှ မကောက်ယူထားပေမယ့်လည်း ကြောက်စရာကောင်းအောင် စာဖတ်နှုန်း ကျဆင်းနေပြီဆိုတာ မှန်းကြည့်လို့ ရနေပါတယ်။ ကိုယ့်မြန်မာစာတောင် အရေးပေး မဖတ်မှတော့ နိုင်ငံတကာစာပေဆိုတာ ဝေးဝေး လာနေပြီပေါ့ ဆရာ။ ကျွန်မလည်း အဂFလိပ်စာ ဖတ်ဖို့ဆို လက် တော်တော် တွန့်ပါတယ်။ မဖြစ်မနေမှသာပဲ ဖတ်ဖြစ်ပါတယ်။

    • lettwebaw permalink
      10 October 2009 5:03 pm

      Comment အတွက် ကျေးဇူးတင်ပါတယ်။ အင်္ဂလိပ်စာ ဖတ်ဖို့ လက်မတွန့်စေချင်ဘူး။ အချစ်ပဲဖြစ်ဖြစ်၊ စုံထောက်ပဲဖြစ်ဖြစ်၊ သရဲဝတ္ထုပဲဖြစ်ဖြစ် လက်လှမ်းမီတဲ့အထဲက ကိုယ်စိတ်ဝင်စားမယ့်၊ လက်က မချနိုင်မယ့် အပျော်ဖတ် ၀တ္ထုက စဖတ်စေချင်ပါတယ်။ တစ်အုပ် ဖတ်ပြီးသွားရင် မသိစိတ်ထဲမှာရှိတဲ့ ဘ၀င်က အလိုလို ကြွလာပြီး နောက်တစ်အုပ် ဆက်ဖတ်ဖြစ်ဖို့ လက်တွန့်တော့မှာ မဟုတ်ပါဘူး။ ဖတ်ရင်းနဲ့ ၄-၅-၁၀အုပ် ပြီးသွားပြီဆိုရင်တော့ ဖတ်ရဲတဲ့ အဆင့်ကို ရောက်လာပါလိမ့်မယ်။ အင်္ဂလိပ်စာတွေ ဖတ်ဖြစ်ခဲ့တဲ့ ကျွန်တော့် ကိုယ်တွေ့နည်းလေးကို မျှလိုက်တာပါဗျာ။

  5. jeu jue permalink
    11 October 2009 1:47 pm

    ကျေးဇူးတင်ပါတယ် ဆရာရှင့်။

  6. မိုးခ permalink
    22 June 2012 2:23 pm

    ကျေးဇူးတင်ပါတယ်ရှင့်……………..

  7. 27 September 2012 9:49 pm

    ကလေးတွေ စာဖတ်တာကို စိတ်မ၀င်စားတော့တာကို ကိုယ်တိုင်ကြုံနေရပါတယ်ဆရာ။ သားလေးက သူစာစဖတ်တတ်ကာစ သူငယ်တန်းကျောင်းသားကနေ ၂ တန်းလောက်ထိကို စာကို တော်တော်လေးဖတ်ပါတယ်။ ၂ တန်းကျောင်းသားပေမဲ့ တော်တော်လေး ဖတ်နိုင်ပါတယ်။ နားမလည်ရင်ပြန်မေးတယ်။ ဒါပေမဲ့ အခု ၃တန်းနှစ်ရောက်လာတော့ သူက စာအုပ်ဖတ်တာအစား ဂိမ်းကစားရတာကို ပိုကြိုက်လာတယ်။ ဒါနဲ့ စာအုပ်ဆိုင်ခေါ်သွား ကြိုက်တဲ့စာအုပ် ရွေးခိုင်းပြီး ၀ယ်ပေးမလို့ဟာတောင် သူက စိတ်မ၀င်စားသလို လုပ်နေလို့ ကိုယ့်ဟာကိုယ်သူနဲ့ သင့်တော်မယ်ထင်တဲ့ ပုံပြင်စာအုပ်ကို ၀ယ်ပေးခဲ့ရတယ်။ အဲလိုဝယ်ပေးတော့လည်း သူ ဖတ်ပါတယ်။ အခုဆိုရင် ကိုယ်က သူ့ကို စာအရမ်းဖတ်စေချင်တော့ ကိုယ်တိုင်စာအုပ်ဆိုင်ခေါ်သွား ဇွတ်စာအုပ် ငှားခိုင်း၊၀ယ်ခိုင်း ဖတ်ခိုင်းလုပ်ပေးနေရတယ်ဆရာ။
    ဆရာ့ရဲ့ဒီအမေးအဖြေ ဆောင်းပါးလေးကို Facebook မှာ Share သွားပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်။ ICDL link ကိုပေးတဲ့ ကိုဇာနည်လွင်ကို လည်း ကျေးဇူးတင်ပါတယ်။

    • lettwebaw permalink*
      28 September 2012 9:36 am

      ၃ တန်းရောက်ပြီ၊ ငယ်ကတည်းကလည်း စာဖတ်ကျင့် ရှိထားတယ်ဆိုတော့ အပေးအယူ လုပ်ရင် ရမလား မသိဘူးဗျ။ ဆိုလိုတာက သူ ကစားချင်တာလည်း ခွင့်ပြု၊ ကိုယ် ဖတ်စေချင်တာလည်း ဖတ်ဖို့ သူနဲ့ ညှိရမှာပါ။ နောက်တစ်ခုက game ကိုတော့ ကန့်သတ်စေချင်မိပါတယ်။ ကွန်ပျူတာ ဂိမ်းတွေက ကလေးတွေကို ထားဦး၊ လူကြီးတွေတောင်မှ အလွန်စွဲသွားစေတတ်တဲ့ အာနိသင်အကြီးကြီး ရှိနေပါတယ်။ အဲဒါကို ဉာဏ်နဲ့ ထိန်းကွပ်ဖို့ တော်တော့်ကို ခက်ခဲမှာပါ။ ဒါ့ကြောင့် အစကတည်းက အစမလုပ်မိတာတော့ အကောင်းဆုံးပါပဲ။ အခု လက်စ ရှိနေရင်တောင် နောက်ထပ် ကစားနည်းအသစ် မရအောင် တစ်နည်းနည်းနဲ့ ပိတ်ဆို့ ထားတာမျိုးပေါ့။

      နောက်တစ်ချက်က စာဖတ်ခြင်းကို စိတ်ပျက်အောင် ကျောင်းတွေက ဆောင်ကြဉ်းပေးနေတာလေးကိုလည်း သတိထားစေချင်ပါတယ်။ ကျောင်းစာကို နေ့နေ့ ညည ကျူရှင်နဲ့ ဂိုက်နဲ့ စွတ်တွန်းခြင်းကလည်း ကလေးတွေ စာဖတ်လိုစိတ်ကို လုံးပါးပါးစေနိုင်တယ်ခင်ဗျ။ ဒါ့ကြောင့် ကလေးကို ကျောင်းစာဘက်မှာ တန်ရုံအားပေးပြီး အပြင်စာဖတ်မှ ဆင်ခြင်တတ်သူ လူသားဖြစ်မယ်ဆိုတဲ့ အသိလေးကို မသိမသာ ၀ါဒဖြန့် စည်းရုံးသွားရမယ် ထင်ပါတယ်ခင်ဗျား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: