Skip to content

On Journalism

ကိုကျော်သီဟရေ…
ဘယ်လိုစိတ်ကူးနဲ့များ ကျွန်တော့်ကိုမှ ရွေးပြီး မေးခွန်းတွေ မေးလာတယ်ဆိုတာ ခင်ဗျားကိုယ်တိုင်မှပဲ သိပါလိမ့်မယ်။ ခင်ဗျား မေးခွန်းတွေက အချွန်တွေ အတက်တွေ ပါနေမှန်းလည်း သိပါတယ်။ စာရေးရင် အချွန်တွေ အတက်တွေ များလွန်းလို့ ဟိုငြိ၊ သည်ငြိနဲ့ ငြိတတ်တဲ့ ကျွန်တော့်ကိုမှ အချွန်အတက် ဗရပွနဲ့ မေးခွန်းတွေ မေးလာတာဟာ သွေးရိုးသားရိုးတော့ ဟုတ်ဟန် မတူဘူး။

ဘယ်လိုပဲဖြစ်ဖြစ်၊ မေးလာရင် မဖြေဘဲ မနေတတ်တဲ့ ကျွန်တော့်  ဉာဉ်ခပ်ဆိုးဆိုးနဲ့ပဲ ကြိုးစားပြီး ဖြေလိုက်စမ်းမဗျာ… တစ်ခုတော့ ကြိုတင် ပြောလိုက်ပါရစေ။ ကျွန်တော့်အဖြေဟာ ကျွန်တော့် အာဘော်သာ ဖြစ်တာမို့ မည်သူမဆို လွတ်လွတ်လပ်လပ် သဘော ကွဲလွဲနိုင်ကြောင်းနဲ့ ကျွန်တော့်ထက် ပိုကောင်းတဲ့အဖြေများကို တွေ့လာရမယ်ဆိုရင်လည်း ဝမ်းပန်းတသာ ကြိုဆိုနေမယ်ဆိုတဲ့ အကြောင်းပါ။ ကိုင်း… ဖြေတော့မယ်ဗျာ…  အစက ပြန်မေး..

မေး – စာနယ်ဇင်းဆရာ တစ်ယောက်အတွက် သတင်းဦး၊ သတင်းထူး ရရှိဖို့ တစ်ခါတလေ မသမာတဲ့ အောက်လမ်းနည်း သုံးရတယ် ဆိုတဲ့ ကိစ္စကို ဆရာ ဘယ်လိုမြင်ပါသလဲ?

ဟား… ကြောက်စရာကြီးပါလား။ မေးခွန်းကြားလိုက်တာနဲ့ ဘယ်လိုမှ မမြင်ရဲပါဘူးခင်ဗျလို့  အသံတိမ်လေးနဲ့ ဖြေရမလိုတောင် ဖြစ်သွားတယ်၊ ဟား… ဟား…  အတည်ဖြေပြီနော်။ စာနယ်ဇင်းဆရာဆိုတဲ့အခါမှာ ဘယ်လို စာနယ်ဇင်းဆရာလဲ ဆိုတဲ့အပေါ်မှာ တည်ပြီး သည်အမြင်ကလည်း အမျိုးစုံ ပြောင်းလဲသွားမယ်လို့ ထင်တယ်ဗျ။

စာနယ်ဇင်းဆရာတိုင်းကတော့ စာဖတ်သူအတွက်လို့ ကြွေးကြော် ကောင်းကြွေးကြော်ကြပေလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာ ဘယ် စာနယ်ဇင်း ဆရာဖြစ်ဖြစ်၊ နိုင်ငံတကာကပဲဖြစ်ဖြစ်၊ ပြည်တွင်းကပဲ ဖြစ်ဖြစ်၊ စာနယ်ဇင်းသမားတိုင်းဟာ မိမိရဲ့ပုဂ္ဂလိက ရပ်တည်မှုနဲ့မိမိ ကိုယ်စားပြုရာ သတင်း ဌာန၊ ဒါမှမဟုတ် စာနယ်ဇင်းရဲ့ရပ်တည်မှုကို အဓိကထားကြတာ များပါတယ်။ ဆိုလိုတာက စာနယ်ဇင်း ဆရာ အများစုဟာ စာဖတ်ပရိသတ် အပေါ်မှာထက် မိမိရဲ့ အောင်မြင်မှုနဲ့ မိမိကိုယ်စားပြုရာ စာနယ်ဇင်းတို့ အပေါ်မှာ ပိုပြီး သစ္စာရှိနေတတ်ကြတယ်။
အဲဒီ့ မိမိရဲ့ ပုဂ္ဂလိက ကျော်စောလိုမှု၊ နေရာရလိုမှု၊ မိမိ ရေးသား တင်ဆက်နေတဲ့ စာနယ်ဇင်းရဲ့ရောင်းကောင်းမှုကို အဓိကထားပြီး မသမာတဲ့နည်း၊ အောက်လမ်းနည်းကို သုံးလို့ သတင်းဦး သတင်းထူး ယူတာဟာ လူတစ်ယောက်အနေနဲ့ ရှိတတ်မြဲ လောဘစိတ်နဲ့မို့ အပြစ် မပြောသာသည့်တိုင် စိတ်ပျက်စရာ ကောင်းနေတာတော့အမှန်ပါပဲ။

မကြာသေးခင်က မင်းသမီး ဒိုင်ယာနာ သေဆုံးသွားတဲ့ ဖြစ်ရပ်ဟာ အဲဒီ့ အောက်လမ်းနည်း၊ မသမာတဲ့နည်းကို သုံးစွဲကြတဲ့အတွက်  ဖြစ်လာတဲ့ အထဲက အဆိုးဆုံး ဖြစ်ရပ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။ မနေ့တစ်နေ့ဆီကပဲ ရုရှက တင်းနစ်ချံပီယံ အမျိုးသမီးလေး ခူနီခိုဗှာရဲ့ ဝတ်လစ်စလစ် ပုံတွေ ပါတယ်ဆိုပြီး ထုတ်ဝေရောင်းချလိုက်တဲ့ ပယ့်န်သှ် ဟောက်စ်မဂ္ဂဇင်းဟာလည်း အောက်လမ်းနည်း အသုံးကောင်းလို့ အမှုနှစ်မှုနဲ့ တရားစွဲခံနေရတယ်။

အဲ… စာဖတ်သူအပေါ်မှာပဲ သစ္စာရှိမယ်၊ ဆိုလိုတာက အများပရိသတ်အတွက် အမှန်တကယ် အကျိုးရှိမယ်ဆိုရင်တော့ မသမာတဲ့ အောက်လမ်း နည်းကို သုံးသင့်လို့ သုံးတာဟာ မွန်မြတ်တယ်လို့တောင် ကျွန်တော်က မြင်ပါတယ်။

ဆိုကြပါစို့ဗျာ…  ဆေးကုမ္ပဏီကြီးတစ်ခုက သူ့စက်ရုံကနေ ဆေးအတုတွေ ထုတ်နေတယ်။ ဒါကို သတင်းလိုက်တဲ့သူက အနံ့ ရထားတယ်။ ဒါပေမယ့် ကုမ္ပဏီကြီးက သိပ်သိုသိပ်လွန်း၊ သိပ်ပေါက်ရောက်လွန်းတော့ ဘယ်လိုမှ ကပ်လို့မရဘူးဖြစ်နေတယ်။ ရထားတဲ့သတင်း မှန်ကန်ကြောင်း၊ တိကျကြောင်း၊ ခိုင်လုံကြောင်းတွေကို ထူထောင်ယူဖို့အတွက် သည်နေရာမှာ မသမာတဲ့အောက်လမ်းနည်းကို သုံးတော့မယ်။ ဆိုကြပါစို့၊ အဲဒီ့စက်ရုံရဲ့ အဓိက တာဝန်ရှိသူ တစ်ယောက်မှာကျတော့ လူသိမခံချင်တဲ့ ကိစ္စတစ်ခု ရှိနေတယ်။ အဲဒီ့ကိစ္စကို ခြောက်လုံးအဖြစ် သုံးပြီး ဆေးတုတွေ ထုတ်လုပ်နေ တာနဲ့ ပတ်သက်လို့ ကိုယ်လိုချင်တဲ့ အချက်အလက်တွေ ရအောင်မေးယူမယ်။ ဟိုပုဂ္ဂိုလ်ခမျာလည်း သူ့ကို အကြပ်ကိုင်ခံလိုက်ရမှန်း သိပေမယ့် ဘာမှ မတတ်နိုင်လို့ အားလုံး ဖွင့်ထုတ်လိုက်ရတယ်။

သာမန်အားဖြင့်ကြည့်ရင် ဒါဟာ အနုကြမ်းစီးနည်းတစ်မျိုးပဲ။ မတရားဘူး၊ မလုပ်ထိုက်ဘူး။ ဒါပေမယ့် သည်ကိစ္စကို ဖွင့်ချဖော်ထုတ်နိုင်မယ်ဆိုရင် အများပရိသတ်အတွက် အလွန်အကျိုးရှိမယ့်ကိစ္စ ဖြစ်နေတဲ့အတွက် တခြားလမ်း ရွေးစရာ မရှိတော့တဲ့အတူတူ သည်နည်းကို သုံးပြီး မရအရ သတင်းယူတာကို လက်ခုပ်တီးပေးသင့်ပါတယ်။

စာနယ်ဇင်းသမိုင်းမှာတော့ အမေရိကန်သမ္မတနစ်ခ်ဆင်န် လက်ထက်က ဝါးတားဂိတ်အရှုပ်တော်ပုံဟာ မသမာတဲ့အောက်လမ်းနည်း ကိုသုံးပြီး သတင်းဦး သတင်းထူး ရအောင် ယူလိုက်တဲ့အတွက် အကျိုးရှိသွားတဲ့ ပြယုဂ်တစ်ခုလို့ ဆိုနိုင်ပါလိမ့်မယ်။ လိုရင်းတိုရှင်း ပြန်ချုပ်ရမယ် ဆိုရင်တော့ အများ ပရိသတ်အတွက် သိသင့်သိထိုက်တဲ့အကြောင်းအရာ၊ အများအတွက် အကျိုးဖြစ်စေမယ့် သတင်းအတွက် တစ်ခါတလေ လိုအပ်လို့ မသမာတဲ့ အောက်လမ်းနည်း သုံးတာဟာ လှိုက်စားနေတဲ့ ရောဂါ ဆက် မပြန့်အောင် ကိုယ် အင်္ဂါ အစိတ်အပိုင်းတစ်ခုခုကို ဖြတ်တောက် ထုတ်ပယ်ပေးရတဲ့ ခွဲစိတ်ဆရာဝန်ရဲ့ ဆောင်ရွက်ချက်လို တော်တည့် မှန်ကန်နေနိုင်ပါတယ်။
အဲ… စာဖတ်သူအတွက် ဘာမှ အကျိုးမရှိတဲ့သတင်း၊ ဥပမာ မင်းသမီး ရည်းစား ပြောင်းတာလိုမျိုး သတင်းကို မသမာတဲ့ အောက်လမ်းနည်း သုံးရင်တော့… ကိုကျော်သီဟရေ… ကျွန်တော်သာဆိုရင်တော့ အဲဒီ့က ရတဲ့ အခကြေးငွေနဲ့ ထမင်းစား ဖြောင့်နိုင်မယ်မထင်ဘူးဗျ။

မေး – သည်နေ့ ဖြတ်သန်းနေတဲ့ မျိုးဆက်သစ် စာနယ်ဇင်းနဲ့ မျိုးဆက်ဟောင်း စာနယ်ဇင်း ဘာ ကွာခြားပါသလဲ။

အဲဒီ့ မေးခွန်းကို ကြားရတော့ ငိုချင်းတောင် ချလိုက်ချင်လှပါသဗျ၊ အံမယ်မင်း… ကိုကျော်သီဟလေးရယ်… လေး.. အနီးစပ်ဆုံး ဥပမာပြရရင်တော့ အောင်ဆန်းကွင်းမှာ ကန်တဲ့ ဘောလုံးသမားစစ်စစ်ကြီးတွေနဲ့ အရပ်ထဲက ချိုင့်ကျင်းထူပြော၊ ခလုတ် ကန်သင်းပေါလှတဲ့ လမ်းကျဉ်း လမ်းမြှောင် လေးထဲမှာ ကန်နေရတဲ့ ကလေးမဟုတ်၊ လူကြီးမဟုတ် ဘောလုံး ဝါသနာအိုးတွေနဲ့ ကွာသလို ကွာခြားလှပါသဗျာ။

ဘောကွင်းထဲမှာ ကန်ရတဲ့သူက ဘေးအိမ်က မှန်ကွဲလို့ အဆဲခံရမှာ ကြောက်စရာမလိုဘူး။ စိတ်ရှိ လက်ရှိ ကန်လို့ရတယ်။ လမ်းမြှောင်ထဲမှာ ကန်ရတဲ့သူက ပဲပြုတ်သည် အဒေါ်ကြီးကို ဘောလုံး သွားမှန်ရင် ပါးစပ်နဲ့ တစ်လုံး ကော်အတုတ်ခံရမှာ စိုးတာနဲ့ပဲ ခြေစွမ်းကို မပြရဲအောင် ဖြစ်ဖြစ်နေတယ်။ သည်အထဲ ဒိုင်လူကြီးကလည်း ကိုယ့်ချင်း ကိုယ့်ချင်းထဲက ဖြစ်နေ၊ စိတ်ရှိလက်ရှိ ကန်မရလို့ စိတ်ကလည်း ပိန်နေနဲ့၊ ဘာလုပ် ရမှန်းကို မသိတော့ဘူး၊ ဒါနဲ့၊ အချင်းချင်းပဲ လှည့်မဲပြီး၊ မင်းက ဘယ်လို ကန်တာတုန်းကွ၊ လုပ်လိုက်ရင် သောက်ရမ်းချည်းပဲ၊ ဟေ့ကောင်၊ မင်း လွန်နေပြီနော်၊ သတ္တိရှိရင် တစ်ယောက်ချင်းချမလား၊ ဘာညာနဲ့  တွေ့ကရာ ရှစ်သောင်း လျှောက်အော်၊ အချင်းချင်း တုတ်ဆွဲ၊ ဓားဆွဲလုပ်ပြီး မခေါ်နိုင် မပြောနိုင်တွေ ဖြစ်။

နည်းနည်းပါးပါး နားလည်တဲ့သူက ဝင်ဖျင်ပြန်ရင်လည်း မင်းက ဘာကောင်မို့ ဆရာလုပ်ရတာလဲ။ မိုက်လား၊ သတ္တိရှိရင် ချမလား ဆိုပြီး ကိုယ့်ဒေါသကို သူ့အပေါ်ပုံမိတာလည်း ရှိချင်ရှိတယ်။

ဒါ ကျွန်တော် မြင်တဲ့ ကွာခြားပုံပဲ ကိုကျော်သီဟရဲ့။ ခြေစလက်စ တကယ်ရှိတဲ့သူတွေကို လမ်းမြှောင်ထဲကနေ ကွင်းထဲပို့ပြီး သေချာ ကျင့်လိုက်ရင် လက်ရွေးစင်တွေ ဖြစ်လာနိုင်ပါတယ်။ အဲသလိုပဲ၊ ကွင်းထဲမှာ ကန်နေတဲ့လူတွေလည်း လမ်းမြှောင်ထဲကလူတွေလို ဖိနပ်မပါခြေဗလာနဲ့ ပုဆိုး ခါးတောင်းကျိုက်ပြီး ကစားကြစတမ်းဆို ဘယ်အဖြစ်ရှိအောင် ကစားနိုင်တော့မလဲဗျာ။

အဲတော့ကာ ကွာခြားနေတာက လူမဟုတ်ဘဲ ကွင်းသာ ဖြစ်နေပါလိမ့်မယ်။ ကွင်းချင်း မတူတဲ့အတွက် ကစားကွက်တွေလည်း ကွဲလွဲ ကုန်ရတာပါပဲ။
ဒါ ခင်ဗျားမေးတဲ့ မေးခွန်းအတွက် အသင့်တင့်ဆုံး အဖြေပါပဲ ကိုကျော်သီဟရေ။
မေး – သတင်းတစ်ပုဒ် ရပြီဆိုပါတော့ဆရာ။ အဲဒီအမျိုးသမီးဟာ စူပါအနုပညာရှင်လည်းဖြစ်၊ ယောက်ျားကို ဟောတစ်ယောက်၊ ဟောတစ်ယောက်ယူ၊ ပြီးတော့ သူ့ပါးစပ်ကနေ “ကျွန်မအတွက် ချစ်ရမယ့်သူ မရှိသေးပါဘူး”ဆိုတဲ့ ခေါင်းကြီး စာလုံးမည်းကြီး တပ်ပြီး ဖော်ပြတဲ့ သတင်းဟာ ဘယ်သတင်း အမျိုးအစားထဲ ပါဝင်ပါသလဲ။

အနုပညာရှင်တွေနဲ့ ပတ်သက်တဲ့ သတင်းဆိုတာက ပရိသတ်အတွက် ဘာအကျိုးမှ မရှိသည့်တိုင် ပရိသတ် စိတ်ဝင်စားလောက်တဲ့ ပေါ်ပင် အကြောင်းအရာမျိုး ဖြစ်နေတယ်။ သည်လိုသတင်းတွေကို ဦးစားပေးဖော်ပြခြင်းဟာ ကိုယ့်စာစောင် ရောင်းရရေးကို ပိုပြီး ဦးစားပေးရာရောက်တယ်၊ စာဖတ်သူအပေါ်မှာ စေတနာနည်းလွန်းလှတယ်လို့ပဲ ကျွန်တော်တော့ မြင်တယ်။
သည်သတင်းကိုပဲ၊ လူအများနဲ့ သက်ဆိုင်လာအောင်၊ လူအများအနေနဲ့၊ သံဝေဂအနေနဲ့ ဖြစ်စေ၊ နမူနာတစ်ရပ်အနေနဲ့ဖြစ်စေ ပေါ်လွင်အောင် ရေးပြနိုင်မယ်ဆိုရင်တော့ စေတနာ ပါသွားနိုင်ပါတယ်။

ခင်ဗျားမေးခွန်းထဲက ခေါင်းစီးလေးကိုပဲ “သူက ပြောတော့ ကျွန်မအတွက် ချစ်ရမယ့်သူ မရှိသေးပါဘူးဆိုပဲ”လို့ ပြောင်းလိုက်မယ်ဆိုရင် ပရိသတ်လည်း ပိုစိတ်ဝင်စားသွားမယ်၊ အကြောင်းအရာအရလည်း အနည်းနဲ့အများ လိုက်ဖက်သွားနိုင်တယ်။ သတင်းရေးတဲ့ အခါမှာလည်း ရေးတဲ့သူရဲ့ စေတနာနဲ့ ဉာဏ်ရည်အပေါ်မှာ တည်ပြီး ထိန်းထိန်းသိမ်းသိမ်းလေး ရေးသွားနိုင်သေးတယ်။
ဆိုကြပါစို့ဗျာ၊ ခိုင်သင်းကြည် မင်္ဂလာပွဲသတင်းကို အားလုံးက  ဝိုင်းရေးကြတယ်။ သည်အထဲမှာမှ အနုပညာနယ်ပယ်၊ အထူးသဖြင့် လူမှုရေး အရှုပ်အထွေးတွေ ဖြစ်လွယ်လှ၊ များပြားလှတဲ့ ရုပ်ရှင်နယ်ပယ်မှာ ထဲထဲဝင်ဝင် ကျင်လည် ကျက်စားနေသူ ဖြစ်လင့်ကစား သူ့ရဲ့စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင်တဲ့ အရည်အချင်း၊ ဘာ နာမည်ပျက်မှ မရှိအောင် နေတတ်တဲ့ အရည်အချင်း၊ စာနယ်ဇင်းတွေနဲ့ ဆက်ဆံရာမှာလည်း မောက်မာ ရိုင်းစိုင်းမှု အလျဉ်းမရှိဘဲ နှိမ့်နှိမ့်ချချ၊ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တဲ့ အရည်အချင်းတွေကို ပေါ်လွင် ထင်ရှားအောင် စောင်းပေး ဖော်ပြထားတယ်ဆိုရင် မင်္ဂလာဆောင်သတင်းရေးတာချင်း အတူတူ စေတနာလေးတစ်ခုကိုတော့ ခိုင်ခိုင်မာမာ ထူထောင်ပြရာ ရောက်သွားနိုင်ပါတယ်။
အဲတော့ဗျာ… ဘာသတင်းပဲရေးရေး၊ “စေတနာ” မှန်ဖို့ပဲ လိုတယ်  ကိုကျော်သီဟရေ။
မေး – စာနယ်ဇင်းဆရာတစ်ယောက်ကို တန်ပြန်ဝေဖန်လာမယ်ဆိုရင် အဲသလို ဝေဖန်မှုအတွက် ဘာတွေများ ပြင်ဆင်ထားသင့်သလဲ ဆရာ။

ဒါတော့ ကျွန်တော် ခဏခဏ ရေးခဲ့ပြီးပါပြီ။ စာနယ်ဇင်းဆရာပဲ ဖြစ်ဖြစ်၊ အနုပညာရှင်ပဲဖြစ်ဖြစ်၊ တခြား ဘာမှ မဟုတ်တဲ့ သာမန်လူ တစ်ယောက်ပဲ ဖြစ်ဖြစ်၊ လူရှေ့ထွက်ရပ်၊ လူလုံးပြပြီးကာမှ အဝေဖန် မခံရဲ၊ အပြောမခံရဲဘူးဆိုရင် စိတ်သဘောထား သေးသိမ်ညံ့ဖျင်းရာကျလှပါတယ်ဗျာ။ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးတောင်မှ အမနာပအပြော ခံရဖူးသေး၊ အဝေဖန်ခံရဖူးသေးတာပဲ။ သာမြင်ညောင်ည ပုထုဇဉ်တွေ အနေနဲ့ကတော့ အဆပေါင်း သန်းထောင်ချီပြီးတောင် ပိုအပြောခံရကိန်း ရှိပါတယ်။

ဘာတွေ ပြင်ဆင်ထားသင့်လဲဆိုရင်… လူတွေမှာ ပါးစပ်ပါတယ်၊ ဒါကြောင့် ပြောတာက သူတို့အလုပ်၊ ကိုယ့်မှာက နားရွက်ပါတယ်၊ အဲတော့ နားထောင်တာက ကိုယ့်အလုပ်။ ဒါကိုမှ တစ်ဆင့်တက်မယ် ဆိုရင် ဦးနှောက်နဲ့ ဆင်ခြင်စဉ်းစားပြီး ပြောလာတာကို ပေယျာလကံ ထားမလား၊ မှတ်သားမလား၊ တောင်းပန်မလား၊ ပြုပြင်မလားစသဖြင့် လိုသလို ပိုင်းခြားသွားဖို့ တစ်သက်စာ ပြင်ထားသင့်တယ် ကိုကျော်သီဟရေ။

မေး – စာနယ်ဇင်းဆရာ တစ်ယောက်အတွက် ဘယ်လို နေရာတွေမှာ စာနယ်ဇင်း ဩဇာ ထူထောင်နိုင်ပါသလဲ။

သည်မေးခွန်းကတော့ ဖြေရခက်တယ်။ ရှေ့မှာ ကျွန်တော်ဖြေခဲ့တဲ့ “ကွင်း”အပေါ်မှာ တည်နေလို့ပဲဗျ။ အရပ်ထဲက လမ်းမြှောင်ထဲမှာ ကန်နေတဲ့ သူတွေထဲမှာတော့ အရပ်က မေတ္တာရှိ၊ စေတနာရှိအောင် ကန်တတ်ရင် အရပ်ထဲမှာ အလိုလို ဩဇာ ထူထောင်ပြီးသား ဖြစ်သွားမှာပဲလေ။ ကျွန်တော်တို့ ပုထုဇဉ်တွေ အားလုံး လွဲနေကြတာက ဩဇာတစ်ရပ် ထူထောင်ဖို့အတွက် အောင်မြင်ထင်ရှားမှ၊ နာမည်ကြီးမှလို့ အမှတ်မှား နေကြတာပဲ။ နောက်တစ်ခုက ဩဇာထူထောင်မယ်လို့ စိတ်ကူးထားသမျှ ဘယ်လိုမှကို ထူထောင်လို့ မရနိုင်ဘူးဗျ။

အိုင်းစတိုင်းဟာ သူ့သီဝရီနဲ့ သိပ္ပံနယ်ပယ် တစ်ခုလုံးကို လွှမ်းမိုးလိုက်မယ်၊ ငါ့ဩဇာ ထူထောင်လိုက်မယ်ဆိုပြီး အားထုတ်ခဲ့တာမဟုတ်ဘူး။ ဂျာနယ်ကျော် ဦးချစ်မောင်လည်း ဩဇာထူထောင်မယ်ဆိုပြီး လုပ်ခဲ့တာမဟုတ်ဘူး။ ကျွန်တော့်မှာဆိုရင် တက္ကသိုလ်ဘုန်းနိုင်တို့၊ သော်တာဆွေတို့၊ ဝင်းဦးတို့၊ ငြိမ်းကျော်တို့ရဲ့ ဩဇာတွေ တော်တော် လွှမ်းမိုးခဲ့တာကလား။ သည်ဆရာတွေကလည်း ငါတို့တော့ ဩဇာ ထူထောင်လိုက်ဦးမဟဲ့လို့ တစ်ခါမှ တွေးဖူးခဲ့ကြမယ် မထင်ဘူး။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှ စေတနာမှန်မှန်၊ ဇွဲသန်သန်နဲ့ပဲ လုပ်သွားကြတာပါ။

အဲတော့ စာနယ်ဇင်းဆရာ တစ်ယောက်အနေနဲ့ ဘယ်လိုနေရာတွေမှာ ဩဇာ ထူထောင်နိုင်သလဲဆိုရင် နေရာတိုင်းမှာ ထူထောင်နိုင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။ အနုပညာရှင်တွေအပေါ်မှာ အပြည့်အဝ စေတနာထားမယ်ဆိုရင် အနုပညာရှင်တွေအပေါ်မှာ အလိုလို ဩဇာ ရှိလာမှာပဲ။ ခေါင်းရွက် ဗျတ်ထိုးတွေ အပေါ်မှာ စေတနာ မှန်မယ်ဆိုရင် ခေါင်းရွက် ဗျတ်ထိုးတွေအပေါ်မှာ ဩဇာ ရှိလာမယ်။

တစ်ခုပဲ၊ စေတနာဆိုတာ ရှိချင်ယောင်ဆောင်လို့ ရတာမျိုး မဟုတ်ဘူးဗျ။ နှုတ်က ထုတ်ပြီး အသံကုန် ဟစ်နေပေမယ့်လည်း တကယ် စေတနာမပါရင် မပါမှန်း လူတိုင်းသိတယ်။ ရသမျှ ဝင်ငွေထဲက အနည်းစုကိုပဲ မိသားစုအတွက် သုံး၊ အများစုကို အပေါင်းအသင်းနဲ့ သောက် စား သုံးဖြုန်းနေတဲ့ အိမ်ထောင် ဦးစီးတစ်ယောက်ကို ဇနီးမယား၊ သမီး သားတွေက ပြန်မပြောရဲလို့သာ အောင့်ခံရင် ခံနေကြမယ်။ စိတ်ထဲမှာတော့ သူ့ကို တစ်စက်ကလေးမှ လေးစား ရိုသေမှာ မဟုတ်ဘူး။ မင်းတို့အတွက် စေတနာထားပြီး ရုန်းကန်ရှာဖွေနေတာပါလို့ သူက အသံပြာအောင် အော်နေလည်း မိသားစုကတော့ သူ့ရှေ့မှာ မျက်နှာသေ၊ သူ့ကွယ်ရာမှာ မဲ့နေကြမှာပဲ။ သူ့စကားကိုလည်း ဘယ်သူကမှ အလေးအနက် ထားတော့မှာကို မဟုတ်ဘူး။ ဒါဆိုရင် သူ့မှာ ဘာဩဇာမှ မရှိဘူးလို့ကို ပြောနိုင်တယ်။
တိုတိုပြောရင်ဗျာ၊ ဩဇာနဲ့စေတနာဟာ တိုက်ရိုက် အချိုးကျနေတယ် ကိုကျော်သီဟ။ ခင်ဗျား မိသားစုအပေါ်မှာ ဩဇာရှိချင်လား၊ မိသားစုအပေါ်မှာ စေတနာ အပြည့်ထားလိုက်။ ရပ်ကွက်ထဲမှာ ဩဇာ ရှိချင်လား၊ ရပ်ကွက်အပေါ်မှာ စေတနာ မှန်မှန်ထားလိုက်။ စာပေနယ်မှာ ဩဇာရှိချင်လား၊ ကိုယ် ရေးနေတဲ့စာ၊ ကိုယ့်စာ ဖတ်မယ့် ပရိသတ်အပေါ်မှာ သစ္စာရှိရှိ၊ စေတနာမှန်မှန်နဲ့သာ ကိုယ့်အလုပ်ကိုယ် ဇွဲနဘဲနဲ့ လုပ်သွားဖို့ပဲ လိုပါတယ်။ ကျန်တာတွေက သူ့အလိုလိုဖြစ်လာမှာတွေချည်းပါပဲ။

မေး – ဘင်လာဒင်၊ ပြီးတော့ ခိုင်သင်းကြည်ရယ်ဆိုမှ ဂျာနယ်တွေ ခေါင်းထောင်နိုင်တာဆိုတဲ့ ပဲ့တင် ရိုက်ခတ်လာတဲ့ အသံကို ဆရာ ဘယ်လို မြင်ပါသလဲ။

ဘုရား… ဘုရား… သည်မေးခွန်းကို မဖြေဘဲနေလို့ မရဘူးလား ကိုကျော်သီဟ။ ဒါ ကျွန်တော့်ကို ချောက်ချတဲ့မေးခွန်းကြီးပဲ။ ကျွန်တော် မရဲတရဲလေးပဲ ဖြေကြည့်ပါရစေ။

တံခွန်ဂျာနယ်ဆိုရင် ခေါင်းထောင်နေတာ နှစ်ပေါင်း ၃၀ကျော်ပြီ။ ဘင်လာဒင်လည်း မပါဘူး၊ ခိုင်သင်းကြည်လည်း မပါဘူး။ အဲဒါကျတော့ ဘယ်လိုပြောမလဲ။

ကျွန်တော် မြင်တာကတော့ဗျာ၊ ကျွန်တော်တို့ စာနယ်ဇင်းတွေမှာ Target Audience ဆိုတဲ့ “ပစ်မှတ်ပရိသတ်” သတ်သတ်မှတ်မှတ် မထားနိုင်လို့ အခုလို ဖြစ်နေတယ်လို့ ထင်တယ်။

ဆိုကြပါစို့ဗျာ၊ သရဖူမဂ္ဂဇင်းဆိုရင် အမျိုးသမီး ပရိသတ်ကို ပစ်မှတ်ထားတယ်။ အမျိုးသမီး ရေးရာတွေကိုပဲ ပင်တိုင် ဖော်ပြတယ်။ ကြော်ငြာနဲ့ ဈေးဝယ်လမ်းညွှန်ကလည်း ရောင်းရေး ဝယ်တာနဲ့ စီးပွားရေးကို စိတ်ဝင်စားသူတွေကို ပစ်မှတ်ထားတယ်။ တံခွန်က အားကစား ဝါသနာရှင်တွေကို ပစ်မှတ်ထားတယ်။ ဝယ်သူ့စိတ်ကြိုက်က ကားစိတ်ဝင်စားသူတွေကို ပစ်မှတ်ထားတယ်။ အလင်္ကာဂီတဂျာနယ်က ခေတ်ပေါ်ဂီတ ဝါသနာပါသူတွေကို ပစ်မှတ်ထားတယ်။ ဒါ ကျွန်တော့် ခေါင်းထဲပေါ်လာသလောက် ပြောတာ။

ခင်ဗျားတို့ သတင်းစုံနဲ့ မော်ဒန်ဂျာနယ်က ဘယ်ပရိသတ်ကို ပစ်မှတ်ထားတာလဲလို့ ခင်ဗျားကို ပြန်မေးရင် ခင်ဗျားဘယ်လိုဖြေမလဲ။ ဆရာ မောင်တည်ငြိမ်ကို ပြန်မေးရဦးမှာလား။ ဆရာ မောင်တည်ငြိမ်ကရော ဘယ်လိုဖြေမတဲ့လဲ၊ ပရိသတ်ကြီး တစ်ရပ်လုံးအတွက်ပါလို့ ဖြေမှာလား။
ပစ်မှတ်ပရိသတ် သတ်သတ်မှတ်မှတ် မရှိသမျှ ကာလပတ်လုံး  ငါးပွက်ရာ ငါးစာချနေရဦးမှာပဲ။ အဲဒီ့အခါကျတော့လည်း နှဲသမားပါးလို ပိန်လိုက် ဖောင်းလိုက်နဲ့၊ ဖောင်းတာက နည်းနည်း၊ ပိန်တာက များများ ဖြစ်နေမှာပါ။

ကမ္ဘာကျော် ဖတ်သူ့အနှစ်၊Reader’s Digest မဂ္ဂဇင်းကို ကြည့်မယ်ဆိုရင် ပေါ်ပင်အကြောင်းအရာတွေလည်း ပါတဲ့အခါ ပါပါတယ်။ ဒါပေမယ့် လတ်တလော ပေါ်ပင်တွေမဟုတ်ဘဲ၊ အနည်းနဲ့အများ သိုးနေတဲ့ ပေါ်ပင်တွေသာ ပါတာချည်းပဲ။ ဒါပေမယ့် သူ့ပရိသတ်က တရှိုက်မက်မက် ဝယ်ယူ ဖတ်ရှုကြတယ်။ အဲဒီ့မဂ္ဂဇင်းမှာ ပေါ်ပင်တွေ ပါလာတာက ငါးပွက်ရာ ငါးစာချတဲ့အနေနဲ့မဟုတ်ဘဲ သူ့ပရိသတ် ဖတ်သင့်တယ်လို့ ယူဆတဲ့ စာကိုသာ လက်ဆင့်ကမ်းပေးတာ။ တစ်နည်းအားဖြင့် စေတနာလေးနဲ့ ထည့်တဲ့စာ။ အဲတော့ သူ့ပရိသတ်က မဂ္ဂဇင်းကို စွဲစွဲလန်းလန်း ဖတ်ကြတာပေါ့။
စာနယ်ဇင်းတိုင်းမှာ ပစ်မှတ်ပရိသတ် သတ်သတ်မှတ်မှတ် ရှိလာမယ်ဆိုရင် ဘင်လာဒင် ဖတ်ချင်တဲ့ ပရိသတ်အတွက်ကလည်း ဘင်လာဒင်လို အကြောင်းမျိုးတွေကိုပဲ သန့်သန့်ခန့်ခန့် ဖော်ပြနေကျ စာနယ်ဇင်းကို ဝယ်၊ ခိုင်သင်းကြည်အကြောင်း ဖတ်ချင်လည်း ရုပ်ရှင်၊ ဂီတ၊ သဘင် အကြောင်းကိုပဲ သန့်သန့်ခန့်ခန့် တင်ပြနေကျ စာနယ်ဇင်းကို ရှာဖတ်ရုံ ဖြစ်သွားမှာပါ။ အခုတော့လည်း မကောင်းသူထိပ်၊ ကောင်းသူထိပ်ဆိုပြီး ရမ်းသမ်း မှန်းဆ ထားရတဲ့ ယေဘုယျ ပရိသတ်ကို ရည်ရွယ် ပစ်ခတ်နေကြတဲ့အခါ အခုလို ငါးပွက်ရာ ငါးစာချတာတွေနဲ့ပဲ ရေလိုက် လွဲနေကြပါ လိမ့်ဦးမယ်။

ဒါလည်း ကျွန်တော်တို့ဆီမှာတင် မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း အတူတူပါပဲ။ တစ်ယောက်ယောက်က လမ်းသစ်ထွင်ပြီး ပေါက်သွားရင် အဲဒီ့နောက်ကို တန်းစီပြီးလိုက်ကြတဲ့ ဒုတိယ ဖိုးစိန်တွေဟာ လူတွေ ရှိသမျှ ရှိနေဦးမှာပဲ။ ခက်တာက ဒုတိယ ဖိုးစိန်ဟာ သူ့ပင်ကို စိတ်ကူးစိတ်သန်းကို သုံးတာ မဟုတ်တော့ကာ အဖြစ်လောက်ပဲ ကနိုင်မှာပေါ့။ သည်အခါမှာ ပရိသတ် သည်းခြေကြိုက်မယ်လို့ ထင်တာလေးတွေနဲ့ ကျားကန်တာဟာ လည်း တကယ်တော့ သဘာဝကျပါတယ် ကိုကျော်သီဟရယ်…

မေး – ရေးသင့် ရေးထိုက်တာကို ရေးလိုက်လို့ အထူးသဖြင့် သရုပ်ဆောင် မင်းသား၊ မင်းသမီးက စိတ်ဆိုးပြီး အဲဒီ စာနယ်ဇင်း ဝေဖန်ရေးကို မကြိုဆိုဘူး ဆိုတဲ့ အယူအဆကိုရော ဆရာ ဘယ်လို မြင်ပါသလဲ။

လူဆိုတာကတော့ဗျာ၊ သူသူကိုယ်ကိုယ်၊ အကောင်းပြောပဲခံချင် ကြမှာပေါ့။ အမှန်တရားပေမယ့် ခါးသီးနေရင် မျက်ကွယ်ပြုချင် တတ်ကြတာလည်း လူ့သဘာဝပဲမဟုတ်လား ကိုကျော်သီဟရဲ့…။

ဒါပေမယ့် ဝေဖန်ရေးကို မကြိုဆိုဘူးဆိုတဲ့ အယူအဆကတော့ ရှင်းရှင်း ပြောရင် ကိုယ့်ကိုယ်ကိုယ် ချောက်တွန်းရာ ရောက်တဲ့ အယူအဆပါပဲ။ အဝေဖန် မခံရရင် ငါတကော ကောပြီး အမှား အမှန် မခွဲခြားတတ်တော့ဘူးပေါ့။ အကောင်းတွေချည်း အမွှမ်းတင်ခံရရင်လည်း ကိုယ့်ကိုယ်ကိုယ် သွေးနားထင် ရောက်ပြီး ကမောက်ကမတွေ၊ မထော်မနန်းတွေ လျှောက်လုပ်ဖြစ်ဖို့ များတယ်။

သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေကိုချည်း ကွက်မပြောကြကြေးဗျာ။ လူမှန်ရင် အဝေဖန်ခံနိုင်ရမယ်၊ အဝေဖန်ခံရဲရမယ်၊ ဒါမှ  အစဉ်တစိုက် တိုးတက်နေတဲ့၊ တစ်နေ့ထက် တစ်နေ့ ရင့်ကျက် ပြည့်ဝလာတဲ့ လူတော်လူကောင်း ဖြစ်လာမှာပေါ့။ သူများက ကိုယ့်ကို မဝေဖန်ရင်တောင် ကိုယ့်ကိုယ်ကိုယ် တစ်ကွက်မှ မချန်ဘဲ ဝေဖန်ရဲတဲ့ သတ္တိမျိုးဟာ တိုးတက်ချင်သူ လူသားတိုင်းမှာ ရှိသင့် ရှိထိုက်တဲ့၊ မွေးသင့် မွေးထိုက်တဲ့ စိတ်နှလုံးလို့ ကျွန်တော်ကတော့ အခိုင်အမာ ပြောလိုက်ချင်တယ်ဗျာ။

မေး – ပွဲဆူအောင် ဇာတ်တူသားစားမယ်ဆိုတဲ့ စာနယ်ဇင်းသမားကို ဆရာ ဘယ်လို မြင်သလဲ။

ပွဲဆူအောင်ဆိုကတည်းက ရည်ရွယ်ချက်က မှားနေပြီ။ ဘာသားပဲ စားစား၊ အရေးမကြီးတော့ဘူး။
ကျွန်တော်က သည်လိုပြောတော့ မဲ့တဲ့သူက မဲ့ကောင်းမဲ့လိမ့်မယ်။ ကျွန်တော့်ကြောင့် ပွဲဆူကုန်တာ ခဏခဏ ရှိခဲ့ဖူးတာကိုး။  ဒါပေမယ့် ကျွန်တော့်မှာ ပွဲဆူပါစေဆိုတဲ့ စေတနာ တစ်စက်ကမှ မရှိခဲ့ဖူးတာ ကျွန်တော့်လိပ်ပြာ ကျွန်တော် အစင်ဆုံးပါ။ ကျွန်တော် ရေးချင်တာကို ရေးချလိုက်တယ်၊ ပြောသင့်တယ်ထင်တာကို ပြောလိုက်တယ်။ ဒါပဲ။

သည့်နောက်မှာမှ ပွဲတွေ ဆူကုန်တဲ့အခါ ဆရာ ဗန်းမော် တင်အောင် ပြောသလိုပဲ ကျွန်တော်ကရော ဘာများ တတ်နိုင်ပါဦးမည်နည်းပေါ့။ အနီးဆုံး နမူနာပြရရင် ခင်ဗျားတို့ သတင်းစုံထဲက ကျွန်တော့်ရဲ့ နီတျာတျာ ငှက်ပြာဆောင်းပါးကိစ္စပဲ ကြည့်။ ကျွန်တော်က ခရီးသွား အတွေ့အကြုံ ဆောင်းပါးရှည်ကို ရေးတာ။ ကျွန်တော့်အတွေ့အကြုံနဲ့ အတွေးတွေကို ရေးတာသက်သက်ပဲ။

တစ်နေရာမှာ စကားစပ်တော့ ရေနွေးရမယ်လို့ သေချာ ပြောထားခဲ့ တဲ့ဟိုတယ်မှာ ရေနွေး မရတာကြောင့် ကျွန်တော် ပေါက်ကွဲသွားတဲ့အကြောင်း အရင်းအတိုင်း ရေးပြလိုက်တယ်။ ပွဲဆူအောင် ဘာကိုမှ မလုပ်ခဲ့ဘူး။

ဒါပေမယ့် အဲဒါကို အကြောင်းပြုပြီး ရေးလာကြတော့ ကျွန်တော် ရယ်မိတယ်။ မုဒိတာလည်း ပွားမိတယ်။ အော်… ခမျာများ တခြား ရေးစရာ အကြောင်းအရာ ရှာမရလို့ ကိုယ့်ကို အကြောင်ြးုပပြီး တစ်ပုဒ် တစ်လေ၊ နှစ်ပုဒ်နှစ်လေ ပေါ်သွားရှာပေတယ်ဆိုပြီး သာဓုခေါ်မိတယ်။ ကျွန်တော့် အတွက်တော့ ဒါ ဒါန ကုသိုလ်တစ်ခုပဲ။ မရည်ရွယ်ပေမယ့် ကျွန်တော့်ကြောင့် တစ်ဖက်သားမှာ အထိုက်အလျောက် အကျိုးရှိသွားတာလေးလေ။ ဘယ့်ကလောက် ကြည်နူးစရာကောင်းသလဲ။
ပွဲက အခုမှ တကယ်ဆူတော့မယ် ထင်တယ်နော်၊ ကိုကျော်သီဟ။ ဒါပေမယ့် ဒါ ကျွန်တော့် စိတ်ရင်းအတိုင်း ပြောတာပါဗျာ။

တစ်ခါက မဂ္ဂဇင်းတစ်စောင်ကို လူငယ်လေးတွေက လုပ်နေကြ တယ်။ ကျွန်တော့်ဆီကို စာမူလာတောင်းတဲ့အခါ ဘာပြောတယ် မှတ်သလဲ။ ဆရာရယ်တဲ့၊ ကျွန်တော်တို့ မဂ္ဂဇင်းကလေး စွံအောင် “ပွဲဆူစာ“ ရေးပေးစမ်းပါတဲ့။

ကျွန်တော် သူတို့က သနားသွားတယ်။ ကျွန်တော် ရေးပေးတာတွေလည်း သူတို့အကြိုက် “ပွဲဆူစာ“တွေ တစ်ပုဒ်မှ မပါခဲ့ဘူး။ ကျွန်တော့်ကို “ပွဲဆူစာ” လာ ရေးခိုင်းလည်း ဘယ်လိုမှ မရေးတတ်ဘူး။

အဲတော့ ပွဲဆူအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်မယ်ဆိုရင်တော့ ရေရှည်မှာ အောင်မြင်မှာ မဟုတ်ဘူးလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့၊ မဂ္ဂဇင်းထုတ်တဲ့ လူငယ်တွေလေးတွေလည်း ပွဲဆူအောင်ဆိုတဲ့ ရည်ရွယ်ချက်ကလေးနဲ့ လုပ်လိုက်တာ ဆယ်အုပ်တောင် မပြည့်ဘူး၊ မဂ္ဂဇင်းတစ်စောင်လုံး စုံးစုံးကို မြုပ်သွားခဲ့ဖူးပါတယ်။

ပွဲဆူအောင်လုပ်တဲ့ စာနယ်ဇင်းသမားကို ဘယ်လို မြင်သလဲဆိုတဲ့ အမေးကို အတည့် ဖြေရရင်တော့ ခမျာ နုရှာသေးတယ်လို့ပဲ မြင်ပေးရမှာပါ။ ရင့်ကျက်လာတဲ့အခါ ပွဲဆူစာတွေ အဟုတ်မဟုတ်မှန်း သူ့ ဘာသာ အလိုလိုသိလာပါလိမ့်မယ်ဗျာ၊ ခင်ဗျား ကြားချောင်က ဝင်ပူ မနေစမ်းပါနဲ့။

မေး – ဂျာနယ်၊ မဂ္ဂဇင်း ရေစီးကြောင်းမှာ အယ်ဒီတာကောင်းဆိုတဲ့ ဝေါဟာရကို ရှင်းပြပေးပါဦးလား ဆရာ။

ကျွန်တော့်စာရေးသက်က ၁၄ နှစ်တင်းတင်း ပြည့်ခဲ့ပြီဆိုတော့ အယ်ဒီတာ ရှင်ကြီးတွေရော၊ ရှင်ငယ်တွေရော အမျိုးစုံအောင် တွေ့ခဲ့ဖူးလှပြီလို့ ပြောရမယ်ထင်တယ်။

အဲဒီ့အထဲကမှ အယ်ဒီတာကောင်းဆိုတာကို အနက်ဖွင့်ရမယ် ဆိုရင်တော့…

(၁)    စာဖတ်ပရိသတ်ရဲ့မျက်နှာမှတပါး အခြားမည်သည့်မျက်နှာကိုမှ မထောက်ထားသူ။

(၂)    မိမိကိုယ်စားပြုတဲ့ စာစောင်ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းသူ။

(၃)    မိမိကိုယ်စားပြုရာ စာစောင်မှာပါတဲ့ ဝါကျတစ်ကြောင်း၊ ပုံတစ်ပုံ၊ စာလုံးအကျအပေါက် တစ်ခုအတွက်ပင်ဖြစ်လင့်ကစား မိမိမှာသာ တာဝန်ရှိ ကြောင်း၊ တခြားမည်သူ့မှာမှ တာဝန် မရှိကြောင်း ရဲရဲဝံ့ဝံ့ တာဝန်ခံရဲသူ။

(၄)    မည်သူ့စာမူကိုမဆို ရဲရဲတင်းတင်း တာဝန်ယူ ဖြတ်တောက်၊ ပြင်ဆင်ရဲသူ။

(၅)    မိမိနဲ့ မိမိကိုယ်စားပြုရာ စာစောင်ရဲ့ ယုံကြည်ချက်(ဝါ) ရပ်တည်ချက်ကို နည်းနည်းကမှ အပွန်းအပဲ့ မခံသူ၊ တစ်နည်းပြောရရင် ခြံစည်းရိုးပေါ် ခွထိုင်ပြီး သာယာတိမ်းလိုစိတ်မျိုး မရှိသူလို့ ကျွန်တော်ကတော့ ပြောလိုက်ချင်ပါတယ်။

သည်မေးခွန်းအတွက် နောက်ထပ် ထပ်ဆင့် မေးခွန်းတွေ မမေးနဲ့ တော့ဗျာ။ ခင်ဗျား ဘာပဲ ဆက်မေးဆက်မေး၊ ခင်ဗျားခေါင်းထဲမှာ မမေ့ဖို့တစ်ခုက တော့ ကျွန်တော်တို့ အားလုံးဟာ ချိုင့်ကျင်းထူပြော၊ ခလုတ်ကန်သင်း ပေါလှတဲ့ လမ်းကျဉ်း လမ်းမြှောင်ထဲမှာ ခါးတောင်းမြောင်အောင် ကျိုက်ပြီး ခပ်တည်တည်နဲ့ ဘောလုံးကန်နေတဲ့ ကလေးမဟုတ်၊ လူကြီးမမည် ဘောလုံးဝါသနာအိုးတွေချည်းပဲ ဆိုတာကို အခါမလပ် နှလုံးသွင်းပြီးမှ မေးစေချင်တယ်ဗျာ။

မေး – စာနယ်ဇင်းသမားတစ်ယောက်ဟာ မိမိရဲ့ကိုယ်ကျိုးစီးပွား အတွက် မိမိလောက၊ ဒါမှမဟုတ် မိမိလောကသားများအား ချနင်း သင့်ပါသလား ဆရာ။

ကိုကျော်သီဟကလည်းဗျာ၊ ဖြေပြီးသားမေးခွန်းကိုပဲ ကြောင်းတူ သံကွဲ ထပ် ဆွဲတင်လာပြန်ပြီ။

ဇာတ်တူသားချင်းစားလို့ ဟင်္သာကိုးသောင်းပျက်တဲ့ ပုံပြင်ဆိုတာ ဖန်တရာ တေနေတဲ့ ကလီရှေးပဲလေ။ အင်း… စာနယ်ဇင်းသမား ဆိုတာလည်း လူတွေ၊ မတစ်ရာသားတွေပဲမို့ ကောင်းတဲ့သူ၊ ဆိုးတဲ့သူ၊ တော်တဲ့သူ၊ ရှော်တဲ့သူရှိနေမှာပါပဲ။ ဒါပေမယ့် မူအရ ပြောကြစတမ်း ဆိုရင်တော့ ရှေ့နေ၊ တရားသူကြီး၊ ရဲတပ်ဖွဲ့ဝင်၊ ဆရာဝန်စတဲ့ အသက်မွေးမှုများလိုပဲ၊ စာနယ်ဇင်းသမားဟာလည်း ကောင်းမြတ်တဲ့စိတ်နှလုံးကို မွေးမြူ ထူထောင်ရမှာ ဖြစ်ပါတယ်။ ဇာတ်တူသားစားချင်တဲ့ စိတ်ဓာတ်ဟာ ကောင်းမြတ်တဲ့ မနဿီ မဟုတ်တာတော့ သေချာတယ်ဗျ။

တရားခွင်မှာဆိုရင်တော့ ခင်ဗျားမေးတဲ့မေးခွန်းဟာ နိမိတ်ပြ မေးခွန်းဖြစ်နေတယ်။ ဒါကိုပဲ၊ ကျွန်တော်က လျှာရှည်ပြီး နည်းနည်းလေး ချဲ့ဖြေရမယ် ဆိုရင်တော့ ကိုယ်ကျိုးစီးပွားအတွက် ဇာတ်တူသားချင်း စားတယ်ဆိုတာ စာနယ်ဇင်းသမားမှ မဟုတ်ပါဘူး။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်၊ မလုပ်သင့်တဲ့ အလုပ်၊ အိုဗျာ… အသိဉာဏ်ရှိတဲ့ လူသတ္တဝါတွေ မလုပ်အပ်တဲ့ အလုပ်မျိုးပါ။ အဟိတ်တိရစ္ဆာန်များသာ ဇာတ်တူသားစားဖို့ ဝန်မလေးတာလို့ ကျွန်တော့် ထုံးစံအတိုင်း ပြစ်ပြစ်နှစ်နှစ် ပြောလိုက်ချင်တယ်။

မေး – မိမိ ရေးသားထုတ်ဝေနေသည့် စာနယ်ဇင်းမှ အချက်အလက်များကို အခြား စာရေးသူတစ်ဦးက ရည်ညွှန်းကိုးကားမှုကို ပိတ်ပင် သင့်ပါသလား၊ ပိတ်ပင်ခွင့်ရှိပါသလား။

ခင်ဗျား ဘာကို ရည်ရွယ်ပြီး မေးလိုက်မှန်း ကျွန်တော် သိနေတယ်နော်။ ကျွန်တော့်ကို ဓားစာခံ မလုပ်ပါနဲ့လား ကိုကျော်သီဟရယ်။

ကိုင်း… သည်မေးခွန်းကိုတော့ လူလည်လုပ်ပြီး ဆင်ဝှေ့ရန်ရှောင် ဖြေကြည့်လိုက်မဗျာ။

ကျွန်တော့်ရဲ့ ပထမဆုံး ဗီဒီယိုဇာတ်ညွှန်းထဲမှာ ဆရာတော်တစ်ပါးရဲ့ အဆိုအမိန့်တွေ အတော်များများကို ကိုးကားသုံးစွဲတဲ့အပြင် ဆရာတော်ရဲ့ ဘွဲ့တော်ကိုပါ ရည်ညွှန်းခဲ့ပါတယ်။ ဒါကို သက်ဆိုင်ရာ ဆရာတော်က သိသွားတဲ့အခါ ကျွန်တော့်ကို စာနဲ့ပေနဲ့ အတိအလင်း တားမြစ်တော်မူတယ်။
ဆရာတော် တားတာက သူ့အဆိုအမိန့်တွေကို မကိုးကားဖို့ တားမြစ်တော်မူတာ မဟုတ်ဘူး။ ဆရာတော့် ဘွဲ့တော်ကို အသုံးပြုခွင့် လုံးဝမပေးနိုင်ဘူး လို့သာ ယတိပြတ် တားမြစ်တော်မူတာ။ ဆရာတော် ဟောကြားတဲ့တရား၊ ဆရာတော် ရေးသားတဲ့ စာအုပ်တွေထဲက အဆိုအမိန့်တွေကို နှစ်သက်သလို ယူသုံးနိုင်တယ်။ ဒါပေမယ့် ဘွဲ့တော်ကိုတော့ လုံးဝ မသုံးရဘူးတဲ့။

ဆရာတော့် အကြောင်းပြချက်က ရှင်းတယ်။ ပုဂ္ဂိုလ်ရေး ဆည်းကပ် ကိုးကွယ်မှုကို လုံးဝ မလိုလားဘူးတဲ့။ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ တရားတွေ ပျံ့ပွားတာကိုတော့ အားပေးပါတယ်တဲ့။

ကျွန်တော် ဆရာတော့်ရဲ့အတ္တမဲ့တဲ့ နှလုံးတော်ကို ကြည်ညိုလိုက်တာလေ၊ မပြောပါနဲ့တော့…။

အတွေးသစ်ဂျာနယ်ထဲမှာ ပါတဲ့ ကျွန်တော့်ဆောင်းပါးတစ်ပုဒ်ကို ကိုချစ်ဝင်းမောင်က ကျွန်တော့်ကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ အတွေးသစ် ဂျာနယ်ကိုသော်လည်းကောင်း လုံးဝအသိမပေးဘဲ သူ ကိုင်နေတဲ့ စာဖတ်သူဂျာနယ်ထဲမှာ အစအဆုံး ပြန်ဖော်ပြခဲ့ဖူးတယ်။ ဒါ ခင်ဗျားရှေ့က မေးတဲ့ ဇာတ်တူသားစားနည်း တစ်မျိုးပါပဲ။

ကျွန်တော်လည်း တော်တော့်ကို စိတ်ချဉ်ပေါက်ပြီး ခင်ဗျားတို့ သတင်းစုံကနေတောင် အဲဒီ့ကိစ္စ ရေးခဲ့ဖူးသေးတယ်။ အဆိုးဆုံးက အတွေးသစ် ဂျာနယ်ထဲက စာမူကို ထပ်ဆင့် ဖော်ပြထားတာပါလို့ စာ ဖတ်သူကို လုံးဝ အသိပေးခြင်းမရှိဘဲ သူ့ဂျာနယ်အတွက် ကျွန်တော်ကပဲ သပ်သပ် ပေးထား သလိုလို နှစ်ပေါက်တစ်ပေါက် ရိုက်လိုက်တာပဲ။ ဒါဟာ စောစောကပြောသလို အသိဉာဏ်ရှိတဲ့ လူသားတွေ မလုပ်အပ်၊ မကျူးလွန်အပ်တဲ့ အလုပ်မျိုးပေါ့ဗျာ။

ဒါပေမယ့် ဆရာတော့် စာလေးကို ပြန်ဖတ်မိတဲ့အခါမှာတော့ ကိုချစ်ဝင်းမောင်ကို ခွင့်လွှတ်လိုက်နိုင်သွားတယ်။ ကျွန်တော် ပေးချင်တဲ့ မက်ဆေ့ဂ်ျဟာ အတွေးသစ်ဂျာနယ် ပရိသတ်ဆီတင်မကဘဲ သူ့ စာဖတ်သူဂျာနယ် ပရိသတ်ဆီအထိပါ ပျံ့နှံ့သွားတာမို့ သူ့ကို ကျေးဇူးတောင် တင်ရဦးမယ်လို့ တွေးလိုက်တဲ့အခါ စိတ်သက်သာသွားတယ်။

သည်လို ပြောလိုက်တဲ့အတွက် နောင်ကို ကိုချစ်ဝင်းမောင်က ရူးချင်ယောင်ဆောင်ပြီး ကျွန်တော့်စာမူတွေ သူ့ဆီပဲ အသစ်ပေးထားလေသယောင်နဲ့ ပုံမှားရိုက်ပြီး ဖော်ပြချင်တိုင်း ဖော်ပြခွင့် ပေးလိုက်သလိုများ ဖြစ်သွားမလား မသိဘူး။ မတတ်နိုင်ဘူး ကိုကျော်သီဟရေ…၊ ကျွန်တော်တို့မှာကလည်း “စည်း”ဆိုတာကို ပြောရင် ပြောတဲ့သူကပဲ ရူးလို့ ပြောသလို ဖြစ်နေတော့ ခက်သားလား။

အလားတူပဲ၊ ကျွန်တော့် ပထမဆုံး လုံးချင်းစာအုပ် “သားငယ် သမီးငယ်များ ပဲ့ပြင် ထိန်းကျောင်းခြင်း အနုပညာ” ထွက်လာပြီးတဲ့နောက် ဝက်ဝက်ကွဲ ရောင်းရတဲ့အခါ လူတကာ ဝင်ရေးပြီး အလားတူ စာအုပ်တွေ ပလူပျံအောင် ထွက်လာတယ်။ အစတုန်းကတော့ ကျွန်တော် စခင်းတဲ့ လမ်းကြောင်း ပေါ်မှာ အမြိုင့်သားတက်လျှောက်ကြသူတွေရဲ့ ဟီရိ ဩတပ္ပကို ပြက်ရယ်ပြုမိသေးတယ်။ ဒါပေမယ့် တစ်ဖက်က ကျပြန်တော့ သည်ဘာသာရပ်ကို လူအများ စိတ်ဝင်စားသည်ထက် ဝင်စားလာအောင် ဝိုင်းဝန်းဆောင်ရွက်ကြတဲ့ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားတွေ အနေနဲ့ မြင်မိပြီး သူတို့ကိုလည်း ကျေးဇူးတင်မိရပြန်တယ်။

ကြော်ငြာနှင့် ဈေးဝယ် လမ်းညွှန် မဂ္ဂဇင်းကတော့ သူတို့စာစောင်ထဲ မှာပါတဲ့ အချက်အလက်တွေကို ပြည်တွင်းမှာ မည်သူမဆို ရည်ညွှန်း ကိုးကားခွင့် ရှိကြောင်း အတိအလင်း ဖော်ပြထားတာ တွေ့ရပါတယ်။

ကျွန်တော့်စာတွေကိုလည်း ကိုချစ်ဝင်းမောင်လို ပုံမှားရိုက်တာမျိုး မဟုတ်ဘဲ ရိုးရိုးတန်းတန်း ကိုးကားဖော်ပြတာလေးတွေ မကြာခဏ ကြုံဖူးတယ်။ အဲလိုများဆိုရင် ကျွန်တော်ကတော့ ကြည်နူးတာပေါ့ဗျာ၊ ဝမ်းသာတာပေါ့ဗျာ။

ဆရာဖေမြင့်ရဲ့စာတစ်အုပ် ခေါင်းစဉ်ကို ခဏငှားပြီး ပြောရရင်တော့ မူမှန်စိတ်၊ မူမှန်အတွေးနဲ့ဆိုရင်တော့ ဒါမျိုးဟာ ကြည်နူးစရာလို့ သာ ကျွန်တော် မြင်ပါတယ် ကိုကျော်သီဟ။

မေး – စာနယ်ဇင်းသမား တစ်ယောက်ဟာ စီးပွားရေးသမား၊ ဒါမှမဟုတ် ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက်ယောက်ရဲ့ အားနည်းချက်၊ ဒါမှမဟုတ် ချို့ယွင်းချက်အပေါ် အမြတ်ထုတ်တဲ့ အရေးအသားမျိုးကို ရေးသားသင့်သလားဆရာ။ အဲ… ဒါမှမဟုတ်ရင်လည်း အဲဒီ့အားနည်းချက်ကို ထိန်ချန်ပြီး အမြတ်ထုတ်သင့်သလား။

အမြတ်ထုတ်တယ်ဆိုကတည်းက ကိုယ်ကျိုးပါနေပြီ။ စာနယ်ဇင်းအလုပ်ဟာ အတ္တ၊ ပရ နှစ်ဖြာ မျှသင့်တဲ့ အလုပ်လို့ ကျွန်တော် နားလည် ခံယူထားပါတယ်။ အတ္တကို များများ ပယ်ခွာနိုင်လေ၊ လူဟာလည်း ပိုမို စင်ကြယ်လာလေပါ။ စင်ကြယ်တဲ့ စာနယ်ဇင်းသမားအဖြစ် ခံယူချင်တယ် ဆိုရင်တော့ အတ္တနဲ့ ပရယှဉ်ရင် ပရကိုသာ ပိုဇောင်းပေးသင့်ပါတယ်ဗျာ။

ရှုတတ်ရင် ဘာဝနာဆိုသလိုပါပဲ။ စာနယ်ဇင်းအလုပ်ကို မွန်မွန်မြတ်မြတ် လေးလေးစားစားနဲ့ လုပ်မယ်ဆိုရင်လည်း လုပ်လို့ရတယ်။ စုတ်စုတ်ပဲ့ပဲ့ အောက်တန်းကျကျ လုပ်ချင်လည်း လုပ်လို့ရပါတယ်။  ဘယ်လိုလုပ်မလဲဆိုတာကတော့ တစ်ဦးစီရဲ့ စိတ်နှလုံးနဲ့ ရွေးချယ်မှုပါပဲ ကိုကျော်သီဟရေ။
ကျွန်တော့် တစ်ဦးတည်း သဘော ပြောရရင်တော့ စာနယ်ဇင်း အလုပ်ကို လုပ်ပြီး ကိုယ်ကျိုးမရှာချင်ဘူးဗျာ။ သူများပစ္စည်းအလစ် သုတ်တာ၊ ခါးပိုက်နှိုက်တာကမှ နစ်နာချင်းနစ်နာ တစ်ယောက်တည်း နစ်နာမှာလေ၊ စာနယ်ဇင်းနဲ့ ကိုယ်ကျိုးရှာလို့ နစ်နာရင် နစ်နာမယ့်သူက တစ်သီတစ်တန်းကြီးဗျ။

ဆလွန်းကား မောင်းတဲ့သူ ရမ်းကားလို့ အလွန်ဆုံး ဒဏ်ရာရမှ ၄-၅-၆ယောက်၊ ခရီးသည်တင်ကား မောင်းတဲ့သူ ရမ်းကားရင် ထိခိုက်မယ့် အရေအတွက်က နည်းမှတ်လို့။ အဲလိုပေါ့ဗျာ၊ စာနယ်ဇင်းသမားကောင်း တစ်ယောက်အနေနဲ့ဆိုရင်တော့ စာဖတ်သူ လူအများစုရဲ့ မျက်နှာကို ထောက်ထားပြီး ဘာကိုမှ၊ ဘယ်သူ့အပေါ်မှာမှ အမြတ် မထုတ်သင့်၊ ကိုယ်ကျိုးမရှာသင့်ပါဘူးဗျာ။

မေး – ဆောင်းပါးရှင်နဲ့ အယ်ဒီတာတို့ကြားမှာ အပြန်အလှန် အရေးထား လေးစားရမယ့် အချက်များကို ဆရာ ဘယ်လို ခံယူနားလည် ထားပါသလဲ။

မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းရရင် အယ်ဒီတာဆိုတာဟာ ရုပ်ရှင်ကား တစ်ကားရဲ့ဒါရိုက်တာလို လူမျိုးပါ။ စာရေးသူတွေ ဆိုတာကတော့ အဲဒီ့ဇာတ်ကားရဲ့ ဇာတ်ဆောင်တွေနဲ့ အလားသဏ္ဌာန် တူပါတယ်။

အယ်ဒီတာဆိုတာ ရှေ့မှာ ကျွန်တော် ပြောခဲ့သလိုပဲ အစစအရာရာကို တာဝန်ခံရဲ၊ တာဝန်ယူရဲရပါမယ်။ သည်စာကြောင်းကိုတော့ ကျွန်တော် ဖြုတ်လိုက်ချင်တယ်၊ သည်စာလုံးကိုတော့ သည်လိုလေး ပြောင်းသုံးချင်တယ်၊ ဒါလေးကိုတော့ ပြင်ရေးပေးပါ ဆိုတာမျိုးလေးတွေ လုပ်သင့်တယ်။ ဒါတင်မကသေးဘူး၊ သည်ဆောင်းပါးပါ အယူအဆကတော့ ကျွန်တော်ကိုင်နေတဲ့ စာစောင်ရဲ့ရပ်တည်ချက်နဲ့ မကိုက်ညီလို့ မသုံးပါရစေနဲ့ ဆိုတာမျိုး အထိတောင် လိုအပ်ရင် ပြောနိုင်ရမယ်၊ ပြောတတ်ရမယ်၊ ပြောရဲရမယ်။

စာရေးသူတစ်ယောက်အနေနဲ့ ပြောရရင်တော့ စာရေးတာက ကျွန်တော့်အလုပ်ပဲ။ ထည့်တာ မထည့်တာက အယ်ဒီတာ့ အလုပ်ဖြစ်သလို၊ ပုံနှိပ် ဖော်ပြပြီးမှ ဖြစ်ပေါ်လာတဲ့ ပြဿနာအဝ၀ကိုလည်း အယ်ဒီတာ ကောင်းမှန်ရင် ရင်ဆိုင် ဖြေရှင်းရဲတဲ့ သတ္တိ ရှိဖို့ လိုတယ်ဗျ။ ဘာလို့လဲ ဆိုတော့ သူ ကျေနပ်လို့၊ သူ သဘောတူလို့သာ အယ်ဒီတာဆိုတဲ့နေရာမှာ သူ့နာမယ် အတိအလင်းထိုးထားတဲ့ စာစောင်ထဲမယ် ပုံနှိပ် ဖော်ပြထားတာကိုး။ အဲတော့ စာစောင်တစ်ခုမှာ ပုံနှိပ် ဖော်ပြပြီး ဖြစ်တဲ့ စာမူတိုင်း၊ စာလုံးတိုင်း၊ အကြောင်းအရာတိုင်း၊ ပုံတိုင်းကို အယ်ဒီတာက တာဝန်ယူဖို့ လိုတယ်။
စာရေးသူကတော့ အယ်ဒီတာတစ်ယောက်ရဲ့ ပြင်ပိုင်ခွင့်၊ ဖြတ် ပိုင်ခွင့်၊ ပယ်ပိုင်ခွင့်ကို လေးစားရမှာပါ။ ကျွန်တော် စာမူပေးရင် ဘယ်သူ့ကိုမဆို ပြောတယ်။ ခေါင်းစဉ်ကလွဲရင် စိတ်ကြိုက် ပြင်လို့ ရတယ်၊  ဖြတ်လို့ ရတယ်၊ တည်းလို့ ရတယ်။ ခေါင်းစဉ်ဆိုရင်တော့ ကျွန်တော်နဲ့  ညှိပြီးပြင်ပေါ့။ အဲ… ပြီးရင်လည်း ဖြစ်လာသမျှ ပြဿနာကို အယ်ဒီတာကသာ တာဝန်ယူကြေးလို့…။

ဒါပေမယ့် ကိုကျော်သီဟရေ… ကျွန်တော့်ခမျာ ကံဆိုးရှာတယ်ဗျာ။ ကနေ့အထိ ကျွန်တော့်စာကို တာဝန်ယူပေးတဲ့ အယ်ဒီတာဆိုတာ  သရဖူ မဂ္ဂဇင်းကို ခဏဝင်ကိုင်သွားတဲ့ ကိုငြိမ်းအေးတစ်ယောက်က လွဲလို့ မကြုံဖူးသေးဘူးဗျို့။

မေး – မဂ္ဂဇင်းတစ်အုပ်၊ ဂျာနယ်တစ်စောင်ကို စာမူပေးတဲ့အခါ ဆရာ ဘာကို အဓိကထားပြီး ကြည့်ပါသလဲ။

အမှန်အတိုင်း ပြောရင် ဘာမှ မကြည့်ဘဲ ရေးပေးမိတာချည်းပဲဗျ။ လာယူတဲ့သူဆိုရင်တော့ စိမ်းစိမ်းကျက်ကျက် ပေးလိုက်တာချည်းပဲ။  အဲ… ရေရှည်မှာတော့ လေးစားမှုကို ကြည့်ပါတယ်။ စည်း  ရှိမရှိ ကြည့်ပါတယ်။ ကျွန်တော့်စာမူကို လေးလေးစားစား လာယူတဲ့ သူကို ကျွန်တော်ကလည်း လေးလေးစားစားပဲ ပေးလိုက်တာပါပဲ။ ဖော်ပြတဲ့အခါကျတော့မှ စာမူတစ်ပုဒ်လုံး စာလုံးအကျအပေါက်တွေ ဗရပွနဲ့ ဖြစ်နေပြီဆိုရင်တော့ သည်စာစောင်ကို ကိုင်တွယ်နေသူများဟာ စာအုပ်ကို လေးလေးစားစားနဲ့ လုပ်ရာမရောက်တော့ဘူး။

မကြာသေးခင်ကပဲ၊ ကျွန်တော်ပင်တိုင်ရေးနေတဲ့ မဂ္ဂဇင်းလေး တစ်စောင်မှာ ဆက်မရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ရတယ်။  သည်လိုဗျာ၊ အဲဒီ့မဂ္ဂဇင်းက ကျွန်တော့်ဆီက တစ်လကို စာမူ နှစ်ပုဒ် ပုံမှန်ယူတယ်၊ ကလောင်နာမည် နှစ်မျိုးနဲ့ပေါ့။

အဲ… မဂ္ဂဇင်းထွက်လာတဲ့အခါကျတော့ သရုပ်ဖော်ပုံနဲ့ ခေါင်းစီးမှာ ကလောင်နာမည်က တစ်မျိုး၊ ဆောင်းပါးအဆုံးမှာ ဖော်ပြတဲ့ ကလောင်နာမည်က တစ်မျိုး၊ နှစ်မျိုးခွလျက်ကြီးဖြစ်နေတယ်။ အဲဒါ ကို ကျွန်တော် ပြောပြတော့မှ စာမူလာတောင်းတဲ့ အယ်ဒီတာမင်းက “ဟုတ်လား၊ ကျွန်တော် ပြန်ကြည့်လိုက်ပါဦးမယ်”လို့ ပြောလေရဲ့။

ဟား… ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ အဲသလောက် လေးစားကြမှန်း အဲတော့မှ သိတော့တယ်။ သည်လို လူမျိုးတွေနဲ့တော့ ကျွန်တော် အလုပ် မလုပ်ချင်တာ အမှန်ပဲ။ စာဖတ်သူကိုလည်း မလေးစား၊ စာရေးသူကိုလည်း မလေးစား၊ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာလည်း တစ်စက်ကလေးမှ မလေးစားရာရောက်နေလို့ပါ။

နောက်တစ်ခုက ကျွန်တော့်ကို ဘာရေးပေးပါဆိုပြီး ခေါင်းစဉ် တပ်ပြီး ခိုင်းလာရင် ရေးလို့ မရတော့ဘူး။ ကိုမင်းထက်မောင်ရဲ့ သက်တံရောင်စဉ်မှာ ဆက်မရေးဖြစ်တာလည်း အဲဒါမျိုးပဲ၊ သူက ကျွန်တော့်ကို လေသိပ်မရှည်နဲ့ဗျာ၊ တိုတိုပဲ ရေးပေးလို့ ပြောတယ်။ သူ မှန်ပါတယ်။ ကျွန်တော်က တစ်ခုခုဆို မီးခိုးမဆုံး၊ မိုးမဆုံး လျှာရှည်တဲ့သူ။ လျှာရှည်တဲ့သူကို တိုတို ရေးခိုင်းတော့ မရေးတတ်တော့ဘူး။ အဲဒါနဲ့ သူ့အတွက် ရည်ရွယ်ပြီး ရေးလိုက်၊ လျှာက ရှည်သွားလိုက်၊ သူ့ဆီ မပေးဖြစ်တော့ဘဲ တခြားရောက်သွားလိုက်နဲ့၊ သက်တံရောင်စဉ်နဲ့ ကျွန်တော်နဲ့ လုံးလုံးကို အဆက်ပြတ် သွားရော။

ကျန်တာကတော့ ဘာဆို ဘာမှ မကြည့်ပါဘူး။ ကြည့်ခြင်းကြည့် စောင်ရေနဲ့ စာဖတ်ပရိသတ်အမျိုးအစားကိုသာ ကြည့်ဖြစ်ပါတယ်။ ဘယ်ပရိသတ်မျိုး ဖတ်ရှုအားပေးတဲ့ စာစောင်မျိုးလည်းဆိုတာကို ဆ ကြည့်ပြီး ရေးမယ့်အကြောင်းအရာကို ရွေးဖို့ပါပဲ။

မေး – မဂ္ဂဇင်း၊ ဒါမှမဟုတ် ဂျာနယ်တစ်စောင်က ဆရာ့စာမူကို မရွေးဘဲ ပယ်တဲ့အခါမျိုးတွေမှာ ဘာ့ကြောင့်ပယ်သလဲဆိုတာကို ဆရာ ပြန်လှန် လေ့လာ သုံးသပ်တတ်ပါသလား။

ပယ်ပယ်၊ ပါပါ၊ ကျွန်တော့်စာမူတွေကို အလျဉ်းသင့်ရင်သင့်သလို ပြန်လှန် လေ့လာသုံးသပ်တဲ့အကျင့်က ကျွန်တော့်မှာ အရိုးစွဲနေပြီ။ ပုံနှိပ် ဖော်ပြပြီးသား စာမူပေမယ့် တစ်ခါတလေ၊ ၄-၅-၁၀ခေါက်ပြန်ဖတ်ပြီး ပြန်သုံးသပ်တယ်။ ဘယ်နေရာလေးမှာ ဘယ်လိုလေး ရေးလိုက်မိရင် ကောင်းမှာ၊ ဘယ်နေရာလေးမှာတော့ အထားအသိုလေး လွဲနေပါလား။ ဘယ်နေရာလေးမှာတော့ ကျွန်တော့် အတ္တနောမတိတွေ အကွင်းလိုက် ပေါ်သွားပါပေါ့လားစသဖြင့် နောက်ပိုင်းရေးတဲ့အခါ ဆောင်ရန်၊ ရှောင်ရန်တွေကို ကျွန်တော့် စာတွေထဲကပဲ ပြန်ရှာယူတတ် ပါတယ်။

ကိုင်း… မေးစရာကုန်ပြီလား။

ခင်ဗျားမေးတဲ့မေးခွန်းတွေက စာနယ်ဇင်းကျင့်ဝတ်တွေနဲ့ဆိုင်တဲ့ မေးခွန်းတွေဖြစ်နေတော့ကာ စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာမှာ ဘယ်လို သတ်မှတ် ခံယူထားကြသလဲဆိုတာလေးကို နည်းနည်း ဆက်ပြောရင်ကောင်းမယ်ထင်တယ်။

နိုင်ငံရပ်ခြားတက္ကသိုလ်တွေမှာ စာနယ်ဇင်းပညာ ဘာသာရပ်ကို သတ်သတ်မှတ်မှတ် ပို့ချသင်ကြားပေးနေပါတယ်။ အဲဒီ့ တက္ကသိုလ်ကြီးတွေမှာဆိုရင် ကမ္ဘာအရပ်ရပ်၊ နိုင်ငံအသီးသီးမှာ ကျင့်သုံးနေတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကို မှတ်တမ်းမှတ်ရာနဲ့ ကျကျနန ပြုစုထားတာတွေ ရှိတယ်။
အဲဒါတွေထဲကနေပြီး ပစိဖိတ်-အာရှဒေသက နိုင်ငံတွေကိုပဲ ကွက်ပြီး ရှာကြည့်လိုက်တဲ့အခါ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ဩစတြေးလျတို့မှာ သွားတွေ့တယ်။

အနောက်တိုင်း စာနယ်ဇင်းလောကကို ကျွန်တော်က သိပ်သဘောမတွေ့လှဘူး။ လွတ်လပ်လှပါတယ်ဆိုတဲ့ အနောက်တိုင်းစာနယ်ဇင်း  ဟာ လက်တွေ့မှာတော့ ဘက်လိုက်မှုတွေ များလွန်းတယ်လို့ ကျွန်တော် သတိထားမိနေတာကြာပြီ။ နောက်ပိုင်းမှာ အဲဒီ့လောကမှာ ကျင်လည် ကျက်စားနေသူ စာနယ်ဇင်း ဆရာတွေကိုယ်တိုင်က သူတို့ စာနယ်ဇင်းလောကရဲ့ ကျဉ်းမြောင်းပုံ၊ သတင်းထိန်ချန်ပုံ၊ စစ်အေး တိုက်ပွဲကာလမှာ ဘက်လိုက်ခဲ့ကြပုံတွေကို ဖော်ထုတ်ရေးသားထားတာတွေ ဖတ်ရတဲ့အခါ ပိုပြီးတော့ စိတ်ပျက်မိတယ်။
သည်အထဲမှာ “အာရှသားတွေ စဉ်းစားတတ်ကဲ့လား”ဆိုတဲ့ စာအုပ်ထဲမှာ စင်္ကာပူနိုင်ငံရဲ့ နိုင်ငံခြားမူဝါဒရေးရာ အမြဲတမ်းအတွင်းဝန် ခီရှိုး မာဘူဘာနီ ကလည်း အနောက်တိုင်းစာနယ်ဇင်းတွေ တရားမျှတမှု တကယ်ရှိရင် သည်မေးခွန်းတွေကိုဖြေပါဆိုပြီး မေးခွန်းတွေ  တန်းစီပြီး ချပေးထားတာ ဖတ်လိုက်ရသေးတယ်။

အတိုချုပ်ပြောရင်ဗျာ၊ အနောက်တိုင်းစာနယ်ဇင်းမှာ ကျင်လည်နေတဲ့ အထင်ကရ သတင်းဌာနကြီးတွေမှာ ပယောဂတွေက အနည်းနဲ့ အများ ကပ်နေတဲ့သဘောရှိတယ်။ နောက်တစ်ချက်က အနောက်တိုင်း စာနယ်ဇင်းတွေရဲ့ ကျင့်ဝတ်တွေကို ပြောရင် အရှေ့နဲ့အနောက် ကွာဟတာတွေ၊ ယဉ်ကျေးမှုဓလေ့ ထုံးစံချင်းမတူတာတွေကို လက်ညိုးထိုးပြီး ငြင်းပယ်ချင်စရာ ဖြစ်ကောင်းဖြစ်နေမယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ ညီနောင်သားချင်းတွေ ဖြစ်တဲ့ အာရှနိုင်ငံတွေနဲ့ ပစိဖိတ်ဒေသတွင်းက နိုင်ငံတွေမှာ စာနယ်ဇင်းကျင့်ဝတ်ကို ဘယ်လို သတ်မှတ်ထားကြတယ်ဆိုတာကို အမြွက်လောက် မှန်းဆ သိမြင်နိုင်လာအောင် ကျွန်တော် ဘာသာပြန် ပေးလိုက်ပါတယ်။ အင်္ဂလိပ်လို မူရင်းအတိုင်း ဖတ်ချင်တဲ့သူများရှိရင်လည်း ခင်ဗျားတို့ ဂျာနယ်တိုက်က တစ်ဆင့် ကျွန်တော့်ဆီ လှမ်းတောင်းလို့ရပါတယ်။ ကျွန်တော့ဘက်က မျှဖို့ အဆင်သင့်ပါပဲဗျာ။

ထူးခြားတာတစ်ခုက ၁၉၇၀ပြည့်နှစ်က ဒါဗှိုမြို့တော်မှာ အာရှ သတင်းစာဖှောင်ဒေးရှင်းက ကြီးမှူးကျင်းပခဲ့တဲ့ ကိုးနိုင်ငံ စာနယ်ဇင်း ညီလာခံက ပေါ်ထွက်လာခဲ့သည့် စာနယ်ဇင်းဆိုင်ရာ အခြေခံမူများ ဆိုတာကိုပါ တွေ့လိုက်ရတာပဲဗျ။ ဒါပေမယ့် ဖတ်ကြည့်တဲ့အခါအိန္ဒိယ၊ သီရိလင်္ကာတို့လို လူမျိုးပေါင်းစုံ စုဝေးနေထိုင်ကြပြီး ဘာသာစကား မျိုးစုံကို သုံးစွဲနေတဲ့ နိုင်ငံတွေမှာ လူမျိုးရေး အဓိကရုဏ်းတွေ မဖြစ်ပွားအောင် အဓိက ထားပြီး ရေးဆွဲထားတဲ့ မူတွေ ဖြစ်နေတာကို တွေ့ရတယ်။

ခင်ဗျား မေးသွားတဲ့ မေးခွန်းတွေနဲ့ တစ်နည်းတစ်ဖုံ သက်ဆိုင်နေတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကိုတော့ စင်္ကာပူ၊ မလေးရှားနဲ့ ဩစတြေးလျနိုင်ငံတို့ရဲ့ ကျင့်ဝတ်တွေထဲမှာအတိအလင်း တွေ့ရတယ်။ ခြုံပြောရရင် ဩစတြေးလျနိုင်ငံက ရေးဆွဲထားတာက ခင်ဗျာ့ မေးခွန်းတွေနဲ့ ဆက်စပ်ကြည့်မယ် ဆိုရင် အပြည့်စုံဆုံးလို့ ဆိုနိုင်မယ်ထင်တယ်။

အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံတို့ရဲ့ ကျင့်ဝတ်တွေကတော့ အာရှဖှောင်ဒေရှင်း စာနယ်ဇင်းညီလာခံရဲ့ အခြေခံမူတွေလိုပဲ နိုင်ငံတွင်းမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေမဖြစ်ပွားအောင် ကာကွယ် တားဆီးဖို့ကို အဓိက ရည်ရွယ်ပြီး ရေးဆွဲထားတာတွေ ဖြစ်တဲ့အတွက် ဘာသာပြန် မပြတော့ဘူး။ အလားတူပဲ၊ ဖိလစ်ပိုင်နဲ့ ဟောင်ကောင် ကျင့်ဝတ်တွေကလည်း အနောက်ဘက်ကို နည်းနည်းယိမ်းတဲ့အတွက် တမင် လက်ရှောင်ထားခဲ့ပါတယ်။ သီးသန့်လေ့လာချင်တဲ့သူ ရှိရင်တော့ ကျွန်တော့်ဆီက အချိန်မရွေးလာယူနိုင်ပါတယ်။
ကျွန်တော်ပြောခဲ့တဲ့ သုံးနိုင်ငံ ကျင့်ဝတ်တွေကိုပဲ တန်းစီပြီး ကြည့်ရအောင်ဗျာ။ အက္ခရာစဉ်အတိုင်း စင်္ကာပူ၊ မလေးရှား၊ ဩစတြေးလျဆိုပြီး တစ်ခုစီ တင်ပြပေးပါမယ်။

စင်္ကာပူနိုင်ငံမှ စာနယ်ဇင်းဆရာများ လိုက်နာရမည့် ကျင့်ဝတ်များ

၁။ စာနယ်ဇင်းဆရာတိုင်းသည် ရေးသားဖော်ပြသည့် အရည်အသွေးနှင့် အထူးမြင့်မားသော ကိုယ်ကျင့်တရားကို အစဉ်တစိုက် ထိန်းသိမ်းကြရမည်။

၂။ မိမိကိုယ်ကိုဖြစ်စေ၊ မိမိ၏အသင်းအဖွဲ့ကိုဖြစ်စေ၊ မိမိ၏စာနယ်ဇင်းကိုဖြစ်စေ၊ အခြားစာနယ်ဇင်းများကိုဖြစ်စေ၊ မိမိ၏ အသက်မွေးဝမ်းကျောင်းမှုကို ဖြစ်စေ ညှိုးနွမ်းသေးသိမ်စေသော မည်သည့် ဆောင်ရွက်ချက်ကိုသော်မျှ မကျူးလွန်ရ။

၃။ ဖြောင့်မတ်တည်ကြည်စွာ သတင်းစုဆောင်းသည့်အခါတွင်ဖြစ်စေ၊ သတင်းပေးသည့်အခါတွင်ဖြစ်စေ စာနယ်ဇင်းဆရာတစ်ဦးတွင် ရှိအပ်သော လွတ်လွတ်လပ်လပ် ဆောင်ရွက်လုပ်ကိုင်နိုင်သည့် အခြေခံမူများကို စာနယ်ဇင်းဆရာတိုင်းက ကာကွယ်ကြရမည်။ ထို့အပြင် တရားမျှတသော မှတ်ချက်များ ပေးပိုင်ခွင့်နှင့် ဝေဖန်ပိုင်ခွင့်များကိုလည်း စာနယ်ဇင်းဆရာတိုင်းက ကာကွယ် စောင့်ရှောက်ကြရမည်။

၎။ စာနယ်ဇင်းဆရာတိုင်းသည် မိမိ၏စာနယ်ဇင်းအတွက်ဖြစ်စေ၊ အခြားစာနယ်ဇင်းအတွက်ဖြစ်စေ ပြင်ဆင်ထားသမျှ (ရေးသား၊ ရိုက် ကူး၊ တင်ဆက် ထားသမျှ)အတွက် လုံးဝဥဿုံတာဝန်ရှိကြောင်း သိရှိထားရမည်။

၅။ စာနယ်ဇင်းဆရာတိုင်းသည် သတင်းပေးသည့်အခါနှင့် အနက် အဓိပ္ပာယ်ဖွင့်ဆိုသည့်အခါများတွင် အထူးတလည် ဖြောင့်မတ် တည် ကြည် ကရမည်။

၆။ စာနယ်ဇင်းဆရာတိုင်းသည် သတင်း၊ သတင်းဓာတ်ပုံများနှင့် စာရွက်စာတန်းများကို ရယူရာ၌ ရိုးဖြောင့်တည်ကြည်သော နည်းလမ်းများဖြင့်သာ ရယူရမည်။

၇။ မည်သည့်စာနယ်ဇင်းဆရာမဆို ထုတ်ဝေရန်အတွက်ဖြစ်စေ၊ ဆိုင်းငံ့ရန်အတွက်ဖြစ်စေ မည်သည့် လာဘ်သပ်ပကာမျိုးကိုမှ လက်ခံခြင်း မြုပရ။ အလားတူပင်၊ မိမိ၏ အမှားအမှန် ဆင်ခြင်နိုင်စွမ်း အပေါ်တွင် ဩဇာ သက်ရောက်နိုင်ဖွယ်ရှိသည့် မည်သည့် ကိုယ်ကျိုး စီးပွားကိုမှ လက်မခံ၊ မဆောင်ရွက်ရ။

၈။ သတင်းဇစ်မြစ်များ၊ ပုဂ္ဂလိကစာရွက်စာတမ်းများနှင့် ပတ်သက်သော ယုံကြည်ကိုးစားမှုကို စာနယ်ဇင်းဆရာတိုင်းက စောင့်ထိန်း ရိုသေကြရမည်။

၉။ စာနယ်ဇင်းဆရာတိုင်းသည် အသရေဖျက်မှု၊ တရားရုံးတော်အား မထေမဲ့မြင်ပြုမှု၊ မူပိုင်ခွင့်စသည်တို့နှင့် စပ်လျဉ်းသော ဥပဒေရေးရာ အန္တရာယ်များကို အချိန်မရွေး ကြုံရနိုင်ကြောင်း အမြဲသတိချပ်ကြရမည်။

၁၀။ စာနယ်ဇင်းဆရာတိုင်းသည် ဘဝတူ စာနယ်ဇင်း ဆရာ အချင်းချင်း ညီရင်းအစ်ကိုပမာ အချိန်ပြည့် ရိုင်းပင်းကြရမည်ဖြစ်ပြီး ဘဝတူ စာနယ်ဇင်း ဆရာ တစ်ဦးဦးအပေါ်တွင် မည်သည့်အခါမျှ မတရား အခွင့်အရေးမယူရ။

ဘယ့်နှယ့်လဲ ကိုကျော်သီဟ။ စင်္ကာပူနိုင်ငံရဲ့ စာနယ်ဇင်းကျင့်ဝတ်တွေက အများကြီးမဟုတ်ဘူး။ ဆယ်ချက်တည်း ပါတယ်။ ဒါပေမယ့် အတော်လေး ပြည့်စုံတာကို တွေ့ရလိမ့်မယ်။ နံပါတ်တစ်မှာ အလေးထား ဖော်ပြထားတာက ကိုယ်ကျင့်တရားကိစ္စပဲ။ စာနယ်ဇင်းဆရာဆိုတာ ကိုယ်ကျင့်တရား ကောင်းဖို့ လိုတယ်၊ ဖြောင့်မတ် တည်ကြည်ဖို့လိုတယ်ဆိုတာ ဒါနဲ့တင် သေချာနေပြီဗျ။

မလေးရှားနိုင်ငံရဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကိုလည်း ဆက်ဖတ် ကြည့်ပါဦး။

မလေးရှား စာနယ်ဇင်း မူများ

မလေးရှားစာနယ်ဇင်းသည် ရူခူနီဂါရာနှင့် အမျိုးသားရေးဆန္ဒသဘောထားများတို့တွင် သက်ဝင်ယုံကြည်စွာဖြင့် အောက်ပါအတိုင်း ပြဋ္ဌာန်းအပ်သည်။

မလေးရှားစာနယ်ဇင်းသည် –

–    နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်တပ်တစ်အားပါဝင်နေသည် ဟု နားလည်ခံယူသည်။

–    လူမျိုးရေးသဟဇာတဖြစ်မှုနှင့် နိုင်ငံတော် စည်းလုံး ညီညွတ်ရေးကို တိုးမြှင့်ရာတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟုလည်း ခံယူသည်။

–    ကွန်မြူနစ်ဝါဒ၊ လူမျိုးစွဲဝါဒနှင့် ဘာသာရေး အစွန်းရောက်မှုများသည် နိုင်ငံတော်၏ အေးချမ်းသာယာရေးနှင့် လြုံခံရေးအတွက် အလွန် ကြီးမားသော အန္တရာယ်များ ဖြစ်သည်ဟု ခံယူသည်။

–    မလေးရှားစာနယ်ဇင်းသည် လွတ်လပ်ပြီး သည်းခံနိုင်စွမ်းရှိကာ ပွင့်လင်းမှုလည်း ရှိသော လူ့ဘောင်တွင် ယုံကြည်မှု ရှိသကဲ့သို့ ကြောက်ရွံ့မှု သော်လည်းကောင်း၊ ဘက်လိုက်မှု သော်လည်းကောင်း အလျဉ်း မပါရှိဘဲ သတင်း အချက်အလက်များကို သစ္စာရှိစွာ ပေးအပ်ခြင်းဖြင့် လူထုအား အလုပ်အကျွေးပြုနေသော လွတ်လည်းလွတ်လပ်ကာ တာဝန်လည်း ယူတတ်သော စာနယ်ဇင်း၏ အစဉ်အလာအခန်းကဏ္ဌကိုလည်း အပြည့်အဝ ယုံကြည်သည်။

–    ယုံကြည်ထိုက်သော စာနယ်ဇင်းသည် နိုင်ငံတော်၏ ကျက်သရေ ကိုဆောင်သည်ဟု ယုံကြည်သည်။

–    လူမှုရေးဆိုင်ရာ အကျင့်စာဂများ (ဝါ) လူတို့၏ကိုယ်ကျင့်တရား များကို စောင့်ရှောက်ထိန်းသိမ်းရမည်ဟု ယုံကြည်သည်။

–    စာနယ်ဇင်းလောကသို့ မလေးရှားနိုင်ငံသားများဝင်ရောက်ရာတွင် မည်သည့်တားဆီးကန့်သတ်မှုမျိုးမှ မရှိအပ်ဟု ယုံကြည်သည်။

–   လူအများ၏သဘောထားကို ရယူတည်ဆောက်ယူရေးအတွက် ဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု ယုံကြည်သည်။

မလေးရှားစာနယ်ဇင်းသည် အောက်ဖော်ပြပါ စာနယ်ဇင်းအခြေခံမူ များကို လိုက်နာကြမည်ဖြစ်ပါသည်။

၁။    စာနယ်ဇင်းဆရာတစ်ဦး၏ အခြေခံအကျဆုံးတာဝန်မှာ အကြောင်း ချင်းရာများကို ခိုင်လုံတိကျစွာ၊ သစ္စာရှိစွာ တင်ပြရန်နှင့် လူအများ အနေဖြင့် အမှန်အတိုင်း သိရှိပိုင်ခွင့်ကို ရိုသေလေးစားရန် ဖြစ်သည်။

၂။    အဆိုပါ တာဝန်ကို ထမ်းဆောင်သည့်အခါ ရိုးဖြောင့် တည်ကြည်စွာဖြင့် သတင်းများရယူရာတွင် စာနယ်ဇင်းဆရာတစ်ဦး၏ အခြေခံ လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ကာ တရားမျှတသော မှတ်ချက်များ ချပိုင်ခွင့်နှင့် ဝေဖန်ပိုင်ခွင့်များကိုလည်း ကျင့်သုံးကြမည်။

၃။    သတင်းများ၊ ဓာတ်ပုံများ၊ ရုပ်ရှင်များနှင့် စာရွက်စာတန်းများကို ရယူရာတွင် နည်းမှန်လမ်းမှန်ကိုသာ အသုံးပြုမည်။

၎။    မမှန်ကန်သော သတင်းအချက်အလက်များကို ဖယ်ရှား သုတ်သင် ပြီး တင်ပြရန်မှာ စာနယ်ဇင်းဆရာ၏ တာဝန်သာဖြစ်သည်။

၅။    သတင်းအချက်အလက်များ ဇစ်မြစ်၏ ယုံကြည်ကိုးစားမှုကို လေးစားရိုသေရမည်။

၆။ စာနယ်ဇင်းဆရာတစ်ဦး၏တာဝန်များကို ထမ်းဆောင်ရာတွင် အကျင့်စာဂအားဖြင့် မြင့်မားကောင်းမွန်အောင် ထိန်းသိမ်းရမည်။ ထို့ အပြင် ပုံတူကူးချခြင်း၊ ပုံမှားရိုက်ခြင်း၊ သွားပုပ်လေလွင့်ြုပခြင်း၊ အသရေဖျက်ခြင်း၊ ဖျားယောင်းသိမ်းသွင်းခြင်း၊ အခြေအမြစ်မရှိဘဲ စွပ်စွဲခြင်းနှင့် လာဘ်သပ်ပကာများကို မည်သည့်ပုံစံမျိုးဖြင့်မဆို လက်ခံခြင်းများအား ရှောင်ကြဉ်ရမည်။

၇။    သတင်းသဘာဝအရ လူမျိုးရေးဆန်သော၊ သို့မဟုတ် အစွန်းရောက်သော၊ သို့မဟုတ် လူမျိုးပေါင်းစုံနေထိုင်သည့် မလေးရှားနိုင်ငံ၏ အကျင့်စာဂ တန်ဖိုးများနှင့် ဆန့်ကျင်သော သတင်းများ၊ အရေးအသားများကို ရှောင်ကြဉ်ရမည်။

၈။    စာနယ်ဇင်းလုပ်ငန်းနှင့် ပတ်သက်သည့် လူအများ၏မူဝါဒများ၊ နိုင်ငံတော် မူဝါဒများကို နားလည် သိရှိရန်မှာ စာနယ်ဇင်းဆရာ၏ တာဝန် သာဖြစ်သည်။

တွေ့တယ်နော်…။ သည်မှာလည်း ကိုယ်ကျင့်တရားကို အလေး ပေးထားတာတွေ့ရလိမ့်မယ်။

ပစိဖိတ်ဒေသမှာ တည်ရှိတာမို့ အနောက်တိုင်းမှာလည်း မဝင်ဆန့်၊ အသားအရောင်ကွဲပြားတာမို့ ကျွန်တော်တို့ အရှေ့တိုင်းကလည်း တစ်သွေးတည်း တစ်သားတည်းလို့ ဘယ်တုန်းကမှ အသတ်မှတ်မခံရဘဲ ဟိုမရောက်၊ သည်မရောက်နဲ့ အမြဲခွကျနေတဲ့ ဩစတြေးလျနိုင်ငံရဲ့ စာနယ်ဇင်း ကျင့်ဝတ်တွေကိုလည်း ကြည့်လိုက်ကြဦးစို့ရဲ့။

သူကတော့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ရေးထားတယ်ဗျ။

ဩစတြေးလျနိုင်ငံ မီဒီယာဖျော်ဖြေရေးနှင့် အနုပညာ မဟာမိတ်အဖွဲ့ [Media Entertainment & Arts Alliance (MEAA) of Australia] က ပြန်လှန်သုံးသပ်ပြီး ချမှတ်ပေးသည့် စာနယ်ဇင်းဆရာများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ

ပဏာမ

–    စာနယ်ဇင်းဆရာများသည် လူ့ဘောင်ကို ကိုယ်စားပြုသည်။ အမှန်တရားကို ရှာဖွေသည်။

–    စာနယ်ဇင်းဆရာများသည် သတင်းအချက်အလက်များ၊ အယူအဆများနှင့် သဘောထားများကို လက်ဆင့်ကမ်းပေးသည့် ထူးခြားသော ကဏ္ဌတွင် ပါဝင် ဆောင်ရွက် နေကြသည်။

–    စာနယ်ဇင်းဆရာများသည် ရှာဖွေသည်၊ ဖော်ထုတ်သည်၊ မှတ်တမ်းတင်သည်၊ မေးခွန်းထုတ်သည်၊ ဖျော်ဖြေသည်၊ အကြံပေးသည်၊ မှတ်သားထားကြသည်။

–   စာနယ်ဇင်းဆရာများသည် နိုင်ငံသားများကို သတင်းပေးကြပြီး ပွင့်လင်းမှုကို ကာကွယ် စောင့်ရှောက်ကြသည်။

–   လွတ်လပ်စွာ ရေးသား ပြောဆိုခြင်းကို လက်တွေ့ကျကျ ကျင့်သုံး ဆောင်ရွက်ကြသည်။

–    စာနယ်ဇင်းဆရာ အများအပြားသည် ပုဂ္ဂလိက စာနယ်ဇင်းများတွင် တာဝန်ထမ်းဆောင်နေကြသည်ဖြစ်လင့်ကစား အထက်ပါ ပရဟိတ တာဝန်များကို ထမ်းရွက်နေသူများသာဖြစ်သည်။

–    စာနယ်ဇင်းဆရာများသည် ဩဇာကို စိစစ်ရုံမျှမကဘဲ ကျင့်သုံးသူများလည်းဖြစ်ကာ ခိုင်လုံသူများလည်း ဖြစ်သင့်သည်။ ခိုင်လုံမှုသည် ယုံကြည်မှုကို ထွန်းကားစေသည်။ ယုံကြည်မှု မထွန်းကားလျှင် စာနယ်ဇင်းဆရာများသည် ပရဟိတတာဝန်များကို ကျေပွန်သည်ဟု ဆိုနိုင်လိမ့်မည် မဟုတ်ပေ။

စာနယ်ဇင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော မီဒီယာ ဖျော်ဖြေရေးနှင့် အနုပညာမဟာမိတ်အဖွဲ့အဖွဲ့ဝင်များသည် –

–    ဖြောင့်မတ်တည်ကြည်မှု

–    တရားမျှတမှု

–    အမီအတွယ် ကင်းရှင်း လွတ်လပ်မှုနှင့်

–    သူတပါး၏ အခွင့်အရေးများအပေါ် လေးစားမှုများကို အစဉ်တစိုက် လိုက်နာ ကျင့်သုံးသွားကြပါမည်။

စာနယ်ဇင်းဆရာများသည် လုပ်ဖော်ကိုင်ဖက်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး အောက်ဖော်ပြပါ ကျင့်ဝတ်များကို ထိန်းသိမ်း စောင့်ရှောက်သွားကြပါ မည်။

၁။ တိကျခိုင်လုံမှုရှိရန်နှင့် မျှတရန် အစဉ်တစိုက်ဆောင်ရွက်လျက် မရှိမဖြစ်လိုအပ်သော အချက်အလက်များအားလုံးကို ဖော်ပြကာ ဖြောင့်မတ် တည်ကြည်စွာ သတင်းပေးပြီး အနက်ဖွင့်ဆိုမည်။ အကြုံးဝင်လျက်ရှိပြီး ပေးအပ်နိုင်သော အချက်အလက်များအား ထိန်ချန်ခြင်းကို သော်လည်းကောင်း၊ အမှန်ကို ဝေ၀ါးစေနိုင်သော အချက်အလက်များ ဖော်ပြခြင်းကိုသော်လည်းကောင်း ရှောင်ကြဉ်မည်။

၂။ ပျက်စီးနိုင်ဘွယ်ရှိသည့် သတင်းတစ်ရပ်အတွက် သက်ဆိုင်သူထံ သွားရောက်ကာ မှတ်ချက်ချနိုင်သည့် အခွင့်အလမ်းကို မဖြစ်မနေ ပေးအပ်ပြီး ဖြစ်နိုင်လျှင် တင်ပြသည့် သတင်းနှင့်အတူ ပူးတွဲဖော်ပြပေးမည်။

၃။ အမှားများကို မျှမျှတတ ပြင်ဆင်ရန် တိုက်တွန်းမည်။

၎။ အကြောင်းအရာ ရရှိရန် မျှတပြီး ဖြောင့်မတ်သော နည်းလမ်းကိုသာ သုံးစွဲမည်။ အယောင်ဆောင်ခြင်းနှင့် လျှို့ဝှက်သော ကိရိယာများ၊ လျှို့ဝှက်စုံစမ်းထောက်လှမ်းသည့် ပစ္စည်းကိရိယာများ သုံးစွဲခြင်းကို ရှောင်ကြဉ်မည်။

၅။ ရုပ်ပုံများနှင့်အသံများသည် အစစ်အမှန်ဖြစ်ပြီး ခိုင်လုံနေသင့်သည်။ အယူအကောက် လွဲအောင် ပြုပြင်စီရင်ထားသမျှကို အမှန်အတိုင်း မြွက်ဟ ဖော်ထုတ်သင့်သည်။

၆။ ပုံတူကူးချခြင်းနှင့် ပုံမှားရိုက်ခြင်းတို့သည် ခိုးယူခြင်းပင်ဖြစ်သည်။ တရားမျှတအောင်သာ အစဉ်တစိုက် ဆောင်ရွက်မည်။

၇။ အမှန်တကယ် ပြောထား၊ ရေးထားသော စကားများကိုသာ ကိုးကားမည်။ သို့မဟုတ်လျှင် မိမိ၏စကားဖြင့်သာ ပြန်လည် ရေးသား တင်ဆက်မည်။ ထိုသို့ တင်ဆက်ရာတွင်လည်း ဆိုလိုရင်းနှင့် အနက် အဓိပ္ပာယ်တို့မှာ မူရင်းကို ခိုင်လုံစွာ ရောင်ပြန်ဟပ်နေစေရမည်။

၈။ တွေ့ဆုံမေးမြန်းခြင်းများ၊ ရုပ်ပုံများ၊ သတင်းအချက်အလက်များတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေးကမ်းထားရသမျှကို အမှန်အတိုင်း မြွက်ဟမည်။

၉။ ခိုင်လုံတိကျမှု၊ တရားမျှတမှုနှင့် အမီအတွယ် ကင်းရှင်း လွတ်လပ်မှုကို ထိပါးစေနိုင်သော မိမိ၏ တစ်သီးပုဂ္ဂလ ယုံကြည်ချက်များနှင့် ပါဝင် ပတ်သက်မှုများကို ရှောင်ရှားမည်။ အကယ်၍ တစ်နည်းတစ်ဖုံ ပါဝင် ပတ်သက်မိခဲ့ပါကလည်း အမှန်အတိုင်း မြွက်ဟမည်။

၁၀။ ခိုင်လုံတိကျမှု၊ တရားမျှတမှုနှင့် အမှီအတွယ်ကင်းရှင်း လွတ်လပ်မှုကို ထိပါးစေနိုင်သော တံစိုးလက်ဆောင်ကိုဖြစ်စေ၊ အခြား ကိုယ်ကျိုး တစ်စုံတစ်ရာကိုဖြစ်စေ လက်မခံပါ။ အကယ်၍ လက်ခံမိခဲ့ပါကလည်း အမှန်အတိုင်း မြွက်ဟမည်။

၁၁။    မိမိ၏ကိုယ်ကျိုးအတွက် စာနယ်ဇင်းဆရာတစ်ယောက်ဖြစ်နေခြင်း အပေါ်တွင် အခွင့်အရေးမယူရ။

၁၂။ စာနယ်ဇင်းလုပ်ငန်းကို နည်းလမ်းမကျစွာ ဩဇာသက်ရောက် လာနိုင်ဖွယ်ရှိသည့် ကြော်ငြာခြင်းများနှင့် စီးပွားရေးလုပ်ငန်းများ ထိုးဖောက် လာခြင်းကို ကာကွယ်စောင့်ရှောက်မည်။ အကယ်၍ ယင်းသို့ ဖြစ်လာခဲ့ပါကလည်း အမှန်အတိုင်း မြွက်ဟမည်။

၁၃။ လူတစ်ဦးစီ၏ လွတ်လပ်ခွင့်ကို လက်ခံမည်။ လူသိများ ထင်ရှားသူများ၏ လွတ်လပ်ခွင့်မှာမူ လူသိများလျှင် များသလောက် နည်းပါး သွားမည်လည်း ဖြစ်သည်။ သို့ရာတွင် လူသိများသူများ၏ ဆွေမျိုး သားချင်းများနှင့် မိတ်ဆွေများမှာမူ သူတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဆက်လက် ထိမ်းသိမ်းနိုင်ဆဲသာဖြစ်သည်။

၁၄။ ပူဆွေးနေချိန်၊ ထိတ်လန့်ကြေကွဲနေချိန်မျိုးများတွင် စာနာစိတ်နှင့်အတူ သိုသိုသိပ်သိပ်ဆောင်ရွက်မည်။ တစ်ဖက်သားအား မည်သည့် အခါတွင်မျှ အနှောင့်အယှက်မဖြစ်စေရ။ စာနယ်ဇင်းလုပ်ငန်းကို မသိ နားမလည်မှုအပေါ်တွင်ဖြစ်စေ၊ စိုးရိမ်ထိတ်လန့်မှုအပေါ်တွင်ဖြစ်စေ မည်သည့်အခါတွင်မျှ အခွင့်ကောင်းမယူရ။ သက်ဆိုင်သူ၏ သဘောတူညီချက်ကို ရယူပြီးမှသာ တွေ့ဆုံမေးမြန်းခြင်းများကို ပြုလုပ်မည်။

၁၅။ လူမျိုးရေး၊ နိုင်ငံသားဖြစ်မှု၊ ကျား၊ မ၊ အသက်အရွယ်၊ လိင်တူ၊ လိင်ကွဲစုံမက်မှု၊ တော်စပ်မှု၊ ဘာသာရေးယုံကြည်မှု၊ ကိုယ်ကာယအရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာတွင်ဖြစ်စေ ချို့ယွင်းအားနည်းမှု အစရှိသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များအပေါ်တွင် မလိုအပ်ဘဲ နင်းပြီး မေးမြန်းခြင်းမျိုး မပြုလုပ်ရ။

၁၆။ လူတစ်ဦးတစ်ယောက်၏ အသက်ကိုသော်လည်းကောင်း၊ လြုံခံမှုကိုသော်လည်းကောင်း သက်ဆိုင်သူ၏ သဘောတူညီချက်ကို မရဘဲနှင့် မည်သည့်အခါမျှ သိလျက်နှင့် မထိခိုက်စေရ။

၁၇။ ကလေးသူငယ်များပါ ပါဝင်နေသည့် သတင်းများတွင် ကလေးသူငယ်များ၏ ဘဝသာယာမှုကို အထူးဂရုစိုက်ရမည်။

၁၈။ တရားဥပဒေ၏ ရှေ့မှောက်တွင် လူတိုင်းအညီအမျှ ခံစားခွင့်ရှိသည် ဟူသောအချက်ကို လေးစားလိုက်နာမည်။

၁၉။ သတင်းအချက်အလက်များ အားလုံးကို သတင်းဇစ်မြစ်များဖြင့် ရည်ညွှန်း ကိုးကားနိုင်ရန် အစဉ်တစိုက်ကြိုးပမ်းမည်။ ဇစ်မြစ်တစ်ခုခုက အမည် မဖော်ရန် ပြောဆိုလာလျှင် ထိုဇစ်မြစ်အနေနှင့် အမည်မဖော်ဘဲ ပြောကြားလိုရခြင်း အကြောင်းရင်းကို စေ့ငုခြင်းမရှိဘဲသော်လည်းကောင်း၊ အခြား ဖော်ထုတ်နိုင်သည့် ဇစ်မြစ်များကို တွက်ဆခြင်းမရှိဘဲ သော်လည်းကောင်းအလွယ်တကူ သဘောမတူရ။  အလားတူပင်၊ မိမိအား ယုံကြည်သဖြင့် ဖွင့်ပြောသူများ၏ ကိုးစားမှုကိုလည်း ထိန်းသိမ်းပေးရမည်။

၂၀။ ကျင့်ဝတ်များကို ကောင်းစွာ  နားလည် တတ်ကျွမ်းရန် အားထုတ်ပြီး ဤကျင့်ဝတ်များကို လေးစားလိုက်နာမည်။

အခြေခံသဘောထားများသည် တစ်ခါတရံတွင် အချင်းချင်း ပဋိပက္ခဖြစ်နေတတ်ပြီး ဆုံးဖြတ်ချက်ချမှတ်သည့်အခါများတွင် ကျင့်ဝတ်အတိုင်း စောင့်ထိန်းလိုက်နာရန် ခက်ခဲနေတတ် ပါသည်။ ထိုအခါများတွင် လူအများ၏အကျိုးကိုသာ ဦးထိပ်ထားခြင်းကသာ ဤစံသတ်မှတ်ချက် ကျင့်ဝတ်များကို ကျော်လွှားနိုင်လိမ့်မည် ဖြစ်ပေသည်။

အားလုံး အချက်ပေါင်း၂၀ကို ချမှတ်ပြီးတဲ့နောက်မှာမှာ မှတ်ချက်နဲ့ အကုန်ချုပ်လိုက်တာ တွေ့လား။

ကျင့်ဝတ်ကို လိုက်နာဖို့ဆိုတာ ခက်ကောင်းခက်နိုင်သတဲ့။ အဲလိုကျရင် လူအများရဲ့အကျိုးကို ဦးထိပ်ထားလိုက်စမ်းပါတဲ့။ ဒါဆိုရင် ကျင့်ဝတ်နဲ့မညီဘူး ဆိုရင်တောင် ကျင့်ဝတ်ကို အလိုလိုစောင့်ထိန်းပြီး သားဖြစ်သွားမယ်ဆိုတဲ့သဘောပဲ။

အဲတော့ ခင်ဗျားနဲ့ ကျွန်တော်တို့ရဲ့ အမေးအဖြေကို အနှစ်ပြန် ချုပ်လိုက်မယ်ဆိုရင်…

စာနယ်ဇင်းဆရာဟူသည် –

–    ဖြောင့်မတ်တည်ကြည်ရမည်။

–    မျှတရမည်။

–    အမီအတွယ်ကင်းရှင်းလွတ်လပ်ရမည်။

–    ကိုယ်ကျင့်တရား အထူးကောင်းမွန်ရမည်။

–    အများပရိသတ်အပေါ်တွင် သစ္စာရှိရမည်။

ဆိုတဲ့ ၅ချက်နဲ့တင် ပြည့်စုံလုံလောက်သွားပါလိမ့်မယ်။ အဲသည့်  ၅ချက်ကို စောင့်ထိန်းနိုင်၊ ကျင့်ကြံနိုင်ရင် စာနယ်ဇင်းသမားကောင်း ဖြစ်လာမှာပေါ့။ အထူးသဖြင့် နောက်ဆုံးအချက်ဖြစ်တဲ့ စာဖတ်သူ ပရိသတ်အပေါ်မှာသာ အမှန်တကယ် သစ္စာရှိကြမယ်ဆိုရင် ခင်ဗျား မေးခဲ့တဲ့ နိမိတ်ပြမေးခွန်းတွေဟာ ပေါ်လာစရာတောင် အကြောင်းမရှိပါ ဘူးဗျာ။

ကိုင်း… တော်လောက်ပြီ ထင်တယ် ကိုကျော်သီဟ။ နီတျာတျာ ငှက်ပြာလေးကို မိုင်ပေါင်းများစွာချီနေတာနဲ့တောင် ပရိသတ်က တယ် စိတ်မရှည်ချင်တော့ဘူး။ ခင်ဗျားနဲ့ ကျွန်တော်နဲ့ အမေးအဖြေခန်းကလည်း မိုင်ပေါင်းများစွာလုပ်နေဖို့ မတော်ဘူး ထင်တယ်။

တော်လိုက်ကြပါစို့ဗျာ…

ကျွန်တော့်ကိုမှ တခုတ်တရလာမေးတဲ့ ခင်ဗျားကိုရော၊ ဖော်ပြပေးတဲ့ သတင်းစုံကိုပါ ကျေးဇူးအထူးတင်ပါသဗျာ။

ကျွန်တော်တို့အမေးအဖြေဟာ စာဖတ်ပရိသတ်အတွက်ရော၊ စာနယ်ဇင်းဆရာတွေအတွက်ပါ အုတ်တစ်ချပ် သဲတစ်ပွင့်စာလောက် အထောက်အကူ ဖြစ်မယ်ဆိုရင် ခင်ဗျားနဲ့ကျွန်တော် မေးရဖြေရကျိုးနပ်တယ်လို့ အောက်မေ့ရမှာပဲဗျို့။

Advertisements
6 Comments leave one →
  1. 9 August 2009 4:11 am

    😀

  2. 9 August 2009 10:33 pm

    တော်တော် သိသင့်တဲ့အချက်တွေမို့သေချာ ဖတ်သွားတယ်။
    တကယ်ပြောတာပါ။
    ပုံ
    ပင်တိုင်အားပေးသူတယောက်

  3. 9 August 2009 10:33 pm

    နံပါတ် ၁ မမကွမ် တို့ထက်ဦးသွားပါပကော။

  4. 10 August 2009 4:18 pm

    ဟဲ.. ဟဲ… လာဖတ်သွားလေပြီ… ကိုယ့်ဆရာ… သိမ်းထား… ရှဲထားပါရစလား….
    မနေ့က အတည်ပေါက်ကတော့ တကယ်ကိုရင်ထိတ်စရာပေပဲ…

  5. 12 August 2009 8:07 pm

    သေချာကို ဖတ်သွားတယ် ဆရာရေ …
    ဆရာပြောသွားတာ တော်တော်ကောင်းပါတယ်။
    အမေးနွားကျောင်း အဖြေဘုရားလောင်းဆိုသလိုပဲ။ ဟဲဟဲ ဦးကျော်သီဟကြီးတော့ နွားကျောင်းသား ဖြစ်ကရော။
    မျိုးဆက်ဟောင်း မျိုးဆက်သစ်ကို ဘောလုံးကွင်းနဲ့ ဥပမာပေးထားတာလဲ အတော်လေး မြင်သာတယ်။ ကွာခြားချက်က ကွင်း ဆိုတာလဲ မှန်လိုက်ပါဘိတော့။
    ပွဲဆူသွားတဲ့ ဆရာ့ရေနွေးကိစ္စလဲ ဖတ်လိုက်ရပါတယ်။ မုဒိတာ မထားနိုင်တဲ့သူတွေကိုတော့ သနားမိပါရဲ့။

    တခြားနိုင်ငံတွေရဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကလဲ မှတ်သားစရာ ကောင်းပါတယ်။
    ဖတ်ရတာ တော်တော်အားရမိတယ်။ အထောက်အကူလဲ အများကြီးဖြစ်ပါတယ်ဆရာ။

  6. စိုးနေလင်းအောင် permalink
    6 October 2011 1:17 am

    ကျေးဇူးပါ ဆရာ။ စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဆိုပေမယ့် ဖတ်ရတာ အတော်သဘောကျမိပါတယ်။ ဘာကို သဘောကျတာလည်း ဆိုတာကျ ကျွန်တော် တိတိပပ မပြောတတ်ဘူးခင်ဗျ။ ကျွန်တော် မရေးပြတတ်တာပါ။ မေးတာကို ဆရာဖြေတဲ့အခါ တခါတခါ လူ့ကျင့်ဝတ်သဘောနဲ့ ဖြေသွားတာကို သဘောကျတယ် ထင်တာပါပဲ ဆရာ။ သေချာတာကတော့ ကျွန်တော် ဗဟုသုတ အများကြီးရလိုက်တယ် ဆိုတာရယ်၊ အခုတလော ဖတ်မိတဲ့စာတွေထဲမှာ ကျွန်တော် အနှစ်သက်ဆုံးဆိုတာရယ်ပါ။ ကျွန်တော် ကူးယူထားလိုက်ပါတယ် ဆရာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: