ဓာတ်ရှင်နယ်က လုလင်ငယ်သွေး

🎥🎥🎥🎥🎥🎥🎥🎥🎥🎥🎥🎥

နိဒါန်း

မနေ့က ပြောခဲ့တဲ့ “အပြရှည်” (long take) နဲ့ ပတ်သက်ပြီး လူငယ်ဓာတ်ရှင်သမားလေးတယောက်နဲ့ ဆက်ဆွေးနွေးလိုက်တဲ့အခါ သူနဲ့ ကျနော့်ကြားက ကွာဟမှုကို မြင်လိုက်ရပါတယ်။

ကျနော့်ရပ်တည်မှုက မြန်မာရုပ်ရှင်ကို တိုးတက်ကောင်းမွန်လာစေချင်တယ်။ လူငယ်ဓာတ်ရှင်သမားလေးလည်း အလားတူပါပဲ။ ကျနော်တို့မှာ တူညီတဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက် ရှိနေပါတယ်။

ဒါပေသည့် ကျနော်က သမားရိုးကျ ဓာတ်ရှင်အမြင်ကို အခြေခံပြီး ပြောနေတာပါ။ သူက အနုပညာဓာတ်ရှင်လို့ ဘာသာပြန်ရင် ကောင်းမလား မသိဘူး၊ art film ဆိုတဲ့ သမားရိုးကျက ခွဲထွက်တဲ့ ဓာတ်ရှင်ကို အားသန်သူ ဖြစ်နေပါတယ်။

အဲဒါကို ဆွေးနွေးရင်းနဲ့ကမှ ဘွားခနဲ တွေ့လိုက်တယ်။

အနုပညာဓာတ်ရှင်

အဲဒီ့ “အနုပညာဓာတ်ရှင်”ကို အမျိုးမျိုး ခေါ်ကြတယ်။ တချို့က မှီခိုမှုကင်းရှင်းလွတ်လပ်တဲ့ ဓာတ်ရှင် (Independent Film) လို့ ခေါ်တယ်။ အဲဒါကိုပဲ အတိုကောက် အင်ဒီဓာတ်ရှင်လို့လည်း ခေါ်တဲ့သူက ခေါ်တယ်။ စမ်းသပ်မှုဓာတ်ရှင် (Experimental Film) ၊ စာရေးဆရာဓာတ်ရှင် (Auteur Film) [ပြင်သစ်လို အိုတာ (auteur) ဆိုတာက အင်္ဂလိပ်လို author ပါ]၊ အနုပညာတိုက်ဓာတ်ရှင် (Arthouse Film) စသဖြင့်လည်း ခေါ်ကြတယ်။

ကွာခြားချက်

သမားရိုးကျ ဓာတ်ရှင်တွေက အလွယ်ပြောရင် ပိုက်ဆံရဖို့ ရိုက်တာ။ အနုပညာဓာတ်ရှင်ကျတော့ စိတ်ဆာလို့ ရိုက်တာ။ မတူတော့ဘူး။

သမားရိုးကျ ဓာတ်ရှင်မှာက ငွေကြေးအရင်းအနှီး အများကြီးလိုတယ်။ အနုပညာဓာတ်ရှင်က စရိတ်ကျဉ်းကျဉ်းနဲ့ ဖန်တီးတာပါ။ သမားရိုးကျဓာတ်ရှင်မှာက နာမည်ကြီး၊ လူကြိုက်များ သရုပ်ဆောင်တွေ သုံးပေမယ့် အနုပညာဓာတ်ရှင်မှာကျတော့ တခါမှ သရုပ်မဆောင်ဖူးသူ သာမန်လူတွေကိုလည်း သုံးတတ်ကြတယ်။

သမားရိုးကျ ဓာတ်ရှင်မှာက ဇာတ်လမ်း ဇာတ်ကွက်က ရှင်းလင်း ပြတ်သားတယ်။ အနုပညာဓာတ်ရှင်က ကျတော့ ဇာတ်လမ်းဇာတ်ကွက်ထက် အများကြီး ပိုစိမ်းတဲ့ ဇာတ်လမ်းတွေဖြစ်နေပါတယ်။ သေချာတာကတော့ ပရိသတ်နားလည်ဖို့ ခက်တဲ့ ဓာတ်ရှင်အမျိုးအစားလို့ ဆိုရပါလိမ့်မယ်။ ဘာတွေ ဖြစ်နေပါလိမ့်လို့ ပရိသတ်က ပင်ပန်းဆင်းရဲခြင်းကြီးစွာ စဉ်းစားနေရတတ်တယ်။ များသောအားဖြင့် လူတွေရဲ့ ခံစားချက်တွေ၊ အတွေးတွေ၊ အိပ်မက်တွေကို အနုပညာဓာတ်ရှင်က သရုပ်ဖော်တာပါ။ ကိုယ်သာ သူ့နေရာမှာ သူ့လို ကြုံရရင် ဘာလုပ်မလဲ၊ ကိုယ်ကရော ဘယ်လို လူစားလဲဆိုတဲ့ မေးခွန်းကို အနုပညာဓာတ်ရှင် ကြည့်ပြီးတဲ့အခါ ကြည့်မိသွားသူက တစိမ့်စိမ့် တွေးနေရတာမျိုးလို့လည်း ဆိုနိုင်မလား မသိဘူး။

ဒုံးဝေးရင် မခံစားနိုင်

သမားရိုးကျ ပန်းချီနဲ့ ဒြပ်မဲ့ (စိတ္တဇ) ပန်းချီနဲ့ ကွာခြားတာမျိုးလို့ ပမာဆောင်ရင် သင့်မယ် ထင်ပါတယ်။ သမားရိုးကျ ပန်းချီလည်း အရောင်တွေ၊ စုတ်ချက်တွေ သုံးတာပဲ။ ဒြပ်မဲ့ ပန်းချီလည်း အရောင်တွေ စုတ်ချက်တွေ သုံးတာပဲ။ သမားရိုးကျ ပန်းချီကျတော့ မြင်ရသူက သိတယ်၊ ဒါ ဘုရား၊ ဒါ မင်းသမီး၊ ဒါ ဝတ်လစ်စလစ်၊ ဒါ ပန်းခင်း၊ တန်းသိနိုင်တယ်။ ဒြပ်မဲ့ ပန်းချီကျတော့ နားလည်ဖို့ အတော် အားစိုက်ရတယ်။ ဓာတ်သိတွေပဲ ခံစား နားလည်နိုင်တာမျိုး။ ကျနော်ဆို နားကို မလည်ဘူးဆိုတာ ဝန်ခံပါတယ်။ ကြည့်လို့တော့ ကောင်းသား၊ ဒါကြီးကဖြင့် အကြည့်ရ ဆိုးလိုက်တာ ဆိုတာမျိုးပဲ ရှိပါတယ်။

အနုပညာဓာတ်ရှင်ဆိုလည်း ကျနော်နဲ့ နည်းနည်း ဝေးပါတယ်။ ဒါပေမယ့် ပန်းချီလောက်တော့ မဝေးဘူး ထင်တယ်။ ပန်းချီမှာ ကျနော်က ရန်ကုန်နဲ့ မန္တလေးလောက် ဝေးတယ်ဆိုရင် ဓာတ်ရှင်မှာတော့ ရန်ကုန် မိတ္ထီလာလောက်ပဲ ဝေးမယ် ထင်ပါတယ်။

ပြင်သစ်နဲ့ ဥရောပ သမားရိုးကျ ရုပ်ရှင်အနည်းအပါး ကြည့်ဖူးထားတာရယ်၊ တလောဆီကပဲ ပြင်သစ် ကျောင်းဆင်း ကိုရီးယား ဒါရိုက်တာ Kim Ki-Duk ရဲ့ ဇာတ်ကားတချို့ကို ကြည့်ထားလိုက်တာရယ်ကြောင့် နည်းနည်းတော့ ခံစားလို့ ရတယ်။ အပြည့်အဝ နားလည်လှပါတယ်လို့တော့ မဆိုဝံ့ပါဘူး။

စိတ်ဆတ်တဲ့သူနဲ့တော့ သိပ်မဟပ်

နားမလည်လို့လည်းပဲ မနေ့က “အားလား အိုင်လား”ကို ရေးဖြစ်ခဲ့တာပါ။ ကျနော် ကြည့်ခွင့်ရလိုက်တဲ့ မြန်မာ အနုပညာဓာတ်ရှင် နှစ်ကားထဲက အပြရှည်တွေကို အတော် စိတ်ပျက်တဲ့ စိတ်နဲ့ ရေးလိုက်တာကို ဝန်ခံပါတယ်။

ပိုဆိုးတာက ကျနော်က မူလကတည်းက စိတ်မရှည်တတ်တဲ့သူ။ ငယ်ငယ်က မန္တလေးမှာ ကျနော့ ဆံပင် တချောင်းချင်းကို စိမ်ပြေနပြေ ညှပ်ပေးတဲ့ ဆံသဆရာ ကြာလွန်းမက ကြာနေတာကို စိတ်မရှည်တော့တာနဲ့ ဆက်မညှပ်တော့ဘဲ တဝက်တပျက်နဲ့ စိတ်ဆိုးမာန်ဆိုး ထွက်လာခဲ့ဖူးတယ်။ အဲဒီ့ဆိုင်လည်း နောက် ဘယ်တော့မှ ခြေဦးမလှည့်တော့ဘူး။

အဲသလို စိတ် လက်တဆစ်သမားအတွက် လူတယောက် အိပ်ပျော်နေတာကြီးကိုပဲ ကင်မရာ အသေထောင်ပြီး ၃ မိနစ်လောက် ရိုက်ပြတာမျိုးကို ဘယ်လိုမှ သည်းမခံနိုင်တာလည်း အမှန်ပါပဲ။

ကဝိပစ္စည်းတွေနဲ့ ကျနော်

တကယ်တော့ အဲလို ရိုက်ပြတာမျိုးက အနုပညာဓာတ်ရှင်မှာ အဆန်းမဟုတ်ဘူးတဲ့ဗျ။ ရှင်စမ်း…

အဲဒါမျိုးကို ၇ မိနစ်၊ ၁၀ မိနစ်လောက် အတောင့်လိုက် ငုတ်တုတ်ထိုင်ကြည့်နိုင်တဲ့အထိ သည်းခံနိုင်တဲ့သူက အနုပညာကို ခံစားတတ်တဲ့သူ ဖြစ်သလိုလိုပဲ။ သည်းမခံနိုင်တဲ့သူက လူပြိန်းပေါ့ဗျာ။ ခေတ်စကားနဲ့ဆို အပြိန်းပေါ့။

ဝန်ခံပါတယ်။ ကျနော် လူပြိန်းပါ။ ဘာပညာရှင်မှလည်း မဟုတ်ပါဘူး။ အနုပညာနဲ့လည်း အဝေးကြီးပါ။ ကျနော်က တောင်ကြည့် မြောက်ကြည့် လျှောက်ပတ်ကြည့်တာ ဝါသနာပါတဲ့ သာမန်လူတယောက်ပါပဲ။ ဟိုနားမှာ ကြည့်ကောင်းတာလေး တွေ့ရင် ရပ်မော့လိုက်၊ သည်နားမှာ လူစုစု မြင်ရင် ဝင်မော့လိုက်လောက်ပဲ လုပ်တတ်ပါတယ်။ စိတ်ဝင်စားတော့လည်း ခြေသလုံးအတောင့်ခံပြီး ဆက်ကြည့်တာပေါ့။ မဝင်စားတော့ရင်လည်း ကိုယ့်လမ်းကိုယ် ဆက်သွားတာပေါ့။ သည်လောက်ပါပဲ။

နိဂုံး

လူငယ်ဓာတ်ရှင်သမားတွေ အဲလောက်အထိ အပတ်တကုပ် အားထုတ်နေတာ၊ အဆင့်တဆင့် တန်းဝင်လာအောင် ကြိုးပမ်းနေကြတာကိုတော့ တအားကို နှစ်ထောင်းအားရ ဖြစ်မိတာလည်း အမှန်ပါ။ အထူးသဖြင့် သမားရိုးကျက ခွဲထွက်ပြီး နေရာသစ် ဖန်တီးတည်ဆောက်လိုကြတဲ့ စိတ်ဓာတ်ကို အလွန် လေးစားမိပါတယ်။ ဆထက် ထမ်းပိုး အောင်မြင်ကြပါစေကြောင်းလည်း ဆုတောင်းပေးလိုက်ပါတယ်။

(ကျနော့်ဘက်ကလည်း ပျင်းစရာကောင်းအောင် ရှည်လျားတဲ့ အပြရှည်တွေကို သည်းခံပြီး စိတ်ရှည်လည်ရှည် ကြည့်တတ်အောင် ကြိုးစားပေးသွားမယ်ညော်…😁)

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်
(၀၆၀၉၁၉)

အားလား အိုင်လား

🎥🎥🎥🎥🎥🎥

စကားပလ္လင်

လူငယ် ဓာတ်ရှင်သမားလေးတွေနဲ့ ကျနော်နဲ့ ကြားမှာ ဆွေးနွေးစရာလေး တခု ရှိလာပါတယ်။

No photo description available.ကျနော်က ဓာတ်ရှင်သမားမဟုတ်ပါဘူး။ ဓာတ်ရှင်ဝါသနာအိုးသာ ဖြစ်ပါတယ်။ ဝါသနာအိုးထဲမှာမှ ကျနော်က အဘိုးကြီး ဝါသနာအိုး။ ဓာတ်ရှင်ကို အသေအလဲ ကြိုက်သူ၊ တော်တော်များများ ကြည့်ဖူးသူ ဖြစ်ပါတယ်။

အကန်းတွေကြားက တဖက်လပ်ဖြစ်မြဲအတိုင်း တခြား ဓာတ်ရှင်ဝါသနာအိုးတွေထက် စာရင် ကျနော်က သိုးဆောင်းစာလေး အနည်းအပါး သေစာရှင်စာလောက် တတ်တော့ သိုးဆောင်းဘာသာနဲ့ ကားတွေလည်း ကြည့်ဖူး၊ သိုးဆောင်းဘာသာနဲ့ ရေးထားတဲ့ ဓာတ်ရှင်အကြောင်း ဆောင်းပါးစုံနဲ့တကွ နာမည်ကျော် သိုးဆောင်း ဇာတ်ကား မူရင်း ဇာတ်ညွှန်းတချို့ကိုလည်း အနည်းအပါး ဖတ်ဖူးထားတာလေးတော့ နည်းနည်း ပိုသပေါ့။

“အပြရှည်”

အခု လူငယ် ဓာတ်ရှင်သမားတွေနဲ့ ဆွေးနွေးစရာက “အပြရှည်”ကိစ္စပါ။

လူငယ်ဓာတ်ရှင်သမားလေးတယောက်ကို သူတို့ ရိုက်ကူးထားတဲ့ ကားတွေထဲက အပြရှည်တွေအကြောင်း ကျနော်က ထောက်ပြတဲ့အခါ “အဲဒီ့ အပြရှည်ကလည်း လမ်းကြောင်းတခုလို့ ပြောရမယ် ထင်ပါတယ်”လို့ ဆိုလာလို့ပါ။ ဆိုလိုတာက ဒါက အသစ်မို့ ဘိုးတော် လိုက်လို့ မမီဖြစ်နေပုံပဲလို့ အနက် ထွက်သလိုပါပဲ။

အဲဒါ အသစ်မဟုတ်

ကျနော် အဘိုးကြီးကတော့ “အပြရှည်”လို့ ဆိုလိုက်တာနဲ့ ဗမာဒါရိုက်တာ ပဂေးကြီး (ဦး)“သုခ”ရဲ့ နာမည်ကျော် “စကားပြောသော အသည်းနှလုံး”ဇာတ်ကားကို အရင်ဆုံး တန်းမြင်လိုက်ပါတယ်။

ဇာတ်ကားလည်း အနားမှာ အလွယ်တကူ မရှိ၊ အဲတုန်းကလည်း မှတ်မထားမိသော်လည်း ဦးသိန်းမောင်လား မသိ၊ အကယ်ဒမီ ရသွားတဲ့ အဲဒီ့ “စကားပြောသော အသည်းနှလုံးဇာတ်ကြောင်းဖော်ခန်း”ကြီးဟာ တကတ်ထဲနဲ့ ကင်မရာ ထောင်ပြီး ရှုထောင့်မပြောင်းဘဲ အကြာကြီး ရိုက်ပြသွားခဲ့တာကိုတော့ မှတ်မိနေပါတယ်။

ပြောရရင် ပြဇာတ်တပုဒ်ကို စင်နဲ့တည့်တည့်က ကင်မရာအသေထောင်ပြီး ရိုက်ပြလိုက်တာမျိုးပါ။

ဘိုလိုဆိုရင်တော့ “long take”ပေါ့။

နမူနာကောင်းတခု

နိုင်ငံခြား ဇာတ်ကားတွေမှာလည်း အပြရှည်တွေကို “အား”တခုအဖြစ် သုံးခဲ့တာ ၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းကပါ။

အထင်ရှားဆုံးကတော့ ဟောလီးဝု(ဒ်) ရုပ်ရှင်နယ်မှာ အသစ်ထွင်နိုင်စွမ်း အပြည့်နဲ့ ဆရာကြီးတဆူ ဖြစ်လေသူ အော်ဆန် ဝဲ(လ်)(ဇ်)ရဲ့ Touch of Evil ဇာတ်ကား (၁၉၅၈ ခုနှစ်) ထဲက ၃ မိနစ် စက္ကန့် ၂၀ ကြာ အပြရှည်ပါပဲ။ https://youtu.be/Yg8MqjoFvy4 မှာ ကြည့်နိုင်ကြပါလိမ့်မယ်။

အဲဒီ့မှာ ကြည့်လိုက်မယ်ဆိုရင် ဦးသုခလို ကင်မရာကို အသေ ထောင်ရိုက်ထားတာ မဟုတ်ဘဲ တကတ်တည်းမှာ ကင်မရာကို ထောင့်အမျိုးမျိုး ပြောင်း၊ မြင်ကွင်း အကျဉ်း၊ အကျယ် မျိုးစုံပြောင်းပြီး ရိုက်ပြသွားတာကို တွေ့ရပါလိမ့်မယ်။

အပြရှည်မှာ ဘာအရေးကြီးလဲ

ဦးသုခရော ဝဲ(လ်)(ဇ်)ပါ မလွဲမသွေ လုပ်ခဲ့ကြရတာတခုကတော့ သည်လို အပြရှည်အတွက် မဖြစ်မနေ လိုအပ်ချပ်ပါပဲ။

အဲဒါကတော့ အစမ်းလေ့ကျင့်မှု (ဇာတ်တိုက်တာ) ကို နာနာလုပ်ခဲ့ကြရတာပါ။

ဦးသုခဆီမှာက သရုပ်ဆောင်တွေဟာ အဲဒီ့အပြရှည် ကတ်ကြီးတကတ်စာအတွက် ဇာတ်ဝင်စကားနဲ့ အမူအရာတွေ ကြေညက်အောင် အဖန်ဖန် ဇာတ်တိုက်ခဲ့ကြရမှာ မလွဲပါဘူး။

ဝဲ(လ်)(ဇ်)ရဲ့ အပြရှည်ကျတော့ အဲဒါထက် အများကြီး ပိုခက်ပါတယ်။

ကင်မရာ ဆရာနဲ့ စက်အဖွဲ့၊ မီးအဖွဲ့၊ ဖြတ်လျှောက်၊ ဇာတ်ဝင်ပစ္စည်း၊ သရုပ်ဆောင် အားလုံး သူ့နေရာနဲ့သူ အချိန်ကိုက်ဖြစ်နေအောင် ဇာတ်တိုက်ရတာ ဘယ်လိုမှ တရက်ထဲနဲ့ မပြီးနိုင်တာမျိုးကြီးပါ။ (ဒါ့ကြောင့်လည်း ဘတ်ဂျက်ကျော်တဲ့ ဒါရိုက်တာ၊ အချိန်မီ မပြီးတဲ့ ဒါရိုက်တာရယ်လို့ သူ့ခေတ်နဲ့ သူ့အခါတုန်းက နာမည်ကြီးခဲ့တာပါပဲ။) ကျနော် အမှတ်မမှားရင် အဲဒီ့ ၃ မိနစ် စက္ကန့် ၂၀ အပြရှည်အတွက် ၆ ရက် ဇာတ်တိုက်ခဲ့ရတယ်လို့ ထင်ပါတယ်။

၇ မိနစ်ကျော်တောင် မနားတမ်း ရိုက်တဲ့ ကတ်

ထင်ရှားတဲ့ နောက် နမူနာတခုက ၇ မိစန်ကျော် အပြရှည်ကြီးကို ရိုက်ပြခဲ့တဲ့ ပြင်သစ် ဒါရိုက်တာ Jean-Luc Godard ပါပဲ။ ၁၉၆၇ ခုနှစ်က ရုံတင်တဲ့ Weekend အမည်နဲ့ ရုပ်ရှင်ကားထဲက ယာဉ်ကြော ပိတ်ဆို့နေတဲ့ အခန်းကို ၇ မိနစ်ကျော် ရိုက်ပြခဲ့တာပါ။ (ဝါသနာပါရင် ကိုယ့်ဘာသာ ရှာဖွေ ကြည့်ကြပါတော့ဗျာ။ ကျနော် အလွယ်မတွေ့လို့ လင့်(ခ်) မပေးနိုင်တာ ခွင့်လွှတ်ပါ။)

အဲဒီ့ ဒါရိုက်တာဟာ ပြင်သစ် လှိုင်းသစ်ရုပ်ရှင် လှုပ်ရှားမှုကို စတင်ခဲ့သူများထဲက တယောက်ဖြစ်ပါတယ်။

ပြောမယ်ဆိုရင်တော့ အများကြီး ကျန်ပါသေးတယ်။ ယုတ်စွအဆုံး အပစ်အခတ် အသတ်အပုတ် ဓာတ်ရှင် (Action Film) တွေမှာတောင်မှ အပြရှည်နဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ နမူနာတွေ ရှိပါတယ်။

အပြရှည်တွေပါလျက်ကနဲ့ ထင်ရှားတဲ့ ခေတ်ပြိုင် ဟောလီးဝု(ဒ်)ကားကတော့ လီအိုနာဒို ဒ ခါပရီယိုရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုနဲ့ The Revenant (၂၀၁၅) ပါပဲ။ မက္ကဆီကန် ဒါရိုက်တာ Alejandro González Iñárritu ရိုက်ခဲ့တာပါ။

အကောင်းဆုံး သရုပ်ဆောင်၊ အကောင်းဆုံး ဓာတ်ပုံ၊ အကောင်းဆုံး ဒါရိုက်တာဆိုတဲ့ အော်စကာဆု ၃ ဆု ရခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ (အကောင်းဆုံး ဇာတ်ကားဆု ဆန်ခါတင် စာရင်းမှာ ပါခဲ့သော်လည်း မရခဲ့ပါဘူး။)

ကျနော့်အမြင်

အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဓာတ်ရှင်ရဲ့ ဘာသာစကားက တခု သတ်သတ်ပါ။ ဓာတ်ရှင် (Movie) လို့ ဆိုလိုက်တာနဲ့ လှုပ်နေတဲ့ အရုပ်တွေနဲ့ ဇာတ်ကြောင်းကို ဖော်ယူရပါတယ်။

အဲဒီ့ဘာသာစကားမှာ ကင်မရာ ရိုက်ချက်တွေ ပါတယ်၊အလင်းအမှောင် ပါတယ်၊ ဆေးရောင်စုံခေတ်မှာ အရောင်တွေ ပါလာတယ်၊ နောက်ခံ တေးဂီတတွေ၊ (တိတ်ဆိတ်နေတာလည်းပါတဲ့) အသံတွေပါတယ်၊ သရုပ်ဆောင်တွေရဲ့ ကိုယ်ဟန်အမူအရာစုံလည်း ပါတဲ့အခါ ပါတယ်၊ ဇာတ်ဝင်စကားလည်း ပါတဲ့အခါ ပါပါတယ်။

အပြရှည်ကို ကျနော် မဆန့်ကျင်ပါဘူး။ ဒါပေမယ့် ငြိမ်နေတဲ့ အပြရှည်ဆိုရင်တော့ ဘာလို့ ဓာတ်ရှင်ကြည့်နေတော့မှာလဲနော်။ ရုပ်သေ ဓာတ်ပုံပဲ ကြည့်တော့မှာပေါ့။

ဆိုကြပါစို့ဗျာ၊ ဇာတ်ဆောင် တယောက် ကွန်ပျူတာရှေ့မှာ ထိုင်ပြီး စာရိုက်နေတာကို ကင်မရာ အသေထောင်ပြီး ၂ မိနစ်လောက် ပြမယ်ဆိုရင်ကို အလိုလို နေရင်း အိုင်သွားတော့မှာပါ။ ငြီးငွေ့လာတော့မှာပါ။

အဲဒီ့ ၂ မိနစ်စာ ကင်မရာ အသေထောင်ပြတဲ့ တကတ်မှာပဲ၊ ကွန်ပျူတာ ရိုက်နေသူရဲ့ နောက်ခံမှာ တယောက်က ပျာလောင် ပျာလောင်နဲ့ ထွက်လာ၊ ကွန်ပျူတာရိုက်နေသူကို တခုခု လှမ်းပြော၊ ကွန်ပျူတာရိုက်နေသူက အလေးမထား၊ သူ့ဟာသူ ဆက်ရိုက်နေ၊ ဟိုတယောက် ပျာလောင် ပျာလောင်နဲ့ ပြန်ထွက်သွား၊ မိန်းမကြီးတယောက် ချက်ချင်း ဝင်ချလာ၊ ကွန်ပျူတာ ရိုက်နေသူရဲ့ ဘေးမှာ ကုန်းကုန်းကွကွနဲ့ ဟိုရှာ သည်ရှာလုပ်၊ ဟိုကြည့် သည်ကြည့်လုပ်၊ ကွန်ပျူတာ ရိုက်နေသူကို ကြည့်၊ အေးအေးဆေးဆေး ပြန်ထွက်သွား၊ ကလေးတယောက် ကစားစရာ တခုနဲ့ ခုန်ပေါက် ဝင်လာပြန်…

အဲဒါမျိုးဆိုရင် အဲဒီ့ ၂ မိနစ်စာကို ကြည့်ရတာ ပရိသတ်အတွက် အိုင်မသွားတော့ဘူးပေါ့။

မနှိုင်းကောင်း နှိုင်းကောင်း

ဆရာကြီး ရွှေဥဒေါင်းလို ပုဂ္ဂိုလ်မျိုးက ဝါကျရှည်ကြီးနဲ့ တပိုဒ်စာလုံးကို တဝါကျတည်း ရေးလို့ ရပါတယ်။

တော်ရိလျော်ရိ စာရေးသူတယောက်သာ အဲလို ရေးရင် လိပ်ပတ်လည်ဖို့တောင် အတော် ခက်နေမှာပါ။

ဓာတ်ရှင်မှာလည်း အတူတူပါပဲ။ အပြရှည်တွေဟာ နေရာတကျ သုံးတတ်ရင် တကယ့် “အား”ဆိုတာ ဓာတ်ရှင်သမိုင်းက ပြခဲ့ပြီးပါပြီ။ မသုံးတတ်ရင်တော့ အားမဖြစ်ဘဲ ဇာတ်ကို “အိုင်သွားစေတဲ့” “အမှောင့်”သာ ဖြစ်ကြောင်းလည်း သတိထားကြဖို့ လိုလိမ့်မယ် ထင်ပါတယ်။

နိဂျုံုးခုတ်ရရင်…

ကျနော် နည်းနည်း ကျွမ်းကျင်တဲ့ စာပေနဲ့ပဲ ပြောကြည့်ပါရစေ။ အလင်္ကာတွေ၊ ဥပစာတွေဟာ စာရေးဖွဲ့ရာမှာ သုံးတတ်ရင် အလွန် အထောက်အကူ ဖြစ်စေပါတယ်။ ကိုယ်ဖော်နေတဲ့ ဇာတ်ကြောင်းကို ရုပ်လုံးကြွလာစေပါတယ်။

ဒါပေမယ့် တရားလွန် သုံးပြန်တော့လည်း ဖတ်ရသူ ညည်းလာသလို လိုရင်းကိုလည်း မရောက်နိုင်တော့ပြန်ဘူးဆိုတာ စာရေးသူတိုင်း သတိထားအပ်ပါတယ်။

ဓာတ်ရှင်မှာလည်း အလားတူပါပဲ။ အရာရာကို သူ့နေရာနဲ့သူ အံဝင်ခွင်ကျ သုံးသွားရင် ဇာတ်ကားလေးတွေ ကြွတက်နေမှာပါ။ ကိုယ်စွဲလန်းနှစ်သက်တာတခုကြောင့် တမျိုးတည်းကို နင်းကန် ချသုံးရင်တော့ ဆားတွေ နင်းကန် ထည့်ထားတဲ့ ဟင်းလို စားသုံးသူ ပရိသတ်မှာ ရှုံ့မဲ့သွားစေတတ်တာကိုလည်း သတိချပ်သင့်တယ်လို့ မြင်မိရကြောင်းပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၀၅၀၉၁၉)

တဖက်လပ်နဲ့ စုံလုံးကန်း

🥺🥺🥺🥺🥺🥺🥺🥺

မမြင်ချင်လည်း မြင်နေရလို့ပါ

ပူးတွဲပုံမှာ အင်္ဂလိပ်လို ထင်ရာရေးထားတာပဲ အများစု တွေ့တော်မူကြပါတယ်။ ဗမာ သတ်ပုံမှားနေတာ မြင်တဲ့လူ တယောက်မှ မရှိရှာဘူး ထင်ပါတယ်။

No photo description available.အလှမ်းကျယ် အလယ်လပ်တွေပေါ့ဗျာ။

အမှန်တော့ ဒါမျိုးတွေ ဝင်ကို မပြောချင်တော့ပါဘူး။ ဆန်စင်ရာ ကျည်ပွေ့လိုက်နေရင် ကျောက်သားနဲ့ လုပ်ထားတဲ့ ကျည်ပွေ့တောင် ဒိုးပြားသာသာ ကျန်စရာ အကြောင်းမြင်လို့ပါ။

သတ်ပုံမှားတဲ့ ရွှေပြည်တော်

“မုခ်”လို့ စာလုံးပေါင်းပါတယ်။ ပါဠိပျက်ပါ။ မူရင်း “မုခ”ဖြစ်ပါတယ်။ မျက်နှာစာပါ။ တောင်ဘက် မျက်နှာစာကို “တောင်ဘက်မုခ်” အရှေ့ဘက်မျက်နှာစာကို “အရှေ့ဘက်မုခ်”လို့ ခေါ်ကြပါတယ်။

တနေ့ကပဲ တွေ့လိုက်သေးတယ်။ နံနံဂျားအဖွဲ့အစည်းတွေမှာ ဆရက လုပ်နေတဲ့ ဒေါက်တာဘွဲ့ခံ ပုတ်ကိုယ်တပါး ရေးထားတဲ့ စာမှာပါ။

“ဆုတ်ကဒ်”ရောက်နေတာတဲ့။ တော်သေးတာပေါ့။ “စုပ်ကဒ်”လို့ မရေးတာ။

သူ ဘုရားရှိခိုးတဲ့အခါ “အပယ်လေး bar, Card သုံး bar”လို့များ အော်နေသလားလို့တောင် တွေးမိတဲ့အထိ ပြောင်မြောက်တဲ့ ဒေါက်တာဘွဲ့ခံ ကိုယ်ဒေါ်မျတ်ကြီးပါပဲ။

Card ကို “ကတ်”လို့သာ တဝမ်းပူသတ်နဲ့ ပေါင်းပါတယ်။ ဒထွေးသတ်နဲ့ “ကဒ်”ဆိုတဲ့ စာလုံးပေါင်းက ဗမာစာမှာ မရှိပါဘူးလောက်တော့ သည်စာတိုလေးကို ဖတ်မိသူတွေ မှတ်သားမိသွားရင်ပဲ ကျေးဇူးတင်မိပါလိမ့်မယ်။

ပူးတွဲပါ ပုံမှာ အင်္ဂလိပ်လို ဘာသာပြန်သူဟာ တကယ်လို့များ “တောင်ဘက် ပတ်လမ်း”ကိုဆိုရင် ဘယ်လိုများ ရေးလေမလဲဆိုတာလည်း ရယ်စရာ တွေးမိပါတယ်။

အရမ်းပြန်တို့ရဲ့ လက်ရာမွန်

ဗမာစာကို အင်္ဂလိပ်လို ပြန်သူတွေရဲ့ အရည်အချင်းကလည်း ထူးခြားတယ်ခင်ဗျ။

စကားစပ်တုံး ပြောရဦးမယ်။ တနေရာမှာ တွေ့လိုက်တယ်။ နာမည်ကျော် “မုန်းစွဲ”ကို ဘာသာပြန်ထားတာများ “Clinging with Hatred”တဲ့ဗျား။

(၁) Cling ဆိုတဲ့ ကြိယာနောက်မှာ လိုက်ရတဲ့ preposition က T-O to သာ ဖြစ်ပါတယ်။ ဘယ်တော့မှ with မသုံးပါဘူး။

(၂) “မုန်းစွဲ”ဟာ “အမုန်းနဲ့ တွယ်ငြိခြင်း”ဆိုတဲ့ သဘောထက် အမုန်းကြောင့် စွဲတဲ့ “စိတ်အစွဲ”သဘောကို ဆိုလိုပါတယ်။ “အစွဲအလမ်း”ပေါ့။ ယောက္ခမဆိုတာ ချွေးမအပေါ် မေတ္တာမရှိတဲ့သူလို့ စွဲနေတာမျိုးဟာ “အစွဲ”ပါ။ ဒါမှမဟုတ် သေသူတယောက် မကျွတ်မလွတ်ဘူးလို့ ယူဆတာမျိုးဟာလည်း “အစွဲ”ပေါ့။

အဲဒီ့“အစွဲ”ဟာ “Clinging” မဟုတ်တာလောက်မှ မသိဘဲ အင်္ဂလိပ်လို ခပ်ရဲရဲ ဘာသာပြန်သူကို အလေးပြုလိုက်ချင်ပါတယ်။

ကဝိပစ္စည်းနဲ့ ဘာသာပြန်

တလောက တိုင်းရင်းသားအဖွဲ့တဖွဲ့က ငြိမ်းချမ်းရေးအတွက် သီချင်းတပုဒ်ရဲ့ စာသားကို ကျနော့်ကို အင်္ဂလိပ်လို ဘာသာလာပြန်ခိုင်းပါတယ်။

ကျနော် မပြန်ရဲပါဘူး။ (မပြန်ရဲတဲ့အကြောင်း ပွင့်ပွင်လင်းလင်းပဲ ပြောပြီး အဲဒါမျိုးကို ပြန်တတ်သူလို့ ကျနော် ရာနှုန်းပြည့် ယုံကြည်စိတ်ချသူတဦးနဲ့ ဆက်သွယ်ပေးခဲ့ပါတယ်။ အဲဒီ့တယောက်ကလည်း စိတ်မပါရင် ပိုက်ဆံ ဘယ်လောက်ပေးပေး မပြန်မယ့်သူမျိုးပါ။ ကံအားလျော်စွာ၊ တိုင်းရင်းသားတွေရဲ့ အားထုတ်မှု ဆိုတာကြောင့် လိုလိုချင်ချင် ပြန်ပေးခဲ့ပါတယ်။ ပိုက်ဆံလည်း တပြားမှ မယူခဲ့ပါဘူး။)

အင်္ဂလိပ်ဘာသာကို ပြန်ဆိုရာမှာ ကျနော် မထိရဲတာ ကဗျာ၊ ဝတ္ထု၊ သီချင်းပါပဲ။ အဲဒါတွေက ကဝိပစ္စည်းတွေပါ။

ဆေးညွှန်း ဘာသာပြန်ဆို ပြန်ရဲပါတယ်။ သမိုင်း၊ သိပ္ပံ၊ ဝိဇ္ဇာ စာတန်းတွေ ပြန်ဆို ပြန်ရဲပါတယ်။ ကျနော့် ဘာသာပြန်သက် ၃၁ နှစ်အတွင်းမှာ ဥပဒေတောင် အင်္ဂလိပ်လို ပြန်ပေးခဲ့ဖူးတာတွေ မနည်းပါဘူး။ ကုမ္ပဏီ သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့ မှတ်တမ်းတွေလေည်း မနည်းမနော ပြန်ဆိုခဲ့ဖူးပါတယ်။

သို့သော် ကဗျာ၊ ဝတ္ထု၊ သီချင်းလို “ကဝိပစ္စည်း”တွေကို လုံးဝ (ခြောက်ခါ) မပြန်ရဲပါဘူး။ ယုတ်စွအဆုံး၊ ကျနော်ကိုယ်တိုင် ရေးထားတဲ့ ပင်ကိုယ်ရေး ဝတ္ထုတိုကိုတောင် ဘာသာမပြန်ရဲပါဘူး။

ခြွင်းချက်အနေနဲ့ ကျိုင်းတုံက ဝစီပိတ်ဆရာတော်ရဲ့ ကဗျာသင်္ချိုင်းက ၃-၄-၅ ကြောင်း ကဗျာတိုလေးတွေ ၃-၄ ပုဒ်တော့ Facebook မှာ ပြန်ခဲ့ဖူးတာ ရှိပါတယ်။

စုံလုံးကန်းတွေ ကြားက တဖက်လပ် ကျနော်

အဲဒါက လွဲရင် ကျနော် ဘယ်ကဝိပစ္စည်းကိုမှ ရဲရဲတင်းတင်း ဘာသာမပြန်ဝံ့ပါ။ အဲလို မပြန်ဝံ့တာကို ကွယ်လွန်သူများဖြစ်တဲ့ ဆရာအောင်သင်း၊ ဆရာမာန်မြင့် (ကန့်ဘလူ) တို့က နားမလည်ရှာခဲ့ကြဘူး။ ကျနော့်ကို ဗမာဝတ္ထုတိုကောင်းတွေ ဘာသာပြန်ဖို့ တိုက်တွန်းခဲ့ကြဖူးပါတယ်။ ကျနော်က မပြန်တတ်ဘူးလို့ ပြောတော့ ဆရာတွေက ကျနော့်ကို ခွကျသူလို့ အောက်မေ့ကြသဗျ။ သူတို့ခမျာ ကျနော် အင်္ဂလိပ်စာ အတော်တတ်တယ်လို့ ထင်ရှာကြပုံပါပဲ။

ကျနော်က အင်္ဂလိပ်စာကို “သေစာ၊ ရှင်စာမျှသာ”တတ်သူပါ။ စာတအားဖတ်တဲ့ ဝါသနာကြောင့် ကျနော်ဟာ အကန်းတို့ အလယ်က တဖက်လပ်မျှသာ ဖြစ်ကြောင်းလည်း “ကိုယ့်ကိုယ်ကိုယ်” “ကောင်းကောင်းကြီး”သိနေပါတယ်။

တဖက်လပ်ဆိုတော့ ကျန်တဖက်နဲ့ မြင်နိုင်သေးတာပေါ့။ မြင်တော့ မရဲဘူးပေါ့။

အဲတော့လည်း “စုံလုံးကန်း”တွေ ရဲဝံ့ကြတာ အလေးပြုရမှာပေါ့ခင်ဗျာ… ဟုတ်ဘူးလား…

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၂၇၀၈၁၉)

အလုပ်နဲ့ သက်သေပြချက်တရပ်

ဒီမိုကရေစီနဲ့ ရွေးကော်

“သွယ်ဝိုက်ဒီမိုကရေစီ”လို့ ဆိုတဲ့ လူထုက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကို ဖွဲ့စည်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တရားဥပဒေပြုရေးအတွက် အာဏာအပ်နှင်းကြတဲ့ စနစ်မှာ ရှေးဦးအကျဆုံးနဲ့ အခရာ အကျဆုံးက “ရွေးကောက်ပွဲ”တွေပါပဲ။ ရွေးကောက်ပွဲတွေ လွတ်လပ်မယ်၊ မျှတမယ်ဆိုရင် လူထုလိုချင်တဲ့သူ အစစ်အမှန်တွေကို ရွေးဖြစ်မှာပေါ့။ မလွတ်လပ်၊ မမျှတရင် လူထု မလိုချင်တဲ့သူတွေ စင်ပေါ် ရောက်လာမှာပေါ့။ ဒါ အရှင်းကြီးပါပဲ။

သည်အခါမှာ “ရွေးကောက်ပွဲ ကော်မရှင်” (“ရွေးကော်”လို့ ဆက်သုံးသွားပါမယ်။)ရဲ့ အခန်းကဏ္ဍက အရမ်း စကားပြော လာပါပြီ။ ရွေးကော်တွေကိုယ်တိုင်က မှီခိုမှု၊ ကြောက်ရမှု၊ ဘက်လိုက်မှု ကင်းရှင်း လွတ်လပ်ပါမှ၊ တနည်းပြောရင် ရွေးကော်တွေ ကိုယ်တိုင်က သမာသမတ် ရှိပါမှ လွတ်လပ်၊ မျှတတဲ့ ရွေးကောက်ပွဲတွေ ပေါ်ထွန်းလာမှာ မြေကြီးလက်ခတ် မလွဲပါဘူး။

Image may contain: 5 people, people smiling, eyeglasses, selfie and closeup

မနှစ်က ရွေးကောက်ပွဲနဲ့ စွဲချက်တွေ

၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့မှာ ကျင်းပခဲ့တဲ့ မလေးရှားနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲမှာတော့ မလေးရှားနိုင်ငံရဲ့ ရွေးကော်ဟာ မဲလိမ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေ အုတ်အော်သောင်းသဲ ပေါ်ထွက်လာခဲ့ပါတယ်။

မလေးမှာက ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ကတည်းက တရားဝင် ဖွဲ့စည်းထားတဲ့ ဘာဆီ (Bersih) ဆိုတဲ့ မဟာမိတ်အဖွဲ့က အခိုင်အမာရှိနေတယ်။ အဲဒီ့မဟာမိတ်အဖွဲ့ရဲ့ နာမည်အပြည့်အစုံက သန့်ရှင်း မျှတတဲ့ ရွေးကောက်ပွဲများအတွက် မဟာမိတ်အဖွဲ့ (Coalition for Clean and Fair Elections) [မလေးလို Gabungan Pilihanraya Bersih dan Adil] ပေါ့။

ရွေးကောက်ပွဲ မကျင်းပခင် ၃ ရက်အလိုဖြစ်တဲ့ ၂၀၁၈ မေ ၆ ရက်မှာကတည်းက ဘာဆီက ရွေးကော်ဟာ မသမာမှုတွေ ကျူးလွန်နေတယ်ဆိုပြီး စွဲချက် ၁၀ ချက်နဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီး ၂၀၁၈ သြဂုတ်မှာ ဘာဆီက ဝန်ကြီးချုပ် မဟာသီယာဆီကို တိုင်စာပို့ပါတော့တယ်။ မဲဆန္ဒနယ် နယ်နိမိတ်သတ်မှတ်ရာမှာ ပညာပြခဲ့တဲ့နည်းနဲ့ တပါတီက မဲပိုရသယောင် ဖန်တီးခဲ့တာ၊ မဲရေတွက်တာ ကြာလွန်းမက ကြာတာ၊ မဲပေးရမယ့်နေ့ကို ကြားရက်ကို ရွေးလိုက်ခြင်းအားဖြင့် မဲပေးသူ နည်းအောင် လုပ်ခဲ့တာ၊ နိုင်ငံပြင်ပရောက်နေသူတွေ စာတိုက်ကနေ မဲပေးရ ခက်အောင် မဲပြားတွေကို နောက်ကျမှ နိုင်ငံခြားတိုင်းပြည်တွေကို ပို့ခဲ့တာဆိုတဲ့ စွဲချက်များနဲ့ ရွေးကော်ဟာ မသမာမှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

ခုံရုံးဖွဲ့၊ ရှောင်ထွက်

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ သည်အမှုကို စုံစမ်းစစ်ဆေးဖို့ ပြည်ထောင်စုတရားသူကြီးဟောင်း ၅ ဦးပါတဲ့ ခုံရုံးကို ဖွဲ့စည်းမယ်လို့ အစိုးရက စီစဉ်ပါတော့တယ်။

အဟဲ… ရွေးကော်ကလည်း ဘယ်ရမလဲနော်။ နောက်တရက်မှာပဲ ရွေးကော်အဖွဲ့ဝင် ၅ ယောက်က ရွေးကော်ကနေ နုတ်ထွက်သွားပါတော့တယ်။ ကျန်တဲ့တယောက်ကလည်း နိုဝင်ဘာ ၂၇ ရက်မှာ နုတ်ထွက်ပါတယ်။ ရွေးကော်အဖွဲ့ဝင် ၆ ယောက်စလုံး တာ့တာပြသွားတော့ ခုံရုံးက တိုးလို့တန်းလန်း။ ဆက်စစ်ရမှာလား၊ မစစ်ရဘူးလား။

သို့ပေတည့် လုပ်ထုံးလုပ်နည်းအရ နုတ်ထွက်တာ တရားဝင်မှာက ၂၀၁၉ ဇန္နဝါရီ ၁ ရက်နေ့မှ တရားဝင်မှာ။ ဒါနဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှာ ခုံရုံးကို ဖွဲ့လိုက်တယ်။

ခုံရုံးရဲ့ ဆုံးဖြတ်ချက်

ပြဿနာက နုတ်ထွက်တာဖြစ်တဲ့အတွက် အဲဒီ့ ရွေးကော်ဆရာကြီးတွေဟာ အငြိမ်းစားလစာ ခံစားခွင့် ရှိနေတယ်။ အထုတ်ခံရတယ်ဆိုရင် ခံစားခွင့်မရှိဘူး။ ဘာဆီက ခုံရုံးက စစ်ဆေး၊ အပြစ်မရှိရင် အငြိမ်းစား လစာ ခံစားစေ၊ ရှိရင် မခံစားစေနဲ့၊ အဲလို ပြတ်ပြတ်သားသား ဖြစ်စေချင်တယ်။ ရှေ့နေချုပ်ကလည်း ဘဝင်မကျဘူး။ သည်လို ထွက်တာဟာ သူတို့ရဲ့ မသမာမှုကို စုံစမ်းစစ်ဆေးမယ့် ခုံရုံးကို သက်သက်မဲ့ မှောင့်လိုက်တာပဲလို့ ပြောတယ်။

ခုံရုံးက စွဲချက်တင်သင့် မတင်သင့် မဲခွဲတော့ ၃ မဲ ၂ မဲနဲ့ စွဲချက်မတင်သင့်ဘူးဖြစ်သွားတယ်။ စုံစမ်းစစ်ဆေးမှု မလုပ်တော့ဘူးပေါ့။

ဘာဆီလည်း မကျေနပ်ဘူး။ တာဝန်ရှိသူတွေဟာ နုတ်ထွက်လိုက်ရင် ဘာပဲ ကျူးလွန်ခဲ့ ကျူးလွန်ခဲ့ ရှောင်ထွက်လို့ ရတယ်ဆိုတဲ့ သတင်းစကားကို ခုံရုံးက ပါးလိုက်တာပဲလို့ ဆိုတယ်။

ရှေ့နေချုပ်ကတော့ ပြောတယ်။ ခုံရုံးက အကြံပြုချက်ကိုသာ ပေးတာ၊ ဥပဒေကြောင်းအရ စည်းနှောင်မှု မရှိဘူး။ ဒါ့ကြောင့် သည်အမှုအတွက် တခြားလမ်းတွေ ရှိသေးတယ်လို့ ဆိုပါတယ်။ အကြံပြုချက် ၅ ရပ်ကို ဘုရင့်ဆီ သူတင်မယ်လို့ ဆိုတယ်။

ရွေးကော် ဥက္ကဌသစ်

ရွေးကော်အတွက် အလွတ်တန်း ရှေ့နေ အာ့(ထ်) ဟာရွန်ကို ဥက္ကဌသစ်အဖြစ် ၂၀၁၈ စက်တင်ဘာ ၂၁ ရက်မှာ ဘုရင်က ဖွဲ့အုပ်ဥနဲ့အညီ ခန့်အပ်လိုက်ပါတယ်။ အသက် ၅၆ နှစ်အရွယ်သာ ရှိသေးတဲ့ ဟာရွန်က မလေးတက္ကသိုလ်နဲ့ လန်ဒန်က ဘုရင့်ကောလိပ်တို့က ဥပဒေ ဘွဲ့များ ရယူခဲ့သူ ဖြစ်ပြီး ၁၉၈၇ ခုနှစ်ကစပြီး ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့တဲ့သူပါ။ ရွေးကောက်ပွဲ ဥပဒေတွေကို ကျွမ်းကျင်ပိုင်နိုင်သူလို့ ဆိုပါတယ်။

ရွေးကော်ကို ခန့်ထားသူ ဦးလူလည်

သည်နှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာတော့ နောက်ထပ် ရွေးကော်အဖွဲ့ဝင် ၅ ယောက်ကို ဖွဲ့အုပ်ဥနဲ့အညီ ဘုရင်က ခန့်လိုက်ပြန်ပါတယ်။ သည်နေရာမှာ ဖွဲ့အုပ်ဥ (ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ) ကို ထည့်သာ ပြောရတယ်။ မလေး ဖွဲ့အုပ်ဥမှာ ရွေးကော်ကို ဘုရင်က ခန့်ရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် အဲလို ခန့်တဲ့အခါ ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းသူကို ခံရမယ်လို့ ဖွဲ့အုပ်ဥပမှာပဲ ဆိုထားပြန်တာမို့ လက်တွေ့မှာ ဝန်ကြီးချုပ်သဘောကျသူတွေကို ခန့်ရတာပေါ့။

သို့သော် သည်တခါ ခန့်ပုံက သင်းတယ်။ ဒါမှ မဟုတ် စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ်။ တနည်းပြောရင် ဝန်ကြီးချုပ် “လျင်တာ”၊ လူရည်လည်တာ၊ လူဝါးဝတာကို ပြလိုက်တယ်လို့တောင် ကျနော်ဖြင့် ထင်မိပါတယ်။

လန်ထွက်နေတဲ့ ဒုဥက္ကဌ

ပထမဆုံးက ဒုဥက္ကဌအဖြစ် ခန့်ထားခံရတဲ့ အာဇမီ ရှရွမ်ပါ။ မလေးတက္ကသိုလ်၊ ဥပဒေဌာနက တွဲဖက်ပါမောက္ခ။ အင်ထနက်မှာ နောက်လိုက်နောက်ပါ အလွန်များသူ၊ ရော့(ခ်)ကြယ်ပွင့်လို့တောင် တင်စားခံရတဲ့ ဂျင်းဘောင်းဘီနဲ့ တီရှပ်သာ တစိုက်မတ်မတ် ဝတ်ဆင်သူ၊ ဆံပင်ရှည်ကို နောက်မှာ စုပြီး စည်းထားသူ “လန်ထွက်နေတဲ့” ပါမောက္ခပါ။ ဗြိတိန်နိုင်ငံက ဥပဒေ ဘွဲ့ရခဲ့တဲ့သူ ဖြစ်ပြီး မလေးတက္ကသိုလ်မှာ ၂၉ နှစ်တာ စာသင်ပေးခဲ့သူ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ သူ့ကို ကုလားဖြူအင်္ဂလိပ်တို့ ချန်ရစ်ခဲ့တဲ့ ဥပဒေ ဖြစ်တဲ့ “နိုင်ငံတော် အကြည်ညို ပျက်စေမှု” ပုဒ်မတပ်ပြီး ဖမ်းဆီးခဲ့ပေမယ့် စွဲချက်ကို နောက်ပိုင်းမှာ ပယ်ဖျက်ခဲ့ဖူးပါတယ်။ အကြည်ညိုပျက်တယ်လို့သာ စွပ်စွဲတယ်၊ တကယ်တမ်းမှာသူက ဖွဲ့အုပ်ဥနဲ့ မညီတာကို ထောက်ပြခဲ့တာသာ ဖြစ်ပါတယ်။ (မလေး နိုင်ငံရေးက ရှုပ်ထွေးလွန်းပါတယ်။ အဲဒါကို အသေးစိတ်ရှင်းရင် ကျနော်လည်း အီ၊ ပရိသတ်လည်း စိမ့်သွားပါလိမ့်မယ်။ ဝါသနာပါရင် ကိုယ့်ဘာသာသာ ရှာရှက်ဖတ်ကြပါတော့ဗျာ။)

အဲလိုလူက ဒု ဥက္ကဌဖြစ်လာတာပါ။ သူ့အသက်ကို ရှာမတွေ့ပေမယ့် ၅၀ ဝန်းကျင်ပဲ ဖြစ်လောက်ပါတယ်။ ၅၅ တောင် ကျော်သေးပုံ မရပါဘူး။

တက်ကြွလှုပ်ရှားသူ မတ်မတ်လေးလည်း ပါသဗျ

နောက်တယောက်က ဘာဆီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဖြစ်ပြီး ခန့်အပ်ခံရချိန်မှာ ဘာဆီရဲ့ ရင်းမြစ်အရာရှိအဖြစ် တာဝန်ယူထားတဲ့ အမျိုးသမီး ဇိုး ရန်ဒါဝါပါ။ အသက်က ၃၀ ကျော်လေးပဲ ရှိပါသေးတယ်။

သူကလည်း လန်ထွက်နေတဲ့ ပါမောက္ခလို ခေသူမဟုတ်ပါပဲ။ ၂၀၁၇ ခုနှစ် မေလမှာ သူနဲ့ ဘာဆီက တခြားတက်ကြွ လှုပ်ရှားသူတွေကို ပုလိပ်က ခေါ်စစ်တာ ခံခဲ့ဖူးသူပါ။ အမှုကတော့ စုဝေးခွင့်အက်ဥပဒေကို ဖောက်ဖျက်လို့ ဆိုပဲ။

လန်ဒန် စီးပွားရေး ကျောင်း (LSE) က ပါရဂူဘွဲ့ရ၊ ပထမတန်း ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ပါရဂူဘွဲ့မှ တဘွဲ့မဟုတ် နှစ်ဘွဲ့ရသူပါ။ ကျနော်ထင်တယ်၊ တကမ္ဘာလုံးမှာ မဟုတ်ဘူးဆိုရင်တောင် အာရှက ရွေးကော်တွေထဲမှာ သူဟာ အသက်အငယ်ဆုံး ရွေးကော်အဖွဲ့ဝင် ဖြစ်ပါတယ်။ (သူ့ပုံ သီးခြားထည့်ထားပါတယ်။)

ကျန် ၃ ယောက်

ကျန်တဲ့ ၃ ယောက်မှာ တယောက်က နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန်ချုပ်ဟောင်းရယ်၊ လူသားရင်းမြစ် ဝန်ကြီးဌာန ညွန်ချုပ်ဟောင်း အမျိုးသမီးရယ်၊ မလေးရှား ကီဘန်ဆာ(န်) တက္ကသိုလ်က အကြီးတန်းသုတေသီရယ်တို့ပဲ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ သမိုင်းမှာ သည်ရွေးကော်ဟာ အသက်အငယ်ဆုံး အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာပါပဲ။

မုဒိတာ ပွားချင်စရာ

သည်ရွေးကော်ကို ဖေဖော်ဝါရီလကမှ ဖွဲ့စည်းလိုက်တာမို့ သူ့သက်တမ်းက အခုမှ ၆ လသာသာပဲ ရှိပါသေးတယ်။ သူတို့ ဘယ်လောက်စွမ်းပြီလဲဆိုတာကို မပြနိုင်သေးဘူးပေါ့။

သို့သော် လူငယ်တွေနဲ့ သွေးသစ်လောင်းလိုက်တာ၊ အမျိုးသမီးနှစ်ဦး ပါဝင်တာ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ စွပ်စွဲခံရဖူးသူ၊ တက်ကြွလှုပ်ရှားသူတွေ ထည့်ထားတာများဟာဖြင့်ရင် အလွန်အင်မတန် မုဒိတာပွားချင်စရာပါပဲ။ ပိုမုဒိတာ ပွားထိုက်တာက တကယ့်ပညာတတ်တွေ ဦးဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်နေတာပါ။

အလုပ်နဲ့ ပြတဲ့ သက်သေ

အသက် ၉၃ နှစ်အရွယ် လက်ရှိ မလေးဝန်ကြီးချုပ် (ဆရာဝန်ဘွဲ့ရ) ဒေါက်တာ မဟာသီယာ မိုဟာမက်ရဲ့ အမြော်အမြင်က မအိုသေးဘူးဆိုတာ လက်တွေ့ ပြလိုက်တာလို့ မြင်မိပါတယ်။ ဒါမှမဟုတ် အထက်မှာ ကျနော်ရေးခဲ့သလို သူ လူရည်လည်လွန်းတာပါ။

ပြုပြင်ပြောင်းလဲရေးဆိုတာ ပါးစပ်က အမြှုပ်ထွက်အောင် ဘယ်လောက်ပြောပြော၊ လက်တွေ့ ဘာမှ ဖြစ်မလာရင် အလကားပါပဲ။ မဟာသီယာကြီးကတော့ ရွေးကော်ကို အထက်ပါအတိုင်း ပြုပြင်ဖွဲ့စည်းလိုက်ခြင်းအားဖြင့် အလုပ်နဲ့ သက်သေပြလိုက်တယ်လို့ ကျနော်ဖြင့် ရှုမြင်သုံးသပ်နေမိရပါတော့တယ်။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၃၀၀၈၁၉)

ကျမ်းကိုး စာရင်း
https://bit.ly/2zwMBYp
https://bit.ly/2ZINSuo
https://bit.ly/2ZEXw0K
https://bit.ly/2UewY1r
https://bit.ly/34eTIDc
https://bit.ly/2Zyvu3b
https://bit.ly/2HwmRQb
https://bit.ly/2Lad6K1

အတ္ထုပ္ပတ္တိဓာတ်ရှင်ဆိုတာ… အနုပညာသည်ဆိုတာ…

Bohemian Rhapsody ဆိုတာ သမားရိုးကျ စိတ်ကူးစိတ်သန်း မရှိသူ လူတစုရဲ့ သံပိုင်းကဗျာရှည်လို့ ပြန်ဆိုရမယ် ထင်ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေမှာ လူငယ်ဘဝကို ဖြတ်သန်းခဲ့ရတော့ Queen သီချင်းတွေ ကြိုက်ခဲ့ဖူးတယ်။ Freddie Mercury ဆိုတဲ့နာမည်ကို ကြားဖူးတယ်။

မနှစ်က နှစ်ကုန်မှာ ဘန်ကောက်ကို ရောက်ခိုက် ဓာတ်ရှင်ကြည့်မယ်လုပ်တော့ အဲဒီ့ ဇာတ်ကား ရုံတင်နေပေမယ့် သိပ်ကောင်းမယ် မထင်လို့ မကြည့်ဖြစ်ခဲ့ဘူး။

ဟော… မနေ့တနေ့ကကျတော့ အဲဒီ့ကားက အော်စကာဆု ၄ ဆု ရသွားတယ်၊ သရုပ်ဆောင်ဆုလည်း ရတယ်ကြားလိုက်ပြီးတဲ့နောက် ရုံလည်း ပြန်တင်တာ ကြုံရတာမို့ ဝင်ကြည့်ဖြစ်သွားပါတော့တယ်။

ဇာတ်ကားနာမည်က Queen အဖွဲ့ရဲ့ နာမည်ကျော် သီချင်းပါ။ ဖရက်ဒီပဲ ရေးခဲ့ ဆိုခဲ့တာလည်း ဖြစ်ပါတယ်။Image may contain: 1 person, closeup

သို့သော် သမားရိုးကျက ပြတ်ပြတ်သားသား ခွဲထွက် လွတ်မြောက်နေတဲ့ အနုပညာရှင်တယောက်ရဲ့ အတ္ထုပ္ပတ္တိ ဇာတ်ကားတကားအတွက် သည်အမည်က သိပ်ကို လိုက်ဖက်လွန်းပါတယ်။

နောက်တချက်က အတ္ထုပ္ပတ္တိကို ရိုက်ပြပုံ။ လူ့ဘဝမှာ ၄၅ နှစ် နေသွားတဲ့ အဲဒီ့ အနုပညာသည်ရဲ့ ဂီတဘဝ ၁၅ နှစ်ကိုပဲ ရိုက်ပြသွားတယ်။

၂ နာရီ ၁၄ မိနစ်ကြာ ဇာတ်ကားဆိုတာ အတော်ရှည်တယ်လို့ ဆိုရပါမယ်။ ၁၅ နှစ်ကို ၂ နာရီ ၁၄ မိနစ်နဲ့ ဝင်အောင် ရိုက်ပြဖို့ဆိုတာ ရုပ်ရှင် ဘာသာစကားကို အပြည့်အဝ နားလည်တတ်ကျွမ်းမှ ဖြစ်နိုင်တာမျိုး။

ဇာတ်ပန္နက်ဖြစ်တဲ့ ဖရက်ဒီ့ ဘဝ လာရာ လမ်းကြောင်း အခြေခံကို ၃-၄ မိနစ်လောက်နဲ့ ပုံဖော်ထားတယ်။ သူနဲ့ သူ့အမေ၊ သူနဲ့ သူ့အဖေရဲ့ ဆက်ဆံရေး၊ သူ့ရဲ့ ဖောက်ထွက်လိုတဲ့ အငုံ့စိတ် အားလုံးကို မိနစ် နည်းနည်းလေးနဲ့ ပီအောင် ပြသွားတယ်။

သမိုင်းအချက်အလက် အလွဲတွေ အတော်များများ ပါတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ ဒါကတော့ ဇာတ်နာအောင် ဖန်တီးရတာပဲလို့ ဒါရိုက်တာက တုံ့ပြန်ပါတယ်။ ပြောသူရော၊ တုံ့ပြန်သူပါ နှစ်ဖက်စလုံး မမှားပါဘူး။ ကဗျာမှာဆိုရင် စာဆို့ အခွင့်အရေးပေါ့။ ဓာတ်ရှင်မှာတော့ ဇာတ်ဆရာ့ အခွင့်အရေးပေကပဲ။

သို့သော် ဖရက်ဒီနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်ကို ပီပြင်အောင် ဖော်ညွန်းနိုင်ခဲ့တယ်လို့ မြင်ပါတယ်။

Image may contain: 1 person, on stageဖရက်ဒီဆိုတဲ့ အဆိုတော်ဟာ အတွေးအခေါ်အရ ပိတ်မိနေသူ မဟုတ်ဘူး။ ရှေးရိုးစွဲ မဟုတ်ဘူး။ သူများထက် ထူးပြီးရောဆိုပြီး တမင်လုပ် ဖောက်ထွက်နေသူလည်း မဟုတ်ဘူး။ သူ့ပင်ကို ဗီဇကိုက လွတ်မြောက်နေတာ။ ဘယ်သူ့လက်အောက်ခံမှ မဟုတ်၊ ဘာဝါဒရဲ့ အပိတ်အနှောင်ကိုမှ မခံရဘဲ အနုပညာကိုသာ သည်းသည်းမည်းမည်း ဇွဲကြီးကြီး ဖက်တွယ် လုပ်ကိုင်သွားသူဆိုတာ မိမိရရ ပြသွားနိုင်ခဲ့တယ်လို့ မြင်မိပါတယ်။

အတွေးတွေ ရလာတယ်။ ရှည်လျားလှတဲ့ လူတယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ၁ နာရီခွဲ ၂ နာရီလောက်အတွင်းမှာ ဓာတ်ရှင်အဖြစ် ရိုက်ပြတဲ့အခါ အဲဒီ့လူဟာ ဘယ်လို လူစားလဲဆိုတာ ပီပြင်အောင် ရိုက်ပြနိုင်ရင် ဓာတ်ရှင်သမား တာဝန်ကျေတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

နောက်တခုက ပုံနဲ့ ပြထားပါတယ်။ တကယ့် ဖရက်ဒီနဲ့ ဖရက်ဒီအဖြစ် သရုပ်ဆောင်သူ။ ရုပ်ချင်း တထပ်တည်း တူစရာ မလိုပါဘူး။ နီးစပ်ရင် ဖြစ်ပါတယ်ဆိုတဲ့ အမြင်။ (အရပ်ချင်းတောင် မတူဘူးဗျ။ ဖရက်ဒီအစစ်က မြင့်တယ်။ သရုပ်ဆောင်က ဂျပု။)

အရေးကြီးဆုံးကတော့ အနုပညာသမားစစ်စစ်ဆိုတာ ဘယ်လိုလူလဲ။ ပုဂ္ဂိုလ်ရေး၊ အယူဝါဒ အစွန်းတခုခုနောက်ကို ကောက်ကောက်ပါအောင် လိုက်နေသမျှ အဲဒီ့လူဟာ အနုပညာသမား မဟုတ်ဘူး။ အယောင်ဆောင်ပဲ။

အနုပညာသမားစစ်ရင် အကုန်လုံးနဲ့ ကင်းတယ်။ ဆိုရှယ်လစ် သရုပ်မှန်တွေ၊ အနုပညာသည် ပြည်သူ့အတွက်တွေ မအော်တတ်ဘူး။ သူ ဖန်တီးချင်တဲ့ အနုပညာကို ရိုးရိုးသားသား လုပ်တယ်။ စိတ်ရော ကိုယ်ပါ နှစ်ပြီး လုပ်တယ်။

ကျနော် တခါက ရေးခဲ့ဖူးသလို အနုပညာသမားစစ်စစ်က ဘယ်သူ့ လက်အောက်ခံ၊ နို့သက်ခံမှ မဟုတ်ဘူးဆိုတာကို သည်ဇာတ်ကားထဲက သွားလေသူ အဆိုတော် သီချင်းရေးဆရာက ပီပီပြင်ပြင် ပြသွားခဲ့ပါတယ်။

(Octave လေးခုနဲ့ ဆိုနိုင်သူ၊ ခေတ်ပေါ်တေးဂီတသမိုင်းမှာ အပြောင်မြောက်ဆုံးတယောက်ဖြစ်သူ ဖရက်ဒီ့ ဆိုပုံဆိုပေါက်နဲ့ ဆိုဟန်ကို သည်မှာ ကြည့်နိုင်ပါတယ်။ https://youtu.be/A22oy8dFjqc )

 

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…

အတ္တကျော်

(၀၁၀၃၁၉)

ရွှံ့သင်္ခါရ

😢😢😢

ရေးမိသွားတာ

သင်္ခါရသဘောနဲ့သာ ဆင်ခြင်ပါတော့။ သံသင်္ခါရနဲ့ သစ်သား သင်္ခါရတော့ ကွာသပေါ့။ ကျနော်တို့အဖြစ်ကတော့ ရွှံ့သင်္ခါရပေါ့လေ…

စောစောက မိတ်ဆွေတယောက်ကို ပြန်ကြားရေးသားလိုက်ဖြစ်သွားတဲ့ ကျနော့်စကားပါ။

မိတ်ဆွေက “ခင်မောင်ရင်”ရဲ့ “နှမလက်လျှော့နေလေတော့…”ဇာတ်ကားကို ကြည့်ချင်တယ်၊ အခုလောက်ဆို ပျက်စီးလောက်ပြီပေါ့။ နိုင်ငံခြားကားဟောင်းတွေကျတော့ မပျက်စီးဘူးပေါ့။

အဲဒီ့မိတ်ဆွေကို ပြန်ကြားရေးသားဖြစ်ခဲ့တဲ့ စကားက အဖွင့်က စကား။

ရှင်းလင်းချက်

တကယ်တော့ “ထိန်းသိမ်းနိုင်စွမ်း”နဲ့ စီးပွားရေးက တိုက်ရိုက်အချိုးကျပါတယ်။

No photo description available.အလွယ်ဆုံး ဥပမာ ပေးရရင် ဘိုးဘွားအမွေအနှစ်တခုခု ဆိုပါစို့။ အစဉ်အဆက် ချမ်းသာတဲ့ မိသားစုက ထိန်းသိမ်းနိုင်တယ်။ တအားကို ဆင်းရဲတဲ့မိသားစုဆိုရင်တော့ ဘယ်လောက် တန်ဖိုးရှိတဲ့ အမွေအနှစ် ဖြစ်နေပါစေ၊ ဈေးကောင်းရရင် ချရောင်းလိုက်မှာပါပဲ။ မန်းရွှေမြို့လယ်က နေရာကောင်းတွေ မန်းသူ မန်းသားတွေ မပိုင်တော့တာ။ ရန်ကုန် အင်းယားမြိုင်၊ ရွှေတောင်ကြား၊ သံလွင်လမ်း၊ အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းမှာ တချိန်တုန်းက ခြံကျယ်ကြီးတွေ၊ အိမ်ကြီး အိမ်ကောင်းတွေကရော အခု ဘယ်သူတွေ ပိုင်နေကြပြီလဲ။ သီလစောင့်ဖို့ အသာထား၊ ဘိုးဘွားအမွေအနှစ် ထိန်းသိမ်းဖို့ဆိုတာတောင် အူမက တောင့်ပေဦးမှ။

ရောင်းမည်

ဈေးကောင်းရလို့ ရောင်းတာက အထည်ကြီးပျက်တွေပေါ့။ လူဆင်းရဲတွေကျတော့ ရှိတာ ထုတ်ရောင်း။ သတင်းစာဟောင်း၊ ပုလင်းခွံ၊ ဘူးခွံ၊ ပလတ်စတစ်အိပ်၊ သံတိုမယ်နတောင် အမှိုက် ဖြစ်မသွားဘဲ ငွေဖြစ်တဲ့ ခေတ်တခေတ်ကို ကျနော်တို့ ဖြတ်သန်းခဲ့ရဖူးပါတယ်။ ဘီစကွတ် အကျိုးအပဲ့တွေကို တန်းစီဝယ်ရ၊ တဆင့်ခံ ပြန်ရောင်းသူတွေ လက်က ပြန်ဝယ်ရတဲ့ ခေတ်လည်း ရှိခဲ့တယ်။

ဖုန်းကတ်တကတ်ကို ပင်ရင်းကနေ ဈေးကြီးပေးဝယ်ရပြီး ဘိုင်ကျတော့ ပြန်ရောင်းတဲ့အခါ ၃၄ သိန်းတောင် ကိုယ်တိုင် မြတ်ဖူးတယ်။ ရောင်းလိုက်ရတုန်းက မျက်ရည်စက်လက်။ ပထမဆုံးအသုတ် ဂျီအက်(စ်)အယ်(မ်)ဖုန်း။ နံပါတ်လေးက လှမှလှ။ ကျနော့်နာမည်နဲ့ ဖုန်း။ ဘယ်လက်လွှတ်ချင်ပါ့မလဲ။ ကိုင်ထားချင်တာပေါ့။ ကျနော့်ဇနီးနာမည်နဲ့ ဝယ်ခွင့်ရတဲ့ ဖုန်းလေးဆို မြင်တောင် မမြင်ဖူးလိုက်ဘူး။ ဝယ်ခွင့်လက်မှတ်ကို ၁၅ သိန်းအမြတ်နဲ့ ရောင်းလိုက်ရတာ။ ဘဝတွေက အဲသလို။ ဒါတောင် ကျနော်ဆို လူလတ်တန်းစားထဲ နည်းနည်း ပါမယ် ထင်ပါတယ်။

လူမတန် ကံချ သင်္ခါရ

ကိုယ့်မရှိလို့ ရှိတာ ထုတ်ရောင်းလိုက်ရတဲ့အခါ သင်္ခါရ သဘောကို နှလုံးသွင်းရတယ်။

ကျနော့်ဆီမှာ ဘိုးဘွားအမွေအနှစ်ဆိုလို့ ဒက္ခိဏသာခါ ဘုရားဆင်းတုလေး နှစ်ဆူကလွဲလို့ ဘာမှ မရှိတော့ဘူး။ (ယုတ်စွအဆုံး… ဘာမဆိုင် ညာမဆိုင် စကားစပ်ခိုက် ပြောပြရရင် ကျနော် ကလေးတုန်းက ဓာတ်ပုံတောင် မရှိတော့ဘူး။ ကလေးတုန်းက ဓာတ်ပုံတင် ဘယ်ကမလဲ ကျနော့်အသက် ၂၈ နှစ် မတိုင်ခင်က ဓာတ်ပုံတောင် မရှိတော့တာ။ အဖေ၊ အမေနဲ့ မိသားစု ဓာတ်ပုံလည်း မရှိဘူး။ အမေက စိတ်ပေါက်တိုင်း ဓာတ်ပုံတွေကို လှီးပစ်တယ်။ အဖေ့ကို စိတ်ပေါက်ရင် အဖေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံထဲက အဖေ့ ပုံတွေ လှီးထုတ် ဖျက်ဆီးတယ်။ ကျနော့်ကို စိတ်ပေါက်ရင် ကျနော့်ဓာတ်ပုံတွေ ဖျက်ဆီးတယ်။ သူ့ခမျာ နိုင်လို့ရတာ ဆိုလို့ ဓာတ်ပုံပဲ ရှိတော့တာကိုးဗျာ။ အဲတော့ကာ မေမေ ကွယ်တော့ ကျနော့်လက်ထဲ ဘာဓာတ်ပုံမှ မကျန်။)

အဲတော့လည်း တချို့ပုံတွေ သတိရမိတဲ့အခါ “သင်္ခါရ”သဘောကို နှလုံးသွင်း ဆင်ခြင်ရတယ်။

သြော်… သင်္ခါရ၊ သင်္ခါရ

လူ့အသက်ကို ထိန်းသိမ်းနိုင်စွမ်းကရော… လူဖြစ်တာချင်းအတူတူ ချမ်းသာတဲ့ နိုင်ငံမှာ လူဖြစ်သူက အသက်ရှည်ရှည် နေရတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အသက်တိုကြတယ်။ ဒါ အရှင်းကြီးပဲ။

အဲတော့ ထိန်းသိမ်းနိုင်စွမ်း မရှိတော့တဲ့အခါ သင်္ခါရကို ဆင်ခြင်ရတယ်။

ဟိုနေ့က မောင်သစ်မင်း၊ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ၊ စာရေးဆရာ မင်းလူ၊ အဆိုတော် မင်းမင်းလတ်၊ စာရေးဆရာ မင်းသား အဆိုကျော် ဒါရိုက်တာ ဝင်းဦး၊ ဂီတစာဆို စန္ဒယား ချစ်ဆွေ၊ စန္ဒယားချစ်မောင်၊ စန္ဒယားလှထွတ်၊ ရွှေပြည်အေး၊ ချိုတေးဆက် ကိုအောင်ကိုး၊ ပုသိမ်မောင်စိမ်းသူ၊ မောင်စစ်ငြိမ်း၊ အဉ္ဇလီမောင်မောင်စတဲ့ သူတွေကို လွမ်းတဲ့အကြောင်း ရေးလိုက်မိတဲ့ အောက်မှာ တယောက်က လာရေးပါတယ်။ သည်လူတွေကို သူ့အိမ်က သားတွေကို မေးကြည့်တော့ မသိကြတော့ဘူးတဲ့။

ဆင်းရဲတော့ သေသူတွေကို နာမည်သက် ဆက်ရှင်အောင် ထိန်းသိမ်းနိုင်စွမ်းလည်း ကျနော်တို့မှာက မရှိတော့ဘူး။ မာတင် လူသာကင်း၊ အဆိုတော် ရေးချား(လ်)(ဇ်)၊ ဖရက်ဒီ မာခယူရီ၊ အမေရိကန်ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေး ဗျူရို (FBI) ကို တည်ထောင်ခဲ့သူ အက်ဒဂါ ဟူးဗှား စတဲ့ နာမည်ကြီးတွေကို နာမည်မသေအောင် ဟောလီးဝု(ဒ်) ဓာတ်ရှင်သမားတွေက လုပ်ပေးနိုင်တယ်။ နာမည်မရှိလှတဲ့ အိမ်ဖြူတော်ရဲ့ အိမ်တော်ဝန်ကိုတောင်မှ လူသိအောင် လုပ်ပေးနိုင်ကြတယ်။ ချမ်းသာလို့ပေါ့ဗျာ။

ကျနော်တို့မှာတော့… … …

မပြောတော့ပါဘူးဗျာ။

အဲတော့လည်း မြသန်းတင့်ဆိုတာ မိန်းမလားတို့၊ ခင်လင်ကျာတို့ ဖြစ်ကုန်ပေတော့တာ မဆန်းပါဘူး။

အိမ်း… ဒါလည်း သင်္ခါရ။

သို့သော် သင်္ခါရချင်းအတူတူ သံသင်္ခါရနဲ့ သစ်သား သင်္ခါရတော့ ကွာသပေါ့။ ကျနော်တို့အဖြစ်ကတော့ ရွှံ့သင်္ခါရပေါ့လေ…

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…
အတ္တကျော်
(၂၆၀၈၁၉)

(ပုံက https://zenstudiespodcast.com/impermanence/ မှ စီးပွားဖြစ် သုံးတာ မဟုတ်တဲ့အတွက် စိတ်ရှင်းရှင်းနဲ့ မိတ္တူယူထားတဲ့ ပုံဖြစ်ပါတယ်။)

ရလိုမှု တခုတည်း မကြည့်ကြပါနဲ့…

💰💰💰💰💰💰💰💰💰💰💰💰

တဖက်က တော်တော့်ကို လပ်နေရှာကြတာကလား

(တိုင်းရင်းသားအကုန်လုံး ပါဝင်တယ်လို့ သတ်မှတ်ထားသော) မြန်မာမဟုတ်တဲ့ ဗမာအားလုံး မဟုတ်တောင် အတော်များများဟာ တဖက်လပ်တွေ ဖြစ်ကုန်ကြပြီလို့ ပြောရင်မလွန်ဘူး ထင်ပါတယ်။

ကျနော့် ဖွဘုတ် ကလျာဏမိတ္တတွေထဲမှာ အခွန်ဦးစီးက ကြီးကြီးမာစတာတွေ ရှိတယ်။ သူတို့ထဲက တချို့ဟာ အခွန်ဆောင်ရမှာ နိုင်ငံသားတိုင်း တာဝန်ဆိုတဲ့ ဘုတ်အုပ်ကြီးထဲက စာတွေကို ဇာချဲ့ပြီး ဖွဘုတ်မှာ တင်တယ်။ အခွန်ပေးရေးအတွက် ဖွဘုတ်ကတဆင့် စည်းရုံး လှုံ့ဆော်တယ်ပေါ့။ သူတို့ တရားပါတယ်။ အခွန် လျာထားချက်အတိုင်း အပြည့်အဝ ကောက်ခံနိုင်မှ သူတို့ ဖင်ထိုင်ခုံလေး မြဲနေမှာကိုး။ ပြောပေါ့။ ရေးပေါ့။

သို့သော်… သည်မောင်တွေ တဖက်လပ်ပုံက အခွန်ထမ်း လူထုဘက်ကတော့ တစက်ကမှ တွေးဖော်မရတာပဲ။

တန်အောင် အရင်လုပ်

တရက်ကတော့ မနေနိုင်လို့ ပြောမိသွားတယ်။ စခယ်(န်)ဒီ နေးဗှီးယန်းနိုင်ငံတွေမှာ အခွန်ကို ဝင်ငွေရဲ့ ၄၀ % ဝန်းကျင်၊ တချို့ဆို အဲ့ထက်တောင် များသေး၊ ပေးရတယ်။ ဒါပေမယ့် အဲဒီ့ အခွန်ထမ်း လူထုအတွက် အိမ်ရာ မပူရ၊ အိုနာစာ ရံပုံငွေ မပူရ၊ ကျန်းမာရေး၊ ပညာရေး၊ သွားလာရေး မပူရအောင် အစိုးရက လုပ်ဆောင်ပေးထားတယ်။ အဲဒါမျိုးသာ ဖြစ်လို့ကတော့ ကျနော်တို့လည်း သိပ်ပေးချင်တာပေါ့ဗျာ။

ရွှေနံနံကြီးမှာကျတော့ ကျနော်တို့ ပေးလိုက်တဲ့ အခွန်အများစုက နှစ်စဉ် ရသုံးခန့်မှန်းခြေ ငွေစာရင်း ထွက်လာတဲ့အခါ ဘယ်ဌာနကို အများဆုံး ရောက်သွားသလဲ။ လူထုနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေးအတွက် ဘယ်နှရာခိုင်နှုန်းစီ ရောက်သလဲ။ ဒါတွေကို အများသိမို့ မီးမောင်းထိုးမပြချင်ပါဘူး။ သို့ပေတည့် အဲဒီ့တချက်နဲ့တင် အခွန်က ပေးချင်စရာ သိပ်မကောင်းတာကို ထိုင်ခုံမြဲချင်သူတွေ မမြင်ရှာကြတာ သိပ်သနားစရာ ကောင်းတာပဲ။

သဘောပါလား ပရိသတ်

သည့်ထက်ပိုတဲ့ အချက်ကတော့ ဘယ်ဌာနဆိုင်ရာသွားသွား၊ ဘာကိစ္စအတွက်သွားသွား၊ ဘယ်လောက်ပဲ သေးငယ်တဲ့ ကိစ္စဖြစ်နေပါစေ၊ ကျနော်တို့ ပေးထားတဲ့ အခွန်က ဖြစ်လာတဲ့ ငွေတွေကို လစာအဖြစ် စားသုံးနေသူ ဂိတ်စောင့်မှသည် ညွှန်ကြားရေးမှူးချုပ်အထိက လူထုကို ကူညီပေးမယ်၊ စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေနဲ့ မဟုတ်ဘဲ သဟောက်သဟ လုပ်ချင်တဲ့ ဉာဉ်အပြည့်နဲ့ ဖြစ်နေတာကြီးဟာ အင်မတန် ခါးသီးလှပါတယ်။

လူထုဝန်ထမ်းလို့ ပြောင်းခေါ်သင့်တာ ကြာ

အမှန်က သူတို့တွေဟာ လူထုဝန်ထမ်း (Public Servants) တွေပါ။ လူထုကို အလုပ်အကျွေးပြုရမှာပါ။

ဒါပေသည့် ဗမာလိုကျတော့ လူထုဝန်ထမ်းလို့ မခေါ်ဘဲ အစိုးရဝန်ထမ်း (Government Servants) လို့ ခေါ်လိုက်ကြတယ်။ အဲဒီ့မှာတင် သူတို့ဟာ လူထုကို အလုပ်အကျွေးမပြုတော့ဘဲ အစိုးရကိုသာ အလုပ်အကျွေးပြုနေကြတဲ့၊ တနည်းပြောရရင် အစိုးရ အလိုကျ မှန်မှန် မှားမှား၊ မျက်စိမှိတ် ကပြအသုံးတော်ခံနေကြတဲ့ မျက်ကန်းဝန်ထမ်းတွေ ဖြစ်ကုန်ကြတယ်။ စုံလုံး မကန်းဘူးဆိုတောင် အထက်က ပြောခဲ့တဲ့ အခွန်ပေးရေး လှုံ့ဆော်ဆောင်ရွက်နေကြသူတွေလို တဖက်လပ်တွေ ဖြစ်ကုန်ကြပါတော့တယ်။

လူလို စဉ်းစားရင်

အဲသလို ဝန်ထမ်းတွေနဲ့ မလွှဲသာတိုင်း ရင်ဆိုင်နေကြရတဲ့ လူထုက အခွန်ကို ကြည်ကြည်သာသာ ပေးချင်ကြပါ့မလား။ ငါတို့ ပိုက်ဆံလည်း စားနေသေး၊ ငါတို့အပေါ်လဲ မောက်မာသေးလို့ပဲ တွေးကြမှာပါ။ အဲဒါကို အခွန်က တာဝန်ရှိသူတွေ မြင်သင့်တယ်။ အခွန်ပေးစေချင်ရင် ပေးပျော်မယ့် အခင်းအကျင်းကို အရင်ဆုံး ဖန်တီးဖို့ လိုပါလိမ့်မယ်။ အဲလိုမဟုတ်ဘဲ ပုဒ်ထီး ပုဒ်မတွေနဲ့ ကိုင်ကိုင်ပေါက်နေရင်တော့ လက်နက်ပြ ငွေတောင်းတဲ့ လုပ်ရပ်နဲ့ မနီးရိုးစွဲသာ ဖြစ်နေပါလိမ့်မယ်။

အခုလည်း လာပြန်ပါပြီ။ လျှပ်စစ်ခွန်… အလွယ်ပြောရင် မီတာခပေါ့ဗျာ။

ဈေးတက်တာ ပြဿနာ မဟုတ်၊ တက်ပုံ လွဲခဲ့တာ

မီတာခတွေ ဈေးတက်တုန်းက ကျနော် တလုံးတပါဒမျှ မပြောခဲ့ဘူး။ ဈေးတက်တာကို ဘယ်သူ သဘောတူတူ မတူတူ၊ ကျနော် သဘောတူတယ်။

အမှန်က အခုလို ဗြုန်းခနဲ တက်ရမှာ မဟုတ်ဘဲ ဟိုး ဆိုရှယ်လစ်ခေတ်ကတည်းက ငါးပြားတိုး၊ ဆယ်ပြားတိုးနဲ့ ဖြည်းဖြည်းချင်း တိုးတိုးသွားရမှာ။ ပြားခေတ် ကုန်သွားတဲ့အခါ တကျပ်တိုး၊ နှစ်ကျပ်တိုးပေါ့။ ကျပ်ခေတ် ကုန်တော့လည်း တဆယ်တိုး၊ နှစ်ဆယ်တိုးနဲ့ နှစ်ပေါင်း ၄၀ လောက်အတွင်းမှာ ဖြည်းဖြည်းချင်း မသိမသာသာ တိုးခဲ့ရင် ခုလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်စရာမလိုဘဲ လူထုလည်း အခုနှုန်းထားကို ကြည်ကြည်ဖြူဖြူ ပေးနေကြမယ်လို့ မြင်မိပါတယ်။

ထားပါတော့… အခုကျတော့လည်း အများ သဘောတူတူ မတူတူ၊ နှုန်းထားသစ်နဲ့ မီတာခ စာရွက်က ရောက်လာပါပြီ။ ဈေးတက်တာကို အစောကြီးကတည်းက သဘောမျှသူ ကျနော်တို့ မိသားစုအတွက်က ပြဿနာ မရှိပါဘူး။ မီတာစာရွက်လေးတွေ ဓာတ်ပုံရိုက်ပြပြီး နတ်သံနှောစရာလည်း အကြောင်း မရှိပါဘူး။

လျှပ်စစ်ဌာနရဲ့ လုပ်ပေါက်အသစ်

ပြောစရာ ဖြစ်လာတာက အထက်က ပြောခဲ့တဲ့ အကြောင်းအရာပါပဲ။ လျှပ်စစ်ဌာနက လူထုဆီက ပိုက်ဆံလည်း လိုချင်သေးတယ်၊ လူထုက ကြည်ကြည်ဖြူဖြူ ပေးချင်စရာကောင်းနေအောင် ဖန်တီးမထားဘဲ လူထုကို ဒုက္ခပေးတဲ့ စနစ်ကြီးနဲ့ စခန်းသွားပုံပါ။

သည်လ မီတာခက အများနည်းတူ ကျနော်တို့အတွက် နှစ်ဆ တက်သွားပါတယ်။ ဟုတ်ကဲ့… ၂ သိန်း ၆ သောင်းကျော် ကျသင့်ပါတယ်။

အဟဲ… သွားဆောင်တော့ ဘာဖြစ်တယ် မှတ်တုံး။

နှစ်သိန်းကျော်နေလို့ ဘဏ်မှာ သွားဆောင်ပါတဲ့။ ဟုတ်ကဲ့… သည်အထိက လက်ခံနိုင်ပါတယ်။

သို့သော် ဘဏ်မှာဆောင်ပြီးရင် ဘဏ်ချလံကို သက်ဆိုင်ရာမြို့နယ်ရုံးဆီ ပြန်လာပြပါတဲ့။

ဟား… တယ်ဟုတ်ပါလား။ အတော် အဆင်ပြေအောင် စီမံထားတာပဲ။

အကုန်လုံး အထက်စီးကချည်းပဲ။ သည်လိုလုပ်ရင် လုပ်၊ မလုပ်ရင် မီးဖြတ်မယ်ပေါ့။ ဟုတ်တယ်လေ… သူတို့ ပြောတဲ့အတိုင်း ဘဏ်မှာ မဆောင်ရင် မီတာခ မပေးဘူး၊ မီးဖြတ်လို့ ရတယ်။ ဒါမှမဟုတ် မြို့နယ်ရုံးဆီ ဘဏ်ချလံ ပြန်လာမပြဘူးဆိုရင်လည်း သူတို့စာရင်းမှာ မီတာခ မဆောင်ထားဘူး၊ ဒါဆိုလည်း မီးဖြတ်လို့ ရတယ်။ အဲလို မဟုတ်ဘူးလား။

လူထုကို ကောင်းကောင်း ဒုက္ခပေးထားတဲ့ ကျင့်စဉ်ကောင်း ကျင့်စဉ်မြတ်ကို အခုလမှာ စတင် ရင်ဆိုင်ရပါတော့တယ်။

အခြေခံနီတိလေးတော့ သတိထားသင့်

မီးခွန်၊ ရေခွန်၊ ဘာခွန်၊ ညာခွန် ကောက်ချင်သူတွေအနေနဲ့ အခြေခံ နီတိလေးတချက်တော့ သိထားသင့်မယ် ထင်ပါတယ်။

“သူတပါး အိတ်ကပ်ထဲက ပိုက်ဆံကို လိုချင်ရင် အဲဒီ့လူက ကြည်ကြည်ဖြူဖြူ ပေးချင်လာအောင် ကိုယ့်ဘက်က အရင် ပြင်ဆင် လုပ်ကိုင်ရတယ်”ဆိုတဲ့ နီတိပါပဲ။

မကြောက်ရင်တော့ လုပ်ကြပေါ့လေ

မဟုတ်လို့ကတော့ ခင်ဗျားတို့ဟာ မသထာရေစာ အပင်းအဆိပ်တွေကို မျိုနေကြသူတွေ ဖြစ်နေကြမှာပဲ။ သည်ဘဝမှာရော၊ ဘဝဆက်တိုင်းမှာပါ ခင်ဗျားတို့အတွက် ဝဋ်နဲ့ ငရဲက အမြဲ ကပ်လိုက်နေမှာလေးလည်း သတိရကြစေချင်ပါတယ်။ သည်ဘဝကို ထည့်ပြောရတာက ခင်ဗျားတို့သည်လည်း မင်းခစားတွေမို့ ကမ်းနားသစ်ပင်တွေဆိုတာ မမေ့စေချင်လို့ ထည့်ပြောလိုက်တာနော်။

လူထုအိတ်ကပ်ထဲက ပိုက်ဆံကို လိုချင်ရင် တခြားဟာ အသာထားဦး၊ ပေးချေရတဲ့အခါ လူထုမှာ ဝန်မပို ဝန်မပိဘဲ လွယ်ကူ အဆင်ပြေသက်သာမယ့် နည်းလောက်တော့ အရင်ဦးဆုံး ဖန်တီးသင့်တဲ့အကြောင်း…

ဟုတ်ကဲ့…

သိစိတ်နဲ့ ဖြစ်စေ၊ မသိစိတ်နဲ့ဖြစ်စေ လူထုကို ဒုက္ခပေးသူ မောင်မင်းကြီးသားအပေါင်း သက်ရှည်ကျန်းမာ ဘေးဘယာ ဝေးကွာကြပါစေသား…

အားလုံး တွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ…

အတ္တကျော်

(၁၆၀၈၁၉)

လုပ်သူ တရား၊ ခံသူ မှားဆိုတဲ့ ရွှေတလွဲ အတွေးအခေါ်

🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔

မိန်းမတွေ မပေါ့်တပေါ်ဝတ်လို့၊ ဟိုဖော်သည်ဖော်ဝတ်လို့ မုဒိန်းမှု ဖြစ်ရတာဆိုတဲ့ အူကြောင်ကျား အတွေးအမြင်ဟာ မြန်မာပြည်မှာသာမက တကမ္ဘာလုံးမှာ အပမှီ စွဲကပ်နေတဲ့ “ခံရသူသာ အပြစ်ရှိကြောင်း” တနည်းပြောရင် “ကျူးလွန်သူတွေ မလွန်ကြောင်း” ဆင်ခြေသက်သက်မျှသာ ဖြစ်ပါတယ်။ အဲဒီ့အမြင်က မိန်းမတွေမှာလည်း ရှိတယ်။ ယောက်ျားတွေမှာတော့ အဲသလို အဝတ်အစား လော်လီတဲ့ မိန်းမတွေကိုသာ အပြစ်ဖို့ချင်စိတ်က ပိုတောင်များလေသပေါ့။

မေးခွန်းတွေ

အဝတ်အစားလော်လီတဲ့ မိန်းမတွေကြောင့် ဖြစ်ရတာလို့ ပြောချင်သူတိုင်း အောက်ပါ မေးခွန်းတွေကို ဖြေကြည့်စေချင်ပါတယ်။

(၁) မုဒိန်းမှု ကျူးလွန်သူ ဘယ်နှဦးနဲ့ တွေ့ဆုံ မေးမြန်း ပြောဆိုဖူးပါသလဲ။Image result for sexual abuse

(၂) မုဒိန်းမှု စုစုပေါင်း ဘယ်နှမှုမှာ အဝတ်အစားလော်လီတဲ့ မိန်းမကြောင့် ဖြစ်ရတဲ့ အမှုက ဘယ်နှမှု ရှိပါတယ်လို့ ခိုင်လုံတဲ့ အချက်အလက် အထောက်အထား ထင်ထင်ရှားရှား ရှိပါသလား။

(၃) တကိုယ်လုံး လုံနေအောင် အမည်းရောင်နဲ့ အထပ်ထပ် ဝတ်ထားတဲ့အပြင် မျက်စိနှစ်လုံးသာ ဖော်ပြီး ခေါင်းမြီးခြုံထားတဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေ မုဒိန်းလုံးဝ အကျင့်မခံရတာမျိုး ဘယ်နားမှာ ဖတ်ဖူးပါသလဲ။ ဘာအထောက်အထား ရှိပါသလဲ။

(၄) မွေးကင်းစ ကလေးတွေ၊ ငါးနှစ်မပြည့်သေးတဲ့ ကလေးတွေ၊ အရွယ်မရောက်သေးသူတွေ၊ အမယ်ကြီးတွေရော မုဒိန်း အကျင့်မခံကြရဘူးလား။ အဲဒီ့ ကလေးတွေ၊ အမယ်ကြီးတွေ ဝတ်ပုံစားပုံက ဘယ်နေရာမှာများ လော်လီနေလို့ပါလဲ။ ဘာတွေ ပေါ်ပြီး ဘယ်အစိတ်အပိုင်းတွေက ရာဂကို နိုးကြွစေလို့ပါလဲ။

(၅) စိတ်ကယောက်ကယက်ဖြစ်နေသူ၊ စိတ်မနှံ့သူ မိန်းမတွေလည်း အကျူးလွန်ခံရတာ ကြားဖူးကြမှာပါ။ အဲသလို အမျိုးသမီးတွေကရော ဘယ်လို ဝတ်စားနေထိုင်တာ တွေ့ဖူးပါသလဲ။

ထူးခြားချက်

အင်မတိ အင်မတန် ထူးခြားတဲ့ အချက်တချက်ကို ထောက်ပြပါမယ်။

အမေရိကန်ပြည်ထောင်စု၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ စစ်တမ်းအရ အမေရိကန် စစ်တပ်မှာ (စက်တင်ဘာလမှာ ကုန်ဆုံးတဲ့) ၂၀၁၂ ဘဏ္ဍာရေး နှစ်တနှစ်တာအတွင်းမှာ တပ်ဖွဲ့ဝင် ၂ သောင်း ၆ ထောင်တိတိဟာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခံရတဲ့ သားကောင်ဖြစ်ခဲ့ရပါတယ်။

No photo description available.ဟုတ်ကဲ့… အမေရိကန် စစ်တပ်မှာ စစ်သားတွေသာမက စစ်သမီးတွေလည်း ရှိပါတယ်။ အများစု အလွယ် ကောက်ချက်ချမှာကတော့ သည်အရေအတွက်မှာ ခံရသူ စစ်သမီးက ပိုများမယ်လို့ပါပဲ။

တကယ်တမ်းမှာ ခံရသူ တသောင်း လေးထောင်လောက်ဟာ စစ်သား ယောက်ျားကြီးတွေ ဖြစ်နေကြပြီး ကျန်တဲ့ တသောင်း နှစ်ထောင်လောက်ကသာ စစ်သမီး အမျိုးသမီးတွေ ဖြစ်နေပါတယ်။

ကဲ… အဖော်အချွတ်ရယ်၊ စစ်ဝတ်စုံရယ်၊ မုဒိန်းမှု၊ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုရယ်က သည်ကိစ္စမှာ ဘယ်လို ဆက်စပ်နေမလဲဆိုတာ ဉာဏ်လေး အနည်းအပါး ရှိရင်ကို တန်းခနဲ မြင်နိုင်လိမ့်မယ် ထင်ပါတယ်။

သည်အစီရင်ခံစာမှာ စိတ်ဝင်စားစရာကောင်းတဲ့ နောက်တချက်က ယောက်ျားချင်း ကျူးလွန်သူ မဆိုစလောက် အနည်းငယ်မျှသာ လိင်တူချင်းတပ်မက်သူ ဖြစ်နေပြီး အများစုကတော့ “ထောင်ထဲမှာ ယောက်ျားချင်း မုဒိန်းကျင့်တာနဲ့ ခပ်ဆင်ဆင်တွေချည်းသာ”ဆိုတဲ့ အချက်ပါပဲ။ (ရည်ညွှန်း https://bit.ly/2KGN6nV)

ဒါက အမေရိကန်ပြည်ထောင်စုမို့လို့ သူတို့ စစ်တပ်ထဲက ကိစ္စကို တရားဝင်ဖော်ချ ဖွင့်ထုတ်ထားတာပါ။

ဗြိတိန်စစ်ထပ်ထဲမှာ

ဗြိတိန်စစ်တပ်မှာလည်း အလားတူ ဖွင့်ထုတ်ထားတာ ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ လိင်ပိုင်း မဖွယ်မရာ ပြုမှုပေါင်း ၁၅၃ မှု စစ်ဆေးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်နဲ့စာရင် အမှု ၃၅ % တိုးလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီ့ စစ်ဆေးမှု ၁၅၃ မှုမှာ မသင်္ကာသူ (စွပ်စွဲခံရသူ) ၁၆၀ ပါပါတယ်။ စွပ်စွဲခံရသူ ၁၅၀ က ယောက်ျား၊ မိန်းမက ၂ ယောက်၊ မည်သူမည်ဝါဆိုတာ မဖော်ထုတ်ထားသူက ၈ ဦး ပါဝင်ပါတယ်။ ခံရသူက ၁၄၀၊ အဲဒီ့ထဲမှာ မိန်းမက ၁၀၈ ယောက်၊ ယောက်ျားက ၂၅ ယောက်၊ ကျန် ၇ ယောက်က မသိသူ၊ ဒါမှမဟုတ် ကျား-မ ခွဲခြားသတ်မှတ်ဖော်ပြထားခြင်း မရှိသူပါတဲ့။

အဲဒီ့အမှုတွေထဲက ၇၁ မှုဟာ သွင်းဝင်မှု မပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်ရာမှုဖြစ်ပြီး မုဒိန်းမှုကတော့ အမှု ၃၀ ရှိပါသတဲ့။

(ရည်ညွှန်း https://bit.ly/2ZW0bAj)

သည်နှစ် ၂၀၁၉ မတ်လ ၂၈ ရက်နေ့မှာ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ တပ်တွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ အစီရင်ခံစာကို https://bit.ly/2GZLRiC ကနေ ရယူကြည့်ရှုနိုင်ပါတယ်။

ကိုင်း… ဒါလည်း စစ်တပ်မှာ ဖြစ်တာပဲ။ ဘယ်နေရာမှာ သွားပြီး မပေါ့်တပေါ်တွေ မလုံ့တလုံတွေ ဝတ်နိုင်ကြမှာတဲ့လဲ။

ယောက်ျားခံရရင် မုဒိန်းမှု မမြောက်တာကလည်း တပြဿနာ

ထောင်တွေထဲမှာ၊ ယောက်ျားများ ကြီးစိုးရာ တပ်၊ ဘုန်းကြီးကျောင်း၊ ယောက်ျားလေးဆောင်တွေမှာ လိင်ပိုင်းမဖွယ်မရာမှုတွေ၊ မုဒိန်းမှုတွေ ဘယ်လောက် ဖြစ်နေသလဲဆိုတာ ကျနော်တို့ မသိပါဘူး။ သတင်းပို့တာ၊ တိုင်တန်းတာ မရှိလို့ အဲဒါမျိုးတွေ ကျုပ်တို့ဆီမယ် လုံးလုံး မရှိဘူးလို့ ဘယ်သူမှ မပြောနိုင်တာလဲ အသေအချာပါပဲ။

ထားပါတော့လေ…

မိန်းမတွေကိုက လွန်လို့ပါလို့ ပြောရတာ တယ်လွယ်သကိုး

မုဒိန်းမှု ကျူးလွန်နေသူတွေထဲမှာ ဘာသာရေးခေါင်းဆောင်တွေ၊ ကျောင်းဆရာတွေ၊ အုပ်ထိန်းသူတွေ၊ ဖခင်တွေ၊ အကိုတွေ၊ ဆွေမျိုးဉာတိတွေ၊ အိမ်နီးချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ အသိအကျွမ်းတွေ ပါပါတယ်။ အနည်းစုကသာ သူစိမ်းပြင်ပြင်တွေ ဖြစ်နေတတ်ပါတယ်။

ယောက်ျားတွေပဲ အစဉ်အဆက် ထိပ်ကနေခဲ့တဲ့ လောက၊ ကျား-မခွဲခြားမှု တွင်ကျယ်လွန်းတဲ့လောကမှာတော့ ကျူးလွန်သူကိုထက် ခံရသူကို ပိုအပုပ်ချကြတဲ့ ရာဇဝတ်မှုဟာ မုဒိန်းမှုလို့ ဆိုရပါလိမ့်မယ်။ မုဒိန်းအကျင့်ခံလိုက်ရဦးတောင် အကျင့်ခံရသူ မိန်းမက ရေငုံနေမယ်ဆို သူ့ဂုဏ်သိက္ခာ သူထိန်းထားနိုင်မယ်ဆိုတဲ့ အစွဲကြီးကလည်း မြဲနေပေတာကိုး။

ယောက်ျားတွေရဲ့ သရဲမရဲစီးနေတဲ့ တဏှာရမ္မက်စိတ်၊ ဘီလူးသဘက်စိတ်ကို ဖော်ထုတ်လိုက်တဲ့ မိန်းမကို အပြစ်တင်တာက သိပ်လွယ်တယ်လေ။

ဒါနဲ့ပဲ သူ့ရာဂကို နှိုးဆွနေတဲ့ မိန်းမကိုသာ အပြစ်ပေးသင့်တယ်ဆိုတဲ့ ဆင်ခြေကြီးက ခေတ်စားနေပြီး မိန်းမတွေ မပေါ့်တပေါ် ဝတ်လို့သာ ဖြစ်ရတာဆိုတဲ့ ရွှေတလွဲ အမြင်ကြီးကို ကိုင်စွဲသူတွေ ကိုင်စွဲလို့ ကောင်းနေကြတော့တာပါပဲ။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၁၂၀၈၁၉)

ချစ်နည်းလေးတွေ မှန်စေ့ချင်မိ…

💊💊💊💊💊💊💊💊💊

မနေ့က စကားစုသစ်တစု မျက်လုံးထဲကို တိုးဝင်လာတယ်။ Patriotic Journalism တဲ့။ မျိုးချစ် စာနယ်ဇင်း (ပညာ) လို့ ဘာသာပြန်ရမလား မသိ။

မြတ်စွာဘုရား…

ဘာကြီးတုံး…

ဒါနဲ့ အိမ်စာ နည်းနည်း လုပ်ကြည့်မိရပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ စတုတ္ထမြောက် သမ္မတ ဂျေးခါ့(ဘ်) ဇူးမား စတဲ့ ဇာတ်လမ်းလို့ တနေရာမှာ တွေ့တာနဲ့ ဖတ်ကြည့်ပြီး သဘောကျလို့ အဲဒီ့ဆောင်းပါးလေးထဲက နည်းနည်း ဘာသာပြန်ပေးပါရစေ။ ခေါင်းစဉ်ခွဲတွေက မူရင်းမှာ မပါပါဘူး။ စာဖတ်ရတာ သွက်အောင် ကျနော်ထည့်ထားတဲ့ ခေါင်းစဉ်လေးတွေပါ။

တချို့အကြောင်းအရာ၊ ဥပမာ၊ ဒေါက်တာ ဂျော်(န်)ဆင်(န်) ဖွင့်ဆိုချက် ပြောခဲ့တဲ့ ရက်စွဲ၊ လန်ဒန်ဖျော်ဖြေပွဲမှာ အဆိုတော် ပြောခဲ့တဲ့စကားစတာတို့ဟာ မူရင်းမှာ မပါပါဘူး။ ကျနော့်ဘာသာ အိမ်စာလုပ်ရင်း တွေ့တာလေးတွေကို ဖြည့်ထည့်ထားတာလည်းပဲ ဖြစ်ပါတယ်။

(ဘာသာပြန်အစ)

တောင်အာဖရိကနိုင်ငံရဲ့ စတုတ္ထမြောက် သမ္မတ အယူတိမ်းသွားပုံ

သူက မက္ကဆီကို စာနယ်ဇင်းဟာ မျိုးချစ်စိတ်ရှိတယ်။ မက္ကဆီကိုမှာ ရာဇဝတ်မှု ထူပြောပေမယ့် သူရောက်ခဲ့တုန်းကဆို မက္ကဆီကို စာနယ်ဇင်းက ဒါတွေကို မဖော်ပြဘူး။ ကိုယ့်တိုင်းပြည်အကြောင်း မကောင်းတဲ့ သတင်းတွေ ပေးမိရင် ရင်းနှီးမြှုပ်နှံသူတွေ၊ ခရီးသွားဧည့်သည်တွေကို မလာအောင် တားသလို ဖြစ်မှာစိုးလို့ မထည့်ကြတာပဲလို့ သူက သုံးသပ်ခဲ့ပါတယ်။

ဒါ့ကြောင့် တောင်အာဖရိက စာနယ်ဇင်းဆရာများသည်လည်း မျိုးချစ်စိတ် ရှိသင့်တယ်။ ရာဇဝတ်မှုခင်းသတင်းကိုသာ အသားပေး မဖော်ပြထိုက်ဘူး ဘာညာ၊ သူက လုပ်ခဲ့ပါတယ်။

ဇူးမားက စာတအုပ်တည်းသမား၊ ဒါမှမဟုတ် သူဖတ်ချင်တဲ့ သတင်းစာ တစောင်တည်းသာ ကွက်ဖတ်ပြီး ကောက်ချက်ချတာပါ။

သူမသိတာက မက္ကဆီကို ပရင်းဆား ရိုခဟား (prensa roja) လို့ ခေါ်တဲ့ အနီရောင်စာနယ်ဇင်း (ဝါ) အန္တရာယ် များတဲ့ စာနယ်ဇင်းအတွက် ရာဇဝတ်မှု သတင်းတွေကသာ အသက်သွေးကြောပမာ ဖြစ်နေတာ၊ ထောင်ထဲ ရောက်နေတဲ့ မူးယစ်ရာဇာတွေပင်လျှင် သြဇာအရှိန်အဝါကြီးနေတဲ့ မူးယစ်ဆေး စစ်ပွဲတွေအကြောင်းကို လူပြိန်းကြိုက် သတင်းစာတချို့ကတောင် အားပါးတရ ဖော်ပြနေတာကိုပါပဲ။

မျိုးချစ်စိတ်ရဲ့ အကောင်းဆုံး အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်

သည်နေရာမှာ မျိုးချစ်စိတ်ဆိုတာကို ဘယ်လို အနက်ဖွင့်မလဲ။

သဘောကျမိတဲ့ ဖွင့်ဆိုချက်ကတော့ ၁၈ ရာစု အင်္ဂလိပ် စာရေးဆရာ ဒေါက်တာ ဆယ်မြူယယ်(လ်) ဂျော်(န်)ဆင်(န်)ရဲ့ ဖွင့်ဆိုချက်ပါပဲ။

Patriotism is the last refuge of a scoundrel. တဲ့။Image result for last refuge of a scoundrel

မျိုးချစ်စိတ် (မျိုးချစ်ဝါဒ)ဟူသည်ကား ကလိမ်ကကျစ်တို့၏ ကြံရာမရသည့်အဆုံး ခိုလှုံရာထွက်ပေါက်သာ ဖြစ်တော့သတည်းလို့ ဘာသာပြန်ရမယ် ထင်ပါတယ်။

သည်စကားကို ဂျော်(န်)ဆင်(န်) (၁၇၀၉-၁၇၈၄) က ၁၇၇၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ ညနေခင်းမှာ ပြောခဲ့တာပါတဲ့။

ဟုတ်ကဲ့… သူ သည်စကားပြောခဲ့တာ ၂၄၄ နှစ်တောင် ကျော်ခဲ့ပါပြီ။ ဆင်ခြင်ဉာဏ်သာ အမှန်ရှိမယ်ဆိုရင် အဲဒီ့စကားဟာ သည်လောက်ကြာတဲ့တိုင် မှန်နေဆဲဆိုတာတော့ မြင်နိုင်ကြမယ် ထင်ပါတယ်။

အကောင်းအဆိုး နမူနာ

ကျင့်ဝတ်ပိုင်းဆိုင်ရာ အကန့်အသတ်တွေနဲ့သာဆိုရင်တော့ မျိုးချစ်စိတ်ဆိုဟာ လူထုအတွက် တကိုယ်ရေ သရုပ်လက္ခဏာ၊ နေရာတနေရာကို ရလာစေနိုင်ပြီး ဘုံကောင်းကျိုးကို ဖြစ်ထွန်းလာစေနိုင်ပါတယ်။

ဒါပေသည့် ကျင့်ဝတ်မထိန်းဘူးဆိုရင်တော့ နိုင်ငံထဲက လူတချို့ကို ဖိနှိပ်ဖို့၊ ပထုတ်ဖို့အတွက်ရော၊ ဝေဖန်တာတွေကို ပါးစပ်ပိတ်သွားစေဖို့အတွက်ပါ အုပ်ချုပ်သူ အခွင့်ထူးခံတွေက အဲဒီ့မျိုးချစ်စိတ်ဆိုတာကြီးကို အလွဲသုံးစား လုပ်နိုင်ပါတယ်။

မျိုးချစ်စိတ် ပြင်းထန်သူများရဲ့နိုင်ငံအဖြစ် အလွန်ထင်ရှားတဲ့ အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ မိန်းကလေး တီးဝိုင်းအဖွဲ့ Dixie Chicks ရဲ့ ဖြစ်ရပ်က မျိုးချစ်စိတ်ရဲ့ အဆိပ်ပြင်းပုံအတွက် နမူနာကောင်းတခုပါပဲ။Image result for dixie chicks

အဲဒီ့ ကျေးလက်ဂီတ တီးဝိုင်းအဖွဲ့ထဲက မိန်းကလေးတွေဟာ အမေရိကန်ပြည်ထောင်စု ထက္ခဆက်(စ်) ပြည်နယ်သူတွေပါ။

၂၀၀၃ ခုနှစ် မတ်လ ၁၀ ရက်နေ့ ညခင်းမယ် အဖွဲ့က လန်ဒန်က ဇာတ်ရုံ တရုံမှာ သီဆို ဖျော်ဖြေပါတယ်။ အဲဒီ့အချိန်မှာ အမေရိကန်နိုင်ငံဟာ အီရတ်နိုင်ငံကို ကျူးကျော် ဝင်ရောက်ဖို့ ပြင်နေတဲ့အချိန်ဖြစ်ပါတယ်။ ၁၉ ရက်နေ့မှာ တကယ် ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ သမ္မတ ဂျော့(ခ်ျ)ဘွတ်(ရှ်)ရဲ့ ဆုံးဖြတ်ချက်ပါ။

သူတို့ရဲ့ သီချင်းသစ်ဖြစ်တဲ့ ‘ခရီးသွားနေတဲ့ စစ်သား’ဆိုတဲ့ သီချင်းကို မသီဆိုခင်မှာ အဆိုတော်ထဲက Natalie Maines က သီချင်းကို မိတ်ဆက်ရင်း ပြောလိုက်တဲ့ စကားကတော့ “အားလုံး သိတော်မူတဲ့အတိုင်းပါပဲ။ ကျမတို့သည် သည်က ပရိသတ်ကြီးအားလုံးနဲ့အတူ ကောင်းတဲ့ဘက်မှာပဲ ရပ်နေပါတယ်။ သည်စစ်ပွဲ၊ သည် အကြမ်းဖက်မှုကို ကျမတို့ မလိုလားပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဟာ တက္ခဆက်(စ်) ပြည်နယ်က ဖြစ်နေတဲ့ အတွက် ကျမတို့ ရှက်မိပါတယ်”တဲ့။

သူတို့စိတ်ထဲရှိတဲ့အတိုင်း အဲသလို ပြောချလိုက်တာက ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက တခြားနိုင်ငံကို ရောက်နေချိန်မှာ ပြောချလိုက်တာမို့ပါပဲ။

နိုင်ငံရေးသမားက နိုင်ငံရေးသမား၊ နိုင်ငံတော်က နိုင်ငံတော်

သူတို့ ဝေဖန်လိုက်တာက နိုင်ငံ(တော်)ကို မဟုတ်ဘူး။ နိုင်ငံ(တော်)ရဲ့ အကျိုးစီးပွားကို ဆန့်ကျင်ပြီး မလိုအပ်တဲ့ စစ်ပွဲကို ဖန်တီးလိုက်ခြင်းအားဖြင့် နိုင်ငံတော်ကို သစ္စာဖောက်ရာရောက်တယ်လို့ သူတို့ ခံစားရတဲ့ နိုင်ငံရေးသမား တယောက်ကို ဝေဖန်တာသာ ဖြစ်ပါတယ်။ သို့ပေမယ့် ပြည်ပမှာ သည်စကား ပြောတာမို့ သည်အဆိုတော်တွေဟာ ဖြင့်ရင် မျိုးချစ်စိတ်ကင်းမဲ့တယ်လို့ ယူဆကြပါတော့တယ်။

ဘူ(လ်)ဒိုဇာနဲ့တောင် ထိုးတာနော်… ဒါပေမယ့်…

သည်မှာတင် သူတို့ကို အရေးယူကြပါတော့တယ်။ အစိုးရကတော့ မဟုတ်ပါဘူး။ သူတို့နဲ့ တပြည်နယ်တည်းသားတွေက အရေးယူတာပါ။ “သစ္စာဖောက်”တွေကို သပိတ်မှောက်ကြတော့တာပေါ့။

သူတို့ ပရိသတ်တွေက သူတို့ သီချင်းတွေကို မဝယ်တော့ဘူး။ အသံလွှင့်ရုံတွေကလည်း သူတို့သီချင်းတွေကို မလွှင့်တော့ဘူး။ ဒါတင် ဘယ်ကဦးမလဲ။ လူထု ပန်းခြံထဲမယ် အဲဒီ့ တီးဝိုင်းရဲ့ သီချင်း ဓာတ်ပြား (စီဒီ) တွေကို ဘူ(လ်)ဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီးတာတွေအထိ လုပ်ခဲ့ကြပါတော့တယ်။

မျိုးချစ်စိတ်နဲ့ ဆွလိုက်ရင် ဘယ်လောက်အထိ ပါသွားနိုင်လဲဆိုတာကို သည်ဖြစ်ရပ်က သက်သေထူနေပါတယ်။

ကနေ့အခါမှာတော့ အီရတ်စစ်ပွဲဟာ မလိုအပ်သလို အမှားကြီး မှားသွားခဲ့ပြီဆိုတာ အမေရိကန်အများစုက လက်ခံနိုင်နေကြပါပြီ။ ဒါပေမယ့် ဟို တီးဝိုင်းအဖွဲ့ကတော့ အီနေအောင် ခံခဲ့ရဖူးတာလည်း အမှန်ပါပဲ။

ကိုယ့်ကိုယ်ကိုယ်ဖော်၊ တခြားသူတွေကို ဆော်တဲ့ ဂျင်ဂိုအစ်ဇင်(မ်)

နိုင်ငံတော် သစ္စာ စောင့်သိရိုသေခြင်းကနေ တခြားနိုင်ငံက လူတွေအပေါ် ရန်လိုတာ၊ အပြင်းအထန် ဆန့်ကျင်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ မျိုးချစ်တယောက်အနေနဲ့ ကိုယ့်နိုင်ငံကို မြှင့်တင်ရင်း တခြားနိုင်ငံတွေကို နှိမ်ဖြစ်နေပါတော့မယ်။ ကိုယ့်နိုင်ငံရဲ့ သုခချမ်းသာကို လူသားတွေရဲ့ သုခချမ်းသာထက် ပိုပြီး ဦးစားပေးဖြစ်ပါတော့မယ်။

ဒါဟာ ကျင့်ဝတ်ပိုင်း အကန့်အသတ်ကင်းမဲ့တဲ့ မျိုးချစ်စိတ်ရဲ့ သဘာဝပါပဲ။ အဲဒီ့မှာတင် မျိုးချစ်စိတ် patriotism နံရံပါးပါးလေးတချပ်သာ ခြားတဲ့ jingoism ဖြစ်လာတော့တာပဲ။ မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန်မှာတော့ jingoism ကို တက်ကြွရိုင်းစိုင်းသော မျိုးချစ်စိတ်၊ စစ်သွေးကြွ ဇာတိမာန်လို့ ဖွင့်ဆိုပေးထားပါတယ်။

အဲဒီ့ စစ်သွေးကြွဇာတိမာန်ဟာ ဖျက်လိုဖျက်ဆီးနိုင်လှတဲ့ မျိုးချစ်စိတ်ပါပဲ။ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ၊ လူမျိုးကြီးဝါဒတို့ရဲ့ မူလဘူတလို့လည်း ဆိုနိုင်ပါတယ်။

သူစိမ်းကြောက်ရောဂါ၊ တခြားနိုင်ငံသားတွေကို ကြောက်တဲ့ ရောဂါကို အရှိန်ပိုတက်စေတတ်သလို စစ်မီးလျှံတွေကို ယပ်ခတ်ပေးတာလည်း အဲဒီ့ ဂျင်ဂိုအစ်ဇင်(မ်)ဆိုတဲ့ စစ်သွေးကြွဇာတိမာန်ပါပဲ။

အမေရိကန်မျိုးချစ်စိတ်၊ အမေရိကန် စစ်သွေးကြွ

မျိုးချစ်စိတ်က စစ်နဲ့ အနီးကပ် ဆက်စပ်နေပါတယ်။ ဂျင်ဂိုအစ်ဇင်(မ်)ကတော့ ပိုတောင်ဆိုးပါတယ်။ စစ်သွေးကြွ ဇာတိမာန် တက်ကြွနေသူရဲ့ အမြင်မှာ ကိုယ့်အလိုလည်းမပါဘဲ မတော်တဆ မွေးလာတဲ့ နယ်မြေချင်းမတူ ဖြစ်နေတဲ့ တခြားသူတွေကို ရန်သူ၊ ကိုယ်နဲ့ ဘဝတူ လူသားမဟုတ်ဘူးအထိ မြင်နေကြစမြဲပါ။ ဂျင်ဂိုအစ်ဇင်(မ်)ဟာ တဖက်သားကို နှိမ်လိုတဲ့၊ တဖက်သားရဲ့ လူ့သိက္ခာကို ချိုးဖဲ့လိုတဲ့ စိတ်ဓာတ်ပါပဲ။ မှားမှား မှန်မှန်၊ ဒါ ငါ့နိုင်ငံဆိုတဲ့ အမြင်နဲ့ အဲဒီ့ ဝါဒကို ထောက်မထားပါတယ်။

အဆိုးဆုံးကတော့ ဘုရားသခင်က ရွေးချယ်ထားတဲ့ လူထုဆိုတဲ့ ယုံတမ်းကို ဂျင်ဂိုအစ်ဇင်(မ်)က အားဖြည့်ပေးပါတယ်။ ဘုရားသခင်က ရွေးထားတဲ့လူထုဆိုတာက ကိုယ်မွေးလာတဲ့ အခြမ်းဘက်မှာသာ ဘုရား ရှိတယ်ဆိုတဲ့ အမြင်ပါပဲ။ ဒါ့ကြောင့် ကိုယ့်နိုင်ငံက တခြားနိုင်ငံက မိန်းမတွေ၊ ကလေးတွေ၊ မိသားစုတွေ၊ မင်္ဂလာဆောင်တွေ စိစိညက်ညက်ကြေအောင် လူမပါတဲ့ ဒရုန်းတွေနဲ့ သွားဗုံးကျဲဦးတောင်မှ ကိုယ့်နိုင်ငံကသာ တရားနည်းလမ်းကျတယ်လို့ မြင်နေတာပါ။ (အမေရိကန်တွေမှာ အဲဒီ့ စိတ်အလွန်ပြင်းတာ သမိုင်းက သက်သေခံခဲ့ပြီးပါပြီ။ ဒါ ဘာသာပြန်သူ့ စကားချပ်ပါ။)

နိုင်ငံရေးသမားတွေရဲ့ ပါးစပ်ထဲက မျိုးချစ်စိတ်

နိုင်ငံရေးသမားတွေ ပြောတဲ့ မျိုးချစ်စိတ်ဆိုတာ အဆိပ်ပြင်း၊ အန္တရာယ်များတဲ့ မူကို ဆိုလိုပါတယ်။ တနည်းပြောရင် သူတို့အနေနဲ့ နိုင်ငံသားတွေကို ယဉ်ပါးအောင် ကျုံးသွင်းဖို့အတွက် လိုသလို ချယ်လှယ်နိုင်တဲ့ စိတ်ဓာတ်သာ ဖြစ်ပါတယ်။ လူထုအကျိုးစီးပွားထက် အုပ်ချုပ်သူအခွင့်ထူးခံတွေရဲ့ အကျိုးစီးပွားကို ပိုဇောင်းပေးတဲ့ ဥပဒေတွေ၊ ဓလေ့ထုံးတမ်းတွေ၊ အမူအကျင့်တွေကို လိုက်နာအောင် မျိုးချစ်စိတ်ကို နိုင်ငံရေးသမားတွေက ခုတုံးလုပ်တတ်ကြပါတယ်။

ကိုယ့်နိုင်ငံက မှားနေနေ၊ မှန်နေနေ၊ နိုင်ငံတော်က ကမကထပြုတဲ့ မျိုးချစ်စိတ်ရဲ့ သီးခြား ဓလေ့စရိုက်၊ သွင်ပြင် လက္ခဏာကတော့ အာဏာရနေတဲ့ နိုင်ငံခေါင်းဆောင်တွေ စိတ်တိုင်းကျ ဖွင့်ဆိုထားတဲ့ နိုင်ငံတော်၊ အစိုးရ၊ ယဉ်ကျေးမှု၊ တန်ဖိုးထားမှုတွေကို ချစ်မြတ်နိုးရမယ်ဆိုတာပါပဲ။

အဲဒီ့ မျိုးချစ်စိတ်ကနေ စည်းလုံးညီညွတ်ရေးတို့၊ နိုင်ငံတော် တည်ဆောက်ရေးတို့နဲ့ ပတ်သက်တဲ့ ကြွေးကြော်သံတွေ ပေါက်ဖွားလာခဲ့တာပါ။ အဲဒီ့ကြွေးကြော်သံမျိုးတွေကို တောင်အာဖရိကနိုင်ငံမှာ ရှင်းရှင်းလင်းလင်း ကြားခဲ့ကြသလို လွတ်လပ်စွာ ထုတ်ဖော်လှစ်ဟခွင့်ကိုလည်း ပျက်စီးသွားစေခဲ့ပါတယ်။

စည်းလုံးညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေးဟာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုပြီး စီရင်ဆုံးဖြတ်ပေးသူတွေဟာ နိုင်ငံရေးသမားတွေ၊ နိုင်ငံတော် ဝန်ထမ်းတွေ ဖြစ်လာပြီဆိုရင်ဖြင့် ပင်ကိုအားဖြင့် အကောင်းဘက်ဆောင်တဲ့ သည်ရိုးရိုးသားသား သဘောတရားတွေဟာ အန္တရာယ်ကြီးလာပါတော့မယ်။ သည်လိုနဲ့ အမျိုးသမီးချင်း ပွေ့ဖက်ထားတဲ့ ပုံ၊ တမူထူးခြားတဲ့ မျက်နှာ၊ ကိုယ်ခန္ဓာတွေကို မြင်သာအောင် ပြတဲ့ တခြားပုံတွေကို ရိုက်ကူး ခင်းကျင်းပြသတဲ့ နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ပုံဆရာရဲ့ ပုံတွေကို နိုင်ငံရေးသမားတို့၊ အနုပညာနဲ့ ယဉ်ကျေးမှု ဝန်ကြီးတို့က ရှုံ့ချပြတာတွေ မြင်လာရတော့တာပါပဲ။

အနုပညာမှာလည်း ဝင်ရှုပ်တာ နိုင်ငံရေးသမားပါ

လိင်တူချင်းတပ်မက်သူ အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်း ဖြစ်လေတဲ့ ဓာတ်ပုံဆရာ ဇန္နဲ(လ်) မူဟိုလီရဲ့ ဓာတ်ပုံတွေကို ကမ္ဘာ့ မြို့ကြီး အများအပြားမှာ ပြသခဲ့ပြီး ချီးကျူးကြတဲ့သူတွေကလည်း အုတ်အော်သောင်းသဲပါ။ Image result for muholi zaneleအနုပညာ နက်ရှိုင်းမှုနဲ့ အလှကြောင့် ပညာရှင်တွေတောင် ရင်သပ်ရှုမောခဲ့ရတဲ့ လက်ရာတွေပါပဲ။

ဒါပေမယ့် လွတ်လပ်သွားပြီလို့ဆိုတဲ့ တောင်အာဖရိကနိုင်မှာတော့ မျက်နှာပြောင်တိုက်သူ (နိုင်ငံရေးသမား အမျိုးသမီး) နိုင်ငံရေးသမ လူလူး ဇင်ဂွာဟာကတော့ အဲဒီ့အချိန်က အနုပညာနဲ့ ယဉ်ကျေးမှု ဝန်ကြီးဖြစ်နေခဲ့ပြီး ဇန္နဲ(လ်)ရဲ့ ဓာတ်ပုံတွေဟာ စည်းလုံးညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေး တန်ဖိုးထားမှုတွေနဲ့ ဆန့်ကျင်နေပါတယ်လို့ အမိန့်တော်မြတ် ချမှတ်ခဲ့ပါတယ်။

သည်ဝန်ကြီးက စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသူရဲ့ အခန်းကဏ္ဍကို ယူခဲ့သလို သူ့တကိုယ်ရေ တန်ဖိုးထားမှုတွေကို ထင်ဟပ်နေတဲ့ ထုတ်ပြန်ကြေညာချက်တွေကို ချမှတ်ခဲ့ပါတယ်။ လိင်တူချင်း ချစ်တာကို ခွင့်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (ဖွဲ့အုပ်ဥ)ထဲမှာ အမြတ်တနိုး ထည့်သွင်းထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တန်ဖိုးထားမှုတွေနဲ့ ဆန့်ကျင်နေလင့်ကစား သည်ဝန်ကြီးမ ပါးစပ်ကထွက်တဲ့ သူ့တကိုယ်ရေ တန်ဖိုးထားမှုတွေက အလိုလိုနေရင်း နိုင်ငံလုံးဆိုင်ရာ တန်ဖိုးထားမှုတွေ ဖြစ်ကုန်တယ်။

Image result for muholi zaneleမျိုးချစ်စိတ်ဆိုတဲ့ အကြောင်းပြချက်အောက်မှာ သက်ဆိုင်ရာ အနုပညာအသီးသီးသည်လည်း နိုင်ငံလုံးဆိုင်ရာ စည်းလုံးညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေးကို ပံ့ပိုးပေးရမယ်လို့ နိုင်ငံတော်ကလည်း အမိန့်တော် မှတ်ချ လိုက်ပါတော့တယ်။ သည်စိတ်ဓာတ်အတိုင်း မရှိတဲ့ အနုပညာသည်တွေ၊ ဒါမှမဟုတ်လည်း စည်းလုံးညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေးရဲ့ အနက်အဓိပ္ပာယ်၊ လက်တွေ့အသုံးချပုံတို့ကို တခြားနည်းနဲ့ နားလည်ထားတဲ့ အနုပညာသည်တွေကိုဆိုရင်တော့ မျိုးချစ်စိတ်မရှိဘူးလို့ ယူဆကြပါတော့တယ်။

ဒါဟာဖြင့် အဂတိလိုက်စားသူ (အဂတိလေးပါးစလုံးထဲက တပါးပါးကို ဆိုလိုပါတယ်။ လာဘ်စားတာ တခုတည်း မဟုတ်ပါ။) နိုင်ငံရေးသမားများအတွက် အားကိုးရာ ဖြစ်လာတဲ့ မျိုးချစ်စိတ်အမျိုးအစားပါပဲ။

အဲဒါတွေထက် သာလွန် မြင့်မြတ်တဲ့ မျိုးချစ်စိတ်

ဒါပေမယ့်လည်း တဖက်မှာ ကိုယ့်နိုင်ငံကို နှိုင်းနှိုင်းချင့်ချင့် ချစ်တဲ့စိတ်ကို မွေးမြူသလို ဘာကြီးပဲဖြစ်ဖြစ် သစ္စာရှိမImage result for james william fulbrightယ် ဆိုတဲ့ သဘောထားကိုလည်း ဆန့်ကျင်တဲ့ မျိုးချစ်စိတ်သဘောတရား နောက်တခုလည်း ရှိပြန်ပါသေးတယ်။ အဲဒါကိုတော့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျိမ်း(မ်)(ဇ်) ဝစ်လျံ(မ်) ဖှူး(လ်)ဘရိုက်(ထ်) (၁၉၀၅-၁၉၉၅) က ရေးပြခဲ့ပါတယ်။

“မိမိနိုင်ငံအား ဝေဖန်ခြင်းသည် နိုင်ငံကို အလုပ်အကျွေးပြုခြင်းဖြစ်သလို နိုင်ငံကို ချီးကျူးဂုဏ်ပြုခြင်းလည်း မည်ပါသည်။ နိုင်ငံအား လက်ရှိလုပ်ဆောင်နေသည်ထက် ပိုကောင်းအောင် လုပ်ဆောင်ရန် နှိုးဆော်ရာ ရောက်သဖြင့် အလုပ်အကျွေးပြုခြင်းဟု ဆိုရခြင်းဖြစ်ပေသည်။ … တိုတို ပြောရလျှင် ဝေဖန်ခြင်းသည် အခွင့်အရေး တရပ်သာမကဘဲ မျိုးချစ်စိတ်၏ အပြုအမူသာ ဖြစ်ပေသည်။ ဤနေရာတွင် မျိုးချစ်စိတ်ဟူသည်မှာ ရင်းနှီးပြီးသား ဓလေ့ထုံးစံများ၊ ကိုယ့်နိုင်ငံကိုယ် လွန်လွန်ကဲကဲ မြှောက်စားခြင်းများထက် သာလွန်မြင့်မြတ်သော မျိုးချစ်စိတ်ပုံစံဟု ကျနော် ယူဆပါသည်”ဟူလို။

(ဘာသာပြန်အဆုံး)

ရည်ညွန်း စာနှစ်ပုဒ်

မူရင်း ဆောင်းပါးက အရှည်ကြီးပါ။ မဆုံးသေးပါဘူး။ ဒါက ပထမပိုင်းထဲက ကျနော် တတ်နိုင်သလောက် ကောက်နုတ် ပြန်ဆိုထားတာသာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ကျန်ပါသေးတယ်။

မူရင်းကို သည်မှာ ဖတ်နိုင်ပါတယ်။ https://city-press.news24.com/…/Do-we-need-patriotic-journa…

အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ ဇင်ဘာဘွေမှာလည်းပဲ မျိုးချစ် စာနယ်ဇင်းဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း အော့(ခ်)(စ်)ဖှာ့(ဒ်) တက္ကသိုလ် ပါမောက္ခတယောက်ရဲ့ ပညာရပ်ဆိုင်ရာ စာတမ်းတစောင် တွေ့မိပါတယ်။ “ဇင်ဘာဘွေနိုင်ငံတွင် မျိုးချစ်စာနယ်ဇင်းပေါ်ပေါက်လာခြင်းနှင့်တကွ ယင်း၏ အကျိုးဆက် အလားအလာများ”တဲ့။ ဝါသနာပါပြီး အင်္ဂလိပ်လို ဖတ်နိုင်ရင် https://bit.ly/2YFsscE ကနေ ရယူဖတ်ရှုနိုင်ကြပါလိမ့်မယ်။

သုံးသပ်မိတာလေး

အာဖရိကတိုက်မှာက နိုင်ငံအတော်များများက အာဏာရှင်နိုင်ငံတွေ ဖြစ်ကြတာ အားလုံး အသိလို့ ထင်ပါတယ်။ နောက်တခုက သူတို့ရဲ့ လူမျိုးစရိုက်။ လက်နက်အားကိုးနဲ့ ဗိုလ်ကျချယ်လှယ်တတ်ကြတဲ့ (လူရိုင်း) စရိုက်က သူတို့ သွေးသားထဲမှာ စွဲနေပါတယ်။ အဲတော့ နိုင်ငံရေးသမားတွေ ဖြစ်လာတဲ့အခါမှာလည်း ထုံးစံအတိုင်း အာဏာကို မက်လာတယ်။

အာဏာကို ဖက်တွယ်ထားနိုင်ရေးမှာ စကားလုံးလှလှတွေ ရှာလိုက်တဲ့အခါ နောက်ဆုံး အားကိုးရာအဖြစ် မျိုးချစ်စိတ်ဆိုတာကြီးကို သွားတွေ့ကြတယ်။ သည်မှာတင် “မျိုးချစ်စာနယ်ဇင်း”ဆိုတာကိုပါ သူတို့အကျိုးစီးပွားအတွက် ချသုံးလာကြတယ်။ အဲလိုပဲ သုံးသပ်မိပါတယ်။

ဘာကို ရွေးကြပါမလဲ

အဆုံးပိုင်းက အမေရိကန် အထက်လွှတ်တော်အမတ် ပြောသွားတဲ့ သာလွန်မြင့်မြတ်တဲ့ မျိုးချစ်စိတ်ကို ကျနော်ဖြင့် နှစ်သက် မဆုံးဘူး။

အမေရိကန်တွေ မျိုးချစ်စိတ်လွန်ကဲနေတာ အထက်မှာ ဖြစ်ရပ်ဥပမာနဲ့ အထင်အရှား ပြခဲ့ပြီးပါပြီ။ သို့ပေတည့် လွှတ်တော်အမတ်ရဲ့ အတွေးအမြင်မျိုးကတော့ တွေ့ရခဲလှလို့ ထင်မိပါတယ်။

ကျနော်လည်း မျိုးချစ်ပါတယ်။ နိုင်ငံချစ်ပါတယ်။ ဒါပေမယ့် ကျနော်ချစ်တာက သူပြောသလိုပါ။ နိုင်ငံကို အလုပ်အကျွေးပြုလိုတဲ့ စေတနာနဲ့ ချစ်တာပါ။ တခြားသူတွေ၊ ကိုယ်နဲ့မတူသူတွေကို မုန်းတီး ရန်လိုတဲ့ စိတ်မျိုးနဲ့ ချစ်မိတာ မဟုတ်ပါဘူး။

စာဖတ်သူ လူကြီးမင်းကရော… ဘယ်လို စိတ်မျိုးနဲ့ ချစ်ချင်တာပါလဲ။

စာဖတ်သူ လူကြီးမင်းရဲ့ သားသမီး မြေးမြစ်တွေကိုရော ဘယ်လို စိတ်မျိုးနဲ့ မျိုးချစ်တတ်အောင် သွန်သင်ခဲ့ချင်ပါသလဲ။

ဘာကိုပဲ ဆုံးဖြတ်ဆုံးဖြတ် စာဖတ်သူ လူကြီးမင်းကို လေးစားပါတယ်။

တခုပါပဲ။ ကျနော့်စာလေးကို ဖတ်ပြီး အလေးအနက် တချက်လောက် စဉ်းစားကြည့်ပေးရင်ပဲ ဒါတွေကို ကျနော် ရေးရကျိုးနပ်ပြီလို့ အောက်မေ့လိုက်ပါရစေတော့ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…

အတ္တကျော်

(၀၃၀၈၁၉)

အားလုံး ချမ်းသာကြပါစေ

၁၃ ချက်

တချက်စီ ဖတ်ကြည့်၊ ဆင်ခြင်ကြည့်ပြီး စဉ်းစားကြရအောင်လားဗျာ။

1. မှားတာ မှန်တာကို ဂရုမထားတော့တာ။

2. တခြားသူတွေအပေါ်မှာ အမြတ်ထုတ်ဖို့ တချိန်လုံး လိမ်လည် လှည့်ဖျားနေတာ

3. တဖက်သားအပေါ်မှာ စာနာစိတ်ကင်းမဲ့တာ၊ အပြစ်မြင်တာ၊ မလေးစားတာ

4. ကိုယ်လိုချင်တာ ရဖို့၊ ကိုယ်စိတ်ချမ်းသာဖို့ တဖက်သားကို ချယ်လှယ်နိုင်အောင် ချစ်စရာကောင်းတဲ့ သူ့အရည်အသွေးကိုဖြစ်စေ၊ ဇဝနဉာဏ်ကိုဖြစ်စေ သုံးတတ်တာ

5. လူတတ်လုပ်တာ၊ တခြားသူတွေထက် သာတယ်လို့ ယူဆနေတာ၊ ကိုယ့်အယူအဆမှ အမှန်ဆိုပြီး အသေကိုင်စွဲထားတတ်တာ

6. ခြိမ်းခြောက် အကြပ်ကိုင်တဲ့နည်း၊ ကလိန်ကျတဲ့နည်းနဲ့ တခြားသူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်တာ

7. စိတ်လိုက်မာန်ပါ လုပ်တတ်တာ၊ ဒါမှမဟုတ် ရှေ့အတွက် ကြိုမစဉ်းစားတာ

8. ရန်လိုတာ၊ သိသိသာသာ အကဲဆတ်လွယ်တာ၊ စိတ်အနှောင့်အယှက်ဖြစ်လွယ်တာ၊ ခိုက်ရန်ဒေါသစိတ်ကြီးတာ၊ အကြမ်းဖက်တာ

9. တဖက်သားနေရာက နေမပေးတတ်တဲ့အပြင် တခြားသူတွေကို ဒုက္ခပေးမိလို့လည်း နောင်တမရတတ်တာ

10. ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ တခြားသူတွေအတွက်ပဲဖြစ်ဖြစ် ဘေးကင်းကင်း မကင်းကင်း မလိုအပ်ဘဲ စွန့်စားလို၊ ရမ်းကားလိုတဲ့ အမူအကျင့်

11. အိမ်ထောင်ရေး၊ အချစ်ရေးမှာလည်း အဆင်မပြေတာ၊ ဒါမှမဟုတ် နိုင်လိုမင်းထက်လုပ်တတ်တာ

12. ကိုယ့်အမူအကျင့်ရဲ့ အကျိုးဆိုးတွေကို ထည့်စဉ်းစားဖို့ဖြစ်ဖြစ်၊ အဲဒီ့အကျိုးဆိုးတွေကို သင်ခန်းစာယူဖို့ဖြစ်ဖြစ် စိတ်ကို မဝင်စားတာ

13. တချိန်လုံး တာဝန်မဲ့တာ (ဖြစ်လာသမျှ ငါလုပ်လို့ဆိုပြီး တာဝန်ယူချင်စိတ်မရှိတာ)အပြင် အလုပ်တာဝန်၊ (ပေးဆပ်ရမယ့် တာဝန်လိုမျိုး) ငွေကြေးတာဝန်တွေကို တချိန်လုံး ပျက်ကွက်နေတာ

ကျနော်တို့ ပတ်ဝန်းကျင်မှာ အဲသလို လူတွေ တွေ့ဖူးပါသလားလို့ မေးရင် လူကြီးမင်း ဘယ်လို ဖြေမလဲလို့ သိချင်လိုက်တာ။

နေ့စဉ် တွေ့မြင်

ပထမ ခုနစ်ချက် (၁ ကနေ ၇) အထိတော့ ကျနော့်ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့မြင်နေရသလိုပါပဲ။ မယုံဘူးလားခင်ဗျာ။ လမ်းပေါ်ကို ထွက်ပြီး ကားစီးကြည့်လိုက်ပါ။ ၁ ဖြစ်တဲ့ အမှား အမှန်ကို ဂရုမစိုက်တာလည်း တွေ့ပါလိမ့်မယ်၊ ၂ ကိုတော့ ယာဉ်မောင်းတွေဆီမှာ မတွေ့ရဘူးပဲ ထားပါ၊ ၃ ဆိုတဲ့ တဖက်သားကို မစာနာတဲ့ စိတ်တွေလည်း ထင်းထင်းကြီးတွေ့ရ ပါလိမ့်မယ်၊ ၅ ဖြစ်တဲ့ သူက ပိုမောင်းတတ်သလို အမူအကျင့်ကိုလည်း တွေ့ရဦးမှာပါ၊ ၆ – ခြိမ်းခြောက် အကြပ်ကိုင်တဲ့နည်း၊ ကလိန်ကျတဲ့နည်းနဲ့ တခြားသူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေတာရယ်၊ ၇ – စိတ်လိုက်မာန်ပါ လုပ်တာရယ်လည်း ခရီးသည်တင် ယာဉ်မောင်းတဲ့သူများမှသည် ကားအကောင်းစားကြီး မောင်းနေတဲ့သူတွေဆီမှာပါ တွေ့ရတဲ့ အမူအကျင့်ပါ။ ဟုတ်ကဲ့လား မသိဘူး။

ကားနဲ့ ဝေးပါတယ်ဆိုရင် တန်းစီရတဲ့ နေရာတွေမှာလည်း အဲလို လူမျိုးတွေ တွေ့ရနိုင်ပါတယ်။

ဗိုလ်နေဝင်းကို မုန်းလှတယ်ဆိုပေမယ့်

မြန်မာ့စောက်ရှက်လက်(စ်) လမ်းစဉ်ဖာထီက ပေးခဲ့တဲ့ အမွေဆိုးကတော့ “ငတေစိတ်”ပါပဲ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မို့ “ငတေစိတ်”လို့ အနွတ္ထသညာ ပြုလိုက်ရတာပါပဲ။ ကိုယ်အနေချောင်ဖို့၊ ကိုယ် ကောင်းစားဖို့သာ အဓိက၊ ကျန်တဲ့သူ ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ဓာတ်အမွေဆိုးကို ဗိုလ်နေဝင်းရဲ့မဟာလမ်းစဉ်က ပေးအပ်ခဲ့ပါတယ်။

ဗိုလ်နေဝင်းကို မုန်းတယ်လို့ ပြောကြသူတွေ ကိုယ်နှိုက်က ဗိုလ်နေဝင်းထားခဲ့တဲ့ စိတ်ဓာတ်အမွေကို ပျော်ပျော်ကြီး ဆက်ခံ ကျင့်သုံးနေကြတာ ရယ်စရာ အလွန်ကောင်းလှပါတယ်နော်။ သူ့ကို ဘုရားလို ကိုးကွယ်ခဲ့သူတွေမှာဆို သည့်ထက် ပိုဆိုးမှာဆိုတာလည်း တွေးမိရပါတယ်။

အမယ်… ဘာတဲ့။ “မကောင်းနိုင်ရင် ကင်းအောင်နေ၊ မကင်းနိုင်ရင် ကောင်းအောင်နေ”ဆိုတဲ့ သြဝါဒ ရွှေတလွဲကိုတောင် ချတဲ့သူက ချနေကြသေး။ “မကင်းနိုင်ရင် ကောင်းအောင်နေ”ဆိုတာက တကယ်တော့ သည်မောင်တွေနဲ့ မကင်းနိုင်ဘူးလား၊ မကင်းနိုင်လို့ရှိရင် သည်မောင်တွေ အလိုကျသာ မှားမှား မှန်မှန်၊ ဆိုးဆိုး ကောင်းကောင်း အလိုက်အထိုက်နေဖို့ သင်ပေးတဲ့ သြဝါဒ ရွှေတလွဲပါ။ သူခိုးဓားပြနဲ့ မကင်းနိုင်ရင် သူတို့လိုပဲ လိုက်ခိုး၊ လိုက်လု၊ လိုက်ဓားပြတိုက်ဖို့ သွန်သင်တဲ့ အဆိုအမိန့်။ အဲဒါကို “ကောင်းအောင်နေ”ဆိုတဲ့ သကာနဲ့ ဖုံးလိုက်တာ။

အဲဒါလည်း ဗိုလ်နေဝင်းလက်အောက်မှာ အနေချောင်သူတွေရဲ့ ပါးစပ်က ထွက်လာတဲ့ အဆိုအမိန့်ပါပဲ။ တနည်းအားဖြင့် “ငတေစိတ်”ကို အားပေးအားမြှောက် ပြုနေတဲ့ ပတ်ဝန်းကျင်ဆိုတာ ထင်ရှားစေတဲ့ အဆိုအမိန့်ပေါ့။

“လူမှုရေးခေါင်းပါးတဲ့ ကိုယ်ရည်ကိုယ်သွေး စံလွဲမှု”

ဗိုလ်နေဝင်းနဲ့ သူ့မြန်မာ့စောက်ရှက်လက်(စ်) လမ်းစဉ်ဖာထီ တရားဝင် ကျဆုံးသွားခဲ့တာ ၁၉၈၈ ခုနှစ်က ဆိုတော့ အခုဆို ၃၁ နှစ်၊ မျိုးဆက်တဆက်စာတောင် ရှိခဲ့ပြီ။ ဒါပေမယ့် အဲဒီ့မျိုးဆက်က လက်ဆင့်ကမ်းခဲ့တဲ့ “ငတေစိတ်” အမွေအနှစ်ကတော့ ကျနော်တို့ လူ့ဘောင်မှာ တွင်ကျယ်နေဆဲပါပဲ။ ဟုတ်ကဲ့လား မသိဘူး။

Image may contain: one or more peopleအထက်က ဖော်ပြခဲ့တဲ့ အချက် ၁၃ ချက်ဟာ တကယ်တော့ “လူမှုရေးခေါင်းပါးတဲ့ ကိုယ်ရည်ကိုယ်သွေး စံလွဲမှု” (Antisocial Personality Disorder) စိတ်ဝေဒနာရဲ့ ရောဂါလက္ခဏာတွေပါ။

ခက်တာက အဲဒီ့ရောဂါလက္ခဏာတွေဟာ ကြီးကြီးမာစတာများမှသည် အောက်ခြေဝန်ထမ်းများအထိ၊ အစိုးရ လုပ်ငန်းများမှသည် ပုဂ္ဂလိက လုပ်ငန်းများအထိ၊ ပညာတတ်ကြီးများမှသည် ပညာမဲ့များအထိ ရှိရှိလေသမျှ လူထု လူတန်းစား အလွှာအသီးသီးမှာ လှိုက်စားနေတယ်လို့ မြင်မိရပါတယ်။

အဲဒီ့ “ငတေစိတ်”တွေ၊ အဲဒီ့ စံလွဲ စိတ်ဝေဒနာတွေ အရင့်အမာ အမြစ်တွယ် ချိုးကပ်နေတဲ့ လူ့ဘောင်ကို ကုနိုင်ပါဦးမလား။ ကျနော်ကတော့ တယ်မထင်မိတော့ဘူး။

လက်ဆင့်ကမ်းပေးကြပုံ အဖုံဖုံ

ကိုယ့်ရင်သွေးလေးတွေ ရှေ့မှာ ကိုယ်နိုင်လို့ ရတဲ့သူကို မစာမနာ မထောက်မထားဘဲ တအားအနိုင်ကျင့်ပြလိုက်တာ၊ ခံလာလို့ကတော့ ဆော်ပြီသာမှတ်၊ ချစရာရှိရင် ကိုယ်က ဦးအောင် တီးလာခဲ့လို့ ကလေးတွေကို သွန်သင်နေကြတာ၊ သူတပါးကို လိမ်လည်လှည့်ဖျားပြီး ကိုယ်ကျိုးရှာပြနေကြတာများဟာ မျိုးဆက်တဆက်က နောက်တဆက်ဆီ အကျအန လက်ဆင့်ကမ်းပေးနေတဲ့ “ငတေစိတ်”အမွေတွေလေ။

ရွာပြင်သာ အကောင်းဆုံး

အဲတော့လည်း အဲသလို လူ့ဘောင်ကို အဖတ်ဆယ်ဖို့ ကြိုးစားသူဟာ ရူးနေသူပဲပေါ့။ စံလွဲစိတ်ဝေဒနာရှင် ၁၀၀ ကြားမှာ လူမှန်တယောက်အတွက် နေရာမှ မရှိတာပဲလေ။

သည်လိုနဲ့ ကျနော်သည်လည်း ရွာပြင်မှာပဲ ထွက်ထိုင်နေမိရပါတော့တယ်။

အားလုံး ချမ်းသာကြပါစေ
အတ္တကျော်
၃၀၀၇၁၉