Skip to content

Phone Story (Part 1)

တေလေဂဏန်း ငါးလုံးတွဲ

———————————————————


နိဒါန်း ၁

ဘယ်လိုက ဘယ်လို စကားစပ်မိသွားသည်မသိ။ ကျွန်တော် ဦးထိန်ဝင်းကို ပြောမိသွားရသည်။

“သည်လို အပြောမျိုးလေးတွေကြောင့်လည်း အစ်ကို့ကို မိန်းကလေး တွေက အသည်းစွဲနေတာပေါ့…”

ဦးထိန်ဝင်း ရယ်သည်။ ရယ်ရင်းက ကျွန်တော့်ကို စကားပြန်သည်။

“မလုပ်နဲ့ အစ်ကိုရေ့။ ကျွန်တော်က ပါးစပ်နဲ့သာ လျှောက်နောက်နေ တာ၊ ဘာမှ အဖြစ်ရှိတာ မဟုတ်ဘူး…”

ကျွန်တော်တို့နှစ်ယောက်တွင် ဦးထိန်ဝင်းက ကျွန်တော့်ထက် အသက် အတန် ကြီးသော်လည်း သူက လူတကာကို “အစ်ကို” ခေါ်ကာ အမြဲတစေ ဖော်ရွေ ပျူငှာလေ့ရှိပြီး မိတ္တဗလဋီကာကို ကြေညက်သူဖြစ်လေသည်။ ကျွန်တော် ကိုယ်တိုင်ကလည်း သူ့လောက် မညက်လှသည့်တိုင် မိတ္တဗလ သဘောတရားများကို နှံ့စပ်သူဖြစ်သည့်အားလျော်စွာ သူ့နှယ်ပင် လူတကာကို “အစ်ကို”ခေါ်ပြီး ဆက်ဆံရန် ဝန်လေးသူမျိုး မဟုတ်ပြန်ပေ။

သို့ဖြစ်ရာ ကျွန်တော်တို့နှစ်ယောက် ပြောဆိုသည့် စကားပြောခန်းများကို ပြန်လည်ရေးသားတင်ပြရာတွင် “အစ်ကို”များ ထောင်းထောင်းထ နေခဲ့သော် သရုပ်မှန် သဘောတရားများနှင့် သမပြီး ချိန်ထိုးကာ နားလည်ပေးကြပါမည့်အကြောင်း စာဖတ်သူအပေါင်းအား ဤနေရာမှ ကြိုတင် နှိုးဆော်အပ်ပါသည်။

ကျွန်တော်က အကြမ်းပန်းကန်လုံးထဲသို့ ကရားထဲမှ ရေနွေးကြမ်းကို ထပ်ဖြည့်လိုက်ရင်း ဦးထိန်ဝင်းထံမှ စကားဆက်ကို စောင့်နေလိုက်သည်။ သူ့လေသံဟန်ပန်အရ စကားက မဆုံးတတ်ချင်သေး။

“ကျွန်တော့်ဗျာ… ဟိုတလောဆီက မိန်းမတစ်ယောက် ဖုန်းဆက်နေလို့ ဒုက္ခကို ရောက်လို့။ အိမ်က မိန်းမနဲ့ကလေးတွေ ရှေ့လည်း သည်ဖုန်းက ဝင်လာလို ဝင်လာနဲ့၊ တော်တော် မချောင်တာ အစ်ကိုရေ့…”

“ဟုတ်လား၊ လုပ်စမ်းပါဦး၊ ဘယ်က အမျိုးသမီးလဲဗျ…”

သူ့ကို စကားထောက်ရင်း သည်လူကြီး ၄၀ကျော်မှ ကံက ပေါ်နေပါလားဟု တွေးလိုက်၊ ကျိကျိတက်သူမို့ ဝိုင်းဝိုင်းလည်နေတာ ဖြစ်မှာဟု တွေးလိုက်နှင့်၊ တစ်ယောက်တည်း ဇယားရှုပ်နေမိသည်။

“နေဦးဗျ၊ သည်ဇာတ်က အစက စပြောမှ ကောင်းမှာဗျ…၊ အစ်ကို အချိန်ရတယ် မဟုတ်လား…”

“သိပ်ရတာပေါ့ အစ်ကိုရယ်၊ လုပ်စမ်းပါဦး…”

သည်စကားကိုတော့ မိတ္တဗလစွမ်းရည်ကြောင့် ပြောဖြစ်သွားသည် မထင်ပေ။ အကယ်တန္တု၊ ဇာတ်လမ်းတစ်ပုဒ်၏ အဓိက ဇာတ်ပို့တစ်နေရာမှာ တယ်လီဖုန်းတစ်လုံး ပါလာကတည်းက ထိုဇာတ်ကို ကျွန်တော်မှ စိတ်မဝင်စားလျှင် ကမ္ဘာကြီးခမျာ လုံးနေရာက ပြားသွားသည့်နှယ်သာ ရှိချိမ့်မည်။

နိဒါန်း ၂

သည်လို အစ်ကိုရ…၊ တစ်နေ့မှာ ကျွန်တော် ဆိုက်ထဲ ရောက်နေတုန်း ကျွန်တော့်ခါးမှာ ချိတ်ထားတဲ့ ဆယ်လျူလာ တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ကျွန်တော် ထူးလိုက်တော့ မိန်းမသံတစ်သံ ကြားရတယ်။

“ဦးမောင်မောင်လေးနဲ့ ပြောချင်လို့ပါ”တဲ့။ အသံက အောအော၊ လွင်လွင်ဗျ။ ကျွန်တော်လည်း ရုတ်တရက်ဆိုတော့ အဲဒီ့အသံကို ဆစ်ပိုင်းနေမိရင်းက “ခင်ဗျာ”လို့ အာမေဋိတ်လိုက်မိရတယ်။

“ကိုမောင်မောင်လေးလား…”

“မဟုတ်ဘူးခင်ဗျ၊ ကျွန်တော် ထိန်ဝင်းပါ…”

“ရှင်…”

“ကျွန်တော် ထိန်ဝင်းပါ။ အဲဒီ့က ဘယ်ကို ဆက်တာပါလဲ…”

“ဝ၉-၅၅၄၁၂ကလား ရှင်…”

“နံပါတ်ကတော့ မှန်ပါတယ် ခင်ဗျ…၊ ဒါပေမယ့် သည်ဖုန်းက ကျွန်တော်ထိန်ဝင်းရဲ့ ဖုန်းပါ…”

“ရှင်… ဦးမောင်မောင်လေးဖုန်း မဟုတ်ဘူးလား၊ မြားနတ်မောင် ကုမ္ပဏီက ဦးမောင်မောင်လေးလေ…”

“မဟုတ်ဘူးခင်ဗျ…”

“ဪ… ဆောရီးနော်၊ ဆူးကို စိတ်မရှိနဲ့ အစ်ကိုရယ်… နော်”

ပြောရရင်တော့ အစ်ကိုရေ့… ကျွန်တော့်မှာ စိတ်မရှိမိတဲ့အပြင် သူ့ ပြောပုံ ဆိုလက်ကြောင့် စိတ်တောင် နည်းနည်း လှုပ်ရှားသွားတယ်ဗျ။ နေဦး… မရယ်နဲ့ဗျ၊ တကယ်ပြောတာ…

အစ်ကို သိတဲ့အတိုင်း ကျွန်တော့် ဘဝက အလုပ်ထဲမှာ နစ်နေတာ။ အပန်းဖြေစရာဆိုလို့ ညနေတိုင် သောက်တဲ့ ဘီယာလေး နှစ်လုံး၊ သုံးလုံးနဲ့၊ စီးကရက်တွေနဲ့ပဲ ကျင်လည်နေရတဲ့ဘဝ။ သားတွေ၊ သမီးတွေကလည်း သူ့အရွယ်သူ ရောက်နေကြ၊ မိန်းမကလည်း သူ့အလုပ်နဲ့သူဆိုတော့ ဘာရယ် မဟုတ်ဘူး၊ အဲဒီ့ တဒင်္ဂလေးမှာ ကျွန်တော် အူရွှင်လာတယ်။ ဒါနဲ့ပဲ…

“အဲဒီ့က နာမည်က ဆူးတဲ့လား…”

“ဆူဇန်ပါရှင်။ ဆူဇန်ကို အတိုပြောတဲ့အကျင့်ပါနေလို့ ဆူးလို့ ထွက်သွားတာပါ။ အက်စ်၊ ယူ၊ အီး၊ ဆူးပေါ့ အစ်ကိုရယ်…”

“ဟုတ်ကဲ့ခင်ဗျ…၊ သိရတာ ဝမ်းသာပါတယ် မဆူးရယ်…”

“အစ်ကိုက အရမ်းကို ရည်မွန်တာပဲ။ အစ်ကို့ကို ဆူးမြင်ဖူးချင်လို့တောင် လာပြီ…”

“မမြင်ဖူးချင်ပါနဲ့ မဆူးရယ်… မြင်တာနဲ့ မဆူးကျွန်တော့်ကို စိတ် ပျက်သွားမှာ…”

“ဘာလို့လဲဟင်… အစ်ကိုက ရုပ်သိပ်ဆိုးနေလို့လား၊ ကိစ္စမရှိပါဘူး အစ်ကိုရာ၊ ယောကျာ်းဆိုတာ ရုပ်လှဖို့မှ မလိုတာ…”

“ကျွန်တော့်အသားက ကပ္ပလီကတောင် အဘ ခေါ်ရလောက်အောင် မည်းတယ် မဆူးရဲ့။ ပိုက်ကလည်း ရွှဲသေး၊ နှုတ်ခမ်းကလည်း ပြဲတဲ့အပြင် ထော်နေသေး…”

“အစ်ကိုကလည်းနော်… ပေါက်ကရတွေ…”

“တကယ်ပြောတာ မဆူးရဲ့… မဆူးမြင်ရင် စိတ်ပျက်မိမှာပါ…”

“အစ်ကိုက မိန်းကလေးတွေအကြောင်း မသိဘူးနဲ့ တူတယ်။ မိန်းကလေးတွေက ရုပ်အလှထက် စိတ်အလှကို ပိုလို့ အလေးအနက်ထားတတ်ပါတယ် အစ်ကိုရယ်…”

“ပြောတဲ့အတိုင်း ဖြစ်လာပါစေလို့ ဆုတောင်းနေရမှာပဲဗျာ…”

အစ်ကို ပြုံးပြီ။ ဟုတ်တယ်ဗျ… အဲဒီ့အချိန်က ကျွန်တော့်လျှာ စလစ်ဖြစ်နေသလား အောက်မေ့မိရအောင်ကို သွက်နေတာ။ နဂိုကတည်းက လျှာသွက်ရတဲ့အထဲ အူကလေးက မြူးနေတော့ ပိုသွက်နေတာပေါ့ အစ်ကိုရာ…။ ဒါပေမယ့် သတိကတော့ မလွတ်ဘူးဗျ။

ခုမှ အသံကြားရတဲ့ မိန်းမတစ်ယောက်ကို ကျွန်တော့် ကိုယ်ရေး အချက်အလက်တွေ အစုံအလင် ရွတ်ပြဖို့အထိတော့ ကျွန်တော့်သတိက လွတ်မသွားသေးဘူး။ ဒါနဲ့ တွေ့ကရာတွေ လျှောက်ပြောချလိုက်တာပေါ့။

“သည်ညနေ အစ်ကိုအလုပ်ရှိလားဟင်…”

သူမေးလိုက်တဲ့ လေယူလေသိမ်းက ဖုန်းနားထောင်နေတဲ့ ကျွန်တော့်ကို အရည် ပျော်စေနိုင်ရုံသာမက အငွေ့ဖွဲ့ပြီး မိုးသားကောင်းကင်ပေါ် တက်လို့ သူ့ဘက် လွင့်ပါးသွားချင်လောက်အောင်ကို နွဲ့နေတယ်။ ဒါပေတဲ့ အစ်ကိုရေ၊ “သတိ၊ သတိ”ဆိုပြီး ကျွန်တော့်ကိုယ်ကျွန်တော် ချွန်းအုပ်လိုက်ရင်း ပြန်ဖြေလိုက်ပါတယ်။

“အင်… သည်ညနေ စင်္ကာပူက လာတဲ့ ဧည့်သည်တစ်ယောက်ကို ညစာ ကျွေးမယ်လို့ ကတိထားခဲ့မိတယ်။ မဆူးရယ်…”

“ဒါဆို နက်ဖန်ညနေကျမှ ဆူး ကို့ဆီ ဆက်လိုက်မယ်လေ…”

“ကျွန်တော် မျှော်နေပါ့မယ်…”

“အစ်ကိုက အရမ်း အပြောကောင်းတာပဲ။ ဆူး အစ်ကို့ကို အရမ်း ခင်မိသွားပြီ။ ဒါပဲနော်… ကို”

“ဟုတ်ကဲ့ပါ…”

“ဘိုင်း…”

နိဒါန်း ၃

“အဲဒီ့ ဘိုင်းဆိုတဲ့ အသံကိုက ထူးလှတယ် အစ်ကိုရေ့…၊ ဘိုင်း… ယီ… လို့ ထွက်နေတယ်။ ညာသံအမြင့်စားလေးနဲ့…”

ဦးထိန်ဝင်း၏ သကာလောင်းထားသော မျက်နှာပေးကို ကြည့်ရင်း ကျွန်တော်ပါ ရွှင်လာရသည်။ စားပွဲပေါ်မှ သူ့လပ်ခီးစထရိုက်ခ် စီးကရက်ဘူးထဲက တစ်လိပ်ကို ဆွဲထုတ်လိုက်မိချိန်မှာ သူစကားဆက်သည်။

“တိုတို ပြောရရင်တော့ အဲသလိုနဲ့ သူ ကျွန်တော့်ဆီ မကြာမကြာ ဆက်တော့တာပဲ။ တွေ့ဖို့လည်း ခဏခဏ ချိန်းတယ်။ ကျွန်တော့်မှာ အလုပ်များတာကလည်း တစ်ကြောင်း၊ ချက်ချင်းကြီး ပြေးတွေ့လိုက်ရင် မှားကုန်မှာ စိုးတာကလည်း တစ်ကြောင်းကြောင့် လှည့်ပတ် ရှောင်နေရတာပေါ့။ သူကလည်း ဘာဆက်သလဲ မမေးနဲ့။ အချိန်မရှိ၊ အချိန်ရှိတွေဆက်တာ။ အိမ်က သားတော်မောင်လည်း ညဘက် သူ အပြင် ထွက်တဲ့အခါ ကျွန်တော့် ဆယ်လျူလာကို တစ်ခါတစ်လေ ယူသွားတတ်တယ်။ အဲဒါ တစ်ခါကျတော့ သားတော်မောင်နဲ့ တိုးနေပါလေရော။ သားအဖချင်းက ရှင်းလို့ ရသေးတယ်။ အိမ်က မဒမ်နဲ့ တိုးတဲ့အခေါက်မှာတော့ ကျွန်တော့်ဗျာ… ခေါင်းနားပန်းကို ကြီးသွားတာပဲ။ မနည်းရှင်းယူရတယ်။ လူ့ကို သေချင်စော်နံလို့…”

“သူ့ ပုံပန်းသဏ္ဌာန်ကိုရော အစ်ကို မေးမကြည့်ဘူးလား…”

“ဟား… ဘယ်နေမလဲ အစ်ကိုရာ… မေးတာပေါ့…”

“မေးတော့…”

“မေးတော့ သူက ပြောတယ်။ စိုးမြတ်သူဇာကို မျက်လုံးထဲမှာ မဆိုစလောက် ကလေး ဝကြည့်လိုက်တဲ့။ အဲဒါ သူပဲတဲ့…”

“အလဲ့… တယ်ဆိုပါလား၊ အသက်ကိုရော မေးကြည့်သေးလား အစ်ကို…”

“မေးတယ်၊ မေးတယ်။ ၃၀စွန်းစွန်းဆိုပဲ…”

“အိမ်ထောင်သည်များဖြစ်နေမလား…”

“အဲဒါ ကျွန်တော် လန့်တာပေါ့၊ နေဦး အစ်ကို၊ ကျွန်တော် ဆက်ပြောပြပါ့မယ်…”

“ကျွန်တော် တော်တော် စိတ်ဝင်စားနေပြီ…”

ကျွန်တော် ထက်ထက်သန်သန် ပြောလိုက်မိသည်။ အမှန်ပင်၊ သူ့ ဇာတ်လမ်းက တခြားသူတွေအတွက်တော့ မည်သို့ရှိလေမည်မသိ။ ကျွန်တော့် အတွက်ကတော့ ကျွန်တော့်အကြောင်းနှင့် ကျွန်တော်မို့ကို အူယားစရာ ကောင်းလှပြီ။

“သည်လိုနဲ့ တစ်ညနေမှာတော့ သူချိန်းတာကိုလာမယ်လို့ ကျွန်တော် ပြောလိုက်တယ်…”

နိဒါန်း ၎

သူက “ဆုံစည်းရာ” စားတော်ဆက်က စားပွဲအမှတ်၂၄ကို ညနေ ခြောက်နာရီ အရောက် လာခဲ့မယ်တဲ့။ ကျွန်တော်လည်း လာခဲ့ပါ့မယ်လို့ သူ့ကို စကား ပြန်လိုက်တယ်။

ညနေ ငါးနာရီခွဲသာသာလောက်မှာ ကျွန်တော်တို့ အဲသည့် “ဆုံစည်းရာ”ကို ရောက်သွားကြတယ်။ ကျွန်တော်တို့ဆိုတာက ကျွန်တော်ရယ်၊ နှုတ်ခမ်းမွေးရယ်၊ စောမြင့်အောင်ရယ်၊ ကိုရဲရယ်၊ အစ်ကို့ မိတ်ဆွေကြီး ဦးတင်အောင်ဝင်းရယ်ပေါ့။ တစ်အုပ်ကြီး…

ဟိုရောက်တော့ ကျွန်တော်တို့က စားပွဲအမှတ်၂၅မှာ နေရာယူလိုက်တယ်။ စားပွဲ ၂၄မှာက လူမရှိဘူး။ ကျွန်တော့်ကိစ္စကို အားလုံးကို ပြောပြထား ပြီးသားဆိုတော့ အားလုံးကလည်း အရမ်းကို စိတ်ဝင်စားနေကြတယ်။

ခြောက်နာရီသာသာလောက်ကျတော့ အဲဒီ့ စားပွဲ၂၄ကို လူငယ် သုံးယောက် လာထိုင်တယ်။ ကျွန်တော့်မှာ မင်းတို့ တခြားမှာ သွားထိုင်ကွာလို့ သွားပြောလို့ကလည်း မဖြစ်၊ ဟိုက ရောက်လာလို့ အားလုံး လွဲချော်ကုန်မှာကလည်း စိုးနဲ့… နည်းနည်း ညစ်သွားတယ်။

ခြောက်နာရီခွဲလောက်ကျတော့ တက်ကြွနေတဲ့ ကိုရဲတို့အုပ်စုကလည်း “ခင်ဗျားဟာက လာမှာ မဟုတ်တော့တဲ့အတူတူ ကျုပ်တို့ အရက်ပဲသောက် တော့မယ်“လို့ ပြောကြတယ်။ ကျွန်တော်ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ်၊ သူ ရောက်လာလိမ့်မယ်လို့ ယုံနေတယ် အစ်ကိုရ…။

ခြောက်နာရီ လေးဆယ်ကျတော့ ဆိုင်ထဲကို အမျိုးသမီး သုံးယောက် ဝင်လာတယ်။ ခက်တာက သုံးယောက်စလုံးက စိုးမြတ်သူဇာလို အဆက် အပေါက်မျိုးတွေ ဖြစ်နေတာပဲ။ သူတို့အားလုံးက စားပွဲနံပါတ်၂၄ကို လှမ်း ကြည့်တယ်။ အဲဒီ့စားပွဲ မအားတာနဲ့ စားပွဲ၂၃ကို သွားထိုင်တယ်။

သုံးယောက်ထဲမှာ ဘယ်ဟာ မဆူးလဲလို့ ကျွန်တော် ဝေခွဲလို့မရတော့ ဘူး။ ဒါနဲ့ အကြံ ထုတ်ရတော့တာပေါ့။

လွယ်ပါတယ်။ “ဆုံစည်းရာ”က ကျွန်တော်တို့နဲ့ အလွန်ရင်းနှီးတဲ့ဆိုင်။ ဆိုတော့ ကျွန်တော်တို့နဲ့ ခင်နေတဲ့ စားပွဲထိုးလေးတစ်ယောက်ကို ကောင်တာနားမှာ သွားပြောတယ်။

“စားပွဲ၂၃မှာ အမျိုးသမီး သုံးယောက် ထိုင်နေတယ်။ အဲဒီ့ အမျိုး သမီးတွေဆီကို သွားပြီး အစ်မတို့အထဲက မဆူးဆိုတာ ဘယ်သူလဲလို့ မေး၊ စောစောက ဦးလေးတစ်ယောက်က မှာသွားလို့လို့ ပြော။ အဲဒီ့ဦးလေးက စားပွဲ၂၄မှာ ၃၅မိနစ်တိတိစောင့်ပါတယ်။ ၃၅မိနစ်ကြာမှ ပြန်သွားပါတယ်။ အစ်မတို့လာရင် ပြောလိုက်ပါ။ သူ ၃၅မိနစ်တိတိ စောင့်သွားပါတယ်လို့ မှာသွားတယ်ဆိုပြီး သွားပြောပေးကွာနော်၊ ဩော… နေဦး… သူတို့က အဲဒီ့လူရဲ့ ပုံပန်းသဏ္ဍာန်ကို မေးရင် အသားမည်းမည်း၊ ဗိုက်ရွှဲရွှဲ၊ ပါးစပ်ပြဲပြဲလို့သာ ပြောလိုက်နော…”

ကျွန်တော်လည်း စားပွဲထိုးလေးကို အပီ သင်ပေးပြီး ကိုယ့်နေရာ ကိုယ်ပြန်ထိုင်နေလိုက်ပါတယ်။

နိဒါန်း ၅
ကျွန်တော့် ပစ်ချက်က ဒက်ခနဲကို မှန်တော့တာပဲ။ အမျိုးသမီး သုံးယောက်ထဲမှာ အသားဖြူဖြူ၊ မျက်လုံး မျက်ဆံကောင်းကောင်းနဲ့ ရွှေရေး ပါတိတ် ဝမ်းဆက် ဝတ်ထားတဲ့ တစ်ယောက် တော်တော် လှုပ်ခတ်သွားတာ ကျွန်တော်တို့ စားပွဲက လှမ်းတွေ့ရတယ်။

သည်အချိန်မှာ ကျွန်တော့် ခေါင်းထဲကို နောက်ထပ်အကြံတစ်ခု ဝင်လာတယ်။ ဒါနဲ့ ကျွန်တော်တို့ ဝိုင်းက ဆရာတွေကို မှာလိုက်တယ်။

ကျွန်တော် အပြင်ဘက်ကနေ ထွက်ပြီး ဆိုင်ကို ဖုန်းလှမ်းဆက်မယ်၊ အဲဒီ့ အမျိုးသမီးကို အခေါ်ခိုင်းမယ်။ ဘယ်သူ ထပြီး စကားပြောလဲဆိုတာကို တစေ့တစောင်း ကြည့်ထားကြဖို့ပေါ့။

ပြီးတာနဲ့ ကျွန်တော်လည်း ဆိုင်ဝင်းထဲမှာ ရပ်ထားတဲ့ ကားပေါ် ပြေးရတယ်။ မှန်တွေ အကုန် တင်လိုက်တော့မှ စားသောက်ဆိုင်ထဲက ထွက်နေတဲ့ သီချင်းသံတွေကို မကြားရတော့ဘူး။ ဒါနဲ့ ကျွန်တော့် ဆယ်လျူလာနဲ့ ဆိုင်ကို ဖုန်းဆက်လိုက်တယ်။ စားပွဲ ၂၃က မဆူးကို ခေါ်ပေးပါပေါ့။ ခဏနေတော့ သူ့အသံကို ကြားရတယ်။

“အစ်ကိုလား”လို့ တန်းမေးတာပဲ။

“ဟုတ်ပါတယ် မဆူး၊ မဆူးကို ကျွန်တော် အကြာကြီး စောင့်နေသေးတယ်။ သိပ်ကြာလာတော့ မဆူး ကျွန်တော့်ကို ညာသွားပြီလို့ တွေးပြီး ထွက်လာခဲ့တာ…”

“ဪသာ်… ကိုရယ်၊ ကို့ကို ဆူးမညာပါဘူး။ ဆူးနည်းနည်း နောက်ကျသွားတာပါ။ လမ်းမှာ ဓာတ်ဆီ ဝင်ဖြည့်နေလို့။ ကဲပါ၊ အစ်ကို အခုလာခဲ့လေ၊ ဆူးစောင့်နေမယ်…”

“အခုတော့ လာလို့ မရတော့ဘူးဗျာ။ ကျွန်တော် အခု လွမ်းလိပ်ပြာ ဘီယာဆိုင်ကို ရောက်နေတယ်။ အပေါင်းအသင်းတွေနဲ့မို့ ထထွက်လို့ မရတော့ဘူး။ နက်ဖန်ကျမှ ထပ်ချိန်းတာပေါ့…”

“ဟင်… ကိုကကွာ၊ ဆူး ငိုတောင် ငိုချင်လာပြီ၊ မရဘူးကွာ၊ လာဖြစ်အောင် လာခဲ့ရမယ်၊ ဒါပဲ…”

“မဖြစ်လို့ပါဗျာ၊ ကျွန်တော်လည်း လာချင်တာပေါ့၊ ဟော… မူးနေတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် သည်ဘက်ကို ထလာတယ်။ သူက သိပ်ရစ်တတ်တာ၊ ပြီးမှ ပြန်ဆက်လိုက်မယ်၊ ဒါပဲနော်…”

ဖုန်းပြောပြီးတော့ ကျွန်တော်လည်း ဆိုင်ထဲ ပြန်ဝင်ခဲ့တယ်။ စားပွဲ ၂၃ကို မသိမသာ အကဲခတ်လိုက်တော့ ဟိုအမျိုးသမီး တော်တော့်ကို ဂဏှာမငြိမ် ဖြစ်နေတော့တာ တွေ့ရတယ်။ အတူပါလာသူတွေကို တတွတ်တွတ်နဲ့ ပြောလို့ ဆိုလို့…။

သည်အချိန်မှာ ကိုရဲက တစ်စခန်း ထပြန်တယ် အစ်ကိုရ။ ဆိုင်မှာက သီချင်း ဆိုပြီး ဖျော်ဖြေပေးတဲ့ အစီအစဉ်လည်း ရှိနေတာကိုး။ ကိုရဲက စားပွဲထိုးလေးကတစ်ဆင့် သီချင်း တောင်းပြန်တယ်။

သီချင်းတစ်ပုဒ် ဆိုခိုင်းရင် ၃၀ဝ ပေးရတာ။ အင်္ဂလိပ် အချစ်သီချင်း တစ်ပုဒ်ဆိုပေးပါလို့ သူက ခိုင်းပါလေရော။ အဲ… မဆိုခင်မှာ “စားပွဲနံပါတ် ၂၃က မဆူးအတွက် တစ်ယောက်သောသူက တောင်းဆိုပေးလိုက်တဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်”လို့လည်း ကြေညာခိုင်းလိုက်တယ်။

အဲဒီ့ဆိုင်က သီချင်းသည်တွေကလည်း အင်္ဂလိပ် အချစ်သီချင်းဆိုလို့ Unchained Melody တစ်ပုဒ်ပဲ ရသတဲ့။ တကယ့် သီချင်းကောင်းပေါ့။
ကိုရဲ ခိုင်းတဲ့ အတိုင်းလည်း ကြေညာလိုက်ရော ဟိုမချော ပျာယာခတ်သွားတယ်။ တစ်ဆိုင်လုံးကို လိုက်ကြည့်နေတယ်။ အစ်ကို သိတဲ့အတိုင်း ကျွန်တော်တို့ မိတ်ဆွေကြီး နှုတ်ခမ်းမွေးက အသားမည်းမည်းနဲ့ ဆိုတော့ သူ့ကိုလည်း ကွက်ကြည့်၊ ကွက်ကြည့် လုပ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဝိုင်းမှာ ဆယ်လျူလာဖုန်းမှ မရှိတော့ နှုတ်ခမ်းမွေးကိုလည်း ထင်လို့ မရ ဖြစ်နေဟန် တူတယ်။

ကျွန်တော့် ဆယ်လျူလာကို ကားထဲမှာပဲ ထားခဲ့တာ အစ်ကိုရ…။ ဆယ်လျူလာကို ဆိုင်ထဲမှာ တကိုင်ကိုင် လုပ်နေရင် သဲလွန်စ ရသွားမှာစိုးလို့။
ကျွန်တော့်လေ… စားပွဲထိုးကို လှမ်းခေါ်ပြီး မေးမြန်း စုံစမ်းနေတဲ့ အမျိုးသမီးကို ကြည့်ရင်း ရယ်လိုက်ရတာ။ ဦးတင်အောင်ဝင်းက “ခင်ဗျား စွတ်ရယ်မနေနဲ့။ ဟိုဘက်က ရိပ်မိသွားလိမ့်မယ်”လို့ကို ပြောပြီး တားယူရတဲ့ အထိပဲ။

သီချင်း ဆုံးခါနီးတော့ ကျွန်တော်လည်း ကားထဲ ပြန်သွားတယ်။ ကားထဲကနေ ဆိုင်ထဲကို ဖုန်းလှမ်းဆက်တာ။

မချောလည်း လာကိုင်ရော ကျွန်တော်လည်း ပြောချလိုက်တယ်။

“မဆူးရယ်၊ ကျွန်တော် ဆုံစည်းရာကို ရောက်လာပါတယ်။ ဒါပေမယ့် မဆူးတို့က သုံးယောက်တောင်ဆိုတော့ ရင်မဆိုင်ရဲတာနဲ့ မဆူးအတွက် သီချင်းတစ်ပုဒ် တောင်းပြီး အပြင်ပြန်ထွက်ခဲ့ရတာ…”

“ဟင်… အစ်ကို အခုဘယ် ကဆက်နေတာလဲ…”

“ကားရပ်တဲ့နေရာက ဆက်နေတာပါ”

“ဆူး ချက်ချင်းထွက်လာခဲ့မယ်”

“လာခဲ့လေ…”

“ဘာကားဆိုတာရယ်၊ အစ်ကို ဘာဝတ်ထားတယ် ဆိုတာရယ်တော့ ဆူးကို ပြောဦး…”

ကားရပ်တဲ့နေရာကို သေသေချာချာ လေ့လာပြီးသား…။ ဆိုင်ဝင်းထဲမှာ ကျွန်တော်တို့ကားတွေ အပါအဝင် စုစုပေါင်းမှ ၁၁ စီးတည်း ရှိနေတာ။ အဖြူက ရှစ်စီး၊ နက်ပြာရောင် တစ်စီး၊ စိမ်းပြာရောင် နှစ်စီးပဲ ရှိတယ်။

“ကြက်သွေးရောင် တိုယိုတာ မာ့ခ်တူးပါ။ ကားနံပါတ်က သ/၁၃၂၆၊ အဲသည့်ကားထဲမှာ ကျွန်တော် ထိုင်နေမယ်…”

ပါးစပ်ထဲမှာ တွေ့တဲ့ နံပါတ်တစ်ခုနဲ့ ကားနာမည်ကို ရွတ်ပြလိုက်တယ်ဆိုရင်ပဲ တစ်ဘက်က အမျိုးသမီးက “ခုချက်ချင်း ဆူးလာခဲ့မယ်”လို့ ခပ်လောလော ပြောပြီး ဖုန်းချသွားတယ်။ ကျွန်တော်လည်း ဆယ်လူလာကို ခပ်သွက်သွက် ပိတ်၊ ကားပေါ်က ဆင်းပြီး ကားစောင့်တဲ့ လူကြီးနဲ့ စကားပြောနေလိုက်တယ်။

ကျွန်တော် စကားစခိုက်မှာပဲ ဆိုင်ထဲက မချောထွက်လာတာကို ရိပ်ခနဲ လှမ်းမြင်လိုက်တယ်။ ကျွန်တော်က ကားစောင့်သူနဲ့ စကားတွေ ဖောင်နေရင်းက မျက်လုံးစွန်းကနေ အသာကြည့်နေလိုက်တယ်။

အမျိုးသမီးခမျာ မပြေးရုံ တမည်ပဲ။ ဆိုင်ဝိုင်းထဲမှာရပ်ထားတဲ့ ကားတွေကို တစ်စီးချင်း လိုက်ကြည့်နေတာ။ ခက်တာက နီညိုရောင် ကားလည်း တစ်စီးမှမရှိသလို တိုယိုတာ မာ့ခ်တူးလည်း တစ်စီးမှ မရှိတာပဲ။ သေချာ လိုက်ကြည့်ပြီးတော့ သူ ကျွန်တော်တို့ အနားကို ရောက်လာတယ်။

“သည်မှာရှင်…”

ကျွန်တော်ရော ကားစောင့်သူပါ သူ့ကို လှည့်ကြည့်လိုက်တယ်။ သူနဲ့ ကျွန်တော်နဲ့က သုံး-လေးပေလောက်ပဲ ဝေးတာ။ သူက ကျွန်တော့်ကို နည်းနည်းလေးတောင် စွေမကြည့်ဘဲ ဆိုင်ဝတ်စုံ ဝတ်ထားတဲ့ ကားစောင့်သူကိုသာ ကြည့်ပြီး မေးတယ်။

“စောစောက သည်အနားမှာ တိုယိုတာ မာ့ခ်တူး ကြက်သွေးရောင် တစ်စီးများ ရှိနေလားဟင်…“
ကားစောင့်သူက အသေအချာ စဉ်းစားနေတယ်။ ကျွန်တော်က မာကျူရီ မီးရောင်အောက်က သူ့ကို သေချာ အနီးကပ် ကြည့်လိုက်တယ်။ ချောမော လှပတယ်လို့ မဆိုနိုင်ပေမယ့် တော်တော် ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးပါပဲ။ ထူထဲတဲ့ နှုတ်ခမ်းတွဲတွဲတွေက အဆွဲဆောင်နိုင်ဆုံးလို့ ပြောရမယ် ထင်ပါရဲ့ဗျာ။

ကားစောင့်သူက ကျွန်တော် သူ့ကို ခပ်တိုးတိုး ကပ်သင်ပေးထားနှင့် တဲ့အတိုင်း သွက်သွက်လက်လက် ဖြေချလိုက်တယ်။

“အစ်မ ထွက်မလာခင်လေးတင်ပဲ အဲသည့်ကား ထွက်သွားတာ အစ်မရဲ့…”

“ဟာကွာ…”

အမျိုးသမီး သိသိသာသာကို စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။ ကားစောင့်သူကို ဘာမှ ထပ်မပြောတော့ဘဲ ဆိုင်ထဲကို စိတ်ဆိုးမာန်ဆိုး ပြန်ဝင်သွားတော့တာပေါ့ အစ်ကိုရာ။

ကျွန်တော်လည်း ရင်းနှီးနေပြီဖြစ်တဲ့ ကားစောင့်သူကို အကျိုးဆောင်ခအဖြစ် နှစ်ရာတန်တစ်ချပ် ထုတ်ပေးလိုက်တယ်။ ဟိုအမျိုးသမီးလည်း ဆိုင်ထဲ ပြန်ရောက်သွားရော ကျွန်တော်လေ… အားရပါးရ ရယ်လိုက်မိတာများ၊ မျက်ရည်တောင် ထွက်တယ်။ တကယ်…

စိတ်ထဲကလည်း “ငါ့ကို သည်လောက်တောင် နှောင့်ယှက်ထားတဲ့ ဟာမ၊ မှတ်ဟ…”လို့ ကြိမ်းဝါးနေမိတယ်။ ဟုတ်တယ်လေ၊ ကျွန်တော့် မိန်းမကသည် မဆူးဆိုတဲ့အမျိုးသမီးနဲ့ တစ်ခါ တိုးပြီးကတည်းက ကျွန်တော့်ကို တစ်ချိန်လုံး ဝက်အူတင်းနေတာကို ကျွန်တော် ခံနေခဲ့ရတာ။ သားလုပ်တဲ့ကောင်ကလည်း သူနဲ့ အဖေ့ဇာတ်လမ်းနဲ့ တိုးဖူးထားတယ်ဆိုတဲ့ သဘောမျိုးနဲ့ ကျွန်တော့်ကို မခန့်လေးစား လုပ်ချင်တဲ့ အမူအရာတွေ ပြလို ပြဆိုတော့ ကျွန်တော်လည်း စိတ်က ပေါက်နေပြီ။

နိဒါန်း ၆

ဆိုင်ထဲ ပြန်ရောက်တော့ နှုတ်ခမ်းမွေးက ကျွန်တော့်ကို ပြောတယ်။

“သည်အမျိုးသမီးကို ကျွန်တော် ရင်းရင်းနှီးနှီးကို မြင်ဖူးတယ်ဗျ။ ဘယ်မှာ မြင်ဖူးထားမှန်းသာ မသိတာ…”တဲ့။

သူ့စကား ဆုံးလို့ မကြာခင်မှာပဲ စားပွဲ၂၃က ငွေရှင်းနေတာကို တွေ့လိုက်ရတယ်။ အမျိုသမီးတွေ ပြန်ကြတော့မယ်ဆိုတာ မှန်းလို့ ရနေပြီ။
ဒါနဲ့ ကိုရဲက သူတို့တွေ ဘာကားနဲ့ လာကြတယ်ဆိုတာကို သူ လိုက်ကြည့်မယ်လို့ ပြောတယ်။ ကောင်းတဲ့ အစီအစဉ်ပဲ။

တိုတိုပြောရရင် သူတို့တွေ ထွက်သွားတော့ ကိုရဲက အပြင်ဘက်မှာ ကြိုစောင့်နေပြီးသား။ တော်တော်လေး ကြာတော့ ကိုရဲ ပြန်ရောက်လာတယ်။

“န/၉၁၄၆၊ ဂျီအယ်လ် ဖင်ထောင် ကားအဖြူကို ဦးထိန်ဝင်း အမျိုးသမီးက ကိုယ်တိုင် မောင်းသွားတယ်”လို့ သတင်းပို့တယ်။

ကျွန်တော်လည်း ကားနံပါတ်ကို ရေးမှတ်နေတုန်းမှာ နှုတ်ခမ်းမွေး က…

“န/၉၁၄၆… န/၉၁၄၆… ဂျီအယ်လ်… အဖြူ။ ဟာ… သိပြီ၊ ကျွန်တော့်အိမ် နောက်ဘက်လမ်းက ကားပဲ။ ဟုတ်တာပေါ့၊ ၅၂လမ်းက ကား၊ ဒါဆို အလွယ်လေးပဲ။ ကိုထိန်ဝင်း ခင်ဗျား ဘာမှ မပူနဲ့တော့။ သူ ဘယ်သူလဲ၊ ဘာလဲဆိုတာ ခင်ဗျား သည်ည သိကို သိစေရမယ်။ သူတို့ ရပ်ကွက် ဆယ်အိမ်မှူးက ကျွန်တော့် သူငယ်ချင်းပဲ…”

နိဒါန်း ၇

“ဇာတ်ပေါင်းတော့ အဲသည့်မိန်းမရဲ့ နာမည်က ကြည်ကြည်တင်။ ကလေး နှစ်ယောက်ရှိတယ်။ သူ့ခင်ပွန်းက နိုင်ငံခြားမှာ အလုပ် သွားလုပ်နေတယ်။ သူက သည်မှာ ကားတစ်စီးနဲ့ ထင်တိုင်းကျဲနေတဲ့သူပေါ့ အစ်ကိုရာ…”

“ကိုရဲကတော့ သူဟာ ဆယ်လျူလာသမားတွေကို ရှာဖွေနေသူသာ ဖြစ်ရမယ်လို့ တစ်ထစ်ချ ပြောတယ်။ ကိုရဲပြောတာလည်း ဖြစ်နိုင်တာပဲဗျ“

ဦးထိန်ဝင်းက သူ့ဇာတ်ကို အဆုံးသတ်လိုက်သည်။

“ဖြစ်နိုင်တာပေါ့ အစ်ကို၊ ဆယ်လျူလာဆိုတာ ငွေစကြေးစရွှင်သူမျိုးတွေမှ ကိုင်နိုင်တာဆိုတော့ သူ့အတွက် စိတ်အဆာပြေရုံတင်မက ငွေကုန် ကြေးကျ ခံနိုင်တာကိုပါ ထည့်တွက်လို့ ရပေတာကိုး…”

ဦးထိန်ဝင်းက ခေါင်းညိတ်သည်။ ကျွန်တော့်အတွက် သည်ဇာတ်လမ်းက မဆုံးသေး၊ သိချင်တာတွေ ရှိနေသေးသည်။

“ဒါနဲ့ သူနဲ့ ဦးထိန်ဝင်းနဲ့ ဆုံဖြစ်လိုက်ကြသေးလား…”

“မဆုံဖြစ်တော့ဘူး၊ ကျွန်တော် သူ့အကြောင်းတွေ သိရပြီး နောက်တစ်ရက်ကျတော့ သူက ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ ထုံးစံအတိုင်း ချိန်းတာပေါ့၊ အဲတော့ ကျွန်တော် သူ့ကို ပြောလိုက်တယ်။ အိမ်ကိုပဲ တစ်ခါတည်း တန်းလာခဲ့လို့ မရဘူးလားလို့…။ သူက ဘယ်ဖြစ်မလဲလို့ ပြန်ပြောတော့ ဘာလဲ၊ သမီးတွေ သိသွားမှာစိုးလို့လား မကြည်ကြည်တင်လို့ မေးလိုက်တယ်။ ဟား… မချော အရမ်း ဖျားသွားတော့တာပဲ။ ချက်ချင်း စကားဖြတ်ပြီး ဖုန်းချသွားတယ် အစ်ကိုရဲ့…။ အဲဒီ့နေ့က စပြီးတော့ သူ ကျွန်တော့်ဆီ ဖုန်းမဆက်တော့တာ ကနေ့အထိပဲဆိုပါတော့…”

အခုမှ သူ့ဇာတ်က နိဋ္ဌိတံတော့သည်။ ဘာကြောင့်မှန်းမသိ သက်ပြင်းကို ကျွန်တော် ချမိသည်။

“ဘယ့်နှယ့်လဲအစ်ကို…၊ ကျွန်တော့်ဇာတ်က အစ်ကို့အတွက် ရေးစရာ ရရဲ့လား”

ဦးထိန်ဝင်းက ကျွန်တော့်ကို ဆက်မေးသည်။ သက်ပြင်းတစ်ချက်ကို ထပ်ချလိုက်ရင်း သူ့အမေးကို ပြန်ဖြေမိရသည်။

“အမှန်ကတော့ ရေးစရာက နဂိုကတည်းက ကျွန်တော့်မှာ ရှိနှင့်နေခဲ့ပါတယ်ဗျာ…။ ချရေးလောက်အောင် အသည်းမမာတတ်နိုင်သေးလို့ ရင်ထဲမှာသာ တစ်အုံနွေးနွေးနဲ့ တေးနေပြီး မရေးဘဲ ထားထားရတာ တစ်ခုပါပဲ”

ဦးထိန်ဝင်း မျက်လုံးတွေ အရောင်လက်လာသည်။

“ဟာ… အစ်ကို့စကားက တစ်မျိုးပါလား။ လုပ်စမ်းပါဦး အစ်ကိုရ၊ ကျွန်တော့်ကို ပြောပြနိုင်ရင် ပြောစမ်းပါဦး…”

“ပြောချင်လို့ အစချီရတာပါပဲ အစ်ကိုရေ့…”

———————————————————–

(၁၉၉၆ခုနှစ်  သြဂုတ်လထုတ် ပန်းဝေသီ မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး အတ္တကျော်ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ (ကိုယ်တိုင်ကြုံဝတ္ထုတိုများ)” လုံးချင်းစာအုပ်ထဲမှာလည်း ဖော်ပြခဲ့တဲ့ ၀တ္ထုရဲ့ ပထမပိုင်း ဖြစ်ပါတယ်။)

Advertisements
15 Comments leave one →
  1. 18 August 2009 6:27 pm

    ဒီဇာတ်လမ်းက ကဗျာမဆန်ဘူး.. 😦 ဟိုဇာတ်လမ်းပဲ သိချင်တယ်။

  2. sin dan lar permalink
    18 August 2009 8:07 pm

    ပြောမလို့ ပန်ပန်ဦးသွားတယ်….။
    ဒီဇာတ်လမ်းက နည်းနည်းတောင် ဖီးလ် ငုတ်သွားတယ်…။

  3. sin dan lar permalink
    18 August 2009 8:11 pm

    ဟိုဇာတ်လမ်း…. ဟိုဇာတ်လမ်း 😀

  4. 18 August 2009 8:28 pm

    ဟိုဖက်တစ်ခြမ်းက တော်တော်ရင်ခုန်စရာ ကောင်းခဲ့တာဆိုတော့ ဒီဖက်တစ်ခြမ်းကို မြန်မြန်ရေးပါဗျို့ .. (သူခရီးသွားတုန်း မြန်မြန်ဖတ်ပါရစေ … တော်နေကြာ …)

  5. myo permalink
    18 August 2009 9:02 pm

    ကိုယ်တွေ့ဇတ်လမ်းကိုပဲ ဖတ်ချင်ပါတယ်.. သူတွေ့တွေက ခံစားချက်မဲ့နေတယ်..။

  6. အိအိ permalink
    18 August 2009 9:39 pm

    ဖတ်ဖူးပြီးသားပေမဲ့ ထပ်ဖတ်ချင်ပါဒယ် အပိုင်းအပိုင်းလေးတွေဖတ်ရတာအားမရပါဘူး။(မဖတ်ဘူးတဲ့ အင်တာနက်ပေါ်က တခြမ်းကိုလည်းဖတ်ချင်ဒယ်..MR.DBA ဖတ်ဖူးရင်ဇာတ်လမ်းလေးပြောပြပါလား?)

  7. sin dan lar permalink
    19 August 2009 8:39 am

    “ဘိုင်း… ယီ…” ဆိုတာကိုတောင် အသံလိုက်ထွက်ကြည့်နေမိသေး…. ဟားဟား..။

  8. ဝေေ၀ permalink
    19 August 2009 1:13 pm

    စောင့်ဖတ်နေတယ်နော်း)

  9. 19 August 2009 1:22 pm

    ဟဲဟဲ… ဟဲ… ဟဲ… ဟဲ ဟူ၍သာ ဟဲ.. ဟဲ လိုက်ပါတယ် ခင်ဗျာ… ဟဲ ဟဲ။ 😀

  10. 20 August 2009 6:19 am

    နောက်တောင်ကျနေပြီလားမသိဘူး။ အပြေးအလွှားလာပြောရတာ။
    ကျမလဲ ဆရာ့ကိုယ်တွေ့ပဲ ဖတ်ချင်ပါတယ်။

  11. 8 February 2011 4:53 pm

ြှဆာ ရေ ကျန်တဲ့အပိုင်းဆက်ဖတ်အုံးမယ် ဗျို့ “ဘိုင်း… ယီ…” ဆိုတာကို သဘောကျတယ် ဟာ ဟ ဟဟ !

  12. thawtar permalink
    9 October 2011 4:10 pm

    အစချီရင် မြန်မြန်ချီပါဗျို့း))

  13. khaing phyo permalink
    26 February 2012 7:32 pm

    ဆရာ့ဇာတ်လမ်းကလည်း … အခုခေတ် Gtalk မှာတွေ့တဲ့အတိုင်းပဲနော်…

  14. yamin permalink
    20 May 2013 10:49 am

    ဆရာ့ဇတ်လမ်းဖတ်ရတာ ကြားထဲကနေ ရင်ခုန်မိတယ် ကိုယ်ကိုတိုင် ဇတ်လမ်းထဲမှာပါနေသလို ခံစားရတယ် ဟိ
    comment တွေဖတ်ရတာ အရမ်းရယ်ရတာပဲ
    ကျေးဇူးတင်ပါတယ် ခံစားမှု့ရသ မျိုးစုံပေးတဲ့အတွက်ပါ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: